Monday, June 6, 2011

ကမ္မသတ္တိတရားတော်

ကမ္မသတ္တိတရားတော်



ကံအကျိုး မြင်လို့။ ။
ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း ရှင် လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။ ဘယ်လို လိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။ဘယ်လို အကျိုးရှိတုန်း။ မတော်တဲ့ မကောင်းမှု အကုသိုလ်အခန်းကျရင် နောက်ဆုတ်တယ်။ နည်းနည်းတွန့်လာတယ်။ နောက်ဆုတ်တယ်ဆိုတာလဲ ကံရဲ့အကျိုးကို လှမ်းမြင်လို့ ဆုတ်တာ။ ကောင်းတဲ့အလုပ် လုပ်ရမယ်ဆိုတော့ ကံရဲ့အကျိုး လှမ်းမြင်လိုက်တယ် ဆိုရင် အားတက်သရော ရှိလာတယ်။ လုံ့လ ဝီရိယတိုးလာတယ်။ သဒ္ဓါတရားတွေ တိုးလာတယ်။ ဒါကြောင့် ကံဟာ ဘယ်လိုပါလိမ့်မတုန်း ဆိုတာ အလှူ့ဒကာ အလှူ့အမတို့လို လူဝတ်ကြောင် ဘက်တွင် မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ နားလည်ပြီးတော့မှနေလျှင် အင်မတန် ကောင်းတယ်။ ခု ဆိုပါတော့ပေါ့။အလှူ့ရှင်များက အားတက်သရောနဲ့ လှူကြ တန်းကြတယ်။ စိတ်စေတနာ ထက်သန်ကြတယ်လို့ဆိုတော့ သူတို့ဘက်က တာဝန်ကျေသွားတယ်။


လောဘပေါင်းမြက်။ ။
အလှူခံပုဂ္ဂိုလ်ဘက်က လှူဒါန်းတဲ့ ဒီစားဖွယ်သောက်ဖွယ်တွေကို မြိန်မြိန်ရှက်ရှက် အရသာခံပြီးတော့ စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါန မျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင် ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။ ပေါက်တော့ ပေါက်ပါရဲ့။ဒါပေမယ့် အပင်က သုံးပုံနှစ်ပုံလောက်သာ အောင်တော့တယ်။ တစ်ပုံလောက်က ပေါင်းမြက်တွေနဲ့ ရောပြီးတော့ ပေါင်းမြက်တွေက ယူသွား တာနဲ့ မအောင်ဘူး။ ဒီလိုဖြစ်တယ်။ ဒီတော့ ဘုန်းကြီးကနေပြီးတော့ အလှူ့ရှင် ဆွမ်းဒါယကာ ဒါယိကာမ ဆွေသားမျိုးစုဘက်က သဒ္ဓါတရား တိုးပွားပါစေတော့လို့ ဒီလို စိတ်ထားပြီးတော့ ပြုပြင်ရုံတင်မကဘူး၊ ဘုန်းကြီးတို့ရဲ့ အလှူခံ သံဃာတော်များ ရဟန်း သာမဏေများ ဘက်က လောဘတကြီးနဲ့ ဝမ်းမြောက်ဝမ်းသာ စားသောက်နေမှာကို သိပ်စိုးရိမ်တာပဲ။


အောက်ကျနောက်ကျ။ ။
ဒီတော့ကာ ခုတင်က လောဘဖြစ်ပြီးတော့ စားတယ်ဆိုရင် လောဘပေါင်းမြက်တွေပါလို့ အလှူ့ရှင်မှာ အကျိုးနည်းရတဲ့အပြင် အလှူခံပုဂ္ဂိုလ်က ဒီနေရာမှာ အလှူခံဘဝနဲ့ အလှူခံလိုက် ရပေမယ့် ဟိုနောက်ဘဝ ကျတော့ အလှူခံပုဂ္ဂိုလ်အဖြစ်နဲ့ အကျိုးပေးမှာ မဟုတ်ဘူး။ သူ့ရဲ့ မတရားတာကို မတရားတဲ့အလိုက် အကျိုးပေးသွားမယ်။ အောက်ကျနောက်ကျ ဖြစ်စရာရှိရင် ဖြစ်သွားမယ်။ အဲဒါ ဘုန်းကြီးက စိုးရိမ်လို့ အလှူခံဘက်က။ဒီ အလှူခံဆိုတာ သူများမဟုတ်ဘူး၊ ဘုန်းကြီးတို့ပဲ။ ဘုန်းကြီးတို့ ဆရာတပည့်တစုက အဲဒီလို လောဘတကြီးနဲ့ ဖြစ်သွားမှာ သိပ်စိုးတယ်။ ဆွမ်းဟင်းတွေ ဘာတွေက စိတ်တိုင်းမကျလို့ ဒေါသတွေ ဘာတွေ စိတ်မချမ်းသာတာတွေ ဖြစ်မှာလဲ ဘုန်းကြီး သိပ်စိုးတယ်။


အလှူခံတာဝန်။ ။
ဒီတော့ ဘုန်းကြီးမှာ နှစ်ဖက်ငဲ့ပြီးတော့ ကြည့်ရပါတယ်။အလှူခံပုဂ္ဂိုလ်တွေဘက်ကလဲ ပေါင်းမြက် သဘောလို လောဘ ဒေါသတွေ မပါ,ပါစေနဲ့။ တခါ ဟိုနောက်ဘဝ သံသရာကျတော့ ဒီလောဘ ဒေါသတွေနဲ့ နေတဲ့ အလှူခံပုဂ္ဂိုလ်က သက်သက်သာသာနဲ့ သွားရမှာ မဟုတ်ဘူး။ သူ့မှာ အပြစ်တွေနဲ့ ထွေးရောယှက်တင် သွားရမယ်။အဲဒီလို ဘုန်းကြီးက ကံ၏အကျိုးကိုပေါ့လေ မြင်လို့မို့ ဘုန်းကြီးတို့ဘက်ကလဲ ဝမ်းမြောက်ဝမ်းသာနဲ့ အားရပါးရ စားတာကို ဘုန်းကြီးက မကြိုက်ချင်ဘူး။ သဘောမတူချင်ဘူး။ဒီကလဲ ပစ္စဝေက္ခဏာ ဆင်ခြင်လို့၊ အလှူ့ရှင်တွေအပေါ်မှာ မေတ္တာပို့လို့၊ ဒီလို အနေမျိုးနဲ့ စားမှ ဘုန်းကြီးတို့မှာ ပေါင်းမြက်လဲ ကင်းတယ်လို့ ဆိုရတယ်။ပြီးတော့ ဘဝသံသရာမှာ ဒီ လောဘ ဒေါသတွေက အကျိုးပေးစရာ မရှိဘဲ၊ ဘုန်းကြီးတို့ရဲ့ မေတ္တာ ကရုဏာနဲ့ သီလ သိက္ခာတွေက ကောင်းသော အကျိုးကို ပေးစရာ ရှိတယ်။အဲဒီ နှစ်ဖက်ငဲ့တယ်ဆိုတဲ့ဥစ္စာဟာ ကံ-ကံ၏အကျိုးကို မြင်လွန်းလို့ ငဲ့နေတာ။ဒါကြောင့် ကံ-ကံ၏အကျိုးကို ကောင်းကောင်း နားလည်ဖို့ ကောင်းတယ်။


ကံ၏သဘော။ ။
သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။
သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်၊ နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ- ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီးမဖြစ်ရချေ။ သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌၊ ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊ သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိဓာတ်ကလေးကို)၊ နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှုပ်ထား ပြီး၍သာလျှင်၊ နိရုဇ္ဈတိ-ဥပါဒ် ဌီ ဘင် အစဉ်စေ့ရောက် ချုပ်ပျောက် ပျက်စီးရလေသတည်း။
သာဓု ... သာဓု ... သာဓု။


ကံတွေပါလာ။ ။
ဘုန်းကြီးတို့သန္တာန်မှာ ကံတွေ အများကြီး ရှိတယ်။ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကံတွေ၊ ဒီဘဝမှာ ပြုတဲ့ကံတွေ အများကြီး ရှိတယ်။လူတယောက်ဟာ ပစ္စည်းတွေက သိပ်ပေါတယ်။သိပ်ပေါတော့ ကိုယ့်ပစ္စည်း ဘယ်နား ဘာရှိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး၊ သတိမထားမိဘူး ပေါလိုက်တာ။ဒါပေမယ့် သုံးချင်တဲ့အခါ သတိထားလိုက်တော့ ဟာ ဘယ်နားမှာ ဘာပစ္စည်းတွေ ရှိတယ်ဆိုပြီးတော့ အလွယ်တကူ ယူပြီး သုံးနိုင်တယ်။အဲဒီလိုပဲ ကံတွေကလဲ အများကြီး။ ကိုယ့်ကံတွေကိုတောင် မမှတ်မိဘူး။ဟိုဘဝများစွာ သံသရာက ကံတွေဆိုတာ သာပြီးတော့ မမှတ်မိသေး။


ကောင်းကံက လွှမ်း။ ။
ဘုန်းကြီးတို့ ပိုပြီး ကြောက်စရာကောင်းတာက ဘဝများစွာက ပြုခဲ့တဲ့ မကောင်းကံတွေလဲ ပါလာတယ်။ အဲဒီဟာက တော်တော် ကြောက်စရာ ကောင်းတယ်။အဲဒီ မကောင်းကံတွေကို အကျိုးပေးခွင့်မရအောင် ကောင်းကံတွေကို အများကြီး ပြုရတယ်။အများကြီးပြုလို့ ကောင်းကံတွေက လွှမ်းနေပြီဆိုမှဖြင့် မကောင်းကံတွေက အကျိုးပေးမယ်လို့ ကပ်လာပါရဲ့။ ကောင်းတဲ့ကံတွေက လွှမ်းသွားလို့ အကျိုးပေးခွင့် မရလိုက်ဘူး။
မကောင်းကံတွေက အကျိုးပေးမယ်လို့ နေပြန်ရော။
ကောင်းတဲ့ကံတွေက အများကြီးက လွှမ်းလိုက်ပြန်ရော။
မကောင်းကံတွေ အကျိုးပေးခွင့် မရပြန်ဘူး။
အဲဒီလိုနည်းအားဖြင့် မကောင်းကံတွေလေ အကျိုးပေးမယ်လို့ စောင့်နေပေမယ့် အခွင့်မရလို့ ဟိုနောက်ဘဝကျတောင် သူတို့ အကျိုးပေးမယ်လို့ ကြံစည်ရာက မရတာနဲ့မို့လို့ ဒီလိုနဲ့ပဲ အဟောသိကံ=အကျိုးမပေးနိုင်တဲ့ ကံအဖြစ်နဲ့ ပရိနိဗ္ဗာန်စံတော့ ကျန်ရစ်ကြတယ်။

ဒါတောင် ကပ်ကပ်သပ်သပ် ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ဘဝက မှားမှားယွင်းယွင်း ကံကလေးတွေအချို့ ပြုခဲ့မိလို့လေ .. ခါးတော်နာရတယ်၊ ဘုရားဖြစ်တော့ စိဉ္စမာနဝိကာတို့ရဲ့ အစွပ်အစွဲ ခံရတယ်။ အရှင်ဒေဝဒတ်တို့ရဲ့ ကျောက်လှိမ့်ချခံရတယ်။ ဒီ့အပြင် နောက်ဆုံးကျတော့ ဝမ်းတော်လားရတယ်။


ကောင်းကံတွေ ပြုလို့။ ။
ဒီအကုသိုလ်ကံတွေက ဘုန်းကြီးတို့လဲ ပါတယ်။
အားလုံး ဒါယကာ ဒါယိကာမတွေမှာလဲ ပါတယ်။
အဲဒီဟာကို အကျိုးပေးခွင့် မရအောင်လို့ဆိုပြီးတော့ ကောင်းတဲ့ကံတွေ ပြုပြီးရင်း ပြုရင်း၊ ဒါနပြုရင်း၊ သီလဆောက်တည်ရင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းရင်း၊ နေ့စဉ် နေ့စဉ် မေတ္တာ ကရုဏာဖြစ်ရင်း၊ နေ့စဉ် နေ့စဉ် တွေ့ရာမြင်ရာနဲ့ စကားပြောတဲ့အခါ မေတ္တာသံနဲ့ စကားပြောရင်း, ကရုဏာသံနဲ့ စကားပြောရင်း ကောင်းတဲ့ကံတွေချည်း ခုလို တတ်သိနားလည်တဲ့ ဘဝမှာ စုသွားရတယ်။

နို့မို့လို့ရှိရင် အကုသိုလ်ကံတွေက အခွင့်သာလို့ မကောင်းကျိုးတွေ ပေးမှဖြင့် မိမိတို့လဲ မကောင်းလူတွေဖြစ် မကောင်းသတ္တဝါတွေဖြစ် မကောင်းစိတ်တွေဖြစ်ပြီးတော့ မကောင်းကံတွေ ပြန်ပြီးတော့ တိုးပွားလာပြန်တာပဲ။ ဒါကြောင့် ဒီဘဝ အထိုက်အလျောက် လူကောင်းဖြစ်တယ်ဆိုရင် ပိုကောင်းအောင် လုပ်ရတယ်။ အထိုက်အလျောက် သူတော်ကောင်း ရဟန်းသံဃာဖြစ်တယ်ဆိုရင် ပိုကောင်းအောင် ကြိုးစားရတယ်။ မကောင်းကံတွေက ပါ,ပါနေသေးလို့မို့ ပိုကောင်းအောင် ကြိုးစားရတယ်။


ချုပ်တော့ ချုပ်သွား။ ။
သန္တာနေ-ရုပ်နာမ်ခန္ဓာအစဉ်၌ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော် ...။
ကံက ချုပ်တော့ ချုပ်သွားတာပေါ့။ ဆိုပါတော့ .. မနက်က ဆွမ်းလောင်းကြတယ်။ ဆွမ်းလောင်းတဲ့ အခါမှာဖြစ်တဲ့ စေတနာကံတွေဟာ အဲဒီတုန်းကပဲ ချုပ်သွားတယ်။ နောက်ထပ်ပြန်သတိရတော့ ထပ်ပြီးတော့ ကံသစ်ပေါ်လာတယ်။ ကံသစ်ပေါ်လာပြီး ထပ်ချုပ်သွားပြန်တာပဲ။ ဒီတော့ ကံဆိုတဲ့ဥစ္စာ စိတ်စေတသိက်ထဲကပါတဲ့ စေတသိက်တရားမျိုးလို့မို့ စိတ်ချုပ်သလိုပဲ သူလဲချုပ်သွားတာပဲ။ စိတ်ပျောက်သလိုပဲ သူလဲပျောက်သွားတာပဲ။ဒါဖြင့် ပြီးပြီးပျောက်ပျောက် ပျောက်သွားသလားဆိုတော့ မပျောက်ဘူး။


သတ္တိမြှပ်နှံ။ ။
နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန် ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ ...ချုပ်တော့ချုပ်သွားတယ်။ ချုပ်သွားပေမယ်လို့ အိပ်ပျော် နေတဲ့အခါဖြစ်တဲ့ စိတ်မျိုးလို ပြီးပြီးပျောက်ပျောက် မဟုတ်ပါဘူး။အမှုမဲ့ အမှတ်မဲ့ ဟိုနားဒီနား သွားတဲ့အခါမှာ တွေ့မြင်ရတဲ့ စိတ်မျိုးလို ပြီးပြီးပျောက်ပျောက် မဟုတ်ပါဘူး။တမင့်ကို စိတ်ပါလက်ပါလုပ်တဲ့ စေတနာတွေကတော့ သတ္တိနှစ် သတ္တိဓာတ်ကို မြှပ်နှံခဲ့တယ်။

သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိနှစ်ဓာက် လေးကို) နိဒေတွာဟိ- အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှပ်ထားပြီး၍ သာလျှင် ဒီခန္ဓာအစဉ်ထဲမှာ သူ့သတ္တိမြှုပ်သွားတယ်။အဲဒီသတ္တိကို ပဋ္ဌာန်းပါဠိတော်က ကမ္မပစ္စည်းလို့ ခေါ်တယ်။ ဒီကမ္မသတ္တိပဲ။ ဒါတွေကို ဘုရားမြတ်စွာ ပွင့်တော်မူလာတော့မှ ထိထိ ရောက်ရောက် လက်ညှိုးနဲ့ ထောက်ပြသလို တောက်ပြ နိုင်တော့တယ်။

ဟိုရှေးရှေးတုန်းက ပညာရှိကြီးတွေ “ကံရှိတယ်၊ ကံ၏အကျိုးရှိတယ်။ ကံရှိတယ်၊ ကံ၏ အကျိုးရှိတယ်” ဒါလောက်တော့ ပြောနိုင်ကြတယ်။ဘယ်ကောင်းတဲ့ကံကြောင့် ကောင်းတဲ့ အကျိုးပေးတယ်။ ဒါလောက်တော့ ပြောနိုင်တယ်။အဲဒီကံဟာ ဘယ်လိုလဲဆိုတာတော့ မပြောနိုင်ဘူး။ ဒါက ဘုရားပွင့်လာလို့ မြတ်စွာဘုရားက ကမ္မပစ္စယသတ္တိဟာလေ ကံက ဥပါဒ် ဌီ ဘင် ချုပ်သွားတယ်။ဟော .. သူ့ရဲ့သတ္တိတော့ မြှုပ်နှံသွားတယ်။


ကံ ၂-မျိုးရှိ။ ။
ဒီတော့ ဘုန်းကြီးတို့ ဒီနားရပ်ပြီး စဉ်းစားရမှာက ဘုန်းကြီးတို့ သန္တာန်မှာ ဘဝများစွာက အကုသိုလ်ကံရဲ့ အကုသိုလ်သတ္တိတွေ အများကြီးရှိပေလိမ့်မယ်။ကုသိုလ်ကံရဲ့ ကုသိုလ် သတ္တိတွေလဲ အများကြီးရှိပေလိမ့်မယ်။ ဒီလို ပထမ စဉ်းစားရမယ်။ဒီလို စဉ်းစားပြီးတော့ အဲဒီ ကုသိုလ်ကံ, အကုသိုလ်ကံတွေထဲက အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ ကံတွေကတော့ ပေးပြီးပြီ။အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ အကုသိုလ်ကံတွေကလဲ ပေးပြီးပါပြီ။
အခုကျန်တာကတော့ အခွင့်သင့်တဲ့အခါ အကျိုးပေးဖို့လို့ မလိုလဲလိုလဲ ကံတွေ ကုသိုလ်ကံ တွေကလဲ အကျိုးမပေးရရင် မနေနိုင်လောက်တဲ့ ဈာန်ကုသိုလ်တွေ ဘာတွေ ပေးပြီးပြီ။အဲ အခုကျန်တဲ့ ကုသိုလ်တွေကတော့ အခွင့်သင့်တဲ့အခါ အခွင့်သင့်သလို ပေးမယ်လို့ ကျန်နေတဲ့ ကံတွေကတော့ ပြည့်လို့။ မကောင်းဖက်က ကြည့်လိုက်လဲ ပြည့်လို့။ကောင်းတဲ့ကံဘက် ကြည့်လိုက်လဲ ပြည့်လို့။ ဘုန်းကြီးမှာရော, အားလုံး သံဃာတော်တွေမှာရော, အလှူ့ဒကာ အလှူ့အမ ဆွေမျိုးသားချင်းတွေမှာရော ပြည့်လို့။ဒါတွေ နားလည်ထားဖို့ သိပ်ကောင်းတာပဲ။


သတ္တိကျန်နေ ။ ။
ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာမျိုးသည် နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်၍သွားသည်ရှိသော်သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ န နိရုဇ္ဈတိ-ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီး မဖြစ်ရချေ။
အချည်းနှီးဖြစ်သွားတယ်ဆိုရင်တော့ ဘာလုပ်ဖို့လဲ။ကံပြုတာ အလကားနေမှာပေါ့။ မဟုတ်ဘူး။ အချည်းနှီး မဖြစ်ဘူး။ ကျန်နေတယ်။ သတ္တိကျန်နေတယ်။ အရာဝတ္ထုကျန်မနေဘူး။ သူ့ရဲ့သတ္တိ ကျန်နေတယ်။ သတ္တိဆိုတဲ့ဥစ္စာဟာ ကိုယ့်ကိုယ်တိုင်ပဲ ချိန်ကြည့်စမ်းပါလား။


သတ္တိသဘော။ ။
လူတယောက်ဟာ စကားပြောကောင်းတဲ့သတ္တိ ရှိတယ်။ ကြံရည်ဖန်ရည် စိတ်ကူးဉာဏ် သတ္တိရှိတယ်။ လုပ်ငန်းဆောင်တာမှာ လုပ်နိုင်ကိုင်နိုင်တဲ့ သတ္တိရှိတယ်။ သူ့ရဲ့သတ္တိတွေ အများကြီးရှိတယ် ဆိုပါတော့။အဲဒီသတ္တိဟာ ခန္ဓာကိုယ်ထဲရှိသလားဆိုတော့ .. ရှိတယ်ပေါ့။ရှိလို့မို့ .. တခါတလေ ပြောရေးဆိုရေးကြုံလာတော့ အဲဒီသတ္တိထုတ်ပြီးတော့ ပြောလိုက်တာ ... တယ် အပြောကောင်းတယ်ကိုး။ လူတဖက်သားနားလည်အောင် တယ်ပြောတတ်၊ လူတဖက်သား သဘောကျသွားအောင် တယ်ပြောတတ်။ ဟောဒါ သတ္တိ သတ္တိ။အဲဒီသတ္တိ .. နဂိုကော မရှိဘူးလား၊ အိပ်ပျော်နေလဲ ရှိတာပဲ၊ ထမင်းစားသောက် သွားလာနေလဲ ရှိတာပဲ။ဒါပေမယ့် အဲဒီသတ္တိဟာ အကောင်အထည်လားလို့ဆိုတော့ ... မဟုတ်ဘူး ... သတ္တိပါပဲ။

လူတယောက်ဟာ လုပ်ရည်ကိုင်ရည် သတ္တိရှိတယ်။ ဟော .. အချိန်ကျလို့ အလုပ်တခုကြုံလာတော့ သူက လုပ်ပြလိုက်တယ်။တယ်တော်တဲ့သူပဲ။ တယ်သတ္တိရှိတယ်။ ကြံရည်ဖန်ရည်ကျတော့လဲ တယ်ကောင်း။ စီမံလိုက်တာ တယ်သဘာဝကျ။ သတ္တိရှိတယ်။အဲဒီသတ္တိတွေဟာ ဘယ်လောက်ပဲ များများ ရာပေါင်း ထောင်ပေါင်းစုနေပေမည့် ဝန်မလေးပါဘူး။
အခွင့်သင့်မှ။ ။
အဲဒီသတ္တိ ဘယ်မှာ ပါနေသလဲ။စိတ်အစဉ်ထဲမှာ ပါနေတယ်။စိတ်အစဉ်မှာသာ ပါတာ မဟုတ်ဘူး။ ရုပ်အစဉ်မှာလဲ အဲဒီသတ္တိ ပါနေတယ်။အဲဒီသတ္တိဟာ ဘာမှ ဝန်မလေးဘူး။ သတ္တိကတော့ သတ္တိပဲ။ အဲဒီလိုပဲ ကမ္မပစ္စည်းဆိုတဲ့ သတ္တိတွေ ဘုန်းကြီးတို့သန္တာန်မှာ ပါနေတယ်။ အကုသိုလ်သတ္တိတွေလဲ တပုံကြီးပါပဲ။ ကုသိုလ်သတ္တိတွေလဲ တပုံကြီးပါပဲ။ဝန်လေးသလား၊ ဝန်မလေးပါဘူး။ဒါဖြင့် ဒီလို ကုသိုလ် အကုသိုလ် သတ္တိတွေက ဘယ်အခါမှ အကျိုးပေးသတုန်းလို့ ဆိုတော့ ..။

သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌ ဝိပစ္စိတုံ-ဆိုင်ရာအကျိုးကို ပေးခြင်းငှာ၊ အကြောင်းသင့်၍ အကျိုးပေးတယ်။ အကုသိုလ်ကံတွေကလဲ ကာလဝိပတ္တိကြုံလာပြီ၊ မကောင်းတဲ့ ကာလနဲ့ ကြုံနေပြီဆိုရင် အကျိုးပေးတာပဲ။


ဘဝအလိုက်။ ။
ဘဝကိုက မကောင်းတဲ့ဘဝ ကြုံနေပြီ၊ တိရစ္ဆာန်ဖြစ်နေပြီ ဆိုပါတော့၊ အကုသိုလ်ကံတွေက အကျိုးပေးတာပဲ။ ဟိုက ခဲနဲ့ ပေါက်မယ်၊ ဒီက ခဲနဲ့ ပေါက်မယ်။ တော်တော်ကြာတော့ စားစရာ သောက်စရာ မစားရ မသောက်ရ ဖြစ်နေမယ်။ နေစရာ ထိုင်စရာမရှိ ဖြစ်နေမယ်။အဲဒီ အကုသိုလ်ကံမျိုး လူ့ဘဝကော မပါလာဘူးလား။ ပါ,ပါရဲ့။ ဘဝက နည်းနည်းကောင်းနေတော့ အဲဒီ နေစရာမရှိအောင်ရယ်၊ ထိုင်စရာမရှိအောင်ရယ်၊ ဟိုကဒီက နှိပ်စက်အောင်ရယ်။ ဒီလိုတော့ သူတို့က မတတ်နိုင်ဘူး။ မပါဘူးလားဆိုတော့ ပါတယ်။ ဒီကံတွေ ပါပေမယ်လို့ ဂတိကောင်းနေတဲ့အခါကျတော့ ဒီအကုသိုလ်ကံတွေက အကျိုးမပေးနိုင်ပြန်ဘူး။


