Friday, May 23, 2014

ခန္တီ သည်းခံခြင်း


ခန္တီ သည်းခံခြင်း

ခန္တီ-မြန်မာလိုတော့ သည်းခံခြင်း။ သည်းခံခြင်းသည် အညံခံခြင်းဟုတော့ တိုက်ရိုက်ယူ၍ မရကောင်းသော ဝေါဟာရ တစ်ခုဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံ၏။ မထီမဲ့မြင်ပြုခြင်း ခံရမှုကိုလည်း သည်းခံ၏။

ခန္တီကို တရားကိုယ်အားဖြင့် “အဒေါသ” ဟု၍လည်းကောင်း၊ အဒေါသ ဟူသည်မှာ “မေတ္တာ” ဟူ၍လည်းကောင်း မှတ်သားနိုင်ပါသည်။ မေတ္တာဝင်လျှင် အပြစ်မမြင်တတ်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်း ဖြစ်၏။


ဤလောက၌ အဓမ္မမထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိ၏။ ထိုအဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သောနည်းကို သုံးဖို့ လို၏။ ထိုမှန်ကန်သော နည်းကား သည်းခံခြင်း “ခန္တီ”ပင် ဖြစ်၏။

သည်းခံခြင်းဟူသည် နုံ့သောဒေါသဖြင့် သည်းခံသည်လည်း ရှိ၏။ အဒေါသဖြင့် သည်းခံသည်လည်း ရှိ၏ ။ နုံ့သောဒေါသဖြင့် သည်းခံခြင်းကို ကြောက်၍ သည်းခံခြင်း ဟူ၍ ဆိုရ၏ ။ ကြောက်၍ သည်းခံခြင်းတွင် အာဃာတသည် အမြစ်တွယ်လျက် ရှိ၏ ။

တစ်ခုသော တစ်နေ့တွင် အမြစ်တွယ်နေသော အာဃာတမှ ထက်သော ဒေါသသည် ဖြစ်ထွန်းလာနိုင်၏ ။ ထက်သော ဒေါသ ဖြစ်ထွန်းလာလျှင် လက်စားချေခြင်းသည် မလွှဲသာ မရှောင်သာ ဖြစ်ပေါ်လာမည် ဖြစ်၏ ။ ထိုအခါ စော်ကားမှု သံသရာသည် လည်းကောင်း၊ လက်စားချေမှု သံသရာသည် လည်းကောင်း လူ့သမိုင်း၌ အတောမသတ် လည်ပတ်နေမည် ဖြစ်၏ ။

အဒေါသဖြင့် သည်းခံခြင်းသည်သာ အာဃာတကို ပယ်ဖျောက်နိုင်သဖြင့် အမုန်းသံသရာကို တိုစေနိုင်၏ ။ ဘ၀ကိုလည်း အနဂ္ဃရတနာ ဖြစ်စေနိုင်၏ ။ အနဂ္ဃရတနာ ဖြစ်ခြင်း ဟူသည်မှာ အရာရာတိုင်း၌ “ငါ- ငါ့ဥစ္စာ” ဟူ၍ သိမ်းပိုက်တတ်သော တစ်ကိုယ်ကောင်း အမြင်ကို ပယ်သတ်နိုင်ခြင်း ဖြစ်၏ ။ တစ်ကိုယ်ကောင်းအမြင် ကင်းလေလေ ဘ၀သည် တန်ဖိုးမြင့်လေလေ ဖြစ်၏ ။

အဒေါသ ဆိုကတည်းက ယင်းသည်းခံမှုတွင် အလောဘလည်း ပါရ၏ ။ အမောဟလည်း ပါရ၏ ။ မေတ္တာလည်း ပါရ၏ ။မေတ္တာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ချစ်စရာကိုသာ မြင်၏ ။ ကရုဏာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ကြင်နာစရာကိုသာ မြင်တော့၏ ။

လောက၌ ချစ်စရာနှင့် ကြင်နာစရာကိုချည်း မြင်ရလေသော အခါ မိမိ ချစ်ရသောလောက၊ မိမိ ကြင်နာရသောလောကအတွင် အနစ်နာခံချင်စိတ် အလောဘပဓါန-သည်လည်းကောင်း၊ သူတို့နှစ်သက်နိုင်မည်ကို ရွေးချယ်တတ်သော အသိဉာဏ် အမောဟပဓါန-သည်လည်းကောင်း အလိုအလျောက် ပေါ်လာ၏ ။ ဤသည်ပင် “အသင်္ခါရိက” ဖြစ်၏ ။

သည်းခံခြင်းသည် မိမိတို့၏ အမြင်အပေါ်၌ များစွာ တည်မှီ၏ ။ လောကအပေါ် ချစ်တတ်သော မျက်စိ၊ ကြင်နာတတ်သော မျက်စိ၊ ကျေးဇူးတင်တ်သော မျက်စိဖြင့်သာ ကြည့်မည်ဆိုပါလျှင် ချစ်စရာကောင်းသော လောက၊ ကြင်နာစရာကောင်းသော လောက၊ ကျေးဇူးတင်စရာ ကောင်းသောလောကအပေါ် သည်းခံနိုင်ဖွယ် များစွာ ရှိ၏။

အခါတပါး၌ ပုဏ္ဍားတစ်ယောက်သည် နွားများပျောက်သွား၍ လိုက်ရှာရာတွင် မျက်စီလည် လမ်းမှားပြီး တောထဲ၌ စားစရာမဲ့လို့ အသီးခူးစားရာမှ ချောက်ထဲသို့ ကျ၏။ ထိုအခါ မျောက်မင်း တစ်ကောင်က ၎င်းပုဏ္ဍားအား သနားဂရုဏာသက်မိပြီး ဆင်းကယ်ဆယ်လေသည်။ ချောက်အပေါ်သို့အရောက် မျောက်မင်းသည် ပင်ပန်းလွန်း၍ ထိုအကြင်ပုဏ္ဍား၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

ထိုပုဏ္ဍားသည် ဗိုက်ဆာလွန်း၍ မျောက်မင်းအား ကျောက်ခဲဖြင့် ခေါင်းထုသတ်လေသည်။ ထိုအခါ မျောက်မင်းသည် အကြီးအကျယ်ထိတ်လန့်ပြီး သစ်ပင်ပေါ်တက်ပြေးလေတော့သည်။ သို့သော် မျောက်မင်းသည် အကြင်ပုဏ္ဍားအား ရွာသို့ရောက်ရန် သူ၏ သွေးစက်တို့ဖြင့် သစ်ပင်ပေါ်မှ လမ်းပြ၍ ကူညီခဲ့ပါသည်။

ထိုဇာတ်တော်တွင် မျောက်မင်းသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ပင်ဖြစ်သည်။ ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ရဲ့ ကြီးမားတဲ့ သည်းခံခြင်း ခန္တှီတရားကို အရှင်းသားမြင်တွေ့နိုင်ပါသည်။ မိမိအား သတ်သည့်သူကိုပင် ကြီးမားသော သည်းခံတရားဖြင့် ကူညီပေးခဲ့သည်။ တကယ်ပင် အတုယူလေးစားဖို့ကောင်းပါသည်

ထို့ကြောင့်လဲ လောက၏ အတုမဲ့ အနှိုင်းမဲ့ သစ္စာတရားရှင် မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ “စေတနာသည် လူတိုင်းနှင့် မတန်” ဟု ကျွန်တော်တို့ ပြောဖူးပါသည်။ ထိုသို့မဟုတ် စေတနာသည် လူတိုင်းနှင့်တန်၏။ လူတိုင်းအပေါ်လဲ ထားသင့်၏။ မှန်ကန်သောစေတနာဖြစ်ပါစေ, မိမိ စေတနာအား တန်ဖိုးမထားသူသည် တန်ဖိုးမထားသလောက် အပြစ်ကျရောက်တက်စမြဲပင် ဖြစ်သည်။ ထိုဇတ်တော်တွင် ထိုပုဏ္ဍားသည် ဇတ်သိမ်းမလှစွာဖြင့် နိဂုံးချုပ်ရလေသည်။

မျောက်မင်း လမ်းညွှန်သည့်အတိုင်း ထိုပုဏ္ဍား ခရီးဆက်ရာ လမ်းတွင် တွေ့သော ရေအိုင်မှာ ရေသောက်ရန် ရေကန်ထဲအဆင်း ရေပေါက်ထိသော နေရာတို့မှာ အနာများဖြစ်လေသည်။ ထိုအနာမှာ ရိုးရိုးအနာမဟုတ်ပဲ ပြင်းထန်သော နူနာသာဖြစ်လေတော့သည်။ ထိုနောက် ဥယျာဉ်တစ်ခု၌ မြေမျို၍ ဇတ်သိမ်း ဆိုးခဲ့ရလေသည်။

နိဂုံးချုပ်ရလျှင် လောကရှိ လူသားတိုင်း ကြုံတွေ့နေစမြဲ လောကဓံ အသီးသီးရှိကြသည်။ ဆိုးသည့်လောကဓံအားလည်းကောင်း၊ ကောင်းသည့်လောကဓံအားလည်းကောင်း၊ ဆိုးဆိုး ကောင်းကောင်း သည်းခံခြင်း အမှုကို လက်ကိုင်ထားရမည်။ သို့မှာသာ မိမိနှင့် ထိတွေ့ ဆက်ဆံနေရသော သူငယ်ချင်းမိတ်ဆွေများဖြင့် အမုန်းကင်း အာဃာတကင်းစွာ ပေါင်းသင်း ဆက်ဆံရ၏။


တစ်ယောက်တည်းနေဖို့ မသင့်တော်သော လောကအတွက် ပျော်ရွှင်နှစ်လိုဖွယ် ကောင်းသော ပတ်ဝန်းကျင်ဆိုတာ ရှိသင့်၏။ ထိုပတ်ဝန်းကျင်အား မိမိသည်သာ တည်ဆောက်ရမည်ပင်။ ထို့အတွက် အကြီးမားဆုံးလိုအပ်ချက်သည် ခန္တီခေါ် သည်းခံခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။ ထို့ကြောင့် ခန္တီတရား လက်ကိုင်ထား၍ အမှုကင်းပါစေလို့ ဆုမွန်တောင်းရင်း တင်ပြခြင်း တစ်ခန်းရပ်ပါရစေ မိတ်ဆွေ။

