Tuesday, March 24, 2015

ခရီးထွက်ဖို့ ပြင်ဆင်ထားပါ


ခရီးထွက်ဖို့ ပြင်ဆင်ထားပါ

ယနေ့ မိမိတို့ ကြိုးစားနေကြတဲ့ နိဗ္ဗာန်ဆိုတဲ့ လမ်းခရီးက သွားရမဲ့ လမ်းတစ်လျှောက်လုံးမှာ အဟန့်အတား အနှောင့်အယှက် အမျိုးမျိုးက ဆီးကြိုနေသမျှ ဒါတွေကို ပယ်ရှင်းနိုင်ဖို့ အခွင့်အရေး တွေကို ဘယ်လောက်ပဲ နည်းမျိုးစုံသုံးပြီး အကောင်းဆုံး ဖော်ထုတ်ဟော ဟော ကိုယ်ကမှ သိအောင် မြင်အောင် မကျင့်နိုင်သေးသမျှ လိုရာပန်းတိုင်မရောက်နိုင်ပါဘူး အခက်အခဲ အတားအဆီး မျိုးစုံကတော့ ကြုံရမှာ မလွှဲမသွေပါပဲ ကျော်ဖြတ်ဖို့ပဲ လိုပါတယ်။

ယနေ့ပြုလုပ်နေတဲ့ မိမိတို့ရဲ့ အလုပ်တွေမှာ ဩော် ငါတို့ အနာဂတ်ခရီးကိုဆက်ဖို့အတွက် ဘာတွေများ ပြင်ဆင်ပြီးပြီလဲ ဘယ်လိုအနေအထား ရောက်နေပြီလဲဆိုတာကို၊ ပိုင်ပိုင်မိမိ သဘောတွေကို ဥာဏ်ရောက်ပြီးတော့ ကိုယ့်ကိုယ်ကို ပြည့်စုံရင်လည်း ၀မ်းမြောက်ပါ လိုအပ်နေရင်လည်း ဖြည့်စွက်ဖို့အတွက် ဖြစ်ရပ်မှန်တွေကို ကောင်းစွာသိဖို့ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်မှာ အကြောင်းအကျိုးနဲ့ ဝေဖန်သုံးသပ်ပြီးတော့ ရှေးဦးစွာကြည့်ရအောင် ဆိုရင် အခု ပစ္စုပ္ပန်ရောက်ရှိနေတဲ့ မိမိတို့သည် အတိတ်ကနေလာကြတာဖြစ်လို့  ပစ္စုပ္ပန်မှာ တစ်ထောက် နားနေ ကြတယ်။ လူ့ဘ၀မှာ ခေတ္တခဏ နားနေကြတယ်။ဒီကနေပြီးတော့ ရှေ့ကို ခရီးဆက်ရ တော့မယ် အနာဂါတ်ကို ။

အနာဂါတ်ကို ခရီးဆက်တဲ့နေရာမှာ မိမိတို့လူ့ဘ၀ကနေ လူ့ဘ၀ကို ပြန်ရောက်နိုင်တဲ့ အနေအထား ကလည်း ရှိသလို၊ဒီထက်မြင့်မြတ်တဲ့ နတ်ပြည်၊ဗြဟ္မာပြည်ဆိုတာလည်း ရှိတယ်။ ဒီ့ထက်မြင်မြတ်တဲ့ နိဗ္ဗာန်ဆိုတာလည်း ရှိတယ်။ အနိမ့်ကျဆုံးဖြစ်တဲ့ အပါယ်လေးဘုံလည်း ရှိပြန်ပါတယ်။ အဲ့လိုရှိတဲ့ အတွက်ကြောင့်မို့လို့ အနာဂတ် ခရီးမှာကတော့  စောင့်ကြိုနေတဲ့ ပန်းတိုင်တွေက အများကြီး။ သူတော်စင်များက ဘယ်သွားချင်တာတုန်း ။

နိဗ္ဗာန်သွားချင်ရင် နိဗ္ဗာန်နဲ့ထိုက်တန်တဲ့ အရာ ကိုယ့်ဆီမှာ ရှိပြီလား ဆိုတာကို အရင်သိဖို့အတွက်က ဟောဒီပစ္စုပန်မှာ ရောက်နေကြတဲ့ မိမိတို့အားလုံး သေသေချာချာ ပြန်ပြောင်းပြီးတော့ ကြည့်မယ်ဆိုရင် လူ့ဘ၀ကို ရဖို့ဆိုတာလည်း လူ့ဘ၀ကို ရဖို့အတွက် အတိတ်ဘ၀တုန်းက ကြိုးစား ခဲ့ရတယ်။ နတ်ဘ၀ရဖို့ကလည်း နတ်ဘ၀အတွက် ကြိုးစားခဲ့ရတယ်။ဥပမာအားဖြင့် မြင်လွယ် ထင်လွယ်အောင် ပြောမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံကို ၀င်ဖို့ အတွက် ပြည်ဝင်ခွင့်ဗီဇာလိုသလိုပါပဲ။ ဒီသဘောပါပဲ။

လူ့ဘ၀ကိုရဖို့ဆိုတာကလည်း အတိတ်တုန်းက လူ့ဘ၀၀င်ခွင့် ကုသိုလ် တံဆိပ် တုန်းလေး ထုခဲ့လိုပါပဲ ။ တကယ်လို့များ မိမိတို့က အကုသိုလ် လက်မှတ်ကြီး ကိုင်ဆောင်ပြီးတော့ လူ့ပြည်ဝင်ချင်တယ်ဆိုရင် ဖြစ်နိုင်ပါ့မလား ၊လွှတ်လိုက်တာက အပါယ်လေးဘုံပါ။

အနာဂါတ်သံသရာမှာ ရထားတဲ့ လက်မှတ်လေးကို မပျောက်အောင် ဆက်ပြီး စောင့်ရှောက် ထားမယ် ဆိုရင် ဒီ့ထက်မြင့်မြတ်တဲ့ နတ်ပြည်၊ဗြဟ္မာပြည်ကနေ နိဗ္ဗာန်ပြည်အထိ သွားနိုင်ပါတယ်။ ဆိုင်ရာ ဆိုင် ရာ ၀င်ခွင့်ဗီဇာသာ မှန်အောင်လုပ်ခဲ့ရင် ၀င်ရောက်နိုင်မှာပါ။

လူ့ဘ၀မှာ နေတုန်း တရားနာကြတယ်၊ ရိပ်သာဝင်ကြတယ်၊ ပရဟိတအလုပ်တွေ လုပ်ကြတယ်၊ ကုသိုလ်ကောင်းမှု့ စုကြတယ် ဆိုတာ နိဗ္ဗာန် သွားဖို့အတွက် ၀င်ခွင့်ဗီဇာရဖို့ လာတန်းစီ နေကြတာပါပဲ။ အဲ့ဒီဝင်ခွင့်လေးရလား မရလားဆိုတာကို ဆန်းစစ်ရတော့မယ်။ အဲ့လိုဆန်းစစ်ဖို့ အတွက် ဟောဒီရောက်ရှိနေတဲ့ဘ၀ ၊ကျင်လည်ခဲ့ရတဲ့ အနေအ ထားတွေကို ပြန်ကြည့်လိုက်ရင် ပစ္စုပ္ပန်မှာရောက်နေကြတဲ့ အရာက အတိတ်က အ၀ိဇ္ဇာ အုပ်ချုပ်ပြီး လုပ်ခဲ့လို့ လူ့ဘ၀ကိုရောက်ခဲ့ပြီ ဒီအပေါ်မှာ တဏှာအုပ်ချုပ်ပြီး ပြန်လုပ်အုံးမယ်ဆိုရင် အနာဂါတ် သံသရာမှာ ရောက်မယ့် နေရာတွေကတော့ အများကြီးပဲ။ အဲ့ဒီအများကြီးက ဒုက္ခတွင်းထဲမှာပဲ ရှိတဲ့အတွက်ကြောင့် မို့လို့ နိဗ္ဗာန်နဲ့ နီးမှာလား ဝေးမှာလား ဆိုရင် ဝေးမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့

အတိတ်အကြောင်းမှာ အ၀ိဇ္ဇာ သစ္စာမသိတာက စခဲ့သည်။                                                            ပစ္စုပ္ပန်မှာ ဘ၀တဏှာ ရောက်ရာအပျော်နှင့် ဆက်လှည့်သည်။

ယနေ့ပစ္စုပ္ပန်မှာ လူချမ်းသာတွေလည်း သူ့အသိုင်းအ၀ိုင်းနဲ့သူပျော်တာပဲ၊ လူဆင်းရဲတွေလည်း သူ့အသိုင်း အ၀ိုင်းနဲ့ သူပျော်တာပဲ၊ တိရိစ္ဆာန်လေးတွေလည်း သူ့ကျင်လည်နေရတဲ့ဘ၀နဲ့သူပျော်နေ ကြတာပဲ။ အဲ့လိုပျော်နေကြတာက ကိုယ့်ဘ၀ကိုယ် ခင်တဲ့ တဏှာကြောင့်ပါ။ အဲ့ဒီတဏှာနဲ့ ပျော်နေသမျှ အနာဂါတ် သံသရာမှာ ဇာတိမျိုးစုံပြန်ရရင် ဒုက္ခချောက်ထဲ ပြန်ရောက်တာပေါ့။ ဒီလိုနဲ့ပဲ သံသရာကြီး တစ်ပတ်ပြီး တစ်ပတ်လည်ခဲ့ရတာ မဆုံးနိုင်ခဲ့ပါဘူး။

သံသရာရေပြင်ကြီးက သိပ်ကျယ်လွန်းပါတယ်။အဲ့ ဒီကျယ်လွန်းတဲ့ သံသရာရေပြင်ထဲမှာ မမြင်မကန်းနဲ့ သွားခဲ့ တာလည်း မာလှပါပြီ။ယနေ့သာသနာ တော်နဲ့ဆုံတဲ့အခါမှာ အဲ့ဒီသံသရာ ရေပြင်ကနေမှ အလွန်လျှင်မြင်စွာကို အသုံးချရမဲ့ ဒီခန္ဓာကြီးကို အရင်းတည်ပြီးတော့ လိုချင်တဲ့ ပန်းတိုင် နိဗ္ဗာန်ကို အရယူကြဖို့လိုပါတယ်။နိဗ္ဗာန် ရွှေပြည်ပန်းတိုင်ကို တက်လှမ်းချင်တယ် ဆိုရင်တော့ ဒီအတိုင်းမနေကြပါနဲ့။ ၀ိပဿနာတရား ရှု့ပွားအားထုတ်ကြပါ။

ဆရာတော် အရှင်ပုညာနန္ဒ၏ ခရီးထွက်ဖို့ ပြင်ဆင်တာပါ ဆိုတဲ့ တရားကို ဖော်ပြအပ်ပါသည်။


အတုမရှိ ဗုဒ္ဓမြတ်စွာဆိုက်မှ

Monday, March 23, 2015

ဘာလို့ချစ်နေကြတာလဲ၊ မချစ်အောင်ဘယ်လိုနေမလဲ


ဘာလို့ချစ်နေကြတာလဲ၊ မချစ်အောင်ဘယ်လိုနေမလဲ

အချစ်ရယ်လို့ ဆိုလိုက်ရင် မသိသူမရှိလောက် အင်မတန်အသုံးများသော စကားလုံးဖြစ်သည်။ အချစ်ကို အယူအဆအမျိုးမျိုးဖြင့် သုံးသပ်ရှုမြင်ကာ စကားပုံများ၊ ဆိုရိုးများ၊ သီချင်းများ၊ ဇာတ်လမ်းများ၊ ဝတ္ထုများ ဖြစ်တည်လာခဲ့သည်။

အချို့က အချစ်သည် အေးမြသော သဘောကိုဆောင်ကြောင်း၊ အချို့က ပူလောင်သော သဘောကို ဆောင်ကြောင်း၊ အချစ်ဆိုသည်မှာ မည်သို့မည်ပုံဖြစ်ကြောင်း နည်းလမ်းအမျိုးဖြင့် သရုပ်ဖော်ကြသည်။

အချစ်ကို စိတ်ပျက်သူရှိသလို၊ အချစ်ကို နှစ်သက်သူရှိသည်။ အချစ်သည် ဘဝတစ်ခု တည်ဆောက် ရာတွင် မည်သို့မည်ပုံ အရေးပါသည် စသည်ဖြင့် အမျိုးမျိုးညွန်းဆိုကြသည်။ အချစ်အကြောင်း နိဒါန်း သွယ်ရုံမျှ စာမျက်နှာ တစ်ရာမက ဖြစ်သွားချေလိမ့်မည်။ စာဖတ်သူတို့ကို မျှဝေလိုသည့် အချစ် အကြောင်းမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော ဓမ္မတရားအခြေခံ အချစ်၏ အဓိပ္ပါယ်ပင်တည်း။

အချစ်ဟူသော သံယောဇဉ်မှာ အင်မတန်ပင်ဖြတ်ရခဲသော ကြိုးဖြစ်သည်။ မြတ်စွာဘုရားရှင်၏ ပါရမီ ဖြည့်ကျင့်သော ဘဝတွင်ပင် ခက်ခက်ခဲခဲဖြတ်ခဲ့ရသော ကြိုးဖြစ်ချေသည်။ တိတိကျကျ ညွန်းဆို ရသော် သံယောဇဉ်တရား ၁၀ပါးမှ ကာမရာဂသံယောဇဉ် ဖြစ်ချေသည်။ သံယောဇဉ်ဟူသည့် အဓိပ္ပါယ်မှာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် (ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည် တုတ်နှောင်တတ်သောတရား (သံယောဇဉ်ကြိုး) ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ကာမရာဂသံယောဇဉ်ဟူသည် သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကာမဂုဏ် (ကိလေသာ အခြေခံ) (ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သောတရား ဟုဖြစ်ချေသည်။ ယင်းတရားကို ဆက်လက်တည်တံ့အဓွန့်ရှည်စေရန် ကူညီထောက်ပံ့နေသော တရားအစုဖြစ်သည့် အာသဝေါ၊ သြဂ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ ကိလေသာ တို့လည်း ရှိနေသည့်အတွက် အချစ်ဟူသည် မဂ်ဖိုလ်နိဗ္ဗာန် မရမချင်း မိမိတို့၏ သဏ္ဍန်၌ အစဉ်အမြဲ ကိန်းအောင်းနေမည်သာဖြစ်သည်။

ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့သည့် ဘဝတစ်ခု (ဝေဿန္တရာဇာတ်တော်) တွင် အချစ်၏ ဂုဏ်သတ္တိကို တွေ့နိုင်ချေသည်။ စွန့်ကြဲပေးကမ်းခြင်း ပါရမီဖြည့်ကျင့်ရာ စွန့်ကြဲပေးကမ်းသည့် အလောဘ ဟူသည် ဆန့်ကျင်ဘက် လောဘကို နိုင်နှင်းစေသည်။ ထိုသို့ လောဘတရားကို ဖြတ်တောက်ရာတွင် ရွှေ၊ငွေ၊ဂုဏ် စည်းစိမ်ကို စွန့်လွတ်ရန် လွယ်ကူသော်လည်း ကာမရာဂ သံယောဇဉ်အခြေခံ ကာမဂုဏ်အာရုံ (ဇနီး၊သားသမီး) တို့ကို စွန့်လွတ်ရန် ဝေဿန္တရာ မင်းကြီး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ သူအလွန်ချစ်သော ဇာလီနှင့် ကဏှာဇိန် တို့ သားသမီးနှစ်ဦးကို သာမက မယားကျင့်ဝတ်နှင့် ပြည့်စုံသော ချစ်ဇနီး မဒ္ဒီဒေဝီကိုပင် အလှူသည်အထိ စွန့်လွတ်ခဲ့သည်။

ဤတွင် နားမလည်သူများက တော်တော် အကြင်နာတရား ကင်းမဲ့သော ဝေဿန္တရာမင်းကြီးဟု ထင်မြင်စရာရှိသည်။ အမှန်စင်စစ် စွန့်လွတ်ရန် အင်မတန် ခက်ခဲသော ဘဝကို ထုံမွန်းစေသည့်၊ အဆက်မပြတ်စေသည့်၊ ၃၁ ဘုံမှ မကြွတ်ရလေအောင် ဖိစီး နှိပ်စက်တတ်သည့် ကာမရာဂ သံယောဇဉ် (အချစ်)၊ ပဋိက သံယောဇဉ် (အမုန်း) စသည်တို့အပါအဝင်အခြားအခြားသော ကိလေသာတရားများကို ပါ ကြိုးစားဖြတ်တောက် ပါရမီဖြည့်ကျင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရသည့် အင်္ဂါတစ်ရပ်တွင် ပါဝင်နေသော အချစ်ကို စွန့်လွတ်ခြင်းကို သာမန်လူတို့ ပြုနိုင်ခဲသည်။ အချစ်တွင် ချစ်သူရည်စားတင်မက၊ မိဘ၊သားသမီး၊ ဆွေမျိုးတို့ ပင်ပါဝင်နေချေသေး သည်။

