ရွှေကျင်ဆရာတော်က ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။ ရွှေကျင်ဂိုဏ်းကို စတင် တည်ထောင်ခဲ့တဲ့ဆရာတော်ဘုရားလည်း ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ် အတွင်း ရွှေကျင်ရွာ ဇာတိဖြစ်လို့ ရွှေကျင်ဆရာတော်လို့ ခေါ်ကြတာပါ။ ပဲခူးတိုင်း ရွှေကျင်မြို့က ရွှေကျင်မဟုတ်ပါဘူး။
ဆရာတော်ဘုရားရဲ့ ဘ၀သမိုင်းကိုကြည့်ရင် အကြည်ညိုဆုံးတွေ့ရတာက ၀ိနည်းကိုယ်ကျင့် သိက္ခာကို အထူးလေးစား စောင့်ထိန်းတာပါပဲ။ ဆရာတော် ၀ိနည်း ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းပုံကတော့ သာသနာဝင်မှာ စာတင်ရတဲ့အထိပါပဲ။
ဒီဆောင်းပါးမှာတော့ ဆရာတော်ရဲ့ဝိနည်း ကိုယ်ကျင့်သိက္ခာပိုင်းလေးတွေကိုပဲ အဓိကထား ရေးသွားချင်ပါတယ်။
ရဟန်းတော်တွေဟာ မိဘဆွေမျိုးရင်း မဟုတ်ရင်ဘဲဖြစ်ဖြစ်၊ ဖိတ်မထားရင်ဘဲဖြစ်ဖြစ် ဒကာ၊ ဒကာမတွေဆီမှာ အလှူခံခွင့်၊ တောင်းခံခွင့် မရှိပါဘူး။ တကယ်လို့ အလှူခံဖြစ်မယ်၊ တောင်းခံဖြစ်မယ်ဆိုရင် အညာတက ၀ိညတ္တိသိက္ခာပုဒ်အရ နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတယ်။ ရွှေကျင်ဆရာတော် ဘုရား ငယ်စဉ်က ဆရာတော်က ဒီသိက္ခာပုဒ်ကို အာရုံပြုပြီး ပစ္စည်းလိုအပ်ရင် အမေဆီကိုပဲ တောင်းပါတယ်၊ အဖေဆီကို လုံးဝမတောင်းပါဘူး။
အမေနဲ့အဖေမှာ အမေကတော့ ကိုယ်တိုင်မွေးတာဆိုတော့ အမေစစ်တာ ကျိန်းသေပါတယ်။ အဖေစစ်ဖို့ကျတော့ မကျိန်းသေတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ အမေလုပ်တဲ့သူက လော်မာခဲ့ရင် အဖေလုံးဝမစစ် နိုင်တော့ပါဘူး။ တောင်းရင် အာပတ်သင့်တော့မှာပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆရာတော်ဘုရားက ဆွေမျိုးကျိန်းသေ စစ်တဲ့ အမေဆီကိုပဲ တောင်းတာပါ။
အဖေစစ် မစစ် သံသယဖြစ်ပြီး အဖေကို မတောင်းတော့ အဖေလုပ်သူဒကာကြီးက ရယ်ရအခက်၊ ငိုရအခက် ဖြစ်ပုံရပါတယ်။ ဒီတော့ အဖေလုပ်သူ ဒကာကြီးက ” မောင်းပဉ္စင်းးရယ် အဖေစစ် မစစ် သံသယဖြစ်ရင် မောင်ပဉ္စင်း ဒကာမ ကြီးကိုသာ မေးကြည့်ပါတော့။ ဒီလိုမျိုး သံသယဖြစ်ရတယ်လို့ တပည့်တော်တော့ တစ်သက်နဲ့ တစ်ကိုယ် တခါမှ မတွေ့ဖူးဘူး” လို့ လျှောက်ထားလိုက်ပါတယ်။
