Thursday, September 2, 2010

မြန်မာတို့၏ ဗုဒ္ဓဘာသာ အခါတော်နေ့များ (အဆက်)

ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)


ပြာသိုလကား စိုစိုရွှဲရွှဲ ငွေခဲနှင်းပွင့်တို့နှင့်အတူ ခွာညိုတွေ လှိုင်လှိုင်သင်းသည့်လ ဖြစ်ချေ၏။

ပြာသိုလပြည့်နေ့ကို ရှင်တထောင်အခါတော်နေ့အဖြစ် ကျင်းပကြလေသည်။ ထိုသို့ကျင်းပရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့်ပါပေ။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ်ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည့်အရေးအတွက် စိုးရိမ်တော်မူနေကြသည့်ကြားမှပင် ဘုရားရှင်က နဂါးကြီးအား နှိမ်နင်းပြလိုက်သည့်အခါ ဥရုဝေလကဿပနှင့်တကွ ရသေ့အပေါင်းတို့လည်း ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာခေါးပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။ ဤ၌ မေတ္တာကရုဏာ ကြီးမားလှစွာသော ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် ဖန်ဆင်းပေးတော်မူခဲ့သည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များကို ပြသတော်မူပါသည်။ တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်ဒအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။ ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့ကား ပြာသိုလပြည့်နေ့ ဖြစ်လေ၏။ သည့်အတွက်ကြောင့် ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်လေသည်။
ပြာသိုလကား ဖုဿရာသီဖြစ်၏။ ဆောင်းဥတု၏ အလယ်ပိုင်းရတု ဖြစ်ခြင်းကြောင့် ဆီးနှင်းတို့ ထူထပ်၍ အအေးဒာတ်လွန်ကဲသောအခါလည်း ဖြစ်ပေသည်။ လမင်းနှင့် ဖုသျှနက္ခတ်ယှဉ်၍ လပြည့်ခြင်း၊ နေမင်းနှင့် "မကရ" ကြယ်စုတို့ ယှဉ်ခြင်းတို့ကြောင့် "မကာရရာသီ" ဟူ၍လည်း မှတ်သားကြလေသည်။ မကာရမှာ မိကျောင်းဟူ၍ အဓိပ္ပာယ် ရပါသည်။ ရှေးမြန်မာဘုရင်တို့သည် ဤလရာသီသို့ရောက်လျှင် မြင်းခင်းသဘင်ကို ဆင်ယင်ကျင်းပလေ့ ရှိကြသည်။ မင်းညီမင်းသား၊ မင်းမြေးများနှင့်တကွ မှူးကြီးမတ်ကြီး စစ်သေနာပတိကြီးများ စုရုံးကြွရောက်လာကြပြီး ကြည်းတပ်စစ်တန်ဆာများ ဖြစ်ကြသော ချပ်မိန်ညိုတို့အား သပ်ရပ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြလျှက် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးမှ ဓား၊ လှံ၊ လေး၊ မြား စသည်တို့ကို စွဲဆောင်ကြပြီး နန်းရင်ပြင်၌ စွမ်းရည်များ ပြသကြပါသည်။ ဓားခုတ် လှံထိုးအမျိုးမျိုးတို့ကို ဆိုင်းချက်ညီညီနှင့် အစွမ်းပြကြရာ ရင်ထိတ်သည်းဖို ရှုကွင်းရှု့ကွက်များအဖြစ် ခံစားကြရလေသည်။

မြင်းစီးသူရဲကောင်းများသည် မြင်းပေါ်၌ ထိုင်လျက်ကလည်းကောင်း၊ မတ်တပ်ရပ်လျှက်လည်းကောင်း၊ အိပ်လျက် ရှေ့ပြန်နောက်ပြန်ပြုလျက်လည်းကောင်း အမျိုးမျိုး မြင်းစီးရင်း စွမ်းရည်များပြသကြ၏။ မြင်းကို ဒုန်းစိုင်းစီးပြ၏။ မြင်းစီးယင်းမှ အဲမောင်းပစ်ပြ၏။ စက်အမျိုးမျိုး ခုတ်ပြ၏။ ဓားရေး လှံရေးတို့ပြသသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ အဲမောင်း ၉၃၇)ချင်း သံပေါက်၌
" စီးနည်း သုံးဆယ်၊ ခုနှစ်သွယ်
ခြယ်လှယ်စိုင်းကာသာ။
လွှတ်ကွင်းပြင်ဝယ်၊ သဘင်မြင်းခင်း
ခွာရေးကျင်း
စိုင်းလျင်းဆိုဖွယ်သာ....."
ဟူ၍ တွေ့ရှိရပါသည်။

မြင်းခင်းသဘင်အပြင် ဆင်ခင်းသဘင်ကိုပါ ကျင်းပပြန်ပါသည်။ ဆင်ခင်းသဘင်ဆိုသည်မှာ ဆင်တိုက်ပွဲပင်ဖြစ်လေ၏။ တိုက်ဆင်အချင်းချင်း အစွမ်းကုန် အားကုန် တိုးခွေ့တိုက်ခိုက် နင်းချေကြသော အင်အားချင်းပြိုင်၊ ဆင်ချင်းသတ်ပွဲ၊ တိုက်ခိုက်ပွဲကို ဆင်ခင်းသဘင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ စစ်ပရိယာယ် အသွယ်သွယ်ဖြင့် တိုက်ခိုက်ထိုးခုတ်ပုံများနှင့်တကွ ဆင်စီး မြင်းစီး သိပ်သည်းကျစ်လျစ်လျက် စစ်ကြီးအင်္ဂါပြည့်စုံစွာ ကြည့်ရှုရခြင်းဖြင့် မြန်မာတို့အနေနှင့် စစ်သွေးစစ်မာန်များ၊ မျိုးချစ်စိတ်များ၊ တက်ကြွနိုးကြားလာရသည်ကား အဆိုပါ မြင်းခင်းသဘင်၊ ဆင်ခင်းသဘင်ကြောင့်ဆိုလျှင် မှားမည်မဟုတ်ပေ။ မြင်းခင်းသဘင်အကြောင်းနှင့် စပ်လျဉ်း၍ ဆီသည်ရွာစား ဦးအောင်ကြီးကာ အဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား၌ မှတ်တမ်းတင်ခဲ့ပါသည်။

ပြာသိုလကား ၁၂ရာသီ မိုးလင်္ကာမှတ်စုအတိုင်း " ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံပျက်" နှင့် ညီပါပေ၏။ ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ပြာသိုလ၌ အချမ်းဒဏ်မှ သက်သာစေရန်အတွက် မီးလှုံခဲ့ရပေသည်။ ရရှိလာသော ပြာများအား အကြောင်းမဲ့ ပြုန်းတီးမှုမရှိစေရန် သိုလှောင်စေ၏။ ပြာသည် အညစ်အကြေးများကို သန့်စင်နိုင်စွမ်းရှိ၏။ မြေဆီသြဇာကို ဖြစ်ထွန်းစေ၏။ သည့်အတွက် ပြာများကိုသိုလှောင်စေခြင်းမှ "ပြာသို" ဟူသော ဝေါဟာရ ဖြစ်ပေါ်လာရလေ၏။ ခွာညိုတို့သည် တလှိုင်လှိုင်ပွင့်သော၊ ငွေနှင်းတို့ ကြွေဆင်းသော ပြာသိုလရာသီနှင့် စပ်လျဉ်း၍ ကုန်းဘောင်ခေတ်စာဆို မဟာအတုလမင်းကြီးက အောက်ပါအတိုင်း လွမ်းချင်းဖြင့် သရုပ်ဖော်ခဲ့ရာ လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းလှပါဘိ။

" တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို၊ လပြာသိုမှာ
နွယ်ခွာညို မြိုင်မြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။

ရောင်သိင်္ဂီငယ်၊ ကြည်ညီဖုသျှ
မကာရမို့၊ ရွှေဝဥကင်
နန်းရင်ပြင်မှာ၊ လှံရင်မြင်းခင်း
သဘင်ကျင်းလို့၊ ရာမင်းထွက်စံ
ဗိုလ်ညီလာ ခံသော့ခါ
ဆန္ဒတ်ပိုင့် ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးလို့
ထူးလှတယ်လေး။ "


စာဖတ်သူ အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေလို့။ :)
တက္ကသိုလ် သျှင်ဥက္ကာ (မဟာဝိဇ္ဇာ ကျမ်းပြု)



မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပထမဝါကျွတ်ပြီး မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင် သည် ၊ ရသေ့တစ်ထောင်ကို ချွတ်ဘို့အတွက် ဥရုဝေလတော သို့ တန်ဆောင်မုန်းလပြည့်နေ့မှာရောက်တော်မူခဲ့ပါတယ်။ ပြာသိုလပြည့်နေ့အထိ နှစ်လတာမျှ နေထိုင်သီတင်းသုံးပြီး ရသေ့များကိုစည်းရုံးခဲ့ပါတယ်။

အဲဒီ အချိန်က ဥရုဝေလ တော ထဲမှာ

  • အစ်ကိုကြီး ဥရုဝေလ ကဿပခေါင်းဆောင်တဲ့ ရသေ့ ၅၀၀၊
  • အစ်ကိုလတ် နဒီ ကဿပ ခေါင်းဆောင်တဲ့ ရသေ့ ၃၀၀၊
  • ညီငယ် ဂယာကဿပခေါင်းဆောင်တဲ့ ရသေ့ ၂၀၀ တို့ သုံးနေရာခွဲပြီး နေထိုင်ကြပါတယ်။


ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥရုဝေလကဿပ ထံ နေခွင့်တောင်းလေရာ နဂါးကြီးရှိတဲ့ မီးတင်းကုတ်ကို နေခွင့်ပေးပါတယ်။ မြတ်စွာဘုရားရှင် က နဂါးကြီးကိုတန်ခိုးတော်ဖြင့်နှိမ်နင်းပြလေရာ ဥရုဝေလကဿပ နှင့် ရသေ့များ အထင်ကြီး သွားကြပါတယ်။

ရသေ့များအားလုံး ကိလေသာခေါင်းပါး ဘို့ အတွက် မီးလှုံခြင်း ၊ ရေငုတ်ခြင်း စတဲ့ ပဉ္စာတပ အကျင့်များများကို ကျင့်ကြံနေကြပါတယ်။ ကျင့်ကြံ ပုံမှာ ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန် ချမ်းအေးသော ပြာသိုလ အတွင်း သတ်မှတ်ရက် ၈ည တွင် နေရဉ္စရာ မြစ်အတွင်းသို့ သက်ဆင်းကာရေငုတ်ကြပါတယ်။

