Thursday, September 16, 2010

ကံ စိတ် ဥတု အာဟာရ နှင့် အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်း

ကံ စိတ် ဥတု အာဟာရ နှင့် အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်း

ရောဂါဖြစ်ခြင်းသည် အကျိုးတရားသာ ဖြစ်၏။ ရောဂါဘာ့ကြောင့် ဖြစ်ရသလဲ? ဟု အဖြေရှာရာတွင် အကြောင်းတရားကို မုချတေါ့ရမည်သာ ဖြစ်ပါ၏။ ထိုရောဂါ ဖြစ်ရသည့် အကြောင်းဟူရာ၌ အနီးကပ်အကြောင်း (သန္တိကေ နိဒါန်း) နှင့် အခြေခံအကြောင်း သို့မဟုတ် ဝေးသောအကြောင်း (ဒူရေ နိဒါန်း) ဟူ၍ရှိကြပါသည်။ အကြောင်းတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် အခြေအနေအဖြစ်အပျက် သတ္တိကိစ္စအမျိုးမျိုး ပါဝင်လျှက်ရှိသည်။ ကိုယ်ခန္ဓာ အခြေအနေ၊ စိတ်အခြေအနေ၊ အစားအသောက် အနေအထိုင်၊ ရာသီဥတု မသင့်တင့် မမျှတခြင်း စသည်တို့သည် ရောဂါဖြစ်ခြင်းအတွက် ရန်သူများ ဖြစ်ကြပါ၏။

သို့ဖြစ်၍ ရောဂါတစ်ခု ဖြစ်လာသောအခါ ထိုရောဂါဖြစ်ရသည့် အခြေခံ အကြောင်းကိုသာ စူးစမ်း၍ ပျောက်ငြိမ်းအောင် လုပ်နိုင်မှသာလျှင် ရောဂွ အမြစ်ပြတ်နိုင်သည်။ အကြောင်းမငြိမ်း အမြစ်မပြတ်နိုင်ပါက တစ်မျိုးပြီး တစ်မျိုး လှသ့်ပတ်ဖြစ်နေမည်သာ ဖြစ်ပါသည်။ ကျန်းမာရေး ဗဟုသုတ၊ ကျန်းမာရေး အသိဉာဏ်သည် ရောဂါဘယ ကြိုတင်ကာကွယ်ရေးအတွက်သာမက စွဲကပ်နေသော ရောဂွဝေဒနာများ အမြစ်ပြတ် ပျောက်ကင်းရေးအတွက်ပါ အသုံးကျသဖြင့် ကျန်းမာရေးအသိဉာဏ် ပို၍ပို၍ ရင့်သန်အောင်၊ ကျန်းမာရေ်း ဗဟုသုတများအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပါသည်။ ယင်းသို့ ကြီုးစား အားထုတ်မှုသည် ရောဂါဖြစ်၍ ဒုက္ခဝေဒနာ ခံစားရသလောက် ပင်ပန်းမည် မဟုတ်ပေ။

ကျန်းမာကြောင်း၊ ရောဂါရကြောင်း (၄)ချက်။ ။

ကမ္မံ စိတ္တံ ဥတု အာဟာရောစေတိ စတာရိ ရူပသမုဋ္ဌာနာနိနာမ။

အဘိဓမ္မာကျမ်းများတွင် ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားကို ပြဆိုရာ၌ ကံ၊ စိတ်၊ ဥတု၊ အာဟာရ (၄)ပါးရှိကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။

(အဘိဓမ္မတ္ထသင်္ဂဟ၊ ပါ၊ ၁၀၂)

ဆိုလိုရင်းမှာ လူတို့၏ ခန္ဓာကိုယ်မှာ ကျန်းမာစေသော အကြောင်းတရား၊ ရောဂါရစေသော အကြောင်းတရားသည်လည်း ဤ(၄)ပါးပင် ဖြစ်ကြောင်း သဘောပေါက် နားလည်ရမည် ဖြစ်ပါသည်။