မှတ်ချက်။ ။ဦးရွှေအောင်၏ “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)” စာအုပ်မှ

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Thursday, May 22, 2014

မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး


"မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး" 

သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေဆီက သားသမီးလိုချင်ရခြင်း၊ မလိုချင်ရခြင်း အကြောင်းလေးတွေလည်း သိဖို့စိတ်ဝင်စားပါတယ် လို့ ရေးထားတဲ့ ပန်ပန် ပိုစ့်ကို ဖတ်ပြီးပြီးချင်းမှာတော့ ရုတ်တရက် စိတ်ထဲ ရေးချင်သွားတာတွေ အများကြီိးပါပဲ။ ဒါပေမဲ့ တကယ်တမ်း ချရေးခါနီးမှာ စဉ်းစားရင်း စဉ်းစားရင်း လက်တွေက အလိုလို နှေးသွားးတယ်။ ဘာကြောင့်လဲ ဆိုတော့ သားသမီးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ် တောင့်တတိုင်း လွယ်လင့်တကူ ရလာတတ်တဲ့ အရာမျိုး မဟုတ်လို့ပါ…။ 

ကျွန်မ အိမ်ထောင်ကျပြီးတဲ့ အချိန်က စလို့ သားကို ကိုယ်ဝန်ဆောင်စဉ်အချိန်၊ သားကို မွေးဖွားပြီးချိန်… အဲဒီအချိန်တွေမှာ ကျွန်မကိုယ် ကျွန်မ ဘာကြောင့် သားသမီး လိုချင်သလဲ လို့ တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဖူးပါဘူး။ ကျွန်မ စိတ်ထဲမှာ သားသမီးနဲ့ ပတ်သက်လို့ အကြီးအကျယ်တွေ ကြိုတင် ကြံစည်ထားတာမျိုး၊ ရည်ရွယ်ထားတာမျိုး၊ စိတ်ကူးယဉ်ထားတာမျိုးလည်း ပြန်တွေး ကြည့်တော့ ဘာတစ်ခုမှ တွေးလို့မရခဲ့ဘူး။ ကျွန်မ အမျိုးသားကလည်း ပင်ကိုယ် သဘာဝအရ အေးချမ်းသူ၊ စိတ်ခံစားမှုမှန်သမျှကို သိသိသာသာ ထုတ်ဖေါ် မပြတတ်တဲ့သူတစ်ယောက် ဖြစ်နေ လေတော့… ဒီတော့ ကျွန်မတို့မှာ သားသမီးလိုချင်ရခြင်းအတွက် အကြောင်းပြချက် တချက်တလေမှ မရှိခဲ့တာ သေချာပါတယ်။

သို့သော်…သားကို ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာတော့ ကျွန်မစိတ်တွေဟာ အလိုလို ပျော်ရွှင် ကြည်လင်နေတတ်တာ သတိထားမိပါရဲ့…။ ဒါပေမဲ့လဲ သားကလေးနဲ့ ပတ်သက်လို့ ဘာတွေမှ အများကြီး မတွေးထားခဲ့ဘူး... သားလေးကို ပြုစုပျိုးထောင်ဖို့အတွက် ဘာစာအုပ်မှလဲ မဖတ်ခဲ့ဘူး။ တစ်ခုပဲ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မ မွေးလာမဲ့ သားကလေးဟာ ကျန်းမာပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံ ဖွံ့ဖြိုးတဲ့ သားကလေး၊ ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်မဲ့ သားကလေး… ရှင်းရှင်းပြောရင်တော့ စာသင်လို့ ရမယ့် သားကလေးတစ်ယောက်သာ ဖြစ်ပါစေလို့ ကျွန်မ အမြဲ ဆုတောင်းခဲ့ပါတယ်။

ဒီလိုနဲ့ သားလေးရလာတော့ မိခင်တစ်ယောက်အနေနဲ့ သူ့အတွက် ကိုယ်တတ်နိုင်သမျှထဲက အကောင်းဆုံးတွေကိုသာ ပေးချင်မိတယ်...။ မိဘ အဖြစ်ကို ပီပီပြင်ပြင် ရောက်စေဖို့ တွန်းအား (Drive) က အဲဒီက စလာတယ် လို့ ဆိုနိုင်ပါတယ်…။ သူ့အတွက် ကျွန်မ လိုချင်တာ တချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ခဲ့ရတယ်။ ကျွန်မရဲ့ ဆန္ဒတွေကို အရင်ကလို ရှေ့တန်းတင်လို့ မရတော့ဘူးလို့ အလိုလို သိလာရတယ်။ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ်လို့ နားလည်လာခဲ့တယ်။ ဒါတွေဟာ ဘာမှ ကြိုတင် ကြံစည်စရာ မလို၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်စေတနာတွေပါ…။

သားကလေးဟာ ကျွန်မတို့ အတွက် ပျော်ရွင်မှုတွေနဲ့အတူ ကြည်နူးချမ်းမြေ့မှုတွေကို တပွေ့တပိုက် ယူဆောင်လာသူကလေး ဖြစ်တယ်။ သားကလေးကြောင့် မိဘမေတ္တာ ဆိုတာကို ပိုနားလည်လာတယ်။ သားကလေးကြောင့် ကျွန်မတို့ မိသားစုကလေးတစ်ခု ဖြစ်လာတယ်။ တစ တစနဲ့ သားကလေးဟာ ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတဲ့အပြင် သားကလေးရဲ့ မေမေ ခေါ်သံဟာ ကြားဖူးသမျှထဲမှာ အချိုဆုံး တေးသွားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားကလေးကြောင့် ကျွန်မ လောဘတွေ ကြီးတတ်လာတယ်…။ ကိုယ်က သူ့ကို အကောင်းဆုံးတွေသာ ပေးချင်မိတာကိုး…။ ဒီတော့ သားကလေးနဲ့အတူ ကျွန်မတို့ ဆက်လျှောက်ရမဲ့လမ်းကို သေသေချာချာ စဉ်းစားရတယ်။ အရင်ကလို ကိုယ်နေချင်သလို နေ၊ ကိုယ် လုပ်ချင်သလို လုပ်၊ ကိုယ်လျှောက်ချင်သလို လျှောက်နေလို့ မဖြစ်တော့ဘူး ဆိုတာ သိလာတယ်။ ကိုယ် သူ့ကို ပေးချင်တာတွေအတွက် အချိန်၊ ငွေကြေး၊ ကိုယ်ကျိုး၊ အတ္တ… အစရှိတာတွေကို အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပေးဆပ်ခဲ့ရတာတွေ အပေါ်မှာ စိုးစဉ်းမှ ငြိုငြင်မှု မရှိခဲ့တာ သူ့အပေါ် ထားခဲ့တဲ့ ကျွန်မရဲ့ မေတ္တာတွေပါပဲ...။

သားလေးနဲ့ ပတ်သက်လို့ သားဆီက ကျွန်မ သင်ယူရတာလေးတွေလည်း ရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း သင်ယူနေရဆဲပါ…။ အဓိက ကတော့ သားအပေါ် ကျွန်မ တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်နဲ့ အတ္တတွေကို လျှော့ချပြီး စိတ်ကို ထားတတ်ဖို့ပါ…။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့သားကို သူ တစ်ခုခု တောင်းဆိုလာတဲ့အခါတိုင်း ခွင့်ပြုလို့ ရသမျှကို စည်းကမ်းဘောင်ထဲကနေ ခွင့်ပြုရင်း နားလည် လိုက်လျောတတ်တဲ့ မိခင်တစ်ယောက်ဖြစ်အောင်၊ သူ့ကို လူကြီးလေးတယောက်လို သဘောထား ဆက်ဆံရင်း သူ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ် ပြောပြတတ်စေဖို့၊ ကိုယ်ဖြစ်စေချင်တာ တစ်ခုထဲကို ရှေ့တန်းတင်ပြီး သူ့ကို တဖက်သတ် တားဆီး ပိတ်ပင်တာမျိုး မလုပ်မိဖို့ လည်း ကျွန်မ သတိထားရပါတယ်။ ဒါတွေကတော့ သားကို ပဲ့ပြင် ထိန်းကျောင်းရင်း ကျွန်မ ရလာတဲ့ သင်ခန်းစာတွေပါ။

သားကလေးနဲ့ ပတ်သက်လို့ ကျွန်မမှာ ရည်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေ များများစားစား ပြောပြစရာ မရှိခဲ့ပါဘူး။ ရှိခဲ့တယ် ဆိုရင်လည်း ဒါဟာ သူ့ အကျိုးအတွက်ပဲ ဖြစ်ပါလိမ့်မယ်…။ ဥပမာ ပြောရရင် သူ အတန်းထဲမှာ စာတော်အောင်၊ အမှတ်များများရအောင် ကြိုးစားစေချင်တဲ့ စိတ်ဟာ သူ့အတွက်နဲ့ သူ့ ရှေ့ရေးအတွက်သာ ဖြစ်တယ်…။ မိခင်တယောက်ဖြစ်တဲ့ ကျွန်မကတော့ သူ့အောင်မြင်မှုတိုင်းမှာ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေး တစ်ပင် အသီး အပွင့်တွေ ဝေလာတာကို ကြည့်ရင်း ကြည်နူး ဂုဏ်ယူနေချင်တဲ့ စိတ်တစ်ခုထဲသာ ရှိပါတယ်…။

တစ်ဦးတည်းသောသား ဖြစ်နေတာက တစ်ကြောင်း၊ မြန်မာပြည်မှာ မြန်မာအသိုင်းအဝိုင်းကြားမှာ၊ ဆွေမျိုး ညီအစ်ကို မောင်နှမတွေကြားမှာ ကြီးပြင်းရတဲ့ သားကလေး မဟုတ်တာက တစ်ကြောင်း တို့ကြောင့် မိဘအပေါ်မှာ ကြင်နာ နွေးထွေးမှု၊ နားလည် သိတတ်မှု နည်းပါးမှာတော့ ကျွန်မ နည်းနည်း စိုးရိမ်မိပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်မ သွန်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က မိဘကို စေတနာ မေတ္တာအပြည့်နဲ့ ဂရုစိုက်တတ်တဲ့ သမီးတစ်ယောက် ဖြစ်လေတော့ ကိုယ့်စေတနာအတွက် တူသော အကျိုး ပြန်ရလိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်မိပါတယ်။

