Wednesday, December 24, 2014

တရားထိုင်ခြင်း


တရားထိုင်ခြင်း

တရားဘာဝနာအလုပ်အားထုတ်တယ်ဆိုတာ စိတ်အလုပ်ပါ။ ဘာဝနာက နှစ်မျိုးရှိပါတယ်။ စိတ်ကိုထိန်းရတဲ့ ဘာဝနာနဲ့ စိတ်ကို စောင့်ရှောက်ရတဲ့ ဘာဝနာ လို့ ခေါ်ပါတယ်။

စိတ်ကို ထိန်းတဲ့နည်းနဲ့ ဘာဝနာကို အားထုတ်ဖို့ ဆိုရင် လောက ဥပမာအရ ….
ကဆုန်ပေါက် ပြေးလွှားဆော့ကစားနေတဲ့ အရွယ် နွားငယ်တစ်ကောင်ရှိတယ် ဆိုပါစို့။ ဒီနွားကို ငြိမ်သွားစေချင်တဲ့ သူဟာ နွားဖားကြိုး ထိုး၊ ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်း လည်ပတ်ချည်၊ နောက်ပြီး တိုင်ငုပ်တစ်ခု ခိုင်ခိုင်စိုက်၊ အဲဒီနွားငယ်နဲ့ တိုင်ငယ်ကို ကြိးခိုင် ခိုင်နဲ့ ချည်ထားလိုက်ပါ။ ကြိုးကလည်းခိုင်၊ တိုင်ကလည်းမြဲ ဆိုတော့ ဒီနွားငယ်ဟာ အတင်းရုန်းပြေးနေပေမယ့် တဖြည်းဖြည်း မောလာပြီး ဒီတိုင်ခြေမှာပဲ ငြိမ်ဝပ်သွားပါတယ်။

အဲဒီလိုပဲ စိတ်က နွား၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုက တိုင်ငုတ်၊ သတိက ကြိုးပေါ့။ စိတ်က အလွန်ပြေးတယ်။ ဘယ်အာရုံမဆို လှစ်ခနဲလှစ်ခနဲ ရောက်သွားတတ်တယ်။ သတိ ကောင်းကောင်းနဲ့ ထင်ရှားတဲ့ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံပြု သတိထားနိုင်ရင် ဒီစိတ်ဟာ မပြေးတော့ပါဘူး။ ငြိမ်သွားတယ်လို့ ခေါ်ပါတယ်။

ဒီစိတ်ကို ထိန်းတဲ့နည်းနဲ့ အားထုတ်တဲ့အခါ သာမန်မျက်စိနဲ့ မတွေ့မြင်နိုင်တဲ့ စိတ်ကို ထိန်းဖို့ ဆိုတာတော့ သတိအားလည်း မကောင်းသေးတဲ့ သူတွေဟာ သတိအား ကောင်းအောင် မကြိုးစားဘဲ ကမ္မဋ္ဌာန်းအာရုံကို မထင်ရှား၊ ထင်ရှားအောင် လုပ်ယူတတ်ကြပါတယ်။ အတင်း စိတ်ရော ကိုယ်ပါ တင်းကြပ်အောင် ချုပ်ထားနေကြပါတယ်။

အမှန်က မိမိစိတ်မှာ သတိအားကောင်းအောင် ကြိုးစားရမှာပါ။ သတိအားကောင်းရင် သမာဓိ အားကောင်းလာပြီး စိတ်ကို ထိန်းနိုင်လာပါတယ်။ သတိနည်းရင်၊ သတိလွတ်ရင် တော့ စိတ်လည်း လွတ်ထွက်သွားပါပြီ။ ဒါက စိတ်ကို ထိန်းတဲ့နည်းပါ။

စိတ်ကို စောင့်ရှောက်တယ်ဆိုတာက စိတ်ရဲ့သဘောကို သိအောင် စောင့်ကြည့်ရပါတယ်။ စိတ်မှာ အန္တရာယ်ကင်းအောင် ကာကွယ်ပေးရပါတယ်။ စိတ်ကိုစောင့်ရှောက်တဲ့နည်း ပေါ်လွင်အောင် ထိန်းတဲ့နည်းနဲ့ ဥပမာတွဲပြီး ပြောပြပါမယ်။

ကလေးထိန်းတာနဲ့ ကလေးစောင့်ရှောက်တာပေါ့။ အိမ်မှာ ခိုင်းနေတဲ့ သူကို ဈေးဝယ် သွားစရာရှိလို့ ကလေးထိန်းထားပေးပါလို့ မှာခဲ့ရင် သူကလည်း ထိန်းဆိုတဲ့အတိုင်း ကလေးက ဟိုဟာ လိုချင် လည်းမယူနဲ့၊ ဒီဟာ စားချင်လည်း မစားနဲ့၊ ဟိုဟာ လုပ်ချင်လည်း မလုပ်နဲ့လို့တားမြစ် တာမျိုးလည်း ရှိပါတယ်။ ကလေးကို နိုင်တဲ့လူ၊ ကလေးက ကြောက်ရတဲ့သူဆိုတော့ ကြောက်ပြီး ငြိမ်ကုပ်နေပါတယ်။ ဒါက ထိန်းတာပါ။

တစ်ခါတလေ သားသမီးငယ် တွေ နေမကောင်းတဲ့ အခါ မိဘတွေက ပြုစုကြပါတယ်။ အဖျား ရှိန်ရှိနေလို့ အိပ်ရာကုတင်ပေါ်မှာ လူးလွန့်ရင်း ယောင်ရမ်းပြီးအော် တတ်ပါတယ်။ နိုးသွားတာလည်း မဖြစ်အောင်၊ လိမ့်ကျမှာလည်း မဖြစ်အောင် ကုတင်ဘေး အသာပြေးရပ်ပြီးကာကြပါတယ်။ အန္တရာယ် မကျအောင် စောင့်ရှောက်ကြပါတယ်။ ယောင်ရမ်းပြီး ပြောချင်ရာပြော၊ အော်ချင်ရာတွေ အော်နေရင်လည်း ရင်ဘတ်ပေါ် အ၀တ်ထူလေးတင်လို့၊ နဖူးပေါ် လက်ကလေးဖိလို့ လုပ်ပေးကြပါတယ်။ အဖျားရှိနေရင်လည်း ထိုက်သင့်တဲ့ ဆေးတိုက်လို့၊ ရေခဲပတ်တိုက်ပေးလို့၊ ကျွေးသင့်တဲ့ အစာကျွေးလို့ စောင့်ရှောက်ကြပါတယ်။ ကလေးရဲ့ အခြေအနေမှန်ကို သိအောင်လို့ပါ။ အန္တရာယ် မဖြစ်အောင်ပေါ့။

ဒီလိုပဲ။ စိတ်ရဲ့သဘောလက္ခဏာတွေကို အမှန်အတိုင်း သိအောင် စောင့်ရှောက်တဲ့နည်း စောင့် ကြည့်ရတဲ့နည်းလည်း ရှိပါတယ်။ စိတ်ကို ထိန်းတာက သမထ၊ စိတ်ကို သိအောင် ကြည့်တာက ၀ိပဿနာပါ။ စိတ်ကို ထိန်းတဲ့ နည်းနဲ့ အားထုတ်ရင် စိတ်ကို ထိုက်သင့်သလောက် ထိန်းနိုင်ပါတယ်။ အမြဲတော့ မရနိုင်ပါဘူး။ အတိုင်းအတာတစ်ခုထိပဲ ရနိုင်ပါတယ်။

စိတ်ကို စောင့်ရှောက်တဲ့နည်းနဲ့ အားထုတ်ရင် စိတ်လည်း မပင်ပန်း၊ လူလည်း မပင်ပန်းဘဲ စိတ်ရဲ့ သဘောတွေကို အသေအချာ နားလည်သဘောပေါက်လာပါတယ်။ ကိုယ့်စိတ်ရဲ့သဘောကို ကိုယ်အသိဆုံးဆိုတာ အားကောင်း သူတွေကသာ သိနိုင်တာပါ။

 စိတ်ဆိုတာ ထိန်းရာကနေ လွတ်သွားတတ်တယ်ဆိုတဲ့ သဘောမျိုးတွေလည်း အသိ တိုးလာ နိုင်ပါတယ်။ စိတ်လွင့်ရင်၊ လွင့်မှန်းမသိ၊ လွတ်ရင်လည်း လွတ်မှန်း သိပါ။ စိတ်မလွင့်ရင်၊ မလွတ်ရင်လည်း မလွင့်မှန်း၊ မလွတ်မှန်းသိပါ။ အဲဒီလို သတိ ထားရာကနေ စိတ်ရဲ့ သဘောတွေကို တစ်ဆင့်ပြီး တစ်ဆင့် သိလာပါလိမ့်မယ်။

ဒါကြောင့် စိတ်ထိန်းရာကနေ လွတ်သွားရင် စိတ်ထိန်းတဲ့ ဘာဝနာနည်းပျက်ပေမယ့် စိတ်ကို စောင့်ရှောက်တဲ့နည်း မပျက်နိုင်ပါဘူး။ စိတ်အကြောင်းကို သိအောင်ကြည့်နေရင် စိတ်ရဲ့ လွင့်တတ်မှု သဘောတွေကို ပိုပြီး သိသာလာနိုင်ပါတယ်။ အသိတွေလည်း တိုးလာနိုင်ပါတယ်။

အသိတိုးလာရင် ၀ိပဿ နာတရားလည်း တိုးလာပါပြီ။ တရားမပျက်တော့ပါဘူး၊ စိတ်ကိုထိန်းတဲ့ နည်းထက် စိတ်ကိုစောင့် ရှောက်တဲ့ ၀ိပဿနာ နည်းကိုလည်း အားထုတ်တတ်ပါစေ၊


Tuesday, December 23, 2014

သာသနာ့ အန္တရာယ်


သာသနာ့ အန္တရာယ်

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင် ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ရ “အရှင်မဟာကဿပ မထေရ်မြတ်” သည်နောက်ပါရဟန်း (၅၀၀)ဖြင့် “ပါဝါပြည်” မှ “ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာအားဖူးမြော် ရန်ကြွတော်မူလာစဉ် လမ်းခရီးအလယ်၌ တက္ကတွန်းတစ်ဦးထံ မှ...

 “ကုသိနာရုံ၊မလ္လာမင်း အင်ကြင်း ဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာ (၇)ရက်ကြာပြီဖြစ်ကြောင်း”သတင်း စကားကြား သိရ၍ ရဟန်းတစ်ချို့ယူကြုံးမရ ငိုကြွေးကြရာ၊ တောထွက်ရဟန်းကြီး

“သုဘဒ်”မှ- “ ငါ့ရှင်တို့ ငိုယိုပူဆွေးခြင်း မဖြစ်ကုန်နှင့်၊ ယခု ငါတို့ လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်၍ခွင့် ရကြပြီ။ ရဟန်းကြီးဂေါတမရှိစဉ် အခါတုန်းက အမျိုးမျိုး ချုပ်ချယ်ခဲ့ကြရာ ယခုအခါ ဤပညတ်ချက် ချုပ်ချယ်မှုတို့ မရှိပြီ ”ဟု ဆိုခဲ့၏။

ထိုသို့ပြောဆိုခဲ့သောတောထွက် ရဟန်းကြီးသုဘဒ်၏ စကားသည် “အရှင်မဟာကဿပ မထေရ်မြတ်ကြီး” ၏ ဦးထိပ်ပေါ်သို့ မိုးကြိုးစက်ကျသကဲ့သို့ ခံစားခဲ့ရပြီးနောက် “သာသနာ့ အန္တာရာယ်အစ”ဟု အရှင်မဟာကဿပမထေရ် သိခဲ့ရသည်။

ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၁) မသူတော်တရားမပြန့်ပွားမီ။
(၂) သူတော်ကောင်းတရားမပျောက်ပျက်မီ။
(၃) အလ္လဇ္ဇီ အ၀ိနယ မထွန်းကားမီ။
(၄) လဇ္ဇီ ၀ိနည်းတရားမပျက်ပြားမီ။
(၅) အဓမ္မ၀ါဒီတို့ အင်အားမကောင်းမီ
(၆) ဓမ္မ၀ါဒီတို့အားမနည်းမီ။ “သင်္ဂါယနာ”တင်မှဖြစ်မည်ဟု စိတ်အကြံဖြစ်လျက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်။

မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ၏ အခြေအနေကို အကဲခတ် ကြည့်လျှင် -ထေရ၀ါဒကိုလုံးဝ ယုံကြည်လက်ခံသော ဗုဒ္ဓဘာသာဝင်များက အနည်းစု၊ နတ် ၊ဗြဟ္မာဏ အယူအဆ နှင့်ထေရ၀ါဒ ကို ရောထွေးလျှက် လက်ခံယုံကြည်နေသူက အများစု ဖြစ်ကြောင်းတွေ့မြင်နိုင် သည်။

အိမ်တိုင်းလိုလို နတ်စင်ရှိကြသည်။ ကျန်းမာရေးမကောင်းလျှင် ဆေးဆရာနှင့် ကုသသလို နတ်နှင့်လည်း ကုသည်။ စီးပွားပျက်လျှင်နတ်မေးသည်။ ဗေဒင်မေးသည်။ စီးပွားတက်လျှင် နတ်မသည်။ ဘိုးတော်မသည်။ ယတြာကောင်း သည် ဟုဆိုကြ၏။

