Saturday, June 25, 2011

အလှူခံပုဂ္ဂိုလ် ရွေးသင့် မရွေးသင့် -



အလှူခံပုဂ္ဂိုလ် ရွေးသင့် မရွေးသင့် -

မေး။ ။ တပည့်တော်တို့ အလှူအတန်းလုပ်လို့ ဘုန်းကြီးများ ပင့်ဖိတ်သောအခါ ရွေးချယ်၍ ဖိတ်သင့်ပါသလား၊ သို့မဟုတ် ရှိသောဘုန်းကြီးအားလုံးကို မရွေးချယ်ဘဲ ဖိတ်သင့်ပါသလား။ ဘယ်ဟာက ပိုသင့်တော်ပါသလဲ ဘုရား။ (ဦးဉာဏ်ရှိန်၊ Daly City)

အထက်ပါမေးခွန်းနှင့်ပတ်သက်၍ ဒါနအကြောင်း အနည်းငယ် သိမှတ်ဖွယ်ရာများကို အကျဉ်း ဖြေဆိုပါမည်။
အကျယ်ကို ပြည့်ပြည့်စုံစုံ သိလိုပါလျှင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး ရေးသားထားသော မဟာဗုဒ္ဓဝင်၊ ပထမတွဲ၊ ပထမပိုင်း၊ ပါရမီတော်ခန်း၊ ဒါနပါရမီကို ဖွင့်ဆိုရာ၌ ကြည့်ရှုနိုင်ပါသည်။

ဒါနဟူသည်

လှူဒါန်းအပ်သော ပစ္စည်းဝတ္ထုကိုလည်းကောင်း၊ လှူဒါန်းလိုသော စေတနာကိုလည်းကောင်း “ဒါန”ဟု ခေါ်၏။

ဝတ္ထုပစ္စည်းသည် အလှူပြုလုပ်ရာ အထမြောက်ဖို့ရန် အရေးပါသောကြောင့် ဒါနမည်၏။
စေတနာသည်ကား လှူဒါန်းနိုင်ကြောင်းဖြစ်သောကြောင့် ဒါနမည်၏။

ထိုစေတနာသည် စွန့်လွှတ် လှူဒါန်းဆဲခဏ၌ဖြစ်သော မုဉ္စစေတနာ(အလယ်စေတနာ)ကို ယူရမည်။
ထိုစွန့်ဆဲစေတနာသည်သာလျှင် ဒါန၏ တရားကိုယ်အစစ် ဖြစ်၏။
စွန့်လွှတ်သည်ဆိုရာတွင် ပစ္စည်းအပေါ်၌ ကပ်ငြိတွယ်တာသော တဏှာကိုလည်း စွန့်လွှတ်နိုင်ရမည်။
အလှူခံပုဂ္ဂိုလ်အပေါ်၌ ပုဂ္ဂိုလ်စွဲဖြင့် ကပ်ငြိတွယ်တာမှု တဏှာ သံယောဇဉ်ကိုလည်း စွန့်လွှတ်နိုင်ရမည်။
ထိုသို့ နှစ်မျိုးလုံး စွန့်နိုင်မှ စင်ကြယ်သော ဒါနဖြစ်နိုင်ပေမည်။

ဒါန ၂-မျိုး

ဒါနသည် ပုဂ္ဂလိကဒါန၊ သံဃိကဒါနဟူ၍ နှစ်မျိုး ရှိ၏။
ပုဂ္ဂိုလ်တစ်ဦးနှစ်ဦး စသည်အား ပိုင်းခြားသတ်မှတ်၍ လှူဒါန်းခြင်းသည် ပုဂ္ဂိလကဒါန မည်၏။
ပုထုဇဉ် အရိယာဟု ပါဝင်လာသည့်ပုဂ္ဂိုလ်ကို မခွဲခြားဘဲ သံဃာတော်အားလုံးကို ရည်မှန်း၍ လှူဒါန်းခြင်းသည် သံဃိကဒါန မည်၏။

အလှူခံပုဂ္ဂိုလ်အမျိုးအစား ၁၄-ပါး

ဒက္ခိဏဝိဘင်္ဂသုတ်၌ ပုဂ္ဂလိကဒါန ၁၄-မျိုး၊ သံဃိကဒါန ၇-မျိုးတို့ကို ဟောတော်မူ၏။
ထိုနှစ်မျိုးတို့တွင် ပုဂ္ဂလိကဒါန ၁၄-မျိုးဟူသည်ကား -

၁။ မြတ်စွာဘုရားအား လှူဒါန်းခြင်း။
၂။ ပစ္စေကဗုဒ္ဓါအား လှူဒါန်းခြင်း။
၃။ ရဟန္တာပုဂ္ဂိုလ် (ဝါ) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၎။ အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၆။ အနာဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၇။ သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၈။ သကဒါဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၉။ သောတာပန်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၀။ သောတာပတ္တိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၁။ သာသနာပအခါ ဈာန်အဘိညာဏ်ရသော ရသေ့တို့အား လှူဒါန်းခြင်း။
၁၂။ သီလရှိသော လူပုထုဇဉ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၃။ သီလမရှိသော လူပုထုဇဉ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၄။ တိရစ္ဆာန်တို့အား လှူဒါန်းခြင်း။

ဤ ၁၄-ပါးတို့ ဖြစ်၏။

ဤပုဂ္ဂလိကဒါန ၁၄-ပါးတို့တွင် တိရစ္ဆာန်အား တစ်နပ်စာ ဝအောင် ကျွေးမွေးလှူဒါန်းလိုက်လျှင် ဘဝတစ်ရာတို့၌ အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာနဟူသော အကျိုးငါးပါး ပေးနိုင်၏။

သီလမရှိသူအား လှူဒါန်းလျှင် ဘဝတစ်ထောင်၊
သာသနာပ စိတ်ကောင်းရှိသူ သီလဝန္တအား လှူဒါန်းလျှင် ဘဝတစ်သိန်း၊
သာသနာပ ဈာန်ရရသေ့အား လှူဒါန်းလျှင် ဘဝကုဋေတစ်သိန်း၊
သရဏဂုံသီလရှိသော လူသာမဏေမှ စ၍ သောတာပတ္တိမဂ်၌ တည်သူတို့အား လှူဒါန်းလျှင် ဘဝအသင်္ချေ၊
ဤမှအထက် ဘုရားတိုင်အောင် အသင်္ချေတို့ချည်း ဆင့်ကာ ဆင့်ကာ တက်သွား၏။
ထို့ကြောင့်ပင် “အလှူခံပုဂ္ဂိုလ် တစ်ဆယ့်လေး၊ ခွေးတောင် မချန်နဲ့”ဟု ပြောတတ်ကြ၏။

မှတ်ချက်။ ။ ဤနေရာ၌ ဒါန၏အကျိုး အဆင့်ဆင့် ကြီးမားလာပုံကို သိစေရန် ဟောပြခြင်းသာ ဖြစ်၏။ အကျိုးရ နည်းသူများကို မလှူရဟု ခွဲခြား လှူဒါန်းစေလို၍ မဟုတ်ပေ။

ဤ၌ အလှူခံပုဂ္ဂိုလ် ၁၄-မျိုးတွင် ရဟန်းဒုဿီလကို ဟောကြားခြင်း မရှိ၍ မလှူကောင်း၊ လှူလျှင် အပြစ်ရှိသည်ဟု ပြောတတ်ကြ၏။

သာသနာပ ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်း၍ အကျိုးများစွာ ရနိုင်ပါသေးလျှင် သာသနာတွင်း ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းလျှင် အကျိုးရနိုင်သည်မှာ ယုံမှားဖွယ် မရှိပေ။
မိလိန္ဒပဉှာကျမ်း၌လည်း လူဒုဿီလထက် ရဟန်းဒုဿီလပုဂ္ဂိုလ်က ဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု စသော ဂုဏ်ဆယ်ပါးတို့ဖြင့် သာလွန်ကြောင်းကို အရှင်နာဂသိန်မထေရ်က မိလိန္ဒမင်းကြီးအား ဟောကြားချက်လည်း ရှိပေသည်။
ထို့ကြောင့် ရဟန်းဒုဿီလအား လှူဒါန်းခြင်းသည် အကျိုးမရ၊ အပြစ်သာရှိသည်ဟု မပြောသင့်ပါပေ။

နောက်တစ်ချက်မှာ - သာသနာပအခါ ဒုဿီလများက သာသနာတော်ကို အနှောင့်အယှက် မပေး၊ သာသနာတွင်း ဒုဿီလကား သာသနာတော်ကို နှောင့်ယှက်တတ်သောကြောင့် မလှူဒါန်းသင့်ဟု ပြောဆိုတတ်၏။

ဤသို့လည်း မပြောသင့်ပေ။
အကြောင်းမှာ သံဃိကဒါန (၇)မျိုးကို ဟောရာ အဆုံးသတ်တွင် -

“အာနန္ဒာ ... နောင်အခါ၌ ရဟန်းအမည်ခံရုံမျှသာဖြစ်၍ သင်္ကန်းလည်ပင်း၌ စည်းထားသော သီလမရှိသော ရဟန်းတို့သည် ဖြစ်ပေါ်လာလတ္တံ့။ သံဃာကို ရည်မှန်းသောစိတ်ဖြင့် ထိုပုဂ္ဂိုလ်တို့၌ လှူဒါန်းကြကုန်လတ္တံ့။ ထိုအခါ၌သော်မှလည်း သံဃိကအလှူကို ကောင်းကျိုးအသင်္ချေ ရနိုင်သေး၏ဟု ငါဘုရား ဟောတော်မူ၏”ဟူ၍ ဟောတော်မူသည်က တစ်ချက်၊

အလှူ၏ စင်ကြယ်ခြင်း ဒက္ခိဏဝိသုဒ္ဓိလေးပါးတို့တွင် ပထမအချက်မှာ အလှူခံပုဂ္ဂိုလ်က သီလမရှိသော်လည်း အလှူဒါယကာက သီလစင်ကြယ်နေလျှင် ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်သောဒါန ဖြစ်နိုင်၏ဟု ဟောထားသည်လည်း တစ်ချက်တို့ကြောင့်ပင် ဖြစ်၏။

တဖန် ပြောတတ်သည်မှာ -
ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းလျှင် ကိုယ်ပါ အလိုတူ အလိုပါဖြစ်၍ ကုသိုလ်မရသည့်အပြင် အပြစ်ပင် ဖြစ်တတ်၏ဟု ပြောဆိုတတ်ကြ၏။

ဤနေရာ၌ သူ့၏ ကျင့်ကြံ ပြုမှု နေမှုကို မိမိက အလိုတူ အားပေး ချီးမြှောက်လိုသော စိတ်စေတနာဆိုးဖြင့် လှူဒါန်းမှသာ အပြစ်ရှိ၏။
သူ၏ အကျင့်အကြံကို ပမာဏမထားဘဲ စင်ကြယ်သောစိတ်ဖြင့် “အလှူခံပုဂ္ဂိုလ် ရောက်လာလျှင် လှူဒါန်းထိုက်သည်”ဟု သဘောထား၍ လှူဒါန်းလျှင်ကား အပြစ်မရှိကြောင်း သတိပြုရာ၏။

သံဃိက အလှူဒါန (၇)မျိုး

၁။ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။
၂။ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။
၃။ ဘိက္ခုသံဃာ သက်သက်အားသာ လှူဒါန်းခြင်း။
၎။ ဘိက္ခုနီသံဃာ သက်သက်အားသာ လှူဒါန်းခြင်း။
၅။ မိမိတတ်နိုင်သလောက် အရေအတွက်ဖြင့် ဘိက္ခုနှင့် ဘိက္ခုနီသံဃာ နှစ်ဖက်လုံးကို အရေအတွက် လျှောက်ထား၍ လှူဒါန်းခြင်း။
၆။ ဘိက္ခုသံဃာ တစ်ဖက်၌သာ မိမိတတ်နိုင်သလောက် လျှောက်ထား၍ လှူဒါန်းခြင်း။
၇။ ဘိက္ခုနီသံဃာ တစ်ဖက်၌သာ မိမိတတ်နိုင်သလောက် လျှောက်ထား၍ လှူဒါန်းခြင်း။
ဟူ၍ (၇)ပါး ဟောတော်မူ၏။

ဘုရားလက်ထက်က လူအပေါင်းတို့သည် များသောအားဖြင့် ပုဂ္ဂိုလ်ကို မစွဲဘဲ သံဃာတော်ကိုသာ လှူဒါန်းတတ်ကြ၏။
ထို့ကြောင့် ဘုန်းကြီးစွဲ ဒကာစွဲ သံယောဇဉ် အနှောင်အဖွဲ့မှ လွတ်မြောက်ကြ၏။
သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည် စင်ကြယ်သော သံဃိကဒါနဖြစ်စေရန် (အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ) ဥဂ္ဂသူဌေး၏ ကျင့်နည်းကို များစွာ အတုယူထိုက်လှပေသည်။

ဥဂ္ဂသူဌေးအကြောင်း အကျဉ်း

အခါတပါး ဘုရားရှင်သည် ဝဇ္ဇီတိုင်း၊ ဆင်ရွာ၌ သီတင်းသုံးနေစဉ် ရဟန်းတော်များကို “ချစ်သားတို့၊ ဤဆင်ရွာ၌နေသော ဥဂ္ဂသူဌေးကို အံဖွယ်ရှစ်ပါးနှင့် ပြည့်စုံသူဟူ၍ မှတ်ယူရမည်”ဟု ပြောပြီး အကျယ်မဟောဘဲ ကျောင်းထဲသို့ ဝင်သွား၏။

ထို့နောက် ရဟန်းတစ်ပါးသည် နံနက်အခါ ဥဂ္ဂသူဌေးအိမ်သို့ သွား၍ ထိုရှစ်ပါးကို မေးသောအခါ ဥဂ္ဂသူဌေးက “တပည့်တော် ဘုရားဆိုလိုသည်ကို အတိအကျ မသိရသော်လည်း တပည့်တော်မှာ ထင်ရှားရှိသော အံ့ဖွယ်ရှစ်ပါးကို လျှောက်ထားပါမည်”ဟု ဆို၍ အကျယ်ကို လျှောက်ထားလေ၏။

ဤအံဖွယ်ရှစ်ပါးတို့သည်ကား -

၁။ တပည့်တော် ကံ့ကော်တောဥယျာဉ်ထဲမှာ သောက်စားမူးယစ်နေစဉ် ဘုရားကြွလာသည်ကို ပထမဆုံးအကြိမ် မြင်မြင်ချင်း အမူးပျောက်၍ ကြည်ညိုခြင်း သဒ္ဓါတရား ကောင်းစွာ ဖြစ်ပွားခဲ့ပါသည်။ ဤကား ပထမအံ့ဖွယ်။

၂။ ထိုပထမဆုံးတွေ့သောအခါ၌ပင် ဘုရားထံ ချဉ်းကပ် တရားနာကြားပြီး သောတာပန်ဖြစ်၍ ဗြဟ္မစရိယ ပဉ္စမသီလ (‘ကာမေသုမိစ္ဆာစာရ’အစား ‘ဗြဟ္မစရိယ’ကို စောင့်ထိန်းခြင်း)ကို ဆောက်တည် ကျင့်သုံးပါ၏။ ဤကား ဒုတိယအံ့ဖွယ်။

၃။ တပည့်တော်မှာ မယားလေးယောက်ရှိ၍ အိမ်ပြန်ရောက်သောအခါ “ငါသည် ယခု ဗြဟ္မစရိယသီလကို ဆောက်တည်ထားကြောင်း၊ ထို့ကြောင့် သင်တို့သည် ဤအိမ်မှာပင် နေလိုကလည်း စည်းစိမ်ဥစ္စာများကို သုံးစွဲ၍ ကုသိုလ်ကောင်းမှုပြု နေနိုင်ကြောင်း၊ မိဘအိမ်ပြန်လိုကလည်း ပြန်နိုင်ကြောင်း၊ အခြားယောက်ျား ယူလိုကလည်း အဘယ်သူအား ပေးရမည်ကို ညွှန်ပြစေလိုကြောင်း” ပြော၏။
ထိုအခါ အကြီးဆုံးမယားက “အကျွန်ုပ်ကို ဤမည်သောသူအား ပေးပါ”ဟု ဆိုသဖြင့် ထိုယောက်ျားအခေါ်ခိုင်းပြီး ရေစက်ချ၍ စွန့်လှူလိုက်ပါ၏။ ထိုသို့ စွန့်လှူလိုက်ရသည့်အတွက် တပည့်တော်မှာ အနည်းငယ်မျှ စိတ်ဖောက်ပြားခြင်း မရှိခဲ့ပါ။ ဤကား တတိယအံဖွယ်။

၎။ တပည့်တော်အိမ်မှာ ရှိသော စည်းစိမ်ဥစ္စာတို့ကို ကိုယ်ကျင့်သီလရှိသော ပုဂ္ဂိုလ်တို့နှင့် မခွဲခြမ်းဘဲ အတူသုံးဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ ဤကား စတုတ္ထအံ့ဖွယ်။

၅။ တပည့်တော်သည် ရဟန်းတစ်ပါးပါးထံ ချဉ်းကပ်လျှင် ရိုသေစွာ ချဉ်းကပ်ပါ၏။ မရိုမသေ မချဉ်းကပ်ပါ။ ရဟန်းတော်က တရားဟောလျှင် ရိုသေစွာ နာကြားပါ၏။ မရိုမသေ မနာပါ။ ထိုအရှင်မြတ်က တရားမဟောလျှင်လည်း တပည့်တော်ကပင် ထိုအရှင်အား ဟောပါ၏။ ဤကား ပဉ္စမအံ့ဖွယ်။

၆။ တပည့်တော်အိမ်၌ အလှူရှိ၍ သံဃာတော်များကို ပင့်ဖိတ်လျှင် နတ်များက ကြိုတင် လာရောက်၍ “သူကြွယ် - ဤပုဂ္ဂိုလ်ကြီးများကား အရိယာကြီးများတည်း၊ ဤပုဂ္ဂိုလ်ကြီးများကား ပုထုဇဉ်သီလဝန္တကြီးများတည်း၊ ဤပုဂ္ဂိုလ်များကား ဒုဿီလများတည်း”ဟု ပြောတတ်ကြ၏။ ထိုသို့လာပြောခြင်းကား တပည့်တော်အဖို့ အံ့သြဖွယ် မဟုတ်ပါ။

အံ့သြစရာအကြောင်းမှာကား တပည့်တော် သံဃာကို ဆွမ်းလှူဒါန်းလျှင် “ဤပုဂ္ဂိုလ်ကား အရိယာသီလဝန္တဖြစ်သည့်အတွက် များများ လှူမည်၊ ဤပုဂ္ဂိုလ်ကား ဒုဿီလဖြစ်သည့်အတွက် နည်းနည်း လှူမည်”ဟု စိတ်ဖြစ်ခြင်း အလျင်း မရှိပါ။ စင်စစ်အားဖြင့် တပည့်တော်သည် အရိယာပုဂ္ဂိုလ်၊ သီလရှိသောပုဂ္ဂိုလ်၊ သီလမရှိသောပုဂ္ဂိုလ် ဟူ၍ မခွဲခြားဘဲ တူမျှသောစိတ်ရှိသည်ဖြစ်၍သာ လှူဒါန်းပါ၏။ ဤကား ဆဋ္ဌမအံ့ဖွယ်။

၇။ တပည့်တော်ကို နတ်များလာရောက်၍ မြတ်စွာဘုရား၏ တရားဂုဏ်တော်များကို ပြောကြားကြပါ၏။ ယင်းသို့ ပြောကြားခြင်းသည် တပည့်တော်အဖို့ အံ့သြဖွယ် မဟုတ်ပါ။ အံ့သြဖွယ်အကြောင်းမှာကား ထိုကဲ့သို့ နတ်တို့လာပြောလျှင် “သင်နတ်မင်းတို့က လာပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ မြတ်စွာဘုရား၏ တရားတော်သည်ကား သွက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားသာ ဖြစ်၏”ဟု တပည့်တော်က ပြောလိုက်ပါ၏။ ဤကဲ့သို့ နတ်တို့နှင့် အတုံ့အပြန် စကားပြောဆိုရသည့်အတွက်လည်း တပည့်တော်၌ မာန်မာနဖြစ်ခြင်း အလျင်း မရှိပါ။ ဤကား သတ္တမအံ့ဖွယ်။

၈။ အကယ်၍များ မြတ်စွာဘုရားထက် စော၍ တပည့်တော်က အရင် သေသွားသည် ဆိုပါစို့၊ ဘုရားက “ဥဂ္ဂသူဌေးမှာ လူ့ဘုံသို့ ပြန်မလာတော့ပေ။ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏”ဟု မိန့်တော်မူလျှင် အထူးအဆန်း မဟုတ်ပါ။ ယခုပင်လျှင် တပည့်တော်သည် အနာဂါမ်ဖြစ်နေပါပြီ။ ဤအကြောင်းကို ယခုကပင် သိပြီးဖြစ်ပါသည်။ ဤကား အဋ္ဌမအံ့ဖွယ် ဖြစ်ပါသည်။

ဤသို့ လာမေးသော ရဟန်းအား လျှောက်ထားလေသည်။

ဤဥဂ္ဂသူဌေး၏ အံ့ဖွယ်ရှစ်ပါးအနက် နံပါတ် (၆)အံ့ဖွယ်၌ “ဥဂ္ဂသူဌေးသည် အရိယာ၊ သီလဝန္တ၊ ဒုဿီလ ပုဂ္ဂိုလ်သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်”ဟု လာရှိရာ အဘယ်သို့သောနည်းဖြင့် တူမျှနိုင်သည်ကို သိရှိရန် လိုအပ်လာပေသည်။

