Saturday, December 7, 2013

ထာဝရမေတ္တာရှင်သို့ တမ်းချင်း (၃)


အမေနှင့်ဝေးရာ နိုင်ငံခြားသာသနာပြု

ဤသို့ ရန်ကုန်မြို့တွင် ပရိယတ်စာပေများ သင်ယူနေစဉ်ဝယ် နွေရာသီ ကျောင်းပိတ်ချိန်တိုင်း အမေရှိရာရွာသို့ ပြန်လာကာ အမေ့ဆန္ဒကို အမြဲ ဖြည့်ဆည်းပေးခဲ့သော အမေနှင့် သားတို့၏ ဇာတ်လမ်းသည် တစ်စခန်းရပ်ရန် အကြောင်း ဖန်လာခဲ့လေပြီ။ ထိုအချိန်တွင် အဖေသည် လူ့လောကကြီးတွင် မရှိတော့ပြီ။ မိမိသည် သာာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism) ဘွဲ့ကို ရယူပြီးနောက် တာမွေမြို့နယ် နတ်ချောင်းရပ်တွင်ရှိသော ‘မဟာ သန္တိသုခ ဗုဒ္ဓသာသနာပြု စင်တာ’ ကျောင်းမှ အဂ္ဂမဟာပဏ္ဍိတ ပီနန် ဆရာတော်ကြီး ဦပညာဝံသက ဦးစီးကာ ‘နိုင်ငံခြား သာသနာပြုသင်တန်း’ အတွက် တစ်နိုင်ငံလုံးမှ သင်တန်းသားများ ခေါ်ယူနေပါ၏။

 ဘွဲ့ရပြီးဖြစ်ခြင်း၊ အင်္ဂလိပ်စာ ကျွမ်းကျင်ခြင်း၊ အသက်မကြီးလွန်း မငယ်လွန်းခြင်းစသော သတ်မှတ်ချက်များ ပါရှိခဲ့ပါ၏။ ဝင်ခွင့် ဖြေဆိုသောအခါ တစ်နိုင်ငံလုံးမှ သင်တန်းသား ရဟန်တော် အပါး (၅ဝဝ)ကျော်မျှ လာရောက် ဖြေဆိုခဲ့ကြပြီး၊ အင်္ဂလိပ်စာ ရေးဖြေ နှုတ်ဖြေ အောင်မြင်သော သင်တန်းသား (၂ဝ)ကိုသာ လက်ရွေးစင်အဖြစ် ရွေးချယ်ကာ နိုင်ငံခြားသာသနာပြု သင်တန်းကို (၂)နှစ်မျှ တက်ရောက်စေပြီး၊ နိုင်ငံခြား တိုင်းပြည်များသို့ သာသနာပြု စေလွှတ်ရာတွင် မိမိမှာ ထိုင်ဝမ်နိုင်ငံသို့ သာသနာပြုရန် တာဝန်ကျခဲ့ပါသည်။

ထိုင်ဝမ်သို့ မကြွခင် ရွာပြန်၍ အမေကို နှုတ်ဆက်စဉ် အမေပြောခဲ့သည် ကား “သားမောင်ပဉ္စင်း နိုင်ငံခြားကို သာသနာပြု ကြွသွားရင်တော့ အမေသေ တောင်မှ ပြန်လာတွေ့ဖို့ မလွယ်တော့ဘူးနဲ့ တူပါရဲ့” တဲ့။ အမေက ဝမ်းနည်း စကား ဆိုလာခြင်း ဖြစ်ပါ၏။

အမေကို မိမိပြန်ပြောခဲ့သည်ကား “အမေပြောသည့်အတိုင်း သားဟာ နိုင်ငံခြားသာသနာပြု ကြွသွားပြီဆိုလျှင် အကယ်၍ အမေသေခဲ့လျှင်သော်မှ ပြန်လာတွေ့ဖို့ရန် လွယ်ကူမှာ မဟုတ်ဘူးဆိုတာ အမှန်ပါဘဲလေ။ သို့သော် လည်း စောစောက အမေတွေးသလို မတွေးပါနဲ့။ အဲလိုမျိုး တွေးခဲ့မည် ဆိုလျှင် သားကိုစွဲလန်းမှု ဆိုတဲ့ လောဘတဏှာစိတ် အမေ့ သန္တာန်မှာ ဖြစ်ပေါ် နေတတ်ပါတယ်။

တကယ့်တစ်ကယ် တွေးရမှာက အမေသေခါနီးလို့ သားကို သတိရခဲ့လျှင် ‘သြော် ငါ့သားဟာ ဘုရားသားတော် သာသနာ့ဝန်ထမ်း ရှင် ရဟန်း ဖြစ်သည့်အတွက် သာသနာအတွက် လောကအတွက် အများအတွက် သာသနာပြုနေပါလား’လို့ သတိရ အောက်မေ့လိုက်ပါ။ အဲဒီလို သတိရလိုက် လျှင် အမေ တစ်ယောက်အနေနှင့် သားကို သတိရနေခြင်း ဖြစ်သော်လည်း သားအပေါ် စွဲလန်းတဲ့ လောဘတဏှာ မဖြစ်တော့ဘဲ၊ သာသနာပြုရဟန်းတော် တစ်ပါးအပေါ် သဒ္ဓါကြည်ညိုစိတ် ဖြစ်ပေါ်လာပါ လိမ့်မယ်။ ထို့ကြောင့် အမေ သေခါနီးမှာ သားပြန်မလာနိုင်ပေမဲ့လည်း အမေက သားရဟန်းကို သတိရနေ ခြင်းအတွက် အမေ့သန္တာန်မှာ ကုသိုလ်ကောင်းမှုစိတ်များ ဖြစ်ပေါ်လာပြီး၊ အမေ ကောင်းရာ သုဂတိဘုံဘဝ ရောက်စေရန် အဲဒီကောင်းမှု ကုသိုလ်စိတ်တွေက အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်”ဟု အမေကို တရားနှလုံးသွင်းတတ်ရန် သင်ကြား ညွှန်ပြပေးခဲ့ပါသည်။

အမေ့အလွမ်းပြေ ရွာတစ်ခေါက်

ဤသို့ဖြင့် မိမိသည် ထိုင်ဝမ်ကို သာသနာပြုကြွလာခဲ့ပြီး (၃)နှစ်ကြာ သောအခါ ရွာတွင် လမ်းကူးတံတား ဆောက်လုပ် လှူဒါန်းခြင်းအတွက် ပန္နက်ချ အခမ်းအနား ပြုလုပ်ရန်နှင့် သားရဟန်းကို မတွေ့တာကြာ၍ တွေ့ချင်လှသော မိခင်ကြီး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် အမိမြေသို့ တစ်ခါ ပြန်ခဲ့ရပါ၏။ ထိုင်ဝမ်နိုင်ငံသား ဧည့်သည်(၁၅)ယောက်တို့ကလည်း မြန်မာနိုင်ငံတွင် သံဃာ (၅ဝဝဝ) ဆွမ်းဆပ်ကပ် လှူဒါန်းလိုကြခြင်း၊ ဘုရားဖူးလိုခြင်းကြောင့် မိမိနှင့် အတူ လိုက်ပါလာခဲ့ကြ၏။ ထိုထိုင်ဝမ် ဧည့်သည်များ ကိစ္စကို ပြီးစီးအောင် ကူညီ လုပ်ဆောင်ပြီးမှသာလျှင် အမေရှိရာရွာသို့ ပြန်လာနိုင်ပါ၏။

 ထို့ကြောင့် ရွာတွင် အမေက ကြာကြာလေး နေစေချင်သော်လည်း ကြာကြာမနေနိုင်ခဲ့ပါ။ တစ်ပါတ် မျှသာနေကာ ပြန်လာခဲ့ရပါ၏။ အရင်လို မအားလပ်တော့ပြီ ဖြစ်သော သားရဟန်းကို အမေ ခွင့်လွှတ် နားလည်ပါလိမ့်မည်။ (၂ဝဝ၇)ခုနှစ်တွင် မိမိ ဦးဆောင်ကာ ဆောက်လုပ်လှူဒါန်းခဲ့သော ရွာအဝင် လမ်းကူးတံတားမှာ ပြီးဆုံးခဲ့ပါ၏။ တံတားဖွင့်ပွဲတွင် ပြန်လာလိုသော်လည်း အခွင့်မသာတော့ပြီ။ သို့သော် မိခင်ကြီး၏ အလိုဆန္ဒအရ တံတားထိပ်တွင် အများသူငါ နားနေ အပန်းဖြေနိုင်ရန်အတွက် ဇရပ်နှင့် ရေချမ်းစင်တို့ကိုလည်း ဆက်လက် လှူဒါန်း ပေးခဲ့ပါ၏။ ယခင်ကလို သားရဟန်း ရွာကို မကြာမကြာ ပြန်မလာနိုင် သော်လည်း သားရဟန်းကို အကြောင်းပြု၍ အမေပြုလုပ်ဖြစ်သော တံတား ဇရပ် ရေချမ်းစင် အလှူတို့ပင် မဟုတ်ပါလော။ မိမိနိုင်ငံခြား သာသနာပြု(၈)နှစ် အတွင်း မိခင်ကြီးနှင့် သားရဟန်းတို့ ပြန်တွေ့ကြရသည်မှာ ထိုတစ်ကြိမ်မျှသာ ဖြစ်ပါသည်။

ကျေးဇူးမြင်းမိုရ် ကွယ်ပျောက်သောနေ့

ထိုင်ဝမ်တွင် သာသနာပြုကာ နေလာခဲ့သည်မှာ (၈)နှစ်ကြာခဲ့လေပြီ။ တစ်နေ့သောအခါ မိမိနေ့ဆွမ်း ဘုဉ်းပေးနေစဉ် မြန်မာနိုင်ငံမှ တယ်လီဖုန်းဖြင့် “အမေ မကျန်းမမာ ဖြစ်၍ ဆေးရုံ တင်ထားရသည်”ဟု အကြောင်းကြား လာခဲ့ပါ၏။ ဆွမ်းစားပြီးသောအခါ မည်သို့ စီစဉ်ရလျှင် ကောင်းမလဲဟု အထပ်ထပ် အခါခါ စဉ်စား ရပါတော့၏။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်ဝယ် ဤနိုင်ငံတွင် နေထိုင်ခွင့်ဖြစ်သော P.R.ကဒ်သည် သတ်တမ်းတိုးရန် တစ်ပါတ် သာ ကျန်တော့သည့် အချိန်ဖြစ်ပါ၏။ အကယ်၍သာ ထိုအချိန် မြန်မာနိုင်ငံသို့ ပြန်မည်ဆိုလျှင် တစ်ပါတ်အတွင်း ထိုင်ဝမ်သို့ အရောက်ပြန်လာရပေလိမ့်မည်။ သို့မဟုတ်ပါက ထိုင်ဝမ်သို့ မည်သည့်အခါမျှ ပြန်လာ၍ ရတော့မည် မဟုတ်ပါ။ မည်သို့ပင် ဖြစ်စေတော့။ မိခင်ကြီး၏ နောက်ဆုံး အချိန်ဖြစ်၍ မိမိ အရောက်ပြန်မည်ဟု ဆုံးဖြတ်ကာ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေစဉ် ညနေပိုင်းသို့ ရောက်သောအခါ ထပ်မံ တယ်လီဖုန်း ဆက်လာသည်ကား “အမေဆုံးပြီ” တဲ့လေ။

မိမိနိုင်ငံခြား မကြွလာခင်က အမေကြိုတင် ပြောခဲ့သလိုပင် အမေ၏ နောက်ဆုံးခရီးတွင် အမေ့အနားကို သားရဟန်း အရောက်မလာနိုင်ခဲ့ပြန်ပြီ။ သို့သော် တစ်ခုတော့ ဖြေသာပါသေး၏။ တယ်လီဖုန်းဖြင့် ‘ဝိပဿနာ ဘာဝနာ ကို ဆင်ခြင်ပွါးများ နှလုံးသွင်းရန်’ မကြာမကြာ သတိပေးခဲ့မိတာ၊ ‘အကယ်၍ သေခါနီး သားကို သတိရလျှင်သော်မှ သားဟူသောအသိ စွဲလမ်းမှု တဏှာကို ဖယ်ရှားပြီး၊ သာသနာပြု ရဟန်းတော်ဟူသော သတိတရားလေးကို လက်ကိုင် ထား၍ ဘာဝနာညာဏ်များ ဖြစ်ပွါးအောင် အထပ်ထပ် ဆင်ခြင်ပါ’ဟု အမြဲသတိပေးခဲ့လေတော့ မိခင်ကြီးသည် မိမိအမြဲသတိပေးသလို ဆင်ခြင် နှလုံးသွင်းမည်မှာ ဧကန်ပင်။ သို့ဆိုလျှင် မိခင်ကြီး၏ လားရာသည်လည်း ကောင်းမွန်ရာ  သုဂတိဘုံဘဝသို့သာဟု သားရဟန်း ယုံကြည်နေပါသည်။

အမေ မသေ

“အမေ ဆုံးတယ်” တဲ့၊
တယ်လီဖုန်းသံလာတော့၊ ကပျာကယာ စာသင်ရပ်ပါလို့၊
အလောင်းစင် မိခင်မြတ်ဆီသို့၊ ဦးညွတ်လို့ ရောက်ခဲ့ပါ။
မကြာသေးခင်က၊ သူ့မြေးတွေ ကိုယ်တိုင်ချီလျက်
ကော်ဖီကို ဖျော်ကာတိုက်စဉ်မှ၊ မူးမေ့ကာ အမေလဲသည်ဟု
ကြေကွဲဖွယ် သည်စကားကိုလ၊
ဖခင်အို မျက်ရည်များရယ်နဲ့၊ ပြောကြားခဲ့ရာ။
ရွာပြန်လျှင် အမေကြိုလို့၊ စားလိုရာ အမေကျွေးပါတဲ့
အေးမြတဲ့ မိမျက်နှာ၊ ခုခါတော့ ပျောက်ဆုံး။
သို့လည်းလေ၊ မေ့သား သည်လိုဖြေမပေါ့
သည်ရပ်မြေ မြန်ဒေသဆီက၊ မိခင်တွေ ဟူသမျှကိုလ
မွေးမိခင် ထင်ကာမှတ်မယ်ပေါ့
မြန်မာ့ ဤရေမြေ၌၊ အမေ မသေသေးချေဟု
သားလူပေ စိတ်ဖြေတွေးလို့ရယ်၊ ဆွေးရိပ်ကိုဖုံး။ ။ ( တင်မိုး)

အမေဆုံးပြီဆိုသော သတင်းကြားကြားချင်း ရဟန်းတစ်ပါးဖြစ်၍ မျက်ရည် မကျမိသော်လည်း “သြော် လောကထဲမှာ မိမိက ပြုလုပ်ပေးစရာ၊ ကျေးဇူးဆပ် စရာ အမေအဖေတို့ တစ်ယောက်မှ မရှိတော့ပါလား”ဟူသော အသိက အဘယ်အရာနှင့်မျှ အစားထိုး၍ မရနိုင်တော့လောက်အောင် အဆုံးကြီး ဆုံးရှုံး ခဲ့ရလေပြီတည်း။ ရင်ထဲတွင်လည်း တစ်ခုခု လိုနေသလို ဟာလာဟင်းလင်း။ မိမိသည် ရဟန်းတစ်ပါးဖြစ်၍ ရဟန်းလိုတွေးမိကာ အမေ မရှိတော့မှဖြင့် မိမိသည်လည်း ပြန်ရန် မလိုတော့ပြီတည်း။

