Thursday, February 21, 2013

တန်ဖိုးရှိလှတဲ့ သတိ တစ်လုံး


*** တန်ဖိုးရှိလှတဲ့ သတိ တစ်လုံး***

သတိဆိုတဲ့ စကားလေးဘာလို့ ပြောရလဲ ဆိုတာလေးကို သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ စကားလေး တစ်ခွန်းနဲ့ မိတ်ဆက် ပေးပါ့မယ်..။ ဆရာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားလဲဆိုတော့.. ဟဲ့.. ဒကာတွေ ဒကာမတွေ.. ဘယ်အလုပ်ပဲ လုပ်လုပ် နွားလိုမလုပ်နဲ့.. နွားဟာ လူတွေစားဖို့အတွက် လယ်တွေလည်း ထွန်ပေးရ.. နွားနို့လည်း ထုတ်ပေးရ.. ပြီးရင် သူ့အသား အဆီအနှစ်ကိုလည်း လူတွေက စားကြသေးတယ်.. ဒါပေမယ့်.. နွားတွေမှာ ဘာကုသိုလ်မှလည်း မရ ဘာအကျိုးမှလည်း မခံစားရဘူး။ ဘာလို့လည်းဆိုတော့ သူတို့တွေဟာ ဘယ်အလုပ်ပဲလုပ်လုပ် သတိဥာဏ်ဆိုတဲ့ ပညာမရှိလို့ပဲ။ ဒါ့ကြောင့် မှတ်ထားကွဲ့.. ဘယ်အလုပ်မဆို သတိဥာဏ်ဆိုတဲ့ ပညာလေးနဲ့ အမြဲတမ်းလုပ်ပါ တဲ့။ 
 
မှန်လိုက်တဲ့ စကားတစ်ခွန်းပါပဲ..။ ဘုရားရှင်ရဲ့ နောက်ဆုံးစကားမှာလည်း သတိရှိပါဆိုတဲ့ စကားလေးနဲ့ပဲ နောက်ဆုံး ဆုံးမစကား ပေးသွားတာပဲ မဟုတ်ပါလား။ ဒါဘာလို့လည်း.. လူတိုင်း လူတိုင်းအတွက် သတိဟာ အင်မတန် အရေးကြီးပါတယ်။ သတိမမူ ဂူမမြင်.. သတိမူရင် မြူတောင်မြင်တယ် တဲ့။ အဲ့စကားလေးက ရိုးရိုးလေးပဲနော်..။ ဒါပေမယ့်.. တွေးကြည့်ရင် အင်မတန် နက်နဲပါတယ်။ သတိမမူရင် ဂူမမြင်ဆိုတာ ဘာလည်းဆိုတော့.. ဒီစာသားရဲ့ အဓိပ္ပါယ်က လူတွေဟာ သတိမရှိတဲ့အတွက် သေရမှာကိုတောင် မမြင်ကြဘူး.. မေ့နေကြတယ်တဲ့။ ဟိုလိုမျိုး အုတ်ဂူဖြူဖြူကို ပြောတာမဟုတ်ပါဘူး.. တကယ်က ကိုယ်သေမဲ့ အုတ်ဂူကို မမြင်ကြတာကို ပြောတာပါ။ 
 
သတိရှိခိုင်းတယ်ဆိုတာ တကယ်တော့ ကိုယ်သေရမှာကို သတိရပြီး ကုသိုလ်တွေ များများ လုပ်ဖြစ်အောင် တိုက်တွန်းနေတဲ့ သဘောလေးပါပဲ။ ဘယ်အလုပ်ပဲ လုပ်လုပ်.. ဘုရားအဆုံးအမ အတိုင်း လိုက်နာ ကျင့်ကြံပြီး သတိလေးနဲ့ လုပ်နေတဲ့ လူတစ်ယောက်ဟာ… တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နေတာနဲ့ အတူတူပါပဲ။ အခုပြောမှာကလည်း တန်ဖိုးရှိတဲ့ သတိတစ်လုံးကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်သွားတဲ့ အကြောင်းပါ…။။။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက ဗာရာဏသီပြည်မှာ ယသ ဆိုတဲ့ သဌေးသား တစ်ယောက် ရှိပါတယ်။ သူရဲ့ မိခင်ကတော့ ဘုရားရှင်ကို ရွှေခွက်နဲ့ နို့ဆွမ်း လှူခဲ့တဲ့ သုဇာတာ သဌေးပေါ့။ သူဟာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလွန်းတဲ့ အတွက် သူ့ကိုလည်း ဘုရားအလောင်းတော် စံမြန်းခဲ့သလိုမျိုး နွေ မိုး ဆောင်းစံမြန်းဆောင် သုံးဆောင်နဲ့ ထားပါတယ်။ ပြီးတော့ သူနဲ့ရတာလည်း သဌေးသမီးပါ။ သူ့ရဲ့ ခြေဖ၀ါးဆိုရင် နူးညံ့လွန်းတဲ့အတွက် အမွှေးနုလေးတွေတောင် ပေါက်နေတယ်လို့ စာထဲမှာ ပါပါတယ်။ ပြီးတော့ သူ့ကို နေ့ရော ညပါ တူရိယာ ပေါင်းစုံနဲ့ တီးမှုတ်ကပြ ဖျော်ဖြေ ပေးရပါတယ်။ 
 
ဒီလိုမျိုး အခြံအရံတွေနဲ့ ခံစားလာလိုက်တာ.. တစ်ညမှာတော့ သူ ကောင်းတာတွေ ခံစားတာ ရိုးအီသွားပြီး ခံစားရင်းနဲ့ အိပ်ပျော် သွားပါတယ်။ သဌေးသား အိပ်ပျော်သွားတဲ့ အချိန်ကျတော့ ရံရွှေတော်တွေကလည်း ပင်ပင်ပန်းပန်းနဲ့ ကနေတဲ့ နေရာတွေမှာပဲ အိပ်ပျော် သွားကြပါတယ်။ တစ်ချို့ကလည်း ဟောက်.. တစ်ချို့ကလည်း အပုတ်ရေတွေ စီးကျ.. တစ်ချို့ ကလည်း ကို့ရို့ကားယားနဲ့ပေါ့။ သတိရှိတုန်းကတော့ ကြည့်ပျော်ရှုပျော် လှလှပပပေါ့။ သတိမရှိပဲ အိပ်ပျော်သွားတဲ့ အချိန်မှာတော့ ဘာမှ မသိတော့ပါဘူး။ အကုန်လုံးဟာ လူသေကောင်တွေ အတိုင်းပဲ။ ကြည့်မကောင်း ရှုမကောင်းနဲ့ပါပဲ။

သန်းခေါင်ယံ အချိန်ရောက်တဲ့ အခါမှာတော့ ယသ သဌေးသား နိုးလာပါတယ်။ အိပ်တုန်းက အခါမဲ့ အိပ်တဲ့ အတွက်လည်း နိုးတဲ့ အချိန်မှာတော့ အခါမဲ့ နိုးခဲ့ပါတယ်။ ယသ သဌေးသား နိုးလာတော့ အားလုံး တိတ်ဆိတ်နေပြီးတော့ အရင်က ဆူညံခဲ့တဲ့ နေရာဟာ သင်္ချိုင်းကုန်းကြီးအလား သူရဲ့စိတ်မှာ အသွင် ပြောင်းသွားပါတယ်။ ကချေသည်အားလုံးကို ကြည့်လိုက်တော့လည်း အလောင်းကောင်တွေ အလား တုံးလုံးပက်လက်တွေ အဖြစ် စိတ်ထဲမှာ သဌေးသားဟာ ထင်လာပါတယ်။ ပြီးတော့ သချိုင်းကုန်းထဲ သူတစ်ယောက်ထဲ ရောက်နေသလိုမျိုး ခံစားရပြီး ကြောက်လာပါတယ်။ 
 
သူ့ကို ဖျော်ဖြေနေတဲ့ ကချေသည်တွေ အားလုံးဟာလည်း အလောင်းကောင်တွေပဲဟု သူတွေးတောပြီး ကြောက်စိတ်ပေါင်း များစွာနဲ့ သံဝေဂတွေ ရလာပါတယ်။ နောက်ဆုံးတော့ သဌေးသားဟာ ဒီနေရာနဲ့ အဝေးဆုံးနေရာကို ထွက်ပြေး ပါတော့တယ်။ နောက်ဆုံးမှာတော့ ဘုရားရှင်နဲ့တွေ့ပြီး ဘုရားရှင်ဟောကြားတဲ့ တရားကိုနာကြားကာ တရားနာရင်းနဲ့ သောတာပန် ဖြစ်သွား ပါတော့တယ်။ နောက်တစ်နေ့မှာတော့ သူ့ကို အရှာထွက်တဲ့ ဖခင်ကြီးလည်း ဘုရားရှင်ရဲ့ တရားကို နာကြားပြီး သောတာပန် ဖြစ်သွား ခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ တရားကို နှစ်ကြိမ်နာကြားရတဲ့ ယသ သဌေးကတော့ ရဟန္တာ ဖြစ်သွားပါတယ်။ ဒါကတော့ ယသ သဌေးသား အကြောင်းပါ။

ဒီအကြောင်းလေးကို ဘာလို့ ပြောရလဲဆိုတာလေး ကျမ ဖော်ပြပေးပါ့မယ်။ ယသ သဌေးသားဟာ ကချေသည်တွေ အားလုံး တိတ်ဆိတ်ပြီး အိပ်နေတာကို လူသေကောင်တွေအလား ထင်ပြီး.. သူနေတဲ့ နေရာကို သင်္ချိုင်းအလား ထင်ရတဲ့ အကြောင်းအရင်းကတော့.. ယသ သဌေးသားဟာ ဟိုးအရင် အတိတ်ဘ၀က အသုဘ လိုက်ပို့ခဲ့ရင်း ထားခဲ့မိတဲ့ သတိလေး တစ်လုံးကြောင့်ပါ။ သူဟာ အဲ့ဒီ့သတိလေး တစ်ခုပဲ ရခဲ့ဖူးပါတယ်။ 
 
