Wednesday, March 20, 2013

ရွှေစကားမို့ ရွှေနားတော်ပန်ဆင်စေချင်

ရွှေစကားမို့ ရွှေနားတော်ပန်ဆင်စေချင်
ဒီနေ့မနက် အိပ်ယာက အစောကြီးနိုးလာတယ်။ အချိန်က နံနက် နှစ်နာရီခွဲ။ စောနေသေးလို့ ပြန်အိပ်ဖို့ ကြိုးစားကြည့်တယ်။ အိပ်လို့မရအောင် ဖြစ်နေခဲ့တာကြောင့် ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့ ဘာလုပ်သင့်တယ်ဆိုတာကို စဉ်းစားလို့မရနိုင်အောင် ဖြစ်နေခဲ့ပြန်တယ်။ တရားသွားထိုင်ဖို့ဆိုတာကလဲ  (ဆင်ခြေက ပါနေတော့) နဲနဲစောနေသေးတယ်လို့ ထင်မိတယ်။ စဉ်းစားရင်း စဉ်းစားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေရာက အတွေးတစ်ခုဝင်လာတယ်။ ဟုတ်ပြီ … ။ ဘာကြောင့် လူတွေဟာ လူတွေအကြောင်းကို တွေးကြသလဲ။ ဘာကြောင့် လူတွေဟာ လောကအကြောင်းကို စဉ်းစားကြသလဲ။ အဲဒီလို စဉ်းစားမိရင်း သြော် … တွေးတာဆိုတာဟာလဲ အလုပ်တစ်မျိုးကို လုပ်နေခြင်းပဲလို့ သဘောပေါက်မိတယ်။
အတွေးဆိုတာ လူတွေ နေ့စဉ်ပြောဆိုနေတဲ့ စကားလုံးတွေ ဖြစ်ပေါ်လာနိုင်ဖို့အတွက် ကုန်ကြမ်း ထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုလိုပါပဲ။ လူတွေက တွေးတယ်။ ပြီးတော့ အဲဒီအတွေးကို စကားလုံးအဖြစ် ဖန်တီးတယ်။ အဒီလို တွေးရာကနေ ဖြစ်ပေါ်လာတဲ့ စကားတွေထဲမှာ အတွေးမပါပဲ ရောက်တတ်ရာရာ ပြောဆိုတဲ့ စကားမျိုးကိုတော့ (လူတွေကပြောကြတယ်) “အရူးစကား”တဲ့။ တန်ဖိုးရှိတဲ့စကားမျိုးကိုတော့ “ထောင်တန်တဲ့စကား”တဲ့။ အကျိုးအကြောင်းဆီလျှော်အောင်ပြောတဲ့ စကားမျိုးကိုကြတော့ “ပညာရှိစကား”တဲ့။ စကားအမျိုးအစားကို သရုပ်ခွဲမယ်ဆိုရင်တော့ အများကြီးပေါ့။

ပညာရှိစကား (the wise saying)လို့ သတ်မှတ်ခံထားရတဲ့စကားမျိုးထဲမှာ ကျိုးကြောင်းဖြစ်စဉ်ကို အခြေခံပြီးပြော တာမျိုးရယ်၊ အတွေ့အကြုံကို အခြေခံပြီး ပြောတာမျိုးရယ်၊ (သို့မဟုတ်) စာပေကို မှီငြမ်းပြုပြီး ပြောတာမျိုးရယ် ဒီအချက်တွေကို တွေ့နိုင်တယ်။ ဥပမာ၊ “မင်းဘယ်တော့မှ မရသေးတဲ့အရာတစ်ခုကို  ရနိုင်ဖို့ ဘယ်တုန်းကမှ မလုပ်ဖူးသေးတဲ့ အလုပ်ကို မင်းလုပ်ရမယ်” (to get something you never had, you have to do something you never did.) ဆိုတဲ့ စကားမျိုးတွေ၊ “သူ့ (သူ့အမေပြောတဲ့) ဘာသာစကားကို သင်ယူဖို့ (ပြောဖို့) ပျက်ကွက်သူဟာ သူနေတဲ့ (သူ့အမေနေတဲ့) ကမ္ဘာမှာ သူဟာ ပျောက်ဆုံးနေသူပဲ” (He who loses his language loses his world.) ဆိုတဲ့ စကားမျိုးတွေပါ။ စကားတန်ဖိုးဟာ ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာ စကားတန်ဖိုးကိုသိထားသူမှ နားလည်သဘောနိုင်မှာပါ။
တန်ဖိုးကြီးတဲ့ ပညာရှိတွေရဲ့ စကားထဲမှာ “ပညာရှိ သတိဖြစ်ခဲ” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။

ဒီစကားစုနှင့်စပ်ပြီး ဆွေးနွေးပြောဆိုရရင် ဗုဒ္ဓစာပေထဲမှာ စကားဖြစ်ပေါ်လာဖို့အတွက် အကြောင်း သုံးမျိုးရှိ တယ်လို့ ဖေါ်ပြထားတယ်။ အဲဒီအကြောင်းသုံးမျိုးကတော့
(၁) အတိတ်ကာလကို အကြောင်းပြုပြီး ပြောတဲ့စကား။
(၂) အနာဂတ်ကာလကို အကြောင်းပြုပြီး ပြောတဲ့စကား။
(၃) ဖြစ်ဆဲပစ္စုပ္ပန်ကာလကို အကြာင်းပြုပြီး ပြောတဲ့စကားရယ်လို့ စကားဖြစ်ပေါ်လာဖို့ရာ အကြောင်းသုံးပါးရှိနေခြင်းပါ။
စကားပြောကြရမှာ ကာလသုံးပါးကို လွန်ပြီး ပြောဆိုတဲ့စကားမျိုးဆိုတာကတော့ မရှိသလောက် ရှာမှရှားပါ။
ဗုဒ္ဓစာပေ (ထေရဂါထာ) မှလာတဲ့ စကားစုလေးတစ်ခုကို စာရေးသူ သဘောကျနေတာရှိတယ်။ အရှင်ဝပ္ပမထေရ် ပြောခဲ့တဲ့ စကားစုလေးတစ်ခုပါ။ သူပြောထားတာက – “မြင်သောသူသည် မြင်သူကိုလည်း မြင်၏။ မမြင်သူကိုလည်း မြင်၏။ မမြင်သောသူသည်ကား မမြင်သူကိုလည်း မမြင်။ မြင်သူကိုလည်း မမြင်”တဲ့။ ဒီစကားစုမှာ စဉ်းစားစရာတွေက တစ်လှေကြီး၊ တွေးစရာတွေက တစ်ပုံကြီး။

လောကမှာ လူနှစ်မျိုးနှစ်စားရှိနိုင်ကြောင်းကို ဆွေးနွေးထားခြင်းပါ။ ထိုသူနှစ်ယောက်ကတော့ – မြင်သူနှင့် မမြင်သူ။ ထိုနှစ်ယောက်ထဲမှာ မြင်တဲ့သူက မျက်စိမြင်တဲ့သူနှင့် မျက်စိမမြင်တဲ့သူ ဤလူနှစ် ယောက်ကို ခွဲခြားမြင်နိုင်မယ်။ မျက်စိမမြင်တဲ့သူကတော့ မြင်သူ၊ မမြင်သူ ဤလူနှစ်ယောက်လုံးကို ခွဲခြားမမြင် နိုင်ခြင်ပါ။ ဥပမာ၊ လောကမှာ မျက်စိအမြင်ရှိသူဟာ မျက်စိအမြင်ရှိသူကိုလည်း မြင်နိုင်တယ်။ မျက်စိမမြင်တဲ့ သူကိုလည်း မြင်နိုင်တယ်။ မျက်စိမမြင်တဲ့သူတွေကြတော့ မျက်စိမမြင်တဲ့ သူကိုရော၊ မျက်စိမြင်တဲ့သူကိုပါ မမြင်နိုင်တော့ တဲ့အချက်ပါပဲ။ မျက်စိအမြင်ရှိသူတွေထဲမှာလည်း သစ္စာတရားကို ကိုယ်တိုင်သိမြင်ထားသူက သစ္စာသိမြင်ထားတဲ့သူတွေကို လည်း မြင်နိုင် တယ်။ သစ္စာသိမြင်မထားတဲ့ သူတွေကိုလည်း မြင်နိုင်ခြင်းပါ။ ဒီလို လူအမျိုးအစားတွေ အမျိုးမျိုးရှိနေတဲ့အထဲမှာ ကိုယ်ဟာ ဘယ်လို လူမျိုးလဲဆိုတာ ကိုယ်တိုင်သိနိုင်ဖို့ပါ။

လူတွေဟာ လူ့ဘ၀ရဲ့ အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပြောဆိုကြရမှာ စည်းစိမ်ဓနနဲ့ ချိန်ဆပြီး လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်တာမျိုးလည်းရှိတယ်။ ပညာအဆင့်အတန်း (ပညာအရည်အချင်း) နှင့် ချိန်ထိုးပြီး သတ်မှတ်ကြတာမျိုးလည်းရှိတယ်။ ကိုယ်ကျင့်တရား (ကိုယ်ကျင့်သိက္ခာ)နှင့် လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ် ပြောဆိုကြတာမျိုးလည်း ရှိနေပြန်တယ်။ အကယ်၍များ မလွှဲမကင်းသာတဲ့ အခြေအနေမျိုး တစ်ခုမှာ သင်ကိုယ်တိုင် လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပေးရမယ်ဆိုရင် ဘယ်အရာကိုစံထားပြီး သင့်အနေနှင့် လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပေးမှာလဲ။ ငွေကြေးဓနကို အဓိကထားမှာလား၊ ပညာ အရည်အချင်းကို အဓိကထားမှာလား၊ ကိုယ်ကျင့်သိက္ခာကို အဓိကထားမှာလား။ သင့်သဘောထားကို စိတ်ဝင်စားနေမိခြင်းပါ။
ရှုပ်ထွေးလှတဲ့ ယနေ့မြန်မာနိုင်ငံရဲ့ မျက်မှောက်နိုင်ငံရေးမှာ အခြေအနေများက ရှုပ်ထွေးနေဆဲပါ။ နိုင်ငံရေးနှင့်စပ်တဲ့ သဘောထားအမြင်များ ရှုပ်ထွေးချိန်မှာ ပြည်တွင်းမှာ ရှိတဲ့လူများက နိုင်ငံတော်ကို မြင်တဲ့အမြင်ကတစ်မျိုး၊ ပြည်ပမှာရောက်နေတဲ့ မြန်မာများက နိုင်ငံတော်ကို မြင်နေတာကတစ်ဖုံ အမြင်တွေက မျိုးစုံနေတော့ နိုင်ငံတော်အတွက် အသွင်ကူးပြောင်းရေးမှာ ညှိနှိုင်းဖို့ ထင်သလောက် မလွယ်ကူနိုင်တာကို တွေ့မြင်နေရခြင်းပါ။

အမြင်တွေက ကွဲပြားနေတော့ အသွင်တွေက မတူညီနိုင်အောင်ရှိနေခြင်းပါ။ အမြင်ဆိုတဲ့ ဝေါဟာရမှာ မြင်ပုံခြင်းရာတွေကို နားလည်သဘောပေါက်နိုင်ဖို့ မျက်စိဆရာဝန်များရဲ့ စကားနဲ့ (ကော်ပီယူပြီး) ပြောရမယ် ဆိုရင်တော့ – တချို့ မျက်စိဝေဒနာရှင် လူနာများဟာ အနီးမြင်ပြီး အဝေးမှုန်နေတာမျိုးလည်းရှိတယ်။ အဝေးမြင်ပြီး၊ အနီးမှုန်နေတာမျိုးတွေလည်းရှိတယ်။ အဲ တချို့ကြတော့ အနီးလည်းမှုန်တယ်၊ အဝေးလည်း မှုန်တယ်။ တချို့ကြတော့ အနီးလည်းမြင်၊ အဝေးလည်းမြင်တယ်။ အနီးမှုန်၊ အဝေးမှုန်ဖြစ်နေတဲ့ ထိုမျက်စိ ဝေဒနာရှင်မျိုးဟာ တိမ်ရင်လည်းဖုံးနေမယ်။ ကွယ်ရင်လည်း ကွယ်နေမယ်။ ဒါမျိုးဖြစ်နေုရင် ထိုမျက်စိမျိုးကို ခွဲစိပ်ပြီး တိမ်ကိုချစ်ပစ်ရင်ပစ်၊ သို့မဟုတ် မျက်ကြည်လွှာ အစားထည့်ပြီး ကုပေးရင်ပေး ဒါမျိုးကို လုပ်ပေးလေ့ ရှိကြတယ်ဆိုတာ တဆင့်ကြားသိရခြင်းပါ။ ဒီလိုဆို နိုင်ငံရေးနယ်ပယ်မှာ အနီးမှုန်၊ အဝေးမှုန်ဖြစ်နေတဲ့ နိုင်ငံရေး သမားတွေရဲ့ အမြင်တွေ ကြည်လင်လာအောင် ဘယ်လိုအစားထိုးပြီး ကုစားပေးကြမလဲ။