အမေကား ဆုံးသွားခဲ့လေပြီ။ ကျန်ရှိသည့် သဂြိုဟ်ရန်ကိစ္စကိုမူ အစ်မ ညီမများကို အဝေးကနေ တယ်လီဖုန်း ဖြင့်သာ စီစဉ်ပေးကာ ကုန်ကျစရိတ် အားလုံးကို မိမိကပင် မိခင်ကြီး၏ နောက်ဆုံး ခရီးအတွက် လှူဒါန်းခဲ့ပါသည်။ မိခင်ရော ဖခင်ပါ လောကထဲတွင် မရှိကြတော့၍ လူတို့ထုံးစံ အမွေခွဲဝေခြင်း ကိုလည်း အဝေးကနေပင် ဖုံးဖြင့် ဆက်သွယ်ကာ စီစဉ်ပေးခဲ့ရပါ၏။ ပစ္စည်းဥစ္စာ အမွေ အတွက်ကြောင့် မိသားစုအာလုံး စိတ်ဝမ်း မကွဲကြစေရန် “ပစ္စည်းဥစ္စာ သည် လူ့ဘဝမှာ အရေးကြီးဆုံး ဖြစ်သော အဓိကအရာမဟုတ်။ သာမညသာ ဖြစ်ကြောင်း၊ မိသားစု ချစ်ခြင်း မေတ္တာသည်သာ လူ့ဘဝမှာ အရေးကြီးဆုံး ဖြစ်သော အဓိကအရာဖြစ်ကြောင်း၊ ပစ္စည်းဥစ္စာဟူသည်မှာ သုံးစရာသာဖြစ်၍ မိသားစုမေတ္တာသည်သာ ချစ်စရာ ဖြစ်ကြောင်း၊ သို့သော် ယခုခေတ်လူတို့လို သုံးစရာကို ချစ်နေကြပြီး၊ ချစ်စရာကို အသုံးပြုမိတာမျိုး မဖြစ်စေရန် လိုအပ် ပါကြောင်း” တရားပြကာ ဆုံးမခဲ့ရပါ၏။ မိမိက ရဟန်းဖြစ်၍ မိဘ၏ အမွေ ပစ္စည်းကို လက်ခံခြင်း မပြုခဲ့ပေ။ အစ်မညီမတို့ကိုသာ အညီအမျှ ခွဲဝေကာ ယူစေခဲ့ပါသည်။

ထို့ပြင် ရွာဦးကျောင်း၌ ပြန်လည်ပြုပြင် တည်ဆောက်နေသော ဓမ္မာရုံတွင် ဘုရားခန်းနှင့် ဘုရားရုပ်ပွါးတော်၊ ပဉ္စဝဂ္ဂီ(၅)ပါးရုပ်ပွါးတော် စသည်တို့အတွက် မိမိက ဦးစီးမတည်ကာ အစ်မညီမများကို တစ်ဦးလျှင် တစ်သိန်းစီ ထည့်ဝင်စေ လျှက် လူ့လောကဝယ် မရှိတော့ပြီဖြစ်သော မိဘများအတွက် ရည်မှန်း၍ ကုသိုလ်ပြု လှူဒါန်းကာ အမျှပေးဝေခဲ့ကြပါ၏။ အကယ်၍ သားသမီးများကို သံယောဇဉ် တွယ်မိ၍ အမေအဖေတို့သည် မကျွတ်မလွတ်ကြသေးလျှင် ကျွတ်လွတ်ကာ ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်း ဆုမွန်ကောင်း လည်း တောင်းပေးခဲ့ကြပါသည်။

အမေ့အတွက် ကျေးဇူးဆပ်

မိဘ မရှိတော့သော ရပ်ရွာသို့ ခြေဦး မလှည့်လိုတော့၍ မိမိမြန်မာပြည်ကို မပြန်ခဲ့သည်မှာ (၆)နှစ် ကျော်ခဲ့ပေပြီ။ ယခုမူ မိခင်ကြီး ရှိစဉ်က လှူဒါန်း ဆောက်လုပ်ခဲ့သော တံတားသည် (၂ဝ၁၂)ခုနှစ် မုန်တိုင်းဝင်စဉ်က ရေတိုက် စားသွား၍ ယခုအခါ သုံးမရတော့ဟု သတင်းကြားသောအခါ “သြော်.. ရွာသူ ရွာသားများ၏ ကံအကျိုးပေးကား နည်းလှသည်။ မိမိပင် ကယ်မ၍ မရနိုင်တော့ လေပြီ”ဟု နှလုံးသွင်းကာ အကူအညီ မပေးတော့ရန် ဆုံးဖြတ်ချတ်ချမိပါ၏။

တဖန် နောက်မှပြန်လည် သုံးသပ်မိသည်ကား “သူတော်ကောင်း စိတ်ဓာတ် ဟူသည် တစ်ခြားသူတို့၏ ကံအကြောင်းတရား စသည်တို့ကို စဉ်းစားလေ့ မရှိပါပေ။ မိမိလုပ်နိုင်သည်ကို လုပ်ပေးရန်၊ ကူညီနိုင်သည်ကို ကူညီပေးရန်သာ အဓိက ဖြစ်ကြောင်း” ဘုရားအလောင်း သူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ ကာ မိခင်ကြီး မရှိတော့သော်လည်း မိခင်ကြီး ဖြစ်စေချင်၊ လုပ်စေချင်သော တံတားဖြစ်၍ မိမိဆက်လက်ကာ ပြန်လည်ပြုပြင် တည်ဆောက်ပါဦးမည်။ ဤသည်ပင် မိခင်ကြီးအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပေးခြင်း ဖြစ်သလို၊ ရွာသူရွာသား လူအများအတွက် မိမိပြုလုပ်ပေးသော ကုသိုလ် ကောင်းမှုလည်း ဖြစ်ပါလိမ့်မည်။


အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်

တစ်ခါတစ်ခါ အမေ့ကို သတိရ တမ်းတမိတဲ့အခါ ကဗျာဆရာ တင်မိုး၏ ‘လမင်းမေမေ’ ကဗျာလေးကို ဆိုညည်း ညည်းမိလေသည်။
“သံသရာတစ်ကွေ့၊ ပြန်ကာတွေ့ရင်ဖြင့်၊
အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်။
နိဗ္ဗာန်ဝင် နောက်ဆုံးတံခါးအထိ၊
အမေ့အနားမှာပဲ တစ်ဖဝါးမကွာ နေချင်တယ်။
ခွင့်လွှတ်တော့ အမေရယ်၊ဝေးနယ်က မေ့သား။
အမေက တစ်နေရာ၊ သားရဟန်းက အဝေးမှာ ခွဲခွါနေခဲ့ကြရ၏။ ထို့ကြောင့် အမေ့ ဆန္ဒကို သားရဟန်း သိသော်လည်း ဖြည့်စွမ်းခြင်းငှါ မတတ်နိုင်ခဲ့ပါပေ။ ခွင့်လွှတ် နားလည်ပေးပါတော့ အမေ။

မိမိသည် ဘုရားသားတော် ရဟန်းတစ်ပါး ဖြစ်ပါ၍ အမေ၏ အနန္တ ကျေးဇူး တရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့ပေ။ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေး နိုင်ရှာခဲ့ပေ။ သို့သော် သားရဟန်းသည် အမေ့အတွက်ရေးသော၊ အမေ မသေခင်က ရေးရန်တိုက်တွန်းခဲ့သော “အမေ့မေတ္တာ ဤသည့်စာ” ဖြင့် အမေနှင့် အမေများအတွက် မိဘများ၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ အဖေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ ကာ ကန်တော့လိုက်ပါသည်။

အမေနှင့် အမေများသို့

အမေအကြောင်းကို ကြားရ၊ ဖတ်ရလျှင် သားရဟန်းသည် လောကထဲ ဝယ် အမေမရှိတော့သော်လည်း အမေကို သတိရမြဲ။ မည်သို့သော အကြောင်း နှင့်မျှ မျက်ရည်ကျလေ့မရှိသော သားရဟန်းသည်ပင် အမေဇာတ်လမ်း ကြည့်မိ တိုင်း၊ အမေ့မေတ္တာဘွဲ့ ဇာတ်လမ်း ဖတ်မိတိုင်း ဝမ်းနည်းမျက်ရည် လည်ရ မြဲပင်။ ထိုကြောင့် အမေ မသေခင်က အမေ ရေးစေချင်သော အမေ့မေတ္တာ အကြောင်းကို အမေ့အတွက် ရေးမိပြန်ပါကောလေ။ ဒါပေမဲ့ သားရဟန်း ရေးသော “အမေ့မေတ္တာ ဤသည့်စာ”ကို တမလွန်ဘဝသို့ ရောက်နေပြီ ဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။

သို့သော်လည်း မပြီးဆုံးသေးသော အမေ့မေတ္တာဘွဲ့ကို လောကထဲရှိ အမေများနှင့် အမေကိုချစ်သော သားသမီးများအတွက် သားရဟန်း ဆက် လတ်ကာ ရေးနေပါဦးမည်။ အမေအတွက် သားရဟန်း လုပ်ရမည့် တာဝန်တစ် ရပ်ဟု ခံယူကာ လုပ်နေပါဦးမည်။ ရှိပါစေတော့ အမေအတွက် သားရဟန်း၏ နှလုံးသွေးနှင့် ရေးသော အမေ့မေတ္တာ ဤသည့်စာကို အမေ မဖတ်နိုင်လျှင် သော်မှ လောကထဲမှာ ရှိနေကြသော သူ့အမေ၊ ခင်ဗျားအမေ၊ တစ်ခြားသတို့၏ အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါသေး၏။ ထိုအမေများသည် ဤစာကို ဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဟန်း၏ ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင် ခံစားရပါလိမ့်မည်။

သားရဟန်းသည်လည်း အမေကမွေး၍ လူ့လောကထဲသို့ ရောက်ခဲ့ရ၏။ အမေက ကျွေးး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ သားရဟန်းဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ သားရဟန်းသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော ဇာတ်၊ နိပါတ်တော်၊ ပုံပြင် သာဓက အဆုံးအမများသည် လည်း သားရဟန်း နှလုံးသားတွင် ထာဝစဉ် စွဲထင် လျက် ရှိခဲ့ပါပြီ။ သားရဟန်း ဘဝ တစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့ မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည် မထင်ပါလေ။

ထာဝရမေတ္တာရှင်

လောကထဲတွင် လူသားဟူ၍ တည်ရှိနေသမျှကာလပတ်လုံး အမေများ သည်လည်း ဆက်လက်တည်ရှိ နေဦးမည်သာ။ အမေများရှိနေသ၍ သား သမီးများ အပေါ်ထားသော အမေ့မေတ္တာတို့သည်လည်း ဆက်လက် ရှင်သန် တည်ရှိ နေဦးမည်သာတည်း။ ထိုသို့ဆိုလျှင် အမေ့မေတ္တာသည် ကမ္ဘာလောက ထဲတွင် ထာဝရတည်ရှိနေသောကြောင့် ထာဝရမေတ္တာဟု ခေါ်ဆိုနိုင်သလို ထိုမေတ္တာမျိုး ပိုင်ဆိုင်သော အမေများကိုလည်း ထာဝရ မေတ္တာရှင်များဟု ခေါ်ဆိုနိုင်သည်သာတည်း။

သားရဟန်း၏ အမေသည် လောကထဲတွင် မရှိ တော့သော်လည်း လောကထဲတွင် ထိုသို့သော ထာဝရ မေတ္တာရှင် အမေများ ဆက်လက်ကာ တည်ရှိနေသောကြောင့်လည်းကောင်း၊ အမေ သေသော်လည်း အမေ၏ မေတ္တာ ကရုဏာတရားတို့သည် သားသမီးများအပေါ် ဆက်လက် လွှမ်းခြုံနေဆဲ ဖြစ်သောကြောင့်လည်ကောင်း၊ သားသမီးတို့၏ ရင်ထဲ နှလုံးသားထဲဝယ် အမေနှင့်ပတ်သက်သော အရာအားလုံးတို့သည် မည်သည့် အခါမျှ ပျောက်ပျက်၍ မသွားဘဲ၊ ထာဝရ တည်ရှိနေဆဲဖြစ်သောကြောင့် လည်းကောင်း “အမေ ဘယ်တော့မှ မသေ”ဟု ဆိုနိုင်သည်သာတည်း။

ထိုထိုသို့သော ထာဝရ မေတ္တာရှင် အမေနှင့် လောကထဲရှိ အမေများ အားလုံးအတွက် သားရဟန်းသည်လည်း ဓမ္မ တရားနည်းလမ်းအားဖြင့် ကျေးဇူး ဆပ်ခြင်းဟူသော သာသနာပြုလုပ်ငန်းများကို အသက်ရှင်နေသမျှ ကာလ ပတ်လုံး ကိုယ်အား ညာဏ်အားရှိသမျှ ကြိုးစားလုပ်ဆောင်ရင်း အမေ၏ ကျေးဇူးကြွေးကို ဆက်လက်ကာ ပေးဆပ်နေဦးမည်သာ။ သားရဟန်း၏ ရင်ထဲ နှလုံးသားထဲတွင် အမေ့မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားတို့သည် လည်း ဆက်လက် ရှင်သန်နေဦးမည်သာ။ သားရဟန်း နေ့စဉ် နေ့တိုင်း ပြုလုပ်သမျှ ကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကိုလည်း အမေ အဖေနှင့် လောကထဲမှ ထွက်ခွါ သွားကြသော အမေ အဖေအားလုံးအတွက် အမျှပေးဝေ နေဦးမည် သာတည်း။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)


Friday, December 6, 2013

ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင်


 ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင်

တစ်ခါတုန်းက မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်မြတ်ကို မျက်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ် ။

' အရှင်ဘုရား ... အမေသေလို့ ကျရတဲ့ မျက်ရည်နဲ့ တရားချစ်လို့ ကျရတဲ့ မျက်ရည် ၊ ဘယ်မျက်ရည်က ဆေးဖက်ဝင်ပါသလဲ ?
ဘယ်မျက်ရည်က ဆေးဖက်မ၀င်ပါသလဲ ?