ထိုကဲ့သို့ အချစ်၊အမုန်း၊ အားလုံး၏ အခြေခံမှာ ကိလေသာ ၁၀ပါးဖြစ်ချေသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိက နှင့် အနုတ္တပ ဟူသော ကိလေသာတရား ၁၀ပါး အခြေခံပြီး ၁၅၀၀ သော ကိလေသာတို့ဖြစ်လာခဲ့သည်။ ယင်း ၁၅၀၀သော ကိလေသာတို့ကိုပင် အချစ်ဟု အဓိပ္ပါယ်ဖွဲ့ဆိုကြသည်။ ဆိုလိုရင်းမှာ ယင်း ၁၅၀၀ သော ကိလေသာတရားသည် အချစ် ဟူသော လောဘ ကို ဖြစ်တည်လာစေရန် ကူညီထောက်ပံ့သော အကြောင်းတရားဖြစ် သည်ဟု အဓိပ္ပါယ်ရချေသည်။ ထိုကို မသိနားမလည်သူတို့ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ၁၅၀၀သော ကိလေသာသည် အချစ်တစ်ခုတည်းဖြစ်စေခြင်းမဟုတ်၊ လောဘ၊ဒေါသ၊ မောဟ အခြေခံ (၁၂) ပါးသော အကုသိုလ်တရားများကိုဖြစ်စေပါသည်။

“ဒါဆိုမချစ်ရတော့ဘူးလား” ဟု စာဖတ်သူတို့၌ သံသယဝင်စရာရှိလာခဲ့သည်။ မှန်ပါသည်။ မချစ်၊ မမုန်း (လောဘ၊ ဒေါသ)လေလေ ပူလောင်မှု ကင်းဝေးလေလေဖြစ်ချေသည်။ ထို့ကြောင့် အချစ်ကို ပူလောင်စေသည် ဟုလည်း သတ်မှတ်သည့် ဆိုရိုးဖြစ်လာချေသည်။ အရာဝတ္ထု၊ ရုပ်နာမ် တစ်ခုခုအား နှစ်သက်စွဲလမ်းလျှင် ထိုစွဲလမ်းစိတ်၏ တရားကိုယ်ကို ရှာဖွေကို ကြိုးစားဖြတ် တောက်နိုင်ချေသည်။ သို့သော် အချစ်သည် မကောင်းဟု သိနေပင်တောင်မှ ဖြတ်မရနိုင်ခြင်းကား ဘဝအဆက်ဆက် ချည်နှောင်ထုံးဖွဲ့လာခြင်းကြောင့် ဖြစ်ချေသည်။ ထိုကို ဖူးစား၊ ရေစက်ဟုပင် ခေါ်ဝေါ်ကြသေးသည်။ အမှန်စင်စစ် ၃၁ ဘုံမှ မကျွတ်လွတ်ရလေအောင် တစ်ဘဝပြီး တစ်ဘဝ ချည်ဖွဲ့လာသော သံယောဇဉ်၊ ကိလေသာ စသည်ဖြင့် တရားတို့ကြောင့် ဖြစ်ချေသည်။

အချို့က အချစ်ကိုအခြေခံပြီး ကောင်းလာသည်များရှိသည်ဟုဆိုသည်။ အချစ်ကြောင့် လိမ္မာ လာသည်။ အချစ်ကြောင့် ဘဝတန်ဖိုးသိလာသည်။ အချစ်ကြောင့် စိတ်ကောင်းဝင်လာသည် စသည်ဖြင့် ညွန်းဆိုသော်ငြားလည်း ၄င်းမှာ အဆိပ်ပင်ရေလောင်းသကဲ့သို့ အချစ်ကိုပိုပို၍ နှစ်သက် စုံမက်လာ (ဘဝအဆက်မပြတ်)စေသော တရားများပင် ဖြစ်နေချေသေးသည်။

မချစ်အောင်ဘယ်လိုနေမလဲ?

ဤကား စာဖတ်သူတို့ သိချင်နေသော မေးခွန်းတစ်ရပ်ဖြစ်နေချေမည်။ ခက်ပါသည်။ အချစ်ဟူသော လောဘတရား(ကိလေသာ)များကို ရဟန္တာဘဝသို့ ရောက်မှ အပြီးသတ်စွန့်လွတ်နိုင်ချေသည်။ မဂ်ဖိုလ် ဥာဏ်ဆုံးခန်းတိုင်မှ အမှန်စင်စစ် လောဘကို သိမြင်နိုင်ချေသည်။ ပုထုဇဉ်တို့ကား သိသာ သိသည်။ မမြင်နိုင်သေးချေ။ မကောင်းမှန်းသိသော်လည်း ဖြတ်ရခက်နေသော ကြိုးဖြစ် နေပေသည်။

ထို့အတွက် စာဖတ်သူ ပုထုဇဉ်တို့ ဝမ်းနည်းနေစရာမလို။ ဒါဆိုမချစ်အောင် နေမယ်ဟူ၍ လိုအပ်သည်ထက် (မိမိတက်နိုင်သည်ထက်) ပိုမို ကြိုးစားဖြတ်တောက်ခြင်း မဖြစ်စေလို။ ၄င်းမှာ မိမိကိုယ်ကိုယ် နှိပ်စက်ခြင်းသာ ဖြစ်ပြီး အလယ်အလတ် လမ်းစဉ်၏ ဘေးကိုပင် ရောက်နိုင်ချေသေးသည်။

အချစ်တစ်ခုတည်းမဟုတ်။ လောဘ၊ဒေါသ၊ မောဟ ဟူသော တရားများနှင့် ကြုံတွေ့လာတိုင်း အရာရာကို သတိနှင့် ယှဉ်ကာ နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားကျင့်ကြံခြင်း၊ ဝိပဿနာ တရားအားထုတ်ခြင်း စသည်တို့ဖြင့် အချစ်ဟူသော ပူလောင်မှုကို အေးချမ်းလာအောင် ပြုနိုင် ချေသည်။ မိသားစုဘဝများကို တာဝန်ယူနေရမည်။ သားသမီးအပေါ် ဝတ်တရား ကျေနေရမည်။ ဇနီး၊ခင်ပွန်း တို့အပေါ် ဝတ်တရားကျေနေ ရမည်။ သာမန်ထက်လွန်ကဲသော ချစ်ခင်နှစ်သက် (လောဘ)၊ မုန်းတီး (ဒေါသ) မဖြစ်စေရ။ မဂ်ဖိုလ်ရောက်ကြောင်း တရားများကိုပါ ကျင့်ကြံ အားထုတ်လျှင် အချစ်ဟူသော ပူလောင်မှုများ ကင်းဝေရလေသည်။

စာဖတ်သူတို့ ကိလေသာအပူမီးများ ငြိမ်းဝေးအောင် ကြိုးစားကျင့်ကြံနိုင်ကြ ပါစေ။

အောင်ခမ်း (International news for myanmar)

Sunday, March 22, 2015

ဥပေက္ခာပြုခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း


ဥပေက္ခာပြုခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း

ဥပေက္ခာဟူသော စကားကို “လျစ်လျူရှုခြင်း”ဟု အများနားလည်သဘော ပေါက်ထားကြ၏။ စာပေအဖွင့်အတိုင်း ပြောရလျှင် “သတ္တ၀ါပညတ်ကို အာရုံပြုပြီး သတ္တ၀ါများသည် ကံစီမံရာ ဖြစ်ကြရ၏ဟု အောက်မေ့ဆင်ခြင်ကာ လျစ်လျူရှုခြင်း”ဟု ပြောနိုင်မည်ဖြစ်၏။
 

အခြားအဓိပ္ပါယ် တစ်ခုအနေဖြင့် ပြောမည်ဆိုလျှင် “တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေခြင်း” ဟု ပြောနိုင်ပေ၏။ ထို့ကြောင့် ဥပေက္ခာသည် ဥပေက္ခာနှင့် နေနိုင်သူများ၊ ဥပေက္ခာတရား ထားနိုင်သူများအတွက် မြင့်မြတ်သည့် အကျင့်တရား တစ်ခုအဖြစ် သက်ရောက်မှုကို ဖြစ်စေပြီး ယင်းဥပေက္ခာတရား အထားခံရသူများ၊ ဥပေက္ခာအပြုခံရသူများ အတွက်ကား မကောင်းသည့် ဆိုးကျိုးကို ဖြစ်စေနိုင်သည့် တရားတစ်ခု အဖြစ် သက်ရောက်မှုကို ဖြစ်စေနိုင်မည် ဖြစ်၏။

ဆိုလိုသည်မှာ ဥပေက္ခာပြုခြင်းသည် ကောင်းကျိုးကို ဖြစ်စေနိုင်ပြီး ဥပေက္ခာအပြုခံရခြင်းသည် မကောင်းကျိုးကို ဖြစ်စေနိုင်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မှန်၏။ လောကတွင် မည်သူမဆို ဖြတ်သန်းကျင်လည်ရသည့် ဘ၀တစ်လျှောက်တွင် တစ်စုံတစ်ခုကြောင့် ဖြစ်စေ၊ တစ်စုံ တစ်ယောက်ကြောင့် ဖြစ်စေ အလိုမကျဖြစ်ဖွယ်၊ စိတ်အခန့်မသင့်ဖြစ်ဖွယ်၊ အပြစ်ဖြစ်ဖွယ်၊ အကုသိုလ် ဖြစ်ဖွယ်များနဲ့ ကြုံဖူးကြမည်ဖြစ်၏။ 

အထူးသဖြင့် တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ အခိုက်အတန့်ဖြစ်စေ၊ မကြာခဏဖြစ်စေ၊ နေ့စဉ်ဖြစ်စေ စိတ်မချမ်းသာဖွယ်၊ အကုသိုလ်ဖြစ်ဖွယ်များနှင့် ကြုံဖူးကြ၊ ကြုံနေကြ၊ ကြုံကြရဦး မည်သာ ဖြစ်ပါ၏။ မချစ်မနှစ်သက်သည်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်းသည် ဒုက္ခ တစ်ခုပင် ဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင် မိန့်တော်မူသကဲ့သို့ပင် နေ့စဉ်ကျင်လည်နေရသည့် ဘ၀တွင်လည်း မချစ်မနှစ်သက်သူများနှင့် ပေါင်းသင်းနေထိုင် ဆက်ဆံနေကြရသည့် အဖြစ်များက မြင်တိုင်း၊ ကြားတိုင်း၊ တွေးတိုင်း အကုသိုလ်ဖြစ်ဖွယ်များသာ ဖြစ်နေသဖြင့် စိတ်ပန်းလူပန်း ဖြစ်ကြရ သည်လည်း ရှိတတ်ပေ၏။

တစ်ခါတစ်ရံ အလိုရှိသည့်အရာကို မရလျှင်နေပါစေ အလိုမရှိသည့် အရာကို မရလျှင်ကိုပင် ကျေနပ်ဖွယ် ဖြစ်ကြရသည့် အခါများလည်း ရှိတတ်ပေ၏။ ကုသိုလ်မရလျှင် နေပါစေ အကုသိုလ်မဖြစ်လျှင် တော်ပါပြီဟူသည့် တောင့်တမှုမျိုးလည်း ရှိတတ်၏။ ကုသိုလ်မရခြင်းထက် အကုသိုလ်မရချင်းက ပို၍ကောင်းနေသဖြင့် အကုသိုလ် မဖြစ်စေရန် ပို၍အားထုတ်သူများလည်း ရှိတတ်၏။ ထိုသို့သော အားထုတ်မှုများတွင် ဥပေက္ခာတရားဖြင့် နေနိုင်အောင် ကြိုးစားခြင်းသည် အသင့်လျော်ဆုံး ဖြစ်ပေ၏။

ဥပေက္ခာတရား လက်ကိုင်ထားသူသည် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို အမှီပြု၍ အကုသိုလ် မဖြစ်နိုင်သကဲ့သို့ ကုသိုလ်လည်း မဖြစ်နိုင်သည်မှာ သေချာလှ၏။ ကုသိုလ်မရသဖြင့် ကောင်းကျိုးမခံစားရရုံမျှသာ ဖြစ်သော်လည်း အကုသိုလ်မရသဖြင့်ကား ဆိုးကျိုးပါ မရသဖြင့် ကောင်းကျိုးမခံစားရသည်ထက် ပို၍သာလွန်ကောင်းမွန်လှ၏။ ကုသိုလ်မရသဖြင့် မချမ်းသာ သော်လည်း ဆင်းရဲဒုက္ခ မခံစားရသဖြင့်ကား မချမ်းသာသော်လည်း ချမ်းသာသည်ဟု ဆိုရမည်ဖြစ်ပေ၏။ ထို့ကြောင့် ထိုချမ်းသာဆင်းရဲ မဖြစ်စေမှုကသာ အကောင်းဆုံး ချမ်းသာတစ်ခု ဖြစ်သဖြင့် လိုအပ်လျှင် ဥပေက္ခာတရား ထားခြင်းဖြင့် ချမ်းသာလည်းမဟုတ် ဆင်းရဲလည်းမဟုတ်သည့် ချမ်းသာတစ်ခုကို လိုက်နာကျင့်ကြံသင့်သည်ဟု ဆိုခြင်းဖြစ်ပါ၏။ 

တစ်ခါတစ်ရံ မိမိမိမိတို့၏ ကျင်လည်ရာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မည်သို့ပင် ပေါင်းသင်း နေထိုင် ပြုပြင်သော်လည်း ပြုပြင်၍ မရသူများ၊ လိုက်လျော၍ မရသူများ၊ အဆင်ပြေအောင် ဆက်ဆံ၍ မရသူများ ရှိတတ်၏။ ထိုသူများကြောင့် မိမိတို့မှာ မချစ်မနှစ်သက်သူ၊ အဆင်မပြေ သူများနှင့် ရှောင်လွဲ၍လည်းမရ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရသဖြင့် စိတ်ပန်းလူပန်း ဖြစ်ကြရသည့်အပြင် နေ့စဉ်နှင့်အမျှ ထိုသူများကို အမှီပြု၍ အကုသိုလ်များသာ ဖြစ်နေကြသည်ကို ကြုံဖူးကြမည် ဖြစ်၏။

ပုထုဇင်တို့၏ သဘာဝအရ အဆင်မပြေ ဖြစ်ကြပြီဆိုလျှင် တဘက်သူ ဘာပဲလုပ်လုပ်၊ ဘာပဲ ပြောပြော အကောင်းမြင်တတ်သည့် သဘောမရှိဘဲ မကောင်းဘက်ကသာ တွေးနေမိတတ်၏။  မကောင်းအမြင်ဖြင့် မကောင်းတွေးထင်နေလျှင် မကောင်းသည့် အကုသိုလ်သာ ဖြစ်နေကြမည် ဖြစ်သဖြင့် မချစ်မနှစ်သက်သူ၊ အဆင်မပြေသူများနှင့် အတူတကွ နေထိုင်ရသူများသည် နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့သာ များနေကြမည် ဖြစ်၏။ ထိုသို့သော အခါမျိုးတွင် တဘက်သူအား မိမိအလိုကျ၊ မိမိစိတ်တိုင်းကျ ဖြစ်စေရန် ကြိုးစားမနေဘဲ မိမိကိုယ်ကိုယ် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်သာ ကြိုးစားသင့်လှ၏။

အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊ ဆုံးမပြုပြင်၍ မရသူများအား အကုသိုလ်မဖြစ်အောင် ကြိုးစားရာမှာ အကောင်းဆုံးနည်းက ဥပေက္ခာပြုလိုက်ခြင်းသာ အကောင်းဆုံး ဖြစ်၏။ ထိုသူများနှင့် ပတ်သက်သည့်အရာများတွင် မည်သည့်အရာပဲ ဖြစ်ဖြစ် လိုက်ပြီး ခံစားမနေဘဲ လျစ်လျူရှုကာ သဗ္ဗေသတ္တာ ကမ္မဿကာဟု နှလုံးသွင်း နေလိုက်ခြင်းသည်သာ ကုသိုလ်မရသော်လည်း အကုသိုလ်မဖြစ်သည့် အမှန်ကန်ဆုံး နည်းတစ်ခု ဖြစ်ပါ၏။ ဤသို့ ဥပေက္ခာပြု နေထိုင်နိုင်ခြင်းသည့် မြင့်မြတ်သည့် နေထိုင်နည်းဖြစ်သဖြင့် ပြုပြင်၍မရသူများ၊ အဆင်မပြေသူများ၊ စိတ်တိုင်း မကျသူများနှင့် ကြုံနေရသူများအတွက် လက်တွေ့လိုက်နာ ကျင့်သုံးသင့်သည့် လမ်းစဉ်တစ်ခုဟု ဆိုကြခြင်း ဖြစ်၏။

သို့သော် ဥပေက္ခာပြုလိုက်ခြင်းသည် ပြုသူများအတွက် ကောင်းကျိုးချမ်းသာများ ဖြစ်လာနိုင် သော်လည်း အပြုခံရသူများ အတွက်ကား အလွန်နစ်နာလှ၏။ မိမိအား လမ်းညွန်ပေးမည့်သူ၊ ဆုံးမပေးမည့်သူ၊ တည့်မတ်ပေးမည်သူ၊ အကောင်းအဆိုး ပြောပေးမည့်သူ မရှိသည့် ဘ၀သည် ရွှေငွေကျောက်သံ ပတ္တမြား လောကီစည်းစိမ်များနှင့် မည်မျှပင် ချမ်းသာနေသော်လည်း စင်စစ် ချမ်းသာသည်ဟု မဆိုနိုင်ပေ။ ထိုသူများသည် တစ်ယောက်တည်း တစ်ကိုယ်တည်း အထီးကျန်ဖြစ်ကာ အကောင်းအဆိုးမသိ လမ်းလျှောက်ရင်း လမ်းပျောက်နေ သူများကဲ့သို့ ဖြစ်တတ်၏။

မှန်၏။ ထိုသူများထံတွင် ၎င်းတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင် ပျော်ပါးစားသောက်ကြသူများ ရှိနေနိုင်သော်လည်း ထိုအပေါင်းအသင်းများသည် စစ်မှန်သည့်လမ်းကို ညွန်ပြနိုင်သူများ မဟုတ်ကြဘဲ သာပေါင်းညာစား နေသူများသာ ဖြစ်နေကြမည်ဖြစ်၏။ ရှိနေသဖြင့် ညှိနေကြ သူများဖြစ်ပြီး မရှိလျှင်ကား မသိချင်သူများသာ ဖြစ်နေတတ်ကြ၏။ အထူးသဖြင့် သူတော်ကောင်း၊ ဆရာသမားကောင်း၊ မိတ်ကောင်းဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရလျှင်ကား ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ပွားတိုးနိုင်ရန် အကြောင်းမရှိဘဲ အကောင်းအဆိုးမသိ အမှောင်တိုးမိ နေမည်သာ ဖြစ်နေတတ်ပေ၏။ ထို့ကြောင့် မည်မျှပင် ဆိုးသွင်းနေပါစေ သူတော်ကောင်းများ၊ မိတ်ကောင်းဆွေးကောင်းများ စသူတို့၏ ဥပေက္ခာအပြု ခံရသည်အထိကား မဆိုးသွင်းသင့်လှ၊ မမိုက်မဲသင့်လှဟု ဆိုကြခြင်း ဖြစ်ပါ၏။

လက်တွေ့ ဥပေက္ခာ အပြုခံရခြင်း မဟုတ်ဘဲ စိတ်ကူးမျှဖြင့်ပင် မိမိကိုယ်ကိုယ် ဥပေက္ခာ အပြုခံသူ တစ်ယောက်အဖြစ် နေကြည့်ရမည်ကိုပင် ကြောက်သင့်လှ၏။ မည်သူမျှ အဖက်မလုပ်၊ ကောင်းသည်ဆိုးသည်လည်း မပြော၊ တစ်နေကုန်နေ၍မျှ နှုတ်ဆက်စကား ပြောသူမရှိ၊ မေးထူး ခေါ်ပြော ပြုသူမရှိ၊ အကူအညီ အခက်အခဲရှိ၍မှ တောင်းခံရမည့်သူ၊ အကြံကောင်း တောင်းခံရမည်သူ၊ သာမှုနာမှု ကိစ္စများတွင် ကြွရောက်ချီးမြောက်မည့် ပုဂ္ဂိုလ် မရှိသူ စသည်ဖြင့် အသိုင်းအ၀ိုင်းနှင့် နေရမည့်ဘ၀တွင် အသိုင်းအ၀ိုင်းမရှိ၊ အဖွဲ့အစည်းမရှိ၊ အထီးကျန် ဖြစ်နေရသည့် ဘ၀သည် တွေးကြည့်ရုံဖြင့်ပင် ကြောက်ဖွယ်ကောင်းလှ ပေတော့၏။

သို့သော် အချို့သူများသည် ဤသို့သော အခြေအနေများအား သတိမပြုမိကြသည့်အပြင် မာနတရား အပြိုင်ထားကာ “သူတို့ အဖက်မလုပ်လည်း ဘာဖြစ်လဲ ကိုယ့်ရှိမှ ကိုယ်စားရတာ၊ သူတို့ မဆက်ဆံတော့လည်း အကုန်အကျတောင် သက်သာသေးတယ်” စသည်ဖြင့် တလွဲအတွေးများဖြင့် မာနအပြိုင်ပင် ထားတတ်ကြသေး၏။ ဥပေက္ခာလည်း အပြုခံရသေး၊ မာနလည်း ကြီးနေသေး ဆိုလျှင်ကား ထိုသူများ၏ ဘ၀သည် အလွန်ကြောက်ဖွယ် ကောင်းလှပေ၏။ ထို့ကြောင့် မည်သူမဆို မှားတတ်ကြ၊ မာနထားတတ်ကြသည်များ ရှိတတ်သော်လည်း လက်တွေဘ၀တွင် မိမိတို့၏ လုပ်ရပ်များကြောင့် အများသူတော်ကောင်းများ၏ ဥပေက္ခာအပြုခံရသည်အထိ မလုပ်သင့်ကြောင်း သတိပြုသင့်ကြပေ၏။

တစ်ခါက မိတ်ဆွေရဟန်းတစ်ပါးနှင့် စပ်မိစပ်ရာ စကားပြောဆိုကြရင်း မိတ်ဆွေရဟန်းက သူ့ပတ်ဝန်းကျင်ရှိ အချို့သူများ၏ လုပ်ရပ်များအကြောင်း ပြောပြကာ သူကိုယ်တိုင်ပင် မည်သို့မျှ ပြုပြင်၍ မရသူများအား ဥပေက္ခာ ပြုထားလိုက်ရသည်များ ရှိကြောင်း ပြောဆိုသည်ကို နားထောင်ဖြစ်ခဲ့၏။ မိတ်ဆွေရဟန်း ပြောပြသည့် အကြောင်းများထဲတွင် ဘုန်းကြီးနှင့်အတူ မာနပြိုင်ကာ ဘုန်းကြီးကဆူသဖြင့် ကျောင်းကိုမသွားဘူးဟု ပြောကာ သူ့အလိုလို ဘုန်းကြီးကျောင်းနှင့် ဝေးဝေးသွားတတ်သူများ အကြောင်း နားထောင်ရသည့်အခါ စာရေးသူ ပတ်ဝန်းကျင်ရှိ အချို့သူများ အကြောင်းကို သတိရမိလိုက်သေး၏။

စာရေးသူ ပတ်ဝန်းကျင်တွင်လည်း မာနမထားထိုက်သည့် အရာများတွင် မာနထားကာ “ကျောင်းသွားရင် ဘုန်းကြီးဆူမှာဆိုးလို့ ကျောင်းကိုမသွားဘူး၊ ဘုန်းကြီးကဆူလို့ ကျောင်းကို မသွားတော့ဘူး”ဟု ဆိုလာသူ အချို့ရှိနေသည်ကို တစ်ဆင့်ပြန်လည် သိရှိခဲ့ရ၏။ အကြောင်းပြ ချက်မှာ ဘုန်းကြီးကဆူသဖြင့် ကျောင်းကို မသွားတော့ဘူးဟူသည့် အကြောင်းပြချက် ဖြစ်နေသဖြင့် စာရေးသူမှာ ထိုကလေးများအတွက် စိုးရိမ်သွားမိ၏။ မိမိမာနနှင့်မိမိ တဖြည်းဖြည်း ဘုန်းကြီး ကျောင်းနှင့်ဝေး၊ သူတော်ကောင်းများနှင့် ဝေးသွားမည်ကို တွေးပူမိသေး၏။

ဘုန်းကြီးအတွက်ကား တစ်ယောက်နှစ်ယောက် ကျောင်းကိုရောက်မလာလည်း ဘာမျှဖြစ်သွားမည် မဟုတ်။ ဘုန်းကြီး ဟူသည် အများပိုင်ဖြစ်သဖြင့် ကြည်ညိုသည့်သူများက ကိုးကွယ်နေကြမည်သာ ဖြစ်၏။ မည်သို့ပင် ဖြစ်စေ သူတော်ကောင်းများ၏ ဥပေက္ခာ အပြုခံရသည်အထိ မာနလေးတွေ မထားသင့်သည် ကိုတော့ ထိုကလေးများ သိစေချင်ပါ၏။ ဥပေက္ခာ အပြုခံရသဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ဆိုးကျိုးများ ကြုံရသည်အထိ မိမိတို့၏ ဘ၀ကို အဖြစ်မခံကြရန် တိုက်တွန်းလိုပါ၏။

အချုပ်အားဖြင့် ဤ၌ အဓိကပြောလိုသည်မှာ ဥပေက္ခာပြုလိုက်ခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း တို့၏ ကောင်းကျိုးဆိုးကျိုးများကို ပြောလိုရင်း ဖြစ်၏။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ နေ့စဉ်အကုသိုလ် အပြစ်ဖြစ်နေလျှင် အကုသိုလ် အဖြစ်ခံနေသည်ထက် ကုသိုလ်မရလျှင် နေပါစေ အကုသိုလ်မဖြစ်ဖို့က ပိုအရေးကြီးသဖြင့် လိုအပ်လျှင် ဥပေက္ခာပြုပြီး နေလိုက်ခြင်းက ပို၍ ကောင်းကြောင်းနှင့် မည်မျှပင် ဆိုးသွင်းနေစေကာမှု ဆရာသမား၊ မိဘများ၊ ပညာရှိ သူတော် ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရသည်အထိ မဆိုးသင့်ကြောင်း၊ တလွဲမာနများဖြင့် “ဘယ်သူမှမရှိလည်း ငါ့ဖာသာငါ ဖြစ်တယ်“ ဟူသည့် အတွေးများဖြင့် သူတော်ကောင်းများနှင့် ဝေးသွားသည်အထိ မဖြစ်သင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် မည်သူမဆို လွတ်လပ်စွာ ပြောဆိုနေထိုင် လုပ်ကိုင်နိုင်သည့် အခွင့်ရှိသည်နှင့်အမျှ မိမိကိုယ်တိုင် ပြုလုပ်ပြောဆိုသည်များကိုလည်း မိမိသာလျှင် ပြန်လည်ရရှိနိုင်မှာ ဖြစ်သဖြင့် မိမိဘ၀ ကောင်းမွန်ရေး၊ မိမိဘ၀ အပြစ်ကင်းစင်ရေးများ အတွက်လည်း မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရမှာ ဖြစ်သည်ကို သတိပြုဆင်ခြင်ကာ တစ်စုံတစ်ခု၊ တစ်စုံတစ်ဦးကြောင့် မိမိသည် အကုသိုလ် ဖြစ်နိုင်မည်ထင်လျှင် ထိုအကုသိုလ်မဖြစ်ရေး အတွက် မည်သူ့ကိုမဆို လိုအပ်လာလျှင် ဥပေက္ခာပြုသင့်က ပြုကြရမည်ဖြစ်ကြောင်းနှင့် မိမိကိုယ်တိုင် အကယ်၍ မလိမ္မာ မိုက်မဲမိသဖြင့် ဆိုးသွန်းနေသူ ဖြစ်နေပါ ကလည်း သူတော်ကောင်းများ၊ ဆရာသမားများ၊ မိဘဆွေမျိုးများ၊ မိတ်ကောင်း ဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရသည်အထိ မဖြစ်ကြစေရန် အထူးသတိပြုကြရမည် ဖြစ်ကြောင်း ဥပေက္ခာပြုခြင်း ဥပေက္ခာအပြုခံရခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို မှတ်သားဖွယ်ရာ စာတစ်ပုဒ် အဖြစ် စေတနာထား မေတ္တာအားဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

အားလုံး… ဥပေက္ခာတရား လက်ကိုင်ထား၍ ဥပေက္ခာအပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ…

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) 

Saturday, March 21, 2015

အံသြဖွယ်ရာ အာဠ၀ီမြို့သို့ မြတ်ဗုဒ္ဓ၏ ဓမ္မခရီး


အံသြဖွယ်ရာ အာဠ၀ီမြို့သို့ မြတ်ဗုဒ္ဓ၏ ဓမ္မခရီး


ဗုဒ္ဓ မြတ်စွာဘုရားရှင်သည် ကျွတ်တမ်းဝင်ခွင့် ရနိုင်သော သတ္တ၀ါ ဝေနေယျတို့ကို ဆင်ခြင် ရှာဖွေတော်မူလျက် ဓမ္မခရီးစဉ်များ ကြွတော်မူလေ့ရှိပါသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တစ်နေ့သောအခါ အာဠ၀ီမြို့သို့ ရောက်တော်မူလာပါသည်။

ဤခရီးစဉ်မှာ အဘယ်မည်သောပုဂ္ဂိုလ်ကို ဓမ္မတို့ဖြင့်ကျွတ်တမ်းဝင်စေရန်လာခြင်းဟု သေချာစွာ မသိရပါ။ အာဠ၀ီမြို့သူမြို့သားထဲက ကျွတ်တမ်းဝင်သူမည်သူ မည်ဝါဟု မတွေ့ရပါ။ သို့ရာတွင် အာဠ၀ီ မြို့သူမြို့သားတို့မှာ ကုသိုလ်ရကြသည်ကတော့ သေချာပါသည်။

မြို့သူမြို့သားတို့က ဆွမ်းကပ်အပြီးမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်က ဆွမ်းတရားတော် ဟောတော်မူ ပါသည်။ ဤတရားမျိုးကို အနုမောဒနာ= ဆွမ်းနှင့်ပတ်သက်၍ ၀မ်းမြောက်ဖွယ်ရာ တရားဟုဆိုလိုပါသည်။ သင်္ကန်းလှူပွဲဆိုလျှင်လည်း သင်္ကန်းနှင့်ပတ်သက်၍ ၀မ်းမြောက်ဖွယ်ဖြစ်အောင် ဟောသောတရားပင် ဖြစ်ပါသည်။

ထိုအခါက ဗုဒ္ဓမြတ်စွာဘုရားရှင် ခရီးစဉ်များကြွ၍ ကိုယ်တော်တိုင် အနုမောဒနာ ဟောသည်ကို ထောက်ဆ၍ ပထမဗောဓိအတွင်း ဗုဒ္ဓမြတ်စွာဘုရားရှင် သက်တော်(၅၅)နှစ် မရောက်မီမှာပင် ရှိသေးကြောင်း မှန်းဆကြည်ညိုမိပါသည်။ ဆွမ်းကပ်ပွဲအပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောခဲ့သော တရားမှာ အလွန်ထူးဆန်းလှပါသည်။

ဆွမ်းအနုမောဒနာတရားတော်

"ငါ၏ အသက်သည် မမြဲချေ။ ငါ၏သေခြင်းသည်ကား မြဲပေ၏။ ငါသည်မလွဲမသွေ သေရမည် သာတည်း။ ငါ၏ အသက် သည်သေခြင်းမှာ အဆုံးသတ်၏။ အသက်ကသာမမြဲ။ သေခြင်း ကတော့မြဲပေ၏ ။ဤသို့ မရဏဿတိ=သေခြင်းနှင့်စပ်သောအမှတ်ရှိခြင်းကို ပွားများကြလော့။

