Wednesday, June 25, 2014

ဗုဒ္ဓနှစ်၂၆၀၀ပြည့်မှာ ထူးခြားစွာ ကျွတ်တမ်းဝင်ကြဦးမည်


ဗုဒ္ဓနှစ်၂၆၀၀ပြည့်မှာ ထူးခြားစွာ ကျွတ်တမ်းဝင်ကြဦးမည် 

မြတ်စွာဘုရားရှင်များပွင့်တော်မူပုံ"

လူတို့သက်တမ်း (၁၀)နှစ်တမ်းမှ အသင်္ချေယျတမ်း "တက်ကပ်"မှာ ဘုရားရှင်တို့ ပွင့်ရိုးထုံးစံမရှိချေ။ အသင်္ချေယျတမ်းမှ ၁၀နှစ် တမ်းထိ "ဆုတ်ကပ်"မှာသာ ဘုရားရှင်တို့ ပွင့်ရိုး ထုံးစံရှိခဲ့၏။ တစ်ဖန် မြတ်စွာဘုရားရှင်တို့ မည်သည် အနှစ် (၁)သိန်းတမ်းအထက်မှာ ပွင့်ရိုးထုံးစံ မရှိခဲ့ပေ။ အနှစ် (၁၀၀)တမ်းအောက် မှာလည်း ပွင့်တော်မမူနိုင်ပေ။

(၄)အသင်္ချေနှင့် ကမ္ဘတစ်သိန်းအတွင်း ပွင့်တော်မူခဲ့သော ဘုရားရှင်ပေါင်း (၂၈)ဆူအနက် (၁)သိန်းတမ်းမှာ (၁၀)ဆူနှင့် (၉)သောင်းတမ်းမှာ (၁၀)ဆူပွင့်တော်မူခဲ့၏။ တခြား (၇)ဆူအနက် (၆)သောင်းတမ်းမှာ (၂)ဆူ။ ၈၊ ၇၊ ၄၊ ၃၊ ၂သောင်း တမ်းများမှာ (၁)ဆူစီပွင့်တော်မူခဲ့၏။ ထို(၂၈)ဆူ အနက် အနှစ်(၁၀၀)တမ်းမှာကား ကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရားရှင် (၁)ဆူတည်းသာ ပွင့်တော်မူခဲ့၏။

ယခုဘဒ္ဒကမ္ဘာမှာ ကကုသန် မြတ်စွာ ဘုရားရှင်သည် အနှစ်(၄)သောင်းတမ်း၊ ကောဏာဂုံ မြတ်စွာဘုရားရှင်သည် အနှစ်(၃) သောင်းတမ်း၊ ကဿပမြတ်စွာဘုရားရှင် သည် အနှစ်(၂)သောင်းတမ်းမှာ ပွင့်တော်မူခဲ့ကြ၏။ ကျွန်ုပ်တို့၏ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်မှာကား အနှစ်(၁)သောင်းတမ်းမှာ ပွင့်တော် မူရမည့် အစား အနှစ်(၁၀၀)တမ်း မှာသာ ပွင့်တော်မူခဲ့၏ အကြောင်းမှာ အနှစ်(၁)သောင်းတမ်းမှ (၁၀၁)နှစ် တမ်းအထိ ပါရမီဖြည့်ကျင့်နေရဆဲ ဖြစ်နေ၍ အနှစ် (၁၀၀)တမ်း ရောက်မှသာ ဘုရားပွင့်တော်မူခဲ့ရခြင်း ဖြစ်ကြောင်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ၏ မဟာဗုဒ္ဓ၀င်ကျမ်းကြီးမှာ အကျယ်တ၀ံ့ ရှင်းပြထား၏။

အနှစ်(၁)သိန်းတမ်း၊ (၉)သောင်းတမ်း ကဲ့သို့ နှစ်များသောတချို့ သက်တမ်းမှာ ပွင့်တော်မူ ခဲ့သည့် ဘုရားရှင်တို့သည် ပရိနိဗ္ဗာန် ပြုပြီးလျှင် သာသနာတော် မချန်ရစ်ခဲ့ပေ။ ဂေါတမမြတ်စွာ ဘုရားရှင်မှာကား အနှစ်(၁၀၀)တမ်းမှာ ပွင့်တော် မူခဲ့ခြင်းကြောင့် ဗုဒ္ဓသာသနာတော်နှစ်(၅၀၀၀) (မက) ချန်ထားခဲ့၏။ ယခုခေတ် ကျွန်တော်တို့ (၇၅)နှစ်ဝန်းကျင်ခန့် သက်တမ်းမှာ မြတ်စွာ ဘုရားရှင်၏ သာသနာတော်၊ သားတော် သံဃာတော်များ ကျန်ရှိနေခြင်းသည် ကျွတ်တမ်းဝင်ရန် ပုဂ္ဂိုလ်များ ကျန်ရှိနေခြင်း ကြောင့်ဖြစ်သည်။

"ဗုဒ္ဓနှစ် ၂၆၀၀ ပြည့် ရောက်တော့မည်"


အကယ်၍သာ ဂေါတမမြတ်စွာ ဘုရားရှင်သည် အနှစ် ၁၀၀၀၀ (တစ်သောင်း) တမ်း မှာပွင့်တော်မူခဲ့ပါက ၇၅နှစ် ၀န်းကျင်ခန့် သက်တမ်းရှိ ကျွန်တော်တို့သည် ကျွတ်တမ်းဝင်ရန် အကြောင်း မရှိတော့ပေ။

ယခု သာသနာတော် တ၀က်ကျော် နေပြီဖြစ်၏။ ဗုဒ္ဓသာသနာတော်နှစ် ဆိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃)လအကြာမှာ ပထမ သင်္ဂါယနာတင်ခဲ့ကြသော ရှင်မဟာ ကဿပ၊ အရှင်အာနန္ဒာ ... အစရှိသော ရဟန္တာကြီးများနှင့် အဇာတသတ်ဘုရင်မင်းမြတ်တို့ ညှိနှိုင်းကာ (၁) (၂) (၃) ... ဆိုပြီး ရေတွက် လာခဲ့သောနှစ် ဖြစ်သည်။ ယခု (၁၃၇၂)ခု ကဆုန် လပြည့်နေ့မှာ သာသနာတော်နှစ် (၂၅၅၃)နှစ် ကုန်ဆုံး၍ (၂၅၅၄)ခုသို့ စတင် ၀င်ရောက်လာပြီ ဖြစ်၏။

တစ်ဖန် (၁၃၇၃)ခု ကဆုန်လပြည့် (ခရစ်နှစ် ၂၀၁၁ခု၊ မေလ (၁၇)ရက်) မှာ သာသနာတော်နှစ် (၂၅၅၄) ကုန်ဆုံး၍ (၂၅၅၅)ခု သို့ စတင်ရောက်ရှိတော့မည် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်ပွင့်တော်မူချိန်ကို နှစ်ဖြင့် တွက်ရလျှင် သာသနာတော်နှစ် (မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး) (၂၅၅၅)ခုနှစ်သို့ ဗုဒ္ဓသက်တော်ထင်ရှား တရားဟောချိန် (၄၅)၀ါ ထည့်၍ ပေါင်းရပါမည်။ ထို့ကြောင့် "မြတ်စွာ ဘုရားရှင်ပွင့်တော်မူချိန" သည် (၄၅ ၀ါ+ သာသနာနှစ် ၂၅၅၅)= "ဗုဒ္ဓနှစ် ၂၆၀၀ပြည့်" သို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။

"ရတနာ(၃)ပါးပေါ်ထွန်းချိန်"

(၁၃၇၃)ခု ၀ါဆိုလပြည့် (ခရစ်နှစ် ၂၀၁၀ခု၊ ဇူလိုင်လတွင် မြတ်စွာ ဘုရားရှင်သည် ပÍ္စ၀ဂ္ဂီငါးဦးအားတရားဦး စတင် ဟောတော်မူချိန် (၂၆၀၀) ပြည့်မြောက်ကို စတင် ရောက်ရှိတော့မည် ဖြစ်သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီး (၂) လအကြာမှ တရားတော်နှင့် သံဃာတော် ပေါ်ထွန်းခဲ့ပေသည်။ ထိုအချိန် ရောက်မှသာ ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါးပေါ်ထွန်းတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် ရတနာ (၃) ပါးပေါ်ထွန်းတော်မူချိန်သည် ၁၃၇၃ ခု ၀ါဆိုလပြည့်ညနေမှာနှစ်ပေါင်း (၂၆၀၀) ပြည့် မြောက်တော့မည်ဖြစ်ပါသည်။

"သာသနာတော်နှစ်နှင့် ဗုဒ္ဓနှစ် ရာစုနှစ်၊ ထောင်စုနှစ်တို့မှာ ထူးခြားစွာ ကျွတ်တမ်းဝင်ကြသည်"

သာသနာတော်နှစ်ကို (၄၅)၀ါ ထည့်ပေါင်းပါက မြတ်စွာဘုရားရှင် ပွင့်တော်မူချိန် (အတိုကောက် "ဗုဒ္ဓနှစ်" ) ဖြစ်ရကြောင်း တင်ပြရခြင်းမှာ မြတ်စွာဘုရားရှင်၏ သာသနာတော် နှစ်နှင့် ဗုဒ္ဓနှစ် ရာစု၊ ထောင်စုနှစ် တို့မှာ ထူးထူး ခြားခြား ကျွတ်တမ်းဝင် ခဲ့ကြသည့် အထောက် အထားများ မြောက်မြားစွာ ရှိခဲ့သောကြောင့် ဖြစ်၏။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သာသနာတော်နှစ် (၁၀၀)မှာ ဝေသာလီပြည်တွင် ရဟန္တာပေါင်း (၇၀၀)စုပေါင်းပြီး ဒုတိယ သင်္ဂါယနာ တင်ခဲ့ရာ ကျွတ်တမ်းဝင်ခဲ့ကြသူများ ကုဋေချီပြီး ရှိခဲ့၏။ သာသနာတော်နှစ် (၂၃၅)ခုမှာ ပါဋလိ ပုတ်ပြည် (ယခု ပတ္တနား)တွင် သီရိဓမ္မာသောက မင်းကြီးလက်ထက် ရဟန္တာပေါင်း (၁၀၀၀) စုပေါင်း ပြီး တတိယသင်္ဂါယနာတင်ခဲ့၏။

ထိုအချိန်မှစ၍ (၉)တိုင်း၊ (၉)ဌာနသို့ ဓမ္မဒူတခေါ် သာသနာ့စေတမန် ရဟန္တာများကို စေလွှတ်တော်မူခဲ့၏။ ထို(၉)တိုင်းအနက် "သုဝဏ္ဏ ဘူမိ" ခေါ် "ရာမညတိုင်း" (ယခု ပုသိမ်၊ ဒလ၊ မုတ္တမ)သို့လည်း သာသနာပြု ရဟန္တာ (၅)ပါး ရောက်လာ၏။ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင် အနုရုဒ္ဓ၊ အရှင်တိဿဂုတ္တနှင့် အရှင် သောဏေယျ တို့ဖြစ်ကြ၏။ ထိုအချိန်မှာ "သုဓမ္မပူရ"ခေါ် သထုံပြည်တွင် သီရိမာသောက မင်း အုပ်စိုးချိန်ဖြစ်၏။

"ဗုဒ္ဓနှစ် ၃၀၀ ခန့်မှာ"

တတိယ သင်္ဂါယနာတင်ချိန်၌ သာ သနာတော်နှစ် ၂၃၅နှစ်ဖြစ်ပြီး ဗုဒ္ဓပွင့်ပြီးချိန် (၄၅၀ါ+ ၂၃၅နှစ်) = ၂၈၀ နှစ်ရှိပြီဖြစ်၏။ (၉)တိုင်း (၉)ဌာန (အရှေ့တောင်အာရှနှင့် အာရှတိုက် တစ်ခွင်) သို့ ရဟန္တာများ ပျံ့နှံ ရောက်ရှိချိန် ဗုဒ္ဓနှစ် (၃၀၀)ခန့်မှာ ရဟန္တာများ မြောက်မြားစွာ ပေါ်ထွန်းခဲ့သလို သောတာပန်ပေါင်း ကုဋေချီပြီး ကျွတ်တမ်းဝင်ခဲ့ ကြ၏။ ထိုဗုဒ္ဓနှစ် (၃၀၀)ခန့် (၄၅၀ါ+သာသနာ ၂၅၅ခန့်) မှာပင် ကျွန်တော်တို့ ၏ မြန်မာနိုင်ငံအတွင်း သထုံ၊ ပုသိမ်၊ ဒလ၊ မုတ္တမ ...စသည်တို့မှာ ရဟန္တာများ ပေါ်ထွန်း ခဲ့ကြသလို သောတာပန် ... အရိယာများ အဖြစ် အမြောက်အမြား ကျွတ်တမ်း ၀င် ခဲ့ကြ၏။

"ဗုဒ္ဓနှစ် ၅၀၀ ခန့်မှာ"

သာသနာနှစ် (၄၀၀)၀န်းကျင်မှစ၍ အိန္ဒိယပြည် မဇ္ဈိမဒေသမှာ ဗုဒ္ဓသာသနာမှေးမှိန် လာရာ သာသနာနှစ် (၆၀၀)ခန့်မှာ လုံးဝကွယ် ပျောက်သွား၏။ သာသနာတော်နှစ် ၄၅၀မှာ သီဟိုကျွန်း (ယခု သီရိလင်္ကာ)တွင် ၀ဋ္ဋဂါမဏိ မင်းကြီးသည် အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာ (၅၀၀)အား ကြပ်မတ်စေပြီး စတုတ္ထ သင်္ဂါယနာ အဖြစ် ပေရွက်ပေါ်မှာ ပိဋကတ်စာများ ရေးမှတ်စာတင်ပြီး သာသနာပြုခဲ့၏။ ဗုဒ္ဓပွင့်တော် မူပြီးချိန် (၄၅ ၀ါ + သာသနာ ၄၅၀) = ဗုဒ္ဓနှစ် ၄၉၅နှစ် မှာ သီဟိုဠ်တွင် သာသနာတော် ထွန်းကားလာ၏။ ဗုဒ္ဓနှစ် (၅၀၀)အရောက်မှာ ပိဋက (၃)ပုံ ပါဠိစာပေကို အဋ္ဌကထာ၊ ဋီကာ စသည်ဖြင့် ချဲ့ထွင်ရေးသားမှုများ ပေါ်ပေါက်လာရာ ရဟန္တာများ နေပျောက်မထိုးနိုင်လောက်အောင် ပေါများခဲ့ပြီး သောတာပန် ... အရိယာများ အဖြစ် ကုဋေချီပြီး ကျွတ်တမ်းဝင်ခဲ့ကြ၏။