တူမျှနိုင်ခြင်း အကြောင်းရင်း နှလုံးသွင်းမှာကား -
ပင့်ဖိတ်တုန်းကပင် သံဃာတော်အားလုံးကို ရည်စူး ပင့်ဖိတ်ထားသည့်အတိုင်း ရဟန္တာကြီးများအား လှူဒါန်းသည့်အခါမှာလည်း မျက်နှာကို မကြည့်။ ရဟန္တာကြီးများကို ငါလှူဒါန်းရသည်ဟုလည်း အမှတ်မထား။ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာအားသာ ငါလှူဒါန်းရသည်ဟု သဘောထား၏။
ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလ၏ မျက်နှာကို မကြည့်။ ငါသည် ဒုဿီလကို လှူဒါန်းရသည်ဟုလည်း သဘောမထား။ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းရသည်ဟု သဘောထားသဖြင့် စိတ်သဘောထားချင်း တထပ်တည်း တူနိုင်ပေသည်။

ဤဥဂ္ဂသူကြွယ်ထုံးကို နှလုံးမူ၍ မြင့်မြတ်သော သံဃိကဒါနဖြစ်ရန် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊ ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝ ပယ်ဖျောက်ပြီးလျှင် သံဃာ့အာရုံသို့ စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်သင့်လှပေသည်။
မှန်၏။
သင်္ကန်းလက်မှာ စည်းကာ အမည်ခံမျှလောက်သာ ကျန်တော့သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း သံဃာကို အာရုံပြု၍ လှူဒါန်းနိုင်ပါမူ ကောင်းကျိုးအသင်္ချေ ပေးစွမ်းနိုင်ကြောင်း ဒက္ခိဏဝိဘင်္ဂသုတ်၌ တိုက်ရိုက် ဟောထားသည် မဟုတ်ပါလော။
သံဃာ၌ အရိုအသေပြုခြင်းငှာ စွမ်းနိုင်လျှင် သံဃိကဒါန မြောက်ပေတော့သည်သာ။

ဤကား သံဃိကဒါနမြောက်အောင် လှူဒါန်းရာ၌ မည်ကဲ့သို့ နှလုံးထားရမည်ကို သိအောင် ရှင်းပြသော စကားရပ် ဖြစ်ပေသည်။

သပ္ပုရိသဒါနသုတ်လာ အလှူရှစ်မျိုး

ထိုမှတပါးလည်း အချို့သောသူများက ပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူဒါန်းလိုကြ၏။
ထိုသို့ လှူဒါန်းလိုရာ၌ကား အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ သပ္ပုရိသဒါနသုတ်လာ အလှူရှစ်မျိုးအကြောင်းကိုလည်း သိသင့်ပေသည်။

ဤရှစ်ပါးတို့ဟူသည်ကား -
၁။ အလှူဝတ္ထုပစ္စည်းကို သန့်ရှင်းစင်ကြယ် လှပအောင် ပြုလုပ်၍ လှူဒါန်းခြင်း။
၂။ မွန်မြတ်သော အရာမျိုးကိုသာ လှူဒါန်းခြင်း။
၃။ သင့်လျော် လျောက်ပတ်သောအခါ၌ (လိုအပ်နေသောအခါမျိုး၌) လှူဒါန်းခြင်း။
၎။ အလှူခံတို့နှင့် အပ်စပ်သော ပစ္စည်းကိုသာ လှူဒါန်းခြင်း။
၅။ အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ဝတ္ထုကို ရွေးချယ်စိစစ်၍ လှူဒါန်းခြင်း (ဝိစေယျဒါန)
၆။ မိမိတတ်စွမ်းနိုင်သမျှ မပြတ်မလပ် လှူဒါန်းခြင်း။
၇။ လှူဒါန်းသောအခါ စိတ်ကို ကြည်လင်စေ၍ လှူဒါန်းခြင်း။
၈။ လှူဒါန်းပြီးနောက်လည်း ဝမ်းမြောက်ဝမ်းသာ စိတ်ကို ထားနိုင်ခြင်း။
ဤရှစ်ပါးတို့ပင် ဖြစ်၏။

ဤရှစ်မျိုးတို့တွင် နံပါတ် (၅) ဝိစေယျဒါန၌ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း၊ လှူဖွယ်ဝတ္ထုကို ရွေးချယ်ခြင်းဟူ၍ နှစ်မျိုး ရှိ၏။
ထိုတွင် လုံးဝ သီလမရှိသော သာသနာပ ဗာဟိရက အလှူခံပုဂ္ဂိုလ်တို့ကို ပယ်ရှား၍ သီလစသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော သာသနာတွင်းသား အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းခြင်းသည် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူဒါန်းခြင်း မည်၏။
မိမိ၌ အကောင်း အဆိုး လှူဖွယ်ဝတ္ထု နှစ်မျိုး ရှိနေရာဝယ် ယုတ်ညံ့သော လှူဖွယ်ပစ္စည်းကို ပယ်ရှား၍ ကောင်းနိုးရာရာ လှူဖွယ်ပစ္စည်းကို လှူဒါန်းခြင်းသည် လှူဖွယ်ဝတ္ထုကို ရွေးချယ်၍ လှူဒါန်းခြင်း မည်၏ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထားပေသည်။

ဥဂ္ဂသူဌေး သံဃိကဒါနဖြစ်အောင် သူ၏ နှလုံးထားပုံကို ပြောခဲ့စဉ်က သူတစ်ဦးတည်းဖြစ်သည့်အတွက် စိတ်ထားကွဲစရာ အကြောင်း မရှိ။ သူ့အဖို့မှာကား အရိယာဖြစ်နေသည့်အတွက်လည်း သံဃိကဒါနမြောက်အောင် လှူဒါန်းရာ၌ အလွန်လွယ်ကူလှ၏။
ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဒုဿီလဖြစ်စေ၊ သီလဝန္တဖြစ်စေ မိမိကြည်ညိုရာ ရဟန်းကို ကိုးကွယ် ဆည်းကပ်သည်မှာကား ပြဿနာ မရှိပေ။ ဆည်းကပ်ခွင့် ရှိသည်။ လှူဒါန်းခွင့် ရှိသည်။

သို့သော် အဖွဲ့အစည်းဖြင့်ဖြစ်စေ၊ အများစုပေါင်း၍ဖြစ်စေ လှူဒါန်းရာ၌ကား ပုထုဇဉ်များဖြစ်၍ သဘောထားတူဖို့ ခဲယဉ်းလှပေသည်။
အများသဘောကို အဓိက လိုက်လျော၍ ပြုလုပ်သင့်ပေသည်။
ဒုဿီလရဟန်းများ ပါနေလျှင် အုတ်အရောရော ကျောက်အရောရော ဖြစ်နေ၍ သီလဝန္တရဟန်းများမှာ ရှောင်ကြဉ်တတ်ကြသည်။
ထိုသို့ဖြစ်နေလျှင် အလှူပွဲ ပျက်တတ်သည်။
မပျက်သည့်တိုင်အောင် ဒကာများ မကျေမနပ်ဖြင့် လှူဒါန်းနေကြရသောကြောင့် ဝမ်းမြောက်မှု သောမနဿကင်းနေရကား ဒါနစေတနာမှာ စင်ကြယ်မှု မရှိတော့ပေ။ မထက်သန်တော့ပေ။
စေတနာ မထက်သန်လျှင် အကျိုးပေးလည်း မထက်သန်တော့။
ထို့ကြောင့် အလှူပွဲပျက်မည့် ဒုဿီလပုဂ္ဂိုလ်များပါနေလျှင် မိမိတို့အနေဖြင့် ရဟန်းဘက်၊ ဒကာဘက် နှစ်ဘက်ညှိနှိုင်း၍ သတိထားကာ လုပ်ဆောင်သင့်လှပေသည်။
လိုရင်းမှာ အကုသိုလ်မဖြစ်ရေးပင် ဖြစ်၏။

အခြားသော ဒါနအမည်များ

ဒါနဟူသည် လူမျိုးမရွေး ဘာသာမရွေး လုပ်ကြ၏။
ပြုလုပ်ပုံ ကွဲပြားသလို ရည်ရွယ်ချက်လည်း အမျိုးမျိုး ရှိကြ၏။
ထို့ကြောင့် မိမိတို့အနေဖြင့် မြင့်မြတ်သောဒါနများကို ရွေးချယ် ပြုလုပ်နိုင်ကြစေရန် ရည်သန်၍ အောက်ပါ ဒါနအမျိုးမျိုးကိုလည်း ထည့်သွင်းပေးလိုက်ပေသည်။

အောက်ပါ ဒါနရှစ်မျိုးသည် အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပထမသုတ်၌ လာ၏။
ဤရှစ်မျိုးတို့ဟူသည်ကား -
၁။ အလှူခံရောက်လာလျှင် ကြန့်ကြာမနေဘဲ အရေးတယူ လှူဒါန်းခြင်း။
၂။ အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း၊ အပါယ်ကျမည်ကိုလည်းကောင်း ကြောက်၍ လှူဒါန်းခြင်း။
၃။ မိမိအား ရှေးက ပေးကမ်းခဲ့ဖူးသူဟူ၍ မိမိက လှူဒါန်းခြင်း။
၎။ ဤပုဂ္ဂိုလ်သည် ယခု ငါက ပေးလှူလိုက်လျှင် နောင်အခါ ငါ့အား ပြန်၍ ပေးလှူလိမ့်မည်ဟု ရည်ရွယ်၍ ပေးလှူခြင်း။
၅။ လှူဒါန်းခြင်းသည် ကောင်းသောအလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၆။ ငါသည် ချက်ပြုတ်၍ စားနေသူဖြစ်ပါလျက် မချက်မပြုတ်ရသော (ချက်စရာမရှိသော) ပုဂ္ဂိုလ်အား မလှူဘဲ စားခြင်းငှာ မသင့်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၇။ ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသောဂုဏ်သတင်း ကျော်စောသံများ လွှမ်းမိုးပြန့်နှံ့သွားပေလိမ့်မည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့ ရည်ရွယ်၍ လှူဒါန်းခြင်း။
ဤရှစ်ပါးတို့ ဖြစ်၏။

ဤရှစ်ပါးတို့တွင် နောက်ဆုံးဖြစ်သော ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏။
အကြောင်းမှာ - နောက်ဆုံးဒါနသည် သမထဝိပဿနာ အားထုတ်ရာ၌ စိတ်တည်ကြည် ရွှင်လန်းလာအောင် အားပေးအားမြှောက်ပြုကာ ဈာန်မဂ်ဖိုလ်ရကြောင်း ဒါနအထူးဖြစ်သောကြောင့်ပင်တည်း။

ရှေးဒါန (၇)ပါးကား ဤသို့ မပြုနိုင်ကြ။
ထိုသို့ မပြုနိုင်ကြသည့် ဒါနထဲတွင်လည်း (၁)ဒါနနှင့် (၅)ဒါနသည် မြတ်သောဒါနပင် ဖြစ်၏။
(၇)ဒါနသည် အညံ့စားဒါန ဖြစ်၏။
(၂၊ ၃၊ ၄၊ ၆)ဒါနတို့မှာ အလတ်စားဒါနသာ ဖြစ်၏။

တတိယဒါနသုတ်လာ ဒါနရှစ်မျိုး

တတိယဒါနသုတ်၌လာသော အခြားဒါနရှစ်မျိုးကိုလည်း သိသင့်ပေသည်။
၎င်းရှစ်ပါးတို့ဟူသည်ကား -

၁။ ချစ်ခင်၍ ပေးခြင်း။
၂။ မလွှဲသာသည့်အတွက် မုန်းလျက်နှင့်ပင် ဆောင့်ဆောင့်အောင့်အောင့် ပေးခြင်း။
၃။ အကြောင်းအကျိုး ဘာမျှမသိ နားမလည်ဘဲ ပေးခြင်း။
၎။ အများကဲ့ရဲ့မည်ကို ကြောက်၍လည်းကောင်း၊ အပါယ်ကျမည်ကို ကြောက်၍လည်းကောင်း၊ အလှူခံက တစုံတရာ ရန်ပြုမည်ကို ကြောက်၍လည်းကောင်း ပေးခြင်း။
၅။ ငါ့မိဘဘိုးဘွား အဆက်ဆက်ကပင် ပေးကမ်းလှူဒါန်းမှု ရှိခဲ့သည်။ ဤအဆက်အနွယ်ကို ယုတ်လျော့စေခြင်းငှာ မထိုက်ဟု နှလုံးသွင်း၍ ပေးခြင်း။
၆။ ဤအလှူကို လှူ၍ သေလွန်သည့်နောက် နတ်ပြည်ရောက်ရန် ရည်သန်၍ ပေးလှူခြင်း။
၇။ ဤအလှူကို လှူလိုက်လျှင် ငါ၏စိတ်သည် ကြည်လင်သွားလိမ့်မည်၊ နှစ်သက်ရွှင်လန်းသွားလိမ့်မည်ဟု စိတ်နှစ်သက်ရွှင်လန်းမှုကို မြော်ရှု၍ လှူဒါန်းခြင်း။
၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့ ရည်ရွယ်၍ လှူဒါန်းခြင်း။
ဤရှစ်ပါးတို့ ဖြစ်၏။

ဤရှစ်ပါးတို့တွင် နံပါတ် (၈)ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏။
(၆၊ ၇)ဒါနတို့မှာ သင့်လျော်ကောင်းမြတ်သော ကုသိုလ်အရာ၌ ဖြစ်သည့် ပုညဝိသယဒါန ဖြစ်၏။
ကျန်သောဒါနတို့မှာ လောကအရာ ပေးကမ်းကြသော လောကဝိသယဒါနမျိုးဖြစ်၍ အညံ့စားသာ ဖြစ်ပေသည်။

ဤသုတ်၌ ကုသိုလ်အရာ၌ ပြုသော ဒါနမျိုးနှင့် လောကအရာ၌ ပြုရသော ဒါနမျိုးဟူ၍ နှစ်မျိုး ခွဲခြား၍လည်း သိနိုင်၏။

ထို့ကြောင့် ဒါနရှင်အပေါင်းတို့သည် သံသရာဝဋ်မှ ထွက်မြောက်နိုင်ကြောင်း ဝိဝဋ္ဋနိဿိတဒါန၊ သံသရာကို မငဲ့သော ပါရမီမြောက် ဒါနများကို ပြုလုပ်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ပတ္ထနာလောင်းအပ်ပါသည်။

အရှင်သြသဓ
ဓမ္မနန္ဒဝိဟာရ
၂၀၁၁ ခုနှစ် ဧပြီလ ၇ ရက်

“မ”နှင့်တွေ့၍ ဘုရားလောင်း မေ့လျော့သော ဇာတ်ဝတ္ထုများ

“မ”နှင့်တွေ့၍ ဘုရားလောင်း မေ့လျော့သော ဇာတ်ဝတ္ထုများ

ဆရာတော်ဘုရား-

ဘုရားလောင်းပင်ဖြစ်သော်လည်း “မ”နှင့် တွေ့တော့ မေ့မေ့လျော့လျော့ဖြစ်၍ နစ်နာခဲ့ရကြောင်း စကားဟောင်း ရှိသည်ဟု ကြားဖူးပါသည်။ ဘုရားလောင်းတို့ “မ”နှင့်တွေ့၍ မေ့လျော့နစ်နာခဲ့ရသော ၀တ္ထုများရှိပါက မိန့်ကြားဖြေဆို ပေးတော်မူပါ ဘုရား။

မောင်မောင်တင့်ထူး

မလှိုင်မြို့၊ မိတီ်္ထလာခရိုင်

သူ့စာမှာ အရှည်ကြီး ဖြစ်ပါသည်။ သူကြားဖူးသော ဘုရားလောင်း ရွှေဥဒေါင်းမင်း ဒေါင်းမနှင့် အမျှားခံရ၍ ညွတ်ကွင်းမိသော ၀တ္ထုနှင့် ကုသမင်း ပပ၀တီနောက်သို့ လိုက်သော ၀တ္ထုများကိုပါ ရေးပြ၍ ထိုဝတ္ထုများကို ဆိုလိုပါ သလောဟု မေးထားပေသည်။

ထို ၀တ္ထုများလည်း ပါနိုင်ပေသည်။ ၅၅၀ ဇာတ်ဝတ္ထုတို့တွင် ဘုရားလောင်း မိန်းမနိုင်ငံသို့ လိုက်ပါ မှားယွင်းသောဝတ္ထုများစွာ ရှိပေသည်။

ထင်ရှားသော ၀တ္ထုများမှာ-

၁။ ဧကနိပါတ်၊ တက္ကပဏ္ဍိတ၀တ္ထု၊

၂။ ဧကနိပါတ်၊ မုဒုလက္ခဏ၀တ္ထု၊

၃။ ဒုကနိပါတ်၊ ဘုရားလောင်း ဥဒေါင်းမင်းဝတ္ထု၊

၎။ တိကနိပါတ်၊ သင်္ကပ္ပဇာတ်၊ ဘုရားလောင်းရသေ့ဝတ္ထု၊

၅။ တိကနိပါတ်၊ အနိတိ္ထဂန္ဓ၀တ္ထု၊

၆။ တိကနိပါတ်၊ မန္ဓာတုစကြာမင်း ကြီးဝတ္ထု၊

၇။ န၀နိပါတ်၊ လောမကသပ၀တ္ထု၊

၈။ ပညာသနိပါတ်၊ ဥမ္မာဒန္တီ၀တ္ထု၊

၉။ သတ္တနိပါတ်၊ ကုသမင်းဝတ္ထုတို့ ဖြစ်ပါသည်။ ထိုဝတ္ထုများကို အကျဉ်းသိသာရုံမျှ ဖော်ပြပါမည်။

(၁) ဗာရာဏသီပြည်၌ သူဌေးသမီး တစ်ယောက်သည် ရုပ်ရည်ချောမော လှပသလောက် နှုတ်ကြမ်းလှသဖြင့် မူလ လပြည့်ဝန်းကဲ့သို့ လှပ၍ စန္ဒကုမာရီဟု နာမည်ပေးထားသော်လည်း နှုတ်ကြမ်းလှ၍ အများက ၀ဏ္ဏကုမာရီဟု ခေါ်ကြသည်။

တစ်နေ့တွင် မြစ်အတွင်း၌ ရေချိုးစဉ် သူ့အပေါင်းအသင်း မိန်းမများက သူ့အားမုန်း၍ မြစ်ရေထဲ အတင်းမျှောချ လိုက်ရာ ရေစီးအတိုင်း မျောပါသွားရာ ကံအားလျော်စွာ သစ်တုံးတစ်တုံးကို ရရှိ၍ ထိုသစ်တုံးကို စီး၍ပါသွားရာ မြစ်အောက်ခြေရှိ တောအတွင်းသို့ ရောက်သွားရာ မြစ်တွင် ရေခပ်နေသော ဘုရားလောင်း တက္ကပဏ္ဍိတ ရသေ့နှင့် တွေ့၍ ရသေ့က ကယ်ဆယ်လိုက်သည်။

ရသေ့ကျောင်းတွင် အတူနေရာက ရသေ့အား သီလကို ဖျက်ဆီးလျက် လူထွက်စေ၍ ပေါင်းသင်း နေလေသည်။ တောနှင့် နီးစပ်ရာ ရွာတစ်ရွာ၌နေ၏။ ထိုအခါ ထိုရွာကို ခိုးသားဓားပြတို့ ၀င်ရောက် တိုက်ခိုက်၍ ထိုရသေ့လူထွက်မယား စန္ဒကုမာရီကို ဖမ်းဆီး ခေါ်ဆောင်သွားကာ ခိုးမှူးကြီးက မယားပြု၍ ထား၏။ စန္ဒကုမာရီသည် ခိုးမှူးကြီး မယားအဖြစ်၌ ချမ်းသာ၍ ဘုရားလောင်း ရသေ့လူထွက်အား သေစေ၏။ သို့သော် သူ၏အဖြစ်ကိုသိ၍ ခိုးမှူးကြီးက စန္ဒကုမာရီအား သတ်လိုက်၏။ ထိုဇာတ်၌ စန္ဒကုမာရီ၏ ဖြားယောင်းသွေးဆောင်မှုသို့ ပါ၍ ဘုရားလောင်း မိုက်မှားမိလေသည်။

(၂) ဘုရားလောင်းသည် ဈာန်ရရသေ့ဖြစ်၍ ဟိမ၀န္တာတော၌ နေရာမှ ချဉ်ဆားမှီဝဲလိုသဖြင့် ဗာရာဏသီပြည်သို့ ကြွလာရာ ဗာရာဏသီမင်းမြင်၍ ကြည်ညိုသဖြင့် ဥယျာဉ်တော်၌ ကျောင်းဆောက်၍ ကိုးကွယ်ထား၏။ နန်းတော်၌ အမြဲ ဆွမ်းစား၏။

တစ်နေ့ မင်းကြီး စစ်ထွက်ရာ မိဖုရား မုဒုလက္ခဏဒေ၀ီက ဂရုစိုက် ဆွမ်းကပ်၏။ တစ်နေ့တွင် ရသေ့ ဆွမ်းစားကြွလာရာ မိဖုရားကြီးက ပျာယီးပျာယာ ထလိုက်ရာ ခါးမှ လုံချည်လျောကျသွားသည် ကို မြင်ရ၍ ရသေ့ကြီး ဈာန်လျှောသွားပြီး မိဖုရားကြီးကို စွဲလမ်းကာ မစားနိုင်၊ မသောက်နိုင်ဘဲ အိပ်ရာထဲ လဲ၏။ မင်းကြီး ပြန်လာ၍ ရသေ့ကြီးအကြောင်းမေးကာ လဲနေသော ရသေ့ကြီးက မိဖုရားကြီးကို စွဲလမ်း ကြောင်းသိရ၍ မိဖုရားကြီးကို ရသေ့အား ပေး၏။ ရသေ့ကို မိဖုရားကြီးက အလုပ်ပင်ပန်းစွာ ခိုင်း၍ တရားပြသဖြင့် တရားရကာ မင်းကြီးအား မိဖုရားကြီးကို ပြန်အပ်၍ တောသို့ ပြန်သွားကာ ဈာန်ပြန်ရ၏။ (ဧကနိပါတ်၊ မုဒုလက္ခဏဇာတ်)

