Saturday, April 19, 2014

ခန္ဓာသင်္ကြန်


ခန္ဓာသင်္ကြန်

အတာသင်္ကြန်ဘက်ကနေ ခန္ဓာသင်္ကြန်ဘက်လှည့်လိုက်တော့ ရုပ်နမ်ခန္ဓာတွေ ကူးပြောင်းနေပုံ ကိုလည်း တွေရသည် ရုပ်ခန္ဓာက တစက္ကန့်အတွင်းမှာပင် ကဋေငါးထောင်ခန့်ဖြစ်ပျက်သည်ဟု ဆိုသဖြင့် အကြိမ့်ကဋေငါးထောင်ခန့် သင်္ကြန်ကျနေသည် နမ်ခန္ဓာက တစက္ကန့်အတွင်းမှာပင် ကုဋေတသိန်းခန့် ဖြစ်ပျက်နေသည်ဟု ဆိုသဖြင့် အကြိမ်ကဋေတသိန်းခန့် သင်္ကြန့်ကျနေသည်။

 နာမ်ခန္ဓာက.. ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်ဟု လေးပါးရှိရာ ထိုလေးပါး ကလည်း တစ်ပါးကနေ တပါးသို့ ကူးပြောင်းနေကြသည် စိတ်ကူးဟု ဆိုသည့်အတိုင်း စိတ်ကလည်း အာရုံတစ်ခုတည်း အမြဲမနေ ဟိုအာရုံ သည် အာရုံ .. အာရုံမျိုးစုံကို ကူးနေသည် မြောက်သတ္တ၀ါတွေ အငြိမ်မနေ သစ်တပင်မှ တပင်သို့ ခုန်ခုန် ၍ကူးနေသည် စိတ်ကလည်း အာရုံ တခုမှ အာရုံတခုသို့ ခုန်ခုန်၍ ကူးနေသည်

စိတ်သင်္ကြန် ခန္ဓာ သင်္ကြန်ဖြစ်သည် ..လူစိတ်ကို မြောက်စိတ်ဟုလည်း ခေါ်ကြသည် အပြောင်းအလဲ မြန်ဆန်ခြင်းကို ဆိုလိုပုံရသည် လူစိတ်သည် အခြေအနေနှင့် အချိန်အခါလိုက်၍ ပြောင်းလဲ တတ်သည် ထိုအပြောင်းအလဲ မြန်သော စိတ်သည် စိတ်သင်္ကြန် ခန္ဒာ သင်္ကြန် ဖြစ်သည် သုံးဆယ့် တစ်ဘုံမှာ အနာဂါမ် ရဟန္တာတို့သာ ရှိသော သုဒ္ဓ၀ါသ ဗြဟ္မာ ငါးဘုံမှလွဲ၍ ကျန်သော ၂၆ဘုံတွင် တစ်ဘုံပြီး တစ်ဘုံ ပြောင်းရွေ့လာခဲ့ကြသည် ယခုလက်ရှိဘ၀မှာပင် ကြည့်လိုက် ကလေးလူငယ် လူရွယ် လူကြီး လူအို လူနာ လူသေ နုပျို အို နာ သေ တဘ၀တည်းမှပင် အသွင် သဏ္ဍာန် အမျိုးမျိုးကူပြောင်းလာခဲ့ သည်။

ခန္ဒာ သင်္ကြန်ဖြစ်သည် ဘ၀မှာ ပဋိသန္ဒေ ပ၀တ္တိ စုတိဟူဤ သုံးပိုင်းသာ ရှိသည် ဘ၀သစ်၌ စ၍ဖြစ်ခြင်းကို ပဋိသန္ဓေဟုခေါ်သည် ပဋိသန္ဓေမှ စုတိအထိ မသေမချင်းနေနေရာကာလကို ပ၀တ္တိဟုခေါ်သည် သေဆုံးခြင်းကို စုတိဟုခေါ်သည် စုတိပြီးသည့်အခါ ကံတွေ ကိလေသာတွေ ကုန်ခန်းသွားပြီးဆိုရင်တော့ ဘ၀ကပြီးပြီ ကံ..ကိလေသာတွေ မကုန်သေးလျှင်တော့ ဘ၀သစ် တခုကို လက်ခံရယူရလိမ့်ဦးမည် ဘုရားဟော ပိဋကတ်၌ ဂတိငါးပါးရှိသည် ဂတိဟူသည် ကံ..ကိလေသာတွေမကုန်သေးသောသူတွေ ရောက်သင့် ရောက်ထိုက်သော ဘ၀ဖြစ်သည် ထိုဂတိက နတ်ဗြဟ္မာဘ၀ ဒေ၀ဂတိ လူဘ၀ မနုဿဂတိ တိရစ္ဆာန်ဘ၀ တိရစ္ဆာနဂတိ ပြိတ္တာဘ၀ ပေတဂတိ ငရဲဘ၀ နိရယဂတိဟူ၍ ငါးမျိုးရှိသည။

သတ္တ၀ါတို့သည် ကံကိလေသာ မကုန်သေးက ထိုဂတိငါးပါးတွင် တစ်ပါးပါးသို့ရောက်ရသည် ကုသိုလ်ကံကြောင့် ဒေ၀မနုဿ သုဂတိသို့ေ၇ာက်ရသည် အကုသိုလ်ကံကြောင့် တိရစ္ဆာန ပေတ နိရယဒုက္တတိသို့ရောက်ရသည် မြန်မာဝေါဟာရ၌ အပြောင်းကို အလဲနှင့် တွဲဤလည်းသုံးသည် အလွဲနှင့်တွဲဤလည်းသုံးသည် အလဲဟူသည် အလဲလဲအကွဲကွဲ အလဲလဲအပြိုပြိုဟု ရှိသဖြင့် မကောင်း အလွဲဟူသည် အလွဲလွဲအချော်ချော်ဟုရှိသဖြင့် မကောင်း အပြောင်းက လဲတာလဲ မကောင်း လွဲတာလဲ မကောင်း အမှန်ဆိုရင် အပြောင်းက တည့်မှသာကောင်းသည် မိမိတို့သည် တစ်နေ့နေ့စုတိစိတိကျ၍ ဘ၀ကူးပြောင်းရဦးမည်။

ကံကောင်းထောက်မသဖြင့် ဒေ၀ မနုဿဂတိ တစ်ခုခုသို့ရောက်လျင် အပြောင်းက တည့်သည်ဟုဆိုရမည် တိရစ္တာန ပေတ နိရယသို့ ရောက်လျင်ဖြင့် အပြောင်းက လွဲချော်လေပြီ တကယ်တော့ အပြောင်းက လဲလိုပြိုလိုလည်း မဖြစ် လွဲချော်လိုလဲ မဖြစ် အပြောင်းတွေလည်း များခဲ့ပြီ အလဲတွေလည်း များခဲ့ပြီ အလွဲတွေလည်းများခဲ့ပြီ။

 ထို့ကြောင့် ယခုအပြောင်းလွဲလို့ မဖြစ်ပါ အပြောင်းတည့်မှဖြစ်မည် ……လူစိတ်သည် အချိန်အခါ လိုက်၍ ပြောင်းလဲတတ်သည် ထိုအပြောင်းအလဲဖြစ်သော စိတ်သည် စိတ်သင်္ကြန် ခန္ဓာသင်္ကြန် ဖြစ်သည် ။

 by ပန်းဗေဒါ


Friday, April 18, 2014

ဥယျာဉ်မှူး


ဥယျာဉ်မှူး

ဥယျာဉ်သည် သရက်ဥယျာဉ်၊ ပိန္နဲဥယျာဉ်၊ ပန်းဥယျာဉ် စသည်ဖြင့် မျိုးတူတစ်မျိုး တည်း ဥယျာဉ်ရှိသလို ပိန္နဲ၊ သြဇာ၊ မာလကာ၊ သရက်၊ ဒူးရင်း၊ မင်းဂွတ် စသော သီးပင်မျိုးစုံ၊ စံပယ်၊ ကြက်ရုံး၊ ဂမုန်း၊ ခတ္တာ စသော ပန်းပင်မျိုးစုံ၊ အရိပ်ရပင် မျိုးစုံ စသည်ဖြင့် အပင်မျိုးစုံရှိသော ဥယျာဉ်လည်းရှိနိုင်သည်။

မည်သည့်ဥယျာဉ်မဆို အသီးစားသူ၊ အပွင့်သုံးသူ၊ အရိပ်ခိုသူ၊ အပင်သုံးသူ စသည့် သက်ရှိသတ္တ၀ါ ဟူသော သတ္တလောကအတွက်လည်း အကျိုးပြုသည်။ မြေဆီမြေလွှာ ထိန်းသိမ်းခြင်း၊ ရေမြေထိန်းသိမ်းခြင်း စသော သက်မဲ့သြကာသလောက အတွက် လည်း အကျိုးပြုသည်။ လောကအတွက် အသုံးဝင် အကျိုးများလှသည့် စံမီဥယျာဉ်ဖြစ်ဖို့ ဥယျာဉ်မှူးအပေါ် များစွာ မူတည်သည်။ ဥယျာဉ်မှူး အရည်အသွေးပြည့်ဝလေလေ ဥယျာဉ် စံမီလေ လေ ဖြစ်မည်။

ဥယျာဉ်မှူးသည်
၁။ စံမီသည့် ဥယျာဉ်ဖြစ်ဖို့၊
၂။ မိမိဥယျာဉ်ကြောင့် လောကအတွက် အသုံးဝင် အကျိုးများဖို့ကိုသာ ရည်ရွယ်သည်။
မိမိကိုယ်ကျိုးကိုမငဲ့၊ အပင်ဖြစ်အောင် စိုက်ပျိုးသည်၊ ရေလောင်းသည်၊ ပေါင်းသင် သည်၊ ပြုပြင်သည်၊ ရှင်သန်ကြီး ထွားနေသည့် အပင်၊ အရွက်၊ အပွင့်၊ အသီးတို့ကို ကြည့်ပြီး ပီတိဖြစ်နေသည်။
မမောနိုင် မပန်းနိုင်၊ ဥယျာဉ်ပျက်စီးမှာတော့ သူစိုးရိမ်သည်။ ဥယျာဉ်မှ ထွက်ပေါ်သည့် ဥယျာဉ်ထွက် ခြံထွက်ပစ္စည်း များများထွက်တာကိုလည်း သဘောကျသည်။ စားသုံး သူ များများ သုံးစွဲတာ ကိုလည်း ကျေနပ်သည်။ နှမြောတွန့်တိုမှု မရှိ။

သာသနာ့ဥယျာဉ်ကြီး
ပရိယတ္တိစာသင်တိုက်များသည် သာသနာ့ဥယျာဉ်ကြီးများဖြစ်သည်။ ပရိယတ္တိစာသင် တိုက်များမှ -
၁။ နိုင်ငံကျော် ကမ္ဘာကျော် ဂဏ၀ါစက စာချဆရာများ၊
၂။ နိုင်ငံကျော် ကမ္ဘာကျော် ဓမ္မကထိကများ၊
၃။ နိုင်ငံကျော် ကမ္ဘာကျော် ကမ္မဋ္ဌာန်းနည်းပြများ၊
၎။ နိုင်ငံကျော် ကမ္ဘာကျော် သာသနာ့ခေါင်းဆောင်များ၊
၅။ နိုင်ငံကျော် ကမ္ဘာကျော် သာသနာ့အာဇာနည်များ၊
စသော သာသနာ့ဥယျာဉ်ခြံထွက် ပစ္စည်းမျိုးစုံ ထုတ်လုပ်ပေးသည်၊ မွေးထုတ်ပေး သည်၊ ဖော်ထုတ်ပေးသည်။

