Saturday, March 14, 2015

စာတတ်လျှင် စာဖတ်ပါ


စာတတ်လျှင် စာဖတ်ပါ

ယနေ့ စိန်ခေါ်မှုများနှင့် ပြုပြင်ပြောင်းလဲ နေသည့် ခေတ်ကြီးတွင် ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များ တွင်ကျယ် လာခြင်းသည် ဂုဏ်ယူစရာ အထူး ကောင်းလှသည်။ လူဆိုသည်မှာ အတ္တဟိတ၊ ပရဟိတ မိမိအကျိုးနှင့် သူတစ်ပါး အကျိုးကို ဆောင်ရွက် တတ်သူကိုသာ ''လူ'' ဟု ခေါ်သည်။

လူ့ဘဝ နေရသည့် ခဏတာလေး အတွင်းတွင် မိမိအတွက်၊ မိမိ မိသားစုအတွက် ကွက်ကွက်လေး အလုပ်လုပ်ရုံ မျှဖြင့် မိမိဘဝတွင် ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ လောကအကျိုး၊ အမျိုးဘာသာ သာသနာအကျိုး၊ အများကောင်းကျိုး ကို အကျိုးပြု နိုင်မှသာ လူဖြစ်ရ ကျိုးနပ်သည်။ သို့မှသာ အသိအလိမ္မာ ပညာပြည့်ဝ နှလုံးလှသည့် ဘဝ အဓိပ္ပာယ် ရှိသော လူ ဖြစ်ပါမည်။

ရှင်မဟာရဋ္ဌသာရ က ''စာပေစကား၊ နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည်း'' ဟု ဆိုမိန့်ခဲ့သည်။ ထိုသို့ ထူးခြားလိမ္မာရန် ''အလိမ္မာ စာမှာရှိ'' ဆိုသည့် စကားအတိုင်း စာကောင်း၊ ပေကောင်းများကို ဖတ်ရန် လိုသည်။ ထိုစာကောင်း၊ ပေကောင်း များသည် မပျောက်ပျက်၊ မပျက်စီး နိုင်သော အဖိုးအနဂ္ဃ ထိုက်တန်သည့် ရတနာများ ဖြစ်သည်။ ထိုရတနာ များကို ကိုယ်ပိုင်ပစ္စည်း ဖြစ်ရန် ကိုယ်တိုင်ရှာဖွေ ရပါမည်။ ကိုယ်တိုင် စုဆောင်း ရပါမည်။ ကိုယ်တိုင် သိမ်းဆည်း ရပါမည်။ စု၊ တု၊ ပြု ဆိုသည့် အတိုင်း စာစု၊ စာတု၊ စာပြု ရပါမည်။

ကျွန်တော်တို့ အမရပူရမြို့သည် ရက်ကန်း မြို့တော်ဖြစ်သည်။ ဘိုးဘွား လက်ထက် ကတည်းက သိမ်မွေ့နက်နဲ ခက်ခဲလှသည့် မြန်မာမှု လက်ရာ ရက်ကန်းပညာ ပိုးချိတ်၊ ချည်ချိတ်၊ ပိုးလုံချည်၊ ချည်လုံချည် များကို ကျွမ်းကျင်ပိုင်နိုင်စွာ ရက်လုပ် ရောင်းဝယ်ကာ နေထိုင်ခဲ့ ကြသည်။ လူကြီးသူမများ ပြောဆိုဆုံးမ နေကျ စကားတစ်ခုမှာ ယောက်ျားများ စာမတတ်လျှင် အကန်းနှင့် တူပြီး မိန်းမများ ရက်ကန်း မတတ်လျှင် အကျိုး နှင့် တူသည်ဟု ဆုံးမခဲ့ ကြသည်။

မဃဒေဝကျမ်း တွင်လည်း '' မရှိပညာ ဤလူ့ရွာ၌ ကျမ်းစာနီတိ တတ်မသိက မျက်စိစုံကန်း လူဖြစ်ဆန်းမျှ ပေါက်ပန်းပမာ မှတ်ဖို့ရာ၏'' ဟူ၍ မန်လည် ဆရာတော်ကြီး က ဆုံးမစကား ရေးသား ခဲ့သည်။

လူတစ်ဦးအတွက် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေရန် 'အစာ' အာဟာရ လိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဦးနှောက် ဖွံ့ဖြိုးစေရန် 'စာ' အာဟာရ လည်း လိုအပ်သည်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ် သက်ဝင် ယုံကြည် ကိုးကွယ်ရာ ဘာသာတရားများ ရှိကြသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဓလေ့ထုံးတမ်း အစဉ်အလာများလည်း ရှိကြသည်။ ကိုယ်ပိုင်ဂီတ များလည်း ရှိကြသည်။ ကိုယ်ပိုင်စာပေ များလည်း ရှိကြသည်။

 ''စာပေမြင့်မှ လူမျိုးတင့်မည်'' ဆိုသကဲ့သို့ ကိုယ့်စာပေကို မြှင့်တင် တန်ဖိုးထားမှ ကိုယ့်လူမျိုး ဂုဏ်တင့်တယ်ကာ ဝင့်ထည်ပါမည်။ လူမျိုးတစ်မျိုး၏ အဆင့်အတန်း ကို သိလိုလျှင် ''စာတတ် မတတ် ကိုကြည့်'' ဟု အနောက်တိုင်း ပညာရှင် တို့၏ အဆိုအမိန့် တစ်ခုရှိသည်။ ထို အဆိုအမိန့်ကို ထပ်ဆင့် ဖြည့်စွက် ချင်ပါသည်။ လူတစ်ဦး၏ အဆင့်အတန်း ကို သိလိုလျှင် ''စာဖတ် မဖတ် ကိုကြည့်'' ဟု ပြောချင် ပါသည်။

စာတတ်သူချင်း တူသော်လည်း စာဖတ်သူသည် စာမဖတ်သူထက် အတွေးအခေါ်၊ အမြော်အမြင်၊ အယူအဆ၊ ဗဟုသုတ ပို၍ သာပါသည်။ ''မရှိတာထက် မသိတာခက်'' ဟူသည့် ဆိုရိုးစကား တစ်ခွန်းလည်း ရှိသည်။ မသိခြင်းသည် အမှားများနှင့် အန္တရာယ် ဖြစ်စေသကဲ့သို့ သိခြင်းသည် အမှန်တရားနှင့် ခွန်အားကို ဖြစ်စေသည်။ ထို့ကြောင့် ခွန်အားပြည့် နှလုံးသားနှင့် ဘဝခရီးလမ်း ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ ရဲရဲရင့်ရင့် ကျော်လွှားဖြတ်သန်းနိုင်ရန် စာပေ အမျိုးအစား စုံလင်စွာ ဖတ်ရှုကြ ရပါမည်။

စာဖတ်ခြင်းသည် ဓမ္မနှင့်အဓမ္မ ခွဲခြားရှုမြင် ဆင်ခြင်နိုင်ပြီး အကောင်းအဆိုး၊ အကျိုးအပြစ် များကို ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်သည်။ အတွေးအခေါ်၊ အယူအဆ မှန်ကန်ရင့်ကျက် တိုးတက်စေ ပါသည်။ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားထက်မြက် စေပါသည်။ အကြားအမြင်၊ ဗဟုသုတ ပြည့်ဝစေပြီး အတွေးအခေါ် ကျယ်ပြန့် စေပါသည်။

ထိုသို့ အကြားအမြင်၊ ဗဟုသုတနှင့် နှလုံးသား အာဟာရ ပြည့်ဝစေရန် နိုင်ငံတစ်ဝန်း နေရာအနှံ့ အပြားတွင် ''ရေးသူ၊ ဖတ်သူ ဆွေးနွေးပွဲများ၊ စာပေ ဟောပြောပွဲများ၊ စာအုပ်၊ စာပေ စုပေါင်း ရောင်းချပွဲများ၊ စာဖတ်ရှိန် မြှင့်တင်ရေး ပွဲများ'' ကျင်းပ နေကြသည်။ ထို့အတူ ''မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်း ဖွဲ့စည်းခြင်း၊ နိုဘယ်မြန်မာ စာပေပွဲတော်'' များ ကျင်းပခြင်းဖြင့် မြန်မာစာပေ တိုးတက်မြင့်မား စေရန် မြှင့်တင် နေကြခြင်း ဖြစ်သည်။

ထိုသို့ မြန်မာစာပေ တိုးတက်မြင့်မား စေရန် မြှင့်တင် နေခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင် နေခြင်းမည် ပါသည်။ ယနေ့ ပညာခေတ်တွင် လူတိုင်း စာတတ်မြောက် စေရန်အတွက် မူလတန်းပညာ အခမဲ့ မသင်မနေရ ပညာရေး စနစ်ကို နိုင်ငံတော် အစိုးရက စေတနာ အပြည့်အဝနှင့် ဆောင်ရွက် နေခြင်းဖြင့် နောင် အနာဂတ် ကာလတွင် လူငယ် မျိုးဆက်သစ် များ၏ ဘဝပန်းတိုင်း ပွင့်ပြီး ပွင့်သောပန်းတိုင်း မွှေးကြိုင်လန်းဆန်း သင်းပျံ့ နေပါမည်။

ကျွန်တော်သည် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဟင်္သာ ကျေးရွာအုပ်စု ''အားမာန်'' ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်မှ စေတနာ့ ဝန်ထမ်း စာကြည့်တိုက်မှူး တစ်ဦးဖြစ်သည်။ ကျွန်တော်တို့ ''အားမာန်'' ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ဖွင့်လှစ်ခဲ့သည်မှာ ရှစ်နှစ် ကျော်ရှိပြီး ယနေ့ အချိန်တွင် စာဖတ်သူဦးရေ များစွာဖြင့် အင်တိုက်အားတိုက် ရှေ့သို့ ဆက်လက် ချီတက်လျက် ရှိသည်။

စာကြည့်တိုက်၏ နံရံများတွင် ''ပညာရွှေအိုး လူမခိုး''၊ ''ပညာရဲရင့် ပွဲလယ်တင့်''၊ ''ပညာပြည့်ဝ နှလုံးလှ''၊ ''ပညာလို အိုသည်မရှိ''၊ ''ပညာရှာပမာ သူဖုန်းစား''၊ ''ပညာရှိမှ ခွင့်သိသည်'' စသည့် အသိပညာပေး နံရံကပ် ဆောင်ပုဒ် များကို ကပ်ထားသည်။

ဒီမိုကရေစီ အသွင် ကူးပြောင်းချိန် ကာလတွင် အချိန်နှင့် တစ်ပြေးညီ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရန် လူတိုင်း စာတတ်ရမည်။ စာပေပညာက ပေးသော အသိသည် လူတစ်ဦး၏ ဘဝကို အရောင် ပြောင်းလဲစေသည်။ ထို့ကြောင့် လူတိုင်း၏ဘဝ ရွှေရောင် တောက်ပပြီး အနာဂတ် သာယာလှပ စေရန် လူတိုင်း စာတတ်စေချင် ပါသည်။ စာတတ်လျှင် လည်း စာဖတ်စေချင် ပါသည်။ စာဖတ်လျှင် ကမ္ဘာပတ်စရာ မလိုပါ။

မိုးထက်ကို (အမရပူရ)

ရတနာပုံနေ့စဉ်

Friday, March 13, 2015

ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်


“ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်”
“အာရောဂျ ပရမာ လာဘာ”

ယဉ်ကျေးမှုပညာအရပ်ရပ်ရှိကြသည့်အနက် အချုပ်အားဖြင့်ခွဲဝေသော် လောကုတ္တရာယဉ်ကျေးမှု (၀ိဇ္ဇာပညာ)နှင့် လောကီယဉ်ကျေးမှု (သိပ္ပံပညာ) ဟူ၍ (၂)မျိုးရှိကြကုန်၏။ လောကီ ယဉ်ကျေးမှုသည်ကား လူနေမှုအဆင့်အတန်း အသိဉာဏ် မြင့်မား ကျယ်ပြန့်လျှင် ကျယ်ပြန့်သလောက် ဖွံ့ဖြိုးတိုးတက်မြဲဖြစ်ရာ တိုင်းပြည်နှင့် လူမျိုးအတွက် ထိုသို့များမြောင်လှသော ယဉ်ကျေးမှုပညာ အရပ်ရပ်မှ ကျန်းမာရေးအသိပညာ (သို့မဟုတ်) ဆေးပညာသည် မပါလျှင်မပြီး၊ မရှိလျှင် မဖြစ်သည့် ပညာရပ်မျိုး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် “အာရောဂျ ပရမာ လာဘာ” ကျန်းမာခြင်းသည် အမြင့်မြတ်ဆုံးသော လာဘ်ဖြစ်၍ အပြန်အားဖြင့် ရောဂါရမှုသည်  အကြီးမားဆုံးးသော ဆုံးရှုံး မှုကြီး တစ်ရပ်ဖြစ်ကြောင်း သဘောပေါက်သင့်၏။

ထို့ကြောင့် မည်သည့် တိုင်းပြည်နှင့် မည်သည့်လူမျိုးမဆို ကြီးပွါးတိုးတက်မှုကို အပြည့်အ၀ ဆောင်ရွက်လိုသူတိုင်း အခြေခံဖြစ်သော ကျန်းမာရေးကို အဓိကထား၍ ဆောင်ရွက်ရမည်သာ ဖြစ်၏။ လူသားဟူ၍ ဖြစ်လာလျှင် ဇရာ အိုခြင်း၊ ဗျာဓိ နာခြင်း၊ မရဏ သေခြင်း ဟူသော ထိုဒုက္ခ (၃)မျိုးကို မုချဧကန် ရင်ဆိုင်တွေ့ရမည်သာ ဖြစ်ပါ၏။ မည်သူ တစ်ဦးတစ်ယောက်မျှ မတွေ့မကြုံရဘဲ ကျော်လွှားလွန်မြောက်နိုင်မည် မဟုတ်ပေ။ လူ့ဘ၀၏ အစသည် ဇာတိ (မွေးဖွါးခြင်း) ဖြစ်၍ လူ့ဘ၀၏ အဆုံးသည် မရဏ (သေခြင်း) ဖြစ်၏။ ထိုအစနှင့် အဆုံး (၂)ခုကြားတွင် ဇရာ အိုခြင်းနှင့် ဗျာဓိ နာခြင်းဟူသော ဆိုးကျိုး(၂)မျိုးတို့သည် အလယ်ဖြစ်ကုန်၏။

ကျန်းမာရေးအသိ ဆေးပညာ ဟူသည်  တိုက်ရိုက်အနေဖြင့် ဇရာနှင့် ဗျာဓိကို ကာကွယ်ပေးသော ပညာရပ်မျိုးဖြစ်၏။ ဇာတိနှင့် မရဏကို သွယ်ဝိုက်သောနည်းအားဖြင့် ကာကွယ်ပေးသော ပညာရပ် မျိုး ဖြစ်၏။    မမွေးဖွါးမီ ပဋိသန္ဓေမပျက်စီးစေရန် ကာကွယ်ရာ၌လည်မးကောင်း၊ သေရာ၌ပင် ပင်းပန်းဆင်းရဲစွာ မသေကြရဘဲ၊ သသတိရှိစွာ တရားနှလုံးသွင်းလျက် သက်သာစေရန် ဆောင်ရွက် မှုကို လည်းကောင်း၊ ထောက်ဆသော် လူသားတိုင်း တွေ့ကြုံကြရမည့် ပဋိသန္ဓေ၊ အို၊ နာ၊ သေရေး ဒုက္ခကြီး (၄)ရပ်ကို ကာကွယ်နိုင်သော ပညာသည် ကျန်းမာရေးအသိဉာဏ် ဆေးပညာသာ ဖြစ်ကြောင်း သဘောပေါက်နားလည်၍ လူတိုင်းကိုယ်စီ ကျန်းမာစေရန် ကြိုးစား အားထုတ်ရမည် သာ ဖြစ်ပါသည်။

