Wednesday, August 7, 2013

မွေးနေ့ကို ဘာသာရေးအမြင်ဖြင့် သုံးသပ်ကြည့်ခြင်း



မွေးနေ့ကို ဘာသာရေးအမြင်ဖြင့် သုံးသပ်ကြည့်ခြင်း

ဗုဒ္ဓဘာသာစာပေတို့တွင် ယခု မိမိတို့နေထိုင်ရာ လူ့ဘောင်ကို သုဂတိဘုံဟု ဆိုသည် ၊ သုဂတိဘုံ ဆိုသည်မှာ ကုသိုလ်ကောင်းမှုရှိသူတို့သာ လားရောက်ရာဌာနဟု အဓိပ္ပါယ် ရသည် ၊ ယခု မိမိတို့သည် ကုသိုလ်ကောင်းမှုရှိသူတို့သာ လားရောက်ရာ လူ့ဘုံဌာနတွင် လူမိဘကမွေးလျှက် လူဟူသောအမည်ဖြင့် လာဖြစ်နေကြသည် ၊ လူဖြစ်လာရခြင်းသည် ကုသိုလ်ကောင်းမှုကြောင့်ဟု အလွယ်မှတ်နိုင်ပါသည် ။

ဤလူ့ဘုံဌာ လူ့ဘ၀ကို နတ်သားနတ်သမီးများက အလွန်အလေးအမြတ်ထားကြသည် ၊ နတ်ပြည်တွင် နတ်သားတစ်ပါး သေဆုံးတော့မည်ဆိုပါက ရှေးဦးစွာ နိမိတ်ငါးမျိုး ထင်လာလေ့ ရှိသည် ၊ သေဆုံးတော့မည့်နတ် ပန်ဆင်ထားသည့်ပန်းများ ညှိုးနွမ်းလာသည် ၊ နတ်ဝတ်နတ်စားများ ညစ်နွမ်းလာသည်၊ ချိုင်းကြားစသည်တို့မှ ချွေးများ ယိုစီးကျလာသည်၊ ယခင်က လှပ တောက်ပြောင်ခဲ့သော ခန္ဓာကိုယ်၌ ကိုယ်ရောင်ကိုယ်ဝါများ ညှိုးမိန်လာသည် ၊ မိမိပိုင်ဆိုင်သော နတ်ဗိမာန်၌လည်း ပျော်ပိုက်ခြင်းမရှိတော့ ၊ အထက်ပါ နိမိတ်ငါးမျိုးထင်လာလျှင် ဤနတ်သားသည် မကြခင် သေဆုံးတော့မည် ဖြစ်ကြောင်း တစ်ခြားနတ်များက သိကြသည်၊

ထိုအခါ နတ်သားများက ၀ိုင်းဝန်း၍ အောက်ပါ စကားသုံးခွန်းကို မှာကြားတိုက်တွန်းကြသည် ၊
“ အမောင် …….သုဂတိဘုံသို့ သွား၍ ပဋိသန္ဓေယူပါ ၊ ထိုသုဂတိဘုံ၌ ကံနှင့် ကံ၏အကျိုးကို ယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားကို ရအောင် ယူပါ ၊ ထိုသဒ္ဓါတရားကို သင့်သန္တာန်မှာ ခိုင်မြဲအောင် လုပ်ပါလေ …..”

အထက်ပါနတ်များ တိုက်တွန်းမှာကြားသည့် သုဂတိဘုံဆိုသည်မှာ ဤလူ့ပြည် ဤလူ့ဘုံပင် ဖြစ်သည် ၊ လူ့ပြည် လူ့လောကတွင် လူ့အဖြစ်ကို ရရှိရန် မလွယ်ချေ ၊ ကျမ်းစာများ၌ “ မနုဿတ္တဘာဝေါ ဒုလ္လဘော-လူ့အဖြစ်ကို ရခဲသည် “ ဟု ခိုင်မာသော အဆိုရှိ၏ ၊ သို့ရာတွင် လူ့ပြည်လောကကို သုဂတိဘုံဟုဆိုဆို ၊ လူ့ဘ၀ကို အလွန်ရခဲသည်ဟု ပြောပြော ၊ လူ့ပြည်နှင့်လူ့လောကသည် ထာဝရပြီးပြည့်စုံသောလောက ထာဝရသာယာ လှပသော ဘ၀ဟုကား မဆိုနိုင်ပေ ။

ကုသိုလ်ကံကြောင့် လူဖြစ်လာရသည်မှန်သော်လည်း ဘ၀သစ်တစ်ခု စတင်ရရှိလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဘ၀ကို လိုချင်တပ်မက်ချစ်ခင်သော တဏှာကြောင့်သာ ဖြစ်သည် ၊ ဘ၀သစ်တစ်ခု၏ အစကို ဇာတိဟုဆိုသော် ဆိုနိုင်၏ ၊ ပါဠိအဘိဓာန်တွင် ဇာတိကို ပဋိသန္ဓေနေခြင်း ၊ အသစ်တစ်ဖန်ဖြစ်ခြင်း ၊ မွေးဖွားခြင်း ၊ ခန္ဓာအစဉ် ၊ ပုံသဏ္ဍာန်သဘော စသည်ဖြင့် ဖွင့်ပြသည် ၊ ဤနေရာတွင် အသစ်တစ်ဖန်ဖြစ်ခြင်း၊ မွေးဖွားခြင်းကို ဇာတိအားဖြင့် ယူလိုပါသည် ၊

မိမိတို့သည် “ အူဝဲ “ ဟူသော ငိုကြွေးသံပေးလျှက် မွေးဖွားလာကြသည် ၊ ဘ၀အသစ်တစ်ခု ဖြစ်လာကြသည် ၊ ဤလူ့လောကတွင် ကလေးငယ်တစ်ယောက် မွေးဖွားလာလျှင် ဆိုင်ရာ အသိုင်းအ၀ိုင်းအတွက် ၀မ်းသာပျော်ရွှင်မှုကို ရစေသည်၊ အဓိကအားဖြင့် ယင်းကလေးနှင့်သက်ဆိုင်ရာ မိဘနှစ်ပါးကို အတိုင်းထက်အလွန် ပျော်ရွှင်မှုပီတိကို ဖြစ်စေသည် ၊

ထိုအချိန်တွင် ကလေးငယ်၏ အူဝဲဟူသော ငိုကြွေးသံကို ငိုကြွေးသံဟု မထင် ၊ “ လူ့လောကထဲ ငါရောက်လာပြီ “ဟူသော သဘောဖြင့် ဟစ်ကြွေးသံပြုသည်ဟု ထင်တတ်ကြသည် ၊ အမှန်မှာ ငိုကြွေးသံသည် ငိုကြွေးသံသာ ဖြစ်သည် ၊ ဟစ်ကြွေးသံ မဟုတ်ပေ ၊

 တစ်နည်းအားဖြင့် မွေးဖွားစကလေးငယ်၏ ငိုကြွေးသံကို ဘ၀သစ်ရလာခြင်း၏ ဇာတိ သင်္ကေတ အဖြစ် သတ်မှတ်နိုင်ပါသည် ၊ လူတိုင်းတွင် မွေးနေ့ကိုယ်စီ ရှိကြသည်၊ လူအနည်းငယ်မှတစ်ပါး လူတို့သည် ကိုယ်လူ့ဘ၀ရောက်ခဲ့သော မွေးနေ့ မွေးရက် အချိန်နာရီ မိနစ်တို့ကို အမှတ်တရ ရှိတတ်ကြသည်၊

 မိမိမွေးနေ့ ရောက်လာတိုင်း အမှတ်တရအနေဖြင့် “ မွေးနေ့မင်္ဂလာ “ ဟု အမည်တပ်လျှက် ကုသိုလ်ကောင်းမှု ပြုသူလည်း ရှိသည် ၊ မိဘကို ရှိခိုးပူဇော် ကျေးဇူးဆပ်သူလည်း ရှိသည် ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်သူလည်း ရှိသည် ၊ စိတ်ငြိမ်အောင် အကြောင်းပြချက်ဖြင့် ပိုကာဝိုင်းထောင်သူလည်း ရှိသည်၊ ကိုယ့်မွေးနေ့အမှတ်တရအဖြစ် ကိုယ့်ရည်းစားကို အဖြေပေးသူလည်း ရှိသည် ၊ မိမိလူ့ဘ၀သို့ ရောက်လာခဲ့သောမွေးနေ့ကို အမှတ်တရ ရှိခြင်းသည် ကောင်း၏ဟု ယုံကြည်မိသော်လည်း မွေးနေ့မင်္ဂလာခေါင်းစည်းအောက်တွင် မွေးနေ့၏ပြဋ္ဌာန်းချက်၊
တနည်းပြောရသော် ဇာတိ၏အကျိုးနှင့် အကျိုးဆက်ရလာဒ်များကို မေ့လျော့နေကြသည်ဟု မိမိစိတ်ထဲ ထင်မြင်နေမိသည် ၊

 ဗုဒ္ဓမြတ်စွာက တရားဦး ဓမ္မစက္ကပ၀တ္တနသုတ်တော်တွင် “ ဇာတိပိ ဒုက္ခော-ဘ၀ဖြစ်ရခြင်းသည် ဆင်းရဲ၏ “ ဟု ဟောတော်မူပါသည် ၊ ယခုခေတ်တွင် မွေးနေ့ပွဲကို ရဟန်းရှင်လူများစွာ ကျင်းပပြုလုပ်နေကြသည်ကို တွေ့ရသည်၊ ထိုမွေးနေ့ပွဲများ၌ အသစ်တဖန် ပဋိသန္ဓေ နေရခြင်းဆင်းရဲ၊ မွေးဖွားရခြင်းဆင်းရဲတို့ကို သတိရဆင်ခြင်မိသူ ရှိကောင်းရှိနိုင်သော်လည်း အလွန်နည်းပါးပေလိမ့်မည် ၊ မိမိတို့လို လူပုဂ္ဂိုလ်တို့ကို ထား၍ ဘုန်းကြီးရဟန်းများပင် သူတို့မွေးနေ့၌ ဘ၀၏ဆင်းရဲကို နှလုံးးသွင်းမိသူ နည်းပါးသည်ဟု မ၀ံ့မရဲ ဆိုချင်ပါသည် ၊

ဆိုရခြင်းအကြောင်းလည်း ရှိ၏ ၊မိမိတို့ရပ်ကွက်တွင် သံဃာတစ်ရာကျော်သီတင်းသုံးသော ဘုန်းကြီးကျောင်း တစ်ကျောင်းရှိရာ ကျောင်းထိုင်ဘုန်းကြီးသည် နာမည်အသင့်အတင့်ရှိ၍ ဂုဏ်ပကာသန မက်မောပုံ ရသည် ၊ ထိုကျောင်းထိုင်ဘုန်းကြီး၏ မွေးနေ့ရောက်ပြီဆိုလျှင် မိမိတို့ တစ်ရပ်ကွက်လုံး ကောင်းစွာအိပ်မရတော့ ၊ အကြောင်းက မနက်လင်းသည်မှ စ၍ ညမိုးချုပ် သန်းခေါင်ကျော်(၂)ချက် (၃)ချက်အထိ ဘောက်သံတွေက တအုန်းအုန်း ၊ မီးရှူးမီးပန်းများနှင့် တရုတ်မိုးပျံဗျောက်တွေက တ၀ုန်းဝုန်းတဒိုင်းဒိုင်းနှင့် ရပ်ကွက်တစ်ခုလုံး ဆူညံပွက်နေသောကြောင့် ဖြစ်သည် ၊ ဘုန်းကြီးရဟန်းများ၏ ငြိမ်းအေးမှုများ ပျောက်ကွယ်နေသည်ဟု ခံစားရသည် ၊

( ယခုစာပိုဒ်သည် မိမိ၏ ခံစားချက်ကို ရိုးရိုးသားသား တင်ပြခြင်းသာ ဖြစ်သည် ၊ သာသနာကို ကဲ့ရဲ့လိုသောဆန္ဒ လုံးဝမပါကြောင်း သစ္စာဆိုဝံ့ပါသည် ၊ မိမိသည် ဗုဒ္ဓဘာသာ တစ်ယောက်အနေဖြင့် ဘုန်းကြီးရဟန်းများ၏ ကိုယ်ကျင့်သီလကို ချွင်းချက်မရှိ လေးစားကြည်ညိုပါ၏ ၊ သို့ရာတွင် ငြိမ်းအေးမှုပျောက်သွားလောက်အောင် လွှမ်းမိုးလွန်းသော ဂုဏ်ပကာသနများကိုမူ လွန်စွာစက်ဆုပ်ပါ၏ ၊ဤစကားနှင့်ပတ်သက်၍ လွန်သည်ဟု သတ်မှတ်တော်မူလျှင် ခြေထောက်ဦးခိုက် ရှိခိုးတောင်းပန်အပ်ပါသည်)၊

အဓိကအားဖြင့် အလွှာမျိုးစုံမှာရှိသော လူသားတို့သည် မွေးနေ့ပွဲကို အမှတ်တရရှိတတ် ကြသော်လည်း မွေးနေ့ပွဲကို အကြောင်းပြု၍ ပြုလုပ်သောပျော်ပွဲရွှင်များ၌သာ နစ်မွန်းနေကြသည်ဟု ဆိုလိုခြင်းဖြစ်သည် ၊ ပျော်ပွဲရွှင်ပွဲများသည် မွေးနေ့၏ အနှစ်သာရမဟုတ်ဟု နားလည်သင့်ပါသည်၊

မိမိမွေးနေ့ရောက်ပြီဆိုလျှင် ဘ၀အသစ်တစ်ဖန် ဖြစ်လာမှုဟူသော အတိတ်အကျိုးရလာဒ် ၊ ယင်းအကျိုးရလာဒ်ကို သတိပြုဆင်ခြင်ဖို့ လိုပါသည် ၊ လောကတွင် ဖြစ်လာသမျှ အရာဝတ္ထုတိုင်းသည် ဖြစ်သည့်အတိုင်း ထာဝရတည်တံ့မနေ ၊ ဆက်ကာ ဆက်ကာ ပြောင်းလဲနေသည် ၊ သတ္တ၀ါတစ်ဦးမွေးဖွားလာပြီး ဘ၀အသစ်တစ်ဖန်ဖြစ်လာပြီဆိုလျှင်လည်း ရပ်တန့်မနေ ၊ မွေးဖွားပြီးစအရွယ် ၊ လူငယ်အရွယ် ၊ လူကြီးအရွယ်အဖြစ်ဖြင့် ဆင့်ကဲဆင့်ကဲ ပြောင်းလဲသွားသည် ၊ နောက်ဆုံး အိုရ နာရ သေရသည် ၊ ဖြစ်သမျှ ပျက်ရသည်မှာ ဇာတိ၏လမ်းစဉ်၊
ဇာတိ၏ အကျိုးရလာဒ်ပင်ဖြစ်သည် ၊

ထို့ကြောင့် ဗုဒ္ဓမြတ်စွာက ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တွင် “ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ “ ဟု ဟောတော်မူသည် ၊ ဘ၀အသစ် တစ်ဖန်ဖြစ်ခြင်း ၊ မွေးဖွားခြင်းကြောင့် အိုရ နာရ သေရခြင်းဟူသော တိုက်ရိုက်အကျိုးဖြစ်ပေါ်လာရသည် ၊ အကျိုးဆက်အနေအားဖြင့် စိုးရိမ်ကြောင့်ကြရခြင်း၊ ပူဆွေးငိုကြွေးရခြင်း ၊ ကိုယ်စိတ်ဆင်းရဲရခြင်း ၊ ပြင်းစွာ ပင်ပန်းမောဟိုက်ရခြင်းများ ဖြစ်ရပြန်သည် ၊ ဇာတိကြောင့် ဆင့်ကဲဖြစ်ပေါ်လာသော အကျိုးဆက်တို့ကို မည်သည့် ရှုထောင့်ကကြည့်ကြည့် သက်သာဖွယ် မမြင်ရပေ၊ တွေးကြည့်ရုံမျှဖြင့်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသည် ၊

