Saturday, September 25, 2010

အဂျန်တာ လိုဏ်ဂူတန်းကြီးများ - ၂

Ajenta

Ajenta

Ajenta

လိုဏ်ဂူ ၆ မှာ အဂျန်တာတွင် တစ်ခုတည်းသော နှစ်ထပ်လိုဏ်ဂူ ဖြစ်သည်။ လိုဏ်ဂူအောက်ထပ်ရှိ ရုပ်ကြွများမှာ ပျက်စီးယိုယွင်း နေကြလေပြီ။
ထိုအောက်ထပ် တောင်နံရံလိုဏ်ဂူ အတွင်းတွင် အာသနမုဒြာဟန် သပ္ပါယ် သော
ဗုဒ္ဓဆင်းတုတော် တစ်ခုရှိသည်။ အထက်ထပ်မှာ ကျယ်ပြန့်သော ခန်းမဆောင်ကြီး
တစ်ခုဖြစ်သည်။ မျက်နှာကျက်နှင့် နံရံအားလုံး ဗုဒ္ဓ၀င်ပန်းချီတို့ဖြင့်
ခြယ်မှုန်းထားသည်။

လိုဏ်ဂူ ၇ မှာ စံပြပုံစံ တစ်ခုအဖြစ် တည်ဆောက်ထားသော လှိုဏ်ဂူဖြစ်သည်။ အတွင်းတွင် ဂူငယ် လေးခု၊ ၀ရန်တာလက်ရုံးတန်းများ လှပတင့်တယ်စွာ တည်ဆောက်ထားသည် ဓမ္မစက္ကမုဒြာဟန်
ဆင်းတုတော်များ ထုလုပ်ထားသည်။ လိုဏ်ဂူ ၈ မှာ ပျက်စီးယိုယွင်းနေသဖြင့်
ပိတ်ထားသည်။

လိုဏ်ဂူ ၉ မှာ အဂျန်တာတွင် အစောဆုံးသော ထူပါစေတီတော် တည်ဆောက်ခဲ့သည့် ထေရ၀ါဒ လိုဏ်ဂူဖြစ်သည်။ ဂူအမှတ် (၈-၉-၁၀-၁၂-၁၃-၁၅) တို့မှာ ထေရ၀ါဒလက်ရာ လိုဏ်ဂူများ ဖြစ်ကြသည်။

လိုဏ်ဂူ ၁၀ မှာလည်း ထေရ၀ါဒ သံဃာတော်တို့ ဘုရားကိုယ်စား ထူပါစေတီ တည်ထားကိုးကွယ်ခဲ့ကြသည့် B.C ၁-၂ ရာစုခန့်က တည်ဆောက်ခဲ့သည်။ စေတီယဃရ ဂူကျောင်းတော် ဖြစ်သည်။
နံရံဆေးရေးပန်းချီမှာ ပျက်စီး၍ နေချေပြီ။ မုဆိုးလုပ်၍ သားကောင်လိုက်ရင်း
တောင်ထိပ်မှ လိုဏ်ဂူတန်းတောင်ကြားသို့ သားကောင်ကျသွားသဖြင့်
ဤလိုဏ်ဂူတန်းကြီးကို စတင် တွေ့ရှိခဲ့သော ဗြိတိသျှအရာရှိ ဂျွန်စမစ် (၁၈၁၉)က
သူ့နာမည်နှင့် သူရောက်ခဲ့သော ခုနှစ်တို့ကို ဂူအတွင်း ကျောက်
တိုင်တစ်ခုတွင် ထွင်းထုထားခဲ့သည်ကိုလည်း တွေ့ရသည်။

လိုဏ်ဂူ (၁၁-၁၂-၁၃-၁၄-၁၅)တို့မှာ ပျက်စီးနေသည်ကများ၍ ပြင်ဆင်ခြင်း မပြုနိုင်သေးချေ။ ဂူအမှတ်(၁၅) မှ (၂၀) အထိ လှိုဏ်ဂူပေါင်း (၆) ခုတို့မှာ
A.D (၅)ရာစု နောက်ပိုင်းမှ ထွင်းထုထားသော မဟာယာန လိုဏ်ဂူများ ဖြစ်ကြသည်။

ဂူအမှတ်(၁၆)မှာ လှပသေသပ်သော ပန်းချီတို့ဖြင့် ဂူတွင်းနံရံ တစ်ခုလုံး ခြယ်မှုန်းထားသည်။ ညီတော်မင်းနန်နှင့် ဇနပဒကလျာဏီတို့ လက်ထပ်ခန်း၊ နန္ဒမင်းသား သပိတ်ပိုက်၍
ဘုရားနောက် လိုက်ပါသွားခန်း၊ နန္ဒမင်းသား ရဟန်းပြုခန်း၊ တရား
အားထုတ်ခန်းတို့ဖြင့် ခြယ်မှုန်းထားသည်မှာ ရှုမငြီးဖွယ် ဖြစ်သည်။ လိုဏ်ဂူ၏
ဗဟိုချက် မြောက်ဖက်နံရံတွင် သီဟာသနပလ္လင်တွင် တရားဟောတော်မူနေဟန် မြတ်ဗုဒ္ဓ၏
သဲကျောက် ဆင်းတုတော်မှာလည်း ကြည်နူးဖွယ်ရာ ဖြစ်သည်။