နောက် နှစ်လ ဆိုရင် ကျွန်မသားကလေး အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မှာ…။ ကျွန်မ ဆုတောင်းခဲ့သလိုပဲ သားကလေးဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ဖွံဖြိုးတဲ့ လူကလေးတစ်ယောက် ဖြစ်တယ်။ ဘာသာတရား အဆုံးအမကြောင့် ယဉ်ကျေး လိမ်မာတဲ့ကလေးတစ်ယောက် ဖြစ်တယ်။ ဒါ့အပြင် ပင်ကိုယ် အရည်အသွေးရော ဥာဏ်ရည်ပါ ထက်မြက်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ဒါတွေအတွက် အချိန်တိုင်း ကျေနပ် ပီတိ ဖြစ်မိပါတယ်။ ရှေ့ခရီးကို ဆက်လျှောက်ဖို့ ခွန်အားတွေကိုလည်း ဒီ ကျေနပ်ပီတိတွေက အားဖြည့်ပေးပါတယ်။

အခု ကျွန်မ ပြောခဲ့တာတွေအားလုံက လက်ရှိ မိခင်တစ်ယောက် ဖြစ်နေတဲ့ ကျွန်မရဲ့ သားအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ၊ ကျေနပ်ခြင်း ပီတိနဲ့ သင်ယူပြီး သင်ယူဆဲ သင်ခန်းစာတွေ အကြောင်းပါ။

ဆက်ပြီးတော့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်…။
မနေ့ကညက ဒီမှာ ရုံတင်နေတဲ့ Oshin ဇာတ်ကား သွားကြည့်ဖြစ်ပါတယ်။ Oshin ဆိုတာ ကျွန်မတို့ ငယ်ငယ်က မြန်မာ့အသံကနေ ပြတဲ့ ဇာတ်လမ်းတွဲပါ။ အပိုင်းပေါင်း နှစ်ရာကျော်၊ သုံးရာနီးပါး ရှိတဲ့ ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ နှစ်နာရီစာ ဘယ်လိုများ ပြမှာပါလိမ့်လို့ စိတ်ဝင်တစားနဲ့ သွားကြည့်တာပါ။ ဒါပေမဲ့ သူတို့က မူလ လက်ဟောင်း Oshin တစ်ကားလုံးမဟုတ်ပဲ Oshin ရဲ့ ငယ်ဘဝ အပိုင်းလေးကိုပဲ ရိုက်ထားတာပါ။ ကြည့်လို့တော့ ကောင်းပါတယ်…။

အတိုချုံးပြောပြရရင်တော့ Oshin တို့ မိသားစုမှာ စားစရာ ဆန်မရှိလို့ အိုရှင် မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ သူ အလုပ်လုပ်တဲ့အိမ်က ပိုက်ဆံ ငါးမူးပျောက်လို့ သူ့ကို သူခိုး စွတ်စွဲလို့ အဲဒီအိမ်ကနေ သူ ထွက်ပြေးလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့မိသားစု အဆင်မပြေတာတွေကို ပြန်တွေ့ပြီး နောက်တခေါက် သူ မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ အဲလို အလုပ်လုပ်နေရင်း ပွဲတော်ရက်တစ်ရက်မှာ မထင်မှတ်ပဲ သူ့အမေကို ယောက်ျားတစ်စုနဲ့အတူ ဂေရှားမယ် အဖြစ်နဲ့ တွေ့လိုက်ရတယ်။ ခွဲခွာနေရတဲ့ အမေကို တွေ့လို့မှ မပျော်နိုင်၊ အမှောင်ထဲမှာ ၀မ်းနည်းအားငယ်စွာ ငိုနေတဲ့ အိုရှင်ကို သူ့ အိမ်ရှင် အဖွားကြီးက မိန်းမသားတစ်ယောက်ရဲ့ သဘာဝကို ပြောပြတဲ့ အခန်းလေး ပါပါတယ်။

အဲဒီမှာ ပြောသွားတဲ့ စကားလေးတော့… “None of us women work for our own benefit. We work for our parents, husbands and children.” တဲ့…။

မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးကို ဖေါ်ပြတဲ့ ဒီစကားဟာ အင်မတန် မှန်ကန်ပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ မိန်းမတစ်ယောက်ဟာ ပထမအဆင့်အနေနဲ့ သူ့မိဘအတွက် ကျေးဇူးပြု ရှင်သန်ခွင့်ရတယ်။ အဲဒါကမှ တစ်ဆင့်တက်လို့ အိမ်ထောင်ကျခဲ့ရင် သူဟာ ခင်ပွန်းအတွက် ချစ်ခြင်းမေတ္တာတွေကို အခြေပြုပြီး ရှင်သန်ခဲ့တယ်။ ပြီးတော့ အဲဒီ အိမ်ထောင်ကနေ ထွန်းကားလာတဲ့ သားသမီးတွေအတွက် ဆက်လက် ရှင်သန်ကြပါတယ်…။


တကယ်လို့များ သူတို့ဘဝမှာ အကြောင်းအကျိုး မညီညွတ်လို့ သားသမီး မထွန်းကား ခဲ့ကြသည့် တိုင်အောင် မိန်းမတစ်ယောက်ဟာ အနည်းဆုံးတော့ မိဘနှစ်ပါးနဲ့ ခင်ပွန်းအတွက် အကောင်းဆုံး အကျိုးပြု ရှင်သန်နေကြတဲ့သူတွေ မဟုတ်လား…။ ဒါကို ကြည့်ခြင်းအားဖြင့် မိန်းမ တစ်ယောက်ဟာ အိမ်ထောင် ကျသည်ဖြစ်စေ၊ အိမ်ထောင် မကျသည်ဖြစ်စေ၊ သားသမီး ထွန်းကားသည်ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ ကိုယ်နဲ့ အနီးဆုံး ပတ်ဝန်းကျင်အပေါ် အကောင်းဆုံး ပေးဆပ်နိုင်တဲ့ သူတွေဆိုတာ သိပ်သေချာပါတယ်။ တွေးကြည့်လိုက်ရင် အင်မတန်မှ ကျေနပ်စရာ ကောင်းပါတယ်။

ဒါကြောင့် ကျွန်မ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ အစ်မတွေ ညီမတွေ အားလုံး တန်ဖိုးရှိတဲ့ မိခင်ဘဝ (သို့မဟုတ်) တန်ဖိုးရှိတဲ့ မိန်းမသားဘဝကို ပိုင်ဆိုင်ခွင့်ရနိုင်သူများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုပါတယ်…။

ဒီပိုစ့်ကို ရေးဖြစ်အောင် အစပျိုးပေးတဲ့ ညီမ ပန်ပန် ကို ကျေးဇူးတင်ပါတယ်။ မကြာခင် ပိုင်ဆိုင်လာရတော့မယ့် မိသားစုဘဝလေးမှာ အစစ အရာရာ အဆင်ပြေ ပြည့်စုံပါစေ၊ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့လည်း ဆုတောင်းပေးတယ်နော်…။

လူဗိုလ်ဟူသည် မှ.....

Wednesday, May 21, 2014

ကိုယ်ကျင့်တရား


ကိုယ်ကျင့်တရား 

လူသားတစ်ယောက်အနေနဲ့ အခြေခံပြည့်စုံရမယ့်အရည်အချင်းဟာ ကိုယ်ကျင့်တရားဖြစ်ပါတယ်.... ကိုယ်ကျင့်တရားကို အကျယ်ချဲ့ရင် ထုတ်နုတ်ညွှန်းဆိုစရာ အကြောင်းအချက်တွေအများကြီးပါပဲ.. တကယ့်တကယ်တော့ ကိုယ်ကျင့်တရားဟာ အသိနဲ့သတိတို့ကတစ်ဆင့် ဆင့်ပွားလာတာလို့ ဆိုနိုင်ပါတယ်... ကောင်းတာကို ကောင်းမှန်း မကောင်းတာကို မကောင်းမှန်းသိတာက အသိဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားသိမြင်တဲ့ အသိကိုဆိုလိုတာဖြစ်ပါတယ်...။

သတိကတော့ ကိုယ်လုပ်သမျှ စိတ်ထဲဖြစ်သမျှကို တစိုက်မှတ်မှတ်သိရှိနေတာဖြစ်ပါတယ်... သိရှိမှုရဲ့နောက်မှာ ထိန်းသိမ်းမှုသဘောကလည်း တွဲလျက်ပါရှိပါတယ်.... အတွေးထဲမှာ မကောင်းတဲ့ စိတ်ဖြစ်လာရင် ဖြစ်မှန်းသိမယ်... ထိန်းသိမ်းမယ်... မလုပ်သင့်တစ်ခုကို မလုပ်သင့်မှန်း သိမယ်... သိတာနဲ့မလုပ်ဖြစ်အောင် ထိန်းသိမ်းမယ်... လုပ်သင့်လုပ်ထိုက်တာကိုလည်း အချိန်နဲ့ တပြေးညီလုပ်နိုင်ဖို့ သိနေမယ်... လုပ်နေမယ်ဆိုရင် သတိရှိတာပါပဲ...။

ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူဟာ အသိနဲ့ သတိကို ဟန်ချက်ညီညီထိန်းသိမ်းနိုင်သူပါပဲ... လူဆိုတဲ့သဘောကတော့ မကောင်းမှုမှာ မွေ့လျော်ပါတယ်... မကောင်းတဲ့ဖက်မှာအားသန်ပါတယ်... မကောင်းတာကို မကောင်းမှန်းသိတဲ့သူဟာ အသိတရားရှိတဲ့သူဖြစ်ပါတယ်... မကောင်းမှန်း သိထားတဲ့အရာကို မလုပ်ဖြစ်အောင် ထိန်းနိုင်တဲ့သူဟာ သတိတရားရှိတဲ့သူဖြစ်ပါတယ်.... ဒါကြောင့် အသိတရားနဲ့ သတိတရားရှိတဲ့သူ... မကောင်းမှုမှ ကိုယ်နှုတ်နှလုံးသုံးပါလုံး ရှောင်ကြဉ်နိုင်တဲ့သူဟာ ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်လာပါလိမ့်မယ်...။

