Tuesday, January 18, 2011

ရဟန်းတော်များ၏အမွေအနှစ်



ရဟန်းတော်များ၏အမွေအနှစ်

ရဟန်းတော်များ၏အမွေအနှစ် အခန်း (၁)(တကယ်တော့ မိတ်ဆက်အမှာကို ခပ်ရှည်ရှည် ရေးသင့်တာပါ။ဒါပေမယ့် မရေးတော့ပါဘူး။ အခု..Dr. Wapola Rahula မထေရ်မြတ်ရဲ့ TheHeritage of Bikkhu ဆိုတဲ့ စာအုပ်ကို ၈၀%ရာခိုင်နှုန်း မြန်မာပြန်ပြီးကျန်တဲ့ ၂၀%ရာခိုင်နှုန်းကို ဦးဇင်းရဲ့ အိုင်ဒီယာနဲ့ ပေါင်းစပ်ပြီး"ရဟန်းတော်များ၏ အမွေအနှစ်"ဆိုပြီး အခန်းဆက် တင်ဆက်ပါတော့မယ်။ အခြေအနေအရတစ်ခန်းနဲ့တစ်ခန်း ကြန့်ကြာနေတာများလဲ ရှိလာမယ့်အနေအထားရှိပါတယ်။အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အဓိကအားဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တွေသိသင့်သိထိုက်ပါတယ်။ ဒေါက်တာဝါပိုလ်လာရာဟုလာမထေရ်ဟာသီရိလင်္ကာသမိုင်းမှာတော့ အင်မတန်ကို ကျော်ကြားတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ယနေ့ သီရိလင်္ကာဗုဒ္ဓဘာသာနဲ့ ပညာရေးအခင်းအကျင်းဟာ ဒေါက်တာဝါပိုလ်လာရာဟုလာနဲ့ဘယ်လိုမှ ခွဲခြားလို့ မရစကောင်းပါဘူး။ ဒီစာအုပ်ကို မရေးခင်အချိန်ကသီရိလင်္ကာဗုဒ္ဓဘာသာတွေဟာလဲ မြန်မာဗုဒ္ဓဘာသာဝင်တွေလို စိတ်ဓာတ်မျိုးတွေရှိနေကြပါတယ်။ ဆရာတော်က ဒီစာအုပ်ကို ပြုစုပြီးတဲ့နောက်ပိုင်းမှာကျမှသီရိလင်္ကာဗုဒ္ဓဘာသာဝင်တွေ မျက်စိပွင့်နားပွင့် ဖြစ်ကုန်ကြတယ်လို့ ဆိုပါတယ်။ဗုဒ္ဓဟောကြားသော ပိဋကတ်တော်များနှင့်အညီ မျက်မှောက်ခေတ်မှာရဟန်းတော်များအတွက် ရှိသင့်ရှိထိုက်သော နေရာကို သတ်မှတ်ပေးလိုက်သလိုလဲဖြစ်ပါတယ်။ စာဖတ်သူတို့ ဒီစာအုပ်ကနေ တစ်စုံတစ်ရာ ရရှိကြမယ်ဆိုရင်ဒီစာအုပ်ကို မြန်မာပြန်ရကျိုး နပ်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

ဗုဒ္ဓဘာသာနှင့် လူမှုရေးလုပ်ငန်းများ
ဗုဒ္ဓဘာသာသည် အများကောင်းကျိုး ဆောင်ရွက်ပေးခြင်းအပေါ်တွင် အခြေခံထားသောဘာသာတစ်ရပ် ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓရသေ့ဟာဒီပင်္ကရာမြတ်စွာလက်ထက်က သူကိုယ်တိုင် လက်လှမ်းမီတဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကိုရရှိနိုင်သော်လည်း လောကကောင်းကျိုး သယ်ပိုးဆောင်ရွက်ချင်သောကြောင့်သံသရာမှာ ဆက်လက်ကျင်လည်ပြီး ပါရမီများ ဖြည့်ဆီးခဲ့ပါသည်။ စစ်မှန်သောဗုဒ္ဓဘာသာဝင်ဟု မိမိကိုယ်ကို လက်ခံယုံကြည်ထားလျှင်သတ္တ၀ါအများကောင်းကျိုးအတွက် မိမိ၏ အမြိုက်နိဗ္ဗာန်ချမ်းသာကိုစွန့်လွှတ်နိုင်စွမ်းရှိသင့်ပါ၏။

