Friday, February 13, 2015

စွန့်ခြင်းနှင့်နှောင်ဖွဲ့ခြင်း


စွန့်ခြင်းနှင့်နှောင်ဖွဲ့ခြင်း

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။ တစ်နေ့တော့ သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့ “မင်းအဖြစ်ထက် ရဟန်းတရားက မြတ်တယ်”ဆိုတာသိရပါတယ်။ ဒါကြောင့် တိုင်းပြည် အုပ်ချုပ်ရေးကို အမတ်တွေနဲ့ လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့အညီစီရင်ဖို့ တခါတည်း မိန့်မှာထားပါတယ်။

ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူ မှုတွေလုပ်ပြီး တရားစီရင် နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ရှိပါတယ်။ အမှုတစ်ခုမှာတော့ ဘုရင်နဲ့ အလွန်ရင်း နှီးတဲ့ သူတစ်ယောက် မှန်ပါလျက်နဲ့ တရားရှုံးသွား ပါတယ်။ အဲဒီတရားရှုံးသွားတဲ့ ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ် လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီး အမတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့ သူကိုအနိုင်ပေးနေတဲ့ အကြောင်း လျှောက်ပြ လိုက်ပါတယ်။

နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေ တရားစီရင်တဲ့ နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကို မြင်လိုက်တာနဲ့ ပြည်သူ ပြည်သားတွေက ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့်စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင် ကြပါတော့တယ်။ ဘုရင်လည်း တရားစီရင်တဲ့ နေရာကနေ ပြန်လာပြီး ပြာသာဒ်ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။ ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကိုဆက်ရှုမှတ်လို့ မရတော့ပါဘူး။

ဒီတော့ ဘုရင်လုပ်သူက သံဝေဂ တော်တော်ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့ အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှမရှိဘူး။ ရဟန်းတရားကပဲ မြတ်တယ်"လို့ သေချာ သဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ်လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။ (သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်)

မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ကိုယ်ပါ။ သူ့တရားနဲ့သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။ ဒါပေမယ့် ဘဝမှာ တစ်ခါတလေ စွန့်ဖို့ခက်နေတာ လေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံးရှာခဲ့ရတဲ့အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။

တရားနဲ့ ယှဉ်လာရင်တော့ စွန့်သင့်တ အချိန်မှာ စွန့်သင့်တဲ့ အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီအခါမျိုးမှာတော့ စွန့်ဖို့ခက်နေရင် "သြော်… ဘုရင်ဖြစ်သူတောင် တရားနဲ့ယှဉ်လာရင် မင်းအဖြစ် ကိုတောင်စွန့်သေးတာပဲ၊ ငါစွန့်ရမယ့်အရာက ဘာမှ မဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။

တရားစခန်း ဝင်ဖို့တောင် မိသားစု သံယောဇဉ်ကြောင့် အိမ်ကိုတစ်ပတ် ဆယ်ရက်စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။ အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်း နှစ်မျိုးကို ပြထားပါတယ်။

၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ထားခြင်းတစ်မျိုး။
၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။
ဒီနှောင်ဖွဲ့ခြင်းနှစ်မျိုးဟာ အကျိုးယုတ်စေတဲ့နှောင်ဖွဲ့ခြင်း တွေပဲလို့ဆိုပါတယ်။

ကိုယ့်ကိုယ်ကို နှိမ့်ရာကပဲထားထား၊ မြင့်ရာကပဲထားထား နှောင်ဖွဲ့ခြင်း နှစ်မျိုးလုံးကတော့ မကောင်းတာအမှန်ပါပဲ။ နှောင်ဖွဲ့ခြင်း နှစ်မျိုးမှာ ကိုယ်က ဘယ်ထဲမှာ ပါနေသလဲဆိုတာ ပြန်စိစစ်ကြည့်ရမှာပါ။ နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။

ဒီနှောင်ဖွဲ့ခြင်းတွေကြောင့်ပဲ တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။ တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦး မှာပါ။ နောက်တစ်ခုက လူတစ်ဦး တစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ နှောင်ဖွဲ့ပြီး အားကိုးတာပါ။ အားကိုးတာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။

တကယ်တော့ အားကိုးပြီး တရားရအောင် အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာ တန်တာပါ။ အားကိုးခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှုပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ ဝေးရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ်မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။

တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချ ပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရား နယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေကိုပဲ ပြန်ရောက်လာသူ တွေလည်း ရှိပါတယ်။ ဒါက အတိတ်တိတ် ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့ လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ်မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။

တရားနဲ့ယှဉ်ရင် စွန့်ရမယ် ဆိုပေမယ့် ကလေးမွေးပြီးပြီးခြင်း ကလေးကို စွန့်ထားခဲ့ပြီး သီလရှင် ဝတ်သွားတာ မျိုးကျတော့လည်း အဆင်မပြေလှပါဘူး။ နို့်တိုက်ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ် ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို စွန့်ရမှာပါ။ ရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီးစသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။

ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရား အမြဲ ဟောတာရှိပါတယ်။ ကလေးငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်း တရားပါပဲတဲ့။ ကိုယ်က မေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။

အားလုံးကြားဖူးတဲ့ ထေရီကာဆိုတဲ့ အမျိုးသမီးလေး တရားရသွား တယ်ဆိုတာ မီးဖိုချောင် ထဲကပဲ တရားရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက်တာ လည်း တရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီဖျော်တာလည်းတရားပါပဲ။ ကိုယ့်ဝန်းကျင်မှာ အားကျ အတုယူရမယ့် သူတွေ အများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။

တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီး တစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။ ဆရာတော်ကြီး မိန့်တဲ့အထဲမှာ ထူးဆန်းတာ တွေပါနေပါသတဲ့။ ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။

ဆရာတော်ကြီးက ချက်ချင်းဆိုသလိုပဲ ဦးဇင်းလေး ဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ ပြစ်မှားမိရင် အပြစ်ဖြစ် တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။ ဦးဇင်းလေးလည်း တော်တော်လေး ထိတ်လန့်သွားပြီး ဆရာတော်ကြီးကို တောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။

အဲဒီဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီးဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီးတွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။ ဆရာတော်ကြီး သက်တော်ကြီးလာမှ ဆရာတော်ကြီး တရားအဆင့် တစ်ခုတော့ရနေ လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြပါတယ်။

ဒီခေတ်မှာ တကယ်ကျင့်ကြံပွါးများ အားထုတ်နေတဲ့သူတွေ အများကြီး ရှိနေတာဆိုတော့ မပြစ်မှား မိအောင်နေတာ အကောင်းဆုံးပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှား မိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရမသောက်ရ ကြီးမားလှတဲ့ အကုသိုလ်ကံကြီးကို ကျူးလွန်မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကိုပြစ်မှားမှသာ မဟုတ်ပါဘူး။ ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်း အပြစ်ပါပဲ။

စွန့်တဲ့သူတွေကတော့ စွန့်ပြီး အားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။ စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့ မစွန့်နိုင်ကြတာပါ။ ရလဒ်ကို သိတဲ့သူတွေကတော့ စွန့်နေကြတာပါပဲ။ လောကမှာ စွန့်တဲ့သူတွေကစွန့်ပြီး နှောင်ဖွဲ့တဲ့ သူတွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူး ဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။

ဒီတော့တရားနဲ့ ဝေးသထက် ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်း မသိတော့ပါဘူး။ တချို့နှောင်ဖွဲ့မှု တွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာတာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက်နစ်နာရတော့တာပါ။ စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ယှဉ်လာရင်တော့ အားလုံးအားလုံးကို စွန့်ရမှာပါပဲ။ မစွန့်နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။

တစ်ခါတလေ ပုထုဇဉ်အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်း စွန့်ခဲ့တာလေးတွေ၊ အထက်က ပစ္စေကဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့ တာလေးတွေကို အာရုံပြုပြီး "သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ယှဉ်လာရင် မင်းစည်းစိမ်တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့်အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။

မိတ်ဆွေ လေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီ မိတ်ဆွေဆိုတာ ရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင် ပြောပြတတ်တဲ့ မိတ်ဆွေလို့ခေါ်ပါတယ်။ အဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက…
၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

ကိုယ်က ဒီအင်္ဂါလေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို တားသင့်တာကို တားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။ တရားစကားတွေကို ပြောပြပေးရမှာ ဖြစ်သလို နတ်ပြည် မဂ်ဖိုလ်ရကြောင်း တွေကိုလည်း ညွှန်ကြားပြောပြ ပေးရမှာပါပဲ။ ကိုယ်တားတာ တိုက်တွန်းတာ တွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့ သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်း ရမှာပါ။ ဒါမှအတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။

စာရေးသူ စာရေးတဲ့အခါ နိဗ္ဗာန်ကို ဦးတည်ရုံမကပါဘူး၊ ဒီသဘောလေးတွေ ကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူကချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူက ရေးပြ ဟောပြတာ လေးတွေကိုလည်း တလှည့်နာချင်ပါသေးတယ်။

ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ ဘဝအတွေ့အကြုံ တွေရယ်ကြောင့် ပိုလို့တောင် နာလို့ကောင်းဦးမှာပါ။


ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာ အကောင်းဆုံးပါပဲ။

ရဝေနွယ်(အင်းမ)
ကျမ်းကိုး
ထေရအပဒါန်ဝတ္ထုတော်ကြီး၊
အရှင်ဓမ္မဿာမီဘိဝံသ

Thursday, February 12, 2015

ချမ်းသာလိုက နှလုံးသွင်းမှန်ကြ


ချမ်းသာလိုက နှလုံးသွင်းမှန်ကြ

အားလုံးသိကြတဲ့အတိုင်း ကြည့်ရှုခံစားစရာ အဆင်းတကာတို့ထဲတွင် ယောက်ျားတို့၏ စိတ်ကို သိမ်းပိုက် ယူငင် စိုးမိုးနိုင်ဆုံးသော အဆင်းမှာ မိန်းမတို့၏ အဆင်းဖြစ်တယ်။ မိန်းမတို့၏ စိတ်ကို သိမ်းပိုက် ယူငင် စိုးမိုးနိုင်ဆုံးသော အဆင်းမှာ ယောက်ျားတို့၏ အဆင်းသာလျှင်ဖြစ်တယ်။

အသက်အရွယ်အားဖြင့် နုပျို၊ ကျန်းးမာရေးအားဖြင့် ကောင်းမွန်သော ယောက်ျားတို့ဟာ နုပျိုလှပ ချစ်စဖွယ်ကောင်းသော မိန်းမတို့၏ အဆင်းကို ကြည့်ရှုရသော အခါ ကာမဂုဏ်ကို ခံစားလိုတဲ့ ဆန္ဒတို့ဖြစ်ပေါ်တတ်ပါတယ်။ မိန်းမတို့ အနေနဲ့လည်း ထို့နည်းတူ ခံစားမှုတို့ ဖြစ်ပေါ်ကြမှာပါပဲ။ ကိလေသာအားဖြင့်တော့ ရာဂ ကိလေသာတို့ ဖြစ်ပေါ်တယ်၊ နီဝရဏ အားဖြင့်တော့ ကာမစ္ဆန္ဒနိဝရဏတို့ ဖြစ်ပေါ်တယ်- လို့ဆိုရပါမယ်။

အဲဒီဖြစ်စဉ်တွေကနေ အကြောင်းအကျိုးဆက်နွယ်လို့ တခါတရံမှာ ကျော်မကောင်း ကြားမကောင်း တဲ့ အမှုအခင်းတို့ ဖြစ်ပွားတတ်တယ်။ သဘာဝတရားရဲ့ မျက်နှာသာပေးမှုကြောင့် အဲဒီဖြစ်စဉ်မှာ ယောက်ျားတို့က မိန်းမတို့ကို အနိုင်ကျင့်မှုတွေ ပြုတတ်ကြပါတယ်။ မိန်းမတို့က ယောက်ျားကို အနိုင်ကျင့်ခြင်းဆိုတာကတော့ ရှိချင်လည်း ရှိပါလိမ္မယ်။ ဒါပေမဲ့ မရှိသလောက် ရှားပါတယ်။

ခေတ်အဆက်ဆက် လူသားတွေဟာ အဲဒီဖြစ်စဉ်ရဲ့ အကျည်းတန်မှုကို နားလည်ကြတယ်။ ဒါဟာ မကောင်းမှုကြီးဖြစ်တယ်၊ တားမြစ်ဖို့လိုအပ်တယ်လို့ အများအားဖြင့် သဘောပေါက်ကြတယ်။ ဒါပေမဲ့ သင့်တင့် မှန်ကန်တဲ့ နည်းလမ်းကို မသိသူက များတယ်။

အချို့က အဲလိုဖြစ်စဉ်တွေဖြစ်ပေါ်မှုကို ဝေဖန်သုံးသပ်ရာမှာ နှစ်လိုဖွယ်ကောင်းသော မိန်းမတို့၏ အဆင်း၌သာ အပြစ်ရှိတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့် မိန်းမတွေကို အလွန်အမင်း လုံခြုံစွာဝတ်ဆင်စေရမယ်လို့ ပညတ်တယ်။ ပြဿနာက အေးသွားသလား ဆိုတော့ မအေးပါဘူး။ အကြောင်းကြောင်းကြောင့် လုံခြုံစွာ ဖုံးအုပ်မထားတဲ့ မိန်းမတို့ရဲ့ အဆင်းကိုတွေ့ရရင် ယောက်ျားတို့က ငါတို့မှာ ဘာမှအပြစ်မရှိဘူး။ လုံခြုံစွာဖုံးအုပ်မထားတဲ့ အဆင်းမှာသာလျှင် အပြစ်ရှိတယ်ဆိုပြီး ရဲရဲဝံ့ဝံ့ အနိုင်ကျင့်ဖို့ဖြစ်လာတယ်။

