Wednesday, October 27, 2010

နေကိုပုံပြ၊ လကိုပုံထား၊ မှတ်တုံငြါးလော့


နေကိုပုံပြ၊ လကိုပုံထား၊ မှတ်တုံငြါးလော့

လောကဓံကို ကြံ့ကြံ့ခံပါ

လူသားအားလုံးပင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရေးအတွက် အမြဲတစေ ကြိုးစားအားထုတ်နေကြရ၏။ ဤကိစ္စသည်လည်း မိမိတို့ဘ၀တွင် အရေးကြီးသော တာဝန်ဝတ္တရား တစ်ခုပင်တည်း။ ပျော်ရွှင်သောစိတ်ဓာတ် ထားရှိနိုင်ခြင်းသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေသော အကြောင်းရင်းဖြစ်၏။ ပျော်ရွှင်သောစိတ်ဓာတ် ရရှိစေနိုင်ရန်အတွက် ရှေးဦးစွာ ကိုယ်တွင်းရန်သူဖြစ်သော စိုးရိမ်ခြင်း ပူဆွေးသောကစသည်တို့ကို ဖယ်ရှားပစ်ရမည် ဖြစ်ပါ၏။ ထိုရန်သူကို ဖယ်ရှားနိုင်ပြီး၊ အကျင့်စာရိတ္တကောင်းကို မွေးမြူကာ ကိုယ်ကျင့်တရားကို လက်ကိုင်ထားနိုင်ခြင်းသည် စိတ်ဓာတ်စွမ်းအား မြင့်မားစေပြီး လောကဓံကို ကြံ့ကြံ့ခိုင်နိုင်ရေးအတွက် လိုအပ်သောကိစ္စပင် ဖြစ်ပါ၏။

ဤလူ့ဘုံကား ဒုက္ခဘုံသာတည်း။ သို့သော်လည်း ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရသလို ချမ်းသာသုခနှင့်လည်း ဆုံစည်းကြရစမြဲပင်။ ဘယ်အရာမျှ အမြဲတစေ ရပ်တည်၍ နေစေခြင်းငှါ မရစကောင်းပါ။ စက်ရဟတ်ပမာ တစ်ပြောင်းပြန်ပြန် ကျင်လည်နေကြရ၏။ နေကဲ့သို့ ထွက်ပေါ်လာလျှင်သော်မှ တစ်နေ့တာ ကုန်ဆုံးချိန်တွင် ချုပ်ဝင် ကွယ်ပျောက်ရမြဲပင်တည်း။ လကဲ့သို့ လဆန်းရက်များတွင် တစ်စထက်တစ်စ ကြီးမားပြည့်လျှံလာပြီး၊ လပြည့်ရက်တွင် လုံးဝန်းပြည့်ဖြိုးလျှင်သော်မှ လဆုတ်ရက်တွင်မူ တစ်စထက်တစ်စ တစ်ဖြည်းဖြည်း ယုတ်လျှော့ကာ၊ လကွယ်ရက်ရောက်လျှင် လုံးဝ ကွယ်ပျောက်ရ စမြဲပင်တည်း။ ခေါက်ရှာငှက်(သစ်တောက်ငှက်)၊ ခင်ပုတ်ငှက်(ဇီးကွက်) တို့ ပျံသန်းသလို ဤလောကဓံတရားသည်လည်း နိမ့်ချည် မြင့်ချည်နှင့် အတည်တကျ မရှိကြပေ။ ဤသည်တို့မှာ ဤလောက၏ နိယာမတံထွာ ဓမ္မတာပင် ဖြစ်ပါသည်။

“နေကိုပုံပြ၊ လကိုပုံထား၊ မှတ်တုံငြါးလော့။ နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏။ လလျှင်ပြည့်ကွယ်၊ ကြီး၍ငယ်ခဲ့။ ထိုနှယ်မလွဲ၊ လူခပဲတို့၊ အမြဲချမ်းသာ၊ မရှိရာရှင့်။ အာဏာတန်ခိုး၊ အမျိုး စည်းစိမ်၊ ဘုန်းဂုဏ်သိရ်လည်း၊ ထင်တိမ်ပေါ်ငုပ်၊ ဖြစ်ချုပ်တတ်စွာ၊ ဓမ္မတာတည်း။ ခေါက်ရှာငှက်ပျံ၊ ခင်ပုတ်ပျံနှင့်၊ ဘုတ်ပျံ ရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ၊ မမြဲစွာတည့်။” (မဃဒေ၀၊ ၂၃၆။ ပုတ္တောဝါဒ၊ ၆၇။)

