ဆရာတော်ဦးဗုဓ်ဆိုတာ ကုန်းဘောင်ခေတ် ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုတို့ လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ပါ။ နန်းမတော်မယ်နုဆောက်လုပ်လှူဒါန်းတဲ့ အုတ်ကျောင်း တော်ကြီးမှာ သီတင်းသုံးခဲ့လို့ မယ်နုအုတ်ကျောင်းဆရာတော်လို့လည်း ခေါ်ကြပါတယ်။ ဆရာတော် ဦးဗုဓ်သီတင်းသုံးခဲ့တဲ့ မယ်နုအုတ်ကျောင်းတော်ကြီးဟာ အင်းဝမှာ ဒီနေ့အထိ တည်ရှိနေတုန်းပါ။
ဆရာတော်ဦးဗုဓ်ဆိုတာ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးသမိုင်းမှာ စာအတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးက (လယ်တီဆရာတော်တို့ အပါအ၀င်ပေါ့) တညီတညွတ်တည်း အသိအမှတ်ပြု ထားရတဲ့ ဆရာတော်ပါ။ ဗုဓ်အစ၊ ဗုဓ်အလယ်၊ ဗုဓ်အဆုံးဆိုပြီး ဥဒါန်းစကား တွင်ရစ်ခဲ့တာပါ။
အဲဒီဥဒါန်းစကားရဲ့အဓိပ္ပါယ်က ဗုဓ်အစဆိုတာ ဗုဒ္ဓဘုရား၊ ဗုဓ်အလယ်ဆိုတာ အရှင်မဟာဗုဒ္ဓ ဃောသပါ။ အရှင်မဟာဗုဒ္ဓဃောသဆိုတာက သီရိဓမ္မာသောကမင်းပေါ်ပြီးနောက်ပိုင်းမှာ ပေါ်ထွန်းခဲ့ တဲ့ထေရ်အရှင်ပါ။ ဘုရားဟောပါဠိတော်အားလုံးရဲ့အဖွင့်ဖြစ်တဲ့ အဋ္ဌကထာတွေကို ရေးသားခဲ့ ပါတယ်။ ဒီနေရာမှာ စကားစပ်လို့ပြောရရင် ပါဠိတော်ရယ်၊ အဋ္ဌကထာရယ်၊ ဋီကာရယ်ကို ကွဲကွဲပြားပြား သိထားစေချင်ပါတယ်။ ပါဠိတော်ဆိုတာအဋ္ဌကထာ ဆိုတာ ဘုရားဟောပါဠိတော်တွေကို ဥာဏ်နုသူတွေ လေ့လာကျက်မှတ်တဲ့အခါ မရှင်းမလင်းနဲ့ အခက်အခဲတွေ့မှာစိုးလို့ ပါဠိပုဒ်တစ်ပုဒ်ချင်းကို ဖွင့်ဆိုအကျယ်ချဲ့ပြီး ရေးသားထားတဲ့ ကျမ်းစာပါ။ ဋီကာဆိုတာကတော့ အဲဒီအဋ္ဌကထာကျမ်းကို တစ်ခါထပ်ပြီး ထပ်ဆင့်ဖွင့်ဆိုရေးသားတဲ့ကျမ်းစာပါ။ ဒီဋီကာကျမ်းကိုပဲ မရှင်းမှာစိုးလို့ဆိုပြီး ထပ်ဆင့်ဖွင့်ဆိုတဲ့ အနုဋီကာ၊ မဓုဋီကာဆိုတာတွေလဲ ရှိပါသေး တယ်။ ဒါက ကျမ်းစာအမျိုးအစားတွေကို ခွဲခြားသိရအောင် ပြောပြတာပါ။ ဘုရားဟောခဲ့တဲ့ မူရင်းစကားတွေကို ခေါ်တာပါ။
အထက်ကစကားကိုပြန်ကောက်ရင် ဗုဓ်အဆုံးဆိုတာကတော့ ဆရာတော်ဦးဗုဓ်ပါပဲ။ ဆိုလိုရင်း ကတော့ ဗုဒ္ဓမြတ်စွာရယ်၊ အရှင်မဟာဗုဒ္ဓဃောသရယ်၊ ဆရာတော်ဦးဗုဓ်ရယ် အဲဒီသုံးပါးဟာ ဗုဒ္ဓဘာ သာပညာအရာမှာ ခေတ်ကာလအလျောက်ပေါ့ အတော်ဆုံးအတတ်ဆုံးပါတဲ့။