ကိုယ်နှုတ်နှလုံးသုံးပါးမှာ ထိန်းချုပ်ဖို့အခက်ခဲဆုံးကတော့ စိတ်နှလုံးပဲဖြစ်ပါတယ်... ဒီအချက်နဲ့ ပတ်သက်လို့ ဥပမာပြစရာကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ဆော့ခရေးတီးစ် ဆိုတဲ့ တွေးခေါ်ပညာရှင်ကြီးပါပဲ... တစ်နေ့မှာ ဆော့ခရေးတီးစ်ရဲ့ တပည့်တွေက သူ့ကိုလာပြောပါတယ်... အင်္ဂါဝိဇ္ဇာပညာရှင်တွေရဲ့အဆိုအရ  ဆရာ့ရဲ့ပုံပန်းသွင်ပြင်ဟာ လူဆိုးလူမိုက်တွေရဲ့ လက္ခဏာတွေနဲ့ ကိုက်ညီနေတယ်လို့ လူတွေပြောနေကြတယ်ပေါ့... ဆရာ့ရဲ့ရိုးသားဖြူစင်မှုကို သူတို့သိပြီးသား ဖြစ်တဲ့အတွက် အဲ့ဒီလူတွေနဲ့ စကားများအငြင်းပွားခဲ့ရကြောင်း ပြန်ပြောပြပါတယ်...။

အဲ့ဒီမှာ ဆော့ခရေးတီးစ်ကပြန်ပြောတယ်... လူတွေပြောကြတဲ့အချက်က မမှားပါဘူးတဲ့... သူတို့ပြောတဲ့အတိုင်း သူ့မှာ မကောင်းတဲ့စိတ်တွေ အမြဲဖြစ်ပေါ်နေပါတယ်.... ဒါပေမဲ့ အဲ့ဒီမကောင်းတဲ့ စိတ်တွေကို ဘယ်တော့မှ လက်တွေ့မလုပ်ဖြစ်အောင် ထိန်းသိမ်းနိုင်တာကြောင့် သူ့ရဲ့ကိုယ်ကျင့်သီလဖြူစင်နေတာပါလို့ ရှင်းပြခဲ့ပါတယ်... ဒီအဖြစ်အပျက်ကလည်း ပါးစပ်ရာဇဝင်  ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်... ဒါပေမဲ့တွေးစရာအချက်တွေက အများကြီးပါပါတယ်...။

ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအရ ကိလေသာအလုံးစုံကင်းစင်ဖို့ဆိုရင် ဘုရား၊ ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာတွေလိုမျိုး အာသဝေါတရားကုန်ခမ်းတဲ့သူတွေမှသာဖြစ်နိုင်တာပါ... သာမန်ပုထုဇဉ် လူသားတွေမှာတော့ မကောင်းတဲ့စိတ်... ကိလေသာစိတ်တွေဟာ တွေးဆလို့မရနိုင်အောင် အများအပြားရှိပါတယ်... ဒါကြောင့် မကောင်းတဲ့စိတ်တွေ မဖြစ်လာအောင် ထိန်းချုပ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး... ဖြစ်လာတဲ့ ကိလေသာစိတ်ကို သိရပါမယ်... သတိနဲ့ပယ်ဖျက်ရပါမယ်.... ဒါဆိုရင်တော့ မကောင်းမှုဟာ ကိုယ်နဲ့ နှုတ်ဆီကို ဆက်မကူးလာပဲ စိတ်ထဲမှာသာ ပျောက်ပြယ်သွားပါလိမ့်မယ်... ဒီလိုထိန်းနိုင်ခြင်းဟာ ကိုယ်ကျင့်သီလရှိခြင်း... ကိုယ်ကျင့် တရားကောင်းမွန်ခြင်းပါပဲ...

ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်ကျင့်ရတဲ့ တရားဖြစ်ပါတယ်... တခြားဘယ်သူကမှ ကိုယ့်ကို လာပေးလို့မရပါဘူး... ကိုယ်တိုင်သိ ကိုယ်တိုင်လုပ် ကိုယ်တိုင်ကျင့်မှသာ ကိုယ်ကျင့်တရား ပြည့်စုံတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်... ကိုယ်ကျင့်တရားကို တိုင်းတာသတ်မှတ်ဖို့ စံနှုန်းတွေကလည်း ကိုယ့်စိတ်နှလုံးအတွင်းမှာပဲရှိပါတယ်... လူအများရှေ့မှာ သူတော်ကောင်း ယောင်ဆောင်နေပေမဲ့ ကိုယ့်စိတ်ရဲ့ မကောင်းတဲ့အတွေးအကြံတွေကို ကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်... အဲ့ဒီမကောင်းတဲ့စိတ်တွေကို ဘယ်လိုထိန်းသိမ်းနိုင်မလဲဆိုတာဟာ သင့်ရဲ့ ကိုယ်ကျင့်တရားကို အဆုံးအဖြတ်ပေးတဲ့အချက်ဖြစ်ပါတယ်... ။

မကောင်းတဲ့အတွေးအကြံဆိုတာ ပုထုဇဉ်လူသားတိုင်းဖြစ်တတ်လို့ ဒီလိုပေါ်လာတာတဲ့အတွက် ကိုယ့်ကိုအပြစ်တင်နေစရာမလိုပါဘူး... ကိုယ်ကျင့်တရားဆိုတာ အတွေးတွေကို ထိန်းချုပ်ပြီး အပြောနဲ့အလုပ်ကို စောင့်စည်းတဲ့သဘောဖြစ်ပါတယ်... လူအများက သူတော်ကောင်း သတ်မှတ်တာ ခံနေရပေမဲ့ ကိုယ့်စိတ်ထဲ ဖောက်ပြန်ပြောင်းလဲနေတာကို ကိုယ်ကိုယ်တိုင်ပဲ သိနိုင်ပါတယ်။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်နေရင် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူ မဖြစ်လာနိုင်ပါဘူး... ။

ကိုယ်တိုင်မကောင်းတဲ့သူကလည်း တခြားသူတွေကိုဆုံးမပဲ့ပြင်ဖို့မဖြစ်နိုင်ပါဘူး... ကိုယ်တိုင်က စံနမူနာပြ နေပြနိုင်မှသာ အများတကာရဲ့လေးစားချစ်ခင်မှုကို ရပါလိမ့်မယ်... ကိုယ်ပြောတဲ့ စကားလည်း ထိရောက်လာပါလိမ့်မယ်... လူတွေဟာ ကိုယ်တိုင်သာ ကိုယ်ကျင့်တရား မကောင်းချင်နေမယ် ကိုယ်ကျင့်တရားမကောင်းတဲ့ တခြားသူနဲ့တော့ အဆက်အဆံ မလုပ်ချင်ကြပါဘူး... စီးပွားရေး၊ လူမှုရေးနယ်ပယ်မှာလည်း ကိုယ်ကျင့်တရား ကောင်းတဲ့သူတွေနဲ့သာ ရေရှည်လက်တွဲလုပ်ဆောင်ကြတာကို တွေ့မြင်နေကြရပါတယ်...။

တကယ်တော့ ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်ဆိုတာ လူတိုင်းသိပြီးသားအချက်ဖြစ်ပါတယ်... ဒါပေမဲ့ ဘာကြောင့် ကိုယ်ကျင့်တရားယိုယွင်းမှုတွေ ဖောက်ပြန်မှုတွေရှိနေရတာပါလဲ... အကြောင်းရင်းကတော့ အစမှာပြောခဲ့သလို အသိနဲ့သတိမရှိတာပါပဲ... တစ်နည်းအားဖြင့်ပြောရင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာချို့တဲ့လို့ဖြစ်ပါတယ်... ပညာဆိုတဲ့နေရာမှာလည်း အသက်မွေးဝမ်းကျောင်းပညာ... စာပေပညာကို ဆိုလိုတာမဟုတ်ဘဲ အမှားအမှန်ခွဲခြားနိုင်တဲ့ ပညာအစစ်ကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်...။

ဒါကြောင့် စာဖတ်သူများအနေနဲ့လည်း မိမိရဲ့စိတ်မှာ မကောင်းတဲ့အတွေးအကြံတွေပေါ်လာခဲ့ရင် သတိတမံ၊ ဥာဏ်မြေကတုတ်၊ ပညာနဲ့ချွန်းအုပ် ဆိုသလို အမှားအမှန်ကို ဝေဖန်ပိုင်းခြားပြီး ဥာဏ်နဲ့ဆင်ခြင်ကာ မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါမယ်... ဒါမှသာ လောကအလယ်မှာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူအဖြစ် အသိအမှတ်ပြုပြီး လေးစားချစ်ခင်ခြင်းခံရပါလိမ့်မယ်... လူအများရဲ့ အားကိုးယုံကြည်မှု... လေးစားချစ်ခင်မှုရတဲ့သူဟာ ဘယ်အလုပ်မျိုးကိုမဆို အောင်မြင်အောင် အလွယ်တကူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်...။


နှိုင်းရင့်နွေမှ 

Tuesday, May 20, 2014

သံသရာ မရှည်ပါစေနှင့်


 သံသရာ မရှည်ပါစေနှင့်

`သံသရာလည်သည်`ဟူသော စကားကို အားလုံးကြားဖူးကြပြီး ဖြစ်၏။ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်မှုကို ဆိုလို၏။ အချို့ကလည်း မိမိလုပ်သည့် လုပ်ရပ်၊ အထူးသဖြင့် မကောင်းတဲ့လုပ်ရပ်၏ အကျိုးကို ပြန်လည်ခံစားရသည့်အချိန်တွင် `သံသရာပြန်လည်တာ` ဟူသောစကားကို သုံးစွဲလေ့ရှိကြ၏။ မှန်ပါ၏။ သံသရာလည်မှုသည် မိမိတို့လုပ်သည့် ကံ၏ပြန်လည် အကျိုးပေးမှု၏ ရလာဘ်တစ်ခုပင် ဖြစ်၏။

