Saturday, June 7, 2014

အမျှော် အကြောက် ပြဿနာ


အမျှော် အကြောက် ပြဿနာ

ယခုခေတ်တွင် ဗုဒ္ဓဘာသာဝင်တိုင်းနီးပါး ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်နေကြ၏ ။ သို့သော် တမလွန်ကျိုး ပစ္စုပ္ပန်ကျိုး ရသဓွားသူများကို သိသာများပြားစွာ မတွေ့ကြရပေ။ ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်းကို ထေရ၀ါဒနည်းကျ ဆန်းစစ်ကြည့်သင့်သည်။

ရတနာသုံးပါးနှင့် စပ်သော ဒါနတစ်ခုက ချက်ချင်းအကျိုးပေးရန် ခေတ္တ နှင့် အဇ္ဈာသယ ဟူသော အဂါင်္နှစ်ချက်နှင့် ပြည့်စုံရန် လို၏။ ခေတ္တ ဟူသည် ဘုရား ၊ တရား ၊ သံဃာဟူသော ရတနာ သုံးပါး ထင်ရှားရှိနေခြင်းဖြစ်၏။ အဇ္ဈာသယ ဟူသည် ဘယ ( အကြောက် ) ၊ လာဘ ( အမျှော် ) ၊ ကုလာစာရ ( မိရိုးဖလာ) ဟူသော အချက်တို့မှ ကင်းလွတ်၍ ဖြူစင်သန့်ရှင်းသော သဒ္ဓါတရားနှင့် ပြည့်စုံခြင်းပင် ဖြစ်၏။ ဟူသော အဂါင်္နှစ်ချက်နှင့် ပြည့်စုံရန် လိုအပ်၏။

ဘုရားရှင်၏ အဆုံးအမ သာသနာကြီး ထင်ရှားရှိနေခြင်းကြောင့် မြတ်စွာဘုရား ထင်ရှား ရှိနေသည်နှင့် အတူတူပင် ဖြစ်၏။ တရားနှင့် သံဃာကိုကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ ထို့ကြောင့် ခေတ္တဟူသော အဂါင်္ဘက်မှ ချို့ယွင်းခြင်း မရှိပေ။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပါလျက် သိသာထင်ရှားသော ကောင်းကျိုးကို မရကြသည်မှာ အဇ္ဈာသယ ဟူသော ဒုတိယ အဂါင်္ပျက်ကွက်သောကြောင့်ပင် ဖြစ်၏။

ဟုတ်/မဟုတ် လက်တွေ့ဆန်းစစ်ကြပါစို့။

ဘုရားဆွမ်းတော်ကပ်သူ အများစုသည် မိဘမျိုးရိုးအစဉ်အဆက်လုပ်ငန်းစဉ်ဟု သဘောထားကာ ၀တ်ကျေတန်းကျေ ကပ်ကြသူများက များ၏။ ထို့ကြောင့် ဘုရားဆွမ်းတော်ပွဲကို ကြည့်လိုက်လျှင် အိမ်မြှောင်တစ်ကောင်စာလောက် ဆွမ်းပေါ်တွင် ဟင်းလေးတစ်ဖက်တင်ထားသည်ကိုသာ တွေ့ရ၏။ မိရိုးဖလာသဒ္ဓါဖြစ်၍ အားနည်းနေရသည့် ကြားထဲတွင် အမျှော်နှင့် အကြောက်က ၀င်ရောလိုက်ပြန်သောအခါ ထိုသဒ္ဓါသည် ချည့်နဲ့ပြီး နာလန်မထူနိုင်အောင် ဖြစ်သွား၏။ ထို့ကြောင့် ထက်သန်စွာ အကျိုးမပေးခြင်း ဖြစ်၏။

အမျှော်ဝင်လာပုံကား ဆွမ်းတော်ကပ်လျှင် ပေါက်ပေါက်ပွင့်ပါ ထည့်ကပ် ၊ ဒါမှ စီးပွားရေးလမ်းမကြီး ပွင့်မယ် ဟု ဂိုဏ်းဆရာများပြောလိုက်သည်နှင့် ပေါက်ပေါက်များ ထည့်ကပ်တော့၏။ မြတ်စွာဘုရား ဘုန်းပေးတာ မပေးတာ အဓိက မဟုတ် ၊ ငါတို့စီးပွားရေးတတ်ဖို့ အဓိက ဟူသော အမျှော်ဦးစီးသည့် ဒါနကုသိုလ်သည် အဘယ်မှာ အကျိုးပေး အးကောင်းပါတော့မည်နည်း။

တချို့က သစ်သီးကိုးမျိုးတင်ပါ ၊ န၀င်းကြေသည့်အတွက် လိုရာပြည့်တယ် ဟု ပြောလိုက်လျှင် ချက်ချင်းတင်၏။ မြတ်စွာဘုရားဘုန်းပေးစေချင်သော စေတနာထက် မိမိလိုရာ ဆန္ဒပြည့်ဝဖို့ အဓိကထား၏ ။ ထို့ကြောင့် သစ်သီးစိတ်များကို ၀ယ်ယူပြီး မခွဲစိပ်ဘဲ အလုံးလိုက် တင်ထားသည်။ သာမန်ရဟန်းတပါးကိုပင် အရှင်ဘုရား ဘုန်းပေးပါဟု ပြောပြီး ဖရဲသီး အလုံးလိုက်ကို ဒီတိုင်းကပ်လိုက်လျှင် သင့်တော်ပါမည်လော။ တွေးခေါ်ကြည့်စေချင်သည်။ တစ်ဖန် ထိုသစ်သီး များကို ညပိုင်းမှာပါ ကပ်ထားပြန်သည်။ မြတ်စွာဘုရားနှင့် သံဃာတော်များ အားလုံးသည် နေ့လွဲညစာ မဘုန်းပေးကြပေ။ ထို့ကြောင့် ၁၂ နာရီကျော်သည်နှင့် မည်သည့်သစ်သီး အစာကိုမျှ မတင်သင့်ပေ။ သိလျက်နှင့် ကပ်လျှင် အပြစ်ပင် ဖြစ်တတ်၏။

အကြောက်ကြောင့် ဒါန ပြုပုံ

ဗေဒင်ဆရာက သောက အပူတွေ ငြိမ်းစေရန် ဘုရားကို ရေသပ္ပါယ်ပါဟု ဟောလိုက်၏။ ပြာသိုလ မနက်အစောကြီး ဘုရားပေါ်တတ်ကာ မွေးနံမှ ဗုဒ္ဓရုပ်ပွားတော်ပေါ်သို့ အေးစက်နေသော ရေများကို အဆက်မပြတ် လောင်းချတော့၏။ ရုပ်ပွားတော်နေရာတွင် စိတ်ဆိုးသော ရဟန်း တစ်ပါးပါးသာ ဆိုလျှင် ဒီလောက်အေးနေတဲ့အချိန် င့ါကို ရေလောင်းရသလား ဟု ဆိုကာ ထရိုက်ပစ်မှာ သေချာသည်။

တကယ်လှုသင့်သည်ကား စာသင်တိုက်များ ၊ ကမ္မဋ္ဌာန်းဌာနများသို့ မိမိတတ်နိုင်သလောက် တစ်ရက်စာ ၊ နှစ်ရက်စာ စသည် သတ်မှတ်ပြီး ရေတင်ရန် စက်ဆီဖိုးအဖြစ် လှုလိုက်မည်ဆိုလျှင် အကျိုးပေးသန်သော ကာလဒါန တစ်ခု ဖြစ်သွားပေမည်။ အချို့ဗေဒင်ဆရာက မကောင်းသောဂြိုလ်မှ လွတ်ရန် ဘုရားကို သက်စေ့ မီးပူဇော်ပါ ဟု ဟောလိုက်သည်နှင့် နေ့ ၁၂ နာရီ ၁ ချက် နေပူကျဲကျဲ ဘုရားပေါ်တတ်ပြီး ဖယောင်းတိုင် ထွန်းကြပြန်သည်။ အမှန်ကား မီးပူဇော်ခြင်းမဟုတ် ၊ အလင်းရောင် ပူဇော်ခြင်းသာဖြစ်၏။

ဘုရား သို့မဟုတ် ကမ္မဋ္ဌာန်းတိုက်တွင် လျှပ်စစ်မီးဖိုးကိုသာ လှုဒါန်းသင့်သည်။ ရွှေလှုလျှင် ဖြစ်ရာဘ၀ ရွှေလိုအဆင်းလှသည်ဟူသော အမျှော်စိတ်ကြောင့် လိုအပ်သော မလိုအပ်သော ဘာမှ မစူးစမ်းတော့ဘဲ တန်ခိုးကြီး ဆင်းတုတော်များကို ၀ိုင်းဝန်းရွှေချကြ၏။ တချို့ ဘုရားပုံပျောက်ကာ ဘာမှန်းမသိ လုံးလုံးကြီးဖြစ်သွားကြသည်။ အမှန် ရွှေချဖို့ ၀တ္ထုငွေကို သီးသန့်လှုသင့်သည်။ ဂေါပကများက သေချာစွာ စာရင်းနှင့်ထားပြီး လိုအပ်သောအခါ ရွှေဆိုင်းဝယ်ပြီး ချပေးသင့်သည်။

ရုပ်ပွားတော် မည်သည့်ပုံမျိုးပေါက်နေနေ ငါနှင့်မဆိုင် ၊ ငါ ကုသိုလ်ရပြီးရော ဟူသော စိတ်မျိုးသည် ထေရ၀ါဒနည်းကျသော စိတ်မျိုးမဟုတ်ပေ။ ငါ ကောင်းစားရေးအတ္တ၀ါဒကို ဦးတည်သော တန္တရ ၊ မန္တရ စိတ်ထားမျိုးသာ ဖြစ်၏။ နိဂုံးချုပ်ဆိုရလျှင် ရတနာသုံးပါး ဟူသော ခေတ္တ ကား  ပြောဖွယ်မရှိအောင် ပြည့်စုံနေ၏။

မျိုးရိုးအစဉ်အလာ ၊ အမျှော် ၊ အကြောက် ဟူသော သုံးမျိုးကို ပယ်ဖျောက်၍ သဒ္ဓါဖြူစင်စွာဖြင့် လှုဒါန်းကြမည် ဆိုလျှင် အဇ္ဈာသယ ဟူသော အဂါင်္နှင့်လည်း ပြည့်စုံကာ ယခုဘ၀မှာပင် ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။

ကျမ်းကိုး ။     ။ မေတ္တာရှင် ရွှေပြည်သာ၏ ထေရ၀ါဒ မှတ်ကျောက်


Friday, June 6, 2014

တရားဦးကို ချဉ်းကပ်နာယူခြင်း (ဓမ္မစကြာ ၁)


တရားဦးကို ချဉ်းကပ်နာယူခြင်း (ဓမ္မစကြာ )

"သာသနာတော်မှာ ဒီလောက် အရေးပါတဲ့ တရားတော်ကြီးတစ်ခု ငယ်ရွယ်သူတို့ရဲ့ ပါးစပ်ဖျား မှာတင် လမ်းဆုံးနေတာဟာ သာသနာတော်နဲ့ ကြုံခွင့်ရနေ သူတို့ရဲ့  နစ်နာချက် တစ်ခုပါ ဘဲ"   (အရှင်သေဋ္ဌိလ နှင့် နတ်မှီတောရ ဆရာတော်ကြီ) ဒေးဒရဲမြို့က နိကာယ်သင်တန်း ဖွင့်စဉ်က ဖွင့်ပွဲနေ့မှာ ကမ္ဘာ့ဗုဒ္ဓသာသနာ ပြု ဆရာတော် အရှင် သေဋ္ဌိလ အစရှိတဲ့  အရှင်အာဒိစ္စ၀ံသရဲ့ တပည့်ကြီးများ၊ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးများ၊ တောင်တွင်းကြီး နတ်မှီ တောရ ဆရာတော်ကြီး၊ ဒေးဒရဲ ကွင်းကျောင်း ဆရာတော်(သင်တန်း တာဝန်ခံ)စတဲ့ ဆရာတော်များ ပါဝင် တဲ့ မထေရ်မြတ်တို့ရဲ့ လေးနက်တဲ့ စကားဝိုင်းတစ်ခုကိုလည်း နာယူမှတ်သားခွင့် ရလိုက်ပါတယ်။

တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက "ဓမ္မစကြာတရား ဆိုတာ မြတ်စွာ ဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်ကြီး ဖြစ်တယ်၊ သတ္တ၀ါတိုင်း အတ္တကိုယ်စီရှိနေ ကြသလို အတ္တ၀ါဒ လွှမ်းမိုးနေတဲ့ လောကကြီးထဲမှာ အနတ္တကို ဦးတည်တဲ့ ဒေသနာတော်ကို ပထမဆုံး ကြွေးကြော် ဟောကြားရတယ် ဆိုတာ အဘက်ဘက်က တိကျ ပြည့်စုံရသလို လောကရဲ့ လိုအပ်ချက် ကိုလည်း ကွက်တိအံဝင် ဖြည့်စွမ်းနိုင်ရမှာ ဖြစ်လို့ မြတ်စွာဘုရားရှင်က  ဒီတရားဦး ဒေသနာတောမှာ ဝေါဟာရအသုံးအနှုန်းကိုက ရေပက်မ၀င်လို့ ဆိုရလောက်အောင် စနစ်တကျ သုံးနှုန်း ဟောကြား တော်မူတာ တွေ့ရတယ်။

အပြော "ငါ"  နဲ့ "အရှိ" "ငါ" တို့ကို ရောထွေးမသွားစေဖို့ အတွက် ဟောသူရဲ့ နာမ်စား ကိုတောင် "မယာ" ဆိုတဲ့ ပထမ နာမ်စားကို အသုံးမပြုဘဲ "တထာဂတေန"ဆိုတဲ့ တတိယ နာမ်စား အသုံးပြုထားတာကိုက ဒီဒေသနာတော်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင် ဘယ်လောက် အလေးအနက် ထားတယ်ဆိုတာ သိသာတယ်။ ဒေသနာတော်ဟာ သိပ်ပြီး ရှည်လျားလှတာ မဟုတ်ပေမဲ့ သာသနာတော်ရဲ့ အရေးပါဆုံး ဖြစ်တဲ့ "မဇ္ဈိမပဋိပဒါ"လမ်းစဉ်၊ သစ္စာလေးပါးတို့ကို အရေအတွက် သရုပ်၊ သာဝကတို့ရဲ့ တာဝန်ပိုင်းနဲ့ ပြီးပြည့်စုံတဲ့ အခြေအနေ၊ ဖြစ်ပေါ် ရရှိလာမယ့် အကျိုးတရားများပါ  ပြည့်ပြည့်စုံစုံကြီးကို ဟောထားတာဖြစ်လို့ သြဇာဂုဏ် အပြည့်ရှိတဲ့ ဒေသနာ တော်ကြီးပဲ။ "သာသနာတော်မှာ ဒီလောက်အရေးပါတဲ့ ဒေသနာတော်ကြီးတစ်ခု ဇရပ်ပေါ်က ၀တ်အသင်းသူလေးတွေရဲ့ ပါးစပ်ဖျားမှာတင် လမ်းဆုံးနေရတာဟာ သာသနာတော်နဲ့ ကြုံတွေ့ရ သူတို့ရဲ့  နစ်နာချက်ကြီး တစ်ခုပဲ" လို့ ဆွေးနွေးတင်ပြပါတယ်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် အရှင်သေဋ္ဌိလကတော့ "လူတွေဟာ "ဓမ္မ"ကို ဓမ္မရဲ့  အကျိုးခံစားရမှု အတွက် အသုံးမပြုကြဘဲ 'ဓမ္မ' ကို လောကအကျိုးတွက် လောက်သာ ရည်မှန်ုးပြီးး အသုံးချနေကြတဲ့အတွက် ဘယ်သုတ် ဘယ်ဂါထာတွေကို ရွတ်ဖတ်ရင် ဘယ်လို လောကီ အကျိုးတွေ ရတယ်ဆိုတဲ့ နောက်ကို လိုက်နေကြလို့  အလေးအနက် လိုက်နာရမယ့် ဒေသနာ တော်ကြီးဟာ ကုသိုလ်အဖြစ်၊ စီးပွားအဖြစ်၊ အန္တရာယ်ကင်း ရွတ်ဖတ်စရာတစ်ခု အဖြစ်နဲ့ လမ်းဆုံးနေရတာ ဖြစ်ကြောင်းနဲ့ အခုမှ ဗုဒ္ဓဘာသာကို စတင်လေ့လာနေကြတဲ့  အနောက်နိုင်ငံ တွေမှာတော့ စီးပွားရေးကို စီးပွားရေးအတတ်ပညာနဲ့ ရှာဖွေကြပြီး ဓမ္မကိုလည်း ဓမ္မရဲ့ အကျိုးကျေးဇူး စွမ်းရည်သတ္တိကို သိလိုမှုအတွက် ရှာဖွေကြတာ ဖြစ်လို့ မြတ်စွာဘုရားရှင်  ပထမဆုံး ဟောထားတဲ့ 'တရားဦး'ကို အတော် စိတ်ဝင်တစား လေ့လာကြတယ်။ လက်တွေ့လည်း စမ်းသပ်လိုက်နာ ကြည့်ကြတယ်"ဆိုတဲ့အကြောင်း မိန့်ကြားဆွေးနွေး ပါတယ်။

ဒေးဒရဲ ကွင်းကျောင်းဆရာတော်က" လွယ်လွန်းတော့ ပြယ်" ဆိုသလိုပဲ ဘိုးဘွားစဉ်ဆက် ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ လေ့လာသင်ယူရတာကလည်း လွယ်၊ လိုက်နာ ကျင့်ကြံရတာကလည်း လွယ်ဆိုတော့ အလေးအနက် မထားချင်ကြဘဲ  တဖြေးဖြေး ပျက်ပြယ်လာကြတယ်။ အချိန်မရွေး နှလုံးသွင်း ဆင်ခြင်နိုင်အောင်ဆိုပြီး  အာဂုံရသင့်ရထိုက်တဲ့ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်တို့ ဓမ္မစကြာတို့ကို အာဂုံ အရကျက်မှတ် ထားခိုင်း ပြန်တော့လည်း 'ဂါထာပေး တေးဖြစ်' ဆိုသလို အန္တရာယ်ကင်းအောင်၊ လာဘ်ရွှင်အောင် ရွတ်ဖတ် စရာလို သဘာထားနေကြတယ်" ဆိုတဲ့ အကြောင်း ဆွေးနွေး တော်မူကြပြီး တရားဦး ဓမ္မစကြာနဲ့ ပတ်သက်လို့ အလေးအနက် ဆွေးနွေး တော်မူကြပါတယ်။

ဆွေးနွေးပွဲရဲ့ နိဂုံးချုပ်မှာတော့ ဆရာတော် အားလုံးကပဲ ဘုရားအကြောင်း၊ တရား အကြောင်း၊ သံဃာအကြောင်းနဲ့ ပတ်သက်လို့ အပြည့်အစုံ နားလည်လိုကြသူများအနေနဲ့ ဓမ္မစက္ကပ၀တ္တနသုတ်၊ သာမညဖလသုတ်၊ သတိပဋ္ဌာနသုတ်နဲ့ မဟာပရိနိဗ္ဗာနသုတ်တို့ကို လေ့လာသင့်ကြောင်း မိန့်ကြားကြပါတယ်။ အခု အဲဒီ ဆွေးနွေးပွဲမှာ နာယူမှတ်သားခဲ့ရတဲ့ တရားဦး ဓမ္မစကြာနဲ့ ပတ်သက်လို့ မှတ်သား မိသမျှထဲက မိမိ သဘောပေါက်သည်ကို ဖြန့်ဝေပေးလိုက်ပါတယ်။

တရားဦးကို မနာယူမီ မိဂဒါဝုန်တောဆီကနေ နောက်ကြောင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် သိဒ္ဓတ္ထ မင်းသားရဲ့ တစ်လောကလုံးအပေါ် ချိုးထားတဲ့ 'စံချိန်' သုံးခုနဲ့ 'ဘဝ အစိတ်အပိုင်း' နှစ်ခုတို့ကို တွေ့နိုင်ပါတယ်။

စံချိန်သုံးခုကတော့ ပါရမီရှင် ယောင်္ကျားမြတ်တို့ရဲ့ အရည်အချင်းပြ အမှတ် အသားများဖြစ်တဲ့ လက္ခဏာတော်ကြီး (၃၂)ပါး လက္ခဏာတော်ငယ် (၈၀)တို့နဲ့ ပြည့်စုံတဲ့ အတွက်  မြင်ရသူ လူသားများကသာမက နတ်၊ ဗြဟ္မာတို့ကတောင် ဦးညွတ်အရို အသေ ပြုချင်လောက်အောင် တင့်တယ်လှပ ကျက်သရေရှိလှတဲ့ ဥပဓိရုပ်အဆင်းနဲ့ ပြည့်စုံတဲ့ စံချိန်(ရူပပမာဏ)။

ပဋိသန္ဓေတည်နေချိန်၊ ဖွားမြင်ချိန်၊ ထိမ်းမြားလက်ထပ်ချိန်တို့မှာ ကတည်းက ၀န်းကျင်နှံ့စပ် ဘ၀ဂ်ခတ်မျှ အံ့သြဘနန်းတွေ တွေ့မြင်ကြားသိကြရပြီး ဟူးရားပညာရှင် အချို့က "မြေပြင် တစ်ဝန်းကို အုပ်စိုးနိုင်စွမ်းတဲ့ စကြာဝတေးမင်း ဖြစ်မယ်"ဆိုတဲ့ ဟောပြော ဖြားယောင်းမှုများကို အလေးမထားတဲ့အပြင် လောကီ စည်းစိမ်ကို ခံစားဖို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက်(၂၉) နှစ် အရွယ်မှာပဲ ရရှိပြီးသား ထီးနန်း စည်းစိမ်တွေရော၊ ယသော်ဓရာ အစရှိတဲ့ ဇနီးမယား အချော အလှများနှင့် သားဦး ရတနာကိုပါ စွန့်ပစ်ပြီး တောထွက်တရားရှာခဲ့တာ၊

တောထွက်ရာ ခရီးလမ်းအဖြစ် ဗိမ္ဗိသာရမင်းကြီးရဲ့ အာဏာပိုင်စိုးရာ ရာဇဂြိုဟ်ပြည်ကို ဖြတ်သန်းသွားစဉ်က အလောင်းတော်ရဲ့ ဥပဓိကို တွေ့မြင်ရတဲ့အခါ ဗိမ္ဗိသာရမင်းကြီးက မိမိအုပ်စိုးတဲ့ နယ်မြေတစ်ဝက်ကို ခွဲဝေပေးပါရစေ၊ တောမထွက်ပါနဲ့လို့ ဖိတ်ကြားတာကိုလည်း ငြင်းဆန်ခဲ့တာ၊ ဥရုဝေလတောထဲမှာ တရားအားထုတ်တဲ့ အခါမှာလည်း ဘယ်သူမှ လိုက်မမီဘဲ တအံ့တသြ ငေးမောလေးစား လောက်အောင်အထိ အလွန်ပြုနိုင်ခဲတဲ့ ဒုက္ကရစရိယအကျင့်ကို (၆)နှစ်တိုင်တိုင် ဖြည့်ကျင့်ခဲ့တဲ့ အတွက် လူရော၊ နတ်ရော သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက် ဘ၀ဂ်နှံ့မျှ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြီးမှု စံချိန်(ဃောသ ပမာဏ)

