Wednesday, September 7, 2011

သုဂတဂုဏ်ရှင်


သုဂတဂုဏ်ရှင်
ဝါးရွက်တို့ကို လေထိုးသံမှ အပ တိတ်ဆိတ်ကာ ဝါးရုံဖျားတို့ နွဲ့ယိမ်းသည်မှ တပါး ငြိမ်သက်လျက်ရှိသည်၊ ဝေဠုဝန ဝါးတောရိပ်မြုံ၊ သည်ဥယျာဉ်သည် နေချင့်ဖွယ် ရှိသည်ကို ယခင်ငယ်ဘဝတည်းက ခမည်းတော်နှင့်မကြာမကြာ ရောက်ဖူး၍ သိနှင့်ပြီ၊ ယခုလည်း မွေ့လျှော်ဖွယ် အတိပင်၊ ပင်ခြေရှင်းတောအုပ်ဝယ် ဝါးရွက်ခြောက်တို့က မွေ့ယာကဲ့သို့ ပြန့်လျှက်၊ ရောနှောပေါက် ရောက်နေသော သရက်၊ ကုက္ကိုစသော အပင်တို့ကလည်း ရိပ်ဖြာလျက်ပင်၊
ရှဥ့်မြီးဖွားလေးတွေက ပြေးတုန်၊ လွှားတုန်၊ သက်တုန် တက်တုန်။ ဤသာယာ သည့်မြေကို ခမည်းတော်က သူ့ကိုပေးလှူလိုက်သည်၊ ခမည်းတော်ကတော့လေ သူ့အတွက်သာဆို ဒီဝါးဥယျာဉ်ကို မဆိုထားနှင့် ဘာမဆို ပေးလှူမှာပါပဲ၊ ကြားမိသေးတော့၊ ဟို လွန်ခဲ့အတိတ်ဆီက ရဟန်းပြုလာစ သူနှင့် ဆုံကြရာ ခမည်းတော်က ခုလိုလှည့်လည် သွားလာမနေဘဲ သူနှင့်အတူ ခွဲဝေပြီး ရာဇဂြိုဟ်ကို အုပ်ချုပ်ဖို့ခေါ်ခဲ့သေးတာ၊ ခုလည်း သူဒီမှာ ရှိနေသည်၊ သူ့ကိုတွေ့ဖို့လာခဲ့ရသည်၊ တွေ့ရန်အကြောင်းကလည်း သာမညမဟုတ်၊ တကယ့်ပြဿနာနှင့် စွဲချက်တင်ရန်၊
တကယ်တွေ့ရတော့မည် ဆိုတော့ ရင်ကလှိုက်သလိုလို၊ ဖိုသလိုလို၊ အို ... ဘာရွံ့ရမလဲ၊ ဒီလို ယှဉ်ပြိုင်မှုမျိုးပင်ကိုယ်ကကို ဝါသနာထုံတာ၊ နောက်ပြီး ပုစ္ဆာဆင်ပေးလိုက်သူကလည်း အနုညာတ မဟုတ်၊ တကယ့် ဂဏာစရိယ၊ နိဂဏ္ဍတို့ ထိပ်ခေါင် နာဋပုတ္တဆရာရှင်ကိုယ်တိုင်၊ နာဋပုတ္တ ဆိုတာ သူ့လိုပဲ မင်းသားကရဟန်းပြုလာသူ၊ ဇာတ်မြင့်၊ နောက်ပြီး နောက်လိုက်များစွာကို ဦးဆောင်နေသူ၊ သူပေါ်ထွန်းလာမှ အနည်းငယ် နောက်တန်း ရောက်သွားပေမယ့် ကျော်စောမှုက လက်ကျန်များဆဲ၊ ကိုယ်တိုင်ပင် ထိုအရှင် နာဋပုတ္တရဲ့ ဓမ္မကို သဘောကျ နှစ်ခြိုက်ဆဲ၊အရှင်နာဋပုတ္တက ဘုရင့်သားဖြစ်သော မိမိကို အရေးပေးသကဲ့သို့ မိမိကလည်း အရှင့်ကို အကျွမ်းတဝင်ရှိလှသည်။
ယခုလို နိဂဏ္ဍကျောင်းသို့ ရောက်တတ်သလို နန်းဆောင်သို့လည်း နိဂဏ္ဍတို့ကို ပင့်ဖိတ်၍ ဒါနပြုမြဲဖြစ်သည်။
သူ့ကိုမူ မကြာခဏ ဆုံဖူးသော်လည်း မဖိတ်ကြားဖူးခဲ့၊ ခမည်းတော်နှင့် အကျွမ်းတဝင်ရှိသော်ငြား မိမိကမူ ဘာသိဘာသာပင်၊ ယနေ့တော့မူ သူနှင့် စကားဆို ရတော့မည်၊ စကားမှ အခြေအတင်စကား၊ သူက အလွန်စကားလိမ္မာသူအဖြစ် ကျော်ဇောလှသည်၊ ထိုကျော်ဇောမှုဂုဏ်ကို မှေးမှိန်စေမည့်အရာ မိမိ၏နှုတ်မှာတည် နေပြီ၊ အတွေးစဉ်ကို ဖြတ်၍ ကျောင်းတွင်းလှမ်းဝင်လိုက်ကာ ..
“ကျွန်ုပ် အဘယရာဇကုမာရပါ အရှင်” ထိုင် နေသောသူက ဘာမျှမဆို၊ “မျက်လွှာကို လှပ်၍ ကြည့်ခြင်းဖြင့် အသိမှတ်ပြု သည်”ထို့ကြောင့်စကားဆက်ရန် ပြင်ခိုက်၊ အလို နေဝင်လုပါပကော၊ စွဲချက် အခြေ အတင်ပြုရန် အချိန်မလောက်ပြီ၊ နောက်ပြီး ယခုလို နှစ်ဦးတည်း စောဒကတင်ခြင်း ထက် လူပုံအလယ်တွင် စွဲချက်တင်ခြင်းက သူ့အရောင်ကို ပိုမှိန်စေလိမ့်မည်ဟု သဘောပေါက်ကာ ဦးတည်ချက်ကို ပြောင်းလိုက်သည်၊ “နက်ဖြန် မိုးသောက်မှာ ကျွန်ုပ်အိမ်ကို ဆွမ်းအလှူခံဖို့ .. “ အင်း .. တပါးတည်းဆို သူအများတို့ ကဲ့ရဲ့ဖွယ်ဖြစ်ချိမ့်မည် ကို အမှတ်ရကာ”အရှင်နှင့် အတူ နောက်ပါသံဃာ သုံးပါး ကြွပါအရှင်” စီစဉ်ပြီးတာနဲ့ အထောက်လွှတ်ဆိုပါ့မယ်” ဟု ပြောလိုက်သည်။ ဆိတ်ဆိတ်နေခြင်းဖြင့်ပင် လက်ခံကြောင်း သိနှင့်ပြီးမို့ အသာထပြန်ခဲ့ သည်၊
ဝန်းကျင်တွင်မူ နေရောင်မရှိတော့။စီရင်ဖွယ်တို့ကို စီမံအပြီး သလွန်ပေါ်လဲလျှောင်းလိုက်တော့ အိပ်ဖန်စောင့်က ကမ္ပလာကို လွှမ်းခြုံပေးလာသည်။ ထိုစဉ် တဘက်ဆောင်မှ သားငယ်လေး၏ ငိုသံကိုကြားလိုက်ရသည်။ နို့ရည်မွတ်သိမ့်လေ၍လား၊အိပ်ယာသည် ကျင်ငယ်တို့ဖြင့် စို၍လား၊ လှမ်းပြောမည်အပြု သူ့မိခင်၏ စုပ်သပ်သံ ချော့မြူသံကို ကြားရ၍ ဆိတ်ဆိတ်ပင်နေလိုက်တော့သည်၊ မျက်လွှာပိတ်၍ အိပ်တော့အံ့ ဟု ကြံမိသည်။ သို့သော် မျက်စေ့မှိတ်မှ နေခင်းက သွားလာခဲ့သမျှသည် ပြတ်ထင်လာကုန်တော့သည်၊ ပြောသံ ဆိုသံတို့ကလည်း ပဲ့တင်ထပ်လာကြသည်၊ “ခု တို့မှာဝမ်းရေးဖွေရတာ ခက်ခဲလာပြီ၊ အို ..ဝတ်စရာကတော့ ထားပါ၊ ဝတ်လိုက ဝတ်၊ မဝတ်လိုက နေနိုင်မို့ ..
နေစရာနဲ့ အခြားလာဘ်သပ္ပကာတွေဟာ မဖြစ်ပေါ်လာကြတော့ဘူး၊ ဟုတ်တယ် .. ယခင်က တို့ရဲ့ အရှင်မဟာဝီရကို ချဉ်းကပ်ကိုးကွယ်တဲ့ ခတ္တိယတွေနဲ့ ဗြဟ္မဏတွေ ဝဿတွေကလည်း သူ့ကိုဘဲ အထင်တကြီးနဲ့ နောက်လိုက်ပြုကုန်ကြပြီလေ .. စသည့် စကားများ၊ နိဂဏ္ဍငယ်များဝိုင်းဖွဲ့ပြောနေကြ သံ၊ မကြာခဏဆိုသလို နိဂဏ္ဍနာဋပုတ္တ၏
အရာမ်သို့ ရောက်လေ့ရှိခဲ့သည်။ ရောက်တိုင်းနီးပါးလည်း ကြားခဲ့ဖူးသည်၊ ယနေ့မှာမူ မိမိကို အရေးတယူသိစေလိုသော သဘောဖြင့် ပြောနေကြကြောင်း ရိပ်စားမိခဲ့သည်။ စိတ်မကောင်း၊ မိမိလည်း စွမ်းသလောက် သူတို့ကို ထောက်ပံ့ခဲ့သည်၊ ခမည်းတော် ရှိစဉ်ကလည်း သူတို့ကို အထိုက်အလျှောက် ပေးလှူခဲ့တာ မိမိအသိ၊ ခု .. ညီတော် ဘုရင်မင်းမြတ် လက်ထက်မှာကော .. အင်း .. အရင်ကတော့ သူရို့ကို မိမိကဲ့သို့ ညီတော်လည်း ချဉ်းကပ်ခဲ့သည်၊
နောက်တော့ သူတို့၏ အကျင့်များ၊ ဒေသနာများကို ညီတော်က မနှစ်ခြိုက်ခဲ့၊ နောက်ပိုင်း သားမောင် ဇီဝကနှင့်ကျွမ်းဝင်ကာ ရှင်ဂေါတမရဲ့ သာဝကဖြစ်ခဲ့ပြီကော၊ မိမိသာ အစဉ်မပြတ် ..။
ပြန်စဉ်းစားကြည့်မိသည်။ အရှင်နိဂဏ္ဍရဲ့ ဓမ္မတွေ၊ ရေအေးဟူသမျှ အပြစ်ရှိသည်၊ မသုံးကောင်း၊ ရှောင်ရမည်၊
မကောင်းသည့် ထိုသို့သော အရာတွေကို ရှောင်ကြဉ်ခြင်းဖြင့် မိမိ၏ “အတ္တ”လေးသည် မဟာအတ္တမာန်ကြီးနှင့်ပေါင်းသွားကာ နောက်ဆုံး မောက္ခကို ရနိုင်မည်တဲ့၊ ဤသဘောကို မိရိုးဖလာအစဉ်အဖြစ် လူတွေက လက်ခံလိုက်နာခဲ့ကြသည်၊ ယနေ့တော့မူ သူ့တရားကို ဆန်းစစ်လာကြကာ ပညာတတ်တွေနှင့် သူဋ္ဌေးသူကြွယ်တွေက ငြင်းပယ်လာကြတော့သည်၊ ငြင်းပယ်ယုံမျှမက ထိုအယူဝါဒနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော အရှင်ဂေါတမ၏ အယူဓမ္မကို လိုက်နာလာကြတော့သည်၊ ထိုအခါ ယုံကြည်မှုကို အကြောင်းပြုကာ ဖြစ်ပေါ်လာသော လာဘ်သပ္ပကာတို့သည်၊ သူရို့ထံ၌ ကင်းဆိတ်လျှက်၊ ရှင်ဂေါတမ အထံ၌သာ စုပုံကုန်တော့သည်၊ သည်တော့
နိဂဏ္ဍကြီးနှင့် သာဝကတို့ခမျာ ..ဟူး ..။
သည်အရာ မဖြစ်ကောင်းတဲ့ အရာပေပဲ၊ ပဝေဏီက ဟောခဲ့သော နိဂဏ္ဍတို့ရဲ့ တရားကို ပြစ်ပယ်ကာရှင်ဂေါတမ၏ တရားသည်မှန်ပါပေစွ၊ စကားသည် ဟုတ်ပါပေစွ၊ အကျင့်သည် ကောင်းပါပေစွနှင့် လူတွေပြောဆိုနေကြသည့် ကျော်စောသံဟာ ရှိသည်ထက် ပိုလွန် ဆိုနေကြခြင်းသာဖြစ်ရမည်၊ သူကကော ရှင်နိဂဏ္ဍထက် ဘာတွေသာ လွန်လို့လဲ၊ ဘယ်လောက် ပညာဉာဏ်ကဲ လို့လဲ၊ အေးလေ .. ဒီအဖြေဟာ နံနက်မိုးသောက်တာနဲ့ ထင်ရှားလာမှာပါ .. ဟင်း .. ဟင်း ..အင်း .. အိပ်ဦးမှ .. အိပ်ဦးမှ .. နံနက်စောစော ထရဦးမှာ။
ညာဘက်သို့ လူးလွန့်လိုက်သည်၊ အိပ်အံ့ကြိုးစားသော်ငြား မပျော်၊ အတွေးက နှိုးနေတော့သည်၊အတွေးနောက်တွင် စကားလုံးတို့က ပေါ်လာကြပြန်သည်၊ ရှင်ဂေါတမကို ပြဿနာတင်သည့်အခါ ခိုင်နိုင်သမျှခိုင်ရမည်၊ ဒါမှ သူမလှုပ်နိုင်၊ မဖြည်နိုင်၊ လက်မှိုင်ချကာ အရှုံးကြီး ရှုံးရမည်၊ ထိုရှုံးခြင်းကို အလှူလာသူများမှတဆင့် ပြန့်နှံ့သွားကာ သူ့အပေါ် အထင်ကြီးမှုတို့ လျော့ပါး သွားမည်၊ စကားပြောကောင်းသူ၊ ပညာရှင်အဖြစ်ငါလည်း ထင်ရှားသည်ထက် ထင်ရှားလာမည်၊ ပြီး .. ငါကို သင်ကြားပေးလိုက် သည့် အရှင်နိဂဏ္ဍ၏ ဂုဏ်သတင်းလည်း တက်သည်ထက် တက်ယုံမက လာဘ်သပ္ပကာ လှူဖွယ်ဝတ္ထုတို့သည်လည်း များပြားလှစွာ ..သုံးမကုန် စွဲမခန်း ..။
အင်း .. ပြောမည့်သာ ပြောရတာ၊ ရှင်ဂေါတမက စကားအရာအလွန်လိမ္မာတာ၊ သူ့နဲ့ ပြောဆိုဆွေးနွေးပြီးသူမှန်ရင် သူ့ကို သဘောကျသွားကြတာတဲ့၊ ဒါကြောင့်လည်း သူ့ကို မာယာကြီးသူလို့ အရှင်နိဂဏ္ဍတို့ကသာမက ဟို.. အရှင်ပုရာဏတို့၊ အရှင်သဉ္စယဗေလဋ္ဌတို့ အသိုင်းအဝိုင်းတွေကပါ ပြောနေကြတာလေ၊ အို .. သူဘယ်လောက် စကားကြွယ်ကြွယ် ခု ပြဿနာမှာတော့ ဇက်ကျိုးသွားတဲ့ ကြိုးကြာငှက်လို ငူငိုင်ပြီး နေရစေမယ်၊ ဟုတ်တယ်လေ။
ခု ပြဿနာက သူဘယ်လိုမှ မဖြေနိုင်မည့် ပုစ္ဆာ၊ အရှင် နိဂဏ္ဍ ဉာဏ်ကုန်သုံးပြီး စဉ်းစားအကွက်ဆင် ထားတဲ့မေးခွန်း၊အရှင် နိဂဏ္ဍ စကားအတိုင်းဆို “ အဘယ ဒီပြဿနာဟာ .. ငါ လေးလအချိန်ယူ၍ စဉ်းစားထားသောအရာဖြစ်ပေတယ်၊ ဒီမေးခွန်းကြားလိုက်ရသည်နှင့် ရဟန်းဂေါတမဟာ ငါးမြှားချိတ် အာမှာ စူးသော ယောကျာ်းကဲ့သို့မထွေးနိုင်၊ မမြိုနိုင်ဖြစ်ကာ ဇက်ကျိုး၍ မှိုင်နေရမယ်၊ သင်မင်းသားကိုလည်း ပညာကြီးသူဟု ချီးကျူးကြလိမ့် မယ်”တဲ့၊ နေ့ခင်းက ပြောလိုက်သည့်စကားများ၊ ဟင်း .. ဟင်း .. သစ္စကပရိဗိုဇ်တို့လို ပညာရှင်တွေကို အပွဲပွဲ အနိုင်ယူခဲ့တဲ့ ရှင်ဂေါတမ .. ဒီတခါဖြင့် .. အရှုံးကြီးရှုံးရတော့မှာပါ့၊ အင်း .. အရှင်နိဂဏ္ဍ ဉာဏ်ကြီး ကြောင်းပြုပြီး
.. ငါအဖို့လည်း ..။ပွဲပြီးရင်တော့ နိဂဏ္ဍတွေကို ကောင်းကောင်းလှူဒါန်းရမယ်၊ အရှင်နာဋပုတ္တကိုလည်း အသက်ထက်ဆုံးကိုးကွယ် ..။
မေးခွန်းတွေကို ပြန်နှလုံးသွင်းဦးမှ ..ရှေ့ကျမှ မေ့နေလို့ မဖြစ်ဘူး .. အရှင်နိဂဏ္ဍ နှစ်ကိုယ်ကြား သင်ပေးလိုက်တာက ပထမမေးရမည်က အရှင်ဂေါတမ ဘုရားဖြစ်တဲ့ အရှင်ဘုရားတို့သည် သူတပါးတို့ မလိုလား မနှစ်သက်တဲ့ စကားကို ဆိုကောင်းပါ သလား ဟုမေးရမည်၊ “ဆိုကောင်းတယ်” ဟု ရှင်ဂေါတမ ဖြေခဲ့လျှင်၊ ဒါဆို ..
တထာဂတဖြစ်တဲ့ အရှင်ဟာ ပုထုဇဉ်ဆိုတဲ့ အများသူ ငါနဲ့ ဘာမျှမကွာခြားပါလား၊ မြတ်စွာဘုရားရဲ့ နှုတ်နဲ့သာမန်လူတွေရဲ့နှုတ် ဘာမျှမထူးပါလား၊ ကောင်းသော စကားကို ဆိုတတ်သူ ဆိုတဲ့ ဂုဏ်ရှင် ဟုတ်နိုင်ပါ့မလား”ဟုစောဒက တင်လိုက်မည်၊ ထိုအခါ အရှင်ဂေါတမ ဘာပြောနိုင်မည်နည်း၊ ဘယ်လို ကွေ့ရှောင် နိုင်မည်နည်း၊ ထိုသို့