ဤသို့လျှင် ဆင်းရဲလိုက၊် ချမ်းသာလိုက၊် မကျန်းမမာဖြစ်ကာ ဖျားနာလိုက်၊ နေကောင်း ထိုင်သာဖြစ်ကာ ကျန်းမာလိုက်နှင့်သာ ဒုက္ခဘုံသားတွေမှာ လောကဓံဝဲဂယက်ကြားဝယ် တစ်ဝဲလည်လည် ဖြစ်နေကြရသည်။ ဤသဘောတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြပေ။ သို့ဖြစ်၍ ဘေးရန်ကင်းရှင်းရေး၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရေးကို အလေးပေးပြီး နေ့ရော ညဥ့်ပါ ကြိုးစား ဆောင်ရွက်နေသော်လည်း အပိုပင်ဖြစ်သည်ဟူသော စိတ်ဓာတ် ထားရှိကြရတော့မည်လော?။ ထိုသို့ဆိုလျှင်လည်း ဆုတ်နစ်သော ဉာဏ် ၀ီရိယ ရှိသူသာဖြစ်သည်ဟု ပြောဆိုသတ်မှတ်ခြင်း ခံရပေမည်သာ။

တစ်ဘက်မှ လှည့်၍ စဉ်းစားကြည့်ကြပါစို့။

လူတိုင်းလူတိုင်း လောကဓံတရား(၈)ပါးနှင့် တွေ့ကြုံကြရမည်သာ ဖြစ်၏။ ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာတန်းလန်းနှင့် လူသားကို မဆိုထားဘိ။ ကိလေသာကုန်ခမ်းပြီးသော ဘုရား ရဟန္တာ အရှင်မြတ်များသော်မှ လောကဓံတရားနှင့် မကင်းနိုင်ကြပေ။ တွေ့ကြုံ ဆုံကွဲကြရမည်မှာ ဓမ္မတာသာတည်း။ သို့ရာတွင် လောကဓံတရားကို ရင်ဆိုင်ကြရာ၌ သာမန်လူသားနှင့် အရိယာပုဂ္ဂိုလ်ကြီးများ၏ ခံစားချက်များမှာမူ ကွာခြားလှပါ၏။

လောကဓံတရား(ဂ)ပါးနှင့် တွေ့ထိရသော ရဟန္တာ၏စိတ်သည် တုန်လှုပ်ခြင်းမရှိ။ စိုးရိမ်ခြင်းမရှိ။ ဘေးအန္တရာယ်ဟူ၍လည်း မရှိ။ သာမန်လူသားများမှာမူကား ဆင်းရဲခြင်း လောကဓံနှင့် တွေ့ကြုံရလျှင် ရပ်တည်ရာရှာမရအောင် ထွန့်ထွန့်လူးမျှ တုန်လှုပ်ကြရသည်သာ ဖြစ်၏။ ချမ်းသာခြင်း လောကဓံအလှည့်သို့ ကျရောက်ပြန်လျှင်လည်း ဆွေ့ဆွေ့ခုန်မျှ ရွှင်မြူး ပျော်ရွှင်တတ်ကြလေသည်။

အရိယာ ရဟန္တာများနှင့် သာမန်လူသားများသည် လောကဓံကို ရင်ဆိုင်ကြရာ၌ မိုးနှင့်မြေတမျှ လွန်စွာ ကွာခြားသကဲ့သို့ လူသာမန်အချင်းချင်းတွင်လည်း ကျန်းမာရေးကောင်းသူ၊ စိတ်ဓာတ်ကြံ့ခိုင်သူများနှင့် ကျန်းမာရေးချို့တဲ့သူ၊ စိတ်ဓာတ်ပျော့ညံ့သူများသည် လောကဓံကို ရင်ဆိုင်ကြရာတွင်လည်း ကွာခြားမှု ရှိနေကြသည်သာတည်း။

