ပါရာဇိကကျသော ရဟန်းသည် ရဟန်းဘ၀က လူထွက်လိုက်လျှင် စင်ကြယ်သွား၍ ထိုလူ့ဘ၀တွင်လည်းကောင်း၊ သာမဏေဘ၀တွင်လည်းကောင်း မဂ်ဖိုလ်ရနိုင်သည်ဟု ဆိုပါသည်။ ထိုစကားမှန်ပါသလား၊ မည်ကဲ့သို့ လူထွက်ရမည်၊ ရှင်သာမဏေပြုရသည်ကို ရှင်းလင်းဖြေကြားပေးပါရန် ပန်ကြား အပ်ပါသည်ဘုရား။
သာသနာသန့်ရှင်းစင်ကြယ်ရေး
လုပ်သားတစ်ဦး
”သာသနာတော်၌ သဒ္ဓါ၍ ရဟန်းပြုကုန်သော ပုဂ္ဂိုလ်မြတ်တို့ သုတ်သင်စောင့်ရှောက်အပ်သော သီလသည် ပါတိမောက္ခရသံဝရ သီလ၊ ဣန္ဒြိယ သံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတ သီလအားဖြင့် ၄ပါး အပြားရှိ၏။ ထိုလေးပါးတို့တွင် အာပတ် ၇ဘုံသို့ မရောက်စေရအောင် သုတ်သင်စောင့်ရှောက်ထိန်းသိမ်းသော ရဟန်းတို့၏ သီလသည် ပါတိမောက္ခသံဝရသီလမည်၏။ မတော်တဆကျရောက်ခဲ့လျှင်လည်း ဒေသနာဂါမ် အာပတ်ဖြစ်အံ့။ ဒေသနာဂါမ်ဖြင့် ကုသခြင်း၊ ၀ုဠာနကံအာပတ်ဖြစ်အံ့ ၀ုဠာနကံဖြင့် ကုသခြင်း၊ ပါရာဇိက အာပတ်ဖြစ်အံ့ သီတင်းသည်၏အဖြစ်၊ သာမဏေ၏အဖြစ်ကို ၀န်ခံခြင်းပြုသော ပုဂ္ဂိုလ်၏ သီလသည်လည်း ပါတိမောက္ခ သံဝရသီလပင်ဖြစ်၏။( ဤ၌ မဂ်ဖိုလ်အကျိုးငှာ ကျင့်အပ်သော သီတင်းသည်၏ သီလကို ယူစေ လိုသည်။
(သီလ၀ိသောဓနီကျမ်း)
သီလ၀ိသောဓနီကျမ်းကား မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် စတုတ္ထအင်းဝမြို့တည် မင်းတရားကြီး ညီတော် သာယာဝတီ မင်းလက်ထက် ”ဘဒ္ဒန္တ၀ိနန္ဒာသဘ” မည်သော တတိယခုံမော်ဆရာတော်ပြုစုသည့် ၀ိနည်းကျမ်း မျှပင်ဖြစ်ပါ၏။ ထိုကျမ်း စာမှာ ၀ိနည်းဆိုင်ရာ၌ အကျဉ်းချုပ် မျှသာဆိုသော်လည်း ကုန်းဘောင်ခေတ်ဦး၊ ခေတ်လယ် ရှေ့တန်းရောက် ဆရာတော် ဘုရားကြီးများ၊ ၀ိနည်းလေးစားပုံ၊ ကျင့်ဆောင်ပုံတို့ကို ထုတ်ဖော်ရေးသားထားသဖြင့် အားကျဖွယ် အတုယူဖွယ် ကောင်းလှ ၍ အမြဲဖတ်ရှုလေ့လာသင့်သော ကျမ်းမြတ်တစ်ဆူ ဖြစ်ပါပေ၏။
ထိုကျမ်းစာတွင် စလျှင်စခြင်း ဖော်ပြပါအတိုင်း သီလကြီးလေးပါးကို မာတိကာစဉ်၍ ရှေးဦးစွာ ပါတိမောက္ခသီလကို ဖော်ပြ ရာ၌ ပါရာဇိက အာပတ်ဖြစ်အံ့၊ သီတင်းသည်၏အဖြစ်၊ သာမဏေ၏အဖြစ်ကို ၀န်ခံခြင်းကိုပြုသောပုဂ္ဂိုလ်၏ သီလသည် လည်း ပါတိမောက္ခသံဝရပင်ဖြစ်၏ ဟု ထူးခြားသော အဆုံးအဖြတ်တစ်ရပ်ကို မှတ်သားဖွယ်ရာဖတ်ရှုမိပါသည်။