' ဒကာတော်မြတ် ... ရာဂ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ညစ်နွမ်းပူလောင်နေတဲ့ မျက်ရည်ဟာ ဆေးဖက် မ၀င်တဲ့ မျက်ရည် ဖြစ်ပါတယ် .။

တရားဓမ္မနဲ့ ယှဉ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသောမနဿတွေနဲ့ သန့်စင်အေးမြနေတဲ့ မျက်ရည်ကတော့ ဆေးဖက်ဝင်တဲ့ မျက်ရည်ဖြစ်ပါတယ်။ '

ပါဋ္ဌိလို 'ဘေသဇ္ဇအဿု' ဆိုတာ မြန်မာလိုတော့ ဆေးဖြစ်တဲ့ မျက်ရည် ၊ ဆေးဖက်ဝင်တဲ့မျက်ရည် ၊ ဆေးပေါင်းခတဲ့ မျက်ရည်ပေါ့။

ပါဋ္ဌိလို 'အဘေသဇ္ဇအဿု' ဆိုတာကတော့ မြန်မာလို ဆေးမဖြစ်တဲ့မျက်ရည် ၊ ဆေးဖက်မ၀င်တဲ့ မျက်ရည် ၊ ဆေးပေါင်းခတဲ့မျက်ရည်၊ တနည်းအားဖြင့် ဘေးဖြစ်တဲ့မျက်ရည်၊ ဘေးဖက်ဝင်တဲ့ မျက်ရည်၊ ဘေးပေါင်းခတဲ့မျက်ရည်ပေါ့.....။

ကိလေသာအခြေခံတဲ့ မျက်ရည်မှန်သမျှ ၀မ်းနည်းလို့ပဲ ကျကျ ၊ ၀မ်းသာလို့ပဲ ကျကျ ၊ ဘေးပေါင်းခတဲ့ မျက်ရည်ပါပဲ .....။ စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရလို့ ၀မ်းနည်း
ပြီးကျတဲ့ မျက်ရည်မှ ဘေးပေါင်းခတာ မဟုတ်ပါဘူး ...။

စိတ်ချမ်းသာစရာ၊စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရလို့ ၀မ်းသာပြီးကျတဲ့ မျက်ရည်ဟာလည်း ဘေးပေါင်းခပါတယ်...။ကိလေသာအခြေခံတဲ့ မျက်ရည်
ဆိုတဲ့နေရာမှာ ဖိုမရေးရာ တပ်မက်မှုကိုသာ ကိလေသာလို့ ခေါ်တာမဟုတ်ပါဘူး ...။

မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်၊ညီအကိုမောင်နှမအချင်းချင်း၊မိတ်ဆွေအပေါင်းအသင်းအချင်းချင်၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ဆရာဒကာအချင်းချင်း၊သံယောဇဉ်အနှောင်အဖွဲ့နဲ့ ရစ်ပတ် တွယ်တာနေမှုမှန်သမျှ ကိလေသာတွေချည်းပါပဲ ...။

သက်မဲ့အရာဝတ္တုတွေအပေါ် တမြတ်တနိုးနဲ့ နှစ်ခြိုက်စွဲလမ်း သံယောဇဉ်တွယ်နေတာတွေ အားလုံးလည်း ကိလေသာတွေပါပဲ ...။

ဘယ်လို သံယောဇဉ်မျိုးကြောင့်ပဲ မျက်ရည်ကျကျ ၀မ်းနည်းတဲ့ ကိလေသာ၊ ၀မ်းသာတဲ့ကိလေသာ၊ ကိလေသာကို အခြေခံတာဖြစ်တဲ့ အတွက် ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ ...။

တခြား ပြင်ပဘေးတွေ ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး စိတ်ပူလောင်တဲ့ဘေး၊ စိတ်ရှုတ်ထွေးတဲ့ ဘေး၊ စိတ်မတည်မငြိမ် ယောက်ယက် ခတ်တဲ့ဘေး၊စိတ်လှုပ်ရှားတဲ့ဘေး ကတော့ အတွင်းဘေး အဖြစ်နဲ့ သေချာပေါက် ရင်ဆိုင်ကြုံတွေ့ရမှာပါ ...။

ဝမ်းသာလို့ ကျတဲ့မျက်ရည်ဟာ လောဘအပူနဲ့ စိတ်ယောက် ယတ်ခတ်ပြီး ဘေးခနေပါတယ်။

ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ ဒေါသအပူနဲ့ စိတ်တင်းကျပ်ပြီး ဘေးခနေပါတယ်။

ဘုမသိ ဘမသိ အလိုလိုကျတဲ့မျက်ရည်ဟာ မောဟအပူနဲ့ စိတ်လွှင့်မျောပြီး ဘေးခနေပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ တွေ့ကြုံခွင့်ရတဲ့အခိုက် ကံကောင်းတာတစ်ခုကတော့ ဘေးပေါင်းခတဲ့မျက်ရည်ကို ဆေးပေါင်းခတဲ့ မျက်ရည်အဖြစ် အသွင်ပြောင်း ထုတ်လုပ်နိုင်ခြင်းပါပဲ ။

တနည်းအားဖြင့် ပြောရရင်တော့ ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့ မဂ်ဆီ အရောက်သွားနိုင်ခြင်းပါပဲ။

ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ မြတ်စွာဘုရားရှင်က အပြည့်အစုံ ပေးထားပါတယ်။

ဘေးကို ဆေးဖြစ်အောင် လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ပေးရမယ့် တန်ဖိုးကတော့" ယောနိသော မနသိကာရ " လို့ခေါ်တဲ့ စိတ်ထား တတ်မှု ၊ စိတ်ထားမှန်မှု ပါပဲ .....။

စိတ်ထားတတ်မှ၊စိတ်ထားမှန်မှ ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်ပါတယ် .....

စိတ်ထားမတတ်ရင်၊စိတ်ထားမမှန်ရင် ဘေးကိုဆေးဖြစ်အောင် မလုပ်နိုင်ပါဘူး .....။
ဘေးပြီးတော့ဘေး ၊ ဘေးထက်ဘေးတွေပဲ တိုးပွားလာနိုင်ပါတယ် .....

ပါရမီဓာတ်ခံအရ ကိုယ်ကိုယ်တိုင်က စိတ်ထားမတတ်ခဲ့ စိတ်ထားမမှန်ခဲ့ရင်တောင်မှ စိတ်ထားတတ်အောင်၊စိတ်ထားမှန်အောင် လမ်း ညွှန်ပေးနိုင်တဲ့ ဆရာကောင်း သမားကောင်း၊မိတ်ကောင်း ဆွေကောင်းတွေရဲ့ အကူအညီကြောင့် ကိုယ့်ရဲ့ ဘေးခမျက်ရည်ဟာ ဆေးခ မျက်ရည်အဖြစ် အလိုလို အသွင်ပြောင်းသွားနိုင်ပါတယ် .....။

ကူညီသူရဲ့ လမ်းညွှန်ချက် မှန်ကန်ဖို့တော့ အရေးကြီးပါတယ် ...။မေတ္တာမှန်ရုံနဲ့ မပြီးပါဘူး၊ပညာပါ မှန်ဖို့ လိုအပ်ပါတယ် ...။

မြတ်စွာဘုရားရှင်လို ပုဂ္ဂိုလ်မျိုးရဲ့ အကူအညီကိုသာ ရလိုက်လိုက်လို့ကတော့ ကိုယ့်ရဲ့ ပူလောင်နေတဲ့ ဘေးခမျက်ရည်ဟာ အလွန် တရာအေးမြတဲ့ ဆေးခမျက်ရည်အဖြစ် အချိန်မဆိုင်း ချက်ချင်းပြောင်းလဲသွားမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး .....။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ပဋာစာရာ(အများပြော ပဋာစာရီ) ဆိုတာ ဘေးပေါင်းခတဲ့မျက်ရည်တွေနဲ့ အကြီးအကျယ် ပူလောင်ရူးသွပ်ခဲ့ရသူတစ်ဦးပေါ့ .......

ခင်ပွန်းသည်က မြွေကိုက်လို့သေ၊သားကြီးက ရေနစ်လို့သေ၊သားငယ်က စွန်ချီလို့သေ၊မိဘနှစ်ပါးနဲ့အစ်ကိုက လေကြီးမိုးကြီးကျပြီး အိမ်ပြိုပိလို့သေ၊တစ်နေ့တည်းမှာ အချစ်ရဆုံးသူခြောက်ဦးတို့ရဲ့ ခြောက်လောင်းပြိုင်သေပွဲကြီးနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ ပဋာစာရာ မှ မရူးသွပ်ရင် ဘယ်သူရူးသွပ်ဦးမှာလဲ ???

အကြင်နာတရားကင်းမဲ့တဲ့လူတွေက 'အရူးမ၊အရူးမ 'လို့ခေါ်ပြီး သဲနဲ့ပက်၊ခဲနဲ့ပေါက် လုပ်ကြပေမယ့် အကြင်နာတရားပြည့်ဝ တဲ့ မြတ်စွာဘုရားရှင်ကတော့ သူ့ရဲ့တရားပွဲဆီ ပဋာစာရာ မရောက်ရောက်လာအောင် စိတ်တန်ခိုးအားနဲ့ ဆွဲခေါ်ဆောင်ယူတော် မူပါတယ် ....။

ဘုရားတန်ခိုးတော်နဲ့ တရားပွဲထဲရောက်လာတဲ့ ပဋာစာရာကို သဘောထားသေးသိမ်တဲ့ မေတ္တာတရား ခေါင်းပါးတဲ့ တရားနာ ပရိတ်သတ်က နှင်ထုတ်ကြပါတယ် .....။

မြတ်စွာဘုရားရှင်ကတော့ မေတ္တာတရားကြီးမားသူပီပီ ပဋာစာရာကို နှင်မထုတ်ဖို့ တရားနာပရိတ်သတ်ကို မိန့်ကြားပြီး အနီးနား ထိ ရောက်လာတဲ့ ပဋာစာရာကို " နှမလေးရယ် ...သတိလေးတစ်ချက်လောက် ထားလိုက်ပါဦးကွယ်" လို့ နှုတ်ခွန်းဆက် မေတ္တာ တရားစကား မိန့်ကြားတော်မူလိုက်ပါတယ် .....။

မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်၊ဓမ္မဓာတ်ကြောင့် အရူးစိတ် ပြေပျောက်ပြီး အသိစိတ်ဝင်ရောက်လာတဲ့ ပဋာစာရာကို မြတ်စွာဘုရားရှင် က ဘေးပေါင်းခတဲ့မျက်ရည် ပမာဏအကြောင်းနဲ့ ဘေးပေါင်းခတဲ့ မျက်ရည်ကို ဆေးပေါင်းခအောင် အသွင်ပြောင်းပုံ နည်းလမ်း အကြောင်း အခုလို မိန့်ကြားတော်မူပါတယ် .....။

"ချစ်နှမ ပဋာစာရာ . . . သမုဒ္ဒရာလေးစင်းထဲမှာရှိတဲ့ရေတွေဟာ တကယ်တော့ နည်းနည်းလေးပါကွယ် . . .ဘာမှမပြောပလောက်ပါ ဘူး...။

သံသရာမှာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ရလို့ ပူပင်သောကဖြစ်ပြီး ကျခဲ့ရတဲ့ သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့ မျက်ရည်တွေကမှ သမုဒ္ဒရာလေးစင်းထဲက ရေတွေထက် အင်မတန် များပြားလွန်းလှတာပါ . . .၊နည်းနည်းနောနောမှ မဟုတ်ပါပဲလား ??? ချစ်နှမရယ်...."

"သမုဒ္ဒရာလေးစင်းထက်များတဲ့ မျက်ရည်တွေ ကျခဲ့ဖူးလှတာတောင် ခုချိန်ထိ ဘာလို့များ မေ့လျော့နေချင်ရသေးတာလဲ . . . မမေ့လျော့သင့်တော့ဘူးလေ . . . ခုချိန်ကစပြီး မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ နေထိုင်မှုပုံစံသစ် ပြောင်းလိုက်ပါတော့ ချစ်နှမရယ် . . . နော် . . ."

မြတ်စွာဘုရားရှင်ရဲ့ မျက်ရည်တရားကို နားကြားရတဲ့အတွက် ပဋာစာရာရဲ့ ရင်ထဲက ပူလောင်မှုတွေ ငြိမ်းအေးသွားပါတယ်၊နုလုံးသား ထဲက ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားပါတယ်...။

စိတ်ထဲက နောက်ကျုမှုတွေ ကြည်လင်သွားပါတယ် ၊ သွေးထဲက လှုပ်ရှားမှုတွေ ငြိမ်သက် သွားပါတယ် ။

ပဋာစာရာရဲ့ စိတ်အစဉ် ငြိမ်အေးရှင်းလင်း ကြည်လင်ငြိမ်သက်သွားပြီဆိုတော့မှ မြတ်စွာဘုရားရှင်က

"မိဘဆွေမျိုး၊သားသမီး၊ဇနီး ခင်ပွန်း၊မိတ်ဆွေ စတဲ့ အပေါင်းအဖော်တွေဟာ အားကိုးမှီခိုရာ အစစ်မဟုတ်ကြောင်း၊အို နာ သေရေး စတဲ့ တကယ့်ဒုက္ခဘေးတွေနဲ့ တွေ့ကြုံလာတဲ့အခါ ဘယ်သူ့ကိုမှ အားကိုးမှီခိုလို့ မရကြောင်း၊အသိဥာဏ်ရှိတဲ့ သူတော်ကောင်းဟာ ကိုယ့်ရဲ့ နိဗ္ဗာန်သွားလမ်းကို သီလ အခြေခံပြီး အမြန်ဆုံး တည်ဆောက်လျှောက်သင့်ကြောင်း" ရှင်းလင်းမိန့်ကြားတော်မှုပါတယ် .....။

တရားတော်ရဲ့အဆုံးမှာ ပဋာစာရာ သောတပန်တည်သွားပါတယ် .....။

နောက်တော့ -ဘိက္ခုနီမ ပြုပြီး တရားဆက်အားထုတ်လိုက်တာ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် ၀ိနည်းဆောင်တဲ့ ဘိက္ခုနီတွေထဲ မှာ အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ကိုပါ ဆွတ်ခူးရရှိသွားပါတယ် .....။

ပဋာစာရာရဲ့ ဘေးပေါင်းခနေတဲ့ သောကမျက်ရည်ဟာ ဘုရားအဆုံးအမတရားတော်ကြောင့် ဆေးပေါင်းခတဲ့ ဓမ္မမျက်ရည်အဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ် ...။

မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူ့တရား ကြီးမားလှပါတယ် .....။
"အရူးမမို့ အဖက်မလုပ်ဘူး ၊အဖက်မလုပ်နဲ့" ဆိုတဲ့ သူတော်ကောင်းစိတ်မရှိသူတွေနဲ့ချည်းသာ တွေ့ဆုံရမယ်ဆိုရင်တော့ ပဋာစာရာ ရဲ့ ဘ၀ အခုလို လှပလာတော့မှာ မဟုတ်ပါဘူး .....။
လူအများစုရဲ့ သဘောက ကိုယ်ကသာ မိတ်ကောင်းဆွေကောင်း လိုချင်တယ် ၊ ကိုယ်ကတော့ သူတစ်ပါးရဲ့ မိတ်ကောင်းဆွေကောင်းဖြစ်ဖို့ မကြိုးစားချင်ကြပါဘူး .....။

သူတစ်ပါးအပေါ် နေရာတကာ အပြစ်မြင်၊အပြစ်တင်တဲ့ စိတ်နဲ့ အဆင့်အတန်းခွဲခြားပြီး ဆက်ဆံချင်ကြပါတယ် ....။ ကိုယ့်အတွက် ရပေါက်ရှိမှ ပေါင်းချင်ကြပြီး ရပေါက် မရှိရင် မပေါင်းချင်ကြပါဘူး ...။ ဒါကိုပဲ ' လူမှုဆက်ဆံရေးတော်တယ်' လို့ တလွဲ ဂုဏ်ယူတတ် ကြပြန်ပါသေးတယ်။

အမှန်ကတော့ -တကိုယ်ကောင်းဆန်တာပါ ... မေတ္တာတရားခေါင်းပါးတာပါ .....။
ပဋာစာရာ ကျခဲ့ရတဲ့မျက်ရည်ဟာ တကယ်တော့ ကာမဂုဏ်အာရုံကို အကြောင်းပြုပြီး ကျခဲ့ရတာမို့ ဘေးပေါင်းခတဲ့မျက်ရည်ပါ ...။

ဒါပေမယ့် -မြတ်စွာဘုရားရှင်ရဲ့ သဘောတရားအဆုံးအမနဲ့ ကျင့်နည်းကြံနည်း အဆုံးအမတရားတွေကြောင့် ဘေးပေါင်းခတဲ့မျက်ရည် ဟာ ဆေးပေါင်းခတဲ့မျက်ရည်အဖြစ် အသွင်ကူးပြောင်းခဲ့ရပါတယ် .....။

လူသားတိုင်း လူသားတိုင်း သက်ရှိသက်မဲ့ ကာမဂုဏ်အာရုံတစ်ခုခုကို အကြောင်းပြုပြီး မျက်ရည်ကျခဲ့ကြဖူးမှာပါ ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ ကိုယ်မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ ငိုခဲ့ကြဖူးမှာပါ ။ မငိုတောင်မှ စိတ်ဆင်းရဲတာ၊ စိတ်မချမ်းသာတာ၊ စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေတော့ ဖြစ်ဖူးကြမှာပါ ....
ဘာကြောင့်ပဲ ငိုငို ၊ ငိုတယ်ဆိုတာ အဘိဓမ္မာတရားကိုယ်ကတော့
ဒေါသပါပဲ ။ ငိုနေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်ဟာ ဒေါသစိတ်ပါ ။

စိတ်ဆင်းရဲတာ၊စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေဟာလည်း ဒေါသစိတ်တွေချည်းပါပဲ။ အဲဒီလို ဒေါသစိတ်တွေ ဖြစ်ပေါ်လာရင် သက်ဆိုင်ရာဒေါသရဲ့
အပြစ်ကိုလည်း မြတ်စွာဘုရားအဆုံးအမတွေနဲ့အညီ ဆင်ခြင်နှလုံး သွင်းရပါမယ် .....။

ဖြစ်ပေါ်နေတဲ့ ဒေါသကိုလည်း ဖြစ်ပေါ်နေတဲ့အတိုင်း သတိပဋ္ဌာန်နည်းလမ်းနဲ့အညီ ရှုမှတ်ပွားများရပါမယ် ။ စိတ်ဆင်းရဲရင် "စိတ်ဆင်းရဲတယ်"၊ စိတ်ပူရင် "စိတ်ပူတယ်" ၊
စိတ်ညစ်ရင် "စိတ်ညစ်တယ်" ၊ ၀မ်းနည်းရင် "၀မ်းနည်းတယ်" ပေါ့ ။ ဘယ်လိုပဲ ရှုမှတ် ရှုမှတ် ဒေါသကို ရှုမှတ်နေတာပါပဲ ........

