မိမိသည် ငယ်စဉ်ကပင် သာသနာ့ဘောင်သို့ဝင်၍ ရှင်ရဟန်းပြုခဲ့သည်။ ထိုစဉ်မှစ၍ မိဘများနှင့်ခွဲကာ နေခဲ့ရ၏။ ဆရာ့ခြေရင်းတွင် ၀တ်ကြီးဝတ်ငယ်ပြုစုရင်း ဆရာ့အရိပ်ဝယ် မှီခိုခဲ့ရ၏။ ပညာရင်နို့သောက်စို့ခဲ့ရ၏။ ဆရာ့ အဆုံးအမ၀ယ် လိုက်နာခဲ့ရ၏။ ဆရာ ညွှန်ပြမှုဖြင့် ထူးချွန်သူ ဖြစ်ခဲ့ရ၏။ ဆရာ ဖောက်သောလမ်းကို လျှောက်ခဲ့ရ၍ ပန်းတိုင်သို့ မပင်မပန်း ရောက်ခဲ့ရ၏။ မိမိဘ၀လမ်းဝယ် ဆရာမြှင့်၍ တင့်တယ်ထယ်ဝါခဲ့ရ၏။ ထို့ကြောင့် ဆရာသည် မိမိ၏ အမိလည်း မည်၏။ အဖလည်း မည်၏။ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင် ကောင်းလည်း မည်၏။ သင်ဆရာလည်း မည်၏။ ဆရာ့ အကျင့်အကြံ အနေအထိုင်တို့ကို အတုယူ လိုက်နာ ခဲ့ရ၍ မြင်ဆရာလည်း မည်၏။
ထို့အတူ ဆရာသည် စေတနာ အကောင်းဆုံး အလှူရှင်လည်း မည်၏။ ပညာအလှူကို ရက်ရက်ရောရော ပေးလှူခဲ့သောကြောင့် ဖြစ်ပါ၏။ ဆရာစားမျှ မချန်ခဲ့ပေ။ ပညာကို လိုလိုချင်ချင် သင်ကြားသော တပည့်များနှင့် ကြုံရလျှင် အားရ၀မ်းသာဖြစ်၍ စေတနာ ဝေဖြာရ၏။ ပညာကို လိုလိုချင်ချင် မကြိုးစားသော တပည့်များနှင့် ကြုံလျှင်လည်း သူ့ဘ၀ ရှေ့ရေးကို တွေးတတ် မြင်တတ်အောင် ဆုံးမသွန်သင်ပြီး ပညာပေးလေံ ရှိပါ၏။ ဤကြားထဲတွင် ဆရာ့စေတနာကို နားမလည်ဘဲ စော်ကားသော တပည့်မျိုးနှင့်ကြုံလျှင် ရင်ထုမနာ ဖြစ်ရ၏။ သို့သော် ဆရာသည် တပည့်များအပေါ်မှာ မည်သည့်အကြောင်းကြောင့်မျှ စိတ်ကောက်ခြင်း၊ စိတ်ကွက်ခြင်း၊ စိတ်ဆိုးခြင်း မဖြစ်နိုင်ရှာခဲ့ပေ။ အဆိုပါတပည့်က မှားမှန်းသိ၍ တောင်းပန်းလျှင် သနားကြင်နာမှုပင် ပိုလိုက်သေး၏။ ဆရာသည် မတောင်းပန်ခင်ကပင် တပည့်များကို ကျေနပ်ပြီးသား၊ ခွင့်လွှတ်ပြီးသား ဖြစ်နေ၏။ ထိုကြောင့် ဆရာသည် ကရုဏာရှင်ကြီးလည်း မည်ပါသည်။
ဥဋ္ဌာပေန္တိ ပရိသံ၊
ဓမ္မတော နောစ ကမ္မတော။
ဓမ္မံ ပရေသံေးသေန္တိ၊
အတ္ထတော နောစ လာဘတော။
(ပါရာပရိယတ္ထေရဂါထာ)
ပရိသံ၊ ရဟန်းရှင်လူ တပည့်ပရိတ်သတ်ကို။ ဓမ္မတော၊ အသိဉာဏ်တိုးပွါး ကုသိုလ်များအောင် တရားဟူသော အကြောင်းကြောင့်သာလျှင်။ ဥဋ္ဌာပေန္တိ၊ မိမထံပါး ခစား ဆည်းကပ်စေကုန်၏။ နောစ ကမ္မတော၊ မိမိ၏ အမှုကိစ္စကို ဆောင်ရွက်ပြုလုပ်ပေးကြစေရန် မဟုတ်ကုန်။ အတ္ထတော၊ လောကုတ္တရာ အကျိုးစီးပွါး တိုးပွါးစေလိုသောကြောင့်သာလျှင်။ ပရေသံ၊ သူတစ်ပါးတို့အား။ ဓမ္မံ၊ တရားကို။ ဒေသေန္တိ၊ ပို့ချသင်ကြား ရေးသား ဟောပြောကြကုန်၏။ နောစ လာဘတော၊ ကျော်စောသက္ကာရ လာဘ်လာဘရရန် မဟုတ်ကုန်။
