လူ့ဘ၀၏ဖြစ်တည်မှု
“လူ့ဘ၀ဟာ
တန်ဖိုးရှိတယ်။ လူဟာ မြင့်မြတ်တယ်လို့ ကျွန်တော်တို့လူသားတွေ ခံယူထားတာ
မှားတယ်လို့ ကျွန်တော်ဆို ချင်တယ်ဆရာ။ စဉ်းစားကြည့်ပါဆရာရယ်။ လူသားဟာ
အသက်ရှင် ရပ်တည်မှုအတွက် စားဝတ်နေမှုတွေ လုပ်နေကြရတယ်ဆရာ။ စားတာကိုလည်း
ကြည့်ပါဦး ဆရာရယ်။ တိရစ္ဆာန်တွေမှာဆိုရင် ဘယ်လောက်ရိုးရှင်းသလဲ။
အသားစားတဲ့သတ္တ၀ါက အသားပဲစားပြီး မြက်စားတဲ့သတ္တ၀ါက မြက်တစ်မျိုးပဲ
စားတယ်ဆရာ။ နွားသတ္တ၀ါကို ကြည့်ပါဆရာ။ သူဟာ သူတစ်ပါး အသက်လည်း မသတ်ဘူး။
သူတစ်ပါး ဥစ္စာလည်း မခိုးဘူး။ မုသားလည်း မဆိုဘူး။ မူးယစ်သေစာလည်း
မသုံးစွဲဘူး။ နွားမှာ သူ့မယား သူ့လင် ဆိုတာလည်း မရှိတဲ့အတွက်
အဂမနီယ၀တ္ထုဆိုတာလဲ မရှိဘူး။ ကာမဂုဏ် ဖောက်ပြန်တယ်လို့လဲ မဆိုနိုင်ဘူး။
ပြီးတော့ မြက်တစ်မျိုးသာစားတော့ အသက်သတ်လွတ် စားတယ်လို့တောင်
ဆိုရဦးမယ်ဆရာ။ ဒီတော့ ကံငါးပါးလုံခြုံတယ်လို့မဆိုနိုင်ဘူးလား။
ဒီလိုဆိုရင် သူ့မှာတော့ ဘာ့ကြောင့် သီလကုသိုလ်မရဘဲ လူတွေကျမှ သီလကုသိုလ်ဆိုတာ ရှိနေရတာလဲ ဆရာ။ သီလကုသိုလ် ဆိုတာ လူသားတွေအတွက်သာ သတ်မှတ်ထားတဲ့ အခွင့်ထူး လားဆရာ။
ဒါမှမဟုတ် နွားမှာလည်း သီလကုသိုလ်ရတယ်ဆိုရင် သီလခိုင်မြဲခြင်းဟာ မျိုးရိုး ဗီဇနဲ့ ပိုပြီး မဆိုင် ဘူးလားဆရာ။ နွားဖြစ်လို့ သီလမြဲတယ်။ ကျားဖြစ်လို့ ပါဏာတိပါတကံ ထိုက်တယ် စသဖြင့်ပေါ့။(ဆက်လက်၍ လူတို့အစားကြူပုံ၊ အစားအသောက် လော်လီပုံ၊ အ၀တ်အစား လော်မာပုံ များကို ရေးသားကာ)---
ဒီတော့ ဆရာရယ်၊ ကျွန်တော်တို့ လူသားတွေရဲ့ ဖြစ်တည်မှု (existence) ဆိုတာ ဘာလဲ ဆရာ။ အဓိပ္ပါယ်ဘယ်လို ဖွင့်မလဲဆရာ။ လောဘ၊ ဒေါသ၊ မာန်မာနတွေ နှောင်ဖွဲ့နေတာကို ဘ၀ဖြစ်တည်မှုရဲ့ အဓိပ္ပါယ်လို့ ဆိုရမလားဆရာ။ ဒါဆို လူသားတွေ မြင့်မြတ်တယ်။ လူ့ဘ၀ဟာ တန်ဖိုးရှိတယ်ဆိုတာလိမ်ညာမှု တစ်ရပ်ပဲပေါ့ဆရာရယ်။
လူသားတွေရဲ့ အခြောက်တိုက် ဘ၀င်မြင့်မှု၊ စိတ်ကြီးဝင်မှုပေါ့။ မဟုတ်ဘူးလား။ဆရာ့အမြင်က ဘယ်လိုရှိပါသလဲ။ လူသားရဲ့ မြင့်မြတ်မှုကို ဆရာသက်သေပြနိုင်ပါ့မလား။ လူကသာ ဘုရားဖြစ်နိုင်တယ်။ လူသာလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။ ဒါကြောင့် မြင့်မြတ်ပါတယ်လို့ မပြောနဲ့ဆရာ။ကျွန်တော်ဆိုလိုချင်တာ လူနည်းစုကို ပြောတာမဟုတ်ပါဘူး။ ပုထုဇဉ်လူ သားထုကြီး တစ်ရပ်လုံးကို ညွှန်း ဆိုတာပါဆရာ။ ဆရာရဲ့ အဖြေကို မျှော်လင့်နေမယ်ဆရာ လေးစားရိုသေစွာဖြင့်…..