(၃) ဒုကနိပါတ် မောရဇာတ်က ဘုရားလောင်း ဥဒေါင်းမင်းသည် ရွှေတောင်၏အကြားက အနှစ်ခုနစ်ရာ ပတ်လုံး ဥဒေတယံ၊ အပေ တယံ ပရိတ်ဂါထာများကို နေထွက်၊ နေ၀င်ရွတ်၍ အန္တရာယ်ကင်းစွာ နေသည်။

တစ်နေ့ ဗာရာဏသီမင်းကြီး၏ မိဖုရားကြီးက ရွှေဥဒေါင်းမင်း တရားဟောသည်ကို နာရကြောင်း အိပ်မက်မြင်၍ မုဆိုးများကို လွှတ်၍ ဖမ်းစေရာ ပရိတ်ဂါထာများတန်ခိုးကြောင့် မင်းခြောက်ဆက် တိုင်တိုင် ဖမ်း၍ မမိဘဲရှိ၏။

ခုနစ်ဆက်မင်းက မုဆိုးကိုလွှတ်၍ ဖမ်းစေရာက မုဆိုးသည် လိမ္မာသော ဒေါင်းမလေးကို လွှတ်၍ ဖြားယောင်းစေရာ ဥဒေါင်းမင်းသည် ဒေါင်းမကို စွဲလမ်း၍ ပရိတ်ဂါထာ မရွတ်မိဘဲ လာရာ ညွတ်ကွင်းမိ၍ ဖမ်းမိသွားလေ၏။ နောက် ဗာရာဏသီပြည်သို့ ယူလာပြီး မင်းနှင့် တွေ့၍ တရားဟောစေကာ ပြန်လွှတ် သဖြင့် လွတ်လာရ၏။

(၄) တိကနိပါတ်၊ သင်္ကပ္ပဇာတ်က ဘုရားလောင်းရသေ့သည် ဗာရာဏသီမင်းကြီး၏ ဥယျာဉ်ကနေစဉ် နန်းတော်သို့ ဆွမ်းစားကြွသောအခါ မိဖုရားကို မြင်ရ၍ (အမှတ် ၂ မုဒုလက္ခဏာဇာတ်နှင့် ဈာန်လျှော ပုံတူ၏) ပခြုပ်မှ ထုတ်သော မြွေငန်းကဲ့သို့ ကြမ်းတမ်းသော ကိလေသာ အဆိပ်တက်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းမစားဘဲ မြည်တမ်း၍ ရပ်တည်မရ ဖြစ်နေစဉ် မင်းကြီးလာ၍မေးသော် သတိရ၍ တောသို့ပြန်သွားကာ ဈာန်ပြန်ရသွားသည်။

(၅) တိကနိပါတ်၊ အနိတိ္ထဂန္ဓဇာတ်က ဘုရားလောင်းသည် ဗာရာဏသီမင်းကြီး၏သားဖြစ်၍ ဖွားစကသည်

တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သည့် တိုင်အောင် မိန်းမကိုမျှ မမြင်လိုဘဲ ရှိ၏။ ဗြဟ္မာပြည်မှ လာသူဖြစ်၍ မိန်းမ အနံ့ကိုပင် မခံနိုင်၍ အနိတိ္ထဂန္ဓမင်းသားဟု အမည်မှည့်ခေါ်၏။ မင်းကြီးက ထီးနန်းအပ်နိုင်ရန် ကချေသည်မ တစ်ဦးအား သွေးဆောင်ဖြားယောင်းစေရာ ထိုမိန်းမနှင့် ရောနှောမိ၍ မိန်းမ ဟူသမျှ ယူတော့မည်။ တိုင်းပြည်တွင် ယောက်ျားတစ်ယောက်မျှ မရှိစေရဟု ဆိုကာ ယောက်ျား ဟူသမျှ လိုက်လံ သတ်ဖြတ်နေ၍ တိုင်းပြည်မှ နှင်ထုတ်လိုက်ရသည်။

(၆) ၎င်းနိပါတ် မန္ဓာတုဇာတ်က ဘုရားလောင်းသည် မန္ဓာတု မည်သော စကြာမင်းဖြစ်၍ လူပြည်က ရှိသော ကာမဂုဏ်တို့နှင့် အားမရ၍ စကြာရတနာဖြင့် စတုမဟာရာဇ် နတ်ပြည်သို့သွားကာ နတ်မင်း စည်းစိမ်ကို ခံစား၏။

ထိုနှင့် အားမရ၍ စကြာရတနာဖြင့်ပင် တာဝတိသာ နတ်ပြည်သို့သွားကာ သိကြားမင်း ၃၆ ဆက်တိုင်အောင် သိကြားမင်း စည်းစိမ်ကို ခံစားပြန်၏။ ထို့နောက် တင်းမတိမ်နိုင်၍ သိကြားမင်းကို သတ်မည်ကြံရာ မသတ်နိုင်၍ လူ့ပြည်ပြန်ကျလာပြီး နတ်ရွာစံ၏။

(၇) န၀နိပါတ်၊ လောမကသပဇာတ်က ဘုရားအလောင်းသည် ဟိမ၀န္တာတော၌ ရသေ့ပြု၍ ဈာန် အဘိညာဉ်ဖြင့် နေသည်ကို သိကြားမင်းသည် ထိုရသေ့၏ အကျင့်ကို ပျက်စိမ့်သောငှာ ဗာရာဏသီ မင်းအား ပြောကြားလေသောကြောင့် ဗာရာဏသီမင်းက သေယှမည် သောအမတ်နှင့် သမီးတော် စန္ဒ၀တီကို စေလွှတ်၍ သမီးတော်နှင့် ပေးစားပါမည်၊ ဗာရာဏသီသို့လာ၍ ၀သုဃာတ(နွားသတ်)ယဇ်ကို ပူဇော်ပေးပါဟု ဆိုရာ ရသေ့သည် စန္ဒ၀တီ မင်းသမီးကို တပ်မက်၍ ဗာရာဏသီပြည်သို့ လိုက်လာကာ ယဇ်ပူဇော်ရန် အားထုတ်လေသည်။ ယဇ်ပူဇော်ခါနီး နွားတို့၏ အော်သံကိုကြားမှ သတိရကာ ဓားလက် နက်ကို ပစ်ချ၍ တရားပြန်အားထုတ် ဈာန်ရပြီး တောသို့ပြန်သွား၏။

(၈) ပညာသနိပါတ်၊ ဥမ္မာဒန္တီဇာတ်က ဘုရားလောင်းသည် သိဝိတိုင်း အရိဋ္ဌပူရပြည်က သိဝိမင်း ဖြစ်သောအခါ တန်ဆောင်မုန်း လပြည့်နေ့ ရထားစီး၍ မြို့လည်ရာက စစ်သူကြီး အဘိပါရက၏မယား ဖြစ်သော ဥမ္မာဒန္တီကို မြင်ရ၍ အဆမတန်သော ကိလေသာရမ္မက်သည် နှိပ်စက်လေသဖြင့် စားတော်မှ မခေါ်နိုင်ဘဲ သလွန်ထက်က မှောက်ခုံ လဲလျောင်းနေ၍ “ဥမ္မာဒန္တီ၊ ဥမ္မာဒန္တီ” ဟု ခေါ်မြည်တမ်းကာ ပင်ပန်း ရူးသွပ်ခြင်းသို့ ရောက်ခဲ့ပေသည်။ နောက် အဘိပါရက သိ၍ ဥမ္မာဒန္တီကို မင်းကြီးအား ဆက်သ သောအခါ သတိရ၍ လက်မခံဘဲ တရားရကာအရူးပျောက်ခဲ့လေသည်။

(၉) သတ္တနိပါတ်၊ ကုသဇာတ်က ဘုရားလောင်းသည် မလ္လတိုင်း ကုသ၀တီပြည်က ကုသမင်း ဖြစ်သောအခါ မဒ္ဒရာဇ်မင်း၏ သမီးဖြစ်သော ပပ၀တီကို စုံမက်နှစ်လိုခြင်းကြောင့် ထီးနန်းနှင့်တကွသော မင်းစည်းစိမ်ကိုပစ်၍ မဒ္ဒရာဇ်တိုင်း သို့ လိုက်သွားပြီး စောင်းသမား၊ အိုးတော်လုပ်၊ ဒေါင်းရွေသမား၊ ပန်းတော်ဆက်၊ စားတော်ချက် စသော မအပ်မရာသော အလုပ်တို့ကို လုပ်၍ ခြောက်နှစ်ပတ်လုံး ဒုက္ခခံ၍ နေခဲ့ရလေသည်။

ဤကိုးဇာတ်တို့၌ ဘုရားလောင်းသည် ကာမဂုဏ်အာရုံကြောင့် မထိန်းသိမ်းနိုင်ဘဲ ရူးသွပ်ခမန်း ပရမ်းပတာ ရုန့်ရင်းစွာဖြင့် ဣနြေ္ဒပျက်စီး ဒုက္ခကြီးစွာ ရောက်ခဲ့ဖူးကြောင်း သိရှိရပေသည်။

ဤဇာတ်ဝတ္ထုတို့မှာ တစ်ဝတ္ထု တစ်ဝတ္ထုကို ဇာတ်တော်၌ ကျယ်ဝန်းစွာ ပြဆိုထားပေသည်။ ဤ၌ သိသာရုံမျှ ဖော်ပြလိုက် ရပါသည်။ အကျယ်ကို သိလိုသူတို့သည် ဖော်ပြပါ နိပါတ်ဇာတ်တို့တွင် အကျယ်ကြည့်ရှု့နိုင်ပါသည်။

မြတ်သတိဝါဒီမဂ္ဂဇင်း၊

ဇန်န၀ါရီလ၊ ၂၀၀၃ ခုနှစ်

Friday, June 24, 2011

*မာယာ*


*မာယာ*

ဤ “မာယာ” ဆိုသော ပို့စ်လေးကို ဆရာတော် အရှင်အာစာရ ရေးသားသော “မိတ်ဆွေကောင်း” စာအုပ်မှ မူရင်းအတိုင်း ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေ သူငယ်ချင်းများကို ပြန်လည် မျှဝေလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။ အားလုံး မာယာ သဘောတရားကို ဇာတ်တော်နှင့်တကွ လေ့လာမှတ်သား ကြည့်ကြပါစို့ခင်ဗျာ...။
မာယာဟူသည် လှည့်ပတ်ခြင်း သဘောပင် ဖြစ်၏။ ထိုမာယာကို မျက်လှည့် သမားနှင့် ဥပမာပေးလေ့ ရှိကြသည်။ မူလပဏ္ဏာသဋီကာ၌ မာယာသည် ပြာဖုံးနေသော မီးကျီးခဲ၊ ရေ၌မြုတ်နေသော သစ်ငုတ်၊
အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော ဓားလက်တို့နှင့် တူကြောင်း လျှို့ဝှက်သော အန္တရာယ်နှင့် နှိုင်းယှဉ် ဖွင့်ဆို၏။ မျက်လှည့်ပညာရှင်သည် အမှားကို အမှန်ထင်အောင် လုပ်ပြတတ် သကဲ့သို့ မာယာရှင်သည် တစ်ဖက်သားကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တတ်၏။ မာယာရှင်သည် သူ့အပြစ်ကို ဖုံးကွယ်ရာ၌ တစ်ဖက်သားကို ထိပါးတတ်၏။ သူ့အပြစ်ကို သူများအပြစ် ဖြစ်အောင် လုပ်တတ်၏။ ကိုယ့်အပြစ်ကို သူ့အပြစ်ဖြစ်အောင် မာယာဖြင့် လှည့်ဖျားခြင်းသည် ဓမ္မပဒအဋ္ဌကထာ မလ္လိကာမိဖုရားဝတ္ထု၌ ထင်ရှား၏။
မလ္လိကာမိဖုရားဝတ္ထု
တစ်နေ့သောအခါ မလ္လိကာမိဖုရားသည် ကိုယ်လက် သုတ်သင်ရန် ရေချိုးခန်းသို့ ဝင်၏။ သူ့ကိုခင်သော ခွေးတစ်ကောင်သည်လည်း သူနှင့်အတူ ရေချိုးခန်းသို့ လိုက်လာ၏။ မလ္လိကာ မျက်နှာသစ်၍ ခြေဆေးရန် ကိုယ်ကို ညွတ်ကိုင်းလိုက်စဉ် ခွေးသည် မလ္လိကာကို မေထုန်ပြုရန် ကြိုးစား၏။ မိဖုရားလည်း အတွေ့ကို သာယာမိ၏။ ထိုအခြင်းအရာကို ကောသလမင်းကြီးသည် နန်းတော်လေသာပြတင်းမှ လှမ်း၍ မြင်လိုက်၏။ ရေချိုးခန်းမှ ပြန်လာသော မိဖုရားကို မင်းကြီးက အပြစ်ဆို စွပ်စွဲ၏။ ထိုအခါ မိဖုရားက လေသာပြတင်းမှ ရေချိုးခန်းသို့ လှမ်းကြည့်လိုက်လျှင် အမြင်ပြားသွားတတ်ကြောင်း၊ တစ်ခုကို နှစ်ခု၊ တစ်ယောက်ကို နှစ်ယောက် ထင်ရကြောင်း ဆင်ခြေပေး၍ ရေချိုးခန်းထဲ၌ ခွေးမရှိပါဟု ဆို၏။ ကိုယ်တိုင် မြင်လိုက်ရသော မင်းကြီးသည် မိဖုရားကို မယုံပေ။ ထို့ကြောင့် မိရားသည် မင်းကြီးကို ရေခန်းသို့ ဝင်စေကာ လေသာပြတင်းမှ လှမ်းကြည့်၍ မင်းကြီးကို ဆိတ်မနှင့် ဖောက်ပြန်သည်ဟု ပြန်၍စွပ်စွဲ၏။ မင်းကြီးက ငြင်းသောအခါ ကိုယ်တိုင် မြင်ရပါသည်ဟု မိဖုရားက ဆို၏။ ဥာဏ်နည်းသော မင်းကြီးသည် မိဖုရား၏ မာယာကို ယုံကြည်သွား၏။
ဤဝတ္ထု၌ မိဖုရား တွေ့ကြုံရသော အဖြစ်အပျက်မှာ မူလပထမ၌ မတော်တဆမှုပင် ဖြစ်၏။ အကြောင်းစုံကို ရှင်းပြ၍ အမှန်ကို ရိုးသားစွာ ဝန်ခံလိုက်လျှင် ပြေလည်နိုင်သော်လည်း မရိုးမသား လှည့်စားမိသောကြောင့် ယုတ်မာသော အကုသိုလ်မာယာ ဖြစ်ခဲ့ရလေသည်။ ကုသိုလ်ကောင်းမှု များစွာပြုထားသော မိဖုရားသည် စုတေခါနီး ကာလ၌ ထိုထိုကုသိုလ်များကို သတိမရဘဲ မင်းကြီးအပေါ် လှည့်စားမိသည့် မာယာအကုသိုလ်ကို နောင်တစိတ်ဖြင့် သတိရမိသောကြောင့် အဝိစိငရဲ ကျခဲ့ရ၏။
ဤကဲ့သို့သော အဖြစ်အပျက်များကို ကြည့်၍ မိန်းမတို့ကို မာယာများသူဟု စွပ်စွဲတတ်ကြ၏။ စင်စစ်အားဖြင့် မာယာဟူသည် မိန်းမတို့၏ လက်နက်မဟုတ်။ ပုထုဇဉ်တို့၏ သဘာဝသာ ဖြစ်ပေသည်။ ကျားမမဟူ ပုထုဇဉ်မှန်သမျှ မာယာရှိတတ်ကြ သည်သာတည်း။ ယောက်ျားမာယာကို ဇာတကအဋ္ဌကထာ ကုဟကဇာတ်မှ ရသေ့စဉ်းလဲ ဝတ္ထုဖြင့် သိနိုင်၏။
ကုဟကဇာတ်
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်း လက်ထက်က ရွာသား တစ်ယောက်သည် ရသေ့တစ်ဦးကို ကိုးကွယ်ထား၏။ ထိုရွာသားသည် ခိုးသားဓားပြဘေးကြောင့် ရွေစင်နိက္ခ တစ်ရာကို ရသေ့၏ ကျောင်းအနီး၌ မြေမှာမြှုတ်၍ ရသေ့ကို စောင့်ရှောက်ပေးရန် မှာကြား၏။ ထိုအခါ ရသေ့ရဟန်းတို့မည်သည် ဤသို့ ရွေငွေကို မစောင့်ရှောက်ကောင်းဟု ရသေ့က ဆို၏။
ထို့နောက် ရသေ့သည် “ရွှေစင်နိက္ခ တစ်ရာဆိုလျှင် လူဘောင်မှာ ချောင်ချောင် လည်လည် နေနိုင်ပြီ”ဟု ကောက်ကျစ်သော အကြံ အစည်ဖြစ်၍ ရွှေများကို တစ်ခြားနေရာသို့ ပြောင်းရွှေ့ မြှုတ်နှံထား လိုက်၏။ ဤသို့ မရိုးသားသော စိတ်ဖြင့် သူတစ်ပါး ပိုင်သော ပစ္စည်းကို နေရာ ပြောင်းရွှေ့မှုသည် ခိုးယူခြင်း တစ်မျိုးပင် ဖြစ်၏။
ထို့နောက် “အနေကြာလျှင် ဒကာတို့အပေါ် သံယောဇဉ် ဖြစ်တတ်သည်။ တစ်ခြား အရပ်သို့ သွားတော့မည်”ဟု ရွာသားကိုပြော၍ ထွက်ခွာရန် ပြင်၏။ ဒကာသည် သူကြည်ညိုသော ရသေ့ကို တားမရသောကြောင့် ရွာတံခါးအထိ လိုက်ပို့ နှုတ်ဆက်၏။ ရသေ့သည် အတန်ငယ် သွားပြီးနောက် ဒကာထံသို့ ပြန်လာ၍ “ဒကာ သင့်အိမ်အမိုးက သက်ငယ်မြက်တစ်ပင် ငါ့ဆံပင်ကြားမှာ ငြိပါလာသည်။ ရသေ့ရဟန်း မည်သည် မပေးလှူလျှင် မြက်တစ်ပင်ကိုမျှ မယူကောင်း” ဟုဆိုကာ ဆံကျစ်ကြားမှ မြက်ပင်ကို ဒကာအား ပေး၏။ ဒကာသည် ရသေ့ကား ရိုးသားလှပေစွဟု အောက်မေ့ကာ ရသေ့ကို တိုး၍ ကြည်ညိုသွား၏။ ထို့နောက် ရသေ့သည် နေရာပြောင်း၍ ခိုးဝှက်ထားသော ရွှေတို့ကို သွားယူ၏။
သို့သော် ထိုအချိန်၌ ဒကာ၏အိမ်မှာ ဘုရားလောင်း ရောက်ရှိနေ၏။ ဘုရားလောင်းသည် ရသေ့၏စကား၌ မရိုးသားမှုကို တွေ့မြင်ရသောကြောင့် ရွှေတို့ကို သွားကြည့်စေ၏။ မူလနေရာ၌ ရွှေများ မတွေ့ရတော့၍ ရသေ့နောက်သို့ အမြန်လိုက်ကြရာ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိလေ၏။
ဤဝတ္ထု၌ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကို ပြန်ပေးသော ရသေ့၏ လှည့်ပတ်မှုသည် မာယာပင်ဖြစ်၏။ သံသရာဝဋ်မြစ် လောဘ၏ နာမည်တစ်မျိုးဖြစ်သော ဤမာယာသည် သတ္တဝါတို့၏ သန္တာန်၌ သံသရာအဆက်ဆက် အမြစ်တွယ်လာခဲ့၍ ပယ်ရှောင်ရန် ခက်ခဲသော အကုသိုလ် ဖြစ်၏။
မာယာမည်သည် အကုသိုလ် ဖြစ်သောကြောင့် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မာယာရှင် ဖြစ်သည်နှင့် အကုသိုလ်ကောင် ဖြစ်သွားတော့၏။ မာယာရှင်သည် လောကအတွက် အန္တရာယ်ရှိသူ မပေါင်းသင့်သူ ဖြစ်၏။ မာယာသည် ပယ်ရန်ခက်သည့် တရားဆိုး ဖြစ်သော်လည်း မိမိသန္တာန်၌ မာယာ မဖြစ်အောင် သတိထားကြရပေမည်။ မာယာရှင်ကို မိတ်ဆွေအဖြစ် မပေါင်းသင်းဘဲ ကိုယ်ကိုယ်တိုင်လည်း မာယာရှင် မဖြစ်အောင် ဂရုစိုက်ကြရပေမည်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

မရှိသုခ၊ ရှိသုခ


လောက၌ ''မရှိမကောင်း၊ ရှိမကောင်း''ဟုလည်း ပြောကြသည်။ ''မရှိဒုက္ခ၊ ရှိဒုက္ခ''ဟုလည်း ပြောကြသည်။ အမှန်ပင်ဖြစ်သည်။ မရှိမကောင်း ရှိမကောင်း ဆိုသူမျိုးကို အများကြီး ကြုံရသည်။ မရှိဒုက္ခ ရှိဒုက္ခ ဆိုတာမျိုးလည်း အများကြီး တွေ့ရသည်။ ဤသည်ပင် လောကသဘာဝ ဖြစ်လိမ့်မည်။ မရှိမကောင်းဟု ဆိုသဖြင့် ရှိမှကောင်းသည်ဟု အဓိပ္ပာယ် ထွက်သည်။ ရှိမကောင်းဟု ဆိုပြန်တော့ မရှိမှ ကောင်းသည်ဟု အဓိပ္ပာယ် ထွက်ပြန်သည်။ မရှိဒုက္ခဟု ဆိုသဖြင့် ရှိလျှင်သုခဟု အဓိပ္ပာယ် ထွက်သည်။ ရှိဒုက္ခဟု ဆိုသဖြင့် မရှိလျှင် သုခဟု အဓိပ္ပာယ် ထွက်သည်။

