Tuesday, May 24, 2011

"စီးသူနှင့် ရုန်းသူ"

"စီးသူနှင့် ရုန်းသူ"

လောကီအာရုံ ကာမဂုဏ်တွေဆိုတာ စွန့်နိုင်ရင် ကိုယ်က‘စီးသူ’ဖြစ်ရတယ်။ မစွန့်နိုင်ရင် ကိုယ်က ‘ရုန်းသူ’ ဖြစ်ရတယ်။{တောင်မြို့ -အောင်ခြင်း ရှစ်ပါးဆရာတော်ကြီး}

စာသင်သားအဖြစ်နဲ့ တောင်မြို့ခေါ် အမရပူရမြို့ကို စရောက်ချိန်က အမရပူရမြို့မှာ ထင်ရှားတဲ့ ဆရာတော်ကြီးလေးပါးရှိတယ်။တောင်မြို့ ည၀ါ အကျော် တူမောင်းဆရာတော်ကြီး (ဘဒ္ဒန္တနန္ဒိယ)ရယ်၊ ဘာသာဋီကာ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ကြီး (အရှင်ဇနကာဘိဝံသ)ရယ်၊ မိုးကုတ်ဝိဿနာအာဒိကမ္မဋ္ဌာနာစရိယ(ဘဒ္ဒန္တ၀ိမလ)ဆရာတော်ကြီးရယ်၊အောင်ခြင်းရှစ်ပါးဆရာတော်ကြီး ရယ်တို့ဖြစ်ပါတယ်။



တစ်ခြားဆရာတော်ကြီးသုံးပါးက စာချ၊ စာရေး၊ တရားဟော၊ တရားပြဆိုတဲ့ ပရိယတ်၊ ပဋိပတ်လုပ်ဆောင်ချက်များကြောင့် ရဟန်းရှင်လူတို့ရဲ့ လေးစားခြင်းကိုခံရသလို အောင်ခြင်း ရှစ်ပါး ဆရာတော်ဘုရားကြီးကတော့ တောင်သမံ အင်းစောင်းမှာရှိတဲ့ သုသာန်နားက ကျောင်းမှာနေပြီး ညတိုင်း သုသာန်ဓုတင်ဆောင်ပြိး ပဋိပတ်ကျင့်သုံးတော်မူတာရယ်၊ ရသမျှ ပစ္စည်းလေးပါးတို့ကို တပည့်များအား လိုအပ်သလောက် စွန့်ကြဲပြီးတာနဲ့တစ်ပြိုင်နက် မိမိနားမှာ လုံးဝမထားဘဲ မြို့နယ်လုံးဆိုင်ရာ ၀ိနည်းစာတော်ပြန်ပွဲကျင်းပရာ ဗဟိုဌာနဖြစ်တဲ့ တူမောင်းတိုက်ကို ချက်ချင်းပို့လှူလေ့ရှိတာရယ်၊ သွားလာနိုင်သေးသမျှ အချိန်အထိ ကိုယ်တိုင် ဆွမ်းခံတဲ့ ပိဏ္ဍပါတ်ဓုတင်ဆောင်လေ့ ရှိတာရယ်တို့ကြောင့် ထင်ရှားပါတယ်။

ဆရာတော်ကြီးရဲ့ ပဋိပတ်ဂုဏ်သတင်းကြောင့် ဟိုက ဒီက လာရောက်လှူဒါန်းသူတွေလည်း အတော်လေးရှိပါတယ်။ တချို့ကတော့ ဘယ်လောက် အဖိုးတန်တဲ့ ပစ္စည်းတွေပဲဖြစ်ဖြစ် ဆရာတော်ကြီးက သူ့နားမှာသိမ်းမထားဘူး။ ချက်ချင်းစွန့်လှူ ပစ်လေ့ရှိတယ်ဆိုတာ သိထားလေတော့ သူတို့လှူတဲ့ပစ္စည်း အကောင်းစာလေးတွေဆိုရင် ဆရာတော်ကြိးကိုယ်တိုင် အသုံးပြုစေချင်တဲ့သဘောနဲ့ “ဒါလေးတော့ ဆရာတော်ဘုရာကြီး ကိုယ်တိုင်အသုံးပြုတော်မူပါ ဘုရား၊ ဘယ်မှ စွန့်လှူမပစ်ပါနဲ့” ဆိုပြီး လျှောက်ထားတတ်ကြတယ်၊ အဲဒီလို အခါမျိုးမှာ ဆရာတော်ကြီးမိန့်လေ့ရှိတဲ့ စကားက- “လောကီအာရုံ ကာမဂုဏ်တွေဆိုတာ စွန့်နိုင်ရင် ကိုယ်က’ စီးသူ ‘ဖြစ်ရတယ်၊ မစွန့်နိုင်ရင် ကိုယ်က ‘ရုန်းသူ’ ဖြစ်ရတယ်”တဲ့။

ဆရာတော်ကြီး သက်တော်ထင်၇ှားရှိစဉ်က လေးငါးနှစ်လောက်မီလိုက်ရသလို ဆရာတော် ကြီးရဲ့ မိန့်ကြားချက်များကိုလည်း ကြားဖူးနားဝရှိခဲ့ပေမယ့် အဲဒီတုန်းက ဆိုလိုရင်းကို သိပ်ပြီး သဘောမပေါက်ခဲ့ဘူး၊ အခုအချိန်မှာ ဘုရားအလောင်းရဲ့ ပါရမီ ဖြည့်ခဲ့ပုံဖြစ်တော်စဉ်ဘ၀တွေကို လေ့လာကြည့်တဲ့အခါကျတော့မှ ဆရာတော်ကြီးရဲ့ စကားဟာ ဘယ်လာက်အထိ လေးနက်ထိရောက် တယ်ဆိုတာ သဘောပေါက်လာရတယ်။

ဟုတ်တယ်၊ ဘုရားအလောင်းတော် အာဇာနည် ယောင်္ကျားမြတ်တို့ရဲ့ လာရာလမ်းတစ် လျောက်ကို လေ့လာကြည့်မယ်ဆိုရင် သုမေဓာ သူဌေးသားဘ၀ကစပြီး ဝေဿန္တရာမင်း ဘ၀အထိ စွန့်လွှတ်ခြင်း သက်သက်နဲ့ ဗောဓိဉာဏ် အဆောက်အအုံကို မြင့်မြတ်သည်ထက် မြင့်မြတ်အောင် တည်ဆောက်ခဲ့တာ၊ ငါးရာ့ငါးဆယ်လို့ခေါ်တဲ့ ဖြစ်တော်စဉ် ဘ၀တွေကို ကြည့်မယ်ဆိုရင်လည်း ကိုယ်ရေး ကိုယ်တာအတွက် ပစ္စည်းဥစ္စာကို တွယ်တာခြင်းကြောင့် ဒုက္ခ ကြုံရတဲ့ ဘ၀ရယ်လို့ မရှိဘူး။ အမြဲတမ်း စွန့်လွှတ်တဲ့ ဘက်ကချည်း နေခဲ့တယ်။

စွန့်လွှတ်တယ်ဆိုတာတောင် အများမြင်သာတဲ့ ရုပ်ပိုင်းဆိုင်ရာ စွန့်လွှတ်မှုရိုးရိုး မဟုတ်ဘူး။ ရိုပ်ပိုင်း စိတ်ပိုင်း နှစ်ပိုင်းလုံးကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့တာပါ။ တချို့က ရုပ်ပိုင်းဆိုင်ရာ အရ ‘ စွန့်လွှတ်တယ်’လို့ ထင်ရပေမယ့် သူတို့ရဲ့ စိတ်က အာရုံမပြတ်ဘူး။ လောကဂုဏ်သိန် ကိုဖြစ်စေ၊ စည်းစိမ်ဥစ္စာကိုဖြစ်စေ တောင့်တပြီး ရင်းနှီးမြှုပ်နှံတဲ့သဘောမျိုးနဲ့ စွန့်ကြတာ။ ဘုရား အလောင်းတော် အာဇာနည်တို့ရဲ့ စွန့်လွှတ်မှုမှန်သမျှကတော့ ကိုယ့်ကျိုးတောင့်တမှု လုံးဝ မဖက်ဘဲ အလှုခံတို့ရဲ့ အကျိုးအတွက်သာ ငဲ့ကွက်စွန့်လွှတ်ခဲ့တာပါ။

ဒါကြောင့်လည်း တောင်မြို့ ဂန္ဓာရုံဆရာတော်ဘုရားကြီးက- “လောကဂုဏ်သိန်၊ စည်းစိမ်မဖက်၊ သက်သက်အလှူ၊ ခံယူသူသာ၊ ချမ်းသာစေကြောင်း၊ ငဲ့ညှာရှောင်း၊ အလောင်း တော်တို့ ဒါနမှတ်”လို့ လင်္ကာစာပိုဒ်နဲ့ မှတ်ချက်ချတော်မူခဲ့တာပါ။

ရာထူးဂုဏ်သိန်ပဲ ဖြစ်ဖြစ်၊ စည်းစိမ်ဥစ္စာပဲဖြစ်ဖြစ်၊ တခြားအတွယ်အတာတွေပဲ ဖြစ်ဖြစ် ကိုယ်က သိမ်းပိုက်စွဲလမ်းထားမယ်ဆိုရင် အစွဲပြင်းသလောက် အခွာခက်လာတယ်။ သင်္ခါရတို့ရဲ့ ထုံးစံအရ မလွဲမသွေခွဲခွာကြရပြီ ဆိုရင်လည်း ကိုယ်က ခွာတာမဟုတ်ဘဲ သူက ကွာ သွားတာဖြစ်လို့ ခံစားချက်ပြင်းကြမြဲပါ။

ကိုယ်ကခွာတယ်ဆိုတာ အနာတစ်ခုကို တဖြည်းဖြည်း ရင့်ရာက မှည့်၊ မှည့်ရာက ပြည်သွေး စင်ပြီး ခြောက်ကွာကျတာနဲ့ တူတယ်၊ ကိုယ်က မခွာချင်ဘဲ သူက ကွာကျတယ်ဆိုတာ အနာမမှည့်ဘဲ ဆွဲခွာလိုက်တာနဲ့ တူတယ်လို့ ဆရာများက မိန့်ကြားဖူးပါတယ်။

အောင်ခြင်းရှစ်ပါး ဆရာတော်ကြီး မိန့်ကြားတဲ့ “မစွန့်နိုင်ရင် ကိုယ်ကရုန်းသူဖြစ်ရတယ်” ဆိုတာလည်း ဒီသဘောကို ရည်ညွှန်းတယ်လို့ ထင်ပါတယ်။

အလောင်းတော်တို့မှာတော့ အစွန့်သက်သက်နဲ့သာ လျှောက်လှမ်းခဲ့တဲ့အတွက် အတွယ်အတာဝန်ကို ထမ်းရတယ်ဆိုတာ မရှိခဲ့ဘူး။ တောင့်တမှုဆိုတာ လုံးဝမရှိခဲ့တဲ့ အတွက် အလိုမပြည့်လို့ ကြုံရတဲ့ ဒုက္ခ ဆိုတာလည်း လုံးဝမရှိခဲ့ဘူး။ ဒီဒုက္ခမျိုး မကြုံရရုံမျှမကသေးဘူး

လိုအပ်တဲ့ အရာမှန်သမျှကိုလည်း အထူးအထွေ တောင့်တနေစရာ မလိုဘဲ အလိုရှိကာမျှနဲ့ ပြည့်စုံရတယ်လို့(ဥဒါန်း-ဥဒပါန သုတ်မှာ) ဟောတော်မူ ပါတယ်။ “စွန့်နိုင်ရင် စီးသူဖြစ်ရတယ်”ဆို တာ ဒီသဘောပဲ ဖြစ်ပါလိမ့်မယ်။

အချို့ ရှေးဆရာတော်ကြီးများကတော့ “မစွန့်နိုင်ရင် ၀န်ထုပ်၊ စွန့်နိုင်ရင် ရိက္ခာထုပ်”လို့လည်း မှတ်ချက်ချကြပါတယ်။

အားလုံးကိုခြုံငုံပြီး ကော်ကချက်ချမယ် ဆိုရင်တော့…

မစွန့်နိုင်သူ(သိမ်းပိုက်ထားသူ)များဟာ ၀န်ထုပ်ပိပြီး နစ်နေကြရတယ်၊ စွန့်နိုင်သူများကတော့ ရိက္ခာထုပ်စီးပြီး တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်နေကြရတယ်၊ နောက်ဆုံးမှာ အမြင့်ဆုံး အရိယာအဆင့်အထိ ရောက်ရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနေကြရတယ်”လို့သာ ဆိုရပါလိမ့် မယ်။

ဒီနေရာမှာ စဉ်းစားကြည့်စေချင်တာကတော့… “ဒီနေ့ ‘ဗုဒ္ဓဘာသာဝင်သူတော်စင်များ’လို့

ဆိုကြသူတွေအနေနဲ့ ဘုရားသွား၊ ကျောင်းတက်၊ အလှူရေစက်လက်နဲ့မကွာ၊ ဒါန၊ သီလ၊ ဘသနာမလွတ်”လို့ ဆိုရလောက်အောင် ကုသိုလ်ကောင်းမှု အမျိုးမျိုးကို လုပ်နေကြတာ၊ ပစ္စည်း ဥစ္စာကော၊ ကိုယ်စွမ်းဉာဏ်စွမ်းပါ စိုက်ထုတ်နေကြတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။

ဒါပေမဲ့ အဲဒီကုသိုလ်ရှင်များအနေနဲ့တို့ဟာ “စီးသူတွေလား၊ ရုန်းသူတွေလား၊ ၀န်ထုပ်ပိနေကြသူတွေလား၊ ရိက္ခာထုပ် စီးနေကြသူတွေလား” ဆိုတာကတော့ စိစစ် သုံးသပ်စရာ ဖြစ်နေပါသေးတယ်။

“စီးသူ”ဆိုတာ အာဇာနည်တို့ထုံး နှလုံးမူပြီး ကုသိုလ်ကောင်းမှု မှန်သမျှ ကိုယ့်ကောင်း ကျိုးကို မမျှော်ကို မတောင့်တဘဲ အလှူခံ သူတို့ရဲ့ ကျောင်းကျိုးသက်သက်ကိုသာ ရှေးရှုပြီးပြုတဲ့ ကုသိုလ်မျိုး ပြုလုပ်သူများကို ဆိုလိုတာပါ။

တစ်နည်းပြောရရင်တော့ ကောင်းမှုကို ကောင်းချင်လို့ပြုတာ မဟုတ်ဘဲ ကောင်းစေချင်လို့ ပြုသူများဖြစ်မှသာ ‘စီးသူ’ များဖြစ်ရမှာပါ။

မိမိငယ်စဉ်ကတည်းကနေခဲ့လို့ မိမိရဲ့ အရပ်ဒေသလို့ပဲဆိုရမယ်၊ တောင်မြို့၊(အမရပူရ)မှာ အများသိကြတဲ့အတိုင်း ဦးပိန်တံတားခေါ် တောင်သမံ တံတားကြီးရှိပါတယ်။ “အင်းရယ်၊ တံတားရယ်၊ ၀န်းကျင်ရှုခင်းရယ်၊ မယ်ဇယ်တန်းရယ်”စတဲ့ သဘာဝ အလှကြောင့် ရပ်ဝေးရပ်နီး အပန်းဖြေသူများ သာမက နိုင်ငံခြားသား ခရီးသွားများပင် လာရောက်ကြည့်ရှုအပန်းဖြေရ ကြပါ တယ်။

အဲဒီမှာ အဝေးရှုခင်းက လှပသာယာသလောက် အနီးကပ်မှာ အကျည်းတန်တဲ့ မြင်ကွင်းများ အဖြစ်နဲ့ ‘ ငှက်’ အကြီးအသေး မျိုးစုံနဲ့ ငါးအရှင် လေးတွေကို ဖမ်းလှောင်ပြီး ကုသိုလ်ဖြစ်လွှတ်ကြ ဖို့ ရောင်းခနေကြတာကို မိုးတွင်းမှာဆိုရင် မမြင်ချင်အဆုံး တွေ့နေရတာပါပဲ။

