Wednesday, February 16, 2011

ပျံချီကကွက်များ



ပျံချီကကွက်များ

အငြိမ့်လောကမှာသုံးတဲ့ ‘ပြန်ချီ’ဆိုတဲ့ စကားလုံးကို သဘောကျလို့ မိမိနားလည် သလောက် ဘ၀၊ ဓမ္မတို့နဲ့ ဆက်စပ် စဉ်စားမိသမျှ အကြောင်း တိုက်ဆိုင် တဲ့အခါမှာ ဟောလည်းဟော ဖြစ်ခဲ့သလို အတွေးသစ် မှာလည်း ရေးဖြစ်လိုက်ပါတယ်။ ဒါဟာ ပြန်ချီဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့် လိုရင်း မဟုတ်ပါဘူး။

ဘ၀ အတွက် စဉ်းစားစရာ ဓမ္မသဘော ကိုသာ ပြောလို ရင်းပါ။ (ပြန်ချီရဲ့ မူလအဓိပ္ပာယ်ကို နားလည်သူများက ဖွင့်ပြဖို့လည်း တောင်းပန်ပါတယ် ) ဒီအကြောင်းကို ရေးမြို့မှာ စပ်မိကြတော့ ရင်းနှီးတဲ့ ဒကာတစ်ဦးက “ဘ၀မှာ ပြန်ချီ မြောက်အောင် ဘယ်လိုကပြ ရမလဲ ဆိုတာပါ အပြည့်အစုံ ဟောပြမှ ပိုပြီး အဆင် ပြေမယ်” လို့ အကြံပြုပါတယ်။ ဒါနဲ့ ညပိုင်းမှာ တရားဟောတော့ အင်္ဂဂုတ္တရ နိကာယ်၊ စတုက္က နိပါတ်၊ အပဏ္ဏက၀ဂ်၊ သမ္မာဒိဋ္ဌိသုတ်ကို အခြေခံပြီး ဟောဖြစ်ခဲ့ပါတယ်။ အဲဒီ သုတ်ရဲ့ မူရင်း မြန်မာပြန်ကို အရင်ပြောချင်ပါတယ်။


ရဟန်းတို့ တရားလေးမျိုးတို့နဲ့ ပြည့်စုံတဲ့ ရဟန်းဟာ မချွတ်ယွင်းတဲ့ အကျင့်ကို ကျင့်သူလည်းမည်တယ်။ အာသဝေါ တရားတို့ ကုန်ဖို့(ရဟန္တာဖြစ်ဖို့) အကြောင်းတရားလည်း ပြည့်စုံတယ်။


အဲဒီ တရားလေးမျိုးဆိုတာကတော့ ကာမဂုဏ်မှ ထွက်မြောက်ဖို့ ကြံတဲ့ ‘နေက္ခမ ၀ိတက်’၊ မပျက်စီးစေဖို့ကြံတဲ့ ‘အဗျာပါဒ ၀ိတက်’၊ မညှင်းဆဲဖို့ကြံတဲ့ ‘အ၀ိဟိံသ၀ိတက်’ နဲ့ မှန်ကန်တဲ့အမြင် ‘သမ္မဒိဋ္ဌိ’ တို့ပဲဖြစ်ပါတယ်။ဒီတရားလေးမျိုးနဲ့ ပြည့်စုံတဲ့ ရဟန်းဟာ မချွတ်ယွင်းတဲ့ အကျင့်ကို ကျင့်သူလည်း မည်တယ်။ အာသဝေါကုန်ဖို့(ရဟန္တာဖြစ်ဖို့) အကြောင်းတရားနဲ့လည်း ပြည့်စုံတယ်တဲ့။ ‘ပြန်ချီ’ဆိုတဲ့ စကားကို လူ့ဘုံ(သုဂတိဘုံ)က ပြန်လည် တောင်းဆိုလာအောင်၊ ပြန်လည် လက်ခံချင်လောက်အောင် ကောင်းတဲ့အချီ၊ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်စေတဲ့ အချီလို့ ဓမ္မနဲ့ယှဉ်ပြီး စဉ်းစားမိတာပါ။ အဲဒီလို အဆင့်မီတဲ့ အချီမျိုး ဖြစ်ဖို့ကရမယ့် ကကွက်ကတော့ ဘုရားရှင် သမ္မာဒိဋ္ဌိသုတ်မှာ ဟောတော်မူတဲ့ တရားလေးမျိုးတို့ ဆိုရင်လည်း လုံလောက် တယ်လို့ပဲ ဆိုချင်ပါတယ်။ ဒီတရားလေးမျိုးနဲ့ (လေးမျိုးထဲက တစ်မျိုးမျိုးနဲ့)ပြည့်စုံသူကို ဘုရားရှင်ကတော့ “အပဏ္ဏက ပဋိပဒံ ပဋိပန္နောဟောတိ= မချွတ်ယွင်းတဲ့ အကျင့်ကို ကျင့်သုံးသူလည်း မည် တယ်”လို့ ဟောတော်မူတာပါ။