ဤဒုက္ခဘုံတွင် ဆင်းရဲးဒုက္ခအဖုံဖုံကို ရင်ဆိုင်ဖြေရှင်းကြရာတွင် စနစ်တကျ စားသောက်နေထိုင်ကာ ကိုယ်ရေးကြုံလျှင် သက်လုံကောင်းအောင် လေ့ကျင့်ထားသူများသည် ဖြစ်သလိုနေ၊ တော်သလိုစားပြီး၊ အမှုမဲ့ အမှတ်မဲ့ နေသောသူများထက် လောကဓံနှင့်ကြုံတွေ့လာသောအခါ လွယ်ကူသက်သာစွာဖြင့် ပြဿနာရပ်များကို အေးချမ်းစွာ ဖြေရှင်းနိုင်ကြမည် ဖြစ်ပါသည်။

ဒုက္ခကို ရှောင်ရှားတတ်လျှင် ဒုက္ခနည်းနိုင်ပြီး၊ ပြဿရပ်များကို ရင်ဆိုင် ဖြေရှင်းတတ်လျှင်လည်း ထိုပြဿနာအတွက် ဒုက္ခ အပိုမတတ်စေဘဲ၊ ပြေငြိမ်းကာ အောင်မြင်ခြင်း သုခကို ခံစားရမည်သာ ဖြစ်သည်။

ကျန်းမာခြင်းသည် ချမ်းသာသုခ ဖြစ်လျှင် နာမကျန်းဖြစ်ခြင်းကို ဆင်းရဲဒုက္ခဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အေနာရောဂါကင်းခြင်း၊ ရောဂါရရှိခြင်းတို့သည်လည်း လောကဓွတရားပင်ဖြစ်ကြောင်း သဘောပေါက် နားလည်သင့်ပါသည်။ ကျန်းမာရေးသုခ ရရှိရန် ကျန်းမာရေးကို ဂရုစိုက်လျှက် နေတတ်၊ ထိုင်တတ်၊ စားသောက်တတ်သူသည် ထိုကျန်းမာခြင်းသုခကို နှစ်ရှည်လကြာ ရရှိခံစားနိုင်မည် ဖြစ်သည်။ မနေတတ်၊ မထိုင်တတ်၊ မစားသောက်တတ်လျှင် ကျန်းမာရေး ချွတ်ယွင်းပြီး၊ အမြဲတစေ ဒုက္ခလောကဓံနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။

စိတ်ပညာကျမ်းများကလည်း ဤအယူအဆကို ထောက်ခံကြ၏။

“လူတစ်ယောက်သည် အစဉ်မပြတ် စိတ်ညစ်ညူးခြင်း၊ ရောဂါဝေဒနာများ ဖိစီးခံရခြင်းကို ကြုံတွေ့နေရ၏။ အခြားတစ်ယောက်မှာ တစ်သက်တာတွင် တစ်ခါသာ ဖျားဘူးပြီး၊ အိပ်ကောင်း စားကောင်းနှင့် စိတ်ဒုက္ခဝေဒနာများကိုလည်း ကြီးကြီးကျယ်ကျယ် မခံစားရဘဲ၊ အသက်ရာကျော် ရှည်ရှည်နေနိုင်သည် ဆိုပါစို့။ ထိုသူနှစ်ယောက်တို့တွင် ဒုတိယလူအား စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံသူဟု ခေါ်ဆိုရပါမည်။

ဒုက္ခကင်းငြိမ်းခြင်း လုံးဝမရှိဘဲ၊ ပြင်းထန်သောဒုက္ခကို အခါမပြတ် မခံစားရဘဲ၊ မိမိဘ၀တစ်သက်တာတွင် စိတ်ရွင်လန်းခြင်း၊ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံအောင် နေနိုင်ရန်မူ လူဟူသမျှ ကြိုးပမ်းအားထုတ်ရမည်သာ ဖြစ်သည်။ ဒုက္ခအဖုံဖုံကို ခေါ်ဆောင်လာလေ့ရှိသော ပြင်ပရန်သူများထက် မိမိတို့၏ ကိုယ်တွင်းရန်သူမှာ သာ၍ ကြောက်စရာကောင်းလှ၏။

