Monday, November 25, 2013

မိဘကျေးဇူး

မိဘကျေးဇူး


" ကျေးဇူး "ဟူသော ဝေါဟာရ၏ မူရင်းအဓိပ္ပာယ်မှာ အကျိုးဟူ၍ ဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာမှုနယ်ပယ်တွင် အကျိုးကျေးဇူးဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ အကျိုးကျေးဇူးဟူသည် ကောင်းကျိုးပြုခြင်းပင် ဖြစ်သည်။ ကျေးဇူးတရား အမျိုးမျိုးရှိသည့်အနက် မိဘမေတ္တာ၊ မိဘကျေးဇူးသည် အမွန်မြတ်ဆုံး အမြင့်မြတ်ဆုံး၊ အဖြူစင်ဆုံး၊ အအေးမြဆုံး ဖြစ်သည်။ မိဘကျေးဇူး ကြီးမားမှုကို "မြင်းမိုရ်တောင်နှင့် နှိုင်းယှဉ်လျှင် မြင်းမိုရ်တောင်သည် ဆီးစေ့ပမာဏမျှသာ ရှိသည်။ စကြ၀ဠာနှင့် နှိုင်းယှဉ်လျှင် စကြ၀ဠာသည် သစ်ရွက်မျှသာ ရှိသည်။ သမုဒ္ဒရာနှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာသည် မိုးရေစက် တစ်ပေါက်မျှသာ ရှိသည်ဟု ဆိုရိုးပြုခဲ့သည်။ သို့ဖြစ်၍ မိဘကျေးဇူးကို မြင်းမိုရ်ထက်မြင့်သော ကျေးဇူးဟူ၍ ၀ိသေသ ပြုခဲ့ကြသည်။

မိဘ၏ ကျေးဇူးကြီးမားမှုကို ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်တိုင် မြွက်ကြား မိန့်ဆိုတော်မူခဲ့သည်။ မင်္ဂလသုတ်တော်တွင် မိဘတို့ကို အလုပ်အကျွေးပြုခြင်းသည် ၃၈ ဖြာ မင်္ဂလာတရားတော်များအနက် တစ်ပါးအပါအ၀င် ဖြစ်ကြောင်း၊ မာတာပိတုဂုဏောအနန္တော မိဘကျေးဇူးဟူသည် ဆပ်၍ မကုန်နိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်၏ နုမှာငါးရာ ရင့်မှာတစ်ကျိပ် ဘ၀ဖြစ်စဉ်များတွင်လည်း မိဘကို အသက်သွေးဖြင့် ရင်းနှီးလုပ်ကျွေး ကျေးဇူးဆပ်ခဲ့သည်။ မြတ်စွာဘုရား ဖြစ်တော်မူသည့် အချိန်ကာလတိုင်အောင် အမိဖြစ်သူ မယ်တော်မိနတ်သားအား တရားဓမ္မ ဟောကြား ကျေးဇူးဆပ်တော်မူခဲ့သည်။ ဖခင်သုဒ္ဓေါဒန မင်းကြီးထံသို့လည်း တောလမ်းခရီးမှ ဒေသစာရီကြွချီ၍ ကပိလ၀တ်ပြည်၌ တရားဟောကြား မွေးကျေးဇူး ဆပ်တော်မူခဲ့သည်။ မိဘတို့၏ ကျေးဇူးသည် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဆပ်၍မကုန် ဖြစ်ခဲ့ရသည်အထိ ကျေးဇူးတော် အနန္တရှင်များဖြစ်သည်။ 

မိခင်နှင့် ဖခင်တို့သည် သားသမီးများအတွက် အတိုင်းမသိ အနန္တကျေးဇူးရှင် ဖြစ်သည်။ မိဘနှစ်ပါးသည် သားသမီးတို့အား လူ့ဘ၀ လူ့လောကသို့ ရောက်မလာမီကလ ရေကြည်သန္ဓေ တည်ချိန်မှစတင်၍ ကိုးလလွယ် ၁၀ လဖွားချိန်အထိ မိခင်ဖြစ်သူသည် သန္ဓေသားအတွက် အစားအသောက် အနေအထိုင်မှအစ ဘေးအန္တရာယ်ဖြစ်စေမည့် ကိစ္စအ၀၀တို့ကို ပိုးမွေးသကဲ့သို့ အကြင်နာ မေတ္တာ၊ ကရုဏာတရားတို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ 



ယင်းသို့သော အမိ၏ မေတ္တာတရားနှင့် ကျေးဇူးကြီးမားမှုကို အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့တွင် မာတာမိခင်၊ မစောင့်လျှင်ကား ရှေ့တွင်ကလလ၊ ပထမတွင် ကြေမွပျက်ပြုန်း ဆုံးပါးရာ၏ ဟူ၍လည်းကောင်း၊ ဤသို့ သန္ဓေစွဲကာနေ၍ ၁၀ လစေ့သော် ကြွေ့ြွေက့ဝမ်းသာ မောင့်မျက်နှာကို မာတာမိခင်၊ မြင်ရသောခါ ဥပမာမူ ရတနာမျိုး၊ ရွှေအိုးပဒေသာ၊ ပေါက်ပေလာသည် ဟူ၍လည်းကောင်း မိခင်၏ ပီတိကို ဖော်ကျူးဖွဲ့ဆိုထားသည်။ 

သားသမီးတို့သည် ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ် လူမမည်ဘ၀တွင် မိခင်၏ မေတ္တာနို့ရည်ကို သောက်သုံးကာ ဖခင်၏ မေတ္တာရိပ်ကို ခိုလှုံလျက် တစ်စတစ်စ ကြီးပြင်းခဲ့ရသည်။ မှက်၊ ခြင်၊ ယင် စသော အန္တရာယ် ရောဂါဘယအန္တရာယ်၊ အစားအသောက်၊ အနေအထိုင်မှစ၍ လိုလေသေးမရှိ ကျေးဇူးတော် အနန္တဖြင့် ပြုစုလုပ်စောင့်ရှောက်ခဲ့ကြသည်။ ယင်းသို့သော ကျေးဇူးတရား ကြီးမားမှုကိုလည်း ကိုးခန့်ပျို့တွင် "ရသည့်ပီတိ ရှိခဲ့သည့်ရိုးတွင်း၊ ခြင်ဆီမျှင်းမျှ၊ ချစ်မော်လှလျက်၊ သန်းဖျကြမ်းပိုး၊ မှက်ခြင်မျိုးစ ဟူသမျှလည်း ကိုက်ရမဲ့ပါ၊ မောင့်ကိုသာလျှင် ချမ်းသာစစ်ကြောင်း သမားကောင်းနှင့် ဈေးကောင်းစားစား၊ ရှောင်ရှားအစာ" ဟူ၍ ဖွဲ့ဆိုခဲ့သည်။ 

မိဘတို့၏ သားသမီးအပေါ် ထားရှိသော မေတ္တာတရားသည် အတိုင်းအတာမရှိ ဖြစ်သည်။ မိခင်သည် သားသမီးများစွာအား လိုလေသေးမရှိသော နွေးထွေးမှုမေတ္တာ၊ ကရုဏာ၊ အကြင်နာစသော မုဒိတာတရားများဖြင့် ကိုယ်ကျိုးဟူသမျှ စွန့်လွှတ်၍ သားသမီးတို့၏ အရေးအရာကိုသာ ဦးစားပေး အနစ်နာခံ ဆောင်ရွက်ခဲ့သည်။ ဖခင်ဖြစ်သူကလည်း ပင်ပန်းသည်ဟု အမှတ်မထား၊ စားဝတ်နေရေး ပြည့်စုံစေရန် မျက်နှာမငယ်စေရန်၊ အများနှင့်တန်းတူ ရှိစေရန်၊ အအိပ်ပျက်အစားပျက်၊ နေပူမိုးရွာမရှောင် မေတ္တာတရားဖြင့် ရှာဖွေကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည်။ သားသမီးတို့၏ မျက်နှာကို အရိပ်တကြည့်ကြည့်ဖြင့် ပီတိလွှမ်းခြုံခဲ့ကြသည်။ 


ယင်းသို့သော မိဘတို့၏ အတိုင်းအဆမရှိ မေတ္တာတရားကို "ရင်သွေးဟူက၊ ချစ်မ၀တည်၊ မိဘတံထွာ သားတကာနှင့်၊ တစ်ရာနှစ်ကဲ၊ လည်ချင်းနွှဲလျက်၊ ရောင့်ရဲမထင်၊ စုံမင်ကြင်လျက်၊ ဖြုတ်ခြင်ကိုက်နာ၊ မြူရှိမှာမူ ရံခါတစ်ဆစ်၊ မဖြစ်မေ့ရပ် အသက်ရှည်ကြောင်း ဆုတောင်းဆုယူ၊ အလှူကောင်းမှု၊ ကိုယ်စားပြုလျှက် စသည်ဖြင့် ကိုးခန့်ပျို့ ဆရာတော်ရှင်မဟာရဋ္ဌသာရသည် ဖွဲ့ဆိုသီကုံး ဖော်ထုတ်ခဲ့ပြန်သည်။

မိမိတို့ငယ်ရွယ်စဉ်က ဆင်းရဲဒုက္ခ အမျိုးမျိုးခံကာ ပြုစုပျိုးထောင် စောင့်ရှောက်ပေးခဲ့သော မိဘများသည် အိုမင်း၍ မစွမ်းဆောင်နိုင်သော အရွယ်၌ သားသမီးများသည် လုပ်ကျွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ကုသိုလ်ဒါန ဘာဝနာပွားများစေခြင်း စသည်တို့ဖြင့် မွေးကျေးဇူး ဆပ်ကြရပေမည် . . .