"သာသနာနှစ် ၅၀၀ ခန့်မှာ"

သာသနာနှစ် (၅၀၀)မှာပင် (၉)တိုင်း (၉)ဌာနအနက် ယောနကတိုင်း (ယခု အာဖဂန် နစ္စတန်)တွင် မိလိန္ဒမင်းနှင့် အရှင်နာဂသေန ပညာရှင် (၂)ဦး ပေါ်ထွန်းခဲ့ရာ ထေရ၀ါဒ ဗုဒ္ဓ သာသနာတော်မှာ မိလိန္ဒပဥှာကျမ်းအဖြစ် နေလို လလို အထူးထင်ရှားခဲ့၏။

"ဗုဒ္ဓနှစ် ၁၇၀၀၊ ၁၈၀၀ ၀န်းကျင်မှာ"

သာသနာ (၁၆၀၀) ၀န်းကျင်က အနော်ရထာ မင်းလက်ထက်မှာ သထုံမှ (မြန်မာပြည် အလယ်ပိုင်း) ပုဂံပြည်သို့ ပိဋက(၃)ပုံ နှင့်အတူ ဗုဒ္ဓသာသနာ ထွန်းကား လာပြန်သည်။ ကျန်စစ်သားမင်း နန်းတက်စဉ် ဗုဒ္ဓနှစ် ၁၇၀၀ (၄၅ ၀ါ+ သာသနာ ၁၆၅၅) ၀န်းကျင်မှာ အရိယာများ အမြောက်အမြားပေါ်ထွန်းခဲ့၏။ ဗုဒ္ဓနှစ် (၁၈၀၀)၀န်းကျင်၌ နရပတိစည်သူမင်းနှင့် ကျစွာမင်း လက်ထက်အထိ ပုဂံမှာ စေတီပုထိုးများ လက်ညှိုးထိုး မလွဲလောက်အောင် စည်ကားခဲ့၏။ ပုဂံခေတ် အမျိုးသမီးများပင် ပိဋက (၃)ပုံကို အာဂုံ ဆောင်နိုင်သည်အထိ သာသနာတော် ထွန်းကား ခဲ့၏။

"သာသနာ ၂၄၀၀ မှာ"

သာသနာ (၂၄၁၅)ခု၌ မင်းတုန်းမင်း လက်ထက်မှာ ပဉ္စမသင်္ဂါယနာကို သံဃာတော် (၂၄၀၀) တို့ဖြင့် စီစစ်ကာ ကျောက်ထက်အက္ခရာ တင်တော်မူခဲ့၏။ ပိဋက (၃)ပုံကို ကျောက်စာချပ် ပေါင်း (၇၂၉) ချပ်ပေါ်မှာ တင်ခဲ့၏။ သာသနာ (၂၄၀၀)ကို ရည်မှန်းသော်လည်း ၂၄၁၅ ခန့် ရောက်မှသာ ပြီးစီးခဲ့၏။ ထိုအချိန်မှာ လယ်တီ ဆရာတော် ဖြစ်မည့် ရဟန်းတော် အရှင် ဉာဏဓဇ (၂ ၀ါ) သည်လည်း ပဉ္စမသင်္ဂါယနာ တင်ပွဲမှာ အသက် အငယ်ဆုံးအဖြစ် ကထာ ၀တ္ထုပါဠိတော်ဖြင့် ပါဝင် ဆင်နွှဲခဲ့ရဖူး၏။ ထိုအချိန်မှစ၍ အရှင် ဉာဏဓဇ သည် ဒီပနီ ကျမ်းပေါင်းမြောက်မြားစွာကို ရေးသား တော်မူခဲ့ရာ ပရမတ္ထဒီပနီဋီကာကြောင့် အာရှတိုက်ရှိ ဗုဒ္ဓသားတော် သံဃာထုကြားမှာ ပွက်လော ညံသွားကာ ၃၅နှစ်တိုင်တိုင် ဋီကာစစ်ပွဲ ကြီး ဖြစ်ခဲ့ရ၏။

"ဗုဒ္ဓနှစ် ၂၅၀၀ မှာ"

ထိုကဲ့သို့ပင် ပုဂံခေတ်က အရှင်အဂ္ဂ၀ံသ ၏ သဒ္ဒနီတိကျမ်းကြီး ပေါ်ထွက်ခဲ့ဖူးသလို သာသနာ တော် ၂၄၀၀ကျော်မှာလည်း လယ်တီဆရာတော်၏ ပရမတ္ထဒီပနီဋီကာသည် လည်း သီဟိုဠ်ခေတ် ဋီကာများကို အံတုနိုင်ခဲ့ လောက်အောင် အထူးကျော်ကြားခဲ့ပေသည်။ သာသနာ တော်နှစ်အားဖြင့် ၂၄၅၀ကျော်၊ (၄၅ ၀ါ+သာသနာ ၂၄၅၅)= ဗုဒ္ဓနှစ် ၂၅၀၀မှာ လယ်တီဆရာတော် ဘုရားကြီး၏ ဒီပနီကျမ်းများ သည် အာရှတစ်ခွင် သာမက ဥရောပကမ္ဘာအထိ ကျယ်ပြန့်သွား ခဲ့သည်။ ထို့ကြောင့် လယ်တီ ဆရာတော်ဘုရား သည် နိုင်ငံတကာမှ ပထမဦးဆုံး စာပေပါရဂူ (ဒီလစ်)ဘွဲ့တံဆိပ်တော် ဆက်ကပ် ခြင်း ကို ခံရသလို ထိုခေတ်က အလွန်ရှားပါးသော "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော်လည်း ရရှိတော်မူခဲ့ပေသည်။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ရဟန်းတော် လယ်တီဆရာတော်ဘုရားသည် ကမ္ဘာစစ်ကြီးအတွင်းမှာပင် "ဗုဒ္ဓနှစ် ၂၅၀၀"မှာ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာကို အာရုံစိုက်လောက် အောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။

"လူပုဂ္ဂိုလ်များတရားကျင့်လာကြ"

ဗုဒ္ဓနှစ် ၂၅၀၀ ၀န်းကျင်မှာပင် လူပုဂ္ဂိုလ်များ အုပ်စုလိုက် သမထ၀ိပဿနာ ဘာဝနာ ကျင့်ကြံ လာကြအောင် တရားစခန်းများ ထူထောင်ရန် လယ်တီဆရာတော်က အနာဂါမ် ဆရာသက်ကြီးအား တွန်းအားပေး မျိုးစေ့ချ ပေးခဲ့၏။ ယခင်တချိန်က လူပဂ္ဂိုလ်တို့သည် အလှူဒါနပြု၊ တရားနာ၊ တရားစာရွတ်၊ ဥပုသ် သီလစောင့်၊ ပုတီးစိတ် စသည့် အဆင့်လောက် ဖြင့်ကျေနပ်ကြ၏။ ယခုလယ်တီဆရာတော်၏ တိုက်တွန်းအားပေးမှုကြောင့် အနာဂါမ်ဆရာ သက်ကြီး၏ တပည့်များမှ တစ်ဆင့် မြန်မာနိုင်ငံ သာမက တကမ္ဘာလုံးရှိ ဘာသာပေါင်းစုံ လူပုဂ္ဂိုလ် တို့သည် တရားထိုင် တရားကျင့်၊ ပဋိပတ္တိအကျင့် ကိုအားစိုက်လာကြ၏။

ထိုမတိုင်မီက ၀ိပဿနာ ကျင့်စဉ်၊ ပဋိပတ္တကျင့်စဉ်ကို ကျင့်ကြံအားထုတ် မည်ဆိုလျှင် လူဝတ်ကြောင်ကို ချွတ်ပြီး ရဟန်း ဘောင်ဝင်၊ တောထွက်ခဲ့ကြ၏ ၎င်းင်းကျင့်စဉ်သည် ရဟန်း သံဃာများနှင့် သာသက်ဆိုင်သည်ဟု ယူဆခဲ့ကြ၏။ လူပုဂ္ဂိုလ်များကျင့်ကြံလျှင်လည်း သမထ အဆင့်သာကျင့်ကြံပြီး ဘိုးတော်အဖြစ် အားထုတ်ခဲ့ကြ၏။ လယ်တီဆရာခေတ်မှာမူ လူဝတ်ကြောင် ဘ၀ဖြင့်ပင် သားမယား အိုးအိမ်ကို အချိန်ပိုင်းစွန့်ခွာပြီး သမထ ၀ိပဿနာတရား အား ထုတ်ရမှန်း သိလာကြ၏။

"သာသနာ ၂၅၀၀မှာ"

သာသနာတော်နှစ် ၂၅၀၀မှာ မြန်မာနိုင်ငံ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတွင် ညောင်ရမ်း ဆရာတော် အမှူးပြုပြီး၊ မဟာစည်ဆရာတော်၊ တိပိဋက ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသတို့ ဦးဆောင်၍ သံဃာတော် ၂၅၀၀ကျော် ဖြင့် ဆဋ္ဌသင်္ဂါယနာ (စာထက်အက္ခရာ) တင်တော်မူခဲ့သည်။ လယ်တီဆရာတော်ခေတ်မှ စတင်ဖောက်ထွင်း ခဲ့ရာ သာသနာတော် ၂၅၀၀မှာ တစ်ကမ္ဘာလုံးသို့ ပိဋက (၃)ပုံ စာအုပ်များ ပျံ့နှံ့ခဲ့၏။ မဟာစည် ဆရာတော်၏ သတိပဌာန်ကျင့်စဉ်နှင့် မိုးကုတ် ဆရာတော်၏ ပဋိစ္စသမုပ္ပ တရားတို့သည် လူပုဂ္ဂိုလ်များထံပျံ့နှံ့သွားကြ၏။

"သာသနာ၂၅၀၀ ကျော်မှာ"

လယ်တီ၊ မဟာစည်၊ မိုးကုတ်သာမက စွန်းလွန်း၊ သဲအင်းဂူ၊ ဖားအောက်၊ ---- စသည်ဖြင့် တရားစခန်းပင်မ၊ ရိပ်သာခွဲပေါင်း မြောက်မြားစွာ ပေါ်ထွန်းခဲ့၏။

"ဗုဒ္ဓ၏ကျင့်စဉ် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့"

ယခု သာသနာတော် ၂၅၅၀ကျော်မှာ လယ်တီဆရာတော်၏သား တပည့်၊ မြေးမှ မြစ် တပည့် ဦးဂိုအင်ကာသည် တစ်ကမ္ဘာလုံးမှာ တရား စခန်းရိပ်သာခွဲပေါင်း အများဆုံး ဖွင့်လှစ်နိုင်ခဲ့၏။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ၀ိပဿနာ စေတီတော်ကြီးသည် ယောဂီပေါင်း (၁၀ç၀၀၀)ခန့် တစ်ပြိုင်နက် တရားထိုင်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှ၏။ ၎င်းင်းသည် (၄၅ ၀ါ+ သာသနာ ၂၅၅၅) = ဗုဒ္ဓနှစ် ၂၆၀၀ ၀န်းကျင်မှာ ဗုဒ္ဓသာသနာတော်၏ အထွတ်အထိပ်၊ လယ်တီ ဆရာတော်၏ အရှိန်အ၀ါ၊ ဆဋ္ဌသင်္ဂါယနာ၏ တွန်းအား၊ ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားတို့ကြောင့် ထင်ရှားကျော်ကြား နေခြင်း ဖြစ်သည်။

ထိုဝိပဿနာစေတီတော်ကြီးကြောင့် တစ်ကမ္ဘာ လုံးမှ ဘာသာပေါင်းစုံတို့က ဗုဒ္ဓသာသနာ၏ အထွတ် အထိပ်ဆုံး ကျင့်စဉ် ဖြစ်သည့် ၀ိပဿနာ ဘာဝနာကို အထူး စိတ်ဝင်စားပြီး အားထုတ် လာကြ၏။

"တိုးတက်လာပြီ"

ယခင်တချိန်က ရပ်ကွက်ဓမ္မာရုံ သာသနာ့အဆောက်အဦတို့ မည်သည် အလှူ ဒါနပြုခြင်း၊ တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သီလဆောက်တည်ခဲ့သော ဗုဒ္ဓသာသနာ ပြုရာနေရာ ဌာနဖြစ်ခဲ့၏။ ယခုခေတ် (၁၀)စုနှစ် အတွင်းမှာ ယဉ်ကျေးမှုသင်တန်းများ၊ တရားဓမ္မ ဟောပြော  ဆွေးနွေးရာ သင်တန်းများ ပို့ချရာ နေရာများအဖြစ် တိုးတက်လာခဲ့၏။

"သာသနာ့ အဆောက်အဦး များပြားသော်လည်း"

ရပ်ကွက်ဓမ္မာရုံ၊ ကျေးရွာဓမ္မာရုံ၊ မြို့နယ်ဓမ္မာရုံ ဘုရားကျောင်းတန်ဆောင်း၊ ---စသည့် သာသနာ့အဆောက် အဦးများ မြန်မာ နိုင်ငံမှာ အမြောက်အမြားပေါများလှ၏။ သို့သော် တစ်နှစ် တစ်ကြိမ်၊ တစ်လတစ်ကြိမ် ---- စသည်ဖြင့် အခါကြီးရက်ကြီး အချိန်များမှာသာ သော့ဖွင့်ကာ အလှူဒါနပြုခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားပွဲများကျင်းပခြင်းတို့ ပြုလုပ်ခဲ့ကြ၏။ ကျန်အချိန်များမှာ သော့ပိတ်ထား ကြသည်ကများလှ၏။

"ခတ်ထားသည့်သော့များ ဖွင့်လိုက်ကြပါစို့"

အထက်ပါ သာသနာ့ အဆောက်အဦး များကို သော့ခတ်ထားမည့်အစား တရားပွဲများ၊ ဆွေးနွေးပွဲများ ပရိယတ္တိသင်တန်းများ၊ ပဋိပတ္တိ ကျင့်စဉ်များ အားထုတ်နိုင်ရန် အပတ်စဉ်၊ လစဉ် ဖွင့်လှစ်ကာ ဆောင်ရွက်ကြမည်ဆိုလျှင် ကျေးရွာ၊ ရပ်ကွက်၊ မြို့၊ တိုင်း၊ နိုင်ငံအ၀ှမ်း လောကုတ္တရာ အသိဥာဏ်တံခါးများပွင့်လာကြပေမည်။

"ထူးခြားစွာကျွတ်တမ်းဝင်ကြဦးမည်"

