Monday, July 21, 2014

ဘုရားရှင်ရဲ့ စည်းကမ်း


ဘုရားရှင်ရဲ့ စည်းကမ်း

ဂေါတမမြတ်စွာဘုရားရှင် လက်ထက်က အဖြစ်အပျက်တခု ဖြစ်ပါတယ်။ တနေ့မှာ မြတ်စွာဘုရားရှင်ဟာ ညီတော်အာနန္ဒာကို အမိန့်ရှိခဲ့ပါတယ်။ အမိန့်ရှိတဲ့ အကြောင်းကတော့ ဘုရားရှင်ဟာ တပါးတည်းသော ဧကစာအကျင့်ကို ကျင့်သုံးမယ့်အကြောင်း၊ ကျင့်သုံးမယ့်ကာလက ၀ါတွင်းသုံးလဖြစ်ကြောင်း၊ ဧကစာအကျင့် ကျင့်သုံးမယ့် ကျောင်းတော်က ၀ိသာခါကျောင်းအမကြီးရဲ့ ပုဗ္ဗာရုံကျောင်း ဖြစ်ပါသတဲ့။

ဘုရားရှင်က သူ-ဒီလို တပါးတည်း စံပယ်တော်မူမယ့်အချိန်မှာ ရှင်အာနန္ဒာတပါးတည်းသာ ဆွမ်းပို့ ဆွမ်းကပ်လာရန် ခွင့်ပြုတော်မူသတဲ့။ ရှင်အာနန္ဒ္ဒာ အနေနဲ့ကတော့ တနေ့တနေ့ ဘုရားရှင်ဟာ သာသနာတော်အကျိုးအတွက် စီစဉ်ဆောင်ရွက်ရတာတွေ များပြားလွန်းတာမို့ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိထားတဲ့သူဖြစ်တဲ့အတွက် ဒီလိုတပါးတည်း ဧကစာကျင့်မယ်ဆိုတာ ကြားသိတော့ ၀မ်းသာမိတယ်။ ဘုရားရှင် ဧကစာကျင့်နေခိုက် သာသနာအတွင်း၊ သံဃာတော်အတွင်း၊ ပြဿနာတခုခု ရှိလာရင် ဘယ်လိုဖြေရှင်းမလဲ ခေါင်းခဲမိပေမယ့် ဘုရားရှင်ရဲ့ လက်ဝဲရံ လက်ယာရံ တပည့်သားသံဃာကြီးတွေ ရှိတာပဲဆိုပြီး စိတ်ဖြေခဲ့တယ်။

ဘုရားရှင်အပေါ်မှာ ကြည်ညိုလွန်း စေတနာပိုလွန်းတဲ့ ညီတော်အာနန္ဒာ အပါအ၀င် သံဃာတွေဟာ အစည်းအဝေးတခုတောင် ပြုလုပ်ခဲ့သေးတယ်။ အဲဒါကတော့ ဘုရားရှင်တပါးတည်း ကျင့်သုံနေတဲ့အချိန်မှာ ဘယ်သံဃာတော်မျှ ဘုရားရှင်ကို ဖူးတွေ့ခွင့် မတောင်းရ၊ မဖူးမြော်ရ၊ ဖူးမြော်ရင် အပြစ်ရှိတယ်လို့ ကတိက၀တ် ပြုခဲ့ကြသတဲ့။ တကယ်တော့ ဘုရားရှင်ကို လွတ်လပ်အေးချမ်းစွာ သီတင်းသုံးစေချင်တဲ့ စေတနာနဲ့ စီစဉ်ခဲ့ကြတာပါ။ ဒီလို စည်းကမ်းချထားတဲ့ အကြောင်းကိုလည်း ရှင်အာနန္ဒာက ဘုရားရှင်ကို ပြန်ပြောပြသတဲ့။ ဒီအခါမှာ ဘုရားရှင်က ပြုံးတော်မူခဲ့တယ်။ ဘုရားရှင် ပြုံးတော်မူရင် အကြောင်းထူးတခုခု ရှိမယ်ဆိုတာ ရှင်အာနန္ဒာသိပေမယ့် ဘုရားရှင်က ဘာမျှ မိန့်ကြားတော်မမူတော့ ရှင်အာနန္ဒာလည်း မလျှောက်သာ၊ မမေးသာဘူးပေါ့။ ဒီလိုနဲ့ ဘုရားရှင်ဟာ တပါးတည်း ဧကစာကျင့်သုံးနေတဲ့ အချိန်ကို ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီအချိန်မှာ အရှင်ဥပသေနရဲ့ ပြဿနာက ၀င်ရောက်လာခဲ့တယ်။ ရှင်ဥပသေနဆိုတာ နှယ်နှယ်ရရ ရဟန်းမဟုတ်ဘူး။ ရဟန်းပရိသတ်၊ လူပရိသတ်တို့အလယ်မှာ ကြည်ညိုဖွယ်ကို ဆောင်ကြဉ်းနိုင်လွန်းလို့ ဘုရားရှင်ကိုယ်တိုင် ချီးကျူးတော်မူရတဲ့ ဧတဒဂ်ရ ရဟန်းဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ လက်ရွေးစင် ရဟန်းအပါး ၄၀-ထဲမှာ ရှင်ဥပသေနလည်း တပါးအပါအ၀င်ပေါ့။

ရှင်ဥပသေနဟာ ဘုရားရှင်ရဲ့ ကျောင်းတော်ရာအတွင်းက ရဟန်းမဟုတ်ပါဘူး။ တောအရပ်ကိုမှီးတဲ့ တောနေရဟန်းတပါးမို့ အရှင်အာနန္ဒာတို့ အသစ်ထုတ်ထားတဲ့ စည်းကမ်းကိုလည်း မသိပေဘူးပေါ့။ အရှင်ဥပသေနဟာ ဘုရားရှင်ကို မဖူးမြော်ရတာ ကြာပြီမို့ စိတ်ထဲမှာ ဖူမြော်ချင်ဇောနဲ့ လာခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာ သူ့ရဲ့တပည့် ရဟန်းငါးရာလည်း လိုက်ပါလာခဲ့တယ်။ ရှင်ဥပသေနရော သူ့တပည့်ရဟန်းငါးရာဟာ တောအရပ်မှာပဲ သီတင်းသုံးနေထိုင်တဲ့ အရညကင်ဓုတင်၊ ဆွမ်းခံစားတဲ့ ပိဏ္ဍပါတ်ဓုတင်၊ သင်္ကန်းသုံးစွဲတဲ့ နေရာမှာလည်း စွန့်ပစ်စတွေကိုသာ ကောက်ယူသုံးစွဲတဲ့ ပံသုကူဓုတင်တွေကို ဆောင်တဲ့ ရဟန်းများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာနဲ့ တပည့်တွေဟာ အကျင့်သီလ မွန်မြတ်ကောင်းမွန်သူတွေမို့ ကြည်ညိုဖွယ်ရာအတိ ဖြစ်ပါသတဲ့။

အရှင်ဥပသေနနဲ့ ဘုရားရှင်ကြားမှာလည်း အများမသိတဲ့ ပြဿနာလေးတခု ရှိနေတယ်။ အရှင်ဥပသေန ရဟန်းဝတ်ခါစ အချိန်ကပေါ့။ ရဟန်းဝတ်ပြီး နှစ်နှစ်မြောက် အချိန်မှာ တပည့်ရဟန်းတဦးကို တပည့်မွေးဖူးတယ်။ ဒါကို ဘုရားရှင်က ကိုယ်တိုင်တောင် သူများဆုံးမတာ ခံရမယ့်အနေအထားမှာ သူများကို ဆရာလုပ်နေရလားဆိုပြီး ပြောဖူးပါတယ်။ ဒီအဖြစ်ကို အရှင်ဥပသေနက အသည်းထဲ စွဲနေအောင် မှတ်ပြီး ရဟန်းအကျင့်ကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ရာက ခုလို အသက်လည်းရ ရဟန်းနှစ်လည်း ကြာလာချိန်မှာ တပည့်ကောင်း ငါးရာ မွေးထုတ်နိုင်ပြီဟု ဘုရားရှင်ကို ပြောချင်နေပါသတဲ့။ ဒါကြောင့်လည်း ဘုရားရှင်ရှိရာဆီကို တကူးတက လာဖူးခဲ့ခြင်း ဖြစ်ပါသတဲ့။

ရှင်အာနန္ဒာကတော့ ရှင်ဥပသေနနဲ့ တပည့်တွေ လာတယ်ဆိုရင်ပဲ အစအစအရာရာ ချင့်တွက်ပြီး ဘုရားရှင်ကို ၀င်တွေ့ခွင့် တောင်းပေးခဲ့ပါတယ်။ ဘုရားရှင်ကလည်း တွေ့ခွင့်ပေးခဲ့ပါတယ်။ ဘုရားရှင်ဟာ ကြီးမားလှတဲ့ ဉာဏ်တော်ကို ပိုင်ဆိုင်သူမို့ ရှင်ဥပသေနကို မြင်မြင်ချင်းမှာပဲ ဘာကြောင့်လာတွေ့တယ်။ ဘာကိုပြောချင်တယ်ဆိုတာ တန်းသိတာပေါ့။ ဒါကြောင့် ဆရာသမားကောင်းပီသစွာပဲ ချီးမွမ်းအပ်ရာကို ချီးမွမ်းသတဲ့။

ဘုရားရှင်။ ။ ဥပသေန-သင့်တပည့်တွေဟာ ကြည်ညိုဖွယ် ကောင်းလှချည်လား၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ပြီထင်တယ်။ သင်ဘယ်လိုများ ဆုံးမသွန်သင်ထားသလဲ- ဘုရားရှင် ဒီလိုအမိန့်ရှိတယ်ဆိုရင်ပဲ ရှင်ဥပသေနဟာ ရွှင်လန်းဝမ်းမြောက်စွာနဲ့ သူကိုယ်တိုင်ရော တပည့်သံဃာတော်တွေရော ကျင့်သုံးတဲ့ အကျင့်တွေကို လျှောက်တင်တော်မူခဲ့တယ်။ ဒီလိုနဲ့ ဘုရားရှင်ဟာ ရှင်ဥပသေနရဲ့ အကျိတ်အခဲတွေကို ကြေစေပြီးတဲ့အချိန်မှာ-

ဘုရားရှင်။ ။ ဥပသေန-ငါဘုရား သုံးလ ဧကစာကျင့်သုံးနေတဲ့အချိန်မှာ ဘယ်သူမျှ တွေ့ခွင့်မရှိဘူးလို့ ရဟန်းများ အစည်းအဝေးလုပ်ပြီး ဥပဒေချထားသတဲ့။ ဒါကို သင်သိရဲ့လား။

ရှင်ဥပသေန။ ။ မသိပါ အရှင်ဘုရား။ ဒါပေမယ့် သိရင်လည်း တပည့်တော် သဘောမတူပါဘူးဘုရား။ စည်းမျည်း စည်းကမ်းဥပဒေဆိုတာ ဘုရားရှင်ကသာ ချမှတ်ပေးရတာဘုရား။ တပည့်သားသံဃာတွေရဲ့အလုပ် မဟုတ်ပါဘူးဘုရား။

ဘုရားရှင်။ ။ သာဓု သာဓု သာဓု ဥပသေန၊ သင့်အယူအဆမှန်ပေသည်။ ငါဘုရားသည် ဟိုအရင်အချိန်ကပင် ငါ့အား ဖူးတွေ့လိုသော ရပ်ဝေးနေရဟန်းများအား အချိန်မရွေး ဖူးတွေ့ခွင့် ပြုပြီး ဖြစ်ပေတယ်။

ဘုရားရှင်နဲ့ ရှင်ဥပသေနဟာ ဒီစကားတွေ ပြောဆိုဆွေးနွေးပြီး ရှင်ဥပသေနရဲ့ အပြန်လမ်းမှာတော့ ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ရဟန်းတွေနဲ့ တိုးတော့တာပေါ့။ ရဟန်းတွေကလည်း ဥပဒေကိုမသိဘူးလား ဘာလားဆိုပြီး ရှင်ဥပသေနကို ပြောဆို ပြစ်တင်ကြသတဲ့။

ရှင်ဥပသေနကလည်း အခုပဲ ဘုရားရှင်နဲ့ ဒီအကြောင်း ပြောဆိုခဲ့ကြောင်း၊ ဘုရားရှင်ကလည်း ရဟန်းတို့ ဒီလိုဥပဒေထုတ်ပြန်မှုကို အကျိုးအကြောင်းပြ ပယ်ဖျက်တော်မူကြောင်း ပြန်ပြောသတဲ့။ ဒီအခါမှာတော့ အပြစ်တင်ချင်သူ သံဃာတော်တွေဟာ သူတို့ရဲ့အပြစ်ကို သဘောပေါက်သွားပြီး နှုတ်ပိတ်ခေါင်းငုံ့သွားကြတယ်။