နှစ်စဉ် တခြိမ့်ခြိမ့် စည်စည်ကားကား သိုက်မြိုက်စွာကျင်းပနေသည့် “တောင်ပြုန်းပွဲ” သည်လည်းကောင်း၊“ရွှေမျက်မှန် တ၀င်းဝင်းနှင့်အိုက်တင်ပေးနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” သည်လည်းကောင်း၊ “လည်ဂုတ်တို၊ကြာရွက်မှောက်၊ သံမှိုချက်ဖောက်ရာ ဗလပွနှင့် တည်ရှိနေသော မြန်မာပြည်အနှံ့ရှိ "ဒဏ္ခိဏသာခါရုပ်ပွားများ”သည်လည်းကောင်း၊ “တိရိစ္ဆာန်ရုပ်” ကိုယ်စားပြုသည့် “ဂြိုလ်နက္ခတ်တိုင်များ” သည်လည်းကောင်း၊ အိမ်ခေါင်းရင်းတိုင်းတွင် “အုန်းသီး”
မလွတ်ကင်းခြင်း သည်လည်းကောင်း၊ စသည် စသည်တို့သည် နတ်၊ ဘိုးတော် ၊ဗေဒင်၊ ဗြဟ္မဏ၀ါဒများ တို့နှင့် ရောထွေးယှက်တင်ဖြစ်နေခြင်း၏ပြယုဂ်များပင်ဖြစ်၏။

(က)ပုဂ္ဂိုလ်အမှား သာသနာ့ အန္တရာယ်များ။ ။

ယခင် သာသနာတော် သမိုင်းတစ်လျှောက် သံင်္ဂါယနာ အကြိမ်ကြိမ်တင် ရလောက်အောင် ဖောက်ပြန် ယိုယွင်းခဲ့သောအဓမ္မ၀ါဒ နှင့် အဓမ္မ၀ါဒီများ သည် ယနေ့ အချိန် အခါ တွင် ပုဂ္ဂိုလ်အရသော်လည်းကောင်း ၊၀ိနည်း အရသော်လည်းကောင်း၊ အကျင့်အရသော် လည်းကောင်း၊ ပိဋကတ်တော်များအပေါ် ဆန့်ကျင်မှု အရသော်လည်းကောင်း၊ ထင်ထင်ရှားရှားကျူးလွန်မှုများ ပြုလာကြသည်ကို တွေ့နေရသည်။

ပထမအကြိမ် သံင်္ဂါယနာမတင်မီက တောထွက်“သုဘဒ်”ရဟန်းကြီး၏“ဘုရားရှင် ပရိနိဗ္ဗာန်စံမှ ငါတို့ အချုပ်အနှောင်ကင်းပြီး နေချင်သလိုနေလို့ရမည်” ဟူသောအတွေးအခေါ်မျိုးဖြင့် နေထိုင် ချင်သူများပြား လာသည်။ ဒုတိယ သံင်္ဂါယနာတင်ရခြင်း အကြောင်းရင်းဖြစ်သည့် “အဓမ္မ၀တ္ထု (၁၀)မျိုး”မှ“ရွှေ၊ငွေ ကိုင်တွယ်သုံးစွဲခြင်း” သာမက စီးပွားရေးလုပ်ငန်းများ၊ လောင်းကစားချဲဒိုင် လုပ်ငန်းများကို ပါဆောင် ရွက်နေကြသောပုဂ္ဂိုလ်များရှိလာသည်။

“၀ဇ္ဇီတိုင်းသားရဟန်း” တို့က “မွန်းလွဲနေ လက်တစ်သစ်” ကျော်ပြီးချိန်ထိ အစာစားနိုင်ရန် တင်ပြသည်။ ယခုမူညနေစာကိုပါ ပြောင်ပြောင်တင်းတင်း လူရှေ့၊သူရှေ့ စားသောက်ဆိုင်ထဲ ၀င်စားရဲလာကြ သည်။အာပတ် အရအားဖြင့်....“ပါရာဇိကနှင့် သံဃဒိသိက်အောက် အားလုံး ကိစ္စမရှိ”ဟုထင်နေကြသည်။ ဆင်ခြေပေးကြသည်။ တစ်ကြိမ်လွန်ကျူးဖူးလျှင် နောက်ထပ် အကြိမ်များစွာ ထပ်မံ ကျူးလွန်ရန် မကြောက်တော့ပေ။

လုပ်ရိုးလုပ်စဉ်ဖြစ်လာသည်။ အပြစ် အာပတ် ကို အမှုမထား၊ မကြောက်တော့ ။ထိုဒုဿီလစရိုက် များကို အတုလိုက်၍သံဃာငယ်များပါ ပျက်စီးလာသည်။ “၀ဇ္ဇီတိုင်းသားရဟန်းများ” က “သေနု” သာသောက်ခွင့်တောင်းလာသည်။ ယခုအခါတွင်မူကား အရက်ပြင်း ကို ပုလင်းခါးထိုး၍ လက်ဖက်သုတ်ဆိုင်တွင် ထိုင်ရင်း ရေနွေးကြမ်း ပန်းကန် နှင့် ဘုရားပွဲ လူအုပ် အလည်မှာ ခပ်တည်တည်သုံးဆောင်ဝံ့သောပုဂ္ဂိုလ်များကိုလည်း တွေ့လာရသည်။

ထိုဖြစ်ရပ်များက “သာသနာ့ဝန်ထမ်း သံဃာတော်အစစ်အမှန်များ”ကိုပါ အထင်အမြင်လွဲစေပြီး “ဒီပုတ် ထဲ က ဒီပဲတွေပါပဲ” ဟူသောအမြင်မျိုးဝင်လာသောအခါကုသိုလ်တရားတိုးပွား ခွင့်များ ပိတ်ဆို့ပြီး အကုသိုလ် တရားပွားများကာ သာသနာတော်ဆုတ်ယုတ်မှု အခြေအနေများ ၀မ်းနည်းဖွယ် ဖြစ်လာသည်။

တတိယသံင်္ဂါယနာသည် ရဟန်းတုများကို စစ်ဆေးဖော်ထုတ်ခဲ့ရသကဲ့သို့ ယခုခေတ်တွင်လည်း နံနက် မိုးလင်းသည်နှင့် ၀ိနည်းတော်နှင့်လားလားမျှ မအပ်စပ်သော ငွေကြေးအလှူခံမှုများကို နေရာအနှံ့ တွေ့ရှိနေရသည်။ တစ်ဦးချင်း၊ နှစ်ဦးချင်းရပ်ကွက်၊ေ ကျးရွာများထဲသို့ တစ်အိမ်တက် တစ်အိမ်ဆင်း အကြောင်းအမျိုးမျိုးပြ ကာငွေကြေးလိုက်လံတောင်းခံနေသော သံဃာတုများလည်း ပေါလာသည်။

လမ်းလယ်ခေါင်အတင်းပိတ်ဆို့ကာ “စာအုပ်ဝယ်ဖို့၊ဖိနပ်ပြတ်လို့၊ ထီးဝယန်းဝယ်ဖို့၊ လမ်းစရိတ် မရှိလို့”ဟု အကြောင်းပြကာ ငွေကြေးများ တောင်းခံနေသော သာသနာ့အဖျက်သမား အရေခြုံ သင်္ကန်းဝတ်အတု များသည်လည်း နှိမ်နင်းမည့်သူမရှိတိုင်း ထ ကြွသောင်းကျန်းကာ သာသနာ့ ဂုဏ်သရေကို မွဲပြာကျအောင် ယုတ်မာစွာ လုပ်ဆောင်နေကြပေသည်။

ဤနေရာတွင် သတိပေးလိုသော အကြောင်းအရာတစ်ရပ်မှာ ထိုသို့ ၀ိနည်း စည်းကမ်းနှင့် မညီညွှတ်မှု မရှိပဲ သာသနာတ်ာတွင် သိက္ခာကျဆင်းစေမည့် လုပ်ရပ်များကို “လက်ခံ အားပေးမည့် သူများ မရှိလျှင်” ထို အချောင်သမားရဟန်းတုများသည်လည်း အလိုအလျှောက် ပျောက်ကွယ် သွားပေလိမ့်ကမည်။

(ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘာသာရေးဗဟုသုတ အားနည်းပြီး “ကိုယ်လှူ ရင် ကိုယ်ကုသိုလ် ရတာပဲ”ဟု သာသနာ တော်ရှေ့ရေး မတွေးတောပဲ အဆိပ်ပင်ရေလောင်းသကဲ့သို့ အလှူခံမစိစစ်ပဲ ဆောင်ရွက်နေသမျှကာလပတ်လုံး သာသနာဖျက်လုပ်ရပ်များကို အားပေးရာရောက်နေပြီး သာသနာ့ အန္တရာယ် ကျရောက်မှုများကိုလည်း ဆက်လက် ကြုံတွေ့ ရ ဦးမည်သာ။)

တစ်ချို့ ပုဂ္ဂိုလ်များက ဗုဒ္ဓမြတ်စွာဘုရားရှင် တားမြစ်တော်မူခဲ့သည့် မိစ္ဆာဇီဝအကုသိုလ် အမှု ဖြစ်သော “ဗေဒင်လက္ခဏာဟောပြောခြင်း၊ယတြာပြုလုပ်ပေးခြင်း” တို့ကို ကျောင်းဝင်းထဲ၌ အခြေကျကျ ဟန်ပါပါ ဆောင်ရွက်ပေးနေကြသည်။ ချဲ ၊နှစ်လုံးထိုးရန်အတိတ်ပေးတရားလိုလို ဟောကြား၍ ငွေကြေး အလှူခံနေကြသည်။

သာယသနာ့ပြင်ပမှ ထွက်ရပ်ပေါက် သရုပ်ဆောင် စိတ္တဇရုပ်ကောင်များကို ကျောင်းပေါ် တင်၊ဘုရားပေါ် တင်ကိုးကွယ်ကာမသိနားမလည်သော လူအပေါင်းတို့ကို ကိုးကွယ်ရာ အမှားပေးပြီး အကြီးမားဆုံး အကုသိုလ်အမှုပြုနေကြသည်မှာကိုးကွယ်ရာ ပုဂ္ဂိုလ်အမှား သာသနာ့ အန္တရာယ်များပင် ဖြစ်လေသည်။

(ခ)ယုံကြည်မှု အမှားသာသနာ့ အန္တရာယ်များ။ ။

“ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး မှ တစ်ပါးတစ်ခြားကိုးကွယ်ဆည်းကပ်ရာမရှိပါ ဘုရား” ဟုသရဏဂုံသီလနေ့စဉ်ခံယူနေသော်လည်း (၃၇) မင်း ရိုးရာနတ်များ သာမက နောက်ဆုံးပေါ် သွင်းကုန်များဖြစ်သော “အန်းကုန်း ဘိုးတော်၊ ကွမ်ရင်မယ်တော်၊ မဟိန္ဒရာ ဘိုးတော်၊ သူရဿတီနှင့် ဘိုးတော်၊ မယ်တော်၊ ထွက်ရပ်ပေါက် အဘ မျိုးစုံ ၊၀ိဇ္ဇာဘုန်းကြီးများ၊ ထေရ၀ါဒ ပိဋကတ်တော်၌ လုံးဝ မပါသော "ရှင်ဥပဂုတ်” အပါအ၀င် ကိုယ်ထင်ရာ ကိုးကွယ်နေကြသော ရုပ်ထုပေါင်းစုံတို့သည် အိမ်ဦးခန်းတွင် နေရာယူကာ ဗုဒ္ဓဘာသာဟု အမည်ခေါ်ရုံမျှသာဖြစ်ပြီး သရဏဂုံသီလ ညှိုးနွမ်းဆုတ် ယုတ်နေကြသည်မှာ ၀မ်းနည်းဖွယ်ရာပင်ဖြစ်သည်။

လူတို့ စိတ်ကူးပေါက်၍ ထင်ရာ လုပ်နေကြခြင်းသည် ထေရ၀ါဒဗုဒ္ဓသာသနာ အတွက်ဘေး ဆိုးရန်စွယ် ဓမ္မအန္တရာယ်ကြီးသဖွယ်ဖြစ်နေကြောင်း ကိုဆောင်ရွက်သူများကလည်း မကြောက် တတ်ကြ ။ နားလည်သူများကလည်း ပြဿနာအဖြစ်မခံလိုကြ၍ မပြောလိုကြ ။ သို့နှင့်ပင် နောက်ဆုံးတွင် အားလုံးအတူတကွ စုံးစုံးမြုပ်ရမည့် လမ်းမှားဟုလည်း နားမလည်ကြ။ ထိတ်လန့်ဖွယ် ကောင်းလှသော သံဝေဂရစရာဖြစ်ရပ်ကြီးပင် ဖြစ်ပေသည်။

"လွတ်လပ်စွာကိုးကွယ်နိုင်ခြင်းအခွင့်အရေးကို အသုံးပြုခြင်း"ဟု အကြောင်းပြကြသေးသည်။ လူသားတိုင်း အတွက်လွတ်လပ်စွာ ကိုးကွယ်ခွင့်သည်မွေးရာပါ အခွင့်အရေးဖြစ်၍ ကန့်ကွက် တားဆီးရန် အကြောင်းမရှိပါ။ သို့ရာတွင်ထေရ၀ါဒ ဗုဒ္ဓဘာသာအမည်ခံပြီး မှ ထေရ၀ါဒသာ သနာတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အပြု အမူနှင့် အတွေးအခေါ်လုပ်ဆောင်မှုတို့သည် မူရင်းထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကိုဆန့်ကျင်ထိပါး အယူ မှားစေသည့်အတွက်ထေရ၀ါဒ အဆုံးအမ ဘက်မှ ရပ်တည်၍ အဓမ္မ၀ါဒီများကိုရှင်းလင်းသန့်စင်စေရန် အခွင့်ရေးသည် သာသနာတော်ကိုမြတ်နိုးကာကွယ်လိုသူတိုင်း၏ လက်ဝယ်တွင်ရှိပေသည်။

ဗုဒ္ဓ၀ါဒ အပေါ်တွင်ဗြဟ္မဏ၀ါဒ၏ လွှမ်းမိုးမှုကို အနီးကပ်ဆုံး ဥပမာဖြစ်ရပ်ဖြင့်ပြရလျှင် ပုဏ္ဏားတို့၏ အမွေဖြစ်သောဗေဒင်၊ လက္ခဏာ၊ နက္ခတ်ကျမ်းများကို အခြေခံ၍ ကျောင်းကန်ဘုရားများတွင် တိရိစ္ဆာန်ရုပ်၊ ဂြိုလ်တိုင်များနှင့် ရုပ်တုမျိုးစုံရောက်ရှိနေပုံသာမက ဗြဟ္မဏအလိုကျနေ့သင့်၊နံသင့် နာမည်မှည့် ပုံမှာလူပုဂ္ဂိုလ်များသာမက ရဟန်းတော်များ၏ ဘွဲ့အမည်များကိုပင်ဗေဒင်ကိန်းဖြင့် ထိန်းချုပ်ကာ အယူမှားနေကြပုံကို ရင်နာနာနှင့် မျက်စေ့အောက်ကြည့်နေရသည်မှာ ကြာပါပြီ။