မြတ်စွာဘုရားရှင်က ရသေ့များ အအေးဒဏ်မှ သက်သာစေဘို့အတွက် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူလိုက် ပါတယ်။

  • မြတ်စွာဘုရား က ရသေ့များခွဲလို့မကွဲသော ထင်းတုံး ၅၀၀ ကို တပြိုင်နက် ကွဲစေခြင်း၊
  • ရသေ့များ မွှေးမရသော မီးကိုတပြိုင်နက်တောက်လောင်စေခြင်း၊
  • ရသေ့များငြိမ်းမရသော မီး ၅၀၀- ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း၊
  • မီးအိုးကင်း-၅၀၀ ကို တစ်ပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များ ကို ပြသတော်မူခဲ့ပါတယ်။


တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ၍ ရသေ့များ ကို ဆွဲဆောင်တော် မူခဲ့ပါတယ်။ ရသေ့များ အားလုံး သူတို့ရဲ့ အသုံး အဆောင်တွေကို မြစ်ထဲမျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်း အဖြစ်တောင်းခံကြပါတယ်။ ပထမ အကြိမ်မှာ ဥရုဝေလ ကဿပ နှင့်တပည့်များ ၊ ဒုတိယ အကြိမ် နဒီ ကဿပ နှင့်တပည့်များ ၊တတိယ အကြိမ် ဂယာ ကဿပနှင့်တပည့်များ သုံးသုတ်ခွဲ ပြီး သာသနာ့ဘောင် ဝင်ရောက်ကြပါတယ်။

ရသေ့တစ်ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်လာ ကြပါတယ်။ မြတ်စွာဘုရား က ရဟန်းတစ်ထောင်ကို ဆင်ဦးကင်းနဲ့သဏ္ဍန်တူတဲ့ ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယသုတ္တန် ဒေသနာကို ဟောတော်မူလေရာ ရဟန်း အားလုံး အာသဝေါကုန်ခမ်း လို့ ရဟန္တာ အဖြစ်သို့ရောက်တော် မူကြပါတယ်။ ရှင်တစ်ထောင် ကို ချေချွတ်ပြီး ကျွတ်တန်းဝင်စေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ မေတ္တာတော် ၊ ဂုဏ်တော် အနန္တ နဲ့ စွမ်းပကားကို ခြေစုံဦးခိုက်ကြည်ညိုရပါတယ်..။

ကျွန်မတို့အဖွဲ့လည်း ဟင်္သာတမြို့ နွေသံဃာဒါန ဆွမ်းလောင်း အသင်းကို ကြွရောက်လာကြတဲ့ ကြည်ညိုဖွယ်ရာ မြတ်သံဃာ တန်းရှည် ကြီး ကိုအားပါးတရဆွမ်းလောင်းလှူ ကြရပါတယ်။ ပြာသိုလပြည့်အမှတ်တရဒါနဟာ ဟာ အားကောင်းတဲ့ သတ္တိတစ်ခုကိန်း ကျန်ရစ်ခဲ့ သလိုပါပဲ။

ဤ သံဃာတော်များ ထဲမှ သာသနာ့အာဇာနည် ရဟန်းမြတ်များ စွာ ထွက်ပေါ်လာ မှာ လည်း ဧကန်ပါပဲ လို့ ထပ်မံဝမ်းမြောက်ရင်း ဇလွန်ပြည်တော်ပြန်ဘုရားကြီး ကိုဖူးမျှော်ရန် ဟင်္သာတမြို့ လေးကို နှုတ်ဆက်လက်ပြ ထွက်ခွာခဲ့ ရပါတော့တယ်။

မှတ်ချက်။ ရှင်တစ်ထောင်အခါတော်နေ့ ကိုမာဂဓီ(သာစည်)ရဲ့ အခါတော်နေ့များ စာအုပ်မှ ကိုးကား ရေးသားရတဲ့အတွက် မာဂဓီ (သာစည် ) အရှင်မြတ်ကို ကျေးဇူးတင် ပါကြောင်း ဦးတင်ဖေါ်ပြအပ်ပါတယ်။


၇။ အဘိဓမ္မာတရားတော်(သို့မဟုတ်) အမေ့ကျေးဇူး၊ အထူးဆပ်ခြင်း

မေမေချစ်သော သားသား နဲ့ မီးမီးရေ----

မကြာခင် ဝါလကင်းလွတ်ပြီး သီတင်းကျွတ် တော့မယ်နော်။ သီတင်းကျွတ်လပြည့်နေ့ က တော့  အဘိဓမ္မာ အခါတော် နေ့ လို့သတ်မှတ် ထား ကြ တာ ကလေး တို့သိပြီး သားဆိုတာ မေမေ ယုံကြည်နေပါတယ်။

ဓမ္မစင်္ကြာ တရားတော် ဟောကြားစဉ် ကတော့ ရိုးစင်းမှု ၊ ငြိမ်းအေး မှု ၊တောတောင်ရိပ်ရဲ့ အေးမြမှု၊ နေဝင်ချိန်လေးရဲ့ ငြိမ်း ချမ်းမှု ကိုမေမေ ပြောပြခဲ့ ဘူးပါတယ်။ အခု အဘိဓမ္မာ တရားကတော့ မေမေ တို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ အတုမရှိ တဲ့ သဗ္ဗညုတ-ဉာဏ်တော်၊ ဘုန်းတန်ခိုးတော်အစုံစုံ၊ ဂုဏ်တော် အနန္တ တို့နဲ့ အတူ သိုက်သိုက် မြိုက်မြိုက် ခမ်းခမ်းနားနား နဲ့ ဆန်းပြားကြီးကျယ် ၊ အလွန့်အလွန် ကြည်ညို ဘွယ် ရာ အာရုံ ကို ထင်ဟပ်ပေါ်လွင်စေတာမို့ မေမေ ပြောပြချင် နေမိပါတယ်။

ကလေးတို့ရေ-----အဘိဓမ္မာဆိုတာ၊ အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်ပါတယ်။ အင်္ဂလိပ် လိုတော့ Highest Doctrine ပေါ့။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရား ၄၅-ဝါကာလ ပတ်လုံး ဟောကြားတော်မူခဲ့တဲ ဗုဒ္ဓဝစန တွေကို ပိဋက အားဖြင့်ပိုင်းခြား လိုက်တဲ့အခါ ဝိနယ ပိဋက၊သုတ္တန္တ ပိဋက ၊ အဘိဓမ္မာ ပိဋက ရယ်လို့ ပိဋကသုံးပုံရှိတာပေါ့။ ဓမ္မက္ခန္ဓာ အားဖြင့် ဆိုလျင် ဝိနယပိဋက မှာ ၂၁၀၀၀၊ သုတ္တန္တ ပိဋက မှာ ၂၁၀၀၀၊ အဘိဓမ္မာ ပိဋက မှာ ကတော့ ဓမ္မက္ခန္ဓာ ပေါင်း ၄၂၀၀၀ ပါဝင်နေပါတယ်။ သာလွန်ထူးခြားတဲ့ တရားဖြစ်တာမို့ အဘိဓမ္မ (ဓမ္မထူး-ဓမ္မလွန်)လို့ခေါ်တာပေါ့။

ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက် တရား၊ သဘာဝတရား၊ ပကတိ တရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရား တို့ဖြစ် ပါ တယ်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲ---နက်နဲသော၊ ထူးကဲ ဆန်းကျယ်သော၊ သတ္တ၊ အတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝ အားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိ ဓမ္မာ တရားဖြစ်နေတာကိုး ကလေးတို့ရေ..။


တာဝတိံသာနတ်ပြည်မှာ မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သီရိမဟာ မာယာဒေဝီ ဟာ သန္တုဿိတ နတ်သားဖြစ်လို့နေခဲ့တယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ကိုမွေးဖွားပြီး ၇-ရက်မှာ နတ်ရွာစံ သွားခဲ့တာပါ။ သူသူ ကိုယ် ကိုယ်ပေါ့နော်..။ကျေးဇူး ရှိတဲ့ သူတွေကို ကျေးဇူးဆပ် ရင် အမွန်မြတ်ဆုံး ၊ အဘိုးအတန် ဆုံး အရာတွေနဲ့သာ ဆပ်ကြတာပဲ မဟုတ်လား။ မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ်စွာဘုရား က သုံးလောကထွဋ်ထား ဆိုတော့ ကျေးဇူးဆပ် တဲ့ အရာ ဟာ အသာလွန်ဆုံး ၊ အမွန်မြတ်ဆုံး ၊အထူးကဲဆုံးအဘိဓမ္မာတရားဖြစ်နေတာ အမှန်ကန်ဆုံးရွေးချယ် မှုပေါ့ ကလေးတို့ရေ..။ (အမေ့ကျေးဇူးဆပ်တရား) ဆိုရင် လည်းမမှားနိုင်ဘူးပေါ့။

တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာကို သေသေချာချာ ဆန်းစစ် ရေတွက်ကြည့်ရရင်တော့ သည် အချက် တွေကိုလည်း တွေ့ရှိမှတ်သား စေချင်ပါတယ်။


၁။ မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း။

၂။ မိဘကျေးဇူးကိုသတ္တဝါတို့နားလည်စေလိုခြင်း။

၃။ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်းဟောကြား လိုခြင်း။

၎။ အစအဆုံး တစ်ထိုင်တည်းဟော မှသာ နာကြားရသောတရားနာသူများ အကျိုးထူးရရှိနိုင်ခြင်း။

၅။ အဘိဓမ္မာ ဒေသနာတော် ၏ ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း။

၆။ လူတို့၏ အရေ အတွက်ဖြင့်သုံးလခန့် ကြာအောင်ဟောကြားမှ ကုန်နိုင်မည့်အဘိဓမ္မာတရားကို လူတို့၏ ဣရိယာပုတ် နှင့် ဟောသူရော နာသူပါ အစအဆုံး မနေနိုင်ခြင်းစသော အကြောင်းရင်းများကြောင့် အဘိဓမ္မာတရားတော်ကို လူ့ပြည်မှာ မဟော ကြားခဲ့တာပါ။

အဘိဓမ္မာ တရား သည် အလွန်တရာ ခက်ခဲ နက်နဲ လှ သော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန၊ ဧက၀ါရ ၊ နာကြားနိုင်မှ တတ်သိနားလည်နိုင်မှာဖြစ်တာလည်း ပါဝင်နေတာပေါ့လေ။မေမေတို့ရဲ့ လူတို့ ဌာနေမှာတော့ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့် အယှက်များသည် အလုပ်တိုင်းမှာ ဝင်ရောက် ဟန့်တားလေ့ရှိပါတယ်။ အလုပ်တခု မှာ စိတ် ကူး၊ စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ဝင်ရောက် နှောင့်ယှက်လာတဲ့အတွက် အလုပ်မှာ စူးစိုက်ထား တဲ့ သမာဓိ ဟာ ပျက်စီးရပါတော့တယ်။ ဒါကြောင့် မို့လို့ ပြတ်တောင်း၊ ပြတ်တောင်း အကြိမ် ပေါင်းများစွာ ဟောကြားရမယ်ဆိုလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာ ထင်၍ ကျန်ခဲ့မှာ မဟုတ်တာ အမှန်ပါပဲ။

နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှပါတယ်နော်။ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တစ်ရက် သာရှိပေတာပဲ။ ဒါကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှ ပါ တယ်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာ ပင်ပန်းခြင်းလည်း မရှိတဲ့ ထိုနတ်များ မှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမဲ့ ထို အဘိဓမ္မာ တရားပွဲကို တစ်ဆက် တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နာကြားရခွင့် ခဲ့ကြပါတယ်။


ဟောကြားတဲ့နေရာ က နတ်ပြည် ဖြစ်ပေမဲ့လို့ စတင် ပေါ်ထွန်းခဲ့တဲ့အချိန် ကတော့ လူ့ပြည် မှာဖြစ်ပါတယ် ကလေးတို့ရေ..။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ- မဟာ သက္ကရာဇ် ၁၀၃ ခုနှစ်- ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ၊ဖွားဘက်တော် ဗောဓိ ညောင်ပင် ရဲ့ ခြေရင်း က အပရာဇိတ ပလ္လင်တော် ထက်ဝယ် ဘုရားအဖြစ် ရောက်ရှိတော် မူခဲ့ပါတယ်။


ဘုရားအဖြစ်သို့ ရောက်တော်မူပြီး သတ္တ သတ္တာဟ ဆိုပြီး ၇- ရက် ၇လီ ၇ ဋ္ဌာန သီတင်းသုံးတော်မူ ပါတယ်။ ပထမဆုံး သတ္တာဟဖြစ်တဲ့ ပလ္လင်္က သတ္တာဟ အထက်မှာ (ကဆုန် လပြည့်ကျော်၁ရက် မှ ၇-ရက်နေ့ထိ) သီတင်းသုံး တော်မူပါတယ်။ ဒုတိယစံတော်မူတဲ့နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့မြောက်ယွန်းယွန်း ၁၄လံ အကွာမှာ မတ်မတ် ရပ်ပြီး ဗောဓိပင်နဲ့ရွှေ ပလ္လင်ကိုကျေးဇူးဆပ်တဲ့ အနေနဲ့ မမှိတ်သော မျက်စိနဲ့ စိမ်းစိမ်း ကြည့်တော် မူပါတယ်။(ကဆုန်လပြည့်ကျော် ၈ရက် ကနေ ၁၄ရက်ထိ)စံတော်မူတာကတော့ အနိမိသ သတ္တာဟ ဖြစ်ပါတယ်။ နံပါတ်(၃) သတ္တာဟ ဖြစ်တဲ့ စင်္ကမ သတ္တာဟ မှာ တော့ ပထမ နဲ့ ဒုတိ ယရဲ့ ကြားမှာ နတ်ဗြဟ္မာတွေ ဖန်ဆင်းထားအပ်သော အရှေ့အနောက် သွယ်တန်းထားတဲ့ ရတနာ စင်္ကြန်တော် မှာ (ကဆုန်လ ကွယ် မှ နေ နယုန်လဆန်း ၆ရက် နေ့အထိ) စင်္ကြန် လျှောက် တော် မူပါ တယ်။


နံပါတ်(၄) သတ္တာဟ ကတော့ ရတနာဃရ သတ္တာဟဖြစ်ပါတယ်။ ဗောဓိပင်၊ရွှေ ပလ္လင် ကနေ အနောက်မြောက်ဒေါင့် ၊အတောင်လေးဆယ်(ဆယ်လံ) ကွာတဲ့အရပ်မှာ နတ်ဗြဟ္မာတွေ ဖန်ဆင်း ထားတဲ့ ----ရတနာမျိုးစုံ စီချယ်ထားတဲ့ ရတနာဃရ ရွှေအိမ်တော်မှာ ထက်ဝယ် ဖွဲ့ခွေ ထိုင်နေရင်း၊ တရားတော်တွေကို ကွန့်မြူးကျက်စား၊ ဆင်ခြင် သုံးသပ်တော်မူပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ နယုန်လဆန်း ၇ ရက်ကနေ ၁၃-ရက်နေ့အထိ(၇) ရက် လုံးလုံး …မထသော ထိုင်နေခြင်း ဖြင့်ထိုင်ရင်း။ခန္ဓာ နဲ့ ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို သဗ္ဗညုရွှေဉာဏ်တော် ကြီးနဲ့ ဆင်ခြင်သုံးသပ် တော် မူပါတယ်။


ဒါကြောင့်လည်း (အဘိဓမ္မာ အစ-ရတနာဃရ ရွှေအိမ်က) လို့မှတ်သားနိုင်ပါတယ် ကလေးတို့ရေ..။ နောင် အချိန်မှာ အဘိဓမ္မာ ခု နှစ်ကျမ်း(ဓမ္မသိင်္ဂဏီကျမ်း၊ဝိဘင်းကျမ်း၊ ကထာဝတ္ထုကျမ်း၊ ပုဂ္ဂ လပညတ်ကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်း ကျမ်း) ရယ်လို့ဖြစ်လာမဲ့ တရား တော် တွေ၊ ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ တရားတွေ ကို (သိရန်မှန်က၊ မကျန်ရအောင်၊ လုံးဝစုံ လင်၊ အကုန်မြင် ၊ သဗ္ဗင်ဉာဏ်တော် အစွမ်းတည်း) ဆို တဲ့အတိုင်းသိသင့် သိထိုက်တဲ့ တရားတော် ကို အကုန် သိမြင်နိုင်တဲ့ ဉာဏ်တော်ကြီး၊ အလွန်တရာ ကြီးကျယ် ပြန့်ပြောတဲ့ ဉာဏ်တော်ကြီး နဲ့ အစဉ်အတိုင်း ဆင်ခြင်တော်မူပါတယ်။


၆ ကျမ်းမြောက် ယမိုက် ကျမ်းလည်း ပြီးသွားလို့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူတဲ့အခါ စိတ်တော် ကလည်း အင်မတန် ကြည်လင်ပြီး စိတ်တို့ရဲ့ မှီရာ သွေးတော် တွေကလည်း အင်မတန် ကြည်လင်လာတဲ့အတွက် အသားတော် အရေတော် ကြည်လင်လာတယ်။ သဗ္ဗညု တဉာဏ်တော် ကြီး က နဲ့ မီးမောင်းထိုးပြ လိုက်သလိုဖြစ်နေတာ ကိုး။ စိတ်တော် အင်မတန် ကြည်လို့ ၊ငြိမ်းအေးမှုတွေလည်းဖြစ်လာလိုက်တာ။ စိတ်တို့ရဲ့ တည်မှီရာ၊ဟဒယ ဝတ္ထုဆိုတဲ့ နှလုံး အာကြည်ရုပ်ကလည်း ကတဆင့် အသွေးအသားတွေ ဆီ ကူးစက်ပြီးသွေးတော်တွေ ကလည်းကြည်လင်မှု ဖြစ်လာလို့ အသားတော် ၊ အရေတော် ခန္ဓာ တော် ၊ အစိတ်စိတ် ကနေ ကြည်လင်လွန်း အားကြီးလို့ အရောင်တွေ တစ်လက်လက် ထွက်လာ ပြီး ရောင်ခြည်တော် ၆သွယ် ကွန့်မြူးလာပါတယ်။တစ်ခဲနက်ဖြစ်ပေါ်လာတာ အလွန် အကျူး အထူးသပ္ပါယ်တော်မူ သော ဘုရားရှင်ပါ။ -မျက်ခုံးတော်ကနေ နီလဆိုတဲ့ စိမ်းညိုသောအရောင်။


-မြတ်စွာ ဘုရားရဲ့ အသားတော် အရေတော် ကနေ ဝါဝင်းသော ရောင်ခြည်တော်၊ ပီတဆိုသော-ရွှေသော ရောင်ခြည်တော် ။ -နှုတ်ခမ်းတော်၊လျှာတော်၊ သွေးတော်တွေ မှ လောဟိတ ခေါ် နီရဲ သောရောင်ခြည်တော် ထွက်ပေါ်လာပါတယ် ။ -သွားတော်၊ အရိုးတော် ၊ မျက်ဆံတော် မှ ဖြူသော သြဒါတ ရောင်ခြည်တော် ရောင်ခြည် တော်တွေထွက်လာပါတယ်။ ညိုရွှေနီဖြူ-လို့ လွယ်လွယ်မှတ်ပါ ကလေးရေ..။


မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ် အစိတ်စိတ်မှ ညိုမောင်းသောရောင်ခြည်တော် ၊ မဉ္ဇိဋ္ဌ ရောင်ခြည် ထွက်လာပါတယ်။ သပြေသီးမှည့်ရောင် လို မျိုးပေါ့။ သည်ရောင်ခြည်တွေအကုန်ပေါင်းယှက်ပြီး၊ နဝရတ် မျိုးစုံကြဲဖြန့်တဲ့အရောင်၊ပြိုးပြိုးပြက်ပြက် သောအရောင်တွေထွက်လာပါတယ်။အဲဒါကတော့ ပဘဿရ ရောင်ခြည်တော် ပေါ့နော်။


ရောင်ခြည်တော် ခြောက်သွယ် တို့သည် အနန္တ စကြာဝဠာ တိုင် အောင်ပြန့်နှံ့ သွားပြီးတော့ နေအရောင်၊ လအရောင်၊ ဗြဟ္မာ နတ်တို့ရဲ့ အရောင်ကို လွှမ်းဖုံးသွားတော့ ၊ နတ် ဗြဟ္မာ တွေက အားလုံးကအာရုံ စိုက်ပြီး ဘုရား အဖြစ်ကိုရောက်တော် မူပြီဆိုတာ သိလာကြတာ ပေါ့နော်။ အင်မတန် ကြီးမားတဲ့ ဉာဏ်တော်ကြီးရသွားတယ် ဆိုတာ မသိကြဘူး။ ဘုရားအဖြစ်သို့ ရောက်တော် မူပြီး စတုတ္ထသတ္တာဟ ရောက်တဲ့အထိ အဘိဓမ္မာတရားကို ဘယ်သူ့ကို မှ မဟောရသေး ပါ ကလေးတို့ရေ..။ သဗ္ဗညုတ ရွှေ ဉာဏ်တော် နဲ့ သာသိ နေဆဲပါ။