အိမ်စီးကားလေးရှိတော့ ဒရိုင်ဘာရှာရသည့် ဒုက္ခ၊ ဒရိုင်ဘာကပေးသည့် ဒုက္ခ၊ ကိုယ်ကသူ့ကိုခိုင်းရတာက နည်းနည်း၊ သူကကိုယ့်ကို ပြန်ခိုင်းတာက များများ ဆိုသလို ပြင်ရဆင်ရသည့် ဒုက္ခ၊ ဆီထုတ်ရသည့် ဒုက္ခ၊ ဟိုဧည့်သည်၊ သည်ဧည့်သည် မကောင်းတတ်လို့ လိုက်ပို့ပေးရသည့် ဒုက္ခ စသည် ကားကပေးသည့် ဒုက္ခက မနည်းချေ။ ကားမရှိတော့ ထိုဒုက္ခတွေ အကုန်ငြိမ်းသည်။ မရှိတော့ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ အကောင်းဘက်ကကြည့်သော် ကားလေးရှိတော့ ဟိုနားသည်နား၊ ကိုယ်သွားလိုရာ အချိန်မရွေး ကောက်သွားလို့ ရသည်။ မိမိပဲ ဖြစ်စေ၊ မိသားစုဝင်ထဲကပဲ ဖြစ်စေ၊ ညအချိန်မတော် ကျန်းမာရေးကိစ္စ တစ်စုံတရာ အကြောင်းပေါ်လျင် အချိန်မရွေး ဆေးရုံဆေးခန်း သွားလို့ ရသည်။ အဆင်ပြေသည်။ ကားမရှိတော့ တချို့ လူမှုဝတ္တရားတွေ ပျက်ကွက်သည်။ ကားရှိတော့ လူမှုဝတ္တရားတွေ ကျေပွန်သည်။ ကားမရှိလျှင် စိတ်သွားတိုင်း ကိုယ်မပါ။ ကားရှိတော့ စိတ်သွားတိုင်း ကိုယ်ပါသည်။ ရှိသုခ ဖြစ်သည်။

ရိုးရိုးလေးတွေးလျှင် မရှိသင့် မရှိထိုက်တာတွေ မရှိလျှင် မရှိသုခ - ချမ်းသာသည်။ ရှိသင့်ရှိထိုက်တာတွေ ရှိလျှင် ရှိသုခ - ချမ်းသာသည်။ သို့ဆိုလျှင် ချမ်းသာဖို့ အတွက် မရှိသင့် မရှိထိုက်တာတွေ မရှိဖို့၊ ရှိသင့် ရှိထိုက်တာတွေ ရှိဖို့ လိုအပ်သည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ သို့ဖြစ်သောကြောင့် ချမ်းသာချင်လျှင် သို့မဟုတ် ချမ်းသာစေချင်လျှင် မရှိသင့် မရှိထိုက်တာတွေ မရှိအောင်၊ ရှိသင့် ရှိထိုက်တာတွေ ရှိအောင် လုပ်ကြရလိမ့်မည်။


ကံဟူသည် ကမ္မဟူသော ပါဠိမှ လာသဖြင့် 'ကံဆိုတာ အလုပ်၊ အလုပ် ကောင်းလျှင် ကံကောင်းသည်'ဟုလည်း ဆိုကြသည်၊ လူဆိုသည်မှာ အများစုက လက်လှုပ်မှ ပါးစပ်လှုပ်ရသော အစားမျိုး ဖြစ်သဖြင့် အလုပ် ရှိဖို့တော့ လိုသည်၊ ကမ္ဘာ့လူဦးရေက တဖြည်းဖြည်းချင်း များလာတော့ အလုပ်မရှိသူ အလုပ်လက်မဲ့တွေကလည်း တစ်နေ့တစ်ခြား များများလာသည်။ ယနေ့ အများစု၏ ဒုက္ခက အလုပ် မရှိသော မရှိဒုက္ခ ဖြစ်သည်...

ဘုရားက ''အတ္ထိသုခ - ရှိချမ်းသာ၊ ဘောဂသုခ - ခံစားစံစား ချမ်းသာ၊ အာနဏျသုခ - အကြွေးကင်းချမ်းသာ၊ အန၀ဇ္ဇသုခ - အပြစ်ကင်း ချမ်းသာ''ဟု ချမ်းသာလေးပါး ဟောခဲ့သည်၊ လူ့ချမ်းသာဟု ဆိုရမည်။
အကြွေးရှိလျှင် ဒုက္ခ ဖြစ်သည်။ ရှိဒုက္ခ ဖြစ်သည်။ အကြွေး မရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ ထို့ကြောင့် အကြွေးကင်းအောင်၊ အကြွေးမရှိအောင် နေရမည်။ အကြွေးဟူသည် ၀ဋ်းကြွေး၊ ကံကြွေး၊ နှုတ်ကြွေး၊ ငွေအကြွေး စသည် အကြွေးအားလုံးကင်းမှ ချမ်းသာသည်။ အကြွေးအားလုံး မရှိအောင် နေရမည်။

အပြစ်ရှိလျင် ဒုက္ခ ဖြစ်သည်။ ရှိဒုက္ခ ဖြစ်သည်။ အပြစ်မရှိလျှင် ချမ်း သာသည်။ ရှိသုခ ဖြစ်သည်။ အတတ်နိုင်ဆုံး အပြစ်ကင်းအောင် နေရမည်။ ''အကုသလံ သာဝဇ္ဇဒုက္ခ၀ိပါ က လက္ခဏံ - အကုသိုလ် ဟူသည် အပြစ် ရှိသည်။ဒုက္ခပေးတတ်သည်'' ဟု ဆိုသဖြင့် အပြစ်ဟူသည် အကုသိုလ် ဖြစ်သည်။ အကုသိုလ် ဟူသည် လောဘ အခြေပြုစိတ် ရှစ်ပါး၊ ဒေါသ အခြေပြုစိတ် နှစ်ပါး၊ မောဟ အခြေပြုစိတ် နှစ်ပါး၊ ပေါင်းလျှင် ဆယ့်နှစ်ပါး ဖြစ်သည်။

လောဘ ဒေါသ အခြေပြု၍ ကိုယ်အားဖြင့် ကျူးလွန်လျှင် ကာယကံပြစ် ဖြစ်သည်။ နှုတ်အားဖြင့် ကျူးလွန်လျှင် ၀စီကံပြစ် ဖြစ်သည်။ စိတ်အားဖြင့် ပြစ်မှားလျှင် မနောကံပြစ် ဖြစ်သည်။ ကံသုံးပါး၌ အပြစ် ရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်၊ ကံသုံးပါး၌ အပြစ်ကင်းမှ အပြစ် မရှိမှ ချမ်းသာသည်၊ မရှိသုခ ဖြစ်သည်။

''ဘာရာဟဝေပဉ္စက္ခန္ဓာ - ခန္ဓာငါးပါးသည် ၀န်ထုပ်ဝန်ပိုး''ဟု ဘုရားမိန့်သဖြင့် ခန္ဓာငါးပါး ရှိနေခြင်းကိုက ဒုက္ခ ဖြစ်သည်။ ရှိဒုက္ခ ဖြစ်သည်။ ခန္ဓာငါးပါး မရှိတော့မှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။ စိတ်ထဲ၌ တစ်စုံတရာ ရှိနေခြင်းက စိတ်လေးသည်။ ပင်ပန်းဆင်းရဲသည်။ ရှိဒုက္ခ ဖြစ်သည်။ စိတ်ထဲ၌ ဘာမျှမရှိလျင် စိတ်ပေါ့သည်။ စိတ်ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ စိတ်ချမ်းသာချင်လျှင် စိတ်ထဲက ရှိသမျှအားလုံး ထုတ်ပစ်၍ စိတ်အနားပေးရမည်။

ခြုံလိုက်လျှင် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ၊ စည်းကမ်း ဖြစ်စေ၊ ဥပဒေ ဖြစ်စေ၊ ပညတ်ချက်တွေ၊ မူတွေဖြစ်စေ ဒုက္ခပေးသော အရာ ဖြစ်လျှင် မရှိသင့် မရှိထိုက်သော အရာ ဖြစ်သည်။ ဒုက္ခပေးတတ်သူ၊ အနှောင့်အယှက်ပေးတတ်သူ ရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်။ သူမရှိမှသာ ချမ်းသာတော့သည်။ မရှိသုခ ဖြစ်သည်။ ရန်သူ ရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်။ ရန်သူ မရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ အန္တရာယ် ရှိနေလျင် ရှိဒုက္ခ ဖြစ်သည်။ အန္တရာယ် မရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ ရောဂါရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်။ ရောဂါမရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။မရှိခြင်းသည် တချို့၌ သုခ ဖြစ်သော်လည်း တချို့၌ ဒုက္ခဖြစ်သည်၊ စားစရာမရှိက ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ စားစရာရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။ ၀တ်စရာမရှိလျှင် ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ ၀တ်စရာရှိမှ ချမ်းသာသည်။ရှိသုခ ဖြစ်သည်။ နေစရာ မရှိလျှင် ဒုက္ခ ဖြစ်သည်။ နေစရာရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။ ပစ္စည်းဥစ္စာ မရှိက ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ ပစ္စည်းဥစ္စာရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။

စားစရာရှိလို့ စားရခြင်းသည် ဘောဂသုခ ဖြစ်သည်။ ၀တ်စရာရှိလို့ ၀တ်ရခြင်းသည် ဘောဂသုခ ဖြစ်သည်။ နေစရာရှိလို့ နေရခြင်းသည် ဘောဂသုခ ဖြစ်သည်။ သုံးဆောင် ခံစားစရာရှိလို့ သုံးဆောင် ခံစားခြင်းသည် ဘောဂသုခ ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ အာရုံကောင်းတွေကို တီထွင်ဖန်တီးနေသော သိပ္ပံခေတ်ကြီး၌ နေ့စဉ်နှင့်အမျှ လိုချင်မက်မောစရာ အသစ်အဆန်း အာရုံအကောင်းတွေက ပေါလွန်း များလွန်းလေတော့ ဘောဂသုခကလည်း လိုက်လို့ မဆုံး၊ ခံစားလို့ မဆုံး ရှိရော့မည်။ ထိုအခြေကိုမြင်လို့ ဘုရားရှင်က ''သန္တုဋ္ဌိပရမံ ဓနံ- တင်းတိမ်ရောင့်ရဲခြင်းသည်သာ အမြတ်ဆုံးဥစ္စာ''ဟု မိန့်ခဲ့သည်။ ချမ်းသာအစစ် ဟူသည် ခံစား စံစားခြင်း မဟုတ်၊ တင်းတိမ်ရောင့်ရဲခြင်း ဖြစ်သည်။ တင်းတိမ်ရောင့်ရဲနိုင်လျှင် ချမ်းသာသည်။ တင်းတိမ်ရောင့်ရဲလေ ချမ်းသာလေ ဖြစ်သည်။ တင်းတိမ်ရောင့်ရဲခြင်း မရှိလျှင် ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ တင်းတိမ်ရောင့်ရဲမှုရှိမှ ချမ်းသာသည်။ရှိသုခ ဖြစ်သည်။

ကံမရှိလျင် ဒုက္ခဖြစ်သည်။ ကံမရှိလျှင် ဉာဏ်ရှိတိုင်းမွဲ ဟူ၍ပင် ဆိုကြသည်။ မရှိဒုက္ခ ဖြစ်သည်။ ကံရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်၊ ကံဟူသည် ကုသိုလ်ကံ ဖြစ်သည်၊ ယင်းကံသည် အတိတ်ဘ၀ါဘ၀က ကုသိုလ်ကံက တစ်ဝက်ဆိုင်သည်၊ လက်ရှိ ပစ္စုပ္ပန်ဘ၀ ကုသိုလ်ကံကလည်း တစ်ဝက်ဆိုင်သည်။

ကံဟူသည် ကမ္မဟူသော ပါဠိမှ လာသဖြင့် ''ကံဆိုတာ အလုပ်၊ အလုပ်ကောင်းလျှင် ကံကောင်းသည်''ဟုလည်း ဆိုကြသည်၊ လူဆိုသည်မှာ အများစုက လက်လှုပ်မှ ပါစပ်လှုပ်ရသော အစားမျိုး ဖြစ်သဖြင့် အလုပ်ရှိဖို့တော့ လိုသည်၊ ကမ္ဘာ့ လူဦးရေက တဖြည်းဖြည်းချင်း များများလာတော့ အလုပ်မရှိသူ အလုပ်လက်မဲ့တွေကလည်း တစ်နေ့တခြား များများလာသည်၊ ယနေ့ အများစု၏ ဒုက္ခက အလုပ်မရှိသော မရှိဒုက္ခ ဖြစ်သည်။
အလုပ်မရှိတော့ ၀င်ငွေမရှိ၊ ၀င်ငွေ မရှိတော့ နတ္ထိ၊ အတ္ထိသုခလည်း ချို့တဲ့သည်၊ ဘောဂသုခလည်း ချို့တဲ့သည်၊ အကြွေးယူရတော့ အာနဏျသုခလည်း ချို့တဲ့သည်။ အူမ မ,တောင့်လေသောအခါ သီလလည်း မစောင့်နိုင်ကြတော့ အန၀ဇ္ဇ သုခလည်း ချို့တဲ့သည်၊ အလုပ်မရှိခြင်း၏ မရှိဒုက္ခက ကျန်သုခသုံးပါးကိုပါ ထိခိုက်တော့သည်၊ သုခလေးပါးလုံး ချွတ်ယွင်းတော့ လူတွေ ဒုက္ခရောက်ကုန်တော့သည်။

လူတွေကို ချမ်းသာစေချင်လQင် အလုပ်ရှိအောင် ဖန်တီးပေးရမည်။ ယင်းအလုပ်သည် ခေတ်ကုန်ဈေးနှုန်းနှင့် လျော်ညီသော လုပ်အားခလည်း ရရှိဖို့ လိုသည်။ ဖြစ်နိုင်လျှင်တော့ ၀င်ငွေကောင်းသော အလုပ်ကောင်းကောင်း ရှိရမည်။ အလုပ်ကောင်းသဖြင့် ၀င်ငွေကောင်းကောင်း ရှိခြင်းသည် ရှိသုခ ဖြစ်သည်။

ဉာဏ်မရှိလျှင် ဒုက္ခ ဖြစ်မည်။ မရှိဒုက္ခ ဖြစ်သည်။ ဉာဏ်ရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်၊ ဉာဏ်ဟူသည် စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်၊ တွေးခေါ်ဉာဏ် စသည် ဉာဏ်နီဉာဏ်နက်မှတပါး ဉာဏ်အားလုံး ဖြစ်သည်။ ဉာဏ်နှင့်စပ်၍ အတတ်ပညာ၊ အသိပညာ ပညာအားလုံး ပါဝင်သည်၊။ ပညာမတတ်လျှင် ဒုက္ခ ဖြစ်မည်။ မရှိဒုက္ခ ဖြစ်သည်။ ပညာတတ်လျှင် ချမ်းသာမည်။ ရှိသုခ ဖြစ်သည်။ အတတ်ပညာထက် အသိပညာကတော့ ပို၍ လိုအပ်သည်။ လူ၌ အရေးအကြီးဆုံးက အသိစိတ်ဓာတ်နှင့် အသိတရား ဖြစ်သည်။ ယင်းသည် အသိပညာ ဖြစ်သည်။

ဝီရိယ မရှိလျှင် ဒုက္ခဖြစ်မည်၊ မရှိဒုက္ခ ဖြစ်သည်။ ၀ီရိယရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်၊ ၀ီရိယနှင့် နွယ်၍ လုံ့လ မရှိလျှင် ဒုက္ခတွေ့မည်။ မရှိဒုက္ခ ဖြစ်သည်။ လုံလရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်၊ ဇွဲမရှိလျှင် ဒုက္ခ ဖြစ်မည်၊ မရှိဒုက္ခ ဖြစ်သည်။ ဇွဲရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်။ အောင်မြင်မှုက လိုအပ်သည်မှာ ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေး မဟုတ်၊ ပထမတန်းစားဇွဲ ဖြစ်သည်။

လုပ်တတ်ကိုင်တတ်၊ ပြောတတ်ဆိုတတ်၊ ကျွမ်းကျင်မှု၊ လိမ္မာမှု၊ ပါးနပ်မှု စသော ပယောဂသမ္ပတ္တိ မရှိလျှင် ဒုက္ခ ဖြစ်မည်၊ မရှိဒုက္ခ ဖြစ်သည်၊ ပယောဂသမ္ပတ္တိရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်၊ ထို့အပြင် ရှိသုခ အနေနှင့်
အကြံကောင်း ရှိရမည်၊ ဉာဏ်ကောင်း၊ အတွေးအခေါ်ကောင်း ရှိရမည်၊ စိတ်ကောင်း ရှိရမည်၊ မိတ်ကောင်း ရှိရမည်၊ အမှီကောင်း ရှိရမည်၊ နေရာကောင်း ရှိရမည်၊ ဦးဆောင်မှုကောင်းကောင်း ရှိရမည်။ စီမံခန့်ခွဲမှုကောင်း ရှိရမည်။

ခေတ်ကောင်း ရှိရမည်။ စနစ်ကောင်း ရှိရမည်။ ပတ်ဝန်းကျင်ကောင်း ရှိရမည်၊ ခေတ်ကာလ၏ တောင်းဆိုမှုအရ ရှိသင့်ရှိထိုက်သည်များ ရှိရမည်။ လိုအပ်လျက်ရှိသည့် လိုအပ်ချက်များ ရှိရမည်၊ မရှိလျင် မရှိဒုက္ခ ဖြစ်သည်၊ ရှိလျင် ရှိသုခ ဖြစ်သည်။

သုခနှင့်ဒုက္ခ နှစ်မျိုးလုံးသည် ရှိခြင်း မရှိခြင်း နှစ်မျိုးလုံးနှင့် သက်ဆိုင်နေသည်၊ တချို့က ရှိလျှင် သုခ၊ မရှိလျှင် ဒုက္ခ၊ တချို့ကျပြန်တော့ မရှိလျှင်သုခ၊ ရှိလျင်ဒုက္ခ၊ လောကသဘာဝ အရာခပ်သိမ်းသည်လည်း သုခနှင့်ဒုက္ခ နှစ်မျိုး တွေ့လိမ့်ရှိသည်၊ သစ်ပင်သည် အေးမြသော အရိပ်ကို ပေးသော်လည်း သူ့အပင်က ကြွေကျသော အရွက်ကိုတော့ အမှိုက်လှဲရသေးသည်၊ ဤကား လောကသဘာဝ ဖြစ်သည်။

လောကီနှင့် လောကုတ္တရာ ခွဲခြမ်းကြည့်လျှင် လောကုတ္တရာမှာတော့ နတ္ထိ - မရှိခြင်းသည် သုခ ဖြစ်သည်။ သန္တိသုခ ဟူသည် ရုပ်ဟူသမျှ နာမ်ဟူသမျှ မရှိတော့ခြင်း ဖြစ်သည်။ ကမ္မ၀ဋ်၊ ကိလေသ၀ဋ်၊ ၀ိပါက၀ဋ် ၀ဋ်ဟူသမျှ
မရှိတော့ခြင်း ဖြစ်သည်။ နိရောဓဟူသည် ချုပ်သွား၊ ပျက်သွား၊ ပျောက်သွားခြင်း ဖြစ်၍ မရှိတော့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လောကုတ္တရာ၌ နတ္ထိ ဖြစ်မှသာ သုခ ဖြစ်သည်။

လောကီမှာတော့ အတ္ထိဖြစ်မှသာ သုခ ဖြစ်သည်။ ရှိသင့်ရှိထိုက်တာတွေ ရှိမှသာ ချမ်းသာသည်။ ထို့ကြောင့် လောကုတ္တရာနယ်သို့ မသက်ဝင်နိုင်သေးသော လောကီသားတို့ အနေနှင့် လောက၏ တောင်းဆိုချက်
ရှိသင့်ရှိထိုက်တာတွေ ရှိအောင် ကြိုးစားကြရမည်။ ဘုရားကလည်း လောကီသားတို့အတွက် အတ္ထိကိုသာ သုခ အဖြစ် ဟောတော်မူခဲ့သည်။

