Sunday, April 21, 2013

နိဗ္ဗာန်ကို မြင်လိုသိလိုလျှင်



                                                              နိဗ္ဗာန်ကို မြင်လိုသိလိုလျှင်
 

 ရှေးတုန်းက ဇယသေန ဆိုတဲ့ မင်းသားတစ်ယောက် တော်တော်ပညာတတ်တဲ့
ကိုရင်တစ်ပါးဆီ သူမင်းသားရောက်လာတယ်။
ရောက်လာတော့ ကိုရင်ကြီးကို မေးတယ်။

"ကိုရင် - သမာဓိရှိရှိနဲ့
နေနိုင်တယ်ဆိုတာ ၊ သမာပတ်တွေ ဘာတွေဝင်စားနိုင်တယ်ဆိုတာ
ဟုတ်သလား၊ စိတ်တွေဟာ
တစ်ခါတည်း အာရုံတစ်ခုတည်းမှာ ထားပြီးတော့ နေနိုင်တယ်ဆိုတာ ဟုတ်သလား။"

"ဟုတ်တယ်"

"ဒါဖြင့် ကျုပ်ကို နည်းနည်း ပြောပေးစမ်းပါ"

"ဟင် - အသင့်ကို ပြောရမှာဖြင့် ကျုပ်က သိပ်ပြီးတော့လဲ
ဝေဝေဆာဆာ ပြောတတ်တာ မဟုတ်ဘူး၊ ဒီတော့ ကျုပ်ပြောတဲ့ဟာကိုလေ အသင် သဘောမကျလို့ရှိရင် သဘောမကျတဲ့အနေနဲ့ ထားပါနော်၊ ထက်ပြီးတော့ စောဒက မတက်ပါနဲ့"

" ကောင်းပါပြီ၊ စောဒက မတက်ပါဘူး"

"ပြီးတော့ ဘာရယ် ညာရယ် မပြောပါနဲ့၊"

"မပြောပါဘူးလေ၊ ကဲ - ပြောစမ်းပါဦး"

ဒါနဲ့ သမာဓိရတဲ့ လမ်းစဉ်၊ ဈာန်သမာပတ်ရတဲ့ လမ်းစဉ်တွေပြောပြီးတော့ ဇယသေန မင်းသားက သူများကိုလဲပဲ ငဲ့ညှာတာ မဟုတ်တော့၊ ဘယ်တော့မှ မဖြစ်နိုင်ဘူးကိုရင်၊ မဟုတ်တာချည်းပဲ ဖြစ်မှာပဲဆိုပြီးတော့ တစ်ခါတည်း အပြစ်တွေ တင်ပြီးတော့ ပြန်သွားရော။ ကိုရင်ခမျာ စောစောက သဘောမကျလို့ရှိရင် ဘာမှမပြောပါနဲ့နော်၊ စောဒကတက်ရုံတင် မကဘူး၊ အပြစ်ပြောပြီးတော့ ပြန်သွားတယ်။ 


ဒါနဲ့ မြတ်စွာဘုရားဆီ ကိုရင်က သွားပြီးတော့ လျှောက်တော့ ဒီမင်းသားက လောကီအာရုံ ကာမဂုဏ်ထဲမှာပဲ စိတ်ကနေတာ၊ လောကီအာရုံ ကာမဂုဏ်ထဲမှာနေတဲ့စိတ်က လောကီအာရုံ ကာမဂုဏ်တွေထဲက ခွဲခွါပြီးတော့ ဘယ်လိုနေမှ သမာဓိရတယ်ဆိုတဲ့ အကြောင်းအရာတွေကို သူဘယ်နှယ်လုပ်ပြီးတော့ သဘောပေါက်မလဲ၊ အကြောင်းအရာတွေကိုသူ ဘယ်နှယ်လုပ်ပြီးတော့ သဘောပေါက်မလဲ၊ သူ့နေရာနဲ့သူရောက်မှ သဘောပေါက်တော့မှာပေါ့လို့ အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ်က ဟောပြပြီး ဥပမာတစ်ခု အမိန့်ရှိတယ်။

"သူငယ်ချင်း နှစ်ယောက် မြို့ထဲက ထွက်ပြီးတော့ တောထဲ လည်ကြတယ်၊ တောထဲ လည်ရာက တောင်ကြီးတစ်ခု တွေတော့ သူငယ်ချင်းတစ်ယောက်က မောမောပန်ပန်းနဲ့ တောင်ခြေ နေရစ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ကတော့ တောင်ပေါ်တက်ပြီး တော်တော်လေးရောက်တော့ အောက်လှမ်းကြည့်လိုက်တဲ့အခါ သိပ်ကြည့်လို့ကောင်းတာနဲ့ အောက်ကလူကိုလှမ်းကြည့်လိုက်တယ်။ 


အား-- မိတ်ဆွေ သိပ်သာယာပါကလား၊ တောင်ပေါ်က ကြည့်ရတာ သိပ်ကောင်းတာပါလား၊ ကြည့်စမ်း-- ဟိုမှာ ရှုမျှော်ခင်းတွေ ကောင်းလိုက်တာ၊ တစ်ခါတည်း ဟိုမြစ်တွေကြည့်လိုက်တော့လဲ ရေတွေက တစ်ခါတည်း ကြည့်လို့ကောင်းလိုက်တာ၊ မြို့တွေ ကြည့်လိုက်တော့လဲ တစ်ခါတည်း ဘုံတွေ ဗိမာန်တွေလိုပဲ၊ တောတွေ ကြည့်လိုက်ပြန်တော့လဲ သစ်ပင် တွေက စိမ်းစိမ်းစိုစိုနဲ့ ကြည့်လို့ကောင်းလိုက်တာလို့ သူက တောင်ပေါ်ကနေပြီးတော့ လှမ်းပြောတယ်၊ တောင်အောက်ကလူက အလကား မင်းညာတာ ဘာမှ မဟုတ်ဘူး၊ သူက တောင်အောက်ကနေပြီး ငြင်းချက် ထုတ်နေတယ်။ 

ဒါနဲ့ အောက်ဆင်းပြီး ပြေးလာပြီးတော့လာလာဆိုပြီး အတင်းတွဲခေါ်ပြီးတော့ တောင်ပေါ် တက်တယ်။ ခုနက သူမြင်တဲ့ နေရာက နေပြီးတော့ ကဲ-ကြည့်စမ်း အနောက်ကြည့်လိုက်စမ်း၊ အေး-ဟုတ်တယ်ဟေ့၊ မြို့ကြီး သိပ်သာယာပါကလား၊ ဟို တောင်ဘက် ကြည့်လိုက်စမ်း အား-ဟုတ်တယ်၊ ရေတွေ၊ တစ်ခါတည်း မြစ်တွေ ချောင်းတွေ သိပ်ကြည့်လို့လှတာပဲ၊ ဘယ့်နှယ်ကြောင့် သာယာတယ်လေး ဘာလေး ဖြစ်ကုန်တုန်း၊ ခုနက ငါက ဒီနေရာကိုရောက်မှ မရောက်ဘဲကိုကွာ၊ ဒီနေရာကို မရောက်တော့ ငါကငြင်းမိတာပေါ့။"

အဲသလိုပဲတဲ့၊ ဒီတရားနဲ့ တန်တဲ့နေရာရောက်လို့ ဒီတရားကိုသိနိုင် မြင်နိုင်လောက်တဲ့ အကျင့်ကို ကျင့်လို့ရှိရင် ဒီတရားသိတာမြင်တာပဲ။ ဒီတရားနဲ့ မတန်သေးခင်တုန်းကတော့ သူများပြောတဲ့ဥစ္စာ မငြင်းချင်လို့သာ မငြင်းတာ၊ ဒါမှ မဟုတ်ရင် ပြောတဲ့လူကို ယုံကြည်လို့၊ ဟုတ်မှာပဲ - အဲသလို အနေမျိုးနဲ့သာ နေရတာ၊ ဒါပေမယ် တကယ် ကိုယ်တွေ့ သိမြင်လာတဲ့ အခါကျတော့ သေသေချာချာ ယုံတာပဲ၊ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က နိဗ္ဗာန်ကို သိနိုင် မြင်နိုင်လောက်အောင် နိဗ္ဗာန်နဲ့ထိုက်တန်အောင်ကျင့်တဲ့ ပုဂ္ဂိုလ်များသာ နိဗ္ဗာန်ရဲ့သဘောကို ကောင်းကောင်း သိမယ်လို့ အမိန့်တော်ရှိတယ်။

