Sunday, February 27, 2011

ဒေါသကို ဘယ်လိုပယ်မလဲ



ဒေါသကို ဘယ်လိုပယ်မလဲ?

ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက "ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျှော်တော့ပါ ဘူး။ ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။

ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။

မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ ၀မ္မိကသုတ်တရားတော်မှာ မျက်မှောက်ခေတ် တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟော ထား ဖူးပါတယ်။ ဟောစဉ်တရားတော်က ဒီလိုပါ။

တစ်ခါက.. သုဓမ္မ၀တီပုံနှိပ်တိုက် တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ် ၀တ္ထုကလေး တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာ ဒကာလူ ကြားကောင်း ကြားဖူးပါ လိမ့် မယ်။ အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲက နေပြီးတော့ "မဖြစ်စလောက်တရားတော်" ဟောမယ်ဆိုလို့ "ဘာများ ဟောမှာ ပါလိမ့်မတုန်း"လို့ ဘုန်းကြီးက နားထောင်နေတယ်။ သူ ပြောပုံက မဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲ ဆို ပြီးတော့ မရိုမသေ မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဘူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ မဖြစ်စလောက် တရားတော်တဲ့၊ သူ ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။ ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဉ္စင်း နှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းက ရေးချိုးပြီးတဲ့အခါ ဖိနပ် စီးမယ်လို့ ကြည့်လိုက် တော့ သူဖိနပ် ကို မတွေ့ရဘူး။

မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။

" ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာ မပြောပါနဲ့ကွာ။ " ငါကို ခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့ စိတ်နာလိုက်တာတဲ့။ ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊ စိတ်နာလောက်အောင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။

သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့"ငါ ကိုခွေးဖြစ်အောင် ပြောရမလား"ဆိုပြီး စိတ်ဆိုးတာနဲ့ အုတ်ခဲကြီးနဲ့ ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ ခေါင်းကိုထုလိုက်တာ ပျံလွန်တော်မူရှာသတဲ့။

အောင်မယ် ပြောတာကတော့ သူ့ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ ထူတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။

ဝမ္မိကသုတ်တရားတော် - နှာ၁၃၉၊၁၄၀၊၁၄၁။

စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့ သိခွင့် ရတာပါ။

ဇာတ်လမ်းလေးက စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှု လေးတွေကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေမှာပါ။

ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူး လွန် မိသားဖြစ်သွားရတာပါ။ ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။

ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ် ဓာတ်ခံအားဖြင့် စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲ ဖြစ်လိုက်တဲ့ ဒေါသကို ဖျက်ခနဲ မထိန်းလိုက်နိုင်တဲ့အတွက် ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန် ပြီးသား ဖြစ်နေပါပြီ။ ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။ ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့် ကြီးခံစားသွား ရတော့တာပါ။

တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက် မှာပဲ ဖြစ်နေပြိး ၀စီကံ ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။

အနာဂါမ်မဖြစ်သရွေတော့ ဒေါသက ရှိနေဥိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံ အဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံ အဆင့် မှာပဲ ဖြစ်နေတာ ဆိုတော့ သူတစ်ပါး မသိပါဘူး။ ဒီတော့ ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ် ဒေါသ ထွက်တာ လူသိသွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။

ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ နှိုင်း ယှဉ် ကြည့် ရအောင်ပါ။

တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင် ခုတ်ပါတယ်။ အဲဒီ သစ်ပင်မှာ သားငယ်တစ်ဥိးနဲ့ နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာ နတ် သမီးရဲ့ သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့ နတ်သမီးက ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။

ဒီတော့ မြတ်စွာဘုရားက "ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ် ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့ အသက်ကို အန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေ တိုးပွားသွားလိမ့်မယ်"လို့ အားပေးနှစ်သိမ့်စကား ပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။

ရဟန်းငယ်လေးကော၊ နတ်သမီးလေးကော ဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးက ကာယကံ နဲ့ ၀စီကံကို ထိန်းလိုက်နိုင်ပါတယ်။ ဒေါသ ဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်း နိုင်ခြင်းနဲ့ မထိန်းနိုင်ဖြင်း ကွာသါားပါတယ်။

ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို ကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုး ကျိုးကြီးကို ရလိုက်တော့တာပါ။

ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်သမိးလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ ဒေါသကို ထိန်းပြီး အားကိုးလေးစားရာ မြတ်စွာဘုရားကို သွားလျှောက်တာပါ။ သွား လျှောက်တာ အမှားမဖြစ်တော့ပါဘူ။

ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့ တရားအသိ အတော်အတန်ရှိတဲ့ ဆရာသမား၊ မိဘ မိတ်ကောင်းဆွေကောင်း တစ်ဥိးဥိးဆီ ပြောပြလိုက်ဖို့ ပါ။ ဆရာမိတ်ဆွေတွေရဲ့ တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။ ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ် ဆုံဖြတ်ရင် မှား တာများပါတယ်။

ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့် ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်၇င် စိတ်က ပေါ့သွားတာ များပါတယ်။

တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး "ကိုယ့်ကို ဒီလို စောကားတာ ငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီ မြှောက်ပေးတဲ့သူ မဖြစ်ဖို့ောတ့ လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ လူမျိုးများ သွားတိုင်ပင်မိရင် ကိုယ်က မကျူးလွန်ချင်ဥိးတော့ သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။

လူ သုံးမျိုးတွေ့ရပါတယ်။ ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။

တစ်ချို့က ဒေါသမဖြစ်အေင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးနဲ့ပါ။ မျက်မှာ ကလည်း ကြည်လင် နေတာပါ။ ဒေါသမဖြစ်တော့ စိတ်က ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။

တစ်ချို့ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး ဒေါသတော့ ဖြစ် လိုက် တာ ပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစနေမှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။

တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာ ဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။

ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ အမျိုးအစားတော့ ပါအောင် ကြိုးစားရမှာပါ။

ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ မိအောင် ကြည့်နေလိုက်ဖို့ပါ။

ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကို သိနေလိုက်ဖို့ပါပဲ။

ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။"ကိုင်း… ဒေါသရေ ကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို စိုက်ကြည့်နေမှာပဲ" လို့ပြောပြီး ဒေါသကို သေချာသာစိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြည့်နေ ရမှာပါ။ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။

သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါ များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကို ပြန်ကြည့်နေလိုက်ဖို့ပါ။

အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။

မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ၊ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။

ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့် မယ်။ မခက်လှတဲ့ ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရား ကို အကျင့်နဲ့ ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုောတ့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။

"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်လိုက်"၊ "ဒေါ သဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်လိုက်"နဲ့ ကြာလောတော့

ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။

အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာ ထပ်ကာ ဆိုနေလိုက်ပါ။ တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ ဖြစ်နေတယ်"လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ် ၀င်လာတဲ့အခါ ဒေါသက လျော့သွားတာ များပါတယ်။

အဓိကကတော့ ဒေါသကို ပယ်ချင်တဲ့ စိတ်ရှိဖို့ ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကို မပယ်နိုင်သေးလို့ ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်က ဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ် ချင်စိတ်ကို အခြေခံပြီး ရွတ်နေရင် လျော့လျောသွားတာ များပါတယ်။

နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ ဘာစကားမှ မပြောမိအောင်ရယ် ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။

စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ ကြောင့်ပါတဲ့။ အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။

ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစညာ ကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။

နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရ ပါတယ်။

ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကို မမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။

စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိ ကာရ ကြောင့်လို့ ဆိုပေမယ့် အယောနိသောမနသိကာရ အဓိကကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံနဲ့ တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ နှစ်လုံးသွင်း လိုက်၇င် ဒေါသ မဖြစ်တော့ပါဘူးတဲ့။

ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။

စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ် ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။

ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ် မှာပါ။

ဒီတော့ ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့ အလေ့လေး ကို ထပ်ကာ ထပ်ကာ လျေ့ကင့်ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ရင့်ကျက် သွား တော့မှာပါ။

ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့ "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။

ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။ ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီ သံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာ တရားထူး တရား မြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ ခံစား ရပါလိမ့်မယ်။

ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။ ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။

ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ "ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို သေချာထိုင်ကြေည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင် တစ်နေ့သောအခါမှာ ဒေါသနည်းသူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

ရဝေနွယ်(အင်းမ)

Saturday, February 26, 2011

ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ



ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ

“အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်းလက်ခံနိုင်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ချမ်း
သာအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာတွေ သူတစ်ပါးကိုလှည့်စားတာတွေရှိတယ်။ အဲဒီလို လှည့်
စား တာဟာ စိတ်ထဲမှာ ပဋိပက္ခဖြစ်စေတယ်။ ပဋိပက္ခဟာ စိတ်ဓာတ်အင်အားကို ကုန်ခန်းစေတယ်။
လှည့်စားမထဲမှာပဲ အင်အားတော်တော်များများ ကုန်သွားပြီး အသိအမြင်ရှင်းလင်းမလွတ်လပ် မရဖို့
အရေးမှာ သုံးစရာအင်အား မကျန်တော့ဘူး။ အမှန်ကိုလက်ခံဖို့ ကိုယ့်ကိုယ်ကိုယ် မညာဖို့ ရိုးသားမှု
ရှိဖို့လိုတယ်။ ရိုးသားမရှိမှ အသိဥာဏ်ပွင့်မယ်”။
အထက်ပါစာပိုဒ်လေးကတော့ သတိဆိုတဲ့နေအိမ်ရယ်၊အပျော်ဆုံးလူရယ်၊ဗုဒ္ဓြွရင်ခွင်မှာ ဆိုတဲ့
တရားသုံးပုဒ်ကို စုပေါင်းထုတ်ဝေခဲ့တဲ့ မဟာမြိုင်ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်ထဲက ဗုဒ္ဓြွ
ရင်ခွင်မှာဆိုတဲ့ တရားတော်ထဲက စာပိုဒ်လေးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါက စာရေးသူတစ်ယောက် က
ရေးထားတာဖတ်ရဖူးပါတယ်။ သိပ်ကောင်းတဲ့စာတစ်အုပ်ကိုဖတ်ရတဲ့အခါမှာ ပြီးသွားမှာစိုးတာ
ကြောင့် စာကိုဖြေးဖြေးပဲဖတ်တယ်တဲ့။ သူ့အဆိုကိုဖတ်ရတော့ စာရေးသူနဲ့သဘောတိုက်ဆိုင်တာ
ကြောင့် နှစ်ခြိုက်မိပါတယ်။ စာရေးသူကတော့ ကိုယ်သဘောကျတဲ့ စာတစ်ပိုဒ်ကိုဖတ်လိုက်ရတဲ့အခါ
မှာ စာကိုရှေ့ဆက်မဖတ်နိုင်ပဲ ကိုယ်သဘောကျဖြစ်ရတဲ့စာပိုဒ်ကို အနုလုံပဋိလုံ အပြန်ပြန်အလှန်လှန်
စဉ်းစားဆင်ခြင်မိပါတယ်။
ဆရာတော်ဦးဇောတိကရဲ့ အထက်ပါတရားထဲက စကားလေးကို ဖတ်ရတဲ့အခါမှာလဲ စာကို
ရှေ့ဆက်ပြီးမဖတ်နိုင်အောင်ပဲဖြစ်ရပါတယ်။ ဒီစကားလေးအပေါ်မှာလဲ အပြန်ပြန်အလှန်လှန် စဉ်းစား
နေမိပါတယ်။ သဘောကျမိရင်း သဘောကျရင်းနဲ့ သဘောကျမဆုံးနိုင်အောင်လဲ ဖြစ်ရပါသေးတယ်။
ပထမစာကြောင်းဖြစ်တဲ့ အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်းလက်ခံဖို့ သိပ်အရးကြီးတယ်
ဆိုတာကပဲ အဓိပ္ပါယ်ကျယ်ပြန့်လှကြောင်းတွေ့ရပါမယ်။
ရိုးသားမရဲ့ခိုင်းနိင်းဖွယ်မရှိတဲ့ အတုမဲ့ဂုဏ်ရည်တွေကို နေရာတော်တော်များမှာ လူအတော်
များများဆီက မကြာမကြာကြားရတာကြောင့် စာရေးသူတို့အနေနဲ့ နားရည်ဝလို့နေပါပြီ။ ရိုးသားခြင်း
ဆိုတာ မြင့်မြတ်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုလဲ စာရေးသူတို့ကိုယ်တိုင် ယုံကြည်လက်ခံကြပါ
တယ် ။ စာရေးသူတို့ကိုယ်တိုင်လဲပဲ ရိုးသားခြင်းဂုဏ်ကိုပိုင်ဆိုင်သူတစ်ယောက်အဖြစ် အများတကာရဲ့
အသိအမှတ်ပြုမကို ရယူပိုင်ဆိုင်လိုတတ်ကြစမြဲပါပဲ။ ရိုးသားခြင်းဂုဏ်ကို မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်
တောင်မထင်ပါဘူး ။ အလွန်တရာကောက်ကျစ်ယုတ်မာသူတစ်ယောက်ဖြစ်နေဦးတောင်မှပဲ ရိုးသားမှု
ဂုဏ်ကိုတော့ မြတ်နိုးမှာအမှန်ပါပဲ။ ကိုယ်ကိုယ်တိုင် မရိုးသားသည့်တိုင် ကိုယ်နဲ့ပေါင်းသင်းဆက်ဆံရတဲ့
သူများကိုတော့ ယုံကြည်ရတဲ့သူများ ၊ ရိုးသားသူများသာဖြစ်စေခြင်တဲ့ဆန္ဒဟာ ရိုးသားမကိုလူတိုင်း
မြတ်နိုးတယ်ဆိုတဲ့ စကားအတွက်ခိုင်မာတဲ့ သက်သေကောင်းတစ်ခုပဲဖြစ်ပါတယ်။
ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်တော့ အမှန်တကယ်ဖြစ်နေ
တာတွေကို အမှန်အတိုင်းလက်ခံဖို့ လိုပါလိမ့်မယ်။ အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်း
လက်မခံနိုင်ပဲနဲ့တော့ ရိုးသားသူတစ်ယောက် ဘယ်နည်းနဲ့မှဖြစ်နိုင်မယ် မဟုတ်ပါဘူး။ အမှန်အတိုင်း
လက်မခံနိုင်သူတစ်ယောက်ရဲ့ နတ်ကထွက်လာတဲ့ ရိုးသားဟန်နတ်ထွက်စကားနဲ့ လုပ်ရပ်များဟာလဲ
အယောင်ဆောင်ဟန်ပြ အတုအယောင်များသာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အမှန်အတိုင်းလက်ခံ
နိုင်ဖို့ဆိုတာကလဲ အပြောလွယ်သလောက် လက်တွေ့ပိုင်းမှာ ခက်ခဲလှပါတယ်။ စိတ်အားသတ္တိ ပျော့
ညံ့သူတို့အနေနဲ့ဆိုရင် လိုက်နာနိုင်ဖို့ အင်မတန်ခဲယဉ်းမှာပါ။ ခဲယဉ်းပေမဲ့လဲ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုး
တက်မအတွက် နည်းမှန်လမ်းမှန်ကြိုးစားယူရင်ရနိုင်သလို စိတ်အားသတ္တိဖွံ့ဖြိုးတိုးတက်မအတွက်လဲ
နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ယူရင် ရနိုင်ပါတယ်။ တကယ်တော့ စာရေးသူတို့တတွေဟာ
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မအတွက် အချိန်ပေးလေ့လာအားထုတ်မနည်းတာကြောင့် စိတ်အား
သတ္တိများကလဲ ဖွံ့ဖြိုးမနည်းပါးရခြင်းပဲ ဖြစ်ပါတယ်။ စိတ်အားသတ္တိဖွံ့ဖြိုးမအတွက် အကောင်းဆုံးနည်း
ကတော့ စိတ်ရဲ့အခြေအနေမှန်ကို နားလည်အောင်ကြိုးစာခြင်းပဲဖြစ်ပါတယ်။ စိတ်အခြေအနေမှန်ကို
နားလည်ဖို့အတွက် စိတ်ကိုစောင့်ကြည့်လေ့လာအကဲခတ်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့တတွေအနေနဲ့ ကိုယ့်စိတ်အခြေအနေမှန်ကို နားလည်အောင်ကြိုးစားမပြုလုပ်
လေ့နည်းပါးတာကြောင့် စာရေးသူတို့စိတ်အပေါ် ကျရောက်လေ့ရှိတဲ့ ဘေးအန္တရာယ်များကိုလဲ မသိ
မြင်နိုင်ကြပါဘူး။ ဘေးအန္တရယ်များကျရောက်နေတာကို မသိတဲ့အတွက် ကုစားဖို့ဆိုတာကိုလဲ မသိ
ပြန်ပါဘူး ။ ကြိုတင်ကာကွယ်နည်းနဲ့ ကုစားသူဆိုတာကတော့ အတော်ပဲနည်းပါးပါတယ် ။ အဲဒီလို
ဘေးအန္တရာယ်များကို ကုစားမှု မပြုခြင်း ၊ ကြိုတင်ကာကွယ်မှု မပြုခြင်းကြောင့် ဒဏ်ရာအနာတရ
များနဲ့ ညစ်ထေးနေတဲ့စိတ်ဟာ ခံနိုင်ရည်စွမ်းရည်နဲ့ ထက်မြက်မသတ္တိအင်အားတို့ နည်းပါးလေမှာ
အမှန်ပါပဲ ။ စိတ်အားသတ္တိနည်းပါးနေပါလျင်လဲ လူတစ်ယောက်အတွက် မရှိမဖြစ် အခြေခံလိုအပ်
ချက်ဖြစ်တဲ့ စားဝတ်နေရေး အရေးသုံးပါးကြောင့်ဖြစ်စေ ၊ အခြားအခြားသော အခြံအရံလိုအပ်ချက်
တစ်ခုခုကြောင့်ဖြစ်စေ ၊ အခြေအနေတစ်ခုက တောင်းဆိုလာတဲ့အခါမှာ အဲဒီလို လိုအပ်ချက်တွေကို
ဖြည့်ဆည်းဖို့ ရိုးသားမဂုဏ်သိက္ခာကို အလွယ်တကူ စွန့်လွှတ်တတ်ကြပါတယ် ။
အထူးသဖြင့်တော့ လူ့ပတ်ဝန်းကျင်က ပြဌာန်းသတ်မှတ်ထားတဲ့ အနှစ်မဲ့ဂုဏ်သိက္ခာတစ်ခုကို
ရယူပိုင်ဆိုင်နိုင်ဖို့အတွက် သဘာဝကသတ်မှတ်ထားတဲ့ တကယ့်အစစ်အမှန် အနှစ်ပြည့်ဂုဏ်သိက္ခာ
များနဲ့ အလွယ်တကူလဲလှယ် အစားထိုးကြခြင်းပြဲဖစ်ပါတယ်။ တစ်ဖက်က သတ်မှတ်ချက်ဂုဏ်သိက္ခာ
များတောက်ပြောင်လာလေ တစ်ဖက်မှာတော့ စစ်မှန်တဲ့သဘာဝဂုဏ်သိက္ခာများ ဆုတ်ယုတ်ညစ်နွမ်း
လေဖြစ်ရတာကတော့ အလွန်မှပဲ ဝမ်းနည်းဖွယ် ကောင်းလှပါတယ် ။ ပုဂ္ဂိုလ်တစ်ယောက်မှာ အစစ်
အမှန်ဂုဏ်အရည်အသွေးများ နည်းပါးလာတာနဲ့အမျှ အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်း
လက်ခံဖို့ ဖြစ်နိုင်ချေ နည်းပါးသွားပါတော့တယ် ။ အဖြစ်မှန်တွေကို အမှန်အတိုင်း လက်မခံနိုင်သူ တစ်
ယောက်ဖြစ်လာတာနဲ့ အမှန်တရားကြောက်ရွံ့မစိတ်များဟာလဲ တပါတည်းပူးတွဲပါဝင်လာပါတော့
တယ် ။ ကြောက်ရွံ့သူတစ်ယောက်ဟာ အားကိုးရာ ပုန်းခိုရာကိုရှာဖွေတတ်တာကလဲ သဘာဝပဲဖြစ်ပါ
တယ်။ အားကိုးရာကိုရှာဖွေရာမှာ ကိုယ်အားကိုးမှီခိုရမည့်သူရဲ့ အများအပေါ် တရားမှု မတရားမှု ၊
(သို့မဟုတ်) ရိုးသားဖြောင့်မတ်တည်ကြည်မှု ရှိ မရှိကိုပင် ဂရုပြုမနေနိုင်တော့ပဲ ကိုယ့်အတွက် အကျိုး
အမြတ်ရနိုင်မှု မရနိုင်မလောက်ကိုပဲ ကြည့်ရတတ်ကြပါတယ် ။
ပုန်းခိုရာကိုရှာရာမှာလဲ ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့ လုံခြုံရာတစ်ခုခုကိုရှာဖွေခြင်းနဲ့ ကြည့်
တတ်သူများမမြင်နိုင်အောင် အမြင်အာရုံများမန်မွှားသွားအောင် ပြုလုပ်ခြင်းစတဲ့နည်းမျိုးစုံ အသုံးပြု
လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့လုံ ခြုံရာတစ်ခုခုကိုရှာဖွေရာမှာ သူတစ်ပါးထံမှာရှိ
နေတဲ့ ဂုဏ်သိက္ခာအဖုံးအကာကို မတရားသောနည်းနဲ့ရယူပြီး မိမိရဲ့အကြောက်တရားကို ဖုံးကာဖို့
ကြိုးစားတတ်ပါသေးတယ်။ တစ်ချို့ကတော့ လုံခြုံနိုးနဲ့ အသာလေးခေါင်းလျိုလို့ နေတတ်ပါတယ်။
ရန်သူမြင်မှာစိုးတာကြောင့် သဲထဲကိုခေါင်းလျိုပြီးနေတတ်တဲ့ ကန္တာရနေ(သျအမငခ့) ငှက်ကုလားအုပ်လို
ပုဂ္ဂိုလ်မျိုးတွေပေါ့ ။ ကိုယ်က အပြင်လောကကို မမြင်နိုင်ယုံမျှနဲ့ တစ်ပါးသူတွေလဲ ကိုယ့်လိုပဲ မမြင်နိုင်
လောက်ပါဘူးရယ်လို့ တွေးထင်ယူဆမိတဲ့ သဘောပါ။ နောက်ပြီး တစ်ပိုင်းတစ်စကို လုံအောင်ဖုံးကာ
နိုင်ပေမယ့် ကျန်တဲ့အပိုင်းက လှစ်ဟပြထားသလိုဖြစ်နေတယ်ဆိုတာကိုတောင်မှ သတိမမူနိုင်တဲ့အထိ
ဖြစ်သွားတတ်ပါသေးတယ်။
တစ်ချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ပုန်းခိုရာမရှာပဲ တစ်ပါးသူများရဲ့ အမြင်အာရုံများပြောင်းလဲ
သွားအောင် အမြင်များမန်ဝါးဝေသီသွားအောင် မတရားနည်းနဲ့ဖန်တီးပြုလုပ်တတ်ပါတယ်။တစ်ပါးသူ
များရဲ့စွမ်းအားအမှန်တွေကို မတရားနည်းနဲ့ချိနဲ့သွားအောင် လုပ်ကတည်းကိုက အမှန်တရားဆိုတာ
လုံးဝမဖြစ်နိုင်ပါဘူး ။ စွမ်းအားသတ္တိခိုင်မာသူတို့ တစ်နည်းအားဖြင့် ကိုယ်ခံစွမ်းအားကောင်းသူတို့က
အမှန်တရားနဲ့တစ်သားတည်းဖြစ်နေတာကြောင့် အမြင်စွမ်းအားများထက်သန်နေတယ် ၊ ကိုယ့်ရဲ့
ဖန်တီးလှုံ့ဆော်ပြောင်းလွဲေ စမများ အရာမထင်ဖြစ်နေတယ်ဆိုရင် ကိုယ့်အလိုကျ မဖြစ်ရကောင်းလား
လို့ မလိုစိတ်ထားဖြစ်တတ်ပါတယ်။ ဒီအခါမှာ ဆန့်ကျင်ဖက် ပဋိပက္ခတရားဟာ အထင်အရှားပေါ်လာ
တတ်ပါတယ် ။
ပဋိပက္ခဖြစ်လာတာနဲ့ ကိုယ်နဲ့အယူအဆ မတူသူကအမှား ကိုယ့်ဖက်တရားက အမှန်ရယ်လို့
ဘက်မမျှတဲ့စိတ်ထားများလဲ ပေါ်လာပါတယ် ။ တဆင့်တက်လို့ ကိုယ်ဖက်တရားကအမှန်ဆိုတာ
သက်သေထူဖို့ ကြိုးစားပါတော့တယ်။သက်သေထူဖို့ကြိုးစားရာမှာလဲ ကိုယ်ဖြစ်စေချင်တဲ့ကိုယ့်လိုအင်
ဆန္ဒကို ထောက်ကူပေးမယ့် ပုဂ္ဂိုလ်မျိုးနဲ့ ကိုယ့်ယူအဆနဲ့ညီမျှတဲ့တရားမျိုးတွေကိုသာ သက်သေအဖြစ်
ခေါ်ယူတာမို့လဲ ကိုယ့်ရဲ့အယူအဆတရားသာ အမှန်ဆိုတဲ့ သဘောဟာ ခိုင်မာသထက်ခိုင်မာစေပါ
တော့တယ် ။ ဒီအချိန်မှာတော့ လှည့်စားမတရားများကလဲ အထွပ်အထိပ်ကိုရောက်ရှိလာပါတော့
တယ် ။ အစပထမမှာတော့ ပတ်ဝန်းကျင်အများအပေါ်လှည့်စားပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ်
ပါ မသိမသာပြန်လည် လှည့်စားလာပါတော့တယ် ။
သူတစ်ပါးကိုလှည့်စားခြင်းဟာ အလွယ်တကူပြေပျောက်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုလှည့်စား
မကတော့ လွယ်လင့်တကူပြေပျောက်ဖို့ ခဲယဉ်းလှပါတယ် ။ ကိုယ့်ကိုယ်ကိုဆင်ခြေအမျိုးမျိုးပေးပြီးလဲ
နေတတ်ပါတယ် ။ ဘယ်လောက်အထိဖြစ်သွားနိုင်သလဲဆိုရင် အမှန်တရားအရိပ်အရောင် လမ်းစကို
တွေ့ရတာတောင် မထူးတော့ပါဘူးလေဆိုတဲ့ မထူးဇာတ်ခင်းတဲ့ အနေအထိဖြစ်သွားတတ်ပါတယ် ။
ဒီအခြေအအနေမှာတော့ “ဆေးကု၍မရပါ ”ဆိုတဲ့ အနေအထားမျိုးမို့ မဖောက်ပြန်တဲ့လောကနိယာမ
အရ သဘာဝတရားရဲ့ပြတ်သားစွာ ဒဏ်ခတ်မကို မလွဲမသွေခံရပါလိမ့်မယ် ။
အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်းလက်မခံနိုင်ခြင်းရဲ့ နောက်ဆက်တဲဆွိုးကျိုး
များကတော့ ပြော၍ကုန်နိုင်ဖွယ်မရှိသလို အလွန်မှလဲ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှတာကို
မကြာခဏဆိုသလိုပဲ စဉ်းစားနေမိတတ်ပါတယ်။ ။
အရှင်ဥာဏိကာဘိဝံသ