ဒါကိုထောက်ရှု၍ မိမိလူအဖြစ်ရောက်ရှိခဲ့သောမွေးနေ့ကို အမှတ်တရရှိရုံမျှဖြင့် မပြီး ၊ မွေးနေ့ပွဲ ကျင်းပပြုလုပ်ရုံမျှဖြင့် ကောင်းမြတ်သော မွေးနေ့မင်္ဂလာမဖြစ်နိုင် ၊ “ ငါ မွေးဖွားခဲ့ပြီ ၊ အိုရ နာရ သေရဦးမည် “ ဟု သတိပြုဆင်ခြင်ဖြစ်မှ ဗုဒ္ဓမြတ်စွာ အလိုတော်ကျ အနှစ်သာရရှိသော ကောင်းမြတ်သော မွေးနေ့မင်္ဂလာဖြစ်နိုင်သည်ဟု မိမိ ယူဆပါသည်။

အထူးမှတ်ချက် ။ ယခုကဲ့သို့ ဘာသာရေးဆောင်းပါးပို့စ်များရေးဖြစ်အောင် တိုက်တွန်း အားပေးသော ခပ်ရဲရဲရေးနိုင်အောင် မိမိ မသိနားမလည်သည်များကို စိတ်ရှည်လက်ရှည် ပြောပြပေးသော ဗုဒ္ဓကမ္ဘာဆိုဒ်တွင်တွေ့ရသော ရန်ကုန် သာသနာ့တက္ကသိုလ်မှ ဘုန်းဘုန်းတစ်ပါးအား ရိုသေလေးမြတ်စွာ ဦးခိုက်ပါ၏ ၊ ကျေးဇူးလည်း အထူးတင်ရှိမိပါ၏။

ခလေးလေး

Tuesday, August 6, 2013

ဘာလို့ချစ်နေကြတာလဲ၊ မချစ်အောင်ဘယ်လိုနေမလဲ

  • ဘာလို့ချစ်နေကြတာလဲ၊မချစ်အောင်ဘယ်လိုနေမလဲ

အချစ်ရယ်လို့ ဆိုလိုက်ရင် မသိသူမရှိလောက် အင်မတန်အသုံးများသော စကားလုံးဖြစ်သည်။ အချစ်ကို အယူအဆအမျိုးမျိုးဖြင့် သုံးသပ်ရှုမြင်ကာ စကားပုံများ၊ ဆိုရိုးများ၊ သီချင်းများ၊ ဇာတ်လမ်းများ၊ ဝတ္ထုများ ဖြစ်တည်လာခဲ့သည်။ 

အချို့က အချစ်သည် အေးမြသော သဘောကိုဆောင်ကြောင်း၊ အချို့က ပူလောင်သော သဘောကို ဆောင်ကြောင်း၊ အချစ်ဆိုသည်မှာ မည်သို့မည်ပုံဖြစ်ကြောင်း နည်းလမ်းအမျိုးဖြင့် သရုပ်ဖော်ကြသည်။ 

အချစ်ကို စိတ်ပျက်သူရှိသလို၊ အချစ်ကို နှစ်သက်သူရှိသည်။ အချစ်သည် ဘဝတစ်ခုတည်ဆောက်ရာတွင် မည်သို့မည်ပုံ အရေးပါသည် စသည်ဖြင့် အမျိုးမျိုးညွန်းဆိုကြသည်။ အချစ်အကြောင်း နိဒါန်းသွယ်ရုံမျှ စာမျက်နှာ တစ်ရာမက ဖြစ်သွားချေလိမ့်မည်။ စာဖတ်သူတို့ကို မျှဝေလိုသည့် အချစ်အကြောင်းမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော ဓမ္မတရားအခြေခံ အချစ်၏ အဓိပ္ပါယ်ပင် တည်း။

အချစ်ဟူသော သံယောဇဉ်မှာ အင်မတန်ပင်ဖြတ်ရခဲသော ကြိုးဖြစ်သည်။ မြတ်စွာဘုရားရှင်၏ ပါရမီဖြည့်ကျင့် သော ဘဝတွင်ပင် ခက်ခက်ခဲခဲဖြတ်ခဲ့ရသော ကြိုးဖြစ်ချေသည်။ တိတိကျကျ ညွန်းဆိုရသော် သံယောဇဉ်တရား ၁၀ပါးမှ ကာမရာဂသံယောဇဉ် ဖြစ်ချေသည်။ သံယောဇဉ်ဟူသည့် အဓိပ္ပါယ်မှာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် (ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သောတရား (သံယောဇဉ်ကြိုး) ဟူ၍ ဖြစ်သည်။ 

ထို့ကြောင့် ကာမရာဂသံယောဇဉ်ဟူသည် သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကာမဂုဏ် (ကိလေသာ အခြေခံ) (ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သောတရား ဟုဖြစ်ချေသည်။ ယင်းတရားကို ဆက်လက်တည်တံ့အဓွန့်ရှည်စေရန် ကူညီထောက်ပံ့နေသော တရားအစုဖြစ်သည့် အာသဝေါ၊ သြဂ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ ကိလေသာ တို့လည်း ရှိနေသည့်အတွက် အချစ်ဟူသည် မဂ်ဖိုလ်နိဗ္ဗာန် မရမချင်း မိမိတို့၏ သဏ္ဍန်၌ အစဉ်အမြဲကိန်းအောင်းနေမည်သာဖြစ်သည်။
 
ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့သည့် ဘဝတစ်ခု (ဝေဿန္တရာဇာတ်တော်) တွင် အချစ်၏ ဂုဏ်သတ္တိကို တွေ့နိုင်ချေသည်။ စွန့်ကြဲပေးကမ်းခြင်း ပါရမီဖြည့်ကျင့်ရာ စွန့်ကြဲပေးကမ်းသည့် အလောဘ ဟူသည် ဆန့်ကျင်ဘက် လောဘကို နိုင်နှင်းစေသည်။ ထိုသို့ လောဘတရားကို ဖြတ်တောက်ရာတွင် ရွှေ၊ငွေ၊ဂုဏ် စည်းစိမ်ကို စွန့်လွတ်ရန် လွယ်ကူသော်လည်း ကာမရာဂ သံယောဇဉ်အခြေခံ ကာမဂုဏ်အာရုံ (ဇနီး၊သားသမီး) တို့ကို စွန့်လွတ်ရန် ဝေဿန္တရာ မင်းကြီး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ သူအလွန်ချစ်သော ဇာလီနှင့် ကဏှာဇိန် တို့ သားသမီးနှစ်ဦးကိုသာမက မယားကျင့်ဝတ်နှင့် ပြည့်စုံသော ချစ်ဇနီး မဒ္ဒီဒေဝီကိုပင် အလှူသည်အထိ စွန့်လွတ်ခဲ့သည်။

 ဤတွင် နားမလည်သူများက တော်တော် အကြင်နာတရား ကင်းမဲ့သော ဝေဿန္တရာမင်းကြီးဟု ထင်မြင်စရာရှိသည်။ အမှန်စင်စစ် စွန့်လွတ်ရန် အင်မတန် ခက်ခဲသော ဘဝကို ထုံမွန်းစေသည့်၊ အဆက်မပြတ်စေသည့်၊ ၃၁ ဘုံမှ မကြွတ်ရလေအောင် ဖိစီး နှိပ်စက်တတ်သည့် ကာမရာဂ သံယောဇဉ် (အချစ်)၊ ပဋိက သံယောဇဉ် (အမုန်း) စသည်တို့အပါအဝင်အခြားအခြားသော ကိလေသာတရားများကို ပါ ကြိုးစားဖြတ်တောက် ပါရမီဖြည့်ကျင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရသည့် အင်္ဂါတစ်ရပ်တွင် ပါဝင်နေသော အချစ်ကို စွန့်လွတ်ခြင်းကို သာမန်လူတို့ ပြုနိုင်ခဲသည်။ အချစ်တွင် ချစ်သူရည်စားတင်မက၊ မိဘ၊သားသမီး၊ ဆွေမျိုးတို့ ပင်ပါဝင်နေချေသေး သည်။

ထိုကဲ့သို့ အချစ်၊အမုန်း၊ အားလုံး၏ အခြေခံမှာ ကိလေသာ ၁၀ပါးဖြစ်ချေသည်။ လောဘ၊ဒေါသ၊မောဟ၊ မာန၊ ဒိဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိက နှင့် အနုတ္တပ ဟူသော ကိလေသာတရား ၁၀ပါး အခြေခံပြီး ၁၅၀၀ သော ကိလေသာတို့ဖြစ်လာခဲ့သည်။ ယင်း ၁၅၀၀သော ကိလေသာတို့ကိုပင် အချစ်ဟု အဓိပ္ပါယ်ဖွဲ့ဆိုကြသည်။ ဆိုလိုရင်းမှာ ယင်း ၁၅၀၀ သော ကိလေသာတရားသည် အချစ်ဟူသော လောဘ ကို ဖြစ်တည်လာစေရန် ကူညီထောက်ပံ့သော အကြောင်းတရားဖြစ် သည်ဟု အဓိပ္ပါယ်ရချေသည်။ ထိုကို မသိနားမလည်သူတို့ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ၁၅၀၀သော ကိလေသာသည် အချစ်တစ်ခုတည်းဖြစ်စေခြင်းမဟုတ်၊ လောဘ၊ဒေါသ၊ မောဟ အခြေခံ ၁၂ပါးသော အကုသိုလ်တရားများကိုဖြစ်စေပါသည်။ 

“ဒါဆိုမချစ်ရတော့ဘူးလား” ဟု စာဖတ်သူတို့၌ သံသယဝင်စရာရှိလာခဲ့သည်။ မှန်ပါသည်။ မချစ်၊ မမုန်း (လောဘ၊ ဒေါသ)လေလေ ပူလောင်မှု ကင်းဝေးလေလေဖြစ်ချေသည်။ ထို့ကြောင့် အချစ်ကို ပူလောင်စေသည် ဟုလည်း သတ်မှတ်သည့် ဆိုရိုးဖြစ်လာချေသည်။ အရာဝတ္ထု၊ ရုပ်နာမ် တစ်ခုခုအား နှစ်သက်စွဲလမ်းလျှင် ထိုစွဲလမ်းစိတ်၏ တရားကိုယ်ကို ရှာဖွေကို ကြိုးစားဖြတ် တောက်နိုင်ချေသည်။ သို့သော် အချစ်သည် မကောင်းဟု သိနေပင်တောင်မှ ဖြတ်မရနိုင်ခြင်းကား ဘဝအဆက်ဆက် ချည်နှောင်ထုံးဖွဲ့လာခြင်းကြောင့် ဖြစ်ချေသည်။ ထိုကို ဖူးစား၊ ရေစက်ဟုပင် ခေါ်ဝေါ်ကြသေးသည်။ အမှန်စင်စစ် ၃၁ ဘုံမှ မကျွတ်လွတ်ရလေအောင် တစ်ဘဝပြီး တစ်ဘဝ ချည်ဖွဲ့လာသော သံယောဇဉ်၊ ကိလေသာ စသည်ဖြင့် တရားတို့ကြောင့် ဖြစ်ချေသည်။ 

အချို့က အချစ်ကိုအခြေခံပြီး ကောင်းလာသည်များရှိသည်ဟုဆိုသည်။ အချစ်ကြောင့် လိမ္မာလာသည်။ အချစ်ကြောင့် ဘဝတန်ဖိုးသိလာသည်။ အချစ်ကြောင့် စိတ်ကောင်းဝင်လာသည် စသည်ဖြင်စသည်ဖြင့် ညွန်းဆိုသော်ငြားလည်း ၄င်းမှာ အဆိပ်ပင်ရေလောင်းသကဲ့သို့ အချစ်ကိုပိုပို၍ နှစ်သက် စုံမက်လာ (ဘဝအဆက်မပြတ်)စေသော တရားများပင် ဖြစ်နေချေသေးသည်။ 

မချစ်အောင်ဘယ်လိုနေမလဲ?

ဤကား စာဖတ်သူတို့ သိချင်နေသော မေးခွန်းတစ်ရပ်ဖြစ်နေချေမည်။ ခက်ပါသည်။ အချစ်ဟူသော လောဘတရား(ကိလေသာ)များကို ရဟန္တာဘဝသို့ ရောက်မှ အပြီးသတ်စွန့်လွတ်နိုင်ချေသည်။ မဂ်ဖိုလ်ဥာဏ်ဆုံးခန်းတိုင်မှ အမှန်စင်စစ် လောဘကို သိမြင်နိုင်ချေသည်။ ပုထုဇဉ်တို့ ကား သိသာသိသည်။ မမြင်နိုင်သေးချေ။ မကောင်းမှန်းသိသော်လည်း ဖြတ်ရခက်နေသော ကြိုးဖြစ်နေချေသည်။ 

ထို့အတွက် စာဖတ်သူ ပုထုဇဉ်တို့ ဝမ်းနည်းနေစရာမလို။ ဒါဆိုမချစ်အောင် နေမယ်ဟူ၍ လိုအပ်သည်ထက် (မိမိတက်နိုင်သည်ထက်) ပိုမို ကြိုးစားဖြတ်တောက်ခြင်း မဖြစ်စေလို။ ၄င်းမှာ မိမိကိုယ်ကိုယ် နှိပ်စက်ခြင်းသာ ဖြစ်ပြီး အလယ်အလတ် လမ်းစဉ်၏ ဘေးကိုပင် ရောက်နိုင်ချေသေးသည်။ 

အချစ်တစ်ခုတည်းမဟုတ်။ လောဘ၊ဒေါသ၊ မောဟ ဟူသော တရားများနှင့် ကြုံတွေ့လာတိုင်း အရာရာကို သတိနှင့် ယှဉ်ကာ နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားကျင့်ကြံခြင်း၊ ဝိပဿနာ တရားအားထုတ်ခြင်း စသည်တို့ဖြင့် အချစ်ဟူသော ပူလောင်မှုကို အေးချမ်းလာအောင် ပြုနိုင်ချေသည်။ မိသားစုဘဝများကို တာဝန်ယူနေရမည်။ သားသမီးအပေါ် ဝတ်တရားကျေနေရမည်။ ဇနီး၊ခင်ပွန်း တို့အပေါ် ဝတ်တရားကျေနေ ရမည်။ သာမန်ထက်လွန်ကဲသော ချစ်ခင်နှစ်သက် (လောဘ)၊ မုန်းတီး (ဒေါသ) မဖြစ်စေရ။ မဂ်ဖိုလ်ရောက်ကြောင်း တရားများကိုပါ ကျင့်ကြံအားထုတ်လျှင် အချစ်ဟူသော ပူလောင်မှုများ ကင်းဝေရလေသည်။ 

စာဖတ်သူတို့ ကိလေသာအပူမီးများ ငြိမ်းဝေးအောင် ကြိုးစားကျင့်ကြံနိုင်ကြ ပါစေ။

အောင်ခမ်း (International news for myanmar)

    ဘာလို့ချစ်နေကြတာလဲ၊မချစ်အောင်ဘယ်လိုနေမလဲ

    အချစ်ရယ်လို့ ဆိုလိုက်ရင် မသိသူမရှိလောက် အင်မတန်အသုံးများသော စကားလုံးဖြစ်သည်။ အချစ်ကို အယူအဆအမျိုးမျိုးဖြင့် သုံးသပ်ရှု⋯⋯မြင်ကာ စကားပုံများ၊ ဆိုရိုးများ၊ သီချင်းများ၊ ဇာတ်လမ်းများ၊ ဝတ္ထုများ ဖြစ်တည်လာခဲ့သည်။

    အချို့က အချစ်သည် အေးမြသော သဘောကိုဆောင်ကြောင်း၊ အချို့က ပူလောင်သော သဘောကို ဆောင်ကြောင်း၊ အချစ်ဆိုသည်မှာ မည်သို့မည်ပုံဖြစ်ကြောင်း နည်းလမ်းအမျိုးဖြင့် သရုပ်ဖော်ကြသည်။

    အချစ်ကို စိတ်ပျက်သူရှိသလို၊ အချစ်ကို နှစ်သက်သူရှိသည်။ အချစ်သည် ဘဝတစ်ခုတည်ဆောက်ရာတွင် မည်သို့မည်ပုံ အရေးပါသည် စသည်ဖြင့် အမျိုးမျိုးညွန်းဆိုကြသည်။ အချစ်အကြောင်း နိဒါန်းသွယ်ရုံမျှ စာမျက်နှာ တစ်ရာမက ဖြစ်သွားချေလိမ့်မည်။ စာဖတ်သူတို့ကို မျှဝေလိုသည့် အချစ်အကြောင်းမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော ဓမ္မတရားအခြေခံ အချစ်၏ အဓိပ္ပါယ်ပင် တည်း။