တစ်ခါမှာလည်း မင်းတုန်းမင်းတရားကြီးက ရွှေကျင်ဆရာတော် အပါအ၀င် ဆရာတော်တချို့ကို မြောက်ဥယျာဉ်တော်ကို ပင့်ပါတယ်။ ဆရာတော်တွေ မြောက်ဥယျာဉ်ကို ရောက်လာပေမယ့် မင်းတုန်းမင်းကြီးကတော့ ရောက်မလာသေးပါဘူး။ ဒါကြောင့် ဆရာတော်တွေက ဥယျာဉ်တော်အတွင်း အညောင်းပြေ လှည့်လည်ကြည့်ရှုတော် မူကြပါတယ်။
ရွှေကျင်ဆရာတော်ဘုရားမှာလည်း နေရာကထပြီး လျှောက်ရင်း သစ်ပင်တစ်ပင်အောက်အရောက်မှာ သစ်ကိုင်းတစ်ကိုင်း ကို လှမ်းကိုင်ပြီး ရပ်နေလိုက်ပါတယ်။ ရွှေကျင်ဆရာာတော် သစ်ကိုင်းကို ကိုင်ထားဆဲမှာပဲ မင်းတုန်းမင်းကြီးက ရောက်လာပါတယ်။ ဒါပေမယ့် ရွှေကျင်ဆရာတော်က ကိုင်ထားတဲ့သစ်ကိုင်းကို လုံးဝမလွှတ်ပါဘူး။ ကိုင်မြဲတိုင်းပဲ ကိုင်ထားပါတယ်။ လက်တစ်ဖက်က မြှောက်ထားတာဆိုတော့ ချိုင်း(ဂျိုင်း) မွှေးတွေက အထင်းသား ပေါ်နေပါတယ်။ ပေါ်နေပေမယ့် ဆရာတော်က လက်ကို လုံးဝပြန်မရုပ်ပါဘူး။
ဒီတော့ ဆရာတော်တစ်ပါးက ဘယ်လိုပြောသလဲဆိုတော့ ”ရွှေကျင်ဆရာတော်က မင်းတုန်းမင်းကြီးကို ချိုင်း(ဂျိုင်း) မွှေးတွေလှစ်ပြတာလား” လို့ ပြောလိုက်ပါတယ်။
တကယ်တော့ ရွှေကျင်ဆရာတော်က မဟာနိဒ္ဒေသပါဠိတော်လာ ကြည်ညိုမှုကို ရှေးရှုပြီး ဣရိယာပုတ်ကိုပြုပြင်ခြင်း ကုဟနပုဂ္ဂိုလ် မဖြစ်အောင် နေမြဲအတိုင်း နေလိုက်တာပါ။ လာဘ်လာဘကို တောင့်တပြီး သူတစ်ပါးကြည်ညိုအောင် ဣရိယာပုထ်ကိုပြုပြင်ရင် ကောက်ကျစ်စဉ်းလဲတဲ့ ကုဟနပုဂ္ဂိုလ်ဖြစ်ပါတယ်။
ကုဟန ကောက်ကျစ်စဉ်းလဲလို့ရတဲ့ ပစ္စည်းဟာလည်း သမ္မာအာဇီဝနဲ့ရတဲ့ပစ္စည်းမဟုတ်တော့ပါဘူး။ ရတဲ့ပစ္စည်းကို သုံးခဲ့ရင် အာဇီဝပါရိသုဒ္ဓိသီလ ပျက်ပါတယ်။ ဒါကိုတွေးပြီး ဆရာတော်က ဣရိယာပုထ်ကို မပြင်ဘဲ နေလိုက်တာပါ။
မင်းတုန်းမင်းကြီးဟာ ရွှေကျင်ဆရာတော်ဘုရားကြီးကို အတော်ကြည်ညိုတာပါ။ ဒါပေမယ့် ဆရာတော်က ရာဇ၀လ္လဘအဖြစ်ကို အထူးပဲ ရှောင်ရှားစောင့်စည်းပါတယ်။ ရာဇ၀လ္လဘကို အပြစ်တစ်ခုလို သဘောထားပြီး ဝေးဝေးက ရှောင်ရှားလေ့ရှိကြပါတယ်။