မရဏဿတိကိုမဖြစ်စေကုန်၊ မပွားစေကုန်သောသူတို့သည် နောက်ဆုံးသေခါနီးကာလမှာ ထိတ်လန့်ခြင်းသို့ ရောက်လျက်၊ ကြောက်မက်ဖွယ်ရာ အသံတို့ကို အော်မြည်လျှက် သေကြရသည်။ တုတ်မပါသော ယောက်ျာ တစ်ယောက်သည် အဆိပ်ပြင်းသောမြွေဆိုးကို တွေ့သောအခါ ကြောက်လန့်လျက်အော်ဟစ်မြည်တမ်း ရသကဲ့သို့ပင်ဖြစ်ကြရသည်။

မရဏဿတိကိုဖြစ်စေအပ်၊ ပွားစေအပ်ကုန်သောသူတို့သည်ကား နောက်ဆုံးအချိန်မှာ မကြောက်ကြချေ။ တုတ်ပါရှိသောယောက်ျား တစ်ယောက်သည် အဆိပ်ပြင်းသောမြွေဆိုးကို တွေ့သောအခါ တုတ်ဖြင့်ဖမ်းပြီး အဝေးသို့ပစ်ပြီးအေးအေးဆေးဆေးပင် နေထိုင်ရသကဲ့သို့ဖြစ်၍ မကြောက်မလန့်ကြတော့ပေ။ ထို့ကြောင့် မရဏဿတိ ကို ဖြစ်စေကြကုန်လော့။ ပွားစေကြ၊များစေကြကုန်လော့။" ဤသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆွမ်းအနုမောဒနာ တရားတော်ဖြစ်ပါသည်။

ဤတရားကို နာကြားရသူ အာဠ၀ီသားများထဲက တစ်ယောက်တစ်လေမျှ တရားထူး ရကြောင်း မတွေ့ရပါ။ အာဠ၀ီမြို့သူမြို့သားတို့သည် မိမိတို့အိမ်ထောင်ရေးကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတို့ဖြင့် အချိန်ကုန်ကြပါသည်။ တရားတော်ကိုမေ့ပစ်လိုက်ကြပါသည်။

တရားတော်ကို မေ့မပစ်သူတစ်ဦးသာရှိပါသည်။ ထိုသူကတော့၁၆-နှစ်မျှသာရှိသေးသော သမီးပျိုကလေး တစ်ဦးသာဖြစ်ပါသည်။ သူသည် ရကန်းသည်တစ်ဦး၏ သမီးကလေးတစ်ဦး ဖြစ်သည်။

"ဗုဒ္ဓမြတ်စွာဘုရားရှင်၏ စကားတော်မည်သည် အံ့သြစရာကောင်းပေစွ။ ငါသည် မြတ်စွာဘုရား ဟောမိန့် သည့်အတိုင်း မရဏဿတိကို ဖြစ်စေခြင်း၊ ပွားစေခြင်း၊ များစေခြင်းငှာသင့်ပေ၏"ဟု ဆင်ခြင်လျက်မမေ့မပျောက်၊ မပျက်မကွက်ပင် မရဏဿတိ ကို နေ့တိုင်း၊ ညတိုင်း ဖြစ်စေပါသည်။ ပွားစေပါသည်။ များစေပါသည်။

အပျိုစင်ကလေး တစ်ဦးသာဖြစ်သော သမီးပျိုကလေးသည် ၃-နှစ်ဆက်တိုက် နေ့ရော၊ ညပါမရဏဿတိကိုသာ မပြတ်မလပ်ဖြစ်ပွားစေပါသည်။

အာဠ၀ီ သို့ ဓမ္မခရီး ဒုတိယအကြိမ်

တစ်နေ့တွင်တော့ မိုးသောက်ယံ အရုဏ်ဦးကာလမှာ လောက(လူ၊နတ်၊ဗြဟ္မာ)များကို ဗုဒ္ဓမြတ်စွာ ဘုရားရှင်က ကြည့်ရှုဆင်ခြင် တော်မူပါသည်။ ဤသို့ဆင်ခြင်ခြင်းမှာ ကျွတ်တမ်းဝင်နိုင်သော ဝေနေယျတို့ကို ရှာဖွေခြင်း သာဖြစ်ပါသည်။

အရုဏ်ဦးကာလဖြစ်၍ ဇေတ၀န်ကျောင်း၊ဂန္ဓကုဋိကျောင်းတော်ဝမှ စ၍စကြာဝဠာတံတိုင်းအထိ ရှိရှိသမျှလောက သားတို့ကို ကျွတ်ထိုက် -မကျွတ်ထိုက် ခွဲခြားစိစစ်လျက် ဉာဏ်တော် ကွန်ရက်ကြီးကိုဖြန့်သွားခြင်းဖြစ်ပါသည်။

(ညနေ ခြောက်နာရီဝန်းကျင်မှာမူ စကြ၀ဠာတံတိုင်းကြီးမှစ၍ ဂန္ဓကုဋိအထိ အပြန်ခရီး အဖြစ် တစ်ကြိမ် ဆင်ခြင်ပါသည်။ ဤကိစ္စမှာ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ နေ့စဉ်အလေ့အကျင့်ပင် ဖြစ်ပါသည်)
ဉာဏ်တော်ကြီးကိုဖြန့်လျက်ဆင်ခြင်သွားသောအခါ သတ္တ၀ါအနန္တထဲက တစ်ဦးမျှသာ ဉာဏ်တော်အတွင်း ၀င်ရောက်နိုင်ပါသည်။

ထိုသူမှာကား၁၉-နှစ်မျှသာ ရှိသာရှိသူ၊ ရက်ကန်းသည်၏ သမီးကလေး မရဏဿတိ တရားရှင်ကလေးပင်။ ဗုဒ္ဓမြတ်စွာ ဘုရားသည် ဉာဏ်တော်အတွင်း ၀င်လာသောကြောင့် ကျွတ်ထိုက်- မကျွတ်ထိုက် ဆိုသည်ကိုသေချာအောင် ဆင်ခြင်တော်မူပြန်ပါသည်။

"ငါသည် အာဠ၀ီသို့ကြွရောက်ပြီး ဤသမီးပျိုကလေးကို ပြဿနာလေးခု မေးလျှင် သမီးပျိုကလေးကလည်း အဖြေလေးခု ဖြေသောအခါ သာဓုလေးကြိမ် ခေါ်တော်မူကာ ဂါထာတစ်ပုဒ်ကို ဟောပြမည်။ သမီးပျိုကလေးသည် ဂါထာဆုံးလျင် သောတပတ္တိဖိုလ်၌ တည်ကာ (ပထမအဆင့်အရိယာဖြစ်၍) ကျွတ်တမ်းဝင်ပေလိမ့်မည်။ ထိုသမီးပျိုလေးကိုအမှီပြုရ၍ လူအများ မှာလည်း အကျိုးရှိသော ဓမ္မဒေသနာတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။"

ဤသို့သေသေချာချာ ဆင်ခြင်တော်မူပြီးလျှင်ပြီးချင်း ရဟန်းတော်ငါးရာတို့ ခြံရံတော်မူလျက် ဇေတ၀န်ကျောင်းတော်မှ အာဠ၀ီမြို့ရှိ အဂ္ဂါဠ၀ကျောင်း သို့ ဗုဒ္ဓမြတ်စွာဘုရား ကြွတော်မူပါသည်။ အဠ၀ီမြို့သူမြို့သားတို့ကလည်း ဗုဒ္ဓမြတ်စွာဘုရားကြွလာတော်မူကြောင်း ကြားသိကြ၍ ကျောင်းတော်သို့ သွားကာ ပင့်ကြ၊ ဖိတ်ကြပါသည်။

မရဏဿတိ တရားရှင်ကလေးလည်း ကြားသိကာ ကျောင်းတော်ဆီသို့ ကြိုးကြိုးစားစား လာရရှာပါသည်။
"သြော်- ငါ၏ခမည်းတော်၊ ငါ၏အရှင်မြတ် ငါ၏ဆရာသမား လပြည့်ဝန်းကဲ့သို့ မျက်နှာတော် ရှိတော်မူသော မဟာဂေါတမဗုဒ္ဓ ကြွတော်မူလာပြီတဲ့လား။ လွန်ခဲ့သော သုံးနှစ်မြောက်က ရွှေအဆင်းကဲ့သို့ ငါ၏ဆရာသမားကို ငါမြင်ဖူးခဲ့ပြီးပြီ။ ယခုတစ်ဖန် ရွှေအဆင်းကဲ့သို့သောအဆင်း တော်ကိုလည်းဖူးခွင့်ရတော့ပေမည်။ ချိုမြိန်သော၊ အရသာရှီသော တရားမြတ်ကိုလည်း နာယူရ တော့ပေမည်" ဟု ၀မ်းမြောက်စွာ ကျိတ်ကြံနေရသူကလေးမှာ မရဏဿတိ တရားရှင်ကလေး တစ်ဦးတည်းပင် ဖြစ်ပါသည်။

မကြံ၍ကားမဖြစ်။ ကျောင်းတော်သို့ သွားနိုင်ခွင့်က သူ့မှာမရှိယောင်တကား။ သူ၏ဖခင် ရက်ကန်းသမားကြီးက ရက်ကန်းစင်ရှိရာသို့ ထွက်သွားပြီ။
"သမီးရေ၊ သူတစ်ပါးရဲ့ အ၀တ်ပုဆိုးကို ငါလက်ခံပြီး စ ထားပြီ။ တစ်ထွာလောက်မှ မပြီးသေးဘူး။ ယနေ့ အပြီးသတ်ပေးရမယ်။ ရစ်လုံးကိုလျင်မြန်စွာ ရစ်ပြီးယူလာခဲ့ " ဟု မှာထားသွားခဲ့သည်။

"ရစ်လုံးကို ရစ်ပြီးမပို့နိုင်လျှင်အဖေကငါ့ကိုကန်သော်လည်း ကန်မည်၊ ရိုက်သော်လည်း ရိုက်လိမ့်မည်။ အင်း-ငါက မြတ်စွာဘုရား၏ တရားကိုနာချင်လှပြီ။ အဘယ်သို့ပြုရအံ့နည်း။ တရားနာဖို့သွားရအံ့လော၊ သို့မဟုတ်ရစ်လုံးကို ရစ်ပြီး ပို့ရအံ့လော"ဟုကြံစည်နေပါသည်။

အဂ္ဂါဠ၀ ကျောင်းတော်သို့ "ရစ်လုံးရစ်ပြီးချည်ပို့ပြီးမှ တရားနာသွားတော့အံ့" ဟု သူဆုံးဖြတ်ချက် ချလိုက်ပါသည် အဠ၀ီမြို့သူမြို့သားတို့ကတော့ ဗုဒ္ဓမြတ်စွာဘုရားနှင့် သံဃာတော်တို့ကို ဆွမ်းကပ်ပြီး တရားနာဖို့ စုဝေးလျက် ထိုင်နေကြပြီဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက တရား မဟောသေး။ ဆိတ်ဆိတ်သာထိုင်နေတော်မူပါသည်။ မည်သူကမှလည်း တရားဟောဖို့ မလျှောက်ဝံ့ဘဲ ရှိနေကြပါသည်။

တရားရှင်ကလေးကတော့ ရစ်လုံးရစ်လျက် အိမ်မှာပင်ရှိနေရပါသည်။ ပြီးလျှင်ပြီးချင်း ခြင်းတောင်းထဲ ထည့်ကာ ဖခင်ထံ ရက်ကန်းရုံသို့ လိုက်ပို့သည်။ သို့ရာတွင် ရက်ကန်းရုံသို့ အရောက်မသွားနိုင်သေးဘဲ ကျောင်းတော်ထဲသို့ ၀င်လာလိုက်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားကလည်း "ငါ့မှာ သမီးပျိုကလေးကို အကြောင်းပြုလျက် ယူဇနာသုံးဆယ်ခရီးကို ခြေကျင်ကြွခဲ့ရတယ်။ ယနေ့လည်း သမီးလေးက လာခွင့်မရသေးပါလား။ သမီးကလေးလာခွင့်ရ၍ ရောက်မှ အနုမောဒနာတရားဟောမည်"ဟုဆုံးဖြတ်ကာ စောင့်တော်မူဆဲပင်ရှိပါသည်။

တရားရှင်ကလေးကလည်း ပရိတ်သတ်၏ အစွန်အဖျားမှာရပ်လျက် ဖူးမြော်လိုက်ရာ ဗုဒ္ဓမြတ်စွာ ဘုရားကလည်း လည်တော်ကိုဆန့်တော်မူလျက် ငဲ့ကြည့်တော်မူပါသည်။

"အိုဆရာအရှင်၊ ဆရာကဤသို့သော ပရိတ်သတ်တို့အလည်မှာ ထိုင်တော်မူ၍ ငါ့ကို လှည့်ကြည့်တော်မူပါလား။ ငါရောက်လာခြင်းကို အလိုရှိတော်မူလျက်ပါတကား"ဟု အသိဝင်ကာ ခြင်းတောင်းကလေးကို ချထားပြီး ဗုဒ္ဓမြတ်စွာဘုရား အနီးသို့ချဉ်းကပ်သွားပါသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ ငဲ့ကြည့်တော်မူခြင်း အမှတ်အသားနှင့်အတူ ဗုဒ္ဓမြတ်စွာဘုရား၏ ရောင်ခြည်တော် ခြောက်ပါးတို့လည်း ကွန့်မြူးပြိုးပြက်တော်မူကြပါသည်။ တရားရှင် သမီးပျို ကလေးမှာ ရောင်ခြည်တော်တို့အကြားသို့ဝင်ရောက်မိကာ ရှိခိုးလျက် သင့်တင့်စွာ ရပ်နေပါသည်။

အမေး နှင့် အဖြေ
ဗုဒ္ဓမြတ်စွာဘုရား။ ။ချစ်သမီးကလေး၊ အဘယ်က လာသနည်း။
သမီးပျိုကလေး။ ။မသိပါ အရှင်မြတ်ဘုရား။
ဗုဒ္ဓမြတ်စွာဘုရား။ ။ချစ်သမီးကလေး၊ အဘယ်သို့ သွားမည်နည်း။
သမီးပျိုကလေး။ ။မသိပါ အရှင်မြတ်ဘုရား။
ဗုဒ္ဓမြတ်စွာဘုရား။ ။ချစ်သမီး၊ မသိသလော။
သမီးပျိုကလေး။ ။သိပါ၏။ အရှင်မြတ်ဘုရား။
ဗုဒ္ဓမြတ်စွာဘုရား။ ။ချစ်သမီး၊ သိပါ၏လော။
သမီးပျိုကလေး။ ။မသိပါ အရှင်မြတ်ဘုရား။
အထက်ပါအတိုင်းဗုဒ္ဓမြတ်စွာဘုရားကမေးခွန်းလေးခုမေးရာတရားရှင်ကလေးကလည်းအဖြေလေးခု ဖြေဆိုပါသည်။ အာဠ၀ီမြို့သူမြို့သားတို့က ကဲ့ရဲ့ကြပါသည်။

ဗုဒ္ဓမြတ်စွာဘုရားက ကဲ့ရဲ့စကားသံများကို တားတော်မူကာ" အဘယ့်ကြောင့် ဤသို့ ဖြေဆို ဘိသနည်း" ဟုဆက်လက် စစ်ဆေးတော်မူပါသည်။ တရားရှင် သမီးပျိုကလေး၏ ရှင်းလင်းချက် လေးခုတို့ကို သာဓု လေးကြိမ်ခေါ်တော်မူပါသည်။ ထို့နောက် တရားနာ ပရိတ်သတ်တို့ထံငဲ့ကာ-

"ဤမျှသောသမီးပျိုကလေး၏ အဖြေမှန်ကို သင်တို့ကမသိခြင်းကြောင့် သင်တို့ကကဲ့ရဲ့ကြသည်။ ပညာမျက်စိ ရှိသူတို့ကသာ (တရားကို)မြင်နိုင်သည်" ဟု ဟောတော်မူပါသည်။

"အနည်းငယ်သောလူပုဂ္ဂိုလ်မျိုးကသာ အနိစ္စစသည်ဖြင့် မြင်နိုင်သည်။ ထိုသို့မြင်နိုင်သူ(ပညာရှိ) လူပုဂ္ဂိုလ် အနည်းစုကသာ လူ့ပြည်၊ နတ်ပြည်၊ဗြဟ္မာ့ဘုံ နှင့်နိဗ္ဗာန်တို့သို့ ရောက်ရပေသည်။ လူပုဂ္ဂိုလ်အများစုတို့ကားပညာမရှိ (အကန်းများဖြစ်)၍ အပါယ်လေးဘုံ သို့သွားကြရပေသည်" ဟူ၍ဖြစ်ပါသည်။