နိုင်ငံရေးဂုဏ်သိက္ခာဆိုတာ နိုင်ငံတွင်းမှာ နေသူများကလည်း မြှင့်တင်ပေးနိုင်သလို၊ ပြည်ပမှာ ရောက်နေသူများကလည်း မြှင့်တင်ပေးနိုင်ပါတယ်။ သို့သော် အသွင်းကူးပြောင်းဆဲကာလမှာ အဖုအထစ်များတဲ့ လမ်းကို အသုံးမပြုပဲ အဖုအထစ်နည်းတဲ့လမ်းကို အသုံးပြုကြဖို့ပါ။ ဆိုလိုတာက အမြင်မတူတာတွေ၊ ကိုယ်တစ်ယောက်တည်း (ကိုယ့်တစ်စုတည်း) လုပ်လို့ မဖြစ်နိုင်သေးတဲ့ ကိစ္စမျိုးတွေကို ခဏထားပြီး၊ တိုင်းကျိုး ပြည်ကျိုးအတွက် ကိုယ့်အမြင်နှင့်တူတဲ့ အတွေးအမြင်တွေ၊ ကိုယ်လုပ်ပေးနိုင်တဲ့ ကိစ္စတွေကို နိုင်ငံနှင့် လူမျိုးအတွက် ၀ိုင်းဝန်းဆွေးနွေးပေးကြဖို့ပါ။ အမျိုးသားအရေးမို့ သွေးစည်းညီညွတ်တဲ့အသွင်ကိုဆောင်လျှက် တိုင်းပြုပြည်ပြု လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြဖို့ပါ။ ကိုယ်မြင်တာကို သူတို့ကမမြင်နိုင်ကြ သေးရင်၊ သူတို့မြင်တာကို ကိုယ်ကမမြင်နိုင်သေးရင် အပြန်အလှန် နားလည်ပေးနိုင်ပြီး စေတနာသန့်သန့်ဖြင့် အမြင်ခြင်း ဖလှယ်နိုင်ကြဖို့ပါ။

အမြင်ခြင်းဖလှယ်တဲ့အခါမှာ တိုင်းပြည်အတွက် အသွင်ကူးပြောင်းရေးကာလ ဖြစ်နေတဲ့အချိန်မို့ ဦးစားပေး ဆောင်ရွက်သင့်တဲ့အချက်က ပြည်သူ၊ ပြည်သားများရဲ့ အသက် အိုးအိမ် စည်းစိမ်ဥစ္စာများ လုံခြုံမှ ရှိနိုင်ဖို့ပါ။ လုံခြုံမှုရရှိနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးကို အစိုးရနှင့်ပြည်သူ အတူလက်တွဲ၍ ဆောင်ရွက်ကြရမှာပါ။ ထစ်ကနဲဆို လက်သီးလက်မောင်းတန်းပြီး လမ်းပေါ်ထွက်၍ ပြည်သူ့ဆန္ဒများကို ထုတ်ဖေါ်နေကြမယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အချိန်တွေ များစွာဖင့်နှေးသွားနိုင်ခြင်းပါ။

ဆန္ဒကို ထုတ်ဖေါ်ရာမှာ လက်သီးလက်မောင်းတန်း၍ ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ခြင်းမျိုးထက် အခြားအားသာတဲ့နည်းနှင့် ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ခြင်းမျိုးဟာ တိုင်းပြည်တိုးတက်ရေး၌ ကိုယ်တိုင်ပါဝင်၍ တိုင်းပြည်ကို ကူညီနေခြင်းတစ်မျိုးပါ။ မှန်ကန်တဲ့ ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်နိုင်တဲ့နည်းလမ်းတစ်ခုဟာ ပြည်သူများ တက်ညီလက်ညီ တစ်စည်းတစ်ရုံးဖြင့် ထုတ်ဖေါ်လိုသောဆန္ဒကို လက်မှတ်ထိုး၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပေးနိုင်ခြင်းပါ။ ထိုကြောင့် ပြည်သူများ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုတဲ့ ရပိုင်ခွင့် များကို နားလည်သဘောပေါက်အောင် စီဗစ် အက်ဒျူကေးရှင်း – Civic education (ပြည်သူတို့ သိထားသင့်တဲ့ နိုင်ငံသားအခွင့်အရေးနှင့်စပ်ဆိုင်သော ပညာရေးမျိုး) ကို နိုင်ငံတော်မှ တီဗီ ချန်နယ် (TV Channel)များကို အသုံးပြုလျှက် အစဉ်မပြတ် ထုတ်လွှင့်ပေးသင့်ခြင်းပါ။

ပညာတတ်နည်းပါးသောလူမျိုးသည် ကိုယ်တိုင် ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်ရေးကိုလည်း မသိနိုင်သလို၊ ကိုယ်တိုင် ရပိုင်ခွင့်မရှိတဲ့ သူ့အခွင့်ရေးကိုလည်း ခွဲခြားမသိနိုင်ပါ။ လိုချင်တာကို တောင်းရခြင်းသည် လူ့အခွင့်ရေးဟု ထင်မြင်နေကြသည်မှာ ၀မ်းနည်းရမဲ့ကိစ္စမျိုး ဖြစ်နေခြင်းပါ။ ထိုကြောင့် နိုင်ငံရေးဗဟုသုတနှင့်  နိုင်ငံရေးအသိတရားများ တိုးပွားလာနိုင်စေရန် နိုင်ငံတော်မှ ရေတို၊ ရေရှည် စီမံကိန်းများချမှတ်၍ ဒီမိုကရေစီနိုင်ငံတော်အတွက် ပညာရေးဘတ်ချက်များကို တိုးမြှင့်ပေး၍ ပညာရေးမူဝါဒများကို အလျှင်အမြန် ပြုပြင်ပြောင်းလဲ ပေးသင့်ခြင်းပါ။
ထိုသို့ပြုလုပ်ပေးနိုင်ပါမှ မြို့ပြ ကျေးရွာမှသည် တောင်ပေါ် မြေပြန့်ဆီသို့ တပြေးညီ အခြေခံပညာရေးကို သင်ကြားခွင့်ရနိုင်မှာပါ။ အခြေခံ ပညာရေးအဆင့်အတန်းများ၊ လူနေမှုအဆင့်အတန်းများ  ခြားနားမှု မရှိနိုင် စေရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ မွေးဖွားကြသော ကျောင်းသူ၊ ကျောင်းသားများအားလုံး အတွက်  ပညာရေးအဆင့်အတန်းကို ဦးစွာမြှင့်တင်ပေးရမှာပါ။

ဤအရေးသည် နိုင်ငံတော်၏အရေး ဖြစ်နေ ခြင်းပါ။ ထိုသို့ အခြေခံပညာရေးကို မြှင့်တင်ပေးရာ၌ ကျောင်းသူ၊ ကျောင်းသားတိုင်း (၁)အထက်တန်းပညာကို မသင်မနေရ ပညာရေးမျိုးဖြစ်အောင်၊ (၂) အခမဲ့ပညာရေးမျိုးဖြစ်အောင်၊ (၃) (အတန်းတွင်းမှာပင် တတ်မြောက် အောင်သင်ပေးတဲ့) ကျူရှင်မလိုတဲ့ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ အလျင်အမြန် ဆောင်ရွက် ပေးရပါမှာပါ။ ပြည်သူတွေ ပညာတတ်မှ (ယုတ်စွအဆုံး) အခြေခံပညာအထက်တန်းကို ပြည်သူတိုင်း သင်ကြားခွင့်ရှိမှ နိုင်ငံတော်ကြီး တိုးတက်လာနိုင်မှာဖြစ်တယ်။ ပြည်သူတွေ အဆင့်တန်းရှိရှိ နေထိုင်နိုင်ဖို့ ပြည်သူတွေကလည်း နိုင်ငံတော်ကို ၀ိုင်းဝန်းကူညီကြဖို့ပါ။ ပညာရေးအခြေခံနည်းတဲ့ ပြည်သူများရဲ့ဘ၀သည် အနီးလည်းမှုန်၊ အဝေးလည်းမှုန်နေသူများနှင့် ပမာတူလှသည်ကို ပညာရှိများ သတိတရား ထားနိုင်ကြဖို့ပါ။

လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ပြည်သူများရဲ့ ရပိုင်ခွင့်နှင့် နိုင်ငံတော်မှ လုပ်ပိုင်ခွင့်အနေအထားများကို ပြည်သူများနားလည်အောင် ရေဒီယို၊ တီဗီပရိုဂရမ်များမှတဆင့် မကြာခဏဆိုသလို ထုတ်လွှင့်ပေးသင့်ခြင်းပါ။ ပညာရေး အသိတရားများနည်းပါးသော ပြည်သူများကို ပြည်သူများ၏ရပိုင်ခွင့် အနေအထားသဘောမျိုး သက်ရောက်အောင် လက်ပံတောင်းတောင် အရေးအခင်းက စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်းပါ။
ထိုအရေးအခင်းအတွက် မည်သူ မှားသည်၊ မှန်သည်ကို အဆုံးအဖြတ်များပေးဖို့ထက် သံဃာတော် များ၏ ရှုထောင့်ကို ဦးစွာတင်ပြလိုခြင်းပါ။ မီးလောင်ဗုံး (မျက်ရည်ယိုဗုံး) ကြောင့် ဒဏ်ရာများရခဲ့သော သံဃာတော်တစ်ပါး၏ သဘောထားမှာ – “ဒီဖြစ်ရပ်အတွက် အစအဦးပိုင်း၌ ဒေါသများ ဖြစ်ခဲ့မိတယ်။ (ရန်ကုန်ဆေးရုံကြီး၌ တက်ရောက်ပြီး ဆေးကုသခံနေသော ရဟန်းတစ်ပါး၏ ရင်ဖွင့်သံပါ) သို့သော် နိုင်ငံတော်အကြီးအကဲများ၏ ဆေးကုသရေး၌ ကူညီပံ့ပိုးပေးမှု၊ ပြည်တွင်း ပြည်ပ အလှူရှင်များ၏ စေတနာနှင့် ကူညီပံ့ပိုးပေးမှုတို့ကြောင့် ဒေါသများ တဖြေးဖြေး ပြေပျောက်သွားခဲ့တယ်”ဟူသော ရင်တွင်းစကားကို ကိုယ်တိုင် ကြားသိခဲ့ရခြင်းပါ။

ဤဖြစ်ရပ်နှင့်ပတ်သက်၍ သက်တော်ရှည်ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၏ သဘောထားအမြင်မှာ – “ထေရ၀ါဒ ဗုဒ္ဓဘာသာအနွယ်ဝင် သက်တော်ရှည် ဆရာတော် ကြီးများ၊ နိုင်ငံတော် သံဃမဟာာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများသည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင် ဖြစ်ရပ်နှင့်စပ်လျဉ်း၍ များစွာ နှလုံးစိတ်ဝမ်း မငြိမ်း ချမ်းကြောင်း၊ ထိခိုက် ဒဏ်ရာရရှိခဲ့သော ရဟန်းရှင်လူများအား အမြန်ဆုံး သက်သာပျောက်ကင်းအောင် အထူးကြပ်မတ်၍ ကုသစေလိုကြောင်း၊ ဘုရား၊ စေတီ၊ တန်ဆောင်း၊ ကျောင်း၊ ကန်၊ သိမ် အစရှိသော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် သာသနိက အဆောက်အအုံများကို မထိခိုက်စေလိုကြောင်း၊ ရဟန်းပျိုများအား ဆန္ဒပြပွဲ၊ ဖေါ်ထုတ်ပွဲများတွင် မပါဝင်ကြစေရန် သြ၀ါဒပေးခဲ့ပြီး အများစုမှာ လိုက်နာကြသော်လည်း အချို့ အနည်းစုမှာ ထိန်းသိမ်းရခက်ခဲနိုင်ကြောင်း၊ လျှောက်လှမ်းကာစ ဒီမိုကရေစီလှမ်းခရီးကို ဖြောင့်ဖြူးသာယာ အေးချမ်းစေလိုကြောင်း၊ နိုင်ငံနှင့်လူမျိုး ဘာသာနှင့်သာသနာ အကျိုးစီးပွားအတွက် ဦးစားပေး ဆောင်ရွက်စေ လိုကြောင်းဖြင့် မွန်မြတ်သော သြ၀ါဒတော်များ မြွက်ကြားခဲ့သည်ကို နာယူမှတ်သားခဲ့ရပါသည်။” ဟု စုံစမ်းစစ် ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖေါ်ပြထားသည်ကို ဖတ်ရှုရခြင်းပါ။ (စာအမှတ် ၀၁၊ ကြေးနီ (ကော်မရှင်)၊၂၀၁၉-၅၉။ ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)

သို့သော် လက်ပံတောင်းတောင် ကြေနီစီမံကိန်း၌ အကြမ်းဖက်နှိမ်နှင်းခဲ့မှုနှင့်ပတ်သက်သော ဖြစ်ရပ်၌ စဉ်းစားစရာတွေ၊ တွေးတောစရာတွေ များစွာကျန်ရှိနေခြင်းပါ။ ဖြစ်စဉ်ကို သုံးသပ်ဆင်ခြင်ကြည့်လျှင် – (၂၉-၁၁-၂၀၁၂) ရက်နေ့မှ (၇-၁၁-၂၀၁၂) ရက်နေ့အထိ ဆေးရုံတက် လူနာပေါင်း ၁၀၈ ဦး ရှိခဲ့တယ်။ ထိုလူနာပေါင်း ၁၀ဂ ဦးထဲ၌ သံဃာတော်က (၉၉) ပါး + လူက ( ၉) ဦးမျှသာ ပါဝင်နေတာကို တွေ့ရတယ်။ ပြဿနာရဲ့အခြေခံဖြစ်တဲ့ မူလဆန္ဒပြသူများဖြစ်တဲ့ လူဦးရေ အရေးအတွက်ဟာ (၉)ဦးမျှသာ ပါဝင်ပြီး၊ ပြဿနာကို ပံ့ပိုးပေးတဲ့အနေနှင့် ပါဝင်ပတ်သက်လာခဲ့တဲ့ သံဃာတော်များဦးရေးက (၉၉)ပါးဖြစ်နေတယ်။ လူပုဂ္ဂိုလ်များထက် အဆမတန် သံဃာ့ဦးရေက များလွန်းနေခြင်းဟာ ဘာကြောင့်လဲ၊ ဘယ်လိုလဲ၊ ဘာဖြစ်လို့လဲ စတဲ့ မေးခွန်းများကို ဆက်တိုက်မေးလိုခြင်းပါ။ ကိုယ်ကျိုးစီးပွားအတွက် အများရဲ့အကျိုးစီးပွားများ ထိခိုက်နစ်နာ စေခြင်းဟာ လူ့အခွင့်ရေးရှုထောင့်ကကြည့်ကြည့်၊ နိုင်ငံရေးရှုထောင့်ကနေကြည့်ကြည့် စဉ်းစားစရာတွေ၊ တွေးတော စရာတွေက အများကြီးရှိနေဆဲဖြစ်တယ်။