မြတ်စွာဘုရားရှင်သည် သူ၏ တပည့်ရဟန်းတော်များကိုတစ်နေရာတည်းတွင် မနေကြဖို့ တစ်ရွာမှ တစ်ရွာ၊ တစ်နေရာမှ တစ်နေရာလှည့်လည်ပြီး လောကလူသားတို့ကောင်းကျိုးအတွက် တရားတော်များကိုဟောကြားပေးဖို့ တိုက်တွန်းဟောကြားခဲ့၏။ အခြေအနေနှင့်အချိန်အခါအားလျှော်စွာ မြတ်စွာဘုရားရှင်နှင့် တပည့်သံဃာတော်များသည်ဝါတွင်းကာလမှတစ်ပါး ခရီးလှည့်လည်ခဲ့ကြပါသည်။ လောကလူသားတို့၏ပစ္စုပ္ပန်ဘ၀ကောင်းကျိုး၊ တမလွန်ဘ၀ကောင်းကျိုးများဖြစ်ထွန်းပေါ်ပေါက်စေနိုင်သော အတွေးအမြင်များ ရရှိကြစေရန် တရားဓမ္မများဟောကြားဖြန့်ဖြူးခဲ့ကြသည်။

အိန္ဒိယရဟန်းတော်များ လှည့်လည်ဟောကြားခဲ့သောအတွေးအမြင်များကို လေ့လာဆန်းစစ်ကြည့်လျှင် အလွန်စိတ်ဝင်စားစရာကောင်းပါသည်။ ယေဘုယျအားဖြင့် ရွာသူရွာသားများ၏ လူနေမှုအဆင့်အတန်းမှာနိမ့်ကျလှပါသည်။ စည်းစိမ်ဥစ္စာလည်း မရှိ၊ စာကလည်း မတတ်၊ သန့်ရှင်းသပ်ရပ်မှုကမရှိ၊ ကျန်းမာရေးကလည်း ချူခြာလှကြပါသည်။ သူတို့အတွက် အဘိဓမ္မာတွင်ဟောကြားထားသော နက်နဲပြီး ထူးခြားလေးနက်သော ဒဿနသဘောတရားများ၊ရုပ်လွန်တရားများ၊ စိတ်ပညာဆိုင်ရာ တရားများပါဝင်သော တရားဓမ္မများကိုဟောကြားလေ့မရှိခဲ့ပေ။ သူတို့နှင့် နီးစပ်သော လက်လှမ်းမီနိုင်သောရိုးရှင်းသော တရားတော်များကိုသာ ကောင်းကျိုးရည်မြော်၍ ဟောကြားခဲ့ပါသည်။အဆိုပါ ရိုးရိုးရှင်းရှင်း ဟောကြားချက်များကိုပိဋကတ်တော်နေရာအနှံ့အပြားတွင် တွေ့မြင်သိရှိနိုင်ပါသည်။

ဒီဃနိကာယ်တွင် ပါဝင်သော စက္က၀တ္တိသီဟနာဒသုတ်သည်တိုင်းသူပြည်သားများ ဆင်းရဲ့ရခြင်းအကြောင်းတရားနှင့် တိုင်းပြည်တွင်းရာဇ၀တ်မှုထူပြောရခြင်းအကြောင်းများကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြထားသည်။ မြတ်ဗုဒ္ဓသည် ဤအကြောင်းတရားများကိုသိမြင်သဘောပေါက်ထားသည့်အတိုင်း သူကိုယ်တိုင် ဟောပြောပြရုံသာမက သူ၏သာဝကများကိုလည်း လူသားတို့၏ ကောင်းကျိုးနှင့်ချမ်းသာသုခရရှိရေးအတွက်စီးပွားဥစ္စာရှာခြင်း၏ တန်ဖိုးနှင့် စီးပွားရေးတိုးတက်မှု၏ အရေးပါမှုတို့ကိုဟောပြောစေခဲ့ပါသည်။ ထို့အပြင် ကူဋဒန္တသုတ်တွင်လည်း `ခိုးဆိုးလုယက်မှုစသောရာဇ၀တ်မှုများကို နှိပ်ကွပ်ခြင်းအားဖြင့် ရပ်တန့်အောင်လုပ်၍ မရနိုင်။ထိုကဲ့သို့သော ရာဇ၀တ်မှုများကို သင့်တင့်လျောက်ပတ်စွာအပြည့်အ၀ထိန်းချုပ်နိုင်ဖို့နှင့် ရပ်တန့်စေဖို့အတွက်ဆိုလျှင်ပြည်သူပြည်သားတွေအတွက် သက်တောင့်သက်သာ ဘ၀များကို တည်ဆောက်နိုင်သောပျော်ရွှင်စွာလုပ်ကိုင်နိုင်သော အလုပ်အကိုင် အခွင့်အလမ်းတွေကိုဖန်တီးပေးရပါမည်´ဟု အတိအလင်း မိန့်တော်မူထားပါသည်။