ကံစီမံပုံ။ ။

ကံစီမံရာ၌ ကံပြုစဉ်က စိတ်နေစိတ်ထားကို လိုက်၍ ယောကျားသဏ္ဍာန်၊ မိန်းမသဏ္ဍာန် ဖြစ်အောင်လည်း စီမံ၏။ အကုသိုလ်ကံ(အပြစ်) အကြီး အသေးအလိုက် ငရဲသဏ္ဍာန်၊ ပြိတ္တာသဏ္ဍာန် ဖြစ်အောင်လည်း စီမံ၏။ ကုသိုလ်ကံကောင်း၊ မကောင်းကိုလိုက်၍ လှပသောသဏ္ဍာန်၊ မလှပသော သဏ္ဍာန်များလည်း စီမံ၏။ သီလစင်ကြယ် မစင်ကြယ်မှု၊ ညှဉ်းဆဲမှု သတ်ဖြတ်မှုကို အကြောင်းပြု၍ အသက်ရှည်မှု တိုမှု၊ ရောဂါကင်းမှု ရောဂါထူပြောမှု ဖြစ်အောင်လည်း စီမံ၏။ အကုသိုလ်ကံကြောင့် တိရစ္ဆာန် သဏ္ဍာန်ကို ရသော်လည်း ရှေးကုသိုလ်ကံများက အခွင့်သာလျှင် တိရစ္ဆာန်လှလှလေး ဖြစ်အောင်၊ ကျွေးချင် မွေးချင်စရာကောင်းအောင် စီမံပြန်၏။ ကုသိုလ်ကံကြောင့် လူဖြစ်ပြန်သော်လည်း အကုသိုလ်ကံက မလှပအောင်၊ သူတစ်ပါးရွံမုန်းအောင်၊ ပေးကမ်းကူညီချင်သူနည်းအောင် ဖန်တီးပြန်၏။ ဤသို့လျှင် ကံတရားသည် မိမိစွမ်းအားရှိသလောက် ဤခန္ဓာကိုယ် ရုပ်တရားကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းမှစ၍ စီမံဖန်တီးထားလေသည်။

စိတ်ကပြုပြင်ပုံ။ ။

ကံတရားက စီမံဖန်တီးထားသော ထိုရုပ်ကြီး(ခန္ဓာကိုယ်ကြီး)ကို စိတ်ကလည်း ထပ်မံ ပြုပြင်ပြန်၏။ စိတ်၏ အလိုဆန္ဒအတိုင်း ဤရုပ်ကြီးက ထိုင်ရ၊ အိပ်ရ၊ ရပ်ရ၊ သွားရ၏။ သွားလိုသောစိတ် ဖြစ်လာသောအခါ စိတ္တဇရုပ် (စိတ်ကြောင့် ဖြစ်သောရုပ်) တို့သည် တစ်ကိုယ်လုံး ပြန့်နှံ့လျက် ဖြစ်၏။ ထို စိတ္တဇရုပ်များ၌ ၀ါယောဓါတ်သည် အခါတိုင်းထက် သတ္တိကောင်း၏။ ထိုဝါယောဓါတ် အစွမ်းကြောင့် တစ်ကိုယ်လုံး လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ ၀ါယောဓါတ်လွန်ကဲသော ရုပ်တို့ များသည်ထက်များလာသောအခါ ရွေ့ကာ ရွေ့ကာ သွားလာလှုပ်ရှားမှု ဖြစ်ပေါ်လာ၏။ ထိုဝါယောဓါတ် အစွမ်းကြောင့် ရွေ့ကာ ရွေ့ကာ ဖြစ်ရာ၌ ရွေ့ချင်တိုင်း ရွေ့သည်မဟုတ်ဘဲ၊ စတ်အလိုကျသာ ရွေ့ရခြင်း ဖြစ်ပါသည်။

ဤနေရာ၌ “ရွေ့ကာ ရွေ့ကာ ဖြစ်ခြင်း” ဟူသော စကားကို ထပ်၍ ထင်ရှားစေဦးအံ့။ ယခုကာလ ရုပ်ရှင် ရိုက်ကူးရာ၌ လူတစ်ယောက် ခြေလှမ်း၍ သွားနေပုံကို ထင်ရှားအောင် ဖလင်အကွက်ပေါင်းများစွာ ရိုက်ကူးရ၏။ ပထမ ဖလင်အကွက်၌ ရပ်နေပုံသာ ပါသေး၏။ ဒုတိယ တတိယအကွက်များ၌လည်း ထူးခြားမှု မရှိလှသေးပေ။ ဖလင်အကွက်ပေါင်း အတော်များမှ ခြေကြွသလို ပေါ်လာ၏။ ထိုနောက်လည်း င် ဖလင်အကွက်ပေါင်း အတော်များမှ ခြေမြှောက်သလို ပေါ်လာ၏။ ဤကဲ့သို့ သွားနေပုံ ပေါ်လာအောင် ဖလင်အကွက်ပေါင်းများစွာ ဆက်ရ၊ ရိုက်ကူးရလေသည်။ ထို ဖလင်အကွက်ပေါင်းများစွာကို စက်ဖြင့် လည်ပတ်စေသောအခါမှသာ ထိုဖလင်အကွက်တွင်ပါသော ရုပ်ပုံလေးများသည် သက်ရှိလဲ့သို့ခြေလှမ်းသွားနေပုံပေါ်လာခြင်း ဖြစ်ပါသည်။ ထိုဖလင်အကွက်တွင် ပါဝင်သော ရုပ်ပုံလေးများသည် တကယ့်လူသားတစ်ဦးလို အဆင့်ဆင့် ထင်ရှားစေသော ပုံကလေးများပင်တည်း။