ဒီလက်ပံတောင်းတောင် အရေးကိစ္စနှင့် စပ်လျဉ်း၍ သပိတ်အိုင် ဆရာတော်ကြီး၏ သြ၀ါဒစကားကို နှစ်ခြိုက်မိခြင်းပါ။ သံဃာတော်များဟာ မလိုအပ်ဘဲ လမ်းပေါ်မှာ မထွက်သင့်ဘူး။ အကယ်၍ လိုအပ်လာ လျှင်လည်း သံဃာဆန္ဒကို ထုတ်ဖေါ်နိုင်ရန် သံဃာတော်များရဲ့ လက်မှတ်ကို ကောက်ယူ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလျှက် ဆန္ဒကို ထုတ်ဖေါ်ပြောဆိုကြရမှာဖြစ်တယ်ဟု မိန့်မှာထားခြင်းပါ။ သို့သော် ဤအရေအခင်း၌ တစုံတစ်ယောက်၏ ပယောဂကြောင့် နောက်ထပ်တစ်ဖန် မလိုအပ်ဘဲ သံဃာတော်များအား ဒဏ်ရာအနာတရများ ထပ်မံဖြစ်ခဲ့ဦးမည်ဆိုလျှင် ထိုလှုံ့ဆော်သူများ၏ ပယောဂများ မကင်းနိုင်ကြောင်း သိထား နိုင်ကြဖို့ပါ။ သံဃာတော်များ ဘေးရန်ကင်းပါစေ။ ပြည်သူများလည်း ဘေးရန်ကင်း၍ လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။

ဒီမိုကရေစီစနစ်နှင့် စပ်လျဉ်း၍ ကောက်ချက်ချပြရလျှင့် – မြန်မာနိုင်ငံ၌ မွေးဖွားလာသော ဒီမိုကရေစီ သားငယ်လေးသည် တစ်နှစ်သားအရွယ်သာသာ ရှိနေသေး၍ နုနယ်လှသေးသည်။ စာရှုသူသည် တိုင်းပြည် အတွက် ဝေဖန်ရေးသမားသက်သက် ဖြစ်နေခြင်းမျိုးထက် ဒီမိုကရေစီသားငယ်လေးအား ကျန်းကျန်းမာမာဖြင့် ကြီးပြင်းလာနိုင်စေရန် မိဘအသွင်ဖြင့် (သင့်မှာ မိခင်ဘခင်စိတ်ရှိနေခဲ့လျှင်) ကူညီသင့်သည်။ သို့မဟုတ် သင့်မှာ ဒီမိုကရေစီသားငယ်လေးကို စောင့်ရှောက်ပေးနိုင်တဲ့ ဆရာအရည်အချင်းများ ရှိနေခဲ့လျှင် ဆရာသမား အသွင်ဖြင့် စောင့်ရှောက်သင့်သည်။ သို့မဟုတ် သင့်မှာ ကလေးငယ်ကို သနားကြင်နာတတ်တဲ့ မိခင်စိတ် ဓာတ်မျိုး ရှိနေခဲ့သူဖြစ်လျှင် ကလေးထိန်းအသွင်ဖြင့် ဒီမိုကရေစီသားငယ်လေးကို ကြည့်ရှုသင့်သည်။

ထိုအခါ သင်သည် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာအတွက် ဘေးအပေါင်းကို ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတော်ရဲ့ သူရဲကောင်းကြီးအသွင် ဖြစ်ကောင်းဖြစ်လာနိုင်ခြင်းပါ။ မြန်မာနိုင်ငံတော်ရဲ့ သူရဲကောင်းကြီးများ ဘေးမသီ ရန်မ ခပဲ ကမ္ဘာငြိမ်းချမ်းရေးကို ရှေ့တန်းမှာ ကာကွယ် စောင့်ရှောက်နိုင်သူများ ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက် … ။

ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ
ဒေါက်တာဓမ္မပိယ (ITBMU)
မတ်လ ၁၇၊ ၂၀၁၃

Tuesday, March 19, 2013

"နိမ့်ရာမှမြင့်ရာသို့"


"နိမ့်ရာမှမြင့်ရာသို့"
ယနေ့......
သင့်ဘ၀သည်၊ ဓနပညာ
ဂုဏ်ဝါအဆင့်၊ ဘယ်သို့မြင့်လည်း
ဝင့်ကြွားမာန၊ ရာဂတဏှာ
ကာမဂုဏ်ထ၊ အာရုံကြွ၍
ဒါနသီလာ၊ ဘာဝနာကင်း
မေ့လျော့ခြင်းတွက်၊ သေမင်းထံမှောက်
ဒူးထောက်ရောက်ချိန်၊ တက်ခေါက်နောင်တ
မျက်ရည်စနှင့်
ဘ၀နိမ့်ဆင်း၊ အမှောင်တွင်းဝယ်
ဆင်းရဲမွဲပြာ၊ ကျဦးမည်။ ။
(ငဘ..စလင်း)

ကိုယ်ရရှိထားတဲ့ ဘ၀ဟာ သိပ်ကိုမြင့်မြတ်လွန်းပါတယ်။ သိပ်ကိုအဆင့်အတန်းမြင့်လွန်းတဲ့ဘ၀ပါ။ ဘာဖြစ်လို့လဲဆိုပါရင် လူသားများရဲ့ဘ၀ကို နတ်,ဗြဟ္မာများကပင် တောင်းတတမ်းတရသည် မဟုတ်လော့။
နတ်ဗြဟ္မာများ တမ်းတတောင်းတမယ်ဆိုလျှင်လဲ တမ်းတတောင်းတစရာပင်။ 

လိုရင်းအနှစ်ချုပ်ဆိုရသော်..
လူ့ဘ၀သည် ကိုယ်လုပ်ချင်တာအကုန်လုံး လုပ်ယူလို့ရနေသည့်ဘ၀တခုပင်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်လိုချင်တာအမျိုးမျိုးကို လုပ်ယူလို့ ဆည်းပူးလို့ရနိုင်သည့် ဘုံသည် ၃၁ ဘုံတွင် လူ့ဘုံသာရှိသည်။ ထို့အတွက်ကြောင့်ပင် "နတ်ဗြဟ္မာများ တမ်းတတောင်းတကြရာဝယ် တခြားဘုံများစွာရှိသော်လဲ ကိုယ်လိုချင်တာ လုပ်ယူလို့ရသောကြောင့်ပင် လူ့ဘုံလူ့ဘ၀ကို တမ်းတတောင်းတကြခြင်းဖြစ်သည်"။
ဒါကြောင့် ယခုမိမိတို့ရရှိထားသော လူ့ဘ၀သည် စည်းစိမ်ဥစ္စာ ပြည့်ကာကြွယ်ဝ ချမ်းသာလာလျှင် ဂုဏ်ပကာသန ဖက်လာသဖြင့် သတိမထားက ဘ၀င်မြင့်စရာ ဘ၀မေ့စရာ အောက်ခြေလွတ်စရာနှင့် ကိုယ့်ဘ၀ကိုယ် အမှတ်မဲ့သွားတတ်မှုသည်
ဖြစ်တတ်စမြဲပင်။

တန်ဖိုးရှိလှသော လူ့ဘ၀ကိုပိုင်ဆိုင်လာမှုသည် ကံကောင်းထောက်မသောကြောင့်ဖြစ်သည်။
ဒါကိုသတိမမေ့သင့်ပေ။ ရာထူးဌာနန္တရတွေ မည်မျှပင် ဆုပ်ကိုင်မိနေပါစေ။ ဂုဏ်ပကာသနတွေ မည်မျှပင် ပိုင်ဆိုင်မိနေပါစေ။ ယောဆရာတော်ကြီးစကားဖြင့်ဆိုရသော် "စည်းစိမ်းဥစ္စာတွေ ဘယ်လောက်ပဲပိုင်ဆိုင်ထားပါစေ အနာတစ်လုံးပေါက်စာပင်မရှိချေ"။ ပိုင်ဆိုင်ထားသော စည်းစိမ်ဥစ္စာများသည် ထိုအနာမွှေလို့ ပြုတ်ရသည် ထိုအနာစားလို့ ကုန်ရသည် ထိုအနာကြောင့် ရှာဖွေထားသမျှတို့သည် "အနိစ္စသဘောနဲ့ ကိစ္စလျှောရတော့သည်သာ"။ 

ဒီသဘောတရားလေးများကို နှလုံးသွင်းကာ လူ့ဘ၀ဆိုတဲ့ လှေကားထစ်ကို အမှီပြုလျှက် "ဒါန,သီလ,ဘာဝနာစသည့် တရားများကို နေ့ညမပြတ် အားထုတ်သင့်ပေသည်"။ အားမထုတ်ဘဲ
နေချေက အဆုံးဘ၀ နောင်တတရားများနှင့်သာ အဆုံးသတ်ရတတ်သည်။
"လူ့ဘ၀ဆိုတဲ့ လှေကားထစ်ကလေးကို အသုံးချတတ် တက်နင်းတတ်လျှက် နိမ့်ရာမှမြင့်ရာသို့ ရောက်ရှိနိုင်ကြပါစေသား။"
 
အဖေ့သား
 

Monday, March 18, 2013

အသိတရားမှ အရှိတရားသို့


အသိတရားမှ အရှိတရားသို့
တစ်ခုသော တနင်္ဂနွေနေ့...
ကျွန်တော် သတင်းစာ ဖတ်နေစဉ် ရှစ်တန်းကျောင်းသူ သမီးငယ်က ''သူငယ်ချင်း အိမ်တွင် 'စကား ပြောခြင်းက နောင်တရစေ၏၊ နားထောင်ခြင်းက ပညာရ စေ၏'ဟူသော စာတန်းကို ဖတ်ခဲ့ရကြောင်း၊ နောင်တ မရအောင် စကားမပြောဘဲ နေရတော့ မှာလား၊ ပညာရအောင် နားပဲ ထောင်ရ တော့မှာလား''ဟုမေးလာသည်။

ထို့ကြောင့် ''စကား၊ စကားပြောဖန်များ စကားထဲက ဇာတိပြ၊ အစားကိုသာ  ကုန်အောင်စား၊ စကားကို ကုန်အောင် မပြောနှင့်၊ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ နှုတ်ချို သျှိုတစ်ပါး၊ စကားနောက် တရားပါ၊ ဝစီဗေဒ ထိတိုင်းရှ'' စသော စကား ပြောဆိုခြင်း ဆိုင်ရာ သတိပေးမှု များကို အသေးစိတ် ရှင်းပြပြီး ''ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ'' ဆိုသ ကဲ့သို့ မိမိပြောဆိုတဲ့ စကားကြောင့် နောင်တ မရအောင် ဆင်ခြင် ပြောဆိုရန် သတိပေးသည့် အဓိပ္ပာယ် ဖြစ်ကြောင်း၊ စကားလုံးဝ မပြောရန် တားမြစ်ခြင်း မဟုတ်ကြောင်း ဆက်လက် ရှင်းပြရသည်။

ထို့နောက် လူတို့ ပြောစကားများကို တူရာစု လိုက်လျှင် 
''(၁) ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို၊ 
(၂) ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို၊ 
(၃) ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို၊ 
(၄) ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို၊ 
(၅) မဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို၊ 
(၆) မဟုတ်မှန်၊ အကျိုးမရှိ၊ သူ မနာလို''ဟူ၍ စကား ၆ မျိုးသာရှိကြောင်း၊ ၎င်းတို့အနက် နံပါတ်(၁) နှင့် (၂) ကိုသာ ပြောရမှာ ဖြစ်ကြောင်း၊ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်''ဟု အလွယ် မှတ်နိုင်ကြောင်း ရှင်းပြဖြစ်သည်။

တစ်နည်းအားဖြင့် ''(၁) သုဘာ သိတာစ- အကျိုးစီးပွားနှင့် ယှဉ်သည့် ကောင်းမြတ်သော စကား၊ (၂) ပီယဝါစာ- ချစ်နှစ်လိုဖွယ် ဆိုသော စကား၊ (၃) ဓမ္မဝါစာ- တရားတော်နှင့် ညီညွတ်သော စကား၊ (၄) သစ္စဝါစာ ဖြောင့်မှန်သော စကား'' ဟူသာ စကားအရာ အင်္ဂါ လေးတန်နှင့် ကိုက်ညီသော စကားများ ကိုသာ ပြောသင့်ကြောင်း ရှင်းပြ ဖြစ်သည်။

တိတ်တိတ်နေ ထောင်တန် ဆိုသည်မှာ ''မပြောသင့်သော အခြေ အနေတွင် ဆိတ်ဆိတ် နေခြင်းသည် တောတစ်ထောင် တန်သည် ဆိုသကဲ့သို့ မပြောသင့်သည့် အချိန်မျိုးတွင် နှုတ်စောင့် စည်းခြင်းသည် အကျိုးများစွာ ရှိသည်''ဟု ဆိုလိုခြင်း ဖြစ်ကြောင်း၊ စကားပုံဖြစ်၍ အဓိပ္ပာယ်ကို အဖြောင့် မယူရကြောင်း၊ အဓိပ္ပာယ်ကို အဖြောင့်ယူပါက လူအတွေ တစ်သိန်း မက တန်တော့မည် ဖြစ်ကြောင်း ရှင်းပြဖြစ်သည်။