သာသနာ့ဥယျာဉ်မှူး
စာသင်တိုက်ဦးဆောင်နာယကများ၊ စာချနာယကများသည် သာသနာ့ဥယျာဉ်မှူးများ ဖြစ်သည်၊ သူတို့သည် -
စေတနာ၊ ၀ါသနာ၊ အနစ်နာ စသော ကိုယ်ခံအင်အားများ ပြည့်ပြည့်၀၀ဖြင့် နေ့မအား ညမအား စာသင်သား သာသနာ့ပျိုးပင် များ စိုက်ပျိုးကြသည်။

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမကျန်၊ ဘေးရန်ဆီးကာ၊ သင့်ရာပို့အပ်၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ ဟူသော သာသနာ့ ဥယျာဉ်မှူးအရည်အသွေးများဖြင့် -
၁။ စာသင်သားပျိုးပင်များကို စိုက်ပျိုးကြသည်၊
၂။ စည်းကမ်း ချမှတ်ပေးခြင်း၊ ထိန်းသိမ်းပေးခြင်းတို့ဖြင့် အန္တရာယ်များကို ကာကွယ် ပေးကြသည်၊
၃။ ပညာသင်ပေးခြင်း၊ အားတက်စရာ သြ၀ါဒပေးခြင်း စသည်ဖြင့် ရေလောင်းပေးကြ သည်၊ ဓါတ်မြေသြဇာ ကျွေးကြသည်။

ယင်းသို့ စိုက်ပျိုး၊ ထိန်းသိမ်း၊ ပြုပြင်ပေးလိုက်ခြင်းကြောင့် စာသင်သားပျိုးပင်များမှာ -
၁။ ဗဟုသုတပြည့်ဝလာခြင်း စသော အကိုင်း၊ အခက်၊ အရွက်များ ဝေဆာလာသည်။
၂။ စာမေးပွဲအောင်ခြင်း စသော အပွင့် အသီးများ ပွင့် သီးလာသည်။
၎င်းပြင် စာသင်သားပျိုးပင်များမှတစ်ဆင့် ရင့်သန်လာသည့် အပင်ကြီးများဖြစ်ကြ သော ပညာရှင်များသည် မိမိတို့ တတ်သိထားသည့် ဗဟုသုတများကို တစ်ဖန် ဟော ပြောခြင်း၊ ပို့ချခြင်း၊ ရေးသားခြင်း၊ ဖြန့်ဝေခြင်း၊ ကျင့်သုံးခြင်း စသည်ဖြင့် သာသနာ့ ဥယျာဉ်ခြံထွက်ပစ္စည်းများကို လောကသားတို့၏လက်ထဲသို့ အရောက်ပို့ပေးကြသည်၊ လောကသားတို့သည်လည်း သာသနာ့ ဥယျာဉ်ခြံထွက်ပစ္စည်းများကို စားသုံးကြရ သည်။

လောကသားတို့ သာသနာ့ဥယျာဉ်ခြံထွက်ပစ္စည်းများဖြစ်သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာ့အရသာများ သုံးဆောင်ခံစားရခြင်းသည် သာသနာ့ဥယျာဉ်မှူးများ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ သာသနာ့ဥယျာဉ်မှူးများ၏ ကျေးဇူးကား ကြီးမားပါပေသည်။ ယနေ့တိုင်အောင် သာသနာတည်ရှိနေခြင်းမှာလည်း ပရိယတ္တိဝန်ဆောင် သာသနာ့ဥယျာဉ်မှူးများ၏ ကျေးဇူးပင် ဖြစ်ပါသည်။ သူတို့သာ သာသနာတော်ကို လက်ဆင့်ကမ်း မသယ်ဆောင် ခဲ့လျှင် ယနေ့ခေတ်လူသားတို့ သာသနာတော်နှင့် ကြုံရတော့မည်မဟုတ်ပေ။

မြန်မာ့ခေတ်ဦး ပျူလူမျိုးတို့ အက္ခရာစာပေများ ရွှေပြား၊ ငွေပြား၊ ကျောက်ပြား စသည်ပေါ်၌ ရှိနေသော်လည်း ယင်းအက္ခရာကို ဖော်ထုတ်ဖတ်တတ်သူ မရှိခြင်း ကြောင့် ယင်းစာပေသည် နှောင်းခေတ် လူများအတွက် အကျိုးမများတော့။ ထို့အတူ ဘုရားဟော ပိဋကတ်တော်များ ပေရွက်ပေါ်၊ ကျောက်ပြားပေါ်၊ စက္ကူပေါ် ရှိနေစေ ကာမူ လက်ဆင့်ကမ်းသယ်ယူ ပို့ချမှုမရှိလျှင် နှောင်းခေတ်လူသားများအတွက် အကျိုး မပြုနိုင်။

အနန္တကျေးဇူးရှင်
ယနေ့လူသားတို့ ဗုဒ္ဓသာသနာအကြောင်း ပြည့်ပြည့်စုံစုံသိရခြင်းမှာ သာသနာဥယျာဉ် မှူးများ၏ အနန္တကျေးဇူးကြောင့်ပင် ဖြစ်ပါသည်၊ ထို့ကြောင့် ယနေ့ခေတ် လောက သားတို့သည် -
၁။ အနန္တကျေးဇူးရှင်များ၏ ကျေးဇူးကို သိဖို့ လိုကြောင်း
၂။ သိသည့်အလျောက် ကျေးဇူးဆပ်ဖို့ လိုကြောင်း
တင်ပြရင်း ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက်)
ဗဟန်း ညောင်တုန်းကျောင်းတိုက်၊ ရွှေရတုမဂ္ဂဇင်း၊ ၁၃၆၇ ခု


Thursday, April 17, 2014

လူသစ် စိတ်သစ် နှစ်သစ်


လူသစ် စိတ်သစ် နှစ်သစ်


အတွေးမှားနေသူသည်
အနှစ်မဲ့ကို အနှစ်ရှိဟုထင်၏။
အနှစ်ရှိကို အနှစ်မဲ့ဟုထင်၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရကို မတွေ့ရှိနိုင်ပေ။
အတွေးမှန်သူသည်
အနှစ်ရှိသည်ကို
အနှစ်ရှိသည်ဟု သိ၏။
အနှစ်မဲ့သည်ကို
အနှစ်မဲ့ဟု သိ၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရ တွေ့ရှိနိုင်လေ၏။

(ဓမ္မပဒ)

နှစ်စဉ် ဇန်န၀ါရီလ ၁ ရက် နေ့သည် ခရစ်နှစ် နှစ်သစ်ကူး ဖြစ်၍ ဧပြီလ ၁၇ ရက်၊ သို့မဟုတ် ၁၈ရက် သည် မြန်မာနှစ်သစ်ကူး ဖြစ်သည်။ သင်္ကြန်အကြတ်နေ့က တစ်ရက်တည်း ဆိုလျှင် ဧပြီလ ၁၇ ရက်သည် ပုံမှန် နှစ်ဆန်းတစ်ရက်နေ့ကျသည်။ တစ် ခါတစ်ရံ သင်္ကြန်အကြတ်က နှစ်ရက်ဖြစ်သွားလျှင် နှစ်ဆန်းတစ်ရက်က ၁၈ ရက်နေ့ ဖြစ်သွားသည်။ မြန်မာနှစ်ကူးသည် အဘယ်ကြောင့် မြန်မာရက်နှင့် မသတ်မှတ်ပါသနည်း။

၁၂ လကို တစ်နှစ်ဟု သတ်မှတ်ထားရာ ၁၂ လ ကုန်တိုင်း ကုန်တိုင်း နှစ်ကူးလျှင် နှစ်သစ်ကူးဟု ခေါ်ကြသည်။ ကျန်ခဲ့သော နှစ်ကို နှစ်ဟောင်း၊ ပြောင်းရမည့် နှစ်ကို နှစ်သစ်၊ ထိုသို့ သတ်မှတ်ကြသည်။ ထို နှစ်သစ်ကူးပွဲတော်ကိုလည်း သူ့လူမျိုး၊ သူ့နိုင်ငံ၊ သူ့ဘာသာ၊ သူ့ဓလေ့အရ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲ၍ နှစ်သစ်ကို ကြိုဆိုကြသည်။ နှစ်တွေက နှစ်ကူးတိုင်းကူးတိုင်း သစ်ခဲ့သည်။ လူကကောလိုက်၍ သစ်ပါရဲ့လား။ စိတ်ကကောလိုက်၍ သစ်ပါရဲ့လား။

လူအများစု အသစ်ကို နှစ်သက်ကြသည်။ အပြင်ထွက်လျှင် အ၀တ်အစား အသစ်တွေ ၀တ်ဆင်၍ ထွက်ကြသည်။ဖိနပ်အသစ်လေးကို ချ၍စီးသည်။ အခြား အသုံးအဆောင် ပစ္စည်းလေးတွေကိုလည်း အသစ်ကိုပဲ သုံးစွဲကြသည်။ငွေကြေးတတ်နိုင်သူများက အိမ်သစ်၊ တိုက်သစ်နှင့် နေကြသည်။ မော်ဒယ်လ်မြင့် ကားအသစ်ကို ၀ယ်စီးကြသည်။ ပစ္စည်းဟူသမျှ အားလုံး အသစ်ကျပ်ချွတ်ကို သုံးစွဲကြသည်။ လူကသာ မသစ်ချင်နေမည်။ စိတ်ကသာ မသစ်ချင်နေမည်။ ပစ္စည်းကို တော့ အသစ်မှသုံးကြသည်။

အသစ်တွေ ဘယ်လိုကောင်းသော်လည်း အဟောင်းကို တလည်လည် ဟူသော ဆိုစကားကလည်း ရှိသေးသည်။ ဆန်ဟောင်းနှင့်ဆန်သစ်၊ ဆန်ဟောင်းက ဈေးပိုသည်။ ရှေးဟောင်းပစ္စည်းတွေ တော်တော် တန်ဖိုးကြီးသည်၊ မကြာမီက ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသည်၊ အင်္ဂလန်မှာ အိမ်ရှင်းရင်း အမှိုက်ပုံထဲကနေ ထွက်လာသည့် ၁၈ ရာစုလောက်က တရုတ်ပန်းအိုးတစ်လုံး လေလံတင်၍ ရောင်းချရာ ပေါင် ၂၄ သန်း ရသတဲ့။ နားတောင် မလည်နိုင်အောင်ပင်။ ထို ပစ္စည်းက ဘယ်လောက်များ အသုံးကျ၍ ဤမျှတန်ဖိုးရှိနေပါသနည်း။ ရှေးဟောင်းဘုရားဆင်းတုတွေ အလွန်တန်ဖိုးကြီးသည်။ ရှေးဟောင်းပန်းချီကားတွေ အလွန်တန်ဖိုးကြီးသည်။ ထို့ကြောင့် ကြာလေကောင်းလေ၊ ဟောင်းလေသစ်လေ ဟူသော ဆိုရိုးစကား ပေါ်လာလေသလား။