သဘာဝတရားက မျက်နှာသာပေးထားတဲ့ ယောက်ျားတို့ကို လွဲမှားတဲ့ သုံးသပ်ချက်က ထပ်ပြီး မျက်နှာသာပေးလိုက်ပြန်တယ်။ မိန်းမတို့ရဲ့ ဘဝဟာ ပိုပြီး လုံခြုံမှုနည်းသွားတယ်။ အချို့ကတော့ မြင်တတ်တဲ့ မျက်လုံးမှာသာ အပြစ်ရှိတယ်လို့ မှတ်ယူကြတယ်။ အဲဒါကြောင့် ယောက်ျားတွေကို ထွေရာလေးပါး လျှောက်မကြည့်ဖို့ ပညတ်တယ်။

အမှန်တကယ် ကင်းအောင် နေနိုင်ရင်တော့လည်း ဒီနည်းက မဆိုးပါဘူး။ ဒါပေမဲ့ ယောက်ျားများနှင့် မိန်းမများ ဘယ်လိုမှ ကင်းရှင်းအောင် နေလို့မရတဲ့ လူ့လောကဆိုတော့ မတွေ့မြင်အောင် ထိန်းသိမ်းထားရာကနေ အထောက်အပံ့ အကြောင်းတရားတွေ အစစအရာရာ ညီညွတ်လို့ တွေ့မြင်လိုက်ရရင်တော့ အထူးအဆန်း အာရုံဖြစ်လို့မို့ ထိမ်းမနိုင်သိမ်းမရ ဖြစ်သွားတတ်ပါတယ်။

ဗုဒ္ဓဝါဒအရတော့ အဲဒီတရားတွေနဲ့ ပတ်သက်လို့ သင့်တင့်သော နှလုံးသွင်းမှု ရှိဖို့သာ လိုတယ်လို့ ပြောရမယ်။ ကြည့်ရှုခံရသူရဲ့ အဆင်းအာရုံမှာလည်း အပြစ်မရှိဘူး၊ ကြည့်မြင်သူရဲ့ မျက်လုံး မှာလည်း အပြစ်မရှိဘူး။ မှန်ကန်စွာ နှလုံးသွင်းတတ်ဖို့သာလိုတယ်။ မှန်ကန်စွာ နှလုံးမသွင်း တတ်လို့သာ သူတော်ကောင်းတို့ ကဲ့ရဲ့အပ်သော၊ ကျော်မကောင်းကြားမကောင်းသော ဖြစ်စဉ်တွေ ဖြစ်ပွားရတယ် လို့ဆိုတယ်။ မှန်ကန်စွား နှလုံးသွင်းနည်းကို ကျွန်တော်နားလည် ထားသလို ရှင်းကြည့်ပါဦးမယ်။
(နားလည်တတ်ကျွမ်းသူများ စာရေးသူ့ စကားက ဗုဒ္ဓဝါဒကို ဆန့်ကျင်နေရင် တိမ်းစောင်းနေရင် ပြုပြင်တည့်မတ်ပေးကြပါ။)

ကမ္မဋ္ဌာန်းနည်းအရတော့ ရာဂကိလေသာကို ကောင်းစွာနှိမ်နှင်းနိုင်တာ အသုဘ ကမ္မဋ္ဌာန်း ဖြစ်တယ်။ လွန်စွာတင့်တယ် ရှုချင်ဖွယ်ကောင်းတဲ့ မိန်းမတို့ရဲ့ အဆင်းကို အသုဘ ကမ္မဋ္ဌာန်းအဖြစ် ပြောင်လဲ ရှုမြင်ရမယ်ဆိုတော့ တော်တော်လေးတော့ ခက်ခဲသလိုဖြစ်သွားမယ်။ တကယ်တော့ ဗုဒ္ဓစာပေထွန်းကားရာ မြန်မာပြည်က လာသူမှန်ရင် အပုပ်ကောင်ရုပ်ဆောင်ထားတယ် ဆိုတဲ့ စကားကို ရင်းနှီးကြမှာပါ။ ၃၂-ကောဋ္ဌာသသော ရွံစဖွယ် တွေကို တွေးတော ဆင်ခြင်လိုက်ပါ။ ဘယ်လောက်ပဲ ချစ်စရာကောင်းတဲ့ မိန်းမဖြစ်ပါစေ၊ ၃၂-ကောဋ္ဌာသသော တရားတို့နဲ့ မကင်းကြပါ။ အပုပ်ကောင် ရုပ်ဆောင်ထားတာဖြစ်ကြောင်းကို ပေါ်လွင်အောင် ရှုမြင်ဆင်ခြင်လိုက်ပါ။ ဘယ်လို ရာဂကိလေသာမျိုးမှ ဝင်နိုင်မှာ မဟုတ်တော့ပါဘူး။

ဝိပဿနာနည်းအရ ဆိုရင်တော့ မိန်းမတို့ရဲ့ အဆင်းကို ရူပါရုံ ကြည့်ရှုစရာ အာရုံဖြစ်တယ် လို့ပဲမြင်လိုက်ပါ။ အဲဒီနောက်မှ ဆက်ပြီး ဗုဒ္ဓရှင်တော် ဓာတ်ခွဲပြခဲ့သလို၊ ဘယ်လောက်ပဲ တင့်တယ် နေသော်လည်း ရုပ်နာမ်တရားတို့သာဖြစ်တယ်၊ ခန္ဓာ ၅-ပါးတို့သာဖြစ်တယ်၊ ဓါတ်ကြီးလေးပါး တို့သာဖြစ်တယ်၊ ခဏဖြစ်လျက်, ခဏတွင်းပျက်နေကြတဲ့ မက်မောစရာ လုံးဝမရှိသော ဒုက္ခသစ္စာ သဘောသာလျှင်ဖြစ်တယ် ဆိုတာကို နားလည်အောင် ရှုပွားဆင်ခြင်လိုက်ပါ။ ဘယ်လို တဏှာ၊ ဘယ်လိုရာဂမှ ဝင်လာမှာ မဟုတ်တော့ပါဘူး။

အထက်က ၂-နည်းကတော့ နှလုံးသွင်းမှန်ခြင်း တည်းဟူသော အတွေးအခေါ် ဉာဏ်ပညာ နဲ့ ထိန်းသိမ်းစောင့်ရှောက်တဲ့၊ လွန်စွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းကို ဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ အတိုင်းအတာတစ်ခု အနေနဲ့ သိလွယ် မြင်လွယ်တဲ့ ထက်မြက်တဲ့ ဉာဏ်အမြင်တော့ ရှိဖို့လိုပါတယ်။

အဲဒီလို ဉာဏ်အမြင်မရှိသူများအတွက်လည်း သင့်တင့်လျောက်ပတ်တဲ့ ထိန်းသိမ်းနည်းက ဗုဒ္ဓဝါဒမှာ ရှိပါသေးတယ်။ မိမိနဲ့ တရားဝင် လက်ထပ်ထိမ်းမြားထားသူ ဇနီးမယား မဟုတ်ပါက ကာမဂုဏ်မှု မကျူးလွန်သင့်ကြောင်းကို ဒုစရိုက်တရား ၁၀-ပါးနဲ့၊ ၅-ပါးသီလတို့မှာ ဖော်ပြထား ပါတယ်။ ဒီအမှုဟာ ဒုစရိုက်ဖြစ်တယ်၊ သူတော်ကောင်းတို့ ကဲ့ရဲ့အပ်တယ်၊ လက်တွေ့အကျို, သံသရာ အကျိုးကို ထိခိုက်စေနိုင်တယ်ဆိုတာ တွေကို သဘောပေါက်ပြီး အကုသိုလ် ဒုစရိုက်အမှုတို့ကို ပြုလုပ်ရန် ရှက်ခြင်း၊ ကြောက်ခြင်း ဆိုတဲ့ လောကစောင့်တရား ၂-ပါးကို ကောင်းစွာ ထိန်းသိမ်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

ဒီနည်းကတော့ ရှက်လို့၊ ကြောက်လို့သာ မကျူးလွန်ရတယ် လိုချင်ခြင်း တဏှာ နဲ့ ရာဂ ကိလေသာ တန်းလန်းကြီး ကျန်နေတာကြောင့် အလိုမပြည့်ခြင်းဆိုတဲ့ စိတ်ဆင်းရဲခြင်းတော့ ခံစားရနိုင်ပါတယ်။ လူကြားမကောင်းသော ဖြစ်စဉ်တို့မှ ကင်းဝေးသည်မှန်သော်လည်း မှန်ကန်စွာ နှလုံးသွင်းပြီး ကိလေသာ ပါးအောင် ကျင့်တဲ့နည်းလောက်တော့ ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။


ဖော်ပြပါ ပြဿနာမှာ…
၁) လှပတင့်တယ်သော မိန်းမတို့၏ အဆင်း၌သာ အပြစ်ရှိတယ်၊ မိန်းမတွေ အထူးလုံခြုံစွာ ဝတ်ဆင်ရမယ်ဟု ဆိုခြင်း
၂) ထွေရာလေးပါး မျက်လုံးကစားတတ်သော ယောက်ျားတို့၌သာ အပြစ်ရှိတယ်၊ ယောက်ျားတွေ မျက်လုံးအိနြေ္ဒကို ထိန်းသိမ်းရမယ်ဟု ဆိုခြင်းတို့ဟာ အတွေးအခေါ် ဉာဏ်အမြင် အလွန်နည်းပါး သူတို့ရဲ့ အဆိုများသာဖြစ်ပါတယ်။

ဖြစ်စဉ်ပေါ်မှာ အကျိုးတရား၏ အဆိုးကိုသာမြင်တယ်။ အကြောင်းတရားက ဘာလဲဆိုတာကို မှန်မှန်ကန်ကန် မသုံးသတ်နိုင်လို့ တောင်တောင်အီအီ ထင်ရာတွေး၊ ထင်ရာပြောခဲ့ခြင်းမျှသာ ဖြစ်ပါတယ်။ အစစ်အမှန် ကြောင်းတရားကို မမြင်တော့ မိမိမြင်သော အကျိုးတရားကိုသာ အတင်းချိုးနှိမ်ဖို့ အားထုတ်ခြင်းမျှသာဖြစ်တယ်။ ဘာနဲ့တူသလဲ ဆိုရင် နံရံထောင့်ကွေးတစ်နေရာမှာ လှောင်ပိတ်ပီး တုတ်ချောင်းလေးနဲ့ ထိုးဆွခံနေရတဲ့ ခွေးသူငယ်နဲ့တူပါတယ်။ ခွေးငယ်လေးခမျာ အဓိကအကြောင်းတရားဖြစ်သော ထိုးဆွနေသူကို သတိမမူမိ၊ တုတ်ချောင်းထိပ်ဖျားလေးကိုသာ အဓိက အကြောင်းထင်ပြီး ဒေါသတကြီး ကိုက်ခဲနေမိတဲ့ အဖြစ်မျိုးနဲ့ ဆင်တူနေပါတယ်။

လှပတင့်တယ်သော အဆင်းကြောင့် ဖြစ်ပေါ်လာသော မက်မောခြင်း ရာဂကိလေသာကို အပြစ်အဖြစ် မြင်သော်လည်း၊ အကျည်းတန်လှသော ရွံစဖွယ်၊ ကြောက်စဖွယ် အဆင်းတို့ကြောင့် ဖြစ်ပေါ်လာတတ်သော စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ခြင်း ဒေါသကိလေသာကို ဖြေရှင်းရန်နည်းလမ်း မပါလာပါ။ လှပတင့်တယ်သော အဆင်းကြောင့် ဖြစ်ပေါ်တတ်သော ရာဂကို နှိမ်နှင်းရန် နည်းလမ်းကို ရှာကြံထားသော်လည်း၊ သာယာနာပျော်ဖွယ် အသံကြောင့် ဖြစ်ပေါ်တတ်သော ရာဂကိလေသာကို ကာကွယ်ရန်နည်းလမ်းမရှိပါ။ ထို့ကြောင့် အထက်ဖော်ပြပါ နည်း လမ်းများဖြင့် ပြဿနာကို ဖြေရှင်းရန်အားထုတ်ခြင်းမှာ အင်္ဂါမစုံသော နည်းလမ်းများသာ ဖြစ်ပါတယ်- လို့ဆိုရပါမယ်။

ဗုဒ္ဓဝါဒကတော့ ပြည့်စုံပါတယ်။ ပညာသားပါသော ဖြေရှင်းနည်းလို့လည်း ဆိုရပါမယ်။ အလွန်တရာ ဆူးငြောင့်ခလုပ် ပေါများတဲ့ ယာကွင်းပြင်ကြီးတစ်ခုမှာ အလုပ်လုပ်ဖို့လိုအပ်တဲ့ ယောက်ျား တစ်ယောက်ဟာ ဆူးတစ်ချောင်းချင်းကို သားရေပြားလိုက်အုပ်ပေးထားမှ လုပ်ငန်းခွင်ဝင်မယ်ဆိုရင် လူရယ်ချင်စရာ အတွေးအခေါ်သာဖြစ်ပါလိမ္မယ်။ မိမိချေထောက်မှာ ဆူးမဖောက်နိုင်သော လုံခြုံတဲ့ ခိုင်မာတဲ့ ဖိနပ်ကို စီးပြီး လုပ်ငန်းခွင်ဝင်ခြင်းသာ ပြုလုပ်သင့်ပါတယ်။