အ၀င်ဝ နံရံတစ်ဖက်တစ်ချက်တွင် နံရံအမြင့်တို့တွင် ထွင်းထုထားသော ဘုရားဆင်းတုတော်တို့မှာ ကောင်းကင်တွင် ဈာန်ယာဉ်စီး ကြွတော်မူသည့် အလား
ကြည်ညိုသဒ္ဓါ ပွားရပေသည်။ လိုဏ်ဂူ၏ အပြင်ဘက် အနောက် နံရံတွင် နဂါးမင်းနှင့်
မိဖုရားတို့ မြတ်စွာဘုရားကို ဖူးမြှော်နေဟန် . .


လိုဏ်ဂူ(၁၇)မှာ လိုဏ်ဂူအ၀င်မှစ၍ လိုဏ်ဂူအတွင်း နံရံတစ်ခုလုံး မျိုးစုံသော ရုပ်ကြွတို့ဖြင့် ခြယ်မှုန်းထုလုပ်ထားသည်။ ဘုရားသီတင်းသုံးရာ အခန်းဝဆီသို့
ဝဲ၊ယာ ကျောက်တိုင်တန်းတို့ဖြင့် တန်ဆာဆင်လျှက် "Dwarf" ဟူသော မြေစောင့်နတ်
ရုပ်ပုကလေးများဖြင့် တိုင်များ၊ ထုတ်တန်းများကို မ၍ မ၍ တန်ဆာဆင် ထားသည်မှာ
စိတ်ဝင်စားဖွယ် ဖြစ်သည်။

Ajentaမြတ်စွာဘုရား နေပြည်တော် ပြန်ကြွခန်း၊ သားတော် ရာဟုလာ အမွေတောင်းခန်း၊ ခမည်းတော် သုဒ္ဓေါဒန သပိတ်လှမ်းယူခန်း ပန်းချီတို့မှာ အံ့ချီးဖွယ် ကောင်းလှပေသည်။

လိုဏ်ဂူ(၁၉)မှာ ဂူအ၀င် မျက်နှာစာမှစ၍ပင် အံ့ချီးဖွယ်ရာ မြတ်ဗုဒ္ဓ၏ ရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။ စက်ဝိုင်းခြမ်းသဏ္ဍာန်၊ သို့မဟုတ် မြင်းခွာပုံသဏ္ဍာန်
အလင်းရောင် ပေါက်၏ ၀ဲယာနှစ်ဖက်တို့တွင် စင်္ကြံကြွဟန် မြတ်စွာဘုရား၏ ရုပ်တု
တော်များ၊ အာသနမုဒြာ၊ ဓမ္မစက္က မုဒြာ နှစ်ဖြာရောယှက် ထုလုပ်ထားသည့်
ရုပ်တုတော်များဖြင့် တန်ဆာဆင်ထားသည်မှာ အဂျန်တာလိုဏ်ဂူတန်းကို
ဆင်းချီတက်ချီ ရှုကြည့်လာသူ လူအပေါင်းတို့ မောပန်းလာကြသော်လည်း ဤလိုဏ်ဂူ
(၁၉) အ၀င် ၀၏ မြတ်စွာဘုရား ကိုယ်တော်မြတ်တို့က ပန်းသူနွမ်းသူတို့ကို
လှမ်းကြိုနေတော် မူကြသဖြင့် အပန်းအနွမ်းတွေ ပြေပျောက်ဖွယ်
ကောင်းလောက်အောင် ဆွဲဆောင်အား ကောင်းလှပေသည်။ အ၀င်ဝ နံရံတစ်ဖက်တစ်ချက်တွင်
နံရံအမြင့်တို့တွင် ထွင်းထုထားသော ဘုရားဆင်းတုတော်တို့မှာ ကောင်းကင်တွင်
ဈာန်ယာဉ်စီး ကြွတော်မူသည့် အလား ကြည်ညိုသဒ္ဓါ ပွားရပေသည်။ လိုဏ်ဂူ၏
အပြင်ဘက် အနောက်နံရံတွင် နဂါးမင်းနှင့်မိဖုရားတို့ မြတ်စွာဘုရားကို
ဖူးမြှော်နေဟန် နဂါးခုနှစ် ကောင် ပါးပျဉ်းထောင်၍ မြတ်စွာဘုရား
ကိုယ်တော်မြတ်ကို နေ၊မိုးတို့မှ ကာကွယ်ဟန် ရုပ်ကြွများကိုလည်း
ဖူးတွေ့ခဲ့ရသည်။ အတွင်းသို့ ၀င်လိုက်သည့်အခါ လှပစွာ ပန်းပုရုပ်ကြွ
တို့ဖြင့် တန်ဆာဆင်ထားသော ကျောက်တို့၏ အဆုံးအလယ်တွင် ကမ္ဘာလုံး ပုံသဏ္ဌာန်
စေတီတော်၊ မြူးကြွနေသော နတ်ရုပ်များခံသည့် ပလ္လင်တော်၊ ထိုပလ္လင်တော်ပေါ်တွင်
ရပ်တော်မူ ရုပ်ကြွမှာ စေတီတော်တွင်း အနည်းငယ်ဝင်၍ ရပ်နေပါသည်။ တံကဲကို
ထောက်ထားသော ကျောက်တိုင်နှစ်ခု၏ ထိပ်တွင် ပန်းကုံးကိုက်ချီထားသော
ဟင်္သာရုပ်များမှာ မြတ်စွာဘုရားကို ပူဇော်နေဟန် ဖြစ်သည်။ စေတီလုံး၏ထိပ်တွင်
လေးဒေါင့်ဟမ္မိက ဓါတ်တော်တိုက်၊ ထိုအထက်မှာ နတ်ရုပ်များက အဆင့်ဆင့်
မ၍မ၍ထားသော ထီးသုံးဆင့်တို့ဖြင့် တန်ဆာဆင်ထားသော စေတီတော်နှင့် ဆင်းတုတော်
တို့မှာ အဂျန်တာတွင် ဖူးမြင်သူတို့၏ စိတ်ဓါတ်ကို ဆွဲဆောင်အား
အကောင်းဆုံးဟု ထင်မြင်ယူဆမိပေသည်။