စတင်သိတဲ့အချိန်မှာ ထူးပြားဆန်း ကျယ်ခဲ့ သလို အမေ့ကျေးဇူး ဆပ်ခရီး ကလည်း အံချီးဖွယ် အစုံစုံ၊ ဂုဏ်ပေါင်းစု နေခဲ့တာပါ။ တကယ် ဟော ကြားဖြစ်တဲ့ အချိန်ကတော့ ဘုရားဖြစ်ပြီး နောက် ၇-ဝါမြောက် အခါ ကာလ သမယ- မဟာသက္က ရာဇ်-၁၀၉ ခုနှစ်မှာဖြစ်ပါတယ်။ သာာဝတ္ထိနေပြည်တော်မှာ အယူဝါဒ လွဲနေတဲ့ တိတ္ထိတွေကိုနှိမ်နင်းတော်မူဘို့အတွက် ၊ သရက်ဖြူ ပင်ရင်းမှာ တန်ခိုးတော် တွေ ဆန်းဆန်းကြယ် ကြယ် ၊ ရေမီး အစုံစုံနဲ့ ယမက ပြာဋိဟာ ပြတော်မူပါတယ်။


အဲဒီ တန်ခိုး နဲ့ ပဲ သာဝတ္ထိ ပြည် ကနေ တာဝတိံသာနတ်ပြည် ကို ကြွချီတော်မူပါတယ်။ တာဝတိံသာနတ်ပြည် ဆိုတာက ယူဇနာ ၈သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင်းမိုရ် တောင်ထိပ်မှာရှိတာ မဟုတ်လား။ တစ်ယူဇနာ ကို ၁၂.ရ၂ မိုင်ရှိတာဆိုတော့ အကွာအဝေးကို မှန်းဆသာ ကြည့်ပါတော့နော်။ မြင်းမိုရ်တောင်ကို သမုဒ္ဒရာ လေးစင်း ၊တောင်စဉ်ခုနှစ်ထပ် ဝန်း ရံပြီး တည်ရှိကြ တယ်။ မြင်းမိုရ်တောင်ရဲ့ တစ်ဝက် အမြင့်ရှိတဲ့ ယုဂန္ဓိုတောင် ဆိုတာ က ဝန်းရံထားတဲ့ တောင်စဉ် ခုနှစ်ထပ်မှာ ပါဝင်ပါတယ်။


တာဝတိံ သာ ကို ကြွချီတော်တဲ့အခါ ရတနာစင်္ကြံမှာ ခြေ တစ်ဖဝါး ချပါတယ်။ လက်ယာခြေတော် လှမ်းတော် မူ၍ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော် မူပါတယ်။ မြင့်မိုရ်တောင် ထိပ်ကို တစ် ဖဝါးချတော်မူပါတယ်။ တန်ခိုးတော် နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါး နဲ့ ကြွချီတော် မူခဲ့တာပါ။ တာဝတိံသာနတ်ပြည် ရောက်တဲ့အခါ ပင်လယ်ကသစ်ပင် ခြေရင်းမှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ပေါ်ဝယ် သီတင်းသုံးလို့ အမေ့ကျေးဇူးဆပ်တရား- အဘိဓမ္မာ တရား မြတ်ဒေသနာကို (မဟာသက္ကရာဇ် ၁၀၉ ခုနှစ်-ဝါဆိုလပြည့်ကျော် တစ်ရက် နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ) အသံမစဲဟောကြားတော်မူ လိုက်တာ မြင်ယောင်ရင်းမေမေဖြင့် သဒ္ဓါပီတိတွေ နှလုံးအိမ်မှာ ယိုစိမ့်လာလိုက်တာ ကလေးတို့ရေ။ ဖော်ပြနိုင်စွမ်းမရှိ တော့ပါ။(Beyond Expression ပေါ့နော်)။


ဟောကြားချိန်ဟာ လူ့သက်တမ်းနဲ့တွက်တော့သာ ရက်ပေါင်း ကိုးဆယ်၊ နတ်သက်တမ်း နဲ့ကတော့ ၁၅မိနစ် လောက်သာရှိပေတာကိုး။ မြတ်စွာဘုရားကလူသားပါ။လူသားဣရိယာပုတ်နဲ့ လူသားတို့ရဲ့ အချိန်အတိုင်း ဘုဉ်းပေးသုံးဆောင်၊ အနားယူတော်မူမှသာခန္ဓာကိုယ် မျှတတော်မူပါတယ် ။ဒါကြောင့် အနားယူရမယ်။နေ့သန့်စင်တော် မူရမယ်။ ရေချိုး သုံးသပ်ရမဲ့ အချိန်ရှိတယ်။ကျင်ကြီးကျင်ငယ် စွန့်ရမဲ့အချိန်ရှိတယ်။ အဲဒါကြောင့် နေ့စဉ် နံနက် ၉နာရီ ရောက်တိုင်း အသွင်တူ၊အသံတူ တဲ့ နိမ္မိတ ရုပ်ပွားတော် တစ်ဆူ ၊ ဖန်ဆင်းတော်မူပါတယ်။ (ဤနေရာ မှ ဤနေရာထိ၊ ဤနည်းဖြင့်ဟောကြားတော်မူစေ သတည်း) လို့ အဓိဋ္ဌာန်ပြုပြီး၊သပိတ်သင်္ကန်းယူဆောင်လို့ ဟိမဝန္တာ၊အနောတတ် ရေအိုင်ကိုကြွချီရေချိုးသန့်စင် တော်မူပါတယ်။ ဥတ္တရဂုရု၊ မြောက်ကျွန်း မှာဆွမ်းခံကြွတော် မူပါတယ်။အနောတတ်ရေအိုင် ဆိပ်ကမ်းသာမှာ အေးချမ်းစွာ ဆွမ်းဘုဉ်း ပေးတော်မ်ူပြီး စန္ဒကူးတော ကိုလာပြီး နေ့သန့်စင်(အနားယူ)တော်မူပါတယ်။


အဲဒီအခါမှာ လက်ယာတော်ရံ ပညာ အရာ ဧတဒဂ်ရတဲ့ ရှင်သာရိပုတ္တရာမထေရ် ကြီး ကစန္ဒကူးတော ကိုလာပြီး ခြေဆုပ်လက်နယ်ပြုတော်မူပါတယ်။ လူ့ပြည် မှာ ဘုရားရှင်က ချစ်သားသာရိပုတ္တရာ…ငါဘုရားသည် တာဝတိံသာ နတ်ပြည်မှာအဘိဓမ္မာတရားကို ဟောခဲ့ ပြီးပြီ လို့ပြောတော်မူပါတယ်။ အကျဉ်း ခေါင်းစဉ် လောက်ပဲပြန်ပြော လိုက်တာပါ။


ဒါပေမဲ့ အရှင်သာရိပုတ္တရာ ဉာဏ် အင်မတန်ကြီးတယ် ဆိုတော့ ကျလာတဲ့ မိုးစက် မိုးပေါက်တွေကိုရေတွက်နိုင်တဲ့ သမာဓိအားကြီး ဉာဏ်အားကြီးတဲ့ မထေရ်မြတ်ကြီး ဆိုတော့ အကျဉ်း မျှနဲ့ ပဲ နားလည် သွားပါတယ်။ အရှင်သာရိပုတ္တရာကလည်း တပည့်ရင်း ရဟန်း (၅၀၀)ကို (ဘုရားရှင်-တန်ခိုးပြတဲ့ဝါဆို လဲပြည့်မှာပဲ မြတ်စွာဘုရားရဲ့ တန်ခိုးကို ကြည့်ညိုပြီး ရဟန်းပြုခဲ့တဲ့ အမျိုးကောင်းသား ၅၀၀ ရဟန်းဖြစ်စ ရဟန်းတွေပါ-ကဿပ ဘုရားရှင်လက်ထက် က လင်းနို့သား-၅၀၀ဖြစ်ခဲ့ဘူးပါတယ်) မြတ်စွာဘုရားဟော ကြားတော်မူအပ်သော အဘိဓမ္မာတရားတော်ကို မကျဉ်းမကျယ် ပြန်ဟော ပါတယ်။ အဘိဓမ္မာတရားတော် သည် နည်းသုံးနည်းနဲ့ လူ့ပြည် နတ်ပြည်မှာ တပြိုင်နက်ပေါ်ထွန်းခဲ့ တယ်လို့ အာရုံပြုထားပေးပါ ကလေးတို့ရေ..။


၁။တာဝတိံနတ်ပြည်မှာ အကျယ်ဆုံးနည်း(ဝိတ္ထာရနယ- အကျယ်နည်း)

၂။လူ့ပြည်မှာ အကျဉ်းဆုံးနည်း (သင်္ခေပနယ-အကျဉ်းဆုံးနည်း)

၃။လူ့ပြည်မှာ မကျဉ်းမကျယ် နည်း(နာတိ ဝိတ္ထာရ- နေတိသင်္ခေပနယ နည်း) တို့ဖြစ်ပါတယ်။

ဟောကြားခဲ့တဲ့ ရက်တွေ တွက်ကြည့်ရင် တော့ …

၁။ ဓမ္မသင်္ဂင်္ ဏီကျမ်း---၁၂ ရက်

၂။ ဝိဘင်းကျမ်း---၁၂ ရက်

၃။ ဓာတုကထာ-ကျမ်း---၆ ရက်

၎။ ပုဂ္ဂလပညတကျမ်း---၇ ရက်

၅။ ကထာဝတ္ထုကျမ်း--၈ ရက်

၆။ ယမိုက်ကျမ်း---၂၀ ရက်

၇။ ပဋ္ဌာန်းကျမ်း---၂၅ ရက် ဟောကြားရပါတယ်။


တရားတော် အဆုံးမှာ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သား ဟာ သောတာပန် တည်ခဲ့ပါတယ်။ စကြာဝဠာ တိုက်တစ်သောင်း အပေါင်း မှ သောင်းသောင်းဖြဖြ တရားနယူကြတဲ့ နတ်ဗြဟ္မာ အပေါင်း ကုဋေ-၈သောင်းတိတိ ကျွတ်တန်းဝင်ခဲ့ ပါတယ်။ လူ့ပြည်မှာနာယူရတဲ့ က ရဟန်း ၅၀၀ ကတော့ ရဟန္တာ အဖြစ်သို့ရောက် ရှိခဲ့ပါတယ်။ တစ်ချိန်တည်း ၊ တပြိုင်တည်း ဖြစ်ခဲ့တာပါနော်။