တချို့က ငှက်ကလေးတွေ၊ ငါးကလေးတွေကို သနားတဲ့အတွက် ၀ယ်ပြီးလွှတ်ကြပါတယ်။ အမှန်ကတော့ ဈေးကောင်းကောင်းပေးပြီး ၀ယ်လွှတ်နေ ကြသူတွေရှိလို့လည်း ဖမ်းလှောင်ပြီး ရောင်းချနေတဲ့ ကိစ္စက ဖြစ်ပေါ်နေတာပါ။ သူတော်စင်တို့ ကုသိုလ်ရဖို့အတွက် အပြစ်မဲတဲ့ ငှက်နဲ့ငါးတို့ ဖမ်းလှောင် နေရတယ်လို့ ဆိုရမှာပါပဲ။

“ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ မကောင်းမှု ဝေစုအမျှယူ”ဆိုတဲ့ ဘုရားရှင် အဆုံးအမအတိုင်းဆိုရင်တော့ ဖမ်းသူ၊ လွှတ်သူအားလုံးဟာ “အပေါင်းပါများ”လို့သာ ဆိုရမှာ ဖြစ်ပါတယ်။

အဲဒီမှာ အနီးကပ် အေးအေးဆေးဆေး စောင့်ကြည့်မယ်ဆိုရင် ဘယ်လိုထူးခြားချက်တွေ တွေ့ရဦးမလဲဆိုတော့-

နိုင်ငံခြားသားအချို့လည်း ငှက်တွေ၊ငါးတွေကိုဝယ်ပြီး လွှတ်ကြတယ်။ သူတို့ကတော့ ပါးစပ်က ဘာဆုတောင်းတွေမှ ဆိုမနေကြပါဘူး၊ ငှက်ကလေးတွေကိုလည်း လေထဲမြှောက် ပြီး လွှတ်လိုက်လို့ ငှက်ကလေးတွေ ကောင်းကောင်းမွန်မွန် ပျံတက်သွားနိုင်တာကို တွေ့လိုက်ရင် လက်ခုပ်တီးပြီး ပျော်လိုက်တာပဲ။ သိပ်ပြီး ခြေတွေ ညောင်းလို့ မပျံနိုင်တဲ့ ငှက်ကလေးတွေကျတော့ ပြန်ကောက်ယူပြီး အသာအယာ ဆုပ်နယ် ပေးတယ်။ ပြီးတော့ လေထဲကို နည်းနည်း ပိုမြှောက်ပြီး လွှတ်လိုက်တယ်။ အောင်အောင် မြင်မြင် ပျံတက်သွားရင် လက်ခုပ်တီး၊ သြဘာပေး လိုက်ကြပါတယ်။ ငါးကလေးတွေကို လွှတ်တဲ့အခါလည်း ဒီအတိုင်းပါပဲ။

အဲ-- မဟာကရုဏာရှင် ဗုဒ္ဓဘာသာဝင် သူတော်စင်များကတော့ ၀ယ်ခါနီးမှာ ဈေးဆစ်တယ်၊ အကောင်ရေများများရအောင် ဈေး အသက်သာ ဆုံးကို ရွေးဝယ်ပါတယ်။ဈေးကြီးတဲ့ အကောင် ကြီးတွေ ကိုတော့ သူတို့ရဲ့ ကရုဏာက အမီမလိုက်နိုင်သေး လို့ထင်ပါရဲ့၊ ဒီအတိုင်းပဲ ကြည့်နေ လိုက်ပါတယ်။ ၀ယ်ပြီးပြီဆိုတော့ လွှတ်တော့မယ်။ ဒီအတိုင်းလွှတ်မှာတော့ မဟုတ်သေးဘူး။ပါးစပ်ကဆုတောင်းသေးတယ်။

“နင့်အသက်တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ်၊ ဟေး . . .”တဲ့။

တူသောအကျိုးကို ပေးတတ်တယ်ဆိုရင်တော့ ငှက်ကလေးတွေ၊ ငါးကလေးတွေအနေနဲ့ “တောင်းတဲ့ဆု ယခုချက်ချင်း ပြည့်စေသား”လို့များ ဆုပေးကြမလားပဲ။

စဉ်းစားကြည့်ရင် အတော်ကြက်သီးထလောက်တဲ့ ဆုတောင်းပါ။ ဘာသာစကားကို စနစ်တကျတတ်ကျွမ်းသူများသာ ဒီဆုတောင်းကို ကြားလိုက်ရင် “ဒီလူ စိတ်များမနှံ့လို့လား”လို့ ထင်လောက်တယ်။

ဟုတ်တယ်လေ။ ‘လွှတ်’ ဆိုတဲ့ကြိယာ စကားက သဘာဝတရားမဟုတ်ဘူး၊ လူက ဖန်တီးမှုကို အကြောင်းပြုပြီး ပြောဆိုတဲ့စကား။ ပြီးတော့ ဒီစကားက သူ့ချည်းအဦးဆုံး ပြော ဆို သုံးစွဲရတဲ့ စကားလည်း မဟုတ်ဘူး။ သူ့ရှေ့မှာ ရှေ့ပြေးကြိယာ (ပုဗ္ဗကာလကြိယာ)တစ်ခု ခု ရှိရတယ်။ ဖမ်းခြင်း၊ ချုပ်ခြင်း၊ ငြိခြင်းစတဲ့ ကြိယာတစ်ခုခု ဖြစ်ပေါ်ပြီးမှ သုံးရတဲ့စကားမျိုး။ “လွှတ်တယ်” ဆိုတာဖြစ်ဖို့တွက် “ဖမ်းတယ်၊ ချုပ်တယ်၊ တုပ်နှောင်တယ်”စတဲ့ ကြိယာတစ်ခု ခု အရင်ဖြစ်ပေးရဦးမှာ။

ဒီတော့ . “ငါ့အသက်ဆယ်ခါလွှတ်”ဆိုတဲ့ တောင်းဆိုမှုဟာ “ငါ ဆယ်ခါ အဖမ်းအဆီး၊ အချုပ်အနှောင်ခံရပါလို၏”ဆိုတဲ့ တောင်းဆိုမှုလည်း အလိုလိုတွဲပါနေပြီ။ ဒီရှေ့ပြေးကြိယာတွေ မရှိဘဲ လွှတ်ခြင်း ကြိယာက ဖြစ်မှမဖြစ်နိုင်ဘဲကိုး။ တွေးကြည့်ရင် ဘယ်လောက်အထိ ၀န်လေးအောင်ရုန်းနေရမယ့် တောင့်တမှုကြီးလည်းဆိုတာ သတိပြုစရာပါ။

ဒါဟာ ကိုယ်ကျိုးကိုငဲ့လို့ ကြုံရေတဲ့ ကမောက်ကမနိုင်မှုကြီးပါ။ အာဇာနည်တို့ပြုတဲ့ ကုသိုလ်ဆိုတာ ခံယူသူရဲ့ အကျိုးသက်သက်ကိုသာ ငဲ့ပြီး ပြုလုပ်ရတာဖြစ်လို့ခံယူသူ အကျိုးကို တကယ်ငဲ့ကွက်မယ်ဆိုရင် သူ့ဟာသူ သဘာဝအလျှောက် လွတ်လွတ်လပ်လပ် နေကြတဲ့ ငှက်ကလေး၊ ငါးကလေးတွေကို အစကတည်းက ဖမ်းဆီးချုပ်နှောင် သိုလျှောင်ထားခြင်း ဆိုတာကို ရှိမှာမဟုတ်ပါဘူး။

ဒီကစ္စမှာ ၀ယ်ပြီးလွှတ်သူများအနေနဲ့ “ဖမ်းသူတွေက ဖမ်းထားတာကို ကိုယ်က စေတနာနဲ့ လွှတ်တာပဲဟာ၊ ကိုယ့်မှာ ဘာအပြစ်ရှိမှာလဲ”လို့ ဆင်ခြေပေးကောင်းပေးကြ မယ် ထင်ပါတယ်။

အဝေးပြေးကားလမ်းဘေးမှာရှိတဲ့ တောရွာကလေးတွေမှာ မူလက ရိုးရိုးပဲ။ ကျေးလက်ကလေးများပီပီ ခရီးသည်တွေကို လက်ပြ နှုတ်ဆက်ကြတာပါပဲ။ ခရီးသည်တွေက မုန့်ပဲသရေစာတို့၊ သကြားလုံးတို့၊ ပိုက်ဆံတို့ ပစ်ချပြီးပေးခဲ့ကြရာက ကျေးလက် ကလေးငယ်တွေဟာ ရိုးရိုးနှုတ်ဆက်သူများအဖြစ်ကနေ တောင်းရမ်းကြသူလေးတွေ ဖြစ်လာကြတယ်။ နောက်တော့ ကားအောက် အထိ ၀င်လုကြရာက အသက်အန္တရာယ် ပါ ရှိလာလို့ သက်ဆိုင်ရာက ခရီးသည်များကို တားမြစ်ထားရပါတယ်။

အခုလည်း ဖမ်းဆီးသိုလှောင်ကြတယ်ဆိုတာ ၀ယ်ယူပြီး လွှတ်သူတွေရှိလို့ ဖြစ်နေကြ တာပါ။ ‘အပေါင်းပါများ’ အဖြစ်နဲ့ အကုသိုလ်ဝေစု၊ ၀ဋ်ကျွေးဝေစုကတော့ ငြင်းမလွတ်ပါဘူး။ အဲ- သူတို့လောဘဇောနဲ့ အတိုးကြီးတောင်းသလို ဆယ်ဘ၀ဆယ်ခါလောက်တောင် က,ချင်မှ ကပါလိမ့်မယ်။

ဘာဘဲဖြစ်ဖြစ် ဒါဟာ ရိုးရာဓလေ့ထုံးစံပဲ၊ လွှတ်မြဲလွှတ်ရမှာပဲ၊ ဆုလည်းတောင်းမြဲ တောင်းရမှာပဲဆိုရင်တော့-

“တောင်းသောဆု ယခုချက်ချင်းပြည့်စေသား”လို့သာ ဆုပေးလိုက်ရတော့မှာပါ။

အကျိုးအပြစ်ကိုသိမြင်ကြသူများအနေနဲ့တော့ အံ့သြစုတ်သပ် ကရုဏာသက်ရင်းက သက်ပြင်းချနေကြမယ်ထင်ပါတယ်။

“သြော်-လူ့ပြည်မှာ ကိုယ်ကျိုးကိုသာလုနေကြသူတွေ မနည်းပါကလားနော်”..လို့

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Sunday, May 15, 2011

မြန်မာ့စေတီ ပုထိုးများရဲ့ ဗိသုကာ အဓိပ္ပါယ်ကို ပုံဖော်ခြင်း


မြန်မာ့စေတီ ပုထိုးများရဲ့ ဗိသုကာ အဓိပ္ပါယ်ကို ပုံဖော်ခြင်း

[ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊
ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ
စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ
ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။ ]

နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ
ဒေသန္တရ ဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။ အထူးသဖြင့်
အိန္ဒိယတောင်ပိုင်းမှ ကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ်
သက်ရောက်လာသောကြောင့် စကားဝိုင်းမှာ မကြာခဏ စကားရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။

တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့်
ယှဉ်ပြီး ဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။ ဂျာမန်လူမျိုး ဆရာက ရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း
သွင်းရပုံကို ချီးကျူးပြောဆိုရာ သူက ဟိန္ဒူ ဘုရားကျောင်းများရဲ့ ရှေးကျပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ
ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊ နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာ ကြာသေးပုံ တို့ကို
ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကို နမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။

စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည်
အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း
လေ့လာတွေ့ရှိဖူးပါသည်။ မှန်သလားလို့ အရင်ချည် လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကို လေ့လာထား
သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။ ထိုအခါမှ ကျွန်မလည်း

၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း

၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ
တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပြေပြေလေး ပြောင်းလဲယူခြင်း
ဖြစ်ကြောင်း

၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း
စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း

၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင် ဖြစ်ကြောင်း

၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့
အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင်သော ဗိသုကာဖြစ်ကြောင်း

၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ်
လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက်
ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊

လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊ အပြင်ဘက်ဆုံး
ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ
ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။

ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ
အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့်
မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ
လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ ကြောင်း၊

စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို
အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင် လမ်းညွှန်ပါရန်နှင့် ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊
ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ
ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။

ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန် နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီး အားပေးလေ သည်။ သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင် အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။


သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေး ဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ်
လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား
သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှမစဉ်းစားဖူးခဲ့ပါ။ စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ
လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာ ပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။

ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ်ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော်
ဦးကောသလ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။

မမျှော်လင့်ဘဲ ဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင်
ဝမ်းသာမိရပါသည်။

၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ
အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင်
အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း

၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို
လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့်
အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊
အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း

၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့်
သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း

(အပိုင်း ၂ ကို ဆက်ဖတ်ပေးပါ)
...---------------------------------------------

[စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော
ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ...]
. . .

၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊
ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့်
သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို
တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ
ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင်
အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း

၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန်
သတိပေးလိုခြင်း

၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း

၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး
ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ
လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း

၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ
ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း

၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ
အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း

၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော
ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော
ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း
ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း

၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ
နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို
ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့
အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို
ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊
ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊

၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့်
ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့်
အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း

(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည်
အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည်
ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော
မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်
သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော
အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။

၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား
ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ
ခံစားကြ ရမည် ဖြစ်လေသည်။

သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသောစေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့
တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကိုဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ
အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။

ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန်
တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန်
သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကိုမြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ
ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ
ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊
ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့်တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက
ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။ ဖြစ်နိုင်လောက်ပါသည်။

ဒါကြောင့်လည်း
ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို
ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို
မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကိုလက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။

သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို
ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့
အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကိုထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ
အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသောအစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ်
ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။

ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသောဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့
ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။ ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူများကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။ ကျွန်မ အတွက်
ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာပြောချင်ပါသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား
ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့်
ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်း ကောင်း၊ သည်လို မြန်မာစာ၊
ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင် မြန်မာ့ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ
လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦးအပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊ ၃၁ဘုံတွင် ကျင်လည်ကုန်သော
ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီးနိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။

ရေးသူ : KhunMyaHlaing မခွန်မြလှိုင်

Tuesday, May 10, 2011

အိုခြင်းရဲ့ အလှ (၁)



အိုခြင်းရဲ့ အလှ (၁)


၁၃၇၂ ခု ဆိုတဲ့ နှစ်ဟောင်းကြီး ကုန်လွန်ခဲ့လို့ ဒီနေ့ဆို ၁၃၇၃-ခု ဆိုတဲ့ နှစ်သစ်ကြီးထဲကို ဝင်ရောက်လို့ လာပါပြီ။ ခုနှစ်သက္ကရာဇ် အနေနဲ့ ကြည့်ရင်တော့ “ကုန်လွန်ခဲ့ တာက နှစ်ဟောင်း ကြုံရတာက နှစ်သစ်”လို့ ဆိုကြပေမယ့် အသက် အရွယ်အရ ကျတော့ “ကုန်ခဲ့တာက နုပျိုခြင်းများ၊ ကြုံရတာက အိုမင်းခြင်းများ”သာဖြစ်ပါတယ်။

မိမိ ကိုယ်တိုင်လည်း ၆၅ နှစ်ဆိုတဲ့ မှတ်တိုင်ကို ကျော်လွန်ခဲ့ပြီ ဆိုတော့ သင်္ခါရတရားက အမှတ်တမဲ့ လျစ်လျူရှုပြီး ပစ်မထား ပါဘူး။ သက်ရှင် နေထိုင်ခဲ့တဲ့နေသက်နဲ့ ထိုက်တန်စွာပဲ ကာယကံရှင် လက်ခံလိုတယ်၊ မခံလိုတယ် မေးမနေဘဲ “အိုသူ” ဆိုတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ကြီးကို ဇွတ်အတင်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒါကိုလည်း သဘာဝရဲ့ သားပီပီ သဘာဝမိခင် အပေါ်မှာ ကျေနပ်ပါတယ်တွေ၊ မကျေနပ်ဘူးတွေစတဲ့ ဆင်ခြေ ဆင်လက်တွေ ပေးမနေတော့ဘဲ “ဒါဟာ မိဘဝတ္တရား အရ သားသမီးတိုင်း အပေါ်မှာ ပေးအပ် တဲ့ သဘာဝမိခင်ရဲ့ တရားမျှတတဲ့ သင်္ကေတ တစ်ခုပေပဲ” ဆိုတဲ့ အသိနဲ့ ကျေနပ် ကြည်ဖြူ ဂုဏ်ယူဝမ်း မြောက်စွာပဲ လက်ခံ လိုက်ပါတယ်။ ဒီမိခင်ရဲ့ ရင်ခွင်နဲ့ မကင်းနိုင်ကြတဲ့ သားသမီး မှန်သမျှ ဒီလိုပဲ လက်ခံရတာ ကလည်း ဓမ္မတာထုံးစံကြီး တစ်ခု ဖြစ်နေပေတာကိုး။