ထိုကိုးကွယ်ရာ အမှားများ ဆိုသည်မှာ (၃၇) မင်းအပါအ၀င် ရိုးရာ အိမ်တွင်း၊ အိမ်ပြင်နတ်များနှင့် ထွက် ရပ်ပေါက် ၀ိဇ္ဇာအမည်ခံ လူလည်များ၏ အယောင်ဆောင်ရုပ်တုများ သာမက၊ အခြားနိုင်ငံမှ ပါဝင်လာသော လဘ် လာဘတိုးစရာကိုးကွယ်ရာအသစ်အဆန်းများ လည်းပါဝင်သည်။

ထို့ပြင် လောဘ ကိုအကြောင်းပြု၍ ကိုးကွယ်နေသော ရွှေ ။ငွေ၊ ရတနာ ကိုယ်လုံးညွှတ်မျှ ဆင်ယင် ထားသောရုပ်တုများ၊ ဘုရင်လိုလို၊ နတ်လိုလို၊ ဆင်ယင်ထားသောရုပ်တုများ၊မြင်းခံ၊ ဆင်ခံ၊ကျားခံ ၊နဂါးခံ၊ ဂဠုန်ခံ၊ စသည့်ယတြာရုပ်တုများ၊ မဟာပုရိဿလက္ခဏာတော်(၃၂)ပါးကို ဆန့်ကျင်၍ ခါးကုန်း၊ ဂုတ်တို၊ ကြာဖက်ဆောင်းကာ သံမှိုကိုးချက် ကိုယ်မှာနှက်၍ စီးပွားတက်ရန် နှင့် မီးဘေးကင်းရန် အသုံးချခံနေရရှာသော ဒက္ခိဏသာခါ အစ ရှိသော ဘာသာရေး အဖျက်သမား၊ မသမာသူများဖန်တီးထားသည့် ယုံကြည်မှု အမှား ၊အမွေဆိုးများကို ဆိုလိုသည်။

ထိုကဲ့သို့ မှုန်ဝါးဝါး၊ ယောင်တောင်တောင်၊ ရောသမမွှေအောင် ကိုးကွယ်နေကြသော သူများ ကိုလေ့လာကြည့်သောအခါ စိတ်ချမ်းသာစရာ နတ္ထိမရှိ၊ လိုချင်စိတ်ကြီးလွန်း၍ ပူလောင်၊ လုံလောက်အောင် မရလို့ ဆင်းရဲ၊ပိုကဲပြီးမရလို့ ဒေါသထွက်၊ အသက်(၁၀၀) နေရသော်လည်း ကုသိုလ်နှင့် အကုသိုလ်မကွဲပဲ ဆင်းရဲဒုက္ခများကိုခံစားရင်းနှင့်ပင် မလှမပ၊ ဘ၀ဇာတ်သိမ်း ရရှာလေသည်။ ဗုဒ္ဓဘာသာ သာသနာတော်နှင့် ကြုံပါလျက်နှင့် လမ်းပေါ် မှာ လမ်းပျောက်ရခြင်းပင်။

(ဂ)အယူဝါဒအမှား သာသနာအ န္တရာယ်များ။ ။

"သံင်္ဂါယနာသမိုင်း" ကိုပြန်ကြည့်လိုက်လျှင် "အဇာတသတ်မင်း" လက်ထက်မှ "အာသောကမင်း" လက်ထက် ထိသံင်္ဂါယနာ(၃)ကြိမ်သည် ရဟန်းပုဂ္ဂိုလ်တို့၏ ၀ိနည်းဖောက်ပြန်မှုကြောင့်ဆောင်ရွက် ခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်းသံင်္ဂါယနာ(၃)ကြိမ်မှာ "ပိဋကတ်တော်များ သန့်စင်တည်တံ့အောင် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ရခြင်း"ဖြစ်သည်။

သာသနာတော် သမိုင်းနှစ်ကာလရှည်လျားကြာမြင့်လာသည်နှင့် အမျှစစ်ဘေးဒဏ်၊ သဘာဝဘေး ဒဏ်အ သီးသီးတို့ကြောင့် တစ်စု တစ်စည်းတည်း မနေနိုင်ကြပဲ တစ်ကျောင်း တစ်ဂါထာ၊တစ်ရွာ တစ်ပုဒ်ဆန်းကဲ့သို့ မူရင်း ပါဠိတော်ကို ကူးယူရာတွင်လည်းကောင်း၊ အဋ္ဌကထာဆရာ သဘောအလိုကို အဓိပ္ပါယ်ဖွင့်ရာ တွင်လည်းကောင်း၊ အယူအဆ၊ ဝေါဟာရကွဲလွဲလာကာ ဆရာစဉ်ဆက် ဂိုဏ်းဂဏ အသွင်ဆောင်အယူ ၀ါဒရေးရာကွဲပြားမှုများရှိလာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း အတင်ဂိုဏ်း၊ အရုံဂိုဏ်း၊ ကံဂိုဏ်း၊ ဒွာရဂိုဏ်းစသည့် အယူအဆမတူသည့် သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်းထိ ကွဲပြားခဲ့သည်။သို့သော် ၁၃၄၂ခု ၊နယုန်လတွင်ကမ္ဘာအေး မဟာပါသဏ လိုဏ်ဂူတော်ကြီးတွင်အစိုးရ၏လျှောက်ထားချက်ဖြင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့ ကာ သံဃ နာယက အဖွဲ့အဆင့်ဆင့်ဖွဲ့၍ ၀ိနယနှင့် ဓမ္မဆိုင်ရာ သာသနာ့တာဝန်များဆုံးဖြတ်ညွှန် ကြားဆောင်ရွက်တော်မူကြသည်။

ထေရ၀ါဒပိဋကတ်တော်များနှင့် မညီမညွှတ်၊ ပုတ်ခတ်ဆန့်ကျင် ကိုယ်ထင်ရှားရေးကို ဟောကြား၊ ရေးသား၊သင်တန်းများဖွင့်လှစ်ကာ အမှားအကျင့် ကျင့်ကြံမှုကို ၀ိနည်းဓမ္မကံ ဓမ္မ၊ အဓမ္မ အမှုများကို ဆုံးဖြတ်တော်မူခဲ့သည်။

*သာသနာ့အန္တရာယ် ကာကွယ်သောအားဖြင့် ထေရ၀ါဒပိဋကတ်တော်နှင့် မညီညွှတ်သော ၀ါဒများအဖြစ်*

(၁၃၄၂ ခုနှစ်) "ကျောက်သဘောင်္ဝါဒ" မှသည် (၁၅-၁၁-၂၀၁၁) "ရှင်ဉာဏ(မိုးပြာဝါဒ)" ထိ "နိုင်ငံတော် သဃ မဟာနာယကအဖွဲ့ကြီး" မှ "သာသနာတော် တည်တံ့ပြန်ပွားရေး" အတွက် ဓမ္မ ၏ ရန်စွယ် အဓမ္မများ ကို ဖယ်ရှားခဲ့ပါသည်။ ရှင်းလင်းခဲ့ပါသည်။ ဗုဒ္ဓသာသနာတော် တည်တံ့ပြန်ပွားရေး ဆောင်ရွက်၍ သာသနာပြုခဲ့ကြသည်။

("အဓမ္မ၀ါဒများ"ကို အကျဉ်းမျှ ရေးသားဖော်ပြလိုက်ပါသည်၊အပြည့်အစုံနှင့် အကျယ် သိလိုလျှင် ၊သာသနာရေး ၀န်ကြီးဋ္ဌာနမှ ၀ိနိစ္ဆယ ကျမ်းစာအုပ်များအဖြစ် ထုတ်ဝေထားပြီးဖြစ်ပါသည်၊ရှာဖွေ ဖတ်ရှု ကြည့်စေလိုပါသည်။)

"ပြည်ထောင်စုမြန်မာနိုင်ငံတော်""နိုင်ငံတော်သံဃမဟာနာယကအဖွဲ့"နှင့်"နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့"တို့က"အဓမ္မ၀ါဒီ" အဖြစ် ဆုံးဖြတ်ထားသော "အဓမ္မ၀ါဒများ" မှာ

(၁) ကျောက်သဘောင်္အဓမ္မ၀ါဒ-ကျောက်ဆည်မြို့နယ် ၊ရွှေသာလျောင်းတောင်ကလပ်ကျောင်း၊ "ဦးကေသ၀" ၏ ၀ါဒဖြစ်သည်။

(၂)လူသေလူဖြစ်အဓမ္မ၀ါဒ-တောင်တွင်းကြီးနတ်မှီတောရကျောင်း၊"ဦးဥက္ကဋ္ဌ"နှင့်နောက်လိုက်"ရွှေအဘိဓမ္မာအဖွဲ့"၊ "သမ္မာဒိဋ္ဌိသုတေသနအဖွဲ့"တို့၏ ကံပယ်၊ဘုံပယ်ဝါဒ ဖြစ်သည်။

(၃) ကြောင်ပန်းတောရ အဓမ္မ၀ါဒ-ဘုတလင်မြို့နယ်၊"ကြောင်ပန်းတောရတိုက်"မှ စတင်ခဲ့သော ၀ါဒဖြစ်သည်။

(၄) ကျောက်ပုံတောရ အဓမ္မ၀ါဒ-မြောက်ဥက္ကလာပ၊ ကျောက်ပုံတောရကျောင်း၊ (လူအမည်) "ဦးစံရင်"၏ မဂ်တု၊ဖိုလ်တု ရဟန္တာတု ၀ါဒဖြစ်သည်။

(၅) ဦးမာလာဝရ အဓမ္မ၀ါဒ-ရေတာရှည်မြို့နယ်၊ ကညင်အိုင်ကျေးရွာကျောင်း၊"ဦးမာလာဝရ" ၏ ကံပယ်၊ ဘုံပယ် ၀ါဒ ဖြစ်သည်။

(၆) ဓမ္မနီတိ အဓမ္မ၀ါဒ-သာကေတမြို့နယ်၊ဓမ္မနီတိကျောင်း၊"ဦးပညာဝံသ"၏၀ါဒဖြစ်သည်။

(၇) မိုးညို အဓမ္မ၀ါဒ-မြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်း (၈)ရပ်ကွက်၊ မိုးညိုဝိပဿနာ ပြန့်ပွားရေး အဖွဲ့ခေါင်း ဆောင်၊"ဦးသူရိယ(ဦးထွန်းရှိန်)"၏ မဂ်တု၊ဖိုလ်တုဝါဒ ဖြစ်သည်။

(၈) ထွန်တုံးလက်ကျန် ဦးထင် အဓမ္မ၀ါဒ-စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျောင်း ကျေးရွာ၊ "ဦးထင်" ၏ ၀ါဒ ဖြစ်သည်။

(၉) တွံတေး ဦးပုညာစာရ အဓမ္မ၀ါဒ-တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၊ ရတနာမာန်အောင် ရွာဦးကျောင်း ၊"ဦးပုညာ စာရ"၏သိမ်သမုတ်ခြင်းနှင့်ပတ်သက်သော ၀ါဒ ဖြစ်သည်။

(၁၀) ရွှေဝါမြိုင်ကျောင်း အဓမ္မ၀ါဒ-မော်လမြိုင်မြို့၊"ရွှေဝါမြိုင်ကျောင်း ဘုန်းကြီး"၏ သိမ်သမုတ်ခြင်း နှင့် ပတ်သက်သောဝါဒ ဖြစ်သည်။

(၁၁)စမ်းကလေးအဓမ္မ၀ါဒ...ပဲခူးတိုင်း၊ညောင်လေးပင်မြိ့နယ်၊စမ်းကလေးအရှေ့ကျောင်း၊"ဦးနန္ဒောဘာသ"၏ မဂ်တု၊ ဖိုလ်တု ရောင်ခြည်တော်တုဝါဒ ဖြစ်သည်။

(၁၂)ဘိက္ခုနီဘာဝါဘာဝအဓမ္မ၀ါဒ.-မှော်ဘီမြို့ ၊"မသွဲ့သွဲ့ထွေး(ခေါ်) မသစ္စ၀ါဒီ"၏ဘိက္ခုနီ(ရဟန်းမ) ၀တ်ရန် ဘုရားရှင်ဝိ နည်းတော်အားဆန့်ကျင်သောဝါဒ ဖြစ်သည်။

(၁၃) ဦးသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းတောရ အဓမ္မ၀ါဒ အင်းစိန်မြို့နယ်၊"အောင်ဆန်းတောရတပ် ဦးကျောင်းဆရာတော်"၏ ပဋိစ္စသမုပ္ပါဒ် ဖြတ်လမ်းဝါဒဖြစ်သည်။

(၁၄) ဦးခေမိန္ဒ မိုးညှင်းမြို့ အဓမ္မ၀ါဒ ကချင်ပြည်နယ်၊မိုးညှင်းမြို့၊မဟာသတိပဋ္ဌာန် ရိပ်သာကျောင်း၊" ဦးခေမိန္ဒ"၏တောင် ဟော၊မြောက်ဟောဝါဒဖြစ်သည်။

(၁၅) ဦးဝိစိတ္တသာရာဘိဝံသ(မိုးပြာဂိုဏ်း) အဓမ္မ၀ါဒ-မြစ်ကြီးနားမြို့၊(ယခင် ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း)၊ "ဦးဝိစိတ္တသာရာဘိဝံသ"၏ ၀ါဒဖြစ်သည်။ ၎င်း ပုဂ္ဂိုလ်သည် မိုးညှင်းမြို့၊ မဟာသတိ ပဋ္ဌာန်ကျောင်း၊" ဦးခေမိန္ဒ" ၏ တပည့်ရင်းဖြစ်သလို "မိုးပြာဂိုဏ်း"၏"တတိယ ခေါင်းဆောင်" လည်းဖြစ်သည်။

