Monday, January 5, 2015

အနှိုင်းမဲ့ မေတ္တာရှင်သို့


အနှိုင်းမဲ့ မေတ္တာရှင်သို့

မိဘမေတ္တာ အကြောင်း ပြောကြ ဆိုကြ၊ ရေးဖွဲ့ကြပြီဆိုလျှင် ဗုဒ္ဓစာပေ ပိဋကတ်တော်လာ အကြောင်းအရာ အချက်အလတ်တို့ကို အများဆုံး ကိုးကား ကြရ၊ အထောက်အထား ပြုကြရသည်ချည်းပင် ဖြစ်ပါ၏။ ဗုဒ္ဓစာပေနှင့် မိဘ မေတ္တာ၊ မိဘမေတ္တာနှင့် ဗုဒ္ဓစာပေ ခွဲခြား၍ မရစကောင်းပေ။ “မိဘများသည် အနန္တ ကျေးဇူးရှင်များ ဖြစ်ကြ၏။ ထိုကျေးဇူး တရားတို့ကို သားသမီးများ အနေဖြင့် သိလည်း သိရမည်။ ကျေးဇူး ဆပ်နိုင်အောင်လည်း ကြိုးစားရမည်။ အကယ်၍ မစွမ်းနိုင်၍ မဆပ်နိုင်လျှင်သော်မှ ကျေးဇူးကန်းသူ မဖြစ်အောင် ကြိုးစားရမည်”ဟု ဆိုလိုက်လျှင်ပင် ဤအရာသည် ဗုဒ္ဓဘာသာ အဆုံးအမ၊ ဗုဒ္ဓဝါဒ လမ်းညွှန်ချက် ဖြစ်သည်ဟူ၍ နားလည် သဘောပေါက်ကြသည် အထိပင် ဖြစ်ပါ၏။

အခြားဘာသာများသည် မိဘတို့၏ မေတ္တာတရားကို ဗုဒ္ဓဘာသာလောက် ဂုဏ်တင် ချီးမွမ်းမှု မရှိခဲ့ပေ၊ ဗုဒ္ဓဘာသာကမူ မိဘတို့၏ ဂုဏ်ကျေးဇူးကို အနန္တ အနှိုင်းမဲ့ အတုမရှိအဖြစ် ဖွင့်ဆိုကာ ဘုရားနှင့် တန်းတူထား၍ပင် ချီးမွမ်း ဂုဏ်ပြုခဲ့ကြ၏။

ရေးဖွဲ့မကုန် မိဘဂုဏ်
မြတ်စွာဘုရားရှင်က “ဗဟုပကာရော ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ” ဟုဟောတော်မူ၏။ အနန္တမေတ္တာရှင် မိခင်ဖခင်တို့၏ မေတ္တာတရားနှင့် ဂုဏ် ကျေးဇူးတရားတို့ကိုသာ ရေးသားဖွဲ့နွဲ့ကာ ဖော်ကျူးပြရမည်ဆိုလျှင်ပင် ကုန်နိုင်ဖွယ် မမြင်ပေ။

      ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တစ်ဘဝလုံး အခြားသော တရား စကားကို မပြောကြားဘဲ၊ မိဘတို့၏ ကျေးဇူးတရားနှင့် မေတ္တာတရား သက်သက်ကိုသာ ဟောကြားမည် ဆိုလျှင်သော်မှ ကုန်စင်အောင် မဟောကြား နိုင်ပေ။ ဗြဟ္မာပေါင်း ကုဋေကုဋာက တစ်ဦးလျှင် လျှာပေါင်း ကုဋေကုဋာ ဖန်ဆင်းပြီး မိဘတို့၏ ကျေးဇူးတရားနှင့် မေတ္တာ တရားကို သီကြူး ဖွဲ့နွဲ့ကာ ပြောကြားလျှင်သော်မှလည်း ကုန်နိုင်ဖွယ် မရှိပါပေ။

လင်္ကာ။ ။တစ်ကမ္ဘာလျှင်၊ မဟာဗြဟ္မေ၊ လျှာကုဋေဖြင့်၊ ဆန်းနေဂိုဏ်းညီ၊ ဂါထာစီ၍၊ ချီးကြူးမြွတ်ဖော်၊ ဆိုလှည့်သော်လည်း၊ နှစ်ဖော်မိဘ၊ ဂုဏကဲလွန်၊ အနေကန်ကို၊ ဝေဖန်ချီးမြောက်၊ ပြီးမရောက်လိမ့်။ (မဃဒေဝ)

အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော ဤလောက

အမေ…. ၊ လူတိုင်းမှာ အမေနှင့် မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။ အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလု အယက် ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနား ကရုဏာပိုစွာ မျက်ရည်လည်ရွဲ ငိုပွဲဆင်ရမြဲပင်။ အမေမရှိသူတို့သည် အမေကို သတိရ တမ်းတကာ အလွမ်းပိုမိကြ၏။ အဘယ့်ကြောင့် ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ..အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။

အမေ့မေတ္တာသည် သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ် အပေါင်းမှ ကာကွယ်ပေး၍ အေးချမ်းကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည် သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျားအမေ၊ သူ့အမေ၊ တစ်ခြား သူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေ အားလုံး၏ မေတ္တာတရားတို့ဖြင့် လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်း နေဦးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။

အမေ့မေတ္တာတို့ဖြင့် လွှမ်းခြုံကာ ဖွဲ့စည်းထားသော မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန် ဖြစ်ကြလျှင်သော်မှ အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက်လျှင် ချက်ချင်း ငြိမ်းပျောက်သွားမြဲပင်။ ကမ္ဘာလောကထဲဝယ် လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေ စေဦးတော့ လူသားတိုင်း၏ အမေ့ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာ လောကကြီးသည်လည်း အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့ နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေ အားလုံးက မွေးသော သားသမီးများက ဤကမ္ဘာ လောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ် နေကြ၊ ဆက်လက် တည်တံ့အောင် ဆောင်ရွက် နေကြသောကြောင့် ဤကမ္ဘာ လောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက် ထားသည်၊ အုပ်ချုပ်နေသည်ဟု ဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။

အနှိုင်းမဲ့မေတ္တာရှင်

အဖေက သားသမီးတို့အပေါ် ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသော ကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊ အမေက အေးမြ သောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကို လည်းကောင်း နှိုင်းယှဉ်ကြည့်နိုင်ပါ၏။

*အမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်သာတည်း။
*အဖေ့မေတ္တာ ဥပမာသည် နေ့အခါနေမင်းရောင်ခြည်သာတည်း။

မှန်ပါ၏။ နေမင်းသည်လည်း အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်း သည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့ လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာ အလေင်းရောင်သည်ကား သားသမီးတို့ အပေါ်မှာ အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီး တစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့်ပင် မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ။

အမေအဖေသည် အနန္တော အနန္တ(၅)ပါးတွင် ပါဝင်၏။ အမေအဖေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြား လွန်းသောကြောင့် “အနန္တ”ဟု စကားလုံး တစ်လုံးတည်း သုံးရသည်ကိုပင် အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အနန္တ” တစ်လုံး ဖြည့်စွက်သုံးကာ ပါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တော အနန္တ” ဟု သုံးနှုန်း ခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့် အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ် တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။ ဥပမာ။ မဟာ- ကြီးသည်၊ မဟာ့မဟာ- အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြား မရှိအောင်၊ ရေတွက်ခြင်းငှါ မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့ မေတ္တာရှင်”ဟု အမေကိုတင်စားကာ ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါ၏။ ထိုမိဘများသည် အနန္တောအနန္တ (၅)ပါးတွင် တစ်ပါး အပါအဝင် ဖြစ်ကြပါသည်။

အဘယ့်ကြောင့် ‘အနှိုင်းမဲ့မေတ္တာရှင်’ဟုဆိုသနည်း။ မိဘများသည် အနှိုင်းမဲ့ မေတ္တာရှင်များ ဖြစ်ကြ၏။ အဘယ့်ကြောင့်ဆိုသော် မိဘများသည် သား သမီးများအပေါ်ထားသော မေတ္တာ အတိုင်းအဆသည် နှိုင်းပြ၍ မရနိုင်ပေ။ လွန်စွာ ကြီးမား ကျယ်ပြန့်လှပါ၏။ ထိုသို့ တိုင်းတာပြစရာ၊ နိုင်းပြစရာ ကင်းမဲ့ နေသောကြောင့် မိဘမေတ္တာသည် ‘အနှိုင်းမဲ့’ ဖြစ်ပါ၏။ မိဘနှင့် သားသမီး အနေဝေးနေသော်လည်း မိဘမေတ္တာ၏ အစွမ်းကား ထိုအဝေး တစ်နေရာမှာ ရောက်ရှိနေသော သားသမီးများအပေါ် မေတ္တာအကျိုး သက်ရောက်နိုင်သည် သာတည်း။

ထိုကြောင့် မိဘမေတ္တာသည် အနီး အဝေး နေရာ ဒေသကိုလည်း ကျော်လွန်နိုင်သည် သာတည်း။ မိဘမေတ္တာသည် နံနက် နေ့ည မရွေး အကျိုးသက်ရောက်နိုင်ပါ၏။ သား သမီးများသည် အိပ်ပျော်နေလျှင်သော်မှ မိဘအနားမှာရှိလျှင် သူတို့၏ စိတ်တွင် လုံခြုံ စိတ်မှုကို ခံစားရ၏။ မည်သို့သော စိုးရိမ်သောကမျှ မရှိပေ။ ဘေးန္တရာယ် ကင်းသည်ဟုလည်း ယုံကြည်နေ၏။ ဤသည်မှာ မိဘမေတ္တာ၏ အစွမ်းကြောင့်ပင် ဖြစ်ပါ၏။

ဤသည်ပင် မိဘ မေတ္တာသည် နံနက် နေ့ ညဟူသော အချိန်ကာလကိုလည်း ကျော်လွန်နိုင် သည်သာတည်း။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင်များဟု ဆိုခြင်းဖြစ် ပါသည်။ အမှန်မူ မိဘမေတ္တာသည် ဗြဟ္မာကဲ့သို့ပင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာရှင်များ ဖြစ်ကြပါ၏။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင် ဟုဆိုလျှင် အနှိုင်းမဲ့ ကရုဏာရှင်၊ အနှိုင်းမဲ့မုဒိတာရှင်၊ အနှိုင်းမဲ့ ဥပေက္ခာရှင် ဟုလည်း ဆိုရာရောက်သည်သာတည်း။

အစားထိုး၍ မရနိုင်သော အရာ

လောကမှာ ဥစ္စာ စီးပွါး၊ ပညာ အသိတရား၊ သြဇာ အာဏာ စသည်အားဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။ အစားထိုး၍ ရကောင်း ရနိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါ လိမ့်မည်။ အမေ တည်းဟူသော မိဘမေတ္တာကိုမူ ဘယ်သော အခါမျှ အစားထိုး၍ ရနိုင်မည်မဟုတ်ပေ။ လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေ လျှင်လည်း မယားအစား ရနိုင်ပါ၏။ သားသမီး သေလျှင်သော်မှ သားသမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ အမေ သေသွားလျှင် အမေ့နေရာကိုကား အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ အမေ မရှိတော့လျှင် အမေနေရာကို မည်သို့သော နည်းနှင့်မျှ အစားထိုး အတုပြုလုပ်၍ ရနိုင်မည် မဟုတ်ပါပေ။

အမေ့မေတ္တာသည် အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ အမေ့ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။ အမေ့မေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့်ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍ မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စား ဝင်ယူနိုင်၏။ အမေနေရာကိုကား မည်သူမျှ ကိုယ်စားမဝင် နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည် အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။

အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်

တစ်ခါတစ်ခါ အမေ့ကို သတိရ တမ်းတမိတဲ့အခါ ကဗျာဆရာ တင်မိုး၏ ‘လမင်းမေမေ’ ကဗျာလေးကို ဆိုညည်း ညည်းမိလေသည်။
“သံသရာတစ်ကွေ့၊ ပြန်ကာတွေ့ရင်ဖြင့်၊
အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်။
နိဗ္ဗာန်ဝင် နောက်ဆုံးတံခါးအထိ၊
အမေ့အနားမှာပဲ တစ်ဖဝါးမကွာ နေချင်တယ်။
ခွင့်လွှတ်တော့ အမေရယ်၊ဝေးနယ်က မေ့သား။
အမေက တစ်နေရာ၊ သားရဟန်းက အဝေးမှာ ခွဲခွါနေခဲ့ကြရ၏။ ထို့ကြောင့် အမေ့ ဆန္ဒကို သားရဟန်း သိသော်လည်း ဖြည့်စွမ်းခြင်းငှါ မတတ်နိုင်ခဲ့ပါပေ။ ခွင့်လွှတ် နားလည်ပေးပါတော့ အမေ။

မိမိသည် ဘုရားသားတော် ရဟန်းတစ်ပါး ဖြစ်ပါ၍ အမေ၏ အနန္တ ကျေးဇူး တရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့ပေ။ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေး နိုင်ရှာခဲ့ပေ။ သို့သော် သားရဟန်းသည် အမေ့အတွက်ရေးသော၊ အမေ မသေခင်က ရေးရန်တိုက်တွန်းခဲ့သော “အမေ့မေတ္တာ ဤသည့်စာ” ဖြင့် အမေနှင့် အမေများအတွက် မိဘများ၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ အဖေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ ကာ ကန်တော့လိုက်ပါသည်။