ဆင်ခြင်မှု၊ရှုမှတ်မှု ဆိုတဲ့ နည်းလမ်းနှစ်မျိုးနဲ့ ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးသွားမယ်ဆိုရင် ပူလောင်တဲ့မျက်ရည်ဟာ အေးမြတဲ့ မျက်ရည် ဖြစ်သွားပါလိမ့်မယ် .....။

ဘေးပေါင်းခတဲ့ မျက်ရည်ဟာ ဆေးပေါင်းခတဲ့မျက်ရည် ဖြစ်သွား
ပါလိမ့်မယ် .....။ အနာဂါမိ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သွားပြီဆိုရင်တော့ မျက်ရည်သမုဒ္ဒရာလည်း ထာဝရခန်းခြောက်သွား ပါပြီလေ . . . .။

 အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )


Thursday, December 5, 2013

ထာဝရမေတ္တာရှင်သို့ တမ်းချင်း (၂)


အဖေ့နေရာကိုလည်း အစားဝင်နိုင်သူ အမေ

အမေသည် အရာအားလုံး၏ နိမိတ်ပုံဖြစ်၏။ အရာအားလုံးကို ကိုယ်စားပြု နိုင်၏။ နေရာတိုင်း အရာတိုင်းတွင် အစားထိုးကာ ဝင်ရောက် နေရာယူနိုင်ပါ၏။ လိုအပ်လျှင် အဖေနေရာကိုသော်မှ အစားဝင်ကာ တာဝန်ယူနိုင်ပါ၏။ သို့သော် ထိုအမေ့ နေရာကိုမူမည်သူမျှ အစားဝင်ကာ နေရာယူပေးနိုင်မည် မဟုတ်ပါပေ။ ‘ပျော့လျှင်ဖယောင်း မာလျှင်သံချောင်း’ဆိုသော စကားပုံအလား အမေသည် နူးညံ့သိမ်မွေ့သော သာမန်မိန်းမသား တစ်ယောက်ဖြစ်သော်လည်း လိုအပ်လျှင် သားသမီးများ အတွက် အဖေနေရာ ကိုပင် အစားဝင်နိုင်သူ ဖြစ်ပါသည်။

အမေသည် ရာဇဝင်မှာ စာတင်ကောင်းမှ တင်နိုင်ပေလိမ့်မည်။ အမရာ (မဟော်သဓါ၏မိန်းမ)၊ ကိန္နရီ(စန္ဒကိန္နရီ)၊ မဒ္ဒီ(ဝေဿန္တရာမင်းကြီး၏မိဖုရား)၊ သမ္ဘူလ(သောတ္တိသေနမင်းသား၏မိဖုရား) တို့လို တော်လေးဝ’ စာရင်း မသွင်း နိုင်သော်ငြားလည်း သားသမီးတိုင်း၏ နှလုံးသားဝယ် ထာဝရနေရာယူနိုင်သူမှာ အခြားမဟုတ် အမေသာတည်း။

လူအများ၏ အတွေးထဲဝယ် အမေဆိုသည်မှာ အားနည်းပျော့ညံ့သူဟု တွေးထင်လေ့ ရှိကြသည်။ "သန်မာကြံ့ခိုင်မှု" ဆိုသောစကားသည် အဖေများ အတွက်ဟု ထင်ထားခဲ့ကြသည်။ တကယ်တမ်း ဘဝထဲတွင် ဆင်းရဲဒုက္ခ၊ အခက်အခဲများနှင့် ကြုံလာသောအခါ ထိုအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ ခံပြီး ရင်ဆိုင်နိုင်သူများသည် အားနည်းပျော့ညံ့သူဟု လူများက ထင်ထားကြ သော အမေများပင် ဖြစ်နေတတ်ပါ၏။ အမေများသည် အထူးသဖြင့် သားသမီး များနှင့် ပတ်သက်လာလျှင် ယောက်ျားများထက် ပိုမိုကြံ့ခံ၊ ပိုမိုသန်မာသော အင်အားများ ရှိနေတတ်ပါသည်။

စာရေးသူငယ်စဉ်က လူမှန်းသိတတ်စ (၅)နှစ်သားအရွယ်တွင် အဖေနှင့် အမေတို့သည် အကြောင်းတစ်ခုကြောင့် လမ်းခွဲဖို့အကြောင်း ဖန်လာခဲ့၏။ ထိုသို့လမ်းခွဲကြသောအခါ သားသမီး(၇)ယောက်လုံးက အဖေနှင့် တစ်ယောက် မျှ မနေခဲ့ချင်ကြပေ။ အားလုံးပင် အမေနှင်သာ အတူနေလိုကြသည်။ အဖေရော အမေပါ နှစ်ယောက်ပေါင်းကာ ဤသားသမီး(၇)ယောက်ကို ရှာဖွေကျွေးမွေး ခဲ့စဉ်ကပင် စားနိုင်သောက်နိုင်ရုံသာ။ ယခုမူ သားသမီးများ အားလုံးသည် အဖေနှင့် မနေချင်ခဲ့။ အမေ့နောက်လိုက်နေမည်ဟု သိရသောအခါ အနာဂတ် အခြေအနေကို ခဏမေ့ထားကာ အမေ့ရင်၌ ကြည်နူးမိသည်မှာ ပြောမပြတတ် အောင်ပင်ဟု နောင်အချိန်တွင် အမေပြန်ပြောပြ၍ သိခဲ့ရသည်။

သားသမီး(၇)ယောက်ရှိသော မိသားစုတစ်စုလုံးကို အမေတစ်ယောက် တည်းက ပုခုံးထမ်းကာ တာဝန်ယူခဲ့သည်။ အမေသည်  မိမိချစ်သော သား သမီးများအတွက် မည်သို့သောအရာကိုမျှ မမှုခဲ့ပေ။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲမျိုးမှ အမေ၏ ခြေလှမ်းနှင့် ယုံကြည်မှုကို ယိုင်လဲစေခြင်းငှါ မစွမ်းနိုင်ခဲ့ပါချေ။

အမေသည် အဖေနှင့်လမ်းခွဲပြီး အမေ့အစ်ကိုများနေရာနှင့် နီးသော မြေကွက် တစ်ကွက်ကို ဝယ်ယူကာ အိမ်တစ်လုံးဆောက်ပြီး သားသမီး(၇) ယောက်နှင့် အတူနေထိုင်ခဲ့ကြသည်။ အဖေမရှိ၍ တောင်သူလယ်ယာ လုပ်ငန်း ကို ဆက်မလုပ်တော့ပေ။ အမေသည် ဈေးတောင်းခေါင်းရွက်ကာ ရပ်တကာ ရွာတကာ လှည့်လည် ဈေးရောင်းပြီး သားသမီးများကို ရှာဖွေ ကျွေးမွေးခဲ့၏။ ဈေးရောင်းနားချိန်တွင်လည်း အနားမယူခဲ့ပေ။ ဗိုင်း ချည် ဝါ လုပ်ငန်းများကို အစ်မကြီးများနှင့်အတူ လုပ်ကိုင်ခဲ့လေသည်။

ဗိုင်း ချည် ဝါ လုပ်ငန်းဟူသည် အဝတ်ထည် ယက်လုပ်ရန်အတွက် ဝါပင်မှ ဝါသီးများ ခြောက်၍ ကွဲထွက်လာ သောအခါ ထိုဝါတို့ကို ခူးဆွတ်ရ၏။ နေလှမ်းကာ ခြောက်သွေ့လျှင် အစေ့ ထုတ်ပြီး ပွလာအောင် စက်အကူအညီဖြင့် ဖွပေးရ၏။ တဖန် ပွလာသော ထိုဝါကို အတောင့်လေးများ ဖြစ်အောင် လိပ်ပေးရ၏။ ထိုဝါတောင့် (ဗိုင်းတောင့်) များကို ဝါချည်မျှင်များထွက်လာအောင် ဗိုင်းငင်ရ၏။ ထိုခြည်မျှင်များကိုသာ အဝတ်အထည်ဖြစ်အောင် ယက်လုပ်ကြရပါ၏။ ဤသည်မှာ ဗိုင်းချည်ဝါ လုပ်ငန်းစဉ် အကျဉ်းမျှသာတည်း။ 

အစ်မကြီး (၃)ယောက်မှာမူ ကျောင်းစာကို တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်ထားကာ အမေကိုကူညီ လုပ်ကိုင်ပေးကြရလေသည်။ မိမိအပါအဝင် အငယ်(၄)ယောက်မှာမူ အမေ၏ ဆုံးဖြတ်ချက်ဖြင့် ကျောင်းဆက်တတ်ကာ စာသင်ခဲ့ကြသည်။ အဖေနှင့်နေခဲ့စဉ်က ကျောင်းတတ်ခဲ့သော သားသမီး များသည် ‘အမေနှင့် လိုက်နေမိသောကြာင့် ကျောင်းဆက်မတတ်နိုင်တော့ ဆိုတာမျိုး မဖြစ်စေရဘူး’ တဲ့လေ။ ဤသည်ပင် သားသမီးတို့အပေါ်ထားသော  အမေ့ယုံကြည်ချက် အမေ့မေတ္တာများပင် မဟုတ်ပါလော။ တစ်နည်းအားဖြင့် လည်း အမေနှင့်အတူနေလို့ ပညာရေးမှာ ယုတ်လျော့ မသွားစေရဘူး၊ သား သမီးတွေ ပညာတတ်ကြီး ဖြစ်စေရမည်။ လူ့အောက် မကျစေရဘူး ဆိုသည့် မိခင်တစ်ယောက်၏ ထားသင့်သော မာနဟု ကင်ပွန်းတပ်မည်ဆိုက တတ်နိုင် သည်သာ။

အမေသည် အငယ်သားသမီးများကို ပညာတတ်ကြီး ဖြစ်စေခဲ့သလို အစ်မကြီးများကိုလည်း ကျောင်းပညာရေးကို ပြီးဆုံးအောင် ဆက်လက် သင်ကြား မပေးနိုင်သော်လည်း ဘဝပညာရေးအတွက်မူ မလစ်ဟင်းစေခဲ့ပါပေ။ ဗိုင်း ချည် ဝါ ယက်ကန်းလုပ်ငန်းကို တစ်ဖက်ကန်းခတ် တတ်မြောက်အောင် သင်ပေးခဲ့ပြီး လက်တွေ့လည်း ထိုလုပ်ငန်းဖြင့်ပင် မိသားစု၏ စီးပွါးရေးကို တစ် ဖက်တစ်လမ်းမှ ဖာထေးနိုင်၊ ကူညီနိုင်ခဲ့သည်သာတည်း။ ထိုစဉ်က မိမိတို့ ဝတ်ဆင်ခဲ့သော လုံခြည်၊ အင်္ကျီ၊ ခြုံသောစောင်၊ မျက်နှာသုတ်ပုဝါ၊ လက်သုပ် ပုဝါနှင့် ကျောင်လွယ်အိတ်အားလုံးတို့သည် အမေယက်လုပ်ခဲ့သော အမေ့ လက်ဖြစ်များချည်းပင်တည်း။ ဤသည်ကို ကြည့်လျှင် အမေသည် လိုအပ်လာ လျှင် အဖေ့နေရာကိုလည်း အစားထိုးဝင်ရောက် တာဝန်ယူနိုင်ကြောင်း အထူး တလည် ချဲ့ပြောဖွယ်လိုမည် မထင်ပါပေ။

မိသားစု ထမင်းစားသည့်အခါ မိသားစုအားလုံး စုံညီမှသာ စားလေ့ရှိပါ၏။ ထိုသို့ထမင်းလက်ဆုံ စားခြင်းဖြင့် မိသားစုစိတ်ဓာတ်ကို တိုးပွါးနိုင်သလို ညီတူညီမျှ နေထိုင်တတ်လာစေရန်လည်လည်း အထောက်အကူပြုကြောင်း သိနိုင်ပါ၏။ ထို့ထက်အရေးကြီးဆုံးကား ထမင်း ဟင်း မလောက်ငမှုမှလည်း ကင်းဝေးစေပါသည်။ မလောက်ငလျှင် ရှိအတူ မရှိအတူ သာတူညီမျှ စိတ်ဓာတ်ဖြင့် ဝေငှစားခဲ့ကြရသည်သာ။ များသောအားဖြင့် အမေသည် သား သမီးများကို ဦးစားပေးကာ စားစေခဲ့သည်သာ။ သူကိုယ်တိုင်ကမူ အိုးကြွင်း အိုးကျန်လေးများကို ထမင်းဖြင့်လူးကာ စားခဲ့သည်ချည်းပင်။ တစ်ခါတစ်ခါ ဟင်းမလောက်ငမှန်းသိလျှင် "သားတို့စားပါ။ သမီးတို့ပဲ စားပါ။ အမေက ခုနက မှ ထမင်းချက်ရင်း ထမင်းကြမ်းလေးစားထားလို့ သိပ်မဆာဘူး"ဟု အမေသည် သားသမီးများကို ငဲ့ကာ မုသားစကားလည်း ပြောတတ်ပါ၏။