ဆရာတော်ဦးဗုဓ်ဟာ မြန်မာပြည်မှာ စာအတတ်ဆုံးလို့ဆိုကြတာကတော့ ဆရာတော်ရဲ့ နောက်ခံသမိုင်းတစ်ခုတည်းကိုကြည့်ပြီး ပြောကြတာတော့ မဟုတ်ပါဘူး။ အဓိက,ကတော့ ဆရာ တော်ပြုစုခဲ့တဲ့ ကျမ်းစာတွေရဲ့ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာပါ။ ဒီနေရာမှာ ဆရာတော် ဦးဗုဓ်ရဲ့ စာပေစွမ်းရည်ကို အရင်မပြောခင်ဆရာတော်နဲ့ ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်တွေအကြောင်း အနည်းငယ်ပြောပြချင်ပါသေးတယ်။ ပထမဆုံးတွေ့ရတာက ဘကြီးတော်မင်းတရားနဲ့ နန်းမတော် မယ်နုပါ။ အထူးသဖြင့်တော့ နန်းမတော်မယ်နုပေါ့လေ။ ဆရာတော်ဦးဗုဓ်ဟာ မင်းနဲ့ မိဖုရားနှစ်ပါး အထူးကိုး ကွယ်တဲ့ ဆရာတော်ပါ။ ဒါပေမဲ့ ဆရာတော်ဟာ မင်းနဲ့ မိဖုရားနှစ်ပါးကို မျက်နှာသာမပေးခဲ့ ပါဘူး။ အကြောင်းတိုက်ဆိုင်လာလို့ ပြောစရာရှိရင်လဲ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ ခပ်ပြတ်ပြတ်သာ ပြောလေ့ရှိပါတယ်။ မျက်နှာသာမပေးပုံကတော့ အုတ်ကျောင်းတော်ကြီးပေါ်ကို ရောက်ရောက်ချင်းပဲ ဇာတိပြတော့တာပါပဲ။
မင်းမိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကိုပင့်ပြီး အုတ်ကျောင်းတော်ကြီးကို ရေစက်ချလှူဒါန်းပါတယ်။ အဲဒီကျောင်းရေစက်ချပွဲမှာ ပရိသတ်ကလဲ စုံလှပါတယ်။ ရဟန်းပရိသတ် လူပရိသတ်ပေါ့။ အဲဒီမှာ ရေစက်ချပြီးတော့ မင်းနဲ့ မိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကို သြ၀ါဒပေးဖို့ တောင်းပန်ပါတယ်။ ဆရာတော်က ဘယ်လိုသြ၀ါဒ ပေးသလဲဆိုတော့ “မင်းနဲ့တူအောင်ကျင့်က ငါတို့ ဆုံးမသြ၀ါဒပေးရန်မလို၊ မင်းနဲ့တူအောင် မကျင့်ပါက ငါတို့နှင့် မဆိုင် အ၀ီစိနှင့်သာဆိုင်သည်”တဲ့။ ကဲ ဘယ်လောက်တိုပြီး ဘယ်လောက်ထိမိလိုက်သလဲ။ ဆရာတော်နဲ့ မင်းမိဖုရားတို့ဟာ အခုမှတွေ့ကြ တာပါ။ အရင်က မတွေ့ဖူးပါဘူး။ ဆရာတော့်ဘ၀သမိုင်းစာမျက်နှာမှာ စကားပြောတာ သိပ်မတွေ့ရပါ ဘူး။ အမြဲစာကြည့်စာရေးအလုပ်နဲ့ပဲ အချိန်ကုန်နေတာ ပါပဲ။ မန္တလေးက စာချဆရာတော်တစ်ပါးပြော သလို ပရိယတ္တိနဲ့ ကိလေသာကို ပယ်ထားတဲ့သဘောပါ။ ဆရာတော်က မလွှဲမရှောင်သာ စကားပြော ရရင်လဲ တိုတိုနဲ့ထိထိမိမိပဲ ပြောလေ့ရှိပါတယ်။ အပိုမပြောပါဘူး။
