Friday, April 17, 2015

ခန္ဓာ သင်္ကြန်


ခန္ဓာ သင်္ကြန်

ခန္ဓာသင်္ကြန် အတာသင်္ကြန်ဘက်ကနေ ခန္ဓာသင်္ကြန်ဘက်လှည့်လိုက်တော့ ရုပ်နမ်ခန္ဓာတွေ ကူးပြောင်းနေပုံ ကိုလည်း တွေရသည် ရုပ်ခန္ဓာက တစက္ကန့်အတွင်းမှာပင် ကုဋေငါးထောင်ခန့် ဖြစ်ပျက်သည်ဟု ဆိုသဖြင့် အကြိမ့်ကဋေငါးထောင်ခန့် သင်္ကြန်ကျနေသည် နမ်ခန္ဓာက တစက္ကန့် အတွင်းမှာပင် ကုဋေတသိန်းခန့် ဖြစ်ပျက်နေသည်ဟု ဆိုသဖြင့် အကြိမ် ကုဋေ တသိန်းခန့် သင်္ကြန့်ကျနေသည်။

နာမ်ခန္ဓာက.. ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်ဟု လေးပါးရှိရာ ထိုလေးပါး ကလည်း တစ်ပါးကနေ တပါးသို့ ကူးပြောင်းနေကြသည် စိတ်ကူးဟု ဆိုသည့်အတိုင်း စိတ်ကလည်း အာရုံတစ်ခုတည်း အမြဲမနေ ဟိုအာရုံ သည် အာရုံ .. အာရုံမျိုးစုံကို ကူးနေသည် မြောက်သတ္တ၀ါတွေ အငြိမ်မနေ သစ်တပင်မှ တပင်သို့ ခုန်ခုန် ၍ကူးနေသည် စိတ်ကလည်း အာရုံ တခုမှ အာရုံတခုသို့ ခုန်ခုန်၍ ကူးနေသည်။

 စိတ်သင်္ကြန် ခန္ဓာ သင်္ကြန်ဖြစ်သည် ..လူစိတ်ကို မြောက်စိတ်ဟုလည်း ခေါ်ကြသည် အပြောင်း အလဲ မြန်ဆန်ခြင်းကို ဆိုလိုပုံရသည် လူစိတ်သည် အခြေအနေနှင့် အချိန်အခါလိုက်၍ ပြောင်းလဲ တတ်သည် ထိုအပြောင်းအလဲ မြန်သော စိတ်သည် စိတ်သင်္ကြန် ခန္ဒာ သင်္ကြန် ဖြစ်သည် သုံးဆယ့် တစ်ဘုံမှာ အနာဂါမ် ရဟန္တာတို့သာ ရှိသော သုဒ္ဓ၀ါသ ဗြဟ္မာ ငါးဘုံမှလွဲ၍ ကျန်သော ၂၆ဘုံတွင် တစ်ဘုံပြီး တစ်ဘုံ ပြောင်းရွေ့လာခဲ့ကြသည် ယခုလက်ရှိဘ၀မှာပင် ကြည့်လိုက် ကလေးလူငယ် လူရွယ် လူကြီး လူအို လူနာ လူသေ နုပျို အို နာ သေ တဘ၀တည်းမှပင် အသွင် သဏ္ဍာန် အမျိုးမျိုးကူပြောင်းလာခဲ့ သည်။

ခန္ဒာ သင်္ကြန်ဖြစ်သည် ဘ၀မှာ ပဋိသန္ဒေ ပ၀တ္တိ စုတိဟူဤ သုံးပိုင်းသာ ရှိသည် ဘ၀သစ်၌ စ၍ဖြစ်ခြင်းကို ပဋိသန္ဓေဟုခေါ်သည် ပဋိသန္ဓေမှ စုတိအထိ မသေမချင်းနေနေရာကာလကို ပ၀တ္တိဟုခေါ်သည် သေဆုံးခြင်းကို စုတိဟုခေါ်သည် စုတိပြီးသည့်အခါ ကံတွေ ကိလေသာတွေ ကုန်ခန်းသွားပြီးဆိုရင်တော့ ဘ၀ကပြီးပြီ ကံ..ကိလေသာတွေ မကုန်သေးလျှင်တော့ ဘ၀သစ် တခုကို လက်ခံရယူရလိမ့်ဦးမည် ဘုရားဟော ပိဋကတ်၌ ဂတိငါးပါးရှိသည်။

 ဂတိဟူသည် ကံ..ကိလေသာတွေမကုန်သေးသောသူတွေ ရောက်သင့် ရောက်ထိုက်သော ဘ၀ဖြစ်သည် ထိုဂတိက နတ်ဗြဟ္မာဘ၀ ဒေ၀ဂတိ လူဘ၀ မနုဿဂတိ တိရစ္ဆာန်ဘ၀ တိရစ္ဆာနဂတိ ပြိတ္တာဘ၀ ပေတဂတိ ငရဲဘ၀ နိရယဂတိဟူ၍ ငါးမျိုးရှိသည။

သတ္တ၀ါတို့သည် ကံကိလေသာ မကုန်သေးက ထိုဂတိငါးပါးတွင် တစ်ပါးပါးသို့ရောက်ရသည် ကုသိုလ်ကံကြောင့် ဒေ၀မနုဿ သုဂတိသို့ေ၇ာက်ရသည် အကုသိုလ်ကံကြောင့် တိရစ္ဆာန ပေတ နိရယဒုက္တတိသို့ရောက်ရသည် မြန်မာဝေါဟာရ၌ အပြောင်းကို အလဲနှင့် တွဲဤလည်းသုံးသည် အလွဲနှင့်တွဲဤလည်းသုံးသည် အလဲဟူသည် အလဲလဲအကွဲကွဲ အလဲလဲအပြိုပြိုဟု ရှိသဖြင့် မကောင်း အလွဲဟူသည် အလွဲလွဲအချော်ချော်ဟုရှိသဖြင့် မကောင်း အပြောင်းက လဲတာလဲ မကောင်း လွဲတာလဲ မကောင်း အမှန်ဆိုရင် အပြောင်းက တည့်မှသာကောင်းသည် မိမိတို့သည် တစ်နေ့နေ့စုတိစိတိကျ၍ ဘ၀ကူးပြောင်းရဦးမည်။

ကံကောင်းထောက်မသဖြင့် ဒေ၀ မနုဿဂတိ တစ်ခုခုသို့ရောက်လျင် အပြောင်းက တည့်သည်ဟု ဆိုရမည် တိရစ္တာန ပေတ နိရယသို့ ရောက်လျင်ဖြင့် အပြောင်းက လွဲချော်လေပြီ တကယ်တော့ အပြောင်းက လဲလိုပြိုလိုလည်း မဖြစ် လွဲချော်လိုလဲ မဖြစ် အပြောင်းတွေလည်း များခဲ့ပြီ အလဲတွေလည်း များခဲ့ပြီ အလွဲတွေလည်းများခဲ့ပြီ။

ထို့ကြောင့် ယခုအပြောင်းလွဲလို့ မဖြစ်ပါ အပြောင်းတည့်မှဖြစ်မည် ……လူစိတ်သည် အချိန်အခါ လိုက်၍ ပြောင်းလဲတတ်သည် ထိုအပြောင်းအလဲဖြစ်သော စိတ်သည် စိတ်သင်္ကြန် ခန္ဓာသင်္ကြန် ဖြစ်သည် ။


by ပန်းဗေဒါ

Thursday, April 16, 2015

ကံအ၀ယ်မှား အပါယ်သွား


ကံအ၀ယ်မှား အပါယ်သွား

ချမ်းသာဖို့ရာ စီးပွားရှာ ၊ လူ့ရွာသဘာဝ ဟူသည်နှင့်အညီ ချမ်းသာသုခနှင့် ပြည့်စုံ လိုကြသည့် သူတိုင်း ကြီးပွားရေးအတွက် ကြိုးစားနေကြရသည့် စီးပွားရေးသမားတို့ ချည်း သာတည်း။ ပစ္စပ္ပန်စီးပွားရေးနှင့် တမလွန်စီးပွားရေ(သို့မဟုတ်) လောကစီးပွား ရေးနှင့် လောကုတ္တရာစီးပွားရေး လောက်မျှသာ ကွားခြားမှုရှိ၏။

စီးပွားရေးသမားမှန်လျှင် မည်သည့် စီးပွားရေး လုပ်ငန်း၌ မဆို ရောင်းခြင်း၊ ၀ယ် ခြင်း သဘောတရားနှင့် ကင်းကွာ၍ မရစကောင်းချေ။ ထိုသို့ လုပ်ငန်းသဘောအရ ၀ယ်ကြ၊ ရောင်းကြရာတွင် မိမိ ၀ယ်ယူမည့် ပစ္စည်းသည် ဈေးကွက်တွင် ရောင်းပန်း လှ မလှ၊ အကျိုးမြတ် ရ, မရ သာမက ပစ္စည်း စစ်,မစစ် အရည်အသွေး ပြည့်ဝမှု ရှိ,မရှိ ကိုလည်း စိစစ် တွက်ချက်၍ ၀ယ်ယူကြရပေသည်။ အမှားခံ၍ မဖြစ်ပေ။ အရင်းအနှီး များ လျှင် များသလောက် ဆုံးရှုံးနစ်နာမှု ကြီးမားနိုင်၏။

မိမိမကျွမ်းကျင်သော အရာမျိုးဖြစ်လျှင် နားလည် ကျွမ်းကျင်မှုရှိသူ၊ ကြားပွဲစား ( အကျိုးဆောင်သူ) ကို အားထားကြရလေသည်။ ထိုသို့ မဟုတ်မူ၍ မိမိနားမလည် မကျွမ်းကျင်သည့် ပစ္စည်းမျိုးကို မစဉ်းစား တွက်ချက်မှု လွဲမှား၍ ၀ယ်ယူမိလျှင် “ကုန်ရှုံးလျှင် တစ်ခေါက်” ဆိုသကဲ့သို့ ကြီးမားစွာ ဒုက္ခရောက်တတ်ပေသည်။

ထိုနည်းတူစွာ ဘ၀သံသရာ ခရီးသွားများ ဖြစ်ကြသည့် မိမိတို့သည်လည်း တမ လွန်စီးပွား ရေးသမားများ ဖြစ်ကြပေသည်။ ဘ၀သံသရာ စီးပွားရေးလုပ်ငန်းတွင်လည်း ကံအရင်းအနှီး ကုန်ပစ္စည်းနှင့် ကင်းကွာ၍ မရစကောင်းချေ။

ထိုသို့ သံသရာ ( သို့မဟုတ်) တမလွန် စီးပွားရေး သဘောအရ ကံကို ၀ယ်ကြ ရောင်းကြရာတွင် ဤ ဘ၀၌ မိမိတို့ ၀ယ်ယူကြမည့် ကံတည်းဟူသော ပစ္စည်းသည် နောင်ဘ၀ဈေးကွက်တွင် ရောင်းပန်း လှ,မလှ အကျိုးအမြတ် ရ,မရသာမက ပစ္စည်း စစ်, မစစ်၊ အရည်အသွေး ပြည့်ဝမှု ရှိမရှိကိုလည်း စိစစ် တွက်ချက်၍ ၀ယ်ယူကြရပေ မည်။ လုံးဝ အမှားခံ၍ မရပေ။