Friday, February 25, 2011

ဂတိချိုချို ဂတိခါးခါး


ဂတိချိုချို ဂတိခါးခါး

တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။

တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိဝတ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။

“ မီးတစ်ဆယ့်တစ်ပါးဟာ သတ္တ၀ါတွေကို ကြီးစွာ ဆင်းရဲစေလျက် နောက်ကို မဆုတ်ဘဲ ဆက်ဆက် လောင်သွားတယ်။ ငါလည်း ဒီဆင်းရဲ တွေငြိမ်းဖို့ ဒီမီး လောင်သလို မဂ်တည်းဟူသော မီးနဲ့ ကိလေသာတွေကို လောင်ပြီး ဘယ်လို သွားရပါ့မလဲ”လို့ အတွေးနိမိတ်ယူပါတယ်။

နောက် ရှေ့ဆက်သွားတော့ မြစ်ထဲက ငါးတွေကို ဖမ်းနေတဲ့ တံငါသည်တွေကို တွေ့ရပြန်ပါတယ်။ ဒီအချိန်မှာ ပိုက်ကွန်မှာ မိနေတဲ့ ငါးတစ်ကောင်းက ပိုက်ကွန်ကို ဖြတ်ပြီး ထွက်ပြေးသွားပါတယ်။ ဒီတော့ တံငါသည်တွေက “ငါးက ပိုက်ကွန်ကို ဖြတ်ပြေးသွားပြီ”လို့ အော်ပါတယ်။

အနိဝတ္တမင်းက ဒီအသံကြားတော့ ရှေ့ကအတိုင်း အာရုံနိမိတ်ယူမိ ပြန်ပါတယ်။

“ငါလည်း မဂ်ဥာဏ်နဲ့ တဏှာဒိဌိ တည်းဟူသော ပိုက်ကွန်ကို ဘယ်အချိန် လောက် ဖြတ်နိုင်ပါ့မလဲ”လို့ တွေးပါတယ်။

နောက်ဆုံးတော့ ရထားတဲ့ မင်းအဖြစ်ကိုစွန့်ပြီး ၀ိပဿနာ တရားတွေ အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။

(အပါဒါန်အဋ္ဌကထာ၊ စာမျက်နှာ၂၁၀) သုတ္တနိပါတ်အဋ္ဌကထာ ပတွဲ၊ စာမျက်နှာ ၁၀၂)

အနိဝတ္တမင်းကတော့ လောင်နေတဲ့မီး၊ ပိုက်ကွန်က လွတ်သွားတဲ့ ငါးကိုကြည့်ပြီး သံဝေဂဖြစ်ပါတယ်။ အဲဒီ သံသဝေဂကိုပဲ အခြေခံပြီး တရားအား ထုတ်လိုက်တာ တရားထူး တရားမြတ် ရသွားခဲ့ပါတယ်။

ကိုယ့်ဝန်းကျင်မှာ သံဝေဂဖြစ်စရာ သက်ရှိသက်မဲ့တွေ အများကြီးရယ်ပါ။ ဒါတွေကို ကြည့်ုပြီး သံဝေဂဖြစ်ကြတဲ့သူတွေ ရှိကြသလို မဖြစ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။

ပါရမီရှင်တွေကတော့ မမြဲတဲ့ သဘောတရားတွေကို သိပြီး နောက်ဆုံးတော့ မင်းစည်းစိမ်ကိုစွန့် တရားအားထုတ် တော့တာပါပဲ။ တကယ်လို့ ပါရမီ မပြည့်သေးလို့ တရားထူး မရသေးရင်တောင် နောက်ဘ၀ တွေမှာလည်း ဆက်စွန့်ပြီး ဆက်အားထုတ် နေဦးမှာပါ။ စွန့်ရဲတဲ့အထုံ ပါသွားရင် နောက်ဘ၀တွေမှာလည်း စွန့်ဖို့ ၀န်မလေးတော့ပါဘူး။ မစွန့်ရဲသေးတဲ့ စာရေးသူတို့သာ သံသရာထဲမှာ ကျန်နေကြရတာပါ။ စွန့်ရဲတဲ့ သူတွေက စွန့်ပြီး မစွန့်ရဲတဲ့ သူတွေကတော့ စားနေကြတုန်းပါ။

စာရေးသူရဲ့ဇာတိ အင်းမဆိုတာ သရေခေတ္တရာ ပြည်ခရိုင်ထဲကပါ။ တစ်နှစ်ကို နှစ်ခေါက် လောက်တော့ ပြည်ကို ရောက်ဖြစ်ပါတယ်။ ပြည်ေ၇ာက်ရင် အမြဲသွားဖြစ်တဲ့ နှစ်နေရာရှိပါတယ်။ ရွှေဘုံသာမုနိရယ် သရေခေတ္တရာ နန်းတော်ဟောင်း နေရာရယ်ပါ။

ရွှေဘုံသာမုနိမှာ ကုသိုလ် ကောင်းမှုပြု၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်း ပေးဝေပြီးရင် နန်းတော်ဟောင်း နေရာကို ကြည့်ရတာ အရသာတစ် ခုလို ဖြစ်နေလို့ပါ။ နောက် နန်းတော်ဟောင်းကို ကားနဲ့ တစ်ပတ်ပတ်ပြီး ကြည့်လိုက်ပါသေးတယ်။ ကြည့်ရတိုင်းလည်း ဘယ်အခါမှ ရိုးမသွားခဲ့ပါဘူး။ ကြည့်လို့ကောင်းနေခဲ့တာပါ။

တကယ်ဆို နန်းတော်ဟောင်းကို ကြည့်ပြီး သံဝေဂ ပွားရမှာပါ။ သံဝေဂမပွားဘဲ အနုပညာတစ်ခုလို ခံစားနေတော့ တရားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

သရေခေတ္တရာမှာ မင်းဆက်(၂၅)ဆက် သံလျက်ကိုင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဘာမှ မမြဲတဲ့ သဘောတရားအရ ပျက်စီးခြင်းသာ အဆုံးရှိတဲ့ သဘောတ၇ားအရ ဒီနေ့ဒီအချိန်မှာ သံလျက်ကိုင် အုပ်ချုပ်ခဲ့တဲ့ မင်းတွေ တစ်ပါး မှ မရှိတော့သလို သူတို့ကိုင်ခဲ့တဲ့ သံလျက်တွေလည်း တစ်လက်မှ မရှိတော့ပါ ဘူး။ ဘယ်ဘ၀ ဘယ်ဒေသ ရောက်နေမှန်းလည်း မသိရတော့ပါဘူး။

သံလျက် ကိုင်ခွင့်ရတယ်ဆိုတာ အတိက်ဘ၀တွေက ကုသိုလ်ပါရမီကြီးခဲ့ လို့ပါ။ ဒီတော့ ခပ်ညံညံ့မဟုတ်ဘဲ ကုသိုလ် ပါရမီ ပါခဲ့သူဆိုတာ တွေးလို့ရပါ ပါတယ်။

ဒါကြောင့် ပါလာတဲ့ ကုသိုလ်ပါရမီကို အရင်းတည်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ ကြောင်း ကုသိုလ်ပါရမီကောင်းတွေကိုပဲ ဆက်ပြီး ဖြည့်သွားလေသလား၊ ပါခဲ့တဲ့

ကုသိုလ်ပါရမီတွေကိုပဲ ထိုင်ပြီးစားသွားကြလေသလား မပြောတတ်ပါဘူး။

တစ်ချို့လည်း ဂတိချိုချိုကို ရောက်နေကြမှာပါ။ တချို့ကျတော့ ဂတိခါးခါးကို ရောက်ချင် ရောက်နေကြမှာပါ။ မျိုးဆက်အဆင့်ဆင့် ခြားသွားပြီ ဆိုတော့ ဂတိခါးခါးရောက် နေသူတွေအတွက် ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေ ပေးဖို့လည်း ဘယ်သူကမှ စိတ်ကူးမရှိတော့ပါဘူး။

လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ပါရမီပါခဲ့သူ မပါခဲ့သူ နှစ်ယောက် အားထုတ်ရင် ပါရမီ ပါခဲ့သူက မပါခဲ့သူ လိုက်မမီအောင်ကို အကျိုးပေး ပါတယ်။ ပါရမီပါခဲ့တဲ့ သူတွေ အလုပ်လုပ်ရင် ပိုပြီးထိရောက်ပါတယ်။

ဘုရားဟောအရ ဘာမှ မမြဲပါဘူး။ တစ်နေ့မှာ ပျက်စီးမှာပါပဲ။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ မြဲတယ်ဆိုရင်တော့ ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ဖြစ် နေမှာပါ။

ဘာမှ မမြဲတဲ့လောကကြီးမှာ ကိုယ်တစ်ယောက်ကတော့ ကိုယ့်နောက် ပါမယ့် တရားတွေ ရှာနိုင်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။

အမှန်တော့ မမြဲတဲ့တရားတွေနဲ့ နေနေရတာ စိတ်ထဲမှာ ပျော်မှာလည်း မဟုတ်ပါဘူး ။ အမြဲပူနေရတာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေနဲ့ နေနေရင် တရားတွေက ပြန်စောင့်ရှောက် နေတဲ့အတွက် စိတ်က အမြဲအေးချမ်းနေမှာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေကို အမြဲမဟုတ်တောင် အချိန်လေးတစ်ခု အနေနဲ့ ပွားများ အားထုတ်တာတောင် စိတ်ကလေး တဒင်္ဂလေး အေးချမ်းနေတာ က သက်သေပါ။

စာရေးသူကတော့ မမြဲတဲ့ ။ ပျက်စီး သွာြးုပီဖြစ်တဲ့ သရေခေတ္တရာမြို့ ဟောင်း တစ်နေရာကို ရောက်မြဲလည်း ရောက်နေဦးမှာပါ။ ကြည့်မြဲလည်း ကြည့် နေဦးမှာပါ။ တစ်နေ့သောအခါ မှာတော့ သံဝေဂအကြည့်နဲ့ ကြည့်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

ခန္ဓာကိုယ် စားဝတ်နေရေး ရှိနေတဲ့အတွက်၊ မိသားစု ရှိနေတဲ့အတွက် မမြဲတဲ့ တရားတွေလည်း လိုအပ်နေတာပါပဲ။ ဒါပေမယ့် မမြဲတဲ့ တရားတွေကို ခန္ဓာ ကိုယ်လိုအပ်ချက်အရ မလွှဲမရှောင်သာ အနေနဲ့သာ သုံးပြီး မမြဲတာကို မမြဲမှန်းသိပြီး ကိုယ့်နောက်ပါမယ့် တရားတွေကိုလည်း ကျင့်သုံးရင်း နေထိုင်သွားဖို့ပါပဲ။

တကယ့်တော့လည်း သေရင် မမြဲတဲ့ တရားတွေကို အကုန်လုံး ထားခဲ့ ကြရမှာပါ။ မြန်မာနိုင်ငံမှာ မမြဲတဲ့ တရားတွေကို သိခွင့်ရနေတာကကို သူများ နိုင်ငံထက် သာနေပါပြီ။

အခု မြန်မာနိုင်ငံမှာ ၀ိပဿနာတရားကို မဂ်ပေါက် ဖိုလ်ဝင် ပြပေးနိုင်တဲ့ သီလ သမာဓိ ပညာကြီးတဲ့ ဆရားတော်ကြီးတွေလည်း အများကြီးပါပဲ။ ဒါက ကို ကိုယ့်နိုင်ငံက ကံကောင်းနေတာပါ။

အသက်အရွယ် ကြီးရင့်မှ တရားကို ရှာမယ်ဆိုရင် လူငယ်တစ်ယောက်လို ခရီးမပေါက် နိုင်တော့ပါဘူး။ ငယ်တုန်း ကျန်းမာတုန်း ဖြည့်ကျင့် တာကတော့ အကောင်းဆုံးပါပဲ။

အနိဝတ္တမင်းကတော့ မမြဲတဲ့ သဘောတရားတွေ သိပြီး ဆက်လက်အား ထုတ်သွားတာ ဂတိချိုချို ဂတိခါးခါးတွေကို ဘယ်တော့မှ ပြန်မလာ တော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခဲ့ပါပြီ။