လုံခြုံတဲ့ ခိုင်မာတဲ့ ဖိနပ်ကိုစီးထားလိုက်တော့ ဆူးငြောင့်ခလုပ်သာမက၊ မစင်ပုံများ၊ မြွေများကင်းများရဲ့ အန္တရာယ်မှလည်းကာကွယ်ပြီးဖြစ်သွားပါတယ်။ ထို့နည်းတူ တင့်တယ်သော အဆင်းအပေါ် မှန်ကန်စွာ နှလုံးသွင်းတတ်ဖို့ လေ့ကျင့်ထားသူဟာ မတင့်တယ်သော အဆင်းနဲ့ တွေ့လျှင်လည်းကာကွယ်ပြီးဖြစ်ပါတယ်။ သာယာဖွယ်အသံ၊ ကောင်းမွန်သော အနံ့၊ နူးညံ့သော အထိအတွေ့တို့ကိုလည်း အစရှိသဖြင့် အခြားအခြားသော အာရုံအမျိုးမျိုးကိုလည်း မှန်ကန်စွာ နှလုံးသွင်းတတ်လို့မို့ ဘယ်လိုနည်းနဲ့မှ အကုသိုလ်တရားတွေ ဝင်လာနိုင်မှာ မဟုတ်တော့ပါဘူး။

နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရသော အရုံအမျိုးမျိုးပေါ် သင့်တော်မှန်ကန်အောင် နှလုံးသွင်း ဆင်ခြင်နိုင်ကြပါစေ။ အကုသိုလ်တွေဝေးလို့၊ ကုသိုလ်တရား အမျိုးမျိုးမွေးမြူနိုင်ကြပါစေ။
အင်္ဂုတ္တရ နိကာယ၊ ဧကက နိပါတ်၊ ဝီရိယာ ရမ္ဘာဒိဝဂ် မှ မှန်ကန်စွာ နှလုံးသွင်းခြင်းနှင့်ဆိုင်သော တရား တစ်ပိုဒ်ကို ကူးယူဝေမျှလိုက်ပါတယ်။

ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မနသိကာရ’ တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရား တို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကို ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏။ ဟု (မိန့်တော်မူ၏)။

အရှင်သုမနသာရ(ဖြူး)

Wednesday, February 11, 2015

နက်ဖြန်ထက် ပို၍နီးသော


နက်ဖြန်ထက် ပို၍နီးသော

ကျွန်တော်နှင့် အလွန်တရာခင်မင်သော မိတ်ဆွေတစ်ဦးနှင့် မနက်ဖြန်နေ့လည်တွင် တွေ့ဆုံကြမည် ဟု ချိန်းဆိုထားခဲ့သည်။ သို့သောကျွန်တော်တို့ ချိန်းဆိုထားသော ထိုနေ့၌ ထိုမိတ်ဆွေနှင့်မတွေ့ လိုက်ရတော့ပေ။ ကျွန်တော်၏မိတ်ဆွေသည် ယဉ်မတော်တဆထိခိုက်မှုဖြင့် ထိုနေ့မတိုင်မီတစ် ရက်က နံနက်ခင်းမှာပင်ပွဲချင်းပြီး ကွယ်လွန်သွားခဲ့ရှာလေပြီ။

ဘ၀တစ်ပါးသို့ပြောင်းသွားသည်မှာ မြန်ဆန်လွန်းလှပါဘိသည်။ မထင်မှတ်လောက်အောင်ပင်နီး ကပ်လွန်းလှပါ၏။ အံ့အားသင့်လောက်အောင်ပင် ဘ၀တစ်ပါးဆိုသည်ကား မြန်ဆန်လွန်းအားကြီး လှပါ၏။ ကွေးသောလက်မဆန့်မီ။ ဆန့်သောလက်မကွေးမီ။ သေခြင်းတရားဟူသော တံခါး ပေါက်သည် တစ်စုံတစ်ယောက်ကိုထွင်းဖောက် ကျော်ဖြတ်စေပြီး ဘ၀တစ်ပါးသို့ပို့ဆောင်နိုင်ပါ သည်တကား။

မနက်ဖြန်ဟူသည်ကားေ၀၀ါးသေးပါတကား။ ယနေ့ညနေကို ကျော်လွန်ရဦးမည်။ ညစာစားချိန် ရှိနေသေးသည်။ ထို့နောက် မနက်ဖြန်နံနက်လင်း၍ နေမင်း၏အလင်းရောင်ဖြာပြီ။ မျက်နှာသစ် ပြီးပြီဆိုမှ မနက်ဖြန်ကာလစတင်သည်။

သေမင်းခေါ်ဆောင်သွားသော ဘ၀တစ်ပါးဆိုသည်ကား မနက်ဖြန်ထိအောင်မကြာတတ်ပါချေ။ ညနေ၊ ည၊ နံနက်ဟူသော အချိန်များကိုပင် မစောင့်တော့ပါလေ။

ရုတ်ချည်းပျံသန်းလာသော မမြင်ရသည့်မရဏတရားသည် မည်သူ့ကိုမဆို ဘ၀တစ်ပါးသို့ အလျင်အမြန် ပို့ဆောင်နိုင်စွမ်းရှိပေသည်။ ကြောက်ရွံ့စရာကောင်းလေစွ။ ထိတ်လန့်စရာ ဖြစ်လေစွ။ အံ့သြထိတ်လန့်လောက်အောင် လျှင်မြန်လှ၏။

မနက်ဖြန်ထက်ပင်နီးကပ်သောအရာကို ကျွန်တော်တွေ့မြင်ရလေပြီ။ သေခြင်းနှင့်တမလွန်။

ဘ၀တစ်ပါးဆိုသည်ကား အိုမင်းမှ၊ နာဖျားပြီးမှ ဆိုက်ရောက်ရမည့်နေရာ။ ဝေးပါသေးသည်။ ငါမအိုသေးပါ။ ငါမနာဖျားသေးဟု ထင်မှတ်ခဲ့မိ၏။ သတိမထားမိ။ ယခုကား ထိုသို့မဟုတ်ချေ။

ဘယ်သောအခါမှတွေ့ကြပါစို့ဟု သူနှင့်ကြိုတင် ညှိနှိုင်း၍ မရလေ။ ဘယ်အချိန်အခါမှ ဆုံကြရ အောင်ပါဟု သူ့ကိုပြော၍မရချေ။ မမျှော်လင့်သောအချိန်တစ်ချိန်၊ နေရာတစ်နေရာမှာ သူသည် အချိန်မရွေးမိမိကို ဘ၀တစ်ပါးသို့ ပို့ပစ်လိုက်မည်ဟု နားလည်သောအခါ တုန်လှုပ်မိသည်။

အချို့က ဘ၀တစ်ပါးဆိုသည်မှာ သေလွန်ပြီးနောက်စပ်ကြား အခြေအနေတစ်ခုရှိနေသေးသည်ဟု ထင်တတ်၏။ အမှန်ကားမဟုတ်ချေ။ ယခုအသက်ကုန်၍ စုတေ သေလွန်သည်နှင့် အကွာအခြား မရှိ ဘ၀သစ်တစ်ခုခုသို့ဝင်ရောက် ကူးပြောင်းရလေသည်။

အကယ်၍ ကုသိုလ်ကောင်းမှု များစွာပြုသော် ကောင်းရာမွန်ရာ နတ်ရွာ ဗြဟ္မာ့ဘုံသို့ဆီရောက် ရမည်။ အကယ်၍မကောင်းမှုအကုသိုလ်ဒုစရိုက်တို့ကို မိမိများများပြုခဲ့မိပြီး ပူပန်နောက်ကျိသော  အာသန္နကံဇောဖြင့် သေလွန်ရသော် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(တစ္ဆေ၊သူရဲ၊မှင်စာ) အသူရကာယ်ဘုံ ဘ၀သို့ မိမိကျရောက်ရလိမ့်မည်။ ဘ၀တစ်ပါးသို့ မလွဲမသွေလွင့်စင်ရောက်ရှိရမည်။ ကြားလမ်းခုလတ် တစ်ထောက်နားစရာ ခေတ္တခိုစရာမရှိချေ။

လူအချို့သေလွန်ပြီး တစ္ဆေ၊ သူရဲ၊ ခေတ္တမျှဖြစ်ကြရသည်ဟု အချို့ကမှတ်ထင်ကြသည်။ အမှန်မှာ ခေတ္တရောက်ခြင်းမဟုတ်။ ထိုထိုသော အပြစ်သည်ပင်လျှင် အကုသိုလ်အကျိုးပေးကြောင့် ကျရောက်နိုင်သော အပါယ်ဘုံဘ၀တစ်ခုပဲဖြစ်၏။ ကုသိုလ်ကောင်းမှုပြုစုခဲ့သော မျိုးစေ့နည်းပါးလျှင် ကျရောက်သွားနိုင်သည့် ဘ၀တစ်မျိုးပင်ဖြစ်၏။

ကျွန်တော်တို့သည် ယခုဘ၀ အိုမင်းရင့်ရော်သည့်အခါ နေစရာလေးတော့ရှိမှဖြစ်မည်ဟု စုဆောင်း ကြပါ၏။ မနက်ဖြန်အတွက် စားစရာလေးတော့ ဝယ်ထားရဦးမှဟု ၀ယ်ယူလေ့ရှိတတ်ပါ၏။ နောက်လမှာဘယ်ပွဲသွားစရာရှိသည်မို့ ဘာဝတ်စရာလေးတော့ ချုပ်ထားဦးမှ၊ ၀ယ်ထားဦးမှဟူ၍ ဆောင်တတ်ကြ၏။

နောက်နှစ်၊ နောက်လ၊ နောက်ရက် မနက်ဖြန်တို့အတွက် ရှာဖွေဆုဆောင်းကြသော်လည်း အလွန်တရာ နီးကပ်လှသည့် နောက်ဘ၀အတွက်တော့ ဒါနမျိုးစေ့၊ သီလမျိုးစေ့၊ ဘာဝနာမျိုးစေ့ ကြဲလေဦးမှ ဟူ၍ သတိမရပါချေ။ မမြော်မြင်တတ်ခဲ့ပေ။

နောက်ဘ၀သည် မနက်ဖြန်အထိ နေချင်မှနေရမည်။ အချိန်မိနစ်မဆိုင်းဘဲ အမှောင်ကျ၍ ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ရုတ်ချည်းရောက်ရှိရတတ်သည်။ ထိုအကာလမရဏသည် မိမိတားစီး၍မရ။

မမျှော်လင့်ဘဲကားတိုက်၍ သေနိုင်သည်။ မထင်မှတ်ဘဲ ရေနစ်၍သေနိုင်သည်။ မမျှော်မှန်းဘဲ လေယာဉ်ပျက်၍ ဘ၀တစ်ပါးသို့ ရောက်ရှိသွားနိုင်သည်။ ဆုတ်မိဆုတ်ရာ ကိုင်မိကိုင်ရာ ဘာမျှပါမသွားနိုင်။

စင်စစ် ဘ၀တစ်ပါးသို့ မိမိနှင့်အတူပါသွားနိုင်သည့် အရာသည်ကား ကောင်းမှု၊ မကောင်းမှုဟူသော ကံအဟုတ်သတ္တိသာလျှင် တစ်ခုတည်းရှိချေသည်။ ဘ၀သည်တိုတောင်း လှပါသည်။ ယခုဘ၀တာသည် မည်မျှတာရှည်မည်ဟုမည်သူမျှ မသိရပေ။

ဤမျှမရေရာ။ မခိုင်မာသောဘ၀တာတွင် သိန်းမည်မျှချမ်းသာချင်သည်ဟု လောဘကြီးမနေသင့်။ ငါဖြစ်ချင်သလိုမဖြစ်ရပါကလားဟု တစ်ဦးပေါ်တစ်ဦး အလိုမကျမှုဖြင့် ဒေါသကြီးမနေသင့်။

လောဘ၊ ဒေါသတို့ကို ပုထုဇဉ်သဘာဝ မပယ်သတ်နိုင်သေး။ ရှိတော့ရှိကြပေလိမ့်မည်။ သို့ရာတွင်လောဘကြီးသူ၊ ဒေါသကြီးသူအဖြစ်မူ မရောက်စေသင့်ပြီ။ မိုက်လုံးကြီး၍ ပေတေ မနေသင့်ပြီ။

မင်းကွန်းတိပိဋကတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော အောက်ပါလင်္ကာ
လေးကို နှလုံးသွင်းနေမိသည်။

ရုပ်နာမ်ဓမ္မ သင်္ခါရတို့
ကိုယ်ကဖြစ်ပုံ၊ ဖြစ်လိုတုံလည်း၊
တစ်ဖုံဆင်ကွဲ၊ သူတစ်နဲဖြင့်၊
ဖောက်လွဲတတ်စွာ၊ ဓမ္မတာကို၊
ပညာစက္ခု၊ မျှော်ထောက်ရှု၍၊
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မသေခင်က

ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊
ချုပ်ပျောက်ခန္ဓာ၊ သေစိမ့်ငှါဟု၊
သတ္တ၀ါခပင်း၊ ရှင်သေမင်းနှင့်၊
မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊
တစ်စက်ကမျှ မရှိကြဘူး။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။
ဘုရားစကား လိုက်နာပွားကာ၊ တရား
လက်မလွတ်စေနှင့်။

မနက်ဖြန်ထက်ပင် ပို၍နီးသောဘ၀တစ်ပါးအတွက် ကျွန်တော်တို့သည် ကြိုတင်ကောင်းမှု ကြိုးစား ပြုကြရမည်ပါတကား။

