Tuesday, February 15, 2011

စတုတ္ထ-နာ ( ဓမ္မဘေရီ အရှင်ဝီရိယ)



စတုတ္ထ-နာ
စာသင်စာချ တရားဟော တရားပြစတဲ့ အများအတွက် အတတ်ပညာ အသိပညာ သင်ကြားပြသ ဆုံးမကြတဲ့ စာသင်စာချ တရားဟော တရားပြစတဲ့ အများအတွက် အတတ်ပညာ အသိပညာ သင်ကြားပြသ ဆုံးမကြတဲ့ ဆရာသမားနဲ့ ပတ်သက်လို့ စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ ပြည့်စုံရမယ်လို့ ပြောလေ့ရှိကြပါတယ်၊ ဒီနာသုံးနာဆိုတာလဲ မရှိမဖြစ် လိုအပ်ချက် များတော့ အမှန်ပါပဲ၊

လောကမှာ ဖြစ်စေ၊ သာသနာမှာ ဖြစ်စေ၊ တကယ်သြဇာတိက္ကမ ကြီးမားတဲ့ ဆရာတော် များကို လေ့လာကြည့်မယ် ဆိုရင်တော့ အခုပြောခဲ့တဲ့ နာ သုံးနာထက် အရေးကြီးတဲ့ နာ တစ်ခု ရှိနေတာကို သတိပြုမိ ကြပါလိမ့်မယ်။

မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ဟာ အခုဆိုနှစ် ပေါင်းနှစ်ထောင့် ငါးရာကျော်ခဲ့ပါပြီ။ ဒီလောက် သက်တမ်းကြာတဲ့အထိ ဘုရားရှင်ရဲ့ သာသနာတော်ကို ထမ်းဆောင်တော် မူလာကြ တဲ့ သာသနာ့ ၀န်ထမ်း သာသနာ့ အဖွဲ့အစည်းဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည် ကြာဆုံး သမ္ဘာအရင့်ဆုံး အဖွဲ့အစည်းကြီး တစ်ခုပါပဲ။

ဒီလောက် ကြာတဲ့အထိ မူဝါဒ လမ်းစဉ်လည်း လုံးဝပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ် ခြင်းမရှိသလို သာသနာ့ဝန်ထမ်းတို့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ နေထိုင်စားသောက်မှု၊ အသက်မွေး ၀မ်းကျောင်းမှု တို့ဟာလည်း ဘုရားရှင် လက်ထက်ကအတိုင်း လက်နာကျင့်သုံး ကြဆဲ၊ကြလတ္တံ့ ဖြစ်နေတာကိုလည်း တွေ့နိုင်ပါတယ်။

မြတ်စွာဘုရား ရှင်ဟာ ပရိနိဗ္ဗာန် ပြုပြီးတဲ့နောက် အချိန်ကြာမြင့် သည်အထိ အစဉ်အလာ ကောင်းများကို စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ကြအောင် တပည့်စဉ်ဆက် လိုက်နာလာ အောင် ဘယ်လို အစွမ်းမျိုးနဲ့ ချမှတ်ခဲ့ပါလဲ။

ခပ်လွယ်လွယ် စဉ်းစားကြည့်မယ် ဆိုရင်တော့ ပြုပြင် နှုတ်ပယ် ဖြည့်စွက်စရာ မလို အောင် အစ အလယ် အဆုံး ကောင်းခြင်း သုံးဖြာနဲ့ ပြည့်စုံတဲ့ သာသနာတော် ဖြစ်လို့ ဒီလောက် အထိ ရှည်ကြာ တယ်လို့ပဲ ပြောကြရမှာ ပါပဲ။ ဒါလဲ မှန်တော့ မှန်တာပါပဲ။ ဒါပေမဲ့ လောကမှာ အရှည်တည်တံ့တဲ့ ၀ါဒတစ်ရပ်ဟာ ကောင်းတယ် ပြည်စုံတယ်လို့ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် မလုံလောက် ဘူးလို့ ထင်ပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရား ရှင်အပေါ် ဆန့်ကျင်ဘက် ဖြစ်တဲ့ ဗြဟ္မဏ၀ါဒီ အကြီးအကဲ တို့ရဲ့ သဘောထား တစ်ခုကို သုံးသပ် ကြည့်စေချင် ပါတယ်။