ဆိုလိုတာကတော့ “လူ့ပြည်က ပြန်လည် တောင့်တ လောက်ရုံ၊ လူ့ပြည်နဲ့ တန်ရုံလောက် သာမကဘူး အရိယာ လမ်းစဉ်နဲ့ တိုင်းတာရင် တောင် ချွတ်ယွင်းချက် မမြင်ဘူး။ လူ့ဘုံ(သုဂတိ)ဘုံနဲ့ တန်ရုံမကဘူး။ နိဗ္ဗာန်နဲ့တောင် တန်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် မချွတ် မယွင်း ကျင့်သူလို့ ဆိုနိုင် တယ်’လို့ ပြောချင်တာပါ။ နောက်တစ်ပိုဒ်ကို ကြည့်လိုက်ရင် ဒီအဓိပ္ပာယ်က ပိုပြီး ပီပြင်မှာပါ။

‘ယောနိစဿ အာရဒ္ဓါဟောတိ အာသ၀ါနံ ခယာယ= အာသဝေါကုန်ဖို့(ရဟန္တာ) ဖြစ်ဖို့ အကြောင်းတရားလည်း ပြည့်စုံတယ်တဲ့။ (အံ-၁၊ မြန်၊၄၀၂) ပထမဆုံးအချက်(ပထမကချီ) နေက္ခမ၀ိတက် ဆိုတာ တိုက်ရိုက် မြန်မာပြန်ကတော့ ကာမဂုဏ်မှ ထွက်မြောက်ဖို့ ကြံစည်တာလို့ ပြန်ကြပါတယ်။ ကာမ၀ိတက်ရဲ့ ဆန့်ကျင် ဘက်ဖြစ်တဲ့ အကြံအစည်ပါပဲ။ ‘ကာမ ၀ိတက်’ ဆိုတာ အာရုံငါးပါး ကာမဂုဏ်တရားတွေ ကို ကိုယ့်အတွက်ရဖို့၊ သိမ်းပိုက်ဖို့ ဘာမဆို ကိုယ်က အသာတန်းရဖို့၊ အခွင့်ထူးရရှိဖို့ အတွက်သာ ကြံစည်တဲ့ အကြံအစည်ဖြစ်လို့ ဒီအကြံရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေက္ခမ္မ ၀ိတက်ဆိုတာ အများနားလည်အောင် ပြောရ ရင်တော့ စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ်ဓာတ်၊ အကြံအစည်လို့ပဲ ပြောရမှာပါ။

သတ္တ၀ါတို့ရဲ့ သံသရာဆိုတာ “အ၀ိဇ္ဇာတဏှာ မူလနှစ်ဖြာ” ဆိုတဲ့အတိုင်း သူ့အကျိုး ကိုယ့်အကျိုး၊ သူ့အတွက် ကိုယ့်အတွက် မျှမျှတတ မှန်မှန် ကန်ကန် ဝေဖန်ဆုံးဖြတ်နိုင် စွမ်း မရှိတဲ့ အ၀ိဇ္ဇာနဲ့ လိုချင် တောင့်တ ကပ်ငြိတွယ်တာ တက်တဲ့ တဏှာတို့က ဦးစီးဦး ဆောင်ထားတာ ဖြစ်လေတော့ ဘာမဆို ကိုယ်လိုချင်သမျှ ကိုယ်သာရဖို့ ကိုယ့်အတွက် သာ သိမ်းပိုက် ထားဖို့အဖြစ်သာ ကြံစည် စိတ်ကူးကြတာပါ။