ဆရာတော် စကားကိုထိထိမိမိပြောတတ်ပုံနဲ့ပတ်သက်ပြီး အမတ်ကြီးဦးပေါ်ဦးကို ပြေးပြီးသတိ ရမိပါသေးတယ်။ အမတ်ကြီးဦးပေါ်ဦးဆိုတာ စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးအဖြစ် အား လုံး သိထားပြီးသားပါ။ ဒီလိုနဲ့ တစ်နေ့မှာပေါ့…..အမတ်ကြီးဦးပေါ်ဦးတစ်ယောက် ဆရာတော်ကို ဖူးမြော်ကန်တော့ဖို့ ကျောင်းကိုရောက်လာပါတယ်။ အမတ်ကြီးရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။ အဲဒီတော့ အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်ပေါ့။ ဦးချပြီးတော့ ဆရာတော်နဲ့ အမတ်ကြီးဦးပေါ်ဦး အပြန်အလှန် စကား ပြောကြပုံကိုကြည့်ပါဦး။
ဦးပေါ်ဦး………ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။
ဆရာတော်…..အေး…ကောင်းတယ်။
ဦးပေါ်ဦး………ရေကလဲ အလွန်ကြည်ပါပေတယ်ဘုရား။
ဆရာတော်…..အေး…ကြည်တယ်။
ဦးပေါ်ဦး………ရေကန်ကြီး ဘယ်လောက်နက်ပါသလဲဘုရား။
ဆရာတော်…..ငါ မသိဘူး။
ဦးပေါ်ဦး………ဆရာတော်သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာဖြစ်လို့ နီးတဲ့အတွက်
သိလိမ့်မည်ထင်မှတ်၍ လျှောက်ထားမိပါတယ်ဘုရား။
ဆရာတော်…..နီးတိုင်းသာသိရမယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ။
ဦးပေါ်ဦး………သတိမထားမိ၍ ဘယ်နှစ်ပင်ရှိကြောင်း မသိပါဘုရား။
ဆရာတော်…..သင့်နှုတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်းမသိဘဲ ဒီရေကန်ရဲ့ အတိမ်အနက်ကိုရောငါသိနိုင်မှာလား။
ဆရာတော်ပြောလိုက်တဲ့စကားကြောင့် အမတ်ကြီးဦးပေါ်ဦးလဲ ရှေ့ကို စကားမဆက်နိုင်တော့ ပါဘူး။ ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ ပြန်သွားရပါတော့တယ်။
ဆရာတော်ဟာ အပြောအဆိုသာထိမိတာ မဟုတ်ပါဘူး၊ အပြုအမူပိုင်းမှာလဲ ထိမိလှပါတယ်။ အပြုအမူထိမိပုံကတော့ ကျမ်းပြုတဲ့ရဟန်းငယ်တစ်ပါးနဲ့ ဆက်စပ်နေပါတယ်။
တစ်နေ့မှာ ရဟန်းငယ်တစ်ပါးဟာ ဆယ်ကြောင်းပေ, သုံးအင်္ဂါရှိတဲ့ ကျမ်းတစ်စောင်ရေးသားပြီး ဆရာတော်ထံယူလာပါတယ်။ ဆရာတော်ထံရောက်တော့ သူ့ရဲ့ကျမ်းစာကိုကြည့်ရှုပြီး အမှားရှိရင် မှားတဲ့နေရာကို ထုံးစက်ပြပေးပါဘုရားတဲ့။ ဆရာတော်ကလည်း “အေး….ထားခဲ့။ မနက်ဖန်ညနေ လာယူလို့”မိန့်လိုက်ပါတယ်။
ရဟန်းငယ်ရေးတဲ့ကျမ်းစာကို သေချာကြည့်ရှုပါတယ်။ ကြည့်ရှုတော့ ကျမ်းစာက တစ်စောင် လုံး ကမောက်ကမနဲ့ အမှားတွေချည်းပါပဲ။ အဲဒီတော့ ဆရာတော်က အနားမှာရှိတဲ့ တပည့်ရဟန်း တစ်ပါးကိုခေါ်ပြီး “မောင်ပဉ္စင်း…ဒီပေစာကို ဟိုထုံးအိုးကြီးထဲမှာ မြုပ်သွားအောင်နှစ်ထားလိုက်စမ်း”လို့ အမိန့်ရှိပါတယ်။ တပည့်ကလည်း ဆရာတော်အမိန့်ရှိတဲ့အတိုင်း ထုံးအိုးထဲမှာ မြုပ်သွားအောင် သွားနှစ်ထားလိုက်ပါတယ်။
