Tuesday, March 2, 2010

အမျိုးဘာသာ သာသနာ (၁)


အမျိုးဘာသာ သာသနာ (၁)
အမျိုး ဘာသာ သာသနာအမျိုး ဘာသာ သာသနာ ဟူ၍ ကျွန်တော်တို့ ကြွေးကြော်ခဲ့သည်မှာ ကြာမြင့်ခဲ့ချေပြီ။ ကြွေးကြော်ခဲ့သည့် အတိုင်းလည်း ကျွန်တော်တို့သည် မိမိတို့၏ အမျိုး၊ မိမိတို့၏ ဘာသာ စာပေနှင့် မိမိတို့၏ သာသနာတော်ကို ဤကမ္ဘာ မြေပြင်၌ အဓွန့်ရှည်ကြာ တည်တံ့စေခြင်းငှါ ဆန္ဒရှိကြပါ၏။ ဆန္ဒ ရှိသည့် အလျှောက်လည်း ကြိုးပမ်းကြပါ၏။ ကြိုးပမ်းသည့် အလျှောက်လည်း ကျွန်တော်တို့၏ မြန်မာလူမျိုး သည်လည်းကောင်း၊ မြန်မာ ဘာသာ သည်လည်းကောင်း၊ ကျွန်တော်တို့ ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သာသနာတော် သည်လည်းကောင်း ဤကမ္ဘာ မြေပြင်၌ လွတ်လပ်စွာ တည်တံ့လျှက် ရှိပါ၏။
ထိုသို့ ရှိပါသော်လည်း ကျွန်တော်တို့သည် မိမိတို့၏ အမျိုး၊ မိမိတို့၏ ဘာသာ၊ မိမိတို့၏ ဗုဒ္ဓသာသနာတော်ကို ဤကမ္ဘာ မြေပြင်၌ အဓွန့်ရှည်စွာ တည်ရှိစေရန် အားထုတ်ရာ၌ မြတ်စွာဘုရား၏ အဆုံးအမတော် အတိုင်းသာ တည်ရှိစေရန် အားးထုတ်ခြင်း ဖြစ်ပါ၏။ အခြားသောနည်း၊ မမှန်ကန်သော နည်းဖြင့် တည်ရှိစေရန် အားထုတ်ခြင်း မဟုတ်။ အခြားသောနည်း၊ မမှန်ကန်သော နည်းဖြင့် တည်ရှိစေရန် အားထုတ်ခြင်းကြောင့် တည်ရှိလာပါကလည်း ထိုကဲ့သို့ တည်ရှိခြင်းမျိုးကို ကျွန်တော်တို့သည် မမြတ်နိုး။ မမြတ်နိုးသည့် အလျှောက်လည်း ကျွန်တော်တို့သည် အလေးအမြတ် မပြုကြ။ ဤသည်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ သွန်သင်ချက်အရ ကျွန်တော်တို့၏ ကိုယ်ပိုင် ခံယူချက် ဖြစ်ပါ၏။

မြတ်စွာဘုရား၏ အဆုံးအမတော်ကို “ဓမ္မ၀ိနယ” ဟုခေါ်၏။ ယင်း၏ မြန်မာပြန် အနက်မှာ “တရားသဖြင့် ဆုံးမခြင်း” ဟူ၍ ဖြစ်၏။ ကျွန်တော်တို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အားလျှော်စွာ ဓမ္မ၀ိနယ ကို သီးထိပ်ထက် ပန်ဆင်လျှက်၊ မြန်မာလူမျိုးကို ဤကမ္ဘာမြေပြင်၌ အဓွန့်ရှည်စွာ တည်စေခြင်းငှါ တရားသဖြင့်သာ အားထုတ်လိုသူများ ဖြစ်ကြ၏။ ထိုနည်းတူပင် မိမိတို့၏ ဘာသာ စာပေကိုလည်းကောင်း၊ မိမိတို့၏ ဗုဒ္ဓသာသနာတော် ကိုလည်းကောင်း ဤကမ္ဘာမြေပြင်၌ အဓွန့်ရှည်စွာ တည်စေခြင်းငှါ ကြိုးပမ်းရာ၌ တရားသဖြင့် ဖြစ်ရေးကိုသာ လိုလားကြပါ၏။အမှန်အားဖြင့်လည်း ကျွန်တော်တို့သည် တရားသဖြင့် ဆုံးမရာ နယ်မြေ “ဓမ္မ၀ိနယ” ၌ ကြီးပြင်းလာသူများ ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်တော်တို့သည် မတရားသဖြင့် အနိုင်ကျင့်၍ မိမိ အမျိုးသားများ ကြီးပွါးလာလျှင်လည်း ထိုသို့ ကြီးပွါးခြင်းကို မနှစ်ခြိုက်။ မိမိတို့၏ စာပေများ တိုးတက်လာလျှင်လည်း ထိုသို့ တိုးတက်ခြင်းကို မမြတ်နိုး။ မိမိတို့၏ ဗုဒ္ဓဘာသာ ပြန့်ပွါးလာလျှင်လည်း ထိုသို့ ပြန့်ပွါးခြင်းကို အလေးအမြတ်မပြု။ ဤသို့ ခံယူကြခြင်းမှာ တရားသဖြင့် ဆုံးမရာ “ဓမ္မ၀ိနယ” နယ်မြေ ၌ ကြီးပြင်းလာရခြင်း၏ အကျိုး သက်ရောက်မှု ကြောင့်ပင် ဖြစ်ပါ၏။မြတ်စွာ ဘုရား၏ ဒေသနာတော်အရ မတရားခြင်းကို အဓမ္မ ဟုဆို၏။ အနိုင်ကျင့်ခြင်းကို အ၀ိနယ ဟုဆို၏။