လောကသားတို့ရဲ့ အစဉ်အလာ နဲ့ ကြည့်ရင်တော့ ရယ်စရာလိုလိုများ ဖြစ်နေမလားဘဲ။ အမှန်အတိုင်း ပြောရရင် မိမိအနေနဲ့ ငယ်ရွယ်နုပျိုတဲ့ အရွယ် ဆိုတဲ့ အချိန်ကာလတွေတုန်းက“ ငယ်ရွယ်နုပျိုခြင်းရဲ့ အလှတရား” ဆိုတာကို မရှာဖွေ မခံစားတတ်မိခဲ့ တာ အမှန်ပါ။


ဒါကလည်း အဲဒီ အရွယ်တုန်းက မိမိလေ့လာ သင်ယူရတဲ့ ဘာသာရပ်ကလည်း လောကကြီးက ကြိုက်၊ မကြိုက်ကို မကြည့်၊ ဓမ္မနဲ့ ကိုက်၊ မကိုက်ကိုသာ ကြည့်ပြီး ဟောကြားခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ ပိဋကတ် စာပေတွေဖြစ်နေတာရယ်၊ အဲဒီစဉ်တုန်းက အမြင် သစ်ကို ရှာဖွေလိုသူလူငယ်များ ထက်ထက်သန်သန် အလေးထား ဖတ်ရှုကြတဲ့ လောကီ အတွေးအခေါ် ဒဿနဆိုင်ရာစာပေ များကလည်း အတ္တနဲ့ အတ္တဟိတအလှတရားထက် ပရနဲ့ ပရဟိတ အလှ တရားကိုသာ အဓိကထားတတ်ဖို့ ရဲရဲတောက် ဟောပြော ပို့ချရေးသားကြတဲ့ စာပေတွေ ဖြစ်နေတာကြောင့်ရယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ဩဇာ လွှမ်းမိုး ခံရတာလည်း ပါမယ် ထင်ပါတယ်။


အဲဒီတုန်းခေတ်က အမြင်သစ် စာပေတွေ ဆိုတာကလည်း လူငယ် လူရွယ်ယောကျာ်းလေးမှန်ရင် “ကိုယ့် အလှနဲ့ ကိုယ့်ရဲ့ ဆန့်ကျင်ဘက် မိန်းကလေး တို့ရဲ့ အလှအပအပေါ် စိတ်ဝင်စားသူက ပျော့ညံ့တွေဝေသူ။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဆန့်ကျင် ဘက်တို့ရဲ့ အလှကို ကျောခိုင်းပြီး ဆင်းရဲသားထုကြီးရဲ့ ဘဝကို စိတ်ဝင် စားတတ်သူကိုမှ တိုးတက်ခိုင်မာတဲ့ သံမဏိအမြင် သစ်ရှိသူ” လို့ သတ်မှတ်ကြတာကိုး။ တစ်ခါတလေ လူငယ်လေးတွေက“ဘုန်းဘုန်း ဘာဖြစ်လို့ရဟန်း ပြုခဲ့ရတာလဲ” လို့ မေးတိုင်း “ ငယ်ငယ်ရွယ်ရွယ်မှာ မနီနဲ့ အိမ်ထောင်ကျခဲ့လို့ကွ” လို့ ဖြေခဲ့မိတယ်။ “ မနီက ဘယ်ကလဲဟင်” လို့ ဆက်မေးရင်တော့ “ ငါဝတ်ခဲ့တဲ့ အဝတ်နဲ့ ငါဖတ်ခဲ့တဲ့ စာတွေကို ပြောတာပါကွာ”လို့ ပြန်ဖြေခဲ့မိပါတယ်။ ကာလီနတ်သမီး ကိုတော့ မတမ်းခဲ့မိတာ အမှန်ပါ။


ဒီလိုနဲ့ပဲ နုပျိုခြင်းဆိုတဲ့ အရွယ်တွေကို ဘယ်လိုက ဘယ်လို ကုန်လွန် သွားပါလိမ့်လို့တောင် စဉ်းစားချိန် မရလိုက်ဘဲ ဖြတ်သန်းရင်း အခုလို “အိုမင်းခြင်း” ဆိုတဲ့ အရွယ်ထဲ ရောက်လာတဲ့ အခါမှာတော့ “ အရွယ်က စကားပြော လာပြီ” လို့ပဲ ဆိုရမလား၊ “ အတွေ့အကြုံနဲ့ ဉာဏ်မီသမျှ ဆင်ခြင်သတိထား မိတဲ့ အသိတရားလေးတွေက နှိုးဆော်ပေးတယ်” လို့ပဲ ဆိုရ မလားတော့ မသိဘူး။ “ အိုခြင်းရဲ့ အလှတရား”ကို စူးစမ်းရှာဖွေ ရကောင်းမှန်း သိလာသလို၊ အဆင်းအရောင်တောက်ပြောင်ခြင်း မရှိပေမယ့် တည်ကြည်ခံ့ညားတဲ့ ဒီအလှတရားရဲ့ ကျက်သရေကိုလည်း ရှာဖွေခံစား ရကောင်းမှန်း သိလာသလိုလို ထင်မိလာ ပါတယ်။ နုပျိုမှုရဲ့ သွက်လက် တက်ကြွတဲ့ အလှတရားနဲ့ အိုမင်းခြင်းရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရား တို့ကိုလည်း နှိုင်းယှဉ် စဉ်းစားလာမိခဲ့တယ်။ နုပျိုမှုရဲ့ သစ်လွင် လန်းဆန်းတဲ့ ရုပ်ရည်အလှနဲ့ အိုးမင်းခြင်းရဲ့ ထည်ဝါခန့်ငြားတဲ့ ဣနြေ္ဒအလှတရား တို့ရဲ့ ခြားနားခြင်းကိုလည်း ခပ်ရေးရေး မြင်တတ်လာတယ်။


လိပ်များလို ကိုယ့်ဘက် ကိုယ်ယက်ပြီး စဉ်းစားနေတာပါလို့ ဆိုချင်လည်း ဆိုပေရော့။ နုပျိုတက်ကြွခြင်းကို အရင်းတည် ရှာဖွေ ခဲ့သမျှတွေဟာ အတိတ်ကံဟောင်းရဲ့ အထောက်အပံ့ အကူအညီနဲ့ ရရှိတဲ့ အပိုတန်ဖိုးတွေပဲဖြစ်တယ်။ အပိုတွေဆိုတာ ကံကြုံစီး တွေပီပီ ကံဆုံစည်းရာ ဒီတစ်ဘဝတာ အတွင်းမှာပဲ သုံးခွင့်ရနိုင်တာ၊ ကံကုန်လို့ ဒီတစ်ဘဝကို နှုတ်ဆက်ထွက်ခွာချိန် ရောက်လာ ပြီဆိုရင်တော့ အပိုတွေအားလုံးဟာ နှုတ်ဆက်ဖော် ကလေးတောင်မရဘဲ လမ်းခွဲကြရမယ့် တစ်ဘဝစာရိက္ခာလေးများသာ ဖြစ်တယ်။ ရင့်ကျက်တည်ငြိမ်မှုကို အရင်းတည်ပြီး ကြိုးစားရှာဖွေနိုင်တဲ့ နဂိုတန်ဖိုး(ကုသိုလ်ကံ) များကသာ သေအတူ ရှင်မကွာ သံသရာတစ်လျှောက် နိဗ္ဗာန်ရောက်အောင် အသုံးချနိုင်တဲ့ အတွက် ကိုယ်ပိုင်အစစ် ရိက္ခာများဖြစ်တယ်လို့လည်း စဉ်းစား သိမြင် ခံစားလာမိတယ်။


ဒါကြောင့်လည်း အိုခြင်းကို ဒုက္ခလို့ ညည်းညူကြသူတို့နဲ့ တွေ့ဆုံရတဲ့ အခါတိုင်း ]အိုခြင်းဆိုတာ ယိုယွင်းသွားတာ မဟုတ်ပါဘူး။

နုပျိုရာကနေ ရင့်ကျက်ရာဆီ၊ တက်ကြွ သွက်လက်ရာကနေ ရင့်ကျက်တည်ငြိမ်ရာဆီ တိုးတက်ပြောင်းလဲလာတာပါ။ တကယ်တမ်း စဉ်းစားကြည့် လိုက်ရင် နုပျို တက်ကြွစဉ်က“အထင်” တွေကို “အဟုတ်”လို့ မှတ်ယူခဲ့ရာက အခုလိုရင့်ကျက် တည်ငြိမ်တဲ့အရွယ် ရောက်တဲ့အခါ တကယ့်အမှန် တရားဆိုတာ ထင်တာတွေ မဟုတ်ဘူး။ မြင်တာ (ဉာဏ်မြင်)တွေသာ ဖြစ်တယ် ဆိုတာကိုလည်း မှန်မှန် ကန်ကန် ဆုံးဖြတ် နိုင်လာကြမှာပါ” ဆိုတဲ့အကြောင်း မကြာခဏ ပြောပြမိခဲ့ ဖြစ်ပါတယ်။



တချို့ကျတော့ ဒီလို ပြောပြနေတဲ့ ကြားထဲကပဲ “ ဘယ်လိုပဲ ပြောပြောဘုရား၊ အိုလာပြီဆိုမှတော့ ဘာမှအသုံးမကျ တော့ပါ ဘူး”လို့ ညည်းကြောရှည် တတ်ကြပါသေးတယ်။ “ဘာဖြစ်လို့ အသုံးမကျဘူးလို့ ပြောရတာလဲ” ထပ်မေးကြည့်တော့“ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးလေ ဘုရား” တဲ့။ အေး အဲဒါပဲဗျ။ အဲဒါပဲဗျ ဆိုတာ အခု အိုသူတိုင်း ညည်းနေတဲ့ “ စိတ်သွားတိုင်း ကိုယ်ကမပါ နိုင်တော့ဘူး” ဆိုတဲ့ စကားဟာ တကယ့်အိုခြင်းရဲ့ အလှတရား၊ ဘဝရဲ့ အမှန်တရား၊ သစ္စာရဲ့ အခြေခံတရား အစစ်ပဲ။ ဒီအမြင်ဟာ တကယ်တော့ ဘဝရဲ့သရုပ်မှန်အမြင်ပါ။ ညည်းညူစရာ မဟုတ်ဘူး။ ဒါဟာ အသုံး ချစရာ အစစ်အမှန်ကို သိမြင်လာတာ။ အဲဒါကို အသုံးချတတ်ရင် အခုမှ အမှန်လမ်းပေါ်ကို ခြေချမိတာဆိုတဲ့အကြောင်း ပြောပြတော့ သူတို့နည်းနည်း စိတ်ဝင်စားလာသလိုပဲ။ “ ဆက်ပြီး ရှင်းပြပါဦး ဘုရား” တဲ့။


အခုညည်းပြတဲ့ စကားထဲမှာ “ စိတ်သွားတိုင်း” ဆိုတာရယ်၊“ကိုယ်မပါ နိုင်တော့ဘူး” ဆိုတာရယ် အပိုင်းနှစ်ပိုင်း ရှိတယ်။ “ စိတ်နဲ့ကိုယ်” ဆိုတဲ့ အပိုင်းနှစ်ပိုင်းပေါ့။ ဒီအပိုင်းနှစ်ပိုင်းမှာ “စိတ်”ဆိုတာက နာမ်တရား၊ “ကိုယ်” ဆိုတာက ရုပ်တရားကိုဆိုတာပါ။ စိတ်က သွားနိုင်သေးတယ်ဆိုတော့ နာမ်စွမ်းအားက ရှိနေသေးတယ်ဆိုလိုရာကျတယ်။ ကိုယ်က မပါနိုင်တော့ဘူးဆိုတော့ ရုပ်စွမ်းအားတွေက လျော့နည်းသွားပြီလို့ ဆိုရမှာပေါ့။


အဲဒီမှာ နာမ်စွမ်းအားနဲ့ ရုပ်စွမ်း အားတို့ရဲ့ လုပ်ဆောင်နိုင်မှုကို သဘောပေါက်ထားဖို့ လိုပါတယ်။

မြတ်စွာဘုရားရှင်ကတော့ “ နာမ်တရားက လှည်းမောင်းသမားနဲ့တူတယ်။ ရုပ်တရားတွေက လှည်းနွား နဲ့တူတယ်” လို့ ဥပမာ ပေးပါတယ်။

လှည်းမောင်းသမားဆိုတာ သုံး သူပါ။ လှည်းနဲ့နွားက ရုန်းရတာပါ။ ဒါကို ကောက်ချက်ချကြည့်ရင် စိတ်က သွားနိုင်သေးတဲ့ အတွက် “သုံးအား” တွေ ကောင်းနေသေးတယ်။ “ကိုယ်က မပါနိုင်တော့ဘူး” ဆိုတော့ ရုန်းလို့တော့ မရတော့ဘူးလို့ ဆိုရမှာပေါ့။

အဲဒါ ဖြည်းဖြည်း ပြန်စဉ်းစား ကြည့်ပါ။ အိုလာတာဟာ “အသုံး မကျတာလား၊ ရုန်းမရတာလား” ။ အဲဒါကို ကွဲကွဲပြားပြား နားလည်ဖို့ လိုပါတယ်။ အမှန်က အိုလာတယ်ဆို တာ ရုန်းမရတော့တာပါ။ အသုံးချ တတ်ရင် သုံးလို့ကတော့ ရနိုင်တယ်ဆိုတဲ့ သဘောကို ပြနေပါတယ်။


စကားထဲမှာ တရားပါဆိုတာ ဒါမျိုး ပြောတာပေါ့။ ရုန်းမရတော့တဲ့ အတွက် အသုံးပိုပြီး ကျလာတဲ့ တကယ့် သဘာဝ အမှန်ကို ဖော်ပြနေတဲ့ စကားပါ။ ရုန်းအားဆိုတာ အစားရှာတဲ့ အား၊ သုံးအားကမှ တရားရှာတဲ့ အားဗျ။ အိုလာလို့ အစားမရှာ နိုင်တော့တဲ့ အရွယ်မှာ တရားရှာဖို့ သုံးအားတွေ ပိုပြီး အချိန်ရလာတယ် ဆိုတာကို လမ်းညွှန်နေတာ။ အလွန် အရေးကြီးတဲ့ လမ်းညွှန်စကား ပါ။ လမ်းညွှန်သလိုလမ်းသွားတတ်ဖို့သာ အရေးကြီးပါတယ်။


“ စိတ်သွားတိုင်း ကိုယ်မပါတော့ ဘူး”ဆိုတာ ညည်းညူရမယ့်စကား မဟုတ်ဘူး။ ဂုဏ်ယူရမယ့်စကားပါ။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် စိတ်သွားတိုင်း ကိုယ်မပါလို့သာ လူရိုသေ ရှင်ရိုသေ ဖြစ်နေသေးတာနော်။ စိတ်သွားတိုင်းသာ ကိုယ်ကြီးက ပါသွားမယ်ဆိုရင် “ ဒီအရွယ်ကြီး ရောက်လို့ တောင် ခုနစ်ထွေက ကနေ တုန်း” လို့ လူတိုင်းကဲ့ရဲ့စရာကြီးဖြစ် နေရုံမကဘူး ပိုကဲလာရင် အိုကြီး အိုမ ထောင်ထဲတောင် ရောက်သွား နိုင်တယ် ဆိုတာကို သဘောပေါက်ဖို့ လိုတယ် ဆိုတဲ့အကြောင်း စပ်မိတိုင်း ပြောပြခဲ့မိတာ အကြိမ်ကြိမ် ရှိပါပြီ။ ဒီလို ပြောပြမိခဲ့တာတွေထဲက ၁၃၇၂ ခု ကုန်ခါနီး တစ်လအလို လောက်က ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကြုံခဲ့ပြောခဲ့ဖြစ်တဲ့ အကြောင်းကို ပြန်ပြောချင်ပါတယ်။


