Tuesday, April 7, 2015

ချစ်တတ်ကြပါစေ


ချစ်တတ်ကြပါစေ

လူတိုင်းလူတိုင်း အချစ်နဲ့ ကင်းသူရယ်လို့ သိတ်မရှိနိုင်ဘူး ထင်ပါတယ်။ ရှိခဲ့ရင်လည်း အနည်း အကျဉ်းပေါ့..။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်.. ကြိုက်ကြတယ်။ ဒါဟာ သိတ်တော့ မထူးဆန်း ပါဘူး။ ဒါပေမယ့် ချစ်နေကြတဲ့ အထဲမှာ ချစ်တတ်ဖို့တော့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာတော့ အမျိုးမျိုး ရှိတာပေါ့။ တချို့ ကျလည်း ချစ်ချင်လို့ကို ချစ်တယ်၊ တစ်ချို့ကျလည်း မျှော်လင့်ချက်နဲ့ ချစ်ကြတယ်၊ တစ်ချို့ ကျလည်း တဏှာကို အရင်းခံ ပြီးတော့ ချစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အချစ်ချစ်ပေါ့.. ချစ်တတ်ဖို့အဓိက ကျပါတယ်..။ အချစ် သုံးမျိုး ရှိပါတယ်။

(၁) ချစ်သူအချစ် (၂) မိသားစုအချစ် (၃) ပါရမီအချစ် ပါ။ ချစ်သူ အချစ်ဆိုတာတော့ မိန်းမနဲ့ ယောက်ျား အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။ မိသားစု အချစ် ဆိုတာကတော့ မိဘနဲ့ သားသမီး၊ ညီနဲ့ အစ်ကို၊ မောင်နဲ့ နှမ စသည်တို့ မိသားစု အချင်းအချင်း ချစ်ကြတဲ့ အချစ်ပါ။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့ အချစ်ပါ။ ပါဋ္ဌိလိုဆိုရင်တော့ တဏှာပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာပေမရယ်ပါ။

အခု ကျနော်ပြောမယ့် ချစ်တတ်မှ ဖြစ်မယ် ဆိုတာကတော့ ပါရမီအချစ်နဲ့ ချစ်မှ ဖြစ်မယ်ဆိုတာကို ဆိုလိုရင်း ဖြစ်ပါတယ်။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါး အကျိုးကိုပဲ ငဲ့ပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို တကယ့် ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် သူ့ကို ကြီးပွားစေချင်တယ်၊ တိုးတက်စေချင်တယ်၊ အောင်မြင် စေချင်တယ်၊ အစစအရာရာ အဆင်ပြေစေချင်တယ်။ သူ့ဆီကတော့ ဘာတုန့်ပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါကတော့ ပါရမီအချစ်ရဲ့ သဘောတွေပါ။ ဘယ်လောက် အေးချမ်းလိုက်တဲ့ ပါရမီ အချစ်ပါလည်းနော်..။

အကြောင်း တစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့ အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီအချစ်နဲ့ ချစ်မယ်၊ သူကလည်း ကိုယ်ကိုပါရမီ အချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးလုံးရဲ့ ခင်မင်မူဟာ အစဉ် ခိုင်မြဲနေမှာ မလွဲပါဘူး။ နောက် တစ်ဆင့်ထက် တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့ အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်း သူက ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန် အထိတောင် ကျေးဇူး ပြုနေတော့မှာပါ။ တစ်စုံတစ်ယောက်ကို ကိုယ်က တကယ်ချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်ပံ့တွေ အခါအားလျော်စွာ ဖန်တီး ပေးနေ နိုင်ရပါ့မယ်။

ဒီလိုပါပဲ..။ သတ္တ၀ါတွေ အားလုံး အပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို ချစ်သူအချင်းချင်း၊ မိသားစု အချင်းချင်း မှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေနဲ့ တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေ မှာပါ။ ချစ်သူအချင်းချင်း တဏှာရာဂကို အခြေခံပြီး ချစ်တယ် ဆိုပေမယ့်လည်း သူကုသိုလ်ဖြစ်ဖို့ ကိုယ်က ဖန်တီးပေးမယ်၊ ကိုယ်ကုသိုလ်ဖြစ်ဖို့ သူက ဖန်တီးပေးမယ် ဆိုရင် ချစ်သူနှစ်ယောက် အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိမ်မက်ထဲမှာတောင် ရှာတွေ့ ရတော့မှာ မဟုတ် ပါဘူး။ ပြီးတော့ အိမ်ထောင်ကျပြီးတယ် ဆိုရင်လည်း ပါရမီ အချစ်လေးနဲ့သာ ဆက်ပြီး ချစ်သွားမယ် ဆိုရင် နိဗ္ဗာန်ထိတောင် အတူတူတက်လှမ်း နိုင်မှာ မလွဲပါဘူး။ ကိုယ့်ရဲ့ မိသားစု ဘ၀လေးဟာလည်း ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင် မကဘဲ တရားထူး တရားမြတ်ရဖို့ အတွက်လည်း အထောက် အပံ့တွေ ဖြစ်တော့မှာပါ။

တချို့ မိသားစုအတွင်းမှာ အဆင်မပြေ ဖြစ်ကြတယ် ဆိုတာလည်း ပါရမီအချစ် မပါကြလို့ပါ။ ကိုယ့် မှာ ပါရမီ အချစ်သာရှိနေရင် တစ်ဖက်က မသိလို့မှားတဲ့ အမူအရာကိုပြဦးတော့ သူ့ကို ကိုယ်က ဒေါသမထွက်ဘဲ “သြော်..သူမသိလို့ဘဲလေ”ဆိုပြီးခွင့်လွှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရားသဘောလေးနဲ့ ဖြေရှင်းတတ်သလို အမှားပြုသူ တစ်ဖက် သားကိုလည်း တရားနဲ့ ပြန်ဖေးမ ပေးတတ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး တရား သဘောနဲ့ ပြန်ဖြေရှင်း ရပါတယ်။ တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းလိုက်ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။

တချို့ မတရားတဲ့ တုံ့ပြန်မှုတွေဟာ တစ်ဖက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွား စေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘ၀ဆိုတာ အမြဲတမ်း အဆင်ပြေ မနေနိုင်ပါဘူး။ တစ်ချိန်ချိန် ကာလတစ်ခုခုမှာ ကြီးမားတဲ့ အဆင်ပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ်ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။ ဘ၀မှာ ကိုယ်က ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီ အဆင်မပြေမှုတွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိတစ်ခုခုကို ရောက်သွား နိုင်ပါတယ်။

ပုထုဇဉ်တွေ့ရဲ့ သဘောက ကိုယ့်ရဲ့အမှားကို ကိုယ်ပြန်မြင်ခဲ ကြပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ချစ်သူ၊ ဒါမှမဟုတ်မိတ်ကောင်း ဆွေကောင်း တစ်ဦးဦးက ကိုယ့်အမှားကိုမြင်ပြီး ပြုပြင်ပေးတဲ့အခါ ပြုပြင်ပေးတဲ့ အတိုင်းလက်ခံကျင့်သုံးရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပေက္ခာ ပြု သွားအောင် ပြုပြင်ဖေးမ မှုကို မျက်ကွယ် မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံး ပေးရပါ တယ်။ ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်နေတော့တာပါ။

ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေက အချစ်နဲ့မှ မကင်းနိုင်သေးတာ။ အချစ်နဲ့ကင်းပြီး လောကုတ္တရာဘက်ကို ကူးပြောင်း သွားနိုင် ရင်တော့ အကောင်း ဆုံးပေါ့။ ဒါပေမယ့် ကိုယ်က မကူးနိုင်သေးဘူး.. လောကီထဲမှာပဲ သားရေး သမီးရေးတွေနဲ့ စီးပွားရှာ ရင်း.. လောကီ လောကုတ္တရာ နှစ်ခု မျှတအောင် လုပ်ချင်တယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ဟာ အဓိက ကျပါတယ်။

ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒါဆို ပါရမီအချစ် ဆိုတာလည်း မြင့်မြတ်သူတို့ရဲ့ အချစ်ပေါ့။ တော်ရုံစိတ်မျိုးနဲ့ ပါရမီအချစ် ချစ်တတ်ဖို့ မလွယ်ကူပါဘူး..။ ချစ်တတ် ဖို့ အတွက်တော့ အထက်မှာ ဖော်ပြပြီးပါပြီ။ ဒါ့ကြောင့် စာဖတ်သူလည်း ပါရမီအချစ်နဲ့ မချစ်သေး ဘူးဆိုရင် ချစ်တတ်အောင် ကြိုးစားပါ…။ ချစ်တတ်အောင် ကြိုးစားရင်း.. မြင့်မြတ်သော ပါရမီ အချစ်နဲ့အတူ.. မြင့်မြတ်သော အရိယာအဖြစ်သို့ ဆိုက်ရောက်နိုင်ပါစေ လို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။



Monday, April 6, 2015

ဂုဏ်နှင့်လူ

ဂုဏ်နှင့်လူ 


လူတိုင်းလူတိုင်း မွေးကတည်းက မြင့်မြတ်လာသူဟူ၍ မရှိ။ မြင့်မြတ်စေသော အလုပ်များကို လုပ်ခြင်းအားဖြင့်သာလျှင် မြင့်မြတ်သူများ ဖြစ်လာကြပေသည်။ ထို့အတူပင် သူရဲကောင်း အားလုံးသည်လည် အမိဝမ်းမှ ထွက်လာစဉ်ကတည်းက သူရဲကောင်းဟူ၍ မွေးလာခဲ့သည်မဟုတ်။ သူရဲကောင်းဖြစ်သော အလုပ်များကို လုပ်ဆောင်ခဲ့၍သာ သူရဲကောင်းများအဖြစ် ဂုဏ်ပြုခံရခြင်း ဖြစ်လေသည်။

ကိုယ်ကိုယ်တိုင်က မည်သည့်အလုပ်ကြီးအကိုင်ကြီးကိုမျှ မလုပ်လိုက်ရသေးသော်လည်း မွေးဖွားကြီးပျင်းလာရသော aနရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် ဂုဏ်တက်နေရခြင်းများလည်း ရှိသည်။ လူ့လောကဆိုသည်မှာလည်း လူကို ချမ်းသာကြွယ်ဝမှုဟူသော အပေါ်ယံ အမြင်ဖြင့် ယေဘုယျ အကဲခတ်တတ်ကြသည်ဖြစ်ရာ ချမ်းသာသောနိုင်ငံတွင် မွေးဖွားသူက မည်သည့်ထူးခြားမှုမျှ ရှိမနေသော်လည်း အထင်ကြီးခံနေရတတ်သည်။ ဆင်းရဲသားနိုင်ငံတွင် မွေးဖွားသူသည် စိတ်ပိုင်းဆိုင်ရာ မည်မျှပင် မြင့်မြတ်နေသော်လည်း အထင်သေးခံရချင် ခံရနေတတ်သည်။


ထို့အတူပင် ချမ်းသာသည့်အသိုင်းအ၀ိုင်းတွင် မွေးဖွားလာရသူသည်လည်း မွေးကတည်းက ဂုဏ်ရှိသယောင် ဆက်ဆံခံရတတ်သည်။ ဆင်းရဲသည့်အသိုင်းအ၀ိုင်းမှ လူကိုကား စိတ်ဓာတ်မွန်မြတ်နေစေကာမူ မွေးကတည်းက အနှိမ်ခံနေရတတ်သည်။ ဤသည်မှာ လူ့လောက၏ သဘာဝဟု ဆိုရနိုင်သည်။

အချို့လူများသည် ဆင်းဆင်းရဲရဲ မိသားစုမှ မွေးလာရသည်။ ဘ၀ကို ဆင်းဆင်းရဲရဲ ဖြတ်သန်းရသည်။ လူ့လောက၏ အဖိအနှိပ်အထုအထောင်းအမျိုးမျိုးကို ခံစားခဲ့ရသည်။ သို့ရာတွင် သူ၏ စိတ်ဓာတ်ကို အဖြူစင်၊ အမြင့်မြတ်ဆုံးဖြစ်အောင် ပျိုးထောင်ပြီး မြင့်မားသောဘ၀အခြေအနေကို ရရှိအောင် ကြိုးစားပြသည်။ ထိုအခြေအနေရောက်မှသာ လူအများက မြင်လာတတ်သည်။ အချို့မှာ ငယ်ငယ်က ချမ်းချမ်းသာသာ ကြီးပြင်းခဲ့ရသော်လည်း ပို၍ ချမ်းသာသည့်အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ ပို၍ မြင့်မြတ်သောအခြေအနေသို့ မတက်လှမ်းနိုင်ကြဘဲ တဖြည်းဖြည်း ဆုတ်ယုတ်စေခဲ့ကြသည်။ 