ဒီအတွက် အကျိုးသက်ရောက်မှုက ဘာရသလဲဆိုတော့ ဓုတင်ဆောင်ရဟန်းတွေဟာ ဘုရားရှင်ကို ဖူးမြော်ချဉ်းကပ်လိုတဲ့အခါမှာ အချိန်မရွေး ချဉ်းကပ်ဖူးမြော်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ဓုတင်ဆောင်ရဟန်းတွေရဲ့ သီလသိက္ခာ အကျိုးသက်ရောက်မှု ကြီးမာပုံကို သိတဲ့အတွက် ရဟန်းအချင်းချင်းမှာလည်း ပိုမိုကြိုးစားအားထုတ်မှုတွေ များပြားလာခြင်းပါပဲ။

ကလေးတို့ရေ ဘုရားရှင်လက်ထက်က ဒီအဖြစ်အပျက်ကလေးကို ဖတ်ပြီးတဲ့အခါမှာ ကိုယ်ကျိုးမပါဘဲ ကိုယ့်အတွက် ကောင်းမွန်ပေမယ့် သာသနာတော်နဲ့ မသင့်တော်ဘူးဆိုရင် ပြတ်သားရဲတဲ့ သာသနာတော်ရဲ့ အကျိုးတခုတည်းကိုသာ အစဉ်တစိုက် ကြည့်တတ်တဲ့ ဘုရားရှင်ရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးကို ကြည်ညိုနိုင်ကြပါစေကွယ်။

ဇာတ်ညွှန်း-( မိုးမိုးစောဝင်း )

Sunday, July 20, 2014

အသာဆုံး အလှူ


အသာဆုံး အလှူ 

ဓမ္မဒါနသည် ဒါနအားလုံးကို အောင်နိုင်၏ ၊
တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏ ၊
တရားဖြင့် မွေ့ လျော်ခြင်းသည် မွေ့ လျော်ခြင်းအားလုံးကို အောင်နိုင်၏ ၊
တဏှာကုန်ခြင်းသည် ဒုက္ခအားလုံးကို အောင်နိုင်၏ ၊ ( ဓမ္မပဒ ဂါထာ - ၃၅၄ )

ဤဖော်ပြပါ ဒေသနာ၌ -
ဓမ္မဒါနသည် ဒါနအားလုံးကို အောင်နိုင်၏ ဟူသော စကားကို စာရေးသူ ဆွေးနွေး တင်ပြလိုပါသည် ။
ဒါနသည် လိုရင်းချုပ်အားဖြင့် - အာမိသဒါန ၊ ဓမ္မဒါန ဟု နှစ်မျိုးရှိသည် ။

ခန္ဓာရရှိထားသော သတ္တ၀ါတိုင်း စာရေး ၊ ၀တ်ရေး ၊ နေရေး ၊ ကျန်းမာရေး နှင့် မကင်းနိုင်ကြ ။
စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးအတွက် လိုအပ်နေကြသည်။ ရှာကြံနေ ကြသည် ။
ဤအရေး ၄-ခုကိုပင် ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ဟူသော ပစ္စည်း ၄-ပါးအဖြစ် သာသနာ့ဝန်ထမ်းများအတွက် မြတ်စွာဘုရား ခွင့်ပြုခဲ့သည် ။ ( ၀ိ ၊ ၂ ၊၁၃၃ )

ထိုတွင် -
၁ ။ ဆွမ်းပစ္စည်းဖြင့်  မျိုသုံးစားသောက်စရာအားလုံးကို ညွှန်ပြသည် ၊
၂ ။ သင်္ကန်းပစ္စည်းဖြင့်  ၀တ်ရုံ ဖုံးကာ စသည်နှင့်ဆိုင်ရာ အားလုံးကို ညွှန်ပြ သည် ၊
၃ ။ ကျောင်းပစ္စည်းဖြင့် လျောင်း ၊ ထိုင် ၊ သွား ၊ ခိုနားမှု ဆိုင်ရာ အားလုံးကို ညွှန်ပြသည် ၊
၎ ။ ဆေးပစ္စည်းဖြင့်  လိမ်းဆေး ၊ သောက်ဆေး ၊ သောက်ဆေး ၊ ရှူဆေး ၊ ထိုးဆေး စသော ဆေး အားလုံးကို ညွှန်ပြသည် ။

ထို့ ကြောင့်  -
၁ ။ ဆွမ်းအလှူ ၊ သင်္ကန်းအလှူ ၊ ကျောင်းအလှူ ၊ ဆေးအလှူဟူသော အာမိသ အလှူဒါန ၊
၂ ။ တရားဓမ္မကို ဟောပြောခြင်း ၊ ပို့ချခြင်း ၊ ရေးသားခြင်း စသည်ဖြင့် တရားဆိုင်ရာပေးလှူသော ဓမ္မဒါန စသဖြင့်  ၂-မျိုးရှိသည် ဟု ဆိုခဲ့သည် ။
ဓမ္မ

ဓမ္မ- ဟူသည်မှာလည်း
သတ္တ၀ါတို့ကို ဒုက္ခမှ လွတ်မြောက်အောင် ရွက်ဆောင် ပေးသော မဂ် ၄ ပါး ၊
မဂ်၏ လုပ်ဆောင်ချက်ကို ထပ်မံဆောင်ရွက်ပေးသော မဂ်၏ အကျိုး ဖိုလ် ၄-ပါး ၊
မဂ် ၊ ဖိုလ် တို့ ၏ ဦးတည်ချက် နိဗ္ဗာန် ၁ ပါး ၊
မဂ် ၊ ဖိုလ် လမ်းပြ ပရိယတ် ၁ ပါး ၊
ဤ ၁၀-ပါးသော တရားတို့ ကို ဤ၌ ဓမ္မ ဟု ယူဆရမည် ။ ( ဒီ ၊ ဌ ၊ ၁ ၊ ၂၀၅။ ဋီကာကျော် ၇၂ စသည် )

ဓမ္မဒါန

ဓမ္မကို ပေးလှူဟူရာ၌ ဓမ္မကို ကျင့်သုံးလိုက်နာရန် ဟောပြောပေးခြင်း၊ ညွှန်ပြ ပေးခြင်း၊ သင်ပြပေးခြင်း၊ ပို့ချပေးခြင်း၊ တိုက်တွန်းပေးခြင်း၊ အားပေး ကူညီ ခြင်း ၊ သရဏဂုံ သီလဆောက်တည်စေခြင်း စသည်သည် လည်းကောင်း၊ စာပေးရေးသားခြင်း၊ စာအုပ်၊ စာတမ်း ဖြန့်ဝေခြင်း၊ လှူဒါန်းခြင်း ၊ အသိပညာ ပေးခြင်း၊ သံဝေဂ ရစေခြင်း စသည်သည် လည်းကောင်း ဓမ္မဒါနများပင် ဖြစ်သည်။

အာမိသဒါနသည်ပင် မလွယ်ကူ၊ မိမိပိုင်ဆိုင်သည့်ပစ္စည်းကို သူတစ်ပါးအား စွန့်နိုင်ဖို့သည် လွယ်ကူသောအရာ မဟုတ်၊ အလွန်ခဲယဉ်းသော အရာဖြစ် သည်။ သူတစ်ပါးပေးလိုက်လျှင် မိမိမှာ ကုန်ဆုံးသွားတော့သည်။ ဆုံးရှုံးမှုကို မလိုလားသူက များသည်၊ ထို့ ကြောင့်  စွန့် ခြင်းကြီး ၅-ပါးကို အလွန်ပြုနိုင်ခဲ သောအရာအဖြစ် မှတ်တမ်းတင်ထားခဲ့ ကြသည် ။

မိမိသိရှိထားသော တရားဓမ္မကို ပေးစွန့် ခြင်းသည် မိမိမှာ ကုန်ဆုံးသွားခြင်း၊ ယုတ်လျော့သွားခြင်း မဟုတ်ရုံမက ပိုလို့ပင် ကျွမ်းကျင်လာသေးသည်။ ပြည့်စုံလာသေးသည် ။ ထို့ ကြောင့်  တရားဓမ္မကို ပေးလှူခြင်းသည် ခဲယဉ်း သောအရာမဟုတ်ဟု ထင်စရာရှိသည် ။
အဘယ်ကြောင့် ဓမ္မဒါနက ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ဟူသော ပစ္စည်းအာမိသအလှူထက် သာလွန်ရပါသနည်းဟု မေးစရာရှိသည် ။

ဓမ္မဒါနက သာလွန်ကြောင်း
ပါဠိတော်တို့ ၌ ဓမ္မဒါနက ဒါနအားလုံးကိုသာ လွန်၏ ဟုသာ ဆိုထားသည်။ သာလွန်ခြင်း၏အကြောင်းကို ဖွင့်ဆိုထားချက် သိပ်မတွေ့ရ၊ ဓမ္မပဒ အဋ္ဌ ကထာ ဒုတိယအုပ်စသည်၌ ဓမ္မဒါနက သာလွန်ကြောင်း အနည်းငယ် တွေ့ရသည် ။

ဓမ္မဒါနက သာလွန်ကြောင်းကို စာရေးသူ စဉ်းစားရသလောက် တင်ပြရမည် ဆိုလျှင် -
ပစ္စည်းအာမိသ နှင့် ဓမ္မ ၂ မျိုးတွင် ဓမ္မက သာလွန်ခြင်းမှာ -
၁။ ပစ္စည်းအာမိသသည် ဥပါဒါန် စက်ကွင်း မလွတ်သည့် ရုပ်ဝတ္ထု လောကီ တရားဖြစ်သည် ၊
၂။ ဓမ္မသည် ဖော်ပြပြီးခဲ့သည့်အတိုင်း မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန် ဟူသော လောကု တ္တရာ တရားနှင့် လောကုတ္တရာ လမ်းပြ ပရိယတ် တရားများသာဖြစ်သည် ၊ ဥပါဒါန် လက်လှမ်းမမီသော အရာဖြစ်သည် ။ ထို့ကြောင့် ဓမ္မက သာလွန် သည် ။

တစ်ဖန် ပစ္စည်း အာမိသ ဒါနကို မည်သူမဆိုပေးလှူနိင်သည်။ ဓမ္မဒါနကို ကား သာမန်ပုဂ္ဂိုလ် မပေးလှူနိုင်၊ အရည်အချင်းရှိသူသာ ဓမ္မဒါနကို ပေး လှူနိုင်သည်။ အလှူပေးပုဂ္ဂိုလ်က သာလွန်သောကြောင့်လည်း ဓမ္မဒါနက သာလွန် မြင့်မြတ်သည်။

ထို့ အတူ ပစ္စည်းအာမိသ ဒါနကို မည်သူမဆိုခံယူနိုင်သည်။ ဓမ္မဒါနကိုကား သာမန်ပုဂ္ဂိုလ် မခံယူနိုင်၊ အရည်အချင်းရှိသူသာ ခံယူနိုင်သည်။ ကေသရာဇာ ခြင်္သေ့မင်းတို့၏ အဆီအသွေးသည် သိင်္ဂီ ရွှေခွက်နှင့်သာ ထိုက်တန်သကဲ့သို့ တည်း။

ထိုသို့ အလှူခံပုဂ္ဂိုလ် သာလွန်သောကြောင့်လည်း ဓမ္မဒါနက သာလွန်မြင့် မြတ်သည် ။ ကုသိုလ်အဆင့်သည် ဒါန ၊ သီလ ၊ ဘာဝနာ ဟု သုံးဆင့် ရှိသည် ။ ဒါနထက် သီလက အဆပေါင်းများစွာ သာလွန်သည်၊ သီလထက် ဘာဝနာက အဆ ပေါင်း များစွာ သာလွန်သည် ၊ ပစ္စည်းအာမိသဒါနသည် ဒါနအဆင့်သာ ဖြစ် သည် ။

ဓမ္မဒါနသည်ကား အမြင့်မြတ်ဆုံး ဘာဝနာအဆင့်၌ ၀င်သည်။ ဘာဝနာ၌ အကျုံးဝင်သော ဓမ္မဒေသနာ ပုညကြိယာဝတ္ထုသည် ဓမ္မဒါနပင် ဖြစ်သည်။
ထို့ ကြောင့် ရှေးဆရာများက -
ဒါန သီလာ၊ ဘာဝနာ ၊ သုံးဖြာ စီ၍ခင်း ။
စ နှစ် လယ်မှာ၊ လယ် စမှာ ၊ နောက်မှာ နောက်သုံးသွင်း ဟု ဆိုခဲ့ကြသည်။ (ပရမတ္ထသရူပဘေဒနီ )

အကျိုးလည်း သာလွန်သည် ပစ္စည်းအာမိသကြောင့် အလှူခံပုဂ္ဂိုလ်မှာ သုံးစွဲရုံမျှ အကျိုးရသည်၊ သတိ သမ္ပဇဉ်ဖြင့် သုံးစွဲတတ်လျှင် အထိုက်အလျောက် အကျိုးအမြတ် ရှိနိုင်သော် လည်း သတိသမ္ပဇဉ်ဖြင့် မသုံးစွဲတတ်လျှင် ဘေးပင် ဖြစ်နိုင်သည် ။