ကိုယ်က အနိဝတ္တမင်းလို ဂတိချိုချို ဂတိခါးခါးက မလွန်မြောက်နိုင်သေး ရင်တောင် ကိုယ်ရထားတဲ့ ရာထူးဋ္ဌာနန္တရ ငွေကြေးဥစ္စာ လုပ်ပိုင်ခွင့် ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ သက်ရှိ သက်မဲ့တွေကို ကြည့်ပြီး “သြော်.. မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ဆင်ခြင် ဆင်ခြင်ပေးရပါမယ်။ အဲဒီလို ဆင်ခြင် တာလေးကိုလည်း အထုံအလေ့ အကျင့်ဖြစ်အောင် လုပ်ထားရပါမယ်။ အထုံဆိုတာ အမြဲလေ့ကျင့်ထားရင် ထုံသွားတာပါပဲ၊လေ့ကျင့်စမှာသာ ကိုယ်က အားစိုက်ရတာပါ။ အထုံဖြစ်သွားရင်တော့ အထူး အာရုံစိုက်စရာ မလိုတော့ပါဘူး။ ဆင်ခြင်ပြီးတဲ့အခါ အနိဝတ္တမင်းကို အားကျ အတုယူပြီး ၀င်လေ ထွက်လေပဲ ဖြစ်ဖြစ် ၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုမှာ သတိကပ်ပြီး ပဲဖြစ်ဖြစ် ၀ိပဿနာ တရားကို နှစ်မိနစ် သုံးမိနစ်လောက်လေး ရှုမှတ်လိုက်ဖို့ပါ။

သံဝေဂစစ်စစ်၊ ၀ိပဿနာစစ်စစ်တာ့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ဆင်ခြင်နေတဲ့ အခိုက်အတန့် ရှုမှတ်နေတဲ့ အခိုက်အတန့် လေးမှာတော့ အကုသိုလ် ကိလေသာတွေ ကင်းနေတာ အမှန်ပါပဲ။ အကိုသိုလ် ကိလေသာ ကင်း နေရင် တဒင်္ဂလေးတော့ စိတ်အေး ချမ်းနေပါတယ်။

ဒါတင်မကပါဘူး။ နောက်ဘ၀ နောက်ဘ၀တွေအထိလည်း ဆင်ခြင်တဲ့ အထုံ ပွားများတဲ့ အထုံလေးတွေ ဆက်ဆက်ပါသွားမှာပါ။ ဒီဘ၀ ဆင်ခြင်ပွားများရင် နောက်ဘ၀ နောက်ဘ၀တွေလည်း ဆက်ပြီး ဆင်ခြင်ပွားများနေဦးမှာပါပဲ။ အဲဒီလို ဆင်ခြင် ပွားများနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပါရမီဖြည့်နေတယ်လို့ လည်း သဘောထားပေါ့။ တစ်နေ့ကို ဆင်ခြင်တာ တစ်မိနစ်၊ ပွားများတာ သုံး မိနစ် စုစုပေါင်း လေးမိနစ် လောက်လေးတော့ လေ့ကျင့် လေ့ကျင့်သွားသင့်ပါ တယ်။ လေးမိနစ်ဆိုတော့ ဘာမှ မကြာပါဘူး ။ နောက်ဘ၀ ဘ၀အထုံတွေ အတွက် အဲဒီလောက် လေးတော့ အချိန်ပေးသင့်ပါတယ်။ ပါရမီ ပြည့်တဲ့ ဘ၀တစ်ခုမှာတော့ အနိဝတ္တမင်းလို တရားထူး ရသွားမှာပါ။

ဒါကြောင့်လည်း ရုံးတက်ရင်းလည်း ဆင်ခြင်ပွားများလို့ ရပါတယ်။ ကားစီးရင်းလည်း ဆင်ခြင်ပွားများ လို့ရပါတယ်။ ဈေးရောင်းရင်းလည်း ဆင်ခြင်ပွား များလို့ရပါတယ်။ နောက်ဆုံး ရေချိုးခန်းဝင်နေရင်းလည်း ဆင်ခြင် ပွားများလို့ ရတာပါပဲ။

ရေချိုးခန်း ၀င်နေတုန်းဆို ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အတွက် ၊ အသံတိတ်ဆိတ်မှုလည်း ရှိနေတဲ့အတွက် ဆင်ခြင်ပွားများရတာ ပိုလို့တောင် လွတ်လွတ်လပ်လပ်ရှိဦးမှာပါ။ ရေချိုးခန်းဝင်နေတဲ့ အချိန်မှာ ဧည့်သည်လည်း မလာသလို ဖုန်းလည်း မလာပါဘူး။ ပြင်ပ လုပ်စရာလည်း ဘာမှမရှိပါဘူး။ ဘာအနှောက် အယှက်မှမရှိတဲ့ တကယ့် သီးသန့်ကိုယ်ပိုင် အချိန်တစ်ခုပါပဲ။ ရေးချိုးခန်း ၀င်တာကတော့ လူတိုင်း လူတိုင်း တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် တော့ မဖြစ်မနေ ၀င်ကြရတာပါ။ တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ဆိုတဲ့ သူတွေအတွက် “သီးသန့် ကိုယ်ပိုင် အချိန်လေး”တစ်ခုပါ။ ကိုယ်က ရေချိုးခန်း ၀င်တုန်းမှာ ဆင်ခြင်ပွားများတဲ့ အထုံအလေ့ အကျင့်လေး လုပ်ထားလိုက်ရင် နောက်ဆို ရေချိုခန်းဝင်လိုက်တာနဲ့ ဆင်ခြင်ပြီးသား၊ ပွားများပြီးသား ဖြစ်နေပါလိမ့်မယ်။ အမြဲဆင်ခြင် ပွားများ နေတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရာလည်း ရောက်ပါတယ်။ တရားတွေ အများကြီး မလုပ်နိုင်သေး ပေမယ့် နေ့စဉ် မိနစ်ပိုင်း ဆင်ခြင် ပွားများနေတဲ့အတွက် “ ငါတရားနဲ့ သိပ်ကွာဟ မနေပါဘူးလေ “ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားပေးလို့ရပါတယ်။ တရားမလုပ်ဖြစ်သေးလို့ တစ်ခါတစ်လေ စိတ်ဓာတ် ကျရသူတွေအတွက် ဖြေဆည်ရာ တစ်ခုပါ။

ဒီလိုပါပဲ ၊ ဈေးရောင်း နေရင်းလည်း ဆင်ခြင်ပွားများလို့ ရတာပါပဲ။ ဈေး ဆိုတာ အချိန်ပြည့်ရောင်းနေတာ မဟုတ်ပါဘူး။ ကြားထဲမှာ ၀ယ်သူမလာသေးတဲ့ အချန်ဆိုတာ ရှိနေတာပါပဲ။ ၀ယ်သူ မလာသေးတဲ့ အချိန်တွေမှာ ဆင်ခြင်ပွားများ နေလို့ရတာပါပဲ။ ဒါဆိုရင် ဈေးရောင်းရင်း ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ဆင်ခြင် ပွားများနေတဲ့ ဈေးသည် တစ်ယေက်ဟာ ဘယ်တော့မှ အကုသိုလ် မကင်းတဲ့ ဈေးရောင်းမှုကို မပြုပါဘူး။ ဈေးရောင်းရင်း ကုသိုလ်ဖြစ်တဲ့သူတွေ ရှိသလို ဈေးရောင်းရင်း အကုသိုလ် ဖြစ်တဲ့သူတွေလည်း အများကြီးပါ။

ဈေးရောင်းတာဟာ သတိရှိရင် နိဗ္ဗာန်နဲ့နီးရသလို သတိမရှိရင် ငရဲနဲ့လည်း နီးရပါတယ်။ ဒါကြောင့် ငရဲနဲ့နီးတဲ့ ဈေးရောင်း နည်းကိုတော့ အထူး ရှောင်ကြဉ် ရပါမယ်။

တရားထူး ရသွားကြတဲ့ ထေရီထေရာ အရှင်မြတ်တွေဟာ တစ်ပါးနဲ့တစ်ပါး ဆင်ခြင်ပုံချင်းတော့ မတူကြပါဘူး။ ဒီတော့ ကိုယ်အားကျကြည်ညိုတဲ့ ထေရီ ထေရာ တစ်ပါးပါးရဲ့ ဆင်ခြင်မှုကို အတုယူပြီး ဆင်ခြင်လို့ ရသလို ကိုယ်ကြားဖူး တဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုမျိုးတွေနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည် သဘောပေါက်တဲ့ ဆင်ခြင်မှုမျိုးနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။

သီလ သမာဓိ ပညာ ကြီးမားတဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုလောက် အဆင့်မမြင့်ပေမယ့် သူတော်ကောင်းတွေရဲ့ အပြုအမူ အတိုင်း အတုယူ ကျင့်သုံးနေတဲ့အတွက် ကိုယ့်ကိုယ်ကို ကြည်ညိုလို့ရနေပါပြီ။ ဒါ သူတော်ကောင်းဓာတ် ကူးဆက်တယ်လို့လည်း ခေါ်ပါတယ်။

ဘာပဲပြောပြော ကိုယ့်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ မမြဲတဲ့သဘော တရားတွေကို ကြည့်ပြီး “သြော်… မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ပျက်စီးရမှာပဲ”လို့ နေ့စဉ် ဆင်ခြင်ပေးပါ။ နောက်ဘ၀မှာ အထုံပါရမီလေးပါသွား အောင်လို့ပါ။

ရဝေနွယ်(အင်းမ)

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

ဇန္န၀ါရီ ၂၀၁၀

ကျမ်းကိုး

ပုံတော်စုံထေရအပါဒါန်ဝတ္ထုတော်ကြီး(အရှင်ဓမ္မသာမီဘိဝံသ)

