Sunday, May 5, 2013

တို့တိုင်းပြည်


တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။


ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း၊

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း။

ဆရာဇော်ဂျီ

မိမိဘာသာ၊ သာသနာ အဓွန့် ရှည်တည်တံ့စေဖို့ 
အားလုံးကိုယ်စီ ကြိုးစားကြပါစို့ ။
photo - Artist U Ba Khine

မေတ္တာဖြင့် 
အနှိုင်းမဲ့စာတိုပေစများ

သတ္တိ အရေးကြီး

သတ္တိ အရေးကြီး


ဘုရားအားရုံယူနေတော့ သတ္တိအလိုလို ထက်မြက်လာတယ်၊ စိတ်တွေဟာ ဘုရားအာရုံ အမြဲယူနေတော့ တည်ကြည်မှု (သမာဓိ) ကိုရလာတယ်၊ ဒီလိုတည်ကြည်လာတော့ ရဲရင့်ထက်မျက်တဲ့ သတ္တိကောင်းတွေ
ပေါ်လာရတာဘဲ၊ 
 
လူတွေက "သတ္တိ" သတ္တိ သတ္တိ လို့ပြောနေကြတယ်၊ လူတရောက်ကို မတရားညှင်းဆဲတာ
အနိုင်းကျင့်တာဟာ သတ္တိမဟုတ်ဘူး၊ လူတယောက် သတ်ရဲတာ သတ္တိလိုဆိုကြတယ်၊ မှန်တော့မှန်တယ်
ဒါပေမဲ့ သတ္တိအစစ်တော့ မဟုတ်ဘူး၊ မိုက်ရူးရဲဆန်တဲ့ သတ္တိပဲ၊ တကယ်သတ္တိက ဒီလိုမဟုတ်ဘူး၊ ခမာ
(သည်းခံခြင်း) ဂုဏ်နဲ့ပြည့်စုံတယ်၊ လူမိုက်သတ္တိ မဟုတ်ဘဲ ပညာရှိသတ္တိ ဖြစ်ဖို့အရေးကြီးတယ်၊ တလွဲ
ဆံပင်ကောင်း တဲ့ သတ္တိမျိုးကတော့ အလကားပဲ။


သတ္တိဟာ ထက်ရုံကလေး ထက်ရုံနဲ့ မပြီးသေးဘူး၊ ကိုယ်တယောက်တည်း ကုပ်နေလို့ သတ္တိပေါ်မလာဘူး၊
ပတ်ဝန်ကျင်နဲ့ ထိတွေ့ပြောဆို ဆက်ဆံရာက သဘောကွဲလွဲချက်တွေ ဆန့်ကျင့်ဘက်တွေ ဖြစ်လာရင်တော့
ဒီသတ္တိဟာ ပေါ်လာရတာပဲ၊ သတ္တိရှိလာ ပေါ်လာပြန်တော့၊ ဒီသတ္တိကို အကွက်ကျကျ အသုံးချတတ်ဖို့ လိုလာပြန်တယ်၊ 
 
ဆိုပါတော့ ဒီဘက်ကမ်းမှာ ရောဂါဘယတွေ ထူပြောနေလို့ ဟိုဘက်ကမ်းသို့ ကူပြေးရမယ့်
အခြေအနေ ရောက်နေတယ်၊ ကူစရာလှေသမ္ဗာန် သင်္ဘောတွေလဲ ရှိတယ်၊ လှေထိုးသားတို့ လှေသူကြီးတို့လဲ အဆင်သင့်ရှိနေတယ်၊ သူတို့မှာ သယ်ဆောင်နိုင်တဲ့သတ္တိလည်း ရှိတယ်၊ ရှိလျက်နဲ့ မသယ်ဆောင်ရင် ဘယ်သူမှ ကျေနပ်မှာ မဟုတ်ဘူး။

သတ္တိကို ဒိလိုနေရာမျိုးတွေမှာ အသုံးချရတယ်၊ ကိုယ်က အင်အားသတ္တိရှိရင် ကယ်တင်ပါ၊ လျစ်လျူရှုပြီး ပေယျာလကန် ချန်မထားပါနဲ့၊ ကိုယ်အနေနဲ့ ကယ်ကတည်းက အများကောင်းအောင် အများသိပ်ကောင်းသွားအောင် ကိုယ့်သတ္တိကို အသုံးချတတ်ပါစေ၊ သူတပါးအကျိုး မဆောင်သူဟာ ကိုယ်ကျိုးမရှိဘူး၊
 
 ဒါကို ကြပ်ကြပ် သတိထားကြ၊ ကိုရင်တို့ ဦးပဉ္ဇင်းတို့လဲ သူများအကျိုး ဆောင်နိုင်တဲ့ အင်အားရှိနေရင် ဆောင်ကြပါ၊ သာသနာမှာ ရေသာခိုပြီး အချောင်မနေကြနဲ့......။

မဟာဂန္ဓာရုံဆရာတော်
နံနက်ခင်း သြဝါဒ

Saturday, May 4, 2013

သူလို.. ရဟန်း

သူလို.. ရဟန်း
“ချစ်သားတို့….ဝေဖန်ရေးသမားတို့သည် ဘုရား၊တရား၊သံဃာတို့အား ဝေဖန်ကဲ့ရဲ့ ကျေးဇူးမဲ့စကားကို ပြောဆို ကြလိမ့်မည်”။ “ချစ်သားတို့… ရတနာသုံးပါးကို ကျေးဇူးမဲ့ ကဲ့ရဲ့တတ်သော ဝေဖန်ရေးသမားတို့ကို နှလုံးမသာ ၊  မဖြစ်ကြလေနှင့်၊ မိမိစိတ်ထဲမှာလည်း စွဲ၍ ဒေါသမဖြစ်ကြလေနှင့်”
ဗုဒ္ဓ၊ဗြဟ္မဇာလသုတ်

လောက၌ ဝေဖန်ရေးသမားတို့သည် အခြေအမြစ် အတိအကျ မသိဘဲ မြင်ကာ၊  ကြားကာမျှဖြင့်   ပြစ်တင်ဝေဖန် တတ်ကြလေ၏။

တစ်ခါက ရဟန်းတော်လေးသည်  ဝေဖန်ရေးသမားတို့၏ ကဲ့ရဲ့ပြစ်တင် ရှုတ်ချမှုကြောင့် သောကဖြစ်ကာ ဆွမ်းကောင်းကောင်း မဘုဉ်ပေးနိုင်တော့ပဲ တစ်နေ့တစ်ခြား ပိန်လာ၏။ ခန္ဓာကိုယ်မှလည်း အသားအရေးတို့ ခန်းခြောက်ကာ အရိုးပြိုင်ပြိုင်ထလာ၏။ သို့သော်လည်း ပုထုဇဉ်ရဟန်းတို့ရဲ့ ကဲ့ရဲ့သံကမစဲ.. ပြစ်တင်သံ၊ ရှုတ်ချသံများကာ ပို၍ ပို၍ ကျယ်လောင်လာ၏။    

  “ အရှင်ဘုရား…. ဒကာ၊ဒကာမများ သာသနာကြည်ညိုလို့ သဒ္ဓါတရားတရားနဲ့ လှူတဲ့ပစ္စည်းကို ဘာလို့အလွဲ သုံးစားလုပ်တာလဲ၊ သာသနာနဲ့စပ်တဲ့ပစ္စည်း အရပ်းထဲမှာ မသုံးကောင်းဘူးဆိုတာ အရှင်ဘုရား မသိဘူးလား။ အရှင်ဘုရားက.. ဒကာ၊ဒကာမတွေရဲ့ သဒ္ဓါတရားကိုသာမက သာသနာတော် တစ်ခုလုံးကို အထင်းသေး အောင်လုပ်နေတာပဲ” စသည်ဖြင့်.. ကိုယ်ထိလက်ရောက် လက်ညှိုထိုး၍ ဆိုပြောသူများလည်းရှိ၏။ 
  ရဟန်းတော်လေးသည် ကဲ့ရဲ့သံကို မခံနိုင်တဲ့ အဆုံးမှာတော့ ရှက်လွန်း၍ ပရိတ်သတ်ထဲ အသွားအလာ မလုပ်တော့ပဲ ခေါင်းငိုက်စိုက်လျှင် လူသူမသိအောင်  ပုံကွယ်နေတော့၏။
 

ပုထုဇဉ် ရဟန်းတို့၏ ကဲ့ရဲ့ပြစ်တင်သံသည် အချင်းချင်းပြောရုံ ၊ ရဟန်းတော်လေးကို မျက်နှာချင်းဆိုင်း ပြစ်တင်ရုံနဲ့ မကျေနပ်နိုင်ပဲ မြတ်စွာဘုရားထံ ရဟန်းတော်လေးအကြောင်းကို အခြေအဖြစ်အတိအကျ မသိပဲ လျှောက်ထားကြလေ၏။  ဤတွင်မြတ်စွာဘုရားလည်း မနေသာတော့ပဲ ရဟန်းတော်များ စည်းဝေးစေ၍ အဖြစ်မှန်ကို သိသော်လည်း ပုထုဇဉ်ရဟန်းတော်များ  သံသယကင်းစိမ့်သောငှာ ရဟန်းတော်လေးရဲ့ ဖြစ်ရပ်မှန်ကို ရဟန်းပရိတ်သတ် အလည်တွင် မေးမြန်းရလေတော့သည်။