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Thursday, June 23, 2011

အမေ့ကို ကျေးဇူးဆပ်ချင်တယ်




အမေ့ကို ကျေးဇူးဆပ်ချင်တယ်


ရှေးခေတ် ကမ္ဘာဦးလူသားများဟာ အကြောက်တရားများကြောင့် သစ်ပင် တော တောင် စတာတွေကို ကိုးကွယ်အားထားရာအဖြစ် ကိုးကွယ်အားထားခဲ့ကြတယ်။ အခုအခါမှာတော့ မိဘဘိုးဘွား ဆွေမျိုးအစဉ်အဆက်ကနေ ဗုဒ္ဓ၊ဟိန္ဒူ၊ခရစ်ယာန်၊အစ္စလာမ် စတဲ့ဘာသာများကို ကိုးကွယ်အားထားလာကြတယ်။ အချို့မှာ ဘိုးစဉ်ဘောင်ဆက်ကနေ ကိုးကွယ်လာတဲ့ဘာသာကိုပဲ အမှီပြုပြီး မိရိုးဖလာကိုးကွယ်နေကြတဲ့သူများ ရှိကြတယ်။ အချို့သူများက မိမိရိုးဖလာကိုးကွယ်မှုမှ သွေဖီကာ မှန်တယ် သဘာဝကျတယ်ဆိုပြီး ဘာသာတရားတစ်ခုကို လက်ခံယုံကြည်ကာ ကိုးကွယ်ကြတာလဲ ရှိကြပါတယ်။
တစ်နေ့ စားရေးသူထံ ဒကာတစ်ယောက် ရောက်ရှိလာပြီး “အရှင်ဘုရား…တပည့်တော်ကို မှတ်မိသေးလားဘုရား၊ မင်းမောင် လေဘုရား ပြီးခဲ့တဲ့နှစ်က အရှင်ဘုရားတို့ ရိပ်သာ သင်္ကြန် တရားစခန်းမှာ တရားအားထုတ်ခဲ့ပါတယ်ဘုရား” ဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။ ဆက်လက်ပြီး “တပည့်တော်ရဲ့ မိဘများကို မတွေ့တာကြာပြီဖြစ်တဲ့အတွက် မိဘများရှိရာ ဇာတိချက်ကြွေကို ရောက်ခဲ့ပါတယ်ဘုရား၊ တပည့်တော်လျှောက်တင်စရာ လေးရှိလို့ လျှောက်တင်ခွင့်ပြုပါဘုရား” ဆိုပြီး ပြောလာတဲ့အတွက် စိတ်ချမ်းသာသလို ပြောရန် အခွင့်ပေးလိုက်ပါတယ်။
တပည့်တော်ငယ်စဉ်က ချင်းပြည်နယ်ဘက်မှာ နေပါတယ်။ အရွယ်ရောက်လာတော့ အကြောင်းကြောင်းကြောင့် အောက်ပြည် အောက်ရွာဖက်ကို ရောက်ခဲ့ပါတယ်။အဲဒီမှာ သူတော်ကောင်းဇနီး မောင်နှံနှစ်ဦးနဲ့တွေ့ရာက တပည့်တော်ဘ၀ ပြောင်းလဲဖို့အကြောင်း ဖန်လာခဲ့ပါတယ်။
ဖြစ်ပုံက ဒီလိုပါ…..တပည့်တော် အခုအောက်ပြည်အောက်ရွာကို ရောက်လာတာ အခုဆို (၁၅)နှစ်ရှိပါပြီ၊ အိမ်ထောင်ကျပြီး သားသမီးသုံးယောက် ထွန်းကားခဲ့ပါတယ်။ ဒီလို အခြေတကျ ရှိလာတဲ့အခါမှာ အသိမိတ်ဆွေတွေလဲ အထိုက် အလျောက်ရှိလာပါတယ်။ အသိမိတ်ဆွေများအနက် တပည့်တော်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့သူကတော့ သူတော်ကောင်းဇနီးမောင်နှံတို့ပါ။ လောကရဲ့သဘာဝအမှန်တရားများကို ပြောပြရာကနေ သူတို့အိမ်မှာ ကက်ဆက်ခွေနဲ့ တရားနာဖို့အကြောင်းပြောလာပါတယ်။ တပည့်တော်က “ဟင်..တရားနာတာဟာ ငရဲမကြီးဘူးလား” လို့ မေးတဲ့အခါ ဇနီးမောင်နှံက “ငရဲကြီးတယ်ဆိုတာ မကောင်းတာလုပ်မှ ငရဲကြီးတာပါ။ ကောင်းတာ လုပ်နေရင် ငရဲမကြီးပါဘူး” လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ်လေ သူတို့ပြောတဲ့ တရားကို နားထောင်ကြည့်အုံးမယ် လို့ ဆုံးဖြတ်ပြီး သူတို့ပြောတဲ့တရားကို နားထောင်ကြည့်ပါတယ်။ နားထောင်ဖန်များ လာတော့ တွေးမိတယ်။
“အော်…တရားတော်ဆိုတာ တခြားမဟုတ်၊ လောကမှာ တကယ်ရှိတဲ့ သဘာဝအမှန်တရားတွေကိုပြောနေတာကိုး၊ သဘာဝအမှန်တရား ဆိုတာလဲ တကယ်တော့ ဖန်တီးပြီးပြောထားခြင်းမဟုတ်ဘူးဆိုတာကို သိလာရတယ်။
နားထောင်လိုက်ရတဲ့တရားများအနက် ကောင်းတာလုပ် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ် မကောင်းတာဖြစ်မယ်ဆိုတာလဲ ပါတယ်။ ဒါကိုကြားလိုက်ရတော့ အများကြီးဖြစ်နိုင်လောက်တယ်လို့လဲတွေးမိတယ်။ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ကလေးထားမိလိုက်တာနဲ့ ကိုယ့်မှာ စိတ်မချမ်းသာဖြစ်သွားတယ်၊စိတ်တွေလေးလာတယ်။ သူတစ်ပါးအပေါ် စိတ်ကောင်းထားမိတဲ့အခါ အထူးသဖြင့် သနားမိတဲ့အခါဆိုရင် စိတ်ချမ်းသာပြီး လွတ်လပ်ပေါ့ပါးလာတယ် လို့ မှတ်မိတာလေးတွေ တွေးရင်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နေမိပါတယ်။
အဲဒီကနေစလို့ မကောင်းတာလုပ်ရင် ငရဲကြီးတတ်တယ်၊ ကောင်းတာလုပ်ရင် ငရဲမကြီးဆိုတာကိုလဲ လက်ခံနိုင်လာပါတယ်။ မိတ်ဆွေကောင်းတချို့က အကြံပေးတာနဲ့ တပည့်တော် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ကို သတိရတိုင်း ရွတ်ဆိုဖြစ်ခဲ့ပါတယ်။ ရွတ်ဆိုဖန်များလာတော့ ခရီးအရှည်ကြီးကို ခြေကျင်ခရီး သွားရတဲ့အခါ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို ရွတ်ပြီး သွားရင် ခဏလေးနဲ့ရောက်သလို ခံစားခဲ့ရပါတယ်ဘုရား၊ အိပ်မပျော်တဲ့ညများဆို ဒါကို ရွတ်ဆိုလိုက်ရင် မကြာဘူး အိပ်ပျော်သွားတာပဲဘုရား၊ ပြီးတော့ ရွတ်ဆိုပွားများဖန်များလာတော့ စိတ်ချမ်းသာမှု တကယ်ရရှိလာတာအမှန်ပဲဘုရား။ ဒါကြောင့် တပည့်တော် အခုအချိန်အထိ သွားလေရာရာ ရွတ်နေမိတယ်ဘုရား။
ဒီလိုနဲ့ အချိန်တွေကြာလာခဲ့တယ်။ ငါလဲ မိဘများထံ မရောက်တာလဲ ကြာပြီ၊ သတိရလွန်းတဲ့အတွက် အဖေအမေတို့ဌာနေကို ပြန်ဦးမှပဲလို့တွေးကာ ဇာတိချက်ကြွေမွေးရပ်မြေသို့ လာခဲ့ပါတယ်။
အိမ်ရောက်တော့ အဖေက လေမိပြီး အိပ်ရာထဲ လဲနေပါတယ်။ ငါ့အဖေ့ကို ဘယ်လို ကျေးဇူးဆပ်ရကောင်းမလဲ၊ သူ့အတွက် နေ၀င်ချိန်က သိပ်မလိုတော့၊ ဘ၀ကူးကောင်းအောင် သားတစ်ယောက်အနေနဲ့ လုပ်ပေးချင်တယ်။ ဒါပေမဲ့ အဖေက တပည့်တော် ခံယူသလို မဟုတ်တော့ ကုသိုလ်ရ အောင်လုပ်ပေးဖို့ မလွယ်ဖြစ်နေတယ်။ ဒီလိုနဲ့ ရင်ထဲမချိဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ ကျေးဇူးရှင်အဖေ ကွယ်လွန်ခဲ့ပါတယ်ဘုရား။ အဖေ့အလောင်းကို မြေမြုပ်ခါနီး နောက်ဆုံးအနေနဲ့ ရှိခိုးလိုက်ပါတယ်၊ ဒါကို ဆွေမျိုး မိတ်ဆွေများက “ ဒို့များ အဖေသေလို့ ငိုလိုက်ရတာ၊ မင်းကျတော့ အဖေသေလို့ လုံးဝ မျက်ရေမကျတဲ့အပြင် အခုလို အဖေ့နားမှာ အရှက်မရှိဘဲ ၀မ်းလျားမှောက်နေတာ ဘာအရူးထတာလဲ” လို့ အပြောခံခဲ့ရပါတယ်။ ယုံကြည်ချက်ခြင်းမတူလို့ ဖြစ်တာပဲ လို့ တွေးပြီး ဆိတ်ဆိတ်လေးပဲနေလိုက်ပါတယ်။
တပည့်တော်မှာ အမေတော့ အခုအချိန်အထိ အသက်ရှင်နေပါသေးတယ်။ ဇာတိမြေရောက်ခိုက် တပည့်တော်က “ အမေ ကျွန်တော်လေ အမေ့ကို လွမ်းလိုက်တာ အမေရယ်၊ အခုလို အမေ့ကို ကျန်းမာစွာနဲ့ တွေ့မြင်ရတော့ ဖေါ်မပြတတ်အောင်ပဲ ၀မ်းသာလိုက်တာ” ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါသေးတယ်။ အမေနဲ့စတွေ့တဲ့နေ့က အမေ့ကို သွားရောက်ကန်တော့တဲ့အခါ အမေက “အော်…………ငါ့သား….ငါ့သား…. အောက်ပြည် အောက်ရွာသွားလိုက်တာ ရူးလာတာပဲ အဖတ်တင်တယ်” လို့ တပည့်တော်ကို တွေတွေကြီးကြည့်ပြီး ပြောပါတယ်။ အဲဒီအခါ တပည့်တော်က “ဘာဖြစ်လို့လဲ အမေရဲ့” လို့ပြန်မေးတော့ အမေက “ အခုပဲကြည့်လေ အမေ့ရှေ့မှာ ၀မ်းလျားမှောက်ပြီး လူမြင်မကောင်းအောင် လုပ်နေတာဟာ အရူးထတာပေါ့၊ ပီးတော့ အခုလို ငါ့တို့ဆီ ငါ့သားရောက်လာတာကလဲ ငါတို့ဆုတောင်ပေးလို့ ရောက်လာတာလေ” လို့ ပြောပါတယ်။
မိဘဆိုတာ ကျေးဇူးကြီးမားလှတဲ့အတွက် ဘုရားနဲ့တစ်ဂိုဏ်းထဲ ထားရမယ် လို့ ဘုန်းတော်ကြီးများ ပြောပြချက်အရ အမေ့ကျေးဇူးကို သိတဲ့ သားတစ်ယောက်အနေနဲ့ ရှိခိုးရတာပါ။ သားဟာ ရူးလာတာလဲ မဟုတ်ပါဘူး။ အသိတရား ပိုလာတာပါ၊ ကံတရားကြောင့် လူဖြစ်လာတာလို့ပြောတော့လဲ လက်မခံဘူး၊ ဘုရားသခင်ဖန်ဆင်းပေးထားတာလို့ပဲ ပြောပါတယ်ဘုရား။
အမေ့ရဲ့စကားကို ဘာမှန်းမသိစတုန်းကတော့ လက်ခံနိုင်ခဲ့ပေမဲ့ အခုအခါမှာတော့ လုံးဝလက်ခံမနိုင်တော့ပါ။ ဒါပေမဲ့ အမေ စိတ်ချမ်း သာပါစေတော့ ဆိုပြီး ဘာမှတုံ့ပြန်မပြောဘဲ ဆိတ်ဆိတ်သာနေလိုက်ပါတယ်။ အမှန်က အဖေနဲ့အမေဆီကို မရောက်တာကြာတော့ လွမ်းလို့ လမ်းစရိတ်အကုန်ခံပြီး ရောက်လာတာပါ၊ ဘယ်သူ့ရဲ့ဆုတောင်းချက်မှ မဟုတ်ဘူးဆိုတာ တပည့်တော်သိပါတယ်ဘုရား၊ ဒါ့အပြင် အခုတပည့်တော် စားဝတ်နေရေးအတွက် အလုပ်ကြိုးစားလုပ်နေပါတယ်ဘုရား၊ အလုပ်လုပ်မှလဲ စားရမှာပါ၊ အလုပ်မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘုရား၊ ဘယ်သူမှ ဖန်ဆင်းပေးတာ၊ ဆုတောင်းပေးတာ မဟုတ်ပါ၊ ဘယ်တန်ခိုးကြီးနတ်တွေကမှ လုပ်ပေးလို့ရတဲ့အရာမျိုးလဲမဟုတ်ပါ၊ ကိုယ်လုပ်မှ ကိုယ်အတွက်အဆင်ပြေမှာပါ။ ဒါက တပည့်တော်ရဲ့ အမြင်ကို ပြောတာပါဘုရား၊ ဒီလို အသိအမြင်ရှင်းလာတာကလဲ သူတော်ကောင်း ဇနီးမောင် နှံတို့ရဲ့ ကျေးဇူးတွေပေါ့ဘုရား။
တပည့်တော်ရဲ့ ဦးလေး ကျောင်းဆရာတစ်ယောက်ရှိပါတယ်ဘုရား၊ တပည့်တော်က ကိုယ်လုပ်မှ ကိုယ်ရတာ ဘယ်သူမှ လာမပေးဘူး ဆိုတဲ့ သဘောတရားကို ပြောတော့ ဦးလေးက “မင်းပြောတာ သဘာဝကျတယ်၊ လက်ခံနိုင်စရာရှိတယ်၊ ဒါပေမဲ့ ညီအစ်ကို မောင်နှမ ဆွေမျိုးတွေက ယုံကြည်ချက် မတူတော့ မင်းဒီလို သွားပြောလို့တော့မရဘူး” လို့ ဦးလေးဖြစ်သူက တွေးတွေးဆဆ ပြောပါတယ်။ တပည့်တော်ရဲ့ ယူဆချက်ကို ဦးလေးတစ်ယောက်ပဲ စဉ်းစားပေးတာ ၀မ်းသာစရာပါဘုရား။
ဇာတိရွာရောက်ခိုက် တစ်နေ့ အမေ့ကို “အမေရယ်….ကျွန်တော်လေ အောက်ပြည်အောက်ရွာပြန်သွားရင် တော်ရုံနဲ့ ပြန်ရောက်ဖြစ်မှာ မဟုတ်ဘူး၊ အခုလာမဲ့သင်္ကြန်မှာ ဒုလ္လဘရဟန်းဝတ်ပြီး တရားစခန်းဝင်မယ်လို့ စိတ်ကူးထားပါတယ်အမေ” လို့ ပြောလိုက်တော့ အမေက “ဟာ သားရယ်…..ကတုံးတုံးပြီးသင်္ကန်းဝတ်တယ်ဆိုတာ ငရဲကြီးတတ်တယ်လေသားရဲ့၊ သွားမလုပ်ပါနဲ့နော်”
ဒါက အမေ့ရဲ့ရင်ထဲကလာတဲ့စကားဖြစ်မယ်ထင်ပါတယ်။ ဘယ်မိဘမဆို သားသမီးကို ချစ်လှပါတယ်။ ဒါကြောင့်လဲ သားဖြစ်သူကို ငရဲကျမှာ မလိုလားဘူး ထင်ပါရဲ့၊ ဒါက အမေယုံကြည်နေတဲ့ ဘာသာရေးအရပြောတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်စေ အမေ့ရဲ့မေတ္တာကတော့ သားသမီးအပေါ် မှာ ကောင်းစေချင်ကြတာ ပေါ်လွင်လွန်းလှပါတယ်။
တပည့်တော် သင်္ကြန်မှာ ဒုလ္လဘရဟန်းဝတ်ပြီး တရားစခန်းဝင်ခဲ့ပါတယ်ဘုရား၊ သင်္ကန်းဝတ်နဲ့ ဓါတ်ပုံရိုက်ပြီး အမေ့ကို ပို့ပေးချင်ပါတယ်ဘုရား၊ ဒါပေမဲ့ အမေက ငရဲကြီးတတ်တယ်ဆိုတဲ့ အမြင်ကရှိနေတော့ တပည့်တော် ဓါတ်ပုံ ပို့ချင်ပေမဲ့ မပို့ဖြစ်ခဲ့ပါဘုရား၊ တပည့်တော်ရဟန်းဝတ်ထားတဲ့ ဓါတ်ပုံကို အမေ့ကို ပေးလို့ရှိရင် အမေသတိရတဲ့အခါ ဓါတ်ပုံကို ထုတ်ကြည့်ပြီး ကုသိုလ်ရစေချင်လို့ပါဘုရား။ တပည့်တော် အမေ့ကို အကောင်းဆုံးကျေးဇူး ဆပ်နည်းနဲ့ ကျေးဇူးဆပ်ချင်ပါတယ်၊ ဒါဟာ တပည့်တော်ရင်ထဲကလာတဲ့ ဆန္ဒတစ်ခုပါ။ ဒါပေမဲ့ အမေရဲ့အမြင်က ငရဲကြီးတတ်တယ်ဆိုတဲ့ အမြင်ရှိနေတော့ တပည့်တော် ဘယ်လိုကျေးဇူးဆပ်ရမှန်းမသိဖြစ်နေလို့ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်ဘုရား။
ဒီလိုပြောလာတော့ စာရေးသူက “မောင်မင်းမောင်ရယ်…စိတ်မကောင်းမဖြစ်ပါနဲ့၊ မင်းကျေးဇူးဆပ်ချင်နေတဲ့အမေ့ကို ကျေးဇူးဆပ်ခွင့်တော့ တစ်နေ့ကြုံဦးမှာပါ။ ဘာကြောင့်လဲ ဆိုရင် အခုခေတ်မှာ ဘာသာခြားဖြစ်ပေမဲ့ ပရတိဟ အများကောင်းကျိုးလုပ်နေတာတွေဟာ မေတ္တာကရုဏာအခြေခံပြီးလုပ်နေကြတဲ့အတွက် ကုသိုလ်တွေချည်းပါပဲ။ အခုလဲ မင်းရဲ့ ရဟန်းဝတ်ဓါတ်ပုံကို ကြည့်ပြီး သားဆိုတဲ့ချစ်ခြင်းနဲ့ ကြည့်ဖြစ်မယ်၊ ကြိမ်ဖန်များစွာထုတ်ကြည့်လာတဲ့အခါ ‘ငါ့သားက ဒီအ၀တ်နဲ့တော်လိုက်တာ’ ဆိုပြီး စိတ်ကြည်လင်လာလိမ့်မယ်။ ဒါဆိုရင်တော့ မင်းအမေမှာ ကုသိုလ်ရမှန်းမသိရနိုင်တယ်လေ”…။
ဒါနဲ့စပ်လို့ ရှေးအခါတုန်းက အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်မှာ အဒိန္နပုဗ္ဗက ဆိုတဲ့ ပုဏ္ဏားတစ်ယောက်ရှိခဲ့ဖူးတယ်။ ရှိတဲ့ပစ္စည်းကို ဘယ်တော့မှ ပေးကမ်းဖူးတယ်လို့ မရှိဘူး၊ ဒါကြောင့် သူ့ကို မပေးဘူးသူ (အဒိန္နပုဗ္ဗက) လို့ အများကသိကြပါတယ်။ ပုဏ္ဏားဟာ ပစ္စည်းဥစ္စာ အလွန်ချမ်းသာတဲ့ သူဌေးတစ်ဦးဖြစ်တယ်။ သူ့မှာ သားကလေးတစ်ယောက် ရှိတယ်။ ငယ်ရွယ်တဲ့သားကလေးကို နားဋောင်းလုပ်ပေးချင်တယ်၊ ပန်းတိမ်ဆရာကို ရွှေခတ်ခိုင်းရင် ငွေကုန်မှာစိုးလို့ သူကိုယ်တိုင် ပင်ပမ်းခံ ပန်းတိမ်ခတ်ပြီး အချိုးမညီတဲ့နားဋောင်းကို သားကလေးရဲ့ နားမှာ ပန်ဆင်ပေးထားပါတယ်။ ဒါကိုအကြောင်းပြုလို့ ကလေးနာမည်ကိုလဲ ‘မဋ္ဌကုဏ္ဍလီ’ လို့ အမည်တွင်ခဲ့ပါတယ်။
တစ်ဆယ့်ခြောက်နှစ် လူလားမြောက် အရွယ်ရောက်လာတဲ့အခါ မဋ္ဌကုဏ္ဍလီမှာ ဖျော့တော့တဲ့ရောဂါတစ်မျိုး ဖြစ်လာတယ်။ ဒါနဲ့ အမေက ခင်ပွန်းသည်အား “ပုဏ္ဏား…သင့်သားမှာ ရောဂါဖြစ်နေပြီ ဆေးကုပေးပါတော့” လို့ပြောတယ်။ ပုဏ္ဏားက ဆေးဆရာခေါ်နေမယ်ဆိုရင် ဆေးကုခ ပေးရဦးမယ်။ ကုန်ကျစရိတ်သက်သာအောင် ကြံမှာပဲ ဆိုပြီး ဆေးဆရာထံသွားကာ ရောဂါ ပျောက်စေတဲ့ဆေးနည်းသွားတောင်းတယ်။ အိမ်ရောက်တော့ သူကိုယ်တိုင် ဆေးဖေါ်ပြီး သားကို ဆေးတိုက်ပါတယ်။ဒါပေမဲ့ စနစ်ကျတဲ့ဆေးကုနည်းမဟုတ်တဲ့အတွက် မဋ္ဌကုဏ္ဍလီဟာ မကြာခင်မှာ ပဲ ရောဂါကြောင့် အိပ်ရာထဲ ဘုံးဘုံးလဲတော့တယ်။ သားကလေး ရောဂါကျွမ်းနေပြီဆိုတာကို သိတော့မှ ပုဏ္ဏားဟာ ဟိုဆေးဆရာပြေးခေါ် ဒီဆေးဆရာပြေး ခေါ်ပါတော့တယ်။ ဆေးဆရာများကလဲ မဋ္ဌကုဏ္ဍလီကိုကြည့်ပြီး ရောဂါကကျွမ်းနေပြီဆိုတာကို အကဲခတ်မိတဲ့အတွက် ဆေးမကုဘဲ ပြန်သွားကြတယ်။
မဋ္ဌကုဏ္ဍလီလေးဟာ ဝေဒနာခံစားရင်း သေရမဲ့အချိန်ကို စောင့်နေရပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ဒီကလေးကိုအကြောင်းပြုလို့ လူအများအကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတာကိုသိတဲ့အတွက် မနက်ပိုင်း ဆွမ်းခံကြွရင်း ထိုသူဌေးအိမ်ရှေ့မှာ ခေတ္တရပ်နေပါတယ်။ မဋ္ဌကုဏ္ဍလီကို ကြည့်လိုက်တော့လဲ အိမ်အတွင်းဖက်ကို မျက်နှာမူပြီး တစ်ဖက်စောင်းအိပ်နေတာဆိုတော့ မမြင်နိုင်ဘူး၊ ဒါကြောင့် မြင်သာအောင်ဆိုပြီး ဘုရားရှင်က မဋ္ဌကုဏ္ဍလီထံကို ရောင်ခြည်တော်များ လွတ်လိုက်ပါတယ်။ မဋ္ဌကုဏ္ဍလီက ဒါဘာအရောင်တွေလဲ ဘယ်ကလာတာလဲဆိုပြီး အလင်းရောင်လာတဲ့ အိမ်အပြင်ဖက်ဆီကို ကြည့်လိုက်တဲ့အခါ ဘုရားရှင်အား ကြည်ညိုဖွယ်ရာဖူးတွေ့လိုက်ရတော့ ဘုရားရှင်အား အလွန်ကြည်ညိုတဲ့ သဒ္ဓါတရားဖြစ်ပေါ် လို့နေတယ်။ ဘုရားရှင်က ဒီလောက်စိတ်ကြည်ညိုခြင်းဖြင့် မဋ္ဌကုဏ္ဍလီအဖို့ တော်လောက်ပြီ လို့ သိတော်မူကာ ကျောင်းတော်ကို ပြန်ကြွတော်မူခဲ့ပါတယ်။ မကြာခင်မှာပဲ မဋ္ဌကုဏ္ဍလီလဲ ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်နဲ့ ကွယ်လွန်ခဲ့ပြီး၊နတ်ပြည်မှာ နတ်သားသွားဖြစ်ပါတယ်။
ပြောလိုတာက ဒီသားအဖမိသားစုဟာ လူ့ဘ၀တစ်လျှောက်လုံး တစ်ခါမှ ပေးလှူခဲ့ဖူးတာမရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင်တော့ မဟုတ်တန်ရာ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မဋ္ဌကုဏ္ဍလီဟာ သေခါနီးမှာ ဘုရားရှင်ကို ကြည်ညိုတဲ့ကုသိုလ်စိတ်နဲ့သေပြီး နတ်ပြည်ရောက်ရတာပါ။
ထို့အတူပဲ မောင်မင်းမောင်ရဲ့ အမေကိုလဲ သင်္ကန်းဝတ်ထားတဲ့ မောင်မင်းမောင်ရဲ့ဓါတ်ပုံကို ပို့လိုက်ရင် အဆင်ပြေပါလိမ့်မယ်။ဒါပေမဲ့ ပို့တဲ့အခါ တိုက်ရိုက်မပို့ဘဲ နားလည်ပေးနိုင်တဲ့ ဦးလေးကို အရင်ပို့ရပါမယ်။ ပြီးမှ မောင်မင်းမောင်ရဲ့အမေကို အခြေအနေကြည့်ပြီး ဦးလေးကို အပေးခိုင်းရင် အဆင်ပြေနိုင်ကောင်း ပါတယ်။ သားဆိုတဲ့ချစ်ခြင်းနဲ့ သင်္ကန်းဝတ်ထားတဲ့ သားဓါတ်ပုံကို ကြည့်ပြီး တစ်နေ့နေ့တစ်ချိန်ချိန် အမေ့ရဲ့စိတ်ထဲ ကြည်ညိုတဲ့ ကုသိုလ်စိတ်လေးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဗုဒ္ဓဘာသာဝင်မဟုတ်ပေမဲ့ အမေ့စိတ်ထဲ ကုသိုလ်စိတ်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။
ဒီလိုနည်းနဲ့ကုသိုလ်စိတ်ဖြစ်အောင် ဆောင်ရွက်ပေးသွားမယ်ဆိုရင် ကျေးဇူးဆပ်ရာရောက်ပါတယ်။ ဘာကြောင့်ဆိုရင် အမိအဘကို ပုခုံးပေါ်တင်ပြီး ထမင်းခွံ့ကျွေး၊ ကျင်ကြီး၊ကျင်ငယ်တွေကိုလဲသုတ်သင်ပေးလို့ အနှစ်တစ်ရာကြာအောင် ပြုစုစောင့်ရှောက်ပေးဦးတော့ ကျေးဇူးဆပ်တယ်လို့ မခေါ်သေးဘူး။ ဒါန၊သီလ၊ဘာဝနာကုသိုလ်မရှိတဲ့ အမိအဘများကို ဒါနကုသိုလ်၊ သီလကုသိုလ်၊ဘာဝနာကုသိုလ်များ ရရှိအောင် စွမ်းဆောင်ပေးနိုင်လို့ အမိအဘများမှာ ကုသိုလ်စိတ်ဖြစ်တယ်ဆိုရင် အမိအဘကို ကျေးဇူးဆပ်ရာရောက်တယ် ဆိုတာပြောရင်း…. အမိအဘကို အမြတ်ဆုံးကျေးဇူးဆပ်နိုင်တဲ့ သားကောင်းသမီးမြတ်များဖြစ်ကြပါစေ……..
၁၈.၆.၂၀၁၁၊ နံနက် ၁၀နာရီ ၁၀မိနစ်