ဉာဏ်ရှိ မရှိ။ ။
တခါ လုံ့လဝီရိယဉာဏ် မကောင်းတဲ့လူတွေကျတော့ အကုသိုလ်ကံတွေက အကျိုးပေးတယ်။ ဆိုပါတော့ .. ဉာဏ်မရှိလို့ ဒီအစာကလေး တည့်မှန်းမသိ မတည့်မှန်းမသိတော့ မတည့်တဲ့အစာကို စားမိတယ်။ တော်တော်ကြာတော့ ရောဂါရတယ်။ ရှိတဲ့ရောဂါ တိုးတယ်။ရောဂါရဖို့ရန် ရောဂါတိုးဖို့ရန်ကတော့ အကုသိုလ်က စီမံတာပဲ။အဲဒီ အကုသိုလ်ကံချည်း သက်သက် စီမံနိုင်သလားလို့ဆိုတော့ ... မဟုတ်သေးဘူး။

သူ .. ဉာဏ်မရှိလို့ မတော်တာတွေ စားလို့၊ဉာဏ်မရှိလို့ ရေမချိုးသင့်တဲ့အချိန် ချိုးလို့၊ဉာဏ်မရှိလို့ မသွားသင့်တဲ့နေရာ သွားလို့၊သူ .. ဒီလို ရောဂါတိုးတာ ရောဂါရတာ။ ရပြီးသား ရောဂါ တိုးတယ်။ ဒါဖြင့် ဒီပြင် ပုဂ္ဂိုလ်တယောက်တော့ ဒီလိုပဲ ဘာလို့ ရောဂါမဖြစ်တုန်း။သူက နည်းနည်း ဉာဏ်ရှိတယ်။ဒါ မတော်ဘူးလို့ဆိုတာ သူမှတ်ထားတယ်။ဒီအချိန် သွားလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။ဒီအချိန် ရေချိုးလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။ဟော .. ဉာဏ်ရှိတာနဲ့ပဲ မကောင်းကျိုး မပေးနိုင်ဘူး။

လူနှစ်ယောက်တွင် ဉာဏ်မရှိတဲ့သူမှာ မကောင်းကျိုးပေးတယ်။ဉာဏ်ရှိတဲ့သူမှာ မကောင်းကျိုး မပေးနိုင်ဘူး။ဒါ့ကြောင့် မကောင်းတဲ့ ကံတွေ အကျိုးပေးတယ်ဆိုတဲ့ဥစ္စာ မကောင်းအောင်ကို အကြောင်းတွေက ဆုံလာမှ မကောင်းကျိုးပေးတာပါ။


စောစောက ပြင်။ ။
“သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးခြင်းငှာ”လို့ဆိုတော့ အဲဒီအကြောင်းတွေကိုလေ ဒါတွေဟာ မကောင်းကျိုးကို ပေးတတ်တဲ့ အကြောင်းတွေပဲလို့ နားလည်အောင် စောစောက ပညာတွေ သင်ရမယ်။
စောစောက မိကောင်းဖကောင်း ဆရာသမားကောင်း ဆွေကောင်းမျိုးကောင်းတွေနဲ့ ပေါင်းသင်းပြီးတော့ သူတို့အဆုံးအမကို နားထောင်ရတယ်။ မှတ်သားရတယ်။ ကိုယ့်ဘာသာကိုယ်လဲ စဉ်းစားဉာဏ်ရှိရတယ်။အဲဒီ ဉာဏ်တို့ ဝီရိယတို့ အလိမ္မာတို့ ရှိပြီဆိုတော့ ကာလမကောင်းတောင် သူ့အတွက် တော်တော်သက်သာတယ်။(ဂတိ=ဘဝက နည်းနည်းကလေး ညံ့နေတယ်ဆိုအုန်းတော့ သူ့အတွက် နည်းနည်း သက်သာတယ်။)
ကာလောပဓိပယောဂါနံ, ဂတိယာ စ ယထာရဟံ၊
သမ္ပတ္တိံ စ ဝိပတ္တိံ စ, ကမ္မမာဂမ္မ ပစ္စတိ။


ကာလ။ ။
ကာလောပဓိပယောဂါနံ-အများနေထိုင်ရာဖြစ်တဲ့အခါ ကာလ, အဆင်းလှပခြင်း အရုပ်ဆိုးခြင်းဆိုတဲ့ ဥပဓိ လုံ့လဝီရိယ အသိအလိမ္မာဉာဏ်ဆိုတဲ့ ပယောဂတို့၏လည်းကောင်းဂတိယာ စ-ရောက်ရာ ဘုံဌာနဟူသော ဂတိ၏လည်းကောင်းသမ္ပတ္တိံ စ-အကြောင်းရင်းခံ ဖန်သည့်အလိုက် သမ္ပတ္တိ ဆိုက်မှုကိုလည်းကောင်း ဝိပတ္တိံ စ-အကြောင်းရင်းခံ ဖန်သည့်အလိုက် ဝိပတ္တိဆိုက်မှုကို လည်းကောင်းအာဂမ္မ-မလွဲသမှု အစွဲပြု၍ ကမ္မံ-မီးခဲပြာဖုံး ပမာသုံးဖို့ လုံးလုံးမပြယ် ကိုယ်ဝယ်ဖန်ထား ကံတရားသည်ပစ္စတိ-ကောင်းဆိုးကျိုးတွေ ပေးနိုင်လေ၏။ မီးခဲပြာဖုံးနေသလို ကံကို မမြင်ရဘူး။ မမြင်ရပေမယ့် ကံတွေ ရှိနေတာပဲ၊ ပြည့်လို့။အဲဒါတွေဟာ ကာလသမ္ပတ္တိနဲ့ ကြုံနေမယ်ဆိုရင် သာမန်ကုသိုလ်ကံတွေကတောင်မှ အကျိုးပေးလိုက်တာ။ ကာလက တယ်ကောင်းတယ်ကိုး။အင်း .. နေလို့ထိုင်လို့ ကောင်းတယ်။ ရောင်းလို့ ဝယ်လို့ ကောင်းတယ်။ သွားလို့လာလို့ ကောင်းတယ်။ ဒီလိုဆိုရင် သာမန် ကံသမားလေးတွေတောင်မှ စားရေး သောက်ရေးချောင်လို့၊ နေရေးထိုင်ရေး ကောင်းလို့၊ ကာလကောင်းနဲ့ တွေ့တာကိုး။


ရုပ်အဆင်း။ ။
ဥပဓိဆိုတဲ့ဥစ္စာ ရှိတယ်။ ရုပ်အဆင်းကို ခေါ်တယ်။ ရုပ်အဆင်းဟာ အမှတ်တမဲ့တော့ အရေးမကြီးပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အဆင်းလှတယ်ဆိုရင်ပဲ ဘေးက မြင်နေရတဲ့သူက .. တယ် ရုပ်ကလေးက သနားကမားလေးနဲ့ ဆိုပြီးတော့ သူ့အပေါ် ချစ်ခင်စိတ် ရှိတယ်။ကလေး ကလေးဆိုလို့ရှိရင်လဲ ရုပ်ကလေးက သနားကမားကလေးနဲ့ ဆိုပြီးတော့ ကျွေးချင် မွေးချင်လာတယ်။လူကြီး လူကြီးအလိုက်ပေါ့လေ။အရုပ်က ဆိုးနေပြီဆိုလို့ရှိရင် ကျွေးချင် မွေးချင်စိတ်တောင် နည်းသွားတယ်။သနားတတ်တဲ့သူနဲ့ တွေ့ရင်သာ ကျွေးချင် မွေးချင်တယ်။
ဒါကြောင့် ဥပဓိဆိုတဲ့ ရုပ်အဆင်းဟာ သိပ်အရေးကြီးတာပဲ။ဟို အထက်တန်းကျလေ ရုပ်အဆင်းက အရေးကြီးလေ။အထက်တန်းရောက်လာလေ ဥပဓိက အရေးကြီးလေ။သူတို့ကတော့ဖြင့် အကျိုးမပေးပဲ နေပါ့မလား .. ဥပဓိကိုက တယ်ကောင်းတာကိုး။အကုန်လုံး လိုက်ပြီးတော့ အကျိုးပေးစရာ အကြောင်းဖြစ်သွားတယ်။


အလိမ္မာ။ ။
ပယောဂဆိုတဲ့ဥစ္စာ ဉာဏ် ဝီရိယ အလိမ္မာပဲ။အလိမ္မာက ညံ့ရင် ညံ့သလောက် အကျိုးပေးနည်းသွားတယ်။ အလိမ္မာက ကောင်းရင် ကောင်းသလောက် အကျိုးပေး ကြီးကျယ်သွားတယ်။အဲဒီ အလိမ္မာကောင်းအောင်လို့ ဉာဏ် ဝီရိယကောင်းလာအောင်လို့ ဆရာကောင်း သမားကောင်း ရှာကြရတာ။ဒီ အလိမ္မာ ဝီရိယကောင်းလာအောင်လို့ အဲဒါတွေက တန်ဖိုးရှိလွန်းလို့ ဘုန်းကြီးပြောနေတာ။ ဥပဓိတွေ ဘယ်လောက်ကောင်းနေနေ ကံ ဝီရိယ ညံ့ဖျင်းပြီဆိုရင် အကျိုးကောင်းကောင်း မပေးဘူး။ပေးသမျှ အကျိုးတွေလဲ ပျောက်ပျက်သွားတတ်တယ်။


စေတနာသည် ကံ။ ။
ဒါ့ကြောင့် ကံဆိုတဲ့ဥစ္စာ ဘယ်လိုပါလိမ့်မလဲလို့ ပထမဆုံး ပြန်ပြီးတော့ စဉ်းစားကြည့်ပါ။ကုသိုလ်ပြုပြု အကုသိုလ်ပြုပြု ဒီထဲမှာ ရှိတဲ့ စေတနာကို ကံလို့ ခေါ်တယ်။ဒါဖြင့် အဲဒီ စေတနာက ဘယ်လိုသဘောနဲ့ ဘဝများစွာသို့လိုက်ပါလိမ့်မတုန်းဆိုတော့ -

“ကုသလာ ကုသလံ-ကုသိုလ် အကုသိုလ်ဖြစ်သော ကမ္မံ-ကံစေတနာသည်ဝိပါကာနံ-နောက်နောက် ဝိပါက်ဆိုတဲ့ နာမ်တရားတို့အားလည်းကောင်းကဋတ္တာ စ ရူပါနံ-ကမ္မဇရုပ်ဆိုတဲ့ ကဋတ္တာရုပ် တရားတို့အားလည်းကောင်းကမ္မပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်ပစ္စယော-ကျေးဇူးပြုသည်ဟောတိ - ဖြစ်၏” လို့ မြတ်စွာဘုရား ဟောတော်မူတယ်။

မြတ်စွာဘုရားက အဲဒီ စေတနာဟာလေ ဥပါဒ် ဌီ ဘင် ဆိုပြီးတော့ နာမ်တရား ထုံးစံအတိုင်း ချုပ်သွားပေမယ့် သတ္တိကျန်နေရစ်တယ်။ ဘာသတ္တိပါလိမ့်။ကမ္မပစ္စည်းသတ္တိ ကျန်နေရစ်တယ်။ ဒီတော့ ကမ္မပစ္စည်းသတ္တိ ကျန်နေရစ်လို့ရှိရင် တို့ဘဝများစွာက ပြုခဲ့တဲ့ ကောင်းကံ၊ မကောင်းကံရဲ့ သတ္တိတွေ အများကြီး ရှိမှာပေါ့။ဟုတ်တယ် .. အများကြီး ရှိတာပဲ။ဒါဖြင့် ကောင်းကံရော မကောင်းကံရော ဆုံပြီးတော့ ဘာပြုလို့ အကျိုးမပေးကြသတုန်းလို့ဆိုတော့ ... သြော် ကံက သူ့ချည်း မပေးပါဘူး။ကာလအလိုက် အကျိုးပေးတာ။
ကာလ မကောင်းပါလား၊ မကောင်းကံတွေက အကျိုးပေးမှာပေါ့။
ကာလ ကောင်းနေစမ်းပါလား၊ ကောင်းကံတွေက အကျိုးပေးမှာပေါ့။


ဘဝ ကောင်း-ဆိုး။ ။
ဟုတ်ပြီ။ ဂတိ=ဘဝကိုက မကောင်းတဲ့ ဘဝ၊ တိရစ္ဆာန်ဘဝ ရောက်စမ်းပါလား။ ငရဲဘဝ ရောက်နေစမ်းပါလား။ ပြိတ္တာဘဝ ရောက်နေစမ်းပါလား။ မကောင်းတဲ့ ကံဟာလေ သိပ်အကျိုးပေးခွင့် ရသွားတာပဲ။ဂတိက လူ့ဘဝတွေ ရောက်နေစမ်းပါလား။ နတ်ဘဝတွေ ရောက်နေစမ်းပါလား။ ငတ်အောင် နှိပ်စက်နိုင်တဲ့ ကံပါပေမယ့် အို .. လူ့ဘဝဆိုတာ နောက်ဆုံး တောင်းစားရင် ရသေးတယ်။ မငတ်ပါဘူး။ဟို နတ်ဘဝတို့လိုများ ရောက်သွားတော့ ငတ်အောင် ပြုနိုင်တဲ့ကံ အဲဒီမှာ မရှိဘူးလား။ ရှိပါရဲ့။ ဒါဖြင့် ငတ်နေပါလား။ နတ်ဟာ ဘယ်တော့မှ မငတ်ပါဘူး။ ဘာပြုလို့တုန်းဆိုတော့ ဂတိကိုက အင်မတန် ကောင်းတဲ့ ဂတိဖြစ်နေတာကိုး။
ဒါကြောင့် ကာလကောင်းရင် ကောင်းတဲ့ကံတွေက၊ ကာလမကောင်းရင် မကောင်းတဲ့ ကံတွေက၊ဂတိဆိုတဲ့ ဘဝကောင်းရင် ကောင်းတဲ့ကံတွေက အခွင့်သာတယ်။ ဂတိဆိုတဲ့ ဘဝမကောင်းလို့ ငရဲ, တိရစ္ဆာန်, ပြိတ္တာဖြစ်နေမယ်ဆိုရင် မကောင်းတဲ့ကံတွေက အခွင့်သာပါတယ်။


ရုပ် လှ-မလှ။ ။
တိရစ္ဆာန်ဖြစ်သွားအုန်း၊ ကောင်းတဲ့ကံတွေက အခွင့်သာလို့ ခွေးကလေး လှလှလေးဆိုရင် ကျွေးမယ့်သူနဲ့ မွေးမယ့်သူနဲ့၊ သူ့ကို တကတည်း မွေးချင်တဲ့သူတွေနဲ့၊ ခွေးကလေးက လှတာကိုး။ဥပဓိက လှနေလို့ရှိရင် ကောင်းတဲ့ကံတွေက အကျိုးပေးတယ်။တိရစ္ဆာန်ဖြစ်တောင် လိုက် အကျိုးပေးတယ်။

မလှဘူးဆိုလို့ရှိရင် လူ့ဘဝရောက်နေတာတောင်မှ လူ့ကိုက ရုပ်ကြီးကိုက ဘယ့်နှယ်ပဲ ညာ့နှယ်ပဲနဲ့ ပြောပြီးတော့ ကိုယ့်ဆွေမျိုးသားချင်းများကတောင် အရေးမစိုက်ချင်ဘူး။ အမေကတော့ ချစ်ပါရဲ့။ အဖေကတော့ နည်းနည်းတောင် အင်တင်တင်ကြီး။ ဘိုးတွေ ဘွားတွေက ဒီကလေးကို ဟိုနား ဒီနား ချီမသွားပါဘူး။ အဒေါ်တွေ အမတွေ ဦးကြီးဦးလေးတွေက မချီပါဘူး။ ခင်ဗျားနဲ့ ဘယ့်နှယ်တော်တုန်း မေးရင် ပြောရမှာတောင် နည်းနည်း ရှက်တက်တက်။ အရုပ်ဆိုးတာနဲ့ သူ့မိဘ ဘိုးဘွားက စပြီးတော့ သိပ်အရေးမစိုက်ဘူး။

ရုပ်ကလေးက လှလှပပလို့ဆိုတော့ ကြွားချင်တယ်ကိုး။ အဖေကလဲ သားကလေးကို ပွေ့ချီပြီးတော့ “ဒါ ကျုပ်သားပါ၊ ဒါ ကျုပ်သားပါ”။ ဘိုးကလဲ ချီပြီးတော့ ဟိုအိမ် ဒီအိမ်များ လည်လို့။ “ဒါ ကျုပ်မြေးလေ၊ ကျုပ်သားက မွေးတာ, သမီးက မွေးတာ”။ သူကလဲ ကြွားချင်တယ်။ ဘေးက အဒေါ်တွေ ဘာတွေကလဲ ပွေ့လို့၊ ဟိုအိမ် ဒီအိမ် သွားရင် ဒီကလေးကို ချီသွားချင်တယ်။ တော်တော်လေး ကြီးတော့လဲ ဒီလိုပဲ။

ဒါကြောင့် ဥပဓိလှလို့ရှိရင် တိရစ္ဆာန်ဖြစ်တောင်မှ အကျိုးပေးတယ်။ ဥပဓိသာ မလှဘူးဆိုလို့ရှိရင် ဂတိကောင်းတဲ့ လူ့ဘဝတောင်မှ သိပ်အကျိုးမပေးပါဘူး။ဥပဓိရုပ်အဆင်းဟာ ဒီလောက် ကွာခြားတယ်။ အရေးကြီးတယ်။


ခွေးလိမ္မာ။ ။
လုံ့လ ဝီရိယ ဉာဏ် အသိအလိမ္မာရှိပြီဆိုလို့ရှိရင် ခွေးကလေးတောင် နည်းနည်းလိမ္မာတဲ့ ခွေးဆိုရင်ပဲ နောက်ဆုံး လက်ပေးကလေး သင်လို့ လွယ်အုန်းတော့ ကျွေးမယ့်သူ တယ်မရှားလှဘူး။ ဒီခွေးကလေးက ညကျ ဟောဖော်ပြုဖော် ရတယ်၊ လုံ့လဝီရိယရှိတယ်၊ စောင့်ရှောက်ဖော် ရတယ်ဆိုပြီးတော့ ကျွေးကြတယ်။ ဟောဒီ မကောင်းတဲ့ဂတိ ရောက်သွားတာတောင်မှ အဲဒီခွေးကလေး ဝီရိယရှိတာနဲ့ အလိမ္မာကလေးရှိတာနဲ့ စားရေးသောက်ရေး မခဲယဉ်းဘူး။ မွေးမယ့် ကျွေးမယ့်သူတွေ ပေါတယ်။


ဝီရိယ။ ။
လူ့ဘဝရလာပြီး ပျင်းလိုက်တာ၊ ဝီရိယက ဘာမှ မရှိဘူးဆိုရင်တော့ သူဟာ နောက်ဆုံး ကူလီလုပ်တောင်မှ သူများလောက် မရဘူး။ သူများ လုပ်ကိုင်ကုန်ကြပြီ၊ သူက အိပ်တုန်း ရှိသေးတယ်။ သူက ပျင်းလို့ သန်းတုန်း ဝေတုန်း ရှိသေးတယ်။ သူများက ဘယ်လောက်ရပြီဆို သူက မရပေါင်။ဒါကြောင့် လုံ့လဝီရိယရှိရင် ကာလကလဲ ကောင်းမယ်၊ ဂတိကလဲ ကောင်းမယ်၊ အလိမ္မာကလဲ ရှိမယ်ဆိုလို့ရှိရင် အစွမ်းကုန် အကျိုးပေးတယ်။ ဘာမှ စဉ်းစားမနေနဲ့။


အကျိုး ပေး-မပေး။ ။
ဘယ်သူဟာ အကျိုးပေးတယ်ဆိုလို့ရှိရင်တော့ သေသေချာချာကြည့်။ ဉာဏ်ဝီရိယက ဘယ်လိုဖြစ်လိမ့်မယ်။ ဘယ်သူဟာ အကျိုးမပေးဘူးဆိုလို့ရှိရင် ဉာဏ် ဝီရိယ ဘယ့်နှယ်ဖြစ်လိမ့်မယ်။ သူ အကျိုးပေးပါ့မလား၊ စကားပြောတာ ကြည့်ပါလား၊ ဘောက်ချည့် ပြောပြောနေတာပဲ၊ သူများ မခံချင်အောင်ချည့် ပြောတာပဲ၊ သူနဲ့ကို ဘယ်သူမှ အပေါင်းအသင်း တယ်မလုပ်ချင်ကြဘူး၊ အို အလိမ္မာကိုက ရှိမှ မရှိဘဲကိုး။ဒါကြောင့် ကံဟာ ကံချည်း အကျိုးမပေးဘူးဆိုတာ သိပ်နားလည်ဖို့ ကောင်းတယ်။

ကာလောပဓိ ပယောဂါနံ, ဂတိယာ စ ယထာရဟံ၊
သမ္ပတ္တိံ စ ဝိပတ္တိံ စ, ကမ္မ မာဂမ္မ ပစ္စတိ။

ဒီတော့ ကံဟာ ဘယ်လို၊ ကံရဲ့သတ္တိဟာ ဘယ်လိုလိုက်လာတယ်ဆိုတာ နားလည်ပြီနော်။ကံဟာ ခန္ဓာအစဉ်မှာ အမြဲပါနေတယ်။အဲဒီကံဟာ သတ္တိရှိပေမယ့် သူ့ချည်းတော့ အကျိုးမပေးပါဘူး။ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂ ကောင်း,မကောင်း လိုက်ပြီးတော့ ကောင်းကံ မကောင်းကံတွေ အကျိုးပေးခွင့် သာကြတာပဲလို့ ဒီလို သိနားလည်ပါနော်။


ပို မိုက်သွား။ ။
ဒီလို နားလည်ပြီးတော့ ကောင်းကံပဲ အကျိုးပေးပေး၊ မကောင်းကံပဲ ပေးပေး အဲဒီ အကျိုးပေးတဲ့တနေ့မှာ စိတ်ရင်း စေတနာရင်း ကောင်းဖို့ လိုပြန်ရော။အချို့ မကောင်းကံတွေ အကျိုးပေးတော့ ‘ငါ့ .. သူများက အရေးမစိုက်ဘူး’ဆိုပြီး ပိုရွတ်ပြီးတော့ သူ ပိုယုတ်မာသွားတယ်။ ပိုမိုက်သွားတယ်။မကောင်းကံကလေ မကောင်းကျိုးပေးလိုက်တာ ပိုမိုက်တွင်းနက်ပြီးတော့ အပါယ်လေးပါး ရောက်သွားတယ်။မကောင်းကံက စိတ်ထားမတတ်လို့ရှိရင် သိပ်ကြောက်စရာ ကောင်းတာပဲ။


အမျိုးကောင်း ။ ။
တခါ ကောင်းကံကကောလို့ဆိုတော့ သူကလဲ စိတ်ထားမကောင်းရင် အများကြီး ကြောက်စရာ ကောင်းတယ်။အခုကာလ လူ့လောကကြီး ပြောကြစို့။အမျိုးကောင်းတယ်၊ ဥစ္စာပေါတယ်၊ ရုပ်ချောတယ်၊ ပညာတတ်တယ်၊ ဒါ အကောင်းတွေချည်းပဲ။ကောင်းကံတွေက အကျိုးပေးနေတာ။ ဒီအတိုင်းဆိုတော့ အကောင်းပဲ။သို့ပေမယ့် စိတ်နေစိတ်ထား လိုက်ပြီးတော့ တာရှည်ကောင်း, မကောင်း စဉ်းစားရတယ်။

တချို့များ ရှေးက ကုသိုလ်ကံတွေ အကျိုးပေးလို့ အမျိုးကောင်းထဲ သွားပြီးတော့ ဖြစ်ရတယ်။ကောင်းပါတယ်။ ဒါပေမယ့် သူဟာ နှစ်ဖက်စွန်းထွက်နေပြန်ပါတယ်။အသိအလိမ္မာတွေ ဘာတွေ မရှိလို့ နောင်သံသရာတွေ ဘာတွေ ဘာမှ မစဉ်းစားတတ်တော့ မာနကြီးလို့။အဲဒါ အမျိုးမြတ်တာနဲ့ပဲ မာနကြီးတဲ့အတွက် သူ့မှာ အကုသိုလ်ကံတွေ ထပ်ဝင်ပြီးတော့ နောက်တကြိမ် အမျိုးယုတ်တာက စပြီးတော့ အပါယ်လေးပါး သွားရတယ်။


မာနနှိမ်ချ။ ။
ဒီတော့ အမျိုးမြတ်ရင် အထက်တန်းကျရင် မာနမကြီးနဲ့။အထက်တန်းကျတာ ရှေးကံကောင်းလို့ပေါ့လေ ဆိုပြီးတော့ မာန်မာနတွေ တခါတည်း နှိမ်ချလို့၊ စကားပြောတို့ ဘာတို့ ရိုးရိုးသားသားကလေး ပြောလို့၊ သူတပါးအပေါ်မှာ မေတ္တာ ကရုဏာနဲ့ ပြောလို့ဆိုတော့ ဘေးကနေပြီး သိပ်တော်တာပဲ ဘယ်သူတွေများလေ၊ ဟာ သူတို့အမျိုးက အင်မတန် အထက်တန်းကျတာ၊ ဒါတောင်မှလေ ကျုပ်တို့နဲ့များ စကားပြောအုန်း .. လေးလေးစားစား ရှိလိုက်တာ၊ ကျုပ်ဖြင့် ကြည်ညိုလိုက်တာလေနဲ့၊ ဟောဒီဘဝမှာကို သူ့မယ်လေ အကျိုးတွေ ရပြီးတော့ နောင်သံသရာ ဒီထက် မြင့်မြတ်တဲ့ အကျိုးတွေ ရသွားတယ်။ အမျိုးမြတ်တယ်။