Thursday, February 24, 2011

မိဘကျေးဇူးကို လျစ်လျူရှုသောနှလုံးသား



မိဘကျေးဇူးကို လျစ်လျူရှုသောနှလုံးသား

အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိအဖများကို ကျွေးမွေးပြုစုနိုင်စွမ်း သူဖြစ်လျက် မကျွေးမွေးမပြုစုချေ။ ထိုသူကို သူယုတ် မာဟူ၍ သိရာ၏။
အကြင်သူသည် အမိအဖကိုသော်လည်း ကောင်း၊ ညီအစ်ကိုကိုသော်လည်းကောင်း၊ အစ်မနှင့် နှမကိုသော်လည်းကောင်း ယောက္ခမမိန်းမသူ၊ ယော က်ျားသူကိုသော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၏။ ကြမ်းတမ်းသောစကားဖြင့် ညှဉ်းဆဲ၏။ ထိုသူကို သူ ယုတ်မာဟူ၍ သိရာ၏။
(သုတ္တနိပါတ်၊ ဥရဂ၀ဂ်၊ ၀သလသုတ်)
လူတိုင်းသည် လူ့လောကထဲသို့ မွေးဖွား ရောက်ရှိလာခြင်းမရှိသေးစဉ်၊ မိခင်၏ ၀မ်းကြာတိုက် တွင် သန္ဓေသားအဖြစ် ကိန်းအောင်းနေခဲ့ရသည်။ ထို စဉ်ကာလကပင် မိခင်၏ကျေးဇူးသည် သန္ဓေသားအပေါ် စတင်ဖူးပွင့်ခဲ့ခြင်းဖြစ်ပါ၏။ သန္ဓေသားကို ၀မ်းတွင် လွယ်ထားရပြီဆိုကတည်းက မိခင်ဖြစ်သူမှာ မိခင် မေတ္တာဖြင့် အနေအထိုင်၊ အသွားအလာအစားအသောက် အစစဆင်ခြင်ရတော့သည်။ အင်မတန်ကြိုက်နှစ်သက် သော အစားအစာဖြစ်စေ၊ သန္ဓေသားကို ထိခိုက်မည် ဟု ထင်မြင်ပါက စားလိုသော အာသာဆန္ဒကို ယတိ ပြတ်ချိုးနှိမ်ရသည်။ အပူအစပ်ပါသော အစားအစာတို့ ကို မည်မျှပင် နှစ်သက်နေစေ ရှောင်ကြဉ်ရသည်။ မတော်တဆချော်လဲသော် သန္ဓေသားကို ထိခိုက်မည် စိုးသောကြောင့် အသွားအလာလဲ အထူးဆင်ခြင်ရသည်။ သန္ဓေသားကမူ မိခင်၏ ၀မ်းကြာတိုက်တွင် ကိန်း အောင်းနေစဉ်အခါကပင် မိခင်ဖြစ်သူ၏ အစောင့်အ ရှောက်ဖြင့် မိခင်ဖြစ်သူ၏ အာဟာရကို အမှီပြုလျက် တဖြည်းဖြည်း ရှင်သန်ဖွံ့ဖြိုးလာသည်။
မိဘတို့ခမျာ သန္ဓေသားကို ချောချောမော မောအောင်အောင်မြင်မြင် မွေးဖွားလာစိမ့်သောငှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုတင်ပြင်ဆင်ရသည်။ မီး ဖွားချိန်ရောက်သောအခါတွင်လည်း မိခင်ဖြစ်သူခမျာ 'ယောက်ျားဖောင်စီး မိန်းမမီးနေ'ဆိုသည့်ပမာ ခက်ခက် ခဲခဲမွေးဖွားကြရပြန်သည်။ မိခင်တို့၏မွေးဖွားစဉ်ကာလ ခံစားရသော ကာယိကဝေဒနာကို မိခင်တို့သာ အသိ ဆုံးဖြစ်ပါ၏။ ကံမကောင်းအကြောင်းမလှသော မိခင် တို့မှာမူ အသက်နှင့်ရင်း၍ပင် သားသမီးကို မွေးဖွားပေး ခဲ့ရသည်။ ကာယိကဝေဒနာများ၊ ပူပန်သောကများ ဖြင့် မီးဖွားချိန်ကာလကို ကျော်ဖြတ်ပြီး၍ ရင်သွေးရ တနာကို အောင်မြင်စွာ မွေးဖွားပြီးသော အခါတွင်မူ သားသားမီးမီးတို့၏ မျက်နှာကိုကြည့်ပြီး ခံစားခဲ့ရသော ကာယိကဒုက္ခများ မေ့မေ့ ပျောက်ပျောက်၊ ပူပန် စိုးရိမ်ခဲ့ရသမျှလည်း နေလာနှင်းပျောက်။ မွေးကင်းစရင်သွေး ငယ်ကို တစိမ့်စိမ့်ကြည့် ရှုရင်း နှလုံးအိမ်တွင် မိဘမေတ္တာတို့ ယို ဖိတ်စိမ့်ထုံလာခဲ့ပေ သည်။
မွေးဖွားစ အရွယ်မှစတင်၍ တစ် နှစ်ခွဲအရွယ်အထိ မိခင်က ရင်မှဖြစ်သောနို့ချိုကို တိုက် ကျွေးသည်။ မှက်ခြင်ယင် မသန်းရအောင် တပင် တပန်း ဂရုစိုက်စောင့် ရှောက်ရသည်။ နုနယ် ငယ်ရွယ်လွန်းသေး သော ရင်သွေးငယ်သဘာဝ ကျောပူခေါင်းပူထခြင်း၊ လေထိုးလေအောင့်ခြင်းစသော ရောဂါများဖြစ်လာ သောအခါ မိခင်ဖခင်တို့မှာ အိပ်ရေးပျက်ခံလျက် ပြုစု ရပြန်သည်။ ထမင်းနှင့်အစားအစာတို့ကို စတင်စား နိုင်သောအရွယ်သို့ ရောက်သောအခါ မိဘတို့က ယုယုယယကြင်ကြင်နာနာ ခွံ့ကျွေးရသည်။ သားသမီး တို့၏အညစ်အကြေးများကို မရွံမရှာသုတ်သင်ပေးရ သည်။
ကျောင်းတွင် ပညာသင်ကြားသောအခါ၌ လည်း သားသမီးများ စိတ်ချမ်းသာပျော်ရွှင်စွာ ပညာ ဆည်းပူးနိုင်ရေးအတွက် လိုအပ်သမျှ ဖြည့်ဆည်း ထောက်ပံ့ကြရပြန်သည်။ အ၀တ်အထည်တို့ကို မိဘ တို့က သင့်တင့်ရုံခြိုးခြံဝတ်ဆင်စေကာမူ သားသမီးတို့ လူချင်းတူတူ သူချင်းမျှမျှလှလှပပဖြစ်အောင် ဆင်ယင် ပေးကြသည်။ မိမိတို့က မ၀၊ မလှနေစေ သားသမီးတို့ ၀စေလှစေရန် စိတ်ရောကိုယ်ပါ မညည်း မညူဆောင် ရွက်ပေးကြသည်။ သားသမီးတို့အတွက်ဆိုလျှင် နေပူ မိုးရွာမရှောင်၊ ညဥ့်နက်သန်းခေါင်မရွေး တွေဝေတွန့် ဆုတ်ခြင်းအလျှင်းမရှိမူဘဲ စိတ်ရော ကိုယ်ပါ လှိုက်လှိုက်လှဲလှဲသယ်ပိုးထမ်း ဆောင်ကြသည်။ သားသမီးအတွက် ဆိုလျှင် မာန်မာနချ၍ပင် လူအောက် သူအောက် အကျခံဆောင် ရွက်ပေးကြသည်။ သား သမီးတို့၏အသွေးအသား ခန္ဓာထဲတွင် အမိအဖတို့ ကျွေးမွေးပြုစုခဲ့သောကျေး ဇူးတရားများ ထာဝရသန္ဓေတည် ကိန်းဝပ်လျက်ရှိပါ၏။ မိဘတို့ ၏စောင့်ရှောက်မွေးမြူမှုမရှိသော် မည်သည့်သားသမီးမျှ အသက် ရှင်သန်နိုင်မည် မဟုတ်ပေ။
မိဘတို့သည် သားသမီး တို့၏အ ရေးကိစ္စ မှန်သမျှ ငါတို့၏ အ ရေးကိစ္စသာဖြစ်၏ဟူသော သဘောထားကို သူတို့၏ နှလုံးသား၌ ဓာတ်ပုံရိုက်ထားသည့်ပမာ ထာဝရစွဲ ထင်လျက်ရှိပါ၏။ မိဘတို့သည် သားသမီးတို့အကျိုး အတွက် ဆောင်ရွက်ခဲ့ကြရာ၌ 'အမျှော်'ဟူ၍ မြူမှုန် မျှမပါ။ ပကတိဖြူစင်ဝင်းပပါ၏။ မိဘတို့သည် သား သမီးတို့နှင့် ပတ်သက်လာသော် 'ရာနှုန်းပြည့်အပေး သမား' သက်သက်သာဖြစ်ပါ၏။ မိဘတို့သည် မည် သည့်သားသမီးတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်ဟူသော အချက်မှာ လှပသောအမှန်တရားဖြစ်ပါ၏။ မည်သူမျှ ငြင်းပယ်၍မရနိုင်သော အမှန်တရားလည်းဖြစ်ပါ၏။
မိသားစုဟူသည် လူ့အဖွဲ့အစည်းတွင် အသိပ် သည်းဆုံး၊ အကျစ်လျစ်ဆုံး ယူနစ်တစ်ခုဖြစ်ပါ၏။ သံ ယောဇဉ်ကြိုးအနှောင်ဖွဲ့ဆုံး၊ ကရုဏာအကြင်နာ တရားတို့ အလွှမ်းခြုံဆုံး အစုငယ်လေးဖြစ်ပါ၏။ ကမ္ဘာ လောကတွင် အနွေးထွေးဆုံး၊ အလုံခြုံဆုံးရိပ်မြုံလေး တစ်ခုလည်းဖြစ်ပါ၏။ ဤရိပ်မြုံကလေးတွင် အမိအဖ တို့က ဘ၀တစ်လျှောက်လုံး သားသမီးတို့အကျိုးအတွက် အရာအားလုံးပေးဆပ်ခဲ့သည်။ အရာအားလုံး လွတ်လွတ် စွန့်လွှတ်သောအပေးသမားသက်သက်အနေဖြင့် သား သမီးတို့ဘ၀အနေမြင့် အခြေတင့်စေရန် အားထုတ်ကြိုး ပမ်းခဲ့သည်။
သားသမီးတို့လည်း ပညာတွေ ပြည့်စုံပြီ။ အလုပ်အကိုင်တွေနှင့်ဖြစ်လာပြီ။ ထိုအချိန်တွင် မိဘ တို့သည် အသက်အရွယ်ကြီးပြင်းလာပြီ။ ၀န်ထမ်းဆို လျှင် သက်ပြည့်ပင်စင်ယူရပြီ။ ကိုယ်ပိုင်လုပ်ငန်းဖြင့် အသက်မွေးသူတို့အဖို့လည်း အသက်အရွယ်အရ စိတ် သွားတိုင်း ကိုယ်မပါတော့။ လုပ်ကိုင်နိုင်စွမ်းရည် လျော့ ကျလာပြီ။ ခန္ဓာကိုယ်တွင်းအင်္ဂါများ ဟောင်းအိုလာ သောကြောင့် ကျန်းမာရေးလည်း အနည်းနှင့်အများ ချို့ယွင်းလာပြီ။ ဆေးဝါးအကူအညီတွေ လိုအပ်လာ ပြီ။ အလုပ်အကိုင်မရှိသောကြောင့် ၀င်ငွေလည်း လျော့ကျလာသည့်အပြင် ကျန်းမာရေးအတွက် အသုံး စရိတ်များလည်းမြင့်မားလာရာ ထိုအချိန်မျိုးတွင် မိအို ဖအိုတို့မှာ သားသမီးတို့၏ ကူညီထောက်ပံ့မှုကို မလွဲ မသွေ လိုအပ်လာပါသည်။
အမှန်တော့ အများစုသော မိဘတို့အနေ ဖြင့် သားသမီးတွေကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ရှိသမျှ ပစ္စည်းဥစ္စာများကို ပုံအောပံ့ပိုးခဲ့သောကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်တွင် စုဆောင်းမိခြင်း မရှိတော့။ အကယ်၍ သားသမီးတို့ကို ကျွေးမွေးပြုစု ထောက်ပံ့ခြင်းအတွက် ကုန်ကျမည့်ငွေကြေးကိုသာ စု ဆောင်းထားရှိခဲ့လျှင် အမိအဖတို့တွင် 'အိုစာမင်းစာ' လုံလောက်နိုင်ပါသည်။ သားသမီးတို့အနေဖြင့် ''သြော်- ငါ့အမိအဖတို့၊ ငါတို့သားသမီးတွေအတွက် ငွေကြေး သုံးစွဲရသောကြောင့် အိုစာမင်းစာမဖူလုံရှာတာပါလား၊ ဒီအတွက် မိမိတို့မှာ တာဝန်အရှိဆုံးဖြစ်ပါကလား''ဟူ ၍ နှလုံးသွင်းအပ်ပါ၏။ စားဝတ်နေရေးအရလည်း ကောင်း၊ ကျန်းမာရေးအရလည်းကောင်း မိဘတို့တွင် အကူအညီလိုအပ်နေချိန်၌ ဖြည့်စွမ်းပေးဖို့ တာဝန်အရှိ ဆုံးသူမှာ သားသမီးတို့သာဖြစ်ပါ၏။
အယူဟူ၍မရှိ၊ အပေးချည်းသာရှိသော မိဘများ အိုမင်းမစွမ်းဖြစ်လာသောအခါ သားသမီးတို့ အနေဖြင့် မိဘတို့ကို တုံ့ပြန်၍ မြတ်မြတ်နိုးနိုးပြုစု စောင့်ရှောက် ရမည်ဖြစ်ပါသည်။ မိဘတွေက သားသမီးတွေအပေါ် သန့်စင်သော မေတ္တာကရုဏာအရင်းခံဖြင့် ကျွေးမွေး ပြုစုခဲ့ခြင်းဖြစ်သလို သားသမီးတို့က တုံ့ပြန်ကျေးဇူးပြု ရာတွင် မေတ္တာကရုဏာစိတ်အရင်းခံဖြင့် ပြုသင့်ပါ၏။ အကဲ့ရဲ့လွတ်ရုံ၊ အများအမြင်ကောင်းရုံ၊ ၀တ်ကျေတန်း ကျေမပြုအပ်ပါပေ။ နှစ်နှစ်ကာကာ ကျေးဇူးသိစိတ်ဖြင့် ရိုရိုသေသေလေး လေးမြတ်မြတ်ကျေးဇူးတုံ့ပြန်အပ်ပါ ၏။ ဤသည်နှင့် စပ်လျဉ်း၍ အရှင်တေဇိန္ဒာဘိဝံသ ဆရာတော်ကြီးက-
''မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါမှာ နည်းသိဖို့လိုတယ်။ အချို့က အကဲ့ရဲ့လွတ်ရုံဆိုတဲ့ သဘောနဲ့ ဖြန့်တော့ပေးကမ်းကြပါရဲ့။ ဒါပေမဲ့ သူတေင်း စားပေးပေးတယ်။ ဒီလိုမပေးကြနဲ့။ အသေအချာစည်း ကမ်းတကျဖြစ်စေရမယ်။ မိဘကို အမြင့်မှာ ထိုင်ခိုင်း သားသမီးက ရိုသေကျိုးနွံစွာ အောက်မှာထိုင်၊ လှူ မယ့်ငွေကြေးပစ္စည်းကို ခုံပေါ်တင်၊ သားသမီးက လက် အုပ်ချီကန်တော့ပြီး ပေးလှူကြ။ တို့ဘုန်းကြီးတွေကို မင်းတို့လူတွေက ရှိခိုးလှူဒါန်းကြသလိုပေါ့''
မိဘတို့ထံမှ ယူစရာရှိသည်များကို ရာနှုန်း ပြည့်ရုံမျှမက ပိုမိုလျှံလျှံသာသာထိုးထိုးရယူခဲ့သည်။ မိမိ တို့က ပြန်လည်ပေးဆပ်ရမည့်အချိန်တွင် တွန့်တွန့် တိုတိုဆုတ်ဆုတ်နစ်နစ်ဖြစ်နေပါက အဘယ်မှာလျှင် သားကောင်းသမီးကောင်းဖြစ်ပါမည်နည်း။ မိဘနှစ်ပါး အပေါ်တွင်မှ ကျေးဇူးကြွေးကို ပေးဆပ်ရကောင်းမှန်း မသိသော သူ၏နှလုံးသားသည် လူ့နှလုံးသားဖြစ်နိုင် ပါမည်လော။ မိဘနှစ်ပါးအပေါ်တွင်မှ မေတ္တာကရုဏာ ထားရကောင်းမှန်းမသိသောသူသည် အခြားသူစိမ်း တစ်ရံဆံသူများအပေါ်တွင် စိတ်ကောင်းစေတနာ ကောင်းမွေးမြူနိုင်ပါမည်လော။ အသက်သခင်ကျေးဇူး ရှင်မိဘနှစ်ပါး အတိဒုက္ခရောက်နေစဉ် မသိကျိုးကျွံပြု လျစ်လျူရှုရက်သော နှလုံးသားလောက် ရက်စက် သော နှလုံးသားအဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း။ မိဘ တို့အပေါ်တွင် တာဝန်မဲ့အေးစက်သော နှလုံးသားရှိ သူလောက် ကြောက်မတ်ဖွယ်ကောင်းသူမရှိနိုင်။ ဤ သည်နှင့်စပ်လျဉ်း၍ ရွှေကျင်သာသနာပိုင်ရွှေဟင်္သာ ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါ၏။
''မိဘ၀တ္တရားကိုမျှ မကျေပွန်သော သား သမီးတို့သည် ဤလောကကြီး၌ ဆရာသမားလူကြီး မိတ်သင်္ဂဟတို့နှင့်စပ်သော ၀တ္တရားကို ကျေပွန်နိုင် တော့မည်မဟုတ်။ ဆက်လက်၍ စဉ်းစားလျှင် မိဘ တို့အပေါ်၌ တာဝန်မကျေသော လူမျိုးသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော လူစားအဖြစ်သို့ ကျရောက်ပေတော့သည်ဟု သတိထားရန် သင့်ပေ သည်။''
ရှေးအတိတ်ဘ၀များစွာက ရေစက်ရှိခဲ့ သောကြောင့်သာ ယခုဘ၀တွင် အမိအဖသားသမီး တော်စပ်ကြခြင်းဖြစ်ပါ၏။ တစ်အူထုံ့ဆင်းညီရင်း အစ်ကိုမောင်ရင်းနှမများအဖြစ် တော်စပ်ကြခြင်းဖြစ်ပါ ၏။ ယောက္ခမအဖြစ် တော်စပ်ရခြင်းဖြစ်ပါ၏။ အမိ အဖညီအစ်ကိုမောင်နှမဟူသော မိသားစုဝင်များသည် အရင်းနှီးဆုံးပုဂ္ဂိုလ်များဖြစ်သကဲ့သို့ အနီးစပ်ဆုံးပုဂ္ဂိုလ် များလည်းဖြစ်ပါ၏။ မိမိ၏ ကာယကံကြောင့်ဖြစ်စေ၊ ၀စီကံကြောင့်ဖြစ်စေ အမိအဖတို့ကိုလည်းကောင်း၊ ညီ အစ်ကိုတို့ကိုလည်းကောင်း၊ အစ်မနှမတို့ကိုလည်း ကောင်း၊ ယောက္ခမယောက်ျားသူ မိန်းမသူတို့ကိုလည်း ကောင်း၊ စိတ်နှလုံးထိခိုက်စေခြင်းမဖြစ်သင့်။ နာကျင် စေခြင်းမဖြစ်သင့်။ ရှေးရေစက်ကြောင့် တစ်မိသားစု ၀င်ဖြစ်လာသူ၊ ဆွေမျိုးတော်စပ်လာသူများကို မိမိက နွေးနွေးထွေးထွေး အေးအေးသာသာ ဆက်ဆံသင့်ပါ ၏။ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ ဆက်ဆံသင့်ပါ၏။ မိမိ၏ အပြုအမူအပြောအဆိုများက မိဘတို့ကိုလည်း စိတ်ချမ်းသာစေသင့်သည်။ ညီရင်းအစ်ကိုတို့ကိုလည်း စိတ်ချမ်းသာစေသင့်သည်။ နှမအစ်မတို့ကိုလည်း စိတ် ချမ်းသာစေသင့်သည်။ ယောက္ခမ ယောက်ျားသူ မိန်းမသူတို့ကိုလည်း စိတ်ချမ်းသာစေသင့်သည်။ မိဘ ညီအစ်ကိုမောင်နှမတွေအပေါ်မှာ မေတ္တာစေတနာ ကောင်းမထားနိုင်သူ၏ နှလုံးသားသည် အကျည်းတန် နှလုံးသားသာဖြစ်ပါ၏။
အထက်ပါဘုရားရှင်၏ အဆုံးအမတော်အရ မိဘကျေးဇူးကို မဆပ်သောသူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မိဘညီအစ်ကိုမောင်နှမတို့အပေါ် ကာယကံဝစီကံတို့ဖြင့် ပြစ်မှားစော်ကားသောသူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကောင်းစွာသိမြင် နားလည်လျက် မိဘကျေးဇူးကို ပေးဆပ်တတ်သူများ ဖြစ်ရန်နှင့် မိဘညီအစ်ကိုမောင်နှမတို့ကို စိတ်နှလုံး ချမ်းမြေ့စေတတ်သူများဖြစ်အောင် ဘ၀တစ်လျှောက် လုံး အားထုတ်ကြိုးပမ်းသွားအပ်သင့်ပါသည်။ မိဘ ကျေးဇူးကို လျစ်လျူရှုသော နှလုံးသားမျိုးကို သိမ်း ပိုက်ထားမိခြင်းမရှိသင့်ပါပေ။ ။


မင်းနန်(မော်ကျွန်း)

Wednesday, February 23, 2011

ကံပြုတဲ့နေရာက စေတနာ



ကံပြုတဲ့နေရာက စေတနာ

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ... ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ"ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။


ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။
သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။

ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။

ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။

ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာ ပြုပြီး အကျိုးမပေးသေးဘူး ဆိုပြီး ကံကို အထင်သေးနေလို့လည်း မရပါဘူး။

ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။
ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။

ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။

အရှင် ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ)

Tuesday, February 22, 2011

ဗုဒ္ဓအလိုတော်ကျ ဓမ္မယတြာ



ဗုဒ္ဓအလိုတော်ကျ ဓမ္မယတြာ

လောကလူသားတို့သည် မိမိတို့ဘ၀တွင် အလိုမရှိ၊ မမြတ်နိုး၊ မနှစ်သက်၊ မတောင့်တ အပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးအမျိုးမျိုးတို့နှင့် ကြုံတွေ့လာရသောအခါ ဆင်းရဲဒုက္ခ ရောက်ကြရ၏။ ယူကြုံးမရ ဖြစ်ကြရ၏။ ဆောက်တည်ရာမရ ငိုကြွေးကြရ၏။ စိုးရိမ်ပူဆွေးကြရ၏။ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိအောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြ၏။ ဤသို့ဆင်းရဲဒုက္ခ တွေ့ကြုံရ၍ မိမိကိုယ်တိုင် ကံနိမ့်နေခြင်းကို သိကားသိ၏။ သို့သော် ထိုနိမ့်နေသောကံကို မြင့်လာအောင် မည်သို့သောနည်းလမ်းဖြင့် ပြုလုပ်ရမည်ကို မသိ။ ကျော်လွှားရမည်ကို နားမလည်။ ပြုပြင်ရမည်ကို သဘောမပေါက်ကြချေ။

ထိုကြောင့် အားကိုးရာကို ရှာကြ၏။ ထိုသို့ရှာရာတွင် မိမိတို့ အမြဲကိုးကွယ်သော လောကုတ္တရာ ဗုဒ္ဓတရားတော်များကို မေ့လျော့ကာ လောကီ ဗေဒင်ဆရာကို အားကိုးကြ၏။ ဆည်းကပ်ကြ၏။ ယတြာချေကြ၏။ ယတြာဟူသည် အဘယ်နည်း?။ ယကြာဟူသည် ကောင်းဆိုး နှစ်တန်ကို ဖြစ်စေ ပျက်စေတတ်သည်ဟု အဓိပ္ပါယ် ရှိပါ၏်။ ကောင်းကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင် အောင်လည်း ဖန်တီးနိုင်သည်သာ။ ဆိုးကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင်အောင်လည်း ဖန်တီးနိုင်ပါသည်။ သို့သော် ရာနှုန်းပြည့် ပြုလုပ်နိုင်စွမ်းမည်ကား မဟုတ်ပါပေ။

ထိုသို့ယတြာချေရာတွင် အပြစ်ကင်းသော ယတြာချေနည်းဖြစ်လျှင် မထောင်းသာ၊ တော်သေး၏။ အကုသိုလ်အပြစ်ပြုလုပ်၍ ချေရသော ယတြာဖြစ်လျှင် “ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်ပို၍လေး” ဆိုသလို ယတြာချေကာမှ ယတြာမကျေ၊ မပေါ့ဘဲ၊ မကင်းပျောက်ဘဲ၊ ပိုဆိုးသောအဖြစ်မျိုး၊ ကြမ္မာဆိုးနှင့် ကြုံရကိန်းဆိုက်ပေတော့မည်။

ထာဝရ အေးငြိမ်းချမ်းသာရေးသို့။ ။

ဤနေရာ၌ ရေးပြလိုသော ယတြာသည် လောကီယတြာဖြစ်သော ဓာတ်ယတြာ၊ နတ်ယတြာ မဟုတ်။ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ဓမ္မယတြာပင် ဖြစ်ပါ၏။ ဓမ္မယတြာသည် တစ်ကြိမ်မျှသာ ဘေးအန္တရာယ် ကင်းငြိမ်းခြင်းကို မရည်ရွယ်။ တစ်ဘ၀လုံး ဘေးအန္တရာယ် ကင်းငြိမ်းခြင်းမှသည် ထိုဘေအန္တရာယ်အပေါင်းမှ ထာဝရ ကင်းပျောက်၍ အေငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့တိုင် ဦးတည်သည်။ ထိုရည်ရွယ်ချက် ဦးတည်ချက်တို့ ထမြောက် အောင်မြင်ရန်အတွက် ဖော်ပြထားသော အချက်အလတ်တို့မှာ…..

“အဒွေစ္စ ၀စနာ ဗုဒ္ဓါ” “ဘုရားစကား အမှားမရှိ”

ဟူသည်နှင့်အညီ တကယ်လိုက်နာကျင့်သုံးလျှင် လက်တွေ့အကျိုးရှိသည့် ဘုရားပေးသော အချက်အလတ်များ ဖြစ်သောကြောင့် စိတ်ချယုံကြည်ထိုက်ကြောင်း အထူးဖော်ပြရန် မလိုပါချေ။ တစ်နည်းအားဖြင့် ဗုဒ္ဓဘုရားအပေါ် ယုံကြည်မှု အားနည်းသူ ဖြစ်လျှင်သော်မှ ပြောသူ၊ ရေးသူကို ဖယ်ထားပြီး၊ တင်ပြထားသော အချက်အလတ်များကို အကဲဖြတ်၍ လက်တွေ့ အသုံးချ ကြည့်အားဖြင့် ဦးတည်ချက်မှန်ကန်ကြောင်း တွေ့မြင် သိရှိနိုင်ပါသည်။

ဘေးအန္တရာယ်များ ကျရောက်လာခြင်းသည် အကျိုးတရားသာ ဖြစ်၏။ ဘေးအန္တရာယ် အဘယ့်ကြောင့် ဖြစ်ရသနည်း? ဟု အဖြေရှာရာတွင် အကြောင်းတရားကို တွေ့ရ၏။ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အကြောင်းဟူရာ၌ အနီးကပ်အကြောင်း (သန္တိကေနိဒါန်း) နှင့် အခြေခံအကြောင်း၊ သို့မဟုတ် ဝေးသောအကြောင်း (ဒူရေနိဒါန်း) ဟူ၍ရှိ၏။ ဘေးအန္တရာယ် ဟူသော အကျိုးတစ်ခု ဖြစ်ပေါ်လာရန်အတွက် အဖြစ်အပျက်၊ သတ၊္တိ ကိစ္စအမျိုးမျိုးတို့ ပါဝင်လျက်ရှိသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့် တွေ့ကြုံလာရသောအခါ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အခြေခံအကြောင်းကိုသာ စူးစမ်း၍ ပျောက်ငြိမ်းအောင် လုပ်နိုင်မှသာလျှင် ဘေးအန္တရာယမျာ်း အမြစ်ပျက်နိုင်မည် ဖြစ်ပါသည်။ အကြောင်းမငြိမ်း၊ အမြစ်မပျက်ပါက တစ်မျိုးပြီးတစ်မျိုး လှည့်ပတ်ကာ ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။ ဘေးအန္တရာယ်ကင်းရေး အသိဉာဏ်သည် ဘေးအန္တရာယ် ကင်းရှင်းရုံသာမက၊ အသက်ရှည်၊ ကျန်းမာ၊ ချမ်းသာရေး အတွက်ပါ အသုံးကျသဖြင့် ထိုသို့သောအသိဉာဏ် ရင့်သန်အောင် အားထုတ်သင့်ပါ၏။ ဤသို့အားထုတ်ခြင်းသည် ဘေးအန္တရာယ်ဖြစ်၍ ဆင်းရဲ ဒုက္ခ ကြုံတွေ့ ခံစားရသလောက် ပင်ပန်းမည် မဟုတ်ပေ။