ဥရုဝေလ တောထဲမှာ ခဲယဉ်းလှတဲ့ အကျင့်အားလုံးတို့ရဲ့ အစွန်းကို ရှေ့တလှမ်းလောက် တိုးလိုက်ရင် မရဏချောက်ပဲ ကျန်တော့တဲ့အထိ ကျင့်ကြံတော်မူခဲ့တဲ့ ခေါင်းခေါင်းပါးပါး အကျင့် နိုင်ဆုံးစံချိန် (လူခ ပမာဏ) တို့ဖြစ်ပါတယ်။
ဒီစံချိန်(ပမာဏ)သုံးခုဟာ အဲဒီခေတ်က အမြင့်မြတ်ဆုံး လူသားတစ်ဦးကို တိုင်းတာ ခန့်မှန်းကြတဲ့ စံချိန် များဖြစ်ပါတယ်။ အဲဒီစံချိန် သုံးခုလုံးကို ဘုရားလောင်းတော်က ချိုးနိုင်ခဲ့တာပါ။

ဘ၀ရဲ့ အစိတ်အပိုင်း နှစ်ခုကတော့ မွေးဖွားချိန်ကစပြီး အသက်(၂၉)နျစ်အထိ ကပိလ၀တ် နန်းတော်ထဲမှာ နွေ မိုး ဆောင်း ရာသီအလိုက် စံမြန်းစရာ နန်းမသုံးဆောင်နဲ့ ယသော်ဓရာ အမှုးရှိတဲ့ မောင်းမမိဿံတို့နဲ့ လိုလေသေး မရှိ၊ ပြည့်စုံ ပေါကြွယ်လှတဲ့ ၀တ္ထုအာရုံ ကာမဂုဏ်တွေနဲ့ ခံစား ပျော်ပါးနေတဲ့ ဘ၀တစ်ပိုင်းရယ်။

အသက်(၂၉)နှစ်က (၃၅)နှစ်အထိ(၆)နှစ်တိတိ ဥရုဝေလ တောထဲမှာ အဲဒီခေတ်က 'တပ'အကျင့်ကို ကျင့်ကြံအားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲက ဘယ်ပုဂ္ဂိုလ်မှ ကျင့်နိုင်စွမ်းမရှိတဲ့ အတွက် အလွန်ကျင့်နိုင်ခဲ တယ်လို့ ဆိုတဲ့ ဒုက္ကရစရိယ အကျင့်ကို ပြင်းထန်ဆုံးနဲ့ အစွန်းအရောက်ဆုံးအထိ ကျင့်ကြံခဲ့တဲ့ ဘ၀ရယ်ပါ။

"အစွန်းအရောက်ဆုံးလို့" လို့ ဆိုရတာကတော့ တရားအားထုတ်နေတဲ့ အချိန်မှာ အစားအစာ ရှာဖွေ ချိန်ရယ်လို့ လုံးဝ သတ်မှတ်မထားဘဲ ထိုင်နေတဲ့နေရာက လက်လှမ်းမီရာ အတွင်း သစ်ရွက်သစ်သီး တစ်ခုတလေ ကြွေကျလာတာ တွေ့ရင်စား၊ မတွေ့ရင် ဘာမှမစားဘဲ စားချိန်၊ နားချိန်မရှိ အားထုတ် ခဲ့တာ။ ဒီအစွန်းကနေ ရှေ့ကို နည်းနည်းလေး ဆက်တိုးလိုက်ရင် မရဏဆိုတဲ့ ချောက်ထဲကို ကျတော့မယ့်ဆဲဆဲ တဲတဲကလေး လိုတဲ့အထိ ကျင့်ကြံတာ ဖြစ်လို့ပါ။

ဒီစံချိန်သုံးခုနဲ့ ဘ၀အစိတ်အပိုင်း နှစ်ခုတို့ဟာ တရားဦး ဓမ္မစကြာကို ဟောတဲ့အခါမှာ အရေးပါဆုံး အထောက်အကူ ပြုခဲ့သလို တရားဦးကို ချဉ်းကပ်နာယူ လေ့လာတဲ့ ပုဂ္ဂိုလ်များ အနေနဲ့လည်း ဒီအချက်များကို သိထားတဲ့အတွက် ပိုပြီး သဘောပေါက် လွယ်ကြမယ်လို့ ထင်ပါတယ်။

ဘုရားအလောင်းတော်ဟာ ပြင်းထန်လွန်ကဲတဲ့ အကျင့်တွေကို (၆) နှစ်လောက် ကြာအောင် သူများ မရောက်နိုင်တဲ့ အစွန်းအထိ အားထုတ်ကြည့်တဲအခါ ရှေ့မှာ မရဏ ချောက်ကြီးက လွဲလို့ ဘာမှ မရှိပါလားလို့ သိလိုက်တဲ့ အခါမှာတော့  ဒီကျင့်စဉ်တွေကို ကျော်ခိုင်း နောက်ဆုတ်ပြီး ခန္ဓာကိုယ်ကို မျှတထမ်းဆောင်နိုင်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ အာဟာရကို စားသုံးရပါတော့တယ်။

အဲဒီ အချိန်မှာပဲ ပြင်းထန်တဲ့ အကျင့်အပါ် မျှော်လင့်တကြီးနဲ့ ပြုစုလုပ်ကျွေး နေကြတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က ဘုရားအလောင်းတော်ကို" တရားမဖက် အစားမက်တဲ့ တရားလူထွက်(ပဓာန၀ိဗန္တ) ကြီးဖြစ်သွားပြီ၊ မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်အဖြစ် ရောက်နိုင်တဲ့  သဗ္ဗညုတ ဉာဏ်အထူးကို ရနိုင်စွမ်း မရှိလောက်တော့ဘူး"လို့ ဆုံးဖြတ်ကြပြီး ဥရုဝေလ တောကနေ (၁၈)ယူဇနာ ကွာဝေးတဲ့ မိဂဒါဝုန်တောဆီ ထွက်ခွာသွားကြတော့တယ်။

မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့ (၀ိနည်းတော် အလိုအရ လပြည့်နေ့ အရုဏ်တက်ချိန်မှ နောက်နေ့ အရုဏ်မတက်မီအတွင်းကို လပြည့်နေ့လို့ပဲခေါ်ပါတယ်၊ ဒီနေ့ သုံးစွဲနေတဲ့ ဟူးရား ကျမ်းများ အလိုတော့ လပြည့်ကျော်(၁)ရက်နေ့ နံနက်စော အရုဏ်မတက်မီ အချိန်ပါ) မှာ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီးနောက် ရက်သတ္တပတ်(၇)ပတ် သဗ္ဗညုတဉာဏ်ရတော်မူရာ ဗောဓိပင် အနီးတစ်ဝိုက်မှာပဲ ပဋိစ္စသမုပ္ပာဒ် အစရှိတဲ့ တရားများကို နှလုံးသွင်းဆင်ခြင်ခြင်း၊ ၀ိမုတ္တိသုခကို ခံစားခြင်း၊ တရားဟောပြရမယ့် ဝေနေယျတို့ရဲ့ စရိုက်အမျိုးမျိုးတို့ကို သုံးသပ် ဆင်ခြင်ခြင်းစတဲ့ ကိစ္စများကို ပြုလုပ်ရင်း သီတင်းသုံးနေတော်မူပါ တယ်။

ဝေနေယျတို့ကို တရား စတင်ဟောတော့မယ်လို့ ဆုံဖြတ်ပြီးချိန်မှာတော့ ပင်ကိုက ကိလေသာ အလွန် နည်းပါးကြတဲ့အတွက် တရားကို အမြန်ဆုံး သဘောပေါက်နိုင်စွမ်း ရှိကြတဲ့ အဠာရနဲ့ ဥဒကတို့လည်း ကွယ်လွန်သွားကြပြီ ဖြစ်လို့ မိမိအပေါ်မှာ လုပ်ကျွေးပြုစုရင်း တရားထူးကို ငံလင့်နေကြတဲ့ ပဉ္စ၀ဂ္ဂီ(၅)ဦးတို့ကိုပဲ တရားဦး စတင်ဟောကြားဖို့ ဆုံးဖြတ်လိုက် ပါတယ်။  သူတို့ကို တရားဟောဖို့ အတွက်(၁၈) ယူဇနာ ဝေးကွာတဲ့ မိဂဒါဝုန်တောကို ကြွ သွား ရမှာပါ။

ကရုဏာခြေကျင်ခရီး

မြတ်စွာဘုရားရှင်မှာ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိပြီးအချိန်မှစပြီး တန်ခိုးအဘိညာဉ် အားလုံးကို လည်း ရရှိပြီး ဖြစ်ပါတယ်။ အခု သွားရမယ့် ခရီးကလည်း (၁၈) ယူဇနာတောင် ဝေးလံတဲ့ ခရီးပါ၊ ဒီခရီးမှာ တန်ခိုးအဘိညာဉ်ကို အသုံးပြုသွားမယ်ဆိုရင် မိဂဒါဝုန်တောကို မပင်မပန်း ရောက်သွားရုံ သာမကဘူး၊ တန်ခိုးဣဒ္ဓိပါဒ်ကို အသုံးပြုပြီး 'ဘွား'ခနဲ ထင်ရှားပြ လိုက်ရင် ပဉ္စ၀ဂ္ဂီတို့လည်း ချက်ချက် ဦးညွတ် ဒူးတုတ်သွားမှာတော့ သေချာတယ်။

မြတ်စွာဘုရားရှင်က ဒီခရီးနဲ့ ပတ်သက်လို့ (ဆရာ့စကားအတိုင်း ပြောရရင်) ပွဲဦး မလန်ရအောင် အဘက်ဘက်က ပြင်ဆင် သုံးသပ်ပြီး ဆုံးဖြတ်တာ ဖြစ်တယ်။' လုပ်ဆောင်ချက်' ဆိုတာ ' ရည်ရွယ် ချက်’ကို အထာက်အကူ ပြုမှသာ အကျိုးရှိ မှန်ကန်မယ်၊ 'ရည်ရွယ်ချက်' ကို အနှောက်အယှက် ဖြစ်စေရင် တန်ခိုး ဣဒ္ဓိပါဒ် ပြခြင်းဟာလည်း မှားယွင်းတဲ့ လုပ်ဆောင်ချက် ဖြစ်သွားနိုင်တယ်။ တန်ခိုး ဣဒ္ဓိပါဒ် ဆိုတာ ပုဂ္ဂိုလ်စွမ်း ဆန်တဲ့ အတွက် ပုဂ္ဂိုလ်ကိုတာ့ အလွယ်တကူ ဒူးထောက် ကိုးကွယ်လာစေမှာ အမှန်ပါပဲ။ ပုဂ္ဂိုလ်ကို အဓိကထားပြီး ဆည်းကပ် ကိုးကွယ်သူများဟာ" တောင်းခံဖို့ဆိုတဲ့ မျှော်လင့်ချက်"သာ ထားတတ်ကြပြီး 'လိုက်နာဖို့ ဆိုတဲ့ ရည်ရွယ်ချက်' မရှိတတ်ကြဘူး (ရှိခဲ့တယ်)။ 

လောကနယ်ပယ်မှာ ကာမသုခလ္လိက ရေစုန်၊ ဓမ္မနယ်ပယ်မှာ အတ္တကိလမထ ရေစုန်ကို လိုက်နာ နေကြတဲ့ လောကကြီးအတွက် ရေဆန်ခရီး ( ပဋိသောတဂါမီ) လို ဖြစ်နေတဲ့ ဒီတရားကို တန်ခိုးဣဒ္ဓိပါဒ်ပြပြီး ဟောမယ်ဆိုရင် 'ဒီတရားမျိုးဟာ ဒီလို တန်ခိုး ဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးသာ ကျင့်ကြံသိရှိနိုင်တာ၊ သူလိုကိုယ်လို သာမန်လူတွေ ကျင့်ကြံ အားထုတ်ဖို့ မလွယ်ဘူး'လို့ ထင်မှတ်ပြီး လိုက်နာ ကြိုစားဖို့ စိတ်မသန်ဘဲ လက်ဖြန့် တောင်းခံဖို့ စိတ်သန်သွားစေ နိုင်တယ်။