စိတ်ကြီးဝင်ရင်။ ။
တခါ အဆင်းလှတယ်၊ ရုပ်ချောတယ်။အဆင်းလှ ရုပ်ချောတော့ “ငါ့မယ်လေ ရှေးကံကောင်းလို့မို့ ဒီလိုဖြစ်ရတာလို့ သဘောမထားဘဲနဲ့ မာနကြီးပြီးတော့ ဒင်းတို့နဲ့အတူတူ မသွားချင်ပါဘူး”လို့ မာနတက်တယ်၊ အလှဂုဏ်တက်တယ်။ သူများကို အဖက် မထင်ချင်ဘူး။ သူက စိတ်ကြီးဝင်တယ်။ဒါဟာ အဆင်းလှတဲ့အတွက် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အကုသိုလ်တွေ ထပ်ဝင်ပြီးတော့ သူ့မှာ နောက်ဘဝ သံသရာမှာ အဆင်းမလှဖို့ရာရော အပါယ်လေးပါးသွားဖို့ရာရော အကြောင်းတွေ ဖြစ်ပြန်ရော။


ရုပ်လှ အပြစ်။ ။
စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက အမျိုးသမီးတွေက အလွန် အရေးပါကြတယ်။ အရေးပေးသည့်အားလျော်စွာ သူကလဲပဲ ပြန်ပြီးတော့ကို အင်း .. ဖောက်ဖောက်ပြန်ပြန်ကလေး ဖြစ်လိုက်ရော။အဲဒီလို ဖောက်ဖောက်ပြန်ပြန် ဖြစ်တာနဲ့ပဲ ငရဲကျပြီး တော်တော်ကြာတော့ နပုံးပဏ္ဍုက်ဖြစ်ရတယ်။ တိရစ္ဆာန်ဖြစ်ရတယ်။ တိရစ္ဆာန်မှာလဲပဲ အထီးမဟုတ် အမ,မဟုတ် ဖြစ်ရတယ်။ လူဖြစ်ပြန်တော့လဲပဲ ယောက်ျားမဟုတ် မိန်းမ,မဟုတ် ဖြစ်ရတယ်။ နောက် မိန်းမဘဝ ဖြစ်ရတယ်။ နောက် တော်တော်ကလေး ကြာတော့မှ ယောက်ျားဘဝ ဖြစ်ရတယ်။ ကြည့်စမ်း .. သူများမဟုတ်ဘူး။ အရှင်အာနန္ဒာအလောင်း။ ဒါ့ကြောင့် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အလိမ္မာဆိုတာ အင်မတန် လိုတယ်။

အဲဒီအခါတုန်းက သာသနာပဖြစ်လို့ နေမှာပေါ့။ သာသနာတွင်းသာ ဖြစ်မယ်၊ သူတော်ကောင်းတွေ နဲ့သာ ပေါင်းသင်းဆက်ဆံရမယ်ဆိုရင် အရှင်အာနန္ဒာအလောင်းတို့လို ပုဂ္ဂိုလ်မျိုးဟာ အကြောင်းမဲ့ မကောင်းတဲ့အလုပ်တွေ မလုပ်မိပါဘူး။အခုတော့ ကာလဒေသက မကောင်းတာနဲ့၊ မိကောင်းဖကောင်း ဆရာကောင်းသမားကောင်းတို့ရဲ့ အဆုံးအမတွေနဲ့ မတွေ့ရတာနဲ့ အရှင်အာနန္ဒာအလောင်းတောင် ရုပ်ချောတဲ့ဘဝမှာ မှားမှားယွင်းယွင်း ဖြစ်ရတယ်။ဒီတော့ ရုပ်အဆင်းလှတာဟာ အင်မတန် သတိထားစရာ ကောင်းတယ်။ဘုန်းကြီးတို့ မြို့ကြီးပြကြီးတွေမှာ အမျိုးသမီးတွေ ရုပ်အဆင်းလှတာနဲ့ ပျက်စီးကြတယ်။ တော်တော်များများ ပျက်စီးကြတယ်။ ရုပ်အဆင်းလှတာနဲ့ပဲ ဒီ့အပြင် မတရားတဲ့အလုပ်တွေ လုပ်ကြတယ်။ ဒါကြောင့် ရုပ်အဆင်းလှမှု အမျိုးမြတ်မှုဟာ ကိုယ်က လိမ္မာပါမှ အထက်တန်းတိုးပြီးတော့ အကျိုးရတယ်။ ရုပ်အဆင်း လှပေမယ်လို့ အမျိုးမြတ်ပေမယ်လို့ စိတ်ထားမတတ်လို့ရှိရင် ပြန်ပြီးတော့ အောက်တန်းကျဖို့ ဖြစ်တယ်။


ပစ္စည်းတန်ဖိုး။ ။
တခါ ဥစ္စာပေါတာ ကြည့်အုန်း။ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့ စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။ မရှိဆင်းရဲတဲ့သူတွေ နေထိုင်ဖို့ရန် ဇရပ် တန်ဆောင်း ဆောက်မယ်။ ဂီလာနသာလာဆိုတဲ့ ဆေးရုံကို ဆောက်မယ်။ ဆရာတွေ ငှားပြီးတော့ ပညာသင်ကျောင်းကြီးတွေ လုပ်ပေးမယ်။ သာသနာတော်ကြီးနဲ့ ကြုံလို့ရှိရင် သာသနာတော်ကို ထောက်ပံ့ပြီးတော့ သာသနာတော်ကြီးတိုးတက်အောင် ငါလုပ်မယ်။ဟောသလိုဆိုတော့လေ ပစ္စည်း ဥစ္စာတွေဟာ သိပ်ပြီးတော့ တန်ဖိုးရှိတယ်။ နည်းနည်း တန်ဖိုးရှိတာ မဟုတ်ဘူး။ တကယ့်ပါရမီရှင် သူတော်စင်တွေဟာ ပစ္စည်းရှိရာဘဝက နေပြီးတော့ ပါရမီတွေ ထပ်ဖြည့်ကြတာပဲ။

အဲသလို မဟုတ်ဘဲနဲ့ ဟိုသူဌေးသား ၄-ယောက် ဒု-သ-န-သောတို့လိုကျတော့ ပစ္စည်းရှိတာနဲ့မို့လို့ မတရားတွေ လိုက်စားလိုက်တာ ယခုထက်ထိ သံရည်ပူငရဲမှာ ကျပြီးတော့ ကျက်နေရတယ်။ဒီတော့ ပစ္စည်းရှိတဲ့ဥစ္စာဟာ လိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် အင်မတန် တန်ဖိုးရှိတယ်။ မလိမ္မာတဲ့ ပုဂ္ဂိုလ်တွေအတွက် သိပ်ကြောက်စရာကောင်းတာပဲ။ မိမိကို ပြန်ပြီးတော့ နှိပ်စက်တတ်တယ်။


ပညာရဲ့ အပြစ်။ ။
ပညာတတ်တယ် ဉာဏ်ကောင်းတယ်ဆိုတဲ့ဥစ္စာ ရှေးကံ အင်မတန်ကောင်းလာလို့ တတ်တာ။ အဲဒီပညာ အကြောင်းပြုပြီးတော့ မာန်မာနတွေ ကြီးလို့၊ မတရားတဲ့နည်းလမ်းတွေ ရှာလို့၊ လောကီအာရုံ ကာမဂုဏ်တွေ ခံစားမှုဘက်မှာ အလုပ်ထွင်လို့။ ဒီလိုဆိုရင် ရှေးကံကြောင့် တတ်နေတဲ့ ပညာ၊ ရှေးကံကြောင့် ဖြစ်လာတဲ့ အသိဉာဏ်တွေဟာ မတရားဘက်မှာ သွားပြီးတော့ သုံးစွဲတဲ့အတွက်ကြောင့် နောက်ဘဝမှာ အပါယ်လေးပါးသွားပြီးတော့ ပညာဉာဏ်ဖျင်းတဲ့သူတွေ ဖြစ်ဖို့ရန် အကြောင်းဖြစ်ပြန်ရော။


ပညာရဲ့ အကျိုး။ ။
ပညာဉာဏ်အကြောင်းပြုပြီးတော့ “ငါလေ .. ရှေးကံကောင်းလို့မို့ ဉာဏ်ပညာတွေ ထက်လာတယ်၊ အသိဉာဏ်တွေ ကြီးလာတယ်၊ ဒါကြောင့် ငါဟာ ဉာဏ်ပညာမရှိတဲ့သူတွေ ဉာဏ်ပညာရှိလာအောင် ပညာသင်ပေးမယ်။ ပြောဟောပေးမယ်။ ဆုံးမပေးမယ်”။ ဒီလိုဆိုလို့ရှိရင် ပညာတွေကြီးလို့ ဘုရားအလောင်းတော်တို့လို ပုဂ္ဂိုလ်တွေဖြစ်လို့ သိပ်ကောင်းတာပဲ။ဒီလိုမှ မဟုတ်ဘဲနဲ့ ဉာဏ်ပညာ အကြောင်းပြုပြီးသကာလ မာနကြီးပြီးတော့ သူများအထင်သေးလို့၊ သူများဉာဏ်ပညာညံ့တဲ့ဥစ္စာပဲ ပြောလို့ စောင်းလို့ လုပ်လို့ရှိရင် ကိုယ်ဟာ ဘဝသံသရာမှာ ဉာဏ်ပညာညံ့ဖျင်းတဲ့သူ ဖြစ်ရမယ်။

အဲဒီလို မဖြစ်ရအောင်လေ ကံကို အင်မတန် နားလည်ဖို့ ကောင်းပါတယ်။ကံဆိုတာ စေတနာကို ခေါ်တယ်။အဲဒီ စေတနာဟာ သံသရာမှာ ဘဝဆက်တိုင်း လိုက်မယ်။
ဘဝဆက်တိုင်းလိုက်ပေမယ်လို့ ကောင်းကံ မကောင်းကံဟာ “ကာလ, ဂတိ, ဥပဓိ, ပယောဂ” လိုက်ပြီး ကောင်းကျိုး မကောင်းကျိုး ပေးတာဖြစ်လို့ -
ကာလကောင်း
ဂတိကောင်း
ဥပဓိကောင်း
ပယောဂကောင်းတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု။

အရှင်ဇနကာဘိဝံသ

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ) Posted by http://lokachantha.blogspot.com/2008/12/blog-post_11.html

Sunday, June 5, 2011

“ပုတီး နဲ့ သိဒ္ဓိ”




“ပုတီး နဲ့ သိဒ္ဓိ”


“ကံစမ်း မန်းတက်၊ ဉာဏ်စမ်း ဆန်းကျက်” ဆိုတဲ့ စကားပုံ ဟိုယခင်က မန္တလေး စာသင်သား လောကမှာ တွင်ကျယ် ခဲ့ပါတယ်။ စာရေးသူလည်း မန္တလေးမြို့မှာ ထိုစဉ်က စာသင်သား ကိုရင်ငယ်ဘဝနဲ့ပါ။မိမိရဲ့ ရှေးဘုန်း ရှေးကံ အဘယ်မျှ ရှိတယ် ၊ မရှိဘူး ဆိုတာကို စမ်းချင်ရင် မန္တလေးမြို့တော်တက်ပြီး စာသင်သား အဖြစ်နဲ့ ဆွမ်းခံကြည့်က သိနိုင်တာကို ပြောလိုရင်း ဖြစ်ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်း၊ ဆွမ်းဟင်း ပြည့်ပြည့် စုံစုံ ရတယ်ဆိုရင် ရှေးဘုန်း ရှေးကံ ရှိတယ်။ အကယ်၍ မရဘူး ဆိုရင်တော့ မိမိမှာ ရှေးဘုန်းရှေးကံ မရှိဘူးပေါ့။


မန္တလေးဆိုတာ စာသင်သားက အလွန်များတော့ စာသင်သား အများစုမှာ ဆွမ်းခက်ခဲ လှပါတယ်။ စာသင်သား တိုင်းတိုင်း ဘုံလောင်းကိုဘဲ အားကိုးပြီး ဘုံလောင်းတိုး စားကြရတယ်။သဒ္ဓါပေါက်သူက မိမိအိမ်ရှေ့၊ သို့မဟုတ် ဘုရားကြီး အရှေ့မုခ်တို့လို ဆွမ်းခံသံဃာများစွာ ဖြတ်သွားဖြတ်လာများတဲ့ နေရာတွေမှာဆွမ်း၊ ဆွမ်းဟင်းအိုးတွေကို စားပွဲပေါ်မှာ တင်ပြီး လာသမျှ ဆွမ်းခံ သံဃာတွေကို လောင်းလှူတာကို ဘုံလောင်းလို့ ခေါ်ဆိုပါတယ်။ဘုံလောင်း ဘယ်နေရာမှာ လောင်းနေတယ်ဆိုတာကို ဆွမ်းခံသံဃာ အချင်းချင်း သတင်းပေး သွားကြတော့ ဆွမ်း၊ ဆွမ်း ဟင်းသာ ပြတ်သွားတယ်၊ သံဃာပြတ်သွားတယ်ဆိုတာ မရှိဘူး။ ဘုံလောင်း တိုးနိုင်ပါမှ မျိုးမျိုး မြက်မြက် ဆွမ်းဟင်း ဘုဉ်းပေး ကြရတော့ သူရောကိုယ်ပါ ဘုံလောင်း လောင်းတဲ့ နေရာသို့ ချီတက်ကြရတယ်။ရွှေမန်သူ ၊ရွှေမန်းသား ကုသိုလ်ရှင်များကလည်း အဲလို ဆွမ်း၊ ဆွမ်းဟင်းကို တိုးပြီး အလှူခံ ကြတာကိုဘဲ ကြည့်ပြီး ကြည့်နူး ဝမ်းသာကြတယ်။ ဘုံလောင်း လှူနေရတာကို ပျော်ကြတယ်။ အချို့သံဃာက နှစ်ခေါက် သုံခေါက် ကြော့ပြီး အလှူခံနေရင်လည်း ကိုယ်တော် နှစ်ခါ သုံးခါရှိပြီးနော်လို့” နောက်ကြတယ်။ နောက်မှလာတဲ့ သံဃာက ကျော်ပြီး ရှေးကနေ ဖြတ်တက် အလှူခံ ရင်လည်း “ ကိုယ်တော် နောက်ကနေ တန်းပါလို့” လျှောက်ကြတယ်။ဆွမ်းခံသံဃာ အတန်းကြီးက ရှည်တော့ ကိုယ့်အလှည့် ရောက်ပါမှ ဆွမ်း၊ ဆွမ်းဟင်း ကုန်တာနဲ့ ကြုံလို့ ကြေကွဲခဲ့ရတဲ့ ဖြစ်အင်တွေ ကလည်း ဆွမ်းခံ သံဃာတိုင်း ခံစားဘူးကြတော့ စာနာစိတ်နဲ့ ရှေးကနေ ဖြတ်ကျော်တက်ပြီး ခံယူတဲ့ သံဃာက ရှားလှပါတယ်။


စာချဆရာတော်ကြီးတွေလည်း ဘုံလောင်း တိုးကြရတာမို့ မိမိစာဝါ လိုက်နေတဲ့ စာချဘုန်းကြီးနဲ့ တိုးလို့ နောက်ဆုတ်ပေး ပေးပေမဲ့ စာချဘုန်းကြီးတွေက အခွင့်အရေး မယူရှာကြဘူး နောက်ကနေဘဲ ဝင်တန်းကြတယ်။ သို့ပေမဲ့ စိန်ပြေနပြေ လောင်းလို့ကတော့ မရဘူး၊ စာဝါအမှီ ကျောင်းပြန် ရောက်ကြရမှာမို့ အလုအယက် ဝုခွက်ကို ထိုးပေး နေကြ တာဆိုတော့ တိုးတိုး ဝှေ့ဝှေ့ သွက်သွက် လက်လက် လောင်းကြရတာပေါ့။(ဆွမ်းဟင်းထည့်တဲ့ခွက်ကို ဝုခွက်လို့ ခေါ်တယ်။) အဘယ်မျှ ဘုံလောင်း တိုးကြသလဲဆိုရင် မင်းတုန်းမင်းကြီး လက်ထက်တော်က ဆွမ်းခံသံဃာတွေ စီတန်းပြီး မခံယူဘဲ တိုးကြ လွန်းလို့ ဘေးမှနေ ဆင်တွေနဲ့ ကာရံပြီး လောင်းကြရသတဲ့။ ဒါတောင် တချို့သံဃာက ဆင်ကို သပိတ်ဖုံးနဲ့ ပိတ်ခုတ် လိုက်ရင် ဆင်က နောက်ဆုတ် ပေးရှာတယ်လို့ စာချဆရာတော်က စာချရင်း ပြောပြတယ်။


ကြာနီကန်ဆရာတော် ဟောသလို စာသင်သားတိုင်း “စ-ဒ-ဘ-ဝ” တွေချည်မို့ ဘုန်းကံနဲပေမဲ့ ရွှေမန်းမှာ စာသင်သားတွေ ပျော် ကြတယ်။ ကိုယ်ဒေသ ကိုယ်ပြန်ရင်လည်း မန်းပြန်ဆိုတဲ့ ဂုဏ်က မသေးလှဘူး။ စ-ဒ-ဗ-ဝ-ဆိုတာ စောစောထ၊ ဒုန်းပြေး၊ ဘုံလောင်းတိုး၊ ဝအောင်စား-ဆိုတာကို အတိုခေါက် ပြောတာ၊ စောစောထကြ ရတယ်၊ စောစောမထနိုင်ရင် ဘုံလောင်းနဲ့ မကြုံနိုင်ဘူး၊ ဘုံလောင်းက မိုးလင်းတာနဲ့ ကုန်တာများတယ်။ ဘုန်းကံနည်းသူများ ဘုံလောင်းတိုးပြီး ဆွမ်းခံကြရတာမို့ ဝီရိယရှိကြရတယ်၊ ဘုံလောင်းကလည်း နေစဉ်ရှိတတ်တာ မဟုတ်၊ ရှိဦးတော့ ကြုံဦးမှ ဆိုတော့ မန္တလေး လေးပြင်လေးရပ် စာသင်သား အများစုမှာ ဆွမ်းက ခက်ခဲလှပါတယ်။ ဆွမ်းခံပြန်လာရင် ဘုရားကြီးဝန်းကျင်ရှိ စာသင်တိုက်သံဃာတိုင်းက ဘုရားကြီးထဲဝင်ပြီး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကို မိမိတို့ ပင်ပင်ပန်းပန်း ခံလာတဲ့ဆွမ်း၊ ဆွမ်းဟင်းကို သပိတ်လိုက် ဆွမ်း ဝင်ကပ်ကြတယ်။ ပြီးမှ ကျောင်းပြန်၊ အစာပြေစား၊ ပြီးတော့မှ စာဝါပြေး ကြရတယ်။ နေ့လည် (၁၁)နာရီခွဲ လောက်မှာ မနက်က အကျန်လေးကို စုပေါင်း ဝိုင်းဖွဲ့ပြီး ရေနွေးနဲ့ မျှောကြ ရတယ်။ ထိုစဉ်က မန္တလေးမှာ ရေက ရှားလှလို့ ဆွမ်းခံပြန်တော့ ရေမချိုးကြရဘူး။


မန္တလေးမှာ စာသင်ဖူးတဲ့ စာသင်းသားတိုင်း၊ ယနေ့ ကျော်ကြားနေတဲ့ ဆရာတော်ကြီးများ အပါအဝင် ဘုံလောင်းတိုးပြီး စားခဲ့ရသူက များလှပါတယ်။ လွမ်းမိပါသေးတော့တယ်။ စာရေးရင်းတောင် မျက်ရည်စို့ဝဲပြီးလာတယ်။ ဘုံလောင်းတိုး ဆွမ်းခံစားရတဲ့ သံဃာအပြင် မန္တလေးမှာ ဆွမ်းခံသံဃာက ရပ်ကိုယ်တော်၊ ထိုင်ကိုယ်တော်၊ တို့ကိုယ်တော် ဆိုပြီး ရှိပြန်တယ်။ရပ်ကိုယ်တော်ဆိုတာ အိပ်ရှေ့မှာ ဆွမ်းခံ လာရပ်လို့ ဆွမ်းတစ်ဇွန်းလောက် လောင်းပေးရတဲ့ သံဃာကို ဆိုတာ။ထိုင်ကိုယ်တော်ဆိုတာ အိမ်ရှေ့မှာ ထိုင်ခုံလေးရယ်၊ စားပွဲရယ်၊ ဆွမ်း၊ ဆွမ်းဟင်း ထည့်ထားတဲ့ အုပ်ရယ် ထားပြီး မိမိတို့ကို ဆွမ်းခံဖိတ်စဉ်က လိုက်ခံထားလို့ လာထိုင်တဲ့ ကိုယ်တော်ဖြစ်တယ်။ ဆွမ်းနဲ့ ဆွမ်းဟင်း လောင်းကြတယ်။ မန္တလေးမြို့သူ၊ မြို့ သားများက “ တို့အိမ်မှာ ထိုင်ကိုယ်တော် ဘယ်နှစ်ပါး၊ ရပ်ကိုယ်တော် ဘယ်နှစ်ပါးဆိုပြီး” ဂုဏ်ယူတတ်ကြတယ်။ တချို့အိမ်ဆို အပါးလေးငါး ဆယ်ရှိတယ်၊ ဆွမ်းခံမှီအောင် ကြောင်းကြစိုက်ပြီး ဝယ်ခြမ်း ချက်ပြုတ်ရတယ်၊ နေ့စဉ်ကိစ္စ ဖြစ်တယ်။ ဘုန်းကြီး ငါးပါးလောက် တစ်ခါတလေ ဆွမ်းကပ်တာကို အဟုတ်ကြီး ထင်နေတဲ့ အခြားမြို့ရွာတွေ ဘယ်လိုမှ လိုက်မမှီနိုင်တဲ့ မန္တလာသူ၊ မန္တလာသားတို့ရဲ့ သဒ္ဓါစေတနာပါ။ အများစာဆိုတော့ အသီးအရွက် ရောနှောထားတဲ့ ဆွမ်းဟင်း ဘဲ နေ့စဉ် လောင်းနိုင်ကြပါတယ်။ ဒါကြောင့် ထိုင်ကိုယ်တော်၊ ရပ်ကိုယ်တော်တွေလည်း ဘုံလောင်းနဲ့ မကင်းနိုင်ကြဘူး၊ ဘုံလောင်းကမှ ဝက်သား အိုးကြီးချက်၊ သရက်သေနတ်၊ ငါးပိကျော် ရတတ်တာကို။ တို့ ကိုယ်တော် ဆိုတာကတော့ ဧည့်ခန်းမှာ ထိုင်ကြရတယ်၊ ရှယ်ဘုန်းဘုန်းပေါ့။ ကော်ဖီကပ်တယ်၊ တစ်ခါတလေ မန္တလေးရဲ့ နာမည်ကြီး မုန့်တီကပ်တယ်၊ မိသားစုစားမဲ့ ဆွမ်း၊ ဆွမ်းဟင်းကို လုံလုံ လောက်လောက် လောင်းလှူတယ်။ သူကတော့ ဘုံလောင်း တိုးစရာမလိုလို့ မိုးလင်းမှ ကြွတော်မူတယ်။ စ-ဒ-ဘ-ဝ-မဟုတ်ဘူး။ ရှေးဘုန်းရှေးကံရှိသူလို့ ဆိုတယ်။ ဒါကြောင့် ကိုယ့်ဘုန်းကံကို ဘယ်လောက်ရှိတာကို စမ်းကြည့်ချင်ရင် မန်းတက်ပြီး ဆွမ်းခံကြည်လို့ ပြောကြတာပါ။


“ဉာဏ်စမ်း ဆန်းကျက်” ဆိုတာကတော့ ဆန်းကျမ်းက ကျက်ရတာခက်လို့ မိမိဉာဏ်ဘယ်မျှကောင်းတယ်၊ မကောင်း ဘူးဆိုတာ သိချင်ရင် ဆန်းကျမ်းကို ကျက်ကြည့်ပါ ဆိုတာကို ပြောခြင်းဖြစ်တယ်။ စာရေးသူသည် ရွှေတောင်မြို့နယ်၊ ညောင်စာရေးရွာမှာ မွေးပြီး(၉)နှစ်သား၊ ရွှေမဉ္ဇူကျောင်းမှာ သင်္ကန်းဝတ်တယ်၊ အဲဒီတုန်းက ဆရာတော်ကြီးက “ ကိုရင်တွေကို မင်းတို့ မန္တလေးရောက်လို့ ဆွမ်း၊ ဆွမ်းဟင်း ကောင်းကောင်း ရချင်၊ စားချင်ရင် ပုတီးစိပ်ကြရမယ်” ဆိုကာ ညစဉ် (၇)နာရီးခွဲလောက် ဘုရားရှိခိုးပြီးရင် စုပေါင်းတန်းထိုင်ကာ ပုတီး ကိုးပတ် ရအောင် စိပ်ကြရတယ်။ ထိုစဉ်က ရွာဆရာတော်ကြီးရဲ့ စကားကို အမှတ်ရပြီး ဆွမ်းခက်ခဲ့တဲ့ မန္တလေးမှာ ကလေးပီပီ ငတ်တော့လည်း ပုတီးကို အားထည့်ပြီး စိပ်ဖြစ်ခဲ့တယ်။ မဆိုးဘူး ဆွမ်းခံထွက်ရင် ဘုံလောင်းနဲ့တိုးတတ်တာများတယ်။ နောက်တော့ မန္တလေးမှာ ရဟန်း ဒကာမရပြီး တို့ဘုန်းဘုန်း ဖြစ်ခဲ့ရလို့ ဆွမ်းမခက်ခဲတော့ဘူး။