`စီးပွားရေးလုပ်ငန်းများတွင် ကြီးပွားတိုးတက်လိုသောကုန်သည်သည် တစ်နေ့လုံး အဆက်မပြတ် လုံ့လ၀ီရိယ ထားရှိရပါမည်။အရောင်းအ၀ယ်ဖြစ်မည့် ကုန်ပစ္စည်းတွေကိုလည်း ရွေးချယ်နိုင်စွမ်း ရှိရပါမည်။မိမိ ၀ယ်ယူရသည့်ဈေးနှုန်းနှင့် ပြန်လည်ရောင်းချရမည့် ဈေးနှုန်းတို့ကိုချင့်ချိန်ဆုံးဖြတ်နိုင်ရပါမည်။ ကုန်ပစ္စည်းများကို ပေါများသည့်ဒေသတွင်ဝယ်ယူပြီး ရှားပါးသောဒေသတွင် ပြန်လည်ရောင်းချရန် စီမံနိုင်ရမည်။အလေးခိုးခြင်းစသော မသမာမှုများဖြင့်လည်း မိမိ၏ ဖောက်သည်ကို မလိမ်ညာသင့်ပါ။မိမိကိုယ်ကို မမျှတသော ကုန်သည်အဖြစ် မခံသင့်…´စသောစိတ်ဝင်စားဖွယ်ကောင်းသော တွေးခေါ်ညွှန်ကြားချက်များမှာ အင်္ဂုတ္တရနိကာယ်တွင်ပါဝင်သော သုတ်အတော်များများတွင် တွေ့နိုင်ပါသည်။

စီးပွားရေးကုံလုံကြွယ်ဝမှု (အတ္ထိသုခ)၊ ကြွယ်ဝချမ်းသာမှု(ဘောဂသုခ)၊ ကြွေးမြီကင်းရှင်းခြင်း (အနဏသုခ)နှင့် အပြစ်ကင်းသောဘ၀မှာနေထိုင်ခြင်း (အန၀ဇ္ဇသုခ)တို့သည် လူသားများအတွက် ပျော်ရွှင်နည်းလေးမျိုးဖြစ်ပါသည်။ မိမိ၏ လုပ်ငန်းဆောင်တာများတွင် ထကြွလုံ့လ၀ီရိယရှိခြင်း(ဥဋ္ဌာနသမ္ပဒါ၊ ရရှိထားသော စည်းစိမ်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း(အာရက္ခသမ္ပဒါ)၊ မိတ်ကောင်းဆွေကောင်းရှိခြင်း (ကလျာဏမိတ္တသမ္ပဒါ)နှင့်ဝင်ငွေအားလျော်စွာ သုံးစွဲခြင်း (သမ္မာဇီဝိတာ)တို့သည်လောကလူသားများအားလုံး၏ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်သည်ဟုဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည်။
နေ့စဉ်အသုံးစရိတ်အတွက် မိမိတို့ရရှိလာသော စည်းစိမ်ဥစ္စာ၏ လေးပုံတစ်ပုံကိုသာ အသုံးပြုဖို့ မြတ်ဗုဒ္ဓသည်လူသားများကို ညွှန်ကြားခဲ့သည်။ ကျန်သုံးပုံတွင် နှစ်ပုံကို အရင်းအနှီးအဖြစ်သုံးစွဲရခြင်း၊ တစ်ပုံကို ရေးပေါ်ကိစ္စအတွက် သိမ်းထားရခြင်းအားဖြင့်လေးပုံထားရှိပြီး စီမံသုံးစွဲဖို့ ရှင်းလင်းတိကျစွာ ညွှန်ကြားထားသည်။