'နိစ္စံ န၀ါဝ သင်္ခါရာ' ဟူသော ဒေသနာပါဠိအရ ဥပါဒ် ဌီ ဘင်ဟူ သော ခဏသုံးပါးနှင့်ကြည့်က အားလုံး ဖြစ်တည်ပျက်၊ ဖြစ်တည်ပျက်မို့ အဟောင်းဟူ၍ဘာတစ်ခုမျှမရှိ၊ အားလုံး အသစ်ချည်းသာတည်း။ ထိုပါဠိကို တောင်မြို့ဆရာတော်က အနက် ပြန်ရာတွင် 'သင်္ခါရာ-ရုပ်နာမ် သင်္ခါရတရားတို့သည်၊ နိစ္စံန၀ါဝ- အမြဲ ဖြစ်လျက် အသစ်စက်စက်တို့ချည်းသာတည်း'ဟု အနက် မြန်မာပြန်ခဲ့သည်။ ဖြစ်တည် ပျက်ပျောက်၊ ဖြစ်တည်ပျက်ပျောက်မို့ ဖြစ်သမျ ရုပ်တွေနာမ်တွေသည် အဟောင်း အဟောင်းဟူ၍ ဘာတစ်ခုမျှ မရှိ။ အားလုံး အသစ်အသစ်တွေချည်းပင် ဖြစ်သည်။ အတွေးအမြင်၌ ဆရာ တစ်ယောက်က 'အတွေးသစ်ဆိုတာ မရှိ' ဟူ၍ ရေးထားရာ ဤဒေသနာ ပါဠိကို သတိပြုဖို့သင့်သည်။

ရက်ကွက်တစ်ခု၌ မျက်နှာစိမ်းတွေ ပြောင်းရွှေ့လာလျှင် လူသစ်တွေဟု ပြောကြသည်။ လုပ်ငန်းခွင် တစ်ခုခုမှာလည်း နောက်မှ နောက်မှ ရောက်လာသူတွေကို လူသစ်တွေဟု ပြောကြသည်။ တချို့ လူသစ်တန်းဟု ခေါ်သည်လည်း ရှိသည်။ တချို့ သိပ်မမြင်ဖူးသော မျက်နှာစိမ်းများကိုလည်း မျက်နှာသစ်ဟု ခေါ်ကြသည်။ နေရာအသစ်ကြောင့် လူသစ် ဖြစ်ရလေသလော၊ အလုပ်အသစ်ကြောင့် လူသစ် ဖြစ်ရလေသလော၊ တချို့ ပြီးခဲ့သော အကောင်းအဆိုး အခြေအနေတွေကို ထားခဲ့ပြီး အလုပ်သစ်တစ်ခု စလုပ်လျှင် ဘ၀သစ် ပြန်စသည်ဟု ဆိုကြသည်။ အမိဝမ်းက ကျွတ်ကျွတ်ချင်း အနေအထားကိုတော့ ဘ၀သစ်ဟု မခေါ်ဝေါ်၊ အမှန်က အမိဝမ်းက ကျွတ်ကျွတ်ချင်း ထိုအခိုက်အတန့်က ဘ၀သစ်စခဲ့သည် မဟုတ်လော။

အဟောင်းအဟောင်းတွေ၌ အကောင်းအကောင်းတွေ ရှိသည် မှန်သော်လည်း အများစုကတော့ အသစ်မှ ကြိုက်ကြသည်ကား အမှန်ပင်။ အသစ် အသစ်မှ ကြိုက်သူတွေ မိမိတို့ ကိုယ်တိုင်ကော ဘာတွေများ သစ်ပါသနည်း။ လူကောသစ်ပါ၏လော။ စိတ်ကောသစ်ပါ၏လော။ နှစ်သစ်တွေ၊ နှစ်သစ်တွေ နှစ်တိုင်း ကျော်ဖြတ်ခဲ့ကြသည်။ လူကား သစ် မသစ် စိတ်ကား သစ် မသစ်၊ ပြန်လည်ဆန်းစစ်ဖြစ် ပါ၏လော။

ကာလာချိန်းတိုင်း၊ ကာလာချိန်းတိုင်း သစ်နေပေလိမ့်မည်။ နှစ်သစ်ချင် သစ်၊ မသစ်ချင်နေ၊ လူသစ်ချင်သစ်၊ မသစ်ချင်နေ စိတ်ကတော့ သစ်နေဖို့ လိုအပ်သည်။ စိတ်သာရှင်စော ဘုရားဟော။ အရာရာ စိတ်သာပဓာနမို့ စိတ်သစ်ဖို့သာ အရေးကြီးသည်။

'အာရမ္မဏံ စိန္တေတီတိ စိတံ္တ' ဟူသော ၀ိဂြိုဟ်အရ အာရုံကို ကြံစည်တတ်၊ တွေးတော တတ်သောကြောင့် 'စိတ်'ဟု ခေါ်ရသည်။ စိတ်ကို အတွေးများနှင့် တည်ဆောက်ထားသည်။ 'လူကြံရင်းသေ၊ ငှက်ပျံရင်းသေ'ဟူသော ဆိုရိုးစကားကို ကြည့် လျင်လည်း လူဟူသည်မှာ အတွေးသမား၊ အကြံသမားတွေသာ ဖြစ်သည်။ တစ်ခုခုတော့ သူကြံနေသည်။ တစ်ခုခုတော့ သူတွေးနေသည်။ ထိုသို့ တွေးရင်းကြံရင်းနှင့်ပဲ လူသည် အသက်ထွက်ရသည်။ ထို့ကြောင့် 'လူကြံရင်း သေ'ဟု ဆိုရိုးစကား ထားခဲ့ကြသည်။

နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်း ဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည်။ စိတ်ဟောင်းချည်းနှင့်သာ တလည်လည် ဆိုလျှင်တော့ ခေတ်ဟောင်းကိုပဲ ပြန်ရောက်ဦးမည်။ လောကဟောင်းကိုပဲ ပြန်ရောက်ဦးမည်။ စိတ်ကိုအတွေးက ပြဋ္ဌာန်းတာဆိုတော့ စိတ်သစ်ဖို့အတွက် အတွေးသစ်ရပါလိမ့်မည်။ အတွေးသစ်မှသာ စိတ်ကလည်း သစ်ပါလိမ့်မည်။

အတွေးကို ပါဠိလို သင်္ကပ္ပဟုလည်း ခေါ်၏။ ၀ိတက်ဟုလည်း သုံး၏။ ၀ိတက်ကိုတော့ အများသိကြပါသည်။ ထိုအတွေးသည် သမ္မာနှင့် မိစ္ဆာ နှစ်မျိုးသာရှိ၏။ အတွေးက သမ္မာ ဖြစ်လျှင် မှန်ကန်၏။ သမ္မာဖြစ်လျှင် သစ်၏။ အတွေးက မိစ္ဆာဖြစ်လျှင် မှားယွင်း၏။ မိစ္ဆာဖြစ်လျှင် ဟောင်းနွမ်း၏။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက် သုံးမျိုးတို့သည် မိစ္ဆာဝိတက်များ ဖြစ်ကြ၏။ သူတို့နှင့် ဆန့်ကျင်ဘက် နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက် သုံးမျိုးတို့သည် သမ္မာဝိတက်များ ဖြစ်ကြ၏။

သတ္တ၀ါတွေ (မိမိတို့တစ်တွေ) သံသရာတစ်လျှောက်လုံး အဘယ်အတွေးတွေများ တွေးခဲ့ကြ ပါသနည်း။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက် တို့သာ အတွေးများခဲ့ကြ၏။ ထို့ကြောင့် ထိုဝိတက် သုံးမျိုးတို့သည် သံသရာအဆက် ဘ၀အဆက် ဆက် တွေးလာခဲ့ကြသဖြင့် ဟောင်းနေ၊ ဆွေးနေ၊ မြည့်နေသော အတွေးဟောင်းများသာ ဖြစ်ကြလေ၏။ ရှေးဟောင်းပစ္စည်းတွေ အဘယ်မျှပင် ဟောင်းနေပါစေ ဤအတွေးဟောင်းများ လောက်တော့ ဟောင်းလိမ့်မည် မဟုတ်ပေ။ ရှေးဟောင်းပစ္စည်းတွေက နှစ်ပရိစ္ဆေဒ ခန့်မှန်းတွက်ချက်၍ ရသေး၏။ ဤအတွေးဟောင်းတွေက  နှစ်ပရိစ္ဆေဒ မည်သို့မျှ ခန့်မှန်းတွက်ချက်၍ မရပေ။

ကာမ၀ိတက်ဟူသည် ကာမကို တွေးခြင်း ဖြစ်၏။ ကာမဟူသည် လိုချင်စရာ တပ်မက်စရာ ဆွဲဆောင်မှု အပြင်းစား၊ သက်ရှိသက်မဲ့ အာရုံငါးမျိုးလုံးကို ခေါ်၏။ ရဖို့တွေးခြင်း၊ ယူဖို့တွေးခြင်း၊ သာယာခံစားဖို့တွေးခြင်း၊ ငါ့ဖို့တွေးခြင်း၊ ငါ့မိသားစု၊ ငါ့အသိုင်းအ၀ိုင်း၊ ငါနီးစပ်ရာ၊ ငါ့အုပ်စုအတွက် တွေးခြင်း စသော အတ္တနယ်နိမိတ်အတွင်းမှ တွေးခြင်း ဟူသမျှသည် ကာမ၀ိတက်များပင် ဖြစ်ကြ၏။

ဂုဏ်ရဖို့တွေးခြင်း၊ လာဘ်ရဖို့တွေးခြင်း၊ ထင်ပေါ်ကျော်ကြားဖို့တွေးခြင်း တို့သည်လည်း ကာမ၀ိ တက်များပင် ဖြစ်သည်။ အချီးကျူးခံရဖို့၊ ဂုဏ်ပြုခံရဖို့၊ အပူဇော်ခံရဖို့၊ အပသခံရဖို့၊ အလေးအမြတ်ပြုခံရဖို့၊ ကျော်ကြားအောင်မြင်ဖို့ တွေးခြင်းများသည်လည်း ကာမ၀ိတက်၏ အနွယ်များပင် ဖြစ်ကြ၏။ ကာမ၀ိတက်ဟူသည် နယ်ကျယ်လှ၏။ ကာမဘုံ သား အများစုကလည်း ကာမကိုသာ စိတ်ဝင်စားကြလေတော့ ကာမ၀ိတက်နှင့်ပဲ အချိန်ကုန်ကာ အတွေးဟောင်းထဲမှ ရုန်းမထွက်နိုင်ဘဲ ရှိကြလေ၏။

ဗျာပါဒ၀ိတက်ဟူသည် သတ်ဖြတ်ဖို့၊ ဖျက်ဆီးဖို့၊ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်းကို တွေးတောခြင်း ဖြစ်၏။ ၀ိဟိံသာဝိတက်ဟူသည် ညှဉ်းပန်းနှိပ်စက်ဖို့၊ ဒုက္ခပေးဖို့၊ ချောက်တွန်းဖို့ တွေးတောခြင်း ဖြစ်၏။ ဤ၀ိတက်နှစ်ခုကတော့ အဖြစ် နည်းနိုင်ပါ၏။ အဖြစ်များတာကတော့ ကာမ၀ိတက်သာဖြစ်၏။ ကာမဘုံသားသည် ကာမကိုသာ သူ အဓိက စိတ်ဝင်စား၏။

အတွေးသစ်ဟူသည် နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊ သမ္မာဝိတက် သုံးမျိုးဖြစ်၏။ ကာမ၀ိတက်က လောဘနှင့်တွေးခြင်း ဖြစ်၏။ ရဖို့၊ ယူဖို့၊ ပိုင်ဆိုင်ဖို့သာ တွေး၏။ နေက္ခမ္မ၀ိတက်က အလောဘနှင့် တွေးခြင်း ဖြစ်၏။ စွန့်လွှတ် အနစ်နာခံဖို့၊ ကူညီ ရိုင်းပင်းဖို့သာ တွေး၏။ ကာမ၀ိတက်က ငါ့ဖို့သာတွေး၏။ နေက္ခမ္မ၀ိတက်က သူဖို့ပါထည့်၍တွေး၏။ ကာမ၀ိတက်က အသာစံဖို့တွေး၏။ နေက္ခမ္မ၀ိတက်က အနာခံဖို့ တွေး၏။ ကာမ၀ိတက်က အတ္တဟိတ ကို တွေး၏။ နေက္ခမ္မ၀ိတက်က ပရဟိတကိုတွေး၏။ အဗျာပါဒ၀ိတက်က မေတ္တာနှင့် ယှဉ်၍ တွေး၏ အ၀ိဟိံသာဝိတက်က ကရုဏာနှင့်ယှဉ်၍ တွေး၏။