 မကောင်းသည့်လုပ်ရပ်၏ တန်ပြန်ခံစားရခြင်းကို သံသရာလည်သည်ဟုဆိုသကဲ့သို့ ကောင်းသည့်ကုသိုလ်၏ အကျိုးပေးမှုကို ရရှိခံစားရခြင်း ကိုလည်း သံသရာလည်သည်ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကံ၊ မကောင်းကံတို့၏ အကျိုးပေးမှု ရှိနေသမျှ သံသရာလည်မှုက ရှိနေဦးမည်ဖြစ်သောကြောင့် ဖြစ်၏။ စင်စစ် သံသရာလည်မှု အဆုံးသတ်စေဖို့ ဆိုသည်မှာ မိမိတို့ရဲ့ ကံ(ကမ္မ)များကို ဖြတ်မှပင် ဖြစ်၏။ ကံစွမ်းတွေရှိနေသမျှ အကျိုးပေးမှုများလည်း ရှိနေမည်ဖြစ်ပြီး အကျိုးပေးမှုများ ရှိနေလျင် သံသရာလည်မှုလည်း ရှိနေဦးမည်သာ ဖြစ်သည်။

ကံဟူသည် အလုပ်ကို ဆိုသဖြင့် ကံကိုဖြတ်ရမည်ဆိုက ဘာမှမလုပ်ဘဲ နေရမည်လားဟု တွေးစရာရှိ၏။ ထိုသို့မဟုတ် လုပ်ရပေမည်။ လုပ်သည့်အခါတွင်သာ ကံ၏အကျိုးပေးမှုများ မရှည်ရအောင်၊ တစ်နည်းပြောရလျင် သံသရာရှည်ကြာစေမည့် လုပ်နည်းမျိုး မဖြစ်အောင် ကြိုးစားလုပ်တတ်ဖို့ လိုပေသည်။ ကောင်းတာလုပ်လျင် ကောင်းသည့်အကျိုး၊ မကောင်းတာ လုပ်လျင် မကောင်းသည့်အကျိုးကို ပေးမည်မှာ ကံ၏သဘော လက္ခဏာဖြစ်သဖြင့် ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ မိမိတို့လုပ်သည့် ကောင်း၊ မကောင်းအလုပ်ကို လိုက်၍ ကံ၏ အကျိုးပေးမှုကား ရှိနေပေမည်။ သို့သော် လုပ်သည့်သူ၏ လုပ်ရပ်၊ စေတနာ ရည်ရွယ်ချက်ကို လိုက်ပြီးကံအကျိုးပေးမှုသည်လည်း ခြားနားတတ်ပေ၏။ သံသရာရှည်အောင် လုပ်က သံသရာကိုရှည်စေပြီး သံသရာကို တိုအောင်လုပ်ပါက သံသရာတိုစေမှာ ဖြစ်၏။

စင်စစ် ဗုဒ္ဓဘာသာတို့၏ ရည်ရွယ်ချက်မှာ သံသရာမှ လွတ်မြောက်ရေးဖြစ်၏။ သံသရာမှ လွတ်မြောက်ရန်အတွက်ကား ကံအကျိုးပေးမှုများမှ လွတ်မြောက်မှပင် ဖြစ်၏။ ကံအကျိုးပေးမှုမှ လွတ်မြောက်အောင်၊ ကံအကျိုးပေးမှု မရှည်ရအောင် မိမိတို့လုပ်သည့် အလုပ်များတွင် လိုချင်တပ်မက်မှုများ ကပ်မနေဖို့အထူးလိုအပ်၏။ ကံသည်ကံ၏အလုပ်ကို လုပ်နေမှာဖြစ်ပြီး မိမိတို့က ထိုကံအပေါ် တဏှာဖြင့်မလွှမ်းမိုးမိဖို့ အရေးကြီးသည်။

ဥပမာအားဖြင့် ဒါနကုသိုလ်တစ်ခုခု ပြုလုပ်သည်ဆိုကြပါစို့။ ဒါနပြုလုပ်တဲ့ အဓိကရည်ရွယ်ချက်မှာ လောဘစတဲ့ ကိလေသာတွေ နည်းစေဖို့ဖြစ်၏။ သို့သော် ယင်းရည်ရွယ်ချက်ပျောက်ကာ ဒါနပြုသည့်ကံအပေါ်မှာ တဏှာ လွှမ်းမိုးပြီး `ဤကုသိုလ်ကြောင့် နောင်ဘ၀တွင် ဘယ်လို ဖြစ်ရပါလို၏၊ ဘာဖြစ်ရပါလို၏ `စသည်တို့ရောက်လာသည့်အတွက် အကျိုးပေးမည့် ကံသည်လည်း ပြုလုပ်သည့်သူ၏ တဏှာ အပေါ်လိုက်ပြီး အကျိုးပေးပေတော့၏။

ထိုအကျိုးပေးမှုကြောင့်ပင် ဘ၀သစ်တစ်ဖန် ပြန်ဖြစ်၊ တစ်ဖန်မွေးဖွား၊ တစ်ဖန်အို၊ တစ်ဖန်နာ၊ တစ်ဖန်သေရပြန်၏။ မသေခင် ကံတွေကို မဖြတ်နိုင်ပြန်သဖြင့် ထိုကံများ၏ အကျိုးပေးမှုပြန်ခံကြရင်း နောက်တစ်ခါ သံသရာ ထပ်လည်ရပြန်၏။ ထိုသို့ဖြင့် သတ္တ၀ါတို့၏ သံသရာလည်မှုသည် အဆုံးမရှိဖြစ်နေပေတော့၏။ ထို့ကြောင့် သံသရာလည်မှုများ ရပ်တန့်ဖို့ မိမိတို့လုပ်နေသည့် ကံများကို အကျိုးပေးမှု အဆုံးသတ်အောင် လုပ်ဖို့တိုက်တွန်းလိုရင်းဖြစ်၏။

စင်စစ်ကံ၏ အကျိုးပေးမှုများ အဆုံးသတ်ရန်မှာ ကိလေသာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှသာ ဖြစ်နိုင်၏။ ရဟန္တာဖြစ်မှသာ ကံတရားများကို အကြွင်းမဲ့ ပယ်သတ်နိုင်မည် ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်များမှာ နောက်ထပ်တစ်ဖန် သံသရာလည်စရာ အကြောင်းမရှိတော့သဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သော်လည်း ယင်းကံတို့၏ အကျိုးပေးမှုကား မရှိတော့ပေ။ မိမိတို့အဖို့မှာကား ရဟန္တာမဖြစ်နိုင်သေးသဖြင့် ကံ၏အကျိုးပေးမှုများ ဆက်လက်ရှိနေဦးမည်သာ ဖြစ်၏။ သို့သော် ယင်းကံများကို တဖြည်းဖြည်းဖြတ်နိုင်အောင် ကြိုးစားရပေမည်။

 ယင်းသို့ ကြိုးစားရာ၌ ရှေးဦးစွာ မကောင်းသည့် ကံများမလုပ်မိအောင် ကြိုးစားရ၏။ ကောင်းသည့် အလုပ်များကို လုပ်မှသာ ကောင်းသည့်အကျိုးများ ခံစားရမည်ဖြစ်ပြီး ကောင်းသည့်ဘ၀များမှာ ပြန်လည်မွေးဖွားကာ တစ်ဆင့်တစ်ဆင့် ရင့်ကျက်အောင်ကြိုးစားလျက် ကံစွမ်းများကို ဖြတ်နိုင်အောင် လုပ်ရပေမည်။ မိုးကုတ်ဆရာတော် ဘုရားကြီး၏ စကားအတိုင်း ပြောရလျင် ကံကိုဉာဏ်နှင့်ဖြတ်နိုင်အောင် ကြိုးစားရပေမည်။

မှန်၏။ ကံကိုဉာဏ်နှင့် ဖြတ်ရမည်ဆိုသည်မှာ ၀ိပဿနာဉာဏ်ကို ဆိုလို၏။ ယခုဘ၀မှာပင် ၀ိပဿနာတရား အားထုတ်ပြီး အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားနိုင်ပါက ကံကိုဖြတ်စရာ မလိုတော့ပေ။ သံသရာလည်မှာ၊ သံသရာရှည်မှာ ပူစရာမလိုတော့ပေ။ ထိုသို့ မဖြစ်နိုင်သေးပါက ကံကိုအထူး သတိပြုရပေမည်။ မိမိတို့လုပ်သည့် အလုပ်များကို အထူးဆင်ခြင်ရပေမည်။ သံသရာကို ပိုရှည်စေနိုင်သည့် အလုပ်များ မဖြစ်ဖို့အထူး လိုအပ်ပေသည်။ ရှေးဦးစွာအထူးသတိပြု ဆင်ခြင်ရမည်မှာ မကောင်းသည့် ကံများမလုပ်မိဖို့ အရေးကြီးလှ၏။

မကောင်းသည့် အကုသိုလ် ဒုစရိုက်များလုပ်မိပါက ပို၍ပို၍ သံသရာရှည်စေမည်မှာ ဧကန်မုချပင် ဖြစ်၏။ ကောင်သည့် ကံများသည် သံသရာကျင်လည်မှု ရှိနေသေးသည်ဟု ဆိုသော်လည်း ကောင်းသည့် ဘုံဘ၀များတွင်သာ အကျိုးပေးမှု ရှိနေသဖြင့် အချိန်မရွေး ကံတရားများကို ဖြတ်လိုက်နိုင်၏။ မကောင်းသည့်ကံများကို ပြုလုပ်မိပါက မကောင်းသည့် ဘုံဘ၀များတွင်သာ ကျင်လည်နေကြရပြီး ကောင်းမှုကုသိုလ်များနှင့် ဝေးသထက်ဝေးနေပေလိမ့်မည်။ သို့ဖြစ်လျင် သံသရာရှည်သထက် ရှည်နေကြရပေ ဦးမည်သာ ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရသည့်အခိုက်တွင် အခွင့်အရေး ရှိနေခိုက် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်ဖြစ်အောင် ကြိုးစားဖို့ လိုအပ်လှပေ၏။ သံသရာ မရှည်အောင် ကံတရားများကို ဖြတ်နိုင်ဖို့ အထူးအရေးကြီးလှ၏။ ကံတရားများကို ဖြတ်ဖို့ဆိုသည်မှာ ရှေးဦးစွာမကောင်းသည့် ကံများမလုပ်မိရန် ကြိုးစားသင့်လှ၏။ ထိုမှတစ်ဆင့် ကောင်းသည့်အလုပ်များကို များများ လုပ်နိုင်အောင် လေ့ကျင့်ဖို့ အားထုတ်သင့်၏။ ကောင်းသည့်ကံများကို လုပ်ရာတွင်လည်း သံသရာကို ပို၍ရှည်စေနိုင်သည့် လိုချင်တောင်တမှု တဏှာများမကပ်ငြိဘဲ နိဗ္ဗာန်ကိုသာ အထောက်အပံ့ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်၏။