ဤဂါထာအဆုံးမှာပင် တရားရှင်သမီးပျိုကလေး သောတာပတ္တိဖိုလ်တည်ပါသည်။ လူအများစု တို့လည်း ပညာမျက်စိ ရရှိကြကာ အကျိုးများပါတော့သည်။ ဤအကြောင်းအရာများသည် ဓမ္မပဒ အဋ္ဌကထာ၊ ဒုတိယတွဲ(၁၁၁-၁၁၅) တို့ ၌ ပါရှိပါသည်။

စဉ်းစား စရာလေးများ

ဗုဒ္ဓမြတ်စွာဘုရားက ဘာကြောင့်တရားရှင်မလေး မရောက်မချင်းစောင့်တော်မူသနည်း။ တရားရှင်မလေး၏ အကျယ်ရှင်းပြသော အဖြေများက ဘာတွေဖြစ်ကြသနည်း။ တရားနာပြီး ရက်ကန်းရုံသွားသောအခါ တရားရှင်မလေး ဘာတွေဆက်ဖြစ်သွားသနည်း။ တရားရှင်မလေး၏ ဖခင်ကြီးရော ဘာတွေဖြစ်သေးသနည်း ဆိုတာတွေပါ အဋ္ဌကထာမှာ လာရှိပါသည်။ စာရှည်မည် စိုး၍ ချန်လိုက်ရပါသည်။

ဤ၌ အဓိက စဉ်းစားစရာရှိသည်မှာ-

(၁) ၁၆-နှစ်သမီးတုန်းက တရားထူးမရခဲ့ဘဲ ၁၉-နှစ်သမီးရောက်မှသာ တရားထူးရခြင်းအကြောင်း။

(၂)တရားတစ်ခုခုကိုသင်ယူရွတ်ဖတ်၍လည်းကောင်း၊လိုက်နာလေ့ကျင့်၍လည်းကောင်း၊ပွားများခြင်းကြောင့်အ ကျိုးထူးများ ရရှိနိုင်ကြောင်း။

(၃) ယခုခေတ်တွင် အများဘုရားဖူးရာ စေတီတော်ရှိ ရုပ်ပွားတော်ရှေ့၌ "အမျိုးသမီးများ မသွားရ"ဟု စည်းတား ထားခြင်းမှာ ဓမ္မဒေသနာတော်နှင့် ညီညွှတ်မှု မရှိ- ဟူသောအချက်။

(၄) အိမ်အသီးသီးမှာ ကိုးကွယ်အပ်သော ရုပ်ပွားတော်အသီးသီးနှင့် အများအဖို့ကိုးကွယ်အပ်သော ရုပ်ပွားတော်တို့မှာ ဘုရားချင်းမတူသော(တန်ခိုးကြီး၊တန်ခိုးငယ်) ခြားနားချက်မရှိ - ဆိုသောအချက်။

(၅)ဘုရားကိုတစ်ကြိမ်တွေ့၍တရားထူးရသူ၊နှစ်ကြိမ်၊သုံးကြိမ်အကြိမ်များစွာ တွေ့ရ၍ တရားထူးရသူ၊ (သို့မဟုတ်)တစ်သက်လုံးတွေ့ရလျက် တရားထူး မရသူတို့၏ ကွာဟချက်။ စသည်တို့ပင် ဖြစ်ပါသည်။

(၁)(၂)(၃) တို့၏အဖြေများမှာ အထက်ပါ တင်ပြချက်များတွင် ပါဝင်ပြီးဖြစ်ပါသည်။

(၄) နှင့်ပတ်သက်၍မူ- ရဟန္တာပုဂ္ဂိုလ်တို့၏ အဓိဋ္ဌာန်၊ တန်ခိုးကြီးနတ်ဗြဟ္မာတို့၏ အစောင့် အရှောက်နှင့် အဓိဋ္ဌာန်၊ လူသူတော်ကောင်းတို့၏ အဓိဋ္ဌာန်ဆုတောင်းကြောင့် စေတီတော်များက တန်ခိုးကြီးတန်ခိုးငယ်။ ကျော်ကြားမကျော်ကြားစသည်ဖြင့် ခြားနားရခြင်းဖြစ်ကြောင်း "မိလိန္ဒ ပဉှာကျမ်း" မှာလာရှိပါသည်။

(၅) နှင့်ပတ်သက်၍မူ- အတိအကျမပြောဝံ့ပါ။

ဤ၀တ္ထုပါ တရားရှင် ရက်ကန်းသည် သမီးကလေးကဲ့သို့ ဥပကတက္ကတွန်း ကြီးသည်လည်း နှစ်ကြိမ်တွေ့ရမှ တရားထူးရပါသည်။(ဗုဒ္ဓ၀င်ကျမ်း)

ဗုဒ္ဓမြတ်စွာဘုရားသည် ထိုကဲ့သို့သောပုဂ္ဂိုလ်များအတွက်ပင် ချက်ချင်းလက်ငင်း အကျိုးမရသော ခရီးစဉ်များကိုပါ ကြွတော်မူခဲ့ကြောင်း သိရ၍ ပို ကြည်ညိုမိပါသည်။

အကယ်၍ပထမအကြိမ်က အကျိုးထူးမရ၍မကြွခဲ့လျှင် ရက်ကန်းသည်၏ သမီးကလေးမှာ ဒုတိယ အကြိမ်ကြွ လာသောအခါ တရားထူး မရနိုင်ဟုသာ သဘောပေါက်မိပါသည်။

ဤသည်ကိုကြည်ညိုလှ၍ဗုဒ္ဓမြတ်စွာဘုရား၏ မြတ်သောခရီးစဉ် ၊မြတ်သောဆွမ်းအနုမောဒနာ၊ မြတ်သောဂုဏ်တို့ကို ပူဇော်လိုက်ပါသည်။

(၂၀၀၉ခုနှစ်၊ဒီဇင်ဘာလ၊ အနန္တဂုဏ်ရည်မဂ္ဂဇင်း၊မှ "မစိုးရိမ်စာသင်သား"၏ "ဆွမ်းအနုမောဒနာတရား" အမည်ရဆောင်းပါးကို (မစိုးရိမ်စာသင်သား-၏ ခွင့်ပြုချက်ဖြင့်) မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

မူရင်းလင့်သို့ //http://buddhismworld.ning.com/


Friday, March 20, 2015

လုံအောင်မိုးထား စိတ်၊ အိမ်များ…


လုံအောင်မိုးထား စိတ်၊ အိမ်များ…

“မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက် ဝင်ရောက်နိုင်သကဲ့သို့ ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏
(ဂေါတမမြတ်စွာဘုရား)

တစ်ခါက ရန်ကုန်မှ တိုက်ကြီးသို့ တရားဟောကြွစဉ် လမ်းဘေးကျေးရွာများရှိ ဆောက်လက်စ၊ မိုးလက်စ အိမ်လေးများကိုကြည့်ကာ အတွေးပွားခဲ့ဖူး၏။ တရားဟောစဉ်မှာလည်း ထိုအတွေးစ လေးများကို ထည့်သွင်းဟောကြား ပေးခဲ့ဖူး၏။ တွေးမိခဲ့သည့် အတွေးစလေးများမှာ အိမ်များ အကြောင်းပင် ဖြစ်၏။ အိမ်အမျိုးမျိုးရှိသည့်အနက် အချို့အိမ်များသည် ဆင်းရဲလွန်းလှသဖြင့် အမိုးပင် လုံခြုံကောင်းမွန်အောင် မတည်ဆောက်နိုင်သည့် အိမ်များရှိသကဲ့သို့ အချို့အိမ်များ သည်ကား ကောင်းမွန်ပြည့်စုံ လုံခြုံအောင် တည်ဆောက်ထားသည့် အိမ်များဖြစ်နေသည်ကို တွေ့ရ၏။

ထူးခြားချက်မှာ မလုံမခြုံတည်ဆောက်ထားသည့် အိမ်များသည် မိုးလေစသည့် ရာသီဥတုဒဏ်ကို အလွယ်တကူ ခံရတတ်ပြီး လုံခြုံကောင်းမွန်အောင် တည်ဆောက်ထားသည့် အိမ်များသည်ကား ထိုဒဏ်များကို အကာအကွယ် ပြုထားနိုင်ခြင်းပင် ဖြစ်၏။

ဘုရားဟော တရားတော်များတွင် ခန္ဓာကိုယ်ကို အိမ်နှင့်တင်စား၍ ဖွင့်ဆိုဟောထားချက်များ အများအပြားရှိ၏။ အိမ်၏တည်ဆောက်မှုနှင့် ခန္ဓာကိုယ်၏ တည်ဆောက်မှုကို ခိုင်းနှိုင်း ထားချက်များလည်း ရှိ၏။ လူတို့နေရာ အိမ်၏လုံခြုံရေးနှင့် ခန္ဓာကိုယ်၏ လုံခြုံရေးကို တင်စား ထားချက်းများလည်း ရှိ၏။

ထိုဥပမာများအရ အိပ်၏လုံခြုံရေးတွင် အမိုးသည်လည်း အဓိကကျသည့် ကဏ္ဍတွင် ပါဝင်သကဲ့သို့ ရုပ်နာမ်များဖြင့် တည်ဆောက်ထားသည့် ခန္ဓာအိမ်တွင်လည်း စိတ်တည်းဟူသော အမိုးသည် အထူးအရေးပါလှသည်ကို သတိပြုမိကြမည် ဖြစ်၏။ အိမ်တွင်အမိုး မလုံသည့်အခါ မိုးရေမိုးပေါက်စသည်များ အလွယ်တကူ ထိုးဖောက်ဝင်ရောက် လာနိုင်သကဲ့သို့ ခန္ဓာအိမ်ကို မိုးကာပေးထားသည့် စိတ်အမိုး မလုံသည့် အခါတွင်လည်း ရာဂစသည့် ကိလေသာ မိုးရေပေါက်များ၏ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံရမည် ဖြစ်၏။

ထို့ကြောင့် မိုးရေမိုးပေါက်များ ထိုးဖောက်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် အိမ်ကိုကောင်းစွာ မိုးထားရန် လိုအပ်သကဲ့သို့ ရာဂစသည့် ကိလေသာများ၏ ဝင်ရောက်နှိပ်စက်မှုများမှ ကာကွယ်ရန် စိတ်ကိုကောင်းစွာ မိုးကာထားရန် လိုအပ်ကြောင်းနှင့် ထိုစိတ်ကို ကိလေသာများမှ ကာကွယ် ထားရန်မှာလည်း သမထ၊ ဝိပဿနာ ဘာဝနာအလုပ်ဖြင့်သာ ကာကွယ်ထားရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဆိုခြင်းဖြစ်ပါ၏။

မှန်၏။ ပုထုဇဉ်ပုဂ္ဂိုလ်များ၏စိတ်သည် အချိန်ပြည့် အကုသိုလ်အလုပ်များ၊ မကောင်းသည့် အကြံအစည် အတွေးများတွင် ပျော်မွေ့နေတတ်သည့် သဘောရှိ၏။ အဆင်းအသံအနံ့ စသည့် အာရုံများ၏နောက်သို့ တကောက်ကောက်လိုက်ကာ နှစ်သက်လျှင်လည်း နှစ်သက်သည့် အလျောက်၊ မနှစ်သက်လျှင်လည်း မနှစ်သက်သည့်အလျောက် လောဘ၊ ဒေါသ၊ မောဟစသည့် ကိလေသာ တရားများသာ အဖြစ်များနေတတ်ကြ၏။

စိတ်၏သဘောသည် သတိတရားဖြင့် ထိန်းချုပ်နေစဉ်ကိုပင် ကိလေသာများ၏ ခေါ်ဆောင်မှု နောက်သို့ ထပ်ကြပ်မကွာ လိုက်နေတတ်သည့် သဘောရှိနေပြီး မထိန်းချုပ်ဘဲ သတိ လက်လွတ်သာ ထားလိုက်မည်ဆိုပါက ပိုလို့သာ ဆိုးလာနိုင်သည့် သဘောရှိပေ၏။ ထို့ကြောင့် ပညာရှိများက စိတ်ကိုကိလေသာ တရားများ၏ နှိပ်စက်မှုမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို ကြိုးစား အားထုတ်ကြရမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

 စိတ်ကို ရာဂစသည့် ကိလေသာရန်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန်မှာ သမထ၊ ဝိပဿနာ ဟုခေါ်သည့် တရားဘာဝနာ အားထုတ်ခြင်း အလုပ်မှတပါး အခြားမရှိသည်မှာ အသေအချာပင် ဖြစ်ပါပေ၏။ သို့ဆိုစေကာမူ ဂုဏ်တော်ပွားရင်း၊ မေတ္တာပို့ရင်း၊ အာနာပါန စီးဖြန်းရင်းကိုပင် ကိလေသာတရားများ၏ နှိပ်စက်မှုက တစ်ခါတရံ ဖြစ်ပေါ်လေ့ ရှိတတ်သေးသဖြင့် မည်သို့ပင်ဖြစ်စေ စိတ်အစဉ်ကို သတိမလွတ်ဘဲ အချိန်ပြည့် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်နေကြရမည့် သဘောရှိ၏။

ကိလေသာ တရားသည် ပုထုဇဉ်မှန်သမျှကို အမြဲနှိပ်စက်နေတတ်သည့် သဘောရှိ၏။ ကိလေသာတရား ထူပြောလှသည့် ဝန်းကျင်အသိုင်းအဝိုင်းဖြစ်သည့် လူ့လောကတွင် ရှိနေကြသည့် လူသာမန်များ မဆိုထားလင့် ငြိမ်းအေးသည့် အသိုင်းအဝိုင်းဟုဆိုသည့် သာသနာ့ဝန်ထမ်း ရဟန်းတော်များသည်ပင် ကိလေသာတရားများ၏ နှိပ်စက်မှုကြောင့် တရားအလုပ် အားမထုတ် နိုင်ဘဲ ဖြစ်လေ့ရှိတတ်၏။

ထိုအချက်ကို ဘုရားရှင်၏ ညီတော်ဖြစ်သည့် နန္ဒရဟန်းက သက်သေ ပြလျက်ရှိ၏။ ညီတော် မင်းနန်ခေါ် နန္ဒမင်းသားသည် မင်္ဂလာဆောင်မည့် နေ့မှာပင် ဘုရားရှင်၏ ခေါ်ဆောင်သွားမှုဖြင့် ဘုရားနောက်တော်ပါးမှ ကျောင်းတော်အထိ ရောက်ရှိသွားခဲ့ရပြီး အစ်ကိုတော်ဘုရား၏ တောင်းဆိုချက်ဖြင့် မငြင်းသာ မဆန်သာ ရဟန်းဘဝကို ရောက်ရှိလာခဲ့ရသည့် ရဟန်းတော် တစ်ပါးဖြစ်၏။

သာသနာ့ဘောင်တွင် ရဟန်းဝတ်နေခဲ့ရသည့် အရှင်နန္ဒသည် အစ်ကိုတော်ဘုရားကို ကြောက်ချစ် ရိုသေသဖြင့်သာ ရဟန်းဝတ်နေခဲ့ရသော်လည်း ရဟန်းတရား အားထုတ်မှုတွင်ကား စိတ်ဝင်းစားမှု မရှိလှပေ၏။ ထိုအရှင်၏ စိတ်ထဲတွင် အမြဲမပြတ် စွဲကျန်ထပ်နေသည်ကား ဘုရားနောက်ပါးမှ ကျောင်းတော်သို့အသွား အမှာတော်ပါးလိုက်သည့် နှမတော် ဇနပဒကလျာဏီ၏ “အရှင့်သား အမြန်ပြန်ခဲ့နော်” ဟူသည့် စကားတော်ပင် ဖြစ်ပါ၏။ နန္ဒရဟန်း၏စိတ်ကို ကိလေသာ စကား၊ ကိလေသာ အသံများက အမြဲနှိပ်စက်နေသဖြင့် တရားအားထုတ်နေသော်လည်း အရှင်နန္ဒ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပေ၏။