Wednesday, June 22, 2011

“လေးနေရင် ဖွကြည့်လိုက်”



“လေးနေရင် ဖွကြည့်

“အိုခြင်းရဲ့အလှ” “ဘယ်ကျောင်းနေမလဲ မောင်ရေခဲ” ဆောင်းပါလေးတွေ ဖတ်ပြီး တောင်စွန်း ဓမ္မဘေရီဆရာတော်ရဲ့ ဆောင်းပါးလေးတွေ တင်ပေးပါအုံးလို့ မကြာခဏ တောင်းဆိုနေကြတဲ့ စာချစ်ပရိသတ်များအတွက် အခုမှရေးတဲ့ ဆောင်းပါး အသစ်လေး ပါ။


လောက ထဲမှာနေကြလို့ ကောင်း ဆိုး နှစ်တန် လောကဓံ တရားတွေနဲ့ ရင်ဆိုင် နေရသူများအတွက် လောကဓံတရားကို ရင်ဆိုင်ရဲဘို့ နှစ်လုံးသွင်း ဆင်ခြင် အသိပွါး သတိထား စရာလေးတွေကို ဓမ္မဘေရီ ဆရာတော်က ဘုရားရှင်ရဲ့ မိန့်မှာချက်များနဲ့ အတူ လောက ဓမ္မနှင့် ဟန်ချက် ညီညီ တင်ပြထားပြီး လက်တွေ့ဘဝတွင် လင်းကနဲ လက်ကနဲ နားလည်နိုင်အောင် ရေးသားထားတဲ့ စိတ်ဝင်စားစရာ မှတ်သားဖွယ်ရာ ဆောင်းပါးကောင်းလေးမို့ မေတ္တာဥယျာဉ်ကနေ ဓမ္မဒါန ပြုလိုက်ပါတယ်....။


ရင်းနှီးတဲ့ တပည့်မိသားစုမှာ တစ်ဦးတည်းရှိတဲ့ သားကလေး မမျှော်လင့်ပဲ ရုတ်တရက် ဆုံးပါးသွားကြလို့ အတော်ကို ယူကျုံးမရ ဖြစ်ကြရရှာပါတယ်။ ဖြစ်တဲ့အချိန်မှာတော့ မိမိက ခရီးထွက်နေလို့ မရောက်ဖြစ်ဘူး၊ အဝေးကပဲ ဖုန်းနဲ့နှစ်သိမ့်စကား အနည်း အပါး ပြောလိုက်ပါတယ်။ တစ်ခုတော့ အလေးအနက် သတိပေးလိုက်ပါတယ်။ “ အေး..ဝမ်းနည်းပူဆွေးဖို့ အကောင်းဆုံး ကိစ္စမျိုးနဲ့ ကြုံရတာကို “ဝမ်းနည်းမနေပါနဲ့”လို့ ဘယ်သူမှ မပိတ်ပင်သင့်တဲ့ ကိစ္စဖြစ်လို့ငါလဲ မပိတ်ပင်ချင်ဘူး၊ မင်းတို့ သတိပြုရမှာကတော့ ဝမ်းနည်းကြေကွဲရတာကို ရင်ထဲမှာ မျိုသိပ်မထား မိပါစေနဲ့၊ ငိုချင်လာရင် မျက်ရည်ထွက်အောင် ငိုပစ်လိုက်၊ မကျေနပ်သေးရင် အသံထွက်ပြီး ငိုပစ်ကြပါ။ နောက်ဆုံး “ငိုကြည့်တော့လဲဘာမှမထူးပါလား” လို့ ကိုယ်တိုင်ကျေကျေ နပ်နပ်သဘောပေါက်လာတဲ့အထိ ငိုကြနော်”လို့။ရက်လည်နေ့ မှာတော့ မိမိလဲ ရောက်ခဲ့ပါတယ်၊ သူတို့မျက်နှာကြည့်ရတာ သောက ထုထည်တယ်ပါးသေးပုံ မပေါ်တဲ့အတွက် ဘာမှအထွေအထူး မပြောဖြစ်ပါဘူး၊ သာမန်လုပ်ရိုးလုပ်စဉ်ပဲ လုပ်ပေးခဲ့တယ်။


တစ်လပြည့်တဲ့နေ့မှာတော့ “ သောက တနုကဘာဝံ ဉတွာ = သောကပါးလောက်တဲ့ အခြေအနေကို သိပြီးတော့ ” ဆိုတဲ့ ဋီကာ အရှင်မြတ်တို့ မှာကြားချက်အတိုင်း ပြောသင့်တာလေးတွေကို ပြောပေးခဲ့ပါတယ်။ အခု အဲဒီမှာ ပြောခဲ့ တာလေးတွေကို အများလဲ သိရှိ စဉ်းစားကြစေလိုတဲ့အတွက် ပြန်ပြောလိုက်ပါတယ်။အေးအေး ဆေးဆေးလေး တွေးကြည့်မယ်ဆိုရင်တော့ တကယ့်ကို ဘာမှအထူးအဆန်း မဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ဖို့ လပိုင်းအလိုလောက်မှာ အရှင်အာနန္ဒာမထေရ်ကို မိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံ ခေါပနေတံအာနန္ဒ ယံ မနုဿဘူတော ကာလံ ကရေယျ = အာနန္ဒရဲ့ မွေးဖွားလာသူတိုင်းအတွက် ဒီသေခြင်းတရား ဆိုတာက ဘာမှ အဆန်းမဟုတ်ပါဘူး” ဆိုတဲ့ စကားအတိုင်းပါပဲ။ဒါကလဲ တကယ်ကို အေးအေးဆေးဆေး စဉ်းစားနိုင်ရင်သာ ဒီသဘောမျိုးကို လက်ခံနိုင်တာနော်၊ ခုလို သွေးပူကြုံမှ ထပြီး စဉ်းစား ရင်တော့ အတော့်ကို ဆန်းနေသလိုကြီးပဲ။ ဆန်းသမ ဒီအဖြစ်အပျက်မျိုးက ကိုယ်တစ်ဦးတည်းမှာမှ ကွက်ပြီးကြုံရသလားလို့ ထင်မှား မိလောက်အောင်ကို ဆန်းနေကြတယ် မဟုတ်လား။


ဒါဟာ တကယ်တမ်းကတော့ ဘာကြောင့်မှ မဟုတ်ဘူး၊ ဘာမှ ရေရေရာရာ မသိနိုင်တဲ့ ကံတရားကြီးကို တကယ်ရေရာ သေချာတဲ့ အားကိုး စရာကြီး လို ပုံပြီးယုံမိကြလို့ပဲ။တို့လူစုကလဲ ဘယ်လောက်များ ကံကို ပုံအပ်မိလိုက်သလဲဆိုရင် “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ” လို့တောင် ဆိုလိုက်ကြသေး မို့လား။ ကိုယ့်အမိအဖလို ကိုယ့်အပေါ်မှာ ညှာတာမှု ထောက်ထားမှု မရှိတဲ့ကံကို မိဘလို သဘော ထားပြီး အယုံလွန်၊ အပုံလွန်ကြလို့ လဲ ခုလို ကြုံရတဲ့အခါကတော့ “တို့ထင်သလို မဟုတ်ရလေခြင်း” ဆိုပြီး ငိုကျွေးတာ တို့ ပူဆွေးတာတို့တွေ ဖြစ်ကြရတာပေါ့။အမှန်ကတော့ ကံဆိုတာ မိဘလဲမဟုတ်၊ ဆွေးမျိုးလဲ မဟုတ်ပါဘူး၊ သူ့နယ်ပယ်ထဲက မလွန်ဆန်နိုင်သူအားလုံးကို သူ့နိယာမအတိုင်း သူလုပ်နေတာပါ။ ဒါပေမယ့် တို့တတွေကတော့ လူ့ပြည်သားတွေပီပီ နိယာမတရားရုံးတော်ကိုလဲ လူ့ပြည်က ရုံးတွေလို သဘောထားမိကြပုံ ရပါတယ်။ တစ်ခါတစ်လေတော့လဲ ကံကို ကိုယ့်အတွက် မျက်နှာသာရ အောင် လျှောက်လဲပေး တဲ့ ရှေ့နေ လို မြင်ကြတာလဲရှိရဲ့။


တစ်ခါတစ်လေတော့လဲ ကိုယ့်ကိုမှ တမင်ရန်ငြိုးဖွဲ့ပြီး ဆွဲချလို ဒုက္ခပေး တယ်လို့ ထင်တတ်ကြတာ လဲ ရှိရဲ့ပေါ့။ တကယ်တော့ “ကံ” ဆိုတာ တကယ့်ကိုမှ လာဘ်မစား ဘက်မလိုက်တဲ့ ဓမ္မနိယာမ တရားသူကြီး သက်သက်ပါ။ အခုကာယကံရှင်တွေဆိုရင်ပဲ အခုကြုံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကံတရားကို ဆွဲချကြီးလို မြင်နေကြတယ် မဟုတ်လား။အဲဒါဘာကြောင့်လဲ၊ ဒါကိုနည်းနည်းစဉ်းစားကြည့်ကြရအောင်။ အမှန်ကတော့ တို့တတွေအားလုံး ကံရဲ့အုပ်ချုပ်မှု နယ်ပယ်ထဲက လွတ်အောင် မရုန်းနိုင်ကြသေးတာကတော့ အဓိကအကြောင်းရင်းပေါ့လေး။ ဒီထက်ပို ဆိုးတာကတော့ တို့ရဲ့ “အတ္တ” လို့ ခေါ်တဲ့ “ငါ” ဆိုတဲ့ အစွဲပါပဲ။ ကံရဲ့ ပိုင်နက်ထဲမှာနေပြီး ကံပိုင်တဲ့ အရာတွေကို “ငါ ပိုင်တယ်”လို့ စွဲယူထားမိကြတယ်မဟုတ်လား။ သိတဲ့အတိုင်းပဲ ဘယ်သူမဆို “ငါ” လို့ ထင်မှတ်ထားတဲ့ ဧရိယာက အလွန်ကျဉ်း တတ်ကြတာ ဓမ္မတာပဲ။ ဧရိယာကသာ ကျဉ်းပေမယ့် ငါပိုင်ဆိုင်တယ် လို့ စွဲလမ်းထားတဲ့ အရာတွေ ကတော့ ဘယ်သူမှ မနည်းကြဘူးလေ။ဒီဧရိယာ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာ စွဲလမ်းစရာတွေကို “ မဆန့်မပြဲ” လို့ ဆိုရလောက်အောင် သိုလှောင် ထားတဲ့အတွက် စွဲလမ်းထားတဲ့အရာတိုင်းဟာလဲ အဆမတန်ကို သိပ်သည်းပြီး အရာရာတိုင်းဟာ လေးလံနေကြ တာပါ။


လူနဲ့လူချင်းက ဘာမှမထူးခြားပေမယ့် အဲဒီလူဟာ ငါ့သား၊ ငါ့မယား၊ ငါ့မိဘ၊ ငါ့ဆွေမျိုးဆိုပြီး ငါဆိုတဲ့ဘောင်ထဲ ထိုးသိပ်လိုက်တဲ့ အခါကျတော့ ငါရဲ့ဘောင်ထဲမှာ ရှိနေတဲ့ လူနည်းစုကလေးက အပြင်မှာရှိနေတဲ့ လူတွေအားလုံးထက် ပိုပြီးလေးသလို ခံစားရမှာပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တ(ငါ)ရဲ့ ဘောင်ထဲက လူက ကျဉ်းမြောင်းသိပ်သည်း သွားတော့တာကိုး။ဥပမာ - ခဲ တစ်ပိဿာနဲ့ မှို့တစ်ပိဿာဆိုပါတော့၊ ချိန်ခွင်ထဲထည့်ပြီး ချိန်ကြည့်ရင်တော့ အလေးချိန်ချင်းက အတူတူပါပဲ။ ဒါပေမယ့် ကိုင်ကြည့် မçကြည့်မယ်ဆိုရင်တော့ ခဲတစ်ပိဿာက လေးသလို ဖြစ်နေမယ်မဟုတ်လား။ဟောပြောပွဲတစ်ခုမှာ ဟောသူနာသူ အမေးအဖြေ အစီအစဉ်ပါတော့ ဆရာကြီးဒေါက်တာသန်းထွန်းဖြေရမယ့် အလှည့်မှာ မေးသူက “ဆရာကြီးခင်ဗျား - ခဲတစ်ပိဿာနဲ့ မှို့တစ်ပိဿာ ဘယ်ဟာက ပိုလေးပါသလဲ” ဆိုပြီးမေးတယ်။ ဆရာကြီးက “ အဲဒါ မင်းကိုယ်တိုင် တကယ်သိချင်ရင် အဲဒီပစ္စည်းနှစ်မျိုးကို အပေါ်မြှောက်ပြီး အောက်ကနေ ခေါင်းနဲ့ ခံကြည့် လိုက်လေ”လို့ ဖြေသွား ဖူးတယ်။ အလေးချိန်ချင်း တူပေမယ့် ကိုယ့်အပေါ်သက်ရောက်လာတဲ့အခါမှာတော့ သိပ်သည်းတဲ့ အရာက ပိုပြီးလေးလံသလို ခံစားရတာပေါ့။


အဲဒီအတိုင်းပါပဲ - လူချင်းတူပေမယ့် ငါဆိုတဲ့ အတ္တဘောင် ထဲမှာ ထည့်သိပ်စွဲလမ်းထားတဲ့ လူတွေနဲ့ ပတ်သက်လာရင် တခြားလူတွေ ထက် ပိုပြီး လေးလံသလို ခံစားရမှာပဲ။အခုလဲ ကံရဲ့ပိုင်နက်ထဲက ကံပိုင်လူသားလေးတစ်ဦးကို ကံက အသက်ရှင် နေထိုင်ခွင့် ကုန်ပြီလို့ သတ်မှတ်ခံ လိုက်ရ တဲ့အခါ၊ ဒီရန်ကုန်မြို့ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ လူပေါင်း ၇၀ ခန့်လောက် ဒီလိုပဲ ကံရဲ့ဆုံးဖြတ်ခြင်း ခံနေကြရတဲ့ ကိစ္စတွေက မှို့ထုပ် ကိုယ်ပေါ်ကျသလောက်ပဲဖြစ်ပြီး “ငါ့သား” လို့ သတ်မှတ်စွဲလမ်း သိမ်းပိုက်ထားတဲ့ ဒီလူလေး တစ်ယောက် ကျတော့ ခဲတစ် ပိဿာ ခေါင်းပေါ်ကျသလို ခံစားကြရတာမို့လား။ တစ်ပိဿာချင်း တူလျက်နဲ့ ဘာကြောင့် ထိချက်ချင်းမတူ ရသလဲ။ မြတ်စွာ ဘုရားဟောတော်မူတဲ့ “ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ = အတိုချုပ် ကတော့ ဥပါဒါန်နဲ့ စွဲလမ်းထားတဲ့ ခန္ဓာငါးပါးတို့ ဟာ ဒုက္ခပဲ” ဆိုတဲ့ စကားက ဒါကိုပြောတာပဲ။ အဲဒါသဘောပေါက် အောင် ဖြေးဖြေး စဉ်းစား ကြည့်ကြရမယ်။“ဒါဖြင့် “ခဲ” လို လေးလံဖိစီးနေတဲ့ ဒီဝန်ထုပ်ကြီးပေါ့သွားအောင် ဘယ်လိုလုပ်ရမလဲ” ဆိုရင်တော့ ခဲလို မလေးစေချင် ရင် မှို့လို ပွသွားအောင် “ ဖွပစ်လိုက်” လို့ပဲ ပြောရမှာပါ။