မဟုတ်ဘဲ၊ “မဆိုကောင်း” ဟု ဖြေလျှင်၊ “ဒါဆို ..အရှင်သည် ဘာဖြစ်လို့ ရှင်ဒေဝဒတ္ထကို ချမ်းသာ ကင်းရာအပါယ်လားမည့်သူ၊ ငရဲကျမည့်သူ ဟု ပြောရပါလဲ၊ ဒီစကားများ တွက် ရှင်ဒေဝဒတ္ထ စိတ်မချမ်းသာ ဖြစ်ရတယ် မဟုတ်လား”
ဟု ရေပိတ်စပါး မေးချလိုက်မည်၊ ထိုအခါ .. အာခေါင် ငါးမြှားချိတ်စူး သော ယောကျာ်းအလား ..။
အစွန်းနှစ်ဘက်နှင့် လွတ်မထွက်နိုင်သည့် မေးခွန်းများနှင့် ဉာဏ်ပညာကြီးမြင့်ပါပေတယ်ဆိုသည့် ရှင်ဂေါတမ ဘယ်ပုံလွတ်အောင် ဖြေနိုင်မည်လဲ၊ ထိုသို့ မဖြေနိုင် လက်မှိုင်ချနေမည့် အသွင်ကို တစ်ယောက်ကစ တရာ ပြောကြ ဆိုကြမည်၊ ထိုအခါ မဖြေဆိုနိုင် သူ၏ ဂုဏ်သတင်းသည် မှေးမှိန်ကျဆင်း၊ မေးခွန်းရှင်ကမူ ဉာဏ်သာသူအဖြစ် ဂုဏ်ရှိန်မြင့်မား .. မေးခွန်းသင်သူ အရှင်နိဂဏ္ဍနာဋ ပုတ္တသည်လည်း ... အတွေးတို့နှင့် နှိုးကြားနေကာ အိပ်စက်လိုစိတ်သည် ကွယ်ပနေခဲ့သည်၊ အိပ်စက်လိုစိတ်ထက် မိုးမြန်မြန်သောက်စေလိုသည့် စိတ်က ကဲနေတော့သည် ..
“မိုးကလည်း သောက်ခဲလိုက်ပါဘိ ..” “ဆွမ်းအတွက် အချိန်တန်ပါပြီ” ဟု သွားရောက် လျှောက်ထားသည့် မင်းချင်း ပြန်ရောက်၍ မကြာမီမှာပင် ရှင်ဂေါတမသည် ရဟန်းသုံးပါး ခြံရံ၍ ကြွရောက်လာသည်၊ ငြိမ်သက်သော အသွင်ကဖြင့် တင့်တယ်ပါပေ့၊ သူ့သာဝကတွေကလည်း .. အင်း .. ငါ့အရှင် နိဂဏ္ဍတွေနဲ့တော့ ကွားခြားတာအမှန်၊ အို .. ဘာဣနြေ္ဒတွေညာဣနြေ္ဒတွေက အရေးမဟုတ်ပါဘူး၊ အဓိကက ဝါဒတင်ဖို့၊ ပြဿနာပေးဖို့၊ အင်း .. ရောက်မဆိုက် မေးရန်မလျှော်ချေဘူး၊ တက်ကြွနေသော ဆန္ဒကို ချုပ်ကာ ကြိုဆိုနေရာပေးခြင်း ဝတ်ကို ပြုရသည်။
ပဋိသန္ဓာရတို့ ပြောဆိုပြီး စဉ်းငယ်အတွင်းမှာပင် အဆင်း၊ အနံ့၊ အရသာတို့နှင့် ပြည့်စုံသည် ပဏီတဘောဇဉ်တွေရောက်လာသည်၊ အရှင်ဂေါတမတို့၏ လက်သို့ ဆက်ကပ်လိုက်သည်၊ သူတို့ ဘုဉ်းပေးသုံးဆောင်ဟန်ကိုကြည့်လျက် အင်း .. စားသောက်ရာမှာလည်း ပြန့်လွှင့်မှု မရှိကြပါလား၊ ရှင်နိဂဏ္ဍတွေဆို .. ဟဲ့ .. ဟိုဟာယူခဲ့၊ သည်ဟာ ကမ်းလင့်နဲ့ .. ဒီရဟန်းတွေကတော့ အစာအာဟာရမှာ တပ်မက်ခြင်းကင်းပြီး ရောင့်ရဲခြင်းပြည့်ဟန်ပဲ၊
ဒီ .. ချုပ်တည်းမှုတွေကလည်း မကြာခင်မှာ ဖျောက် .. ပျက် ..၊ စိတ်က လှုပ်ရှားလာသည်၊ ဪ သြော် ..ငါ့အကြံအစီကို မသိဘဲ သုံးဆောင်နေလိုက်ကြတာ.. အဲဒီစားသုံးသမျှ အာဟာရ တွေဟာ မေးခွန်းဆုံးအောင်မှ ခံပါ့မလား .. ဟင်း .. ဟင်း .. ဟင်း ..။
လက်တို့ကို သပိတ်မှ ပယ်ပြီးသော အရှင်ဂေါတမကိုကြည့်၍ သူတို့ ရောင့်ရဲသွားပြီဆိုတာသိလိုက်သည်၊
ဆွမ်းပွဲတို့ကို သိမ်းဆည်းနေကြစဉ်၊ အစေမငယ်၏ လက်ထဲမှ သားငယ်ကို လှမ်းယူလိုက်သည်၊ အထိန်းမငယ်ပြုဖွယ်တို့ကို ဖြောင့်ဖြောင့်ဆောင်ရွက် စေလိုမှုထက် အရှင်ဂေါတမနှင့် အခြေအတင်ဖြစ်သောအခါ ထွက်ပေါက်အဖြစ်ရည်ရွယ်သည်ကိုတော့ အရှင်တွေ မသိတန်ကောင်း ပေဘူး၊ ဟုတ်တယ်လေ၊ မတော်လို့ ကိုယ်က အခြေမဟန်ဘဲ သူ့ဘက်က စကားတွေနဲ့ တန်ပြန် ဝါဒတင်လာရင် .. ဖြေနိုင်က အကြောင်းမဟုတ်၊ မဖြေနိုင်ခဲ့သော် ..
မဖြေနိုင်ခဲ့သော် .. အဲဒီအခါ ရင်ခွင်ထက်ကလေးကို အကြောင်းပြုပြီး ရှောင်လွှဲရမည်၊ ကလေးငိုလို့၊ ကလေးကကောင်းစွာမနေလို့ဟု အကြောင်းပြကာ ထွက်ပေါက်လုပ်မည်၊ ဟုတ်သည် .. ဒါဟာလည်း ဝါဒရှင်ဆိုတဲ့တတ္ထိဆရာကြီး တွေ အသုံးပြုကြသည့်နည်းတွေထဲက တစ်ခုပေပဲ။
ကလေးကို ပေါင်မှာထားရင်း ရှင်ဂေါတမ ရှေ့ နိမ့်သောနေရာမှာ ဝင်ထိုင်လိုက်သည်၊ ပြီးမှ “ အရှင်ဘုရား .. ကြုံတုန်း အကျွန်ုပ် မေးပါ့ရစေ.. ဘုရား”ဆိုတဲ့ အရှင်ဟာ သူတပါးတို့ မလိုလား မနှစ်သက်တဲ့ စကားကို ဆိုကောင်းပါသလား”
တစ်ချက်မော့ကြည့်ရင်း ခေါင်းငုံ့ကာ အဖြေကို စောင့်နေလိုက်သည်၊ သူ ဘယ်လိုဖြေမလဲ .. ဘယ်လိုဖြေမလဲ .. “ဆိုကောင်းတယ်”  ဖြေမလား၊ “မဆိုဘူး”လို့ ဖြေမလား၊ ကြိုက်ရာဖြေ၊ ရုန်းမလွတ်နိုင်ပါဘူး၊
ရှေ့တက်လာသမျှတွေဟာ အရှင်ဂေါတမ အတွက်တော့ အခက်တွေချည်းပဲ၊ ဖြေ ..ပါ၊ နှစ်သက်သလိုဖြေ ..မေးခွန်းကို ထပ်မံတင်မည် အပြု ..“အဘယမင်းသား .. သင်မေးသော သည်ပြဿနာမှာ “ဆိုကောင်း၏”ဟု ဖြစ်စေ “မဆိုကောင်း” ဟူ၍ဖြစ်စေ တစ်ခွန်းတည်း တစ်ထစ်ကျ ဆို၍ မဖြစ်နိုင်” “ဟိုက် .. သွားပကော .. နိဂဏ္ဍတွေတော့ ရှုံးပါပြီ”
အာမေဋိတ်သည် ဘယ်ကဘယ်လို နှုတ်က ခုန်ထွက်သွားမှန်း မသိလိုက်၊ “ရှုံးကုန်ပဟဲ့” ဆိုသည့် စကားကိုလည်း အံ့ဩကြီးစွာ ရေရွတ်လိုက်မိသည်၊ ဤသို့ဖြေလျင် ဤသို့ တင်၊ ထိုသို့ ဖြေလျှင် ထိုသို့ တင် ဟု လေးလကြာမျှ
ဆင်ခဲ့သော ပုစ္ဆာသည် ကျောက်ဆောင်ကြီးနှင့် ရိုက်မိသော လှိုင်းကဲ့သို့ လွှင့်စင်ကွဲ ထွက်သွား ချေပကော။ “မင်းသား အဘယ်ကြောင့် ဒီနေရာမှာလည်း ရှုံးပေါ့၊ နိဂဏ္ဍတွေ ကျဆုံးပေါ့လို့ ရေရွတ်ပြောဆိုတာလဲ”
မကွယ်ဝှက်သာပြီ၊ ထို့ကြောင့် ဦးခေါင်းကို ညွတ်လိုက်ရင်း ဖြစ်ကြောင်းစုံကို ဖွင့်ဟ လျှောက်ကြားလိုက်ရသည်၊
အရှင်ဂေါတမ၏ အသွင်မှာ မည်သို့မျှ မထူးခြားပေမင့် ရဟန်းတို့၏ အသွင်မှာမူ အံ့ဩနေကြဟန်ပင်၊ ဇနီးသည် မင်းသမီးကလည်း ပြုံးထေ့ထေ့နှင့် မျက်လုံးဝင့်  ကြည့်နေသည်၊ ပြောရန်စကားမဲ့နေ၍ ပေါင်ပေါ်က သားလေးကိုငုံ့ကြည့်နေစဉ် .. “မင်းသား သင့်ကို ငါမေးမည် သင်သဘောကျသလို ဖြေပါ၊ တကယ်လို့ အဲဒီ သင့်ပေါင်ပေါ်ကကလေးသူငယ်ကို သင်ကဖြစ်စေ၊ အထိန်းကဖြစ်စေ မေ့လျှော့ထားမိလို့ ကလေးက ထင်းစ ဒုတ်ချောင်း အိုးခြမ်းကွဲမှန်ကွဲတို့ကို ပါးစပ်ထဲ သွင်းမိပြီးဆိုပါတော့ ထို သူငယ်ကို သင်ဘယ်လို လုပ်မလဲ”
“အို .. အရှင်ဘုရားနှယ် .. ချက်ချင်းဘဲ .. ကလေးပါးစပ်ထဲက ထင်းစ အိုးစ စတဲ့ ဟာတွေကို နှိုက်ထုတ်ပါမယ်၊ ကလော်ပါမယ်၊ မရလျင် ခေါင်းကို တင်းတင်းကိုင် ဆုပ်ကာ ပါးစပ်ကို ဖွင့်ပြီး သွေးသံ ရဲရဲဖြစ်ချင် ဖြစ်ပါစေ အတင်းထုတ်ယူပစ်ပါမယ် ဘုရား၊ ဒါဟာ ရက်စက်လို၍ မဟုတ်ပါ ကလေးကို ချစ်ခင် ကြင်နာ၍ ဖြစ်ပါတယ်ဘုရာ့”
“မင်းသား သည့်အတူပင် .. ငါဘုရားသည်လည်း စကားဆိုရာ၌ မှန်လည်း မမှန်၊ အကျိုးလည်း မရှိ၊ သူတပါးတို့လည်း မနှစ်သက်တဲ့ စကားမျိုးကို ဘယ်သောအခါမျှ မဆို”
“မှန်ပင်မှန်သော်လည်း အကျိုးမရှိ၊ သူတပါး မနှစ်သက် မလိုလားတဲ့ စကားကိုလည်း မဆို”
“အိမ်း .. မှန်လည်း မှန်၊ အကျိုးလည်း ရှိတဲ့ စကားတော့ ကြားသူတို့ မနှစ်သက်သော် ငြား ဆိုသင့်ရာမှာပြောဆိုတယ်”
“ဒါတင်မကဘူး မင်းသား .. မှန်လည်း မမှန်၊ အကျိုးလည်း မရှိဘဲ အများက နှစ်သက် နေတဲ့စကားမျိုးကိုလည်း ငါမဆို”“အေး .. မှန်တော့မှန်ပါရဲ့၊ အကျိုးကမရှိ၊ အများကတော့ သဘောကျတယ်ဆိုတဲ့ စကားမျိုးကိုလည်း မပြောချေ”“မှန်လည်း မှန်၊ အကျိုးလည်း ရှိ၊ အများကလည်း လိုလားနှစ်သက်တဲ့ စကားကိုတော့ အခါအခွင့်အားလျှော်စွာဆိုလေ့ရှိတယ် မင်းသား၊ ဒီလို စကားခြောက်ခွန်းမှာ လေးခွန်းကို ပယ်ပြီး နှစ်ခွန်းကိုသာ ဆိုရပြောရ တာဟာလည်း သင့်တို့အပေါ်မှာ ထားရှိတဲ့ မေတ္တာနှင့် ကရုဏာကြောင့်ပဲ အဘယကုမာရ”
တိတ်ဆိတ်သွားသည်၊ သို့သော် မိမိရင်၌မူ ပဲ့တင်သံက ထပ်လျက်၊ ဟုတ်မှန် ကျိုးရှိသည့် စကားမျိုးကို အများလက်ခံသည် ဖြစ်စေ၊ မခံသည်ဖြစ်စေ အကျိုးကို ရှေးရှုပြီး ပြောသင့်ရာမှာ ပြောရမှာပါကလား၊ အင်း ..
ဒီကျင့်ကောင်းတွေ ရှင်နိဂဏ္ဍတို့ထံက မကြားဖူးခဲ့ပါလား၊ အို .. သူတို့ ကိုယ်တိုင် တောင်မှ သိတန်ကောင်းရဲ့လား၊ အံ့ဩဝမ်းသာစွာပင် မော့ကြည့်ရင်း ..
“အရှင်မြတ်ဘုရား မေးလျှောက်စမ်းပါရစေ၊ မင်းပုဏ္ဏား ရဟန်း၊ သူကြွယ် အဘယ်ပညာရှိမဆို ကြိုတင်စီမံပြီး မေးလာကြလျှင် “ဤသို့မေးက ဤသို့ဖြေအံ့” “ထိုသို့ မေးက ထိုနှယ်ဖြေအံ့” လို့ ကြိုတင်ကြံစီထားလို့ ယခုလို လွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်တာများလား ဘုရား”
“အဘယရာဇ ကုမာရ သည်အရေး၌လည်း သင့်ကိုပဲ ပြန်မေးရဦးမယ် .. သင်စိတ်တိုင်းကျသလို ဖြေပါ၊သင်ဟာ ရထား ဆိုင်ရာ ကျွမ်းကျင်သူလို့ ငါသိရတယ်”“ဟုတ်ပါတယ် အရှင် .. အကျွန်ုပ်ဟာ ရထားဆိုင်ရာ ကျွမ်းကျင်သူပါ” “အဲဒီလိုဆို သင်ဟာ တစ်စုံတယောက်က ရထားနဲ့ ပတ်သက်ပြီး မေးလာခဲ့သော် ဖြေနိုင်အောင်ကြိုတင်ကြံစီစဉ်းစား ထားရသလား”
“အကျွန်ုပ်ဟာ ရထားဖက်ဆိုင်ရာ အတတ်မှာ တဘက်ကမ်းခတ် တတ်မြောက်၍ ရထားအင်္ဂါ အစိတ်အပိုင်းတို့နှင့် စပ်၍ မေးလာ သမျှကို စဉ်းစားဖွယ်မလို ကောက်ကာ ငင်ကာပင် ဖြေလိုက်တာပါဘုရား”
“သည်လိုပဲ မင်းသား .. မင်း ပုဏ္ဏား၊ ရဟန်း၊ သူကြွယ် အသွယ်သွယ်သော ပညာရှိတို့သည် ကြိုတင်ကြံစီ၍ဖြစ်စေ၊ ရုတ်ချည်း ဖြစ်စေ မေးလာသမျှကို ငါဘုရားရဲ့ ဉာဏ်အမြင်၌ ထင်လာသည့်အတိုင်းဖြေကြားလိုက်ခြင်းမျှသာ ဖြစ်တယ် မင်းသား”
အို .. အံ့ဖွယ်ဉာဏ်ရှင်ပါတကား၊ ငါဟာ လှေဖောင်စီးရင်း ရေငတ်သူကဲ့သို့ ဤသို့သော ကိုးကွယ်ရာကို အနား၌ထားကာ အခြားအားထားရာကို ရှာနေမိသူ ပါတကား၊ တွေဝေပေစွ၊ မိုက်မဲပေစွ၊ ထိုအသိနှင့် ယှဉ်သော ကိုယ်နှုတ် လှုပ်ရှားမှုကို ပြုလိုက်သည်၊ လက်အုပ်ကို နှဖူးထက် တင်ကာ နှုတ်မှ ..
“ဘုန်းတော်ကြီးသော အရှင်မြတ်ဘုရား .. ဒီနေ့ပဲ တပည့်တော်၏ အသက်ထက်ဆုံး ကိုးကွယ်အားထားရာကို တွေ့ပါပြီ ဘုရား၊ တပည့်တော်နှင့် တပည့်တော်၏ မိသားစုကို အရှင်၏ သနားစောင့်ရှောက် ခံများအဖြစ် မှတ်တော် မူပါဘုရား”
-                                                                                                                                                    အဘယရာဇကုမုမာရသုတုတ်
မဇ္ဈိမနိကာယ်
ကံထွန်းသစ်
(ဓမ္မရပ်မဂ္ဂဇင်းး၊နိုဝင်ဘာ၊၂၀ဝ၉)