လိုဏ်ဂူ ၂၀ မှာ ပြိုကျပျက်ဆီးခြင်းများသော ကျောင်းဆောင်ငယ် တစ်ခု ဖြစ်သည်။ A.D ၅ ခန့်မှာ ပြန်လည်ပြင်ဆင် မွမ်းမံခဲ့သည်။ကျောက်တိုင်၊ ၀ရန်တာ၊ မကန်းရုပ်ပါသော
လက်ရုံးလက်တန်းများ၊ နဂါးရုပ်များဖြင့် တန်ဆာဆင်ထားသော ကျောင်း ဆောင်ငယ်
တစ်ခုဖြစ်သည်။ မျက်နှာကျက် ထုတ်တန်းများ၊ အချင်ရနယ်များဖြင့် ပီပီပြင်ပြင်
ရှိသည်။ ကျောက်တိုင်များတွင် ညွှတ်သော အကိုင်းရှိသည့် အင်ကြင်းပင်များကို
ထွင်းထုထားသည်မှာ ထူးခြားသော အဓိပ္ပယ် ရှိပေမည်။ မျက်နှာကျက်တွင်
ကောင်းကင်ပျံ နတ်ရုပ်များ၊ တရားဟောသော မြတ်စွာဘုရား၏ နောက်ကြောတွင်
ပန်းကုံးကိုင်နတ်များ ကောင်းကင်ပျံနေသည်မှာ ကြည်နူးဖွယ် ဖြစ်သည်။