စာရေးသူတို့ ကိုရင်ဝတ်စဉ်က ပရိက္ခရာဝယ်ရင် သပိတ်ထဲမှာ ပုတီးပါတယ်။ယခုခေတ်လို (၁၀၈)လုံးပုတီး၊ (၂၇)လုံးပုတီး၊ (၉)လုံး ပုတီးတွေတော့ မဟုတ်ဘူး၊(၃၂)လုံး ပုတီများဖြစ်ကြတယ်။ “ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ စတဲ့ သုံးဆဲ့ နှစ်ကောဋ္ဌာသကို စိပ်ဖို့ ဖြစ်ဟန်တယ်။ သို့ပေမယ့် ဆရာတော်ကြီးက ဂုဏ်တော်ကိုးပါးကို အနုလုံ ပဋိလုံစိပ်ရန် သင်ပေးထားလို့ (၁၀၈) လုံးပုတီးဖြစ်မှ စိပ်လို့ ရတာမို့ အဘက အိမ်ခြံဝင်းမှာ အလေ့ကျပေါက်တဲ့ ကြိမ်ပင်က ကြိမ်စေ့လေးများကို (၁၀၈)လုံး ပုတီးကုံးလေး လုပ်ပေးတယ်။ ကြိမ်စေ့က ချွန်ချွန် လုံးလုံး မာမာပြောင်ပြောင်လေးမို့ စိပ်လို့ကောင်းပါတယ်။ ဂုဏ်တော်ကိုးပါး အနုလုံပဋိလုံဆိုတာ “ အရဟံ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓေါ အရဟံ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာ စရသမ္ပန္နော-ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရသမ္ပန္နော သုဂတော-သုဂတော ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ” စတဲ့ တစ်ဂုဏ်တော်ချင်းစီ တိုးတိုးပြီး အပြန်အလှန် ဘဂဝါတိုင်အောင် စိပ်ရတာ ဖြစ်တယ်။ သတ္ထာဒေဝမနုဿာနံ ရောက်ရင် ၅၄-လုံး တစ်ဝက်ပြည့်တယ်။ ဘဂဝါ ဗုဒ္ဓေါ သတ္ထာဒေဝမနုဿာနံ အနုတ္တရောပုရိ သဒမ္မသာရထိ လောကဝိဒူ သုဂတော ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ-ပြန်ရောက်ရင်ရင် (၁၀၈)လုံး ကွက်တိ ဖြစ်တယ်။


အရဟံစပြီး အရဟံမှာ ဆုံးတယ်။ စိတ်မစိုက်လို့ကတော့ ပုတီးစေ့ကျန်လိုက် ပိုလိုက်ဖြစ်နေတော့တာ။ ဆရာတော်ကြီး ကပါ လိုက်စိပ်နေတာမို့ မှားတာကို သိတယ်။ ဒါကြောင့် ပြန်စိပ်ရပြန်တယ်၊ ကွက်တိကိုးပတ်ပြည့်အောင် အတော်ဂရုစိုက်ပြီး စိပ်ကြရတယ်။ ကိုးပတ်ပြည့်မှ နားကြရတယ်။ ကိုရင်ပေါက်စတွေကို သမာဓိထူထောင်ပေးဟန်တူရဲ့လို့ ကြီးမှစဉ်းစားမိတယ်။ အဲဒီအလေ့ အကျင့်ကြောင့် စာသင်သားဘဝ တစ်လျှောက်လုံး ပုတီး စိပ်ဖြစ်တယ်။ဗုဒ္ဓသာသနာဝင် သံဃာတော်များလောကသို့ ပုတီးဘယ်ပုံဘယ်နည်း ရောက်လာတယ်ဆိုတာ သုတေသနပြုဖို့ ကောင်းတယ်။ ဘုရားရှင် လက်ထက်ကတော့ ပုတီးမစိပ်ကြဘူး။ ဝိပဿနာ တရားကိုဘဲ ဘုရားရှင်ထံက နာယူပြီး အားထုတ်ကြတယ်။


ရှေးဆရာတော်ကြီးများရဲ့ ဓာတ်ပုံများကို ကြည့်ရတဲ့အခါ ပုတီးကိုင်ထားတဲ့ ပုံတော်များကို သတိထားမိတယ်။ တရုပ်ဘုန်းကြီး ကိုရီးယား ဘုန်းကြီးတွေလည်း ပုတီးကိုင်ကြတယ်။ သူတို့ပုတီးက အလုံးပိုကြီးတာဘဲထူးတယ်။ ဗုဒ္ဓဘာသာ လူတော်တော် များများလည်း ပုတီးစိပ်လေ့ရှိကြတယ်။ စာမေးပွဲဖြေဆိုပြီးရင် အလုပ်ကလဲအား၊ စာမေးပွဲလဲ အောင်ချင်လို့ တစ်နေကုန် ပုတီးစိပ်ဖြစ်တယ်။ စာမေးပွဲတွေလည်း အောင်ခဲ့ ပါတယ်။ ဖြေနိုင်လို့လည်း ဖြစ်မှာပါ။ စိတ်ကူးမိတာလေးတွေလည်း ဖြစ်ပေါ်လာတတ်တယ်။ ထိုစဉ်က စိပ်ဖြစ်ခဲ့တဲ့ ပုတီးစိပ်နည်းမှာ ဧပြီလနဲ့ မေလထုတ် သူရဇ္ဇမဂ္ဂဇင်းမှာ ဆရာကြီး(ဦး)ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ “ ယုံစေ ချင်ပါသည်” ဆောင်းပါးနဲ့ ယင်းဆောင်းပါးကို ပြန်ညွှန်းထားတဲ့ ဆရာကိုဩ(ရန်ကုန်တက္ကသိုလ်)ရဲ့ “ ပဲခူးမြို့တော်ရှင် ဘိုးဘိုး” မဟိဒ္ဓိမဂ္ဂဇင်းပါ ဆောင်ပါးတွေမှာ ဖေါ်ပြထားတဲ့ ပုတီးစိပ်နည်း ဖြစ်ပါတယ်။


ဆရာကြီးမင်းသိင်္ခရဲ့ မနောမယလက်ဆောင်ဆိုပြီး ပုတီးလုံး အရွယ်အစား မတူညီတဲ့ (၂၇)လုံးပုတီးနဲ့ စိပ်နည်းသည်လည်း ဆရာကြီး(ဦး)ဆန်းထွန်းဆောင်ပါးပါ နည်းဖြစ်တာကို ဖတ်ဖူးပါတယ်။ ဗုဒ္ဓဂုဏော အနန္တော ဆို၍ အနန္တောအနန္တ(၅)ပတ်၊ အရဟံ(၁၉)ပတ်၊ ကျန်းမာချမ်းသာကြပါစေ မေတ္တာပို့(၃)ပတ် ပေါင်း (၂၇)ပတ် ဖြစ်ပါတယ်။ ဤပုတီးစိပ်နည်းနဲ့ ဆရာကြီး(ဦး) ဆန်းထွန်းရဲ့ ဘဝနေထိုင်မှု တိုးတက်ပြောင်းလဲလာပုံကို ရေးသား ထားခြင်းဖြစ် ပါတယ်။ ဆရာကြီးဆောင်းပါးမှာ နွားထိုးကြီးမြို့က ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးက သူ့ အန္တိမဈာပနမှာ ဆရာကြီး ဂါထာလာဖတ် လိမ့်မယ်၊ အဲဒီကျရင် ဆရာကြီးကို ပေးလိုက်ပါ၊ စားသောက်နေထိုင်ရေး ဒုက္ခမရောက်စေဖို့ ယုံကြည်စွာစိပ်ပါလို့ မှာခဲ့ပြီး ဆရာကြီး အတွက် ရေးထားပေးခဲ့တာလို့ ဆိုရပါတယ်။


ဆရာကြီးရဲ့ ဆောင်ပါးမှာ ဆရာတော်အမည်နဲ့ ကျောင်းအမည်ကို ရေးမထား ပါဘူး။ စာရေးသူ သာမဏေကျော်စာမေးပွဲ တတိယဆင့် ဖြေဆိုရမဲ့ ၁၃၄၀-ပြည့်နှစ်က ဖြစ်ပါတယ်။ စာမေးပွဲက ပြာသိုလ် လဆန်း(၂) ရက်နေ့ စဖြေရမှာမို့ ဝါကျွတ်မှာ သူငယ်ချင်းသုံးပါးနဲ့အတူ နွားထိုးကြီးမြို့၊ ကားဂိတ်မှနေ ဝက်လူးရွာဖက်အထွက် မြို့အစပ်မှာရှိ တဲ့ ကျောင်း သစ်ကျောင်း ကို စာသွားကျက်ကြပါတယ်။ ဦးဣန္ဒသာရရဲ့ ရဟန်းဒကာများ နွားထိုးကြီးမြို့မှာရှိလို့ ဆွမ်းခံမထွက်ကြဘဲ စာကို အချိန်များများ ကျက်နိုင်တဲ့အတွက် သွားကြခြင်းဖြစ်ပါတယ်။ ကျောင်းသစ်ကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူပြီးတာ သိပ်ကြာသေးဟန် မတူပါ၊ စာရေးသူတို့နေတဲ့ ဇရပ်ရဲ့ခြေ ရင်းရှိ အဆောက်အဦထဲမှာ လိုက်(အလောင်း)ဆင်ခဲ့စဉ်က အသုံးပြုတဲ့ မြပုခက်၊ ကရဝိတ်စတဲ့ ကနုတ်ပန်းလှီးထားတဲ့ ပစ္စည်း တွေကို အကောင်းပကတိ သိမ်းထားတာတွေ့ရလို့ပါ။ အဲဒီပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ရုပ်ကလာပ်ကို ရွှေစစ်ချပြီး ကျောင်းတိုက်ရဲ့ အရှေ့တောင်ဖက်ခြံစည်းရိုး နားကပ် လျှက် နေရာမှာ တသီးတသန့် အဆောက်အဦးဆောက်ပြီး ထားပါတယ်။ မိုးကုတ်မြို့သူ၊ မြို့သားများ အထူးကြည်ညို ကိုးကွယ်ကြ ပါတယ်။


တန်ဆောင်မုန်းလပြည့်နေ့ မရောက်ခင် နှစ်ရက်သုံးရက် အလိုတွင် မိုးကုတ်မြို့မှ ဒကာဒကာမတွေ အများအပြားလာ ရောက်ကြပြီး ဆရာတော်ကြီးရဲ့ ရုပ်အလောင်းကို ပူဇော်ကြပါတယ်။ လပြည့်နေ့မှာတော့ ပွဲပေါင်း(၁၀၈)ပွဲထိုးကြပါတယ်။တန်ဆောင်မုန်းလပြည့်ကျော်မှာတော့ အုန်းသီးတွေ အလှံအပယ်မို့ စားလိုက်ကြတာ စာရေးသူမှာ မျက်စိတွေနီရဲပြီး ရောင်ကိုင်း အပူကန် ခဲ့ရတာကို မှတ်မိနေပါတယ်။ ဆရာတော်ကြီးက ရာသက်ပန် သတ်သတ်လွတ် ဘုဉ်းပေးတော်မူပါတယ်။ သူသီတင်သုံးတဲ့ ကျောင်းဆောင်ပေါ် သားငါး ဆွမ်းဟင်း မတင်ရဘူး။ ဘုရားခန်းရှေ့မှာ စဉ်အိုးကြီးထားပြီး ပရိတ်ကြီး(၁၁)သုတ်ကို နေ့စဉ် တစ်နေ့ သုံးကြိမ် အမြဲရွတ်ပါတယ်။ ရောဂါဝေဒနာ ရှိသူများကို ထိုရေမန်းပေးပါတယ်။ ဆရာတော်ကြီးရဲ့ ဘွဲ့အမည်က “ဦးကောသလ္လ”တဲ့။ ဆရာတော်ကြီးစိပ်တဲ့ ပုတီးစိပ်နည်းက ဆရာကြီးဆောင်ပါးမှာ ရေးပြ တဲ့(၂၇)ပတ် ပုတီးစိပ်နည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးကို ပုတီးစိပ်နည်းပေးခဲ့တာ ထိုကျောင်းသစ်ကျောင်း ဆရာတော်ကြီး ဖြစ်မယ် ထင်ပါတယ် ။


ထိုပုတီးစိပ်နည်းကို ဒကာ၊ ဒကာမအချို့ နေလည်ပိုင်းတွင် လာရောက်စိပ်ကြတာကို တွေ့ရပါတယ်။ “ ဂိုဏ်း(ကိုင်း)အဖျားခြောက်သည်၊ ဦးကောဂိုဏ်းဟု အပြောမခံနိုင်၊ ပင်စီပင်မ ဖြစ်သည်” ဟူ၍ ဆရာတော်ကြီး ကျောင်း ဆောင် နံရံတွင် ရေးထားတဲ့စာများအနက် ယင်းစာကြောင်းကို နှစ်သုံးဆယ်ကြာ ယခုတိုင် သတိရနေပါသေးတယ်။ အခြားသူငယ်ချင်း သုံးပါးက ပုတီးစိပ်တာ အထုံမရှိ၍ ဖြစ်ဟန်တူပါတယ်၊ အဲဒီပုတီးစိပ်နည်းကို အလေးမမူမိကြဘူး၊ စာရေးသူကတော့ အဲဒီမှာထဲက စိပ်နေကျ ဂုဏ်တော်ကိုးပါး အနုလုံပဋိလုံအပြင် ထိုပုတီးစိပ်နည်းကိုပါ စိပ်ဖြစ်ခဲ့တယ်။အဲဒီ၁၃၄၀-ပြည့် မန္တလေးမြို့၊ သကျသီဟ သာမဏေကျော် စာမေးပွဲမှာ သာမဏေကျော် တစ်ပါးတည်းသာ အောင်ခဲ့ပါ တယ်။“ ရှင်ပညာသီဟာလင်္ကကာရ” ဖြစ်ခဲ့ရပါတယ်။


ထူးထူး ဆန်းဆန်း တစ်ပါးတည်း အောင်ခဲ့တာ သုံးကြိမ်ကြုံခဲ့ဖူးတယ်။ ၁၃၄၀-ခုနှစ်က မန္တလေးမြို့၊ အဲဒီသကျသီဟ သာမဏေကျော် စာမေးပွဲ တတိယဆင့်မှာ တစ်ပါးတည်းအောင်းပြီး “သာမဏေကျော် သာသနာလင်္ကာရဘွဲ့” ရခဲ့တယ်။၁၃၄၆-ခုမှာ ရဟန်းသကျသီဟ စာမေးပွဲ စာသင်တန်းနဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝံသပါလဓမ္မစရိယတန်းမှာ တစ်ပါး တည်း အောင်ခဲ့ဘူးတယ်။မဖြေနိုင်အောင် မေးတဲ့ မေးခွန်းတွေဖြစ်ခဲ့လို့ မည်သူမှ မဖြေဆို နိုင်ခဲ့ကြပါဘူး။ ထိုစာမေးပွဲများ၌ မည်သို့ ပုစ္ဆာကို ခက်အောင် မေးတတ်တယ်ဆိုတာ ပရိယတ်လိုက်စားတဲ့ သံဃာတိုင်း သိကြပါတယ်။ အခြားသူတွေထက် စာရေးသူလည်း ထူးပြီးမတော်လှပါ၊ သူလို ကိုယ်လို့ပါဘဲ။ ဒါပေမယ့် စာရေးသူက မဖြေနိုင်ပေမယ့် စာမေးပွဲပြီး ဂေဇက် မထွက်မချင် နေကုန်ပုတီး စိပ်နေတတ်တယ်။ တိုက်ဆိုင်မှုလေးတွေရှိခဲ့တယ်။ ဂေဇက်ထွက်မဲ့နေ့မှာ တစ်နေရာက ရွှေမန်းတင်မောင်ရဲ့ “ အောင်ပါစေ” သီချင်းသံကြားလို့ကတော့ အောင်ပြီးသားဘဲ။ သူငယ်ချင်းတွေတောင် အံ့ဩခဲ့ကြရတဲ့ ဖြစ်ထွေတွေရှိခဲ့ပါတယ်။ စာမေးပွဲဖြေဆိုထားသူများ၊ အင်တာဗျူးခံရမယ့်သူများ ယုံမယ်ဆိုရင် အဲဒီပုတီးစိပ်နည်းကို စိပ်ကြည့်စေချင်ပါတယ်။


လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အမှတ်(၁) စစ်မှု့ထမ်းဟောင်းစံပြရွာ၊ (လေးဒေါင့်ကန်) သီရိဂုဏ်ဝေ ဓမ္မဗိမာန်ကျောင်း ဝင်းနဲ့ကပ်ရက် မြေကွက်မှာ စေတီတော် တည်ပေးချင်တာ၊ ရွာကလည်း စစ်မှု့ထမ်းဟောင်း အငြိမ်းစားများ နေကြတဲ့ရွာ၊စေတီတော် ကလည်း မရှိဘူး၊ ကိုယ်ကလည်း စာချဘုန်းကြီးဆိုတော့ အသိုင်းအဝိုင်း ဒကာဒကာမ တောင့်တောင့် တင်းတင်းပြည့်ပြည့် စုံစုံရှိတာ မဟုတ်တော့ စိတ်သာရှိပြီး လက်တွေ့ အကောင်အထည် ဖေါ်ဖို့ဆိုတာ အခြေအနေအရ မဖြစ်နိုင်ဘူး။ ဒါကြောင့် ရန်ကင်း၊ မိုးကောင်း ဘုရားဝင်းထဲက ရင်းနှီးတဲ့ဗေဒင်ဆရာ ဦးကံရွှေကို မေးကြည့်တယ်၊ “ ဘုရား တည်ချင်တယ်၊ ဘာလုပ်ရမလဲ” ဆိုတော့ “ ပွဲထိုးပြီး ပုတီးစိပ်ရမယ်လို့” ပြောတယ်။“ ကောင်းပြီး၊ ပုတီးစိပ်မယ်၊ ပွဲလဲထိုးမယ်၊ဘယ်လို ပုတီးစိပ်ရမှာလဲလို့ မေးတော့”“ ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယျော” ဂါထာ။“ ဧဝံ အစိန္တိယာ ဓမ္မာ၊ ဓမ္မဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယျော” ဂါထာ။“ဧဝံ အစိန္တိယာ သံဃာ၊ သံဃဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံဝိပါကော ဟောတိ အစိန္တိယျော” ဂါထာ(၃)ပုဒ်နဲ့“ နမော တေ ဗုဒ္ဓဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ၊ သမ္ဗောဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘဝ” ဂါထာကို စိပ်ရမယ်လို့ ပြောတယ်။ပွဲထိုးဖို့ကလည်း မခက်ခဲလှဘူး၊ ထိုစဉ်က သီရိမင်္ဂလာဈေးမှာ အိုးငှက်ပျော တိုက်တဲ့ကားလည်း ကျောင်းရှေ့မှာထိုးတာ မို့ ကားဆရာကို မှာလိုက်ရင် အလကားပွဲထိုးပေးတယ်၊ သူမိန်းမက ဓာတ်တွေနတ်တွေနဲ့ ပူးတာခွတာ အစွဲရှိတော့ ကျကျနန စနစ်တကျ ထိုးပေးကြ တယ်။ အမွေးတိုင် အပြင်သွေးပြီး သားနံ့သာ အထုတ်ကလေးများနဲ့လည်း ပက်ပေးဖျန်းပေး၍ အချိုးကျ အဆင်ပြေလှတယ်။


စာရေးသူကလည်း ရွာဒကာ၊ ဒကာမတွေအတွက် ဘုရားတည် ပေးချင်တဲ့ စိတ်ကပြင်းထန်နေလို့ ညဘုရားဝတ်တက်၊ ပဋ္ဌာန်းပရိတ်ရွတ်ပြီးတာနဲ့ ဗေဒင်ဆရာပြောတဲ့ ဂါတွေနဲ့ ပုတီးစိပ်ဖြစ်နေ ပါတော့တယ်။ တစ်လသာသာ အကြာမှာတော့ ရွာကစစ်မှု ထမ်းဟောင်းရွာဖြစ်လို့ စစ်မှုထမ်းဟောင်း ဆိုင်ရာ အကြီးအကဲတစ်ဦး ရွာကို နောက်လိုက် နောက်ပါများစွာနဲ့ ရောက်လာတယ်။ကျောင်းတော်ကိုလည်း ရောက်လာကြပြီး “ ဆရာတော်ဘာများ လိုပါသလဲဘုရား” လို့ မေးလျှောက်တယ်။“ဘုန်းကြီးအတွက်တော့ ဘာမှမလိုအပ်ပါ၊ အိမ်ခြေငါးရာကျော်ရှိတဲ့ရွာကြီးမှာ စေတီတော် တစ်ဆူတော့ရှိသင့်ပါတယ်။ ဘုန်းကြီးတို့ တိုင်းပြည်က ဗုဒ္ဓဘာသာတိုင်းပြည်မို့ ရွာတိုင်းမှာ စေတီတော်ကလေးများရှိကြတယ်၊ အောက်ထစ်ဆုံး ကိုးတောင် ပြည့် စေတီလေးတွေေ တာင် ရွာအတွက် အင်မတန် ကျက်သရေရှိပါတယ်၊ ဒီစစ်မှု့ထမ်းဟောင်းရွာကြီးမှာ စေတီတော် မရှိဘူး ဖြစ်နေတယ်၊ တည်ပေးရင်တော့ အလွန်ကောင်းပါတယ် ဒကာကြီးလို့” ပြောလိုက်မိတယ်။နောက်တစ်ပါတ် ဆယ်ရက်အကြာမှာတော့ ဆရာတော်လိုအပ်တဲ့ စေတီတော်ပုံစံနဲ့ ဘုရားဘွဲ့တော်အမည်ကို တည်ထား ပေးရန် ညွှန်ကြားပါကြောင်းကို ဝန်ထမ်းများရောက်လာကြပြီး လျှောက်ထားကြတယ်။


ရွှေတိဂုံပုံစံတူ ဉာဏ်တော် (၂၁)ပေအမြင့်၊ အရံစေတီ ငယ်များ၊ မုဒ်ဦးတံတိုင်းနဲ့ မီးသွယ်တန်းပြီးသည်အထိ ဆောင်ရွက်ပေးသည်အပြင် ကတ္တရာလမ်းလည်း ခင်းပေး ပါတယ်။ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦး ကြီးကြပ်ပြီး (၁၀)လနဲ့အပြီး တည်ပေးကြတယ်။ပုတီးမှာ သိဒ္ဓိများ ကိန်းနေမလား ဆိုတာကို တစ်ခါတလေ စဉ်းစားမိတယ်။ အလိုရှိတာကို ပြီးစီးနိုင်စွမ်းရှိတာကို သိဒ္ဓိလို့ ဆိုတယ် မဟုတ်လား။ ထိုစဉ်က စာမေးပွဲ အောင်ချင်တာ၊ ဘုရားတည်ပေးချင်တာဘဲ အလိုရှိတာ၊ တခြားဘာမှ ဆန္ဒမရှိဘူး၊ ငယ်နု ချိန်ဆိုတော့ လိုအပ်တာတွေကလည်း ဟုတ်တိပတ်တိ များများစားစား မရှိလှသေး၊ ယခုတော့ အသက်ရလာပြီ၊ လိုချင်တာတွေ ဖြစ်ချင်တာတွေ ကလည်း များလာပြီမို့ ပုတီးစိပ်ရင်းနဲ့ လောဘကို အရှိန်သတ် ဘရိတ်အုပ်နေရပါတော့တယ်။


အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

Saturday, June 4, 2011

ကောင်းကွက်ကိုရှာမေတ္တာ




ကောင်းကွက်ကိုရှာမေတ္တာ



မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကို လိုလားတတ်သောသဘောရှိ၏။ အများအကျိုးဆောင်တတ်၏၊ စိတ်ထဲ၌ ခိုးလိုးခုလု မကျေနပ်မှု မှန်သမျှကို ပြေပျောက် စေ၍ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူ ရှိစေ၏။ မေတ္တာဖြစ်ဖို့အတွက် အနီးကပ်ဆုံး အလိုအပ်ဆုံး အကြောင်းတရားကား သူတစ်ပါး၏ အကျိုးစီးပွားဖြစ်၏၊ မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကိုသာ အာရုံပြု၏၊ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်လွန်းသူအဖို့ မေတ္တာမဖြစ်နိုင်၊ ကိုယ်ကျိုးစီးပွား အလေးထားသူသည် ကိုယ်ကျိုးကိုယ်စီးပွားကို လုံးပမ်းရ၊ ကာကွယ်နှင့် အလုပ်ရှုပ်နေသဖြင့် သူ့ကျိုးသူ့စီးပွားအတွက် အချိန်မပေးနိုင်တော့။
မေတ္တာကို အချစ်ဟုမြန်မာမှုပြုကြ၏၊ အမှန်က မေတ္တာဟူသည် ကိုယ်ကျိုးမဖက် သူ့အကျိုးသက်သက်ကိုသာ လိုလားတတ်သော သဘောရှိ၏၊ သူကျိုး ကိုယ့်ကျိုး အပြန်အလှန် မျှော်ကိုးလျှင် မေတ္တာမဟုတ်၊ ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခြင်း သည်သာဖြစ်၏၊ သူ့ဘက်က အခြေအနေကောင်းမှ မေတ္တာထားနိုင်ခြင်း၊ မေတ္တာတုံ့ပြန် နိုင်ခြင်းသည်လည်း အမှန်က မေတ္တာမဟုတ်၊ အရောင်းအ၀ယ်လုပ်ခြင်း သာဖြစ်၏။ မေတ္တာ၌ အယူမရှိ အယူမပါ ၊ အပေးသာရှိ၏။
စာရေးဆရာတို့သည် စာဖတ်သူကို ပေးချင်လို့သာ ရေးနေကြခြင်းဖြစ်၏၊ ၀ါသနာအရဟုလည်း ဆိုနိုင်၏၊ စာမူခကို မျှော်လင့်ပြီး ရေးနေကြသည်မဟုတ်၊ ကိုယ်သိ တာ၊ ကိုတတ်တာလေးတွေကို ပေးချင်လို့ ဝေချင်လို့ မျှချင်လို့ အတိုင်းအတာတစ်ခု အထိ ကောင်းကျိုးသက်ရောက်မှု ရှိစေချင်လို့ ရေးနေခြင်းသာ ဖြစ်၏၊ စိတ်မကုန်ခင် အထိတော့ ရေးနေကြဦးမည်သာ ဖြစ်၏။ တစ်ချို့ စိတ်ကုန်သော ဆရာ့ဆ၇ာကြီးတွေ ကတော့ မရေးတော့ဘဲ ဘေးထွက်ထိုင်နေကြ၏၊ စာရေးဆရာတစ်ယောက်အဖို့ စာရေးနေရသော အချိန်သည် စိတ်အကြည်လင်ဆုံအချိန်၊ စိတ်ချမ်းသာမှု အရှိဆုံး အချိန် ဖြစ်၏။
မေတ္တာဟူသည် အစိုဓာတ်ဖြစ်၏၊ အစေးဓာတ်ရှိ၏၊ အအေးဓာတ်ရှိ၏၊ ယင်းအစိုဓာတ်၊ အစေးဓာတ်၊ အအေးဓာတ်ဖြင့် သက်ရှိသတ္တ၀ါ တစ်ဦးဦးအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို မေတ္တာဟု ခေါ်၏။ မေတ္တာက စူပါဂလူးကဲ့သို့ ကပ်အား အလွန်ကောင်း၏၊ မည်သူနှင့်မည်ဝှာတော့ အစေးမကပ်ကြ အစေးမကူးကြဟု ပြော ကြ၏၊ မေတ္တာပျက်နေခြင်းကြောင့်ဖြစ်၏၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာမထားနိုင်ကြ သဖြင့် အစေးမကပ်၊ အစေးမကူးခြင်းသာ ဖြစ်သည်။
မိသားစုဝင်တွေ စည်းစည်းလုံးလုံး ရှိရ၏၊ ညီအစ်ကိုမောင်နှမတွေ စည်းစည်း လုံးလုံးရှိရ၏၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည် စသည့် လူ့အဖွဲ့အစည်းအားလုံး စည်းစည်း လုံးလုံး ရှိရ၏၊ စည်းစည်းလုံးလုံး ရှိဖို့ မေတ္တာအစိုဓာတ်၊ မေတ္တာအစေးဓာတ် အဓိက လိုအပ်ပါသည်။ စည်းလုံးဟူသည် ပါးစပ်နှင့် စည်းလုံး၍မရ၊ မေတ္တာနှင့်သာ စည်းလုံး၍ ရနိုင်သည်။
စည်းလုံးဖို့အတွက် ချစ်ကြည်မှုလိုသည်၊ ချစ်ကြည်မှုအတွက် ညီညွတ်မှုလိုသည်၊ ညီညွတ်ဖို့အတွက် မျှတဖို့လိုသည်၊ မျှတမှ ညီညွတ်မည်၊ ညီညွတ်မှ ချစ်ကြည်မည်၊ ချစ်ကြည်မှ စည်းလုံးမည်၊ မိဘနှင့်သားသမီး၊ လူကြီးနှင့် လူငယ်အားလုံး မျှမျှတတ အသက်ရှင်သန်ကြဖို့ အရေးတကြီးလိုအပ်ကြောင်း “သမဇိဝိတသမ္ပဒါ”ဟု ဘုရားမိန့် တော်မူခဲ့သည်။
မေတ္တာသည် အလိုအပ်ဆုံးဖြစ်သောကြောင့် မေတ္တာသည် အလွယ်ကူဆုံးဖြစ် သောကြောင့် ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာကို ရှေ့ဆုံးမှ ထား၍ ဟောခဲ့သည်၊ ပြဿနာအထွေထွေတို့သည် ယင်းမေတ္တာ မထားနိုင်ကြခြင်းကြောင့်ဖြစ်၏၊ ရှေးလူကြီး သူမတို့ကတော့ ကောင်းကွက်ကိုရှာ မေတ္တာဟု ဆိုမိန့်ခဲ့ကြသည်။
လောက၌ အကောင်းဆုံးပါ ဟူသော လူပုဂ္ဂိုလ်ရှားသလို အဆိုးဆုံးပါဟူသော လူပုဂ္ဂိုလ်လည်း ရှိမည်မဟုတ်ပေ၊ လူကောင်းအမည်ခံပုဂ္ဂိုလ်တွေမှာ အားနည်းချက် ၊ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက် ရှိနိုင်သလို၊ လူဆိုးဟု သတ်မှတ်ခံရသော ပုဂ္ဂိုလ်မှာလည်း တစ်ကွက်ကောင်းတော့ရှိတတ်ပါသည်။ မေတ္တာဟူသည် ကောင်းကွက် ကို ရှာဖွေ၍၊ ရှာကြံ၍၊ ရှုမြင်၍၊ ကျေနပ်၍ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက်တို့ ကို ဥပေက္ခာပြုလိုက်ခြင်းပင် ဖြစ်သည်။
ကမ္ဘားအေး ဂန္ဓာရုံ တိပိဋကဆရာတော် သက်ရှိထင်ရှားရှိစဉ် ခရီးဝေးမှ ပြန်လာ ကာစတုန်းက မှတ်မှတ်ရရ အမိန့်ရှိခဲ့ဖူးသည်၊ ၀က်လက် မစိုးရိမ်ဆရာတော် ဦးတိဿ ရေးသော လင်္ကာကို ရွတ်ပြပြီး ရှင်းပြသည်၊ လင်္ကာလေးက ........


“ ချင်းချင်းဆက်ဆံ သည်း ညည်းခံ အမှန်လိုအပ်သည်၊

ကျေးဇူးမကင်း ပြစ်မကင်း ချင်းချင်းရှိတတ်သည်၊

ကျေးဇူးမျှော်မြင် ပြစ်မတင် ကြည်လင်ချမ်းမြေ့သည်၊

ချမ်းသာလိုရာ များသူငါ မေတ္တာခန္တီ ရှိရမည်”ဟူ၍ ဖြစ်သည်။


မိသားစုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း၊ ဆွေမျိုးအချင်း ချင်း၊ လိုဖော်ကိုင်ဖက်အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်း၊ အနေအထားအမျိုမျိုး၊ အယူ အဆအမျိုးမျိုးနှင့် ပြောဆိုလုပ်ကိုင် ဆက်ဆံကြရာတွင် တစ်ဘောတည်း ဖြစ်ဖို့ရာ မလွယ်ကူ၊ စိတ်တွေ၊ ဆန္ဒတွေ၊ အယူအဆတွေ၊ ယုံကြည်ချက်တွေ တူညီဖို့ဆိုတာ မဖြစ်နိုင်၊ ထိုအခါ ၀ိရောဓိတွေ၊ ပဋိပက္ခတွေ ရှိလာလိမ့်မည်၊ ၀ိရောဓိတို့၊ ပဋိပက္ခတို့ ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ဟုသာ နှလုံးသွင်းရမည်၊ ရေးကြီးခွင်ကျယ် အလုပ်ကြီးတစ်ခု သဖွယ် အချိန်ပေး၊ အချိန်ဖြုန်းနေဖို့ မဟုတ်။
အချင်းချင်းတွေကြားမှာ လိုအပ်တာက စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံလို့ ဆိုသည့်အတိုင်း စိတ်ရှည်ကြဖို့၊ စိတ်ရှည်ရာမှာလည်း ဇွဲရှိရှိနှင့် စိတ်ရှည်ကြဖို့၊ အချင်း ချင်း သည်းညည်းခံကြဖို့ အလွန်ပင် လိုအပ်လှပါသည်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကျေးဇူးလည်းမကင်းကြ၊ အပြစ်လည်းမကင်းကြ၊ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး၊ သူ့အပြစ်၊ ကိုယ့်အပြစ်၊ အချင်းချင်းအပေါ်မှာ အပြန်အလှန်ရှိကြသည်။
စိတ်ရှည်စွာ၊ သည်းခံစွာ၊ နားလည်မှုရှိစွာ၊ သဘောထားကြီးစွာ၊ အမြှော်အမြင် ကြီးစွာဖြင့် သူ့ကျေးဇူးတွေကို ဆင်ခြင်ပွားများလျက် ဖြစ်ပေါ်လာတတ်သော သူ့အပြစ် တွေကို သူ့ကျေးဇူးတွေနှင့် အစားထိုး ဖုံးကွယ်ချေဖျက်၍ သည်းခံနိုင်ကြ၊ ခွင့်လွှတ်နိုင် ကြလျှင် လောကကြီးက နေသာထိုင်သာ၊ နေပျော်ထိုင်ပျော် ရှိပါလိမ့်မည်၊ ကြည်ကြည်သာသာ၊ ချမ်းချမ်းမြေ့မြေ့ ရှိပါလိမ့်မည်၊ မိမိတို့ ချမ်းချမ်းသာသာ နေချင် သပဆိုလျှင်တော့ မေတ္တာခန္တီရှိမှသာ ဖြစ်မည်။
ကိလေသာခေါင်းပါးစေတတ်သော အကျင့်ကို “ ဓုတင်အကျင့်”ဟု ခေါ်၏၊ ဓုတင် အကျင့် တစ်ဆယ့်သုံးပါး ရှိ၏။ ထိုအထဲတွင် ‘ပံသုကူလဓုတင်’ ဟု ရှိသည်၊ ပံသုက မြေမှုန့်၊ ကုလက လိမ်းကျံနေခြင်း၊ ပေကျံနေခြင်းဟု အဓိပ္ပါယ်ထွက်သည်၊ ပံသုကူလ ဓုတင်ဆောင်သော ရဟန်းသည် သုသာန်တစ်စ သင်္ချိုင်းဝ၊ လမ်းဆုံလမ်းမ လမ်းလေးခွ တို့မှ တွေ့ရာ အ၀တ်စုတ်တွေကို ကောက်ယူပြီး မကောင်းသော အပိုင်းအစ လေးတွေ ကို ခြေထောက်တစ်ဖက်နှင့် ဖိနင်းဖဲ့ဆုတ်ပစ်၊ ကောင်းသော အပိုင်းအစလေး တွေကို ဖြတ်တောက်ယူ၊ တစ်ထွာတစ်မိုက်ရှိ ထိုအစလေးတွေကို စပ်ချုပ်၊ ဆေးဆိုးပြီး ၀တ်ရုံ ရသည်၊ ပံသုကူဓူတင်ဆောင် မထေရ်သည် အ၀တ်စုတ်တွေမှ မကောင်းတာလေး တွေပယ်ပြီး၊ ကောင်းတာလေးတွေ ဖြတ်တောက်ယူသကဲ့သို့ အချင်းချင်း ပေါင်းသင်း ဆက်ဆံသည့်နေရာမှာလည်း မကောင်းကွက်တွေကို ဖယ်ထားပြီး ကောင်းကွက်လေး တွေကြည့်ကာ ပေါင်းသင်းရမည်ဟု စာကဆိုသည်။
သန္တုဋ္ဌီပရမံ ဓနံ- တင်းတိမ်ရောင့်ရဲခြင်းသည် အမြတ်ဆုံးဥစ္စာဟု ဘုရားဟော သည်၊ ဥစ္စာဟူသည် ချမ်းသာဖို့ဖြစ်သည်၊ ရွှေရှိလျှင် ချမ်းသာသည်၊ ငွေရှိလျှင် ချမ်းသာ သည်၊ အခြားစည်းစိမ်ဥစ္စာရှိလျှင်လည်း ချမ်းသာသည်၊သို့ရာတွင် ထိုလောကီရွှေငွေ စည်းစိမ်ဥစ္စာတို့က ပေးသော ချမ်းသာကား ပူစပ်ပူလောင် ချမ်းသာမျိုး ဖြစ်သည်၊ တကယ့် ငြိမ်းငြိမ်းအေးအေးနှင့် ချမ်းသာသော ချမ်းသာကတော့ တင်းတိမ် ရောင့်ရဲနိုင်မှု ဖြစ်သည်။
ပညာတွေ၊ ဥစ္စာတွေ ရှာရမည်၊ ရသင့်သလောက်၊ ရနိုင်သလောက်၊ ကြိုးကြိုးစား စားရှာရမည်၊ သို့သော် လောဘတွေ အလွန့်အလွန်ကြီးစွာ မတော်မတရား ၀ိသမ လောဘတွေနှင့် မရှာနှင့်၊ ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့်ရှာပြီး ရတာနှင့်၊ ရှိတာနှင့် ကျေနပ်ရမည်၊ တင်းတိမ်ရမည်၊ ရောင့်ရဲရမည်၊ သန္တုဋ္ဌီဟူသည် ထိုအဓိပ္ပါယ် ဖြစ်သည်။
ပေါင်းသင်းဆက်ဆံကြသည့် နေရာမှာလည်း ကိုယ့်အလိုကျတော့ ဖြစ်မည် မဟုတ်၊ ကိုယ့်စိတ်တိုင်းကျတော့ ဖြစ်မည်မဟုတ်၊ မတူတာတွေခွဲ၊ တူတာတွေတွဲပြီး အလုပ်လုပ်လို့ အလုပ်ဖြစ်လျှင် ကျေနပ်ရတော့မည်၊ သို့ဆိုလျှင် အဆင်ပြေပါသည်၊ ထိုကောင်းကွက်လေးတွေကို ရှာကြံ ရွေးချယ်ပြီး ကျေနပ်စွာလက်ခံ၍ အလုပ်လုပ်လျှင် အလုပ်ဖြစ်ပါလိမ့်မည်၊ မေတ္တာဟူသည် ကောင်းကွက်ကိုရှာဖွေတွေ့ရှိ ကျေနပ်စွာဖြင့် နေတတ်လာခြင်းပင် ဖြစ်သည်။



ဓမ္မပီယဆရာတော်(မေတ္တာဥယျာဉ်) ရေးသားဆုံးမအပ်သော
ကောင်းကွက်ကိုရှာမေတ္တာ တရားတော်အား ဓမ္မဒါနအဖြစ် ပြန်လည် မျှဝေပါတယ်။



by ညခင်းရဲ့လမင်း

Friday, June 3, 2011

ဗုဒ္ဓသစ္စာ မြတ်ဓမ္မာ



ဗုဒ္ဓသစ္စာ မြတ်ဓမ္မာ

``အနာဂတ်၌ တစ်ကမ္ဘာလုံးကိုးကွယ်သောဘာသာကြီးတစ်ခု ဖြစ်ပေါ်လာလတ္တံ့။ ထိုဘာသာကြီးသည် လောက ဓမ္မဆိုင်ရာ ပြဿနာ တို့ကိုလည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာတို့ကိုလည်းကောင်း ကောင်းစွာ ဖြေရှင်းနိုင်လတ္တံ့၊ လူသားအားလုံး၏ လောကအတွေ့အကြုံ၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အတွေ့အကြုံတို့သည် အကျိုးယုတ္တိ လျော်ကန်သင့်မြတ်စွာ ပေါင်းစပ်ပြီး မှန်ကန်သော အသိပညာကိုသာ အခြေခံ၍ ထိုဘာသာကြီးသည် ပေါ်ထွန်းလတ္တံ့။

ဗုဒ္ဓဘာသာသည် ထိုဘာသာကြီး၏ အဖြေကိုပေးခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ ကမ္ဘာပေါ်တွင် မျက်မှောက် သိပ္ပံ၏ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်သည့် ဘာသာတရားတစ်ခုရှိသည်ဆိုလျှင် ၄င်းဘာသာသည် ဗုဒ္ဓဘာသာမှလွဲ၍ တခြားမရှိနိုင်ပေ။``

အိုစတိုင်း နှစ်ဆယ်ရာစု အထင်ရှားဆုံးသိပ္ပံပညာရှင်ကြီး

``သမိုင်းစဉ်တစ်လျှောက်ရှိ ဘာသာကြီးများအနက် ကျွန်ုပ်သည် ဗုဒ္ဓဘာသာကို ပို၍နှစ်သက်ပါသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံ၏ နည်းစနစ်ကျနမှုမျိုးစုံရှိပြီး ဓမ္မဓိဠာန်ကျကျ သုံးသပ်လက်ခံသည့် ဆင်ခြင်ဉာဏ်နေရာမျိုးကိုလည်း ဗုဒ္ဓဘာသာက မွှေနှောက်ရှင်းပြနိုင်ကြောင်း တွေ့ရပါသည်။ တကယ်တော့မူ သိပ္ပံ၌ ကိရိယာတန်ဆာပလာ ကန့်သတ်ချက်၇ှိနေရာ ဘောင်ကျဉ်းတစ်ခုအတွင်းသာ အစွမ်းပြနိုင်ပါလိမ့်မည်။ သိပ္ပံဘောင်က မဆိုက်ရောက်နိုင် သည့် စိတ်ဝိညာဉ်၏ အရေးအခင်းများနှင့် ပတ်သက်၍မူ ဗုဒ္ဓတရားတော်သည် အောင်လံလွှင့်သိမ်းပိုက်ပြီး ဖြစ်ပါသည်။``

ဘထရန်ရပ်ဆဲလ်နိုဗယ်ဆုရှင်နှင့် နှစ်ဆယ်ရာစု၏ အထင်ရှားဆုံးဒဿနိကပညာရှင်

``ကျွန်ုပ်သည် ဘာသာအယူဝါအမျိုးမျိုးကို ကျောင်းတော်သားတစ်ဦးအဖြစ် လေ့လာဖူးပါ၏။ ကျွန်ုပ်ယုံကြည်ပါသည်။ ကမ္ဘာလောကကြီးက လက်ဆောင်အဖြစ် ရရှိခဲ့သောအရာတို့အနက် ဗုဒ္ဓဝါဒထက်ပြည့်စုံသော အရာဟူ၍ မရှိနိုင်ပါ။ လူသားတို့၏ ကနဦးအစနှင့် ဆင့်ကဲဖြစ်စဉ်ဗေဒ၊ ကံ၊ ကံ၏အကျိုးနှင့်စပ်လျဉ်းသော ဗုဒ္ဓ၏အတွေးအခေါ်သည် မည်သည့်ဝါဒကမှ လိုက်၍မမီအောင် အထက်တန်းကျလှပါသည်။ ကျွန်ုပ်၏ အလုပ်မှာ စိတ်ဝေဒနာခံစားနေရခြင်းကို ကုသပေးရသော အလုပ်ပင်ဖြစ်ပါသည်။ ထိုအလုပ်သည်ပင် ကျွန်ုပ်အား ဗုဒ္ဓ၏ အမြင်နှင့် သြဝါဒနည်းလမ်းများကို အကျွမ်းတဝင် ဖြစ်လာစေရန် တိုက်တွန်းပေးသော အဓိကအကြောင်းအရာ ဖြစ်ပါသည်။ ဗုဒ္ဓဝါဒဆိုသည်မှာလည်း ဇရာ၊အနာရောဂါနှင့် သေခြင်းတရားတို့၏ ဒုက္ခသံကြိုးကွင်းဆက်ကြီးမှ လွတ်မြောက်ရေးပင်မဟုတ်ပါလော``

ဒေါက်တာစီ၊ ဂျီ၊ ဂျွမ်း ခေတ်သစ်စိတ်ပညာရှင်

ဤကား ထင်ရှားသော ပညာရှင်ကြီးများ၏ ဗုဒ္ဓ၏အယူဝါဒ တစ်နည်းအားဖြင့် ဗုဒ္ဓဝိဘဇ္ဇဝါဒအပေါ် ကြည်ညိုမှုသဒ္ဓါ ပြည့်ဝစွာဖြင့် ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်ပူဇော်မှုသာ ဖြစ်ပေသည်။ အမှန်မှာ ဗုဒ္ဓသည် မဟာကရုဏာရှင်ပင် ဖြစ်သည်။ ဗုဒ္ဓ၏မဟာကရုဏာတော်သည် စကြာဝဠာအနန္တ ဖြန့်ကြက်သိမ်းကျုံး ဖုံးလွှမ်းခဲ့၏။ အင်းဆက်ပိုးမွှားမှအစ သတ္တဝါမှန်သမျှ ကြီးငယ်ရွယ်လတ် ညီတူမျှတူ အခွင့်အရေးမျှစွာ ခံယူရရှိစေသည်သာဖြစ်၏။ ဗုဒ္ဓသည်စစ်ရေးထက် ငြိမ်းချမ်းရေးကိုသာ လိုလားတော်မူခဲ့သည်။ ပထမ ရောဟဏီမြစ်ရေ အရေးအခင်းတွင် နှစ်ပြည်ထောင်သွေးချောင်းစီးမှု မဖြစ်အောင် စေ့စပ်ဖြန်ဖြေပေးတော်မူခဲ့သည်မှာ အကြမ်းမဖက်ငြိမ်းချမ်းမှုသက်သက်ကိုသာ ရှေးရှုကြောင်းမှာ ပမာပြ သာဓက ထင်ရှားလှပေပြီ။ ဗုဒ္ဓသည် ဤသို့သာပင် ဆုံးမတော်မူခဲ့သည်။

``အောင်နိုင်သူ၌ အမုန်းတရားဟူသော ဗျာပါဒသည်ပွားစီး၏။ ရှုံးနိမ့်သူအား ပရိဒေဝမီးသည်လောင်မြိုက်၏။ ဤလောက၌ အောင်မြင်ခြင်းကိုရော၊ ရှုံးနိမ့်ခြင်းကိုပါ ယတိပြတ်စွန့်လွှတ်နိုင်သူသာလျှင် အမှန်တကယ် ပျော်ရွှင်ချမ်းမြေ့နိုင်သူဖြစ်ပေ၏။`` ဟူ၍ပင် ဖြစ်၏။ မှန်ပါသည်။ အတိုက်အခိုက်ဆိုသည်မှာ အစွဲအလမ်းကြီးမှု၏ ရလဒ်ပင်ဖြစ်ပြီး အနိုင်အရှုံးဖြင့် အဆုံးသတ်ရသည်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာသည် မည်သည့်စွဲလမ်းမှုကိုမှ လက်မခံ ငြင်းပယ်သည့်တစ်ခုတည်းသော ဘာသာဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခငြိမ်းကြောင်း တရားကောင်း၊ တရားထူးကို ပိုင်နိုင်စွာရရှိထား၏။ သတ္တဝါတို့ကို ရှု့စားတော်မူ သောအခါ မဆုံးနိုင်အောင်ခံရမည့် သံသရာဒုက္ခတို့ကိုမြင်ရ၍ လွန်စွာကရုဏာသက်ကာ ကယ်တင်တော်မူလိုသော ဆန္ဒဖြစ်တော်မူ၏။ သတ္တဝါများအပေါ်ဝယ် တကယ်ကောင်းစားချမ်းသာစေလိုသော မဟာကရုဏာရှင် ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် လာဘ်လာဘ၊ အကျော်အစော စသည်တို့ကို ဘယ်မှာလိုလားငဲ့ကွက်ပါအံ့နည်း။ သတ္တဝါများအတွက် အကောင်းဆုံးအကျိုးစီးပွားကို ပေးသနားလိုသည်သာ ဖြစ်၏။ နိဗ္ဗာန်ထက်ပို၍ ကောင်းမြတ်သောအကျိုးစီးပွားဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ရှင်တော် ဘုရားတရားဟော ရခြင်းမှာ နိဗ္ဗာနဓာတ် အမြတ်ဆုံးအကျိုးစီးပွားအလို့ငှါသာ ဖြစ်၏။

ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်၏ ဒေသနာတော်သည် ကိလေသာစင်ကြယ်ရန် နိဗ္ဗာန်အလို့ငှါ ဖြစ်၏။ ထိုနိဗ္ဗာန်သို့ရောက်ကြောင်းလမ်းကား ``ဧကာယနော မဂ္ဂေါ`` အရ တစ်လမ်း၊ တစ်ကြောင်းတည်းသာ ဖြစ်၏။ ထိုလမ်းကိုလိုက်ရေး၌ ဝေနေယျတို့၏ အဇ္ဈာသယအလိုက် နည်းအမျိုးမျိုးဖန်ကာ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ သတိပဠာန်၊ သမ္မပ္ပဓာန်စသော နည်းအမျိုးမျိုးတို့ဖြင့် ဟောတော်မူခဲ့သည်မှာ အလွန်ဝေဝေဆာဆာရှိလှ၏။

အဓိကအားဖြင့် ဗုဒ္ဓဟောကြားမြတ်တရားကား အရိယသစ္စာတည်း။ အရိယသစ္စာဟူသည်ကား ဤသို့ပင် အဓိပ္ပာယ်အားဖြင့် ဖွင့်ဆို၏။ အရိယ=မချွတ်မယွင်းသော၊ မှန်ကန်သော၊ သစ္စ=သစ္စာ၊ အရိယသဒ္ဒါကား မချွတ်မယွင်း၊ မှန်ကန်သောအနက်ကိုဟောရာ မှန်ကန်သော၊ မမှားသောသစ္စာဟု အနက်ရသည်။ မျက်လှည့်သမား တို့သည် ခဲကိုရွှေလုပ်ပြ၏။ မသိသူတို့က အဟုတ်ရွှေမှတ်ရ၏။ သမ္မုတိပညတ်များကား ထိုမျက်လှည့်ကဲ့သို့ပင် တကယ်အဟုတ်မရှိဘဲ မဟုတ်ကို အဟုတ်ထင်သည့် မသိသူတို့၏ ထင်မြင်မှုသာဖြစ်၏။

သစ္စာတရားတို့သည်ကား ပညာမျက်စိဖြင့်ကြည့်သော် တကယ်ရှိသော တရားများအဖြစ်တွေ့ရ၍ မျက်လှည့်ကဲ့သို့ အမှားမဟုတ်။ အမှန်သင်္ကေတများသာ ဖြစ်ကြ၏။ တံလျှပ်သည်မသိသူတို့အဖို့ ရေထင်မှတ်ရသော်လည်း အမှန်တကယ်အသိဖြင့် ကြည့်သောအခါ ထင်တိုင်းမဟုတ်။ ဘာမှမတွေ့ရ။ တိတ္ထိတို့၏ ကြံဆအပ်သော အာဏာရှင်အတ္တသည် ဉာဏ်ဖြင့်ကြည့်က တံလျှပ်ပမာ ဘာမျှမဟုတ်သောအရာ ဖြစ်၏။ ဒုက္ခသစ္စာ (ဆင်းရဲ အမှန်ရုပ်နာမ်)သည်လည်းကောင်း၊ သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တဏှာ)သည်လည်းကောင်း၊ ဝိပဿနာဉာဏ်ဖြင့် အမှန်တွေ့ရသောတရားများ ဖြစ်၏။ နိရောဓသစ္စာ(ချုပ်ငြိမ်းခြင်းအမှန်နိဗ္ဗာန်)မှာ မဂ်ဉာဏ်ရလျှင် တကယ်အမှန်ရှိသောတရားဟု သိရှိခံစားရမည်ဖြစ်သည်။ မဂ္ဂသစ္စာ(နိဗ္ဗာန်ရောက်ကြောင်းအမှန် မဂ္ဂင်ရှစ်ပါးတရား)မှာ မိမိသန္တာန်၌ အထင်အရှားဖြစ်လာသောတရားဖြစ်ရာအမှန်ရှိသော တရားဖြစ်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် အရိယသစ္စာမှန်ကန်သော သစ္စာများဟု ဆိုရ၏။