တစ်ခါမှာလည်း မင်းတုန်းမင်းကြီးက အမတ်တစ်ယောက်ကိုလွှတ်ပြီး ရွှေကျင်ဆရာတော်ဘုရားထံ ဆွမ်းစားပင့်ခိုင်း လိုက်ပါတယ်။ ဆွမ်းစားပင့်သူအတ် ဆရာတော်ဘုရားဆီ ရောက်တဲ့အချိန်မှာ ဆရာတော်က သင်္ကန်းရု့နေပါပြီ။ ဒါကြောင့် ပင့်သူအမတ်ကလည်း ” ဆရာတော်ဘုရား ရေမြေ့ရှင် မင်းတရားကြီးက နန်းတော်ကို ဆွမ်းစားကြွဖို့ ပင့်ခိုင်းလိုက်ပါတယ် ဘုရား” လို့ ကဗျာကယာ လျှောက်လိုက်ရပါတယ်။ ရွှေကျင်ဆရာတော် ဘုရားက ဘာမှပြန်မပြောပါဘူး။ သင်္ကန်းရုံပြီးတော့ သပိတ်လွယ်ပြီး ကျောင်းပေါ်က ဆင်းသွားပါတယ်။
လာပင့်သူအမတ်ကလည်း နောက်ကနေအသာလိုက်ကြည့်တော့ မန္တလေးတောင်ခြေက အဖိုးအို အဖွားအိုနှစ်ယောက်ရဲ့ တဲထဲကိုကြွသွားတာ တွေ့လိုက်ရပါတယ်။ အမတ်လုပ်သူကလည်း ပြန်လာပြီး မင်းတုန်းမင်းကြီးကို အကျိုးအကြောင်း ပြန်ပြောရပါတော့တယ်။
ရွှေကျင်ဆရာတော်ဘုရားဟာ ရာဇ၀လ္လဘအဖြစ်ကို အထူးရှောင်ရှားတယ်ဆိုပေမယ့် တကယ်လိုအပ်တဲ့အခါမျိုးမှာတော့ မင်းတုန်းမင်းကြီးကို တကူးတက သွားတွေ့ပါတယ်။ တခါမှာတော့ ထန်းပင်ရင်းတိုက်နေ ကသာစား မင်းသားလေးရဲ့ အင်္ကျီကို တစ်ခြားတစ်ယောက်က ၀တ်သွားတဲ့အတွက် ဒါကိုအခြေခံပြီး မလိုသူတွေက ပုန်ကန်ခြားနားလိမ့်မယ်ဆိုပြီး ကုန်းတိုက်စကား ပြောကြပါတယ်။ ဒီတော့ ထန်းပင်ရင်းတိုက်သား ဦးဓမ္မသာမိ အပါအ၀င် ဘုန်းကြီးသုံးပါးကို ကြံရာပါဆိုပြီး ဖမ်းလိုက်ကြပါတယ်။ ပြီးတော့ နံနက် (၁၀)နာရီမှာ ကွက်မျက်ဖို့လည်း တစ်ခါတည်း အမိန့်ချလိုက်ပါတယ်။
ဒီတော့ မတ္တရာဆရာတော်၊ မင်းတဲဆရာတော်၊ မန္တလာဆရာတော်တို့က ” မောင်ရွှေကျင်ဆီ သွားပါဟ” ဆိုပြီး ဘုန်းကြီး ဦးမဉ္ဇူကို လွှတ်လိုက်ပါတယ်။ ဘုန်းကြီး ဦးမဉ္ဇူက ရွှေကျင်ဆရာတော်ရဲ့တူ ကိုရင်ရာဓကိုခေါ်ပြီး ညတွင်းချင်းပဲ ရွှေကျင်ဆရာတော်ဆီ သွားပါတယ်၊ ရွှေကျင်ဆရာတော်ဆီ ရောက်ချိန်မှာ ည(၁၀) နာရီ ထိုးနေပါပြီ။
ရွှေကျင်ဆရာတော်ကို ဖြစ်စဉ်လျှောက်ပြတော့ ”အင်း…အင်း” ကိုယ်ကျိုးနဲလို့၊ ကိုယ်ကျိုးနဲ့လို့၊ ဖြစ်မှ ဖြစ်ရပလေ၊ ပြောတော့ သာသနာ့ဒါယကာ၊ သာသနာ့ဒါယကာနဲ့၊ သံဃာတွေသတ်ပစ်ရင် ရာဇ၀င်ရိုင်းတော့မှာပဲ၊ ကိုင်း ခုတော့ မိုးချုပ်ပြီ ၊ ပြန်ကြဦး၊ မနက်မှ ကြွခဲ့မယ်” လို့ မိန့်လိုက်ပါတယ်။
မနက်စောစောရောက်တော့ ရွှေကျင်ဆရာတော်ဘုရားက နန်းတော်ကိုကြွပြီး ဘုန်းကြီးသုံးပါးကို လွှတ်စေပါတယ်။ ပြီးတော့ မင်းတုန်းမင်းကြီးကိုလည်း မြည်တွန်ဆုံးမပြီး သြ၀ါဒပေးခဲ့တယ်လို့ ဆိုပါတယ်။ ရိက္ခာထက် ကိုယ်ကျင့်တရားကိုပဲ တစ်သက်လုံး ငဲ့ခဲ့တဲ့ ဆရာတော်ဘုရားရဲ့ ပုံရိပ်တွေကို ဖျက်လို့မရတဲ့ အက္ခရာတွေနဲ့ သမိုင်းမှာ ကမ္ပည်းအက္ခရာတွေဟာ ဘယ်တော့မှ ပျက်သွားမှာမဟုတ်တော့ပါဘူး။
သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်တွေဟာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပြီး ၊ ရှောင်သင့် ရှောင်ထိုက်တာတွေကို ရှောင်ရှားလေ့ ရှိပါတယ်။
စဇေဓနံ အင်္ဂ ၀ရဿ ဟေတု၊
အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။
အင်္ဂံဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊
စဇေ နရော ဓမ္မမနုဿရန္တော။
ဒီဂါထာလေးက ငါးရာ့ငါးဆယ် မဟာသုတသောမဇာတ်ကလာတဲ့ ဂါထာလေးပါ။ စွန့်ရမယ့်အရာအဆင့်ဆင့်ကို ပြထားတာပါ။
ပထမအဆင့်က လက်ခြေစတဲ့ အင်္ဂါနဲ့ ပစ္စည်းဝတ္ထု နှစ်ခုထဲက တစ်ခုခုကို စွန့်ဖို့ ကြုံလာရင် ပစ္စည်းဝတ္ထုကို စွန့်လိုက်ပါတဲ့။
ဥပမာ လမ်းမှာ လူဆိုး၊ ဓါးပြတွေနဲ့ တွေ့တဲ့အခါ ခန္ဓာကိုယ်ကို အနာမခံပါနဲ့။ ပစ္စည်းဝတ္ထုကို စွန့်လိုက်ဖို့ပါ။ ပစ္စည်းဝတ္ထုဆိုတာ အချိန်မရွေး ပြန်ရှာလို့ ရပါတယ်။
ဒုတိယအဆင့်က အသက်နဲ့ လက်ခြေစတဲ့ အင်္ဂါတစ်ခုခုစွန့်ဖို့ ကြုံလာရင် လက်ခြေကို စွန့်လိုက်ပါတဲ့။
ဥပမာ ရောဂါတစ်ခုခုဖြစ်လို့ ဆေးရုံတက်ရတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဟာ ပျက်စီးနေတဲ့အတွက် စွန့်ဖို့ကြုံလာရင် အသက်ကို ငဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်ရပါမယ်။
တတိယအဆင့်က ကိုယ်ကျင့်သိက္ခာပျက်စီးဖို့ အခွင့်ကြုံလာရင် ပစ္စည်းဥစ္စာ အင်္ဂါခြေက် အားလုံးကို စွန့်လိုက်ပါ။ ကိုယ်ကျင့်သိက္ခာကိုတော့ လုံးဝမစွန့်ပါနဲ့တဲ့။ လူတွေပြောပြောနေကြတဲ့ သိက္ခာကို ရိက္ခာနဲ့ မလဲဘူးဆိုတာ ဒီကလာတာပါ။
လောကကြီးမှာ မက်မောစရာအာရုံတွေက အများကြီးဆိုတော့ ကိုယ်ကျင့်သိက္ခာကိုမက်ပြီး အာရုံနောက်ကို လိုက်သွားမိတတ်ကြတာပါ။ ဆန်တစ်အိတ် ဆီတစ်ပုံးနဲ့လည်း ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ပုဆိုးတစ်ထည် လုံချည်တစ်ထည်နဲ့လည်း ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ငွေတစ်ထောင် တစ်သောင်း တစ်သိန်းနဲ့လည်း ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။