သုံးတတ်လျှင် ဆေး ၊ မသုံးတတ်လျှင် ဘေး ဟု ဆိုရိုး စကားရှိခဲ့သည်။ တဏှာဥပါဒါန်ဖြင့် သုံးစွဲမိလျှင် သို့မဟုတ် ကာမဂုဏ် လိုက်စားဖို့ ၊ ဒုစရိုက် ပြုဖို့  စသည့် အကုသိုလ်အတွက် သုံးမိလျှင် ဘေးအမျိုးမျိုးနှင့် တွေ့ ကြုံနိုင် သည်၊ အရှုံးပေါ်နိုင်သည် ။

ဓမ္မဒါနကို လက်ခံကျင့်သုံးနိုင်လျှင်ကား ဘေးမဖြစ်ရုံမက ဘေး အမျိုးမျိုးမှပင် လွတ်မြောက်နိုင်သည်။ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေး၊ ပစ္စုပ္ပန်ဘေး ၊ သံသရာဘေး မည်သည့် ဘေးမဆို လွတ်မြောက်နိုင်သည်။ နိဗ္ဗာနသုခသို့ပင် ပို့ဆောင်ပေး နိုင်သည် ။ ထို့ ကြောင့်  သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၌ -
တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမခြင်း ဟူသော ဓမ္မဒါနသည် မသေရာ အမြိုက် နိဗ္ဗာန်ကို ပေးလှူသည် မည်သည် ဟု ဟောထားသည် ။ ( သံ ၊ ၁ ၊ ၂၉ )

နိဗ္ဗာန်မရောက်မီ လောကီချမ်းသာကိုလည်း ပြောင်ပြောင်မြောက်မြောက် ပေးစွမ်းနိုင်သည်။ အလှူခံပုဂ္ဂိုလ် အကျိုးရမှု ကြီးကျယ် မြင့်မြတ်လျှင် ကြီး ကျယ်မြင့်မြတ်သည့် အကျိုးကို ရစေနိုင်သည့် ဓမ္မဒါနကို ပေးလှူသူမှာလည်း ကြီးကျယ် မြင့်မြတ်သောအကျိုး ရနိုင်မည်မှာ ဧကန်မလွဲပင် ။
လောက၌ မိဘများသည် သားသမီးများအပေါ်ဝယ် အလွန်မတန် ကျေးဇူး များသည်၊ မိဘများ၏ ကျေးဇူးများပုံကို -
မြင်းမိုရ်တောင်ဦး ၊ မကကျူးသည့်၊ ကျေးဇူးကြီးလှ ၊ မိနှင့် ဘ ဟု ဆိုရိုးပြု ခဲ့ကြသည် ။
ကျေးဇူးများလှသည့် မိဘတို့ကို ပစ္စည်းအာမိသဖြင့် ကျေးဇူးဆပ်လျှင် မည် သည့် နည်းနှင့်မျှ ဆပ်၍ မကျေနိုင်၊ တစ်သက်လုံး ပခုံးထက်ပေါ် ထမ်းပြီး လုပ်ကျွေးသော်လည်း ကျေးဇူး မကျေနိုင် ဟု မြတ်စွာဘုရား ဟောကြားခဲ့ သည် ။ ( အံ ၊ ၁ ၊ ၆၃ )

လူ့ ဘုံဌာန၊ ဤလောက၌၊ ဖကို လက်ယာ၊ မိ မှာ လက်ဝဲ၊ အမြဲဆောင်ရွက်၊ ပခုံးထက်တွင်၊ တင်လျက် လုပ်ကျွေး၊ မပြတ်မွေးလည်း၊ ကျေးဇူးဂုဏ်ဆိုင်၊ မကုန်နိုင်ဘူး။ ( မဃဒေ၀၊ ပိုဒ်ရေ- ၂၄၄ )
တစ်သက်လုံး ပခုံးထက်ပေါ် ထမ်းပြီး လုပ်ကျွေးစေကာမူ ကျေးဇူးမကျေနိုင် ဟုဆိုသော်လည်း -
၁။ သဒ္ဓါတရားမရှိသော မိဘများကို သဒ္ဓါတရားရှိအောင် ၊
၂။ သီလမရှိသော မိဘများကို သီလရှိအောင် ၊
၃။ နှမြောသူ မိဘများကို စွန့် ကြဲပေးကမ်းအောင် ၊
၎။ ပညာမရှိသူ မိဘများကို ပညာရှိအောင် -
ကျေးဇူးဆပ်လျှင် ကျေးဇူးကျေနိုင်သည် ။ ( အံ ၊ ၁ ၊ ၆၃ )

ယင်းသို့  သဒ္ဓါ ၊ သီလ ၊ စာဂ ၊ ပညာ တို့ ဖြင့် ချီးမြှောက်ခြင်းသည် ဓမ္မဒါနပင်
ဖြစ်သည်။ ဓမ္မဒါနသည် ကျေးဇူးဆပ်၍ မကုန်နိုင်သည့် မိဘများကိုပင် ကျေးဇူး ကျေစေနိုင်သော သတ္တိထူးရှိသည်။

ဤကဲ့သို့ ကြီးကျယ် မြင့် မြတ်သော အကျိုးကို ရစေနိုင်ခြင်းကြောင့်လည်း ဓမ္မဒါနက အာမိသဒါနထက် သာလွန်မြင့် မြတ်ခြင်း ဖြစ်သည်။ ဤသို့ လျှင် အလှူခံပုဂ္ဂိုလ်အတွက်ရော၊ အလှူပေးပုဂ္ဂိုလ်အတွက်ပါ ၂-ဦးလုံး အကျိုးများ သည် ဟု ဆိုလိုသည်။

၁။ ဒါန၀တ္ထုဖြစ်သည့် အာမိသ နှင့် ဓမ္မ နှိုင်းယှဉ်လျှင် ဓမ္မက သာလွန်မြင့်မြတ် သည် ။
၂။ အလှူပေးပုဂ္ဂိုလ်ဖြစ်သည့် အာမိသ နှင့် ဓမ္မပေးနိုင်သူ နှိုင်းယှဉ်လျှင် ဓမ္မကို ပေးနိုင်သူက သာလွန်မြင့်မြတ်သည် ။
၃။ အလှူခံပုဂ္ဂိုလ်ဖြစ်သည့် အာမိသ နှင့် ဓမ္မ ခံယူနိုင်သူ နှိုင်းယှဉ်လျှင်လည်း ဓမ္မကို ခံယူနိုင်သူက သာလွန်မြင့်မြတ်သည် ။
၎။ အလှူခံ အလှူပေး ၂-ဦးစလုံးအတွက် အကျိုးများခြင်းကြောင့်လည်း ဓမ္မဒါနသည် သာလွန်မြင့်မြတ်သည် ။

လှူဖွယ် ပေးသူ၊ ယူသူ အကျိုး၊ လေးမျိုး သာလွန်၊ အကြောင်းဖန် ၊ ကဲချွန် ဓမ္မဒါနမြတ်။

ဤမျှဖြင့် ဓမ္မဒါနက ဒါနအားလုံးထက် သာလွန်မြင့်မြတ်ပုံကို အကျဉ်းချုပ် တင်ပြခဲ့ပါသည် ။ ဤဆောင်းပါးဖြင့် သတ္တ၀ါဝေနေယျတို့အား နိဗ္ဗာန် အမြိုက် ဆေးတိုက် ကျွေးပေးနေသော ဓမ္မဒါန( တရားအလှူ ) ရှင်ဖြစ်သည့် စိန်ရတု မွေးနေ့ရှင် တောတိုက် ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး (နိုင်ငံတော် သြ၀ါဒါ စရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အား ဂုဏ် ပြု ပူဇော်အပ်ပါသတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်)
 (မင်္ဂလာဒုံ တောတိုက်ဆရာတော်ဘုရားကြီး၏ စိန်ရတု အထိမ်း အမှတ်စာစောင်၊ ၁၃၆၈ ခု)


Saturday, July 19, 2014

အဟောင်းစားသူ


အဟောင်းစားသူ

ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာ ဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်း ငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။

 ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။

သာကေတမြို့ သူ ၀ိသာခါနဲ့ အဖွဲ့ဟာလည်း ရေဆိပ်မှာ ရောက်နေချိန်မို့ ပုဏ္ဏားတွေရဲ့ မျက်စိထဲမှာ ၀ိသာခါရဲ့  အလှဟာ ထင်းခနဲ မြင်သာနေခဲ့တာပေါ့။ ဖြစ်ချင်တော့ ဒီအချိန်မှာ မိုးတွေ လေတွေ ၀ုန်းခနဲ ရွာချပါတယ်။ အားလုံး ပြေးကြ လွှားကြ ဖြစ်ကုန်ကြပေမယ့် ဣနြေ္ဒကြီးတဲ့ ၀ိသာခါကတော့ ဣနြေ္ဒအပျက်မခံဘဲ မိုးခိုဇရပ်ရှိရာကို အေးအေးဆေးဆေး လှမ်းလာခဲ့ပါတယ်။

ပုဏ္ဏားတွေဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည်စုံတဲ့ ၀ိသာခါကို သူတို့သူဌေးသားရဲ့  ဇနီးလောင်းအဖြစ်  ရွေးချယ် ကမ်းလှမ်းခဲ့ရာမှ ၀ိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီး လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သာကေတမြို့က ဓနဉ္စယ သူဌေးကြီးရဲ့ သမီး ၀ိသာခါနဲ့ သာဝတ္ထိပြည်က မိဂါရသူဌေးကြီးရဲ့ သားတို့ ဖူးစာဆုံဖြစ်ခဲ့ကြတာပေါ့။

နှစ်ပြည်ထောင် သူဌေးကြီးတွေရဲ့ မိတ်ဆွေတွေ၊ ဓန အင်အားတွေနဲ့ မင်္ဂလာပွဲဟာ ခြိမ့်ခြိမ့်သဲသဲ  ဖြစ်ခဲ့ပြီး  ကောသလမင်းကြီးကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးခဲ့ပါတယ်။ ဓနဉ္စယ သူဌေးကြီးဟာ ယောက္ခမအိမ် ပါမယ့်သမီးအတွက် အိမ်ထောင်ရှင် အမျိုးသမီးတွေ လိုက်နာရမယ့် အချက်တွေကို သေချာသင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးတော့ သာဝတ္ထိပြည်ကနေ မင်္ဂလာပွဲကျင်းပရာကို လိုက်လာတဲ့ သူဌေးကြီးရှစ်ယောက်ကိုလည်း သမီးကို ကြည့်ရှုစောင့်ရှောက်ဖို့ အပ်နှံလိုက်ပါတယ်။

မိဂါရသူဌေးအိမ်ကို ရောက်တဲ့ ချွေးမ ၀ိသာခါဟာ ရောက်တဲ့နေ့ကစပြီး ချွေးမ၀တ္တရားကို ကျွေးပွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ တာဝန်ကျေကျေ ဘာသာတရားနဲ့ ပတ်သက်လာတဲ့အခါမှာ တော့ ခုနစ်နှစ်သမီး အရွယ်ကတည်းက သောတာပန်ဖြစ်ခဲ့တဲ့ ၀ိသာခါဟာ ယောက္ခမကြီးတွေရဲ့ တိတ္တိကိုးကွယ်မှုအပေါ်မှာတော့ ဟန်ဆောင်ပန်ဆောင်တောင် တာဝန် မကျေနိုင်ခဲ့ပါဘူး။

အိမ်ကိုကြွလာ ကြတဲ့ အရှက်မရှိတဲ့ မလုံမခြုံ ပုံစံတွေနဲ့ တိတ္ထိတွေကို အမြင် ၀ိသာခါဟာ ချာခနဲ အိမ်ထဲလှည့်ဝင် သွားခဲ့ပါတယ်။ ဒီအမူအရာကို တိတ္တိရော  ယောက္ခမကြီးတွေရောက သေချာ မြင်ခဲ့တာမို့ ဒေါသထွက်ကုန် ကြတော့တာပေါ့။ ဒါပေမယ့်လည်း သမီးယောက္ခမဖြစ်တာ မကြာသေးဘူးဆိုတော့ ယောက္ခမကြီးတွေဟာ သူတို့အမျက်ဒေါသကို ချုပ်ထိန်းထားခဲ့ပါတယ်။


ဒီလိုနဲ့ နောက်တနေ့အရောက်မှာ ၀ိသာခါတို့အိမ်ရှေ့ကို ရဟန်းတပါး ဆွမ်းခံရပ်လာခဲ့ပါတယ်။ ဒါကို ၀ိသာခါရဲ့ ယောက္ခမကြီးက ထမင်းစားနေရင်းနဲ့ လှမ်းမြင်နေသော်လည်း မမြင်ယောင်ပြုနေခဲ့ ပါသတဲ့၊ ၀ိသာခါက ဒီအဖြစ်ကို မြင်ပြီးလက်အုပ်ချီလို့--