''နားထောင်ခြင်းက ပညာရ စေ၏'' ဆိုသည်မှာ အခြားသူများ ပြောစကားကို  လေးလေး စားစား ဂရုတစိုက် နားထောင်ခြင်းဖြင့် ပြောသူတို့၏ အတွေးအမြင်များ၊ ဗဟုသုတ များကို လွယ်ကူစွာ ရရှိနိုင်သည်ကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ အခြားသူများ ပြောဆိုသည်ကို အရေးတယူ နားထောင် ပေးခြင်းသည် ယဉ်ကျေးသော စရိုက် လက္ခဏာ ဖြစ်ကြောင်း၊ အချို့က သူများ ပြောသည်ကို ဂရုစိုက် နားမထောင်ဘဲ ကိုယ်ပြောချင် သည်ကိုသာ  ရေပက် မဝင်အောင် ပြောကြောင်း ဧကနိပါတ်၊ သာလိ တက္ကဇာ တိလာ ဆိတ်ချေး တစ်ကွမ်းစား ခံတွင်း အတွင်း ဝင်သော်လည်း စကားပြော မရပ်သည့် ပုရောဟိတ် ပုဏ္ဏားကို သာဓက ဆောင်ပြီး အကျယ်တဝင့် ရှင်းပြဖြစ်သည်။

သို့သော် ပြောဆိုသူက စကားခြောက်ခွန်း အနက် ပယ်ရမည့်စကား လေးခွန်းကို ပြောနေ လျှင်မူ မိမိအတွက် ကောင်းကျိုး မရနိုင်သဖြင့် နားမထောင်ဘဲ ရှောင်ရှားရမည် ဖြစ်ကြောင်း၊ ထိုစကားမျိုးကို ''သူမိုက်စကား၊ တစ်ထောင် များလည်း၊ စီးပွားကင်းဝေး၊ မကောင်း ဆေးတည့်'' ဟု သတ်မှတ်ထားကြောင်း၊''နားထောင်ခြင်းက ပညာရ စေ၏''ဆိုသော်လည်း လှေနံဓားထစ် မှတ်မထားဘဲ ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောပြဖြစ်သည်။

ကျွန်တော်က ရှည်လျားစွာ ရှင်းပြသဖြင့် သမီးငယ်က ဘဝင်ကျပြီး ရွှင်ပျ သွားပါသည်။ ကျွန်တော်ကမူ ''သမီးငယ်ကို ရှင်းပြသကဲ့သို့ ကိုယ်တိုင်လိုက်နာ ကျင့်သုံး ခဲ့ရဲ့လား''ဟု ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ကြည့်မိသည်။ ထိုအခါ ''ယောက်ျားပြောတော့ သတင်း၊ မိန်းမပြော တော့ အတင်း''ဟူသော  အဓိပ္ပာယ်မဲ့သည့် ဆင်ခြေကန်ကာ မိမိကောင်းကြောင်း၊ သူတစ်ပါး မကောင်းကြောင်း ပြောခဲ့သည် များကို သတိရမိသည်။ 

ထို့ပြင် ''မုသားမပါ လင်္ကာမချော'' စကားပုံကို အကာအကွယ် ယူ၍ မုသားဖြူ များသာမက မုသား ရောင်စုံကို မြိန်ယှက်စွာ ပြောဆို ခဲ့သည်ကိုလည်း သတိရမိသည်။ လောဘ၊ ဒေါသ၊ မောဟတို့ ဖုံးလွှမ်းပြီး အတ္တနှင့် မာနကို ရှေ့တန်းတင်မိ သောအခါ အသိနောက်သို့ အကျင့်ရာနှုန်းပြည့် မလိုက်နိုင် သေးသည်ကို တွေ့ရသည်။ ထို့ကြောင့် ''အသိတရားကို အရှိတရား ဖြစ်အောင် ကျင့်ကြံ ပွားများ ရဦးမည်ဟု'' ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် အခါခါ သတိပေး နေမိ ပါတော့သည်။

ဆောင်းပါးရှင်- မင်းခန့်ရွှေ

Sunday, March 17, 2013

အပါယ်ဘေးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး


                              "အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး"

အပါယ်လေးပါးဆိုတာက "ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသုရကာယ်"
တို့ဖြစ်ပါတယ်။
အပါယ်ဆိုတာက(အပါယ)ဆိုတဲ့ပါဠိပုဒ်ကနေဆင်း
သက်လာတာပါ။(အပါယ)မှာ (အပ+အယ)ဆိုပြီးနှစ်ပုဒ်
ရှိပါတယ်။
အပ=ကင်းခြင်း၊အယ=ကုသိုလ်တရား နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။
ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ
ကုသိုလ်တွေမှကင်းခြင်း၊
ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း၊
ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့
အဓိပ္ပါယ်ရပါတယ်။မှန်ပါတယ်။

♦ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကိုပြုလုပ်နိုင်စွမ်းမရှိသည့်အတွက်
ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့အင်မတန်မှခက်ခဲပါတယ်။
အကုသိုလ်ကံအဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကို
ရောက်စေတာပါ။

♦ ငရဲဘုံဆိုရင်လည်း ငရဲသူ၊ငရဲသားတို့ရဲ့ဆင်းရဲဒုက
္ခအလွန်ကြီးပါတယ်။
သံရည်ပူများနှင့်လောင်းခံရခြင်း၊ခွေးနက်ကြီးများရဲ့
ကိုက်ခဲခြင်းကိုခံရခြင်း၊ဓါ၊လှံတို့ဖြင့်ထိုးခံရခြင်းစသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊
ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလိှု့ရဲလို့ခေါ်တာပါ။
ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။

♦ အိပ်ခြင်း၊စားခြင်း၊ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး
ကုသိုလ်ကံကိုမသိ၊ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကိုမသိ
အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊
ဘုရား၊တရားသံဃာ၊မိဘ၊ဆရာဆိုတာမသိ၊
၊နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရားတို့မှ
ဖီလာကန့်လန့်သွားတတ်ခြင်း ကို
တိရိစ္ဆာန်လို့ခေါ်တာပါ၊
တိရိစ္ဆာန်ဘဝကိုစဉ်းစားကြည့်ပါ။
မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်းစွာဖောက်ပြန်မှုတွေရှိပါတယ်။ကုသိုလ်ကို ကုသိုလ်ပါလို့နားမလည်ပါဘူး။အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လို့မသိရတဲ့ဘဝပါ။

ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လို့မသိတဲ့သူများ အထူးသတိထား
သင့်ပါတယ်။
သတ္တဝါတစ်ကောင်ကိုလည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်
ဆိုရင်အဲလိုပုဂ္ဂိုလ်ဟာဘယ်လိုအနေထားကိုရောက်သွားပြီ
ဆိုတာသိသာပါတယ်။ဒါကတိရိစ္ဆာန်ပါ။

♦ပြိတ္တာဆိုတာက ပေတဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှဝေးကွာသောသတ္တဝါ၊
လူ့ခန္ဓာကိုယ်အတ္တဘောမှကင်းကွာသွားတဲ့အတွက်ကြောင့်
ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း
စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိပ္ပေါင်း
တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က
ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း
ပေးကမ်းလှူဒါန်းခြင်းမရှိ၊
သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ
များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ဆိုပါတယ်

ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ
မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ
ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း
သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့
တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ
ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား
ရှိကြောင်းဆိုပါတယ်။

အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်
ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊
ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ
အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့
ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ
“ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံး
ပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး
ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊
ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး
ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော
လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း
နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း”
စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

✿ သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ
ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်း
လည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက

၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး
အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ

၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ

၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက်
ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ

၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ

♠ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ဒါကပြတ္တာပါ။

♠ အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊တောက်ပခြင်း၊တင့်တယ်ခြင်းကင်းနေတဲ့သတ္တဝါ၊
မှင်စာ နတ်သေးနတ်ငယ်၊နတ်စုတ်၊နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။(မရယ်လိုက်နဲ့နော်)။

ဒါကအပါယ်လေးဘုံပါ။အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်
ဆိုရင်အတော်ကြောက်စရာကောင်းပါတယ်။

ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့်မရသလို ချမ်းသာခြင်းလည်း
ကင်းပါတယ်။လူဘုံ လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ
လူ့လောက…က ဒုက္ခများထက်အဆပေါင်းမြောက်များစွာ
သာလွန်နေပါတယ်။

ပြီးတော့အပါယ်လေးဘုံရောက်သွားရင်လည်း
ကောင်းသောဘုံဌာနသို့ပြန်ရောက်ဖို့သာ
မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ
အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ
ပြောပြချင်တာပါ။

ဝိပဿနာအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်အဆင့်ရောက်
သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။
ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ဒါပေမယ့် သောတာပန်တည်၊
မတည်ဆိုတာတော့အာမခံလို့မရပါ

သောတာပန်မတည်ရင်ရော အပါယ်လေးပါးက
မလွတ်တော့ဘူးလား။ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင်ဘယ်လို
ကောင်းမှုတွေပြုလုပ်ရမလဲ။ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ။
စသည်ဖြင့်ပေါ့လေ မေးဖွယ်ရာရှိပါတယ်။

အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း(တနည်း)အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ကုသိုလ်တွေရှိနေပါတယ်။အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။အဲဒါတွေကဘာတွေလဲလို့ဆိုတော့

(၁)။ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို
မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ
တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ပညာ
ဦးစီးတဲ့စိတ်ထားနဲ့
ကြည့်ညိုခြင်းလို့ဆိုတဲ့
(သရဏဂုံကုသိုလ်)။
အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက
လွတ်မြောက်ပါတယ်။
(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက
လွန်မြောက်သလိုဒီကုသိုလ်လေးရှိထားရင်
သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။
ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်းအပါယ်လေးပါးကလွတ်
မြောက်ပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၃)။စာရေးတံ မဲချခြင်းကုသိုလ်၊
ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှသံဃာများကို
မဲချပြီးကျတဲ့သံဃာတော်ကိုဆွမ်းစတဲ့လှူဘွယ်ပစ္စည်းများကု
ပေးလှူတဲ့ကုသိုလ်မျိုးပါ။

ကထိန်ရာသီမှာဆိုရင်ပဒေသာပင်များလှူဒါန်းတဲ့ကုသိုလ်ပါ။
မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကိုကပ်လှူခြင်းဖြစ်ပါတယ်။
မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ
(ဆိုလိုတာက ငါနဲ့သိတဲ့ဦးဇင်းအတွက်ငါတို့
ကိုးကွယ်နေတဲ့ကျောင်း
အတွက်)ဆိုပြီး
ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလို့တဲ့အတွက် သံဃာဂုဏ်ကိုရည်မှန်းပြီးလှူဒါန်းတဲ့အလှူမျိုးကိုခေါ်မယ်ဆိုရင်
ခေါ်လို့ရပါတယ်။ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။

အလွယ်မှတ်ချင်ရင်စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ
အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်ကျ
နည်းပေမယ့် ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင်လွတ်မြောက်တယ်ဆိုတော့
အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။
ဒီကုသိုလ်များဟာတကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့
ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ဒါနမျိုးပါ
ဗုဒ္ဓဘာသာဖြစ်ရတာအင်မတန်ကျေနပ်စရာကောင်းပါတယ်။
(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၄)။ ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။
ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့
ကျောင်းတိုက်များကိုတစ်လဆွမ်းတစ်ချိုင့်သော်လည်း၊
တစ်လဆွမ်းနှစ်ချိုင့်သော်လည်းကောင်းလှူတဲ့အလှူကိုခေါ်တာပါ။
လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊
လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။
အဲဒီလိုတစ်လကိုနှစ်ကြိမ်သော်လည်းကောင်း၊
တစ်ကြိမ်သော်လည်းကောင်းလှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ)ကုသိုလ်လို့ခေါ်ပါတယ်။
ဒီကုသိုလ်လေးက ငွေကုန်ကျေးကျလည်းနည်းပါတယ်
ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိအကျိုးကျေးဇူးများပါတယ်။
ဒီကုသိုလ်ကိုလည်းအသက်ထက်ဆုံးပြုလုပ်ပါလို့
တိုက်တွန်းလိုတာပါ။
(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်း
တူပါတယ်။)

(၅)။ဝေဿဝါသိက ကုသိုလ်ပါ။
ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။
နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း
ကပ်လှူမယ်ဆိုရင်(မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးပါး သေးပေမယ့်
ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင်
လွတ်မြောက်ချင်းဆိုတဲ့အကျိုးမျိုးကိုခံစားရတာပါ။
သောတာပန်ပုဂ္ဂိုလ်နဲ့အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။
သောတာပန်ပုဂ္ဂိုလ်ကအပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကိုနှစ်စဉ်နှစ်တိုင်းလုပ်သွားမယ်ဆိုရင် စိတ်သာချပါ။အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ဧကောအာဝါသောဆိုတဲ့ကုသိုလ်ပါ။
ဆိုလိုတာက ကျောင်းတစ်ဆောင်သော်လည်းကောင်း၊
ဇရပ်တစ်စောင်သော်လည်းကောင်းလှူဒါန်းတဲ့အလှူဒါနကို
ဆိုလိုခြင်းဖြစ်ပါတယ်။
ကျောင်းတစ်ဆောင်လုံးတပည့်တော်တို့မတတ်နိုင်ပါဘူးဘုရား
ဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။
အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ဒါနပါဖို့သာ
အရေးကြီးပါတယ်။

