Thursday, January 13, 2011

ရွှေတိဂုံ စေတီတော်



၁။ ရွှေတိဂုံ စေတီတော်ကြီး၏ စေတီအမျိုးမျိုး၌ ပါဝင်နေပုံ။
၂။ ရွှေတိဂုံ စေတီတော်ကြီး၌ လှူဒါန်းရသည့် ဒါနအကျိုးကြီးမြတ်ပုံ။
၃။ ရွှေတိဂုံ စေတီတော်ကြီး၌ ရိုရိုသေသေ ဝေယျာဝစ္စအမှု ပြုခြင်းဖြင့် သီလကုသိုလ်များ ရရှိပုံ။

( ပရိဘောဂ စေတီတော်ဖြစ်ပုံ)
၁။ ရွှေတိဂုံ စေတီတော်ကြီးသည် စေတီအမျိုးမျိုးတို့တွင် ပရိဘောဂ စေတီတော်နှင့် ဓာတုစေတီတို့၌ ပါဝင်နေသည်။
ပရိဘောဂ စေတီဟူသည်-ဘုရားရှင်တို့၏ အသုံးအဆောင်တို့ကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ရသော စေတီတမျိုး ဖြစ်ပေသည်။
(ခုဒ္ဒကပါဌ-ဋ္ဌ ၁၈၈)

ရွှေတိဂုံစေတီတော်ကြီးသည်ကကုသန်ဘုရားရှင် လက်ထက်တော်အခါက ကကုသန်မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သည့်တောင်ဝှေးတော်ကို ဌာပနာသွင်း၍ တည်ထားသည့် ပရိဘောဂစေတီတော်ကြီး ဖြစ်ပေသည်။
ကောဏာဂုံဘုရားရှင်လက်ထက်တော်အခါက ကောဏာဂုံ ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သောဓမ္မကရိုဏ်း-ရေစစ်တော်ကို ဌာပနာသွင်း၍ တည်ထားသည့် ပရိဘောဂစေတီတော်ကြီးဖြစ်ပေသည်။
ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက ကဿပဘုရားရှင်၏အသုံးအဆောင်ဖြစ်သည့် ရေသနုပ်-သင်းပိုင်ကို ဌာပနာသွင်း၍ တည်ထားသည့်ပရိဘောဂစေတီကြီး ဖြစ်ပေသည်။
ထို့ကြောင့် ရွှေတိဂုံစေတီတော်ကြီးသည် ဘုရားရှင်တို့၏ အသုံးအဆောင်များ ထည့်သွင်းထားသော ပရိဘောဂစေတီတော်ကြီး ဖြစ်ပေသည်။
ဆောင်ပုဒ်။ ။ အသုံးအဆောင်များ၊ ထည့်သွင်းထား၊ ခေါ်ငြား ပရိဘောဂ။

( ဓာတုစေတီတော် ဖြစ်ပုံ)
ဂေါတမမြတ်စွာဘုရားဖြစ်တော်မူစ ရက် ၅၀-မြောက်နေ့က တပုဿ နှင့် ဘလ္လိကတို့ ရခဲ့ကြသည့်ဆံတော်မြတ် ၈-ဆူကို ရွှေတိဂုံစေတီတော်ကြီး၌ ရတနာအတိပြည့်သော ပြာသာဒ်အတွင်း၊ပတ္တမြားပြာသာဒ်အတွင်း ပတ္တမြားကြုတ်၌ ထည့်သွင်း၍ ဌာပနာထားကြပေသည်။ထို့ကြောင့် ရွှေတိဂုံစေတီတော်ကြီးသည် ဆံတော်ဓာတ်များကိန်းဝပ်သည့်ဓာတုစေတီလည်း ဖြစ်ပေသည်။(ရွှေတိဂုံစေတီတော်သမိုင်း ၂၉-၃၀)
ဆောင်ပုဒ်။ ။ ဓာတ်တော်အများ၊ ထည့်သွင်းထား၊ ခေါ်ငြား ဓာတုမည်။

(ရွှေတိဂုံစေတီတော်ကြီး၌ လှူဒါန်းရည်သည့် ဒါနအကျိုး ကြီးမြတ်ပုံ)
၂။ ရွှေတိဂုံစေတီတော်ကြီးသည် ကကုသန် မြတ်စွာဘုရား ပွင့်တော်မူသည့်ကာလက အသုံးအဆောင် တောင်ဝှေးတော်၊
ကောဏာဂုံမြတ်စွာဘုရား၏ အသုံးအဆောင် ဓမ္မကရိုဏ်း-ရေစစ်တော်၊
ကဿပမြတ်စွာဘုရား ပွင့်တော်မူသည့်ကာလက အဆုံးအဆောင် ရေသနုပ်-သင်္ကန်းတော်တို့ကို ဌာပနာသွင်းထားသောကြောင့် ပရိဘောဂစေတီတော်လည်း ဖြစ်ပေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ တပုဿ နှင့် ဘလ္လိကတို့ ပင့်ဆောင်လာသည့် ဆံတော်ဓာတ်၈-ဆူကို ထည့်သွင်းဌာပနာသောကြောင့် ဓာတုစေတီလည်း ဖြစ်ပေသည်။(၀ိနယမဟာဝဂ္ဂပါဠိ-နှာ ၅)