ငါ့ရှင်… သင်သည် သဒ္ဓါ၍  ဒကာ၊ဒကာမများ လှူသောပစ္စည်းကို လူတို့အား ပေးကမ်း ကျွေးမွေးတယ် ဆိုတာ မှန်ရဲ့လား” ဟု မေတော်မူ၏။ 
“မှန်ပါ့.. မြတ်စွာဘုရား” 
“ကောင်းပြီး.ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို ကျွေးမွေး ထောက်ပံတာလဲ”ဟုမြတ်စွာဘုရားက ထပ်မံ မေးတော်မူ၏။ 
ဤတွင် ရဟနုးတော်လေးက.. မိမိဘဝဖြစ်ရပ်မှန်ကို ရဟန်းပရိတ်သတ်အလယ်မှာ. .ထင်ရှားအောင်   မြတ်စွားဘုရား  လျှောက်ထားတော်မူလေ၏။
 
ဘုန်းတော်ကြီးတော်မူသော မြတ်စွားဘုရား..တပည့်တော်သည် သာဝတ္ထိပြည် ၁၈-ကုဋေကြွယ်သော သူဋ္ဌေးမျိုး၏ တစ်ဦးတည်းသော သားဖြစ်ပါသည်။ တနေ့သောအခါ တပည့်တော်ရဲ့အိမ် လေသာပြတင်းမှ လမ်းမကို လှမ်းကြည်နေစဉ် ပန်းနံ့သာ လက်ဝယ်ကိုင်၍  တရားနာရန် ဇေတဝန်ကျောင်းတော်သို့ သွားနေသော လူများကို မြင်တွေ့ရလို့ တပည့်တော်လည်း ပန်းနံ့သာကို ကိုင်ဆောင်ကာ ပရိတ်သတ်များနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ တရားနာ လိုက်လာခဲ့ရပါသည်ဘုရား။ မူလ တရားနာလာရင်းက ဘာရည်ရွယ်ချက်မှမရှိ ..လမ်းပေါ်မှ တရားနာသွားသော ပရိတ်သတ်များကို သဘောကျလို့ လိုက်ပါလာရခြင်းပါ။ 
ဤတရားပွဲတွင် မြတ်စွဘုရားသည် လောက လူဘုံ ကာမဂုဏ်တို့ရဲ့ အပြစ်နဲ့ ရဟန်းဘဝရဲ့ ကောင်းကျိုး ချမ်းသာကို ဟောတော်မူပါသည်။ 

( ဃရာဝါသော သမ္ဗာဓော - အိမ်ရာတည်ထောင် လူတို့ဘောင်သည် အတောင်နှစ်ဆယ် ကျယ်ဝန်းသော တိုက်တာကြီး၊ ဇိမ်ခံစရာ အဖြာဖြာနဲ့ ပြည့်စုံအောင် ပိုင်ဆိုင်ကာ နေထိုင်ရသော်ငြားလည်း ထိုပစ္စည်းမျာကို ထိမ်းသိမ်းစောင့်ရှောက်ကာ ပူပင်ရသောကြောင့် ကျဉ်းမြောင်း၏၊ ကိစ္စဝိစ္စများဖြင့် ရှုပ်ထွေးလှ၏။

အဗ္ဗောကာသော ပဗဇ္ဖာ - အိမ်ယာမထောင် ရဟန်းဘောင်သည် သားရေးသမီးရေးနှင့် လောကရေးရာ အဖြာဖြာမှ ကင်းဝေးသောကြောင့် ဆယ်ပေပတ်လည် တိုက်ခမ်းလယ်မှာ နေရသော်လည်း အလွန်ကျယ် ပြော လှသည့် လွင်တီးခေါင် - ကွင်ပြင်ကြီးနှင့်တူ၏။ အလွန်လတ်လပ်မှုရှိ၏။ )
ဗုဒ္ဓ၊ သာမညဖလသုတ်

ဤတရားတော်ကို နားကြားရပြီးနောက် တရားပွဲပြီးပြီးချင်း ပရိတ်သတ်တွေ အပြန်မှာ တပည့်တော် တစ်ယောက်တည်း လွတ်လပ်တဲ့ ရဟန်းဘဝကို ရချင်လွန်းလို့ မြတ်စွာဘုရားထံ ရဟန်းဝတ်ခွင့်တောင်း ခဲ့ပါသည်။ မြတ်စွာဘုရားက မိဘတို့ခွင့်မပြုသော သား၊သမီးကို ရဟန်းဝတ်ခွင့်မပြုဟု မိန့်တော်မူသောကြောင့် တပည့်တော် မိဘများထံ ရဟန်ဝတ်ခွင့်ကို တောင်းရပါတော့သည်။

တပည့်တော်သည် ဒီရဟန်းဘဝကို လွယ်လွယ်နှင့် ရခဲ့ခြင်းမဟုတ်ပါ။  ဦးစွာပထမ ..မိဘတွေက သူတို့ကို စွန့်ခွာသွားမယ့်အရေးတွေကား အလွန်းအမင်းကန့်ကွက်ကြပါသည်။ တပည့်တော် သူတို့ကို ခွဲခွာပြီး ရဟန်းသွားမယ့်အရေးသည် အသဲကွဲမတတ်..မျက်ရည် ပင်လယ်ဝေခဲ့ကြပါသည်။ 

“ ဩော်.. ချစ်လှစွာသော..သား၊ အမျိုးရဲ့ အားကိုးရာဖြစ်သော..သား၊ ငါ့သားမရှိလျှင်.. ငါတို့မနေတတ်ပြီ၊ ငါ့သား မရှိရင်..ငါတို့သေရတော့မည်၊ ငါတို့လည်း အသက်ကြီးကုန်ပြီး ငါတို့ကို ခွဲမသွားပါနဲ့ …။ ချစ်သား.. ရဟန်းဘဝဆိုတာ ..အပူလိုသော်.. အအေးကိုရတတ်တယ်၊ အအေးလိုသော်.. အအေးကိုရတတ်တယ်။ မပြည့်စုံတဲ့.. ရဟန်းဘဝကို ငါတို့ကို စွန့်ခွာပြီး မသွားပါနဲ့လားသားရယ်” ..စသည်ဖြင့် အကြမ်းနည်း အနုနည်း နည်းမျိုးစုံဖြင့် တာမြစ်ကြပါသည်။

ထိုကဲ့သို့ အမျိုးမျိုးသော မိဘတွေရဲ့ တာမြစ်ချက်ကို ကျော်လွန်ကာ.. ရဟန်းဘဝ ရရှိရေး ၇-ရက် အစာငတ်ခံ ဆန္ဒပြတော့ မိဘတွေ စဉ်စားလာပါသည်. “တကယ်လို့.. သားလေးကို ရဟန်းဝတ်ခွင့် မပေးရင် .. ယခုပင် အစာငတ်လို့ သေရတော့မည်၊ ငါတို့သာလေးကို လုံးဝတွေ့ရတော့မည်မဟုတ်။ ရဟန်းဝတ်ခွင့် ပေးလိုက်လျှင်ကား ရဟန်းဘဝနှင့် တွေ့နိုင်သေးသည်” ဟု မိဘနှစ်ပါးတိုင်ပင်၍ တပည့်တော် ရဟန်းဘဝ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

မိဘတွေမှ ရဟန်းဝတ်ခွင့်ပြုတယ်ဆိုရင်ပဲ.. ချက်ခြင်းပဲ အားရဝမ်းသာနဲ့ ဇေတဝန်ကျောင်းကိုရောက်ပြီး   မြတ်စွာဘုရားမှ ရဟန်းတစ်ပါးကို ခေါ်ပြီ တပည့်တော်ကို ရဟန်းပြုပေးခဲ့ပါသည်ဘုရား။

တပည့်တော် ရဟန်းတော်များ လိုက်နာကျင့်သုံးသင့်တဲ့ ဝိနည်းစသော စည်းကမ်းတွေကို ဆရားဘုန်းကြီးထံမှာ (၅) နှစ်တိုင်တိုင်သင်ကြားခဲ့ပြီး။ ဝိပဿနာတရား အားထုတ်နည်းများ သင်ကြားကာ လူသူဝေးရ တောကျောင်း သို့သွား၍ တရားအားထုတ်ခဲ့ပါသည်။

တပည့်တော် (၁၂) နှစ်တိုင်အောင် ရဟန်းတရားများကို ကြိုးစားအားထုတ်သော်လည်း မိဘများရဲ့ သံယောဇဉ် ချီးနှောင်မှုကြောင့် ဘာတရားထူးမှ မရခဲ့ပါ။  တနေ့ တပည့်တော်နေသော တောကျောင်းသို့ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ရဟန်းတပါးကြွလာအခါ တပည့်တော်ရဲ့ မိဘများအကြောင်း စုံးစမ်းသောအခါ.. ဧည့်သည် ရဟန်းတော်လေးက

 “ ငါ့ရှင်.. ဤသူဋ္ဌေးမိသားစု အကြောင်းကာ ဝမ်းနည်းဖွယ်ကောင်းလေစွ၊ သူတို့ သားလေး သာသနာ့ဘောင် ရဟန်းပြုပြီးနောက် အားကိုး အားထားမရှိတော့ပဲ စီးပွားရေးသမားများရဲ့ လိမ်လည်မှု ၊ တပည့်များရဲ့ လှည့်ပတ်မှုကြောင့် အလွန်ဆင်းရဲသော ဘဝသို့ရောက်ရှိသွားပါပြီ။ စားသောက် စရာမရှိတော့တဲ့အဆုံးမှာတော့ အိမ်ကိုရောင်းလိုက်ရပြီး လမ်းဘေးမှာ ခွက်ဆွဲတောင်းစားရတဲ့ ဘဝကိုရောက် သွားပါပြီး အရှင်ဘုရား” ဟု ဧည့်သည်ရဟန်းတော်လေးရဲ့စကားကို ကြားရရင်ပဲ တပည့်တော် စိတ်မထိမ်း နိုင်တော့ပဲ ငိုကြွေရပါသည်အရှင်ဘုရား။