အဲဒီကုသိုလ်ဟာလည်းကျန်တဲ့ကောင်းကျိုးချမ်းသာကို
မပြောလိုတော့ပါဘူး အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့အကျိုးကိုပဲပြောချင်ပါတယ်။

အဲလို ကျောင်းတစ်ဆောင်။ဒါမှမဟုတ်တတ်နိုင်သလောက်
လှူဒါန်းလိုက်မယ်ဆိုရင်အပါယ်လေးပါးကလွတ်မြောက်ပါတယ်။
သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။
ဒီကုသိုလ်ကိုလည်းတတ်နိုင်သလောက်လှူဒါန်းပါလို့ပြောပြ
အသိပေးပါတယ်။

နောက်ဆုံး(၇)။က ဧကာပေါက္ခရဏီတဲ့ ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊
လှူဒါန်းခြင်း၊
ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့
ကုသိုလ်မျိုးပါ။

အဲလောက်ထိမလုပ်နိုင်သေးဘူးဘုရားဆိုရင် မိမိအိမ်ရှေ့မှာသော်လည်းကောင်း လမ်းထောင့်တစ်နေရာရာမှာသော်လည်းကောင်း
ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး
တည်ထားမယ်ဆိုရင်လည်းရပါတယ်။

အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင်
အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ရှင်၊လူများသောက်သုံးဖို့တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့်
ရလိုက်တဲ့ အကျိုးက အပါယ်လေးပါးလွတ်မြောက်တဲ့အထိ တန်ဘိုးကြီး။အကျိုးများပါတယ်။
သောတာပန်ပုဂ္ဂိုလ်များနဲ့အလားတူဖြစ်တာပါ။

ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့
ကုသိုလ်(၇)မျိုးထဲကတစ်မျိုးကိုသော်လည်း၊
နှစ်မျိုးကိုသော်လည်းကောင်း
(၇)မျိုးလုံးကိုသော်လည်းအမြဲတန်းဝတ်ထားပြီးပြုလုပ်မယ်ဆိုရင်
မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊

သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲတန်းပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း
အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့ သေသေချာချာ
ဟောထားခဲ့တာပါ။

♠ တစ်ကြိမ်လောက်လုပ်ပြီးအပါယ်လေးပါးကလွတ်မြောက်ချင်
လို့တော့မရဘူးနော်၊(နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲတန်းဝတ်ထားပြီးပြုလုပ်ရမယ်လို့ပြောတာပါ။

ဝါဆိုသင်္ကန်းဆိုလည်းနှစ်စဉ်၊
စာရေးတံမဲဆိုရင်လည်းနှစ်စဉ်
ဆွမ်းချိုင့်ဆိုရင်လည်းလစဉ်
ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။

ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ရမယ်။
ငါးပါးသီလကိုလည်းအတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင်

အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့တိုက်တွန်း
အသိပေးချင်တာပါ။

အားလုံးသော ဒကာ။ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး
မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကိုတစ်ဆင့်ပြောပြပေးပါလို့
တိုက်တွန်းချင်ပါတယ်။ပြီးတော့ မိမိကိုယ်တိုင်လည်း
တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေဝတ်ထားပြီး အားထုတ်ပါလို့
တိုက်တွန်းလိုက်ရပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊
သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊အမျိုးကောင်းသမီးများဖြစ်ကြပါစေ။

[အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)]

Saturday, March 16, 2013

လက်နက်တုဖြင့် အနိုင်ယူခြင်း


 လက်နက်တုဖြင့် အနိုင်ယူခြင်း

အတ္တနှင့်ဖုံးလွှမ်းမိုက်မှောင်လျက်ရှိသော သတ္တ၀ါတို့သည် သူလည်းသူ့အတ္တ ငါလည်းငါ့အတ္တ ဖြင့် အတ္တကိုရှေ့တန်းတင်ပြီး အလျှော့ပေးရမှာ ၀န်လေးတတ်ကြသည်။ တစ်ခါတစ်ရံများဆိုလျှင် သူ့အတွက်ရော ကိုယ့်အတွက်ပါ အကျိုးမရှိမှန်းသိသိကြီးဖြင့် အတ္တမာနကိုရှေ့တန်းတင်ပြီး သူနိုင် ကိုယ်နိုင်အပြိုင်ကျဲရင်း နှစ်ယောက်စလုံး ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်များလည်း နေရာစုံ၌တွေ့မြင်နေ ရသည်။

မိသားစုအသိုက်အမြုံကို ရှာဖွေကျွေးမွေးနေကြရပြီး ကိုယ့်အတ္တမာနကိုပယ်ခွာဖို့ အားထုတ်ရ မည်ဟူသော အသိလေးကိုသော်မှ နှလုံးသွင်းချိန်မရှိရှာတဲ့ လူဝတ်ကြောင်တို့အဖို့တော့ အတ္တမာနများ ထူပိန်းပိတ်ဆို့နေသည်များကို ခွင့်လွတ်နားလည်ပေးလို့ရပါသည်။ ဘုရားတရား တော်များကို နေ့ညမပြတ် သင်အံကျက်မှတ်ပြီး အတ္တမာနတို့၏ဆိုးကျိုးများကို ကောင်းကောင်းနားလည်သဘောပေါက်နေသော စာရေးသူကိုယ်တိုင် အတ္တမာနတို့၏ လွှမ်းမိုး နှိပ်စက်မှုဒဏ်ကို ခံနေရတုန်းပင်ဖြစ်သည်။

မြတ်စွာဘုရား၏ တရားတော်များ၊ ဂုဏ်တော်များကို နှလုံးသွင်းမိတဲ့အခိုက်အတန့် သတိထားမိတဲ့အခိုက်အတန့်မှာဆိုလျှင် သည်းခံစွမ်းရည် အနည်း ငယ်ရှိနေပေမဲ့ အလုပ်များပြီး မြတ်စွာဘုရား၏ တရားတော်များနှင့် ရက်အတော်ကြာဝေးကွာသွားလျှင်တော့ အတ္တမာနများ ဖုံးလွှမ်း နေသည့်ကိုယ် ပြန်ဖြစ်သွားတတ်ပါသည်။ ဒါကြောင့်လည်း ရှေးပညာရှိများက “ပုထုဇဉ်ဆိုတာ ဖယောင်းနှင့်တူသည်”ဟု ဥပမာပေးခဲ့ကြခြင်း ပင်ဖြစ်မည်ထင်ပါသည်။ ဖယောင်းဆိုသည်မှာ မီးရဲ့အပူဓာတ်ငွေ့နှင့်တွေ့လျှင် ခဏတာ ပျော့ပျောင်းသွားတတ်ပေမယ့် မီးရဲ့အပူဓာတ်ကင်း ပျောက်သွားပြီးသောအခါ ဖယောင်းရဲ့ မူလသဘာဝအတိုင်း မာမြဲမာဆဲ သဘောလက္ခဏာကို ပြန်ရောက်သွားပါတော့သည်။

ပုထုဇဉ်တို့၏သဘာဝသည်လည်း ခက်တော့ခက်သည်။ သူတော်ကောင်းတို့၏ အငွေ့အသက် ရှိသောနေရာဒေသမျိုးမှာနေရလျှင် စိတ်က တစ်မျိုး၊ သူတော်ကောင်းတရားနှင့် နည်းနည်းလေးဝေးလိုက်လျှင် စိတ်ကတစ်မျိုး ပြောင်းသွားပြန်ပါသည်။ ဒါကြောင့် မြတ်စွာဘုရားရှင်က ပဏ္ဍိတာနဉ္စ သေ ၀နာဟူ၍ မင်္ဂလသုတ်တော်၌ ဟောတော်မူခဲ့ခြင်းဖြစ်သည်။

သူတော်ကောင်းကို များများဆည်းကပ်လျှင် များများလိမ္မာမည်၊ နည်းနည်းဆည်းကပ်လျှင် နည်းနည်းလိမ္မာမည်။ ဘာပဲဖြစ်ဖြစ် သူတော်ကောင်း တရားကို ကြားနာနေရလျှင် ကိုယ်ကလူမိုက်ဖြစ်နေပါစေဦး၊ သူထိုက်သလောက် ကုသိုလ် အနည်းနှင့်အများတော့ ရမှာသေချာလှပါသည်။ ကုသိုလ်တို့ရဲ့သဘာဝတရားအတိုင်း ကောင်းသော အကျိုးတရားများက ကိုယ့်ရဲ့ဘ၀အောင်မြင်မှုအတွက် အထောက်အကူဖြစ်မှာကို ယုံမှားစရာ မရှိပေ။ သူတော်ကောင်းတရားကို တတ်နိုင်သလောက်ကျင့်သုံးလျှင် ဘယ်လောက်များအကျိုးကြီးတယ်ဆိုတာကို စာရေးသူရဲ့ဘ၀နှင့် ရင်းပြီး ရလာတဲ့ အတွေ့အကြုံတစ်ခုနှင့် သက်သေပြလိုက်ချင်ပါသည်။

   လွန်ခဲ့သော နွေရာသီကျောင်းပိတ်ရက်တုန်းက စာရေးသူ ဇာတိမြို့သို့ပြန်ဖြစ်ခဲ့သည်။ အကြောင်းကိစ္စရယ်တော့ အထူးအထွေမရှိ။ စာသင်သား တို့ထုံးစံအတိုင်း ကျောင်းပိတ်လျှင်ရွာကို အပျင်း ပြေအလွမ်းပြေပြန်ကြတဲ့ ထုံးစံအရဖြစ်သည်။ ခါတိုင်း စာရေးသူ ဇာတိမြို့သို့ပြန်လျှင် အဖော်မပါ တစ်ယောက်တည်းသာပြန်လေ့ရှိပေမယ့် ဒီတစ်ခေါက်တော့ အသိမိတ်ဆွေထဲက အလယ်တန်းပြကျောင်းဆရာကြီးတစ်ယောက်နှင့် ခရီးကြုံနေ တာကြောင့် ရန်ကုန်မှ ဇာတိမြေပင်လည်ဘူးမြို့သို့ နှစ်ယောက်သား ခရီးအတူ ပြန်ဖြစ်သွားကြသည်။ ကျောင်းဆရာက ပညာတတ် လူတန်းစား ကလည်းဖြစ်ပြန် ဘာသာရေးလည်းစိတ်ဝင်စားဆိုတော့ စကားပြောရာမှာ အတော်လေးယဉ်ကျေးပျူငှါပြီး သိမ်မွေ့လှပါသည်။ ဒီလိုနဲ့ပဲ ခါတိုင်း ပျင်းစရာကောင်းတဲ့လမ်းခရီးကို ဒီတစ်ခါတော့ ကျောင်းဆရာဒကာကြီးနှင့် စကားဖောင်ဖွဲ့ပြီး ပြန်သွားလိုက်တာ ပျင်းချိန်မရှိခဲ့ပေ။

ရန်ကုန်နှင့်မန္တလေး ရထားခရီးစဉ်ဆိုတာကြီးက ပျင်းမယ်ဆိုလည်း ပျင်းစရာကြီးပင်။ ရန်ကုန်မှ မနက်ငါးနာရီစထွက်မယ်ဆိုလျှင် မန္တလေးသို့ ညဆယ့်တစ်နာရီလောက်မှရောက်တော့ ဤမျှကြာသောခရီးကြီးကို တစ်နေ့ခင်းလုံး ရက်ရက်စက်စက်ပူတဲ့ အပူချိန်ကြီးနှင့် ရထားထဲမှာ တစ်ရက်လုံး အံကြိတ်ခံပြီး သစ်ပင်မဲ့သောလွင်တီးခေါင်ကြီးကို ဖြတ်သန်းကြရသည်။ မန္တလေးနှင့်နီးလာလေ ပူလေမို့ မန္တလေးကိုရောက်မှာကိုပဲ ၀မ်းသာရမလို ၀မ်းနည်းရမလိုဖြစ်တတ်တာကလည်း မန္တလေးရောက်ဖူးသော ဒေသခံမဟုတ်သူတိုင်း ခံစားဖူးမည်ထင်ပါသည်။ ညဘက်ကြီး အချိန်မတော် အမောတကောနဲ့  ရောက်သွားပြန်တော့လည်း နေ့ညမရွေးပူတဲ့ မန္တလေးနွေရာသီအပူဒဏ်ကြောင့် အိပ်ပျော်ဖို့အခက်တွေ့ပြန် ပါသည်။

စာရေးသူနှင့် ကျောင်းဆရာတို့နှစ်ယောက်သား မန္တလေးရောက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်း၌ တစ်ညတည်းခိုကြသည်။ အပူဒဏ်နှိပ်စက်၍ အိပ်တစ်ဝက် နိုးတစ်ဝက် ညတစ်ညကို ဖြတ်သန်းခဲ့သည်။ နောက်တစ်နေ့  နေ့လယ်နှစ်နာရီရထားနှင့် ကောလင်းမြို့သို့ နှစ်ယောက်သား ခရီးဆက် ကြပြန်ပါသည်။

ညကမန္တလေးမှာ ကောင်းကောင်းအိပ်မပျော်ခဲ့လို့ ရထားပေါ်မှာများ ဆက်အိပ်လို့ရ မယ်ဟုထင်စရာရှိပါသည်။ လူကြပ်လွန်း၍ ခြေထောက် တောင်ဆန့် လို့မရတဲ့ အခြေအနေမျိုးနှင့် ဆက်လက်ရင်ဆိုင်ရပြီး မွန်းထုံအိုက်စပ်သော အရသာကိုခံစားရင်း အိပ်ဖို့ကို မေ့ထား ရပြန်သည်။ မန္တလေးမှ မြစ်ကြီးနားဘက် အဆန်ရထားက ရန်ကုန်မန္တလေးရထားကဲ့သို့ ချောင်ချောင်ချိချိ ရထားမျိုးမဟုတ်။