    အချစ်ဟူသော သံယောဇဉ်မှာ အင်မတန်ပင်ဖြတ်ရခဲသော ကြိုးဖြစ်သည်။ မြတ်စွာဘုရားရှင်၏ ပါရမီဖြည့်ကျင့် သော ဘဝတွင်ပင် ခက်ခက်ခဲခဲဖြတ်ခဲ့ရသော ကြိုးဖြစ်ချေသည်။ တိတိကျကျ ညွန်းဆိုရသော် သံယောဇဉ်တရား ၁၀ပါးမှ ကာမရာဂသံယောဇဉ် ဖြစ်ချေသည်။ သံယောဇဉ်ဟူသည့် အဓိပ္ပါယ်မှာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် (ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သောတရား (သံယောဇဉ်ကြိုး) ဟူ၍ ဖြစ်သည်။

    ထို့ကြောင့် ကာမရာဂသံယောဇဉ်ဟူသည် သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကာမဂုဏ် (ကိလေသာ အခြေခံ) (ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သောတရား ဟုဖြစ်ချေသည်။ ယင်းတရားကို ဆက်လက်တည်တံ့အဓွန့်ရှည်စေရန် ကူညီထောက်ပံ့နေသော တရားအစုဖြစ်သည့် အာသဝေါ၊ သြဂ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ ကိလေသာ တို့လည်း ရှိနေသည့်အတွက် အချစ်ဟူသည် မဂ်ဖိုလ်နိဗ္ဗာန် မရမချင်း မိမိတို့၏ သဏ္ဍန်၌ အစဉ်အမြဲကိန်းအောင်းနေမည်သာဖြစ်သည်။

    ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့သည့် ဘဝတစ်ခု (ဝေဿန္တရာဇာတ်တော်) တွင် အချစ်၏ ဂုဏ်သတ္တိကို တွေ့နိုင်ချေသည်။ စွန့်ကြဲပေးကမ်းခြင်း ပါရမီဖြည့်ကျင့်ရာ စွန့်ကြဲပေးကမ်းသည့် အလောဘ ဟူသည် ဆန့်ကျင်ဘက် လောဘကို နိုင်နှင်းစေသည်။ ထိုသို့ လောဘတရားကို ဖြတ်တောက်ရာတွင် ရွှေ၊ငွေ၊ဂုဏ် စည်းစိမ်ကို စွန့်လွတ်ရန် လွယ်ကူသော်လည်း ကာမရာဂ သံယောဇဉ်အခြေခံ ကာမဂုဏ်အာရုံ (ဇနီး၊သားသမီး) တို့ကို စွန့်လွတ်ရန် ဝေဿန္တရာ မင်းကြီး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ သူအလွန်ချစ်သော ဇာလီနှင့် ကဏှာဇိန် တို့ သားသမီးနှစ်ဦးကိုသာမက မယားကျင့်ဝတ်နှင့် ပြည့်စုံသော ချစ်ဇနီး မဒ္ဒီဒေဝီကိုပင် အလှူသည်အထိ စွန့်လွတ်ခဲ့သည်။

    ဤတွင် နားမလည်သူများက တော်တော် အကြင်နာတရား ကင်းမဲ့သော ဝေဿန္တရာမင်းကြီးဟု ထင်မြင်စရာရှိသည်။ အမှန်စင်စစ် စွန့်လွတ်ရန် အင်မတန် ခက်ခဲသော ဘဝကို ထုံမွန်းစေသည့်၊ အဆက်မပြတ်စေသည့်၊ ၃၁ ဘုံမှ မကြွတ်ရလေအောင် ဖိစီး နှိပ်စက်တတ်သည့် ကာမရာဂ သံယောဇဉ် (အချစ်)၊ ပဋိက သံယောဇဉ် (အမုန်း) စသည်တို့အပါအဝင်အခြားအခြားသော ကိလေသာတရားများကို ပါ ကြိုးစားဖြတ်တောက် ပါရမီဖြည့်ကျင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရသည့် အင်္ဂါတစ်ရပ်တွင် ပါဝင်နေသော အချစ်ကို စွန့်လွတ်ခြင်းကို သာမန်လူတို့ ပြုနိုင်ခဲသည်။ အချစ်တွင် ချစ်သူရည်စားတင်မက၊ မိဘ၊သားသမီး၊ ဆွေမျိုးတို့ ပင်ပါဝင်နေချေသေး သည်။

    ထိုကဲ့သို့ အချစ်၊အမုန်း၊ အားလုံး၏ အခြေခံမှာ ကိလေသာ ၁၀ပါးဖြစ်ချေသည်။ လောဘ၊ဒေါသ၊မောဟ၊ မာန၊ ဒိဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိက နှင့် အနုတ္တပ ဟူသော ကိလေသာတရား ၁၀ပါး အခြေခံပြီး ၁၅၀၀ သော ကိလေသာတို့ဖြစ်လာခဲ့သည်။ ယင်း ၁၅၀၀သော ကိလေသာတို့ကိုပင် အချစ်ဟု အဓိပ္ပါယ်ဖွဲ့ဆိုကြသည်။ ဆိုလိုရင်းမှာ ယင်း ၁၅၀၀ သော ကိလေသာတရားသည် အချစ်ဟူသော လောဘ ကို ဖြစ်တည်လာစေရန် ကူညီထောက်ပံ့သော အကြောင်းတရားဖြစ် သည်ဟု အဓိပ္ပါယ်ရချေသည်။ ထိုကို မသိနားမလည်သူတို့ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ၁၅၀၀သော ကိလေသာသည် အချစ်တစ်ခုတည်းဖြစ်စေခြင်းမဟုတ်၊ လောဘ၊ဒေါသ၊ မောဟ အခြေခံ ၁၂ပါးသော အကုသိုလ်တရားများကိုဖြစ်စေပါသည်

    “ဒါဆိုမချစ်ရတော့ဘူးလား” ဟု စာဖတ်သူတို့၌ သံသယဝင်စရာရှိလာခဲ့သည်။ မှန်ပါသည်။ မချစ်၊ မမုန်း (လောဘ၊ ဒေါသ)လေလေ ပူလောင်မှု ကင်းဝေးလေလေဖြစ်ချေသည်။ ထို့ကြောင့် အချစ်ကို ပူလောင်စေသည် ဟုလည်း သတ်မှတ်သည့် ဆိုရိုးဖြစ်လာချေသည်။ အရာဝတ္ထု၊ ရုပ်နာမ် တစ်ခုခုအား နှစ်သက်စွဲလမ်းလျှင် ထိုစွဲလမ်းစိတ်၏ တရားကိုယ်ကို ရှာဖွေကို ကြိုးစားဖြတ် တောက်နိုင်ချေသည်။ သို့သော် အချစ်သည် မကောင်းဟု သိနေပင်တောင်မှ ဖြတ်မရနိုင်ခြင်းကား ဘဝအဆက်ဆက် ချည်နှောင်ထုံးဖွဲ့လာခြင်းကြောင့် ဖြစ်ချေသည်။ ထိုကို ဖူးစား၊ ရေစက်ဟုပင် ခေါ်ဝေါ်ကြသေးသည်။ အမှန်စင်စစ် ၃၁ ဘုံမှ မကျွတ်လွတ်ရလေအောင် တစ်ဘဝပြီး တစ်ဘဝ ချည်ဖွဲ့လာသော သံယောဇဉ်၊ ကိလေသာ စသည်ဖြင့် တရားတို့ကြောင့် ဖြစ်ချေသည်။

    အချို့က အချစ်ကိုအခြေခံပြီး ကောင်းလာသည်များရှိသည်ဟုဆိုသည်။ အချစ်ကြောင့် လိမ္မာလာသည်။ အချစ်ကြောင့် ဘဝတန်ဖိုးသိလာသည်။ အချစ်ကြောင့် စိတ်ကောင်းဝင်လာသည် စသည်ဖြင်စသည်ဖြင့် ညွန်းဆိုသော်ငြားလည်း ၄င်းမှာ အဆိပ်ပင်ရေလောင်းသကဲ့သို့ အချစ်ကိုပိုပို၍ နှစ်သက် စုံမက်လာ (ဘဝအဆက်မပြတ်)စေသော တရားများပင် ဖြစ်နေချေသေးသည်။

    မချစ်အောင်ဘယ်လိုနေမလဲ?

    ဤကား စာဖတ်သူတို့ သိချင်နေသော မေးခွန်းတစ်ရပ်ဖြစ်နေချေမည်။ ခက်ပါသည်။ အချစ်ဟူသော လောဘတရား(ကိလေသာ)များကို ရဟန္တာဘဝသို့ ရောက်မှ အပြီးသတ်စွန့်လွတ်နိုင်ချေသည်။ မဂ်ဖိုလ်ဥာဏ်ဆုံးခန်းတိုင်မှ အမှန်စင်စစ် လောဘကို သိမြင်နိုင်ချေသည်။ ပုထုဇဉ်တို့ ကား သိသာသိသည်။ မမြင်နိုင်သေးချေ။ မကောင်းမှန်းသိသော်လည်း ဖြတ်ရခက်နေသော ကြိုးဖြစ်နေချေသည်။

    ထို့အတွက် စာဖတ်သူ ပုထုဇဉ်တို့ ဝမ်းနည်းနေစရာမလို။ ဒါဆိုမချစ်အောင် နေမယ်ဟူ၍ လိုအပ်သည်ထက် (မိမိတက်နိုင်သည်ထက်) ပိုမို ကြိုးစားဖြတ်တောက်ခြင်း မဖြစ်စေလို။ ၄င်းမှာ မိမိကိုယ်ကိုယ် နှိပ်စက်ခြင်းသာ ဖြစ်ပြီး အလယ်အလတ် လမ်းစဉ်၏ ဘေးကိုပင် ရောက်နိုင်ချေသေးသည်။

    အချစ်တစ်ခုတည်းမဟုတ်။ လောဘ၊ဒေါသ၊ မောဟ ဟူသော တရားများနှင့် ကြုံတွေ့လာတိုင်း အရာရာကို သတိနှင့် ယှဉ်ကာ နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားကျင့်ကြံခြင်း၊ ဝိပဿနာ တရားအားထုတ်ခြင်း စသည်တို့ဖြင့် အချစ်ဟူသော ပူလောင်မှုကို အေးချမ်းလာအောင် ပြုနိုင်ချေသည်။ မိသားစုဘဝများကို တာဝန်ယူနေရမည်။ သားသမီးအပေါ် ဝတ်တရားကျေနေရမည်။ ဇနီး၊ခင်ပွန်း တို့အပေါ် ဝတ်တရားကျေနေ ရမည်။ သာမန်ထက်လွန်ကဲသော ချစ်ခင်နှစ်သက် (လောဘ)၊ မုန်းတီး (ဒေါသ) မဖြစ်စေရ။ မဂ်ဖိုလ်ရောက်ကြောင်း တရားများကိုပါ ကျင့်ကြံအားထုတ်လျှင် အချစ်ဟူသော ပူလောင်မှုများ ကင်းဝေရလေသည်။

    စာဖတ်သူတို့ ကိလေသာအပူမီးများ ငြိမ်းဝေးအောင် ကြိုးစားကျင့်ကြံနိုင်ကြ ပါစေ။

    အောင်ခမ်း (International news for myanmar)

Monday, August 5, 2013

အမြင်မကြည်လင်စရာများနှင့် ဝေဿန္တရာ

အမြင်မကြည်လင်စရာများနှင့် ဝေဿန္တရာ 

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဖဇိတေန န သေ၀ိတဗ္ဖာ အစရှိတဲ့ တရားတော်မြတ်တွေကို ဟောကြားနိုင်တဲ့ ဘုရားဖြစ်သို့ ရောက်ရှိဖို့အတွက် ပေးဆပ်ခဲ့ရတာတွေက အင်မတန်မှကို များပြားလွန်းလှပါတယ်။ ဒီလိုများပြားလွန်တဲ့အထဲက ဝေဿန္တရာမင်းဘ၀ တစ်ခုကိုပဲ သေချာစေ့ငုစွာ လေ့လာကြည့်ရှုမယ်ဆိုရင် ရှင်တော်မြတ်ဘုရားရဲ့ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုတွေကို နားလည်ခံနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အချို့အချို့သော ပုဂိုလ်တွေကတော့ ဝေဿန္တရာမင်းကြီးကို အမြင်မကြည်လင်ကြပါဘူး။ အကြောင်းပြချက်ကတော့ သားမယားကို ပေးလှုတာဟာ လူကုန်ကူးမှုဥပဒေနဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေနဲ့ ညှိစွန်းနေလို့ပါတဲ့။


သားတော်ဇာလီက ခမည်းတော် သင်ခမည်းတော်သည် ဆင်းရဲခြင်းသို့ရောက်ကုန်သော အကျွန်ုပ်တို့ကို တွေ့မြင်နေပါလျှက် လူသူမရှိသော တောကြီးမြိုင်ယံထဲမှာ ဘီလူးကဆောင်ယူသည်ရှိသော် တားမြစ်တော်မမူပေ။ သင်ခမည်းတော်၏ နှလုံးတော်သည် ကျောက်ခဲအတိ ဖြစ်လေဘိသလော ရယ်လို့ ပြောခဲ့သေးတာမို့ ဘေးက သာမာန်လူတွေ ဒီလိုရှု့မြင်ကြတာဟာ အပြစ်တော့လဲ မဆိုသာပြန်ပါဘူး။

ဒီလိုမျိုး ဝေဿန္တရာမင်းကြီးကို အမြင်မကြည်လင်ကြသူတွေထဲမှာ မိလိန္ဒမင်းကြီးလဲ ထိပ်ဆုံးကနေ ပါရှိပါတယ်။ အရှင်နာဂသေနနဲ့ ဓမ္မအကြောင်းတွေ ဆွေးနွေးပြောဆိုတဲ့အခါမှာ ဝေဿန္တရာမင်းကြီးဟာ သားမယားကို ပေးလှုတာဟာ ပညာဥာဏ်အမျှော်အမြင် အဆင်အခြင်ကင်းမဲ့ပြီး ပေးလှုတဲ့ အလှုဟာလဲ လွန်ကဲလွန်းတယ်။ လွန်ကဲတဲ့အလုပ်ဆိုတာ မကောင်းဘူး။ ပညာရှိဆိုတာ လွန်ကဲတဲ့အလုပ်ကို မလုပ်ဘူး။ အစချီပြီးတော့ ဥပမာဥပမေယျများစွာနဲ့ ဝေဿန္တရာမင်းကြီးကို အပြစ်တင်စကားပြောဆိုခဲ့ပါတယ်။

အများစုသောသူတွေဟာ သားတော်ဇာလီနဲ့ သမီးတော် ကဏှာဇိန်ကို ဇူးဇကာပုဏားက ရိုက်ပုတ်ကာ ခေါ်ဆောင်သွားတာတွေကို မင်းဘူးဦးသြဘာသနှင့် ရွှေမန်းတင်မောင်တို့ရဲ့ အတင်အပြကောင်းတာကြောင့် မျက်စိရှေ့အောက်မှာ မြင်တွေ့တွေ့နေရသလို ခံစားကြရတာမို့ ဇာလီနှင့် ကဏှာဇိန်ကို ကရုဏာသက်ပြီး ဝေဿန္တရာမင်းကြီးကို အမြင်မကြည်ကြတော့တာလို့ ဦးဇင်းကတော့ ထင်ပါတယ်။

တကယ်တော့ မိလိန္ဒမင်းကြီးပြောခဲ့သလို ဝေဿန္တရာမင်းကြီးဟာ အဆင်ခြင်ဥာဏ်ပညာ ကင်းမဲ့လို့ လွန်လွန်ကဲကဲ အလှုကို ပေးလှုတာလဲမဟုတ်ပါဘူး။ အများထင်သလို သားမယားအပေါ်ကို မညှာမတာမထောက်မထား ရက်ရက်စက်စက်နဲ့ မျက်နှာလွှဲခဲပစ် ပေးလှုခဲ့တာလဲ မဟုတ်ပါဘူး။ အလှုပေး အလှုခံ အလှုခံရတဲ့သူ အားလုံးသောသူများ အကျိုးထူးရရှိခံစားနိုင်တယ်လို့ ဆင်ခြင်စဉ်းစားပြီးမှ ပေးလှုခဲ့တာပါ။