မိဘတို့မည်သည် သားသမီးများအား ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ စွန့်ပစ်ရိုးထုံးစံမရှိပေ။ တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည် သားသမီးဆိုးကို ပစ်ရိုးထုံးစံ မရှိဟူသော ဆိုရိုးစကားသည် မိဘတို့ သားသမီးများအပေါ် ထားရှိသော အနန္တမေတ္တာဖြစ်သည်။ "သားသမီးမကောင်း မိဘခေါင်း၊ သားဆိုးအမေ တပေပေ" ဟူသော ပတ်ဝန်းကျင်၏ ပြောသံဆိုသံ၊ ဝေဖန်သံ၊ ပြစ်တင်သံများကို ခါးစည်း၍ ကြိတ်မှိတ်ခံစား ခဲ့ကြသည့် သားသမီးဆိုးတို့၏ မိဘတို့သည် သားရတနာအတွက် အားမဖြစ်ဘဲ ကျားသတ္တ၀ါပမာ ဒုက္ခတွေ့ကြုံခံစားရသည်။

 သမီးရတနာသည်လည်း "ထီး"သဖွယ်အားမကိုးရတဲ့ "မီး" သဖွယ်ပူလောင်သော သောကကို ခံစားရစေသည်။ သားသမီးတို့သည် မိဘ၏ "ရတနာ"မဟုတ်တော့ဘဲ "ရတာသာနာတာပါ"ဟူသော ဆိုးကျိုးကိုသာ ရစေခဲ့သည်။ သို့သော် မိဘသည် သားဆိုးသမီးဆိုးတို့အပါ် မည်မျှပင် ဒေါသရှိစေကာမူ အတွင်းစိတ်ရင်းတွင် ကရုဏာမပျက်ပေ။ ပြောမရ၊ ဆိုမရ၊ သုံးမရသည့် အဆုံးတွင်မူ ကရုဏာ ဒေါသစိတ်ထားဖြင့်သာ "ဥပေက္ခာ"ပြုတတ်သော်လည်း မည်သည့်အခါမျှ မိဘသည် သားသမီးကို ဒုက္ခမပေးခဲ့ပေ။ 


ဒုက္ခမရောက်စေခဲ့ပေ။ သားသမီးတို့၏ ဒုက္ခကိုသာ မိဘတို့က ခါးစည်းခံစားခဲ့သော အနိဋ္ဌာရုံဖြစ်ရပ်များအနက် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အချိန်က ရာဇဂြိုဟ်ပြည့်ရှင် ဖခင်ဗိမ္ဗိသာရမင်းကြီးနှင့် သားတော် အဇာတသတ်မင်းသားတို့၏ ဖြစ်ရပ်သည် ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်မရွေး သိရှိ၊ ဘ၀သင်ခန်းစာ ယူသင့်သော ဖြစ်ရပ်မှန် သံဝေဂယူဖွယ်ဖြစ်စဉ် တစ်ခုဖြစ်သည်။ 

မိဘဟူသည် သားသမီးတို့၏ လက်ဦးဆရာဖြစ်သည်။ လောကတွင် ရှိသမျှသော ပညာရှိဟူသမျှသည် လည်းကောင်း၊ တိုင်းပြည်ခေါင်းဆောင် ဟူသမျှသည်လည်းကောင်း  ဓနဥစ္စာကြွယ်ဝသူအပေါင်း ဆင်းရဲသားအပေါင်း ဟူသမျှသည်လည်းကောင်း၊ မြင်မြင်သမျှ ဝေနေယျ သတ္တ၀ါအပေါင်းတို့သည် လည်းကောင်း၊ မိဘတို့၏ အမျိုးမျိုးအဖုံဖုံသော ပြုစုစောင့်ရှောက်မှု၊ ကျွေးမွေးထိန်းသိမ်းမှု၊ လမ်းညွှန်ဆုံးမမှုတို့ဖြင့်သာ ပညာရှိဘ၀၊ တိုင်းပြည်ခေါင်းဆောင်ဘ၀၊ သူဌေးသူကြွယ်ဘ၀ဟူ၍ ပေါ်လွင်ထင်ရှားခဲ့ကြသည်။ ဝေနေယျ သတ္တ၀ါအပေါင်းတို့၏ လက်ဦးဆရာသည် မိဘသာလျှင် ဖြစ်ကြောင်းကို " ပညာရှိသူ၊ ဟူဟူသမျှ၊ ယေဘုယျအား နှစ်ပါးမိဘ၊ အမွန်စတည့်၊ ဓနစည်းစိမ်၊ ဂုဏ်သိမ်ပြည့်ပို၊ များပုဂ္ဂိုလ်လည်း၊ ထိုထိုမိဘ၊ အစအမွှန်း ဧကန်ရှိ၏"ဟူ၍ ဖွဲ့ဆိုခဲ့သည်။ 

မိဘဟူသည် သားသမီးများကို မကောင်းမှုမှန်သရွေ့ကို တားမြစ်၍ ကောင်းမှုကိစ္စကိုသာ ညွှန်ကြားသော လက်ဦးဆရာ ဖြစ်မှုကိုလည်း "ဥယျာဉ်ပျိုးသို့ မညှိုးမခေါင်၊ ကြီးပြင်းအောင်လျှင်၊ စောင်စောင်ပျပ်ပျပ်၊ ကွပ်ညှပ်ဆုံးမ၊ သင်ပြသသည်၊ ငယ်က လက်ဦးဆရာတည်း"ဟူ၍ ဖော်ညွှန်းခဲ့သည်။ 

မိဘတွင် အမိသည် အဖထက် သားသမီးအတွက် ပိုမိုအနစ်နာခံလေ့ရှိသည်။ ထိုကြောင့်ပင် မိဘနှစ်ပါး၏ ကျေးဇူးမေတ္တာကို ဖော်ကျူးရာ၌ ဘုရားရှင်ကိုယ်တိုင်ပင် "မာတာပိတု"ဟူ၍ "မာတာအမိ၊ ပိတုအဖ" ဟူသော ဂုဏ်ပြုမှု ၀ိသေသကို "မေတ္တာရေစင်၊ နေ့စဉ်သွင်း၍၊ ထို့ပြင်တစ်ဖြာ၊ ကရုဏာမို့၊ ရွာစေဖြိုးလျက်၊ တိုးတက်စေကြောင်း၊ ဆုမွန်တောင်းကာ၊ သားပုတ္တာနှင့် ကြင်နာရူငြီး၊ ချစ်သမီးကို နည်းနည်းဖုံဖုံ၊ စုံစုံချစ်ခင်၊ မြတ်နိုးကြင်သည်၊ ခေါ်တွင်မိခင် မာတာတည်း"ဟူ၍ ဖွဲ့ဆိုခဲ့သည်။ 

မြင်းမိုရ်တောင်ဦး မကကျူးသော ကျေးဇူးကြီးလှ၊ မိနှင့်ဖကို သားသမီးတို့သည် ကျေးဇူးဆပ်ခြင်းဖြင့် တုံ့ပြန်ရမည် ဖြစ်သည်။ မိမိတို့ငယ်ရွယ်စဉ်က ဆင်းရဲဒုက္ခ အမျိုးမျိုးခံကာ ပြုစုပျိုးထောင် စောင့်ရှောက်ပေးခဲ့သော မိဘများသည် အိုမင်း၍ မစွမ်းဆောင်နိုင်သော အရွယ်၌ သားသမီးများသည် လုပ်ကျွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ကုသိုလ်ဒါန ဘာဝနာပွားများစေခြင်း စသည်တို့ဖြင့် မွေးကျေးဇူး ဆပ်ကြရပေမည်။ 



သားသမီးတို့သည် အိုမင်းသော မိဘများကို ရာသက်ပန် နှစ်ပေါင်းများစွာ ပြုစုကျွေးမွေးသည် ဖြစ်စေကာမူ မိဘကျေးဇူးကို ဆပ်၍မကုန်နိုင်ကြောင်းကို "မိကို ညာက၊ ဘကို လက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့် ကျေးဇူးလှယ့်ပြိုင်၊ မဆပ်နိုင်ခဲ့" ဟူ၍ ဖွဲ့ဆိုတင်ပြခဲ့သည်။ 

ထို့ကြောင့် မိဘကျေးဇူးသည် ဆပ်၍မကုန် ဖြစ်သည်။ သားသမီးတို့သည် မိဘတို့၏ အရိပ်အာဝါသတွင် မကြောင့်မကြ၊ မပူမပင် အေးအေးချမ်းချမ်း၊ သာသာယာယာ၊ တင့်တောင့်တင့်တယ်ဖြင့် နားခိုလျက် ဘ၀ရစုန်ဖြစ်သည်။ စုန်ရေတွင် အကျိုးခံစား လူလားမြောက်ခဲ့ကြရသည်။ ဘ၀တွင် တင့်တင့်တယ်တယ်ဖြစ်လာသော သားသမီးများသည် ဘ၀နေ၀င်ချိန်၊ ဘ၀ဆည်းဆာချိန်သို့ ရောက်နေသော ကျေးဇူးရှင် မိဘများ၏ အားနည်းနေချိန်တွင် မျက်ကွယ်မပြုသင့်ပေ။

 ဆန်ရေအဖြစ် ပြန်လည်ပြုစုလုပ်ကျွေး၍ မွေးကျေးဇူး ကျွေးကျေးဇူး ဆပ်ရမည်ဖြစ်သည်။ ကျေးဇူးတရားကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်လျှင် ကျေးဇူးတော်အနန္တနှင့် ပြည့်စုံသော မိဘ၏ကျေးဇူးကို ပြန်လည်သိတတ်၊ ဆပ်တတ်သော သားသမီးတို့၏ ဆန်ရေမေတ္တာနှင့် ကျေးဇူးသည် အတိုင်းအဆမရှိသော မင်္ဂလာပင် ဖြစ်ပေသည်။


လှမြင့် (ရန်ကုန်တက္ကသိုလ်)


Sunday, November 24, 2013

ကုသိုလ်အလုပ်များ တားမိရင်



ကုသိုလ်အလုပ်များ တားမိရင်

ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါတယ်။ လူတွေက ထင်ကြပါ့မယ်..။

ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ် ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသ လို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။

ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း မဖြစ်မိအောင် ဆင်ခြင်စေလိုတာပါ။

မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ သတိမထားလိုက်မိတဲ့အခါ မှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော် ဟစ်ဆူညံစွာ ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။

သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ် တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။

လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။

သူတစ်ပါးရဲ့ ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာကိုယ့်အလှည့်ကျရင်လည်း တရား အားထုတ်လို့ တရားရတော့မယ့်အချိန်မှာ အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိထားစေချင်တာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့ ဒါနကုသိုလ်တွေကို တားမိတဲ့ အတွက် နောက်ဘ၀ ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ ဖြစ်သွားရတဲ့ အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေ လှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။

အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာ ရှိတဲ့ ဥစ္စာပစ္စည်းတွေ စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါး လှူမယ့် အလှူဒါနကို တားစီးခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။ ဘယ်သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။

ဒီအကြောင်းအရာလေးဟာ တကယ်တော့ သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါး လုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ် အာင် တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေးပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။

နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့ ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။ ယခုမျက် မှာက်ခေတ်က အကြောင်းအရာပါ။

လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေ ဟာ မကောင်းတဲ့ အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေးလို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။

ရဟန်းဝတ်ချင်ပေမယ့် ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။ ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ.. ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။

ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်းတဲ့အခါမှာ မိဘတွေက အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့် အခွင့်အရေးတွေ.. တရား ထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ..နောက်ဘ ၀ရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့် ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။

လူငယ်တွေဘက်ကလည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကိုချည်း မကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး ပြောဆို လုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်းအရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်ထား သိစေချင်ပါတယ်။

အဓိကအနေနဲ့ပြောလိုတာကတော့ သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်တဲ့ အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက် တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။

ဒါ့ကြောင့်လည်း ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေနဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ မတားဖြစ်အောင် ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး.. ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်
ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင် လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။

သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင် သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဝီရဓမ္မ

Saturday, November 23, 2013

လမ်းလည်း လမ်း၊ ပန်းလည်း ပန်းတိုင်

လမ်းလည်း လမ်း၊ ပန်းလည်း ပန်းတိုင်

ဘာဝါဒ အကြောင်း ပြောနေတာလဲ လို့ ခင်ဗျားက မေးတဲ့ အခါ – ကျနော် ပြန်ဖြေရမှာက ~ ဝါဒ၊ ဒဿန အကြောင်း ပြောနေတာ မဟုတ်ဘူး။ နည်းလမ်း ကို ပြောနေတာ သာ ဖြစ်ပါတယ်။ အဲ့ဒါကို ရှင်းအောင် ထပ် ဖြေဖို့ က နည်းနည်း လျာရှည်ရမယ်။

ဝါဒ၊ ဒဿန၊ စနစ် တစ်ရပ် အတွက် က – သူ့ ကို ဝေဖန် နိုင် တယ်။ ဝေဖန် လို့ လည်း ရတယ်။ လေ့လာ ဖို့ အချိန် နည်းနည်းနဲ့ ဆင်ခြေ မေးခွန်း အချို့ လိုမယ်။ အကြောင်း အကျိုး သင့် မသင့် ကိုလည်း ယုတ္တိ အစဉ် အတွေးအမြင် နဲ့ ခြုံယူနိုင်တယ်။ တွေးခေါ် ကြည့် နိုင် တယ်။ တွေးခေါ် ကြည့် လို့ လည်း ရတယ်။ ဒါပေမယ့် “နည်းလမ်း” အတွက် ကတော့ အဲ့လို မဟုတ် ဘူး ။ သူ့ကို တန်း ဝေဖန် လို့ မရဘူး ။ နည်းလမ်း တစ်ခုကို ဝေဖန်ဖို့ အရင်ဆုံး အဲ့ဒီ လူ ဟာ ဒီ နည်းလမ်း ကို လုပ်ကြည့်ဖို့၊ စမ်းကြည့်ဖို့ လိုလာ ပါတယ်။ မလုပ်ကြည့် ဘဲ ဝေဖန်ဖို့ ရာတော့ ခက်ခဲနေလိမ့်မယ်။

စင်စစ် ဝါဒ၊ ဒဿန တစ်ရပ် ဟာ စိတ်ကူးထည် ရဲ့ နယ်ပယ် သာ ဖြစ်တယ်။ ပိုမို ဆီလျော်တဲ့ အဆို (Argument)၊ တွေးဆချက် (hypothesis) တွေ ရှိရင် တစ်ခုပြီး တစ်ခု ထပ်ကာ ထပ်ကာ တည်ဆောက် မယ်။ မေးခွန်း တွေ အထပ်ထပ် မေးမယ်။ အဲ့လိုနဲ့ ဝါဒ၊ ဒဿန ဟာ အဖြေနဲ့ အမေး ကြား အုံနဲ့ ကျင်းနဲ့ တည်ထောင် သွားကြတယ်။ ကမ္ဘာ့ ဒဿန စနစ် အများစု ရဲ့ တဝဲ လည်လည် ဖြစ်ရခြင်း အကြောင်း ဟာ – အဲ့ အတော မသတ်တဲ့ အမေး အဖြေတွေ ကြောင့် ပဲ ဖြစ်ပါတယ်။ မေးခွန်း တစ်ခု အတွက် ဖြေတဲ့ အဖြေရဲ့ နောက်မှာ – နောက်မေးခွန်း တစ်ခုက အဆင်သင့် စောင့်နေတယ်။

ချမ်းမြေ့မှု ဆီ သွားမယ့် လမ်း ဟာ – အမေးအဖြေ နဲ့ တည်ဆောက်တာ မဟုတ်ဘူး။ ဝါဒ၊ ဒဿန – လိုအပ် မနေဘူး။ လိုအပ်တာ ဟာ နည်းလမ်း (ဝါ) လမ်း သာ ဖြစ်ပါတယ်။ တကယ်က ဥပမာ ပေး ထားတဲ့ လမ်း ဆိုတာလည်း မမှန်သေးဘူး။ မမှန် သော်ငြားလည်း ဒီ လမ်း နဲ့ ခရီး ဥပမာ သာ အကောင်းဆုံး ပေးစရာ ရှိတယ်။
ဘာလို့ မမှန်ရလဲ ဆို – လမ်း လို့ ပြော တာနဲ့ အများစု အမြင်က – လမ်းရဲ့ အဆုံးမှာ ပန်းတိုင် ရှိပါတယ်။ တစ်နေရာရာ မှာ နိဂုံးကမ္ပတ် အဆုံးသတ် ရလိမ့် မယ်။ ဒါ့အပြင် အဲ့ နိဂုံးကို ရောက် ဖို့ လျောက်ရမယ့် ဒီခရီးဟာ အချိန်ကာလ တစ်ခု လိုအပ်တယ်။ ကာလ အတိုင်း အတာ တစ်ခု နဲ့ လျောက်လှမ်း ရလိမ့်မယ်။ လမ်း ခရီးမှာ – အမှတ်အသား အဖြစ် – မိုင်တိုင် မှတ်တိုင် တွေ ဖြတ်သန်း ရ လိမ့်ဦးမယ်။
ဒါပေမယ့် – သစ္စာတရား အတွက် သုံးတဲ့ လမ်း ကတော့ အဲ့လို မဟုတ်ဘူး။ လမ်း ဟုတ်ပေမယ့် အခြားက ပန်းတိုင် မဟုတ်ဘူး။ ပန်းတိုင် က အဝေးမှာ၊ တစ်နေရာမှာ မဟုတ်ဘူး။ ဇင်မှာ သုံးတဲ့ စကားနဲ့ ဆိုရရင် – “လမ်း ကိုယ်တိုင် က ပန်းတိုင် ဖြစ်ပါတယ်။” ဒါ့ကြောင့် – ဒီ လမ်း အတွက် လမ်းသာ လျှင် အဆုံး ရှိတယ်။ အချိန် ကာလ နဲ့ အဆုံးမသတ် ဘူး။ လမ်း ဆိုတာ – အခြားသူ လျောက် ရုံ နဲ့ မိမိ မရောက်သွားနိုင် ဘူး မဟုတ်လား။ မိမိ ကိုယ်တိုင် သာ လျောက်ရ တယ်။ မိမိသာလျှင် အထီးတည်း ဖြစ်တယ်။
မိမိ ဒီမှာ ဖြေလိုတဲ့ – ဘာဝနာ/ သတိပဋ္ဌာန်/ ဝိပဿနာ ဟာ အထက်က ဆိုခဲ့သလို၊ လမ်း လည်း ဖြစ်တယ်။ ပန်းတိုင် လည်း ဖြစ် ပါတယ်။ (တစ်နည်း) ဘာဝနာ ဟာ ဝါဒ လည်း မဟုတ်ဘူး။ ဒဿန လည်း မဟုတ်ဘူး။ ဒါ့ကြောင့် “ဘာဝနာ” အတွက် မျက်ကန်း ယုံ၊ ယုံကြည်နေ စရာ သီးခြား မလိုဘူး။၊

 စိန္တာမယ တွေးဆ နေစရာ သီးခြား မလိုအပ် ဘူး။ နည်းလမ်း ဖြစ်တာကြောင့် စမ်းကြည့် မှသာ သိပါတယ်။ ပါဠိ အားဖြင့် ဧဟိပဿိက လို့ ခေါ်မယ်။ ကိုယ်နှိုက်က ပန်းတိုင် ဖြစ်တဲ့ ဒီလမ်း အတွက် – အခု စမ်း၊ အခု သိရတာ မို့လည်း – အကာလိက – လို့ ခေါ်ဆို ပါတယ်။ အဲ့ဒီ အဖြစ် ကို ဝါဒ လို၊ ဒဿန လို တွေးဆ နေရင်၊ စာအုပ် ပိုက်၊ မြေပုံကိုင်ပြီး လမ်းမလျောက်တဲ့ သူလိုပဲ။ ကိုယ်တိုင် မလျောက်ရင် ဘယ်မှ မရောက်ဘူး။ သန္ဒိဋ္ဌိက – ကိုယ်ကိုယ်တိုင် လျှောက်မှသာ ရောက်တယ်။

 ဇေယျ

Friday, November 22, 2013

စကားပြောတတ်မှ နိဗ္ဗာန်ရ

စကားပြောတတ်မှ နိဗ္ဗာန်ရ


ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့ အတွက် နေ့စဉ် လူမှု စကားအသုံးအနှုံးအများစုတွင် ဗုဒ္ဓဘုရားအဆုံးအမ များ စိမ့်ဝင်ပြန့်နှံ့ နေသည် ကိုတွေ့ရပါတယ်။ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကို ပယ် နှစ်ခွန်း တွယ် ဆိုတဲ့ စကား ရှိပါတယ်။ အဲဒီစကား လုံးများက ဗုဒ္ဓမြတ်ဘုရား ရဲ့ သုဂတ ဂုဏ်တော် နှင့်တိုက် ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ 

သုဂတော အနက် နှစ်ချက် က သုဂတော- ဟုတ်မှန် ကျိုးများ ကြိုက် မကြိုက်အားဖြင့် နှစ်ပါး သော စကား ကောင်း ကိုသာ ပြောဆိုတတ်သော မြတ်စွာဘုရား၊ သုဂတော- နိဗ္ဗာန် သို့ ကောင်းစွာ ကြွသွား တော် မူသော မြတ်စွာဘုရား .ဖြစ်ပါတယ်။ အဲဒီအထဲက နှစ်ပါးသော စကား ကောင်းဆိုတာကို ၊

