Sunday, February 6, 2011

ပြောပါရစေ စေတနာများစွာနဲ့


ပြောပါရစေ စေတနာများစွာနဲ့

၂ဝဝ၂ ခု စက်တင်ဘာလအတွက်ထုတ်ဝေတဲ့ အပ္ပမာဒမဂ္ဂဇင်းပါ ဌေးလွင်(ဆားလင်းကြီး)ရဲ့ မြန်မာစစ် သော မိခင်မေတ္တာ ဆောင်းပါးကို ဖတ်လိုက်ရလို့ ဒီဆောင်းပါးကို မြန်မြန်ရေးဖြစ်တာပါ။ ဆောင်းပါးထဲမှာ စာရေးသူက “ယနေ့ မျက်မှောက်ခေတ်တွင်ကား စီးပွားရေးအမြင် စီးပွားရေးမျက်လုံး ကျယ်လာသည်၊ ပွင့်လာသည်ဟု ဆိုချင်ကလည်း ဆိုနိုင်ပါသည်။ ရှေးကထက် လောဘတွေ ပိုကြီးလာသည်ဟု ပြောလျှင် မကောင်းမြင်ဟု ဆိုချင်သူများလည်းရှိပေမည်။ အမှန်အားဖြင့် လောဘမျက်လုံး ကျယ်လာ ခြင်းသာဖြစ်ပါသည်” စသဖြင့် ကြီးပွားရေး စီးပွားရေးအတွက် နိုင်ငံရပ်ခြားထွက်ခွာကြသူများနှင့် ပတ်သက်ပြီး သူ့အမြင်ကို သုံးသပ်ရေးသားထားပါတယ်။ ဆောင်းပါးရဲ့ လိုရင်းချုပ်ကတော့ နိုင်ငံရပ်ခြားကိုပို့နိုင်တဲ့စွမ်းအားရှိပါလျက် သူ့သားသမီးတွေကို နိုင်ငံရပ်ခြားပို့ဖို့ စိတ်ကူးမရှိတဲ့ မိခင်တစ်ယောက်ကို မြန်မာပီသသူတစ်ယောက်အဖြစ် ချီးမွမ်းထောမနာထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ (သားသမီးတွေကို နိုင်ငံရပ်ခြားပို့ကြတဲ့ မိခင်တွေကိုတော့ မြန်မာမဆန်သူ များရယ်လို့ ပြောလိုချင်တာ မဟုတ်ပေဘူးလို့ မယုံမရဲ ယူဆမိပါသေးတယ်။)

တိုက်ရိုက်အဓိပ္ပါယ်ပြန်ရမယ်ဆိုရင်တော့ နိုင်ငံရပ်ခြားကို သွားရောက်ခြင်းအပေါ်မှာ အပြစ်မြင်တဲ့ ရေးသားမှုတစ်ခုလို့ပဲဆိုရမှာပါ။ သူ့ဆောင်းပါးမှာ ဒေါ်လာလိုချင်တာကြောင့် နိုင်ငံခြားကို သွားလို ကြတာ ဖြစ်ကြောင်းကိုလဲ ဖတ်ရပါတယ်။ နောက်ပြီး နိုင်ငံရပ်ခြားမှာ ကိုယ့်လူမျိုးတွေ ပန်းကန်ဆေး အိုးတိုက် အလုပ်မျိုးလုပ်ရတာအတွက်လဲ “မြန်မာတွေ နိုင်ငံခြားသွားပြီး အောက်တန်းစားအလုပ်တွေ လုပ်နေ ကြသည်ဟု ပြောလျှင်လည်း ခံချင်ကြမည်မဟုတ်ပေ” လို့လဲ ရေးထားပါသေးတယ်။ သူ့အမြင် သူ့အ တွေးနဲ့ သူ့အထင် သူရေးထားတာမို့ ဘာမှ အထူးမပြောလိုပေမယ့် နိုင်ငံရပ်ခြားမှာ ရောက်ရှိ နေထိုင်နေတဲ့ ပုဂ္ဂိုလ်များရဲ့ သဘောထားအမြင်အချို့ကိုတော့ အနည်းငယ်မျှ ပြောပြချင်ပါတယ်။ ကိုယ်ကိုယ်တိုင် နိုင်ငံရပ်ခြားမှာ ရောက်နေ၊ နိုင်ငံရပ်ခြား ရောက်သူတွေနဲ့လဲ အမြဲတမ်း ထိတွေ့ဆက်ဆံ နေရတာကြောင့် သူတို့ရဲ့သဘောထားကို ပိုပြီးနားလည်မိလို့ ခုလိုပြောပြခြင်းဟာ သဘာဝကျမယ်လို့လဲ ယူဆမိပါတယ်။