ကိုယ်တွင်းရန်သူများမှာ…….ဒေါသကြီးခြင်း၊မုန်းတီးခြင်း၊ စကားများလွန်းခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်ခြင်း၊ သူတစ်ပါးကို ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံတတ်ခြင်း၊ မဆီမဆိုင် ဆရာလုပ်ခြင်း၊ အကျိုးမဲ့ ငြင်းခုန်ခြင်း၊ သူတစ်ပါးအား အရှက်ရအောင် ပြောင်လှောင်ခြင်း၊ သူတစ်ပါးအား ကဲ့ရဲ့ခြင်း၊ အတင်းပြောခြင်း၊ အပြစ်တင်ခြင်း၊ ကုန်းချောခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ မနာလိုခြင်း၊ လောဘကြီးခြင်း၊ မှားမှားမှန်မှန် မိမိသာ အနိုင်ရလိုခြင်း၊ ပျင်းရိခြင်း၊ သူတစ်ပါးအား စော်ကားခြင်း၊ သူတစ်ပါး ပစ္စည်းကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ မရိုးသားခြင်း၊ လင်ရှိမယား, မယားရှိလင်နှင့် ဖောက်ပြန်ခြင်း၊ သူတစ်ပါးကို နှိမ်ချ၍ မိမိကို မြှင့်တင်ခြင်း၊ ထင်ပေါ်လိုခြင်း၊ သူတစ်ပါးကို အထင်သေးခြင်း၊ မကောင်းသည့် အပျက်ဘက်မှသာလျှင် အမြဲကြည့်တတ်ခြင်း၊ ပွဲလမ်းသဘင် အပျော်ကြူးခြင်း၊ သေသောက်ကြူးခြင်း၊ ကာမဂုဏ်ကြူးခြင်း၊ အအိပ်ကြူးခြင်း၊ အကျိုးမဲ့ ပကာသနယှဉ်ပြိုင်ခြင်း၊ တစ်ကိုယ်ကောင်းကြံခြင်း စသော စိတ်ယုတ်စိတ်နုတ်များပင် ဖြစ်လေသည်။

အထက်ပါကိုယ်တွင်း ရန်သူများကို နှိမ်နင်းနိုင်ပါလျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေမည့် အခွင့်အလမ်းများ ပေါ်ပေါက်လာရန် အလားအလာများစွာ ရှိလေသည်။ ထို့နောက် အောက်ပါ ကိုယ်ကျင့်တရားများကို စောင့်ထိန်းနိုင်သူထံသို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခသည် အမှန်ပင် ရောက်ရှိလာမည် ဆိုသည်ကို ယုံမှားသံသယ မရှိသင့်ပေ။

တင်းတိမ်ရောင့်ရဲခြင်း၊ ခြိုးခြံချွေတာခြင်း၊ မေတ္တာထားခြင်း၊ ချစ်ခင်ခြင်း၊ သူတစ်ပါးအား လေးစားစွာ ဆက်ဆံခြင်း၊ သူတစ်ပါးအကျိုး သယ်ပိုးခြင်း၊ သည်းခံနိုင်ခြင်း၊ အမြဲသတိရှိခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ ဗဟုသုတရှိခြင်း၊ ထကြွနိုးကြားခြင်း၊ ညှာတာသနားခြင်း၊ သစ္စာတရားရှိခြင်း၊ စိတ်ရှည်ခြင်း၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံခြင်း၊ ကိုယ်ကျင့်တရား လက်ကိုင်ထားခြင်း၊ စသော ကိုယ်ကျင့်တရားများသည် စတ်၏ အေးချမ်းတည်ကြည် ငြိမ်သက်ခြင်းကို ရရှိစေနိုင်ပါသည်။

ထိုသူသည် ဆင်ခြင်တုံတရား လက်မလွတ်သဖြင့် သင့်တော်မှန်ကန်သော အလုပ်ကိုသာ လုပ်ကိုင်ပေလိမ့်မည်။ ထို့ပြင် စိတ်ထား မူမှန်ခြင်းသည် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို မှန်ကန်စေနိုင်၏။ အစာကို လွယ်ကူစွာ ချေဖျက်နိုင်၏။ ရုပ်အဆင်းအင်္ဂါ ကြည်လွင်ရွှင်ပျစေနိုင်၏။ မိတ်ကောင်းဆွေကောင်းများ၏။ လူအများ၏ လေးစားမှုကို ရရှိနိုင်၏။ ဘ၀ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်စွမ်း၏။ လုပ်ငန်းကိစ္စများလည်း အဆင်ပြေ ချောမွေ့နိုင်၏။” (ESP Your sixth sense Brad Steiger. The Science of Nature Cure.)