ထိုသို့ပြောခြင်းမှာ လိမ်ပြောချင်လို့ ပြောခြင်းမဟုတ်ပါ။ မုဆိုးမ မိခင်ကြီးက ဦးဆောင်နေရသော  နွမ်းပါးလှသည့ှ်  မိသားစုဝယ် မလောက်မင တိုင်းကာချက်ရ၍ သားသမီးများ စိတ်ဖြောင့်ဖြောင့်ဖြင့် စားနိုင်စေရန် ‘အမေက သိပ်မဆာဘူးရယ်’ဟု တမင် ပြောခြင်းဖြစ်ပါ၏။ အမေကိုယ်တိုင်ကမူ ဟင်းကျန် ထမင်းကျန်လေးဖြင့်သာ စားကာ သားသမီးများ စားသည်ကို ကြည့်ရင်း ဝမ်းသာမှုပီတိများဖြင့်သာ တင်းတိမ် ရောင့်ရဲနိုင်သော အမေ့မေတ္တာ။ ထိုသို့သော အမေ့ မေတ္တာကို သားသမီးတိုင်းက ကောင်းကောင်း နားမလည်ကြ။ သဘောမပေါက်ကြပေ။

ဤသို့ဖြင့် (၅)နှစ်ကြာမျှ သားသမီး(၇)ယောက်အတွက် အဖေ့နေရာကို ယူကာ မိသားစု တာဝန်ကို ထမ်းဆောင်နေရသည့် အမေ့အဖြစ်ကို မကြည့်ရက် သော အဖေသည် သူ့အမှားကို ဝန်ချတောင်းပန်ကာ ရွာလူကြီးများကို သက်သေထားပြီး အမေနှင့် သားသမီးများအားလုံး အိမ်ပြန်လာကာ အတူနေ စေရန် စေ့စပ်ကာ ရန်မီးငြိမ်းစေခဲ့ပါ၏။ ဤအချိန်တွင် အမေသည်လည်း မာနကို ခဝါချလို့ သားသမီးများ၏ နောင်ရေး၊ မိသားစုများ ပျော်ရွှင် ချမ်းမြေ့ သာယာစေရေးကိုသာ အဓိကထား စဉ်းစားခဲ့ကြောင်း ထင်ရှားလှပါ၏။

“ကြံ့ခိုင်သော မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနှင့် ရင်ဆိုင်ရ သောအခါ တွန့်ဆုတ်မသွားစေရန် သင်ပေးနိုင်သည်။ သဘောထားကြီးမြတ် သော မိခင်တစ်ဦးက သားသမီးများ၏ အနာဂတ်ကို မျှော်လင့်ချက်တွေနှင့် ပြည့်စေနိုင်သည်။ ကြင်နာတတ်သော မိခင်တစ်ဦးက သားသမီးတွေကို မေတ္တာ ကရုဏာနှင့် စာနာရိုင်းပင်းမှုကို ရရှိစေသည်။ တည်ငြိမ်သော မိခင် တစ်ဦးက သားသမီးများကို ကြိုးစားမှု ဝီရိယရှိစေသည်။

နူးညံ့ သိမ်မွေ့သော မိခင်တစ်ဦး က သားသမီးများ၏ ဘဝဝယ် သူတစ်ပါးကို နိုင်ထက်စီးနင်းပြုမှုကို ကင်းဝေး စေကာ လူလူချင်း ကူညီတတ်သည့် အရည်အသွေးကို အရိပ်ထင်စေသည်။ ပညာဗဟုသုတ ကြွယ်ဝသော မိခင်တစ်ဦးက သားသမီးများကို နက်နဲသော တွေးတောကြံဆမှုတို့ကို ရစေသည်” တဲ့။ တရုတ်စာရေးဆရာ (ping zhong sha) ၏ အမေ့မေတ္တာအပေါ် ခံစားချက်များ ဖြစ်ပါ၏။ အမှန်တကယ်လည်း မိဘမေတ္တာကို တကယ် နှစ်နှစ်ကာကာ နားလည်သူတိုင်း ထိုအဆိုသည် မိဘမေတ္တာ၏ လေးနက်မှု၊ ကျယ်ဝန်း နက်ရှိုင်းမှုကို ကိုယ်စားပြုနိုင်ကြောင်း လက်ခံကြ နားလည်ကြ သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။

အမေ၏ပြုစုပျိုးထောင်မှုအောက်ဝယ် ငယ်ရာကနေ ကြီးပြင်းလာသော  မိမိ၏ ဘဝလမ်းတစ်လျှောက်တွင် အခက်အခဲကြုံလာလျှင် ရဲရဲရင့်ရင့် ရင်ဆိုင် တတ်ရန်၊ မဆုတ်မနစ်ကြိုးစားတတ်ရန်၊  အမေ၏ အပြုအမှု၊ အမေ၏ အတွေး၊ အမေ၏ ကိုယ်ကျင့်တရား၊ အမေ၏ မေတ္တာ၊ အမေ၏ အကြင်နာ စသည်တို့က သားသမီးများအပေါ် များစွာအကျိုး သက်ရောက်စေနိုင်ကြောင်းကို ကိုယ် တွေ့ကြုံတိုင်း သိလာရ၊ သဘောပေါက်လာခဲ့ရပါသည်။

‘ဟယ်ရီထရူမင်း’ က ပြောခဲ့ဘူးသည်။ “အမေ့နေရာကို ဘယ်သူ တစ်ဦးယောက်နဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။ သင်မှားချင် မှားမယ်၊ မှန်ချင် မှန်မယ်။ ဒါပေမယ့် အမေရဲ့အမြင်မှာတော့ သင့်ဖက်က အမြဲမှန်တယ်လို့ မြင်တယ်။ အမေဆိုတာ သားသမီးတွေရဲ့ သေးသေးငယ်ငယ် အပြစ်လေးတွေ အတွက် မြည်တွန် တောက်တီးကောင်း တောက်တီးမယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ကြီးမားတဲ့ အပြစ်တွေအတွက်တော့ ဘယ်သောအခါမှ ပြစ်တင်စကား ဆိုမယ် မဟုတ်ပါ။

အမေဆိုတာ ခွင့်လွှတ်အနစ်နာခံတတ်မှုရဲ့ ဥပမာတစ်ခုပါ”တဲ့။ မိမိငယ်စဉ်က တစ်ခုခု လုပ်စဉ် အမှားယွင်းဖြစ်ကာ အဖေနှင့် ထိပ်တိုက် ရင်ဆိုင်ရတိုင်း၊ အထူးသဖြင့် အဖေက သားကို အပြစ်ဆိုတိုင်း၊ ဆူငေါက်တိုင်း မှားမှားမှန်မှန် သားဘက်က ကြံ့ကြံ့ခံကာ အမြဲ ရပ်တည်ပေးသူမှာ အခြားသူ မဟုတ်။ အမေပင်တည်း။ ထို့ကြောင့် အမေဆိုသည်ကို နှိုင်းပြစရာအတွက် စကားလုံး ဥပမာ ရှာ၍ မရနိုင်ပါပေ။

‘ဆိုဖီယာလောရင်’ ဆိုသော အမျိုးသမီးကြီးတစ်ဦးက ပြောဘူး၏။ "သင်ဟာ မိခင်တစ်ယောက် ဖြစ်နေတယ်ဆိုရင် သင့်အတွေးထဲမှာ ဘယ်သော အခါမှ တစ်ယောက်ထဲ အတွက် ဆိုတာ မရှိနိုင်ပါဘူးတဲ့။ မိခင်ဆိုတာ အမြဲတမ်း နှစ်ယောက်အတွက် တွေးတတ်တယ်။ တစ်ယောက်က သူကိုယ်တိုင်အတွက်နဲ့ နောက်တစ်ယောက်ကတော့ သူ့ရဲ့ သားသမီးများအတွက်ပါ"တဲ့။

မိမိတို့ သား သမီးများကရော ထိုသို့တွေးဘူးပါသလား။ အမေများ တွေးသလို နှစ်ယောက် အတွက်များ တွေးခဲ့ဘူးပါသလား။ မြတ်နိုးနှစ်သက်သော အရာတစ်ခုကို ကိုယ့်အတွက် စဉ်းစားသောအခါ "ဒါလေးကိုတော့ ဒို့အမေလည်း နှစ်သက် မှာပဲ။ ဒီအစားအစာတော့ အမေ အရမ်းကြိုက်မှာပဲ"ဟု အမေ့အတွက်ဆိုသော အတွေး ဘယ်နှစ်ခါများ သားသမီးများက တွေးခဲ့ဖူးပါသလဲ။ ပြန်လည် စဉ်းစား ကာ မိဘမေတ္တာ၏ အရေးပါမှုကို အချိန်မနှောင်းခင် နားလည်သင့်ပါ၏။

အမေက နူးညံ့စေ၊ အဖေက ကျားကျားယားယားဖြစ်စေ

အမေကာ သားကို နူးညံ့သိမ်မွေ့အောင်၊ ညှာတာ သနားတတ်အောင် သင်ပေးခဲ့၏။ အဖေက ယောက်ျားပီပီ ကျားကျားယားယား ဖြစ်စေအောင် သင်ပေး၏။ ကျောင်းအားချိန်တွင် အဖေကို ကူညီကာ တောင်သူလယ်ယာ လုပ်ငန်းကိုလည်း ဝင်ရောက် လုပ်ကိုင်ခဲ့ရ၏။ တောင်သူ လုပ်ငန်းဖြစ်၍ နွားများနှင့် အမြဲအတူတကွ လုပ်ကိုင်ရသောအခါ မိမိ၏ မေတ္တာ ကရုဏာထား သနားတတ်သော စိတ်ဓာတ်ကြောင့် နွားများအပေါ်တွင်လည်း ညှာတာ သနားစိတ် ဝင်မိတတ်၏။ ထိုသို့ဖြစ်နေသော မိမိကို အဖေရှုမြင်သည်ကား ပျော့ညံ့သည်တဲ့။ ယောက်ျာဆိုတား ကျားကျားယားယား ရှိရမည်၊ ကြမ်းသင့်က ကြမ်းရမည်တဲ့။ အဖေ၏ ဆိုလိုရင်းကို သဘောပေါက်သော်လည်း မိမိသည် ထိထိုညှာတာ သနားသောစိတ်ကို မပြောင်းလဲနိုင်ခဲ့ပါပေ။ အမေက မေတ္တာ ကရုဏာထား သနားတတ်အောင် သင်ပေးခဲ့၏။

အဖေက လိုအပ်လျှင် ကြမ်းသင့်က ကြမ်းရမည်ဟုဆို၏။ ထိုမတူညီသော နည်းလမ်း (၂)မျိုးတွင် မိမိ လိုက်နာကျင့်သုံးမိသည်ကား အမေ၏ အယူအဆသာတည်း။ အဖေ့ကို အားနာ မိသော်လည်း ထိုကိစ္စအတွက် မိမိနောင်တ မရမိပါပေ။ ထိုနည်းလမ်း(၂)မျိုး သည် တစ်ပြိုင်နက် လိုက်နာလုပ်ကိုင်၍ ရနိုင်သည်မဟုတ်ပါပေ။ တစ်ခုလို ချင်လျှင် ကျန်တစ်ခုကို စွန့်လွှတ်ရမည်သာတည်း။ ထို(၂)မျိုးတွင် မိမိကိုယ်တိုင် သဘောကျနှစ်ခြိုက်သော အမေသင်ပေးသည့် လမ်းကိုသာ ရွေးခဲ့မိပါသည်။ အဖေက လောကအကြောင်း၊ လူတွေအကြောင်း၊ အလုပ်အကြောင်း၊ တောင် သူလယ်သမားဘဝအကြောင်း စသည်တို့ကို စနစ်တကျ သိစေရန် ငယ်စဉ်က ပင် လေ့လာစေခဲ့၏။ သင်ယူစေခဲ့၏။ လက်တွေ့လုပ်စေခဲ့ပါသည်။

ဤသည်ပင် မိမိဘဝ တစ်ဆစ်ချိုးပြောင်းကာ လူ့ဘောင်ကို ခွါရှောင်၍ ရဟန်းဘဝကို ရောက်စေခြင်း၏ အခြေခံ အကြောင်းပင် ဖြစ်ပါ၏။ မိမိ သာသနာ့ဘောင်သို့ ကူးပြောင်းသွားသောအခါ ရွာသူရွာသားတို့ကြားဝယ် “ဒီကိုယ်တော်ကတော့ လူပြန်ထွက်မှာ မဟုတ်တော့ဘူး။ လူ့ဘဝအကြောင်း၊ တောင်သူလယ်ယာ လုပ်ငန်းအကြောင်း ကောင်းကောင်းသိပြီး ထွန်ထောင်ပြီးမှ သာသနာ့ဘောင် ဝင်သွားလို့” ဟူ၍ ပြောစရာ စကားတစ်ခု ကျန်ရစ်ခဲ့ပါသတဲ့။

အမေရည်မှန်း ရှင်ရဟန်း

ထိုသို့သော သားသည် လောကလူ့ဘောင်ကို ခွါရှောင်၍ ရှင်ရဟန်းပြုကာ သာသနာ့ဘောင်ကို ဝင်ရောက်လာခဲ့သောအခါ အမေအဖေ အစ်မညီမများ၏ မိမိအပေါ်ထားသော မေတ္တာတရားကို များစွာ နားလည်ခဲ့ရပါ၏။ အထူးသဖြင့် တစ်ဦးတည်းသော သားပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့သော အဖေ့ မေတ္တာကို များစွာအားနာရသလို၊ အမြဲတမ်း သားကို အရိပ်တစ်ကြည့်ကြည့်ဖြင့် ဝမ်းသာခြင်းပီတိဖြင့် တင်းတိမ်နေခဲ့သော အမေကိုလည်း ခွဲခွါလာရသည်မှာ အမှန်ပင် စိတ်မချနိုင်ခဲ့ပါပေ။

သို့ဖြစ်၍ ရှင်ရဟန်းဘဝဖြင့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဣစ္ဆာသယ ကျောင်းတိုက်၊ ရွာမပရိယတ္တိ စာသင်တိုက်များတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း တို့ကိုလည်းကောင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင် သာာသနတက္ကသီလ ဓမ္မာစရိယ B.A. (Buddhism) ဘွဲ့၊ သာာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)ဘွဲ့ တို့ကို လည်းကောင်း ရယူစဉ်က စားမေးပွဲဖြေပြီးတိုင်း နွေရာသီ ကျောင်းပိတ်စဉ်ဝယ် သူငယ်ချင်းများက သူတို့ရပ် သူတို့ဒေသဆီသို့ အလည်ခေါ်သည်ကိုပင် မလိုက်နိုင်ဘဲ၊ အမေ့မေတ္တာ နားလည်သောသားဖြစ်၍ အမေ့ဆန္ဒကို ဖြည့်ဆီး ပေးသောအနေဖြင့် အမေတွေ့မြင်ချင်သော သားရဟန်း တစ်ခြား ဘယ်အရပ် ကိုမျှ မသွားဘဲ အမေ့ရွာ အညာဒေသကိုသာ အမြဲ ပြန်လာခဲ့သည်မှာလည်း မိသားစု အားလုံးလည်းအသိပါ။ အမေလည်း ပီတိဖြစ်ကာ ဝမ်းသာခဲ့တာ မြင်ရတော့ သားရဟန်း ရွာပြန်လာရကျိုး နပ်တယ်လို့ မှတ်ယူခဲ့ပါတယ်အမေ။