ဌေးလွင်(ဆားလင်းကြီး) ရဲ့စာကို ဖတ်ပြီး အခြားဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်ကိုလဲ သတိရမိပါ တယ်။ အဲဒီကတည်းက ဆောင်းပါးတစ်ပုဒ်ရေးဖို့ စိတ်ကူးမိပါတယ်၊ သို့ပေမယ့် အထမမြောက်ခဲ့ပါဘူး။ ခုတော့ ဌေးလွင်(ဆာလင်းကြီး) ရဲ့ စာက စာရေးဖြစ်ဖို့ တွန်းအားပေးခဲ့သလို ဖြစ်လို့မို့ ရေးဖြစ်ပါတယ် ပေါ့။ လွန်ခဲ့တဲ့လက စာရေးသူတို့ ကျောင်းကို မြန်မာလူငယ်တစ်ယောက် ရောက်လာပါတယ်။ သူ့အ ပြောအရ သူဟာ အမေရိကကို ရောက်တာ သုံးနှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်လို့ သိရပါတယ်။ စာရေးသူတို့ ကျောင်းက သူနေထိုင်တဲ့နေရာနဲ့ အတန်ငယ်ဝေးလို့ ခုမှရောက်ဖြစ်ပေမယ့် သူနေထိုင်တဲ့ အရပ်နဲ့ သိပ်ပြီးမဝေးလှတဲ့ ဘုန်းတော်ကြီးကျောင်းများကိုတော့ မကြာမကြာ ရောက်တတ်ပါကြောင်း ပြောပါတယ်။ အထူးသဖြင့် မြန်မာ ဘုန်းတော်ကြီးကျောင်းများက ကြီးမှူးကျင်းပလေ့ရှိတဲ့ ဝါဆိုပွဲ၊ က ထိန်ပွဲနဲ့ သင်္ကြန်ပွဲလိုအချိန်မျိုးမှာတော့ အမြဲတမ်းလို ရောက်တတ်လေ့ရှိကြောင်းပြောပါတယ်။ ရောက် တတ်ရာရာ စကားပြောဖြစ်ရင်းနဲ့ သူ မြန်မာပြည်က မထွက်ခွါလာမီက သူ့မိဘများ အမြဲ ကိုးကွယ်

ဆည်းကပ်လေ့ရှိတဲ့ ဆရာတော်တစ်ပါးထံကို ကန်တော့ဖို့သွားရောက်ခဲ့ကြောင်းကို ပြောပြပါတယ်။ အဲဒီလိုသွားရောက်ခဲ့ရာမှာ ဆရာတော်က “အော၊် မင်းက မိဝေး ဘဝေး ဘာသာ သာသနာနဲ့ ဝေးတဲ့ ပစ္စ န္တရာစ်အရပ်ဆီကို သွားတော့မလို့ကိုး”လို့ အမိန့်ရှိကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။ နောက်ပြီး ဒီမှာနေပြီး လုပ်ကိုင်စားသောက်လို့ရော မဖြစ်ဘူးလား၊ ဘာကြောင့် ခုလို နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို အထင်တကြီး သွားချင်ရတာလဲလို့ အမိန့်ရှိခဲ့ကြောင်းကိုလဲ ပြောပြပါသေးတယ်။ ဒီလို အမိန့်ရှိတဲ့ ဆရာတော်ဟာ သူကိုယ်တိုင်လဲ အထွတ်အထိပ်ပညာတတ်တစ်ပါးဖြစ်သလို ပြင်ပဗဟုသုတများနဲ့လဲ ပြည့်စုံမယ်ရယ်လို့ ယူဆထားပါတယ်တဲ့။ အဲဒီလိုဆရာတော်တစ်ပါးက ခုလို ပြည်ပကို ထွက်ခွါမှုကို သဘောမကျတဲ့ အနေမျိုး ပြောတာအတွက် နားမလည်နိုင်အောင်ဖြစ်မိပါတယ်တဲ့။ ဆရာတော်ရဲ့ အမိန့်ရှိတဲ့ စကားအတွက် အလွန်လည်း ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့မိရပါတယ်တဲ့။ နောက်ပြီး သူက အရှင်ဘု ရားအနေနဲ့ အဲဒီ စကားကို ဘယ်လို သဘောရပါသလဲလို့လဲ စာရေးသူရဲ့ သဘောထား ဆန္ဒကိုပါ တောင်းခံ မေးမြန်းခဲ့ပါတယ်။