(၁၆)ဦးဉာဏမိုးပြာဂိုဏ်းအဓမ္မ၀ါဒ-မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊သစ္စာပန်းလမ်း၊ခြံအမှတ် (၂၀)ရှိ"ဦးဉာဏ"၏ ကြောင်တောင်တောင်ဝါဒပင် ဖြစ်သည်။

(၁၇) ဉာဏ စာဂီ အဓမ္မ၀ါဒ-ဦးဉာဏ မိုးပြာဂိုဏ်း အဓမ္မ၀ါဒ၊ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၌ နေထိုင်စဉ် က ဟောပြောခဲ့ ၊ ရေးသားခဲ့သော ၀ါဒဖြစ်သည်။

(၁၈) ဦးမြတ်သိန်းထွန်း အဓမ္မ၀ါဒ-လက်ပန်တန်းမြို့၊"ဦးမြတ်သိန်းထွန်း"၏ ကာမ၀ါဒ ဖြစ်သည်။

(၁၉) ဆူးလေ ဦးမြင့်သိန်း အဓမ္မ၀ါဒ-ဂိုဏ်း၏အမည်ရင်းမှာ "ထေရ၀ါဒ၀ိဘဇ္ဇ၀ါဒ၊သမ္မပထ အကြောင်းသတ် ၀ိပဿနာဂိုဏ်း" ဖြစ်၍"ထေရ၀ါဒဒဿန သမ္ပဒါနည်း" ဟူ၍လည်းခေါ်သည်။

စသည်တို့ကိုဓမ္မ၊အဓမ္မကွဲပြားစေရန်စိစစ်ဆုံးဖြတ်၍တားမြစ်သင့်သည်ကို တားမြစ်၊ပြုပြင်သင့် သည်ကိုပြုပြင်၍ ဓမ္မစက်၊ အာဏာစက် အကူအညီဖြင့် တည်တံ့အောင် ဆုံးဖြတ် ဆောင်ရွက်တော် မူခဲ့သည်။ ထိုသို့အရေးယူမှုပြုလုပ်နေသည့်ကြားမှပင်အဓမ္မ၀ါဒတရားများကိုဖြန့်ဖြူးဟောကြားကာ ကျယ်ပြန့်အောင်ဆောင်ရွက်လာကြသည်။

ထိုသူများသည်-လက်ရှိ ပိဋကတ်(၃)ပုံကို ဘုရားဟောမဟုတ်၊(၃၁)ဘုံမယုံကြည်၊ဘ၀သံသရာ ဆိုသည်မှာလည်းစိတ် ကူးယဉ်ဝါဒအဖြစ်သတ်မှတ်၊ အဘိဓမ္မာတရားသည် လည်းဘုရားဟော မဟုတ်၊ စသည်ဖြင့်ဟောပြော လာသည်။

အဆိုးဆုံးအချက်မှာထေရ၀ါဒဟု ခေါင်းစဉ်ကြီးကြီးတပ်ကာ ထေရ၀ါဒ ပိဋကတ်တော်များကို ဆန့်ကျင် ပုတ်ခတ် ရယ်စရာလုပ် ဟောပြောနေကြသူများ၊ ကိုယ်စိတ်ကူးတည့်ရာ ကြံစည်ရသမျှ အတွေးအခေါ်တွေကို ဘုရားဟောတရားယောင်ယာင် သရုပ်ဆောင် ဟောပြောနေသူများ၊ ရှိသမျှရိပ်သာများကို ပုတ်ခတ်စော်ကားကာ အာနာပါနနှင့် သတိပဋ္ဌာန်တရားအလုပ်သည်ပင် ဖင်ညောင်း၊ ခါးနာ၊ ခြေလက်မပါ သူတရားထိုင်လို့မရတဲ့အကျင့်မှားဟု စော်စော်ကားကား အဓမ္မတရားများကို ဟောရဲ သူများလည်း ထင်ရှားလာသည်။

ဘာသာရေးလိုက်စားလိုသူ လူကြီး၊ လူငယ်အများစုမှာ ပိဋကတ်တော်ကျမ်းဂန်များ လေ့လာရန် အချိန်မရ၊ လက်လှမ်းမမှီမှုတို့ကို အခွင့်ကောင်းယူကာ ဆန့်ကျင်ဘက် အဓမ္မအတွေးအခေါ်များဖြင့် စည်းရုံးသိမ်းသွင်းနေကြသည်။

ထိုအလဇ္ဇီပုဂ္ဂိုလ်များနှင့် သူတို့၏ အဓမ္မ အယူ ၀ါဒ များကို ဆက်လက်၍ လွတ်လပ်ခွင့်ပေး ထားပါက မကြာမြင့်သောအချိန်ကာလတွင် ထေရ၀ါဒသာသနာတော်ကြီးအတွက် အပ်နှင့်ထွင်းရမည်ကို ပေါက်ဆိန်နှင့် ခုတ်ဖြတ်ရမည့်ပြဿနာကြီးတစ်ရပ်ရပ်သည် ဧကန်မုချ ပေါ်ပေါက်လာပေတော့မည်။

ဖော်ပြခဲ့သော သာသနာ့ အန္တရာယ်များမှ ကာကွယ်နိုင်ရေးသည် မျက်မှောက်ကာလတွင် အလွန် အရေးကြီးလှပါ၏။ ဤအရေးကို သွေးအေးအေးဖြင့် မနေကြပဲ ထေရ၀ါဒမြတ်ဗုဒ္ဓ သာသနာတော်အပေါ် သဘောထား မှန်မှန်ဖြင့် မြတ်နိုးစောင့်ရှောက်လိုသူများ အထူးကြပ်မတ် သတိချပ်၍မပြတ်စောင့်ကြည့်ကာ သာသနာ့သမိုင်း မရိုင်းစေရန်အတွက်ဘာသာသွေးနွေးကြပါဟု တိုက်တွန်းလိုပါသည်။

မှီခိုရာကျမ်းကိုး-
"ဦးညွှန့်မောင်(ဓမ္မာစရိယ၊ဘီအေ၊အာရ်အယ်လ်)"၏ "အဓမ္မ၀ါဒ၀ိနိစ္ဆယကျမ်း(အကျဉ်းချုပ်)"
"ဦးဆန်းလင်း(ဆည်မြောင်း)"၏ "သာသနာနှင့်ထေရ်သံဃာ"
"ဦမောင်မောင်(ဓမ္မစက္က)"၏"ဘာသာသွေး နွေးဖို့လိုပြီ"မှကူးယူထားပါသည်။

Credit - ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း


Monday, December 22, 2014

အချစ် မပျက်စေလို


အချစ် မပျက်စေလို


တစ်ခါတစ်လေ တွေးကြည့်မိတာက အချစ်ဆိုတဲ့ စကားလုံး။ လူတိုင်းက ချစ်တာကို သဘော ကျကြတာ များပါတယ်။ အချစ်ပျက်သွားမှာကိုတော့ ကြောက်ကြပါတယ်။

လူတိုင်းဆိုသလို ဘုန်းကြီးလည်း ချစ်တာသဘောကျသလို အချစ်ပျက်မှာလည်း ကြောက်ကြ ပါတယ်။ အဲ... အချစ်ဆိုတဲ့ စကားလုံးက ဘုန်းကြီးမဆိုင်တော့ မဟုတ်။ အချစ်ဆိုတာလည်း အမျိုးမျိုး ရှိပေတာကိုး။ သာမန်လူတွေ ချစ်တဲ့ အချစ်ကို အဓိပ္ပါယ် မဖွင့်ဆိုလိုတော့ပါ။ ဘုန်းကြီးတွေ ချစ်တဲ့ အချစ်ကို ပြောပြချင်သေးတယ်။

စာထဲမှာလည်း မျက်စိတောင် ပိယစက္ခု ချစ်တဲ့မျက်စိနဲ့ အချင်းချင်း ကြည့်ရှု နေထိုင်ကြရင် ပြောဆိုကြရင်အဆင်ပြေပါသတဲ့။ အချစ်ရှိတော့ အရာရာ ဆိုသလို ခွင့်လွတ်တတ်ကြပါတယ်။

အရှင်အနုရုဒ္ဓါ အရှင်နန္ဒိယ အရှင်ကိမိလ တို့  နေတဲ့ပုံစံပေါ့။ တစ်ဦးပေါ် တစ်ဦး အပြစ်မယူကြဘူး။ တစ်ဖက်သား လုပ်သမျှလိုက်လျောကြတယ်။ ကိုယ်နဲ့ စိတ် သုံးပါးဖြစ်ပေမယ့် စိတ်တွေက တစ်ထပ်တည်းကျတယ်။

ရှေ့ မှာရော ကွယ်ရာမှာရော အချင်းချင်း ချစ်တဲ့ စိတ်အတိုင်း ချစ်တဲ့ စကားနဲ့  ချစ်တဲ့ လုပ်ဆောင်ချက် တစ်ထပ်တည်း ကျနေတယ်။ အချင်းချင်း ဟာမိုနီ ဖြစ်အောင် နေကြပါတယ်။ စာကပြောတာက နို့ နဲ့ ရေ ရောထားသလိုမျိုးတဲ့။ ဒါ ချစ်ခြင်းသင်္ကေတ တစ်ရပ်ပေါ့။

အချစ်မပျက်စေချင်ရင် ဒါကြည့်သောအားဖြင့် မထေရ်ကြီးများလို နေရမယ်ဆိုတာ သဘောပေါက် လာတယ်။ ပြီးတော့ လူများရဲ့  အကြည်ညိုခံပြီး လှူဒါန်းသမျှ သင်္ကန်း ဆွမ်း ကျောင်း ဆေး သုံးစွဲနေရတဲ့ ဘုန်းကြီး ဘ၀ဟာလည်း အချစ်မပျက်စေဖို့  သတိထားရပြန်တယ်။ သတိထားရမည့် ဘ၀ ဖြစ်ပါတယ်။

စာထဲမှာတော့ တောင်းလွန်းရင် အချစ်ပျက်ပါသတဲ့။ ကြားဘူးတဲ့ ပုံပြင်က ရဋ္ဌပါလ မထေရ်ဟာ ဖခမည်းတော်တောင် မတောင်းပါဘူးတဲ့။ ဖိတ်မံထားတာတောင်မှ မတောင်းလေတော့ ဖခမည်းတော်ရဲ့  စိတ်က အတောင်းခံချင်လာတယ်လေ။

( လူတွေရဲ့  သဘောလေလား။ အရက် မကြိုက်ပါဘူးဆို အတင်း ပေးတိုက်တယ်။ သောက်တတ် လာရင် ပေးမတိုက်တော့ဘူး။ )

ဒါနဲ့ ပဲ ခမည်းတော်က သားရဟန်းကို မေးပါလေရော၊ ဘာလို့  မတောင်းတာလဲ ဆိုတာကိုပေါ့ ။
ဒီလိုပါ ။ ရဋ္ဌပါလ မထေရ်ခမျာ လူရဲ့  သဘော မနော သိပြီးသားမို့  အချစ်မပျက်စေလိုတာကြောင့် မတောင်းခဲ့ကို သေချာရှင်းပြတယ်။

၁။တောင်းလို့  ရရင် တော်ရဲ့ ၊ ကိုယ်တောင်းတာ မရခဲ့ရင်
မပေးတဲ့ သူကို အချစ်ပျက်လာမယ်။ အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။

၂။ တောင်းလို့  ပေးရတာများလာခဲ့ရင် ပေးနေရတဲ့သူကလည်း
တောင်းတဲ့ သူကိုအချစ်ပျက်လာမယ်။ အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။
အဲလို အချစ်မပျက်စေလိုတာမို့ လို့  ရှင်းတော့မှ ခမည်းတော်လင်းသွားတယ်။

ဒါတင်မကသေးဘူး။ ဟိုတုန်းက ရဟန်းတွေက မနိုင်မနင်း ကျောင်းကြီးတွေဆောက်၊ ကျောင်းဒကာက သီးသန့် မရှိ။ နောက်မှ လူမြင်တိုင်း လုပ်အားပေးခေါ် လုပ်ကြ။ လိုအပ်ရာရာ အလှူခံကြ လုပ်ကြပါသတဲ့။

နောက်တောင်းပါများလာတော့ လူတွေက သင်္ကန်းရောင်နဲ့  တူတဲ့ နွားမြင်တာတောင်မှ ရဟန်း ထင်ပြီး အိမ်ထဲ ပုန်းရတဲ့ အဖြစ်ပျက်က ရှေးကာလ ဖြစ်ခဲ့ပါတယ်။ ဒါလည်း အချစ်ပျက်သွားတဲ့ ပုံပြင်တစ်ပုဒ်။

( စကားညှပ်- ယခုခေတ် မြို့ များမှာ အလှူခံ မလာရ ဆိုင်းဘုတ်နဲ့ ခပ်ဆင်ဆင်။)

ဟုတ်ပါတယ်။ တောင်းတာက လူကို မဆိုထားနဲ့  တိရစ္ဆာန်တောင် မကြိုက်ဘူးလေ။ တစ်ခါတော့ ရဟန်းတစ်ပါးက တောထဲမှာ တရားအားထုတ်တယ်။ ငှက်တွေက ကျွိတီ ကျွိတီ ဆူဆူညံညံ လုပ်တယ်။ ကြာလာတော့ တရားမရ။ နားကြားပြင်းကပ်လာတယ်။ နောက် အဖေါ်တစ်ပါးက အကြံပေးတာနဲ့  ငှက်တွေကို မင်းတို့  အတောင်တွေ ငါ့ပေး ၊ ငါ့ပေး အော်လို့  နောက် မလာတော့ဘူးတဲ့။ အချစ်ပျက်သွားတယ်ပေါ့။