ဒါဟာ သတ္တ၀ါတိုင်းရဲ့ သန္တာန် မှာ ဖြစ်နေကြတာ ဆိုတော့ အကြီးမားဆုံး ချွတ်ယွင်းချက်၊ အကြီးမားဆုံး အပြစ်ကြီး ဖြစ်နေပေမယ့် သတ္တ၀ါတိုင်း ကတော့ ကိုယ့်ကိုပဲဖြစ်ဖြစ်၊ သူ တစ်ပါးကိုပဲ ဖြစ်ဖြစ်၊ ဒီလို အကြံမျိုး ကြံစည်နေသူကို ‘အပြစ်’လို့တောင် မသတ်မှတ်ကြတော့ပါဘူး။ ပုထုဇဉ်တိုင်းရဲ့ အခြေခံအမြင်၊ အခြေခံစိတ်ထားလို့တောင် ခံယူထားကြပါပြီ။

အရာရာကို စဉ်းစား ကြံစည်တဲ့အခါ ‘ကိုယ့်အတွက်’ ဆိုတာကို အဓိကထားပြီး တွေး တောကြံစည်တဲ့ ကာမ၀ိတက် ဦးစီးသူများကိုပဲ ‘အတ္တ’ ကြီးသူများ၊ အတ္တသမားများလို့ ခေါ် ဆိုကြတာပါ။ ဒီလိုကြံစည်ခဲ့ ကြတာဟာ အနမတဂ္ဂ သံသရာက စခဲ့ကြတဲ့ တွေးရိုး တွေးစဉ်ကြီး ဖြစ်လို့ ဒီအတွေးနဲ့ မျောပါနေရတဲ့ သံသရာခရီးကြီးကိုလည်း “အနုသောတ ဂါမိ- ရေစုန်ခရီး” လို့ခေါ်ပါတယ်။ ရေစုန်ခရီး သည်တို့ရဲ့ ဘ၀ပန်းတိုင် ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ဘုရားရှင် ကောက်ချက်ချ တော်မူခဲ့သလိုပဲ “ဇရာ,မရဏ,သောက, ပရိဒေ၀, ဒုက္ခ ဒေါမနဿ ဥပါယာသ=အိုခြင်း၊ သေခြင်း၊ ၀မ်းနဲခြင်း၊ ငိုကြွေး၊ ကိုယ်ဆွေး စိတ်ပူပြီး အကြီးအကျယ် ပင်ပန်းရခြင်း”များနဲ့သာ တစ်ဘ၀ပြီး တစ်ဘ၀ နှုတ်ဆက် ခွဲခွာ ပြီး ခရီးဆက် နေကြရခြင်းပဲ ဖြစ်တယ်ဆိုတာ သဘောပေါက် သင့်ပါပြီ။

ဘုရားရှင် ညွှန်ပြတဲ့ ‘နေက္ခမ၀ိတက်’ဆိုတာ အဲဒီ ကာမ၀ိတက် ရေစုန်ခရီးနဲ့ ဆန့်ကျင်ဘက် အကြံအစည် အတွေးအခေါ်ဖြစ်ဖို့ပဲ။ ရလို ပိုင်လို သိမ်းပိုက်လိုတဲ့ အကြံအစည် တွေ အစား စွန့်လွှတ်၊ကူညီ၊ အနစ်နာခံလိုတဲ့ စိတ်ထားမျိုး ကြံစည်တွေးခေါ်မှုမျိုး ထားကြဖို့ပါ။ ဒီအတွေးအခေါ် အကြံအစည်ဟာ မွေး၊အို၊နာ၊ သေ၊ ၀မ်းနည်း၊ ငိုကြွေး၊ ပူဆွေး ပင်ပန်းခြင်း ပန်းတိုင်နဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် လမ်းခရီးဖြစ်လို့ “ပဋသောတဂါမိ= ရေဆန်လမ်း” ဖြစ်ပါတယ်။ “ဘုရားအစရှိတဲ့ အရိယာသူတော်စင်တို့ လျှောက်လှမ်းတဲ့ ခရီးဟာ ဒီလို ရေဆန်လမ်း ခရီးဖြစ်လို့ ရေစုန်လမ်းခရီးမှာ ကျင့်သားရပြီး အ၀ိဇ္ဇာထုတည် ထူသည် ထက်ထူ၊ ရာဂ ကိလေသာမြူတွေ ထပ်သည်ထက် ထပ်နေတဲ့ သံသရာ ခရိးသွား ပုထုဇဉ် အများစုကြီး အနေနဲ့ သိမ်မွေ့နက်နဲ သိမြင် နိုင်ခဲတဲ့ အဏုမြူ သဖွယ် ရေဆန်လမ်းညွန် တရားကို ထိုး ထွင်း သိမြင်ဖို့ မလွယ်လှဘူး”လို့ ဘုရားဖြစ်တော်မူစက လောကကို ကြည့်ပြီး မှတ်ချက်ချခဲ့တာပါ။