သူဘယ်လိုမျိုးလေး သတိ ထားခဲ့သလဲ ဆိုတော့.. အသုဘမှာ မီးရှို့တာကို ကြည့်နေရင်းနဲ့ အော်.. သူ အသက်ရှင်နေတုန်း ကတော့ ဘယ်လိုမျိုးလေး နေခဲ့တာ.. ပြင်ဆင်ဖြီးလိမ်းပြီး လှနေပနေခဲ့တာ.. အခုသေလည်း သေရော မီးရှို့လိုက်တဲ့အတွက် အသားတွေဟာ ဖောင်းတက်လာပြီး ဟိုနေရာကနေ အသံတွေထွက်လိုက်.. အရည်တွေစီးကျလိုက်နဲ့ နောက်ပြီး သူများပြုသမျှ နုရတဲ့ ဘ၀ကို ရောက်ရတာပါလား.. ငါလည်း တစ်နေ့ကျရင် ဒီလိုပဲ မလွဲမသွေ ဖြစ်ရမှာပါလား.. ဆိုပြီး သံဝေဂ ရလိုက်မိတဲ့ သတိလေး တစ်ချက်ပါပဲ။ ဒီ သတိလေး တစ်လုံးဟာ ဘုရားရှင် ပွင့်တော်မူတဲ့ အချိန်မှာ သူ့ကို လာပြီး ကျေးဇူးပြု သွားတာပါ။ 
 
ဘယ်လောက် တန်ဖိုး ရှိလိုက်ပါဘိ။ သူထားခဲ့လိုက်တဲ့ သတိလေး တစ်လုံးဟာ ဘာဆိုဘာမှ မပြောပလောက်တဲ့ အချိန်လေးပါပဲ။ ဒါပေမယ့်.. သူရလိုက်တဲ့ အရာကတော့ ဘယ်လိုမှကို တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ နိဗ္ဗာန်ဆိုတဲ့ အရာပါပဲ။ အော်.. သတိ.. သတိ.. ဘယ်လောက် တန်ဖိုးထားဖို့ ကောင်းပါသလဲ…။ ခုစာဖတ်နေရင်းတောင်မှ သတိလေးသွင်းလိုက်ရင် မိတ်ဆွေများလည်း တန်ဖိုး မဖြတ်နိုင်တဲ့ အရာလေးရသွားပြီနော်...။

ကဲ.. ယသ သဌေးသားကတော့ သတိလေးတစ်လုံးကြောင့် တန်ဖိုး မဖြတ်နိုင်တဲ့ နိဗ္ဗာန်ကို ရရှိသွားပါပြီ။ ကျမတို့တွေရော ဘယ်လောက်များ သတိတွေ ထားခဲ့ကြပြီလဲ? သူများ အသုဘတွေတော့ လိုက်ပို့ ဘူးကြမှာပေါ့။ အဲ့လိုမျိုး သတိလေးတွေ ထားမိခဲ့ကြပြီလား ဆိုတာ ပြန်မေးဖို့ လိုပါတယ်။ အသုဘ လိုက်ပို့တယ်.. သေသွားတဲ့ သူကို ကြည့်နိုင်တယ် ဆိုတာ တကယ်တော့ ကိုယ်မသေခင် လေးပဲ လိုက်ပို့ခွင့် ကြည့်ခွင့် ရတာပါ။ ကိုယ်သေသွားတဲ့ အချိန်ကျရင်တော့ ကိုယ့်ကိုကိုယ် ပြန်မကြည့်နိုင် ပါဘူးနော်.. သူများတွေကပဲ ကိုယ့်ကို ၀ိုင်းပြီးတော့ ကြည့်ကြမှာ။ နောက်ပြီး ကိုယ်လည်း သူ့လို အချိန်မရွှေး အဲ့အခေါင်းထဲ ရောက်သွားနိုင်တယ် ဆိုတာကိုတော့ ဘယ်သူမှ တွေးမိကြမှာ မဟုတ်ပါဘူး။ 
 
သတိလည်း ထားမိကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သတိဆိုတာ နေရာတိုင်းမှာ ထားသင့်တဲ့ အရာပါ။ အသုဘပို့မှ မဟုတ်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ်.. ထမင်းစားတာကစ.. လမ်းမှာတွေတဲ့ အမှိုက်ကောက်တာ အဆုံး သတိလေးနဲ့ လုပ်လိုက်ရင်ကို ကုသိုလ်ဘက် ပြောင်းသွားတာပါ။ အဲ့ကုသိုလ်ကိုမှ ၀ိပဿနာဆိုတဲ့ ကုသိုလ်နဲ့ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဘယ်လောက် ကောင်းလိုက်တဲ့ သတိလဲနော်.. ဒါ့ကြောင့်လည်း ဘုရားရှင်က သတိ ရှိကြပါလို့ မှာသွားတာ မဟုတ်ပါလား။ 
 
ဒီလိုဆိုရင် ကျမတို့တွေလည်း ဘယ်အလုပ်ပဲလုပ်လုပ် သတိလေး ကပ်ပြီးတော့ အကုသိုလ် ဖြစ်မဲ့အရာတွေကို ကုသိုလ်ဖြစ်အောင် ပြောင်းမယ်.. ကောင်းမှုတွေ တိုးပွားသထက် တိုးပွားအောင် ကြိုးစားမယ် ဆိုရင်တော့ ကျနော်တို့တွေ မသွားချင်တဲ့ အပါယ်လေးဘုံနဲ့ ဗြောင်းပြန်ရောက်မယ့် နေရာတွေကို ရောက်ရမှာ မလွဲဧကန်ပါပဲ..။ ဒ့ါကြောင့် မိတ်ဆွေများလည်း အချိန်တိုင်းမှာ သတိတရားလေးနဲ့ မြဲမြံစွာ နေပြီးတော့ ကုသိုလ်ကို များအောင်စု ကောင်းမူကို များအောင်ကြံပြီး တန်ဖိုး မဖြတ်နိုင်တဲ့ သတိကို တန်ဖိုးမဖြတ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

***မေတ္တာများစွာဖြင့်***

Wednesday, February 20, 2013

ငြိမ်းအေးသောဘ၀ပိုင်ရှင်

                                                 ငြိမ်းအေးသောဘ၀ပိုင်ရှင်

ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် မှ အသံနဲ့ အမှားနှောမှလား ၊ ဉာဏ်နဲ့စကားပြောမှာလား ဆောင်းပါးကို ကူးယူ ပူဇော်ပါသည်။ ။

ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးမှပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့် စည်းခြင်း ဆိုတဲ့ အရည်အသွေးပါပဲ။

စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှုတ် မစောင့် စည်းဘဲအဆင်ခြင်မဲ့ ပြောလိုက်တဲ့ စကားတွေရဲ့ နောက်ကွယ် မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။

စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့်ဉာဏ်နဲ့ အရင်ဆုံး ဆင်ခြင်ပါ။ ပြီးရင် ပြောသင့်တာကိုပဲပြောပါ။ မပြောသင့်တာကို လုံးဝမပြောပါနဲ့။ ပြောသင့်တာကိုလည်းလိုအပ်သလောက်သာပြောပါ။ လိုအပ်တဲ့ အတိုင်း အတာထက်ပိုပြီးမပြောပါနဲ့။ မလိုဘဲစကားကြောရှည်တာဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ အချိန်လည်းကုန် ၊ လေလည်းကုန်ပါတယ် ။ အမှားတွေလည်း ပါလာတတ်ပါတယ်။

တချို့က သတင်း အချက်အလက် လေးတစ်ခု ရလိုက်ပြီဆိုတာ နဲ့ ဘာမှ စဉ်းစား မနေတော့ဘဲ ချက်ချင်း ဟိုလူ့ပြော၊ ဒီလူ့ပြော လုပ်တတ်ကြတယ်။ လူကိုယ်တိုင် ပြောခွင့်မသာရင် ဖုန်းနဲ့ဆက်ပြောတတ်ကြတယ် ။ ပြောဖို့ လိုသလား ၊ မလိုဘူးလား ဘာမှဆင်ခြင်မနေတော့ဘူး ။ အဲဒီလိုလူတွေဟာ အများအားဖြင့် ပြောဖို့မလိုတာတွေပဲ ပြောနေတတ်ကြတာပါ။

ဝမ်းမနိုင်လို့ ဗျစ်ခနဲ ထွက်တတ်တာကို မအောင့်နိုင်ရင်တောင်မှ ပါးစပ်မနိုင်လို့ ထစ်ခနဲ ထွက်တတ်တာကိုတော့ သတိကြီးကြီး ၊ ဉာဏ်ကြီးကြီးနဲ့ ထိန်းသိမ်း စောင့်စည်း နိုင်ရပါမယ်။

တချို့က တို့ကမှန်တာပြောတာပဲ ၊ တို့ကဟုတ်တာပြောတာပဲ ၊ တို့က ပွင့်ပွင့်လင်းလင်း ပြောတာပဲ ဆိုပြီးစကားကို အထိန်းအကွပ်မရှိ ၊ အစည်း အစောင့်မရှိ ၊ အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။ အဲဒီလို စိတ်မနိုင် နင်းစွာ ပရမ်းမတာပြောရတာကိုပဲ တို့ကဘွင်းဘွင်းသမားလို့ တလွဲ ဂုဏ်ယူနေတတ်ကြ ပြန်ပါသေးတယ်။

တကယ်တော့ စကားကို အထိန်းအစောင့်မရှိ လွှတ်ကနဲ ပြောတတ်တဲ့ သူတွေဟာ စိတ်ဓါတ် ပျော့ညံ့တဲ့သူ ၊ စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူ ၊ စိတ်အရည် အသွေးညံ့ဖျင်းတဲ့သူ ၊ စိတ်တန်ခိုအားကင်းမဲ့တဲ့သူတွေပါပဲ။
ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလား ၊ တစ်ဖက်သား အကျိုးပျက်စီးသွားမလား ၊ တစ်ဖက်သား စိတ်ဆင်းရဲ သွားမလားဆိုတာ အမြဲဆင်ခြင်ရပါမယ် ။

သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ပြောလိုက်လို့တစ်ဖက်သားမှာ တကယ်အကျိုးရှိသွားရင်တော့ အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောရမှာပေါ့။ ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်း ဘာမှအကျိုးထူး မသွားဘူးဆိုရင်တော့ ကောင်းစေချင်လို့ပြောတာပါ ဆိုပြီးနာမည်ကောင်း ယူမနေပါနဲ့ ။ အလကားပါပဲ။ ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး ။

ဒီနေရာမှာ စကားပြောတိုင်း မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ် ။ သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ် အများကြီးထဲက တစ်ခုကတော့ ကောင်းသောစကားကိုဆိုတော်မှုတတ်သော မြတ်စွာဘုရား ပါ။ ကောင်းသောစကားဆိုတာ မှန်လည်းမှန် အကျိုးလည်း ရှိတဲ့ စကားကို ခေါ်ပါတယ် ။

မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မှုတတ်သော မြတ်စွာဘုရား လို့ ထပ်ခါ ထပ်ခါပွားများရင်းနဲ့ ငါလည်း မှန်တာပဲပြောမယ်။ မှန်တိုင်း မပြောဘူး၊ အကျိုးရှိတာပဲပြောမယ်လို့ နှလုံးသွင်းဆင်ခြင်နိုင်ခဲ့မယ်ဆိုရင် နှုတ်ကို စောင့်စည်းတဲ့သူ ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ဆင်ခြင်ပြီးပြောတဲ့သူ ဖြစ်လာမှာ မလွဲပါဘူး ။

စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင် လိမ်ညာစကားတွေလည်း မပြောဖြစ်တော့ ပါဘူး ။ ကုန်းတိုက်တဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ၊ ကြမ်းတမ်း ရိုင်းပျတဲ့ စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ အကျိုးမရှိတဲ့ အနှစ်မဲ့ စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ဘာမှပါမလာတော့တဲ့အတွက် စကားဆင်ခြင်ပြောသူဟာ ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။

ဘာစကားပဲဖြစ်ဖြစ် -

လိုအပ်မှ ပြောတာပဲ ကောင်းပါတယ်။
လောလောဆယ် ပြောဖို့ မလိုအပ်သေးရင်
တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ်
လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။
နောက်တစ်နာရီမှပြောသင့်တဲ့စကား
နောက်တစ်နာရီမှပြောပါ။ သတိရတုန်း
ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။
နောက်တစ်ရက်မှပြောသင့်တဲ့စကား
နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်း ဘာမှအကျိုးမရှိ
သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့်
စကားမျိုးဆိုရင် မှန်နေတောင်မှ လုံးမပြောပါနဲ့။
လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင် မထည့်ပါနဲ့။

အရှင်ဆန္ဒာဓိက

http://www.dhammaweb.net/ မှ ကူးယူဖော်ပြပါသည်။

Tuesday, February 19, 2013

မဟာကဗျာ

မဟာကဗျာ

မိတ်ဆွေတဦးက သိုးဆောင်းစကားလုံးဖြစ်သည့် 'အက်ပစ်' ကို မြန်မာဘာသာဖြင့် ဘယ်လိုပြန်မည်နည်းဟု တခါကကျနော့်ကိုမေးဖူး သည်။ ကျနော်က 'မဟာကဗျာ' ဟု ပြန်နိုင်ပါသည်ဟု ပြန်ဖြေခဲ့ဖူးသည်။ ထိုအတိုင်းပင် အက်ပစ်ကိုမြန်မာပြန်ရန် ကြုံလာသည့်အခါ တိုင်း (ဥပမာ၊ 'နေရူး၏သမီးထံသို့ ပေးစာများ' ၌ ကဲ့သို့) ကျနော်သည် မဟာကဗျာဟူသော ဝေါဟာရကိုသာသုံးနှုန်း၍ ဘာသာပြန်ခဲ့ ပေသည်။ စစ်စစ်မှာမူ မဟာကဗျာဟူသောစကားလုံးမှာ ကျနော်တီထွင်လိုက်သည့် ကိုယ်ပိုင်စကားလုံးမဟုတ်ပေ။ သက္ကတ၊ သို့မဟုတ် ဟိန္ဒီဘာသာဖြင့် အက်ပစ်ကို 'မဟာကဗျာ' ဟူ၍သုံးနှုန်းပြန်ဆိုထားသည်ကို တွေ့ရ၍ယင်းစကားလုံးကိုယူပြီး 'မဟာကဗျာ' ကို 'မဟာကဗျာ' ဟူ၍ မြန်မာဆန်ဆန်သုံးနှုန်းလိုက်ခြင်း ဖြစ်ပေသည်။

ကြီးကျယ်မြင့်မြတ်သည့် ပုဂ္ဂိုလ်များ၏ စွန့်စားခန်းများနှင့်အကြောင်းအရာ အတ္ထုပ္ပတ္တိကို ရှည်လျားသောကဗျာ အဖွဲ့အနွဲ့များဖြင့် ဖွဲ့နွဲ့ရေး စပ်ထားသည့်ကဗျာ ကျမ်းကြီးကျမ်းခိုင်ကို အက်ပစ်ဟူ၍ခေါ်ကြလေသည်။ မြန်မာကဗျာ စာပေလောက၌ထင်ရှားနေသော ပျို့များမှာ အက်ပစ်၊ သို့မဟုတ် မဟာကဗျာစာရင်းတွင် သွတ်သွင်းနိုင်ပေလိမ့်မည်။

ကမ္ဘာ့စာပေသမိုင်း၌ ထင်ရှားနေသော မဟာကဗျာများကိုထုတ်ပြရမည်ဆိုလျှင် အိန္ဒိယပြည်၌ အထွတ်အမြတ်ထားသော မဟာကဗျာ ကျမ်းကြီးနှစ်စောင် ရှိလေသည်။ ရာမာယဏနှင့် မဟာဘာရတတို့ ဖြစ်ကြသည်။ နှစ်ပရိစ္ဆေဒ ထောင်ပေါင်းများစွာအထိ အိန္ဒိယပြည် ဘုရင့်နန်းတော်များမှစ၍ တဲကုပ် တဲပုတ်အထိ လူမျိုး အသီးသီး၊ နယ်ပယ်အသီးသီး၊ ထောင့်အသီးသီးတို့ ခေတ်မတိမ်းခဲ့သော ကဗျာ ကျမ်းကြီးများဖြစ်ကြသည်။ ရာမာယဏကို ၀ါလမိကိရသေ့ကြီးက ရေးပြုခဲ့သည်။ မဟာဘာရတကား ဗျာသရသေ့ကြီးရေးပြုခဲ့သည့် ကဗျာအဖွဲ့အနွဲ့များမှ တဆင့်ပွားပြီးဖြည့်စွက်ချက်များဖြင့် ပေါ်ပေါက်လာသည့် ကျမ်းဖြစ်၏ဟု အဆိုရှိကြသည်။

ဂရိကဗျာဆရာကြီး ဟိုမားရေးသားဖွဲ့နွဲ့သည့် ‘အိလိယက်’ နှင့် ‘အော့ဒီစီ’ တို့သည်လည်း ကမ္ဘာ့စာပေသမိုင်း၌ ထင်ပေါ်ကျော်ကြား သည့် မဟာကဗျာများဖြစ်ကြသည်။ အိလိယက်ကို မဟာဘာရတနှင့်လည်းကောင်း၊ အော့ဒီစီကို ရာမာယဏနှင့်လည်းကောင်း နှိုင်း ယှဉ်သမှုပင် ပြုကြ၏။ ထို့ပြင် အမည်မသိ ကဗျာဆရာတဦးရေးသည့် "သလေးအော့ဖ သနိုက်ဘလွန်းစ်" သည်လည်းကောင်း၊ ကဗျာ ဆရာကြီး ဒန်တေရေးသည့် "လာဒီဗင်နာ ကောမက်ဒိယာ" သည်လည်းကောင်း၊ ဂိုသေရေးသည့် "ဖော့စ်တ်" သည်လည်းကောင်း၊ ဆာသောမတ်မလိုရီရေးသည့် "မော့တေဒါသာ" သည်လည်းကောင်း၊ ဘာဂျိလ်ရေးသည့် လက်တင်ဂန္တ၀င် "အင်နိဒ်" သည်လည်း ကောင်း၊ ကမ္ဘာ့စာပေသမိုင်း၌ သမိုင်းဝင်ဖြစ်သည့် မဟာကဗျာကျမ်းများ ဖြစ်ကြသည်။

ဤဆောင်းပါး၌ အထူးရေးလိုသည်ကား ပါဋ္ဌိစာပေသမိုင်း၌ ထင်ပေါ်ကြော်ကြားသည့် မဟာကဗျာတခု၏ အကြောင်းဖြစ်သည်။ ထိုမ ဟာကဗျာကား မဟာဝံသခေါ် မဟာဝင်ဖြစ်လေသည်။ မဟာဝံသကို မဟာနာမအမည်ရှိသော ပုဂ္ဂိုလ်က ရေးသားဖွဲ့ဆိုခဲ့လေသည်။ မဟာဝံသသည် သီဟိုသာသနာဝင်ကို ပါဠိကဗျာဖြင့်ရေးသားဖွဲ့ဆိုထားသည့် ကျမ်းဖြစ်သည်။ မဟာဝံသကို ရေးသားဖွဲ့နွဲ့သည့်ကဗျာဆ ရာသည် ကဗျာဉာဏ် ကဗျာ့နှလုံး အပြည့်အသရှိသူဟူ၍ဆိုရပေမည်။


 ဒေ၀ါနံပိယတိဿမင်းကြီးနှင့် ဒုဋ္ဌာဂါမဏိမင်းတို့၏ အကြောင်း ကိုရေးသားဖွဲ့နွဲ့ပုံမှာ ပြောင်မြောက်လှပေသည်။ ကဗျာကျမ်း၏ အစဦး၌ပင် ကဗျာဆရာက "ရှေးလူများလည်း `ဤမဟာဝင်´ အ ကြောင်းကို ရေးသားခဲ့ဖူးကြသည်။ ယင်းစာများ၌ကား ကျယ်သည့်နေရာကျယ်၊ ကျဉ်းသည့်နေရာက ကျဉ်း၊ စကားထပ်သည့်နေရာက စကားထပ်နေလေ၏။ ယင်းအပြစ်အနာအဆာတို့မှ လွတ်ကင်းသော၊ သိမှတ်ရန်လွယ်ကူသော၊ ရွှင်ပြုံးနှစ်သိမ့်ရမည်နေရာ၌ ရွှင်ပြုံး နှစ်သိမ့်စေသော၊ တရားရမည့်နေရာ၌ တရားရစေသော ဤမဟာဝံသကဗျာကို နားထောင်ကြပါကုန်" ဟု နိဒါန်းပျိုးထားလေသည်။