ချစ်နိုင် ( စိတ်ပညာ )
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း၂၀၀၁ခုနှစ်၊ အောက်တိုဘာလ

Tuesday, February 10, 2015

ဖြစ် ပျက် ဆိုတဲ့ အသိတရား


ဖြစ် ပျက် ဆိုတဲ့ အသိတရား

ဖြစ်ပျက် ဆိုတဲ့ အသိတရား ဟာ တန်ဖိုးအင်မတန်ကြီးမားပါတယ်။ ဒီ စကားလေးကို ခပ်ပေါ့ပေါ့ ရယ်သွမ်းသွေးပြီး ပြောတာလေးကို ကြားမိပြီး အင်မတန်မှ စိတ်မချမ်းမသာ ဖြစ်မိလို့ ပါ။ စကားကြမ်းလေးနဲ့ ပြောရရင် ပုထုဇဉ် အရိုင်းအစိုင်းတွေဟာ တရားကိုတရားမှန်းမသိဟာသ နှောပြီးပြောတတ်ကြတယ်။

ရယ်စရာလို့ ထင်တတ်ကြတယ်။ တရားသဖြင့် သော်၎င်း။ မတရားသဖြင့် သော်၎င်း ရထားတဲ့ စည်းစိမ်းချမ်းသာတွေနဲ့ သူတို့ကိုယ် သူတို့  အဟုတ်ထင်ပြီး တရားတော်ကိုပါ အထင်သေး အမြင်သေးစိတ်တွေထားတတ်ကြတယ်။ ကံအကြွင်းအကျန်လေးကို သုံးဆောင်ပြီး ချမ်းသာ နေတာကို အဟုတ်မှတ်လို့  တရားဆိုတာ ငွေလောက်တန်ဖိုးမရှိဘူးလို့  တွေးချင်ကြတယ်။

တရားအကြောင်းရေးတာကိုလည်း ရယ်စရာ တစ်ခုလို့  ထင်မြင်နေတယ်။ တရားနဲ့စပ်ဆိုင်ပြီး ပြောဆိုတာကိုလည်း ဟာသ တစ်ခုလို ပြုံးရယ်ပြီး ဥပေက္ခာ ပြုကြတယ်။ဒါကြောင့်လည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်နဲ့ တကွ အရိယာ သူတော်စင်တို့ ဟာ ပုထုဇဉ် အရိုင်း အစိုင်းတွေကို ဂရုဏာထားလို့  သနားတော်မူကြတာပါပဲ။

ဖြစ်ပြီးတော့ ပျက်သွားတာပဲ မလား ဆိုတဲ့ စကားကိုရယ်သွမ်းသွေးပြီး ပြောတာကို ကြားလိုက်ရတဲ့ ခဏ တရားတော်ကို မထီလေးစား ပြောလေခြင်းလို့  အလိုမကျတဲ့စိတ်ဖြစ်မိပါတယ်။ တရားမသိတဲ့ အရိုင်းအစိုင်းပါလားလို့  သနားမိပါတယ်။ သူ့ ရဲ့ မထင်မှတ်ပဲပြောလိုက်တဲ့စကားဟာ သူ့ အပေါ်မှာ ဓမ္မ ရဲ့ အန္တရာယ် ဖြစ်စေတယ် ဆိုတာ သူမသိရှာဘူး။

ဖြစ်ပျက် ဆိုတာ ခန္ဓာ မှာတကယ်ဖြစ်ပြီးတကယ်ပျက်တာကို  တကယ် ဥာဏ်နဲ့ ဆင်ခြင်နိုင်ရင် တန်ဖိုးရှိတဲ့ အသိတရားဖြစ်ပါတယ်။ပါးစပ်က ပြောရုံနဲ့ ပြောပြီး ခန္ဓာ မှာ ဘယ်ဟာ ဖြစ်လို့  ဘယ်ဟာ ပျက်မှန်းမသိရင် သူသိတဲ့ အသိဟာ အလကားအသိပဲ ဖြစ်နေပါတယ်။ ခန္ဓာ မှာ ဖြစ်တာ ပျက်တာကို သိမှ တန်ဖိုးရှိတဲ့ အသိဖြစ်မှာပါ။

ပုထုဇဉ် အရိုင်းအစိုင်းတွေဟာ ဖြစ်ပျက် ဆိုတဲ့ အသိကို ငွေနဲ့ လဲ လို့ ရရင် သူများက ငွေပေးရင်တောင် လဲ ပစ်မယ့် သူတွေဖြစ်ပါတယ်။ တစ်ဆယ်ဆိုလည်း လဲမှာပဲ။ တစ်ရာဆိုလည်း လဲမှာပဲ။ တစ်သိန်းဆိုရင် ပိုလို့ တောင် လဲ မယ့်သူတွေပါ။

အရိယာ သူတော်ကောင်းတွေအတွက်ကတော့ ဖြစ်ပျက် ဆိုတဲ့ အသိတရားကို သိန်းတစ်ရာနဲ့လည်း မလဲပါဘူး။ သိန်းပေါင်း သောင်းဂဏန်းချီပြီးပေးလည်း လဲ မှာ မဟုတ်ပါဘူး။ဘာဖြစ်လို့ လဲ ဆိုတော့ ဖြစ်ပျက်ရဲ့တန်ဖိုးက ငွေနဲ့လဲလို့ တန်ဖိုးဖြတ်လို့  မရနိုင်အောင် တန်ဖိုးကြီးမားတယ် ဆိုတာ အရိယာတွေပဲ သိပါတယ်။

ခန္ဓာ ရဲ့ ဖြစ်ပျက်ကို ဥာဏ်နဲ့ သိဖို့ ရာမှာ ငွေနဲ့ ဝယ်လို့ မရနိုင်ဘူး။ မရေမတွက်နိုင်သော ငွေတွေ ပုံပေးပြီး ၀ယ်လည်း မရနိုင်ပါဘူး။ငွေပေါင်းသိန်းပေါင်းသောင်းချီပြီး မရေမတွက်နိုင်သော ဒါန ကိုပြုထားသူနဲ့ ခန္ဓာ ဖြစ်ပျက်ကိုမြင်ထားတဲ့သူဟာ နှိုင်းယှဉ်လို့ မရအောင်ကို တန်ဖိုးခြင်း ကွာခြား သွားပါတယ်။ စားစရာမရှိတဲ့ လူတစ်ယောက်ဖြစ်ပါစေ  ဖြစ်ပျက် တချက်မြင်တဲ့ပုဂ္ဂိုလ်ဟာ စကြာဝတေး မင်းထက်ကို မြင့်မြတ်ပါတယ်။


မရေမတွက်နိုင်သော ကုန်ကျမှူတွေနဲ့ ကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား သေခါနီး တဲံ့အခါ ဝေဒနာ   ခံစားရလို့  ဒေါသ ဖြစ်မယ်။ ဝေဒနာက သက်သာချင်လို့  လောဘ ဖြစ်မယ်။ ဘယ်လို ဝေဒနာမှန်းမသိ ခံစားနေရပါလားဆိုပြီး မောဟ ၀င်မယ်။ အဲ့ဒီ ကိလေသာတွေနဲ့ ဇောတွေကပ်ပြီးသေရင် လောဘ နဲ့သေ ပြိတ္တာပြည်။ ဒေါသ နဲ့သေ တိရိစ္ဆန်ပြည်။ မောဟနဲ့ သေ ငရဲပြည်။ စသဖြင့် ရောက်ရလိမ့်မယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောခဲ့သလို အရိယာသူတော်ကောင်း အပေါင်းတို့ ကလည်း ဟောခဲ့ ပြီးသားဖြစ်ပါတယ်။ လူ အယောက် တစ်သိန်းသေလို့  လူတစ်ယောက် ပြန်မဖြစ်ဘူး တဲ့ ။ ဘုရားရှင် ကိုယ်တိုင်က ပြောတာကို မယုံဘူးဆိုရင်တော့လည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာ အရှင်းကြီးပါ။ သေခါနီး မှာ ဝေဒနာ ခံစားရရင် ဖြစ်ပေါ်လာတဲ့ဝေဒနာကြောင့် လောဘ ဒေါသ မောဟ တွေ ၀င်ပြီးသေကြလို့ ပါပဲ။

အရိယာသူတော်ကောင်းတွေကတော့ လောဘ ၀င်ဝင် ဒေါသ ၀င်ဝင် မောဟ ၀င်ဝင်။ လောဘ ကိုလောဘမှန်း သိတယ်။ ငါ သက်သာချင်တယ်လို့ မဖြစ်ဘူး။ သက်သာရင်တော့  ကောင်းမှာပဲလို့ တွေးတော့တွေးတယ်။ ငါ ဆိုတဲ့ ဒိဌိ မပါဘူး။ မသက်သာတဲ့ အတွက်ကြောင့်လည်း အကြောင်းကြောင့် အကျိုးပဲလေ လို့ တွေးတယ်။

ဝေဒနာ ဆိုးကြီးကိုခံစားနေရပါလားလို့ တွေးပြီး ငါ့ကျမှ ဖြစ်ရလေခြင်းလို့  မတွေးဘူး။ ငါ ဆိုတာ မပါဘူး။  ဒီဝေဒနာ တော်တော်ဆိုးပါလားလို့ တွေးတော့တွေးမယ်။ခန္ဓာ ရှိခြင်းကြောင့် ခန္ဓာ ရဲ့ အိုခြင်းသဘောနာခြင်း သဘောပါပဲလို့ တွေးတယ်။ အတွေးခြင်းကိုမတူတာပါ။ဒေါသ ကိုဒေါသမှန်း သိတယ်။

မောဟ ကိုမောဟမှန်း သိတယ်။ ဒါ အောက်မဂ်နှစ်ပါးကိုရထားပြီးတဲ့ သောတာပန်နဲ့ သကဒါဂါမ် အရိယာတွေမှာ ဖြစ်နိုင်သေးတဲ့ သေခါနီး ကိလေသာတွေဖြစ်ပါတယ်။ အရိယာ ဖြစ်လေသော ကြောင့် ငါ ဆိုတဲ့ ဒိဌိ ကို ပယ်သတ်ပြီး ဖြစ်တဲ့အတွက် အောက် သံသရာကို လည်ပတ်စရာ မရှိတော့ပါဘူး။

ပုထုဇဉ် အရိုင်းအစိုင်းတွေ အတွက်ကတော့ သိန်းပေါင်းမြောက်များစွာ မရေမတွက်နိုင်အောင် လှူဒါန်းပေးကမ်းသော်လည်း သေခါနီး ဝေဒနာ ခံစားတဲ့အခါ ငါ ဒါန တွေ အများကြီးပြုပါရဲ့နဲံ ငါ့ ကျမှ
ဘာလို့ ဒီလိုဖြစ်ရတာလဲ ဆိုတဲ့အတွေးတွေ ၀င်တတ်ပါတယ်။ဝေဒနာ က လွတ်မြောက်ချင်တဲ့ လောဘ၊ ဝေဒနာကိုမခံစားနိုင်တဲ့ ဒေါသ စသဖြင့် ဖြစ်ပေါ်ပြီး သေပွဲ ၀င်၊ အပါယ်လေးပါးကို သံသရာလည်ရပါတယ်။

သေခါနီး ခံစားရတဲ့ဝေဒနာ ဆိုးကြောင့် လောဘ နဲ့သေပြီးပြိတ္တာ ဖြစ်သော်လည်း ပြုခဲ့တဲ့ ဒါန အားလေး ကောင်းလွန်းတော့ ပြိတ္တာ ဖြစ်တာတောင် အလွန် တရာချောမောလှပတဲ့ပြိတ္တာ ဖြစ်ရတယ်။ ကာမဂုဏ်အာရုံတွေ ခံစားရတယ်။ ဒါက ကုသိုလ်ရဲ့ အထောက်အပံတွေပေါ့။ တိရိစ္ဆာန်ဖြစ်ရင်လည်း ဆင်ဖြူတော်တို့လို  ရွှေနဂါးတို့ လို အကုသိုလ် မှာ ကုသိုလ်လေးနှောပြီး သူတစ်ပါးထက်တော့သာလွန်တာပေါ့။

အကယ်၍များ ပုထုဇဉ် အရိုင်းအစိုင်းပေမယ့် ခန္ဓာ ငါးပါးအကြောင်းလေး လေ့လာထားပြီး ခန္ဓာ ရဲ့ဖြစ်ခြင်း ပျက်ခြင်းကို ရှူမှတ်ဖူးလို့  အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတာလေး ကိုလေ့လာခဲ့ ဖူးပါတယ်ဆိုရင်တော့ သေခါနီး ဝေဒနာ ခံစားရတဲ့အချိန်မှာ သတိလက်လွတ်နဲ့လောဘတွေ ဒေါသ တွေ ဘယ်လောက်ပဲ ၀င်နေပါစေ ဖြတ်ခနဲ့ သတိရပြီး ခန္ဓာ ရဲ့ ဖြစ်ခြင်း ပျက်ခြင်းလေးပါလားလို့  ဖြစ်ပျက်လေး တစ်ချက်လောက် အသိ ၀င်လိုက်မယ်ဆိုရင်တော့ နောက် ဘ၀ ဆိုတာ အပါယ် သံသရာ မဖြစ်ပဲ သုဂတိဘုံမှာ စံရမှာ သေချာပါတယ်။