ဗြဟ္မဏ၀ါဒီ ခေါင်းဆောင်များနဲ့ ဗြဟ္မဏ၀ါဒကို ထက်ထက် သန်သန် ယုံကြည်ကြ သူတိုင်းက ဂေါတမမြတ်စွာ ဘုရားဟာ ဗြဟ္မဏ၀ါဒီကို အဓိက ဆန့်ကျင်သူ အဖြစ် အခိုင်အမာ သတ်မှတ် ထားကြတယ်။ ဗြဟ္မဏအနွယ်ထဲက ထင်ရှားတဲ့ အမျိုးသား တော်တော် များများဟာ ဂေါတမ မြတ်စွာဘုရားရဲ့ တရားကို နာယူပြီးကြတဲ့အခါ ဗြဟ္မဏ၀ါဒ ကိုစွန့်ပြီး ဂေါတမ ဗုဒ္ဓရဲ့ တပည့်တွေ ဖြစ်ကုန်ကြတယ်။
ဒီလိုဖြစ်ရတာဟာ ဂေါတမ မြတ်စွာဘုရားမှာ တစ်ဘက်သားကို လှည့်ဖျား သိမ်းသွင်း တတ်တဲ့ မာယာ အတတ် တစ်ခု ရှိလို့ လို့လည်း ထင်မြင် ကြပါတယ် ။ ဒါကြောင့် ထင်ရှားတဲ့ ဂိုဏ်းခေါင်းဆောင် များနဲ့ ဗြဟ္မဏ၀ါဒီ အမျိုးကောင်းသားများ ဂေါတမ မြတ်စွာဘုရားထံ သွား မယ်ဆိုရင် အားလုံးက အပြင်းအထန် ကန့်ကွက်လေ့ရှိပါတယ်။

သီလက္ခန်ပါဠိတော်မှာ လာတဲ့ အတိုင်း ဗြဟ္မဏ၀ါဒီ ဂိုဏ်းဆရာတစ်ဦး ဂေါတမ မြတ်စွာ ဘုရားထံ သွားမယ် ဆိုတဲ့အခါ တပည့်တွေက အကြောင်း အမျိုးမျိုးပြပြီး အပြင်းအထန် ကန့် ကွက်ကြ ပါတယ်။ အဲဒီအခါမှာ ဗြဟ္မဏဂိုဏ်း ခေါင်းဆောင်ကြီးတွေက ဂေါတမ မြတ်စွာဘုရား နဲ့ ပတ်သက်လို့ သူတို့ သဘောပေါက် သလောက် ဂုဏ်ပုဒ်တွေကို ထုတ်ပြကြပါတယ်။

အဲဒိဂုဏ်ပုဒ် တွေထဲမှာ လူတိုင်း သဘော အပေါက်အလွယ်ဆုံးနဲ့ ငြင်းပယ်ဖို့ အခက်ဆုံး ဂုဏ်ပုဒ်က " ယထာဝါဒီ တထာကာရီ ခလု ဘောဂေါတမော" ဂေါတမ မြတ်စွာဘုရားဟာ ပြောတဲ့အတိုင်း လုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် 'ဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။
ဗုဒ္ဓဘာသာ ၀င်များ အနေနဲ့တော့ မြတ်စွာဘုရားရှင်ဟာ ဒီဂုဏ်ပုဒ်ထက် ကြီးကျယ် မြင့်မြတ်တဲ့ ဂုဏ်တော်တွေ အများကြီး ရှိတာပဲလို့ အောက့်မေ့ချင် အောက်မေ့ကျပါ လိမ့်မယ်။ ဗြဟ္မဏခောတ်က လူ့ယဉ်ကျေးမှုမှာတော့ ' ပြောတဲ့အတိုင်း လုပ်ပြီး လုပ်တဲ့အတိုင်း ပြောတယ်' ဆိုတဲ့ ဂုဏ်ပုဒ်ဟာ အလွန်ကို ရှားရှားပါးပါး ထူးခြားမြင့်မြတ်တဲ့ ဂုဏ်ပုဒ်တစ်ခုပါ။ အဲဒီခေတ်ရဲ့ ယဉ်ကျေးမှုအရ အပြောတခြား အလုပ်တခြား ဆိုတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူ့အမျိုးအနွယ် အလိုက် အောက်တန်း အကျဆုံးလို့ သတ်မှတ်ကြတာပါ။