ဆိုလိုသည်မှာ လူတိုင်းလူတိုင်းတွင် အရာရာကို ဖန်ဆင်းနိုင်သော စွမ်းအင်များ ရှိနေသည်။ ဆင်းရဲအောင်လုပ်မလား၊ ချမ်းသာအောင်လုပ်မလား၊ ယုတ်ညံ့အောင်လုပ်မလား၊ မြင့်မြတ်အောင်လုပ်မလား….အရာအားလုံးကို လုပ်ဆောင်ဖို့ လူတို့မှာ အခွင့်အရေးအပြည့်အ၀ ရှိနေသည်။ တစ်နည်းအားဖြင့် ဆင်းရဲ၊ ချမ်းသာ၊ မြင့်မြတ်၊ ယုတ်ညံ့….အရည်အသွေးအားလုံးသည် လူတို့၏ လက်ထဲတွင်သာ ရှိသည်။ အခြားတန်ခိုးရှင်တို့နှင့် သက်ဆိုင်ခြင်း မရှိ။

ဤနေရာတွင် “အလားအလာ”သဘောကို ထည့်တွက်ဖို့တော့ လိုပါလိမ့်မည်။ ချမ်းသာသည့်မိဘများ ရှိနေသည့်သားသမီးသည် ချမ်းသာဖို့ အလားအလာ အများဆုံးဖြစ်နေမည်။ ဆင်းရဲသည့် မိသားစုတွင် မွေးလာသူသည် ဆင်းရဲဖို့ အလားအလာ အများဆုံး ဖြစ်နေမည်။ ပညာတတ်အသိုင်းအ၀ိုင်းတွင် မွေးလာသူသည် ပညာတတ်ဖြစ်ဖို့ အလားအလာပိုကောင်းသည်။ “မုဆိုးနားနီး၊ မုဆိုး၊ တံငါနားနီး၊ တံငါ”ဆိုသော စကားပုံအတိုင်းပင် ဖြစ်ပါသည်။ သို့ရာတွင် ဖြစ်နိုင်သည့်အလားအလာမျှသာ ရှိသည်။ 


မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ကောင်းများကို ပြုစုပျိုးထောင်မှုမရှိလျှင်ကား မည်သည့်ဂုဏ်အရည်အချင်းကိုမျှ ရလာလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ ခြုံကြည့်လျှင် လူ၏ ကိုယ်တိုင်လုပ်ဆောင်မှုကသာ လူကို ဂုဏ်ရှိအောင်၊ ဂုဏ်မဲ့အောင် ပြုလုပ်နိုင်သည်ဆိုသော အဖြေမှာ ထင်ရှားသည်။

မြတ်စွာဘုရားရှင်လက်ထက်က ဇာတ်စနစ်မှာ အကြီးအကျယ် ထွန်းကားသည်။ အိန္ဒိယတွင် ယနေ့အချိန်အထိ ထွန်းကားနေဆဲဟု သိရသည်။ ဗြဟ္မဏ၀ါဒ ကြီးစိုးလာခြင်းနှင့်အတူ ဇာတ်စနစ် ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။ ဇာတ်လေးမျိုးရှိသည်။ ၎င်းတို့မှာ - ပုဏ္ဏားမျိုး၊ မင်းမျိုး၊ ကုန်သည်မျိုးနှင့် သူဆင်းရဲမျိုးဟူ၍ ဖြစ်သည်။ ဗြဟ္မဏ၀ါဒကျမ်းဂန်များ အလိုအရ ပုဏ္ဏားမျိုးသည် ဗြဟ္မာမင်း၏ အာခံတွင်းမှ မွေးဖွားလာသည်။ မင်းမျိုးတို့သည် ရင်ချိုင့်မှ မွေးဖွားလာသည်။ ကုန်သည်မျိုးသည် ချက်မှ ဖွားသည်။ သူဆင်းရဲမျိုးသည် ဒူးခေါင်းမှ ဖွားမြင်လာသည်ဟု ဆိုကြသည်။

မြတ်စွာဘုရားရှင် ပွင့်လာသောအခါ သူတို့အမြင်တွင် လူတန်းစားတစ်ရပ် ပေါ်လာသကဲ့သို့ ဖြစ်ခဲ့သည်။ မြတ်စွာဘုရားရှင်သည် ဇာတ်စနစ်ကို လုံးဝထည့်တွက်ခြင်း မပြုဘဲ မည်သည့်ဇာတ်စနစ်ကမဆို ဘုရားသာသနာအတွင်း ၀င်ရောက်လာလျှင် သာကီဝင်မင်းသားဘုရားသားတော်ဟူသော အမည်ကို ရနိုင်သည်ဟု မိန့်တော်မူထားသောကြောင့် ဖြစ်သည်။ ဘုရားရှင်၏သာသနာ ခေါင်းထောင်လာသောအခါ နှိပ်ကွပ်လိုသဖြင့် ဘုရားရှင်နှင့် ရဟန်းတော်များကို “ဗြဟ္မာ၏ ခြေဖမိုးမှ မွေးလာသူများ”ဟု သတ်မှတ်ထားကြလေသည်။

မည်သို့ပင် နှိပ်ကွပ်ထားသည်ဖြစ်စေ မြတ်စွာဘုရားရှင်၏ ကျော်ကြားမှုနှင့် ရဟန်းတော်များ၏ ဂုဏ်သတင်းများမှာ မည်သို့မျှ တားဆီးမရ။ သာသနာတော်မှာ တဖြည်းဖြည်း ပိုပို စည်ကားလာခဲ့သည်။ မင်းညီမင်းသားများ၊ သူဌေးကုန်သည်များ၊ ဆင်းရဲသားများ….လူတန်းစားမျိုးစုံ ၀င်ရောက်လာပြီး မြတ်စွာဘုရားရှင်၏ သားတော်အဖြစ် ခံယူနေခဲ့ကြသည်။ ထိုအထဲတွင် ထိုခေတ်က ကြီးကျယ်သော၊ တပည့်တပန်း များစွာဖြင့် ကျော်ကြားသော ပုဏ္ဏားကြီးများလည်း ပါဝင်လာကြသည်။

ထိုအထဲတွင် ၀ါသေဋ္ဌပုဏ္ဏားကြီးနှင့် ဘာရဒွါဇပုဏ္ဏားကြီးတို့လည်း အပါအ၀င် ဖြစ်ခဲ့သည်။ သူတို့သည် မြတ်စွာဘုရားကို ဥပသကာအဖြစ် ကြည်ညိုရုံဖြင့် အားမရနိုင်ကြဘဲ ဘုရားသာသနာတွင် ရဟန်းအဖြစ်ကို ရယူလိုခဲ့ကြသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ပဏာမခွင့်ပြုသည့်အနေဖြင့် ကိုရင်ဝတ်ခွင့် ပြုလိုက်သည်။ တစ်နေ့သောအခါ ကိုရင်ကြီးနှစ်ပါး တိုင်ပင်ကြသည်။

“ငါ့ရှင် ဘာရဒွါဇ၊ မြတ်စွာဘုရား စင်္ကြံကြွနေတယ်၊ ဒို့ သွားပြီး စကားပြောကြရအောင်”

“ကောင်းတာပေါ့၊ သွားစို့လေ”

မြတ်စွာဘုရားရှင်ရှေ့ရောက်သောအခါ ဘုရားရှင်က

“သင်တို့နှစ်ယောက်က ပုဏ္ဏားတွေအဖြစ်ကနေ ဘုရားသာသနာ ၀င်လာကြတာနော်၊ သင်တို့ အခုလို ၀င်လာတော့ ပုဏ္ဏားတွေက သင်တို့ကို မဆဲကြဘူးလား”

ဟု မေးလိုက်သည်။

“ဆဲတာပေါ့ဘုရား”

“ဘယ်လိုတွေများ ပြောပြီး ဆဲကြတာလဲ”

“ဆဲတာကတော့ စုံနေတာပဲဘုရား”
(စာတွင် - အလိုအားလျှော်စွာ ပြည့်စုံ စေ့စပ်သော ဆဲရေးခြင်းမျိုးဖြင့် ဆဲသည် - ဆိုထားသည်)။

“ဘယ်လိုတွေ ပြောပြီး ဆဲတာလဲ၊ ပြောပါအုံး”

“လောကမှာ ပုဏ္ဏားတွေပဲ ဖြူစင်တာ၊ ကျန်တဲ့အမျိုးတွေက ယုတ်ညံ့တယ်၊ (ပုဏ္ဏားမျိုးတွေပဲ အသားဖြူတာ၊ ကျန်တဲ့အမျိုးတွေက အသားမည်းတယ်၊)။ သင်တို့ဟာ ဗြဟ္မာမင်းရဲ့ အာခံတွင်းကနေ မွေးဖွားလာတဲ့ မြင့်မြတ်သူ၊ စင်ကြယ်သူများ ဖြစ်တယ်၊ ဟို သင်တို့ ဆရာတင်ထားတဲ့ ကတုံးတွေက ဗြဟ္မာမင်းရဲ့ ခြေဖမိုးကနေ မွေးလာကြတဲ့ လူယုတ်တွေပဲ။ ဒီတော့ သင်တို့ စဉ်းစားကြည့်စမ်း၊ မြင့်မြတ်သူတွေက ယုတ်နိမ့်သူတွေထံမှာ တပည့်ခံနေတယ်။ ဘယ်လောက် သဘာဝမကျသလဲ - လို့ ပြောပြီး တပည့်တော်တို့ကို ဆဲကြပါတယ်ဘုရား”

“အေးပေါ့လေ…သင်တို့ ကိုယ်တိုင် စဉ်းစားကြည့်ကြပေါ့၊ သင်တို့ ပုဏ္ဏားတွေရဲ့ ကြင်ယာဇနီးမယားတွေ ရာသီမလာကြဘူးလား”

“လာကြပါတယ်ဘုရား”

“ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီး နို့တိုက်တာကော တွေ့ဖူးကြဘူးလား”

“တွေ့ဖူးပါတယ်ဘုရား”

“အေး…ဒီလို သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ပြီး ဒီ အင်္ဂါဇာတ်ကနေ ထွက်လာကြတာ သိရဲ့သားနဲ့၊ လူတန်းစားတွေ ခွဲခြားပြီး အာခံတွင်းက မွေးတာ၊ ရင်ချိုင့်က မွေးတာ၊ ချက်က မွေးတာ၊ ဒူးခေါင်းက မွေးတာ၊ ခြေဖမိုးက မွေးတာဆိုပြီး ပြောနေကြတယ်။ ဘယ်လောက် သဘာဝမကျလိုက်သလဲ”

“သင်တို့ လက်ရှိ လူ့လောကကို သေချာပြန်ကြည့်လိုက်စမ်းပါ………….။
လောကမှာ အခြေခံအားဖြင့် မလုပ်သင့်မလုပ်ထိုက်တဲ့ အရာတွေ ရှိတယ်…
-သူတစ်ပါးအသက်သတ်ခြင်း
-သူတစ်ပါးဥစ္စာကို ခိုးယူခြင်း
-သူတစ်ပါးသားမယားကို ပြုကျင့်မှားခြင်း
-လိမ်ညာပြောခြင်း
-ကြမ်းကြမ်းတမ်းတမ်းပြောခြင်း
-အရေမရအဖတ်မရတွေ ပြောခြင်း
-ဂုံးချောဂုံးတိုက်ခြင်း
-သူတစ်ပါးဥစ္စာကို မတရားသိမ်းပိုက်လိုခြင်း
-အတွေးအခေါ်အယူအဆမှားယွင်းခြင်း တို့ဖြစ်တယ်။

ဆင်းရဲသားကလည်း သူ့အသက် သတ်တယ်၊ ခိုးတယ်၊ ကြာခိုတယ်၊ မုသားပြောတယ်၊ …………။ အဲဒီလိုပဲ သူဌေးလည်း လုပ်တယ်၊ မင်းတွေလည်း လုပ်တယ်၊ ပုဏ္ဏားတွေလည်း လုပ်တယ်။

ဒီ မကောင်းတဲ့ အရာတွေကို ဆင်းရဲသားလည်း လုပ်တာပဲ၊ သူဌေးလည်း လုပ်တာပဲ၊ မင်းတွေလည်း လုပ်တာပဲ၊ ပုဏ္ဏားတွေကတော့ မလုပ်ဘူးလား၊ လုပ်တာပါပဲ။ ဒီတော့ မကောင်းတဲ့လုပ်ရပ်တွေဟာ လူတန်းစားပေါင်းစုံမှာ ရှိနေတာပဲလေ။

အဲဒီမကောင်းတဲ့အရာတွေနဲ့ ဆန့်ကျင်ဘက် ကောင်းတဲ့အရာတွေလည်း လောကမှာ ရှိတယ်။ သူ့အသက် မသတ်ခြင်း၊ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်း၊ တစ်လင်တစ်မယားစနစ်၊ မှန်ကန်စွာပြောဆိုခြင်း…..စတဲ့ ကောင်းတဲ့အရာတွေဟာ ဆင်းရဲသားတစ်ယောက်မှာလည်း ရှိနိုင်တယ်။ သူဌေးမှာလည်း ရှိနိုင်တယ်။ မင်းတွေမှာလည်း ရှိနိုင်တယ်။ ပုဏ္ဏားတွေမှာလည်း ရှိနိုင်တာပဲလေ။