အမေနှင့် အမေများသို့

အမေအကြောင်းကို ကြားရ၊ ဖတ်ရလျှင် သားရဟန်းသည် လောကထဲဝယ် အမေ မရှိတော့ သော်လည်း အမေကို သတိရမြဲ။ မည်သို့သော အကြောင်း နှင့်မျှ မျက်ရည်ကျလေ့မရှိသော သားရဟန်းသည်ပင် အမေဇာတ်လမ်း ကြည့်မိ တိုင်း၊ အမေ့မေတ္တာဘွဲ့ ဇာတ်လမ်း ဖတ်မိတိုင်း ဝမ်းနည်းမျက်ရည် လည်ရမြဲပင်။ ထိုကြောင့် အမေ မသေခင်က အမေ ရေးစေချင်သော အမေ့မေတ္တာ အကြောင်းကို အမေ့အတွက် ရေးမိပြန်ပါကောလေ။ ဒါပေမဲ့ သားရဟန်း ရေးသော “အမေ့မေတ္တာ ဤသည့်စာ”ကို တမလွန်ဘဝသို့ ရောက်နေပြီ ဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။

သို့သော်လည်း မပြီးဆုံးသေးသော အမေ့မေတ္တာဘွဲ့ကို လောကထဲရှိ အမေများနှင့် အမေကိုချစ်သော သားသမီးများအတွက် သားရဟန်း ဆက် လတ်ကာ ရေးနေပါဦးမည်။ အမေအတွက် သားရဟန်း လုပ်ရမည့် တာဝန်တစ် ရပ်ဟု ခံယူကာ လုပ်နေပါဦးမည်။ ရှိပါစေတော့ အမေအတွက် သားရဟန်း၏ နှလုံးသွေးနှင့် ရေးသော အမေ့မေတ္တာ ဤသည့်စာကို အမေ မဖတ်နိုင်လျှင် သော်မှ လောကထဲမှာ ရှိနေကြသော သူ့အမေ၊ ခင်ဗျားအမေ၊ တစ်ခြားသတို့၏ အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါသေး၏။ ထိုအမေများသည် ဤစာကို ဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဟန်း၏ ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင် ခံစားရပါလိမ့်မည်။

သားရဟန်းသည်လည်း အမေကမွေး၍ လူ့လောကထဲသို့ ရောက်ခဲ့ရ၏။ အမေက ကျွေးး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏ လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ သားရဟန်းဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ သားရဟန်းသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော ဇာတ်၊ နိပါတ်တော်၊ ပုံပြင် သာဓက အဆုံးအမများသည် လည်း သားရဟန်း နှလုံးသားတွင် ထာဝစဉ် စွဲထင် လျက် ရှိခဲ့ပါပြီ။ သားရဟန်း ဘဝ တစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့ မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည် မထင်ပါလေ။

ထာဝရမေတ္တာရှင်

လောကထဲတွင် လူသားဟူ၍ တည်ရှိနေသမျှကာလပတ်လုံး အမေများ သည်လည်း ဆက်လက်တည်ရှိ နေဦးမည်သာ။ အမေများရှိနေသ၍ သား သမီးများ အပေါ်ထားသော အမေ့မေတ္တာတို့သည်လည်း ဆက်လက် ရှင်သန် တည်ရှိ နေဦးမည်သာတည်း။ ထိုသို့ဆိုလျှင် အမေ့မေတ္တာသည် ကမ္ဘာလောက ထဲတွင် ထာဝရတည်ရှိနေသောကြောင့် ထာဝရမေတ္တာဟု ခေါ်ဆိုနိုင်သလို ထိုမေတ္တာမျိုး ပိုင်ဆိုင်သော အမေများကိုလည်း ထာဝရ မေတ္တာရှင်များဟု ခေါ်ဆိုနိုင်သည်သာတည်း။

သားရဟန်း၏ အမေသည် လောကထဲတွင် မရှိ တော့သော်လည်း လောကထဲတွင် ထိုသို့သော ထာဝရ မေတ္တာရှင် အမေများ ဆက်လက်ကာ တည်ရှိနေသောကြောင့် လည်းကောင်း၊ အမေ သေသော်လည်း အမေ၏ မေတ္တာ ကရုဏာတရားတို့သည် သားသမီးများ အပေါ် ဆက်လက် လွှမ်းခြုံနေဆဲ ဖြစ်သောကြောင့်လည်ကောင်း၊ သားသမီးတို့၏ ရင်ထဲ နှလုံးသားထဲဝယ် အမေနှင့်ပတ်သက်သော အရာအားလုံးတို့သည် မည်သည့် အခါမျှ ပျောက်ပျက်၍ မသွားဘဲ၊ ထာဝရ တည်ရှိနေဆဲဖြစ်သောကြောင့် လည်းကောင်း “အမေ ဘယ်တော့မှ မသေ”ဟု ဆိုနိုင်သည်သာတည်း။

ထိုထိုသို့သော ထာဝရ မေတ္တာရှင် အမေနှင့် လောကထဲရှိ အမေများ အားလုံးအတွက် သားရဟန်းသည်လည်း ဓမ္မ တရားနည်းလမ်းအားဖြင့် ကျေးဇူး ဆပ်ခြင်းဟူသော သာသနာပြု လုပ်ငန်းများကို အသက်ရှင်နေသမျှ ကာလ ပတ်လုံး ကိုယ်အား ညာဏ်အားရှိသမျှ ကြိုးစား လုပ်ဆောင်ရင်း အမေ၏ ကျေးဇူးကြွေးကို ဆက်လက်ကာ ပေးဆပ်နေဦးမည်သာ။ သားရဟန်း၏ ရင်ထဲ နှလုံးသားထဲတွင် အမေ့မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားတို့သည် လည်း ဆက်လက် ရှင်သန်နေဦးမည်သာ။ သားရဟန်း နေ့စဉ် နေ့တိုင်း ပြုလုပ်သမျှ ကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကိုလည်း အမေ အဖေနှင့် လောကထဲမှ ထွက်ခွါ သွားကြသော အမေ အဖေ အားလုံးအတွက် အမျှပေးဝေ နေဦးမည် သာတည်း။

အရှင်ဥက္ကံသ
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)
အမေများနေ့ အမှတ်တရ


လက်သည်းခွံပေါ်က မြေတစ်မှုန့်


လက်သည်းခွံပေါ်က မြေတစ်မှုန့်

 (က)
ယေဘုယျအားဖြင့် သူမကို မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘနှစ်ဦးမှ မွေးဖွားလာသောကြောင့် ဘာသာတရားအပေါ်၌ လေးစားကိုင်းရှိုင်းသော မိန်းမပျိုတစ်ဦးဟု လူအများက ထင်မှတ် ယုံကြည်လျက်ရှိကြသည်။ တကယ်တော့ သူမသည် ခရစ်ယာန်ဘာသာဝင် မိခင်ဝမ်းမှာ ၀င်စားခဲ့ခြင်းဖြစ်သည်။ သူမ မိခင်ဘက်မှ အဖိုးနှင့်အဖွား၊ ဦးလေးနှင့် အဒေါ်များအားလုံး ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ သူမ ငယ်စဉ်က အဖွား၏ သမ္မာကျမ်းစာ ပါဇာတ်တော်များ နားထောင်ပြီး အိပ်ရာဝင်ခဲ့ဖူးသည်။

အဖွားတို့မြို့က အပတ်စဉ်ဝတ်ပြုဆုတောင်းသော ဘုရားရှိခိုး ကျောင်းမှာ ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ဖူးသည်။ သူမ မိခင်နှင့်လည်း ရန်ကုန်မြို့ထဲက ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ဝတ်ပြုခဲ့ဖူးသည်။ သူမအစ်ကိုဝမ်းကွဲက လက်ဆောင် ပေးသော ဓမ္မသစ်ကျမ်းစာလည်း ဖတ်ရှုခဲ့ဖူးသည်။ သူမ မှတ်မိသလောက် သူမ၏ မိခင်နှင့်ဖခင်ဖြစ်သူ နှစ်ဦးစလုံးက သူမကို ဘယ်သာသာဝင်ရမည်ဟု တိုက်တွန်းဆွယ်ယူခြင်း လုံးလုံး မပြုခဲ့ပါ။ သူမ အဖေဘက်မှအဖွား အိမ်မှာညအိပ်အလည်အပတ်ရောက်လာသည့်အခါ သူမတို့မောင်နှမကို ဘုရားစင်ရှေ့မှာ အတူဘုရားရှိခိုးစေပြီး ဘုရားစာများကို ရွတ်ဆိုသင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် သြကာသကန်တော့ခန်းမှစသော အခြေခံဘုရားစာများကို အလွတ်ရနေခဲ့ပြန်သည်။

သူမ အလယ်တန်းရောက်သောအခါ ခရစ်ယာန်ဘာသာ၌ လွန်စွာယုံကြည်ကိုးစားသော သူငယ်ချင်း တစ်ယောက်နှင့် ခင်မင်မိသည်။ ထိုသူငယ်ချင်းက သူမအား ခရစ်ယာန်ဘာသာသို့ လုံးလုံး ကူးပြောင်းရန် တိုက်တွန်းပြီး သူ့အစွမ်းအစနှင့် ရသလောက်ကြိုးစားအားထုတ်ခဲ့သည်။ သူမက လည်း ညစဉ်အိပ်ရာမ၀င်မီ သူငယ်ချင်းပေးသော ၀ိညာဉ်ရိပ်သာ စာအုပ်များဖတ်ပြီး ဘုရားသခင် ထံပါး ဆုတောင်းခဲ့သည်။ သူမ၏ အမေဘက်မှ အဖွားက သူမအား အသက်ဆယ့်ရှစ်နှစ် ပြည့်သောအခါ ဘာသာတစ်ခုခုကို ဆုံးဖြတ်ကိုးကွယ်ရမည်ဖြစ်ကြောင်း၊ ထိုဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်သင့်ကြောင်း သူမကို မကြာခဏ မှာကြားခဲ့ဖူးသည်ကို သတိရသည်။

သူမကိုယ်တိုင်လည်း အေးချမ်းလှသောအဖွားနှင့်ဦးလေးတို့ကိုကြည့်ပြီး ခရစ်ယာန်ဘာသာဝင် တို့သည် အစဉ်အေးချမ်းပြီး စိတ်သဘောထားကောင်းမွန်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့မှာ သူတို့နှင့်ယှဉ်လျှင် ပူလောင်ကာ သဘောထားမပြည့်ဝကြောင်း စိတ်မှာစွဲထင်နေပြီး တစ်နေ့ သူမ ယုံကြည်ကိုးကွယ်ရမည့် ဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သူမ သတ္တမတန်းသို့ရောက်ချိန်တွင် သူမမိခင်သည် ဖခင်၏တိုက်တွန်းမှုလုံးလုံးမပါဘဲ ကိုယ်ပိုင် ယုံကြည်မှုဖြင့် ဗုဒ္ဓဘာသာ၌ သက်ဝင်ဆည်းကပ်မှု ပြုခဲ့သည်။

ခရစ်ယာန်ဘက်သို့ စိတ်ယိုင်နေသော သူမအား ဘုရားသောက်တော်ရေများ လဲလှယ်ကပ်ယူ ခိုင်းခြင်း၊ ဘုရားပန်းအိုးများ ဆေးကြောစေခြင်းတို့ကို လုပ်ဆောင်ခိုင်းသောအခါ သူမ စိတ်ထဲ သိပ် အလိုမကျခဲ့။ သို့သော် မိခင်ကို ချစ်ကြောက်ရိုသေလေးစားသူပီပီ မိခင်ညွှန်ကြားသမျှ သူမ လုပ်ဆောင်ပေးခဲ့သည်။ သူမတို့ ဆယ်တန်းအောင်ပြီးချိန်တွင် သူမ အသက် ၁၇နှစ် ပြည့်ခဲ့ပြီ။ အသက် ၁၈နှစ်တွင် ဘာသာတစ်ခုခုကို ဆုံးဖြတ် ရွေးချယ်ရမည်ဟူသော အဖွား၏စကားကို ကြားယောင်ကာ သူမ ဘယ်သာသာကို ယတိပြတ် ယုံကြည်ကိုးကွယ်ရမည်လဲဟု တွေဝေစဉ်းစား ခဲ့သည်။ သူမ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့သော်လည်း စိတ်ထဲမှာ ခရစ်ယာန်ဘာသာက အလေးသာနေခဲ့သည်။

ထိုနှစ်များအတွင်း သူမ၏မိခင်သည် ဗုဒ္ဓတရားတော်များအပေါ် အဆတိုး၍ ထဲထဲဝင်ဝင် သက်ဝင် ယုံကြည်လာပြီး အိမ်၌ရဟန်းသံဃာများကို နေ့စဉ်ဆွမ်းပင့်လောင်းလှူခြင်း၊ သဒ္ဓါတရား ကြီးမားစွာ ဖြင့် အမျိုးမျိုးသော အလှူဒါနများကို ကိုယ်တိုင်ပြုလုပ်လှူဒါန်းရုံသာမက မိသားစုဝင်မိတ်ဆွေ များကိုလည်း လှူဒါန်းရန် တိုက်တွန်းခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။ သူမကိုလည်း မနက်စဉ် သံဃာအပါး နှစ်ဆယ်ကျော်အတွက် ဆွမ်းချက်ပြုတ်ပေးရန်၊ ဈေးဝယ်သွားရန် အလှည့်ကျ စီမံဆောင်ရွက်စေခဲ့သည်။