ဆစ်ဒနီမြို့ ဗီလာဝုရပ်ကွက် ပါရမီရိပ်သာမှာ လူတိုင်းအတွက် ပဋ္ဌာန်းသင်တန်း ပို့ချလို့ ပြီးဆုံးမယ့် ၁၉.၃.၁၁ နေ့ ညနေပိုင်း မှာ ဆစ်ဒနီရောက်မြန်မာ များရဲ့ ၁၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနဲ့ တိုက်ဆိုင်တွေ့ကြုံရပါတယ်။ တစ်ပတ်လောက် အလို ကတည်းက သက်ကြီးပူဇော်ပွဲမှာ အနုမောဒနာ စကား မြွက်ကြား ပေးဖို့ ကမကထပြုကြတဲ့ လူငယ်များက တောင်းဆိုကြသလို ပဋ္ဌာန်းသင်တန်းကို ညစဉ်မပျက် တက်ရောက်နေကြတဲ့ ဒေါက်တာ ချစ်ဆွေ အစရှိတဲ့ လူကြီးများကလည်း မဖြစ်မနေ ကြွရောက် ဟောပြောပေးဖို့ တိုက်တွန်းပါတယ်။


“မြန်မာတွေ ဘယ်နေရာရောက်နေနေ မြန်မာတို့ရဲ့ အစဉ်အလာ ကောင်းလေးတွေကို ဆက်လက် ထိန်းသိမ်းဖော်ရတာကို ကြားရက တည်းက လေ့လာ သူတစ်ဦးအဖြစ်နဲ့ တက်ရောက်ဖို့ရည်ရွယ်ပြီး ဒီရက်အမီ ဆစ်ဒနီကို ပြန်လာခဲ့တာပါ။ မပျက်မကွက် တက်ရောက်မှာပါ” လို့ ပြန်ပြောတဲ့အခါ မိမိရဲ့ပဋ္ဌာန်း သင်တန်းမှာကိုပဲ အပူဇော်ခံ သက်ကြီးရွယ်အို တော်တော်များများက ပါနေတာဆိုတော့ အားလုံး ဝမ်းသာသွားကြတယ်။


အပူဇော်ခံသက်ကြီး ပုဂ္ဂိုလ်များက လူမျိုးစုံ၊ ဘာသာစုံ လူဦးရေ ၆၀ ကျော်လောက်ရှိပါတယ်။ အစီအစဉ်အရ မိမိက ငါးပါးသီလ ပေးပြီး အနုမောဒနာစကား ပြောကြားခဲ့တာကတော့ မြန်မာပြည်သားများ အနေနဲ့ ရေခြားမြေခြား ဘယ်လိုနေရာမျိုးရောက် နေနေ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်နိုင်ငံရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းထား ဖော်ရတာကို ကြားရကတည်းက ဝမ်းသာလို့ မဆုံးပါဘူး။ အထူးသဖြင့်တော့ ခုလို “ အသက်ဂုဏ်ဝါ ကြီးသူများအပေါ် လေးစားပူဇော်မှု” ဆိုတဲ့ လူ့ယဉ်ကျေးမှုရဲ့ အရေးအကြီးဆုံး အစဉ်အလာကောင်းကြီးကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် ဖော်ရတဲ့ ကိစ္စပါပဲ။ ပြီးတော့ ဒီပူဇော်ပွဲမှာ ကျောသား ရင်သား မခွဲခြားဘဲ လူမျိုးမရွေး ဘာသာမရွေး သက်ကြီးရွယ်အို အားလုံး အပေါ်မှာ တစ်စိတ်တစ်ဝမ်းတည်း အတူထားပြီး တစည်းတလုံး စုပေါင်းပူဇော်ကြတာကို တွေ့ရလို့လည်း ဝမ်းသာမဆုံးပါဘူး။


ဒီလို မင်္ဂလာအလွန်ရှိလှတဲ့ ပွဲကြီးမှာ အခုလို ဝမ်းမြောက်စကား ပြောခွင့်ကြုံရတာကိုလည်း ဩစတြေးလျကို ရောက်ခဲ့တဲ့ ၄ ခေါက်စလုံးမှာ အမှတ်တရ အဖြစ်ဆုံးပါ ဆိုတာကိုလည်း ဒီပွဲကို ကမကထပြုကြသူ အားလုံးကိုရော၊ ပူဇော်ကြသူ၊ အပူဇော်ခံ ကြသူ အားလုံးကိုရော အထူးကို ကျေးဇူးတင်မဆုံး ဖြစ်ရပါကြောင်း ပြောလိုပါတယ်။


အခုလို ဝမ်းမြောက်စရာ အကောင်းဆုံးပွဲမှာ ဝမ်းမြောက် စကားပြောရမှာဆိုတော့ အားလုံးအတွက် ထာဝရဝမ်းမြောက်နေစေမယ့် အကြောင်း အရာကိုပဲ ပြောချင်ပါတယ်။ အခုဒီမှာ ပဋ္ဌာန်းသင်တန်းပေး နေရင်းက ပုရေဇာတပစ္စည်းနဲ့ ပစ္ဆာဇာတပစ္စည်း မှာတုန်းကလည်း မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ သက်ကြီး ရွယ်အိုနဲ့ လူငယ်လူရွယ်ဆိုတဲ့ ရှေ့သွားပစ္စည်းနဲ့ နောက်လိုက် ပစ္စည်း အကြောင်းကို ပြောခဲ့ဖြစ်ပါသေးတယ်။ အဲဒီအကြောင်းလေးကိုလည်း နည်းနည်းပြန်ပြောပါဦးမယ်။


ပဋ္ဌာန်းဒေသနာတော်မှာ ပုရေဇာတပစ္စည်းဆိုတာ ရှေးကကြိုတင် ဖြစ်နှင့်ပြီး ကျေးဇူးပြုပေးတတ်တဲ့ တရားလို့ အဓိပ္ပာယ် ရပါတယ်။

ပစ္ဆာဇာတ ပစ္စည်းဆိုတာက နောက်ကနေ ဆက်ဖြစ်ပြီး ကျေးဇူးတုံ့သဘောမျိုးနဲ့ ကျေးဇူးပြုပေးတဲ့ တရားမျိုးပါ။ ဒီခန္ဓာကိုယ်မှာ ရုပ်တရား၊ နာမ် တရားဆိုတဲ့ အခြေခံတရား နှစ်မျိုးရှိတဲ့ အထဲက “ မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိသိ၊ တွေးသိ” ဆိုတဲ့ သိစိတ် နာမ်တရားတွေဆိုတာ ရှေးက ကြိုပြီးဖြစ်နှင့်တဲ့ ဆိုင်ရာအကြည် ဓာတ်ရုပ်တွေကို မှီပြီးတော့မှဖြစ်နိုင် ကြတာပါ။ ဒါကြောင့် ရှေးက ကြို တင်ဖြစ်နှင့်တဲ့ အကြည်ဓာတ်ရုပ်တွေဟာ မိမိတို့ကို မှီပြီးဖြစ်ကြမယ့် သိစိတ်တွေကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုပေး တဲ့ “ပုရေဇာတပစ္စည်း တရားများ” လို့ ခေါ်ပါတယ်။


အဲဒီမှီခိုရာ ရုပ်တရားတွေဆိုတာ စိတ်ခဏ ပေါင်း ၁၇ ကြိမ် သက်တမ်းရှိကြပါတယ်။ အဲဒီလို သက်တမ်းပြည့် ဆက်လက် ဖြစ်တည် နေနိုင်ဖို့အတွက် ကိုတော့ နောက်နောက်စိတ်တွေကပဲ စဉ်ဆက်မပြတ်ဖြစ်ပေးတဲ့ ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူး တုံ့ပြန် ပြုပေး ရပါတယ်။


ရှေးက ကြိုတင်ဖြစ်ပေးတဲ့ ရုပ် အကြည်ဓာတ်တွေမရှိရင် သိစိတ်ဆိုတဲ့ နာမ်တရားတွေ ဖြစ်နိုင်စွမ်း မရှိသလို၊ နောက်က သိစိတ် နာမ်တရားတွေ ဆက်မဖြစ်တော့ ရင်လည်း ရုပ်ဓာတ်တွေ ဆက်လက်ဖြစ်ပေါ်နိုင်စွမ်း မရှိတော့တဲ့အတွက် ဒီဘဝ ဒီခန္ဓာကြီးဟာ သက်မဲ့ရုပ် အလောင်းကြီး ဖြစ်သွားနိုင် ပါတယ်။ ဒါကြောင့် ပုရေဇာတ ရုပ်တရားတွေနဲ့ ပစ္ဆာဇာတနာမ် တရား တွေဟာ ဘယ်တော့မှ မကင်းကွာကောင်းတဲ့ ကျေးဇူးခံ ကျေးဇူးစားတွေလို့ ဆိုရမှာပါ။


လူ့လောကအလိုကြည့်မယ်ဆိုရင် မိဘတို့၊ ဆရာသမားတို့၊ သက် ကြီးရွယ်အိုတို့က ပုရေဇာတပစ္စည်း တရားများဖြစ်ကြ ပါတယ်။ သားသမီးတို့၊ တပည့်တို့၊ လူငယ်လူရွယ်တို့က ပစ္ဆာဇာတပစ္စည်း တရားတွေပါ။ ဒီပစ္စည်းတရားတွေ အပြန်အလှန် ရှေ့တာဝန်၊ နောက်တာဝန် မကျေပွန်ကြရင် လူသားများကို သတ္တလောကကြီးရဲ့ အယဉ်ကျေးဆုံး၊ အသိဉာဏ် အမြင့်မားဆုံးလို့ ဂုဏ်ပြုနိုင်စရာ ဂုဏ်ယူနိုင်စရာ အကြောင်းမရှိပါဘူး။


တိရစ္ဆာန်များဟာ လူသားများလို အသိဉာဏ် မထက်မြက်နိုင်ကြတာဟာ “ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ သက်ကြီးစကားသက်ငယ် ကြား” ဆိုတဲ့ ပုရေဇာတနဲ့ ပစ္ဆာဇာတ ပစ္စည်းတရား ချို့တဲ့ကြတဲ့ ဘုံဘဝ ကြီးမှာ ဖြစ်ကြလို့ပဲ ဆိုတာကို သတ္တ ဗေဒပညာရှင်များက တညီတညွတ်တည်း လက်ခံ ဆုံးဖြတ်ထားတာ အားလုံး သိကြပြီးသား ပါပဲ။


ဒီနေရာမှာ လူသားများဖြစ်တဲ့ ပုရေဇာတပစ္စည်းများနဲ့ ပစ္ဆာဇာတ ပစ္စည်းများ အသီးအသီးကိုယ့်တာဝန်ကို ကျေပွန်ခဲ့ကြလို့ လူ့ဘဝကြီးဟာ သတ္တလောကအားလုံးထဲမှာ ဂုဏ် သိက္ခာအကြီးမြင့်ဆုံးနဲ့ အလှပဆုံး ဘဝဖြစ်ရပုံကို အားလုံးသဘောပေါက် စေဖို့အတွက် မိမိဉာဏ်မီသလောက် စဉ်းစားမိတဲ့ ဥပမာလေးနဲ့ ပြောပါရစေ။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မှတ်ချက်။ အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်


Monday, May 9, 2011

ထိုင်ဝမ်၊ စုပေါင်း ရှင်ပြု ရဟန်းခံပွဲ သတင်း

မှန်ကိုယ်စီနှင့် ခရီးသွားများ (ဗုဒ္ဓရနံ့)


မှန်ကိုယ်စီနှင့် ခရီးသွားများ (ဗုဒ္ဓရနံ့)


(၁)


“အမေ အမေရေ” မောသံစွက်နေသော ခေါ်သံကြောင့် အထိတ်တလန့် မီးဖိုမှ ထွက်လာရင်း “ ဟဲ့ ဓီတာ၊ ဘယ်လိုများ ဖြစ်လာတာလဲ၊ အထိတ် တလန့်နဲ့”

ခါးပေါ်ရှိ ခပ်အိုးထဲမှ ရေတို့ကို အိုးစရည်းထဲ သွန်လောင်းရင်း “ဓီတာ”က “ ဟိုလေ ရွာဦး အုတ်ကျောင်းမှာ အရှင်ကောင်း အာနန္ဒာတို့ ရောက်နေ သတဲ့”။

“ဘယ်လို…. ဘယ်လို အရှင်ကောင်း အာနန္ဒာတို့ ဟုတ်လား”





သီးခိုနေသော မျက်နှာပေါ်မှ ရေပေါက်တို့ကို သပ်ချရင်း၊ “ဟုတ်တယ် အမေရဲ့ ပါဝါပြည်ကို ကြွမလို့တဲ့”

“ ဟဲ့ ဒါဆို ရှင်တော်ဘုရားရော” “ပါသတဲ့ အမေ ဒါပေမဲ့ ခရီးပန်းလာလို့လားမသိဘူး ရှင်တော်ဘုရား သိပ်မခန့်ကျန်း ဘူးတဲ့” “ဟယ် ဟုတ်ရဲ့လား… ဒါဆို”


“ခိုင်လုံအောင် သမီး ဒီတစ်ခေါက် စေ့ငုခဲ့မယ်” ဓီတာက ရေအိုးကို ခါးစောင်းတင်ကာ ထွက်ခွာသွားပြီမို့ လှိုက်လဲ ဝမ်းသာမှုနှင့် ပြည့်သောရင်ဖြင့် ရပ်ငေးကျန်ခဲ့သည်။ လက်တွင် ကိုင်ထားသော ဟင်းမွှေးယောက်မကိုပင် အမှတ်မရနိုင်အား။



(၂)




ဒီနေ့ကို ငံ့မျှော်ခဲ့ရသည်မှာ ကြာမြင့်လှပြီ၊ အခု ထိုနေ့သည်… ၊ စသော အပျှော်ဖြင့် စွက်စိုသည့်အတွေးတို့ စီးကြောင်း ဖြာခဲ့ပြီ။

ဘုရားရှင် အခုလို ကြွရောက်လာမည့်နေ့ကို အမျှော်ကြီးမျှော်နေမိခဲ့သည်။ ရှင်တော်ဘုရား မကြွလာလျှင်ပင် ညီတော် အာနန္ဒာကြွလာက (ကေင်းလေစွ…၊) တောင့်တမိသည်မှာ အခါခါ၊ ဟိုး သာဝတ္ထိ သို့မဟုတ် ရာဇဂြိုဟ်မင်းနေပြည်များဆီသို့ ရောင်ရမ်းမိသည်ကလည်း အကြိမ်ကြိမ်။


ထိုချင်ခြင်းတို့ ပျောက်ပြေရတော့မည်။ ဤ “နာတိက” ရွာရဲ့ ရွာဦးအုတ်ကျောင်းမှာ အရှင်တို့ ရောက်နေကြပြီတဲ့၊ ဤဆုထက်ကြီးသော လာဘ်သည် မရှိနိုင်တော့၊ ပြင်းပြသော အလိုတို့ ပြည့်ဝတော့မည်ကော။


ရင်၌ စူးနစ်နေသော သောကညှောင့်အား ညင်သာစွာနုတ်ပေးမည့် သမားမြတ်ကို တွေ့ရတော့မည်ကော။

ဘဝကို ဖုံးလွှမ်းသော သလ္လာတိမ်တို့ဝေဒလွင့်ပေးမည့် အစွမ်းရှင်ကို တွေ့ရတော့မည်ပ၊ ပျှော်မှုအဆုံးတွင် ရွှ့င်သော အတွေးတို့ကို ထပ်ဆင့် ရာမှ စောစောက ပေါ့ပါးတက်ကြွစွာ လှမ်းထွက်သွားသော သမီးငယ်၏ ဟန်ပန်ကို ပြန်မြင်မိတော့…