အရှင်ဇနကာဘိဝံသ

World Of Wisdom

Saturday, April 20, 2013

ဘာတွေပေးခဲ့မှာလဲ

 
ဘာတွေပေးခဲ့မှာလဲ

  
တစ်ခါက နတ်သားတစ်ယောက်က ဘုရားရှင်ကို မေးမြန်းလျှောက်ထားသည်၊ “ မြတ်စွာဘုရား …..ခွန်အားကို လှူချင်ပါတယ်၊ ဘာကိုပေးလှူရပါမလဲ ၊ အဆင်းကို  ပေးလှူချင်ပါတယ်၊ ဘာကိုပေးလှူရပါမလဲ ၊ မျက်စိအလင်းကို ပေးလှူချင်ပါတယ် ၊ ဘာကိုပေးလှူရပါမလဲ ၊ ချမ်းသာသုခကို ပေးလှူချင်ပါတယ် ၊ ဘာကိုပေးလှူရပါမလဲ ဆိုခဲ့တဲ့ အရာအားလုံးကို ပေးလှူချင်ပါတယ် ဘာကိုပေးလှူရပါမလဲ “

ထိုအခါ မြတ်စွာဘုရားက “ ခွန်အားကိုပေးလှူချင်လျှင် အစားအစာကို ပေးလှူရမည်။ ရုပ်အဆင်းကို ပေးလှူချင်လျှင် အ၀တ်အထည်ကောင်းကောင်းမွန်မွန်ကို ပေးလှူရမည်၊ မျက်စိအလင်းကို ပေးလှူချင်လျှင် မီးစသည် အလင်းရောင်ကို  ပေးလှူရမည် ၊ ချမ်းသာသုခကို ပေးလှူချင်လျှင် သွားလာစရာယာဉ်ကို ပေးလှူရမည် ၊ ဆိုခဲ့သည့် ကောင်းကျိုးလေးမျိုးလုံးကို တစ်ပြိုင်နက်တည်း  ပေးလှူချင်လျှင် အဆောက်အအုံကို ပေးလှူရမည်။နိဗ္ဗာန်ကို ပေးလှူချင်လျှင် တရားဓမ္မကို ပေးလှူရမည် “ ဟု ကိ`ံဒဒသုတ္တန်၌ မိန့်ခဲ့သည်။

သတ္တလောကကြီးသည် အပေးအယူနှင့် တည်ဆောက်ထားခြင်းဖြစ်သည်၊ ရာသီဥတုသည် အအေးအပူမျှဖို့လိုသည်၊ လူ့ဝန်းကျင်လူ့လောကမှာလည်း အပေးအယူမျှဖို့လိုသည် ၊ အနိမ့်ဆုံးအဆင့် အပေးအယူမျှနေကြရမည်၊ ပုထုဇဉ်အများစုမှာ အတ္တက ပြဋ္ဌာန်းလေတော့ မိမိက အယူကိစ္စသာပို၍ ယူချင်ကြသည်။အပေးကိစ္စတွင် ပို၍ မပေးချင်ကြ ၊ လူသားသတ္တ၀ါတွေကြားပြဿနာတွေများပြားနေရခြင်းသည် အပေးအယူမမျှတခြင်းက မြစ်ဖျားခံသည်၊အပေးအယူမျှတနေလျှင် မည်သည့်ပြဿနာမျှ ဖြစ်ပေါ်လာစရာ အကြောင်း မရှိ။

လူသား၏ အခြေံကျင့်ဝတ်က တစ်ခုခုကို ယူချင်လျှင် တစ်ခုခုကို ပေးရမည်ဟု သိရှိလက်ခံဖို့ဖြစ်သည် ၊ မည်သည့်အရာကိုမျှ အချောင် မလိုချင်ရ ၊ အချောင်လိုချင်သူသည် အချောင်သမားသာဖြစ်မည်၊ မည်သည့် အရာကိုမျှ အလကားမယူချင်ရ ၊ အလကား ယူချင်သူသည် အလကား လူသာဖြစ်မည် ၊ အချောင်ယူနေသူသည် အလကားယူနေသူတွေရှိခဲ့လျှင်လည်း ထိုသူတို့သည် အချောင်သမား အလကားလူသာ ဖြစ်မည်၊ လူ့ဘောင်လူ့လောကကို  လက်ဆောင်ပေးခြင်း ၊ ပူဇော်ပသခြင်းစသည်တို့ကား ခြွင်းချက်ဟု နားလည်ရပါမည်။ ဒါကတော့ ရသင့်ရထိုက်လို့ ရခြင်းဟု ဆိုရမည်။

ကိုယ်က ဘာမျှ မပေးဘဲနှင့် ဘာမျှမယူချင်ရ ၊ ပစ္စည်းတစ်ခုခုကို ကောက်ရထားလျှင်သော်မှ ပိုင်ရှင်ရှိလျှင် ပိုင်ရှင်တွေ့က ပြန်ပေးရမည် ၊  ပစ္စည်းတစ်ခု ခေတ္တငှားရမ်းသုံးလျှင် အချိန်တန်က ပြန်ပေးရမည်။ယခုခေတ်မှာ ချေးငှားသုံးပြီး ပြန်မပေးသူတွေ ၊ ကြွေးယူပြီး ကြွေးပြန်မဆပ်တာတွေ များများလာသည်ဟု ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရသည် ၊ ဘာလို့ ပြန်မပေးချင်ရတာလဲ ၊ ပေးစရာ မရှိလို့ ၊မပေးနိုင်လို့ မပေးတာလား ၊ မပေးချင်လို့ကို မပေးတာလား ။
လူတိုင်းမှာ ထားရှိရမည့် သဘော ထားသုံးခုရှိသည်၊

 နံပါတ်တစ်- ကိုယ်က ဘာမျှမပေးနိုင်ဘဲနှင့် သူတစ်ပါးဆီက ဘာကိုမျှအလကားမယူချင်ရ ၊ အချောင်မယူချင်ရ ၊ နံပါတ် နှစ် – လူခပ်သိမ်းနှင့် အပေးအယူမျှရမည် ၊ မျှအောင်လုပ်ရမည် ၊ နံပါတ် သုံး – တတ်နိုင်လျှင် ကိုယ်က အပေးဘက်က သာနေရမည်၊အပေးဘက်မှာသာ ရှိစေရမည် ၊ ဤသုံးချက်ကို သဘောပေါက်လိုက်နာလျှင် လူသည်လူကို နှောင့်ယှက်မည့်သူမဖြစ်နိုင်တော့ ၊ကူညီမည့်သူသာ ဖြစ်လိမ့်မည် ၊လူကို ဒုက္ခပေးမည့်သူ မဖြစ်နိုင်တော့ ၊ သုခပေးမည့်သူသာဖြစ် လိမ့်မည်။

လူသည် ပထမတော့ ယူရသည်။နောက်တော့ ပြန်ပေးရသည် ၊ယူခြင်း ၏ အဓိပ္ပါယ်က ပြန်ပေးဖို့အတွက် ယူခြင်းဖြစ်သည် ၊ ပေးနိုင်အောင်လို့ ပေးစရာ ရှိဖို့ ယူခြင်း ဖြစ်သည်။သားသမီးသည် မိဘထံက ယူရသည်၊လူငယ်သည် လူကြီးထံက ယူရသည် ၊ ကိုယ်က မိဘဖြစ်သည့်အခါ ပြန်ပေးရသည် ၊ ဆရာဖြစ်သည့်အခါ ပြန်ပေးရသည် ၊ လူကြီး ဖြစ်သည့် အခါ ပြန်ပေးရသည်၊ ပထမပေးစရာရှိဖို့ ၊ ပေးနိုင်အောင်လို့ ယူထားကြရသည် ။ ဒုတိယ ကိုယ်က ပေးသည့် အလှည့်ရောက်တော့ ပြန်ပေးကြရသည်။ လူသား မျိုးနွယ်က ထိုသို့ အယူအပေး ၊ အပေးအယူနှင့် ဆက်စပ်ရှင်သန်လာခဲ့ကြရသည်။

ပုတ္တသုတ္တန်၌ မိဘတို့၏ မျှော်လင့်ချက်ငါးပါး ဘုရားရှင်မိန့်ကြားတော်မူသည့် ငါတို့ ပြုစု စောင့်ရှောက်ထားသော သား သမီးတွေက ငါတို့အသက်ကြီးရင့်သော အခါ ပြန်လည်၍ စောင့်ရှောက်ကြလိမ့်မည်။ ငါတို့၏ ကိစ္စကြီးငယ်အသွယ်သွယ်ကို ဆောင်ရွက်ကြလိမ့်မည် ၊ ငါတို့ ၏ မျိုးနွယ်ကို ရှည်ကြာအောင် စောင့်လိမ့်မည် ၊ ငါတို့၏ အမွေကို လည်း ခံယူရစ်လိမ့်မည်၊ ငါတို့ကွယ်လွန်သော အခါ ကောင်းမှုပြု၍ အမျှအတန်းပေးဝေကြလိမ့်မည် ။ မိဘတိုင်းက သား သမီးတို့အပေါ်ထိုသို့ မျှော်လင့်ထားကြသည်ဟု ဆိုသည်။မိဘတို့သည် စုန်ရေဟု ဆိုသော်လည်း အဆန်ကို လုံးဝ မျှော်လင့်မထားသည်တော့ မဟုတ်ချေ။