အဲဒီလိုလူမျိုးဟာ လူက မသေသေးပေမယ့် ကိုယ်ကျင့်တရားကတော့ သေသွားပါပြီ။ ကိုယ်ကျင့်တရားသေနေတဲ့ လူတစ်ယောက်ကို သူရဲ့ ၀တ္ထု ပစ္စည်းအရှိန်တွေကြောင့် အပြင်ပန်းက ပြုံးပြဆက်ဆံနေပေမယ့် ” ရိက္ခာနဲ့ သိက္ခာလဲသူကြီး၊ ကိုယ်ကျင့်တရားသေနေသူကြီး၊ ဘုရားအလိုတိုင်းမနေတဲ့ သူကြီးရယ်” လို့ ရင်ထဲကတော့ ပြောနေကြမှာပါ။
ကိုယ်ကျင့်သိက္ခာနဲ့လဲပြီး ရတဲ့ပစ္စည်းတွေဟာ အပူစာတွေပါ၊ ကိုယ့်ကံ၊ ကိုယ့်ဥာဏ်၊ ကိုယ့်ချွေး၊ ကိုယ့်သွေးနဲ့ ရင်းပြီး ရတဲ့ပစ္စည်းမဟုတ်တဲ့ အတွက် ငြိမ်းချမ်းတဲ့ဘ၀ကို ဘယ်တော့မှ မရနိုင်ပါဘူး။ တစ်မျိုးမဟုတ် တစ်မျိုး လိုအပ်ချက်တွေနဲ့ ပူလောင်နေမှာပါ။
မြတ်စွာဘုရားက ကိုယ်ကျင့်သိက္ခာနဲ့ အသက် ယှဉ်လာရင်တောင် အသက်ကိုစွန့်ရမယ်၊ ကိုယ့်ကျင့်သိက္ခာကို ဘယ်တော့မှ မစွန့်ရဘူးလို့ ဟောထား တာဆိုတော့ ပစ္စည်းဝတ္ထုဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။ ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ကမာ့္ဘရာဇ၀င်မှာ ကိုယ်ကျင့်သိက္ခာနဲ့ အသက်နဲ့ ယှဉ်လာရင် အသက်ကိုပဲ စွန့်သွားကြတဲ့ သာဓကတွေ အများကြီးပါ။
ကိုယ်ကျင့်သိက္ခာနဲ့ အသက်ကို လဲသွားတဲ့လူတွေကို နောက်ကျန်ခဲ့တဲ့ မျိုးဆက်တွေက အဆင့်ဆင့်လေးစားနေရဆဲပါ။ သမိုင်းစာမျက်နှာတွေမှာလည်း လက်ဆင့်ကမ်း ကမ္ပည်းထိုးလာခဲ့ကြတာ ဒီနေ့အထိပါပဲ။ ဒီလိုပါပဲ ။ ကိုယ်ကျင့်သိက္ခာကို စွန့်ပြီး ပစ္စည်းဝတ္ထုတွေနောက် လိုက်သွားတဲ့သူတွေကိုလည်း သမိုင်းစာမျက်နှာမှာ ကမ္ပည်းတင်ထားကြပါတယ်။
” သေသွားတော့လည်း သိတော့တာမှ မဟုတ်တာ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ၊ ကမ္ပည်းတွေ လာပြောမနေစမ်းပါနဲ့။ လက်ရှိပစ္စပ္ပန်မှာပဲ ကောင်းကောင်း ခံစားဖို့ အရေးကြီးတယ်” လို့ ပြောလာမယ်ဆိုရင်လည်း ကိုယ့်လုပ်ပိုင်ခွင်နဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် လုပ်ပိုင်ခွင့်ရဲ့နောက်မှာ ကိုယ်ဥာဏ်မမီတဲ့ နောက်ဆက်တွဲအရာတွေ အများကြီးရှိတယ်ဆိုတာရယ်၊ မြတ်စွာဘုရားအလိုကျ မဟုတ်ဘူးဆိုတာလေးရယ်ကိုတော့ သိထားသင့်ပါတယ်။