ချမ်းသာကြွယ်ဝလာသော မိသားစုတစ်စုအနေဖြင့်လက်ရှိအခြေအနေမှ ပြန်လည်လျှောကျမသွားဘဲ ပျော်ရွှင်ချမ်းမြေ့သောမိသားစုဘ၀ကို ပိုင်ဆိုင်လိုလျှင် ပျောက်ဆုံးသွားသော ပစ္စည်းဥစ္စာများကိုပြန်လည်ရရှိအောင် ကြိုးစားခြင်း၊ ပျက်စီးနေသောပစ္စည်းဥစ္စာများကိုပြန်လည်ပြင်ဆင်ခြင်း၊ အစားအသောက်ကိစ္စများတွင် အလွန်အကျွံမဖြစ်စေခြင်းဟူသောအချက်တို့ကို ဖြည့်ဆီးပေးရန် လိုအပ်ပါသည်။ ထို့အပြင်မိသားစုအကြီးအကဲဖြစ်သောပုဂ္ဂိုလ် သို့မဟုတ် အိမ်ထောင်ဦးစီးအနေဖြင့်အကျင့်စာရိတ္တကောင်းများ ထားရှိရန်လည်း လိုအပ်ပါသည်။

အလုပ်လုပ်ရာတွင် ပျင်းရိဖင့်နွဲ့ခြင်းမရှိဘဲမိမိစွမ်းအားရှိသမျှ အားကြိုးမာန်တက် ဆောင်ရွက်သင့်ကြောင်းကိုပါဠိတော်နေရာအတော်များများတွင် ဟောကြားထားပါသည်။ ကျန်းမာခြင်းသည်အမြင့်မားဆုံး အဖိုးတန်အရည်အချင်းတစ်ရပ် ဖြစ်ပါသည်။ လူတိုင်းလူတိုင်းကျန်းမာရေးကောင်းမွန်ဖို့ အစွမ်းကုန် ကြိုးစားသင့်ကြပါသည်။

ဗုဒ္ဓတရားတော်များတွင်လူ့လောကအဖွဲ့အစည်းကောင်းစားရေးအတွက် မရေမတွက်နိုင်သော နည်းစနစ်၊အတွေးအခေါ်များကို မကြာမကြာ ထုတ်ဖော်ဟောကြားခဲ့ပါ၏။ ပေးကမ်းလှူဒါန်းခြင်း(ဒါန)၊ ချိုသာစွာ ပြောဆိုခြင်း (ဝေယျာဝေစ္စ)၊အများကောင်းကျိုးဆောင်ရွက်ပေးခြင်း (အတ္ထစရိယ)၊ သာတူညီမျှသဘောထားရှိခြင်း(သမာနတ္တတာ)ဟူသော အချက်လေးချက် သို့မဟုတ် သင်္ဂဟ၀တ္ထုလေးပါးသည် ဗုဒ္ဓမြတ်စွာ၏လောကကောင်းစားရေးအခြေခံ လုပ်ဆောင်ချက်များဟု ထင်ရှားပါသည်။ မိမိ၏မိသားစုသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး စည်ပင်တိုးတက်ရေး၊အပြန်ပြန်အလှန်လှန် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ညွှန်ကြားထားသောဟောကြားချက်များကို သိင်္ဂါလသုတ်၊ ပရာဘ၀သုတ်နှင့် ၀သလသုတ်ကဲ့သို့သောသုတ္တန်များစွာတို့တွင် ဖော်ပြထားပါသည်။ သိင်္ဂါလသုတ်တော်မှာဆိုလျှင်ခင်ပွန်းသည်သည် မိမိ၏ ဇနီးမယားကို လှပသောအ၀တ်အစားများနှင့် လက်ဝတ်ရတနာများဆင်ယင်ပေးခြင်းအားဖြင့် ကျေနပ်နှစ်သိမ့်ဖို့ရန်ကိုပင် ဖော်ပြထားပါသည်။