(၀ိနည်းမဟာဝဂ္ဂ-ဂ) ဘာပဲဖြစ်ဖြစ် ရေစုန်ခရီးရဲ့ ပန်းတိုင်နဲ့ အန္တရာယ်တို့ကို သိမြင်နိုင်လောက်အောင် အ၀ိဇ္ဇာအမှောင်ထုနဲ့ ကိလေသာမြူ နည်းပါးသူ၊ နည်းပါးလို သူများအနေနဲ့တော့ ဒုက္ခ အားလုံး ချုပ်ငြိမ်းအေးမြရာ ပန်းတိုင်ဆီး ဦးတည်တဲ့ ဒီရေဆန်လမ်းကို ၀မ်းပန်းတသာ လက်ခံကြမှာ ဖြစ်ပါတယ်။ ဒီလမ်းကို လက်ခံကျင့်သုံးဖို့ ဆုံးဖြတ်ထားတဲ့ အရိယာတပည့်သားများ (ဗုဒ္ဓဘာသာ ၀င် သူတော်စင်များ) အဖို့ ဒိရေဆန်လမ်းကို ပထမဆုံး ခြေလှမ်း စတဲ့အနေနဲ့ ပြောင်းလဲ ရမှာကတော့ ‘နေက္ခမ္မ၀ိတက်’လို့ခေါ်တဲ့ စွန့်လွှတ်ကူညီ အနစ်နာခံလိုတဲ့ အတွေးအကြံ ခံယူချက် ခိုင်ခိုင်မာမာရှိကြဖို့ပဲ ဖြစ်ပါတယ်။ ဘုရားရှင်တို့ လာရာလမ်း(ပါရမီခရီးစဉ်)ကို ကြည့်မယ်ဆိုရင်လည်း နေက္ခမ၀ိတက်ရဲ့ အရေးပါပုံကို သဘောပေါက် လောက်ပါတယ်။ ဒီအတွေးအကြံ ခံယူချက်မျိုးမရှိဘဲ စစ်မှန် တဲ့ဒါန၊ ရိုးသားဖြူစင်တဲ့ သီလဆိုတာ မရှိနိုင်ပါဘူး။ ဒါန,သီလ မရှိဘဲနဲ့လည်း ပညာ, ၀ီရိယစတဲ့ ပါရမီတွေ ပြည့်ဖို့မလွယ်ဘူးဆိုတာ သေချာပါတယ်။

ဗုဒ္ဓဘာာဝင်တွေ အတော်များများ နှုတ်ကျိုးနေတဲ့ ‘မနောပုဗ္ဗင်္ဂမာဓမ္မာ”တို့၊ “စိတ်သာ ရှင်စော ဘုရားဟော”တို့ဆိုတဲ့ စကားတွေကို လေးလေးနက်နက် စဉ်းစားကြည့်မယ်ဆို ရင် လူတွေက ပြောဆိုပြုလုပ်သမျှ ကံတွေဆိုတာ ‘စိတ်’လို့ ပြောပြောနေတဲ့ အတွေး အကြံ ခံယူချက်စိတ်ထားများက ဦးဆောင်တာပါ။