ရန်ကုန်မန္တလေးခရီးစဉ်က ရထားလက်မှတ်မရလျှင် ကားနှင့်သွား၍ ရပါသည်။ မန္တလေးမှ မြစ်ကြီးနား ဘက်ခရီးစဉ်က လိုင်းကားမရှိ၍ ခရီးသည်အားလုံး ထိုင်ခုံရသည်ဖြစ်စေ မရသည်ဖြစ်စေ ရထားပေါ်မှာ ပဲ ပြည့်ညှပ်နေအောင် စီးကြရသည်။ ခုံမရ၍ ဘူတာမှာ နှစ်ရက်သုံးရက် သောင်မတင်ချင်ကြပေ။

မန္တလေးမြို့မှ နေ့လယ်ဆယ့်နှစ်နာရီစထွက်ခဲ့တော့ စာရေးသူတို့ဆင်းရမယ့် ကောလင်းမြို့သို့ ညဘက် တစ်နာရီရောက်ပါသည်။ နောက်နေ့ မနက်ခြောက်နာရီလောက် ပင်လည်ဘူးကို ကားစီးရမှာဖြစ်တာ ကြောင့် မနက်ထွက်မည့်ကားဂိတ်မှာပဲ ဖြစ်သလိုသွားအိပ်ရမလိုလို တည်းခိုခန်းမှာပဲ အိပ်ရတော့မလို လိုဖြစ်ပြန်ပါသည်။ စာရေးသူတစ်ယောက်တည်းဆိုလျှင် ကားဂိတ်မှာအိပ်ပြီးတော့ပဲ ခရီးဆက်လေ့ရှိ ပါသည်။ အခုဟာက ကျောင်းဆရာပါလာပြန်တော့ သူကားဂိတ်မှာအိပ်ချင်ပါ့မလားဆိုပြီးတော့ တွေးမိပြီး သူ့ကိုတိုင်ပင်ကြည့်ရပြန်ပါသည်။ ကျောင်းဆရာလည်း ခဏတာ အိပ်ရပေမယ့် တစ်ရက်စာပေးရ မည့် တည်းခိုခန်းသို့မသွားတော့ဘဲ မနက်ထွက်မည့် ကားပေါ်မှာပဲ ကြုံသလိုအိပ်ကြရန် သဘောတူ လိုက်ပါသည်။

ကားဂိတ်ရောက်တော့ အိပ်ရေးငတ်လှပြီဖြစ်တာကြောင့် ကားပေါ်တက်ပြီး နှစ်ယောက်သား ကုန်ပစ္စည်းများအကြား အဆင်ပြေတဲ့နေရာမှာ အိပ်လိုက်ပါတော့သည်။ ကားပေါ်ကိုတက်သွားပြီး ငါးမိ နစ်တောင်မကြာလိုက်တဲ့အချိန်မှာပဲ ဆဲဆိုသံကြီးတစ်ခု ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်း သွားခဲ့သည်။ “ဘယ်ကောင်တွေလဲကွ… ကားပေါ်တက်အိပ်နေကြတာ၊ ကားပေါ်တက်မအိပ်ရဘူးလို့ စည်းကမ်း သတ်မှတ်ထားတာ မသိဘူးလား…၊ ငါ့အိပ်ယာပေါ်ကိုလည်း ဖြတ်နင်းသွားသေးတယ်”။ ကားစပယ် ယာရဲ့ဟောက်သံကြောင့် စာရေးသူတို့နှစ်ယောက်သား ပြူးတူးပြဲတဲတွေဖြစ်ကုန်သည်။ ကျောင်းဆရာက ပြာပြာယာယာဖြင့် ကုန်ပစ္စည်းတွေကြားမှ တိုးထွက်ပြီး---“တောင်းပန်ပါတယ် ငါ့တူရာ…မသိလို့ပါ။ အရင်ကလည်း ဒီလိုပဲ တက်အိပ်နေကြလေ။ အခု ဘယ်လိုဖြစ်ရပြန်တာလဲကွာ”ဟု လေချိုးသွေးပြီး တောင်းပန်ရှာသည်။

“အရင်က ရပေမယ့် အခု မရတော့ဘူးကွ၊ ခရီးသည်တွေက တစ်ယောက်တည်းမဟုတ်ဘူး၊ စရိုက်မျိုးစုံ၊ လူမျိုးစုံ၊ ကုန်ပစ္စည်းပျောက်လို့ လျှော်ကျေးပေးရတာလည်း အကြိမ်ကြိမ်ပဲ။ တက်အိပ်မယ်ဆိုရင် နည်းနည်းတော့ စုံစမ်းဦးမှပေါ့ကွ။ ကျုပ်အိပ်ယာလည်း ခင်ဗျားတို့ရဲ့ ရွှံ့ပေတဲ့ ဖိနပ်ကြီးတွေနဲ့ တက်နင်းသွားလို့ အိပ်လို့ကိုမရတော့ဘူး”ဟု စပယ်ယာကလည်း သူ့ပိုင်နက်မို့ လေသံကိုမလျှော့ဘဲ အသံပြဲကြီးဖြင့် ဆက်အော်သည်။ “ငါ့တူက အပေါက်မှာ ကန့်လန့်ဖြတ်ပြီးတော့ ခင်းထားတာကိုးကွ။ မသိလို့တက်နင်းမိတာပါကွာ…နော်၊ ခွင့်လွတ်ပါ”။ ကျောင်းဆရာကလည်း အစွမ်း ရှိသလောက် တောင်းပန်ရှာသည်။

“ခင်ဗျားကြီး မျက်နှာချိုသွေးမနေနဲ့…။ ဒီကားဂိတ်မှာရှိတဲ့လူတွေ ဘယ်သူမှ ကားပေါ်တက်မ အိပ်ကြတာကိုလည်း သတိမထားဘူး။ ခင်ဗျားတို့ တော်တော်ပိန်းတဲ့လူတွေဗျာ”ဟု ကျောင်းဆရာကို သာမက စာရေးသူကိုပါ သံယောင်ရောပြီး ဆက်ဟောက်သည်။

“ဒီမှာကောင်လေး…ငါက ပြောလို့နားမလည်နိုင်လောက်အောင်တုံးတဲ့ ငတုံးမဟုတ်ဘူး။ ကျောင်းဆရာလုပ်နေတာကွ၊ နားလည်လား…။ လူတကာတွေကို ယဉ်ကျေးအောင်သွန်သင်နေရသလို ငါကိုယ်တိုင်ကလည်း မရိုင်းဘူးကွ။ မင်းလို ပြောလို့နားမလည်နိုင်လောက်အောင်တုံးတဲ့ အရိုင်းအစိုင်း မဟုတ်ဘူး။ ငါ့ကိုမောက်မောက်မာမာ လာမဆက်ဆံနဲ့”။ ပြောမရတဲ့အဆုံး ကျောင်းဆရာကလည်း စပယ်ယာကို ပြန်ဟောက် လိုက်သည်။

ကျောင်းဆရာနဲ့ စပယ်ယာ အပြန်အလှန်ပြောဆိုနေကြသည်ကို ကားဂိတ်ကလူတွေလည်း ၀ိုင်းကြည့်နေကြသည်။ စပယ်ယာ အဆက်မပြတ် ပွစိပွစိပြောနေသော စကားလုံးများတွင် စာရေးသူ ကိုပါ အလွတ်မပေးဘဲ ထည့်ဆဲနေသည်ကို ခပ်တိုးတိုးလေးတော့ ကြားနေရသည်။
စာရေးသူကလည်း မသိလို့ တက်အိပ်မိတာကို ဗလိုင်းကြီး အဆဲခံနေရတာကတစ်ကြောင်း၊ ပြောမရဆိုမရ ပွဲကြမ်းနေတဲ့ စပယ်ယာက တစ်ကြောင်းဆိုတော့ ကြိတ်ပြီးဒေါသထွက်နေမိသည်။ စပယ်ယာကို ကိုင်ပေါက်ချင်စိတ်တွေတွေ့ရာပစ္စည်းနှင့် ထုချင်စိတ်တွေကလည်း မွှန်ထူလို့ နေသည်။ နေမထိထိုင်မထိဖြင့် အနေရခက်လှသော်လည်း ရဟန်းတစ်ပါးက ပရိသတ်ရှေ့မှာ ဒေါသကိုမပြသင့်ဘူးဆိုတဲ့ အသိဝင် လာတာကြောင့် ဒေါသစိတ်ကို မျိုသိပ်ကာ စပယ်ယာကို မေတ္တာရှိလေဟန်ဖြင့် မေတ္တာသမားကြီးစရိုက်ကို တတ်နိုင်သလောက်ဖမ်းပြီး လေသံကို အပျော့ဆုံး ဖြစ်အောင် လုပ်ကြံလိုက်ကာ---

“ဒကာကြီး…ဦးပဉ္စင်း အနူးအညွတ်တောင်းပန်ပါတယ်။ ဒကာကြီးကျေနပ်သည်အထိတောင်း ပန်ဆိုလည်းတောင်းပန်ပါ့မယ်။ ဒကာကြီး တို့ရဲ့စည်းကမ်းကို ဦးပဉ္စင်း တကယ်မသိလိုက်လို့ပါ။ ဦးပဉ္စင်းတို့ မစုံစမ်း မဆင်ခြင်တာလဲ ဦးပဉ္စင်းတို့ရဲ့ အားနည်းချက်ပေါ့လေ။ အမှန်ဆိုရင် ကားဂိတ်က လူတွေ ကားပေါ်တက်မအိပ်ကြတာကို ဦးပဉ္စင်းတို့ နည်းနည်းတော့ မေးမြန်းသင့်တာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ဒီကိစ္စမှာ ဦးပဉ္စင်းတို့ဘက်က အမှားပါပဲ။ ဒကာကြီး ခွင့်လွတ်စေချင်ပါတယ်”ဟု သူ နားဝင် ချိုမည့်စကားလုံးများကို လုပ်ကြံဖန်တီးပြီး တောင်းပန်လိုက်သည်။

စာရေးသူထံမှ မမျှော်လင့်တဲ့စကားတွေ ကြားလိုက်ရတဲ့ စပယ်ယာခမျာ မျက်နှာကို ဘယ်လို ထားရမှန်းမသိအောင်ဖြစ်သွားပြီး “ရပါတယ် ဦးပဉ္စင်းရယ်…။ ဒါဆိုလည်း ပြီးတာပါပဲ”စသည်ဖြင့် နှစ်ယောက်သုံးယောက်ထက် မကြားနိုင်သောစကားလေးငါး,ခြောက်ခွန်းကိုပြောပြီး အားတုံ့ အားနာ မျက်နှာဖြင့် ကားပေါ်ကို တက်သွားပါတော့သည်။

မနက်မိုးလင်းပြီး ကားထွက်မည့်အချိန်ရောက်တော့ သူ့အထုပ် ကိုယ့်အထုပ်ဆွဲပြီး ကားပေါ်ကို တက်ကြသည်။ စာရေးသူမှာလည်း အထုပ် သုံးထုပ်နှင့် စီးတာကလည်း ကားအမိုးပေါ်မှာမို့ ပစ္စည်းများ ကားပေါ်ရောက်ဖို့ တွေ့တဲ့လူကို အကူအညီတောင်းရသည်။ ကျောင်းဆရာ ကလည်း သူ့အထုပ် သူ့အလုပ်နှင့် တိုင်ပတ်နေသည်။
အဲဒီအချိန်မှာ စာရေးသူကို သတိထားစောင့်ကြည့်နေတဲ့ စပယ်ယာက “ဦးပဉ္စင်း ကားပေါ် တက်ပါဘုရား၊ ပစ္စည်းတွေ တပည့်တော် တင်လိုက်ပါ့မယ်”ဟု အနားနားကပ်ပြီး တိုးတိုးလေး လာကမ်းလှမ်းသည်။ ညကမှ ဒေါသတကြီးဖြင့် ရမ်းနေသော စပယ်ယာက အတော့်ကို ပြောင်းလဲသွားပြီး အထုပ်တွေတင်ပေး၊ လေပြေသံလေးနဲ့ စကားတွေလာပြော စသည်ဖြင့် စာရေးသူ အပေါ် အတော့်ကိုကောင်းလာတော့….။ စာရေးသူပင် အနည်းငယ်အံ့သြရသည်။

ဒီလိုနဲ့ပဲ ပင်လည်ဘူးမြို့ကို နေ့လယ်ဆယ်နာရီခွဲ ရောက်ခဲ့သည်။ ကားဂိတ်ရောက်တော့ ကျောင်းဆရာကို သူ့မိသားစုက လာကြိုသည်။ ဒီတော့ ကျောင်းဆရာက စာရေးသူကို “ဦးပဉ္စင်း တပည့်တော်တို့အိမ်ကို ကြွပါဦးဘုရား၊ ဆွမ်းကပ်ချင်လို့ပါ။ အိမ်က မြို့စွန်မှာဆိုပေမဲ့ ဆိုင်ကယ်နဲ့ဆို တော့ သိပ်မဝေးပါဘူးဘုရား”။ “ဒီတစ်ခေါက်တော့ ဦးပဉ္စင်း မလိုက်နိုင်တော့ဘူး ဒကာကြီး၊ နောက်ကြုံ တော့ ၀င်မှာပေါ့။ လိပ်စာပေးလိုက်လေ။ ဦးပဉ္စင်းလဲ ရွာကို ဒီနေ့ပြန်မှာ။ မြို့ထဲကကျောင်းကိုလည်း လူ ကြုံပစ္စည်းပါးလိုက်လို့ သွားပေးရဦးမယ်”။