သူမ မိခင်၏ဆန္ဒအရကူညီလုပ်ဆောင်ပေးရသော်လည်း ထိုအချိန်ထိ သူမကိုယ်သူမ ဗုဒ္ဓဘာသာဝင် တစ်ဦးဟု မမှတ်ယူမိသေး။ သို့သော် ဘုရားရှိခိုးခြင်း၊ ဘုရားစာရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်များ ကို (ဟိုးယခင်က ရှိခိုးရန် ၀န်လေးခဲ့ဖူးသော်လည်း) ရှိခိုးကန်တော့ခြင်းများတော့ သူမ လုပ်ဆောင်ခဲ့သည်။ သူမအသက်လည်း နှစ်ဆယ်ပြည့်ခဲ့ပြီ။ နောက်နှစ်အနည်းငယ်အကြာတွင် သူမ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရန် အစီအစဉ်တွေရှိနေခဲ့ပြီ။ သူမစိတ်ထဲ တွေးနေခဲ့သည်မှာ သူမ အိမ်မှဝေးရာနိုင်ငံခြားရောက်သည်အခါ သူမဆန္ဒရှိသော ဘာသာဝင်အဖြစ် တစ်ဦးတည်း လွတ်လွတ်လပ်လပ် ခံယူနိုင်ပြီဟူ၍ဖြစ်သည်။

(ခ)
သူမအား ကိုယ်ဝန်ဆောင်ထားစဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်သော မိခင်က အိပ်မက်တစ်ခု မက်သည်။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ပါးက အထုပ်ဖြူဖြူလေး တစ်ခု လာပေးခဲ့သည်။ ထိုအထုပ်လေးထဲမှ ကလေးငယ်သည် သူမဖြစ်သည်။ ထိုအိပ်မက်ကြောင့်လား မသိ၊ သူမငယ်စဉ်က မွေးနေ့ရောက်တိုင်း မိခင်က ဘုရားမကန်တော့သော်လည်း သူမကို ရွှေတိဂုံ ဘုရားသို့ခေါ်သွားလေ့ရှိသည်ကို အမှတ်ရသည်။ တစ်ခါက သူမတို့အိမ်ကို လာရောက် လည်ပတ်သော အသိ မယ်သီလရှင်ကြီးတစ်ဦးက သူမကို ဘာသာရေးနှင့်ပတ်သက်ပြီး အကျိုးပြု ဆောင်ရွက်ရသော ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု ဗေဒင်ဟောသောအခါ သူမ စိတ်ထဲသိပ်ဘ၀င်မကျခဲ့။ ဒီလိုကိစ္စရပ်မျိုးဖြစ်လာနိုင်စရာအကြောင်းမရှိဟုသာ သူမ ယုံကြည်ခဲ့သည်။ သို့သော် သူမ နိုင်ငံရပ်ခြားသို့ မထွက်မီက ကြုံခဲ့ရသော သင်္ကြန်ကာလတစ်ခုသည် သူမ၏ အတွေးအမြင် ယုံကြည်ချက်များကို မထင်မှတ်ဘဲ ပြောင်းလဲစေခဲ့သည်။
(ဂ)
သင်္ကြန်ရက်များအတွင်း တစ်ဖက်ခန်းမှ အန်တီအပျိုကြီးနှင့်အတူ မှော်ဘီရှိ သဲအင်းဂူ တရား ရိပ်သာ၌ ရက်သတ္တပတ်တရားစခန်းဝင်ရန် မိခင်ဖြစ်သူက တိုက်တွန်းခဲ့သည်။ အစပိုင်းက သိပ်စိတ်မပါခဲ့သော်လည်း နိုင်ငံရပ်ခြား၌ မိမိထက်တစ်နှစ်စောပြီးရောက်ရှိနေသော ချစ်သူ ရည်းစားကို လွမ်းမိသည်ကတစ်ကြောင်း၊ အများပြောပြောနေသော တရားစခန်းဝင်သည်ဟူသော အတွေ့အကြုံကို သိလိုရယူချင်သည်ကတစ်ကြောင်းမို့ မိခင်၏တိုက်တွန်းချက်ကို လက်ခံပြီး ထိုအန်တီနှင့်အတူ တရားစခန်းဝင်ခဲ့သည်။

ထို့ယခင်က တရားတစ်ခါမျှ မထိုင်ဖူးသော သူမအတွက် သဲအင်းဂူ၏တရားက ပြင်းလွန်းလှသည်။ တရားထိုင်ချိန် နှစ်နာရီကြာအတွင်း နေရာအနေအထားမပြောင်းဘဲ ၀င်လေထွက်လေကို အာရုံ စူးစိုက်ရှူမှတ်ရချိန်သည် သူမအတွက် ဒုက္ခဆင်းရဲ အကြီးအကျယ်ခံစားခဲ့ရချိန်ဖြစ်သည်။ တရားပြ ဆရာတော်များက ယောဂီအသစ်များ တစ်နာရီကြာသာထိုင်လိုကထိုင်နိုင်ပြီး ဝေဒနာပြင်းလွန်း၍ မခံမရပ်နိုင်ဖြစ်လာလျှင် အနေအထားပြောင်းချင် ပြောင်းလို့ရကြောင်း၊ သို့သော် မကြာခဏ ပြောင်းခြင်းမျိုးတော့ မပြုလုပ်သင့်ကြောင်း ပြောပြပေးသောအခါမှသာ သူမအတွက် အနည်းငယ် အဆင်ပြေသွားခဲ့သည်။ လေးရက်မြောက်နေ့တွင် သူမ၏သမာဓိများလွန်စွာကောင်းလာပြီး နှစ်နာရီကြာသည်အထိလည်း ထိုင်နိုင်ခဲ့ပြီဖြစ်သည်။

တစ်ချိန်တွင် သူမသည် ၀င်လေထွက်လေပေါ်မှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် သတိကပ်နိုင်သွားကာ ၀င်လေ ထွက်လေကြောင်းကို စိတ်ဖြင့် သိသိသာသာ ထင်ထင်ရှားရှား မြင်နေရသည်။ သူမ၏ စိတ်များ ခန္ဓာနှင့် တဒင်္ဂကင်းကွာသွားပြီး သူမသည် အသက်မှန်မှန်ရှူနေသော ခန္ဓာကြီးကို အပေါ်စီးမှ ပြန်ငုံ့မိုး၍ ကြည့်နေသည့်အလား မြင်နေရသည်။

ထိုအခိုက်အတန့်မှာ ပေးစွမ်းသော စိတ်နှလုံး၏ငြိမ်းအေးမှုသည် ဘယ်အရာနှင့်မျှမတူကြောင်း သူမ သိရှိခံစားလိုက်ရသည်။ သူမ၏ အေးချမ်းမှုအပေါ်သာယာလိုက်သော ပီတိက သတိကို ဆွဲချလိုက်သလိုဖြစ်ပြီး သူမစိတ်နှင့် ခန္ဓာတစ်သားတည်း ပြန်ဖြစ်သွားသည့်အခါ ထိုအေးချမ်း ငြိမ်သက်မှုသည်လည်း ပျောက်ဆုံး သွားတော့သည်။ သူမ ထိုအနေအထားရောက်အောင် ပြန်လည်ကြိုးစား ရှူမှတ်သော်လည်း ပြန်မရတော့။ သို့သော်… သူမ ငယ်စဉ်ကတည်းက သိချင်ခဲ့သော တစ်စုံတစ်ခုကို သိလိုက်ရပြီဖြစ်၍ သူမ အလွန်အမင်းကျေနပ်သွားခဲ့သည်။

သူမ သုံးနှစ်သမီးအရွယ်ကပင် အသက်ရှူခြင်းနှင့်အတွေးအာရုံကြား ဆက်စပ်မှုရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ဘာကြောင့်ရယ်တော့မသိ ကလေးပီပီ သူမ အသက်ရှူလိုက်အောင့်လိုက် မကြာခဏ လုပ်ကြည့်ဖူးသည်။ အသက်ရှူနေလျှင် တွေးနိုင်ပြီး၊ အသက်အောင့်လိုက်လျှင် ဆက်တွေး၍မရတော့သည်မှာ ဘာကြောင့်လဲဟု သူမ စဉ်းစားမိခဲ့သည်။ ထိုစဉ်က သက်ရှိ သတ္တ၀ါ မှန်သမျှ အသက်ရှူသွင်းရှူထုတ်သည့်အခါတိုင်း ဖြစ်ပေါ်လာသည့် ၀င်လေထွက်လေ၏ အရေးပါပုံ အကြောင်းကိုတော့ သူမ၏ ဦးနှောက်ငယ်ငယ်ဖြင့် မသိနိုင်စွမ်းခဲ့။ ပြီးတော့ သူမ ဆယ်ကျော်သက် အရွယ်မှာဖြစ်ပေါ်ခဲ့သော စိတ်အလိုမကျမှုတွေနှင့် လူ့ဘ၀မှာ အသက်ရှင် နေထိုင်ရခြင်း၏ အဓိပ္ပာယ်ကဘာလဲဆိုသော မေးခွန်းမျိုးအပေါ် မကြာခဏ စမ်းစစ် အဖြေရှာခဲ့သည်။

လူ့ဘ၀ဟာ ပညာတွေသင်ရင်း၊ စီးပွားတွေရှာရင်း ဒီလိုပဲ ကုန်ဆုံးလွန်မြောက်သွားရတော့မှာလား။ ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိတဲ့ တရားရှာဆိုတာကရော ဘယ်လိုမျိုးလဲ၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲ… စသည့် အတွေးမေးခွန်းများကို အနီးအနားမှာ ဖြေပေးနိုင်မည့်သူ မရှိခဲ့။ သူမ၏ ဖခင်က မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးမျှသာ၊ မိခင်ကလည်း ဘာသာခြားအဖြစ်မှ ကူးပြောင်းလာ သူမို့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး အတွင်းကျနက်နဲသော တရားတော်များကိုသိမြင်ဖို့ အချိန်ကာလ တစ်ခုတော့ ဖြတ်သန်းရဦးမည်။ သူမကလည်း အတွေးထဲမှာသာမေးပြီး လက်တွေ့အပြင်မှာ မည်သူ့ကိုမျှ မမေးမြန်းမိခဲ့။

သဲအင်းဂူတရားစခန်းမှ ခေတ္တခဏမျှ အာရုံစုစည်းငြိမ်အေးမှုသည် သူမ သိချင်ခဲ့သော မေးခွန်းများအားလုံးကို ဖြေဆိုပေးသွားခဲ့သည်။ သတိသမာဓိဖြင့် စိတ်မပျံ့လွင့်ဘဲ အတွေးအာရုံကို ခေတ္တမျှစုစည်းလိုက်နိုင်သော အခိုက်အတန့်သည် ထိုမျှငြိမ်းချမ်းရလျှင် ရုပ်ခန္ဓာချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သည် မည်မျှငြိမ်းအေးလိုက်မည်လဲဟု သူမ တွေးဆဆင်ခြင်မိလိုက်သည်။ ၀င်လေ ထွက်လေသည် တရားထူးနှင့်မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်းရောက်ကြောင်း၏ မူလအစ လွန်စွာ အခြေခံကျအရေးပါသော အကြောင်းခြင်းရာတစ်ရပ်ဖြစ်ကြောင်း၊ အသက်ရှင်ခိုက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများ နည်းပါးကင်းဝေးအောင် ဒါနနှင့်သီလသာမက ဘာဝနာနှင့်ပါ အားထုတ် ကြိုးစားသင့်ကြောင်း တရားရှာခြင်း၏ အဓိပ္ပာယ်ကိုလည်း သူမ အထိုက်အလျောက် နားလည် သဘောပေါက်သွားခဲ့သည်။

 ချစ်သူခင်သူမိသားစုများနှင့်ဝေးရာ တရားစခန်းဝင်ချိန်ရက်များအတွင်း အရာရာပေါ် ပူပန်စိုးရိမ် ကြောင့်ကြတတ်သော သူမ၏စိတ်နှလုံးသည်လည်း သိသိသာသာ လျော့ပါးအေးချမ်းနေသည်ကို တွေ့သိခံစားခဲ့ရသည်။ မှော်ဘီသဲအင်းဂူမှ အပြန်တွင် သူမသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ် ခံယူသတ်မှတ်လိုက်တော့သည်။ ထိုစဉ်က သူမအသက် ၂၂နှစ်ပြည့်ရန် လပိုင်းအလို။

(ဃ)
အသက် ၂၂နှစ်မှ ၂၇နှစ် ပြည့်ပြီးသည်အထိ သူမသည် သာမန်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်သာ ရပ်တည်နေထိုင်ခဲ့သည်။ မမျှော်လင့်သော ဘ၀အချိုးအကွေ့အပြောင်းအလဲတစ်ခုသည် သူမအား ဗုဒ္ဓဘာသာအပေါ် ပိုမိုလေးနက်ကျွမ်းဝင်ယုံကြည်ရန် အကြောင်းအထောက်အပံ့တစ်ခု ဖြစ်လာ ခဲ့သည်။ သူမ၏ချစ်သူ ကားအက်ဆီးဒင့်ဖြင့် ရုတ်တရက်ကွယ်လွန်သွားချိန်တွင် သူမ ဆောက်တည် ရာမဲ့ခဲ့သည်။ ပူလောင်လှသော သောကဗျာပါဒ ဝေဒနာကြီးစွာ ခံစားခဲ့ရသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး မတွေးမိအောင် ရုံးအလုပ်များဖိလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ချင်း စသည့် လောကီနည်းလမ်းများဖြင့် ကြိုးစားဖြေဖျောက်ခဲ့သော်လည်း ခေတ္တခဏမျှသာ အာရုံ လွှဲနိုင်ခဲ့သည်။ စိတ်နှလုံးဆင်းရဲပူလောင်မှုသည် ပကတိ ပပျောက်မသွားခဲ့ဘဲ ဆယ်လတိုင်တိုင် ကြာမြင့်ခဲ့သည်။