ဝိသာခါ။ ။ ခွင့်လွှတ်ပါ အရှင်ဘုရား၊ တပည့်တော်ရဲ့ ဖခင်ဟာ အဟောင်းကိုသာ စားသုံးသူ တယောက်မို့ ကန်တော့ဆွမ်းပါဘုရား။

ယောက္ခမ။ ။ ဟယ်--ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့် အသက်အရွယ်ကလေးနဲ့ ငါ့ကို အဟောင်းစားသူလို့ ပြောတာ အစွမ်းကုန် စော်ကားလိုက်တာပဲ၊ နင် ခုချက်ချင်း အိမ်ပေါ်က ဆင်းသွားစမ်း။

ဝိသာခါ။ ။ ကျွန်မမှာ အပြစ်မရှိပါ အဖေ၊ အဖေ မကျေနပ်ရင် ကျွန်မဖခင် အပ်လိုက်တဲ့ သူကြွယ် ရှစ်ယောက်ရှေ့မှာ ကျွန်မကို စစ်မေးနိုင်ပါတယ်။

ဒီလိုနဲ့ ချွေးမနဲ့ ယောက္ခမ အခြေအတင်ဖြစ်ပြီး သူကြွယ်ရှစ်ယောက်ပါ ကြားဝင်ရတဲ့အနေအထား ဖြစ်ကုန်တာပေါ့။ သူကြွယ်ရှစ်ယောက်က ၀ိသာခါကို အကျိုးအကြောင်းမေးကြတဲ့ အခါမှာ ၀ိသာခါ ဒီလိုဖြေရှင်းခဲ့ပါတယ်။

ဝိသာခါ။ ။ ဦးကြီးတို့၊ အဟောင်းစားသူဆိုတဲ့ အဓိပ္ပါယ်ဟာ မိုက်ရိုင်းတဲ့သဘောနဲ့ ပြောခြင်းမဟုတ်ပါဘူး။ ကျွန်မယောက္ခမဟာ ဒီဘ၀မှာ သူကြွယ်တဦး ဖြစ်နေပါလျက်နဲ့ ဘုရား ရဟန်းတို့ကို ဆွမ်းတလုတ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘ၀ဟောင်းက ကောင်းမှုအကျိုးကိုပဲ ခံစားပြီး၊ ခုဘ၀မှာ ဘာကောင်းကျိုးမှ မလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်။

ဝိသာခါရဲ့ ဖြေရှင်းချက်ဟာ ရဲရင့်မှန်ကန်နေတဲ့အတွက် သူကြွယ်ရှစ်ယောက်က မိဂါရသူဌေးကို အမျက်ပြေဖို့ ၀ိုင်းဝန်းနားချကြပါတယ်။ ၀ိသာခါကလည်း သူမ ဒီအိမ်မှာ ဆက်နေရမယ်ဆိုရင် ဗုဒ္ဓရှင်တော်ကို အတိအလင်း ကိုးကွယ်ခွင့်ရမှ နေမယ်လို့ ပြန်တောင်းဆိုတဲ့အတွက် ဒေါသဖြစ်မိတဲ့ ယောက္ခမကြီးလည်း လိုက်လျောဖို့ ဖြစ်ရတော့တာပေါ့။

 ဒီလိုနဲ့ နောက်တနေ့မှာ ၀ိသာခါဟာ ဘုရားရှင်ရနဲ့ သံဃာတော်တွေကို အိမ်ကိုပင့်ပြီး ဆွမ်းကပ်ခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတဲ့အခါမှာ ၀ိသာခါက ယောက္ခမကြီးကို တရားထွက်နာဖို့ အလိမ္မာနဲ့ ခေါ်ခဲ့ပါသတဲ့။

အများရှေ့မှာဆိုတော့ ယောက္ခမကြီးဟာ ငြင်းလို့လည်း မကောင်းတာနဲ့ ကန့်လန့်ကာ နောက်ကွယ် မှာ ခပ်ကွယ်ကွယ်လေးထိုင်ပြီး ဘုရားရှင်ကို မကြည့်ဘဲ တရားနာခဲ့ပါတယ်။ ဒါပေမယ့် ကန့်လန့်ကာနောက်ကွယ်က မိဂါရသူဌေးဟာ ဘုရားရှင်ရဲ့ တရားကို နာရင်းနာရင်းနဲ့ သစ္စာလေးပါး တရားမြတ်ကို သိမြင်နားလည်ပြီး သောတာပန်တည်ခဲ့ပါတယ်။

 ဒီတော့မှ သူဟာ ကန့်လန့်ကာနောက်ကွယ်က ထွက်လာပြီး ဘုရားရှင်ကို ရိုသေစွာ ကန်တော့လို့ ဗုဒ္ဓဘာသာဝင် တယောက်အဖြစ် စိတ်ရောကိုယ်ပါ ခံယူခဲ့ပါသတဲ့။ ဒါတွေအားလုံးဟာ ချွေးမအလိမ္မာ ၀ိသာခါရဲ့ စွမ်းဆောင်ချက်လို့ ပြောရမှာပါပဲ။

ရေးသားသူ : Buddhism Beams


Friday, July 18, 2014

တရားဦး ဥဒါန်း မော်ကွန်း (ဓမ္မစကြာ ၈)


တရားဦး ဥဒါန်း မော်ကွန်း (ဓမ္မစကြာ ၈) 

" အပင်ရေ တစ်ဆယ်သာသာလေး ရှိတဲ့ ကိလေသာချုံပုတ်ကို အ၀ိဇ္ဇာ အကန်း ဦးဆောင်ရာ နောက်မှာ တစ်ယောက်ခါး တစ်ယောက် ဆွဲပြီး အထပ်ထပ် လှည့်ပတ်ရင်း သံသရာခရီး ရှည်နေကြ ရတယ်" ဆိုတာ မျက်စိမြင်တဲ့ ပုဂ္ဂိုလ်တွေ အဖို့တော့ ရည်စရာလို ဖြစ်နေမှာပေါ့။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

တရားဦးကို နားနဲ့ သင်ယူတဲ့ ပရိယတ်ကို ပြုလုပ်ပြီး စိတ်က နှလုံးသွင်း ဆင်ခြင်တဲ့ ပဋိပတ် အလုပ်ကို သတိနဲ့ မပြတ် ဆင်ခြင် ကြိုးစား တဲ့ အတွက် ပဉ္စ ၀ဂ္ဂီ ငါးဦး ထဲက အကြီးဆုံး ဖြစ်တဲ့ အရှင်ကောဏ္ဍည သန္တာနှ်မှာ  ကိလေသာမြူ ကင်းစင်ပြီး " ဖြစ်ပေါ်လာသမျှ သင်္ခါရ ဓမ္မတို့ဆိုတာ ချုပ်ပျောက်သွားကြမြဲ ဓမ္မတာ ပါကလား" ဆိုတဲ့ တရားမျက်စိ လင်းလင်းကြီး ပွင့်သွားပါတော့တယ်။

ဒုက္ခိတ သတ္တ၀ါတို့အတွက် ဒုက္ခကင်းဝေးရာ နိရောဓပန်းတိုင်ဆီ လျှောက် လှမ်း နိုင်မယ့် မဇ္ဈိမလမ်းတော် ကြီးကို လေးသင်္ချေ ကမ္ဘာတစ်သိန်း ကာလကြာ အောင် ပါရမီရှင်က အရှင်ကောဏ္ဍည ပန်းတိုင်ကို ပထမဦးဆုံး ရောက်ရှိသွားတာ ကို သိလိုက်ရတော့ ဖြစ်ပေါ်လာတဲ့ မုဒိတာအဟုန်က ရင်ထဲမှာ မျိုသိပ်ထားဖို့ မဆံ့ တော့ တဲ့ အတွက်" အညာသိ ၀တ ဘော ကောဏ္ဍညော၊ အညာသိ ၀တ ဘော ကေဏ္ဍညော= ကောဏ္ဍညတော့ သစ္စာတရားကို ဦးဦး ဖျားဖျား သိသွားပေါ့၊ ကောဏ္ဍညတော့ သစ္စာ တရားကို ဦးဦးဖျားဖျား သိသွားပေါ့"။ လို့ နှစ်ခွန်းဆင့် မြွက်ဆိုတကာ ဥဒါန်းကျူးလိုက်ပါတော့တယ်။ ဒီ ဥဒါန်းကြောင့်ပဲ အရှင်မြတ်ရဲ့ အမည်ဟာလည်း" အညာသိ ကောဏ္ဍည" ဆိုပြီး သာသနာစဉ်ဆက်  မော်ကွန်း တွင်သွားပါတော့တယ်။

အရှင်ကောဏ္ဍည သစ္စာတရား သိသွားတယ် ဆိုတာ "သင်္ခါရတရားမှန်သမျှ ဖြစ်ပြီး ပျက်သွားတာပဲ" လို့ သိလိုက်တာ ဖြစ်တယ် ဆိုတော့ ပါးစပ်က "ဖြစ် ပျက်၊ ဖြစ် ပျက်" လို့ ရွတ်ဆို ရှုမှတ်နေကြသူတွေကတော့ "ဒါ လေးများ"လို့ အောက်မေ့ချင် စရာပေါ့။ အရှင်အညာသိ ကောဏ္ဍည သိတဲ့ "ဖြစ် ပျက်" ဆိုတာ ဘ၀ ပုစ္ဆာကို ကိုယ်တိုင် သတိပဋ္ဌာန် အလုပ်နဲ့ ပွားများ တွက်ချက်ပြီး ကျေကျေ နပ်နပ် သိမြင် ရရှိလိုက်တဲ့ အဖြေမှန် ဖြစ်ပါတယ်။ သူများ တွက်ချက်ထားတဲ့ အဖြေမှတ်ကို သံယောင်လိုက် ကူးချ ထားတဲ့ အဖြေမျိုး မဟုတ်ပါဘူး။

သတိပဋ္ဌာန် ပွားများတယ် ဆိုတာ " ဘာတံ ဘူတတော ပဿတိ= မိမိခန္ဓာမှာ  ထင်ရှားတွေ့ရှိတဲ့ အာရုံကို ထင်ရှားတွေ့ရှိတဲ့အတိုင်း သတိနဲ့ ရှုမှတ်ရ တာပါ။ ဒါကြောင့် စတင် ပွားများစမှာ အရှုခံက ထင်ရှားရာအာရုံ၊ ရှုတာက သတိဖြစ်ပါတယ်။ အထပ်ထပ် ရှုမှတ်မှု အကြိမ်များလာတဲ့ အခါမှာတော့ မှတ်သိဖြစ်တဲ့ နာမပညတ်တွေ ပျောက်ပြီး ခဏမစဲ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘောကို ကိုယ်တိုင် သိမြင်လာပါတယ်။ အဲဒီအခါမှာ သိက္ခာသုံးပါးတို့ရဲ့ အထွက် အထိပ် ပညာသိက္ခာအဆင့် ရောက်လာပါပြီ၊  ဘာဝနာအနေနဲ့     ၀ိပဿနာဘာဝနာ ဖြစ်လာပါပြီ၊ ဒီ အဆင့်ကို "သင်္ခါရ အရှုခံနဲ့ ရှုဉာဏ်" လို့ ပြောကြတာပါ။

ဒီနေရာမှာ အထူးထပ်ပြီး ပြောချင်တာကတော့တရားကို စတင် အားထုတ် စမှာ " ဖြစ် ပျက်၊ ဖြစ် ပျက်" လို့ စိတ်ထဲက ရွတ်ဆိုပွားများခြင်းဟာ သူများတွက် ထား တဲ့ အဖြေမှန်ကို ကူးချထားတဲ့ အငှားသိချည်း ဖြစ်တဲ့အတွက် ပွားများလို့ မရဘူး ဆိုတဲ့အကြောင်း အထက်မှာ ပြောခဲ့ပါပြီ။ ဒီလို ပြောတဲ့အတွက်
"ဘုရား ရှင် ကိုယ်တိုင်က ´ဖြစ် ပျက်´ ရှုရမယ်လို့ မိန့်တော်မူတယ် မဟုတ်လား၊ ဘာကြောင့် ´ဖြစ် ပျက်´လို့  မရှုရမှာလဲ ဆိုပြီး စောဒက တက်ချင်စရာ ဖြစ်နေ တတ်ပါတယ်။

"ဖြစ် ပျက် ရှုရမယ်" ဆိုတဲ့  စကားဟာ အရပ်ထဲမှာ ပြောကြတဲ့ " ထမင်း ချက်ရမယ်" ဆိုတဲ့ စကားနဲ့ အလားတူပါတယ်။ " ထမင်းချက်ရမယ်"  ပြောလိုက် တဲ့အတွက် ထမင်းကို ချက်ရင် လူစာ ဖြစ်လာနိုင်မယ် မဟုတ်ပါဘူး။ အမှန်က တော့ ဆန်ကို ချက်ရတာပါ။ ဆန်ကို ထမင်း ဖြစ်အောင် ချက်လို့ ဆိုလိုရင်း ဖြစ် တယ် ဆိုတာ လူတိုင်း သိကြပါလိမ့်မယ်။ ဖြစ် ပျက် ရှု ဆိုတဲ့ စကားကလည်း အဲဒီသဘောပါပဲ။ ထင်ရှားရာ အာရုံတို့ကို ဖြစ်ပြီး ပျက်သွားတယ် ဆိုတဲ့ ကိုယ် ပိုင်အသိ ပေါ်လာအောင် ရှုလို့ ဆိုရတာပါ။