(ပါဠိတော်လာ ဂါထာကို ဗျတိရေကတ္ထပြင်၍ ပြောင်းပြန် ယူထားပါသည်။)
မှန်ပါ၏။ ဆရာသည် မိမိ၏ ဝေယျာဝစ္စ လုပ်ကိုင် ဆောင်ရွက်ပေးစေရန်အတွက် တပည့်များကို အနီးအပါး၌ နေစေခြင်း မဟုတ်ပါ။ အသိဉာဏ်တိုးပွါး အကျိုးများစေရန် အတွက်သာ တပည့်များကို အနီးအပါး၌ နေစေခြင်း ဖြစ်ပါသည်။ မိမိအတွက်၊ ကျောင်းတိုက်အတွက် ကျော်စောခြင်း၊ လာဘ်လာဘပေါများခြင်း စသော အကြောင်းကြောင့် တပည့်များကို စာပေ သင်ကြား၊ ပို့ချ၊ ရေးသား၊ ဟောပြောနေခြင်း မဟုတ်ပါ။ တပည့်များ အသိအလိမ္မာ တိုးပွါးပြီး၊ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုး များစေရန် အတွက်သာ ဖြစ်ပါသည်။
ဆရာသည် တပည့်များအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား အမြဲပွါးများ နေသောကြောင့် ဗြဟ္မာလည်း မည်ပါ၏။ ဆရာသည် တပည့်များကို မိမိထံရောက်ရှိ ပညာသင်ချိန်မှစ၍ ရင်ဝယ်သားကဲ့သို့ အမြဲမေတ္တာစိတ် ဖြစ်၏။ တပည့်များ မတော်တာ လုပ်မိလေမလား၊ အပေါင်းအသင်းမှားပြီး လူဆိုးလူမိုက် ဖြစ်သွားလေမလား စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှု ကရုဏာစိတ် ဖြစ်၏။ တပည်များ၏ အောင်မြင်မှုနှင့် ကောင်းသတင်းကို ကြားရလျှင် ၀မ်းမြောက်ဝမ်းသာ မုဒိတာစိတ် ဖြစ်၏။ တပည့်များ အချိန်တန် အရွယ်ရောက်၍ ကိုယ့်အားကိုကိုးနိုင်သောအခါ၊ ဘ၀လမ်းကို ဖြောင့်တန်းစွာ လှမ်းနိုင်သောအခါ စိတ်ချရပြီ ဆိုသည့် ဥပေက္ခာစိတ် ဖြစ်၏။ ထို့ကြောင့် ဆရာကို ဗြဟ္မာဟု ဆိုအပ်ပါသည်။
ဆရာ့ဘ၀သည် ကူးတို့လှေငယ်ရှင် ဘ၀နှင့်လည်း မခြားပေ။ စာသင်သားလူငယ် ဘ၀ခရီးသည်များအား ဘ၀မြစ်ပြင်ကျယ်ကို အလွယ်တကူ ဖြတ်ကျော်၍ ရည်မှန်းချက် ပန်းတိုင်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ရှိစေရန် ပညာလှေဖြင့် ပို့ဆောင်ပေးရသော တာဝန်ကား ဆရာတို့ပြုအပ်သည့် တာဝန်သာဖြစ်၏။ ဆရာသည် ဘ၀ပန်းတိုင် တစ်ဖက်ကမ်းသို့ ရောက်လေပြီးသော ဘ၀ခရီးသည် တပည့်များအား နှစ်ထောင်း အားရစွာ ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ ဘ၀မြစ်ပြင်ကျယ်တွင် ကူးဖြတ်ဆဲဖြစ်သော ဘ၀ခရီးသည် တပည့် များအား ပို့ဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ လာလတ္တံ့သော ဘ၀ခရီးသည် တပည့်များအား