ယခုကဲ့သို့ (၄၅ ၀ါ+ သာသနာ ၂၅၅၅) = ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်ရောက်ရန် (၁)နှစ်အလိုမှာ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာကို ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း မြို့နယ်တိုင်း၊ တိုင်းပြည်တိုင်း တိုးတက်ပြန့်ပွား အောင် အားထုတ်နိုင်ကြ မည်ဆိုလျှင် ထူးထူး ခြားခြား ကျွတ်တမ်းဝင်ကြဦးမည့် ခေတ်ကို ရောက်ရှိ ပေဦးတော့မည်။

မောဟအမှောင်ထုမှ အမောဟ အလင်းတံခါးကို ဖြတ်သန်းကာ အရိယာ (သောတာပန်) မှတစ်ဆင့် အမြိုက်နိဗ္ဗာန်သို့ ဦးတည်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။


မှီငြမ်းကျမ်းများ

(၁) လယ်တီဆရာတော်ဘုရား၏ ဒီပနီပေါင်းချုပ်
(၂) တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ မဟာဗုဒ္ဓ၀င်
(၃) ကျီးသဲလေးထပ်ဆရာတော်၏ မဟာဝင်ဝတ္ထု
(၄) အသျှင်ရာဇိန္ဒ၏ သာသနဗဟုဿုတပ္ပ ကာသနီကျမ်း
(၅) ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
(၆) ခင်မောင်အေး(သင်္ချာ)၏ (၂၈)ဆူ ဗုဒ္ဓ၀င်နှင့် ရှင်းချက်များ၊ သောတာပန်ဆုပန် ချမ်းသာမှုစံ၊ လူဖြစ်ကျိုးနပ်ဖို့ သောတာပန်သို့ ခင်မောင်အေး(သင်္ချာ)


 ss ခင်မောင်အေး
Website: www.sskhinmaungaye.com, www.buddhayear2600.com
Email: sskma@buddhayear2600.com

Tuesday, June 24, 2014

မလိုတာတွေ ဖယ်ထုတ်ပစ်ရတယ်


မလိုတာတွေ ဖယ်ထုတ်ပစ်ရတယ် 

ပန်းပုဆရာကြီးတစ်ဦး ပြောပြတဲ့ စကားတစ်ခုကို အမှတ်ရမိလို့ ပြောပြချင်ပါတယ်။ သူက “ပန်းပု ထုတဲ့အခါမှာ မလိုတာတွေကို ဖဲ့ဖဲ့ထုတ်ပစ်ရတယ်။ မလိုတာတွေကို ဖဲ့ထုတ်၊ ပယ်ထုတ် ပစ်ပြီးတော့မှ လှပတဲ့ ရုပ်လုံးပေါ်လာနိုင်တာ တဲ့။

ဒီနည်းတူပဲ လူဟာ ကိုယ့်ဘဝကိုယ်ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အရာတွေကို ဖဲ့ဖဲ့ထုတ်၊ ပယ်ပယ် ထုတ်ပစ်ရတယ်တဲ့။ ကိုယ့်ဘဝကိုယ်ခန္ဓာက ဖဲ့ထုတ်ပယ်ထုတ်ပစ်ရမှာက အကျင့်ဆိုး  စရိုက်ဆိုး . . . စတဲ့ အရာတွေပဲတဲ့၊ အကျင့်ဆိုး စရိုက်ဆိုး စတဲ့ မလိုလားအပ်တာတွေကို ဖဲ့ထုတ် ပယ်ထုတ်ပစ်မှ တလှတပ ဘဝမျိုး ဖြစ်လာနိုင်တာတဲ့”


တခါတုန်းက ဆရာကြီးတစ်ဥိးက အကျင့်စရိုက်ဆိုးတွေ ရစပြုနေတဲ့ တပည့်တစ်ဦးကို ခေါ်ပြီး တောလမ်းကလေးအတိုင်း လျှောက်လာတယ်။ လျှောက်လာယင်းက အညွန့်အညှောင့်ပေါက်စ သစ်ပင်ကလေး တပင်ကိုတွေ့တော့ ဆရာကြီးက . . .

“တပည့်၊ ဟောဟိုကအပင်လေးကို နုတ်ကြည့်စမ်း” လို့ ခိုင်းတယ်။

တပည့်ကလဲသွားပြီး အလွယ်ကလေးပဲ လက်ညှိုးနဲ့ လက်မကြားထဲညှပ်ပြီး ဆွဲနုတ်လိုက်တယ်။

ဒါနဲ့ ဆက်လျှောက်လာခဲ့ကြပြန်တယ်။
မကြာခင် အတော်လေး အမြစ်ခိုင်ခိုင်တွယ်မိနေပြီဖြစ်တဲ့ သစ်ပင်ငယ်တပင်ကို တွေ့တယ်။ ဒီအခါမှာလဲ ဆရာကြီးက တပည့်၊

“ဟောဟိုကသစ်ပင်ကို နုတ်ပါအုံး” လို့ ခိုင်းတယ်။ တပည့်ကသွားပြီးနုတ်တယ်။
လက်နှစ်ဖက်နဲ့ တော်တော်ကလေး အားစိုက်ပြီး နုတ်လိုကတော့ သစ်ပင်က အမြစ်ကျွတ်ပြီး ပါလာတယ်။

ဆရာတပည့်နှစ်ယောက်ဆက်ပြီးလျှောက်လာကြပြန်တယ်။  လျှောက်လာယင်း တပည့်လူငယ်က
“ဘာမှအသုံးမချဘဲ သူ့ကို သစ်ပင်နုတ်ခိုင်းနေတာ ငါ့ ဆရာကြီး စိတ်တွေမှ မူမှန်သေးရဲ့လား” လို့ တွေးလာတယ်။

မကြာခင် လူတပိုက်တဖက်လောက် လုံးပတ်ရှိတဲ့ သစ်ပင်ကြီး တပင်ကို တွေ့ရတယ်၊ ဒီအခါမှာလဲ ဆရာကြီးက တပည့် ဟောဟိုက သစ်ပင်ကြီးကိုနုတ်စမ်းပါ လို့ ခိုင်းပြန်တယ်။ နုတ်လို့ မရမှန်းသိပေမယ့် ဆရာက ခိုင်းနေတော့ တပည့် လူငယ်က လက်နှစ်ဖက်နဲ့ သစ်ပင်ကြီးကို ပိုက်ဖက်ပြီး အသားကုန်နုတ်တယ်။ ချွေးဒီဒီးသာကျတယ်၊ သစ်ပင်ကြီးကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။

ဒီတော့မှ ဆရာကြီးက
“တပည့် မင့်ကို ဆရာက အကြောင်းမဲ့ သစ်ပင်တွေကို နုတ်ခိုင်းနေတာမဟုတ်ပါဘူး။ သစ်ပင်တွေကို သာဓကထားပြီး ပြောပြစရာရှိလို့ပါ၊

အကျင့်စရိုက်ဆိုးတွေ ဆိုတာ နုစဉ်အချိန်၊ အကျင့်စရိုက်ဆိုးတွေ ကိုယ့်မှာဖြစ်လာစ အချိန်မှာ (သစ်ပင်ကလေးဖြစ်စမှာ လွယ်လွယ်နဲ့ နုတ်ပယ်ပစ်လို့ ရသလို) နုတ်ပယ်ပစ်လို့ရတယ်၊ နုတ်ပယ် မပစ်ဘဲ ဆက်ပြီး အကျင့်ဆိုးတွေကို ကြီးပွားစေရင်တော့ အထုအထယ်ကြီးလာပြီး(သစ်ပင်ကြီး ဖြစ်လာတော့ နုတ်ပစ်လို့မရတော့ သလိုပဲ) နုတ်ပယ်ပစ်လို့ မဖြစ်နိုင်တော့ဘူး၊ ဒီအခါမှာ ဘဝဟာ ဆုံးရှုံးပျက်စီးသွားနိုင်တယ် ဆိုတာ ဆရာ ပြောချင်လို့ပဲ” လို့ ရှင်းပြတယ်။

ဟုတ်ပါတယ်။
ဧရာမ အခိုင်အခံ့ တိုက်တာအဆောင်အအုံကြီးပေါ်မှာ ညောင်စေ့ကလေးကျလို့ ပေါက်လာတဲ့ ညောင်ပင်ကလေးကို စောစောနုတ်ပယ်မပစ်ဘဲ ကြီးထွားအောင်ထားရင် ကြာတဲ့အခါ အမြစ်တွေက အုတ်ကြားထဲတိုးဝင်ပြီး အဆောင်အအုံကြီးကို ဖြိုချပစ်နိုင်သလို့၊ အကျင့် စရိုက်ဆိုးတွေဟာ ကြာရင် ဘဝတစ်ခုလုံးကို ဖြိုချဖျက်ဆီးပစ်နိုင်တာပဲ။

ဒါကို မြော်မြင်ပြီး အကျင့်စရိုက်ဆိုးတွေမဝင်အောင်၊ ဝင်လာရင်လည်း နုစဉ်က နုတ်ပယ်နိုင်အောင် ကျနော်တို့မှာ အစဉ်ပဲ သတိရှိနေဖို့ လိုတယ်လို့ ထင်ပါတယ်။

နန္ဒာသိန်းဇံ - ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း - မှ ကောက်နုတ်ပါသည်။

Monday, June 23, 2014

ဘုရားခေါ်သံ


ဘုရားခေါ်သံ

မျက်နှာချင်းဆိုင်တွင်ရှိနေသော Burbank Park ကလေးသည် နိုးထ လူးလွန့်လာပြီ။ သူ့ကို ဖုံးလွှမ်းထားခဲ့သော Snow ထုကြီး ပြယ်သွားပြီမို့ မြက်ခင်းကလည်း မရဲတရဲ စိမ်းဖန့်စပြုပြီ။ မေပယ်လ် (Maple) နှင့် အခြားပင်ပျို ပင်အိုတို့ကမူ ပုရစ်မစီတတ်သေး။ သို့သော် မကြာမီ သူတို့လည်း ပွဲဝင်ကြတော့မည်။ ရှဥ့်မြီးဖွားလေးများက တက်သက်ပြေးလွှားနေကြသလို တဆောင်းလုံးပျောက်နေသည့် ငှက်လေးတွေလည်း စိုးစီသံပေးကြပြီ။ ဟိုး ... ပန်းခြံထောင့် ကလေးကစားကွင်းလေးမှာတော့ ကလေးငယ်သုံးဦးက ဒါန်းကိုယ်စီ စီးလျက်။

        ဒီဇင်ဘာ နှစ်ဆယ့်တစ်ရက်ကတည်းက ဝင်လာခဲ့သော Winter ရာသီသည် သူ့ စနိုးဝတ်ရုံကိုသိမ်းကာ ဖိုသီဖတ်သီ ထွက်ခွာသွားခဲ့ပြီကော။ နွေဦးရာသီ (Spring) သို့ ဝင်ရောက်ခဲ့သည်မှာလည်း ဒီနေ့ဆို ရက်သတ္တ သုံးပတ်မြောက်ခဲ့ပြီ။ သို့တိုင် ကိုယ့်ရင်သည် အေးခဲမှု မပြယ်သေး။

    ဆယ်မျိုးသော "ပလိဗောဓ" တို့တွင် ခုနစ်မျိုး၊ ရှစ်မျိုးမက ကြောင့်ကျစိုက်ရမှုတို့နှင့် လုံးထွေးရင်း အချိန်တွေကို ခဲစားပစ်ခဲ့မိ၊ ကျောင်းတက် (E.S.L)၊ တရားထိုင်၊ စာကြည့်၊ ပေးမင့် (Payment) ပေး၊ လေ့ကျင့်ခန်းလုပ်၊ တရားဟော၊ အင်တာနက်သုံး ...

    အင်တာနက်သုံး၊ ပေးမင့်တွေပေး၊ တရားထိုင်၊ စာကြည့်၊ လေ့ကျင့်ခန်းလုပ်၊ တရားဟော၊ ကျောင်းတက် ... ၊ စနိုးတောတွင် စက်တခုလိုလည်ပတ်ရင်း ကိုယ့်လိပ်ပြာသည် အေးခဲနေတော့ သည်၊ ရေခဲမှတ် သုညဒီဂရီအောက် များစွာရောက်နေသော ရာသီအေးသက်သက်ကြောင့်တော့ မဟုတ်တန်ရာ၊ စာစိတ်ပေစိတ်တို့ ကောလောက်အောင် အေးခဲနေမှုကို ဖာသာ အံ့သြမိ။

   သည်အထဲ ... အမိမြေဆီက ဘာသာစွဲတင်းသူ၊ မျိုးစွဲပြင်းသူ၊ အာဏာရှင်ဖယ်ဖို့ ဘဝရင်းသူ တွေ၏ အချင်းချင်း ပဋိပက္ခသံတွေကလည်း လေးပင်စွာ ဖိစီးပြန်တော့သည်။ ကျောက်တောင်ကြီး တခုနှယ် အသက်၊ သွေး၊ ချွေးများစွာပေး၍၊ စတေး၍ တွန်းဖယ်ခဲ့ကြရသော စနစ်ဆိုးကြီးတခုသည် ကိုယ့်အချင်းချင်း မညီညွတ် မှုကြောင့် တိုး၍ ခိုင်သွားမှဖြင့် ... ဆိုသည့် အတွေးရောက်သောအခါမူ အရုပ်ကြိုးပြတ် ဖြစ်ရပြန်သည်လေ။

    ခုတလော ... ပုံပြင်လေးတခုကိုလည်း ခဏခဏ တကိုယ်တည်း ပြောနေမိသည်။ ရေသောက် ရန် လာကြသည့် တောဝက်နှင့် ခြင်္သေ့ပုံပြင်၊ ရေကို သူအလျင်သောက်မည်၊ ငါအလျင သောက် မည်နှင့် ငြင်းခုံသတ်ပုတ်ကြစဉ် ရှုံးသောသူ၏ခန္ဓာကို စားသောက်ရန် စောင့်ဆိုင်းနေကြသည့် လင်းတများကို လှမ်းမြင်သောအခါမှ သတိတရားရကာ ရေကိုအတူသောက်ပြီး ငြိမ်းချမ်းစွာ ထွက်ခွာသွားကြသည့် အကြောင်း။
          ခုလည်းပြုံးနေကြမည့် လင်းတတွေကို မြင်စေချင်ကြစမ်းပါဘိ။