ဒီတော့ စာရေးသူက “အော် ဒကာလေးရေ၊ တို့များကိုယ်တိုင်က ခု နိုင်ငံရပ်ခြားရောက်နေတော့ တို့များဖြေတဲ့ အဖြေစကားဟာ တို့လိုရာဆွဲဖြေတဲ့ အဖြေမျိုး ဖြစ်ကောင်းဖြစ်နိုင်နေမှာမို့ ဒီနေရာမှာ တို့ ဒကာလေးကိုပဲ ပြန်မေးပါရစေ ဆိုပြီး စာရေးသူက သူ့ဖက်ကိုပဲ ဒီပြဿနာကို လှည့်ပေးခဲ့ပါတယ်။ ဆို ပါစို့၊ ဒကာလေး ခုဒီကိုရောက်လာတော့ ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာတရားကို ပစ်ပယ်သူ တစ်ယောက်ဖြစ်နေခဲ့ပြီလား။ ဒါမှမဟုတ် ဒီမှာ နေထိုင်နေတဲ့အတွက် နောင်မှာရော ပစ်ပယ်နိုင်မယ့် အလားအလာမျိုး ရှိနိုင်သလား၊ နောက်ပြီး မြန်မာပြည်မှာ ရှိနေစဉ်ကနဲ့ အခု ကံငါးပါးကို စောင့်ထိန်း မှုမှာ ဘယ်မှာနေထိုင်တာက ပိုပြီး ကိုယ့်ကိုယ်ကို လုံခြုံမှုရှိတယ်ရယ်လို့ ထင်ပါသလဲလို့ စာရေးသူက မေးခဲ့ပါတယ်။

သူ့အပြောအရတော့ မြန်မာပြည်မှာရှိနေစဉ်ကလဲ သတ်တာဖြတ်တာနဲ့ သူများ သား မယားကို ဖျက်ဆီးတာမျိုး မရှိခဲ့လို့ ဟိုမှာနဲ့ဒီမှာ အဲဒီကျင့်ဝတ်သိက္ခာများအတွက်တော့ သိသိသာသာ မထူးခြားလှဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာတုန်းကတော့ အရောင်းအဝယ်လုပ်ငန်း လုပ်ရတာမို့ အလေးစဉ်းလဲ တောင်းစဉ်းလဲ လုပ်ရတာမျိုးတွေ တစ်ခါတလေ ရှိရကြောင်း ပြောပါတယ်။ နောက်ပြီး ကိုယ့်လုပ်ငန်း ဘေးမသီရန်မခစေဖို့နဲ့ အစစ အဆင်ပြေချောမွေ့စေဖို့ မလိမ်ချင်ပေမယ့် လိမ်ရတာမျိုး မညာချင်ပေမယ့် ညာရတာမျိုးတွေဆိုတာ အကြိမ်များစွာ ရှိခဲ့ပါကြောင်း၊ အရက်သေစာသောက်စားမှုဆိုတာလဲ လုပ်ငန်းသဘောအရ မကြာခဏ ပြုလုပ်တတ်မိကြောင်း ပြောပြပါတယ်။ ဒီမှာတော့ အဲဒီအရာတွေကို ရှောင်လို့ရလို့ ဒီကျင့်ဝတ်တွေအတွက်တော့ ဒီမှာက ပိုပြီးလုံခြုံတယ်လို့ ပြောလို့ရတယ်လို့ဆိုပါတယ်။