ပြီးတော့ နဂါးတစ်ကောင်ကလည်း အဲလိုပဲ ရဟန်းတရားအားထုတ်နေတာမို့  ဝေ့လည် ဝေ့လည် နဲ့  နေပါတယ်။ အန္တရာယ်ပေးတာတော့ မဟုတ်ပါဘူး။ သို့ ပေမယ့် ရဟန်းက သိပ်ကြောက်တတ်တာမို့  အကို ဖြစ်သူကို အကြံဥာဏ်တောင်းပါသတဲ့။

အကိုက မင်း နဂါးကို မြင်တော့ ဘာထူးထူးခြားခြား မြင်သလဲပေါ့။ ညီရဟန်းက လည်ပင်းမှာ ပတ္တမြားတွေ့ ပါတယ်။ အဲဒါဆို အဲဒါတောင်းကွာ။ တောင်းရင် အချစ်ပျက်မှာကို သိလေတဲ့ အကိုရဲ့  အကြံပေးမှုနဲ့ အတူ ညီငယ်က တောင်းပါသတဲ့။ နဂါးလည်း ညီငယ်နား မဝေ့လည်တော့ပဲ အချစ်ပျက်သွားပါတယ်။

ဒါကြောင့် လူပဲ ဖြစ်ဖြစ် ဘုန်းကြီးပဲ ဖြစ်ဖြစ်  သူများဆီက ပစ္စည်းကိုဖြစ်ဖြစ် အကူညီကို ဖြစ်ဖြစ် တောင်းရင် ၊ တောင်းပါများရင် အချစ်ပျက်တာလည်း သိထားသင့်ပါတယ်။ သိပြီးရင်တော့ အချစ် မပျက်စေကြနဲ့ ပေါ့။

မှတ်ချက်။ ။ ၀ိနည်း သုတ္တန်တို့ မှာ လာသည်ကို နားလည်လွယ် စကားလုံးဖြင့် မှတ်သားသင့်သည် များကို မှတ်မိသမျှ သုံးနှုန်း ရေးသားထားပါသည်။

မြတ်ရောင်နီ

Sunday, December 21, 2014

ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း


"ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း"

အဲဒီဘ၀တုန်းက ပဒုမုတ္တရဘုရားလက်ထက်မှာ သူက ကျွန်မ။ အဲဒီမြို့ တော်က သူဌေးအိမ်မှာ သူက ကျွန်မ။ နေ့ တိုင်းတော့ဖြင့် သူဌေးကလည်း မနက်လင်းမှမလင်းသေးဘူး၊ ငွေရစရာရှိတာ ဘယ်မှာ ဘယ်လောက်ရမယ်၊ ညာမှာ ဘယ်လောက်ရမယ်၊ ဘာက ဘယ်လိုနဲ့ ၊ အဲဒီနေ့ ကျတော့ ဆိတ်လို့ ။
မနက် ၅ နာရီလောက်တည်းက ဥပုသ်ယူထားမှာကိုး ။

သူဌေးကတော်ကလည်း နေ့ တိုင်းတော့ဖြင့် ဟိုသားမကောင်းဘူး၊ ဒီသားမကောင်းဘူး။ ဟိုဟာ ၀ယ်လာတာ ဘယ့်နှယ်။ ဒီအသားကြီးက မလတ်ဘူးနဲ့ ၊ အဲဒီနေ့ ကျ တိတ်လို့ ၊ ရှိတာလေးနဲ့  ချက်တယ်။

သူဌေးသမီးကလည်း နေ့ တိုင်းဆိုရင်တော့ ဘယ်အ၀တ် ၀တ်ရမှ၊ ညာအ၀တ် ၀တ်ရမှ၊ ဘယ်အဆင်မှနဲ့ ၊ အဲဒီနေ့  ဘာမှမပြောဘူး။  သူဌေးသားကလည်း နေ့ တိုင်းဆိုရင်တော့ ပိုက်ဆံ ဘယ်လောက်ပေးမှ၊ ဘာက ဘယ်လောက် ပေးမှနဲ့ ။ အဲဒါတောင် အဲဒီနေ့  ဘာမှမပြောဘူး။ အဲဒါနဲ့  ဘုရားကျောင်းသွားကြတယ်။ ကျွန်မလေး ကျန်နေရစ်တယ်။ ကျွန်မလေ ကျွန်အလုပ်လုပ်ရတာ။ မစောင့်နိုင်ဘူး။

သို့ သော် သူကတွေးတယ်။ နေ့ တိုင်း သူဌေးကြီးက ငွေစကား ကြေးစကား သိပ်ပြောတာ၊ ဒီကနေ့ ငွေစကား ကြေးစကား မပြောဘဲနဲ့ ဆိတ်ဆိတ်နေတာ သူတို့ ဥပုသ်က ငွေထက်လည်း သာလိမ့်မယ် ထင်တယ်။ တွေးတာနော်။

နေ့ တိုင်း သူဌေးကတော်ကြီးက ဘယ်အသားက ဘယ်လို၊ ဘယ်ဟာက ဘယ်နှယ်နဲ့  ဒီကနေ့  ဘာမှမပြောရင် သူတို့ ဥပုသ်က ဟင်းထက်လည်း ကောင်းမယ်နဲ့ တူတယ်။ သူဌေးသားလည်း နေ့ တိုင်း သုံးဖို့ ဖြုန်းဖို့ ဘာဘယ်လောက်ရမှ၊ ညာဘယ်လောက်ရမှနဲ့  ဒီကနေ့ ဘာမှ မပြောရင် သူတို့ ဥပုသ်က အပျော်အပါးထက်လည်း ကောင်းတယ်နဲ့ တူတယ်။

နေ့ တိုင်းတော့ သူဌေးသမီးက ဘယ်လို အဆင်လေး ၀တ်ရမှ၊ ညာလို အဆင်လေး ၀တ်ရမှနဲ့ ဒီကနေ့ ဘာမှမပြောတော့ သူတို့ ဥပုသ်က အ၀တ်အစားထက်လည်း ကောင်းမယ်ထင်တယ်။ ကျွန်မ ဒီလောက်သိမှာပေါ့။ ဒါထက်ပို မသိပါဘူး၊ ခင်ဗျားတို့ လောက် ဗဟုသုတ မရှိပါဘူး။

အဲတော့ သူတို့ သူဌေးတွေတောင် ဒီစည်းစိမ်ဥစ္စာ စွန့် သေးတာ၊ ငါလည်း ငါစားရမယ့် အစာကို မစားတော့ဘူး။ ဒီကနေ့ အတွက် ဥပုသ်စောင့်တာ ဘယ်လိုမှန်းမှ သူမသိတာ။ သူ့ ရဲ့ အဓိဋ္ဌာန်ကတော့ သူဌေးကြီး မိသားစု နေသလို နေမယ်တဲ့။ အဲဒါ သူ ဥပုသ်ယူလိုက်တာ။ ဒီကနေ့ အတွက်တော့ သူဌေးကြီးမိသားစု နေသလို နေမယ်၊ ဒါပဲ။

အဲတော့ သူဌေးကြီးတွေက ဘယ်ချိန်စားတယ် သူမသိတော့ သူ့ ဖို့ ချန်ထားခဲ့တာလေးလည်း မစားဖြစ်ဘူး။ သို့ သော် ကျွန် ဗျ။ လုပ်ရတာပဲ၊ လျှော်ချိန်လျှော်၊ ဆေးချိန်ဆေး၊ ရှိသမျှအကုန် သူလုပ်ရတယ်။ ညနေ ဘုရားကျောင်းကနေ အဲဒီသူဌေးမိသားစု ပြန်လာတယ်။ ကြည့်လိုက်တော့ ထမင်းတွေ ဟင်းတွေကလည်း ဒီတိုင်းပဲ၊

"နင် မစားသေးဘူးလား ဘာလို့ မစားတာတုန်း"ဆိုတော့
"အရှင်တို့ သူဌေးမိသားစု ဘယ်ချိန်စားတယ်မသိလို့ ကျမ စောင့်နေတာ"တဲ့။
"မဟုတ်ဘူး၊ တို့ က မနက် မွန်းမတည့်ခင်စားတာ အဲဒီ အချိန်စားရတယ်"ဆိုတော့
ဒီလိုဆို "ကျမလည်း ဒီိချိန်မစားတော့ဘူး"တဲ့။ ပင်တော့ ပင်ပန်းနေပြီနော်။ ကျွန် နော်..ကျွန့်  အလုပ်တွေ လုပ်ရတယ်။ ပင်ပန်းတော့ ခံနိုင်မလားဗျ။

ညနေကျတော့ လုပ်ရင်းလုပ်ရင်းနဲ့  မျက်လုံးတွေ ပြာလာရော။ သွားတော့ ဟပ်ထိုးဟပ်ထိုးဖြစ်၊ အဲတော့ သူဌေးကြီးက လှမ်းမြင်တယ်။
"နင်ဘာဖြစ်တာလဲ"ဆိုတော့
"မူးလို့ မော်လို့ ပါ"၊
"ဒီလိုဆို စတုမဓူ စားလိုက်"လို့ ပြောတယ်။
အဲတော့ ကျွန်မ ကမေးတယ်၊ "သူဌေးကြီးတို့ စားပါသလား၊"

"တို့ ဥပုသ်ရတယ်၊ မစားဘူး" ဆိုတော့
"ဒီလိုဆို ကျမ လည်း မစားဘူး"တဲ့။
ဘယ့်နှယ်တုန်း၊ ကျွန်မ ဥပုသ်နော်။ သူဌေးကြီးတို့ နေသလို နေပါ့မယ်လို့ ယူထားတဲ့ ဥပုသ်ကိုး။

အဲတော့ သူဌေးကြီးက
"ဒီလိုဆို သမီး အလုပ်မလုပ်နဲ့ တော့ အနားယူတော့"လို့  အဲဒီနေ့ ညနေကို ကျွန်အလုပ်တွေကို ပယ်လိုက်တယ်။ သို့ သော် ဝေဒနာပြင်းထန်တဲ့အတွက် ညမှာ သေတာပါပဲ။

ညသေတော့ ဒီဥပုသ်နဲ့ သေတဲ့အတွက် နတ်လမ်း တန်းသွားတာပဲ။ နတ်ပြည်မှာ နတ်သမီး သွားဖြစ်တယ်။ ဒီဥပုသ်စိတ်နဲ့ အာရုံလုံအောင်ထိန်းလိုက်တာနော်။ စတုမဓူ စားပါဆိုတာတောင် စားသလား၊ ထမင်းစားပါဆိုတာတောင် စားသလား၊ မစားဘူးနော်။ ဒါ သူတတ်နိုင်တာ သူစောင့်တာနော်။ အဲဒါနဲ့ နတ်ပြည်ရောက်သွားတာ၊ အဲဒီကနေ လူနဲ့ နတ်ပဲ သူဖြစ်ခဲ့ဖူးတာပဲ။

ခုနောက်ဆုံးဘ၀မှာ တို့ ဘုရားလက်ထက်မှာ အဲဒီ ဥပုသ် တစ်ကြိမ်သာ စောင့်ခဲ့ဖူးတဲ့ စေတနာရဲ့ အရှိန်ကြောင့် ဒီမှာ ရဟန္တာမ လာဖြစ်တယ်။ ဧကုပေါသထ ဘိက္ခုနီမ ဆိုပြီး ကျော်ကြားတယ်။ (ထေရီပါဒါန်)

တစ်ကြိမ်ပဲ ဥပုသ်စောင့်ခဲ့ဖူးတာနော်၊ အဲဒါနဲ့ သူ ဒီမှာ ရဟန္တာမ လာဖြစ်တာ။ အာရုံနောက် စိတ်မလိုက်ဘဲ တစ်ကြိမ်တည်းပဲ စောင့်ခဲ့ဖူးတယ်။ တို့ ဘယ်နှခါ ရှိပြီလဲ ဥပုသ်စောင့်တာ၊ တို့  လိုသေးတယ်နော်။ ဥပုသ်က အာရုံလုံအောင် စောင့်တာ၊ စိတ်နဲ့ ဆိုင်တယ်။


သီလက ကိုယ်နဲ့ နှုတ်နဲ့ ဆိုင်တယ်။ အဲတော့ ကိုယ်ရယ်နှုတ်ရယ် စိတ်ရယ်မှာ စိတ်သည် ခေါင်မဟုတ်လားကွဲ့ ။ သတိလေးနဲ့ အာရုံလုံအောင် စောင့်တာ ဥပုသ်စောင့်တာ။ အဲလို ဥပုသ် များများ မဟုတ်ဘူး ၊ တစ်ရက်ပဲ ယူပါ။ နိဗ္ဗာန်ထိအောင် တာဝန်ယူတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်း တရားတော်မှ)

မေတ္တာဖြင့်
အနှိုင်းမဲ့ အရိပ်

Saturday, December 20, 2014

ဗုဒ္ဓမြွက်ကြားမာဂဓ စကားဟူသည်မှာ – ပါဠိဘာသာ


ဗုဒ္ဓမြွက်ကြားမာဂဓ စကားဟူသည်မှာ – ပါဠိဘာသာ

ဗုဒ္ဓမြတ်စွာ တရားဦးဟောတော်မူရာ အရပ်သည် “မာဂဓဘာသာ ”ပြောဆို သုံးနှုံးကြသည့် နယ်ပယ်ဖြစ်၍ “မာဂဓဘာသာ”ဖြင့် တရားဦးဟောတော်မူ၏။ “မာဂဓတိုင်းသားများ” ပြောကြသော ဘာသာစကား ဖြစ်၍ “မာဂဓဘာသာစကား”ဟုခေါ်၏။

ယနေ့ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ် ပြုရသော ပိဋကတ်တော်ပါဠိ သည်“မာဂဓဘာသာ”နှင့် သဘောချင်းတူညီင်္သည်ကို တွေ့ရ၏။ ဘုရားရှင်တိုင်း လက်ကိုင်ပြုခဲ့တော်မူသော “မာဂဓ စကား”ကိုပင်ပိဋကတ်တော်၌ “ပါဠိတော်”ဟု ခေါ်တွင်ကြောင်း“ ဆရာ တော်အရှင်နာရဒ(ပုတီးကုန်း)၏ ရေးသားချက် စာတမ်းတွင် ”မှတ်သား ရဖူးပါသည်။