ကိုယ်ပိုင်ဉဏ်နဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိတယ် ဆိုတာ " အဆိပ် သောက် ရင် သေတတ်တယ်၊ အစာစားရင် အားဖြစ်တယ်" လို့ သိတဲ့ အသိမျိုး ဖြစ်ရပါ မယ်။ ဒီလို သိတဲ့ ပုဂ္ဂိုလ်က ဆာလောင်တဲ့ အခါတိုင်းလည်း အစာ အာဟာရကို သတိရသလို အဆိပ်ကိုလည်း ဘယ်တော့မှ သောက်စမ်းမကြည့် တော့ပါဘူး။ ဖြစ် ပျက်ကို တကယ် သိသူဟာလည်း ဖြစ်ပြီး ပျက်သွားတာက လွဲလို့ ဘာအနှစ်မှ မရှိ တော့တဲ့ အရာကို ဘယ်တော့မှ တွယ်တာဖြင်း မရှိပါဘူး။ ထင်လာသမျှ အာရုံ ကို သတိရှေ့သွားပြီး ၀ိပဿနာ အမြင်နဲ့သာ ကြည်လေ့ရှိတဲ့အတွက် ပျက်စီးကုန် ဆုံး တဲ့ အရာမှန်သမျှ"  ၀ိပဿ နာဉာဏ်အား" အနှစ်ကျန်အောင် ရယူ သွားကြမြဲ ဖြစ်ပါတယ်။

တရားသဘောကို သိမြင်ပြီးတဲ့ အရှင်အညာသိ ကောဏ္ဍည (သောတာပန်) ရဲ့ ဂုဏ်ရည်များကတော့
ဝိရဇံ- အပါယ်လေးပါး လားစေတတ်တဲ့ ကိလေသာမြူ ကင်းသွားပြီ၊
ဝီတလမံ- အယူမှား၊ အယုံမှား ဆိုတဲ့ ဒိဋ္ဌိ ၀ိစိကိစ္ဆာ  တိမ်သလာ အညစ်အကြေး လုံးဝ ကင်းစင်ပြီ။
ဓမ္မစက္ခု ဥဒပါဒ- သိက္ခာသုံးပါး တစ်သားတည်း ဖြစ်သွားတဲ့ သောတာပတ္တိ ဉာဏ် မျက်စိ ပွင့်သွားပြီ ဖြစ်လို့ သင်္ခါရ မှန်သမျှ ဖြစ်ပြီး ချုပ်မြဲသာ ဆိုတဲ့ အသိ ခိုင်မြဲ သွားပြီ မျက်မြင် နားကြား စတဲ့ အာရုံများကို ထင်ထင်ရှားရှား သိသလို သစ္စာလေး ပါး ကိုလည်း ထင်ရှားပြည့်စုံ လွှမ်းခြုံ သိမြင်သွားပြီ ဖြစ်လို့ " ဘယ်လိုပါ လိမ့်၊ ဘာ လုပ်ရပါ့"  စတဲ့  သံသယ ခရီးခဲကိုလည်း လွန်မြောက်ပြီး စိတ်နှလုံး တုံးတုံးချ အေးမြသွားပါပြီ။

အယူမှား၊ အယုံမှား ဆိုတဲ့ သံသယ ခရီးခဲကြီးကို လွန်မြောက် တယ်ဆိုတာ ပုထုဇဉ် နယ်က အရိယာ နယ်ထဲ ကူးမြောက်သွားတာပါ၊ မဇ္ဈိမခရီးရဲ့ ပန်းတိုင် နယ်မြေထဲ ရောက်သွားတာပါပဲ။ ဒီအခါမှာ ဖြစ်ပေါ်လာတဲ့ လွန်မြောက်မှု အရသာ (၀ိမုတ္တိရသ)   နဲ့ ပတ်သက်လို့ ဘုရားရှင် ပေးတဲ့ ဥပမာ လေး ကတော့-- လူတစ်ယောက်ဟာ အဖိုးတန် ရတနာထုပ်ကို  ထမ်းပြီး ခိုးသူဓားပြ ထူပြောလှတဲ့ ကန္တာရခရီးကြမ်းကြီးကို ဖြတ်သန်းသွားလာ နေရတယ်။ လုယက်တာ၊ ရိုက်ပုတ် တာတွေကိုလည်း တွေ့မြင်နေရတယ်၊   ဒီိခရီးခဲကြီး မလွန် မြေက်သေးသမျှ သစ်ခက် ကြွေသံ၊ ငှက်ပျံသံ ကြားတာကို တောင် ထိတ်လန့် တုန်လှုပ် နေရလို့ ရှေမရောက်၊ နောက်ပြန် ဘေးကွေ့ ပင်ပန်းသလောက် ခရီးမ တွင် ဖြစ်နေရတယ်။

ဒီခရီးခဲကြီးကို ကြိုးစားကူးမြောက်ပြီး ဘေးရန်ကင်းတဲ့ ရွာကို ရောက်သွား တဲ့  အခါမှာတော့ ပြောပြလို့ မရနိုင်အောင်  ၀မ်းမြောက်ကြည်နူးမှု ကို ရရှိခံစားရ ပါတော့တယ်။ အယုံမှား၊ အယူမှား ခရီးခဲကို လွန်မြောက်တဲ့ပုဂ္ဂိုလ်များရဲ့ ၀ိမုတ္တိ ရသက ဒီထက် ပိုပါတယ်။ ပြောမပြနိုင်တော့လို့လည်း "ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ= ပညာရှိတို့သာ ကိုယ်သိ မျက်မှောက် ခံစားသိနိုင်စွမ်းတဲ့တရား" လို့ ဆိုရတာပါ။ လူ့ဘ၀ဆိုတာ ဒုလ္လဘ ရတနာကြီး ဖြစ်သလို ဗုဒ္ဓုပ္ပါဒ ဆိုတာလည်း ကြုံခဲ လှတဲ့ တကယ့် ရတနာမြတ် တွေပါ။

သာသနာ ကြုံခဲလှတဲ့ တကယ့် ရတနာ မြတ်သုံးပါးကို သက်ဝင်ယုံကြည်သူ ဖြစ်နေရတာဟာ ရသမျှလည်း" အား"  ကုန်သမျှလည်း " အား"  သာ ဖြစ်စေတဲ့ အတွက် ရတနာဘုံဘ၀မှာ ရတာနာ ထုပ်ကို ပိုက်ပြီး ခရီးသွားနေရတာပါပဲ။ ဒါပေမဲ အယုံမှား အယူမှားဆိုတဲ့ ခရီးခဲ ကြီးကို မကျော်လွန်နိုင်သေးသမျှ ရထားတဲ့ ရတနာကို ရတနာမှန်း မသိ၊ ကြုံတွေ့ ရတဲ့ ရတနာသုံးပါးတို့ရဲ့ ဂုဏ်ကျေးဇူးကိုလည်း နားမလည် ဘဲ အားပျက်စေတဲ့ အလုပ်ကို အားတက်၊ အာတက်စရာ အလုပ်ကိုတော့ အားပျက်နဲ့  တစ်သိန်း တန် ရွှေခွက်ကို ရက်တက်နဲ့ လဲသောက် ဆိုသလို တစ်သံသရာလုံး အဆုံးအဖြတ် ပေးမယ့် ရတနာအစစ်တွေကို တစ် ဘ၀စာ တောင် အာမခံချက် မရှိတဲ့ ရာထူး ဂုဏ်သိန် စည်းစိမ်း ဥစ္စာများ  နဲ့လဲနေကြတာဟာ ဒိဋ္ဌိ ၀ိစိကိစ္ဆာနယ်ကို မလွန် မြောက် သေးတဲ့အတွက် ကြုံတွေ့ရတဲ့ အန္တရာယ် များပါပဲ။

ဒီခရီးကြမ်း ကြီးကို လွန်မြောက်သွားပြီး ဖြစ်တဲ့ အရှင်ဘာသိကောဏ္ဍည လို သောတာပန် ပုဂ္ဂိုလ် မျိုးမှာတော့- ဝေသာရဇ္ဇပတ္တော= ကြောက်ရွံ့ခြင်းကင်း ရဲတင်းထက်မြက်သူ ဖြစ်သွားပါ ပြီ။  ဒီစကားရပ်ကို ဘာသာဋီကာ ကျမ်းပြု တောင်မြိုံ မဟာဂန္ဓာရုံ ဆရာတော်ကြီး ကတော့ "မိမိက မရိုးမသား သူတော်ကောင်းယောင် ဆောင်ပြီး သာသနာတော် ကို ကိုးကွယ် ဆည်းကပ်နေသူဟာ သူတစ်ပါး စွပ်စွဲမည့် အရေး၊ နောင်တမလွန် အရေးတို့ကို တွေးပြီး ကြောက်ရွံ့ နေတတ်တယ်။  ဒီလို မဟုတ်တဲ့ သူတော် ကောင်း စစ်စစ် ဖြစ်သွားသူတို့ကတော့ သာသနာတော်ကို ကိုးကွယ် ဆည်းကပ်ရာ မှာ ဖြစ်စေ၊ ဒီဘ၀, နောင်ဘ၀ အတွက် ဖြစ်စေ ကြောက်ရွံ့စိတ် မရှိတော့ဘဲ ရဲရင့်တယ်"လို့ ရှင်းပြတော်မူပါတယ်။ ( သီ၊ဘာဋီ၊၃၊၄၅၇)။

အပရပစ္စယော- တရားအသိ ကိုယ်ပိုင် ရှိပြီး ဖြစ်လို့ သာသနာတော်နဲ့ ပတ်သက်ပြီး ကြားစကား ယုံစရာ အကြောင်းမရှိတော့ဘူး။ ရရှိတဲ့  ၀ိမုတ္တိရသ ထက် သာလွန်တဲ့ အရာ ဆိုတာလည်း မရှိတော့ဘူး ဆိုတာ အခိုင်အမာ  သိပြီးဖြစ်လို့  နောက်ကြောင်းကို ပြန်မလှည့်တော့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရား သာသနာတော်မှာ ရဟန်းပြုခွင့်ကို တောင်းခံလိုက်ပါတယ်။

မြတ်စွာဘုရားရှင်က " ဧဟိ ဘိက္ခု" လို့ ခေါ်တော် မူလိုက်တဲ့အခါ ပရိက္ခရာ အစုံနဲ့  တကွ ရဟန်းအဖြစ် ရောက်ရှိသွားပါတော့တယ်။ အရှင်အညာသိ ကောဏ္ဍည မထေရ်မြတ်ဟာ သာသနာတော်မှာ သစ္စာ လေးပါးကို ပထမဆုံး ထိုးထွင်း သိမြင်တဲ့ သာဝကအဖြစ်" အညာသိ" ဆိုတဲ့ မော်ကွန်းနဲ့ အတူ ပထမ ဆုံး အရိယာ၊ ပထမဆုံး ရဟန်း အဖြစ် ရရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ သာဝက အားလုံးတို့ရဲ့ "နောင်တော်ကြီး" ဆိုတဲ့ မော်ကွန်းလည်း တွင်ရစ်သွား ပါတော့ တယ်။

၁၃၄၂-ခုနှစ်က တိပိဋကစာမေးပွဲ ပြန်ဆိုအပြီးမှာ မဟာစည် ဆရာတော် ဘုရားကို ၀င်ရောက်ကန်တော့ တဲ့အခါ ဆရာတော်ကြီးနဲ့တရင်းတနှီး စကား ပြော ဖြစ်ကြပါတယ်။ မိမိက " ဆရာတော်ဘုရား.. ပိဋကတ်တော်ထဲမှာ တွေ့ရတာက တော့ ဘုရားရှင် လက်ထက်က ပုဂ္ဂိုလ်တွေဟာ တစ်နေရာမှာ တစ်ကြိမ်သာ ကြားနာရတဲ့ စကားကို တစ်ခြားတစ်နေရာ ရောက်တော့ အပြည့်အစုံ ပြန်ပြီး ပြောပြ နိုင်ကြတယ်။

တပည့်တော် စဉ်းစားမိတာက ဒီလို မှတ်ဉာဏ် အားတွေ ကောင်းတဲ့အတွက် မြတ်စွာ ဘုရားရှင် ဓမ္မစကြာတရားဦးကို ဟောတော်မူစဉ်က (၅) ရက်တိတိ ဟောပြီးမှ ပဉ္စ၀ဂ္ဂီ(၅)ဦးလုံး အရိယာဖြစ်ကြတယ် ဆိုတဲ့ နေရာမှာ ဘုရားရှင်က (၅) ရက်လုံးလုံး ဓမ္မစကြာပါဠိကို မပြတ်ဟောရွက် ပြနေဖို့တော့ အကြောင်းမရှိဘူး ထင်ပါတယ် ဘုရား၊ အဲဒါ ဘယ်လိုလဲ ဆိုတာ စဉ်းစားမိ ပါ တယ်"လို့ လျှောက်ထားတော့-