ရက်ပေါင်း ၉၀ ပြည့်လို့ သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင် သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ် ပြည်သို ပြန်လည်ဆင်းသက်ကြွမြန်း တော်မူခဲ့ပါတော့တယ်။ လူကော နတ်ပါ အချင်းချင်းမြင်နေရ တာ ကြည်ညိုဘွယ် ကောင်းလွန်းလို့ ဘုရားဆုမပန် မိတဲ့လူ မရှိကြပါဘူးတဲ့။


သည် အဘိဓမ္မာဟောကြားတော် မူခဲ့ပုံလေး ကို တိတိကျကျ ပုံဖော် မှန်းဆရင်း မနက်ဖြန်မှာ ကျရောက်မဲ့ အဘိဓမ္မာ အခါတော်နေ့မှာ ကျေးဇူးတော်ရှင်မြတ်စွာဘုရားရဲ့ဂုဏ်တော် အနန္တ ကို ရိုသေလေးမြတ်စွာ ညွတ်နူး ပူဇော်ကြရအောင်နော်။ ကျေးဇူးရှိသူများကိုလည်း အကောင်းဆုံး ဓမ္မ ဖြင့်ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြ မယ်လို့ သဘောပေါက် ခံယူလိုက်ပါလို့ မေမေ က ဓမ္မလက်ဆောင် ပေးပို့လိုက်ပါတယ် ချစ်သောကလေးတို့ရေ…။


ကျမ်းကိုး

၁။ အဘိဓမ္မာ နှင့် ဝိပဿနာ၊ ဒေါက်တာ ဉာဏိဿရ ( မြတ်မင်္ဂလာစာစောင်)

၂။ အဘိဓမ္မာ ပထမဆင့် မှတ်စု ၊ သဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင်

၃။ သဒ္ဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင် ၏ ပဋ္ဌာန်းကျင့်စဉ်သင်တန်း၊ တိတ်ခွေ အမှတ် ၁၊ ၂ (http://www.dhammadownload.com/)


၈။ ဝါခေါင်လပြည့်- မေတ္တာအခါတော်နေ့


မေမေချစ်သော သားသားနဲ့မီးမီးရေ..
ဝါခေါင်လပြည့်နေ့ဟာ ခေတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းလို့--- ဝါခေါင်မိုးတွေ နဲ့အတူ ရောက်ရှိလာပြန်ပြီ ပေါ့နော်..။

(လဆန်းရယ်တဲ့ငွေဘုံဆောင်---၊
ပြည့်ဝှန်းကြယ်သရဝဏ်နှင့်
နယ်တဝန်းရှစ်ခွင်တိုင်းမှာ--- မှိုင်းရီိလို့မှောင်၊
ငွေတာရာ ကြယ်သိန္ဒဝငယ်တို့ ဝေဟာမှာ အရှိန်ပြပါတဲ့၊
ချိန်ခါသမယ ဝါခေါင်မှာ--ငွေတောင်ပြည့်လွှမ်း။
ခတ္တာငုံ၊ ချပ်လွှာမှုန် တကြူကြူနဲ့
ပြည်နိဗ္ဗူ ပတ္တနာသန်လို့-----
စာရေးတံလှူတော်ပွဲကို နွှဲပျော်ဘို့လှမ်း။)


ဆိုတဲ့ ဆရာကြီးဦးပြုံးချို ရေးသားခဲ့တဲ့ လေးဆစ် သဖြန် ကလေး ကိုတောင် ရွတ်ဆိုနေမိရင်း အလှူရေစက် လက်နှင့်မကွာ --- ၁၂ရာသီကာလမှာ ပုံစံအမျိုးမျိုးနဲ့ လှူတတ် တန်းတတ်တဲ့ အမိမြေကို တကယ်ပဲလွမ်း ဆွတ်နေမိ ပါတယ်ကလေးတို့ရေ။

ဝါခေါင်လပြည့်နေ့ဟာ စာရေးတံမဲပွဲ ကျင်းပပြုလုပ်ကြသလို မေတ္တာအခါတော်နေ့ လို့လည်း သတ်မှတ်ထား ပါတယ် ကလေးတို့ရေ..။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရားလက်ထက်မှာ သံဃာ အများနဲ့စပ်ဆိုင်တဲ့ ဆွမ်းအလှူကိစ္စ၊ ဝိနည်းကိစ္စ တို့တွေမှာပြဋ္ဌာန်းဆုံးဖြတ်တဲ့အခါ စာအက္ခရာပါတဲ့ ဝါခြမ်းတံ ကိုမဲနှိုက်ပြီး ဆုံးဖြတ်စေပါတယ်။ အဲဒီဝါးခြမ်း တံလေးကိုစာရေးတံလို့ခေါ်ပါတယ်။

ဘယ်ဆွမ်းဒါယိကာဒါယိကာမကတော့ ဘယ်သံဃာကိုလှူပါ ဆုံးဖြတ်လို့ မရကောင်းတဲ့ အခါမျိုးမှာ စာရေးတံနဲ့ မဲနှိုက်ဆုံးဖြတ်စေတာပေါ့..။ ဒါ့အပြင် ရဟန်းသံဃာ အသုံးအဆောင် ဖြစ်တဲ့ထီး ဖိနပ်စတာတွေကို ပါ မဲနှိုက်ပြီးမှ လှူဒါန်းစေပါတယ်..။ အလှူရှင်တွေရော ရဟန်းသံဃာတွေပါ သဒ္ဓါပီတိ ဖြစ်စရာ ဝါခေါင်လ-စာရေး တံမဲပွဲ လို့သတ်မှတ်ထား တာပေါ့နော်--။

မေတ္တာအခါတော်နေ့ လို့သတ်မှတ်တာ ကတော့ သည်လိုပါ..။ မေမေတို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် သာဝတ်္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကာလမှာ ရဟန်းငါးရာတို့သည် မြတ်ဗုဒ္ဓ ထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူပြီး ဟိမ၀န္တာ နှင့်စပ်လျက်ရှိသော တောအုပ် ကြီးအတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်းများမှာ တရားအားထုတ်နေကြပါတယ် ။

မိမိတို့နေထိုင်ရာ သစ်ပင်အောက်တွေကို ရဟန်းများရောက်လာတဲ့အတွက် ဘုမ္မစိုး ရုက္ခစိုးနတ်တွေဟာ ရဟန်းတို့ရဲ့ သီလတန်ခိုးကြောင့် နေရာဖယ်ဖယ် ပေးနေခဲ့ရလေတော့--- သူတို့ဟာ အမျိုးမျိုး၊အဖုံဖုံ ခြောက်လှန့်ပြီး ရဟန်းများမနေနိုင်အောင် အနှောင့်အယှက်ပြုကြပါတယ် ကလေးတို့ရေ….။

အဲဒီအခါမှာရဟန်းများ စိတ်ချောက်ချားကာ ရောဂါများရကြပြီး ခရီးမသွားရတဲ့ ၀ါတွင်းကြီးမှာပင် ဘုရားရှင်ထံ ပြန်ပြေးကြ ရပါတော့တယ်။ ထိုအခါမှာ မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ အား မေတ္တသုတ်တရားတော်ကို ဟောဖော်ညွှန်ပြပြီး အဲဒီ တောအုပ်သို့ပြန်သွားပြီး မေတ္တဘာဝနာကိုပါ ပွားများကြရန် မိန့်တော်မူခဲ့ပါတယ် ကလေးတို့ရေ---။

မေတ္တာဆိုတာကတော့တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးမြတ်စွာ အတူတကွ ပူးပေါင်းနေထိုင်နိုင်တဲ့ နှလုံးသွင်းမှု ဖြစ်နေတာကိုး--။ သားသားတို့ Social Science ဘာသာရပ်ထဲကစကားလုံးနဲ့ပြောရရင် Negotiation Skills ပေးလိုက်တာပေါ့နော်…။ သည်တောအုပ်က ရဟန်းတွေအတွက် သပ္ပါယဖြစ်တဲ့နေရာ ဆိုတာ ဘုရားရှင်က သိတော်မူပါတယ်။ ဒါကြောင့် နေရာပြောင်းမပေးဘူးလေ..။ ရဟန်း ၅၀၀ အတွက် မျှတတဲ့နေရာ-- တရားရမဲ့ နေရာဖြစ်နေတာကိုး။ ရဟန်းများဟာ တောအုပ်ကိုပြန်သွားပြီး ဘုရားရှင် ဆောင်ရွက်ခိုင်းတဲ့အတိုင်း မေတ္တာ ဘာဝနာများ ပွားများကြပါတော့တယ်။

ထိုအခါမှာ ဘုမ္မစိုး ရုက္ခစိုး နတ်တွက မေတ္တာဓာတ်ကြောင့် ရန်မပြုကြတော့တဲ့အပြင် ရဟန်းတွေကို ပြုစုစောင့်ရှောက် ဖော်တောင် ရလာကြပါတယ်။ ရဟန်းများ ၀ိပဿနာ ဘာဝနာပွားများ အားထုတ်ခြင်းကို ချမ်းသာ စွာ ပြုလုပ်လာနိုင်တဲ့အတွက် မကြာမီမှာ လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာများ ဖြစ်သွားကြပါတော့တယ်..။ မေတ္တာရဲ့ အထောက်အပံ့က မဂ်ဉာဏ် ဖိုလ်ဉာဏ်ထိအောင် ဆောင်ယူနိုင်စွမ်းရှိပါတယ်။

အသံလှိုင်းတွေ အလင်းလှိုင်းတွေလိုပဲတဲ့ မေတ္တာဆိုတာ လှိုင်းအသွင်နဲ့ Electro Magnetic Wave ထိခိုက်စေ စားနိုင်တယ်လို့ ဒေါက်တာဓမ္မရက္ခိတ ဆရာတော်ဘုရား မေမေတို့ကိုသင်ပေးတာ သားသားမှတ်မိမှာပါ။
ဘုန်းဘုန်းဦးတိက္ခဉာဏ ကလည်း တကယ်ပို့ရင် တကယ်ရောက်ပါတယ် ဒကာမကြီးရေလို့ သူ့ရဲ့အေးချမ်းတည်ငြိမ်တဲ့ အသံတော်နဲ့ ပိုင်နိုင်စိတ်ချစွာ ပြောခဲ့ဘူးတာ မေမေ အသေအချာမှတ်ထားမိပါတယ်။
မေမေကြားဘူးတာ လိပ်မကြီး တစ်ကောင်ဟာ ဥတွေကို သဲသောင်ပြင်မှာ အုချ သဲတွေနဲ့ဖုံးလို့ ပင်လယ် ထဲကိုဆင်းသွားတယ်။ အဝေးကို ထွက်သွားပေမယ်လို့ သူ့ရဲ့ရင်က ဖြစ်တဲ့သားသမီး လိပ်က လေးတွေကို မေတ္တာပို့သ နေပါတယ်တဲ့။ တကယ်လို့များ အဲဒီလိပ်မကြီး ဟာအကြောင်း တစ်ခုခုကြောင့် သေဆုံးသွားခဲ့ရင် အဲဒိ လိပ်ဥလေးတွေဟာ ဥ ဘဝကနေ အကောင်မပေါက်ကြရှာ တော့ဘူးတဲ့။ မမြင်နိုင်ပေမဲ့ တကယ်ရှိတဲ့ စွမ်းအားတွေကို ယုံကြည်ကိုးစား နေမိပါတယ်ကလေးတို့ရေ..။