ထိုမှတစ်ဆင့် ၀ိပဿနာဉာဏ်ဖြင့် ကံ၏အကျိုးပေးမှုများကို ဖြတ်နိုင်အောင် လုံလပြုသင့်၏။ အပြော လွယ်သလောက် အလုပ်ခက်သော်လည်း တဖြည်းဖြည်းလေ့ကျင့် ပေးပါက အတိုင်းအတာ တစ်ခုအထိ တိုးတက်လာနိုင်သဖြင့် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်မိအောင် အားထုတ်ကြဖို့ ကံတရားများကို အပြီးတိုင် မဖြတ်နိုင်သေးသော်လည်း နောက်တစ်ဖန် ကျင်လည်ရမည့် ဘ၀အတွက် မကောင်းသည့်အလုပ်များကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကောင်းသည့်အလုပ်လေးများဖြင့် ရရှိလာသည့် လူ့ဘ၀ကို အကျိုးရှိအောင် ကြိုးစားကြဖို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါသည်။

အားလုံးသံသရာ ၀ဋ်မှလွတ်မြောက်ကြပါစေ…
အရှင်ဝိစိတ္တ (မနာပ ဒါယီ)


Monday, May 19, 2014

ဓမ္မကို တန်ဖိုးထားတတ်ပါစေ


ဓမ္မကို တန်ဖိုးထားတတ်ပါစေ

ကိုယ့်အခြေအနေကို ကိုယ်မသိဘူးဆိုတာက ပိုပြီးတော့ ဆိုးတယ်။ များသောအားဖြင့် ကမ္ဘာ လောကမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ရဲ့ ဘ၀အခြေအနေ  ကိုယ့်အခြေအနေကို မသိတာ များတယ်။ သူတို့ သိတဲ့ Educated ပညာတက်ကြီးလုပ်နေတာ ဘာလဲဆိုရင်……. ပတ်ဝန်းကျင်မှာ စီးပွား ဘယ်လိုရှာရမယ်ဆိုတာသိတယ်။ ဘယ်ပညာ ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်။ စိုက်ပျိုးရေး ဘယ်လိုလုပ်ရမယ်၊ ရင်းနှီးမြှပ်နှံမှုဘယ်လိုလုပ်ရမယ်၊ လူမှုဆက်ဆံရေး ဘယ်လို လုပ်ရမယ်ဆိုတာ ဒါမျိုးတွေ ကိုပဲ ပညာရပ်အနေဖြင့် သိနေကြတယ်။

ပညာရပ်သိတော့ ပတ်ဝန်းကျင်အခြေအနေပဲသိတာကိုပဲ ပညာတက်လုပ်ပြီးတော့ နေကြတာပဲ။ ကိုယ့်အခြေအနေ အရပ်ရပ်ကိုတော့ ကိုယ်မသိကြဘူး…တဲ့။ အဲ့တော့ ကိုယ့်အခြေအနေ ကိုယ်သိဖို့ ရာကျတော့ ဒီနည်းလမ်း နည်းစနစ်တွေက ဗုဒ္ဓဟောတဲ့ နည်းစနစ်ထဲမှာ ရှိတာ။

အတွင်းကို ပြန်ပြီးတော့ လေ့လာသုံးသပ်တဲ့ နည်းစနစ်ကတော့ သူတို့  …အခု အပြင်ပန်းတွေမှာ ရှာလို့  စီးပွားတိုးတက်လာတယ်။ သို့ သော် Stress တွေ တအားများလာတော့ လူတွေမှာ Stress များလာတော့ Stress ဆိုတာ ဆိုးရိမ်မှုတွေ၊ ကြောင့်ကျမှုတွေ ဒါတွေကို ဘယ်လိုထိမ်းရမလဲဆိုတဲ့ နည်းစနစ်ကို လိုက်ရှာတဲ့ အခါကျတော့ ဗုဒ္ဓမြတ်စွာရဲ့ Meditation နည်းစနစ်ဟာ သူတို့ အကောင်းဆုံးသိတယ်။ သိလာသည့်အတွက်ကြောင့် အမေရိကန်က ပညာရပ်တစ်ခုအနေနဲ့  တီထွင်ပြီးတော့ အခု ကိုရီးယားမှာ သင်နေတယ်။


မြန်မာ ပြည်မှာ သင်လား? … မသင်လား? တော့မသိဘူး။ ကိုရီးယားမှာ အဲ့ပညာရပ် တစ်ခု သင်တယ်။ တက္ကသိုလ်တွေမှာ အဲ့ပညာရပ်ကို အဓိက ထားပြီးသင်နေတယ်။ အခြေခံကတော့ ဘာတုန်းဆိုရင် ” သတိ ” ကို အခြေခံပြီးတော့ Stress ကို လျော့တဲ့ နည်းစနစ်။ Physiology ထဲက ဟာကိုသင်နေတယ်။ တကယ်တမ်းတော့ ”သတိပဋ္ဌာန် ” ပဲ။ မဟာသတိပဋ္ဌာန် နည်းစနစ်ကို ယူသွားတာ။ အဲ့တော့ ဒီပညာ ဘယ်ကလာတာတုန်းဆိုတော့ အမေရိက က လာတာတဲ့။ အဲ့တာကိုပဲ ခေတ်ပညာရပ်တစ်ခု လုပ်ပြီးတော့သင်နေရတယ်။ သူတို့ ဆီမှာနော်။ မြန်မာပြည်မှာဆို
အချိန်မရွေးရနိုင်တဲ့ နည်းစနစ်တွေပဲ။

သို့ သော် တန်ဖိုးရှိမှန်း သိတဲ့ ပုဂ္ဂိုလ် အချို့ လောက်က ဒီဟာကို သုံးပြီးတော့ တန်ဖိုးရှိတယ်လို့  မသိဘူးဆိုရင်တော့ နိုင်ငံခြားက ဟာတွေပဲသွားပြီး အထင်အမြင်တွေရပြီးတော့ ကိုယ့်မှာရှိတဲ့ နည်းစနစ်တွေကို ကောင်းမှန်းမသိရင်ဘူးဆိုရင်ကတော့ ဒါ သုံးဖြစ်မှာ မဟုတ်ဘူးပေါ့။ အဲ့မှာ ကိုရီးယားရောက်မှ တက္ကသိုလ်က ဆရာ ဆရာမတွေ လာပြီးတော့ ကန်တော့တာနဲ့  သူတို့ ကို မေးကြည့်တော့မှ ဘာပညာ ဘာပညာ သင်တာတုန်းဆိုတော့မှ အဲ့မှာ သူတို့ ပြောတယ်။

” သတိ ” ကို အခြေခံထားတဲ့ ” အသိ” ကို လေ့ကျင့်ယူတဲ့ လူ့ ရဲ့ ဒီ Stress တွေ သောကတွေ စိတ်ဖိစီးမှုတွေ ကိုလျော့ချတဲ့ နည်းစနစ်တဲ့။ အဲ့တာကို တက္ကသိုလ်တွေမှာ ပညာရပ်ကြီး တစ်ခုလုပ်ပြီးတော့ သင်နေတယ်။ ဒါ ဗုဒ္ဓတရားတော်တွေကို သိနေပြီဆိုလို့ ရှိရင် ဒီက သွားတဲ့ နည်းစနစ်တွေပဲ။

အဲ့တော့ ဘုန်းကြီး ပြောချင်တာ ဘာတုန်းဆိုလို့ ရှိရင် မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်လေးတစ်ခုကို သွားစဉ်းစားမိတယ်။ မြတ်စွာဘုရားက” အ၀ိဇ္ဇာနဲ့ ဝိဇ္ဇာ ” ဒီနှစ်ခု။
” ၀ိဇ္ဇာ ”ဆိုတာ အရာရာမှာ ခွဲခွဲခြားခြား ကွဲကွဲပြားပြား အကြောင်းနဲ့ အကျိုး အကောင်းနဲ့ အဆိုး ခွဲခြားသိတဲ့ ပညာကို ၀ိဇ္ဇာလို့ ခေါ်တယ်။

အဲ့ဒီ” ၀ိဇ္ဇာ ”ရဲ့ အကြောင်းအကျိုး ခွဲခြားသိတဲ့ ဆန့် ကျင့်ဘက်ကို ” အ၀ိဇ္ဇာ ” လို့ ခေါ်တယ်။ မသိတဲ့ အရာကို ” အ၀ိဇ္ဇာ ”လို့ ခေါ်တယ်။ သိတာနဲ့ မသိတာ ဘယ်လောက်ကွဲလဲဆိုရင် အင်မတန်မှ ကွာတယ်။ အဆင့်အားလျော်စွာမှ သိတယ် မသိဘူးဆိုတာ နယ်ပယ်တော့ ရှိတာပေါ့။ ဘယ်ကိစ္စမသိတာတုန်းဆိုပြီး အဆင့်ဆင့်။ အဲ့တော့ မြတ်စွာဘုရားက အဓိက ထားဟောတာက ဓမ္မကို အဓိကထားဟောတာ။ ဓမ္မကို သိတာနဲ့  မသိတာ။
(ပါမောက္ခချုပ်ဆရာတော်ဘုရား အရှင်နန္ဒမာလာဘိဝံသ)



Sunday, May 18, 2014

စိတ်အလှပြင်ခန်း


စိတ်အလှပြင်ခန်း

စိတ်အလှပြင်ခန်းဟူသည် ဘုရားခန်းဖြစ်၏။ မနက်မိုးလင်းလျှင် ဘုရားခန်းဝင်ပါ။ ဘုရားဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်၊ သစ်သီးဆွမ်း၊ ဆီမီး စသည်များကပ်လှူပါ၊ ဘုရားရှိခိုးပါ၊ ဂုဏ်တော်ပွားပါ၊ ပုတီးစိပ်ပါ၊မေတ္တာပို့ပါ၊ တရားမှတ်ပါ၊ အမျှဝေပါ။ ဤလုပ်ငန်းစဉ်သည် စိတ်သန့်ရှင်းရေးအလုပ်၊ စိတ် အလှပြင်နေခြင်းဖြစ်၏။