ဧည့်သည်ရဟန်းလေးရဲ့ စကားကိုကြားရပြီးနောက် တပည့်စဉ်းစားမိတာက.. ‘ငါသည် (၁၂) နှစ်တိုင်တိုင် တရားအာထုတ်သော်လည်း ဘာတရားထူးမှ မရ၊  ငါ့မှာတရားထူးရလာဖို့ ပါရမိမရှိ၊ ငါတောကျောင်းမှာ ဆက်လက် တရားအားထုတ်လို့တော့ ဘာတရားမှ ရတော့မည်မဟုတ်၊ သာဝတ္ထိပြည်၍ လူဝတ်လဲပြီး မိဘများကိုလုပ်ကြွေးရင်းဖြင့် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်းဖြင့် နတ်ပြည်ရောက်ကြောင်း တရားများကို ကြိုးစားအားထုတ်တော့မည်’ ဟု စဉ်းစားမိပါသည်။

နံက်မိုးသောက် အလင်းရောက်တာနဲ့ တပည့်တော် တောကျောင်းလေးမှ ထွက်ခဲ့ပြီး မွေးရပ်ဇာတိ သာဝတ္ထိသို့  ပြန်လာခဲ့သည်။ သာဝတ္ထိရဲ့ မြို့ဝင်လမ်းဆုံမှာ တပည့်တော် တုံ့ဆိုင်းသွားပါသည်။ အကြောင်းရင်းက.. မိဘတို့ ထံ ဦးစွာပထမ သွားမလား ၊ သို့မဟုတ် ဆရာ မြတ်စွာဘုရားထံ သွားရင်ကောင်းမလား စသည်ဖြင့် ဇဝေဇဝါ ဖြစ်ခဲ့ပါသေးသည်။ အဆုံးမှာတော့ ..  

“ငါသည်.. မိဘများကို လူထွက်လုပ်ကြွေးတော့မည်ဖြစ်လို့ ယနေ့မှစ၍ မိဘများနဲ့ တသတ်လုံးနေရတော့မည်     မြတ်စွာဘုရား ကတော့  ဒီနေ့ဟာ နောက်ဆုံး ဖူးတွေ့ခြင်းဖြစ်မည်” ဟုဆုံးဖြတ်ချက်ချကာ မြတ်စွာဘုရားကို ဖူးမျှော်ရန် ဇေတဝန်ကျောင်းတော်သို့ ရောက်လာခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ထူးခြားလှတဲ့ ညနေဆည်ဆာတရားပွဲမှာ မြတ်စွားဘုရားက “မိဘများအား လုပ်ကြွေးသော  ဂုဏ်ကျေးဇူးနှင့် ရဟန်းဘဝနှင့်ပင် မိဘများကို လုပ်ကြွေးနိုင်ကြောင်း”   ဟောကြားသောအခါ တပည့်တော် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါသည်။ တပည့်တော် မိဘများကို ချစ်ခင်မြတ်နိုးသလို ခဲရင်းစွာ ရခဲ့သော ရဟန်းဘဝကိုလည်း မစွန့်လွှတ်ချင်ပါ။ ဒါကြောင့် မိဘများကို ရဟန်းဘဝနှင့်ပင် လုပ်ကြွေးတော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါသည်။ 

နောက်နေ့  နံက်အာရုဏ်တက်လို့ အလင်းရောက်တယ်ဆိုရကင်ပဲ မြတ်စွားဘုရားအား ပူဇော်ကန်တော့ပြီး သာဝတ္ထိမြို့သို ဆွမ်းခံဝင်ခဲ့ပါသည်။ မြို့ဝင်ဝမှာ.. “ တပည့်တော် ဆွမ်းအရင်ကြွရင် ကောင်းမလာ… မိဘများထံ အရင်သွားရင်ကောင်းမလား ..” လို့တွေဝေနေတုန်းမှာပဲ.. ခိုးကိုးရာမဲ့ သူတောင်းစားးဖြစ်နေတဲ့ မိဘများထံ စာသောက်စရာ ဘာမှ မပါသွားရင် မကောင်းဟုစဉ်းစားမိကာ ဆွမ်းခံပြီးမှ မိဘများထံ သွားရောက်တွေ့ ခဲ့ပါသည်။

မိဘများ ခွက်တစ်လုံ ကိုယ်စီရှေ့မှာချကာ တောင်ဝှေး တစ်ချောင်စီဖြင့် အားကိုရာမဲ့ မိဘတွေကို လမ်းပေါ်မှာ တွေ့ရတော့ တပည့်တော်များ နှလုံးကွဲမတတ်.. ဘာစကားတစ်ခွန်းမှ ပြောမထွက်ပဲ မတုန်မလှုပ် ကျောက်ရုပ် ပမာဖြစ်သွားခဲ့ပါသည်။  တပည့်တော် သူတောင်းစားမိဘများ   ရှေ့တည့်တည့် ခြေစုံဆွမ်းရပ်တော့ သူတို့က မိမိရဲ့ သားရဟန်းအဖြစ်ကို မသိရှာပဲ အခြားရဟန်းတစ်ပါး ဆွမ်းလာရပ်သည်မှတ်၍ .. “ တပည့်တော်တို့မှာ ဘာမှ လှူစရာ..တန်းစရာမရှိ.. ကန်တော့ဆွမ်းပါ” ဟူသော စကားကို ကြားရတော့ တပည့်တော် ဝမ်းနည်မျက်ရည် နောင်တမျာက်ရည်များ စီးကျလာခဲ့ပါသည်။  

 တပည့်တော်မိုက်မဲမှုကြောင့် မိဘများ ဒီဘဝရောက်ခဲ့ရတာဆိုပြီး မဖြေဆည်းနိုင်ပါ။ တပည့်တော်ရဲ့ မျက်လုံးအစုံမှ မျက်ရည်တို့သည် မိုးရေပေါက်  ပမာ ခြေဖမိုးပေါ်သို့ စီးကျလာပါတော့သည်။  မိဘများက သုံးကြိမ်တိုင်အောင် ‘ကန်တော့ဆွမ်းပါဘုရား’ လို့ ပြောသော်လည်း တပည့်တော် မတုန်မလှုပ်   ကျောက်ရုပ်ပမာ ရပ်မြဲ ရပ်နေပါသည်။ မိမိငယ်စဉ်က ကုဋေ (၈၀) ကြွယ်ဝခဲ့သော မိဘများ ဒီလိုဖြစ်သွားရတာကို ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရတော့ တပည့်တော်ရဲ့ အကြားအာရုံ အမြင်အာရုံများ ဝေဒနာဖိစီးမှုကြောင့် ခေတ္တရပ်ဆိုင်းသွားသလို ခံစားရပါသည်။

သုံးကြိမ်တိုင်တိုင် ကန်တော့ဆွမ်းပြောသောလည်း ရပ်မြဲမြဲရပ်နေသော တပည့်တော်ကိုကြည့်ကာ.. ဖခင်ကြီးက “ ဟေ့.. အမေကြီး. ငါတို့သားရဟန်း ထင်တယ်သွား ကြည့်စမ်းပါဦး” ဆိုတော့ မိခင်ကြီး တပည့်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ကာ သားမှန်းသိတော့ အရူးမတစ်ယောက်လို့ တပည့်တော်ရဲ့ ခြေရင်းမှာ ဝပ်စဉ်းကာ ငိုပွဲနွှဲပါ တော့သည်။ ဖခင်ကြီးလည်း တပည့်တော်ရဲ့ ခြေဖမိုးမှာ မျက်နှာအပ်ကာ မျက်ရည်များ သွင်သွင်စီးကျနေကို တပည့်တော် ခြေဖမိုးအစုံမှ သိလိုက်ရပါသည်။ 

သားဖသုံးယောက် ငိုကြွေးလိုက်တာ ဘယ်လောက်ကြာသွားမှန် မသိ. ခြေဖမိုးအစုံ မျက်ရည်များ အေးစက်လာမှ.. ပြန်လည်သတိဝင်ကာ မိဘများကို ဖြောင်းဖြရပါတော့သည်။  “ အို..မိခင်ဖခင်တို့ မငိုကြပါနှင့်တော့ ယနေ့မှစလို့ မိဘများနှင့်အတူနေကာ မိဘများကို လုပ်ကြွေးပါတောမယ်” ဟုဆိုကာ တနေရာမှာ ထိုင်စေကာ သပိတ်ထဲမှ   ပါလာသော ယာဂုဆွမ်းကို မိဘများအား ဦးစွာ စားသောက် စေခဲ့ပါသည်။

 ထိုနေ့မှစ၍ တပည့်တော်ရသမျှသော ဆွမ်းတို့ကို မိဘများ စားသုံးစေပြီးမှာ တပည့်တော် ဘုန်းပေးတော်မူပါသည်။ တခါတရံ သုံးယောက်စာ လုံလုံလောက်လောက် မရခဲ့လျှင် မိဘတွေကိုသာာ စားသုံစေပါသည်။ တခါတရံ သင်္ကန်းအတွက် လှူဒါန်းသော ပိတ်စများကိုလည်း သင်္ကန်းအဖြစ်ချုပ်မဝတ်ဘဲ မိဘတွေကိုသာ ဝတ်ရုံစေပါသည်။ မိဘတွေဝတ်ပြီး ဟောင်းနွမ်းသော ပိတ်များကိုသာ ဆေးဆိုး၍ သင်္ကန်း အဖြစ်ချုပ်ကာ ဝတ်ရုံခဲ့ပါသည်။ ဒါကြောင့် တပည့်တော်ရဲ့ သင်္ကန်းများလည် ဟောင်းနွမ်းနေပါသည်ဘုရား။