ကံအရောင်းအ၀ယ် ကိစ္စ၌ မိမိမကျွမ်းကျင်ပါလျှင် နားလည် ကျွမ်းကျင်မှုရှိသူ ကြားပွဲစား( သတိ၊ ပညာ)ကိုသာ အားထားကြရပေမည်။ ထိုသို့ မဟုတ်မူ၍ လောဘ၊ ဒေါသ၊ မောဟ အလိုသို့ လိုက်ကာ မစဉ်းစား တွက်ချက်မှု လွဲမှား၍ ကံတု၊ ကံမှား မကောင်းသည့် ကံများကို ၀ယ်ယူမိလျှင် “ ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ရှုံးလျှင် တစ်ဘ၀လုံးမှောက်” ဆိုသကဲ့သို့ ကံရှုံးလျှင် တစ်သံသရာလုံး ဒုက္ခရောက်ရပါလိမ့်မည်။

ထိုသို့ ကံအ၀ယ် မမှားမိကြစေဖို့ တိပိဋကဓရ(ယော)ဆရာတော်သည် ဖော်ပြပါ ဓမ္မပုံပြင်တစ်ခုကို ဟောညွန်သမှု ပြုထားပါသည်။

မြတ်စွာဘုရား လက်ထက်တော်ကာလက သာသနာတော်မှာ အရှင်ဒေ၀ဒတ် ဆိုတာ အားလုံး ကြားဖူးကြမှာပါ။ သာကီဝင်မင်းသားတစ်ပါး။ ဘုရားရှင်ရဲ့ ၀မ်းကွဲ ညီတော်တစ်ယောက်ပါပဲ။ ရဟန်းပြုခါစက အင်မတန်တော်တဲ့ ပုဂ္ဂိုလ်ပေါ့။ ဘုရားရှင် အဆုံးအမအတိုင်း ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် အားထုတ်လို့ သမာဓိတွေ ရ၊ ဈာန်၊ အဘိဉာဉ် တန်ခိုးတွေ တောင် ရပါသတဲ့။

ဒါပေမယ့် နှလုံးသွင်းက လမ်းချော်သွားတယ်။ ရထားတဲ့ ဈာန် တန်ခိုးတွေကို အလွဲသုံးစား လုပ်မယ်ဆိုတဲ့ နှလုံးသွင်းတွေက မှားယွင်းစွာ ၀င်ရောက်လာတော့….
“သိဒ္ဓတ္ထမင်းလည်း တန်ခိုးရှင်၊ ငါလည်း တန်ခိုးရှင်၊ သိဒ္ဓတ္ထလောက်တော့ ငါလည်း စွမ်းသား” ဆိုပြီးတော့ သူ ရထားတဲ့ တရားကလေးက ဘာမျှ မဟုတ်ဘဲနဲ့ ခိုရမယ့် အရိပ်ရဲ့ အကိုင်း၊ အခက်တွေကို ရိုက်ချိုးပါလေရော။ အမှန်ကတော့ အရိပ်ဆိုတာ ခိုရမှာပါ။ ဘုရားအရိပ်၊ တရားအရိပ် ဆိုတာ ခိုရမှာ၊ ခိုရမယ့် အရိပ်ကို အရှင်ဒေ၀ဒတ်က ရိုက်ချိုးတာ။

အဲဒါနဲ့ ဘာမျှမဟုတ်တဲ့ တန်ခိုးလေးကို အကြောင်းပြုပြီးတော့ ဘုရားကို ပြိုင်တော့တာပေါ့။ သာသနာတွင်း ပုန်ကန်မှုတွေ နည်းအမျိုးမျိုးနဲ့ လုပ်တော့တာပေါ့။ ဘုရာကို ဆန့်ကျင်ဘက်မျိုးစုံ အကုန်လုပ်တော့တာပေါ့။ ဘုရားကို ပြိုင်မယ်ဆိုတဲ့ စိတ် ပေါ်လာကတည်းက ရထားတဲ့ ဈာန်၊ တန်ခိုး၊ အဘိဉာဉ်တွေ အကုန်လုံး ပျောက်ကွယ် သွားတယ်။ နောက်ထပ် ဘယ်လောက် အားထုတ် အားထုတ် ရလည်း မရတော့ဘူး။ ဗလာသုညကြီး ဖြစ်သွားတယ်။ ဗလာသုည ဖြစ်ပေမယ့် မလျှော့ဘူး။ တော်လှန်ပုန်ကန်မှုတွေက တစ်ခုပြီး တစ်ခု တိုးလာလိုက်တာ ကံကြီးနှစ်ခု ကျူးလွန်မိပြီးသား ဖြစ်သွားတယ်။

သံဃာကို ကွဲပြားစေတဲ့ သံဃဘေဒက ကံရယ်၊ မြတ်စွာဘုရားကို သွေးစိမ်း တည်၊ သွေးခြည်ဥအောင် ပြုတဲ့ လောဟိတုပ္ပါဒက ကံရယ်၊ အ၀ိစိငရဲကို တန်းပြီး ရောက်စေနိုင်တဲ့ အင်မတန် ကြီးလေးတဲ့ ကံကြီး နှစ်ခုကိုတောင် အလိုဆိုး လောဘနဲ့ မခံချင်စိတ် ဒေါသ၊ ဒီနှစ်ပါးက ဖျက်ဆီးလို့ သင်္ကန်းဝတ်ကြီးနဲ့ကို ၀ယ်မိသွားတယ်။ လွန်ကျူးမိသွားတယ်။

ဒီလိုနဲ့ တိုတိုတုတ်တုတ် ချုံပြောရရင် နောက်ဆုံး သူလုပ်တဲ့ အလုပ်တွေဟာ ချမ်းသာကြောင်း၊ အပေါ်ကို တက်ကြေင်း။ အထက်ကို တက်ကြောင်းက တစ်ခုမျှ မပါ တော့၊ ကြာလေ ဆိုးလေ၊ ကြာလေ ဆိုးလေနဲ့ ဆိုးလာလိုက်တာ အရှင်ဒေ၀ဒတ်ဟာ သွေးပွက်ပွက်အန်၊ အိပ်ယာထဲက မထနိုင်တော့တဲ့ လူမမာကြီး ဖြစ်ရရှာတယ်။ လူမမာကြီးဘ၀နဲ့ အိပ်ယာထဲမှာ လဲနေတာ ကိုးလနီးပါးတောင် ကြာသွားတယ်။

အဲဒီလို ကိုးလလုံးလုံး အိပ်ရာထဲမှာ စိတ်လည်း ဆင်းရဲ၊ ကိုယ်ကလည်း ဆင်းရဲ၊ ဆင်းရဲလိုက်တာ ပင်ပန်းလိုက်တာတဲ့။ အဲဒီလိုနဲ့ ကိုးလ ပြည့်ခါနီးတော့ ဆင်းရဲပင်ပန်း ပူလောင်လွန်းလို့-
“ သြော်- လောကကြီးမှာ ငါ့အဖို့ ခိုစရာ အရိပ် တစ်ခုမျှ မရှိတောဘူး၊ ငါ သင်္ကန်း သာ ၀တ်ထားတာ၊ အေးစရာအရိပ် ဘာမျှမရှိ၊ ဆွေတွေ မျိုးတွေကလည်း အရိပ် မပေး နိုင်၊ တပည့်တွေကလည်း ဘာမျှ မတတ်နိုင်တော့ဘူး၊ ငါ့ကို ငါလည်း ပေးစရာအရိပ် တစ်ခုမျှ မရှိတော့ဘူး” ဆိုပြီး အားကိုးရာ ရှာလိုက်တာ၊ “ဘုရားက လွဲရင် ငါ အားကိုး စရာ မရှိဘူး”လို့ အဖြေထွက်လာတယ်။

စောစောတုန်းကတော့ ဘုရားကို တော်လှန်တယ်၊ တရားတွေ ထွေးအန်ပစ် တယ်။ ခု နောက်ဆုံး ဖြေစရာ မရှိတော့တဲ့ အချိန်၊ ဆင်းရဲ ဒုက္ခ ကြီးစွာရလို့ ပူလောင် ပင်ပန်းလာတဲ့ အချိန်ရောက်မှ ဘုရားကို သတိရလာတယ်။ တရားကို အားကိုးချင် လာတယ်။

အဲဒီလို ဘုရားအရိပ်၊ တရားအရိပ်အောက်မှာ ခိုလှုံချင်တဲ့ စိတ် ဆန္ဒတွေ ပြင်းပြစွာ ဖြစ်ပေါ်လာတော့ တပည့်တပန်းတွေ အနာခေါ်ပြီး “ငါကွာ နောင်တော်ကြီးဘုရားကို ဖူးချင်လိုက်တာ နောင်တော်ကြီးဘုရားရဲ့ အေးချမ်းတဲ့ မေတ္တာအရိပ်ပါတဲ့ တရားစကား တွေ ငါ နာကြားချင်လိုက်တာ၊ ငါ့ကို နောင်တော်ကြီးဘုရားထံ ပို့ပေးကြစမ်းပါ”လို့
တပည့်တွေကို နောင်တရသံနဲ့ ပှူဆာတော့ တပည့်တွေက“ ဆရာဘုရားဟာ အချိန်ရှိ သမျှ မြတ်စွာဘုရားကို တော်လှန်ပုန်ကန် ရန်လုပ်နေခဲ့တာ ဆိုတော့ ဘုရားထံသွားဖို့ ဆိုတာ မတော်တော့ပါဘူး ဘုရား၊ မြတ်စွာဘုရားထံ မသွားချင် စမ်းပါနဲ့တော့လို့ ကန့်ကွက်ကြသတဲ့ ၊

ဒါပေမဲ့ အရှင် ဒေ၀ဒတ်က-
“ မဖြစ်ဘူးကွယ် ငါ့မှာ နောင်တော်ကြီးဘုရားကလွဲရင် အားကိုးစရာ မရှိတော့ဘူး နောင်တော်ကြီး ဘုရားကိုမှ မဖူးရရင် ဒီဘ၀ အေးချမ်းမှာလဲ မဟုတ်တော့ဘူး၊ နောင် တော်ကြီးရဲ့ အင်မတန် အေးချမ်းလှတဲ့ စကားတွေကိုမှ ငါမနာရရင် ငါ့နှလုံးသားတွေ ချစ်ချစ်တောက် ပူလောင်ပြီးတော့မှ ကျွမ်းကုန်တော့မယ်ကွယ်၊ ဒါကြောင့် ဖြစ်တဲ့ နည်းနဲ့ နောင်တော်ကြီးဘုရားထံ ပို့ပေးကြပါ။

ပို့ပေးကြစမ်းပါကွယ်လို့ တတွတ်တွတ် ပူဆာတော့ တပည့်တွေကလဲ ဆရာကို သနားတာနဲ့ ဆောင်ရွက်ပေးကြပါတယ်။ လူမမယကြီး ဖြစ်နေတဲ့ ရှင်ဒေ၀ဒတ်ကို ကုဋင်ညောင်စောင်းပေါ်မှာ တင်ပြီး ထမ်းစင် အဖြစ်နဲ့ တပည့် ရဟန်းလေးပါးက ထမ်းပြီး ခြေကျင် ကုန်းကြောင်းခရီးနဲ့ ဘုရားရှင် သီတင်းသုံးတော်မူရာ သာဝတ္ထိမြို့ ၊ ဇေတ၀န်ကျောင်းတော် အရောက် ပို့ပေးပါတယ်။ တစတစနဲ့ ဇေတ၀န်ကျောင်းတော်နားကို ရောက်လာပြီ၊ အဲဒီအကြောင်း ဇေတ၀န်ကျောင်းမှာ ရှိတဲ့ ရဟန်းတော်တွေက ကြားရတဲ့အခါ ဘုရားထံ သွား လျှောက် ကြသတဲ့။