မျှော်လင့် စောင့်စား ခြင်းဖြင့်လည်းကောင်း မိမ၏ကူးတို့ လှေငယ်ရှင်ဘ၀ကို ကြည်နူးကျေနပ် ပီတိဖြစ်လျှက်နေပေသည်။ ဆရာ့အနေနှင့်မူ သံသရာအကျိုးများသော်လည်း လက်ရှိ ပစ္စုပ္ပန်ဘ၀တွင်မူ အနည်းငယ် မပြောပလောက်သော အခြံအရံ အကျော်အစောဖြင့် တင်းတိမ်ရောင့်ရဲလျှက် နောက်းဆုံးတွင် ဤကူးတို့လှေငယ်ရှင်ကဲ့သို့ပင် မထင်မရှားဖြင့် ဘ၀ကို စွန့်လွှတ်ရပေလိမ့်မည်။
သကတ္ထော နတ္ထိ နတ္ထော ပရဿတ္ထမကုဗ္ဗတေတိ။
ဝစနတော ပရတ္ထောဝ သပ္ပုရိသေဟိ ကတ္တဗ္ဗော။
ပရတ္ထေ သမ္ပာဒိတေ ပန သကတ္ထော သမ္ပန္နောဝနာမ။
(သာရတ္ထ၀ိလာသိနီ ပဉ္စိကာ ဋီကာ)
ပရဿ၊ သူတစ်ပါး၏။ အတ္ထံ၊ အကျိုးကို။ အကုဗ္ဗတော၊ မပြုသောသူ၏။ သကတ္ထော၊ မိမအကျိုးသည်။ နတ္ထိ၊ မရှိနိုင်။ နတ္ထော၊ မုချ မရှိနိုင်သည်သာတည်း။ က္ကုတိ၊ ဤသို့။ ၀စနတော၊ ပညာရှိတို့ မိန့်ဆိုတော်မူခြင်းကြောင့်။ သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။ ပရတ္ထောဝ၊ သူတစ်ပါးအကျိုးကိုသာလျှင်။ ကတ္တဗ္ဗော၊ အလေးအနက် ထားကာ ပြုထိုက်စွာ၏။ ပရတ္ထေ၊ သူတစ်ပါးအကျိုးကို။ သမ္ပာဒိတေပန၊ ကူညီခြင်းဖြင့် ပြည်စုံအပ်သည် ရှိသော်ကား။ သကတ္ထောစ၊ မိမိအကျိုးသည်လည်း။ သမ္ပန္နောဝနာမ၊ ပြီးပြည့်စုံသည်သာလျှင်မည်၏။
အနှစ်ချုပ်၍ဆိုရလျှင် သူတစ်ပါးအကျိုးကို ပြုလုပ်ဆောင်ရွက်သောသူမှာ မိမိအကျိုးဆိုသည် မရှိနိုင်ပေ။ မိမိအကျိုးကို ငဲ့ကွက်ရိုး ထုံးစံ မရှိပေ။ ဤသို့ ပညာရှိတို့ မိန့်ဆိုတော်မူသောကြောင့် သူတော်ကောင်းတို့သည် သူတစ်ပါးအကျိုးကိုသာ အမြဲမပြတ် ဆောင်ရွက်ကြကုန်၏။ သူတစ်ပါးအကျိုး ပြည့်စုံလျှင် မိမိအကျိုးလည်း ပြည့်စုံသည်မည်၏။ ဆိုလိုသည်မှာ ကိုယ်ကျိုးမဖက် အများအကျိုးဆောင်ရွက်နေသူသည် အများအကျိုး ပြီးပြည့်စုံလျှင် မိမိအကျိုးပြည့်စုံသလို ၀မ်းမြောက်ကြည်နူးရသည်သာ။
သာသနာ့ဝန် ထမ်းကြရသော အာဇာနည် ပုဂ္ဂိုလ် ဆရာတို့ အဖို့လည်း မေတ္တာဝန်ထမ်းများ ဖြစ်ကြ၏။ ထိုဝန်ကို ထမ်းရ၍ မောပန်းခြင်း မရှိ။ မောပန်းရမှန်းလည်း မသိပေ။ မေတ္တာဝန် ထမ်းရသည်ပင် ဆုကြီးဆုမြတ် ဖြစ်နေသည်။
ဆရာ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ထုတ်တင်ပြရလျှင် ကုန်နိုင်ဖွယ် မမြင်။ ထို့ကြောင့်ပင် “အာစရိယ ဂုဏော အနန္တော” ဟု အနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘတို့နှင့် တစ်တန်းစားတည်းထားကာ ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။
သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္စ န္တ မန္တရံ။
သရီရံ ခဏ၀ိဒဒ္ဓံသီ၊ ကပ္ပ န္တဋ္ဌာယီနော ဂုဏာ။
(ဟိတောပဒေသ၊ မိတ္တလာဘ၊ ဂါထာ ၄၉)
သရီရဿစ၊ ခန္ဓာကိုယ်၏လည်းကောင်း။ ဂုဏာနဉ္စ၊ ခန္ဓာကိုယ်၌ တည်ရှိသော ဂုဏ်တော်တို့၏ လည်းကောင်း။ အန္တရံ၊ တစ်ခုနှင့် တစ်ခု ခြားနားခြင်းသည်။ အစ္စ န္တံ စင်စစ်။ ဒူရံ၊ ဝေးကွာလှ၏။ သရီရံ၊ ခန္ဓာကိုယ်သည်။ ခဏ၀ိဒဒ္ဓံသီ၊ နှစ်တစ်ရာအတွင်း တစ်ချိန်ချိန်၌ ပျက်စီးခြင်းသဘော ရှိ၏။ ဂုဏာ၊ သမ္ပတ္တိအဖုံဖုံ ဂုဏ်တော်အစုံတို့သည်ကား။
“အရှည်မကြာ၊ ကိုယ်ခန္ဓာကား၊ တစ်ရာအနှစ်၊ ကိုယ်၌ဖြစ်သား၊ ပြန်စစ်နှိုင်းလျော်၊ ကျေးဇူးသော်မှ၊ ကျူးကျော်ကုန်ခမ်း၊ ကမ္ဘာကျွမ်းလည်း၊ ဥဒါန်းမကျေ၊ လူ့ပြည်နတ်ရပ်၊ ပဲ့တင်ထပ်လိမ့်။”
(၀ိဓူရပျို့)
ဆရာတို့၏ ကိုယ်ခန္ဓာကား အနှစ်တစ်ရာအတွင်း တစ်ချိန်ချိန်၌ ပျက်စီး ချုပ်ငြိမ်းသွားနိုင်၏။ သို့သော် ဆရာတို့၏ အနန္တ ဂုဏ်ကျေးဇူးတော်တို့ကား ကမ္ဘာ ပျက်သည့်တိုင်အောင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။
မိမိသည် ဆရာ့ထံတွင် အထူးထူးသော စာပေကျမ်းဂန်တို့ကို လေ့လာဆည်းပူး သင်ယူခဲ့သည်မှာ အကြာကြီး ကြာခဲ့ပေပြီ။ ဆရာ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော အဆုံးအမများသည်လည်း မိမိ နှလုံးသားတွင် ထာဝစဉ် စွဲထင်လျက် ရှိပေပြီ။ သို့သော် ဆရာ့ကျေးဇူးကို သိကားသိ၏။ ထုတ်ဖော် ပြောဆိုခြင်း၊ တုန့်ပြန် ကျေးဇူဆပ်ခြင်း မပြုနိုင်ခဲ့ပေ။ မိမိသည် ဤဆောင်းပါးဖြင့် ဆရာ့ဂုဏ်ကျေးဇူးတော်တို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ ဆရာ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ကာ ကန်တော့လိုက်ပါ၏။ ဆရာ့ကျေးဖူးကို တုန့်ပြန် မဆပ်နိုင်သော်ငြားလည်း ဤသို့ ဆရာ့ဂုဏ်ကျေးဇူးတော်တို့ကို ထုတ်ဖော် ရေးသားပြခြင်းကြောင့် ဆရာ၏ ကြီးမားလှသော အနန္တကျေးဇူးတော်တို့မှ မြူတစ်မှုန်စာမျှ ကျေသည်ဆိုလျှင်ပင် မိမိဘ၀ တစ်သက်တာတွင် ကြည်နူးကျေနပ်စွာဖြင့် ထာဝရ ၀မ်းမြောက်နေမည်သာ ဖြစ်ပါသတည်း။
(သင်ဆရာ မြင်ဆရာအားလုံးကို ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါသည်။)
ဦးဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)