ဘုရားရှင်သည် သာမာန်လူသားဘဝကနေ အတုမရှိ ဉာဏ်တော်ထွန်းလင်းတဲ့ ဘုရားရှင် အဖြစ်ကို ရောက်တော်မူအောင် (ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဥပေက္ခာ၊ ခန္တီ၊ သစ္စာ၊ ဓိဋ္ဌာန၊ မေတ္တာ၊ ဝီရိယာ) စတဲ့ ဆယ်ပါးသော ပါရမီကျင့်စဉ်တွေကို ဖြည့်ကျင့်ခဲ့လို့ပါ။

မေတ္တာပါရမီကစကျင့်ရင် ဆယ်ပါးလုံး ဖြည့်ကျင့်သလို ပါဝင်သွားပါတယ်လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး သင်ပြပေးထားခဲ့ပါတယ်။ အမြဲ ဝိပဿနာ အာရုံနဲ့မပြတ်မလပ် ရှုမှတ်နေနိုင် တာ ဘုရားရှင် တစ်ပါးသာရှိတာမို့-- မေမေတို့ဟာကျန်အချိန်တွေ မှာ ကိုယ်စောင့်တရားလေးပါး - စတုရာရက္ခ တရားလေးပါးဖြစ်တဲ့ (ဗုဒ္ဓါနုဿတိ၊ မရဏာနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်း) တွေကို အမြဲဆင်ခြင်ပွားများ နှလုံးသွင်း နေရမယ်လို့မိန့်ကြား တော်မူခဲ့ပါတယ်။
မေမေတို့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးကလည်း အမြဲ ဆုံးမတော်မူတဲ့ ဆောင်ပုဒ် လေးရှိပါတယ်။

ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်၊

ကျေးဇူးပျောက်ရင် မာနပေါ်သည်။

မေတ္တာဖြစ်ပေါ်စေသော အနီးဆုံးသော အကြောင်းရင်းသည် ကျေးဇူးဖေါ်ပြပေးခြင်းဖြစ်သည်.. လို့ မှတ်သားကျင့်ကြံ ကြရပါလိမ့်မယ်ကလေးတို့ရေ..။ မေမေတို့ လက်တွေ့ဘဝထဲမှာတကယ် အသုံးဝင်ပါတယ်---- မေမေက မာန မထားတတ်ခဲ့ဘူးပါတယ်..။ မာနတွေ နေရာယူတော့ကျေးဇူးကို မမြင်တတ်တော့ဘူး။ မမြင်တာဟာ တခြားမြန်မာစကားလုံး ဖလှယ်သုံးရရင် ကန်းတယ်ခေါ်တာပေါ့နော်..။ မာနတွေဝင် ကျေးဇူးတွေမမြင် တတ်ခဲ့တော့ ကျေးဇူးကန်းသူကြီး ဖြစ်သွားတော့တာပေါ့..။

မေတ္တာ ပို့တော့မယ်ဆိုတော့ အဲဒီလူ ဆောင်ရွက် ကူညီဘူးတာတွေ ပြန်ပုံဖော်တဲ့အခါ တကယ့်ကိုပဲ ချစ်ခင်မြတ်နိုးတန်ဘိုးထားတဲ့ စိတ်ဟာနှလုံးအိမ်ထဲကို အလိုလို စီးဆင်းဝင်ရောက်လာတော့တာ မေမေ့လက် တွေ့ပါပဲ..။ မကျေနပ်တာတွေ အပြစ်တင်တာတွေကို ပုံမဖော်မိအောင် ကြိုးစားထားလိုက်တယ်။

ကိုယ်အပါအဝင် လူတိုင်းလူတိုင်းဟာ အချိန်ပိုင်း လူမိုက်၊ အချိန်ပိုင်း ပညာရှိ၊ အချိန်ပိုင်း လူလိမ္မာ၊ ဖြစ်နေကြတာကိုး။ မမှားဘူးသောသူဆိုတာ မရှိတာသိမျာပေါ့နော်။ ပံ့သကူသင်္ကန်း ကောက်တဲ့ ဥပမာလိုပါပဲတဲ့ ပိုင်းလော့ဆရာတော်ဘုရားဟောကြားတော်မူပါတယ်။ ကောင်းတဲ့ အပိုင်းလေး ရွေးချယ်၊ မကောင်းတာ ဖယ်ယူ အသုံးပြုကြ သလို လူတွေထံကကောင်းတဲ့အရည်အသွေးတွေ ထုတ်ယူတန်ဘိုး တတ်ရပါလိမ့်မယ် ကလေးတို့ရေ..။

စော်ကား တုန့်ပြန်မှ ရယ်မဟုတ်ပါဘူး၊ သူတထူးရဲ့ကျေးဇူးတရားကို မမြင်တာ၊ မမြင်ချင်ယောင်ဆောင်တာ အသိအမှတ်မပြုတာ၊ မေ့ထားတာတွေ၊ ထုတ်ဖေါ်ပြောဆိုဘို့ ဝန်လေးတာတွေဟာ ကျေးဇူးကန်းတဲ့ အပြုအမူတွေပဲဆိုတာ သတိကြီးစွာထား တတ်ရပါလိမ့်မယ်ကလေးတို့ရေ..။

သားသားနဲ့မီးမီးရေ---- မေတ္တသုတ်ကို ဟောကြားတော်မူသော ၀ါခေါင်လပြည့်နေ့- မေတ္တာအခါတော်နေ့၊ နေ့ထူးနေ့မြတ်ကြီးမှာ ကောင်းမှုကုသိုလ်များပြုလုပ်ပြီး မေတ္တာဘာဝနာများ ပွားများအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆောင်နိုင်ကြဘို့ ကြိုးစားရအောင် မေမေရဲ့ ဓမ္မလက်ဆောင်ကို မေတ္တာတွေနဲ့ အတူပို့သလိုက်ပါတယ်။ ကလေးတို့ ချမ်းမြေ့ရွှင်လန်းကြပါစေ။


၉။ နယုန်လပြည့်၊မဟာသမယနေ့ (သို့) ငြိမ်းချမ်းရေး ဓမ္မ ဖြစ်တည်ချိန်


မေမေချစ်သောသားသားနဲ့ မီးမီးရေ..။
သည်နေ့ ကတော့ မေမေတို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အလေးအမြတ်ထားတဲ့ နယုန်လပြည့်နေ့ကို ရောက်ခဲ့ပြန်ပါပြီနော် ။နယုန်လပြည့်နေ့မှာ မေမေတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ဟာ များပြားလှစွာသော နတ်ဗြဟ္မာ ပရိသတ်တို့ကို မဟာသမယ သုတ် တရားတော် ကိုဟောကြားတော်မူခဲ့တဲ့နေ့ ပဲဖြစ်ပါတယ် ။

မဟာဆိုတာကတော့ ကြီးကျယ်မြင့်မြတ်ခြင်း ပေါ့ သမယ ဆိုတာ ကအချိန်-အခါ-ကာလ။ အင်္ဂလိပ်လိုဆိုရင် Special Great Occasion လို့ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော်ဘုရား က ဆိုပါတယ်။
မေမေတို့ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်သည်-- ဘုရားဖြစ်တော်မူပြီး စတုတ္ထဝါ-အရောက်မှာ မဇ္ဈိမဒေသမှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းသားတွေက ရောဟဏီမြစ်ကရေကို လုကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။သူတို့ရဲ့ စပါး စိုက်ပျိုးခင်းတွေ အတွက်ပေါ့။

သူယူမယ် ငါယူမယ် ဆိုပြီးညင်းကြခုန်ကြရာက စစ်ခင်းကြမဲ့အခြေ အနေအထိ ရောက်ခဲ့ရတာပေါ့ ။ ငယ်ကျိုး ငယ်နာတွေလည်းအပြန်ပြန်အလှန်လှန်ဖော်ကြ နဲ့တင်းမာနေတဲ့ အချိန်ပါ။ နင်တို့ က မောင်နှမချင်း အိမ်ထောင်ပြုတဲ့အမျိုးတွေ--- တစ်ဘက်ကလည်း နင်တို့တော့ အနူမျိုးစသည်ဖြင့်ပေါ့။ အေး--အနူမျိုးအကြောင်း သိစေရမယ်။ ဘာညာ နဲ့ စစ်ကိုပြင်ကြပါတော့တယ်..။
အဲလိုအချိန်ကာလသမယမှာ မြတ်စွာဘုရားရှင်ကြွရောက်တော်မူလာပြီး မေးပါတယ်…။

ပေါက်တူး၊ဂေါ်ပြား စိုက်ပျိုးရေးသုံးပစ္စည်းတွေ အစား ဒါး၊လှံ၊ဒူးလေး တွေသာ သယ်ဆောင်လာ ကြတာကိုး။
ဘာလုပ်ကြမလို့လဲ---ဘာအတွက်လဲ---ရေအတွက်ပါ တဲ့။ ဘုရားရှင် က အဘိုးမတန်တဲ့ ရေ အတွက်နဲ့ အဘိုးတန်တဲ့ သင်တို့ အသက်တွေ ဆုံးရှုံးခံတော့မလို့လား မေးမြန်းတော်မူပါတယ် ကလေးတို့ရေ..။

မေမေတို့ လည်း တစ်ခြားနေရာမှာ အရှုံးအမြတ်မတွက်တတ်ရင် နေ..သည်လို နေရာမျိုးမှာ အရှုံးအမြတ်တွက်တတ်စေချင်လှပါတယ်..။ ပြဿနာတစ်ခု ဖြစ်ပေါ်ကျရောက်လာလို့မေမေတို့ ပူလောင်ကြတယ် ။ ညစ်ညူးကြတယ်။ စိတ်ဓာတ် ကျဆင်းကြတယ်။ အဲဒီအခါ မှာ ကိုယ့်ကိုကို မေးခွန်းထုတ် တတ်ဘို့ကို--မေမေတို့ရဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ ဆရာတော်ဘုရားကြီး ကသင်ပေးဘူးပါတယ်…။