မဟာမှာ ကြီးကျယ်မြင့်မြတ်သော သူများဟူ၍ အဓိပ္ပာယ်ရသည်။ ၀ံသကား ရာဇ၀င်သမိုင်းဖြစ်သည်၊ နှစ်ရပ်ပေါင်းသော် ကြီးကျယ်မြင့် မြတ်သော သူတို့၏ရာဇ၀င်သမိုင်းဟူ၍ အဓိပ္ပာယ်ရသည်။ ယင်းကြီးကျယ်မြင့်မြတ်သော ဘုရင်စသူတို့၏ သမိုင်းဖြစ်သည့် ‘မဟာဝံသ’ ကိုရေးသားဖွဲ့ဆိုရာ၌ ကဗျာဆရာသည် ထိုပုဂ္ဂိုလ်များ၏ ခေတ်ကောင်းလာပုံ၊ ခေတ်တိမ်သွားပုံများကို ရေးသားဖွဲ့ဆိုပြီးစာဖတ်သူများ အားသင်ခန်းစာ ပေးထားလေသည်။

မဟာဝံသ၏ အပိုင်း ၁ ၌ သီဟိုရ်ကျွန်းသို့ ဗုဒ္ဓသုံးကြိမ်ကြွရောက်တော်မူကြောင်း ရေးသားဖွဲ့ဆိုထား၏။ အပိုင်း ၂ ၌ ဗုဒ္ဓ၏မျိုးရိုးဖြစ်သည့် မဟာသမ္မတ မင်းဆက်အကြောင်းကို ရေးသားထားသည်။ အပိုင်း ၃၊ ၄၊ ၅ တို့၌ အစဉ်အတိုင်း ပထမသင်္ဂါယနာ၊ ဒုတိယသင်္ဂါယနာ၊ တတိယသင်္ဂါယနာ အကြောင်းများကိုရေးသားထားသည်။ အပိုင် ၆ ၌ ၀ိဇယမင်းသား သီဟိုရ်ရောက်ပုံကိုလည်းကောင်း၊ အပိုင်း ၇ ၌ ၀ိဇယမင်းသား ရာဇဘိသိက်ခံယူပုံကို လည်းကောင်း၊ အပိုင်း ၈၊ ၉၊ ၁၀ တို့၌ ၀ိဇယမင်း အဆက်အနွယ်ကိုလည်းကောင်း ရေးပြထား လေသည်။ အပိုင်း ၁၁ ၌ ဒေ၀ါနံပိယတိဿမင်း နန်းတက်ပုံကို ရေးသားထားလေသည်။

သီဟိုရ်ကျွန်းသို့ ဗုဒ္ဓသာသနာ ရောက်လာသည်မှာ ထိုအချိန်၌ဖြစ်လေသည်။ ပိုင်း ၁၂ ၌ သာသနာပြုစေလွှတ်ရေးကို လည်းကောင်း၊ အပိုင်း ၁၃ ၌ ရှင်မဟိန္ဒ သီဟိုရ်ကျွန်းသို့သာသနာပြုကြွပုံကို လည်းကောင်း ရေးသားဖွဲ့ဆိုထားလေသည်။ ရှင်မဟိန္ဒ သီဟိုရ်သို့ကြွခန်း မှာကဗျာဟန်ပါလှပေသည်။ အပိုင်း ၁၄ တွင် ရှင်မဟိန္ဒ မြို့တွင်းသို့ ကြွရောက်ပုံကို လည်းကောင်း၊ အပိုင်း ၁၅ မှ ၂၀ အထိ သီဟိုရ် ကျွန်းသာသနာ တိုးတက်ကြီးပွားလာပုံကို လည်းကောင်း၊ အပိုင်း ၂၁ တွင် ဒေါဝါနံပိယတိဿမင်းနှင့် ဒုဋ္ဌငါမဏိမင်းအကြားတွင်နန်း စံသည့် ဘုရင်ငါးပါးအကြောင်းကို လည်းကောင်းရေးသားထားလေသည်။ 


အပိုင်း ၂၂ မှ ၃၀ အထိ ဒုဋ္ဌဂါမဏိမင်းအကြောင်းကိုရေး သားထားလေသည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ မကြာခဏ ကိုးကားပြောဆိုသည့် ဒုဋ္ဌဂါမဏိမင်း ဒမိဋ္ဌ (ဒရဗီရ်) ကျေးကုလား များကိုနှိမ်နင်းသုတ်သင်ပုံမှာ ဤအခန်း၌ပါဝင်ပေသည်။ အပိုင်း ၃၃၊ ၃၄၊ ၃၅၊ ၃၆ တို့၌ ဒုဋ္ဌဂါမဏိမင်း၏ အရိုက်အရာခံမင်းများ၏ အကြောင်းကို ရေးသားထားလေသည်။

မဟာဝံသ အကြောင်းကို မိုင်းခိုင်းမြို့စားရေးသည့် ပိဋကတ်သမိုင်းစာတမ်း၌ ‘သီဟိုရ်ကျွန်း အနုရာဓမြို့ ဒီဃသန္တသေနာပတိစစ်သူကြီး တောင်းပန်၍ ရှင်မဟာနာမပြုသည်။ မဟာဝင်စာကိုယ်နိဂုံး၌ ပဒါဒေါရုဝံသဂန္တော နိဋ္ဌိတောဟုရှိသည်။ ၎င်းမဟာဝင်ကျမ်းကို (ပဒျဒေါရု ၀ံသကျမ်း) ဟု အမည်မှည့်သည် အလိုကား ပဒျပုဒ်နေ အင်္သကရိုက်ဘာသာ ပဒျသဒ္ဒါကို မာဂဓဘာသာလျှင် ပဇ္ဇသဒ္ဒါပင်ဖြစ်သည်။ ယင်းပဇ္ဇကား ဂါထာဟော၊ ပဒသဒ္ဒါပုဒ်ဟော၊ ဥရုသဒ္ဒါမဟာအနက်ဟော၊ ၀ံသသဒ္ဒါအနွယ်ဟော ဖြစ်ရကား ၀ိဝဋ္ဋဋ္ဌာယီ ကပ်ဦးအစမြတ် သော ဂေါတမဘုရားအလောင်းတော် မဟာသမ္မတမင်း အဆက်အနွယ်ကို ဂါထာဗန္ဓ သိလောကနှင့် ဖွဲ့ဆိုထားသောကျမ်း ဆိုလိုသည်’ ဟု ရေးထားလေသည်။

ဝံသဒီပနီ၊ သာသနာလင်္ကာရ စာတမ်းစသော မြန်မာဘာသာဖြင့်ရှိသည့် သာသနာဝင်ကျမ်းများမှာ ယေဘုယျအားဖြင့် မဟာဝံသကို အခြေပြု၍ ရေးသားထားသည့် ကျမ်းများဖြစ်ကြသည်။ ကျီးသဲလေးထပ်ဆရာတော်ကြီးက မဟာဝံသကို မဟာဝင်ဝတ္ထုအမည်ဖြင့် မြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားထားလေသည်။ ဥရောပတိုက်ဘာသာဖြင့် ပထမဦးဆုံးဘာသာပြန်ဆိုသော ပါဋ္ဌိစာအုပ်မှာမဟာဝံသ ဖြစ်သည်ဟု အဆိုရှိလေသည်။

ပါရဂူ
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၇)၊ အောက်တိုဘာလ၊ ၂၀၀၉ ခုနှစ်၊

Monday, February 18, 2013

" ချစ်ခြင်းမေတ္တာ၏ တန်ဘိုး"

 
  " ချစ်ခြင်းမေတ္တာ၏ တန်ဘိုး" 
 
တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦးထိုင်နေသည် ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။

"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။

"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။

"မရှိဘူး...အပြင်သွားလိုက်တယ်"

"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။

"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး"

အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။

"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"

"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။

"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။ ဆက်၍
"သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို ဘယ်သူအရင်
ဝင်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင် သွားတိုင်ပင်ကြည့်လိုက်ဦး"
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။

"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"

"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။

"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်ချွေးမဖြစ်သူက အကြံပြုသည်။

"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကိုကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုကအိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။

" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ

အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။
 
FACEBOOK မှကူးယူဖော်ပြသည်။ 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Sunday, February 17, 2013

စွဲငြိသွားပြီ


စွဲငြိသွားပြီ

စာမိတ်ဆက်

စာတွေ ဖတ်ရင်းက အနိတ္ထိဂန္ဓအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ပြီး အတွေးပေါ်လာသည်။ စွဲသွားပြီလို့ပြောမလား၊ ငြိသွားပြီးလို့ပဲပြောမလား ဒါမှမဟုတ် စွဲငြိသွားပြီလို့ပဲ ပြောမလား၊ Heart ထိသွားပြီလို့ပြောမလား သံသဂ္ဂပဲ ဖြစ်သည်။ ယနေ့ခေတ် အင်တာနက်ခေတ်၊ တယ်လီဖုန်းခေတ်လေးတွေ ဖြစ်လာတော့ သံသဂ္ဂဖြစ်ဖို့ရာ ပိုနီးစပ်လာသည်။ ပို အဖြစ်များလာသည်ကို တွေ့ရသည်။ ထိုခေတ်တွေက တစ်ဖက်က အရေးအကြောင်း သတင်းမီဒီယာအတွက် ကောင်းသလို တစ်ဖက်ကလဲ ၀ိသဘာဂ မတူကွဲပြားတဲ့ ဖို+မတို့အတွက် တစ်ယောက်နဲ့တစ်ယောက် စွဲငြိစေဖို့ လက်နက်တစ်ခု ဖြစ်လာသည်။ ထိုအကြောင်းရာနဲ့စပ်လျှင်းပြီး အနိတ္ထိဂန္ဓအမျိုးသားလေးအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတာလေးကို ရေးချင်စိတ်ပေါက်တာနဲ့ ရေးချမိလိုက်သည်။