Tuesday, September 6, 2011

မာနလေးတွေ လျှော့စေချင် ....



 
မာနလေးတွေ လျှော့စေချင် ....

“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။

ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်ထားတဲ့ အပြောလေးတွေ ဖြစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်လေးတွေ   ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကို တွေ့ရတတ်ပါတယ်။

မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကေတာ့ တလဲြမာနေ
လးေ  တြေၾကာင့္ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကို ကိလေသာတစ်မျိုးအဖြစ် ဖော်ပြထားပြီး သတ္တ၀ါတွေကို ပူလောင်စေတတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ် ညွန်ပြကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့ ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူးရှိတဲ့သူကလည်း ရာထူးကို အမှီပြုပြီး မာနတက်ကြသလို ပညာတတ်သူကလည်း ပညာမာန၊ ပိုက်ဆံရှိသူကလည်း ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊ အသက်ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့ အရာလေးတွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလို အလိုလို ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီး မှားမှန်းသိရဲ့နဲ့ အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ ဒီသဘောတွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့ ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အမှားအမှန် ပြဿနာများမှာ အဖေဆိုတဲ့ မာန၊ အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်း ဆိုတဲ့ မာန စတဲ့စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန် တတ်တာတွေ ရှိတတ်ပါတယ်။

 ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စလေးကိုပဲ မာနက ကြားခံ နေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှားသွားတယ်၊ ခွင့်လွှတ်ကွာ…”လို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး   ဖြစ်ကုန်တတ်ပါတယ်။ သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့ မာနအ စွဲကြောင့်ပဲ ဖြစ်ပါတယ်။ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။

မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။ မာနကြီးလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာ မင်္ဂလာ တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေ မရှိဖြစ်လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင် မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ်   တွေးကြည့်လိုက်တော့ မာနတရား လက်ကိုင်ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင်အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ   ဖြစ်နေတော့တာပါ။      မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင် ဖြစ်အောင်အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။

တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်လောက်ပဲလှလှ မာနကြီးပါက စက်ဆုတ်ရွံ့ရှာခံရ တတ်ပါတယ်၊ ရာထူးဌာနန္တရ ဘယ်လောက်ပဲကြီးကြီး ခက်ထန်မောက်မာပါက အမုန်းခံရ တတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်း မာနကြီးပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေတဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ အစွဲတွေနဲ့ အစာမကျေ မှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။ အရင်းစစ်တော့ မာနကြောင့်ပါပဲ။

 တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါတယ်။

အမှန်တော့ မာနဆိုတဲ့ ကိလေသာကို လောကုတ္တရာ အရိယာမဂ်နဲ့သာ အပြီးပယ်သတ်နိုင်ပါတယ်။ ရဟန္တာဖြစ်မှ မာနကင်းစင်ပါ တယ်။ ဒါပေမယ့် ရဟန္တာမဖြစ်ခင် ပုထုဇဉ် ဘ၀မှာလည်း ကိုယ့်စိတ်ကလေးကို သတိနဲ့ထိမ်းပြီး မာနမကြီးနိုင်အောင်၊ မာန မထောင်နိုင်အောင်၊ မာန်မာန မတက်ကြွအောင်၊ ကိုယ့်ကိုယ်ကို စိတ်ကြီးမ၀င်အောင် သတိထားကာ ကြိုးစားလေ့ကျင့်မယ်ဆိုရင် မာနလေးတွေ တဖြည်းဖြည်း လျှော့လာတတ်ပါတယ်။

ပညာတတ်လေလေ၊ အထက်တန်းရောက်လေလေ၊ အသက်၊ဂုဏ်ကြီးလေလေ နှိမ့်ချတတ်တဲ့ အကျင့်လေးတွေ နဲ့ နေနိုင်
ြ ဖစ်အောင် ကြိုးစားသင့်ပါတယ်။ စပါးနှံလိုပေါ့။ စပါးနှံဟာ အသီးအနှံ အောင်လေလေ အကိုင်းညွှတ်လေလေ ဖြစ်သလို အသက်သိက္ခာ ဂုဏ်ပညာ ကြီးလေလေ ကိုယ့်ကိုယ်ကို နှိမ့်ချလေဖြစ်အောင် သတိပြုသင့်လှပါတယ်။

တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးဆိုရင် ကိုရင်လေးတွေနဲ့ စကားပြောတာတောင် မင်းနဲ့ငါနဲ့ မပြောဘဲ “ကိုရင်တို့… အရှင်ဘုရားတို့..“ စသဖြင့် ပြောတယ်လို့ ဆိုပါတယ်။ ပညာရှိဟာ အဲဒီလို ဖြစ်သင့်ပါတယ်။ ဆရာတော်ကြီးဟာ ပညာတတ်တာနဲ့အမျှ ကိုယ့်ကိုယ်ကို နှိမ့်ချမှုဟာလည်း အတုယူစရာ ကောင်းလှပါတယ်။ ကြည်ညိုစရာကောင်းလှပါတယ်။ ငါပညာတတ်ဆိုပြီး မာန်မာန မထားဘဲ ကိုရင်လေးကအစ တလေးတစား ဆက်ဆံတာဟာ ပညာရှိများရဲ့ ဂုဏ်တစ်ခုပါပဲ။ ပညာအရာ ဧတဒဂ်ဖြစ်တော်မူတဲ့အပြင် ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးလည်းဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးဆိုရင် သင်္ကန်းဝတ်တာ မညီလို့ပြောတဲ့ ကိုရင်လေးကိုပင် “တင်ပါဘုရား… ပြန်ပြင်ဝတ်လိုက်ပါမယ် ဘုရား..“လို့ တလေးတစား အလေးအထားကာ နှိမ့်ချဆက်ဆံ တာလေးတွေ   တွေ့ရပြန်တော့ ပညာရှိများရဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ အကျင့်လေးတွေအပေါ် ကြည်ညိုမိပါတယ်။