မြတ်စွာဘုရား..တပည့်တော် သဒ္ဓါ၍လှူဒါန်းသော ပစ္စည်များ လူတို့အား လုပ်ကျွေးည်ဆိုခြင်းမှာ မှန်ကန်ပါသည်။  လူဆိုသည်မှာ.. အခြားလူမဟုတ်ဘဲ..တပည့်ရဲ့ ကျေးဇူးရှင် မိဘများသာဖြစ်ပါသည်ဘုရား။

မြတ်စွာဘုရားသည် ရဟန်းတော်ကလေး ဖြစ်ကြောင်းစုံလင် လျှောက်ထားသံကိုကြားတော့ “ သာဓု..သာဓု.. သာဓု သုံးကြိမ်ခေါ်တော်မူပါသည်။ ကဲ့ရဲ့ရှုတ်ချ ပြစ်တင်တတ်သော ပုထုဇဉ် ရဟန်းပရိတ်သတ် အလယ်၌ မြတ်စွာဘုရားက “`ဤရဟန်းတော်လေးသည် အလွန်ချီးမွမ်းထိုက်ပေသည် ငါသည် ပါရမီဖြစ်စဉ်ကာလက သူလို့ မိဘများအား လုပ်ကျွေးခဲ့ဖူးလေးပြီ။”

ဤသို့မိန့်ကြားသောအခါ .. ရဟန်းပရိသတ်၏ တောင်းပန်းမှုကြောင့် မြတ်စွာဘုရားသည် မိဘများကို လုပ်ကျွေးသော သုဝဏ္ဏသာမဇာတ်တော်ကို ဟောတော်မူလေသည်။ ဒေသနာရဲ့ အဆုံးမှာ မိဘကို လုပ်ကြွေးသော  ရဟန်းတော်လေးသည် သစ္စာလေးပါတရားကိုသိမြင်ပြီး အသက်ထက်ဆုံး မိဘကို ပြုစုစောင့်ရှောက်တတ်သော ရဟန်းတပါးအဖြစ် သာသနာ၌ မှတ်တမ်းတင် ကျန်ရစ်လေတော့ သည်။
သုဝဏ္ဏသာမ ပစ္စုပ္ပန်ဝတ္ထု

Friday, May 3, 2013

နယူးယောက်မှာ သာသနာ ရောင်ဝါနေသို့


နယူးယောက်မှာ သာသနာ ရောင်ဝါနေသို့
 
ကျနော် နယူးယောက်မြို့ကြီးကို ရောက်စက လည်စရာ ပတ်စရာ အိမ် သိပ်မရှိလှလို့ အတော်ယောင်ချာချာဖြစ်ခဲ့ရပါတယ်။ စာကြည့်တိုက်တွေကတော့ ပေါပါပေရဲ့။ အသင်းဝင်ကဒ်ပြား လုပ်ထားပြီး သိပ်မသွားဖြစ်ပါဘူး။ ရုပ်ရှင်ကားတွေတော့ ငှားကြည့်မိပါရဲ့။

တနေ့တော့ သွားရင်းလာရင်းနဲ့ ဆွမ်းခံကိုယ်တော်တွေ တန်းစီပြီး ကြွသွားတာကို အဝေးကနေ လှမ်းမြင်လိုက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ ဆွမ်းခံကိုယ်တော်တွေကိုလှမ်းမြင်ရတာ အလွန်လွမ်းစရာ ကြည်နူးစရာကောင်းလှပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ နေခြည်မှာ ရွှေရည်ဝင်း လို့ဆိုတဲ့ စာတိုစာစ တပိုင်းတစကို ပြေးပြီး သတိရလိုက်မိပါတယ်။ ပြီးတော့ ကွယ်လွန်သူ မန္တလေးပန်းချီဆရာအကျော် ပေါ်ဦးသက်ရဲ့ ဘုန်းတော်ကြီးပုံ ပန်းချီကားတွေကိုရော၊ မင်းဝေအောင်ရဲ့ ပန်းချီကားတွေကိုရော သတိရလိုက်မိပါတယ်။ ကျနော် ပြည်ပကိုထွက်လာခါနီး တော့ မင်းဝေအောင်ရဲ့ ဘုန်းတော်ကြီးပန်းချီကားတွေ အထူးလွှမ်းမိုးနေပါပြီ။ နေခြည်ထဲမှာ ဆွမ်းခံကြွနေတဲ့ ကိုယ်တော်တွေရဲ့ပုံကို နောက်ကနေဆွဲထားတဲ့ ပန်းချီကားတွေ၊ နေပူကျဲကျဲမှာ ဘုန်းကြီးဆောင်း ထီးနီနီဝါ၀ါကြီးတွေဆောင်းပြီး လှမ်းကြွနေတဲ့ ပန်းချီကားတွေ၊ ဦးပြည်းစိမ်းစိမ်းကို အနီးကပ်နောက်ကနေ ရေးဆွဲထားတဲ့ ပန်ချီကားတွေ ...။

ကျနော်ဟာ လှမ်းမြင်မိတဲ့ ဆွမ်းခံကိုယ်တော်တွေနောက်ကို အပြေးလောက်နီးပါး ခြေလှမ်းနဲ့ အမြန်လိုက်သွားမိပါတယ်။ လမ်းသွားရင် နှုတ်ဆက်စကားလျှောက်ထားဖို့ မသင့်ဘူးမဟုတ်လား။ ဒါ့ကြောင့် လမ်းဆုံးအထိလိုက်မယ်လို့ စိတ်ဆုံးဖြတ်ပြီး နောက်ကပဲ ကပ်လိုက်သွားပါတယ်။ အတန်ကြာတော့ ခြံကျယ်ကြီးတခုထဲကို ကွေ့ဝင်ကြွသွားကြပါတယ်။ လမ်းမှာတော့ ဒကာ ဒကာမ တဦးတလေမျှ ဆွမ်းလောင်းထွက်တာ မမြင်မိပါဘူး။ ဘုန်းကြီးတန်းကြီးပျောက်သွားတော့ စိတ်မောသွားမိပါတယ်။ နေခြည်ထဲက ဘုန်းကြီးတန်းကြီးဟာ ဒို့ဗမာပြည်ရဲ့ ကြည်နူးထူးမြတ်တဲ့ နိမိတ်ပုံတခုပါတကားလို့လဲ စွဲမှတ်သွားလိုက်မိပါတယ်။ ကျနော်တို့ရွာ အချိန်ကို နာရီနဲ့မပြောပဲ ဆွမ်းခံဝင်ချိန်၊ ဆွမ်းခံပြန်ချိန် စသဖြင့် ပြောခဲ့ကြပုံတွေကိုလည်း တစဉ်တန်း အမြှင်တန်းပြီး တွေးတောလိုက်မိပါတယ်။

ဆွမ်းခံသံဃာတန်းကြီး ကွေ့ဝင်သွားတာက ဘုန်းကြီးကျောင်းကြီးထဲကို ဖြစ်နေပါကလား။ ဘုန်းကြီးကျောင်းကိုတွေ့ပြီဆိုတော့ ပိုပြီးဝမ်းသာ သွားမိပါတယ်။ ဘုန်းကြီးကျောင်းဝင်းကြီးက အကျယ်ကြီးပါ။ တဧကခွဲလောက်ကျယ်မယ်ထင်ပါတယ်။ အုတ်တိုက်ကျောင်းကြီး ကလည်း ကြီးမှကြီး။ မန္တလေးကျောင်းတိုက်ကြီးလိုပါပဲ။ မော်ကြည့်မိတော့ အချွန် အမွန်တွေက ဗမာလက်ရာမဟုတ်ပဲ တရုတ်လိုလို၊ ထိုင်းလိုလို ၀င်ပေါက်ရဲ့အဆုံးမှာ ဗမာဘုန်းကြီးကျောင်းတွေမှာ မြင်လေ့မရှတဲ့ ပကတိလူအရွယ်ထက်ကြီးတဲ့ အရုပ်ကြီးက မားမားမတ်မတ်။ ကွယ်ယင်မယ်တော်ဆိုတာထင်ပါရဲ့။ တရုတ်တန်းဘက်မှာလား၊ ဘာလား မသိ မြင်ဖူးပါတယ်။ ဗမာထုံးစံအတိုင်းဝင်သွားတော့ ဘုန်းတော်ကြီးများက ပြုံးပြီးကြိုဆိုကြပါတယ်။ စကားပြောကြည့်တော့မှ ဗမာဘုန်းကြီးတွေမဟုတ်ဘဲ ထိုင်းဘုန်းကြီးတွေဖြစ်နေတာ သိရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သင်္ကန်းဝါ၀ါနဲ့ ဦးပြည်းနဲ့ ပုဂ္ဂိုလ်တွေကို ဖူးမြင်ရတာ ကြည်နူးမိပါတယ်။ မိရိုးဖလားအစွဲအလန်းက သံဃာ (ဘုန်းကြီး) ဆိုတာ အနန္တော၊ အနန္တငါးပါးဝင် ဆရာမိဘနဲ့တန်းတူ တဂိုဏ်းတည်းပါတကားစဉ်းစားတဲ့ အမြင်အစွဲဟာ ဇာတိပြလာပါတော့တယ်။ ဗမာပါလို့လျှောက်ထားဝတ်ချပြီး ပြန်ခဲ့ပါတယ်။