မိဘတွေကို ကူညီထောက်ပံ့နိုင်မှုမှာရော ဘယ်လိုများ ကွာခြားမှု ရှိပါသလဲရယ်လို့ စာရေးသူက မေးခဲ့ တော့ ဒါကတော့ သိပ်ကွာခြားတာပေါ့ဘုရားတဲ့၊ သူက အခု ဒီမှာ တပည့်တော်တို့လို အခြေခံ အလုပ် သမားတစ်ယောက်အနေနဲ့ တစ်နာရီမှာ (၉)ဒေါ်လာပဲ ရတာမို့ ဒီကအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် တော့ အလွန်နည်းတာပေါ့တဲ့။ ဒါပေမယ့် အိမ်လခနဲ့ မီးဖိုး ရေဖိုး တယ်လီဖုန်းဖိုး နှုတ်ပြီးရင် ကျန်တာထဲက ထိုက်သင့်သလောက်ကို ဟိုမှာရှိနေတဲ့ မိဘနှစ်ပါးကို ပုံမှန်ကန်တော့ နိုင်တာမို့ ကျေနပ်တော့ ကျေ

နပ်ရပါတယ်တဲ့။ သူဟာ အင်ဂျင်နီယာတစ်ယောက်အလွန်ဖြစ်ချင် ခဲ့ကြောင်း၊ သို့ပေမယ့် သူဆယ်တန်းကျေင်းသားဘဝက ကျူရှင်ယူနိုင်တဲ့ အနေအထားမရှိတာရယ်၊ နယ်မှာ ကျောင်းတက်ရတဲ့ အနေအထားစတာတွေကြောင့် စက်မှုတက္ကသိုလ်ကို တက်ဖို့ အခွင့်အလမ်း မရခဲ့ကြောင်း၊ စက်မှုတက္ကသိုလ်ကိုတက်ခွင့်ရခဲ့ရင်တောင်မှ သူ့မိဘတွေရဲ့ စီးပွားရေး အခြေအနေအရ သူ့အနေနဲ့ တက်ရောက်နိုင်မည် မဟုတ်ကြောင်းပြောပြပါတယ်။ ဒီမှာတော့ နေ့ပိုင်းမှာ အလုပ်လုပ်ပြီး ညပိုင်းမှာ ကျောင်းတက်နိုင်တာမို့ ဒီအတွက် အထူးကျေနပ်မိရပါတယ်တဲ့၊ ခု သူအလွန်ဆန္ဒရှိခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ ရောင်ခြည်ဦးကိုတွေ့ မြင်ရပြီဖြစ်ကြောင်းကိုလဲ ကဗျာဆန်ဆန်ပြောသွားပါသေးတယ်၊ သူ့အဆိုအရ ယဉ်ကျေးမှုဓလေ့ထုံးစံအရရော မိသားစု အသိုက်အဝန်းကို ခင်တွယ်တတ်တဲ့ သဘာဝအရရော မြန်မာပြည်က လူတိုင်းနီးပါးဟာ ဖြစ်နိုင်မယ် ဆိုပါရင် မိဘဆရာသမား ဆွေမျိုးညာတိတွေနဲ့ တစ်မြို့ တစ်ရွာတည်းမှာ အတူနေလိုတဲ့ ဆန္ဒ ရှိကြပါတယ်တဲ့၊ ဒါပေမယ့် ဘဝတစ်ခုတိုးတက်ဖြစ်ထွန်းနိုင်ဖို့ တစ်ဖက်က ပေးဆပ်ရတဲ့အရာမျိုးတွေလဲ ရှိတတ်တာလဲ သဘာဝတစ်ခုပါပဲတဲ့၊ သူ ခုလိုထွက်ခွါလာတာဟာလဲ ပညာရေးဟာ အဓိကပါတဲ့။ သူ့အပြောအရ ကိုယ့်ဘဝနောင်ရေးအတွက် ပညာရေးဟာ အရေးပါတာကို ဒီမှာ ပိုပြီးသဘောပေါက်နားလည်လာမိပါတယ်တဲ့။