' မုသာဝါဒဿဇန္တုနော နတ္ထိ ပါပံ အကရိယ - လိမ်ညာသူဟာ မကောင်းမှု အားလုံး လုပ်သူ မည်တယ်'လို့ သတ်မှတ်ကြတာ အဲဒီခေတ် ယဉ်ကျေးမှုရဲ့ အဓိက သတ်မှတ်ချက်ပါပဲ။

မြတ်စွာဘုရားဟာ' ပြောသလိုလုပ်ပြီး လုပ်သလို ပြောတယ်'လို့ သတ်မှတ်ခြင်း ခံရတဲ့ အတွက်- ထေတော မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်တဲ့ စကားရှိသူ၊
ပစ္စယိကော - တခြားစုံစမ်း ဘွယ်မလို၊ အတည်ပြု လက်ခံ ယုံကြည်ထိုက်တဲ့ စကားဥပမာဏ ရှိသူ၊ အ၀ိသံဝါဒကော လောကဿ- လောကကို ဖျက်ဆီးတတ်သူ မဟုတ်ဆိုတဲ့ အဲသည် ခောတ်ရဲ့ လူမျိုးမရွေး ဘာသာမရွေး အလေးထား စံပြုထိုက်တဲ့ ဂုဏ်ပုဒ်များနဲ့ ပြည့်စုံတဲ့ အမြင့် မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒါဟာ မြတ်စွာဘုရားရဲ့ လူမျိုးပေါင်စုံ ဘာသာ ပေါင်းစုံက မထေမဲ့မြင် ပြုလို့မရတဲ့ နမူနာ ပြုမှုပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ် ' စေတနာ ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ 'နာ'သုံးနာတို့နဲ့ ပတ်သက်လို့ မြတ်စွာ ဘုရားရှင်ဟာ ပါရမီ ဖြည့်စဉ်ကာလ ကတည်းက အလေ့အထုံ ရှိခဲ့တာမို့ မြတ်ဗုဒ္ဓ အဖြစ် ရောက် တော်မူတဲ့အခါ အထူးပြောစရာ မလိုအောင် ပြည့်စုံနေပါပြီ။

မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်တော် မူတဲ့အခါမှာ တပည့်သာဝက များကသာမက ဆန့်ကျင် ဘက် ၀ါဒီများကပါ အလေးထား ခံရတာက မြတ်ဗုဒ္ဓရဲ့ နမူနာကောင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားတို့ရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ' စတုတ္ထနာ'ကတော့ 'နမူနာ'ပဲ ဖြစ် ပါတယ်။ ဘယ်လောက်ပဲ ကျိုးရှိ မှန်ကန်တဲ့ ဆုံးမ စကားဖြစ်ပါစေ ' ငါပြောသလိုလုပ်ကြ ငါလုပ် သလိုတော့ မလုပ်ကြနဲ့' ဆိုတဲ့ ဆုံးမသွန်သင် ချက်များဟာ သြဇာ အရှိန်အ၀ါ မရှိတဲ့ အတွက် ပတ်ဝန်းကျင်အပေါ် မသက်ရောက်နိုင်ပါဘူး။