ဇာလီနဲ့ကဏှဇိန်ကို မပေးလှုခင်မှာ ငါ၏ အလှုဝတ္တရားသည်လည်း မယုတ်လျော့ခြင်းဖြစ်လတ္တံ့။ တောထဲတောင်ထဲမှာ တောသစ်ဥ တောသစ်ဖု တောသစ်သီးစားပြီး ဆင်းဆင်းရဲရဲ နေထိုင်ကြရတဲ့ သားတော်သ္မီးတော်တို့လဲ ဘိုးတော်သိဉ္စည်းမင်းကြီးက ပုဏားလက်မှ ရွေးထုတ်ပြီးတော့ နန်းတော်မှာ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ပြီး ချမ်းချမ်းသာသာထားလတ္တံ့။ ငါနှင့်မဒ္ဒီသည်လည်း ဒီအလှုကို အကြောင်းပြုပြီးတော့ နန်းတော်ကို ပြန်ဝင်ရလတ္တံ့လို့ သေချာတွေးတောဆင်ခြင်ပြီးမှ ဒီအတိုင်းလဲ တကယ်ဖြစ်မယ်ဆိုတာ သေချာသိလို့ သားသ္မီးအတွက်ပါ အကျိုးရှိလို့ သားသ္မီးရဲ့ ရှေ့ရေးကို ဆင်ခြင်စဉ်းစားပြီးမှ ပေးလှုခဲ့တာပါ။

ကျောင်းမသွားချင်တဲ့ မိမိရဲ့ ငါးနှစ်အရွယ် သားသမီးငယ်လေးတွေကို ရိုက်နှက်ပြီးတော့ ကျောင်းပို့ပေးရတဲ့ သဘောကို သေချာဆင်ခြင်စဉ်းစားရင် ဝေဿန္တရာမင်းကြီးကို နားလည်ခံစားနိုင်မယ်ဆိုတာ သေချာပါတယ်။

ဝေဿန္တရာမင်းကြီးဟာ မိမိရဲ့ မိသားစုအတွက်တင်မဟုတ်ပဲ ဇူဇကာပုဏားရဲ့အတွက်ပါ အကျိုးရှိအောင် သေချာစီမံခန့်ခွဲပြီးမှ ပေးလှုခဲ့တာလဲ ဖြစ်ပါတယ်။

ချစ်သားဇာလီ သင်ချစ်သား၏ ဘိုးတော်မင်းကြီးသည် ပုဏားလက်မှ ဥစ္စာပေး၍ ရွေးနုတ်ခဲ့ရင် သင်ချစ်သားကို ရွှေစင်နိက္ခတစ်ထောင်ပေး၍ ရွေးနုတ်ပါစေ။ ကဏှာဇိန်ကို ရွေးနုတ်ခဲ့ရင် ကျွန်ယောကျာင်္းတစ်ရာ ကျွန်မိန်းမတစ်ရာ ဆင်တစ်ရာ မြင်းတစ်ရာ နို့ညှစ်နွားမတစ်ရာ နွားလားဥဿဖတစ်ရာ ရွှေစင်နိက္ခတစ်ရာ ဤသို့အလုံးစုံတစ်ရာစီအားဖြင့် စုစုပေါင်းခုနှစ်ရာပေး၍ ရွေးနုတ်ပါစေ။ ချစ်သာဇာလီ သင်တို့၏ အဘိုးသည် သင်ချစ်သားတို့ကို ပုဏားလက်မှ အကယ်၍များ မင်းအာဏာဖြင့် အချည်းနှီးအလကား ပုဏားကို ဘာမှမပေးပဲ ယူလေငြားအံ့။ သင်ချစ်သားတို့သည် ဘိုးတော်မင်းကြီးရဲ့စကားကို မလိုက်နာကြကုန်လင့်။ ပုဏားသို့သာ အစဉ်လိုက်ကြကုန်လော့ဟု ပုဏားအတွက်ပါ သေချာစဉ်းစားပြီးတော့ သားတော်ကို အသေအချာ မမေ့မလျော့မှာလိုက်ပါတယ်။

ဘိုးတော်မင်းကြီးနဲ့ တွေ့တဲ့အခါမှာ သားတော်ဇာလီဟာ ဘိုးတော်မင်းကြီးကို အမှာစကားကို သေချာပြန်ပြောပြပါတယ်။ ဘိုးတော်မင်းကြီးကလဲ မှာလိုက်တဲ့အတိုင်းအပြင် အပိုတောင်ဆုချပါသေးတယ်။

ဘိုးတော်မင်းကြီးက ဝေဿန္တရာမင်းကြီးကို သွားခေါ်တဲ့အခါမှာ သားတော်ဇာလီရော သမီးတော်ကဏှာဇိန်ပါ တောထဲကို လိုက်သွားကြပါတယ်။ ပြီးတော့ တစ်သက်လုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဥမကွဲသိုက်မပျက် ဆက်လက်နေထိုင်သွားကြပါတယ်။

ဒီလိုမျိုး နေထိုင်သွားပုံကို ထောက်ရှု့ရင် သားတော်သမီးတော်ပါ ခမည်းတော်ဝေဿန္တရာမင်းကြီးအပေါ်ကို အပြည့်အ၀ နားလည်ခံစားပေးနိုင်တဲ့ သဘောပါ။ ဒီလိုမဟုတ်ရင် ဘယ်မှာ ဒီအတိုင်း ဇာတ်လမ်းက အဆုံးသတ်ပါ့မလဲ။

မိလိန္ဒမင်းကြီးနဲ့ ဓမ္မအကြောင်းဆွေးနွေးပွဲမှာ ဇူဇကာလို ပုဏားအိုတစ်ယောက်ဟာ ဝေဿန္တရာလို ဘုန်းကံကြီးမား ထင်ပေါ်ကျော်ကြားတဲ့ ဘုရင်တစ်ပါးရဲ့ သားနဲ့သမီးကို ကျွန်အဖြစ် အသုံးပြုနိုင်တဲ့ အစွမ်းအစမရှိဘူးဆိုတာ အသေအချာသိလို့ ဝေဿန္တရာမင်းကြီးဟာ ဇူဇကာကို သားတော်သမီးတော်တို့ကို ပေးလှုခဲ့တာပါအစချီပြီးတော့ ဥပမာဥပမေယျများနဲ့ ရှင်းပြခဲ့ပါသေးတယ်။

အခုခေတ်လူကုန်ကူးတာဟာ ဘယ်သူသေသေ ငတေမာရင်ပြီးတာပဲ။ ဘယ်သူဘာဖြစ်ဖြစ် ငါချမ်းသာရင်ပြီးတာပဲဆိုတဲ့ ယုတ်ညံ့တဲ့ တစ်ဘို့ထဲစိတ်ဓာတ်နဲ့ လုပ်နေကြတာပါ။

ဝေဿန္တရာမင်းကြီးဟာ ဒီလိုယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။ အများချမ်းသာရေးအတွက် လုပ်ခဲ့ရတာပါ။ အသွင်သဏ္ဍာန်အားဖြင့် တူညီတူညီပါလိမ့်မယ်။ သို့သော် အတွင်းအနှစ်သာရကတော့ (ရိုင်းရိုင်းပြောရရင်) နံ့သာဆီနဲ့ ချီးဆီလို အရာရာမှာ ကွဲပြားခြားနားပါတယ်။

အခုခေတ် လူကုန်ကူးတယ်ဆိုတာဟာ ရောင်းခံရသူအတွက် အကျိုးမဲ့ဖြစ်စေပေမယ့် ဝေဿန္တရာမင်းကြီး ပေးလှုခဲ့တာက ဘယ်သူ့ကိုမှ အကျိုးမဲ့မဖြစ်စေခဲ့ပါဘူး။

ဘုရားဖြစ်ပြီးမှတောင် ငါသည် နှစ်ယောက်ကုန်သော သားငယ်သ္မီးငယ်တို့ကို မုန်းသည်မဟုတ်၊ မဒ္ဒီမိဖုရားကိုလည်း မုန်းသည်မဟုတ်၊ ငါသည် သဗ္ဖညုတဥာဏ်တော်ကို ချစ်ခင်အပ်၏။ ထို့ကြောင့် ချစ်လှစွာသော သားမယားတို့ကို ငါပေးလှုဘူးခဲ့လေပြီ ဟု မိန့်တော်မူခဲ့ပါတယ်။

ရှင်တော်မြတ်ဘုရား သဗ္ဖညုတဥာဏ်ကို ချစ်တယ်ဆိုတာလဲ သူ့တစ်ယောက်ထဲအတွက် မဟုတ်ပါဘူး။ အများအတွက်ပါ။ သူ့တစ်ယောက်ထဲအတွက်ဆိုရင် ဒီလောက် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ပါရမီတွေ ဖြည့်နေဖို့မလိုတော့ပါဘူး။ ဒီပင်္ကရာဘုရားရှင်ရဲ့ ရှေ့မှောက်မှာပဲ အရဟတ္တမဂ်ဥာဏ်ကို ရယူပြီးတော့ ပရိနိဗ္ဖာန်စံဝင်လိုက်ရုံပါပဲ။

ရှင်တော်မြတ်ဘုရားဟာ ပါရမီဖြည့်စဉ် ကာလရှည်ကြီးထဲမှာ ငါ့ဖို့ ငါသား ငါ့သ္မီး ငါ့မယားဖို့ဆိုတဲ့ အတွေးကို မတွေးခဲ့ မလုပ်ခဲ့ပါဘူး။ အများချမ်းသာရေးအတွက်ပဲ ရှေ့ရှု့ပြီးတော့ တွေးခဲ့လုပ်ခဲ့တာပါ။

သတ္တ၀ါတွေရဲ့ ပါးပြင်ထက်က စီးဆင်းနေတဲ့ မျက်ရည်စက်တွေကို ရပ်တန့်သွားစေချင်လို့ မျက်ရည်စတွေရဲ့အောက်မှာ ဒူးမထောက်လက်မမြှောက်ခဲ့တာပါ။

ရှင်တော်မြတ်ဘုရားဟာ အများအတွက်ဆိုရင် မိမိရဲ့ သားမယားကိုမဆိုထားနဲ့ မိမိရဲ့အသက်နဲ့ခန္ဒာကိုယ်ကိုတောင်မှ စွန့်လွှတ်ခဲ့တယ်ဆိုတာ ဗုဒ္ဒစာပေလေ့လာ လိုက်စားဘူးသူတိုင်း သိနိုင်ပါတယ်။

အများအတွက် မိမိရဲ့ အသက်ကို စွန့်လွှတ်တဲ့အလုပ်ဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ခံယူထားကြတယ်ဆိုရင် ဝေဿန္တရာမင်းကြီးကို အမြင်မကြည်လင်စရာမရှိတော့ဘူးလို့ ဦးဇင်းကတော့ ထင်ပါတယ်။


(စက်က စာလုံးတိုင်းမထွက်လို့ ဖြစ်သလိုရိုက်ထားရပါတယ်။ သည်းခံပြီး ဖတ်ရှု့ပေးကြပါကုန်)

………………………………………………………………………………………………မိုးသု(မန္တလေး)

Sunday, August 4, 2013

သူတို့စိတ်နှင့် အများဆန္ဒ



သူတို့စိတ်နှင့် အများဆန္ဒ
(မျိုးစောင့်ဥပဒေကို လေ့လာသုံးသပ်ခြင်း)

သီတင်းလေးပတ်ခန့် ဟော့တ် နယူးစ် (Hot News) ဖြစ်နေခဲ့တဲ့ မျိုးစောင့်ဥပဒေနှင့်စပ်တဲ့ အစ်ရှူး (issue) အင်းစိန်သံဃာ့ညီလာခံကြီးအပြီးမှာ ငြိမ်သက်သွားခဲ့တယ်။ ထိုသံဃာ့ညီလာခံကြီးကို သံဃာတော် များက ဦးဆောင်၍ ကျင်းပပြုလုပ်တာဖြစ်ပြီး ဓမ္မ၀ိနယနှင့်အညီ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ကြလို့ “ညီညွတ် ခြင်းသည် အင်အား↔ဆိုတဲ့ သံဃသမဂ္ဂီ သဘောထားကို ပေါ်လွင်ထားရှားစေခဲ့တယ်။ တိုင်းပြည်မှာ ငြိမ်ချမ်းရေး တည်ဆောက်နေဆဲ အချိန်အခါဖြစ်လို့ ငြိမ်းချမ်းရေးကို လိုလားတော်မူကြသော သံဃာတော် များအား ကြိုဆိုမိခြင်းပါ။

ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ကိစ္စမျိုးဆိုတာ လွယ်ကူလှတဲ့ အရာမျိုးတော့မဟုတ်ပါ။ တခါတရံမှာ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဆောင်ရွက်တာမျိုးဖြစ်ပေမဲ့ တချို့ကိစ္စတွေမှာ မငြိမ်းမချမ်း ဖြစ်သွားတတ်တာ မျိုးတွေလည်း ရှိနေတတ်ခြင်းပါ။ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ များစွာရှိကောင်းရှိပါလိမ့်မယ်။ သို့သော် အဲဒီထဲမှ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်း တွေကတော့ – အမြင်မတူတဲ့ အတွေးတွေ၊ ယဉ်ကျေးမှုခြင်းမတူတဲ့ လူ့ပတ်ဝန်းကျင်၊ သင်ကြားတတ်မြောက်ထားတဲ့ မတူညီတဲ့ ဘာသာရပ်၊ ဖြတ်ကျော်ခဲ့ရတဲ့ ခြားနားတဲ့ ဘ၀ခရီး၊ သင်ယူလေ့လာထားတဲ့ မတူညီတဲ့ လူ့သမိုင်း၊ ကွဲပြားခြားနားတဲ့ ဘာသာယုံကြည်ကိုးကွယ်မှု စတဲ့ ဒီလို မတူကွဲပြားမှုတွေ ရှိနေသမျှကာလပတ်လုံး ငြိမ်းချမ်းခြင်းဆိုတဲ့ သဘာဝ တရားနှင့် မငြိမ်ချမ်းခြင်းဆိုတဲ့ သဘာဝတရား နှစ်ခုအကြား အားပြိုင်မှုတွေဆိုတာ ရှိမြဲရှိနေမှာပါ။

ကိုယ့်အမြင်၊ သူ့အမြင်၊ ကိုယ့်ဆန္ဒ၊ သူ့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခြင်းဟာ ဒီမိုကရေစီစနစ်ရဲ့ အမြူတေ လို့ဆိုရမှာပါ။ သို့သော် ကိုယ့်ဆန္ဒကို သဘောကျ ထုတ်ဖေါ်ပြောဆိုခြင်းကိုသာ လူ့အခွင့်အရေးထင်ပြီး အများ ဆန္ဒကို အများသဘောကျ ထုတ်ဖေါ်ပြောဆိုခြင်းကိုမူ လူ့အခွင့်ရေး ချိုးဖေါက်သည်ဟု ထင်မြင် ယူဆသူ တွေကလည်း ရှိနေလေတော့ လွတ်လပ်မှုရှိရမည်ဆိုတဲ့ ဒီမိုကရေစီစနစ်ရဲ့အမြူတေကိုေ၀၀ါးသွားစေခြင်းပါ။ ̏လူ့အခွင့်ရေးစကားကို များများပြောဆိုနေသူသည် လူ့အခွင့်အရေးကိစ္စများ၌ ကိုယ်တိုင်က ချိုးဖေါက်နေမိ တတ်၏။ ဒီမိုကရေစီစကားကို လိုသည်ထက်ပို၍ ပြောနေသူသည် ကိုယ်တိုင်က အာဏာရှင်စနစ်ကို ကျင့်သုံး နေမိတတ်၏˝ တဲ့။ ခေတ်သစ်ပညာရှင်တို့၏ အယူအဆပါ။ ထိုအဆို၏ မှားခြင်း၊ မှန်ခြင်းကို ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်ဆင်ခြင်နိုင်ဖို့ပါ။