ဤနေက္ခမ္မ၊ အဗျာပါဒ၊ အ၀ိဟိံသာဟူသော သမ္မာဝိတက် သုံးမျိုးသည် အမြဲတမ်း တွေးနေနိုင်သည် မဟုတ်၊ တစ်ခါတစ်ခါမှသာ တွေးဖြစ်၏။ ထို့ကြောင့် သူတို့သည် ဟောင်းသွား၊ နွမ်းသွားသည် ဟူ၍ မရှိ။ အမြဲတမ်း သစ်လွင်တောက်ပြောင်နေ၏။ ဥပမာ-အပြင်ထွက်မှ သို့မဟုတ် ပွဲလမ်းရှိမှ ထုတ်၍၀တ်သော ၀တ်ကောင်း စားကောင်းများနှင့် တူ၏။ ကာမ၊ ဗျာပါဒ၊ ၀ိဟိံသာဟူသော မိစ္ဆာဝိတက် သုံးမျိုးကတော့ အိမ်မှာ အမြဲဝတ်နေသော အ၀တ်အစားအဟောင်းများနှင့် တူကြ၏။

စိတ်ဟူသည်မှာ သူချည်း သက်သက် အသစ်လည်းမဟုတ်၊ အဟောင်းလည်း မဟုတ်။ စိတ်ကို အတွေးများကသာ ချယ်လှယ်လေတော့ လောဘဒေါသတို့ မောင်းနှင်ရာနောက်လိုက်ကာ လောဘနှင့်ပေါင်းတွေး၊ ဒေါသနှင့်ပေါင်းတွေးဆိုလျှင်တော့ အတွေးဟောင်းတွေကိုသာ ထပ်ချည်း တလဲလဲ တွေးနေသဖြင့် စိတ်ကလည်း မည်သို့မျှ သစ်၍မလာနိုင်ပေ။ သစ်လွင် တောက်ပ၍ မလာနိုင်ပေ။ စိတ်ဟောင်း၊ စိတ်နွမ်း၊ စိတ်ဆွေးတို့သာ ဖြစ်နေကြပေလိမ့်မည်။

စိတ်သစ်ဖို့ဆိုလျှင် လောဘ၊ ဒေါသတွေနှင့်သာ အမြဲ ပေါင်းသင်းမနေဘဲ တစ်ခါတစ်လေ လောဘနှင့် ခွဲ၊ ဒေါသနှင့်ခွဲကာ အလောဘနှင့်တွဲ၊ အဒေါသနှင့် ပေါင်းပေးရမည်။ ငါ့ဖို့မှ သူ့ဖို့သို့၊ ငါ့အကျိုးစီးပွားမှ သူ့အကျိုးစီးပွားသို့ အတ္တမှ အနတ္တသို့၊ အတ္တမှ ပရသို့ အတ္တဟိတမှ ပရဟိတသို့ အနည်းစုမှ အများစုသို့၊ အကျဉ်းမှအကျယ်သို့၊ အတိုမှအရှည်သို့၊ အပူမှအအေးသို့၊ မငြိမ်းချမ်းရာမှ ငြိမ်းချမ်းရာသို့၊ မကျေမနပ်မှ ကျေကျေနပ်နပ်သို့၊ မစုမစည်းမှ စုစုစည်းစည်းသို့၊ စိတ်အေးအေးထားကာ ခေါင်းအေးအေးထားကာ စဉ်းစား၍၊ ဆင်ခြင်၍၊ မြော်မြင်၍ တွေးပေးမည် ဆိုပါက အတွေးများသစ်၍ စိတ်ပါသစ်ပါလိမ့်မည်။
ထိုအခါ နှစ်သစ်နှင့် လိုက်ဖက်ညီစွာ လူသစ်၊ စိတ်သစ် ဖြစ်လာပါလိမ့်မည်။ လူသစ်၊ စိတ်သစ်နှင့်သာ ခေတ်သစ်ကို ထူထောင်နိုင်ပါလိမ့်မည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) 
Eleven Media Group


Wednesday, April 16, 2014

ရင့်ကျက်လွတ်လပ်စိတ်နဲ့ ယုံကြည်ခြင်း

   
ရင့်ကျက်လွတ်လပ်စိတ်နဲ့ ယုံကြည်ခြင်း

လူတိုင်းလူတိုင်းမှာ ယုံကြည်တာ တခုတော့ ရှိတတ်ကြတယ်။ အချို့ဆိုရင် နှစ်ခု၊ သုံးခုလောက်ကို ရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည်ပါ။ ငါ ဘာကိုယုံသလဲ၊ ဘာတွေကို ယုံသလဲဆိုတာကို။ လူတိုင်းနီးပါးလောက် ဘာသာတရားကို ယုံကြည်တယ်။ အများစုက ကိုးကွယ်တယ်။ လူတချို့ဟာ ဝါဒတခုခုကို ယုံကြည်တယ်၊ တချို့က ကိုးကွယ်တယ်။ တချို့က အနုပညာ၊ တချို့က သုတေသန၊ တချို့က နိုင်ငံရေး။ ဒီနေရာမှာ ဝါသနာပါတာနဲ့ ယုံကြည်တာဟာ ဆက်စပ်နေတတ်ပါတယ်။ ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထုတပုဒ်မှာ ငါ့ဘဝတခုလုံး အနုပညာထဲ မြှုပ်နှံထားတယ် ဆိုတဲ့ စာကြောင်းလေး ပါတာကို မှတ်မိနေတယ်။ ဘဝတခုလုံးကို မြှုပ်ပြီး ဝါသနာပါတာဟာ ယုံကြည်တာလို့ပြောရင် သဘောတူနိုင်မလား။

ကျနော့် အမြင်နဲ့ပြောရရင် ယုံကြည်ခြင်းဆိုတာ ကိုယ့်စိတ်မှာ မှန်တယ်လို့ သတ်မှတ်လက်ခံပြီး စွဲစွဲလမ်းလမ်း လုပ်ကိုင်ဆောင်ရွက်၊ ကျင့်သုံး အကောင်အထည်ဖေါ်တာကို ခေါ်တယ်လို့ထင်တယ်။ ကိုယ်နဲ့ တခြားလူ တဦးချင်းတွေနဲ့ တူရင်တူမယ်၊ တူချင်မှလည်းတူမယ်၊ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ဟုတ်တယ် မှန်တယ်၊ လုပ်ရမယ်၊ လုပ်ကို လုပ်ရမယ်လို့ စွဲမှတ်နေတာမျိုးပါ။ ကိုယ့်ယုံကြည်မှုဟာ အနည်းဆုံးတော့ ကိုယ့်အတွက် စိတ်ကျေနပ် နှစ်သက်မှုရဖို့ လိုအပ်ပါတယ်။ တဆင့်ချင်းပြောရရင် ကိုယ့်မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတွက်၊ ကိုယ့်လူ့အဖွဲ့အစည်းအတွက်၊ ကမ္ဘာလောကကြီးအတွက် စိတ်ကျေနပ်နှစ်သက်မှု (စိတ်ချမ်းသာမှု) ရအောင်လုပ်နိုင်ရင် ပိုမကောင်းပေဘူးလား။

ငယ်တဲ့အရွယ်ယုံလွယ်လွယ်

ကျနော်တို့ ကလေးဘဝတုန်းက ဘယ်ပုံ ဘယ်နည်းနဲ့ယုံခဲ့ကြသလဲဆိုတာ အခုအရွယ်ရောက်လာတဲ့အခါ ပြန်လှည့်ကြည့်ရင် မြင်ရပါပြီ။ “ဟောဒါက ဖေဖေ၊ ဒါက မေမေ၊ သူက မမ၊ သူက ကိုကို” စသည်ဖြင့် ကြီးတဲ့သူ တွေက ပြောသမျှကို သိတတ်စ အရွယ်ကတည်းက ယုံမှတ်ခဲ့ကြတာ၊ မှတ်မိအောင် အထပ်ထပ်အခါခါ ပြောတော့(သင်တော့) ယုံခဲ့တာတွေ အများကြီး။ ငယ်သေးတော့ ကိုယ့်ထက်ကြီးတဲ့သူတွေ (ဘယ်သူမဆို) က ပြောသမျှကို အမှန်ထင်ပြီး ယုံခဲ့တာ။ “မကိုင်နဲ့ ပူလိမ့်မယ်” ဆိုလည်း ယုံလိုက်တာပဲ။ “ဒေဝေါကြီး ကိုက်လိမ့်မယ် မလုပ်နဲ့” ဆိုပြီး ခြောက်လှန့် ဟန့်တားရင်လည်း ကြောက်ကြောက်နဲ့ ထပ်မလုပ်ရဲဘူး။ “ဒီနေရာက ညဆို သရဲခြောက်တယ်” လို့ပြောရင်လည်း သရဲဆိုတာ ချိုနဲ့ အမြီးနဲ့လား၊ အထက်အောက် ဆင်တူ ဝတ်ထားသူလား ဆိုတာ မြင်ဖူးတာလည်း မဟုတ်ဘဲနဲ့ ကြောက်ခဲ့ကြတာပါပဲ။

ကစားဖေါ်၊ ကစားဖက် သူငယ်ချင်းတွေက ပြောရင်လည်း ယုံလိုက်တာပဲ။ အစ်ကို အရွယ် အစ်မအရွယ်က ပြောလိုက်ရင်လည်း ယုံလိုက်တာပဲ။ လမ်းထဲရပ်ကွက်ထဲက ဦးလေးအရွယ်၊ အဒေါ်အရွယ်တွေက ပြောရင်လည်း ယုံလိုက်တာပဲ။ ကျောင်းနေတော့လည်း ဆရာ၊ ဆရာမတွေကပြောရင် ပိုတောင် ယုံသေးတယ်။ အဲဒီအရွယ်မှာ မိဘတွေစကားထက် ဆရာရဲ့စကားက ပိုအောင်တယ်။ ကိုယ်သဘောကျတဲ့ ကိုယ်ခင်တဲ့ လူတွေပြောတာဆိုပြီး ပိုပြီးတော့တောင် ယုံလိုက်သေးတာ။

ကျနော့်ရဲ့ ငယ်ဘဝက ယုံကြည်ပုံတွေဟာ အဲဒီလို စခဲ့တာ။ မှားသလား မှန်သလား မခွဲခြားတတ်သေးတဲ့ အရွယ်မို့ ပြောတဲ့သူတွေရဲ့ စကားဟာ တကယ့်ကိုယ်တွေ့ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာလည်း မသိ၊ တကယ့်ကို စနစ်တကျ လေ့လာပြီး ပြောတာဟုတ် မဟုတ်လည်း မသိ၊ ယုတ္တိရှိမရှိ၊ သဘာဝကျမကျ၊ အယူသီးတာ ဟုတ်မဟုတ် ပါးစပ်ထဲ တွေ့ကရာ ပြောလိုက်တာလား ဆိုတာလည်း ခွဲခြားပြီးမသိ။ မှတ်မိခဲ့တာကတော့ လူကြီးတွေပြောသမျှ ဝေဖန်သုံသပ်မှု မရှိဘဲ အလုံးစုံ ယုံကြည်ခဲ့တာပါ။