ဘာအတွက်လဲ--- ဘယ်လောက်တန်နေတဲ့အရာမို့လို့လဲ----သိန်းတစ်ရာလား သိန်းတစ်ထောင်လား။
ပူနေရင် ညစ်နေရင် အပါယ်ဇာတိ သွားရမှာနော်--တန်လို့လား အပါယ်နဲ့--လဲလှယ်ကြမလို့လား မေးခွန်းထုတ်ခိုင်း ပါတယ်။ မတန်တာကိုသွားလုပ်နေကြတာ မဖြစ်စေဘို့ ဆုံးမဘူးပါတယ်။ မတန်တာကို မလုပ်ဖြစ်တော့ပါဘူးကလေးရေ..။ဘာကြောင့် ပဲပူပူ ကိုယ်သာရှုံး နေတော့ မှာကိုး ။ ဘဝမှာ---ရှုံးလည်း မရှုံးချင်တော့ပါဘူး ကလေးတို့ ရေ..။

ဇာတ်လမ်းလေးပြန်သွားရအောင်နော်----အဲလို အချိန်ကာလ သမယမှာ ဘုရားရှင်က မေးခွန်းထုတ်လိုက် တော့ အသိတရားဝင်လာကြ ပြီး။ ငြိမ်းချမ်းရေး ရှေးရှုတဲ့ ရန်ပြေ မာန်ပြေတရားတော်ကို နာယူလိုက်တဲ့အခါ---အသိဉာဏ်အမြင်မှန်ရရှိပြီး --ပြေငြိမ်းအေးချမ်းခြင်းကို ရရှိခဲ့ရပါတော့တယ်။

တစ်ဘက်စီမှ ၂၅၀ စီသော နှစ်ပြည်ထောင်မင်းသား ၅၀၀ တို့ဟာလည်း ဘုရားရှင်ရဲ့သာသနာ တော်ကိုဝင်ပြီး ရဟန်းပြုကြတာ ပေါ့ကွယ်။ အဲဒီရဟန်းတွေဟာ သာသနာတော်မှာမပျော်ပိုက်ကြတဲ့အတွက် ဟိမဝန္တာတော အတွင်းက အလွန် မွေ့လျော်ဖွယ်ကောင်းတဲ့ ကုဏ္ဍလာအိုင် သို့ခေါ်ဆောင်ကာ ဂါထာသုံးရာဖြင့်တန်ဆာဆင်အပ်သော--ကုဏ္ဍလငှက်မင်းရဲ့ ဇာတ်ကြောင်းကိုဟောကြားတော် မူခဲ့ပါတယ်။

အဲဒီဇာတ်တော်အဆုံးမှာတော့ ရဟန်း ၅၀၀-တို့ဟာသောတပတ္တိ ဖိုလ်၌ တည်တော်မူခဲ့ပါတယ်ကလေးရေ..။မြတ်စွာဘုရားရှင် ဟာရဟန်းတော် ၅၀၀-နဲ့အတူ ကပိလဝတ် ပြည်ရဲ့အနီးမှာရှိတဲ့ မဟာဝုန်တော ကို ကြွချီတော်မူခဲ့ပါတယ်။

မဟာဝုန်တောမှာ ကမ္မဋ္ဌာန်းကိုပေးတော့ မကြာမြင့်တဲ့ကာလအတွင်းမှာ အရဟတ္တဖိုလ် ကို ဆိုက်ရောက် တော်မူကြပါတယ်။ အဲဒီရဟန်း-၅၀၀တို့ဟာ မိမိ တို့ရရှိထားတဲ့ တရားထူးကို လျှောက်ထားဘို့အတွက် နဲ့ ဘုရားရှင်ကို ဖူးမျှော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ စုရုံးရောက်ရှိ လာကြပါတယ်။

အဲလိုညချမ်းအချိန်လေးမှာ ရဟန္တာ ၅၀၀-တစ်စုတစ်ဝေးတည်း စုစည်းနေတာ ဘယ်လောက် ကြည်ညိုဖွယ် ကောင်းလိုက်မလဲသားသားမီးမီးတို့ စဉ်းစားပုံဖော် ကြည့်ပါ နော်။ အဲလိုထူးခြားစွာ ကြည်ညိုဖွယ် ရာသံဃာ့ အစည်းအဝေးကို တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ တွေဟာ မဟာဝုန်တော ကို စုရုံးရောက်ရှိလာကြပါတယ်။

အဲလို ပရိသတ်တွေစုဝေးတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ဗြဟ္မာ တွေရဲ့ အမည် ။အမျိုးအနွယ်၊ တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို သိစေလိုတဲ့အတွက် အမျိုးတူအလိုက်စုပေါင်းကာ--- အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက်စကား မိန့်ကြားတော်မူ ပြီးမှသာ မဟာ သမယသုတ်တော်ကြီးကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။
မဟာသမယ-သုတ်ကို ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာဝင်၊သုတ်တွင်-မဟာသမယလို့ လည်းခေါ်ပါတယ်။

သည်သုတ် ကိုနတ်တွေက အလွန်ကြားနာလိုကြပါတယ်…။ သူသူ---ကိုယ်ကိုယ် ပေါ့နော်..ကိုယ့်နာမည်လေးကို လူတွေရှေ့မှာခေါ်တယ်၊ ဖော်ပြတယ်ဆိုရင် ကြိုက်ကြတာပဲကိုး။ မိတ္တဗလဋီကာမှာလည်းပထမ ဆုံး နာမည်ကိုခေါ်ပါ--လို့ နည်းပေးထားတာပဲနော်။

မေတ္တာဝင် တဲ့အခါကျတော့ ရာဂဖြစ်တတ်ပါတယ်။
မေတ္တာရဲ့ အနီးဆုံးရန်သူက ရာဂလို့ဆိုပါတယ်။ အဝေးဆုံးရန်သူကတော့ ဒေါသ-ဖြစ်ပါတယ်။ ဒါကြောင့် သည်သုတ်တော်တွေကို ဘုရားရှင် ကဆက်လက်ပြီးဟောကြားတော် မူခဲ့ပါတယ်ကလေးတို့ရေ..။

၁။ရာဂစရိုက်-အားကြီးသူအတွက်---(သမ္မာပရိဗ္ဗာဗနိယသုတ်)
၂။ဒေါသစရိုက်-အားကြီးသူအတွက်---(ကလဟဝိဝါဒသုတ်)
၃။မောဟစရိုက်-အားကြီးသူအတွက်---(မဟာ ဗျူဟသုတ်)
၎။ဝိတက်စရိုက်-အားကြီးသူအတွက်---(စူဠ ဗျူဟသုတ်)
၅။သဒ္ဓါစရိုက်-အားကြီးသူအတွက်---(တုဝဋကသုတ်)
၆။ပညာစရိုက်-အားကြီးသူအတွက်---(ပုရာဘေဒသုတ်) တရားတော်တို့ကို ဟောကြားတော်မူခဲ့ပါတယ်။

တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား ရေတွက် လို့တောင်မရနိုင်ပါကလေးတို့ရေ..။

သည်ကာလဟာ--မေမေတို့လူ့သက်တမ်းနဲ့တွက်လို့သာ ကြာခဲ့ပေမဲ့ နတ်တို့ရဲ့ သက်တမ်းနဲ့ကတော့ သိပ်မှမကြာသေးတာကိုး။ဒါကြောင့် သူတို့နာမည်လေးတွေ ကိုဖေါ်ပြပေးထားတဲ့ မဟာသမယသုတ်ကို ကြားနာလိုကြလို့ ရှေ့ရှုသော နားတို့ဖြင့် လောကထဲ လှည့်လည်နေတယ်လို့ ဆိုပါတယ်။

မြို့သစ်၊ရွာသစ်၊ တိုက်သစ် ၊အိမ်သစ်၊ အိုးသစ်ထူထောင်ခြင်း စသော မင်္ဂလအခမ်းအနားမှာ (မဟာသမယသုတ်)ကို ရွတ်ဖတ်သရဇ္ဈယ် သင့်တယ်လို့ အဋ္ဌကထာဆရာအရှင်မြတ်တွေ ကမှာကြားထားခဲ့ပါတယ်။ တနည်းအားဖြင့်ဆိုရရင် စစ်ကိုတားမြစ်စေနိုင် တဲ့ ငြိမ်းချမ်းရေး ဓမ္မ အဖြစ်မေမေမြတ်နိုး မိပါတယ်။ မကြာခင်ကမိတ်ဆွေတစ်ယောက်ပေးပို့ဘူးတဲ့ ကဗျာလေးကိုလည်း သတိတရ ဖော်ပြချင် မိပါတယ်..။

တရားနဲ့ ဒါး အားနှစ်ပါးတွင်
တရားကိုချစ်-- ဒါးကိုပစ်၍
စစ်ကိုငါတို့မုန်းပါသည်…
(စစ်မုန်း)


သည်တော့ ခြုံငုံပြောရရင်---သည်နေ့ကျရောက်တဲ့ နယုန်လပြည့်နေ့ ရဲ့ထူးမြတ်တဲ့ဂုဏ်အင်တွေကို တွက်စစ်ကြည့်ကြရအောင်---။

၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး ငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။
၃။ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။
၎။နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
၅။မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက် ဝင်သောနေ့ဖြစ်ခြင်း။
၆။မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။စသည်ဖြင့် ၆ချက်ပြည့်စုံနေတာပေါ့ကလေးတို့ရေ..။

မေမေတို့လည်း သည်လိုနေ့ထူးနေ့မြတ်မှာ မငြိမ်းချမ်းသောနေရာများ--ကိုမေတ္တာပို့သလို့ မဟာသမယသုတ်တော် ကိုရွတ်ဆိုပူဇော်ရင်း ငြိမ်းအေးစေကြာင်း ဆုတောင်းကြပါစို့လား ကလေးတို့ရေ…….။

(ဦးကျော်စိန်-မန္တလေး-၏ နယုန်လပြည့်နေ့(၇.၆.၂၀၀၉-မြန်မာ့အလင်း)ဆောင်းပါးကိုမှီငြမ်းရေးသားပါသည်)



