Wednesday, September 22, 2010

သုံးစရာနှင့် ချစ်စရာ



ဖခင်တစ်ယောက်သည် သူ့ကားကို ပေါလစ်တိုက်နေစဉ် (၄)နှစ်အရွယ် သူ့သားငယ်က ကျောက်ခဲလေးတစ်လုံးနှင့် ကားဘေးတစ်ဖက်မှာ ခြစ်နေသည်။ ဖခင်က စိတ်ဆိုးစွာဖြင့် သားလက်ကိုဆွဲ၍ ရိုက်ခဲ့သည်။ ဒေါသထွကနေ၍ အမှုမဲ့ အမှတ်မဲ့ ဘယ်လောက်တောင် ရိုက်လိုက်မိမှန်းမသိ။ သားငယ်၏လက်ကလေး ကျေမွသွား၍ ဆေးရုံသို့ ပို့လိုက်ရသည်။

နောင်တမျက်ရည်များဖြင့် ပြည့်နေသော ဖခင်၏မျက်နှာကိုကြည့်ကာ သားလေးက မေးရှာသည်။ "ဖေဖေ သားလက်ကလေးတွေ ဘယ်တော့ ပြန်ကောင်းလာမလဲ ဟင်? " ပြန်လည်ဖြေကြားရန် စကားတစ်လုံးမှ မထွက်နိုင်လောက်အောင် ဖခင်မှာ နှလုံးကြေကွဲအောင် နာကျင် ခံစားရလေသည်။ အပြင်ထွက်သွားပြီး၊ သူ့ကားကို အကြိမ်ပေါင်းများစွာ ကန်ကျောက်နေမိသည်။

သူ့လုပ်ရပ်အတွက် နောင်တရစွာဖြင့် ကားဘေးမှာထိုင်ချလိုက်ကာ သားလေး ခြစ်ထားသည်များကို ကြည့်လိုက်မိတော့ "ဖေဖေကြီးကို ချစ်တယ်" ဟူသော သားလေး၏ မသေမသပ် ရေးထားသော လက်ရေးကို တွေ့လိုက်ရသည်။ နောက်တစ်နေ့တွင် ဖခင်သည် နောင်တကြီးစွာရ၍ ဖြေဆည်ရာ မရနိုင်ဘဲ၊ သူ့ကိုယ်သူ သတ်သေသွားလေသည်။
.................................
ဒေါသနှင့် မေတ္တာမှာ အတိုင်းအတာ မရှိ။ ပြည့်စုံ လှပသောဘ၀ ရရှိ ပိုင်ဆိုင်နိုင်ရန် အောက်ပါ ဆောင်ပုဒ်လေးကို ဆောင်ထားပါ။
"ပစ္စည်းဆိုတာ သုံးစရာ။" "လူသားဆိုတာ ချစ်စရာ။"
ယနေ့ခေတ်တွင် ကြုံတွေ့နေရသော ကမ္ဘာ့ပြဿနာက "လူသားကို သုံး၍၊ ပစ္စည်းကို ချစ်နေကြခြင်း" ဖြစ်သည်။"ပစ္စည်းဆိုတာ သုံးစရာ။" ၊"လူသားဆိုတာ ချစ်စရာ။" ဆိုသည်ကို နှလုံးပိုက်ကာ ကျင့်သုံးကြပါစို့။

သင့်အတွေးမှ သင့်အပြော ဖြစ်လာသည်။
သင့်အပြောမှ သင့်အပြုအမူ ဖြစ်လာသည်။
သင့်အပြုအမူမှ သင့်ဝါသနာ ဖြစ်လာသည်။
သင့်ဝါသနာမှ သင့်စာရိတ္တ ဖြစ်လာသည်။
သင့်စာရိတ္တမှ သင့်ကံကြမ္မာ ဖြစ်လာသည်။
စန်းဖုန်း
(အီးမေးမှရသော စာတစ်ပိုဒ်ကို ဘာသာပြန်သည်။)