မိန်းမ မကြိုက်သူ

လောကမှာ လူထူးလူဆန်းတွေ ရှိတယ်ဆိုတာ တကယ်ပါ၊ ဘုရားဟောတဲ့ ၀ိသဘာဂ (ဆန့်ကျင်ဘက်)တို့စွဲငင်အား အရ အမျိုးသမီးက အမျိုးသားကို ကြိုက်စရာ နှစ်သက်စရာ မက်မောစရာ တွယ်တာစရာ အားကိုးစရာ အဖြစ် စွဲငြိသွားတာ အဆန်းအကျယ်မဟုတ်၊ အမျိုးသားက အမျိုးသမီးကို စွဲငြိတာ၊ လိုချင်တာ၊ မက်မောတာ၊ ကြိုက်တာ ခိုက်တာ သဘာဝဖြစ်၍ အထူးအဆန်းမဟုတ်။ သို့သော် ယောက်ျားလေးက မိန်းကလေးလှလှလေးကို မကြိုက်တာကတော့ အဆန်း ဖြစ်သည်။ အနာဂါမ်စတဲ့ အရိယာ ပုဂ္ဂိုလ်မျိုးကို မဆိုလို။ သာမန် ပုထုဇဉ်သားတစ်ယောက်အတွက် အလွန်ဆန်းသည်ဟု ဆိုရမည်။

တခါက မိန်းမ မကြိုက်သူ တစ်ယောက် ရှိခဲ့ဖူးသည်။ သူကတော့ မိန်းမအနံ့ကို မခံနိုင် မိန်းမတွေကိုမမြင်ချင်တဲ့ အနိတ္ထိဂန္ဓ အမျိုးသားတစ်ယောက်ပဲ ဖြစ်သည်။ ငယ်ငယ်က သူ့ကို နို့တိုက်ရင်တောင် အထိမ်းတော်တွေကို မိန်းမအနံ့တွေ ဖျောက်၊ ဘရာဇီယာ မ၀တ်စေဘဲ ယောက်ျားအသွင်ဖြင့် နို့တိုက်စေရသည်။ သူက ဘာဖြစ်လို့ မိန်းမအနံ့ မခံနိုင်ရသလဲဆိုတော့ ကဿပဘုရားရှင်လက်ထက်က နှစ်ပေါင်း နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့ဖူးသည်၊ ဈာန်တွေ ရခဲ့ဖူးသည်။ ပါရမီအားနုသေးတော့ အရိယာမဂ်အထိ မရနိုင်ဘဲ ထိုဘ၀မှ ဗြဟ္မာပြည်ရောက်သွားသည်။ ထိုဗြဟ္မာ့ပြည်ကနေ ဗာရာဏသီ မိဖုရား၏ ၀မ်းဗိုက်ထဲ ရောက်လာသည်။ မိန်းမ ယောက်ျား ခွဲခြားပြီး သိလာတဲ့ အချိန်က စပြီး မိန်းမတွေ အကပ်မခံတော့။ မိန်းမအနံ့ နံရင်၊ မိန်းမအသံ ကြားရင် ငိုသတဲ့။

မိန်းမ အသည်းစွဲအောင် ကြိုက်သူ
 
နောက်ဆုံးတော့လဲ မိဘတွေက မျိုးရိုးတိမ်ကောသွားမည်ကို စိုးရိမ်ရကား နယ်နယ်အရပ်ရပ် ရှိ သိပ်လှ သိပ်ချောတဲ့ အလှမယ်လေးတွေကို ရွေးချယ်၍ ခေါ်လာသည်။ သူတို့ကို ကန့်လန့်ကာ၏ တစ်ဖတ်ဆီကနေ အနိတ္ထိဂန္ဓမင်းသားလေးကို သီချင်းဆိုပေးရသည်။ ထိုအစီအစဉ်တွေကို ဘုရင်ကြီး၏ ၀န်ကြီးတစ်ပါးက စီမံပေးရသည်။ တစ်ဖတ်က အနိတ္ထိဂန္ဓမင်းသားလေးက ထိုသီချင်းအသံလေးကို ကြားရသဖြင့် ဒါက ဘာအသံလဲ မေးတော့ ၀န်ကြီးက “အရှင်မင်းသား- ဒီလို သာယာတဲ့ မိန်းမလှလေးတွေရဲ့ အသံဟာ အရှင်မင်းသားတို့လို ဘုန်းရှိ ကံရှိတဲ့ သူတွေသာ ခံစားခွင့်ရတာ၊ အရှင်မင်းသား အားပါးတရ ခံစားပါဟု လျှောက်တော်မူသတဲ့။ မင်းသားလေးက ၀န်ကြီးအား ဒုတ်နဲ့ ရိုက်ထုတ်သတဲ့။ ၀န်ကြီးလဲ ထွက်ပြေးရတယ်။ 
 
လွန်ခဲ့တဲ့ အရင် ဘုရားလက်ထက်ကထဲက နှစ်ပေါင်းအားဖြင့် ရေတွက်ရန်ခက်ခဲမည့် အချိန်ခါကထဲ ဖြစ်ရပ်လေးက ယနေ့ခေတ်ကို ရောင်ပြန်ဟပ်နေသည်။ ယနေ့ခေတ်မှာလဲ ကေတီဗီ ညကလာပ် (KTV, Night-club) တွေမှာ အရာရှိသားသမီးတွေ၊ ပိုက်ဆံရှိ သားသမီးတွေကို ခစားနေတဲ့ ထိုခေတ်က ဘုရင်ကြီး၏ ၀န်ကြီးလိုမျိုး သူတွေ ရှိမှာ အမှန်ပင်။ ရှေးက အာဏာရှင်ခေတ် ဘုရင့်နန်းတော်အတွင်းမှာတောင် ဒီ KTV, Night-club မျိုးလို အပျော်အပါးမျိုးတွေ ရှိနေတာဆိုတော့ ယနေ့ခေတ် သြဇာအာဏာရှိတဲ့သူတွေ ငွေကို ထင်တိုင်းသုံးနိုင်တဲ့ သူတွေရဲ့ အိမ်တွေမှာလဲ မရှိနိုင်ဘူးလို့ မပြောနိုင်။ အိမ်တွေမှာ မရှိရင်တောင် အပြင်မှာ ဖွင့်မထားနိုင်ဘူးလားဆိုတာ စဉ်းစားစရာပါ။

အနိတ္ထိဂန္ဓမင်းသားလေးက မိန်းမလှလေးတွေနဲ့ ဖြားယောင်း သွေးဆောင်သော ၀န်ကြီးကို မောင်းထုတ်တော့ ဘုရင်ကြီးလဲ နောက်တစ်မျိုးကြံရသည်။ ဘုရင်ကြီးသည် အတော်ဆုံး ရွှေပန်းတိမ်ဆရာထံ အကောင်းဆုံးရွှေတုံးရွှေခဲတွေကို ရွေးပြီး သိပ်လှ သိပ်ချောတဲ့ရွှေယမင်းရုပ်ကလေး ထုလုပ်ရန် အပ်နှံသည်။ ရွှေပန်းတိမ်ဆရာသည် သိပ်လှ သိပ်ချောတဲ့ ရွှေရုပ်ကလေးကို ထုလုပ်ပြီး အကောင်းဆုံးတန်ဆာတွေနဲ့ တန်ဆာဆင်ထားသည်၊ ၀ိသကြိုဟ်နတ်သား ဖန်ဆင်းသည့်အလား အလွန်ချောမောလှသည့် ရွှေယမင်းရုပ်ကလေးကို မင်းသားလေးကို ပြလိုက်တော့ မင်းသားလေး သိပ်သဘောကျသွားသည်။ ဒီရွှေယမင်းရုပ်နဲ့တူတဲ့ မိန်းမလှဆိုရင် ယူမယ်ဆိုပြီး အာမခံလိုက်သည်။ “ဒါ-ငါတို့သားလေးရဲ့ ဘုန်းကံနဲ့ဆို ဒီလို အမျိုးသမီး ရကို ရရမယ်”ဟု မင်းမိဖုရားကြီးတို ခံယူထားကြသည်။

မိန်းမလှရှာထွက်

ဒီလိုနဲ့ မင်းမိဖုရားအမိန့်နဲ့ ၀န်ကြီးတွေ မြို့ပြဇနပုဒ် ၁၆ ခုထိ ရွှေယမင်းနဲ့ တူတဲ့ မိန်းမလှ ရှာထွက်ရာက မဒ္ဒရစ်တိုင်း သာဂလမြို့က မိန်းမလှလေးတွေ ရေချိုးတဲ့ ရေဆိပ်ရှိရာသို့ ရောက်ရှိလာကြသည်။ ထိုဆိပ်ကမ်းမှာပဲ ရွှေယမင်းရုပ်လေးလို သိပ်လှပပြီး နုဖတ် အိစက်နေတဲ့ မဒ္ဒရစ်မင်းသမီးလေးကို တွေ့သွားသည်။ ၀န်ကြီးတွေလဲ ဘုရင်ကြီးထံ မိန်းမလှတွေ့ကြောင်း ဆက်သွယ်သည်။ ဒီနေရာမှာ ဘုရင်ကြီး၏ တိုင်းသူ ပြည်သားတွေအပေါ် ထားတဲ့ စိတ်ကလေးကို သတိပြုမိသည်။ “မင်းသမီးလေးကို ကျွန်တော်မျိုးတို့ ခေါ်ဆောင်ခဲ့ရမှာလား၊ ဘုရင်ကြီးကိုယ်တိုင် လာခေါ်မှာလား” ဆိုတော့ ဘုရင်ကြီးက“မောင်မင်းတို့ပဲ ခေါ်ခဲ့ကြပါ၊ ငါကိုယ်တိုင်လာခေါ်ပါက ပြည်သူပြည်သားတွေ ပင်ပန်းလိမ့်မည်၊ သူတို့ကို ညှင်ပန်းနိပ်စက်ရာရောက်မည်”ဟု ဆိုသတဲ့။ 
 
ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ကိုယ့်အိမ်တွင်းရေး ကိစ္စကြောင့် တိုင်းပြည်မှာ ရုပ်ရုပ်သဲသဲ မဖြစ်စေချင်၊ အကယ်၍ ဘုရင်ကိုယ်တိုင် သွားမည်ဆိုရင် သွားလေရာ ခရီးတစ်လျှောက်မှာ လမ်းရှင်းရ၊ လမ်းခင်းရ၊ ထုံးသုပ်ရ၊ ကြိုဆိုရ၊ ပြည်သူတွေ အတွက် အချိန်ကုန်စေမည်၊ ပင်ပန်းစေမည်၊ ကိုယ့်နောက်လိုက်လာကြတဲ့ ၀န်ကြီးတွေက အစ အောက်ခြေ၀န်ထမ်းတွေအထိ ကိုယ့်ရဲ့ သားရေးသမီးရေး ကိစ္စအတွက်နဲ့ ပင်ပန်းမည်ကို ကရုဏာထားကာ ဘုရင်ကိုယ်တိုင် မကြွခြင်းဖြစ်သည်။

ဒုက္ခရဲ့ အစ စွဲငြိမိခြင်းက

ဝန်ကြီးများကပဲ မဒ္ဒရစ် မင်းသမီး မိန်းမလှလေးကို ခေါ်ရန် ပြင်ဆင်ကြသည်။ မင်းသားလေးလဲ အသက်အရွယ်အားဖြင့် ၁၆နှစ်၊ သိပ်လှတဲ့ ရွှေယမင်းနဲ့တူတဲ့ မိန်းမလှလေး ရပြီလို့ ကြားကထဲက စွဲငြိသွားသည်၊ ချစ်စိတ်တွေ လွမ်းမိုးသွားသည်။ အရင်ဘ၀ကထဲက ရထားတဲ့ ပထမဈာန်လဲ ကွယ်ပျောက်သွားသည်။ အရင်က မိန်းမ အနံ့ မခံနိုင်သူ၊ မိန်းမအသံ မကြားချင်သူက အခုတော့ ကြားကြားခြင်းပဲ မမြင်ရ မနေနိုင်ဖြစ်ရသည်။ မြန်မြန်သာ ခေါ်ခဲ့ပါတော့ ဟူသတည်း။ ထိုစွဲငြိခြင်း၊ ချစ်ခြင်းကပဲ သူ့ကို ဒုက္ခပေးပြီ။

ဘုရင်ကြီးလဲ မဒ္ဒရစ်မင်းသမီးလေးကို မင်းခမ်းမင်းနားဖြင် ကြိုဆိုဖို့ရန် ပြင်ဆင်သည်၊ မင်္ဂလာဥယျာဉ်ထဲမှာ မင်္ဂလာကိစ္စပြုဖို့ရန် ခန်းနားထည်ဝါ ပြင်ဆင်ထားသည်၊ ယနေ့ခေတ်လို မော်တော်ကားများ မရှိရကား အလှဆင်ထားသော မင်္ဂလာ မြင်းလှည်း နွားလှည်းများဖြင့် မင်းသမီးကို ခေါ်ဆောင်သည်။ မင်းသမီးလေးသည် အလွန်နုညံ့လွန်းသောကြောင့် တ၀ုန်းဝုန်း တဒုန်းဒုန် ခုန်နေသော မြင်းလှည်း ဆောင့်ဒဏ်ကို မခံနိုင်၊ လေပူ လေကြမ်းကလဲတိုက် ဆိုတော့ အလွန်ပင်ပန်းနွမ်းနယ်ပြီး ပန်းလေးတစ်ပွင့် ညိုးနွမ်းသလို အဲဒီညပိုင်းမှာပဲ ကွယ်လွန်သွားသည်။
 
 ထိုသတင်းကို ကြားသိရသော ဘုရင် မိဖုရားကြီးရော မြို့သူမြို့သားတွေပါ စိတ်မကောင်းဖြစ်၍ ငိုကြွေးကြသည်။ ထိုသတင်းက ဗာရာဏသီမြို့မှာရော မဒ္ဒရစ်တိုင်းမှာရော တသောသော ညံသွားသည်။ အဆိုးဆုံးက မိန်းမအနံ့ မခံနိုင် မိန်းမအသံမကြားချင်သော အနိတ္ထိဂန္ဓမင်းသားလေးဖြစ်သည်၊ သူဟာ အစောပိုင်းလေးကမှ ထိုမင်းသမီးလေး၏ ဂုဏ်သတင်းကို ကြားရသဖြင့် ချစ်စိတ်တွေ လွမ်းမိုးကာ အစွဲကြီးစွဲနေမိသည်၊ အခုတော့ ထိုစွဲငြိခြင်းက သူ့ကို ဆောက်တည်ရာ မရအောင်ဖြစ်ရသည်။

သောကအစ

ရှေးဘ၀များစွားက အားထုတ် ဆည်းပူးခဲ့သော ကောင်းမှုကံကြောင့် သတိဝင်ကာ သောကကို ပယ်နုတ်ဖို့ ကြိုးစားသည်။ မင်းသားလေးရဲ့အတွေးထဲမှာ ရှေးက အားထုတ်ခဲ့ဖူးသော အသိတရားတွေ ၀င်လာသည်၊ “မွေးဖွားခြင်း ဇာတိမရှိရင် ၀မ်းည်းခြင်း ပူဆွေးခြင်းဆိုတဲ့ သောက မရှိနိုင်၊ ထိုမွေးဖွားခြင်းရှိနေလို့ ယခုလို ၀မ်းနည်းခြင်းတွေ ရင်ထုမနာ ပူဆွေးမှုတွေ ဖြစ်ကြရသည်”၊ “ထိုမွေးဖွားခြင်းဘယ်ကလာ၊ ဘ၀ကလာ၊ ဘ၀ရှိနေလို့ ဇာတိရှိနေတာပဲ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန် စဉ်းစား ဆင်ခြင်ရင်းကနေ ပစ္စေကဗုဒ္ဓါ ဖြစ်သွားသည်။ စွဲငြိခြင်းကြောင့်ဖြစ်သော သောကအစရှိတဲ့ ပူလောင်မှုတွေ လုံးဝငြိမ်းသွားသည်။ အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်သွားသည်။

ပစ္စေကဗုဒ္ဓါဖြစ်သွားသော အနိတ္ထိဂန္ဓက ဘုရင်ကြီး မိဖုရားကြီးနဲ့ တိုင်းပြည် ပြည်သူပြည်သားတွေကို တရားဟောသည်။ ဘာမှ ၀မ်းမနည်းဖို့အကြောင်း၊ ကျွန်ုပ်လဲ ပစ္စေကဗုဒ္ဓါဖြစ်သွားကြောင်း၊ စွဲငြိခြင်းသည် ချစ်ခြင်းကို ဖြစ်စေကြောင်း၊ ထိုချစ်ခြင်းက ဒုက္ခကို ဖြစ်စေကြောင်း၊ စွဲငြိခြင်း၊ ချစ်ခြင်းအပြစ်အနာဆာတို့ကို ပြကာ တောထဲတောင်ထဲ တစ်ကိုယ်တည်း ထွက်သွားသည်။

စွဲငြိခြင်း ၅မျိုး

အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဟောသည့် စွဲငြိခြင်း ၅မျိုးကို မှတ်သားသင့်သည်။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ)၊ အသံကြားခြင်းကြောင့် စွဲငြိခြင်း (သ၀န သံသဂ္ဂ)၊ အထိအတွေ့ကြောင့် စွဲငြိခြင်း (ကာယ သံသဂ္ဂ)၊ အပြန်အလှန် စကားပြောခြင်းကြောင့် စွဲငြိခြင်း (သမုလ္လပန သံသဂ္ဂ)၊ အတူတကွ သွားလာ လုပ်ရှား၊ အတူတကွ မျှဝေသုံးစွဲခြင်းကြောင့် စွဲငြိခြင်း (သမ္ဘောဂ သံသဂ္ဂ) ဟုသော ငါးမျိုးသော သံသဂ္ဂကြောင့် ဟောထားသည်။

တခါက သီဟိုဠ်ကျွန်းမှာ အမျိုးသမီးလေးတစ်ယောက်က ရုပ်ရည် အသန့်ရှိသည့် ရဟန်းငယ်တစ်ပါး အိမ်ကို ဆွမ်းခံကြွ အလာကို မြင်မြင်ခြင်းပဲ စွဲငြိသွားသည်၊ မမြင်ရ မနေနိုင် ဖြစ်ရသည်၊ နောက်ဆုံးတော့ မမြင်ရ မနေနိုင်လောက်အောင် စွဲငြိခြင်းက သူ့ကို ဒုက္ခပေးတော့သည်။ မကြာမီမှာပဲ အသည်းကွဲပြီး ကွယ်လွန်သွားရှာသည်။ ထိုသတင်းကို ကြားလိုက်ရသော ရဟန်းငယ်လေးမှာတော့ သူမရဲ့ နာရေးက ရလာတဲ့ အ၀တ်အပိုင်းအစလေးကို ကြည့်ပြီး ရင်ထုမနာ ဖြစ်ပြီး နှလုံးကွဲ ပျံလွန်တော်မူသွားရှာသတဲ့။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ) သည် ဤမျှလောက် ဒုက္ခကို ဖြစ်စေသည်။ 
 
ဤနည်းအားဖြင့် ၀ိသဘာဂ ဆန့်ကျင်ဘက် စွဲငင်အားရှိသော အဖို အမဓာတ်သဘာဝတို့သည် စကားပြောသံ သီချင်းသံ ပြုံးရွှင်သံများကြောင့်လည်း စွဲငြိနိုင်ကြသည်။ အထိအတွေ့ကြောင့်သော်လည်းကောင်း၊ အပြန်အလှန် စကားပြောခြင်းကြောင့်သော်လည်းကောင်း၊ အတူတကွ သွားလာခြင်းကြောင့် မြင်ပါများ တွေ့ပါများရာကနေ ချစ်ကျွမ်းဝင်ပြီး စွဲငြိသွားစေသည်။ တခါတရံ ရှေးက အတူသွား အတူလာ အတူစားခဲ့ဖူးတဲ့ အတွေ့အကြေုံလေးတွေကို တွေးပြီး စွဲငြိသွားစေသည်။