ဤစကားကိုထောက်၍ “မာဂဓဘာသာ”တိုင်းကို “ပါဠိ”ဟု မခေါ်။ ဘုရားဟောပါဠိတော်နှင့် သက်ဆိုင်သော မာဂဓဘာသာအချို့ကိုသာ “ပါဠိဘာသာ”ဟု ခေါ်စမတ်ပြုကြသည်။ “ပဋိသမ္ဘိဒါ” ဟူသည် “ခွဲခြမ်းဝေဖန်၍ သိမြင်နိုင်မှု ”ကိုဆိုလိုပါသည်။ ပဋိသမ္ဘိ ဒါ(၄)မျိုးရှိရာ “နိရုတ္တိ ပဋိသမ္ဘိဒါ” ဟူသည်မှာ“ယုတ္တိယုတ္တာနှ င့်တကွဘာသာ စကားကိုသိမြင်သောဉာဏ်အထူး”ကို ဆိုလို၏။

ထို ဉာဏ်အထူးကိုရတော်မူသောပုဂ္ဂိုလ်သည် “ပိဋကတ်ပါဠိတော်”ကို အထူးသင်ယူစရာမလိုပဲ “အရှင်စူ ဠပန်”ကဲ့သို့ အလိုလို တတ်မြောက်နိုင်စွမ်းရှိ၏။ “သက္ကတဘာသာ”စသည်ကား “ပဋိသမ္ဘိဒါ”ရေ သ်ာလည်း တကူးတက သင်ယူမှသာတတ်မြောက်နိုင်၏။

အပြန်အလှန်အားဖြင့်ဆိုရသော် အခြားသောဘာသာမျိုးစုံကို မည်မျှပင် တတ်မြောက်စေကာမူ “နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်”မျိုးကို ရရာရကြောင်း မဟုတ်ချေ။ “မာဂဓဘာသာ”ဖြစ်သော ပရိယတ္တိကို သင်ယူဖူးသူတို့သာ ထိုဉာဏ်မျိုးရဖို့ရာ အထောက်အပံ့ ကောင်းရသူဖြစ်၏။ ထို့ကြောင့် အမြော်အမြင်ကြီးမားသော ရှေးရှေးဆရာတော်ကြီးများက “သီလ” ခံယူရာ၌ “ပါဠိဘာသာ”နှင့် စီစဉ်ထားခြင်း ဖြစ်၏။
“ပါဠိဘာသာ”သည် “ဖောက်ပြန်ပြောင်းရွေ့မှုမရှိခြင်း၊ ကမ္ဘာကြေသော်လည်း ပျောက်ကွယ်မှု မရှိခြင်း၊ သဘာဝအ နက်အဓိ ပ္ပါယ်ကို ဖော်ပြနိုင်ခြင်း၊မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကိုဖြစ်စေနိုင်ခြင်း၊ တစ်ဦးတည်းသောဆရာ၏ လက်အောက်၌မူ တစ်ခုတည်းကို သာဖော်ပြသဖြင့် အနက်အဓိပ္ပါယ် တိကျပြတ်သားခြင်း”စသ ည်ဖြင့် ပါဠိ ၏ကောင်းကျိုးများကိုလေ့လာမှတ်သားနိုင်ပါသည်။

အထက်ဖော်ပြချက်များသည် ဆရာသမား အစဉ်အဆက် ကပါဠိ၏ အရေးပါပုံများကို သွန်သင်ဖော်ပြချက်များဖြစ်၏။ ဗုဒ္ဓမြတ် စွာဘုရား၏တရားဓမ္မများကို ပါဠိပိဋကတ်တော်ဖြင့် မှတ်တမ်း တင်ထားခြင်းဖြစ်၍ မူရင်းကျကျလေ့လာသိရှိလိုလျှင် ပါဠိတော် ကိုအလေးထား ဂရုစိုက်ရမည်ဖြစ်ပါသည်။

သာမန်လူ တစ်ခွန်းပြောချိန်တွင် “ဗုဒ္ဓမြတ်စွာဘုရား”က အခွန်းပေါင်းများစွာ ပြောနိုင်သည်ဟု ဆိုကြ၏။ ပညာရှင်တို့ကမူ- “ဗုဒ္ဓမြတ်စွာဘုရားရှင်” ကိုယ်တော်မြတ်ကြီးသည် အလွန်ကျစ်လစ် လေးနက်သောစကားလုံးများကို သုံးနှုံးနိုင်သဖြင့် ဖောင်းပွသော စကားလုံး အခွန်းပေါင်းများစွာ သုံးနှုံးမည့်အစား တစ်ခွန်းတည်းဖြင့် လိုရင်းရောက်အောင် ပြောနိုင်သည်ကို ဆိုလိုကြောင်း “ဆရာကြီးဦးသုခ”က ရေးသားဖူးပါသည်။

သေချာသည်မှာ တရားဓမ္မများကို ရေးသားဟောပြောကြရာ၌ ပါဠိစကားလုံးထက် ကျစ်လှစ် လေးနက်သော စကားလုံးကိုမသုံး နှုံးနိုင်ကြသဖြင့်ထို ပါဠိစကားလုံးများကိုပင် တိုက်ရိုက်သုံးစွဲ ကြရသည်ဟုဆို၏။ မြန်မာစာပေတွင် ပါဠိသက်ဝေါဟာရများ သည်ဝေါဟာရအားလုံး၏ (၄၀%)ခန့် ရှိသည်ဟု ပညာရှင်များက ဆိုကြောင်း ဂုဏ်ထူးဦးသိန်းနိုင်ကပြောဖူးသည်။

တစ်ခုထပ်မံပြောလိုသည်မှာ ပါဠိစာပေမြင်တိုင်းလည်း ဘုရားဟောဟု ရမ်း၍မယုံသင့်ချေ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည် ပါဠိဂါထာ၊ပါဠိ စာပေများကို မြင်လိုက်သည်နှင့် ဘုရားဟောပဲ ဟူ၍ ဆုံးဖြတ်လျှက်ယုံကြည် လိုက်ကြ၏။

ထိုပါဠိစာသည် သဒ္ဒါစည်းကမ်းများဖြင့် စစ်ဆေးသော် မှန်ကန်ပါ၏လော၊ အဘိဓာန်အားဖြင့် စစ်ဆေးသော် အဓိပ္ပါယ်ရှိပါ၏ လော၊ဗုဒ္ဓ၏တရားဓမ္မအတိုင်းဖြစ်ပါ၏လော မဝေဖန်တတ်တော့ချေ။

အချုပ်ဆိုရသော်-ပါဠိဘာသာနှင့်ပတ်သက်၍ အစွန်းတရား(၂)ပါးရှိ၏။
(၁)ပထမအစွန်းမှာ ပါဠိစာပေကို လိုအပ်သည်ထက်ပို အထင်ကြီးလွန်းသဖြင့် ပါဠိလိုရေးသမျှ ဘုရားဟောထင်၏။
(၂)ဒုတိယအစွန်းမှာပါဠိဘာသာကို ပစ်ပယ်ခြင်းဖြစ်၏။
ထိုအစွန်း(၂)ပါးစလုံးသည် ဗုဒ္ဓတရားတော်ကို လေ့လာကျင့်ကြံရာ၌ ကြီးစွာသော အဟန့်အတားကို ဖြစ်စေပါ ကြောင်းတင်ပြအပ်ပါသည်။

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊ သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
မေတ္တာစက်ဝန်း

မူရင်လင်းသို့ http://buddhismworld.ning.com/


Friday, December 19, 2014

ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အသားစားမစား


 ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အသားစားမစား

ဒီကိစ္စက အချို့  အမေးထူသူတွေကြားမှာ ပြောစရာ ရှိပါတယ်။ “ဘုရားဟောတော့ သူ့အသက် မသက်ရတဲ့၊ ဘာလို့ သူ့အသားတော့ စားကြတာလဲ” အဲဒီလိုမေးခွန်းမျိုးကို ကိုယ်တိုင်လည်း မေးခဲ့ဖူးသလို၊ အမေးလည်း ခံဖူးမယ် ထင်ပါတယ်။ ဒီတော့ ဆေးပညာရှုထောင့် ကနေပဲ အရင် သုံးသပ်ကြည့်ရတဲ့အခါ -

ကမ္ဘာတစ်ဝန်းမှာ ဗုဒ္ဓဘာသာတင်မကပဲ အခြားသော ဘာသာရေး အဖွဲ့အစည်းပေါင်း များစွာမှာလည်း သက်သက်လွတ်စားသုံးခြင်း ဓလေ့ကို ပြုစုပျိုးထောင်သူများ ရှိပါတယ်။ ယနေ့အထိလည်း တည်ထောင် ထွန်းကားနေဆဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အမျိုးမျိုးပါပဲ။

၁။ ကျန်းမာရေး
၂။ ဘာသာရေး

ယင်းရှုထောင့် နှစ်မျိုးကနေ ကြည့်ပြီးတော့ သက်သက်လွတ် စားသုံးခြင်း ဖြစ်ပါတယ်။ သက်သက်လွတ် မှာတောင် ဥစားလို့ရတဲ့ သက်သက်လွတ်နဲ့ ဥတင်မက နို့ရည်တောင် သောက်လို့ မရတဲ့ သက်သက်လွတ်အထိ အမျိုးအစား ၁၀ ခုမကကို ထပ်ကွဲနေပါသေးတယ်။ ခေါင်းစဉ်အရ ထေရဝါဒ ဗုဒ္ဓဘာသာ က သက်သက်လွတ်နဲ့ ပက်သက်တဲ့ ယုံကြည်ချက် နဲ့ ဘုရားဟောများကို သာ ပြန်လည်မျှဝေပါ့မယ်။

စာရေးသူတို့ ယုံကြည်ကိုးကွယ် ဆည်းကပ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရှင်တောင် သက်သက်လွတ် မဟုတ်ခဲ့ပါဘူး။ ပျံလွန်တော်မူတာတောင် အသားဟင်းတစ်ခွက်နဲ့ ပယောဂမကင်း ပျံလွန်တော် မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမှာ တော်တော်များများက အထင်အမြင်လွဲကြပါတယ်။ အထူးသဖြင့် ဘာသာခြားတို့လာလာ ထောက်တဲ့ အချက်တစ်ခု ဖြစ်လာပြီး ဗုဒ္ဓဘာသာအချင်းချင်းတောင် နားလည်အောင် ရှင်းပြဖို့ ခဲယဉ်းခဲ့ပါတယ်။

ဘုရားဟောတရားမှာ ရှိပါတယ်။ အသားပဲစားစား၊ ဘာပဲစားစား ရည်ရွယ်ချက်က တစ်ခုပဲ ရှိဖို့လိုအပ်ပါတယ်။ ဝိပဿနာ တရားအားထုတ်ရန် နှင့် ခန္ဓာကိုယ်၏ တည်စေခြင်း မြဲစေခြင်း အတွက် သာမန်လူတို့ စားသုံးအပ်သော အသား၊အစာ၊ အာဟာရ များကို စားသုံးခြင်း ဖြစ်ပါတယ်။ ဒီမှာ တဏှာလုံးဝ မပါပါဘူး။ ပါလို့လည်း မရပါဘူး။ တဏှာကပ်ညှိပြီး စားသုံးတဲ့ အစာအာဟာရ မှန်သမျှဟာ အသားဟင်းမဟုတ်ပဲ သက်သက်လွတ်မှာတောင် အကုသိုလ် သင့်စေပါတယ်။

ကမ္ဘာဦးတည်စက ဗြဟ္မာက ဆင်းသက်တဲ့ လူများဟာ ဘာမှ စားသုံးဖို့မလိုအပ်ပါဘူး။ လူ့သက်တမ်း သိန်းချီ၊ သောင်းချီ၊ ထောင်ချီ မက နေရပြီး စား၊ဝတ်၊နေ၊ရေးနဲ့ ပက်သက်လို့ ပူစရာမရှိခဲ့ဘူးလို့ ဘုရားဟော ကမ္ဘာဖြစ်၊ ကမ္ဘာဖျက် ကပ်တရားမှာ ပါဝင်ပါတယ်။ သို့သော် ကြားရသည့် အာရုံအပေါ် တပ်မက်တဲ့ လောဘ/တဏှာ၊ စားရသည့် အရသာအပေါ် စွဲလမ်းသည့် စွဲလမ်းမှု၊ မြင်ရသည့် အာရုံအပေါ် ပသာဒရုပ်အပေါ် ခင်တွယ်ရသည့် လောဘ/စွဲလမ်းမှု၊ အစရှိသဖြင့် အာရုံငါးပါးတို့ကို မစောင့်စည်းနိုင်ခြင်းကြောင့် မိမိတို့မှာ ရုပ်၊နာမ် နှစ်ပါး ပြောင်းလဲမှုများ ဖြစ်လာပါတယ်။

ကျား၊မ ရုပ်တရား ကွဲပြားလာပြီး ကျား၊မ ဖြစ်လာခြင်းနှင့် အစားအသောက်၊ နေ ထိုင်ရေးတို့ကလည်း အကုသိုလ်အကျိုးပေးအလိုက် နိမ့်သထက် နိမ့်လာပါတယ်။ မြေကြီးစားရုံနဲ့တင် အာဟာရ ဖြစ်လို့၊ မြေကွက် လု၊ မြေက စားရလို့ အပင်စိုက်စားတော့ အပင်လု၊ အပင်လုတော့၊ အပင်လုပြီး အသားလု၊ ငါးလုနဲ့ ယနေ့ လူသားဟူသည် အသားစားသော သက်ရှိများ ဖြစ်လာရသည်ဟု ဘုရားဟော ကမ္ဘာတည်၊ ကမ္ဘာပျက်၊ လူတည်၊လူပျက်၊ သက်ရှိ၊သက်မဲ့ ဖြစ်၊ ချုပ်တရားပြ ကပ်ဘေးတရားများမှာ ပါဝင်ပါတယ်။