မစ္ဇျိမ ပဏ္ဏာသ ပါဠိတော် မှာ.
(၁) ဟုတ်မှန် ၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား၊
(၂) ဟုတ်မှန် ၍ အကျိုးရှိပြီး သူများ မနာလိုသော စကား၊
(၃) ဟုတ်မှန် ၍ အကျိုးမရှိ သူများလည်း မကြားနာ လိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများ ကြားနာလိုသော စကား၊
(၅) မဟုတ် မမှန် အကျိုးမရှိ သူများ ကြားနာလိုသော စကား၊
(၆) မဟုတ် မမှန် အကျိုးလည်းမရှိ သူများလည်း မကြားနာလိုသော စကား၊ ဟူသော ဤ စကား ခြောက်ခွန်းတွင် ဘုရားရှင် တို့မှာ ပ- ဒု စကား နှစ်ခွန်းကို သာ သင့်လျော်သလို သုံးစွဲတော်မူကြပြီး၊ နောက်လေးခွန်း ကို လုံးဝ ပြောဆိုခြင်း မပြုဟု ဆိုပါတယ်။

မိမိက ကောင်းသော အကျိုးရှိသော စကားကို ပြောဆိုနေစေကာမူ နားထောင်သူ တစ်ပါး၏ စရိုက် နှင့် ကိုက်ညီမှ သာ အဲဒီစကားကို အလိုက်သင့် လက်ခံ သဘောကျပေလိမ့်မယ်။ စကားပြောရာ တိုက်တွန်း ရာ ၌ ကောင်းမွန် သည်ပင် ဖြစ်စေကာမူ နားထောင်သူ အလို အကြိုက်စရိုက် နှင့် မကိုက်ညီပါမူ မကောင်းသော စကားဟု အထင်ခံရတတ်ကြောင်း ဒုက္ကထာသုတ် (အံ-၅-ပါ-၁၅၉)မှာ ဖေါ်ပြထားပါတယ်။

(၁) သဒ္ဓါတရား မရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား.
(၂) သီလ မရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကား၊
(၃) အကြားအမြင်နည်းပါးသူအား အကြားအမြင် များမှုနှင့် စပ်သော စကားသည် မကောင်းသော စကား၊
(၄) ၀န်တိုသူအား စွန့်ကြဲမှု နှင့် စပ်သော စကားသည် မကောင်းသော စကား ၊
(၅) ပညာမရှိသူအား ပညာနှင့် စပ်သော စကားသည် မကောင်းသော စကား .အဖြစ်အထင်ခံရကြောင်း နှင့်

အပြန်အလှန်အားဖြင့် နားထောင်သူရဲ့ အလို အကြိုက် စရိုက်နဲ့ ကိုက်ညီလျှင်မူ ထိုသူအတွက် စကားကောင်းဖြစ် ရပြန်တယ်။ ဒီတော့
(၁) သဒ္ဓါတရား ရှိသူ အတွက် သဒ္ဓါ တရား နှင့်စပ်တဲ့စကား သည် စကားကောင်း..
(၂) သီလ ရှိသူအတွက် သီလတရားနှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၃) အကြားအမြင် များသူအတွက် အကြားအမြင်ဗဟုသုတ နှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၄) စွန့်ကြဲမှု ရှိသူအတွက် ပေးကမ်းစွန့်ကြဲမှု နှင့်စပ်တဲ့စကားသည် စကားကောင်း၊
(၅) ပညာ ရှိသူအတွက် ပညာ နှင့် စပ်တဲ့စကား ဟာ စကားကောင်းဖြစ်တယ်။

မိမိမှာ ရှိနေတဲ. သဒ္ဓါ.သီလ.ဗဟုသုတ.စာဂ .ပညာ စတဲ့ အရာကို ပြောကြားလာရင် ထိုအရာတွေနှင့် ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းမြောက်မှု ကို ရတယ်။ ဒါကြောင့် အဆိုပါ ပုဂ္ဂိုလ်ငါးမျိုး တို့ အားပြောအပ်တဲ့ စကား သည် ပုဂ္ဂိုလ် အစားစား ကို လိုက်၍ ကောင်းတဲ့စကား ဖြစ်လာရတယ် လို့ ဘုရားရှင်က ညွှန်ပြဟောဆိုပါတယ်။

ဒါ့အပြင် စကားကောင်း တို့ရဲ့ အင်္ဂါ (၄) ပါးကို သဂါထာဝဂ္ဂ သံယုတ် ၊ သုဘာသိတ သုတ်မှာ ဆိုထားပါသေးတယ်။
ကောင်းစွာဆိုအပ်တဲ့စကား၊ မကောင်းသဖြင့် ဆိုအပ်တဲ့ စကားမမည်၊ အပြစ်လည်း မရှိ၊ ပညာ ရှိတို့ မကဲ့ရဲ့အပ် တဲ့စကား (ပညာနုံဖျင်း လူ့ဗာလ နှင့် ဘာသာခြားတို့ ကဲ့ရဲ့ချင် ကဲ့ရဲ့ပါစေ) လို့ညွှန်ပြထားတာက..
(၁) ကောင်းစွာ ဆိုအပ် တဲ့ စကား၊
(၂) တရားနှင့် ညီသော စကား၊
(၃) ချစ်ခင်ဖွယ် သော စကား၊
(၄) မှန်သော စကား၊

အဲဒီ ၄ ပါးမှာ (၁) က ပထမ အမြတ်ဆုံး စကား (ဟုတ်မှန် ကျိုးများ ကြိုက်မကြိက် .ဆိုသော စကား) ၊ (၂) (၃)(၄) ကား အစဉ်အတိုင်း အမြတ်စကား ဟု ဘုရားရှင် ညွှန်ပြတော်မူပါတယ်။

စကားဆိုတာ လူတိုင်း ပြောဆိုနေကြတာပါ။ ပြော သာ ပြော နေတယ်။ မတတ်တာ က စကား လို့ ဆိုကြပါသေးတယ်။ ဘာကြောင့်လဲ…စကားကောင်း မပြောတတ်တဲ့အတွက် ဟု ပင် ဆိုရပါလိမ့်မယ်။

စကားပြောသူနှင့် စပ်ပြီး ပုဂ္ဂိုလ် သုံး မျိုး ရှိကြောင်း ဂူထဘာဏီ သုတ်(အံ-၃-ပါ-၁၂၅) မှာ ဆိုထားပါတယ်။ အချို့
က မြင်တာ ကို မမြင်ဘူး၊ မြင်တာကိုမြင်တယ် စသည်ဖြင့် မုသာဝါဒ ကိုရေလဲ သုံး တတ်တဲ့ သူမျိုး၊ လာဘ်ပေးလာဘ်ယူ မတရားသက်သေလိုက် တတ်တဲ့သူမျိုးများ၊ ၊မုသား မပါ လင်္ကာမချော လို့လည်း သူတို့ရဲ့ အပြစ်ကိုကာဗာ လုပ်တတ်သူ များ ရှိပါတယ်။ အဲဒီသူမျိုးကိုတော့ မစင် ကဲ့သို့ မကောင်းသော အနံ့ ရှိသော စကား ကို ဆိုတတ် သူ- ဂူထဘာဏီ ပုဂ္ဂိုလ် တဲ့။

အချို့ ကတော့ မြင်တာ ကိုမြင်တယ်၊ မမြင်တာ ကို မမြင်ဘူး၊ ဟု မှန်မှန်ကန်ကန် ပြောဆိုတတ်သူများရှိပါတယ်။ အပြစ်လုပ်မိရင်လည်း ၀န်ခံ တယ်။ သိလျက် မမှန်တဲ့ စကားကို မပြော ဆို။ ထိုသူများကိုတော့ ပန်းကဲ့ သို့ ကောင်းသော အနံ့ ရှိသော စကားကို ပြောတတ်သူ - ပုပ္ဖဘာဏီ ပုဂ္ဂိုလ် ။

နောက်ဆုံး တစ်မျိုးကတော့ အပြစ်ကင်းတဲ့စကား၊ နှစ်လိုဖွယ် စကား ၊ ယဉ်ယဉ်ကျေးကျေး ပြော တတ်တယ်။ ထိုသူများကိုတော့ ပျားကဲ့ သို့ချိုသာ စကားကို ဆိုတတ်သူ - မဓုဘာဏီ ပုဂ္ဂိုလ် ဟု ဘုရားရှင် မိန့်ဆိုတော် မူပါ တယ်။

နေ့စဉ် လူမှု ဆက်ဆံ ရေးနယ်ပယ်၊ တစ်ဦးနှင့် တစ်ဦး စကားပြောဆို ဆက်ဆံ ရာမှာ ဘယ်နည်းဘယ်ပုံ စကားကို ပြောရမယ်။ ဘယ်လိုဘယ်ပုံ မပြောသင့်ဘူး၊ ဘယ်လိုမျိုး စကား ပြောသူ ကို ရှောင်၊ ဘယ်လိုမျိုး စကားကို ပြောရင် လူအများရဲ့ ချစ်ခင် နှစ်သက် မှု ကို ရပြီး လူမှု ဆက်ဆံ ရေးမှာ အောင်မြင် နိုင်မယ်…စသည်ဖြင့် ပိဋကတ် တော်ထဲမှာ အသေးစိတ် နည်းပေး ညွှန်ပြထားတာ တွေ့နိုင်ပါတယ်။ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာဖို့ သင်ယူလေ့ကျင့်ကြဖို့ လိုအပ်မယ် လို့ထင်ပါတယ်။

စကားပြောကောင်းခြင်းဖြင့် နေ့စဉ် လူမှု ဆက်ဆံရေမှာ အဆင်ပြေအောင်မြင်ခြင်း၊ အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ လုပ်ငန်းအဆင်ပြေချောမွေ့ခြင်း၊ အများရဲ့ ချစ်ခင်လေးစားမှု ရရှိခြင်း စတဲ့ လက်ငင်းအကျိုးများသာမက နိဗ္ဗာန် မ၈်ဖိုလ် ပန်းတိုင် သို့ပင် ပို့ဆောင်ပေးနိုင်တယ် လို့ ဆိုရင် ပိုလွန်းသည် ဟု တစ်ချို့က ဆိုချင် ဆိုကြပါလိမ့်မယ်။

ဆက်ပါဦးမယ်..
ဘုရားပွင့်တော်မူလာခြင်းက လောက သားအားလုံး ဆင်းရဲကင်းပျောက်ချမ်းသာရောက်ဖို့ အတွက်ဖြစ်ပြီး ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား နှင့် ဆင်းရဲငြိမ်းရာအမှန်တရား နှင့် ဆင်းရဲကင်းပျောက်ချမ်းသာရောက် စေနိုင်တဲ့လမ်းစဉ် ကျင့်စဉ် တရား ကိုညွှန်ပြခဲ့ပါတယ်။ သစ္စာလေး ပါး လို့သိနားလည်တဲ့အရာပါပဲ။ အဲဒီအထဲက နိဗ္ဗာန်ရောက်စေတဲ့ လမ်းစဉ်အဖြစ် မဂ္ဂင် ရှစ်ပါး ကိုဟောဖေါ်ညွှန်ပြတော်မူပါတယ်။