ကာမတော ဇာယတိ သောကော- ထိုသို့ စွဲငြိခြင်းကြောင့်ပဲ ရှင်ကွဲ သေကွဲရသောအခါ ရင်ထုမနာဖြစ်ကြရသည်၊ ၀မ်းနည်း ပူဆွေးသောက ရောက်ကြရသည်။ အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ကတော့ ထိုသို့သော ဒုက္ခကို ဘယ်လိုကျော်လွားနိုင်မလဲ ဆိုတာကို သူ၏ ကိုယ်တွေ့ဘ၀ဖြင့် သုံးသပ် ဟောကြားခဲ့သည်။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား နောက် ကြေကွဲရှိသည်တကားးးးး။ ဘ၀ရယ်လို့ ဖြစ်လာကြတဲ့ အားလုံးသော သူတွေမှာ ဘ၀ဖြစ်ရင် ဘ၀ပျက် (သေ)ရမည်ဆိုတာ သိထားကြပြီး ဖြစ်ရကား ထိုကဲ့သို့ကြုံလာလျှင် လက်နက်အဖြစ် အရန်သင့်ဖြစ်အောင် အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဆင်ခြင်သုံးသပ်ခဲ့သော တရားကို အပြန်အလှန် သုံးသပ် ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။။။။။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Saturday, February 16, 2013

မြေကြီးရယ်သံ


မြေကြီးရယ်သံ

အော် … ဂရမ်မီဆုပေးပွဲတောင် နီးလာပြန်ပါပေါ့လား။
အစိုင်ဖြစ်နေသော ပင့်သက်ကို မျှဉ်း၍ ချလိုက်မိသည်။ ပြီးခဲ့သည့် ငါးဆယ့်လေးကြိမ်မြောက် ဆုပေးပွဲ အကြိုနေ့က ကွယ်လွန်သွားခဲ့သော "ဝှစ်တနီ ဟူစတန်" ကြောင့်တော့မဟုတ်။ ထိုဆုပေးချိန်က ကိုယ် နယူးယောက်မှာ ရှိနေခဲ့ သည်လေ။
 
    သည်နှစ်တွက် ဂုဏ်ထူးဆောင် အဖိတ်ကြားခံထားရသူ L.A က တည်းခိုနေသည့်ဟိုတယ်တွင် ကွယ်လွန်သွားကြောင်း။ ကြေငြာသံ၊ ဝမ်းနည်းသံ၊ ကြေကွဲဟန်တွေလွှမ်းနေသည့်ဆုပေးပွဲကို အဲဒီညက ကိုယ်ကြည့်နေခဲ့သည်။ ဂရမ်မီဆု ခြောက်ဆုပင်ရခဲ့သော ကွယ်လွန်သူ အဆိုကျော်ကို မြင်လိုက်ရသောအခါ သူမအကြောင်းကို သိသလိုလို၊ ဖတ်ဖူးသလိုလို၊ ဇဝေဇဝါနှင့် စုတ်သပ် လိုက်မိသည်။

    နောက်နေ့ မိုးအသောက်မှာတော့ ကိုယ်တို့တတွေ ပုံမှန်လမ်းလျှောက် ထွက်ဖြစ်ကြသည်။ Laguardia လေယာဉ်ကွင်းနားက ပန်းခြံအထိ၊ နှစ်နာရီခန့်လျှောက်ကြပြီး အပြန်တွင် ရုစဘဲ့လမ်း ဘူတာတွင် အခမဲ့ယူနိုင်သည့် A.M နှင့် Metro ဆိုသည့် သတင်းစာလေးနှစ်စောင်ကိုလည်း ယူကြမြဲ။

  ဒီနေ့တော့ ခါတိုင်းယူနေကျ ဘူတာဝမှာ မရတော့၊ တဖက်ခြမ်း ခုံးကျော်တံတားလှေကားမှ သွားယူရသည်။ ကံကောင်းလို့ A.M တမျိုးသာ ရခဲ့သည်။ မျက်နှာဖုံးမှ သူမဓာတ်ပုံနှင့် သူမသတင်း ကြောင့် အကုန်မြန်ခဲ့ပြီ။

    သူမအကြောင်း စေ့ငုမိတော့ အမိမြေမှာတုန်းက သူမပါဝင်ခဲ့သော ရုပ်ရှင်ကို  အမှတ်ရသည်။ မင်းသား Kevin Costner နှင့်တွဲ၍ ရိုက်ကူးခဲ့သော The Bodyguard ဆိုသည့်ဇာတ်ကား၊ နှစ် နှစ်ဆယ်ထက်မနည်း ရှိရော့မည်။ ဆရာဦးအောင်သင်းအိမ်မှာ ကိုယ်တို့အတူ သူမ၏အနုပညာ၊ သူမဂီတတွေကို ချီးကျူးဝေဖန်ဖူးခဲ့ကြ၊ အထူးသဖြင့် အဆိုတော် Dolly Parton ရဲ့ "I Will Always Love You” သီချင်းကို သူမ ပြန်လည်သီဆိုမှု အနုပညာအကြောင်း။

   အော် … ခုတော့ … ခမျာ ကြွေလွင့်ရှာပြီ။
ရေချိုးကန်မှာ ခေါင်းနစ်လျက်တဲ့၊ အကြောင်းမသိရသေးတဲ့၊ ရင်သွေးနှင့် ကွဲကွာနေ သည့်ခင်ပွန်း၊ ပြီး … မိဘများနှင့် အောင်မြင်ကျော်ကြားမှုများ … ထားရစ်ခဲ့ရပြီ။ ကြားသူတိုင်းက နှမြောကြ၊ တသကြ၊ ကြေကွဲကြ၊ သတင်းစာမျက်နှာတွေ၊ ဖန်သားပြင်တွေ၊ နှုတ်ဖျားတွေမှာ ပဟေဠိဖြင့် လိမ်းကြံနေသော နှမြောတသမှုများ။ နောက်နေ့တွေမှာတော့ တစ တစ သတင်းရုပ်လုံး ပေါ်လာသည်။ သူမသေဆုံးရခြင်း အကြောင်းရင်းက … သည် အမေရိကကလူတွေ၊ အို … အမေရိကမှ မဟုတ်ပါဘူးလေ၊ ဟိုတလောက အင်္ဂလန်မှာလည်း နာမည်ကျော် အဆိုတော်မလေး တယောက်၊ တကယ်တော့ အောင်မြင်သူတွေ စိတ်ကျသည့်အခါတိုင်း အသုံးပြုကြလေ့ရှိသည့် ထွက်ပေါက်မှား၊ မူးယစ်ဆေးဝါးကြောင့်တဲ့။

   ဖြစ်ရလေ။ ပြည့်စုံကြွယ်ဝမှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေနှင့် အလိုရှိတိုင်း ယစ်မူးနိုင် ပါလျှက်နှင့်၊ ဘာဖြစ်လို့များ အသက်ပေးရတဲ့ မူးယစ်ဆေးကို မက်မောကြပါလိမ့်။

   မြို့လေးတမြို့က ဘုရားကျောင်းမှာ ဓမ္မတေးသီဆိုသူဘဝမှစခဲ့သည့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုဘဝကို မူးယစ်ဆေးနဲ့ ဖြိုချလိုက်တာပါလား ဝှစ်တနီဟူစတန်ရယ်။

အရွယ်ကောင်းဆဲ၊ အများအတွက်၊ လောကအတွက် တေးတွေသီကျူးလို့ အကောင်းဆုံး အချိန်မှာ … ခုတော့ ...။
ကိုယ်လည်း သို့နှယ် နှမြောမိသည်။ တ, တော့ မတသ, မိ။

မကြာမကြာ ကိုယ်နှမြောပြီး တသနေတတ်မိသူက သူမနှင့် အချိန်တည်းလို ကွယ်လွန်သွားရှာ သည့် သီလရှင်လေးတပါးကိုပါ။ "TenZin ChoeDon” တဲ့။ ဇီချွမ်ပြည်နယ်က တိဘက်မလေး။ အသက် (၁၈) နှစ်တဲ့။ သူ့အကြောင်းကို သည်ထက်ပိုမသိခဲ့။ သို့စဉ်လျက်နှင့် နှမြော တ, သ ရသည့် အကြောင်းက … သီလရှင်လေးသည် သူ့ပြည်သူတွေလွတ်မြောက်ဖို့အတွက် သူမကိုယ်ကို မီးရှို့ဆန္ဒ ပြသွားသောကြောင့်ပင်။

မြောက်ပိုင်းက ဗုဒ္ဓ သမီးငယ်လေးသည်၊ သူတပါးအသက် သတ်ဖြတ်မှုကို တားဖြစ်တော် မူသကဲ့သို့၊ မိမိအသက်ကို မိမိ သတ်ဖြတ်ခြင်းကိုလည်း အဖမြတ်စွာ လိုလားတော်မမူခြင်းကို မသိများ မသိရှာလို့လား၊ သိတော့သိမှာပါလေ … အဲဒီအဆုံးအမထက် သူ့မျိုးသူ့ဆွေ၊ သူ့ပြေ (ပြည်) သူ့မြေကို ချစ်မှုက ကဲလွန်နေရှာလို့ထင့်။

ဘဝကို စွန့်ပစ်ကြသူချင်းအတူတူ သူမရဲ့ စွန့်မှုကတော့ … ။
ကိုယ်မှတ်ခဲ့ဖူးသည်၊ ဖိနှိပ်မှု၊ ချုပ်ချယ်မှု ခံရသူတွေ လွတ်မြောက်လိုမှုဆန္ဒကို ထုတ်ဖေါ်ပုံ သုံးမျိုးရှိသည်တဲ့။
(၁)    နှုတ်မှ ထုတ်ဖေါ်ကြွေးကြော်ခြင်း၊
(၂)    အစာငတ်ခံခြင်း၊
(၃)    ကိုယ့်ကိုယ်ကို မီးရှို့ခြင်း … တဲ့။