ညီတော်နန္ဒ၏ အဖြစ်ကို သိရှိတော်မူနေသည့် ရှင်တော်ဘုရားသည် တစ်နေ့တွင် နန္ဒရဟန်းကိုခေါ်ကာ တန်ခိုးတော်ဖြင့် နတ်ပြန်သို့ ကြွတော်မူလေ၏။ နတ်ပြည်နတ်နန်းသို့ ကြွရာလမ်းခရီး၌ မီးလောင်ပြင် တောအုပ်တစ်ခုတွင် ထိုင်နေသည့် မျောက်အိုမတစ်ကောင်ကို တွေ့သဖြင့် ဘုရားရှင်က အရှင်နန္ဒအား “ဤမျောက်မနှင့် ဇနပဒကလျာဏီ မည်သူက အလှသာသနည်း” ဟု မေးတော်မူရာ နန္ဒမင်းသားမှာ “နှိုင်းမှနှိုင်းရက်ပေခြင်း” ဟု ယူကြုံးမရ ဖြစ်ခဲ့ရသေး၏။

တစ်ဖန်နတ်ပြည်သို့ ရောက်ပြန်သည့် အခါတွင်လည်း နတ်သမီးများကိုပြကာ ရှင်တော်ဘုရားက နန္ဒရဟန်းအား “ဤနတ်သမီးများနှင့် ဇနပဒ မည်သူက ပိုလှသနည်း” ဟု မေးတော်မူသည့် အခါတွင်ကား နန္ဒရဟန်းမှာ “နတ်သမီးများ၏ အလှနှင့်ယှဉ်လျင် သူ၏နှမ ဇနပဒမှာ လမ်းတွင်တွေ့ခဲ့ရသည့် မျောက်အိုမနှင့်သာ တူပေတော့သည်”ဟု ပြန်လည်ဖြေကြားခဲ့လေ၏။ နောက်ဆုံးတွင် ဘုရားရှင်က အရှင်နန္ဒအား နတ်သမီးများဖြင့် မက်လုံးပေးကာ တရားအလုပ်ကို ကြိုးစားအားထုတ်စေသဖြင့် အရှင်နန္ဒ ရဟန္တာ ဖြစ်သွားခဲ့လေတော့၏။

ဘုရားကျောင်းတော်တွင် ညီတော်ရဟန်း၏ အကြောင်းနှင့်ပတ်သက်၍ သံဃာတော်များ၏ စကားဝိုင်းမှာ အထူးအဆန်း ဖြစ်နေခဲ့၏။ အရှင်နန္ဒ၏စိတ်တွင် ဇနပဒကလျာဏီ မှာကြားလိုက်သည့် စကားကိုသာ ကြားယောင်နေပြီး တရားအားမထုတ်နိုင် ဖြစ်ခဲ့ရခြင်း အကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်အချင်းချင်း ဆွေးနွေးခဲ့ကြ၏။

ထို့အပြင် ယင်းအကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်များက ဘုရားရှင်ကို လျှောက်ထား ကြ၏။ ထို့ကြောင့် ဘုရားရှင်က “မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏” (ဓမ္မပဒ၊ ယမကဝဂ်၊ နန္ဒမထေရ်ဝတ္ထု) စသည့် အထက်ပါ တရားစကားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။

ဤဒေသနာတော်အရ စိတ်၏ဆန်းကြယ်မှုကို ကောင်းစွာတွေ့ကြရမည် ဖြစ်ပါ၏။ စိတ်ကို ကောင်းစွာ မထိန်းသိမ်းနိုင်သဖြင့် ကိလေသာ အပူမီး လောင်မြိုက်ကြရသည့် အဖြစ်ကို သတိပြု မိကြမည် ဖြစ်ပါ၏။ စိတ်၏တွေးတော ကြံစည်မှု မနောကံ၏ အရေးပါမှုကို အလေးဂရု ပြုမိကြမည် ဖြစ်၏။ အမှန်အားဖြင့် စိတ်သာမဟုတ် ပုထုဇဉ် ပုဂ္ဂိုလ်များ ပြုလုပ်လေ့ရှိကြသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ စသည့် အမူအရာများသည် အားလုံးအရေးပါသည်သာ ဖြစ်ပါ၏။

 မနောကံသည် အရေးပါသည်ဟုဆိုသော်လည်း စင်စစ် အမူအရာတိုင်းသည် အားလုံး အရေးပါ သည်သာ ဖြစ်ပါ၏။ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးတွင် သတိမယှဉ်နိုင်ပါက အကုသိုလ် ကိလေသာ ဖြစ်ဖွယ်များ ရှိနေတတ်သဖြင့် ထိုအမူအရာများကို အထူးထိန်းသိမ်း စောင့်ရှောက်ရန်လည်း လိုအပ်လှ၏။ ထိုသို့မဟုတ်ပါက မိမိတို့ ပြုလုပ်ကြသည့် အမူအရာတိုင်းတွင် အကုသိုလ် ကိလေသာများ အဖြစ်များနေကြမည်သာ ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် ထိုကိုယ်နှုတ်စိတ် အမူအရာများကို သီလ၊ သမာဓိ၊ အကျင့်တရားများဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း ဖွင့်ဆိုရှင်းပြကြ၏။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကိုယ်ကျင့်သီလကို အထူးပြု စောင့်ထိန်းကြရမှာ ဖြစ်သကဲ့သို့ စိတ်အမူအရာ အတွေးအကြံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဘာဝနာအကျင့်ကို ကျင့်ကြံ အားထုတ်ရမှာ ဖြစ်ပါ၏။

သီလစောင့်ထိန်းခြင်းသည် ကိုယ်နှင့်နှုတ်ကို အကုသိုလ်၊ အဖြစ်နည်း စေရန်၊ ဒုစရိုက်အမှု မကျူးလွန်မိစေရန် ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်ပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်းသည် စိတ်အမူအရာ မနောကံကို ကိလေသာအတွေးများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းမှ ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်၏။ အထူးသဖြင့် စိတ်သည် အလွန်ထိန်းသိမ်း စောင့်ရှောက်ရန် ခက်လှသဖြင့် ထိုစိတ်ကို ကိလေသာရန်များ၏ တိုက်ခိုက်နှိပ်စက်ခြင်းမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို အားထုတ်စေခြင်း ဖြစ်၏။

သေချာတွေးကြည့်လျှင် စိတ်၏ အကုသိုလ် ကိလေသာများတွင် အဖြစ်များနေသည့် သဘောကို မိမိတို့ နေထိုင်ကျင်လည်နေသည့် ဘဝများတွင် အချိန်မရွေး တွေ့နိုင်ကြမည် ဖြစ်ပါ၏။ တစ်ယောက်တည်း ရှိနေလျှင်လည်း တစ်ယောက်တည်း ရှိနေသည့်အလျောက်၊ အများနှင့် ရှိနေလျှင်လည်း အများနှင့် ရှိနေသည့်အလျောက်၊ အာရုံတစ်ခုခုနောက်ကို စိတ်က လိုက်မိနေ လျှင်လည်း လိုက်မိနေသည့်အလျောက် စသဖြင့် အကုသိုလ်များ ကိလေသာ တရားများက အချိန်မရွေး ဖြစ်နေတတ်သည့် သဘောရှိနေသည်ကို တွေ့ရမည် ဖြစ်ပေ၏။

ထိုသို့ အလွယ်တကူ ဖြစ်တတ်သည် အကုသိုလ် ကိလေသာတရားများ အလွယ်တကူ မဖြစ်ပေါ် စေရန် ရည်ရွယ်၍ ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စသည့် သမထအကျင့်၊ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို အရှိအတိုင်း သိမှတ်ပေးခြင်း ဝိပဿနာ အကျင့် တို့ကို ကျင့်ကြံအားထုတ်ကာ စိတ်အစဉ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးရခြင်း ဖြစ်၏။ သို့ပါလျက် တစ်ခါတရံ ဘုရားရှိခိုးရင်း၊ တရားမှတ်ရင်း၊ ဂုဏ်တော်ပွားရင်းဖြင့်ပင် အကုသိုလ်တရား၊ ကိလေသာ တရားများက ဖြစ်တတ်ကြပေသေး၏။ မည်သို့ဆိုစေ မလုပ်သည်နှင့်စာလျှင် လုပ်နေ ခြင်းက ကိလေသာရန်များကို ကာကွယ်ပေးနေခြင်း ဖြစ်သဖြင့် ကျင့်နိုင်သမျှ ကျင့်ကြံနေကြ ရမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ သမထအကျင့်၊ ဝိပဿနာ အကျင့်များဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားခြင်း မရှိသည့် စိတ်သည် ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းကို အလွယ်တကူ ခံရတတ်သည့် သဘောရှိသဖြင့် မိမိတို့၏ စိတ်ကို ဘာဝနာအကျင့် တစ်ခုခုဖြင့် အမြဲမပြတ် ထုံလွှမ်းကာကွယ် ထားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေးပေါက်သည် အလွယ်တကူ ဝင်ရောက် ထိုးဖောက် နိုင်သကဲ့သို့ ဘာဝနာအကျင့် တစ်ခုခုဖြင့် ထုံးလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂတရားသည် အလွယ်တကူ ထိုးဖောက်ဝင်ရောက် နှိပ်စက်တတ်သည့် သဘောကို သတိပြု ဆင်ခြင်ကာ ထိုသို့ မဖြစ်စေရန် မိမိတို့၏ စိတ်ကို တရားအလုပ် ကျင့်ကြံအားထုတ်ခြင်းဖြင့် ကိလေသာရန်မှ ကာကွယ် နိုင်ရန် ကြိုးစားသင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ကိလေသာ တရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရွေး ဝင်ရောက် နှိပ်စက်တတ်သည့် သဘောရှိသဖြင့် သတိမပြုမိပါက အမူအရာတိုင်းတွင် အကုသိုလ် ဖြစ်တတ် သည့် သဘောရှိသည်ကို သတိပြုဆင်ခြင်ကာ အရေးကြီးဆုံးဖြစ်သည့် မိမိတို့၏ စိတ်ကို ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်မှုများမှ ကာကွယ်နိုင်ရန် သမထ ဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်ခုခုကို အမြဲမပြတ်ပွားထုံးနိုင်အောင် ကြိုးစားကြပါဟု တိုက်တွန်းရင်း ခန္ဓာအိမ် လုံခြုံရေးအတွက် စိတ်အမိုးကို ကောင်းအောင်မိုးကြဖို့ ဘုရားတရား အငှါးပွား၍ အသိပေးစကား ပါးလိုက်ရပါသည်။


မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) 

Thursday, March 19, 2015

ကိုယ်ကြိုက်တာ လုပ်၊ မကြိုက်တာ မလုပ်နဲ


“ကိုယ်ကြိုက်တာ လုပ်၊ မကြိုက်တာ မလုပ်နဲ”

"မိန်းမ"တွေကိုဘာသာ၊ သာသနာသုံးအားဖြင့် "မာတုဂါမ"လို့ခေါ်ပါတယ်။ "မာတု=မိခင်၊ ဂါမ=လမ်း"ဖြစ်လို့ "မိခင်လမ်းသွားနေသူ" လို့နားလည်ရပါတယ်။ "မိန်းမ"ဟူက (အပျိုကြီးတွေ သော်မှ) မိခင်စိတ် ပါလာတာချည်း။ "မိခင်စိတ်"ဆိုတာမေတ္တာဖြင့် ပြုပြင်ပေးခြင်းပဲဖြစ်ပါတယ်။ "ကာလ သမီးအပျိုလေး"ပဲ ကြည့်ပါလေ။ သူတို့ရဲ့ချစ်သူကို"အရက်မသောက်ရ၊ ဆေးလိပ် မသောက်ရ" စသည် စည်းကမ်းထုတ်ပြန်ပြုပြင်ပေးလေ့ရှိတာ မညားမီကတည်းက မဟုတ်လား။ အဲဒါဟာ "မိခင်စိတ်"နဲ့ ပြုပြင် ပေးနေတာလို့ မှတ်သားခဲ့ရဖူးပါတယ်။

မိန်းမတွေရဲ့အရည်အချင်းကောင်းတွေထဲမှာ"ပြုပြင်နိုင်စွမ်းရည်"ဟာလည်း ထူးခြားတဲ့ ဂုဏ်တစ်ခု အဖြစ်ပါဝင်နေပါတယ်။ ဒီသဘောကို"ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး"ရဲ့ တရား တော် တစ်ပုဒ်ထဲက ကောက်နှုတ်ပြချင်ပါတယ်။ ဒီတရားကို" ၁၉၉၆၊ မတ်လ(တပေါင်းလ) (လားဟူ၊ လီရှော တိုင်းရင်းသားများရဲ့ဗုဒ္ဓဘာသာခံယူပွဲကြီး)"မှာ ဟောခဲ့ပါတယ်။ တရားဇာတ်ကြောင်းပါ ဇာတ်ဆောင်များကတော့ "လင်မုဆိုးနဲ့ မယားသောတပန်"တဲ့။ လင်နဲ့မယားတို့ရဲ့ ဂုဏ်ရည်က အဲသလောက်ကွာဝေးပါတယ်။

"မုဆိုး"ဆိုတာက သားကောင်တွေကို သတ်ဖြတ်ရောင်းစားလို့ "အပါယ်လေးဘုံ"ကို သွားဖို့ သေချာ နေသူ၊ "သောတပန်"ဆိုတာကတော့"အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိမရှိတော့ဘဲ ရတနာသုံးပါး၌ ယုံမှားသံသယ လုံးဝမရှိတော့တဲ့သူ"။ သို့သော် "သောတပန်"အဆင့်မှာ ကိလေသာ မကုန်သေးတဲ့ အတွက်လင်ယူ၊ သားမွေးပြုကြသေးတယ်။ အဲဒီတော့ မယားသောတပန်ခမျာ လင်မုဆိုးကြီးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက်တွေ့ရတဲ့ အကြောင်းကတော့ "ရှေးရေစက်"လို့ပဲ အလိမ္မာစကား ဆိုရ လိမ့်မယ်။ တည့်တည့်ပြောရရင်တော့ "ကာမပြစ် ကာမ၀ဋ်"ပေါ့။ တနည်းအားဖြင့်တော့ သံသရာက ပါလာတဲ့ "အစွဲတဏှာ"ကြောင့်ပေပေါ့။

ကြည့်ပါလေ။ ဟိုရှေးအတီတေ"ကဿပဘုရားရှင်" ရွှေလက်ထက်တော်က "လင်မယားတစ်ဘ၀" တော်ဖူးရုံမျှဖြင့်၊ဒီဘ၀မှာ "မုဆိုးကြီးလင်တော်ချင်စိတ်" ဖြစ်ပေါ်လာလေခြင်း။ နှစ်ပေါင်း အသင်္ချေ ကာလမှာ ငုပ်နေတဲ့အစွဲတဏှာက အဲဒီလိုပြန်ပေါ်လာတာနော်။ (ဘ၀ဆက်တိုင်း ညားခဲ့ဖူးသူတွေ ဘယ်လိုနေမယ်မသိ။) သွေးသံနဲ့ရဲရဲ သားကောင်လေးတွေကို ထမ်းပိုးပြီး တောထဲက ပြန်လာတဲ့ မသတီစရာ ဒီ"မုဆိုးကြီး"ကိုမှ ချစ်မိလေတဲ့ "သောတပန် မယားအလိမ္မာ" ခမျာ တစ်နေ့၊ တစ်နေ့ ဒီမုဆိုးကြီး "သူတော်ကောင်း "ဖြစ်လာအောင် ပြုပြင်ပေးဖို့သာ ကြံစည်နေတာပါ။

"မုဆိုးကြီး"မှာတော့ "ဘုရား"ပွင့်နေတယ်ဆိုတာတောင် မသိပါဘူး။ သတ်ရ၊ ဖြတ်ရ ၊ရောင်းရ၊    ၀ယ်ရရင် ပျော်နေတာပါပဲ။ သူက "အန္ဓပုထုဇဉ်"ပဲ။ "အန္ဓပုထုဇဉ် နဲ့ သောတပန်" လင်မယားသာဆို
ရ လောကအမြင်ချင်းက နေထွက်ရာအရပ်နဲ့ နေ၀င်ရာအရပ်လောက် ကွာဝေးပါတယ်။ မုဆိုးကြီးက"အပြစ်ရှိ အပြစ်မဲ့"၊ "အကျိုးရှိ၊အကျိုးမဲ့" ဘာမှခွဲခြားမသိ။ "သောတပန်"ကတော့ "နိဗ္ဗာန်"ရောက်ကြောင်းအထိ သိနေပြီ။ လင်မယားချင်း အဲဒီလောက်ထိ ခြားနား ဝေးကွာ လွန်းလှလေရဲ့။