ဝေဖန်သုံးသပ်ရအောင်လည်း ကိုယ်က ချာတိတ်၊ ငချွတ် အတွေ့အကြုံ ဆိုတာလည်းမရှိ၊ ဝေဖန်သုံးသပ်တယ်ဆိုတဲ့ စကားလုံးလည်း မကြားဖူး၊ ကြားဖူး၊ မြင်ဖူးရင်တောင် အဓိပ္ပာယ် ဆိုလိုချက်ကို သိနိုင်မယ့်အရွယ်မှ မဟုတ်တာ။ ဒီတော့လည်း အယုံလွယ်ခဲ့တာ ဘာဆန်းတာမှတ်လို့။

သိသမျှလေးကို အမှန်ထင်

ဒီလိုနဲ့ အရွယ်ရောက်လာပြီး လူပျိုပေါက်ကလေး ဖြစ်လာပြီပေါ့၊ ကိုးတန်း၊ ဆယ်တန်းလောက် ရောက်တော့ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ စာလေးပေးလေး မတောက်တခေါက် ဖတ်ဖူးလာတယ်။ ဒီအခါမှာ ငယ်ငယ်တုန်းက ယုံခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပြီး လက်ခံနိုင်တဲ့ဟာကို ဆက်ပြီး ယုံတယ်။

ကိုယ်လက်မခံနိုင်တဲ့ဟာဆိုရင် မယုံတော့ဘူး ဖြစ်လာတယ်။ အဲဒီ အရွယ်တုန်းကတော့ သူများနဲ့ မတူတဲ့ စဉ်းစားပုံမျိုး ကြည့်ပုံ မြင်ပုံမျိုး ဆိုရင် သိပ်သဘောကျတာ၊ ကိုယ်တိုင်ကိုက စိတ်ထဲမှာ ထူးခြားချင်တာ သူများနဲ့ မတူချင်တာ၊ ကိုးလိုးကန့်လန့် လုပ်ချင်နေတာကိုး။ အဲဒီ စိတ်နဲ့ စာတွေဖတ်၊ ကိုယ့်လိုလူတွေ တဖြည်းဖြည်းတွေ့လာ၊ ကိုယ်ဖတ်ထားတာတွေ ကိုယ့်အမြင်တွေကို သူတို့တတွေနဲ့ ပြောကြ၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြနဲ့ အသက်က ငယ်လည်းငယ်၊ စိတ်ဓာတ်ကလည်း တက်ကြွနေတဲ့အချိန်ဆိုတော့ ကိုယ့်သူငယ်ချင်းအချင်း သဘောတူလိုက်ကြတာကိုပဲ အမှန်တရားလို့ ထင်လိုက်ကြတာပါ။

ဆယ့်ခြောက်နှစ် ဝန်းကျင်လောက်ကနေစပြီး အမှန်တရားဆိုတာကို ရှာလိုက်ရတာ ရှာရင်းရှာရင်းနဲ့ လူငယ်သဘာဝအတိုင်း အစဉ်အလာတွေ ဆန့်ကျင်ချင်တာ၊ လူ့အဖွဲ့အစည်း အပေါ် မကျေနပ်တာ၊ အယူအဆ ဒဿနသစ်ကို ရှာကြည့်ချင်တာ၊ ကိုယ့်ဒဿနနဲ့ လောက လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ချင်တာ၊ အများအကျိုးကို ထမ်းရွက်ချင်တာ၊ ခြစားနေတဲ့ စာရိတ္တတွေကို ပယ်ဖျောက်ပစ်ချင်တာ၊ ဘဝပန်းတိုင်ကို ချမှတ်ဖြစ်တာ၊ ဝါသနာပါတာကိုပဲ တစိုက်မတ်မတ် လုပ်ချင်တာ အစရှိသဖြင့် ရင်ထဲ ဖြစ်တည်မှုတွေ အများကြီး ရှိလာတော့တာပါပဲ။

ကြီးလာတော့လည်း ယုံတာပါပဲ

ဒီလိုနဲ့ အရွယ်ရောက်လာ ရည်းစားထားကြ အိမ်ထောင်ကျကြ၊ သားသမီးတွေ မွေးလာကြနဲ့ လူ့ဘဝရဲ့ ဖြစ်ရိုး ဖြစ်စဉ်အတိုင်း ဖြစ်ခဲ့ကြတယ်။ မိသားစုထဲမှာ ဆွေမျိုးအသိုင်းအဝန်းကြားမှာ ကိုယ်က ပြောရဆိုရ ညွှန်ပြရမယ့် နေရာကို ရောက်မှန်းမသိရောက်လာကြတယ်။ ငယ်ငယ်တုန်းကလို သူများ ပြောတာကို ယုံပြီး အဲဒီ ဗဟုသုတလောက် အသိတရားလောက်နဲ့ ငယ်တဲ့လူတွေကို ပြောလို့ သင့်ပါရဲ့လား။ အဲဒီအဆင့်နေရာမှာ လူတွေရဲ့ အမျိုးအစားတွေ ကွဲလာပါတော့တယ်။

ပထမ တမျိုးကတော့ ဘာမှ လေ့လာ ဆည်းပူးခြင်းလည်းမရှိ ဝေဖန်ပိုင်းခြားချင်တဲ့ သဘောထား အမြင်လည်း မရှိတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီ သူတွေဟာ ငယ်ငယ်တုန်းကလိုပဲ သူများပြောတာကို ယုံပြီး ယုံတဲ့အတိုင်း ပြန်ပြော တတ်သူတွေ ဖြစ်လာကြတယ်။ သူတို့ကို ပြောတဲ့လူက တလွဲတချော်တွေ အမှားအယွင်းတွေ ပြောလို့လည်း ပြောမှန်းမသိဘဲ အဲဒီစကားတွေကို တရားလိုမှတ်ပြီး ကျင့်သုံးကြသူတွေပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှာရင် တွေ့နိုင်ပါတယ်။

ဒုတိယ အမျိုးအစားကတော့ စာတော့ အတန်အသင့်ဖတ်တယ်၊ အတန်းပညာလည်း ဘွဲ့ရသူ ဖြစ်ချင် ဖြစ်မယ်။ ဝတ်ပုံစားပုံ နေပုံထိုင်ပုံကလည်း ခေတ်မီသူ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီ ပုဂ္ဂိုလ်တွေက သူတို့ဖတ်တာ လေ့လာတာ နားထောင်တာတွေကို ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ဘဲ သိရင် သိတဲ့အတိုင်း ကြားရင် ကြားတဲ့ အတိုင်း စာထဲတွေ့ရင် တွေ့တဲ့အတိုင်း လက်ခံယုံကြည်လိုက်ကြတဲ့သူမျိုးတွေ။

အဲဒီလို လူမျိုးတွေကလည်း ပထမ အမျိုးအစားနဲ့ သိပ်ကွာတဲ့သူတွေ မဟုတ်ဘူး။ ပညာတတ်တာ၊ ရာထူးရှိတာ ပိုက်ဆံရှိတာပဲ ကွာတယ်။ စဉ်းစားပုံ ကြည့်မြင်ပုံတွေက အစဉ်အလာအတိုင်း စာအုပ်ကြီးအတိုင်း ရှေးရိုးစွဲပုံစံနဲ့ ဘိုးတော်ဆိုလည်း ကိုးကွယ်လိုက်တာပဲ။ နတ်ကနားပွဲဆိုလည်း ပေးလိုက်တာပဲ။

ဗေဒင်ဆရာက ဘာလုပ်ညာလုပ်ဆိုလည်း လုပ်လိုက်တာပဲ။ ဒီလိုလူစားတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှာတွေ့နိုင်ပါတယ်။

တတိယ အမျိုးအစားကတော့ ဖတ်မယ်၊ မှတ်မယ် လေ့လာမယ်၊ မြင်တာ ကြားတာ သိတာတွေကို ဝေဖန် သုံးသပ်မယ်။ ခွဲခြမ်းစိတ်ဖြာမယ် နှိုင်းယှဉ်စဉ်းစားမယ်။ လက်တွေ့ စမ်းသပ်လို့ရရင် လက်တွေ့ လုပ်ကြည့်မယ်။ ရှိနေတဲ့ အခြေအနေနဲ့ စပ်ဟပ်ကြည့်မယ်။

ဘယ်လို ပုဂ္ဂိုလ်မျိုး ပြောတာပဲဖြစ်ဖြစ် အလွယ်တကူ လက်မခံဘဲ ဝေဖန် သုံးသပ်ပြီး အခြေအနေနဲ့ ကိုယ့်သဘောထားနဲ့ ကိုက်ညီမှ လက်ခံမယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ။ အဲဒီလို လူမျိုးတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ လူထူးလူဆန်းအနေနဲ့ အကြည့်ခံရနိုင်တယ်။ ပုဒ်ထီး ပုဒ်မ တပ်ပြီး ကဲ့ရဲ့ရှုတ်ချခံရတတ်တယ်။ လူ့ဂွစာ တယောက်အနေမျိုး သတ်မှတ်ခံရတတ်တယ်။ သူက အစဉ်အလာ ကြည့်ပုံ၊ မြင်ပုံ၊ တွေးပုံ၊ လက်ခံကျင့်သုံပုံတွေနဲ့ ကွဲလွဲနေတာကိုး။

စတုတ္ထ အမျိုးအစားကတော့ ယေဘုယျ ကြည့်လိုက်ရင်တတိယ အမျိုးအစားလို့ ထင်စရာရှိတယ်။ လေ့လာမှု၊ သုံးသပ်ဝေဖန်မှု၊ အများကြည့်သလို မကြည့်မှု၊ အခြေအနေနဲ့ စပ်ဟပ်ကြည့်ပြီးမှ လက်ခံမှု ဘယ်သူတွေက ဘယ်လိုပဲပြောပြော စဉ်းစားပြီးမှ ငါယုံကြည်လက်ခံမယ်ဆိုတဲ့ လူမျိုးတွေပါပဲ။ ဒါပေမဲ့ အဲဒီလို လူတွေမှာ သူတို့ လုံးဝယုံကြည်လက်ခံလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ စကားဆိုရင် တရားလို သဘောထားပြီး သာမန်လူတွေ ဘာသာတရားကို ကိုးကွယ်သလိုမျိုး ကိုးကွယ်လိုက်တာ။ “ဝေဖန်ရင် အပြစ်ရှိတယ်၊ အကုသိုလ်ဖြစ်မယ်၊ အဝီစိ ငရဲအိုးထဲ ဇောက်ထိုးကျမယ်” ဆိုတဲ့ စဉ်းစားပုံမျိုးနဲ့ ကိုးကွယ်ကြသူမျိုးတွေ။

“ခင်ဗျားက သူ့လောက်သိလို့ တတ်လို့လား၊ သူ့လောက် သြဇာတိက္ကမ ရှိလို့လား” ဆိုတဲ့ စကားတွေနဲ့ ဆိုင်းဘုတ်အမျိုးမျိုးကပ်ပြီး တိုက်ခိုက် ရှုံ့ ချတတ်သူတွေ။ သူတို့တွေကို လေ့လာကြည့်ရင် ပြောင်းလဲရွေ့လျားနေတဲ့ အခြေအနေကို လိုက်မီအောင်၊ သိနားလည်အောင် မကြိုးစားဘဲ “လှေနံဓားထစ်”တွေ ဖြစ်နေတာကို တွေ့နိုင်မယ်။ စာအုပ်တအုပ် စာတမျိုးပဲဖတ်ပြီး ကိုးကွယ်နေတဲ့ စာအုပ်ကြီးသမားတွေ ဖြစ်နေတာကို တွေ့ရမယ်။ အဲဒီလို လူမျိုးတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှာတွေ့နိုင်ပါတယ်။