ကျန်းမာကြောင်း၊ ရောဂါရကြောင်း (၄)ချက်။ ။

ကမ္မံ စိတ္တံ ဥတု အာဟာရောစေတိ စတာရိ ရူပသမုဋ္ဌာနာနိနာမ။
အဘိဓမ္မာကျမ်းများတွင် ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားကို ပြဆိုရာ၌  ကံ၊ စိတ်၊ ဥတု၊ အာဟာရ (၄)ပါးရှိကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ပါ၊ ၁၀၂) ဆိုလိုရင်းမှာ လူတို့၏ ခန္ဓာကိုယ်မှာ ကျန်းမာစေသော အကြောင်းတရား၊ ရောဂါရစေသော အကြောင်းတရားသည်လည်း ဤ(၄)ပါးပင် ဖြစ်ကြောင်း သဘောပေါက် နားလည်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အကြောင်းတရား(၄)ပါးရှိသော်လည်း ဤနေရာ၌ (၄)ပါးလုံးကို အကျယ်ဖွင့်ဆို မပြသာပြီ။

ဤဆောင်းပါး၌ အဓိက ရေးလိုရင်း အကြောင်းမှာ အာဟာရ ဟူသော အစားအစာနှင့် ပတ်သတ်သော အပိုင်းကိုသာ ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ “တန်ဆေး လွန်ဘေး” ဟူသော အစားအစာနှင့် ပတ်သက်၍ သတိပေးထားသော စကားပုံနှင့်အညီ အစားအစာ ဟူသည် နည်းမှန် လမ်းမှန် စားတတ်သူအတွက် ဓါတ်စာတ်မျိုးဖြစ်၍ ဆေးသောက်သကဲ့သို့ ကျန်းမာနိုင်၊ ရောဂါကင်းနိုင်၊ အသက်ရှည်နိုင်ပါသည်။ နည်းမှန် လမ်းမှန် မစားတတ်သူအတွက် စားလိုက်သော အစားအစာသည် အာဟာရ မဖြစ်ဘဲ၊ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဟူသော စကားပုံလို မတည့်သော အစားအစားကို စားမိ၍ ဘေးဖြစ်ကာ ရောဂါရနိုင်၊ အသက်တိုနိုင်ပါသည်။

အချို့သူတို့သည် မတည့်မှန်းသိလျက်နှင့် စားချင်ကြ၏။ စားပြီး ဆေးသောလိုက်လျှင် ကိစ္စမရှိလောက်ပါဘူးဟု ယူဆကာ စားနေကြ၏။ တည့်သောအရာများတွင်မူ မကြိုက်သော အရသာဆိုလျှင် ဆေးပင်ဖြစ်စေဦးတော့ မသောက်ချင်ကြပေ။ ထို့ကြောင့် တည့်တာကို မစားချင်ဘဲ၊ မတည့်တာကိုမှ စားချင်သူတို့အတွက် ဘုရားဟော ကျန်းမာရေးနည်းလမ်း အချို့ကို ဆွေးနွေးတင်ပြသွားပါမည်။

ဘုရားနည်း၊ လေးငါးလုပ်လျှော့စားပါ။ ။ 

ဝေဿန္တရာဇာတ်တော်လာ ဇူဇကာ ပုဏ္ဏားသည် အစားလွန်၍ စားပိုးနင့်ပြီး သေဆုံးခဲ့ကြောင်း အများသူငါ ကြားဘူးကြ၏။ သိရှိပြီး ဖြစ်ကြ၏။ သို့သော် ယနေ့ခေတ်တွင် ဇူဇကာ ပုဏ္ဏားလို ပွဲချင်းပြီး မသေဘဲ၊ အစားအစာကြောင့် ရောဂါရပြီး၊ တဖြည်းဖြည်းချင်း သေကြရသူများကိုယ်မူ လူတိုင်း မသိကြချေ။ အစားမတတ်၍ သေကြရသူများကို စာရင်းပြုစုမည်ဆိုသော် နည်းမည် မဟုတ်ပေ။

လူသည် ရမ္မက်၏ကျေးကျွန်အဖြစ်မှ မတော်လှန်နိုင်သေးရကား မြတ်မြတ်ကလေးစားရသောအခါ ရသတဏှာကို မထိန်းနိုင်ဘဲ၊ မဆံ့မပြဲ စားတတ်ကြ၏။ အထူးသဖြင့် ကောင်းကောင်းနှင့် အလကား စားရသောအခါမျိုး၌ ပို၍စားမိတတ်ကြ၏။

ကျမ်းဂန်လာ ဥပမာအတိုင်းဆိုသော် အချို့သည် အဘယ်မျှအထိ စားတတ်ကြသနည်းဆိုသော် ပါးစပ်ဝကနေပြီး ကျီးနှိုက်၍ ရလောက်အောင် အထိပင် စားတတ်ကြ၏။ အချို့မှာအစားလွန်၍ မအီမသာ ဖြစ်သောကြောင့် ခြေမမှ ရေလောင်းချပေးရ၏။ အချို့မှာမူ ချက်ချင်း ရေချိုးပေး လိုက်ရ၏။ အချို့မှာ ပရိဿတ်ထဲက မြန်မြန်ထပြန်သွားရ၏။ အချို့မှာ ပြန်၍ အန်ထွက်သည် အထိပင် စားတတ်ကြပါသည်။ (၀ိသုဒ္ဓိမဂ်၊ ထာ။)

ဤသို့ ပါးစပ်က အစားပိုလေတိုင်း ၀မ်းမီး ပါစက တေဇော၏ ချက်အားပြုတ်အားမှာလည်း ပို၍ အလုပ်များရ၏။ မနိုင်မနင်းဖြစ်ရ၏။ နို့ဆီဗူး(၄)လုံးခန့် ချက်နိုင်သော မီးဖိုတွင် (၈)လုံးလောက် ချက်သောအခါ ထမင်း ကောင်းစွာ မနပ်နိုင်သကဲ့သို့ အစားအစာကို များများပို၍ စားသောအခါ ၀မ်းမီး ပါစက တေဇောက ကောင်းစွာ မချေချက်နိုင်ဘဲ၊ အစာမကြေနိုင် ဖြစ်လာရ၏။ “ပါးစပ်အလို စအိုမခံနိုင်” ဖြစ်လာရ၏။ ဤသို့ အလွန်အကျွံ စားပါများလာသောအခါ ၀မ်းမီး နုံ့လာ၊ ညံ့လာတတ်၏။ ထိုမှဆက်၍ ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာတတ်ပါသည်။

သို့ဖြစ်၍ အစားအစာနှင့် ပတ်သတ်ပြီး အန္တရာယ်မရှိ၊ ချက်ချင်း အစာကြေစေနိုင်ရန်အတွက် “စတ္တာရော ပဉ္စအာလောပေ အဘုတွာ ဥဒကံ ပိဝေ။”
“ထမင်းစားသည့်အခါ လေးငါးလုတ်လျှော့စားပါ။ ထိုသို့လျှော့စားထားသော လေးငါးလုတ်စာကို ရေသောက်လိုက်ပါ။” ဟု မြတ်စွာဘုရားက တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့အား ညွှန်ကြား တော်မူခဲ့ပါသည်။ ဗိုက်ပြည့်လွန်းသည့်အတွက် မအီမသာ ဖြစ်ခြင်း၊ ထိုင်၍လည်း အဆင်မပြေ၊ သွား၍လည်း အဆင်မပြေ ခြင်း၊ ကြာလာသောအခါ ကျန်းမာရေးကို ထိခိုက်တတ်ပါသည်။
(၀ိသုဒ္ဓိမဂ်၊ ပါ၊ ပ၊ ၃၂။ ဒီဃ၊ ၂၊ ဋ္ဌ၊ ၃၇၀။ အဘိ၊ ၁၊ဋ္ဌ၊ ၄၃၂။ ပါ၊ ၂၆၂။ မဟာနိ၊ ဋ္ဌ၊ ၃၀၂)

စရဏတရား(၁၅)ပါးနှင့် အစားအစာ စားရာ၌ ဆင်ခြင်မှု။ ။

အစားအစာကို သင့်တင့်ရုံ စားတတ်မှုသည် လွယ်ကူလှသည့် အကျင့်ကား မဟုတ်ပါချေ။ မြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါးတွင် တတိယဂုဏ်တော်ဖြစ်သော ၀ိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်၌ ပါဝင်သည့် ၀ိဇ္ဇာ(၃)ပါး၊ စရဏ(၁၅)ပါးတွင် အစားအစာကို စားရာ၌ အတိုင်းအရှည်ကို သိခြင်း သည်လည်း “ကျင့်စဉ် စရဏ” တစ်ခုအဖြစ် ပါဝင်နေသည်ကို ထူးထူးခြားခြား တွေ့ရသည်။   
(၀ိ၊ ၁၊ ဋ္ဌ၊ ၉၂။)

ကျန်းမာခြင်းအကျိုးကို လက်တွေ့အရယူလိုသူသည် အစားအစာ စားသောက်သည့်ကိစ္စကို ပေါ့ပေါ့တန်တန် မထင်မှတ်သင့်ပေ။ အစားအစာ ပိုမိုစားမိခြင်းကြောင့် ကျန်းမာရေး မပျက်စေရန်၊ ရောဂါမရစေရန် သတိထားသင့်ပါ၏။ မိမိဝမ်းဗိုက် အတိုင်းအရှည်ကိုသိပြီး အစားအစာကို မျှမျှတတ စားခြင်းဖြင့် ကျန်းမာခြင်းအကျိုးကို အရယူရန် အစဉ်လုံ့လစိုက်သင့်ပေသည်။ ထမင်းစားပွဲသို့ ထိုင်တိုင်း စားပိုးနင့်၍ ဒုက္ခရောက်ရသော ဇူဇကာပုဏ္ဏားနှင့် အစာအာဟာရ မှီဝဲရာ၌ အတိုင်း အဆကို သိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို သတိရပြီးစားလျှင် ကျန်းမာရေးအတွက် အကျိုးးရှိနိုင်မည် ဖြစ်ပါသည်။

အစားကြီးသော ကောသလနှင့် မြတ်ဗုဒ္ဓ၏ ပိန်ဆေး။ ။

ဖြူ, မည်း, ဆူ, ကြုံ, နိမ့်, မြင့် ဟူသော အပြစ်(၆)ပါးတွင် အ၀လွန်ခြင်း (ဆူဖြိုးလွန်ခြင်း)မှာလည်း အပြစ်တစ်ခုပင် ဖြစ်သည်။ ခန္ဓာကိုယ် ၀လွန်း(ဆူဖြိုးလွန်း)သော ပုဂ္ဂိုလ်များသည် အသွား အလာခက်၊ အစားအသောက်ခက်၊ အနေအထိုင်ခက်၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတတ်၏။ အ၀လွန်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဖြစ်တတ်၏။ ရောဂါမရလျှင်သော်မှ ၀လွန်းသော ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရသောကြောင့် ဒူးနာရောဂါကား မလွဲမသွေ ရရှိပေလိမ့်မည်သာ။ ထို့ကြောင့် ၀လွန်းသောသူတို့သည် ဆေးအမျိုးမျိုးတို့ကို ၀ယ်ယူစားသုံးနေကြရခြင်းဖြစ်ပါ၏။ ၀သူများကို အပြစ်ဆိုခြင်း မဟုတ်ပေ။ အများစု ဖြစ်တတ်သော သဘာဝကို ဆိုခြင်း ဖြစ်ပါ၏။ ပိန်သူကို ၀စေရန် လွယ်ကူသလောက် ၀သူကို ပိန်စေရန်ကား မလွယ်ကူလှချေ။

ယနေ့ခေတ် TV သတင်းစာများကို ကြည့်လျှင် ၀အောင်ပြုလုပ်နည်း (သို့မဟုတ်) ၀ဆေး ကြော်ငြါ ခြင်းကို မတွေ့ရဘဲ၊ ပိန်ဆေး၊ ပိန်စေသောနည်းလမ်း၊ ၀ိတ်ချသော ကိရိယာ စသည်တို့ကိုသာ ကြော်ငြါ၍ ရောင်းချနေခြင်းကို ကြည့်လျှင် ယနေ့ခေတ်တွင် ပိန်သူထက် ၀သူက များနေကြောင်း သိသာလှပေသည်။ အကြောင်းမှာ ယနေ့ခေတ်လူတို့သည် အရာရာအတွက် ယခင်ကလို အင်အား စိုက်၍ မလုပ်ရခြင်း၊ ထမင်းပေါင်းအိုး၊ အ၀တ်လျှော်စက် စသည်ဖြင့် စက်ကိရိယာ အကူအညီဖြင့် သက်တောင့်သက်သာ ဖြစ်လွန်းလာခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လတ်လှုပ်ရှားမှု နည်းပါး လာခြင်း၊ နေ့စဉ် စားသောက်နေသော အစားအစာတို့တွင် အဆီဓါတ်များ လွန်ကဲစွာ ပါဝင်နေခြင်း တို့ကြောင့်လည်း ဖြစ်ပါ၏။  

ထို့ပြင် သတင်းတစ်ပုဒ် ဖတ် ဖတ်လိုက်ရ၏။ အမေရိကန်နိုင်ငံရှိ အချို့သောတက္ကသိုလ်များတွင် တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများ၌ ၀လွန်းသောသူများ (သတ်မှတ်ထားသော ပေါင်ချိန်ထက် ပိုသောသူများ) ကို အဆိုပါ တက္ကသိုလ်များသို့ တက်ရောက် ပညာသင်ခွင့် မပြုကြောင်းပင် ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ယနေ့ခေတ်လူငယ်များတွင် ၀သောသူများ အဆမတန် များပြားလာ ခြင်းကြောင့် အနာဂတ်ကာလတွင် ထိုစံချိန်ကို လျှော့ချနိုင်ရန် ရည်ရွယ်ကာ တက္ကသိုလ်ဝင်ခွင့် စည်းကမ်းချက်များတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရပါသည်။

အစားကြီးသော ကောသလမင်း။ ။

ဗုဒ္ဓဘာသာ သာသနာတော် သမိုင်းတွင် အစားကြီးသောမင်း (အစားအကြီးဆုံးမင်း) ရှာကြည့်ပါလျှင် ပေဿနဒီ ကောသလမင်းကို တွေ့ရပါမည်။ ထိုမင်းကြီးသည် တစ်ခါတစ်ခါစားလျှင် ဆန် တစ်စိတ်နှင့် ဆိတ်တစ်ကောင်ချက်ကို ကုန်အောင် စားနိုင်သည်ဟု ဆို၏။ အစားကြူးလွန်း၍ သူ၏ ၀မ်းဗိုက်ကြီးမှာလည်း အခြားသူများထက် ပို၍ မို့မောက်နေပေသည်။ ယင်းသို့ ၀မ်းဗိုက်စူနေ၍ ပွဲတော်ဆက်သသောအခါ ရှေ့တည့်တည့်မှ ဆက်သ၍ မရဘဲ၊ နံဘေးဘက်မှ ဆက်သရသော ကြောင့် သူ့ကို “ပေဿနဒီ” ဟု ခေါ်ဝေါ်ကြသည်။ တစ်နည်းအားဖြင့် လှိုင်းတံပိုးထသောမြစ်နှင့် တူသော ဗိုက်ခေါက်ရှိသောမင်း၊ (၀ါ) ဗိုက်ခေါက်ထူမင်းဟု ကျမ်းဆရာတို့က ဖွင့်ပြကြ၏။

သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရေလောင်းချသောအခါ သူ၏ဗိုက်ခေါက်မှာ အရစ်အရစ်ထနေသောကြောင့် ရေသည် ချက်ချင်း အောက်သို့ မဆင်းနိုင်ဘဲ၊ ဗိုက်ခေါက်တစ်လျှောက် မြစ်ကဲ့သို့ လှည့်ပတ် စီးဆင်းသွားသောကြောင့်  “ပေဿနဒီ” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ“ပေဿနဒီ” ဟု “ဿ” ကြီး အက္ခရာဖြင့် ရှိသည်ကို ရှင်းလင်းချက် ဖြစ်ပါသည်။ “ပသေနဒီ” ဟု “သ” ငယ် အက္ခရာဖြင့် ရှိခြင်းမှာ ရှေးရှု ရင်ဆိုင် ပြိုင်လာသူ ရန်သူအပေါင်းကို အောင်နိုင်သောမင်းဟု အဓိပ္ပါယ်ရပါသည်။ ဤအမည်မှာ ပသေနဒီ ကောသလမင်း၏ သူရသတ္တိကို စွဲ၍ ရရှိသောအမည် ဖြစ်ပါသည်။

ဝလွန်းတော့ အထိုင်ခက်။ ။

တစ်နေ့သောအခါ ကောသလမင်းကြီးသည် ထမင်းစားပြီးစအချိန်တွင် ဘုရားရှင်ကို ဖူးမျှော်ရန် ဇေတ၀န်ကျောင်းတော်သို့ သွားလေ၏။ ခန္ဓာကိုယ်ကလည်း ၀လွန်း၊ ဆန်တစ်စိတ်ချက် ထမင်း ကလည်း စားပြီးစအခါဖြစ်နေ၍ ကောသလမင်းကြီးမှာ ဘုရားရှင်၏ ရှေ့တော်မှောက်တွင် မလှုပ်သာ မလှည့်သာဘဲ၊ နေမထိ ထိုင်မသာ၊ ကသိကအောက် ဖြစ်နေရရှာလေသည်။ သူ၏၀မ်းဗိုက်ကြီးမှာ အစာများ ပြည့်နှက်နေ၍ အသက်ကိုပင် မှန်မှန်မရှူနိုင်၊ နှာခေါင်းမှလည်း တရှူးရှူး တရှဲရှဲ အသံထွက်၍ နေပြန်လေသည်။ အခါတိုင်း၌ တရားနာလျှင် အိပ်ငိုက်၍ နေလေ့ရှိရာ၊ ယခုအခါ၌မူ ပရိသတ်ကလည်း အနည်းငယ်မျှသာရှိ၍ ဘုရားရှင်အား မရိုသေရာကျမည် စိုးသောကြောင့် မအိပ် ငိုက်စေရန် သူ့ခမျာ အတော်ပင် ကြီုးစား၍ နေရရှာလေသည်။

ဝမ်းဗိုက်တွင်းမှ စားထားသော အစာရှိန်ယစ်မှုကြောင့် သူ၏ခန္ဓာကိုယ်မှ ချွေးများ ယိုစီးကာ ထွက်လာသောကြာင့် ၀တ်ဆင်ထားသော အ၀တ်တန်ဆာများကိုပင် စိုရွှဲကုန်လေသည်။ ချွေးထွက် လွန်းအားကြီး၍ မင်းကြီးအား ဘေးတစ်ဘက်တစ်ချက်မှ လူများက ၀ိုင်း၍ ယပ်ခပ်ပေးကြရသည်။ ထိုသို့သော မြင်ကွင်းမှာ ဘုရားရှင်၏ ရှေ့မှောက်တွင်ဖြစ်၍ ကြည့်ရ အဆင်မပြေသော မြင်ကွင်း တစ်ခုပင် ဖြစ်ပါသည်။ ယင်းကဲသို့ ချွေးကလည်းထွက်၊ အသက်ရှူသံကလည်းပြင်းထန်၊ အနေရ အထိုင်ရလည်း ခက်ရှာသော ကောသလမင်းကြီး၏ အဖြစ်ကို တွေ့မြင်ရသောအခါ ဘုရားရှင်က ကောသလမင်းကြီးနှင့် သင့်လျော်သောတရားကို ဟောတော်မူခဲ့လေသည်။ 

ဘုရားရှင်ပေးသော ပိန်ဆေး။ ။

မနုဇဿ သဒါ သတမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘ၀န္တိ ဝေဒနာ၊ သဏိတံ ဇိရတိ အာယုပ်လယံ။

“ကောသလမင်းကြီး၊ အစာအာဟရ စားသောာက်သောအခါ အမြဲတမ်း သတိတရား လက်ကိုင် ထားပြီး။ မိမိဝမ်းတွင်းရှိ ပါစက ၀မ်းမီး ချက်နိုင်အောင်၊ အစားအစာကို အတိုင်းအဆနှင့် စားသင့်၏။ အစားအစာဆိုသည်မှာ မိမိမ်းနှင့် တန်ရုံ စားလျှင် ဆေးသဖွယ်ဖြစ်၍ အလွန်အမင်းစားလျှင် ဘေး အန္တရာယ် ဖြစ်တတ်၏။ မိမိဝမ်းမီး အတိုင်းအဆကို သိ၍ စားသောက်တတ်သူမှာ ရောဂါ ဝေဒနာ ကင်းရှင်းပြီး၊ ကျန်းမာရေးလည်းရ၊ ရုပ်ရည်လည်း တော်တော်နှင့် အရွယ်မကျဘဲ၊ အသက်ကိုလည်း ရှည်စေတတ်ပါသည်။

ထို့ကြောင့် ဒကာတော် မင်းကြီးသည်လည်း ကျန်းမာရေး ကောင်း၍ မအိုလွယ်ဘဲ၊ အသက်ရှည်ရှည် နေလိုပါလျှင် အစားအစာကို အတိုင်းအဆနှင့် စားသင့်ပါသည်။”
ကောသလမင်းကြီးသည် မြတ်စွာဘုရား မိန့်ကြားချက်ကို ကြားနာရသောအခါ မိမိအတွက် များစွာအကျိုးရှိသောကြောင့် နောက်တော်မှ ပါလာသော သုဒဿနလုလင်အား အောက်ပါအတိုင်း မှာကြားစေခိုင်းခဲ့သည်။

“အမောင်လုလင် သည်ဂါထာကို မြတ်စွာဘုရားထံမှ ရအောင် သင်ယူခဲ့ပါ။ သင်ယူပြီးနောက် ငါပွဲတော်တည် ထမင်းစားတိုင်း စားတိုင်း သတိပေးသည့်အနေဖြင့် အမြဲတမ်း ရွတ်ဆိုပေးပါ။ သင့်အား နေ့စဉ်နေ့တိုင်း ဆုတော်ငွေ တစ်ထောင် ပေးမည်” ဟု မှာကြားပြီး၊ မြတ်စွာဘုရားကို ဦးချကန်တော့ကာ နန်းတော်သို့ ပြန်သွားလေသည်။  သုဒဿနလုလင်သည် မင်းကြီး၏ မှာကြားချက်အတိုင်း ဘုရားရှင်ထံမှ ထိုဂါထာကို နှုတ်ရ သင်ယူခဲ့သည်။

ဘုရားရှင်သည် သုဒဿနလုလင်အား သင်ကြားပေးပြီးနောက် ဂါထာဆိုရမည့် အချိန်အခါနှင့် ဂါထာဆိုပုံဆိုနည်းကိုလည်းကောင်း၊ အစားလျော့ပုံ နည်းစနစ်ကိုလည်းကောင်း အောက်ပါအတိုင်း ညွှန်ပြတော်မူလိုက်သည်။

“အမောင်လုလင် သင်သည် ဤဂါထာကို ကချေသည်ကဲ့သို့ ရောက်ရာနေရာမှာ ပေါက်ကရ မဆိုလေနှင့်။ ကောသလမင်းကြီး စားတော်ခေါ်ချိန်ရောက်မှသာ ဤဂါထာကို ရွတ်ဆိုပါ။ ဆိုရာတွင် လည်း မင်းကြီး ပွဲတော်တည်စမှာ မဆိုလေနှင့်ဦး။ နောက်ဆုံး ထမင်းလုတ် ရောက်မှသာ ရွတ်ဆိုပါ။ မင်းကြီးသည် သင့်အသံကို ကြားလျှင် ကျန်ထမင်းကို ဆက်မစားဘဲ၊ မင်းကြီး ပွဲတော်တည်ခြင်းကိစ္စ ရပ်သွားပါလိမ့်မည်။ ထိုလက်ကျန် ထမင်းကို သင်သေသေချာချာ မှတ်သားထားပါ။ နောက်ရက် များတွင်လည်း သည်အတိုင်း ရွတ်ဆိုပေးပါ။ ထပ်ပြီး လျှော့သွားပါလိမ့်မည်။ ဤကဲ့သို့ တစ်နေ့လျှင် တစ်လုတ်စာ တစ်လုတ်စာ မှန်မှန် လျှော့လာလျှင် သာမန်လူတို့ စားသောက်သည့် အချိုးအစားသို့ ရောက်လာပါလိမ့်မည်။ ဤဂါထာကို နံနက်စာ ပွဲတော်တည်စဉ်မှာ မရွတ်ဆိုပါနှင့်။ ညစာ ပွဲတော်တည်စဉ် အချိန်မှာသာ ရွတ်ဆိုပါလေ” ဟု အသေအချာ မှာကြားသင်ကြားပေးလိုက်သည်။

နန်းတော်သို့ ရောက်သောအခါ သုဒဿနလုလင်သည် ဘုရင်ကြီး ပွဲတော်တည်တိုင်း အဆိုပါ ဂါထာကို ဘုရားရှင် သင်ပေးသည့်အတိုင်း နေ့စဉ် နေ့တိုင်း ရွတ်ဆိုပေးလေသည်။ ဘုရင်ကြီး သည်လည်း ဤဂါထာကို ကြားရသောအခါ ဘုရားရှင်၏ တရားသံကို အမှတ်ရပြီး၊ စားလတ်စ ထမင်းကို ဆက်လက် မစားတော့ဘဲ၊ ရွှေခွက်ထဲမှာပင် ပြန၍ ချထားကာ ထမင်းစားခြင်းကို အဆုံးသတ်လိုက်လေသည်။ သုဒဿန လုလင်အားလည်း နေ့စဉ် အသပြာငွေ တစ်ထောင် ဆုချလေသည်။

ဘုရားရှင်ပေးသောနည်းသည် အစားလျော့ရာတွင် တစ်ခါတည်းနှင့် အပြတ်လျော့ပစ်ခြင်းမျိုး မဟုတ်ဘဲ၊ တစ်နေ့မှ တစ်လုတ်စာသာ လျော့စားသောကြောင့် ကောသလမင်းကြီးအတွက် အခက်အခဲ သိပ်မရှိပေ။ အစားကြီးသူတို့အတွက် ဘုရားရှင်ပေးသော နည်းလမ်းဖြစ်၍ အတု ယူသင့်ပါ၏။ ကောသလမင်းကြီးသည် ထိုကဲ့သို့ တစ်လုတ်စာ တစ်လုတ်စာ နေ့စဉ်လျော့လာခဲ့ရာ ဆန်တစ်စိတ်ချက် စားသည်မှ ဆန်တစ်စလယ်ချက်( နို့ဆီဗူးနှစ်လုံးချက်) စားသူ အဖြစ်သို့ ရောက်လာခဲ့တော့သည်။

သုဒဿန လုလင်သည်လည်း နေ့စဉ်နေ့တိုင်း ဘုရားရှင်ထံသို့ ကောသလမင်းကြီး၏ အခြေအနေကို လျှောက်ထားရန် သွားရသည်။ တစ်နေ့သောအခါ ဘုရားရှင်က “အမောင်လုလင် မင်းကြီးသည် အဘယ်မျှလောက်စားလျှင် ၀၀မ်းဝသော အခြေအနေသို့ ဆိုက်ရောက်ပြီနည်း။” ဟု မေးတော်မူရာ “ မင်းကြီးသည် တစ်စလယ်ချက်မျှ စားလျှင် တင်းတိမ်နိုင်သော အခြေအနေသို့ ဆိုက်ရောက် နေပါပြီဘုရား”။ ဟု သုဒဿန လုလင်က ပြန်လည်လျှောက်ထားခဲ့လေသည်။

ထိုအခါ ဘုရားရှင်က “တစ်စလယ်ချက် စားသည် ဆိုသည်မှာ ယောက်ျားများအဖို့ သင့်တော် လောက်ပေပြီ။ ယနေ့မှစ၍ ဤဂါထာကို မရွက်ဆိုနှင့်တော့။” ဟု မိန့်တော်မူလေသည်။ ထိုနေ့မှစ၍ သုဒဿန လုလင်သည်လည်း ဘုရားရှင်၏ ဂါထာကို မရွတ်ဆိုတော့ချေ။

ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ပေးသော နည်းအတိုင်း တစ်နေ့လျှင် တစ်သလယ်ချက် မျှသာ စားသောက်လာခဲ့ရာ သူ၏ခန္ဓာကိုယ်ကြီးမှာလည်း အလေးချိန် လျှော့ကျသွားခဲ့ရာ ယခင်က ကဲ့သို့ မအီမသာ မဖြစ်တော့ဘဲ၊ သွားလာရာ၌လည်း ပေါ့ပါးလွယ်ကူ၊ နေထိုင်ရာ၌လည်း ချမ်းသာ ရာရပြီး၊ တရားနာရာတွင်လည်း မအိပ်ငိုက်တော့ဘဲ ကောင်းမွန်စွာ နာယူ မှတ်သားနိုင်၍ အလွန် စိတ်ရွှင်လန်းမှုကို ရခဲ့လေသည်။

“သားချစ်ယူမှတ်၊ ဤလူ့ဇာတ်၌
လျောက်ပတ်ကျင့်ငြား၊ လျောက်ပတ်စားနှင့်
ဆေးဝါး စာကြေ၊ သွားထွေကာလ
ဗြဟ္မစာရီ၊ ဤငါးလီမူ
လောကီလူပေါင်း၊ သက်ရှည်ကြောင်းတည်း။ ။”

ကောသလမင်းကြီး၏ ဥဒါန်းစကား။ ။

ကောသလမင်းကြီးသည် ညတစ်ညတွင် လင်းထိန်ကြည်လင် သာယာသော လရောင်ကို မော့ကြည့် ၍ “မိမိ ယခုကဲ့သို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလာရခြင်းမှာ ဘုရားရှင်၏ ကျေးဇူးတော် ကြောင်းပင် ဖြစ်သည်” ဟု တွေးတောနေပြီးလျှင် အတိုင်းအဆမသိအောင် များပြားလှသော ဘုရားရှင်၏ ကျေးဇူးတော်တို့ကို အောက်မေ့သတိရကာ……..