အဲဒီတော့ သူတော်ကောင်း ဆင်းရဲသား၊ သူယုတ်မာ ဆင်းရဲသားဆိုပြီး နှစ်မျိုး ရှိလိမ့်မယ်။ အဲဒီလိုပဲ သူတော်ကောင်း သူဌေး၊ သူယုတ်မာ သူဌေး၊ သူတော်ကောင်း မင်း၊ သူယုတ်မာ မင်းဆိုပြီး ရှိလိမ့်မယ်။ ဒီလိုပဲပေါ့ ပုဏ္ဏားတွေမှာလည်း ကောင်းမှု၊ မကောင်းမှုအလိုက် သူတော်ကောင်းပုဏ္ဏား၊ သူယုတ်မာပုဏ္ဏားလို့ ရှိနိုင်တာပဲ မဟုတ်လား”

“ဒီတော့ သူတော်ကောင်း သို့မဟုတ် သူယုတ်မာဆိုတာကို ဘယ်လို ပေတံနဲ့ တိုင်းတာမလဲ။ လုပ်ရပ်တွေ ကောင်းမွန်မှန်ကန်မှု ရှိမရှိဆိုတာနဲ့ပဲ တိုင်းတာရမယ်။ တစ်နည်းအားဖြင့် တရားနဲ့ပဲ တိုင်းတာရမယ်။ လူတစ်ယောက်ကို အကဲဖြတ်ချင်ရင် - ဒီလူ တရားဘယ်လောက် ပြည့်ဝနေသလဲ - ဆိုတဲ့ပေတံနဲ့ တိုင်းတာရမယ်။”

“ငါဟာ ဖြည့်သင့်ဖြည့်ထိုက်တဲ့တရားကို ဖြည့်ပြီးသွားလို့ လောကမှာ ငါဟာ အမြတ်ဆုံးပဲ။ ဒါဟာ ရမ်းသမ်းမှန်းဆပြီး ပြောတာ မဟုတ်ဘူး။ တရားပေတံနဲ့ပဲ တိုင်းတာပြီး ပြောတာဖြစ်တယ်”

“သင်တို့ ပသေနဒီကောသလမင်းကြီးကို သိတယ်မလား။ သူ့သြဇာအာဏာဟာ သာကီဝင်မင်းတွေထက် အဆပေါင်းများစွာ သာတယ်။ သာကီဝင်မင်းတွေဟာ ပသေနဒီကောသလမင်းကို ရှိခိုးကြရတယ်။ အရိုအသေပေးကြရတယ်။ ခရီးဦးကြိုပြုရတယ်။ ဒါပေမယ့် သာကီဝင်မင်းတွေ ရှိခိုးရတဲ့ ပသေနဒီကောသလမင်းက သာကီဝင်မင်းသားက ဖြစ်လာတဲ့ ငါဘုရားကို ရှိခိုးတယ်၊ အရိုအသေပေးတယ်၊ ခရီးဦးကြိုပြုတယ်။ အဲဒါ ဘာကြောင့်လဲ။ တရားကြောင့်ပေါ့။ ဒါကြောင့် လောကမှာ အမြတ်ဆုံးက တရားပဲ”

စသည်ဖြင့် အကျယ်တ၀င့် ဟောကြားတော်မူခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်က လူ့တန်ဖိုးကို အကဲဖြတ်နည်းဖြင့် ယနေ့ ခေတ်ကို စောင်းငဲ့ကြည့်နေခဲ့မိသည်။ အမျိုးဇာတ်အရ တန်ဖိုးဖြတ်မှု (ကမ္ဘာအ၀န်းအတိုင်းအတာအရ) မရှိတော့သော်လည်း အပြင်ပန်း အဆောင်အယောင်ကို ကြည့်ပြီး ဂုဏ်သရေရှိမရှိကို အကဲဖြတ်နေကြလေသည်။ စည်းစိမ်ဥစ္စာကြွယ်ဝမှုရှိမရှိဖြင့် လူ၏ ဂုဏ်ကို တိုင်းတာနေခဲ့ကြသည်။ မမြင်နိုင်သော ရင်တွင်းဖြစ် အရည်အချင်းများနှင့် စွမ်းရည်များကို ကြည့်ပြီး သုံးသပ်မှုကား နည်းပါးသည်။ ဤသည်ပင် မပြောင်းလဲသော လူသားတို့၏ သဘာဝပင် ဖြစ်ဟန်ရှိလေသည်။

လူသားတို့၏ မြင့်မြတ်မှုနှင့် ယုတ်ညံ့မှုတို့ကို ဖြစ်စေသော အရာများကို အာရုံပြုရင်း မိမိ၏ ရင်တွင်းကိုလည်း ထွင်းဖောက်ဝင်ရောက်ကြည့်မိသည်။ မည်သည့်တရားများက မည်မျှ ကိန်းဝပ်နေသနည်း။ တစ်ချက်ကလေး စောင်းငဲ့ကြည့်မိရုံနှင့် အကြာကြီး အမောဖောက်နေခဲ့လေသည်။


အရှင်ကုသလသာမိ

Sunday, April 5, 2015

ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့



ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့

တုန်လှုပ်ခြင်း ကင်းစွာ လောကကို ရင်ဆိုင်ချင်၊ အကျိုးပြုချင်ပါတယ်။ တုန်လှုပ်တာကို မကြိုက်ပါဘူး။ တုန်လှုပ်မှတော့ ဘယ်မှာ တည်ငြိမ်ပါတော့မလဲ။ မတည်ငြိမ်တဲ့ ဘဝဟာ ပန်ပန်းရပါတယ်။ ပင်ပန်းရတဲ့ ဘဝဟာ စိတ်ပျက် ငြီးငွေ့ဖွယ်ရာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ချစ်ခြင်း မုန်းခြင်း မကင်းသေးသရွေ့ တုန်းလှုပ်ခြင်း ဆိုတာ ရှိနေမှာပါ။ ချစ်လျှင် ချစ်သလောက် တုန်လှုပ်ရပါတယ်။ မုန်းလျှင်လည်း မုန်းသလောက် တုန်လှုပ်ရပါတယ်။ တုန်လှုပ်ရတဲ့ ပမာဏနှင့် အညီအမျှပဲ စိုးရိမ်ခြင်း၊ ပူပန်ခြင်းဆိုတဲ့ ဆင်းရဲကလည်း ဖြစ်တာပါ။ ချစ်ခြင်းကြောင့် တုန်လှုပ်ရတာက တမြေ့မြေ့ ဆင်းရဲပါတယ်။ မုန်းခြင်းကြောင့် တုန်လှုပ်ရတာက ဝုန်းဒိုင်းကြဲပြီး ဆင်းရဲပါတယ်။ ဆင်းရဲပုံ ကွာပေမဲ့ ဆင်းရဲတာကတော့ ဆင်းရဲတာချည်းပါပဲ။ ဒါပေမဲ့ ချစ်ခြင်းကြောင့် တုန်လှုပ်ပြီး ဆင်းရဲတာက တမြေ့မြေ့ လောင်ကျွမ်းပြီး ကြာရှည် ခံစားရတာမို့ သူက ပိုတောင် ကြောက်စရာ ကောင်းသလိုပါပဲ။

ချစ်ခြင်း မုန်းခြင်း ကင်းရာလမ်းကို အတုမရှိ ဆရာမြတ်က ညွှန်ပြပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က အဲဒီ လမ်းကို မှန်မှန် မလျှောက်လှမ်းနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ လမ်းမဟာကြီးဟာ ချစ်ခြင်း မုန်းခြင်းတို့ အကြားမှာ ဝေဝါးသွားတတ်တာပါပဲ။ လမ်းလျှောက်ရင်း လမ်းပျောက်တတ်တာလည်း သဘာဝလိုတောင် ဖြစ်နေတယ် မဟုတ်လား။ ပုထုဇဉ်တို့ သဘာဝ အရလည်း အဲဒီလို လမ်းပျောက်နေတာကိုပင် သာယာနှစ်ခြိုက် အကြိုက်လည်း တွေ့နေတတ်ပါသေးတယ်။

ချစ်ခြင်း မုန်းခြင်း ကင်းဖို့ဆိုလျှင် ကိလေသာမြူတို့ ကင်းစင်ရပါမယ်။ ကိလေသာ ကင်းစင်လျှင်ကား ချစ်ခြင်း မုန်းခြင်းများ မရှိတော့။ ချစ်ခြင်း မုန်းခြင်း မရှိတော့လျှင် စိုးရိမ်းဖွယ်လည်း မရှိ။ စိုးရိမ်ဖွယ် မရှိခြင်းသည် ဘေးရန်ကင်းသောကြောင့် ဖြစ်ပါတယ်။

ချစ်ခြင်း မုန်းခြင်းတို့ အလျှဉ်းမကင်းသေးသော်မှ နည်းပါးလျှင် နည်းပါးသလောက် တုန်လှုပ်မှု နည်းမှာ ဖြစ်ပါတယ်။ တုန်လှုပ်မှု နည်းလျှင် စိုးရမ်မှု၊ ပင်ပန်းမှုတို့လည်း နည်းပါးပါလိမ့်မည်။

သို့ဖြစ်ရကား ချစ်ခြင်း မုန်းခြင်းကို တစ်စတစ်စ လျှော့ချနိုင်ပြီး အဆုံးတစ်နေ့တွင် ချစ်ခြင်း မုန်းခြင်း လုံးဝ ကင်းရာ လမ်းကို လျှောက်လှမ်းနိုင်ပါစေသောရယ်လို့။

ဘုန်းဉာဏ်
(၂၁၊ ၁၁၊ ၂၀၁၂)

Saturday, April 4, 2015

ကောင်းမှု့ပြုတိုင်း တောင်းဆုချွေပါ


ကောင်းမှု့ပြုတိုင်း တောင်းဆုချွေပါ

ဗုဒ္ဓဘာသာဝင်များသည် နေ့စဉ်နဲ့အမျှ ဒါန ကောင်းမှု့ (အာမိသဒါန-ပစ္စည်းလေးပါးလှူဒါန်းခြင်း၊ ဓမ္မဒါန-တရားစာပေများ လှူဒါန်းခြင်း၊ ရေးသားပူဇော်ခြင်း၊ ဖတ်ရှုခြင်း၊ ဖြန့်ဝေခြင်း၊ ဟောပြခြင်း၊ ညွှန်ုပြခြင်း) သီလကောင်းမှု့၊ ဘာဝနာကောင်းမှု့ အစုစုတို့ကို ပြုလုပ်ကြပါတယ်။ ထိုသို့သော ကုသိုလ်ကောင်းမှု့များကို ပြုလုပ်ပြီး မိမိတို့၏ စိတ်ဆန္ဒအရ လက်ရှိပစ္စက္ခဘ၀ ကောင်းကျိုး အတွက်ရော နောင် တမလွန် ကောင်းကျိုးများအတွက်ပါ တစ်စုံတစ်ခုသော တောင်းဆုများကို ပြုလုပ်ကြတာလည်း အသေအချာပါပဲ။

တစ်ခုတော့ နားလည်ထားစေချင်ပါသည်။ တစ်ခြားဘာသာဝင်များလည်းပဲ Just only Praying- ဆုတောင်းခြင်းသက်သက်မျှတွေသာ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် သူတို့ ဆုတောင်းတာက ဘာမှ မလုပ်ဘဲနဲ့ သူတိုကိုးကွယ်ရာ အနန္တပုဂ္ဂိုလ်ရဲ့ရှေမှောက်မှာ မျက်စိမှိတ်ယုံကြည်ပြီးတော့ ဆုတောင်း မယ်ဆိုရင် ပြည့်စုံတယ်လို့ ယူဆပြီးတော့ လက်ဖြန့်တောင်းတဲ့ ဆုတောင်းနည်းပါပဲ။ ဗုဒ္ဓဘာသာ ၀င်များသည် ကောင်းမှု့ပြီး တောင်းတဲ့ဆုဟာ ပြည့်စုံတယ်ဆိုတဲ့ ကံ ကံ၏အကျိုးကို ယုံကြည်သူ တစ်ယောက်ရဲ့ ဆုတောင်းနည်းဖြင့် ဆုတောင်းမှု့ပြုကြပါတယ်။

ကောင်းမှု့ပြုတိုင်း တောင်းဆုချွေစေချင်ပါသည်

စိန္တိတံ ပတ္တသင်္ချေယံ န၀သင်္ချေယျ ၀ါစကံ- ဗုဒ္ဓမြတ်စွာအလောင်းတော်ဘ၀က ဘုရားဖြစ်ချင်လို့ ကြံစည်တွေးတောနေခဲ့ရတာက ခုနှစ်သင်္ချေကြာခဲ့တယ်။ ဘုရားဖြစ်ချင်လို့ နှုတ်တော်က မြွက်ဆို ဆုတောင်းခဲ့တာက ကိုးသင်္ချေကြာခဲ့တယ်။ ဘုရားဖြစ်ချင်လို့ ကိုယ် နှုတ် စိတ် တို့ဖြင့် ကျင့်ကြံ အားထုတ်ပြီး ဆုတောင်းခဲ့တာက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလကြာတယ်။ စုစုပေါင်း အသင်္ချေ နှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းကာလတိုင်တိုင် ဆုတောင်းမှု့တွေကို ကောင်းမှု့တွေပြုလုပ်တိုင်း သဗ္ဗညုတဥာဏ်တော်ရရှိဖို့ရန်အတွက် ဆုတောင်းခဲ့ပါတယ်။

ကောင်းမှု့ပြုပြီးတိုင်း ဆုတောင်းဖို့ သိပ်ကို လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့……………..