ထိုသူသည် စင်စစ် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသူသာတည်း။ လောကဓံကို ကြံ့ကြံ့ခွံနိုင်သူသာတည်း။

မြေလို ကျင့်ရမည်။ ။

မြေကြီးအထုသည် မိမိအပေါ်သို့ ကျရောက်လာသော အရာဝတ္ထုတိုင်းကို ကွဲပြားခြားနားခြင်း မရှိဘဲ ခံယူ၏။ ကျင်ကြီး ကျင်ငယ် ချွဲ သလိပ် စသော ရွံရှာစက်ဆုပ်ဖွယ် အရာဝတ္ထုများ ကျရောက်လာလျှင်လည်း မတုန်မလှုပ် ခံယူ၏။ ရွှေ ငွေ စိန် ကျောက် ပန်း နံ့သာ စသော နှစ်လိုဖွယ် အရာဝတ္ထုများ ကျရောက်လာလျှင်လည်း မတုန်မလှုပ် ခံယူ၏။ ထိုနှစ်မျိုးလုံးတွင် ထူးခြားခြင်း ကွဲပြားခြင်း မရှိပေ။

ရေလို ကျင့်ရမည်။ ။

ရေတို့မည်သည် မည်သည့် အရာဝတ္ထုမျိုးကိုပင် ဖြစ်စေ ဆေးကြော စင်ကြယ်စေသည်သာ ဖြစ်၏။ ကျင်ကြီး ကျင်ငယ် ချွဲ သလိပ် တံထွေး စသော ရွံရှာစက်ဆုပ်ဖွယ် အညစ်ကြေး လိမ်းကျံသည့် အရာဝတ္ထုများကိုလည်း ဆေးကြော စင်ကြယ်၏။ အဆိုပါ အညစ်အကြေးများ မလိမ်းကျံသော မကပ်ညိသော အရာဝတ္ထုများကိုလည်း ဆေးကြော စင်ကြယ်၏။ အမွှေးနံ့သာ လိမ်းကျံထားသော အရာဝတ္ထုများကိုလည်း ဆေးကြော စင်ကြယ်၏။ မည်သည့် အရာဝတ္ထုမျိုးကိုပင် ဖြစ်စေ ရေသည် ကွဲပြား ခြားနားခြင်း မရှိဘဲ ဆေးကြောသည်သာ ဖြစ်၏။ သန့်ရှင်း စင်ကြယ်စေသည်သာ ဖြစ်၏။ထိုနှစ်မျိုးလုံးတွင် ထူးခြားခြင်း ကွဲပြားခြင်း မရှိပေ။

လေလို ကျင့်ရမည်။ ။

လေဟူသည် တိုက်ခတ်ခြင်းသဘော ရှိလေ၏။ မည်သည့် အရာဝတ္ထုမျိုးကိုပင်ဖြစ်စေ လေသည် တိုက်ခတ်သယ်ဆောင်တတ်၏။ သန့်ရှင်း စင်ကြယ်သော အရာဝတ္ထုကိုပင် ဖြစ်စေ၊ မသန့်ရှင်းသော အညစ်ကြေးကိုပင် ဖြစ်စေ တိုက်ခတ် သယ်ဆောင်သည်သာ ဖြစ်၏။ မွှေးကြိုင်သော ရနံ့ပင်ဖြစ်စေ၊ ပုပ်ညှီသော ရနံ့ပင် ဖြစ်စေ ကွဲပြားခြားနားခြင်းမရှိ။ တိုက်ခတ်သယ်ဆောင်သည်သာ ဖြစ်၏။