(တပည့်မောင်လှစိန်)
အထက်ပါ စာများသည် ၂၀၁၁-ခု၊ မတ်လထုတ်၊ ဓမ္မရံသီမဂ္ဂဇင်းမှ စာရေးဆရာကြည်လွင်(မြန်မာစာ)၏ ကျွန်ုပ်တို့၏ဖြစ်တည်မှု - ဆောင်းပါးမှ ကောက်နှုတ်ချက် ဖြစ်၏။ဆောင်းပါးအဆုံးတွင် “တပည့်ဖြစ်သူ မောင်လှစိန်၏ စာကို ရရှိပြီးနောက် ပညာရှင်များ ပြန်လည်ဖြေကြား ပေးပါရန် ပန်ကြားရင်း ဓမ္မရံသီမှ တစ်ဆင့် တင်ပြ အပ်ပါကြောင်း” ဟု စာရေးဆရာက တောင်းဆိုထားပါသည်။
မောင်လှစိန်၏ ပေးစာတွင် လူနှင့်တိရစ္ဆာန်တို့၏ စားဝတ်နေရေးအတွက် ရှင်သန် ရပ်တည်ကြရာတွင် တိရစ္ဆာန်မှာ (မဖြစ်မနေ) လိုအပ်ချက်အတွက်သာ သဘာဝ အလျောက် ပြုမူကာ ရပ်တည်ကြပြီး လူတို့ကား လိုအပ်ချက် (need) အတွက် သက်သက်မဟုတ်တော့ပဲ လိုချင်မှု (greed) တဏှာလောဘအလိုလိုက်ကာ
စား-နေ-၀တ်တို့တွင် လွန်ကဲလော်လီကြသဖြင့် လူသည် တိရိစ္ဆာန်ထက် မြင့်မြတ်သည် ဆိုသည်မှာ အခြောက် တိုက်ဘ၀င်မြင့်မှုသဘောသက်ဝင်နေကြောင်းပါရှိ၏။
တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ရာတွင် နှိုင်းယှဉ်သည့် ရှုထောင့်သည် အခရာကျ၏။ ဥပမာ- လူသည် ငါးလောက် ရေမကူးတတ်၊ မြင်းလောက် အပြေးမမြန်၊ ဆင်လောက် ခွန်အားမကြီး၊ ငှက်ကဲ့သို့ ကောင်းကင်၌ မပျံသန်းနိုင်။ ထိုကြောင့် လူသည် ငါး-မြင်း-ဆင်-ငှက်တို့အောက် နိမ့်ကျ၏-ဟု ဆိုရမည်လော။ ထိုထိုဆိုင်ရာ ရှုထောင့်များ၌ နိမ့်ကျသော်လည်း အခြားသာလွန်သော အချက်ကောင်းများလည်း များစွာရှိသေးသောကြောင့် လူသည် ထိုသတ္တ၀ါတို့အောက် နိမ့်ကျသည်ဟုမဆိုသင့်။ အမှန်တကယ် တန်ဖိုးထားအပ်သော အချက်များ၌
သာလွန်သောကြောင့် ထိုသတ္တ၀ါတို့ထက် သာလွန်၏-ဟုသာ ဆိုသင့်၏။ ပင်လယ်ရေသည်
များပြားသော်လည်း အမှန်တကယ် တန်ဖိုးထားအပ်သော သောက်သုံးမှုအတွက် အသုံးမ၀င်သောကြောင့် မမြတ်၊ ရေတွင်းရေကန်တို့၌ ရှိသောရေသည် နည်းပါးသည့်တိုင် သတ္တ၀ါ အများအတွက် အသုံးဝင် အကျိုးများ သည့်အတွက်မြတ်၏-ဟုဆိုရသကဲ့သို့တည်း။
ဗာလပဏ္ဍိတသုတ်တွင် - ဆင်-မြင်း-နွား-မြည်း-ဆိတ်-သမင်စသော မြက်သစ်ပင်ကို စားကုန်သော တိရစ္ဆာန် သတ္တ၀ါ၊ ကြက်-၀က်-အိမ်ခွေး-မြေခွေးစသော မစင်ကို စားကုန်သော တိရစ္ဆာန် သတ္တ၀ါ၊ ပိုးရွ-နှံ-တီကောင်စသော အမိုက်တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန် သတ္တ၀ါ၊ ငါး-လိပ်-မိကျောင်းစသော ရေ၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန် သတ္တ၀ါ၊ ငါးပုပ်-အကောင်ပုပ်-ရွံ့ပုပ်-မှော်ပုပ်စသော မစင်ကြယ်သော ၀တ္ထု၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန် သတ္တ၀ါတို့သည် ရှိကုန်၏။ ရဟန်းတို့ ထိုသူမိုက်သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်မောသည် ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထိုထိုတိရစ္ဆာန် သတ္တ၀ါတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်၏။ ရဟန်းတို့ ငါသည် နည်းပရိယာယ် အမျိုးမျိုးဖြင့်လည်း တိရစ္ဆာန်နှင့် စပ်သော စကားကို ဟောငြားအံ့၊ ရဟန်းတို့ တိရစ္ဆာန်မျိုး၏ ဆင်းရဲပုံ အလုံးစုံကို ကုန်အောင် ဟောခြင်းငှါ မလွယ်။ ရဟန်းတို့ ဥပမာ အားဖြင့် ယောက်ျားသည် တစ်ပေါက်သာရှိသော ထမ်းပိုးကို မဟာ သမုဒ္ဒရာ၌ ပစ်ချရာ၏၊ ထိုထမ်းပိုးကို အရှေ့လေသည် အနောက်အရပ်သို့ လွှင့်ဆောင်ရာ၏၊ အနောက်လေသည် အရှေ့အရပ်သို့ လွှင့်ဆောင်ရာ၏၊ မြောက်လေသည် တောင်အရပ်သို့ လွင့်ဆောင်ရာ၏၊ တောင်လေသည် မြောက်အရပ်သို့ လွှင့်ဆောင်ရာ၏။ ထိုသမုဒ္ဒရာ၌ လိပ်ကန်းသည် ရှိရာ၏၊ ထိုလိပ်ကန်းသည် အနှစ်တစ်ရာ အနှစ် တစ်ရာကို လွန်သဖြင့် တစ်ကြိမ်ပေါ်ရာ၏။ ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုလိပ်ကန်းသည် ထိုတစ်ပေါက်သာ ရှိသော ထမ်းပိုး၌ လည်ကို စွပ်မိနိုင်ရာ အံ့လော ဟု (မေးတော်မူ၏)။ မြတ်စွာဘုရား မစွပ်မိနိုင် ရာပါ၊ မြတ်စွာဘုရား ရှည်စွာသော ကာလကို လွန်သဖြင့် တစ်ခါတစ်ရံမူ စွပ်မိ နိုင်ရာပါ၏ဟု(လျှောက်ကြကုန်၏)။
ရဟန်းတို့ ထိုလိပ်ကန်းသည် တစ်ပေါက်သာ ရှိသော ထမ်းပိုး၌ လျင်မြန်စွာ လည်ကို စွပ်မိသော် စွပ်မိ နိုင်ရာ၏။ ရဟန်းတို့ တစ်ကြိမ် အပါယ်သို့ကျသော သူမိုက်သည် လူအဖြစ်ကို (ပြန်ရရန်) အလွန် ရခဲ၏ ဟု ငါဘုရားဟောကြား၏၊
အဘယ်ကြောင့်နည်းဟူမူ - ရဟန်းတို့ ဤအပါယ်ဘုံ၌ တရားကျင့်ခြင်း အညီအမျှ ကျင့်ခြင်း ကုသိုလ်ပြုခြင်း ကောင်းမှု ပြုခြင်းတို့သည် မရှိကုန်သော ကြောင့်တည်း၊ ရဟန်းတို့ ဤအပါယ်ဘုံ၌ အချင်းချင်း ခဲစားခြင်း
(အားကြီးသော သတ္တ၀ါက) အားသေးသော သတ္တ၀ါကို ခဲစားခြင်းသည် ဖြစ်၏။ (မ၊ ၃၊ ဗာလပဏ္ဍိတသုတ်)
ထိုသို့လျှင် တိရစ္ဆာန်တို့သည် တရားကျင့်ဖို့ အညီအမျှကျင့်ဖို့ ကုသိုလ်ကောင်းမှုပြုဖို့ အခွင့်အရေးမရှိရုံမက အချင်းချင်း နိုင်ရာစားတတ်သည့် အလေ့အထများကြောင့် ရှုံးသူရော နိုင်သူပါ နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်နေတတ်ခြင်းတို့ကြောင့် အကုသိုလ်နည်းအောင်၊ ကုသိုလ်များအောင် ၊ စိတ်ထားဖြူစင်အောင် ပြုပြင်နိုင် ခြင်းများ နည်းပါးသည့်အတွက် တိရစ္ဆာန်တို့၏ ဘ၀သည် မည်သို့လျှင် မြတ်နိုင်ပါအံ့နည်း။