ဒီ အသိ တရား ဟာ ပေါ့ပေါ့ တန်တန် သိထားရမယ့် အသိတရားမဟုတ်ဘူး။ တကယ်လေးလေး နက်နက် သိထားရမယ့် အသိတရားတခုပါ။ ပုထုဇဉ် အရိုင်းအစိုင်းတွေ အတွက် သေခါနီးမှာ အဲ့ဒီ အသိလေး ၀င်ဖို့  သိတ်ကိုအရေးကြီးလှပါတယ်။ ပုထုဇဉ် အရိုင်းအစိုင်းဆိုတာ ကိလေသာ တစ်ပါးမှ မပယ်ရသေးသူမှန်သမျှ အရိုင်းအစိုင်းတွေကြီူးပါပဲ။ သူ့ မှာ ငါဆိုတဲ့ အားကြီးတဲ့ သက္ကာယ ဒိဌိကြီးက ကြီးစိုးနေလို့  အရိုင်းအစိုင်းပဲ ဖြစ်နေတာပါ။

ကုသိုလ်တွေ အများကြီး ပြုလုပ်ထားပါလျှက်နဲ့ အပါယ်သံသရာ မှာကျင်လည်ရတယ် ဆိုတာ တော်တော်ကိုနစ်နာ တဲ့ကိစ္စပါ။  ကုသိုလ် လုပ်ပါလျှက် နဲ့  ကုသိုလ် အကျိုးပေးကိုမခံစားရတာ ဒိဌိကြောင့်ပဲဖြစ်ပါတယ်။ငါ လှူတယ် ဆိုတဲ့ အစွဲဟာ အကုသိုလ် ဖြစ်တယ်ဆိုတာ သိပြီး  လှူလိုက် ရတယ် ဆိုတာကိုပဲ စိတ်က ခံစားမှသာ ကုသိုလ် အပြည့်အ၀ ဖြစ်တယ် ဆိုတာကိုသိထားဖို့ အရေးကြီးပါတယ်။

ဖြစ်ပျက် ဆိုတဲ့အသိတရားကို ဆင်ခြင်နိုင်ရင် သိနိုင်ရင်  သိန်းပေါင်းမြောက်များစွာ လှူဒါန်းထားတဲ့ သူထက်သာလွန်မြင့်မြတ်တယ်ဆိုတာ  ချစ်ခင်လှစွာသော ဘလော့ဂါ မောင်နှမများနှင့်တကွ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ကို အသိတရားတခု မျှဝေလိုက်ပါတယ်။

ဖြစ်ပျက်တို့ ရဲ့ အဆုံးဖြစ်တဲ့ နိဗ္ဗာန် ကို အရောက်လှမ်းနိုင်ကြပါစေ

*****တတိယမြောက်သမီးတော်*****

Monday, February 9, 2015

အဆိပ်သင့်သူ


အဆိပ်သင့်သူ

မီးဗျို့ မီး မီး ။

ကျယ်လောင်စူးရှသော အသံက ဆူးပုတ်ကုန်းရွာလေး၏ သာယာသော ညချမ်းကို ဖျက်စီးလိုက် သည်။ တစ်ရွာလုံး ယောက်ယက်ခတ်နေကြသည်။ ရွာရှိ လူငယ် လူလတ်အားလုံး မီးလောင်ရာသို့ ဦးတည် ပြေးလွှားလျက် အမျိုးသမီးများက တွေ့ရာရေပုံး ရေအိုးများ ဆွဲပွေ့ကာ နောက်က အပြေးလိုက်ကြသည်။

 “မြောက်ပိုင်းကပဲ။”
“ဘယ်သူ့အိမ်လဲ မသိဘူး။”
“ဦးဘလှိုင်အိမ်တဲ့။”
“ဟယ် ဦးဘလှိုင်တော့ ဒုက္ခပါပဲ။”
ပြေးရင်းလွှားရင်း တစ်ယောက်တစ်ပေါက် ပြောဆို နေသံများဖြစ်သည်။

အိမ်ကြီးကား မီးလောင်နေဆဲ ရွာသားများမှာ မီးအားကောင်းလွန်း၍ အနားမကပ်နိုင်ကြ။ ရေနံဝနေသော အိမ်ကြီးမို့ ပိုဆိုးသည်။ ထူးခြားစွာလေငြိမ်နေ၍တော်သေးသည်။ မီးညွှန့်က အထက်သို့ သာ ဆန်နေ၏။

တဖြည်းဖြည်း မီးညွှန့်ကျလာသည်။ ရပ်ကြည့်နေသူများလည်း အခုမှသက်ပြင်းချနိုင်ကြတော့သည်။ မီးအားကောင်းနေချိန်၌ လေငြိမ်နေသည်မှာပင် အဆိုးထဲမှ အကောင်းဖြစ်သည်။ သူ့တစ်အိမ် တည်းသာ လောင်သည်။ သို့မဟုတ်လျှင် တစ်ရွာလုံး၏ ကံကြမ္မာသည် တွေးရဲစရာမရှိ။

 “ဦးဘလှိုင်ကြီး ကံဆိုးလိုက်တာ။”
 “ဟုတ်တယ်နော်။”
 “ဒီလောက် ကောင်းတာတွေလုပ်ထားတဲ့သူက ဒီလောက် ကံဆိုးရတယ်လို့။”
မီးငြိမ်း၍ပြန်သွားသူ လူအုပ်ကြီးထံမှ ပြောဆိုဝေဖန်သံများဖြစ်သည်။

ပြောလည်း ပြောစရာပင်။ ဦးဘလှိုင်သည် ဆူးပုတ်ကုန်း ရွာကလေး၏ ရွာမျက်နှာဖုံးဖြစ်သည်။ ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင် အလွန်ဝါသနာပါ၍ အများအကျိုးကို မနားမနေ ဆောင်ရွက်သူလည်း ဖြစ်သည်။

ဘာသာရေး၊ လူမှုရေးပွဲများဆိုလျှင် ဦးဘလှိုင်မပါလျှင် မပြီး။ ကိုယ်တိုင်ပြုလုပ်သကဲ့သို့ သူတစ်ပါးကိုလည်း နားဝင်အောင်နှိုးဆော်နိုင်သူဖြစ်သည်။ ထိုမျှအကြောင်းတရားကောင်းပါလျက် အဘယ်ကြောင့် အကျိုးတရားများ ဆိုးဝါးနေပါသနည်း။
----------------------------------

လွန်ခဲ့သော နှစ်နှစ်တာကာလ ထိုနှစ်က ဆူးပုတ်ကုန်းရွာကလေးတွင် ရွာဦးဘုန်းတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဈာပနကိစ္စပြီးသောအခါ နောက်ထပ်သံဃာတစ်ပါး ပင့်ဆောင် ရေးမှာ အခက်အခဲဖြစ်နေသည်။

ထိုအခါ ကျေးရွာရှိလူကြီးများအားလုံး စုဝေးညှိနှိုင်းပြီးနောက်ထပ် သံဃာမရောက်လာမှီ ကျောင်း အဆောက် အအုံကို ရွာရှိလူငယ်များက တစ်ညလျှင်နှစ်ဦး အလှည့်ကျ တာဝန်ယူ စောင့်ရှောက်ရန်နှင့် ပရိဘောဂများကို ရွာတွင်းရှိ ဦးဘလှိုင်အိမ်သို့ ခတ္တရွေ့ပြောင်းထိန်းသိမ်း ထားနှင့်ရန် စီစဉ်ကြသည်။ ဦးဘလှိုင်၏ အိမ်ကြီးမှာ ကျယ်ဝန်းသည့်အပြင် မိသားစု နည်းသောကြောင့် ပစ္စည်းများ ထိန်းသိမ်းထားရန် အသင့်လျော်ဆုံးဖြစ်သည်။

ရွာနီးချုပ်စပ် ဆရာတော်များ၏ ပံ့ပိုးမှု ကျေးရွာလူကြီးများ၏ ကြိုးပမ်းမှုဖြင့် ၀ါဝင်ခါနီးတွင် သံဃာတစ်ပါး ကိုးကွယ်ခွင့်ရကြသည်။ ဦးဘလှိုင်အိမ်၌ ထိန်းသိမ်းထားသော ပစ္စည်းများကိုလည်း ကျောင်းသို့ပြန်ရွေ့ကြရပြန်သည်။

ထိုအခါ မထင်မှတ်စရာတစ်ခုက အံ့သြစရာ ဖြစ်လာသည်။ ဦးဘလှိုင်အိမ်မှ ပြန်သယ်လာသည့် ပစ္စည်းများသည်စုံစုံလင်လင် မဟုတ်တော့။ အဖိုးတန် ကော်ဇောများနှင့် ပန်းကန်ခွက်ယောက် အချို့ပါမလာသည်ကို တွေ့ရသည်။

ဦးဘလှိုင် အပေါ်ယုံကြည်မှုဖြင့် စာရင်းမပြုစုလိုက်ကြသောကြောင့် ထိုကိစ္စကို ရွာလူထုများ မသိလိုက်ကြ။ သိကြသူ လူကြီးပိုင်းတစ်ချို့ကလည်း ဦးဘလှိုင်၏ သိက္ခာကို ငဲ့ကွက်ထောက်ဆ၍ ဖုံးဖိထားလိုက်ကြသည်။

ထိုနေ့မှစ၍ ဦးဘလှိုင်တစ်ယောက် ရွာဦးကျောင်းသို့ အလာကျဲသွားသည်။ လုပ်ဖော်ကိုင်ဖက် လူကြီးများက ဣနြေ္ဒမပျက်အခေါ်အပြောလုပ်သော်လည်း နေမကောင်းလို့ မအားလို့ဟူသော ဆင်ခြင်များဖြင့်သာ ရှောင်ဖယ်နေတော့သည်။ ရွာသူရွာသားများကမူ လက်ရှိကျောင်းထိုင် ဆရာတော်ကို မကြည်ညို၍သာ ဦးဘလှိုင် တစ်ယောက် ကျောင်းသို့ မလာခြင်းဟု ထင်ကြေးပေးကြသည်။

ဦးဘလှိုင်လေဖြတ်လို့ ဟူသောသတင်းက တစ်ရွာလုံး ပျံ့နှံ့သွားသည်။ အဖျားအနာမရှိဘဲ ရုတ်တရက် လေဖြတ်သွားခြင်းဖြစ်သည်။ စကားလည်း ပီပီသသမပြောနိုင်။ ၀ူးဝူးဝါးဝါး ဖြစ်နေ တော့သည်။ ကောင်းနိုးရာရာ ဆေးဝါးများဖြင့်ကုသပါသော်လည်း မထူးခြား။

သူ့လုပ်ဖော်ကိုင်ဖက်များ လူနာမေးလာလျှင် ရီဝေစွာ ကြည့်နေတတ်သည်မှတစ်ပါး ဘာမျှ မပြောနိုင်တော့။ ဖွင့်ဟ၀င်ခံရန် ခက်ခဲသောနောင်တ အမှားတစ်ခုက သူ့အား နှိပ်စက် ခဲ့လေပြီ။ တစ်နှစ်ကျော်ကာလအတွင်း ဆိုးဝါးသော လောကငရဲကို မပြောင်းသာ မရွေ့သာအိပ်ယာထက်၌ ခါးသီး စွာ ခံနေရလေသည်။
------------------------------


တစ်ညတွင် အိမ်ရှိလူများအပြင်သွားခိုက် ဦးဘလှိုင် တစ်ယောက် အိပ်ယာထက်မှာကျန်ခဲ့သည်။ အိမ်သားများမရှိလျှင် လူနာအားငယ်မည်စိုး၍ ရေနံဆီမီးခွက် ထွန်းထားခြင်းဖြစ်သည်။ ထိုရေနံဆီ မီးခွက်က တစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်လေသည်။

မီးတောက် အားကောင်းလုဆဲဆဲတွင် ဦးဘလှိုင်ကို ခက်ခဲစွာ ဆွဲထုတ်ကြရသည်။ ပစ္စည်းများမှာ ကိုယ်ပေါ်မှ အ၀တ်အထည်မှ တစ်ပါး အားလုံးမီးထဲ ပါသွားသည်။ မီးလောင်ပြီး သုံးရက်အကြာတွင် ဦးဘလှိုင်တစ်ယောက် ဆုံးပါးသွားရှာသည်။

အကြောင်းကင်းသော အကျိုးဟူသည်မရှိ။ ဦးဘလှိုင်၏ မှားယွင်းစွာပြုခဲ့မိသော အမှားတစ်ခုက ကြီးမားသော ဒုက္ခကို ပေးစွမ်းခဲ့လေသည်။ ဦးဘလှိုင်၏ အကုသိုလ်ကံများသည် ဒီဘ၀ ဒီမျှနှင့် ရပ်တန့်ပါစေတော့ ဟူ၍သာ။

မောင်နွေထွန်း (ပေါက်ခေါင်း )
မြတ်မင်္ဂလာ
၂၀၀၁ခုနှစ်၊ ဇန်န၀ါရီလ။

Sunday, February 8, 2015

ပိဋကတ်တော်လာ ဥပမာနှင့်ဥပမေယျ၊ ရဟန်းစားရသောဆွမ်းတစ်နပ်


ပိဋကတ်တော်လာ ဥပမာနှင့်ဥပမေယျ၊ ရဟန်းစားရသောဆွမ်းတစ်နပ်

ကဿပလှိုဏ်ဂူသည်ကား လူသွားလူလာ မရှိ။ ပကတိအေးချမ်းတိတ်ဆိတ်လှ၏။ ဤနေရာသည် ဆွမ်းခံရွာနှင့်လည်းမဝေးကွာလွန်း။ ရပ်သံရွာသံများကြားရလောက်အောင်လည်း မနီးလွန်း။ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းလေ့ရှိကြသော ယောဂီ ရဟန်းတို့အတွက် အဘက်ဘက်ကအဆင်ပြေလှ
သော နေရာကလေးဖြစ်၏။