မီးလို ကျင့်ရမည်။ ။

မီး၏ သဘောသတ္တိကား လောင်ကျွမ်းခြင်းတည်း။ နှစ်သက်ဖွယ်ဖြစ်သော အရာဝတ္ထု၊ မနှစ်သက်စရာ ရွံရှာဖွယ် အရာဝတ္ထု၊ သန့်ရှင်း စင်ကြယ်သော အရာဝတ္ထု၊ မသန့်ရှင်း မစင်ကြယ်သော အရာဝတ္ထု စသည်တို့၌ ကွဲပြား ခြားနားခြင်း မရှိ။ မီးသည် အလုံးစုံသော အရာဝတ္ထုတို့ကို လောင်ကျွမ်းသည်သာ ဖြစ်၏။

ဤလောက ဤလူ့ဘောင်၌ လူသားတို့သည်ကား အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ညှို့ဓာတ် ဆွဲငင်ဓာတ် ကာမဂုဏ် အာရုံကို လွှမ်းမိုး ကျော်လွန်နိုင်ခဲလှ၏။ လွှမ်းမိုး ကျော်လွန်နိုင်သူသည်သည်လည်း အများတကာနှင့်မတူ ထူးချွန်သူသာလျှင် ဖြစ်၏။ အရာရာ၌ အောင်မြင်လိုသူ ချမ်းသာမှုအစစ်ကို ရယူလိုသောသူသည် လောကဓံကို ကြံ့ကြံ့ခံကာ ညှို့ဓာတ် ဆွဲငင်ဓာတ်ရှိသော ကာမဂုဏ် အာရုံကို လွှမ်းမိုး ကျော်လွန်နိုင်ရမည် ဖြစ်၏။ ညှို့ဓာတ် ဆွဲငင်ဓာတ်ဟူသော ကာမဂုဏ် အာရုံကျော့ကွင်း ပိုက်ကွန်ကို ကျော်လွှား လွတ်မြောက်နိုင်ရေး လမ်းစဉ်ကား မြေ၊ ရေ၊ လေ၊ မီးတို့ကဲ့သို့ ကျင့်သုံးရေးပင်တည်း။

မြေ၊ ရေ၊ လေ၊ မီးတို့သည် မိမိတို့ထံ ကျရောက်ထိတွေ့လာသော အရည၀တ္ထုမှန်သမျှကို ကွဲပြားခြားနားခြင်း၊ ခွဲခြားခြင်းမရှိ၊ တန်းတူခံယူ ဆောင်ရွက်ကြကုန်၏။ ချစ်စရာ မုန်းစရာ ဟူ၍လည်းကောင်း၊ စင်ကြယ်၏ ညစ်ညမ်း၏ ဟူ၍လည်းကောင်း၊ အဖိုးတန်သည် အဖိုးမတန် ဟူ၍လည်းကောင်း အတန်းအစား ခဲခြားခြင်း မရှိဘဲ၊ မိမိတို့၏ သဘောသတ္တိအတိုင်းသာလျှင် တန်တူညီမျှစွာ ခံယူ ဆောင်ရွက်ကြကုန်၏။

ထိုနည်းတူစွာ လူသားတို့သည်လည်း ကြုံရ ဆုံရသမျှသောအရာတိုင်း၊ အာရုံတိုင်း၊ လောကဓံတရားတုင်းကို မတုန်မလှုပ်၊ မပြောင်းလဲဘဲ၊ ခံယူကျင့်သုံးသင့်၏။ နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ်၊ စင်ကြယ်ခြင်း၊ ညစ်ညူးခြင်း၊ နူးညံ့ခြင်း၊ ကြမ်းတမ်းခြင်း၊ လှပခြင်း၊ အရုပ်ဆိုးခြင်း စသည်တို့၌ အမျိုးအစားခွဲခြား၍ ခံယူကျင့်သုံးခြင်း မပြုသင့်ပေ။