တစ်ခါက ပဉ္စကင်္ဂ လက်သမားကြီးအား သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာန ပရိဗိုဇ်သည် ဤစကားကို ပြောဆို၏- “သူကြွယ် လောက၌ ကိုယ်ဖြင့် မကောင်းမှုကို မပြု၊ မကောင်းသော စကားကို မဆို၊ မကောင်းသော အကြံကို မကြံ၊ မကောင်းသော အသက် မွေးမှုဖြင့် အသက် မမွေး။ သူကြွယ် ငါသည် ဤလေးပါးသော တရားတို့နှင့် ပြည့်စုံသော ယောက်ျား ပုဂ္ဂိုလ်ကို ပြည့်စုံသော ကုသိုလ်ရှိသူ မြတ်သော ကုသိုလ်ရှိသူ မြတ်သော သူတို့သာ ရောက်သင့်သော နေရာသို့ ရောက်သူ (၀ါဒ) စစ်ထိုး၍ မရနိုင်သူ သမဏ ဟူ၍ ပညတ်၏” ဟု (ဆို၏)။
(အထက်ပါစကားသည် သာမာန်အားဖြင့် မှန်ကန် ကောင်းမွန်သည် ဟုထင်ရ၏။)
ပဉ္စကင်္ဂ လက်သမားကြီးသည် ဥဂ္ဂါဟမာနပရိဗိုဇ်၏ စကားကို ထောက်ခံခြင်းလည်း မပြု ပယ်မြစ်ခြင်းလည်း မပြုဘဲ ဘုရားရှင်အား သွားရောက်လျှောက်ထား၏။ ဘုရားရှင်၏ မိန့်ကြားချက်များကို ဂရုတစိုက် ဖတ်ရှုစေချင်ပါသည်။
“လက်သမားကြီး သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာန ပရိဗိုဇ်၏ စကားအတိုင်း ဖြစ်သည်ရှိသော် ကလေးသူငယ် လူမမယ် ပက်လက်အိပ် အရွယ်သည် ပြည့်စုံသော ကုသိုလ်ရှိသူ မြတ်သော ကုသိုလ်ရှိသူ မြတ်သော သူတို့သာ ရောက်သင့်သော နေရာသို့ ရောက်သူ (၀ါဒ) စစ်ထိုး၍ မရနိုင်သောသူ သမဏ ဖြစ်လိမ့်မည်။
လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ် အရွယ်မှာ ကိုယ်ဟူ၍ သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ ကိုယ်လှုပ်ရှားကာမျှမှတစ်ပါး အဘယ်မှာ ကိုယ်ဖြင့် မကောင်းမှုကို ပြုလတ္တံ့နည်း။ လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ် အရွယ်မှာ စကားဟူ၍ သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ ငိုကြွေးရုံမျှမှတစ်ပါး မကောင်းသော စကားကို အဘယ်မှာ ဆိုလိမ့်မည်နည်း။ လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ် အရွယ်မှာ အကြံဟူ၍ သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ ငိုကြွေးရုံ ရွှင်မြူးရုံမှ တစ်ပါး အဘယ်မှာ မကောင်းသော အကြံကို ကြံလတ္တံ့နည်း။ လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ် အရွယ်မှာ အသက်မွေးမှု ဟူ၍ သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ အမိနို့ကို စို့ခြင်းမှ တစ်ပါး အဘယ်မှာ မကောင်းသော အသက်မွေးမှု ရှိလတ္တံ့နည်း။ (မဇ္ဈိမပဏ္ဏာသ၊ သမဏမုဏ္ဍိကသုတ်ကို ဆက်လက်ဖတ်ရှုပါ။)