နောက်တစ်နေ့ညနေ စာမူရှင်ရဟန်း စာမူလာယူတော့ ဆရာတော်က “ကိုယ်တော်ရဲ့ပေစာ ဟို ထုံးအိုးကြီးထဲမှာ နှစ်ထားတယ် ယူသွား”လို့ မိန့်လိုက်ပါတယ်။ စာမူရှင်ရဟန်းလည်း ကိုယ့်ပေစာကို ယူပြီး မိမိကျောင်း ပြန်သွားပါတယ်။ ကျောင်းရောက်တော့ သီတင်းသုံးဖော် သူငယ်ချင်းတွေကို အကျိုးအကြောင်းပြောပြပါသတဲ့။ သီတင်းသုံးဖော်သူငယ်ချင်းတွေက ဆရာတော့်အပြုအမူကို သဘောကျလွန်းလို့ ဆရာတော်ရှိရာ ကျောင်းတိုက်ကိုမှန်းပြီး ဦးချကြပါသတဲ့။ ကုန်းဘောင်ခေတ်ရဲ့ စာပေဝေဖန်ရေးဆိုရင်လဲ ဆိုနိုင်ပါတယ်။ စဉ်းစားကြည့်မိပါတယ်။ တကယ်လို့သာ ဆရာတော်က အမှားတွေဗလဗျစ်နဲ့ ကျမ်းစာကိုဝေဖန်ရမှာ အားနာလို့၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကိုငှဲ့လို့ “ကောင်းပါတယ်လို့” ပြောပြီး ပြန်ပေးလိုက်ရင် ခေတ်အဆက်ဆက် ဒီနေ့စာသင်သားတွေအထိပေါ့၊ မတွေးဝံ့စရာပါပဲ။ ဝေဖန်စရာရှိရင် ဝေဖန်ပြီး ချီးကျူးစရာရှိရင်လဲ ချီးကျူးတာဟာ ပညာရှိတွေရဲ့ သဘောတံထွာ ဓမ္မတာပါ။
တကယ်တော့ ဆရာတော်ဦးဗုဓ်ဟာ သက်တော် ၅၅-နှစ်ပဲ နေထိုင်သွားရပါတယ်။ ၅၅-နှစ်ပဲ နေသွားရပေမဲ့ ပြုစုရေးသားသွားတဲ့ ကျမ်းစာတွေကတော့ ၆၀-ကျော်ပါတယ်။ သက်တော် ၈၀-လောက်များနေခဲ့ရရင် ကျမ်းပေါင်း ၂၀၀-ကျော်လောက်များ ပြုစုသွားမလားလို့ တွေးမိပါသေးတယ်။ ဆရာတော်ပြုစုတဲ့ကျမ်းပေါင်း ၆၀-ကျော်ထဲမှာ နိဿယကျမ်းချည်း ၄၅-ကျမ်းတိတိရှိတယ်လို့ ဆရာ တော် မာဂဓီ(သာစည်)တို့က ဖော်ထုတ်ပြထားပါတယ်။ ဘာဖြစ်လို့ နိဿယကျမ်းချည်း အဓိကထား ပြီး ပြုရသလဲဆိုရင် နောင်ခေတ် စာသင်သားတွေ မပင်မပန်း ချမ်းချမ်းသာသာ သင်ယူလေ့ကျက်နိုင် အောင် ဖြစ်နိုင်ပါတယ်။ ဒီနေ့ သတင်းစာနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ နေ့စဉ်နဲ့အမျှ တွေ့နေရတဲ့ လောကနီတိဟာ ဆရာတော်ဦးဗုဓ် နိဿယပြန်ဆိုခဲ့တာပါ။
နိဿယပြန်ဆိုရေးတဲ့နေရာမှာလဲ ကျမ်းစုံလှပါတယ်။ နိဿယတွေထဲမှာ သံပျင်ဋီကာနိဿယ တောင် ပါလိုက်ပါသေးတယ်။ သံပျင်ဋီကာဆိုတာ ကျစွာမင်းရဲ့ သမက်ဖြစ်မဲ့ ရဟန်းငယ်တစ်ပါး ပြုစုခဲ့ တာပါ။ ဒီကျမ်းပြုစုလို့လဲ ဘုရင့်သမီးတော်ရခဲ့တဲ့ ရာဇ၀င်ရှိပါတယ်။ သံပျင်ဋီကာနဲ့ ပတ်သက်လို့ သီးသန့်ရေးသားပါဦးမယ်။