အမြင့်ဆုံးဖြစ်တဲ့အသက်အထိ တင်ပြောနေရပေမယ့် အသက်နဲ့ ယှဉ်ပြီးဖြစ်ရတဲ့ အဆင့်ထိတော့ ဖြစ်ခဲကြပါတယ်။ အဖြစ်များနေကြတာက ပစ္စည်းဝတ္ထုတွေနဲ့ ၇င်ဆိုင် ရင်ဆိုင်နေကြရတာပါ။ ပစ္စည်းဝတ္ထုနဲ့တင် ကိုယ်ကျင့်သိက္ခာကို စွန့်စွန့်နေကြတော့ တကယ်တမ်း အသက်နဲ့ ယှဉ်လာရင်တောင် ချစ်တဲ့အသက်ကလေးကို စောင့်ရှောက်လိုက်တော့မှာပါ။
ရခဲလှတဲ့ လူ့ဘ၀ရခိုက်လေးမှာ ရပ်တည်ချက် မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပစ္စည်းဝတ္ထုတွေကြောင့် ရပ်တည်ချက် ယိမ်းယိုင်ပြီး တောင်တောင် အီအီတွေပြော၊ တော်တော်အီအီတွေရေး၊ တော်တော်အီအီတွေ လုပ်နေမယ်ဆိုရင် ဘ၀ရဲ့ကာလာတစ်ခုမှာ ဓမ္မရဲ့ဒဏ်ခတ်ခြင်းကို ခံရပါလိမ့်မယ်။ ဘာပဲပြောပြော ကိုယ့်ရဲ့ရပ်တည်ချက်ဟာ အမျိုးအကျိုးရှိမှုကိုတော့ ရှေ့ရှုဦးတည်နေရပါမယ်။
တကယ်သေချာစဉ်းစားကြည့်ရင် ရခဲလှတဲ့ လူ့ဘ၀ကို ရထားတာပါ။ ရခဲတဲ့လူ့ဘ၀ကို ရခိုက်လေးမှာ တကယ်လုပ်ရမယ့်အလုပ်ကို လုပ်မိလိုက်ဖို့ အရေးကြီးပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံး တကယ် လုပ်ရမယ့်အလုပ်က ၀ိပဿနာတရား အားထုတ်ခြင်းပါပဲ။
ဝိပဿနာတရားကို တကယ်အားထုတ်လိုက်ရင် ကိုယ်တစ်ချိန်က အထင်ကြီးခဲ့တဲ့ ပစ္စည်းဝတ္ထုတွေဟာ အလကားဖြစ်သွားပါပြီ။ ပုထုဇဉ်ပီပီရှေ့မှာ မသိလို့ မေ့လို့ မှားခဲ့တာတွေဟာ ထားလိုက်ပါတော့။ တရားဆိုတာ နောက်ကျတယ်မရှိပါဘူး။ သိလိုက်တဲ့အချိန်ဟာ အဖိုးတန်းဆုံး အချိန်ပါ။ သိတာနဲ့ ကျင့်ပစ်လိုက်ဖို့ပါပဲ။
ဝိပဿနာတရားသာ အားထုတ်ပစ်လိုက်စမ်းပါ။ အားထုတ်ရင်းနဲ့ပဲ ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ အသိဥာဏ်ထဲမှာ အလိုလိုပေါ်လာလိမ့်မယ်။ တကယ်တော့ သံသရာနဲ့ချီပြောရင် ကိုယ်မခံစားဖူးတဲ့ စည်းစိမ်းဆိုတာ မရှိပါဘူး။ စကြ၀တေးမင်းစည်းစိမ်းလည်း ခံစားဖူးတာပဲ။ သူဌေးကြီးစည်းစိမ် လည်း ခံစားဖူးတာပဲ။ ဖြစ်ခဲ့တဲ့ဘ၀တွေကို မမှတ်မိတော့လို့သာပါ။
ဘာပဲပြောပြော လူ့ဘ၀ကို တကယ်ရထားတာပါ။ တကယ်ရထားခိုက်မှာ တကယ်လုပ်ရမယ့် အလုပ်ကလေးကို လုပ်ဖြစ် လိုက်ဖို့ပဲလေ။
ကျမ်းကိုး-
၁။ ရွှေကျင်နိကာယ သာသနာဝင်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိထေရ်။
၂။ ရွှေကျင်ဆရာတော်
ဦးမာနိတသိရီဘိဝံသ။
အလင်းတန်းဂျာနယ်
၁၅.၈.၂၀၀၅