တစ်နည်းအားဖြင့် အရိယသဒ္ဒါမှာပရိသုဒ္ဓ=စင်ကြယ်သောအနက်ကို ဟောရာ စင်ကြယ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သဝကတို့ကို အရိယဟု ဆိုရ၏။ သစ္စာလေးပါးသိမှ ထိုအရိယအဖြစ်မျိုး ရမြဲဖြစ်ရာ အရိယာတို့သိအပ်သော သစ္စာဟုလည်း အနက်ဖွင့်ပြန်၏။

လောက၌ မြတ်စွာဘုရားသည် အရိယမည်ကောင်းဟောသောပါဠိအရ ဘုရားရှင်သည် အရိယအမည်ရခဲ့ရာ အရိယဖြစ်သော ဘုရားရှင်၏သစ္စာဟုလည်း အနက်ဆိုရပြန်သည်။ မြတ်စွာဘုရားသည် ဆရာမရှိ။ မိမိကိုယ်တိုင် ထိုးထွင်းသိပြီးနောက် ဝေနေယျတို့အား ဟောပြ၏။ ဘုရားဟောပြ၍ သာဝကများ သိကြရ၏။ ထို့ကြောင့် ဘုရား၏သစ္စာဟု ဆိုရ၏။

ဤသစ္စာများသိမှ အရိယာဖြစ်ရသည်ဖြစ်ရာ အရိယာအဖြစ်ကို ပြီးစေတက်သောသစ္စာဟုလည်း ဆိုနိုင်၏။

သစ္စာကိုသိရာ၌ အနုဗောဓသိ၊ ပဋိဝေဓသိဟု နှစ်မျိုးရှိ၏။ ဆရာများထံမှဖြစ်စေ၊ ကျမ်းဂန်မှဖြစ်စေ မိမိဉာဏ်ဖြင့် နှစ်သက်ဆုံးဖြတ်ခြင်းများကို အနုဗောဓသိဟု ဆို၏။ အနု=ထပ်တလဲလဲ၊ ဗောဓ=သိခြင်း။ သိမှုမပြီးသေး၍ ထပ်ကာထပ်ကာသိနေရခြင်းဟု ဆိုလိုသည်။

ထိုသို့သိမှုမပြီးသေး၍ ထပ်တလဲလဲသိနေရခြင်းမဟုတ်ဘဲ တစ်ကြိမ်းတည်းနှင့် ထွင်းဖောက်သိခြင်းကို မဋိဝေဓသိဟု ဆိုသည်။ မဂ်ဉာဏ်၏သိခြင်းပင် ဖြစ်သည်။ မဂ်ဉာဏ်သည် ကိစ္စအားဖြင့် သစ္စာလေးပါးကိုတစ်ပြိုင်တည်းသိ၏။ ဒုက္ခကိုပိုင်းခြားခြင်း၊ သမုဒယကိုပယ်ခြင်း၊ နိရောဓကိုမျက်မှောက်ပြုခြင်း၊ မဂ္ဂပွားခြင်းဟု ကိစ္စလေးပါးရှိရာ ထိုကိစ္စလေးပါးကို တစ်ပြိုင်တည်းပြုခြင်းဖြင့် မဂ်ဉာဏ်အား သစ္စာလေးပါးထင်ရှားလာရသည်။ သင်္ခါရတို့ကို မလွှတ်နိုင်သေးသော ဉာဏ်များမှာဤကိစ္စလေးချက်ကို တစ်ပြိုင်တည်းမပြုနိုင်သေးပါ။ မဂ်ဉာဏ်ကမူ သင်္ခါရတွေကို လွှတ်ကာသင်္ခါရတို့ကင်းရာကို အာရုံပြုနိုင်၍ ဤလေးချက်ကို တစ်ခါတည်းပြုနိုင်ခြင်း ဖြစ်၏။ မှန်ပါသည်။ မဂ်ဉာဏ်ဖြစ်ရန် ပုဗ္ဗဘာဂဝိပဿနာမဂ်ကို ပွားရသည်ဖြစ်ရာ ထိုပုဗ္ဗဘာဂမဂ်သည် ဒုက္ခကိုသိလျက် သမုဒယကိုပယ်လျက်ရှိ၏။ သို့သော် မိမိ၏မဂ္ဂဘာဝနာ(မဂ်ကိုမိမိသန္တာန်၌ ဖြစ်စေခြင်း) လည်း မပြည့်စုံ၊ အပြီးမသတ်သေး၍ နိဗ္ဗာန်ကိုမမြင်ရသေးပါ။ ဒုက္ခသိမှု၊ သမုဒယပယ်မှုကလည်း အပြီးမသတ်သေး၍ ကိစ္စမပြီးသေး။ မဂ်ရောက်မှ အားလုံးကိစ္စပြီးရာ မဂ်က သိမှုကိစ္စပြီးသောအားဖြင့် အားလုံးကို တစ်ပြိုင်တည်း မတွေမဝေ ရှင်းလင်းစွာ သိနိုင်တော့သည်။

ဤ၌ ဒဿနဟူသည် အနုဗောဓအသိမဟုတ်။ မဋိဝေဓအသိဖြစ်သောမဂ်၏ဖောက်ထွင်းမြင်ခြင်းပင်တည်း။ သစ္စာလေးပါးမြင်ရခြင်းထက် ထူးခြားသောကောင်းမှုမျိုး မရှိနိုင်ပါ။ လွန်စွာအကျိုးကြီးမြတ်လှသော သစ္စာသိရခြင်းမှာ တန်ဖိုးအနဂ္ဃ ဖြတ်မရသည့်အပြင် မဂ္ဂဘာဝနာကို ပွားများသူသည် မဂ်အခိုက်၌ အငြိမ်းဓာတ်ကို ဆိုက်တွေ့ရ၏။ ထိုအခိုက်၌ပင် ခန္ဓာချုပ်ငြိမ်းမှု၊ ခန္ဓာကိုဖြစ်စေတက်သော အဘိသင်္ခါရဝိညာဉ်တို့၏ ချုပ်ငြိမ်းမှုများလည်း ပြီးစီး၏။ ထိုအငြိမ်းဓာတ်ကား ပျောက်သွားသည်မရှိ။ ထာဝစဉ်တည်နေတော့၏။ ဤသည်ကို နိဗ္ဗာန်ချမ်းသာဟု ဆို၏။

သို့်သော် ရုပ်နာမ်သင်္ခါရတို့၏ချုပ်ငြိမ်းရာကို နိဗ္ဗာန်ဟုဆိုလျှင် ထိုချုပ်ငြိမ်းမှုကို ချမ်းသာဟု အဘယ်သို့ဆိုနိုင်မည်နည်း။ ``ငါ့ရှင်တို့… ဤနိဗ္ဗာန်ကား ချမ်းသာပေတည်း`` ဟု မိန့်တော်မူသောအရှင်သာရိပုတ္တရာမထေရ်ကို အရှင်ဥဒါယီက ``ခံစားဖွယ်မရှိသောနိဗ္ဗာန်မှာ အဘယ်သို့သော ချမ်းသာ ဖြစ်ပါသနည်း`` ဟုမေးသော် အရှင်သာရိပုတ္တရာက ``ငါ့ရှင်.. ဤခံစားမှု ဝေဒယိတမရှိခြင်းသည်ပင် ချမ်းသာဖြစ်တော့သည်`` ဟု မိန့်တော်မူ၏။ မှန်ပေသည်။ ခံစားမှုဝေဒယိတမရှိခြင်းသည်ချမ်းသာခြင်းပင်ဖြစ်၍ တစ်နည်းအားဖြင့်နိဗ္ဗာန်ကိုသာ ညွှန်းပေတည်း။

ထို့ကြောင့်ပင် ``ဥပ္ပါဒေါ သင်္ခါရာ၊ အနုပ္ပါဒေါ နိဗ္ဗာနံ`` = ဖြစ်သော တရားမျိုးကား သင်္ခါရဖြစ်သဖြင့် နိဗ္ဗာန်မဟုတ်။ သင်္ခါရမဖြစ်သောတရားမျိုးသာ နိဗ္ဗာန်တည်း။ ဤသို့သောပါဠိအရ နိဗ္ဗာန်နှင့်သင်္ခါရတို့ကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်တို့သာတည်း။ ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ပင် အဖြစ်တရားမျိုးဖြစ်သော သင်္ခါရတို့၌ အငြိမ်းဓာတ်ကို ရှာမတွေ့ခြင်းဖြစ်သည်။ ထို့အတူ မဖြစ်တရားမျိုးဖြစ်သော နိဗ္ဗာနဓာတ်၌လည်း သင်္ခါရတို့၏ အဖြစ်သဘောမျိုး လုံးဝရှာတွေ့လိမ့်မည်မဟုတ်ပေ။ သင်္ခါရတို့ကား အဖြစ်တရားမျိုးဖြစ်၍ ဖြစ်ပေါ်မှု ဥပါဒ်ရှိ၏။ ဖြစ်တက်၍ ချုပ်မှုဘင်လည်းရှိ၏။ ဖြစ်ပြီးလျှင် ချုပ်မြဲဖြစ်၍ ၄င်းတို့ကား `` မတ=သေ`` ဓာတ်တို့သာတည်း။ နိဗ္ဗာန်ကား မဖြစ်တရားဖြစ်၍ ဖြစ်ပေါ်မှုဥပါဒ်မရှိ။ ဥပါဒ်မရှိသောကြောင့် ချုပ်မှုဘင်လည်းမရှိ။ အမြဲတမ်းမပျက်တော့ဘဲ တည်ရှိနေသော ထာဝရိနစ္စဓာတ်ဖြစ်၍ ``အမတ=မသေဓာတ်`` ဟုဆို၏။ နိဗ္ဗာန်ရလျှင် မသေရတော့ပြီ။ သို့ဖြစ်လျှင် နိဗ္ဗာန်ကား မသေခြင်း၏အကြောင်းတည်း ထို့ကြောင့်ပင် ``အမတဟေတုတာယ ဘင်္ဂဘဝတော စ အမတံ ``= မသေခြင်း၏အကြောင်းဖြစ်သောကြောင့်လည်းကောင်း၊ ဘင် မရှိသောကြောင့်လည်းကောင်း ``အမတ``မည်၏။ (နေတ္ထိအဠကထာ-၁၉၉)

ဤ၌ ``အမတ``ခေါ် ``နိဗ္ဗာန်`` ကိုသိရသည်မှာ အရမ္မဏ အာရုံပြုသောအားဖြင့်သိသော အသိမျိုးဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော ဗုဒ္ဓသည် သစ္စာလေးပါးတရားကို သိသည်။ သိစေသည်။ ဤကား ဗုဒ္ဓ၏ ဆိုလိုရင်း အဓပ္ပာယ်တည်း။ တစ်နည်းအားဖြင့် `` သဗ္ဗဓမ္ဓေ ဗုဇ္ဇျတီတိ ဗုဒ္ဓေါ``= အလုံးစုံသောတရားတို့ကို သိတော်မူသောကြောင့်လည်း ``ဗုဒ္ဓ``ဟု ဆိုနိုင်၏။ သို့သော် ``စတုသစ္စ ဝိနိမုတ္တောဓမ္ဓော နာမ နတ္တိ``= သစ္စာလေးပါးမှ လွတ်သောတရားမည်သည်မရှိ ဟူသည်အရ တရားအလားလုံးသစ္စာလေးပါး၌ ပါဝင်သည်ချည်းဖြစ်ရာ သစ္စာလေးပါးကို သိသည်ဆိုသဖြင့် တရားအကုန်သိသည်ဟူသောအနက်လည်း ပြီး၏။ သစ္စာမသိဘဲ အရိယာ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဗုဒ္ဓဟူ၍ ဖြစ်သည်မရှိ။ သစ္စာအားလုံးသိခြင်းဖြင့်သာဖြစ်ကြရသည်။ နိဗ္ဗာန်သို့သာ အာရုံပြုနိုင်ကြရသည်။

ထို့ကြောင့်ပင် ဂေါတမဘုရားသာသနာ၌ သုပ္ပယုတ္တ(နည်းမှန်၊ လမ်းမှန် ကြိုးစားမှု)ရှိ၍ မဂ္ဂသမ င်္ဂီ(မဂ်၊နှင့် ပြည့်စုံသောပုဂ္ဂိုလ်) တို့ဖြစ်ကာ ကိလေသာမှလွတ်မြောက် မျက်မှောက်နိဗ္ဗာန်ပြုစေရာ၏ ဟူ၍ တိုက်တွန်းနှိုးဆော်ရင်း ဗုဒ္ဓသစ္စာ မြတ်ဓမ္မာကို သဒ္ဒါထုတ်ဖော် သရုပ်ပေါ်အောင် ပူဇော်သက္ကာ ပြုလိုက်ရပါပေတည်း။
မန္တလေး နေ့စဉ်သတင်းစာမှ ဝေဆည်သာ ရေးသား ပူဇော်သည်။
သဗ္ဗေသတ္တာ သန္တိသုခါ
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Thursday, June 2, 2011

အမေ ကျွန်တော် သစ္စာပြုပါသည်






အမေ ကျွန်တော် သစ္စာပြုပါသည်



"မေမေကြီး လေဖြတ်ချင်သလား မသိဘူး"

အမေ့အခန်းထဲ အပြေးအလွှားဝင်ကြည့်တော့ အမေ့ပါးတခြမ်း ခပ်ရွဲ့ရွဲ့ဖြစ်နေ၏။ ကမန်းကတန်း ဆေးရုံပို့ရသည်။ ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းမင်းသစ်နှင့် ပါမောက္ခဒေါက်တာဒေါ်မေမြ၀င်းတို့က စေတနာများစွာနှင့် အမေ့ကို ကြည့်ပေးကြသည်။

နောက်ရက်မှာ CT Scan ဆွဲသည်။ အာရုံကြောကြီး သုံးခု ပိတ်သွားသည်တဲ့။ အမေ စကားမပြောနိုင်
တော့၊ ဘယ်ဘက်တခြမ်းလုံးလဲ လှုပ်ရှား၍မရ၊ ဘမောင်ကိုတွေ့တော့ အမေက ငွေ့ငွေ့လေးကြည့်ရှာသည်၊ တစုံ
တရာ ပြောလိုဟန်ရှိသည်၊ သို့သော် အမေ့ပါးစပ်က လုံးဝ လှုပ်လို့မရ။
"အမေ နေကောင်းလား"
မျက်တောင် ခတ်ပြ ရှာသည်။
"အမေ ဘာမှမပူနဲ့နော်၊ အကောင်းဆုံးဆေးတွေ ပေးထားတယ်၊ လေးငါးရက်ဆို ဆေးရုံက ဆင်းရမယ်
ပြောတယ်"
အမေ အားရှိအောင်သာ ပြောရသည်။ ဘမောင်အသံက မသွက်တတ်ချေ။ အမေ မျက်တောင်မခတ် ပြ
ချေ။ ဘမောင်ကိုသာ ရီဝေစွာမျက်တောင်မခတ်တမ်းလိုက်ကြည့်နေ၏။ အမေ့ရီဝေသော အားငယ်သည့်အကြည့်ကို ဘမောင်မမြင်ရက်။ တစုံတရာပြောလိုသော်လဲ ပြောမထွက်၊ လှုပ်လိုသော်လဲ လှုပ်မသွက်သော အမေ့အဖြစ်ကို ဘမောင် နင့်စွာခံစားရပါသည်။ စကားမပြောနိုင်သောအမေ မည်သို့ ခံစားနေရပါသနည်း။ အမေ့ကို ချစ်သော သားတယောက်၏ ခံစားမှုကိုလဲ ကိုယ်ချင်းစာနိုင်ပါလိမ့်မည်။
ဘမောင်တို့ ဆယ်ကျော်သက်မှာ အဖေတိမ်းပါးခဲ့သည်။ ဘမောင်က အကြီးဆုံး၊ အငယ်ဆုံးက ညီမ
လေး ၀တ်ရည်၊ အလယ်က ညီနှစ်ယောက်၊ စစ်ပြေးဘ၀ဖြင့် ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားခွင့် မရခဲ့
လိုက်သော အမေသည် အဖေမရှိသည့်နောက် ဘမောင်တို့မောင်နှမလေးယောက်ကို လူ့လောကကြီးတွင် မျက်နှာမငယ်အောင် ကြိုးစားထားပေးရှာသည်။


ပညာတွေဆုံးခန်းတိုင်အောင် သင်ပေးခဲ့သည်။ ကိုယ် မိဘအရွယ်ပြန်ရောက်သည့်အခါမှ အမေ့ရုန်းကန်လှုပ်ရှား၊ ပင်ပန်းခဲ့ရမှုတို့ကို ပြန်ပြီး စေ့စေ့ငုငု ကိုယ်ချင်းစာဖြစ်ခဲ့သည်။ ပညာတွေတတ်ခဲ့သော ယောက်ျားတယောက်၏ကြိုးစားမှုထက်၊ ပညာမပြည့်စုံခဲ့သောမုဆိုးမတဦး၏ ကြိုးပမ်းမှုကများစွာ ကြမ်းတမ်း၊ ခက်ထန်ခဲ့ပါလိမ့်မည်။ ပြည့်စုံသောဘ၀ဖြင့် အလိုမကျသည့်အခါ သားသမီးတို့အပေါ် ဘမောင်တို့ မျက်နှာထားခပ်တင်းတင်း တခါတရံထားခဲ့ဖူးသည်။ ပြည့်စုံသည်ဟုမဆိုသာသောဘ၀ဖြင့် ဘမောင်တို့မောင်နှမလေးယောက်၏ ဒုက္ခအဖုံဖုံအတွက် အမေ့မျက်နှာထားပြောင်းဖူးသည်ဟု တခါမျှမမှတ်သားမိခဲ့။ အမေသည် ဘမောင်တို့သားသမီးများနှင့် ပတ်သက်လာလျှင် အမြဲတမ်းအပြုံးဖြင့် နေပြတတ်သူဖြစ်သည်။
တခါမျှ ရင့်ရင့်မာမာ၊ ဆူဆူငေါက်ငေါက် မရှိခဲ့ရှာ၊ တောင်းတိုင်း ပေးတတ်သောအမေ၊ နွဲ့တိုင်းကျတတ်
သော အမေ၊ လေးယောက်သား တယောက်တပေါက်ကို အမြဲအပြုံးဖြင့် ဖြည့်ဆည်းပေးတတ်ရှာသောအမေ ဖြစ်ပါသည်။ အရွယ်ငယ်ငယ်မုဆိုးမဘ၀တွင် ကမ်းလှမ်းသူများရှိသော်လဲ၊ သားသမီးများမျက်နှာထောက်၍ ခပ်ရဲရဲပယ်ငြင်းခဲ့ပြီး ဘ၀ကိုအားမတန်ဘဲ ရုန်းကန်ဖြတ်ကျော်ခဲ့သော အမေလဲဖြစ်သည်။ ဘမောင်တို့ကို အမေ မွေးရကျိုး၊ ကျွေးရကျိုး နပ်သည်၊ မနပ်သည်တော့ မသိ။ ဘမောင်တို့အတွက် အမေသည် တော်ရကျိုးတော့ တိုင်းထက် လွန်ကျော်အောင် "နပ်"ရပါသည်။