၁။ ယဿ ပဉ္စဓမ္မာ အတ္ထိ န ပတ္ထနာ၊ တဿ ဂတိ အနိဗ္ဗဒ္ဓါ။
သဒ္ဓါ သီလ သုတ စာဂ ပညာ ဟူသော တရားငါးပါးရှိ၏။ ကောင်းမှု့ ကုသိုလ်များလည်း ပြုလုပ်ပါ၏။ ဒါပေမယ့်လို့ ဆုတောင်းမှု့ကို မပြုလုပ်ဘူးဆိုရင် အဲဒီသူရဲ့ လားရောက်ရမယ့် ဂတိဟာ မတည်မြဲဘူး လို့ ဆိုပါတယ်။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လို့ခေါ်တဲ့ မကောင်းတဲ့ လားရာဂတိကိုတော့ မလားရောက်ဘူးပေါ့။ ထိုဂတိတိုမှ တစ်ခြား ဘ၀တွေကို ကောင်းမှုတွေပြုပေမယ့်လို့ ဆုတောင်းမှု့ မပြုဘူးဆိုရင် လားချင်ရာ လားရောက်မှာသေချာပါတယ်။ ဒါကြောင့် တောင်းဆုတွေကို ကောင်းမှု ပြုပြီးတိုင်း ချွေစေချင်ပါသည်။ ဂတိမြဲတော့ အပါယ်မလားရောက်တော့ဘူးပေါ့။

၂။ ယဿ ပတ္ထနာ အတ္ထိ န ပဉ္စဓမ္မာ၊ တဿပိ ဂတိ အနိဗ္ဗဒ္ဓါ။
ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအရ တောင်းဆုတွေတော့ ပြုပါ၏။ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟူသော တရား ငါးမျိုး မရှိဘူးဆိုရင်လည်း အဲဒီသူရဲ့ လားရောက်ရမယ့် ဂတိဟာလည်း မမြဲပါဘူး။ မိမိက ဘာမှမလုပ်ဘဲနဲ့တော့ လိုချင်တဲ့ဆု တောင်းနေလိုတော့ ဘယ်ရမလဲ။ တစ်ခုခုကို လိုချင်ရင်တော့ ရင်းနှီးမှု့ တစ်ခုခုတော့ ပေးဆပ်ရမှာပါ။ ဒါကြောင့် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟူသော တရား ငါးပါးနဲ့ ပြည့်စုံပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ တောင်းဆုချွေစေဖို့ လိုအပ်ပါတယ်။

ဆုတောင်းမှု့မပြုရင် ကိုယ်ပြုတဲ့ ကောင်းမှု့ကုသိုလ်က အကျိုးမပေးတော့ဘူးလားဆိုတဲ့ အမေး အတွက်တော့ သံသယတွေ မထားစေချင်ပါဘူး။ ဆုမတောင်းပေမယ့်လည်း ကောင်းမှုအကျိုးက ပေးမြဲတိုင်းပဲ ပေးနေမှာပါ။ ဒါပေမယ့်လို့ မိမိရဲ့ စိတ်ကို ကိုယ်ဖြစ်ချင်ရာကို စိတ်ညွှတ်ပြီး တောင်းဆု  ပြုလိုက်တဲ့အခါမှာ မိမိရဲ့ စိတ်ဦးတည်ချက်က ပိုပြီးတော့ ပီပြင်သွားပါတယ်။ ဥပမာ မြစ်ဘက်ကို ယိုင်လဲနေတဲ့ သစ်ပင်ကြီးဟာ လဲကျတော့မယ်ဆိုရင် အဲဒီယိုင်လဲနေတဲ့ မြစ်ဘက်ကိုပဲ မလွဲမသွေ လဲကျမှာပါ။ ဒါဟာ ဦးတည်ချက် တိကျတာပေါ့။ ဦးတည်ချက်မရှိရင် မြစ်ဘက်လည်း ယိုင်ကျ နိုင်သလို ကုန်းပေါ်ဘက်ကိုလည်း ယိုင်ကျသွားနိုင်ပါတယ်။ လိုရင်းကတော့ ဦးတည်ချက်ရှိပြီးသား လမ်းဟာ ပိုပြီးတော့ သာယာဖြောင့်ဖြူးတာပေါ့့။ ပိုပြီးတော့ ရောက်ရှိဖို သေချာတာပေါ့။ ဒါကြောင့် တောင်းဆုပြုစေချင်တာပါ။

ဆုတောင်းပြည့်ချင်သူတို့ ပြည့်စုံရမည့်အရာများ

၃။ ယေသံ ဥဘယ မတ္ထိ တေသံ ဂတိ နိဗ္ဗဒ္ဓါ။
သဒ္ဓါ သီလ သုတ စာဂ ပညာ ဟူသောတရားငါးပါးနဲ့လည်း ပြည့်စုံမယ်။ ကောင်းမှုကုသိုလ်များ ကိုလည်း ပြုလုပ်မယ်။ တောင်းဆုများကိုလည်း ပြုမယ်ဆိုရင်တော့ အဲဒီသူရဲ့ ဂတိဟာ တည်မြဲ ပါတယ်။ တောင်းတိုင်းဆု ပြည့်စုံစေဖို့အတွက် ပြည့်စုံထားရမယ့် သိထားစရာအချက်တွေပါ။

“ဣဇ္ဈတိ ဘိက္ခဝေ သီလ၀တော စေတောပဏိဓိ ၀ိသုဒ္ဓတ္တာ-သီလတရားနှင့်လည်း ပြည့်စုံနေမယ်၊ စိတ်ထားကလည်း အင်မတန် ဖြူစင် မြင့်မြတ်နေမယ်ဆိုရင် မိမိစိတ်တောင့်တတိုင်း အကုန် ပြည့်စုံတယ်……….။” ဆိုတဲ့ ဗုဒ္ဓရဲ့ ဒေသနာကို မမေ့သောအားဖြင့်ပေါ့ စိတ်ဆန္ဒတစ်ခု ပြည့်ဝဖို့ တောင်းတမှုမပြုခင်မှာ အနည်းဆုံး ငါးပါးသီလတရားလောက်တော့ အမြဲတမ်း ပြည့်စုံနေရမယ်ပေါ့။ စိတ်ထားလေးကလည်း ဖြူစင်ပြီး မြင့်မြတ်နေရမယ်ပေါ့။

ဆိုပါစို့။ ကောင်းကင်ပေါ်ကို ပစ်တင်လိုက်တဲ့ တုတ်ချောင်းဟာ ပြန်ကျလာတဲ့အခါ အရင်းပိုင်းကနေ ပြန်ကျမှာလား၊ ဒါမှမဟုတ် အဖျားပိုင်းကနေ ပြန်ကျလာမှလား၊ သို့မဟုတ် အလယ်ပိုင်းကနေ ပြန်ကျလာမှလားဆိုတာ သတ်မှတ်ကာ မသိနိုင်သလိုပါပဲ သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့ ပဋိသန္ဓေ ယူခြင်းဆိုတာဟာလည်းပဲ ဘယ်ဘ၀ ဘယ်ဂတိမှာ တည်ပြီးမွေးဖွားလာမယ် ဆိုတာကို သေသေ ချာချာ သတ်မှတ်လို့မရတာကြောင့် မသိနိုင်သလို မသေချာပါဘူး။ ဒါကြောင့် ဂတိ လားရောက်ရာ တည်မြဲဖို့ အတွက် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟူသောတရားငါးပါးကို ပြည့်စုံအောင် ဖြည့်ကျင့် ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး ဆုတောင်းမှု့ကို ပြုလုပ်သင့်ပါတယ်။ ဆုတောင်းမှု ပြုလုပ် ရပါမယ်။ (မ-ဌ၊ ၄၊ ၁၀၇)

အလှူဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ် နှုတ် စိတ် သုံးပါးကို ကောင်းစွာထားခြင်း ဣနြေ္ဒတို့ကို ကောင်းစွာစောင့်စည်းခြင်းဟူသော ရွှေအိုးကို မြှပ်နှံ၍လည်းကောင်း၊ စေတီ၊ သံဃာ၊ ပုဂ္ဂိုလ်၊ ဧည့်သည်၊ အစ်ကိုကြီး၊ အစ်မကြီးတို့အား ပေးလှူခြင်း ကိစ္စကြီးငယ်ကို ပြုလုပ်ပေးခြင်း ဟူသော ရွှေအိုးကို မြှပ်နှံ၍လည်းကောင်း အလိုရှိသော ချမ်းသာသုခကို တောင့်တခြင်း ( ဆုတောင်းပတ္ထနာပြုခြင်း) ပြုလုပ်မယ်ဆိုရင် မိမိတောင့်တတဲ့ ဆုအတိုင်း ပြည့်စုံနိုင်တယ်၊ ရရှိနိုင်တယ်လို့ ဗုဒ္ဓမြတ်စွာက (ခု၊ ၁၊ ၉၊) မှာ ဟောကြားထားတာလည်း ရှိပါတယ်။

ဆုတောင်းကောင်းကို တောင်းစေချင်ပါသည်

သီလတရားနှင့်လည်း ပြည့်စုံပါရဲ့၊ စိတ်ထားကလည်း ဖြူစင်နေပါရဲ့ လိုချင်လို့ တောင်းတဲ့ဆုက သူတစ်ပါးကို ဒုက္ခပေးလိုတဲ့သဘော လက်စားချေလိုတဲ့ သဘောကြောင့် နောက်ဘ၀ သူမွေးတဲ့ သားသမီးတွေကို စားနိုင်ရပါလို၏ဆိုတဲ့ ကာလယက္ခိနိဘီလူးမရဲ့ ဆုတောင်းမျိုးကိုတော့ မတောင်း သင့်ဘူးပေါ့။ စူဠသုဘဒ္ဒါလို ဆုတောင်းမျိုး မတောင်းသင့်ဘူးပေါ့။ လုပ်ရပ်က မြင့်မြတ်ပြီး တောင်းတ တဲ့ ဆုက ယုတ်ညံ့နေမယ်ဆိုရင် မိမိရော တစ်ပါးသူအတွက်ပါ ဘ၀သံသရာမှာ ၀မ်းနည်းစရာ သောကများစရာဖြစ်မှာသေချာပါတယ်။ မိမိကောင်းကျိုး သူတစ်ပါး ကောင်းကျိုးကို အထောက်အပံ့ ပေးနိုင်မယ့် ကောင်းသော ဆုတောင်းမျိုးကိုပဲ တောင်းဆိုသင့်ပါတယ်။

တကယ်တော့ ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရာ နိဗ္ဗာန်ဆုကိုပဲ တောင်းဆု ပြုသင့်ပါတယ်။ “နိဗ္ဗာန်ကိုသာ ဆုတောင်းရင် ၀ဋ်ကင်းရာကို ဆုတောင်းခြင်းဖြစ်လို့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့အခါ မည်သို့မည်ပုံ ပြုလိုတယ်။ နိဗ္ဗာန်မရမီ မည်သို့မည်ပုံ ဖြစ်လိုတယ်လို့ တောင့်တနိုင်ပါတယ်……။” လို့လည်း ထေရ၀ါဒစွယ်စုံကျမ်း စာ၊ ၈၆၀ မှာ ဖော်ပြထားပါတယ်။ ဥပမာအားဖြင့်ပေါ့ အရှင်ကောဏ္ဍညလို တရားဦးကို အရင်ဦးဆုံးနာယူပြီး နိဗ္ဗာန်ပြုရပါ၏။

ကောင်းမှု့ပြုပြီးတိုင်း လောကုတ္တရာ နိဗ္ဗာန်ချမ်းသာကို ဆုတောင်းတာဟာ အမွန်မြတ်ဆုံးပါပဲ။ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု-အကျွန်ုပ်ပြုလုပ်သော ဤကောင်းမှု့ကုသိုလ်ကံသည် ဒုက္ခ ဆင်းရဲများချူပ်ငြိမ်းရာအမှန်ဖြစ်တဲ့ နိဗ္ဗာန်သို ရောက်ရာရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေ……..လို့ပေါ့။