“သြော်…ဘုရားရှင်သည်ကား ငါ၏ခန္ဓာကိုယ်အား သက်တောင့်သက်သာ ဖြစ်စေတတ်သော မျက်မှောက် အကျိုးကိုလည်း ညွှန်ပြတော်မူခဲ့ပြီ။ အစာကြောင့် ဖြစ်ပေါ်လာသော အိပ်ချင်ခြင်း၊ ငိုက်မျဉ်းခြင်း၊ သမ်းဝေခြင်း ထိနမိဒ္ဓ တရားဆိုးတို့မှလည်း ကင်းဝေးစေခဲ့ပါပြီ။ သုဂတိဘ၀သို့ ရောက်စေတတ်သော အစားအစာ၌ အတိုင်းအရှည်ကို သိတတ်ခြင်း၊ သီလဟူသော တမလွန် အကျိုးကိုလည်း ညွှန်ပြတော်မူခဲ့ပါပြီ။ ဘုရားရှင်၏ ကျေးဇူးတော်တို့ကား အတိုင်းအဆမရှိ ကြီးမားပါဘိတကား” ဟု
မြတ်စွာဘုရားရှိရာ ဇေတ၀န်ကျောင်းတော်သို့ အာရုံပြုကာ လက်အုပ်ချီမိုး ရှိခိုးပြီး၊ ရွှင်လန်း ဝမ်းမြောက်စွာ ဥဒါန်းစကား ကျူးရင့်ခဲ့လေသည်။

သုခ ချမ်းသာခြင်း(၃)မျိုး။ ။

နောက်တစ်နေ့တွင် ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ရှိရာ ဇေတ၀န်ကျောင်းတော်သို့ သွားရောက်၍ သူ၏ခံစားချက်ဖြစ်သော သုခ(၃)မျိုးကို ၀မ်းသာအားရ လျှောက်ထားခဲ့လေသည်။

“၁။ မြတ်စွာဘုရား၊ တပည့်တော်သည် အရှင်ဘုရားထံမှ လမ်းညွှန်မှုကို မရမီ အလွန်လေးလံသော ဤခန္ဓာကိုယ်ကြီးကို သယ်ပိုးနေရ၍ အမြဲတစေ စိတ်ဆင်းရဲမှု ဖြစ်နေခဲ့ရပါသည်။ ယခုအခါတွင် ယခင်ကနှင့်မတူဘဲ၊ လေကဲ့သို့ လျင်မြန်သော သားကောင်ကိုပင် ဖမ်းယူနိုင်သည့်အခြေသို့ ဆိုက်ရောက်နေပြီဖြစ်၍ ချမ်းသာသုခ ရရှိခဲ့ပါပြီဘုရား။

ရှေးယခင်က တူတော် အဇာတသတ်နှင့် မကြာခဏ စစ်ဖြစ်ပွါးရာ ရှုံးချည်တစ်ခါ နိုင်ချည် တစ်လှည့် ဖြစ်၍ တပည့်တော်အဖို့ စိတ်ညစ်ခဲ့ရပါသည်။ ယခုမူ သမီးတော် ၀ဇိရကုမာရီနှင့် တူတော် အဇာတသတ်ကို လက်ဆက်ပေးလိုက်၍ ထိုရန်မှ ငြိမ်းအေးသွားသောကြောင့်လည်း စိတ်ချမ်းသာမှု ဖြစ်ရပါသည်ဘုရား။ ဤသည်မှာ တပည့်တော် ခံစားရသော ပထမ ၀မ်းသာမှု သုခပင် ဖြစ်ပါသည် ဘုရား။

၂။ ဒုတိယ ခံစားရသော သုခမှာ ဘုရင်အဆက်ဆက် သုံးစွဲခဲ့သော နန်းစဉ် ပတ္တမြားကြီး ပျောက်ဆုံး သွား၍ စိတ်ညစ်ခဲ့ရပါသည်။ ယခုမူ ထိုန်နးစဉ် ပတ္တမြားကြီးကို မမျှော်လင့်ဘဲ ပြန်လည် တွေ့ရှိ သောကြောင့် ချမ်းသာ သုခဖြစ်ရပါသည်ဘုရား။

၃။ တတိယ ခံစားရသောသုခမှာ ၀ါသဘခတ္တိယာ သာကီဝင် မင်းသမီးနှင့် လက်ဆက်ခွင့်ရပြီး မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်စပ်ခွင့် ရသောကြောင့် ချမ်းသာသုခ ဖြစ်ရပါသည်ဘုရား။

အမြတ်ဆုံး ချမ်းသာ။ ။

ပေဿနဒီ ကောသလမင်းကြီးက သူခံစားရသော ချမ်းသာသုခ (၃)မျိုးကို ဝမ်းသာအားရ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က အားလုံးအတွက် အမြတ်ဆုံးချမ်းသာကို အောက်ပါ အတိုင်း ဟေယကြားတော်မူခဲ့ပါသည်။

အာရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌီ ပရမံ ဓနံ။
ဝဿာသ ပရမံ ဉာတိ၊ နိဗ္ဗာန ပရမံ သုခံ။

- ရောဂါကင်း၍ ကျန်းမခြင်းသည် အမြတ်ဆုံးသော လာဘ်မည်၏။
- ရှိသမျှ ရသမျှဖြင့် တင်းတိမ်ရောင်ရဲခြင်းသည် အမြတ်ဆုံးသော ဥစ္စာမည်၏။
- ရင်းနှီး ချစ်ခင် ကျွမ်းဝင်ခြင်းသည် အမြတ်ဆုံးသော ဆွေမျိုးမည်၏။
- ဒုက္ခအပေါင်းတို့၏ချုပ်ရာ နိဗ္ဗာန်သည် အမြတ်ဆုံးသော ချမ်းသာမည်၏။
(ဓမ္မပဒ၊ ဋ္ဌ၊ ဒု၊ ၁၇၁။ ၃၁၅။ ပဏ်၊၂၊ ပါ၊ ၁၇၆။ ဋ္ဌ၊၁၅၂။ သဂါထာသံ ၊ပါ၊ ဂ၂။ ဋ္ဌ၁၄၀။)

အထက်ပါ ဘုရားဟောစကားကို မကြားဘူးသူ ဖြစ်လျှင်သော်မှ “လဘ်တကာတို့တွင် အနာရောဂါ ကင်းခြင်းသည် အမြတ်ဆုံးဖြစ်၏။ ချမ်းသာတကာတို့တွင် နိဗ္ဗာန်ချမ်းသာသည် အသာဆုံးဖြစ်၏” “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဤစကားရပ်ကိုကား ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဘူးကြ၏။

ထိုစကားရပ်၏ အဓိပ္ပါယ်အတိုင်း မိမိတို့၏ ခန္ဓာကိုယ်၌ အနာရောဂါ မရှိခြင်းကို အမြတ်ဆုံးဟု မှတ်ယူကြ၏။ အနာရောဂါမရှိ၍ ကိုယ် စိတ်(၂)ပါလုံး ချမ်းသာခြင်းကို အသာဆုံးသော ချမ်းသာဟု ယူဆခဲ့ကြ၏။ အကယ်၍ မိမိခန္ဓာကိုယ်မှာ ရောဂါတစ်စုံတစ်ရာ ရရှိခဲ့လျှင် ပစ္စည်းဥစ္စာ မည်မျှ ချမ်းသာသူဖြစ်ပါစေ၊ အချွေအရံ ပရိဿတ်  မည်မျှ ပေါများသူဖြစ်ပါစေ၊ ပညာဘွဲ့ဒီဂရီ မည်မျှ တတ်မြောက်သူဖြစ်ပါစေ၊ တန်းခိုးသြဇာ အာဏာ မည်မျှ ကြီးမားသူဖြစ်ပါစေ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းကို ရရှိခံစားရမည် မဟုတ်ပါလေ။

အနာရောဂါ ကင်းရှင်း၍ ကျန်းမာသောအခါမှသာလျှင် ကိုယ် စိတ်ချမ်းသာမှုကို လက်တွေ့ ခံစားရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမြတ်ဆုံးသော လာဘ်ကို ရယူလိုသူတိုင်း၊ ကိုယ် စိတ်(၂) ပါးလုံး ချမ်းသာလိုသူတိုင်းသည် ပဋိသန္ဓေ အို နာ သေဘေးကို ကာကွယ်နိုင်သော ကျန်းမာရေး အသိ ဆေးပညာဗဟုသုတတို့ဖြင့် မိမိတစ်ကိုယ်ရေ ကျန်းမာမှုမှသည် မိမိဆွေမျိုး မိမိရပ်ရွာ မိမိမြို့ မိမိနိုင်ငံတိုင်အောင် အဆင့်ဆင့်တိုးကာတိုးကာ ကျန်းမာချမ်းသာအောင် ကြိုးစားအားထုတ် နိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါသည်။ ။

အရှင်ဥက္ကံသ
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)

Thursday, March 12, 2015

ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်း


ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်း

သတ္တဝါမှန်သမျှ မိမိတို့၏ ဘဝကို လှပလိုကြ၏။ လှပသည့် ဘဝကိုတည်ဆောက်လိုကြ၏။ သာယာသည့်ဘဝ၊ အေးချမ်းသည့်ဘဝ၊ ဘေးမသန်းသည့်ဘဝကို လိုလားကြ၏။ ထို့ကြောင့်လည်း ထိုထိုဘဝ လှပစေရန် နည်းအမျိုးမျိုးဖြင့် ပုံဖော်ကြ၊ တည်ဆောက်ကြ၊ ဖန်တီးကြခြင်း ဖြစ်၏။ အချို့က ဘဝကို ကာယဖြင့် တည်ဆောက်ကြ၏။ အချို့က ဓနဖြင့် တည်ဆောက်ကြ၏။ အချို့က ဉာဏဖြင့် တည်ဆောက်ကြ၏။ အချို့က
အရှိန်အဝါဖြင့် တည်ဆောက်ကြ၏။ အချို့က ဂုဏ် ပကာသနဖြင့် တည်ဆောက်ကြ၏။ မည်သည့်နည်းဖြင့် မည်သို့ပင် တည်ဆောက်ထားသော်လည်း ထိုတည်ဆောက်မှုများတွင် ဓမ္မမပါလျှင်ကား အခိုက်အတန့်မျှသာ တည်ဆောက်နိုင်၏။

ဓမ္မ “အား”ဖြင့် ပံ့ပိုးမထား၊ ထိန်းချုပ်မထားလျှင် ထိုထိုနည်းဖြင့် တည်ဆောက်ထားသည့် ဘဝ အမျိုးမျိုးသည် ရေရှည်တည်တံ့ရန် မလွယ်ကူလှပေ။ ပစ္စုပ္ပန် သံသရာ လှပစေရန် တည်ဆောက် ထားမှု မဖြစ်နိုင်လှပေ။ ဓမ္မပါမှ ဘဝသာယာပြီး အလှဖြာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ယခုမျက်မှောက် ဘဝမှသည် နောင်သံသရာ၊ ထိုမှနိဗ္ဗာန်တိုင်အောင် သာယာလှပသည့် ဘဝကို တည်ဆောက်လို သူများသည် ဓမ္မဖြင့် ဘဝကို တည်ဆောက်သင့်ကြောင်း ဆိုခြင်း ဖြစ်၏။

လူအတော်များများက ဓမ္မဟုဆိုလာလျှင် အသက်ကြီးသူများ၊ သေခါနီးသူများ၊ ဘဝကူးကောင်း လိုသူများ စသူတို့ အတွက်သာ လိုအပ်သည်ဟု ထင်မှတ်တတ်၏။ အထူးသဖြင့် ပညာရှာနေ ကြသည့် ပထမအရွယ် လူငယ်များ၊ ဥစ္စာရှာနေကြသည့် ဒုတိယအရွယ် လူရွယ်များက မိမိတို့၏ အရွယ်များသည် ဓမ္မရှာရမည့်အရွယ် မဟုတ်၊ ဓမ္မရှာရမည့် အရွယ်သည် အိုမင်းမစွမ်းဖြစ်လာသည့် တတိယအရွယ်သာ ဖြစ်သည်ဟု ခံယူထားတတ်ကြ၏။ ထို့ကြောင့်လည်း ပညာရှာနေသည့်အချိန်၊ ဥစ္စာရှာနေသည့် အချိန်များတွင် ဓမ္မဖြင့် ဝေးနေကြပြီး ဓမ္မအားမပါဘဲ မိမိတို့၏ အရွယ်များကို တည်ဆောက်နေကြခြင်း ဖြစ်၏။

ပြဿနာမှာ ဓမ္မမပါဘဲ တည်ဆောက်ထားသဖြင့် ပထမအရွယ်တွင်လည်း ဘဝကို ကောင်းစွာ တည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ ဒုတိယအရွယ်တွင်လည်း ဘဝမှာ ဖရိုဖရဲ ပြန့်ကြဲနေမြဲသာ ဖြစ်နေသည့် အချက်ပင်ဖြစ်၏။ တတိယအရွယ်ရောက်လာမှ ဘဝကို ဓမ္မဖြင့် တည်ဆောက်ကြစို့ဟု ဆိုပြန်သော်လည်း အိုမင်းမစွမ်း ဖြစ်လာမှုက “အိုရင်မင်း မစွမ်းတော့ဘူး”ဟု ဆိုသကဲ့ဖြစ်ကာ အနှစ်ရှာမရဘဲ ဖြစ်နေတတ်ကြပေ၏။

စင်စစ်ဓမ္မသည် ဘဝသာဖြစ်၏။ ဓမ္မပါမှ ဘဝသာယာမည်ဖြစ်ပြီး အလှဖြာနိုင်မည် ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ဓမ္မကို အခြေပြုမှ ဘဝလူနေမှုတွင်လည်း အစစအရာရာ အဆင်ပြေမှုများ ဖြစ်စေနိုင်ပေ၏။ ဘဝထဲတွင် ဓမ္မတွဲနေမှ ဘဝလည်း မလွဲမသွေ တည့်မတ်နေမည် ဖြစ်၏။ ဤ၌ဆိုလိုသည့် ဓမ္မဟူသည် အကျင့်သိက္ခာ၊ တည်ကြည်မှုနှင့် ပညာဉာဏ်ရှိမှုများကို ဆိုလိုခြင်း ဖြစ်၏။ စာစကားဖြင့် ပြောလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ် တရားများပင်ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးလှ၏။ ထိုအတူ စိတ်ကိုတည်တည်ငြိမ်ငြိမ် ဖြစ်စေမည့် တည်ကြည်မှု သမာဓိတရားနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို နှိုင်းချိန်နိုင်သည့် ပညာဉာဏ်သည်လည်း အထူးလိုအပ်လှ၏။