ဒေသ အကွာအဝေးကို ကျော်လွန်နိုင်သော အမေ့မေတ္တာ

မိမိသည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ်က ဖြစ်စဉ် သာဓက လေးပင် ဖြစ်ပါ၏။ တစ်နေ့တွင် အစားမှား၍ထင့်၊ တစ်ညလုံး အထက်လှန် အောက်ရှော ဖြစ်တော့သည်။ အန်လိုက် ဝမ်းသွားလိုက်ဖြစ်ကာ (၅)ကြိမ် မြောက်သောအခါတွင် ခန္ဓာကိုယ်လည်း မျှော့မျှော့သာ ကျန်တော့သည်။ မနက် လင်းလျှင် သူငယ်ချင်း (၂)ယောက်၏ ပခုံးပေါ်ကို တွဲကာမှီခိုလျှက် တက္ကသိုလ် ဆေးရုံသို့ ပြေးရတော့သည်။ ဆရာဝန်က အကျိုးအကြောင်း မေးမြန်းကာ “စိုရိမ်စရာ မလိုကြောင်း၊ ဆေးသွင်းပြီး တစ်ရက်လောက် အနားယူလိုက်လျှင် ပျောက်သွားမည် ဖြစ်ကြောင်း” ပြော၍ ထိုဆေးရုံတွင် တစ်ရက်တစ်ည နေကာ ဆေးကုသခံခဲ့ရပါ၏။

      နောက်တစ်နေ့ ဆေးရုံကုတင်ပေါ်တွင် အနားယူနေရာမှ မျက်စိ ဖွင့်ကြည့် သောအခါ တွေ့လိုက်ရသော မြင်ကွင်းကား မယုံနိုင်အောင်ပါတည်း။ မိမိအိပ် နေသော ဆေးရုံကုတင်ဘေးတွင် စောင့်ရှောက်ပေးနေသူကား အခြားမဟုတ် ပါပေ။ ရွာမှ လိုက်လာသော အမေပင်တည်း။

“အမေ ဘယ်လိုလုပ် သား ဆေးရုံတတ်နေတာ သိသလဲ” ဟူသော အမေးကို အမေ အဖြေပေးသည်ကား “အိပ်မက်ထဲတွင် သားဆေးရုံ တတ်နေရ သည်ကို ထင်ထင်ရှားရှား မြင်မက်၍ လိုက်လာခဲ့ခြင်းပါ”တဲ့။

မိမိသည် အမေ့ရွာမှ ထွက်လာကာ ရန်ကုန်မြို့တွင် နေထိုင်စဉ် (၁ဝ)နှစ် ကျော် ကာလအတွင်း တစ်ခါမျှ ဆေးရုံ ဆေးခန်း မရောက်ဘူးခဲ့ပေ။ ယခုမူ သားဆေးရုံ တတ်ရ၍ အမေရန်ကုန်လိုက်လာခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုသော် ဆိုနိုင်ပါ၏။ သို့သော် မိမိ ဆေးရုံတတ်ရသည်မှာလည်း ခဏသာဖြစ်၍ မည်သူ့ကိုမျှ အကြောင်းမကြား၊ အသိ မပေးခဲ့ပါပေ။ ခရီးမိုင်ပေါင်းများစွာ ဝေးကွာသော ရွာမှ အမေကို အကြောင်းကြားရန်မှာမူ သာ၍ပင် မစဉ်းစားမိ သော အကြောင်း ဖြစ်ပါ၏။ သို့သော် ထိုမိုင်(၄ဝဝ)ကျော်မျှ ကွာဝေးသောရွာမှ အမေက မည်သူကမှ အကြောင်း မကြားသော်ငြားလည်း သိရှိကာ သားထံ အပြေးရောက်လာခဲ့ပြီကောလေ။

ဤနေရာတွင် ဘာကြောင့် ညာကြောင့် စသည်ဖြင့် လူအမျိုးမျိုးတွင် အမြင်အမျိုးမျိုး၊ သုံးသပ်ချက်အမျိုးမျိုး ရှိနိုင်သော်လည်း မိမိအမြင်အရ ပြောရလျှင် သားအပေါ်ထားသော အမေ့မေတ္တာ၏ အစွမ်းကြောင့်ပါတည်း။ အမေ့မေတ္တာသည် အလှမ်းဝေးကွာ နေသော်လည်း သားအပေါ်တွင် အမြဲတမ်း အကျိုးသက်ရောက်နေသောကြောင့် သား၏အခြေအနေကို အမေဖြစ်သူက အစစအရာရာ သိရှိနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မိခင်မေတ္တာသည် သားနှင့် မိုင်(၄ဝဝ)ကျော် ကွာဝေးနေစေကာမူ မိမိသား ဘာဖြစ်နေသည် ဆိုသည်ကို သိရှိနိုင်သည်သာတည်း။ ဤသည်ပင် မိခင်မေတ္တာ၏ နေရာဒေသ အကွာ အဝေးကိုလည်း ကျော်လွန်နိုင်ကြောင်းကို ပြဆိုသော သက်သေသာဓကပင် မဟုတ်ပါလော။

ဆက်ပါဦးမည်...............

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)

Wednesday, December 4, 2013

ဝိဇ္ဇာ+စရဏ

ဝိဇ္ဇာ+စရဏ

ဝိဇ္ဇာ = သိမြင် တတ်မြောက်မှု
စရဏ = လိုက်နာ ကျင့်သုံးမှု
ဤအရာ၌ တင်ပြလိုသော ဝိဇ္ဇာစရဏ-ကား အများဆိုင် ဝိဇ္ဇာစရဏဖြစ်၏၊

ဘယ်ပုဂ္ဂိုလ် ဘယ်သတ္တဝါမဆို အသိ, အကျင့်နှစ်မျိုးလုံး လိုအပ်သည်။ အဆင့်မြင့်သော လူနတ် တို့ကို မဆိုထားနှင့် အဆင့်နိမ့်သော အပါယ်ဘုံသား တိရစ္ဆာန်များပင် သိတတ်မှု၊ လိုက်နာကျင့်သုံးမှုများ လိုအပ်သည်။ သိတတ်မှု၊ အလိုက်သိမှု၊ နားလည်မှု မရှိသော တိရစ္ဆာန်များနှင့် ပြောသည့်အတိုင်း၊ ခိုင်းသည့်အတိုင်း၊ ညွန်ကြားထားသောသည့် အတိုင်း၊ မလိုက်နာ မကျင့်သုံးသော တိရစ္ဆာန်များကို မည်သူကမျှ မကြည်ဖြူ၊ လက်မခံ လိုကြ၊ တိရစ္ဆာန်ချစ်သောသူများပင် မသိတတ်၊ မလိုက်နာတတ်သော တိရစ္ဆာန်များကို မချစ်ကြတော့ပေ။

အိပ်ရာပေါ်၊ ခေါင်းအုံးပေါ် စသည်၌ ကျင်ကြီး ကျင်ငယ်စွန့်သော တိရစ္ဆာန်များ၊ စားဦး စားဖျားနှင့် အမြတ်တနိုးထားသော စားဖွယ် သောက်ဖွယ် အသုံးအဆောင်များကို ခိုးစား တတ် ဖျက်ဆီးတတ်သော တိရစ္ဆာန်များမှာ အများ၏ အော့ကြောလန်ခံရ၏၊ သည်းခံ ခွင့်လွှတ်နိုင်သူများပင် သည်းမခံ နိုင်ကြ၊ ခွင့် မလွှတ်နိုင်ကြ။

ဤသည်ကို ထောက်ရှုခြင်းအားဖြင့် တိရစ္ဆာန်များ၌ပင် သိတတ်မှု လိုက်နာကျင့်သုံးမှုများ လိုအပ်သေး လျှင် လူပုဂ္ဂိုလ်များ၌ကား အထူးပြောဖွယ်ရာ မလိုတော့ပေ။
လူ - ဟူသော ဝေါဟာရကို ပါဠိဘာသာ၌ မနုဿ - သိတတ်သူ စိတ်ထားမြင့်မြတ်သူ - ဟု သုံးနှုန်းထားသည်။

လူတိုင်း သိတတ်သူ အသိညဏ် ရှိသူဟုကား မဆိုနိုင်ပေ။ သင်ယူမှတ်သားမှ သိတတ် သူဖြစ်မည်။ မသင်ယူမမှတ်သားလျှင် သိတတ်သူ မဖြစ်နိုင်ပေ။ သင်ဆရာ မြင်ဆရာအားလုံးထံမှ လိုအပ်သော အသိပညာ အတတ်ပညာများကို သင်ယူ မှတ်သား ရမည်။

သင်ယူခြင်း၏ ရည်ရွယ်ချက်ကား တတ်သိရန်ဖြစ်သည်။ တတ်သိခြင်း၏ ဦးတည်ချက် ကား ကျင့်သုံးရန်ဖြစ်သည်။ ကျင့်သုံးခြင်း၏ ပန်းတိုင်ကား အကျိုးရရန်ဖြစ်သည်။ လိုအပ်သော အကျိုးကို မကျင့်သုံးလျှင် မရနိုင်ပေ။ လိုရင်းပန်းတိုင် လှမ်းကိုင်နိုင်ဖို့ သိရုံမျှနှင့် မပြီး၊ လိုက်နာ ကျင့်သုံးမှ ပြီးစီးနိုင်မည်။

အသိမခက် အကျင့်ခက်
တချို့က တတ်သိရုံနှင့် ပြည့်စုံသည်ဟု ထင်နေကြသည်။ ဆရာဝန်ဘွဲ့ရယူ ထားခြင်း သည် ဆေးကုသရန် ကျန်းမာရေးအတွက် အထောက်ကူပြုရန်ဖြစ်သည်။ ဆေးကုသမှု လည်းမရှိ ကျန်းမာရေးအတွက်လား အထောက်ကူမပြုသော ဆရာဝန်များသည် ဆရာ ဝန်ဘွဲ့ရရန် သင်ကြားရကျိုးမနပ်သော ဆရာဝန်များဖြစ်သည်။ ထိုအတူ ဓမ္မာစရိယဘွဲ့၊ ဘီအေဘွဲ့စသော ဘွဲ့ထူးဂုဏ်ထူးရရှိသူများလည်း မိမိတတ်သိမှုဆိုင်ရာ၌ ကျင့်သုံးမှု မပါလျှင် အချည်းနှီးသာ ဖြစ်သည်။

“ရေမရှိကန်၊ ဆန်မဲ့စပါး
တရားမဲ့ မင်း၊ ခိုးကင်းသည့် မီး ၊
ဤလေးသီးကား၊ ချည်းနှီးမျှသာ၊
လူမှာ တစ်စိ၊ အကျိုးမရှိဘူး ”
ဟူသော မဃဒေဝလင်္ကာ စကားကဲ့သို့ အကျိုးမပြီးသော အရာများဖြစ်သည်။ ဆေးစာ သက်သက်ဖြင့် ရောဂါမပျောက်ကင်းနိုင်၊ ဆေးဖော်စားမှသာ ရောဂါပျောက်ကင်း နိုင်မည်။
တင်ပြလိုရင်းကား -
“တတ်သိရုံနှင့် မပြီး၊ တတ်သိထားသော ပညာရပ်ပေါ် လိုက်နာ ကျင့်သုံးဖို့ လိုသေးသည်”
ဟုဖြစ်သည်။

ဘာသာရေးနယ်ပယ်၌
သိရုံဖြင့် ကျေနပ်နေသူ
လိုက်နာကျင့်သုံးဖို့ ဝန်လေးနေသူ
အသိတခြား အကျင့်တခြား ဖြစ်နေသူ
ပြောရုံသာ ပြော၍ လက်တွေ့ အလုပ်မလုပ်သူများ တော်တော်များများ တွေ့ရသည်။

မြတ်စွာဘုရားသည် -
(၁) ပရိယတ္တိ - သိအောင်သင်ကြားမှု
(၂) ပဋိပတ္တိ - လိုက်နာကျင့်သုံးမှု
(၃) ပဋိဝေဓ - လိုက်နာကျင့်သုံးမှု၏ ရလဒ် ထိုးထွင်းသိမြင်မှု ဟူ၍ သာသနာသုံးရပ် ခွင့်ပြုခဲ့သည်။

ပဋိဝေဓ အတွက် ပဋိပတ်လိုအပ်ပေသည်။ ပဋိပတ် အတွက် ပရိယတ် လိုအပ်သည်။ မြတ်စွာဘုရားသည်ပင် အသိဥာဏ် ဝိဇ္ဇာ၊ အကျင့်စရဏ တို့ကြောင့် ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်နှင့်ပြည့်စုံပြီး တစ်လောကလုံး၏ အပူဇော်ခံထိုက်ခဲ့သည်။

အသိဥာဏ် ဝိဇ္ဇာ၊ အကျင့် စရဏ ၂-မျိုးလုံးနှင့် ပြည့်စုံသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော် ရရှိသည်ကို အထောက်အထားပြု၍ အသိသက်သက်နှင့် မပြီး၊ လိုက်နာကျင့် သုံးဖို့လည်း လိုအပ်သေးကြောင်း သိသာသည်။

ဝိဇ္ဇာနှင့် စရဏ မကင်းနိုင်သလို ပရိယတ်နှင့် ပဋိပတ်လည်း မကင်းသင့်သော အရာဖြစ် သည်။ ပရိယတ်မပါလျှင် ပဋိပတ်မပြည့်စုံနိုင်၊ ပဋိပတ်မပါလျှင်လည်း ဦးတည်ချက် ပျောက်နေသော ပရိယတ်သာဖြစ်မည်။ ပရိယတ်နှင့် ပဋိပတ်သည် တစ်ခုနှင့် တစ်ခု မကင်းသင့်သော အရာဖြစ်သော်လည်း အဓိကနှင့်သာမည ခွဲဖို့တော့ လိုအပ်သည်။

၁။ စာသင်တိုက်များ၌ ပရိယတ်က အဓိက၊ ပဋိပတ်က သာမည။
၂။ ရိပ်သာ တရားတိုက်များ၌ ပဋိပတ်က အဓိက၊ ပရိယတ်က သာမည ဖြစ်ရမည်။
ပရိယတ် ပဋိပတ် ၂-မျိုးလုံးကို အဓိကထားလျှင် ထွန်းထွန်းပေါက်ပေါက် အောင်မြင်နိုင် မည်မဟုတ်။
ပရိယတ်သင်ချိန်၌ ပဋိပတ်မကင်းရုံ သာမန်ထား၍ ပရိယတ်ကိုသာ အဓိကထား သင်ကြားရမည်။ ပဋိပတ်ကျင့်ချိန်၌လည်း ပရိယတ်မကင်းရုံ သာမန်ထား၍ ပဋိပတ် ကိုသာ အဓိကထားကျင့်ကြံရမည်။ သို့မှသာ အဓိကဦးတည်ချက် ပိုမိုထိရောက် အောင်မြင်နိုင်မည်။

ညီအစ်ကို နှစ်ယောက်
ပရိယတ်နှင့် ပဋိပတ်သည် မကင်းနိုင်သော ညီအစ်ကိုနှစ်ယောက်ဖြစ်သည်။ ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို တစ်ခုနှင့်တစ်ခု အချင်းချင်း မှီတွယ်နေသည်။ ပရိယတ် သမားကလည်း ပဋိပတ်သမားကို မပုတ်ခတ်သင့်၊ ပဋိပတ်သမားကလည်း ပရိယတ် သမားကို မပုတ်ခတ်သင့်၊ အချင်းချင်း မုဒိတာပွါး အားပေးကြမှသာ သာသနာပြုရာ ရောက်မည်။

ပရိယတ် ပဋိပတ် စွယ်စုံ
ယခုအခါ ရန်ကုန် မဟာစည်ရိပ်သာကြီး၌ နာယက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော မြစ်သားဆရာတော် ဘဒ္ဒ န္တဝါသဝ- မထေရ်မြတ်ကား ပရိယတ် ပဋိပတ်စွယ်စုံ တတ် ဆရာတော်ကြီး တစ်ပါးဖြစ်သည်။