ဒီ ဒကာလေးလိုပါပဲ၊ စာရေးသူတက်ရောက်နေတဲ့ ကောလိပ်တစ်ခုတည်းမှာကိုပဲ မြန်မာကျောင်းသား တွေ အနည်းဆုံး (၅ဝ) လောက်တော့ ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ကျောင်းသားဦးရေ တစ်သောင်း ငါးထောင်လောက်ရှိတဲ့ကျောင်းမှာ ဦးရေ ငါးဆယ်လောက်ဆိုတာ များတယ်တော့ မဆိုသာပါဘူး။ သို့ပေမယ့် မြို့မှာနေထိုင်ကြတဲ့ လူဦးရေအချိုးအစားနဲ့ နှိုင်းစာရင်တော့ ရာခိုင်နှုံးများတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်လူမျိုးတွေဟာ ပညာရေးမှာ စိတ်ဝင်စားသူတွေပါလားဆိုတာ သိရလို့ ကျေနပ်မိရပါတယ်။ အ လုပ်ကိုတစ်ဖက်လုပ်ရင်း ကျောင်းကိုလဲ တစ်ဖက်တက်နဲ့ အားကြိုးမာန်တက် ရုန်းကန်လှုပ်ရှားနေကြတဲ့ ကိုယ့်လူမျိုး လူငယ် မြန်မာကျောင်းသူကျောင်းသားတွေကို တွေ့မိတော့ အားလဲ အားရမိပါတယ်။ မြန်မာလူငယ်တွေ တိုင်းတစ်ပါးကို ထွက်ခွါကြခြင်းဟာ စီးပွားရေးသက်သက်တစ်ခုအတွက် ဒေါ်လာရှာဖို့ချည်းသက်သက် မဟုတ်ပါလားဆိုတာ ကောင်းကောင်း သဘောပေါက်လာမိပါတယ်။

စာရေးသူတို့အနေနဲ့ လူ တစ်ယောက်နဲ့တစ်ယောက် ဘဝပေးအခြေအနေ မတူနိုင်ကြောင်းကို လွယ် လွယ်နဲ့ပဲသိနိုင်ပါတယ်။ နောက်ပြီး နေရာဒေသတွေရဲ့ ပဋိရူပဖြစ်မှု မဖြစ်မှုမှာလဲ တစ်ယောက်နဲ့ တစ် ယောက် ကွာခြားမှုရှိကြောင်းကိုလဲ နားလည်ဖို့ လိုမယ်ထင်ပါတယ်။ ကိုယ့်အတွက် ဒီနေရာ ဒီဒေသ ဟာ သင့်တင့်ကောင်းမြတ်တဲ့ နေရာဒေသတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တစ်ပါးသူတွေအတွက် ဒီ နေရာဟာ သင့်တော်ကောင်းမှ သင့်တော်ပါလိမ့်မယ်။ ဥပမာအနေနဲ့ ဆိုရရင် လူသူကင်းမဲ့ တိတ်ဆိတ် တဲ့ နေရာဒေသဟာ တရားဘာဝနာ ပွားများသူတစ်ယောက်အတွက် နေရာကောင်းဖြစ်နိုင်ပေမယ့် လူ အများကိုမှီပြီး စီးပွားရှာသူတစ်ဦးအတွက်တော့ ဒီနေရာမျိုးဟာ သင့်တော်တဲ့အရပ်ဒေသ ဖြစ်မယ် မ ဟုတ်သလိုပေါ့။ နောက်ပြီး အချိန်အခါနဲ့ အခြေအနေဆိုတာလဲ အရေးကြီးတာကို သတိပြုရမှာပါ။ တစ်ချို့အရာတွေကို နေရာတိုင်းမှာ အချိန်တိုင်း မရနိုင်တာကို စာရေးသူတို့အနေနဲ့ သဘောပေါက် လက်ခံကြရမှာပါ။ ဒီလိုအခါမျိုးမှာ မကြာမီ ရလာလိမ့်နိုးနဲ့ မရေရာတဲ့ အရာကို မသေချာစွာ စောင့် နေတာထက်စာရင် တစ်ခုခုကို ကြိုးစားလုပ်ကြည့်တာက ပိုမကောင်းနိုင်ဘူးလားဆိုတာ စဉ်းစားဖို့ သင့် ပါတယ်။