“တင်ပါ့ဘုရား…နောက်ကြုံရင် ၀င်ခဲ့ပါဦးဘုရား။ ဒီမှာ တပည့်တော်ရဲ့လိပ်စာပါ။ ပင်လည်ဘူး မြို့ကမကျယ်တော့ ရှာရမခက်ပါဘူးဘုရား။ ဒါဆိုလည်း တပည့်တော် သွားဦးမယ်ဘုရား”။ “ကောင်း ပါပြီ ဒကာကြီး”။ ကျောင်းဆရာက နှုတ်ဆက်ထွက်ခွာသွားပါတော့သည်။

စာရေးသူလည်း အထုပ်အပိုးများနဲ့ သုံးဘီးငှါးပြီး သွားတော့မယ်အပြု “ဦးပဉ္စင်း…ဆွမ်းဘုဉ်းချိန် ရောက်နေပြီ၊ တပည့်တော် ဆွမ်းကပ်ချင်လို့ပါ။ ဆိုင်ထဲကြွပါဘုရား”။ “သြော်…ဘယ်သူများလဲလို့၊ စပယ်ယာကြီးပါလား၊ အားနာစရာကြီး ကျောင်းမှာပဲ ဘုဉ်းပေးတော့မယ်”။  “ကြွပါဘုရား…။ ကျောင်း မှာက ဘယ်တော့ ဘုဉ်းပေးဘုဉ်းပေး ရပါတယ်ဘုရား။ တပည့်တော်ကပ်တာလေး တစ်နပ်လောက် ချီးမြှင့်ပါဦးဘုရား…”။

စပယ်ယာရဲ့ တောင်းပန်တဲ့အမူအရာကြောင့် သူခေါ်သောနီးစပ်ရာထမင်းဆိုင်ထဲကိုလိုက်ပြီး ဆွမ်းဘုဉ်းပေးလိုက်ရသည်။ ဆွမ်းကပ်ပြီး တော့လည်း အအေးကပ်ပြန်ပါသည်။ ဒီလိုနဲ့ပဲ မကြာသေးခင်ကမှ ရန်သူလိုဆက်ဆံခဲ့တဲ့လူတစ်ယောက် အခုတော့လဲ တကယ်ရင်းနှီးတဲ့ လူတစ်ယောက်အလား ချက်ချင်းကြီး ပြောင်းလဲသွားပါတော့သည်။
ညကသူပြောခဲ့သော စကားလုံးများနဲ့ပတ်သက်ပြီးတော့ တောင်းပန်ချင်တဲ့ အရိပ်အယောင်လည်းတွေ့နေရပါသည်။ ဒါပေမဲ့လည်း တောင်းပန် စကားကို သူပြောမထွက်ခဲ့ပေ။ သူ့ရဲ့အားတုံ့အားနာ အမူအရာတွေကိုကြည့်ပြီး စာရေးသူလည်း ခွင့်လွတ်ခြင်းများစွာနဲ့ ကြည်ကြည် ဖြူဖြူကြီး အလံဖြူပြလိုက်ပါတော့သည်။ ဆွမ်းစားပြီး ကျောင်းတိုက်ထဲသွားဖို့ သုံးဘီးကိုလည်း သူကငှါးပြီး လှူလိုက်ပြန်ပါသည်။ သုံးဘီးသမားကို ပစ္စည်းချရမယ့်နေရာ မှာလိုက်ပြီး စာရေးသူကိုယ်တိုင်ကတော့ ရထားနှင့်ကားကို သုံးရက်ဆက်တိုက်စီးလာရတာကြောင့် မဝေးလှသော ကျောင်းသို့ ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်များကိုတွေးရင်း ခြေလျင်ပဲ လျှောက်လာခဲ့သည်။

ကားစပယ်ယာနှင့် စာရေးသူ ဘာကြောင့်ဒီလောက်တောင် အဆင်ပြေပြီး အစဉ်ချောမွေ့သွား ရသည်ကို အကြောင်းရှာနေမိသည်။ သေသေ ချာချာ အရင်းစစ်လိုက်တော့ ကားစပယ်ယာက စာရေးသူရဲ့ မေတ္တာသံရောတဲ့ တောင်းပန်သံကိုကြားပြီးကတည်းက အခုလိုပြောင်းလဲ သွားသည် ကို သတိပြု မိသည်။

ဒါကြောင့်လည်း ဘုရားရှင်က တစ်နေ့ကို တစ်မုဟုတ် တစ်ခဏမျှ မေတ္တာပွားကြ၊ မေတ္တာတ ရားဆိုတာ အတိုင်းအဆမရှိ အကျိုးပေး သည်ဟူ၍ လည်းကောင်း၊ မေတ္တာလက်နက်သည်သာ အကောင်းဆုံးလက်နက်ဟူ၍လည်းကောင်း ဟောတော်မူခဲ့သည်။ ကိုယ်တွေ့ကြုံမှ မေတ္တာရှေ့သွားရှိ လျှင် အရာရာအဆင်ပြေ ပြီးမြောက်နိုင်ကြောင်း ပိုသိလာခဲ့ရသည်။

အမှန်ကတော့ စပယ်ယာကို တောင်းပန်ခဲ့တုန်းက စာရေးသူ၏ရင်တွင်း၌ ဒေါသအငွေ့အသက်များဖြင့် ပြည့်နေခဲ့သည်။ တောင်းပန်စကားများက ပြေလည်စေချင်လို့ ညှစ်ထုတ်ပြီးသုံးလိုက်သော ဟန်ဆောင်မှုများ သာဖြစ်သည်။ ငါမှန် သည်ဟူသော အတ္တမာနကိုဘေးဖယ်၊ ဒေါသတရားကို ဟန်ဆောင်ချုပ်တည်းပြီး ထုတ်သုံးလိုက်သော စာရေးသူ၏ မေတ္တာလက်နက်အတုကသော်မှ အံ့သြရလောက်အောင် အကျိုးပေးတယ်ဆိုလျှင် သတ္တ၀ါများအပေါ်ထားတဲ့ မေတ္တာလက်နက် အစစ်သာ ဆိုပါက…..။ 

မောင်ကြည်လင် (ပင်လည်ဘူး)

Friday, March 15, 2013

မင်္ဂလာရှိအောင်နေ


မင်္ဂလာရှိအောင်နေ 

မိမိသည် လွန်ခဲ့သော မတ်(ခ်ျ)လ လောက်မှာ တက္ကဆက်သို့ အလည်ခရီး သွားရောက် ခဲ့သည်။ ကံကောင်းသဖြင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒနှင့် တက္ကဆက် သီတဂူ ကျောင်းတွင်ဆုံစည်းခွင့်ရခဲ့သည်။ ဆရာတော်ရောက်ရှိခိုက် ဓမ္မလက်ဆောင် ၁၅ မိနစ်ခန့်  ဒကာ၊ ဒကာမများကို မိန့် ကြားခဲ့သည်၊ မိမိလည်းဆရာတော် ဘာများပြောမလဲ နားစိုက်ခဲ့သည်။ ဆရာတော်သည် ပရိတ်ကြီး ပါဠိအဆုံးနားတွင်ပါသော မင်္ဂလာဆုတောင် ဂါထာလေး ကို ရှင်းပြဟေားကြားခဲ့သည်။ အရမ်းရှင်းလင်းသော ဆုမ္မစကား တရားလက်ဆောင်တခုဖြစ် သည်။ မိတ်ဆွေအားလုံးကို မျှဝေခံစားချင်ပါသည်၊ 

ဆရာတော်မိန့် ကြားသောဂါထာသည် အများနေ့ စဉ်ရွက်ဆိုသော ဂါထာတစ်ပုဒ်ဖြစ်သည်။
ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ၊
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘ၀န္တုတေ။
ဆရာတော်က အမိန့် ရှိပါသည်၊ ဘ၀တု သဗ္ဗမင်္ဂလံ- မင်္ဂလာပေါင်းနဲ့ ပြည့်စုံပါစေ၊ ရက္ခန္တု သဗ္ဗဒေ၀တာ- နတ်မြတ်နတ်ကောင်းတွေစောင့်ရှောက်ပါစေ၊ အဲသလိုဘာသာ ပြန်ဆိုမလား တဲ့။ ပရိသတ်ကိုမေးပါသည်။ 

အဲသလိုဘာသာ ပြန်မည့်အစား၊ ဦးဇင်းကတော့ မင်္ဂလာအပေါင်း နဲ့ ပြည့်စုံအောင်နေလို့ ဘာသာပြန်လိုက်ချင်ပါတယ်။ နတ်မြတ်နတ်ကောင်းတွေ စောင့်ရှောက် ပါစေလို့ ဘာသာပြန်မည့်အစားနတ်မြတ်နတ်ကောင်းတွေ စောင့်ရှောက်အောင်နေလို့ ဘာသာ ပြန်လိုက်ချင်ပါတယ်။ ပါစေ..ပါစေ ဆိုတာနဲ့ မင်္ဂလာတွေက ပြည့်စုံနိုင်ပမလား၊ နတ်မြတ်နတ် ကောင်းတွေက လာစောင့်ရှောက်မလား၊ မဖြစ်နိုင်ပါဘူး၊ 

ဦးဇင်းတို့ ပရိသတ်တွေ ကိုယ်တိုင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင်ကိုနေမှ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံမှာပါ၊ နတ်မြတ်နတ်ကောင်း တွေစောင့်ရှောက်အောင်နေမှ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်မှာပါ၊ ကိုယ်ကနေ ချင်သလိုနေ ဖြစ်ချင်သလိုဖြစ် နေလို့ ကတော့ ဝေးပါသေးတယ်၊ ဘယ်မင်္ဂလာမှ ပြည့်စုံမှာ မဟုတ်သလို ဘယ်နတ်ကောင်းတွေကမှ လာပြီစောင့်ရှောက်မှာမဟုတ်ပါဘူး။ 

အင်္ဂလိပ်စာမှာ May Be and Must Be ဆိုတာရှိပါတယ်။ ဦးဇင်းတို့ ပရိသတ်တွေ ပါစေ..ပါစေဆိုတဲ့ May be ကို မလုပ်ပါနဲ့ ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင် နေကိုနေမယ်လို့ ဆိုတဲ့ သဘောမျိုး Must be ဖြစ်အောင်လုပ်စေချင်ပါတယ်။ သဗ္ဗဗုဒ္ဓါနုဘာဝေန- သဒါ သုခီ ဘ၀န္တုတေ- ဘုရားအဆူအဆူ တို့ ၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်၊ သင့်အားချမ်းသာခြင်းတွေအမြဲဖြစ်ပါစေ၊ အဲသလို ပြောမလား။ 

ဦးဇင်းတို့ ဂေါတမမြတ်ဗုဒ္ဓနှင့်တကွ ပွင့်တော်မူကြကုန်သောဘုရားရှင် အားလုံးသည် တန်ခိုးအာနုဘော်ကြီးတော်မူကြပါတယ်။ ဘုရားအဆူဆူဟောကြားသော တရားကို နည်းနည်းလေးမျှ မကျင့်ကြံဘူး၊ ဘုရားရှိခိုးတာတောင် မလုပ်ဘူးတဲ့သူ အတွက် ဘယ်လို ချမ်းသာခြင်းဖြစ်နိုင်မလဲ။ 

ပုံပြင်လေးပြောပြပါမယ်။ တောရွာတစ်ရွာမှာ သစ်သီး သစ်ဥများကို ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုတဲ့ လင်မယားနှစ်ယောက်ရှိပါတယ်။ ရတနာသုံးကိုလည်း ယုံကြည်လေးစားတယ်။ အမြဲတမ်းလည်း သူတို့ ရောင်းချနေတဲ့ သစ်သီး သစ်ဥတွေထဲက အဦးအဖျားကို ဆွမ်းကပ် ဆွမ်းလောင်းလုပ်လေ့ရှိတယ်။ 

တစ်နေ့ ယောင်္ကျား ဖြစ်သူက နောက်ရက်ဈေးရောင်းဖို့ အတွက် တောထဲသွားပြီး သစ်သီး သစ်ရွက်သွားခူးကာ တောင်ထဲထည့်ကာ ထမ်းပြီးပြန်လာသတဲ့။ ရွာအ၀င် ကန်ကြီးမှာ သူခူးဆွတ်လာတဲ့ သစ်သီး သစ်ရွက်တွေရေဆေး၊ သစ်ပင်ရင်မှာ ရေချိုးဖို့ အ၀တ်စားလဲကာ ပြန်ဝတ်မည့် အ၀တ်ဖြင့် တောင်ကို အုပ်ထားပြီးရေဆင်းချိုးတယ်။

 ရေချိုးပြီး အ၀တ်လဲဖို့ အ၀တ်ကိုယူလိုက်တော့ တောင်းထဲမှာ ရှိတဲ့ သစ်သီး သစ်ဥတွေက ရွှေတုံး ရွှေခဲတွေဖြစ်နေတယ်လို့ သူ့ မျက်ထဲမှာ မြင်နေရတယ်။ သူမယုံကြည်ဖြစ်နေပြီး မျက်လုံးပွတ်ကာ ပွတ်ကာနဲ့ အ၀တ်လဲပြီး သစ်ပင်ရင်း မှာထိုင်နေတုန်း ရုက္ခစိုးနတ်မင်းက အမောင်ယောင်္ကျား သင်ကိုယ်ပိုင်ပစ္စည်းတွေကို ယူပြီပြန် လေလို့ ပြောသတဲ့။ 

အဲဒီတော့ အမျိုးသားက ကျန်ုပ်ပစ္စည်းမဟုတ်ပါ၊ ကျန်ုပ်ပစ္စည်းများက သစ်သီး သစ်ဥများသာဖြစ်သည်ဟုပြန်ပြောသတဲ့။ ရုက္ခစိုးနတ်မင်းက သင့်ကုသိုလ်ကြောင့် သင်ရတာ သင့်ပစ္စည်းပဲပေါ့ဟုပြောမှ အမျိုးသားက ရွှေတောင်းကိုထမ်းကာ ပြန်သွားလေသတဲ့။ 