သည်သုံးနည်းတွင် နောက်ဆုံးနည်းကိုသုံးပြီး ဆန္ဒပြလာပြီဆိုလျှင် စာနာတတ်သည့် အုပ်ချုပ် သူတွေဟာ အလျှော့ပေးကြသတဲ့၊ တချိန်က ဗီယက်နမ် မှာဆို … ။

ဒီ သီလရှင်လေး ထုတ်ဖေါ်ပြသသွားတဲ့ သူမဆန္ဒကိုရော တဘက်က မြင်မှမြင်ကြပါလေစ။ တနေ့မမြင်၊ တနေ့မြင်ကြပါစေ၊ မြင်ကြပါစေ … ။
ရှေ့နည်းတွေအသုံးမပြုဘဲ အမြင့်ဆုံး နောက်ဆုံးနည်းကို သုံးသွားတာဟာ လွတ်လပ်မှုကို ဘဝထက် တန်ဖိုးထားတဲ့သဘောလား။
ဒါဆို ... ဝှစ်တနီဟူစတန်တို့ သုံးသွားသည့် ထွက်ပေါက်မှားနှင့်အတူဟု ကိုယ်မဆိုရက်နိုင်၊ ဒါပေမယ့် ... ဟူး ... ။
မကုန်ခန်းနိုင်သေးသော ပင့်သက်ကို ကိုယ်ချလိုက်မိပြန်သည်။

အရင်းရှင်ဖြစ်ဖြစ်၊ ကွန်မြူနစ်ဖြစ်ဖြစ် နယ်ချဲ့စိတ်ဝင်လာရင် ဘယ်လောက် တိုင်းပြည်ကြီး ကျယ်ကျယ်၊ သူတို့လောကအတွက်တော့ ကျဉ်းနေကြဦး မှာပါပဲလေ။

သို့ ... အခိုက် "လူတကိုယ်တွင် မြေမည်မျှလိုသနည်း" ဆိုသည့် ဝတ္တုလေးကို အမှတ်ရ လိုက်သည်။ လီယိုတော်စတွိုင်းကြီး ရေးခဲ့ မှတ်ထင့်။ မြေဧကတွေ ကြိုက်သလောက် ကန့်၍ ယူစေဆို၍ မဆည်နိုင်၊ မတန့်နိုင် မြေကွက်တွေ သတ်မှတ်သူတဦးအကြောင်း။ နောက်ဆုံးတွင် ခြောက်ပေ တကွက်မျှသာလိုကြောင်း သဘောပေါက်သွားသူ။

နောက်ပြီး ... စိန္တေကျော်သူဦးသြရဲ့ သြဝါဒထူးပျို့လာ "ရယ်သူသုံးမျိုး" ထဲမှ တမျိုး။
"ငါ ရေမြေ့သနင်း၊ ပြည့်ရှင်မင်း" လို့ ကြုံးဝါးမာန်ထောင်တဲ့အခါ မြေကြီးက ရယ်သတဲ့။
အင်း ... ဒီ သီလရှင်လေးအတွက်တော့ မြေကြီး ငိုနေမယ် ထင်ပါရဲ့ ... ။   


ကံထွန်းသစ်
06. 01. 2013
4:10 A.M

Friday, February 15, 2013

ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်..

 ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်..
အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ 
ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘ၀(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက သေးများသေးသွားမလားတောင် မသိပါဘူးနော်။ ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့ အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။

အရင်ဆုံး ပြောပြချင်တာကတော့ ဝေသာလီရဲ့ အလှဧကရီ အမ္ဗပါလီရဲ့ အကြောင်းလေးပါပဲ။ ဘ၀တစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။ တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့ နေရာကို အရိယာဘိက္ခူနီမတစ်ယောက် တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်.. ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ ဆိုတဲ့ စကားလေးတစ်ခွန်းပါ။  
ဒီစကားလေးပြောလိုက်တာက (၉)လုံးထဲပါပဲ။ ဒါပေမယ့် ပြန်ပြီးပေးဆပ်လိုက်ရတာကတော့ ဘ၀ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင်ပြင်မှာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူအောင် လှပချောမောပေမယ့်.. အရိယာကို စော်ကားမိတဲ့ စကားလေး(၉)လုံးကြောင့် ဖြစ်လေရာဘ၀အများစုဟာ ပြည့်တန်ဆာမဘ၀နဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတာပါ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘ၀ထိပါပဲနော်။ ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့ နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။

နောက်တစ်ဦးကတော့ ကဿဖဘုရားရှင်လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့ အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့ တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန် ခေါ်ပါတယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။ အပြစ်လည်း မဖြစ်ပါဘူး။ 
ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်.. ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ လိုက်နာလို့ ငါ့အတွက် ဘာတွေများ အကျိုးရှိလာမှာတဲ့လဲ.. မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်းပါနော်။ သူ့နှုတ်ထွက်စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း သူမသိလိုက်ပါဘူး။ အဲ့ဒီ့ ဘုရား၊ ရဟန္တာကို ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ လယ်သမားပြိတ္တာဘ၀နဲ့ ဘုရားရှင်နှစ်ဆူပွင့်တော်မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။ ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ ကမ္ဘာပေါင်း မရေတွက်နိုင်လောက်အောင် ပေးဆပ်သွားရတာပါနော်။ သတိထားသံဝေဂယူစရာလေးပါပဲ။

နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့ ပစ္စေကဗုဒ္ဓပွင့်တော်မူတုန်းက အချိန်အခါပါ။ ပစ္စေကဗုဒ္ဓဆွမ်းခံကြွလာတဲ့ ရွာတစ်ရွာမှာ ဥစ္စာပစ္စည်းချမ်းသာ ကြွယ်ဝတဲ့ သဌေးသား တစ်ဦးရှိပါတယ်။ တစ်နေ့မှာ သဌေးသားဟာ ၀တ်ကောင်းစားလှတွေဝတ်ပြီး ရွာထဲ ထွက်လာခဲ့ပါတယ်။ ရွာသူရွာသားများက သူ့လိုလှပပြီး ၀တ်ကောင်းစားလှဝတ်ထားတဲ့ သူကိုမကြည့်ပဲ အ၀တ်အစားဟောင်းနွမ်းဆွေးမြေ့ပြီး အရှက်လုံရုံလွှမ်းခြုံထားတဲ့ ပစ္စေကဗုဒ္ဓရဲ့ အေးဆေးတည်ကြည်နေပုံကို ကြည့်ပြီး ကြည်ညိုနေကြပါတယ်။ 
ဒီအချိန်မှာ သူပြောလိုက်တဲ့ စကားတစ်ခွန်းကတော့.. တောက်.. တော်တော်ခက်တဲ့လူတွေပဲ.. ဘယ့်နှယ့်.. ငါ့လို ၀တ်ကောင်းစားလှ ၀တ်ဆင်ထားတဲ့ သူကိုကျတော့ မကြည့်ပဲ ကူဋ္ဌနူနာ သူတောင်းစားတစ်ယောက်လို စုတ်စုတ်ပြတ်ပြတ် ၀တ်ဆင်ထားတဲ့ သူကိုမှ အာသာငမ်းငမ်း ကြည့်နေလိုက်တာဗျာ ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ 
အရိယာကို စော်ကားမိတဲ့ အဲ့စကားတစ်ခွန်းကပဲ သေလွန်တဲ့ အခါမှာ အ၀ီစိထိ ကျသွားစေပြီး အ၀ီစိမှ ကျွတ်လွတ်တဲ့ အခါမှာ ဘ၀ဆက်တိုင်း ကုဋ္ဌနူနာသည် သူတောင်းစားဘ၀ချည်းဖြစ်ခဲ့ ဖြတ်သန်းခဲ့ရပြီး ဂေါတမဘုရားရှင် လက်ထက်ရောက်မှ ကျွတ်လွတ်ခဲ့ရပါတယ်။ ၀စီကံများ ကြောက်မက်ဖွယ်ကောင်းလှပါဘိ။

အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးမှာ အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့ အကုသိုလ်တွေ ၀င်လာရတာဟာ ဒီမစောင့်စီးမိတဲ့ နှုတ်ကြောင့်ပါနော်။ လယ်သမားရဲ့ဘ၀ဇတ်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့ စကားကို ပြောမိလို့ပါပဲ။
 နောက်ဆုံး သဌေးသားကတော့ သူများအပြစ်ကို မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့ အတွက်ပါ။ ဒီအကြောင်းအရာတွေ အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေ အများဆုံး ဖြစ်ရတာပါ။ ကိုယ်ပြောလိုက်တဲ့သူဟာ အရိယာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ အရိယာဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားပါဘူးနော်။ အရေးကြီးဆုံးကတော့ သူ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အနေနဲ့ ၀စီကံနဲ့ မပြစ်မှား မပြောဆိုမိဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆိုရင် မပြောခင်စဉ်းစားပါ.. ပြောနေတုန်းမှာလည်း စဉ်းစားပါ.. ပြောပြီးရင်လည်း စဉ်းစားပါ ဆိုတဲ့ အချက်သုံးချက်နဲ့ မှန်မမှန် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့ စကား(၆)ခွန်းထဲက (၂)ခွန်းကိုပဲ ပြောဆိုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲ့ဒါတွေကတော့  
(၁) ဟုတ်တယ်.. မှန်တယ် အကျိုးရှိတယ်.. သူတစ်ပါးနာလိုတယ်၊ 
 (၂) ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်.. သူတစ်ပါးမနာလိုဘူး (ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြည့်ပြော) ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အဓိကဆုံးမထားတာကတော့ ဟုတ်တိုင်းလည်း မပြောနဲ့ မှန်တိုင်းလည်း မပြောနဲ့ မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲနော်။ 
 ဓမ္မမိတ်ဆွေ အပေါင်းလည်း.. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ လောဘသံတွေ ဒေါသသံတွေ မောဟသံတွေ မပါအောင် ပြောနိုင်ကြပါစေလို့ အဓိက ပြောကြားလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ်ချောင်းကို မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့ ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့.. ကိုယ့်ကို နှောက်ယှက်လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးမများအဖြစ် ပြောင်းလဲနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ..။