ထို့ကြောင့် ယနေ့သိပ္ပံပညာ၊ ဆေးပညာရှင် တို့ လေ့လာတွေ့ရှိ သည့်အတိုင်း အသားဓာတ် မစားသုံးရင် ဖြစ်လာနိုင် တဲ့ ရောဂါများ လည်းရှိလာပါတယ်။ အသားစားက ဖြစ်လာနိုင်တဲ့ ရောဂါက ပို၍ ထူပါတယ်။ အသားစားလျှင် အသားနှင့် ဆက်စပ်ရောဂါ ဖြစ်ရ သကဲ့သို့၊ အသားမစားလျှင် အသားမစားသကဲ့သို့ ပက်သက်ရာ ရောဂါ များ ဖြစ်လာရပါတယ်။ ဥပမာ ဗီတာမင် ဘီ ၁၂ ချို့ ယွင်းမှုကြောင့် အရိုးအကြော မသန်မာခြင်း၊ အားအင်မပြည့်ဖြိုးကြီး အစရှိသဖြင့်တို့လဲ ဖြစ်လာပါတယ်။ အခြားသော အချက်များလည်း ရှိပါသေးတယ်။

သို့သော် ဆေးပညာတွေ့ရှိချက်များက လွန်ဆွဲနေဆဲ ဖြစ်ပါတယ်။ အသားမဟုတ်သော်လည်း အသားဓာတ် ပြည့်စေသော အစား အသောက်ဖြင့် အသက်ရှည်နိုင်တယ် လို့ထောက်ခံသူက တစ်ဖွဲ့၊ အသားမစားရင် ဗီတာမင့် ချို့ ယွင်းလို့ ရောဂါထူမယ်လို့ ထောက်ပြတဲ့ တစ်ဖွဲ့၊ အသားစား အသက်တို၊မတို၊ သက်သက်လွတ်စား အသက်တိုမတိုကိုလည်း ယနေ့တိုင် အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

ဒီတော့ အနှစ်ချုပ်လိုက်ရင် အဓိက တရားခံ၊ အရင်းအမြစ်က မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အဝိဇ္ဇာ၊ တဏှာ နှစ်ဖြာ ဖုံးသော လောကမှာ သတ္တဝါအဖြစ် ကျင်လည်ပါများသောကြောင့် အသားစားခြင်းက မထူးဆန်းသလို ဖြစ်သွားပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တိုင်တောင် ဒကာတို့ ဘုန်းပေးတဲ့ အသားဟင်းလျာကို မငြင်းဆန်နိုင်ပါဘူး။ ယနေ့ ထေရဝါဒ သာသနာတော်တွင်းမှ ဘုရား သားတော်၊ ဦးဇင်း၊ ရဟန်း များတွင်လည်း အသားဟင်း ရှောင် သူ၊ မရှောင်သူ အဖုံဖုံ ရှိသော်လည်း အကြည်ညို၊ အကိုးကွယ် မပြတ်စေ။ ဘုရားဟော တရားတွင် သူ့အသက်မသက်ရ ပါသော်လည်း၊ သူ့အသား စာသုံးခြင်းက ပါဝင်နေမှုက ထောက်စရာ တစ်ခု ရှိပါသေးတယ်။

အထက်က ပြောခဲ့သလိုပါပဲ။ အသားမစားလို့ ဖြစ်လာမယ့် ကျန်းမာရေး ဆိုးကျိုးက တစ်ချက်၊ သတ္တဝါပညတ်တို့ရဲ့  တားမရသော အသက်သတ်ခြင်း အမှုကိစ္စကလည်း တစ်ချက် ရှိနေပါတယ်။ ဥပမာ - တံငှာသည် ငါးဖမ်းပါတယ်။ ဘုရားလှူပါဆိုလျှင် သူ့မှာ လှူစရာ ငါးပဲရှိပါတယ်။ ဘုန်းပေးစရာ ဆွမ်းဆိုလို့ ငါးပဲ ရှိတော့ ရဟန်း၊ ဘုန်းကြီးတို့ မငြင်းဆန်ဝံ့ပါဘူး။ တိရစ္ဆာန်သတ်ဖြတ် အသက်မွေး ဝမ်းကျောင်းပြုသော မုဆိုးကို လှူပါဆိုလျှင်၊ ကုသိုလ်ပြုပါဆိုလျှင် အသားမှ အခြားမရှိနိုင်ပါ။


ဒါကြောင့် အသားကိုလည်း မငြင်းဆန်ပဲ ဘုန်းပေးရ ပါတယ်။ ဘုရားသက်ရှိထင်ရှားကာလက အသားကို အခြေပြုအသက်မွေးသူများ ရှိသလို၊ ယနေ့လည်း ရှိပါတယ်။ မသတ်ပါ နဲ့ အခြားစီးပွားရေး လုပ်ပါ၊ အရင်းအနှီးပေးပါမည်ဟုလည်း မည်သည့် ဖန်ဆင်းရှင် တန်ခိုးရှင် ပေါ်လာ မပေးနိုင်ပါ။ မိမိ ကံကြမ္မာမိမိဖန် တီးနေရသော သူတို့က အသက်သက်နေရ သော်လည်း ကံကံ၏ အကျိုးကို ယုံကြည်ကြောင်း၊ ဘုရားဟော တရားများကို ကျင့်သုံးလိုက် နာရန် ကြိုးပမ်း နေကြောင်း နှင့် အခြားသော ကုသိုလ်ထူးပြုလိုခြင်းငှာ အသားကို ဆွမ်းကပ်ပါတယ်။

ထိုနည်းတူစွာ ယနေ့ အလှူပွဲများတွင်လည်း အသားဟင်း လျာ ကျွေးမွေးရခြင်းက နှစ်ကာလ အတော်ကြာ ပါလာသော အထုံဓလေ့ကြောင့်လည်း ဖြစ်ရပါတယ်။ အသားမပါသော သက်သက်လွတ် သီးသန့် အလှူပွဲ၊ ဆွမ်းကပ်ပွဲ တစ်ခုခု လုပ်ဖို့က လွယ်ပေမယ့် ဘုန်းပေရန် ဘုရားသားတော်များမှာ မတူညီ ကွဲပြားမှုများ ရှိလာပါတယ်။ ဒီတော့ သူ့အသားသတ်ခြင်းက ပါဏာတိ ပါတကံလို့ သတ်မှတ်ပေမယ့် သူ့အသားစားခြင်းကို ပါဏာတိပါတ ကံလို့ မသတ်မှတ်ပါဘူး။

သို့သော် -
သူ့အသား စားသည့်အခါ မိမိ မစားချင်အောင် ရွံရှာလှသည့် အသားကို စားသုံးနေသည်ဟု အမြဲ ဆင်ခြင်လျက် စားသုံးရန်လိုအပ်သည် ဟု ဟောကြားထားပါတယ်။ ခန္ဓာကိုယ်၏ တည်စေခြင်း၊ မြဲစေခြင်း၊ ဒါန၊ သီလ၊ ဘာဝနာ (ဝိပဿနာ) တရားများ ပွားများ အားထုတ်နိုင် ပါစေခြင်းအတွက် မိမိခန္ဓာအသက် ခဏတာ ရှည်စေရန် အစာ အာဟာရ တစ်ခု၏ အထောက်အပံ့ကို ယူခြင်းလို့ သဘောထား စားရမှာ ဖြစ်ပါတယ်။ သတိပြတ်လို့ မရပါဘူး။ သတိ တစ်ချက်လွတ်လို့ ဒီအသား စားလို့ကောင်းလိုက်တာလို့ တစ်ချက် တဏှာဝင်လျှင် အာပတ်/ဥပဒ် သင့်ပါတယ်။ အထူးသဖြင့် ဘုရားသားတော် များတွင် ပိုသင့်၍ လောကီလူသားတို့လည်း လိုက်နာ နိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အနှစ်ချုပ်
ဒီတော့ အနှစ်ချုပ်အနေနဲ့ စားချင်တာစားပါ။ စားလိုကစားပါ။ သက်သက်လွတ်စားချင်စားပါ၊ စားနိုင်စားပါ၊ မစားနိုင် မစား ပါနဲ့။ မြတ်စွာဘုရားက အလယ်အလတ်လမ်းစဉ်ကို ချပြပေးခဲ့ ပါတယ်။ ဘယ်အရာကိုမဆို ဇွတ်တရွတ်ဆန်ဆန် ကျင့်သုံးခြင်းက မိမိအတွက် လည်း တကယ် အကျိုးမပြုပါဘူး။ သတိတစ်ချက် အမြဲကပ်လို့ သူ့အသက်မသတ်သော်လည်း သူ့အသားစားခြင်း အပေါ် မခင်တွယ်ရန် အထူးလိုအပ်ပါတယ်။ ဒီအသားလေး စားလိုက်ရမှ ဟူသော တဏှာမျိုး မစွဲကပ်ရန် လိုအပ်ပါတယ်။ အသားကိုပဲ မဟုတ်။ စွဲလမ်းအပ်သော အစာ၊အာဟာ ရ မှန်သမျှက လောကုတ်တရာ လမ်းစဉ်လျှောက်လမ်း ရန် အတားအဆီးများ ဖြစ်စေတတ်ပါတယ်။

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ တဏှာခင်တွယ်မှု လျော့နိုင်သမျှ လျော့နည်းလို့ နိဗ္ဗာန်တို့ အရောက်လှမ်းနိုင်ပါစေ။

Credit: innewsmyanmar

Thursday, December 18, 2014

ကုသိုလ် တွေ စစ်ကြည့်ကြပါစို့


 "ကုသိုလ် တွေ စစ်ကြည့်ကြပါစို့"

''ကောင်းမူကုသိုလ် ပြုခြင်းသည် ချမ်းသာသုခကို စုဆောင်းသည်မည်၏။ မကောင်းမှုအကုသိုလ်ပြု လုပ်ခြင်းသည် ဆင်းရဲဒုက္ခကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ)

ပါဠိလို ကုသလ၊ မြန်မာလိုကုသိုလ်ဟုခေါ်တွင်သည်။ ဤကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိတရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။ ယင်းစက်ဆုတ်ဖွယ်ရာ အကုသိုလ်တရားတို့ကို ဖျက်ဆီးပစ်ခြင်း၊ စိတ်အစဉ်မှာ ကင်းကွာစေခြင်းကြောင့် ကုသိုလ်ဟုခေါ်သည်။ မှန်၏။ အကုသိုလ် တရားတို့ကို ဖျက်ဆီး ကာကွယ်ရာတွင် မဟာကုသိုလ်တို့က တဒင်္ဂပဟာန်အားဖြင့် အခိုက်အတန့် ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ်တို့ကား ဝိက္ခမ္ဘန ပဟာန်အားဖြင့် အချိန်အခါကြာမြင့်စွာ ပယ်ခွာသည်။ မဂ်ကိုသိုလ်တို့ကား သမုစ္ဆေဒပဟာန်အားဖြင့် နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။

ထို့ကြောင့်ကုသိုလ်သည်......
(၁) မဟာကုသိုလ်
(၂) မဟဂ္ဂုတ်ကုသိုလ်
(၃) မဂ်ကုသိုလ်...ဟုကုသိုလ်သုံးမျိုးရှိကြောင်းသိနိုင်ပါသည်။ လူသားတို့သန္တာန်၌ ဤကုသိုလ် စိတ် တို့ဖြစ်ပေါ်နေလျှင် အခိုက်အတန့်ဖြစ်စေ၊ အချိန် ကြာမြင့် စွာဖြစ်စေ၊ လုံးဝဖြစ်စေ အကုသိုလ်တရား တို့ဖြစ်ပေါ် ခွင့်မရတော့ချေ။ အလားတူပင် ကုသိုလ်ကို ပုည - ကောင်းမှုဟုခေါ်၍၊ အကုသိုလ်ကို ပါပ - မကောင်းမှုဟုလည်း ခေါ်ကြသည်။ ခြုံငုံ၍ပြောရလျှင် ဒုစရိုက် ၁ဝ-ပါးလွန်ကြူးလျှင် မကောင်းမှုပြုသည်၊ အကုသိုလ်လုပ်သည်။ သုစရိုက် ၁ဝ - ပါးကိုလိုက်နာ ပြုကျင့်လျှင် ကောင်းမှုပြုသည်၊ ကုသိုလ်ပြုသည်ဟု ခေါ်ရလေသည်။ အထက်ပါ ကုသိုလ် ၃ မျိုးတွင် မဟဂ္ဂုတ်ကုသိုလ်နှင့် မဂ်ကုသိုလ် တို့ကား ဈာန်ရ မဂ်ရ ပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင်၏။ ဤ၌ကား လူများစုနှင့် သက်ဆိုင်သော မဟာကုသိုလ်ကိုသာ ဆွေးနွေး တင်ပြပါမည်။

ကုသိုလ်ကောင်းမှုပြုရာ၌ ဝမ်းမြောက်ဝမ်းသာပြုလျှင် သောမနဿကုသိုလ် ဖြစ်၏၊ ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ မှန်တန်းအနေနှင့်ပြုလျှင် ဥက္ခောကုသိုလ်ဖြစ် ၏။
ကံ ကံ၏အကျိုးကို သိရှိယုံကြည်ပြီး ပြုလျှင် ဥာဏသမ္ပယုတ်ကုသိုလ်ဖြစ်၍ ကံ ကံ၏အကျိုးကို မသိပဲပြုလျှင် ဥာဏဝိပ္ပယုတ်ကုသိုလ်ဖြစ်သည်။
သူများ တိုက်တွန်းမှု မပါလျှင် အသင်္ခါရိက ကုသိုလ်ခေါ်သည်။ တိုက်တွန်းမှုပါလျှင် သသင်္ခါရိက ကုသိုလ် ခေါ်ဆိုရလေသည်။ အနှီကုသိုလ်တို့ကို တွဲစပ်လိုက်သောအခါ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဝမ်းသာ ဥာဏ်ယှဉ် မတိုက်တွန်းပဲပြုသော ကုသိုလ်၊
(၂) ဝမ်းသာ ဥာဏ်ယှဉ် တိုက်တွန်း၍ပြုသော ကုသိုလ်၊
(၃) ဝမ်းသာ ဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသော ကုသိုလ်၊
(၄) ဝမ်းသာ ဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်၊
(၅) မှန်တန်း ဥာဏ်ယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၆) မှန်တန်းဥာဏ်ယှဉ် တိုက်တွန်း၍ပြုသောကုသိုလ်၊
(၇) မှန်တန်းဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၈) မှန်တန်းဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်ဟု ကုသိုလ် ၈-မျိုး ဖြာထွက်လာသည်။