ပဉ္စမ အမျိုးအစားကတော့ လေ့လာမှု၊ သုံးသပ်မှုတွေမှာ တတိယ၊ စတုတ္ထအမျိုးအစားနဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒါပေမဲ့ ပြောင်းလဲနေတဲ့ အခြေအနေနဲ့ စပ်ဟပ်ကြည်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့မူလ အမြင်ပေါ်ကနေ ကြည့်တာမျိုးမဟုတ်တော့ဘူး။ ကိုယ်မြင်သိ ယုံကြည်မှုကို အခြေအနေနဲ့ ကိုက်ညီအောင် အလျှော့အတင်းလုပ်တာ၊ လတ်တလော ဒဿန အမြှုပ်ထမှုကို စူးစမ်းသုံးသပ်ပြီး နောက်ကွယ်က လက်ကို ရှာဖွေတာ၊ တချိန်တည်းပဲ အပြိုင်ရှိနေတဲ့ ဘက်ကိုပါ လေ့လာသုံးသပ်တာမျိုး မရှိတော့ဘဲနဲ့ အမြှုပ်ပလုံစီထနေတဲ့ ဒဿန ရေမြောင်းထဲကို လွှားခနဲ ခုန်ဆင်းသွားတဲ့ ပုဂ္ဂိုလ်မျိုးပါ။ အမြှုပ်ထနေတဲ့ မြောင်းထဲမှာ မျှောလိုက်ရင်း မြောင်းပေါ်က မြင်မြင်သမျှကို ပုတ်ခတ်တိုက်ခိုက်တော့တာပါပဲ။

အထူးသဖြင့် မူလက ကိုယ်ရပ်တည်ခဲ့တဲ့ ဘောင်ပေါ်က လူတွေကို၊ အယူအဆတွေကို၊ သဘောထားနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ခါးခါးသီးသီး ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ဆဲရေးရင်း မြောင်းရဲ့နောက် ဘောင်တဖက်ကို လက်ကမ်းပေးနေတာမျိုးပါ။ “ကယ်လှည့်ပါ ခေါ်လှည့်ပါ ခင်ဗျားတို့ဘက်မှာ နေပါရစေ” ပေါ့။ နဂိုတည်းက ဒီရေမြောင်းမှာ ဟိုဘက်ဒီဘက် ဘောင်နှစ်ခုတည်း ရှိနေမှန်း သိပြီးသား ဖြစ်ပေမယ့် နာကျင်မှုနောက်က နောင်တတရားတွေ၊ ကိုယ်ကျိုးစီးပွားတွေက အဲဒီပုဂ္ဂိုလ်မျိုးကို ဆွဲခေါ်သွား တာပါ။

သမိုင်းမှာ အမြင်၊ အယူအဆ၊ ဒဿနတခုခု အခြေတကျ မဖြစ်သေးတဲ့ကာလ၊ အမြှုပ်မသေသေးတဲ့ အချိန်မျိုးတွေမှာ ဒဿန သူရဲကောင်းလိုလို အမြင်အယူအဆသစ် ရှာဖွေတွေ့ရှိတဲ့ လူစွမ်းကောင်းလိုလို ပုဂ္ဂိုလ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ ပွဲပြီးတော့ အဲဒီမီးလည်း သေသွားတတ်တာပါပဲ။

ကျော်ရဲသလား ကျော်သင့်သလား

နိုင်ငံခြားသားတွေကို မြန်မာစာသင်ပေးနေတဲ့ ဆရာမတယောက်နဲ့ တွေ့ဖူးတယ်။ စကားပြောကြရင်း သူစာသင်ပေးနေတဲ့ ဥရောပနိုင်ငံတခုက ကျောင်းသူကို ဗုဒ္ဓဘာသာစာပေတွေထဲက မြန်မာစာတွေကို ရွေးပြီး သင်ပေးတဲ့အကြောင်း အဲဒီဆရာမကပြောတော့ ကျနော်က “ကိုယ့်ဘာသာထဲရောက်အောင် စည်းရုံးသိမ်းသွင်း တဲ့ အဓိပ္ပါယ်မျိုး ရောက်မနေဘူးလား” လို့ပြောမိတယ်။ အဲဒီတော့ ဆရာမက ဘာပြန်ပြောတယ်မှတ်လဲ “ပြဿနာ မရှိပါဘူး သူက ဘာသာမဲ့ပါ” တဲ့။

ဥရောပတို့ အမေရိကတို့လို ဒေသတွေမှာ သူတို့ လူ့အဖွဲ့အစည်းထဲမှာ ဘာသာမဲ့ဆိုတာ အထူးအဆန်း မဟုတ်ဘူး။ အခုမှ ရှိတာလည်း မဟုတ်ဘူး။ ရှိနေခဲ့ကြတာကြာပြီ။ ဒါကလည်း ယုံကြည်မှုတခုပဲ မဟုတ်ဘူးလား။ စိတ်ဝင်စားစရာကောင်းတာက လူတယောက်အနေနဲ့ အစဉ်အလာ ယုံကြည်ကိုးကွယ်မှု မဟုတ်တဲ့ ယုံကြည်မှုတခုကို ပြောင်းလိုက်တဲ့ စိတ်ရုန်းကန်မှု ဖြစ်စဉ်ပါ။

အတွေးအမြင် အယူအဆ ပြောင်းလဲတတ်ခြင်းနဲ့ ပတ်သက်ပြီး ဆရာကြီး ရွှေဥဒေါင်းက “တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်တနေရာမှာ-

“ဝါဒ အဆန်းအသစ်တခု ပေါ်ပေါက်လာသည့်အခါ ရာခိုင်နှုန်းတော်တော်များသည့် လူသတ္တဝါများသည် စဉ်းစားဖို့ အတော်ပျင်းရိကြ၏။ နက်နဲသော အခြင်းအရာ တခုကိုစဉ်းစားရခြင်းအလုပ်သည် ဦးနှောက်ရှုပ်သည် ဟုဆိုကြ၏။ စဉ်းစားရသောအလုပ်၌ ဝါသနာပါသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့ မရောက်စေနိုင်သည့် အတားအဆီးများ ရှိနေပြန်လေသည်။ ယင်းအတားအဆီးများမှာ (၁) မိရိုးဖလာ အစဉ်အလာကို မဖယ်နိုင်ခြင်း (၂) သဘာဝကျမကျကို ဆုံးဖြတ်တတ်သည့် ဥာဏ်မျိုးနုံ့နဲ့ခြင်း၊ (၃) မိမိ၏ အလိုဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့်သဘောတရား တခုကို လက်မခံလိုခြင်း တို့ဖြစ်လေသည်။” (စာ - ၂၂၈)

လို့ရေးထားပါတယ်။ လူ့ သဘာဝမှာ ဖြစ်လေ့ဖြစ်ထရှိတာတွေကို အတားအဆီး ဆိုတဲ့ ရှုထောင့်က ကြည့်ထားတာပါ။ အဲဒီ အတားအဆီးကို ကျော်ဖြတ်နိုင်ရင် ဝါဒအသစ် ယုံကြည်မှု အသစ်ကို လက်ခံသွား နိုင်တယ်ဆိုတဲ့ အမြင်ပါ။ ဒီသဘောထားပုံဟာ ရေးထားတာကြာခဲ့ပြီဖြစ်ပေမယ့် အခုထိ သစ်နေသေးတဲ့ မရိုးသေးတဲ့ အကဲဖြတ်ချက်လည်း ဖြစ်ပါတယ်။

ရင့်ကျက်မှုအပေါ်မှာ လွတ်လပ်ခြင်း

ဒီဆောင်းပါးရဲ့ အစပိုင်းမှာ ပြောခဲ့သလို ယုံကြည်ခြင်းဆိုတာဟာ ကိုယ့်စိတ်ထဲမှာ မှန်တယ်လို့ သတ်မှတ် လက်ခံပြီး စွဲစွဲလမ်းလမ်း လုပ်ကိုင်ဆောင်ရွက် ကျင့်သုံး အကောင်အထည်ဖေါ်တာကို ခေါ်တယ်လို့ ထင်မိပါတယ်။ အဲဒါဟာ ဘာသာတရားလည်း ဖြစ်နိုင်တယ်။ အမြင်အယူအဆလည်း ဖြစ်နိုင်တယ်။ ဘာကိုပဲ ယုံကြည်ယုံကြည် အဲဒီယုံကြည်မှုဟာ အယူသီးမှု တရားသေဖြစ်မှု၊ ဘောင်ကျဉ်းမှုတွေ မဖြစ်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ ဆိုလိုချင်တာက ရင့်ကျက်တည်ငြိမ်တဲ့ စိတ်နေ စိတ်ထားပေါ် အခြေခံတဲ့ လွတ်လပ်မှုမျိုးရှိဖို့ လိုအပ်တယ်ဆိုတာကိုပါ။

သဘာဝမကျတာ၊ အကြောင်းအကျိုး မညီညွတ်တာ၊ လက်တွေ့ဘဝနဲ့ မကိုက်ညီတာ၊ မလိုအပ်တဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ရှိနေတာ၊ ပိုင်းခြားဝေဖန် အသိဥာဏ်ကို သုံးခွင့်မရတာ၊ တွေးခေါ်မှု ရေပုပ်အိုင်ဖြစ်နေတာတွေကို သတ္တိရှိရှိ ဆန့်ကျင်ပြီး ကိုယ့်ဖန်တီးစဉ်းစားနိုင်စွမ်းအပေါ် အခြေခံတဲ့ ရွေးချယ်ပိုင်ခွင့် ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ယုံကြည်မှုမှာ လွတ်လပ်မှာပါ။ သူများက ယုံလိုက်ဆိုလို့ လက်ခံ ယုံကြည်လိုက်တာဟာ အသိဥာဏ်ပိုင်းမှာ ကျွန်ခံခြင်းတမျိုးလို့တောင် ဆိုကြပါတယ်။

ဆရာတော် ဦးဇောတိကရဲ့ “လွတ်လပ်သောစိတ်” ဆိုတဲ့စာအုပ်မှာ ဆရာတော်က

“သဘောထားမတူတဲ့သူတွေ ရှိနေမှပိုပြီး ထောင့်စေ့အောင် စဉ်းစားနိုင်မယ်၊ ဒါမှ အကောင်းဆုံး အဖြေကိုရမယ်။ အသိအမြင်တွေ တိုးလာတဲ့အခါမှာ အရင်တုန်းက သိထားတာတွေမှာ လွဲနေတာ မပြည့်စုံတာတွေကို မှန်အောင် ပြည့်စုံအောင် ပြင်ရမှာပဲ။ ငါတို့ သိထားတာဟာ နည်းနည်းမှ မလွဲဘူး။ ပြည့်စုံတယ်၊ ပြင်ဖို့လည်း မလိုဘူးလို့ မျက်စိမှိတ်ပြီးပြောနေတဲ့သူဟာ အမှန်တရားကို တန်ဖိုးမထားတဲ့သူ၊ လွတ်လပ်မှုကို တန်ဖိုး မထားတဲ့သူ၊ လွတ်လပ်မှုမရှိသူဖြစ်တယ်။ ဒီလူတွေဟာ သူတပါးကို လွတ်လပ်မှုမရှိအောင် လုပ်တယ်၊ အဆင်မပြေမှုတွေ ဖြစ်အောင် လုပ်တယ်” (စာ ၁၄၅)