တိုက်ပွဲတစ်ခုမှာ' ရှေ့ကိုရဲရဲ တက်ကြလို့ အမိန့်ပေးတဲ့ ဗိုလ်ထက်' ငါ့နောက်က ရဲရဲလိုက် ပြီး တက်ခဲ့ကြ'လို့ အမိန့်ပေးတဲ့ ဗိုလ်ဟာ သြဇာကြီးတယ် အာဏာတည်တယ် ဆိုသလိုပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ နမူနာကောင်းတွေထဲက ဒီ' ပြောသလိုလုပ်၊ လုပ်သလို ပြောတယ်' ဆိုတဲ့ နမူနာကောင်းဟာ ဘယ်လောက်အထိ အရေးပါတယ် ဆိုတာ ၀ိနည်းပါဠိတော် သိက္ခာပုဒ် နိဒါန်း ၀တ္ထုတွေကို ကြည့်ရင် သိသာပါတယ်။
ဘုရားရှင်ရဲ့ တပည့် ရဟန်းတော်တွေဟာ ပုထုဇဉ် များဖြစ်ကြ တဲ့အတိုင်း ဘုရားရှင်က ကြိုတင် ပညတ်ထားတဲ့ ပညတ်ချက် မရှိသေးတဲ့ လူတို့ ကဲ့ရဲ့စရာ ပြစ်မှုတွေ ကျူးလွန်းကြ ပါတယ်။
သူတို့ရဲ့ အပြုအမူတွေဟာ သာသနာ တော်နဲ့ မသင့်လျှော်တဲ့ အတွက် မြင်တဲ့ ကြားတဲ့ ပုဂ္ဂိုလ်က ဘုရားရှင်ထံ လျောက်ထားလို့ ဘုရားရှင်က ခေါ်ယူ မေးမြန်းတဲ့အခါ ဘယ်ရဟန်းကမှ မလိမ်မညာ ကြပါဘူး။ ယုတ်စွ အဆုံး ဘုရားရှင် လက်ထက်မှာ အဆိုးဆုံးလို့ သတ်မှတ်ခံ ရတဲ့ ဆဗ္ဗဂ္ဂီ ရဟန်းတွေကတောင် မိမိတို့ ကျူးလွန်တဲ့ ပြစ်မှုကို ဘုရားရှင်က မေးမြန်း စိစစ်တဲ့ အခါမှာ မလိမ်မညာ ကြပါဘူး။ အမှန်အတိုင်း ၀န်ခံကြပါတယ်။

ဒါကြောင့် ၀ိနည်း သိက္ခာပုဒ် နိဒါန်း ၀တ္ထုတွေဟာ အပြစ်ကျူးလွန် ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေ ဖြစ်ပေမဲ့ စက်ဆုတ်စရာ မကောင်းဘဲ ကြည်ညိုစရာ ကောင်းနေတာကို သေ သေ ချာချာ ကြည့်လေ သိသာ လေပါပဲ။

မနေနိုင်လို့ ဆိုးကြ ပေကြပေမဲ့ မလိမ်မညာ ကြဘူး။ အလွန်ရိုးသားကြတယ်။ ကြည့်ရင်း ကြည့်ရင်း လေးလေးနက်နက် တွေးကြည့်လိုက်တဲ့ အခါ အပြစ်ကျူးလွန် ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အပြစ်ကျူးလွန် နေသူအဖြစ်နဲ့ အကြည်ညို မဲ့စရာ မကောင်းဘဲ လိုအပ်တဲ့ သိက္ခာပုဒ် နှစ်ရာ့ နှစ်ဆယ် ခုနှစ်သွယ် သိက္ခာပုဒ် ပြည့်အောင် အနစ်နာခံ သရုပ်ဆောင် ပေးနေကြတဲ့ ပုဂ္ဂိုလ် တွေ လို့ ထင်ရလောက်အောင် ရိုးသားကြတာ၊ အမှန်ကို ၀န်ခံရဲကြတာကို တွေ့ရလို့ ဒီနေ့ သာသနာ့ ၀န်ထမ်း ရဟန်းတော် တွေကို နှစ်၇ာနှစ်ဆယ် ခုနှစ်သွယ်ထိန်း ရဟန်းတော် များလို့ အများက လေးစား စေဖို့အတွက် သာသနာ့ သွေးကြောကို ဖေါ်ဆောင် ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်များ အဖြစ်နဲ့ ကျေးဇူးတင် ကြည်ညိုစရာ ဖြစ်နေတာကို ဖြစ်နေတာ တွေ့ရပါတယ်။ အရင်းစစ်လိုက် ရင်တော့ ဘုရားရှင်ရဲ့ နမူနာကောင်း ကြောင့်လို့ဘဲ ဆိုရမှာပါ။