ဒါပေမဲ့ သောတပန် မယားအလှ စိတ်မပျက်ဘူး။ ချစ်သူ ကိုကယ်တင်ရမယ်။ မုဆိုးကြီး စိတ်အေးကြည်သာတဲ့ အချိန်ကောင်း စောင့်ပြီး ဒီလို တောင်းပန်ရှာသတဲ့။
"ဘုရားထံတော်သွားလို့ ကျွန်မအတွက် တရားတစ်ပုဒ်လောက် နာပေးပါနော်"
"ဟာ….ငါနဲ့မဖြစ်လောက်ဘူးထင်ပါရဲ့ကွာ"

အဲဒီလောက်တော့ မုဆိုးကြီး သိသေးတယ်။ ဒါကြောင့် ငြင်းတယ်။ ဒါပေမဲ့ တစ်ခါကနှစ်ခါ မငြင်းသာတော့ဘဲ မယားအလိုကျ ဘုရားထံသွားတယ်။ မုဆိုးကြီး ကျွတ်မှာကိုမြင်တော်မူတဲ့ "ဘုရားရှင်"က စင်္ကြလျှောက်ရင်း အသင့်စောင့်လင့်တော်မူတယ်။ မုဆိုးကြီးရဲ့စရိုက်ကို မုဆိုးကြီး လျှောက်ထားပုံ စကားအားဖြင့် "ဆရာတော်ဘုရားကြီး" သရုပ်ဖော်လိုက်ပုံဟာ အင်မတန်ပီပြင်လွန်း လှပါတယ်။

"တပည့်တော် မအားဘူး၊ အလုပ်တစ်ဖက်ကြားက အရှင်ဘုရားဆီလာရတာ။ တရားတိုတိုပဲဟောပါ ဘုရာ့"
"ဒါယကာ…..သင်ကြိုက်တာ သင်လုပ်၊ သင် မကြိုက်တာ သင် မလုပ်နဲ့"
"ဘုရား"ကအဲသလို မိန့်ကြားလိုက်ပါတယ်။
"တပည့်တော် တရားနာချင်တယ် ဘုရာ့"
"ငါ ဟောပြီးပြီ"

ဟယ်….။ မုဆိုးကြီး အလွန်ဝမ်းသာသွားတော့တယ်။ သူထင်တာ သူ့ကိုကြိမ်းမောင်းမယ်။ အပြစ် တင်မယ် ထင်နေတာ၊ အခုတော့ အပြစ်မတင်၊ မကြိမ်းမောင်း တဲ့အပြင်" ကိုယ်ကြိုက်တာ ကိုယ်လုပ်"ဆိုတော့ ၀မ်းမသာဘဲ ရှိပါ့မလား။

တစ်ခါ သူထင်ထားတာက "အကုသလော ဓမ္မော" အစရှိတဲ့ အသိုင်းကြီး အ၀ိုင်းကြီးတွေနဲ့ ဟောမယ်ထင်ခဲ့တာ။ ခုတော့ ကြည့်စမ်း၊"စကားလုံးလေး နှစ်လုံး။ ငါ ဦးကုန်းချတာလောက်တောင်မှ မကြာပါလား" တဲ့။ မယား ဆီ အားရ ၀မ်းသာပြေးလွှား ရင်း-

"နင်တို့ ဘုရားက (သင် ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင် မလုပ်နဲ့) လို့ပဲ ပြောလိုက်တယ်။ ငါ့ကို မဆူဘူး၊ မကြိမ်းဘူး" ..လို့ ခြံဝ က အော်ဟစ် ပြောဆိုတယ်။

မယားအလိမ္မာက"သောတပန်"ပီပီသိလိုက်ရပြီ၊ သူသိလိုက်ရတဲ့ "တရားအဓိပ္ပါယ်"ကို အကောင် အထည်ဖော်ဖို့ မယားအလိမ္မာလေး ပြုလိုက်ပုံက မုဆိုးကြီးကို အံ့သြ တုန်လှုပ်သွားစေခဲ့တယ်။ သူ့မယားက သူ့ရဲ့ လေးနဲ့မြားကို အသင့်ကောက်တင်ပြီး သူ့ကိုပစ်ခတ်မယ်လို့ ရင်ဝဆီ ချိန်ရွယ်ထားပါရောလား။

"ဧကန္တ နောက်တစ်ယောက်နဲ့များ…."သူ့မယား လင်ငယ်တွေ့လေသလား ထင်မှားက ဇဝေဇ၀ါကြီး နဲ့ ရှေ့တိုးအလာ-
"ရှေ့မတိုးခဲ့နဲ့၊ အရှင့်ကို သတ်ရလိမ့်မယ်"
မယားရဲ့ မာကြောလှတဲ့အသံ။
"ရှင်မ ၊ နောက်တစ်ယောက်တွေ့လို့များ ဒီလို "
"မဟုတ်လိုက်လေ"
"ရော် ရှင်မပဲ ဘုရားဆီသွား တရားနာ ဆို…"

"ဟုတ်ပြီ ၊ ဒီ လေး နဲ့ မြားအကြောင်း ရှင် ဘယ်လောက်ထိ သိသလဲ"
"ငါ့ လက်နက်အကြောင်း ငါ ကောင်းကောင်း သိတာပေါ့ ဒီ အဆိပ်လူးမြားက သားကောင်တောင် ထွင်းဖောက်သွားစရာမလိုဘဲ ထိရုံ နဲ့ အဆိပ်သင့်ပြီး သေစေနိုင်တယ် "
"ဒါဖြင့် အဆိပ်လူးမြားနဲ့ အရှင့်ကို ပစ်ခတ် သတ်ဖြတ်မယ်ဆို အရှင် ကြိုက်သလား၊မကြိုက်ဘူးလား"
"ကိုယ်ချင်းမစာ ပြောရက်လေခြင်းကွာ၊ ငါ သေရမှာ ငါ ဘယ်ကြိုက်ပါ့မလဲ"
“အဲဒါ ဘုရားပြောတဲ့ (သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင် မလုပ်နဲ့) ဆိုတဲ့ စကားပဲ”
“ဟေ…ဟင်…..ဟုတ်ပေသားပဲ”

မယားစကားအဆုံးမှာပဲ မုဆိုးကြီး “သောတာပန်” တည်သွားလေရဲ့တဲ့။“စကားနောက် တရားပါတယ်”ဆိုတာ အဲဒါပါပဲ။ “အနာထပိဏ်”စတဲ့ ဗုဒ္ဓ၀င်မှာ အထင်ကရပုဂ္ဂိုလ် ကျော်များဟာ ဘုရားနဲ့တွေ့ပြီး ဘုရားရှင်ရဲ့ တရားတော် နာကြားပြီး “သောတပန် ”တည်ကြပါတယ်။

ဒီ“မုဆိုးကြီး”ကတော့ “မယား”စကားနာကြားပြီး “သောတပန်” တည်သွားတဲ့ ထူးခြားတဲ့ ဇာတ်ဆောင်ကြီးပါ။ မိန်းမတို့ရဲ့ ပြုပြင်နိုင်စွမ်းရည်ကလည်း အံဖွယ်ပါပေ။ "ဆရာတော် ဘုရားကြီး" ဟာ တရားနာပရိတ်သတ်ထဲက မုဆိုးအလုပ်နဲ့ အသက်မွေးနေတဲ့ အချို့သော သူများကို ချိန်ပြီး ဒီတရားကို လှလှပပ ဟောသွားခဲ့ပုံရပါတယ်။

“ဆရာတော်ဘုရားကြီး”ရဲ့ စေတနာက ဗုဒ္ဓဘာသာရဲ့ အခြေခံကောင်းဖြစ်တဲ့“ ကိုယ်ချင်းစာ တရား”ကို ပိုင်ပိုင်နိုင်နိုင်ကြီး ရစေချင်တာပါ။“ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ..။ ကိုယ်မကြိုက်တာ- သူ့အသက်သတ်ခြင်း၊ ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့လင်၊ သူ့မယား ကျူးလွန်စော်ကားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်အရက် မူးယစ်ပစ္စည်း သုံးစွဲခြင်း။

ကိုယ်ကြိုက်တာ-သူ့အသက်မသတ်ခြင်း၊ အသက်ကယ်ခြင်း၊ သူ့ဥစ္စာ မခိုးဝှက်ခြင်း၊ ပေးကမ်း ကူညီခြင်း ၊မလိမ်မညာ အမှန်ကိုသာပြောဆိုခြင်း၊ သေရည် အရက် မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်း။

ဒါကြောင့် “ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ “ငါးပါးသီလစောင့်ထိန်းပါ”လို့ ဟောလိုရင်း ဖြစ်ပါတယ်။ ငါးပါးသီလဆိုတာ ကမ္ဘာလောက သာယာငြိမ်းချမ်းဖို့ အခြေခံစည်းမျဉ်း ဥပဒေလည်း ဖြစ်ပါတယ်။ “မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ရဲ့ ဒီတရားနာခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ သူများဟာ ငါးပါးသီလ ဆောက်တည်ပြီးသားလည်းဖြစ်သွားတော့တယ်။

ကြမ်းပေ့၊ရမ်းပေ့ ဆိုတဲ့ "မုဆိုးကြီး" ကို အပါယ်ဆင်းရဲက လွတ်မြောက်အောင် ကယ်တင်ပြီး “သောတပန်”တည်စေခဲ့တဲ့ “မယားသောတပန်”ရဲ့ ပြုပြင်နိုင်စွမ်းဟာလည်း ပြောစမတ် တွင်ကျန်ခဲ့ပါတယ်။

( “မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ကိုယ်ကြိုက်တာ ကိုယ်လုပ်”တရားတော် မှ)

မူရင်း(http://buddhismworld.ning.com/ )မှ


Wednesday, March 18, 2015

လောကဓံဆိုတာ


လောကဓံဆိုတာ

လောကဓံဆိုတာ လောကဓမ္မဆိုတဲ့ ပါဠိမှ ဖြစ်လာတဲ့ အမည်ဖြစ်တယ်။ လောကဆိုတာ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကအားဖြင့်သုံးမျိုးရှိတယ်။ သတ္တလောကဆိုတာ သတ္တ၀ါ အပေါင်းကို ခေါ်တာပဲ၊ သတ္တ၀ါ တစ်ယောက် တစ်ယောက်ဟာ လောကတစ်ခုပါပဲ။ လူတစ်ယောက်ဟာ လောကတစ်ခုပဲ။ နတ်တစ်ယောက်လည်း လောကတစ်ခုပဲ။ မိန်းမ တစ်ယောက်လည်း လောကတစ်ခုပဲ။ ယောကျာ်းတစ်ယောက်လည်း လောကတစ်ခုပဲ။ ကျွဲ၊ နွား အစရှိတဲ့ တိရစ္ဆာန်တွေလည်း တစ်ကောင်တစ်ကောင်ဟာ လောကတစ်ခု တစ်ခုပဲ။ အတိုချုပ် အားဖြင့် သတ္တ၀ါတစ်ကောင် တစ်ကောင်ဟာ လောကတစ်ခု တစ်ခုပဲ။ သတ္တ၀ါတွေ အားလုံး ကိုလည်း ပေါင်းပြီး သတ္တလောကလို့ ခေါ်တယ်။

သြကာသလောကဆိုတာကတော့ အဲဒီသတ္တ၀ါတို့ရဲ့ တည်နေရာဌာနတွေပါပဲ။ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံဆိုတဲ့ တည်ရာဌာနတွေပါပဲ။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အပါယ်သတ္တ၀ါတို့၏ တည်ရာ ဌာနတွေကလည်း သြကာသလောကပဲ။ ဒါပေမယ့် တိရစ္ဆာန်၊ ပြိတ္တာတို့ရဲ့ တည်ရာဌာနကတော့ လူတို့၏တည်ရာ မြေကြီးပေါ်မှာပဲ ရှိနေပါတယ်။ တစ်သီးတစ်ခြားရယ်လို့တော့ မရှိဘူး။ ဒါပေမယ့် သူတို့ရဲ့ တည်နေရာဟာ သူတို့ရဲ့ သြကာသလောကပေါ့။

သင်္ခါရလောကဆိုတာကတော့ ရုပ်-နာမ်-သင်္ခါရ တရားအပေါင်းပါပဲ။ သတ္တ၀ါတွေရဲ့ သန္တာန်က ရုပ်-နာမ်-သင်္ခါရ တရားတွေလည်း သင်္ခါရလောကပဲ၊ သတ္တ၀ါတို့၏ တည်ရာမြေကြီး၊ သစ်ပင်၊ တော၊ တောင်၊ ဘုံဗိမာန်၊ ရေ၊ လေ၊ မီးစသည် ဗဟိဒ္ဓ သန္တာန်က ရုပ်တရားတွေလည်း သင်္ခါရလောကပဲ။ အတိုချုပ်အားဖြင့် သက်ရှိ၊ သက်မဲ့၊ ရုပ်-နာမ် တရားဟူသမျှဟာ သင်္ခါရလောက ချည်းပါပဲ။

ယခုဟောမည့် လောကဓမ္မပုဒ်မှာပါဝင်တဲ့ လောကဆိုတာကတော့ အဲဒီ လောကသုံးပါးထဲက သတ္တလောကကိုသာ ဆိုလိုပါတယ်။ ဒါကြောင့် လောကဆိုတာက သတ္တ၀ါတွေ၊ ဓမ္မဆိုတာက တရား၊ လောကဓမ္မဆိုတာ သတ္တ၀ါတွေမှာ မလွဲမရှောင်သာဘဲ အမြဲတွေ့ထိ ခံစားနေကြရတဲ့ တရားတွေပါပဲ။ အဲဒီ လောကဓမ္မခေါ်တဲ့ လောကဓံတရားကို မြတ်စွာဘုရားက အကျဉ်း၊ အကျယ် သုတ်၂-ခုအဖြစ်နဲ့ ဟောတော်မူခဲ့ပါတယ်။

လောကဓံတရား ၈-ပါး

ကတမေအဋ္ဌ၊ လာဘော စ အလာဘော စ ယသော စ အယသော စ နိန္ဒာ စ ပသံသာ စ သုခဉ္စ ဒုက္ခဉ္စ။

လာဘော စ - လာဘ်ရခြင်းက တစ်ပါး၊ အလာဘောစ - လာဘ်မရခြင်းက တစ်ပါး၊ ယသောစ - အခြွေအရံများခြင်းက တစ်ပါး၊ အယသောစ - အခြွေအရံမဲ့ခြင်းက တစ်ပါး၊ နိန္ဒာစ - ကဲ့ရဲ့ခြင်း၊ အကဲ့ရဲ့ခံရခြင်းက တစ်ပါးး၊ ပ-သံသာစ-ချီးမွမ်းခြင်း၊ အချီးမွမ်းခံရခြင်းက တစ်ပါး၊ သုခဉ္စ ချမ်းသာခြင်းက တစ်ပါး၊ ဒုက္ခဉ္စ-ဆင်းရဲခြင်းက တစ်ပါး။

ဒီရှစ်ပါးထဲမှာ အကောင်းက ၄-ပါးပါတယ်။ အဆိုးကလည်း ၄-ပါးပါတယ်။  အကောင်းနဲ့တွေ့ရင် အဆိုးလည်းပါလာတယ် တစ်ခါတစ်ရံ ရချင်တာတွေကိုရမယ်။ အလိုရှိတိုင်းရပြီး ပြည့်စုံ ကြွယ်ဝနေမယ်။ 

တစ်ခါတစ်ရံကျတော့ ရချင်တာတွေကိုမရဘဲ ရှိနေမယ်။ တစ်ခါတစ်ရံကျတော့ ရချင်တာတွေကို မရဘဲ ရှိနေမယ်။ ရပြီးသားတွေလည်း ပျက်စီးဆုံးရှုံး သွားမယ်။ တစ်သက်လုံး မပျက်စီးဘဲ တည်နေတယ်ဆိုတောင်မှ သေတဲ့အခါကျတော့ အဲဒီရထားတာတွေကိုစွန့်ပြီး သွားရမယ်။ ဒီတော့ အကြောင်းညီညွတ်လို့ လာဘဆိုတဲ့ ရခြင်းနဲ့ပြည့်စုံလျှင်၊ အလာဘ မရခြင်း၊ ရပြီးသားတွေ ပျက်စီးဆုံးရှုံးခြင်း ဆိုတာကလည်း တစ်ပါတည်းနောက်က လိုက်ပါလာတော့တာပဲ။