ဤလှိုဏ်ဂူ၌ အရှင်အယျမိတ္တသီတင်းသုံးလာခဲ့သည်မှာ တော်တော်ကြီးကြလာခဲ့သည်နှင့်အမျှ သူ၏ ဘာဝနာလုပ်ငန်းကလည်း အရှိန်အဟုန် ကောင်းနေခဲ့ပါပြီ။ တစ်ခုသောနံနက်ခင်း၌ အရှင်အယျမိတ္တသည် သင်္ကန်းကိုရုံပြီးလျှင် အနားပတ်သီးကို အနားပတ် ကွင်းမှာ သွတ်သွင်းကာ သပိတ်အိပ်ဖြင့်သပိတ်ကို လွယ်လျက် ကဿပလှိုဏ်ဂူမှ ထွက်ခွါလာခဲ့၏။

ဆွမ်းခံရွာတစ်ရွာလုံးသည် အရှင်မြတ်၏ဆွမ်းဒကာ ဆွမ်းအမများဖြစ်ကြသော်လည်း ရွာဦးရွာထိပ်မှ အမေကြီးမှာမူ သူများထက်ထူးခြား၏။ အယျမိတ္တ အရှင်သူမြတ်ကို သားအရင်းကဲ့သို့ ချစ်ခင် ကြည်ညို၏။ သူ၏သမီးဖြစ်သူကလည်းတစ်အူတုံဆင်းအစ်ကို ရင်းကဲ့သို့ သဘောထား၏။

သူတို့သားအမိမှာ လက်လုပ်လက်စား ဆင်းရဲသားများ ဖြစ်ကြသော်ငြားလည်း သားဖြစ်သူ အကိုဖြစ်သူ အရှင်မြတ်အတွက်ကား စားကောင်းသောက်ကောင်း အမွန်အမြတ်တို့ကို ဂရုတစိုက် ရှာဖွေ စုဆောင်း၍ ပြုစုကျွေးလာခဲ့ကြပေသည်။

ထိုနေ့နံနက်တုန်းကလည်း အရှင်အယျမိတ္တသည် သူတို့သားအမိ အိမ်ရှေ့ခြံစည်းရိုးအကွယ်သို့ ရောက်လာ၏။ ဆွမ်းခံအိမ်ရှေ့သို့ရောက်လာပြီဖြစ်၍ သပိတ်အိပ်ထဲမှ သပိတ်ကို ထုတ်ယူ၏။ ထိုတစ်ခဏအတွင်းမှာ အိမ်ထဲက သားအမိတို့ အသံကိုကြားလိုက်သဖြင့် ခြေစုံရပ်၍ နားစွင့်ထားလိုက်မိ၏။

တောအလုပ်သို့သွားခါနီးဖြစ်သော အမေကြီးသည် သမီးကိုမှာကြားနေ၏။ နေ့စဉ်နေ့တိုင်း ပြုနေကျနိစ္စဘတ် ကောင်းမှုတစ်ခု လစ်ဟင်းသွားမည်စိုးသောကြောင့် ကြောင့်ကြောင့်ကြကြ ဖြစ်နေဟန်ရှိ၏။

သမီးရေ အိမ်အတွင်းခန်းထဲက အိုးထဲမှာဆန်ကောင်း သန့်သန့်လေးရှိတယ်နော်။ ကြောင်အိမ်ထဲမှာ ထောပတ် လည်းရှိသေးတယ်။ နွားနို့သည်လာလို့လည်း ၀ယ်ထားသေးတယ်။ ကြောင်အိမ် အောက်မှာလဲ တင်လဲအိုးရှိတယ်။ အဲဒါတွေနဲ့အချိန်မှီအောင် ချက်ထားနော်။ သမီးချက်လို့ ကျက်တဲ့အချိန်နဲ့ အစ်ကိုကြီးလာတဲ့အချိန်နဲ့ အံကိုက်လောက်ပါရဲ့။ သမီးအစ်ကိုကြီးရောက်လာ တဲ့အခါ နေ့တိုင်းလုပ်သလို ရိုရိုသေသေလောင်းနော်ကြားလား။ အေး လောင်းပြီးလို့ အကြွင်းအကျန် ရှိသေးရင်တော့ သမီးပဲစားလိုက်တော့။

ကောင်းပါပြီ အမေ၊ သမီးလုပ်နေကျမို့ လုပ်တတ်ပါတယ်။ ဒါထက်အမေ၊ နေ့လယ်မှာ အလုပ်နားလို့အမေ မောမောပန်းပန်းနဲ့ပြန်လာတော့ကော ဘာစားမလဲ။
ဟဲ့ အဲဒီအတွက်တော့ ဘာကြောင့်ကြနေစရာလိုသေးလဲ။ အခုတော့ အလုပ်သွားဖို့ မနက်စာကလဲ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးနဲ့နယ်စားလို့ ၀မ်းပြည့်နေပြီပဲ။ နေ့လည်စာအတွက်လဲ ကျိုနေကျဆန်ကွဲ လက်တစ်ဆုပ်လောက်ကို ထမနဲကျိုထားလိုက်ပေါ့။ အဲဆန်နည်းလို့ ကျဲနေမှာစိုရင်တော့ ဟင်းရွက်လေးတွေခူးခပ်လိုက်ပေါ့။ ဒီတော့ ထမနဲဖြုန်းစပ်ဖြစ်သွားရော။

အသံအားလံုးကို အရွင္အယ်မိတၱၾကားလိုက္ရ၏။ သောတဒွါရဖြင့် ကြားလိုက်သော စကားသံတို့သည်  သောတဒွါရမှာပင် လမ်းဆုံးမသွားကြဘဲ ဟဒယ နှလုံးအိမ်အထိအောင် ရိုက်ခတ်လာကြ၏။

ကြည့်စမ်းအယျမိတ္တ၊ မင်းကိုမင်းသုံးသပ်ကြည့်စမ်း၊ မင်းဒကာမကြီးကတော့ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးဆမ်းပြီး စားလိုက်ရသတဲ့။ အမောတကောနဲ့ တောကပြန်လာတော့လဲ ဖြုန်းစပ်ထမနဲကိုသာ သောက်ရဦးမတဲ့။ သူတို့သားအမိ နှစ်ယောက်က မသေရုံတမည် စားသောက်နေကြပြီး မင်းအတွက်ကျတော့ ဖွယ်ဖွယ်ရာရာလုပ်ထားလိုက်တာ။

ဒါတွေဒါတွေ လုပ်ထားတာက မင်းဆီက လယ်မြေလိုချင်လို့လဲမဟုတ်ဘူး။ မြေကွက်လိုချင်လို့လဲ မဟုတ်ဘူး။ အစားအစာ လိုချင်လို့လဲ မဟုတ်ဘူး။ အ၀တ်အဆင် လိုချင်လို့လဲ မဟုတ်ဘူး။ တကယ်တော့ သူလိုချင်တာက လူချမ်းသာ နတ်ချမ်းသာတွင်မကဘူး။ နိဗ္ဗာန်ချမ်းသာအထိ မျှော်ကိုးပြီး ပြုစုနေကြတာ။

ဒီချမ်းသာတွေကို မင်းပေးနိုင်ပါ့မလား။ ပေးနိုင်တဲ့ အစွမ်းသတ္တိ မင်းမှာရှိနေပြီလား။ လောလောဆယ် မပေးနိုင်သေးဘူး။ မင့်စိတ်သန္တာန်မှာ ရာဂတွေ၊ ဒေါသတွေ၊ မောဟတွေ မကင်းစင်သေးသမျှမင်း ဒီဆွမ်းကို အလှူမခံထိုက်ဘူး။ မင်းမစားသင့်ဘူး။

ဤသို့ ကိုယ့်ကိုယ်ကို ဆုံးမပြီးလျှင် အရှင်အယျမိတ္တသည် ထုတ်ယူထားသည့် သပိတ်ကိုသပိတ် အိပ်ထဲပြန်သွင်းလိုက်၏။ သွပ်သွင်းထားသော အနားပတ်သီးကို အနားပတ်ကွင်းထဲက ဖြုတ်ပြစ် လိုက်၏။ ထိုနေရာမှပင် နောက်ကြောင်းပြန်လှည့်ကာ ကဿပလှိုဏ်ဂူသို့ ပြန်လာခဲ့၏။ သပိတ်ကို ညောင်စောင်းအောက်မှာ ချထားလိုက်၏။ အပေါ်ရုံသင်္ကန်းကို ၀ါးလုံးတန်းမှာဖြန့်ထားလိုက်၏။

ထို့နောက် အရဟတ္တဖိုလ်ကို မရမချင်း ငါဒီလှိုဏ်ဂူထဲက မထွက်တော့ဘူးဟု စိတ်နုလုံးကိုတုံးတုံးချ ဆုံးဖြတ်ချက်ချကာ ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်း၏။

အရှင်အယျမိတ္တသည်ကား ကာလကြာမြင့်စွာ မမေ့မလျော့နေလာခဲ့၏။ တရားလက်ကိုင် ခိုင်မြဲပြီးသော ရဟန်းတစ်ပါးဖြစ်၏။ ဤအနေတွင် ဆွမ်းအမကြီးများအပေါ် ပြန်လည်၍ကျေးဇူး တုံ့ပြန်လိုသော သမ္မာဆန္ဒဖြင့် ၀ီရိယသမ္ဗောဇ္ဈင်ကို ထက်သန်သည်ထက် ထက်သန်လာအောင် အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းလိုက်လေရာ ဆွမ်းစားချိန်မလွန်သေးသည့် အချိန်မှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။

ထို့နောက်အရှင်အယျမိတ္တသည် လိုဏ်ဂူတံခါးကို ဖွင့်ကြည့်လိုက်ပြီးလျှင် ဆွမ်းခံချိန်မလွန်သေး ကြောင်း သိရှိရသဖြင့် သင်္ကန်းကိုရုံကာ သပိတ်ကို လွယ်လျက် နောက်တစ်ကြိမ်ဆွမ်းခံဝင်၏။ အိမ်မှာ ကျန်ရစ်သည့်သမီးကလည်း အသင့်ချက်ပြုတ် ပြင်ဆင်ထားသည့် ဖွယ်ဖွယ်ရာရာ စားကောင်းသောက်ဖွယ်တို့ကို အစ်ကိုကြီး၏သပိတ်မှာရိုသေလေးမြတ်စွာ လောင်းလှူ၏။


လောင်းလှူရင်းလည်း သူ့အစ်ကိုကြီး၏ တစ်မူထူးခြားနေသည့် အသွင်အပြင်ကို သတိထား၍ ဖူးမြင်နေမိ၏။ အရှင်အယျမိတ္တသည် ခါတိုင်းနေ့များအတိုင်းပင် ချမ်းသာစေကျန်းမာစေဟု တိုတိုတုတ်တုတ် ဆုပေးကာ ကဿပလိုဏ်ဂူသို့ ပြန်ကြွလာခဲ့၏။

နေ့လည်ခင်းမှာ အလုပ်နား၍ အမေကြီးတောက ပြန်ရောက်ရောက်ချင်း ဘယ့်နှယ့်လဲသမီး၊ သမီးအစ်ကိုကြီးကို ဆွမ်းလောင်းလိုက်ရရဲ့လားဟု မေးလေရာ လောင်းလိုက်ရပါတယ် အမေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတာတွေ တစ်ပါးစာ လုံလောက်အောင် လောင်းလိုက်ရပါတယ်။

ကောင်းပါလေရဲ့အေ။ ဒါနဲ့ညည်းအစ်ကိုကြီးရဲ့မျက်နှာသွင်ပြင်ကော သတိပြုမိလိုက်ရဲ့လား။

ပြုလိုက်မိတာပေါ့အမေရယ်။ အမ့သားကြီးမျက်နှာကလေ ဘယ်တုန်းကနဲ့မှမတူဘူး။ အသွေးရော အသားရော တကယ့်ကို ကြည်နေတာပဲ။ မျက်နှာတစ်ခုလုံးလဲ သိပ်ပွင့်လန်းနေတာပဲ။ အညှာကကြွေကျထားတဲ့ ထန်းသီးမှည့်လိုပါပဲအမေရယ်။ သိပ်ပြီးတော့ ကြည့်ညိုစရာ ကောင်းနေတာပဲ။

ဟုတ်ပြီသမီး ဟုတ်ပြီ။ သမီးရဲ့အစ်ကိုကြီးဟာ ဒီကနေ့ ရဟန်းကိစ္စပြီးသွားပြီ။ သူဟာ သာသနာ့ဘောင်မှာ ရာသက်ပန်ပျော်သွားပြီ။ ဘယ်တော့မှ လူထွက်လာတော့မှာ မဟုတ်ဘူး။ ဤသို့ ရဟန်းမြတ်၏ မယ်တော်ကြီးက ၀မ်းမြောက်ဝမ်းသာ မှတ်ချက်ချလိုက်လေသည်။

ဆွမ်းဒကာဆွမ်းအမတို့အားကျေးဇူးဆပ်ခြင်း ဤ၀တ္ထုခေါင်းစဉ်ကိုဖတ်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဆရာကြီးဦးသုခ၏ ရုပ်သံဇာတ်လမ်းကို ပြေး၍ သတိရမိကြပေလိမ့်မည်။ မှန်ပါသည်။ ဤ၀တ္ထုသည် ထိုရုပ်သံဇာတ်လမ်းထဲက အရန်ဝတ္ထုတစ်ပုဒ်ပင်ဖြစ်နေသဖြင့် ထိုခေါင်းစဉ်အတိုင်း အမှတ်တရ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ဒီနိကာယ်၊ မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာ အခန်းထဲက ဗောဇ္ဈင်္ဂပဗ္ဗကိုဖွင့်ပြရာတွင် ၀ီရိယ သမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရား ၁၁ ပါးထဲက ပိဏ္ဍပါတာပစာယနတာဟူသော အကြောင်းတရားကို ထင်ထင်ရှားရှား သိမြင်နိုင်အောင် ဤပုံဝတ္ထုဖြင့်ဥပမာပြုထားခြင်းဖြစ်ပါသည်။