မဟာကရုဏာရှင် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်က ဝေနေယျတို့ရဲ့  အကျိုးကို ရှေးရှုတဲ့ ကရုဏာတော်နဲ့ ကြည့်ရှု သုံးသပ်ပြီးတဲ့အခါ ဘယ်လို တန်ခိုး ဣဒ္ဓိပါဒ်မှ မလို၊ ပါရမီဓာတ်ခံရှိတဲ့ သူလိုကိုယ်လို ပုဂ္ဂိုလ်အားလုံး လိုက်နာ ကျင့်ကြံရင် ဒုက္ခငြိမ်းရာကို ရရောက်နိုင်တယ်လို့ သိစေလိုတဲ့အတွက် ဒီဓမ္မခရီးကို သူလိုကိုယ်လို ခြေကျင်ပဲ ကြွတော်မူပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
{မှတ်ချက်။ ဓမ္မဘေရီဆရာတော်ဘုရား ရေးသားတော်မူတဲ့ တရားဦးဆိုတဲ့ စာအုပ်ထဲက ထုတ်ဖေါ် တင်ပြတာပါ။ }

Thursday, June 5, 2014

ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ


ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ

စာရေးသူသည် မိတ်ဆွေတစ်ယောက် လာပေးသော မြတ်သတိဝါဒီ မဂ္ဂဇင်းစာအုပ်ကို လှန်ကြည့်ရင်း စာရေးဆရာ ဇော်ရန်နောင်၏ “ပျော်ဝင်မြစ်တစ်စင်း” ဆောင်းပါးကို ဖတ်မိသည်။ မေတ္တာနှင့် ပတ်သက်သော အကြောင်းဖြစ်ပါသည်။ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ အကြောင်းနှင့် ငါးရာ့ခြောက်ဆယ့်တစ်ပါး မေတ္တာ အကြောင်းတို့ကို တင်ပြထားခြင်းဖြစ်သည်။

သူ၏ ဆောင်းပါးတွင် ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာဖြစ်ပုံ အကျဉ်းချုပ်ရေတွက်ပြီး အများ သုံးနေကျ ထင်ရှားသောနည်းဖြစ်ကြောင်း တင်ပြထားသည်။ ၄င်းကောင်းအပြင် မေတ္တာဗျူဟာ အသင်း စသည်တို့ သုံးစွဲ နေသော မေတ္တာသုတ်လာ ၅၆၁-ပါး မေတ္တာပွားပုံ၌ ၅၆၁-ပါး ရေတွက်ပုံ သင်္ချာထားပုံ သင့် မသင့် မှန် မမှန် စစ်ဆေးသင့်ကြောင်း ပညာရှင်များထံ ချဉ်းကပ် မေးမြန်းသင့် ကြောင်း ခိုင်မာမှန်ကန်မှုအတွက် ကြိုးစားသင့်ကြောင်း လည်း တင်ပြထားသည်။

သင်္ချာ ကန့်သတ်ချက်

၅၂၈-သွယ် မေတ္တာ ဟူသော သင်္ချာကန့်သတ်ချက်ကို ဘုရားဟော ပါဠိတော် များ၌ တိုက်ရိုက် မတွေ့မိ။
ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌-
၁။ မရည်စူးသော ပုဂ္ဂိုလ် ၅ ဦး (သဗ္ဗေ သတ္တာ-စသည်)
၂။ ရည်စူးသော ပုဂ္ဂိုလ် ၇ ဦး (သဗ္ဗာ က္ကတ္တိယော- စသည်)
၃။ အရပ်ဆယ်မျက်နှာ မေတ္တာပို့ပုံများ ပြထားသည်။

သို့သော် ၅၂၈-ဟု သင်္ချာကန့်သတ်ချက် အတိအကျမပြ။ ထိုပဋိသမ္ဘိဒါမဂ် ပါဠိတော်နည်းကို အခြေခံ၍ “ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ”ဟု ပညာရှင် အစဉ်အဆက် ရေတွက်ပြောဆိုကြသည်။ မေတ္တာပွားကြသည်။

၅၂၈-သင်္ချာကို မည်သည့်အချိန်က စတင်သတ်မှတ်ခဲ့သည်၊ မည်သူက မည်သည့်ကျမ်း၌ စတင်သုံးစွဲခဲ့သည်- ကို အတိအကျ မပြောနိုင်သော်လည်း အရှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ် ပထမအုပ် ၃၀၄-၌ တွေ့ရသည်ကို ထောက်ဆလျက် ရှေးအဋ္ဌကထာများလက်ထက်ကပင် သတ်မှတ်ခဲ့ကြောင်း သိနိုင်သည်။

၅၆၁-ပါး သင်္ချာကိုလည်း ပရိတ်ကြီး မေတ္တာသုတ်တွင် လာသောနည်းကို အခြေခံ၍ ရေတွက်သုံးစွဲနေကြသည်။ မေတ္တာသုတ် ပါဠိတော်၌ကား သင်္ချာ အတိအကျ သတ်မှတ်ထားချက် မရှိ။

သင်္ချာသုံးစွဲပုံများ

ပါဠိကျမ်းဂန်များ၌ သင်္ချာ သုံးစွဲပုံများကို အမျိုးမျိုး တွေ့ရသည်။
၁။ အပိုအလိုမရှိ တိကျသောသင်္ချာ
(သစ္စာ ၄-ပါး၊ သတိပဋ္ဌာန် ၄-ပါး ၊ ခန္ဓာ ၅-ပါးစသည်)
၂။ သတ်မှတ်ချက်ထက်ပိုသော အနေကသင်္ချာ
(သတံ- တစ်ရာမက၊သဟဿံ- တစ်ထောင်မက စသည်)
၃။ သတ်မှတ်ချက်ထက် အနည်းအငယ် အပိုအလို ရှိသောသင်္ချာ
(ဇာတ်တော် ၅၄၇ - ဇာတ်ကို ၅၅၀- ဇာတ်တော် ဟု ခေါ်ခြင်း စသည်)
၎။ ကာလ ဒေသ ပုဂလ -စသည်ပေါ် မူတည် သော သင်္ချာ
(မေတ္တာ-အကျိုးကို အဂ်ုတ္တိုရ် ပါဠိတော် အဋ္ဌက နိပါတ်-၌ ၈မျိုး သတ်မှတ်ပုံ စသည်)

ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ

ဖော်ပြပါ သင်္ချာသုံးစွဲပုံများကို ကြည့်လျှင်-
၁။ သစ္စာ ၄-ပါး၊ ခန္ဓာ ၅-ပါး စသည်တို့ကဲ့သို့ အပိုအလို နှုတ်ပယ်ဖြည့်စွက်၍ မရသောသင်္ချာများ။
၂။ အခြေအနေအရ အလျော့အတင်း ပြုလုပ်၍ ရသောသင်္ချာများ ဟု နှစ်မျိုး နှစ်စား တွေ့နိုင်သည်။
အခြေအနေအရ သတ်မှတ်သင့်သော သာသနာ ၅၀၀၀-စသော သင်္ချာမျိုးကို မူသေသင်္ချာ ယူခြင်း ကြောင့် ဝါဒအမျိုးမျိုး ဖြစ်ပေါ်ခဲ့ဖူးသည်။ ဘုရားရှင်က သာသနာ ၅၀၀၀ အတိအကျ မသတ်မှတ်ခဲ့။ “ကောင်းစွာ ကျင့်သုံးနေသမျှ ဤလောက၌ ရဟန္တာ မဆိတ်သုဉ်း” ဟု (ဒီ-၂၊ ၁၂၅)၌ မိန့်ဆိုခဲ့သည်။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ-စသော သတ်မှတ်ချက်သည်လည်း ဘုရားရှင်၏ အလိုတော်ကျ မဟုတ်ပါ။ မင်္ဂလသုတ်ပါဠိတော်ကို မူတည်၍ အခြေအနေ အရ သတ်မှတ်ခဲ့ကြသည်။
အလျော့အတင်း ရနိုင်သည့် ၃၈-သင်္ချာကို တရားသေ ဆုပ်ကိုင်ထားခြင်း ကြောင့်ပင်- မာတာပိတု ဥပဋ္ဌာနံ၊ အာရတီ ဝိရတီ ပါပါ-တို့ ၌ ၁-ပါး ယူသော နည်း ၂-ပါး ယူသောနည်း စသည်ဖြင့် အငြင်းပွါး ရသည်။

ဘုရားရှင်က-
ဧတာဒိသာနိ ကတွာန- စသည်ဖြင့်သာ သာမန်ဟောခဲ့သည်။
ဧတာဒိသာနိ (ဤကဲ့သို့ ရှုအပ်သော အမှုများ) ဟုသာ သာမန်ဟောကြားခဲ့ သောကြောင့် ထင်ရှား သော မင်္ဂလာတရားတော် များကိုသာ ဆောင်လွယ် မှတ်သားလွယ်အောင် ဤမျှဟောကြားခဲ့သည်။ ဆောင်လွယ် မှတ်သားလွယ်အောင် ဤမျှဟောကြားခဲ့ခြင်းကိုလည်း ခုဒ္ဒက ပါဌ (သူငယ်များဖတ်စာ) ပါဠိတော်၌ သင်္ဂါယနာ တင်ထားခြင်းဖြင့် သိနိုင်သည်။ အခြားဤနှင့် အလားတူသည့် မင်္ဂလာ အမှုများလည်း ရှိနိုင်သေးသည်- ဟု ဧတာဒိသာနိ- ဟူသော စကားက ညွန်ပြနေသည်။ သက်သေခံ နေသည်။

 မှန်ပါသည်။ မဇ္ဇပါနာစ သံယမော (မူးယစ် သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း) ဟုသာ ဟောထားသော်လည်း ပါဏာတိပါတ-စသည်မှ ရှောင်ကြဉ်ခြင်း စသည်သည်လည်း မင်္ဂလာ ဖြစ်သေးသည်။ ၄င်းအပြင် ကာလေန ဓမ္မဿဝနံ (သင့်လျော်သော အခါ တရားနာခြင်း) ဟုသာ ဟောထားသော်လည်း တရားဟောခြင်း သာဓုခေါ်ခြင်း အမျှဝေခြင်း စသော ပုညကိရိယ အမှုများသည်လည်း မင်္ဂလာအမှုပင် ဖြစ်ပါသည်။

“ကြီးပွားချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာ ဟုခေါ်” (အခြေပြု မင်္ဂလသုတ်) ဆိုသည့်အတိုင်း ကြီးပွားချမ်းသာကြောင်း မှန်သမျှကို မင်္ဂလာဟု ခေါ်နိုင် သည်။ ဘုရားရှင်က- မင်္ဂလာကို သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ (ကြီး ပွားချမ်းသာကြောင်း) စံဖြင့် တိုင်းတာ သတ် မှတ်ပေးခဲ့သည်။ အဋ္ဌတိံသ ၃၈-ပါး စံဖြင့် မတိုင်းတာ မသတ်မှတ်ခဲ့ပါ။

မေတ္တာသင်္ချာ သတ်မှတ်ရာ၌လည်း ၅၂၈ (သို့မဟုတ်) ၅၆၁-ဟု ဘုရားရှင်က အတိအကျ သင်္ချာသတ်မှတ်ထားသည် မဟုတ်ပါ။ ပညာရှင်များ သတ်မှတ် ထားသလို- ၅၂၈(သို့) ၅၆၁-လည်း ဖြစ်နိုင်သည်။ ဤထက်မကလည်း ဖြစ် နိုင်သည်။