မျိုးစောင့်ဥပဒေနှင့်စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ပေါ်ထွက်လာခဲ့တယ်။ သုံးသပ်ပုံခြင်း မတူညီကြ၍ ကမ္ဘာ့လူ့သားများအလယ်မှာ စိတ်ဝင်းစားဖွယ်ကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဒီမိုကရေစီစနစ် အောက်မှာ ကိုယ့်ဆန္ဒ၊ သူ့ဆန္ဒကို ထုတ်ဖေါ်ပြောကြားခွင့်များ ရရှိကြ၍ ကျေနပ်မိခြင်းပါ။ သို့သော် လူ့အခွင့်ရေး စကားကို များများ ပြောဆိုပြီး၊ ဒီမိုကရေစီစနစ်ရဲ့ ကျင့်ထုံးကို လေးစားလိုက်နာသင့်သည်ဟု တွင်တွင်ကြီး ပြောဆိုနေသူများသည် ဒီမိုကရေစီစနစ်နှင့်အတူ မွေးဖွားလာတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ ဒီမိုကရေစီ ကျင့်ထုံးကို မေ့ထားကြဟန်တူ၏။ အများဆန္ဒဖြစ်တဲ့ မျိုးစောင့်ဥပဒေကို လွတ်တော်သို့ တင်သွင်းမည့်ကိစ္စ၌ ကန့်ကွက်ရှုတ်ချနေကြသည်ကို တွေ့ရှိကြရသည်။ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်မို့ ကြိုဆိုပါသည်။ သို့သော် ဝေဖန်ပြောဆိုရာ၌ ကြောင်းကျိုးယုတ္တိဆီလျှော်၍ သုံးနှုံးပြောဆိုသောစကားတို့၌ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ အဆင့်ရှိဖို့တော့လို၏။

အမျိုးသမီးများ လက်ထပ်ခြင်းကိစ္စနှင့်စပ်သော မျိုးစောင့်ဥပဒေမျိုးဆိုတာ အမျိုးသမီးများကသာ ရေးဆွဲကြရမှာဖြစ်သည်ဟု ယူဆထားသူတွေလည်း ရှိနေခြင်းပါ။ ထိုအဆို (သို့မဟုတ်) ထိုအယူ အဆသည် သီအိုရီသဘောအရ မှန်းကောင်း မှန်နိုင်သော်လည်း ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်သုံးသပ် ပြောဆိုရလျှင် ထိုအဆိုကို မှန်သည်ဟုပြောဖို့ခက်၏။ အဘယ့်ကြောင့်ဆိုသော် ယနေ့ပြည်သူများအကြား ပြဌာန်းပေးထားသော ဥပဒေများကို ခြုံငုံသုံးသပ်ကြည့်လျှင် ဥပဒေအမျိုးအစား (၂)မျိုးကို တွေ့ရှိနိုင်သည်။
နံပတ် (၁) ဥပဒေအမျိုးအစားက  ကိုယ်တိုင်က (ဥပဒေပညာရှင်များနှင့် နိုင်ငံခေါင်းဆောင်များက) ဥပဒေကို ရေးဆွဲပြဌာန်း၍ ကိုယ်တိုင်လည်းလိုက်နာရသောဥပဒေမျိုး၊ နံပတ် (၂) ဥပဒေအမျိုးအစားက ဥပဒေကို ကိုယ်တိုင်က (ပြည်သူလူထုက) ရေးဆွဲထားသူမဟုတ်သော်လည်း လိုက်နာရသောဥပဒေ ဟူ၍ ဥပဒေ အမျိုးအစား နှစ်မျိုးရှိကြောင်း တွေ့ရှိနိုင်သည်။

ဥပမာ၊ အဲနီးမဲလ် ရိုက်တ် (Animal Right) တိရစ္ဆာန်များအခွင့်အရေးအတွက် ကာကွယ်ပေးထား သောဥပဒေကို တိရစ္ဆာန်များက ရေးဆွဲထားခြင်းမဟုတ်ကြောင့် သိမြင်နိုင်ခြင်းပါ။ ယာဉ် စည်းကမ်း၊ လမ်းစည်း ကမ်းနှင့်ဆိုင်သော ဥပဒေများကို ယာဉ်မောင်းသူများက ရေးဆွဲထားခြင်းမျိုး မဟုတ် သည်ကိုလည်း လေ့လာ သိရှိနိုင်ခြင်းပါ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် အမျှော်အမြင်ရှိကြသော ခေါင်းဆောင်များနှင့် ဥပဒေ ပညာရှင်များ ပူးပေါင်း၍ ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်သူများက လိုက်နာနေရခြင်းပါ။ ဥပဒေပညာနှင့် စပ်လျဉ်း၍ တွေးခေါ်မျှော်မြင်တတ်သူတိုင်း ဤအခြေအနေများကို သိရှိနိုင်ခြင်းပါ။ မျိုးစောင့်ဥပဒေနှင့်စပ်လျဉ်း၍ သံဃာ တော်များက ဥပဒေကို ရေးဆွဲသူများမဟုတ်ပါ။ နိုင်ငံတော်အား၊ ပြည်သူလူထုအား မြန်မာ့အမျိုးသမီးများ (တိုင်းရင်းသူအမျိုးသမီးများလည်းပါဝင်)နှင့် ထိုအမျိုးသမီးများနှင့် စပ်သော မိသားစုဝင်များအတွက် ဆုံးရှုံး နစ်နာ နေမှုများကို နိုင်ငံတော်မှ ဥပဒေဖြင့် ကာကွယ်ပေးရန် တောင်းဆိုတိုက်တွန်းခြင်းသာဖြစ်ကြောင်း သိရှိနိုင်ကြဖို့ပါ။

မြန်မာအမျိုးသမီးများအတွက် ရသင့်ရထိုက်သော လူ့အခွင့်ရေးများကို ရရှိနိုင်ရန် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသော ဒီမိုကရေစီကျင့်ထုံးအရ ပြည်သူ့သဘောဆန္ဒကို သံဃာတော်များက လက်မှတ်ကောက်ခံ နေမှုအတွက် အသဲအသန်ကန့်ကွက် ရှုတ်ချပြောဆို ရေးသားနေမှုများသည် အမှန်တရားကို မသိမမြင်၍လော။ သို့မဟုတ် သိကားသိ၏။ ဆုံးရှုံးနစ်နာနေသော မြန်မာအမျိုးသမီးများအား ကိုယ်ချင်းစာတရားများ မထားနိုင်၍လော။ သို့မဟုတ် အတ္တ မာနတရားတွေ အစွန်းထွက်နေ၍ သတိမမူနိုင်ခြင်းမျိုးလော။ ဝေခွဲဖို့ ခက်နေခြင်းပါ။
မိမိဆန္ဒကို မိမိလွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခြင်းသည် ဒီမိုကရေစီစနစ်ရဲ့ အမြူတေလို့ ဆိုနိုင်ခြင်းပါ။ သို့သော် မိမိပြောသောစကားများ၌ အက်သစ်က်စ် (ethics) ရှိဖို့တော့လိုအပ်နေခြင်းပါ။ ပြောသော စကား များသည် အဆင့်အတန်းရှိလား၊ မရှိလား။ သင့်တော်လား၊ မသင့်တော်လား။ အကျိုးရှိလား၊ မရှိလား စဉ်းစား နိုင်ဖို့တော့လိုမှာပါ။ လောက၌ ဖြစ်လေ့ဖြစ်ထရှိသည်မှာ – ဥာဏ်ရှိယောက်ျားများသည်ပင် (ပညာပြည့်ဝ သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများပင်) ဖြစ်လင့်ကစား မိမိပြောလိုသောစကား၌ ဥာဏ်မယှဉ်ဘဲ ပြောဆိုခဲ့မိလျှင် လွဲမှားသောအဓိပ္ပါယ်ကို ဖေါ်ဆောင်သွားတတ်ခြင်းပါ။ ရိုင်းပြသောသဘောသို့ သက်ဝင်သွား တတ်ခြင်းပါ။ ကျမ်းဂန်များ၌  ဖေါ်ပြထားသည်မှာ – “ဥာဏ်ရှိယောက်ျား၊ မှားလတ်သောခါ၊ ဆေးလွန်နာကို၊ ဆရာနောက်ဆက်၊ အကုခက်၏↔တဲ့။ ကြမ်းကျွံလျှင် နှုတ်လို့ရနိုင်သေးသော်လည်း စကားကျွံလျှင် နှုပ်ရခက် ကြောင်း သတိပေးစကား အဆိုရှိထား၍ ပညာရှိသူတို့ သတိမူနိုင်ကြဖို့ပါ။ အထူးသဖြင့် ခေါင်းဆောင် လုပ်သူများ၊ ပြည်သူလေးစားသောပုဂ္ဂိုလ်များ အထူးသတိထားစရာပါ။ မလွှဲသာ၍ စကား တစ်ခွန်းကို ပြောရ၊ ဆိုရတော့မည်ဆိုလျှင် သတိတရား၊ ဆင်ခြင်တုံတရား၊ မျှော်မြင်တုံတရားများနှင့် ပြောနိုင်၊ ဆိုနိုင်ဖို့ အကြံပြုလို ခြင်းပါ။

သတိတရား မထားနိုင်ပဲ ဖြစ်ချင်တဲ့ဆန္ဒကို ရှေ့တန်းတင်လျှက် လူ့အခွင့်အရေးတစ်ခုတည်းကိုသာ လက်ဆုပ်လက်ကိုင်ပြုပြီး၊ မြန်မာတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံများကို လုံးဝလျစ်လျူရှု၍ ပြောကြဆိုကြမည် ဆိုလျှင်(ရေးသားကြမည်ဆိုလျှင်) ထိုပြောသောစကားများသည် အစွန်းထွက်သွားနိုင်ပြီး၊ ထိုသူ၏အစွန်းထွက် နေသောစိတ်၌် အတ္တဆိုတဲ့ ကြီးစိုးစိတ်အစဉ်၊ မာနဆိုတဲ့ ထောင်လွှားစိတ်အစဉ်တို့သည် အမှားအမှန်ကို မသုံးသပ်နိုင်တဲ့ အ၀ိဇ္ဇာဆိုတဲ့ မသိစိတ်များအသွင်သို့ ရောက်ရှိသွားနိုင်ပြီး တာကျိုးသောရေသည် ဦးတည်ရာသို့ တရှိန်ထိုးစီးဝင်သွားနိုင်သကဲ့သို သတိကင်းသောစိတ်သည် တာကျိုးသောရေကဲ့သို့ ဖြစ်ရှိသွားနိုင်ခြင်းပါ။

အ၀ိဇ္ဇာသဘောကို လေ့လာသုံးသပ်ကြည့်လျှင် အလင်းကို အမှောင်ထုက ဖုံးလွှမ်းနိုင်သလို ဥာဏ်အလင်းကို အ၀ိဇ္ဇာအမှောင်ထုက ဖုံးလွှမ်းထားနိုင်ခြင်းပါ။ အမှန်ကိုလည်း အမှားထင်၊ အမှားကိုလည်း အမှန်ထင်သွားနိုင်စေခြင်းပါ။ အမှားသံသရာလည်ခြင်းကိစ္စမှာ ဒီအ၀ိဇ္ဇာက ဦးဆောင်နေပြီး၊ အမှန်လမ်းကို မရောက်အောင် တားဆီးပေးနေတဲ့တရားဟာလည်း ဒီအ၀ိဇ္ဇာတရားပါ။

အ၀ိဇ္ဖာသဘောကို ဥာဏ်သဘောဖြင့် မသက်ဝင်နိုင်လျှင် – မသိမှုအ၀ိဇ္ဇာက အတ္တတရားကို အစွန်း ရောက်သွားအောင်၊ မာနတရားကို ခေါင်းထောင်လာအောင် စွမ်းဆောင်နိုင်တာမို့ ငါကဲ့သို့သော လူသားအား အဘယ်သူက အန်တုနိုင်မှာလဲဟု ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဖြင့် အတ္တကိုအထွဋ်တင်၊ မာနကို အလံထူ၍ အမှားလမ်းကို တစိုက်မတ်မတ် လိုက်မှားမိတတ်ခြင်းပါ။ အတ္တရဲ့ ပဲ့ထိမ်း၊ မာနရဲ့ ပဲ့ကိုင်ထားခြင်းကို ခံရတဲ့ စိတ်ဓာတ်မျိုးဆိုတာ – ̏လှေခွက်ချည်းကျန် အလံမလှဲ˝ ဆိုတဲ့ စိတ်ဓာတ်မျိုးပါ။

ဇွန်လ (၂၇)ရက်နေ့က ပြီးဆုံးသွားခဲ့တဲ့ အင်းစိန်သံဃာ့အစည်းအဝေးကြီးအကြောင်းကို ပြောရမယ် ဆိုရင် ပြောစရာတွေကအများကြီးပါ။ အဲဒီအများကြီးထဲက – ပြောစရာတစ်ခုက အလုပ်လုပ်တဲ့နေရာမှာ စိတ်ရှည်ရှည်ထားပြီး၊ သည်းခံပြီး အလုပ်လုပ်ကြဖို့၊ သည်းခံစိတ်မမွေးဘဲ စိတ်လိုက်မာန်ပါ လုပ်ကြမယ်ဆိုရင် မလိုအပ်တဲ့အဓိပ္ပါယ်တွေ သက်ရောက်သွားနိုင်ပြီး မိမိတို့ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အနှောက်အယှက် အဟန့်တားတွေ များစွာဖြစ်လာနိုင်တယ်လို့ သပိတ်အိုင် ဆရာတော်ဘုရားကြီးက သံဃာတော်များအား မိန့်မှာသွားတော်မူုခြင်းပါ။

သည်းခံရမယ်ဆိုပေမဲ့ မြတ်စွာဗုဒ္ဓဟောကြားခဲ့တဲ့ တရားအဆုံးအမကိုလည်း အမှတ်ရတော်မူကြပါဟု ဆက်လက်မိန့်ကြားတော်မူပြန်တယ်။ ဗြဟ္မဇာလသုတ္တံမှာ မြတ်စွာဘုရားက ချစ်သားတို့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးမဲ့ကို တစုံတစ်ယောက်သူက ပြောဆိုလာခဲ့သော် မဟုတ်မမှန် ပြောဆိုတာကို မဟုတ်မမှန်ဘူး (အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ) လို့ ပြန်လည်ပြောဆိုကြရမယ်။ (ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို) ဟုတ်မှန်တဲ့အတိုင်း ပြောဆိုနေခဲ့ရင်လည်း ဟုတ်မှန်ကြောင်း (ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ) ၀န်ခံပြောဆို နိုင်ရမယ်လို့လဲ မှာကြားသွားတော်မူခဲ့တယ်။

ဟသာင်္တမြို့၊ မိုးကောင်းဆရာတော်ဘုရားကြီးကတော့ – ရွာတစ်ရွာတွင် အိမ်လေးအိမ်ရှိရာမှာ အိမ်သုံး လုံးကတော့ မိသားစုဝင်တွေ လုံခြုံမှုရှိအောင် ခြံစည်းရိုးခပ်ထားပြီးဖြစ်တယ်။ ကျန်တဲ့အိမ်တစ်လုံးက ခြံမခတ်ရ သေးလို့ သားသမီးများရဲ့ လုံခြုံမှုအတွက် မိဘများက ထိုအိမ်ကို ခြံခတ်ဖို့ ပြင်ဆင်တဲ့အခါ အခြားအိမ်များက ကန့်ကွက်လာမယ်ဆိုရင် တရားမျှတမှု ရှိနိုင်ပါမလား။ ဒီလိုမှမဟုတ်ပဲ ခြံမခတ်ရသေးတဲ့အိမ်မှ သားသမီး တွေကိုယ်တိုင်က အိမ်တွင်း အိမ်ပြင် ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်ချင်လို့ စည်းမဲ့၊ ကမ်းမဲ့ နေလိုတဲ့ သဘောကြောင့် မိဘများက ခြံခပ်တာကို ကန့်ကွက်နေကြမယ်ဆိုရင် ထိုသားသမီးမျိုးတွေဟာ ဘယ်လို သားသမီးမျိုးတွေ ဖြစ်မလဲ – ဆိုပြီး မေးခွန်းထုတ်သွားတော်မူခဲ့ခြင်းပါ။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးက ကြီးမှူးကျင်းပတဲ့ ဘာသာပေါင်းစုံအလုပ်ရုံဆွေး နွေးပွဲတစ်ခုမှာ နိုင်ငံခြားသူ သတင်း ထောက်တစ်ယောက်က အရှင်ဘုရားက မြန်မာအမျိုးသမီးတစ်ယောက် အခြားဘာသာဝင်တစ်ယောက်နှင့် ထိမ်းမြားလက်ထပ်တာကို သဘောတူနိုင်ပါသလားလို့ အမေးခံရဘူးတယ်။ သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာအမျိုးသမီးတွေ အမေ့အိမ်ကထွက်သွားစဉ်အခါက အပြုံးများနှင့် ထွက်သွားကြသလို၊ အကြောင်းအမျိုးမျိုးကြောင့် အမေ့အိမ်ကို ပြန်လာခဲ့ကြရတဲ့အခါမှာလည်း အပြုံးများနှင့် ပြန်လာတာကိုပဲ မြင်ချင်တယ်။ အငိုမျက်လုံးများနှင့် ပြန်လာတာကိုတော့ လုံးဝမမြင်ချင်ပါလို့ ဖြေကြားခဲ့ ဘူးတယ်။

အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများ သိထားသင့်သည်မှာ – သံဃာတော်များသည် မျိုးစောင့်ဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးမည်သူများမဟုတ်ပါ။ ပြဋ္ဌာန်းပေး၍လည်းမရပါ။ နိုင်ငံတော်အား သစ္စာစောင့်စည်းသောအားဖြင့်၊ အမျိုးသမီးအခွင့်အရေးများ၊ မိသားစုအခွင့်ရေးများ၊  အမျိုး ဘာသာ သာသနာအတွက် ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိနိုင်ရန် ဒီမိုကရေစီ ဘောင်အတွင်းက၊ လူ့အခွင့်ရေး စည်းအတွင်းက ဥပဒေပြုလွတ်တော်သို့ တင်ပြပေးသူများသာဖြစ်ကြောင်း မေတ္တာဖြင့် ရေးသား တင်ပြခြင်းပါ။ မျိုးချစ်စိတ်ရှိသူများအတွက် အမျိုး ဘာသာ သာသနာတော်ကို စောင့်ရှောက်ခြင်းသည် ဘိုးဘွားအမွေနှစ်ဖြစ်တဲ့ တိုင်းပြည်ကို စောင့်ရှောက်ခြင်းပင် မဟုတ်ပါလား။

တိုင်းပြည်တွင်းမှာ နေထိုင်ကြကုန်သော ဘူမိပုတ္တ (ဤမြေမှဖွားသော သားသမီးများ) နိုင်ငံသားအားလုံး ချမ်းသာစွာ အိပ်စက်နိုင် ကြပါစေ။



ဒေါက်တာဓမ္မပိယ (ITBMU)
ဇူလိုင် ၂၆၊ ၂၀၁၃

Saturday, August 3, 2013

အသားနာပေမယ့် ဘ၀ မနာမိဖို့ အရေးကြီးလှပါတယ်


အသားနာပေမယ့် ဘ၀ မနာမိဖို့ အရေးကြီးလှပါတယ်

ပြန်လည်တွေးတောရင်း အတွေးရေယဉ်ကြောမှာ မျှောပါလို့ နေပါတော့တယ်။ လောကမှာ အကြောင်းအရာတစ်ခုကိုပဲ ဖြစ်စေ၊ လူတစ်ယောက်ကိုပဲ ဖြစ်စေ ယုံလိုက်စမ်းပါ၊ ယုံကြည်သင့်တယ် လို့ အတင်းအကျပ် ယုံကြည်ခိုင်းလို့ မရသလို မယုံပါနဲ့လို့ ပိတ်ပင်တားဆီးလို့လဲ မရနိုင်ပါ။  စိတ်ဓါတ်ရေးရာနဲ့ပတ်သက်ပြီး လူများကို ဖိအားပေးလို့လဲ မရ ၊ အတင်းအဓမ္မ လုပ်ခိုင်းလို့လဲမရနိုင်ပါ။
          တစ်နေ့  ရှင်ဥပဂုတ္တဖေါင် ရေထဲ ချခါနီးမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် အပြေးအလွှား လာရောက်ပြီး သူ့မှာပါလာတဲ့ ပိုက်ဆံ ၄၅ ကျပ်အနက်က ၂၅ကျပ်ကို လောင်းလှူလိုက်ပါတယ်။ ပိုက်ဆံ လှူဖို့အတွက် သူမ ပြေးလာစဉ်က နားထဲမှာ “ကလေးမ….မောမောပမ်းပမ်းနဲ့ ပြေးလာပြီး လာလှူတာဟာ ကုသိုလ်တအားရလိမ့်မယ်” လို့ မမြင်ရတဲ့နေရာကနေ လူတစ်ယောက် ပြောလိုက်တဲ့အသံကို ကြားလိုက်ရပါတယ်။ထိုစကားကြောင့်လဲ ပိုပြီး စိတ်အားထက်သန်ကာ ၀မ်သာအားရ လှူနိုင်ခဲ့ပါတယ်။ ဒီလို အလှူဒါနနဲ့စပ်လို့ ယုံကြည်မှုတွေ ဖြစ်လာတဲ့ အကြောင်းအရင်းကို ပြောရရင်….