တစ်နည်း ပြောရရင်တော့ လူ့ဘ၀ ဇာတ်ခုံပေါ်မှာ လူတွေကပြ သရုပ်ဆောင်နေကြရတဲ့ ကံသုံးပါးထဲမှာ မနောကံက အနီးကပ် ညွှန်ကြားတဲ့ ဒါရိုက်တာ ဖြစ်ပြီး ကာယကံ၊ ၀စီကံ တို့ဆိုတာ မနောကံ ဦးဆောင်ညွှန်ပြတဲ့အတိုင်း လိုက်နာ ကပြ ကြရတဲ့ သရုပ် ဆောင်များသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က “မနောကံမှာ နေက္ခမ္မ၀ိတက် ဆိုတဲ့ ‘စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ကောင်းကလေး’ သာ မွေးမြူပေးလိုက်ပါ” ဒါရိုက်တာ ကောင်းသွားပြီဆိုရင် ၀စီကံကလည်း တစ်ဖက်သားအပေါ် တင်စီးလွှမ်းမိုး အနိုင်ယူလိုတဲ့ စကားမျိုးတွေ ရှောင်ပြီး ကူညီ ရိုင်းပင်းတဲ့ အကြံပေးစကား၊ ရွှင်လန်း ၀မ်းသာစေတဲ့ စကား၊ ကျိုးရှိ မှန်ကန်တဲ့ စကားမျိုးတွေကိုသာ ပြောဆိုတော့မှာ ဖြစ်လို့ ၀စီကံသရုပ် ဆောင် ကပြမှုလည်း ကောင်းလာမှာ သေချာပါတယ်။


ကာယကံကလည်း ခိုးဆိုးလုယက်အနိုင်အထက် ပြုမူမှုမျိုးတွေကို ဘယ်တော့မှ မလုပ်တော့ဘဲ “စွန့်ကြဲပေးကမ်း ထမ်းရွက်ကူညီ”စတဲ့ ကာယကံ အကောင်းစားများနဲ့သာ ကပြသွားမှာဖြစ်လို့ ကံသုံးမျိုးလုံး တကယ့်ကို အပျံစား အကောင်းစား ပြန်ချီများသာ ဖြစ်သွားတော့မှာပါ။ဒီလို ကံအားလုံး ကောင်းမွန် မှန်ကန်စေတတ်လို့လည်း နေက္ခမ္မ၀ိတက်နဲ့ ပြည့်စုံသူကို ဘုရားရှင်က….“အပဏ္ဏကပဋိပဒံ ပဋိပန္နောဟောတိ= လောက, ဓမ္မ နှစ်ဝလုံးကို မချွတ်ယွင်းစေတဲ့ အကျင့်ကို ကျင့်သုံးသူဖြစ်တယ်”“ယောနိစဿ အာရဒ္ဓါဟောတိ အာသ၀ါနံ ခယာယ= အာသဝေါကုန်ခန်းတဲ့ ရဟန္တာ ဖြစ်လောက်အောင် သင့်လျော်ပြည့်စုံတဲ့ အကျင့်ကို ကျင့်သုံးသူဖြစ်တယ်”လို့ ဟောတော် မူတာပါ။ မှန်ပါတယ်။ စွန့်လွှတ် အနစ်နာခံတဲ့စိတ် အကြံ အစည်(နေက္ခမ္မ၀ိတက်)ဆိုတာ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးထဲမှာ ဦးစီးဦးဆောင် ပညာမဂ္ဂင်မှာ ပါဝင်တဲ့ သမ္မာသင်္ကပ္ပမဂ္ဂင်ပဲဖြစ်တဲ့အတွက် သုဂတိဘုံကို ပြန်လာထိုက်တဲ့ ပြန်ချီသာမက နိဗ္ဗာန် အထိ ဆိုက်ရောက်မျက်မှောက် ပြုနိုင်လောက်အောင် ထိုက်တန်တာမို့ ပြန်ချီသာမက ‘တန်ချီ’လို့တောင် ဆိုနိုင်ပါလိမ့်မယ်။‘ကန်ချီ’ ကို ရှောင်ရှာပြီး ပြန်ချီ၊ တန်ချီများနဲ့ ကပြရင်း ဘ၀လှပ တင့်တယ်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

2011-ခု၊ဇန်နဝါရီလ ၁၄-ရက်၊ သောကြာနေ့