 မဂ္ဂင် ရှစ်ပါး ကို အကျဉ်းချုပ်လိုက် ပါ က သီလ၊ သမာဓိ၊ ပညာ ဤ သုံးပါး ရပါတယ်။ ထိုတွင်. သီလ မရှိရင် သမာဓိ မတည်၊ သမာဓိ မတည် လျှင် ပညာ မဖြစ် ၊ ပညာ မပ်ါလျှင် နိဗ္ဗာန် ရောက်ရိုး ထုံးစံ မရှိရကား၊ သီလ တရားသည် နိဗ္ဗာန် ရကြောင်း အခြေခံ ပင် ဖြစ်နေပါ၏။ သီလ မဂ္ဂင်များ စုံညီရေးအတွက် သမ္မာ ၀ါစာ သည် မရှိမဖြစ် အရေးပါနေပါ၏။ 

 စကားမပြောတတ်လျှင် သမ္မာ ၀ါစာမဖြစ်၊ သမ္မာ ၀ါစာ မဖြစ်လျှင် မဂ္ဂင် မရထိုက်၊ မဂ္ဂင် မရ ထိုက်လျှင် မဂ် မဆိုက်နိုင်၊မဂ် မဆိုက်လျှင် နိဗ္ဗာန် မရ နိုင် ဖြစ်ရ လေသောကြောင့် - စကားပြောတတ်မှ နိဗ္ဗာန်ရ၊ နိဗ္ဗာန် ရချင် စကားကောင်းပြောတတ်သူ ဖြစ်အောင် သင် ဟု သာ ညွှန်းဆိုလိုက်ရပါ သတည်း။ ။


by Ashin Kumara

Thursday, November 21, 2013

ကြောက်စရာ့ အကြွေး

ကြောက်စရာ့ အကြွေး


မိုးဦးကျရာသီ၏ တခုသော နံနက်အစောတွင်ဖြစ်သည်။ မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံကြားသည်နှင့် အိပ်ရာမှထခဲ့သည်။
ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်းထုပ်ပေးရန် မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ်-
လှလူရေ-ဟေ လှလူ၊ ခွေးကြည့်ပါဦး။

ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
ဟဲ့--စောစောစီးစီး ဘယ်သူများလဲလို့ အေးဘုံကိုး၊ ဘာအရေးကြီးကိစ္စရှိလို့တုန်း။
ဒီမနက် နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက် ချေးပါဦး၊ နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။

နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင် သုံးဆတိုးပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကို နှမ်းနှစ်ပြည်ချိန်ပေးလိုက်သည်။
မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသော သားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင် နေသည်။

သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော်ကလေးကောင်းသည်။ တချို့နေရာများတွင် အ၀ါရောင်ဖက် သန်းနေပြီ၊ မကြာမီ ရိတ်သိမ်းရတော့မည်။ မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော်မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။
ခုတလော မအေးဘုံတယောက် နေ့စဉ်လိုလို နှမ်းခင်းသွားကြည့်သည်။

 ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ်-
အမယ်လေး၊ ဘာကောင်ကိုက်မှန်းမသိဘူး။
မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ ၀ဲဘက်ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေးတကောင်ကို တွေ့ရသည်။

 မအေးဘုံ မျက်လုံးအိမ်တခုလုံး ပြာဝေသွားခဲ့သည်။ မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလားထင်ရသည်။ ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ် ရုတ်ချည်းခွေလဲကျသွားခဲ့လေသည်။
 မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။

သည်နေ့ည ဘယ်လိုဖြစ်နေသည် မသိ။ မလှလူတယောက် အိပ်၍ မပျော်ဘဲဖြစ်နေသည်။ ညလုံး နီးပါး မျက်စိများက ကြောင်နေသည်။ လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။
လှလူ၊ ငါ ညည်းတို့နဲ့ လာနေမယ်နော်၊ ညည်းကြိုက်သလို ခိုင်းပါအေ၊ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။

အသံက မအေးဘုံအသံ၊ မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ် ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတကောင် ဖြစ်နေသည်။
နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှထခဲ့သည်။ ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တ၀ကြီး သောက်အပြီး-

အေးဘုံရယ်၊ နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့။ ငါ ကျေနပ်ပါတယ်။
အို-ဘုရား၊ ဘုရားတပည့်တော်မ အိပ်မက်မဟုတ်ပါစေနဲ့ လွဲပါစေ ဖယ်ပါစေ။
မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီး သားတင်သွားခဲ့သည်။ တိုက်ဆိုင်မှုဟု ဆိုရမည်လားမသိ။ ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက  နွားမလေးအတိုင်း ပုံတူမွေးလာခဲ့လေသည်။

မလှလူသည် မအေးဘုံတဖြစ်လဲ နွားမလေးကို ဘာမှ မခိုင်းဘဲ ဘေးမဲ့ပေးထားခဲ့သည်။ သို့သော် နွားမလေးက အလကားမနေဘဲ အိမ်ရှိ ပစ္စည်းများကို စောင့်ရှောက်သည်။ ညညဆို အိပ်သည် မရှိ၊ ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။

နွားမလေးသည် မလှလူတို့ မိသားစုအပေါ် လူတဦးတယောက်ပမာ အလိုက်သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ်နေခဲ့သည်။ ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကား ကြောက်စရာပင်ဖြစ်ပါတော့ သတည်း။

ခင်မောင်တင် (၀ဲလောင်)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ) 

Wednesday, November 20, 2013

စိမ်းစော်နံသော တရား

စိမ်းစော်နံသော တရား

စွယ်စုံကျော်ထင်ကျမ်း၌-
အပြစ်ခပ်သိမ်း၊ လောင်ရှိန်းရှိန်း၊ စိမ်းစော်နံတရား ဘယ်မျှနည်း-ဟူ၍ ကျည်းကန်ရှင်ကြီးက မေးသည်ကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက သုတ္တနိပါတ် ပါဠိတော်လာ အာမဂန္ဓသုတ်ကို ထုတ်ဆောင်၍
ဖြေတော်မူသည်။ 

အာမဂန္ဓသုတ်ကား ဤသို့တည်း-
ဘုရားပွင့်တော်မမူသေးသော ကာလ၌ကပင်လျှင် အာမဂန္ဓအမည်ရှိသော ပုဏ္ဏားသည် ရွယ်တူ ပုဏ္ဏားလုလင် ငါးရာတို့နှင့်အတူ ရသေ့ရဟန်းပြု၍ တခုသောတောအုပ် တောင်ခြေ၌ ကျောင်းသင်္ခမ်းနှင့်နေ၏။ ထိုရသေ့သည် အမဲသားငါးစားခြင်းကို အပြစ်ရှိသည်ဟု အယူရှိပြီး သစ်ရွက် သစ်သီးကိုသာ စားသောက်နေထိုင်သည်။ လူတို့စားသော ချဉ်ဆားကိုသော်မှ မသုံးဆောင်၊ ထို့ကြောင့် ကာလကြာသော် ဖျော့တော့ ပန်းဟိုက် အနာရောဂါတို့ဆိုက်သဖြင့် ချဉ်ဆားအလို့ငှါ ပစ္စန္တရွာသို့ ရောက်လာသည်။


ရွာသားတို့လည်း ကြည်ညိုလှ၍ ရွာအနီး၌ ကျောင်းဆောက်လှူဒါန်းကာ ပစ္စည်းလေးပါးဖြင့် ပူဇော်ကြသည်။ သို့ရာတွင် ရသေ့တို့သည် မိုးလေးလလွန်သော် တောသို့ဝင်အံ့-ဟု ရွာသားတို့အား တောင်းပန်ကာ ယခင်နေမြဲကျောင်းသို့ ပြန်သွားသည်။ မိုကျပြန်သော် ရွာအနီးသို့ ပြန်ကပ်သည်။ ရွာသားတို့ကလည်း မြတ်နိုးတနာ ချီးမြှောက်ပူဇော်ကြသည်။


ဤသို့နေရင်း ရှစ်နှစ်ခန့်ကြာသော် ဘုရားပွင့်တော်မူသည်။ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် ရသေ့တို့၏ ကျွတ်အံ့သောအကြောင်းကို မြင်၍ သံဃာများနဲ့အတူ ထိုပစ္စန္တရွာသို့ ကြွတော်မူသည်။ ရွာသားတို့လည်း ဘုရားအမှူးရှိသော သံဃာတော်တို့ကို အလှူပေး၍ တရားတော်ကို နာယူကြသည်။ ဘုရားက ရွာသားတို့၏ အဇ္ဈာသယအလျောက် တရားပြတော်မူရာ သောတာပန်တည်သူတည်၊ သကဒါဂါမ် တည်သူတည်၊ အနာဂါမ် တည်သူတည်ကြသည်၊ အချို့ရဟန်းပြု၍ ဘုရားနောက်တော်က လိုက်သည်။


ရသေ့တို့လည်း မိုးကျသော် မိုးလေးလခိုရန် ရွာသို့ကပ်လာပြန်သည်။ သို့ရာတွင် ရွာသားတို့သည် ရှေးကကဲ့သို့ အုတ်အုတ်ကျက်ကျက် မပူဇော်ကြတော့ကုန်။


ရသေ့တို့က ဤသို့ ရှေးကနှင့်မတူခြင်းအတွက် ရွာသားတို့အား 
အချင်းတို့-မင်း, ခိုးသူနှိပ်စက်၍လော၊ ငါတို့ထက် သီလ သမာဓိ ပညာ သာသောပုဂ္ဂိုလ် ရောက်လာသဖြင့် ဆရာသစ်ရ၍လော-ဟု မေးသည်။
ထိုအခါ ရွာသားတို့က အပ္ပဋိပုဂ္ဂလ ဖြစ်တော်မူသော ဘုရားရှင် ကျွန်ုပ်တို့ထံ ကြွရောက်တော်မူသဖြင့် တရားတော်ကို နာယူရသည်။ ယင်းသို့သော ဆရာမြတ်ကို ဆည်းကပ်ရ၍ အရှင်တို့အား သင့်ရုံသာ ပူဇော်ခြင်းဖြစ်ကြောင်း ရှင်းပြကြသည်။