ဒီပညာရှိကြီးများလောက် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့ နိဝါတတရား မထားနိုင်တာတောင်မှ သတိတရား လက်ကိုင်ထားပြီး မာနလေးတွေ လျှော့တတ်တဲ့ အကျင့်လေးတွေ လေ့ကျင့်ကြည့်သင့်ပါတယ်။ နှိမ့်ချတယ်ဆိုတာ မာနကိုလျှော့ တာဖြစ်တဲ့အတွက် မာနလျှော့လေလေ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးဖြစ်လေလေ ဖြစ်ပါတယ်။ နှိမ်ချတတ်တဲ့ နိဝါတ တရားတွေများများ ရှိလေလေ ကိုယ့်သန္တာန်မှာ မင်္ဂလာတရားတွေ တိုးလေဖြစ်ပြီး မင်္ဂလာရှိရင် ကုသိုလ်လည်းရှိပြီ ဖြစ်ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် မာနလေးတွေ လျှော့ပါလို့ ဆိုခြင်းဖြစ်ပါတယ်။

မာနကြီးခြင်းနဲ့ နှိမ့်ချခြင်းတို့ဟာ ဆန့်ကျင်ဘက်တွေ ဖြစ်တာနဲ့အမျှ တန်ပြန်သက်ရောက်တဲ့ အကျိုးရလာဘ်ဟာလည်း အလွန်ကွာခြားလှပါတယ်။ မာနကြီးတဲ့သူဟာ ကိုယ်ကိုယ်ကို အထင်ကြီးမှုဘက် ဦးတည်နေပြီး သူတပါးအပေါ် အဂါရ၀   ဖြစ်စေတတ်ပါတယ်။ နှိမ့်ချတတ်သူကတော့ သူတပါးအပေါ် ဂါရ၀တရားထားမှုဘက် ဦးတည်နေပြီး ကိုယ့်ကိုယ်ကို နိဝါတ မင်္ဂလာရှိစေတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မာနတရားဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို ဆုတ်ယုတ်စေတယ်ဆိုတာ အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလို သံသရာမှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့ မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့ အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

ပန်းကမ္ဘာ
 ဖော်ဝပ်မေးလ်ထဲ ရောက်လာတာကို တဆင့်ပြန်လည်မျှဝေပါသည်။

Monday, September 5, 2011

ကတိသစ္စာ၊ တည်သောခါဝယ်

ကတိသစ္စာ၊ တည်သောခါဝယ်
"ကတိသစ္စာ၊ တည်သောခါ၌၊
သြဇာလေးနက်၊ ပေါ်စီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"
(ရှင်မဟာသီလ၀ံသ)
ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။ ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြမည်သာ ဖြစ်၏။ အထူးသဖြင့် သစ္စာတရားသည် မေတ္တာအားဖြင့် ပေါင်းစပ်နိုင်လျှင် မဖြစ်နိုင်သည်များပင် ဖြစ်လာနိုင်ပြီး သက်ရှိသက်မဲ့အားလုံးတို့၏ အပြောင်းအလဲဖြင့် အကောင်းများပင် တွဲလာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သူတော်ကောင်းများက ကတိသစ္စာတည်လာပါက သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင် စသည်များပင် ဆေးဘက်ဝင်လာတတ်ကြောင်း ဆိုခြင်းဖြစ်၏။
မှန်၏။ ကတိသစ္စာသည် တည်တံ့လျှင် တည်တံ့နိုင်သည်နှင့်အမျှ အကျိုးသက်ရောက်မှု ကောင်းများကို ဖြစ်စေနိုင်ပေ၏။ မိမိ၏ ကတိသစ္စာ တည်တံ့မှုကို အကြောင်းပြု၍ မိမိလည်း အကောင်းများ စုနိုင်သကဲ့သို့ သူတပါးကိုလည်း ကောင်းမှုအစုများ ပြုပေးနိုင်ပေ၏။ သစ္စာစကားဖြင့် အပြစ်အနာအဆာများကိုပင် ပျောက်ပေးစေနိုင်၏။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အမျိုးမျိုးသော သစ္စာစကားများကို တိုင်တည်မှုပြုကာ သတ္တဝါအများ၏ ဒုက္ခအပေါင်းကို ကယ်တင်ပေးဖူး၏။ သတ္တဝါအများ၏ ဘေးအန္တရာယ်များကို အရံအတားပြုကာ အကာအကွယ်ပြုပေးထားသည့် ဘုရားရှင်၏ ပရိတ်ဒေသနာများတွင် ထိုသို့သော သစ္စာပြုချက်များကို အများအပြား တွေ့ရမည်ဖြစ်၏။ ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များတွင် “ဧတေန သစ္စဝစ္စေန သောတ္ထိတေ ဟောတု သဗ္ဗဒါ” ဟူသော စကားများကို အများအပြား တွေ့ရမည်ဖြစ်၏။ ထိုစကား၏ အဓိပ္ပါယ်မှာ “ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါများအား အခါခပ်သိမ်း ချမ်းသာခြင်းကို ဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်ကန်သည့်သစ္စာ၊ တည်တံ့သည့် ကတိစကားများသည် သတ္တဝါများအား အားအသစ်ကိုဖြစ်စေပြီး ထိုအားများကပင် သတ္တဝါများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုသည့် သဘောမျိုးဖြစ်၏။

အားဟုဆိုသော်လည်း စင်စစ်ထိုအားများသည် မည့်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်ကမျှ ဖြည့်ပေးနိုင်သည့် အားများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသည့် အကျင့်သိက္ခာ တရားများဖြင့်သာ ပြည့်စေရမည့်အားများ ဖြစ်ပါ၏။ ကတိများများတည်လျှင်၊ သစ္စာများများရှိလျှင် မိမိသန္တန်တွင် ထိုကတိသစ္စာ တရားများ၏ စွမ်းအားများသည်လည်း ပိုမိုတိုးပွားကာ လိုအပ်သည့် အကျိုးတရားများကို ပြီးမြောက်စေနိုင်မည် ဖြစ်သဖြင့် သက်ရှိသက်မဲ့ အရာအားလုံးတို့၏ တန်ပြန်သက်ရောက်မှု အကျိုးကောင်းများကို ရယူလိုသူများသည် ကတိသစ္စာတရားများကို အခိုင်မာဆုံးဖြစ်အောင်သာ ကြိုးစားကြရမည် ဖြစ်ပါ၏။

အမှန်အားဖြင့် ကတိသစ္စာတည်ခြင်းဟူသည် အခြားမဟုတ်၊ ကိုယ်ကျင့်သိက္ခာလုံနေခြင်းပင် ဖြစ်၏။ သီလလုံနေသူ တစ်ယောက်သည် စကားကိုအလွယ်ပြော၊ ကတိကို အလွယ်ပေးပြီး စောင့်ထိန်းရမည့် သစ္စာတရားကို ချိုးဖောက်သူ အဖြစ်မှလည်း ရှောင်ကြဉ်ပြီးသား ဖြစ်နေပေ၏။ သာမန်လူများ အနေဖြင့် နေ့စဉ်စောင့်ထိန်းရသည့် ငါးပါးသီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းထားနိုင်လျှင် ကတိလည်း တည်နေမည်ဖြစ်ပြီး သစ္စာလည်းရှိနေမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အိမ်ထောင်သည် အပေါ်မှာ သစ္စာရှိခြင်း၊ သူတပါးအကျိုး ယုတ်စေမည့် မဟုတ်မမှန်သည့် စကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်နေခြင်းသည် ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ သိက္ခာပုဒ်များကို စောင့်ထိန်းနေခြင်း ဖြစ်သဖြင့် အပြန်အနေဖြင့် ထိုသီလများကို စောင့်ထိန်းနေသမျှ ကတိသစ္စာများလည်း တည်နေကြပြီးသား ဖြစ်ပါ၏။ ထိုသို့ အကျင့်သိက္ခာလုံသဖြင့် ကတိသစ္စာတည်နေသူများသည် လောကဓံ အလှည့်အပြောင်းများကြောင့် ဘဝအတက်အကျများနှင့် ကြုံနိုင်ငြားသော်လည်း အရေးကြီးသည့်အခါ မိမိတို့၏ သီလတရားကို သက်သေထားကာ သစ္စာပြုမည်ဆိုပါက ထိုသစ္စာတရား၏ အားများဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါ၏။ မိမိက အကျင့်သိက္ခာ မြင့်မားစွာဖြင့် ကတိသစ္စာ တည်ထားလျှင် မိမိသာလျှင်မဟုတ် မိမိနှင့် ပတ်သက်သူများကိုပင် သစ္စာစကားဖြင့် ဒုက္ခအစုကို ကျော်လွှားနိုင်မည်မှာ အသေအချာပင် ဖြစ်ပါ၏။
ဗုဒ္ဓဘာသာ မြန်မာအများ ရင်းနှီးပြီးသားဖြစ်သည့် အင်္ဂုလိမာလ ပရိတ်တော်ကို ကြည့်ပါက အင်္ဂုလိမာလ မထေရ်ကြီးသည် မိမိ၏ ကတိသစ္စာစကားဖြင့် မီးမဖွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အလွယ်တကူ မီးဖွားနိုင်စေရန် သစ္စာပြုကာ ဘေးရန်ကာပေးနိုင်ခဲ့သည်ကို အထင်အရှား တွေ့ကြရမည်ဖြစ်၏။ အင်္ဂုလိမာလ ပရိတ်တော်၏ အဓိကအပိုင်းတွင် အင်္ဂုလိမာလ မထေရ်ကြီး သစ္စာပြုသည့် စကားတော်မှာ “နှမ ငါသည် မြတ်စွာဘုရားရှင်၏ သာဝက အရိယာ ဖြစ်တော်မူပြီးချိန်မှစ၍ သေစေလိုသော စေတနာဖြင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို ပြုလည်းမပြု၊ သိလည်းမသိတော့ပေ၊ ဤမှန်သော သစ္စာစကားကြောင့် မီးဖွားရန် အခက်အခဲဖြစ်နေသော ချစ်နှမအား ချမ်းသာမှုဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ အင်္ဂုလိမာလ မထေရ်ကြီး၏ ထိုသစ္စာစကားမှာ မိမိကိုယ်တိုင် အကျင့်သီလပိုင်းကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းပြီး ထိုအကျင့်သီလ ကောင်းကိုသက်သေပြု့ကာ အများတကာ ချမ်းသာရေး သစ္စာဆိုပေးထားသည့် စကားဖြစ်သဖြင့် ထိုအကျင့်သစ္စာ အစွမ်းအားများသည်လည်း လက်တွေ့တွင် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ခြင်း ဖြစ်၏။ အရင်းစစ်သော် အကျင့်သိက္ခာကောင်းသည် သစ္စာအားအဖြစ် ကောင်းမြတ်သည့် သြဇာကို သက်ရောက်ပေးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိသူတပါး ချမ်းသာရေးအတွက် အကောင်းဆုံး သက်ရောက်မှုကို ပေးလိုသူများသည် ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိမ်းခြင်းဟူသည့် ကတိသစ္စာကို တည်တံ့အောင်သာ ကြိုးစားကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ကတိသစ္စာတရားသည် အကျင့်သိက္ခာ အားကောင်းနေသမျှ အစွမ်းအာနိသင်များလည်း တိုးပွားနေမည်သာ ဖြစ်ပါ၏။ ထိုအချက်ကို ဘုရားလက်ထက်မှစ၍ ရှေးရှေးသူတော်ကောင်းများ၏ အဖြစ်အပျက်များကို ကြည့်ပါက လက်တွေ့အားဖြင့် သိနိုင်မည်သာ ဖြစ်၏။ အကျင့်သီလ အားကောင်းစွာဖြင့် ဆိုခဲ့ကြသည့် သစ္စာစကားများသည် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ အထံသို့ပင် ပြန့်နှံ့ကာ ထိုထိုသူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုဖြင့် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ ကတိသစ္စာတည်ခြင်းဟူသော အကျင့်သီလကောင်းသည် သက်ရှိသက်မဲ့များအပေါ်တွင် သက်ရောက်မှုဖြစ်ကာ ယုတ်စွာအဆုံး နွယ်မြက်သစ်ပင်များသည်ပင် အစွမ်းထက်သည်အထိ အကျိုးရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့သော် သဒ္ဓါတရား၊ သီလတရား၊ ဝီရိယတရား၊ ပညာတရား၊ သတိတရားများ ယုတ်လျော့လာသည့် ယနေ့ခေတ်ကာလတွင်ကား လူအတော်များများသည် ကတိတရားများ ဖောက်ဖျက်နေကြသကဲ့သို့ သစ္စာတရားများလည်း ပျောက်ပျက်နေကြသဖြင့် ထိုကတိသစ္စာတရား၏ စွမ်းပကားများမှာ ထင်သလောက် အစွမ်းမရောက်ဘဲ ဖြစ်နေကြသည်ကို တွေ့နေရ၏။ လူအတော်များများသည် ကတိကို အလွယ်ပေးကာ အလွယ်ဖျက်နေတတ်ကြသကဲ့သို့ စောင့်ထိန်းရမည့် သစ္စာတရားများကိုလည်း မစောင့်ထိန်းဘဲ အလွယ်တကူပင် ဖောက်ဖျက်နေတတ်ကြ၏။ တဒင်္ဂအခိုက်အတန့် အရေးကိုသာ ဦးစားပေးနေပြီး ထိုအခိုက်အတန့် အဆင်ပြေရေးအတွက်ဆိုလျှင် လိမ်ပြောရမှာလည်း ဝန်မလေး၊ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးဝှက်ရမည်ကိုလည်း မကြောက်လန့်၊ အိမ်ထောင်ရှိနေသူရော၊ မရှိသူများပါမကျန် အိမ်ထောင်ရေး ဖောက်ပြန်ကာ သစ္စာဖျက်ရမည်ကိုလည်း အလေးမထား၊ သောက်သောက်စားစား လုပ်ရမှာလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေတတ်ကြ၏။ ထိုသို့အကျင့်တရားကို အခြေခံထားသည့် ကတိသစ္စာတရားများ မတည်ဘဲ သွားနေကြသဖြင့် သတ္တဝါများအား ဒုက္ခတရားများ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သစ္စာတရား၏ အစွမ်းအာနိသင် အကျိုးသက်ရောက်မှုမှာလည်း ထင်သလောက် အစွမ်းမထက်ဘဲ ဖြစ်နေကြခြင်း ဖြစ်၏။