ထိုသို့သော အကျင့်တရား၊ တည်ကြည်မှုအားနှင့် ဆင်ခြင်မှုအားကို အခြေခံကာ ဘဝကို တည်ဆောက်ထားသင့်၏။ ထိုတရားများကို လက်ကိုင်ထားပြီး တည်ဆောက်ထားသည့် ဘဝသည် မည်သည့်အချိန်တွင် မည်သို့ပင် ပြောင်းလဲဖောက်ပြန်သော်လည်း တုန်လှုပ်မှုမရှိ၊ ကြောက်ရွံ့မှု မရှိဘဲ အရာအားလုံးကို ကျော်လွှားကာ အကောင်းဆုံး အနေအထားတွင် ရှိနေတတ်ပေ၏။ ဓမ္မကို အခြေခံကာ တည်ဆောက်ထားသည့် ဘဝသည် အတက်အကျ အနိမ့်အမြင့်ဟူသည့် လောကဓံ ဒီလှိုင်း၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံကာ လိုရာပန်းတိုင် အရောက်လှမ်းနိုင်၏။ လောကဓံနှင့် ကြုံလာလျှင် တုန်လှုပ်မှုမရှိသည့် ဘဝသည် ကြံ့ခိုင်သည့်ဘဝ၊ အားရှိသည့်ဘဝ၊ တည်ငြိမ်သည့် ဘဝသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ဘဝမျိုးကို တည်ဆောက်နိုင်ရန် ဓမ္မကိုသာ အခြေခံကြရမည် ဖြစ်ပါ၏။

သို့သော် ခက်သည်မှာ လူအတော်များများက လက်တွေ့တွင် ဘဝကို ဓမ္မမပါဘဲ တည်ဆောက် နေကြခြင်းပင်ဖြစ်၏။ ဓမ္မကို လစ်လျူရှုကာ မမြဲသည့် ရုပ်ပိုင်းဆိုင်ရာများဖြင့် ဖန်တီးတတ်ကြခြင်း ပင်ဖြစ်၏။ စည်းစိမ်ဥစ္စာဖြင့် ဘဝကို တည်ဆောက်သူများ၊ ရာထူးဂုဏ်ဖြင့် ဘဝကို တည်ဆောက် သူများ၊ လောကီပညာရပ်များဖြင့် ဘဝကို တည်ဆောက်သူများအဖြစ် တဒင်္ဂဘဝကို တည်ဆောက် ကာ ဓမ္မကို ဘေးဖယ်ထားတတ်ကြခြင်းပင်ဖြစ်၏။

အချို့မှာ ဓမ္မမပါဘဲ ခဏတာဖြစ်သည့် စည်းစိမ် ဥစ္စာများဖြင့် ဘဝကို တည်ဆောက်နေကြသဖြင့် စည်းစိမ်ဥစ္စာကို အမှီပြု၍ မာန်မာနတက် တတ်ကြသကဲ့သို့ ထိုစည်းစိမ်ဥစ္စာများ ပျက်သွားသည့် အခါတွင်လည်း အလွန်သောက ဖြစ်တတ်ကြပြန်၏။ အချို့လည်း ဘဝကို ဓမ္မမပါဘဲ ရာထူးပါဝါများ၊ လောကီအတတ်ပညာများဖြင့် တည်ဆောက်နေကြသဖြင့် ထိုဂုဏ်များကို အမှီပြု၍ ဂုဏ်မောက်ကာ အမှန်ပျောက်နေ တတ်ကြသကဲ့သို့ ထိုဂုဏ်များပျောက်သည့် အခါတွင်လည်း ဓမ္မမရှိသဖြင့် ဖြေဆည်ရာလည်း မရှိဘဲ ဖြစ်တတ်ကြပြန်၏။

အမှန်အားဖြင့် ဘဝတွင် စည်းစိမ်ဥစ္စာများ၊ အတတ်ပညာများ၊ ရာထူးဂုဏ်သိန်များ မည်မျှပင် မြင့်မားများပြား နေသော်လည်း သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရား ရှားပါး လျှင်ကား ထိုမြင့်မားသည့် အရာများဟု ထင်နေတတ်သည့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ စသည်များဖြင့် တည်ဆောက်ထားသည့် ဘဝသည် အချည်းနှီးသာ ဖြစ်နေပေ၏။ သိက္ခာသုံးပါးဖြင့် အားဖြည့်ထားမှု မရှိသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ ဖြစ်တတ်သကဲ့သို့ ဖရိုဖရဲလည်းဖြစ်တတ်ကာ အမှားအမှန်လည်း မခွဲခြားတတ်ဘဲ ဖြစ်နေတတ်ပေ၏။

မှန်၏။ ဘဝတစ်ခုကို တည်ဆောက်ရာတွင် စည်းမဲ့ကမ်းမဲ့ မဖြစ်ရေးအတွက် သီလသိက္ခာသည် အထူးလိုအပ်လှ၏။ သီလဟုဆိုလျှင် အတော်များများက ငါးပါးရှစ်ပါး ကိုးပါးဆယ်ပါးစသည့် သိက္ခာပုဒ်များကိုသာ ပြေးမြင်တတ်၏။ စင်စစ် မိမိတို့ ကျင်လည်နေကြရသည့် နေ့စဉ်ဘဝများတွင် ကိုယ်အမူအရာများဖြင့် မိမိသူတပါး မထိခိုက်အောင်၊ နှုတ်စကားဖြင့် မိမိသူတပါး မထိပါးအောင် ထိန်းသိမ်းနေထိုင်ခြင်း၊ သူ့ကျောင်းနေ သူ့စာအံ ဆိုသကဲ့သို့ နေရာဌာနအသီးသီးတွင် ချမှတ်ထား သည့် စည်းကမ်းများကို စောင့်စည်းနေထိုင်ခြင်း စသည်များသည်လည်း သီလတရားများပင် ဖြစ်ပါ၏။ ထိုသို့ ကိုယ်နှုတ်အမူအရာများနှင့် မိမိသူတပါး မထိခိုက်အောင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းနေထိုင်ခြင်းသည် ဓမ္မကို အခြေခံထားသည့် ဘဝ တည်ဆောက်မှုပင် ဖြစ်ပေ၏။

ထို့အတူ ဘဝကိုတည်ဆောက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ခိုင်မာမှု ရှိစေရန် သမာဓိသိက္ခာကို အားပြုပေးရန် လိုအပ်လှ၏။ သမာဓိ၏ သဘောသည် တည်ကြည်ခြင်း ဖြစ်သဖြင့် သမာဓိကို အခြေခံထားသည့် ဘဝတည်ဆောက်မှုသည် ဟိုလိုလိုဒီလိုလို ဟိုမရောက်ဒီမရောက် ဖြစ်တတ် သည့် စိတ်အစဉ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။ ခိုင်မာသည့် စိတ်ဖြင့် မယိမ်းမယိုင်သည့် ဘဝတည်ဆောက်မှု ဖြစ်ရန် သမာဓိက အထောက်အကူ ပေးနိုင်မည် ဖြစ်၏။

ဘဝတည်ဆောက်ရာတွင် အာရုံအမျိုးမျိုးဖြစ်နေသည့် စိတ်အစဉ်ကို အာရုံတစ်ခုတည်းတွင် စူးစိုက်မှုပေးနိုင်ရန် သမာဓိဖြင့် အားပြုပေးရမည် ဖြစ်၏။ ထိုသို့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရှိရှိ တည်ဆောက်ထားသည့် ဘဝသည် ဓမ္မကို အခြေပြုကာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ဓမ္မကို လက်တွေ့ဘဝတွင် အသုံးချလိုက်ခြင်းမျိုးလည်းဖြစ်ကာ ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းမျိုး လည်း ဖြစ်နေပေ၏။

ထို့အပြင် ဓမ္မဖြင့် ဘဝကို တည်ဆောက်ရာတွင် စည်းကမ်းတကျ၊ တည်တည်ငြိမ်ငြိမ် ရှိရုံဖြင့် မလုံ လောက်သေးဘဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လည်း လိုအပ်လှ၏။ ထိုသို့ မှန်ကန်သည့် ရွေးချယ် မှုဖြင့် ဘဝကို တည်ဆောက်နိုင်စေရန် ပညာသိက္ခာကို အားပြုပေးရမည် ဖြစ်၏။ ပညာသည် လောကီပညာ၊ လောကုတ္တရာ ပညာဟု နှစ်မျိုးရှိရာတွင် ဉာဏ်နှင့်ယှဉ်သည့် ပညာသည် အကောင်း အဆိုး၊ အကြောင်းအကျိုးနှင့် အမှားအမှန်ကို ခွဲခြားစိစစ်ပေးနိုင်သဖြင့် မှန်ကန်သည့် ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပညာတရားသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပေ၏။

 ထို့ထက် တစ်ဆင့်တက်၍ တရားဘာဝနာ အားထုတ်သဖြင့် ရရှိလာသည့် အသိဉာဏ်ပညာ ဆိုလျှင် ကား ဘဝတွင်အကောင်းဆုံး အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ အလွယ်တကူ ကျော်လွှားကာ မိမိစိတ်ကို မိမိအနိုင်ယူနိုင်သည်အထိ ပံ့ပိုးပေးနိုင်မည် ဖြစ်၏။

မှန်၏။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားခြင်း၊ တရားအလုပ်ကို အားထုတ်ထားခြင်းဖြင့် ဘဝကို တည်ဆောက် ထားသူများသည် ဘဝတွင် တွေ့ကြုံရတတ်သည့် အတက်အကျ၊ အနိမ့်အမြင့်၊ အကောင်းအဆိုး၊ ချီးမွန်းကဲ့ရဲ့၊ ရှိခြင်းမရှိခြင်း စသည့် လောကဓံများကို ဓမ္မအားဖြင့် တုန်လှုပ်ခြင်းမရှိ အလွယ်တကူ ကျော်လွှားနိုင်၊ ဘဝ၏ အခက်အခဲများကို ကြံကြံခံနိုင်ကြပြီး အရာရာသည် အမြဲမရှိခြင်းဟူသော သဘောအမှန်ကို သိရှိထားသဖြင့်လည်း မိမိတို့၏ စိတ်များကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ကြ၏။ အကယ်၍ ဘဝကို ဓမ္မဖြင့် တည်ဆောက်ထားခြင်း မရှိပါက လောကဓံတရားများကြောင့် အမှားများရောက်ကာ ဘဝဟာလည်း အစစအရာရာ အဆင်မပြေဘဲ ဖြစ်နေတတ်၏။ မည်သို့ပင်ဆိုစေ အကောင်းဆုံးကား ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ဆိုလိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဘဝအမျိုးမျိုးကို တည်ဆောက်ကြရာတွင် မှန်ကန်သည့် ဘဝ တည်ဆောက်မှု ဖြစ်စေရန် ဘဝတွင် ဓမ္မဖြင့် အလှဆင်ကာ ဓမ္မဖြင့်အားပြုပြီး ဓမ္မကို အခြေခံ ထားရ မှာ ဖြစ်ကြောင်း၊ ဓမ္မမပါသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကာ ဖရိုဖရဲနိုင်လှပြီး အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိသဖြင့် ထိုသို့သော ဘဝမျိုးမဖြစ်ရအောင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာ သုံးပါး အကျင့်တရားများ လက်ကိုင်ထားကာ လက်တွေ့ဘဝထဲမှာ ဓမ္မကိုတွဲ၍ တည်ဆောက်ကြ ရမှာ ဖြစ်ကြောင်း၊ ဘဝကို တည်ဆောက်ကြရာတွင် အကျင့်သီလပိုင်း၊ စိတ်တည်ကြည်မှုအပိုင်း၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန်နိုင်မှု အပိုင်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍများဖြစ်ပြီး ထိုကဏ္ဍများသည် ဓမ္မကတွဲပေးနိုင်သည့် အပိုင်းများဖြစ်သဖြင့် ဓမ္မကို အခြေခံကာ ဘဝကို တည်ဆောက်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သာယာသည့်ဘဝ၊ ငြိမ်းချမ်းသည့်ဘဝ၊ အပြစ်ကင်းသည့်ဘဝ စသည်ဖြင့် ဘဝ အမျိုးမျိုးကို နည်းအမျိုးမျိုးဖြင့် တည်ဆောက်ကြသူများသည် မိမိတို့၏ ဘဝတွင် အမှန်ပင် ငြိမ်းချမ်းသည့် ဘဝတစ်ခု၊ သာယာသည့် ဘဝတစ်ခု၊ အပြစ်ကင်းသည့် ဘဝတစ်ခုကို တည်ဆောက် နိုင်ရန် ကာယအား၊ ဓနအား၊ ဂုဏ်ပကာသန အားများထက် ဓမ္မအားကို အသုံးပြုကာ ဓမ္မအားဖြင့် အားပြုပြီး ဓမ္မကို အခြေခံသည့် ဘဝအဖြစ် တည်ဆောက်ကြရမည် ဖြစ်သဖြင့် ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်အောင်သာ ကြိုးစားသင့်ပါကြောင်း အသိပေး တိုက်တွန်းရင်း လက်တွေ့ဘဝကို ဓမ္မဖြင့်တွဲကာ ဖန်တီးတည်ဆောက်နိုင်ကြစေရန်လည်း ဆန္ဒပြုလိုက်ရပါသည်။

မေတ္တာဖြင့်...
 —

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) 

Wednesday, March 11, 2015

ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား


ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား

လူ့ဘဝရလာလို့ရှိရင် နံပါတ်(၁) အရေးအကြီးဆုံးလို့ ပြောရမယ့်အရာက ကုသိုလ်ရအောင် စိတ်ကို ပြုပြင်တတ်ဖို့ ။ စိတ်မထားတတ်လို့ရှိရင် ကုသိုလ်မဖြစ်ဘူး။ စိတ်ထားတတ်မှ ကုသိုလ် ဆိုတာ ဖြစ်တယ်။ အကုသိုလ်တွေ ဆိုတာကတော့ သံသရာက အကျင့်ပါနေတော့ လွယ်လွယ် လေးနဲ့ ဖြစ်တယ်။

လူတွေရဲ့စိတ်မှာ အကုသိုလ်ဖြစ်တဲ့ အကြိမ်တွေ လျှော့ချနိုင်ဖို့ ဖြစ်လာသမျှသော စိတ်တွေ အပေါ်မှာ ဘယ်စိတ်တွေဖြစ်သလည်းလို့ ဆင်ခြင်သုံးသပ်မှုက စကြရမှာပဲ။ အဲဒီလို ဆင်ခြင် သုံးသပ်နိုင်မှုကြောင့် သတိထားတတ်လာမယ်။ လောကလူတွေမှာ ဘယ်ကိစ္စပဲဖြစ်ဖြစ် သတိ မထားရင် မသိလိုက်ကြဘူးပေါ့။

တွေးတောမှု ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်စဉ်းစား ထိုက်တယ်။  လောဘနဲ့ တွေးတဲ့အတွေးလား ဒေါသနဲ့တွေးတဲ့အတွေးလား အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြား သိနိုင်စွမ်းမရှိတဲ့ မောဟနဲ့ တွေးတဲ့အတွေးလားဆိုတာ သတိမူဖို့အရေးကြီးတာပေါ့။ အဲဒီလို သတိမူတဲ့အလုပ်ကိုပဲ meditation လို့ခေါ်တာပါပဲ။

ကမ္မဋ္ဌာန်းအလုပ်ဆိုတာ မနောကံ ဘာဝနာဖြစ်လို့ စိတ်နဲ့မှတ်ဖို့လိုပါတယ်။ ကမ္မဋ္ဌာန်းဆိုသည်မှာ မနောကံအရာ စိတ်အလုပ်သာ ဖြစ်ပါတယ်။ physical posture ဘယ်လိုပဲနေနေ လူ့ ရဲ့ position ဘယ်လိုပဲထားထား

အရေးအကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာမှာ သတိတရားရှိဖို့ ဆင်ခြင်ဥာဏ်ဖြစ်ပေါ်ဖို့ အဓိက ထားရမယ်။  နေ့အချိန်မှာ လမ်းလျောက်ရင်း ထိုင်ရင်းနဲ့ ကုသိုလ်မဖြစ်အောင် ဆို့ပိတ်တတ်တဲ့ နီဝရဏတရားတွေကို သုတ်သင်ရမယ် ။ စင်ကြယ်စေရမယ်။ 

စိတ်ရဲ့ အညစ်အကြေးတွေကို မဖြစ်ပေါ်လာအောင် ကောင်းမြတ်တဲ့ အာရုံ တစ်ခုအပေါ်မှာ သတိနဲ့ ဆင်ခြင်တုံတရားနဲ့ နေသွားတာဟာ ကမ္မဋ္ဌာန်းအားထုတ်တယ်လို့ ခေါ်တာပါပဲ။  မိမိသန္တာန်မှာ ဖြစ်တဲ့ အာရုံတစ်ခုခုကို ဆင်ခြင်သုံးသပ်ပြီးတော့ စိတ်ထဲမှာ အကုသိုလ်မဖြစ်အောင် လုပ်ဆောင်ရမယ်။

လူ့ဘဝရနေတဲ့ အခိုက်မှာ အရေးအကြီးဆုံးက ကုသိုလ်ရဖို့ပဲ။ အာရုံတွေအပေါ်မှာ လောဘ မဖြစ်အောင် ဒေါသမဖြစ်အောင် မောဟမဖြစ်အောင် သတိဆောင်ပြီးတော့ သမ္ပဇညတရား ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး နေထိုင်ရတယ်။ ဒါကိုလည်း ကမ္မဋ္ဌာန်းတရား အားထုတ်တယ် လို့ ဆိုလို့ရတယ်ပေါ့။

မြန်မာစကားမှာ 'စိတ်ထားတတ်ရင် မြတ်တယ်' လို့ ပြောကြတယ်ပေါ့။ ဘယ်အရာရာပဲဖြစ်ဖြစ် စိတ်မထားတတ်ရင် (သို့မဟုတ်) ယောနိသော မနာသိကာရ မရှိဘူးဆိုရင် ကုသိုလ် မရနိုင်ဘူး။  ကုသိုလ်အားလုံးရဲ့ ဖြစ်ပေါ်လာရာ မုခ်ဦးလို့ ပြောရမှာက 'ယောနိသောမနသိကာရ' ပါပဲ။ ဆိုလိုတာက 'ဖြစ်ပေါ်လာတဲ့ ကုသိုလ်မှန်သမျှဟာ ယောနိသော မနသိကာရပေါ်မှာ အခြေခံတယ်လို့ ပြောတာ။ 

ယောနိသောမနသိကာရ ဆိုတာ ဘယ်လိုအာရုံပဲလာလာ wise attention ဆင်ခြင်ဥာဏ်နဲ့ နှလုံး သွင်းတတ်တာ။ ပိုပြီးနားလည်အောင်လို့ ပြောရရင် ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောနိုင်တယ်။ ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင်တုံတရားဟာ အင်မတန်ပဲ အရေးကြီးတယ်။ လောကမှာဆင်ခြင်မှု စွမ်းအားဖြင့် အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်တယ်။

တရားဆိုတာ လက်တွေ့ကျင့်သုံးရမှာ ကိစ္စကြုံတိုင်း ကြုံတိုင်း နှလုံးသွင်းတတ်ရမယ်။ များသောအားဖြင့် concentration လုပ်တာကိုပဲ ကမ္မဋ္ဌာန်းထိုင်တယ်လို့ အများကပြောကြတယ်။ concentraton မလုပ်ရဘူး မဟုတ်ဘူး လုပ်ရတယ်။ contemplation လုပ်ရင်း ပါလာတဲ့ concentration ဟာလည်း အင်မတန် တန်ဖိုးရှိပါတယ်။ 

contemplation ဆိုတာ အခုပြောတဲ့ ဆင်ခြင်မှု စွမ်းအားတွေပဲ။ မှန်မှန်ကန်ကန် ဆင်ခြင် တတ်ရမယ်။ မှန်မှန်ကန်ကန် တွေးတောတတ် ရမယ်။ မှန်မှန်ကန်ကန် ဆင်ခြင် တွေးတော တတ်ခြင်းဟာ တန်ဖိုးအလွန်ကြီးမားပါတယ်။ အဲဒါကိုပဲ ပညာလို့ခေါ်ပါတယ်။ အဲဒါကိုပဲ အနုပဿနာလို့ လည်းခေါ်တယ်ပေါ့။ 

ကိုယ့်ရဲ့ သဘာဝတွေကို ဆင်ခြင် စဉ်းစားတယ်ဆိုတာ အများအားဖြင့် ဓမ္မာနုပဿနာထဲမှာ အကျုံးဝင်ပါတယ်။ ဒါကြောင့် အဖန်ဖန် အထပ်ထပ် ဆင်ခြင်သုံးတတ်ခြင်းဆိုတဲ့ contemplation ဟာ ဘဝမှာ အင်မတန်မှ တန်ဖိုးရှိတယ်။


ဒါကြောင့်မို့ contemplation (နှလုံးသွင်းဆင်ခြင်မှု) ဟာ အသက်အရွယ်မရွေး ကျန်းမာသူပဲဖြစ်စေ မကျန်းမာသူပဲဖြစ်စေ စိတ်အလုပ်သက်သက်သာ ဖြစ်သောကြောင့် မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရအောင် အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်။

ဒါကိုပဲ တွေးတောဆင်ခြင်ခြင်း ဟာလည်းပဲ meditation လုပ်တာပဲလို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ။

မေတ္တာဖြင့်
Thein Naing Ohn
( မှတ်ချက်-ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသဒ၏ ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရားမှ ဆင်ခြင်တွေးတောခြင်းဖြင့် ဘာဝနာ ဖြစ်ပုံလေးကို 

Tuesday, March 10, 2015

ဆားငန်ရေကိုသောက်မိ၍ ဒုက္ခရောက်ကြသူများ


ဆားငန်ရေကိုသောက်မိ၍ ဒုက္ခရောက်ကြသူများ

ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးညာတိ ချစ်ရနှင့် ချစ်လက်စတီထွင်ကာ အတော်ကြာလျှင် ကစားဖော်ချင်းချစ်ရ ၊ မိတ်ဆျွေချင်း ချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကိုလမ်း ပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ် ၊ ငတ်သည့်အတွက် ထပ်၍သောက် ၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ်အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြ ရလေတော့သည်။

အချစ် အချစ် ၊ ချစ်တိုင်းချစ်၍ ၊ ချစ်လေချစ်လေ ၊ ချစ်မပြေတည်း၊ ဆားငန်ရေနောက် ၊ ငတ်တိုင်းသောက်က ၊ သောက်လေ သောက်လေ ၊ ငတ်မပြေသို့၊ ပေမအရာ ၊ တဏှာဖွဲ့ရစ် ၊ ထိုအချစ်လည်း ၊ အပြစ်မမြင် ၊ မဆင်ခြင်ဘဲ ၊ ချစ်လျှင်ပျော်နိုး ၊ ချစ်စပျိုးသည် ၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း၊(ရှေးပညာရှိပျို့)
ကျွန်တော်သတိထားမိသလောက်တော့ ချစ်သူစုံတွဲ တော်တော်များများ ရန်ဖြစ် လိုက် ပြန်ချစ်လိုက်ကြနဲ့ပဲ လုံးချာလည်လိုက်နေကြပါတယ်။

တကယ်ချစ်ကြပါသည် ဆိုသော အတွဲများပင် စိတ်ညစ်ရလောက်အောင် ပြဿနာတွေ ဖြစ်တတ်သေးသည်။ဒါကလည်း သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲဟု ဆိုရပေမည်။သို့သော်လည်း အတတ်နိုင်ဆုံး ပြဿနာ မဖြစ်ချင်သော စုံတွဲများအဖို့ အဆင်ပြေစေသော နည်းလမ်းများလည်း ရှိပါသည်။ နည်းလမ်းဆိုလို့ တခြားတော့မဟုတ်။

 ဓမ္မနဲ့ အညီနေထိုင်ခြင်းပင်။ နှစ်ယောက်စလုံး လိုက်နာမှသာ စိတ်တူကိုယ်တူမှုတွေ များလာပြီး တစ်ယောက်ကို တစ်ယောက် အကောင်းဆုံးနာလည်လာပါမည်။ တစ်ယောက်ယောက်က မလိုက်နာလျှင်တော့ အကျိုးထူးမည် မဟုတ်ပါ။ တရားသဘောလေးတွေ လေ့လာနေခြင်းဖြင့် ရရှိလာမဲ့ အကျိုးကတော့ တစ်ယောက်အပေါ် တစ်ယောက် သစ္စာဖောက်လို စိတ်မရှိတော့ခြင်း၊ သံသယစိတ်များ မရှိခြင်း၊ နားလည်မှု ပိုမိုရှိလာခြင်း စသဖြင့် အများကြီးပါပဲ။


အနာဂါမ်မဖြစ်သရွေ့ သံယောဇဉ် (ခ) အချစ်သည် ကင်းပြတ်နိုင်အုံးမည် မဟုတ်ပေ။အချစ်နဲ့မ ကင်းသေးသော ဓမ္မမိတ်ဆွေတို့ကို လက်ဆောင်လေးတစ်ခု ပေးချင်ပါတယ်။ ကိုယ်ချစ်ရသောနဲ့ ဘ၀တိုင်းတွေ့ဆုံချင်ပါသလား…တွေ့ဆုံချင်တယ်ဆိုရင်တော့ အောက်ပါလေးချက်နဲ့ ပြည့်စုံရပါမယ်
သဒ္ဓါ၊ သီလ ၊ စာဂ ၊ ပညာ လေးချက်နဲ့ ပြည့်စုံရပါမယ်။ တူညီသော ယုံကြည်မှုရှိခြင်း၊ တူညီသော
ကိုယ်ကျင့်တရား ရှိခြင်း၊ တူညီသောပေးကမ်းစွန့်ကြဲမှု ရှိခြင်း၊ တူညီသော ပညာတရားရှိခြင်း ဆိုတဲ့ အချက် လေးချက်နှင့် ပြည့်စုံရပါမည်။

သက်သေသာဓက အနေနဲ့ကတော့ ဘုရားရှင်နှင့် ယသော်ဓရာမိဖုရား၊ နကုလပိတာ နှင့် နကုလမာတာ ၊ မဟာကဿပကိုယ်တော်မြတ်ကြီးနှင့် မယ်ဘဒ္ဒါ ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာ စသဖြင့် အများကြီး ပဲ ရှိခဲ့ကြပါတယ်။အင်မတန်မှ အတုယူအားကျစရာပါ။

အဆင်မပြေဖြစ်နေသူများ၊အသဲကွဲသူများအတွက်လည်း လက်ဆောင်ပေးချင်ပါသေးတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက တရားထဲမှာ မှတ်သားဖူးပါတယ်။ အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါ။ စိတ်မညစ်ချင်ရင် ၊ သိပ်မချစ်ပါနဲ့ ၊ သိပ်ချစ်ရင် ၊စိတ်ညစ်ရပါမယ်။ အသည်း မကျွမ်းချင်ရင် ၊မစွဲလမ်းပါနဲ့ ၊ စွဲလမ်းရင် အသည်းကျွမ်းရမယ်၊ ချစ်စရာတစ်ခုရှိရင် ၊သောက တစ်ခုရှိမယ် ၊ချစ်စရာဆယ်ခုရှိရင်တော့ သောက ဆယ်ခုရှိမှာပါ။ သောကအားလုံးရဲ့ မြစ်ဖျားခံရာ ဟာ အချစ်မှတစ်ပါး အခြားမရှိပါ။ 

တကယ်တော့ သေချာတွေးကြည့်လေ မှန်လေဆိုတာ သိရမှာ ပါ။ ဘာပဲလိုချင် လိုချင် ဆင်းရဲရတာပါပဲ။ လိုချင်လျှင် ဆင်းရဲသည် ၊ မလိုချင်လျှင် ချမ်းသာသည်။ အလိုမြဲတော့ အမြဲလို ၊ အလိုမမြဲ(ကင်း)တော့ အမြဲပို နေတော့တာပါပဲ။ တကယ်တော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းက သူတစ်ပါးအပေါ် သွားမှီခိုနေလို့ အခုလို ဖြစ်ရတာပါ။ ပိုင်တယ်ထင်လို့ တောင့်တနေပါ၊ ဆိုင်တယ်ထင်လို့ ကြောင့်ကြနေတာပါ။ မပိုင်ဘူးထင်ရင် မတောင့်တပါဘူး၊ မဆိုင်ဘူးထင်ရင် မကြောင့်ကြပါဘူး။ 

ကိုယ့်ကိုယ်တောင်မှ မပိုင်တာ သူများကို သွားပိုင်ချင်ဖို့ ကြိုးစားနေတော့ စစ်မှန်သော ပိုင်ဆိုင်မှု့ မျိုး ရမှာမဟုတ်ပါဘူး။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ကြည်နူးသလောက် ကိုယ်ပြန်ခံစားရတာပါ။

အလိုတွေ ရှိနေသမျှ
အလိုက ပြည့်လိမ့်မည်မဟုတ်။
အလိုမရှိတော့မှသာ
အလိုက ပြည့်လိမ့်မည်။
အလိုတွေ ရှိနေသမျှ
အလိုက ကျလိမ့်မည်မဟုတ်။
အလိုမရှိတော့မှသာ
အလိုကကျလိမ့်မည်။
စိတ်ရှိနေသမျှ
စိတ်တိုင်းကျလိမ့်မည်မဟုတ်
စိတ်မရှိတော့မှသာ
စိတ်တိုင်းကျလိမ့်မည်

အနှစ်ပြန်ချုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ လူ့ဘ၀ကို အလည်လာတဲ့ ဧည့်သည် တွေပါပဲ။ လူ့ဘ၀ဆိုတာ ရေပွက်ပမာ ဘာမှမကြာပါဘူး။ အဲ့ဒီလို ခဏတာအချိန်လေးအတွင်းမှာ လူလာဖြစ်ရတဲ့အတွက် အကျိုးရှိအောင် အသုံးချစေချင်ပါတယ်။

ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။
(မနာပဒါယီ အရှင်ဝိစိတ္တ)

ဆားငန်ရေကိုသောက်မိ၍ ဒုက္ခရောက်ခြင်းဘေးမှ ကင်းဝေးကြပါစေ
မေတ္တာများစွာဖြင့်
သုံးဆယ်သား

Monday, March 9, 2015

မသိလို့သာ လုပ်မိပါသော်


မသိလို့သာ လုပ်မိပါသော်

“အရှင်ဘုရား သိလျက် မကောင်းမှုကို ပြုသူနှင့် မသိလို့ပြုသူ ဘယ်သူက အပြစ်ပိုကြီးပါ သလဲဘုရား”လို့ မိမိနှင့် ရင်းနီးတဲ့ ဒကာမကြီးကမေးလာပါတယ်။