ဒီလို သဘောမျိုးကို မြတ်စွာဘုရားရှင်က လက်တွေ့ကျင့်သုံး ခိုင်းတဲ့ သာဓကတစ်ခု ပိဋကတ်တော်မှာ ရှိခဲ့ဘူးတယ်။ အတော်များ များ ကြားဖူးနားဝလည်း ရှိကြမယ်ထင်ပါတယ်။“ကိသာဂေါတမီ” ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းလေ။ဒီမိန်းကလေးက မျိုးရိုးစဉ်ဆက်အရတော့ သူဋ္ဌေးမျိုးပါပဲ၊ သူ့မိဘများ လက်ထက်ရောက်တော့ စီးပွားပျက်ပြီး ဆင်းရဲနေကြလို့ သူလည်း ဆင်းရဲသူမလေး ဖြစ်နေတာပေါ့။ သူတို့နဲ့ တစ်မြို့ထဲနေတဲ့ သူဋ္ဌေးကြီးမှာလည်း ကမ္မဇိဒ္ဓိ ကုန် ချိန်ရောက်တော့ ဘဏ္ဍာတိုက်မှာ သိုလှောင်ထားတဲ့ ရွှေတွေက မီးသွေးတွေလို ဖြစ်သွားတယ်။ မိတ်ဆွေများရဲ့ အကြံပေးချက်အရ အဲဒီမီးသွေးတွေလို ဖြစ်နေ တဲ့ ရွှေတွေကို အိမ်ရှေ့မှာ ဈေးခင်းသလို ဖြန့်ထားတယ်။“ဒီပစ္စည်းတွေ ထိုက်တန်အောင် ဘုန်းကံ ရှိသူ တစ်ဦးဦးက မြင်တဲ့အခါမှာ မူလပကတိအတိုင်း ရွှေတွေအဖြစ်နဲ့ မြင်လိမ့်မယ်၊ အဲဒီအခါမှာ ဒီပစ္စည်းတွေကို သူ့လက်နဲ့ အထိခိုင်းလိုက်ရင် ရွှေတွေပဲ ပြန်ဖြစ်လိမ့်မယ်။ ပြီးရင်တော့ ယောကျာ်းဆိုရင်လည်း သမက်တော်လိုက်၊ မိန်းမဆိုရင်လည်း ချွေးမတော်လိုက်ပေါ့” ဆိုတဲ့ မိတ်ဆွေများရဲ့ အကြံပေးချက်အရ ဘုန်းကံရှိသူကို မျှော်လင့်နေ တာ။တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီသူဋ္ဌေးကြီးအိမ်ရှေ့ ကိသာဂေါတမီဆိုတဲ့ မိန်းကလေး ရောက်သွားတဲ့အခါမှာတော့ မိန်းကလေးက “အဘတို့ ဘာဖြစ်လို့ ရွှေတွေကို အိမ်ရှေ့မှာ မီးသွေးဈေးခင်းသလို ထုတ်ထားရတာလဲ” လို့ မေးလိုက်တော့ “ ဘယ်မှာလဲ ရွှေတွေ၊ ကိုင်ပြစမ်းပါ” ဆိုပြီး တိုက်တွန်းလိုက်တယ်။ မိန်းကလေးရဲ့ လက်နဲ့လည်း ကိုင်လိုက်ရော ရွှေတွေ ဖြစ်သွားတော့ သူ့သားနဲ့ လက်ထပ်ပေးပြီး ချွေး မတော်လိုက်လို့ သူဋ္ဌေးချွေးမဖြစ်သွားခဲ့တာ။“လွယ်လှချည်းလား” လို့ မထင်လိုက်နဲ့၊ ဒါဟာ မဇ္ဈိမဒေသရဲ့ ဓလေ့ထုံးတမ်းကို သိထားမှ ပိုသဘောပေါက်မှာ၊ အဲဒီမှာ မိန်းကလေး တစ်ယောက် လူရာဝင်ရေးက တကယ့်ကို “ယောကျာ်း သနားမှ မိန်းမလူရာဝင်”ရတဲ့ ဘဝမျိုး။


ဒါကြောင့် ဒကာမကြီး လူထုဒေါ် အမာက တောင် သူ့စာတစ်ပုဒ် (အမေရှေးစကား ထင်ပါတယ်) ထဲမှာ “သားကို သခင်၊ လင်ကို ဘုရား” လိုသဘောထား ကိုးကွယ်နိုင်မှ မိန်းကလေးများ လူရာဝင်ခွင့်ရတဲ့ နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ ကျွန်မတို့ မြန်မာပြည်က မိန်းကလေးတွေ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အား ကိုယ်ကိုးပြီး လူရာဝင်ခွင့်ရကြတာဟာ မြန်မာလူမျိုးတို့ရဲ့ ထူးခြားချက်ပဲ” ဆိုတဲ့ အကြောင်းရေးထားတာ ဖတ်ရဖူးတယ်။ကဲ ထားပါတော့ ဒီလိုနဲ့ ကိသာဂေါတမီဟာ သူဋ္ဌေးသားကတော်ဖြစ်သွားရော ဆိုပါတော့။ သူ့ခင်ပွန်းသည်မှာ သူ့အရင်က ထိမ်းမြားလက်ထပ်ထားတဲ့ မယားတွေလဲ ရှိသေးတယ်။ သူတို့က သားဦးမဖွားဖြစ်ကြတဲ့အတွက် အရိုက်အရာ ခံမရှိလို့ “ကတော်” စာရင်းအသွင်းမခံရဘူး၊ အလုပ်အကျွေး ကိုယ်လုပ်မောင်းမဆိုတဲ့ အဆင့်လောက်ပဲ သတ်မှတ်ခံကြရတာ။ကိသာဂေါတမီ ရောက်ခါစမှာတော့ တခြားကျေးကျွန်အခြွေအရံတွေကလဲ ဘာမှအထင်မကြီးကြဘူး။


“ဆင်းရဲသူမက ခုမှ သူဋ္ဌေးအိမ်ရောက်လာပြီး စည်းစိမ်တွေခံစားနေရတာ” ဆိုတဲ့ သဘောနဲ့ မလေးမစား စောင်းမြောင်းညူစူ သဘောမျိုးတွေနဲ့ ဆက်ဆံကြ တာပေါ့။ အချိန်တန်လို့ ကိသာဂေါတမီမှာ သားဦးရတနာလေးရတော့မှ အရိုက်အရာ ခံရပြီဆိုပြီး ကိသာဂေါတမီကို သူဋ္ဌေးကတော် အဖြစ်နဲ့လဲ အသိအမှတ်ပြုလိုက်ရော အိမ်မှာရှိတဲ့ အလုပ်အကြွေး ကိုယ်လုပ် မောင်း မ တွေရော ကျေးကျွန် အခြွေ အရံတွေ ကပါ “ဖူးဖူးမှုတ်၊ ပြားပြားဝပ်”ဆိုသလို ရိုသေလေးစား လာကြတာ။ မရိုသေလို့လဲ မဖြစ်ဘူးလေ သူကတစ်ချိန်မှာ အိမ်ကြီးရှင် သူဋ္ဌေး ကတော်ကြီးဖြစ်မှာဆိုတော့ ကျန်တဲ့ အခြွေအရံတွေရဲ့ ကံကြမ္မာက သူ့အပေါ်မှာ တည်နေတော့မှာကိုး။ဒါကြောင့် ကိသာဂေါတမီအတွက် ဒီသားလေးဟာ သူ့ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်ကို ဆုံးဖြတ်ပေးမယ့် တကယ့်ကိုယ်ပွား ကလေးဖြစ်နေတယ်။ အဲဒီလိုနဲ့ သားရဲ့အရှိန်အဝါနဲ့ ကိသာဂေါတမီရဲ့ တန်ခိုးအာဏာတက် နေစဉ်မှာပဲ ရုတ်တရက် သားကလေး ဆုံးပါးသွားတာ။ ဒါဟာ ကိသာဂေါတမီအတွက် သားတစ်ယောက်သာ ဆုံးပါးသွားတာမဟုတ်ဘူး။


သူ့ဘဝတစ်ခုလုံး ဆုံးပါးသွားရတာပါ။ သူရဲ့အရှိန်အဝါ တန်ခိုးအာဏာ ကံကြမ္မာတွေက ဒီသားလေးနဲ့ပဲ တွဲနေတာ။ သားကလေး မရှိတော့ရင် အရိုက်အရာခံမရှိတော့ဘူး၊ အရိုက်အရာခံမရှိတော့ရင် သူလဲအိမ်ကြီးရှင်မ မဖြစ်နိုင် တော့ဘူးလေ။ဒါကြောင့် ကိသာဂေါတမီဟာ “သားရောဘဝပါ ဆုံးရှုံးရပါပေါ့ကလား” ဆိုပြီး သွေးရူးသွေးတန်းကို ဖြစ်သွား တော့တာ။ ဘာမှကို ဆောက်တည်ရာ မရနိုင်တော့ဘူး။ သားသေကိုရင်မှာ ပိုက်ပြီး “ကျွန်မသားလေးကို ရှင်အောင် လုပ်ပေးကြပါ” ဆိုပြီး လမ်းစုံ အော်ဟစ်ပြေးနေတော့တာ။ နောက်ဆုံးမှာ အကြင်နာတရားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက “ဂေါတမီ နင့်ဒုက္ခကို ကယ်နိုင်မှာဆို လို့ ဂေါတမမြတ်စွာဘုရားပဲ ရှိတယ်၊ ဘုရားရှိရာ ဇေတဝန် ကျောင်းကိုသာ သွားပေရော့” ဆိုပြီးညွှန်လိုက်လို့ ဘုရားရှင်ဆီရောက် လာတာ။ဘုရားရှင်က အခြေအနေ အရပ်ရပ်ကို သိလိုက်ပြီး တကယ်လို့သာ “ဟဲ့ - နင့်သားက သေနေပြီပဲဟာ၊ သေသူကို ရှင်အောင်ကုလို့ ဘယ်မှာရတော့မှာလဲ” ဆိုပြီး တည့်တိုးကြီးသာ ပြောချလိုက်ရင် အဲဒီနေရာမှာ ကိသာဂေါတမီဟာ တစ်ခါတည်း အရုပ်ကြိုးပြတ် လိုဖြစ်ပြီး တကယ်ကို ဘဝဆုံးသွားမှာမလွဲဘူး။မဟာကရုဏာရှင်ဖြစ်တော်မူတဲ့ ဘုရားရှင်က ဒီအခြေအနေအားလုံးကို သိရှိတော်မူတဲ့အတွက် သားသေ အကြောင်းကို ဘာမှ မပြောဘဲ “ချစ်သမီး ဂေါတမီ ... နှမ်းတစ်ဆုပ်ရှာခဲ့ပါ ၊ အဲဒီနှမ်းဟာ သား၊ သမီး၊ မိဘ၊ မောင်ဘွား စသည်တစ်ဦးမှ မသေဆုံးဖူးတဲ့ အိမ် ကတော့ ဖြစ်ပါစေ” လို့ မိန့်ကြားလိုက်ပါတယ်။ဘုရားရှင် မိန့်ကြားတဲ့အထဲမှာ “အဲဒီနှမ်းတစ်ဆုပ်ရရင် သေနေတဲ့သားကို ရှင်အောင်လုပ်ပေးမယ်” ဆိုတဲ့ စကားတော့ မပါပါဘူး။


ဘုရားရှင်တို့မည်သည် ဘယ်လိုအကြောင်းကြောင့်မှ မုသားစကားကိုတော့ မပြောပါဘူး။ ဒါပေမယ့် ကိသာဂေါတမီကတော့ ဒါဟာသူ့သားနဲ့ သူ့အတွက်ဧရာမ မျှော်လင့်ချက်ကြီးပဲလို့ ခံယူပြီး ချက်ချင်းပဲ နှမ်းရှာ လှည့်လည် တော့တယ်။သူတောင်းတာကို အိမ်တိုင်းကပဲ ကြည်ကြည်ဖြူဖြူ ပေးပါတယ်။ သို့သော် အိမ်တိုင်းမှာ သေခြင်းနဲ့က မကင်းကြလို့ ကိသာဂေါတမီ မယူခဲ့ရဘူး။ပထမတစ်အိမ် အဖသေသတဲ့ ၊ ဒီလောက်နဲ့တော့ မမှုသေးဘူး “သူတို့မှာက အဖေသေတာ၊ ငါ့မှာက သား၊ ဘာဆိုင် လဲပေါ့” နောက်တစ်အိမ် အမိသေသတဲ့။ ကိသာဂေါတမီ နည်းနည်းတွေသွားပြီ။ နောက်တစ်အိမ် မနေ့တစ်နေ့ကမှ သမီးလေးသေ သွားသတဲ့။ ဒီတစ်အိမ်ရောက်အပြီးမှာတော့ ကိသာဂေါတမီရဲ့ “ငါ့မှာသာ” ဆိုတဲ့ အတ္တလှောင်အိမ်က အတော်လေး လှုပ်ခါ သွားပြီ။ နောက်တစ်အိမ် သားကလေးသေဆုံးလို့ ဒီနေ့မှ သင်္ဂြိုလ်ခဲ့ရတာ ဆိုတဲ့ အသံလဲကြား လိုက်ရော ကိသာဂေါတမီရဲ့ အတ္တလှောင်အိမ် တစ်ခါတည်းပွင့်ထွက်သွားတော့တယ်။ လှောင်အိမ်ပွင့်သွားပြီဆိုတော့ လှောင်ထားခဲ့မိတဲ့ “ ငါ့သားမှာသာ ဒီအဖြစ်မျိုး နဲ့ ကြုံရလေခြင်း” ဆိုတဲ့ အထင်မှားတွေလဲ တစ်ခါတည်း လွင့်စဉ်ပြန့် ကျဲပြီး သိပ်သည်းဆတွေအားလုံး ပျက်သွားတော့ တယ်။


မြတ်ဗုဒ္ဓရဲ့ ရည်ရွယ်ချက်ကလဲ ဒီလိုပျက်ပြယ်çပြန့်ပွသွားစေဖို့ပဲ အိမ်ပေါက်စေ့မှာ လိုက်လံကျဲဖြန့်ပြီး အဖွခိုင်းလိုက်တာပါ။ အတ္တလှောင်အိမ်ကျိုးပျက်ပြီး ဥပါဒါန်တွေ ဖြန့်ပွသွားတာနဲ့အမျှ လေးလံမှုတွေလဲ လျော့သွား တာပေါ့။လေးလံမှုတွေလျော့သွားတာနဲ့အမျှ ဆင်ခြင်တုံတရားတွေ၊ သတိတရား အသိတရားတွေကလဲ နေရာယူလို့ ရလာတော့တာပေါ့၊ “ အော် ... သေခြင်းဆိုတာ ငါ့တစ်အိမ်တည်းမှာ၊ ငါ့သားတစ်ယောက်မှာသာ ကြုံရတဲ့ အရာ မဟုတ်ဘူး၊“မွေးဖွား၊ ရှင်သန်နေထိုင်ကြတဲ့သူတွေ အားလုံးနဲ့ဆိုင်တဲ့ ဘုံဆိုင် ဓမ္မတာတရား တစ်ခုပါလား” ဆိုတာကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့ အခါမှာတော့ နှမ်းရှာတဲ့ ခရီးကိုအဆုံးသတ်လိုက်ပြီး မြို့ပြင်ကိုထွက်လာခဲ့တယ်။ သုဿာန်မှာ သားသေကို သင်္ဂြိုဟ်ပြီးတော့မှ ဘုရားရှင်ထံမှောက် ပြန်ရောက်လာတယ်။ “ ဘယ်နှယ်လဲ ချစ်သမီး ... နှမ်းရခဲ့သလား” လို့ဘုရားရှင် က မေးတဲ့အခါ မှာတော့ “ တပည့်တော်အတွက် နှမ်းမလိုအပ်တော့ပါဘုရား၊


အရှင်ဘုရား ဟောမြွက်မယ့်တရားဓမ္မကိုသာ အလိုရှိပါတယ်” ဆိုတော့မှ “ သောကပါးပြီ၊ ဆောက်တည်ရာရပြီ” ဆိုတာကို သိတော်မူလို့ ဘုရားရှင်က တရားဓမ္မ ဟောကြား ပေးတဲ့ အခါ တရားအသိတွေရ ပြီး နောက်ဆုံးတော့ ကိသာဂေါတမီ ရဟန္တာထေရီမကြီး ဖြစ်သွားခဲ့ပါတယ်။ဟုတ်ပါတယ်။ “ငါ့မှာသာ” ဆိုတဲ့ အတ္တလှောင်အိမ်ထဲမှာ ထည့်ပြီး သိပ်သည်းအောင် စွဲလမ်းထားကြလို့သာလေး နေတာပါ။ အားလုံးနဲ့ မျှဖြန့်ပြီး ကြည့်လိုက်ရင်တော့ “အတ္တ” ဆိုတဲ့ ဘောင်ဟာ အထင်သက်သက်ပဲဆိုတာ သဘောပေါက်ပြီး ပွင့်သွားမှာပါ။ကျဉ်းမြောင်းတဲ့ အတ္တဘောင် ပွင့်ပျက်သွားပြီဆိုတာနဲ့ လှောင်ပိတ်မိပြီး သိပ်သည်းနေတဲ့ စွဲလမ်းစရာတွေ အားလုံး ဟာလဲ ပြန့်ပွပြီး နောက်ဆုံးတော့ ပျက်ပြယ်ပျောက်လွင့်သွားရစမြဲပါပဲ။ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့စကားထဲက အတိုင်းပြော ရမယ်ဆိုရင် အတ္တဘောင်ကို မဖျက်ဘဲ ဒီအတိုင်းကြည့်တာနဲ့ အတ္တဘောင်ကို ဖျက်ပြီး ဖွကြည့်တာဟာ “သေဆုံးခြင်း”ဆိုတဲ့ ချိန်ခွင်ထဲမှာ ထည့်ချိန်ကြည့်ရင်တော့ “သေတယ်” ဆိုတဲ့ အလေးချိန်ချင်းက အတူတူပဲလို့ ဆိုနိုင်ပေမယ့်ဖွကြည့်လိုက်တဲ့အခါ ခဲတစ်ပိဿာ လိုကနေ မှို့တစ်ပိဿာလို အဖြစ်မျိုးပြောင်းလဲ သွားတယ်လို့လဲ ဆိုနိုင်တာပေါ့။


အဲဒါပါပဲ၊ ကိသာဂေါတမီရဲ့ ဖြစ်ရပ်မှာတော့ မြတ်ဗုဒ္ဓက ကိသာဂေါတမီရဲ့ သောကတွေကို အိမ်ပေါက်စေ့ လှည့်လည်ပြီး “ဖြန့်ဖွကြည့်လိုက်” လို့ ခိုင်းတဲ့သဘောပေါ့။ ဒီသဘောမျိုးကို တိပိဋကဓရ မင်းကွန်းဆရာတော် ဘုရားကြီးကတော့ “မကျေနပ်ရင် ငုံ့ကြည့်လိုက်ပါ” တဲ့။ ငုံ့ကြည့်လိုက်တဲ့အခါ ကိုယ့်ထက် အဖြစ်ဆိုးသူတွေ၊ အခြေအနေဆိုးသူတွေကိုတွေ့မြင်လိုက်ရတော့ ကိုယ်က သူတို့နဲ့ စာရင် “ငါ့ အဖြစ်က တော်သေးရဲ့”ဆိုတဲ့ အသိနဲ့ အလိုလို အထက်မှာ ရောက်နေပြီပေါ့။ သူတို့ရဲ့ အထက်မှာ ရောက်နေ ပြီဆိုကတည်းက သူတို့ထက်ပေါ့သွားပြီပေါ့။ ဒီလို ပေါ့သွားတာဟာ ကိုယ့်ရဲ့ အတ္တဘောင်ကျိုး၊ ပေါက်၊ ပွ၊ ပြန့် သွားလို့ပါပဲ။ဆရာတော်ကြီးက ဆက်ပြီး မိန့်ကြားတာလဲရှိသေးတယ် “သိပ်ပြီး ကျေနပ်နေရင်လဲ မော့ကြည့်လိုက်ပါ”တဲ့။


အထက်ကို မော့ကြည့်လိုက်တော့ “ငါဟာ ဘာမှ မဟုတ်သေးပါလား”ဆိုတာကို သိမြင်ပြီး အတ္တဘောင်ထဲမှာ သိုလှောင် ထားမိတဲ့ မာနတွေ အာဃာတတွေလဲ ပွပြန့်လွင့်ပျယ်ပြီး ပေါ့ပါးပါးဖြစ်သွားမှာပါ။ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုလေးလံတဲ့ ဒဏ်တွေပဲ ဖိစီးနေနေ “ငါ”ဆိုတဲ့ အတ္တဘောင်ကျိုးပျက်သွားအောင် ဖွ ၊ ဖြန့်ပြီးတော့သာ ကြည့်ပေး ပါ။ “ငါ” ဆိုတဲ့ ဘောင်ကျိုးပျက်သွားပြီဆိုရင်တော့ အရာအားလုံးဟာ အားလုံးရဲ့ ဘုံဆိုင်သဘာဝ နိယာမကြီး တစ်ခုအဖြစ် သိမြင်ပြီး ပေါ့သွားကြမှာ မလွဲပါဘူး။ မြန်မာစကားမှာ “ပွပွရွရွ၊ ပေါ့ပေါ့ပါးပါး” ဆိုတာ ရှိသမို့လား။ဖွလိုက် ဖြန့်လိုက်ရင် ပွသွား ရွသွားမယ်၊ “ရွ” တယ်ဆိုတာ သိပ်သည်းဆတွေ ပျက်သွားတာပါပဲ၊ “ရွ”သွားပြီဆိုရင် ထုထည် ပမာဏကလဲ ပါးပါးလေးဖြစ်ပြီး “ပေါ့” သွားမယ်လို့ ဆိုလိုတဲ့ သဘောပါပဲ။တိုတောင်းးတဲ့ ဘဝမှာ ပေါ့ပါး လန်းးဆန်းးပြီးး အသိမှန် အမြင်မှန် ရကြပါစေ ...။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Tuesday, June 21, 2011

ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း



ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း



စစ်ပွဲတစ်ခုကို တိုက်ခိုက်ရသည်နှင့် ဘ၀တစ်ခုကိုရုန်းကန်ရသည်မှာ တူညီသည်ဟု ဆိုနိုင်ပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် စစ်ပွဲတိုင်းတွင် အရှုံးနှင့်အနိုင်ဟုရှိနေပြီး၊ ဘ၀တွင်လည်း အရှုံးနှင့်အနိုင်ဟု နည်းတူရှိနေသောကြောင့် ဖြစ်သည်၊၊


လူတို့သည် ဘ၀တွင်အနိုင်ရမှုကို လွန်စွာမြတ်နိုးသည်၊ အရှုံးကိုမူ မုန်းတီးစက်ဆုပ်တတ်ကြပြန်သည်၊၊ ဤသို့ဖြစ်ရခြင်းမှာ လူသည်အရှုံးနှင့်အနိုင်ကို မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ တပ်မက်သော စိတ်ကြောင့် ဖြစ်ရသည်၊၊


အရှုံးနှင့်အနိုင်ကို နှစ်သက်သည့်စိတ်အခြေခံရှိနေရကား မည်သည့်နေရာတွင်မဆို မည်သည့်နည်း နှင့်ဖြစ်ဖြစ် အနိုင်ရသည်ကို ကြံစီတွေးတောနေ တတ်ကြသည်၊၊ မိသားစုတွင်ဖြစ်စေ၊ သူငယ်ချင်းများ နှင့် ပေါင်းဖော်ရာတွင်ဖြစ်စေ၊ မိတ်ဆွေများနှင့် ဆက်ဆံရာတွင်ဖြစ်စေ မိမိအသာရသည် ကို ကျေနပ် လေ့ရှိသည်၊၊ အဆုံးစွန်အားဖြင့် မိဘနှင့်သားသမီးဆက်ဆံရာမှာပင် မိမိအနိုင်လိုချင်တတ်သည်၊၊