အဲဒီတော့ ပရိသတ်ကို ပုံပြင်လေးပြောပြပြီးပြီဆိုတော့ အမျိုးသားဟာ ရုက္ခစိုးနတ်မင်းက ဖန်ဆင်းပေးတာလား၊ ဘုရားတန်ခိုးတော်ကြောင့် ရွှေတွေကို ရတာလား၊ ဖြေကြပါဦး၊ ပရိသတ် များက ဖြေကြသည်၊ တချို့ က ဘုရားကိုနေ့ စဉ်ဆွမ်းကပ်လို့ ၊ တချို့ က ဘုရားရှိခိုးလို့ ရုက္ခစိုး နတ်မင်းက ဖန်ဆင်းပေးတာလို့ အမျိုမျိုးဖြေကြသည်။ ထို့ နောက် ဆရာတော်က အေးဘုရား ပေးတာလည်မဟုတ်ဘူး၊ ရုက္ခစိုးနတ်မင်း ဖန်ဆင်းပေး တာလည်းမဟုတ်ဘူးတဲ့။ သူကိုယ်တိုင် လုပ်တဲ့ ကုသိုလ်ကြောင့်ရတာပါ။ သူလုပ်လို့ သူ ရတာပေါ့။ သူမလုပ်ရင် ဘယ်လိုနည်းနဲ့ မှမရ နိုင်ပါဘူး။ သဘောပေါက် တယ်နော် ပရိသတ်။ 

ဘုရားတန်ခိုးတော်ကြောင့် ကျနော် ကျမ ကျန်းမာပါစေ ချမ်းသာပါစေလို့ ဆုတောင်းလို့ မရ ဘူးနော်။ ကိုယ်ချမ်းသာချင်ရင် ကိုယ်တိုင်း ဘုရားပေးတဲ့ ဓမ္မကို ကိုယ်တိုင်ကျင့်သုံးမှ ကိုယ်ချမ်းသာတာ။ ပါစေ..ပါစေနဲ့ ဘယ်တော့မှမရဘူးဆိုတာမှတ်ပါ။ ကဲ..ဒီတော့ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံအောင်နေ.. နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်အောင်နေ.. ချမ်းသာ အောင် မြတ်ဘုရားတရားဓမ္မတွေကို ကျင်းသုံးကြပါလို့ တိုက်တွန်းပါတယ်…။

posted by အရှင်နာယကာလင်္ကာရ 

Thursday, March 14, 2013

စေတနာကောင်းနှင့် ခရီးသွားခြင်း

 စေတနာကောင်းနှင့် ခရီးသွားခြင်း

ကျောင်းတုန်းက စာသင်ခန်းထဲမှာ သင်ခဲ့ရသော ''ကောင်းမှု တစ်ခု နေ့စဉ်ပြု'' ဖတ်စာလေးကို ကျွန်တော် ပြန်လည် အမှတ်ရ နေပါသည်။ ကျောင်းတွင်း စာမေးပွဲတွေမှာ မင်္ဂလသုတ်ကို မဖြေရပေမယ့် ဤဖတ်စာ လေးသည် မင်္ဂလာတစ်ခု ဖြစ်နေပါလားလို့ တွေးရင်း တွေးရင်းဖြင့် သတိ ထားမိသည်။ ကောင်းမှုသည် ပါဠိလို ကုသိုလ်ဟု အမည်ရ၏။


လူသားတွေ ဘာကြောင့် အသက် ရှင်ရပါသလဲဟု အဖြေကို ရှာကြည့်လျှင် ဘုရားဟော ဒေသနာအရ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်သည်ဟု ပြောရမည်ပင်။ ထိုအကြောင်း တရား လေးပါးတွင် ကံ စေတနာသည် ပဓာန အကြောင်းရင်း ဖြစ်ပါ၏။ ကျန်တာ တွေက အခြံအရံ အကြောင်း အရင်းများ ဖြစ်၏။ အတိတ် ဘဝက ကုသိုလ်ကံ ပါမလာလျှင် လူဟူ၍ပင် ဖြစ်လာစရာ အကြောင်း မရှိပါ။ လူဖြစ်ကြောင်း ကုသိုလ်ကံတွေ လုပ်ခဲ့လို့သာ လူ ဖြစ်လာ ရ လေသည်။ ပါလာသော ကုသိုလ် ကံတွေကုန် ထပ်၍ ပြုလုပ်သော ကုသိုလ် ကံတွေကို နေ့စဉ် မပြုလျှင် ကံကုန်မည်။ ကံကုန်လျှင် သေတာပါပဲ။

မိမိမှာ စေတနာကောင်း၊ ဥာဏ်ကောင်း၊ ဝီရိယကောင်းတွေ ရှိနေမှ မင်္ဂလာ ရှိပါ၏။ ကြီးပွားဖို့ အကြောင်း ဖြစ်ပါ၏။ လူတိုင်း ကိုယ်စီ တစ်နေ့တစ်နေ့ ဘယ်အာရုံဖြင့် အသက်ရှင် နေပါသလဲ။ ကုသိုလ် အာရုံလား၊ အကုသိုလ် အာရုံတွေ လား။ အကုသိုလ်တွေ မဖြစ်အောင်၊ မတိုးပွားအောင်၊ ကုသိုလ်ကံတွေ ဖြစ်လာအောင်၊ တိုးပွားလာအောင် နေ့စဉ်အသိ၊ သတိဖြင့် အားထုတ် ဖြစ်ရဲ့လား။ 

သည်လို မလုပ်လျှင် ဘဝ ရေယာဉ်ကြော မှာ မျောသွားမည်၊  မြုပ်သွားမည်။ ဖူးပွင့်စ ဖြစ်လာသည့် အပင်လေးလို ခြံခတ် မထားပါမူ ကြက်၊ ငှက် တိရ စ္ဆာန်တွေက ဝင်ရောက် ဖျက်ဆီးမည်။ မိုးကုတ် ဆရာတော် ဘုရားကြီးက ဘယ်အချိန် ဘယ်ကိစ္စ ကြုံရမည် ဆိုတာ မသိနိုင်လို့ တရားကို အမြဲ ရှုမှတ်ပါလို့ ဆုံးမပါ သည်။ လူ့ သဘာဝသည် မကောင်းမှု၌သာ မွေ့လျော် နေတတ်ပါ၍ အမှိုက်ပုံနှင့် တူ၏။ ခြံခတ်မထားသော အပင်နှင့် တူ၏။ အကုသိုလ် ကံတွေက ထင်သလို ခြယ်လှယ်မည် ဖြစ်သည်။

လူ့ဘဝ ဆိုသည် ရေဆန် လေဆန် လှိုင်းထန်ထန် ခရီးကို လှေငယ်နှင့် ခရီး သွားရသလိုမျိုး ဖြစ်နေသည်မို့ စေတနာကံက လှေ၊ ဥာဏ်က ပဲ့ကိုင်၊ ဝီရိယက လှော်တက်နှင့် တူလေ၏။ ဘဝလှေငယ်က လှေကွဲကြီး ဖြစ်နေ ပဲ့ကိုင်သူလည်း မရှိပြန်လျှင် မည်သို့ပင် လှော်လှော် လိုရာခရီး အပြီး မရောက်နိုင်တော့။ အဓိပ္ပာယ်က စေတနာ ဆိုးနှင့် ဘဝခရီး မလျှောက်လှမ်း စေချင်ပါကြောင်း၊ စေတနာ ကောင်းဖြင့်သာ ခရီး သွားလေမှ အဆင်ပြေမည် ဖြစ်ပါကြောင်း ပြောလို ရင်း ဖြစ်ပေသည်။

ပို၍ ရှင်းစိမ့်သောငှာ သစ်တစ်ပင်နှင့် တင်စားရသော် စေတနာ ကံသည် မျိုးစေ့သဘော ချက်ချင်း အကျိုး မပေးနိုင်သည် ဖြစ်၍ သတ္တိ အနေဖြင့်သာ ကိန်းအောင်း ပါသည်။ ဤဘဝမှာ ထိုမျိုးစေ့ကို ဥာဏ်နှင့်တူသော လယ်ယာမြေ ကောင်းမှာ စိုက်ပျိုးပြီး ဝီရိယနှင့် တူသော ရေကို မကြာမကြာ လောင်းပေးရန် လိုပါ၏။ သို့သော် မျိုးစေ့ ဘယ်လောက် ကောင်းကောင်း သည်အတိုင်း ထားလျှင် အပင်မပေါက်၊ မြေကြီးနှင့် ထိမှ သာလျှင် အပင် ပေါက်မည်။ ဒါပေမဲ့ ရေလောင်း မပေးလျှင် ရှင်သန် ကြီးထွားလာမည် မဟုတ်ပေ။ အကြောင်း ပြည့်စုံမှ အကျိုး ထင်ပါသည်။

ယခုအထိ တရုတ် လူမျိုးတို့သည် မြေကြီးနှင့် မိုးကောင်းကင်ကို အလေးအမြတ် ပြု၏။ မိုး နတ်မင်းကြီးကို တိုင်တည်၏။ မြေနှင့် ရေမရှိလျှင် လူဟူ၍ပင် ဖြစ်မလာ နိုင်ဟု သူတို့ ယုံကြည်သည်။ မြေကြီးကို ကျေးဇူး တင်သည်။ ပြောကြစ တမ်း ဆိုလျှင် အစ္စရေး နိုင်ငံမှာ မြေ ကောင်းကောင်းမရှိ၊ သဲ ကန္တာရတွေ များ၍  မြေ အငှားဖြင့် နည်းပညာတွေ သုံး၊ မျိုးရိုး ပညာလေ့လာ သစ်ခွပန်းတွေ စိုက်ပျိုး လိုက်သည်မှာ ကမ္ဘာမှာ သစ်ခွ မျိုးပေါင်းစုံ ရနိုင်သော နိုင်ငံ ဖြစ်လာ သည်။ သစ်ခွပန်းကို အနက်ရောင် ဖြစ်အောင်လည်း လုပ်နိုင်စွမ်းသည်။

ထိုအချိန်က အစ္စရေးကို အားကျ၍ မြန်မာပြည်မှာ သစ်ခွ အပါအဝင် ဈေးကွက်ဝင် အပင်များ စိုက်ပျိုးနိုင်ရန် (Soiltest) ပညာရှင် များကို ငှားရမ်း ခေါ်ယူခဲ့သည်။ စာချုပ်သက်တမ်း မပြည့်ခင် ပညာရှင်များ ပြန်မည်လုပ် တော့ ''ဘာဖြစ်လို့ ပြန်မှာလဲ'' မေးသောအခါ ''မင်းတို့ တိုင်းပြည်က ဘာပင်စိုက်စိုက် ပေါက်နိုင်တဲ့ မြေကောင်းတွေ ရှိနေတာ ငါတို့က ဘာ စမ်းသပ်စရာ လိုတော့လဲ'' တဲ့ ကဲဘယ်လောက် ဂုဏ်ယူစရ ကောင်းသလဲ။ မြေရှိသည်၊ ရေရှိသည်။ ပညာပဲ လိုသည် မဟုတ်ပါလား။

ယခင် အချိန်ကာလများ ဆီက အစ္စရေး ဝန်ကြီးချုပ် မြန်မာပြည်ကို အလည် တစ်ခေါက် ရောက်လာရာ အိမ်ရှင် မြန်မာက ပုပ္ပားတောင်ကို ရဟတ်ယာဉ်ဖြင့် ပြရာ တောင်ကျရေများ မြင်ရသည့်အခါ ''ဟာ ရေတွေ ပါလား ဒီရေတွေ ဘာလုပ်သလဲ'' မေးတော့ မြန်မာတွေက ''စီးသွား ပါတယ်'' ပေါ့။ ထိုအခါ ဝန်ကြီးချုပ်က ''ဟ ရေဆိုတာ စီး မသွားရဘူး ဆည် တားရတယ်။ တို့နိုင်ငံမှာ ဒီလိုရေမျိုး ရရင် ကမ္ဘာကို လွှမ်းပစ်လိုက်မယ်'' ကိုင်း အဲ့ဒါပါပဲ။ 

ခုတော့ ကြက်မောက်တောင် ဆည်တွေ ဖြစ်လာပြီပေါ့။ ''ဒါတွေ တကယ်လား''လို့ အမေး ရှိသော် ကျွန်တော် ဖြေပါမည်။ ပို၍ သိလိုလျှင် ဆရာကြီး ဦးအောင်သင်းကို မေးကြည့်ပါတော့။ သူဟော ပြောတာကို နားထောင်ပြီး ကျွန်တော်က အလှူ လက်ဖက်နှင့် ဧည့်ခံ လိုက်တာပါ။ သို့အတွက် ဆရာကြီး ကျန်းမာ ပါစေကြောင်း ဆုတောင်း အပ်ပါ၏။

သည်တော့ မြေကောင်း ရေကောင်း မျိုးစေ့တွေလည်း ကောင်းနေသော ကျွန်တော်တို့ တိုင်းပြည်သည် မင်္ဂလာ ရှိသော တိုင်းပြည်ပါ။ ထို့ကြောင့် မျိုးစေ့၊ မြေ၊ ရေနှင့် တူသော ကံ၊ ဥာဏ်၊ ဝီရိယ တို့ဖြင့် ကြိုးစားကြကာ မျိုးစေ့မှန်၍ ရှင်သန်သော အသီး အပွင့်များကို ခံစား နိုင်ပါကြောင်း တိုက်တွန်း ရေးသား အပ်ပါသည်။   ။

ဆာယာလှမြင့်