ဤကုသိုလ် ဂ-မျိုးကိုပင် စိတ်နှင့်တွဲလိုက်သောအခါ မဟာကုသိုလ်စိတ် ၈-ပါး ဟုဖြစ်လာလေသည်။ ပုံစံအားဖြင့် ပြရလျှင် ခင်ဝင်းကြည် မဟာမြတ်မုနိဘုရားကြီးအား ဆွမ်း ရေ ချမ်း ဆီမီးပန်းတို့ကို ဝမ်းမြောက် ဝမ်းသာ ကပ်လှူ၏။ ကောင်းသောအမှုကို ပြုလျှင် ကောင်းသော အကျိုးကို ရမည်ဟုသိလျှက် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်စူး၍ပူဇော်၏။ ဤသို့ဆွမ်းရေချမ်း ဆီမီးပန်းတို့ကို ဘုရားကပ်လှူရန် မည်သူကမျှ လည်း မတိုက်တွန်းရပေ။ ဤသို့ဆိုလျှင် ခင်ဝင်းကြည်လေး၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ်ကို ''ဝမ်းသာဥာဏ်ယှဉ် ၊ မတိုက်တွန်းရပဲပြုသော ကုသိုလ်စိတ်'' ဟုခေါ်ဆိုရပေမည်။ မိဘတို့က ခိုင်းစေ၍ လုပ်ရသည် ဆိုလျှင်ကား တိုက်တွန်း၍ ပြုသော ကုသိုလ်စိတ်သာဖြစ်ရပေမည်။

အခြားကုသိုလ်စိတ် ဖြစ်နိုင်ပုံကိုလည်း ဤအတိုင်းပင်မှန်းဆ၍ သိနိုင်လောက်ပါပြီ။ လူသားတို့၏သန္တာန်၌ ကုသိုလ်စိတ်ဖြစ်သမျှ ဤ ၈-မျိုးသာဖြစ်ကြောင်း မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ တိကျပိုင်းခြား၍ ထားခဲ့လေသည်။
ကုသိုလ်ကောင်းမှုပြုခြင်း (ပုညာယူဟန)သည်လည်း ၆-မျိုးရှိပြန်သည်။

(၁) မိမိသဘောအတိုင်း ကောင်းမှုပြုခြင်း၊
(၂) သူတပါးကို အားကျ၍ ကောင်းမှုပြုခြင်း၊
(၃) ကိုယ်ထိလက်ရောက် သာဟတ္ထိကမြောက် ပြုခြင်း၊
(၄) ခိုင်းစေ၍ လက်လွှဲပြုခြင်း၊
(၅) ကံကံ၏အကျိုးကိုသိ၍ပြုခြင်း၊
(၆) ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်း- ဟု ၆-မျိုးရှိသည်။ (အဋ္ဌသာလိနီ-၂ဝ၅)

ဖော်ပြပါ ကုသိုလ်ကောင်းမှုပြုခြင်း ၆- မျိုးတွင် ဘယ်နည်းနှင့်ပြုပြု အထက်ပါကုသိုလ် ၆ မျိုး၌ အကျုံးဝင် သည်သာဖြစ်လေသည်။ ကံ ကံ၏အကျိုး ကိုသိ၍ ပြုခြင်းသည် ဥာဏ်ယှဉ်ကုသိုလ် ၄-မျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။ ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်းကား ဥာဏ်မယှဉ် ကုသိုလ်လေးမျိုးတွင် တမျိုးမျိုး ဖြင့်ပြုသည်မည်၏။
ကျန်ကုသိုလ်ပြုနည်းတို့ကား မဟာကုသိုလ် ၈ မျိုးတွင် တမျိုးမျိုးဖြင့်ပြုခြင်း ဟုမှတ်ရပေမည်၊ ကုသိုလ် ၈-မျိုးကိုအဆင့် အတန်းခွဲလိုပါလျှင် ဥာဏ်ယှဉ်ပြုသော ကုသိုလ်လေးမျိုးသည် ဥာဏ်မယှဉ်မပါသော ကုသိုလ်လေးမျိုးထက် သာလွန်သည်။

ထိုဥာဏ်ယှဉ် ကုသိုလ်လေးမျိုးတွင်လည်း ဝမ်းမြောက် ဝမ်းသာပြုခြင်း၊ ဥာဏ်ယှဉ်၍ပြုခြင်း၊ သူတပါးတို့ မတိုက်တွန်းရဘဲ ပြုခြင်းဟုဆိုအပ်သော ပထမတန်းစား မဟာကုသိုလ်သာ အထူးချွန်ဆုံး အထက်မြက် ဆုံးဖြစ်ပေသည်။
ထိုကုသိုလ်ရှစ်မျိုးကိုပင် တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်ဟု ၂-မျိုးခွဲနိုင်သည်။ ကုသိုလ်ပြုရာ၌ ကံကံ၏ အကျိုးကို ယုံကြည်သော ကမ္မဿကတာ ဥာဏ်သည် အရေးကြီး၏။ ရုပ်နာမ်တရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုတတ်သော ဝိပဿနာ ဥာဏ်ဖြစ်လျှင် သာ၍ထက်မြက်၏။

ထို့ကြောင့် ကုသိုလ်ပြုစဉ် အခါဝယ် ကမ္မဿကတ ဥာဏ်ဖြစ်စေ၊ ဝိပဿနာဥာဏ်ဖြစ်စေ ဥာဏ် တစ်ခုခု ပါလျှင် တိဟိတ်ကုသိုလ် ဖြစ်သည်။ ထိုကဲ့သို့နားလည်သော ဥာဏ်မပါလျှင် (ကလေးငယ်လူရိုင်းတို့ကဲ့သို့ တော်စွာ လျော်စွာ အမှတ် တမဲ့ပြုလျှင်) ဒွိဟိတ်ကုသိုလ်ဖြစ်သည်။
+ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဥာဏ်ယှဉ်ဘိ တိဟိတ်ကုသိုလ်ခေါ်။
+ ကံကျိုးမသိ၊ ဥာဏ်မရှိ၊ ဒွိဟိတ်ကုသိုလ်ခေါ်။
ထိုတိဟိတ် ဒွိဟိတ် ကုသိုလ်နှစ်မျိုးကိုပင် ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ်သောကုသိုလ်) သြမကကုသိုလ် (အညံစားကုသိုလ်)ဟု ထပ်ဆင့်၍ ခွဲနိုင်ပြန်သည်။

မှန်၏- ကုသိုလ်ကောင်းမှု ပြုရာ၌ ပုဗ္ဗစေတနာနှင့် အပရစေတနာများလည်း များသောအားဖြင့် ပါရှိရ လေ သည်။ တစ်ချို့မှာ မလှူခင် ပုဗ္ဗစေတနာ အခိုက်၌ အလွန်ထက်သန်၏။ ကုသိုလ်နှင့်စပ်သော ဇောတွေ များစွာဖြစ် လျှက်ရှိ၏။ ကုသိုလ်ပြုပြီး၊ အထမြောက်ပြီး အပရစေတနာ အခိုက်မှာလည်း လွန်စွာ အားရ၏။
ပြုရပေပြီဟု ဝမ်းမြောက်လျှက်ရှိ၏၊ ထိုကုသိုလ်မျိုးသည် ရှေ့ရောနောက်ပါ ကုသိုလ်ဇောတွေ ခြံရံလျှက် ပါသောကြောင့် လွန်စွာအားရှိ၏။ ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ် သော ကုသိုလ်) ဟုခေါ်ရ၏။
အချို့မှာမှု ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက်ဝမ်းသာမရှိ နှမြောတွန့်တိုခြင်း၊ တစ်စုံတစ်ရာအတွက် မကျေမနပ်ခြင်း၊ မိမိဂုဏ်သတင်းကြီး လိုခြင်းစသော အကုသိုလ် တွေရှေ့သွားလျှက်ရှိ၏။

ကုသိုလ်ပြုပြီး နောက် အပရစေတနာအခိုက်မှာလည်း ပြုမိ တာမှားမိလေခြင်းစသည်ဖြင့် နှလုံးမသာ မယာဖြစ်ရ၏။ ထို ကုသိုလ်မျိုးမှာ ရှေ့ရောနောက်ပါ အကုသိုလ်ခြံရံလျှက်ပါသောကြောင့် များစွာသော အာနိသင် မရှိ လှချေ။
သြမကကုသိုလ် (အညံစားကုသိုလ်) ဖြစ်ရလေသည်။
+ ရှေ့နောက်နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ်ဆင့်၍ခေါ်။
+ ရှေ့နောက်နှစ်တန်၊ အကုခြံ၊ တဖန်သြမကခေါ်။
ဤမျှဖြင့် ကုသိုလ်အကြောင်းနားလည်လောက်ပြီဖြစ်ပါသည်။

အလုပ်တစ်ခုခုလုပ်ရာတွင် ဦးတည် ချက် ရည်မှန်းချက်ထားရသကဲ့သို့ ကုသိုလ်ပြုရာ တွင်လည်း ဦးတည်ချက် ရည်ရွယ်ချက် (ပတ္ထနာ) ထားရပေ သည်။ ဤနိုင်ငံသားတို့သည် ကုသိုလ် ကောင်းမှုပြုရာ၌ တုံ့ဆိုင်းခြင်းမရှိပေ။စွန်ကြဲပေးကမ်း လှူဒါန်းရာ၌ လည်း စေတနာရက်ရောလှ  ပေသည်။ ဤကုသိုလ်စေတနာတွေကြောင့် ဆန်ရေစပါးပေါများ၍၊ သယံဇာတ များ ကြွယ်ဝ လျက်ရှိနေခြင်းဖြစ်သည်ဟုဆိုရပေမည်။ နိုင်ငံသားတို့၌ အဖိုးထိုက်စွာ အမြစ်တွယ် လျှက်ရှိ နေသော ယင်းကုသိုလ် စေတနာလေးများ ချို့ယွင်း ပျက်သွားမည်ကို မိမိ အလွန်စိုးရိမ်မိ သည်။

ယင်းသို့ကုသိုလ် ကောင်းမှုပြုရာတွင် စေတနာမှန်သော်လည်း လုပ်နည်းလုပ်ဟန်လွှဲနေလျှင် အကျိုးရ နည်းပါးနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ကောင်းမှု ပင်ပြုပြု လောကီချမ်းသာ လောကီ ပကာသနတွေကို မမျှော်ဘဲ မဂ်ဖိုလ်နိဗ္ဗာန် လောကုတ္တရာချမ်းသာတို့ကို ရည်မှန်း၍ ပြုသင့်လှပေသည်။
ဝေလာမပုဏ္ဏားကဲ့သို့ ထမင်းရည်ချောင်းစီးအောင်လှူသည်ပင်ဖြစ်စေ၊ လောကီင်္ချမ်းသာ၊ လောကီ ပကာသန တို့ကိုမျှော်၍ပြုလျှင်၊ မိစ္ဆာပဋိပဒါ- အသိလွဲအမြင်လွဲ၊ လုပ်နည်းလုပ်ဟန် လွဲမှားခြင်း သာဖြစ်၏။ တစ်ယောက်ချိုမျှ လောက်သော ယာဂုကိုလှူသည်ဖြစ်စေ၊ နိဗ္ဗာန်ချမ်းသာကိုရည်မှန်း၍ လှူဒါန်းလျှင် သမ္မာပဋိပဒါ - အသိမှန် အမြင်မှန်၊ လုပ်နည်း လုပ်ဟန်မှန်ကန်ခြင်းဖြစ်၏။
(သံယုတ် နိဒါနဝဂ္ဂကထာ-ပဋိပဒါသုတ် ၁၈-ရှု့)။

ထိုပြင်ကုသိုလ်ကောင်းမှု ပြုရာ၌ ''ဣဒံမေ ဒါနံ အာသဝက္ခယံ ဝဟံ ဟောတု၊ ငါ၏ ဤဒါနကောင်းမှု သည် အာသဝေါတရား ၄ ပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို ပို့ဆောင်နိုင်ပါစေ"ဟု နှုတ်ဖြင့်ရွတ်ဆို၍ (ရည်မှန်း၍) ပြုလျှင် ဗောဓိဆု ၃ မျိုးကိုပင် အလိုလို ပြီးနိုင်ပါသည်။
ဗောဓိဆု ၃ မျိုးမှာ.....
(၁) သာဝကဗောဓိဆု- သာဝကအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
(၂) ပစ္စေကဗောဓိဆု- ဘုရားငယ်တစ်ဆူအဖြစ်နှင့်အဖြစ်နှင့်သစ္စာလေးပါးကိုသိမြင်ခြင်း။
(၃) သမ္မာ သမ္ဗောဓိဆု- ဗုဒ္ဓအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။

မိမိတို့၏ ပါရမီအလျှောက် ဤဗောဓိဆုကြီးများ ပြီးမြောက်နိုင်ကြသည်ဟူလို။ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာတွင် ကမ္မဿကတာဥာဏ်၊ ဝိပဿနာဥာဏ်နှင့် ယှဉ်သော ဥာဏသမ္ပယုတ် ကုသိုလ်ဖြင့်၎င်း၊ လောဘ ဒေါသစသော အကုသိုလ်တို့ မခြံရံ အထက်တန်းစား တိဟိတ်ကုသိုလ် ဖြင့်၎င်း၊ နိဗ္ဗာန်ကို ရည်မှန်း၍ ကြိုးပန်းအား ထုတ်နိုင်ကြပါစေရန် ရည်ရွယ်၍တင်ပြအပ်ပါသည်။

မှီငြမ်းကျမ်းကိုး--ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ်၁၂)
နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။ မေတ္တာဖြင့်-

"လုံမငြိမ်းချမ်း"