အန္တရာယ်။ ။

မိမိတို့ဘ၀၀ယ် ကြုံတွေ့လာရသည့် ဘေးအန္တရာယ်ဟူသော စကားလုံးကို ရှင်းပြပါဦးမည်။ “ဘေး”ဟူသည် “ဘယ”ဟူသော ပါဠိမှဆင်းသက်လာသော မြန်မာစကားဖြစ်၏။ မလိုလားအပ်သောအရာ၊ မချစ် မနှစ်သက်အပ်သောအရာ၊ ကြောက်စရာ၊ မုန်းစရာဖြစ်သော ဆင်းရဲဒုက္ခဟူ၍ အဓိပ္ပါယ်ရပါသည်။ “အန္တရာယ်” ဟူသည် “အန္တရာယ” ဟူသောပါဠိစကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်၏။ “အန္တရာယ” ဟူသည် “အန္တရာယ=အကြားကာလ”ဟု တိုက်ရိုက် သဒ္ဒါအနက်ရ၏။ “အကြားကာလ၌ ၀င်ရောက်လာကာ အကျိုးပေးတတ်သောအရာ” ဟူ၍ အဓိပ္ပါယ်ရ၏။

မည်သည့်အကြား ကာလနည်းဟူမူ မိမိတို့ဘ၀တွင် ယခင်ဘ၀က ပြုလုပ်ခဲ့ကြသော ကုသိုလ်၊ အကုသိုလ်ကံများလည်း ပါရှိကြမြဲတည်း။ ယခုဘ၀၌လည်း အသစ်ထပ်မံ ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်ကံများလည်း ရှိကြသည်သာ။ ထိုတွင် မိမိတို့ဘ၀၀ယ် ရှိပြီးသော ကုသိုလ်ကံတို့ နည်းလာ၊ ပါးလာသောအခါ အပေါက်အကြား ဖြစ်လာ၏။ ကြားကာလ ပေါ်လာ၏။ ထိုကုသိုလ်ကံတို့၏ ကြားကာလ၌ အကုသိုလ်ကံတို့က ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုသို့ကုသိုလ်ကံတို့၏ အကြား၌ ၀င်ရောက်ကာ အကျိုးပေးတတ်သော အကုသိုလ်ကံတို့၏ အကျိုးပေးဖြစ်သည့် မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများကို ဘေးနှင့် အန္တရာယ်ပေါင်းကာ “ဘေးအန္တရာယ်” ဟု ခေါ်ဆိုခြင်း ဖြစ်ပါ၏။ ဆိုလိုခြင်းမှာ ကုသိုလ်ကံများ နည်းလာသောအခါတွင် အကုသိုလ်ကံက ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုအကုသိုလ်ကံတို့၏ အကျိုးပေးကို “ဘေးအန္တရာယ်” ဟုခေါ်ဆိုပါသည်။ ထိုအကုသိုလ်တို့၏ အကျိုးဟူသည် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး အမျိုးမျိုးတို့ပင် ဖြစ်ပါသည်။

အာပါတ်ဖြေနည်း။ အပြစ်ဖြေဖျောက်နည်း ။

ဝိနည်းပိဋကတ်၌ အာပါတ်သင့်လျှင် အာပတ်ဖြေနည်းရှိသကဲ့သို့ သဘာဝတရား၌လည်း ၀င်ပေါက်ရှိသလို ထွက်ပေါက်လည်း ရှိသည်သာတည်း။ ၀ိနည်း၌ ပါရာဇိကလို အာပတ်ကြီးများအတွက် အာပတ်ဖြေ၍မရ။ သို့သော် အပေါ့စား ပါစိတ်၊ ဒုက္ကဋ် စသော အာပတ်ငယ်လေးများ အတွက်မူ အာပတ်ဖြေ၍ရ၏။ ရဟန်းတော်များအတွက် အာပတ်ဖြေနည်း(ဒေသနာကြားနည်း)ကို ၀ိနည်းပိဋကတ် ပါဠိတော်တွင် ဗုဒ္ဓက အတိအကျ ဟောတော်မူခဲ့၏။ သဘာဝတရား၌လည်း နိယတမိစ္ဆာဒိဋ္ဌိကံ၊ ပဉ္စာန န္တရိယကံ ကြီးမျိုးတို့ကဲ့သို့ ကြီးလေးသောကံဝင်ပေါက်သို့ ၀င်မိလျှင် ထွက်ပေါက်မရှိချေ။ သို့သော် အကျိုးပေးမမြဲသော အပယိက သာမန်အကုသိုလ်အပေါက်သို့ ၀င်မိရာ၌မူ ထွက်ပေါက်ရှိပေသည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ လိမ်ညာပြောခြင်း၊ သေရည် အရက် သောက်ခြင်း စသောမကောင်းမှုတို့သည် အကုသိုလ်ဖြစ်၏။ အပြစ်ရှိ၏။ ဆိုးပြစ်များကို ဖြစ်စေနိုင်၏။ ဤကား အမှန်တရားတည်း။ ဤကား သဘာဝ၏ ၀င်ပေါက်တည်း။ သို့သော် သဘာဝ၏ ထွက်ပေါက်လည်း ရှိပေသည်။ ယင်းသဘာဝတရား၏ ၀င်ပေါက်ထွက်ပေါက်ကို မြတ်စွာဘုရားက အထင်အရှား ပြခဲ့ပြီး ဖြစ်ပါ၏။ ယင်းသဘာဝ၏ ထွက်ပေါက်ကား အခြားမဟုတ်။

၁။ ကံတို့၏ အကျိုးပေးသဘောကို သိရမည်။

၂။ သမ္မပ္ပဓါန် ဖြစ်အောင် လုပ်ရမည်။ ဤကား ထွက်ပေါက်တည်း။

ဤနည်းကို “လူအာပါတ်ဖြေနည်း”ဟုဆိုသော် ဖြစ်နိုင်သည်သာ။ လူတို့အတွက် အာပါတ်ဖြေနည်း (အပြစ်ဖြေနည်း)ဟူသော နာမည်ဖြင့် ဗုဒ္ဓက သီးခြား ဟောတော်မမူခဲ့သော်လည်း ဤသမ္မပ္ပဓါန်နည်းကို “လူအာပါတ်ဖြေနည်း” ဟု အမည်ပေးသော် ရနိုင်သည်သာတည်း။ ဤသမ္မပ္ပဓါန်နည်းသည်လည်း ဗုဒ္ဓဟောတော်မူခဲ့သော တရားပင် မဟုတ်ပါလော။ သို့သော်လည်း

သေးငယ်သော အပြစ်များဆိုလျှင် အာပတ်ဖြေနည်းဖြင့် ဖြေဖျောက်နိုင်ပါ၏။ ကြီးမားသော ပဉ္စာန န္တရိယကံ အပြစ်များကိုကား မည်သည့်နည်းနှင့်မျှ ဖြေဖျောက်၍ ရနိုင်မည် မဟုတ်ပေ။

ကံတို့၏ အကျိုးပေးခြင်း သဘော။ ။

ကံတို့၏သဘောသည် အကုသိုလ်ကံဖြစ်စေ၊ ကုသိုလ်ကံဖြစ်စေ တစ်ခုတည်းနှင့် အကျိုးမပေးနိုင်ပေ။ တစ်ခုတည်းဟူသည် အရှိန်အဟုန် အင်အားမရှိခြင်းကို ဆိုလိုလိုပါ၏။ (ပြုလုပ်ဆဲခဏ၌ ဖြစ်သောစိတ်သည် စိတ္တက္ခဏ တစ်ချက်သာဖြစ်၍ ချုပ်ပျောက်၏။ ဆက်ကာဆက်ကာ သတိရနေသောအခါ ထိုစိတ်သည် ဆက်ကာဆက်ကာဖြစ်၍ တိုးပွါး၏။)

(က) အထပ်ထပ်အပြန်ပြန် အထုံရ၍ (သတိရ၍) အားရှိရင့်ကျက်သောအချိန်၊

(ခ) မိမိထက် အားကောင်းသော အခြားသောကံတစ်ခုခုက မဖြတ်၊ မသတ်၊ မနှိပ်ကွက်နိုင်သောအချိန်၊

ဤ(၂)မျိုးသော အချိန်အခါတို့၌သာ အကျိုးပေးနိုင်လေသည်။

ဥပမာ။ ။လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို မပြတ်ပြလုပ်ခြင်း၊ မပြတ်သတိရခြင်း၊ မပြတ်သာယာခြင်းတို့ ရှိနေလျှင်သော်လည်းကောင်း၊ အခြားသော ကုသိုလ်ကံ တစ်ခုခုမျှ မရှိလျှင် သော်လည်းကောင်း၊ ထိုအခြအနေမျိုးတွင် ကိုယ်လုပ်ခဲ့သော အကုသိုလ်ကံက အကျိုးပေးတော့၏။ အကယ်၍ လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို ပြုလုပ်ပြီး မပြတ်အထုံပြုခြင်း၊ သတိရခြင်း မရှိလျှင်သော်လည်းကောင်း၊ ကုသိုလ်ကံက ထိုမိမိပြုလုပ်ခဲ့သော အကုသိုလ်ကံကို ပယ်သတ်လိုက်လျှင်သော်လည်းကောင်း၊ အကျိုးပေးရမည့်အချိန် လွန်သွားလျှင် သော်လည်းကောင်း၊ ထိုမိမိ၏ အကုသိုလ်ကံသည် အဟောသိကံ (အချည်းနှီး) ဖြစ်သွားလေတော့သည်။ အကျိုးမပေးနိုင်သည့်ကံ ဖြစ်သွားသည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ကံတို့၏ အကျိုးပေးခြင်းသဘောကို “ရေများရေနိုင်၊ မီးများမီးနိုင်” ကဲ့သို့ မှတ်ယူရပါမည်။ မိမိဘ၀၀ယ် ကုသိုလ်ကံက များနေလျှင် ထိုများသောကုသိုလ်ကံက အရင်အကျိုးပေး၏။ အကုသိုလ်ကံက များနေလျှင် ထိုများသော အကုသိုလ်ကံက အရင်အကျိုးပေး၏။ ထို့ကြောင့် မိမိတို့ဘ၀တွင် မည်သည့်ကံက များနေသနည်း ပြန်လည် စဉ်းစားသင့်၏။ လူအများစု ထင်နေကြသည်ကား “မကောင်းသော အတွေးအကြံ၊ အပြော၊ အလုပ်တို့ကို မကြံ၊ မပြော၊ မလုပ်လျှင် မိမိဘ၀မှာ အကုသိုလ် မဖြစ်” ဟူ၍ ယေဘုယျ ထင်နေကြ၏။ သို့သော် ဤသည်လည်း တထစ်ကျ မှန်သည်ဟု မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓအလို ပိဋကတ်တော်အရ မွေးချိန်၊ သေချိန်၊ အိပ်ချိန်၌ ဖြစ်သောစိတ်ကို ၀ိပါက်စိတ် (၀ိပါက စိတ်)ဟုခေါ်၏။ ထိုဝိပါတ်စိတ်မှ လွဲ၍ ကျန်အချိန်များတွင် ကုသိုလ်၊ သို့မဟုတ် အကုသိုလ် တစ်ခုခုဖြစ်မြဲပင်တည်း။

အထက်မှာဆိုခဲ့သလို စိတ်ဆိုးခြင်း၊ ရန်ဖြစ်ခြင်းစသည်ဖြစ်လျှင် ဒေါသဖြစ်၏။ သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း စသည်ဖြစ်လျှင် လောဘတည်း။ မိမိတို့မှာ ထိုသို့သော လောဘ၊ ဒေါသတို့ မရှိကြ။ စိတ်ဆိုး စိတ်ယုတ်မာတို့ မရှိကြ။ ထို့ကြောင့် မကောင်းမှု အကုသိုလ်ကံတို့ မဖြစ်ဟူ၍ ထင်ကြ၏။ လောဘ၊ ဒေါသတို့သည်သာ အကုသိုလ်ကံများ မဟုတ်ကြ။ မသိခြင်း=မောဟ သည်လည်း အကုသိုကံပင်တည်း။ သို့ဖြစ်၍ မိမိမှာ လောဘ၊ ဒေါသ တရားတို့လို သိသာထင်ရှားစွာ မဖြစ်ဘဲ၊ ကျန်သော အချိန်၊ ဘယ်အရာဟု အတိအကျ မရှိသော ဝေလေလေ အချိန်များတွင်လည်း မောဟ အကုသိုလ်ကံ ဖြစ်နေသည်ဟု မှတ်ရပေမည်။ အတိအကျ ဆိုရသော် မိမိမှာ ကုသိုလ်ဖြစ်နေသလား၊ မဖြစ်သလားကိုသာ အဓိက ကြည့်ရပေမည်။ တစ်နေ့လုံးတွင် မိမိမှာ ကုသိုလ်မဖြစ်ဘူးဆိုလျှင် သေချာပေါက် အဲဒီအချိန်တွင် အကုသိုလ် ဖြစ်နေသည်ဟု တထစ်ကျ နားလည် သဘောပေါက်ရမည်။ ဤသို့ဆိုလျှင် လောကလူတို့တွင် ကုသိုလ်၊ အကုသိုလ် (၂)မျိုးတွင် အကုသိုလ်ဖြစ်သူများနေကြောင်း တွေ့မြင် သဘောပေါက် ကြပါလိမ့်မည်။

ဓမ္မယတြာ။ ။

အကယ်၍ မိမိမှာ မလိုလားအပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး တစ်မျိုးမျိုးကျရောက်လာလျှင် ကံနိမ့်နေပေပြီဟုကား လူတိုင်း သိကြပါ၏။ သို့သော် ထိုသို့သော အခြေအနေကို မည်သို့သောနည်းဖြင့် ကျော်လွှား လွန်မြောက်ရန် ပြုလုပ်ရမည်ကို နားမလည်ကြပေ။ ထို့ကြောင့် အားကိုးရှာမှားကာ ဗေဒင်ယတြာကို အားကိုးကြရခြင်း ဖြစ်ပါ၏။ ထိုယတြာသည် ဓမ္မနည်းကျကျဆိုလျှင် တော်ပါသေး၏။ ဓမ္မနည်းလမ်းမကျ၍ အပြစ်ရှိသော ယတြာချေနည်း ဖြစ်လျှင် ခက်ရချည်ရဲ့။

ဆိုလိုသည်မှာ မူလကမှ ကုသိုလ်ကံကနည်း၊ အကုသိုလ်ကံက များနေ၍ ကံနိမ့်ပြီး၊ မကောင်းသောအကျိုးပေးများ ကျရောက်နေရချိန်၊ ယတြာအချေမတတ်၍ အပြစ်ရှိသော ယတြာကိုသာ ထပ်မံပြုလုပ်မိပါက “ဗူးလေးရာ ဖရုံဆင့်” သလို ဖြစ်နေ၍ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ကိန်းဆိုက်ရောက်ပေတော့မည်။ မကောင်းသောကံကြမ္မာဆိုးများကို လက်ယက်ခေါ်သလို ဖြစ်နေပေတော့မည်သာတည်း။

ဗုဒ္ဓနည်းကျ ဓမ္မယတြာ ဟူသည် အခြားမဟုတ်ပေ။ ကံနိမ့်လျှင် ကံမြင့်အောင် ကံဆင့်ပေးရမည် ဖြစ်ပါ၏။ ကံဆင့်ခြင်းဟူသည် နိမ့်နေသော၊ နည်းနေသော ကုသိုလ်ကံတို့ မြင့်မားလာအောင်၊ တိုးပွါးလာအောင်၊ များပြားလာအောင် ထပ်မံပြုလုပ်ပေးခြင်းပင် ဖြစ်၏။ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုကို ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်လျှင် အကောင်းဆုံးတည်း။ အကြောင်းမညီညွတ်၍ ကြီးကြီးကျယ်ကျယ် မပြုလုပ်နိုင်လျှင်လည်း ကိစ္စမရှိ။ ဥပမာ.. အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ ပရိတ်တရားတော် ရွတ်ဖတ်ခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့ကို မိမိတတ်နိုင်သမျှ ပြုလုပ်နိုင်၏။ ထိုသို့သော အခြေအနေဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့လာရပြီဆိုလျှင်၊ ကံနိမ့်သော အနေအထားမျိုး တွေ့မြင်လာရပြီဆိုလျှင် မိမိမှာ ကုသိုလ်ကံတို့ နည်းနေပြီ။ ရှိနှင့်ပြီးသော ကုသိုလ်တို့ဖြင့် လုံလောက်မှု မရှိတော့။ အခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမှုကို ပြုလုပ်ပေးဖို့လိုနေပြီ ဆိုသည်ကို သဘောပေါက်နားလည်ရပေမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ကံအရှိန်အ၀ါ ကြီးမားလာလျှင် အကုသိုလ်ကံတို့သည် ရှောင်ခွါအဝေး ပြေးရမြဲ ဓမ္မတာပင်တည်း။

အဘိဓမ္မာအမြင်။ ။

အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ရသော် ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့၏ အကျိုးပေးသည် အင်းအားကြီးသောကံက အရင်အကျိုးပေးမြဲဓမ္မတာတည်း။ ကောင်းပြီ၊ ‘ကံ(၂)မျိုးလုံးသည် သူမသာ ကိုယ်မသာ အင်းအားညီမျှနေလျှင်ကော’ ဟု မေးစရာရှိ၏။ ထိုသို့သော အခြေအနေမျိုးဆိုလျှင် ကုသိုလ်ကံက သာမြဲ၊ အင်းအားကြီးမြဲ၊ အရင်အကျိုးပေးမြဲတည်း။

အဘယ့်ကြောင့်ဤသို့ဆိုရသနည်းဟူမူ..ကုသိုလ်ကံ၏သဘောတရားကို အဘိဓမ္မာ(၇)ကျမ်း၌ ပါဝင်သော ဓမ္မသင်္ဂဏီ ပါဠိတော်တွင် ဘုရားရှင်က “ကုသလံ အန၀ဇ္ဇသုခ၀ိပါက လက္ခဏာ၊ အကုသလ ၀ိဒ္ဓံသန ရသာ။” စသည်ဖြင့် ဟောထားပါသည်။ ကုသိုလ်ကံ(ကုသိုလ်) ဟူသည် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးတတ်ခြင်း လက္ခဏာရှိ၏။ အကုသိုလ်၏ အကျိုးပေးဖြစ်သော မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများ ကျရောက်ခြင်းတို့ကို တားဆီးခြင်း၊ ပယ်မြစ်ခြင်း၊ ဖျောက်ဖျက်နိုင်ခြင်း အစွမ်းသတ္တိရှိ၏ ဟူ၍ အဓိပ္ပါယ်ရပါသည်။

ဆိုလိုသည်မှာ ကုသိုလ်သည် ကောင်းသောအလုပ်ဖြစ်၏။ ထိုသို့ ကောင်းသောအလုပ်ဖြစ်၍ အပြစ်မရှိ။ မည်သူ့ကိုမျှ မထိခိုက်ပေ။ ကောင်းသောအလုပ်ဖြစ်၍ ကောင်းသောအကျိုးဖြစ်သည့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အန္တရာယ်ကင်း ဘေးကင်းခြင်း၊ လိုအင်ဆန္ဒ ပြည့်ဝခြင်း စသောအကျိုးတို့ကို ရရှိစေနိုင်ပါ၏။ မိမိမှာ ကုသိုလ်ကံအားကြီးနေလျှင် အကုသိုလ်ကံများ ရှိနေဦးတော့ အကျိုးပေးနိုင်စွမ်း မရှိတော့ပေ။ ကုသိုလ်ကံ၏ တားဆီး ပယ်သတ်မှုကြောင့် သေးငယ်သော အကုသိုလ်ကံများဖြစ်လျှင် လုံးဝကွယ်ပျောက်၍ အကျိုးမပေးနိုင်တော့သော “အဟောသိကံ” ဖြစ်သွားလေ၏။ ကြီးမားသောအကုသိုလ်ကံများဖြစ်လျှင် ချက်ချင်း အကျိုးမပေးနိုင်အောင်၊ ကြီးသည့်အမှု သေးအောင်၊ သေးသည့်အမှု ပပျောက်အောင် ကုသိုလ်ကံက ပြုလုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်ကြပါကုန်။