တခြားနမူနာ ကောင်းတွေကြောင့်လည်း အရှင်မဟာ ကဿပ အစရှိတဲ့ ဓုတင်ဆောင် တပည့် စဉ်ဆက်တွေ ၊ အရှင်ဥပါလိ အစရှိတဲ့ ၀ိနည်းဓိုရ် စဉ်ဆက်တွေ စသည် စသည်ကနေ ပစ္စက္ခ သာသနာဝင်အထိ ပရိယတ် ပဋိပတ် နယ်ပယ်ကို ကြည့်လိုက်မယ်ဆိုရင်-----

မြတ်ဗုဒ္ဓရဲ့ နှုတ်ခပါဠ်တော် နိကာယ်ငါးရပ် တို့ကို အပြည့်အစုံ သင်ယူ ပို့ချတော်မူခဲ့ကြတဲ့ ပခုက္ကူ ဆရာတော် ကြီးများရဲ့ နမူနာကောင်းကို အတုယူ အမွေဆက်ခံတော် မူကြတဲ့ ပခုက္ကူ နိကာယ်ဝင် ဆရာ တပည့် စဉ်ဆက်တွေ။
ပိဋကတ်ကို နှံ့စပ်အောင် မွှေနှောက်ပြီး မြတ်ဗုဒ္ဓရဲ့ ပါဠိဘာသာ ဒေသနာတော် တွေကို မြန်မာစာ ဖတ်တတ်သူတိုင်း အပြည့်အစုံ လေ့လာခွင့်ရအောင် ကျန်းဂန်တွေ ပြုစုခဲ့ပြီး သာသနာ တော်တွင်းမှာမှ အပြည့်အစုံ ကျင့်သုံးခွင့်ရတဲ့ ကမ္မဌာန်း ဘာဝနာကိုလည်း မြန်မာစာ တတ်သူ တိုင်း သိခွင့်ရအောင် ပြုစုတော်မူခဲ့တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ နမူနာကောင်းကို အတု လိုက်ခဲ့ကြတဲ့ လယ်တီ ဂန္ထ၀င် ပုဂ္ဂိုလ်ကျော်တွေ ။

ပိဋကတ်ဆိုင်ရာ ခဲရာ ခဲဆစ်တွေကို တစ်ပုဒ်ခြင်း တစ်ပိုဒ်ခြင်းအထိ ခွဲခြမ်း စိပ်ဖြာ လေ့ လာ ပို့ချတော်မူခဲ့ကြတဲ့ မန္တလေး ပရိယတ္တိသာသနာဝင် မထေရ်မြတ်တို့ရဲ့ နမူနာကောင်းကို စဉ် ဆက် မပြတ် ထိန်းသိမ်း လိုက်နာတော် မူခဲ့ကြတဲ့ မန္တလေး စာသင်တိုက်ကြီးများရဲ့ စာချ အစဉ် အဆက်တွေ၊

ပဋိပတ်သာသနာကို အောက်ခြေခံ လူတန်းစားများပါ စိတ်ပါဝ်စား နားလည်အောင် ဟောပြတော်မူတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ နမူနာကြောင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်လာတဲ့ ၀ိပဿနာတိုက်တွေ ၊