          သည်အကြောင်းလေးတွေကို ရေးအြံ့ပင်မိတော့လည်း "အမျက်ကောဓ" လျှံတွေ ဟူးဟူးထချိန်မှာ ရေတပေါက်နှယ် အရာမထင်၊ ခန်းခြောက်သွားမှာပါလေဟု အတွေးရောက်ကာ တွန့်ဆုတ်ရပြန်သည်။ သို့နှင့် အတွေးအမြင်တို့သည် အေးခဲပျောက်ကွယ်သွားကြသည်မှာ အကြိမ်ကြိမ်။
          "ဘာဖြစ်လို့စာမရေးတာလဲ" ... "တခုခုတော့ပြောပါလား" ... " ဘာဖြစ်လို့ ရေငုံ နေတာလဲ" ... စသည့် စာဖတ်ပရိသတ်တွေနှင့် မိတ်ဆွေများ၏ မေးခွန်းသံတွေ၊ "ဘုန်းဘုန်းရေ ... တခြားဟာတွေမရေးချင်နေ ... ဘုန်းဘုန်းမွေးနေ့ရောက်တော့မှာနော် ... မွေးနေ့လက်ဆောင် အမှတ်တရ တခုခုတော့ရေးဦး" ဆိုသည့် အစ်မတယောက်၏ တောင်းဆိုသံတို့သည်လည်း အေးခဲမှုကို တိုးမပေါက်။

          လိပ်ပြာနှိုးသည့်အနေဖြင့် Facebook မှာ တကြောင်းစ၊ နှစ်ကြောင်းစ တို့ဖြစ် ခြစ်ဖြစ်သော်ငြား၊ စာတစောင် ပေတဖွဲ့ ရေးသားလိုစိတ်ကမူ မြုပ်လေပေါ့၊ ပေါ်မလာ ... ။

          သို့နှယ် အေးခဲနေသောအတွေးတို့ကို ပြန်နွှေးနေစဉ် ... "တင်" ခနဲ ဖုန်းမှ Viber Message ထားသံ ကြားလိုက်မိ၍ လှမ်းယူကြည့်လိုက်တော့ ရန်ကုန်က ညီတပည့်တယောက်၊ ဖုန်းကိုဖွင့်ကာ ပြန် Hi လိုက်ရာ၊ သူပြန်ရိုက်လိုက်သည်က " ဘုန်းဘုန်း ... ဗုဒ္ဓက အမျိုးသားဝါဒီလား ... " တဲ့။

          ဟေ ... ဟု အာမေဍိတ် လွတ်ကျသွားခဲ့သည်။ တခါမျှ မစဉ်းစားဖူးခဲ့၊ အမျိုးသားဝါဒီလား ... အမျိုးသားဝါဒီလား ...၊ အဖြေကို ဉာဏ်မီသလောက်စဉ်းစားကြည့်တော့ ...

          "မြတ်စွာဘုရား ... အရှင်ဘုရားသည် " အကိရိယဝါဒီ" လို့ နိဂဏ္ဍတွေက စွပ်စွဲကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီလိုဆိုရန်ဆန္ဒမရှိပါဘူး၊ သူတို့ပြောသလို ဟုတ်၊ မဟုတ်ကိုတော့ သိပါရစေဘုရား" စသည်ဖြင့် မေးလျှောက်လာသော ဝေသာလီက သီဟသေနာပတိကြီး၏ မေးခွန်းတွေကို အမှတ်ရမိသည်။

          "သီဟ ... မကောင်းမှုတို့ကို ကိုယ်ဖြင့်လည်းမပြုအပ်၊ နှုတ်ဖြင့်လည်းမပြောအပ်၊ စိတ်ဖြင့်လည်း မကြံတွေးအပ်ဟု ဆုံးမလေ့ရှိသော ငါ့အား ... ထိုမပြုလုပ်စေခြင်းကို အကြောင်းပြု၍ "အကိရိယဝါဒီ" ဟု ဆိုလိုသော် ဆိုနိုင်တယ် သီဟ" ဆိုသည့် ဖြေတော်သံကိုလည်း အကြည်ညို သစ်မိသည်။

          ထိုနှယ် မေးခွန်းများစွာမေးခဲ့ရာတွင် "အမျိုးသားဝါဒီလား" ဆိုသည့် မေးခွန်းမျိုးတော့ မပါခဲ့။ အဲ ... ဝေဖန်ခြင်းကို လိုလားချီးမွမ်းတော်မူသည့် တဆူတည်းသော ဝိဘဇ္ဇဝါဒီ ဟု ဖြေမည်ပြုဆဲ ဖုန်းဖန်သားပြင်မှာ စာတတန်း ပေါ်လာပြန်သည်။

          " ..... ကရော၊ အကြမ်းဖက်မှုကို သွေးထိုးပေးတဲ့ ခေါင်းဆောင်လား ..." အခြားဘာသာတခု၏ ရှေ့ဆောင်ကို ညွှန်းသည့် သူ့မေးခွန်းသစ်။

          အဲလိုတော့လည်း သွန်သင်မှာမဟုတ်ပါဘူး၊ သူ့အရိုက်အရာကို ဆက်ခံသူတွေကသာ ဘာသာပြန့်ပွားဖို့ အားထုတ်ပုံ လုပ်နည်းလုပ်ဟန် လွဲမှားကောင်း လွဲမှားမှာပါဟု ဖြေရန် စာရိုက်အံ့ပြင်ဆဲ ...

          "ဘာသာတရားကို ကိုးကွယ်ကြတာဟာ ဘဝအေးချမ်းဖို့မဟုတ်လား ... "
          " Yes" မြန်မာ font ပင် မပြောင်းအားတော့၊ ရုတ်ချည်း ဖြေလိုက်မိသည်။
          "အဲလို အေးချမ်းမှု၊ ကြည်နူးမှုကိုမပေးနိုင်ရင် အဲဒီဘာသာကို ကိုးကွယ်ကျိုး နပ်ပါ့မလားဘုန်းဘုန်း"
          " No"
          " ပစ္စုပ္ပန်မှာတောင် ငြိမ်းအေးမှုကို မပေးနိုင်ဘဲနဲ့ နောင်ဘဝတွေမှာ ချမ်းသာကို ပေးမယ်ဆိုတာကရော ဘယ်လိုယုံရမလဲ ...။
          " Wow" ဘာလို့များ ဒီမောင် ဒီမေးခွန်းတွေ မေးလာပါလိမ့် ... ထူးထူးဆန်းဆန်း၊

          "အနေလည်းပျော်၊ သေလည်းပျော်၊ ဗုဒ္ဓတရားတော်" ဆိုသည့် မဟာစည်ဆရာတော်ကြီး၏ တရားလေးနှင့် သူ့ကို ရှင်းပြရမည်။ ခက်တာက ဖုန်းနှင့်စာရိုက်ပြောနေရတော့ စကားမတွင်၊ ဒီအထဲ ကိုယ်က စာရိုက်မကျွမ်း၊ ဖုန်းခေါ်လိုက်လျှင်လည်း " Connection" က ပြတ်တောင်း၊ ဘယ်လိုလုပ်ရပါ့ ...။

          "ဒါဆိုရင် ဘာလို့ ဘာသာတရားတွေကို ကိုးကွယ်နေတော့မလဲ၊ ဘာသာမဲ့အနေနဲ့ နေရတာ ပိုမကောင်းဘူးလား ..."
          ဘာသာမဲ့၊ ဘာသာမသက်ဝင်၊ ဘာသာတရားတွေပေါ် သံသယဝင်၊ သံသယက ယုံကြည်မှုကိုဖျက်၊ ယုံကြည်မှုပျက်တော့ ဘာသာစွန့် ... ဘာသာမဲ့တဦးအဖြစ်ခံယူရတာကိုပင် လွတ်လပ်ခြင်းဟုထင်မြင်လာ၊ အင်း ... ။
          နောက်ပြီး ... ကမ္ဘာပေါ်မှာလည်း ခရစ်ယာန်ဘာသာပြီးလျှင် ဘာသာမဲ့ဦးရေက ဒုတိယအများဆုံး လိုက်သတဲ့။

          အဲလိုလူတွေနှင့် ပတ်သက်လို့လည်း ဘုရားရှင်၏ ဆုံးမခဲ့မှုလေးတခုကို ပြန်ကြည်ညိုလိုက်မိသည်။ တနေ့မှာ (အမျိုးအမည် မမှတ်မိတော့) ပုဂ္ဂိုလ်တယောက်ဟာ ဘုရားရှင်ထံမှောက် ရောက်လာပြီး သူဟာ ဘယ်ဘာသာတရားကိုမှ မကိုးကွယ်ကြောင်း ဝံ့ကြွားစွာ ပြောဆိုပါသတဲ့၊ သူ့မှာ အစွဲကင်းတယ်ပေါ့လေ။ ဘုရားရှင်က " သင် ဘယ်ဘာသာမှ မကိုးကွယ်ဘူးဆိုတာကိုတော့ ခံယူကိုးကွယ်နေတယ်မဟုတ်လား " လို့ ဆုံးမတော် မူခဲ့ကြောင်း၊ နောင်မှ ညီတော်မောင်ကို အကျယ်တဝင့် ရှင်းပြတော့မည်။ လော ... လော... ဆယ် ... တော့ ... ။

          " တပည့်တော်တို့ သူငယ်ချင်းတွေ တိုင်ပင်ထားကြပြီ၊ "ဘာသာမဲ့သဟာယ " ထူထောင်ကြဖို့ "

          အမ် ... ခေါင်းနဘမ်းကြီးသွားသည်။ ဘာသာမဲ့သဟာယ၊ ဘာသာမဲ့အသင်းပေါ့၊ အလျင်က တခါမှ မပေါ်ပေါက်ဖူးသည့်အဖွဲ့၊ မပေါ်သင့်သည့်အဖွဲ့၊ ခုမရှိသေးသည့်တိုင် နားမှာ လေစ ကြားရပြီ။ သည်သူငယ်တို့၏ အသိုက်အဝန်းကို ကိုယ် ကောင်းကောင်းသိသည်။ မျိုးရိုးက ဘုရားတည်၊ ကျောင်းဆောက်မျိုး။

သာသနာ့ မာမကအနွယ်တွေ၊ ကျောင်းကန်ဘုရားလာလျှင်လည်း အနည်းဆုံး အမှိုက်ကောက်၊ တံမြက်လှည်း ... မှသည် သံဃာသုံး "ဝစ္စကုဋီ" တို့ကို သုတ်သင်ဆေးကြောခြင်း ဝေယျာဝစ္စကုသိုလ် ယူလေ့ရှိသော မိသားစုမှ ပေါက်ဖွားသူ၊ ပညာကလည်း အင်ဂျင်နီယာ၊ သည်နှယ် ပေါက်ဖွားလာသူက ဘာသာမဲ့တော့မည်တဲ့၊ ဟူး ... ။

          ဘာကြောင့်လည်း ... ဘယ်သူ့ကြောင့်လဲ ... ဘယ်သူတွေကြောင့်လဲ ... သူ့စကားတွေမှာ အဖြေတွေ ပါလျက်က ကိုယ် မေးခွန်းတွေဆင့်ကာ ဖာသာမေးနေမိသည်။ သူကတော့ Line Out သွားပေပြီ။ ကိုယ့်မှာမူ ချွေးစို့ကျန်ခဲ့၊ တလျောက်လုံး အေးခဲနေခဲ့သည့် နှလုံးသားသည်ပင် ချွေးစို့ကျန်ခဲ့ပြီ။

          " ဒီလိုလူတွေမကိုးကွယ်တော့ကော ဘာဖြစ်လဲ" ဆိုသည့် စကားမျိုးကိုတော့ တာဝန်မဲ့မပြောနိုင်၊ အဘယ်ကြောင့်ဆိုသော် ... ကိုယ်တို့သာသနာပြုလို့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်လာသူ တဦးတယောက်မျှ မရှိသေးသောကြောင့်ပင်၊ ရှေးဘိုးဘေးဘီဘင် အဆက်ဆက်နှင့် အာစရိယ၊ ပါစရိယ ... ကိုယ်တို့၏ ဆရာစဉ်ဆက်ကြောင့်သာ မဟုတ်ပါလား။

          သာသနာပြုအမည်ခံထားပါလျက် တဦးတယောက်ကိုမျှ သက်ဝင်ယုံကြည်လာအောင် မစွမ်းသည့်တိုင် ကိုယ်တည်းဟူသော အကြောင်းကြောင့် သက်ဝင်ပြီးသူတို့ကိုတော့ ယုံကြည် ကြည်ညိုမဲ့အောင် မပြုသင့်ပြီ။

          ဘာသာတခုအပေါ် သက်ဝင်လာသူ အမျိုးမျိုးရှိနိုင်သလို၊ စွန့်ခွာသွားသည့် အကြောင်းကလည်း အမျိုးမျိုး ရှိပေမည်။ ချစ်သူကြောင့်၊ ငွေကြေးကြောင့်၊ ဘဝရပ်တည်ရေးကြောင့် ... စသည့် ဘာသာစွန့်မှုမျိုးကို မပြောလိုပေမင့် ခုလိုမျိုးကမူ ...။

          ဘာဘဲဖြစ်ဖြစ်လေ၊ ကိုယ်ကျိုးစားကြည့်မည်။ သူတို့၏ ပစ္စည်းလေးပါးကိုမမျှော်၊ သိလောကကို မငဲ့ဘဲ ကိုယ့်ညီတို့ကို မြတ်စွာဗုဒ္ဓ၏ ကျေးဇူးဂုဏ်တွေ၊ ဓမ္မ၏ ကျေးဇူးတွေ၊ သံဃာမွန် သံဃာကောင်းတို့၏ ကျေးဇူးဂုဏ် တွေကို ရှင်းပြမည်။ ကိုယ်မစွမ်းလျှင် စွမ်းသည့် ဆရာတော် သမားတော်တို့ထံ အပ်နှံဆည်းကပ် စေမည်။ ယွင်းလုလု သဒ္ဓါအခံမှာ ပညာဖြင့် မြဲမြံစေမည်။

          ဒါမှ ... ဘုရားသာသနာကို အလုပ်အကျွေးပြုသော ကိုယ်တို့အဖို့ ဘုရားရှင်၏ "ဧတဒဂ်" ဟု ခေါ်မခံရသည့်တိုင် " မောဃ ပုရိသ" ဟု ခေါ်တော်မူခြင်းမှ ကင်းလွတ်ကြမည်လေ။       ။

( တိ၊ နိ ဥပသကာကြီး ဦးအောင်ခန့် နှင့် သမီး ဒေါ်တူးသို့)
ကံထွန်းသစ်
ဧပြီလ ၁၁ ရက်၊ ၂ဝ၁၄