တစ်ရက်မှာ သူငယ်ချင်းတစ်ဦးက မေတ္တာရှင် (ရွှေပြည်သာ) ၏ တရားတော်များကို အွန်လိုင်းမှာ တင်ထားပေးပြီး နာယူကြည့်ရန် တိုက်တွန်းခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်က ဆရာတော်၏ “မြန်မာတို့၏အသက်” ဟူသော စာအုပ်ကို ဖတ်နေချိန်ဖြစ်ပြီး “မျက်ရည်မကျခင် သိစေချင်” စာအုပ်ကိုလည်း ရှာဖတ်ဖို့ ကြိုးစားနေချိန်ဖြစ်သည်။ ဆရာတော်၏စာအုပ်များနှင့် တရားတော်များ က သူမကို သာမန်ဗုဒ္ဓဘာသာဝင်မှသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ထောက်ပံ့ပေးခဲ့သည်။ တရားတော်များနာယူရခြင်းကို နှစ်ခြိုက်ပျော်မွေ့လာသောသူမ၏ စိတ်နှလုံးသည် ငြိမ်းအေးစ ပြုလာခဲ့သည်။ ပူလောင်မြိုက်ကျွမ်းနေသော စိတ်နှလုံးကို တရားဓမ္မကသာ အစဉ်အေးချမ်းအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြောင်း သူမ လက်တွေ့ခံစားခွင့်ရလိုက်သည်။

(င)
ထိုစဉ်မှစ၍ စင်္ကာပူတစ်ကျွန်းလုံးမှာ တစ်နှစ်ပတ်လုံးကျင်းပသော တရားပွဲတိုင်းလိုလို သူမ သွားရောက်နာယူခဲ့သည်။ ယခင့်ယခင်က မြန်မာပြည်မှာနေပြီး မဖူးခဲ့ရသော၊ ဖူးခွင့်မကြုံခဲ့ရသော ဓမ္မကထိကအကျော်အမော် ဆရာတော်ကြီးများကိုလည်း ကိုယ်တိုင်ဖူးမြော်ခွင့်ရခဲ့သည်။ အပတ်စဉ် စနေနေ့တိုင်း တိုပါးရိုး ဘုန်းတော်ကြီးကျောင်းမှာ ဓမ္မစကြာသွားရွတ်သည်။ တရားပွဲများမှာတစ်ဆင့် ဓမ္မမိတ်ဆွေများတိုးပွားလာပြီး တရား သတင်းများ ဖလှယ်ရာမှ ဆရာကြီး မင်းတင်မွန်၏ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ်သင်တန်းကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် တစ်ကြိမ်မက တက်ရောက် သင်ယူခွင့်ရခြင်းသည် သူမ၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော ယုံကြည်လေးနက်မှုကို အဆပေါင်း များစွာ ပို၍ ခိုင်ကျည်စွဲမြဲသွားစေခဲ့သည်။

အဘိဓမ္မာကိုလေ့လာသင်ယူခြင်းဖြင့် ကိုယ်တိုင် ဆန်းစစ်သိမြင်ခွင့်ရသော စိတ်၊ စေတသိတ်၊ ကုသိုလ်၊ အကုသိုလ်တို့၏ ကြောင်းကျိုးတရားသည် သူမဘ၀အတွက် အဖိုးမဖြတ်နိုင်သော၊ လောကီပညာထက် အဆပေါင်းများစွာ ပို၍တန်ဖိုးကြီးမားသော လောကုတ္တရာဆိုင်ရာ ဗဟုသုတကို တွေးဆသိမြင်ရရှိစေခဲ့သည်။ ဆရာကြီး၏ တိုက်တွန်းမှုဖြင့် ဖားအောက်တောရကျောင်းသို့ ရောက်ရှိပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ရန် ကျင့်ကြံအားထုတ်ရမည့် တရားလမ်းကြောင်းကို သေချာ ကျနစွာ ရှင်းရှင်းလင်းလင်း နားလည်သိမြင်ခွင့်ရခဲ့သည်။ အချိန်အားရခိုက်မှာ တရားစခန်းတွေ ၀င်ဖြစ်ခဲ့သည်။ သူမ လူဖြစ်ရကျိုး၊ လူ့ဘ၀တွင် အသက်ရှင်နေထိုင်ရကျိုးနပ်ပြီဟု စိတ်ကျေနပ်စွာ သိလိုက်ရသည့်နှင့်တပြိုင်နက် သူမ အတိုင်းမသိ ကြည်နူးသွားခဲ့သည်။

(စ)
ရခဲလှသော လူ့ဘ၀မှာ သံသရာမှ လွတ်မြောက်ရာလမ်းကြောင်းကို ညွှန်ပြပေးနိုင်သော၊ စစ်မှန်သော ဘာသာတရားကို ယုံကြည်ဆည်းကပ်ခွင့်ရဖို့အတွက် ယခုအချိန်ထိ အသက်ရှင် နေထိုင်ခွင့်ရသော သူမ လွန်စွာ ကံကောင်းလှသည်ဟု မကြာခဏ တွေးတောဆင်ခြင်မိသည်။ အဂုင်္တ္ထိုရ် ပါဠိတော်၌ မြတ်ဗုဒ္ဓဟောကြားထားသော ရခဲခြင်းတရားငါးပါးမှာ - ဘုရားရှင် ပွင့်တော် မူသောအခါကို ရခဲခြင်း၊ လူ့ဘ၀ကို ရခဲခြင်း၊ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊ ရဟန်းဘ၀ကို ရခဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်၍ သူမသည် ယခုဘ၀တွင် ငါးပါးလုံး မရသော်လည်း သဒ္ဓါတရားရှိသော လူအဖြစ်နှင့် သူတော်ကောင်းတရား နာကြားခွင့် ရသည်နှင့်မျှပင် ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။

ဆရာတော်အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ မြန်မာတို့၏အသက် စာအုပ်ကို ဖတ်နေစဉ်က သူမ ဖျတ်ကနဲ အတွေးဝင်ခဲ့သေးသည်။ ရခဲလှသော လူ့ဘ၀ဆိုပေမယ့် ကမ္ဘာမှာ တစ်နေ့တစ်နေ့ မွေးဖွားလာတဲ့သူတွေ မနည်းပါလား၊ လူဦးရေ ဘီလျံနဲ့ချီပြီးမွေးဖွားလာတဲ့သူအားလုံးက လူ့ဘ၀ထဲ ရောက်လာကြသူတွေပဲ။ ဒါကို ခက်ခဲတယ်လို့ ဆိုနိုင်မလား…။ ထိုသို့ အတွေးဝင်ပြီး နောက် တစ်မျက်နှာအရောက်မှာတော့ ရခဲလှသော လူ့ဘ၀ဆိုသည့် အဓိပ္ပာယ်ကို သူမ ကောင်းစွာ သဘော ပေါက်ခဲ့ရသည်။ ဆရာတော်က ဗုဒ္ဓဟောကြားခဲ့သည့် သံယုတ်ပါဠိတော်၊ နခသီခူပမ သုတ်ဖြင့် အောက်ပါအတိုင်း ရှင်းလင်းပေးထားသောကြောင့် ဖြစ်သည်။

မြတ်စွာဘုရားက “ချစ်သား၊ ချစ်သမီးတို့ ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန့်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေကြီး ဘယ်ဟာက များသနည်း”
“အောက်မှာရှိသည့် မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည်ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ လူ့ဘ၀က သေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်”

သူမ ထိုတရားတော်ဖတ်အပြီးမှာ ခဏရပ်ပြီး စဉ်းစားကြည့်လိုက်မိသည်။ ဟုတ်သားပဲ… ငရဲ၊ တိရိစ္ဆာန်၊ ပြိတာ၊ အသူရကာယ် အပါယ်လေးဘုံသားထဲက တိရိစ္ဆာန် အရေအတွက်ကိုပဲ ကြည့်လိုက်ပါဦး၊ ပုရွက်ဆိတ်၊ ခြင်၊ ယင်၊ ခြ၊ ကြမ်းပိုး အကောင်ပေါက်ဖွားနှုန်းက နည်းမှမနည်းဘဲ၊ သမုဒ္ဒရာထဲက အမျိုးအစားမြောက်မြားလှစွာသော ငါးတွေ၊ ရေသတ္တ၀ါတွေ၊ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်တွေ… သူတို့အရေအတွက်အားလုံးနဲ့ယှဉ်လိုက်ရင် လူဖြစ်တဲ့ဦးရေက နည်းနည်း လေးပါလား။ အဲဒီ့ထဲကမှ ရခဲခြင်းတရားငါးပါးကြုံဖို့ဆိုတာ ပိုပြီးတော့တောင် ခဲယဉ်းသေးတယ်။

အပါယ်ဘုံသားတို့ လူ့ဘ၀ပြန်ရဖို့ ခဲယဉ်းကြောင်းကိုလည်း ဆရာတော်မှ မြတ်ဗုဒ္ဓ၏ ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်ပါအတိုင်း ဖွင့်ဆိုရေးသားထားပေးသည်ကို သူမ တစ်ဆက်တည်း ဖတ်မှတ် လိုက်ရသည်။

“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုရဖို့ ခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော် မူမယ်၊ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာနေမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။

အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်း ပစ်ချလိုက်ရမယ်၊ ထမ်းပိုးကလည်း လေတိုက်ရာလိုက်ပြီး အရပ်လေးမျက်နှာ မျောချင်ရာ မျောနေမယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။

တိုက်တိုက်ဆိုင်ဖြစ်ပေးရမှာက လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့ အချိန်လည်းဖြစ်ရမယ်၊ အရပ်လေးမျက်နှာ မျောချင်ရာမျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့်နေရာ ရောက်နေရမယ်။

ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်တည်းသာ ဖောက်ထားတဲ့ ထမ်းပိုးအပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ် ၀င်သွားဖို့ဆိုတဲ့အရာဟာ လွယ်လွယ်ကူကူ ဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”

“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည် ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ အပါယ်ကျနေသူများ လူ့ဘ၀ပြန်ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှပေတယ်”

ထိုဥပမာကို ဖတ်ပြီးသောအခါ သူမ ထိတ်လန့်တုန်လှုပ်သွားမိခဲ့သည်။ အကယ်၍များ ယခုနေ ကုသိုလ်၊ အကုသိုလ်ကို မသိလိုက်ဘဲ သူမ ရုတ်တရက်ကွယ်လွန်သွားပါလျှင် အပါယ်ကျရ တော့မည်။ အပါယ်ဘ၀မှနေပြီး လူ့ဘ၀ပြန်လည်ရရှိဖို့ဆိုတာ လွန်စွာခဲယဉ်းလှသည်။ ထိုအသိသည် သူမအား ဘယ်နေရာရောက်ရောက် ကုသိုလ်တရားများ ဆက်ကာဆက်ကာ ပွားများပြုလုပ်စေဖို့ ကြီးစွာသော အထောက်အပံ့ပေးခဲ့ပါသည်။

(ဆ)
ယခုအချိန်တွင် ဖြတ်သန်းခဲ့သော သူမဘ၀ကို နောက်ပြန်လှည့်ကြည့်တော့ ကုသိုလ်၊ အကုသိုလ် များနှင့် တစ်လှည့်စီ ဒွန်တွဲနေသော စိတ်အစဉ်ကို မြင်ရသည်။ အရိယာမဖြစ်သေးသော ပုထုဇဉ်ပီပီ သူမစိတ်တွေမှာ လောဘ၊ ဒေါသ၊ မောဟတွေနှင့် အကုသိုလ်တရားများက ကြီးစိုးနေသေးသည်။ သို့သော် လွန်ခဲ့သော ငါးနှစ်အတွင်း သဒ္ဓါတရားထက်သန်စွာ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် တရားတို့ကို ပြန်လည်အောက်မေ့သတိရမိသောအခါ သူမ စိတ်ကြည်နူးသွားရသည်။ သူမ ဖြစ်တည်ခဲ့သော၊ ဖြတ်သန်းခဲ့သော ဘ၀အစိတ်အပိုင်းများသည် အစပိုင်းတွင် လွဲချော်မှုများ ရှိခဲ့သော်လည်း စစ်မှန်သော ဘာသာတရားကို ယုံကြည်ကိုးကွယ်ခွင့်ရအောင် လမ်းကြောင်း တည်ပေးခဲ့သည့်အတွက် သူမ ၀မ်းသာမိသည်။

သူမ၏ လူ့ဘ၀ဖြစ်တည်မှုကို လက်သည်းခွံပေါ်မှ မြေတစ်မှုန့်နှင့် ကိုယ်စားပြုခဲ့ပါလျှင် ယနေ့တွင် ထိုမြေမှုန့်၏ သက်တမ်း ၃၄နှစ်ရှိပြီဖြစ်သည်။ နောင်အနှစ်ဘယ်လောက်ကြာသည်အထိ ထိုမြေ တစ်မှုန့်၏ သက်တမ်း ရှည်ကြာခွင့်ရမည်ကို ကြိုတင်မသိနိုင်သော်လည်း ယခုရှင်သန်နေသော ပစ္စုပ္ပန်တည့်တည့်မှာ စိတ်စေတနာ ကောင်းနှင့် ကုသိုလ်များ တတ်အားသရွေ့ ကြိုးစားပွားများ အားထုတ်နိုင်မှသာလျှင် နိဗ္ဗာန်မရောက်မီ စပ်ကြားကာလများ၌ လက်သည်းခွံပေါ်မှ မြေတစ်မှုန့် အဖြစ် ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ကြောင်း သူမ တွေးဆဆင်ခြင်မိပါသည်။

ဇွန်မိုးစက်
(၉.၆.၂၀၁၃ တွင် ကျရောက်သော မွေးနေ့အမှတ်တရ)