အထက်ပါ ဘုရားရှင်၏ ဒေသနာတော်ကိုကြည့်လျှင် မောင်လှစိန်၏ နွားသတ္တ၀ါကံငါးပါးလုံခြုံတယ်လို့ မဆိုနိုင်ဘူးလား-ဟူသော အမေး၏ အဖြေကို တွေ့ရပါလိမ့်မည်။ ဘုရားရှင်၏ ဆိုလို ချက်မှာ ဒုစရိုက်တစ်ခုခုကို မပြုလုပ်ခြင်းသက်သက်မျှသည် ချီမွမ်းဖွယ် မဟုတ်။ အကုသိုလ် မဖြစ် သော်လည်း ကုသိုလ်ဖြစ်သည်ဟု မဆိုနိုင်။ မကျူးလွန်တိုင်း ကုသိုလ်ဖြစ်လျှင် ကလေး အရွယ်က သေသူများ အကုန်လုံး နတ်ပြည်ရောက်ကုန်ရာ၏။ ကိုးမားဝေဒနာရှင်များလောက် သီလ လုံခြုံသူများ ရှိတော့မည်မဟုတ်။ အမှန်မှာ သံဝရ (စောင့်စည်းလိုမှု) ပဟာန (ပယ်ရှားလိုမှု) တို့ဖြင့် ရှောင်ကြဉ် မှသီလ-ဟုခေါ်ဆိုရ၏။
နောက်တစ်ခု ပြောစရာရှိသသည်မှာ “လူသည်မြင့်မြတ်သည် ”ဟုဆိုခြင်းထက် “လူ့အဖြစ် သည်မြင့်မြတ်သည်” ဟု ပြောဆိုမှ သဘာဝကျပါသည်။ လူတစ်ယောက်စီနှင့် တိရစ္ဆာန်တစ်ကောင်ချင်း ထုတ်နှုတ်နှိုင်းယှဉ်လျှင် တိရစ္ဆာန်ထက် ဆိုးသောလူများ ရှိနိုင်ပါသည်။ သို့ရာတွင် လူ့ဘ၀ (လူ့အဖြစ်)နှင့် တိရစ္ဆာန်ဘ၀ (တိရစ္ဆာန်အဖြစ်) မည်သည့်ဘ၀က မြင့်မြတ်ပါသနည်းဟူမူတိရစ္ဆာန် ဖြစ်လာဖို့ အကုသိုလ်ကံက ပို့ဆောင်ပြီး လူဖြစ်လာဖို့ ကုသိုလ်ကံက ပို့ဆောင်ခြင်း ကြောင့်လည်းကောင်း၊ လူ့ဘ၀သည် ဘ၀အဆင့် ပိုမိုမြင့်မားဖို့ အကြောင်း ကောင်းမှုတို့ကို ပြုလုပ်နိုင်ခွင့် ပိုမိုများပြားသောကြောင့်လည်းကောင်း လူ့ဘ၀က ပို၍ မြင့်မြတ် သည်ဟု ဆိုရပါမည်။ ကောင်းမှု မကောင်းမှုတို့ကို လုပ်ခြင်း မလုပ်ခြင်းခြင်းမှာ လူ့ဘ၀နှင့် မဆိုင်ပါ။ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနှင့်သာဆိုင်ပါသည်။
(လူအချင်းချင်း ယောက်ျားဘ၀နှင့်မိန်းမဘ၀ မည်သည့်ဘ၀က မြင့်မြတ် သနည်း-ဟူရာ၌ကား (မည်သူ-ဟု ပုဂ္ဂိုလ်ကို မရည်ညွှန်းဘဲ ဘ၀-ဟူသော အဖြစ်ကို ရည်ညွှန်းသည်ကို သတိပြုပါ။) အကြောင်းကံကိုသာ ကြည့်၍ ယောက်ျားဘ၀က မြင့်မြတ်သည်ဟု ဆိုရ၏။ လက်ရှိအနေ အထားတွင်ကား ဘ၀အဆင့်အတန်းမြင့်မားဖို့ရာ ပြုလုပ်နိုင်စွမ်းအားဖြင့် အခွင့်အရေး တန်းတူရသောကြောင့် ယောက်ျားနှင့်မိန်းမ မည်သူက မြင့်မြတ်သည်ဟု ဆိုခွင့်မရှိ။ကုသိုလ်သာသူကမြင့်မြတ်၏။)