Sunday, June 22, 2014

အိပ်နေသူနှင့်သွားနေသူ


အိပ်နေသူနှင့်သွားနေသူ 

ဒီလောက်ကြီးလည်း လှူဖို့မလိုပါဘူးဗျ။ ဒါနတစ်ခုအောင်ရင် နိဗ္ဗန်ထိသွားပါတယ်။ လှူတဲ့အခါ ရေ အောင်မိုးအောင်ဖြစ်ဖို့ပဲ လိုပါတယ်။ အဖျင်းတော့
 

မဖြစ်စေနဲ့ပေါ့။ ဒါလှူရင် ဘာရမလဲဆိုတဲ့ အမျှော်မပါရဘူး။ ဒါနဆိုတာ စွန့်လွတ်တာ။ ရယူတာမဟုတ်ဘူး။ သီလက စောင့်ထိန်းတာ၊ ဘယ်အာရုံလာလာ အာရုံနောက် ကိုယ့်စိတ်ပါမသွားအောင် စောင့်ထိန်းတာ။ မြင်အာရုံဆိုရင် မျက်စိထိပ်က သတိနဲ့စောင့်ရမှာ။ အဲဒါဥပုသ် ၊ အဲဒါသီလ အာရုံနောက်က ပညတ်ကပ်ပါလာရင် ကိလေသာဝင်လာမှာပေါ့ ။ ဒါဘယ်သူလဲ ဆိုကတည်းက ကောင်းတယ်ဟေ့ ဆိုးတယ်ဟေ့ ဆိုတာတွေ လိုက်လာတော့မှာ အာရုံနောက်က ကိလေသာဝင်ခွင့်မရအောင် စောင့်တာသီလ၊ အဲဒီသီလမျိုး တစ် ချီသာအောင် ၊ ဒါနကလည်း ရေအောင်မိုးအောင် စေတနာသာ ထက်ပစေ။ စေတနာသာမျိုးစေ့ မဟုတ်ဘူးလားဗျ။ 

စပါးတို့မြေပဲတို့ မျိုးစေ့တစ်ခုကို အခွံလေးနှစ်ခုနဲ့ ဟိုဖက် ဒီဖက်အုပ်ထားတာ ၊ အလှူခံနဲ့ အလှူရှင်သည် အခွံနှစ်ခုပဲ။ အလှူခံပုဂိုလ်ရဲ့ သီလကမြေ။ ဒီမြေပေါ်မှာ ဒီမျိုးစေ့ချရတာ။ မျိုးစေ့က အဆံချောင် အဆံကပ် အဖျင်းအမှော် ဖြစ်လို့မရဘူး။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ သွားတယ်ဆိုတာ ပြောရဦးမယ်။ 

ပဒုမုတ္တရ ဘုရားလက်ထက်တော်က ထင်းခုတ်သမား တစ်ယောက်ရှိသတဲ့ ။ သူ့မှာ ဆင်းဆင်းရဲရဲနဲရ ၀မ်းကျောင်းနေရတော့ သူများတွေဘုရားသွား ကျောင်းတက်လုပ်လည်း သူ့မှာ မသွားနိုင်ရှာဘူးတဲ့ ။ လူက ဘုရားဆီမသွားနိုင်ပေမယ့် သူ့စိတ်က ဘုရားဆီမှာ ၊ သူ့စေတနာက ဘုရားဆီမှာ ၊ တောထဲထင်းခုတ်ရင်း သစ်ပင်ကြီးတစ်ပင် ကောင်းကောင်းလှလှကြီးပေါ့ဗျာ။ ဒီ သစ်ပင်ကြီးတော့ သူခုတ်မယူတော့ဘဲ သစ်ပင်ကြီး ပင်စည်ကိုကိုင်ပြီး ….ဒီသစ်ပင်ကြီးကို ရွှေပင်ငွေပင်ကြီး အဖြစ်နဲ့ သူ့စိတ်က ရည်မှန်းပြီး ဘုရားကို အဝေးကနေ လှမ်းပြီးတော့ လှူသတဲ့ဗျ။

ခင်ဗျားတို့လို လာစရာလိုသလားဗျ။ သူ့စိတ်က သွားနေတာကို သူ့စိတ်ကဘုရားဆီမှာ စေတနာ ထက်သန်လှတော့ ကိုယ်တိုင်ကိုယ်ထိလက်ရောက် မလှူဘဲ ဟိုးအဝေးကြီးက တောကြီး မြက်မဲကြီးထဲက ဒါနတစ်ခုအောင်သွားလိုက်တာ တို့ဘုရားရှင်လက်ထက် မှာ “ပုပ္ပရုက္ခမထေရ်” ဆိုတဲ့ ဘွဲ့ထူးနဲ့ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွားတယ်ဗျ။ အဲဒါဘာ လို့လဲ။ 

“စေတနာအောင်လို့ပါဘုရား”
စေတနာမျိုးစေ့ အရေးကြီးတာ ၊လှူဖွယ်ဝတ္ထုက အရေးမကြီးဘူး။ စေတနာမှာလည်း သူများစေတနာ မဆိုထားနဲ့ ကိုယ့်စေတနာကိုယ် တောင် မထိပါး မပုတ်ခတ်ရဘူး။ သူများအလှူကိုလည်း မထိပါး မပုတ်ခတ်နဲ့ ။ ကိုယ့်အလှူကိုယ်လည်း ငါ့လှူတဲ့ပစ္စည်းက ညံ့လိုက်တာ ၊ တန်ဖိုး နည်းလိုက်တာ စသည်ဖြင့် ထိပါးပုတ်ခတ်မိရင် စေတနာမျိုးစေ့ အဆံချောင် သွားတတ်သနော် ။ 

အဲဒီတော့ စေတနာမှန်မှန် ထက်ထက်သန်သန် နဲ့သာလှူ။ ဒါနတစ်ခုအောင်ရင် နိဗ္ဗန်အထိ အကျိုးပေးပါတယ် ။ တရားလည်း တစ်ခါသာ ထိထိမိမိ နာလိုက်စမ်းပါ ။ တစ်ခါနာပြီး လုပ်ဖို့ပဲ လိုပါတယ် ။ ကြိုးစားလိုက်စမ်းပါ ။ တို့ဆီလာတာထက် ကိုယ့်အိမ်မှာ တစ်နာရီလောက် အားထုတ်လိုက်ရင် ဒီလာတာ ထက်တန်ဖိုးကြီးတယ် ။ ဒီကိုလာတာ ပု၈်ဂိုလ်လာတာ အားထုတ်မှ ဥာဏ်လာတာ ။ ပုဂ်၈ိုလ်နဲ့ ဥာဏ် ဘယ်ဟာတန်ဖိုးကြီးသလဲ။ 

“ဥာဏ်ကတန်ဖိုးကြီးပါတယ်ဘုရား”
တစ်နာရီ ရရင် တစ်မိနစ်တိုးပြီး ဆက်အားထုတ်သွား တို့ကိုယ်တော်ကြီး အပင်ပန်းခံဟောထားတာ ဆိုပြီး ဆက်အားထုတ်ပါ။ တို့မှာ အမောခံပြီး ဟောနေရတာ။ တို့မှာနားရတယ်မထင်နဲ့ ။ တို့လည်း သွားနေရတယ်။ တို့ကသွားနေရင် တို့ပရိတ်သတ်ကလည်း နောက်ကလိုက်ရမှာ။ ရပ်မနေကြစမ်း ပါနဲ့။ တို့သွားနေတာ အိပ်ချိန်ကိုမရှိတာ။ 

တို့ရှေ့ က သူတော်ကောင်းကြီးတွေလည်း မအိပ်မနေ အားထုတ်ခဲ့တာပဲ။  တို့ဥပဇ္ဈယ် အဘ၀ိမလတို့ဆိုရင်လည်း တစ်ညလုံးအားထုတ်သွားတာ။ တို့ကိုလည်း သူတို့လို အားထုတ်စေချင်တော့ ဥပါယ်တမျည်နဲ့ တို့ကို လမ်းပြသွားပုံလေး ပြောရဦးမယ် ။ 

“မင်းမရှိတော့ ငါကပျင်းပြီး အိပ်ပျော်သွားတတ်သကွ၊ ဒီတော့ ငါနဲ့လာအားထုတ်ကွ” တဲ့။ အဲဒါ တို့ကို မအိပ်မနေ မိုးအလင်းအားထုတ်စေချင်လို့ ပြောတာ။ 

ဥပဇ္ဈယ်ဆရာကိုယ်တိုင်လည်း တစ်ညလုံးအားထုတ်တာ။ အာရုံဆွမ်းကပ်ချိန်အထိ တောက် လျှောက် အားထုတ်တာ၊ အာရုံဆွမ်းစားပြီး ဘယ်မှကိစ္စမရှိရင် ခဏလေးမှေးပါတယ်။ ကိစ္စရှိရင် မမှေးတော့ဘူး။ ကိစ္စရှိတယ်ဆိုတာ သူတို့ကိစ္စတွေက သိပ်လေးနက် ပါတယ်။  တစ်ရက်ကတော့ အာရုံဆွမ်းကပ်ကာနီးမှာ တို့ ဥပဇ္ဈယ်ဖျားနေတယ်။ 

“ဆရာတော်ဖျားနေတယ်ဘုရား” ဆိုတော့”အေး ငါလေစိမ်းမိခဲ့လို့ကွ” တဲ့။ 
ဒီမှာကျောင်းခန်းထဲမှာရှိနေတာ။ ညကဘယ်မှကြွတာမဟုတ်ဘူး။ ဘယ်သွားလို့လေစိမ်းမိတာလဲ ၊စိတ်လေစိမ်းတိုက်တာ ကိုယ်လာဖျားတာ။ 

အဲဒီနောက် မော်လမြိုင်ဘက်ကြွတော့မှ ဇင်းကျိုက်တောင် လက်ညှိုးထိုးပြပြီး “ငါဖျားတာ အဲဒီသွားလို့ကွ” တဲ့။ ဇရပ်လေးကလည်း တစ်လုံးတည်း လေကလည်း တဟူးဟူးကွ တဲ့ သွားနေလိုက်ကြတာ မနားကြဘူး။ တာဝန်ခံရရင် ပိုမနားရဘူး။ သွားနေတယ်နော်။ တို့ဒကာ ဒကာမတွေရော နားရုံမက အိပ်နေကြ သလား။ 

တာဝန်ခံတွေက သွားနေကြတာ။ နားရတာမဟုတ်ဘူး။ တို့ဟာက အိပ်နေကြတာပါဗျာ။ ဝေဘူဆရာတော်ကြီး ပြောသလို သံသရာအဆက်ဆက် အိပ်လာခဲ့ကြတာ ခုချိန်ထိ မနိုးကြသေးဘူးလား။ အိပ်လို့မ၀တာ၊ မအိပ်ရင် ၀သွားလိမ့်မယ်တဲ့ ။  ဘယ့်နှယ်တုန်း ၊ အဲသူတို့ သိပ္ပံပညာဆိုတာ (သိပ်ပန်း) ကြီးကပြောသဗျ။ လူတစ်ယောက် ၆ နာရီအိပ်မှ ၀သတဲ့ ။တို့ဘုရားဘက်က မအိပ်မှ လန်းဆန်းတာတဲ့ ။ ဘာကွာတာတုန်း။ 

လူတွေက ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်အလုပ်မလုပ်ဘူး။ သူများစိတ်နဲ့ အလုပ်လုပ်တာ သူများပစ္စည်း ပိုက်ဆံလိုချင်တာကိုး။ အားရတယ်မရှိဘူး။ အနောက်နိုင်ငံက ဘီလျံနာသူဌေးကြီးဆိုတာတွေ ငါတော့ဘီလျံနာ ဖြစ်ပြီဆိုပြီး စီးပွားရေးလုပ်ငန်းတွေ ရပ်ထားတာရှိလား။
“ရပ်မထားပါဘုရား”

အာရပ်ရေနံဆီကုန်သည်တွေရော။ 
“မရပ်ပါဘုရား”
မရပ်မနား လောဘသွားနေသလောက် နောက်ကသောကလိုက်နေတယ်။ လောဘတွေ သောကတွေနဲ့ ဆိုတော့လူသာချမ်းသာတာ ၊ စိတ်ပင်ပန်းမှာပေါ့။ နင်တို့ရန်ကုန် ဘီးမုန့်လုပ်သလို အထက်မီး အောက်မီးနဲ့ လုပ်ကြရတာ။ အပြင်ပူ အတွင်းပူနဲ့ နေပူမိုးရွာမရှောင်လုပ်ကြရတာ နွမ်းမှာပေါ့ ။ ကိုယ်ပန်းစိတ်ပန်း ထိနမိဒ္ဓ ၀င်တော့အိပ်ပေးရတယ်။ 

မအိပ်ခင်သေချာပြန်ကြည့်ပါ။ 
လောဘနဲ့ သောကခံနေလို့ ၀င်လေထွက်လေဟာ ချက်တိုင်အထိ မရောက်ဘဲ လည်ချောင်း လောက်က ပြန်ထွက်နေရတာ ။ ဘ၀င်လေကမြှင့်တင်သလောက် အောက်ကလေအပေါ် ထောင်တက်နေတာလေ ။ အောက်လေ (တွန်းကန်လေ)က သွေးတစ်ဝက်ဖိထားတဲ့အတွက် တို့လှုပ်ရှားလေသည် အောက်ထိမဆင်းနိုင်ဘူး။ ဒီတော့ရှိရှိသမျှ အပူအပုပ် ခန္ဓာကိုယ်ထဲ အောင်းနေတာပေါ့ ။ ကိုယ်မှာ အကြောတွေက တစ်ဆင့် ရိုးတွင်းခြင်ဆီထိ သွားရတာ ။ 

အဲဒါ သောကရှိနေသရွေ့  အိပ်မပျော်ဘူး။ ၀င်လေထွက်လေက တကယ်အိပ်ပျော်သွားမှ အလုပ်လုပ်တာ။ တို့ခေတ်က စည်ပင်လိုပေါ့။ ည ၁၀ နာရီလောက် ကားရှင်းမှ သန့်ရှင်းရေး လုပ်ကြရတာ ။ အခုလည်း ၀င်လေထွက်လေက လူအိပ်မှ သူ့လမ်းသူသွား သူ့အလုပ်သူလုပ်ရတာ ခန္ဓာကိုယ် အစာအိမ်ထဲမှာ အပူအပုပ်က အောင်းနေတာ။ အဲဒါဝင်လေက သန့်ရှင်းပေး ထွက်လေက အပူအပုပ်ထုတ်ပစ်တာ။ ၀င်လေကြောင့် ခန္ဓာကိုယ်အေးတယ်။ ထွက်လေကြောင့် အပူအပုပ်ကုန်တဲ့အချိန် နိုးလာတာ။ လန်းလန်းဆန်းဆန်းပဲ။ 