ထို့ကြောင့် “လူသွားသည်” ဆိုရာ၌ သွားလိုသောစိတ်ကြောင့် ဖြစ်ပေါ်လာသော စတ္တဇရုပ်များတွင် ပထမဖြစ်သော ရုပ်များ၌ မသွားသေး။ မတ်တပ်ရပ်လျက်ပင် ရှိသေး၏။ သို့သော် ထိုပထမရုပ်ကလာပ်၌ ၀ါယောဓါတ်၏ အစွမ်းကြောင့် မငြိမ်မသက်သော အမူအရာ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဒုတိယရုပ်အစုသည် ပထမရုပ်၏ နေရာ၌ ထပ်၍ မဖြစ်ဘဲ။ ထိုနေရာနှင့် ဆက်စပ် ကပ်နေသော ဒုတိယနေရာ၌ ဖြစ်၏။ ဤသို့လျှင် နောက်နောက်ဖြစ်ရသော ရုပ်ကလာပ်စုက နေရာရွေ့၍ရွေ့၍ ဖြစ်နေရာဝယ် မျက်စိ တစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သွားလာနေသော ပုံသဏ္ဍာန် ထင်ပေါ်လာလေသည်။ မျက်စိ တစ်မှိတ်ခန့် အတွင်း၌ ကုဋေ တစ်သိန်းမကသော စိတ်များ ဖြစ်ပေါ်နေရာ၊ စိတ်ဖြစ်လျှင် စိတ္တဇရုပ်ကလည်း ကုဋေ တစ်သိန်းမက အထပ်ထပ် ဖြစ်နေကြောင်း သဘောပေါက်သင့်ပါသည်။)

စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု။ ။

ထို့ပြင် “စိတ်ပျိုတော့ ကိုယ်နု”ဆိုသည့်အတိုင်း စိတ်ချမ်းသာသောသူ၊ စိတ်အေးချမ်း တည်ငြိမ်သောသူ၌ ကြည်လင်သော (စိတ္တဇ)ရုပ်များဖြစ်၍ ရုပ်များသည်လည်း ကြည်လင်အေးချမ်းလာ၏။ ချစ်ခင်နှစ်လိုဖွယ် ပြောဆိုသောအခါ ထိုသူ၏ရုပ်သည်လည်း အေးချမ်းကြည်လင်ပုံ ပေါ်လာ၏။ ထိုသို့ ပေါ်လာသောရုပ်သဏ္ဍာန်သည် ခေတ္တအခိုက်တန့်( စိတ်အေချမ်းကြည်လင်ဆဲခဏ) ဖြစ်သော်လည်း စိတ်အေချမ်းကြည်လင်ချိန် များလာသောသူ၌မူ အဆိုပါ နူးညံ့သောရုပ်တို့သည်လည်း ဖြစ်ပေါ်လာချိန် များလာမည်သာတည်း။ ထို့ကြောင့် စိတ်သည်လည်း ရုပ်ကို ထိုက်တန်သမျှ ကျန်းမာအောင်၊ ရောဂါကင်းအောင်၊ နုပျိုအောင် စွမ်းဆောင်နိုင်ကြောင်း စိတ်ချစွာာ ယုံကြည်သင့်ပါသည်။