“ ဒကာမကြီးက ဘာလို့မေးတာဘာလဲ”လို့ပြန်မေးတော့ တပည့်တော် ဆရာတော် ဦးပညာသီဟ(နယူးဂျာစီ)ရေးတဲ့ စာအုပ်ကို ဖတ်ရတယ်၊ အဲဒီထဲမှာ “ မသိလို့ မကောင်းမှု လုပ်သူရဲ့ အကုသိုလ်ကံက ပိုဆိုးတယ် ပိုကြီးတယ်လို့” ရေးထား ပါတယ်။ အဲဒါ ဖြစ်နိုင်ပါသလား ၊ လောကဥပဒေနဲ့ပြောရရင် “ အပြစ်ကို သိလျက် တမင် ပြုလုပ် သူကိုသာ အပြစ်ပိုကြီးတယ် ပိုပြိး အပြစ်ပေးသင့်တယ် မဟုတ်ပါလား၊ ဒီအဖြေဟာ တပည့်တော်စိတ်ထဲ မရှင်းလှပါ၊ ဒါကြောင့် ပိုပြီး ရှင်းအောင် ပြောပြပါ”လို့ ဒကာမကြီးက တောင်းဆိုလာ ပါတယ်။

ဒီမေးခွန်းနှင့် အဖြေဟာ ခုမှ ဖြစ်ပေါ်လာတဲ့ ပြဿနာမဟုတ်ပါ၊ သာသနာတော် နှစ် ၃၀၀ လောက်က မိလိန္ဒမင်းကြိးက အရှင်နာဂသေနကို မေးလို့ ဖြေဆိုထားတာ မိလိန္ဒပဥှာ( ဇာနန္တာ ဇာနန္တာနံ ပါပကရဏပဥှာ ပါဠိတော်မှာ ပါရှိပြိး ဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး မေးကြ ဖြေ ကြတာပါ။
ဘယ်လို မေးလို့ ဘယ်လို ဖြေဆိုထားကြတာလဲ ဘုရား တပည့်တော်မကို ပြောပြပါဦး။

မိလိန္ဒမင်းကြိးက “ အရှင်နာဂသေန အကြင်သူသည် သိလျက်နှင့် မကောင်းမှု ကိုပြု၏။ အကြင်သူသည် မသိမူ၍ မကောင်းမှုကိုပြု၏၊ အဘယ်သူ၏ မကောင်းမှု အကုသိုလ်ကံသည် ကြီးမားပါသနည်းဟု မေးလျောက်ထားပါတယ်။
ဒါဆို တပည့်တော်မ မေးတာနဲ့ အတူပဲပေါ့၊ ဘယ်လို ဖြေဆိုထား ပါသလဲဘုရား။

အရှင်နာဂသေနမထေရ်က “ မင်းမြတ် အကြင်သူသည် မသိမူ၍ မကောင်းမှု ကံ ကို ပြု၏ မကောင်းမှု အကုသိုလ်ကံသည် များပြားကြီးမား၏၊”လို့ မိန့်တော် မူပါတယ်။ ဒိတော့ မိလိန္ဒမင်းကြီး ထပ်ပြိး လျောက်ထားပါတယ်။ = “ အရှင်ဘုရား နာဂသေန သို့ဖြစ်လျှင် တပည့်တော်၏ အကြင်မင်းသားကသော်၎င်း အကြင်မင်းအမတ် က သော်၎င်း မသိမူ၍ မကောင်းမှုကံကို ပြုအံ့၊ ထိုသူအား တပည့်တော်တို့သည် နှစ်ဆ တက်သော အပြစ်ဒဏ်ကို ပေးရကုန်အံ့လော့” ဟု လျောက်ပါတယ်။

ဒီတော့ အရှင်နာဂသေနမထေရ်က ဥပမာနှင့် ပြန်ပြောပါတယ်။ မင်းမြတ် ထိုအ ရာ ကို အဘယ်သို့ မှတ်ထင်သနည်း “ ပူလောင်သော ၊ ရဲရဲတောက်သော ၊ အလျှံ ပြောင်ပြောင် တောက်လောင်သောမီးနှင့် တကွဖြစ်သော သံခဲတုံးကို တယောက်သော သူသည် သိလျက် ကိုင်ရာ၏။ တယောက်သောသူသည် မသိမူ၍ ကိုင်ရာ၏၊ အဘယ်သူ ကို ပြင်းထန်စွာ လောင်ရာသနည်း”ဟု မေးတော်မူပါတယ်။

အရှင်ဘုရား “ အကြင်သူသည်ကား မသိမူ၍ ကိုင်ရာ၏၊ ထိုသူအား ပြင်းထန်းစွာ လောင်ရာပါ၏”လို့ ပြန်လျှောက်တော့ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည် မသိမူ၍ အကုသိုလ်မကောင်းမှုကို ပြု၏၊ ထိုသူ့အားသာ မကောင်းမှုကံသည် များပြား ကြီး မား၏”ဟု မိန့်တော်မူပါတယ်။ ဒီတော့မှ မိလိန္ဒမင်းကြီးက အရှင်နာဂသေန- “သင့်လျော် လျောက်ပတ်ပါသေတယ်”လို့ လျှောက်ပါတယ်။ ဒါက မိလိန္ဒပဥှာ ပါဠိတော် မှာလာတဲ့အတိုင်း သိသာအောင် မြန်မာပြန် ပြောပြတာပါ။

ဟုတ်ပါတယ် ဒီးမေးခွန်းကို မကြာ ခဏ မေးတတ်ကြတယ်။ မေးတိုင်းလဲ ဒီလိုဖြေကြတယ်၊ မိလိန္ဒမင်းကြီးကတော့ သင့်လျော်လျောက်ပတ်ပါပေတယ် လို့ ကျေနပ်နှစ်သက်ပေမဲ့ မေးကြသူ အများစုရဲ့ စိတ်ထဲမှာတော့ မိလိန္ဒမင်းကြီးလို ကျေနပ် နှစ်သက်ကြပါရဲ့လား လို့ စဉ်းစားမိပါတယ်။ ဒါကြောင့် ထပ်ပြီး ပြောပြပါမယ်။

မှန်ပါတယ်။ သိပြီးပြုတာက မသိလို့ပြုတာထက် မလေးစားတဲ့ သဘော ရှိတာ ကြောင့် ပိုပြီး အပြစ်ကြိးတယ် လို့ ပြောတတ်ကြပါတယ်၊ ဒီလို မဟုတ်ပါ၊ အပြစ်၏ အကောင်း အဆိုး အကြောင်းအကျိုးများကို မသိတဲ့သူဟာ သူပြုလုပ်တဲ့ မကောင်းမှု အပေါ်မှာ စွဲမြဲထက်သန်စွာ ပြုလုပ်တတ်ပါတယ်၊ အပြစ်ရှိမှန်း သိတဲ့သူ ကတော့ ဒီအပြစ်ကို ပြုလုပ်ရပေမဲ့(အပြစ်ရှိတာ သိနေတော့) စွဲမြဲထက်သန်မှု နည်းတယ်၊ ဒါကြောင့် အပြစ်ရှိမှန်း သိပြီး ပြုလုပ်သူက မသိလို့ ပြုလုပ်သူလောက် အပြစ်မကြီးတာ ဖြစ်နိုင်ပါတယ်။

နောက်ပြီး အပြစ်ကိုသိတယ် မသိဘူး ဆိုရာမှာ ဉာဏ်ပညာနှင့် မဆိုင်ပါ ၊ ဉာဏ် ပညာ မဟုတ်ပါ၊ (အပြစ်ကို အပြစ်ဟု အမှန်မမြင်ဘဲ) လွဲမှားစွာမြင်တဲ့ မိစ္ဆာဒိဌိ သာ ဖြစ်ပါတယ်။ မသိလို့ ပြုလုပ်သူဟာ ဒိဋ္ဌိနဲ့ယှဉ်တဲ့ (ဒိဋ္ဌိပါဝင်တဲ့)စိတ်နဲ့ပြုတော့ ပိုပြီး အပြစ်ကြီးပါတယ်။ သိပြီး ပြုလုပ်သူကတော့ ဒိဋ္ဌိမပါဝင်သောကြောင့် မသိလို့လုပ်သူ လောက် အပြစ်မကြီးလှပါ။

ဒါနဲ့ပတ်သက်လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အယူ အဆကို သိမြင်နိုင်ရန် သင်္ဂြိုဟ်ဘာသာဋီကာ အဆိုကို မူရင်းအတိုင်း ဖေါ်ပြပါဦးမယ်။

သိ၍လွန်ကျူး မသိ၍ လွန်ကျူး

“ဒိဋ္ဌိ သမ္ပယုတ်စိတ်သည် ဒိဋ္ဌိဝိပ္ပယုတ်စိတ်ထက် သတ္တိထက်၏၊ မိစ္ဆာ အယူရှိသူ တို့သည် အပြစ်မရှိဟု အယူရှိသဖြင့် မကောင်းမှုကို ပြုကျင့်ကြကုန်၏၊ သမ္မာအယူရှိသူ တို့ကား အပြစ်ရှိမှန်းသိလျက်ပင် တမင်လါန်ကျူးကြကုန်၏၊ ထိုနှစ်မျိုးတွင် အပြစ်မမြင် ၍ ပြုမိသူမှာ မကောင်းမှုပြစ်သက်သာထိုက်သည် မဟုတ်ပါလော ဟု မေး။

အဖြေကား= ဤသို့ မမှတ်သင့်၊ ချဲ့ဦးအံ့= အပြစ်ရှိပါလျက် အပြစ်မရှိဟု ယူခြင်း သည် မိစ္ဆာအယူတည်း၊ ထိုမိစ္ဆာဒိဋ္ဌိ အရင်းခံ၍ မကောင်းမှုကို ပြုရာ၌ တွန့်ဆုတ်ခြင်းမရှိ ရဲရဲဝံ့ဝံ့ ပြုကျင့်၏၊ ထိုကြောင့် မကောင်းမှု အကုသိုလ်သည် ထိုမိစ္ဆာအယူရှိသူ၏ သန္တာန်၌ ကြီးလေး စွာ အဖတ်တင်ရစ်၏၊ ဥပမာ- ရဲရဲညိသော သံတွေခဲကို ရွှေတုံးထင်၍ ကိုင် သူ မှာ ပြင်းထန်စွာ အလောင်ခံရသကဲ့သို့တည်း။

အပြစ်ရှိမှန်းသိလျက် ကျူးလွန်သူကား ထိုအကုသိုလ်အပြစ်ကို ကြောက်ရွံတွန့် ဆုတ်လျက် မရှောင်ကြဉ်နိုင်၍ ပြုကျင့်မိ၏၊ ထို့ကြောင့် အကုသိုလ်အပြစ်လည်း ဒိဋ္ဌိနှင့် ယှဉ် သလောက် မကြီးမားချေ၊ ဥပမာ- ယခင် သံတွေခဲကို မလွဲသာ၍ ကိုင်ရသူ၌ အပူ သက်သာအောင် ကိုင်သကဲ့သို့တည်း။

ပညတ်တော်သိလျက် လွန်ကျူးပြစ်

သို့ဖြစ်လျင် “ ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်း ကောင်း သိလျက်လွန်ကျူးသူတို့မှာ လောက ဓမ္မ၀ယ် အဘယ်ကြောင့် ကြီးလေးသော အပြစ်ကို ရကြပါသနည်း” ဟု မေးဖွယ်ရှိပြန်၏။

အဖြေကား- သိလျက် ကျူးလွန်သူတို့၌ ရာဇသတ်ဥပဒေနှင့် ၀ိနည်းပညတ်ကို ကျူးလွန်ပြစ်သာမက ဥပဒေပညတ်တော်ကို မလေးစားမှု အဂါရ၀ဒေါသစိတ်များလည်း ခြံရံလျက်ပါရှိ၏၊ ထို့ကြောင့် လောကဓမ္မအလိုက် ကြီးလေးသောအပြစ် ထိုက်၏၊ ထိုပြင် ပညတ်တော် ဥပဒေများကို နားမလည်ခြင်းသည်လည်း ဒိဋ္ဌိမဟုတ် အချို့အရာ၌ မသိရုံ မျှသာ ဖြစ်၏။

ထို့ကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိသည်အတွက် ဥပဒေပညတ်တော်ကို ကျူးလွန်ရာ၌ ဥပဒေ ပြုလုပ်သူ အပေါ်၌ လည်းကောင်း၊ ဘုရားရှင့်အပေါ်၌လည်း ကောင်း မလေးစားသောစိတ် မပါရကား လောကအလိုက်လည်း ညှာညှာတာတာ အပြစ်ပေးရ၏၊ သံသရာဘေးမှာလည်း သိလျက် ကျူးလွန်သူလောက် မကြီးလေးတတ် ပေ”လို့ ရေးထားပါတယ်။

ဒါလောက်သိရရင် ဒကာမကြီးလဲ မိလိန္ဒမင်းကြီးလို “ သင့်တင့်လျောက်ပတ်ပါပေ တယ်”လို့ ကျေနပ်လိမ့်မယ်ထင်ပါတယ်။ မကောင်းမှုမှန်ရင် သိလို့ဘဲ ဖြစ်ဖြစ် မသိလို့ဘဲ ဖြစ်ဖြစ် မပြုလုပ်တာ အကောင်းဆုံးပါ။ ကျောက်ခဲဟာ ကြီးကြီး ငယ်ငယ် ရေမှာ မြုပ် တတ်သလို မကောင်းမှုများဟာလဲ ကြီးကြီး ငယ်ငယ် မကောင်းကျိုးကို ပေးတတ်ကြ ပါတယ်။


 ဒါကြောင့်-
“မကောင်းမှုတွေကိုဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ အထူးသဖြင့် စောင့်စည်းနေ” ဟူသော မင်္ဂလာတရား တော်အရ မကောင်းမှုများကို မပြုလုပ်စေရန်နှင့် ကုသိုလ်ကောင်းမှုများကို ပွားများ အားထုတ်ကြစေရန်နှင့် ကုသိုလ်ကောင်းမှုများကို ပွားများအားထုတ်ကြစေရန် တိုက် တွန်းလိုက်ပါတယ်။

ဓမ္မေဟောန္တု သဂါရ၀ါ
အရှင် ဣန္ဒာစာရ

Sunday, March 8, 2015

စိတ်ဓါတ်စင်ကြယ်မှ ဘ၀လှမည်


စိတ်ဓါတ်စင်ကြယ်မှ ဘ၀လှမည်

ကျွန်မတို့ လူကြီးကတော့လေ ရုပ်ကတော့ မင်းသားလေးကျနေတာပဲ နုချောလှလိုက်တာ။ ဒါပေမယ့် စိတ်ကခဏခဏဆိုးလွန်းလို့ ဒေါသ ထွက်လွန်းဖြစ်နေတော့ အလွန်ပဲ အကျည်းတန် လှတယ်။ ရုက်ကလှပေမယ့် စိတ်ကဒေါသလွန်ကဲနေတော့မလှတော့ဘူးနော်ဆရာ။

တစ်နေ့တွင် ၀န်ထမ်းအမျိုးသမီးတစ်ဦးကသူ၏ရုံးမှ အကြီးအကဲတစ်ဦး၏ ဒေါသကြီးပုံ စိတ်ဆိုး တတ်ပုံနှင့် ပတ်သတ်သောရုပ်သွင်အမူအရာနှင့် ဆက်စပ်ပြီး အထက်ပါအတိုင်းပြေပါသည်။