သို့သော်လည်း ပဉ္စာန န္တရိယကံ (၁။အမိသတ်ခြင်း။ ၂။အဖသတ်ခြင်း။ ၃။ရဟန္တာသတ်ခြင်း။ ၄။ဘုရားရှင်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခြင်း။ ၅။သံဃာဂိုဏ်းကွဲအောင် ပြုလုပ်ခြင်။) ဟူသော ကြီးလေးသောကံများကို ကျူးလွန်မိသောသူသည်ကား ထိုအကုသိုလ်ကံတို့ကို ကုသိုလ်ကံတို့ဖြင့် ပယ်သတ်ခြင်း၊ တားမြစ်ခြင်းငှါ မတတ်စွမ်းနိုင်တော့ကြောင်းလည်း နားလည်ကြရပေမည်။

သမ္မပ္ပဓါန် ဖြစ်အောင်လုပ်နည်း။ ။

ပိဋကတ်(၃)ပုံကို အနှစ်ချုပ်လျှင် ဗောဓိပက္ခိယတရား (၃၇)ပါးသာရှိကြောင်း ဗုဒ္ဓစာပေ လေ့လာသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။ ဗောဓိပက္ခိယတရားဟူသည် ဗောဓိဉာဏ်၏ အသင်းဝင်တရား၊ ဗောဓိဟူသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိစေနိုင်သော တရား(၃၇)ပါးဟု အဓိပ္ပါယ်ရ၏။ ထိုတွင် ပထမကား သတိပဋ္ဌာန်တရား(၄)ပါး၊ နှစ်ခုမြောက်ကား ယခုဆိုလတံ့သော သမ္မပ္ပဓါန်တရား (၄)ပါးပင်တည်း။ သမ္မပ္ပဓါန=သမ္မပ္ပဓါန်ဟူသည် ကြိုးစားအားထုတ်ကြောင်းတရား ဟုဆိုလိုပါ၏။ အရကောက်ယူသော် လုံ့လ ကြိုးကုတ် အားထုတ်မှု ၀ီရိယပင်တည်း။

ထို(၄)ပါးကား…

၁။ မပြုလုပ်ရသေးသော မကောင်းမှု အကုသိုလ်တရားတို့ကို မပြုလုပ်မိစေရန် ကြိုးစား ရှောင်ကြဉ်ရမည်။

၂။ မပြုလုပ်ရသေးသော ကောင်းမှု ကုသိုလ်တရားတို့ကို ကြိုးစားပြုလုပ်ရမည်။

၃။ ပြုလုပ်ပြီးသော မကောင်းမှု အကုသိုလ်တရားတို့ကို မေ့ဖျောက်ပစ်ရမည်။

၎။ ပြုလုပ်ပြီးသော ကောင်းမှု ကုသိုလ်တရားတို့ကို တိုးပွါးအောင် ကြိုးစား၍ မပြတ်သတိရ အောက်မေ့နေရမည်။ ဤကား သမ္မပ္ပဓါန်တရား (၄)ပါး၏ သရုပ်ပင် ဖြစ်ပါသည်။ (သမ္မပ္ပဓါန၀ိဘင်း၊ အဘိ၊၂။ ပါ၊ ၂၁၆။)

ဤနေရာ၌ ဗုဒ္ဓဆိုလိုသော အဓိပ္ပါယကို အလွယ်မှတ်ရန်မှာ ကုသိုလ်နှင့်ပါတ်သက်၍ (၂)ချက်၊ အကုသိုလ်နှင့် ပါတ်သက်၍ (၂)ချက် မှတ်ရပါမည်။ အကုသိုလ်(၂)ချက်တွင်လည်း အတိတ်က ပြုခဲ့ပြီးသော အကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် အကုသိုလ်ဟူ၍ ခွဲခြားမှတ်သားပါလေ။ ထို့အတူ ကုသိုလ်သည်လည်း အတိတ်က ပြုခဲ့ပြီးသော ကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် ကုသိုလ်ဟူ၍ ရှိကြသည်သာတည်း။ ထိုတွင် အနာဂတ်တွင် မပြုလုပ်ရသေးသည့် အကုသိုလ်နှင့် ကုသိုလ်များသည် မကြုံတွေ့ရသေး။ မပြုလုပ်ရသေး၍ ကြုံလာလျှင် အကုသိုလ်ဖြစ်လျှင် ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမည်။ ကုသိုလ်ဖြစ်လျှင် ပြုလုပ်ဖြစ်အောင် ကြိုးစားရမည်။ ထို့ကြောင့် အနာဂတ် အကြောင်းအရာနှင့် ပါတ်သက်၍ အထူးရှင်းပြဖွယ် လိုမည်မထင်ပေ။

အတိတ်အကြောင်းဖြစ်သည့် ပြုလုပ်ခဲ့ပြီးသော အကုသိုလ်ဖြစ်လျှင် ကြိုးစား မေ့ဖျောက်ပစ်ရမည်။ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေအောင် ကြိုးစားရမည်။ အဘယ့်ကြောင့် ဤသို့ဆိုသနည်းဟူမူ ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ အမြဲသတိရနေလျှင် ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် တိုပွါးလာမြဲ ဓမ္မတာပင်တည်း။ သတိမရလျှင် မတိုးပွါးတော့ပေ။ ထို့ကြောင့် ‘အကုသိုလ်ဖြစ်လျှင် မေ့ပစ်၊ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေ’ ဟုဆိုခြင်း ဖြစ်ပါသည်။

မိမိပြုလုပ်ခဲ့ပြီးသော ကံပျက်ပျယ်စေရန်၊ သို့မဟုတ် လျော့ပါးစေရန်အတွက် သမ္မပ္ပဓါန်ဖြစ်အောင် ပြုလုပ်ရမည်မှာ……

၁။ လုပ်မိသည့်၊ သတ်မိသည့်ကိစ္စ၊ အကုသိုလ် အပြစ်များကို မေ့ပျောက်ပစ်ရန် ကြိုးစားရမည်။ မေ့ပစ်ရမည်။ စိတ်ထဲမှာ လုံးဝသတိမရလျှင် အကုသိုလ်ထပ်မပွါးပေ။ သတိရလျှင် သတိရတိုင်း ကိုယ်လုပ်ခဲ့သော အပြစ်များ၊ အကုသိုလ်များ ပို၍ပို၍ တိုးပွါးလာလေသည်။ သတိမရလျှင် တစ်ခါထဲပြတ်လေ၏။

၂။ ကုသိုလ်ကောင်းမှုကို မျာများပြုလုပ်ပေးရမည်။ ထိုမိမိပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို ထပ်ခါထပ်ခါ သတိရနေရမည်။ အထုံများလျှင် ကုသိုလ်များ တိုးပွါးလာ၍ “ရေများ ရေနိုင်၊ မီးများမီးနိုင်” ဆိုသကဲ့သို့ အကုသိုလ်များ ခေါင်းမထောင်နိုင်ပါချေ။

ဤနေရာ၌ ပိုမို ရှင်းလင်းစွာ နားလည်စေရန် သက်သေ သာဓကများနှင့်တကွ ရှင်းလင်းပြပါမည်။

သာဓက(၁) အနှစ်(၆၀)ကြာတရားအားထုတ်ခဲ့သော တောနေရဟန်း။ ။

တစ်ချိန်က တောထွက်ကာ တရားအားထုတ်နေသော ရဟန်းကြီး တစ်ပါးရှိခဲ့ပါ၏။ သူသည် တောထွက်ကာ တရားအားထုတ်လာသည်မှာ နှစ်ပေါင်း(၆၀)ပင် ကြာလာခဲ့ပေပြီ။ သို့သော် ပါရမီမရင့်ကျတ်သေး၍ တရားထူးကား မရရှိခဲ့ပေ။ တစ်နေ့သောအခါ အစားအစာအတွက် သစ်သီးသစ်ဥ ရှာဖွေထွက်ရာမှ အပြန်တွင် မိုးကြီးစွာ ရွာချခဲ့၏။ တောင်ကျချောင်းရေ ထိုးဆင်းလာသောအခါ ရဟန်းကြီးလည်း ထိုတောင်ကျရေနှင့် မျှောပါသွား၍ ကြောက်လန့်တကြား ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရာ သစ်ကိုင်းတစ်ခုကို ဆွဲမိပြီး၊ အသက်ဘေးမကာှး လွတ်မြောက်ခဲ့ပါ၏။ သို့သော် သူဆွဲကိုင်မိသော သစ်ကိုင်းမှာ ကျိုးပဲ့သွားခဲ့သောကြာင့် ရဟန်းကြီးမှာ အာပတ် အပြစ်သင့်ခဲ့လေသည်။

သူ၏ဘ၀၀ယ် တစ်စုံတစ်ခုသော အပြစ်မျှ မကျူးလွန်ခဲ့ဘူးသောကြောင့် ထိုသေးငယ်သော အပြစ်လေးသည် သူ့အတွက်မူ ကြီးလေးသော အပြစ်ကြီးအဖြစ် သူ၏စိတ်ဝယ် ထင်နေ၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်းပင် ထိုအပြစ်ကို တွေးမြင်ကာ စိတ်မချမ်းမသာ ဖြစ်နေ၏။ ထိုအပြစ်လေးသည် ၀ိနည်းအပြစ်ဖြစ်သော်လည်း ကြီးမားသောအပြစ်ကား မဟုတ်ပေ။ အခြားသော ရဟန်းတစ်ပါးပါး ရှိပါလျှင် ဒေသနာကြားခြင်းဟူသော အာပတ်ဖြေခြင်းကို ပြုလုပ်ကာ ပြေပျောက်နိုင်သော အပြစ်ဖြစ်ပါ၏။ သို့သော် သူ၏အနားဝယ် ဒေသနာကြားရန်အတွက် ရဟန်းတစ်ပါးတလေမျှ မရှိခြင်းပင်တည်း။ ဤသို့အားဖြင့် ထိုရဟန်းကြီးသည် ထိုအာပတ်ဖြင့် စုတေသေလွန်သောအခါ တိရစ္ဆာန်မြွေဘ၀၀ယ် (၇)ရက်တာမျှ ဖြစ်ခဲ့ရလေ၏။

ဤဇာတ်တော်ကို ပြန်လည်သုံးသပ်ရလျှင် ထိုရဟန်းကြီးသည် သူကျူးလွန်ခဲ့သော အပြစ်သက်သက်ကြောင့် တိရစ္ဆာန်ဘ၀ ရောက်ခဲ့ရခြင်းကား မဟုတ်ပါပေ။ ထိုသေးငယ်သော အပြစ်လေးကို မကုစား မပယ်ဖျောက်နိုင်ခြင်း၊ ထိုအပြစ်လေးကို အမြဲသတိရကာ နှလုံးမသာမယာ (၀ိပ္ပဋိသာရ၊ ကုက္ကုစ္စ) ဖြစ်နေခြင်းတို့ကြောင့် ထိုသေးငယ်သော အပြစ်လေးသည် ကြီးမားအစွမ်းထက်လာကာ အကျိုးပေးနိုင်သောကံအဖြစ်သို့ ရောက်ရှိုလာခြင်း ဖြစ်ပါသည်။

သာဓက(၂) ဘာသာခြား ကိုးကွယ်သော ဗေဒင်တတ် ပုဏ္ဏားကြီး။ ။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော ပုဏ္ဏားးလင်မယား(၂)ယောက်ရှိ၏။ အသက်အရွယ်ရလာသော တစ်နေ့တွင် ပုဏ္ဏားကြီးသည် သူ၏ကံဇာတာကို သူကိုယ်တိုင် ပြန်လည် စစ်ဆေးကြည့်ခဲ့၏။ သူမကြာခင် အချိန်ကာလတွင် သေရမည်ကို တွေ့ရှိသိမြင်ခဲ့လေ၏။ ပုဏ္ဏေးးမကို ပြော၍ သူ၏ဇာတာ ကံကြမ္မာကို ကူညီစစ်ဆေး ကြည့်ခိုင်းသောအခါတွင်လည်း အဖြေကား အတူတူသာတည်း။ သူတို့တတ်သော ဗေဒင်ပညာဖြင့် ပုဏ္ဏားးကြီး မကြာခင် သေမည်ကိုကား သိ၏။ သို့သော် သေပြီးနောက် ဘာဆက်ဖြစ်မည်ကို မသိပေ။ ထိုမသိသောအရာကို သိချင်သောကြောင့် မြတ်စွာဘုရားထံသို့ ရောက်လာကာ လျှောက်ထားမေးမြန်းလေ၏။

ဘုရားရှင်ကလည်း “ပုဏ္ဏားကြီးသည် မကြာခင် သေလိမ့်မည်၏ သေပြီးနောက် မျောက်ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုက်၏။ ပုဏ္ဏားလင်မယားသည် အိမ်သို့ပြန်လာကာ တိုင်ပင်ကြ၏။ ပုဏ္ဏားကြီး သေပြီးနောက် မျောက်ဘ၀ရောက်သောအခါ နေစရာ၊ စားစရာစသည်တို့ အဆင်ပြေစေရန် တောအုပ်တစ်ခုတွင် ဥယျာဉ်ကြီး ပြုလုပ်ခဲ့လေသည်။ ထိုဥယျာဉ်တွင် နေစရာဇရပ်၊ စားစရာ ငှက်ပျောစသော စားပင်များ၊ သောက်စရာ ရေတွင်း ရေကန်များပါ ပြုလပ်ခဲ့လေသည်။ ထိုသို့ဖြင့် ပုဏ္ဏားကြီး သေမည်ဆိုသောအချိန်သို့ ရောက်လာ၏။ သို့သော် ပုဏ္ဏားကြီးကား မသေခဲ့ပေ။

ထို့သို့ဖြစ်လာသောအခါ မိမိတို့ဗေဒင် မှားယွင်းကြောင်းကိုတော့ သတိမရနိုင်။ ‘မြတ်စွာဘုရားဟောတာ မှားတယ်။ တို့မြတ်စွာဘုရားကို မုသာဝါဒ(လိမ်ပြောမှု)နှင့် စွပ်စွဲကြစို့’ဟု တိုင်ပင်ပြီး ကျောင်းတော်သို့ သွားကာ စွပ်စွဲတော့၏။ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး၊ အမှန်စင်စစ် အဲဒီအချိန်တွင် သင်သေရမည်ပင်။ သို့သော် သင်မသေခဲ့ခြင်း အကြောင်းကား သင်သည် တစ်ခုခုသော ကုသိုလ်ကံ (ကောင်းသော အလုပ်)ကို ပြုလုပ်ခဲ့ပါလိမ့်မည်။ သင် ဘာလုပ်ခဲ့ပါသနည်း” ဟု မေးမြန်းခဲ့၏။ ထိုအခါ ပုဏ္ဏားကြီး ပြန်ဖြေသည်ကား “မည်သည့် ကုသိုလ်ကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ သို့သော် သူလုပ်ခဲ့တာ တစ်ခုကား မျောက်ဘ၀ရောက်လျှင် စားဖို့ နေဖို့အတွက် ဥယျာဉ်တည်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည်တို့ကိုကား ပြုလုပ်ခဲ့ပါ၏” ဟု ပြန်လည် လျှောက်ထားခဲ့လေသည်။

ထိုအခါ မြတ်စွာဘုရားက ပြန်လည်ရှင်းပြခဲ့လေသည် “ပုဏ္ဏားကြီး၊ သင်ကတော့ မျောက်ဘ၀ရောက်လျှင် စားသောက်နေထိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သော်လည်း ထိုအလုပ်သည် ကောင်းသောအလုပ်( ကုသိုလ်ကံ) ဖြစ်၏။ ထိုသင်ပြုလုပ်ခဲ့သော ဥယျာဉ်တွင် ခရီးသွားများအတွက် တည်းခိုစရာ၊ နားနေစရာ၊ စားသောက် အပန်းဖြေစရာ ဖြစ်ခဲ့၏။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် သင်ပုဏ္ဏားကြီးသည် မသေဘဲ အသက်ရှည်ရခြင်းဖြစ်ကြောင်း” ရှင်းပြခဲ့လေသည်။

ဤသာဓကတွင် ပုဏ္ဏားကြီးပြုလုပ်ခဲ့သောကံသည် ကုသိုလ်ကံ အမည်ရရုံသာတည်း။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) မပါဘဲ ပြုလုပ်ခဲ့သောကြာင့်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ကုသိုလ်မည်ကာမျှသာ ဖြစ်သော ကုသိုလ်ကောင်းမှုသည်ပင် အသက်မသေအောင် အကျိုးပေးနိုင်သည်ဆိုလျှင် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) တို့နှင့် အတူတကွ ပြုလုပ်သော ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ကောင်မှုသည် မည်မျှအထိ အကျိုးပိုများမည်ကို တွေးကြည့်ရုံနှင့် နားလည်သဘောပေါက်နိုင်ပါသည်။

သာဓက(၃) အင်္ဂုလိမာလ၏ အကုသိုလ်ကံတို့ အဟောသိကံ ဖြစ်ပုံ။ ။

လူပေါင်းများစွာကို သတ်၊ လက်ညိုးများကို ဖြတ်ယူပြီး၊ ပန်းကုံးပြုလုပ်လျက် စုဆောင်း၍ လက်ညိုးပေါင်း တစ်ထောင်ပြည့်လျှင် ဆရာကို ကန်တော့မည့် လူဆိုးလူမိုက်ကြီး အင်္ဂုလိမာလ အကြောင်းကို လူတိုင်းကြားဖူးကြမည် ထင်ပါသည်။ သို့ဖြစ်၍ ဤဇာတ်တော်ကို အကျယ်မပြတော့ပြီ။

ဤဇာတ်တော်ကိုကြည့်လျှင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အင်္ဂုလိမာလသည် အဆုံးတွင် ဘုရားနှင့်တွေ့ပြီး၊ တရားထူးရကာ ရဟန္တာဖြစ်ခဲ့လေသည်။

သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့သည် ဘယ်သို့ရောက်သွားသနည်း။ အဘယ်ကြောင့် အကျိုးမပေးတော့ဘဲ၊ အဘယ်သို့သောနည်းဖြင့် အဟာသိကံ (အကျိုးပေးနိုင်စွမ်း မရှိတော့ဘဲ အချည်းနှီးဖြစ်သွားသောကံ) ဖြစ်သွားရသနည်း။ စဉ်းစားသင့်သောအချက် ဖြစ်ပါ၏။

အကြောင်းကား အင်္ဂုလိမာလသည် ပါရမီပြည့်ပြီးသော ပစ္ဆိမဘ၀ိကပုဂ္ဂိလ် (ဤဘ၀သည် သူ၏ နောက်ဆုံးဘ၀ဖြစ်ကာ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်) ဖြစ်၏။ ထို့ကြောင့် သူသည် ဘုရားရှင်၏ တရားတော်ကို နာယူပြီးသည်နှင့် တပြိုင်နက် ရဟန္တာဖြစ်ခဲ့လေသည်။ သူရရှိခဲ့သော တရားထူး အရဟတ္တမဂ်က သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သောကြောင့် ထိုအကုသိုလ်ကံတို့သည် အဟာသိကံ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။

စာပေစကားဖြင့်ပြောရလျှင် သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်လိုက်ခြင်းကြောင့်ပင်တည်း။

ပယ်သတ်နည်း(၃)မျိုး။ ။

ဤနေရာတွင် ကုသိုလ်ကံတို့၏ ပယ်သတ်နည်း(၃)မျိုးကို နားလည်ရန် လိုမည်ထင်ပါ၏။

၎င်းတို့မှာ..

၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။

၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။

၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟူ၍ ပယ်သတ်နည်း(၃)မျိုးရှိပါသည်။

၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။ ။

ဥပမာ။ ။တရားထိုင်နေသောသူသည် တရားထိုင်နေစဉ် သမာဓိရ၍တည်ငြိမ်နေလျှင် ထိုသမာဓိရနေသမျှကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသောအကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ထိုနည်းတူ ဘုရားရှိခိုးခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် မိမိစိတ်သည် ဘုရားအပေါ် ကြည်ညိုသောစိတ်၊ တရားအပေါ် ၀ပ်းမြောက်မှု ပီတိစိတ် စသော ကုသိုလ်စိတ်ဖြစ်နေသမျှ အကုသိုလ်အပြစ်များကို ကာမာဝစရကုသိုလ်ကံက တဒင်္ဂ ပယ်သတ်ပြီးဖြစ်ကြောင်း မှတ်ယူနိုင်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။

တရားအားထုတ်၍ ဈာန်တရားများရရှိသောသူသည် ထိုဈာန်တရားဖြစ်နေသမျှကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသောအကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ဈာန်တရားဟူသော မဟဂ္ဂုတ်ကုသိုလ်ကံက ထိုအကုသိုလ်အပြစ်တို့ကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်လိုက်သောကြောင့် ဖြစ်ပါသည်။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်း။

အင်္ဂုလိမာလ ကဲ့သို့ ရဟန္တာအားလုံးသည် သူတို့မှာရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာ အကုသိုလ်တရားတို့ကို အရဟတ္တမဂ် (လောကုတ္တရာကုသိုလ်ကံ)က သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက်သောကြာင့် ဖြစ်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

မိမိတို့သည် ပုထုဇဉ်များဖြစ်ကြ၍ မိမိတို့လုပ်နိုင်စွမ်းသော ကာမာဝစရ ကုသိုလ်ကံကို ပြုလုပ်ကာ တဒင်္ဂပဟာန်နည်းဖြင့်သာ မကောင်းမှု အကုသိုလ်ကို ပယ်သတ်နိုင်ကြပါ၏။ ဈာန်ရသူတို့လို ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း၊ ရဟန္တာတို့လို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းကိုကား ဤဘ၀တွင် ပြုလုပ်နိုင်စွမ်းမည် မဟုတ်ပါ။ (အချို့ပါရမီရင့်သန်သူ ဖြစ်လျှင် ပြုလုပ်နိုင်စွမ်းသည်သာ။) သို့သော် ထိုသို့ဖြစ်သည့်အတွက် ၀မ်းနည်းဖွယ် မရှိပါပေ။ မိမိတို့ ပယ်သတ်ခဲ့သော ထိုတဒင်္ဂလေးများသည် စုပေါင်းကာ များပြားလာလျှင် ကျန်းမာ ချမ်းသာ ဘေးရန်ကွာမှု၊ ချမ်းသာငြိမ်းအေးမှုတို့သည်လည်း များပြားလာမည်သာတည်း။ ပျားကောင်းလေးများ၊ ခြကောင်လေးများကို အတုယူကာ ထိုသို့သော တဒင်္ဂလေးမှသည် ထာဝရအဆင့်သို့ရောက်အောင် မိမိ၏ပါရမီကုသိုလ်ကို အဆင့်မြှင့်၍ ရင့်သထက်ရင့်စေရန် ပါရမီဖြည့်ကျင့်ပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ထာဝရအေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်မသွေ ရောက်ရှိစေနိုင်သော နည်းမှန်လမ်းမှန် ဖြစ်၍ ဘေးအန္တရာယ် ကင်းဝေးစေသည့် ဗုဒဒ္ဓအလိုကျ ဓမ္မယတြာမှန်ကို ကိုယ်စီကိုယ်ငှ ကြိုးစားပြုလုပ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။ ။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)

ကျမ်းကိုး ။ ။နှစ်ဖက်လှ ဦးကျော်လွင် “ကျန်းမာရေးအတွက် မြတ်ဗုဒ္ဓဟောကြားချက်များ”

တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ “အာပတ်နှင့် စုတေလျှင်”

အရှင်ဇနကာဘိဝံသ “အဘိဓမ္မတ္ထသင်္ဂဟ ဘာသာဋီကာ”

အဘိဓမ္မာ၊ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ ဋီကာ။ ၀ိဘင်းအဋ္ဌကထာ၊ ဋီကာ။ ၀ိသုဒ္ဓိမဂ်။

Monday, February 21, 2011

လောကဇာတ်ခုံ



လူတိုင်းလိုလိုပဲ လောကဇာတ်ခုံဆိုတဲ့ စကားလုံးကို ပြောဖူးကြ၊ ကြားဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက ကြားဖူးခဲ့ပါတယ်။ မှန်ပါတယ်။ လောကဟာ ဇာတ်စုံ ကနေတဲ့ ဇာတ်ခုံကြီးလိုပါပဲ။ လောကကြီးဟာ ဇာတ်ခုံ ဆိုရင် ဒီလောကမှာ ဖြစ်တည်နေထိုင်ကြတဲ့ အများသူငါ သတ္တ၀ါတွေဟာ ဘာတွေဖြစ်မလဲ?။ ရုတ်တရက်တွေးလိုက်ရင် တော့ သရုပ်ဆောင်ဇာတ်ကောင်လေး တစ်ကောင်လို့ ထင်လိုက်ကြမှာပါ။ အမှန်ကတော့- မိမိကိုယ်တိုင်လျှင် မိမိရဲ့ ကိုးကွယ်အားထားရာ ဖြစ်တယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ အတိုင်း လူတစ်ကိုယ် ဇာတ်လမ်းတစ်ပုဒ်အဖြစ်နဲ့ ကိုယ်တိုင် ထုတ်လုပ်၊ ကိုယ်တိုင်သရုပ်ဆောင် နေကြရတာပါ။ လူတိုင်းဟာ မွေးဖွားလာချိန်မှစလို့ သေတဲ့ အထိ ကိုယ့်ဇာတ်ထုပ်ကို နေရာပေါင်းစုံက သရုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အချို့က ကိုယ့်ဇာတ်ကို နိုင်အောင် သိမ်းကြနော်လို့ ပြောတာဖြစ် နိုင်ပါတယ်။ ဘ၀ဇာတ်ထုပ်ကို ကပြသရုပ်ဆောင်ရာမှာ တချို့က ကြီးကျယ်မှုကို ရည်မှန်းပြီး တချို့ကတော့ မြင့်မြတ်မှုကို ရည်မှန်း သရုပ်ဆောင်ကြပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မှီ သိဒ္ဓတ္ထမင်းသားရဲ့ အတွေးလေးတွေဟာ စိတ်ဝင် စားဖို့ကောင်းပါတယ်။

ဘုရားအလောင်း တောမထွက်ခင် ကာလမှာ ဖခင်သုဒ္ဓေါသနမင်းကြီး အပါအ၀င် ဆွေးတော် မျိုးတော်အားလုံးတို့က လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ စကြ၀တေးမင်း ဖြစ်ဖို့ ၀ိုင်းပြီး တွန်းအားပေးနေချိန်မှာ သိဒ္ဓတ္ထ မင်းသားက- “သူတို့က ငါ့ကို အကြီးကျယ်ဆုံး ဖြစ်ဖို့အတွက် အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်၊ ငါက အမြင့်မြတ်ဆုံး ဖြစ်ဖို့အတွက် အကြီး ကျယ်ဆုံးတွေကို စွန့်လွှတ်ရမယ်၊ ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်၊ ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့ တန်ဖိုးကို နားမလည်ကြဘူး၊ ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက် အနှစ်အခိုင်အမာမရှိတဲ့ တစ်ဘ ၀ တစ်နပ်စာသာဖြစ်တယ်၊ မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝခိုင်မာတယ်” လို့ ဆင်ခြင်သုံးသပ်ပြီး သစ္စာတရားရှာဖို့ တောထွက်တော်မူခဲ့ပါတယ်။

တောထွက်ခါနီးမှာ အလောင်းတော်မင်းသားရဲ့ ယသော်ဓရာကို သတိပေး၊ ကတိပေး စကားများဖြစ်တဲ့…

“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ်လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်”

ဆိုကာ မြင်းမြတ်မှုအတွက် ကြီးမြတ်မှုတွေကို ကျောခိုင်းခဲ့တာလည်း အတုယူစရာပါ။

လောကဇာတ်ခုံမှ ကြီးမြတ်မှုအတွက် သရုပ်ဆောင်သွားကြတဲ့ နပိုလီယံ၊ ဟစ်တလာ တို့ကိုကြည့်မယ်ဆိုရင် အမြင်မှာ ကြီးကျယ်သလောက် လုပ်ရက်တွေက အနိမ့်ကျဆုံးလို့ ဆိုရလောင်အောင် အသက်ပေါင်းများစွာကို မညှာမတာ သတ်ခဲ့တာ တွေ့ရပါတယ်။ မာသာထရီဇာ (Mother Theresa) ဆိုတဲ့ အမျိုးသမီးကတော့ သူပိုင်တဲ့ ကြီးကျယ်မှုတွေကို စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံမှာ အပယ်ခံ ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ အတွက် အမြင့်မြတ်ဆုံး ကရုဏာလုပ်ငန်းကို သရုပ် ဆောင်သွားတာဟာ ရင်သပ်ရှုမောပြီး သာဓု ခေါ်ကြရမှာပါ။ သူ့ဘ၀ဇာတ်လမ်းဟာ အမြင်မှာ ခမ်းနားထည်ဝါတယ်လို့ မထင်ရပေမယ့် တကယ့်ကို မြင့်မြတ်တဲ့ သရုပ်ဆောင်မှုတွေပါ။ ဒါကြောင့်လည်း သူ့ရဲ့ တဘ၀တာ ဇာတ်သိမ်းခန်းကို အိန္ဒိယနိုင်ငံ သာမက တကမ္ဘာလုံး အမြင့်ဆုံး ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ လူသားစိတ်ရှိသူ အားလုံးက တလေးတစား ဂါရ၀ပြု ကောင်းချီး ပေးကြတာပေါ့။

ယနေ့အချိန်မှာလည်း သူဋ္ဌေးအတော်များများ အမြင့်မြတ်ဆုံး ဖြစ်တဲ့ ပရဟိတ လုပ်ငန်းအတွက် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်နေကြတဲ့ သတင်းကို မကြာခဏ ကြားသိရပါတယ်။ လောကကြီး ကျက်သရေရှိဖို့ အတွက် ဒီလို သရုပ်ဆောင် ကောင်းတွေ အများကြီးလိုပါတယ်။ (အခုစာဖတ်နေသူ ကိုယ်တိုင် ဖြစ်ခဲ့ရင် အတိုင်းထက် အလွန်ပေါ့)။ မြတ်ဗုဒ္ဓရဲ့ အလိုအရ ဘ၀ဇာတ်လမ်းတခုကို လုပ်ကိုင်ကြတာဟာ နှလုံးသားကို တည်မှီတဲ့ အတွေးအကြံ (မနောကံ)၊ နှုတ်က ပြောဆိုတဲ့ (၀စီကံ)၊ ကိုယ်နဲ့ လှုပ်ရှားလုပ်ကိုင်ရတဲ့ (ကာယကံ) စသဖြင့် သုံးမျိုးပဲရှိပါတယ်။ ဒီသုံးမျိုးထဲမှာလည်း"မနော ပုဗ္ဗင်္ဂမာ ဓမ္မာ= သက်ရှိတို့ရဲ့ လုပ်ဆောင်မှု(ဓမ္မ) အားလုံးကို မနောကံက ရှေ့သွားဦးဆောင် ပြုတယ်"ဆိုတဲ့ မြတ်ဗုဒ္ဓ မိန့်ကြားခဲ့တဲ့ တရားတော်အရ ဘ၀ဇာတ်လမ်းမှာ နှလုံးသား (မနောကံ)က ဒါရိုက်တာဖြစ်ပြီး၊ အပြော(၀စီကံ)နဲ့ အပြုအမူ (ကာယကံ) တို့က သရုပ်ဆောင်တွေ ဖြစ်တယ်လို့ ဆိုရမှာပေါ့။

မိမိတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ သိသာမြင်စေတာက အပြောနဲ့ အပြုအမူဆိုတဲ့ သရုပ်ဆောင်ကံ နှစ်မျိုးပါပဲ။ ဒီကံ နှစ်ခုဟာ ကောင်းရင် ကောင်းသလောက် မိမိအတွက်ရော ပတ်ဝန်းကျင့်အတွက်ပါ ကောင်းကျိုးရစေတဲ့ ဘ၀ဇာတ်လမ်း ကောင်းဖြစ်ပြီး ဆိုးရင်တော့ ဇာတ်လမ်းဆိုးကြီး ဖြစ်သွားမှာပါ။ ဒီကံနှစ်မျိုး သရုပ်ဆောင်တာကို ညွှန်ကြားနေတာက မနောကံ (နှလုံးသား) ဖြစ်တာမို့ ဘုရားရှင်ကတော့ နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ရေးဟာ ဘ၀ဇာတ်လမ်း အတွက် အရေးအပါဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နှလုံးကောင်း ဒါရိုက်တာရဲ့ ဇာတ်ညွှန်းအတိုင်း ကိုယ်နဲ့ နှုတ်က သရုပ်ဆောင် လိုက်ရင် အမြင့်မြတ်ဆုံး ဇာတ်လမ်းဖြစ်မှာ မလွဲပါပဲ။

နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ဖို့ အတွက် အရည်အချင်း လေးချက်လိုအပ်တယ်လို့ အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ အပဏ္ဏကသုတ် အရ သိရပါတယ်။ အဲဒီလေးချက်ကတော့-

  1. ၁။ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ် (နေက္ခမ္မ၀ိတတ်)
  2. ၂။ ရန်ငြိုးအာဃာတ လုံးဝကင်းရှင်းပြီး ခွင့်လွှတ်သည်းခံ တတ်တဲ့စိတ်ဓာတ် (အဗျာပါဒ၀ိတတ်)
  3. ၃။ သူတစ်ပါးအပေါ် သတ်ဖြတ်ငြှင်းဆဲလိုမှု၊ မထီမဲ့မြင်ပြုမှု၊ နိုင်ထက်စီးနင်းပြုလိုမှု ကင်းရှင်းပြီး ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ဓာတ် (အ၀ိဟိံသ ၀ိတတ်)
  4. ၄။ အကောင်းအဆိုး အကြောင်းအကျိုးမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတဲ့ အသိမှန် (သမ္မာဒိဋ္ဌိ) တို့ဖြစ်ပါတယ်

ဘယ်သူမဆို ဒီစိတ်ဓာတ်ကောင်းလေးခုကို နှလုံးအိမ်မှာတည်ရှိပြီး နှလုံးကောင်းစိတ်မြတ်ရဲ့ ဦးဆောင်ညွှန်ပြတဲ့ အတိုင်း ကာယကံ၊ ၀စီကံ တို့နဲ့ သရုပ်ဆောင် ပြောဆို ပြုမူနေထိုင်မယ်ဆိုရင် သူတို့ရဲ့ ဇာတ်လမ်းဟာ လောကနဲ့လည်း အံဝင် သာသနာနဲ့လည်း မဆန့်ကျင်တဲ့ အတွက် လောကအနေနဲ့လည်း အမြတ်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်သလို သာသနာတော် (ဓမ္မ)အရ ကြည့်ရင်လည်း အာသဝေါ ကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ထိ အမြင့်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်အောင် ကျင့်ဆောင် နေထိုင်သူလို့ ဆိုနိုင်ပါတယ်။

မိမိတို့တွေ မွေးဖွားခြင်းကနေ စခဲ့ရတဲ့ ဘ၀ဇာတ်လမ်းမှာ ဇာတ်ညွှန်းကောင်း သရုပ်ဆောင်ကောင်းစွာနဲ့ လောကဇာတ်ခုံမှာ ဇာတ်သိမ်းနိုင်သလို ဇာတိ အစ မရဏအဆုံးဆိုတဲ့ ဘ၀တိုတိုမှာ စိတ်ကောင်းနှလုံးမြတ် ရှိပြီး ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။

အောင်ဦး

ကိုးကား။ ။ဓမ္မဘေရီ အရှင်ဝီရိယ ရေးသော လောကကျက်သရေ စာအုပ်။

Saturday, February 19, 2011

တုမဲ့ဟန်နှင့် ရတနာစစ်


တုမဲ့ဟန်နှင့် ရတနာစစ်

ရတနာ လို့ ကြားလိုက်ရင် လူတိုင်း မျက်လုံးလေးတွေ လဲ့သွားကြတယ်။ မြင်လိုက်ရတဲ့သူဆိုရင် သူတို့ စိတ်ထဲမှာ ကြည့်နူးသွားကြတယ်။ တစ်ချို့ဆို ပါးစပ်လေး အဟောင်းသာနဲ့ ခဏလေးတောင် ငိုင်သွား တတ်ကြတယ်။ လူတိုင်းလဲ မြတ်နိုး တန်ဖိုးထား ကြပါတယ်။ ဘာကြောင့် ရတနာကို လူတိုင်း မြတ်နိုးကြတာလဲ။ ဘာကြောင့်များ မက်မောကြတာလဲ။ မြတ်နိုးစရာ ကောင်းတဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ အရည်အချင်းတွေ အရောင်အသွေး တွေရှိနေလို့ပါပဲ။ လမ်းဘေးက အလေ့ကျ ပေါ်လာတဲ့ကျောက်၊ လမ်းခင်းဖို့ ချထားတဲ့ကျောက် ကိုတော့ လူတိုင်း အမြတ်တနိုး တန်ဖိုးမထားပါဘူး။ သူမှာတော့ သူအရည်အသွေးက ဒီနေရာမှ သုံးသင့်တယ် သုံးရမယ်ဆိုတဲ့ အရည်အချင်းပါပြီးသားပါ။ အဲဒီလိုကျောက်မျိုးကို ဘယ်သူပုဂ္ဂိုလ်ကမှ မိမိ လက်ဝတ်တန်ဆာအဖြစ် မပန်ဆင်ကြပါဘူး။ ထပ်ပြီး မေးခွန်းတစ်ခုပေါ်လာပြန်တယ်။ ကျွန်တော်တို့တွေ ဘာကြောင့် သုံးသင့် မသင့် ရတနာထိုက်မထိုက် ခွဲခြားလိုက်တာလဲ။ အဖြေကတော့ ရတနာဂုဏ်တွေကြောင့်ပါ။ ဟုတ်ပါပြီး။ နောက်တစ်ခုမေးခွန်းတစ်ခုက အဲဒီ ဂုဏ်အင် တွေက လူတိုင်းရော သိကြရဲ့လား။ လောကီရတနာ တွေဖြစ်တဲ့ ပုလဲ၊ မြ၊ စိန်၊ သန္တာ၊ ပတ္တမြား၊ ငွေ၊ ရွှေ စတဲ့ ဒီလို ရတနာတွေ လူတိုင်း တန်ဖိုးထားကြပါတယ်။ တန်ဖိုးထားတတ်ရမှန်းသိတဲ့ အသိလဲ ရှိပါတယ်။ ရတနာကို တန်ုဖိုးထားထိုက်တယ်၊ ဆိုတဲ့အသိက အရေးကြီးပါတယ်။

ဥပမာဆိုပါစို့ သမင်လေးတစ်ကောင် မြက်ခင်းပေါ်လေးမှာ မြက်နုလေးတွေကို စိတ်တိုင်းကျ စားသောက်နေတယ်။ အဲဒီမြတ်နုလေးပေါ်မှာ နီရဲပြီး နှစ်သက်ဖွယ်ကောင်းတဲ့ ပတ္တမြားလေး တစ်လုံး ရှိမယ်ပေါ့။ သူနေ့အနေနဲ့တော့ မြတ်နုလေးတွေကိုပဲေ၇ွးစားသွားမှာ။ ရတနာကို ရတနာမှန်းမသိလို့ မြတ်နုလေးကိုပဲ အာရုံစိုက် နှစ်ခြိုက်ပြီး စားသောက်သွားမှာ ဆိုတာ သေချာပါတယ်။ ဒါကြောင့် ရတနာကို ရတနာမှန်းသိနိုင်တဲ့ အသိက အလွန် အင်မတန်အရေးကြီးပါတယ်။ ရတနာဂုဏ်အင်တွေ သိဖို့ အရေးကြီးပါတယ်။ ရတနာဂုဏ်အင်္ဂါတွေက၊