နောက်တော့ ဘုန်းကြီးကျောင်းတကျောင်းကိုရောက်သွားပါတယ်။ အိမ်တအိမ်ရဲ့ အပေါ်ထပ်တခြမ်းမှာပါ။ ခပ်ကျဉ်းကျဉ်းပါပဲ။ ဗမာပြည်က ရခိုင်ဘုန်းတော်ကြီးတပါးပါ။ ရခိုင်သံဝဲ၀ဲနဲ့ ဗမာစကားပြောပါတယ်။ ပါရဂူဘွဲ့ရထားသူပါပဲ။ နောက်တကျောင်းကတော့ မန္တလေးကိုယ်တော် တပါးရဲ့ကျောင်းပါ။ ကျောင်းရဲ့ဘွဲ့အမည်က ၀ိသုဒ္ဓါရုံ ဓမ္မရံသီကျောင်းတဲ့။ ဒကာ ဒကာမွေက ပါဋ္ဌိဘွဲ့အမည်ကို ဖတ်လေ့မှတ်လ့နည်းပါတယ်။ ဘုန်းကြီးသုံးပါး သီတင်းသုံးနေထိုင်လို့ သုံးပါးကျောင်းလို့ပဲ အမည်တွင်ပါတယ်။ မျက်စောင်းထိုး တခေါ်လောက်မှာ ပအို့ဝ်ဘုန်း တော်ကြီးတပါးတည်း သတင်းသုံးတဲ့ ကျောင်းတကျောင်း ရှိသေးသတဲ့။ ကျောင်းအမည်က မဟာအောင်မြေတဲ့။ မြေတော့မရှိရှာပါဘူး။ အိမ်တအိမ်ရဲ့ အပေါ်ထပ်မှာပါ။ တခါက အဆိုတော်ကြီး မာမာအေး ခေတ္တတည်းခိုသွားဖူးတဲ့နေရာလို့ ဆိုပါတယ်။ အဲဒီတပါးကျောင်း ဆရာတော်က အိန္ဒိယက တက္ကသိုလ်ကျောင်းထွက်ပါရဂူဘွဲ့ရလို့ သတင်းကြားရတော့ ၀မ်းသာရပါတယ်။ အမေရိကန်မှာ သာသနာပြုရင် အင်္ဂလိပ်စာကျွမ်းဖို့လိုမှာပေါ့။ တပါးကျောင်းနဲ့ သုံးပါးကျောင်းဆရာတော်များက စာပေ၀ါသနာပါကြပါတယ်။ အနေကြာလာတော့ ကျနော်နဲ့ ဆရာရင်း ဒကာရင်းတွေ ဖြစ်လာကြပါတယ်။

သုံးပါးကျောင်းဆရာတော်က စာပေပါမက ပန်းချီပါ ၀ါသနာပါတယ်။ ပေါ်ဦးသက်ရဲ့ ရွှေတိဂုံစေတီတော်ကြီးပုံကို မန္တလေး လူထုတိုက်မှာ မြင်နေကျပါ။ အဲ့ဒီပုံနဲ့ ထပ်တူကျအောင် ဆရာတော်က ဆွဲနိုင်ပါတယ်။ အနီးကပ်ကြည့်မှ လက်ရာမတူတာကိုတွေ့နိုင်ပါတယ်။ ပန်းချီဆွဲပါ။ ပြပွဲလုပ်ကြမယ်ဆိုပေမယ့် မဆွဲဖြစ်ပါဘူး။ ဧည့်သည် အာဂန္တွုေများလို့နဲ့တူပါတယ်။ ဒါပေမယ့် နောက်ကျောဘက်က ဆွမ်းစားဆောင်မှာ စာပေ၀ါသနာပါတဲ့ ဒကာ ဒကာမတွေရဲ့ တိုက်တွန်းမှုနဲ့ စာကြည့်တိုက်ကလေးတခုတော့ လုပ်ဖြစ်ပါတယ်။ နယူးယောက် ဗမာတွေမှာ စာဖတ်ဝါသနာပါသူတွေ တော်တော်လေးရှိပါတယ်။ သူတို့ဖတ်ပြီး စာအုပ်တွေ စာနယ်ဇင်းတွေကို လှူကြပါတယ်။ အသက် ၈၀ ကျော် စာပေ၀ါသနာရှင် အဖွား ဒေါ်ခင်တီဆိုတာက စာအုပ်ဘီဒိုတွေ လှူတယ်။ ရီတာအောင်တို့လို စာရေးဆရာမမျိုးကလဲ သူရဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ လှူထားပါတယ်။ စည်းကမ်းသိပ်ကြပ်လို့တော့ မရပါဘူး။ တချို့လောဘကြီးတဲ့ စာဖတ်သူများက သူများလက်ပါသွားမှာစိုးလို့တဲ့ သူဖတ်ချင်တာတွေကို တွန်းလှဲနဲ့ သယ်သွားတာ တွေ့လိုက်ရပါတယ်။ ဆရာတော်ကလဲ ပြောချိန်မရလောက်အောင် အလုပ်ရှုပ်နေဟန်တူပါတယ်။ ငှားသွားတာတွေကို ပြန်တော့ပို့ကြပါသတဲ့။ ငှားချိန် ကန့်သတ်လို့လဲ မရပါဘူး။ ကြုံမှ ပြန်အပ်ကြတာပါ။

ဒီကျောင်း နှစ်ကျောင်းက ကွင်းခေါ် ဘုရင်မမြို့နယ်ထဲမှာရှိတာပါ။ ဘရွတ်ကလင်းဘက်မှာလဲ ဘာကင်ကျောင်းတဲ့။ မစိုးရိမ်ကျောင်းတဲ့။ နှစ်ကျောင်းရှိနှင့်ပါတယ်။ ကျနော်နေတဲ့ ဘုရင်မမြို့နယ်ထဲက ကားနဲ့သွားရရင် နာရီဝက်လောက်သွားရပါတယ်။ ဝေးလို့ မသွားဖြစ်ပါဘူး။ နောင် တနှစ် နှစ်နှစ်ကြာမှ ကားကြုံလို့ လိုက်သွားဖူးပါတယ်။ မစိုးရိမ်ကျောင်းဆိုတာ မစိုးရိမ်စာချကိုယ်တော်ကြီး သီတင်းသုံးတဲ့ကျောင်းပါ။ ရှစ်လေးလုံးကာလက ဖမ်းဆီးခံ၊ ထောင်ချခံရရှာတဲ့ မထေရ်ကြီး ၀ါကြီးဆရာတော်ကြီးပါ။ တပည့် သံဃာ ၆၀၀၀ လောက်မွေးထုတ်ခဲ့တဲ့ ဆရာတော်ကြီးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုတော့ မျက်ရည်လည်လောက်အောင် စိတ်ထိခိုက်မိပါတယ်။ ဗုဒ္ဓဘာသာ အမြင်အရရော၊ လူလောကအမြင်အရရော ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို ဗုဒ္ဓဘာသာဝင်စစ်ဗိုလ်စစ်သားတွေက ဘယ်လိုစိတ်ဓာတ်နဲ့များ လုပ်ရက်ကြသလဲဆိုတာ မစဉ်းစားနိုင်အောင်ပါပဲ။

ရွှေဝါရောင်တော်လှန်ရေးဆိုပြီး ကမ္ဘာ့စာနယ်ဇင်းတွေမှာ ဟိုးလေးတကျော်ဖြစ်သွားတဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြပွဲဆိုတာ မျိုးကတော့ ဗုဒ္ဓဘာသာ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာရော မကြံစဖူး ထူးကဲလှပါတယ်။ တန်းစီလာကြတဲ့ သံဃာတော်များဟာ မေတ္တာသုတ် ရွတ်လာကြတာဆိုတော့ အလွန်ကြည်နူးစရာ၊ ကြည်ညိုစရာပါ။ ဒကာ ဒကာမတွေ အချိုရည်များ၊ ရေအေးများ ကပ်လှူပြီး လမ်းမပေါ်မှာ ထိုင်ကန်တော့ကြပါတယ်။ ဒါကို သေနတ်တွေနဲ့ပစ်သူက ပစ်ကြပါတယ်။ ဒီအချိန်မှာ ပီနန်ဆရာတော်ကြီးကလဲ နယူးယောက် မြို့မှာ ရောက်ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု အမြို့မြို့အနယ်နယ်မှာ ရောက်ရှိနေကြတဲ့ သံဃာတော်များပါ နယူးယောက်မှာ စုဝေးပြီး သာသနာ့ဥသျှောင် ဆိုတဲ့ အဖွဲ့အစည်းတခု ဖွဲ့လိုက်ပါတယ်။ ပီနန်ဆရာတော်ကြီးက ဥက္ကဌ၊ မစိုးရိမ်ဆရာတော်ကြီးက နာယက၊ သာသနာ့ဥသျှောင်အဖွဲ့ကြီးက စစ်အာဏာရှင်အစိုးရကို ရှုတ်ချကန့်ကွက်ပါတယ်။ တိုက်ခန်းတခန်းကို ငှားပြီး ရုံးခန်းလုပ်တော့ သာသနာ့ဥသျှောင်ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းတိုးလာခဲ့ပါတယ်။ သာသနာ့ဥသျှောင် ရုံးခန်းအတွက် အကုန်သက်သာအောင် တပါးကျောင်းကို ခဏရွှေ့ပြောင်းသွားတော့ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ သာသနာ့ဥသျှောင် ကျောင်းဝန်းနေရာကို ဦးဇင်းတပါးက ဆက်ခံပြီး ဧချမ်းမြေ့ ဆိုတဲ့ ဘွဲ့အမည်နဲ့ ကျောင်းတကျောင်းထောင်လိုက်တဲ့အခါ ဘုန်းကြီးကျောင်း တကျောင်း ထပ်တိုးသွားပြန်ပါတယ်။ အဲဒီကျောင်းလဲ တပါးကျောင်းပါပဲ။