ဘုရားရှင်က မေတ္တာသုတ်၌-
အသမ္ဗာဓံ (မကျဉ်းမြောင်းသော မေတ္တာ) အပရိမာဏံ (အတိုင်းအရှည် မရှိသော ဝါ- ပမာဏ ကန့်သတ်ချက် သင်္ချာ မရှိသော မေတ္တာ) ဟု ဟောထားသည်။
(အံ-၃-၅၀၄) စသည်၌လည်း- ဝိပုလေန (ကျယ်ပြန့်သော မေတ္တာ)
အပ္ပမာဏေန (အတိုင်းအဆ ပမာဏ ကန့်သတ်ချက် မရှိသော မေတ္တာ)ဟု ဟောထားပြန်သည်။
ထိုကဲ့သို့ ဘုရားရှင်ကိုယ်တိုင် ဟောထားချက်များကို ထောက်ရှုလျှင် မေတ္တာ သင်္ချာ ၅၂၈ (သို့) ၅၆၁ ကန့်သတ်ချက်များမှာ ဘုရားရှင် အလိုတော်ကျ “အတိအကျ” မဟုတ်ကြောင်း သိသာသည်။

သင်္ချာသတ်မှတ်ရကျိုး

မင်္ဂလာ အရေအတွက် သင်္ချာ၊ မေတ္တာ အရေအတွက် သင်္ချာများကို ဗုဒ္ဓကိုယ်တော်တိုင် မသတ်မှတ် ခဲ့သော်လည်း ရှေးပညာရှင်များက မင်္ဂလာ သင်္ချာကို ၃၈၊ မေတ္တာသင်္ချာကို ၅၂၈(သို့) ၅၆၁ဟု သတ်မှတ်ခဲ့ခြင်းကြောင့် ဗဟုသုတ ဖြစ်ဖွယ်ရာ စိတ်ဝင်စားဖွယ်ရာ နည်းယူဖွယ်ရာ စသော အကျိုးများ ရရှိနိုင်ပါသည်။ ဆရာ့ဆရာ ရှေးပညာရှင်များ၏ ကျေးဇူးကား ကြီးမားပါပေစွ။

ယောနိသော မနသိကာရ

ပညာရှင်များ ကျေးဇူးကြောင့် ၃၈-ဖြာ မင်္ဂလာ ၅၂၈-သွယ်မေတ္တာ သင်္ချာများ ရေတွက်ပုံ ခွဲစိတ်ပုံ နည်းပေးလမ်းပြခဲ့ပုံများကို သိရသလို ဦနာဓိကာနိ- အယုတ်အလွန်တို့သည် န သိယုံ- မဖြစ်ကုန် ဟု ဆိုသကဲ့သို့ မင်္ဂလာကို ၃၈-ပါးထက် မပိုရ ၃၈ပါးအောက် မလျော့ရ၊ မေတ္တာကို ၅၂၈-ပါးထက် မပိုရ ၅၂၈အောက် မလျော့ရ ဟု ပညာရှင်များ မသတ်မှတ်ခဲ့သည် ကိုလည်း သတိပြုရမည်။

ဤသို့ ယောနိသော မနသိကာရဖြင့် သင့်လျော်အောင် ယူဆမှသာလျှင်- ဘုရားရှင်၏ အနန္တဥာဏ် တော်ကိုလည်းကောင်း ရှေးပညာရှင်များ၏ ကြီးမားသော စေတနာကိုလည်းကောင်း ကျေးဇူး ဆပ်ရာရောက်မည်၊ ကတညုတ ကတဝေဒီ မင်္ဂလာနှင့်လည်း ပြည့်စုံနိုင်ပေသည်။

မေတ္တာလက်ဆောင်

မေတ္တာပို့ပုံများကို “အဝေရာ ဟောန္တု” စသည်ဖြင့် လည်းကောင်း “ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ” စသည်ဖြင့်လည်းကောင်း “ဥပါဒ်ရန်ဘေး ကင်းစင် ဝေး” စသည်ဖြင့်လည်းကောင်း အမျိုးမျိုးအဖုံဖုံ မေတ္တာပို့ကြသည်။ မည်သည့် နည်းနှင့် ပို့သည်ဖြစ်စေ မေတ္တာ၏ ဦးတည်ချက်မှာ လိုရင်း နှစ်မျိုးသာဖြစ် သည်။

၁။ မကောင်းကျိုးများ မဖြစ်စေလိုခြင်း
၂။ ကောင်းကျိုးများသာ ဖြစ်စေလိုခြင်း ဟူ၍ ဤ ၂-မျိုးသာ ဖြစ်သည်။
ထိုတွင် ဘေးရန်ကင်းကြပါစေ၊ ဆင်းရဲနှင့် ငရဲကင်းကြပါစေ၊ မကောင်းသော နိမိတ်များ အမင်္ဂလာ များ ကင်းကြပါစေ ဤသို့ စသည်ဖြင့် မေတ္တာပို့ခြင်း များသည် “မကောင်းကျိုးများ မဖြစ်စေလိုခြင်း” ၏ ဦးတည်ချက်များဖြစ်သည်။

ချမ်းသာပါစေ၊ တိုးတက်ပါစေ၊ အောင်မြင်ပါစေ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြ ပါစေ၊ သွားလမ်း သာလို့ လာလမ်းဖြောင့်ကြပါစေ၊ ရောင်းပန်းဝယ်ပန်း ပွင့်လန်းကြပါစေ ဤသို့ စသည်ဖြင့် မေတ္တာပို့ခြင်းများသည် ကောင်းကျိုးများ ဖြစ်စေလိုခြင်း၏ ဦးတည်ချက်များပင်ဖြစ်သည်။ မေတ္တာ ပို့ရာတွင် ပါးစပ်က ဆိုရုံမဟုတ်ပဲ နှစ်နှစ်ကာကာ စိတ်ရောက်ဖို့က လိုရင်းဖြစ်သည်။

လွယ်ကူထိရောက်သော မေတ္တာပို့နည်း

၁။ ကျန်းမာပါစေ
၂။ ချမ်းသာပါစေ
၃။ ဘေးရန်ကင်းပါစေ
၎။ လိုရာဆန္ဒ ပြည့်ဝပါစေ
ဤ ၄-ချက်သည် ရှေးရိုးစဉ်လာ လွယ်ကူသော မေတ္တာပို့နည်းဖြစ်သည်။

ဤ ၄-ချက်ကို ပေါင်း၍ ကျန်းမာ ချမ်းသာ၊ ဘေးရန်ကွာ၍၊ လိုရာဆန္ဒ ပြည့်ဝ ပါစေဟု ချုံး၍လည်း မေတ္တာပို့နိုင်သည်။ သို့သော် တစ်ချက်ချင်းခွဲ၍ မေတ္တာ ပို့ခြင်းက ပို၍ ထိရောက်စူးရှစေသည်။ မိမိမေတ္တာပို့သလိုသော ပုဂ္ဂိုလ်တစ်ဦး ဦးကို စဉ်းစား၍ ထင်ထင်ရှားရှား ထပ်တလဲလဲ မေတ္တာပို့ပါ။
ဥပမာ- အမေကို မေတ္တာပို့လိုလျှင် အမေ့မျက်နှာပေါ်လာအောင် စဉ်းစားလိုက်ပါ အမေ့မျက်နှာ ထင်ထင်ရှားရှား ပေါ်လာသောအခါ အမေ… ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကင်းပါစေ လိုရာဆန္ဒပြည့်ဝပါစေ ဟု သုံးခါထက်မနည်း ထပ်တလဲလဲ မေတ္တာပို့ပါ။

အမေကဲ့သို့ ကျေးဇူးရှင်များ ရင်းနှီးသော ပုဂ္ဂိုလ်များ သီးခြားလိုအပ်သူများကို ဆိုခဲ့ပြီးသော နည်း အတိုင်းမေတ္တာ ပို့ကြည့်ပါ။ မကြာမီ မေတ္တာအကျိုး ခံစားရပေလိမ့်မည်။ မေတ္တာအကြောင်းကို ပညာရှင် အသီးသီးက ရှုထောင့်မျိုးစုံမှ တင်ပြဖွင့်ဆို ထားပြီးဖြစ်ပါသည်။

စာရေးသူအနေဖြင့် မေတ္တာအကြောင်း ကျယ်ကျယ်ပြန့်ပြန့် တင်ပြစရာလို မည်မထင်ပါ။ ဇော်ရန်နောင် ဆောင်းပါးကို အခြေခံ၍ မေတ္တာသင်္ချာ အကြောင်းသာ တင်ပြလိုရင်းဖြစ်ပါသည်။
ထိုကြောင့် မေတ္တာနှင့် ပတ်သတ်၍
၅၂၈- သင်္ချာမှန်သည်၊
၅၆၁- သင်္ချာမှန်သည်ဟု ငြင်းခုံခြင်းဟူသော
သင်္ချာ အရေအတွက်ပေါ်မှာ တင်နေခြင်းထက် မေတ္တာရှင်ပီသအောင် မေတ္တာထိရောက်အောင် ပို့သခြင်းက ပို၍ အရေးကြီးကြောင်း တင်ပြရင်း ဤဆောင်းပါးကို အဆုံးသတ်ပါသတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက် အင်းစိန်)
(၂၀၀၃-ခု၊ မတ်လထုတ်၊ မြစ်မခ ဓမ္မစာသဝဏ်၊ အတွဲ ၁၃ အမှတ်၉- စာစောင်မှ)


Wednesday, June 4, 2014

ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း


ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ကံသာအမိ ကံသာအဖဟုပင် သိထားကြပါသည်။ မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်းကပင် ကွဲပြား အောင် ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်ပါသည်။

ဥပမာ==လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု၏။ လူတစ်ယောက်ကား ကုသိုလ်ကို မပြု။ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ ထိုသူ နှစ်ယောက်တို့ လူ့ပဋိသန္ဓေနေကြရလျှင် ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြုသော ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။

မိခင်သည် လိမ္မာနားလည် သိရှိသူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အစစ အရာရာ သတိထား၏။ အနေအထိုင် မကြမ်းတမ်း၊ ပူလွန်း စပ်လွန်း အေးလွန်းသောအစာ ရှောင်ကြဉ်၏။ ကုသိုလ်နည်းပါးသောသူကား ဆင်းရဲသူမ၀မ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။

နားလည်ပြန်လျှင်လည်း ရှောင်ကြည်ဖွယ် ရာဟူသမျှကို ရှောင်ဖို့ရာ ဥစ္စာဓန မရှိသောကြောင့် အပူအစပ်၊ အေးလွန်းသော အစာများကိုလည်း မရှောင်နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်ရှာ၏။ အလွန်အေးသော အစာကို စားလိုက်လျှင် လောကန္တရိက် ငရဲကျသလို အေးရရှာတော့၏။

ရုတ်တရက် (ကဗျာကယာ) ထိုင်လိုက်၊ ထလိုက်လျှင်လည်း ဆွဲ၍ဆောင့်သလို ပင်ပန်းရှာ၏။ ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက် ဖွားချိန်သို့ ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်သာအောင် ဖွားမြင်၍ အပြင်ရောက်သောအခါ နုနယ်သောအထည် စသည်တို့ဖြင့် ကျကျနန ပြုစုကြသော ကြောင့် သက်သာခွင့်ရ၏။

ကုသိုလ်နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်ကလေး တိုး၍ ထွက်ရသလို အလွန်ပင်ပန်းစွာ ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသော အခါတွင်လည်း အပြုအစု ကောင်းကောင်းမရ၊ အ၀တ်ကြမ်းတို့ဖြင့် ကိုင်ယူကြသောကြောင့် အနာကို ကြက်တောင်နှ င့်ဆွသလို မချိမဆံ့ ခံရလေတော့သည်။

ဤကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံနဲ့ မပြီးသေး။ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်းကို လုံလုံလောက်လောက် ရသည့်အပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေးအတွက် ဆေးကောင်း ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက အဘိုး၊ အဘွား၊ အဒေါ် အရီး၊ ကြီးကြီး၊ ငယ်ငယ် စသည်တို့က ချော့ကြ၊ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်းသာ ခွင့်ရတော့၏။

ကုသိုလ်နည်းပါးသော သူငယ်ကား မိခင်၏ နို့ရည်ကောင်းကိုလည်းမရ။ ဆေးကောင်းဝါးကောင်း ဆရာကောင်းကို မဆိုထားနှင့်။ အဘိုး အဘွား စသည်တို့ကပင် ခင်ခင်မင်မင် မယုယလိုကြ။ မိခင်လုပ်သူမှာ ကလေးအနားက မခွာလိုပါသော်လည်း ကလေးကို အဆာပြေရုံသာ နို့တိုက် ပြီးနောက် စားရေးသောက်ရေးအတွက် ပင်ပန်းစွာ အလုပ် လုပ်ရသဖြင့် လူမမယ်ကလေးမှာ ပစ်စလက်ခတ် နေရရှာတော့သည်။

ဤကဲ့သို့ ကလေးအရွယ် လူမမယ်ဘ၀ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင်သေးခင် ရှေးကံချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားပုံကို စုံစုံလင်လင် သိထား၍ “ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သလော ” ဤလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အပြစ်မြင်၍ မနေသင့်ပေ။ ရှေးရှေးဘ၀၌ ကံပြုစဉ်ကာလ မိမိကိုယ်တိုင် အသိဉာဏ်ကင်းလျက် ညံ့ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အသိမြင်၍ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင်ဖြစ်အောင် ကြိုးစားကြဖို့ လိုအပ်ပါသည်။

ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပါဘဲ သူတစ်ပါးမျက်နှာကြီးကို မနာလိုကြပါလျှင် နောင်ဘ၀ အဆက်ဆက်၌ သာ၍သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိပါသည်။ ထို့ကြောင့် ကံကောင်းလိုလျှင် ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နိုင်ကြောင်း အထက်ဖေါ်ပြပါ အချက်ကို ကြည့်ခြင်း အားဖြင့် နားလည်သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြ ပါစေ ကုန်သတည်း။


{ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ }
ဦးသိန်းဝေ။

Tuesday, June 3, 2014

တရားသိလျှက် အကျင့်ခက်


“တရားသိလျှက် အကျင့်ခက်”

သိတော့ သိတယ် ၊ သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ မလွယ်ကူဘူးတဲ့။ သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့ သိတယ်ဆိုတဲ့ အသိက တစ်မျိုးပေါ့။ လက်တွေ့ ကျင့်သုံးပြီး သိတဲ့ အသိက တစ်မျိုး။ အဲ့ဒီ နှစ်မျိုးထဲမှာ သင်ထားလို့ သိတဲ့ အသိဟာ လက်တွေ့ ကျင့်သုံးပြီး သိတဲ့ အသိလောက် ခိုင်မှာမှု၊ ရင့်ကျက်မှု မရှိဘူးပေါ့။ဘာဖြစ်လို့ သတ္တ၀ါတွေဟာ သိရဲ့ သားနဲ့ မကျင့်နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့ အ ကြောင်းဖြစ်တဲ့ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေရဲ့ လွှမ်းမိုးမှုက အင်မတန်မှ အားကောင်းပြီးတော့ အသိဥာဏ်လေးက အားပျော့သေးသိမ်နေလို့ ပဲ ဖြစ်တယ်ပေါ့။

အကယ်၍သာ အသိဥာဏ်လေးက လွှမ်းမိုးသွားမယ်ဆိုလို့ ရှိရင် လောဘ ဒေါသ မောဟစတဲ့ ကိလေသာတွေက အင်အားပျော့ညံ့သွားပြီး အသိဥာဏ်တွေက လွှမ်းမိုးလာမယ်ဆိုလို့ ရှိရင်တော့ တရားသိလျှက် အကျင့်ခက်စရာ မရှိတော့ဘူးတဲ့။ တရားသိတဲ့အတိုင်း ကျင့်ကြံကျိုးကုတ် အားထုတ်နေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့  ဘုန်းကြီးတို့ တတွေ သတိထားဖို့ ရာက ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနဲ့ ကြုံတွေ တဲ့အခါမှာ သိအောင် သင်ကြားရမှာကတော့ နံပါတ်တစ်၊ မလွှဲမသွေ လုပ်ကြရမယ်။
မတ်စွာဘုရားကလည်း သာသနာတော်မြတ်ကြီးကို နံပါတ်တစ် ပရိယတ္တိသာသနာ ပရိယတ္တိဆိုတာ သင်ယူခြင်းလို့ အဓိပ္ပါယ်ရတယ်။ မသင်ယူဘဲ မည်သူတစ်ဦးတစ်ယောက်မှ တရားဓမ္မကို သိလာနိုင်စရာ အကြောင်းမရှိဘူး။ တရား နာတာဟာ သင်နေတဲ့သဘောပဲ။ နားက ကြားနာနေတာ သင်ယူခြင်းပဲ။ အေး သင်ယူပြီးတဲ့နောက်မှာ လက်တွေ့ ကျင့်သုံးမှုဆိုတာ နောက်ကလိုက်ရတယ်။

မြတ်စွာဘုရား အဆူဆူက ဆုံးမသြ၀ါဒပေးခဲ့တယ်။ “သဗ္ဗပါပဿ အကရဏံ” တဲ့။ ရုပ်မှာညစ်ကျု့ ၊ အကုသိုလ်မှန်သမျှ၊ မပြုလုပ်နဲ့ ။ ဒါက ဘုရားဟောတာ။ အဲ့တာကို ဘုန်းကြီးတို့ တတွေ သင်ရမယ်။

ရုပ်မှာ ညစ်ကျု့ အကုသိုလ်မှန်သမျှ ရှောင်ရမယ်ဆိုတာ ဒီလို သင်လိုက်ပြီးတဲ့နောက်မှာ ဒါက သင်တာ။ သင်လိုက်ပြီးတဲ့နောက်မှာ အကုသိုလ်ဆိုတာ မလုပ်ရဘူးဆိုတဲ့ အသိလေး ကိုယ့် သန္တာန်မှာ ရှိတယ်။ ရှိလာတဲ့အတိုင်း အကုသိုလ်ကို ရှောင်နိုင်ဖို့  မရှောင်ဘူးဆိုရင် ဒါ တရား သိလျှက် အကျင့်ခက်တာပေါ့။

ကုသိုလ်တရားတွေ မိမိသန္တာန်မှာ အပြည့်ရှိရမယ်တဲ့။ ကုသိုလ်တရားဆိုတာလည်း အဆင့်ဆင့် ရှိတယ်။ ဒါန ကုသိုလ်ရှိတယ်။ စွန့် ကျဲပေးကမ်း လှူဒါန်းခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ကုသိုလ် ဒါန ကုသိုလ်။ ကျင့်သုံးဆောက်တည်ခြင်းဖြင့် ဖြစ်ပေါ်လာတာ သီလကုသိုလ်။ မိမိစိတ်ကလေး ကောင်းတဲ့ အာရုံနဲ့  ပွားများတာ ဘာဝနာကုသိုလ်။ ရှေးဦးစွာသင်လိုက်ရမှ။ အဲ့ဒီကုသိုလ်တွေ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့အသိလေးရတာ။ အဲ့ဒီသိထားတဲ့အတိုင်း ဒါနကောင်းမှုလည်းလုပ်တယ်၊ သီလ ကောင်းမှုလည်း ဆောက်တည်တယ်၊ ဘာဝနာ ကမ္မဋ္ဌာန်းလည်း ကြိုးပမ်းအားထုတ်တယ်။ ကုသိုလ်တွေ ရအောင် ကျင့်သုံးတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်။

အကယ်၍ သိတော့သိတယ်။ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံစေရမယ်ဆိုတဲ့ အသိလေးရှိသော်လည်း ကုသိုလ်ကောင်းမှုကိုမလုပ်ဘူး မလုပ်ဘူးဆိုလို့ ရှိရင် ဒါလည်း တရားသိလျှက် အကျင့်ခက်ပဲတဲ့။

နောက်တစ်ခုက ကိုယ်စိတ်လေးကို ဖြူစင်အောင်ထားတဲ့။ စိတ်ဖြူစင်တယ်ဆိုတာက ညစ်နွမ်းတဲ့စိတ်တွေမရှိစေဘူး။ ညစ်နွမ်းတဲ့ စိတ်ဆိုတာ ဘာတုန်းဆိုရင် လောဘဆိုတဲ့ အညစ်အကြေး မောဟ ဆိုတဲ့ အညစ်အကြေး ဒေါသဆိုတဲ့ အညစ်ကြေး မာန် မာနဆိုတဲ့ အညစ်အကြေးတွေ္ပ ဣဿာဆိုတဲ့ အညစ်အကြေးတွေ  မစ္ဆရိယဆိုတဲ့ အညစ်အကြေးတွေ အဲ့ဒီတရားတွေ စိတ်ထဲမှာ ပေါ်လာပြီဆိုလို့ ရှိရင် စိတ်ဟာ ညစ်နွမ်းသွားတယ်လို့ ခေါ်တယ်။

စိတ်ဆိုတာ ညစ်နွမ်းသွားလို့  သဘာဝအားဖြင့် ပြန်ဖြူအောင် လုပ်လို့ ရတယ်။ စိတ်ဟာ ပင်ကိုယ်သဘာဝ အားဖြင့် ဖြူစင်တယ်။ စိတ်ဆိုတာ သန့် ပြန့် ဖြူစင်နေတဲ့ သဘာဝတရား။ သူက အာရုံကို သိရုံသိတာ။ တွယ်တာမှုဆိုတာလည်း မဖြစ်ဘူး။ မုန်းတီးမှုဆိုတာလည်း မဖြစ်ဘူး။ သိယုံမှ သက်သက်သိတာဆိုတော့ ဖြူစင်တယ်။

အခိုက်အတန့် ဖြစ်ပေါ်လာတဲ့ ဒေါသကြောင့် ညစ်နွမ်းသွားရတယ်။ ဒေါသ၀င်လာလို့ ရှိရင် ညစ်နွမ်းသွားရတယ်။ မာန်မာနတွေ ဣဿာတွေ မစ္ဆရိယတွေ ၀င်လာလို့ ရှိရင်လည်း ညစ်နွမ်းသွားရတယ်။ နောက်မှ ၀င်လာတဲ့ လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယဆိုတဲ့ အညစ်အကြေးတွေကို စနစ်တကျ သန့် စင် ဆေးကြော လိုက်မယ်ဆိုရင် ပင်ကိုယ်က အနေအထား အတိုင်း ပြန်ရောက်သွားတယ်။ ဒါကိုပြောတာ….ကိုယ်စိတ်လေးကို စင်ကြယ်အောင်လုပ်လို့ ဆိုတာ။

(ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၊
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်)

Monday, June 2, 2014

ရဟန်းတစ်ပါး၏ တန်ဘိုး


ရဟန်းတစ်ပါး၏ တန်ဘိုး

သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...။ “သီတဂူဆရာတော် အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့ “ရဟန်းတစ်ပါး၏ တန်ဘိုး” တရားတော်ပါ...။ အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...။ အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...


မြတ်တာ ယုတ်တာကို ဘာနဲ့ ခွဲခြား မှာလဲ ...
မျိုးရိုးနဲ့ ခွဲမှာလား ... အကျင့် သီလနဲ့ ခွဲမှာလား ...
အနာဂါမ်လူပုဂ္ဂိုလ်သည် ယနေ့မှ ရှင်/ရဟန်း ဖြစ်သော ပုထုဇဉ် ရှင်/ရဟန်း ကို ရှိခိုးသင့်/မခိုးသင့် ...