အင်း သမီးလေးလည်း ငါ့လို ပျှော်ရှာမှာပေါ့.. သူလည်း….။



(၃)


“အမေ သမီးရဲ့ ဖခင်က သုဂတိဘုံ မရောက်ဘဲ ငရဲရောက်မှာဆို” “ ဟဲ့ အို မဖွယ်မရာ သမီးကို ဘယ်သူပြောသလဲ”

“အဘွားပြောတာ အမေ” ရောခက်ပေစွ၊ ခင်ပွန်းဆုံး၍ သောကဟောင်းပင် မငြိမ်းတက်သေး သောကသစ်က တိုးဆင့် လာပြန်ချေပြီ၊ ထိုသောက ပေါက်ဖွားစေရာကို ရှာလိုက်တော့၊ သွားလေသူရဲ့ မိခင် ယောက္ခမဖြစ်သူ အဘွားအို၊ ချွေးမ ဖြစ်လေ၍ ဖက်ပြိုင်မပြောသာ၊ အချင်းမများလို၊ ဒါပေမဲ့ ချွေးမကို မသက်ကြည်လျှင်တောင်၊ သားဖြစ်သူကိုတော့ ခုလို ခုလို မပြောသင့်၊ ခုတော့ မကြားဝံ့ မနာသာ၊ သူမို့….။


ပျက်သောမျက်နှာကို ပြင်လိုက်ရင်း “ အဖွားက သမီးကို ကျီစယ်တာနေမှာပါကွယ်” “မဟုတ်ဘူး အမေ့သမီးကို ဆူပူ ပြီးတော့ကို ပြောတာ အဖေ့ကို ရည်စူးပြီး ယစ်နတ်မပေးလို့တဲ့”


ဘယ်လို…. ယစ်မပူဇော်လို့ ဟုတ်လား” “ ဟုတ်တယ်အမေ အဖွားက ပြောတယ် အိမ်က ဆိတ်ကလေးဖြစ်ဖြစ် ယစ်နတ်ပေးမှ အဖေက ငရဲဘုံက လွတ်နိုင်မှာတဲ့”

သမီးက ပြောရင်း အသံတုန်လာသည်မို့ မျက်နှာကို အကဲခတ်မိတော့ လက်နေသော မျက်ရည်စက်ကလေးများ ကိုယ်တိုင်လည်း ကျလုလု မျက်ရည်ကို ဆည်ရင်း သမီးကို နှစ်သိမ့်ဖို့ စကားရှာရသည်၊ တပြိုင်နက် ယောက္ခမအဘွားအိုကိုလည်း ဒေါသဖြစ်မိသည်။


အဘွားအိုလည်း ရှင်တော်ဘုရားကို ကိုးကွယ်အားထားသည်က အမှန်၊ သို့သော် အယူဟောင်းက မစင်သေး၊ အစွဲ ဟောင်းက မပြေသေးထင့်၊ အင်း ဒါမျိုးဆိုတာ ခက်တော့ ခက်သားကလား၊ အဘွားကြီးက ရှေ့မီ နောက်မီဆိုတော့ ဟုတ်ချင်ဟုတ်…၊ နောက်ပြီး သူ့သားကို မုန်းလို့ အကျိုး ယုတ်အောင် ပြောတာတော့ မဟုတ်နိုင်၊ ဒါဆို…..


ခင်ပွန်းသည် မွေထးထားခဲ့သော ဆိတ်အုပ်ထံမှ ဝဝပြည့်ပြည့် ဆိတ်ညိုပေါက်ကလေးဆီ အာရုံရောက်တော့ ခေါင်းကို ခါရမ်းလိုက်ရင်း ပင့်သက် တစ်ချက်ကိုသာ ချလိုက်တော့သည်။



(၄)


ဟင်းကနဲ ပင့်သက်ချမိပြန်သည်၊ သို့သော် ရင်၌ လေးပင်မှုက လျော့မသွား၊ ယောက္ခမကြီး၏ စကားတို့ကို ပြန်ကြားယောင်တိုင်း ခုလို သက်ပြင်းကို အခါခါ ချမိလျက်သား ဖြစ်ချေသည်၊ အဘွားကြီးကိုလည်း မကျေမနပ်ဖြစ်မှုက ကဲလာ တတ်စမြဲ။

တပ်အပ်သိလို့ ပြောတယ်ဆို ထားပါတော့ ခုတော့ ထင်ကြေးနဲ့ ဟင်း။


အင်း သူလည်း သူ့သားဆိုတော့ စိုးရိမ်ရှာလို့ ပြောတာများလား။ ဒါပေမဲ့ အဘွားကြီးက စကားကို များလွန်းပါတယ်။ ပြောသင့် မပြောသင့် ချင့်ချိန်မှာ မဟုတ်ဘူး။


“အမေ အဘွားပြောတာ ဟုတ်လား ဟင်” သမီးက ခဏခဏမေးတိုင်း တိကျရေရာ မဖြေနိုင်၊ မဖြေတတ်ခဲ့၊ မဖြေနိုင် တိုင်း အဘွားကြီးကို မကျေနပ်၊ မကျေနပ်တော့ ဒေါသဖြစ်၊ ဒေါသနောက်က သောကဝင်၊ အင်း သူလည်း…. သူ့သားအတွက် ဟိုတလောက ယစ်ပ,သသေးတဲ့၊ ဒါဆို… သူပြောတာ ဟုတ်များနေမလား။ ဟုတ်နေခဲ့ရင်တော့ ဘုရား ဘုရား။


ငရဲ ငရဲဘုံဆိုတာ…. အို….. “ချမ်းသာမှုကင်းတဲ့ မီးတောက်မီးလျှံတွေ ဟုန်းဟုတ်ထနေတဲ့ ကြိမ်ပိုင်ချောင်းငရဲ မစင် ဘင်ပုတ်ငရဲ ငရဲအား….။ ငါ ငါ သူကို ကယ်ရမယ် ကယ်ရမယ်။ သူ့အတွက်ဆို ဆိတ်တစ်အုပ်လုံး ပူဇော်ရ ပူဇော်ရ ငါ….။



(၅)

ခင်ပွန်းသည် ဘယ်ဘဝ ရောက်နေရှာတယ်ဆိုတာ သိချင်စမ်းပါဘိ၊ အဲဒီလို ဧကန်ညွှန်ပြနိုင်တဲ့ တန်ခိုးရှင်များရှိလျှင် ဘယ်မျှ ဝေးပါစေ အပြေး ဆည်းကပ်ချင်စမ်းပါဘိ၊ အကယ်၍ ငရဲဘုံမှာ ရောက်နေခဲ့လျှင် ကယ်တင်ရန် လျှောက်ထားလိုက်ချင် စမ်းပါဘိ၊ ရှိသည့်စည်းစိမ် ကုန်အောင်နှင်း ရပါစေ၊ အင်း ခုတော့ ။


“ရင့်မှည့်နေတဲ့ အောင်သီးတစ်လုံးရဲ့ မျိုးစေ့ဟာ ဘယ်မြေမှာကျကျ အပင်ပေါက်မှာပဲ၊ ကိုယ်က အချိုစေ့၊ အခါးစေ့ ခွဲခြား စိုက်ပျိုးဖို့ပဲလိုတယ်၊ ငါဟာ အချိုမျိုးတွေသာ များသောအားဖြင့် စိုက်ခဲ့တာပဲ” စသည့် သွားလေသူ၏ စကားတို့ကို ကြားယောင် မိပြန်သည်။


အချိုမျိုးစေ့ အခါးမျိုးစေ့ မျိုးစေ့…. မျိုးစေ့… မျိုးစေ့ဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်မှု ကမ္မ။ ဟုတ်တာပေါ့၊ သူဟာ အသက်သတ်ခြင်း၊ ခိုးယူခြင်း စတဲ့ သူတထူးကို ထိပါးစေမယ့် အမှုမျိုး၊ ပြုကျင့်တာ၊ တစ်ခါမျှ မကြံဖူးဘူး၊ နောက်ပြီး ၇ွာဦးကျောင်းက မထေရ်နဲ့လည်း သိပ်ကျွမ်းဝင်တာ၊ အဲဒီလို လူမျိုး ရဲ့ နောက်ဆုံးလားရာဟာ ငရဲ ငရဲတဲ့လား။


အဆုံးမရှိသော ချည်ခင်တစ်ခုကို အစငင်မိသူ တစ်ဦးလို အထွေးချည်မျဉ်တွေနဲ့သာ ရှုပ်ထွေးရစ်ဖွဲ့ ကျန်ရစ်ရစမြဲ။ ထို အထွေးအရှုပ်ကို ရှင်းပေးမည့် သူကို ပြင်းပြစွာ တောင်းတမိသည်။ မျှော်မောမိခဲ့သည်။


ဆိုက်ရောက်လာသမျှ အကြားဟော , အမြင်ဟော, တပ, ဗြဟ္မဏတို့ကို ချဉ်းကပ်မေးမြန်းရသည်မှာလည်း အကြိမ်ကြိမ် သို့သော် အရှုပ်ထွေးက မပြေ။

“ငါ့သမီးနှယ် ပင်ပန်းရနကော နွားရဲ့ဦးချိုမှာ သွားညှစ်နေလို့ ဘယ်နို့ထွက်မှာလည်းကွယ့်၊ ညည်းသိလိုတဲ့ အဖြေကို ပေးနိုင်သူဟာ တစ်ဦးတည်းရှိတယ်၊ အဲဒါ အဲဒါ တို့ရှင်တော်ဂေါတမပဲ သမီးရဲ့”


နောက်ဆုံး သမီးနဲ့ မြေးရဲ့ သောကလောင်မြိုက်မှုကို မရှုရက်သည့် ဖခင်ကြီးက အဲဒီလို လမ်းပြောင်းပေးလိုက်မှ ကွန်းခို ရိပ်ကို လှမ်းတွေ့လိုက်သော ခရီးပန်းသူလို နွမ်းသမျှတို့ ပြေခဲ့ရသည်။ ထိုဖခင်၏ စကားကို ကြားသည့်နေ့မှစ၍ ဒေသစာရီကို ငံမျှော်မိသည်၊ ဤဒေသသို့ ကြွပါရန် စိတ်ဖြင့် အကြိမ်ကြိမ် ပန်လျှောက်မိသည်၊ ခု ဝါကျွတ်နှင့်ဆိုလျှင် သုံးဝါကျွတ်ပင် တိုင်ခဲ့ပြီ။


“အမေရေ အမေရေ ဘုရားရှင်ကြွရောက်တာ အမှန်ပဲ၊ အရှင်ကောင်း အာနန္ဒာနဲ့လည်း ကြုံခဲ့တယ်”

“ဟယ် ဝမ်းမြူးဖွယ်သတင်းမှန်ပ” မျှော်မောရသောနေ့သည် ဧကန်ဆိုက်ေ၇ာက် ခဲ့ပြီမို့ မဆိုင်းပြေးသွားချင်မိသည်၊ ရောက်မဆိုက် ဖြစ်၍ အလျင် မလိုကောင်း၍သာ၊ နောက်ပြီး ကိုယ်တိုင်ဆို လည်ဝယ်စွာ လျှောက်ထားနိုင်အံ့မထင်၊ အရှင်ကောင်း အာနန္ဒာက တဆင့် မေးလျှောက်ရလျှင်…။


“ဒါဆို သမီး အရှင်အာနန္ဒာကို မပင့်လျှောက်ခဲ့ဘူးလား” “ပင့်ခဲ့တယ် အမေ အခု အရှေ့ပိုင်းက “ဦးသုဒတ္တ” တို့အိမ် ကြွဦးမတဲ့” “သြော် နွေဦးက ကွယ်လွန်သွားတဲ့ သူကြွယ် သုဒတ္တအိမ်ထင်တယ်”


“ဟုတ်တယ် အမေ၊ နောက်ပြီး သုဇာတာ ဥပသိကာအိမ်ကိုလည်း ဝင်ရမယ်တဲ့၊ ညနေစောင်း ကျောင်းပြန်ကြွမှပဲ သမီး တို့အိမ်ကို ကြွခဲ့မယ်တဲ့”


စကားမဆိုနိုင်၊ပီတိ ဖုံးသောကြောင့်ဖြစ်ပေမည်၊ သမီးငယ်ကို ကြည့်လိုက်တော့ ပြုံးကြည်နေလိုက်တာ ဆည်းဆာ ရောင်ထက် ပင် တောက်ေ နသေးတော့။



(၆)

“အို အရှင်ကောင်း ကြွပါလှည့်” “အိမ်း” “ ညနေက အရှင့်တူမ ပြောကတည်းက ငံ့လင့်နေတာပါ အရှင်”

“ အင်း အချိန်လေးလှပ်ခိုက်၊ ဉာတိတွေ၊ ဥပသကာတွေ ပင့်ရာကြွရသေး”

နေရာခင်းကျင်းခြင်း၊ ခရီးဦးကြိုဆိုခြင်း ဝတ်တို့ပြုအပြီးတွင် သားအမိနှစ်ဦးလုံး ဦးညွတ်မှု အဉ္ဇလီကို ပြုလိုက်ကြသည်။


“ကိစ္စထွေလာ ရှိလိုပလား” “ ရှိပါသကော အရှင်” “ ဆိုပါဦး” “ ဟိုး တပည့်တော်မရဲ့ ခင်ပွန်း၊ အရှင့်ရဲ့ နောင် တော်ဟာ ကွယ်လွန်သွားတာ သုံးမိုး ရှိပါပြီ အရှင်၊ အဲဒါ ”


“သူရဲ့ လားရာဘုံဘဝကို သိလိုတယ်ဆိုပါတော့” “ ဟုတ်ပါတယ်အရှင် အရှင်ကတဆင့်…”


“မြတ်စွာဘုရားကို မေးလျှောက်ပေးရမယ် ဆိုပါတော့၊ အိမ်း ဒီလို မေးခိုင်းတာ သင်ရို့နဲ့ပါဆိုရင် ဟောဒီ နာတိက ရွာက ငါ့ဉာတိတွေ အားလုံးလို့တောင် ဆိုရမလို ဖြစ်နေပြီ”


အလို တို့လို သိလိုသူတွေ မနည်းဘူးဆိုပါလား။ ဟုတ်မှာပေါ့လေ၊ ဘဝတစ်ပါးပြောင်းသွားသူ မရှိတဲ့ အိမ်ရယ်လို့မှာ လောကမှာ မရှိနိုင်တာ၊ အံ့အားသင်၍ မဆုံးမီပင်။


“ အဲ ဒါဆို ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ငါမေးလျှောက်လိုက်မယ်၊ နံနက်မိုးသောက်မှ သင်တို့သိလိုတဲ့ အဖြေ ကို ယူကြပေတော့”

ပြန်ကြွရန် မထေရ်အထတွင် ရှိခိုးလိုက်ကြသည်၊ သည်တစ်ကြိမ် ရှိခိုးလိုက်ရခြင်းကား ကျေးဇူးကြောင့်လားမသိ စေးစေး ပိုင်ပိုင် ရှိလှဘိခြင်း။



(၇)

ညာတိတို့၏ ပြဿနာတို့ကိုပိုက်ကာ မြတ်စွာဘုရား ကိန်းဝပ်ရာသို့ လာခဲ့သည်။ ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာတွင် ညင်သာစွာ ထိုင်လိုက်သည်။ အသာမော့ကာ ရှင်တော်၏ မျက်နှာတော်အား ဖူးလိုက်စဉ်။


သက်တော်(၈၀)ဆိုတဲ့ ဇရာက သပ္ပာယ်ခြင်း အသရေကို မတိုက်စားနိုင်၊ ရှည်လျားသော ခရီးကြောင့် ဖြစ်ပေါ်သော ပင်ပန်းမှုသည်လည်း အရှင်၏ ငြိမ်းအေးသော အသရေကို မထိပါးနိုင်ပါလား၊ ကြည့်စမ်းဖူးသူ မရောင့်ရဲအောင် ငြိမ်းအေး တင့်တယ်လိုက်တာ။