ရွှေဝါရောင်အရေးအခင်းမှာ ထွက်ပြေးလာရတဲ့ ဘုန်းကြီးသုံးပါးက ဘရွတ်ကလင်းဘက်ရောက်လာပြီး ကျောင်းတကျောင်းထောင်တယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမေရိကန်တဦးက ကူညီအားပေးပါတယ်။ ကျောင်းဘွဲ့က မေတ္တာပါရမီတဲ့။ ထောင်ထွက်ဘုန်းတော်ကြီးတပါးက ဦးဆောင်ပါတယ်။ နိုင်ငံရေးနဲ့ပြေးလာကြရတဲ့ ကျောင်းသားကြီးတချို့လဲ အဲဒီကျောင်းမှာ ဒုလ္လဘရဟန်းခံတာတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ဘရွတ်ကလင်းဘက်မှာ ဘုန်းကြီးကျောင်းသုံးကျောင်းဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ မေတ္တာပါရီမီကျောင်းကို တပတ်တခါ ဆွမ်းဟင်းပို့လှူပါတယ်။

သုံးပါးကျောင်းလို့တွင်တဲ့ မဟာဝိသုဒ္ဓါရုံကျောင်းကတော့ အာဂန္တုဘုန်းတော်ကြီးတွေများပါတယ်။ ဒါပေမယ့် သုံးပါးထက်ပိုခဲ့တယ်။ ခဏသီတင်းသုံးပြီး မြို့ရွာအနှံ့ ဖြန့်သွားကြပါတယ်။ အာဂန္တတပါးက နက္ခတ်ဗေဒင်တတ်သတဲ့။ ဒါ့ကြောင့် ဘွဲ့အမည်ကိုမခေါ်ပဲ ဗေဒင်ဘုန်းကြီး လို့ပဲ ခေါ်ကြပါတယ်။ ဗေဒင်ဘုန်းကြီးမှာလည်း သူ့နည်းနဲ့သူ ကိုးကွယ်သူတွေများလာတော့ ဘုရင်မမြို့ထဲမှာပဲ ရွှေဘုန်းပွင့် အမည်နဲ့ ကျောင်းတကျောင်းထောင်လိုက်လို့ ဘုန်းကြီးကျောင်း ၈ ကျောင်းဖြစ်လာပါတယ်။

မကြာခင်ကပဲ နိုင်ဝင်ဘာလထဲမှာ ပီနန်ဆရာတော်ကြီးက မြေကွက်တကွက်ကို လောင်းအိုင်လင်း နယ်မြေဘက်မှာ ၈ သိန်းကျော်ပေးပြီး ၀ယ်ယူခဲ့ပါတယ်။ သုံးထပ်တိုက်အရှည်ကြီးတတိုက်လဲ ပါရှိပါတယ်။ အဲဒီနားမှာက ဗမာအိမ်မရှိပါဘူး။ ကားနဲ့ ဆယ်လေးငါးမိနစ်လောက်သွားရတဲ့နေရာမှာ ဗုဒ္ဓဘာသာအိမ်တအိမ်ပဲရှိပါတယ်။ ဆရာတော်ကြီးက မလေးရှားမှာပဲ ခမ်းနားကြီးကျယ်တဲ့ကျောင်းတိုက်ကြီးတခုတည် ထောင်ပြီး သီတင်းသုံးနေပါတယ်။ အသစ်ဝယ်လိုက်တဲ့ ကျောင်းကြီးမှာ သံဃာတပါးတင်ထားပါတယ်။ ကျောင်းဘွဲ့က ဗုဒ္ဓဒီပံ တဲ့။ ဗုဒ္ဓဘာသာ ဗမာတွေကို အထင်မသေးရအောင် ကျယ်ဝန်းခမ်းနားတဲ့ကျောင်းကြီးဝယ်လိုက်လို့ မိန့်ကြားပါတယ်။ ဗမာတွေများတဲ့ ဘုရင်မ (ကွင်း) မြို့နယ်ထဲမှာက မြေကျယ်ကျယ်မရှိပါဘူး။ ဒါပေမယ့် ဆွမ်းကွမ်းပေါပါတယ်။ ပီနန်ဆရာတော်ကြီး သာသနာပြုပုံ ထူးခြားပါတယ်။ ဗမာလူမျိုးတွေ တစုတဝေးရောက်ရှိနေထိုင်တဲ့ နိုင်ငံတိုင်းမှာ ဗုဒ္ဓဘာသာကျောင်းတွေ ၀ယ်ယူတည်ထောင်ပေးပြီး သံဃာတော်မျာလဲ ရှာဖွေအပ်နှံပေးပါတယ်။ နိုင်ငံခြားမှာ ကျောင်းထိုင်သံဃာတော်များဟာ ဗမာစကားအပြင် အင်္ဂလိပ်စကား၊ တရုတ်စကားသစည် ပြောတတ်ရပါတယ်။ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းနဲ့ ထိုင်းဘုန်းကြီးပါ ပေါင်းရင် နယူးယောက်မှာ ဗုဒ္ဓဘာသာကျောင်းပေါင်း ၁၀ ကျောင်းရှိသွားပါ ပြီ။

ပီနန်ဆရာတော်ကြီးက နယူးယောက်ကို တနှစ်တခေါက်၊ နှစ်ခေါက်ဆိုသလို ကြွရောက်လာတတ်ပါတယ်။ တခါတော့ ကျနော်တို့က ဆွမ်းကပ်ပါတယ်။ ဆရာတော်ကြီးက ... ဒကာတို့ ဗိုလ်နေ၀င်းကို ကျေးဇူးတင်ကြ။ သူလုပ်လို့ ဘုန်းကြီးတွေရော၊ ဒကာတွေရော ပြည်ပကို ပြေးလာကြရတာ။ ဟော ခုတော့ အမေရိကားလို နိုင်ငံကြီးမှာတောင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ စည်ကားလာပြီ မဟုတ်လား။ ကျေးဇူးဆိုတာ ရှာကြံတင်တတ်ကြရမှာပေါ့ .... လို့ ရယ်ရယ်မောမောနဲ့ မိန့်ကြားဖူးပါတယ်။

တကယ်တော့ နယူးယောက်မြို့နယ်ရဲ့ မြို့တော်က အယ်လ်ဘန်နီပါ။ အယ်လ်ဘန်နီမှာ ရုံးချုပ်တွေတည်ရှိပါတယ်။ နယူးယောကကနေပြီး ကားနဲ့သွားရင် ၃ နာရီ ပြင်းပြင်းလောက်ကြာပါတယ်။ အဲဒီမှာ ၂၀၀၃ လောက်ကတည်းက ဘုန်းကြီးကျောင်းတကျောင်း ရှိနေပါပြီ။ ကျောင်းထိုင်ဆရာတော် ဦးဣဿရိယက မိုးကုတ်ကကြွလာတာဆိုတော့ ဒကာ ဒကာမတွေက မိုးကုတ်ဆရာတော်လို့ပဲ လွယ်လွယ် ခေါ်ကြပါတယ်။ အဲဒီမှာရှိကြတဲ့ ဗမာတွေက ကျောင်းသားတပ်မတော်ကလာကြတာများပါတယ်။ ခုနောက်တော့ နောက်ထပ်ဗမာတွေ တနေ့တခြားတိုးများနေပြီး ဘုန်းကြီးကျောင်းတကျောင်းတောင် ထပ်ပြီးပေါ်ပေါက်နေသတဲ့။

မိုးကုတ်ဆရာတော်ကြီးက ၂၀၀၃ ခုနှစ် ကျနော်အမေရိကားကိုရောက်စကတည်းက အဆက်အသွယ်ရှိပါတယ်။ ကျနော်က အိုင်အိုစာ တက္ကသိုလ် စာပေရေးသားမှုအစီအစဉ်မှာ ပါဝင်ဆင်နွှဲနေကတည်းက တပတ် တခါ နှစ်ခါ ဖုန်းဆက်လေ့ရှိပါတယ်။ အဲဒီအစီအစဉ်ကို ကိုသာနိုး၊ ကိုဝင်းဖေ၊ ချစ်ဦးညို၊ ဒေါက်တာ ခင်မောင်ညို၊ နုနုရီ၊ ခက်မာ စတဲ့ စာရေးဆရာတွေ တက်ရောက်ခဲ့ကြဖူးပါတယ်။ နိုင်ငံတကာက စာရေးဆရာတွေ တွေ့ဆုံမိတ်ဖွဲ့တဲ့ပွဲပါပဲ။ နှစ်တိုင်းရှိပါတယ်။ တကြိမ်လုပ်ရင် သုံးလကြာပါတယ်။ သုံးလပြီးရင် ကျနော်က နယူးယောက်ကို သားအကြီးနဲ့သွားနေမယ်လို့ဆိုတော့ သူ့ဆီအရင်လာနေပါလို့ ဆရာတော်က ဖိတ်ကြားတာနဲ့ တလလောက်သွားနေခဲ့ဖူးပါတယ်။ သူပုန်ကျောင်းသားတွေရဲ့ ပို့ဆွမ်းကိုစားခဲ့ရပါတယ်။ အဲဒီက ကျောင်းသားကြီးတွေနဲ့လဲ တူသားအရင်လို ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲ့ဒီမြို့မှာ ကားတိုက်ခံရတဲ့ သမင်ပံ့သကူသားတွေ မပြတ်စားရတာပါပဲ။

ခုဆိုရင် အယ်လ်ဘန်နီမြို့မှာ နှစ်ပေါင်း ၉၀ ကျော် ၁၀၀ နီးပါးသက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟောင်းမြေနေရာကို ရောင်း မယ်ကြားလို့တဲ့ ၀ယ်ယူပြီး ဗုဒ္ဓဘာသာ သာသနာ့မြေအဖြစ်ပြောင်းလဲဖို့ မိုးကုတ်ဆရာတော်နဲ့ ဒကာ ဒကာမတွေ အားထုတ်နေကြပါတယ်။ ရန်ပုံငွေ ပြည့်စုံရင် အမြန်ဝယ်ဖြစ်မှာပဲဆိုပြီး အလှူခံနေကြလေရဲ့။ အဲဒီနေရာကိုရရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားစခန်းတို့ သင်တန်းတို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ လက်ရှိကျောင်းမှာ သံဃာ ၃ - ၄ ပါးရှိပါတယ်။ စာတိုက်ကလေးသဖွယ် စာအုပ်များလည်း ထားရှိပါတယ်။ ဘာသာရေး ပွဲလမ်းအခမ်းအနားတွေအပြင် ဗမာတွေရဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ စာဆိုတော်နေ့ စတဲ့အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