ဆရာတော်ပြုစုခဲ့တဲ့ နိဿယကျမ်းတွေထဲက မြန်မာပြည်အရပ်ရပ်က အိမ်တိုင်းအိမ်တိုင်းမှာ တွေ့နေရတဲ့ နိဿယကျမ်းတစ်စောင်ကိုပြပါဆိုရင် ဓမ္မစကြာနိဿယကိုပဲ ပြရမှာပါ။ မြန်မာပြည် သာ သနာသမိုင်းမှာ ဓမ္မစကြာပါဠိကို ပထမဆုံး နိဿယပြန်ဆိုတာ ဆရာတော်ဦးဗုဓ်ဖြစ်တယ်လို့ သမိုင်း ဆရာတို့က ဆိုကြပါတယ်။ ဓမ္မစကြာပါဠိကို ခေတ်အဆက်ဆက် တခြားဆရာတော်တွေ နိဿယပြန် ဆိုခဲ့ပေမဲ့ ဆရာတော်ဦးဗုဓ်နိဿယကို မကျော် နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ အဲဒီမှာ ကြုံလို့ပြောရရင် ဓမ္မစကြာပါဠိတော်ရဲ့အစမှာ “ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ ဣသိပတန နာမကေ”အစချီတဲ့ အမွှမ်းဂါထာ သုံးပုဒ်ရှိ ပါတယ်။ အဲဒီဂါထာသုံးပုဒ်က ဘုရားဟော မဟုတ်ပါဘူး။ ဆရာတော်ဦးဗုဓ် ဓမ္မစကြာပါဠိကို နိဿယ ပြန်ဆိုရေးသားစဉ်က ဓမ္မစကြာကို ကြည်ညို လွန်းလို့ ဆိုပြီး ဆရာတော်ကိုယ်တိုင် ပါဠိဂါထာသုံးပုဒ် သီကုံးပြီး ထည့်သွင်းခဲ့တာပါ။ ဒီနေ့အထိ အဲဒီဂါထာသုံးပုဒ်ကို ဓမ္မစကြာပါဠိရဲ့အစမှာ တွေ့နိုင် ပါတယ်။ ဆရာတော်ဦးဗုဓ်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ပြောစရာတွေ အများကြီးပါပဲ။ ပြောချင်တာတွေထဲ က တစ်ခုပြောစရာ ရှိပါသေးတယ်။ အဲဒါ ခုဒ္ဒသိက္ခာနိဿယကျမ်းရဲ့ ရာဇ၀င်ပါ။ ခုဒ္ဒသိက္ခာကျမ်းဆို တာ ရဟန်းတော်တွေအတွက် ၀ိနည်းကျင့်ဝတ်တွေကို ပြထားတဲ့ကျမ်းပါ။ ဂါထာပေါင်း ၄၈-ဂါထာ ရှိပါတယ်။
အဲဒီခုဒ္ဒသိက္ခာကျမ်းကို နိဿယပြန်ဆိုနေချိန်မှာ ဆရာတော်ဦးဗုဓ်ရဲ့ ကျန်းမာရေးက လုံးဝ မကောင်းပါဘူး။ ဒူလာသွေးဝမ်းကျရောဂါ ဖြစ်နေပါ တယ်။ ရောဂါက လျော့မသွားဘဲ တိုးလို့တိုးလို့သာ ဖြစ်နေပါတယ်။ အဲဒီတော့ ကုဋီတက်လိုက်၊ ကျောင်းပေါ်ပြန်တက်ပြီး စာရေးလိုက်နဲ့ စာရေးရတာ အတော်ဒုက္ခရောက်နေပါတယ်။ စာရေးတယ်ဆိုတဲ့နေရာမှာလည်း ပြောစရာက ရှိလာပြန်ပါတယ်။ ဆရာတော်ဦးဗုဓ်တို့ခေတ်တုန်းက ဒီခေတ်လို ဘောလ်ပင်တွေ ဖောင်တိန်တွေနဲ့ ရေးရတာမဟုတ် ပါဘူး။ ပေရွက်ပေါ်မှာ ကညစ်တံနဲ့ ခဲရာခဲဆစ်ရေးရတာပါ။ ဘယ်လောက်ဒုက္ခရောက်မယ်ဆိုတာ တွေးသာ ကြည့်ပါတော့။