ဥပမာအားဖြင့်ပေါ့……….။ အိမ်အပေါ်ထပ်ကို တက်ရောက်ဖို့အတွက် အနည်းဆုံး လှေခါးသုံးဆင့် လောက်တော့ ရှိမှာပါ။ ဒါကို ခွဲခြားနားလည်ကြည့်ရအောင်ပါ။ နိဗ္ဗာန်ဆိုတာကို အိမ်အပေါ်ဆုံး အထပ်လို့ သတ်မှတ်လိုက်ပါ။ အဲဒီ နိဗ္ဗာန်ကို ရောက်အောင် တက်ရောက်ဖို့ သွားရာလမ်းမှာ မဖြစ်မနေ ပထမအဆင့် လှေကားနဲတူတဲ့ လူချမ်းသာ၊ ဒုတိယအဆင့် လှေကားနဲတူတဲ့ နတ်ချမ်းသာ၊ တတိယအဆင့် လှေကားနဲ့တူတဲ့ ဗြဟ္မာချမ်းသာ ဆိုတဲ့ ဒီလှေကားသုံးဆင်ကို မလွဲမသွေ ရောက်ရှိပြီးမှ ဖြတ်သန်းပြီးမှ ကျော်လွှားပြီးမှ နိဗ္ဗာန်ဆိုတဲ့ အမြင့်ဆုံး ချမ်းသာနေရာကို ရောက်ရှိမှာပါ။

ဒီတော့ မိမိက နိဗ္ဗာန်ဆိုတဲ့ ချမ်းသာကို တောင့်တထားတဲ့အခါ နိဗ္ဗာန်မရောက်မီစပ်ကြား နိဗ္ဗာန်သို့ သွားရာလမ်းတစ်လျှောက်မှာ ဒီ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဆိုတာတွေကို အထူး တောင့်တနေစရာ မလိုပါဘူး။ အလိုလို ရရှိခံစား သုံးဆောင်ရမှာပါ။ ရရှိမှာပါ။ ဒါကြောင့် ဒီ ဥပမာလေးကို နားလည်သဘောပေါက်ထားပြီး ဘယ်လိုကောင်းမှုကုသိုလ်ပဲ လုပ်လုပ် နိဗ္ဗာန် ချမ်းသာကိုသာ တောင်းဆုပြုစေချင်ပါတယ်။

“လောကီချမ်းသာတွေဖြစ်တဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဆိုတာတွေကို တောင့်တမယ်၊ ဆုတောင်းမယ်ဆိုရင် ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိများဖြစ်တဲ့ လောကီချမ်းသာ သက်သက်ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ လောကုတ္တရာ ချမ်းသာများဖြစ်တဲ့ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာဆိုတာတွေကို မရရှိနိုင်ပါဘူး။ ကုသိုလ်ပြုလုပ်ပြီးတိုင်း လောကီ၊ လောကုတ္တရာ ချမ်းသာ နှစ်ပါးစုံကိုတောင့်တမယ်၊ ဆုတောင်းမယ်ဆိုရင် အဟောသိကံ အဖြစ်သို့ မရောက်ပါမူကား လောကီ လောကုတ္တရာချမ်းသာ နှစ်ပါကိုပင် ပေးနိုင်၏။ အဟောသိကံ အဖြစ်သို့ ရောက်ပါက လောကုတ္တရာ ချမ်းသာကိုသာ ပေးနိုင်ပါတယ်။ လောကီချမ်းသာဆိုတာက အဟောသိကံ ဖြစ်သွား နိုင်ပါတယ်။ လောကုတ္တရာချမ်းသာ အကျိုးပေးရမှာတော့ အဟောသိကံ ဖြစ်သွားတယ်ဆိုတာ မရှိပါဘူး။” လို့ လယ်တီဆရာတော်ဘုရားကြီးက ပါရမီဒီပနီ မှာ ရှင်းလင်းပြထားပါတယ်။

အတုယူဖို့ကောင်းသော ဆုတောင်းပုံ အမျိုးမျိုး

ဒီနေရာမှာ ပညာရှိသူတော်ကောင်းကြီးများရဲ့ ကောင်းမြတ်တဲ့ ဆုတောင်းပုံတစ်ချို့ကို စာချစ်သူတို့ အတုယူ ဆုတောင်းတတ်ဖို့အတွက် ဓမ္မဒါန ပြုလိုက်ပါတယ်။

အလောင်းတော် သုမေဓာ၏ ဆုတောင်း………။

ဓမ္မနာဝံ သမာရုယှ၊ သန္တာရေဿံ သဒေ၀ကံ၊
လူမျိုးပုံယင်၊ လှေပြည့်တင်၍၊ သင်္သရာကျယ်၊မြစ်ပင်လယ်မှ၊ ဆယ်ကယ်အားသွန်၊ ပြည်နိဗ္ဗာန်သို့၊ မကျန်ပို့ရလို၏တည်း။ (ဆုတောင်းခန်းပျို့၊ စာပိုဒ်-၁၈၅)

အလောင်းတော် အကိတ္တိရသေ့ ဆုတောင်း……..။

ဤသည့်ပုံည၊ ကုသလကြောင့်၊ လောဘ ဒေါသ မောဟ ကွင်းကွာ၊ သံသရာဝယ် ကျင်ပါရဘိ၊ ပညာရှိနှင့် ယှဉ်မိပေါင်းသင်း၊ ဥာဏ်မဲ့ကင်း၍၊ ပြည့်လင်းလှူဖွယ်၊ လှူစဉ်ဝယ်လည်း၊ သုံးသွယ် စေတနာ၊ ဖြောင့်ညီညာသည်၊ ခေမာအထွတ်၊ တိုင်လိုသောဝ်…………။

အလောင်းတော် ကဏှရသေ့ ဆုတောင်း…………..။

၁။ သူတစ်ပါးတို့၏ အပေါ်မှာ အမျက်ထွက်ခြင်း ကင်းသူဖြစ်ရပါလို၏။
၂။ သူတစ်ပါးတို့၏ အပေါ်မှာ ပြစ်မှားခြင်း အလျင်းကင်းသူဖြစ်ရပါလို၏။
၃။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့အပေါ်မှာ အဘိဇ္ဈာရှေရှု၍လိုလားမှု့အလျင်းကင်းသူဖြစ်ရပါလို၏။
၎။ မိမိစည်းစိမ်ဥစ္စာတို့မှ တွယ်တာငြိကပ်ခြင်း သိနေဟဓာတ်မှ အလျင်းကင်းသူ ဖြစ်ရပါလို၏။
၅။ အနာရောဂါ ကင်းရှင်းသူ ဖြစ်ရပါလို၏။
၆။ ငါဟူသော အကြောင်းကြောင့် ဘယ်သောအခါမျှ တစ်ပါးသူအား ကာယဒွါရသည်လည်းကောင်း၊ ၀စီဒွါရသည်လည်းကောင်း၊ မနောဒွါရသည်လည်ကောင်း ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနော ဒုစရိုက်တို့ဖြင့် မပျက်ပြားပါစေလင့်။ မဖြစ်ပွားပါစေလင့်၊ ကံသုံးပါးမှာ ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက်အမှု့တွေ ဖြစ်ပွားကြပါစေ။

ကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသ၏ ဆုတောင်း………….။

ဒေဝေါ ၀ဿတု ကာလေန၊ သဿ သမ္ပတ္တိ ဟေတု စ၊ ဖိတော ဘ၀တု လောကော စ၊ ရာဇာ ဘ၀တု ဓမ္မိကော။
သဒ္ဓမ္မသုံးဖြာ သာသနာ အဓွန့်ရှည်ပါစေ၊ သတ္တ၀ါအားလုံး ဓမ္မကို ရိုသေလေးစားစွာ လိုက်နာ ကျင့်သုံးနိုင်ကြပါစေ။ လိုက်နာကျင့်သုံး၍ ၀ိမုတ္တိရသ (နိဗ္ဗာန်ချမ်းသာ)ကိုခံစားနိုင်ကြပါစေ။ မိုးမင်းသည် ရွာသင့်သည့်အခါ၌ ကောင်းစွာ ရွာသွန်းပါစေ။ ပြည့်ရှင်မင်းသည် ရှေးမင်းကောင်း မင်းမြတ်များကဲ့သို့ ပြည်သူများကို မိမိ၏သား သမီးရင်းများပမာ ကရုဏာဖြင့် စောင့်ရှောက်နိုင်ကြပါစေ။

ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ ဆုတောင်း……………။

ပရေသံ ဟိတ မိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော၊ နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆိတံ ပရော။
၁။ ငါသည် သူတစ်ပါးတို့၏ အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက်နိုင်ရပါလို၏။
၂။ သူတစ်ပါးကလည်း ငါ၏ အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက်နိုင်ကြပါစေ။
၃။ ငါသည် အခြားတစ်ယောက်သောသူ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို မလိုလား မနှစ်သက် မဆောင်ရွက်ရပါစေနှင့်။
၎။ သူတစ်ပါးကလည်း ငါ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို မလိုလား မနှစ်သက် မဆောင်ရွက်နိုင်ပါစေနှင့်။
နဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ၀ိဟေသတံ ပရော၊ န စ ဘဝေ အဟံ ဝေရီ၊ မာဝေရီ ဟောတု မေ ပရော။
၅။ ငါသည် တစ်ပါးသော သတ္တ၀ါကို မညှင်းဆဲ မနှိပ်စက်ရပါစေလင့်။
၆။ သူတစ်ပါးကလည်း င့ါကို မညှင်းဆဲ မနှိပ်စက်ပါစေနှင့်။
၇။ ငါသည် သူတစ်ပါးတို့၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါရပါစေလင့်။
၈။ သူတစ်ပါးကလည်း ငါ၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါစေနှင့်။
ကုမ္မဂ္ဂဉ္စ ၀ိဝေဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော။ဝင်္ကဉ္စာဟံ ၀ိဝေဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂကော ဘဝေ။
၉။ လူအပေါင်းသည် လမ်းဆိုးလမ်းကောက်ကို ရှောင်ရှား၍ လမ်းကောင်း လမ်းဖြောင့်ကို လိုက်နိုင်ကြပါစေ။
၁၀။ ငါသည်လည်း လမ်းဆိုး လမ်းကောင်းကို ဖယ်ကြဉ်၍ လမ်းကောင်းလမ်းဖြောင့်ကို လိုက်နိုင်သည့်ကို ဖြစ်ရပါလို၏။

သီတဂူဆရာတော်၏ ဆုတောင်း…………..။

ဤသို့ပြုရ မြတ်ပုညကြောင့်၊ ဘ၀ထိုထို နောက်အဟိုဝယ်၊ င့ါကိုယ်ကြောင့်သာ၊ သူတို့မှာလျှင်၊ နှစ်ဖြာ ကိုယ်စိတ် တစ်စိတ်စိတ်မျှ၊ ဆင်းရဲဒုက္ခ၊ မဖြစ်ကြပါစေနှင့်။
ငါတို့ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ တို့စွမ်းရာဖြင့်၊ တို့သာသနာ၊ တို့ပြည်ရွာကို၊ သာယာစေမှု၊ လုံ့လပြုအံ့…….။

ဒါကြောင့်.........စာချစ်သူ...........။ကောင်းမှု့တွေပြုလုပ်ပြီး မှန်ကန် မြင့်မြတ်တဲ့ တောင်းဆုတွေကို တောင်းဆုချွေဖို့ မမေ့ပါနဲ့။

(ဥယျာဉ်မှူးလေး)

ကျမ်းကိုး။ ။
လယ်တီဆရာတော်ဘုရားကြီး၏ ပါရမီဒီပနီ
မင်းကွန်းဆရာတော်ဘုရားကြီး၏ ဆဌသံဂါယနာတင် အမေးအဖြေ (ကဏှဇာတ်)
မင်းကွန်းဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားတော် (ပဉ္စမတွဲ)
အရှင်ကေလာသာ၏ ဓမ္မအမေးအဖြေများ
မောင်လွမ်းနွယ်( အောင်လံ)၊ ဒီပဲယင်းဆရာတော်ဘုရားကြီး၏ ဆုတောင်းမေတ္တာ ၁၀ ပါး


Friday, April 3, 2015

ရင့်ကျက်မှုနှင့် အကျိုးကိုပြီးစေခြင်း


ရင့်ကျက်မှုနှင့် အကျိုးကိုပြီးစေခြင်း

လူတိုင်းလူတိုင်းသည် အလုပ်ကိုယ်စီကို ပြုလုပ်နေကြသည်၊၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုကို ရသည်ဟုကား မဆိုသာပေ၊၊ ထိုသို့ဖြစ်ရခြင်းတွင် အကြောင်းများစွာ ရှိမည်ဖြစ်သည်ကို သတိပြု ရမည်၊၊ အလုပ်လုပ်သူတိုင်း ကြီးပွားတိုးတက်ကြမည်ဆိုလျင် ဘ၀တွင်ဆင်းရဲတွင်းနစ်နေသူဟူ၍ ရှိမည် မဟုက်ချေ၊၊ လုံးဝပြင်းရိပြီး ထိုင်နေသူပင်လျင် သူနှစ်သက်ရာအလုပ်တစ်ခုတော့ လုပ်နေ တတ်သည်ကို တွေ့ရသည်၊၊