ကျနော်လဲ အယ်လ်ဘန်နီ ဘုန်းတော်ကြီးကျောင်းမှာ သင်္ကန်ဝတ်ဖို့ စိတ်ကူးဝင်ဖူးပါတယ်။ ဒါပေမယ့် သီလလဲ မပေးတတ်တဲ့အပြင် သံဃာတော်တွေ တန်းစီရင် အသက်ကြီးပြီး ၀ါငယ်တဲ့ ဘုန်းကြီးအိုကြီးက နောက်ဆုံးကနေပြီး နှေးတုံ့ နှေးတုံ့ လိုက်နေရမှာ အားနာလို့ သင်္ကန်မစီးဖြစ်တော့ဘဲ ဘုရင်မမြို့နယ် (ကွင်းမြို့နယ်) ထဲက တပါးကျွန်းခေါ် မဟာအောင်မြေကျောင်းမှာ ပအို့ဆရာတော် ဦးဝိလသ အမှူးထားပြီး ပဋ္ဌာန်းဝတ်အသင်းတခု တည်ထောင်ထားပါတယ်။ တနင်္ဂနွေ ညနေတိုင်း ပဋ္ဌာန်းရွတ်ဖတ်ပြီး ၀တ်ပြုကြပါတယ်။ အသင်းသား ၃၀ ၀န်းကျင်ရှိပါတယ်။ အဲဒီမှာ သက်ကြီးပူဇော်ပွဲ၊ အဖေနေ့၊ အမေနေ့ ကန်တော့ပွဲ စတဲ့ပွဲတွေ နှစ်စဉ်လုပ်ပါတယ်။ အဲဒီမှာ ဘုရားဒကာ၊ ကျောင်းဒကာအဖြစ်နဲ့ ပါဝင်ဆောင်ရွက်ရင်း ဆရာတော်က ကမ္မဋ္ဌာန်းဝိပဿနာ အလုပ်ပေးစခန်းအဖြစ်ပါ တိုးချဲ့လာတဲ့အတွက် ကျနော်လဲ တောမမှီတဲ့ ယောဂီစွမ်းဖြစ်နေပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ သာဓုခေါ်ကြပါခင်ဗျား ...။

မောင်စွမ်းရည်
၂၀၁၃ ဖေဖော်ဝါရီ
နယူးယောက်



သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပါသည်။

Thursday, May 2, 2013

ရေကန်ထဲက ဆား


                                                 
                                                               ရေကန်ထဲက ဆား

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..


ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..

ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..

ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”


 “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..

“Stop being a glass. Become a lake.” ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်

The taste of life ( Unknown Author) ကို ဘာသာပြန်ဆိုပါသည်။

http://on.fb.me/14bZP6P

သော်တာ မောင်

Wednesday, May 1, 2013

ကိုယ့်ကိုယ်ကိုသာ စိစစ်ပါ


ကိုယ့်ကိုယ်ကိုသာ စိစစ်ပါ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ရာဇဂြိုလ်ပြည် ဝေဋုဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူခိုက်ဖြစ်ပါတယ်။ အဲဒီ သုပ္ပဗုဒ္ဓ လို့ခေါ်တဲ့ နူနာရောဂါစွဲကပ်နေပြီး လူတော်ထဲမ၀င်ဆံ့နိုင်အောင် ရောဂါစွဲကပ်နေသူဖြစ်ပါတယ်။ ဘာလို့ ဒီလိုဖြစ်သလည်း ဆိုရင် တစ်ခုသောဘ၀မှာ ရသိခိလို့ခေါ် ပစ္စေက ဗုဒ္ဓါအရှင်သူမြတ်ကို တံတွေးနဲ့ထွေးပြီး ရိုင်းပြစွာ ပြုမူခြင်း အကုသိုလ်အလုပ်ကို ပြုလုပ်ခဲ့မိပါတယ်း သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည်စုံတဲ့ မပြစ်မှားသင့်တဲ့ ပစ္စေက ဗုဒ္ဓါ အရှင်သူမြတ်အပေါ်မှာ ရိုင်းပျစွာ ပြစ်မှားစော်ကားတဲ့ သူ့ရဲ့ လုပ်ရပ် အကုသိုလ်က သူ့ကို ငရဲမှာ နေရာချပေးခဲ့ပြီး ဆင်းရဲ ဒုက္ခတွေ ခံစားစေခဲ့ပါတယ်။

သူဟာငရဲမှာ ဆင်းရဲဒုက္ခတွေ အချိန်ကာလကြာမြင့်စွာ ခံစားခဲ့ရပြီး  လူပြန်ဖြစ်လာရပြန်တော့ အဲဒီ အကုသိုလ်ကံရဲ့ အကျိုးဆက် အနေနဲ့ နှုနာရောဂါကို ခံစားရတာဖြစ်ပါတယ်။ အဲဒီ လို ရောဂါကြီးနဲ့ နေခြင်းဆိုးတွေနဲ့နေခဲ့ရပြီး ဘ၀နိဂုံးချုပ် သေရတော့လည်း သူဟာ ဘုရားကျောင်းတော်ကအပြန် လမ်းခုလတ်မှာ နွားမတစ်ကောင်ရဲ့ အသေ ဝှေ့သတ်တာကို ခံရပြီး သေခဲ့ရပါတယ်။

ဒီလို သုပ္ပဗုဒ္ဓနှုနာရောဂါသည်ကြီး နွားမဝှေ့သတ်ခံရခြင်း ဆိုတဲ့သေခြင်းဆိုးနဲ့သေရခြင်းကလည်း အတိတ်ဘ၀က သူဌေးသားလေးယောက်ရှိခဲ့ကြတယ်။ အဲဒီ သူဌေးသားလေးယောက်ဟာ ပြည်တန်ဆာမ တစ်ယောက်ကို မြို့အပြင် ဥယျာဉ်ကို ခေါ်ပြီး တစ်နေကုန်ပျော်ပါးခဲ့ကြတယ်။ ညနေပြန်ဖို့ အချိန်ရောက်လာတော့ သူဌေးသားလေးယောက်က ဥယျာဉ်ထဲမှာ သူတို့မှ တစ်ပါးအခြားဘယ်သူမှ မရှိတာကို အခွင့်ကောင်းယူပြီး ပြည်တန်ဆာမကို သတ်၊ အခပေးထားငွေ တစ်ထောင်နဲ့ လက်ဝတ်လက်စားတွေကို လုယူခဲ့ကြပါတယ်။

 ပြည်တန်ဆာမက အသတ်ခံရနေတုန်းမှာ နောင်ဘ၀တွေ မှာ ငါဟာ ဘီလူးမ ဖြစ်ပြီး ငါကိုသတ်တဲ့ ဟောဒီလေးယောက်လုံးကို လက်စားချေသတ်ဖြတ်နိုင်ရပါလို၏လို့ ဆုတောင်းလိုက်တယ်။ သုပ္ပဗုဒ္ဓဟာ အဲဒီတုန်းက သူဌေးသားလေးယောက်ထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ခဲ့တာပါ။

သုပ္ပဗုဒ္ဓ ဟာ သူဘ၀ဖြစ်စဉ်ထဲကနေပြီး သူကိုသူ အကောင်းဆုံး ဖြစ်အောင် အမြတ်ထုတ်နိုင်ခဲ့တာ တစ်ခုတော့ရှိပါတယ်။ ဒီလိုပါ...တစ်နေ့ လှည့်လည်သွားလာ တောင်းရမ်းစားသောက်ရင်း ဘုရားရှင်ရဲ့ တရားပွဲနဲ့ ကြုံခဲ့ပါတယ်။ တရားနာ ပရိသတ်တွေလည်းအများအပြားပါ။ သူဟာ တရားကလည်းနာချင်၊ ပရိသတ်ထဲလည်း မ၀င်ရဲတာနဲ့ ပရိသတ် ခပ်လှမ်းလှမ်းအစွန်တစ်နေရာရာကပဲ တရားတော်ကို အာရုံစိုက်နာကြားနေခဲ့ပါတယ်။ တရားပွဲပြီးဆုံးသွားချိန်မှာတော့ သုပ္ပဗုဒ္ဓဟာ သောတာပန်အရိယာပုဂ္ဂိုလ်ဖြစ်သွားပါတော့တယ်။ သောတာပန်ဆိုတော့ အပယ်တံခါးပိတ်သွားပြီပေါ့။

အဲဒီ သူရထားပြီးတဲ့ အပယ်ပိတ်တရားကို ဘုရားရှင်ထံလျောက်ထားချင်ပေမဲ့  ပရိသတ်မရှင်းသေးလို့  မလျောက်ထားနိုင်သေးပဲ မြတ်စွာဘုရားရှင် ကျောင်းတော်ပြန်ကြွတော်မူမှ ကျောင်းမှာ လိုက်လျောက်မယ်လို ကြံစည်ပြီး လိုက်ပါလာခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြားမင်းက သုပ္ပဗုဒ္ဒရဲ့တရားကို စမ်းသပ်လိုတာနဲ့ သုပ္ပဗုဒ္ဓအနားဆင်းလာပြီး သုပ္ပဗုဒ္ဓ သင်ဟာ ဆင်းရဲ မွဲတေ အထီးကျန်သူနေသူတစ်ယောက်ပဲ သင်ဘုရားရှင်ကို ဘုရားအစစ်မဟုတ်ဘူး၊ ဘုရားတရားတော်ကို တရား အစစ်မဟုတ်ဘူး၊ သံဃာတော် အရှင်မြတ်တွေကိုလည်း သံဃာအစစ်မဟုတ်ဘူးလို့ ပြောစမ်းပါ၊ အဲဒီလိုပြောမယ်ဆိုရင် သင့်ကို ဒီဘ၀ စားမကုန်နိုင်လောက်အောင် စည်းစိမ်ချမ်းသာတွေ ငါ့ပေးမယ် လို့ ခိုင်းပါတယ်။