မောင်လှစိန်၏ စာပါအတိုင်း လူတို့သည် စား-နေ-၀တ်တို့တွင် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် လွန်ကဲလော်မာကြသည်မှာမှန်ပါသည်။
“ရှေးအခါက လိုချင်ခြင်း ဆာလောင်မွတ်သိပ်ခြင်း အိုမင်းခြင်း ဟူသော အနာရောဂါ သုံးမျိုးတို့သာ ဖြစ်ကုန်၏၊ ယခုသော်ကား နွားတို့ကို သတ်ဖြတ် နှိပ်စက်ခြင်းကြောင့် အနာမျိုး ကိုးဆယ့်ရှစ်ပါးတို့သည် ဖြစ်ပေါ်လာကုန်၏။ (၂၈)” (သုတ္တနိပါတ်၊ ဗြာဟ္မဏဓမ္မိကသုတ်) ဟူသော ဒေသနာအရ သတ္တ၀ါတို့ကိုသတ်ဖြတ် ညှဉ်းဆဲခြင်းသည် အနာရောဂါ ထူပြောခြင်း၏ အကြောင်းဖြစ်၏။(အသားစားခြင်းသည်လည်း ရောဂါများခြင်း၏ အကြောင်းဖြစ်နိုင် ပါသည်။ သို့ရာတွင် “ညှဉ်းဆဲသူကား အနာများ သနား ကျန်းမာသည်” ဟူသော စူဠကမ္မ၀ိဘင်္ဂသုတ် ဒေသနာအရ ညှဉ်းပန်းနှိပ်စက်ခြင်းသည်သာ ရောဂါများခြင်း၏အကြောင်းဖြစ်၏။
“လောဘအားကြီးသည့် ခေတ်တွင် (ငတ်မွတ်ခေါင်းပါး အစာရှားခြင်း) ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်တတ်၏။ မောဟအားကြီးသည့် ခေတ်တွင်(အနာရောဂါထူပြောခြင်း) ရောဂန္တရကပ် ဆိုက်ရောက်တတ်၏။ ဒေါသအားကြီးသည် ခေတ်တွင် (စစ်မက်ဖြစ်ပွားသဖြင့် လက်နက်ဘေး) သတ္ထန္တရကပ် ဆိုက်ရောက်တတ်၏။
ဒုဗ္ဘိက္ခန္တရကပ်ကြောင့် သေလွန်သောအခါ အစာအာဟာရ၌ တပ်မက်မှု အားကြီးသောကြောင့် များသောအားဖြင့် ပြိတ္တာပြည်၌ ဖြစ်တတ်၏။ ရောဂန္တရကပ်ကြောင့် သေလွန်သောအခါ များသောအားဖြင့် နတ်ပြည်၌ ဖြစ်တတ်၏။ အကြောင်းမှာ “ဤသို့သဘောရှိသော ရောဂါမျိုး အခြားသူများမှာ မဖြစ်ပါစေနဲ့”ဟု မေတ္တာစိတ် ဖြစ်တတ် သောကြောင့်တည်း။ သတ္ထန္တရကပ်ကြောင့် ပျက်စီးသေလွန်ရသူတို့သည် အချင်းချင်း အာဃာတအားကြီး သောကြောင့် များသောအားဖြင့် ငရဲဘုံ၌ ဖြစ်ရတတ်၏။” (စက္က၀တ္တိသုတ်အဋ္ဌကထာ) ဟု စာပေများတွင် ဆိုသောကြောင့် ကိုယ်ပြုသည့်ကံ ကိုယ်သာခံရ စံရမည်ဖြစ်၏။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ-ဟူသော တရားများဖြင့် နေထိုင်ခြင်းကို ဗြဟ္မ၀ိဟာရ - မြတ်သော နေထိုင်ခြင်းဟု ဆိုပါသည်။ တိရစ္ဆာန်များ ထိုတရားတို့ဖြင့် မနေတတ်ပါ။ နေတတ်သော မိမိတို့လူသားတွေလည်း မနေကြသူ များပါသည်။ မြတ်သော နေထိုင်ခြင်းဖြင့် နေနိုင်ကြကာ မြင့်မြတ်သောလူ့ဘ၀ကိုအရတော်ကြသူများ ဖြစ်နိုင်ကြပါစေ။

အရှင်ကောဝိဒ (ယော)