          သူမငယ်စဉ်က “ သမီး….ရုပ်တု(ဆင်းတုတော်)တွေကို မရှိခိုးနဲ့၊ရှိခိုးရင် ငရဲကြီးတတ်တယ်။ ဘုန်းကြီးတွေကို ဆွမ်းလှူရင်လဲ ငရဲကျတတ်တယ်။ ဒါကြောင့် ရုပ်တုကို ယောင်လို့ သွားမရှိခိုးမိစေနဲ့၊ ငရဲကျမယ်နော် သမီး..” လို့ အမေက သူတို့ရဲ့ဘာသာအယူအဆကို ပြောပြပါတယ်။ ငယ်စဉ်က မိဘပြောစကားကို နားထောင်ခဲ့ရတဲ့အတွက် ရုပ်တုကို ရှိခိုးရင်ငရဲကျတတ်တယ်ဆိုတာကြီးက စိတ်ထဲစွဲနေခဲ့ပါတယ်။
 ဝေဖန်တွေးတောတတ်တဲ့ အရွယ်ရောက်တဲ့အခါမှာ ရုပ်တုကို ရှိခိုးရုံနဲ့ငရဲကျတယ်ဆိုတာကို ဘ၀င်မကျနိုင်ဖြစ်ခဲ့ရတယ်။ ဒါနဲ့ သူမနဲ့ ရင်းနှီးတဲ့ ဆရာတော်တစ်ပါးထံသွားပြီး “အရှင်ဘုရား….ရုပ်တု(ဆင်းတုတော်)ကို ရှိခိုးရင် ငရဲကျတတ် တယ်ဆိုတာ ဟုတ်ပါသလား၊ ရုပ်တုတွေက အင်္ဂတေတို့ အုတ်တို့နဲ့လုပ်ထားတာဆိုတော့ အုတ်တွေ အင်္ဂတေတွေကို ရှိခိုးနေတာနဲ့အတူတူပဲ၊ တပည့်တော် မသိလို့ ရှင်းပြပေးစေချင်ပါတယ်ဘုရား” လို့ မေးလျှောက်ပါတယ်။
အဲဒီအခါ ဆရာတော်ဘုရားက “ရုပ်တုဆိုတာ ဆင်းတုတော် ကို ပြောတာဖြစ်တယ်။ ဘုရားရှင်ရဲ့ အဆင်းသဏ္ဍာန်ကို ပုံတူဖြစ်အောင် တုပြီး ထုလုပ်ထားတာပါ။ အများအမြင်မှာတော့ အင်္ဂတေများ၊ အုတ်များကို ရှိခိုးနေကြတယ် လို့ မြင်နေကြပေမယ့် တကယ်တန်းပြောရင် အုတ်၊ အင်္ဂတေကို ရှိခိုးခြင်း မဟုတ်ဘဲ ၊ ဂုဏ်တော်ကို ရှိခိုးတာဖြစ်တယ်။ ဒီအတွက် ဘုရားရှင်ရဲ့ဂုဏ်တော်များကို နားလည်အောင် ပြောရရင် ဘုရားရှင်အလောင်းတော်ဘ၀က ပြုခဲ့တဲ့အကြောင်းအရာများကို နောက်ကြောင်းပြန်ပြောရပါလိမ့်မယ်။
 ဘုရားရှင်ဟာ အလောင်းတော်ဘ၀ သုမေဓာရှင်ရသေ့ဘ၀မှာ ရဟန္တာဖြစ်ပြီး ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းနိုင်ပေမယ့် လောကသတ္တ၀ါများ ဆင်းရဲတွင်းက လွတ်အောင် ငါကယ်တင်မယ်ဆိုပြီး ဒီပင်္ကရာ မြတ်စွာဘုရားထံပါးမှာ ဘုရားအဖြစ်ကို ဆုပန်ခဲ့ပါတယ်။ အဲဒီနောက် သူတကာတို့ စွန့်လှူနိုင်ခဲတဲ့ စွန့်ခြင်းကြီးငါးပါးအနက် မိမိရဲ့ကိုယ်လက်အင်္ဂအစိတ်အပိုင်းကို လိုတဲ့သူရှိက ပေးလှူခဲ့တယ်။ စည်းစိမ်ဥစ္စာများကိုလဲ လိုတဲ့သူရှိက ပေးလှူခဲ့တယ်။ မိမိမယားဖြစ်သူကိုလဲ လိုတဲ့သူရှိက ပေးလှူခဲ့တယ်။ ရင်နှစ်သီးခြား သားသမီးရတနာကိုလဲ အလိုရှိက စွန့်လှူခဲ့တာဖြစ်တယ်။ ဒီလိုစွန့်လှူခဲ့တာဟာ သဗ္ဗညုတဥာဏ်တော်အတွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများ ဖြည့်ကျင့်ကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့တယ်။
ဘုရားရှင်ဟာ လောဘစတဲ့ကိလေသာများကို ၀ါသနာနဲ့တကွ ပယ်သတ်တော်မူတဲ့အတွက် လူနတ်ဗြဟ္မာ သတ္တ၀ါတွေရဲ့ပူဇော်အထူးကို ခံယူတော်မူထိုက်ပါတယ်။ တရားအလုံးစုံကို ဆရာမပါဘဲ ကိုယ်တော်တိုင် သိမြင်တော်မူပါတယ်။ အကျင့်နဲ့အသိတွေလဲ ပြည့်စုံခဲ့တယ်။ ကောင်းတဲ့စကားကိုသာ ပြောဆိုတတ်တယ်။ လောကသုံးပါးကိုလဲ သိမြင်တော်မူခဲ့တယ်။ သတ္တ၀ါတွေကို  နည်းအမျိုးမျိုးနဲ့ ယဉ်ကျေးအောင် ဆုံးမတော်မူခဲ့ပါတယ်။ နတ်လူတို့ရဲ့ တစ်ဦးတည်းသော ဆရာတစ်ဆူ ဖြစ်တော်မူတယ်။ 
သစ္စာလေးပါးကို ကိုယ်တော်တိုင် ထိုးထွင်းသိတော်မူပြီး သတ္တ၀ါအများသိအောင်လဲ ညွန်ကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ရဲ့ဂုဏ်တော်များဟာ တစ်ခုချင်းရေတွက်ပြနေလို့ ကုန်နိုင်ဖွယ်မရှိသလို ဘုန်းတော်အရာမှာလဲ အပိုင်းအခြားမရှိ။ဥာဏ်တော်အရာမှာလဲ အဆုံးအပိုင်းအခြားမရှိ ကျယ်ပြန့်လှပါတယ်။ တန်ခိုးတော်အရာမှာလဲ သူ မတူအောင် သာလွန်လှပါတယ်။ ဒီလို အဆုံးအပိုင်းအခြားမရှိ ဂုဏ်တော်နဲ့ ပြည့်စုံတော်မူတဲ့အတွက် ပူဇော်သင့်ပူဇော်ထိုက်ပါတယ်။ ဒီလိုပူဇော်သင့်ပူဇော်ထိုက်လို့လဲပဲ စေတီ(စေတိယ)လို့ ခေါ်ပါတယ်။
လောကမှာ  စေတီ လေးမျိုးရှိတယ်ဆိုတာကို ဘုရားရှင် ဟောကြာတော်မူခဲ့ပါသေးတယ်။ ဒါကိုလဲ သဘောပေါက်အောင် ရှင်းပြချင်တယ်။ ဒကာမလေးအနေနဲ့ သည်းခံပီး နားထောင်ပေးစေချင်ပါတယ်” လို့ ဆရာတော်က မြကြာဖြူအား ပြောတဲ့အခါ မြကြဖြူလေးက “ တပည့်တော် အလွန်စိတ်ဝင်စားပါတယ်ဘုရား၊ ဆက်ပီးသာ ပြောပြပါဘုရား၊ တပည့်တော် နာယူနေပါတယ် ဘုရား” ပြန်ပြောရှာပါတယ်။
အဲဒါနဲ့ ဆရာတော်ကြီးက “စေတီ ဆိုတာ စေတိယက လာတာဖြစ်တယ်။ စေတိယ ဆိုတာ ပူဇော်သင့် ပူဇော်ထိုက်တာကို ပြောတာပါ။ စေတီလေးမျိုးရှိပါတယ်။
(၁) ဘုရားရှင် ဟော်ကြားတော်မူတဲ့ တရားတော်အားလုံးကို ဓမ္မစေတီ လို့ ခေါ်တယ်။
(၂) သင်္ကန်းပရိက္ခရာ၊ ကျောင်းစတဲ့ ဘုရားရှင် သုံးစွဲတော်မူခဲ့တဲ့အသုံးအဆောင်မှန်သမျှကို ပရိဘောဂစေတီ လို့ ခေါ်တယ်။
(၃) ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူလို့ တေဇောဓါတ်လောင်ကျွမ်းတော်မူပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ဘုရားရှင်ရဲ့ ဓါတ်တော်မှန်သမျှကို ဓာတုစေတီ လို့ ခေါ်ပါတယ်။
(၄) ဘုရားရှင်ကို ရည်မှန်းပြီး၊ ဘုရားရှင်ရဲ့ အဆင်းပုံဟန်ကို ပုံတူ ပြုလုပ်ပြီး ပူဇော်ကြတဲ့ ဆင်းတုတော်များ၊ စေတိပုထိုးများကိုတော့ ဥဒ္ဒိဿစေတီ လို့ ခေါ်ပါတယ်။
          တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေဟာ အင်္ဂတေ၊အုတ်နဲ့ ပြုလုပ်ထားတဲ့ စေတီ၊ ဆင်းတုတော်တွေကို ရှိခိုးပူဇော်ကြတာမဟုတ်ပါဘူး။ အထက်က ပြောခဲ့တဲ့ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီး ဆင်းတုတော်ကို ရှိခိုးပူဇော်ကြတာ ဖြစ်တယ်ဒကာမလေး” လို့ ဆရာတော်ကြီးက စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။
          အိမ်ပြန်ရောက်လာတဲ့အခါ မြကြာဖြူဟာ ဆရာတော်ကြီးအမိန့်ရှိလိုက်တဲ့စကားများကို ပြန်လည်သုံးသပ် ဝေဖန်နေမိပါတော့တယ်။ ဆရာတော်ကြီးရဲ့စကား များဟာ သဘာဝကျလှတဲ့အတွက် လက်ခံနိုင်စရာရှိတယ်။ အစကတော့ အမေတို့အဖေတို့ပြောသလို အုတ်တို့အင်္ဂတေတို့ကို ရှိခိုးနေတာ အဓိပ္ပါယ်မရှိဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အရင်က အမေပြောလို့ သိခဲ့တဲ့အသိနဲ့ ဆရာတော်ကြီး ပြောပြလို့ သိတဲ့အသိဟာ အလွန်ကွာခြားလှတာကြောင့် မြကြာဖြူရဲ့အသိတွေ အယူအဆတွေ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။
 ဒါကြောင့်လဲ ဘုရားအစရှိတဲ့ ရတနာသုံးပါးအပေါ်မှာ ကြည်ညိုတဲ့စိတ်တွေ တဖွားဖွားဖြစ်လာခဲ့ပြီး လှူချင်တဲ့စိတ်တွေလဲ ဖြစ်ခဲ့ရတယ်။ ဒါကြောင့်လဲ  ရှင်ဥပဂုတ္တဖေါင် မြစ်ထဲ မမျောမှီ အပြေးလာရောက်ပြီး ပါလာတဲ့ပိုက်ဆံကို လှူဒါန်းဖြစ်သွားတာပါ။ ဒီလိုလှူလိုက်ရတဲ့အတွက်လဲ စိတ်ထဲ နှစ်သိမ့်မှု ပီတိတွေ တဖွားဖွားဖြစ်ခဲ့ရတယ်။ နေထိုင်ရတာလဲ အရင်ကနဲ့မတူတော့ ဘ၀မှာ အဓိပ္ပါယ်ရှိလာသလို ပါပဲ။
          မြကြာဖြူလေးဟာ အခွင့်သာရင် သာသလို အလှူဒါနပြုလုပ်ခဲ့တဲ့အပြင် သီလဆိုတဲ့ကိုယ်ကျင့်တရားကိုလဲ အတတ်နိုင်ဆုံး လုံခြုံအောင် စောင့်ထိန်းလာခဲ့ပါတယ်။ ဒါ့အပြင် စိတ်ရှည်စွာ ပြောဆိုဖြေကြားပေးခဲ့တဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးကြောင့် သူမဟာ ဘုရားရှင်ရဲ့အတိုင်းအဆမရှိ ဂုဏ်တော်များကို ကြည်ညိုလို့လဲ မဆုံးတော့။ ဘုရားရှင်ကို ကြည်ညိုလွန်းလို့ ဘုရားရှင်ရဲ့ကိုယ်စား ရုပ်ပွားတော်တစ်ဆူကို  အိမ်ကို ပင့်ဆောင်လာခဲ့ပါတယ်။ အိမ်ကလူတွေ မသိအောင် ရုပ်ပွားတော်ကို သူတို့မမြင်နိုင်တဲ့နေရာမှာ သီတင်းသုံးစေပြီး ပူဇော်လာခဲ့ပါတယ်။ 
အဲဒီလို ရှိခိုးပူဇော်ရတဲ့အတွက်  အရင်ကနဲ့မတူ စိတ်တွေ ကြည်လင်လာခဲ့ပါတယ်။ ကိုယ်ယုံကြည်ရာကို လုပ်ရလို့လဲ စိတ်ထဲ ကျေနပ်နေမိသလိုပါပဲ၊ သူမဟာ အသက်အားဖြင့် ငယ်ရွယ်ပေမယ့် အသိစိတ်က မငယ်ပါ။ အဲဒီလိုနဲ့ နေ့တိုင်းဆိုသလို လူတွေအားလုံး အိပ်မောကျလောက်ပီထင်တဲ့အချိန်မှာ ဘုရားရှင်အား တိတ်တခိုး ရှိခိုးခဲ့ရတယ်။ ဆရာတော် သင်ပေးထားတဲ့ ဘုရားရှိခိုးစာတွေကိုလဲ အသံထွက်အောင် မဆိုရဲဘဲ၊ အသံတိတ်ရွတ်ဆိုပြီး ရှိခိုးခဲ့ရပါတယ်။
          ဒီလိုနဲ့ တစ်နေ့မှာ…“ရွှမ်း………..ရွှမ်း…………ရွှမ်း” ပြင်းထန်တဲ့ ကြိမ်ရိုက်ချက်ကြောင့် မြကြာဖြူကလေးဟာ တအင်းအင်း နဲ့ ညည်းညူမိရုံမှတစ်ပါး ဘာမှ မတတ်နိုင်ရှာ။ “အင်း…ငါကလဲ အမေတို့အဖေတို့ မကြိုက်တဲ့အလုပ်ကိုမှ လုပ်မိတာကိုး။ အမေတို့အဖေတို့ကလဲ သူတို့ရဲ့သမီးကို သူတို့အယူဝါဒကနေ ပြောင်းသွားမှာကို စိုးရိမ်ဟန်တူပါတယ်။ သူတို့ရဲ့ဘာသာအယူဝါဒကနေ အခြားပြောင်းသွားရင် သူတို့သမီး ဘယ်လိုအခြေအနေဖြစ်သွားမလဲ ဆိုပြီး  သူတို့သမီးကို တွေးပူမိတာဖြစ်မှာပါလေ…” ဆိုပြီး အရိုက်ခံရပေမယ့် မိဘများအပေါ် အပြစ်မတင်ရက်တော့။ မြကြာဖြူလေးခမြာ အရိုက်ခံရလွန်းလို့ မျက်ရည်လည်မိပေမယ့် “ဘုရားရှင်အား ရှိခိုးပူဇော်ရတာ ငါ့အတွက် တန်ဖိုးမဖြတ်နိုင်ဘူးလေ..” လို့ တွေးမိပြိး မျက်ရည်ကြားက ပီတိအပြုံးတွေနဲ့ ပြုံးမိပါသေးတယ်။
ကံကြုံလို့ ဘ၀မှာ ဆုံစည်းရပေမယ့် အမြင်မတူ၊ အယူအဆမတူတဲ့အသိုင်းအ၀ိုင်းမှာ နေရတာ စိတ်ပျက်လာပါတော့တယ်။ “ငါ့ဘ၀ လူရယ်လို့ ဖြစ်လာတာ ဘာမှ အဓိပ္ပါယ် မရှိပါလား၊ အလုပ်တစ်ခုကို ယုံကြည်လို့ လုပ်ချင်တာတောင်မှ သူများမသိအောင် တိတ်တဆိတ် လုပ်ရပါလား” ဆိုပြီး သူမကိုယ် သူမ အားမလိုအားမရ ဖြစ်ခဲ့ရပါသေးတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့အဖေအမေ ညီအစ်ကို မောင်နှစ်မများ အိပ်မောကျလောက်တဲ့အချိန်မှာ သူမ တကယ်မြတ်နိုးတဲ့ ဘုရားရှိခိုးတာကို ပြုလုပ်ရပါတယ်။ 
တကယ်လို့များ မိသားစုထဲက တစ်ယောက်ယောက်က သူမရှိခိုးနေတာကို သိသွားခဲ့ရင် နံနက်လင်းတဲ့ အခါ အရိုက်ခံရတော့တာပါပဲ။ ဒီလို အရိုက်ခံရတဲ့ နေ့တွေလဲ မရေမတွက်နိုင်တော့။ “အင်းလေ….အရိုက်ခံရလို့ အသားနာတာက အရေးမကြီးဘူး။ အယူဝါဒမှားယွင်းပြီး ဘ၀ မနာဖို့က အရေးကြီးပါတယ်၊ အရိုက်ခံရလို့သေရင် တစ်ဘ၀ပဲသေမယ်၊ အယူမှားပြီးသေရင် ဘ၀များစွာ နာရ သေရဦးမယ်” လို့ တွေးပြီး ပြင်းထန်တဲ့ ကြိမ်ရိုက်ချက်တွေကို ကြိတ်မှိတ်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ကိုယ်ယုံကြည်တဲ့ အလုပ်ကို အရိုက်ခံရတဲ့ကြားထဲက ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
သူမရဲ့အတွေးလိုပါပဲ၊ ဘ၀မှာ အသားနာပေမယ့် ဘ၀ မနာမိဖို့ အရေးကြီးလှပါတယ်။ အသားနာတာက တစ်ခဏပါ။ ဘ၀တစ်လျှောက် အယူအဆမှားတွေ လက်ခံမိမယ်ဆိုရင် သံသရာမှာ ဘ၀ပေါင်းများစွာ နစ်နာသွားရတော့မှာပါ။ ရခဲတဲ့လူ့ဘ၀ကို ရလာတဲ့အခါ နိဗ္ဗာန်ကိုသွားရာ အခြေခံလမ်းကြောင်းဖြစ်တဲ့ ဒါန သီလ ဆိုင်ရာတရားများကို စွမ်းနိုင်သလောက် ကျင့်သုံးသွားရပါမယ်။ 
အဲဒီကနေတဆင့် အဆင့်မြင့်တဲ့ ၀ိပဿနာတရားကို ကျင့်သုံးသွားကြရပါမယ်။ လူ့ဘ၀ဆိုတာ တစ်ခဏလေးပါပဲ၊ အချိန်တွေကို ရပ်တန့်ထားလို့မရသလို၊ ဆွဲထားလို့လဲမရပါ။ ဘာကြောင့်ဆိုရင် သတ္တ၀ါတွေဟာ တဖြေးဖြေးနဲ့ ငယ်ရာက ကြီးလာကာ အိုမင်းရင့်ရော်ခဲ့ရပြီး နောက်ဆုံး ဘ၀ကို အဆုံးသတ်သွားရရှာတဲ့သူတွေချည်းပါပဲ။ ရခဲပြီးတိုတောင်းတဲ့လူ့ဘ၀မှာ အချိန်ရှိခိုက် လုံ့လစိုက်ဆိုသလို ကုသိုလ် များများရအောင် ကြိုးစားအားထုတ်သွားကြရပါမယ်။ဒါကြောင့်လဲ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးက….
“ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့”
“ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့”
“ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့” လို့ သံဝေဂသတိပေးလင်္ကာလေး စပ်ဆိုခဲ့ပါသေးတယ်။ ဒါကို သတိရကြပြီး အခုကတည်းက ဘ၀မနာအောင် ကျင့်သုံးနိုင်ကြမယ်ဆိုပါရင် နောင်ဘ၀သံသရာမှာ အဆင့်မြင့်တဲ့ဘ၀ကို ရောက်ရှိကြမှာပါ။
          မြကြာဖြူရဲ့အသိုင်းအ၀ိုင်းက ဘာသာခြားတို့ရဲ့ အယူဝါဒလမ်းစဉ်ကို လျှောက်လှမ်းနေကြပေမယ့် သူမကတော့ လမ်းမှန်ကို မရောက် ရောက်အောင် မိမိကိုယ်ကို လျှောက်လှမ်းနေဆဲပဲဖြစ်တယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ သူမဟာ ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်တွေ ပိုလာလေလေပါပဲ။ ရှိခိုးတာမြင်လို့လဲ လူကြီးတွေရဲ့ အရိုက်ကို ခံရတာ မနည်းတော့။ နောက်ပိုင်းမှာ “မိဘတွေလဲ ငါအတွက်နဲ့ စိတ်မဆင်းရဲရအောင် ငါလုပ်ချင်တဲ့အလုပ်တွေလဲ လုပ်ရအောင်” လို့ ဆိုပြီး အိမ်မှ ထွက်လာခဲ့ပါတယ်။ 
ဒီလိုနဲ့  သာသနာနွယ်ဝင် သီလရှင်ကျောင်းတစ်ခုမှာ တရားဘာဝနာများ ကြိုးစားအားထုတ်ခဲ့ရှာတယ်။ ဒီလိုနဲ့ မြကြာဖြူဟာ ဘ၀မှာ အဓိပ္ပါယ်ရှိဖို့ ဘ၀မနာဖို့အတွက် တရားကို ကြိုးစားအားထုတ်ရင်း အသက် (၁၈)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရရှာပါတယ်။ ဒီအကြောင်းကို သာရဘွင်ဆရာတော်ကြီး ပြောပြချက်အရ စာချစ်သူများ အတုယူစေချင်လွန်းလို့ တဆင့်ပြန်လည် ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
          စာချစ်သူများလဲ ရခဲ့လှတဲ့ လူ့ဘ၀ရတဲ့အခိုက်မှာ သား၊မယား၊ပစ္စည်းဥစ္စာတွေနဲ့ အပျော်ကြီးပျော်နေကြမယ်။ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကို အခြေခံလို့ မာန်မာနတွေ ထောင်လွှား တက်ကြွကာ မောက်မာနေကြမယ်။ဆိုရင် မိမိဘ၀ဟာ အနာကြီးနာသွားနိုင်ပါတယ်။  ဒီလိုမဖြစ်ရလေအောင် ကိုယ်အလုပ်၊နှုတ်အပြော၊စိတ်အကြံတွေမှာ ကောင်းတာလေးတွေပဲ လုပ်မယ်၊ကောင်းတာလေးတွေပဲ ပြောမယ်၊ ကောင်းတာလေးတွေပဲ တွေးပေးမယ်ဆိုပါက မိမိဘ၀ မနာနိုင်တော့ဘဲ၊ တန်ဖိုးရှိပြီးအဆင့်မြင့်တဲ့ဘ၀ကို ရရှိကြတော့မှာပါ။
          မြကြဖြူရေ……….. အခုဘ၀လို အယူဝါဒ မတူတဲ့ အသိုင်းအ၀ိုင်းမှာ နောင်ဘယ်တော့မှ မဖြစ်ပါစေနဲ့။ ဒီဘ၀မှာ ဆရာတော်ကြောင့် လမ်းမှန်ကို လျှောက်နိုင်ခဲ့သလို နောင်ဘ၀များစွာမှာလဲ မှန်ကန်တဲ့အယူဝါဒရှိတဲ့ အသိုင်းအ၀ိုင်းမှာဘဲ ဖြစ်ရပြီး လိုရာပန်းတိုင်သို့အမြန်ရောက်ပါစေရယ် လို့….ဆန္ဒပြုရင်း……….။ 
မှတ်ချက်။  ။ကာယကံရှင်ရဲ့ အမည်ကို ပြောင်းထားပါသည်။

စာရေးသူအမည်မေ့သွားပါ၏

Friday, August 2, 2013

မန်လည်ဆရာတော်ရဲ့ ပညာ အပေါင်း နှလုံးသား




(တစ်) 
ပညာပြည့်ဝ၊
နှလုံးလှသော် ကိစ္စကြီးငယ်၊
ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်၊
ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။

မဃဒေ၀ လင်္ကာသစ်ထဲက ကဗျာတစ်ပိုင်းတစ်စကို ကောက်နုတ်ဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ ရေးဖွဲ့သူက မန်လည်ဆရာတော်ဘုရား။ "မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ နကိုသတ်ရုံပဲ" စသည့် ဆရာတော်ကိုယ်တိုင် ဖွဲ့ဆိုခဲ့သော ကဗျာအရ ငယ်နာမည် မောင်မာ ဆိုတာကတော့ ထင်ရှားပါသည်။ ငယ်နာမည်ကို "" သတ်လိုက်ရုံနှင့် မာန်ဖြစ်သွားမည်ဟု ဆိုသည်မဟုတ်ပါလား။ သည်တော့ ငယ်နာမည် မောင်မာ။

အဖ သစ်ကုန်သည် ဦးထင်ညိုနှင့် အမိ ဒေါ်ဖြေတို့က မန်လည်မြို့တွင် မွေးဖွားခဲ့သော ပုဂ္ဂိုလ်လည်းဖြစ်ပါသည်။ ရဟန်းအမည် ရှင်ဇ၀န။ မြန်မာနှစ် ၁၂၀၃ ခု မွေး၊ ၁၂၈၂ ခု ပျံလွန်တော်မူ။ သက်တော် ၇၉ နှစ်၊ ၀ါတော် ၅၆ ၀ါ။ ဆရာတော်က ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦးတို့ကို မီလိုက်သူဖြစ်ရာ အင်္ဂလိပ်အစိုးရလက်ထက်၌ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို အဆက်ကပ် ခံတော်မူခဲ့ရသူလည်း ဖြစ်ပါသည်။ မဃဒေ၀လင်္ကာကတော့ ဆရာတော်၏ နာမည်ကျော်လက်ရာ။ အထက်တွင် ကောက်နုတ်ကိုးကား ဖော်ပြထားသည်က ထိုမဃဒေ၀လင်္ကာသစ်ထဲက။

(နှစ်)
ကဗျာစာသားကောက်နုတ်ချက်က ရှင်းပါသည်။ လောကကို အောင်မြင်ထိုးဖောက် ခရီးရောက်အောင် သွားနိုင်မည့် လူတစ်ယောက်တွင် နှစ်ခုလိုအပ်ပါသတဲ့။ တစ်ခုက ပညာ။ တစ်ခုက လှပသည့်နှလုံးသား။ ထိုနှစ်ခုပြည့်စုံလျှင် ကျွမ်းကျင်သော ဆောက်သမားက အကျဉ်း အကျယ်၊ အကြီး အငယ်ကို လိုသလို ထွင်းဖောက်ဖြတ်တောက်ကာ လိုရာပုံကို ရုပ်လုံးဖော်နိုင်သကဲ့သို့ ထိုပညာတတ်၍ စိတ်ထားလှသော လူကလည်း သူ့ဘ၀ရုပ်ပုံလွှာကို သူလိုသလို ထုဆစ်သွန်းဖွဲ့ နိုင်ပါလိမ့်မည်ဟု မန်လည်ဆရာတော်ဘုရားက ရေးဖွဲ့ထားခြင်းပင် ဖြစ်ပါသည်။

လောကုတ္တရာစာပေများနှင့်သာ နီးစပ်သော၊ နည်းပညာမထွန်းကားမီ ကုန်းဘောင်ခေတ်နှောင်းက ဗုဒ္ဓဘာသာ ရန်ဟန်းတစ်ပါးမျှသာဖြစ်သော မန်လည်ဆရာတော်ဘုရားလို ပုဂ္ဂိုလ်မျိုး၌ သည်လို ခေတ်မီအတွေးအမြင် ရှိနေတာက အံ့သြကြည်ညိုဖွယ် ကောင်းလှပါသည်။