“စိတ်ထောင်းတော့ ကိုယ်ကျေ” ဟုဆိုရိုးစကားရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့်ဖြစ်သောရုပ် (စိတ္တဇ) များသည်လည်း ညိုးနွမ်းလာရ၏။ စကားပြောအဆင်မပြေ၍ စိတ်မကောင်းသောအခါတွင် ချိုနေသော မျက်နှာသည်ပင် ချက်ချင်းပြတ်တော့၏။ ဒေါသထွက်သောအခါ ရုပ်လည်း ကြမ်းတမ်းသောပုံပေါ်လာ၏။ ထိုသို့ ပေါ်လာသောရုပ်သဏ္ဍာန်သည် ခေတ္တအခိုက်တန့်(ဒေါသထွက်ဆဲခဏ၊) ဖြစ်သော်လည်း ဒေါသထွက်ချိန် များလာသောသူ၌မူ အဆိုပါ ကြမ်းတမ်းသောရုပ်၊ နူးညံ့သော ရုပ်တို့သည်လည်း ဖြစ်ပေါ်လာချိန် များလာမည်သာတည်း။ ထို့ကြောင့် စိတ်သည်လည်း ရုပ်ကို ထိုက်တန်သမျှ မကျန်းမာအောင်၊ ရောဂါရရှိအောင်၊ လိုသည်ထက်ပို၍ အိုမင်းအောင် စွမ်းဆောင်နိုင်ကြောင်း သံသယမရှိဘဲ ယုံကြည်သင့်ပါသည်။ အိမ်တစ်ဆောင်ကို မီးလောင်လျှင် အိမ်အနီးအနားတွင်ရှိသော အရာမှန်သမျှ လောင်ကျွမ်းသကဲ့သို့ စိတ္တဇရုပ်တို့ ညိုးနွမ်းပူလောင်နေလျှင် ထို့ စိတ္တဇရုပနှင့် ဆက်စက်နေသော ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်လည်း ညိုးနွမ်း ပူလောင် လာရတော့၏။ ထို့ကြောင့် ဒေါသအထွက်များသောသူ၊ စိတ်မချမ်းသာမှုများသောသူသည် အရွယ်နှင့် မတန်အောင် အိုစာ၍ ထို့ထက်ပူပန်လာသောအခါ အချို့ဆိုလျှင် နှလုံးကွဲ၍ သေပွဲဝင်ကြရ၏။ ဤသို့လျှင် ခန္ဓာကိုယ် ရုပ်တရားကြီးကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျှက် ရှိပါသည်။

ဥတုက ပြုပြင်ပုံ။ ။

ဥတုကလည်း ရုပ်ကို ပြုပြင်နိုင်၏။ သာယာသောဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏။ ကျန်းမာ၏။ သန့်ရှင်းသောအိပ်ယာ၊ နေရာ၊ အ၀တ်များကို သုံးဆောင်လေ့ရှိသူ၌ ထိုအသုံးအဆောင်များနှင့် တွေ့ထိသောဥတုကြောင့် သန့်ရှင်းသော ဥတုဇရုပ်များ တိုးပွါးလာသဖြင့် ကျန်းမာရ၏။ ရောဂါကင်း၏။ အသက်ရှည်၏။ ထို့ကြောင့် သန့်ရှင်းသော အသတ်၊ အိပ်ယာ၊ နေရာစသည်များကို အမြဲသုံးစွဲလေ့ရှိခြင်းသည် အက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းပင် ဖြစ်ပါသည်။

မသန့်ရှင်းသောအိပ်ယာ၊ နေရာ၊ အ၀တ်များကို သုံးဆောင်လေ့ရှိသူ၌ကား ထိုအသုံးအဆောင်များနှင့် တွေ့ထိသောဥတုကြောင့် မသန့်ရှင်းသော ဥတုဇရုပ်များ တိုးပွါးလာသဖြင့် မကျန်းမမာဖြစ်ရ၏။ ရောဂါရ၏။ အသက်တိုနိုင်၏။

တော၊ တောင်၊ သစ်ပင်တို့သည် မိုးရွာသောအခါ ဥတုကောင်းနှင့် တွေ့ရ၍ ကြီးထွား သည်ပင် ပြန့်ပွါးရ၏။ နွေဥတုရောက်သောအခါ မကောင်းသောဥတုနှင့် တွေ့ရ၍ ညိုးနွမ်း ခြောက်သွေ့ကြရလေသည်။ ဤသို့လျှင် ဥတုသည်လည်း ခန္ဓာကိုယ် ရုပ်တရားကြီးကို အမိဝမ်းတွင်း ကိန်းအောင်းနေစဉ်ကစ၍ ပြုပြင်လျှက် ရှိရကား ဥတုအလိုက် သစ်ပင် တော တောင်တို့ ပြောင်းလဲပုံကို တွေ့မြင် သိရှိ၍ မိမိကိုယ်ခန္ဓာ၌လည်း ဥတုကောင်း မကောင်းကို လိုက်၍ ဥတုဇရုပ်များ ပြောင်းလဲ ဖြစ်ပေါ်တတ်ပုံကို သတိပြုနားလည်ရမည် ဖြစ်ပါသည်။