ဌေးလွင်(ဆားလင်းကြီး)ရော၊ အထက်က ဒကာလေးကို အမိန့်ရှိခဲ့တဲ့ ဆရာတော်ကြီးရော ကိုယ့်တိုင်း ပြည် ကိုယ်လူမျိုးကို ချစ်မြတ်နိုးစိတ်နဲ့ ရေးကြမိန့်ကြတာပဲဖြစ်မယ်ဆိုတာ လေးလေးနက်နက် ယုံကြည်မိပါတယ်၊ သို့ပေမယ့် ချစ်ကြတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့လဲ လိုပါလိမ့်မယ်။ နေ့စဉ် လူမှုဘဝ လိုအပ်ချက်အတွက် စားဖို့ကထမင်းကြမ်း၊ သွားဖို့က လှည်းကြမ်း၊ အိပ်စက်နားနေဖို့က ဝါးကြမ်း ရှိယုံနဲ့ မပြည့်စုံနိုင်ကြောင်းကို အားလုံးသိကြမှာပါ။ ဒီလောက်ဆိုဖြစ်တာပါပဲလို့ ကိုယ့်စိတ်ကိုလှည့်စားကြည့် မယ်ဆိုရင်လဲ အစစ်အမှန်ရောင့်ရဲမှုဖြစ်ဖို့ ခက်ခဲပါလိမ့်မယ်။ ပြောချင်တာက လိုအပ်ချက်တွေရှိလာတဲ့ အခါမှာ တကယ်မလိုအပ်ဟန် ရောင့်ရဲဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကို လှည့်စားနေတာထက် အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဘယ်လိုကြိုးစားကြမလဲ၊ နည်းလမ်းဘယ်လိုရှာကြမလဲဆိုတာက ပိုပြီး မကောင်းပေဘူးလားလို့ စဉ်းစားဖို့ပါ။ မနိုင်၍သည်းခံခြင်း မရှိ၍ရောင့်ရဲခြင်းဆိုတဲ့ လူပျော်လူပျက်တွေရဲ့ စကားဟာ စစ်မှန်တဲ ခန္တီနဲ့ သန္တုဌီ မဟုတ်ကြောင်း အလွယ်တကူသိနိုင်ပါတယ်။ သာမန်လူသားတစ်ဦးဟာ လူသာမန်တစ်ဦးလိုပဲ စဉ်းစားတာက ပိုမိုကောင်းမွန်ပါတယ်။ နောက်ပြီး အရာတစ်ခုကိုသုံးသပ်တော့မယ်ဆိုရင် အဲဒီအရာရဲ့ အခြေခံအကြောင်းရင်းကိုလဲ ရှာဖွေကြည့်ဖို့ လိုအပ်ပါတယ်။

နိုင်ငံရပ်ခြားသွားရောက်နေထိုင်ရတယ်၊ အလုပ်လုပ်ရတယ် ဆိုတာ ထင်သလောက် မလွယ်ကူလှတာကိုလက်တွေ့အရ စာရေးသူနားလည်နိုင်ပါတယ်။ သေချင်တဲ့ကျား တောပြောင်း ဆိုပေမယ့် ဘယ်ကျားမှာမှ သေချင်တဲ့အတွက် တမင်သက်သက် တောပြောင်းလေမယ်မဟုတ်ပါဘူး။ သူနေထိုင်ဆဲဖြစ်တဲ့ တောဟာ သူ့အတွက် လုံခြုံမှုမရှိနိုင်ဘူးလို့ ထင်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့အတွက် အစာရေစာ လောက်လောက် ငင မရနိုင်မှာကို တွေးမိလို့ပဲဖြစ်ဖြစ် ပြောင်းကြည့်လေတာဖြစ်မှာပါ။ တောတွေထွင်းလို့ ကျားတွေရှင်းသွားတာကို တောရှင်းသူကို အပြစ်တင်ရကောင်းမှန်းမသိပဲ ကျားတွေကိုပဲ အပြစ်မြင်တာမျိုးကတော့ အမှန်တရားကို မတွက်ဆရာ ရောက်သလိုပါပဲ။