ဤ၌ ထူးခြားသောဟူသည်မှာ အတွေ့အကြုံရ နည်းပါးသဖြင့် ထူးထူးခြားခြား ဖြစ်နေရခြင်းမျိုးဟုဆိုလျှင် မမှားနိုင်ချေ၊ ဒေသနာဂါမ်အာပတ်တို့ကို ဒေသနာဂါမ်ဖြင့် ကုသနေခြင်းကို တွေ့နေကျဖြစ်၏။ ၀ုဠာနကံအာပတ်တို့ကို ၀ုဠာနကံဖြင့် ကုသနေကြခြင်းကို ရံဖန်ရံခါ တွေ့ကြရ၏။ ( အချို့နယ်များ တွင် ပရိဝါသ်မာနတ်ပွဲများကို နှစ်စဉ်လို တွေ့နေကြရပါသည်။) ပါရာဇိကအာပတ်ကို သီတင်းသည်အဖြစ်၊ သာမဏေအဖြစ် ကုသခြင်းကိုကား မတွေ့ကြုံရသလောက် ဖြစ်၏၊ အဖြစ်နည်း သော အာပတ်ဖြစ်၍လည်း ဖြစ်နိုင်ပါ၏။
သို့သော် ဤအဖြစ်မျိုးသည် နည်းပါးလှသည်ဟုကား မဆိုနိုင်ပါ။ ပုဂ္ဂိုလ်၏ စိတ်အားလျော်စွာ လျှို့ဝှက်ထားမှုကြောင့် အသိနည်းနေရခြင်းဖြစ်သည်ဟု ဆိုချင်၏။ အကြောင်းအားလျော်စွာ ဖော်ထုတ်သူပေါ်ပေါက်လာ၍ ထင်ရှားလာရမှု များကို လည်း ဂိုဏ်းပေါင်းစုံ ညီညွတ်ရေးအစ တစ်ခါသောအခါက ပေါ်ပေါက်ထင်ရှားလာကာ ကုသသွားရခြင်းဟု သုံးရသည်မှာ သက်သက်ညှာညှာ သုံးလိုက်ခြင်းသာ ဖြစ်ပါသည်။ မဂ်ဖိုလ်အကျိုးငှာကျင့်အပ်သော သီတင်းသည်ဟူသော မှတ်ချက်စာ အရ ထိုပုဂ္ဂိုလ်တို့ ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားသင့်ကြပေသေးသည်။
ထိုကိစ္စနှင့်စပ်၍ ” ပါရာဇိကကျသောရဟန်းသည် အာပတ်ကို မကုစားပဲ( လူမထွက်ဘဲ၊ သာမဏေအဖြစ် ၀န်မခံဘဲ) ငါရဟန်းဟု ၀န်ခံလျှင် ရဟန်း ကောင်းတို့နှင့် ပေါင်းဖော်နေလျှင် သရဏဂုံပျက်၏၊ သေသည့်နောက်၌ အပါယ်လေးပါး သာလျှင် လားရာရှိ၏။ ၄င်းကို ထေယျသံဝါသက၌ သွင်းရ၏” ဟု အချို့ဆုံးဖြတ်သည်ကို တွေ့ရ၏။
ပါရာဇိကရဟန်း သရဏဂုံပျက်ခြင်းနှင့် စပ်၍ကား ဤသို့ ယူဆသင့်ကြောင်း ဆုံးဖြတ်ကြကုန်၏။ ရဟန်းဖြစ်သော သူသည် ပါရာဇိကျသော်လည်း ရဟန်းအသွင်၌တည်၍ ငါရဟန်းဟု ၀န်ခံနေသေးသမျှ ရဟန်းပင် ဖြစ်နေ၏။ ထိုပါရာဇိကရဟန်းကို ရဟန်းမဟုတ်ဟု မဆိုနိုင်၊ ရဟန်းကောင်းတို့နှင့် ပေါင်းဖော်နေသော်လည်း ထေယျသံဝါသက (ထေရ်ခိုး) ဟု မဆိုရ ကြောင်း ၀ိနည်းဋီကာတို့တွင် အတိအလင်းဖွင့်ဆို၏။