ထို့ကြောင့် မတရားသဖြင့် အနိုင်ကျင့်ခြင်းကို အဓမ္မအ၀ိနယ ဟုဆို၏။ ကမ္ဘာ့ သမိုင်း၌ အဓမ္မအ၀ိနယ နည်းဖြင့် ဆိုင်ရာဆိုင်ရာ လူမျိုးများ ထူထောင်ခဲ့သည်ကိုလည်း တွေ့ရ၏။ ဆိုင်ရာဆိုင်ရာ ဘာသာ စာပေများ ထူထောင်ခဲ့သည်ကိုလည်း တွေ့ရ၏။ ဆိုင်ရာဆိုင်ရာ သာသနာတော်များ ထူထောင်ခဲ့သည်ကိုလည်း တွေ့ရ၏။ အဓမ္မ အ၀ိနယ နည်းဖြင့် ထူထောင်ခြင်း ဆိုသည်မှာ စစ်အေး အသွင်ဖြင့် ဖြစ်စေ၊ စစ်ပူ အသွင်ဖြင့် ဖြစ်စေ မတရားသဖြင့် အနိုင်ကျင့်၍ ထူထောင်ခြင်းပင် ဖြစ်၏။

ဤသို့ ထူထောင်ခြင်းကို လောက အမြင်အရ ဆိုလျှင် အဓမ္မ ဆိုသော်လည်း အဓမ္မ ဟု အထင်သေး၍ မရ။ အ၀ိနယ ဆိုသော်လည်း အ၀ိနယ ဟု အထင်သေး၍ မရ။ အဘယ်ကြောင့်တိုသော် လောကသည်ပင် အ၀ိဇ္ဇာ ခြံရံ၍ တဏှာ အရင်းခံသော မတရားမှု အဓမ္မ နှင့် အနိုင်ကျင့်မှု အ၀ိနယ တို့ ကြီးစိုးရာ ဘူမိနတ်သန် နေရာမှန် ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် မတရားမှု နှင့် အနိုင်ကျင့်မှု တို့သည် မိမိတို့ စိုးစံရာလောက၌ အာဏာ လွှမ်းမိုးနိုင်ကြခြင်း ဖြစ်၏။ အရှိန်အ၀ါ ပြနိုင်ကြခြင်း ဖြစ်၏။ ဤသို့ ဖြစ်၍သာ ဤကမ္ဘာ မြေပြင်၌ လူမျိုးရေး ဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ ကိုးကွယ်ရာ သာသနာရေး ဖြစ်စေ၊ ထိုထိုရေးရာတို့သည် မတရားမှု နှင့် အနိုင်ကျင့်မှု တို့၏ အကူုအညီဖြင့် ထွန်းထွန်းပြောင်ပြောင် ထူထောင်နိုင်ကြခြင်း ဖြစ်ပါ၏။
သို့ရာတွင် ကျွန်တော်တို့သည် လောကကို စုန်သူများ မဟုတ်၊ လောကို ဆန်တတ်သူများသာ ဖြစ်ကြပါ၏။ ထို့ကြောင့် လောကကိုလည်းကောင်း၊ လောက၏ စွမ်းပကား ဖြစ်သော မတရားမှု နှင့် အနိုင်ကျင့်မှုကို သော်လည်းကောင်း မြတ်နိုးနေပါက၊ အလေးအမြတ် ပြုနေပါက လောကမှ မလွတ်မြောက်နိုင်ဘဲ ရှိနေပေလိမ့်မည်။

အမှန်အားဖြင့် ကျွန်တော်တို့သည် လောကမှ ထွက်မြောက်လိုသူများ ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်တော်တို့သည် လောကကို ဆန်သောအားဖြင့် မတရားမှုမှန်လျှင် မည်သည့်ပုံစံမျိုးဖြင့် ဖြစ်စေ၊ အနိုင်ကျင့်မှုမှန်လျှင် မည်သည့် ပုံစံမျိုးဖြင့် ဖြစ်စေ မမြတ်နိုးနိုင်ကြဘဲ၊ အလေးအမြတ် မပြုနိုင်ကြဘဲ၊ တရားသဖြင့် ဆုံးမမှုကိုသာလျှင် မြတ်နိုးတတ်ကြ၏။ အလေးအမြတ် ပြုတတ်ကြ၏။တရားသဖြင့် ဆုံးမမှုကို မြတ်နိုးကြသည် မှန်သော်လည်း ကျွန်တော်တို့သည် ဤလောက၌ နေကြသူများ ဖြစ်ကြရာ လောကကိုလည်းကောင်း၊ လောက၏ စွမ်းပကား ဖြစ်သော မတရားမှု နှင့် အနိုင်ကျင့်မှုကို သော်လည်းကောင်း၊ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခွင့်ပြုနေရသော အခြေအနေမျိုး ရှိကောင်းရှိနိုင်ပါ၏။