ညဥ့်နက်သန်းခေါင်မှ ပြန်လာတတ်သောဘမောင်အတွက် အိပ်မှုန်စုံမွှားဖြင့် အမေအပြုံးမပျက် တံခါး
ဖွင့်ပေးတတ်သလို၊ အပေါင်းအသင်းများ၍ လောင်းကစားခုံမင်သောညီအငယ်အတွက်လဲ အမေသည် တိုးတိုး
တိတ်တိတ် ကြိတ်၍ကြိတ်၍ထုတ်ပေးတတ်၏။ ပညာရေးအားနည်းသောသူ့သမီးငယ်အတွက်လဲ အမေသည်
ပူပန်မှုများစွာဖြင့် စိုးရိမ်တကြီးရှိတတ်ပြန်သည်။ ဟင်းကောင်းစားတတ်ပြီး အပျော့ဆွဲ ဆွဲတတ်သော သူ့သား
အလတ်အတွက်လဲ အမေက မမောတမ်းဖြည့်ဆည်းပေးတတ်ပြန်သည်။
လေးယောက်၊ လေးမျိုးသောသဘာဝရှိသည့် သားသမီးတို့ကို လူလားမြောက်ရန် အမေ မုဆိုးမကြီး
သည် အပြုံးတချက်မပျက်၊ အမျက်တစက်မပြဘဲ ဘ၀၏လေဒဏ် လှိုင်းဒဏ်တို့ကို ကြံ့ကြံ့ခံရင်း ပြုစုပျိုး
ထောင်ပေးခဲ့ပါ၏။ အမေ့ဒုက္ခ နည်းသည်မဟုတ်။ သားသမီးတို့အပေါ် တော်ရုံမေတ္တာဖြင့် ဤ ဒုက္ခမျိုးကို ရင်
မဆိုင်နိုင်။
အဖေ စီးပွားပျက်တုန်းက တွန့်ဆုတ်ခြင်းအလျှင်းမဲ့စွာ အမေက သူ့ရွှေတွေထုတ်ပေးခဲ့သည်။
"အမေ မနှမြောဘူးလား"
"ဘာတတ်နိုင်မှာလဲ သားရယ်၊ ဘ၀ဆိုတာ သည်လိုပဲပေါ့"
"ဘ၀" ဟူသောစာလုံးနှစ်လုံးကို ဘမောင်တသက်တွင် မှတ်မှတ်ထင်ထင် အမေ့ထံမှစတင်ကြားဖူးခဲ့
ခြင်းဖြစ်သည်။ အဖေဆုံးတော့ အမေ့မျက်ရည်တို့ အတောမသတ်တသွင်သွင်စီးဆင်း၏။ ဘမောင် တို့မောင်နှ
မတွေ အမေ့နားရောက်လာလျှင် ကပျာကယာမျက်ရည်သုတ်တတ်သော အမေ့မျက်ဝန်းတို့တွင် မျက်ရည်စအ
နည်းငယ်ကိုမျှသာ တွေ့တတ်သည်။ သားသမီးတွေ ပို၍အားငယ်မည်ကို မလိုလားသောအမေသည် သူကျချင်
သောမျက်ရည်တို့ကိုပင် ကျခွင့်မပေးခဲ့။
အမေသည် ဘမောင်တို့အတွက် ဤသို့သောအမေ ဖြစ်ချေသည်။ လူလားမြောက်၍ လုပ်ငန်းခွင်ထဲ
ဝင်ကြသည့်အခါ ဘမောင်တို့ တနယ်တကျေးဖြစ်ကုန်ကြသည်။ အမေသည် သူ၏အငယ်ဆုံးသမီး နှင့်နေဖြစ်
ခဲ့ရှာ၏။ တော်ရုံ ဖုန်းမဆက်၊ ပြန်မလာရှာတတ်သော ဘမောင်နှင့်တွေ့သည့်အခါ
"သားကြီးရယ်၊ ဖုန်းလေး ဘာလေးလောက်တော့လဲ ဆက်ဦးမှပေါ့။ ဖျားသလား၊ နာသလား၊ အမေ
စိတ်ပူနေလိုက်ရတာ ပင်ပန်းလွန်းတယ်"
ထိုသို့ အမေက ကရုဏာဖြင့် ပြောတတ်ရှာသည်။ အမေ့မေတ္တာသည် ဘမောင်တို့၏ အသက်အရွယ်
နှင့် သိပ်အချိုးမကျလှချေ။ ရင်ခွင်ထဲ၊ ပုခက်ထဲတုန်းကအရွယ်ကဲ့သို့ပင် အမေ့ကရုဏာက အမြဲလန်းဆန်းလျက်
ရှိနေပါသည်။ ဈေးကွက်စီးပွားရေးတွင် ကိုယ်စားလှယ်လုပ်ငန်းများရ၍ ဘမောင်တို့အတော်ကြီး အဆင်တပြေ
ဖြစ်ခဲ့သည်။ အမေ့ကို တစုံတရာဖြင့်ကန်တော့ဖြစ်၏။
"သား မင်းပဲပြန်ယူသွားပါ။ အမေက အသက်ကြီးပြီ။ လုပ်ငန်းရှင်တွေ ငွေလိုတတ်တယ်ကြားတယ်၊
လိုရင် ပြောဦး၊ အားမနာနဲ့"
အရွယ်ရောက် အိမ်ထောင်ကွဲ ဟူသည် အမေ့ဒဿနတွင်မရှိ၊ လူပျိုနှင့် အိမ်ထောင်ကွဲကို အမေခွဲ၍
လဲမမြင်။ အမေသည် တပ်မက်မှုလဲအလျှင်းမရှိ။ ဘာလိုချင်ပါသည်ကို မပြောဖူးခဲ့။ ပေးဆပ်ခြင်းတခုတည်းဖြင့်
ရှင်သန်သူဖြစ်သည်။ အရွယ်ရောက်၊ အတောင်စုံသူကိုပင် အိုကြီးအိုမအမေက ဖြည့်ဆည်းချင်ရှာနေသူ ဖြစ်
သည်။
အဆန်စိတ်ကြီးသော အမေ။
ဖြည့်ဆည်းခြင်းဖြင့် ရှင်သန်သော အမေ။
ပေးဆပ်ခြင်းများစွာဖြင့် သူ့ဘ၀ကို ထုဆစ်နေသော အမေ။
ကိုယ်က လင့်ခရုဇာစီးပြီး အမေ့ကို အားဆေးလောက်ဖြင့်ကန်တော့ခဲ့သော ဘမောင်ကို အမေက အ
ပြုံးများစွာဖြင့် ဆုတွေတထမ်းကြီး ပေးတတ်သလို၊ နယ်ခြားနိုင်ငံတခုက သူ့သားပို့ပေးသော ငွေစတချို့ကိုလဲ
ရွှေဝယ်ပေးပြီး သီးခြားသိမ်းပေးထားတတ်သော အမေ ဖြစ်သည်။
"အမေ့အတွက် ဘာမှမလိုပါဘူး၊ အမေရှိသေးတာကို သိတတ်တာတခုနဲ့ပဲ ကျေနပ်နေပါပြီ"
အမေ့စကားတွင် ဟန်ဆောင်မှု၊ ဖုံးကွယ်မှု၊ ဖြေသိမ့်မှု အလျှင်းမပါ။ သန့်သောစကား၊ ရိုးသောစကား၊
စင်းသောစကားများသာဖြစ်သည်။ ဘမောင်တို့အရွယ်ရ၊ သားသမီးတွေကိုယ်စီဖြစ်လာသောအခါ အမေ့ ရင်ငွေ့
လှုံခဲ့ရစဉ်ကို ပြန်ပြောင်းအမှတ်ရမိသည်။ ကိုယ့်သားသမီးတွေကိုယ့်အပေါ်တုံ့ပြန်မှုနှင့် အမေ့အပေါ် ဘမောင်တို့
လေးယောက်သား တုံ့ပြန်မှုတို့ကို တွေးမိလာသည်။
"ရေသည် မြင့်ရာမှနိမ့်ရာသို့ အမြဲ စီးဆင်း၏"တဲ့။ အချို့က ဤသို့ခံယူကြသည်။
မေတ္တာသည် ရေမဟုတ်၊ သိတတ်မှုသည်လဲ ရေမဟုတ်၊ ကျေးဇူးတရားသည် ကမ္ဘာ့ဆွဲအားနှင့် လား
လားမှမဆိုင်။ မွေးကျေးဇူး၊ ကျွေးကျေးဇူးတို့အပေါ် စာနာမှု၊ တုံ့ပြန်မှုတို့သည် သိတတ်မှု၊ နားလည်နိုင်မှုနှင့်သာ
ဆိုင်ပါသည်။ အမေသည် အရွယ်ရလာပြီဖြစ်၏။ မုဆိုးမဘ၀ဖြင့် သားသမီးလေးယောက်တို့အပေါ် အပြုံးမပျက်၊
တချက်မငြူစူဘဲ လောကဓံတရားကို အပြုံးဖြင့် ရင်ဆိုင်ကျွေးမွေးခဲ့သော အမေ့အတွက် ဘမောင်တို့ တစုံတရာ
ကျေးဇူးပေးဆပ်နိုင်ခဲ့ပါပြီလား၊ အမေ့နို့တလုံးဖိုး အသာထား၊ အမေ့နို့တစက်ဖိုးမျှရော သိတတ်မှုတွေရှိခဲ့ပါပြီ
လား။
တချို့ကား ဆန္ဒရှိသော်လဲ အခြေအနေမပေး။ တချို့ ကား အခြေအနေပေးသော်လဲ ဆန္ဒမရှိ။ တချို့ 
ကား ဆန္ဒလဲမရှိ၊ အခြေအနေလဲ မပေး။ အခြေအနေပေးသော်လဲ ဆန္ဒမရှိလျှင် ထိုသောသားသည် "သား
မည်မဟုတ်"နိုင်၊ ထို့ထက် မိုက်သောသားသည်ပင် ထိုမျှမမိုက်။
ဝမ်းစပ်ရသောသားနှင့် မွေးရကျိုးနပ်သောသားတို့တွင် ဖြစ်နိုင်လျှင် မွေးရကျိုးနပ်သောသားမျိုးသာ
ဖြစ်သင့်ကြသည်။ ဘမောင်တို့အပေါ် ယူခဲ့ရရှာသော အမေ့တာဝန်သည် ကြီးမားလှ၏။ ပညာရေး၊ စာရိတ္တ၊ လူ
တလုံး သူတလုံးဖြစ်ပါ့မလားစသဖြင့် ပူပန်မှုတွေဖြင့်ယူခဲ့ရသော တာဝန်မျိုးဖြစ်သည်။ ကိုယ့်အလှည့်ကျ ဤ
တာဝန်များရှိသည် မဟုတ်၊ ပူပန်မှုအလျှင်းမရှိရဘဲ "သိတတ်မှု" လေးတခုမျှဖြင့်သာ နှမ်းဖြူး ကျေးဇူးဆပ်နေရ
ခြင်းဖြစ်သည်။ ထိုသော သိတတ်မှုလေးကိုမျှ ကောင်းစွာစိတ်မထားနိုင်ခဲ့လျှင်။
အမေ့အသက် ရှစ်ဆယ်ကျော်ပြီ။ ကြွက်သားတို့မထိန်းနိုင်တော့၍ ဆီး ၀မ်းသွားသည်ကိုလဲ မသိတော့။
ပါးစပ်လှုပ်မရ၍ အစာကို နှာခေါင်းပိုက်တချောင်းဖြင့် ဖြည့်ဆည်းနေရသည်။ ဆီးမထိန်းနိုင်တော့၍ ဆီးပိုက်တ
ချောင်းလဲ တပ်ထားရသည်။ ပေးသင့်သောဆေးတို့ကိုတော့ အပြည့်အ၀ ပေးထားနိုင်၏။ နေ့၊ ည
Nurse တို့ဖြင့်မပြတ်ရှိစေသည်။ မနက် ရုံးမသွားမီ တကြိမ်၊ ညနေရုံးပြန် တကြိမ် အမေ့ထံ ဘမောင် တနေ့နှစ်ကြိမ်ဝင်သည်။

တတ်သလောက်မှတ်သလောက်အာရုံပြု၍ ၀န်းကျင်နှင့်ဆေးရုံတွင်း ၀န်ထမ်းများ၊ လူနာများကို မေတ္တာပို့ဖြစ်၏။
အမေ့အတွက်လည်း ဆုတောင်းပေး၏။ ညီနှင့်ညီမလေးကလဲ တယောက်မဟုတ် တယောက် အမေ့အနားနေ
ပေး၏။
"အမေ နေလို့ကောင်းရင် လက်ညှိုးထောင်"
စကားမပြောနိုင်သောအမေ့ကို လှုပ်ရှားမှုရရန် ညီမလေးကဘေးကပြောပေးသည်။ လှုပ်ရသော ညာ
ဘက်လက်ညှိုးလေးကို အားယူ၍ အမေ ထောင်ပြရှာသည်။ သားသမီးတို့ကို စိတ်ချမ်းသာစေလို၍ ကြိုးစား
ထောင်ပြရှာသည်လားမသိပါ။ အမေသည် သူ့ဒုက္ခ၊ သူ့ဝေဒနာတွေထက် သားသမီးတို့ စိတ်ချမ်းသာစေခြင်းကို
ဦးစားပေးတတ်သူဖြစ်သည်။
မပြောနိုင်ရှာသောအမေသည် ဘမောင်ကို ရီဝေစွာမျက်တောင်မခတ်ကြည့်နေရှာသည်။ အမေပြော
ချင်သည်တို့ကို ဘမောင် အဓိပ္ပာယ်မဖော်တတ်။ ဘမောင် အာရုံပြုမေတ္တာပို့နေသည်ကို မျက်တောင်မခတ်
ကြည့်နေတတ်သလို အမေ့ဘေးတွင်ထိုင်၍အားပေးလျှင်လဲ မျက်လုံးမရွေ့ကြည့်နေတတ်ပြန်၏။
အမေ့အကြည့်သည် အင်အားမရှိ၊ ရီဝေနေ၏။ ခပ်ငွေ့ငွေ့မျှသာနှင့် အားငယ်ရှာသည်ထင်သည်။ ဆေးရုံ
တွင်ပင် ရက် ၄၀ ကျော်ကြာခဲ့သော အမေသည် ထူးခြားစွာတိုးတက်မလာတတ်သေး။ အကောင်းဆုံး ပြုစုနိုင်
သည်မှလွဲ၍ ဘမောင် ပို၍မတတ်နိုင်၊ သတ္တ၀ါတို့သည် "ကံ" စီမံရာဖြစ်သည်။ သို့သော် "သစ္စာ"သည် အစွမ်းထက်သည်ဟု မှတ်သားဖူး၏။ ကြိုးစားကြည့်သင့်သည်ဟု ဘမောင် ထင်သည်။
အမေ့ဘေးနားကခုံမှာ ဘမောင်ထိုင်လိုက်သည်။ အမေ့လက်ကိုကိုင်၍ အာရုံပြု၏။ စိတ်ကိုအတတ်နိုင်
ဆုံး သန့်ရှင်းစွာထား၍ အနန္တသတ္တ၀ါအားလုံးကိုမေတ္တာပို့လိုက်သည်။ ရင်ထဲမှ လှိုက်လှဲစွာ၊ လေးနက်စွာ၊ ဖြူစင်
စွာဖြင့် "ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ" တည်းဟူသော အနန္တဂိုဏ်းဝင်တို့၏ကျေးဇူးတော်ကို အကြွင်းမရှိ
ယုံကြည်သူဖြစ်ပါ၏၊ အထူးအားဖြင့် မိခင်ကြီး၏ကျေးဇူးကို အလေးအနက်ခံယူသူလဲဖြစ်ပါသည်။ ထိုကျေးဇူးကို
ဤဘ၀၊ ဤအချိန်တွင် ပြင်းပြစွာပြန်လည်ပေးဆပ်လိုပါ၏။


ဤမှန်ကန်လေးနက်သောသစ္စာစကားကြောင့် မိခင်
ကြီး၏ကျန်းမာရေး အမြန်ပြန်ကောင်းမွန်ကာ၊ မိခင်ကြီး ရှည်နိုင်သောအသက်တို့ကို မိမိ၏ ကျန်သောအသက်မှ
နုတ်လျော့စွန့်လွှတ်ပူဇော် ကျေးဇူးဆပ်နိုင်ရပါစေသား" ဆုံးသည်နှင့် ရင်ထဲမှလှိုက်တက်လာ၏။ ဝမ်းသာပီတိတို့ ဖြင့် လှိုက်တက်လာခြင်းဖြစ်သည်။ မတူသောပီတိတို့ကို ခံစားဖြစ်ရသည်။ ပြင်းပြသောဆန္ဒတို့ ဖြည့်တင်းခံရသလို ကျေနပ်မိသည်။ ကိုယ့်မျက်လုံးကိုယ် ဖြည်းဖြည်းချင်းဖွင့်ဖြစ်လိုက်သည်။ ကိုင်ထားသောအမေ့လက်က ဘမောင်ကို ခပ်တင်းတင်းဆုပ်လိုက်သည်ကို ဦးစွာသတိထားမိသည်။ မပီကလာ ပီကလာ အမေ့အသံကို ဗလုံးဗထွေး ခပ်သဲ့သဲ့ စတင်ကြားလိုက်ရ၏။
"သား ... ကြီး ... အိမ် ... ပြန် ..တော့ ... လေ။ နောက်ကျ ... နေပြီ"


*********** **************** ************


နေဇင်လတ်

Wednesday, June 1, 2011

အိုမင်းမှု့ ရွှေရတု


အိုမင်းမှု့ ရွှေရတု


“ ဘယ်သူလဲ ”

“ ငါပါကွ ဇရာပါ ”

“ ဘာကိစ္စလဲ ”

“ မင်း အသက်ငါးဆယ်ပြည့်တဲ့ အကြောင်း လာပြောတာ ”

“ သိပါတယ် ”

“ သိပါတယ် လုပ်မနေနဲ့ ။ တံခါးဖွင့်ပါဦး ”

တံခါးဖွင့်ကြည့်လိုက်တော့ ဇရာတစ်ယောက်တည်းမဟုတ်ဘူး ။ သူ့နောက်မှာ ပြုံးစိစိနဲ့ လှမ်းကြည့်နေသူနှစ်ယောက် ။ ဗျာဓိနဲ့ မရဏ ။

ဇရာက နောက်ကိုတစ်ချက်လှည့်ကြည့်ပြီး ပြောနေပြန်တယ် ။

“ ငါ တံခါးခေါက်ပြီးရင် ဒီကောင်တွေ ခေါက်တော့မှာနော် ”

“ သိနေတယ်လေ ”

“ ဘယ်လိုသိတာလဲ ”

“ နာခြင်းနဲ့ သေခြင်း မဟုတ်လား ”

ဗျာဓိက ၀င်ပြောပြီ ။

“ ငါက ဆေးသောက်ရုံနဲ့ ပျောက်တတ်တဲ့ နာခြင်းမျိုးမဟုတ်ဘူးနော် ။ မသေ - သေအောင် နှိပ်စက်မှာ ”

သူက ပြောပြီးတာနဲ့ မရဏဘက်ကို လှည့်ကြည့်လိုက်တယ် ။ မရဏက ပြုံးရင်းခေါင်းညိတ်ပြနေတယ် ။ ပြီးတော့ တစ်ချက်လှမ်းအော်ပြောလိုက်တယ် ။

“ ငါတံခါးခေါက်ရင် မင်းဒီအိမ်မှာ နေခွင့်မရတော့ဘူးနော် ”

သူ့အသံက မာတယ် ။ ခပ်တင်းတင်း ခပ်ပြတ်ပြတ် ။ ဒီတော့ လည်းကိုယ့်ဘက်က ပြတ်သားရမှာပေါ့ ။

“ သိပါတယ် ”

ဇရာ ၊ ဗျာဓိ ၊ မရဏ အသံတွေမြိုင်သွားမှ အခန်းထဲမှာ ငြိမ်ကုတ်နေတဲ့ကောင်က ထထွက်လာတယ် ။ အတူနေ အခန်းဖော်ပေါ့ ။ အပြင်က သုံးကောင်က အထဲက တစ်ကောင်ကို သံပြိုင်နှုတ်ဆက်လိုက်ကြတယ် ။

“ ဟေ့ကောင် ဇာတိ ၊ ဘော်ဒါကြီး အဆင်ပြေလား ”

“ သိပ် မပြေဘူး ”

“ ဘာဖြစ်လို့လဲကွ ”

“ ဒီကောင် သတိပဋ္ဌာန်တရား အားထုတ်နေတာကွ ။ ငါတို့ အကြောင်းကို ရိပ်မိနေပြီ ”

“ ကိစ္စမရှိပါဘူးကွာ ၊ ဒီကောင်ဘယ်လောက် သတိကောင်းမှာတဲ့တုံး ၊ ငါသိသိသာသာ နှိပ်စက်ပြရင် ဒီကောင် လန်ထွက်သွားမှာပါ ”

ဇာတိနဲ့ဗျာဓိ အပြန်အလှန်ပြောနေကြတာ ။ ကိုယ့်အကြောင်းကို ကိုယ့်ရှေ့ မှာ ပြောင်ပြောင်တင်းတင်းပြောနေကြတာ ။ ပြောကြပါစေလေ ။ ကိစ္စမရှိပါဘူး ။ သူတို့လက်ထဲရောက်မှတော့ ဘယ်တတ်နိုင်မလဲ ။ နှလုံးသွင်းနေကျအဆုံးအမကိုပဲ အာရုံပြုနေလိုက်မိပါတယ် ။

“ မြင်တာ ဘာတဲ့လဲ ၊ မြင်သိ ရုပ်နာမ် ”

“ ကြားတာ ဘာတဲ့လဲ ၊ ကြားသိ ရုပ်နာမ် ”

“ မြင်သိမမြဲ ၊ မြင်ဆင်းရဲ ၊ မြင်ထဲ ငါမပါ ။ အဲဒါသဘာဝ အနတ္တာ ။ ကြားသိမမြဲ ၊ ကြားဆင်းရဲ ၊ ကြားထဲ ငါမပါ ။ အဲဒါသဘာဝ အနတ္တာ ”

“ ဒီကောင် ငြိမ်သွားပြီ ။ ကြောက်နေတယ်ထင်တယ်ကွ ”

မရဏရဲ့  အသံခပ်မာမာနဲ့ မှတ်ချက် ။ နည်းနည်းတော့ ပြန်ပြောမှဖြစ်မယ်ထင်တယ် ။

“ အသေကြီးကို ကြောက်ကြတာ လူတိုင်းရဲ့ သဘာဝပါ ။ ဒါကိုမငြင်းပါဘူး ။ လက်ခံပါတယ် ။ ဒါပေမဲ့ သတိပဋ္ဌာန် ၀ိပဿနာတရားကို သေသေချာချာအားထုတ်ထား ရင် စက္ကန့်တိုင်းမှာ အသေလေးတွေနဲ့ တွေ့တဲ့ အတွေ့အကြုံတွေ ရနေပြီးသားမို့ပါ ”

မရဏက တစ်ဖက်ကိုလှည့်သွားတယ် ။ ဗျာဓိကတော့ သိပ်ကျေနပ်ပုံမရဘူး ။ ခပ်ဆက်ဆက်နဲ့ လှမ်းမေးတယ် ။

“ မင်း အဲဒီအလုပ်ကိုလုပ်တော့ ငါ့လိုမျိုး သေလောက်အောင် နှိပ်စက်တဲ့ နာတာမျိုး ကြုံဖူးလို့လား ”

“ ကြုံဖူးတာပေါ့ ။ ဒါ ဝေဒနာက္ခန္ဓာရဲ့  သဘာဝတစ်ခုပဲ ။ တစ်ကိုယ်လုံး အကြောအခြင်တွေပြတ်ထွက်ပြီး သေလှမတတ်ခံခဲ့ရတာ ”

“ ဟုတ်လား ၊ ဒါဖြင့် မင်း ဘယ်လိုကျော်လွှားခဲ့သလဲ ”

“ ဘုရားရှင်ရဲ့  တရားတော်ကို အသက်ပေး ယုံကြည်ခြင်းဆိုတဲ့ စိတ်နဲ့ပေါ့ကွာ ”

“ မင်းပြောတာ ငါနားမလည်ဘူး ”

“ ဘယ်နားလည်နိုင်ပါ့မလဲ ။ မင်းတို့လေးယောက်ဟာ တရားတော်ရဲ့  ဆန့်ကျင်ဘက်တွေပဲ ။ ဒါပေမဲ့လည်း မင်းတို့ကို ကျေးဇူးတင်ပါတယ် ။ မင်းတို့ ခြိမ်းခြောက်အား ကောင်းလို့ တရားရဲ့  အနှစ်သာရကို သိခွင့်ရခဲ့တာ ”

“ မင်းစကားက ပဟေဠိဆန်လွန်းတယ် ”

“ မင်းတို့လေးယောက် အတွင်းအပြင်ခွင်ရိုက်ပြီး ငါ့ကို နှိပ်စက်ခဲ့တာ သံသရာနဲ့ချီပြီးကြာလှပြီ ။ ဒီဘ၀မှာတော့ ဗုဒ္ဓတရားတော် အကူအညီနဲ့ မင်းတို့အကြောင်းကို ကောင်းကောင်းသိခွင့်ရလိုက်တာ တကယ့်ကို လူဖြစ်ကျိုးနပ်တော့တာပဲ ”

ဗျဓိနဲ့ စကားကောင်းနေတုန်းမှာပဲ မရဏက မျက်နှာခပ်တင်းတင်းနဲ့ ဖြတ်ပြီးလှမ်းမေးပြန်တယ် ။

“ ဒါဖြင့် မင်းသေရဲပြီလား ”

နှုတ်ဆိတ်နေလိုက်မိတယ် ။ ခေါင်းမညိတ်ချင်ဘူး ။ ခေါင်းမခါချင်ဘူး ။ ခေါင်းညိတ်ရင် ကြွားရာကျမယ် ။ ခေါင်းခါရင် ကြောက်ရာကျမယ် ။ အစွန်းနှစ်ဖက်မလွတ်ဘူး ။ ဒါပေမဲ့ သူက မေးထားပြီဆိုတော့ အဖြေတစ်ခုခုတော့ ပြန်ပေးမှဖြစ်မယ် ။ မရဏရဲ့  မျက်နှာကလည်း အဖြေရမှ ကျေနပ်မယ့်ပုံမျိုး ။

“ သတိပဋ္ဌာန်တရား အားထုတ်နေချိန်တွေမှာ ရုပ်တရား ၊ နာမ်တရားတွေရဲ့  ဖြစ်ခြင်းနဲ့ပျက်ခြင်းကို တွေ့ခွင့်ရနေတော့ မင်းတို့လေးယောက်နဲ့ အမြဲရင်းနှီးနေရသလိုပါပဲ ”

“ ငါ မေးတာကိုပဲ ဖြေပါ ”

“ ငါဖြေတာကလည်း အရှင်းကြီးပါ ။ ရင်းနှီးနေတယ်ဆိုမှတော့ ဘယ်ခေါ်ခေါ် ဘယ်သွားသွား ဘယ်အချိန်ပဲဖြစ်ဖြစ် အတူတူလိုက်နိုင်တာပေါ့ ။ တစ်ခုတော့ရှိတယ် ။ မင်းတို့ အရင်ကလို ငါ့ကိုထင်သလို ခွင်ရိုက်လို့ မရတော့ဘူးဆိုတာကိုတော့ သတိပေးချင်တယ် ။

“ တယ်စာတဲ့ ဆိုပါလား ”

ဇရာက မခိုးမခန့်အပြုံးနဲ့ ၀င်စွက်ဖက်လိုက်တယ် ။ ပြီးတော့ ထပ်ပြီးကွန့်လိုက်ပြန်တယ် ။

“ မင်း- ငါးဆယ်ပြည့်ပြီဆိုတော့ ရွှေရတုမွေးနေ့တွေ ဘာတွေ ခမ်းခမ်းနားနားမလုပ်ဘူးလား ။ တစ်သက်မှတစ်ခါ ကြုံရတာပဲဟာ ၊ ဖိတ်စာတွေဘာတွေ လှလှပပရိုက်ပြီး သူများတွေလို အကျအနမလုပ်ဘူးလား ။ ကျွန်တော် အိုပါပြီဆိုပြီး ပြုံးပြုံးနဲ့ တခမ်းတနား အကျွေးအမွေးတွေလုပ်ပြီး ဂုဏ်မယူချင်တော့ဘူးလား ။ မင်းက လူသိများတာပဲဟာ ။ ဖိတ်စာအပျံစားနဲ့ ဖိတ်လိုက်ရင် ဧည့်သည်တွေ အလျှံပယ် လာကြမှာလေ ”

“ ပုဆိုးပြောင်ပြောင်လက်လက် ၊ ထဘီပြောင်ပြောင်လက်လက်တွေနဲ့ လက်ဝတ်ရတနာမျိုးစုံတွေ တွေ့ရတာ မျက်စိကျိန်းလွန်းလို့ပါ ။ အခမ်းအနားအချိန် သုံးနာရီစလုံး ရယ်ပြ ပြုံးပြရတာ မျက်နှာညောင်းလွန်းလို့ပါ ။ မျက်စိကလည်း သိပ်မကောင်းတော့ဘူး ။ မျက်နှာကလည်းတွန့်လာပြီမို့ မျက်စိကိုလည်း အနားပေးရင်း မျက်နှာကြီးကိုလည်း အရယ်အပြုံးများလွန်းတဲ့ဒဏ်ကြောင့် ထပ်တွန့်သွားမှာစိုးလို့ပါ ”

“ ဒါဖြင့် မင်းဘာလုပ်မှာလဲ ”

“ လူ့ဘ၀မှာ အနှစ်ငါးဆယ် နေထိုင်ခွင့်ရပြီးပြီ ။ နေခဲ့ပြီးသလောက် အသိဉာဏ်ဖြစ်ခဲ့ရဲ့ လား ။ အနာကြီး ၊ အသေကြီးနဲ့ ရင်ဆိုင်နိုင်ဖို့ ကိုယ့်မှာ ဉာဏ်ခွန်အား ဘယ်လောက်ရှိနေပြီလဲ ။ ဘယ်လောက် အာမခံချက် မြင့်မားနေပြီလဲဆိုတာကိုပဲ ဆင်ခြင်နေပါတယ် ။ အဲဒီအလုပ်ကိုပဲ လုပ်နေပါတယ် ”

“ မဟုတ်ဘူးလေကွာ ၊ ဒါက မင်းအပိုင်း ၊ ငါဆိုလိုတာက မင်းအမှတ်တရတစ်ခုခု ကုသိုလ်မပြုခဲ့ဘူးလားဆိုတာပါ ”

“ ကိုယ့်ထက် အဆမတန်အိုမင်းနေကြသူတွေ ၊ သူများကူမှ ထူမှ ထရနဲ့ နာနေကြသူတွေ စုဝေးနေတဲ့ ဘိုးဘွားရိပ်သာကို သွားတယ် ။ အရုဏ်ဆွမ်း မုန့်ဟင်းခါး သွားလှူတယ် ။ ဘိုးဘွားတစ်ဦးစီကို ဓမ္မဒါနစာအုပ်နဲ့ အလှူငွေပေးရင်း အနီးကပ် သံဝေဂယူတယ် ။ ဆေးပဒေသာပင် စိုက်တယ် ”

“ ပြီးတော့ရော ”

“ ပရိယတ် ၊ ပဋိပတ်လုပ်နေတဲ့ တောရဘုန်းကြီးကျောင်းတစ်ကျောင်းကိုသွားပြီး သံဃာအပါး (၁၅၀ ) ကို နေ့ဆွမ်းကပ်တယ် ။ ဒါက အပြင်ပစ္စည်းအလှူ ၊ အတွင်း ပစ္စည်းအနေနဲ့ သွေးလှူဘဏ်သွားပြီး သွေးတစ်ပုလင်း လှူတယ် ”