သရဏဂုံတည်၊ မတည်နှင့် ပက်သက်၍ကား သရဏဂုံသည် လောကီလောကုတ္တရာ သရဏဂုံနှစ်ပါးရှိရာတွင် လောကုတ္တရာ သရဏဂုံ မဆိုလိုသည်မှာ ထင်ရှား၏။ လောကီသရဏဂုံ ရဟန်းနှင့် မစပ်ဆိုင်ဟု ဆိုသင့်၏။ အဘယ်ကြောင့်ဆိုသော် သရဏဂုံ ခံယူခြင်းမှာ လူပုဂ္ဂိုလ်တို့အနေဖြင့် ဘုရား တရား သံဃာ ရတနာသုံးပါးတို့၌ ကြည်ညိုလေးစား အားထားယုံကြည်စွာဖြင့် ” ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊” ဟူသော သရဏဂုံသုံးပါးကို သုံးကြိမ်တိုင်တိုင် နှုတ်မြွက်ခံယူ၍ သရဏဂုံတည်သော လူဥပါသာအဖြစ် ရရှိပေသည်။
တစ်ဖန် ဥပါသကာအဖြစ်မှ သာမဏေပြုလိုသောအခါ ဆံရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်းတို့ကို ပြု၍ သာမဏေဆိုင်ရာ သရဏ ဂုံကို ဌာန်ကရိုဏ်းပီသစွာ ရွတ်ဆိုယူ၍ သာမဏေအဖြစ်သို့ ရောက်ရ၏။ ထိုအခါ လူ့အဖြစ်က သရဏဂုံသည် မရှိတော့ဘဲ သာမဏေသရဏဂုံဖြင့်သာ သာမဏေဘ၀ တစ်လျှောက်လုံး တည်ရလေတော့သည်။ ထိုမှတက်၍ ရဟန်းဘ၀သို့ ကူးပြောင်းလိုသောအခါတွင် ဥပသမ္ပဥတ္တိ စတုတ္ထကမ္မ၀ါစာဖြင့် ရဟန်းခံယူ ရပေရာ သရဏဂုံဖြင့် ဖြစ်ရသော သာမဏေအဖြစ်သည်လည်း ရဟန်းဘ၀သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကုန်ဆုံးသွားရပေတော့သည်။
ထိုရဟန်းသည် ပါရာဇိကအာပတ်သို့ ရောက်၍ ရဟန်းစစ် ရဟန်းမှန် မဟုတ်သောအခါ ရဟန်းအသွင်မပျောက်သေး၍သာ ရဟန်းဟုဆိုနေရ သော်လည်း ရဟန်းသိက္ခာလည်း မရှိတော့ပေ၊ သာမဏေလည်းမဟုတ်၍ သာမဏေဆိုင်ရာ သရဏဂုံလည်း မတည်တော့ပေ။ ( သရဏဂုံ ပီပီသသ ဆို၍ ဖြစ်နေရသော သာမဏေလည်း မဟုတ်သဖြင့် သာမဏေ သရဏဂုံ၏ သတ္တိလည်း ယင်း၌ တည်ရှိမနေတော့) လူဥပါသကာ မဟုတ်၍ ဥပါသကာသရဏဂုံလည်းမရှိ၊ လူ့ဘ၀ကရှိခဲ့ဖူးသော သရဏဂုံကလည်း သာမဏေဘုံသို့ အကူးတွင် ကွယ်ခဲ့ပြီမဟုတ်ပါလော။
ရဟန်းသာမဏေတို့အဖို့ သီလသည်သာ ပဓာနဖြစ်ရာ သီလပျက်စီးသောရဟန်းအား အဘယ်မှာလျှင် သရဏဂုံလည်း တည်နိုင်ပါအံ့နည်း။ သီလတည်းဟူသော ဦးခေါင်းပြတ်သူအား သရဏဂုံတည်းဟူသော အသက်သိက္ခာကျန်ရှိမနေ သည်မှာလည်း သဘာဝကျပေ၏။ အမတ်ဘ၀မှ စစ်သူကြီး၊ စစ်သူကြီးဘ၀မှ ဘုရင်ဖြစ်လာသူသည် ဘုရင်ဖြစ်မှ နန်းချခံလိုက်ရသောအခါ မူလမတ်ဘ၀၌လည်း မတည်တော့ဘဲ လူဆင်းရဲဖြစ်သွားရ သကဲ့သို့ပင်တည်း။