တစ်နေ့တာ၏ကန့်လန့်ကာကို ဘုရားတရားအလုပ်နှင့်ဖွင့်လိုက်ပါ။ တစ်နေ့တာ ၏လုပ်ငန်းစဉ်ကို ဘုရားတရားအလုပ်နှင့် နိဒါန်းပျိုး မင်္ဂလာယူလိုက်ပါ။ တစ်နေ့တာ၏စိတ်အစဉ်ကို ဘုရားတရား လုပ်ပြီး ကြည်လင်အေးချမ်းလှပသောစိတ်နှင့် အစပျိုးလိုက်ပါ။

ဤကမ္ဘာလောက၌ ဘုရား တရားသည်သာ ရတနာအစစ်ဖြစ်သကဲ့သို့ ဘုရားတရား သည်သာ မင်္ဂလာအစစ်ဖြစ်ပါ၏။ ဘုရား တရားနှင့် တစ်နေ့တာစာမျက်နှာကိုဖွင့်လိုက်သောနေ့သည် မင်္ဂလာရှိသော၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံသော၊ ရတနာထိုက်သော နေ့ထူးနေ့မြတ်ဖြစ်ပါ၏။

ဤသို့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောစိတ်အစဉ်နှင့်တစ်နေ့တာလုပ်ငန်းစဉ်အတွင်းသို့ ဝင်လိုက်လျှင် တစ်နေ့တာလုံး ပြောသမျှ၊ ဆိုသမျှ၊လုပ်သမျှ၊ကိုင်သမျှစိတ်ကူးကြံစည်သမျှ အဆင်ပြေချောမွေ့ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်နှက်နေတော့မည်မှာ သေချာပါ၏။

လောဘ၊ဒေါသစသောကိလေသာတို့သည်စိတ်၏အညစ် အကြေးများသာဖြစ်၏။ ကိလေသာ အညစ်အကြေးတို့သည် စိတ်ကို မည်းနေအောင်၊ ညစ်နေအောင်၊ ပေကျံနေအောင်၊ မိုက်မှောင် နေအောင်၊ အရောင်မထွက်အောင် လုပ်ထားလေ၏။

“အန္ဓဘူတော အယံလောကော”ဟုဘုရားရှင်ကိုယ်တော်မြတ်ညည်းတွားခြင်းသည် ဤကိလေသာ အမိုက်မှောင်ကြီးကို မြင်တော်မူရသဖြင့် စိတ်မသက်သာစွာ ညည်းတွားတော် မူခြင်းဖြစ်၏ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်တော် မူခါစ အဇပါလညောင်ပင်ရင်း သီတင်းသုံးတော်မူစဉ် ကမ္ဘာလောကကြီးကိုကြည့်ပြီး စိတ်ဓာတ်ကျတော်မူခဲ့ရ၏။

“သတ္တဝါတွေကရာဂဒေါသတွေ အားကြီးလိုက်တာ၊ ငါတရားဟောလို့လည်း အကျိုးထူးမှာ မဟုတ်ပါဘူး။ ရာဂဒေါသအမှောင်တွေ လွှမ်းဖုံးနေတဲ့ သတ္တဝါတွေဟာနက်နဲသိမ်မွေ့တဲ့ ငါ့တရားကို မြင်နိုင်ကြမှာမဟုတ်ပါဘူး။ မမြင်နိုင်တဲ့သူတွေကို ဇွတ်အတင်း တရားပြနေရင် ငါပဲပင်ပန်းမှာပဲ၊ အေးအေးနေတာပဲကောင်းပါတယ်”ဟုစိတ်လျှော့သွားတော်မူခဲ့ဖူး၏။

ဘာဝနာ အလုပ် အားမထုတ်သောနေ့ရက်သည်အမှောင်ဖုံးသောနေ့ရက်ဖြစ်သကဲ့သို့ ဘာဝနာ အလုပ် အားမထုတ်သော သူ၏ဘဝသည်အမှောင်လွှမ်းသောဘဝဖြစ်၏ ဘာဝနာအလုပ် အားမထုတ်သောသူ၏ စိတ်တွင်သည်လည်း လောဘ၊ ဒေါသစသော ကိလေသာအမိုက်တိုက်၊ အမှောင်တိုက်ကြီးက ကြီးစိုးနေလေတော့၏။

အမှောင်ထဲ၌ အမှန်တရားကို မတွေ့မမြင်နိုင်။ အမှောင်ထဲ၌ ကိုလည်းမမြင်၊ ငြောင့်ကိုလည်းမမြင်၊ ခလုတ်ကိုလည်းမမြင်၊ အန္တရာယ်ဟူသမျှ ဘာမှမမြင်။ အမှောင်ထဲနေထိုင်သွားလာရသူအဖို့ အလွန် အန္တရာယ်များလှ၏။ ထို့ကြောင့် အမှောင်ကိုခွင်းဖို့လို၏။

 အမှောင်ကို ဘာနှင့်ခွင်းမည်လဲ။ အမှောင်ကိုအလင်းနှင့်သာခွင်းရ၏။မိမိတို့သည် တစ်သံသရာလုံး အမှောင်လမ်းမှာ စမ်းတဝါးဝါး နှင့်သာ သွားလာခဲ့ကြရ၏။ ထို့ကြောင့်အပါယ်လေးပါး ချောက်ထဲ ကျသည့်အခါကျ၊ ဆင်းရဲဒုက္ခ ဆူးငြောင့်ခလုတ် တွေနင်းမိ သဖြင့်   စူးသည့်အခါကစူး၊ အလွန်ဒုက္ခရောက်ခဲ့၏။


မိမိတို့ အမှန်တရားကို မြင်နိုင်၊ သိရှိနိုင်ဖို့ အလင်းရောင်လို၏။ ထိုအလင်းရောင်သည် ပညာ အလင်းရောင်ဖြစ်၏။ ထိုပညာအလင်းရောင်ကို ရရှိစေနိုင်သောနည်းသည် ဘာဝနာအလုပ် အားထုတ်ခြင်းသာဖြစ်၏။ ထို့ကြောင့် အမှောင်ခွင်း အလင်းဆောင်နိုင်ဖို့ ဘာဝနာအလုပ် ကြိုးစားအားထုတ်ကြဖို့လိုအပ်၏။


အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
မြတ်မင်္ဂလာစာစောင် (၂၀၀၅-ခုနှစ် ၊ နိုဝင်ဘာလ)

Saturday, May 17, 2014

စကားနောက် တရားပါ …


  စကားနောက် တရားပါ …

လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း
 ပြောတတ်ကြသလို မမှန်တဲ့
စကားလည်း ပြောတတ်
ကြပါတယ်။ ကောင်းတဲ့
စကားလည်း ပြောတတ်
ကြသလို မကောင်းတဲ့ စကားလည်း ပြောတတ် 
ကြပါတယ်။ အနှစ်ရှိတဲ့
စကားလည်း ပြောတတ် 
ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။

 ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့ စကား အပြောများရင်လည်း မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်ပါတယ်။ ဒါဟာ စကားနောက် တရားပါတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ အစစ်အမှန် တရားတွေပါရအောင် ကောင်းတဲ့စကားတွေ ပြောကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ “စကားနောက် တရားပါ”  ဆိုတဲ့ ဒီဆိုရိုးစကားရဲ့ ဆိုလိုရင်းက စကားကောင်းပဲဖြစ်ဖြစ်၊ စကားဆိုးပဲဖြစ်ဖြစ် ပြောပါများရင် အဲဒီစကားရဲ့ တန်ပြန်အကျိုး သက်ရောက်မှုဟာ ပြောတဲ့သူထံ ပြန်ရောက်တတ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ စကားအပြောများရင် တရားသဘောအရ အမှားရော မမှားရောအတွက် မတရားတာတွေရော တရားတာပါ အမှန်ရောက်လာမှာ ဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဒီတော့ကား စကားပြောတဲ့သူတွေ ရွေးချယ်ရမှာက တရားတာတွေ ရောက်လာစေချင်တာလား၊ မတရားတာတွေ ရောက်လာစေချင်တာလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားတာတွေ ရောက်လာစေချင်ရင်တော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ပြောဆိုကြဖို့ပဲ ဖြစ်ပါတယ်။
ဗုဒ္ဓစာပေမှာတော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ဖြစ်စေဖို့ ပြောသင့်တဲ့ စကားတွေ၊ ရှောင်ကြဉ်ရမယ့် စကားတွေကို ရှင်းလင်းဖော်ပြပါတယ်။ 
စကားပြောတဲ့အခါ ကောင်းတဲ့စကား သမ္မာဝါစာ ဖြစ်စေဖို့
၁။ လိမ်ညာပြောဆိုတဲ့ စကားမျိုး
၂။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေအောင် ချောပစ်ကုန်းတိုက်တဲ့ စကားမျိုး
၃။ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားမျိုး
၎။ ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတဲ့ အချဉ်းနှီးပြီး သိမ်ဖျင်းတဲ့ စကားမျိုးကို ရှောင်ကြဉ်ကြရမယ်လို့ စာပေက ဆိုပါတယ်။


ဗုဒ္ဓမြတ်စွာဘုရားရှင်ကတော့ လူအများ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ စကား (၆)ခွန်းဖြစ်တဲ့
၁။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါးလည်း ကြားနာလိုတဲ့ စကား
၂။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါး မကြားနာလိုတဲ့ စကား