မြတ်စွာဘုရားလက်ထက်တော်အခါက အချို့သော ဘုရင်များသည်ပြည်သူပြည်သားများကို နှိပ်ကွပ်လေ့ရှိကြသည်။ အဆိုပါ အကြောင်းအရာများကိုဓမ္မပဒဋ္ဌကထာတွင် ထင်ထင်ရှားရှား တွေ့နိုင်သည်။ တိုင်းပြည်အုပ်ချုပ်သူတို့၏အရေးကြီးသော ပြဿနာရပ်များကိုပင် မဟာကရုဏာတော်ဖြင့် တိုက်ရိုက်အသားပေးညွှန်ကြားခဲ့ပါ၏။ မြတ်စွာဘုရားရှင်၏ နိုင်ငံရေးအမြင်မှာတိုင်းပြည်အုပ်ချုပ်သူတို့အနေဖြင့် တိုင်းသူပြည်သားများကိုအန္တရာယ်မဖြစ်စေရခြင်း၊ ထိခိုက်နာကျင်အောင် မပြုလုပ်ရခြင်းဟူသောတရားမျှတသော အစိုးရမူဝါဒအခင်းအကျင်းပင် ဖြစ်ပါ၏။ တရားမမျှတသောအုပ်ချုပ်သူများ၏ မတရားအခွန်ကောက်ခံခြင်း၊ မင်းဆိုးမင်းညစ်တို့၏လက်အောက်တွင် ဒုက္ခအသွယ်သွယ် ခံစားနေရခြင်းဟူသော အနေအထားများကိုကောင်းမွန်သင့်လျော်သော ပြောင်းလဲမှုဆီ ဦးတည်ဖို့ မကြာခဏ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာက တိုင်းပြည်အုပ်ချုပ်သူများကို အောက်ပါ တာဝန်(၁၀)ခု သို့မဟုတ် မင်းကျင့်တရား (၁၀)ပါးနှင့်အညီ အုပ်ချုပ်ဖို့ညွှန်ကြားထားပါသည်။ ၎င်းတို့မှာ -
(၁) လှူဒါန်းပေးကမ်းခြင်း
(၂) သီလစောင့်ထိန်းခြင်း
(၃) စွန့်လွှတ်အနစ်နာခံခြင်း
(၄) ရိုးသားဖြောင့်မတ်ခြင်း
(၅) နူးညံ့သိမ်မွေ့ခြင်း
(၆) ကျင့်ကြံအားထုတ်ခြင်း
(၇) အမျက်ဒေါသမထားရခြင်း
(၈) အကြမ်းမဖက်ခြင်း
(၉) သီးခံခြင်းနှင့်
(၁၀) တိုင်းသူပြည်သားတို့နှင့် ဆန့်ကျင်ဘက်မပြုရခြင်း တို့ဖြစ်ပါသည်။

လိစ္ဆ၀ီပြည်ထောင်စုကို စစ်ပွဲဆင်နွှဲဖို့ ပြင်ဆင်သောမာဂဓဘုရင်သည် ကိုယ်စားလှယ်တစ်ဦးကို ဤစစ်ပွဲကို အောင်မြင်နိုင်မှုအလားအလာရှိမရှိ စုံစမ်းမေးမြန်းရန် မြတ်စွာဘုရားထံသို့ စေလွှတ်ခဲ့သည်။ထိုအခါ မြတ်စွာဘုရားရှင်က လိစ္ဆ၀ီမင်းတို့မှာ အပရိဟာနိယတရား (၇)ပါးလက်ကိုင်ထားသောကြောင့် ဤစစ်ပွဲကို မအောင်မြင်နိုင်ကြောင်းမိန့်တော်မူခဲ့ပါ၏။
ထို့ကြောင့် မြတ်စွာဘုရားရှင်နှင့် သူ၏ တပည့်သာဝကများသည်လူသားထုတစ်ရပ်လုံး၏ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေး၊စီးပွားဥစ္စာရှာဖွေရေး၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိရေးစသောလူမှုရေးလုပ်ငန်းများနှင့် ပြည်သူပြည်သားများ ကောင်းကျိုးအတွက် စစ်မှန်၍တရားမျှတသော အစိုးရပေါ်ပေါက်ရေးတို့ကို လမ်းညွှန်ပြသခဲ့ပါသည်။

မြတ်စွာဘုရားရှင်သည် သူ၏ လုပ်ငန်းဆောင်တာများကိုအိန္ဒိယနိုင်ငံဟူသော အဓိကဒေသဖြင့် ကန့်သတ်မထားပေ။ ကျမ်းဂန်အထောက်အထားများအရလူမျိုးရေးပဋိပက္ခများကို ဖြေရှင်းပေးရန်အတွက် သီရိလင်္ကာနိုင်ငံသို့ပင်ကြွရောက်၍ တရားရေအေး တိုက်ကျွေးတော်မူခဲ့ပါ၏။ ထို့အပြင်သမန္တပါသာဒိကာမည်သော ၀ိနည်းအဋ္ဌကထာကျမ်းတွင် နာမကျန်းသူတို့နှင့် လူသားတို့၏ကောင်းကျိုးများ ဆောင်ရွက်ရန်၊ ခိုက်ရန်အငြင်းပွားခြင်းများကိုဖြေရှင်းပေးရန် ကြွရောက်တော်မူခဲ့ကြောင်း ပြဆိုထားသည်။သီရိလင်္ကာနိုင်ငံတွင် အဖျားရောဂါဘေးကြီး ကျရောက်စဉ်ကကကုသန်မြတ်စွာဘုရားရှင်သည် နောက်ပါ တပည့်သာဝကများစွာဖြင့် ကြွရောက်ပြီးသေကျေပျက်စီးရသော ကပ်ရောဂါဘေးကြီးမှ ကယ်တင်ခဲ့ပါ၏။ကောဏာဂုမ်မြတ်စွာဘုရားရှင်လက်ထက်တွင် သီရိလင်္ကာနိုင်ငံသည် အလွန်ပြင်းထန်သောမိုးခေါင်ရေရှားသောဘေးကြီး ကျရောက်ခဲ့၍ ကောဏာဂုမ်ဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်ပြီး ကယ်တင်ခဲ့ရသည်။ ကဿပမြတ်စွာဘုရားရှင်သည်လည်း သီရိလင်္ကာသို့ကြွရောက်ပြီး အလွန်ခါးသီးသော စစ်ပွဲပဋိပက္ခများကို အေးငြိမ်းစေပြီးသီရိလင်္ကာကျွန်းသူကျွန်းသားအတွက် ငြိမ်းချမ်းမှုနှင့် တိုးတက်မှုရရှိစေရန်တရားရေအေးတိုက်ကျွေးခြင်းအားဖြင့် ဖြေရှင်းပေးတော်မူခဲ့ပါသည်။