မြတ်စွာဘုရား ရှင်ဒေ၀ဒတ်ကြီးတော့ ယခု စိတ်ကောင်းတွေ ၀င်လာပြီတဲ့ဘုရား၊ အခု မြတ်စွာဘုရားကို ဖူးမျှော်မယ်ဆိုပြီး သူလာနေပြီတဲ့ ဘုရားလို့ လျှောက်တဲ့အခါ မြတ်စွာဘုရားက ဒေ၀ဒတ်ဟာ ဒီဘ၀ ငါ့ဘုရားကို မဖူးထိုက်တော့ပါဘူး၊ ဖူးထိုက်တဲ့ ကံ သူမှာ ကုန်သွားပါပြီလို့ အမိန့်ရှိသတဲ့။

လောကပြော ပြောရရင် အလာတော့ ကောင်းပါရဲ့ ဦးဒေ၀ဒတ်ရယ်၊ ဒါပေမယ့် အခါတော့ နှောင်းသွားပြီလို့ ပြောရမှာပါ။ ဒီတော့ ရဟန်းတော်များက မြတ်စွာဘုရား ကျောင်းပေါက်ဝ ဟောဟို နားတောင် ရောက်ပြီးတဲ့ဘုရားလို့ လျှောက်တော့ ကျောင်းပေါက်ဝ နားမက ဟောဒီ ဇေတ၀န်ကျောင်းထဲရောက်ရင် တောင်မှ ငါဘုရားကို မဖူး ထိုက်တော့ပါဘူးကွာ၊ ဖူးထိုက်တဲ့ ကံ သူ့မှာ ကုန်ပါပြီလို့ မြတ်စွာဘုရားရှင်က မိန့်တော်မူပါတယ်။ အဲဒီလို မိန့်တော် မူနေတဲ့ အချိန်မှာပဲ အရှင်ဒေ၀ဒတ်ကို ထမ်းပို့လာကြတဲ့ ရဟန်းတော် များက ခြေကျင် ကုန်းကြောင်း လျှောက်ထမ်း လာခဲ့ကြ တာ မောလဲမော၊ ပင်ပန်းလဲ ပင်ပန်းလှပြီ။

ဇေတ၀န်ကျောင်းပေါက်နားရောက်တော့ ရေကန်ကြီး တစ်ကန် တွေ့ရပါရော၊ ရေကန်နား ရောက်တော့ ပင်ပန်လွန်းလို့ ရေလဲ သောက်မယ်၊ ရေလဲ ချိုးမယ်၊ ခဏ အပန်းဖြေအုံးမယ် ဆိုပြီး အရှင်ဒေ၀ဒတ်ကို တင်လာခဲ့တဲ့ ထမ်းစင် ညောင်စောင်းကို မြေကြီးပေါ် အသာချထားပြီး ရေကန်ထဲ ဆင်းပြီး ရေသောက်ကျ ချိုးကြသတဲ့ ။

အရှင်ဒေ၀ဒတ်ကလဲ ထမ်းစင်ပေါ်မှာ ပက်လက်အိပ်ရင်းက ဟယ် ငါ့တပည့်တွေ ကလည်း ကြာလှချည်လား ငါက ဘုရားဖူးချင်လှပြီ သူတို့က အချိန်တယ် ဆွဲတာပဲ ငါ့ ဟာ ငါ သွားနိုင်ရင် ကောင်းရဲ့လို့ တွေးမိသတဲ့ အဲဒါနဲ့ အိပ်နေရာက ရလို ရငြား ထိုင်စမ်း ကြည့်တယ်၊ ထိုင်လို့ရသတဲ့။ သူမထိုင်နိုင်တာ ကြာလှပြီ။ နောက် ညောင်းလွန်းလို့ ဆိုပြီး မြေကြီးပေါ် ခြေထောက် ချစမ်းကြည့်တော့လဲ ချလို့ရသတဲ့ ရပ်ကြည့်တော့လဲ ရပ်လို့ ရသတဲ့၊ တော်တော်လေး နေကောင်းလာတယ်ပေါ့၊ ဒါပေမယ့် ၀မ်းမသာနဲ့အုံး လောက သဘာဝ၊ လောကမာယာဘဲလေ။

ရံဖန်ရံခါ ဘ၀မှာ အကောင်း အာရုံလေးတွေနဲ့ တွေ့ရပေမယ့် ရုပ်တစ်ရက်တော့ ၀မ်းမသာနဲ့အုံး ကောင်းခြင်းသည် ဆိုးဖို့ကောင်းပေးတာလဲ ဖြစ်တတ်တယ်၊ တစ်ခါတစ်ရန် အဆိုး အာရုံတွေနဲ့ တွေ့တဲ့အခါ ရုတ်တစ်ရက် စိတ်ဓာတ်မကျနဲ့အုံး ၀မ်းမနဲ နဲ့အုံး ၊ ဆိုးချင်းသည် ကောင်းဖို့ ဆိုးပေးတာလဲ ရှိတတ်တယ်။ လောကမှာ အဲဒီ သဘောတရားလေးတွေက ရှိတတ်တယ်။

အခု အရှင်ဒေ၀ဒတ်ကြီး အိပ်ယာထဲ ဗုံးဗုံးလဲ နေရာကလဲ ထလို့ရ ထိုင်လို့ရ ဆင်းလို့ရတယ်ဆိုတာ ဆိုးဘို့ကောင်းလာတာ၊ ဘာ ကြောင့်လဲဆိုတော့ အရှင်ဒေ၀ဒတ်ကြီး မြေကြီးပေါ် ခြေထောက် နှစ်ဘက်ချပြီး မတ်တတ်ရပ်လို့ ရတယ်လဲ ဆိုရော မြေကြီးက ပင့်တော့တာပဲတဲ့။ ကိုယ်တော်ကြွတော့ ကြွခဲ့တော့ ဘယ်သူမျှ မလာသေးခင် ကိုယ်တော်တစ်ပါးတည်း ကြွခဲ့တော့ ဆိုပြီး မြေကြီးက ပင့်တဲ့သဘောနဲ့ မြေမျိုတော့တာပဲ၊

အဲဒီလို မြေမျိုတဲ့အခါမှ အရှင်ဒေ၀ဒတ်က“ ဟယ် ငါ့ခြေထောက်တွေ မြေကြီးထဲ နစ်ဝင်နေပြီကော အမလေး အောက်ကလဲ ပူလိုက်တာ ပူလိုက်တာ ဆိုပြီး ခုန်ကြည့်တယ်၊ ခုန်လိုက်တော့ ခြေမျက်စိ မြုပ်သွား၊ နောက်တစ်ခါခုန် ဒူးဆစ်မြုပ်သွား၊ တစ်ခါ ထပ်ခုန်ပြန်တယ် ခါးမြုပ်သွား၊ ဒီလိုနဲ့ ခုန်လေ မြုပ်လေနဲ့ နောက်ဆုံး လည်ပင်းအထိရောက်လာပြီ အော်သူလု့ပ်ခဲ့တဲ့ အလုပ် သူဝယ်ခဲ့တဲ့ ကံတွေက အထက်ရောက်မယ့် အလုပ်၊ အပေါ်တက်မည့် ကံတွေ မှ မဟုတ်ပဲကို အခုတော့ သူ့မှာ ခေါင်းပိုင်းလေးပဲ ကျန်တော့တယ်၊ အဲဒီအခါ ကျတော့ မှ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော် ဘက်ကို အာရုံပြုပြီးတော့ မှ လေးလေးနက်နက် ကန်တော့ပါတယ်။

အော် ငါ့အသက်၊ ငါ့ခန္ဓာ၊ ငါ့အရိုးတွေ အကုန်လုံး ငရဲမီးစာ ဖြစ်တော့မယ်၊ ငါ မြေမျို ခံရပြီ၊ ဤအသက် ဤခန္ဓာ ဤအရိုးတွေနဲ့ နောက်ဆုံး နောင်တော်ကြီးဘုရားကို ပူဇော်ခဲ့တော့မယ်ဆိုပြီး မြတ်စွာဘုရားကို လှိုက်လှိုက်လှဲလှဲ ရိုရို ကျိုးကျိုးနဲ့ နောက်ဆုံး ပူဇော်ကန်တော့ ခဲ့တော့တယ်။ ကန်တော့အပြီးမှာ အရှင်ဒေ၀ဒတ်ရဲ့ တစ်ကိုယ်လုံးကို မြေမျိုသွားပါသတဲ့၊ အလာကောင်းပေမယ့် အခါနှောင်းသွားရရှာတာပေါ့လေ။

အရှင်ဒေ၀ဒတ်ဘ၀ ဘယ်လောက် သနားစရာကောင်းလိုက်တာလဲ ဆိုတာ အခု ထက်ထိ ငရဲမှာ ဒုက္ခကြီးစွာနဲ့ ခြောက်ခြောက်ချားချား ခံစားနေရတုံး ရှိပါသေးတယ်၊ ငရဲ ခံရတဲ့အခါ မကြားဝံ့ မကြည့်ရက် စရာပါပဲ၊ အဲဒါ ဘာလဲ ဆိုရင် ကံအ၀ယ်မှား အပါယ်သွားပေါ့၊ အဲဒီလို သတိ၊ ပညာ ပွဲစားမပါဘဲ ကံအ၀ယ်မှားမိရင်ဖြင့် အပါယ်လား ကြရမယ် ဆိုတာ အရှင် ဒေ၀ဒတ်က သင်္ခန်းစာ ပေးသွားတာပါပဲ။

ဤဓမ္မပုံပြင်ဖြင့် (ယော)ဆရာတော်သည် -
(၁) ဘ၀သံသရာ ခရီးသွား တမလွန် စီးပွားရေးသမားများ ဖြစ်ကြသည့် မိမိတို့အနေဖြင့်
ကံအ၀ယ် မမှားဘို့လိုကြောင်း။

(၂) မကောင်းမှု ဒုစရိုက်များသည် အပြစ်နှင့်တကွ ဖြစ်ခြင်း၊ ဆိုးကျိုးပေးခြင်းတို့ကြောင့်
မ၀ယ်သင့် မ၀ယ်ထိုက်သည့် ကံညစ် ကံမှား များဖြစ်၍ ကောင်းမှု ကုသိုလ်ကံများ သည်သာ အပြစ်ကင်း၍ ကောင်းကျိုးသုခကို ပေးတတ်သောကြောင့် ၀ယ်ယူသင့်
ဝယ်ယူထိုက်သည့် ကံစစ် ကံကောင်းများ ဖြစ်ကြောင်းနှင့် ၊

(၃) မိမိတို့သည် သာသနာတော် ပွင့်လင်းရာကာလ လူ့ဘ၀ ရခိုက်ဖြစ်၍ အလာလည်း
ကောင်းသကဲ့သို့ အခါလည်းမနှောင်းသေး သောကြောင့် ကျိုးစားသလောက် ထွန်း
တောက်နိုင်ကြောင်းကို ဖေါ်ပြလိုရင်းဖြစ်ပါသည်။

စာရှုသူများလည်း ဆရာတော် ပေးလိုသမျှ လက်ခံ ရယူနိုင်ကြ၍ ကံအ၀ယ်မှား အပါယ် သွားမည့်ဘေးမှ ကင်းဝေးနိုင်ကြပါစေ။