အရင်းစစ်သော် သစ္စာတရားက အစွမ်းမထက်ခြင်းမဟုတ်၊ မိမိတို့၏ အကျင့်တရားများက အစွမ်းထက်အောင် မထောက်ပံ့နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍သာ အကျင့်တရားကို ကောင်းအောင်နေထိုင်ကြမည်ဆိုလျှင် အကျင့်ကောင်းသဖြင့် ကတိလည်းကောင်းမည်ဖြစ်ပြီး သစ္စာလည်းကောင်းနေမည်ဖြစ်ကာ ကတိသစ္စာ ကောင်းလာလျှင် ထိုအကောင်းများ၏ အကျိုးသက်ရောက်မှုသည်လည်း သြဇာကောင်းများအဖြစ် အပြောင်းအလဲဖြစ်ကာ သက်ရှိသက်မဲ့များအထိ သက်ရောက်မှုဖြစ်စေလျက် အကျိုးကောင်းများကို ဖြစ်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။
ဆိုလိုသည်မှာ ယနေ့ခေတ်တွင် လူအတော်များများသည် ကိုယ်ကျင့်သိက္ခာအပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်နှင့်အမျှ ကတိမတည်ခြင်း၊ သစ္စာမရှိခြင်းများသည်လည်း ပိုမိုများပြားလာကာ ထိုကတိသစ္စာ ဖောက်ဖျက်မှုများကို အကြောင်းပြု၍ သက်ရှိသက်မဲ့များ၏ အစွမ်းသတ္တိများသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြခြင်း ဖြစ်သဖြင့် ထိုအချက်ကို သတိပြုဆင်ခြင်ကာ လောကသားများ အနေဖြင့် မိမိတို့၏ သန္တာန်တွင် ကတိသစ္စာတည်တံ့စေလျက် သက်ရှိသက်မဲ့များအထိ သြဇာသက်ရောက်မှု ဖြစ်စေကာ အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ကြစေရန် မိမိတို့၏ အကျင့်သိက္ခာကိုသာ ကောင်းမွန်အောင် စောင့်ထိန်းကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဘုံသား လူအများအနေဖြင့် အပျက်တရားများ များများလာသည့် ယနေ့ခေတ်တွင် မည်သူ တရားပျက်ပျက် မိမိတို့မပျက်အောင်၊ မည်သူ ကတိသစ္စာပျက်ပျက် မိမိတို့မပျက်အောင် ကတိသစ္စာတည်တံ့ခြင်း၏ အခြေခံအကြောင်းဖြစ်သည့် အကျင့်သိက္ခာပိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိတို့ကိုယ်တိုင်သာ သဒ္ဓါ၊ သီလ၊ သတိ၊ ပညာ၊ ဝိရီယတရားများဖြင့် မိမိတို့၏အစွမ်းကို ထုတ်နိုင်အောင် လေ့ကျင့်ကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါသည်။ 

Sunday, September 4, 2011

အသူတစ်ရာချောက်ကြီးနဲ့ မွေ့ရာ

အသူတစ်ရာချောက်ကြီးနဲ့ မွေ့ရာ

“အသူတစ်ရာမကနက်တဲ့ ချောက်ကြီးထဲကို မလွဲမသွေ ခုန်ဆင်း ရတော့မယ် ဆိုတဲ့အခါ အောက်မှာ အလွန်ထူတဲ့ စပရင် မွေ့ရာကြီးခံထားးရင် ကြောက်ရွံ့မှု နည်းမသွား ပေဘူးလား” (တောင်တွင်းကြီးနတ်မှီတောရဆရာတော်)

တစ်ခါက ဆရာတော်ကြီးထံ ဒကာနှစ်ယောက် ရောက်လာတယ်။ တစ်ယောက်က ရင်းနီးပြီးသားတပည့်။တစ်ယောက်က သူ့အဖော်။ ဆရာတော်ကြီးကို ကန်တော့ဝတ်ပြုပြီးတဲ့အခါ တပည့်ဒကာက သူ့အဖော်ကို ဆရာတော်ကြီးနဲ့ မိတ်ဆက် ပေးတဲ့ အနေနဲ့-

“ဆရာတော်ဘုရား၊ သူကတပည့်တော် မိတ်ဆွေပါ၊ ဘာသာရေးနဲ့ပတ်သက်ပြီး ဘာမှမယုံကြည်ပါဘူးဘုရား၊ အခု ဆရာတော်နဲ့ တွေ့ချင်တယ် ဆိုလို့ ခေါ်လာတာပါ”လို့ လျှောက်ထားပါတယ်။

မိတ်ဆွေဆိုတဲ့ ဒကာကတော့ “တပည့်တော်ဘာရယ်လို့တော့ မဟုတ်ပါဘူးဘုရား၊ ဘာသာရေးနဲ့ မနီးစပ်ခဲ့တာလည်းတစ်ကြောင်း၊ တချို့အကြောင်းအရာတွေကို သိပ်မကျေညက် တာလည်း တစ်ကြောင်းကြောင့် ဘာသာရေးနဲ့ ခပ်ကင်းကင်းနေခဲ့တာပါပဲဘုရား”လို့ လျှောက် ထားပါတယ်။

ဆရာတော်ဘုရားကြီးက တုံးလုံးလှဲနေရာကထထိုင်ပြီး ဒကာကိုကြည့်နေတယ်။ တအောင့် လောက်ကြာတော့မှ “ဘာသာရေးဆိုတာ ဘာလဲလို့တော့ မောင်ရင်သဘောပေါက်သလား”လို့ မေးလိုက်တယ်။ “တပည့်တော် တိတိကျကျ မသိပါဘူးဘုရား”ဆိုတော့-

“အေး ဒီလိုရှိတယ်ကွဲ့၊ ဥပမာဆိုပါတော့ကွာ၊ အသူတစ်ရာမက အလွန်နက်တဲ့ ချောက်ကြီး ထဲကို ခုန်ချရမယ်ဆိုရင် မင်းခုန်ချရဲပါ့မလား”

“တပည့်တော် အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင် ခုန်မချရဲပါဘူးဘုရား” “အေး အဲဒီ ချောက် ကြီးထဲမှာ အလွန်ထူတဲ့ စပရင်မွေ့ရာကြီးကို ခံထားပေမယ်ဆိုရင်ကောကွာ”

“မှန်ပါ၊ ဒီလိုဆိုရင်တော့ မလွဲမသွေ ခုန်ချရမယ်ဆိုရင် ခုန်ချရဲလောက်ပါတယ်ဘုရား”

“အေး အဲဒီမွေ့ရာကြီးဟာ ဘာသာရေး ပဲကွဲ့”လို့ မိန့်ကြားလိုက်တဲ့အခါ ဒကာရဲ့ မျက်နှာမှာ ဖျက်ခနဲ လက်သွားသလို ကျေနပ်တဲ့အမူအရာ တွေ့လိုက်ရတယ်။ ဆရာတော်ကြီးက ဆက်လက်ပြီး--

“ ‘ချားလ်စ်ဒါဝင်’ကိုကြားဖူးတယ်မဟုတ်လား၊ {Origin of Species} မျိုးစိတ်တို့ရဲ့မူလ အစဆိုတဲ့ သဘောတရားကို တင်ပြခဲ့သူလေ” “မှန်ပါ၊ သူ့အကြောင်းနဲ့ သူ့သီဝရီကို ဖတ်ဖူးပါ တယ်ဘုရား”

“အေး၊ သူ့ကြောင်းကို သူ့သားကရေးတဲ့အထဲမှာ ‘ချားလ်စ်ဒါဝင်’ဟာ အသက်ကြီးပိုင်း ရောက်တော့ စိတ်မရွှင်မလန်း ဖြစ်တဲ့အခါ ပြတင်းပေါက်ဖွင့်ပြီး ကောင်းကင်ကို အကြာကြီး ကြည့်နေလေ့ရှိသတဲ့ကွဲ့၊ အဲ ဒါ စဉ်းစားကြည့်ပေါ့ကွာ”ဆိုပြီး ခုတင်ပေါ်ပြန်လှဲရင်း အနားယူ လိုက်ပါတယ်။

ဘာသာရေး ဆိုတာ ဘာလဲ။

‘ဒါဝင်’ဟာ ဘာကြောင့် ကောင်းကင်ကို အကြာကြီး ကြည့်နေလေ့ရှိသလဲ၊ သူမလွှဲမသွေ ရင်ဆိုင်ရတော့မယ့် တမလွန်ဘ၀ဆိုတာ သူ့အတွက် အသူတစ်ရာမက နက်ရှိုင်းလှတဲ့ ချောက်ကြီးပဲလား၊ ဖန်ဆင်းရှင် တန်ခိုးရှင်များက ကျေနပ်လို့ ခေါ်ယူခဲ့ရင် ရောက်ရမည်ဆိုတဲ့ ကောင်းကင်ဘုံက ဘယ်ဆီနားမှာလဲ။ မိမိရဲ့ အနာဂတ်ကို အခု အသက်ရှင်စဉ်ကာလမှာ မိမိတို့ ပြုထားတဲ့ ကံများအရ ဆုံးဖြတ်ခွင့်မရှိဘဲ ကောင်းကင်ဘုံနဲ့ နရက်ချောက်ကြီးတို့ရဲ့ ၀င်ရာတံခါး ပေါက်ကို ဖန်ဆင်းရှင် တန်ခိုးရှင်ကသာ ဖွင့်နိုင်ပိတ်နိုင်တယ်လို့ ယုံကြည်နေရသူတို့ရဲ့ ဘ၀ဟာ နရက်ချောက်ကို တွေးကြောက်ပြီး ကောင်းကင်ကို ငေးမျှော်ကြည့်ရုံမှတစ်ပါး တခြားဘာမျှ မတတ်နိုင်ကြတော့ဘူးလား။

လူတိုင်းလိုလို တွေးတောစဉ်းစားနေကြတဲ့ အခု လက်ရှိ ပစ္စုပ္ပန်ဘ၀၊ သေဆုံးခြင်း၊ တမလွန် ဘ၀ဆိုတဲ့ အပိုင်းကြီးသုံးပိုင်းနဲ့ ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာတော်အရ ကတော့-

သေဆုံးခြင်း(မရဏ)နဲ့ တမလွန်ဘ၀ (ဇာတိ) ဆိုတာ ဆင်းရဲအမှန် ဒုက္ခသစ္စာ ဖြစ်တယ်။ ဒီ ဒုက္ခသစ္စာဆိုတာ တွေးတော ပွားများနေရမည့် တရားများ မဟုတ်ကြဘူး။ မွေးဖွားလာသူတိုင်း သေရမည့်သဘော ရှိတယ်။ သံသရာဝဋ်ဇာတ် မဆုံးသေးလို့ ဖြစ်ခွင့်ရှိရင် ဖြစ်နေရဦးမယ်ဆိုတဲ့ ဒီသဘာဝတရားများရဲ့ သဘောအမှန်ကို (ပရိညေယျ)ပိုင်းခြားသထားဖို့ပဲ လိုအပ်တယ်။ လူတိုင်းရဲ့ တကယ့် အရေးအကြီးဆုံးအပိုင်းဟာ အခု ပစ္စပ္ပန်အသက်ရှင်နေစဉ် ဘ၀ဖြစ်တယ်၊ ဒီဘ၀ကို မြတ်ဗုဒ္ဓက ‘မနုဿတ္တဘာဝေါ ဒုလ္လဘော၊ ရတောင့်ရခဲအခွင့်ထူးဘ၀’လို့ ချီးမွမ်းဂုဏ် ပြုတော်မူခဲ့ပါတယ်။

ရခဲတဲ့ လူဘ၀ကို ရတုန်းရခိုက်မှာ ကြုံရခဲတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမများနဲ့အညီ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား (သီလ) ဖြူစင် တည်ကြည်တဲ့ စိတ်ထား(သမာဓိ) ကြောင်းကျိုးဆက်စပ် ဆင် ခြင်သိမြင်မှု(ပညာ)တရားများနဲ့ ကြိုးစားအားထုတ် နေထိုင်သွားမယ်ဆိုရင် ဒီလူဟာ အခုပစ္စုပ္ပန် မှာ ဘ၀ကို အကောင်းဆုံး အသုံးချနိုင်သူဖြစ်တဲ့အတွက် အသက်ရှင်စဉ် ဘ၀တစ်လျှောက်လုံး အတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြီးဖြစ်သလို သံသရာမဆုံးသေးလျှင် ကြုံတွေ့ရအုံးမည့် တမလွန်ဆိုတဲ့ ချောက်ကြီးကိုလည်း အလွန်ထူတဲ့ မွေ့ရာကြီးများနဲ့ ဖို့ထားပြီးဖြစ်သွားမယ်။ သူရဲ့ကိုယ်ကျင့် တရား မြင့်မားသလောက် ချောက်ကြီးကို ဖို့ထားနိုင်တာမို့ ဒီချောက်ကြီးအတွက် စိုးရိမ် ကြောက်ရွံစရာ မလိုတော့ဘူး။

သူရဲ့ ကိုယ်ကျင့်တရားများဟာ အမှန်တရား (သစ္စာ)ကို ထိုးထွင်းသိမြင်နိုင်တဲ့အထိ့ မြင့်မား လာပြီဆိုရင် ဒီပုဂ္ဂိုလ်ရဲ့ တမလွန်ခရီးဟာ ချောက်ကြီး ဆိုတာ လုံးဝမရှိတော့ဘဲ ကျန်သေးတဲ့ သံသရာခရီးလမ်းဟာ ဆူးငြောင့်ခလုတ်ကင်းပြီးချောမွေ့တဲ့လမ်း ဖြစ်သွားမယ်။ သစ္စာကို ထိုးထွင်းသိမှုရဲ့ အမြင့်ဆုံးဖြစ်တဲ့ အရဟန္တ(ကိလေသာအညစ်အကြေးအားလုံးကင်းစင်သူ) အဆင့်ရောက်သွားတဲ့အခါမှာတော့ တမလွန်ဆိုတာ လုံးဝ မရှိတော့တဲ့ အခြေအနေမျိုး ဖြစ်သွားပြီ။

ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်ကျင့်တရား၊ စိတ်ထားနဲ့ အသိပညာ ညံ့ဖျင်းသူများအတွက် တော့ မိမိတို့ ကိုယ်ကျင့်တရား ပျက်စီးတဲ့ အတိုင်းအတာနဲ့အညီ ပစ္စပ္ပန်ဘ၀ခရီးကလည်း စိုးရိမ် ပူပန်စရာတွေနဲ့ ပြည့်နေမှာဖြစ်သလို တမလွန်ဆိုတဲ့ ချောက်ကြီးကိုလည်း နက်သည်ထက် နက်အောင် တူးနေသလိုဖြစ်နေမယ်လို့ ယုံကြည်လိုက်နာရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အနာဂတ်ခရီးဟာ ပစ္စပ္ပန်ဘ၀မှာ မိမိတို့ပြုလုပ်တည်ဆောက်ထားတဲ့ ကံများကို အခြေခံပြီး ကိုယ်တိုင်ပိုင်းဖြတ် သိမြင်ခွင့် ရှိပါတယ်။

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားများနဲ့ အညီ အသက်ရှင်နေထိုင်သူအတွက် ဘယ်လို တန်ခိုး ရှင် ဖန်ဆင်းရှင်ကမှ သူ့ကို မကိုးကွယ် မ,ပသရ ကောင်းလား ဆိုပြီး တမလွန်ချောက်ကြီးထဲ ဆွဲမချနိုင်သလို ကိုယ်ကျင့်တရား ချို့ယွင်းပျက်စီးသူများကိုလည်း အထက်ဘုံကို ဆွဲတင်ခွင့် မရှိဘူး။ ကံနဲ့ ကံရဲ့ အကျိုးကြားထဲမှာ ဘယ်လိုတန်ခိုးရှင် (ကြားလူ)မှ မရှိတဲ့ဝါဒဖြစ်လို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ဝါဒ ပဲ ဖြစ်ပါတယ်။

ပစ္စပ္ပန်နေထိုင်ခြင်း၊ သေဆုံးခြင်းနဲ့ တမလွန်ဆိုတဲ့ အပိုင်းကြီးသုံးပိုင်းကို ယနေ့တစ်နေ့တာ၊ ညဥ့်အိပ်ခြင်း၊ မနက်ဖြန် တို့နဲ့အနီးစပ်ဆုံး ဥပမာ ပြုနိုင်ပါတယ်။ ဒီနေ့ အပြစ်ကင်းစင်ပြီး အကောင်းဆုံး လုပ်ကိုင်ကြိုးစားနေသူအတွက် ညဥ့်အိပ်ချိန်မှာလည်း ကောင်းသော အိပ်ခြင်းနဲ့ အိပ်နိုင်သူဖြစ်သလို မနက်ဖြန်ဟာလည်း ကောင်းသောမိုးသောက်ခြင်းနဲ့အတူ နိုးထနိုင်သူဖြစ်မှာ သေချာတယ်။ ဘာမျှ စိုးရိမ်ပူပန်စရာမရှိဘူးဆိုတဲ့ သဘောမျိုးပါပဲ။

ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာတော်ဆိုတာ တမလွန် ဆိုတဲ့ ချောက်ကြီးကို တွေးပြီးကြောက်ရေး၊ ကောင်းကင်ကို ငေးပြီးမျှော်နေနေရေးဝါဒ မဟုတ်ဘဲ ပစ္စပ္ပန်အသက်ရှင် စဉ်ဘ၀ကို စည်းကမ်းတကျ အသုံးချနေထိုင်ရေးဝါဒ သာဖြစ်တယ်လို့ သဘောပေါက်ရမှာ ဖြစ်ပါတယ်။

အကြောက်အမျှော်ကင်းဝေးပြီး ရခဲတဲ့လူ့ဘ၀ကို ကောင်းမွန် မှန်ကန်အောင် အသုံးချ နိုင်ကြပါစေသော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Saturday, September 3, 2011

မဟာမုနိဘုရားကြီး အကြောင်း သိကောင်းစရာ တစ်စိတ်တစ်ဒေသ


မဟာမုနိဘုရားကြီး

ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက် သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။


မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ရက္ခပူရတိုင်းဓညဝတီပြည်သို့ နောက်ပါ ရဟန္တာ ၅၀၀နှင့်တကွ ဒေသစာရီကြွချီတော်မူသောအခန်း။

မဟာမုနိရုပ်ရှင်တော်သည် မြန်မာနိုင်ငံ၌ ရှေးကျသော ရုပ်ပွားတော်ကြီးဖြစ်သည်။ ဘုရားလက်ထက်တော်၌ ဗုဒ္ဓကိုယ်တော်တိုင်က “ညီတော်မဟာမုနိ” ဟူသော ဘွဲ့ဖြင့် ခေါ်ဆိုခဲ့ကြောင်း သမိုင်းစာတမ်းတွင် တွေ့ရ သည်။ အခြားသမိုင်းစာများတွင် “ရက္ခိုက်ဘုရားကြီး” ဟူ၍ လည်းကောင်း “ရခိုင်ဘုရားကြီး” ဟူ၍ လည်း ကောင်း ရေးကြသည်။ အခေါ်အပြောလည်း ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် “ARAKAN PAGODA” ဟု ရေးသား ဖေါ်ပြကြသည်။ ပြည်သူအများက ထူးမြတ်သော မဟာမုနိ ရုပ်ရှင်တော်ကို “မဟာမြတ်မုနိ” ဘုရား ကြီးဟူ၍လည်း ခေါ်ကြသည်။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ကိန်းအောင်းစံပယ်လျက်ရှိ သည်။ မူလတည်ရာဌာနသည်ကား ရခိုင်ပြည် ဓညဝတီမြို့ဟောင်း၏ မြောက်ဘက်တွင် ဂန္ဓကုဋိကျောင်း တော်ကြီး၌ တည်ရှိခဲ့သည်။

စန္ဒသူရိယမင်းသည် သေလာဂီရိတောင်၌ ဘုရားရှင်သီတင်းသုံးတော်မူသည်ကို ကြားတော်မူ၍ သွားရောက်ဖူးမြော်ရာ လမ်းတွင်အမှောင်ကျ၍ ရောင်ခြည်တော်ဖြင့် ပြတော်မူခန်း။

မြတ်စွာဘုရားသခင်အား ရက္ခပူရဓညဝတီရွှေနန်းတော်သို့ ပင့်ဆောင်၍ အထူးထူးသော ဆွမ်းဘောဇဉ်တို့ဖြင့် ပူဇော်ပြီး တရားနာယူကြခန်း။

ရခိုင်ပြည်ရှင် စန္ဒသူရိယမင်းသည် (၆၅) တင်းသော ရတနာတို့ဖြင့် မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ထုတော်ကို သွန်းလောင်းပြုလုပ်တော်မူခန်း။

မြတ်စွာဘုရားသည် မိမိကိုယ်ပွားတော်အဖြစ် သွန်းလုပ်ပြီးသော ရုပ်ထုတော်ကို မင်းနှင့်တကွ ကြည်ညိုရန် ရင်ငွေ့တော်ဖြင့် ခုနှစ်ခါထည့်တော်မူခန်း။

ပုဂံပြည်ရှင် အလောင်းစည်သူမင်းသည် ဓညဝတီရခိုင်ပြည်သို့ ကြွရောက်၍ သီရိဂုဋ်တောင်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ခန်း။

အမရပူရမြို့ ဗဒုံမင်းတရား၏သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်ရန် ထွက်တော်မူခန်း။

ပုဂံပြည်ရှင် အလောင်းစည်သူမင်းသည် ဓညဝတီရခိုင်ပြည်သို့ ကြွရောက်၍ သီရိဂုဋ်တောင်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ခန်း။

ဓညဝတီရခိုင်ပြည်ရှိ ကြေးရုပ်ကြီးများနှင့် အမြောက်သေနတ်ကြီးများကို ပင်လယ်ခရီးမော်တင် ကရစ်၊ ရေကြောင်းဖြင့် အမရပူရနေပြည်တော်သို့ သယ်ဆောင်ခန်း။

မဟာမုနိရုပ်ရှင်တော်မြတ် တောင်ကုတ်တောင်ကြားလမ်းမှ တော်တောင်အထပ်ထပ်ကို ခက်ခဲစွာကျော်ဖြတ်၍ ပင့်ဆောင်ခန်း။

မဟာမုနိရုပ်ရှင်တော်မြတ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ပန်းတောင်းမြို့မှ အမရပူရရွှေမြို့တော်သို့ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပင့်ဆောင်လာခန်း။

မဟာမုနိရုပ်ရှင်တော်မြတ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ပန်းတောင်းမြို့မှ အမရပူရရွှေမြို့တော်သို့ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပင့်ဆောင်လာခန်း။

စစ်ကိုင်းတောင်ခြေ အောင်မြေသို့ရောက်သောအခါ ဘိုးတော်ဗဒုံမင်းတရား ကိုယ်တိုင်ရေသို့ ဆင်း၍ ကြိုယူပင့်ဆောင်ခန်း။

၁၁၄၇-ခု သီတင်းကျွတ်လတွင် ဗဒုံမင်းတရားကြီးသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို တက်သေးဆိပ်မှ ဂန္ဓကုဋိတိုက်တော်သို့ ပင့်ဆောင်လာတော်မူသောအခန်း။

ဗဒုံမင်းတရားသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို အမရပူရမြို့ မြောက်ဘက် မုခ်လေးမျက်နှာရှိ ဂန္ဓကုဋိတိုက်တော်ဆောက်၍ ရေစက်ချလှူဒါန်းခန်း။

ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားနှင့် မြောက်နန်းစံမိဖုရားတို့သည် ဂန္ဓကုဋိတိုက်တော်ယိုယွင်းသည်ကို ပြုပြင်မွမ်းမံ၍ ရေစက်သွန်းချတော်မူခန်း။

၁၂၄၆-ခု ဝါဆိုလဆန်း (၉)ရက်နေ့တွင် သီပေါမင်း လှူဒါန်းသော စလွယ်တော် ဒုယင်တော် သပိတ်တော် ယပ်တော်တို့ကို မဟာမုနိဘုရားသို့ ပင့်ဆောင်လာခန်း။

၁၂၄၆-ခု ဝါဆိုလဆန်း (၁၃)ရက်နေ့တွင် သီပေါမင်းနှင့် စုဖုရားလတ်တို့သည် မကိုဋ်တော်နှင့်စလွယ်တော်တို့ကို တင်လှူ၍ ရေစက်တော်သွန်းချတော်မူခန်း။

၁၂၅၈-ခုနှစ်တွင် ဘိုးတော်ဘုရား၏ ဂန္ဓကုဋိတိုက်တော်ကိုငုံ၍ ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်း ပိသုကာများ လက်ရှိတိုက်တော်ကို တည်ဆောက်နေပုံ။

၁၉၄၅-ခုမှ ၁၉၄၈-ခု ဒုတိယကမ္ဘာစစ်အတွင်း မဟာမုနိရုပ်ရှင်တော်မြတ်ကို ဆရာတော် သံဃာတော်များက နေ့ညမပြတ် စောင့်ရှောက်ကြပုံ။

နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ အမွှေးနံ့သာများဖြင့် မျက်နှာသစ်တော်မူနေပုံ။

နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ရွှေတံပူဖြင့် ပွတ်တိုက်ပူဇော်နေပုံ။

နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ပိုး ဖဲ ကတ္တီပါတို့ဖြင့် အထပ်ထပ်ပူဇော်နေပုံ။

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အံ့ချီးဘွယ် (၈)ဖြာ

၁။ မကောင်းသော ကျေးငှက် သတ္တဝါတို့သည် ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေပြသာဒ် အပေါ်သို့ လွှားကျော် ခုန် ပျံ နားနေခြင်းငှာ မဝံ့ခြင်း။
၂။ ရုပ်ရှင်တော်မြတ်၏ ရွှေမျက်နှာတော်သည် ထွန်းပေါ်ထွက်စသော လပြည့်ဝန်းကဲ့သို့ အမြဲ ထွန်းလင်း တောက်ပ ရောင်တော်မြတ်ကို စွန့်လွှတ်တော်မူခြင်း။
၃။ မိစ္ဆာယူမှား ဒုဿိလပဂ္ဂိုလ်တို့သည် ရုပ်ရှင်တော်မြတ်အား ရှုကြည့် ဝင်ဖူးသော် သောက်ရှူးပမာရွှေမျက်နှာ တော်သည် ညိုပြာမှောင်လျက် အရောင်တော်မထွက်ဘဲ မှေးမှိန်နေခြင်း။
၎။ ရုပ်ရှင်တော်မြတ်၏ သဏ္ဍာန်တော်ကို ပုံတူဓာတ်ကူး၍ ရေးသား သွန်းလုပ်သော်လည်း ပုံတော်အတူ၊ စံတူ မရနိုင်ခြင်း။
၅။ တရားဆိုင်၊ အမှုပြိုင်၊ အနိုင်အရှုံး၊ ကျင့်သုံးမုသား၊ ကျိန်ဆိုငြားသော်၊ ဒိဌလက်ငင်း၊ ပျက်ယွင်းထိရောက် စေနိုင်သော တန်ခိုးတော် ကြီးမားခြင်း။
၆။ ရဟန်းရှင် ပြည်သူအများတို့သည် သဒ္ဓါတရား၊ တိုးပွားတက်ကြွသောကြောင့် သိန်းသောင်းမကသော ရွှေ ဆိုင်းတို့ဖြင့် ရက်ညောင်းနှစ်များ နေ့တိုင်း ကပ်လှူကြပါသော်လည်း ပြေပြစ်သန့်စင်၊ ပြည့်ဖြိုးလွင်သော ကိုယ် တော်ပကတိ ရှိခြင်း။
၇။ တစ်ဆယ့်နှစ်လ၊ မည်သည့်အခါသမယမဆို၊ ပွဲတော်အသွင် နေ့စဉ် ဘုရားဖူးလာရောက်ကြသည့် ရှင်လူ ပရိသတ်တို့ မစဲ စည်ကားလျှက်ရှိခြင်း။
၈။ တန်ခူး၊ ကဆုန် စသော သင်္ကြန်အတာ၊ ညောင်ရေခါ၌ ဝဲယာရှေ့နောက် အိုးကြီး အိုးငယ်တို့နှင့် ရေ သပ္ပာယ်ကြပါသော်လည်း ရှေ့တော်ဝယ်အပါး၌ ရေမတား၊ မတည်နိုင်သော တန်ခိုးတော်မြတ်ကြီးခြင်း တို့ ဖြစ်ပါတယ်။