“ လူတွေကို မဖိတ်တော့ဘူးလား ”

“ လူတွေမှာက အချိန်တွေ အားကြတာမဟုတ်ဘူး ။ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာ ။ ဖိတ်ရင် အားနာပါးနာနဲ့ လာနေရဦးမယ် ။ ၀တ်ရစားရဦးမယ် ။ သွားရလာရ ဦးမယ် ။ ပြင်ဆင်ချိန် ၊ သွားလာချိန် ၊ ဧည့်ခံပြောဆိုချိန်နဲ့ အချိန်တွေ အများကြီးသုံးရမယ် ။ ပိုက်ဆံကုန်မယ် ။ ဓာတ်ဆီကုန်မယ် ၊ ကိုယ့်ဘာသာကိုယ် အသက်ကြီးသွားတာ ၊ နေ့စဉ်နဲ့အမျှလည်း အသက်က ငယ်တယ်မရှိဘူး ။ ကြီးနေတာလေ ။ ကိုယ့်အသက်ကြီးတဲ့ဒုက္ခကို သူများကို ထပ်ဆင့်ထမ်းခိုင်းသလိုဖြစ်နေမယ် ။ ဒါကြောင့်ပါ ”

“ အရင်နှစ်တွေတုန်းက မင်းလုပ်ဖူးပါတယ် ”

“ အရင်က အရင် ၊ အခုက အခုလေ ။ အရင်က အမြင်နဲ့ အခုအမြင်နဲ့ တူချင်မှတူမှာပေါ့ ”

“ မင်းနဲ့စကားပြောရတာ သိပ်အဆင်မပြေဘူး ”

“ ဒီစကားပိုင်းမှာ ဘုဂလန့်စကားတစ်ခွန်းမျှ မပြောခဲ့ပါဘူး ”

ဗျာဓိနဲ့ မရဏကတော့ နေနှင့်ဦးပေါ့ကွာဆိုတဲ့ မျက်နှာပေးနဲ့ မကျေမနပ်လှမ်းကြည့်နေတယ် ။ စိတ်ပြေသွားအောင် ပြောလိုက်ဦးမှ ။

“ ဒီမှာ ဗျာဓိနဲ့မရဏ ၊ အချိန်မရွေးနော် ။ ဒီအိမ်တံခါးကို အမြဲတမ်းဖွင့်ထားပါတယ် ။ ကဲ-ဇရာကလည်း တံခါးခေါက်မနေနဲ့တော့ ။ ပင်ပန်းပါတယ် ။ မင်းမခေါက်လည်း သိပြီးသားပဲ ။ ကဲ-ဇာတိ ၊ မင်းဘော်ဒါတွေနဲ့ လိုက်ချင်လိုက်သွားတော့ ။ ဒါမှမဟုတ်လည်း အပြင်က သုံးကောင်ရဲ့  ဒလံအဖြစ်နဲ့ နေချင်လည်းနေ ၊ မင်းသဘောပဲ ။ အားလုံး Open ပဲ ”

ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊ မရဏ လေးကောင်စလုံး ညာညှိတန်းစီ သလိုမျိုးပုံစံနဲ့ ကိုယ့်ရှေ့  မှာလာရပ်တယ် ။ ပြီးတော့ တစ်ပြိုင်နက်တည်း မေးခွန်းထုတ်လိုက်ကြတယ် ။

“ နေပါဦး မင်းက ငါတို့ကို ခင်တင်းတင်း ခပ်မာမာဆက်ဆံရဲအောင် မင်းမှာ ဘာအားကိုး ၊ ဘာအဆောင်တွေရှိလို့လဲ ။ ပြစမ်း မင်းရဲ့  ညာလက် ။ ငါတို့နဲ့ စကားပြောတုန်း မင်းညာလက်ကို ဖြန့်တယ်မရှိဘူး ။ ဘာအဆောင်တွေ ကိုင်ထားတာတုံး ”

“ တကယ် ဖွင့်ပြရမှာလား ”

“ အေး…. ဟုတ်တယ် ”

လေးယောက်စလုံး သံပြိုင်ထွက်လာတယ် ။

“ သေချာတယ်နော် ”

“ အေးပါ ”

ညာလက်ကို ဆုပ်ထားရာက ဖြန့်ပြလိုက်တယ် ။ သတိပဋ္ဌာန်တရားတော်ဆိုတဲ့ အသားတံဆိပ်ကိုလည်းတွေ့ရော ခြိမ်းခြောက်သူ လေးယောက်စလုံး အငွေ့ပျံပြီး ရိပ်ခနဲ ပျောက်သွားလိုက်ကြတာ အစတောင် ရှာမတွေ့တော့ဘူး ………. ။

ဆရာမြသန်းစံ

@@@ စာလုံးပေါင်း သတ်ပုံများ မှားခဲ့လို့ရှိရင်လဲ ပြင်ဆင်ပြီး ဖတ်ရှု့  ပေးပါရန် အထူး မေတ္တာရပ်ခံရပ်ပါသည် @@@

ကိုယ်တွေ့ဓမ္မအကျိုး



ကိုယ်တွေ့ဓမ္မအကျိုး

ကျွန်မ တရားဓမ္မဆိုင်ရာ စာပေတွေကို ရေးသားရာမှာ မြတ်စွာဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေထဲက အများနဲ့ သင့်တင့်လိုက်လျောညီထွေမယ့် အကြောင်းအရာတွေကို ရွေးပြီး တင်ပြရေးသားလေ့ရှိခဲ့ပါတယ်။ ဆရာတော်ဘုရားများရဲ့ တရားတော်များကို နာယူပြီးတဲ့နောက် မှတ်သားထားတဲ့မှတ်စုတွေက တဆင့် တခါတရံမှာတော့ အကြောင်းအရာ တိုက်ဆိုင်မှုရှိခဲ့ရင်၊ တခါတရံမှာတော့ အဲဒီ့အကြောင်းအရာကို ရေးသားသင့်တဲ့အချိန်လို့ ထင်ခဲ့ရင်၊ တခါတရံမှာတော့ အရေးကြီးတဲ့အကြောင်းအရာမို့ အားလုံး မြန်မြန်သိသင့်တယ်လို့ ထင်ခဲ့ရင် ကျွန်မ ပြန်လည်ရေးသားလေ့ရှိပါတယ်။

ဒီတခေါက်မှာတော့ ကျွန်မဘဝမှာ လေ့လာနာယူလိုက်နာအားထုတ်ခဲ့တဲ့ ဓမ္မတရားများကြောင့် ကျွန်မကိုယ်တွေ့ ခံစားရတဲ့ အကျိုးကျေးဇူးများကို ကျွန်မ ရေးသားတင်ပြချင်ပါတယ်။ ပထမအနေနဲ့ မေတ္တာရပ်ခံချင်တာက ဒီပို့စ်ကို ရေးသားခြင်းဟာ စာဖတ်သူတွေကို တရားဓမ္မအပေါ်မှာ သဒ္ဓါတက်စေဖို့ ပိုပြီး ယုံကြည်အားကိုးရာအဖြစ် လက်ခံနိုင်စေဖို့ ရေးသားခြင်းသာ ဖြစ်ပါတယ်။ ကျွန်မဟာ တရားကို အမြဲ လက်ကိုင်ထားနိုင်သူလဲ မဟုတ်သေးပါ။ ကြိုးစားဆဲသာ ဖြစ်ပါတယ်။ ကျွန်မ အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ခဲ့သမျှထဲက ကျွန်မအပေါ်မှာ ကျေးဇူးများခဲ့ပါသော တရား၏ ကျေးဇူးဂုဏ်တို့ကို အောက်မေ့သတိရလျက် အများအတွက်လဲ အကျိုးရှိမည်ဟု ထင်မှတ်ပါသဖြင့် ရေးသားခြင်းသာ ဖြစ်ပါတယ်။ ကျွန်မအပေါ်တွင် အထင်အမြင်လွဲမှားနေသူများ ရှိပါက ဤပို့စ်ကို မဖတ်ပါရန် မေတ္တာရပ်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မအပေါ်မှာ ထားရှိနေတဲ့ ဒေါသစိတ်ထားကြောင့် တရားတော်များအပေါ်မှာပါ သင်္ကာမကင်းစိတ် သို့တည်းမဟုတ် တခုခုသော အပြစ်ဖြစ်ဖွယ်စိတ်တို့ဖြစ်လာရင် စာဖတ်သူအတွက် အကျိုးယုတ်မှာ စိုးရိမ်တဲ့အတွက် မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။

ကျွန်မမှာ ငယ်စဉ်တည်းက ပြင်းထန်တဲ့ ကိုယ်လက်ကိုက်ခဲမှု ရောဂါ ရှိခဲ့ဖူးပါတယ်။ ကျွန်မ မှတ်မိသလောက် ကျွန်မ ၇ နှစ် ၈ နှစ်အရွယ်ထဲက မိုးရေကိုတွေ့ရင် ဝေးဝေးရှောင်၊ မိုးတွင်းဆို ညတိုင်းငိုခဲ့ရတယ်။ တဖြေးဖြေးနဲ့ မေ့မေ့လျော့လျော့နေခဲ့တာ ကျွန်မ အသက်ကြီးလာလို့ အဆစ်အမြစ်တွေ ကိုက်တယ်ကိုက်တယ်ဖြစ်လာတော့မှ ဆရာဝန်က လေးဘက်နာစစ်ကြည့်ပါဆိုလို့ စစ်လိုက်တဲ့အချိန်မှာ ASO ၄၅၀။ ဆေးထိုးရမှာ ဆေးသောက်ရမှာ ကြောက်တဲ့ ကျွန်မ ဘာဆေးမှ မထိုးဘူး ဘာဆေးမှ မသောက်ဘူး။ ဒီတိုင်းထားလိုက်တယ်။ တဖြေးဖြေးနဲ့ ကျွန်မ အမောလွယ်ရင်း ရင်ဘတ်အောင့်အောင့်လာတဲ့အချိန်မှာလဲ ကျွန်မ ဒီတိုင်းပဲ ကြိတ်ပြီးနေခဲ့တယ်။

ဒါပေမဲ့ ကျွန်မ အင်မတန် ကံကောင်းတယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်မိတယ်။ ကျွန်မ ဝေဒနာတွေ တက်တဲ့အချိန်မှာ ကျွန်မမှာ အားကိုးရာ ရှိနေခဲ့ပြီ။ လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်တုန်းတည်းက ကျွန်မကို တရားဓမ္မလမ်းကြောင်းပေါ်ရောက်စေခဲ့တဲ့ ကျေးဇူးရှင်လို့ ကျွန်မသတ်မှတ်ထားသူကြောင့် အဲဒီ့အချိန်မှာ ကျွန်မရဲ့ ဝေဒနာတွေအတွက် ဆေးကောင်းကို ကျွန်မ ရရှိနေခဲ့ပါပြီ။ ဒါဟာတော့ ဘာဝနာတရားပွားများအားထုတ်ခြင်းရယ်ပါ။ ပထမဆုံး ကျွန်မတရားစတင်အားထုတ်ပြီး ၁ပတ်အကြာမှာ တည်းက ဓမ္မဂုဏ်တော်ကို ရိုသေဦးညွှတ်ခဲ့ရပါတယ်။ ဒါဟာတော့ ကျွန်မ အိမ်ပေါ်ကနေ ပြုတ်ကျခဲ့တာပါ။ လှေကားပေါ်လျှောက်တက်နေရင်း ရုတ်တရက် ဘယ်လိုမှ မသိလိုက်နိုင်အောင် ခြေချော်ကျသွားတဲ့အကျဟာ ခြေထောက် ကျိုးနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုတာ တကြိမ် ကျိုးထားဖူးတဲ့ ကျွန်မ ကောင်းကောင်းသိလိုက်ပါတယ်။ အဲဒီ့အချိန်အိမ်မှာ ဘယ်သူမှမရှိပါဘူး။

ကျွန်မမှာ အားကိုးစရာဆိုလို့ လွန်ခဲ့တဲ့ တပတ်ကမှ ကျွန်မရထားတဲ့ တသံသရာစာ ဆေးပဲ ရှိပါတယ်။ မထနိုင်တဲ့အနေအထား ခြေကျင်းဝတ်နာလျက်အနေအထားမှာပဲ ဝေဒနာကို မှတ်ရင်း ကျွန်မ ငြိမ်နေခဲ့ပါတယ်။ နာနေတဲ့အနာကို ကြည့်ရင်းပဲ ဝေဒနာလျော့ပါးလာတာကို သတိပြုမိတဲ့အခါမှာ ကျွန်မ ခြေထောက်ကို မပြီး လှေကားလက်ရန်းကို ကိုင်လို့ အပေါ်ထပ်ကို ပြန်တက်ခဲ့တယ်။ ပြီးတဲ့နောက် သာမာန် ပရုတ်ဆီကို ကျွန်မခြေကျင်းဝတ် ပေါ် လိမ်းလိုက်ပြီး သက်သာရာအနေအထားမှာပဲ ကျွန်မခြေကျင်းဝတ်က ဖြစ်လိုက်ပျက်လိုက်သဘောကို ပြသနေမှု လေးကို သတိလေးနဲ့ ဆင်ခြင်နေခဲ့ရင်းပဲ ဝေဒနာဟာ အလျင်းပျောက်ကင်းခဲ့ဖူးပါတယ်။ ဒါဟာ ဓမ္မကျေးဇူးကို ပထမဆုံး တပတ်အတွင်းမှာပဲ ကျွန်မ ခံစားခဲ့ရတာပါ။

ကျွန်မအဓိကပြောချင်နေတဲ့အကြောင်းအရာဆီ ပြန်သွားပါမယ်။ ကျွန်မဘဝမှာ ပထမဆုံး တပတ်နဲ့ အကျိုးကျေးဇူး ခံစားခဲ့ ရတဲ့ တရားဟာ အကယ်၍များ တလ တနှစ် တသက်တာလုံး အားထုတ်သွားမယ်ဆိုရင် ဘယ်လောက်အကျိုးများနိုင်မယ်ဆိုတာ သာမာန်အသိနဲ့တင် ကျွန်မ နားလည်ခဲ့ပါတယ်။ ဒါကြောင့်လဲ ကျွန်မ တနေ့တာ ၂၄ နာရီရဲ့ ၁နာရီဆိုတဲ့ အချိန်ကို တရားအားထုတ်ဖို့ရယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဒီလိုကျွန်မ တရားအားထုတ်နေခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၂လခွဲ ၃ လလောက်ကစလို့ ကျွန်မ မိုက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်မ အချိန်သက်သက်မှတ်မှတ် နဲ့ တရားထိုင်တဲ့အကျင့်ကို လျော့ပေါ့မိခဲ့တာပါ။ တရားစာပေတွေကို ဖတ်ရှုတယ်။ နာယူတယ် ဆိုပေမဲ့ အချိန်သက်သက်မှတ်မှတ်နဲ့ ထိုင်လျက်တရားအားထုတ်မှုကို ကျွန်မ အချိန်မပေးဖြစ်တော့ပါဘူး။ ပုံမှန်အားဖြင့် မူလကမ္မဌာန်းလေးပါးကိုတော့ စွဲစွဲမြဲမြဲ အားထုတ်နေဆဲ ဖြစ်ခဲ့ပါတယ်။ ဝိပဿနာဘာဝနာကိုတော့ ထိုင်လျက်အားထုတ်ဖို့ မေ့လျော့ခဲ့တယ်ဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုရမယ့်အဆင့်ကို ရောက်ခဲ့ပါတယ်။

ဒီလိုနဲ့ အလုပ်တွေများလာတဲ့ ဇန်နဝါရီလမှာ မကြာခဏ ကျွန်မ လဲပြိုတော့မတတ် ဖြစ်ရပါတော့တယ်။ အနောက်တိုင်းဆေးပညာကို အထင်မကြီးတဲ့ ကျွန်မကို ဆေးခန်းသွားဖို့လဲ ဘယ်သူမှ ပြောလို့မရဖြစ်ခဲ့တယ်။ ငယ်စဉ်တည်းက ကျွန်မ တူတူနေခဲ့တာက တလောကပဲ ဆုံးပါးသွားခဲ့တဲ့ အင်မတန်ရှေးကျလွန်းတဲ့ ကျွန်မရဲ့ အဖိုးနဲ့ပါ။ သူဟာ အနောက်တိုင်းဆေးပညာကို အထင်သေးတယ်လို့ ဆိုရလောက်တဲ့အထိ ဖြစ်တဲ့အတွက် ကျွန်မ အနောက်တိုင်းဆေးပညာကို အခြားသူတွေလောက် အထင်မကြီးခဲ့တာပါ။ ဒီလိုနဲ့ အလုပ်ကိစ္စ သွားရင်းလာရင်း တရုတ်တိုင်းရင်းဆေးသမားတော် တယောက်နဲ့ ဆုံခဲ့ပါတယ်။ ဆုံတာကြာခဲ့ပေမဲ့ သူ့ကို တရုတ်တိုင်းရင်းဆေးသမားတော်မှန်း ကျွန်မ သတိမပြုမိခဲ့။ တရက် ကျွန်မ ခေါင်းတွေ ထိုးလာတဲ့အချိန်မှသာ ကျွန်မ မူမမှန်ဖြစ်နေတာကို ကြည့်ရင်း အဲဒီ့သမားတော်ဟာ သူကုပေးမယ်လို့ ကျွန်မကိုရော ကျွန်မအဖော်ကိုပါ ကတိပေး တာမို့ ကျွန်မ လက်ခံခဲ့ပါတယ်။

ပထမဆုံး ကျွန်မရဲ့ သွေးကြောတွေကို သူစမ်းသပ်စစ်ဆေးတဲ့အခါမှာ သူသိလိုက်တဲ့ ရောဂါတွေဟာ စုံနေပါတယ်။ အဆစ်အမြစ်ကိုက်ရောဂါ၊ နှလုံး နဲ့ ကျောက်ကပ်ဖြစ်နေတယ်လို့ သူပြောပြပြီး ကျွန်မကို ကုဖို့ သူနည်းလမ်းရှာပါတော့တယ်။ တချိန်တည်းမှာပဲ သူကျွန်မကို မေးလိုက်တဲ့မေးခွန်းက “ဆရာမ Meditation လုပ်ဖူးလား” တဲ့။ “ဟုတ်ကဲ့ .. ကျွန်မ လုပ်ဖြစ်ပါတယ်” လို့ ဖြေလိုက်တဲ့အချိန်မှာ အဲဒီ့သမားတော်နှုတ်က “ဒါကြောင့်ကိုး..” လို့ပြောပြီး ကျွန်မရဲ့ အရိုးအဆစ်တွေကို စမ်းသပ်တဲ့အခါမှာလဲ “ဆရာမရဲ့ အရိုးအဆစ်တွေ အနေအထားက တကယ်သဘောကျစရာကောင်းတယ်။ ASO ၄၅၀ မှာ ဆရာမ အရိုးအဆစ်တွေက ဒီလိုအနေအထား ရှိမနေနိုင်တော့ဘူး။ တကယ့်ကို ကောင်းလွန်းတယ်။ အဲဒါ ဆရာမ Meditation လုပ်ထားလို့ပဲ” တဲ့။ အဲဒီ့ သမားတော်ရဲ့ စကားလုံးတိုင်းဟာ တရားအပေါ် ကျွန်မရဲ့ ကြည်ညိုသက်ဝင်မှုသဒ္ဓါတရားတွေကို လှိုင်းလုံးတွေလို တက်လာစေခဲ့ပါတယ်။ ကျွန်မစိတ်နှလုံးထဲမှာ တရားသာလျှင် တသံသရာစာဆေးဖြစ်ကြောင်း ပိုပိုပြီး ယုံကြည်သက်ဝင်ခဲ့ပါတယ်။

ASO ၄၅၀ ဆိုတာ အခုနေ့ချင်းညချင်း စစ်ခဲ့တဲ့ရလာဒ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃နှစ်လောက်က စစ်ခဲ့တာပါ။ ကြားထဲမှာ ကျွန်မ အဆစ်တွေ ရောင်လာတာခဏခဏဖြစ်ခဲ့ပေမဲ့ ကျွန်မရဲ့ အရိုးတွေဟာ ပွမနေခဲ့ပါဘူး။

ပြီးတော့ သမားတော်က ကျွန်မကို မေးတဲ့ ဟိုနားနာလား။ ဒီနားနာလားလို့ မေးတဲ့အခါမှာ ကျွန်မတချက်ချက်တော့ နာတယ် ဒါပေမဲ့ သိပ်မပြင်းဘူးလို့ ပြောလိုက်တိုင်း သမားတော်က “ဆရာမ.. meditation ကျေးဇူးတွေပဲ။” လို့ပြောပါတယ်။ ကျွန်မကို ဆေးကုသဖို့ရာမှာလဲ “ဆရာမ အကောင်းဆုံးက Meditation ကိုသာ သေသေချာချာလေး ပြန်လုပ်ပေး။ ဝိပဿနာလုပ် ဆရာမ။ သူက မဟာကုသိုလ်ကြီးရတာဆိုတော့ ဆရာမ ဆေးကုစရာတောင် သိပ်မလိုဘူး။ နောက် ဆရာမ သမထ လုပ်လို့အဆင်ပြေ မယ်ဆိုရင် နှလုံးနဲ့ ကျောက်ကပ်ကို ပုဗ္ဗနိမိတ်ပေါ်တဲ့အထိ ကြည့်ပေးပါ။ တဖြေးဖြေးနဲ့ ရောဂါ အရှင်းပျောက်သွားလိမ့်မယ်” လို့ ကျွန်မကို မှာကြားလိုက်ပါတယ်။ ကျွန်တော်တို့ တရုတ်တိုင်းရင်းဆေးမှာလဲ Meditation က အဓိကပဲ ဆရာမ။ ကျွန်တော်တို့ကတော့ သမထ လုပ်ရတာပေါ့။ ဒါမှ ကျွန်တော်တို့ လူနာတွေကို သေသေချာချာ ကိုင်တွယ်စမ်းသပ်နိုင်တယ်။ ရောဂါတွေ အားလုံးကို တကယ်အကုန်အစင် ပျောက်ကင်းစေနိုင်တာလဲ Meditation ပါပဲ ဆရာမ” လို့လဲ ဖြည့်စွက်ပြောပါသေးတယ်။

ကျွန်မရဲ့ တရားဓမ္မအပေါ်ကြည်ညိုလေးစားတဲ့ စိတ်ဟာ ပိုပိုတိုးလို့လာပါတယ်။ တကယ်တော့ တရားတော်ဟာ ဂုဏ်တော် (၆)ပါးနဲ့ တကယ့်ကို ညီညွတ်ပါပေတယ်။ တရားတော်တွေဟာ နာစဉ်လဲချမ်းသာရတယ်။ ကျင့်စဉ်မှာလဲ ချမ်းသာရတယ်။ နိဗ္ဗာန်သို့လည်း မျက်မှောက်ပြုကြရတယ်။ သူများပြောရုံမျှဖြင့်လဲ မဟုတ် ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံပြီး ကောင်းကျိုးရနိုင်တဲ့တရားလဲ ဖြစ်ပါတယ်။ အချိန်မလင့် အကျိုးပေးတော်မူတဲ့ တရားတော်လဲဖြစ်ပါတယ်။ ကျင့်ကြံအားထုတ်ကြည့်ပါ၊ အားထုတ်လိုက်ပါ လို့ ပြောနိုင်တဲ့ စမ်းသပ်ခံနိုင်တဲ့ တရားတော်လဲဖြစ်ပါတယ်။ စိတ်မှာ အစဉ်အမြဲ ရှိနေရမယ့် တရားတော်လဲ ဖြစ်ပါတယ်။ အရိယာသူတော်စင်များ ကိုယ်စီကိုယ်ငှ သိရှိခံစားရသော တရားတော်လဲ ဖြစ်ပါတယ်။ တကယ်တော့ တရားတော်ရဲ့ ဂုဏ်တော်ဟာ အင်မတန်မှ မြင့်မြတ်လှပြီး တကယ်လိုက်နာ ကျင့်ကြံမယ်ဆိုရင် ကောင်းကျိုးတွေ တိုးပွားစေတဲ့ အမှန်ကန်ဆုံးတရားတွေပါ။

တရားတွေကို လိုက်နာကျင့်ကြံအားထုတ်လို့ ရောဂါဝေဒနာတွေ သက်သာရတဲ့အတွက် ကျွန်မရဲ့ မိတ်ဆွေတို့ကိုလဲ တရားတွေကို အတတ်နိုင်ဆုံးလိုက်နာကျင့်ကြံအားထုတ်စေချင်ပါတယ်။ တရားတွေဟာ ကျင့်ကြံရင် ကျင့်ကြံသလောက် ကောင်းကျိုးချမ်းသာ ရှိစေတာပါ။ တပတ်အားထုတ်ရင်လဲ အားထုတ်ရကျိုးနပ်အောင် ကောင်းကျိုးပေးပါတယ်။ တစ်လ အားထုတ်လဲ အားထုတ်ရကျိုးနပ်အောင် ကောင်းကျိုးပေးပါတယ်။ တစ်နှစ် အားထုတ်လဲ အားထုတ်ရကျိုးနပ်အောင် ကောင်းကျိုးပေးပါတယ်။ တသက်လုံးအားထုတ်မယ်ဆိုရင် အားထုတ်ရကျိုးနပ်အောင် တသံသရာလုံး ကောင်းကျိုးပေးမှာပါ။ ဒါကြောင့် တရားတွေကို နာယူလိုက်နာ ကျင့်ကြံအားထုတ်ကြပါလို့ ဆန္ဒပြုအပ်ပါတယ်။ ကျွန်မ တသက်စာ မှတ်သားထားတဲ့ စကားတခွန်းရှိပါတယ်။ “တရားကို စောင့်တဲ့လူကို တရားက ပြန်စောင့်ရှောက်ပါလိမ့်မယ်။”

မေတ္တာဖြင့်

ထိပ်ထား