မျက်နှာတော်ကို ဖူးမြော်ရင်း တိုးညင်းစွာ လျှောက်ထားလိုက်မိသည်။

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဘဝအတွက် ဖြေခက်တဲ့ အထုံးအဖွဲ့တို့ကြုံတိုင်း တပည့်တော်ရဲ့ အားထားရာဟာ အရှင်မှ တစ်ပါး အခြား မရှိပါဘူးအရှင်၊ အခုလည်း အထုံးအဖွဲ့များနဲ့ ရောက်ခဲ့ပါပြီအရှင်”


မျက်လွှာတော်ကို ပင့်သည်ဆိုရုံမျှ ပင့်ကြည့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူသည်၊ ဘုရားရှင်၏ ဆိတ်ဆိတ်နေခြင်းသည် ခွင့်ပြုတော်မူခြင်းပင်ဟု သဘောပေါက်ထားသူပီပီ။

“အရှင်ဘုရား ဟောဒီ နာတိက ရွာသားတွေ သိလိုတဲ့ ပြဿနာတွေကို တပည့်တော် ဆောင်ကြဉ်းလာခဲ့ရပါတယ်။

အဲဒါက……….၊”


“သာဠမည်တဲ့ ရဟန်းဟာ ဟောဒီ နာတိကကျောင်းမှာပဲ ကွယ်လွန်ပါတယ်၊” သူဘယ်ဘုံဘဝမှာ ရောက်ရှိနေပါသလဲ အရှင်၊ “အဲလို ကွယ်လွန်သွားတဲ့ နန္ဒာဘိက္ခူနီမရဲ့ လားရာကိုလည်း သိပါရစေ အရှင်၊”


“သုဒတ္တ ဥပသကာဟာလည်း ဒီရွာမှာပဲ ကွယ်လွန်သွားပါတယ်၊ သူကော ဘယ်ဘုံဘဝမှာ ရောက်၇ှိနေပါသလဲ ဘုရား” နောက်ပြီး သုဇာတာ ဥပသိကာဟာလည်း ဒီနာတိက ရွာမှာပဲ အနိစ္စရောက်ခဲ့ပါတယ်၊ သူကော ဘုရား”။


ဒါတင်မက ကုက္ကုရ၊ နိကဋ၊ ကဋိဿဟ၊ တုဋ္ဌတို့ဟာလည်း ဒီရွာမှာပဲ ကွယ်လွန်ခဲ့ကြတယ်၊ သူတို့တစ်တွေကော ဘယ်မှာလားကုန်ကြသလဲဘုရား”

သိလိုသော မေးခွန်းတွေ ဆက်တိုက်မေးမိသည်ကို သတိရမှ ဆက်လုလုနှုတ်ကို ထိန်းလိုက်ကာ အဖြေကို ငံ့လိုက်တော့။


အသံအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံဆဲရှိတဲ့ အသံတော်နဲ့ “အို အာနန္ဒာ၊ သဠမည်တဲ့ ရဟန်းဟာ အာသဝေါကင်းကွာ မဂ်ပညာ ဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားလေပြီ”


“အို အာနန္ဒ၊ နန္ဒာမည်တဲ့ ဘိက္ခုနီမကတော့ သံယောဇဉ်ငါးပါးရဲ့ ကုန်ခြင်းကြောင့် ဗြဟ္မဘုံမှာပင် ပြန်မဆုတ်နစ်တော့ဘဲ ပရိနိဗ္ဗာန်ပြုပေလိမ့်”


အို အာနန္ဒာ၊ သုဒတ္တ ဥပသကာကတော့ တပ်မက်ခြင်း၊ အမျက်ထွတ်ခြင်း၊ တွေဝေခြင်းတွေ ကင်းပြီမို့ သကဒါဂါမ်ဖြစ်ပြီး လူ့ဘဝသို့ တစ်ကြိမ်လာကာ ဆင်းရဲကုန်ခြင်းကို ပြုပေလိမ့်မည်”


“သုဇာတာ သတင်းသည်ကတော့ သံယောဇဉ်သုံးပါး ကုန်ခြင်းကြောင့်၊ သောတာပန်ဖြစ်ခဲ့ပြီး အပယ်သို့ မလားနိုင်တော့၊ သုဂတိဆိုတဲ့ ဂတိမြဲလေပြီ”

တစ်ဦးခြင်းမေးသမျှကို ဖြေကြားပေးနေတော်မူသည်ကို လိုက်နာမှတ်သားရင်း၊ ဆက်မေးမြန်းရမည့် ပုဂ္ဂိုလ်တို့၏ အမည် နာမများကို အပြေးအလွှား စဉ်းစားနေရသည်၊ ဒါမှ သိလိုသူ စာရင်းမကျန် ပြည့်စုံမည် မဟုတ်လား”



(၈)

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား ငါးရာကုန်သော ဥပသကာတို့ဟာ ဟောဒီ နာတိကရွာမှာ ကွယ်လွန်ခဲ့ကြပါသေး တယ်၊ သူတို့ရဲ့ လားရာက ရော ဘုရား”


“ အာနန္ဒာ အဲဒီသတင်းသည် ငါးရာတို့ဟာ သံယောဇဉ်တွေ ကုန်ခြင်းကြောင့် အပယ်သို့မကျ၊ သုဂတိဆိုတဲ့ လားရာမြဲ ကုန်ပြီ”


အဖြေတွေက မေးလိုက်သည့် ဉာတိတွေအတွက် နှစ်ထောင်းဖွယ် ကောင်းလှတော့သည်။ ဝမ်းမြောက်သော ပီတိဖြင့် ပုဂ္ဂိုလ်မကြွင်းရအောင် မေးဖို့ စဉ်းစားနေခိုက်.


“ အို အာနန္ဒာ” ဖျက်ကနဲ မော်ဖူးလိုက်တော့ ပြုံးခြင်းလျှင် ရှေ့သွားရှိသည့် စကားဆိုခြင်းဖြင့် ခွန်းစတော်မူလိုက်သည်မို့

“အကြောင်းတစ်ခုခုကြောင့် လူဟာ စုတေ သေဆုံးရစမြဲ၊ အဲဒီလို သေဆုံးတိုင်း ငါဘုရားကိုချဉ်းကပ်ပြီး ယခုလို မေးမြန်းနေမယ် ဆိုရင် အဲဒီ မေးမြန်းမငတွေဟာ ဖြေသူအတွက် ပင်ပန်းစေရုံမျှသာ ဖြစ်တော့မှာပေါ့ကွယ်”


အင်း ဟုတ်ပါလား၊ ဒါတောင် ဟောဒီရွာက ငါ့ဉာတိတွေပဲ ရှိသေးတာ၊ ဟိုး ရာဇဂြိုဟ်တို့ သာဝတ္ထိတို့စတဲ့ တိုင်းကြီး ပြည်ကြီးတွေက လူတွေကို မေးမယ်ဆိုရင် အား… မဆုံးနိုင်တဲ့ မတန့်နိုင်တဲ့…


“ အဲဒါကြောင့် အာနန္ဒာ ကြေးမုံမှန်တရားကို ဟောကြားပေးအံ့၊ အဲဒီ ကြေးမုံတရားနဲ့ ပြည့်စုံသူဟာ မိမိရဲ့ ငရဲဘေး စသည်မရှိ၊ သုဂတိဆိုတဲ့ လားရာမြဲသည်ကို ပြောလိုက ပြောနိုင်ကြပေတယ်”


“မှန်ကြေးမုံမှာ ပြုံးပြီးကြည့်လျှင် ပြုံးရိပ်ထင်ပြီး မဲ့ကြည့်တော့ မဲ့ရိပ်ထင်သလိုပေါ့ အာနန္ဒာ၊ အဲဒီအခါ မိမိရဲ့ အကျည်းတန် ခြင်း မတန်ခြင်းကို ပြက်ထင်စွာ ပြောနိုင်သလို၊ ဟောဒီ ကြေးမုံတရားနှင့် ပြည့်စုံလျှင် မိမိရဲ့ လားရာကို မိမိပြောလိုက ပြောနိုင် တယ်”


“ဆိုပါတော့ အာနန္ဒာ၊ လူတစ်ဦးဟာ ညစ်ကြူမှု ကိလေ ကင်းဝေးပြီး၊ တရားတွေကို ကိုယ်တိုင်လည်းသိ မယဉ်ကျေး သူကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်တဲ့ ဂုဏ်တွေနဲ့ ပြည့်စုံတဲ့ ဘုရားရှင်ကို စူးစိုက်ယုံကြည် အားထားရမယ်၊ ဘုရားရှင် ဟောကြားထားတဲ့ မျက်မှောက်ထင်ထင် အခါမရွေး ကိုယ်ကျင့်လျှင် ကျင့်သလိုရတဲ့ ဂုဏ်တွေနဲ့ ပြည့်ဝတဲ့ တရားဓမ္မတွေကို လည်း လိုက်နာကျင့်ကြံ အားထားမယ်၊ အဲဒီတရားတွေ ဆောင်ကြဉ်းပေးတတ်တဲ့ ဖြောင့်မတ်ကောင်းမြတ်တဲ့ အကျင့်ရှင် သံဃာ တွေကိုလည်း ဆည်းကပ်ကိုးကွယ်မယ်၊ ညွှန်ပြတဲ့အတိုင်း ကိုယ်ကျင့်သီလမြဲအောင်၊ စိတ်တည်ကြည်အောင်၊ ပညာပွားအောင် ကျင့်မယ်ဆိုရင် အဲဒီလူဟာ မှန်ကြေးမုံမှာ ပြုံးကြည့်တာနဲ့ တူတဲ့အတွက် ကိုယ့်ကိုကိုယ် ငရဲဘေး၊ တိရစ္ဆာန်ဘေးစတဲ့ မကောင်း တဲ့ လားရာ မရှိတော့ဘူး၊ သုဂတိဘုံဆိုတဲ့ လားရာ မြဲတယ်လို့ ပြောလိုက ပြောနိုင်ပေတယ် အာနန္ဒာ”


“အဲဒီက ဖီလာဆန့်ကျင်ဆိုရင်လည်း ကြေးမုံမှာ မဲ့ကြည့်တာနဲ့ တူတဲ့အတွက်…. သူဟာ…..”



(၉)


ရင်သည် လင်းမြတ်သွားလိုက်တာ၊

ဘုရားရှင်ညွှန်ပြတဲ့ ကြေးမုံဟာ ငါ့ရင်ထဲမှာလည်း ရှိနေနှင့်ပါပေါ့လား။


[B]ထိုမှန်ကို အပြန်ပြန်အလှနှ်န် ကြည့်ရှုသုံးသပ်လိုက်မိသည်၊ ကိုယ့်လားရာ ပုံရိပ်ပြတ်ထင် လာသလိုလို၊ လူတိုင်းလူတိုင်းရဲ့ မနသီမှာ မှန်ကိုယ်စီ နဲ့ပါလား၊ အဲဒီ ကြေးမုံကိုရှုပြီး ကိုယ်, နှုတ်, နှလုံးကို အလှပြင်ကြမယ်ဆိုရင်….၊[/B]

မနက်လင်းလျှင် နာတိကရွာက ဉာတိတွေကို ကြေးမုံကြည့်နည်း သင်ပေးရဦးမည်၊ သို့မှ သူတို့၏ ဘဝထင်ဟပ်မှုကို ရှုတတ်ကြပေမည်၊ ထိုအခါ နေမှု သေမှု၌ စိတ်ခွန်အားတို့ တိုးကာ…..


မဝသော ရှိခိုးခြင်းဖြင့် ရှိခိုး၍ ထံတော်ပါးမှ အသာယို့ကာ ထွက်ခဲ့ပြီး၊ နာတိကရွာဆီ လှမ်းမျှော်လိုက်မိတော့ “ဓီတာ” တို့ သားအမိကို ဦးဆုံးမြင်ယောင်လိုက်သည်။


“ အင်း ခများတို့ သားအမိကိုတော့ ကြေးမုံကြည့်တတ်အောင် အချိန်လေးယူပြီး သင်ပြပေးရမှာပေါ့လေ” ။

ကျမ်းကိုး။ ။ မဟာပရိနိဗ္ဗာနသုတ်။

လူတိုင်းလူတိုင်း ဓမ္မကြေးမုံကိုကြည့်ပြီး ကိုယ်,နှုတ်, နှလုံးသုံးပါးကို အလှပြင်နိုင်ကြပါစေ..

ကံထွန်းသစ်

Sunday, May 8, 2011

အနှိုင်းမဲ့ မေတ္တာရှင်သို့တမ်းချင်း




အနှိုင်းမဲ့ မေတ္တာရှင်သို့တမ်းချင်း

အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်၊

အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့

လူတိုင်းမှာ အမေရှိကြတယ်၊

မရေမရာ ပဟေဠိတွေကြောင့်၊

ဇဝေဇဝါ အဖေမသိတောင်မှ

အမေဆိုတာ အသေအချာရှိခဲ့ကြတယ်။

(အောင်လှိုင်ထွန်း)

အမေ့မေတ္တာနှင့် ဤလောက

အမေ…. ၊ လူတိုင်းမှာ အမေနှင့် မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။ အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလုအယက်ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနားကရူဏာပိုစွာ မျက်ရည်လည်ရွဲ ငိုပွဲဆင်ရမြဲပင်တည်း။ အဘယ့်ကြောင့် ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ…အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။

ထို့အတူ အမေသည် သားသမီးဟူသော ပန်းကလေးများကို ဖူးပွင့်စေသောကြောင့် ဥယျာဉ်မှူးလည်း မည်၏။ အမေသည် သားသမီးများကို အတွေးအမြင် လှပအောင်၊ အကောင်း အဆိုး အမှားအမှန် ခွဲခြားဝေဖန်တတ်အောင်၊ အသိအလိမ္မာရှိ၍ ရည်ရွယ်ချက်နှင့် စေတနာ ကောင်းမြတ် မှန်ကန်အောင် အမြဲ တည့်မတ်ပေးခဲ့၏။ ထို့ကြောင့် အမေသည် အနာဂတ်ကို ကြီးကျယ် ခမ်းနားအောင် ပန္နက်ချပေးနေသည့် ဗိသုကာလည်း မည်၏။ သားသမီးများကို သွန်သင် ဆုံးမရာ၌ ချော့သင့်လျှင် ချော့၏။ ခြောက်သင့်လျှင် ခြောက်၏။ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် လိုသလို ပုံသွင်းခဲ့၏။ ထို့ကြောင့် အမေသည် အလွန်နူးညံ့သော အနုပညာရှင်လည်း မည်ပါ၏။

အမေ့မေတ္တာသည် သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ်အပေါင်းမှ ကာကွယ်ပေး၍ အေးချမ်း ကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည်သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျား အမေ၊ သူ့ အမေ၊ တစ်ခြားသူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေအားလုံး၏ မေတ္တာတရားတို့ဖြင့် လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်းနေဦးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။ မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန်ဖြစ်ကြလျှင်သော်မှ အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက်လျှင် ချက်ချင်း ငြိမ်းပျောက် သွားသကဲ့သို့ လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေစေဦးတော့ အမေတိုင်း၏ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာလောကကြီးသည် အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေကမွေးသော သားသမီးများက ဤကမ္ဘာလောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ်နေကြ၊ ဆက်လက်တည်တံ့အောင် ဆောင်ရွက်နေကြသောကြောင့် ဤကမ္ဘာလောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက်ထားသည်ဟုဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။

နှိုင်းဆ မကုန် မိဘဂုဏ်

(၁)“ပထ၀ီ ဝေဠုက ပတ္တံ”

ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော ဤမဟာ ပထ၀ီ မြေကြီးသည် မိဘ မေတ္တာနှင့် နှိုင်းယှဉ်လိုက်ပါက ၀ါးရွက်ငယ်တမျှသာ ရှိပေ၏။

(၂)“သိနေရု ဦန၀မ္မိကံ”

ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်သည် မိဘ မေတ္တာနှင့် နှိုင်းစာပါက နွားချို ပမာဏသာ ရှိလေသည်။

(၃)“သမုဒ္ဒေါ ပါတိကံ ယထာ”