လို့ဆိုထားပါတယ်။ လွတ်လပ်တဲ့လူ ဆိုတာနဲ့ ပတ်သက်လို့ ပြောတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ငါ ဘယ်လို လူလဲဆိုတာ သိတဲ့လူမျိုးဆိုပြီး ညွှန်းပါတယ်။

“ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာကို သိတဲ့လူဟာ သူများလုပ်တာကို လိုက် မလုပ်ဘူး၊ သူလုပ်ချင်တာကို လုပ်တယ်။ သူ့မှာ ကိုယ်ပိုင် အယူအဆဆိုတာရှိတယ်။ ကိုယ်ပိုင်ခံယူချက်ဆိုတာရှိတယ်။ သူ့မှာ ရေရှည် ရည်မှန်းချက်ရှိတယ်။ အစီအစဉ်ရှိတယ်။ သူဟာ လမ်းပျောက်နေတဲ့သူမဟုတ်ဘူး၊ လမ်းမရှိတဲ့နေရာမှာ လမ်းထွင်ပြီးသွားနေတဲ့သူဖြစ်တယ်” (စာ -၂၂၁)

လို့ ဆရာတော် ဦးဇောတိကက ရေးထားပါတယ်၊ဒါဟာလည်း အတွေးရုန်းကန်မှုကနေ ရလာတဲ့ ဆရာတော်ရဲ့ အယူအဆ အသီးအပွင့်တွေလို့ ဆိုရမှာပါ။ ကိုယ်ပိုင်အယူအဆနဲ့ ရေရှည်ရည်မှန်းချက်ရှိပြီး အဲဒီ အခြေခံကနေ လွတ်လွတ်လပ်လပ် စဉ်းစား ယုံကြည်တတ် သူမျိုးကို ဆိုလိုတာပါ။ ဝါဒ သက်စေ့ပြောင်းတတ်တဲ့ အဘိဓမ္မာ သက်တန့် ရောင်စုံပေါ်မှာ ဆော့ကစားချင်တဲ့ လေယူရာတိမ်းယိမ်းနွဲ့ ခံယူကျင့်သုံးတတ်တဲ့ သူတွေကို ဆိုလိုနေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ပန်းခင်းရဲ့ ကျက်သရေ

လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်တာ တခုတော့ ရှိတတ်ကြစမြဲပါ၊ အဲဒီ ယုံကြည်မှုဟာ ကလေးဘဝ ကတည်းကစခဲ့ပြီး အသက်အရွယ် အတွေ့အကြုံ လေ့လာမှု ဆင်ခြင်သုံးသပ်မှု ကျင်လည်ရတဲ့ ဝန်းကျင် အစရှိတဲ့ အခြေအနေတွေပေါ်မူတည်ပြီး တဖြည်းဖြည်း တရွေ့ရွေ့နဲ့ တိုးတက် ရင့်ကျက်လာကြပါတယ်။ တဖြည်းဖြည်း တရွေ့ရွေ့နဲ့ ပြောင်းလဲသွားပြီး ရင့်ကျက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တချို့ကတော့ တရားသေ အယူသီးမှုတွေနဲ့ ရှေးရိုးစွဲတိုင်း မပြောင်းမလဲ ရပ်တည်နေတာမျိုးလည်း ရှိကြပါတယ်။ တချို့ကျတော့လည်း ယုံကြည်မှုတွေကို ဖက်ရှင် ဒီဇိုင်းသမားတယောက်လို အမျိုးမျိုးတီထွင်ပြီး ပြောင်းလဲ ဝတ်ဆင်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။

ဘယ်လို အခြေအနေတွေပြောင်းပြောင်း ဘာကိုပဲ ယုံကြည်ယုံကြည် ယုံကြည်မှု အခြေခံအပေါ်မှာ ပျော့ပျောင်း လွတ်လပ်မှုရှိရှိ တွေးခေါ်ဆင်ခြင်တာ၊ လက်ခံ ကျင့်သုံးတာမျိုး ဖြစ်ဖို့လိုပါတယ်။ ယုံကြည်တာနဲ့ကွဲပြား ခြားနားတဲ့ ယုံကြည်မှုတွေလည်း ကိုယ့်လိုမဟုတ်တဲ့ တခြားသူတွေဆီမှာ ရှိနေနိုင်တယ်၊ ရှိနေကြတယ်ဆိုတာ အသိအမှတ်ပြုထားဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ့်ရဲ့ လွတ်လပ်တဲ့စိတ်နဲ့ ယုံကြည်မှုဟာ သူ့ရဲ့ယုံကြည်မှု ကိုလည်း လွတ်လပ်စေချင်တဲ့ စေတနာရှိနေသင့်တယ်လို့ ယူဆပါတယ်။ တဦးရဲ့ လွတ်လပ်မှုဟာ တခြားတဦးဦးကို ကန့်သတ်ချုပ်ချယ်မှုမဖြစ်စေဘဲ ရောင်စုံပန်းခင်းထဲက ပန်းတပွင့်ချင်းစီ လှပနေမှု ရနံ့သင်းပျံ့ နေမှုဟာ ပန်းခင်းတခင်းလုံးရဲ့ ဂုဏ်ကျက်သရေကို တိုးဖြည့်ပေးနေတာမျိုးပဲ ဖြစ်သင့်တယ်လို့ ယုံကြည် မိပါတယ်။


နောင်ကျော်  

ရည်ညွှန်းကိုးကား
၁။ ရွှေဥဒေါင်း တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
၂။ ဆရာတော်ဦးဇောတိက၊ လွတ်လပ်သောစိတ်
ရွက်နုဝေ (မေ ၊ ၂ဝဝ၇)

ရင်းမြစ်။ ။ mazzimaburmese.com      

Tuesday, April 15, 2014

စောင့်ထိန်းခြင်းမှ အေးချမ်းခြင်းသို့

စောင့်ထိန်းခြင်းမှ အေးချမ်းခြင်းသို့

လူဘသ၀သို့ရောက်ရှိလာကြသော ကျွန်ုပ်တို့သည်ကား၊ အချိန်အတိုအတွင်းမှာ ဘာတွေကို လုပ်ဆောင်ကြမှာလဲ။ သေသေချာချာစဉ်းစားထားရှိဖို့ရန်အရေးကြီးပေသည်။ ဘယ်လိုအလုပ်မျိုးပဲ ဖြစ်ဖြစ်၊ လောကလူသားများအတွက် ကောင်း ကျိုးများစွာဖြစ်ထွန်းစေမည့် အလုပ်ဖြစ်ပါက ဂုဏ်တင့်သည်ဟု သိထားကြသည်မှာ သေချာပါသည်။ ထို့သို့ သိထားကြ သော်ငြားလည်း လောကလူသားကောင်းကျိုးအတွက် အလုပ်လုပ်ကြရာဝယ် မဆင်ခြင်သောစကား၊ မဆင်ခြင်သော အပြု အမှုတို့ကို စောင့်ထိန်းခြင်းဆိုသည်က ရှိနေပေသည်။

ထို့သို့ စောင့်ထိန်းခြင်းဆိုတာရှိမှ အေးချမ်းခြင်းဆိုတာဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ လူသားအားတို့သည် ကောင်းစွာဖွံ့ ဖြိုးအကျိုးအကြောင်းညီညွတ်စွာဖြင့် သာယာငြိမ်းချမ်းမှုကို လိုချင် ကြပေသည်။ .ထို့ကဲ့သို့ သာယာခြင်းကိုလိုလား၍ ကျွန်ုပ်တို့သည်ကား ညီရင်းအစ်ကိုသဖွယ် ချစ်ကြည်စွာဖြင့် အေးတူပူမျှ ညီတူ အမျှခွဲဝယ်ခံစားနိုင်ဖို့ရန်၊ ဆရာတော်ကြီးများ၏ သြ၀ါဒများကို ခံယူလျှက် အသင်းအဖွဲ့ တစ်ခုတည်ထောင်ရန် ဆန္ဒရှိကြ သည့်အတိုင်း တက္ကသိုလ်အသီးသီးတို့မှ အတတ်ပညာတွေကိုရှာဖွေနေကြရင်း နေရာဒေသ တကွဲတပြားစီနေကြပေမယ့် လည်း စည်းလုံးညီညွတ်စွာဖြင့် သစ်ပင်ကြီးတစ်ပင်လိုပါပဲ၊ ပင်စည်ပင်ခက်၊ အငုံအပွင့်၊ အသီးအရွက်၊ အညွှန့်အဖူးတို့ဖြင့် ဝေေ၀ဆာဆာလှပစေဖို့ရန်၊ သူ့နေရာ သူ့တာဝန်နှင့်သူ အသီးသီးဖွံ့ဖြိုးနေကြဖို့နှင့် စည်းလုံးညီညွတ်ကာ ဒုက္ခအပေါင်းတို့ အား မျှဝေခံစားနိုင်ဖို့ဖြစ်ပါသည်။
သို့အတွက်ကြောင့် ၄င်းအသင်းအဖွဲ့၏ အမည်ကို U CHANDRAMANI STUDENT WELFARE ASSOCIATION ဟုသော အမည်ကို ရွေးချယ်အမည်တင်ခေါ်ဝေါ်ခဲ့ကြသည်။ မဟာထေရ် အသျှင်စန္ဒြမဏိ၏ ဂုဏ်ကျေးဇူး မေတ္တာတော်ကို ဂုဏ်ယူ သတိရ အောက်မေ့စေဖို့အတွက် မည့်ခေါ်ခဲ့ကြသည်။

မဟာထေ အသျှင်စန္ဒြမဏိသည် လက်ရှိအိန္ဒိယနိုင်ငံတွင် သမိုင်းနှင့် ချီ၍ ဖြစ်ပျက်နေခဲ့သော ဘာသာအယူဝါဒ မတူသော ဘာသာခြားများအကြား အယူစွဲ အဖြစ်တယ်ခဲ့သည့် ဘာသာရေးပြဿနာ၊ လူမူးရေးအဆင့်အတန်းကွာဟမှု ပြဿနာ စသည့်စသည့် မညီမျှမှုကြားတွင် လက်တွေ့လုပ်ဆောင်ဖြေရှင်မှုက တစ်ချက်မှားမိလျှင် မီးဟုန်းဟုန်းထောက်ခံရ တော့မည့် အခြေအနေအမျိုးမျိုးကြားမှ ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်ကြီးကို ပြန်လည်ရှင်သန်တိုးတက် ပြန့်ပွါးစေရန် မျိုး စေ့ကောင်းများစိုက်ပျိုးခဲ့ပေသည်။

ကောင်းမြတ်သော အတူယူဖွယ်၊ ကောင်းမွန်သော စိတ်ဆန္ဒဖြင့် မေတ္တာတရားတွေကို အတုယူဖွယ်ကောင်းသည့် ဖော်ကြူ ထူထောင်ခဲ့သည့် သစ္စာအလင်းတန်းဖြစ်၍ ယနေ့တိုင်းသမိုင်းဝင်မော်ကွန်းတင်ဆဲဖြစ် ပါသည်။ ထို သမိုင်းကောင်းကို တိမ်ကော့ပျောက် မသွားစေရန် ဆက်လက်၍ အကြင်ပုဂ္ဂိုလ်များတို့၏ ရင်ထဲ ဥဏှောင်းထဲ့ မှာ တသသနှင့် သတိရဖို့ရန် ရည်ရွယ်ချက်များဖြင့် ရွေးချယ်ကြခြင်းဖြစ်သည်။