ထိုအခါ အာမဂန္ဓရသေ့တို့လည်း လွန်စွာဝမ်းမြောက်လှ၍ ဒါယကာတို့-ဘုရားဟူသောစကားကို ကြားရရုံမျှပင် အတိဒုလ္လဘ ဖြစ်သေးသည်။ ဖူးတွေ့ရသော်ကား အဆမတန်သော ကုသိုလ်မင်္ဂလာတည်း။ သို့ရာတွင် ဘုရားရှင်သည် အမဲသားငါးတို့ကို စားပါသလော-ဟု မေးလေသည်။ ရွာသားများက စားကြောင်း-ဖြေသည့်အခါ ရသေ့တို့သည် စိတ်နှလုံးမရွှင် ဖြစ်သွားသည်။


သို့ရာတွင် ဘုရားဟူသည်ကား အလွန်ရခဲ၏။ အယူအကျင့် သင့်မသင့်ကို မေးလျှောက်၍ သိအောင်ပြုအံ့ဟု ကြံပြီး ဘုရားရှိရာ သာဝတ္ထိပြည်သို့ မိမိတို့၏ တပည့်ရသေ့ပရိသတ်နှင့်အတူ သွားရောက်ကာ ဘုရားရှင်
ရှေ့မှောက်သို့ ဝင်သည်။


အာမဂန္ဓရသေ့က ဘုရားရှင်အား ဘုန်းတော်ကြီးလှသော အရှင်ဘုရား၊ အရှင်မြတ်သည် စိမ်းစော်ညှီစော်နံသော အာမဂန္ဓများကို စားပါသလော-ဟု မေးလျှောက်လေသည်။ 
ဘုရားက အာမဂန္ဓ-ဟူသည် အဘယ်နည်းဟု မေးသော် ရသေ့က-အရှင်ဘုရား-သားငါးတို့၏ အသားအရသာတည်း-ဟု ဖြေသည်။


ထိုအခါ ဘုရားရှင်က သင်ရသေ့, သင်သာလျှင် အာမဂန္ဓကို မေးလျှောက်သည်မဟုတ်၊  ရှေးအခါ တိဿမည်သော ပုဏ္ဏားသည်လည်း ကဿပဘုရားရှင်အား မေးလျှောက်၍ ကဿပဘုရားရှင်သည် ဖြေတော်မူရဖူးလေပြီ-ဟူ၍ မိန့်ကြားကာ
ပါဏာတိပါတော ဝဓနဆေဒ ဗန္ဓနံ-အစချီသော ၁၂-ဂါထာတို့ဖြင့် တန်ဆာဆင်သည့် အာမဂန္ဓသုတ်ကို
ဟောကြားတော်မူသည်။
သူ့အသက်သတ်ခြင်း၊ သတ္တဝါတို့အား လှံကန်စသည်ဖြင့် ပုတ်ခတ်ခြင်း၊ လက်ခြေအင်္ဂါကို ဖြတ်ခြင်း အစရှိသော စိမ်းစော်နံသော တရား ၄၂-ပါးတို့ကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ၃၃-ပါး၊ ဓမ္မဓိဋ္ဌာန်အားဖြင့် ၉-ပါး ခွဲခြား၍ ဟောကြားတော်မူသည်။

ဘုရားက ဖော်ပြပါ သူ့အသက်သတ်ခြင်းစသော ၁၀-ပါးသော အယုတ်တရားတို့ကို ကျင့်ခြင်းသည် ညှီနံ့လှောင် လှောင်း မကောင်းသော  ဆိပ်နံ့ စိမ်းနံ့ အပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့ စိမ်းနံ့ ပုပ်နံ့ မဟုတ်ဟု ဟောသည်။
အမိ,အရီး, အမကြီး အစရှိသော ကာမဂုဏ်တို့၌ မစောင့်စည်းခြင်း၊ ရသာရုံ၌ မက်မောခြင်း အစရှိသော ခြောက်ပါးသောအကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ဟု ဟောသည်။


ကိုယ်ပင်ပန်းအောင် အစားရှောင်၍ ကျင့်ခြင်းအစရှိသော ငါးပါးသော အကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ဟု ဟောသည်။
ဤသို့ဖြင့် ဘုရားက ၁၀-ပါး၊ ၆-ပါး၊ ၅-ပါး အားဖြင့် ၂၁-ပါး အရေအတွက်ရှိသော တရားတို့ကို ပုဂ္ဂလဓိဋ္ဌာန ဒေသနာနည်းဖြင့် ဟောကြားကာ ယင်းတို့သည်သာ ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ရှိသော တရားများဖြစ်ကြောင်း ဟောသည်။


ထိုနောက် ဓမ္မဓိဋ္ဌာန်နည်းဖြင့် အမျက်ထွက်ခြင်း၊ မာန်ယစ်ခြင်း ခက်ထန်ခိုင်မာခြင်း အစရှိသော ၉-ပါးသော စိမ်းစော်နံတရားတို့ကို ဟောပြန်သည်။
တဖန် ပုဂ္ဂလဓိဋ္ဌာန်နည်းဖြင့် သတ္တဝါတို့အား အလိုရှိတိုင်း သတ်ခြင်း၊ သူတပါးဥစ္စာကိုယူပြီး ဥစ္စာရှင်ကို ညှဉ်းဆဲခြင်း အစရှိသော ၆-ပါးသော အကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ကြောင်း ဟောပြန်သည်။


မြတ်စွာဘုရားက ထိုသို့ ပုဂ္ဂလဓိဋ္ဌာနနည်းဖြင့် ဟောအပ်သော အကျင့် ၃၃-ပါး၊ ဓမ္မဓိဋ္ဌာန်နည်းဖြင့် ဟောအပ်သော အကျင့် ၉-ပါး၊ စုစုပေါင်း ၄၂-ပါးသော အကျင့်တို့သည်သာလျှင် ဆိပ်နံ့, စိမ်းနံ့,ပုပ်နံ့မည်၏။  သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်သည်သာတည်း ဟူ၍၄င်း၊ အသင် ပုဏ္ဏား အမဲသားငါး မစားခြင်းသည် ယုံမှားခြင်းကို မကူးမြောက်နိုင် အစာမစားခြင်း၊ အဝတ်မဆည်းခြင်း၊ ဦးပြည်းရိတ်ခြင်း၊ ဆံကျစ်၌ မြူကပ်အောင်နေခြင်း တို့ဖြင့် သတ္တဝါကို မစင်စေနိုင်။ မသေသောအဖြစ်ကို တောင့်တသည့်အကျင့်၊ ဗေဒင်၊ မီးပူဇော်ခြင်း၊ ယစ်ပူဇော်ခြင်း စသည်ဖြင့်လည်း ယုံမှားခြင်းကို မကူးမြောက်နိုင်။ သတ္တဝါကို မစင်စေနိုင်။


အသင်ပုဏ္ဏား၊ အကြင် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ ရှိသော အကျင့်တရားတို့ကို လုံခြုံစွာ စောင့်စည်းသော အားဖြင့်သာလျှင် သစ္စာလေးပါးတရား၌ အရိယာမဂ်ဖြင့် တည်နိုင်သည်။ ခပ်သိမ်းသော ဝဋ်ဒက္ခမှ ကင်းနိုင်သည်ဟူ၍ ကဿပဘုရားရှင်က ဟောကြားတော်မူဖူးခဲ့ပြီးဖြစ်ကြောင်း ဘုရားရှင်က အာမဂန္ဓ ရသေ့ကို ဟောကြားတော်မူလေသည်။


သက်သတ်လွတ် စားရုံမျှနှင့် ဝဋ်ဇာတ်ကို မသိမ်းနိုင်၊ ဓီရော-အရဟတ္တဖိုလ် ပညာရှိသည်ဖြစ်၍၊ ဒိဋ္ဌသုတေသု-မြင်အပ် ကြားအပ်သော အာရုံတို့၌၊ နလိမ္ပတိ-မလိမ်းမကျံ, သောအခါမှာသာလျှင် ဝဋ်ဇာတ်ကို သိမ်းနိုင်မည်ဖြစ်ကြောင်း အာမဂန္ဓသုတ်တွင် ဆိုလေသည်။


ထို့ကြောင့် အပြစ်ခပ်သိမ်း၊ လောင်ရှိန်းရှိန်း၊ စိမ်းစော်နံတရား ဘယ်မျှနည်း-ဟူသော ကျည်းကန်ရှင်ကြီး၏အမေးကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးက ထိုအာမဂန္ဓသုတ်လာ ၄၂-ပါးသော တရားတို့သည် ပစ္စုပ္ပန်ဘေး တမလွန်ဘေးတည်းဟူသော မီးသည် ညီးညီးပြောင်ပြောင် ရှိန်ရှိန်လောင်သော စိမ်းစော်နံတရားမည်ကုန်၏ဟု စွယ်စုံကျော်ထင်ကျမ်း ပုစ္ဆာနံပါတ် (၃၃၈)ကို ဖြေကြားထားလေသည်။
(စိမ်းစော်နံတရား ၄၂-ပါးအကျယ်ကို ထိုကျမ်း၌ ကြည့်ပါလေ)


ဦးတင်ဦး(ကျူရှင်)
( လုံမလေး ၂၀၀၆-ခု နိုဝင်ဘာလ) 

Tuesday, November 19, 2013

ကဲ့ရဲ့လွတ်သူ အိုဘယ့်လူ မည်သူရှိအံ့နည်း

ကဲ့ရဲ့လွတ်သူ အိုဘယ့်လူ မည်သူရှိအံ့နည်း


လောကမှာ လူရယ်လို့ဖြစ်လာကတည်းက ဖွားဖက်တော် ကောင်းဆိုးနှစ်တန်လောကဓံနဲ့ ကစားပေါင်းသင်းရတာဟာ သဘာဝပါဘဲ။ နိမ့်ချီတခါ မြင့်ချီတလှည့် အကောင်းအဆိုး အမျိုးမျိုးသော လောကဓံတွေဟာ တော်တော်ပဲ ပေါင်းသင်းရတာ ခက်တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်းလိမ့်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းကိုယ်စီ အနည်းအများတွေ့ ကြုံဖူးကြလို့ဘဲ။

ဘဝတစ်ခုရယ်လို့ ဖြစ်တည်ပြီး ရှင်သန်လှုပ်ရှားကြရတဲ့အခါ ပြေပြစ်ချောမွေ့တာတွေရှိသလို ပင်ပန်းဆင်းရဲတာတွေလည်း မလွဲဧကန်ရှိနေမှာပါ။ နေသာတဲ့နေ့တွေရှိသလို မိုးရွာတဲ့ညတွေလည်းရှိနေမှာပါပဲ။ ဒါတွေဟာ မလွဲမသွေတွေ့ ကြုံရမည့် ဘဝရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့တထွေလက်သင့်ခံနိုင်ဖို့လိုပါတယ်။