အထက်ပါ မိဘတို့ မျှော်လင့်ချက်ငါးပါးကိုပဲ “ ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ ၊ မွေခံထိုက်စေ ၊ လှူမျှဝေ၍ ၊ စောင့်လေမျိုးနွယ် ၊ ၀တ်ငါးသွယ် ၊ကျင့်ဖွယ်သားတို့တာ “ ဟု သားသမီးဝတ္တရားငါးပါးအနေနှင့် မြန်မာတို့ နားလည်ထားကြသည်။
 ငယ်စဉ်က မိဘတို့ ထံက အစစအရာရာ အားလုံးယူခဲ့သော သားသမီးတို့သည် ကြီးရင့်သော အခါ မိဘတို့ကို ပြုစုပေးကြသည်။ မိဘတို့၏  ကိစ္စ၀ိစ္စဟူသမျှကို ဆောင်ရွက်ပေးကြသည်။မိဘတို့၏ မျိုးနွယ်ကို စောင့်ရှောက်ပေးကြသည်။မိဘတို့၏ ကောင်းမွေ ၊ ဆိုးမွေ ၊လောကီ အမွေ ၊ လောကုတ္တရာ အမွေကို လည်း ခံယူပေးကြသည်၊မိဘတွေ ကွယ်လွန်သည့်အခါကုသိုလ်ကောင်း မှု ပြုပြီး အမျှအတန်းတွေ ပေးကြသည်၊ ထိုသို့ မိဘတွေကို ပေးရင်းနှင့် သားသမီးတွေကိုလည်း ပေးကြရပြန်သည်။


ကြွေးဟောင်းဆပ်ခြင်း ၊ ကြွေးသစ်ချခြင်း ၊ ရွှေအိုးမြှုပ်ခြင်း ဆိုသော အလောင်းတော် ကေဒါရကျေးမင်း မိန့်ကြားခဲ့သည့် လူ့လောက၀ယ် ကျင့်ဖွယ်သုံးဖြာကို ဗုဒ္ဓဘာသာဝင် တိုင်းနားလည်ကြသည်။ ကျင့်သုံးကြသည်။ မိမိတို့ သည် ကိုယ်နီးစပ်ရာ ၊ ကိုယ်လက်လှမ်းမီရာ ၊ ကိုယ်တာဝန်ရှိရာတို့အား ပေးသင့်ပေးထိုက်သည်ကို စွမ်းနိုင်သလောက်၊ ပေးနိုင်သလောက်ပေးတာတော့ ပေး နေကြရမည် ၊စားစရာ ၊ ၀တ်စရာ ၊ နေစရာ ထိုင်စရာ ဆေးဝါးဓာတ်စာ ၊ အတတ်ပညာ၊ အသိပညာ ၊ ဗဟုသုတလိုအပ်ရာရာ ကိုယ်စွမ်းနိုင်ရာ ကိုယ်တတ်နိုင်ရာ ပေးနေကြရမည်။

ပေးဟူသော ကိစ္စ၌ ပေးကောင်းတာနှင့် မပေးကောင်းတာကို ခွဲခြား၍ နားလည်ထားသင့်သည်။ကူညီခြင်းနှင့် နှောင့်ယှက်ခြင်း နှစ်မျိုးအနက် အကူအညီသာ ပေးကောင်းသည်။ အနှောင့် အယှက်ကား မပေးကောင်း ၊မည်သို့သော အခါမျှ မည်သူကိုမျှ မည်သို့သော အကြောင်းနှင့် မျှ တစ်ဖက်သားကို အနှောင့်အယှက် မဖြစ်စေရ ၊စေတနာနှင့်ပဲ ဖြစ်စေ ၊ ဝေဒနာနှင့်ပဲ ဖြစ်စေ မိမိကြောင့် မည်သူမျှ စိတ်အနှောင့်အယှက် လေးသော်မျှ မဖြစ်စေရ ၊ဒါအခြေခံအကျ ဆုံးလူ့ယဉ်ကျေးမှု ၊ လူ့ကျင့်ဝတ်ဖြစ်သည်။

လူတချို့ က အကြံဥာဏ်အလွန်ပေးချင်သည်။ မတောင်းဘဲနှင့် မပေးသင့်သည်အထဲမှာ အကြံပေးခြင်း ၊ လောကွတ်လုပ်ခြင်းကလည်း တစ်ခါတစ်ခါ သူ့အတွက် အနှောင့် အယှက် ဖြစ်တတ်သည်။
ဒုက္ခပေးခြင်းနှင့် သုခပေးခြင်း နှစ်ခုအနက် သုခကိုသာပေးရမည်။ဒုက္ခကို မပေးရ ၊ မပေးကောင်း ၊မိမိ ၏ ကံသုံးပါး ပယောဂကြောင့် မည်သူမျှ ဒုက္ခမဖြစ်စေနှင့်  ၊ ဒုက္ခမရောက် စေနှင့် ၊စေတနာနှင့်ပဲ ဖြစ်စေ ၊ဝေဒနာ နှင့်ပဲ ဖြစ်စေ ၊ တိုက်ရိုက်ပဲ ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ မိမိကြောင့် သူတစ်ဖက်သား မည်သို့သော အကြောင်းကြောင့် မျှ  ဒုက္ခမရောက်စေရ ၊မိမိက လူမိုက်မဟုတ်သော်မှ လူမိုက်အား ပေးအလုပ်မျိုး မလုပ်ရ ၊ မုသားနှင့် သစ္စာနှစ်ခုမှာ ကြားနေဟူ၍ မရှိ ၊ သစ္စာတရားကို  မော်၍ မကြည့်ရဲလျှင် မုသားအရိပ်ခိုသည်နှင့် ဘာမျှ မထူးခြား ။

ကုသိုလ်နှင့် အကုသိုလ် နှစ်မျိုးရှိသည့်အနက် ကုသိုလ်သာပေးကောင်းသည် ၊ အကုသိုလ်ကို မပေးကောင်း ၊ အကုသိုလ်ပေးခြင်းသည် ငရဲပေးခြင်းဖြစ်သည် ။ ထို့ကြောင့် မိမိကြောင့် သူတစ်ဖက်သားအကုသိုလ် မဖြစ်စေနှင့် ၊ ငရဲ မရောက် စေနှင့်၊ လွမ်းစရာနှင့် နာစရာ နှစ်မျိုးရှိသည့်အနက် လွမ်းစရာသာပေးရမည် ၊နာစရာကို မပေးကောင်း ၊ နာစရာကို မပေးရ ။

သူသူငါငါ အများစုက ယူချင်စိတ် ရချင်စိတ်သာ များနေသည် ၊ အပေးကိစ္စ၌ ပေးကောင်း မပေးကောင်းရှိသလို အယူကိစ္စမှာလည်း ယူကောင်း မယူကောင်း ဟူ၍ ရှိသည်။ ကုသိုလ်ကိုသာယူရမည်၊ အကုသိုလ်က မယူကောင်း ၊မိမိတို့ တစ်သက်လုံး သူများကို ဘာတွေပေးခဲ့သလဲ ၊ ပေးကောင်းတာတွေလား ၊ မပေးကောင်းတာတွေလား ၊ ပေးကောင်းတာတွေ ပေးခဲ့လျှင် မိမိတို့လည်း ယူကောင်းတာတွေ ယူသွားရလိမ့်မည် ၊မပေးကောင်းတာတွေ ပေးခဲ့လျှင် မိမိတို့လည်း မယူကောင်းတာတွေ ယူသွားရလိမ့်မည်။ ဒါက သေချာသည်။

အောင်မြင်မှုဟူသော သဘောကို သုံးသပ်ကြည့်ရာ၌ အောင်မြင်မှုဟူသည် အယူပေါ်၌ မတည် ၊ အပေးပေါ်၌သာ တည်သည် ။ ထိုအပေးက လည်း ပေးသင့်ပေးထိုက်တာတွေကို ပေးခြင်းဖြစ်သည်။ ပေးကောင်းတာတွေကို ပေးခြင်းဖြစ်သည်။မိမိတို့ဘာတွေ ပေးခဲ့မှာလည်း ၊ ဘာတွေ ယူသွားမှာလဲ ၊စဉ်းစားဖို့ အချိန်ရှိပါသေးသည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Friday, April 19, 2013

သင့်အပေါ်မှာ မူတည်ပါတယ်

သင့်အပေါ်မှာ မူတည်ပါတယ် 

ဟိုးတခါတုန်းက အိမ်လေးတစ်အိမ်မှာ တောင်ယာလုပ်တဲ့ လူတစ်ဦးနေထိုင်တယ် ။ အဲဒီလူဟာ သူ့အိမ်လေးနဲ့ အတော်ဝေးတဲ့ ရေကန်ကနေ နေ့စဉ် အိုးလေးနှစ်လုံးကို တံပိုးနဲ့လည်ပင်းမှာ လှ...