ပရိယတ်ကျွမ်းကျင်မှုကို-
၁။ သာသနဓဇ သိရီပဝရ ဓမ္မစရိယ ဘွဲ့ရထားခြင်း
၂။ လျှမ်းလျှမ်းတောက် ပါဠိတက္ကသိုလ်ကြီးများဖြစ်သည့် ရန်ကုန် အလယ်တောရစာ သင်တိုက်၌ (၈)နှစ်၊ စစ်ကိုင်း ရတနာ့ ဗိမာန်စာသင်တိုက်၌ (၅)နှစ်၊ စာပေပို့ချခြင်း တို့ဖြင့် တိုင်းတာကြည့်နိုင်သည်။

ပဋိပတ် ကျွမ်းကျင်မှု ကိုကား-
ကျေးဇူးရှင် ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီးထံ၌ သတိပဋ္ဌာန်ဝိပဿနာတရားများ နည်းခံ အားထုတ်ခဲ့ခြင်း
မြစ်သားမြို့၊ တည်းတော်ရာ သာသနာ့ရိပ်သာသို့ မဟာစည်ဆရာတော်ဘုရားကြီးကိုယ် တိုင် ရွေးချယ်စေလွှတ်ပေးခဲ့ခြင်း ၁၃၄၀-ခုနှစ်မှ ယနေ့အထိ မြစ်သားရိပ်သာ၌ အောင်မြင်စွာ သာသနာပြုနေခြင်း ယခုအခါ ရန်ကုန်မဟာစည်သာသနာ့ ရိပ်သာကြီး၏ နာယကဥက္ကဋ္ဌ ဖြစ်နေခြင်းတို့က သက်သေခံနေသည်။

ကိုယ်ကျိုး သူ့ကျိုးပြီးစေသူ
မြစ်သား ဆရာတော် ဘုရားကြီး ဘဒ္ဒ န္တဝါသဝ မထေရ်မြတ်သည် ဆရာသမားများထံ ပရိယတ္တိနည်း ပဋိပတ္တိနည်း များကို ပေါက်ပေါက် မြောက်မြောက် နည်းခံသင်ကြားခဲ့ရုံ မက မိမိကိုယ်တိုင် သတိပဋ္ဌာန်ဝိပဿနာနည်းများကို ကျင့်သုံးခဲ့ခြင်းဖြင့် ကိုယ်ကျိုးကို လည်း ပြီးစေခဲ့သည်။
တဖန် စာသင်တိုက်ကြီးများ၌ ပါဠိတက္ကသိုလ်ကထိက အဖြစ်ဖြင့် ၁၀-နှစ်ကျော် စာချ ပေးခဲ့ခြင်း မြစ်သားရိပ်သာ ရန်ကုန် မဟာစည်ရိပ်သာကြီးတို့၌ ဝိပဿနာတရားများ ပြသပေးခြင်းတို့ဖြင့် အများအကျိုးကိုလည်း ပြီးစေခဲ့သည်။

ထိုကြောင့် အသိရော အကျင့်ပါ ပရိယတ် ပဋိပတ် စွယ်စုံရ ပုဂ္ဂိုလ်၊ ကိုယ်ကျိုး သူ့ကျိုး ၂-မျိုး ပြီးစေသော ထိပ်တန်းစာရင်းဝင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ဖြစ်ကြောင်း ဤ ဆောင်းပါးဖြင့် မြစ်သားဆရာတော်အား ဂုဏ်ပြုပူဇော်အပ်ပါသတည်း။ ။

ဆရာတော် ဦးတိလောကာဘိဝံသ
 ( မဟာစည်သာသနာ့ရိပ်သာ ငွေရတုနှင့် ဂုဏဝိသိဋ္ဌပူဇာစာစောင်မှ)


Tuesday, December 3, 2013

ထာဝရမေတ္တာရှင်သို့ တမ်းချင်း


ထာဝရမေတ္တာရှင်သို့ တမ်းချင်း

အမေဟာ အမေပါပဲ။ ။
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်၊ အပူလှိုင်းဖြာဝေဒနိကတွေနဲ့ 
လူတိုင်းမှာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့် အသေအချာ အဖေမသိတောင်မှအမေရှိတယ်။
ချစ်သဒ္ဓါဝေကဲ၊ ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့၊ ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ၊ သူတောင်းစားအမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့၊ စီးပွားအထွေထွေ
စိန်ရွှေ ပတ္တမြား အိမ်မြေကားနှင့်၊ ငွေသားအမွေ၊ ပေးနိုင်မှ အမေမဟုတ်၊
ယိုင်နဲ့ နဲ့ တဲအတွင်း၊ လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့၊
အရိုးဟင်းတစ်ဖဲ့စီဝေ၊ ထမင်းရည် အတူတူသောက်၊ ဗိုက်မှောက်တော့အတူတူ
(ခြင်ထောင်မရှိ၊ခြုံစောင်မရှိ၊ ခင်းအိပ်စရာ ဖျာလည်းမရှိလို့ )
ခြင်ကိုသွေးလှုအတူတူ၊ ကြမ်းပိုးသွေးလှူအတူတူ
အပူကိုမျှဝေခံစား၊ ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး၊ ရိုးသားမှုဂုဏ်သိက္ခာ၊ မေတ္တာအကြင်နာမှတစ်ပါး၊
အခြားပေးစရာ အထွေအထွေမွဲသော်လည်း၊
အမေဟာ အမေပဲလေ။  ။ (အောင်လှိုင်ထွန်း)

အမေဆိုသည် လူတိုင်းနှင့် သက်ဆိုင်နေပါ၏။ လူတိုင်းလည်း ပိုင်ဆိုင်နေပါ၏။ လောကထဲတွင် အမေအမျိုးမျိုး ရှိနိုင်ပါ၏။ ပညာတတ်အမေ၊ ပညာမဲ့ တောသူ အမေ၊ ဆရာဝန်အမေ၊ တောင်သူလယ်သူမ အမေ၊ သူဋ္ဌေး အမေ၊ သူတောင်း စား အမေ၊ သူတော်ကောင်း အမေ၊ ပြည့်တန်ဆာ အမေ၊ မြန်မာ အမေ၊ ကုလား အမေ၊ တရုတ်အမေ၊ အင်္ဂလိပ်အမေ၊ အမေရိကန်အမေ၊ အာဖရိကအမေ၊ လူအမျိုးမျိုး၏ အမေ၊ လူတန်းစားအမျိုးမျိုး အမေ စသည်အားဖြင့် ကွဲပြားကြ၊ ခွဲခြား ထားကြသော်လည်း သူတို့သည် လောကထဲရှိ သား သမီးအားလုံးတို့၏ အမေများဖြစ်ကြ၏။ (အမေကို ဦးတည်၍ ဆိုသော်လည်း အဖေသည်လည်း အတူတူပင်ဖြစ်ကြောင်း သဘောပေါက်ရပေမည်။)

ထိုအမေများသည် မိမိတို့၏ ကိုးကွယ်ဆည်းကပ်ရာ ဘုရား၊ တရား၊ သံဃာ၊ ဆရာတို့နှင့် တစ်တန်းတည်းထားကာ ကိုးကွယ်ထိုက် ပူဇော်ထိုက် သူများ ဖြစ်ကြ၍ အနန္တဂိုဏ်းဝင်များ ဖြစ်ကြပါ၏။ သားသမီးများ အပေါ်တွင် မကုန်ခမ်းနိုင်သော မေတ္တာစစ် မေတ္တာမှန်နှင့် ဖြစ်ကြသူများ ဖြစ်ကြ၍ ထာဝရ မေတ္တာရှင်းများလည်း ဖြစ်ကြ၏။ အမေများ၏ ကျေးဇူးတရားကို မည်၍မည်မျှ ရှိသည်ဟု ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်သောကြောင့် အနှိုင်းမဲ့ ကျေးဇူး ရှင်များလည်း ဖြစ်ပါ၏။

အမေသည် အမေပင်ဖြစ်၍ ထိုမိမိ၏ အမေသည် မည်သို့သောအမေ ဖြစ်နေပါစေ သား သမီးတို့ပေါ် လွန်စွာ ကျေးဇူးများ သောကြောင့် ပူဇော်ထိုက်၊ ရှိခိုးထိုက်၊ ကျေးဇူးဆပ်ထိုက်သည်သာတည်း။ တစ်ချို့က မိမိအမေသည် သူတောင်းစား အမေ၊  ပညာမဲ့ အမေ၊ တောသူတောင်သား အမေ စသည် အားဖြင့် ဂုဏ်မရှိ၊ ပညာမရှိ၊ ပစ္စည်း ဥစ္စာမရှိ၍ လူကြားသူကြားတွင် အမေ တော်ရမည်ကို ရှက်ကြ၏။ အမေ ခေါ်ရမည်ကို မလိုလားကြပေ။ အမေ့တွင် ဆင်းရဲခြင်း၊ သီလမရှိခြင်း၊ ပညာမတတ်ခြင်းစသော ချွတ်ယွင်းချက်များ ရှိကောင်း ရှိပေလိမ့်မည်။ ထိုအကြောင်းတို့ကြောင့် အမေသည် သားသမီးတို့ အပ်ါထားသော မေတ္တာ၊ အကြင်နာတရားများ ယုတ်လျော့ မသွားနိုင်သလို၊ အနန္တကျေးဇူးတရားတို့သည်လည်း မည်သို့သော အကြောင်းကြောင့်မျှ နည်းပါး သွားမည် မဟုတ်ပါပေ။

အတိတ်က အတူပြုခဲ့ဘူးသော ကံရေစက်ကြောင့် ဤဘဝဝယ် အမေ တော်ကြရ၊ သား သမီး တော်ကြရခြင်း ဖြစ်ပါ၏။ အမေကလည်း ကိုယ့်ထံ ရောက်ရှိလာမည့် သား သမီးကို အကောင်းဆုံး၊ အတော်ဆုံး၊ အလိမ္မာဆုံးကို ရွေးလိုကြ၏။ သို့သော် ရွေးချယ်၍ မရပြီ။ သား သမီးကလည်း မိမိ၏ အမေဖြစ်မည့်သူကို ချမ်းသာသော အမေ၊ ပညာတတ်သော အမေ၊ ဂုဏ်ရှိသော အမေ၊ အာဏာရှိသော အမေထဲမှ ရွေးချယ်၍ အမေတော်လိုကြပေလိမ့်မည်။ သို့သော် အမှန်တကယ်မူ ရွေးချယ်ပိုင်ခွင့် မရှိကြပြီ။ မိမိတို့၏ အတိတ်က ပြုခဲ့ဘူးသော ကုသိုလ်ကံ၊ ရေစက်ကြောင့်သာ ယခုဘဝဝယ် ကြုံဆုံကြရ၊ အမေနှင့် သားသမီးအဖြစ် တော်စပ်ကြရခြင်း ဖြစ်ပါ၏။ 

သို့ဖြစ်၍ အမေဖြစ်သူက သားသမီးများအပေါ် ချွတ်ယွင်းချက် တစ်စုံတစ်ရာရှိလျှင်သော်မှ ခွင့်လွှတ် သည်းခံကာ အချစ်မေတ္တာ မပျက်ဘဲ၊ ဆက်လက် ချစ်နိုင်ကြသလို၊ အမေ့ တာဝန် ကျေပွန်ကြသလို သား သမီးများဘက်ကလည်း မိမိ၏ အမေသည် မည်သို့သော အမေဖြစ်နေပါစေ။ အမေသည် အမေသာဖြစ်၍ ပါတ်ဝန်းကျင်၊ ဂုဏ်သိက္ခာ၊ ပစ္စည်းဥစ္စာဟူသော အကြောင်းကြောင့် အမေကို မစော်ကား သင့်ပေ။ အမေတို့၏ အနှိုင်းမဲ့ ဂုဏ်ကျေးဇူးကို မပြစ်မှားသင့်ပေ။

အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော ဤလောက

အမေ…. ၊ လူတိုင်းမှာ အမေနှင့် မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။ အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလု အယက် ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနား ကရုဏာပိုစွာ မျက်ရည်လည်ရွဲ ငိုပွဲဆင်ရမြဲပင်။ အမေမရှိသူတို့သည် အမေကို သတိရ တမ်းတကာ အလွမ်းပိုမိကြ၏။ အဘယ့်ကြောင့် ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ..အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။

အမေ့မေတ္တာသည် သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ် အပေါင်းမှ ကာကွယ်ပေး၍ အေးချမ်းကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည် သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျားအမေ၊ သူ့အမေ၊ တစ်ခြား သူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေ အားလုံး၏ မေတ္တာတရားတို့ဖြင့် လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်း နေဦးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။

အမေ့မေတ္တာတို့ဖြင့် လွှမ်းခြုံကာ ဖွဲ့စည်းထားသော မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန်ဖြစ်ကြလျှင်သော်မှ အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက် လျှင် ချက်ချင်း ငြိမ်းပျောက်သွားမြဲပင်။ ကမ္ဘာလောကထဲဝယ် လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေ စေဦးတော့ လူသားတိုင်း၏ အမေ့ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာ လောကကြီးသည်လည်း အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့ နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေ အားလုံးက မွေးသော သားသမီးများက ဤကမ္ဘာလောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ် နေကြ၊ ဆက်လက် တည်တံ့အောင် ဆောင်ရွက်နေကြသောကြောင့် ဤကမ္ဘာ လောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက်ထားသည်၊ အုပ်ချုပ်နေသည်ဟု ဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။

 အနှိုင်းမဲ့မေတ္တာရှင်

အဖေက သားသမီးတို့အပေါ် ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသော ကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊ အမေက အေးမြ သောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကို လည်းကောင်း နှိုင်းယှဉ်ကြည့်နိုင်ပါ၏။

*အမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်သာတည်း။ 
*အဖေ့မေတ္တာ ဥပမာသည် နေ့အခါနေမင်းရောင်ခြည်သာတည်း။

မှန်ပါ၏။ နေမင်းသည်လည်း အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်းသည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့ လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာအလေင်းရောင်သည်ကား သားသမီးတို့ အပေါ်မှာ အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီးတစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့်ပင် မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ။

အမေအဖေသည် အနန္တော အနန္တ(၅)ပါးတွင် ပါဝင်၏။ အမေအဖေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြား လွန်းသောကြောင့် “အနန္တ”ဟု စကားလုံး တစ်လုံးတည်း သုံးရသည်ကိုပင် အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အနန္တ” တစ်လုံး ဖြည့်စွက်သုံးကာ ပါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တော အနန္တ” ဟု သုံးနှုန်း ခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့် အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ် တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။ ဥပမာ။ မဟာ- ကြီးသည်၊ မဟာ့မဟာ-အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြား မရှိအောင်၊ ရေတွက်ခြင်းငှါ မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့မေတ္တာရှင်”ဟု အမေကိုတင်စားကာ ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါ၏။ ထိုမိဘများသည် အနန္တောအနန္တ (၅)ပါးတွင် တစ်ပါး အပါအဝင် ဖြစ်ကြပါသည်။