တော်ဝင်နွယ်


Wednesday, April 15, 2015

မဇ္ဈိမ ချဉ်းကပ်လမ်း


မဇ္ဈိမ ချဉ်းကပ်လမ်း

နောက်ဆိုရင် ဘယ်ဘုန်းကြီးနဲ့ တွေ့တွေ့ "တပည့်တော် နိဗ္ဗာန်ကို မလိုချင်သေးလို့ လိုချင် အောင် တရား ဟောပေးတော်မူပါ"လို့ အရင် လျှောက်ထားရမယ် ဒကာကြီး။
(အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး)

မစိုးရိမ် ဆရာတော်ကြီဒ ရန်ကုန် တာဝါလိမ်းခြံမှာ သီတင်းသုံးနေတုန်းက မဟာစည်ဆရာတော် ကြီးနဲ့ ကမ္မဋ္ဌာန စရိယ နာယကများ ဆရာတော်ကြီးထံ လာရောက် ဖူးမြော် ကန်တော့ကြပါတယ်။ အဲဒီတုန်းက မဟာစည်ဆရာတော်ကိုယတိုင် ဟောကြား ရေးသားတဲ့ "နိဗ္ဗာန်ဆိုင်ရာ တရားတော်ကြီး" စာအုပ်ကိုလည်း လှူဒါန်းပါတယ်။ ဆရာတော်ကြီးက "နိဗ္ဗာန်ကို လိုချင်အောင် ဟောထား ရေးထား ချက် များ ကော ပါရဲ့လား" ဆိုတာ မေးတဲ့အခါ မဟာစည် ဆရာတော်က" နိဗ္ဗာန်အကြောင်း ရေးမှ တော့  နိဗ္ဗာန်ကို လိုချင်အောင် ရေးပြထားတဲ့ အချက်အလက်များလည်း ပါပါတယ် ဘုရား"လို့ လျှောက် ထားပါတယ်။

ဆရာတော်ကြီးက သူ ကြုံ ခဲ့ဖူးတဲ့ စာရင်းစစ် ဒကာကြီးတစ်ယောက် နိဗ္ဗာန်ကို တကယ် လိုချင် ရဲ့လား"ဆိုတာ မေးတော့ " နိဗ္ဗာန်သာ ရမယ်ဆိုရင် တစ်ခြား ဘာမှ မလိုချင်ပါဘူး၊ နိဗ္ဗာန်ရောက် အောင်သာ တရားဟောပေးတော်မူပါ" လို့ပဲ ထပ်ပြီး ပူဆာပြန်တယ်။ "ဒါနဲ့ အခု ဒကာကြီး နိဗ္ဗာန်ရဖို့ လည်ပြီး ရှာနေတာလား၊ ငွေရဖို့ လည်ပြီး ရှာနေတာလား"လို့ မေးတော့ ဒကာကြီးက ပြုံးစိစိနဲ့ " အမှတ်တမဲ့ ပြောမိတာ ခွင့်လွှက်ဘုရား၊ ငွေနဲ့ နိဗ္ဗာန်နှစ်မျိုးတည်း ဆိုရင်တော့ နိဗ္ဗာန်ကို မလိုချင်ပါဘူး၊ ငွေကိုလိုချင်ပါတယ်"လို့ လျှောက်ထားပါတယ်။

ဆရာတော်ကြီးက..အဲ.. အဲ.. ဒါမှ မှန်တယ်၊ နောက်ဆိုရင် ဘယ်ဘုန်းကြီးနဲ့ တွေ့တွေ့ ´ တပည့် တော် နိဗ္ဗာန်ကို မလိုချင်သေးလို့ လိုချင်အောင် တရားဟောပေးတော်မူပါ´လို့ အရင် လျှောက် ထားရမယ် ဒကာကြီးလို့ တိုက်တွန်းခဲ့ရဖူးတယ်။ ခက်တာက တကယ် မလိုချင်းဘဲနဲ့ လိုချင်လို့ ထင်နေကြတယ်"လို့ မိန့်ကြားပါတယ်။ ( မစိုးရိပ်ထေရုပ္ပတ္တိ ၁၉၆)

ဒကာကြီး ပြန်လျှောက်ထားတဲ့ အထဲမှာ " ငွေနဲ့ နိဗ္ဗာန် နှစ်မျိုးတည်း ဆိုရင်တော့" ဆိုတဲ့ စကားက နှစ်မျိုးတည်း ရှိတာ ဆိုရင်တော့ ငွေကိုပဲယူမယ်။ ခက်နေတာက ငွေဆိုတာ သူချည်းသန့် သန့် တည်နေတဲ့ အမျိုးမဟုတ်ဘဲ နောက်ဆက်တွဲ သောက ပရိဒေ၀ စတဲ့ အကျိုးဆက်တွေ တသီ
ကြီး ပါလာပြီး ဖြစ်လို့ နိဗ္ဗာန်ကို တောင့်တမိတာပါလို့လည်း ၀န်ခံလိုတဲ့ သဘောပါနေပါတယ်။

အခုတော့ နိဗ္ဗာန် လိုချင်အောင် ဟောပြောတဲ့ ဆရာတော်တွေ များလာပြီ ဖြစ်သလို နိဗ္ဗာန်ကို (သူတို့အပြောအရာ) တကယ်လိုချင်သူတွေလည်း များလာပြီလို့ပဲ ထင်ပါတယ်၊ နိဗ္ဗာန်ကို တကယ် လိုချင်သူတို့ လျှောက်ရမယ့်လမ်းက "မဇ္ဈိမပဋိပဒါ= အလည်လမ်း ကျင့်စဉ်" လို့ ခေါ်တဲ့ စတုတ္ထမြောက် သစ္စာ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါးကို ကျင့်စဉ်သိက္ခာအရ ပေါင်းလိုက်ရင် ပထမဆုံး မဂ္ဂင်နှစ်ပါးက"ပညာသိက္ခာ"၊ အလယ်မဂ္ဂင်သုံးပါးက" သီလသိက္ခာ" နောက်ဆုံး မဂ္ဂင်သုံးပါးက "သမာဓိသိက္ခာ" ဆိုတာ သိပြီး ကြပါပြီ။ ကျင့်စဉ်အရ ဆိုရင် သီလ´သမာဓ´ပညာ´လို့ ဖြစ်ပေမယ့် ဟောစဉ်မှာ ပညာ၊ သီလ၊ သမာဓိလို့ ဖြစ်နေတာကိုလည်း သတိထားမိကြမယ် ထင်ပါတယ်။ ဒီလို ဟောတော်မူရတာဟာ ပညာ သိက္ခာကို ရှေးဦးစွာ နာယူသိ အဖြစ်နဲ့ သိပြီးမှ သီလ၊ သမာဓိ တို့ ပိုမိုစင်ကြယ်တိုးတက်မှာ ဖြစ်လို့ ပညာ သိက္ခာကို သီလသိက္ခာရဲ့ ရှေ့က ထားဟောရကြောင်း အရင်က ရေးခဲ့ ပြီးပါပြီ။

မြတ်စွာဘုရားရှင်ကတော့ "သီလနဲ့ ပညာဟာ လက်နှစ်ဖက်နဲ့ တူတယ်၊ လက်တစ်ဖက် စင် ကြယ်ရင် တစ်ခြား လက်တစ်ဖက်ကို စင်ကြယ်အောင် ဆေးကြောနိုင်သလို သီလကလည်း ပညာကို စင်ကြယ်စေနိုင်တယ်။ သီလရှိမှ ပညာရှိမယ် ၊ ပညာရှိမှ သီလရှိမယ်၊ "လို့ ဟောတော်မူပါတယ်( ဒီ၊၁ ၁၁၇၊ သောဏဒဏ္ဍသုတ်)။ ဒါကြောင့် သီလစင်ကြယ်ရးအတွက် ပညာကို ရှေးဦးစွာ ဟောတော်မူ ရတယ်။ သိက္ခာအစဉ်အမှာ ပညာသိက္ခာကို နောက်ဆုံးပြရတာကတော့ နောက်ဆုံး ပြည့်စုံရမယ့် သိက္ခာက ပညာ သိက္ခာ ဖြစ်လို့ပါ။

ဒီနေ့ တရားအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တော်တော် များများက "မဂ္ဂင်ရှစ်ပါးမှာ တကယ် အလုပ်လုပ်နေတာ သမာဓိမဂ္ဂင် သုံးပါးနဲ့ ပညာမဂ္ဂင်နှစ်ပါး၊ ပေါင်း ငါးပါးနဲ့ တရားအလုပ် လုပ်နေရ တယ်"လို့ သိကြပြောကြ ပါတယ်။ မြတ်စွာဘုရားရှင်က ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ၊ တတ္ထ သီလံ= သီလရှိမှ ပညာရှိမယ်၊ ပညာရှိမှ သီလရှိမယ်၊ သီလနဲ့ ပညာကို အမြတ်ဆုံးလို့ ဆိုရပါမယ် လို့ အထက်ပါ သုတ်မှာ ဟောထားတဲ့အတိုင်း သီလသိက္ခာ မပါဘဲ ကျန်တဲ့သိက္ခာ မတိုးပွား နိုင်ပါဘူး။ အမှန်က မဇ္ဈိမ လမ်းစဉ်ကို ကျင့်သုံးမယ် ဆိုကတည်းက သီလသိက္ခာက အိမ်ရှင် သဖွယ် စင်ကြယ် နေစေရမှာ ဖြစ်ပါတယ်။

မှန်ပါတယ်၊ ဉာဏ်ပညာ အလွန်ထက်မြတ်တဲ့ သန္တတိအမတ်ကြီးဟာ မြတ်စွာဘုရားရဲ့ တရားကို နာရမီ အထိ မူးယစ် သောက်စားနေခဲ့ပေမယ့် တရားနာယူပြီးလို့ အမှားနဲ့အမှန်ကို ခွဲခြား သိလိုက်တာနဲံ တစ်ပြိုင်နက် အဲဒီ အသိပညာက သီလကို စင်ကြယ်သွားစေပါတယ်။ "မကောင်း တဲ့ အလုပ် ဖြစ်လို့ နောက် ဘယ်တော့မှ မလုပ်တော့" လို့ ယတိပြတ် ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သီလ လည်း စင်ကြယ်သွားတာပါ။

"နောင် လုံးဝမလုပ်တော့ပါဘူး" ဆိုတဲ့ ယတိပြတ်ဆုံး ဖြတ်မှု (အာယတိံ သံဝရ စေတနာခေါ်ပါတယ်) မပါဘဲနဲ့တော့ ပါးစပ်က ၀န်ခံ၇ုံနဲံ သီလမစင်ကြယ် ပါဘူး။ ဒါကြောင့် ရှေးဆရာတော်ကြီးများက အာပတ်ဖြေခြင်းနဲ့ ပတ်သက်လို့" အာယတိံ သံဝရ မပါလျှင်၊ အခါ အကြိမ် တစ်ရာ ကြားသော်လည်း၊ လားလား မှ မပြေ"လို့ မိန့်တော်မူတာပါ။

သီလကို အိမ်ရှင်သဖွယ်ဖြစ်အောင် အဆင့်ဆင့် တည်ဆောက်ပုံနဲ့ ပတ်သက်လို့ အဂုတ္ထိုရ် ဒသက နိပါတ် အ၀ိဇ္ဇာ သုတ်မှာ စနစ်တကျ ဟောထားတော်မူပါတယ်။ ဒီလို တည်ဆောက်ခြင်းဟာ မဇ္ဈိမလမ်းမှာ သမာဓိသိက္ခာ၊ ပညာသိက္ခာများ တိုးပွားအောင် ကျင့်သုံ့းနိုင်ရေးအတွက် ကူညီပေးတဲ့ လမ်းစဉ်ဖြစ်လို့ "မဇ္ဈိမ ချဉ်းကပ်လမ်း" လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ အဲဒီ အဆင့်ဆင့်ကတော့-