သို့သော် အလုပ်လုပ်တိုင်း၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်မလာတတ် သည်ကား အံသြဖွယ်တစ်ခုပင် ဖြစ်နေသည်၊၊ စာပေနှင့် ထိုထိုပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိများကို လေ့လာသဖြင့် သိရှိရသောအကြောင်းတစ်ခုမှာ “ရင့်ကျက်မှုမရှိဘဲ အလုပ်လုပ်လျင် အောင်မြင်မှုကို မရရှိနိုင်”ဟူ၍ဖြစ်သည်၊၊ ဖြစ်နိုင်ခြေများစွာရှိသော အဆိုဖြစ်သည်၊၊ အလုပ်လုပ်နေသူတိုင်း ရင့်ကျက်သူများ မဟုက်ကြသည်ကို သတိပြုမိကြမည် ဖြစ် သည်၊၊

တချို့တချို့လူများသည် အလုပ်ကိုစမ်းတ၀ါးဝါးဖြင့် လုပ်နေကြသည်ကို တွေ့ရသည်၊ ရင့်ကျက်မှု မပါသော ထိုသူတို့၏အလုပ်များသည် လည်း အောင်မြင်မှုပန်းတိုင်သို့ ဦးမတည်၊ ခေါင်းမမော့ဘဲ လွဲချော်မှု များစွာဖြင့် အဆုံးသတ်ကြရသည်၊၊ ထိုအခါစိတ်ပိုင်းဆိုင်ရာ အင်အားများ ယုတ်လျော့ လာပြီး လမ်းလွဲ များကိုအသုံးပြုသည့် အခြေအနေသို့ရောက်ရသည်၊၊ ဤသို့ဖြင့် အမှားများစွာကို ပြုလုပ်မိပြီး ရုံးမ ထွက်နိုင် ဖြစ်ရပြန်သည်၊၊

အလုပ်နှင့် ရင့်ကျက်မှုသည် လူတိုင်းအတွက် အလွန်အရေးပါသော လိုအပ်ချက်ဖြစ်သည်၊၊ “အလုပ်ကို ရင့်ကျက်မှုဖြင့်ပြုလုပ်လျင် လိုချင်သည့် ပန်းတိုင်ကို သေခြာပေါက်ရရှိမည် ဖြစ်သည်၊၊” ပေါ့ပေါ့ရှပ်ရှပ်၊ မှန်းဆပြီး၊ လုပ်ရသောအလုပ်သည် အောင်မြင်မှုပန်းတိုင်သို့ထက် အမှားသို့သာ ဦးတည်မည် ဖြစ် သည်၊၊ အနှစ်ချုပ်သော် “ရင့်ကျက်မှုဖြင့်လုပ်ငန်းကို အကောင်အထည်ဖော်လျင် အောင်မြင်ပြီး၊ ရင့်ကျက်မှုမရှိဘဲ အလုပ်ကိုသွေးတိုး စမ်းသည့်သဘောဖြင့် အကောင်အထည် ဖော်လျင် ကျရှုံးရမည်ဟူ၍ ဖြစ်သည်၊၊”

လိုအပ်သည့်ရင့်ကျက်မှုမရရှိသေးသော လူတို့သည် အလုပ်ပေါင်းများစွာကို ဟိုဟာ အောင်မြင်လိမ့် နိုးနိုး၊ သည်ဟာအောင်မြင်လိမ်နိုးနိုးဖြင့် ဘယ်အရာကိုမှမဆုပ်ကိုင်မိဘဲ စိတ်ဓာတ်ကျ၊ ပျက်စီးသွား သည်များလည်း ရှိသည်၊၊ ရင့်ကျက်တည်ငြိမ်ပြီးသောသူများမှာမူ “အမှန်တကယ် မိမိ လိုချင်သည့် အရာကို သေခြာခွဲခြားနားလည်ပြီး၊ ထိုအရာကိုပင် မရမနေကြိုးစားသဖြင့် အောင်မြင်မှုကို ရရှိကြရသည်၊၊” ရင့် ကျက်မှုသည် ပညာသင်ကြား ရာတွင် ဖြစ်စေ၊ စီးပွားဥစ္စာရှာဖွေရာတွင် ဖြစ်စေ၊ အိမ်ထောင်ရေးကို စီစဉ်ရာတွင် ဖြစ်စေ၊ နေရာတိုင်းတွင် အရေးပါသည်၊၊

“ရင့်ကျက်မှုကို အရွယ်နှင့်အမျှ ရလာတတ်သည်ဟုလည်းကောင်း၊
ပညာတတ်ဘွဲ့ရ၍ ရလာတတ်သည်ဟုလည်းကောင်း၊
စီးပွားရှိလာပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊
နေရာအခြေတကျရှိပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊
အတွေ့အကြုံများမှ ရလာတတ်သည်ဟူ၍ လည်းကောင်း၊
ရာထူးအဆင့်ကြီးမှ ရလာတတ်သည်ဟူ၍လည်းကောင်း၊ ဆိုကြသည်၊၊

သို့သော် အရွယ်ကြီးသူတိုင်း ရင့်ကျက်သည်မဟုက်၊ ပညာတတ်သူတိုင်း ရင့်ကျက်မှုရှိသည်မဟုက်၊ ချမ်းသာသူတိုင်း ရင့်ကျက်သူများ မဟုက်၊ နေရာ အခြေကျပြီးသူတိုင်း ရင့်ကျက်သည်မဟုက်၊ အတွေ့ အကြုံများသူတိုင်း ရင့်ကျက်ကြသည်မဟုက်၊ ရာထူးကြီးသူတိုင်း ရင့်ကျက်ကြသည် မဟုက်သည် များကို စာဖတ်သူတို့ သိပြီးပင်ဖြစ်ပါမည်၊၊

မရင့်ကျက်၍ပင် အရွယ်ကြီးကာမှ ဆင်းရဲတွင်းနစ်ရသူများ၊ ပညာတတ်လျက် ကိုယ်ကျင့်တရား မဲ့နေသူများ၊ အခြေတကျနေရာများမှ လက်လွှတ်ရ သူများ၊ သင်္ခန်းစာပေါင်းများစွာ ရထားပြီးလျက် ဆက်တိုက်အမှားကို ကျူးလွန်နေသူများ၊ ရာထူးကြီးကြီးမှနေပြီး မြုပ်ကွယ်သူသွားရသူများကို တွေ့နေ ရခြင်း ဖြစ်သည်၊၊

ထိုသို့သော အကြောင်းများကြောင့် “ရင့်ကျက်မှု”သည် အလွန်အရေးပါကြောင်း ဆိုရခြင်းဖြစ်သည်၊၊ လူတွင် ရင့်ကျက်မှုအခြေခိုင်ပါက အရွယ်ကြီး လျင် လေးစားခံရသည်၊ ပညာတတ်လျင် ဂုဏ်ရှိသည်၊ နေရာအခြေကျလျင် ဘ၀တင့်တယ်သည်၊ အတွေ့အကြုံများလျင် အများအားကိုးမှုခံရသည်၊ ရာထူး ကြီးသူဖြစ်လျင် သမာဓိရှိသည်၊ စသည်စသည်များမှာ ရင့်ကျက်မှုစံမှ ပေါက်ဖွားလာရသည်များ ဖြစ် သည်၊၊

ရင့်ကျက်မှုသာ အခြေမခိုင်သူဖြစ်ပါက အရွယ်၊ ပညာ၊ စီးပွား၊ ရာထူးမည်မျှကြီးပွားစေကာမူ တနေ့တွင် အမှန်လျောကျရမည် ဖြစ်သည်၊၊
ကိုအလင်းစက်ရေ “စိတ်ထဲရှိသမျှ ပြောနေတတ်သူများ၊ စိတ်ထင်ရာကို အထင်ရှိတိုင်း ပြုလုပ်တတ် သူများ၊ စကားအရ အကြီးအကျယ် တွေ ပြောနေသည့်တိုင် နောက်ကွယ်ကကြောက်နေတတ် သူများမှာ မရင့်ကျက်သူများ ဖြစ်တယ်ဗျာ၊၊” ဤစာသားစုလေးမှာ အလင်းစက်၏သူငယ်ချင်း စာပေ ဒေါက်တာ တစ်ဦးမှ မှတ်ချက်ပြုသည့်စာစုဖြစ်သည်၊၊

ရင့်ကျက်မှုသည် လောကစီးပွားရေးနှင့်၊ ဘ၀ရပ်တည်မှုတွင်မှ လိုအပ်သည်မဟုက်၊ လောကုတ္တရာ နယ်ဖြစ်သော ဓမ္မကိုရှာဖွေရာတွင်လည်း များစွာလိုအပ်ကြောင်း စာပေအထောက်အထားများက ဆိုပါ သည်၊၊ ရင့်ကျက်မှုမရသေးဘဲ တရားမည်မျှအားထုတ်သော်လည်း တရားထူးကို မရရှိနိုင် ကြောင်း “မေဃိယ၀တ္ထု”တွင် လေ့လာရပါသည်၊၊

တနေ့သောအခါ “မေဃိယ”အမည်ခေါ်သော ရဟန်းတစ်ပါးသည် ဗုဒ္ဓရှင်တော်နှင့် ဆွမ်းခံ အတူကြွရာမှ သရက်ဥယျာဉ်တစ်ခုကို လမ်းဘေး တွင်တွေ့ရသည်၊၊ သရက်ဥယျာဉ်ဟု ဆိုသော် လည်း ပန်းမျိုးစုံဖူးပွင့် နေပြီး၊ ကျေးငှက်တို့၏တေးသံ၊ စမ်းချောင်းလေး၏အေးမြမှု၊ ပန်းအလှကို ခုံမင်သည့် မိန်းမပျိုလေးများ ၏၊ ချိုလွင်သည့်ရယ်မောသံလေးများဖြင့် ဥယျာဉ်ကြီးသည် အလွန် လှပပြီး၊ သာယာနေသည့်အတွက် မေဃိယရဟန်းသည် ထိုဥယျာဉ်အတွင်းတွင် နေထိုင်ပြီးတရား အားထုတ်လိုစိတ်များ ဖြစ်ပေါ်လာသည်၊၊

(မူရင်းဇာတ်လမ်းတွင်မူ မေဃိယရဟန်းသည် ထိုသရက်ဥယျာဉ်အတွင်းတွင် ထိုကျေးငှက်၊ ထိုပန်း၊ ထို မိန်းမလှလေးများနှင့်အတူ ဘ၀ငါးရာတိတိ စမ်းရေအတူသောက်၊ ပန်းကြွေအတူကောက်ပြီး၊ ချစ်ခြင်း ဖွဲ့သံစဉ် တေးအလှများကို စပ်ဆိုသီကျူးခဲ့သူဖြစ်ကြောင်း ပြဆိုထားပါသေးသည်၊၊)

မေဃိယရဟန်းတော်လေးကို ဗုဒ္ဓရှင်တော်မှ သရက်ဥယျာဉ်အတွင်း တရားအားမထုတ်ရန် သုံးကြိမ် တိုင်တားမြစ်သော်လည်း နာခံမှုမရှိဘဲ ဥယျာဉ်အတွင်းဝင်ရောက်ပြီး စမ်းချောင်းလေး၏ နံဘေးတွင် အချိန်အတန်ကြာသည်အထိ တရားရှုမှတ်အားထုတ်ခဲ့သည်၊၊

တရားရှုမှတ်အားထုတ်နေစဉ်အတွင်း မေဃိယရဟန်းတော်လေး၏စိတ်ထဲတွင် “ရာဂစိတ်”များ၊ “ဒေါ သစိတ်”များ၊ “မောဟစိတ်”များ ထကြွသောင်းကြမ်းလာခဲ့ပါသည်၊၊

အရှင်မေဃိယသည် “သရက်ဥယျာဉ်အတွင်း တရားအနည်းငယ်မျှအားထုတ်ရှုမှတ်လိုက်လျင် သူသည် ဧကန်မုချ တရားထူးများကိုရရှိမည် ”ဟု မျှော်မှန်းထားသူဖြစ်သည်၊၊ ယ္ခုအခါ တရားထူး များကို မရရုံမျှမက ရှိထားပြီး“သမာဓိ”များပါပျောက်ပျက်ပြီး အတွေးဆိုးအတွေးရိုင်းများ ၀င်ရောက် လာသည်ကို တွေ့ခဲ့ရလေသည်၊၊ မေဃိယရဟန်းတော်လေးသည် မိမိကိုယ်မိမိများစွာအံ့သြမှုဖြစ်ပြီး၊ ဗုဒ္ဓရှင်တော်အ ထံသို့ တစ်ဖန်ပြန်လာခဲ့ရသည်၊၊

အရှင်မေဃိယ၏ ဖြစ်ကြောင်းကုန်စင်ကို သိရှိပြီးဖြစ်သော ဗုဒ္ဓရှင်တော်သည် အရှင်မေဃိယအား “လူသည် ရင့်ကျက်မှုမရှိသေးဘဲ၊ ဘယ်အရာကိုမှ မရရှိ၊ မအောင်မြင်နိုင်၊၊”ဟု ဆုံးစကားပြောကြား သင်ပြပြီး၊ လူသား၏ဘ၀တွင် ရင့်ကျက်မှုသို့ရောက်ရှိနိုင်သည့် အကြောင်းငါးမျိုးကို ညွန်ပြခဲ့ပါသည်၊၊