အဘယ့်ကြောင့် ‘အနှိုင်းမဲ့မေတ္တာရှင်’ဟုဆိုသနည်း။ မိဘများသည် အနှိုင်းမဲ့ မေတ္တာရှင်များ ဖြစ်ကြ၏။ အဘယ့်ကြောင့်ဆိုသော် မိဘများသည် သား သမီးများအပေါ်ထားသော မေတ္တာအတိုင်းအဆသည် နှိုင်းပြ၍ မရနိုင်ပေ။ လွန်စွာ ကြီးမား ကျယ်ပြန့်လှပါ၏။ ထိုသို့ တိုင်းတာပြစရာ၊ နိုင်းပြစရာ ကင်းမဲ့ နေသောကြောင့် မိဘမေတ္တာသည် ‘အနှိုင်းမဲ့’ ဖြစ်ပါ၏။ မိဘနှင့် သားသမီး အနေဝေးနေသော်လည်း မိဘမေတ္တာ၏ အစွမ်းကား ထိုအဝေး တစ်နေရာမှာ ရောက်ရှိနေသော သားသမီးများအပေါ် မေတ္တာအကျိုး သက်ရောက်နိုင်သည် သာတည်း။ ထိုကြောင့် မိဘမေတ္တာသည် အနီး အဝေး နေရာ ဒေသကိုလည်း ကျော်လွန်နိုင်သည်သာတည်း။ မိဘမေတ္တာသည် နံနက် နေ့ည မရွေး အကျိုးသက်ရောက်နိုင်ပါ၏။ 

သား သမီးများသည် အိပ်ပျော်နေလျှင်သော်မှ မိဘအနားမှာရှိလျှင် သူတို့၏ စိတ်တွင် လုံခြုံ စိတ်မှုကို ခံစားရ၏။ မည်သို့သော စိုးရိမ်သောကမျှ မရှိပေ။ ဘေးန္တရာယ် ကင်းသည်ဟုလည်း ယုံကြည်နေ၏။ ဤသည်မှာ မိဘမေတ္တာ၏ အစွမ်းကြောင့်ပင် ဖြစ်ပါ၏။ ဤသည်ပင် မိဘ မေတ္တာသည် နံနက် နေ့ ညဟူသော အချိန်ကာလကိုလည်း ကျော်လွန်နိုင်သည် သာတည်း။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင်များဟု ဆိုခြင်းဖြစ် ပါသည်။ အမှန်မူ မိဘမေတ္တာသည် ဗြဟ္မာကဲ့သို့ပင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာရှင်များ ဖြစ်ကြပါ၏။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင် ဟုဆိုလျှင် အနှိုင်းမဲ့ ကရုဏာရှင်၊ အနှိုင်းမဲ့မုဒိတာရှင်၊ အနှိုင်းမဲ့ ဥပေက္ခာရှင် ဟုလည်း ဆိုရာရောက်သည်သာတည်း။

အစားထိုး၍ မရနိုင်သော အရာ

လောကမှာ ဥစ္စာ စီးပွါး၊ ပညာ အသိတရား၊ သြဇာ အာဏာ စသည်အားဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။ အစားထိုး၍ ရကောင်း ရနိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါ လိမ့်မည်။ အမေ တည်းဟူသော မိဘမေတ္တာကိုမူ ဘယ်သော အခါမျှ အစားထိုး၍ ရနိုင်မည်မဟုတ်ပေ။ လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေ လျှင်လည်း မယားအစား ရနိုင်ပါ၏။ သားသမီး သေလျှင်သော်မှ သားသမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ အမေ သေသွားလျှင် အမေ့နေရာကိုကား အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ အမေ မရှိတော့လျှင် အမေနေရာကို မည်သို့သော နည်းနှင့်မျှ အစားထိုး အတုပြုလုပ်၍ ရနိုင်မည် မဟုတ်ပါပေ။

အမေ့မေတ္တာသည် အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ အမေ့ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။ အမေ့မေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့်ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍ မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စားဝင်ယူနိုင်၏။ အမေနေရာကိုကား မည်သူမျှ ကိုယ်စားမဝင် နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည် အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။

တောသူ တောင်သား အမေအဖေ

မိမိအမေအဖေကား မြန်မာပြည် အလယ်ပိုင်းက မန္တလေးတိုင်း၊ တောင်သာ မြို့နယ်တွင် မထင်မရှား ဇီးပင်ကန်ရွာဟူသော တောရွာလေးမှာ နေထိုင်ပါ၏။ မိသားစု(၇)ယောက်တွင် ရှားရှားပါးပါး တစ်ဦးတည်းသောသား။ သို့ဖြစ်၍ အမေအဖေထင်မက အစ်မ ညီမများကပါ ဝိုင်းချစ်ကာ အလိုလိုက်ခံရသော သား။ အမေတိုင်းသည် သားကို အားကိုးလိုသော်လည်း မိမိအမေကတော့ ထိုသို့ မဟုတ်ပြီ။ သို့သော် လူပေလူတေ တစ်ယောက်ဖြစ်မည်ကို စိုးရိမ်၍လား၊ သားကို ရှင်ရဟန်း ဖြစ်စေလို၍လား မသိ။ ငယ်စဉ်ကပင် အမေ ပြောပြ သွန်သင် ဆုံးမခဲ့သော ပုံပြင်တို့သည် ဘုရားဟော ဇာတ် နိပါတ်တော်များသာ။ အရွယ်ရောက်လာသောအခါ့ ရွာမှာ စာကြည့်တိုက် မရှိ၍ ရွာဦးကျောင်းမှ အမေငှါးကာ သားကိုဖတ်စေသည်ကား ဇိနတ္ထပကာသနီခေါ် ‘ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်’ စာအုပ် ဖြစ်ပါ၏။ မိမိသည် ကိုရင်မဝတ်ခင် (၁၃)နှစ်သား အရွယ်တွင်ပင် ဇိနတ္ထပကာသနီကျမ်းကို ကုန်စင်အောင် ဖတ်ပြီးခဲ့လေပြီ။


ထိုသို့သောနည်းဖြင့် သား၏ စိတ်ဓာတ်တို့ နူးညံ့သိမ်မွေ့လာအောင်၊ မေတ္တာ ကရုဏာတရားတို့ တိုးပွါးလာအောင် အမေပြုစု ပျိုးထောင်ပေးခဲ့ပါ၏။ လူအချင်းချင်း စာနာတတ်အောင်၊ အများအကျိုးကို ဆောင်ရွက် ကူညီတတ် အောင် သင်ကြားပြသ ဆုံးမခဲ့၏။ (၅)ပါးသီလကို မြဲစွာ စောင့်ထိန်းတတ်အောင် ဇာတ်နိပါတ်များဖြင့် သာဓကပြ ဆုံးမခဲ့၏။ အလုပ်အားချိန် ကျောင်းအားချိန် တွင် ရွာဦးကျောင်းသို့ သွားစေကာ ဝေယျာဝစ္စများ ပြုလုပ်စေခြင်းဖြင့် ကုသိုလ် ယူစေခဲ့ပါသည်။ အမေ၏ ရည်ရွယ်ချက်ကား ရွာဦးကျောင်းဆရာတော်၏ “နောင်တစ်ချိန်တွင် ရှင်ရဟန်းဖြစ်မည့်သူ”ဟူသော မိန့်ကြားချက်ကြောင့်ပင် ဖြစ်ပါသည်။

ဆက်ပါဦးမည်.............

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)

Monday, December 2, 2013

ချိန်ခွင်ညှာ



ချိန်ခွင်ညှာ

အီဗောလျူရှင်း သီအိုရီ အရ ကမ္ဘာလောက ဟာ တစ်စတစ်စ တိုးတက် လာတယ်လို့ ဆိုကြတယ်။ ကမ္ဘာလောက ဟာ ဒွန္ဒ နည်းအရ၊ ဒိုင်ယာ လက်တိကယ် နည်း အရ တိုးတက် လာတာ ဖြစ်တယ်။ အရာဝတ္ထု မှန်သမျှ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဆက်စပ် နေ တာ ဖြစ်တယ်။ ဒွန်တွဲ နေတာ ဖြစ်တယ်။ နေ့ဖြစ်လာတယ် ဆိုရင် ည ရောက် မလာဘဲ မနေ ဘူး။ နံနက်ချိန် ဖြစ်လာရင် ညနေ ရောက် ကို ရောက်လာရမယ်။ နံနက်ချိန် ဟာ ညနေချိန်ကို ခေါ်ဆောင် လာတယ်။ ညနေချိန် ရောက်လာဖို့ ၁၂ နာရီ လောက်သာ စောင့်ရ လိမ့်မယ်။ ဇာတိ ဖြစ်လာရင် မရဏ ကပ်ပါလိမ့်မယ်။

ယေဘုယျ အားဖြင့် မရဏ ရောက်လာဖို့ နှစ်ပေါင်း ခုနှစ်ဆယ် လောက် စောင့်ချင် စောင့် နေရလိမ့်မယ်။ နံနက်ချိန် အပြီး မှာ ညနေချိန် ရောက် လာတာဟာ၊ ဇာတိနှင့် အတူ မရဏ ကပ် ပါလာတာ ဟာ ဆန့်ကျင်ဘက် သဘော တရား နှစ်ခု ပေါင်းစပ် နေ တာ ဖြစ်တယ်။ ဒွန္ဒသဘော၊ ဒိုင်ယာလက်တိကယ် သဘော အတွင်း ငုပ်နေတာ ဖြစ်တယ်။အဲဒီနည်း အတိုင်း ပဲ အလင်းရောင် မှာ အမှောင် ပေါ်လာတယ်။
သုခ နဲ့အတူ ဒုက္ခ ကပ်ပါလာတယ်။ က လို့မပြီးခင် ပူဆွေး စရာ၊ သောက ဖြစ်စရာ အကြောင်းက စောင့်နေတယ်။ ပြုံးလို့ လက်စ မသပ်ခင်၊ မျက်ရည်က အဆင်သင့် ဖြစ်နေပြီ။မျက်ရည် ကို ဖိတ်မန္တကပြုလာတာ တခြားမဟုတ်ဘူး။ အပြုံး……အပြုံး….။

ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ထဲက ဘယ် သဘောတရား ကိုမှ မလိုက်ဘဲ ကြားနေရင်၊ ဒါက အပြုံး၊ ဒါက မျက်ရည် ဆိုတာကို သိပြီး မိမိ ကိုယ်ကို အပြုံး နှင့်လည်း မ ဆက်စပ် စေဘဲ၊ မျက်ရည်နှင့်လည်း မဆက်စပ်စေဘဲ၊ တတိယလူ “သာဒ့်ပါစင်” အဖြစ်ရှိနေရင်၊ ခပ်လှမ်းလှမ်း က ကြည့်ရှု အကဲခတ် နေရင် အဲဒီနေ့မှာ နှိုးကြားမှု ဖြစ်ပေါ်လာပြီး၊ အပ္ပမာဒ တရား ဖြစ်ပေါ် လာပြီး သဘောတရား နှစ်ခု ကို တစ်ခုစီ ခွဲခြားမြင်နေမှာ မဟုတ်တော့ဘူး။မျက်ရည် ထဲမှာ အပြုံး ကို မြင်နေရလိမ့်မယ်။ အပြုံးထဲမှာ မျက်ရည် ပေါ် လာလိမ့် မယ်။ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဒွန္ဒသဘော တရား နှစ်ခု၊ ဒိုင်ယာလက်တိကယ် သဘောတရား နှစ်ခု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

နံနက် လည်း ညနေ ဖြစ်လာမယ်။ နံနက်တိုင်း ညနေ ဖြစ်လာမယ်။ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှု မှာ အထီးကျန် ဘဝ ပုန်းကွယ် နေတဲ့ အတွက် ဥစ္စာဓန ကြွယ်ဝ ချမ်းသာသူများ အလွန် တရာ ထိတ်လန့် ကြောက်ရွံ့ နေတာ ဖြစ်တယ်။ ဆင်းရဲ မှာ စိုးရိမ် ကြောင့်ကြ တာဟာ ဥစ္စာဓန နှင့် အတူ ကပ်ပါလာတယ်။ အချစ် မှာ အမုန်း မျိုးစေ့ ဗီဇ စိုက်ပျိုး ထားပြီ။အဲဒါကြောင့် ချစ်သူတွေ တစ်ယောက် နဲ့တစ်ယောက် သံသယ မျက်လုံး နှင့် ကြည့်နေကြတာ မဟုတ်လား။ အဲဒါကြောင့် ချစ်သူတွေ နီးတကျက်ကျက် ဖြစ်နေတာ။

အမုန်းတရား ဆိုတာ ရန် မီးပွား စေတတ်တဲ့ အရာ ဖြစ်တယ်။ ဘဝတစ်သက်တာ ဆိုတာ မီးတောက်မီးညွှန့် ဘယ်ဘက် ကနေ ညာဘက်၊ ညာဘက်ကနေ ဘယ်ဘက် ပြောင်းတဲ့ သဘောသာ ဖြစ်တယ်။ လူ့ဘဝ ဟာ ဖြစ်ခြင်း နှင့် ပျက်ခြင်း ကြား ထဲမှာ ယိမ်းထိုးနေ တာ ဖြစ် တယ်။ ဒါပေမယ့် မိမိတို့၏ အတွင်း သန္တာန် ထဲမှာ နှိုးကြားမှု ကိန်းအောင်း နေ တယ်။ အပ္ပမာဒတရား အခြေခံ ရှိနေတယ်။ အဲဒီ နှိုးကြားမှု နှင့် အဲဒီ အပ္ပမာဒ တရားနှင့် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရား နှစ်ခု ကို သုံးသပ် ကြည့် လို့ ရတယ်။အဲဒီလို သုံးသပ် ကြည့်လို့ ရတဲ့ အဆင့် ရောက်ရင် တရားအမြင် အတွက် တံခါးပွင့် လာလိမ့်မည်။

ဒါကြောင့် ဒုက္ခ ကြုံတွေ့ လာတဲ့အခါ ပြာယာခတ် မသွားသင့်ဘူး။ နံနက်ခင်း ရောက်လာရင် ညနေ ရောက်လာမှာ မဟုတ်ဘူး လို့ မထင်မှတ် ပါနဲ့။ ညနေ ရောက်လာရင် နံနက် ရောက် လာ မှာ မဟုတ်ဘူး လို့ မထင်မှတ်ပါနဲ့။ ဒုက္ခ ရောက်လာတဲ့ အခါ ဒုက္ခ နှင့် အတူ သုခ ကပ်ပါ လာတာ ကို သတိ မပြုဘဲ မနေ ပါနဲ့။ ဒုက္ခ လာရင် သုခ လည်း လာမယ် ဆိုတာ တွက်ထားရမယ်။ ဂယောင် ချောက်ချား ဖြစ် မသွားပါနှင့်။ အဲဒီလို သဘောထား တာဟာ ဘာဝနာ ပွားများခြင်း ဖြစ်တယ်။

ဆန့်ကျင်ဘက် သဘောတရား နှစ်ခု က ကျော်လွန် သွားရင် ငြိမ်းချမ်းမှု ဖြစ်စေလိမ့်မယ်။ ဆန့်ကျင်ဘက် သဘော တရား နှစ်ခု ကို ထိန်းထား ရလိမ့်မယ်။ ဆန့်ကျင်ဘက် နှစ်ခု ဖြစ် တဲ့ ချိန်ခွင်ရွက် နှစ်ခု ကြားထဲက ချိန်ခွင်ညှာ ကို တန်းတန်းမတ်မတ် ဖြစ်နေအောင် လုပ်ထား ရလိမ့်မယ်.။

………………………………
ပါရဂူ
အမှတ်(၁၄၁) – ဧပြီလ -၂၀၀၅ ခုနှစ်ထုတ် စတိုင်သစ် မဂ္ဂဇင်း