ထိုပရိဘောဂစေတီ၊ ဓာတုစေတီတို့ ကိန်းဝပ်ရာရွှေတိဂုံစေတီတော်ကြီး၌ လှူဒါန်းကြရသော ဒါနကုသိုလ်တို့သည်မိမိတို့ရည်မှန်းကြသည့်အတိုင်း လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာရောက်သည့်တိုင်အောင် ကြီးမြတ်သော အကျိုးများကို ရရှိနိုင်ကြပေသည်။

( ကြီးမြတ်သောအကျိုးကို ရရှိအောင် လှူဒါန်းပုံ)
မလှူမီ ရှေ့အဖို့ကလည်း မိမိတို့မှာ ဓမ္မိယလဒ္ဓ-တရားသဖြင့် ရှာဖွေ၍ရရှိထားသော လှူဖွယ်ပစ္စည်းများလည်း ရှိနေသည့်အခိုက်၊
ရွှေတိဂုံစေတီတော်ကြီးကိုလည်း ဖူးမြင်နေရသည့်အခိုက်၊
စိတ်စေတနာ သဒ္ဓါတရားများကလည်း ထက်သန်နေသည့်အခိုက်၊
လှူဒါန်းရတော့မည်၊ လှူဒါန်းရတော့မည်-ဟု ၀မ်းမြောက်ဝမ်းသာဖြစ်အောင် နှလုံးသွင်းကြရပေသည်။

လှူနေဆဲခဏ၌လည်း မိမိတို့မှာ ဓမ္မိယလဒ္ဓ-တရားသဖြင့် ရှာဖွေ၍ရရှိထားသော လှူဖွယ်ပစ္စည်းများလည်း ရှိနေသည့်အခိုက်၊
ရွှေတိဂုံစေတီတော်ကြီးကိုလည်း ဖူးမြင်နေရသည့်အခိုက်၊
စိတ်စေတနာ သဒ္ဓါတရားများကလည်း ထက်သန်နေသည့်အခိုက်၊
လှူဒါန်းရပေပြီ-ဟု ၀မ်းမြောက်ဝမ်းသာဖြစ်အောင် နှလုံးသွင်းကြရပေသည်။

လှူပြီးသည့်နောက်ကာလ၌လည်းယခုဘ၀မှစ၍ နိဗ္ဗာန်ချမ်းသာရောက်သည့်ဘ၀တိုင်အောင် အကျိုး ၅-မျိုးရရှိနိုင်ပေသည်ဟု ၀မ်းမြောက်ဝမ်းသာဖြစ်အောင် နှလုံးသွင်းကြရပေသည်။

အကျိုး ၅-မျိုး
၁။ အသက်ရှည်ခြင်း။
၂။ အဆင်းလှပတင့်တယ်ခြင်း။
၃။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း။
၎။ မိမိကို ကူညီမည့် အခြံအရံ ပရိသတ်ပေါများခြင်း။
၅။ အရာရာမှာ မိမိက အစိုးရခြင်း-ဟူသော အကျိုး ၅-မျိုး ရရှိနိုင်ကြပေသည်။

ဆောင်ပုဒ်။ ။
သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၍၊ များလှခြံရံ၊ စိုးရပြန်၊ ငါးတန် ဒါနအကျိုးတည်း။
ဒါနအရာ၊ ၀မ်းမြောက်တာ၊ မှန်စွာအဓိကဖြစ်ပေသည်။

( ၀ိပဿနာရှုပုံ)
ဆောင်ပုဒ်။
စေတီယဒါန၊ ကျိုးများစွ၊ လှူလှဖူးလေပြီ။
ယခုတခါ၊ လှူရတာ၊ လွန်စွာဝမ်းသာသည်။
ဝမ်းသာခိုက်မှာ၊ ဖြစ်ပျက်တာ၊ ရှုကာသိရမည်။
ဖြစ်ပျက်သိက၊ အနိစ္စ၊ ဒိဋ္ဌ သိနိုင်သည်။
အနိစ္စမြင်တော့၊ ဒုက္ခထင်သည်။
ဒုက္ခထင်တော့၊ အနတ္တမြင်သည်။
အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင်ဆိုက်ရောက်သည်။
ဝိပဿနာမှာ၊ ဥပေက္ခာ၊ မှန်စွာအဓိကဖြစ်ပေသည်။