လူဆိုတဲ့သတ္တဝါတွေဟာ အသိုက်အဝန်းအဖွဲ့အစည်းနဲ့ နေထိုင်ရှင်သန်ကြရတဲ့ သတ္တဝါတွေပါ။ ဘယ်သူမဆို လောကထဲက လူသားတွေမို့ လူ့အဖွဲ့စည်း လူ့အသိုက်ဝန်းနဲ့ ကင်းကွာပြီး ကင်းကွာပြီး နေထိုင်လေ့မရှိကြပါဘူး။ “ ဓာတု သော သတ္တနံ သံသန္ဒိ သံသမန္တိ” ဟု မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့ပါတယ်။ သတ္တဝါတွေဟာ ဓာတ်တူရာ စရိုက်လက္ခဏာတူရာ ပေါင်းသင်းဆက်ဆံကြတယ်။ 

သို့စေကာမူ ကိလေသာတစ်ပြားကလေးမှ ကိုယ်သန္တာန်မှ မလျှော့ချနိုင်သေးတဲ့ ပုထုဇဉ်တွေမို့ နေ့စဉ် ကူးလူးဆက်ဆံကြရာတွင် လူသားအချင်းချင်း တစ်ဦးကိုတစ်ဦး ကဲ့ရဲ့ခြင်းး ရှုတ်ချခြင်းတွေဟာလည်း ပုထုဇဉ်လူသားတွေရဲ့ အမှတ်သင်္ကေတတစ်ခုလို လူ့အဖွဲ့စည်း လူ့သဘာဝ အလယ်မှာ ကျယ်ကျယ်ပြန့်ပြန့်နေရာယူအုံးမှာပါ။

 အဲဒီကဲ့ ရဲ့ရှုပ်ချခြင်း ချီးမွန်းခြင်းကြားမှာ ကျွန်ုပ်တို့တထွေရဲ့စိတ်တွေဟာ သမုဒ္ဒရာ ရေအယာဉ်မှာ ရေတွေတသွင်သွင်မျှောပါစီးဆင်းနေသလို ကိုယ့်ရဲ့စိတ်ကလည်း လှုပ်ရှားလှုပ်ခတ်ယိုင်လဲနေမယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာလည်း သူများနှုတ်ခမ်းပေါ်မှ အကန့်အသတ်မဲ့ စီးဆင်းလာတဲ့ ကဲ့ရဲ့ခြင်း ချီးမွန်းခြင်းအပေါ်မှာသာ လမ်းဆုံးသွားနိုင်းပါတယ်။

ကောင်းကောင်းဆိုးဆိုး ဘယ်လိုအဖြစ်သနစ်တွေဘဲဖြစ်ဖြစ် ကဲ့ရဲ့ခြင်းချီးမွန်းခြင်းတွေဟာ လူ့အသိုက်ဝန်း လူ့အဖွဲ့စည်းမှာ နည်းစနစ်အဖုံဖုံနဲ့ နေရာယူနေကြအုံးမယ်ဆိုတာကို နှလုံးမူ သတိကလေး တချက်ပြုဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ချက်က အပူနဲ့အအေး အလင်းနဲ့ အမှောင်ဟာ ကျောချင်းကပ်နေသလို ဒီကဲ့ရဲ့ခြင်းချီးမွန်းခြင်းကြားမှာ ပုထုဇဉ်လူသားတွေရဲ့သဘာဝ အများစုဟာ တစ်စုံတစ်ယောက်ကို ဦးစွာပထမ ချီးမွန်းခြင်းထက် ကဲ့ရဲ့ခြင်းနဲ့သာ မတ်ဆက်ပေးလေ့ရှိတတ်ကြပါတယ်။

။ နွေရာသီရဲ့ အပြင်းစားနေပူတွေထဲကနေ ချွေးသီးချွေးပေါက်တွေ တသီကြီးနဲ့ နေရိပ်ထဲကို အရိပ်ခိုဖို့ရန်ဝင်လာတဲ့သူကို ဧည့်ခံကြိုဆိုသူက တစ်ယောက်သာ ဖနောင့်နဲ့ ဆီးပေါက်သူက တစ်ရာတစ်ထောင်မက ဖြစ်နေတတ်ပါတယ်။ ဒါတွေကို လူ့အသိုက်အဝန်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

ကဲ့ရဲ့ခြင်း ချီးမွန်းခြင်း ဒွန်တွဲနေတဲ့ ဒီလောကဓံတရား နှစ်ပါးအားပြိုင်လာရင် ကဲ့ရဲ့ခြင်းကသာ အနိုင်ယူနေတာကို ကျွန်ုပ်တို့တထွေ တွေ့မြင်နေကြရပါတယ်။ ချီးမွန်းဟာ ကောင်းသော အပြုမူ ကောင်းသောစကား ကောင်းသောအတွေးလက္ခဏာတွေပါ။ လူသားတိုင်းရဲ့ စိတ်နှလုံးကို အေးမြစေပါတယ်။ ကောင်းမြတ်တဲ့ ချီးမွမ်းခြင်းကို ဘာကြောင့်များ လူ့အဖွဲ့စည်း လူအသိုက်ဝန်းမှာ အသုံးပြုသူနည်းပါးပြီး လျစ်လျှူ ရှုထားကြတာလဲဆိုတာကို တဆိတ်ကလေးတွေးကြည့်ဖို့ သင့်နေပါပြီ။

ကဲ့ရဲ့ခြင်းဟာ လူသားတွေရဲ့ စိတ်နှလုံးကို ဆူးငြောင့်တစ်ချောင်းထိုးဖေါက်းသွားသလို မသာမယာညှိုးနွမ်းသွားစေပါတယ်။ စိတ်ကလေးတွေ မရင့်ကျက်သေးတဲ့ လူငယ်လေးတွေဘဝမှာ အောင်မြင်မှု အဖူးအပွင်းတွေဝေဆာအောင် ကြိုးစားနေတဲ့ မျိုးဆက်သစ်တွေကို အပြင်းစားလောင်မီးတစ်ချက် ရိုက်ခတ်လိုက်သလို တပါးသူရဲ့ကဲ့ရဲ့ရှုပ်ချလိုက်သော စကားတစ်ခွန်းကြောင့် ထိချက်တွေက ပြင်းလွန်းကာ အောင်မြင်မှုတွေကို တက်လှမ်းနေတဲ့လမ်းကြောင်းပေါ်ကနေ လျှော့ကျသွားတတ်တာတွေရှိပါတယ်။

 တကယ့်ကိုပဲ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်တွေပါ။ သို့ပေမယ့် ဘယ်သူဘဲဖြစ်ဖြစ် လောကလူသားတွေလို့ဖြစ်လာရင် ကဲ့ရဲ့ရှုပ်ချခြင်းမှကင်းလွတ်တဲ့ လူရယ်လို့မရှိပါဘူး။ အရိယာသူတော်စင် ဘုရားရဟန္တာများတောင်မှ တပါးသူရဲ့ ကဲ့ရဲ့ရှုပ်ချခြင်းမှ မလွတ်ခဲ့ပါဘူး။

သာဓက တခုအနေနဲ့တင်ပြရရင် မြတ်ဗုဒ္ဓလက်ထက်တော်က သာဝတ္ထိပြည်မှာ “အတုလျ” ဆိုတဲ့ ဥပသကာ တစ်ယောက်ရှိခဲ့ ပါတယ်။ နာမည်လေးက “ အတုလျ”
အတူမရှိဆိုတဲ့ သဘောပေါ့။ သူ၏ နောက်လိုက် ဥပသကာအဖွဲ့ဝင် ငါးရာရှိခဲ့ပါတယ်။ နည်းတဲ့အဖွဲ့အင်ပါယာ မဟုတ်ပါဘူး။

 တစ်နေ့မှာ အတုလျ ဦးဆောင်တဲ့ဥပသကာအဖွဲ့ဟာ ရှားတောနေ အရှင်ရေဝတမထေရ်မြတ်ထံကို တရားနာဖို့သွားကြပါတယ်။ အရှင်ရေဝတ မထေရ်မြတ်ဟာ စကားအလွန်နည်းပြီး တစ်ပါးတည်းသာလျှင် ဆိတ်ငြိမ်ရာအရပ်မှာ တရားနဲ့ပျောမွေ့ စွာ သီတင်းသုံးလေ့ရှိတဲ့ ရဟန္တာ အရှင်မြတ်ပါ။

အတုလျဥပသကာတို့ အဖွဲ့ အရှင်ရေဝတမထေရ်မြတ်ဆီ ရောက်တော့ အရှင်မြတ်ဟာ အတုလျတို့အဖွဲ့ ကို ဘာစကား ဘာတရားမှ မဟော ။ ဝတ်ကျေတန်းကျေ နှုတ်ဆက်စကားလေး တစ်ခွန်းတောင် မပြောဘဲနေနေတယ်။ ဒီတော အတုလျတို့ အဖွဲ့က မကြိုက်။ ဒီကိုယ်တော်ကိုမကြည်ညို နောက်ကိုယ်တော်တပါး ပြောင်းမည်။

အတုလျနဲ့ အဖွဲ့ ဟာ အရှင်သာရိပုတြာမထေရ်မြတ်ထံ တရားနာဖို့ ရောက်ရှိသွားကြပြန်ပါတယ်။ မထေရ်မြတ်ကြီးက လာခြင်း အကြောင်းကိုမေးတော့ တရားတာရန်လာကြကြောင်း အတုလျတို့ အဖွဲ့က လျောက်ထားကြပါတယ်။ ထိုအခါ အရှင်သာရပုတြာ မထေရ်မြတ်က ခက်ခဲနက်နဲသော အဘိဓမ္မာတရားကို ဟောကြားတော်မူပါတယ်။ အရှင်သာရိပုတြာ မထေရ်ဟာ ပညာအရာမှာ ဘယ်လောက်တော်သလဲဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိရှိကြပါလိမ့်မည်။ မြတ်ဗုဒ္ဓဘုရားသခင်မှ လွဲရင်ပညာအရာမှာ ဧတဒ်ဘွဲ့ရ ပုဂ္ဂုလ်ပါ။