လူတစ်ယောက်ရင့်ကျက်သူဖြစ်ရန် လိုအပ်သောအကြောင်း (၅)မျိုး၊
(၁) သူငယ်ချင်းကောင်း ရှိခြင်း၊
(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊
(၃) စကားတည်တည် တန့်တန့်ပြောဆိုတတ်ဖြစ်ခြင်း၊
(၄) လုံလရှိဖြစ်ခြင်း၊၊
(၅) ပညာတတ်ခြင်း၊ တို့ဖြစ်ပါသည်၊၊

အထက်ပါ အင်္ဂါငါးရပ်နှင့်ပြည့်စုံလျင် အသက်ငယ်သည် ကြီးသည်၊ ဘွဲ့ဒီဂရီများများရှိသည် မရှိသည်၊ ချမ်းသာသည် ဆင်းရဲသည်၊ နေရာအခြေကျသည် မကျသည်၊ အတွေ့မကြုံများသည် နည်းသည်၊ ရာ ထူးကြီးသည် ငယ်သည်၊ မဓာနမဟုက်တော့ဘဲ စင်စစ်ရင့်ကျက်သူ၊ တည်ကြည်သူ၊ လေးနက်သူဖြစ် လာရပါသည်၊၊ ထိုသူပြုလုပ်သော လုပ်ငန်းသည်လည်း အောင်မြင်တိုးတက် ကြီးပွားရပါသည်၊၊

စာပေအထောက်အထားများ၊ အောင်မြင်တိုးတက်ပြီးသူများ၊ ဘ၀တွင်ကျရှုံးသွားပြီးများစွာတို့၏ သမိုင်း ဖြစ်ရပ်အစုံကို လေ့လာကြည့်ခြင်းအားဖြင့် ရင့်ကျက်မှုမရှိသးသည့် စိတ်ဓာတ်ရေးရာဖြင့် ပညာရေး အောင်ပန်း၊ စီးပွားရေးတက်လမ်း၊ အိမ်ထောင်ရေးသာယာ ပျော်ရွှင်မှုကိုမရရှိနိုင်ကြောင်း ထင်ရှားပြီး ဖြစ်ပါသည်၊၊၊၊

ရင့်ကျက်မှုသည် အကျိုးပြီးစီးမှုဟုခေါ်တွင်နိုင်သော အလုပ်အောင်မြင်မှုတွင် မည်မျှအရေးပါ သည်ကို စာဖတ်သူ ဤမျှဖြင့်သဘောကျနိုင်ပြီဟု ထင်မြင်မိပါသည်၊၊ စာဖတ်သူများ ရင့်ကျက်မှုဖြင့် သာယာ လှပ၊ တိုးတက်သောဘ၀များစွာကို တည်ဆောက်၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း အလင်းစက်အရှင် ဆု တောင်းမေတ္တာပြုရင်း စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊
မေတ္တာဖြင့်-
အရှကေ၀လ(အလင်းစက်)
မကုဋာရာမ မြန်မာကျောင်းတိုက်၊

ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊

Thursday, April 2, 2015

ဆရာ့ဘဝ ဆရာ့အလှ


ဆရာ့ဘဝ ဆရာ့အလှ

“တပည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား အားရှိ၏”
အဲဒီဆောင်ပုဒ်လေး တကယ်ပဲဗျာ။ ကျွန်တော်ကြည်နူးခဲ့ရတယ်။ ကျွန်တော် ကိုယ်တိုင်ခံစားဖူးတာ။ ရွာကျောင်းမှာ မူလတန်းကလေးတွေကို စာသင်ပေးတော့ ကလေးတွေက ကျွန်တော့်ကို ဆရာလေး ဆရာလေး လို့ခေါ်တယ်။ ဆရာလေးဆိုလို့ သီလရှင်ကို ပြောတာမဟုတ်ဘူးနော်:)။ ဆရာတစ်ယောက်ဖြစ်ဖို့အတွက် စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာ လိုအပ်ပါတယ်။

ဆရာဘ၀ဟာ ရုပ်ဝတ္တုပစ္စည်းတွေ မချမ်းသာပေမယ့် စိတ်အဟာရတွေကတော့ တကယ့်ကို ပြည့်စုံ ကြွယ်ဝလှပါတယ်။ ကိုယ်သင်ကြားပြသပေးလိုက်သော အနာဂတ်မှာ ထွန်းတောက် လာမည့် ကြယ်လေးတွေကို ပြုစုပျိုးထောင်ပေးနေရတဲ့ ဥယျာဉ်မှူးတစ်ယောက်ဖြစ်ဖို့ တော်ရုံ တန်ရုံ စိတ်ဓါတ်မျိုးနဲ့တော့ ဆရာ့ဘ၀ဟာ မလှပပါဘူး။

ဆရာများဟာ ကိုယ့်ရဲ့တပည့်ကို ဆရာစားမချန်ဘဲ သင်ကြားပေးပြီး ကိုယ့်တပည့်ကို ကိုယ်ထက် တော်စေချင် တတ်စေချင် သာစေချင်ပါတယ်။ ငါသင်လိုက်တဲ့ ငါရဲ့တပည့်က စစ်ဗိုလ်ကြီး ဖြစ်နေပြီ၊ ဆရာဝန်ကြီးဖြစ်နေပြီ၊ အင်ဂျင်နီယာကြီးဖြစ်နေပြီ၊ စီးပွားရေးလုပ်ငန်းမှာလည်း ထူးချွန် အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်နေပြီဆို ဆရာရင်ထဲမှာ အတိုင်းမသိ ကြည်နှုးဝမ်းသာပြီး ပီတိ ဖြစ်ရပါတယ်။ ဥယျာဉ်မှူးတစ်ယောက်ဟာ သူပြုစုပျိုးထောင်ပေးလိုက်တဲ့ ပန်းလေးတွေ ပွင့်လန်း လာရင် ကြည်နူးသလိုပဲ ဆရာ့ရင်ထဲမှာလည်း ခံစားရပါတယ်။

ကျွန်ုပ်တို့ မြန်မာလူမျိုးများက အစဉ်အလာအရ ဆရာကို အနန္တော အနန္တငါးပါးထဲမှာ ထည့်သွင်း ထားပြီး အလေးပေး ထားကြခြင်း ဖြစ်ပါတယ်။ ဘာ့ကြောင့် အလေးပေးခံသူအဖြစ် မြန်မာ လူမျိုးတို့၏ ရင်ထဲမှာ ရှိနေသလဲ ဆိုရင် မြတ်စွာဘုရားရှင်က ဆရာဖြစ်ဖို့အတွက်လည်း ဆရာကျင့်ဝတ် သို့မဟုတ် ဆရာ့ ဂုဏ်ရည် ငါးပါးကို
“အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ဆရာတို့ကျင့်ဖို့ဝတ်ငါးဖြာ” လို့ ဟောကြားထားခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဆရာဆိုတာ အမြဲတမ်း သင်ယူလေ့လာနေရသော ထာဝရ တပည့် ကျောင်းသားကြီး တစ်ယောက်လည်း ဖြစ်ပါတယ်။

ဆရာတွေထဲမှာပဲ ဆရာတစ်ဆူ ဖြစ်တော်မူသော လေးစားအတုယူဖွယ်ကောင်းသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မြတ်စွာဘုရားရှင် သာသနာတော်မှာ မြတ်စွာဘုရားရှင် ပြီးလျှင် ပညာအရာမှာ ဉာဏ်ပညာ အကြီးမားဆုံး မထေရ်မြတ်တစ်ပါးဖြစ်ပါတယ်။ သာမဏေ ငယ်လေးများ၏ ချစ်ခင်မြတ်နိုးအားကိုးထိုက်တဲ့ ဥပဇ္ဈာယ် ဆရာတစ်ဦးလည်းဖြစ်ပါတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ ကြီးကျယ်မြင့်မားတော် မူသလောက် မိမိကိုယ်ကို မိမိ နှိမ်ချမှု (နိဝါတမင်္ဂလာ) စိတ်နေသဘောထားကြီးမြတ်မှုမှာလည်း အင်မတန် ကျယ်ဝန်း နက်ရှိုင်းတော်မူလှပါတယ်။ အထင်ရှားဆုံး သာဓကလေးတစ်ခုအဖြစ် အရှင်သာရိပုတ္တရာမထေရ်ဟာ တစ်နေ့မှာ အမှတ်တမဲ့ သင်္ကန်းဝတ်ရုံတော်မူတဲ့ခါ သင်္ကန်းအစွန်း အနားက မညီမညာ ဖြစ်နေပါတယ်။

အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါး (ရှင်ရာဟုလာ) က မြင်တွေ့ သွားရာ "အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ၀တ်ရုံသင့်ပါတယ်ဘုရား"လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ "ဒီလောက်ဆို သင့်တော်ပါပြီလား"လို့ ဆရာအရာမှာထားပြီး တလေးတစား တုံ့ပြန်တော်မူခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ အရှင်သာရိပုတ္တရာမထေရ်မြတ်က နောင်တစ်ချိန်မှာ ယခုလို ဥဒါန်းကျူးရင့်ကာ "ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာ သည်ဖြစ်စေ သူတော်ကောင်းတွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှား ကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်"လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

 ဒါဟာဘာလဲဆိုရင် ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ရသော အသီးအောင်တဲ့ စပါးနှံဟာ အောက်ကို ကိုင်းညွတ်ပြီး မအောင်မြင်တဲ့ စပါးနှံကတော့ အလေ့အလွင့်တွေပါတော့ အပေါ်ကို ထောင်တတ်နေတဲ့ စပါးနှံဥပမာလေးလိုပဲဖြစ်ပါတယ်။ သူတော်ကောင်းတွေရဲ့ နှလုံးသားဟာ အမြဲတမ်းနူးညံ့ပြီး ၀ါးရုံပင်မြင့်မြင့်ကြီးတွေလိုပဲ အထက်ကိုပိုမြင့်မားလာလေ အောက်ကို ပိုပြီးတော့ ကိုင်းညွတ်လာလေပဲ ဖြစ်ပါတယ်။

ဆရာတွေဟာ ဘယ်ကျောင်းသားမဆို အဆင့်အတန်းမရွေး ဆိုးသူကို လိမ္မာလာအောင်၊ လိမ္မာသူကို ထူးချွန်ထက်မြက်လာအောင် အမြဲတမ်းမျက်ခြေမပြတ် အကဲခတ် သင်ကြားပေးနေ သူတွေဖြစ်တဲ့အတွက် မိဘတွေပြီးရင် ဒုတိယ ဘ၀ကို ပဲ့ကိုင် ထိန်းကျောင်း ပေးနေတဲ့သူတွေ လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာအနေနဲ့ ဒီကျောင်းသားကတော်တယ် ဒီကျောင်းသားက ညံ့တယ်ဆိုပြီး ခွဲခြားဆက်ဆံနေရင်လည်း ညံ့တဲ့ကျောင်းသား တစ်ယောက်အတွက် ထူးချွန်လာ ချင်သော စိတ်ဓါတ်ပျောက်ပြီး စိတ်ဒဏ်ရာ အနာကို ပေးမိသလို ဖြစ်တတ်ပါတယ်။

 ပုထုဇဉ် လူသားတွေဖြစ်တဲ့အတွက် ကျွန်တော် ကိုယ်တိုင် မူလတန်းမှာ ကလေးတွေကို သင်တုန်း က အိမ်စာလုပ်ခိုင်းတာ လုပ်မလာရင် စိတ်တိုမိတတ်တယ်။ စိတ်တိုလာရင် ပြောဆိုဆူပူမိပါတယ်။ ဒါဟာ ကိုယ့်အတွက်မဟုတ်ဘဲ။ သူတို့လေးတွေရဲ့ ဘ၀လမ်းခရီး ဖြောင့်ဖြူးဖို့အတွက်ပဲ ဖြစ်ပါတယ်။ စာတော်တဲ့သူတွေလည်းရှိပါတယ်။ ခုန အိမ်စာမလုပ်တဲ့ ကလေးကို ပစ်ထားလိုက်ရင် ကလေးရဲ့ဘ၀ဟာ မြောင်းထဲ ရောက်သွားမှာဘဲ။ သူမိသားစု အခက်အခဲကြောင့် လမ်းဆုံး မရောက်ခဲ့ရင်တောင်မှ ကျင်လည်ရသော ပတ်ဝန်းကျင်မှာ အကောင်းဆုံး ဖြတ်သန်းနိုင် အောင် တော့ သင်ကြားပေးရမှာပဲဖြစ်ပါတယ်။

ထူးချွန်ထက်မြတ်သော သူတစ်ယောက်ကို မွေးထုတ်ပေးဖို့အတွက် ဆရာတစ်ယောက်တည်း လည်း မရပါဘူး။ မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း ဆိုတဲ့ ဆောင်ပုဒ်လေးလည်း ရှိပါတယ်။ သုံးနာညီတြိဂံလိုပေါ့ဗျာ။ ညီညီညာညာ ဆွဲထားမှ ကြည့်လို့လှမှာပေါ့။