အာဟာရက ပြုပြင်ပုံ။ ။

စားသမျှအစာ၌ (သောက်ရေ၌ပင်) ပါရှိသောသြဇာဓာတ်သည် ရုပ်ကို ဖြစ်စေနိုင်၊ တိုးပွါးစေနိုင်၏။ မိမိနှင့် သင့်လျော်သော အစားအသောက် ဆေးဝါးများကိုသာ စားသောက်သုံးစွဲလျှင် ကောင်းသောရုပ်များ တိုးပွါး၍ ၀ဖြိုးကြည်လင် စည်ပင်ကျန်းမာ၏။ မသင့်လျော်သော အစားအသောက် ဆေးဝါးများကို သုံးစွဲစားသောက်မိလျှင် မကောင်းသောရုပ်များတိုးပွါး၍ ညိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ မျက်မြင်ပင် ဖြစ်ပါသည်။ ထို့အတူ သင်းတော် လျောက်ပတ်သော အစားအသောက်နှင့် ဆေးများကို သုံးစွဲစားသောက်လေ့ရှိသူသည် အသက်ရှည်ကြာ ရောဂါကင်းကြသည်မှာလည်း လက်တွေ့ မျက်မြင်ပင် ဖြစ်ပါသည်။

အမိဝမ်းတွင်းဝယ် သန္ဓေတည်နေစဉ်မှာလည်း ကိုယ်ခန္ဓာလေး ကိုယ်ခန္ဓာလေး ထင်ရှားသည်မှစ၍ မိခင်က စားသမျှသောအစားအစာသည် သန္ဓေလောင်း ကလေး၏ ကိုယ်တွင်းသို့ စိမ့်ဝင်၏။ ထိုအခါ ကလေး၏ကိုယ်၌ အာဟာရကြောင့် ဖြစ်သောရုပ် (အာဟာရဇရုပ်) များ တိုးပွါးကြီးထွားကြ၏။ ထို့ကြောင့် မိမိ သန္ဓေလောင်း ကလေး၏ ကျန်းမာရေးကို လိုလားသော မိခင်တိုင်းပင် ကိုယ်ဝန်ရှိစဉ်မှစ၍ ကလေးငယ်နှင့် မသင့်တော်သော အစားအစာများကို အထူးရှောင်ကြဉ် ကြရခြင်း ဖြစ်ပါသည်။ အမိက စားသောက်သမျှသော အစာအယဟာရဖြင့် အမိဝမ်းတွင်း၌ တည်နေသော ကလေးသူငယ်သည် အစာအာဟာရ မျှတရရှာ၏။ တင်းတိမ်ရရှာ၏။ မိခင်ကစားသော အစားအစာသည် ချက်ကြိုးမှတဆင့် ကလေးကိုယ်၌ စိမ့်ဝင်ပြန့်နှံ့ကာ ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း ကျမ်းစာများ၌ ဖွင့်ဆိုကြပါသည်။

ယခုခေတ်အခါ၌ကား ကျန်းမာရေးကို တတ်သိနားလည်သော ဆရာတို့၏ ညွှန်ကြားချက်ဖြင့် သန္ဓေစတင်တည်သည်မှစ၍ မိခင်သည် အားရှိသော အစာကို စားရ၏။ ကြမ်းကြမ်းတမ်းတမ်း သွားလာမှုကို သတိပြုကာ ရှောင်ကြဉ်ရ၏။ မိမိကိုယ်ဝန်ကို ဆိုင်ရာဆရာထံ မကြာမကြာပြကာ စစ်ဆေးကြရ၏။ အအိပ် အစား မှန်စေရ၏။ မိမိကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်းရှိပါမူ ကျန်းမာသော သားသမီးတို့ ရရှိပေလိမ့်မည်။

သို့ဖြစ်၍ အာဟာရသည်လည်း ခန္ဓာကိုယ် ရုပ်တရားကြီးကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျှက် ရှိပြီး၊ မိမိ ခန္ဓာကိုယ် ကျန်းမာအောင်၊ ရောဂါကင်းအောင်၊ အသက်ရှည်အောင် တစ်ထောင့် တစ်နေရာမှနေ၍ အကျိုးပြုလျှက်ရှိရာ မွေးသည်မှစ၍ သေသည့်တိုင်အောင် အသက်ရှည်ကြာ ရောဂါကင်းလို ကျန်းမာလိုသူတိုင်းသည် အစာအာဟာရကို စီစစ်ရွေးချယ် ဆင်ခြင်၍ စားသောက်ရမည်ဖြစ်ကြောင်း သဘောပေါက် နားလည်သင့်ပါသည်။