စာရေးသူက ထိုအမျိုးသမီးပြောပြသောစကားနှင့် ပတ်သတ်၍ သံယုတ္တအဋ္ဌကထာ၌ ဟောထား သော ရုပ်တရားသည် ညစ်နွမ်းသည်ရှိသော်သတ္တ၀ါတွေ မှန်သမျှတို့သည် ညစ်နွမ်းကြရကုန်၏။ ရုပ်တရားသည် စင်ကြယ်သည်ရှိသော် သတ္တ၀ါတွေစင်ကြယ်ကြရကုန်၏။ ဤသို့ရုပ်စင်ကြယ်လျှင် သတ္တ၀ါတွေ စိတ်စင်ကြယ်၏ဟူ၍ ငါဘုရားဟောတော်မမူ။

စိတ်တရားသည် ညစ်နွမ်းသည်ရှိသော် သူသူငါငါ သတ္တ၀ါမှန်သမျှတို့သည် ညစ်နွမ်းကြရလေသည်။ စိတ်သည် စင်ကြယ်သည်ရှိသော် သတ္တ၀ါတွေစင် ကြယ်ကြရလေကုန်၏။ ဤသို့စိတ်စင်ကြယ်လျှင်
သတ္တ၀ါတွေစင်ကြယ်သည်။ စိတ်ညစ်နွမ်းလျှင် သတ္တ၀ါတွေ ညစ်နွမ်းသည်ဟူ၍ ဘုရားရှင်သည် ကောင်းစွာဟောကြားအပ်ပေသည်ဟူသော ဘုရားရှင်၏ ဆုံးမစကားလေးကို သတိရလိုက် မိပါသည်။

ဤလောကတွင် ပုဂ္ဂိုလ်သတ္တ၀ါဟူသမျှတို့သည် မိမိတို့၏ခန္ဓာကိုယ်ကို ချေးညော်ကင်းစင်အောင် မည်မျှပင် ရေချိုးပေးပေး၊ မည်မျှပင်နံ့သာလိမ်းမိတ်ကပ်တွေခြယ်မှုန်းပေးပေး ခန္ဓာကိုယ်မည်မျှပင် စင်ကြယ်နေစင်ကြယ်နေ စိတ်ထားမကောင်းလျှင် စင်ကြယ်သောခန္ဓာကိုယ်ရှိသည်မမည်ပေ။

မည်မျှပင်ချောမောလှပနေသော မိန်းကလေး ယောက်ျားကလေးဖြစ်စေ အတွင်း၌မကောင်းသော စိတ်ယုတ်မာများ ဒေါသတရား အဘိဇ္ဈာ ဣဿာမစ္ဆရိယတရားများ မာန်မာနတရားများရှိနေလျှင်ထို မိန်းကလေး ယောက်ျားကလေး၏ အလှသည်မစင်ကြယ် မသန့်ရှင်းမမွန်မြတ်တော့ပေ။

အတွင်းစိတ်ဓါတ်ကောင်းမွန်စင်ကြယ်ပြီးဖြူစင်သော မေတ္တာတရားရှိနေလျှင် ထိုပုဂ္ဂိုလ်သည် ရုပ် ရူပါကာယ မလှပစေကာမူ ကြည့်ရှု၍ကောင်းခဲ့ပါသည်။ ရှုချင်ဖွယ်ရှိပါသည်။ စိတ် မစင်ကြယ် သူကိုမြင်ရသူအဖို့စိတ်နုလုံးမအေးချမ်းစေဘဲ အမြဲပူလောင် ကြောင့်ကျမှု၊ ကြောက်ရွံ့မှုကို ခံစားနေ ရစေသည်။ထို့ကြောင့် ထိုပုဂ္ဂိုလ်ဟူသမျှတို့သည် စိတ်စင်ကြယ်စေရန်အလွန်ပင်လိုအပ်လှပေသည်။

လောကတွင် လူတို့၏စိတ်ဓါတ်ကို ညစ်နွမ်းစေသော တရားများရှိကြပါသည်။ ထိုတရားများမှာ    ၁။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံခြောက်ပါးဖြစ်ပေါ်လာသမျှကို တပ်မက် စွဲလမ်းငမ်းငမ်းတက် တပ်မက်လိုချင်မှု၊ ဒယ်အိုးကင်းပူပူပေါ်၌ အမဲသားတစ်ကို ပြစ်ချ လိုက်ကာ တစ်ခါတည်း ကပ်ငြိသကဲ့သို့ ထင်လာမြင်လာသောအာရုံ၌ ကပ်ငြိ တွယ်တာမှု ဖြစ်သော စိတ်မျိုးဖြစ်သည်။ ထိုစိတ်မျိုး ဖြစ်နေသူသည် စိတ်မအေးချမ်း အမြဲညစ်နွမ်းနေရသည်။ ယင်းကို ပါဠိဘာသာအားဖြင့် လောဘဟုခေါ်သည်။

မြွေပွေးမြွေဟောက်ကို တုတ်ဖြင့် ပုတ်ခတ်သည့်အခါ ရှူးခနဲထလာသကဲ့သို့ မနှစ်သက်ဖွယ်သော အာရုံနှင့် တွေ့ကြုံလာရသည့်အခါ ရှုးရှုးရှဲရှဲဖြစ်၍ ကိုယ်ရော စိတ်ပါကြမ်းတမ်းလျက် အမျက်ထွက်သောစိတ်မျိုး ရှိသူမျိုးဖြစ်သည်။ ထိုသူသည် မိမိမှီရာကိုယ်စိတ် နှစ်ပါးကို ဖျက်စီးတတ်၏။ အမျက်ထွက်သောအခါ ယှဉ်ဖက်တရားတို့လည်း ပူပူလောင်လောင်ရှိသည်။

ထိုအမျက်ထွက်မှုဟူသောစိတ် စေတသိက်တို့ကြောင့်ဖြစ်သောစိတ္တဇရုပ်များသည်လည်း ဒေါသ အမျက် အရှိန်ကြောင့် ပူပူလောင်လောင်ရှိသည်။ ထိုစိတ္တဇရုပ်နှင့် ပူးကပ်လျက်ရှိသော ကမ္မဇရုပ် ဥတုရုပ် အာဟာရရုပ်များသည်လည်း အပူဓါတ် ကူးစက်၍ တစ်ကိုယ်လုံးလောင်ကျွမ်းခံရသည်။

ဒေါသအမျက်ထွက်သည့်အခါ အသားအရေနီမြန်းလျက် တစ်ကိုယ်လုံး ဆတ်ဆတ် တုန်နေ တတ်သည်။ ဤဒေါသအမျက်သည် ဒေါသထွက်နေသူ၏ စိတ် နှစ်ပါးအာရုံကို ညစ်နွမ်း ဖျက်စီး တတ်ပါသည်။ ယင်းကို ပါဠိဘာသာအားဖြင့် ဒေါသဟုခေါ်ကြပါသည်။

၃။ အာရုံ၏သဘောအမှန်ကို ဖုံးကွယ်တတ်မှုစိတ်မျိုး မောဟ ဖြစ်သည်။ အာရုံ၏ဟုတ်မှန်သော သဘော ဟူသည်မှာ ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးသောသဘော။ သုစရိုက်တရားတို့၏ ကောင်းသောသဘော။ အတိတ်ဘ၀ အနာဂါတ်ဘ၀ ရှိခြင်းသဘော။ ဒုက္ခသစ္စာစသည်တို့၏ သဘော။ ပဋိစ္စသမုပ္ပါဒ်စသည် လည်ပုံသဘော။ ဤသဘောတရားအနှစ်များကို မသိအောင်ဖုံးလွှမ်း ကာကွယ်ခြင်းမျိုးဖြစ်သည်။

ဒုစရိုက်သဘောကို သိပြီးသော ပညာရှိကြီးများပင် တွေဝေမှု (မောဟ) ၀င်လာသည့်အခါ ဒုစရိုက် အပြစ်ကိုမမြင်ဘဲ ပြုမှားမိကြလေသည်။ မောဟသည် ရှိပြီးသားပညာမျက်စိကိုပင် ကန်းအောင် ပြုတတ်သည်။

၎။ ရာထူး၊ ဂုဏ်သိမ်၊ ဥစ္စာ၊ ပညာ၊ အဆင့်၊ အမျိုးအနွယ်စသည်ဖြင့် တစ်ဖက်လူထက်မြတ်သည်ဟု မာန်တက်ခြင်း။ ထိုဂုဏ်သိမ်စသည်ဖြင့် သင်တို့နှင့်ငါ အတူတူပဲဟု မှတ်ထင်မာန်ထူခြင်း။ သူတို့အောက်ကျတော့လည်း ငါကဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှကိုယ်စားရတာဟု မာန်ထူခြင်း။ ဤသို့သောမာန်သုံးမျိုးဖြင့် ခပ်ထောင်ထောင်ခပ်ကြွ ကြွခပ်မာမာ တက်ကြွမောက်မာသော စိတ်ထားမျိုးရှိနေခြင်းဖြစ်သည်။ ယင်းကို ပါဠိဘာသာအားဖြင့်မာနဟု ခေါ်ကြပါသည်။

၅။ ရှေးရှေးဘ၀ ကုသိုလ်ကံကောင်းထောက်မ၍ ယုဘ၀ ဉာဏ်ဝီရိယတို့ အတွက်ကြောင့် ဥစ္စာစည်းစိမ် ဂုဏ်သိမ် ထွက်နေသူကို မြင်ရကြားရသည်ရှိသော် ၀မ်းမမြောက်နိုင်ဘဲ မျက်နှာမဲ့ကာ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူကာ စောင်းကာ မြောင်းကာ ရှိပ်ကာ ရိပ်ကာ ကြည့်ရှုပြောဆိုမှု ကိုယ့်ထက်သာ မနာလိုဆိုသည့်အတိုင်း ထိုသူ၏ဂုဏ်သတင်းကို မကြားလို နားမထောင်လိုမှု၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့ဟု ကဲ့ရဲ့မှုစိတ်ထားမျိုး ပေါ်လာခြင်းဖြစ်သည်။ ယင်းကို ပါဠိလိုဣဿာ ဟုခေါ်ကြပါသည်။

၆။ ရလတ္တံ့သောငါ့ပစ္စည်း၊ ရပြီးသောငါ့ပစ္စည်း ငါ့ပစ္စည်းနှင့်အလားတူ ပစ္စည်းမျိုးများကို သူတစ်ပါးအား မဖြစ်ပါစေသားဟု ဖြစ်သောစိတ်ထားမျိုးဖြစ်သည်။ မိမိပစ္စည်းကို မဖုံးလွှမ်း မကွယ်ဝှက်၍သာ သူတကာ နှင့်ဆက်ဆံရပြန်လည်း သည်းမခံနိုင်ခြင်း စိတ်ထားမျိုးဖြစ်သည်။ ယင်းကို ၀န်တိုခြင်းဟူ၍လည်းခေါ်သည်။


ယင်းဝန်တိုမှု (၅)မျိုးရှိသည်။
၁။ နေရာ၌ ၀န်တိုမှု။
၂။ ဆွေမျိုးတို့၌ ၀န်တိုမှု။
၃။ ဥစ္စာပစ္စည်း၌ ၀န်တိုခြင်း။
၎။ အဆင်းဂုဏ်သတင်း၌ ၀န်တိုခြင်း။
၅။ အတတ်ပညာ၌ ၀န်တိုခြင်း။
ဤသို့သော ၀န်တိုစိတ်ဓါတ်များဖြစ်ပေါ်လာပါက စိတ်ညစ်နွမ်းစေပါသည်။ စိတ်ညစ်နွမ်းလျှင် ခန္ဓာကိုယ် ညစ်နွမ်းပါတော့သည်။

ထိုစိတ်ဓါတ်များဖယ်ရှားပြီး မိမိ၏စိတ်ထဲမှာ သူတစ်ပါးအပေါ် ကောင်းကျိုးလိုလားသောစိတ်များ ရှိနေရပါမည်။ ဒုက္ခိတ သတ္တ၀ါအပေါ်သနားသောကရုဏာစိတ် ဖြစ်နေရပါသည်။ သူများ ချမ်းသာတာ ကောင်းစားတာကို ၀မ်းသာသော မုဒိတာစိတ်ထား ဖြစ်နေရပါသည်။ ဤစိတ်ဓါတ်များ ဖြစ်ပွားနေလျှင် စိတ်ဟာစင်ကြယ်နေပြီး စိတ်နှလုံးလည်းအေးချမ်းနေပါမည်။ လှပါနေပါမည်။

မိမိ၏စိတ်သည် သဒ္ဓါဆိုသော ကုသိုလ်ကောင်းမှု စိတ်တွေဖြစ်ပေါ်လာလျှင် ကြည်လင်စေပါသည်။ စိတ်အညစ်အကြေးများကင်းပြီး စင်ကြယ်သော စိတ်ဖြစ်လာစေရန် မည်သို့လုပ်ရမည်နည်းဆိုက ရေကြောင့်ဖြစ်လာ ရွံ့ညွံမှာ ရေသာစင်အောင်ပြု။ စိတ်ကြောင့်ဖြစ်လာ မကောင်းမှုမှာ စိတ်သာစင် အောင်ပြုဟု ဘုရားရှင်ဟောကြားထားသည့်အတိုင်း လောကမှာရွံညွှန်ဆိုတာ ရေကြောင့်ဖြစ် ပေါ်လာရပါသည်။ ရေကြောင့်ဖြစ်ပေါ်လာရသော ရွံ့ညွှန်သည် ပေကျံလာပြီဆိုလျှင် ရေနှင့်ပင်စင် ကြယ်အောင်ပြုလုပ်ရသကဲ့သို့ မိမိ၏စိတ်သန္တာန်မှာ မကောင်းသောစိတ်စေတနာဖြစ်ပေါ်လာလျှင်
မိမိ၏စိတ်ကို သီလဖြင့်ဆေးကြောပြီး စင်ကြယ်အောင်ပြုလုပ်ကြရပါမည်။

မိမိ၏စိတ်ကို အဓိကတည်ဆောက်ရမည်မှာသီလပင်ဖြစ်ပါသည်။ ထိုသီလရှိက မိမိတို့သည်အရှက်
တရား အကြောက်တရား ရှိလာပြီး မိမိစိတ်ကို စင်ကြယ်အောင်ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပါသည်။ ထို့ကြောင့် ဘ၀သံသရာအဆက်ဆက်နှင့်နိဗ္ဗာန် ရောက်သည်အထိ မိမိဘ၀ကို စင်ကြယ်မွန်မြတ် စေလိုလျှင် စိတ်စင်ကြယ်မှုကို အထူးတလည် တည်ဆောက်ကြဖို့ လိုအပ်ပါသည်။

စိတ်စင်ကြယ်နေသောသူသည် ဤဘ၀မှာပင် မျက်နှာလည်းအမြဲကြည်လင်၍ မြင်ရသူများအဖို့ စိတ်နှလုံးချမ်းမြေ့စေပါသည်။ ထို့ကြောင့်ဘ၀ကို လှပစေလိုသူတို့သည် စိတ်နှလုံးကို အထူး စင်ကြယ်စေရန် မိမိကိုယ်ကို သီလ တရား ဘာဝနာတရားတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံး နေထိုင်ရမည်ဖြစ်ပါကြောင်း ရေးသားနှိုးဆော်ရပေသည်။

တက္ကသိုလ်သျှင်သီရိ