ထိုသို့ရှိခဲ့သော် ဘုရားစေတီကို ထီးတင်ရာ၌ ငြမ်းမဆင်ဘဲ မဖြစ်နိုင်၍ ငြမ်းဆင်ရသကဲ့သို့ ထို့အတူ မတရားမှု နှင့် အနိုင်ကျင့်မှုကို ခွင့်မပြုဘဲ မဖြစ်နိုင်သော အခြေအနေကြောင့် ခွင့်ပြုရခြင်းပင် ဖြစ်သည်ဟု ခိုင်မာစွာ ခံယူထားအပ်ပါ၏။ထိုသို့ခံယူထားပါက ထီးတော်ကို တင်ပြီးသောအခါ ငြမ်းကို ဖျက်သကဲ့သို့ မိမိတို့၏ တရားဖြင့် ဆုံးမမှုအတွက် ဆောင်ရွက်ပြီးသောအခါ မတရားမှု နှင့် အနိုင်ကျင့်မှုကို ဖျက်အပ်၏။ ဤအမြင်မျိုးဖြင့် ဆောင်ရွက်ခြင်းမျိုးကို ရှေးခေတ် ဗုဒ္ဓဘာသာ နိုင်ငံ တော်တော်များများ၌ တွေ့နိုင်ပါ၏။ ဗုဒ္ဓ ဒေသနာတော်၌ အကုသိုလ်ပင် ဖြစ်စေ၊ အကုသိုလ်မှန်းသိပြီး၊ သင်္ခါရ တရားအနေဖြင့် ဖြစ်ပျက်ရှု၍ ပယ်ဖျောက်နိုင်ကြေင်း စိတ္တာနုပဿနာ ရှုပွါးနည်း၌ တွေ့မြင်နိုင်ပါ၏။ ထို့ကြောင့် ကျွန်တော်တို့သည် ပုထုဇဉ်များ ဖြစ်သည်အားလျှော်စွာ ဘုရားထီးတင်ရန် ငြမ်းဆင်ရသလို ဓမ္မ၀ိနယ အတွက် တစ်ခါတစ်ရံ အဓမ္မအ၀ိနယ ကို ငြမ်းအဖြစ် အသုံးပြုပြီး၊ ထို အဓမ္မအ၀ိနယ ငြမ်းကို ပယ်ဖျက်နိုင်အောင် ကြိုးစားအပ်ပါ၏။
အမျိုးဘာသာ သာသနာ အတွက် ဆောင်ရွက်ရာ၌ ကျွန်တော်တို့သည် “ငါ့အမျိုးမှ ငါ့အမျိုး”၊ “ငါ့ဘာသာမှ ငါ့ဘာသာ”၊ “ငါ့သာသနာမှ ငါ့သာသနာ” ဟူသော အစွဲအလန်းမျိုး မပြင်းထန်။ အကယ်၍ ပြင်းထန်လျှင်လည်း “ဓမ္မ၀ိနယ” နှင့် ညီမည်မဟုတ်ပေ။ဗောဓိပက္ခိယ ကျင့်စဉ်အရဆိုလျှင် အရာဝတ္ထုတိုင်းတွင် လက္ခဏာသည် သုံးဆင့်ရှိ၏။ ပထမ “တူသော လက္ခဏာ” ၊ ဒုတိယ “မတူသော လက္ခဏာ” ၊ တတိယ “တူ မတူ နှစ်ပါးစုံမှ လွတ်သော လက္ခဏာ” ဟူ၍ သုံးဆင့်ဖြစ်၏။
ဥပမာ အားဖြင့် ဆိုရလျှင် သရက်ပင်သည် သရက်ပင်သာ ဖြစ်၏။ မရမ်းပင် မဟုတ်။ ထို့ကြောင့် သရက်ပင်၌ မရမ်းပင်နှင့် မတူသော လက္ခဏာ ရှိ၏။ သို့ရာတွင် သရက်ပင်သည် အခြားသစ်ပင်များနှင့် သစ်ပင် သာမညအားဖြင့် တူသော လက္ခဏာ ရှိပြန်၏။ထို့နောက် သက်မဲ့ ရုပ်လောက တစ်ခုလုံးသည် အဋ္ဌကလာပ် ရုပ်အနေဖြင့် တူ မတူ လက္ခဏာ နှစ်မျိုးလုံးကို လွန်ပြန်၏။ တူ မတူ လက္ခဏာ နှစ်မျိုးလုံးကို လွန်ပြီး၊ တူ မတူ လက္ခဏာ နှစ်မျိုးလုံးကို လွတ်မြောက်ခြင်းကြောင့် အဋ္ဌကလာပ်ရုပ်ကို သစ်ပင် လက္ခဏာ ရှိသည်ဟုလည်း ဆိုနိုင်၏။ သစ်ပင် လက္ခဏာ မရှိဟုလည်း ဆိုနိုင်၏။ ထို့နည်းတူ် သရက်ပင် လက္ခဏာ ရှိသည်ဟုလည်း ဆိုနိုင်၏။ သရက်ပင် လက္ခဏာ မရှိဟုလည်း ဆိုနိုင်၏။အမှန်အားဖြင့် သစ်ပင်နှင့် ပတ်သက်၍ အဋ္ဌကလာပ်ရုပ်ကို ဆိုချင်သလို ဆိုနိုင်၏။ ဤသည်မှာ အဋ္ဌကလာပ်ရုပ်သည် သစ်ပင်နှင့် ပတ်သက်၍ တူ မတူ နှစ်မျိုးစုံမှ လွတ်သော လက္ခဏာ ရှိသောကြောင့် ဖြစ်၏။ ထိုသဘောကို ရှင်းအောင် ပြဆိုရလျှင် ကမ္ဘာတည်စ၌ ရှေးဦး ပထမ အဋ္ဌကလာပ် ရုပ်သာ ရှိ၏။ ထို့နောက် သစ်ပင်မျိုးစု ဖြစ်လာ၏။ ထိုသစ်ပင်မျိုးစုထဲမှ သရက်ပင်၊ မရမ်းပင် စသည်ဖြင့် တစ်မျိုးနှင့် တစ်မျိုး မတူသော သစ်ပင်တို့ ဖြစ်လာ၏။ဤ၌ ဆိုလိုရင်းမှာ အရာဝတ္ထုတိုင်းတွင် “မတူ လက္ခဏာ” ၊ “တူ လက္ခဏာ” ၊ “တူ မတူ မှလွတ်သော လက္ခဏာ” ဟူ၍ လက္ခဏာ (၃)မျိုးရှိကြောင်း တင်ပြလိုရင်း ဖြစ်၏။