ဆက်ရန်ရှိပါသည်…….

ရဟန်းတော်များ၏ အမွေအနှစ်

အခန်း (၂) အဆက်

မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာတော်များကို စုဝေးစေပြီးမူလဥပဒေသကို ``ရဟန်းတို့ အခု ဥပဒေအသစ်တွေကို အ၀န္တိတိုင်းမှာသာမကအခြားတိုင်းပြည်ဒေသအားလုံးတို့မှာလည်း အကျုံးဝင်စေ၊ ဤအလယ်ပိုင်းဒေသမှာတော့အရင်အတိုင်းသာ တည်စေ´´ဟု ပြောင်းလဲပြင်ဆင်ပေးခဲ့ပါ၏။ ထို့ကြောင့်ယနေ့အခါတွင် ရဟန်းခံသောအခါ သံဃာငါးပါးရှိလျှင် ရဟန်းခံနိုင်၏။ထိုငါးပါးအနက် အနည်းဆုံး တစ်ပါးက ၀ိနည်းကျွမ်းကျင်လျှင် ပြီးမြောက်နိုင်၏။အထပ်များစွာပါသော ဖိနပ်စီးခွင့်၊ မကြာခဏရေချိုးခွင့်နှင့်သားရေနယ်အခင်းအသုံးပြုနိုင်ခွင့်များ ရရှိနေပြီ ဖြစ်ပါသည်။(မှတ်ချက်…..အ၀န္တိတိုင်းမှာ ရဟန်းသံဃာရှားပါးသောကြောင့် မြတ်စွာဘုရားကငါးပါးဆို ရပြီဟု ခွင့်ပြုလိုက်၏။ ရဟန်းသံဃာများ များပြားလှသောမြန်မာနိုင်ငံဆိုလျှင် ငါးပါးနှင့်ရဟန်းခံခွင့် မြတ်စွာဘုရားမပေးခဲ့လောက်သည်မှာ ထင်ရှား၏။ သေသေချာချာလေ့လာလေ `ဥပဒေဟာ ဥပဒေထက်မပို´ဆိုသော စကားမှာ ထင်ရှားလာ၏)။

အစားအသောက်နှင့်စပ်လျဉ်းသော ဥပဒေသများကိုငတ်မွတ်ခေါင်းပါးသောကာလများတွင် ရဟန်းတော်များ အဆင်ပြေစေရေးအတွက်လျှော့ပေါ့ပြင်ဆင်၊ ပြောင်းလဲပေးခဲ့သည်များကို မဟာဝဂ္ဂ၊ ဘေသဇ္ဇခန္ဓကတွင်ထင်ရှားစွာ တွေ့ရ၏။ ကနဦးပိုင်းတွင် မြတ်စွာဘုရားသည် ကျောင်းအတွင်းအစားအသောက်များ သိမ်းဆည်းခွင့်နှင့် ကျောင်းဝင်းအတွင်း ချက်ပြုတ်ခွင့်ကိုဥပဒေပညတ်ထားပြီး ပိတ်ပင်ခဲ့သည်။