ကုဋီတက်လိုက်၊ ကျောင်းပေါ်ပြန်တက်ပြီး စာရေးလိုက်နဲ့ စာရေးရတာ အတော်အနှောင့်အ ယှက်ဖြစ်နေတော့ နောက်ပိုင်း ကျောင်းပေါ် ပြန်မတက် တော့ဘဲ ကုဋီထဲမှာပဲ နေလိုက်ပါတော့တယ်။ တပည့်ကြီးတွေကို ကုဋီနံရံမှာ သင်ပုန်းလိုမီးသွေးနဲ့ သုတ်လိမ်းခိုင်းစေပါတယ်။ ၀မ်းသွားလိုက်၊ စာထရေးလိုက်နဲ့ နေ့မနားညမနား ရေးသားပါတယ်။ ဆရာတော်ရေးပြီးတဲ့ ကုဋီနံရံကစာတွေကို တပည့်ကြီးတွေကလာပြီး ပုရပိုက်နဲ့တစ်ဆင့် ကူးယူပေးထားရပါတယ်။ ဒီလိုနဲ့ ကျမ်းတစ်စောင်ပြီးတဲ့ အထိပါပဲ။
ဆရာတော် ရောဂါဖြစ်နေတဲ့ကြားက အနားမယူဘဲ ဘာ့ကြောင့်ကျမ်းတစ်စောင်ပြီးအောင် ရေးခဲ့သလဲ။ သာသနာတော်အတွက်ဆိုတဲ့ ယုံကြည်ချက်တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဘာကျော် ကြားမှု၊ ဘာအောင်မြင်မှုကိုမှ မျှော်ကိုးပြီး ရေးသားခဲ့တာ မဟုတ်ပါဘူး။ တကဲ့သဒ္ဓါစစ်စစ်နဲ့ ရေးသွား တာပါ။ ဆရာတော်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ခုဒ္ဒသိက္ခာနိဿယနိဂုံးမှာ အောက်ပါအ တိုင်း ရေးသားပေးထားတာကို တွေ့ရပါတယ်။
ဝိဇာ မာနေပိ ရောဂမှိ၊ တံ နပေက္ခ ၀ယောကတော။္ဇ
တသ္မာဟိ မနုယုဉ္စန္တု၊ သောတာရတ္တာန ပေက္ခိနော။
မြန်မာပြန်
“ကိုယ်စိတ်မသာ နာကျင်ခြင်းရှိလျက်လည်း ထိုရောဂါကို မငဲ့မူ၍သာလျှင် ခုဒ္ဒသိက္ခာနိဿယ ကို ရေးသားပြုစုအပ်၏။ ထို့ကြောင့် သင်စာသင်သားတို့သည် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ဤခုဒ္ဒ သိက္ခာကျမ်းကို ကိစ္စတစ်ပါး စွန့်ပစ်ထား၍ ဖန်များကြိမ်ခါ လွန်စွာကြိုးကုတ် အားထုတ်မြဲပင် ယှဉ်စေ ကုန်သတည်း”။
ဒီနိဂုံးပါဠိအမှာလေးကို ပြန်ပြန်ကြည့်မိတိုင်း ဆရာတော့်အပေါ် ကြည်ညိုလို့မဆုံးဖြစ်မိပါတယ်။ ဆရာတော်ဦးဗုဓ်ဟာ စကားအလွန်နည်းတော့ တသီးတသန့် သြ၀ါဒပေးတာတွေ ဘာတွေ သိပ်မ တွေ့ရပါဘူး။ သြ၀ါဒပေးတာလည်း သိပ်ပြီးအားသန်ပုံ မပေါ်ပါဘူး။ အသက်ထက်ဆုံး လက်ကိုင်ထား ပြီး ကိုယ်တိုင်လည်းကျင့်သုံး တပည့်တွေကိုလည်း ကျင့်သုံးစေခဲ့တဲ့ ရွှေစကားလေးတစ်ခု ရှိပါတယ်။ အဲဒီရွှေစကားလေးကတော့…………..
“ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရားမကဲ့ရဲ့အောင်နေ” ပါတဲ့။
ဆရာတော်ဦးဗုဓ် နှင့် နန်းမတော်မယ်နု
ရဝေနွယ်(အင်းမ)
ကျမ်းကိုး။ ၁။ ညောင်ကန်သာသနာဝင် (ဦးသုဒဿန)
၂။ ဆရာတော်ဦးဗုဓ် နှစ် ၂၀၀-ပြည့်စာစောင်
၃။ မယ်နုအုတ်ကျောင်းဆရာတော် (အရှင်ပညာသာမိ) (မြတ်သတိ၊ မတ်လ၊ ၂၀၀၁)