မဟာမုနိသမိုင်းလင်္ကာ

သုံးဆယ့်နှစ်ပါး ထင်ရှားအရာ လက္ခဏာကြီး နေမီးသဖွယ် ရှစ်ဆယ်လက္ခဏာ ရောင်ခြောက်ဖြာနှင့် မဟာမုနိ မည်ရှိထင်ပေါ် ရုပ်တော်ကို နတ်ကျော်သိကြား သွန်းငြားသောခါ ပြီးရုံသာလျှင် မြတ်စွာဘုရား တပည့် သားနှင့် တန့်နားတုံလျှင်း သီတင်းသုံးရန်ဗိမာန်ကျောင်းကြီး ဆောက်ပြီးကပ်လှူ တောင်းဆုယူ၏။ ပြည်သူရတနာ များစွာမှူးမတ် ခြံရံပတ်လျက် မိုးနတ်သိကြားနတ်သားဝိသုကြုံ ဆောင်ဘုံမကွာ ရတနာရွှေငွေတစ်ကုဋေကို ရွှေပန်းတောင်းမှာ ထည့်ပြီးခါလျှင်ရတနာဆင်ဖြူ တင်တော်မူ၍ ထီးဖြူမိုးမှ ဓညဝတီ သိင်္ဂီရွှေရောင် တပြောင်ပြောင်မှ ရှေ့တောင်ရပ်ခွင် ဆောင်ယူကျင်၍ မြသွင်မှိုင်းအိ တန်ခိုးရှိသည် သီရိဂုတ်တောင် ဗွေထိပ်ခေါင်ကို ညီအောင်ပြင်ဆင် မဏ္ဍပ်ခွင်နှင့် သဘင်ထူးပြား အခြားခြားလျှင် နတ်များတန်ဆာ ဆင်ယင်ကာတည် သုဓမ္မာဇရပ် ပြာသာဒ်ဝင်းဝင်း မတူလျှင်းပဲ ထူးကဲသာယာ များစွာပဉ္ဇင်း သဘင်ခြိမ့်ခြိမ့် တသိမ့်သိမ့်လျှင် ပျော်ရွှင်မှုတ်တီး နားမငြီးသည်။ ပွဲကြီးသဘင်ထူးဆန်းတည်း။

မိုးနတ်ဗြဟ္မာ များစွာစည်းဝေး ချီးကြွေးညံညံ ကောင်းကြီးသံဖြင့် မိုးယံဘဝဂ် ဝှန်တက်ကြော်ငြာ ဇမ္ဗူချာထက် တစ်ရာထီးဆောင်း မင်းပေါင်းခြံရံ ညီလာခံလျက် စံစံပပ သူရိယစန္ဒာ ဗြဟ္မာသိကြား နတ်များညီညွတ် မှုတ်ခတ်ကျူးလွင် ပဉ္ဇင်းပြီးစီး မဏ္ဍာပ်ကြီးတွင် ရှင်တော်ကိုယ်စား ရုပ်ပွားဆင်းတု သွန်းပြုသောခါ နှစ်ကောဇာဟု တစ်ရာ့နှစ်ဆယ် စွန်းဝယ်သုံးခု ရတုဂိမ္မ နွေလကဆုန် ပူဟုန်ပြင်းစွာ ဝိသာခါနှင့် မကွာယှဉ်မှတ် ရက်မြတ် ဗုဒ္ဓ ညဦးကလျှင် စ၍သွန်းရာ ထိုအခါတွင် တေဇာတန်ခိုး တက်တိုးဝှန်ဝေ ဖြစ်စေခြင်းငှာ အဓိဌာဖြင့် မဟာပုရိသ လောကကြေးမုံ သုံးလူ့မျက်ဖျော် ရွှေကိုယ်တော်ငွေ့ လက်တော်ပွေ့လျက် ထည့်၍ကြည့်ရှု သဗ္ဗညုတ ကြပ်မသွန်းလုပ် ရုပ်တုတော်ကြီး ထိန်ညီးလျှံပြေး ကြာသာပတေးတွင် ပြီးအောင်မြင်၏ သုံးခွင်ဘုံလူ နတ်လူဗြဟ္မာ သတ္တဝါတို့ ရှုတာတည့်တည့် မျက်စိ၌တွင်
ရှင်တော်ဘုရား နှစ်ပါးရည်တူ နှစ်ဆူမပျက် တစ်ပြိုင်နက်လျှင် ပွင့်သည်ထင်၏ ပြည်ရှင်မင်းများ နတ်အများနှင့် သိကြားဗြဟ္မာ ဝမ်းမြောက်ကာလျှင် များစွာပူဇော် ရွှင်ပျော်စိတ်နူး သာဓု သာဓု ခေါ်ပြုအသံ ပဲ့တင်လျှံရှင့် မိုးယံဘဝဂ် ကျော်ဝှန်တက်သည်။ အုတ်ကျက်နတ်လူသောင်းသောင်းတည်း။

[မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီးသမိုင်း ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) မှကူးယူမျှဝေခြင်း ဖြစ်ပါသည်]

မေတ္တာဖြင့်
အန်တီတင့်

Friday, September 2, 2011

ရှင်သန်တဲ့ဘဝ



ရှင်သန်တဲ့ဘဝ


ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦး ရုတ်တရက် ဆုံးပါးသွားတယ်။ နေ့မြင်ညပျောက်လို့ ပြောရမယ့် (တိတိကျကျ ပြောရရင်) ခုမြင်ခုပျောက်လို့ပင် ပြောနိုင် တဲ့ ဒီအဖြစ်ကို တွေ့လိုက်ရတော့ သေခြင်းအကြောင်းကို လတ်လတ်ဆတ်ဆတ် ပြန်လည် စဉ်းစားမိပါတယ်။ နေ့လယ်က ဆွမ်းဝိုင်းမှာ ကိုယ်နဲ့အတူ ဘုဉ်းပေး သုံးဆောင်သွားသူ။ နာရီပိုင်း အတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့တာ။ညနေ (၄) နာရီကျော်ကျော် ရတနာ့ဂုဏ်ရည် သင်တန်းမစမီ ခမ်းမထဲ ဝင်ခါနီး မှာပဲ ဝေယျာဝစ္စ ကူညီဆောင်ရွက်နေတဲ့ ဒကာလေးတစ်ဦးက မိတ်ဆွေရဟန်း ဆုံးတဲ့အကြောင်း အကြောင်းကြားလာတယ်။ အဖြစ်က မြန် ဆန်လွန်းလိုက်တာလို့ အောင့်မေ့မိလိုက်ပါတယ်။ ဒါပေမယ့် သေခြင်းတရားဆိုတာက မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာတောင်မှပဲ ရောက်လာ နိုင်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ထားလို့ သိပ်ပြီးတော့တော့ မအံ့သြမိပါဘူး။

သင်တန်းမစမီမှာ လူငယ်တွေက လာမည့်တနင်္ဂနွေနေ့ ကျင်းပပြုလုပ်မယ့် ရန်ပုံငွေပွဲအကြောင်း ခဏရှင်းပြ တယ်။သူတို့ရှင်းပြရာမှာ ပါဝါပွိုင့်နဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ပါဝင်လို့ ရေအငတ်ဘေး တွေ့နေကြရတဲ့သူတွေ ရဲ့ ဆင်းရဲဒုက္ခစုံကို လူကိုယ်တိုင် မတွေရပေမယ့် ပုံတွေကတဆင့်ခံစားမိလို့ စိတ်မကောင်းဖြစ်ရတယ်။ ရေရှားပါး မှုကတဆင့် ဖြစ်လာနိုင်တဲ့ ရောဂါဆိုးတွေ၊ အသက်ဘေးတွေကိုလည်း မှန်းဆ တွေးမိတယ်။ ပျောက်လွယ် ပျက်လွယ် ရှိတတ်လွန်းတဲ့ ဘဝတစ်ခုရဲ့ ရှင်သန်မှုမှာ ဘာဖြစ်လို့ ခုလိုပြုပြင်ဖန်တီးယူလို့ရနိုင်တဲ့ နယ်ပယ် အတွင်းမှာရှိတဲ့ အခက်အခဲမျိုးကြောင့် အလွန်တန်ဖိုးကြီးတဲ့ လူ့အသက်တွေ ဆုံးရှုံးနေကြရတာလဲဆိုတာကို လည်း တစ်ဆက်တည်း စဉ်းစားမိလိုက်တယ်။ သူတို့ရှင်းပြအပြီး ကိုယ့်သင်တန်းစတော့ သတင်းတစ်ခု ပြော စရာရှိတယ်။ ဒါပေမယ့် သတင်းကောင်းတော့လည်း မဟုတ်ဘူးလို့အစချီပြီး မိတ်ဆွေ ဆုံးပါးသွားတဲ့ အကြောင်း ကို သင်တန်းသားတွေကို ပြောပြဖြစ်တယ်။

နေ့လယ်ကမှ ဆွမ်းတစ်ဝိုင်းတည်း အတူတူဘုဉ်းပေးသွားသူ။ ခုတော့ ဘဝတစ်ပါး ပြောင်းသွားကွယ်လွန် သွား ခဲ့ပြီ။ လူသားတစ်ဦးရဲ့ အသက်ဟာ ဘယ်လောက်တောင် ထိလွယ်ခိုက်လွယ် ပျက်စီးဖို့ လွယ်ကူတယ်ဆိုတာ စဉ်းစားကြည့်ကြဖို့နဲ့၊ အသက်ရှင်ရပ်တည်နေကြတဲ့ လူသားတွေရဲ့ ဘဝကို ဆက်လက်ရှင်သန်နိုင်စေဖို့ ဝိုင်းဝန်း ကူညီခြင်းဟာ မွန်မြတ်တဲ့အလုပ်ဖြစ်ကြောင်း ပြောဖြစ်တယ်။ နောက်ပြီးလည်း အခြားအခြား တန်ဖိုးကြီးမားတဲ့ ဆေးဝါးဓာတ်စာတွေ မသုံးဆောင်ရလို့၊ ခက်ခက်ခဲခဲ ရှာဖွေယူရတဲ့ တန်ဖိုးကြီးလူ့အသုံးဆောင်တွေ မရနိုင်လို့ သေကြရတာမျိုး မဟုတ်ပဲ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပထဝီအနေအထားနဲ့ဆို အလွန်မှ လွယ်လွယ်ကူကူ ရရှိနိုင် တဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့ သောက်စရာ ရေမရှိလို့ သေဆုံးကြရမယ်ဆိုလျင် အလွန်မှပဲ ဝမ်းနည်းဖွယ် ကောင်းမယ် ဆိုတာကိုလည်း ပြောဖြစ်တယ်။ ကိုယ်မတတ်နိုင်တဲ့အရာကို ကူညီရတာမျိုးမဟုတ်ပဲ ကိုယ်တတ်နိုင်တာလည်း ဖြစ်၊ ကိုယ့်အတွက်လည်း အလွန်မပင်ပန်းပဲနဲ့ လူသားတစ်ဦးဦးရဲ့ အသက်ကို ကယ်တင်တဲ့လုပ်ငန်းမျိုးကို လုပ် ခွင့်ရခြင်းမျိုးကို မရှောင်လွှဲသင့်ကြောင်းကိုလည်း ပြောဖြစ်တယ်။ ရေလှူဒါန်းခြင်းဟာ အသက်ကိုလှူဒါန်းခြင်း ဖြစ်တယ်ဆိုတာကိုလည်း ပြောဖြစ်ပါတယ်။

သင်တန်းပြီး ညအိပ်ရာမဝင်မီမှာတော့ သေခြင်းအကြောင်းကို ပြန်လည်စဉ်းစားမိတယ်။ နောက်ပြီး သင်ကြား ပေးနေတဲ့ ဓမ္မပဒကျမ်းစာထဲက အပ္ပမတ္တာ န မီယန္တိ ၊ ယေ ပမတ္တာ ယထာ မတာ- မမေ့မလျော့သော သူတွေက မသေသူတွေ၊ မေ့လျော့နေသူတွေက သေနေသူတွေ- ဆိုတဲ့ ဗုဒ္ဓမိန့်ကြားချက်လေးကိုလည်း သတိရမိတယ်။ ဒီစကားကို နားလည်စေဖို့ အနည်းငယ်ရှင်းလင်းပြတဲ့ အဋ္ဌကထာဆရာက 'တကယ်တော့ လောကထဲမှာ မသေ တဲ့သူဆိုတာ မရှိတဲ့အတွက် မမေ့လျောသောသူတွေဟာ မအိုဘူး မသေဘူးရယ်လို့ ပြောလိုတာတော့လည်း မဟုတ်ဘူးပေါ့။ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် ဘာသိဘာသာ နေတဲ့သူတွေက ဝဋ်ဘဝဆင်းရဲက လွတ် မြောက်အောင်လုပ်ဖို့ သတိမရတဲ့အတွက် သူတို့အတွက်က ဘဝဆင်းရဲတွေကနေ လွတ်မြောက်ဖို့ လမ်းစမမြင် နိုင်ဘူးလေ။ ဒါကြောင့် ထပ်ခါထပ်ခါ ဘဝတွေဖြစ်၊ ထပ်ခါထပ်ခါ သေဆိုတော့ အသေမဆုံးနိုင်မည့်သူတွေ ဖြစ် တာကြောင့် ခုလိုမေ့မေ့လျော့လျော့ နေသူတွေကို အသက်ရှင်နေပေမယ့်လည်း သေသူတွေလို့ ပြောရတာတဲ့။ မမေ့မလျော့နေသူတွေကတော့ ဘဝဆင်းရဲက လွတ်မြောက်ကြောင်းအလုပ်ကို လုပ်ဖို့သတိရသူတွေ၊ လုပ်နေ သူတွေဖြစ်တာကြောင့် ဝဋ်ဆင်းရဲ အဆုံးအပိုင်းအခြားရှိတဲ့သူတွေ၊ ထပ်ခါထပ်ခါ သေဖို့မလိုတော့ပဲ ဒီဘဝမှာပင် ဖြစ်စေ၊ ဒါမှမဟုတ်လည်း နောင်ဘဝအနည်းငယ်လောက်နဲ့ပင် ဘဝဖြစ်စဉ်အဆုံးကို ရောက်ရှိနိုင်သူတွေဖြစ် တယ်။ ဒါကြောင့် မမေ့မလျော့ နေသူတွေကိုတော့ အသက်ရှင်လျက်ပဲ ဖြစ်နေဖြစ်နေ၊ အသက်သေနေခိုက်မှာ ပင်ဖြစ်စေဦး ရှင်နေသူတွေလို့ ဆိုနိုင်ပါတယ်' လို့ ရှင်းပြတယ်။ မှတ်သားဖွယ်ရာပါ။