အလွန်တရာ ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည် မိဘ မေတ္တာ နှင့် နှိုင်းစာပါက မိုးရေစက် တစ်စက်မျှလောက်သာ ဖြစ်ပေ၏။

(၄)“စက္က၀ါဠ သူစိဃရံ”

အလွန်ကျယ်ပြန့်သော အတိုင်းအဆ မရှိသော စကြာဝဠာသည် မိဘ မေတ္တာနှင့် နှိုင်းစာပါက အပ်နဖားပေါက်လောက် ပမာဏသာ ရှိပေ၏။

(မာတုပေါသကသုတ်၊ သဂါထာ-သံ၊ ပါ၊ ၁၈၃၊ ဋ္ဌ၊ ၂၄၄။)

*အနန္တဂိုဏ်းဝင်၊ မိဘပင်၊ ဂုဏ်အင်ကြီးမားသည်။

*မိဘဂုဏ်ကို၊ ယှဉ်ပြိုင်လို၊ မြင်းမိုရ်တောင်က ငယ်လိမ့်မည်။

*မိဘဂုဏ်အင်၊ ပြိုင်လာလျှင်၊ ကောင်းကင်ပြင်က ကျဉ်းလိမ့်မည်။

*မိဘဂုဏ်စု၊ ပြိုင်လာတု၊ မြေထုမြေလွှာ ပါးလိမ့်မည်။

*မိဘဂုဏ်မှာ၊ ပြိုင်လို့လာ၊ အဏ္ဏဝါက ကျဉ်းလိမ့်မည်။

*မိဘဂုဏ်က၊ ပြိုင်မရ၊ အဆရာထောင် သာလိမ့်မည်။

ထိုမျှမက မိဘမေတ္တာနှင့် နှိုင်းယှဉ်လာသည့် ပန်းရွှေကြာနှင့် စမ်းရေပြာသည်လည်းကောင်း၊ ဒေါင်းဖလ်ဝါနှင့် စန်းစန္ဒာတို့သည်လည်းကောင်း ကြည်ဖြူစွာနှင့်ပင် သူ့အလိုလို အရှုံးပေးသွားခဲ့ကြပြန်၏။ စမ်းရေပြာကိုလည်း ကြည့်ပါဦး။ တသွင်သွင်စီးဆင်းကာ အေးမြပုံချင်းတူသော်လည်း မိဘမေတ္တာကား သားသမီးအပေါ် အမြဲစီးဆင်းနေသော စမ်းချောင်းကလေးအသွင်ဖြစ်ပါ၏။ ပကတိစမ်းချောင်းခေါ်သည့် စမ်းရေပြာမှာမူကား နွေအခါဆို အလိုလိုခန်းခြောက်တတ်သောကြောင့် မိဘမေတ္တာကို မယှဉ်နိုင်သည်မှာ အထူးပြောဖွယ် မလိုအောင်ပင်။

ဖခင်က သားသမီးတို့အပေါ် ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသောကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊ မိခင်က အေးမြသောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကိုလည်းကောင်း နှိုင်းယှဉ်ကြည့်နိုင်ပါ၏။

*မေမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်တည်း။

*ဖေဖေ့မေတ္တာ ဥပမာသည် နေ့အခါနေမင်းရောင်ခြည်တည်း။

မှန်ပါ၏။ နေမင်းသည်လည်း အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်းသည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့ လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာအလေင်းရောင်သည်ကား သားသမီးတို့အပေါ်မှာ အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီးတစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့်ပင်

မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ ထုံးစံပင်တည်း။

*မိဘမေတ္တာ၊ ပန်းရွှေကြာနှင့်၊ ပမာနှိုင်းဆို၊ မတိုင်းလိုဘူး၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့။

* မိဘမေတ္တာ၊ စန်းစန္ဒာနှင့်၊ ပမာယှဉ်ဆို၊ မမြင်လိုဘူး၊ ထိုစန်းတိမ်လွှာ ဖုံးတတ်လို့။

* မိဘမေတ္တာ၊ စန်းရေပြာနှင့်၊ ပမာခိုင်းဆို၊ မနှိုင်းလိုဘူး၊ ထိုစန်းနွေမှာ ခမ်းတတ်လို့။

* မိဘမေတ္တာ၊ ဒေါင်းဖလ်ဝါနှင့်၊ နှိုင်းကာယှဉ်ဆို၊ မပြောလိုဘူး၊ ညဆိုနေမင်း ကွယ်တတ်လို့။

(အရှင်သီရိကဉ္စနညဘိဝံသ)

ဤမာတုပေါသကသုတ်အရ မိဘမေတ္တာသည် ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော ဤမဟာ ပထ၀ီ မြေကြီးထက်လည်း ကြီးမားလှပါ၏။ ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်ထက်လည်း မြင့်မားလှပါ၏။ အလွန်တရာ ကျယ်ဝန်းလှသော မဟာ သမုဒ္ဒရာ ထက်လည်း ကျယ်ဝန်းလှပါ၏။ အလွန်ကျယ်ပြန့်သော အတိုင်းအဆ မရှိသော စကြာဝဠာ ထက်လည်း ပို၍ ကျယ်ပြန့်လှပါ၏။ အဘယ့်ကြောင့်ဟူမူ အဆိုပါ မဟာ ပထ၀ီ မြေကြီး၊ မြင်းမိုရ်တောင်၊ မဟာ သမုဒ္ဒရာ၊ စကြာဝဠာတို့သည် တိုင်းတာ တွက်ဆ၍ ရကောင်း ရနိုင်မည် ဖြစ်သော်လည်း မိဘ မေတ္တာ၏ အတိုင်း အတာ ထုထည် ပမာဏကိုကား တိုင်းတာ တွက်ဆ၍ မရနိုင်သောကြာင့် ဖြစ်ပါ၏။

မြင်းမိုရ်တောင်ဦး မကကြူးသည့် ကျေးဇူးရှင် မိခင် ဖခင်

ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေရာတွင် “ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။” ဟု ဗုဒ္ဓစာပေ များတွင် မိဘ မေတ္တာ ကြီးမားကြောင်းကို တင်စားရာ၌ ဇမ္ဗုဒိပ်ကျွန်းတွင် အကြီးဆုံး၊ အမြင့်ဆုံးအဖြစ် ထင်ရှားသော မြင်းမိုရ်တောင်ဖြင့် ဥပမာပြု တင်စားလေ့ ရှိပါ၏။

ဘုရားရှိခိုးတိုင်း အနန္တ (၅) ပါးဖြင့် ရှိခိုးလေ့ရှိသလို ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေရာတွင်လည်း အနန္တ (၅) ပါးတို့အနက် မိဘ နှင့် ဆရာတို့ကို အမျှဝေလေ့ ရှိပါ၏။ ထို အနန္တ (၅) ပါးတို့တွင် ဘုရား၊ တရား၊ သံဃာ တို့ကိုမူ အမျှပေးဝေရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုဘုရား၊ တရား၊ သံဃာ တို့သည် အမျှဝေခြင်းစသည့် သူတစ်ပါး၏ အကူအညီကို ယူဖွယ် မလိုသောကြောင့်ပင် ဖြစ်ပါ၏။(ဤနေရာ၌ သံဃာအရ အရိယာ သံဃာကို ရည်ရွယ်၍ ဆိုသည်။) မိဘနှင့် ဆရာတို့မှာမူ ဇနီး မယား သံယောဇဉ်၊ သမီး သား သံယောဇဉ်၊ ပစ္စည်း ဥစ္စာ သံယောဇဉ် စသည်ဖြင့် သံယောဇဉ် အနှောင် အဖွဲ့တို့မှ မလွန်မြောက်နိုင်သေးရကား အမျှဝေခြင်းစသည့် သူတစ်ပါး၏ အကူအညီကို ယူရန်လိုအပ်သောကြောင့် ဖြစ်ပါ၏။

အနှိုင်းမဲ့မေတ္တာရှင်

အမေသည် အနန္တောအန န္တ(၅)ပါးတွင် ပါဝင်၏။ အမေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြားလွန်းသောကြောင့် “အန န္တ” ဟု စကားလုံးတစ်လုံးတည်း သုံးရသည်ကိုပင် အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အန န္တ”တစ်လုံး ဖြည့်စွက်သုံးကာ ပ်ါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တောအန န္တ” ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့် အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ်တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။ ဥပမာ။ ။မဟာ-ကြီးသည်၊ မဟာ့မဟာ-အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြားမရှိအောင်၊ ရေတွက်ခြင်းငှါ မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့မေတ္တာရှင်” ဟု အမေကို တင်စားကာ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပါ၏။

အစားထိုး၍ မရနိုင်သော အရာ

လောကမှာ ဥစ္စာ စီးပွါး၊ ပညာ အသိတရား၊ သြဇာ အာဏာ များဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါလိမ့်မည်။ အဖေ အမေ တည်းဟူသော မိဘကိုမူ ဘယ်သောအခါမျှ အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေလျှင်လည်း မယား အစား ရနိုင်ပါ၏။ သား သမီး သေလျှင်သော်မှ သား သမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ မိဘများ သေသွားလျှင် မိဘနေရာကို အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ အမေမရှိလျှင် အမေကို အစားထိုးကာ အတုပြုလုပ်၍ ရနိုင်မည် မဟုတ်ပါပေ။

မိဘတို့၏ မေတ္တာသည် အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ မိဘ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။ မိဘမေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့် ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍ မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စားဝင်ယူနိုင်၏။ မိဘနေရာကိုကား မည်သူမျှ ကိုယ်စား မ၀င်နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည် အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။

မိမိအသက်စွန့်၍ မိဘကျေးဇူးကြွေးကို ပေးဆပ်ခြင်း

မိဘတို့အား ကောင်းစွာလုပ်ကျွေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏ဟု ၃၈-ဖြာမင်္ဂလာ တရားတော်တွင် ဖော်ပြထားပေး၏။ ထိုမင်္ဂလာတရားတော်နှင့်အညီ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိခင်မျောက်အိုမကြီးကို ကောင်းစွာလုပ်ကျွေး၍ အသက်ပေးစွန့်ခဲ့သော မျောက်ညီနောင် အကြောင်းကို ဒုကနိပါတ်၊ စူဠနန္ဒိယဇာတ်တော်တွင် ဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုချိန်၌ ဘုရားလောင်းသည် ဟိမ၀န္တာအရပ်တွင် မဟာနန္ဒိယအမည် ရှိသော မျောက်ဖြစ်လေ၏။ မဟာနန္ဒိယတွင် သူဠနန္ဒိယ အမည်ရှိ ညီငယ်မျောက်မင်းလည်း ရှိလေသည်။ ထိုမျောက်ညီနောင်တို့သည် မျောက်ရှစ်သောင်းကို ခြံရံအုပ်ချုပ်၍ မျက်မမြင်မိခင် မျောက်အိုမကြီးကို လုပ်ကျွေးပြုစုနေကြလေ၏။

မျောက်ညီနောင်သည် မိခင် မျက်မမြင် မျောက်အိုမကြီးကို ချုံတနေရာတွင် နေရာချထားပြီး မျောက်အပေါင်းကို ခြံရံကာ တောထဲသို့ နေ့စဉ်ဝင်ရောက် အစာရှာကြကုန်၏။ မျောက်ညီနောင်သည် ချိုမြိန်သော သစ်သီးသစ်ဖုများကို မိခင်ထံသို့ အခြံအရံမျောက်တို့အား ပို့ဆောင်စေလေ၏။ အခြံအရံမျောက်တို့သည် မျောက်ညီနောင်၏ မိခင်အား ချိုမြိန်သော သစ်သီးသစ်ဖုများကို မပေးဘဲ မာကျောရင့်ရော်သော သစ်သီးသစ်ဖုများကိုသာ ပေးပို့ပြီး ကောင်းမွန်သော သစ်သီးသစ်ဖုများကို မိမိတို့ဘာသာ စားလိုက်ကြလေ၏။

မိခင်မျက်မမြင် မျောက်အိုမကြီးမှာ မာကျောရင့်ရော်သော သစ်သီးများကို မစားနိုင်သောကြောင့် အစာရေစာငတ်သဖြင့် ခန္ဓာကိုယ်သည် အရိုးအရေမျှသာ ရှိလေ၏။ တနေ့တွင် မဟာနန္ဒိယမျောက်မင်းသည် မိခင်ထံသို့ သွားရောက်သည့်အခါ အရိုးအရေမျှသာရှိသော မိခင်ကို တွေ့ရလျှင်- မိခင်၊ ကျွန်ုပ်တို့သည် မိခင်ထံသို့ နေ့စဉ် ကောင်းမွန်လတ်ဆတ်သော သစ်သီး သစ်ဖု များကို ပို့သစေပါ၏။ မိခင်သည် အဘယ်ကြောင့် အရိုးအရေမျှသာ ရှိရပါသနည်း-ဟု မေးလေသည်။

အို ချစ်သား မဟာနန္ဒိယ၊ သင်တို့ပို့သစေသော သစ်သီးသစ်ဖုကို ငါမရ-ဟု ဖြေလေသည်။ ထိုအခါ မဟာနန္ဒိယမျောက်မင်းသည် မျောက်အပေါင်းတို့အကျိုးကို ဆောင်ရွက်သည်ရှိသော် ငါ၏မိခင် ပျက်စီး ဆုံးရှုံးရပေတော့မည်။ မျောက်အပေါင်းတို့ကို စွန့်လွှတ်ကာ မိခင်ကိုသာ ပြုစု လုပ်ကျွေး ပါတော့မည်-ဟု ကြံစည်လေ၏။

ထို့နောက် ညီငယ် စူဠန္ဒိယကိုခေါ်ကာ မျောက်အပေါင်းကို ဦးစီးအုပ်ချုပ်စေရန် အပ်နှံလေ၏။ ညီငယ် စုဠနန္ဒိယကလည်း လက်မခံဘဲ မိခင်ကိုသာ လုပ်ကျွေးလိုပါသည်-ဟု ဆိုသဖြင့် မျောက်ညီနောင် တို့သည် မျေက်အပေါင်းကိုစွန့်ကာ မိခင်ကိုခေါ်၍ ဟိမ၀န္တာအရပ်မှ ဆင်းသက်လာခဲ့ကြ၏။ အစွန်အဖျား အရပ်တခုဖြစ်သော ပညောင်ပင်၌နေကြ၍ မိခင်မျောက်အိုကြီးကို ပြုစုလုပ်ကျွေးလေ၏။

ထိုအချိန်တွင် ဗာရာဏသီမြို့နေ ပုဏ္ဏားလုလင်တဦးသည် အခြားအတတ်ပညာဖြင့် အသက်မွေးမြူရန် မတတ်နိုင်သောကြောင့် လေးအတတ်ဖြင့် မုဆိုးလုပ်၍ အသက်မွေးရန် စိတ်ကူးမိလေ၏။ ထို့နောက် လေးမြားကိုလွယ်ကာ တောထဲသို့ဝင်၍ သားကောင်အမျိုးမျိုးသတ်ပြီး အသားရောင်းသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလေသည်။

တနေ့တွင် ပုဏ္ဏားမုဆိုးသည် တောလယ်မှအပြန် သားကောင်တစုံတရာ ရရှိမလာသောကြောင့် ဟိုဟိုသည်သည် ကြည့်ရှု၏။ ထိုအခါ ကွင်းပြင်အစွန်အဖျား၌ရှိသော ပညောင်ပင်ကိုမြင်လျှင် ဤပညောင်ပင်၌ သားကောင်တစုံတရာ ရှိကောင်းရှိမည်-ဟု သံသယရှိကာ ပညောင်ပင်သို့ ရှေးရှုလာခဲ့သည်။

ထိုအချိန်တွင် မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို သစ်သီးရှာကျွေးပြီး သစ်ခွကြား၌ နားနေချိန်ဖြစ်၏။ ပုဏ္ဏားမုဆိုး ပညောင်ပင်သို့ လာနေသည်ကို မြင်သောအခါ မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို ခွကြား၌ထားခဲ့ပြီးလျှင် ပညောင်ပင်ရွက်ကြား၌ ပုန်းအောင်းနေလေ၏။