လိုဏ်ဂူ ၂၁ မှ ၂၇ အထိ ဂူ ပေါင်း ၇ ခုတို့မှာ အပျက်အစီးများသည် ဖြစ်၍ ၇ ရာစု A.D မှာ မွမ်းမံထားသော ဂူများ ဖြစ်သည်။ ဂူ ၂၁ မှာ ဘုန်းကြီးကျောင်းဂူ ဖြစ်သည်။
ဝရန်တာ ကျောက်တိုင်များမှာ များစွာပျက်စီးခဲ့ပြီး လက်ရုံးတန်းများတွင်
မကန်း ရုပ်များ တွေ့ရသည်။ နဂါးရုပ်များ၊ ဘီလူးရုပ်များဖြင့် အ၀င်ဝတွင်
တန်ဆာဆင်ထားသည်။ အ၀င်ဝ ညာဘက် အခန်းငယ်ကလေးတွင် လက်ထဲတွင် ကလေးငယ်ကို
ပွေ့ချီလျက် သူ၏ အခြံအရံ သို့မဟုတ် သူ၏ ကြင်ဘက်ပင် ဖြစ်မည်လော၊
ဘီလူးနှစ်ကောင်တို့ ခြေတစ်ဖက်တင် တစ်ဖက်ချ တင်နေသည့်ဟန်ကို တွေ့ရသည်။ သံဃာ
တစ်ပါး တစ်ပါးသီတင်းသုံးသော အခန်းငယ်ကလေးပေါင်း လေးခန်း တစ်ခန်းစီ၊
တစ်ခန်းစီ၏ အတွင်းတွင် တစ်ပါးစီ တစ်ပါးစီ အိပ်လောက်သော ကျောက်ခုံ တန်းလျား
နှစ်ခုစီ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ၁၀ ပေ ပတ်လည်ခန့်ရှိသော
ထိုအခန်းငယ်များတွင် နှစ်ပါးစီပင် သီတင်းသုံးလေသလော၊ တစ်ပါးတည်းပင်
သီတင်းသုံးလေသလောဟု တွေးတောမိပါသည်။ ဘုန်းကြီးကျောင်း အဖြစ် အသုံးပြုသော
လိုဏ်ဂူတန်းတွင် အဓိက အ၀င်ဝ တံခါးရှိရာဘက်ကို ချန်ထား၍ ကျန်သော
မျက်နှာသုံးဘက်တို့တွင်၁၀ ပေ ပတ်လည် အခန်းငယ်များ ထွင်းထုထားခဲ့သော
ဝိဟာရများ ဖြစ်သည်။အ၀င်နှင့်တည့်တည့် အခန်းအားလုံးတို့၏ အလယ် ဗဟိုချက်
နံရံတစ်ဖက်တစ်ချက်တွင် ဓမ္မဒေသနာမုဒြာ ဘုရားဆင်းတုများကို ထုလုပ်ထားကြသည်။

လိုဏ်ဂူ ၂၂ မှာ သံဃာတော်များ သီတင်းသုံးသည့် ၀ိဟာရဂူကျောင်းပင် ဖြစ်သည်။ တစ်ပါးစာ အခန်းငယ် လေးခုရှိသည်။ အလယ်ခေါင်တွင် ခန်းမဆောင် ဖြစ်၍ မြတ်စွာဘုရား၏
ဆင်းတုတော်မှာ ခြေနှစ်ချောင်း တွဲလျားချထားဟန်၊ ဤသည်ကို Dr.Devaka Mettara
က သူ၏စာအုပ်၌ ဗျာလမ္ဗပါဒမုဒြာဟု ရေးခဲ့လေသည်။ ခြေဖ၀ါးတော်နှစ်ဖက်မှာ
ကြာပွင့်များပေါ်၌ နင်းထားလေသည်။ဘုရားခန်း၏ နံရံနှင့် အထဲမျက်နှာကျက်၌
ဘုရားခုနစ်ဆူပုံတော်များ၊ အရိမေတ္တေယျ ဘုရားပုံများနှင့် ဘုရားခုနစ်ဆူနှင့်
သက်ဆိုင်သော ဗောဓိပင် ခုနစ်ပင် တို့ကို ထုထားလေသည်။ ဘုရားခုနစ်ဆူတို့မှာ
ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တို့ဖြစ်သည်။

လိုဏ်ဂူ ၂၃ သည် ဂူအမှတ် ၂၁ နှင့် များစွာတူသည်။ ဘုရားဆောင်၊ စည်းဝေးခန်းမဆောင်၊ သံဃာတစ်ပါးစီ သီတင်းသုံးသော အခန်းငယ်များဖြင့် တန်ဆာဆင်ထားသော ဂူကျောင်း
ဖြစ်သည်။ အပြီးမသတ်နိုင်ဘဲ ကျန်ရစ်ခဲ့သည်။ ပြီးသမျှ လက်ရာမှာ
ကျောက်ဆစ်ပန်းပုတို့ဖြင့် အသေးစိတ် ခြယ်မှုန်းထားသည်။ ဘုရားဆောင်၊ စုဝေးရာ
အဆောင်၊ သံဃာတော်များ သီတင်းသုံးသည့် အခန်းငယ်များဖြင့် တန်ဆာဆင်ထားသည်။
လက်ရာမှာ လှပသေသပ်သည်။ လည်ဆွဲတို့ဖြင့် တန်ဆာဆင်ထားသော မကန်းရုပ်များ၊
တံခါးပေါက် တစ်ဖက်တစ်ချက်၌ ခုန်တက်နေသော နဂါးရုပ်များဖြင့်
တန်ဆာဆင်ထားသည်မှာ မှတ်သားဖွယ်ဖြစ်သည်။


Written by သီတဂူဆရာတော် အရှင်ဉာဏိဿရ (D.Litt) (Ph.D)၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓဇောတိကဓဇ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ


မှတ်ချက်။ ။ vedio ကြည့်လိုလျှင် ဤနေရာကို နှိပ်ပါ။


http://yatanavasatemple.ning.com/video/7-wonders-of-india-ajanta