ရာဇဂြိုဟ်တွင် အငတ်ဘေးဆိုက်ရောက်သောအခါဘုရားရှင်ကိုယ်တိုင် ပြန်လည်ပြင်ဆင်ပေးခဲ့သည်။ငတ်မွတ်ခေါင်းပါးဘေးကျရောက်စဉ်အတွင်း ဒါယိကာ၊ ဒါယိကာမများသည် ဆန်၊ ဆီ၊ဆားကဲ့သို့သော အစားအသောက်များ ကျောင်းသို့ ယူဆောင်းပေးကြသည်။ ထိုအခါရဟန်းတော်များသည် `ကျောင်းအတွင်း မသိမ်းရ၊ မချက်ရ´ဟု ဥပဒေရှိသောကြောင့်ကျောင်းအပြင်တွင် သိမ်းဆည်းပြီး ချက်ပြုတ်စားသောက်ကြသည်။ ကြွက်များ၊ကြောင်များနှင့် အခြားသောတိရစ္ဆာန်များက လာရောက်စားသောက်ပစ်ကြခြင်း၊ငတ်မွတ်သောလူများနှင့် သူခိုးများက ခိုးယူသွားကြခြင်းများနှင့်ကြုံခဲ့ကြရသည်။ မြတ်စွာဘုရားသည် ဤအခြေအနေကို သိရှိသောအခါကျောင်းဝင်းအတွင်း သိမ်းဆည်းခွင့် ပေးခဲ့သည်။ ရဟန်းတော်များလည်းခွင့်ပြုချက်အတိုင်း လုပ်ဆောင်ကြသည်။ သို့သော်လည်း ကျောင်းအပြင်ပတွင်ချက်ပြုတ်ကြသဖြင့် ဆာလောင်နေသောလူများ လာရောက်ကြည့်ရှုနေကြသောကြောင့်အမြင်မတော်၍ ရဟန်းတော်များမှာ စိတ်ချမ်းချမ်းသာသာဖြင့် မစားမသောက်နိုင်ဖြစ်နေကြရပြန်ပါ၏။

နောက်ပိုင်းတွင် မြတ်စွာဘုရားသည် ကျောင်းဝင်းအတွင်းမှာပင် ချက်ပြုတ်ဖို့ ပြင်ဆင်ခွင့်ပြုပေးခဲ့သည်။
တစ်ဖန် ငတ်မွတ်ခေါင်းပါးဘေးကျရောက်စဉ်အတွင်း အလှူခံရရှိလာသောအစားအသောက်များကို စီမံစောင့်ရှောက်သူများက အလွဲသုံးစားပြုလုပ်ကြပြန်သဖြင့် ရဟန်းတော်များမှာ စားသောက်စရာ အနည်းငယ်မျှသာရရှိနေကြပါသည်။ (မှတ်ချက်…..မြတ်စွာဘုရားရှင်ကိုယ်တိုင် ကျောင်းပေါ်မှာသက်တော်ထင်ရှားရှိနေပါလျှက် အလွဲသုံးစားပြုရဲသူရှိလျှင်ဘုရားနှင့်ဝေးပြီဖြစ်သော နှစ်ပေါင်း ၂၅၀၀-ကျော်က လူတွေ နာဂစ်မှာဖြတ်ရိတ်တာ အပြစ်မဆိုသင့်ပါချေ၊ ဒီခေတ်ဂေါပကများနှင့် ဘုရားတည်ပြီးဘိုးတော်ယောင် ဘာယောင်ယောင် ဘုန်းကြီးများကိုလဲ ခွင့်လွှတ်သင့်ပါ၏)

ထိုအကြောင်းစုံကို သိရှိလာသောအခါ မြတ်စွာဘုရားသည်`ကိုယ့်အစားအသောက် ကိုယ့်ဟာကို ကျောင်းထဲမှာ ချက်ကြ´ဟုခွင့်ပြုတော်မူခဲ့ရပြန်ပါသည်။ ထိုနည်းတူစွာ အစားအသောက်နှင့်ပတ်သက်သောအခြားဥပဒေသအနည်းငယ်ကိုလည်း အဆိုပါကာလအတွင်းမှာ လျှော့ပေါ့ပေးခဲ့ပါသည်။ဝိနည်းပိဋကကို စေ့ငုသေချာစွာ ဖတ်ရှုကြည့်လျှင် စည်းမျဉ်းဥပဒေများကိုအချိန်အခါနှင့်နေရာဒေသအားလျော်စွာ စီးပွားရေးနှင့်လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြဓာန်းပေးခဲ့၊ပြင်ဆင်ပြောင်းလဲပေးခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။