အဲဒီတော့ အဘိဓမ္မာတရားကို တရားနာချင်နေတဲ့ အတုလျ ဥပသကာအဖွဲ့အား ဟောလိုက်တော့ အတုလျနဲ့ အဖွဲ့က နားမဝင် ခက်ခဲသောကြောင့် နားလည်းမလည်။ ဒီတော့ အတုလျတို့အဖွဲ့က အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ တရားကိုမကြိုက်။ မကြိုက်သည့်အပြင် ကဲ့ရဲ့ စကားတောင် ဆိုလိုက်ပါသေးတယ်။ တရားကို ကရားမှရေသွန်သလို တောက်လျှောက်ကြီးဟောရသလား ၊ ဘာတွေဟောမှန်းလည်းမသိ၊ နားလည်တာလည်းမရှိ။ ဒီလိုတရားမျိုး တို့ကမနာတတ်ပေါင် ဆိုပြီး ထွက်သွားကြပြန်ပါတယ်။

ဒီတပါးမကြိုက်တော့နောက်တပါးပြောင်းမည်။ ဒါဟာ အတုလျနဲ့ အဖွဲ့ရဲ့ သီအိုပါ။ ဒီလိုနဲ့ နောက်အရှင် အာနန္ဒာ မထေရ်မြတ်ထံ ရောက်သွားပြန်ပါတယ်။ နရားတော်နာရန်ရောက်လာကြတဲ့ အတုလျနဲ့ အဖွဲ့ကို အရှင်အာနန္ဒမထေရ်မြတ်က လွယ်ကူသော တရားတော်ကို မှတ်ရန်လွယ်ကူသော အရပ်သုံးစကားနဲ့ ရှင်းရှင်းလင်းလင်းး ခွဲခွဲခြားခြားဟောကြားတော်မူပါတယ်။ သို့သော် ကြိုက်သလားသဘောကျသလားဆိုတော့ မကြိုက်ကြပြန်ဘူး။ ဒီလောက်လွယ်တဲ့ တရားကိုဟောရသလား။ လူတိုင်းသိတယ်ဆိုပြီ အတုလျနဲ့ အဖွဲ့က ကဲ့ကြပြန်ပါတယ်။

နောက်ဆုံးတော့ အတယလျနဲ့အဖွဲ့ဟာ မြတ်ဗုဒ္ဓထံမှောက် ရောက်ရှိသွားကြပါတယ်။ အတုလျတို့ အဖွဲ့ဟာ မြတ်ဗုဒ္ဓကို လျှောက်ပါတယ်။ တပည့်တော်တို့ တရားနာရှင်လို့ သွားကြပါတယ် ဘုရား။
ပထမကိုယ်တော် အရှင်ရေဝတက ဘာစကားမျှမပြောဘူး။ ဒီကိုယ်တော်စကားမှ ပြောတတ်ရဲ့လားမသိ။ ခက်လိုက်ပါဘိ ဘုရားတဲ့။

ဒုတိယ ကိုယ်တော် အရှင်သာရိပုတ္တရာဆီရောက်သွားတော့ ဒီကိုယ်တော်ကျတော့ ဟောလိုက်တဲ့ တရား ပြောလိုက်တဲ့စကား တရားကလည်းရှည်လွန်း နားကလည်းမည် ဘာတွေဟောမှန်းမသိ၊
ခက်လိုက်ပါဘိ ဘုရားတဲ့။

တတိယကိုယ်တော် အရှင်အာနန္ဒာကျပြန်တော့လည်း ဟောတော့ဟောပါရဲ့ နားလည်လွယ်ပါတယ်။ ဒါပေမယ့် လူတိုင်းသိနေတဲ့ အလွယ်ဆုံးတရား ဖြစ်နေတယ်။ အဲဒီတရားကိုလည်း တပည့်တော်တို့ မကြိုက်ပါ။ဒါကြောင့်မြတ်စွာ ဘုရား ထံမှောက် ရောက်လာခဲ့ပါပြီး ဒီအကြောင်းလျှောက်ထားအပ်ပါသည်တဲ့။
ထိုအခါမြတ်စွာ ဘုရားရှင်က “ပေါရာဏပေတံ အတုလျ”ဂါထာတော်ဖြင့် အတုလျ တို့ ဥပသကာ အဖွဲ့ အားဟောတော်မူတယ်။ တရားတော်ရဲ့ အဆုံးမှာ အတုလျနဲ့ တကွ ဥပသကာ ငါးရာလုံးဟာ အရိယာသူတော်စင်ဖြစ်သွားကြလေ၏။

သို့ဝေဖန်ရှင်-
ရယ်ရယ်မောမော၊ ဝင်ကာပြောတော့၊ လူပေါကြီး ဟု ခေါ်ကြသည်။
ရောနှောမဝင်၊ တည်ပြန်လျှင်၊ ဘဝင်မြင့်သည် ခေါ်ကြသည်။
ခေါ်ထူးမေးဖြေ၊ မှန်မှန်နေက၊ ဆိုလေအတင်း၊ ကုတ်ကမြင်းဟု မဟုတ် ဧကန်၊ ဆိုလေပြန်၏။

သို့ပတ်ဝန်းကျင် ဝေဖန်ရှင် သင့်အလိုကျ ဖြစ်စေရမည်။
ပြောရာရင်တွင်း၊ လက်ကျန်အတင်းကို၊ စာရင်းကလေးပြုပေးပါ။
ပတ်ဝန်းကျင်စကား၊ အလေးထားက သွားမည့်ရှေ့ရေး၊ တက်လမ်းနှေး၏။

ကဲ့ရဲ့ခြင်း ချီးမွန်းခြင်းတွေဟာ ယခုယနေ့ကျမှ ရွှေတောင်ကြီးပေါ်ပေါက်သလို ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ အရှင်ရေဝတ မထေရ်မြတ်ကဲ့ သို့ ဘာစကားမှမပြော ဘဲ တောကျောင်းမှာအေးအေးဆေးဆေးနေသော ပုဂ္ဂုလ်မျိုးကိုလည်း အဖျင်းကဲ့သို့ စကားမပြောရကောင်းလားဟူ၍လည်းကောင်း၊ ဘဝင်မြင့်လှချည်လားဟူ၍လည်းကောင်း ကဲ့ရဲ့ကြပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကဲ့သို့ လေခတ်သောထန်းရွက်ပမာ တဖျက်ဖျက်မြည်သကဲ့သို့ ခက်ခဲနက်နဲသော အဘိဓမ္မာတရားတော်မြတ်ကို များစွာဟောကြားပေးသောပုဂ္ဂိုလိုမျိုးကိုလည်း လူပြာတာ အသွင်ကဲ့ရဲ့ကြတယ်။

အရှင်အနန္ဒာ မထေရ်မြတ်ကဲ့သို့ နှိုင်းနှိုင်းချိန်ချိန်ဖြင့် နည်းပါးသော တရားကို ဟောကြားပေးသောပုဂ္ဂိုလ်မျိုးကိုလည်း စကားကို ရွှေပမာတန်ဖိုးထား၍ နည်းနည်းပါးပါးလွယ်လွယ်ကူ ဟောရကောင်းလားဟူ၍ ကဲ့ရဲ့ကြပါတယ်။ ဒါကြောင့်လောကမှာ ကဲ့ရဲ့လွတ်သော ပုဂ္ဂိုလ်မျိုးရယ်လို့ မရှိနိုင်တော့ ပါဘူး။

ဘုရားအရိယာ သူတော်စင်များသော်မှ ကဲ့ရဲ့ခြင်းမှ မလွတ်ကြဘူးဆိုရင် ပုထုဇဉ်လူသားအနေနဲ့ ပြောဖွယ်ရာပင်မရှိနိုင်တော့ပါဘူး။ ကဲ့ရဲ့ခြင်း လောကဓံလေလိုင်းတွေဟာ အမြဲမပြတ်တိုက်ခတ်ခြင်းကို ခံနေရမှာပါဘဲ။ မိမိကိုယ်တိုင်သာ မှန်ကန်သော လမ်းကြောင်းပေါ်မှာ လျှောက်ပြီး ကဲ့ရဲ့ရှုပ်ချခြင်းကိုခံနိုင်ရည်ရှိဖို့သာ ကိုယ့်ဖက်က ပြင်ဆင်ရမှာပါ။

ကဲ့ရဲ့ခြင်းတည်းဟူသော ဘဝရဲ့ အခက်ခဲလောကဓံကို တုန်လှုပ်မှုမရှိတည်ငြိမ်စွာဖြင့် ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် “ယောနိသော မနသိကာရ” သင့်တင့်နှလုံးသွင်းမှုဆိုတဲ့ တရားရှိဖို့ အထူးလိုအပ်ပါတယ်။ “ယောနိသော မနသိကာရ” ဆိုတာ ကိုယ့်အပေါ်ကျရောက်လာတဲ့ ဆိုးကျိုးတွေကို ကောင်းကျိုးဘက်သို့လှည့်ပြီး တွေးနိုင်တဲ့သဘောပါ။

အမှန်တကယ်တော့ ကဲ့ရဲ့ခြင်း ချီးမွန်းခြင်းဆိုတာဟာ တရားသူရဲ့နှုတ်ခမ်းဖျားမှ လေအငွေ့ပမာ ခေတ္တခဏထွက်ပေါ်လာတဲ့အရာမျှသာ ဖြစ်ပါတယ်။ အဲဒီ ကဲ့ရဲ့ခြင်သး ချီးမွန်းခြင်းတွေကိုသာ အလေးပေးဂရုစိုက်နေမယ်ဆိုရင် မိမိဘဝရဲ့တက်လမ်း ရပ်တန်းသွားနိုင်ပါတယ်။

သူတို့ရဲ့ ထုံးစံ သဘာဝကဲ့ရဲ့ဒါဏ်ကို သမင်လည်ပြန်မကြည့်ဘဲ လေကဓံ ဤလေ ပြေပြေပင်သွေးသွေး အေးအေးပင်ဖျော်ဖျော် ကြမ်းကြမ်းပင်ထန်ထန် မြင်မိုရ်မဏ္ဍိုင် ကြံ့ခိုင်ပုံအလား သတိကလေးတချက်ဆောင်ပြီး မှန်ကန်ကောင်းမြတ် ရဲရင့်သောသတ္တိတွေနဲ့ ဦးတည်ချက်မပျက် ရှေ့သို့တက်လှန်းမည်ဆိုလျှင် ကျွန်ုပ်တို့တထေဟာ မိမိနဲ့ထိုက်တန်သော ဘဝရဲ့ အောင်မြင်မှုအသီးအပွင်းလေးတွေ ဝေဆာ သီးပွင်းလာမှာ ဖြစ်ပါတော့သည်။

ဦးကဝိသာရ (ငွေတောင်)