(၁)သပ္ပုရိသ သံသေ၀- သူတော်ကောင်းတို့ကို ဆည်းကပ်မှီဝဲခြင်း။ "သံသေ၀"ဆိုတာ သာမန် ပေါင်းသင်းဆက်ဆံတာမျိုးကို ပြောတာ မဟုတ်ပါဘူး၊ နည်းနားခံယူဖို့အတွက် ဆရာအဖြစ် ခံယူ သဘော ထားတာကို ပြောတာပါ။ ရှေးသူတော်ကောင်းတို့က "မှီဝဲတယ်"လို့ သုံးပါတယ်။ အစားအစာ စသည်ကို မိမိခန္ဓာကိုယ်တွင်း ရောက်အောင် စားသုံးတာကိုလည်း "မှီဝဲတယ်" လို့ပဲ သုံးပါတယ်။ မိမိရဲ့ အတွင်းသန္တာန်ကို တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်အောင် ရယူတဲ့ သဘောလို့ နားလည်မိပါတယ်။

(၂) သူတော်ကောင်းကို မှီဝဲဆည်းကပ်မှု ပြည့်ဝရင် သူတော်ကောင်းစကားကို မှတ်သားနာယူ ခွင့် ရပါတယ်။ သူတော်ကောင်း ဆိုတာ မိမိကိုယ်တိုင် မှန်ကန်အကျိုးရှိတဲ့ အမှုကိုသာ ပြုလေ့ရှိသလို သူတစ်ပါးတို့ကိုလည်း မှန်ကန်အကျိုးရှိအောင် ပြောဆို ညွှန်ပြလေ့ရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ခေါ်တာပါ။ သူတော်ကောင်းစကား ဆိုတာလည်း ကောင်းကံ၊ ဆိုးကံနဲ့ ၊ ကျောင်းကျိုး ဆိုးပြစ်တို့ကို ခွဲခြမ်း ဝေဖန် သွန်သင်တဲ့ စကားပဲ ဖြစ်ပါတယ်။

(၃) စစ်မှန်တဲ့ သူတော်ကောင်းစကား နားရည်ဝတဲ့အခါ စစ်မှန်တဲ့ သဒ္ဓါတရားကို ဖြစ်ပေါ် စေပါတယ်။ စစ်မှန်တဲ့ သဒ္ဓါတရား မဖြစ်ပေါ်စေရင် မိမိ နာယူမှတ်သား ထားတဲ့ စကားဟာ ( မိမိက ဘယ်လိုပဲ နှစ်သက်လက်ခံ ထားပေမယ့်) သူတော်ကောင်း စကား မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ စစ်မှန်တဲ့ သဒ္ဓါတရား ဆိုတာ အဓိကအားဖြင့် ကံနဲ့ ကံ၏အကျိုးကို အပြည့်အ၀ လက်ခံယူံကြည်တဲ့ သဒ္ဓါတရားဖြစ်ပါတယ်။ ကံနှင့်ကံ၏အကျိုးကို လက်ခံယုံကြည်မှုမဟုတ်တဲ့ ဘယ- ကြောက်လို့၊ လာဘ- မျှော်လင့်ချက် တစ်ခုခု ထားလို့၊ ကုလာစာရ- အမျိုးအနွယ် ဓလေ့ထုံးစံ ဖြစ်လို့ ဆိုတဲ့ ခံယူ ချက်မျိုး၊ မှားယွင်းတဲ့ ခံယူချက်မျိုးနဲ့ ယုံကြည်တာဟာ သဒ္ဓါတရားအစစ် မဟုတ်ပါဘူး။

အတိုချုပ်သဘောပေါက်ထားဖို့ကတော့ ရှေ့ရှေ့အဆင့်တွေဟာ နောက်နောက် အဆင့်တွေကို အထောက်အကူ မပြု၇င်၊ နောက်နောက်အဆင့်တွေနဲ့ ဆန်ကျင်ဘက် ဖြစ်နေရင် မစစ်မှန်ပါဘူး။ နောက်နောက် အဆင့်တွေကို အထောက်အကူ ပြုမှသာ စစ်မှန်တယ် ဆိုတာပါပဲ။

ဒီ တတိယဆင့်ဖြစ်တဲ့ "သဒ္ဓါတရားဖြစ်ပေါ်မှု"ဟာ မိမိသန္တာန်မှာ နံဘေးက ပထမဆုံး နက်နက် ရှိုင်းရှိုင်း ရောက်ရှိလာတဲ့ တရားဖြစ်လို့ လူတစ်ယောက်ရဲ့ ပထမဆုံး မိတ်ဆွေရင်း တစ်ဦးသဖွယ် အရေး ကြီးပါတယ်။ (သဒ္ဓါသုတ်) ။ မိတ်ဆွေကောင်းရင် ဘ၀နောင်ရေး ကောင်းမွန် စေနိုင်ပြီး၊ မိတ် ဆွေ ညံ့ရင် ဘ၀တစ်လျှောက်လုံး ညံ့ဖျင်းသွားစေနိုင်တဲ့အတွက် ဘ၀ရဲ့ အရေးအကြီးဆုံး အချိးအကွေ့ တစ်ခုလည်း ဖြစ်ပါတယ်။

(၄) စစ်မှန်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံရင် "ယောနိသော မနသိကာရ- စိတ်ကောင်းထားတတ်မှု" နဲ့ ပြည့်စုံလာပါတယ်။ ဒါဟာ မိမိပေါင်းသင်းတဲ့ သဒ္ဓါမိတ်ဆွေဟာ အစစ်လား၊ အတုလား ဆိုတာ ချင့် ချိန် စဉ်းစားဖို့အတွက် အရေးအကြီးဆုံး "စံ"ပါပဲ။ စိတ်ကောင်း မဖြစ်ပေါ်စေရင် သဒ္ဓါစစ် မဟုတ်ဘူး လို့သာ ဆုံးဖြတ်ရမှာပါ။ အရပ်ထဲမှာ တော့ တစ်ဖက်ကကြည့်ရင် "သဒ္ဓါတရား ကောင်းတယ်"လို့ ထင်ရသလို တစ်ဖက်က ကြည့်ရင်လည်း ကိုယ်ကျိုးကြည့်လွန်းတယ်၊ အမြတ်ကြီး စားလွန်းတယ်၊ အတ္တ, မာန် မာန, ဣဿာ, မစ္ဆရိယ များတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးလည်း တွေ့ကောင်း တွေ့ရပါလိမ့်မယ်။

ဓမ္မသဘောအရ (ဓမ္မဓိဋ္ဌာန်ကျကျ) ဆုံးဖြတ်ရမှာ ကာယကံ၊ ၀စီကံတို့ ဆိုတာ သရုပ်ဆောင် များသာဖြစ်ပြီး မနောကံလို့ခေါ်တဲ့ စေတနာက ဒါရိုက်တာကြီးပါ၊ (မနောပုဗ္ဗင်္ဂမာ ဓမ္မာ) ဘ၀ ဇာတ်ထုပ်ရဲ့ ဇာတ်သိမ်းခန်းကို "စေတနာ" ဒါရိုက်တာ ကသာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်( စေတနာ ဟံ ဘက္ခဝေ ကမ္မံ ၀ဒါမိ)။ " စေတနာ" ဆိုတာ သံသရာ ဇာတ်လမ်းရှည်ကြီး တစ်ခုလုံးရဲ့ ဇာတ် ညွှန်းဆရာကြီးလည်း ဖြစ်ပါတယ်။ ( ထုတ်လုပ်သူ ပရိုဂျူဆာက အ၀ိဇ္ဇာ နဲ့ တဏှာပါ) ။ ဒါကြောင့် သဒ္ဓါကောင်းသူ ဟုတ်, မဟုတ် ဆိုတာ စိတ်စေတနာ သဘောထား အမှန်ကို ကြည့်ပြီး ဆုံးဖြတ်မှသာ မှန်ပါလိမ့်မယ်။

သဒ္ဓါ နဲ့ စိတ်ကောင်း

" စိတ်ကောင်း" ဆိုတာ အရပ်ထဲ သိမှတ်ထားသလို အပြော ကောင်းတာ၊ ဆက်ဆံရေး ကောင်းတာ လောက်ကို ဆိုလိုတာ မဟုတ်ပါဘူး ။ စိတ်ကောင်းကို သိဖို့အတွက် "မကောင်းတဲ့ စိတ်ထား" ကို အရင်ဆုံး သဘောပေါက် သင့်ပါလိမ့်မယ်။ အကြမ်းဖျင်းကတော့ လောဘ၊ ဒေါသ၊ မာန်မနာ၊ဣဿာ မစ္ဆရိယစတဲ့ တရားတွေနဲ့ ယှဉ်နေတဲ့ စိတ်ထားဟာ မကောင်းတဲ့ စိတ်ထားပါပဲ။

အာရုံတစ်ခုခုကို မရနိုင်မှန်းသေပေမယ့် လိုချင်တဲ့ လောဘဖြစ်မယ်၊ မလွှဲမရှောင် သာ တွေ့ကြုံရမယ် မှန်း သိလျက်နဲ့ မကျေနပ်ဘူးဆိုတဲ့ ဒေါသဖြစ်မယ်၊ သူရတာ ကိုယ်မနာလို၊ ကိုယ်ရတော့ သူများ မပေးလိုဆိုတဲ့ ဣဿာ မစ္ဆရိယဖြစ်မယ်။ လုပ်ပေါက် လုပ်လမ်းလေး တည့်နေတော့ မာန်မာန တက်မယ်၊ ဉာဏ်နဲ့ လုံ့လမစိုက်ဘဲ လောဘကို အပြစ်တင်ပြီး စိတ်ဓာတ်ကျနေတယ် ဆိုတာ တွေဟာ မကောင်းတဲ့ စိတ်ထားတွေပါပဲ။

စစ်မှန်တဲ့ သဒ္ဓါတရား(ကမ္မဿကတာသမ္မဒိဋ္ဌိ နဲ့ တွဲတဲ့သဒ္ဓါ)ရှိသူကတော့ ကောင်းဆိုးနှစ်တန် လောကဓံ ဆိုတာ ကိုယ်ပြုခဲ့တဲ့ ကောင်းကံ၊ ဆိုးကံတို့ရဲ့ အခွင့်အလျည့် အားလျှော်စွာ တဒင်္ဂ ကြုံတွေ့ရမှုသာ ဖြစ်တယ် ဆိုတာကို လက်ခံနိုင်တဲ့အတွက် သင့်တင့် မျှတတဲ့ စိတ်ထား ( ယောနိသော မနသိကာရ) နဲ့ လက်ခံပြီး စိတ်ကောင်း ထားတတ်ကြ ပါတယ်။