နိဂုံးချုပ်ပါရစေ

ဒီဆောင်းပါးကိုဖတ်ပြီး နိုင်ငံခြားကိုရောက်နေလို့ နိုင်ငံခြားကို အထင်ကြီးစိတ်ကြောင့် ဒီလိုရေးတာ ဖြစ်မှာပါလို့ ဆိုလာပါက တစ်ဝက် မှန်ပါတယ်လို့ ဝန်ခံပါရစေ၊ ကမ္ဘာ့ထိပ်တန်းကို ရောက်နေတဲ့ နိုင်ငံကြီးတစ်ခုမှာ အထင်ကြီးစရာ ဘာမှမရှိဘူးလို့ ဆိုခဲ့ရင် အဲဒီလို ဆိုသူသာ အရူးဖြစ်မှာပါ၊ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး တိုးတက်ဖို့ ကိုယ့်ရှေ့ကသူတွေရဲ့ အဆိုးတွေကိုချည်း မြင်တတ်ရုံ၊ ပြောတတ်ရုံနဲ့ ပြည့်စုံဦးမှာ မဟုတ်ပါဘူး၊ အားကျစရာကို အားကျ အတုယူဖွယ်ရာဆို အတုယူတတ်ဖို့လဲ လိုပါသေးတယ်။ တိတိကျကျပြောရရင် အထင်ကြီးစရာကို အထင်ကြီးတတ်ဖို့လဲ လိုပါသေးတယ်။ မိဘတိုင်းဟာ သားသမီးများကိုတော့ ချစ်ကြစမြဲပါ။ သို့ပေမယ့် စစ်မှန်တဲ့ မိခင်စိတ်ဆိုတာ ချစ်ပြရုံနဲ့ ပြီးပြည့်စုံဦးမယ် မဟုတ်ပါဘူး။ ကိုယ့်သား ကိုယ့်သမီးကို သူများတွေနဲ့ ယှဉ်လာရင် အောက်တန်း နောက်တန်း မကျရ လေအောင် အလိမ္မာ အမွေပေးဖို့ လိုသလို ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်စေဖို့ ခေတ်မှီပညာအမွေ

တွေကို ပေးဖို့လဲ လိုပါသေးတယ်။ အဲ ဒီလိုပညာကို ဘယ်နေရာက ရနိုင်ပါ့မလဲလို့လဲ စဉ်းစားတတ်ဖို့ လိုသပေါ့။ နို့မဟုတ်ရင်ဖြင့် ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ဆားတုံဆရာတော်ရဲ့ လင်္ကာလေးလို

ရှေးသရောအခါ ၊ ပြည်ဗာရာဝယ်

ကုဋေ ကြွယ်အား ၊ သူဌေးသားလျင်

သားတစ်ယောက်ဖြစ် ၊ ချစ်၍တစေ

အိမ်မှာနေ၍ ၊ စာပေမတတ်

မိဘစုတေ ၊ ခန္ဓာကြွေသော်

အရှေ့အနောက် ၊ တောင်မြောက် ဘယ်မှာ

မသိပါငြား ၊ သူဌေးသားသည်

သိုထားမတတ် ၊ အရပ်ရပ်၌

နှံအပ်ဥစ္စာ ၊ ရှိသည်ငှာကို

များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ

ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်းသော်

ထောင်းထောင်းကြေလျက်

ခွက်လက်စွဲကာ၊ တောင်းစားပါလည်း

နင်သာလူမိုက် ၊ ဒုစရိုက်ဟု

ရိုက်ပုတ်လိုက်ကြ

ရွာမှထွက်လေ ၊ တောမှာသေသည်

ကောင်သေဠင်းတကျ၏တည်း

ဆိုသကဲ့သို့သော ဗာရာဏသီ သူဌေးသားဇာတ်လမ်းသစ်တွေ များသထက် များလာပါလိမ့်မယ်။

အရှင် ဥာဏိကာဘိဝံသ

(Fremont CA,USA)