Sunday, January 4, 2015

လက္ခဏာတော်မှ တစ်ဆင့်


လက္ခဏာတော်မှ တစ်ဆင့်

လက္ခီယတီတိ လက္ခဏံ။လက္ခီယတေ ဧတေနာတိ လက္ခဏံ။
မှတ်သားအပ်လို့ လက္ခဏာ လို့ခေါ်ပါတယ်။ လက်မှာပါလို့ လက္ခဏာ။ ခြေမှာပါရင် ခြေခဏာ အဲဒီလို မဟုတ်ပါဘူး။ ဘယ်နားပါပါ၊ အမှတ်အသားကိုသာ လက္ခဏာလို့ ခေါ်တာပါ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှာ ယောက်ျားမြတ်တို့ရဲ့ လက္ခဏာ (မဟာပုရိသလက္ခဏာ) ၃၂- ပါး ရှိပါတယ်။ လက္ခဏာတော်ကြီး ၃၂- ပါးလို့ ခေါ်ပါတယ်။ လက္ခဏာတော်ငယ် ၈ဝ- ရှိပါတယ်။ မဟာပုရိသ လက္ခဏာနဲ့ ပြည့်စုံတဲ့သူဟာ လူ့ဘဝမှာနေရင် စကြဝတေးမင်း၊ ရဟန်းပြုရင် ဘုရားစင်စစ် ဧကန်ဖြစ်ပါတယ်။

စကြဝတေးမင်းလက္ခဏာပါတိုင်း စကြဝတေးမင်း ဖြစ်ပါသလား။ (စက်လက္ခဏာနှင့် ပြည့်စုံပေမယ့် ညောင်ရမ်း မင်းသားလေးဟာ စကြဝတေးမင်း မဖြစ်ခဲ့ပါဘူး။) စကြဝတေးမင်းကျင့်ဝတ်ကို ကျင့်မှသာ စကြာရတနာ ဖြစ်ပေါ်ပြီး စကြဝတေးမင်း ဖြစ်ပါတယ်။ (စကြဝတေးမင်း ကျင့်ဝတ်ကို ပါထိကဝဂ် - စက္ကဝတ္တိသုတ် မြန်မာပြန် - ၅၁ ၌ ဖတ်ရှုနိုင်ပါသည်။)

ဗုဒ္ဓဘုရားရှင် ကိုယ်တော် မြတ်ကြီးသည်လည်း ဘုရားဖြစ်ကြောင်း ကျင့်စဉ်တို့ကို ကျင့်တော်မူပြီး မှသာ ဘုရားဖြစ်တော် မူပါတယ်။ ဒါ့ကြောင့် လက္ခဏာဆိုတာ အတိတ်ကံရဲ့ အမှတ်အသားမျှသာ ဖြစ်ပါတယ်။ အဲဒီကံရဲ့ ကောင်းကျိုး ပြည့်စုံဖို့၊ မကောင်းကျိုးများ ပျောက်ပျက်ဖို့ကတော့ ပစ္စုပ္ပန်ကံတွေနဲ့ ဖြည့်တန်ဖြည့်၊ ဖျောက်တန်ဖျောက် ရမှာပဲ ဖြစ်ပါတယ်။

ပစ္စုပ္ပန်ကံ ပြောင်းရင် လက္ခဏာများလည်း ပြောင်းတတ်တဲ့ သဘောရှိတယ်လို့ (လက်ဖ၀ါးပေါ်က) အမှတ်အသားတွေကို ယုံကြည်လွန်းသူများ သတိထားမိစေချင်ပါတယ်။ လက္ခဏာဆိုတာ အကြောင်းတရားမဟုတ်ပါဘူး။ ကံသည်သာလျှင် အကြောင်းတရား ဖြစ်ပါတယ်။ အကြောင်းကံ တရားများကို ဆည်းပူးခဲ့လို့ လက္ခဏာတွေ ပေါ်လာပြီး အဲဒီလက္ခဏာရှိတဲ့သူများ ခံစားရတဲ့ အကျိုးတရားတွေကို ခံစားရတာပါ။

ကောင်းကျိုးလက္ခဏာတွေကို ဗုဒ္ဓရှင်တော်ရဲ့ မဟာလက္ခဏာတော်ကြီးများနဲ့ တွဲစပ်ပြီး သဘောလောက် ဖော်ပြချင်ပါတယ်။ ကုသိုလ်ကောင်းမှုနဲ့၊ ကျင့်ဝတ်တရားတွေကို ဝတ်မပြတ်ပုံမှန် လုပ်ဆောင်ခဲ့လို့
(၁) ခြေဖဝါးတော် ညီညာပြီး ရန်သူတွေက မပိတ်ပင် မတားဆီးနိုင်ပါဘူး။ လူအများကို ဘေးကင်းအောင် တရားနှင့်အညီ စောင့်ရှောက်ခြင်း၊ လှူဒါန်းရာမှာ စုံစုံလင်လင် အခြံအရံများနဲ့ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့လို့
(၂) ခြေဖဝါးအပြင်မှာ စက်လက္ခဏာတော် ဖြစ်ပေါ်ပြီး အခြံအရံ များပါတယ်။သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပြီး သတ္တဝါတွေကို သနားကာ အစီးအပွား လိုလားစောင့်ရှောက်ခဲ့လို့

(၃) ရှည်သော ဖနောင့်ရှိ။
(၄) ရှည်သော ခြေချောင်း၊ လက်ချောင်းရှိ။
(၅) ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိပြီး သူတစ်ပါးက မသတ်ဖြတ်နိုင်ဘဲ အသက် ရှည်ပါတယ်။ စားကောင်း သောက်ဖွယ်တွေ လှူဒါန်းခဲ့လို့

(၆) လက်ဖမိုး-၂ ခု၊ ခြေဖမိုး-၂ ခု၊ ပခုံး-၂ ခု၊ လည်ကုပ်- ၁ ခု အားဖြင့် အရပ်(၇)ပါး အသားပြည့်ဖြိုးပြီး မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ ရရှိပါတယ်။လူအများကို သင်္ဂဟတရားလေးပါးနဲ့ ချီးမြှောက်ခဲ့လို့
(၇) နူးညံ့သော။

(၈) ညီညာသော လက်ခြေရှိပြီး ညီညွတ်သော ပရိသတ် ရှိပါတယ်။ (ကိုယ့်လက်အောက် ငယ်သားတွေ မညီညွတ်ရင်လည်း အလွန်စိတ်ပျက်စရာကောင်း ပါတယ်။ သင်္ဂဟတရားလေးပါး ဆိုတာက ပေးသင့်သူကိုပေး၊ ချိုချိုသာသာပြောသင့်သူကို ချိုချိုသာသာပြော၊ အကျိုးဆောင် ပေးသင့်သူကို အကျိုးဆောင်ပေး၊ ကိုယ်နဲ့ထပ်တူထားသင့်သူကို ထပ်တူထားခြင်းတို့ပါပဲ။ ဒါဆို ညီညွတ်သော ပရိသတ်ကို ရရှိမှာ ဖြစ်ပါတယ်။)အကျိုးရှိတဲ့စကား၊ တရားစကားတို့ကို ပြောခဲ့၊ တရားအလှူကို လှူခဲ့လို့
(၉) မြင့်သော ဖမျက်ရှိ။

(၁၀) လက်ျာရစ်လည်ကာ အထက်သို့ ကော့တက်နေတဲ့ မွေးညှင်းတော်ရှိပြီး အကြီးဆုံး၊ အမြတ်ဆုံး၊ အချီးမွမ်းအပ်ဆုံးသူ ဖြစ်ရပါတယ်။အတတ်ပညာတို့ကို လွယ်ကူလျင်မြန်စွာ တတ်မြောက်အောင် သေသေချာချာ သင်ကြားပို့ချပေးခဲ့လို့
(၁၁) ပြေပြစ်သော မြင်းခေါင်းတော်ရှိပြီး ပစ္စည်းပရိက္ခရာနဲ့ ပရိတ်သတ်လေးပါး လျင်မြန်စွာ ရရှိပါတယ်။ပညာရှိတို့ထံ ချဉ်းကပ်ပြီး သိလိုရာကို အဖန်ဖန် မေးမြန်းခဲ့လို့

(၁၂) အသားအရေ ချောမွေ့ပြီး ပညာဉာဏ် ကြီးပါတယ်။ ပညာအရာမှာ သာသူမပြောနဲ့၊ တူသူတောင် မရှိပါဘူး။ဒေါသမထွက်ခဲ့၊ ဒေါသကို ထင်ရှားမပြခဲ့၊ ရန်ငြိုးမဖွဲ့ခဲ့ / နူးညံ့သိမ်မွေ့တဲ့ အဝတ်တန်ဆာတွေကို လှူဒါန်းခဲ့လို့
(၁၃) ရွှေအဆင်း အသားအရေရှိပြီး ထူးကဲလွန်မြတ်တဲ့ အဝတ်သင်္ကန်း၊ အခင်းတို့ကို ရလွယ်ပါတယ်။ ကောင်းမှုတွေလည်းပဲ မပျက်မစီး တည်ရှိပါတယ်။ကွဲကွာနေသူတွေကို ပေါင်းဆုံစေ/ ညီညွတ်စေခဲ့လို့

(၁၄) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ် ရှိပြီး စကားကို လိုက်နာတဲ့ တပည့်သာဝကများစွာ ရှိပါတယ်။ပုဂ္ဂိုလ်ကိုလိုက်၍ ဂုဏ်နဲ့လျော်စွာ ထိုက်ထိုက်တန်တန် ပေးလှူခဲ့လို့
(၁၅) ပညောင်ပင်ကဲ့သို့ ဝန်းသောကိုယ် ရှိကာ (ပုအိုင့်အိုင့်/ ရှည်မျောမျော မဟုတ်ဘဲ လက်နှစ်ဘက်ဘေးကို ဆန့်ထုတ်ထားတဲ့ အကျယ် အတိုင်းအတာနဲ့ လက်ကို အပေါ်ဆန့်ထားရင် ရှိမယ့် အမြင့်အတိုင်းအတာ ညီမျှ)။

(၁၆) မကိုင်း မညွတ် (မကုန်း) ရဘဲ လက်ဝါးပြင်ဖြင့် ပဆစ်ဒူးတို့ကို သုံးသပ်နိုင်ပြီး သဒ္ဓါသီလစတဲ့ သူတော်ဥစ္စာများနဲ့ ပြည့်စုံပါတယ်။ အမြတ်ဆုံး အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် ဆိုတဲ့ ဥစ္စာကို ရရှိပါတယ်။လူအများရဲ့ အကျိုးစီးပွါးကို လိုလားခဲ့လို့
(၁၇) ခြင်္သေ့မင်းရဲ့ ရှေ့ပိုင်းကိုယ်နဲ့ တူတဲ့ ကိုယ်ရှိ။
(၁၈) လက်ပြင် နှစ်ခုအကြား ပြည့်ဖြိုးတဲ့ အသားရှိ။

(၁၉) ညီညာလုံးဝန်းတဲ့ လည်တိုင်ရှိပြီး သဒ္ဓါသီလ စတာတွေကနေ မဆုတ်ယုတ်၊ သဗ္ဗညုတဉာဏ်မှ မဆုတ်ယုတ်ပါဘူး။သတ္တဝါတွေကို မညှင်းဆဲခဲ့လို့
(၂၀) အရသာကို ဆောင်နိုင်တဲ့ အလွန်ကောင်းမြတ်တဲ့ အကြောရှိပြီး အနာရောဂါ ကင်းပါတယ်။
ဝမ်းမီးနဲ့ ပြည့်စုံပါတယ်။ဒေါသနဲ့ မျက်လုံးပြူးပြီး မကြည့်ခဲ့၊ မျက်စောင်း မထိုးခဲ့/ ရိုးဖြောင့်စွာ မေတ္တာဖြင့်သာ ကြည့်ခဲ့လို့
(၂၁) အလွန်ညိုသော မျက်လုံးရှိ။

(၂၂) နွားငယ်ရဲ့ မျက်တောင်နဲ့တူတဲ့ မျက်တောင်ရှိပြီး သတ္တဝါအများရဲ့ နှစ်သက် ကြည်ညိုဖူးမြော်ခြင်းကို ခံရပါတယ်။ကုသိုလ်ကောင်းမှုတို့ကို ခေါင်းဆောင်ပြီး ပြုခဲ့လို့
(၂၃) သင်းကျစ်ဆင်ထားသကဲ့သို့သော ဦးခေါင်းရှိပြီး ဗုဒ္ဓအလိုကိုလိုက်တဲ့၊ အဆုံးအမကို လိုက်နာတဲ့ ဝေနေယျ များစွာရှိပါတယ်။မှန်သောစကားတစ်မျိုးတည်းကိုသာ ပြောခဲ့လို့ ၊ သူများကို မလှည့်စားခဲ့လို့

(၂၄) မွေးညှင်းတစ်တွင်းမှာ မွေးညှင်တစ်ပင်သာရှိ။
(၂၅) မျက်မှောင်နှစ်ခုကြား ဖြူစင်တဲ့ ဥဏ္ဏလုံ မွေးရှင်တော်ရှိပြီး သတ္တဝါအများဟာ ဗုဒ္ဓအလိုကိုသာ လိုက်ရပါတယ်။ဂုံးမတိုက်ခဲ့၊ ညီညွတ်ခြင်းကို အားပေးခဲ့လို့
(၂၆) လေးဆယ်သော။

(၂၇) မကြဲသောသွားရှိပြီး သူများ မဖြိုခွဲနိုင်တဲ့/ အဆုံးအမကို ခိုင်မြဲစွာ လိုက်နာတဲ့ ပရိသတ် ရှိပါတယ်။ကြမ်းသောစကားကို မပြောခဲ့၊ နူးညံ့ချိုသာ နားဝင်ချိုအောင် ပြောခဲ့လို့
(၂၈) ကြီးမားရှည်လျား နူးညံ့တဲ့ လျှာတော် ရှိ။
(၂၉) ဗြဟ္မာ့အသံနှင့် တူတဲ့ အသံရှိပြီး ဘုရားရှင်ရဲ့ စကားဟာ အောင်မြင်ပါတယ်။ ဘုရားရှင်ရဲ့ စကားကို နာယူလက်ခံကြပါတယ်။အကျိုးမရှိ ပြိန်ဖျင်းတဲ့စကားကို မပြောခဲ့၊ အကျိုးရှိတဲ့ စကားကိုသာ ပြောခဲ့လို့