ဤဓမ္မတာ အရ ၀ိပဿနာ နယ်မြေတါင်လည်း ပရမတ္ထ တရားများတွင် သဘာဝ လက္ခဏာ၊ သာမည လက္ခဏာ နှင့် သန္တိ လက္ခဏာ ဟူ၍ လက္ခဏာ (၃)မျိုးပင် ရှိ၏။ အမျိုး ဘာသာ သာသနာ နှင့် ပတ်သက်ရာ၌လည်း “မတူ လက္ခဏာ” ၊ “တူ လက္ခဏာ” ၊ “တူ မတူ မှလွတ်သော လက္ခဏာ” ဟူ၍ လက္ခဏာ (၃)မျိုးရှိ၏။ ဤသို့ ရှိလာခြင်းမှာ ဓမ္မတာအရ ရှောင်လွှဲ၍ မရခြင်းကြောင့် ရှိလာခြင်း ဖြစ်၏။ဓမ္မတာအရ ရှောင်လွှဲ၍ မရသဖြင့် မိမိတို့၏ အမျိုး ဘာသာနှင့် ပတ်သက်၍ ထူထောင်ရာ၌ ဤလက္ခဏာ ရှင်းရှင်း လင်းလင်း နားလည်ရမည် ဖြစ်၏။ ဤသို့ ဖြစ်ပါမှ ဓမ္မ၀ိနယ နှင့် အညီ ဆောင်ရွက်ရာ ရောက်၏။
ထိုသို့ ဆောင်ရွက်ရာတွင် ပထမ မိသားစု အကျိုးစီးပွါးကို ဆောင်ရွက်ရ၏။ ထို့နောက် အမျိုးသား အကျိုးစီးပွါးကို ဆောင်ရွက်ရ၏။ ထို့နောက် လူသားများ (သို့မဟုတ်) ကမ္ဘာ့ အကျိုးစီးပွါးကို ဆောင်ရွက်ရ၏။ အကျိုးစီးပွါး (၃)မျိုးလုံးသည် အချင်းချင်း မှီလျှက် ရှိကြ၏။ ထို့ကြောင့် အကျိုးစီးပွါး (၃)မျိုးလုံးကို သူ့အတိုင်းအတာနှင့်သူ အလေးအမြတ်ပြုအပ်၏။ မိသားစု အကျိုးစီးပွါး သက်သက်ကိုသာ ကွက်၍ ဆောင်ရွက်ရန် မဖြစ်နိုင်။
အဘယ့်ကြောင့်ဆိုသော် မိသားစု စီးပွါးရေး နောက်ကွယ်၌ အမျိုးသား စီးပွါးရေးသည် ရှိပြန်၏။ ယင်း၏နောက်ကွယ်၌ လူသားများ (သို့မဟုတ်) ကမ္ဘာ့ အကျိုးစီးပွါးသည် ရှိပြန်၏။ ဤသို့လျှင် (၁) မိမိ၊ (၂) မိမိ အမျိုးသား၊ (၃) လူသားများ (သို့မဟုတ်) ကမ္ဘာ့ ဟူ၍ ဖြစ်စဉ်များသည် ဓမ္မတာ အားဖြင့် (၃)မျိုး ရှိကြ၏။ သို့ဖြစ်ရာ အမျိုး ဘာသာ သာသနာ အတွက် ဆောင်ရွက်ရာ၌ ဓမ္မတာကို ကျော်လွန်ပြီး ဆောင်ရွက်၍ မရပေ။ထို့ကြောင့် မိမိအတွက် ကွက်ကွက်လေးကိုသာ ကြည့်ပြီး ဆောင်ရွက်လျှင် ဓမ္မတာကို ကျော်လွန်၍ ဆောင်ရွက်ရာ ရောက်သောကြောင့် အောင်မြင်ရန် ခဲယဉ်း၏။ အကယ်၍ အောင်မြင်ပါကလည်း ပူပူလောင်လောင် အောင်မြင်ခြင်းမျိုး ဖြစ်၍ ရေရှည် တည်တံ့ရန် ခဲယဉ်းပြန်၏။ ထို့ကြောင့် မိမိ၏ အကျိုးစီးပွါးအတွက် ဆောင်ရွက်တော့မည်ဆိုလျှင် အမျိုးသား အကျိုးစီးပွါးနှင့် ထိပ်တိုက် ရင်မဆိုင်ရလေအောင် ဆင်ခြင်ရ၏။ တဖန် အမျိုးသား အကျိုးစီးပွါးအတွက် ဆောင်ရွက်တော့မည်ဆိုလျှင်လည်း ကမ္ဘာ့ အကျိုးစီးပွါးနှင့် ထိပ်တိုက် ရင်မဆိုင်ရလေအောင် အမြဲတမ်း ဆင်ခြင်အပ်၏။ ဘာသာအတွက် ဆောင်ရက်ရာ၌ ဖြစ်စေ၊ သာသနာတော် အတွက် ဆောင်ရွက်ရာ၌ ဖြစ်စေ ထိုနည်းတူ ဓမ္မတာကို မကျော်လွန်ဘဲ ဆောင်ရွက်ရ၏။
ဤသို့ ဆောင်ရွက်မျသာလျှင် ဓမ္မ၀ိနယ နှင့်အညီ ဆောင်ရွက်ရာ ရောက်၏။ “ငါ့မိသားစု ကိစ္စ၊ ငါ ကောင်းသည် ထင်သလို လုပ်မည်” ဟူ၍ လည်းကောင်း၊ “ငါ့အမျိုးသား ကိစ္စ၊ ငါ ကောင်းသည် ထင်သလို လုပ်မည်” ဟူ၍ လည်းကောင်း ခံယူချက်မျိုး မရှိကောင်းပေ။