လောက၌ ပညာတတ်ပြီး နှလုံးမလှတော့လည်း လိုရာမရောက်၊ စိတ်နေသဘောထား နှလုံးသားက လှပကာ ဘာပညာမှ မတတ်တော့လည်း ခရီးမတွင်။ ပညာ အပေါင်း နှလုံးသား ညီမျှခြင်း ဘ၀အောင်ပွဲ အယူအဆ။

(သုံး)
ကမ္ဘာကြီးကို လွှမ်းခြုံကြည့်လိုက်တော့ မန်လည်ဆရာတော်ဘုရား၏ ကဗျာစာသားထဲကအတိုင်းပင် ဖြစ်ပါသည်။

ဂျာမနီနိုင်ငံ၊ ဂူတင်ဘာ့ဂ်မြို့သား အယ်လ်ဘတ်အိုင်းစတိုင်း (Albert Einstein) ပညာဉာဏ်ထူးချွန်တာကတော့ လူတိုင်းသိပြီးသားပင် ဖြစ်ပါသည်။ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရ၊ ၂၀ ရာစု၏ စံပြလူသား (Man of the century for 20th century)။ E=mc2 ညီမျှခြင်း၏ ဖခင်။ ဒါက ပညာကိစ္စ။ ထို့ပြင် သူက နှလုံးသားလှလေသတဲ့။ အ၀တ်အစားကို ဘယ်တော့မှ တောက်တောက်ပြောင်ပြောင် ခန့်ခန့်ထည်ထည်နှင့် ကိန်းကြီးခန်းကြီး မ၀တ်။ အရိုးဆုံး၊ အစုတ်ချာဆုံး ၀တ်ဆင်သူ။ အစ္စရေးသမ္မတအဖြစ် ကမ်းလှမ်းလာသည်ကို ငြင်းဆန်သူ။ ဒေါ်လာ ၁၅၀၀ တန် ချက်လက်မှတ်ကို စာအုပ်ညှုပ်ဖို့လောက်သာ တန်ဖိုးထားသူ။ သည်လို စိတ်နေစိတ်ထား နှလုံးသားတွေနဲ့ ပညာမှာ သွားပေါင်းလိုက်တော့ အယ်လ်ဘတ်အိုင်းစတိုင်း ဆိုသည်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်သွားပါတော့သည်။

အိန္ဒိယနိုင်ငံတွင် ၁၁ ဆက်မြောက် သမ္မတအဖြစ် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားခဲ့သော အဗ္ဗဒူလ်ကလမ် (Abdul Kalam) ဆိုလျှင်လည်း သိပ္ပံနှင့်နည်းပညာသမား။ ဒုံးပျံအင်ဂျင်နီယာ။ Anna University Chennai တွင် Ph.D သင်တန်းတွေ ပို့ချပေးသူ။ သည်တော့ အဗ္ဗဒူလ်ကလမ်ဆိုတာ ပညာတတ်တစ်ယောက်။ သည့်နောက်မှာကတော့ သူ့စိတ်နေသဘာဝ နှလုံးသားဆိုင်ရာများ။ သူက ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် သမ္မတအိမ်တော်ကဆင်း။ သူ့ဘ၀တစ်လျှောက်လုံးမှာ ဘာလက်ဆောင်ကိုမှမယူ။ သူ့ကိုယ်ပိုင်ပစ္စည်းက သူ့ကိုယ်ပိုင်ငွေကြေးနှင့် ၀ယ်ထားသည့် စာအုပ်များသာ။ သည်တော့ သည်ပညာတွေ၊ သည်နှလုံးသားတွေနှင့် အဗ္ဗဒူလ်ကလမ် အိန္ဒိယ မိုးကောင်းကင်မှာ ထွန်းတောက်နေတာ ဘာမှမဆန်း။

ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် (Microsoft) ကွန်ပျူတာကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ် (Bill Gates) ကို ကြည့်လျှင်လည်း သည်အတိုင်းပဲ ဖြစ်ပါသည်။ သူက သူပိုင်ငွေ ဒေါ်လာ ၅၈ ဘီလီယံကို ပရဟိတကိစ္စများ ဆောင်ရွက်ရန် ကမ္ဘာကို လှူထားလေသတဲ့။

အင်္ဂလန်နိုင်ငံ၌ ဥပဒေပညာကို သွားသင်ခဲ့သူ မဟတ္တမဂန္ဒီ () ဆိုလျှင်လည်း သည်အတိုင်းပင် ဖြစ်ပါသည်။ သူက ရထားကို စတုတ္ထတန်း မရှိလို့ဟုဆိုကာ တတိယတန်းကနေ စီးလေသတဲ့။ တကယ့်ကို နိဝါတောစသမား။ ရထားပေါ်သို့အတက် ဖိနပ်တစ်ဖက် ကျွတ်ကျလေသောအခါ နောက်တစ်ဖက်ကို ထပ်ချွတ်ပစ်ချခဲ့ပြီး ကောက်ရသောသူ တစ်ရန်လုံးဖြစ်ပြီး စီးလို့ရသွားအောင် လုပ်ပေးခဲ့လေသတဲ့။ သူ့တရားက ခန္တီစတရား။ သူ့လမ်းစဉ်က အကြမ်းမဖက်လမ်းစဉ်။

ထို့အတူပင် သမ္မတ နောက်သက်တမ်းတစ်ဆက်ကို ငြင်း။ နိုင်ငံတော်ကပေးသည့် မာစီးဒီးကားကို ငြင်းသူ ဖိလစ်ပိုင် အမျိုးသမီး သမ္မတ ကိုရာဇန်အကွီနို (Corazan Aquino)၊ တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အကျဉ်းထောင်မှလွှတ်၊ ANC (African National Congress) ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေး၊ မင်ဒဲလား သမ္မတအဖြစ် အရွေးချယ်ခံရသည်ကို ကြည်ဖြူစွာ လက်ခံခဲ့သည့် လူဖြူသမ္မတ ဒီကလပ် () စသည် စသည်ဖြင့် ကမ္ဘာပေါ်မှာ သာဓက ထုတ်ပြစရာ လူပုဂ္ဂိုလ်တွေ အများကြီးမှ အများကြီးပဲ ဖြစ်ပါသည်။

သည်ပုဂ္ဂိုလ်တွေကို လေ့လာကြည့်သောအခါ ပညာဉာဏ်ကြီးခြင်း၌ နှလုံးသားအလှများက ပေါင်းစပ်ထားကြောင်း တွေ့နိုင်ပါလိမ့်မည်။ ထို့ကြောင့်လည်း ကမ္ဘာက လေးစားသောပုံရိပ်အဖြစ် ထုဆစ်နိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။

(လေး)
"ပညာပြည့်ဝ၊ နှလုံးလှသော်" တဲ့။
လူဆိုတာ ပညာလည်း တတ်ပါမှ။ နှလုံးသားလည်း လှပါမှ။
သြော်... မန်လည်ဆရာတော်ဘုရား၏ ကမ္ဘာဆန်သည့် အတွေးအမြင်တစ်ရပ်ပဲ မဟုတ်ပါလား။

Look မဂ္ဂဇင်း၊ ဇွန်လ။

[မောင်သာချို၊ မဟာတံတိုင်းပေါ်ကကျော်၍ကြည့်ခြင်း၊ စာမျက်နှာ၊ ၁ မှ ၄]

Thursday, August 1, 2013

ရဟန်းသံဃာများအား ဘယ်လိုစိတ်ထားနဲ့ ဝေဖန်ထောက်ပြမလဲ


  1. “ရဟန်းသံဃာများအား ဘယ်လိုစိတ်ထားနဲ့ ဝေဖန်ထောက်ပြမလဲ”

    မေး။ ။ အရှင်ဘုရား၊ မတော်မလျော် နေသော ရဟန်း၊ သာမဏေများကို အပြစ်ပြောလျှင် အကုသိုလ် ဖြစ်ပါသလား။

    ဖြေ။ ။စိတ်ရင်းက သာသနာတော် ကောင်းစားစေလိုတဲ့ စေတနာရှိရင် အကုသိုလ် မဖြစ်ဘူး။

    *** ကိုယ့်စိတ်ကို ဆုံးဖြတ် ***

    သူ့ကို နှိပ်နှိပ်စက်စက် ပြောနေတဲ့အချိန်မှာ ကောင်းစားစေလိုတဲ့ စေတနာက မူရင်းပါပေမယ်လို့ သူပြောနေတဲ့အချိန် အကုသိုလ်ဆိုတော့လည်း ဖြစ်မှာပဲ။ ကိုယ့်စိတ်ကို ကိုယ်ဆုံးဖြတ်ပေါ့။ ငါ ဒေါသဖြစ်လိုက်တယ်ဆိုရင် အကုသိုလ်ပဲ။ ဒေါသမဖြစ်ဘူး။ အရှင်ဘုရား သာသနာဆိုတဲ့ဥစ္စာဟာ အင်မတန် မွန်မြတ်တယ် စသည်ဖြင့် ကိုယ့်အပြောနဲ့ ကိုယ့်စိတ်ကို ကိုထိန်းနိုင်လို့ရှိရင် ကုသိုလ်တွေသာ ဆက်ဖြစ်သွားမယ်။ ကိုယ့်စိတ်ကိုသာ ဆုံးဖြတ်ပါ။ ကိုယ်က ဒေါသနဲ့ ငါ ထိုးပြီးတော့ချလိုက်ရ ဘယ့်နှယ်နေမလဲ၊ ဘာလဲဆိုရင် အကုသိုလ်ဖြစ်မှာပဲ။ အကုသိုလ် မဖြစ်အောင် ကိုယ့်ဘာသာ ကိုယ်ထိန်းပြီးတော့ ချိုချိုသာသာ ပြောပေါ့။

    *** ဆိုးဆိုးဝါးဝါး ဘုရားလက်ထက်က ရှိခဲ့ ***

    သို့သော်လည်းပဲ တနေရာမှာ တော်တော်ဆိုးဆိုးဝါးဝါး ကိုယ်တော်တွေ ဘုရားလက်ထက်ကတည်းက ရှိတယ်။ အဲဒီ မသန့်ရှင်းတဲ့ ကိုယ်တော်တွေက ဘယ်သူတွေတုံးဆိုတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေ၊ ကိဋာဂီရိ ဇနပုဒ်မှာ ဘယ်လို ဖြစ်နေကြပါတယ်။ သာသနာကို ဖျက်ဆီးရုံသာမကဘူး၊ လူတွေကပါ အဲဒီဘုန်းကြီးတွေကို သိပ်အားပေးနေကြတယ်။ လူတွေက သိပ်အားပေးနေတော့ ကောင်းကောင်း ကိုယ်တော်တပါးလာတော့ ဆွမ်းကို မလောင်းကြဘူး။ လူတွေပါ ပျက်စီးကုန်ပြီ။

    *** မြတ်စွာဘုရားက နှင်ထုတ်ခိုင်း ***


    အဲဒီအကြောင်းအရာတွေကို ဒကာကြီးတယောက်က ဘုရားကို လျှောက်ပေးပါဘုရားလို့-ဆိုတော့ ကိုယ်တော်တပါးက ဘုရားကိုလျှောက်တယ်။ လျှောက်တော့ ဗုဒ္ဓမြတ်စွာက သာရိပုတ္တရာ-မောဂ္ဂလာန်တို့ သင်တို့ရဲ့တပည့်တွေ၊ သွား အဲဒီနေရာမှာ မနေဖို့ရန် နှင်ထုတ်လိုက်ကြ-ဆိုတော့ အရှင်သာရိပုတ္တရာက သူတို့က နည်းနည်းကြမ်းပါတယ်ဘုရားတဲ့။ ထွက်ချင်မှ ထွက်မှာကိုး၊ ဗုဒ္ဓမြတ်စွာက များများ ခေါ်သွားတဲ့။ သူတို့က ကြမ်းရင် ဒီက ကြမ်းကြမ်းနဲ့ ချရတော့မှာ။ သာသနာက အမျိုးစုံ ဖြစ်ခဲ့တာမို့ ဘုန်းကြီးတို့ကလည်း သိပ်ပြီးတော့ ဗဟုသုတ လိုက်စားလာခဲ့တော့ သိနေတယ်။

    *** မသန့်ရှင်းတဲ့ ကိုယ်တော်ပါလို့ သြ၀ါဒမပေး ***

    တခါတုန်းက ဗုဒ္ဓမြတ်စွာ သြ၀ါဒပေးဖို့ရန် သီတင်းသုံးနေတော်မူတယ်။ သံဃာများကလည်း စည်းဝေးပြီးတော့ နေတယ်။ ဗုဒ္ဓမြတ်စွာကြည့်တော့ မသန့်ရှင်းတဲ့ ပုဂ္ဂိုလ်က ပါနေပြီ၊ မသန့်ရှင်းတဲ့ ပုဂ္ဂိုလ်တပါး။ ဒီတော့ သြ၀ါဒ မပေးဘူး။ အရှင်အာနန္ဒာက မြတ်စွာဘုရား ပထမယံလည်း လွန်သွားပါပြီ။ နေရတာလည်း သံဃာများမှာ အင်မတန် ကြာနေပါပြီ။ သြ၀ါဒ ချီးမြှင့်ပါလို့ လျှောက်ထားတယ်။ ဗုဒ္ဓမြတ်စွာက မလှုပ်ဘူး။ ဘာမှ အမိန့်မရှိ၊ ဒီလိုပဲ ထိုင်နေတော်မူတယ်။ သံဃာများကလည်း ငြိမ်လို့သာနေတယ်။ ဘာဖြစ်ပါလိမ့်မတုံး၊ ဘာလုပ်ပါလိမ့်မတုံး။
    နောက် ဒုတိယ သန်းခေါင်ယံ ကျော်လာရော၊ သံဃာများ ထိုင်ရတာ ကြာပါပြီဘုရား၊ ဒုတိယ သန်းခေါင်ယံလည်း ကျော်လာပါပြီ။ သြ၀ါဒ ပေးတော်မူပါဘုရား၊ မလှုပ်ဘူး။

    *** ရှင်မောဂ္ဂလာန်က ဆွဲထုတ်ပစ် ***

    နောက်တော့ အရုဏ်တက်ခါနီးနေပြီ။ အရုဏ်လည်း တက်လုနီးနေပါပြီ ဘုရား၊ သံဃာများလည်း ထိုင်ရတာ ကြပါပြီ။ သြ၀ါဒပေးပါလို့ လျှောက်တော့ အာနန္ဒာ-မစင်ကြယ်တဲ့ ပရိသတ်ထဲမှာ ငါဘုရား သြ၀ါဒပေးရိုး မရှိဘူး။ ဒီလိုအမိန့်ရှိလိုက်တော့ အဲဒီမှာမှ ရှင်မောဂ္ဂလာန်က ကြည့်တာကိုး။ ဉာဏ်နဲ့ကြည့်တော့ တနေရာမှာ သီလပျက်နေတဲ့ ကိုယ်တော်တပါး တွေ့ရော၊ အဲဒီတင် ပုထုဇဉ် အသွားမျိုး ဆိုရင် ဒုန်းဒုန်းလို့ နေမှာပေါ့လေ။ ရှင်မောဂ္ဂလာန်က ဒေါသဖြစ်တာမှ မဟုတ်ဘဲ။ မှန်မှန်သွားပြီးတော့ ဘုန်းတော်ကြီးဘုရားက မစင်ကြယ်တဲ့ ပရိသတ်ကို မပေးဘူးဆိုပြီးတော့ သြ၀ါဒမပေးဘဲ နေတဲ့ဥစ္စာ သင် -ဒီလောက်တောင် ကြာကြာကြီး နေရသလား ဆိုကာ လက်ဆွဲပြီး ထုတ်ပစ်တာပဲ။

    *** ခပ်ကြမ်းကြမ်း လုပ်ရမှာပဲ ***

    ပုထုဇဉ်တွေသာ ဆိုလို့ရှိရင်တော့ဟာ ရှင်မောဂ္ဂလာန်ကြီး သိပ်ကို စိတ်ဆိုးတာပဲလို့ ပြောမှာပေါ့။ ရဟန္တာမို့လို့ စိတ်မဆိုးပါဘူး။ ဒါဖြင့် ဘာဖြစ်လို့ ဆွဲထုတ်ပစ်ရတာလဲဆိုရင် ဘုန်းကြီးတို့ သာသနာက ဒီလိုပါပဲ။ ကြမ်းသင့်တာကို ကြမ်းစေရတာပါပဲ။

    (တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဖြေဆိုသည်။)