ဝဏ္ဏသီရိ
မြတ်မင်္ဂလာ
၂၀၀၃ခုနှစ်၊ ဇန်န၀ါရီလ။

Saturday, February 7, 2015

နားခိုစရာ အရိပ်ပမာ


နားခိုစရာ အရိပ်ပမာ 

အပူနဲ့အအေးဆိုတာ ဆန့်ကျင်ဘက် သဘာဝတရား နှစ်ခုဖြစ်ပေမဲ့ အပူဓါတ်ကိုလဲ တေဇောဓါတ်၊ အအေးဓါတ်ကိုလဲ တေဇောဓါတ် လို့ပဲ ခေါ်ဝေါ်သုံးစွဲခဲ့တယ်။ လောကမှာ အပူဓါတ်မရှိရင် အအေးဓါတ်ရှိမယ်၊ အအေးဓါတ်မရှိရင် အပူဓါတ်ရှိမယ်၊ တစ်ခုမဟုတ်တစ်ခုတော့ ရှိနေမှာပါ၊ အပူနဲ့အအေးဟာ ဆန့်ကျင် ဘက်ဖြစ်ပေမဲ့ ကျောခြင်းကပ်နေတဲ့အရာနှစ်ခုလို့ ပြောချင်တယ်။

ဆောင်းရာသီရဲ့ အအေးဓါတ်ကို လွန်လွန်ကဲကဲ ခံစားကြရသူများဟာ မီးလှုံခြင်း၊ ရေနွေးအိပ် ကပ်ခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်းဆိုပြီး အအေးသက်သာအောင် အပူဓါတ်နဲ့ ကာကွယ် ကြရပါတယ်။ ထို့အတူ အပူဓါတ်ကို လွန်လွန်ကဲကဲ ခံစားကြရသူများကလည်း အပူသက်သာအောင် အအေး ဓါတ်နဲ့ ကာကွယ်ကြရပြန်ပါတယ်။ ဘဝပေးအခြေအနေအရ နေပူပြင်မှာ လမ်းလျှောက်နေရသူများ ဟာ အေးမြတဲ့အရိပ်သို့ ဝင်ရောက်ခိုနား လိုကြပါတယ်။ ဒီလိုပါပဲ အရိပ်ဆိုတာ လာရောက် နားခိုလာသူ မှန်သမျှကို ကျောသားရင်သား မခွဲခြားဘဲ တန်းတူ အေးမြစေခဲ့ပါတယ်။

ဒါကြောင့်လဲ သစ်ပင်တို့ရဲ့အရိပ်ဟာ နေပူပြင်ကလာတဲ့သူတွေအတွက် အရိပ်ကိုပေးပြီး အေးမြစေ ခဲ့တာ ချည်းပါပဲ။ ဒီလိုပါပဲ ဘယ်လိုမှ တုနှိုင်းလို့မရတဲ့ အမိအဘများဟာလဲ သူတို့ဘဝထဲသို့ အကြောင်းအားလျော်စွာ ရောက်လာခဲ့ကြတဲ့ သားသမီးများကို သူတို့ရဲ့အေးမြတဲ့ မေတ္တာရိပ်တွေ ပေးပြီး အေးမြစေခဲ့တာပါ။ ဘဝမှာ အရေးတကြီး မရှိမဖြစ်အထူးလိုအပ်တဲ့အရာများကို ဖြည့်ဆည်း ပေးကာ အရိပ်ကိုပေး အေးမြ စေခဲ့တယ်။

ကိုယ့်ဘဝကို မရပ်တည်နိုင်သေးတဲ့ သားသမီးများကိုလဲ သူတို့ရဲ့အရိပ်ကိုပေးပြီး အေးမြစေခဲ့သလို အရွယ်ရောက်ပြီး အိမ်ထောင် ရက်သားကျလို့ စားဝတ်နေရေးအတွက် အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများရှိခဲ့တဲ့သားသမီးများကိုလဲ စားဝတ်နေရေးအတွက် တာဝန်ယူကာ ဘာမျှော်လင့် ချက်မှမထားဘဲ သူတို့ရဲ့အရိပ်ကိုပေးပြီး အေးမြစေ ခဲ့တာပါ။ ဒါကြောင့်လဲ မိဘများရဲ့အရိပ်ဟာ တစ်ခဏတာ ခိုလှုံလို့ အေးမြရတဲ့ သစ်ပင်ရဲ့အရိပ်ထက် သာလွန်မြင့်မြတ်တယ်။ အဲဒီစကား ဖြစ်ပေါ်လာပုံကို ပြောချင်ပါသေးတယ်။

သက်တော်ထင်ရှား ဘုရားရှင်လက်ထက်တော်အခါက အိန္ဒိယနိုင်ငံမှာ သက္ကတိုင်းဆိုတာရှိတယ်၊ သာကီဝင်မင်းမျိုးမင်းနွယ်များ နေထိုင်ခဲ့ကြတဲ့ တိုင်းနိုင်ငံတစ်ခု ဖြစ်တယ်။ တဖန် ကောသလတိုင်း ဆိုတာလဲရှိသေးတယ်။ ကောသလမင်းအုပ်ချုပ်တဲ့ တိုင်းနိုင်ငံပါ။ ထိုအချိန်က ကောသလမင်း ကြီးဟာ ဘုရားရှင်ကိုအစထားလို့ သာကီဝင်မင်းသားရဟန်းတော်များနဲ့လဲ ရင်းနှီးကျွမ်းဝင်ချင်တဲ့ ဆန္ဒလဲ ရှိနေတယ်။ အဆက်အစပ် မရှိတော့ အကျွမ်းဝင်ခြင်းလဲမရှိ ဖြစ်နေပါတယ်။

အဲဒါနဲ့ မင်းကြီးက “သာကီဝင်မင်းသမီးတစ်ပါးပါးကို လက်ထပ်ယူလိုက်ရင် ရဟန်းတော်များဟာ သာကီဝင်မျိုးရှိတဲ့ ငါတို့ ကောသလတိုင်းကို လာကြလိမ့်မယ်။ အဲဒီအခါ ရဟန်းတော်များနဲ့ ရင်းနှီးခွင့်ရပြီး အလှူအတန်းများလဲ ပြုလုပ်နိုင်လိမ့်မယ်” လို့ တွေးမိတယ်။

ရဟန်းတော်များနဲ့ ရင်းနှီးခွင့်ရချင်တဲ့အတွက် မင်းကြီးဟာ သာကီဝင်မင်းသမီးတစ်ပါး ပေးဖို့ အကြောင်း တောင်းရမ်းတဲ့စာကို သာကီဝင်မင်းဆီ ပို့လိုက်ပါတယ်။ သာကီဝင်မင်းမျိုးတွေဟာ သူ့တို့ရဲ့သွေး ကို အခြားမျိုးနွယ်တွေရဲ့သွေးနဲ့ မရောနှောစေချင်ဘူး။ သာကီဝင်မျိုးနွယ်က မြတ်တယ် ဆိုပြီး အမျိုးဇာတိမာန် တက်ကြတယ်။ အခုက ကောသလတိုင်းနိုင်ငံကြီးကို အုပ်ချုပ်နေတဲ့ ကောသလ မင်းကြီးလဲဖြစ်ပြန်တော့ မပေးပြန်လဲမကောင်း ပေးပြန်ပါကလဲ သွေးနှော သွားမှာ စိုးတာနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ သာကီမင်းမျိုးများ စည်းဝေးတိုင်ပင်ကြပါတယ်။

ထိုအချိန်က သာကီဝင် မျိုးနွယ်ဖြစ်တဲ့ မဟာနာမ်မင်းသားနဲ့ ကျွန်မတို့ တိတ်တိတ်ပုန်း ကျုးလွန်မိကြရာက သမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့နာမည်က “ဝါသဘခတ္တိယ” လို့ ခေါ်တယ်။ ဝါသဘခတ္တိယမင်းသမီးဟာ သာကီဝင်မျိုးမဟုတ်ပါ။ ကျွန်မသမီးဆိုတော့ ဇာတ်နိမ့်တယ်။ သာကီဝင်မင်းတွေက အဲဒီကျွန်မသမီး ကို ကောသလမင်းကြီးအား ဆက်သဖို့ရာ သဘောတူ ဆုံးဖြတ်ကြပါတယ်။ ဒါနဲ့ သာကီဝင်မင်းတွေ ဟာ ကောလမင်းကြီးထံ ကျွန်မသမီးကို သာကီဝင် မင်းသမီးဆိုပြီး ပို့ပေးလိုက်ပါတယ်။

ဒီလိုနဲ့ ကောသလမင်းနဲ့ ဝါသဘခတ္တိယ မင်းသမီးတို့ အတူနေလာရာက ဝါသဘခတ္တိယမင်းသမီးမှာ သားတော်တစ်ယောက် ဖွားမြင်တယ်၊ သူ့ရဲ့နာမည်က ‘ဝိဋဋူဘ’ လို့ခေါ်တယ်၊ အရွယ်ရောက်တော့ အိမ်ရှေ့မင်းသားဖြစ်ခဲ့တယ်။ တစ်နေ့ ဝိဋဋူဘ မင်းသားဟာ အဖိုးအဖွားတွေရှိတဲ့ သာကီဝင်မင်းမျိုး တွေဆီ အလည်သွားမယ်ဆိုပြီး နောက်ပါ စစ်သည်တို့နဲ့အတူ ကောသလတိုင်းကနေ သက္ကတိုင်းကို လာခဲ့ပါတယ်။

သက္ကတိုင်းမှာ အလိုရှိသလောက်နေပြီး ကောသလတိုင်းကို ပြန်လာခဲ့ကြရာ နယ်စပ်နား ရောက်တော့ ပစ္စည်းတစ်ခု မေ့ကျန်ခဲ့တဲ့အတွက် ပြန်ယူဖို့ရာ အမတ်တစ်ဦးကို စေခိုင်းလိုက်ပါတယ်။ အမတ်လည်း သက္ကတိုင်းဘက်ကို တစ်ဖန်ပြန်လာခဲ့ရပါတယ်။ ဒီအချိန်မှာ ကျွန်မတွေက “ ဒီနေရာက ဝါသဘခတ္တိယ ကျွန်မရဲ့သား နေခဲ့တဲ့နေရာပဲ၊ ဒီနေရာက ကျွန်မသား အိပ်ခဲ့တဲ့ ကုဋင်ပဲ၊ ဒီနေရာက ကျွန်မသား အနားယူတဲ့နေရာတွေပဲ” လို့ ဆဲရေးတိုင်းထွာပြီး ဝိဋဋူဘနေထိုင်ခဲ့ တဲ့နေရာတွေကို နို့ရည်နဲ့ ဆေးနေကြတယ်။

ဒါကို ပစ္စည်းမေ့ကျန်ခဲ့လို့ ပြန်လာယူတဲ့အမတ်က ကြားခဲ့ရ မြင်လဲမြင်ခဲ့ရတယ်။ ဒါနဲ့ အမတ်ဟာ မေ့ကျန်ခဲ့တဲ့ပစ္စည်းကို ယူကာ ဝိဋဋူဘ ရှိရာသို့ ပြန်လာခဲ့ပြီး သူမြင်ခဲ့၊ကြားခဲ့တဲ့အတိုင်း လျှောက်ထားပါတယ်။ ဝိဋဋူဘ မင်းသားဟာ ကြားလိုက်ရတဲ့စကားကြောင့် အဖေဖြစ်တဲ့ ကောသလမင်းကိုလဲသနား၊ မိခင်ဖြစ်တဲ့ ဝါသဘခတ္တိယကိုလဲ သနားလှတဲ့အတွက် “ငါ ဘုရင် ဖြစ်လို့ကတော့ သာကီဝင်မင်းမျိုးတွေရဲ့ လည်ချောင်းသွေးနဲ့ ငါ့ပလ္လင်ကို ဆေးမယ်” လို့ ရှက်ဒေါသနဲ့ အတူ အငြိုးအာဃာတတွေ ထားခဲ့တယ်။

ကောသလမင်းကြီးနတ်ရွာစံလို့ ဝိဋဋူဘမင်းသား မင်းဖြစ်တဲ့အချိန်ရောက်တော့ သာကီဝင် မင်းမျိုးတွေကို တစ်ယောက်မကျန်သတ်မယ် ဆိုပြီး ကောသလတိုင်း ကနေ သာကီဝင်မျီုးတွေရှိရာ သက္ကတိုင်းကို စစ်ချီလာခဲ့တယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ ထိုအကြောင်းကို ဥာဏ်တော်နဲ့ သိမြင်တော်မူတဲ့အတွက် သက္ကတိုင်းရဲ့ နယ်စပ်အနီးကို ကြွတော်မူခဲ့ပါတယ်။ ထိုအချိန်က ကောသလတိုင်းဘက်နယ်စပ်အနီးမှာ အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်ရှိသလို သက္ကတိုင်းရဲ့နယ်စပ်အနီးမှာလဲ အရိပ်ကျိုးတိုးကျဲတဲပေါက်နေတဲ့ သစ်ပင်တစ်ပင်လဲ ရှိတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က သက္ကတိုင်းဘက်မှ အရိပ် ကျိုးတိုးကျဲတဲသာရှိတဲ့ သစ်ပင်ရင်းမှာ သီတင်းသုံးတော်မူနေပါတယ်။