ဤကဲ့သို့လွန်စွာဝမ်းသာနေရာတွင် ဆိတ်ငြိမ်ရာသို့ချဉ်းကပ်၍ ၀မ်းသာသည်၊ ၀မ်းသာသည်ဟုရှုမှတ်ကြရပေသည်။ နာမရူပပရိစ္ဆေဒဉာဏ်သို့ ရောက်နေသော ပုဂ္ဂိုလ်များကထိုင်နေသည့် ရုပ်ကိုယ်ကြီးက တခြား၊ မှတ်သိစိတ်က တခြား-ဟု ကွဲပြား၍သိလာကြပေသည်။
ထိုင်နေသည့် ရုပ်ကိုယ်ကြီးက အာရုံကို မသိတတ်သောကြောင့် ရုပ်တရား၊
မှတ်သိစိတ်က အာရုံကို သိတတ်သောကြောင့် နာမ်တရားဟူ၍ ကွဲပြားကာ သိလာကြပေသည်။

ပစ္စယပရိဂ္ဂဟဉာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့က ၀မ်းသာတာများ ရှိနေကြသောကြောင့်မှတ်သိစိတ်များ ဖြစ်လာကြပေသည်။ ၀မ်းသာနေကြသည်က အကြောင်းတရား၊
မှတ်သိစိတ်က အကျိုးတရားဖြစ်သည်ဟု အကြောင်းနှင့်အကျိုးကို သိလာကြပေသည်။

သမ္မသနဉာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့က ၀မ်းသာတယ်၊ ၀မ်းသာတယ်-ဟု ရှုမှတ်လိုက်သောအခါပို၍ပို၍ ၀မ်းသာတာ၊ ပြန်၍ပြန်၍ လျော့သွားတာများကို သိလာကြပေသည်။ ဤကဲ့သို့သိလာခြင်းသည် မမြဲခြင်းအနိစ္စကို သိလာခြင်းပင် ဖြစ်ပေသည်။

ဥဒယဗ္ဗယဉာဏ်သို့ရောက်ရှိနေကြသော ပုဂ္ဂိုလ်တို့က ၀မ်းသာတယ်၊ ၀မ်းသာတယ်-ဟုရှုမှတ်လိုက်သည်ရှိသော် ၀မ်းသာတာများ ဖြစ်ပေါ်လာပြီး ပျက်ပျက်သွားတာကိုတွေ့သိလာကြပေသည်။ ဤကဲ့သို့ တွေ့သိလာခြင်းသည် မမြဲခြင်းအနိစ္စ၊ဆင်းရဲခြင်းဒုက္ခ၊ အစိုးမရခြင်း အနတ္တတို့ကို သိမြင်လာခြင်းပင် ဖြစ်ပေသည်။အနတ္တ္ကဉာဏ်အမြင်များ ပြည့်စုံသွားသောအခါ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာနိဗ္ဗာန်သို့ ရောက်သွားကြရမည် ဖြစ်ပေသည်။

(ဝေယျာဝစ္စအမှုများ ပြုသဖြင့် သီလကုသိုလ်များ ရရှိပုံ)
အပစာယနနှင့်ဝေယျာဝစ္စတို့ကို အဋ္ဌကထာဆရာများက သီလကုသိုလ်၌ သွင်း၍ယူရမည်ဟုဖွင့်ပြထားကြပါသည်။ ထို့ကြောင့် သီလကုသိုလ်များ ရရှိနိုင်ကြပေသည်။သီလကုသိုလ်၏ အကျိုးများမှာ-
၁။ သီလရှိသောပုဂ္ဂိုလ်တို့သည် ပစ္စည်းဥစ္စာရှာဖွေသောအခါ ရလွယ်ခြင်း။
၂။ အရပ်လေးမျက်နှာ၌ ကောင်းသောဂုဏ်သတင်းတို့ ကျော်ကြားခြင်း။
၃။ ပရိသတ်အမျိုးမျိုးတို့ရှိရာသို့ ၀င်ရောက်ရာ၌ မျက်နှာမငယ်ပါဘဲ ၀မ်းမြောက်ဝမ်းသာ ၀င်ရောက်နိုင်ခြင်း။
၎။ သေခါနီးကာလ၌ ကောင်းသောအာရုံနိမိတ်တို့ ထင်လာ၍ မတွေမဝေ သေရခြင်း။
၅။သေပြီးသောနောက်ကာလ၌ နတ်ရွာနတ်ပြည်သို့ ရောက်ရခြင်းဟူသော အကျိုး ၅-ပါးကိုရရှိနိုင်ကြပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ( အံ-ပါ၊ ၂-၂၂၁)

ဆောင်ပုဒ်။ ။
ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍၊ မငယ်မျက်နှာ၊ မတွေကာ သေ၊ ရောက်လေနတ်ရွာ၊ ဤငါးဖြာ၊
မှန်စွာသီလ အကျိုးတည်း။

သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်
(မြတ်မင်္ဂလာ ၂၀၀၉-ခု မေလ)