(၃၀) ခြင်္သေ့မေးနဲ့တူသေတဲ့ မေးရှိပြီး အတွင်းအပ ရန်သူတွေ မဖျက်ဆီးနိုင်ပါဘူး။အသက်မွေးမှုစင်ကြယ်ခဲ့လို့ (စဉ်းလဲ ကောက်ကျစ်၊ ခေါင်းပုံဖြတ် မတရားသဖြင့် ဖြတ်လမ်းက အသက်မမွေးခဲ့လို့)
(၃၁) ညီညွတ်တဲ့ သွားတွေရှိ။
(၃၂) အလွန် ဖြူစင်တဲ့ စွယ်တော်လေးဆူရှိပြီး မကောင်းမှု ကိလေသာကင်းတဲ့ စင်ကြယ်တဲ့ အခြံအရံ ရှိပါတယ်။

အကြောင်းအကျိုးများသာ ဆက်စပ်ဖြစ် ပေါ်နေသော သံသရာမှာ မှန်ကန်တဲ့ အကြောင်း အကျိုးကို သိမြင်ဖို့အရေးကြီးပါတယ်။ ကိုယ်အလိုရှိတဲ့အရာတွေ မရရှိခြင်း (အကျိုးချို့တဲ့နေခြင်း)ဟာ အကြောင်းချို့တဲ့ခဲ့လို့ပါပဲ။ အဲဒါကို ဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့ အပြစ်တင်မနေဘဲ အဲဒီ ချို့တဲ့ခဲ့တဲ့ အကြောင်းတွေကို ပြည့်စုံအောင် ကြိုးစားလိုက်မယ်ဆိုရင် ကိုယ်အလိုရှိတဲ့ အကျိုးတွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။


အကျိုးကို မျှော်မျှော် မမျှော်မျှော် အကြောင်းကိုပြုရင် အကျိုးက ရမှာသေချာပါတယ်။ အကျိုးကို မျှော်ခြင်း မမျှော်ခြင်းကတော့ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ အခု ရေးခဲ့တာလေးတွေဟာ ကြောင်းကျိုး အမှန်ကို မြင်သိတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံဉာဏ်ဖြစ်ပါတယ်။ ဒီဉာဏ်ကို အခြေခံ၊ တစ်ဆင့်ထက်တစ်ဆင့်မြင့်တဲ့ ဉာဏ်တွေရအောင်လုပ်ပြီး အမြင့်ဆုံး နိဗ္ဗာန်ရအောင် ကြိုးစားကြရမှာပါ...။

Copy and WIN : http://bit.ly/copy_win

Saturday, January 3, 2015

ဗုဒ္ဓနည်းကျ လူကဲခတ်နည်းပညာ


ဗုဒ္ဓနည်းကျ လူကဲခတ်နည်းပညာ

အနာနဲ့ဆေး တည့်အောင်ပေးနိုင်တော်မူသော မဟာသမားတော်ကြီး ဗုဒ္ဓရှင်တော်ဘုရားသည် သဗ္ဗညုတဥာဏ်တော်ပိုင်ရှင် ဖြစ်တော်မူသည့်အတွက် မည်သို့သော သူအား ၊ မည်သည့် တရား ပေးတော်မူမှ ၊အို၊နာ၊သေ ကင်းသည့် နိဗ္ဗာန် ရောက်နိုင်မည့်အရေးကို သိတော်မူလေသည်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့အားသူ့အကြိုက် နှင့် သူ့စရိုက်ကို(အနာကို) သင့်လျော်သည့် ဓမ္မ (ဆေး) ဖြင့် ချမ်းသာအောင် (ရောဂါ ပျောက်ကင်းအောင်) ၄၅-၀ါ (၄၅-နှစ်)တိုင်တိုင် ပရိနိဗ္ဗာန် ၀င်စံတော် မူခါနီး သည်အထိ ကုသ ကယ်တင်တော်မူခဲ့ပါသည်။

ပရစိတ္တ၀ိဇာနနဥာဏ် (သူတပါးစိတ်ကို သိနိုင်သောဥာဏ်) ကို မရလျှင် လူကဲခတ်ဖို့ (သူတစ်ပါး စရိုက်ကိုသိဖို့) ခဲယဉ်းလှပါ၏။ သို့သော် လူတစ်ယောက်၏ အသွားအလာ အနေအထိုင်တို့ကို လည်းကောင်း ၊ အလုပ်များ လုပ်သည့်အခါ ကျန သေသပ်မှု ရှိ / မရှိ ကိုလည်းကောင်း ၊ နှစ်သက် တတ်သော အစာအာဟာရကို ကြည့်ဖြင်းအားဖြင့်လည်းကောင်း ၊ ကြည့်ရှုပုံ ၊ နားထောင်ပုံ စသည် ကိုလည်း ၊ ကုသိုလ် အကုသိုလ် အရာမှာ များစွာ ဖြစ်လေ့ရှိသော အကြောင်းအရာကို စဉ်းစား ကြည့်ရှု သတိပြုကာ ဒီလူဟာ မည်သို့သော လူဖြစ်ဟု လူကဲခတ်နိုင်ပါကြောင်း ဗုဒ္ဓဟောကြား ထားခဲ့ပါ၏။

(၁) ရာဂအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း

(က) ရာဂအကျင့်စရိုက်ရှိသူ၏ အသွားအလာ အနေထိုင်မှာ ယဉ်ယဉ်ကျေးကျေး သေသေ သပ်သပ်ရှိခြင်း။
(ခ) အလုပ်လုပ်သည့်အခါ ကျနသေသပ်ခြင်း ။
(ဂ) အစာစားရာမှာ အချိုအဆိမ့် ၊ အမွှေးအကြိုင် နှင့် နုညံ့သော အစားအစာတို့ကို နှစ်သက် တတ်ခြင်း။
(ဃ) လှလှပပ ရူပါရုံ ၊ သဒ္ဒါရုံ လေးများ တွေ့လျှင် မခွာချင်အောင် ဖြစ်တတ်ခြင်း။
(င) စိတ်နေစိတ်ထား အားဖြင့် ကောက်ကျစ် စဉ်းလဲ ၊ ပရိယာယ် မာယာများ ၊ မာနကြီး ၊ လောဘ ရမ္မက်ကြီးတတ်၏။

(၂) သဒ္ဓါအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း

အထက်ပါ ရာဂအကျင့်စရိုက်ရှိသူမှာ ဖြစ်တတ်သည့် (က)၊ (ခ)၊ (ဂ) ၊ (ဃ) တို့မှာ သဒ္ဓါအကျင့် စရိုက် ရှိသူမှာလည်း ဖြစ်လေ့ရှိ၏။ သို့သော် စိတ်နေ သဘောထားမှာ မာယာ စသော အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်ကြည်လင်လင်ရွှင်ရွှင်လန်းလန်း ပေးကမ်း လှူဒါန်းလေ့ရှိ၏။
ဘုရားသွား ၊ ကျောင်းတတ် ပြုလုပ်ကာ ဘုရား နှင့် ရဟန်းသံဃာတော်များအား ကိုးကွယ် ဆည်းကပ်ခြင်း။ တရားတော်များအား မှတ်သားနာယူလေ့ရှိ၏။

(၃) ဒေါသ အကျင့်စရိုက်ရှိသူအား ဝေဖန် သုံးသပ်ကြည့်ခြင်း

ဒေါသစရိုက်ရှိသူများဟာ -
(က) အသွားအလာ အနေအထိုင် ကြမ်းတမ်းခြင်း။
(ခ) လုပ်ငန်း ကိစ္စများ ဆောင်ရွက်ရာတွင် သပ်ရပ်မှု မရှိခြင်း။
(ဂ) ချဉ် ၊ ငန် ၊ စပ် ၊ ခါး ၊ စူးရှသော အရသာများ စားသုံးတတ်ခြင်း။
(ဃ) မကောင်းသော အာရုံများနှင့် တွေ့ဆုံလျှင် ယမ်းပုံ ထဲမှာ မီးကျသကဲ့သို့ သည်းခံ အောင့်အီး နိုင်ခြင်းမရှိဘဲဆဲဆို ၊ ငေါက်ငန်း ၊ ကြမ်းတမ်းစွာ စိတ်တိုတတ်ခြင်း။
(င) စိတ်နေ သဘောထားကား -- ရန်ငြိုးဖွဲ့မှုဟူသော အာဃာတ၊ မနာလိုမှု ၊ ၀န်တိုမှု၊ သူများဂုဏ်ကို ချေဖျက်လိုခြင်းဟူသော မက္ခ၊ ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်ခြင်းဟူသော ပဠာသ ၊ အပြောအဆို အဆုံးအမ ခက်ခြင်း စသော အကုသိုလ်တရားများ အဖြစ်များလေသည်။

(၄) ပညာအကျင့်စရိုက် ရှိသူများအား သုံးသပ် ဝေဖန်ကြည့်ခြင်း

ပညာစရိုက်ရှိသူများဟာ--
အသွားအလာ အနေအထိုင် မှာတော့ ဒေါသစရိုက်ရှိသူနှင့်တူ၏။ သို့သော် စိတ်တိုခြင်း စသော အပြစ်များနှင့် ရောနှော မှု မရှိဘဲ ဆိုဆုံးမ လွယ်ကူ၏။ စားသောက်သည့် နေရာမှာ ချင့်ချင့်ချိန်ချိန် စားသောက်လေ့ရှိခြင်း။ သံသရာအရေး (ရှေ့ရေး) ကို မျှော်ဆပြီး ကုသိုလ်ကောင်းမှုများ လုံလ ၀ီရိယသန်သန်ဖြင့် ပြုလုပ်လေ့ရှိခြင်းတို့ကြောင့် သူမြတ်တစ်ယောက်ဖြစ် သတ်မှတ်ရပေလိမ့်မည်။

(၅) မောဟအကျင့်စရိုက်ရှိသူများအား ဝေဖန် သုံးသပ်ကြည့်ခြင်း

မောဟစရိုက်ရှိသူများဟာ ---
အသွား အနေအထိုင်နှင့် ပတ်သတ်လို့ ဖွတ်၊ ပဒတ် ဆိုသော သတ္တ၀ါများနှင့်တူတယ်လို့ ဆရာတော်ကြီးက ဥပမာပေးထားပါတယ်။ ဖွတ် ၊ ပဒတ် ဆိုတာ ဘယ်လို အကောင်မျိုးလဲဆိုတော့ သွားလာတဲ့နေရာမှာ လျှပ်လျှပ်ဆိုသွားလိုက် ပြီးရင် မှိုင်ငေးနေလိုက် နဲ့ တွေဝေနေသော အကောင်များလို့ ဆိုရပါမယ်။ ဖွတ် ၊ ပဒတ် မမြင်ဘူးသူများကတော့ ပုတ်သင်ညို နဲ့ နှိုင်းကြည့်လို့ လည်းရပါ၏။

လုပ်ငန်းများ လုပ်တဲ့အခါ ရှုပ်ရှုပ်ပွေပွေ လုပ်တတ်သော အကျင့်၇ှိခြင်း။ အစားအသောက်မှာ ဘယ်ဟာကြိုက်နှစ်သက်တယ်ဆိုတာမရှိ။ ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိသဖြင့် နေရာတကာမှာ သူများ နောက်လိုက်သာဖြစ်ပြီး သူများက ချီးမွမ်းရင် လိုက်ချီးမွမ်းတာဘဲ။ သူများက ကဲ့ရဲ့ရင် လိုက်ကဲ့ရဲ့ တာဘဲ။ သူများခေါင်းညိမ့်ခိုင်းတိုင်း ညိမ့်တတ်သည့် ပုတ်သင်ညိုလို့ သဘောတကျ ဖြစ်တတ်တယ်။ သတိပညာကင်းလျက် ထိုင်းမှိုင်း ဖျင်းအခြင်း ၊ ပျံလွန့်နေသော စိတ်သဘောထားတွေနဲ့ ထိုသူများ အချိန်ကုန်လွန်လေ့ရှိကြ၏။

(၆) ၀ိတက်အကျင့်စရိုက်ရှိသူများအား ဝေဖန်သုံးသပ်ကြည့်ခြင်း

ဝိတက် စရိုက်ရှိသူများဟာ--
မောဟသမားများနှင့် ရွှေမန်းတင်မောင်ပါဘဲ။ (ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း) ထူးမခြားနားပါဘဲ။
အကြံတွေများ စကားတွေကပေါ ကိစ္စမချောဘဲ မျောနေသည်ကများ၏။ ကောင်းသောလုပ်ငန်း ကုသိုလ်လမ်းများမှာ အစွမ်းအစမရှိ။ ပျင်းရိရိသာဖြစ်၏။ ဟေးလားဝါးလား မိမိလို လူ့ပေါက်ပန်း များနှင့် ရောနှော ဆက်ဆံပျော်မွေ့ကာ ထွေရာလေးပါး အကြံများလျက် လောကကြီး၏ လူပို လူအား သက်သက်ဖြစ်လေတော့သည်။

မှတ်ချက်။ ။ တောင်မြို့ ဘာသာဋီကာ ကျမ်းပြုအကျော် ဆရာတော်ကြီး၏ သင်္ဂြိဟ်ဘာသာဋီကာမှ ထုတ်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

မေတ္တာဖြင့်
အရှင်ပညာဝံသ(ဥပဒေ)