အကယ်၍ ထိုခံယူချက်မျိုး ရှိလျှင်လည်း ဗုဒ္ဓဘာသာ ခံယူချက် မဟုတ်ပေ။ မတရားသဖြင့် အနိုင်ကျင့်၍း အဓမ္မအ၀ိနယ နည်းဖြင့် ဆောင်ရွက်ခြင်းမျိုးသာ ဖြစ်၏။ဗုဒ္ဓဘာသာ အမြင်အရဆိုသော် “မိမိအဆင့်”၏ နယ်နိမိတ် အလွန်၌ “အမျိုးသားရေးအဆင့်”သည် ရှိ၏။ “အမျိုးသားရေး အဆင့်” ၏ နယ်နိမိတ် အလွန်၌ “ကမ္ဘာ့ အဆင့်” သည် ရှိ၏။ လက္ခဏာဟာရ နေတ္တိ နည်းအရ ဆိုလျှင် “မိမိ”ိ အဆင့် သည် မတူသော လက္ခဏာကို ဆောင်၏။ “အမျိုးသားရေး” အဆင့်သည် တူသော လက္ခဏာကို ဆောင်၏။ “ကမ္ဘာ့” အဆင့်သည် တူ မတူ နှစ်မျိုးလုံးမှလွတ်သော လက္ခဏာကို ဆောင်၏။ ဤသဘော အရ တူသော လက္ခဏာသည် မတူသော လက္ခဏာထက် အားကောင်းသဖြင့် မတူသော လက္ခဏာကို ချေဖျက်နိုင်၏။ဝါဒ အမြင်ဖြင့် ပြောရလျှင် “အမျိုးသားရေးဝါဒ” သည် “မိသားစုဝါဒ” ထက် အားကောင်းသဖြင့် အချင်းချင်း ဆန့်ကျင်လာလျှင် “အမျိုးသားရေးဝါဒ” က “မိသားစုဝါဒ” ကို ချေဖျက်နိုင်၏။ “ကမ္ဘာ့ဝါဒ” သည် “အမျိုးသားရေုးဝါဒ” ထက် အားကောင်းသဖြင့် အချင်းချင်း ဆန့်ကျင်လာလျှင် “ကမ္ဘာ့ဝါဒ” က “အမျိုးသားရေုးဝါဒ” ကို ချေဖျက်နိုင်၏။ဤသဘောတရားကို ၀ိပဿနာ နယ်ပယ်၌လည်း တိုက်ရိုက် တွေ့နိုင်ပါ၏။ ၀ိပဿနာ နယ်ပယ်တွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော “သာမည လက္ခဏာ” သည် ရုပ် နာမ် နှင့် အကြောင်း အကျိုး တို့၏ “သဘာဝ လက္ခဏာ” ထက် အားကောင်းသဖြင့် “သာမည လက္ခဏာ” က “သဘာဝ လက္ခဏာ” ကို ချေဖျက်နိုင်၏။ တဖန် နိဗ္ဗာန်၏ “သန္တိ လက္ခဏာ” က “သာမည လက္ခဏာ” ထက် အားကောင်းသဖြင့် နိဗ္ဗာန်၏ “သန္တိ လက္ခဏာ” က ရုပ် နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော “သာမည လက္ခဏာ” ကို ချေဖျက်နိုင်၏။ ဤဖြစ်စဉ်မှာ အရိယာ နယ်ပယ် “ပရမတ္ထ သစ္စာ” တိုင်အောင် မှန်ကန်သော ဖြစ်စဉ် ဖြစ်သဖြင့် လောကရေးရာ “သမုတိ သစ္စာ” နယ်ပယ်၌လည်း မှန်ကန်သည်ပင် ဖြစ်၏။ ထို့ကြောင့် အရိယာ နယ်ပယ်၌ “ပရမတ္ထ သစ္စာ” တိုင်အောင် မှန်ကန်သော ဖြစ်စဉ် (၃) မျိုးကို လောကရေးရာ၌လည်း “သမုတိ သစ္စာ” အရ မှန်ကန်အောင် အသုံးပြုနိုင်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် အမျိုးဘာသာ သာသနာကို ဤကမ္ဘာ မြေပြင်၌ အဓွန့်ရှည်ကြာ တည်စေခြင်းငှါ ဆောင်ရွက်ရာ၌ လူသား တစ်ယောက်၏ ပုဂ္ဂလိက တာဝန်အနေဖြင့်လည်း ကြည့်ရ၏။ အမျိုးသားရေး တာဝန်အနေဖြင့်လည်း ကြည့်ရ၏။ ကမ္ဘာ့ လူသားများ၏ တာဝန် အနေဖြင့်လည်း ကြည့်ရ၏။ ဤသို့ ကြည့်ပြီးမှသာ ကျွန်တော်တို့သည် အမျိုးဘာသာ သာသနာတော် အတွက် ဆောင်ရွက်ဖွယ် ကိစ္စ မှန်သမျှကို ဆောင်ရွက်ရပေလိမ့်မည်။ထိုသို့ ဆောင်ရွက်ရာ၌ ဆရာ နှင့် ဒကာ တို့သည် အချင်းချင်း အမှီသဟဲပြု၍ ဆောင်ရွက်ရမည် ဖြစ်၏။ ဆရာ၏ တာဝန်ကား ဓမ္မာနုဂ္ဂဟ တာဝန် ဖြစ်၏။ ဒကာ၏ တာဝန်ကား ပစ္စယာနုဂ္ဂဟ တာဝန် ဖြစ်၏။ ဓမ္မာနုဂ္ဂဟ ဟူသည်မှာ ဓမ္မ (တရား) ဖြင့် ချီးမြှောက်ခြင်းပင် ဖြစ်၏။ ပစ္စယာနုဂ္ဂဟ ဟူသည်မှာ ပစ္စည်း လေးပါးတို့ဖြင့် ချီးမြှောက်ခြင်းပင် ဖြစ်၏။ မြန်မာနိုင်ငံ၌ အမျိုးဘာသာ သာသနာ အတွက် ဆောင်ရွက်သောအခါ ဒကာများသည် တကယ်တမ်း တိုက်ရိုက် တာဝန်ယူ၍ ဆောင်ရါက်ကြသူများ ဖြစ်ကြပါ၏။ သို့ရာတွင် ထိုသို့ ဆောင်ရွက်သောအခါ သူတို့၏ သန္တာန်၌ ခိုင်မာသော ဓမ္မ၀ိနယ ရှိရေးသည် ပဓါနဖြစ်၏။ ဓမ္မ၀ိနယ အုတ်မြစ်ပေါ်၌ အမျိုးဘာသာ သာသနာ ကို တည်ဆောက်နိုင်မှသာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် ညီညွတ်သော တည်ဆောက်မှု ဖြစ်၏။

ထိုကဲ့သို့ တည်ဆောက်မှုမျိုးကိုသာ မြတ်နိုးအပ်၏။ အလေးအမြတ် ပြုအပ်၏။ ထိုကဲ့သို့ တည်ဆောက်နိုင်ရေးအတွက် ဒကာတို့ သန္တာန်၌ ဓမ္မ၀ိနယ အုတ်မြစ် ခိုင်မာစေရန် ဆရာများ ဘက်မှ ပြုစု ပျိုးထောင်ပေးဖို့ လို၏။ ထိုသို့ ပြုစု ပျိုးထောင် ပေးမှသာလျှင် ဓမ္မာနုဂ္ဂဟ ဖြင့် ချီးမြှောက်ရာ ရောက်ပါသည်။
ဒကာများ ဘက်ကလည်း အမျိုးဘာသာ သာသနာကို ချီးမြှောက် ထေက်ပံ့ရာ တည်ဆောက်ရာ၌ မိမိတို့၏ သန္တာန်၌ ဓမ္မ၀ိနယကို အခြေခံ အုတ်မြစ် အဖြစ် ခံယူထားဖို့ လို၏။ အကယ်၍ ဓမ္မ၀ိနယကို အခြေခံ အုတ်မြစ် အဖြစ် ခံယူမထားဘဲ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ စသည့်ဝါဒများကိုသာ အခြေခံ အုတ်မြစ် အဖြစ် ခံယူပြီး၊ အမျိုးဘာသာ သာသနာကို တည်ဆောက်ပါက စစ်မှန်သော ငြမ်းချမ်းမှုနှင့် စစ်မှန်သော ချမ်းမြေ့မှုကို ရရှိရန် ခက်ခဲပါ၏။ အဘယ့်ကြောင့်ဆိုသော် ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ စသည့်ဝါဒများသည် ကိုယ်ကျင့် သိက္ခာ မြင့်မားမှု အပေါ်၌ အခြေမခံဘဲ၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အသိပညာ ကြွယ်ဝမှု အပေါ်၌သာ အခြေခံသောကြောင့် ဖြစ်၏။

အမှန်အားဖြင့် ကိုယ်ကျင့် သိက္ခာ မြင့်မားမှု အပေါ်၌ အခြေမခံဘဲ၊ ရရှိလာသော စိတ်ဓာတ်ခိုင်မာမှုနှင့် အသိပညာ ကြွယ်ဝမှုသည် အတ္တကို ကြီးသည်ထက်ကြီးအောင်၊ ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက် ပေးနိုင်ပါ၏။ အတ္တကြီးလာသည်နှင့် အမျှ၊ အတ္တ ခိုင်မာ လာသည်နှင့်အမျှ “ငါ့မိသားစု ကောင်းစားရေးသာ ပဓါန” ဟူသော ခံယူချက်သည် ခိုင်မာလာ၏။ ထို့ထက်ရင့်လျှင် “ငါ့လူမျိုး ကောင်းစားရေးသာ ပဓါန” ဟူသော အမြင်သည် ခိုင်မာလာ၏။ကမ္ဘာ့ သမိုင်းကို ပြန်ကြည့်လျှင် “ငါ့မိသားစု ကောင်းစားရေးသာ ပဓါန” ဟူသော “သက်ဦးဆံပိုင် စနစ်”် သည်လည်း ဓမ္မတာနှင့် ဆန့်ကျင်သောကြောင့် ကျဆုံးခဲ့ရကြောင်း တွေ့မြင်ရမည် ဖြစ်ပါ၏။ “ငါ့လူမျိုး ကောင်းစားရေးသာ ပဓါန” ဟူသော “ဖက်ဆစ်ဝါဒ”၊ “နာဇီဝါဒ” များသည်လည်း ဓမ္မတာနှင့် ဆန့်ကျင်သောကြောင့် ကျဆုံးခဲ့ရကြောင်း တွေ့မြင်နိုင်ပါသည်။