မုဆိုးသည် မျောက်အိုမကြီးကို ပညောင်ပင်၌ တွေ့သောအခါ ငါ လက်ချည်းပြန်သွားလျှင်ကား အဘယ်အကျိုးရှိတော့အံ့နည်း။ ဤမျောက်အိုမကြီးကိုဖမ်းသွားမည်-ဟု ကြံစည်ကာ မျောက်အိုမကြီးကို ပစ်ရန် လေးတင်လေသည်။

မဟာနန္ဒိယမျောက်မင်းသည် မုဆိုးလေးတင်သည်ကို မြင်လျှင် ညီတော် စူဠနန္ဒိယ၊ ဤယောက်ကျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါအံ့။ သင်သည် ငါသေသွားသောအခါ မိခင်ကို လုပ်ကျွေးပါလော့-ဟု မှာကြားပြီးလျှင် သစ်ရွက်ကြားမှ ထွက်ကာ အို-အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါ၏မိခင်သည် ကန်းလဲကန်း၏။ အိုလဲ အိုပါ၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါ၏မိခင်ကို မသတ်ဘဲ ငါ့ကိုသာသတ်၍ ယူပါ-ဟု ဆိုကာ မုဆိုးထံ ၀န်ခံကတိယူ၍ မြားရှေ့တည့်တည့်တွင် ရပ်လေ၏။

မုဆိုးယုတ်သည် မဟာနန္ဒိယမျောက်မင်းကို ပစ်ယူလေ၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မိခင်မျောက်အို မကြီးကို ပစ်ရန် လေးကိုထပ်တင်ပြန်၏။ ထိုအခါ ညီငယ် စူဠနန္ဒိယက ဤယောက်ျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည်လည်း ငါ၏မိခင်အတွက် အသက်ပေးလှူအံ့-ဟု ဆုံးဖြတ်ကာ သစ်ရွက်ကြားမှထွက်၍- အို အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါသည် ငါ၏မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါတို့ညီနောင်ကို ယူပါ။ ငါ၏ မိခင်ကို အသက်ချမ်းသာပေးပါလော့-ဟု ၀န်ခံကတိတောင်းလေ၏။ မုဆိုးယုတ်သည် စူဠနန္ဒိယ မျောက်မင်းကို မြားဖြင့်ပစ်ပြန်၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မျက်မမြင် မျောက်အိုမကြီး ကိုလည်း ပစ်ပြန်လေ၏။ မုဆိုးယုတ်သည် မျောက် ၃-ကောင်ကိုထမ်းကာ အိမ်သို့ ၀မ်းသာ ပျော်ရွှင်စွာ ပြန်လေ၏။

ထိုအချိန်၌ပင် မုဆိုးပုဏ္ဏားနေထိုင်သော အိမ်ကို မိုးကြိုးပစ်ချခံရ၍ တအိမ်လုံး မီးလောင် သွားလေသည်။ မုဆိုး၏ မယားနှင့် သားငယ်နှစ်ယောက်တို့လည်း မီးထဲသို့ ပါသွားလေသည်။ အိမ်နေရာ၌ ခေါင်းတိုင်တို့သာ ကျန်ရှိတော့သည်။ မုဆိုးလည်း ရွာတံခါးအရောက်တွင် ရွာသားအသိတယောက်က အကြောင်းစုံ အဖြစ်အပျက်ကိုပြောပြ၏။ မုဆိုးလည်း ပြင်းစွာသော စိုးရိမ်ခြင်းဖြစ်သဖြင့် အမဲနှင့်တကွ ထမ်းပိုး၊ လေးမြားတို့ကို ပစ်ချကာ အိမ်သို့ ပြေးဝင်လေသည်။ ထိုအချိန်၌ ခေါင်းတိုင်တို့သည် ပြုတ်ကျ၍ မုဆိုးဦးခေါင်းကို ခွဲလေသည်။ မြေကြီးသည်လည်း အက်ကွဲလာပြီး မီးလျှံများတတ်ကာ မုဆိုးကို မြေမျိုလေသည်။
(စူဠနန္ဒိယ၊ မဟာနန္ဒိယဇာတ်၊)

ဤဇာတ်တော်ကို ကြည့်လျှင် မျောက်တို့သည် တိရိစ္ဆာန်ပင် ဖြစ်သော်လည်း မျက်စိ မမြင်သော မိခင်အိုကြီးကို မိမိအသက်ကိုပင် စွန့်၍ ဘေးအန္တရာယ်မှ ကာကွယ်ပေးကာ သား သမီးတို့၏ မိဘအပေါ် လုပ်ကျွေး ပြုစုသော စေတနာ နှင့် စိတ်ဓာတ်ကို အတုယူဖွယ်ရာအဖြစ် တွေ့မြင်နိုင်ပါသည်။ မိမိတို့လူသားများသည် တိရစ္ဆာန်ထက် အသိဉာဏ်ပိုသာ သူများ ဖြစ်ကြသောကြာင့် အမေ၏ကျေးဇူးကို ပိုမိုနားလည်သင့်သလို ပိုမို၍လည်း ပေးဆပ်ရမည် ဖြစ်ပါသည်။

“ကတညုတ ကတဝေဒီ”

“ကတညုတ” ဟူသည် မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ စသော ကျေးဇူးတရားကို သိနားလည်ခြင်းပင် ဖြစ်ပါ၏။

“ကတဝေဒီ” ဟူသည် ထိုမိဘတို့၏ အနန္တ ကျေးဇူးတရားကို ပြန်လည် ပေးဆပ်ခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် မိဘတို့၏ အနန္တ မေတ္တာကို ရှေးဦးစွာ သိနားလည်ရမည် ဖြစ်ပါ၏။ နားမလည်သေးပါကလည်း နားလည်အောင် ကြိုးစားရမည် ဖြစ်ပါ၏။ ထိုသို့ သိရှိ နားလည် သဘောပေါက်ပြီးသောအခါ မိဘတို့၏ ကျေးဇူးကို ပြန်လည် ပေးဆပ်ရမည် ဖြစ်ပါသည်။ ကျေးဇူးကြွေးကို ကျေလည်အောင် မပေးဆပ်နိုင်သော်မှ မိမိစွမ်းနိုင်သမျှ ပေးဆပ်ရမည်သာတည်း။ ဤသို့ ပြုလုပ်ခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာ ကြီးပွါးတိုးတတ်ကြောင်းကို ပြုလုပ်သည် မည်ပါသည်။

ဆောင်ပုဒ်။ ။ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊

ဥစ္စာစီးပွါး၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊

သရေမတိုး၊ ဘုန်းရောင်ညိုးလျက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။ (မဃဒေ၀ လင်္ကာ၊၁၉၀။)

မိဘတို့၏ ကျေးဇူးကို မသိတတ်သော၊ ကျေးဇူးမဆပ်သော သားသမီးမိုက် သူယုတ်မာတို့သည် ဥစ္စာစီးပွါးများကို ရှာဖွေစုဆောင်းနိုင်ငြားလည်း ထိုစည်းစိမ်ဥစ္စာတို့သည် တည်မြဲလိမ့်မည် မဟုတ်ပါပေ။ ရေစစ်နှင့် ရေခပ်သလို၊ အိတ်ပေါက်နှင့် ဖားကောက်သလို ရှာဖွေရသမျှ ကုန်ဆုံးပျောက်ပျက်ရမြဲ ဓမ္မတာတည်း။ ကောင်းကျိုးအဖြာဖြာ ကျက်သရေမင်္ဂလာတို့သည်လည်း တစ်နေ့တစ်ခြား ညိုးမှိန်လာကာ လဆုတ်ရက်မှာ ထွက်ပေါ်လာသောလပမာ တစ်ဖြည်းဖြည်း ကွယ်ပျောက်ရမြဲပင်တည်။

အမေနှင့် အမေများသို့

အမေအကြောင်းဖတ်ရလျှင် စာရေးသူသည်လည်း အမေကို သတိရမြဲ။ အမေဇာတ်လမ်း ကြည့်ပြီးတိုင်း ဝမ်းနည်းမျက်ရည် လည်ရမြဲပင်။ ထိုကြောင့် “အမေနေ့”ရောက်တိုင်း အမေ့အတွက် အမေအကြောင်း ရေးမိပြန်ပါကော အမေ။ ဒါပေမဲ့ သားမောင် ရေးသော ဤစာကို တမလွန်ဘဝသို့ ရောက်နေပြီဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။ သို့သော်လည်း နှစ်စဉ်နှစ်တိုင်း ဤအချိန် ဤနေ့ ဤရက် ရောက်ပြီဆိုလျှင် သားမောင် မနေနိုင်ခဲ့။ အမေအတွက် သားလုပ်ရမည့် တာဝန်တစ်ခုဟု ခံယူကာ လုပ်နေမိမြဲပင်။ ရှိပါစေတော့ အမေအတွက် သားနှလုံးသွေးနှင့်ရေးသော ဤစာကို အမေ မဖတ်နိုင်လျှင်သော်မှ လောကထဲမှာရှိနေကြသော သူ့အမေ၊ ခင်းဗျားအမေ၊ တစ်ခြားသူ၏အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါ၏။ ထိုအမေများသည် ဤစာကိုဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဲ့ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင်ဖြစ်ပါ၏။ ထိုကြောင့်ပင် စာရေးသူသည်လည်း……

…………………………..

ရွာပြန်လျှင် အမေကြိုလို့

စားလိုရာ အမေကျွေးပါတဲ့

အေးမြတဲ့ အမေ့မျက်နှာ

ခုခါတော့ ပျောက်ဆုံး။

သို့လည်းလေ

မေ့သား သည်လိုဖြေမပေါ့

သည်ရပ်မြေ ကျန်ဒေသဆီက

မိခင်တွေ ဟူသမျှကိုလ

မွေးမိခင် ထင်ကာမှတ်မယ်ပေါ့

ကမ္ဘာ့ ဤရေမြေ၌

အမေ မသေသေးချေဟု

သားလူပေ စိတ်ဖြေတွေးလို့ရယ်

ဆွေးရိပ်ကိုဖုံး။ ။

( တင်မိုး)

အမေ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ထုတ်တင်ပြရလျှင် ကုန်နိုင်ဖွယ် မမြင်။ သက်တမ်းရှည်၍ တန်ခိုးကြီးသော ဗြဟ္မာတို့က လျှာပေါင်းကုဋေ ဖန်ဆင်း၍ မိဘဂုဏ်ကျေးဇူးကို ပြောကြားလျှင်သော်မှ သက်တမ်းသာ ကုန်ဆုံးသွားမည် မိဘတို့၏ ဂုဏ်ကျေးဇူးကား မကုန်ဆုံးနိုင်ပေ။ ထို့ကြောင့်ပင် “မာတာပိတုဂုဏော အနန္တော” ဟု အနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ ဆရာတို့နှင့် တစ်တန်းစားတည်းထားကာ ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္စ န္တ မန္တရံ။

သရီရံ ခဏ၀ိဒဒ္ဓံသီ၊ ကပ္ပ န္တဋ္ဌာယီနော ဂုဏာ။

(ဟိတောပဒေသ၊ မိတ္တလာဘ၊ ဂါထာ ၄၉)

သရီရဿစ၊ ခန္ဓာကိုယ်၏လည်းကောင်း။ ဂုဏာနဉ္စ၊ ခန္ဓာကိုယ်၌ တည်ရှိသော ဂုဏ်ကျေးဇူးတို့၏ လည်းကောင်း။ အန္တရံ၊ တစ်ခုနှင့် တစ်ခု ခြားနားခြင်းသည်။ အစ္စ န္တံ စင်စစ်။ ဒူရံ၊ ဝေးကွာလှ၏။ သရီရံ၊ ခန္ဓာကိုယ်သည်။ ခဏ၀ိဒ္ဓံသီ၊ နှစ်တစ်ရာအတွင်း တစ်ချိန်ချိန်၌ ပျက်စီးခြင်းသဘော ရှိ၏။ ဂုဏာ၊ သမ္ပတ္တိအဖုံဖုံ ဂုဏ်ကျေးဇူးအစုံစုံတို့သည်ကား။ ကပ္ပ န္တဋ္ဌာယိနော၊ ကမ္ဘာဆုံးသည့်တိုင်အောင် ရှိကြကုန်လတ္တံ့။

“အရှည်မကြာ၊ ကိုယ်ခန္ဓာကား၊ တစ်ရာအနှစ်၊ ကိုယ်၌ဖြစ်သား၊

ပြန်စစ်နှိုင်းလျော်၊ ကျေးဇူးသော်မှ၊ ကျူးကျော်ကုန်ခမ်း၊ ကမ္ဘာကျွမ်းလည်း၊

ဥဒါန်းမကျေ၊ လူ့ပြည်နတ်ရပ်၊ ပဲ့တင်ထပ်လိမ့်။”

(၀ိဓူရပျို့)

အမေ၏ ကိုယ်ခန္ဓာကား အနှစ်တစ်ရာအတွင်း (အသက်တမ်းကုန်လျှင်) တစ်ချိန်ချိန်၌ ပျက်စီး ချုပ်ငြိမ်းသွားနိုင်၏။ သို့သော် အမေ၏ အန န္တ ဂုဏ်ကျေးဇူးတော်တို့ကား ကမ္ဘာ ပျက်သည့်တိုင်အောင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ မိဘကျေးဇူးကို မည်သည့်အရာကမျှ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်နိုင်စွမ်းမည် မဟုတ်ပါပေ။ လောကတွင် ကျေးဇူးတရားကို သိသူရှား၏။ ထို့ထက် သိသောကျေးဇူးကို ထုတ်ဖော် ပြောဆိုသူ ရှား၏။ ထို့ထက် ကျေးဇူးတရားကို တုန့်ပြန် ပေးဆပ်နိုင်သူသည် အရှားဆုံးပင် ဖြစ်၏ဟု ပညာရှိတို့ မိန့်ဆိုတော် မူခဲ့ကြသည်။

မိမိသည် အမေကမွေး၍ လူ့လောကထဲသို့ရောက်ခဲ့ရ၏။ အမေကကျွေး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ မိမိဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ မိမိသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော အဆုံးအမများသည်လည်း မိမိ နှလုံးသားတွင် ထာဝစဉ် စွဲထင်လျက် ရှိခဲ့ပါပြီ။ မိမိဘဝတစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည်မထင်ပါပေ။

သို့သော် အမေ့ကျေးဇူးကို သိကားသိ၏။ ထုတ်ဖော် ပြောဆိုခြင်း၊ တုန့်ပြန် ကျေးဇူဆပ်ခြင်းကို မိမိစိတ်မှာ ကျေနပ်လောက်အောင် မပြုနိုင်ခဲ့ပေ။ အမေကား မြန်မာပြည် အလယ်ပိုင်းက မထင်မရှား တောရွာလေးတစ်ခုမှာ နေ၏။ မိမိကား အမေနှင့် ဝေးကွာလှသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ရုန်းကန်လှုပ်ရှား ကြိုးစားနေရ၏။ အမေ၏ အန န္တ ကျေးဇူးတရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့၊ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေးနိုင်ရှာခဲ့ပေ။ မိမိသည် “အမေများနေ့”မှာ အမေ့အတွက်ရေးသော ဤဆောင်းပါးဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ကာ ကန်တော့လိုက်ပါ၏။ အမေ့မွေးကျေးဇူးကို ကုန်စင်အောင် တုန့်ပြန် မဆပ်နိုင်သော်ငြားလည်း ဤသို့ နှိုင်းဆမကုန်သော အမေ့ဂုဏ်ကျေးဇူးတော်တို့ကို ထုတ်ဖော် ရေးသားပြခြင်းကြောင့် အမေ၏ ကြီးမားလှသော အနန္တကျေးဇူးတော်တို့မှ မြူတစ်မှုန်စာမျှ ကျေသည်ဆိုလျှင်ပင် မိမိဘ၀ တစ်သက်တာတွင် ကြည်နူးကျေနပ်စွာဖြင့် ထာဝရ ၀မ်းမြောက်နေမည်သာ ဖြစ်ပါသတည်း။


(အမေများနေ့ကို ဂုဏ်ပြုလျက် အမေအားလုံးကို ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါသည်။)

တက္ကသိုလ် မောင်ကိုရင်