"ဦးဇင်းလေး… မင်းလည်းအဲဒါကိုစဉ်းစား မိတယ်ပေါ့၊ ဟုတ်လား၊ အေး.. စာပေသင်ယူတယ် ဆိုတာ ဒီလို စဉ်းစားဖို့ အရေးကြီးတယ်၊ ဟုတ်တာပေါ့ တာဝတိံသာ မှာ အဘိဓမ္မဟောသလို မပြတ် ရွတ်ဖတ်နေတာ ဘယ်ဟုတ်မလဲ၊  ပါဠိတော်တွေမှာ တရားတစ်ပုဒ် စလိုက်တိုင်း ဘုရားရှင် ရဲ့ ရှေးဦးတိုက်တွန်းတဲ့ စကား တစ်ခွန်းကို တွေ့တယ် မဟုတ်လား။ သာဓကံ သုဏောထ၊ သာဓကံ မနသိ ကရောထ= ကောင်းစွာ နားထောင်ကြ၊  ကောင်းစွာ နှလုံးသွင်းကြ ´ ဆိုတာလေ။

"ကောင်းစွာ နားထောင်ကြ ဆိုတာက သင်ယူတဲ့ ပရိယတ်ပေါ့၊ ကောင်းစွာ နှလုံးသွင်းကြဆိုတာက သဘောပေါက်အောင် သတိပဋ္ဌာန်အလုပ်ကို လုပ်ခိုင်းတဲ့ ပဋိပတ် မဟုတ်လား၊ ဒေသနာတော် အဆုံးမှာ သောတာပန် စသည် ဖြစ်သွား ကြတယ် ဆိုတာ တရားပွဲ တစ်ခုမှာ အဲဒီလို ပရယတ်၊ ပဋိပတ် နှစ်မျိုး ပြည့်စုံလို့ သာ ပဋိဝေဓ  ဆိုက်သွား နိုင်ကြတာပေါ့။ မြတ်စွာဘုရားရှင် ဓမ္မစကြာ တရားဦးကို (၅) ရက် ဟောတယ် ဆိုတာလည်း ပါးစပ်က မပြတ် ရွတ်ပြ နေတာ ဘယ်ဟုတ်မ လဲ။  ပဉ္စ၀ဂ္ဂီ (၅)ဦး တို့ကို သဘောမပေါက် မချင်း သတိပဋ္ဌာန် အလုပ်နဲပဲ နှလုံး သွင်း ခိုင်းနေတာပေါ့။


သဘောပေါက်ပြီး အသိ တိုးလာအောင် မပြတ် လုပ်ရတာ ဖြစ်လို့ ´ ဘာဝနာ= ပွားများတယ်´လို့ ဆိုရတာပဲ။ ရှေးက ဆရာ တော်ကြီးတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ´အရွတ်တွေကြီး ၀ါးမနေ ကြနဲ့၊  အားဖြစ်ဖို့ မလွယ်ဘူး။ အသားကို စားမှ ကြေလွယ် ညက်လွယ် အားဖြစ်လွယ်မယ်´တဲ့ ၊ ဦးဇင်းတို့လည်း ခုတော့ ´အရွတ်´ကို အဓိက ထား ရတာပေါ့လေ၊ ဒါနဲ့ တင်တော့ ကျေနပ်မနေကြနဲ့ဦး၊ ဆရာတော်ကြီးမှာ  မိန့်ကြား သလို "အား"ဖြစ်အောင် ´အသား´ကိုလည်း စားကြဦး၊ ကြားလား၊ သတိပဋ္ဌာန် မပွားများဘဲ မပြည့်စုံဘူးလို့ သတိပေးချင်တာနော်" လို့ မိန့်ကြား ဆုံးမတော်မူ ပါတယ်။
"အသား" စားပြီး "အား"ဖြစ်ကြပါစေ……

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Thursday, July 17, 2014

ဝိပဿနာ နှင့်ပတ်သက်၍ အထူး သတိပြုစရာအချက်များ


"၀ိပဿနာ နှင့်ပတ်သက်၍ အထူး သတိပြုစရာအချက်များ"


ယနေ့ မျက်မှောက်ခေတ်တွင် လူ ပုဂ္ဂိုလ် အတော်များများ (အထူးသဖြင့်-လူငယ်အတော်များများ) သည် "ဗုဒ္ဓ၏ ပဋိဝေဓ သာသနာတော်" (၀ိဿနာ တရားအားထုတ်ခြင်း) များ ကို အထူး စိတ်ဝင်စားလာကြကြောင်း ၀မ်းမြောက်ဖွယ် တွေ့ရှိရပါ၏။

လွန်ခဲ့သော ဆယ်စုနှစ် တစ်စုလောက်အထိ ၀ိပဿနာနှင့် ပတ်သက်သော စာအုပ်စာတမ်းများ သည် လူကြီးပိုင်း အရွယ်များ အတွက် သာ အဓိကထား ရည်ရွယ်ရေးသား ထား သကဲ့သို့ ထုတ်ဝေခဲ့ကြသော်လည်း ယခု ခေတ်ကာလ တွင်မူ အသက် (၂၀) မှ (၄၀) ၀န်းကျင် လူငယ်ထု အကြိုက် အရေးအသား၊ အပြင်အဆင်များဖြင့် ထွက်ပေါ်လာသည်ကို မြင်တွေ့နေရပါသည်။

အနုပညာ လောကမှ နာမည်ကြီးသော ၊ လူငယ် ပရိတ်သတ် လည်းရှိသော အချို့ အချို့ သော အနုပညာရှင် များ ကိုယ်တိုင်ပင် ၀ိပဿနာနှင့် ပတ်သက်သည့် အပြောအဆို ၊အရေးအသား များရှိလာခဲ့သည်။

ဝိပဿနာကို လေ့လာလိုက်စားသည့် လူငယ်များ တွင် နောက်ခံအကြောင်းရင်း မည်သို့ပင် အမျိုးမျိုးရှိစေကာမူ မြတ်ဗုဒ္ဓ၏အဆုံးအမကို လိုက်နာကျင့်သုံးလာကြသည်မှာ "သာဓု" ခေါ်စရာပင်ဖြစ်ပါ၏။ ၀မ်းမြောက်ဝမ်းသာဖြင့်လည်း "သာဓု"ခေါ်ပါ၏။

ဝိပဿနာ ကိုလေ့လာ၊ကျင့်ကြံ သော သူ များ၊ များပြားလာလေလေ၊၀ိပဿနာ ကမ္မဋ္ဌာန်း နည်းပြဆရာများ၊ တရားရိပ်သာ ကမ္မဋ္ဌာန်းတိုက်များလည်း မြန်မာနိုင်ငံအ၀ှမ်း တိုးပွား စည်ပင် လာလေလေပင်ဖြစ်ပါ၏။ ဤနေရာတွင် အထူး သတိပြုအပ်သည်မှာ ထို ၀ိပဿနာ ရိပ်သာများ အနေဖြင့် "အရေအတွက်" သာမက "အရည်အချင်း" ပါ တိုးတက်လာစေရေး ဖြစ်သည်။

ဝိပဿနာရိပ်သာ ကမ္မဋ္ဌာန်းတိုက် အတော်များများ သည် "ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ သံဃာတော် အရှင်မြတ်များ"၊ "လူဝတ်ကြောင်ဆရာကြီးများ" ၏ ဦးဆောင်လမ်းညွှန်မှုဖြင့်၊ ၀ိပဿနာ ဘာဝနာပွားများနည်းများကို ပို့ချလျက်ရှိရာ သာသနာတော် အတွက် လွန်စွာအားရကျေနပ်ဖွယ် လည်း ကောင်းလှပါသည် ဟု ဆိုနိုင်မည် ထင်ပါ၏။

နော့ပေတဲ့ အချို့အချို့သော ၀ိပဿနာ ရိပ်သာများတွင်မူကား "ဗုဒ္ဓဘာသာ ပိဋကတ်စာပေ"ကို သင်ရိုးနည်းကျလည်း မသင်ဖူး၊ "ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ ဆရာသမားများ" ထံမှာ စနစ်တကျ နည်းနာခံယူဖူးခြင်း လည်းမရှိပါဘဲနှင့် မိမိကိုယ်ကို ဆရာတစ်ဆူအဖြစ်ခံ ယူကာ "ကိုယ့်မြင်း ကိုယ်စိုင်း၊ ညောင်ကိုင်း ထိထိ" လုပ်နေကြသူများရှိနေသည်ကို ၀မ်းနည်းဖွယ်ရာ မြင်တွေ့ သိရှိနေရပါသည်။

အနှီ ပုဂ္ဂိုလ်များသည် "ပိဋကတ်စာပေလာ ၀ိပဿနာဘာဝနာပွားနည်း" တို့ကို သင်ရိုးနည်း ကျသော်လည်းကောင်း၊ ဆရာသမားကောင်း ထံ နည်းနာခံယူ၍ သော်လည်းကောင်း၊ "မသင်ကြား၊မလေ့လာ၊မကျင့်ကြံ ၊မနာယူ" ခဲ့ဖူးပါပဲလျှက် "ကမ္မဋ္ဌာနစရိယ"အဖြစ် မိမိဘာသာ သတ်မှတ်ထားကြခြင်းဖြစ်ပါ၏။

ထိုသို့ "ဗုဒ္ဓဒေသနာကို သင်ရိုးနည်းကျမသင်ယူခဲ့ရခြင်း၊ ဆရာသမားကောင်းထံ မဆည်းပူးခဲ့ရခြင်း" ဟူသော အားနည်းချက်ကို ဖုံးဖိရန် အလို့ငှာ ("ပိဋကတ်စာပေနှင့်ယှဉ်၍ စနစ်တကျ ၀ိပဿနာ ကမ္မဌာန်း နည်းပြနေသူများ") ကို-
"ပရိယတ္တိသမားတွေ"၊
"စာခံနေလို့ တရားထူးမတွေ့နိုင်သူတွေ" ဟု အခွင့်သာတိုင်း ၊အခွင့်သာတိုင်း၊ တိုက်ခိုက်ဟောပြော ပုတ်ခတ်လေ့ရှိကြသည်ကိုလဲ ကြားမိပါသည်။

"ထေရ၀ါဒ ဗုဒ္ဓဘာသာ" တွင် "ပရိယတ္တိ , ပဋိပတ္တိ ,ပဋိဝေဓ" ဟူ၍ "သာသနာ(၃)ရပ်" ရှိပါကြောင်း ဓမ္မမိတ်ဆွေများအားလုံး သိရှိပြီး ဖြစ်ပါလိမ့်မည်။
ယနေ့ ခေတ်စကားဖြင့် နားရှင်း ၊ လွယ်ကူအောင် ပြောရမည် ဆိုပါ လျှင် -
"ပရိယတ္တိ" ဟူ သည် "နည်းလမ်း" ။ (လမ်းညွှန်သဘောတရား၊သီအိုရီ)။
"ပဋိပတ္တိ" ဟူသည် "နည်းလမ်းအတိုင်းလက်တွေ့ကျင့်သုံးမှု"။
"ပဋိဝေဓ"ဟူသည် "နည်းလမ်းအတိုင်း လက်တွေ့ကျင့်သုံးမှုကြောင့် ထွက်ပေါ်လာသော 'အကျိုးရလဒ်" ဟု ပင်ဆိုမည်ဖြစ်ပါ၏။

ထို့အတွက်ကြောင့် "နည်းလမ်း" တည်းဟူသော "ပရိယတ္တိ " မပါဘဲ မည်သို့မျှ "ပဋိပတ္တိ" ကို ကျင့်ကြံအားထုတ်၍ မရနိုင်ချေ။ တချို့သော ပုဂ္ဂိုလ်တို့ က ဤသို့ ဟောပြောတတ်ကြပါပေသည်။
"တို့ကတော့ ပဋိပတ္တိ သမား၊ လက် တွေ့သမားပဲဟေ့။ ပရိယတ္တိ တတ်တာလောက်နဲ့ နိဗ္ဗာန်ရောက်မှာမဟုတ်ဘူး၊ ဗုဒ္ဓရဲ့တရားက အကျင့်တရား အထိုင်တရား စာသိမဟုတ် ဘူး၊ ခန္ဓာသိကွ" ဟူ၍ ဖြစ်ပါ၏။