ျိုလို့ ထမ်းပြီး ရေဖြည့်ရပါတယ် ။ ဒါပေမယ့် အိုကလေး ၂ လုံးမှာ တစ်လုံးက အက်ရာလေးတစ်ခုရှိတယ် ။ အဲဒီအက်ရာလေးကြောင့် တောင်ယာသမားဟာ ရေထမ်းတဲ့အခါ အဲဒီအိုးမှာ အပြန်ကျရင်ရေတစ်ဝက်လောက်ပဲ ပါပါလာတယ် ။ တစ်ဝက်လောက်တော့ အက်ရာကနေတဆင့်အောက်ကို ကျပြီးကျန်ခဲ့တ
ာပေါ့ ။


ဒီလိုနဲ့ ၂ နှစ်လောက် ကြာတဲ့အခါမှာ တောင်ယာသမားဟာ ရေသွားခပ်တဲ့လမ်းတလျှောက်ပွင့်နေတဲ့ပန်းတွေ ကို ခူးပြီးအိမ်ကို ပြန်လာတယ် ။ ပြီးတော့ ဘုရားပန်းအိုးမှာ ကပ်ပြီးတချို့ကိုလည်းအိမ်က ပန်းအိုးမှာ ထိုးစိုက်ထားပါတယ် ။ အက်ကွဲနေတဲ့အိုးကလေးကတော့ တခြားကောင်းတဲ့အိုးထက်စာရင် မျက်နှာငယ်နေရရှာတာပေါ့ ။ အိုးကောင်းကလေးတော့ နေ့စဉ်ရေအပြည့်သယ်ပေးနိုင်တဲ့အတွက် မျက်နှာကိုမော်နေရောပဲ ။ တစ်နေ့တော့ အက်ကွဲရာနဲ့အိုးကလေးက သူ့သခင်ကိုပြောပါတယ် ။

“ ကျွန်တော် စိတ်ပျက်ဝမ်းနည်းမိပါတယ် ခင်ဗျာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ခင်ဗျားအတွက်နေ့စဉ်ရေတစ်ဝက်ပဲ သယ်ပေးနိုင်တယ် အိုးကောင်းကလေးလို အပြည့်သယ်မပေးနိုင်တဲ့အတွက်လည်းရှက်မိပါတယ် ” အဲဒီအခါ တောင်ယာသမားက ပြုံးလိုက်တယ် ။ ပြီးတော့ မှ အက်ရာတွေနဲ့အိုးကလေးကိုပြောတယ် ။

“ ဒီမယ်အိုးကလေးရဲ့ မင်းသတိထားမိရဲ့လား ငါတို့အပြန်လမ်းမှာ ပန်းကလေးတွေအများကြီး ပွင့်နေတာကိုလေ ငါတောင် ပန်းလေးတွေခူးပြီးဘုရားပန်းကပ်တယ် ပန်းအိုးမှာလည်းအလှဆင်နိုင်တယ် အဲဒီပန်းခင်းလေးက မင်းရှိတဲ့ဖက်မှာ ပေါက်နေတာလေကွဲ့ တခြားအိုးကောင်းလေးဖက်မှာ မရှိဘူး ဘာကြောင့်လည်းဆိုတော့ မင်းမှာ အက်ရာလေးတွေရှိတယ်ဆိုတာ ငါသတိထားမိပြီးလမ်းမှာ ရေတွေ ယိုစိမ့်ကျခဲ့တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ မင်းရှိတဲ့ဖက်မှာ ငါ ပန်းမျိုးစေ့လေးတွေကျဲထားခဲ့တယ် ။ အပြန်ရေထမ်းပြီးပြန်လာခဲ့တအခါ မင်းရဲ့အက်ကွဲရာလေးကနေတဆင့်ယိုစိမ့်ကျလာတဲ့ရေတွေက အခုလို ပန်းမျိုးစေ့လေးတွေကို ပက်ဖျန်းပေးနိုင်တဲ့အတွက် အရမ်းလှပတဲ့ပန်းခင်းကြီးဖြစ်လာတာပေါ့ကွ ။ မင်းဟာ အားနည်းချက်တွေရှိတယ်ဆိုတာမှန်ပါတယ် ။ ဒါပေမယ့်အဲဒီအားနည်းချက်ကို သင့်တော်တဲ့နေရာမှာ အကျိုးရှိရှိအသုံးချနိုင်တဲ့အတွက် မင်းဟာ အရမ်းတန်ဖိုးရှိတဲ့အိုးကလေးတစ်လုံးပါပဲ ”

#############################

ကျွန်တော့်မှာလည်း အိုးကလေးရဲ့အက်ရာတွေလို အားနည်းချက်တွေရှိပါတယ် ။ ခင်ဗျားမှာလည်း အားနည်းချက်တွေရှိပါတယ် ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ အက်ရာ တွေ ဒါဏ်ရာတွေနဲ့အားနည်းချက်တွေရှိကြပါလိမ့်မယ် ။ ကိုယ့်ရဲ့အားနည်းချက်ဟာ တကယ်တော့ရှက်ရွံ့စရာမဟုတ်ပဲ မှန်ကန်သင့်တော်တဲ့နည်းလမ်းနဲ့ကုစားဖို့သာလိုအပ်ပါတယ် ။ ကဲ အခုဆိုရင် - - -

ကိုယ့်အားနည်းချက်ကိုကိုယ်ရှက်ရွံ့ပြီး ဘ၀မှာ သိမ်ငယ်စွာနေမလား ?
ကိုယ့်အားနည်းချက်ကို အကောင်းဆုံး အသုံးချလို့ စိတ်ဓါတ်ခွန်အားအဖြစ် ဘ၀ကို အောင်မြင်အောင်ကြိုးစားမလား ?

သင့်အပေါ်မူတည်ပါတယ် ။
 
 
ချိုးငှက် မှ သိသမျှ ။

Thursday, April 18, 2013

မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း


 မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း

 
The will to extend one's self for the purpose of nurturing one's own of another's spiritual growth.

              မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် တိုးတတ်အောင် လုပ်တာနဲ့၊ သူတစ်ပါး ကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင် တိုးတတ်လာအောင် ဆောင်ရွက်ပေးတာ မေတ္တာပါ။

  မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း ဆိုတာ သေသေချာချာစဉ်းစားမှနော်။ အကျိုးကိုလိုလားခြင်း ဆိုတာ ဘာလဲ။ ဘယ်လိုလဲဆိုတာ သိမှဖြစ်မယ်။ အဲဒီတော့ အကျိုးကိုလိုလားခြင်းဆိုတာဟာ အသိဥာဏ်ရှိမှ ဖြစ်နိုင် တာနော်။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ မသိဘဲနဲ့ အကျိုးကို လိုလားတယ်ဆိုတာ မဖြစ်နိုင်ဘူး။

           အကျိုးလိုလားတယ်ဆိုတာမှာ ကျန်းမာရေး ၊ စီးပွားရေး၊ လူမှုရေး ၊ ပညာရေး အားလုံးပါတယ်နော်၊ ကျန်းမာစေချင်တယ်။ အသက်ရှည်စေချင်တယ်။ပညာတတ်စေချင်တယ်။ တရားအားထုတ်စေချင်တယ်။ စားဝတ်နေရေး အဆင်ပြေစေချင်တယ်။ အလိမ်အညာခံရတာ ကင်းစေချင်တယ်။ဒါတွေ အားလုံးဟာ အကျိုးကို လိုလားတာတွေချည်းပဲ။

The only true end of love is spiritual growth
မေတ္တာရဲ့တစ်ခုတည်းသော ဦးတည်ချက် မျှော်မှန်းချက်ဟာ အသိဥာဏ် နဲ့ စိတ်ဓါတ်ရင့်ကျက်မှု၊ တိုးတတ်မှု၊ မြင့်မြတ်မှု ရှိအောင် အထောက်အကူပေးတာပဲ။ မေတ္တာရဲ့ အဆင့်မြင့်ဆုံး ရောက်တဲ့အခါ  မေတ္တာဟာ ခံစားမှုမဟုတ်တော့ဘဲနဲ့ အသိဥာဏ်နဲ့ယှဉ်ပြီး အကောင်းဆုံး အသင့်တော်ဆုံး ..ဖြစ်အောင် . ဆောင်ရွက်ပေး တာ ဖြစ်သွားပြီ။

သေသေချာချာ ပြန်စဉ်းစားကြည့်ရင် တစ်ယောက်ကို တစ်ယောက်ချစ်တယ်ဆိုတဲ့အခါမှာ ကိုယ့်ကိုယ် ကို ပြန်မေးကြည့်ပါ။ ငါဟာ သူ့အကျိုးကို တကယ်လိုလားတာမှ ဟုတ်ရဲ့လား။
မေတ္တာဆိုတာ ကိုယ့်ရဲ့ ချစ်တဲ့သူကို စိတ်ဓါတ်အားကောင်းလာအောင် လွတ်လပ်တဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။ ဒါ့အပြင် လိုအပ်ရင် ကိုယ့်ချစ်တဲ့သူရဲ့ ဘ၀ထဲကို နေရာအပြည့်ယူမထားဘဲ ..  နောက်ဆုတ်ပေးတယ်။

မြတ်စွာဘုရား ဟာ သတ္တ၀ါတွေ အပေါ်ထားတဲ့ မေတ္တာဟာ ဘယ်လို မေတ္တာမျိုး ဖြစ်မယ်ထင်သလဲ???
သတ္တ၀ါအားလုံး တရားကိုသိပြီး လွတ်လပ်တဲ့သူ အေးချမ်းတဲ့သူဖြစ်သွားစေချင်တယ်။မြတ်စွာဘုရားက သူ့နေရာမှာ အစားထိုးမယ့်သူကို မထားခဲ့ဘူး၊ ပြောဟောခဲ့တဲ့ တရား ဓမ္မတွေကိုပဲ ဆရာအဖြစ်နဲ့ ထားခဲ့ပြီ တဲ့၊ တရားကိုပဲ အသိဥာဏ်နဲ့သိပြီး နေသွားစေချင်တယ်။ လွတ်လပ်မှု အပြည့်ပေးလိုက်တာပဲ၊ အင်မတန် အဆင့်မြင့်တဲ့ မေတ္တာဖြစ်သွားပြီနော်။

ကိုယ့်ကို မှီခိုနေအောင် အားကိုးနေအောင် အကူအညီပေးနေတာဟာမေတ္တာမဟုတ်ဘူး၊ မစဉ်းစားရဲအောင် မလုပ်ရဲအောင် ချူပ်ချယ်တာလည်း မေတ္တာမဟုတ်ဘူး ။ ကိုယ်က နေရာတကာ စဉ်းစားပေးတာ ၊ ဆုံးဖြတ်ပေးတာ မေတ္တာ မဟုတ်ဘူး။

          တစ်ချို့ ကိုယ်ဝမ်းနည်းနေရင် သူများက လိုက်ပြီး ၀မ်းနည်းနေမှ ကြိုက်တယ်၊ ငါဝမ်းနည်းနေတာကို သူဝမ်းမနည်းရင် အဲ့ဒါငါ့ကို မချစ်လို့ဆိုပြီးတော့ စိတ်ဆိုးတတ်တယ်။ သူကတော့ နေနိုင်လိုက်တာ၊ စိမ်းကားလိုက်တာ အဲသလို ထင်တတ်တယ်။ တကယ်ချစ်တဲ့သူဟာ စိတ်ဆင်းရဲနေတယ် ။ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူ စိတ်မဆင်းရဲ့ပါစေနဲ့၊ ငါစိတ်ဆင်းရဲတာ သူ့ဆီ မကူးစက်ပါစေနဲ့ လို့ သဘောထားနိုင်တယ်။ ထို့အတူပဲ ကိုယ့်ချစ်တယ်ဆိုရင် သူစိတ်ဆင်းရဲတဲ့အခါမှာ ကိုယ်က စိတ်မဆင်းရဲအောင် နေနိုင်ဖို့ လိုတယ်နော် ။

အပြန်အလှန်ပဲ။
ငါ့ဟာငါ စိတ်ချမ်းသာအောင် ကြိုးစားပြီးတော့ နေပါ့မယ်။ နင်လည်းပဲ ကိုယ့်ဟာကိုယ် တရားနှလုံးသွင်း၊ ကိုယ့်စိတ်ကိုသိ ၊ ကိုယ့်စိတ်ကို ကြည့်ပြီးတော့ နားလည်ပြီတော့ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေပါ။ အဲလိုဖြစ်သွားရင် ( psychologically independent) ဖြစ်နေပြီနော်။

ကိုယ်က စစ်မှန်တဲ့မေတ္တာနဲ့ ချစ်နိုင်ဖို့က ပေးနိုင်ဖို့က ကိုယ့်အတွက် အရေးကြီးဆုံး နဲ့ အကောင်းဆုံးပဲ။ အင်မတန် ရင့်ကျက်တဲ့ တည်ငြိမ်တဲ့ အေးချမ်းတဲ့ သဘောထားကြီးတဲ့ မေတ္တာစိတ်ဖြစ်လာမယ်။ အဲဒီစိတ်က အားရစရာ ကျေနပ်စရာ အကောင်းဆုံးပဲ။

( ဆရာတော် ဦးဇောတိက ၏ မေတ္တာတရား  စာအုပ်မှ မျှဝေပါသည်။
ပူပင်သောက ကင်းစင်ပ၍ မေတ္တာတရားဖြင့် ကြည်ရွှင်စေချင်သော စေတနာဖြင့် သူငယ်ချင်းများအား မျှဝေလိုက်ပါတယ်…)

Posted by khaingsukyi

Wednesday, April 17, 2013

သင်္ကြန်အကြောင်း တစေ့တစောင်း


 သင်္ကြန်အကြောင်း တစေ့တစောင်း
သင်္ကြန် … သြော် သင်္ကြန် … နှစ်အကူး ရွှင်မြူးလေတဲ့ သင်္ကြန် .. တဲ့။
သီချင်းတွေလဲ ကြားဖူးရဲ့ … သင်္ကြန်မှာ ပျော်ရွှင်နေကြသူတွေကိုလဲ တွေ့ဖူးခဲ့ပေမယ့် ‘သင်္ကြန်’ရဲ့ အဓိပ္ပာယ်ကို စေ့စေ့ငုငု ထဲထဲဝင်ဝင် ကျကျနနနားမလည်ခဲ့တာ အမှန်ပါ။ငယ်ရွယ်သူတွေက သိလိုရေးနဲ့ မေးလာတဲ့အခါ သူတို့ သဘောကျအောင် ဖြေစရာ သိပ်မရှိခဲ့ဘူး။ဒါနဲ့ စာပေတွေထဲ သင်္ကြန်အကြောင်း တစေ့တစောင်းဆိုသလို ဖွေရှာ လေ့လာကြည့်မိပါတယ်။
သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာနှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတဲ့ ပွဲတော်တစ်ခု ဖြစ်သည်။

“ကူးပြောင်းခြင်း”, “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပာယ်ရသော ပါဠိဘာသာ “သင်္ကန္တ”၊သက္ကတဘာသာ “သင်္ကြန္တ”တို့ကို တိုက်ရိုက် မြန်မာမှုပြု၍ ခေါ်ဆိုကြခြင်းဖြစ်သည်။
ဒီ ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”ကနေ ဆင်းသက်လာတဲ့ ဝေါဟာရဟာသက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ဘာသာစကား ယဉ်ကျေးမှု ဝန်းကျင်အခြေအနေတွေပေါ်မူတည်ပြီး ကွဲပြား ခြားနားမှု ရှိတာကိုလည်း တွေ့ရပါတယ်။မြန်မာတို့ရဲ့ “သင်္ကြန်”၊
ထိုင်းတို့ရဲ့ “ဆွန်ကရန်” (Song Kran)၊ကမ္ဘောဒီးယားတို့ရဲ့ “ချိုချနန်သမေး” (Chol Chnam Thmey)၊လာအိုတို့ရဲ့ “ဘီးမိုင်” (Bpee Mai)နဲ့တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ “ရေသဘင်ပွဲ”ဆိုတဲ့“နှစ်သစ်ကူးပွဲတော်”တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာတဲ့ပွဲတော်များ ဖြစ်ပါတယ်။