Friday, January 2, 2015

မေတ္တာလေ့ကျင့်ခန်း


မေတ္တာလေ့ကျင့်ခန်း

မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။ အဲဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့ လေ့ကျင့်ရမယ်။ ဓားထက်အောင် ဘာနဲ့လုပ်ရမလဲ၊ ကျောက်နဲ့သွေးရတယ်၊ ကျောက်ပေါ်တင်ပြီး သွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။

မေတ္တာကို လေ့ကျင့်ခန်းလုပ်တဲ. နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို့တဲ့မေတ္တာမျိုး မဟုတ်ဘူး၊ သာမာန်ကုသိုလ်ရရုံ ပို့တဲ့မေတ္တာကတော. “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ.။ ဘုရား ရှိခိုးရင်လည်း မေတ္တာပို့တာပဲလေ၊ သတ္တ၀ါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကို ပြောတာ မဟုတ်ဘူး။ မေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ meditation ပုံစံနဲ.မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေသူငယ်ချင်းစတဲ. သက်ရှိ သတ္တ၀ါနဲ့ လေ့ကျင့်ရမယ်။ သေသွားတဲ့သူနဲ့ လေ့ကျင့်လို့မရဘူး။ ဒီဘ၀မှာ ရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ လေ့ကျင့်ရမယ်။

ကောင်းပြီ၊ လေ့ကျင့်မယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ကို ရွေးချယ်ရလိမ်.မယ်၊ နံပါတ်(၁) အသက်ရှင်ဆဲ ပုဂ္ဂိုလ်၊ သေတဲ့ပုဂ္ဂိုလ်ဆိုပြီး နှစ်ဦးရှိတဲ.အထဲမှာ သေတဲ့ ပုဂ္ဂိုလ်ကိုမရွေးနဲ့ ၊ဘယ်တော့မှ မအောင်မြင်ဘူးတဲ့၊ သေသွားတဲ့ ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာမပို့နဲ့။ မေတ္တာကိုလေ့ကျင့်ပြီးတော့ ယူချင်တယ်ဆိုရင် သေတဲ့ပုဂ္ဂိုလ်ကို ဖယ်ထားလိုက်၊ “အသက်ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်”ကို ရွေးပါတဲ့။

အဲဒီလို ရွေးတဲ့အခါမှာလည်းပဲ လူကို ၃ မျိုးလောက်ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့အင်မတန် ခင်မင် ရင်းနှီးတဲ့ပုဂ္ဂိုလ် ဒါက တစ်ဦး၊ နောက်တစ်ဦး ခင်လည်းမခင်ဘူး၊ မုန်းလည်းမမုန်းတဲ့ သာမာန်ပုဂ္ဂိုလ်၊ နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရန်သူလို့ ၃ မျိုးခွဲလိုက်၊ ပုဂ္ဂိုလ် ၃ စားရှိတယ်။ လူတိုင်း လူတိုင်းဟာ အများအားဖြင့် ဒီလို ၃ စားရှိနေမှာပဲ။ ဒါက ယေဘုယျ အားဖြင်.ပြောတဲ့ စကားပေါ့။

အဲဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲ၊ မေတ္တာစပြီးတော့ ပျိုးတော့မယ်ဆိုလို့ရှိရင် ကိုယ်နဲ့ ခင်လည်း မခင်၊ မုန်းလည်းမမုန်းတဲ့ ပုဂ္ဂိုလ်ကို သွားရွေးမယ်ဆိုလို့ရှိရင် မေတ္တာပျိုးဖို့ခက်လိမ့်မယ်။ ဘာဖြစ်လို့ တုန်း သူ့အပေါ်မှာ ခင်မှမခင်တာကိုး၊ သူ့ကို ပထမအနေနဲ့ ရွေးလို.မဖြစ်ဘူး။ ရန်သူကို ရွေးမလား ဆိုတော့ ရန်သူကို သွားရွေးရင် ဒေါသဖြစ်မှာပဲ။ မေတ္တာပျိုးလို့မရဘူး၊ ဒါကြောင့်မို့ ရန်သူကိုလည်း မရွေးနဲ့။ အဲဒီတော့ ပိယပုဂ္ဂလ ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးလိုက်ပါတဲ့။

မေတ္တာပို့တော့မယ်ဆိုရင် အဲဒါကစမယ်၊ အဲဒီပုဂ္ဂိုလ်ကိုရွေး၊ ဒီလို ရွေးတဲ့နေရာမှာလည်းပဲ နောက် တစ်ခု သတိထားစရာက လိင်တူကိုပဲ ရွေးရမယ်တဲ့၊ လိင်ကွဲကို သွားမရွေးရဘူး။ ဆိုလိုတာက မေတ္တာပို့မယ့်ပုဂ္ဂိုလ်သည် အမျိုးသားဆိုရင် အမျိုးသားသူငယ်ချင်းထဲကရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲကရွေး၊ အမျိုးသားက အမျိုးသမီးကို သွားရွေးမယ်၊ အမျိုးသမီးက အမျိုးသားကို သွား ရွေးမယ်၊ လိင်မတူတာကို ရွေးလို.ရှိရင် မေတ္တာဖြစ်မယ့်အစား တဏှာရာဂတွေ ဖြစ်လာတတ်တယ်၊ အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ အဲဒီလို မရွေးရဘူး။ အမျိုးသားဆိုရင် အမျိုးသားထဲက ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကိုရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲက ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကိုရွေးတဲ့။ အဲဒီလို ရွေးပြီးတော့ စိတ်ဓာတ်ကို လေ့ကျင့်ပေးရမယ်၊ မေတ္တာစိတ်ကို လေ့ကျင့်ပေးရမယ်။

အဲဒီလို လေ့ကျင့်တော့မယ်ဆိုရင် အစပထမ ဘာလုပ်ဖို့လိုလဲ၊ နှိုင်းယှဉ်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာတရားဆိုတာ ရှိတယ်။ ကိုယ်ချင်းစာတရား ထားတတ်ဖို့အတွက် ကိုယ်.ကိုယ်ကို အရင်ဆုံးစဉ်းစားပြီး မေတ္တာပို့လိုက်ဦး၊ ကိုယ့်ကိုယ်ကို မေတ္တာပို့တာကတော့ ဘာဝနာအတွက် မဟုတ်ဘူး၊ လွယ်အောင်လို့ ပြင်ဆင်လိုက်တဲ့ သဘောပဲ။

ဆိုပါစို့- မေတ္တာပို့တဲ့အခါမှာ “ချမ်းသာပါစေ” လို့ ပြောချင်တာလား သို့မဟုတ် "ကျန်းမာပါစေ"လို့ ပြောချင်တာလား သို.မဟုတ် "အဆင်ပြေပါစေ" လို့ ပြောချင်တာလား၊ တစ်ခုခုကို ကိုယ်ကြိုက်တဲ့ ဟာနဲ့ ပြောလို.ရတယ်။ "ကျန်းမာပါစေ"လို့ ပြောပြော၊ "ချမ်းသာပါစေ"လို့ပြောပြော၊ "အရာခပ်သိမ်း ဆင်ပြေပါစေ"လို့ ပြောပြော၊" အောင်မြင်ကြီးပွားပါစေ"လို့ ပြောပြော ဘာပဲပြောပြောပေါ့၊ အဲဒီ အတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာ ပျိုးရမယ်တဲ့။

ဆိုပါစို.- ယောကျာ်းဆိုရင် ယောကျာ်းကလေး သူငယ်ချင်း၊ မိန်းကလေးဆိုရင် မိန်းကလေး သူငယ်ချင်းပေါ့။ ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ ထိုပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖော်လိုက်၊ ပုံဖော်လို့ မရဘူးဆိုလို့ရှိရင် ဓာတ်ပုံလေးတစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖော်၊ စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာ ပုံဖော်လိုက်၊ သူ့ရဲ့ပြုံးရွှင်နေတဲမျက်နှာ၊ ကြည်နူးနေတဲ.မျက်နှာလေးကို ကြည်.ပြီးတော့ အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ကျန်းမာပါစေ၊ ရွှင်လန်းပါစေ ဆိုပြီး ကိုယ်လိုချင်တဲ့စကားလုံးလေးတစ်ခုနဲ့ အသုံးချပြီးတော့ အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် repeatation လုပ်နေတာလို့ခေါ်တယ်။ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဖြစ်နေတာ၊ တစ်ခါတည်းမဟုတ်ဘူး။ ခုခေတ် သီချင်းဆိုတဲ့အခါ repeation ထပ်ကျော့ပြီးတော့ ဆိုတာတာလေ။ အဲဒီတော့ မေတ္တာထပ်ကျော့နေရတယ်၊

ဘယ်နှစ်ပြန်ထပ်ကျော့ရမတုန်းဆိုရင် တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရမယ်။ အဲဒီလို ဓားများသွေးတဲ့အခါမှာ ကျောက်နဲ့ ပွတ်နေသလိုပဲ၊ ဒီချမ်းသာပါစေဆိုတဲ့ စိတ်ကလေးနဲ့ ခုနက ပိယပုဂ္ဂိုလ်နဲ့ ပွတ်ပေးနေရမယ်၊ အဲဒါ လေ့ကျင့်နေတာခေါ်တယ်။ အဲဒီလို ပွတ်ပေးနေလိုက်တဲ့ အခါမှာ ဘယ်လိုအနေအထားထိအောင် ရောက်လာသလဲဆိုရင် ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့ မျက်နှာပဲ မြင်နေမယ်၊ မျက်စိထဲက ဒီပုဂ္ဂိုလ်မျက်နှာ မထွက်ဘူး၊ အိပ်မယ်-အိပ်မပျော်သေးခင်လည်း သူ.မျက်နှာပဲ မြင်နေတယ်၊ တခြားဟာ သိပ်မမြင်ဘူး။ စိတ်က အဲဒီအပေါ်မှာပဲ ငြိမ်ကျလာတယ်ပေါ့။ အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာစိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဈာန်တောင်ရနိုင်တယ်။

မြန်မာတွေက ဈာန်ဆိုရင် ကောင်းကင်ပျံတာချည်းပဲ အောင်မေ့နေတယ်။ ဒါကောင်းကင်ပျံတာကို ပြောတာ မဟုတ်ဘူး။ ဈာန်ရတယ်ဆိုတာ အဲဒီ အာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအား သတ္တိလေး ရလာတာကို ပြောတာ။ ပထမ ဈာန်ဆိုတဲ့ စွမ်းရည်သတ္တိ ကိုယ်လိုချင်တဲ့အရှိန်လေး ရလာမယ်၊ ဈာန်ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင် ခုနက သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ စိတ်ကလေး အမြဲရောက်နေအောင် ပို.ပေးနေတဲ့ ၀ိတက်လို့ခေါ်တဲ. သဘောတရား၊ Initial application တဲ့။ စိတ်က ခွာလို့မရလောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ Sustained application ခေါ်တဲ့ ၀ိစာရ ။

မေတ္တာဈာန်

ဝိတက် ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို့တင်ပေးနေတာ။ ၀ိစာရ ဆိုတာ အာရုံနဲ့ စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးနေတဲ့သဘော၊ အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ်နေတာက ပီတိ၊ စိတ်ကျေနပ်နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာက သုခ၊ အဲဒီ အာရုံလေးကို စိတ်က ခွာလို့မရတာက ဧကဂ္ဂတာ၊ အဲဒီ ၅ ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီ ဆိုလို့ရှိရင် ပထမဈာန်လို့ခေါ်တယ်။ ပထမဈာန် ရပြီပေါ့။ သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ အာရုံစိုက်ပြီး အလုပ် လုပ်နေပြီ၊ ချမ်းသာပါစေ၊ ရွှင်လန်းပါစေ ကျန်းမာပါစေဆိုတဲ့ စိတ်ဓာတ်လေး ပွားပြီးတော့ အလုပ်လုပ်နေပြီ၊ အဲဒီလို အလုပ်လုပ်နေလို့ရှိရင် ခုနက အဂါင်္ရပ်တွေ ပြည့်စုံလာရင် ပထမဈာန်ပဲ။

ဒီထက် စွမ်းအားမြှင့်လိုက်တဲ.အခါကျတော့ တွေးနေစရာ မလိုတော့ဘူး၊ ၀ိတက်ဆိုတာ မလိုတော့ ဘဲနဲ့ အာရုံလေးက ခွာလို့မရတာရယ်၊ စိတ်ထဲက ကျေနပ်တာရယ်၊ ချမ်းမြေ့နေတာရယ်၊ တည်ငြိမ် နေတာရယ်၊ ဒီသဘောလေး ၄ မျိုးနဲ့ ဖွဲ့စည်းလိုက်တာကျတော့ ဒုတိယဈာန်အဆင့်လို့ခေါ်တယ်။

နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ မြှင့်လိုက်အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်အောင် လုပ်ပေးစရာမလိုတော့ဘဲ ထိုအာရုံလေးပေါ်မှာ ကျေနပ်နေတာရယ်၊ နှစ်သက်နေတာရယ်၊ တည်ငြိမ်နေတာရယ် ဒီအခြေအနေ ၃ ရပ်ကလေးနဲ့ ထိုအာရုံပေါ်မှာ ရပ်တည်နေလို.ရှိရင် တတိယဈာန်လို့ခေါ်တယ်။