ညီကို မောင်နှမဆက်ဆံရေးတွင်ကား ပြောဖွယ်ပင်မလိုတော့ပေ၊၊


အမှန်စင်စစ် အရှုံးနှင့်အနိုင်ကို တပ်မက်သောစိတ်ရှိနေသမျှ လူသား၏ဘ၀တွင် ငြိမ်းအေးမှုကို မမျှော် လင့်နိုင်ချေ၊၊ အနိုင်ရမှုကိုအလိုရှိသဖြင့် အနိုင်ရနိုင်မည့်နည်းမျိုးစုံကိုအသုံးပြုရင်း ကောက်ကျစ်သည့် အခြေအနေများသို့လည်း များစွာရောက်ရှိသွားတတ်သေးသည်၊၊ နည်းမှားကိုအသုံးပြုလိုက်ရစေကာမူ သံသရာနှင့်လောကကို သိတတ်သည့်စိတ်တပိုင်းတစ်စကလည်း မိမိတွင်ရှိနေသေး၍ နောင်တရနေ တတ်ပြန်သည်၊၊


အနိုင်ကိုတပ်မက်လွန်းသောစိတ်သည် မည်သည့်အရာကိုမဆို ပြုလုတ်ရန်ဝန်မလေးတတ်၊ ရက်စက် ၀ံ့သည်၊ ယုတ်မာဝံ့သည်၊ ကြင်နာပြတတ်သည်၊ ချစ်ခင်ဟန်လည်းဆောင်တတ်သေးသည်၊၊ ဤသို့ သောစိတ်အခြေခံများကို ရင်ထဲတွင်သိုလှောင်ထားသည့် အနိုင်ကိုတပ်မက်သူကိုယ်တိုင်၏ ရင်ထဲ၊ နှလုံးသားတွင်လည်း အေးချမ်းမှုမရှိ၊ အစဉ်ပူလောင်နေရတတ်သည်၊၊


မိမိဘ၀အတွက်အေးချမ်း၊ ငြိမ်သက်သည့် ဘ၀ထွက်ပေါက်ကိုရှာမှ ထွက်ပေါက်ပိတ်မိနေသူများပင် ဖြစ်ရတော့သည်၊၊ အရှုံးနှင့်အနိုင်ကိုတပ်မက်လွန်းသော [B]အတ္တဗဟိုရ်ပြုသူ[/B] တစ်စုံတစ်ယောက်ရှိနေ သောပတ်ဝန်းကျင်သည်လည်း ငြိမ်းချမ်းမှုအရသာကို မခံစားရ၊ အမြဲရှုပ်ထွေးနေရသည်၊၊


“ဓမ္မပဒ”တွင် အနိုင်+အရှုံးနှင့်ဆက်စပ်၍ ဗုဒ္ဓရှင်တော်မိန့်ကြားသော အဆိုအမိန့်တစ်ခုမှာ လွန်စွာထိ ရောက်ပြီး၊ တန်ဖိုးရှိလှသည်၊၊ သိပ်ခက်ခဲသည့်ပါဠိစာသားမဟုက်၍ မူရင်းပါဠိစာသားကို တင်ပြလိုက် ပါသည်၊၊

(မှတ်ချက်/ ပါဠိစာသားကို ဖတ်ရန်ခက်ခဲလျင် ဤပါဠိစာသားကို ကျော်ဖတ်လျင်လည်း စာတမ်း၏ ဆိုလိုချက်အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ပါသည်၊၊)



“ဇယံ ဝေရံ ပသoတိ၊ ဒုက္ခံ သေတိ ပရာဇိတော၊၊
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ၊၊”


ပါဠိဂါထာလေး၏ သဘောအဓိပ္ပါယ်ကို ဆွေးနွေးကြည့်ရအောင်ပါ၊၊
“စစ်ပွဲမှာ အနိုင်ရသူသည် နိုင်သည့် အတွက် ပျော်ရသည်၊ သို့သော် ရန်သူပိုများ လာသည်၊ မုန်းတီးသူပိုများလာသည်၊၊ စစ်ပွဲတွင် ရှုံးနိမ့်သွား လျင် စိတ်ဆင်းရဲရသည်၊၊ အနိုင်အရှုံးကို မတပ်မက်သောစိတ်ထားသည်သာ စင်စစ်ငြိမ်းအေးပြီး၊ ချမ်းသာရသည်၊၊”

စစ်ပွဲတစ်ခုတွင် အနိုင်ရသောအခါ မိမိဘက်ကနိုင်သည့်အတွက် ပျော်ရသည်ကားမှန်သည်၊ သို့သော် အရင်ကထက် မိမိကိုမုန်းတီးသူပိုများလာသည်၊ ရန်သူပိုများလာသည်မှာလည်း အမှန်ပင်ဖြစ်သည်၊၊ မုန်းတီးသူ၊ ရန်သူပိုများလာသောအခါ မိမိဘ၀သည် လုံခြုံမှုမရှိတော့ပေ၊ မိမိအပေါ်မကောင်းမြင်၍ အမနာပပြောသူလည်း ပိုများလာသည်၊၊ အိပ်ကောင်းတိုင်း မအိပ်ရ၊ စားကောင်းတိုင်းမစားရဘဲ၊
“ကျီး လန့်စာစားနေရသည့်ဘ၀”ဆိုသည်မှာ ဤဘ၀မျိုးဖြစ်သည်၊၊


ထိုသို့သောအခြေအနေတွင် မိမိသည်စိတ်ဓာတ်ရင့်ကျက်၍ ရပ်တည်နိုင်သူဖြစ်က အကြောင်းမဟုက်၊ စိတ်ဓာတ်ပျော့ညံ့သူဖြစ်နေပါမူ စိတ်ဆင်းရဲခြင်း ကြီးစွာ ခံစားရမည်ဖြစ်ပါသည်၊၊ မိမိအပေါ်တွင် အပေါ်၊ အောက်၊ ဘေးဝဲယာဒေါင့်မျိုးစုံမှတိုက်ခိုက်သူ၊ ထိုးနှက်သူများလာမည် ဖြစ်သည်၊၊


အနိုင်+အရှုံးကိုမတပ်မက်သည့် စိတ်ထားနူးညံ့သောသူများမှာမူ မည်သူ့အပေါ်တွင်မှ အနိုင်မရသည့် အတွက် မုန်းတီးသူမရှိ၊ ရန်သူမရှိတော့ပေ၊၊ ငြိမ်းအေးသောဘ၀ကို နေရာတိုင်းတွင်အနိုင်လိုချင်ပြီး၊ ထက်မြက်သူများထက် ဤကဲ့သို့စိတ်ထားရှိသူများသာ ရရှိတတ်သည်ကို [B]ဓမ္မပဒ[/B]အဆိုအမိန့်က သင်ပြ ထားပါသည်၊၊


အရှုံးအနိုင်ကို ထည့်တွက်မစဉ်းစားခြင်းမှာ စိတ်သဘောထားနူးညံ့ခြင်းကို ပြသခြင်းဖြစ်သည်၊၊ ကြာလာသည်နှင့်အမျှ စိတ်ထားနူးညံ့သူကို ပတ်ဝန်းကျင် ကနေရာပေးလာပြီး၊ ငြိမ်းအေးသောဘ၀ကို ကိုယ်တိုင်မဖန်တီးရဘဲ ရလာတတ်သည်ကို တွေ့ရသည်၊၊ စိတ်ထားနူးညံ့သူ၊ အေးဆေးတည်ငြိမ်သူ ရှိသော ပတ်ဝန်းကျင်သည်လည်း အေးချမ်းသည့်အခြေအနေကို ပိုင်ဆိုင်ရသည်၊၊


ဘ၀တွင်အေးအေးဆေးဆေးဖြင့်၊ အပူကိုမလိုချင်သောသူများစွာတို့သည် ထက်မြက်သူများထံမှာ ထက် နူးညံ့သူများအထံသို့ ချည်းကပ်လေ့ရှိကြသည်၊၊ ဤသို့ဖြင့် နူးညံ့သည့်စိတ်ထား နှလုံးသားပိုင် ရှင်များမှာ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးလျက်သားဖြစ်သွားတော့သည်၊၊


သဘာဝအားဖြင့် နေရာတိုင်းတွင်အသာလိုချင်သူများမှာ ထက်မြက်သူများဖြစ်နေတတ်သည်၊ သို့သော် အများကကြောက်လန့်သဖြင့် အထီးကျန်သူများ လည်း ဖြစ်ရပြန်သည်၊၊ တက္ကသိုလ်ဘုန်းနိုင်၏ [B]“သူငယ် ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်”
စာအုပ်ထဲတွင်“စိတ်ဓာတ်ကြီးသူများ၊ ထက်မြက်လွန်းသူများကို တစ်ခါ တရံ လောကကြီးက ပြောင်လှောင်တတ်ကြောင်း၊၊”ဖော်ပြထားသည် ကို လေ့လာရဘူးပါသည်၊၊


မှန်သည်၊၊ လောကကြီးတွင် လိုအပ်သမျှကို စိတ်ဓာတ်ကြီးကြီးဖြင့် ကြိုးစားသူများကို လောကကြီးက လွဲချော်မှုများ၊ ပျက်ရယ်ပြုမှုများဖြင့် နောင်ပြောင် ကြည်စားတတ်သည်ကို ပတ်ဝန်းကျင်အတွေ့အကြုံ များမှ သင်္ခန်းစာရမိသည်၊၊ သို့သော်အစဉ်တစိုက်ကြိုးစားသူများအတွက် လောကကြီးသည် ကြာကြာ မနောက်ပြောင်တတ်သည်ကိုလည်း တွေ့ရသည်၊၊


အထက်တွင်ဆွေးနွေးခဲ့သည(့်ဓမ္မပဒ)အဆိုအမိန့်လေး၏ နောက်ခံဇာတ်ကြောင်းကို ဤနေရာတွင် တင်ပြအပ်ပါသည်၊၊ ကောသလ နှင့်၊ “ဝေဒေဟီ”တို့ သည် မောင်နှမအရင်းဖြစ်သည်၊ အရွယ်ရောက် သောအခါ “ကောသလလုလင်”သည် ကောသလမင်းဟုဖြစ်လာပြီး၊ နှမတော်ဝေဒေဟီသည် ရာဇဂြိုဟ် ပြည့်ရှင် ဗိမ္ဗိသာရမင်းနှင့်ထိမ်းများပြီး မိဗုရားဖြစ်လာခဲ့သည်၊


နှမတော်ဝေဒေဟီမှ “အဇာတသတ်မင်းသား”လေးကို ဖွားမြင်လာခဲ့သည်၊ အဇာတသတ်လုလင်သည် ငယ်စဉ်ကပင် သာမန်လူသားတို့ထက် ကာယအားကြီးမားသူဖြစ်သည်၊၊ ဖခင်ဗိမ္ဗိသာရမင်းကြီး နတ်ရွာ စံပြီးသောအခါ သူသည်ရာဇဂဟပြည့်ရှင်“အဇာတသတ်မင်း”ဟု ဖြစ်လာခဲ့သည်၊၊


အဇာတသတ်ရှင်ဘုရင်သည် အိမ်နီးခြင်းဖြစ်သော ဦးရီးတော် “ကောသလမင်း”၏နိုင်ငံကို အနိုင်သိမ်း ပိုက်လိုသည်၊ ထို့ကြောင့် ဦးရီးတော်အား စစ်ကြေငြာပြီး စစ်တိုက်သည်၊ မြို့ငယ်များစွာကို စစ်နိုင်ပြီး သိမ်းပိုက်မိသည်၊၊ ဦးရီးတော်နန်းစိုက်သော ကောသလမြို့တော်ကလွဲလျင် မြို့တော်ကြီးများ အားလုံး အဇာတသတ်လက်ထဲသို့ကျရောက်ကုန်သည်၊၊ တိုင်းပြည်ကိုအုပ်ချုပ်ပြီး ဦးရီးတော်ကို စစ်တိုက်နေ သော အဇာတသတ်မှာအသက် အရွယ်အားဖြင့် နှစ်ဆယ်မျှမပြည့်သေးသော လုလင်အရွယ်မျှသာရှိ သေးသည်၊၊


ကောသလမင်းကြီးသည် တူတော်နှင့်စစ်တိုက်တိုင်းရှုံးနိမ့်သဖြင့် လွန်စွာရှက်ပြီး၊ အစာမစား၊ ရေမ သောက်ဘဲ အိပ်ရာတွင်အိပ်၍သာ အသေခံမည်ဟု ဆုံးဖြတ်လေသည်၊၊ ကောသလဘုရင်ကြီးသည် အမိနို့နံ့မျှမစင်သေးသော တူတော်အားစစ်ရှုံးရသည်ထက် သေရသည်ကကောင်းသေးသည်ဟု တွက် ဆထားလိုက်သည်၊၊


ကောသလရှင်ဘုရင်ကြီး အစားမစားတော့ဘဲ အိပ်ရာထက်တွင်အသေခံတော့မည့်သတင်းကို ဗုဒ္ဓရှင် တော်သည် သံဃာတော်များမှတဆင့်ကြားသိ ရသောအခါ အထက်တွင်ဆွေးနွေးတင်ပြခဲ့သော (ဓမ္မပဒ ဂါထာ)လေးကို မိန့်တော်မူခဲ့ခြင်းဖြစ်သည်၊၊


“ဘ၀တွင်အနိုင်ရလျင် ရန်သူများသည်၊ ရှုံးလျင် စိတ်ဆင်းရဲသည်၊၊ အနိုင်နှင့်အရှုံးကို မတောင့်တသော စိတ်ထားရှိသူများသာ ချမ်းသာရာရသည်၊၊”


ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း၊ မြန်မာစစ်ပွဲကြီးများအကြောင်းကို အသေးစိတ်လေ့လာသောအခါ ထို စစ်ပွဲကြီးများသည် ကြီးမားသောပြဿနာကြီးများမှ စသည်မဟုက်ခဲ့ကြဘဲ အသေးအမွှားပြဿနာ လေးများမှ “အမှိုက်ကစ ပြာသာဒ်မီးလောင်”ခဲ့ကြရသည်ကို တွေ့ရသည်၊၊ တစ်ဦးတယောက်၏ အတ္တ ဗဟိုရ်ပြု၊ အနိုင်ရလိုမှုအောက်တွင် လူများပေါင်းများစွာ ဒုက္ခရောက်ရသည်ကို တွေ့ရသည်၊၊


မိသားစုပြဿနာများတွင်လည်း အကြောင်းပြချက်ကြီးကြီးမားမားများမရှိဘဲ၊ အသေးအမွှားမိသားစုဝင် တစ်ယောက်ယောက်၏ လွှမ်းမိုးလိုမှုကြောင့် ဖြစ်ရသည်ကို သတိပြုမိသည်၊၊ အရာရာတွင်အနိုင်ရလို စိတ်၊ အသာယူလိုစိတ်သည် မိသားစုဘ၀မငြိမ်းချမ်းမှု၊ အသိုင်းအ၀ိုင်းအဆင်မပြေမှုနှင့်၊ အိမ်ထောင် ရေးမသာယာမှုကို ပေးတတ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်၊၊


အနိုင်နှင့် အရှုံးကိုထည့်သွင်းမစဉ်းစားဘဲ အများချမ်းသာဖို့ကို အလေးထားသောလူများများရှိသော ပတ်ဝန်းကျင်နှင့် မိသားစုတို့သည် စင်စစ်အေးငြိမ်း ချမ်းသာမှုကို ခံစားကြရသည်၊၊ ဤနေရာတွင် ဇာတ် လမ်းတစ်ခုကို အမှတ်ရမိပါသည်၊၊


တစ်ခါက ဂေါသိင်္ဂ=အင်းကြင်းဥယျာဉ်ထဲတွင် အရှင်နန္ဒိယ၊ အရှင်ကိမိလနှင့် အရှင်အနုရုဒ္ဓါတို့ သူငယ် ချင်းသုံးပါး အတူနေထိုင်ကြသည်၊၊ ထိုဥယျာဉ်သို့ တစ်နေ့သောအခါ ဗုဒ္ဓကြွလာပြီး အရှင်ကိမိလကို မေးသည်။


“ကိမိလ, ဥယျာဉ်ထဲတွင် သုံးဦးအတူနေရသည်မှာ အဆင်ပြေကြသလား၊ တည့်မတ်ကြရဲ့လား၊”ဟုမေး မြန်းပါသည်၊ အရှင်ကိမိလမှ ဘုရားရှင် အားပြန်လည်ဖြေပုံမှာ စိတ်ဝင်စားဖွယ်ရှိသည်၊၊


“ဗုဒ္ဓအရှင်, တပည့်တော်သည် သုံးဦးအတူနေချိန်တွင် ကိုယ့်ဆန္ဒကိုထက် သူငယ်ချင်းနှစ်ပါး၏ ဆန္ဒကို သာအမြဲကြည့်ရှုပြီး၊ ချစ်သောမျက် လုံးဖြင့်သာသူငယ်ချင်းများအပေါ်ကြည့်ရှုပြီးနေခဲ့သည့်အတွက် နေရသည်မှာအလွန်အဆင်ပြေပါကြောင်း၊ ငြိမ်းအေးမှုကိုရ ရှိပါကြောင်း” လျောက်ထားသည်၊၊ ချစ်သောမျက်လုံးဟူသည်ကို ပါဠိဝေါဟာရဖြင့် “ပိယစက္ခု”ဟု ခေါ်ပါသည်၊၊


ဗုဒ္ဓရှင်တော်က “ကိမိလ,သင့်အဖြေမှန်လှပေသည်”ဟု ချီးမွှန်းပြီ၊ အခြားအရှင်နန္ဒိယနှင့် အရှင်အနုရုဒ္ဓါ တို့ကို မေးသောအခါတွင်လည်း အရှင်ကိမိလနည်းတူ ဖြေကြလေသည်၊၊


လူတို့သည် နှစ်ယောက်ရှိလျင် မိမိကအသာလိုချင်သည်၊ မိမိဆန္ဒကိုသာ ဦးစားပေးသည်၊ အလွန်မှား ယွင်းသော စိတ်ထားဖြစ်သည်ကို အထက်ပါဇာတ်လမ်းက သာဓကပြုနေပါသည်၊၊ သည်သို့သောစိတ် ထားမျိုးဖြင့် ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်တစ်ခုကို မတည်ဆောက်နိုင်ချေ၊၊ အမှန်မှာ မိမိဆန္ဒ ထက် သူတစ်ပါးဆန္ဒကိုဦးစားပေးတတ်လျင် ဆက်ဆံရေးအဆင်ပြေပြီး၊ အေးချမ်းသည့်မိသားစုဘ၀ နှင့် ပတ်ဝန်းကျင်ကိုရရှိမည် ဖြစ်သည်၊၊


ထိုသို့မဟုက်ပါမူ မိသားစုခြင်း၊ သူငယ်ချင်းခြင်း၊ မိတ်ဆွေခြင်း၊ ချစ်သူခြင်း၊ ဇနီးမောင်နှံခြင်း အမြဲတမ်း တစ်ဦး၏ပျက်စီးမှုကိုတစ်ဦးကရှေးရှုနေ တတ်သည်ကို သတိမူသင့်သည်၊၊ မိမိက သူတပါးဆန္ဒကိုအ လေးထားလာသောအခါ သူတစ်ပါးသည်လည်း အလိုအလျောက် မိမိကိုအလေးထား လာမည်ကို အတ္တ ဗဟိုရ်ပြုသူတို့မေ့လျော့နေသည်၊၊


တစ်ဦးအလိုဆန္ဒကို တစ်ဦးကလိုက်လျောလေးစားကြရာမှ အခြင်းခြင်းလေးစားမှု၊ တန်ဖိုးထားမှု၊ ခင်မင်တွယ်တာမှု၊ ချစ်ခင်မြတ်နိုးမှုတို့ဖြင့်ဘ၀ သည် အေးချမ်းပြီး၊ ငြိမ်းချမ်းသာယာလာရသည်ကို တွေ့ရမည် ဖြစ်သည်၊၊


စာတမ်းတွင်တင်ပြခဲ့သည်များကို အနှစ်ချုပ်လျင် ငြိမ်းချမ်းအေးမြသည့်ဘ၀နှင့် ပတ်ဝန်းကျင်ကိုတည် ဆောက်ရန်အတွက်-

= အနိုင်အရှုံးကို မတပ်မက်သောစိတ်ထား၊

= အနင့်နာခံစိတ်၊

= အခြင်းခြင်းလေးစားစိတ်၊

= သူတစ်ပါး၏ဆန္ဒကို အလေးထားစိတ်၊

= မိမိဘ၀နှင့် ပတ်ဝန်းကျင်ကို အမှန်တကယ် ငြိမ်းအေးစေလိုစိတ်တို့ရှိရန် အထူးလိုအပ်ကြောင်း သုံး သပ်ရပါသည်၊၊


စာဖတ်သူများ အေးငြိမ်းသောဘ၀၊ သာယာသောဘ၀နှင့်၊ အေးချမ်းသည့်ပတ်ဝန်း ကျင်ကို မိမိကိုယ်တိုင်အကောင်းမြင်စိတ်များ၊ အများအကျိုးကိုလိုလားသည့်စိတ်ထားများဖြင့် တည် ဆောက်နိုင်ကြပါစေကြောင်း၊ စိတ်ဓာတ်အဆင့်မြင့်မြတ်သူများဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပေးအပ်ပါသည်၊၊ ၊၊

မှတ်ချက်။ ။ မေတ္တာဥယျာဉ်တွင်းသို့ ဝင်ရောက်၍ စေတနာ မေတ္တာ ပန်းတွေနဲ့ အလှဆင်ပေးတဲ့ အလင်းစက် ပေးပို့လာတဲ့ စာစုလေးပါ။



မေတ္တာဖြင့်-

အရှင်ကေ၀လ(အလင်းစက်)

ဘာဝနာဝိဟာရ-သီရိလင်္ကာနိုင်ငံ၊

(၁၁.၆.၂၀၁၁)