● သင်္ကြန်အကျဉ်း ဆိုလိုရင်း

အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွက်းဘက်ကား ရွှေ၊အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာနဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ‘ပြောင်းရွှေ့ခြင်း’ကို အစွဲပြုလို့သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိရပါတယ်။ဒီတော့ သင်္ကြန်ဆိုတာ ‘ပြောင်းလဲခြင်း’၊ ‘ပြောင်းရွှေ့ခြင်း’လို့အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။

● သင်္ကြန်အကျယ် သိမှတ်ဖွယ်

သင်္ကြန်ရဲ့ အဓိပ္ပာယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလည်ဖို့မလွယ်ကူဘူးလို့ ထင်ပါတယ်။ဒါကြောင့် အကျယ်ချဲ့ လေ့လာ ရှာဖွေ မှတ်သားမိပါတယ်။
“ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် ဟူသော
ဆယ့်နှစ်ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက်ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီအစဖြစ်တဲ့ အဿဝနီနက္ခတ် ပထမပတ်သို့ စတင် ဝင်ရောက်ပါတယ်။ ယင်းသို့ရာသီခွင်တစ်ပတ်လည် ဝင်ရောက်စအချိန်ကို ရာသီတစ်ခုမှ ရာသီတစ်ခုသို့ကူးပြောင်းသောကြောင့် “သင်္ကြန်”ကျသည်ဟု ခေါ်ဆိုပါတယ်။

● စူဠ မဟာ သင်္ကြန်အခါ

တစ်နှစ်မှာ နဝင်းအရေအတွက် ၁၀၈-နဝင်း ဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ်၂၇-လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂-ခု ဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊၁၂ ကြိမ် ကူးပြောင်းသည်ဟု ဆိုနိုင်ပါတယ်။
ဒါပေမယ့် ယင်း ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်းတို့မှာ “သာမညကူးပြောင်းခြင်း” ဖြစ်၍ “အငယ်စား – စူဠသင်္ကြန်”တို့သာ ဖြစ်နေသည့်အတွက်လူတို့က အလေးအနက် မထားကြပါဘူး။
ဂြိုဟ်အပေါင်းတို့၏ မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ်ကိုသာ အလေးဂရုပြုကာ နှစ်၊လ၊ ရက်တို့ကို မှတ်သားကြသောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ကူးပြောင်းခြင်းကိုသာလျှင် “သင်္ကြန်”ဟုလည်းကောင်း၊ “သင်္ကြန်ကြီး –မဟာသင်္ကြန်”ဟုလည်းကောင်း အလေးအမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲကျင်းပကြပါတယ်။
ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ် အဆုံးပိုင်း ရက်များတွင်ဖြစ်စေ၊မေလ, ဇွန်လ, ဇူလိုင်လများတွင်ဖြစ်စေ ကျင်းပလေ့ရှိကြသောအနောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများသည် “မဟာသင်္ကြန်ပွဲ”မဟုတ်ဘဲ “စူဠသင်္ကြန်ပွဲ”များသာ ဖြစ်သည်ဟု သတိပြု နားလည်ရမည် ဖြစ်ပါတယ်။

● သင်္ကြန်ကြို အကျ အယူအဆ

တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏဆင်းလာလေ့ရှိပါတယ်။သိကြားမင်း လူ့ပြည်ဆင်းချိန်သည် “သင်္ကြန်ကျချိန်”ဖြစ်၍ မဆင်းမီ တစ်ရက်အလိုသိကြားမင်းကို ကြိုဆိုသောနေ့ကို “သင်္ကြန်အကြိုနေ့”ဟု ခေါ်ဆိုကြတယ်ဟု ယူဆဖော်ပြလေ့ရှိပါတယ်။

● သင်္ကြန်ကျရက် ဤသို့တွက်

အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သောနည်းမှာလွန်ခဲ့သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄-ရက်မြောက်နေ့သည်ယခုရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ပင် ဖြစ်ပါတယ်။
အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ရက်အချိန်မှ ၃၆၅ ရက်၊ ၆နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သော အချိန်နေ့ရက်သည် ယခုရောက်ဆဲနှစ်၏သင်္ကြန်အကျနေ့ ဖြစ်ပါတယ်။

● သင်္ကြန်ပုံပြင်

တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂-ယောက် စကားလက်ဆုံ ပြောကြရာ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ၈-ရက် ရှိခဲ့ပြီးယခုအခါ ၇-ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံကြပါသတဲ့။
ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ ဆင်းပြီးထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ်ခံယူကြပါသတဲ့။အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇-ရက်သာရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီးသိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။

ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ္ဘာမီးလောင်ပြီးမိုးခေါင်လိမ့်မည်၊ ရေတွင် ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှ ရေများခန်းခြောက်သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသတဲ့။ ဒါနဲ့ မြေမှာလည်းမထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်သတဲ့။
ထိုနတ်သမီးတွေရဲ့ တစ်ဦးမှ တစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန်အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှ ရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာဖြစ်လာပါသတဲ့။ဒါကတော့ သင်္ကြန်နဲ့ပတ်သက်လို့ ပြောတတ်တဲ့ ပုံပြင်ပါ။
မြန်မာပြည်မှာ တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်းဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာသတိပြုမိပါတယ်။
ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ်မှတ်လိုက်ကြပါစို့။

● မြန်မာသင်္ကြန်ပွဲတော်များ အစ ပုဂံခေတ်က

ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။ ထိုမင်းသည်ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို စ,နောက်မိခဲ့ဖြင့် စောလုံမှထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘုရင်က အချိန်မီသိရှိသဖြင့် အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို မီးကျီးခဲရဲရဲတွင်မီးကင်သတ်စေခဲ့ပါတယ်။သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ။

● ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ

ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။
အဲဒါတွေက သင်္ကြန်အခါမှာ -
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။
(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက် သွေးထုတ်ခြင်း။
(၇) ဆီလိမ်း ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။
သူ့ခေတ် သူ့အခါ သူ့ဓလေ့ထုံးစံ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။
သင်္ကြန်တွင်းသာ မဟုတ်ဘဲ ဘယ်အချိန်အခါမဆို မကောင်းသော အပြုအမူ၊ အပြောအဆို၊အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ်။

● သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

“မဟာသင်္ကြန်”နှင့် တွဲဖက်၍ “အတာ”၊ “အတာစား” ဟူသော ဝေါဟာရတို့ကို ပြောဆိုသုံးစွဲကြတာကို တွေ့ရပါတယ်။
“အတာ”ဟူသည် လောကီအလို ‘ဒဏ်သင့်ခြင်း’ ဖြစ်သည်။ တနည်းအားဖြင့်‘အန္တ-အဆုံး’ဟူသော ပါဠိပုဒ်မှ ‘အတာ’ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။
ယင်းအလိုအားဖြင့် “အတာ”ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်။

● အတာရက်ကို ဤသို့ဆို

“အတာရက်”မှာ သင်္ကြန်အတက် ရက် ဖြစ်၏။ နှစ်တစ်နှစ် ၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ်။
အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက်အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကိုလှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ဖော်ပြထားတာတွေ တွေ့ရပါတယ်။

● အတာစားခြင်းအကျိုး အမျိုးမျိုး

အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသားအမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည်ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟုမှတ်သားရဖူးပါတယ်။

● အတာအိုး အတာပန်း

အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့်၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။
စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါတယ်။

● ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြ

သင်္ကြန်ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေးမင်္ဂလာကိုလည်းပြုလုပ်လေ့ရှိကြပါတယ်။
သင်္ကြန်ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန်ဟု ၃-မျိုး ရှိပါတယ်။ (သင်္ကြန်အမျိုးအစား ၁၂-မျိုးဟုလည်း သုတေသနသရုပ်ပြအဘိဓာန်မှာ တွေ့ရ၏။) ဗသျှူသင်္ကြန်ဖြစ်က သင်္ကြန်မဝင်မီ ဦးခေါင်းဆေးကြရသည်။ အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်းဆေးကြရသည်။ သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄-မိနစ်မှာ ဦးခေါင်းဆေးကြရသည်။ (တစ်နာရီလွန်မှ ဦးခေါင်းဆေးကြရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သောဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေးမင်္ဂလာ ပြုခဲ့ကြပြီးအတိတ်ကောင်းယူကာ ကိုယ်စိတ်သန့်ရှင်းမှုကို အကျိုးပြုရာရောက်သည်ဟုယူဆခဲ့ကြပါတယ်။
 
ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင်
 အောက်ပါအတိုင်း ဖော်ပြထားတာကို ဖတ်ရှု မှတ်သားရဖူးပါတယ်။
“ဦးခေါင်းဆေးရသောအကျိုးကား – သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သောတနင်္ဂနွေဂြိုဟ်မင်းသည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့် တဘဝဝဏပြည့်၍ မိန်ရာသီအဝသာန် နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့ ပြောင်းခဲ့သည်ရှိသော်။ ဣဓ၊ဤလူ့ပြည်၌။ မာဏဝါ၊ သတ္တဝါဟုခေါ်ဝေါ်အပ်ကုန်သော။ မနုဇာ၊ လူအပေါင်းတို့သည်။သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။
တေသံ၊ ထိုဦးခေါင်းဆေးကုန်သော သူတို့အား။ သတ္တဘာဂီ၊ခုနစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့သည်။ ဝိနာသေယျုံ၊ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာဖြင်း၏အဖို့ဖြစ်ကုန်သော။ သတသဟဿာနိ၊တစ်သိန်းသော အကျိုးတို့သည်။ ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။”
အထက်ဖော်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုးကျက်သရေ မင်္ဂလာအပေါင်းနဲ့ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေးမင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတယ်။

နိဂုံးချုပ်အားဖြင့်မူ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းလို့ နားလည်ခဲ့ရပါပြီ။ဒီပြောင်းလဲခြင်းဟာ ဘယ်တော့များမှ အဆုံးသတ်ပါလိမ့်ဟုလည်း တွေးကြည့်မိပါတယ်။ပုထုဇဉ်ဘဝနဲ့ သံသရာတခွင် ကျင်လည်ရအုန်းမယ်ဆိုရင် နိမ့်တုံတခါမြင့်တုံတလှည့် ပြောင်းလှည့်နေအုန်းမှာဖြစ်တော့
 တော်ရုံနဲ့အဆုံးမသတ်နိုင်ဘူးလို့ တွေးမိပါတယ်။ လောကကြီးထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေလှည့်လည်နေကြသူတွေဟာ တနေရာကနေ တနေရာဆီ ပြောင်းရွှေ့ပြီဆိုရင် ကိုယ်နဲ့ဆိုင်သည့် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ်။အဲဒီလိုအခါမျိုးမှာလည်း ကောင်းနိုးရာရာ တန်ဖိုးရှိသည့် မိမိနဲ့အသုံးတည့်သော အရာများကို သိမ်းဆည်းလေ့ရှိကြပါတယ်။ တန်ဖိုးမဲ့တဲ့အရာတွေကိုစွန့်ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းများကိုသာ မိမိနဲ့တပါတည်းသယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်။
ဒီလိုပါပဲ … မိမိတို့ဟာ မမြဲသော သင်္ခါရလောကနယ်မှာ လူဖြစ်လာကြသူတွေမို့တနေရာတည်းမှာ ထာဝရဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ နိမ့်ရာကနေ မြင့်ရာဆီ၊ဆိုးရာကနေ ကောင်းရာဆီ၊ ကျရှူံးမှုမှသည် အောင်မြင်မှုဆီ၊ ဒေသတစ်ခုကနေဒေသတစ်ခုဆီ စသည် စသည်ဖြင့် ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်။

နောက်ဆုံးတော့ ဒီဘဝ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘဝဆီပြောင်းရွှေ့ရအုန်းမယ်။
သတ္တဝါတွေမှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာတန်ဖိုးနည်းပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲသိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား တန်ဖိုးကြီးမြင့်ပြီး မြင့်မြတ်သောအထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘဝတွေကို ရောက်စေနိုင်သည့်ကုသိုလ်ကံတည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင်အကောင်းဆုံးမဟုတ်ပါလား။
ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန်အခါသင်္ကြန်အကြောင်း လေ့လာဆည်းပူးရင်း နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသောသင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှုတွေကိုကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့်ဒုစရိုက်တွေကို နှစ်ခဲ့ ပစ်ခဲ့ကြပါစို့လား၊ နှစ်သစ်မှာ ကုသိုလ်သုစရိုက်တရားတွေနဲ့ ဘဝကို သစ်လွင်တောက်ပြောင်လာအောင်ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းလိုက်ရပါတယ်။

မေတ္တာသီသေန စိတ္တေန။
အရှင်နန္ဒဝံသ
ဇေယျသုခဓမ္မရိပ်သာ
Amarillo, Texas
3-April-2012

Monday, April 15, 2013

ရေမွှေး


ရေမွှေး

စာပေဟောပြောပွဲ ရာသီတုန်းကပေါ့...ကျွန်တော်က စာသင်တဲ့ဆရာဆိုတော့ တခြားအလုပ်များနဲ့ မတူပါ... နေမကောင်း၇င်လဲ ကျောင်းပျက်လို့မရဘူး...မိုးရွာရွာ နေပူပူ လေတိုက်တိုက် စာသင်ခန်းဆီကို အရောက်
သွားရတယ်..ကျောင်းသား/သူဆိုတာကလဲ ကျွန်တော်လာမှပဲ စိတ်အာရုံပြည့်ကြတယ်....ကျွန်တော့်ကိုယ်စား
အခြားလူကို အစားထိုးလို့ မရဘူး။


ဒီလိုနဲ့ စာပေဟောပြောပွဲရာသီ ရောက်လာပါတော့တယ်..ဟိုနယ်ကခေါ် ဒီနယ်ကခေါ်နဲ့ စာပေ
ဟောပြောပွဲတွေ ဖိတ်ကြားခံရပါတော့တယ်..အရမ်းလဲ သွားချင်တယ် ကျောင်းလဲ မပျက်ချင်ဘူး....
ကျောင်းပျက်ရင် တည်ထောင်အုပ်ချုပ်တဲ့ ဆရာတွေက ငြိငြင်မယ် ..မိဘတွေက ကဲ့ရဲ့မယ်... ကျောင်းသားတွေက
ဒီဆရာကြီး သူတို့ကို ဂရုမစိုက်ဘူး လို့မြင်မယ်..ကျွန်တော့်စိတ်ထဲမှာ အရမ်းကို
တွေဝေနေမိတယ်.. အဲဒီအကြောင်း အမေ့ကို ပြောမိတယ်...


“ငါ့သားကို အမေပြောမယ်...မင်းငယ်ငယ်တုန်းက မင်းဘ၀ဟာ
ငါ့ရဲ့ပါးစပ်ဖျားပဲ...ငါနေဆိုနေ ... ငါထိုင်ဆိုထိုင် ....ငါ
သွားဆိုသွား...ငါမကြိုက်တာမလုပ်နဲ့..ငါ့စကားနားထောင်..ဒါဟာ သဘာဝကျတယ်..မင်းဟာ
ကလေးရှိသေးတားကိုး.... ဒီလိုနဲ့ ကျောင်းနေတဲ့အရွယ်ရောက်တော့ မင်းဘ၀ဟာ ဆရာတွေရဲ့ပါးစပ်ဖျားပဲ...
ဆရာတွေက
ခိုင်းရင်လုပ်...သူတို့မကြိုက်တာမလုပ်နဲ့...ကျောင်းစည်းကမ်းလိုက်နာ....သူတို့က
စာကျက်ဆိုရင် ကျက်ရတယ်...ဒါလဲ သဘာဝကျတယ် ငါ့သား...


“အခု ကိစ္စက သားလုပ်ရပ်ဟာ သဘာဝမကျလို့လား အမေ“ ....“နားထောင်ဦး အမေဆက်ပြော မယ်
..ဒီလို့နဲ့ မင်းအိမ်ထောင်ကျတော့... မင်းမိန်းမရဲ့ ပါးစပ်ဖျားဟာ
မင်းဘ၀ဖြစ်ပြန်ရော...ဘယ်အချိန်ပြန်လာဆို ပြန်လာရတယ်...ဘယ်သူနဲ့မပေါင်းနဲ့ဆို
မပေါင်းရဘူး...သူခိုင်းတာ မှန်သမျှ မင်းလုပ်ရတယ်...“သူ့စိတ်နဲ့ မင်းကိုယ်” ဆိုတာ
မင်းသတိမထားမိပြန်ဘူး... အဓိပ်ပါယ်နည်းနည်းမဲ့လာတယ်...”


ဟုတ်သားပဲ..ငယ်ငယ်တုန်းကတော့ အမေ့ပါးစပ်ဖျားဟာ
ကျွန်တော့ဘ၀....ကျောင်းနေတုန်းအရွယ်ရောက်တော့ ဆရာ့ပါးစပ်ဖျားဟာ
ကျွန်တော့ဘ၀...မိန်းမရတော့ မိန်းမပါးစပ်ဖျားဟာ ကျွန်တော့ဘ၀... အမေကဆက်ပြောတယ်...