(၅) (ယောနိသော မနသိကာရ ( စိတ်ကောင်းထားမှု) နဲ့ ပြည့်စုံရင် "သတိသမ္ပဇည = သတထားဆင်ခြင်မှု" နဲ့ ပြည့်စုံပါတယ်။ ဒီနေရာမှာ သတိသမ္ပဇည ဆိုတာ သတိပဋ္ဌာနမှာ ပါတဲ့ "သတိ" နဲ့ မတူတတ်ပါဘူး၊ ဒီမှာထားတဲ့ "သတိ" ဆိုတာ ဘယ်အရာဆို အလျင်စလို စိတ်လိုက် မာန်ပါ မပြောမိ၊ မပြုမိစေဘဲ မိမိ သူတစ်ပါး နှစ်ဦးသားတို့အတွက် အကျိုးရှိ၊ အကျိုးမဲ့ကို စိစစ် သုံးသပ်ပြီး အကျိုးရှိရာကိုသာ ရွေးချယ်တဲ့"သတ္ထကသမ္ပဇဉ်"

လောကစည်း၊ ဓမ္မစည်းအရ ခွင့်ပြုနိုင်လောက်အောင် လျော်ကန်သင့်မြတ်မှု ရှိမရှိ ဆင်ခြင်တဲ့ "သပ္ပါယသမ္ပဇဉ် " တွေ့ကြုံသမျှ အာရုံအပေါ်မှာ သတိ ရှေ့သွားနဲ့ သုံးသပ် ဆင်ခြင်တဲ့ "ဂေါစရ သမ္ပဇဉ်"၊ ဘယ်အရာဆို ဆိုင်ရာ အကြောင်းတရားများ စုပေါင်းဆောင်ရွက် နေခြင်းသာဖြစ်ပြီး ငါ သူတစ်ပါး စတဲ့ အတ္တဆန်မှု လုံးဝဖြစ်စရာ မရှိပုံကို ဆင်ခြင်တဲ့ " အသမ္မေဟာသမ္ပဇဉ်" ဆိုတဲ့ သတိ သမ္ပဇဉ် လေးပါးနဲ့အညီ ပြောဆိုပြုမူလေ့ ရှိတာကို ဆိုလို တာပေါ။( ရှေ့မှာ သတိပဋ္ဌာန် ကို သီးခြား ဆိုလတ္တံ့ ဖြစ်လို့ပါပဲ။)

(၆) အရာရာကို သတိ ရှေ့သွားနဲ့ ဆင်ခြင်မှု အလေ့အကျင့် ပြည့်ဝလာတဲ့အခါ " ဣန္ဒြိယသံဝရ= ဣနြေ္ဒ ၆ ပါးလုံးခြုံအောင် ဆောင့်စည်းနိုင်လာပါတယ်။ မျက်စိနဲ့ အဆင်း၊ နားနဲ့ အသံ စသည် တွေ့ဆုံမှုကို အကြောင်းပြုပြီး မတော်မတရား လိုချင်မှု၊ ပြစ်များမှုမျိုး မဖြစ် အောင် စောင့်ထိန်းနိုင်လာတယ်လို့ ဆိုလိုတာပါ။ ဒီလိုစောင့်ထိန်းနိုင်လာတာကို "ဣနြေ္ဒ ငြိမ်သက် တယ်"လို့လည်း ခေါ်ကြပါတယ်။ "ငြိမ်းငြိမ်းနေချင် ငြိမ်ငြိမ်နေ၊ ငြိမ်ငြိမ်နေမှ ငြိမ်းငြိမ်း နေရ၊ ငြိမ်ငြိမ်မနေက ငြိမ်းငြိမ်းမနေရ"ဆိုတဲ့ စကားဟာ ဣနြေ္ဒ ငြိမ်ဖို့ ပြောတာပါ။ ပြုမှားမိသမျှ မကောင်းမှုများ ဆိုတာ ဣနြေ္ဒကို ငြိမ်အောင် မစောင့်ထိန်းနိုင်ကြလို့ချည်းပါပဲ။

(၇) ဣနြေ္ဒကို ငြိမ်အောင် စောင့်ထိန်းနိုင်ခဲ့ရင် " တီဏိ သုစရိတာနိ ပရိပူရေတိ= သုစရိုက်သုံးပါးနဲ့ ပြည့်စုံပါတယ်"။ အကြံမှား၊ အပြောမှား၊ အပြုမှားတွေ ကင်းစင်ပြီး ၊ အကြံမှန်၊ (မနောသုစရိုက်) အပြောမှန် (၀စီသုစရိုက်)၊ အပြုမှန် (ကာယသုစရိုက်) တို့နဲ့ ပြည့်စုံ သွားမယ် လို့ ဆိုလိုပါတယ်။ ဒီလို ပြည့်စုံတာကိုပဲ သီလသိက္ခာနှင့် ပြည့်စုံတယ်လို့ ဆိုရပါတယ်။

"ဒီအဆင့်နဲ့ ပြည့်စုံခဲ့ရင် သတိပဋ္ဌာန်တရား လေးပါးနဲ့ ပြည့်စုံနိုင်ပြီ"လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ မဂ္ဂသစ္စာရဲ့ လုပ်ငန်းဖြစ်တဲ့ သမာဓိသိက္ခာ၊ ပညာသိက္ခာ တို့တိုးပွားစေ နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံလို့ ဆိုလိုတာပါပဲ။ သမာဓိသိက္ခာ ဆိုတာ သီလသိက္ခာနဲ့ ပညာ သိက္ခာတို့ အပြန်အလှန် ကျေးဇူးပြုအောင် ကြားခံအဖြစ်နဲ့ ဆက်စပ်ပေးတဲ့ သိက္ခာပါ။ "သီလ ရှိမှ သမာဓိရှိမယ်၊ သမာဓိရှိမှ ပညာနဲ့ ပြည့်စုံနိုင်မယ်" ဆိုတာ ဘုရားရှင်တို့ရဲ့ အဆုံးအမ ကျင့် စဥ်များပါပဲ။ "အပြစ်ကက်းတော့ စိတ်အနှောက်အယှက် ကင်းတယ်။ စိတ်အနှောက်အယှက် ကင်းတော့ အပြစ်ကင်းပြီး အသိမှန်တယ်"လို့ ဆိုလိုတာပါပဲ။

အထက်ပါ ပြောခဲ့တဲ့ သန္တတိအမတ်ကြီးဆိုတာလည်း ဘုရားရှင်နဲ့ တွေ့ချိန်ကစပြီး အခု ပြောခဲ့တဲ့ အဆင့်ဆင့် ပြည့်စုံသွားလို့သာ သတိပဋ္ဌာန်နဲ့ မဂ္ဂင်တို့ ပြီးပြည့်စုံအောင် ပွားများနိုင်ပြီး ဆင်းရဲ ကင်းရာကို မျက်မှောက်ပြုနိုင်သွားတာပါ။ ချဉ်းကပ်မှု မှန်ကန်ကြပါစေ။

ဓမ္မဘေရိအရှင်ဝီရိယ(တောင်စွန်း)


Tuesday, April 14, 2015

ဘဝဟူသည်


ဘဝဟူသည်

စာမရေးဖြစ်တာ ငါးပတ် တိတိတောင် ကြာသွားခဲ့ပါပြီ။ ခုတလော အလုပ်ကလည်း နည်းနည်း ရှုပ်နေပါသည်။ ရှုပ်နေသည့် အလုပ်ကြောင့် စာရေးချင်စိတ်လည်း မရှိလှပါ။ ထို့ကြောင့် ဘာမှ အသစ်မရေးဖြစ်ပါဘူး။ လာပြီး စာဖတ်ကြသူတွေကို အမှန်တကယ် အားနာနေမိပါသည်။

သို့ပေမဲ့ ဘဝအကြောင်း စာတွေတော့ ခုတလော ဖတ်ဖြစ်နေသည်။ ဒီတော့ ဘဝ အကြောင်းများ ရေးရမလားလို့ စဉ်းစားမိပါသည်။ ဘဝ အကြောင်း ဆိုလို့ ထူးထွေ ဆန်းပြားလှတဲ့ နေ့စဉ် ရုန်းကန်နေရတဲ့ ဘဝများ၊ ပျော်ရွှင် ကြည်နူးရတဲ့ ဘဝများ၊ အထီးကျန်းကာ ဆဲရဲမှု လှိုင်းလုံးကြီးတွေ ကြားက ဘဝမျိုးများနှင့် ဘဝထိုထို အတွင်းမှ အတွေ့အကြုံများကို ရေးဖို့ ပြောတာတော့ မဟုတ်ပါ။ စာပေထဲက ဘဝကိုသာ ပြောတာပါ။

ဘဝအကြောင်း နည်းနည်း ရေးမယ်ဆိုတော့ ၁၉၉၈ ခုနှစ်လောက်က တက်ခဲ့ရသည့် သင်တန်း တစ်ခုကို သတိယမိပါသေးသည်။ သင်တန်းက ရဟန်းတော်များ အတွက် မြန်မာစာ၊ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းပါ။ (စကားစပ်လို့ ပြောရလျှင် ကွန်ပြူတာ သင်တန်း ဆိုလို့ အထင်မကြီးလိုက်ပါနှင့်။ ဝါသနာ နည်းတော့ ယခုထိ ကွန်ပြူတာ ပညာ မတတ်ပါ။) သင်တန်းဖွင့်တာက ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ဗိုလ်ကုန်းရပ်က မဟာသွံသာရကျောင်းမှာ ဖြစ်ပါသည်။

သင်တန်း ဆရာတွေက နှစ်ဖက်လှ ဦးကျော်လွင်၊ မြန်မာစာ ဆရာကြီး ဦးစံတင် (ရန်ကုန်တက္ကသိုလ်) စတဲ့ နာမည်ကြီး ဆရာကြီးတွေပါ။ သင်တန်းမှူးလည်းဖြစ်၊ အဲဒီ သင်တန်းမှာ တစ်ပါးတည်းသော ဘုန်းကြီး ဆရာလည်း ဖြစ်သူကတော့ မဟာသွံသာရ ဘုရားကျောင်း ဆရာတော် ဦးကုမာရ ဖြစ်ပါတယ်။

ဆရာတော်က စာသင်သည့် အခါ တက္ကသိုလ် ဘုန်းနိုင်၏ စာတစ်ပိုဒ်ကို မကြာခဏ ရွတ်ဆိုပြပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်မှ BSC ဘွဲ့ယူခဲ့ရာ ပညာရေး စနစ်လည်း ပျက်သုဉ်း၊ တက္ကသိုလ်ကြီးလည်း ခြောက်ကပ်ကပ် ဖြစ်နေသည်ကို စိတ်မကောင်း ဖြစ်မိလေသလား မသိ။ ထိုစာကို ရွတ်ပြတော့မည့် အခါ တက္ကသိုလ် ကျောင်းတော်ကြီး၏ ဂုဏ်ရောင်နှင့် ခမ်းနားမှုတို့ကို ပြောပြတတ်ပါသေးသည်။ 

တက္ကသိုလ် ဝန်းကျင်ကို ဖွဲ့ဆိုထား သည့် စာတွေဖတ်၍ ငယ်စဉ်က တက္ကသိုလ်ကို တက်ရောက်လိုသည့် ဆန္ဒ ကြီးမားလှကြောင်းကိုလည်း ပြောပြခဲ့ ပါသည်။ တက္ကသိုလ်နှင့် ဆိုင်သည့် စာရေးဆရာ အချို့၏ အရေးအဖွဲ့တို့ကိုလည်း ရွတ်ဆိုပြတတ်ပါသေးသည်။

ဆရာတော် ရွတ်ဆိုပြသည့် စာရေးဆရာ အသီးသီး၏ ထိုထိုသို့သော စာ အဖွဲ့အနွဲ့ကောင်းတို့ကို မမှတ်မိတော့သော် ငြားလည်း ဆရာ တက္ကသိုလ် ဘုန်းနိုင်၏ “ဘဝတစ်လွှာ”ကိုမူ မှတ်မိနေပါသေးသည်။ ဘဝတစ်လွှာ အဖွဲ့က -