အပူအပုပ်မကုန်ခင် နိုးလာရင် တစ်ယောက်ယောက်က လာနိုးလို့ပဲဖြစ်ဖြစ် လန့်နိုးလာရင် ခေါင်းကိုက်ကရော ၊ ဒီတော့မေးရဦးမယ်။  အိပ်လို့အားရှိတာလား ၊ အပူအပုပ်ကုန်လို့ အားရှိတာလား။ 
“အပူအပုပ်ကုန်လို့ပါဘုရား”

အဲဒီလိုသာ အလုပ်လုပ်နေရင်း လောဘတွေသောကတွေ ၀င်ခွင့်မပေးဘဲ ၀င်လေထွက်လေ ရှူရှိက်ပြီး လုပ်နေရင် အပူအပုပ် ၀င်ပါဦးမလား။
“မ၀င်ပါဘုရား”
အိပ်ဖို့လိုသေးလား။
“မလိုတော့ပါဘုရား”
သူတို့နဲ့တို့နဲ့ ကွာတာ ဒါပဲ။ မအိပ်ဘဲ အလုပ်လုပ်နိုင်ပြီ။ တို့ဘ၀နဲ့တို့ အချိန် တန်ဖိုးကြီးလွန်းလို့ဒီအချိန်တွေ အိပ်ပြီး ဖြုန်းတီးမပစ်ပါနဲ့ ။ ကုန်လွန်သွားတဲ့ အချိန်တွေ ပြန်လိုချင်လို့ရသလား။ 
“မရပါဘုရား”

ငွေကုန်သွားရင် ငွေပြန်ရှာလို့ရနိုင်ပါတယ်။ အချိန်ကုန်သွားတာ အချိန်ပြန်ရှာလို့မရနိုင်လို့ အချိန်ရှိခိုက်လုံ့လ စိုက်ကြစမ်းပါ။ ကျေးဇူးတော်ရှင် ဝေဘူးဆရာတော်ကြီး မိန့်ခဲ့သလိုပေါ့။ 
“တို့က ခန္ဓာကိုယ်ကြီးကို ပိုးစာလောက်စာအဖြစ် တောင် ချန်မထားရစ်ခဲ့ဘူးဗျ။ တို့က ကိုယ့်ကိုယ်ကိုယ် အကုန် အသုံးချသွားမှာတဲ့ ” ။ 

ခင်ဗျားတို့ကကော ဒီခန္ဓာကိုယ်ကြီးကို မီးစာမြေစာကျွေးကြမှာလား။  ငရဲ ဗြိတ္တာ တိရစ္ဆာန် ဘ၀တွေရောက်မှ တရားအလုပ်လုပ်ချင်လို့ရမလား။ 
“မရပါဘုရား”
အဲဒါ အချိန်ပုပ် အရွယ်ပုပ် ဘ၀ပုပ်တွေ…….။  နတ်တွေလည်း ဒီက (လူ့ဘ၀က) တရားအခြေခံပါသွားမှ ဟိုမှာကျင့်လို့ရတာ တရားပါမသွားရင် အလကားပဲ။ နတ်ဖြစ်လည်း တရားမရအလကားပဲ။ 

လူတွေရဲ့ တစ်နေ့တာမှာ “မောဟ - အတွေး” ကပိုများပါတယ်။ လောဘကြိုက်တဲ့ အချိန်ဝင်တယ် ။ ဒေါသက မကြိုက်တဲ့ အချိန်ဝင်တယ်။ မောဟကများတယ်။ မောဟက အောက်ဆွဲ။ သတိက မောဟ(အတွေး) နဲ့ ဆန့်ကျင်ဘက်။  ပြီးတော့ သတိက အခုမှမွေးရမှာ ၊ တောကြောင် အိမ်ခေါ်မွေးရသလို အတွေးမောဟက ငယ်စဉ်ကတည်းက ပါလာတာ။ ပြီးတော့ စိတ်ရဲ့ သဘာဝက သတိကို အတင်မခံဘူး။

စိတ်ကို ဓာတ်ကအားပေး အားမြှောက်လုပ်ထားတယ်။ ဒီကိုယ်ကောင်ကြီးကလည်း ဇာတ်ကောင်ကြီးဆိုတော့ စိတ်က ဓာတ်တည့်ရင် ကြိုက် ၊ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး။ အာရုံတွေကလည်း စိတ်ဘက်က ၊ အတွေးဘက်က သူ့ဘက်က ဒီလောက်အားများနေတာ။ ကိုယ့်မှာက အခုမှ မွေးကင်းစ သတိလေးနဲ့ မှတ်ရမှာ။

ဒီတော့ မအိပ်ဘဲတိုက် မတည့်တဲ့ နိုင်ငံချင်း ကြိမ်းသလို အပြုတ်လိုက်မယ်ဆိုပြီး ကိလေသာကို တိုက်ရမှာနော်။ တို့ဟာတွေက ဘယ်လိုလဲ ။ တိုက်ဖို့နေနေသာသာ ကြိမ်းကို မကြိမ်းရဲတာ ထင်တယ်နော်။ 

အင်း ဝေဘူဆရာတော်ကြီးပြောသလို ပြောရဦးမယ် ။ ဘုရားကျောင်းကန် ရောက်တုန်းကတော့ လောဘမကောင်းကြောင်း ပြောရတာပ။ အဲဒါဗျာ လောဘက ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်နေသတဲ့။ ပြီးတော့ လောဘက ဘာပြောတယ်မှတ်သလဲ။ 

ပြောတော့သာ လောဘမကောင်းကြောင်း ။ လုပ်တော့ လောဘအတွက်ချည်းပဲတဲ့။ ကဲခင်ဗျား တို့ကော ပြော ဘာအတွက်လုပ်နေကြတာတုန်း။ ကဲဗျာ ဘာသံမှ မထွက်တော့ ဘူး။  အဲဒါရန်သူ့လက်ထဲက သုံ့ပန်းလိုဖြစ်ကုန်ကြပြီ။ ရန်သူ့လက်ထဲက သုံ့ပန်းက ဘယ်လိုနေရလဲ။ ထောင်ထောင်လွှားလွှားကြီးနေသလား။ ကုပ်ကုပ်ကလေးနေသလား။ 
“ကုပ်ကုပ်ကလေးပါဘု၇ား”

ကိလေသာရန်သူ့လက်ထဲက သုံ့ပန်းတွေ ဖြစ်ကုန်ကြပြီ ။ ရန်သူမို့ မျက်နှာချိုသွေးပြီး ရယ်ပြရင်တောင် ဟိုကပြောင်တယ်ဆိုပြီး ရိုက်မှာဗျနော်။ သုံ့ ပန်းဘ၀နဲ့ နေမှာလား။ လွတ်အောင်၇ုန်းမှာလား။ 
“လွတ်အောင်ရုန်းမှာပါဘုရား”

ဗုဒ္ဓဘာသာလို့ ဖြစ်လာတာလဲ အထက်တက်ချင်လို့ ကုသိုလ်နဲ့ပဲ လူဖြစ်လာတာ ၊ အထက်တက်ကြဖို့ဗျ။ လူဆိုတာ ကုသိုလ်အရင်းအမြစ် ပါလာတယ်။ အထက်တက်ဖို့လိုတာ ထိုင်နေလို့ မရဘူး။ အိပ်နေလို့မရဘူး။ သွားရမှာနော်။ တို့ဘုရား တို့သာသနာက လမ်းပြပြီးသားပါ။ သတ္တာဒေ၀မနုသာနံ ဆိုတာလမ်းပြတဲ့ဆရာ။

လမ်းပြတွေ အများကြီးတွေ့ခဲ့ပြီ။ ဘုရားတွေ အများကြီးပွင့်ခဲ့ပြီ။ ရဟန္တာတွေ အများကြီးးပွင့်ခဲ့ပြီ။ ဘာ လို့လွဲနေသလဲ ။ တော်တော် အရှောင်ကောင်းကြသနော်။ အခုတို့ဆီလာတော့ တို့ကလည်း လမ်းပြလိုက်ပါတယ်။ ပြလိုက်တဲ့ လမ်းးအတိုင်း သွားကြဖို့ပဲ လိုပါတယ်။ သွားမှာလား ရပ်နေမှာလား အိပ်နေမှာလား ။ “”
“သွားမှာပါဘုရား”

အိပ်နေသူနဲ့ သွားနေသူ ခရီးချင်းဘယ်လောက် ကွာသွားမယ် မှတ်သလဲ။ တစ်နာရီအိပ်နေရင် တစ်နာရီဝေးသွားမယ်။ တစ်ရက် တစ်ပတ် တစ်နှစ် အချိန်နဲ့အမျှဝေး……ဝေး သွားမယ်။ အိပ်နေရင် ကိလေသာ ရန်သူ့လက်ထဲ ကျန်ခဲ့မယ်။ 

ဝေဘူဆရာတော်ကြီးက ၀ီ၇ိယ ဗိုလ်တင်ပြီး ပွင့်တာဆိုတော့ ဘယ်အချိန်ဘယ်မှာ ဟောဟော ၀ီရိယနဲ့ သွားဖို့ဟောတယ်။ ဝေဘူက သတ္တိကောင်းသကိုးဗျ။ ရဲတင်းတဲ့ ၀ီရိယပဲ ဟောမှာ။ တို့က သူ့လောက်သတ္တိကောင်းတော့ သတိပဌာန် ၊ သတိပဲဟောမှာ။ ထမင်းချက်ရင်းရတဲ့နည်း ။ ဘာလုပ်လုပ် သတိပါရင်ပြီးတာပဲဗျာ။ အတွေးမရှိရင် သိတော့တာပဲ။ သတိရဲ့ တာဝန်က မတွေးဖြစ်လို့ပဲ။ တို့က သတိနဲ့သွားရမှာ။ 

နောင်နှစ်လာလည်း ဒီသတိပဲဟောမှာပဲ။ အဲဒါတရား အစစ်ဆေး အခံနိုင်မှ လာခဲ့ကြ။ ကိလေသာ ရန်သူနယ်မြေက လွတ်ပါပြီဘုရားလို့ လျှောက်နိုင်မှ လာခဲ့ကြ။ လောကုတ္တရာတရားကိုးပါးဖြင့် ဆီလျော်သော သတိကျင့်ဝတ်ဖြင့် ဗုဒ္ဓတရားကို ပူဇော်နိုင်မှ တရားဖြင့်ပူဇော်တာ တရားနဲ့ ပူဇော်တာ အမြတ်ဆုံး။ 

လှူဖွယ်ဝတ္ထုတွေက ဆိုင်ကပစ္စည်းတွေ အတွင်းပစ္စည်း ပြစရာမရှိလို့ အပြင်ပစ္စည်းဝယ်လာပြီး ပူဇော်တာ။ တရားနဲ့ပူဇော်ကြစမ်းပါ။ တရားနဲ့လှူကြစမ်းပါ။ ဒီတော့ ပြောရဦးမယ်ဗျ။ 

ဝေဘူဆရာတော်ကြီး ခန္ဓာဝန်ချမယ့်နှစ် အဖျားက ၁၀၄ ရှိတယ်။ ဆွမ်းခံကြွတုန်းဗျ။ ဆရာတော်ကြီး ဖျားနေပါတယ်ဘုရားလို့ လျှောက်တော့ “ ငါဖျားတာ နင်တို့တရားအားမထုတ်လို့” တဲ့ဗျ။ အဲဒါပဲ တို့မဟာမြိုင်တောကြီးထဲ ဖျားနေရင် နင်တို့တရားအားမထုတ်လို့ပဲ ဘယ့်နှယ်တုန်း။ 

မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှ  မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)


Saturday, June 21, 2014

ဒုက္ခရဲ့ လက်သည်များ (ဓမ္မစကြာ ၄)


ဒုက္ခရဲ့ လက်သည်များ (ဓမ္မစကြာ ၄) 

"အသက်"နဲ့ လူလုပ်နေတာ မဟုတ်ဘူး၊"အရှက်နဲ့ လူလုပ်တာဆိုတဲ့ စကားနဲ့ အယူဝါဒ အတွက် အသက်ကိုစွန့်လွှတ်ကြတဲ့ ဖြစ်ရပ်တွေကို ထောက်ဆကြည့်လိုက်ရင် "ဘ၀"ထက် ပိုပြီး ဆန္ဒပြင်းတဲ့
ဘ၀ရဲ့ဂုဏ်သိန်နဲ့ အယူဝါဒအကျင့် သိက္ခာတို့ကိုလည်း " ၀ိဘ၀"အရထဲမှာ ထည့်သွင်း ရမယ် ထင်ပါတယ်။

မိဂဒါဝုန် တရားပွဲဟာ "တရားဦး"ဖြစ်တဲ့အတိုင်း "ပွဲဦး မလန်ရအောင်"အဘက်ဘက်က စနစ်တကျ သုံးသပ်ပြီး ဟောတော်မူတာဖြစ်လို့ နောင်(၄၅)၀ါ ပတ်လုံး ဟောတော်မူတဲ့ တရားအား လုံးကို ခြုံငုံ မိရုံ မျှမက စကားလုံးတိုင်းဟာလည်း ကျယ်ဝန်းတဲ့ အဓိပ္ပာယ်ကို ဆောင်နိုင်လောက်အောင် တိုကျဉ်း ထိမိလှတဲ့ အတွက် "သြဇဂုဏ်"အလွန်မြောက်ပါတယ်။

ဒုက္ခရဲ့ ဒီနောက်ဆုံးအလွှာဖြစ်တဲ့ "သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ" ဆိုတဲ့ စကားကို ကျေ ကျေ နပ်နပ် လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဒုက္ခရဲ့လက်သည်အစစ်ဟာ "ဥပါဒါန်"ဖြစ်တယ်ဆိုတာကို လည်း ဘယ်လိုမှ ငြင်းဆန်စရာမလိုဘဲ လက်ခံပြီးသား ဖြစ်သွားစေပါတော့တယ်။

ဒီစကားပိုဒ်ဟာ ဒုက္ခသစ္စာ အတွက်သာ အရေးကြီးဆုံး ဖြစ်တာ မဟုတ်ပါဘူး၊ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမ လမ်းစဉ် တစ်ခုလုံး တစ်နည်းပြောရရင်တော့ သာသနာတော် တစ်ခုလုံးအတွက် အလွန်အရေးပါတဲ့ စကားပါ။

မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံး ဥဒါန်းတော်မှာပါတဲ့ "ဒုက္ခခန္ဓာ အိမ်ကို တည်ဆောက်တဲ့ လက်သည် အစစ်ကို ရှာမတွေ့နိုင်တဲ့အတွက် သံသရာကြောမှာ မောခဲ့လှပြီး အခု လက်သည်အစစ်ကို ရှာဖွေတွေ့ရှိပြီ ဖြစ်တဲ့အတွက် နောက်ထပ် ဒုက္ခခန္ဓာအိမ်ကို ဆောက်လုပ်ခွင့် မရှိတော့" ဆိုတဲ့ စကား ကို ကြည့်လိုက်ရင် ဘုရားလောင်းတော်တို့ လေးသင်္ချေ ကမ္ဘာတစသိန်းကြာအောင် ပါရမီ ဖြည့်ကျင့်ခဲ့ရ တာတို့၊ ခြောက်နှစ် ပတ်လုံး ဒုက္ကရစရိယာ ကျင့်ခဲ့ရတာတို့ ဆိုတာ "ဒုက္ခရဲ့ လက်သည်" ကို ရှာနေရ တာပါ။။

မြတ်ဗုဒ္ဓ မပွင့်ပေါ်မီကစပြီး ဒီနေ့အထိ ဘာသာ အယူဝါဒတွေ ကွဲပြားနေတာဟာလည်း ဒုက္ခ လက်သည်ကို သတ်မှတ် နေရာမှာ ကွဲပြားနေခြင်းက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒုက္ခလက်သည် အစစ်ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်တဲ့ ဒီစကားရပ်ဟာ တခြားဝါဒ လမ်းစဉ်များနဲ့ မဇ္ဈိမလမ်းစဉ် တစ်ခုလုံး(တစ်သာသနာတော်လုံး) အတွက် အရေးကြီးဆုံး စကားလို့ ဆိုရတာပါ။

" တဏှာနဲ့ ဥပါဒါန်" ဆိုတာ လိုချင်စွဲလမ်းမှု အားသေးတာနဲ့ အားကြီးတာပဲ ကွာပါတယ်။ ဒုက္ခ ရဲ့ လက်သည်များ ဖြစ်တဲ့အတွက် သစ္စာအရာမှာတော့ "သမုဒယ"လို့ သုံးပါတယ်။ တရားကိုယ် အနေ နဲ့ တော့ အားလုံးဟာ အာရုံကို လိုချင် တပ်မက် ဆာလောင်ခြင်း သဘောရှိတဲ့ "လောဘ" စေတသိတ် ချည်းပါပဲ။

"တဏှာ"ဆိုတဲ့ စကားလုံးရဲ့ မူလအဓိပ္ပာယ်က "အာရုံဆာလေင်မှု"ဖြစ်ပါတယ်၊ အိန္ဒိယ အနောက် တောင်ပိုင်းမှာ ရှိတဲ့"အဂျန္တ" လိုဏ်ဂူမှာပဋိစ္စသုမုပ္ပါဒ်ကို(မော်ဒါန်ဆန်ဆန်)ရုပ်လုံးများနဲ့ သရုပ် ဖော်ထား ရာမှာ "တဏှာ"ကို ဆိတ်ကျောင်းသားတစ်ယောက် သစ်ရွက်ခြောက် ကလေးတွေကို လိုက်ကောက် စားနေတဲ့ပုံနဲ့ ပြထားပါသတဲ့။ ဆာလွန်းတဲ့အတွက် ရရာကို အငမ်းမရ ကောက်စား နေတဲ့ သဘောပါ။ "ဆာတယ်"ဆိုတဲ့ အဆင့် ရောက်လာတာကို "ဥပါဒါန်" လို့ ဆိုရပါလိမ့်မယ်။

ဒုက္ခရဲ့ လက်သည်ဖြစ်တဲ့ "သမုဒယ" သဘောကို ခြုံငုံမိအောင် ဆိုရင်တော့ "တဏှာ" ကို "ချစ်ခြင်းတပ်မှု"လို့ ပြောရင် ပိုပြီး အဓိပ္ပာယ်ပြည့်စုံပါလိမ့်မယ်။ "ချစ်ခြင်း"ဆိုတာ လိုချင် ရချင် တဲ့ သဘောချည်း မဟုတ်ပါဘူး။ လိုချင်တယ်၊ မလိုချင်ဘူး၊ ပေါင်းဆုံချင်တယ်၊  ဝေးကွာချင်တယ် စတဲ့ "ချင်"ဆိုတဲ့ ဥပါဒါန်စကားလုံးနဲ့ တွဲထားတာမှန်သမျှ "ချစ်ခြင်း" (သမုဒယ) ချည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း  သမုဒယရဲ့ လက်ရာဖြစ်တဲ့ "ဒုက္ခသစ္စာ"မှာ "မုန်း ဆုံ၊ ချစ် ကွဲ၊ လိုတာ မရ" အားလုံး ကို ဒုက္ခ လို့ ဆိုထားတာပါ။

လောကကြီးကို တဏှာက ခြယ်လှယ် လှည့်စားတတ်ပုံနဲ့ ပက်သက်လို့ သမုဒယသစ္စာမှာ ပြဆိုထားတာ ကတော့ တဏှာဟာ သူ့ကို မပယ်သတ်နိုင်သမျှ ဘ၀ အသစ်သစ်  အထပ်ထပ်ဖြစ် စေတတ်တယ်။ သံသရာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ဖြစ်စေရုံ မကဘူး ဘ၀တစ်ခုတည်း အတွင်းမှာပဲ လူကောင်းသူကောင်း ဘ၀ကနေ သူခိုးဘ၀၊ ဓားပြဘ၀၊ လူလိမ်လူညာ၊ မတရားသူ၊ ရက်စက်သူ၊ လောင်းကစားသူ စတဲ့ ဘ၀အမျိုးမျိုးတွေ ဖြစ်နေရတာဟာ တဏှာရဲ့ လက်ချက်တွေချည်း ဖြစ်တယ်လို့ ဆိုလိုတာပါ။

ပြီးတော့ "နန္ဒီရာဂသဟဂတာ=နှစ်သက်ခြင်း၊ စွဲလမ်းခြင်းတို့နဲ့ ခွဲခြားမရအောင် တွဲကပ်နေ တတ်တယ်" တဲ့ ။ တဏှာဆိုတာ တပ်စွဲခြင်းသဘောပါ။ သမာန်ဆိုးဆေးသဘောမျိုး တပ်စွဲ တာက "နန္ဒီ" ပါ။ ချုပ်ဆေးနဲ့ မကျွက်အောင် ချုပ်ထားသလို တပ်စွဲတဲ့ သဘောကိုကတော့"ရာဂ"လို့ ခေါ်ပါ တယ်။ နန္ဒီ နဲ့တဏှာ၊ ရာဂ နဲ့ ဥပါဒန်တို့ဟာ သဘောချင်းအတူတူပဲ ဖြစ်ပါတယ်။ အကြိမ်ကြိမ် အထပ် ထပ် ဆိုးဆေးနဲ့ ဆိုးထားတဲ့ အတွက် ချွက်ဘို့ မလွယ်အောင် စွဲ သွားတတ်တယ် လို့ ဆိုလို တာပါ။

နောက်ဆုံး လှည်းစားတတ်တဲ့ သဘောကတော့ "တတြတတြာဘိနန္ဒိနီ= ၀ဋ်နာ ကျနေစေ ဦးတော့၊ ဖြစ်ရာ ဘ၀ကိုပဲ နှစ်သက်တတ်တယ်" တဲ့။ လူတွေက တိရစ္ဆာန်တွေကို ဖြစ်စေ၊ လူလူချင်းမှာ ဒုက္ခနဲ့ နေသူက ဒုက္ခအကြီးအကျယ် တွေ့နေသူကို    ဖြစ်စေ၊ "လက်ရှိဘ၀က လွတ်မြောက်ပြီး ချမ်းသာတဲ့ ဘ၀ ရောက် အောင် ´ရော့… ဟောဒီပစ္စည်းဝတ္ထုကိုယူပြီး ကုသိုလ် ကောင်းမှု ပြုလိုက်၊ ပြီးရင် လက်ရှိဘ၀ကို စွန့်လွှတ်လိုက်´လို့ ပြောကြည့်ပါ။ လက်မခံတဲ့ အပြင် " ဒါဟာ ပြောင်စရာ၊ နောက်စရာလား" ဆိုပြီး ဓားနဲ့ ထ မခုတ်ရင် ကံကောင်းပေါ့။

ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူအတွက် ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာ သိရင် ဒီ ဒုက္ခက မြန်မြန်လွတ်မြောက်အောင် ကူညီပေးလိုက်တာ ကောင်းတယ်"လို့ ယူဆသူများ သတိပြုရမယ့် အချက်ပါ။

ဇာတ်တော်ထဲမျာ "အဿက"ဆိုတဲ့ ဘုရင်ကြီး ဟာ သူ့မိဖုရားကြီးကို အလွန်မြတ်နိုးတယ်။ မိဖုရားကြီးက လည်း သူက လွဲရင် ဖွဲနဲ့ ဆန်ကွဲချည်းပဲလို့ သဘောထား လိမ့်မယ် လို့လည်း ထင်မှတ် နေတယ်(ဒီလို ပြောထားဖူးလို့ ယုံကြည်နေတာလည်း ဖြစ်နိုင်တယ်)  မိဖုရားကြီး ကွယ်လွန်တော့ အလောင်းကို မပစ်ရက်ဘူး ဆိုပြီး ဒီအတိုင်း ကြည့်နေတယ်။

အဲဒီအချိန်မှာ  မိဖုရား ကြီးက ပိုစီမဘ၀ ရောက်လို့ ပိုးစီဖိုနဲ့ ပျော်မွေ့နေပြီ။ ဒီအကြောင်း သိမြင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်က ပြောပြတော့ မယုံဘူး။ လက်တွေ့ မေးကြည့် မယ်ဆိုပြီး မေးကြည့်တဲ့အခါ "အဿကဘုရင်ဆိုတာ  သူ့နှလုံးသားထဲမှာ မရှိဘူး။

 ခုနေပိုးစီဖိုမှာ ဝေဒနာ တစ်ခုခုဖြစ်လို့ အဿကဘုရင်ရဲ့ လည်ချောင်းသွေးနဲ့ ကုမှ အသက်ရှင်မယ် ဆိုရင်တောင် သူကိုယ်တိုင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးကို ရအောင် ယူမယ်"လို့ ပြန်ပြော တော့မှ ဘုရင်ကြီးလည်း " ရင်ဟာ ပြီး လွန်းနာကျ မနေတော့ဘဲ ရင်နာပြီး အလွမ်း ခ၀ါချ" သွားပါတော့သတဲ့။ " ဖြစ်ရာဘ၀ကိုပဲ နှစ်သက်တတ်တယ်" ဆိုတာ အဲဒါကို ပြောတာပါ။

ဒုက္ခရဲ့ လက်သည် တဏှာဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုတန်ဖိုးထားတတ်ပြီး ပိုလည်း အစွဲ ပြင်းတဲ့ အဆင့်သုံးဆင့် ရှိပါတယ်။
(၁) စည်းစိမ်ဥစ္စာလို့ခေါ်တဲ့ အာရုံငါးပါး ကာဂုဏ်တ၇ားတို့ကို တပ်မက်စွဲလမ်း တဲ့    ကာမတဏှာအဆင့်။
(၂) လက်ရှိ ဖြစ်တည်နေတဲ့ အသက်ခန္ဓ(ဘ၀) ကို စွဲလမ်းတဲ့ ဘ၀တဏှာအဆင့်၊
(၃) ဘ၀ပြတ်မှ ဒုက္ခခပ်သိမ်း အေးမယ် လို့ ယုံကြည်သတ်မှတ်ပြီး ဘ၀ပြတ်မှု ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ နဲ့ ယှဉ်တဲ့ အယူဝါဒနဲ့ ဘ၀ရဲ့ ဂုဏ်သိန် အကျင့် သိက္ခာတို့ကို စွဲလမ်းတဲ့ ၀ိဘ၀တဏှာ အဆင့်တို့ ဖြစ်ပါတယ်။

ဒီတဏှာရဲ့ အာရုံသုံးဆင့်တို့နဲ့ ပတ်သက်လို့ " တန်ဖိုးထားးခြင်း"  နဲ့ "စွဲလမ်းခြင်း" တို့ကို ရောထွေး နေတတ်ကြပါတယ်။ မြတ်စွာဘုရားရှင် အလိုတော်အရ- ခြေလက်အင်္ဂါကို စောင့်ရှောက်ဖို့ ပစ္စည်းဥစ္စာကို စွန့်ရမယ်။ အသက်ခန္ဓာကို စောင့်ရှောက်ဖို့ ခြေလက်အင်္ဂါကို စွန့်ရမယ်။

ကိုယ်ကျင့်သီလကို စောင့်ရှောက်ဖို့ အသက်ခန္ဓာကိုယ် စွန့်ရမယ်လို့ ဆိုထားတဲ့အတွက် (၀ိသုဒ္ဓိမဂ် သီလကတာ) တစ်ဆင့်ထက်တစ်ဆင့် တန်ဖိုးထားကြရမှာလည်း မှန်ပါတယ်။ တန်ဖိုးထားတယ် ဆိုတာ မပျက်စီးအောင် စောင့်ရှောက်ရမယ်လို့ ဆိုလိုတာပါ။ " အသက်ခန္ဓာကို ငဲ့ကွက်ပြီးတော့လည်း ကိုယ် ကျင့်သီလ မပျက်စီးစေကြနဲ့"လို့သာ ဆိုလိုပါတယ်။ တဏှာ ဒိဋ္ဌိ တို့နဲ့   စွဲလမ်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

ဒီတဏှာသုံးဆင့်မှာ"ကမတဏှာ၊ ဘ၀တဏှာ"တို့နဲ့ ပတ်သက်လို့ အဋ္ဌကထာ အစရှိတဲ့ ဆရာတို့ရဲ့  ဖွင့်ဆိုချက်များကို သဘောပေါက်လွယ်ကြပေမယ့် "၀ိဘ၀တဏှာ"ကို "ဘ၀ပြတ်မှုကို စွဲ လမ်းခြင်း" ဖွင့်ဆိုတာနဲ့ ပတ်သက်လို့ မိမိကိုယ်တိုင် ဘ၀င်မကျနိုင်တဲ့ အချက် နှစ်ချက် ရှိခဲ့ဖူးပါတယ်။