ဤနေရာတွင် ၀ိပဿနာတရား အားထုတ်ရန် ကြံရွယ်နေသော လူငယ်မောင်မယ်များ အား အထူးသတိပေးလိုပါသည်။ အထက်က ဆိုခဲ့သော "စကား" နှင့် "အဓိပ္ပာယ်တူ တရား"တွေ ဟောနေပြီဆိုလျှင် ထို "၀ိပဿနာကမ္မဋ္ဌာန်းပြဆရာ" သည်-
"ဗုဒ္ဓ တရားတော်"၏ အခြေခံမျှကိုပင် ကောင်းစွာ နားလည်ခြင်း မရှိသော၊ လိမ်လည်, လှည့်ဖျားနေသော "ဆရာတု,ဆရာယောင်"မျှသာ ဖြစ်ပါသည်ဟု ဆိုနေသကဲ့သို့ပါတည်း။

"ပရိယတ္တိ"ဟူသော အသံ ကြားသည်နှင့် ထို သူတို့၏ စိတ်ထဲတွင် မရရှိခဲ့ဖူးသော "ဗုဒ္ဓဘာသာ ပိဋကတ်ဆိုင်ရာဘွဲ့များ"၊ "မအောင်မြင်ခဲ့သော အတန်းများ" နှင့် "မသင်ခဲ့ရဖူးသော ပိဋကတ်စာပေ"တို့ကိုသာ မြင်ယောင်နေမိတတ်သည်ထင်ပါသည်။

ယနေ့ခေတ် "၀ိပဿနာ ကမ္မဋ္ဌာန်းပြဆရာ"တွေထဲတွင် "ပိဋကတ်စာပေ" ကို သင်ရိုးနည်းကျ မသင်ယူခဲ့ဖူးသူ များစွာရှိပါသည်။ သို့သော် သူတို့သည် ပိဋကတ်စာပေတတ်ကျွမ်းသည့် "ဆရာကောင်း" တို့ထံမှ "၀ိပဿနာ ကမ္မဋ္ဌာန်းနည်း" ကို နည်းလမ်းမှန် သင်ယူခဲ့ကြသူများ ဖြစ်သည်။

အနီးကပ်ဆုံး ဥပမာဆိုလိုက်ပါဦးမည်။
"ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ (Acharaya Shri S.N Goenka) " သည် ပိဋကတ်စာပေကို စာသင်သား ရဟန်းတော်များကဲ့သို့ သင်ရိုး နည်းကျ သင်ယူခဲ့ဖူးခြင်းမရှိချေ။
နော့ပေတဲ့ "၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ" ကို "စာပေ ပရိယတ္တိ မတတ်ကျွမ်းသူ" ဟု ဆိုလိုက်ပါက လုံးဝ အမှားကြီး မှားသွားပါလိမ့်မည်ဟုရဲရဲဝံ့ဝံ့ ဆိုလိုက်ချင်ပါ၏။

"ပရိယတ်" ဆိုသည်မှာ "နည်းလမ်း"ကိုဆိုလိုခြင်းသာဖြစ်ကြောင်း ဖော်ပြပြီးဖြစ်ပါသည်။ "မြတ်ဗုဒ္ဓ၏ ၀ိပဿနာနည်းလမ်း" ကို "မှန်ကန်တိကျစွာသိရှိတတ်ကျွမ်းသူ" ဟူသည် "ပရိယတ် ကျွမ်းကျင်သူ" ပင်ဖြစ်သည် ဟုဆိုရပါမည်။
"ဆရာကြီး ဦးဂိုအင်ကာ" ၏ ဆရာဖြစ်သော (ငွေစာရင်းမင်းကြီးဟောင်း) "ဆရာကြီးဦးဘခင်" ဆိုသည်မှာလည်း "ပိဋကတ်စာပေ"ကို စာသင်သား ရဟန်းတော်များ ကဲ့သို့ သင်ရိုးနည်းကျ သင်ယူခဲ့ရသူမဟုတ်ပါ။

"ပိဋကတ်စာပေ" "ပါရဂူ" မြောက်သည် အထိ ကျွမ်းကျင်တော်မူသော "ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး" ၏ တပည့်ရင်း "ဆရာသက်ကြီး" ထံမှ ၀ိပဿနာတရား အားထုတ် နည်းကို သင်ယူခဲ့သူဖြစ်ပါသည်။ မိမိ ဘာသာ လည်း ပိဋကတ်စာပေကို တတ်အား သရွေ့ လေ့လာမှတ်သားခဲ့သူဖြစ်သည်။

ထို့အတွက်ကြောင့် "ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး ဥိးဂိုအင်ကာ" တို့ကို "ပရိယတ် မတတ်ကျွမ်းသူများ" ဟု လုံးဝ မမှတ်ယူနိုင်ပါချေ။ ထို "ဆရာကြီးများ" ကလည်း မည်သည့်အခါကမျှ "ပရိယတ္တိစာပေ လေ့လာသူများ" အပေါ် ပြစ်တင်ရှုတ်ချမှုမပြုခဲ့ကြပါပေ။

အားမနာစတမ်း ပြောမည်ဆိုလျှင်-
"ပိဋကတ်စာပေကို သင်ရိုးနည်းကျ လည်းမသင်ခဲ့ဖူး၊ဆရာသမားကောင်း နှင့်လည်း နည်းနာမခံယူဖူး" ပါဘဲ "ကိုယ့်လှေကိုယ် ထိုး ၊ပဲခူးရောက်ရောက်" လုပ်နေသူ တို့သာလျှင် "ပရိယတ္တိစာပေ လေ့လာသင်ကြားမှု" ကို ပြစ်တင်ရှုတ်ချနေကြခြင်း ဖြစ်ပေသည်။

"ပရိယတ္တိ" ဆိုသည့်ဝေါဟာရကိုပင် ကောင်းစွာ နားလည်ခြင်းမရှိသူများ ဟုဆိုလိုက်ချင်ပါသည် ။
ထိုသူများထံ တပည့်ခံနားယောင်မိသူ အချို့က -
"ငါတို့ဆရာက ပရိယတ်ကို အားမပေးဘူး။ သံသရာရှည်တယ်။ ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိမယ့် ခန္ဓာဥာဏ်သိ နည်းလမ်းကိုသာပြတယ်" ဟု သံယောင်လိုက်ကြပါသေး၏။

"ခန္ဓာဥာဏ်သိ နည်းလမ်းသော်လည်းကောင်း ၊ ပိဋကတ်စာပေ တွင် ဖော်ပြထား သည့်နည်းလမ်း" သော်လည်းကောင်း "နည်းလမ်း" ဟု ဆိုလိုက်သည်နှင့် "ပရိယတ္တိ" ပင်ဖြစ်သည်ဆိုခြင်း ကို ထိုသူများ သဘောမပေါက်ကြခြင်းပင် ဖြစ် သည် ဟုပင် ကောက်ချက်ချချင်ပါသည်။

"ပရိယတ္တိစာပေ" ဆိုသည်မှာလည်း "ဗုဒ္ဓ" ဟောကြားခဲ့သော "နည်းလမ်းများ" ကို "စာဖြင့်ရေးသား မှတ်တမ်းတင်ထားခြင်း" မျှသာ ဖြစ်ပေသည်။ "နည်းလမ်း" မရှိဘဲ လက်တွေ့လိုက်နာ ကျင့်သုံးရသော "ပဋိပတ္တိ" ဆိုသည်မှာ လုံးဝ မဖြစ်ပေါ်လာနိုင်ပေ။
ထို့ကြောင့် "နိဗ္ဗာန်ရဖို့ ပရိယတ္တိမလိုပါ" ဟုဆိုလာလျှင် ထို ပုဂ္ဂိုလ် သည် "ပရိယတ္တိ" ဆိုသည့် ဝေါဟာရ၏အဓိပ္ပာယ်ကိုမျှနားမလည်သည့် "ဆရာတု၊ဆရာယောင်"သာ ဖြစ်သည်ဟု အသေအချာ ဆိုခဲ့ခြင်း ဖြစ်ပါသည်။

ထို ပုဂ္ဂိုလ် တို့ ၏ အလွဲလွဲအမှားမှား ကမ္မဋ္ဌာန်း နည်း များ ကို ရေးသား ဖော်ပြထားသည့် စာအုပ်စာတမ်းများ၊ ဟောပြောထားသည့် တိတ်ခွေများ ကို လူထု အတွင်း တရားဝင်ဖြန့်ချိခြင်း မပြုဝံ့ကြ ပါပေ။
အဘယ့်ကြောင့်ဆိုသော်-
ထို ပုဂ္ဂိုလ် တို့ ၏ အလွဲလွဲအမှားမှား ကမ္မဋ္ဌာန်း နည်း များ ကို "ဗုဒ္ဓ" ဟောကြားခဲ့သော "နည်းလမ်း"နှင့် တိုက်ဆိုင် ၊ စစ်ဆေး ကြည့်လိုက်ပါလျှင် ဟောပြော၊ရေးသားခဲ့သမျှ အလိမ်ထုပ်ကြီး ဗူးပေါ်သလိုပေါ်လာမည် ကို စိုးရိမ်ကြ သောကြောင့် ဖြစ်ပါ၏။ တရားဝင်ဖြန့်ချိခွင့်လည်း ရလိမ့်မည် မဟုတ် ပါ။

ထို့ကြောင့်ပင် "ငါဟောထားတဲ့တရားကို သူတို့ဥာဏ်တစ်ထွာ တစ်မိုက်နဲ့ အမှားအမှန် ဆုံးဖြတ်နိုင်လို့လား၊ သူတို့သင်ထားတဲ့ပရိယတ္တိပေတံလေးနဲ့ တိုင်းလို့ရမလား" စသည်ဖြင့် "ပိဋကတ်စာပေ တတ်ကျွမ်းသူ" တို့အား ပုတ်ခတ်ထိပါး ပြောဆိုတတ်ကြသည်။

အချို့ဆရာတု ဆရာယောင်တို့ကမူ ကိုယ့်ကိုယ်ကို "ရဟန်းကိစ္စပြီးပြီ" ဟုရဲရဲကြီး ကြေငြာ တတ်ကြသည်။ "ရဟန်းကိစ္စပြီးသည်" ဆိုခြင်းမှာ "ငါ-ရဟန္တာ ဖြစ်ပြီ" ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။
ဤနေရာတွင် ၀ိပဿနာလိုက်စားရန် ကြံရွယ်နေသည့် လူငယ်မောင်မယ်များ အထူး သတိပြုသင့်သောအချက်တစ်ခုကို ထပ်မံတင်ပြလိုပါသည်။ ကိုယ့်ကိုယ်ကို "ရဟန်းကိစ္စပြီးပြီ" ဟု တွင်တွင်ကြီး အထပ်ထပ်အခါခါ ပြောဆိုသူ ရဲကြသူ မှန်သမျှ အမှန်အစစ် "ရဟန်းကိစ္စပြီးသူ မဟုတ်ကြပါ" ဟု အတိအကျ ပြောလိုခြင်း ပင်ဖြစ်ပါ၏။

"ထေရ၀ါဒ ဗုဒ္ဓသာသနာ" တွင် ဘုရားသားတော် "ရဟန်း" အဖြစ် ခံယူထားသူမှန်လျှင် "ပုထုဇဉ်ရဟန်း" ကို မဆိုထားဘိ၊ "မဂ်,ဖိုလ်"ကို မျက်မှောက် ပြုပြီးဖြစ်သည့် "ရဟန္တာ အရှင်သူမြတ်" တို့ပင်လျှင် "၀ိနည်းတော်" ကို အသက်တစ်မျှ အလေးထား စောင့်ထိန်းကြရစမြဲ ဖြစ်ပါသည်။

"ရဟန်းတစ်ပါး" သည် "ဈာန်၊ မဂ်" တစ်ခုခုကို မရသေးမှန်း မိမိကိုယ်တိုင် သိပါလျက် "ဈာန်၊မဂ်တစ်ခုခုဆိုက်နေသူပါ" ဟုကြေငြာ ပြောဆိုပါက ဘုရားသာသနာတော်တွင် "အကြီးလေးဆုံးသော ပြစ်မှုကြီး"("ပါရာဇိကသိက္ခာပုဒ်")ကို ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။

ထို "ပါရာဇိကသိက္ခာပုဒ်" ကျူးလွန်မိသောသူသည် "ဘုရား သာသနာ" တွင် "မြတ်သောရဟန်း ဘ၀" ဖြင့် ဆက်လက်နေထိုင်ခွင့် မရှိတော့ပါ။ သက်ဆုံးတိုင် ရဟန်းဘ၀ ကို စွန့်လွှတ်ရမည်သာဖြစ်ပါသည်။ အကယ်၍ ရဟန်းအဖြစ် ဆက်လက်ခံယူနေပါက"ဗုဒ္ဓမြတ်စွာ၏ ဥပဒေကိုဆန့်ကျင်သူ"၊ "သာသနာ့ရန်စွယ် ဓမ္မန္တရာယ်" သာဖြစ်နေပါတော့သည်။

အကယ်၍ "ရဟန်းတစ်ပါးသည် "ဈာန်၊ မဂ်" တစ်ခုခုကို အမှန်တကယ် ရရှိသောကြောင့် (ရရှိထားသူပါ) ဟု ၀န်ခံပြောဆိုလျှင်ပင် 'ပါစိတ် အာပတ်' သင့်စေ"ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပါသည်။
("ပါစိတ်"ဆိုသည်မှာ "ပါစိတ္တိယ" = "ကုသိုလ်စိတ်ကို ကျဆင်းစေ၊ ပျောက်ပျက်စေသော အာပတ်" ဖြစ်ပါသည်။)