တစ်ခါတစ်ရံ အခြွေအရံနဲ့ ပြည့်စုံမယ်။ တစ်ခါတစ်ရံ ကျတော့ အခြွေအရံနဲ့ မပြည့်စုံဘဲရှိနေမယ်။ အင်မတန် အခြွေအရံများတဲ့ မြတ်စွာဘုရားတောင်မှ တစ်ပါးတည်း ၀ါကပ်နေရတဲ့အခါ ရှိသေးတာပဲ။ သာမန်လူတွေမှာတော့ ရှိသမျှ အခြွေအရံတွေကို အကုန်လုံးစွန့်ပြီး တစ်ယောက်တည်း ကံအားလျော်စွာ သွားရမယ်။ ဒီတော့ ယသဆိုတဲ့ အခြွေအရံနဲ့ ပြည့်စုံလျှင် အယသ ဆိုတဲ့ အခြွေအရံမဲ့ခြင်းကလည်း တစ်ပါတည်းနောက်က လိုက်ပါလာတော့တာပဲ။

ချီးမွမ်းတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့အတွက် အချီးမွမ်းခံရတဲ့ အခါလည်းရှိမှာပဲ။ ဒါပေမယ့် ချီးမွမ်းဖွယ် ဂုဏ်နဲ့ပြည့်စုံအောင် အားထုတ်ရတာက လွယ်တာမဟုတ်ဘူး။ အင်မတန် အားထုတ်နိုင်မှ တကယ်အစစ် ချီးမွမ်းဖွယ်ဂုဏ်တစ်ခုကို ရပါတယ်။ အဲဒါထက် အဲဒီချီးမွမ်းဖွယ်ဂုဏ်မပျက်အောင် စောင့်ရှောက်နေရတာက သာပြီးဝန်လေးပါတယ်။ 

ဒီလို စောင့်ရှောက်နေနိုင်ပေမယ့် သူတစ်ပါးက အထင်လွဲလို့ဖြစ်စေ၊ သက်သက်မုန်းလို့ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ၊ အကဲ့ရဲ့ခံရတာလည်း ရှိတတ်သေးတယ်။ အပြစ်ဒေါသ လုံးဝ ကင်းစင်တော်မူတဲ့ မြတ်စွာဘုရားကိုတောင်မှ ကဲ့ရဲ့သူတွေ ရှိသေးတာပဲ။ သာမန် လူတွေမှာတော့ အထူးပြောစရာမလိုပါဘူး။ ဒီတော့ အချီးမွမ်းခံရတယ်ဆိုရင် မလိုလားတဲ့သူတွေက ဖန်တီးတဲ့ ကဲ့ရဲ့မှုကလည်း လိုက်ပါလာတတ်ပါတယ်။

သုခနဲ့-ဒုက္ခဆိုတာကတော့ အမြဲမပြတ် ဒွန်တွဲနေပါတယ်။ အကြောင်းညီညွတ်တဲ့အခါ ကိုယ်ရော စိတ်ပါ ချမ်းသာနေမယ် အကြောင်းမညီညွတ်တဲ့အခါ ဆင်းရဲနေမယ်။ လမ်းလျှောက်နေတဲ့အခါ ခြေတစ်ဖက်က မြေကြီးပေါ်မှာ ရပ်တည်နေသလိုပဲ။ ညာဘက်ခြေက ကြွလှမ်းနေတဲ့အခါမှာ ဘယ်ဘက်က မြေပေါ်မှာ ရပ်တည်နေမယ်။ ဘယ်ဘက်ခြေက ကြွလှမ်းနေတဲ့အခါမှာ ညာဘက်ခြေက ရပ်တည်နေမယ်။

အဲဒါလိုပဲ ချမ်းသာဆိုတဲ့ အကောင်းတွေဖြစ်ပေါ်နေတဲ့အခါမှာ ဆင်းရဲငြိမ်းနေတယ်၊ ဆင်းရဲဆိုတဲ့ မကောင်းတာတွေ ဖြစ်နေတဲ့အခါမှာ ချမ်းသာမရှိဘူး။ တစ်လှည့်စီ၊ တစ်ပြန်စီ တွေ့ကြုံနေရတဲ့ တရားတွေပဲ။ ဒီတော့ ချမ်းသာနေတယ်ဆိုရင် ဆင်းရဲဆိုတာကလည်း တပါတည်းနောက်က လိုက်ပါလာတာပဲ။

အဲဒီလို အကြောင်းအားလျော်စွာ လူတိုင်းလူတိုင်း တွေ့ကြုံနေရတဲ့ ဒီလောကဓံတရားတွေကို ဉာဏ်ဖြင့် အသင့်အသင့် နှလုံးသွင်းဆင်ခြင်ပြီး သည်းခံနိုင်ဖို့လိုပါတယ်။ 

ဘုရားရဟန္တာ အရှင်မြတ်တွေမှာတော့ ဒီလောကဓံတရားတွေကို သည်းခံတော်မူနိုင်ကြပါတယ်။ ကောင်းတဲ့ လောကဓံ၎-မျိုးနဲ့တွေ့လို့လည်း မတက်ကြွမတုန်လှုပ်ဘူး။ ဆိုးတဲ့ လောကဓံ လေးမျိုးတွေ့လို့လည်းစိတ်မပျက်မတုန်လှုပ်ဘူး။ ဒါကြောင့် မင်္ဂလသုတ်မှာ မြတ်စွာဘုရားက -
ဖုဌဿ လောကဓမ္မေတိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ၀ိရဇံ ခေမံ ဧတ မင်္ဂလ မုတ္တမံ - လို့ ဟောတော်မူပါတယ်။

လောကဓမ္မေဟိ-လောကဓံတရား ရှစ်ပါးတို့နှင့် ဖုဋ္ဌဿ-တွေ့သော-အကြင်ရဟန္တာပုဂ္ဂိုလ်၏-လို့၊ ရဟန္တာပုဂ္ဂိုလ်လည်း ဒီလောကဓံတရားတွေကို တွေ့ရတာပဲ။ 

သူ့အမည်ကိုက လောကဓမ္မ လောကနှင့်ဆိုင်တဲ့ တရားဆိုတော့ လောကထဲအတွင်းဝင်နေရင် ဒီလောကဓံ တရားတွေနဲ့ တွေ့ရတာပဲ။ ရဟန္တာများလည်း ပရိနိဗ္ဗာန်မစံမ၀င်ခင်မှာဆိုရင် လောက ထဲမှာ ပါဝင်နေပါတယ်။ လောကဆိုတဲ့ သူ့နိုင်ငံနယ်ပယ်ထဲမှာ ၀င်နေတော့ လောကဓမ္မဆိုတဲ့ သူ့တရားနဲ့လည်း တွေ့ရတော့တာပဲ။ မြတ်စွာဘုရားလည်း တွေ့ရတာပဲ။ သတ္တလောကဆိုတဲ့ သူ့နယ်ပယ်မှာနေရင် ဘယ်သူမှ မရှောင်နိုင်ဘူး။ တွေ့ရတာချည်းပဲ။ ဒါကြောင့် လောကဓမ္မ၊ ရှောင်မရ၊ မုချတွေ့စမြဲ။ လို့ ဆိုပါတယ်။

ရဟန္တာသာမဟုတ်ဘူး။ အနာဂါမ်ဆိုရင်လည်း တော်တော်သည်းခံနိုင်ပါပြီ။ တုန်လှုပ်ခြင်း မရှိသလောက် ဖြစ်နေပါပြီ။ သောတာပန် သကဒါဂါမ်များမှာတော့ ကာမရာဂမကင်းသေးတဲ့အတွက် လောကဓံအကောင်းတွေနဲ့ တွေ့တဲ့အခါ နှစ်သက်သာယာပြီး ၀မ်းမြောက် တက်ကြွ တန်သလောက်တော့ တက်ကြွပေလိမ့်ဦးမယ်။ ဗျာပါဒ ဒေါသ မကင်းသေးတဲ့အတွက် လောကဓံ အဆိုးတွေနဲ့ တွေ့တဲ့အခါ နှလုံးမသာမှု၊ စိတ်ပျက်မှု၊ ၀မ်းနည်းမှုလည်း ဖြစ်တန်သလောက်တော့ ဖြစ်ပေလိမ့်ဦးမယ်။

ဒါကြောင့် အနာထပိဏ် သူဋ္ဌေးကြီးမှာ သုမနာဒေ၀ီဆိုတဲ့ သမီးငယ် သေဆုံးသွားတာ အကြောင့်ပြုပြီး နှလုံးမသာခြင်း ဖြစ်ရတယ်။ အရှင်အာနန္ဒာမှာလည်း ဘုရားပရိနိဗ္ဗာန်စံခါနီးမှာ ငိုကြွေးမြည်တမ်းခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သောတာပန် သကဒါဂါမ်များမှာ တရားက သိတန်သလောက် သိပြီးဖြစ်နေတဲ့အတွက် တော်တော်တော့ သည်းခံနိုင်နေပါပြီ။ ဖြစ်ပေါ်လာတဲ့ သောကပရိဒေ၀တွေကို ပယ်ဖျောက်ဖို့ရာ လွယ်ကူနေပါပြီ။ ဒါကြောင့် လောကဓံတရားဆိုးတွေနဲ့ တွေ့တဲ့အခါမှာ အားထုတ်ထားတဲ့တရားနဲ့ ဖြေဖျောက်ရတယ်။ ဒီလိုအခါမှာ တရားမှတစ်ပါး အားကိုးစရာ မရှိဘူး။

အကယ်၍ လောကဖက်ကအားထုတ်လို့ လောကဓံအဆိုးမှ လွတ်မြောက်နိုင်တဲ့နည်းလမ်းရှိ သေးရင်တော့ တတ်နိုင်သမျှနည်းမျိုးစုံနဲ့ အားထုတ်ကာကွယ်ရပါတယ်။ အဲဒီလိုလောကဖက်က နည်းလမ်းတွေနဲ့ မကာကွယ်၊ မတားမြစ်နိုင်တော့ဘူး ဆိုတဲ့အခါကျတော့ ကိုယ့်တရားကိုပဲ အားကိုးရတယ်။ ကိုယ့်တရားနဲ့ နှလုံးသွင်းပြီး စိတ်နှလုံးမသာမှုတွေကို ပယ်ဖျောက်ရတယ်။

အယံ မဂ္ဂေါ-ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို အမှတ်ရမှု-သတိပဋ္ဌာန် ၄-ပါးဟူသော ဤလမ်း ခရီးသည် သောကပရိဒေ၀ါနံ သမတိက္ကမာယ စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် အလို့ငှါ၊ ဧကာယနော မဂ္ဂေါ တစ်ကြောင်းတည်းသောလမ်း တစ်ခုတည်းသော လမ်းပါပေတည်း။ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်းကွယ်ပျောက်ရန် အလို့ငှါ၊ ဧကာယနော မဂ္ဂေါ တစ်ကြောင်းတည်းသောလမ်း တခုတည်းသော လမ်းပါပေတည်းလို့ ဟောထားပါတယ်။

ဒါကြောင့် အမှတ်ရမှု သတိတရားနဲ့ ရှုမှတ်နေတဲ့ အလုပ်ဟာ သောကကင်းဝေး နေနိုင်ရေးဆိုတဲ့ နည်းတွေထဲမှာ အကောင်းဆုံး နည်းပါပဲ၊ ဒီလို ရှုမှတ်နေခြင်းဖြင့် နောက်ဆုံးမှာ အရဟတ္တ မဂ်ဖိုလ်ရောက်ပြီး ဆင်းရဲဟူသမျှမှ လုံးဝလွတ်မြောက်သွားနိုင်ပါတယ်၊ ဒါကြောင့် “ပရိမုစ္စတိ ဒုက္ခသ္မာတိဝဒါမိ ဆင်းရဲဟူသမျှမှ လွတ်မြောက်သည်ဟု ငါဘုရားဧကန်ဟောတော်မူတယ်” လို့ မြတ်စွာဘုရားက ၀န်ခံတော်မူပါတယ်။

ပြည့်ပြည့်စုံစုံတရားအားမထုတ်နိုင်သေးလို့ တရားအားထုတ်မှုဖြင့် မပယ်ဖျောက်နိုင်ဘူးဆိုရင် ယောနိသောမနသိကာနဲ့ အသင့်အတင့် နှလုံးသွင်းပြီး ပယ်ဖျောက်ရတယ်။ လောကဓံတရားဆိုတာ ဘုရားရဟန္တာများတောင်မှ မရှောင်နိုင်ဘူး။ တွေ့ကြသေးတာပဲ။ ငါလိုလူ ဘယ်မှာမတွေ့ဘဲရှိမှာလဲ ဘုရားရဟန္တာ အရှင်မြတ် တွေဟာ ဒီလောကဓံတရားတွေနဲ့ တွေ့တဲ့အခါ မတုန်မလှုပ် သည်းခံတော်မူနိုင်ကြတယ်။ ငါလည်း ဘုရားရဟန္တာများလို သည်းခံမယ်။ စိတ်နှလုံးမသာခြင်းကို မဖြစ်စေရအောင် ဖြစ်ရင်လည်း ကြာရှည်စွာ မဖြစ်ရအောင် စောင့်ရှောက်မယ်။ 

ဒီလိုစောင့်ရှောက်ခြင်းဖြင့် ဘုရားရဟန္တာအရှင်မြတ်တို့၏ ဂုဏ်တစ်စိတ်တစ်ဒေသနှင့် ပြည့်စုံ စေရမယ်၊ စသည်ဖြင့် နှလုံးသွင်းဆင်ခြင်ပြီး နှလုံးမသာမှုကို ပယ်ဖျောက်ရတယ်။ အဲဒီလို ပယ်ဖျောက်နိုင်ဖို့ အရေးကြီးပါတယ်။

လောကထဲမှာနေတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဒီလောကဓံတရားတွေနဲ့ တွေ့ကြတာချည်းပဲ၊ ဘယ်သူမှ မရှောင်နိုင်ဘူး၊ ကံကောင်းတဲ့ သူတွေမှာ ကုသိုလ်ကံက အကျိုးပေးတဲ့အခါ ကောင်းတဲ့လောကဓံ ၄-ပါးနဲ့ တွေ့နေကြရပါတယ်၊ ကံမကောင်းတဲ့သူတွေမှာ အကုသိုလ်ကံက အကျိုးပေးတဲ့အခါ ဆိုးတဲ့လောကဓံ ၄-ပါးနဲ့ တွေ့နေကြရတယ်။


အဲဒီမှာ ကောင်းတဲ့လောကဓံတွေကိုတော့ အများကကြိုက်ကြတယ်။ ဆိုးတဲ့လောကဓံတွေကိုတော့ အလိုမရှိကြဘူး၊ ကြောက်ကြတယ်၊ ရှောင်ပါစေ၊ လွဲပါစေ၊ ဖယ်ပါစေလို့ တောင့်တနေကြတယ်၊ မတွေ့အောင်လည်း ကြိုးစားနေကြပါတယ်၊ ဒါပေမယ့် လုံးလုံးတော့မလွတ်နိုင်ကြပါဘူး၊ တွေ့ကြရ သေးတာပဲ၊ အနည်းနဲ့အများသာ ကွာခြားပါတယ်၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးတောင်မှ နည်းနည်းတော့ တွေ့ရသေးတာပဲ၊ အဲဒါကို ထောက်ဆကြည့်ရင် “ငါတို့လို သာမန်ပုဂ္ဂိုလ်တွေ မတွေ့ရဘဲ နေပါ့မလား” လို့ဆင်ခြင်ပြီး အတော်အတန်တော့ သည်းခံနိုင်စရာ အကြောင်း ရှိပါတယ်။

လောကဓံတရားများနှင့် တွေ့ရသောအခါ ထိုလောကဓံတရားတို့ကြောင့် တုန်လှုပ်ခြင်း မရှိဘဲ သည်းခံနိုင်အောင် နှလုံးသွင်းဆင်ခြင် ရှုမှတ်ပွားများအားထုတ်နိုင်ကြ၍ လောကဓံခပ်သိမ်းတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန်ချမ်းသာသို့ လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

မေတ္တာဖြင့် -
မဟာစည်ဆရာတော်ဘုရားကြီး၏ လောကဓံတရားတော် မှ ထုတ်နှုတ်ပူဇော်ပါသည်။