ဤနေရာ၌ စောဒနာရာမှာ သရဏဂုံဟူသည် တစ်ခါခံယူထားလျှင် တစ်ဘ၀လုံး မပျက်စီးတော့ပေ။ သေဆုံးကွယ်လွန်လျှင် သော်လည်းကောင်း၊ ဘာသာကူးပြောင်းသွားလျှင်သော်လည်းကောင်း၊ ဤနှစ်မျိုးမရှိသမျှ တစ်ဘ၀လုံးတည်နေနိုင်သည်ဟု အဆိုရှိသည် မဟုတ်ပါလော။ ပါရာဇိက ရဟန်းသည် သေဆုံးကွယ်လွန်သည်လည်းမဟုတ်၊ ဘာသာတစ်ပါးသို့ ပြောင်းသွား သည်လည်း မဟုတ်ပါက စောဒနာငြားအံ့၊ သေဆုံးကွယ်လွန်မှ ဘာသာတစ်ပါးပြောင်းသွားမှ သရဏဂုံပျက်သည် ဆိုသည်မှာ လူ ဥပါသကာ ဒါယကာ၊ ဒါယိကာမတို့အတွက် ဆိုခြင်းသာဖြစ်သည်။ ရဟန်းသာမဏေ တို့အတွက် ဆိုခြင်းမဟုတ်ဟု ဖြေရမည်။
လူနှင့် ရဟန်းသာမဏေတို့ အခြေအနေခြင်း မတူပေ၊ လူတို့အဖို့ သီလပျက်လျှင် သီလသာပျက်သည်၊ သရဏဂုံပျက်သည်။ သာမဏေဆိုလျှင်ပင် သီလပျက်လျှင် ခံယူထားသော သရဏဂုံပါပျက်၍ သရဏဂုံထပ်မံခံယူခြင်း ပြုရသည်။ ရဟန်းမှာကား ဆိုဖွယ်မရှိတော့၊ ပါရာဇိကတစ်ပါးပါး သို့ရောက်လျှင်ပင် သီလခေါင်းပြတ်၍ သရဏဂုံသက်လည်း ကြွေရတော့သည်။ ထို့ကြောင့် ပါရာဇိကသို့ရောက်သော ရဟန်းအား ဤစာအစတွင်ပါရှိသော သီလ၀ိသောဓနီကျမ်းအဆို အတိုင်း ပါရာဇိကအာပတ်ဖြစ်အံ့၊ သီတင်းသည်အဖြစ် သာမဏေ၏ အဖြစ်ကိုဝန်ခံလျက် ပါတိမောက္ခ သံဝရ သီလကို ဆက်ဆံသင့်ပေသည်။ သို့မှသာ မဂ်ဖိုလ်တရားအဆင့်အတန်းကို မျှော်မှန်းနိုင်ပေတော့မည်။
ဤသို့ ဆက်ခံရာ၌ ပါရာဇိကရဟန်းသည် သာမဏေအဖြစ်ဖြင့်နေ၍ သာသနာဤ၀င်လိုလျှင် ရှေးဦးစွာ အ၀တ်ဖြူကိုဝတ်၍ ဥပါသကာအဖြစ် ၀န်ခံရဦးမည်။ ဥပါသကာသရဏဂုံ ခံယူရဦးမည်။ သင်္ကန်းကိုမချွတ်ဘဲ သာမဏေမပြုရ။ သင်္ကန်းကိုမချွတ်လျှင် ပါရာဇိကရဟန်းအဖြစ်မှာပင် တည်နေဦးမည်သာ။ သို့ဖြစ်၍ ဥပါသကာဖြစ်ပြီးမှ သာဏေသရဏဂုံကို ဌာန်ကရိုဏ်းပီသစွာခံယူ၍ သာမဏေ၀တ်ရမည်ဟု ဆိုပါသည်။ ဥပါသကာ သီတင်းသည်အဖြစ် နေလိုကလည်း သာမန်အ၀တ်ဖြူဝတ်ရုံဖြင့် မပြီး၊ လူဝတ်လဲရုံဖြင့် မပြီး၊ မဂ်ဖိုလ်အကျိုးငှာကျင့်အပ်သော သီတင်းသည်သီလဟု သီလ၀ိသောဓနီ ဆိုသည်အတိုင်း သရဏဂုံခံယူရာ၌ ” အဟံ ဘန္တေ သံသာရ၀ဋ္ဋ ဒုက္ခတော၊ မောစနတ္ထာယ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မွံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ” စသည်ဖြင့် ခံယူနိုင်ကြရန် အရေးကြီးကြောင်း ပြောကြားလိုပေသတည်း။
ရဝေနွယ်(အင်းမ)
မြတ်သတီဝါဒီ မဂ္ဂဇင်း
သြဂုတ်လ၊ ၂၀၀၁ ခုနှစ်။