လူ့အ၀တ်အစားကို မစွန့်လွှတ်နိုင်သေးဘဲ အိမ်မှာ နေသော သောတာပန်၊ အနာဂါမ် အစရှိသော လူပုဂ္ဂိုလ်များသည် ရဟန်းဘ၀၏ ဂုဏ်ကို ဆောင်ထားသော ပုထုဇဉ် ရှင်/ရဟန်းကို ရှိခိုးရသည်။ ပုထုဇဉ် ရှင်/ရဟန်း တွင်-

- ရဟန်း ဘ၀၏ ဂုဏ်အရည်အချင်း (၂၀) နှင့်
- အသွင် (၂) ပါး ရှိသည် -
(က) ဦးခေါင်းကို ပြောင်အောင် တုံး၍ထားခြင်း။ အလှအပ ပြင်ဆင်ချယ်သနေရသော ဦးခေါင်းရှိ ဆံပင်များကို ရိတ်ထားခြင်း။
(ခ) ဖန်ရည်ဆိုးသော အ၀တ်ကို ၀တ်ထားခြင်း။ လူတို့ကဲ့သို့ နူးညံ့သော အ၀တ်ကို မ၀တ်တော့ဘဲ အထိအတွေ့ ကြမ်းတမ်းသော အ၀တ်ကို ၀တ်ထားခြင်း။

အသွင်ပြောင်းထားခြင်းကြောင့် လူ့အသွင် အပြင်နှင့် တခြားစီ ဖြစ်လာသည်။ အသွင်နှစ်ပါး ပြောင်းလဲသွားလိုက်သည်နှင့် ပူဇော်ထိုက်သူ ဖြစ်လာသည်။ ထို့ကြောင့် အနာဂါမ် ပုဂ္ဂိုလ် ဖြစ်နေစေကာမူ လူဖြစ်နေပါက ပုထုဇဉ် ရဟန်း၏ အသွင်နှစ်ပါးကို ကြည့်ပြီး ရှိခိုးရသည်။ ရှိခိုး ပူဇော်ထိုက်သော အသွင်ရှိခြင်းကြောင့် ရှိခိုးရခြင်း ဖြစ်သည်။

ရဟန်း အသွင်သို့ ပြောင်းသွားသည့် သူများသည် ဘုရား အလိုကျ အသွင်အပြင်တွင် တည်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဘုရား၏အလိုကျ အဖြစ်တွင် တည်နေသော ပုဂ္ဂိုလ်ကို ဘုရား၏အလိုကျ အဖြစ်တွင် မနေနိုင်သော ပုဂ္ဂိုလ်များက ရှိခိုး ထိုက်သည်။ ပုထုဇဉ်မျှသာ ဖြစ်သော်လည်း ရဟန္တာကြီးများနှင့် အသွင်တူသည့် အဖြစ်သို့ ရောက်နေပြီဖြစ်၍ ရှိခိုးထိုက်သည်။

ရဟန်း ဘ၀၏ ဂုဏ်အရည်အချင်းများ

ပုထုဇဉ်မျှသာ ဖြစ်သော်လည်း ရဟန္တာကြီးများနှင့် အတူ ရဟန်းထု အစည်းအဝေးသို့ ၀င်ရောက်ခွင့် ရှိသည်။ ထို့ကြောင့် ၀င်ရောက်ခွင့် မရှိသည့် အရိယာ ပုဂ္ဂိုလ်လူက ပုထုဇဉ်ရဟန်းကို ရှိခိုးထိုက်သည်။

အိမ်မှာနေသော လူများသည် အများဆုံး (၈)ပါးသီလသာ ဆောက်တည်နိုင်သည်။ ရှင်ရဟန်း ၏ သီလမှာ အကျဉ်း(၂၂၇)သွယ် ၊ အကျယ် ကုဋေ (၉၀၀၀)ကျော် ရှိသည်။ သီလနည်းသော အရိယာ ပုဂ္ဂိုလ်လူများဖြစ်၍ သီလ များသော ပုထုဇဉ်ရဟန်းများကို ရှိခိုးထိုက်သည်။

ရှင်ပြုပေးခြင်း၊ ရဟန်းခံပေးခြင်း၊ သိမ်သမုတ်ပေးခြင်းတို့မှာ ဘုရားသာသနာကို တိုးချဲ့ ခြင်း ဖြစ်သည်။ ရဟန်းတစ်ပါးတည်းမှ သာမဏေလောင်းပေါင်း မြောက်များစွာကို ရှင်သာမဏေ အဖြစ် ပြုပေး၊ဆောင်ရွက်ပေး နိုင်သည်။ ပုထုဇဉ် ရဟန်း (၄)ပါး ပေါင်းပြီး သိမ်ထဲတွင် ရှင်သာမဏေ အဖြစ်မှ ရဟန်းပြုပေးခြင့် ဘုရားသာသနာတော်ကို တိုးချဲ့ စေနိုင်သော အရည်အချင်း ရှိသည်။

ရဟန်းများ စုပေါင်းပြီး သိမ်သမုတ်ပေးနိုင်သည်။
လူဝတ်ကြောင်များက ထိုအလုပ်များကို မလုပ်နိုင်...။
ဘုရားသာသနာတော်ကို တိုးချဲ့တော်မူသော ပုဂ္ဂိုလ်များကို ဘုရားသာသနာတော်ကို ကျယ်ပြန့် အောင် မလုပ်နိုင်သော ပုဂ္ဂိုလ်များက ရှိခိုးထိုက်သည်။

ရဟန်းသည် မိမိတတ်ထားသော ပိဋကတ်တော်များကို အဆက်ဆက် သင်ပေးနိုင်စွမ်းရှိသည်။ သာသနာ့ အဆက်အနွယ်ကို သယ်ဆောင်နိုင်စွမ်း ရှိသည်။ ငယ်စဉ် အိမ်ရှေ့မင်းသားဘ၀က မိမိကို ပညာသင်ပေးခဲ့သည့် ဆရာဖြစ်သူကို ရှင်ဘုရင် ဖြစ်လာသောအခါတွင်လည်း ရှိခိုးရသကဲ့သို့ အနာဂါမ်လူသားသည် မိမိကို အနာဂါမ်ဖြစ်အောင် တရားပြ လမ်းညွှန်ပေးသော ပုထုဇဉ် ရှင်ရဟန်းကို ရှိခိုးရသည်။

ရဟန္တာ ရှင်ရဟန်းသည် ရဟန်းဘ၀ဖြင့် သာသနာ့ဘောင်တွင် အသက်ရှည်ရှည် နေထိုင်နိုင်သည်။
လူဝတ်ကြောင်သည် အိမ်မှာ တရားကျင့်ရင်း ရဟန္တာ ဖြစ်သွားပါက ဖြစ်သောနေ့တွင်ပင် ရဟန်းဘောင်သို့ ပြောင်းနိုင်ကပြောင်း၊ မပြောင်းနိုင်က ထိုနေ့တွင်ပင် ပရိနိဗ္ဗာန် ပြုရသည်။

ရဟန်းဘ၀ ရရှိခြင်း၏ ထူးခြား လေးနက် မွန်မြတ်သော အကျိုးတရားများ ကို ကောင်းစွာ သိရှိနားလည် ထားခြင်းဖြင့် သာသနာတော်နှင့် ရဟန်းတော်များကို ပိုမိုကောင်းမွန် ရိုသေစွာ စောင့်ရှောက်၊ ကြည်ညို နိုင်မည် ဖြစ်ပေသည်။

သူငယ်ချင်းများ အားလုံး ယခုထက်ပို၍ အမျိုး၊ ဘာသာ၊ သာသနာတော် အကျိုးကို ဆထက် ထမ်းပိုး တိုးတက် သယ်ပိုးနိုင်သူများ ဖြစ်နိုင်ကြပါစေဗျာ ... ။

http://sharingtofrds.blogspot.com


Sunday, June 1, 2014

အမျိုးအတွက်သွေးမအေးသူ (သို့မဟုတ်) လက်က်ပံပင်စောင့်နတ်မင်း၏ သောက


အမျိုးအတွက်သွေးမအေးသူ (သို့မဟုတ်) လက်က်ပံပင်စောင့်နတ်မင်း၏ သောက 

တစ်ခါတုန်းကပေါ့…ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်စဉ် ဘုရားအလောင်းကလည်း တစ်ခုသောကြီး စွာသော လက်ပံပင်ကြီးမှာ လက်ပံပင်စောင့်နတ်မင်းဖြစ်နေသည်။

တစ်နေ့သောအခါမှာ ဂဠန်ုငှက်ကြီးတစ်ကောင်က မိမိကိုယ်ကို ယူဇနာ၁၅၀ရှိသည့် အတ္တဘော ကြီးကို ဖန်ဆင်းပြီး ပြင်းစွာသောအားမာန်အဟုန်နှင့် သမုဒ္ဒ္ဒရာရေကိုခွဲပြီး အလံတစ်ထောင်ရှိသည့် နဂါး ကြီးကို သုတ်ချီလိုက်တယ်၊ နဂါးတို့၏အားအစွမ်းဟာ အမြီးမှာရှိတာဆိုတော့ ဂဠုန်မင်းကြီးက နဂါးကြီရဲ့အမြီးကိုပဲအမိအရဖမ်းဆီးပြီးကောင်းကင်ခရီးကနေလက်ပံပင်ကြီးရှိရာသို့နဂါးကြီးကိုတ်ချီ သွားတယ်။

နဂါးကြီးသည်ဘာမျှမတတ်နိုင်ဘဲ၊ မိမိ၏ဦးခေါင်းကြီးကို စောက်ထိုးဖြစ်လျှက်ပါသွားရကာ စားထား သမျှတွေလည်း အံကျပြီး ဂဠုန်မင်း၏ ပြုသမျှ နုရသည့် ဘ၀ကို ရောက်ရှိသွားပေသည်၊တစ်နေရာ မှာတော့နဂါးကြီးဟာ ညောင်ပင်ကြီးတစ်ပင်ကိုတွေ့မြင်ပြီး မိမိအသက်ကို လွှတ်လိုလွှတ်ငြား ရစ်ပတ်ထားလိုက်လေသည်။ ထိုညောင်ပင်ကြီးတွင် ငှက်ငယ်မတစ်ကောင်ကလည်း အသိုက်ဖွဲ့ပြီး နေလေသည်။  

ဂဠုန်ငှက်ကလည်း ညောင်ပင်ကြီး ရစ်ပတ်ထားသည့်နဂါးကို အားနဲ့ဆွဲယူလိုက်ရာ အမြစ်ပါကျွတ် လျှက်ပါလာလေသည်။ လက်ပံပင်ကြီးပေါ်ရောက်တော့ နဂါးကြီးကို ပင်စည်ထက်မှာ ပက်လက် လှန်ထားပြီး၊ ရင်ကိုခွဲကာအဆီကိုစားသောက်ပြီး၊ အသားများကိုတော့ သမုဒရာထဲကို ပစ်ချ လိုက်လေ၏၊ ယင်းအခိုက်မှာပင်ညောင်ပင်ကြီးနှင့်အတူ အသိုက်ဖွဲ့ပြီးပါလာသည့် ငှက်ငယ်မသည် ပျံထွက်သွားပြီးလက်ပံပင်ကြီး၏ဂွအဆုံ သွားနားလေသည်။ဒီအခြင်းအရာကို မြင်သည့် လက်ပံပင်စောင့်နတ်သည် ပြင်းထန်စွာ ကြောက်ကြောက်လန့်လန့် ဖြင့်ယိမ်းထိုးကာ တုန်လှုပ် လေသည်။