“မင်း သားသမီးတွေရလာတော့လဲ သားသမီးတွေရဲ့ ပါးစပ်ဖျားဟာ မင်းဘ၀ဖြစ်ပြန်ရော... မင်း
စဉ်းစားကြည့်စမ်း...ဖေဖေကြီး အရက်မသောက်နဲ့ဆို မင်းမသောက်ရပြန်ဘူး....ဖေဖေကြီး
ကောင်မလေးတွေ မငမ်းနဲ့ဆိုရင် မင်း မငမ်းရပြန်ဘူး...ဖေဖေကြီး ဟိုဟာဝယ်ခဲ့
ဒီဟာဝယ်ခဲ့ဆိုရင် မင်းဝယ်ခဲ့ရတယ်....မင်းဘ၀ဟာ မင်းသားသမီးတွေရဲ့
ပါးစပ်ဖျားဖြစ်နေပြန်တယ်......”အခုတော့ရော ..အမေရာ”


“အခုတော့ ပိုဆိုးတာပေါ့.....စဉ်းစားကြည်....အလုပ်ရှင်ရဲ့ ပါးစပ်ဖျားက မင်းဘ၀၊
ကျောင်းသား တွေရဲ့ ပါးစပ်ဖျားက မင်းဘ၀၊ ကျောင်းသားမိဘတွေရဲ့ ပါးစပ်ဖျားက
မင်းဘ၀....မင်းဒီအသက်အရွယ်ထိမလွတ်လပ် သေးပါဘူး....


အမေ့စကားကိုကြားပြီး ကျွန်တော်ဝမ်းနည်းမိတယ်...တစ်နေ့မှာ (၂၄)
နာရီရှိတယ်..အိပ်ချိန် (၆)နာရီနှုတ်လိုက်...ကျန်တဲ့ (၁၈)နာရီလုံးလုံးဟာ ကျွန်တော့်စိတ်နဲ့ကျွန်တော်နေခွင့်မရပါလား...ငွေရဖို့အတွက်
ထမင်းစားရဖို့အတွက် ကျွန်တော့ဘ၀ကို လူတွေ့ရဲ့လက်ထဲ ထိုးအပ်နေရတဲ့သူပါလား.... အမေကဆက်ပြောတယ်....


“မင်းအသက် (၄၉)နှစ် (၅၀)နားနီးနေပြီ...အမေ ပြောပြမယ်...လူဆိုတာ တစ်နှစ်ကနေ
(၁၀)နှစ် အထိ ဘာမှ မသိဘဲကြီးပြင်းခဲ့တယ်..(၁၀)နှစ်ကနေ (၂၀)အတွင်း ကျောင်းစာတွေ
အဓိပ်ပါယ်ရှိရှိသင်ရတယ်....
(၂၀)ကနေ (၃၀)အတွင်း ငွေရှာတဲ့ ပညာသင်ရတယ်... ငွေရှာတယ်... (၃၀)ကနေ (၄၀)အတွင်း
ဘ၀ကို အခြေတကျဖြစ်အောင် ရှာဖွေရတယ်...ကြိုးစား၇တယ်.....စုဆောင်းရတယ်...(၄၀)ကနေ
(၅၀)အတွင်းမှာ လူတစ်ယောက်ဘ၀ရဲ့ ပိုင်ဆိုင်မှုတွေကို အဓိပ်ပါယ်ရှိရှိ သုံးပေတော့
ငါ့သား....(၆၀)ရဲ့ ဟိုဘက်ဆိုရင်တော့ သေဖို့အတွက် ပြင်ထားပေတော့..အခု ငါ့သားက
အကောင်းဆုံတွေ ဖန်းတီးရမယ့် ကာလကို ရောက်နေပြီ...


“ဒါဆိုရင် အမေရယ် ကျွန်တော် စာပေဟောပြောပွဲ သွားရမလား..”

“ဒါကတော့ မင်းဆုံးဖြတ်လေ....ဒီအရွယ်ထိ မင်းဟာ ထမင်းစားဖို့ အလုပ်လုပ်ခဲ့တယ်...အလုပ်လုပ်ဖို့ ထမင်းစားခဲ့တယ်....မင်းလူဖြစ်ရကျိုးမနပ်ပါဘူး”..“ဒါဆိုရင် လူဖြစ်ရကျိုးနပ် အောင်
ဘယ်လိုနေရမလဲ အမေ..”


“အတွေးဥာဏ်ရင့်သန်သွားတဲ့သူတွေဟာ ထမင်းစားဖိုပ
အလုပ်လုပ်နေကြတာမဟုတ်ဘူး...အလုပ်လုပ်ဖို့လည်း ထမင်းစားနေကြတာ မဟုတ်ဘူး....ထမင်းစားရသည်ဖြစ်စေ...မစားရသည်ဖြစ်စေ....လုပ်သင့်တဲ့
အလုပ်ဆိုရင် ရဲရဲဝင့်ဝင့်ကို လုပ်သင့်တယ် ငါ့သား....အမေ့စကား
တော်တော်လေးနက်တယ်...အမေက ဆက်ပြော တယ်....


“လူတွေဟာ သူများကဲ့ရဲ့မှာကြောက်လို့
အလုပ်လုပ်နေတဲ့သူရှိတယ်...သူများချီးကျူးတာခံချင်လို့
အလုပ်လုပ်နေတဲ့သူရှိတယ်....အဲဒီလို လူတွေဟာ လူများစုတွေပဲ ငါ့သား....ကဲ့ရဲ့ခြင်း၊
ချီးမွမ်းခြင်းကိုထည့်မတွက်ဘဲ အဓိပ်ပါယ်ရှိတဲ့အလုပ်ကို လုပ်သူကတော့ ရှားတယ်
ငါ့သား..”


အမေ့စကား အသွားအလာအရဆိုရင် ကျွန်တော်ဟာ အဓိပ်ပါယ်မဲ့စွာ ဘ၀ကိုဖြတ်သန်းနေသူပဲ....
ကိုယ့်စိတ်နဲ့ကိုယ် နေခွင့်မရသေးတဲ့ မလွတ်လပ်သူပဲ.....“မင်း ..ရေမွေးဆွတ်ဖူးတယ်
မလား..ဘယ်သူ့အတွက် ဆွတ်တာလဲ.....မင်းမွှေးဖို့ဆိုရင် အိမ်မှာနေရင်းလဲ
မင်းဆွတ်ရမှာပဲ...အခုတော့ လမ်းထွက်မှာ ရေမွှေး ဆွတ်ကြတယ် ဆိုတော့
“ရေမွှေး”ဆွတ်ခြင်းဟာ ကိုယ့်အတွက်မဟုတ်ဘူး....သူများတွေမွှေးဖို့.....မွှေးလိုက်တာလို့
ချီးမွမ်းခံရဖို့ အကဲ့ရဲ့လွတ်ဖို့ဆွတ်တာ မဟုတ်ဘူးလား.....အမေပြောမှ
စဉ်းစားမိတယ်.....


“ကဲ ဒီတော့ ငါ့သား...ဒီအရွယ်ကြီးရောက်မှတော့ “ရေမွှေး”
မလိုတော့ပါဘူးကွယ်...အဓိပါယ်ရှိ တဲ့အလုပ်ဆိုရင် ရဲရဲသာလုပ်...အလုပ်တစ်ခုကိုလုပ်ပြီးတဲ့အခါ
အဲဒီအလုပ်ဟာ ပိုက်ဆံရချင်မှ၇မယ်.....အဲဒီအလုပ် ကြောင့် လူ့ပတ်ဝန်းကျင်မှာ
အဓိပ်ပါယ်တစ်ခု ပြည့်ဝသွားပြီဆိုရင် မင်းအလုပ်ဟာ........အဓိပ်ပါယ်ရှိတယ်....
ကဲ့ရဲ့ခြင်း...ချီးကျူးခြင်းတွေကို ”ရေမွှေး”ဆွတ်ခြင်းလို့သာ သဘောထားလိုက်တော့
ငါ့သား“


အမေ့စကားကြောင့် “အဓိပ်ပါယ်ရှိသော ဘ၀တစ်ခု ” ကို ကျွန်တော် ပျော်ရွှင်စွာ
ဖန်တီးလျှက်ရှိပါတယ်......


“ရေမွှေး” မဆွတ်တော့ပါ...........

forward mail မှ မျှဝေခံစားသည်

ကျေးဇူးအထူးတင်ရှိပါသည်။
ခင်မင်လေးစားမှုများစွာဖြင့်-
ကဲကဲ0