ထို့ကြောင့် ကျောင်းသား တစ်ယောက်ဟာ ဘယ်ကျောင်းမှာတက်တက် ဘယ်ဆရာနဲ့ပဲ သင်ရသင်ရ ကိုယ်ကို တိုင်က ကြိုးစားချင်တဲ့စိတ် မရှိဘဲနဲ့တော့ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာ မဟုတ ပါဘူး။ အဲဒီလို စိတ်ဓါတ်မျိုးရှိလာတဲ့ကလေးကို ဆရာသမားများကလည်း စေတနာအပြည့်နှင့် မိဘများကလည်း လိုအပ်တာများကို ဖြည့်ဆည်းပေးနိုင်ရင် အောင်မြင် ထူးချွန်သော အနာဂတ် ပန်းကောင်းလေးများ ပွင့်လန်းလာမှာ ဖြစ်ပါတယ်။

ထို့ကြောင့် တြိဂံလေး အနားညီအောင် ဥယျာဉ်ထဲမှ ပန်းကလေးများ လှပစွာ ပွင့်လန်းလာအောင် ဥယျာဉ်မှူးဖြစ်သော မိဘနဲ့ဆရာပူးပေါင်းပြီး ဆရာဘ၀ အလှအပမပျက်အောင် လက်တွဲညီညာ ကြိုးစားကြမည်ဆိုပါရင်ဖြင့် စန္ဒကူးပန်းလေးတွေ၏ ရနံ့လေထဲသင်းပျံ့သလို ဆရာရနံ့တွေလည်း ကမ္ဘာတခွင် သင်းပျံ့မွေးကြိုင်နေမည်ဖြစ်ပါကြောင်း ပြောကြားရင်း ကျွန်တော်ပိုစ်လေးကို နိဂုံးချုပ် လိုက်ပါတယ်ခင်ဗျာ။

လိုအပ်တဲ့အမှားလေးများရှိပါက နားလည်ခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပွင့်သောပန်းတိုင်း လန်းဆန်းပြီး ထာဝရ သင်းပျံ့ကြပါစေ။

တောသားလေး


Wednesday, April 1, 2015

ဝေဖန်မှုများနှင့် လူ


ဝေဖန်မှုများနှင့် လူ 

(၁)
ကျိုတိုမြိုတော်က အိုဘကုကျောင်းတော်ကို ရောက်သွားရင် “FIRST PRINCIPLE”လို့ ရေးထိုးထားတဲ့ ဂိတ်ဝက စာတန်းကြီးကို တွေ့ရလိမ့်မယ်။ စာလုံးတွေက အလွန်ကြီးနေပါတယ်။ လက်ရေးလှပပုံကို ချီးမွမ်းထောပနာပြုကြသူတိုင်းက ဒီစာလုံး ထွင်းထုပုံကို တကယ့်အထူးလက်ရာတစ်ခုအနေနဲ့ အသိအမှတ်ပြု လေးစားကြပါတယ်။ ဒီစာလုံးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀-ခန့်က ကိုစန်ဆိုသူက ရေးခဲ့တာပါ။ ကိုစန် ထိုစကားလုံးတွေကို ရေးစဉ်က ဆေးမင်ဗူးပေါင်းများစွာ ဖြည့်ဖြည့်ပေးနေတဲ့ ရဲရင့်တဲ့ တပည့်တစ်ယောက်နဲ့အတူ ရေးဆွဲခဲ့တာပါ။ သူ့ဆရာရဲ့ လက်ရေးကို အမြဲမပြတ် ဝေဖန်လေ့ရှိသူပါ။

ပထမ စရေးလိုက်ကတည်းက “ဆရာရေးတာ မဟုတ်သေးဘူး”လို့ ပြောလိုက်တယ်။ “ဒါလေးကော ဘယ်လိုလဲ” “ဆိုးလိုက်တာ၊ မကောင်းသေးဘူး၊ အရင်ဟာထက်တောင် ပိုဆိုးသေးတယ်”။ ကိုစန်ဟာ စိတ်ရှည်လက်ရှည်နဲ့ တစ်ခုပြီးတစ်ခု ဆက်ဆွဲတယ်။ FIRST PRINCIPLE ဆိုတဲ့ စကားလုံးကို အကြိမ်ပေါင်း ၈၄-ကြိမ်အထိ ဆွဲလိုက်ရတယ်။ ဒါတောင်မှ သူ့တပည့်က မကောင်းသေးဘူးလို့ ပြောနေဆဲပဲ။ သူ့တပည့်လေးဟာ အပြင်ခဏထွက်သွားခဲ့တယ်။ အဲဒီအချိန်မှာ ဆရာဖြစ်သူ ကိုစန်ဟာ “ကဲ အခု သူ့ရဲ့ ထက်မြတ်တဲ့ မျက်လုံးကနေ ခဏ လွတ်သွားပြီ”လို့ တွေးပြီး တပည့်မရှိတုန်း အလျင်အမြန်ပဲ FIRST PRINCIPLE ဆိုတဲ့ စကားလုံးကို ရေးချလိုက်ပါတယ်။ လွတ်လပ်တဲ့စိတ်၊ အနှောက်အယှက်ကင်းတဲ့ စိတ်နဲ့ ရေးဖြစ်သွားတာပါ။ တပည့်လေး ပြန်လာတော့ “အိုး …. တကယ့်လက်ရာပဲ”လို့ အော်လိုက်ပါတယ်။

(၂)

ဒီဇင်ပုံပြင်လေးကို ဖတ်မိလိုက်တော့ အတော်သဘောကျသွားတယ်။ ပုံပြင်တိုတိုလေးကနေ ဖြာထွက်လာတဲ့ အတွေးစတွေက အများကြီးပဲ။ စာဖတ်သူကော ရှုထောင့်ဘယ်လောက်များများ စဉ်းစားမိလိုက်သလဲ ….

(၃)

ပုံပြင်လေး ဖတ်ပြီးသွားတော့ ပထမဆုံး ခေါင်းထဲပေါ်လာတာက ငယ်စဉ်ဘ၀က ဆရာတစ်ဦးပါ။ တပည့်တွေကို တွေ့တာနဲ့ မျက်နှာက တင်းနေပါတယ်။ တစ်ခုခု လုပ်ခိုင်းတိုင်း ငေါက်ငမ်းပြီးမှ လုပ်ခိုင်းတတ်ပါတယ်။ သူ့ရှေ့မှာဆို ဘုရားမီး၊ ဖယောင်းတိုင်လေး ထွန်းတာကအစ ပုံမကျတော့ပါဘူး။ ဘာပဲလုပ်လုပ် သူက ဘေးကနေ ငေါက်ငမ်းနေတော့ တပည့်တွေဟာ လုပ်လိုက်တိုင်း အမှားအယွင်းတွေနဲ့ ဖြစ်နေပါတယ်။ အမှားအယွင်းတွေဖြစ်လာတိုင်း မင်းတို့ တော်တော်ကို အသုံးမကျတာလို့ ပြောလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ တပည့်တွေဟာ အသုံးမကျသူတွေလို ဘာလုပ်လုပ် ကြောက်တတ်တဲ့စိတ်တွေ ၀င်လာခဲ့တယ်။ တပည့်တွေဟာ သူ့အသံကြားတာနဲ့တင် လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်တော့တာ။ ငယ်ငယ်က တွေ့ခဲ့တဲ့ ဆရာတွေထဲမှာ အဲဒီလို စတိုင်တွေက ပိုများတယ်။

ကဲ ဒီလို ဆရာတွေများတဲ့ အသိုင်းအ၀ိုင်း ဘယ်ကလာပြီး အသုံးကျတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာနိုင်မလဲ။ အခုတော့ အဲဒီလို မျက်နှာရှစ်ခေါက်ချိုး၊ သူလုပ်မှ အမှန်ဆိုသူတွေက စာရေးသူတို့ လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာ။

(၄)

နောက်ထပ် စဉ်းစားမိတာက ဝေဖန်ခြင်းနဲ့ ကဲ့ရဲ့ခြင်းဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ လောကရဲ့ ဖြစ်ပျက်ခြင်းရာများ ဆက်စပ်မှုများ ဖြစ်ပါတယ်။ စာရေးဆရာတစ်ဦး ပြောတာ အမှတ်ရသေးတယ်။ သူက “ဝေဖန်ရေးဆရာ အားနည်းသေးတဲ့ စာပေဟာ တိုးတက်မှု အားနည်းသေးတယ်လို့ ပြောတာနဲ့ အတူတူပဲ”ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဝေဖန်မှုအားကောင်းလေလေ တိုးတက်မှု အားကောင်းလေလေလို့ ဆိုရမှာပေါ့။ တစ်ချို့က ဝေဖန်တာကို ကဲ့ရဲ့တာနဲ့ ရောထွေးပြီး မြင်တတ်ကြတယ်။ ဝေဖန်တယ်ဆိုတဲ့ စကားမှာ အပြုသဘောဆောင်တဲ့ စေတနာပါတယ်။ ကဲ့ရဲ့တာမှာတော့ အဖျက်သဘောဆောင်တယ်။ ဒါက ဝေဖန်သူ၊ ကဲ့ရဲ့သူများဘက်က အနေအထားပါ။

နောက်ပြီး အဝေဖန်ခံရသူ၊ ကဲ့ရဲ့ခံရသူများဘက်ကလည်း ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ ဝေဖန်တာကို အပြုသဘောဆောင်တဲ့သဘောကို ဂရုမထားဘဲ ကဲ့ရဲ့တာလို့ ထင်နေတတ်ကြတာပါပဲ။ ဝေဖန်တာဟာ ကောင်းစေချင်တဲ့ စေတနာကို ကိုယ်စားပြုတဲ့သဘောဖြစ်တယ်၊ ကဲ့ရဲ့တာကတော့ အပုတ်ချတဲ့ သဘောထားကို ကိုယ်စားပြုတယ်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။

ဒီပုံပြင်ထဲမှာ တပည့်လုပ်သူက “မဟုတ်သေးဘူး ဆရာ၊ မကောင်းသေးဘူးဆရာ ….. ”အဲဒီလို ပြောပြောနေတာဟာ ဆရာရေးတဲ့ လက်ရေးကို ပိုပိုပြီး လှစေချင်တဲ့ သဘောထားနဲ့ ပြောတာပါ။ စာရေးသူတို့ အဖွဲ့အစည်းထဲက ဆရာများလို မဟုတ်ပါဘူး။ အလုပ်တစ်ခု စမယ်လုပ်ကာ ရှိသေး “ဒီကောင် … သောက်သုံးကို မကျဘူး၊ လုပ်တာ အချိုးကို မပြေဘူး …. ”နဲ့ အော် အော်နေတတ်တဲ့ ဆရာတွေက များပါတယ်။ အတွေ့အကြုံနုနယ်တဲ့ တပည့်လေးတွေကို အတင်းငေါက်ငမ်းလိုက်တော့ မျိုးဆက်လေးတွေက အ ကုန်တယ်။

(၅)

ငယ်ငယ်က ဆရာများ လက်အောက်မှာ ဟိုဟာ မလုပ်ရဲ၊ ဒီဟာ မလုပ်ရဲ … ကြောက်ကြောက်လန့်လန့် ကြီးပြင်းလာရပေမယ့် နည်းနည်း အသက်လေး ရလာတော့ အနောက်တိုင်းက အတွေးအခေါ်ပါတဲ့ စာအုပ်တွေ ဖတ်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ရဲရင့်သူများရဲ့ အတွေးအခေါ်တွေ၊ အရှင်ဇနကာဘိဝံသလို တည်ကြည်ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ စတဲ့ စာကောင်းပေမွန်တွေကနေ သတ္တိနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးတက်အောင် ကြိုးစားခဲ့ရတယ်။ ဒီလို မွေးမြူလာရင်းနဲ့ ကြောက်တယ်ဆိုတဲ့စကားက ဘ၀မှာ မရှိသလောက် ဖြစ်လာတယ်။ အဲဒီအခါမှာ ဖြစ်လာတဲ့ စိတ်အခြေအနေက ဘာပဲလုပ်လုပ် “လွတ်လပ်မှု”ဆိုတာကို ခံစားရတယ်။ လွတ်လပ်မှုဆိုတာ လွင်ပြင်တစ်ခုလိုပဲ။

(၆)

ပုံပြင်လေးကို နိဂုံးချုပ်ကြည့်တော့ ဝေဖန်မှုများ၊ ကဲ့ရဲ့ရှုတ်ချမှုများအောက်မှာ စိတ်က မလွတ်မလပ်(အနေကျုံ့)ဖြစ်နေရင် လုပ်သမျှအရာတွေဟာ အားရစရာ ဖြစ်မလာနိုင်ဘူး။ စိတ်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်သတ္တိရှိအောင် ကြိုးစားရမယ်။

ရှင်းလင်း တည်ကြည်တဲ့ စိတ်ကသာ ပီပြင်တဲ့အနာဂတ်ကို ဖန်တီးနိုင်လိမ့်မယ်။

Thitsaralin  by ဝိမုတ္တိသုခ