မမေ့လျောနေသူတွေဆိုတာ ကိုယ့်ကောင်းကျိုး အများကောင်းကျိုးကို နည်းမျိုးစုံနဲ့ ဆောင်ရွက်နေသူတွေပဲ လေ။ မမေ့လျော့တတ်သူတွေဟာ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုကို အများအတွက် အသုံးပြုတဲ့၊ အများတွေနဲ့ မျှဝေသုံးစွဲတဲ့ အလုပ်တစ်ခုကို လုပ်နေသူတွေဖြစ်တယ်။ ခန့်ခန့်လေးပြောရင်ဖြင့် ဒါနလုပ်သူတွေပေါ့။ သူတို့ ပိုင်ဆိုင်တဲ့ အရာဆိုတာ ပစ္စည်းဝတ္ထုတစ်ခုခုလည်းဖြစ်နိုင်သလို တတ်ကျွမ်းတဲ့ပညာ၊ သိထားတဲ့အသိ၊ ပိုင်ဆိုင် တဲ့အချိန် စသည် တစ်ခုခုလည်း ဖြစ်နိုင်တာပေါ့။ အသပြာမရှိပေမယ့် စွန့်ကြဲပေးကမ်းနိုင်တဲ့အရာတွေက အများ ကြီးပါ။ ကိုယ်ပိုင်ဆိုင်တဲ့ ဘယ်အရာကိုပဲဖြစ်စေ၊ အများအတွက် မျှဝေတတ်တဲ့သူတွေ များလာရင်ဖြင့် တို့တွေ နေထိုင်နေတဲ့ ဒီကမ္ဘာလောကကြီးက ပိုမိုလှပလာမှာ အသေအချာပါပဲ။ ကိုယ်ပိုလျံမှ၊ ကိုယ်အားလပ်မှ အများ အတွက် မျှဝေနိုင်မယ်ဆိုတဲ့ အတွေးမျိုးရှိနေပြန်လျင်လည်း မျှဝေဖို့ ခက်ခဲတတ်ပါတယ်။ ပိုလျှံမှုဆိုတာက ကျေနပ်ရောင့်ရဲခြင်းဆိုတာ မရှိသမျှ ဖြစ်နိုင်တာမျိုးမှ မဟုတ်တာ။ အများဆင်းရဲကို မကြည့်ရက်တဲ့ ကရုဏာ ရှင်တွေဆိုတာ ဘယ်မှာလာ ပိုလျံခြင်းတွေ၊ အားလပ်ချိန်ဆိုတာတွေကို စောင့်နေပါ့မလဲ။ မအားတဲ့ ကိုယ့်အချိန် ကို အများအတွက် မျှဝေခြင်း၊ မများတဲ့ ကိုယ့်ပိုင်ဆိုင်မှုကိုပင် အများနဲ့ မျှဝေတတ်ခြင်းဆိုတာ သူတော်ကောင်း နှစ်လုံးသားရှိသူတွေရဲ့ အမှတ်လက္ခဏာတွေပဲလေ။ ရောင့်ရဲကျေနပ်တတ်မှုနဲ့ကြင်နာမှု ရှိနေသူတွေအတွက် တော့ မျှဝေမှုဆိုတဲ့ ဒါနအလုပ်ကိုလုပ်ဖို့ အခက်အခဲ ဘယ်မှာရှိပါ့မလဲ။

ကိုယ်ကျေနပ်ပျော်ရွှင်စေဖို့ အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ဘဝရှင်သန်မှုအတွက်ပဲဖြစ်ဖြစ် အခြားသူများရဲ့ပိုင်ဆိုင်ခွင့်တွေကို မတရား မယူတတ်ခြင်းဆိုတာ လူ့ကိုယ်ကျင့်တရားကို စောင့်ရှောက်ခြင်းဖြစ်တယ်။ ဒါက သီလထိန်း ခြင်းပါ။ မလုပ်သင့်တာကို မလုပ်ပဲထိန်းသိမ်း စောင့်ရှုတာဖြစ်လို့ ဒါကိုဝါရိတ္တသီလလို့ ခေါ်ပါတယ်။ စောင့်ထိန်းမှု သီလအပြင်၊ တစ်နည်းပြောရရင်၊ မလုပ်သီလအပြင် လုပ်သီလကိုလည်း ဖြည့်ဆည်းဖို့ လိုပါတယ်။ လူ့ယဉ်ကျေး မှု အဆင့်ဆင့်တိုးတက်ခြင်းအကြောင်းပြောကြရင် မလုပ်သီလအပြင် လုပ်သီလကိုလည်း လုပ်ဆောင်တဲ့ခေတ် မျိုးဟာ တိုးတက်တဲ့ခေတ်၊ အပြောင်းအလဲရှိတဲ့ခေတ်လို့ သုံးသပ်ပြောဆိုကြတယ်။ မကောင်းတဲ့ မလုပ်သင့်တဲ့ အရာမှန်သမျှ ရှောင်ကြဉ်ဖို့အပြင် ကောင်းတဲ့လုပ်သင့်တဲ့အရာမှန်သမျှ လုပ်ကြဖို့ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်။ ဒါကို ဗုဒ္ဓစကားအရ 'ကုသလဿ ဥပသမ္ပဒါ'-ကောင်းတာတွေကို လုပ်ဆောင်ပါလို့ ပြောလို့ရသလို သီလအနေနဲ့ ပြောရင်လည်း စာရိတ္တသီလ-လိုက်နာပြုလုပ်ရမယ့် သီလလို့ ပြောလို့ရပါတယ်။ မဆိုင်သလို နေတတ်မှုသီလတွင်ပါမက ဆိုင်သလိုနေတတ်အောင်ပြုကျင့်တတ်တဲ့ ဒီစာရိတ္တသီလကိုလည်း ဖြည့်ကျင့်ကြဖို့ အထူးလိုအပ်ပါတယ်။

ဒါကို ဓမ္မနွယ်တဲ့ သံသရာနဲ့ဆက်စပ်တဲ့ ရှင်းပြချက်လို့ ယူဆကောင်း ယူဆနိုင်ပါမယ်။ လောကနယ်ပယ်မှာလဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုမလုပ်ပဲ အချိန်တွေဖြုန်းတီးနေသူတွေဟာလည်း သေသူနဲ့ အတူတူပါပဲ။ အ သက်ဝိဉာဉ်ကင်းမဲ့နေတဲ့ သေသူအလောင်းကောင်ဆိုတာ သစ်တုံးတစ်ခုနဲ့ အတူတူပါပဲ။ သစ်တုံးတစ်ခုဟာ ပြု ပြင်ဖန်တီးသူမရှိရင် သူကိုယ်တိုင် ဘာမှမလုပ်နိုင်သလို အလောင်းကောင်ဆိုတာလည်း လောကကောင်းကျိုး တစ်ခုခုကို ဘာမှ မလုပ်နိုင်တော့ပါဘူး။ လုပ်နိုင်ပါလျက် တာဝန်မဲ့စိတ်ကြောင့် လောကကောင်းကျိုး၊ နိုင်ငံ ကောင်းကျိုး၊ မိသားစုကောင်းကျိုးစတာတွေကို မလုပ်ပဲ ဘာသိဘာသာနေသူတွေလည်း သေသူအလောင်းလို ပါပဲ။ သူတို့နဲ့စပ်ပြီး ကမ္ဘာလောကကြီး ဘာကောင်းကျိုးမှ ဖြစ်ဖွယ်မရှိပါဘူး။ လောကကြီးကသာ၊ လူ့အဖွဲ့အစည်း ကသာ သူတို့အတွက် လုပ်ပေးရဖို့ သူတို့ဝန်ကို ထမ်းရဖို့ ရှိပါတယ်။

ဒါကြောင့် အသက်ရှည်ဖို့ထက် အသက်ရှင်သန်ဖို့ကသာ ပိုအရေးကြီးပါတယ်လို့ ပြောကြတာပါ။ အများစုသော သူတွေကတော့ အသက် ရှင်သန်ရေးထက် အသက်ရှည်ဖို့အရေးကိုပဲ ဦးစားပေးကြပါတယ်။ ကိုယ်ကျင့်တရား (သီလ-မလုပ်ခြင်းခြင်းနဲ့လုပ်ခြင်းတရား) နဲ့ ယှဉ်လာပါက အသက်ကိုစွန့်ရမယ်ဆိုတဲ့ ဗုဒ္ဓအဆုံးအမစကားဟာ ရှည်ရေးထက် ရှင်ရေးကို ဦးစားပေးရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အသက်ရှည်ရေးတွက် ကြောင့်ကြစိုက်နေ တာထက်စာရင် ရှင်သန်နေတဲ့အခိုက်မှာ အဓိပ္ပါယ်ရှိရှိ နေထိုင်ဖို့ကသာ ပိုအရေးကြီးကြောင်းကိုလည်း ပြောကြ တာပါ။ သေနေတဲ့ဘဝနဲ့ အသက်ကြာကြာ ရှည်နေခြင်းထက် ရှင်နေတဲ့ဘဝနဲ့ တစ်နေ့တစ်ရက် တစ်မနက်မျှ နေထိုင်ရခြင်းက ပိုမိုမွန်မြတ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ စကားကိုလည်း အမှတ်ရနေမိပါတယ်။ ။

ဓမ္မပဒကျမ်းကို အခြေခံပါသည်

အရှင်ဉာဏိကာဘိဝံသ


Thursday, September 1, 2011

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး


(က) အပါယ်လေးပါး

အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကို ပြုလုပ်နိုင်စွမ်းမရှိသည့်အတွက် ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။ ငရဲဘုံဆိုရင်လည်း ငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခက အလွန်ကြီးပါတယ်။ သံရည်ပူများနှင့်လောင်းခံရခြင်း၊ ခွေးနက်ကြီးများရဲ့ ကိုက်ခဲခြင်းကိုခံရခြင်း၊ ဓါး၊ လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့ ငရဲလို့ခေါ်တာပါ။ ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။

အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊ အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတာမသိ၊ နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ။ တိရိစ္ဆာန်ဘဝကိုစဉ်းစားကြည့်ပါ။ မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်းစွာဖောက်ပြန်မှုတွေရှိပါတယ်။ ကုသိုလ်ကို ကုသိုလ်ပါလို့နားမလည်ပါဘူး။ အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လို့မသိရတဲ့ဘဝပါ။ ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လို့မသိတဲ့သူများ အထူးသတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကို လည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။ သတ်တဲ့သူမခံရဘူး၊ ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကိုရောက်သွားပြီဆိုတာသိသာပါတယ်။ ဒါကတိရိစ္ဆာန်ပါ။

ပြိတ္တာဆိုတာက ပေတ ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှဝေးကွာသောသတ္တဝါ၊ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိတ်ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင် သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက ၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ (အပေးခံပြိတ္တာ) ၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ (အဆာခံပြိတ္တာ) ၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ (အလောင်ခံပြိတ္တာ) ၄။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ (ဆင်းရဲခံပြိတ္တာ) တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ ဒါကပြိတ္တာပါ။

အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊ တောက်ပခြင်း၊ တင့်တယ်ခြင်းကင်းနေတဲ့သတ္တဝါ၊ မှင်စာ နတ်သေးနတ်ငယ်၊ နတ်စုတ်၊ နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။ (မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။ အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်ဆိုရင် အတော်ကြောက်စရာကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့် မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။ လူဘုံ လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက် အဆပေါင်းမြောက်များစွာ သာလွန်နေပါတယ်။

(ခ) အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ ပြန်ရောက်ဖို့ဟာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ ဝိပဿနာအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးကမလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ-စသည်ဖြင့်ပေါ့လေ၊ မေးဖွယ်ရာရှိပါတယ်။ အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း (တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်တွေရှိနေပါတယ်။ အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့

(၁)။သရဏဂုံကုသိုလ်။

ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့ စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။ အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။

ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၃)။ စာရေးတံ မဲချခြင်းကုသိုလ်။

ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များလှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ (ဆိုလိုတာက ငါနဲ့ သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလိုတဲ့အတွက် သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူဒါန်းတဲ့အလှူမျိုးကို ခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်အကျနည်းပေမယ့် ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၄) ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။

ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေ လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကို နှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ဖြစ်စေ လှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။ ဒီကုသိုလ်လေးက ငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၅)။ ဝေဿဝါသိက ကုသိုလ်ပါ။

ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။ နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးက သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။ သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကို နှစ်စဉ်နှစ်တိုင်း လုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။

ဆိုလိုတာက ကျောင်းတစ်ဆောင်ဖြစ်စေ၊ ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့ အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။ အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး။ အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။ အဲလို ကျောင်းတစ်ဆောင်၊ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ ပြောပြအသိပေးပါတယ်။

(၇) ဧကာပေါက္ခရဏီတဲ့။

ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။ အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရားဆိုရင် မိမိအိမ်ရှေ့မှာဖြစ်စေ၊ လမ်းထောင့်တစ်နေရာရာမှာဖြစ်စေ ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်းရပါတယ်။ အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါးလွတ်မြောက်တဲ့အထိ တန်ဘိုးလည်းကြီး အကျိုးလည်း များပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူဖြစ်တာပါ။

ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ အမြဲဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊ သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့ မရဘူးနော်၊ (နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်း နှစ်စဉ်၊ စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။ အားလုံးသော ဒကာ၊ ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကို တစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ ပြီးတော့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ ဝတ်ထားပြီး အားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)