အခြားတစ်ဖက်မှလည်း အသင်းအဖွဲ့ဖြစ်မြောက်ရန် လုပ်ဆောင်ကြရာဝယ် အသင်း၏ ရည်ရွယ်ချက်အဓိကမှာ---
၁။ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ခြင်း
၂။ ပညာရေးနှင့် အထွေထွေ ဗဟုသုတများ တိုးတက်မြင့်မာလာစေရေးအတွက် စီစဉ်ပေးခြင်း
၃။ အသင်းဝင်အချင်းချင်း ညီညွတ်စွာ ရိုင်းပင်းကူညီခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းခြင်း
၎။ အသင်းဝင်အချင်းချင်း ကျန်းမာရေး ကဏ္ဍ၌ ကူညီဆောင့်ရှောက်ခြင်းတို့ဖြစ်သည်။

အသင်းအဖွဲ့၌ အသင်းဝင်အချင်းချင်း လှည့်ပတ်မှုကင်းရှင်းကာ နိုင်ထက်စီးပြုလုပ်မှု ကင်းရှင်းစွာနှင့် တရားမျှတမူရှိမှသာ ၄င်းအသင်းအဖွဲ့သည် ငြိမ်းချမ်းသာယာနေမည်ဖြစ်ပြီး။ တရားမျှတမှု ကင်းမဲ့စွာနှင့် လုပ်ဆောင်နေပါက ငြိမ်းချမ်းသာယာမှုဆိုတာ အဘယ်မှာရရှိနိုင်ပါမည်နည်း။ မှန်ပါသည် ငြိမ်းချမ်းသာသာ ရွှေရင်အေးဖို့အတွက် မှန်ကန်ဖြောင့် မတ်မှုနှင့် တရားမျှတမူက အမြဲတမ်း နေရာတိုင်းတွင်ရှေ့တန်းပြီးလုပ်ဆောင်သင့်သည့် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပေ သည်။

ဤကဲ့သို့ ဆိုလိုနေခြင်းသည်ကား လက်ရှိဖွဲ့စည်းထားသော အသင်းအဖွဲ့တွင် “ပြဿနာများ ရှိနေပြီးလား?” ဟု မေးခွန်းမေးစရာများဖြစ်နေပါ၏။ ပြဿနာကား ယခုလက်ရှိအချိန်အထိကို မရှိသေးပါ။ ဒါပေ့မယ် မနက်ဖြန်သည်ကား ဘာ ဖြစ်လာဦးမည်ဆိုတာကိုတော့ ဘယ်သူကမှသေချာသိနိုင်ပါမည်နည်း။ ထိုကြောင့် ငြိမ်းချမ်းသာယာစွာ ရည်ရွယ်ချက်ပြည့်ဝ ဖို့ရန် မှန်ကန်ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို လက်ကိုင်ထားပြီးလုပ်ကိုင်ဆောင်ရွတ်နိုင်ဖို့က အရေးကြီးလှပါပေ သည်။

ပိုဂ္ဂိုလ်တိုင်းပင် ကောင်းသော စကားကိုပြောဆို၍ ကောင်းသောအလုပ်ကိုသာ ပြုလုပ်ကြရမည်ဖြစ်သည်။ အသင်း အဖွဲ့အဖွဲ့ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ ရည်ရွယ်ချက်များပြည့်ဝနိုင်ဖို့ စုပေါင်းဆွေးနွေးလုပ်ဆောင်မှသာလျှင် အသင်းအဖွဲ့ကြီးအောင်မည်မှာ အမှန်ပင်ဖြစ်ပေသည်။ ဘယ်သူကမျှ ပျက်စိပါစေ အပူလုံးတစ်သွယ်သွယ်နှင့် ရင်ဆိုင်ကြုံ တွေ့ကြပါစေဟု ရည်ရွယ်ပြီးထူထောင်ခဲ့ခြင်းကား မဟုတ်သည်မှာ လုံးဝဥဿုံငြင်းပယ်စရာမရှိပါ။

ထို့ကြောင့် မဆင်မခြင် သောစကားနှင့် ဆင်ခြင်မှုကင်းမဲ့စေသောလုပ်ရပ်များကို အားလုံးပင် ရှောင်ကြည်ကာ ဆင်ခြင်းစောင့်ထိန်းခြင်းဖြင့် ကျ ရောက်လာသော ကိစ္စကြီး၊ ငယ် အသွယ်သွယ်တို့ကို တာဝန်ကျေပွန်စွာဖြင့် ကောင်းမွန်စွာထမ်းဆောင်သွားမည်ဆိုပါလျှင် ဤအသင်း အဖွဲ့ကြီးသည် မကြာမီအတွင်းမှာ အောင်မြင်သော အသင်းကြီးတစ်ခုဖြစ်လာပါလိမ္မည်။
လူသားများသည် တတ်သိပညာရှာဖွေရင်း လူမှုရေးပိုင်ဆိုင်ရာ ပဋိပက္ခများကြားမှ လှုပ်ရှား သွားလာနေကြရသော ကြောင့် ပင်ပန်းနွမ်းနယ်ကြရ၏။

ထိုပင်ပန်းနွမ်းနယ်ရိုက်ခတ်မှုဒဏ်ကြောင့် ဖြူစင်သန့်ရှင်းသော စိတ်အစဉ်သည်ကား ရေ ရှည်မှာ မခံနိုင်တော့ပါ။ ထိုအခါတွင် မကောင်းသော စကား၊ မဆင်မခြင်သော အပြုအမူ လက္ခဏာတွေကြောင့် အေးချမ်း ခြင်းနှင့်အတူ လန်းဆန်းတက်ကြွနေသောစိတ်များ ပျောက်ကွယ်တတ်ကြလေပြီ လောဘ၊ ဒေါသ၊ မောဟတို့၏ သွေးတိုးမှု တွေရဲ့ သဘောတွေကို ခိုင်လုံစွာသိထားဖို့ရန်လိုအပ်ပေသည်။ ၄င်းလောဘ၊ ဒေါသ၊ မောဟ မီးတို့ နောက်ကွယ်က သွေး ထိုးမှုတွေကြောင့် စိတ်ထင်တိုင်းပြောင်းလဲလို့မဖြစ်နိုင်ပါ။

အကျိုးအကြောင်းတွေကို ဆင်ခြင် ညီညွတ် တရားသောနည်းလမ်း တကျဖြစ်စေဖို့ရန် အားလုံးစောင့်ထိန်းရမည်မှာ အသင်းသားအားလုံးတို့၏ တာဝန်ပင်ဖြစ်ပေသည်။ သို့ဖြစ်၍ အသင်းဝင် များသည် အသင်းအတွက် ရင်နာစရာ ယူကျုံးမရ ဖြစ်စရာကို ပုဂ္ဂလိကခံစားမှုသက်သက်သာဖြစ်နေရခြင်းသည် အရေး ထားစရာ မဟုတ်သည်ကား မဟုတ်ပါ၊ အသင်းကြောင့်ဖြစ်ပေါ်လာသောပြဿနာ တစ်စုံတစ်ရာသည်ကား အသင်းဝင်တိုင်း မှာတာဝန်ရှိသည်။

ပုဂ္ဂိုလ်တိုင်းသည် ရည်မှန်းချက်အသီးသီးဖြင့် အသက်ရှင်သန်ရပ်တည်နေကြသူ တွေဖြစ်သည့်အလျှောက်၊ ပုဂ္ဂိုလ် အမျိုးမျိုး၊ စိတ်ဆန္ဒအဖုံဖုံနှင့် စရိုက်လက္ခဏာ အထွေထွေရှိကြသည်။ မိမိတို့ရည်မှန်းရာ ခရီးကို ၀ါသနာထက်သန်သည့် အ လျှောက် မိမိရွေးချယ်သောလမ်းကြောင်းပေါ်မှာ ကြိုးစားလျှောက်လှမ်းနေကြရ၏။ ထင်သလောက် ခရီးပေါက်ဖို့လည်း ကြိုး စားနေကြ၏။

ထို့ကြောင့် တစ်ပါးသူအပေါ်ကို အပြစ်မမြင်တတ်ဖို့သည် အသင်းဝင်တိုင်းအတွက် အရေးကြီးပါသည်။ အတ္တ ကိုရှေးတန်းတင်၍ ငါသာမှန်သည်ဟု ငါမာန်တက်သည့် ကိစ္စမျိုးတွေကြောင့်လည်း အပြစ်တင်ဝေဖန်ကြနဲ့၊ အမုန်းတရား တွေပွါးများရပြန်သည်။ “ပြည်ပန်ညိုချိုပါလျှက် ဆားဖျက်တဲ့ကိန်း” ကို မကြုံစေသင့်၊ အမှန်တရား၏ အတိမ်အနက်ကို တိုင်း တာရာ၌ တစ်ဖက်တည်းကိုကြည့်ခြင်းဖြင့် မလုံလောက်ကြောင်းကို သတိရှိသင့်၏။ သမုဒ္ဒရာသဖွယ် အသင်းသဏ္ဍာန်ရှိ သည်ဖြစ်၍ ယုန်သူငယ်၏ ခြေထောက်ဖြင့် မလုံလောက်နိုင်ကြောင်းကိုလည်း သတိရှိသင့်သည်။

ထိုကြေင့် အသင်းဖွဲ့တစ်ခုမှာ တစ်ဦးတစ်ယောက်ကောင်းရုံမျှဖြင့် တိုးတက်ငြိမ်းချမ်း ရွှေရင်အေးခြင်းကို မရနိုင်ပါ။ အသင်းဝင်အားလုံးတို့သည် စည်းလုံးညီးညွတ်စွာဖြင့် သင့်မြတ်အောင် ဆွေးနွေးကြရင်း သဘောတူညီ ဂရုစိုက်လုပ်ဆောင် ခြင်းဖြင့် ပိုမိုအဓိပ္ပါယ်လေးနက်သော ငြိမ်းချမ်းမှု မဟာသင်္ကေတကိုတွေ့ရှိလာပါလိမ့်မည်။ အလုပ်လုပ်လျှင် အခက်အခဲ့နှင့် ကွဲပြားခြားနားသော အယူအဆများ၊ အတိုက်အခံများရှိကြသည်ပင်။ ဒါက နိယာမ သဘာဝပင်ဖြစ်ပေသည်။

 ထိုအခြင်းအ ရာသည် ကျိုးကြောင်းညီညွတ်ဆက်စပ်၍မရရှိနိုင်သော အယူအဆကြောင်း ဖြစ်ပေါ်လာ၏။ တစ်ခါတစ်ရံမှာ တစ်ယူသန်စွဲ ကောက်ချက်များသာဖြစ်သည်ဟု အဆို ရှိကြပြန်သည်။ မည်သို့ပင်ဖြစ်စေကာမူ အသင်း၏ လက်ရှိကောင်းကျိုးနှင့် အနာ ဂတ်ကောင်းကို ဆောင်ရွက်လိုပါက အသင်းဝင်ကြားမှ မိမိရဲ့စိတ်ကို သီးခြားခွဲထုတ်မှု၊ တယူသန်မှု၊ စိန်ခေါ်မှုတို့ဖြင့် အသင်း၏ တန်ဖိုးကို မဆုံးဖြတ်မိစေပဲ၊ အသင်း၏ လိုအင်များကို လိုအပ်သလို အတူတကွပူပေါင်း ဆောင်ရွက်ခြင်းဖြင့် ပန်း တိုင်သို့လျှောက်လှမ်းဖို့ပင် မျှော်လင့်ယုံကြည်လျက် ပူပေါင်း ပါဝင်နိုင်ပေသည်။ သို့မှသာ ကိုယ်နုတ်စောင့်ထိန်းခြင်းမှ အေး ချမ်းခြင်း ရောက်ရမည် ဖြစ်ပေတော့သည်။

တက္ကသိုလ် လင်းတန်းသစ်