ပဋိပတ္တိသာသနာကို ကမ္ဘာကသိအောင် ကြိုးစားအားထုတ်တော် မူခဲ့ကြတဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ နမူနာကောင်းကြောင့် စဉ်ဆက်မပြတ် တိုးပွားလာတဲ့ ကမ္မဋ္ဌာနာစရိယ အစဉ်အဆက်တွေ၊

'စာရေး၊ စာချ၊ တရားဟော၊ တရားပြ၊'ဆိုတဲ့ ကြွေးကြော်သံကို အောင်လံသဖွယ် လွှင့်ထူ ပြီး ပရိယတ်၊ ပဋိပတ် စွယ်စုံ သာသနာပြုလုပ်ငန်းကို အောင်အောင် မြင်မြင် နမူနာပြသွားတဲ့ ဓမ္မဒူတ ဆရာတော်ဘုရားကြီးရဲ့ အစဉ်အဆက်တွေ၊

စသည်စသည်ကို ကြည့်မယ်ဆိုရင် ဆရာမြတ်တို့ရဲ့ စတုတ္ထ 'နာ' လို့ ဆိုရမဲ့ ' နမူနာ' ဟာ ဘယ်လောက်အထိ အရေးပါတယ် ဆိုတာကို သဘောပေါက်နိုင် ပါလိမ့်မယ်။
အထူးသတိပြုသင့်လို့ ထပ်ပြီး ပြောချင်တာကတော့---

ဆရာမြတ်တို့ဟာ နမူနာ ကောင်းကို ပြနိုင်ခဲ့တဲ့ အတွက် တပည့် စဉ်ဆက်အထိ သြဇာ သက်ရောက်ပြီး လောက သာသနာ နှစ်ဖြာအကျိုး ထွန်းကား ပြန့်ပွားသလို အမွေခံ တပည့် စဉ် ဆက်ထဲက ဆရာပြုသူများ နမူနာကောင်းကို မပြနိုင်တော့တဲ့ အခါမှာ မူလဆရာသမားများရဲ့ အစဉ်အလာ ကောင်းများဟာ မျိုးဆက် ပြတ်သွားတတ်ကြတယ် ဆိုတာရယ်၊ နမူနာကောင်းကို မပြတဲ့အပြင် နမူနာဆိုးကို အပြမှားမိပြီ ဆိုရင်တော့ ကိုယ်တစ်ယောက်ရဲ့ အမှားဟာ ဆရာစဉ် ဆက်ကိုပါ ထိခိုက်စေတတ်တဲ့ အတွက် အစဉ်အလာကောင်း မျိုးဆက်တို့ကို အမြစ်ကနှုတ်ပြီး မီးဖုတ်လိုက်သလို ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။

အခု ကန်ဦးဇေတ၀န်စာသင်တိုက်ကြီး ရွှေရတုခရီးအထိ အောင်အောင် မြင်မြင် ခရီး ဆက်နိုင်ခြင်းရဲ့ အကြောင်းရင်းကို ကြည့်မယ်ဆိုရင်လည်း ဆရာတို့ရဲ့ နမူနာဟာ အဓိက အခန်းက ပါဝင်နေကြာင်း တွေ့နိုင်ပါလိမ့်မယ်၊ နမူနာကောင်းတွေ မပြတ်သမျှ ရွှေရတု မှသည် စိန်ရတု ပတ္တမြားရတု စတဲ့ ရတနာတု အဆက်ဆက် အထိလည်း ဆက်လက် ရှင်သန်နေမှာ မလွဲပါ ။
နမူနာကောင်းဖြင့် အစဉ်အလာကောင်းများ ဆက်လက်ရှင်သန်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက် ။ ကန်ဦးဇေတ၀န် စာသင်တိုက် ရွှေရတု မဂ္ဂဇင်းမှ ပြန်လည်တင်ပြပါသည်။