မြတ်စွာဘုရား ရဟန်းတော်များကိုထိန်းချုပ်ဖို့အသုံးပြုခဲ့သော နည်းစနစ်သည် လုံးဝ ဒီမိုကရေစီနည်းကျပါ၏။မြတ်စွာဘုရားသည် ရဟန်းတော်များအတွက် လုံးဝအငြင်းပွားစရာမရှိသောဆရာအရှင်တစ်ဆူဖြစ်သော်လည်း ရဟန်းတော်များအပေါ်တွင် ပြင်းထန်သောအာဏာဖြင့်ချုပ်ကိုင်ထားဖို့ ဘယ်သောအခါမှ ဆန္ဒမရှိခဲ့ပါချေ။ မြတ်စွာဘုရားပရိနိဗ္ဗာန်မစံခင် လအနည်းငယ်အလိုလောက်တွင် အရှင်အာနန္ဒာကိုမိန့်တော်မူခဲ့ဖူးသည်။ `အာနန္ဒာ..ငါဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးကိုဦးဆောင်ဖို့ ဆန္ဒမရှိဘူး၊ သံဃာ့အဖွဲ့အစည်းကြီးကလည်း ငါဘုရားကိုမှီခိုနေရတာကိုလည်း မလိုလားဘူး´ဟု မိန့်တော်မူခဲ့သည်။

ထို့အပြင် တရားကိုသာ ကိုးကွယ်ရာအဖြစ်ထားရှိဖို့၊ ကိုယ့်အားကိုယ် ကိုးကြဖို့၊ အခြားတွင် ကိုးကွယ်ရာ မရှာဖို့ သြ၀ါဒပေးတော်မူခဲ့သည်။

ထိုကဲ့သို့ ဆုံးမသြ၀ါဒပေးတော်မူခဲ့ခြင်းမှာဒီမိုကရေစီနည်းအရ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံကို သဘောကျနှစ်ခြိုက်သောမျိုးနွယ်စုဝင် တစ်ဦးဖြစ်သည့်အတိုင်း မြတ်စွာဘုရားရှင်သည်ဒီမိုကရေစီနည်းကျသော အတွေးအခေါ်အယူအဆများကို စိတ်ဝင်တစား ရှိခဲ့ပုံရလေသည်။မြတ်စွာဘုရားရှင်သည် သူ၏ သံဃာ့အဖွဲ့အစည်းကို လွတ်လပ်ပြီးတရားမျှတစွာထွန်းကားနေသည်ကို တွေ့မြင်လိုခဲ့သည်။ အခြေအနေနှင့် အချိန်အခါအားလျှော်စွာစည်းမျဉ်းဥပဒေများ အံဝင်ခွင်ကျဖြစ်နေသည်ကို တွေ့မြင်လိုခဲ့သည်။

ဝိနည်းကို အမှန်တရားဟု မည်သူ ပြောနိုင်သနည်း။ အမှန်မှာဝိနည်းဟူသည် အမှန်တရားမဟုတ်၊ လောကလူ့အဖွဲ့အစည်း၊ ရဟန်းအဖွဲ့အစည်းတွင်အစီအစဉ်တကျ၊ အဆင်ပြေချောမွေ့စေရန်အတွက် သဘောတူသက်မှတ်ထားသော(ချမှတ်ထားသော) ပညတ်ချက်တစ်ရပ်မျှသာ ဖြစ်ပါသည်။ အမှန်တရားမဟုတ်၍သာမြတ်စွာဘုရားရှင်သည် အခြေအနေနှင့် နေရာဒေသအားလျော်စွာ လူမှုရေး၊စီးပွားရေးအပြောင်းအလဲများအရ ဆောင်ရွက်သင့်သည့်အခါများတွင် သင့်လျော်သောဝိနည်းဥပဒေများကို ပညတ်ခဲ့သည်၊ ပြောင်းလဲမှုများလည်း ပြုခဲ့သည်၊ဖြည့်စွက်သင့်သည်များကိုလည်း ဖြည့်စွက်ခဲ့သည်။

သို့ဖြစ်၍ မြတ်စွာဘုရားရှင်သည်အနီးကပ်ပြုစုစောင့်ရှောက်သူ အရှင်အာနန္ဒာကို “သံဃာတော်များကသာ ဆန္ဒရှိလျှင်အသေးအမွှား ဥပဒေများကို ပယ်နိုင်၊ ဖြုတ်နိုင်ကြောင်း”ဘ၀ခရီးအဆုံးသတ်ခါနီးတွင် မိန့်တော်မူသွားခဲ့သည်။
The Heritage of Bikkhu (ရဟန်းတော်များ၏အမွေအနှစ်) by Ashin Kusalasami (အရှင်ကုသလသာမိ (ပျော်ဘွယ်) )
http://www.ashinkusala.com