ထိုအခြင်းအရာကိုမြင်သည့်ဂဠုန်ငှက်မင်းသည် အံ့အားသင့်ပြီး လက်ပံပင်စောင့်နတ်မင်းကို မေးမြန်းလေ သည်။ အို…လက်ပံပင်စောင့်နတ်မင်း ”ငါသည်အလံတစ်ထောင်ရှိသည့် နဂါးကြီးကို သုတ်ချီလားပြီး သင့်ပင်စည်အပေါ်မှာ ယူဇနာ ၁၅၀ ရှိသည့် ငါ့ခန္ဓာကိုယ်ကြီးနှင့် စားသောက် နေစဉ်တွင် သင်ဘာမှမဖြစ် မတုန်လှုပ်ခဲ့ဘူး၊ ဘာမဟုတ် သည့်လက်သီးဆုပ်မျှမရှိသည့် ဒီငှက်ငယ် မလေးက သင်၏ခွဆုံမှာနားတော့မှ ကြောက်အားလန့်အား တုန်လှုပ်နေတာက ဘယ်အခြင်း အရာကို မြင်တွေ့ပြီး ဖြစ်ပါသလဲ”လို့ ဂဠုန်ငှက်ကြီးကမေးတော့ လက်ပံပင်စောင့်နတ်က ”

အို…ဂဠုန်ငှက်မင်း သင်က အသားကိုပဲစားတာ ဒီငှက်ငယ်မက အသီးတွေကိုသာ စားတာပါ။ ညောင်ပင်စေ့၊ ညောင်ချပ်စေ၊့ ညောင်ဗုဒ္ဓဟေစေ့၊ ရေသဖန်းစေ့တို့ကို စားတာ စားပြီးရင် ငါ၏ပင်စည်ထက်မှာ ကျင်ကြီးကိုစွန့်လိမ့်မယ် အဲဒီကျင်ကြီးနှင့်အတူပါလာသည့် ညောင်စေ့ ပညောင်ပင်စေ့တို့က တစ်ဆင့်ပေါက်ရောက်လာသည့် ညောင်ပင်မှန်သမျှက မည်မျှပင် ကြီးမားသည့် တောစိုးသစ်ပင်ကြီးပင်ဖြစ်ပါစေ အမြစ်များဖြင့်ရစ်ပတ်ယှက်နွယ်ပြီး နောက်ဆုံး သူမှီခိုကပ်ရပ်ပြီး ပေါက်ရောက်ခံရသည့် ကြီးကြီးငယ်ငယ် အပင်မှန်သမျှကို ၀ါးမြိုဖျက်စီ်း ပစ်လိုက်တော့တာပဲ အမျိုးအနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တော့တာပဲ၊ ဒါကြောင့် ကျွန်ုပ်သည် ကျွန်ုပ်အတွက်ရော ကျွန်ုပ်၏ မျိုးဆက်များအတွက်ပါ တွေးပြီး အနာဂတ်အရေးကိုပူပန်ကာ တုန်လှုပ်ရခြင်းဖြစ်ပါတယ်”ဟု ပြန်လည်ပြောကြားလေ၏။

ယနေ့မြန်မာနိုင်ငံ၏အခြေအနေကိုကြည့်မည်ဆိုလျှင်လည်းမြန်မာရွာ၊ တိုင်းရင်းသားရွာများသည် တဖြည်းဖြည်းပျောက်ကွယ်လာပြီး ဘာသာခြားများက အကွက်ချကာအစီစဉ်တကျ ၀ါးမျိုးလျှက် ရှိချေပြီ။ ဟိုးယခင်အချိန်တုန်းက ဗုဒ္ဓနိုင်ငံတော်တွေဖြစ်ခဲ့သော ဂန္ဓာရတိုင်းလို့ခေါ်ဆိုအပ်သည့် ပါကစ္စတန်၊ အာဖဂန်၊ ၀င်္ကဒေသလို့ခေါ်ဆိုအပ်သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေ သုဝဏ္ဏဘူမိလို့ ခေါ်ဆိုခဲ့သော ရှင်သောဏရှင်ဥတ္တရတို့ သာသနာပြုခဲ့သည့်မလေးရှား၊ အင်ဒိုနီးရှားစင်္ကာပူတို့သည် ဘာသာခြား များက ၀ါးမျိုသွားခဲ့လေပြီ။

ထိုအရပ်ထိုဒေသတွေမှာ သပိတ်ကွယ်ခဲ့လေပြီ လေးအသင်္ချေနဲ့ ကမ္ဘာတစ် သိန်းရင်းခဲ့ရသော ဗုဒ္ဓသာသာနာတော်သည် ထိုအရပ်ထိုဒေသများ၌ အရင်းကြီးသလောက် အမြတ်နည်းခဲ့ရလေပြီ။ မြတ်ဗုဒ္ဓ၏ ပဋိစ္စသမုပ္ပါဒ်တရားတော်အရ မသိ၍ သံသရာလည်ရခြင်းဖြစ်သည်။ အို၊နာ၊သေတွေ ထပ်ပြီးရနေခြင်းသည်အ၀ိဇ္ဇာကြောင့်လို့လမ်းညွှန်ပြသခဲ့ပေသည်။ သံသရာအတွက် အို၊နာ၊သေ ထပ်မလာဖို့ ကျွန်ုပ်တို့တစ်တွေသိအောင်လုပ်ဖို့အရေးကြီးသလို ပစ္စုပ္ပန်မှာလည်း အမျိုးဘာသာနိုင်ငံ ပျောက်မည့်အရေးတို့ကိုလည်း ကျွန်ုပ်တို့ သိအောင်လုပ်ဖို့ အသက်နှင့်အမျှအ ရေးကြီးပေသည်။

ကပ်ရှ်မီးယားဒေသ၌ တိုင်းရင်းသားများဖြစ်ကြသည့် ဘော်ဒို တိုင်းရင်းသားတွေသည် မိမိတို့ အမျိုးအနွယ်ကို ကာကွယ်ဖို့လက်ဖ၀ါးမှာ နှင်းဆီရုပ်များ ထိုးထားခြင်းဖြင့် ကာကွယ်ထားကြ လေသည်။ ယဉ်ကျေးမှုမတူ၊လူမျိုးမတူ၊ဘာသာမတူသူများနှင့်မည်သည့်အခါမှလက်မထပ်တော့ဘဲ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်နေကြလေပြီ။ တောင်/မြောက် ကိုးရီးယားနိုင်များသည် ဘာသာမ တူလူမျိုးမတူသူများ၏ ဆိုင်များကိုဈေးမ၀ယ်ခြင်း၊ အဆက်အဆံမပြုခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့ကြပေသည်။

ဒါဟာအမျိုးသားရေးအစွဲကြီးခြင်းမဟုတ်၊ ကိုယ့်အမျိုးကိုယ့်အနွယ်ကို စောင့်ရှောက်ခြင်းသာ ဖြစ်ပါသည်။ သက္ကတစာပေမှာဆိုရင် ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုသည်၊ နိုင်ငံတစ်ခု၏ အသက် သွေးကြောဖြစ်သည်ဟုပြဆိုထားပေ၏။ ထိုတရားနှစ်ပါးကို ဖျက်ဆီးလိုက်လျှင် (သို့) ဖျက်ဆီးခံရလျှင် နောက်ထပ်ဖျက်ဆီးစရာမရှိတော့ပေ။ ထိုတရားနှစ်ပါးကိုစောင့်ရှောက်မည်ဆိုပါက နောက်ထပ်စောင့်စရာ မလိုတော့ပေ။ ဘာသာခြားများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာသာသနာကို ဖျက်ဆီးပစ်နေကြသည်။

ဗုဒ္ဓဘာသာ ကအရှေ့အရပ်ကို အမြတ်ဆုံး ထားပေမယ့် သူတို့က အနောက်၊ ဗုဒ္ဓဘာသာက သူများအသက် မသတ်ရဆိုပေမယ့် သူတို့က လည်ပင်းလှီးပြီး သွေးစင်သောအသားကို စားရမည်။ ဗုဒ္ဓဘာသာကတစ်လင်တစ်မယားစနစ်ကိုကျင့်သုံးသော်လည်းသူတို့ကယောက်ျားတစ်ဦးအတွက်အနည်းဆုံးတရားဝင်မယားလေးယောက်ယူရမည်။

ဗုဒ္ဓဘာသာက အဖေအမေကိုရှိခိုးသော်လည်း သူတို့က သူတို့ကိုးကွယ်သည့်အရာမှလွဲ၍ မည်သူ့ကှိုမျှ ရှိမခိုးရဆိုပြီးသားသမီးနှင့် မိဘအကြားရှိသော ယဉ်ကျေးမှုတံတိုင်းများကိုလည်း ဖျက်ဆီးပစ်ကြသည်။ သို့အတွက်ကြောင့် ကိုယ့်ယဉ်ကျေးမှု၊ကိုယ့်ဘာသာသာသနာဖြင့်၊အခြေတင့် အနေမြင့်ခဲ့သော ငြိမ်းချမ်းမှုတည်ဆောက်ခဲ့ကြသောဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် လက်ပံပင် စောင့်နတ်မင်းကြီး ကဲ့သို့အနာဂတ် အရေးကိုမျှော်တွေးပြီး ပူပန်သလိုမျိုးပူပန်ရပေမည်။ လုပ်ဆောင်သင့်တာကို လုပ်ဆောင်ရပေမည်။ ယဉ်ကျေးမှုမရှိသောအရပ်၊ လူ့တန်ဖိုးလူ့ သိက္ခာမရှိရာနေရာသည် တိရိစ္ဆာန်ဘုံနှင့်ဘာမျှ ထူးခြားမည်မဟုတ်ပေ၊ ဤကဲ့သို့သော အကြောင်း အရာနှင့်ပတ်သက်ပြီး ဂဠုန်ငှက်ကြီးက အောက်ပါအ တိုင်း မှတ်ချက်ပြုပြောဆိုလေသည်။

သေကၤယ် သကႋတဗၺာနိ ရေကၡယ် နာဂတံ ဘယံ။
အနာဂတံ ဘယံ ဓီရော ဥဘော လောကေ အဝေက္ခတိ။

”ကြောင့်ကြသင့်၊ ပူပန်သင့်သည့် အရာများကို ကြောင့်ကြရမည် ပူပန်ရမည်။ အနာဂတ်တွင် ဖြစ် ပေါ်လာမည့် ဘေးအန္တရာယ်ကို ကာကွယ်ရာ၏၊ စောင့်ရှောက်ရာ၏။ အတွေးအခေါ် ဆင်ခြင် ဥာဏ်နှင့်ပြည့်စုံသောသူများသည် (အမျိုးအတွက်သွေးမအေးသောသူများသည်)  အနာဂါတ်မှာ ဖြစ်ပေါ်လာမည့်ဘေးဥပါဒ်များကို ပစ္စုပ္ပန်တွင်သာမက နောင်အနာဂတ်အတွက်ပါဆင်ခြင်ပေ၏၊ မြင်ပေ၏”ဟုမှတ်ချက်ပြုပြောဆိုကာ ငှက်ငယ်မကိုမိမိကိုယ်တိုင် မောင်းထုတ်လိုက်လေ၏။


 သို့အတွက်ကြောင့် အမျိုးဘာသာ သာသနာအတွက်သွေးအေးနေလို့ မဖြစ်တော့ဘူးဆိုသည်ကို ဂဠုန်ငှက်ကြီးပြောတဲ့”ဓီရော”ဆိုတဲ့ပုဒ်ကပြောနေပေသည်။အဆင်ခြင်ဥာဏ်၊အတွေးခေါ်ဥာဏ်အနာဂတ်ကိုကြိုမြင်သည့်ဥာဏ်နှင့်ပြည့်စုံသောသူများသည်အချိန်မနှောင်းခင်လုပ်သင့်လုပ်ထိုက်သောအချက်များကို တက်ညီလက်ညီ စုစုစည်းစည်းဖြင့် လုပ်ဆောင်သင့်ပေတော့သည်……။

(ကထိကဆရာတော်)
Yangon Buddhist University.