သို့ဖြစ်လေရာ အတ္တအပေါ် အခြေခံသော ၀ါဒမှန်သမျှသည် ဓမ္မတာနှင့် ဆန့်ကျင် သောကြောင့် စစ်မှန်သော ငြမ်းချမ်းမှုနှင့် စစ်မှန်သော ချမ်းမြေ့မှုကို ရရှိရန် မဖြစ်နိုင်သဖြင့် တစ်ခုသောနေ့၊ တစ်ခုသော အချိန်တွင် မလွဲမသွေ ကျဆုံးရမည် ဖြစ်ကြောင်း ယုံမှား သံသယ မရှိအပ်ပါချေ။ အနတ္တ အပေါ် အခြေခံသော ထေရ၀ါဒ ဗုဒ္ဓဘာသာ သည်သာလျှင် ဓမ္မတာနှင့် မဆန့်ကျင်သောကြောင့် စစ်မှန်သော ငြိမ်းချမ်းမှုနှင့် စစ်မှန်သော ချမ်းမြေ့မှုကို ဖြစ်စေနိုင်သဖြင့် ကမ္ဘာ တည်သရွေ့တည်ရှိနေမည်သာ ဖြစ်ပါ၏။
ထေရ၀ါဒ ဗုဒ္ဓဘာသာ သည် စိတ်ဓာတ် ခိုင်မာမှု အသိ ဉာဏ် မြင့်မားမှုကို ကိုယ်ကျင့် သိက္ခာ မြင့်မားမှု အပေါ်၌ တည်ဆောက်ထားသောကြောင့် အခြားသော ၀ါဒများက တည်ဆောက်ပေးထားသော စိတ်ဓာတ် ခိုင်မာမှု အသိဉာဏ် မြင့်မားမှုတို့နှင့် မတူဘဲ၊ ဓမ္မတာအရ မိမိမိသားစုကိုလည်း ကောင်းစားစေ၏။ မိမိ လူမျိုးကိုလည်း ကောင်းစားစေ၏။

ကမ္ဘာ လောက အတွင်းရှိ လူသား အားလုံးကိုလည်း ကောင်းစားစေပါသည်။ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် အခြားသော ၀ါဒများ၏ အဓိက ခြားနားချက်မှာ ဤသို့ ဖြစ်ပါ၏။ ထေရ၀ါဒ ဗုဒ္ဓဘာသာသည် ဉာဏ်စွမ်း ရှိသလောက်၊ ၀ီရိယစွမ်း ရှိသလောက် ကြိုးစား၍ ရလာသော အကျိုးအမြတ် ဟူသမျှကို လောက အတွက် စွန့်လွတ်ခြင်း “အလောဘ” ၌ ရသကို ရှာ၏။ အခြားဝါဒများကား ဉာဏ်စွမ်း ရှိသလောက်၊ ၀ီရိယစွမ်း ရှိသလောက် ကြိုးစား၍ ရလာသော အကျိုးအမြတ် ဟူသမျှကို မိမိ အတွက် သိမ်းပိုက်ခြင်း “လောဘ” ၌ ရသကို ရှာ၏။ ဤသို့လျှင် ၀ါဒ နှစ်မျိုးသည် ဦးတည်ချက် ပန်းတိုင်ချင်း ခြားနား၏။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ကြသော မြန်မာနိုင်ငံသားတို့သည် “ပစ္စယာ နုဂ္ဂဟ” ဖြင့် အမျိုးအတွက်လည်း ကြိုးစားကြ၏။ ဘာသာ အတွက်လည်း ကြိုးစားကြ၏။ သာသနာ အတွက်လည်း ကြိုးစားကြ၏။ ထိုသို့ ကြိုးစားကြရာတွင် သူတို့၏ သန္တာန်၌ “ဓမ္မ၀ိနယ” ကို အခြေခံသူများလည်း ရှိနိုင်၏။ အခြား ၀ါဒများကို အခြေခံသူများလည်း ရှိနိုင်၏။ “ဓမ္မ၀ိနယ” ကို အခြေခံသည် ဆိုစေဦး၊ တရားတကယ်သိ “ဓမ္မ၀ိနယ” ဟုတ်ချင်မှ ဟုတ်မည်။ စာပေသိ “ဓမ္မ၀ိနယ” မျိုး ဖြစ်ချင်လည်း ဖြစ်နိုင်၏။ အမှန်အားဖြင့် “ဓမ္မ၀ိနယ” ဟူသေည အမည်သည် စာပေသိ၌လည်း ပါနိုင်၏။ တရားသိ၌လည်း ပါနိုင်၏။ စာပေသိ ဟူသည် စာအုပ်စာပေ စသည်တို့ကို လေ့လာ၍ သိသော “ဗဟုသုတ အသိ” ပင်ဖြစ်၏။ တရားသိ ဟူသည် ကိယ်ကျင့် သိက္ခာကို ပြောင်းလဲ သွားစေနိုင်သော “ဉာဏ်ပညာ အသိ” ပင် ဖြစ်ပါ၏။အမေရိကန်၌ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ သာသနာပြုမှုနှင့် စပ်လျဉ်း၍ ဆရာတော် တစ်ပါးက ဤသို့ အမိန့်ရှိဘူး၏။ “သူတစ်ပါးနိုင်ငံ၌ ပိဋကတ်တော်များ သင်ကြားပေးခြင်း၊ တရား ဒေသနာများ ဟောပြော ပြသခြင်းအာဖြင့် စာပေသိ အဆင့်တော့ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ တရားသိ အဆင့်တော့ ဖြစ်မှဖြစ်နိုင်ပါ့မလားလို့ သံသယရှိမိပါတယ်” ဟူ၍ ဖြစ်ပါ၏။