ဒီအခါ သုပ္ပဗုဒ္ဓက ဟယ်...သိကြားယုတ်၊ ငါ့မှာ သဒ္ဓါတရား၊ သီလတရား၊ သုတတရား၊ စာဂတရား၊ ပညာတရား၊ ဟိရီတရားနဲ့ သြတ္တပ္ပတရားဆိုတဲ့ သူတော်ကောင်းတရားတွေရှိတယ်။ ငါဟာအဲဒီ သူတော်ကောင်းတရားတွေနဲ့ အချမ်းသာကြီး ချမ်းသာနေတယ်။ သင်ထင်သလို ငါဟာ ဆင်းရမဲတေ အထီးကျန်နေသူ တစ်ယောက်မဟုတ်ဘူး လို့ ပြောဆိုကာ သိကြားမင်းကို ငေါက်ငမ်းထုတ်လိုက်တယ်။

သိကြားမင်းလည်း သုပ္ပဗုဒ္ဓအနားကနေ ပျောက်သွားပြီး၊ ကျောင်းတော်ကို ပြန်ရောက်တော်မူပြီးဖြစ်တဲ့ ဘုရားရှင်ထံမှာ အကျိုးအကြောင်းသွားရောက် လျောက်ထားတဲ့အခါ ဘုရားရှင်က သိကြားမင်း၊ သင်တစ်ဦးတည်းမျှကိုမဆိုထားနဲ့ သင့်လို့ သိကြားမင်းမျုးတစ်ရာမက တစ်ထောင်လောက် ဆင်းလာပြီး အဲဒီလို ပြောဆိုခိုင်းမယ်ဆိုရင်တောင် သုပ္ပဗုဒ္ဓဟာ သင်တို့ပြောခိုင်းတဲ့ စကားမျိုးကို ပြောမှာ မဟုတ်ဘူးလို့ မိန့်တော်မူလိုက်ပါတယ်။

အဲဒီ ဘ၀က သေတော့ နွားမဝှေ့လို့ သေရတယ်ဆိုတော ရှေ့မှာပြောခဲ့ပြီးပါပြီ။ သေပြီးတဲ့နောက် တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်သွားပါတယ်။

မြတ်စွာဘုရားရှင်က ဥာဏ်ပညာမရှိကြတဲ့ လူမိုက်တွေဟာ ဆိုးဝါးလှတဲ့၊ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ်အလုပ်တွေကို လုပ်ကြပြီး ကိုယ်ကိုယ်ကို ရန်သူအဖြစ်နဲ့ သွားလာလှည့်လည်နေကြတယ်လို့  ဟောကြားခဲ့ပါတယ်။ လူအများစုက ရန်သူဆိုရင် ကိုယ်ကိုယ်ကို ချန်ထားပြီး အပြင်က တခြားသူတွေကသာ ဘယ်သူငါ့ရန်သူလည်းရှာဖွေတတ်ကြပါတယ်။

မိတ်ဆွေဆိုရင်လည်း ဒီလိုပါပဲ ကိုယ်ကိုယ်ကိုချန်ထားပြီးရှာဖွေကြတယ်။ တကယ်တော့ မိမိကိုယ်တိုင်သာ သည်ပင် မိမိအတွက် ကြောက်စရာအကောင်းဆုံးရန်သူကြီးဖြစ်နိုင်သလို၊ ချစ်စရာအကောင်းဆု့း မိတ်ဆွေလည်းဖြစ်နိုင်တယ်ဆိုတာ သတိထားမိသူနည်းပါလှပါတယ်။

တခြားရန်သူတစ်ယောက်ဟာကိုယ်ကို အပါယ်လေးပါးကျတဲ့အထိ ဒုက္ခမပေးနိုင်ပါဘူး။ သူက ကိုယ်ကို အပ္မါယ်လေးပါးကျတဲ့အထိ ဒုက္ခပေးချင်တယ။် ပေးနေတယ်ဆိုအုန်းတော့ ကိုယ်က ကောင်းရင်၊ သူပေးသမျှ ဒုက္ခ ကိုယ်က မယူရင် သူကျစေချင်တာ မကျပါဘူး။ တခြားရန်သူက ကိုယ့်ကို ဒုက္ခပေးရင် အပေါ်ရံ သာမည လေးလောက်သာ ပေးနိုင်ပါတယ်။

မိမိကိုယ်တိုင်သာ ရန်သူမဖြစ်အောင် နေတတ်ဖို့ လိုပါတယ်။သံသရာမှာ မိမိကောင်းကျိုးချမ်းသာတွေဖြစ်စေနိုင်တဲ့ ကောင်းမှုကုသိုလ်တွေ လုပ်ရ င်း  ကိုယ်ကိုယ်ကို မိတ်ဆွေဖွဲ့ပြီးနေလိုက်ကြပါဆိုလို့ ကြောင်းကျိုးဆင်ခြင်ရင်း...လိုက်တွန်းလိုက်ရပါတယ်။

သင့်တင့်လျှောက်ပတ်သောအခါ တရားရှာ


သင့်တင့်လျှောက်ပတ်သောအခါ တရားရှာ

 
ဥပုသ်စောင့်သွား တရားနာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့နော်
သားနှင့်သ္မီး ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဒါနသီလ ပြုလုပ်ကာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့နော်
မြေးထိန်း မြစ်ထိန်း ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဘာဝနာရှုပွား တရားနာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့
အိုးထိန်း အိမ်ထိန်း ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဒီဆောင်ပုဒ်လေးတွေအတိုင်းပါပဲ.....
အရာရာတိုင်းဟာ...နိစ္စ သုခ အတ္တလက္ခဏာတိုနှင့် မဖြစ်ကြပါပဲ....
အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးမှာ ဖြစ်ကြသလို မြင်တတ်သော အမြင် ကြည့်တတ်သော အကြည့်  ကျင့်တတ်သော အကျင့်နှင့် ဘယ်နေရာ ရောက်ရောက် ဘာကိုကြည့်ကြည့် တကယ်လိုအပ်တာကတော့ ယောနိသော မနသိကာရနှင့် ကျင့်တတ်သော အာစာရတို့သာ အရေးကြီးပါတယ်....။

ဘာကြောင့်လည်းဆိုတော့....
ရှေးတုန်းက တိုင်းပြည် တစ်ပြည်မှာ ဘုရင်တစ်ပါးရှိပါတယ်.... အဲဒီ ဘုရင်က သူ၏ မိဖုရား နေထိုင်ရာ အခန်းကို ရောက်လာပါတယ်။ မိဖုရားကြီးကလည်း ရှင်ဘုရင် ကြွလာလို့ နေရာထိုင်ခင်းတွေ ပြင်ဆင်လို့ ဘုရင် သီတင်းသုံးဖို့ နေရာလေးပေးပါတယ်။

ပြီတော့ မိဖုရားကြီးက သူမ သွေးလက်စ သနပ်ခါးကို ဆက်ပြီး သွေးနေပါတယ်။ ဘုရင်ကြီးက မိဖုရားကြီးကို ကြည့်နေပါတယ်။

သို့သော် ဘုရင်ကြီး မိဖုရားကို ကြည့်နေသည့်အချိန်မှာ မိဖုရား သနပ်ခါးသွေးသည့်အတွက်ကြောင့် လက်မှာ ဝတ်ထားသော လက်ကောက်များက တချွင်ချွင် အသံထွက်နေတာကို ဘုရင်ကြီး သတိထားမိသွားပါတယ်။


ဒီလိုနဲ့ မိဖုရားကြီး လက်မှ လက်ကောက်များ အသံမြည်တာ ကြာလာတော့ ဘုရင်ကြီး သံဝေဂရလာပါတယ်။ ဒါနဲ့ ဘုရင်ကြီးလည်း ယောနိသော မနသိကာရနှင့် သတိတရားတွေ ပေါင်းစပ်လို့ ဘာဝနာတရား စီးဖြန်းလိုက်တာ မကြာခင် မီးလောင်ပြင်မှာ ပွင့်လာသော ဘဝငြိမ်းချမ်းရေး ပန်းတစ်ပွင့် ဖြစ်လာသလို ဘဝစစ်မြေပြင်မှာ အောင်မြင်သော အရဟတ္တ သူရဲကောင်းဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် ဘယ်နေရာ ဘယ်ဒေသ ဘယ်လို အခြေနေနှင့် ဘယ်လို မြင်ကွင်းတွေ မြင်လာ မြင်လာ၊ ဘယ်လို ကြားသိမှုတွေ ကြားလား၊ ကြားလားသမျှ အပေါ်မှာ ယောနိသော မနသိကာနှင့် သတိတရားသာ အရေးပါ အရာရောက်သော တရားဖြစ်ပါတယ်လို့ ပြောကြားရင်း ဒကာ ဒကာမ မိတ်ဆွေသင်္ဂဟတွေကို လက်ဆောင်ပေးခဲ့ပါတယ်....။

အားလုံး ကျန်းမာ ချမ်းသာစွာဖြင့် ဘဝမီးလောင်ပြင် ပွင့်သော ငြိမ်းချမ်းရေး ပန်းပွင့်များ ဖြစ်ကြပါစေ....

ဓမ္မမိတ်ဆွေ

အရှင်ပုညဝံသ (ခ) တက္ကသိုလ်မြတ်မင်း