"ပရိဝါပါဠိတော်၊ ဂါထာသင်္ဂဏိက" တွင် -
အကြင်"အာပတ်" ကို "ပါစိတ္တိယ"ဟုဆိုအပ်၏။
အကြင် "အာပတ်" သည် "ကုသိုလ်တရား"(ကုသိုလ်စိတ် ကို) ကျစေတတ်၏။
"အရိယာ မဂ်" ကိုဖျက်ဆီးတတ်၏။
"စိတ်တွေဝေခြင်း" ၏ အကြောင်းလည်းဟုတ်၏။
ထို့ကြောင့် ဤ"အာပတ်"ကို "ပါစိတ်" ဟုခေါ်ဆိုအပ်လေသည်" ဟုဖော်ပြထားပါသည်။)

ယခုခေတ် အခါတွင်မူ ဆရာတု ဆရာယောင် အချို့ တို့သည် ကိုယ့်ကိုယ်ကို "ရဟန္တာ" ဟု ကိုးကွယ်သူ ပရိသတ်အပေါင်းအား ပြောင်ပြောင်တင်းတင်း ကြေငြာနေကြခြင်း သည် "ရဟန်း ,၀ိနည်း" တည်းဟူသော "ဘုရား ဥပဒေတော်ကြီး" ကို ရဲရဲကြီး ဖီလာ ဆန့်ကျင်မှု ပြုနေကြခြင်း ပင် ဖြစ်ပါသည်။

သို့ဖြစ်ရာ ထိုကဲ့သို့အခွင့်သာတိုင်း "၀ိနည်းဥပဒေ" ကို ချိုးဖောက်နေသူတို့သည် ဘုရားနည်းလမ်းတကျ အားထုတ်ပါမှ ဖြစ်လာနိုင်သည့် "ရဟန္တာ" စင်စစ်ဟုတ်နိုင် မဟုတ်နိုင် ဆိုသည်ကို လူငယ်တို့ အနေနှင့် ကိုယ်ပိုင်ဦးနှောက် ဖြင့် ဆုံးဖြတ်သင့်လှပေသည်။

အချို့ကလည်း " မိမိ၏တရားစခန်းတွင် လာရောက်အားထုတ်ပါက မည်သို့သောပုဂ္ဂိုလ်ကိုမဆို ဘယ်နှစ်ရက်ဖြင့် "ဘာ "မဂ်" ရစေရမည် ဘာ "ဖိုလ်" ဆိုက်စေရမည်" စသည်ဖြင့် ဆွယ်တရား ဟောကြသည်။

သတ်မှတ်ရက် ပြည့်သည့်အခါ "ဘာ "မဂ်" ရသွားပြီ၊ ဘာ "ဖိုလ်" ဆိုက်သွားပြီ" စသည်ဖြင့် လည်း ရဲရဲကြီး အဆုံးအဖြတ်ပေး လိုက်ကြသည်။ လာရောက် အားထုတ်သူများမှလည်း"ပု..မသိ၊..ပ..မသိ" နှင့် အကျေနပ်ကြီး ကျေနပ်သွားကြသည်။(လူအတော်များများက "ဘုမသိ၊ဘမသိ"ဟု ပြောဆိုတတ်ကြပါသည်။ ဆိုလိုရင်းအမှန်မှာ"ပုည"ကုသိုလ် ၊ (ပု)..မသိ၊ "ပါပ"အကုသိုလ်၊ (ပ)..မသိ.ဟုဆိုလိုခြင်းဖြစ်ပါသဖြင့် "ပု..မသိ၊ပ..မသိ" ဟု ပြောဆို၊ရေးသား မှ အမှန်ဖြစ်ပါ၏။)

ဖော်ပြပါ "ဆရာတု ဆရာယောင်"တို့၏"နည်းတု၊ နည်းယောင်များ"ဖြင့် အားထုတ်ရာမှ" မဂ်တု,ဖိုလ်တုများ"ကိုအဟုတ်ထင်,ဘ၀င်မြင့်ရုံသာ ဆိုလျှင်ကားကိစ္စမရှိသေးပါ။ လမ်းမှားကို လျှောက်မိခြင်းကြောင့် စိတ်ဂယောင်ချောက်ချား၊ သွေးလေမညီမညွတ်ဖြစ်ကာ ရူးသွပ် သွားတတ်ပါသည်။ ထို့ကြောင့် "၀ိပဿနာကို လေ့လာလိုက်စားတော့မည်" ဟု ကြံရွယ်ပါ လျှင် အောက်ပါအချက်များကို အထူးသတိပြုရန် တင်ပြရင်း ဤစာစုကို နိဂုံးချုပ်အပ်ပါသည်။

၁။ "ပရိယတ္တိသင်ယူခြင်းသည် အလကား၊ ပဋိပတ္တိ ကျင့်ခြင်းသည်သာ နိဗ္ဗာန် ရောက်ကြောင်း တရား" ဟု ဆိုသူများ ထံ မည်သည့်အခါမျှ ဆည်းကပ် အားထားမှု မပြုပါနှင့်။
ထိုသူများသည် ပရိယတ္တိနှင့် ပဋိပတ္တိဆိုသော ဝေါဟာရတို့၏အဓိပ္ပာယ်ကိုမျှ မသိပါဘဲ ဗုဒ္ဓသာသနာတွင် ဆရာတုဆရာယောင်လုပ်နေသူများ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

၂။ ရဟန်းတစ်ပါးသည် မိမိကိုယ်ကို "ရဟန္တာပါ" (သို့မဟုတ်) "ရဟန်းကိစ္စပြီးသူပါ" ဟုပြောင်ပြောင်တင်းတင်းဝန်ခံကြေငြာနေပြီဆိုလျှင် ရဟန်းတု,ရဟန်းယောင်၊ ဆရာတု , ဆရာယောင်မျှသာဖြစ်ကြောင်း သဘောပေါက်ပြီး ဝေးဝေးမှ ရှောင်ကြဉ်ကြပါ။

(သာသနာ့ ၀န်ထမ်း ရဟန်းတော်မှန်လျှင် ပုထုဇဉ်သံဃာပင် ဘုရားရှင်ပြဋ္ဌာန်းခဲ့သည့် ၀ိနည်းကိုအသက်တမျှ အလေးထားစောင့်ထိန်းတတ်ကြစမြဲ ဖြစ်ပါသည်။ ရဟန္တာဆိုလျှင်ကား အထူးဆိုဖွယ်မရှိပါ။ ထို့ကြောင့် မည်သည့် ရဟန္တာအစစ်ကမျှ မိမိကိုယ်ကို "ရဟန္တာပါ၊ ရဟန်းကိစ္စပြီး သူပါ" ဟု အတိအလင်း ၀န်ခံပြောကြားလိမ့်မည် မဟုတ်ပါ။
"ရဟန္တာများ" ဟု သမုတ်ခြင်း ခံခဲ့ရသော "မိုးကုတ်ဆရာတော် , ဝေဘူဆရာတော်, မဟာစည်ဆရာတော်" အစရှိသည့် ဆရာတော်ကြီးများသည်ပင် မည်သည့်အခါကမျှ မိမိတို့ ကိုယ်ကို ရဟန္တာဟု တိုက်ရိုက်ဖွင့်ဟ ပြောဆိုရန် မဆိုထားဘိ၊ သွယ်ဝိုက်၍ပင် အရိပ်အယောင်မျှ မပြောခဲ့ကြပါ။)

၃။ မည်သူမဆို သူတို့ထံလာပါက "ဘယ်နှစ်ရက်ဖြင့် ဘာ မဂ် ရစေရမည်" ဟုကျူရှင်ဆရာများ အနီးကပ်၊ ရက်ပြတ်သင်တန်း ကြော်ငြာ သလို ကြော်ငြာနေသူများ" သည်လည်း "ဆရာတု,ဆရာယောင်များ" သာ ဖြစ်ပါသည်။

(လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဗီဇ၊ ပတ်ဝန်းကျင်ချင်း မတူ သည့်အလျောက် ကံ၊ဥာဏ်၊၀ီရိယချင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ချင်းမတူညီကြပါ။ ဗုဒ္ဓ၏တရားသည် ဤမျက်မှောက်ဘ၀ တွင်ပင် လက်ငင်းဒိဋ္ဌဓမ္မ အကျိုးခံစားရသော တရားဖြစ်သည်ကားမှန်ပါ၏။ သို့သော် လူပုဂ္ဂိုလ်ချင်းမတူသလို အကျိုးခံစားရန်အား ထုတ်ရသော ကာလအပိုင်းအခြားချင်း လုံးဝကွဲပြား ခြားနားလှပေသည်။ တစ်ဦးကခုနှစ်ရက်နှင့် တရားထူးရကောင်း ရနိုင်စေကာမူ၊ အခြားတစ်ဦးက ခုနှစ်နှစ်ကြာအောင် အားထုတ်ကောင်း အားထုတ်ရတတ်ပါသည်။)

၎။ ပုဂ္ဂိုလ်တစ်ဦး၏ "၀ိပဿနာကမ္မဋ္ဌာန်း" ဆိုင်ရာ "တရားတိတ်ခွေ၊ တရားစာအုပ်" အစရှိသည်တို့ကို တရားဝင်ခွင့်ပြုချက်ယူပြီး မဖြန့်ဝံ့ဘဲ လက်သိပ်ထိုးဖြန့်နေပြီဆိုလျှင် ပိဋကတ်စာပေတတ်ကျွမ်းသူတို့ လက်ခံနိုင် ခြင်းမရှိသော "ထေရ၀ါဒဗုဒ္ဓသာသနာနှင့် ဆန့်ကျင်သွေဖည်သော ဟောပြောရေးသားချက်များ" သာ ဖြစ်သည်ဆိုခြင်းကို သတိပြုပါ။
(ထိုသို့ သွေဖည်နေသူများ၏ တိုးတိုးတိတ်တိတ်သွေးဆောင်ဖြားယောင်းမှုတို့ကို ဝေးဝေးမှ ရှောင်ရှားပါ။)

၅။ ၀ိပဿနာတရား အားထုတ်ခြင်းမပြုမီ ဆရာစစ်ဆရာမှန်ရဖို့ လွန်စွာအရေးကြီးပါသည်။
ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစုတစ်ခုခုသည် အထက်ဖော်ပြပါအချက်လေးချက်အနက် တစ်ချက်ချက်နှင့် ကိုက်ညီနေပါက ဆရာတုဆရာယောင်များသာ ဖြစ်ပါသည်။ ထိုသူတို့ကို ဆရာတင်မိပါက တရားထူးမရဘဲ သွက်သွက်ခါအောင်ရူးသွပ်သွားနိုင်ပါသည်။

ထို့ပြင်-
လူငယ် တို့အနေနှင့် ဘာသာတရားကို ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသည်အထိ လေးလေးနက်နက် လိုက်စားခြင်းမပြုမီ ရဟန်းတို့လိုက်နာရမည့် ၀ိနည်းစည်းကမ်းများဖြစ်သည့် "သိက္ခာပုဒ် ၂၂၇-သွယ်" ကို နားလည်သဘောပေါက်အောင်လေ့လာ ဖတ်ရှုထားသင့်ပါသည်။

ထိုသို့လေ့လာပြီးပါမှ မိမိကဆရာတင်မည့် ကမ္မဋ္ဌာန်းနည်းပြဆရာသည် "ရဟန်း" ဖြစ်ခဲ့သော် ဘုရားဥပဒေနှင့် အညီကျင့်သုံးနေထိုင်သော "ရဟန်းစစ်၊ ရဟန်းမှန်" လား၊ (သို့တည်းမဟုတ်) "၀ိနည်း" မျှပင်နားမလည်ဘဲမိမိဘာသာ "ကမ္မဋ္ဌာနာစရိယ" အဖြစ် သတ်မှတ်နေသည့် "ဆရာတု, ဆရာယောင်" လားဆိုသည်ကို မှတ်ကျောက်တင် ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

(ရဟန်း ၀ိနည်းအား လေ့လာရာတွင် အလွယ်ကူအရှင်းလင်းဆုံး စာအုပ်တစ်အုပ်ကို ညွှန်းပါဟု ဆိုလျှင်ကား "ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ" ရေးသားပြုစုခဲ့သည့် 'ဘုရားဥပဒေတော်ကြီး' စာအုပ်ကို ညွှန်ပြလိုပါ၏။)

မှီခိုရာကျမ်းကိုး-
-"မြတ်သတိဝါဒီ"ဓမ္မ မဂ္ဂဇင်း၊ (အမှတ် ၉၊ ၂၀၀၁ခုနှစ်၊မတ်လ။)
မူပိုင်- http://www.facebook.com/konyinyi.tin
ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ဉာဏ်လင်းမြို့။
Credit to Royal Poe.