“ဘဝ ဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်း ဆိုပါလျှင် -တစ်ရိုးတံ အလွှာငယ် တစ်ဆယ်မကနှင့် ကြွယ်လှသော စိမ်ပန်းရွက်နှယ် ဘဝမျိုးလည်း ရှိသည်။တစ်ညှာတွင် တစ်လွှာရှိ၍ ဤတစ်လွှာပင် တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘဝမျိုးလည်း ရှိပါ၏။ ခိုင်နှင့် ကျွန်တော့် ဘဝမှာမူ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့် စွယ်တော်ရွက် ပမာသာ ဖြစ်ခဲ့ရသည်။ တစ်လွှာ ကြွေခဲ့လေပြီမင့်၊ တစ်ရွက် မမည်လေတော့သော အထီးကျန် ဤ ဘဝဝယ် …” ဟု ဘဝကို သရုပ်ခွဲပြထားသည့် စာဖြစ်ပါသည်။

ဆရာကြီး ဘုန်းနိုင်သည် နာမ်နှင့် ရုပ် ပေါင်းစည်းထားသည့် တနည်းဆိုရသော် ခန္ဓာ ငါးမျိုးဖြင့် ဖွဲ့စည်းအပ်သည့် လူ့ဘဝ၊ အမျိုးမျိုးသော အကြောင်းတရားတို့ စိုးမိုးခြယ်လှယ်အပ်သည့် ဘဝ၊ အညမည သဘောတရားတို့ ယှက်နွယ်လျှက် ထောက်ပံ့ထားအပ်သည့် လူ့ဘဝ အဖြစ်သနစ်ကို ဝတ္ထုဖြင့် ဖွဲနွဲ့ကာ ဖော်ကျူးလိုဟန် ရှိသည်။ ဘဝ၏ သဘောကို ဖွင့်ပြလိုဟန် ရှိသည်ဟု ထင်ပါသည်။ သို့ဖြင့် ကျယ်ပြောလှသည့် ဘဝပင်လယ်ကို ကြည့်ကာ သရုပ်ခွဲကြည့်သည်။ နာမည် မှည့်ကြည့်သည်။ သူ တွေ့ရသည့် ဘဝတွေက စိမ်ပန်းရွက်နှင့် တူသည့် ဘဝ၊ ညောင်ရွက်လို ဘဝနှင့် စွယ်တော်ရွက်ပမာ ဘဝတွေပါတဲ့။

ဆရာ ခွဲပြထားသည့် ဘဝသရုပ်နှင့် နာမည်တွေက အတော် စွဲမက်ဖွယ် ကောင်းသည်။ အဖွဲ့အနွဲ့ကလည်း ဆွဲဆောင်မှု အပြည့်။ ယင်းအဖွဲ့ကို ကြည့်ပြီး ဆရာ့ ဝတ္ထုကို ခံစားမှု အပိုင်းက မဟုတ်ပဲ ဒဿန ရှုဒေါင့်မှ ချဉ်းကပ်ခါ ဖတ်ကြည့်ရသော် ကောင်း၏ဟု တွေးမိပြီး စာအုပ် ရှာလိုစိတ်ပင် ပေါက်မိလိုက်ပါသေး၏။ သို့သော် မိမိက ဆရာကြီး၏ ထိုဝတ္ထုကို ဝေဖန်ဖို့လည်း မဟုတ်၊ ဖွင့်ဆို ရှင်းပြဖို့လည်း မရည်ရွယ်။ 

ထို့ပြင် မိမိ၏ လက်ရှိ အခြေအနေ၊ အချိန်အခါနှင့်လည်း မကိုက်ညီ။ ဝတ္ထုဖတ်ဖို့ အခွင့်ရသည့် အသိုင်းအဝိုင်းတွင် မနေခဲ့ရသဖြင့် ဖတ်လိုသည့် ဆန္ဒကလည်း နည်းပါးလှရာ ထိုအတွေးကို အဝေးမှာပဲ စွန့်ပစ်လိုက်ရပါသည်။ (ဖတ်ဖူးသူတွေ ဆွေးနွေးပြ လျှင်တော့ သိပ်ကောင်းမည်ဟု တွေးမိပါသေးသည်။)

မိမိ ရေးလိုသည့် ဘဝ အကြောင်းကတော့ ဗုဒ္ဓဒဿန နယ်ပယ်မှ ရှုမြင်ထားသည့် ဘဝအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။ ယင်း ဘဝအကြောင်းကို မရေးမီ စပ်ဆိုင်လာသဖြင့် တက်ခဲ့ဖူးသည့် သင်တန်း အကြောင်းကို သတိယပြီး နိဒါန်းပျိုးသည့် သဖွယ် စ-ရေးလိုက်ခြင်းပါ။

လာမည့် ပို့စ်တွေမှာ ဗုဒ္ဓဒဿနမှာ လာတဲ့ ဘဝအကြာင်းကို အထိုက် အလျှောက်မျှ ဆွေးနွေးကြည့်နိုင်မည် ဟု မျှော်လင့်ပါသည်။ ထောက်ပြ ဝေဖန် အကြံပြုကြမည် ဆိုလျှင် ဝမ်းမြောက်စွာ ကြိုဆိုပါမည်။

ဖတ်တဲ့အတွက် ကျေးဇူးတင်ပါသည်။

ဘုန်းဉာဏ်


Monday, April 13, 2015

မိမိကိုယ်ကို ချစ်သူ, မချစ်သူ


မိမိကိုယ်ကို ချစ်သူ, မချစ်သူ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတ်ာမူ၏၊ ထိုအခါ ပေသနဒီ ကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

အရှဘင်ုရား - ဆိတ်ငြိရမာအရပ်သို့ ကပ်၍ တစ်ယောက်တည်း နေ သော အကျွန်ုပ်အား ''အဘယ်သူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်သနည်း၊ အဘယ်သူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်သနည်း''ဟု စိတ်အကြံသည် ထရငှ်ားဖြစ်ပေါ်ပါ၏၊

အရှဘင်ုရား ထို အကျွန်ုပ်အား ထိုအကြံသည် ဖြစ်ပြန်ပါ၏-''အကြသင်ူတို့သည် ကိုယ်ဖြင့်, နှုတ်ဖြင့်, စိတ်ဖြင့် မေကာင်းသောအကျင့်ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မမည်။ မချစ်သောသူသည် မချစ်အပ်သောသူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုပင်င် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။

အကြသင်ူတို့သည် ကိုယ်ဖြင့်, နှုတ်ဖြင့်, စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ ချစ်သော သူသည် ချစ်အပ်သောသူ၏ အကျိုးငှါ ပြု လုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုပင်င် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိ ကိုယ်ကို ချစ်အပ်သည် မည်၏''ဟု (အကြံ ဖြစ်ပါ၏ဟု လျှောက်၏)။

မင်းကြီး - ဤအကြံသည် ဤအတိုင်း မှန်၏၊

မင်းကြီး - အကြသင်ူတို့သည် • ကိုယ်ဖြင့် မေကာင်းသောအကျင့် 'ကာယဒုစရိုက်'ကို ကျင့်ကုန်၏၊ • နှုတ်ဖြင့် မေကာင်း သောအကျင့် 'ဝစီဒုစရိုက်'ကို ကျင့်ကုန်၏၊ • စိတ်ဖြင့် မေကာင်းသောအကျင့် 'မေနာဒုစရိုက်'ကို ကျင့်ကုန်၏၊

ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မမည်၊ ထိုသူတို့သည် 'ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏'ဟု အကယ်၍ ဆိုကြေစကာမူ . . ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကိုမချ စ်အပ်သည် မည်၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ်အေကြာင်းကြောင့်နည်း၊ မင်းကြီး - မချစ်သော သူသည် မချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုပင်င် ပြုလုပ်ကြကုန် သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။

မင်းကြီး - အကြသင်ူတို့ကား • ကိုယ်ဖြင့် ကောင်းသောအကျင့် 'ကာယသုစရိုက်'ကို ကျင့်ကုန်၏၊ • နှုတ်ဖြင့် ကောင်းသောအကျင့် 'ဝစီသုစရိုက်'ကို ကျင့်ကုန်၏၊ • စိတ်ဖြင့် ကောင်းသောအကျင့် 'မေနာသုစရိုက်'ကို ကျင့်ကုန်၏၊

ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ ထိုသူတို့သည် 'ငါတို့သည် မိမိကိုယ်ကို မချစ်အပ်'ဟု အကယ်၍ ဆိုကြေစကာမူ . . ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ်အေကြာင်းကြောင့်နည်း၊ ချစ်သောသူသည် ချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုပင်င် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။

မိမိကိုယ်ကို ချစ်အပ်၏ဟူ၍ အကယ်၍ သိငြားအံ့။ ထိုမိမိကိုယ်ကို မေကာင်းမှုနှင့် မယှဉ်စေရာ။ မှန်၏၊ မေကာင်းမှုကို ပြုလေ့ရှိသော သူသည် ထိုချမ်းသာကို ရလွယ်သည် မဖြစ်။

မှန်၏၊ သေမင်း နှိပ်စက်အပ်သည်ဖြစ်၍ လူ၌ ဖြစ်သော ဘဝကို စွန့်ရေသာ သူအား အဘယ်သည်လျှင် ထိုသူ၏ ဥစ္စာဖြစ်သနည်း။ အဘယ်ကိုလျှင် ယူ၍ သွားရ သနည်း။ ထိုသူအား 'အရိပ်သည် အစဉ်လိုက်သကဲ့သို့' အဘယ်သည်လျှင် အစဉ် လိုက်သနည်း။

ဤလောက၌ သတ္တဝါသည် နှစ်ပါးကုန်သော အကြင် ကောင်းမှုကို လည်းကောင်း၊ အကြမေင်ကာင်းမှုကိုလည်းကောင်း ပြု၏။ ထိုကောင်းမှု မေကာင်းမှုသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုဥစ္စာကိုသာလျှင် ယူ၍ သွား၏။ အရိပ်သည် အစဉ်လိုက် သကဲ့သို့ ထိုကောင်းမှု မေကာင်းမှု နှစ်ပါးသည် သာလျှင် အစဉ်လိုက်၏။

ထို့ကြောင့် တမလွန်၌ အကျိုးရှိသော ဆည်းပူးအပ်သော ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တ်ရညာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

( ကောသလသံယုတ်၊ ပိယသုတ် )

Saturday, April 11, 2015

သင်္ကြန်ဟူသည်


      
သင်္ကြန်ဆိုသောစကားမှာ Samkaranta ဟူသော -သက္ကတပုဒ်-မှ ဆင်း သက်လာ ခြင်းဖြစ်သည်။ သံကရန္တ မှသင်္ကရန္တ-သင်္ကြန္တ= သင်္ကြန်ဟူ၍ အဆင့်ဆင့်ပြောင်းလဲ လာခြင်းဖြစ်၏။ အဓိပ္ပါယ်မှာ  ပြောင်းရွေ့ခြင်း ဟူ၍ဖြစ်၏ နှစ်ဟောင်းကာလမှ နှစ်သစ်အခါသမယသို့ ပြောင်းရွှေ့ခြင်းဟု လိုတိုရှင်း အဓိပ္ပါယ် မှတ်သားနိုင် ကြပါသည်။ နှစ်ဟောင်းအခါကတနှစ်တာ ကာလတစ်လျှောက်လုံး ပြုလုပ် ခဲ့သော အညစ်အကြေးတွေ ကို နောင်နှစ်သစ်မှာထပ်မဖြစ်ရ လေအောင် အတိတ်ကောင်းတွေ ယူကာ တစ်ဦးနှင့် တစ်ဦးမေတ္တာစေတနာတို့ဖြင့်ေ ရစင်ရေအေးကိုပက်ဖြန်းကြတာပဲဖြစ်ပါသည်။