သက်ရှိပုဂ္ဂိုလ်တိုင်းသည်လည်းကောင်း၊ သက်မဲ့အရာဝတ္ထုတိုင်းသည်လည်းကောင်း၊ အမြဲတမ်း ဖြစ်လိုက် ပျက်လိုက်နှင့် မူလသဘာဝ သူ့သဘောသူဆောင်ကာ ဖြစ်ပျက်နေကြကုန်၏။ ပြောင်းလဲ ရွေ့လျောနေကြကုန်၏။ မူလသဘောတရားမှ တစ်ဆံချည်မျှ မသွေဖည်ကြကုန်။ စင်စစ်အားဖြင့် အမြဲတည်တံ့နေကြသည် မဟုတ်။ စိုးပိုင် ချုပ်ကိုင်၍ ရသည်မဟုတ်။ “ရုပ္ပတီတိ ရူပံ၊ အမြဲတမ်း ဖေါက်ပြန်ပြောင်းလဲနေသောကြောင့် ရုပ်မည်၏။” ဟူသော ‘အဘိဓမ္မာပါဠိတော် ပရမတ္ထတရားအဖွင့်’လာ စကားအတိုင်း အမြဲတမ်း ဖေါက်ပြန်ပြောင်းလဲနေသောကြောင့် ရုပ်မည်၏။ အမြဲတမ်း မဖေါက်ပြန် မပြောင်းလဲလျှင် ရုပ်မမည်ပေ။ ဖေါက်ပြန်ပြောင်းလဲနေခြင်းသည်ပင် ရုပ်တရား၏ မူလသဘာဝတရား ဖြစ်၏ဟု ဆိုလိုပါသည်။

နှစ်သက်ဖွယ်ကောင်းသည်၊ တင့်တယ်သည်၊ လှပသည်၊ စင်ကြယ်သည်ဟု မှတ်ထင်ရသော အရာဝတ္ထု၊ အဆင်း၊ အသံ စသည်တို့ကို စီစစ်ကြည့်ပါ။ မာခြင်း၊ ပျော့ခြင်း၊ သူခြင်း၊ အေးခြင်း၊ ဖွဲ့စည်းခြင်း၊ လှုပ်ရှားခြင်းဟူသော ပကတိသဘောသတ္တိတို့သာ ရှိကြကုန်၏။

လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသည်ဟု ထင်ရသော မိန်းမပျိုတစ်ယောက်ကို စီစစ်ကြည့်လျှင် သိနိုင်ပါ၏။ မြေ ရေ လေ မီးတို့၏ ခံယူကျင့်သုံးပုံ လမ်းစဉ်ဖြင့် စီစစ်ကြည့်လျှင် သိသာထင်ရှားလှပါသည်။ မိန်းမပျိုလေး၏ ခန္ဓာကိုယ်သည် အပေါ်ယံကြည့်လျှင် ရှုချင်စဖွယ် တင့်တယ်၏။ စွဲမက်ဖွယ် ကောင်း၏။ လှပချောမော၏ ဟု ထင်ရသော်လည်း အသား အရေ အကြော အဆီ အသွေး ဆံပင် မွေးညင်း စသည်တို့ဖြင့် ဖွဲ့စည်းထားသော ဓါတ်ပေါင်းစု တစ်ခုသာ ဖြစ်၏။ အကောင်အထည် တစ်ခုသာ ဖြစ်၏။ ဆံပင် မွေးညင်း စသည်အားဖြင့် ခွဲခြားကြည့်လျှင် (၃၂)ကောဋ္ဌသ အစုသာ ဖြစ်၏။ မိန်းမပျိုဟူသည် မရှိ။ ယောကျား မိန်းမဟူသည် မရှိပေ။ ဓါတ်သဘောအားဖြင့် ရှုကြည့်မည် ဆိုလျှင် မာခြင်း၊ ပျော့ခြင်း၊ ယိုစီး ခြင်း၊ ဖွဲ့သည်းခြင်း၊ ပူနွေးခြင်း၊ အေးစက်ခြင်း၊ လှုပ်ရှားခြင်းတို့သည်သာလျှင် အရင်းမူလ ရှိသည်သာတည်း။

ယင်းသို့ မြင်ရ ကြားရ တွေ့ထိ ကြုံဆုံရတိုင်းသော အာရုံဟူသမျှ၌ အရှိအတိုင်း မူလသဘောသတ္တိကို ရှုမြင်သုံးသပ်နိုင်သောသူသည် လိုချင်ခြင်း၊ တပ်မက်မောခြင်း၊ မနာလို ၀န်တိုခြင်း၊ နှိပ်စက်ဖျက်ဆီးလိုခြင်း၊ တွေဝေခြင်း စသော တစ်ဘက်စွန်းရောက် အလိုဆိုးများမှ ကင်းရှင်း၏။ ယင်းသို့ ကင်းရှင်းသောကြောင့်ပင် ညှို့ဓာတ်၊ ဆွဲငင်ဓာတ် တည်းဟူသော ကာမဂုဏ်အာရုံ ပိုက်ကွန် ကျော့ကွင်း၏ ချည်နှောင် ဖမ်းဆီးခြင်းမှ လွတ်မြောက်သည် မည်၏။ ယင်းသို့ ဆင်ခြင်နိုင်သောသူသည် ယထာဘူတဉာဏ်ကို ရသူမည်၏။ လောက၌ အရာရာတိုင်းကို အောင်မြင်၍ အထက်တန်းရောက်နိုင်သူ မည်၏။