၃။ ဟုတ်မှန်ပြီး အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
၎။ မဟုတ်မမှန် အကျိုးရှိကာ သူတပါး ကြားနာလိုတဲ့ စကား
၅။ မဟုတ်မမှန် အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
၆။ မဟုတ်မမှန် အကျိုးလည်းမရှိ သူတပါးလည်း မကြားနာလိုတဲ့ စကား 
ဆိုတာတွေထဲက ဟုတ်မှန်ပြီး အကျိုးရှိကာ သူတပါးလည်း ကြားနာလိုတဲ့ စကားနဲ့ သူတပါး မကြားနာလိုပေမယ့် ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားဆိုတဲ့ ဒီစကားနှစ်မျိုးကိုပဲ ပြောဆိုတော်မူပါတယ်။ ဘုရားရှင်ဟာ စကားနောက်မှာ ကောင်းတဲ့ တရားတွေပါဖို့ စကားခြောက်ခွန်းထဲက
 လေးခွန်းကိုပယ်ပြီး နှစ်ခွန်းကိုပဲ မိန့်တော်မူပါတယ်။ ဒါဟာ သူတော်ကောင်းတွေရဲ့ စကားနောက် အမှန်တရားပါဖို့ ကျင့်သုံးတော်မူတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပုထုဇင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ စကားကို အထိမ်းအကွပ်မရှိ၊ စောင့်စည်းမှုမရှိဘဲ လိုရင်လိုသလို မလိုရင် မလိုသလို ပြောဆိုတတ်ကြပါတယ်။ တရားတဲ့စကား၊ မတရားတဲ့ စကားတွေ နားမလည်ဘဲ ပြောချင်သလို လက်လွတ်စပယ် ပြောလေ့ရှိတတ်ကြပါတယ်။ လိုချင်တာရှိရင် လိမ်ပြောရမှာလည်း ၀န်မလေးသလို မြှောက်ပြောရမှာလည်း ၀န်မလေးတတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေရင် အပြစ်ပြောရမှာလည်း ၀န်မလေးတတ်သလို ဆဲဆိုကြိမ်းမောင်းကာ အပုတ်ချရမှာလည်း ၀န်မလေးတတ်ပါဘူး။ ဒီလို စကားကို ပေါ့ပေါ့တန်တန် အလွယ်တကူ ပြောဆိုတတ်တဲ့ အတွက်လည်း မဟုတ်မတရားတဲ့ စကား အပြောများလာခြင်းရဲ့ ရလာဘ်အဖြစ် နောက်ပိုင်း ဒီလိုပြောဆိုရတာကို အပြစ်တစ်ခုလို မမြင်တော့ဘဲ မဟုတ်တာ၊ မကောင်းတာမှန်သမျှ ပါးစပ်က အလွယ်တကူ ပြောဆိုဖြစ်ကုန်ပါတယ်။

မကောင်းမှု အကုသိုလ်ရဲ့ သဘောကလည်း အဲဒီမကောင်းတဲ့အလုပ်ကို လုပ်ပါများလာတဲ့အခါ မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတာ ဖြစ်ပါတယ်။

အခုလည်း ဒီလိုပါပဲ။ စကားကို အလွယ်တကူ အထိန်းအကွပ်မရှိ ပြောတတ်တဲ့အတွက် မတရားတဲ့ စကားတွေ ဖြစ်တတ်ကာ အဲဒီစကားနောက် မတရားတဲ့ အရာတွေ ပါကုန်တာ ဖြစ်ပါတယ်။ သာမန်ပုထုဇင်တွေ အနေနဲ့ နေ့စဉ်စောင့်ထိန်းကြတဲ့ ငါးပါးသီလထဲမှာ အထိန်းရအခက်ဆုံး သီလသိက္ခာပုဒ်ဟာ မုသာဝါဒ သိက္ခာပုဒ်လို့ ပြောနိုင်ပါတယ်။ ပါးစပ်ကို စောင့်ထိန်းစေလိုတဲ့အတွက် သီလသိက္ခာပုဒ် တစ်ခုအနေနဲ့ ထိန်းစေလိုရင်း ဖြစ်ပေမယ့် ဒီပါးစပ်တစ်ခုကို ထိန်းဖို့ဟာ အတော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစကားမှာ “အပေါက်တစ်ရာကို ပိတ်လို့လွယ်တယ်၊ ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်ဖို့မလွယ်ဘူး” လို့ ဆိုခြင်းဖြစ်ပါတယ်။

  တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် သတိထားကြည့်မိရင်
 နေ့စဉ်ပါးစပ်က ပြောတဲ့အရာတွေမှာ ကောင်းတာထက် မကောင်းတာက များတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပါးစပ်က ကုသိုလ်နဲ့စပ်တဲ့ စကား၊ ကောင်းတဲ့စကား၊ ရတနာသုံးပါးနဲ့စပ်တဲ့ စကားတွေ ပြောဖြစ်ကြတာထက် ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်သူ့ကြောင့်ဘာဖြစ်တယ် စတဲ့ သူများမကောင်းပြောတဲ့ စကား၊ အတင်းပြောတဲ့စကား၊ အပြစ်ပြောတဲ့ စကားတွေပဲ များနေတတ်တာကို တွေ့ရတတ်ပါတယ်။ 
 အဲဒီလို မကောင်းတဲ့ စကားစတာတွေ ပြောဖြစ်လာပြီဆိုရင် ဒီလူတစ်ယောက်ဟာ မကောင်းတဲ့အလုပ်တွေမှာလည်း လုပ်ဖို့ ၀န်မလေးတော့ပါဘူး။

မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို 
“ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့”
လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒီလို နှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ သူ့စကားနဲ့သူ့ကိုပြန်ပြီး ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ
 ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
နောက် ပါးစပ်က ပြောတဲ့စကားဟာ မမှန်တဲ့ စကားတွေများနေ၊ အကျိုးမရှိတဲ့ စကားတွေ များနေတဲ့အခါ အဲဒီသူတွေရဲ့ ပါးစပ်ဟာ အနံ့အသက်မကောင်းဘဲ စကားမပီ သွားလည်းမညီ ဖြစ်တတ်ကြောင်း စသဖြင့် စာပေအဖွင့်တွေမှာ ဆိုပါတယ်။ အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်မှာလည်း ဆရာတော်က 
“မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း” 
လို့ ဆောင်ပုဒ်ကဗျာ ဖွဲ့သီထားပါတယ်။ ဒါဟာ မဟုတ်မမှန်တဲ့ စကားကို ပြောဆိုတတ်တဲ့ သူတွေထံ ရောက်လာနိုင်တဲ့ သက်ရောက်မှု အကျိုးတရားတွေ ဖြစ်ပါတယ်။ ဒီလိုပဲ မှန်ကန်တဲ့ စကားပြောဆိုတဲ့ သူတွေကျပြန်တော့ စကားပီပြီး သွားညီကာ ခံတွင်းအနံ့ကောင်းခြင်း စတဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှု အကျိုးတရားတွေကို ဖြစ်စေမှာ ဖြစ်ပါတယ်။

*** အရှင်မဟာမေဂ္ဂလာန်မထေရ်မြတ် နတ်ပြည်ကိုကြွတော့ နတ်ပြည်မှာ နတ်သားတစ်ယောက်နဲ့ တွေ့ပါတယ်။ ဒီနတ်သားနဲ့တွေ့တော့ အရှင်မြတ်က 
 “နတ်သား… သင်နတ်ပြည်ရောက်လာတာ ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့လဲ”  လို့ မေးတော်မူတဲ့အခါ အမေးခံရတဲ့ နတ်သားက
အရှင်ဘုရား… တပည့်တော် ပြောရမှတောင် ရှက်လှပါတယ်ဘုရား…၊ တပည့်တော် လူ့ပြည်မှာတုန်းက တစ်ခြားကုသိုလ်ကောင်းမှုတွေ ဘာမှ မလုပ်ခဲ့ပါဘူးဘုရား၊ ဒါပေမယ့် မုသားမပြောဘဲ အမှန်ကိုသာ ပြောခဲ့တဲ့ သစ္စာအလုပ်တစ်ခုတော့ လုပ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ အမှန်ကိုပြောခဲ့ခြင်း ဆိုတဲ့ ဒီကုသိုလ်လေး တစ်ခုနဲ့ပဲ တပည့်တော် နတ်ပြည်ကို
 ရောက်လာတာ ဖြစ်ပါတယ်ဘုရား…”  လို့ ပြန်လျှောက်ပါတယ်။ ***

ဒါဟာ ကောင်းတဲ့စကားကို ပြောဆိုရခြင်းရဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှုရဲ့ စကားနောက် တရားပါခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားဆိုတာ တရားပါမှ မတရားတာကို ပယ်နိုင်ပြီး ကောင်းတဲ့အရာတွေ ပါမှာလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက စကားနောက် တရားပါဆိုတဲ့ ဆိုရိုးအတိုင်း ဘယ်သူပဲဖြစ်ဖြစ် စကားပြောတဲ့အခါ စကားနောက်ကို တရားတွေက ပါနေကြမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့အကျိုးတွေနဲ့ ကောင်းတဲ့တရားတွေ ပါလာစေဖို့ စကားပြောတဲ့အခါ ကောင်းတဲ့စကားတွေ ပြောနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကောင်းလည်းပြောတတ် မကောင်းလည်း ဟောတတ်တဲ့ ဒီပါးစပ်ဟာ အကောင်းပြောရင် အကောင်းရမှာဖြစ်ပြီး မကောင်းဟောရင် မကောင်းရမှာ ဖြစ်တဲ့အတွက် အကောင်းလည်းပြော အကောင်းလည်းဟောရင်း ကောင်းကျိုးတွေနဲ့ စကားနောက်ကို ကောင်းတဲ့တရားတွေ ရောက်အောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ပါးစပ်ဆိုတာ ပြောဖို့နဲ့ စားဖို့အတွက် သဘာဝက ဖန်တီးပေးတာ ဖြစ်ပေမယ့် ပြောချင်ရာပြော စားချင်ရာစား မယ်ဆိုရင်တော့ ကိုယ်ပြောတဲ့စကား၊ ကိုယ်စားတဲ့ အစားတွေကြောင့်ပဲ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေ ဖြစ်စေတတ်တဲ့အတွက် အကောင်းပြောပြီး အကောင်းစားနိုင်အောင် ပြောသမျှစကားတွေမှာ ကောင်းတာတွေ ဖြစ်စေဖို့နဲ့ စားသမျှအစားတွေမှာလည်း လောဘတဏှာတွေ မဖြစ်စေဖို့ စကားနောက်မှာ တကယ့်အစစ်အမှန် တရားတွေ ပါအောင်သာ ကြိုးစားကြပါ 
လို့ စေတာနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ အားလုံး စကားနောက်ကို တကယ့်တရားတွေ ပါနိုင်ကြပါစေ…။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)