စစ်သည်အလုံးအရင်းနဲ့ စစ်ချီလာတဲ့ ဝိဋဋူဘမင်းဟာ နယ်စပ်အနီးရောက်လာတယ်။ ဘုရားရှင်အား မထင်မှတ်ဘဲ ဖူးတွေ့လိုက်ရတဲ့အခါမှာ ဆင်တော်ပေါ်မှ အသာဆင်းပြီး ဘုရားရှင်အား ရှိခိုးကန်တော့ပါတယ်။ ဝိဋဋူဘမင်းက “အရှင်ဘုရား…သီတင်းသုံးနေတဲ့ သစ်ပင်က အရိပ်ကျိုးတိုး ကျဲတဲဖြစ်နေတဲ့အတွက် အရိပ်မကောင်းပါဘုရား၊ ဟောဟိုနားက တပည့်တော် တို့ ကောသလတိုင်းနယ်စပ်အနီးရှိ အရိပ်ကောင်းတဲ့ သစ်ပင်မှာ သီတင်းသုံးတော်မူပါလား ဘုရား” လို့ ဘုရားရှင်အား လျှောက်လိုက်တယ်။

ဘုရားရှင်က “အရိပ်အာဝါသ ကောင်းတဲ့သစ်ပင်အရိပ်ထက် မိဘဆွေမျိုးတွေရဲ့အရိပ်က ပိုပြီးအေးမြတယ်” လို့ မိန့်တော်မူလိုက်တဲ့အခါ ဘုရင် ဝိဋဋူဘ က “ဘုရားရှင်ဟာ သူ့ဆွေမျိုးများ သေကြေပျက်စီးမှာကို မလိုလားတဲ့အတွက် ငါ့ကို ပရိယာယ်နဲ့ပြောတာနေမှာပဲ” ဆိုပြီး ဘုရားရဲ့အလိုတော်ကို ဆန့်ကျင်ဘက် မလုပ်လိုတာနဲ့ ကောသလတိုင်းကို ပြန်လာခဲ့ကြပါတယ်။ ဇာတ်ကြောင်းကတော့မပြီးသေးဘူး။ ပြောလိုရင်းကတော့ သစ်ပင်အရိပ်ထက် ဆွေမျိုးမိဘအရိပ်က ပိုပြီးအေးမြ တယ်ဆိုတဲ့စကားဟာ ဝိဋဋူဘမင်းကို ဘုရားရှင် မိန့်တော်မူခဲ့တဲ့ စကားတော် ဖြစ်တယ်ဆိုတာကို သိစေချင်လို့ပါ။

တခါ မိဘဆွေမျိုးတို့ရဲ့အရိပ်ထက် မင်း အရိပ်က ပိုအေးမြတယ်…….တဲ့။ ဒါနဲ့စပ်လို့ စာချစ်သူတို့ ခရီးတစ်ခု သွားလာတဲ့အခါ သူတစ်ပါးရဲ့ အနှိပ်စက် မခံရလေအောင်၊ နိုင်လိုမင်းထက် မပြုလုပ်နိုင်အောင်၊ မိမိကို ရန်ပြုမဲ့သူတွေနဲ့ မတွေ့နိုင်အောင်၊ မိမိရဲ့အသက်အိုးအိမ်စည်းစိမ်တွေ မဆုံးရှုံးရလေအောင်၊ လူဆိုး သူခိုးတွေက မထိပါးရဲအောင် တိုင်းပြည် အုပ်ချုပ်နေတဲ့ မင်းက ဥပဒေတွေ အာဏာတွေနဲ့ စောင့်ရှောက်ပေးနိုင်တယ်။ မိဘများက အဲဒီလိုမျိုး စောင့်ရှောက်မပေး နိုင်ကြဘူး။ဒါကြောင့်လဲ မိဘများရဲ့အရိပ်ထက် တိုင်းပြည်အုပ်ချုပ်နေတဲ့ မင်းရဲ့အရိပ်က ပိုမိုအေးမြစေခဲ့တာ ဖြစ်တယ်။

နောက်တစ်မျိုးက ဆရာ့အရိပ်ပါ။ ဆရာသမားဟာလဲ တပည့်သားများအတွက် အေးမြလှတဲ့ အရိပ်တစ်ခုပါ။ ဆရာသမားများဟာ တပည့်သားများအား တစ်ဘဝတာ အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေ ကို စေတနာပြည့်ဝ နှလုံးလှလှဖြင့် သင်ပေးခဲ့တယ်။ အတတ်ပညာများ သင်ပေးပြီး တပည့်သားတို့ရဲ့ ဘဝအပူတွေ ကို ဖြေရှင်းပေးခဲ့ကြတယ်။ ထို့အတူ စိုးရိမ်ပူဆွေးမှု၊ငိုကြွေးမှု၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု စတဲ့ ဘဝမှာ ခါးစပ်တဲ့အရသာတွေကို ခံစားရတဲ့အခါမှာလဲ အပူငြိမ်းကြောင်း အကျင့်တွေကို လက်တွေ့ကျကျ ညွန်ပြဆုံးမပေးခဲ့တယ်။

 ပီးတော့ စာချစ်သူတို့ရဲ့ ဘဝလမ်းကြောင်းကောင်း အောင်၊ ပစ္စုပ္ပာန်လမ်းကြောင်း သံသရာလမ်းကြောင်း မတိမ်းစောင်းရအောင် ဆရာသမားများက ဆုံးမသွန်သင် နည်းလမ်းထွင်ပေးနိုင် ခဲ့ကြပါတယ်။ လက်ရှိဘဝတိုးတက်ကြီးပွားအောင်၊ သံသရာမှာလဲ ဘဝအဆင့်အတန်း မြှင့်မားနိုင်အောင် ဆရာသမားများက သွန်သင်ဆုံးမပေးနိုင်ပါတယ်။ ဒါတွေကို မိဘများ၊ တိုင်းပြည်အုပ်ချုပ်နေတဲ့မင်းများက မဆောင်ရွက်ပေးနိုင်ကြဘူး။ ဒါကြောင့် သစ်ပင်၊ မိဘ ၊ မင်းစိုးရာဇာ တို့ရဲ့အရိပ်ထက် ဆရာရဲ့အရိပ်က ပိုအေးမြစေခဲ့တာ ဖြစ်တယ်။

နောက်အရိပ်တစ်ခုကတော့ ဘုရားရှင်ရဲ့အရိပ်တော်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အရိပ်ဟာ အရိပ် တကာ အရိပ်တို့ထက် အသာလွန်ဆုံးအရိပ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အပူအားလုံးကို အေးငြိမ်းစေနိုင် လို့ပါပဲ။ ဒီအကြောင်းနဲ့စပ်လို့….သတ္တဝါတွေမှာ အတွင်းပူနဲ့အပြင်ပူဆိုပြီး အပူနှစ်မျိုးရှိတယ်။ လောဘ ဒေါသ စတဲ့ ကိလေသာအပူကိုတော့ အတွင်းပူလို့ခေါ်ပြီး၊ အဆင်း အသံ စတဲ့ ငါးပါးရန်သူကိုတော့ အပြင်ပူ လို့ ခေါ်ပါတယ်။ သတ္တဝါတွေဟာ ဒီအပူနှစ်မျိုးတို့နဲ့ ညှပ်ပြီး အမြဲအလောင်ခံနေကြရတယ်။ ဘယ်လောက်အထိ အပူလောင်ခံနေရသလဲ ဆိုရင် နေ့ရော ညဉ့်ပါ (၂၄နာရီ)စလုံး အပူလောင်ခံနေရတယ်။

အဆင်းမျိုးစုံရူပါရုံနဲ့ တွေ့တဲ့အခါလိုချင်စရာကောင်းတဲ့အဆင်း၊ကြောက်စရာကောင်းတဲ့အဆင်း ဆိုတာတွေဟာ အပြင်ပူတွေချည်းပဲ၊ ဒါတင်မဟုတ်သေးပါ အသံမျိုးစုံသဒ္ဒါရုံနဲ့တွေ့တဲ့အခါ နားထောင်ချင်စရာအသံတွေ၊ မခံနိုင်တဲ့အသံတွေ။ အနံ့မျိုးစုံ ဂန္ဓာရုံနဲ့တွေ့တဲ့အခါ နမ်းရှုချင်စရာ နှစ်သက်ဖွယ်ရာအနံ့၊ မနှစ်သက်နိုင်တဲ့ အနံ့တွေ။ အရသာမျိုးစုံ ရသာရုံနဲ့တွေ့တဲ့အခါ စားချင်စရာအရသာ၊ အဝင်ခက်လှတဲ့ အရသာတွေ။ အတွေ့အထိ မျိုးစုံ ဖောဋ္ဌဗ္ဗာရုံနဲ့ တွေ့တဲ့အခါ နူးညံ့တဲ့အထိအတွေ့၊ ကြမ်းတမ်းတဲ့အထိအတွေ့တွေ ဒါတွေအားလုံးဟာ အပြင်ပူတွေဖြစ်တယ်။

ထိုအပြင်ပူတွေ အတိုက်ခံရတဲ့အခါ အတွင်းကအပူများဖြစ်တဲ့ လောဘ စတဲ့ကိလေသာအပူတွေ ထတောက်တော့တာပဲ။ ဒီလိုနဲ့ အပူကောင်တွေ အပူကောင်မတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။ သားသမီးမြေးမြစ်ဆိုတဲ့ မိသားစုနဲ့ နေရတာ ပျော်ရွှင်ကြတယ်ဆိုပေမဲ့ အတွင်းအပြင်ဆိုတဲ့ အပူတွေကြောင့် အပူရုပ်ကို ဟန်လုပ်ပြီးနေကြရတာပါ။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်ရင်…ဘယ်တော့မှ မအေးဘူး။ သားပူ သမီးပူ မယားပူတွေနဲ့ အပူတိုက် အမြိုက်ခံနေကြရတယ်။ ဘယ်လောက်တောင် ပူသလဲဆိုရင် လူတစ်ယောက်ဟာ အလွန်ပြင်းတဲ့ နေပူပြင်ထဲမှာ မီးပြင်းပြင်းနဲ့ အတိုက်ခံရသလို အပူတွေ ဆင့်ကာဆင့်ကာ အပူခံနေ ရပါတယ်။ဒါကြောင့်လဲ သတ္တဝါတွေဟာ အေးငြိမ်းချမ်းသာတဲ့ အခွင့်အရေးကို မရနိုင်ကြ ဖြစ်နေပါတယ်။

ဥပမာ သစ်ရွက်ကလေးများ မီးလောင်လို့ရှိရင် ငြိမ်နေတာမရှိဘူး၊ တွန့်လိန်ကောက်ခွေသွားတယ်။ ဒီလိုပါပဲ မိသားစု စားဝတ်နေရေးအတွက် အထက်ကလူ အောက်ကို စုံဆင်းရတယ်၊ အောက်ကလူ အထက်ကို ဆန်တက်ကြရတယ်။ သတ္တဝါတွေဟာ အစားအတွက်ပူ ၊ အဝတ်အတွက်အပူ၊ နေထိုင်စရာအတွက် အပူတွေဆင့်နေတဲ့အတွက် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြရတယ်။

ဒါကြောာင့်ဘုရားရှင်က မာလုကျပုတ္တသုတ္တန်မှာ အတွင်းအပြင်အပူများငြိမ်းစေဖို့အတွက် မြင်ရင် လဲ မြင်ရုံမျှဖြစ်ရမယ်။ ကြားရင်လဲ ကြားရုံမျှဖြစ်ရမယ်၊ နံရင်လဲ နံရုံမျှ ဖြစ်ရမယ်။ စားသောက်တဲ့အခါမှာလဲ အရသာသိရုံမျှ ဖြစ်ရမယ်။ ထိတဲ့အခါမှာလဲ အထိတွေ့ရုံမျှ ဖြစ်ရမယ် အခြားဖြစ်လာတဲ့အပေါ်မှာလဲ သိရုံမျှ ဖြစ်ရမယ်လို့ ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက မြင်ရင် မြင်တယ်၊ ကြားရင်ကြားတယ်၊ နံရင်နံတယ်၊ စားရင်စားတယ်၊ ထိရင်လဲ ထိတယ်၊ သိရင်လဲသိတယ် လို့ ရှုမှတ်နေခြင်းဖြင့် အပူမှန်သမျှကို ငြိမ်းအေးစေနိုင်ပါတယ်။


လိုရင်းချုပ်ပြောရရင် အတွင်းပူဆိုတဲ့ ကိလေသာပူတွေ အပြင်ပူဆိုတဲ့ အဆင်းအသံစတဲ့ အာရုံငါးပါးအပူတွေ ငြိမ်းအေးအောင် မိဘများ၊ မင်းစိုးရာဇာများ၊ဆရာသမားများက မစွမ်းဆောင် ပေးနိုင်ပါ။ ဘုရားရှင်နဲ့တကွ ဘုရားရှင်ရဲ့တရားတော်ကသာလျှင် အပူငြိမ်းအောင် စွမ်းဆောင်ပေး နိုင်ပါတယ်။ဒါကြောင့် အရိပ်တကာ့ အရိပ်တို့တွင် အအေးမြဆုံးအရိပ်ဟာ ဘုရားရှင်ရဲ့ တရားတော်အရိပ်ပင်ဖြစ် ပါကြောင်း ပြောကြားရင်း ….အားလုံးအပူတွေ ငြိမ်းအောင် တရားတော် အရိပ်ကို ခိုလှုံနိုင်ကြပါစေ…

ဦးကော