(မဟာရာဟုလောဝါဒသုတ်၊ ပဏ်၊ ၂၊ ပါ၊ ၈၃၊ ဋ္ဌ၊ ၉၁။)

စိတ်ကျန်းမာမှ ကိုယ်ကျန်းမာနိုင်၏။ စိတ်ကျန်းမာမှုနှင့် ပြည့်စုံစေရန် အတွက် စိတ်ဓာတ်ခိုင်မာရန်၊ လောကဓံတရား၏ဒဏ်ကို ခံနိုင်ရည်ရှိရန် လို၏။ ဖြစ်ပေါ်လာသော ခံစားမှု တုန့်ပြန်မှုများကို ထိန်းခြုပ်နိုင်ရန်၊ စိတ်ဓာတ်ခိုင်မာစေရန်၊ လောကဓံတရား၏ ဒဏ်ကို ခံနိုင်ရန်အတွက် ၀ိပဿနာ ဘာဝနာတို့ဖြင့် မိမိတို့၏ စိတ်ကို ထိန်းချုပ်ရမည် ဖြစ်ပါသည်။ “ဘာဝနာ” ဟူသော စကားလုံးသည် “စိတ်နေသဘောထား ကြီးမားမြင့်မြတ်အောင် တိုးပွါးစေတတ်” ဟူသော အဓိပ္ပါယ်ကို ဆောင်၏။ သတ္တ၀ါတို့၏ စိတ်ဓာတ်သည် အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် သိဖွယ်ဟူသမျှကို မသိတတ်သည့်အပြင် တဏှာလောဘ အစွမ်းကြောင့် ကာမဂုဏ်အာရုံများကို တောင့်တခင်မင် လိုချင်နေ၏။ ထို့ကြောင့် ပင်ကိုယ်အားဖြင့် ကြီးမားမြင့်မြတ်သောစိတဓာတ် မဟုတ်ကြောင်း သဘောပေါက်ရမည် ဖြစ်ပါသည်။ ထိုအညံ့စား စိတ်ဓာတ်ကို ကြီးမားမြင့်မြတ်လာအောင် သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ ဟူသော ဘာဝနာ(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် တိုးပွးအောင် ကြိုးစားအားထုတ်သောအခါ အ၀ိဇ္ဖာ၊ တဏှာ နည်းပါးသွားသောကြောင့် စိတ်နေ စိတ်ထားမှာလည်း မူလအခြေအနေထက် ကြီးမာမြင့်မြတ်လာနိုင်ပါသည်။

ဝိပဿနာ ဟူသည်မှာ မသိနားမလည်ခြင်းမှ သိနားလည်ခြင်းသို့၊ ညစ်နွမ်းပေရေနေခြင်းမှ သန့်ရှင်းစင်ကြယ်စေခြင်းသို့၊ ကိုယ် စိတ်နှစ်ဖြာ အနာရောဂါရခြင်းမှ ရောဂါကင်းရှင်း ကျန်းမာခြင်းသို့၊ ကိုယ် စိတ်နှစ်ဖြာ ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊ ကာမဂုဏ်အာရုံ အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်းသို့ ပြောင်းလဲစေသော အကျင့်ကောင်း အကျင့်မြတ်သည် ၀ိပဿနာပင် ဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ အနာရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု စသည်တို့မှ လွတ်မောက်ရန်နည်းလမ်းသည် ဘ၀၏အလင်းရောင် (သို့မဟုတ်) ၀ိပဿနာ၏ အနှစ်သာရဟုပင် ဆိုနိုင်ပါသည်။

အရှင်ဥက္ကံသ M.A.(Buddhism)