မေတ္တာပွားတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလို ဈာန် ၃ ဆင်.ထိအောင် ရနိုင်တယ်။ အဲဒီ ဈာန် ၃ ဆင့် ရသွားမှ စေတောဝိမုတ္တိ လို့ခေါ်တယ်။ စိတ်လေးဟာ ဗျာပါဒက လွတ်သွားပြီ၊ အဲဒီအချိန်မှာ စိတ်က ဒေါသက လုံးဝလွတ်နေတဲ့ စိတ်တဲ့၊ စေတောဝိမုတ္တိ ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ့ အနေအထားတစ်ခု ရောက်လောက်အောင် လေ့ကျင့်ယူထားတဲ့ မေတ္တာကိုပြောတာ။ သာမန် မေတ္တာကို မေတ္တာလို.ပဲ သုံးတယ်၊ စေတောဝိမုတ္တိဆိုတဲ့ စကားလုံးလေး ထည်းသုံးလိုက်လို့ရှိရင် ထိုမေတ္တာသည် ဈာန် အခြေအနေထိအောင် ရောက်နေတဲ့ မေတ္တာမျိုးလို့ ဒီလိုပြောတာ။

ကောင်းပြီ၊ ပိယပုဂ္ဂလ လို့ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ချစ်ခင်တဲ့ပုဂ္ဂိုလ်နဲ့ လေ့ကျင့်လိုက်လို. အောင်မြင် သွားတဲ့ မေတ္တာလေးကို ဒီအတိုင်းမထားနဲ့ဦး၊ မေတ္တာကို ဖြန့်ကျက်ကြည့်ဦး၊ ထိုမေတ္တာလေးကို transfer လုပ်ရမယ်၊ ဘယ်သူ့အပေါ် transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြောင်းကြည့်လိုက်တဲ့။ ပြောင်းကြည့်လိုက်လို့ ရှိရင် ဒီမေတ္တာ သဘောတရားလေးဟာ လျော့ကျမသွားဘူး၊ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ ထားတဲ့ စိတ်အခြေ အနေဟာ မုန်းလည်းမမုန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ သွားထားလိုက်လို အခြေအနေ ပြောင်းလဲသွားတယ်ဆိုလို့ရှိရင် ဒါ ဒုတိယအဆင့်အနေနဲ့ အဆင်ပြေသွားပြီ။

 ပြီး နောက် တစ်ယောက်အပေါ်မှာ ပြောင်းကြည့်။ အဲဒီပုဂ္ဂိုလ်က ကိုယ်နဲ့မတည့်တဲ့ မုန်းတီးတဲ့ ကိုယ်.ရဲ.ရန်သူ၊ ရန်သူဆိုတဲ့ ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်၊ ပြောင်းကြည့်လိုက်လို. ဒေါသ ဖြစ်လာလို့ရှိရင် မေတ္တာဟာ မကြံ.ခိုင်သေးဘူး၊ ပြန်ပြီးတော့ မေတ္တာကို လေ့ကျင့်ဦး။ ပြန်လေ့ကျင့်ပြီးတဲ့အခါ တစ်ခါပြန် စမ်းသပ်ကြည့်လိုက်၊ အာရုံပြောင်းပြီးတော့ ကိုယ်နဲ.မတည့်တဲ့ လူအပေါ်မှာ မေတ္တာထားကြည့်၊ ထားလို့ရသွားပြီဆိုလို့ရှိရင်တော့ ဒီမေတ္တာဟာ တော်တော်ခိုင်မာ သွားပြီလို.ပြောရမယ်။

အဲဒီလိုလုပ်ပြီးတော့ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ ၄ ယောက်၊ နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံပါတ်သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမန် ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ ထိုပုဂ္ဂိုလ် လေးယောက်သည် အပိုင်းအခြားတွေ။ လူဆိုတာ ကိုယ်.ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ ၄ ယောက်ကို ရန်သူလို့လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်မိတ်ဆွေ လို့လည်း မမြင်တော့ဘူး၊ ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး၊ အားလုံး ဒီ ၄ ယောက်စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့မြင်သွားပြီဆိုရင် ဒီလူရဲ့ မေတ္တာဟာ အစွမ်းထက်ဆုံးအဆင့် ရောက်သွားပြီ။

အဲဒါကို ဥပမာလေးတစ်ခုပေးထားတယ်၊ ဒီ ပုဂ္ဂိုလ် ၄ ယောက်ကို - ဆိုပါစို့-
ရှေးတုန်းက လူကို သတ်ပြီးတော့ ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်၊ တောထဲမှာနေတဲ့ ရဟန်းတွေ ဒီလိုပဲ ယဇ် ပူဇော်တာခံလိုက်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ လာပြီးတော့ တောင်းမယ်၊ ယဇ် ပူဇော်ဖို့ အတွက် တစ်ယောက်လိုက်ခဲ့ပါပေါ့၊ တစ်ယောက်လိုက်ခဲ့ပါဆိုလို့ရှိရင် အတူနေတာက မိမိကိုယ်တိုင် ရယ်၊ ကိုယ့်မိတ်ဆွေရယ်၊ သာမန် ပုဂ္ဂိုလ်တစ်ယောက်ရယ်၊ ကိုယ့်ရဲ့ရန်သူရယ် လေးယောက် ရှိတယ်။ အဲဒီ ၄ ယောက်ထဲက ဘယ်သူ့ပေးမလဲ၊ ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ၊ တစ်ယောက် ယောက်တော့ လိုက်ရမယ်၊ ကိုယ်စိတ်ထဲက ဘယ်သူ.ပေးမလဲ၊ သြော် သူတို့ ၃ ယောက်တော့ နေရစ်ပါစေ၊ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ့်ကိုအပေါ်မှာ မေတ္တာပျက်ရာရောက်တယ်၊ သူ့မေတ္တာက မဟုတ်သေးဘူး၊ မမျှတဘူးလို့ ပြောရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့ ငါနဲ့ မတည့်တဲ့ကောင်လိုက်သွား ဆိုလို့ရှိရင် ရန်သူပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲဒီ ၄ ယောက်စလုံးကို တစ်ယောက်မပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရား ဖြစ်သွားပြီတဲ့ -ဒီလိုဆိုလိုတာ။

အဲဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီး နေမယ်ဆိုလို့ရှိရင် ဒေါသဆိုတာ လုံးဝလာလို.မရတော့ဘူး။ နောက်ဆုံးမှာ ထိုမေတ္တာကို အခြေခံပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ ထိုမေတ္တာစိတ်ဓာတ်မှာပါတဲ့ သဘာဝ တရား တွေကို ရှုမှတ်ဆင်ခြင်ပြီး ၀ိပဿနာတရား ပွားများအားထုတ်ရတယ်။ မေတ္တာနဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေက နာမ်တရား၊ ထိုမေတ္တာရဲ.တည်ရာနှလုံးသားက ရုပ်တရား၊ ရုပ်နဲ့ နာမ်နဲ့ ဒီနှစ်မျိုးရှိတယ်ဆိုတာကို သဘောပေါက်လာလို့ရှိရင် ဒါဝိပဿနာလမ်းကြောင်းထဲ စ၀င်လာတာပဲ။ ဒါ သမထကနေ ၀ိပဿနာပြောင်းတယ်လို့ခေါ်တယ်။

မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ နာမ်တရားကို ရှုတာ၊ ထိုမေတ္တာစိတ်ဓာတ်ရဲ့ တည်ရာမှီရာ နှလုံးသား ရုပ်တရားကို ရှုတာဟာ ရုပ်ကိုရှုတာ၊ ဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားပြီးဆိုလို့ရှိရင် နာမရူပ ပရိစ္ဆေဒဥာဏ်။

အဲဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ်ဒီနာမ်တွေဟာ ဘာကြောင့်ဖြစ်တာတုန်းလို့ အကြောင်း တရားကို လေ့လာသုံးသပ်နိုင်တဲ့ အသိဥာဏ်တစ်မျိုးထပ်ဆင့် ရလာပြီဆိုလို့ရှိရင် ပစ္စယ ပရိဂ္ဂဟဥာဏ်။


အဲဒီဥာဏ်နှစ်မျိုးကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မသခါင်္ရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ မမြဲတဲ.သဘောတွေ တွေ့လာတယ်၊ ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေ တွေ.တယ်၊ ဖြစ်ပျက်မှုတွေက အမြဲတမ်းနှိပ်စက်နေတဲ့ ဒုက္ခသဘောတွေ တွေ့လာတယ်၊ မဖြစ်ရအောင် မပျက်ရအောင် ကိုယ့်မှာ စွမ်းအင်သတ္တိတွေမရှိဘူးဆိုတာ သိလာတယ်၊ ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတာ သိလာတယ်၊ အနတ္တသဘောတွေ ပေါ်လာတယ်။

ဒီလို မေတ္တာနဲ့ပက်သက်ပြီးတော့ ရုပ်တရား နာမ်တရားတွေအပေါ်မှာ အနိစ္စလို့လည်း ရှုနိုင်လာတယ်၊ ဒုက္ခလို့လည်း ရှုနိုင်လာတယ်၊ အနတ္တလို့လည်း ရှုနိုင်လာတယ်၊ ဒီလို ရှုလာ နိုင်တာက သမ္မသနဥာဏ် လို့ခေါ်တယ်။

အဲဒီကနေ ဆက်လက်ပြီး ဖြစ်တာပျက်တာလေးတွေကိုပဲ အာရုံစိုက်မိလာတဲ့အခါ ဥဒယဗ္ဗယဥာဏ်၊ ထိုဥဒယဗ္ဗယဥာဏ် ရင့်သန်လာတဲ့အခါ ဖြစ်တယ်ဆိုတာကို အာရုံမပြုတော့ဘူး၊ ပျက်နေတာတွေက မြန်လွန်းအားကြီးသည့် အတွက်ကြောင့် အပျက်အပျက် အပျက်ပဲ မြင်နေတာကို ဘင်္ဂဥာဏ်လို့ ခေါ်တယ်။ အဲဒီလို ပျက်တာချည်းပဲ မြင်နေသည့် အတွက်ကြောင့် ဥာဏ်ထဲမှာ ဘာပေါ်လာလဲ ဆိုတော့ ပျက်နေတာဟာ ကြောင်စရာကြီးပါလားလို့ တွေးလာတယ်၊ အဲဒါ ဘယဥာဏ်လို့ခေါ်တယ်။

ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှုတွေက နှိပ်စက်လို့ စိတ်ပျက်စရာ၊ ငြီးငွေ့စရာ ချည်းပါလားဆိုပြီး အပြစ်တွေကို မြင်လာတယ်၊ ပျက်နေတဲ့အရာကြီးဟာ တွယ်တာစရာ မကောင်းဘူးလို့ အပြစ်တွေကို မြင်လာတယ်။ ဒါက အာဒီန၀ဥာဏ်။

အပြစ်တွေ မြင်လာတဲ့အခါ မလိုချင်တော့ဘူး၊ ငြီးငွေ့လာတယ်၊ စွန်.လွှတ်ချင်လာတယ်- နိဗ္ဗိဒဥာဏ်၊ ငြီးငွေ့လာတဲ့အခါ လွတ်ချင်လာတယ်၊ ဒါတွေက လွတ်ချင်လာတယ်၊ မုစ္စိတုကမျတာဥာဏ်၊ လွတ်ဖို့ရာအတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင်စဉ်းစားတာ ပဋိသခါင်္ဥာဏ်၊ ပြန်လည် စဉ်းစားရင်းက သခါင်္ရတရားတွေရဲ့ သဘာဝပေါ်မှာ နေသားတကျဖြစ်သွားပြီး စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေ ရလာပြီး အသိဥာဏ်တွေ လွှမ်းမိုးလာပြီဆိုရင် သခါင်္ရုပေက္ခာဥာဏ်လို့ ခေါ်တယ်။

အဲဒီ သခါင်္ရုပေက္ခာဥာဏ် ရင့်သန်သွားပြီ ဆိုလို့ရှိရင် ဗျာပါဒ ဆိုတဲ့ သဘာဝတရားကို အဆင့်ဆင့်ပယ်ရှားသွားနိုင်တဲ့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ် ဆိုတာလည်းပေါ်လိုက်ရော ဒေါသ ဗျာပါဒ ဆိုတာ ဘယ်တော.မှ ပြန်မလာတဲ့လမ်း ရောက်သွားတယ်။

မေတ္တာပွားလို့ရှိရင် အမုန်းတရားဟာ ပြန်ထလာနိုင်သေးတယ်။ အခုခေတ် ရောဂါစစ်သလို စစ်ကြည့် လို့ရှိရင် positive ဖြစ်နေဦးမယ်။ နှလုံးသားထဲမှာ အမုန်းရှိသေးသလားလို့ ဆေးစစ်သလို စစ်ကြည့် ရင် positive တွေ့လိမ့်မယ်။ အနာဂါမိမဂ် ရသွားတာနဲ့ တပြိုင်နက် Negative ဖြစ်သွားပြီ၊ လုံးဝ မရှိတော့ဘူး၊ အဲဒါကျတော့ ဒေါသဆိုတဲ့ စိတ်ရဲ့လှုပ်ရှားမှု၊ စိတ်ရဲ့ပူပန်စေတတ်တဲ့ သဘာဝတရားရဲ့ လုံးဝထွက်ပေါက်ပဲ။ မေတ္တာတရားကို အခြေခံတဲ့ အနာဂါမိမဂ်ဥာဏ်၊ အနာဂါမိဖိုလ်ဥာဏ်ဟာ ဒေါသရဲ့ လုံးဝထွက်ပေါက်ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လို့တောင် မလာတော့ဘူး၊ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ မိမိသန္တာန်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ အစဉ်ထာဝရ ငြိမ်းချမ်းတဲ့ အခြေအနေတစ်ခုကို ရရှိသွားနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတယ်။ “ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ ၊ ဗျာပါဒ ဆိုတဲ့ စိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့ ထွက်ပေါက်ပါပဲ တဲ့။ ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကို ရနိုင်တယ်။

ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
(စိတ်၏ထွက်ပေါက်များ တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)

မေတ္တာဖြင့် -
အနှိုင်းမဲ့ စာတိုပေစများ