ရေဆိုသည်မှာ-(၁)အေးမြခြင်းအေးချမ်းခြင်း(၂) အညစ်အကြေးများကို စင်ကြယ်စေခြင်း ဟူ၍ အစွမ်းသတ္တိ(၂) မျိုးရှိသည့်အတိုင်း၊ သင်္ကြန်ရက်မြတ် အချိန်အခါမှာ ရေပက်ဖြန်းသူ၊ ရေပက်ခံသူ နှစ်ဦးလုံးမှာ နောင်နှစ်များစွာတိုင်ရေစင်ရေပေါက်များကဲ့သို့အေးချမ်းသာယာပါစေ၊ ဘေးဥပါဒ် ရန်မှန်သမှကင်းစင်ပါစေ၊ ဒေါသ၊လောဘ၊မာန စသောအညစ် အကြေးများ ကင်းစင်ကာ လောက အအကျိုး၊ လောကုတ္တရာအကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်စေရန်အတွက် ရှေ့ပညာရှိများက သင်္ကြန်ရေပက်ဖြန်း စေတာဖြစ်သည်။

တနည်းပြောရလျှင် သင်္ကြန်ဆိုတာတဦးနှင့်တဦး မေတ္တာပို့ဆုတောင်းကြတဲ့ တကယ့်သူတော် ကောင်းတို့ကျင့်စဉ် ပွဲတော်မျိုးပါ မေတ္တာပို့ပွဲတော်ဟုဆိုလျှင် လည်း မှားမည်မဟုတ်ပါပေ။ သင်္ကြန် ကာလတွင် မြန်မာတို့သည် ဥပုသ်သီလဆောက်တည်ခြင်း ၊တရားစ ခန်းရိပ်သာများ ၀င်ခြင်း၊ ဒုလ္လဘရဟန်း၊ သာမဏေ၊ သီလရှင်ပြုခြင်းများနှင့်၊လူကြီးသူမ မိဘ၊ ဆရာသမားတို့အား ခေါင်းလျှော် ရေချိုး၊ ကိုယ်လက်သန့်စင်ပေးခြင်း၊ ဆွမ်းလောင်းလှုပွဲ စတုဒီသာအလှုပွဲများအပြင်၊ ကျွဲနွား တိရိစ္ဆာန်တို့အား ဇီဝိတဒါနအဖြစ် ဘေးမဲ့ပေးခြင်းများလည်း အချို့သော မြို့ရွာများတွင် ရှေ့အစဉ်အလာမပျက် ကာင်းမှုပြုနေကြသည်မှာလည်း ၀မ်းမြောက်ကြည်နူးစရာ 
 ကောင်းလှ သကဲ့သို့။

ယခုခေတ်လူငယ်အတော်များများသည် သင်္ကြန်ရေလောင်းရခြင်း၏ အနှစ်သာရကိုမ သိရှိမ လေ့လာကြပဲ ရှေ့ပညာရှိတို့ ချမှတ်ထားေ သာ ကောင်းမြတ်သော ရည်ရွယ်ချက်နှင့် သွေဖီကာ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး၊ အပျော်လွန် အပျော်ကြူးနေသည်မှာ လွန်စွာ ၀မ်းနည်းစရာ ကောင်းလှသည်။  

မည်သည့်အချိန်မှစတင်ကာ သင်္ကြန်ပွဲတော်ကို ကျင်းပလာခဲ့ကြောင်း မြန်မာရာဇ၀ င်များတွင် သေခြာဖော်ပြထားသည်ကို မတွေ့ရသော်လည်း ပုဂံခေတ် နှောင်းပိုင်း၊ နရသီဟ ပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက်ကတည်းက ကျင်းပခဲ့ကြောင်းကို သိရှိရသည်။ ရှေးဟောင်းမြို့ ရာဇ၀င်တော်ကြီးများ၏ မှတ်တမ်း များတွင်ပုဂံခေတ်၌ သင်္ကြန်ပွဲတော်ကို ဧရာဝတီမြစ်အတွင်း၌ တစ်ခမ်းတနား ကျင်းပခဲ့ပြီး။

နှောင်းခေတ်များတွင်မူ နန်းတော်အတွင်း၌ မဏ္ဍပ်ကြီးများ ဆောက်လုပ်၍ ရေကစားခဲ့ကြကြောင်း သိရှိရသည်။ မြန်မာမင်းများ လက်ထက် ခေတ်အဆက်ဆက် သင်္ကြန်ပွဲေ တာ် တွင် ဘုရင်မှအစ ပြည်သူပြည်သား အားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ စောင်းငြင်းများ တီးမှုတ်ကာ သီချင်းများကို သီဆိုကြသည်။ တစ်ဦးနှင့် တစ်ဦး နံ့သာရေ၊ ပန်းပေါင်းအမွှေးနံ့သာရေ စသော ရေကြည်၊ ရေအေး၊ ရေမွှေးတို့ဖြင့် ရေပက် ဖျန်းမှုပြုလုပ်ခဲ့ကြသည်။

ထေရ၀ါဒဗုဒ္ဓနိုင်ငံတော်များဖြစ်သော၊ထိုင်း၊ ကမ္ဗောဒီးယား၊လာအို နိုင်ငံများတွင်လည်း သင်္ကြန် ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ ဓလေ့ထုးံစံတွေနိုင်ငံတွေမည်သို့ပင်ကွဲလွဲစေကာမူ ရှေးရှေး သူတော် သူမွန်ပညာရှိတို့၏ ရည်ရွယ်ချက်အနှစ်သာရကတော့ အတူတူပင်ဖြစ်ပါ သည်။ ထိုနိုင်ငံတို့ တွင်လည်း မြန်မာနိုင်ငံကဲ့သို့ သင်္ကြန်ကာလတွင် ဥပုသ်သီလဆောက် တည်ခြင်း၊ ကျွဲ နွား တိရိစ္ဆာန်တို့အား ဘေးမဲ့လွှတ်ခြင်း၊ လူကြီးသူမတို့အား ခေါင်းလျှော်ပေးခြင်း၊ လက်သည်း ခြေသည်း ညှပ်ပေးခြင်းစသော ကောင်းမှုများကို ပျော်ရွှင်စွာ သင်္ကြန်၏အနှစ်သာ ရပြည့်ဝစွာဖြင့် ပြုလုပ်လေ့ရှိသည်။

အခုနောက်ပိုင်းကာလများတွင်မူ မြန်မာနိုင်ငံသည် သင်္ကြန်ပွဲတော်ကို စတင်ပြုလုပ် ခဲ့သည့် ရှေးပညာရှိတို့၏ ရည်ရွယ်ချက်နှင့်ဆန့်ကျင်ကာ သရုပ်ပျက်ဗရုတ်ကျလာကြပေသည်။ သင်္ကြန်ကာ လသည့် ၄င်းတို့အတွက် တရားဝင် မကောင်းတာလုပ် ပိုင်ခွင့်ပါမစ်ရထား သည့် နှယ် မြန်မာ့ သင်္ကြန်၏ အနှစ်သာရကို ဖျက်ဆီးနေကြပါသည်။မိဘများကလည်း မိမိသား သမီးများကို သင်္ကြန်ကာလတွင် ဘာမှဆိုဆုံးမခြင်းမရှိပဲလွှတ် ထားသည်မှာ မြန်မာ့ယဉ် ကျေးမှုနှင့် မျိုးဆက်သစ်တို့ အနာဂါတ်အတွက် များစွာရင်လေးဖွယ်ရာပင်ဖြစ်ပါသည်။

        ထိုကဲ့သို့အခြေအနေမျိုးကိုများ သင်္ကြန်းပွဲတော်စတင်ပြုလုပ်ခဲ့ကြသည့် သူတော်သူမွန်ပ ညာရှင်များ ကြားသိမြင်မိပါက သူတို့ကိုယ်သူတို့ အပြစ်တင်၍ ဆုံးတော့မည်မဟုတ်ပေ။ ယဉ်ကျေး လိမ္မာအသိတရားရှိကြသော သူတော်စိတ်ဓါတ်ကိန်းဝပ်ကြသည့် အမျိုးကောင်းသား၊ အမျိုးကောင်း သမီးလေးတို့ကို တွေ့ရလို့သာဖြေသာသေးပေး၏။

           မနှစ်ကသင်္ကြန်ကာလတွင် မိမိကဲ့သို့ သီရိလင်္ကာကို ပညာတော်သင်ကြွရောက် လာသော ကဗ္ဗောဒီးယား ရဟန်းတော်တပါးက သူနေထိုင်သော အဆောင်ကို ကမ္ဗောဒီး ယားနှစ် သစ်သင်္ကြန် အထိမ်းအမှတ်ဆွမ်းကပ်ပင့်တာမို့ ကြွရောက်ဘုဉ်းပေးရင်း ကမ္ဗောဒီယားသင်္ကြန် အကြောင်းပြောပြပြီး အင်တာနက်ကနေ ကမ္ဗောဒီးယားတို့၏ သင်္ကြန်ကိုတိုက်ရိုက် ပြပါသည်၊ တကယ်ကို ယဉ်ကျေးသိမ် မွေ့လွန်လှပါတယ်၊ရေပက်ဖြန်းကြတာ ယဉ်းကျေးလိမ္မာကျက်သရေ ရှိလွန်းလှ၏၊

               ကမ္ဗောဒီးယားသင်္ကြန်ပြပြီး မိမိတို့မြန်မာသင်္ကြန်ကို ပြပေးဖို့တောင်းဆိုတာကြောင့် အင်တာ နက်မှတဆင့် မြန်မာသင်္ကြန်ကိုဖွင့်လိုက်လေရာ မိမိအတွက် မျက်နှာမရပဲ မျက်နှာ ပျက်စ ရာသာ ကြုံတွေ့ရလေ၏။ ဒကာမအများစုမျာ အရှက်အကြောက် ဟိရိ၊သြတ္တပ္ပ မရှိကြတော့ပဲ လူပုံအလည်တွင် ဘောင်းဘီအတို အင်္ကျီအပြတ်ဖြင့် မြှူဆွယ်ပြီး ကာမမီးမွှေးနေပုံ များသာ အများအပြား ပေါ်ထွက်လာ၊ ကမ္ဗောဒီးယားရဟန်းတော်က ` အရှင်ဘုရားတို့အနေနှင့် ဒီလိုဟာတွေ မထိမ်းနိုင်ရင်တော့ မြန်မာပြည်မှာ သင်္ကြန်ပွဲမကျင်းပသင့်တော့ဘူး´ဟု မှတ်ချက်ပြုစကားကိုလည်း ရှက်ရှက်နဲ့ရယ်ကျဲကျဲသာလုပ်နေနိုင်ခဲ့၏ အခုနှစ်တွင်မူ တာဝန်ရှိသူ အစိုးရမှ သရုပ်ပျက်သူများ ကိုဥပဒေအရ အရေးယူမည်ဟု ကြားသိရလေရာ သာဓုအလီလီ ခေါ်ရပေတော့သည်။

(ယဉ်းကျေးလိမ္မာ၊ သားသမီး၊  ရတနာများ ဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