၁၀။ ကဆုနလပြည့် ဗုဒ္ဒနေ့ သွန်းလောင်းရေစင်၊ဗောဓိပင်အား၊ ဦးထိပ်ထားလျက်


ယနေ့သည်…ကျွန်မတို့ဗုဒ္ဓဘာသာဝင်များအားလုံးရဲ့နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ မနေ့က ဆရာတော် အရှင် တိက္ခဉာဏာလင်္ကာရ ဟောကြားတော်မူသော တရားတော်ကို Skype-မှနာယူခွင့်ရလိုက်ပါ သည်။ ဆရာ တော် ဘုရားက Crist နှင့် Mass(လူထု) ကိုပေါင်း၍ ခရစ်ယာန်ဘာသာဝင်များ Cristmas ပွဲတော်၊ ခရစ်တော် မွေး နေ့ပွဲကျင်း တာနှင့်နှိုင်းယှဉ်လျက် ဟောပြောသွားတာမှတ်သားစရာကောင်းလှပါသည်။ မြတ်ဗုဒ္ဓ ဖွားမြင် တော်မူ သောနေ့ မြတ်ဗုဒ္ဓ၏မွေးနေ့ အပြင် အခြားသောဂုဏ်ထူးဝိသေသများရှိကြောင်း သားကိုဦး (ဓမ္မရသ) ကလည်းရေးသားပူဇော်ထားပါသည်။


ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ၊မှတ်ရန်လမြတ်ကဆုန်။

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅)ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ကဆုန်လပြည့်(အင်္ဂါနေ့)။(ဘီစီ ၅၄၃)(http://dhammaratha.com/)


သည့်အပြင် ကျွန်မကြားဘူးမှတ်ဘူးထားသော အချက်နှစ်ချက်မှာ…ကဆုန်လပြည့်ဗုဒ္ဓနေ့ တွင် ခပ်သိမ်းသော ဘုရားရှင်တို့သည် သစ္စာလေးပါးကို သိကြပေကုန်သည်။ နောက်တစ်ချက်ကားစိုက်ပျိုးရေးနှင့်ဘွဲ့ယူခဲ့သော ကျွန်မ အဘို့စိတ်ဝင်စားစရာ---မဟာဗောဓိပင်ပေါက်သောနေ့ ရယ်လို့ အမှတ်ထင်ထင် မှတ်မိနေဖြစ်ခဲ့ပါသည်။
ဗောဓိပင်သည် ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓ၏ ဖွားဘက်တော် များတွင်ပါဝင်ခဲ့ပါသည်။ ငယ်ငယ်က ယဉ်ကျေးမှု သင် တန်းကသင်ပေးလိုက်တဲ့ကဗျာ လေး အရတော့ (ကာဠု၊ယသော်၊ညီတော် ၊ဆန္န၊ကဏ္ဍက နှင့် သောန၊ ဗုဒ္ဓဟေ) လို့ ဖွားဘက်တော်(၇)ဦးကိုကျက်မှတ်ခဲ့ဘူးပါသည်။


ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာ---အနာထပိဏ်သူဌေးကြီးသည် အရှင်အာနန္ဒာနှင့် တွေ့ဆုံကာ(အရှင်အာနန္ဒာကိုယ်တော်ကြီးဘုရားရပ်ဝေ:ရပ်နီးမှ ရဟန်းရှင်လူ၊ပုဂ္ဂိုလ်တို့ သည် ဘုရားရှင်ကို ဖူးမျှော်ဘို့လာရောက်ကြတဲ့အခါ။ဘုရားရှင်ဒေသစာရီကြွရောက်တာနဲ့ ကြုံလို့လွဲသွားတဲ့ အခါ စိတ် နှလုံးတွေ ညှိုးနွမ်းပြီး ပြန်သွားကြရပါတယ်ဘုရား။ သည့်အတွက် ဘုရားရှင် ကိုယ်စားတော်ပြုပြီး ဖူးမျှော်နိုင်မဲ့ အရာ တစ်ခုခု စီမံပေးဘို့ ဘုရားရှင်အားလျှောက်ထားပေးတော်မူပါဘုရား။)


အရှင်အာနန္ဒာကလျှောက်ထားတဲ့ အခါမှာ--ချစ်သားအာနန္ဒာ၊ငါဘုရားရှင်မရှိ တဲ့ အခါမျိုးမှာ ငါဘုရားရှင်ကဲ့သို့ ကိုးကွယ်ပူဇော်ထိုက်တဲ့ စေတီတွေရှိပါတယ်..။အဲဒီစေတီတွေကတော့
၁။ငါဘုရားရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ ဆံ၊ မွေးညင်း၊သွား၊ ညှပ်ရိုး၊ အစရှိတဲ့ သာရီရိကစေတီ။
၂။ငါဘုရားရှင်ရဲ့ အသုံးအဆောင်တွေဖြစ်တဲ့၊ သပိတ်၊သင်္ကန်း၊ ကျောင်းအစရှိတဲ့ ပရိဘောဂစေတီ။
၃။ငါဘုရားရှင်ကို ရည်မှတ်ထုလုပ်ကိုးကွယ်အပ်တဲ့ ဥဒ္ဒိဿစေတီဆိုပြီး စေတီအပြား။သုံးပါးရှိကြလေရဲ့။


အဲဒီထဲတွေမှာ--ဘုရားရှင်တွေရဲ့ သစ္စာလေးပါးကိုသိမြင်ရာ မဟာဗောဓိပင်ဆိုတာ ဘုရားရှင် တို့သက်တော် ထင်ရှား ရှိစဉ်မှာပင် စေတီမည်ပါတော့တယ်ချစ်သား--- လို့မိန့်ကြားတော်မူခဲ့ပါတယ်။


သည်သို့ဘုရားရှင် မိန့်မှာစကားကို မှတ်သားပြီး အရှင်အာနန္ဒာလည်း မဟာဗောဓိပင်မှ မျိုးစေ့ကိုယူဆောင် လျက် ဇေတဝန်ကျောင်းတော် မုခ်ဦးတံခါးဝ ဝယ်စိုက်ပျိုးခဲ့လေသည်။လူအများသည် ဘုရားရှင် မရှိ ခိုက်လာ ရောက်ကြလျင် ဗောဓိပင်ကို ပူဇော်ဖူးမျှော်ကြပါသည်။ အဆိုပါဗောဓိပင်သည်ကား အာနန္ဒာ ဗောဓိပင် အဖြစ် မှတ်သားခေါ်ဝေါ်ကြလေ သည်။


မြန်မာ သက္ကရာဇ် ၅၃၆ တွင် နရပတိစည်သူမင်းလက်ထက်တွင်ပေါင်လောင်ရှင်ဟုအမည်တွင်သည့် အရှင် ကဿပ မထေရ်သည် သီဟိုဠ်(သီရိလင်္ကာ) ကျွန်းသို့သွားရောက်ပြီး ဗောဓိညောင်စေ့များယူဆောင်လျက် စိုက် ပျိုးခဲ့ကြသည်။ ညောင်ရေသွန်းသည့်ဓလေ့ကို မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ် ပင်းယ တွင် မင်းပြု သော ဥဇနာမင်းကြီးသည် ပုဂံမှ နရပတိစည်သူမင်းထံမှ ဗောဓိ ညောင်စေ့ များကိုတောင်း ခံလျက် ကိုယ်တော် တိုင်စိုက်ပျိုးခဲ့သည်။ ဥဇနာမင်းသည် စိုက်ပျိုးပြီး ကဆုန် ညောင်ရေ သွန်းပွဲတော်ကို ဦး ဆောင်ကျင်းပခဲ့ပါသည်။
စာဆိုရှင် နဝဒေး က

ဝဇီရာခေါင်၊ရွှေညောင်ဗောဓိ၊ဒက္ခိသာခ၊ရုပ်ရှင်လှနှင့်
ဝိဇယရံသီ၊သရီမွေပုံ၊ ရွှေစည်းခုံလည်း၊ဖြာတုန်တစ်သန်း၊နေ့ညဉ့်ထွန်းသား
အက်ကျွန်းမင်းသာ၊ကိုးကွယ်ရာကို၊ဒီပါဇမ္ဗူ၊ရွှေပြည်သူတို့၊ဆုယူရွှင်လန်း
တင်လှူဒါန်း ၍ တိမ်ပန်းပဇ္ဇုန်၊ ချိန်းမဲ့သုန်သည်၊ကဆုန်ညောင်ရေသွန်းတည်း။

လို့ရေးဖွဲ့ မှတ်တမ်းတင်ခဲ့ပါသည်။
မဟာအတုလမင်းကြီးကလည်း --

မူခြေငယ်စွန်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊

တောက်လောင်ငယ်ထိန်သည်။

ဖလ်သူရိန်တေဇောကြောင့် ပူဗျာကဲတဲ့ လကိုလေး။

ရာသီငယ်ပြိဿ၊မဟေသီလည်း၊ရွေညီခလို့၊

ပန်းမြစကားဝါ၊ ဝိသာခါနှင့်၊ တာရာခြံရံ၊ စန်းငွေယုံ ဖန် သည့် နှယ်၊

ဆဒ္ဒန်ပိုင်ဗွေဘုံမှာ၊ လကဆုန်ညောင်ရေပွဲမို့ သဲလှတယ်လေး။

လို့ရေးဖွဲ့ခဲ့ပါသည်။


ရိုးရာပွဲတော်များတွင် ရေကြည်ရေသန့်များကို ဖြုန်းတီးပစ်သည့် သင်္ကြန်ပွဲတော်ကို အားမပေးလိုလှပါ။

မေလရဲ့ နွေကာ လများကို အပူဒဏ်ခံဖြတ်သန်းခဲ့ရသော မြတ်ဗုဒ္ဓ၏ဗောဓိပင် (ကျွန်မတို့ဂေါတမ ဘုရားရှင်၏ ဗောဓိပင်ကတော့ညောင်ပင်)ကိုရှင်သန်စိမ်းလန်းစေလိုသော၊တနည်းအားဖြင့် သာသနာ စည်ပင်၊ တိုးတက် ရှင်သန် စေလို သော ဆန္ဒမွန်များ ပါဝင်နေသည့် ဗုဒ္ဓ မွေးနေ့ ပူဇော် ပွဲကိုကား ၊သဒ္ဓါခညောင်း၊ စေတနာ ရေစင် များ သွန်း လောင်းလိုလှပါသည်။ တန်ခူလပြည့်တုံးကတော့ ငုပင်ပိတောက်ပင်များ စိုက်လိုလှသည်ဟု ရေးခဲ့ပါသည်။ ယခုကဆုန်လပြည့်မှာတော့ ဗောဓိပင်များကိုပါထည့်သွင်း စိုက်ပျိုးပူဇော်လိုမိပြန်ပါသည်။ (ဗုဒ္ဓသာသနံ။စိရံတိဋ္ဌတုပါဘုရား။)


(တက္ကသိုလ်ရှင်ဥက္ကာ(မဟာဝိဇ္ဇာကျမ်းပြု)၏ ကဆုန်လပြည့်၊ဗုဒ္ဓနေ့၊ဆောင်းပါး။ရောင်ပြန်မဂ္ဂဇင်းမေ၊၂၀၀၉ ကို-ကိုးကားရေးဖွဲ့ပါသည်။)