(၁) ရိုသေမြတ်နိုးထိုက်တယ်။

(၂) တန်ုဖိုးကြီးတယ်။

(၃) အတုမရှိပါဘူး။

(၄) မြင်နိုင်ခဲပါတယ်။

(၅) မြင့်မြတ်သူတို့ အထက်တန်းစားတွေမှ သုံးထိုက်ပါတယ်။

လောကီရတနာ ကတော့ အသိဉာဏ်ရှိတဲ့ လူတိုင်း သိနိုင်ကြပါတယ်။ လေကုတ္တရာရတနာ ကိုတော့ လူတိုင်း သိဖို့ မလွယ်ကူလှပါဘူး။

ရတနာကို ရတနာမှန်းသိပြီးဆိုရင် ရတနာ အစစ်ကို ထပ်ပြီးစီစစ်သိဖို့ လိုအပ်နေပြန်ပါတယ်။ တကယ့် ရတနာ အစစ်ကဘာလဲ။ လောကီရတနာတွေထက် တန်ဖိုးကြီးတဲ့ ရတနာတွေများ ရှိသေးလား။ ရှိသေးတယ်ဆိုရင် ဘာတွေလဲ။ ဘယ်လိုမျိုးလဲဆိုတာ သိသင့်နေပါပြီး။ လောကီရတနာတွေထက် တန်ဖိုးကြီးတဲ့ ရတနာတွေ ကျွန်တော်တို့ သာသနာရောင်ဝါထွန်းလင်းလှတဲ့ မြန်မာပြန်မှာ စိန်၊ ပတ္တမြား စတဲ့ လောကီရတနာတွေထက် တန်ဖိုးကြီးတဲ့ ရတနာတွေ ရှိနေပါတယ်။ ဒါကိုတော့ လောကုတ္တရာ ရတနာ၊ ရတနာ အစစ်လို့ခေါ်ပါတယ်။ ဒါကြောင့်လဲ ဗုဒ္ဓသာသနာမှာ ရတနာသုံးပါးရယ်လို့ အထင်အရှား၇ှိနေပါတယ်။

(၁) ဘုရားရတနာ

(၂) တရားရတနာ

(၃) သံဃာရတနာ

ဆိုပြီး ရတနာသုံးပါးဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဘယ်လိုရတနာနဲ့ ခိုင်းနှိုင်း တင်စားသလဲ ဆို၇င်။ ပတ္တမြားရတနာနဲ့ ခိုင်းနှိုင်းတင်စားထားပါတယ်။

လယ်တီဆရာတော်ဘုရားကြီး ရေးစပ်ထားတဲ့ ဘုရားရှိခိုးတစ်ခုရှိပါတယ်။

“သောဘဂ၀ါ - ထိုမြတ်စွာဘုရားသည် ၀ါ အသဘိန္န ခတ္တိယဟု၊ သမ္မတမင်းရိုး၊ အမျိုးသာကီ၊ ပြည်ကပ္ပီမှ၊ လေးလီနိမိတ်၊ သံဝေစိတ်ကြောင့်၊ တောရိပ်ခိုစံ၊ ကျင့်ခြိုးခြံလျက်၊ မြလျှင်ရွက်စိပ်၊ ရွှေညောင်ရိပ်ဝယ်၊ ဖိတ်ဖိတ်ရောင်ရွှင်၊ ရွှေပလ္လင်ထက်၊ ငါးအင်မာန်အညစ်၊ ရန်အစစ်ကို ၊ ခေတ်ဇာတိလုံးပဲ့တင်းချုန်းလျက်၊ ဘုန်းဖြင့်လွယ်ကူ အောင်တော်မှု၍၊ လူမင်းတကာတို့၏ ဥက္ကဌ်၊ နတ်မင်းတကာတို့၏ ရာဇာ၊ ဗြဟ္မာမင်းတကာာ တို့၏မကိုဋ်၊ အမြိုက်ခေါင်းဖျား သောင်းထိုက်သားတို့၏ ပတ္တမြား မျက်ရှင်ကြီး တစ်ဆူဖြစ်တော်မူသော ” ဒီဘုရားရှိခိုးလေးကို နှလုံးသွင်းလိုက်မိခြင်းအားဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ တကယ်ပဲ ပတ္တမြား ရတနာပါ့လားလို စိတ်ထဲမှာ ကြည်နူးမိပါတယ်။

(၂) တရား(ဓမ္မ)ရတနာကိုတော့ ရတနာတွေထဲက စိန် ရတနာနဲ့ တင်စားထားပါတယ်။ စိန်ဆိုတဲ့သဘောက Pure Carbon ပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကင်းစင်ခြင်းဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်အညစ်အကြေးနဲ့ တူတဲ့ (၁၀) ပါးသော ကိလေသာတို့ အပြီးသတ်ကင်းစင်နိုင်တဲ့ စွမ်းအားတွေ သတ္တိတွေဟာ တရားဓမ္မ တွေထဲမှာ ရှိပါတယ်။

(၃) သံဃာရတနာကိုတော့ ရတနာတွေက ပုလဲ ရတနာနဲ့ ပမာပြု တင်စားထားပါတယ်။ ဖြူစင်ခြင်း အေးမြတဲ့ သဘောတွေ အပြည့်အ၀ ရှိတဲ့ သံဃာတော် မြတ်ကြီးတွေရဲ့ သီလတရား၊ သမာဓိတရား၊ ပညာတရား တွေဟာ တကယ်ပဲ ပုလဲလုံးလေးတွေလိုပါပဲ။

ဒါကြောင့်

ဘုရားရတနာသည် ပတ္တမြား၊ တရားရတနာသည် စိန်၊ သံဃာရတနာသည် ပုလဲ စတဲ့ လောကီရတနာလေးတွေနဲ့ သိသာအောင် နားလည်လွယ်အောင် ပမာပြု တင်စားထားပါတယ်။

ဗဟုသုတပေါ့၊ ပတ္တမြားတဲ့ ခံနိုင်ရည်စံနူန်း၊ မာကျောခြင်းအဆင့်က ၉ ပါ၊ စိန်က တော့ ၁၀ ပါ၊ ပုလဲကတော့ (၈) ပါ၊ စိန်ကတော့ ဒီအထဲမှာ စံနူန်းအမြင့်ဆုံးပါ။

လောကီရတနာတွေအတိုင်းပဲ..

ရတနာအရည်အသွေးလေးက..

၁။ စိတ်၌စွဲကပ်၍ အလေးအမြတ် ပြုအပ်သောကြောင့် ရတနာမည်၏။

လောက၌ နှစ်သက်မြတ်နိုးအပ်သော သက်ရှိသက်မဲ့ အရာအမျိုးမျိုး ရှိကြရာ ဘုရားတည်းဟူသော ရတနာကား လူသတ္တ၀ါသာမက နတ်များ၊ ဗြဟ္မာများကပင် လေးစား ပူဇော်ကြရသည်။

၂။ အဖိုးများစွာ ထိုက်တန်၏။

ဗုဒ္ဓလက်ထက်တော်အခါက ဇောတိက ဇဋိလ စသော ကုဋေကုဋာကြွယ်ဝသော သူဋ္ဌေးကြီးများ၌ အဖိုးမဖြတ်နိုင်သော လောကီရတနာ အမျိုးမျိုး ရှိကြ၏၊ ထိုရတနာများကို ဖယ်ခွါ၍ ဘုရားရှင်ထံ လာရောက်ဆည်းကပ်ကြရသည်မှာ ဘုရားရှင်၏ တန်ဖိုးအနဂ္ဃကို သိရှိကြ၍ ဖြစ်၏။

၃။ အတုမရှိသောဂုဏ် ရှိ၏။

ဘုရားရှင်၌ ဘ၀ပေါင်းမရေမတွက်နိုင်အောင် သူတကာတို့ထက်ပို၍ ကုသိုလ်ပါရမီများ ဆည်းပူးခဲ့ရ၊ သူမတူအောင် ဖြည့်ခဲ့ရ၍ အကျိုးဂုဏ်အင်လည်း သူတပါးထက် သာလွန် များပြားလှပေသည်၊ အရာရာတွင် ယှဉ်ပြိုင်နိုင်သူ မရှိ၍ အနုတ္တရပုဂ္ဂိုလ်ထူး ဖြစ်လေသည်။

၎။ မြင်တွေ့ရခဲသည်။

မြတ်ဗုဒ္ဓကဲ့သို့သော ပုဂ္ဂိုလ်ထူးသည် ကမ္ဘာများစွာကြာမှ တခါတရံ ပေါ်ပေါက်သဖြင့် မြင်ရခဲသည်၊ တခါလွဲချော်သွားလျှင် ဘ၀ပေါင်းများစွာ အတောမသတ် မျောကြရပေလိမ့်မည်။

၅။ သူမြတ်တို့သာ သုံးဆောင်ရာ ဖြစ်၏။

သုံးဆောင်သည်ဆိုရာ၌ မှီဝဲဆည်းကပ်ခြင်း၊ အဆုံးအမကို နာယူခြင်း၊ ဆုံးမချက်အတိုင်း လိုက်နာ ကျင့်ကြံခြင်းဖြင့် မဂ်ဖိုလ်ကို ရယူခြင်းများကို ဆိုလိုသည်၊ လောကီရတနာများကို လူသာမန်များပင် သုံးဆောင်နိုင်ကြသည်ကို အထင်အရှား တွေ့မြင်ရ၏၊

ဘုရားရတနာကား ရှေးကောင်းမှု ရှိကြသောသူ၊ ဘုန်းကံရှိသူ လူမွန်လူမြတ်များသာ သုံးဆောင်ရာ ဖြစ်၏။

ဤအဓိပ္ပါယ်ကို ပညာရှိကြီးများက လင်္ကာဖြင့် ဖော်ပြခဲ့သည်မှာ-

လေးစားမြတ်နိုး၊ အဖိုးထိုက်တန်၊ တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲကတ်၊

သူမြတ်တို့သာ၊ သုံးဆောင်ရာသည်၊ မှတ်ပါ ရတနာအနက်တည်း။ဟူ၍ ဖြစ်၏။

ကျွန်တော်တို့ မြတ်ဗုဒ္ဓရဲ့သာသနာမှာ ရတနာသုံးပါးအပြင်၊ နောက်ထပ် ရတနာ(ရ)ပါးလဲ ရှိပါသေးတယ်။ အဲဒီရတနာ (ရ) ပါးကတော့ သူတော်ကောင်ဥစ္စာ ခုနှစ်ဖြာဆိုပြီး ထင်ရှားတဲ့

သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ ပဲ ဖြစ်ပါတယ်။ သဒ္ဒါ- ယုံကြည်မှုရှိခြင်း၊ သီလ-ကိုယ်၊ နုတ်၊ နှလုံး စောင့်ထိန်းခြင်၊ သုတ-အကြားအမြင် ဗဟုသုတများခြင်း၊ စာဂ- ပေးကန်းစွန့်ကြဲခြင်း၊ ဟီရိ- မကောင်းမှုပြုရာသည်ကို ရှက်ခြင်း၊ သြတ္တပ- မကောင်းမှုပြုရသည်ကို ကြောက်ရွံ့ခြင်း တို့ဖြစ်ပါတယ်။ ရတနာ (ရ) ပါးကို လောကီရတနာ တွေနဲ့ ပမာပြ တင်စားထားပုံကတော့

ဟီရိ ကျော့ငွေ၊ သြတ္တရွှေနှင့်၊ နံ့မွှေးကြားပုံ ခတ်ရုံသန္တာ၊ သဒ္ဒါ မြင့်မြ၊ သီလပုလဲ၊ စွန့်ကြဲ မဏိ၊ ဗုဒ္ဓိ ၀ရဇိန် တောက်ထိန်ခုနှစ်ပါး ဥစ္စာများကို ဆိုပြီး ရတနာ ခုနှစ်ပါးပဲ ဖြစ်ပါတယ်။

ဟီရိ ဆိုတဲ့ မကောင်းမှု ပြုဖို့များ အရှက်တရား ၇ှိမယ်ဆိုရင် မိမိလက်ထဲမှာ ငွေ ၅၀၀၀ တန်တွေ အထုပ်လိုက် မကိုင် နိုင်ရင်နေပါစေ။ မိမိနှလုံးသားထဲမှာတော့ မဟောင်းနွမ်းနိုင်မယ့် ကုသိုလ်ငွေလေးတွေ နှလုံးသား ဘဏ်တိုက်ထဲမှာ အထပ်လိုက်သိမ်းဆည်းပြီးသား ပြီးနေပါပြီ။ ထိုအတူပဲ မကောင်းမှုပြုရမှာ ကြောက်တယ်ဆိုတဲ့ စိတ်လေးများရှိရင် ရွှေတွေရပါပြီး။ နံမွှေးကြားပုံ ခတ်ရုံသန္တာ - သူတော်ကောင်းတရာတွေ နားကြမယ်၊ လောကီလောကုတ္တတရား နှစ်ပါးလုံး အကျိုးဖြစ်စေမယ့် ပညာရပ်တွေလေ့လာမယ် သင်ယူမယ်ဆိုရင် မိမိမှာ သန္တာ တွေ စုရုံးရောက်နေပါပြီး။ သဒ္ဒါမြင့်မြ - မိမိကိုယ်ကိုယ် ယုံကြည်မှု၊ ဘုရား၊ တရား သံဃာ အပေါ်မှာ ယုံကြည်မှုတွေ ရှိနေမယ်၊ ပေးကမ်းလိုတဲ့ သဒ္ဒါတရား ရှိမယ်ဆိုရင် မြ ရတနာတွေ အပြည့်ရှိနေပါပြီ။ သီလ ပုလဲ - မိမိမှာ ကိုယ့်နုတ်နှလုံးကို စောင့်ထိန်းတတ်တဲ့ သီလတရား ရှိနေမယ်ဆိုရင် ပုလဲတွေ ရနေပါပြီ၊ စွန့်ကြဲ မဏီ - စွန့်ကြဲမေးကမ်းမှု စာဂ တရားရှိမယ်ဆိုရင် မိမိမှာ ပတ္တမြားတွေ အလုံးလိုက် ရမှာ သေချာနေပါတယ်။ နောက်ဆုံးတစ်ခု ဗုဒ္ဓိ ၀ရဇိန် - အရာရာကို နားလည်တတ်ခြင်း၊ နားလည်ပေးတတ်သော ပညာတရားသာ ရှိမယ်ဆိုရင် စိန်တွေ မိမိမှာ ရှိနေပါပြီ။

အခုလောက်ဆိုရင် အဖိုးဖြတ်မရတဲ့ ရတနာတွေကို ကျွန်တော်တို့တွေ ကောင်းကောင်း သဘောပေါက်ပါပြီ။ ရတနာတွေ ကို ဘယ်လိုစုရမလဲဆိုတာလဲ နားလည်ပါပြီ။ တန်ဖိုးလဲ ထားတတ်ပါပြီး၊ ရင်ထဲ နှလုံးသားထဲကို ရောက်လာတဲ့ ရတနာကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာလဲ အရေးကြီးပြန်ရော။

ရရှိထားတဲ့ ရတနာကို မမှိန်အောင် အမြဲတမ်းသွေးနေရပါမယ်။ ရတနာ ဆိုတာ အရောင်အသွေး ရယ်၊ အရောင်အလဲ့ရယ် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဥပမာဆိုပါစို့ သဒ္ဒါတရား ဆိုတဲ့ မြ ရတနာ လေး ကျွန်တော်တို့ နှလုံးသားထဲရောက်လာပြီး ဆိုပါတော့ ဒီရတနာလေး မပျောက်ပျက်အောင် ထိန်းသိမ်းသလို့ သဒ္ဒါတရားလေး မပျောက်ပျက်အောင် မိမိမှ ကုသိုလ်အလုပ်တွေနဲ့ သွေးနေဖို့ လိုပါတယ်။ သွေးလေလေ၊ သဒ္ဒါဆိုတဲ့ မြရတနာလေးက အရောင် တက်လေလေ၊ အရောင် တက်လေလေ ပိုပြီးတော့ တန်ဖိုးကြီးလေလေ ပါပဲ။ တစ်ချို့ဆိုရင် အရောင်အသွေးရှိပြီး အရောင်မလဲ့တဲ့ ရတနာတွေ အများကြီးရှိပါတယ်။ မသွေးသေးလို့ အပေါ်က အညစ်အကြေးတွေ ဖုံးနေတာ။ ဒီလိုဖုံးနေလို့လဲ အရောင်မလဲ့တာပေါ့။ အရည်အသွေးလဲ ရှိ သွေးထားလို့ အရောင်လဲ လဲ့နေမယ်ဆိုရင် သိပ်တန်ဖိုးကြီးပါတယ်။ ကျွန်တော် တို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ အရည်အသွေးလဲ ရှိတယ်။ အရောင်အသွေးလဲ လဲ့ပါတယ်။ ဒါကြောင့်လဲ သုံးလူ့ထွဋ်ထား မြတ်ဘုရားဆိုပြီး ထင်ရှားကျော်စောတာ ဖြစ်ပါတယ်။

လူတိုင်း လူတိုင်းမှာတော့ ကိုယ်စွမ်းနိုင်တဲ့ အရည်အသွေးတွေ ကိုယ်စီရှိကြပါတယ်။ မသွေးလို့သာ အရောင်မလဲ့ကြတာပါ။ သွေးလိုက်ရင် တန်ဖိုးတက် အရောင်လဲ့လာမှာ သေချာပါတယ်။ အရောင်လဲ့ဖို့ထက် သွေးဖို့က အဓိက ပိုကျပါတယ်။ တစ်နေ့တော့ အရောင်လဲ့မှာပါ။ အားသွန်ခွန်စိုက် ကြိုးစားပြီးသာသွေးပါ။ သွေးတယ်ဆိုတာ မိမိအရည်အချင်း မိမိ မြှင့်အောင် ကြိုးစားခြင်း ကိုဆိုလိုတာပါ။ မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြီးဆိုလဲ လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခြင်းနဲ့ သွေးလာခဲ့တာပါ။ ဘယ်လိုသွေးခဲ့တာလဲ မေးရင် ပညာနဲ့သွေးခဲ့တာပါ။ ဒါကြောင့်လဲ ဘုရားရတနာ ရယ်လို့ အရည်အသွေးလည်းရှိ၊ အရောင်အလဲ့ လည်းရှိ အားလုံးပြည့်စုံနေခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးအနေ့နဲ့ ရတနာကို တန်ဖိုးထားနိုင်စေချင်ပါတယ်၊ တန်ဖိုးထားတတ်တဲ့ အသိလဲ ရှိစေချင်ပါတယ်။ လောကီရတနာတွေထက် တန်ဖိုးကြီးလှတဲ့ ရတနာတွေ ထာဝရ ပိုင်စေချင်ပါတယ်။ ပိုင်ဆိုင်လျက်ရှိတဲ့ ရတနာတွေကိုလဲ ပိုပို ပြီး တန်ဖိုးတက်အောင်၊ အရောင်လဲ့အောင် စောင့်ရှောက်သလို၊ သွေးနေသလို၊ မိမိမှာရှိတဲ့ ကိုယ့်စီ ကောင်းမွန်တဲ့ စိတ်ကောင်းလေးတွေကို တစ်နေ့ပြီးတစ်နေ့ တန်ဖိုးတက်အောင် သွေးကြပါလို့….တိုက်တွန်းရင်း……………………….

စိုးစံမောင်

www.dhammathukha.com