မြန်မာနိုင်ငံ၌လည်း မိမိတို့ သန္တာန်တွင် ဓမ္မ၀ိနယကို အခြေခံ၍ အမျိုး ဘာသာ သာသနာ အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ခုနှစ်သံချီ၍ ပြောနေသူများ ရှိပါ၏။ ထိုသူတို့သည် အတ္တ၊ မာန၊ ဒိဋ္ဌိ စသောပါဠိဝေါဟာရ များကို ကျွမ်ကျွမ်းကျင်ကျင် ဖွင့်ဆိုနိုင်သူများလည်း ဖြစ်ကြပါ၏။ သို့ရာတွင် သူတို့၏ လက်တွေ့ ဆောင်ရွက်ချက်များကို ကြည့်သောအခါ “မိသားစု ကောင်းစားရေး” နယ်နိမိတ်ကို မကျော်လွန် နိုင်သေးသူများ ဖြစ်ကြောင်း တွေ့ရပါ၏။ အမျိုးသား ကောင်းစားရေး နယ်နိမိတ်နှင့် လောက ကောင်းစားရေး နယ်နိမိတ်များကို သူတို့သည် စိတ်ကူးယဉ် ကမ္ဘာ၌သာ ထားရှိနေဆဲ ဖြစ်ကြ၏။
လက်တွေ့ ကမ္ဘာ၌မူ မထားရှိကြချေ။ထိုသို့ဖြစ်သောကြောင့် မြန်မာနိုင်ငံ၌ အမျိုးဘာသာ သာသနာတော်၏ ခိုင်မာမှုသည် ပုဂံခေတ်မှစ၍ ရေတွက်လျှင် နှစ်ပေါင်း (၁၀၀၀) ခန့် ကြာရှိခဲ့ပြီ ဖြစ်သော်လည်း ခိုင်မာသင့်သလောက် ခိုင်မာသော အဆင့်သို့ မရောက်သေးကြောင်း တွေ့ရမည် ဖြစ်ပါ၏။ တကယ်တမ်းသာ ခိုင်မာရိုးမှန်လျှင် မြန်မာနိုင်ငံသည် ကိုယ်ကျင့် သိက္ခာကို အလေးအမြတ်ပြုသော ထေရ၀ါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော နိုင်ငံ ဖြစ်သည့်အားလျှော်စွာ ဤကမ္ဘာ မြေပြင်တွင် အကုသိုလ် ဒုစရိုက် အကင်းဆုံးနိုင်ငံ ဖြစ်နေပေလိမ့်မည်။မြန်မာနိုင်ငံကို ကမ္ဘာ့ နိုင်ငံကြီးများနှင့် နှိုင်းယှဉ်လျှင် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု၌ နောက်ကျချင် ကျမည်။ အတတ် ပညာ ဆိုင်ရာ ဖွံ့ဖြိုးမှု၌လည်း နောက်ကျချင် ကျမည်။ နောက်ကျပါစေ ကိစ္စမရှိ။ သို့ရာတွင် ကိုယ်ကျင့် သိက္ခာ မြင့်မားမှု နယ်ပယ်၌မူ ထိပ်တန်း အကျဆုံးနိုင်ငံ ဖြစ်စေချင်ပါ၏။ လမ်းညွှန် သာသနာ အဖြစ် ထေ၇၀ါဒ ဗုဒ္ဓဘာသာ လည်း ရှိပြီး ဖြစ်ပါ၏။

ထို့ကြောင့် ထိုအဆင့်သို့ ရောက်ရှိနိုင်ရေး အတွက် ဆရာ နှင့် ဒကာတို့သည် မြန်မာနိုင်ငံ၌ ဓမ္မ၀ိနယကို အခြေခံ အုတ်မြစ် အဖြစ် ထားပြီး၊ အမျိုးဘာသာ သာသနာကို ဤကမ္ဘာ မြေပြင်၌ အဓွန့်ရှည်စွာ တည်ပါစေခြင်း အကျိုးငှါ လူတိုင်း ကိုယ်စီ အဓိပတိတပ်ပြီး အားထုပ်အပ်ပါ၏။ ထိုသို့ အားထုပ်ပါက လက်သမား၏ ပဲခွပ်ရိုး၌ လက်သမား၏လက်ရာသည် အစ ပထမ၌ ဘာမျှ မထင်ဟု ထင်ရသော်လည်း၊ ဓမ္မတာ သဘော အားဖြင့်မူ တစ်နေ့ထက် တစ်နေ့ ပို၍ပို၍ ထင်လာရသကဲ့သို့ မြန်မာနိုင်ငံသည်လည်း တစ်နေ့ထက် တစ်နေ့ အကုသိုလ် ဒုစရိုက် အကင်းဆုံး၊ အငြိမ်းချမ်းဆုံး နိုင်ငံ အဖြစ်သို့ ရောက်လာရမည်မှာ သေချာကြောင်း ယုံကြည်အပ်ပါ၏။

ဦးရွှေအောင်
[ဗျာဒိပ်ပန်း မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၁၉၉၂]