ပထမအချက်က ဘ၀ထက် ဘ၀ပြတ်မှုကို ဘာ့ကြောင့် ပိုပြီး စွဲလမ်းမလဲ ဆိုတာရယ်၊ နောက် တစ်ချက်က ဘ၀ပြတ်မှုဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ စွဲလမ်းမှုကို " ၀ိဘ၀တဏှာ" ခေါ်တယ် ဆိုရင် ဗုဒ္ဓဘာသာကို ရေရေရာရာ သက်ဝင် ယုံကြည်သူတိုင်းမျာ ဥစ္ဆေဒဒိဋ္ဌိ အယူမရှိတဲ့အတွက် " ၀ိဘ၀ တဏှာ" ဆိုတာ မရှိဘူးလို့ ဆိုနိုင် ပါသလား ဆိုတဲ့ အချက် များဖြစ်ပါတယ်။

ဒီသံသယနှစ်ခုနဲ့ ပတ်သက်လို့ ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်များကို လျှောက်ထား ကြည့်တဲ့အခါ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက-

" ဘ၀ပြတ်မှုကို တောင့်တတယ်"ဆိုတာ "ဘ၀ပြတ်မှ ဒုက္ခချုပ်ငြိမ်းမယ်"လို့ ယုံကြည်တဲ့ အယူ ၀ါဒစွဲပါပဲ။ ဓမ္မစကြာမှာ ပါတဲ့ " အတ္တကိလမထာ နုယောဂ"ဆိုတာ လည်း ခန္ဓာကိုယ်ထဲမှာ "အတ္တ" ကလေးဟာ ခန္ဓာကိုယ်ထဲမှာ မမွေ့လျော်တော့ဘဲ ခန္ဓာကိုယ်နဲ့ ပြတ်စဲသွားမှ မူလပရမတ္ထကြီးနဲ့ " အတ္တ"ညှင်းပန်းတဲ့ အကျင့်ကို ကျင့်တာပါ။

ဘုရားရှင်လက်ထက်တော်က အယူဝါဒတွေထဲမှာ ဒီအယူ ၀ါဒဟာ အထင်ရှားဆုံးနဲ့ အစွဲအပြင်းဆုံး ဖြစ်လို့ "၀ိဘ၀"အရ ထုတ်ပြလိုက်တာပါ။ အတိုချုပ် ကတော့ အယူဝါဒစွဲ၊ ဓလေ့စွဲပါပဲ"လို့ ရှင်းပြပါတယ်။

ဒါဆိုရင် "ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေမှာ အဲဒီလို အယူဝါဒစွဲ မရှိတဲ့အတွက်"၀ိဘ၀တဏှာ" ဆိုတာ မရှိဘူး လို့ ဆိုရမလား" ဆိုတာနဲ့ ပတ်သက်လို့တော့ တဏှာသုံးမျိုးတို့ရဲ့ တစ်ခုထက်တစ်ခု ပိုပြီး အစွဲပြင်းပုံကို သဘောပေါက်ဖို့ လိုပါတယ်။ "ဘ၀"(အရပ်သုံးစကားနဲ့ပြောရရင်တော့" အသက်") ထက်ပိုပြီး  လူတွေ အစွဲပြင်းတဲ့ အရာကို " ၀ိဘ၀ "လို့ ယူရမှာ ဖြစ်ပါတယ်။ ဘ၀ ထက် တန်ဖိုးထား အစွဲ ပြင်းတဲ့အရာ ဆိုတာ ----

လောကမှာ ပြောနေကြတဲ့ "အသက်" နဲ့ လူလုပ်နေတာ မဟုတ်ဘူး။ "အရှက်"နဲ့ လူလုပ်နေတာ ဆိုတဲ့ စကား၊ ဂုဏ်သိက္ခာနဲ့ အယူဝါဒအတွက် အသက်ကို စွန့်လွှတ်သွားကြတဲ့ ဖြစ်ရပ်တွေကို ထောက်ကြည့် မယ်ဆိုရင် "ဘ၀ရဲ့ ဂုဏ်သိန်၊ အယူဝါဒ၊အကျင့်သိက္ခာတို့ကိုလည်း "၀ိဘ၀"အရ ကောက်ယူရမှာပါ။ ဒီလို ယူလိုက်ရင် မုထုဇဉ်မှန်သမျှ တဏှာ သုံးမျိုးလုံးနဲ့ မကင်းကြဘူး ဆိုတာ ထင်ရှားပါလိမ့်မယ်။

"ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့ မိမိတို့ စောင့်ထိန်းထားတဲ့ သီလသိက္ခာကို စွဲလမ်း တာကော ၀ိဘ၀ တဏှာပဲလား"လို့ မေးတဲ့ ပုဂ္ဂိုလည်လည်း ရှိနိုင်ပါတယ်။ အဖြေကတော့  ပဋ္ဌာန်းပါဠိတော်၊ အာရမ္မဏပစ္စည်းမှာ---

ဒါနံဒတွာ သီလံ သမာဒိယိတွာ  ဥပေါသထကမ္မံ ကတွာ အဿာဒေတိ စသည်ဖြင့် ဟောတော် မူထားတာ ရှိပါတယ်။ "မိမိ ပြုထားတဲ့ ဒါန၊ ဆောက်တည်ထားတဲ့ သီလ၊ ကျင့်သုံးထားတဲ့ ဥပုသ်တို့ကို အာရုံပြုပြီး သာယာနှစ်သက်ရင် ရာဂဒိဋ္ဌိ ၀ိစိကိစ္ဆာ စတဲ့ အကုသိုလ်တရားစုသာ ဖြစ်တယ်"လို့ ဆိုတာ ပါ။

မဟာပရိနိဗ္ဗာနသုတ် ဓမ္မဒါယာဒ တရားမှာလည်း သီလနဲ့ ပတ်သက်လို့ "၀ိညူ ပသဋ္ဌေဟိ အပရာ မဋ္ဌေဟိ- ပညာရှိတို့ ချီးမွမ်းထိုက်၊ တဏှာဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာ မသုံးသပ်(မစွဲလမ်း)တဲ့ သီလ ဖြစ်မှသာ အပါယ်ဒုဂ္ဂတိ ဘေးက ကင်းဝေးနိုင်တယ်။ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်တယ်" လို့ ဟောညွန်ထား ပါတယ်။

ဒါကြောင့် ဘယ်အကျင့်သီလကို မဆို တဏှာဒိဋ္ဌိတို့နဲ့ မှားယွင်းစွာ စွဲလမ်းသုံးသပ်တာဟာ ၀ိဘ၀တဏှာ လို့ပဲ ဆိုရမှာ ဖြစ်ပြီး ၊ တဏှာမှန်သမျှဟာလည်း ဒုက္ခရဲ့ အကြောင်းရင်း လက်သည် များ ချည်းသာ ဖြစ်တယ် လို့သာ မှတ်ယူရမှာ ဖြစ်ပါတယ်။
သီလကို သာယာနှစ်သက်စွဲလမ်းတာနဲ့ သုံးသပ်ဆင်ခြင်တာ မတူဘူး ဆိုတာကိုလည်း သဘောပေါက်ကြရ ပါလိမ့်မယ်။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Friday, June 20, 2014

* ဝိပဿနာနှင့်ချမ်းသာဆင်းရဲ*


* ဝိပဿနာနှင့်ချမ်းသာဆင်းရဲ*


လောကရှိ အများစုသော လူသားတို့သည် ချမ်းသာနှင့် ဆင်းရဲ မကွဲပြားကြပါ။ ယင်းသို့ မကွဲပြားကြ၍ ချမ်းသာကို ဆင်းရဲထင်ကာ ရှောင်ရှားနေကြပါသည်။ ဆင်းရဲကိုမူ ချမ်းသာထင်ကာ ကြိုးစားရှာဖွေ ကျင့်သုံးနေကြပါသည်။ ယင်းသို့ဖြင့် အရှာလွဲ, အကျင့်သုံး လွဲနေကြရကား လူသားတို့မှာ အဆင်းရဲကြီး ဆင်းရဲနေကြရပါသည်။

မည်မျှ ဆင်းရဲနေကြပါသနည်း။ သန်းပေါင်းများစွာသော ဥစ္စာ,ရွှေ ,ငွေတွေ ရှိပါလျက် ရာထူးကြီး ဂုဏ်ထူးကြီးတွေ ရှိပါလျက်၊ ပညာတွေ တတ်ပါလျက်၊ ဆင်းရဲလွန်းလို့ ဆင်းရဲဒဏ်ကို မခံနိုင်ရကား မိမိကိုယ်မိမိနည်းအမျိုးမျိုးနှင့် သတ်သေသူပေါင်းမှာ တစ်နှစ် တစ်နှစ် ထောင်ဂဏန်းအထက်မှာရှိသည်ဟု စာစောင်တစ်ခုတွင် မိမိဖတ်ရှုလိုက်ရပါသည်။

သန်းပေါင်းများစွာရှိပါလျက် ရာထူးကြီး ဂုဏ်ထူးကြီးတွေ ရှိပါလျက် ဆင်းရဲလွန်းလိ ဆင်းရဲဒဏ်မခံနိုင်၍ မိမိကိုယ်ကို သတ်သေသူပင် ထောင်ဂဏန်းအထက်ရှိနေပါလျှင် ယင်းတို့အောက် ဥစ္စာရာထူးရှိပြီး ဆင်းရဲလွန်းလို့ မိမိကိုယ်မိမိ နည်းအမျိုးမျိုးဖြင့် သတ်သေသူဦးရေမှာ မည်မျှများမည်ဟု အဘယ်သူ ခန့်မှန်းနိုင်ပါအံ့နည်း။ ထိုထက်များပြားမည်ကား သေချာလှပါ၏။
ယင်းသို့ ဖြစ်ရခြင်းသည် အဘယ့်ကြောင့်ပါသနည်းဆိုသော် ချမ်းသာနှင့် ဆင်းရဲ မကွဲကြ၍ ဖြစ်ရသည်ဟု အကြောင်းရင်းကို ဖော်ပြနိုင်ပါသည်။

မှန်ပါသည်။ ဗုဒ္ဓတရားတော်အရ ဖော်ပြရပါလျှင်လောက၌ ဖြစ်ပေါ်နေသမျှ အကျိုးတရားမှန်သမျှတို့သည် အကြောင်းတရား မကင်းကြပါ။ အကြောင်တရားကြောင့်ဖြစ်သည့် အကျိုးတရားတွေချည်း ဖြစ်ပါသည်။
သို့ဖြစ်၍ ဘယ်နေရာမှာမဆို ကြောင်း , ကျိုးကို သိမြင်အောင် ရှာပါ။ ကြောင်း , ကျိုးကွဲအောင် ကြိုးစားပါ။ ချမ်းသာနှင့် ဆင်းရဲကိုလည်း ကွဲပါစေ၊ ချမ်းသာနှင့်ဆင်းရဲလည်း ကွဲအောင်ကြိုးစားပါ။ ကြိုးစားသူကား ရှားပါးလှပါသည်။ ရှားပါးသူတစ်ယောက်နှင့် တစ်နေရာ၌ ဆုံခဲ့ရပါ၏။

“အရှင်ဘုရား… ဝိပဿနာတရားဟာ ချမ်းသာလား… ဆင်းရဲလား၊ အားထုတ်တဲ့အခါမှာ ချမ်းသာလား… ဆင်းရဲလား တပည့်တော်ကွဲကွဲပြားပြား သိချင်ပါတယ်။ ရှင်းပြပေးပါဘုရား”
မေးလျှောက်သူမှာ လူငယ်တစ်ယောက်ဖြစ်၏။မြို့ကြီးတစ်မြို့၌ ဆယ်ရက်စခန်း တရားပြခိုက် ကြုံဆုံခြင်းဖြစ်ပါ၏။

“အေး… ဒီအမေးကို ဘုန်းကြီး သိပ်ကြိုက်သွားပြီ၊ လူတွေဟာ ချမ်းသာဆင်းရဲ မကွဲကြတာများပါတယ်။ အဲဒါကြောင့် အဲဒီအမေးကို မဖြေမီ ချမ်းသာခုနစ်မျိုးကို ပြောပြပါ့မယ် မှတ်ထားပါ”
“မှန်ပါ၊ ပြောပါဘုရား”

“ဒီလောကရှိ သက်ရှိသတ္တဝါအားလုံးတို့ဟာ ချမ်းသာ ရှာဖွေနေကြသူတွေချည်းပါ။ ရှာဖွေနေပေမယ့် မိမိတို့ ရရှိခံစားနိုင်သည့် ခံစားရမည့် ချမ်းသာ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ မသိကြသူတွေ များပါတယ်။ ဒါကြောင့်-
၁။ လူတို့ရဲ့ကာမချမ်းသာ၊
၂။ နတ်တို့ရဲ့ကာမချမ်းသာ၊
၃။ ဗြဟ္မာတို့ရဲ့ ဈာန်ချမ်းသာ၊
၎။ ဝိပဿနာချမ်းသာ၊
၅။ မဂ်ချမ်းသာ၊
၆။ ဖိုလ်ချမ်းသာ၊
၇။ နိဗ္ဗာန်ချမ်းသာ
ရယ်လို့ ချမ်းသာခုနစ်မျိုးရှိကြောင်းကို ဦးစွာမှတ်ထားပါ။ အဲဒီချမ်းသာခုနစ်မျိုးထဲမှာ ‘ဝိပဿနာ’ ရယ်လို့ ပါနေတော့ ‘ဝိပဿနာတရားဟာ ချမ်းသာလား၊ ဆင်းရဲလားဆိုတဲ့ အမေးဟာ အလိုလို ဖြေပြီးသား ဖြစ်မသွားဘူးလား”

''“မှန်ပါ၊ ဖြစ်သွားပါပြီဘုရား၊ ဒါပေမယ့် အားထုတ်တဲ့အခါမှာ ချမ်းသာလား, ဆင်းရဲလား ဆိုတာ မပြေလည်သေးပါဘုရား”
“ဝိပဿနာ တရားအားထုတ်ရာက ပြန်လာသူ အတော်များများက ဆင်းရဲတကာ့ ဆင်းရဲထဲမှာ ဝိပဿနာတရား အားထုတ်ရတာ အဆင်းရဲဆုံး၊ အပင်ပန်းဆုံးလို့ ပြောကြတဲ့ အသံကို ကြားရလို့ပါဘုရား”
“အဲဒါ အားထုတ်ပုံ အားထုတ်နည်း မမှန်ကန်ကန်လို့ပါ။ မြတ်စွာဘုရားရဲ့ တရားဂုဏ်တော်(၆)ပါးထဲက အစဆုံး ဂုဏ်တော်ကို သတိပြုကြည့်ပါလား”

ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဓမ္မော - မဂ်, ဖိုလ်, နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သောတရားတော်မြတ်ကို။
သွက္ခတော - ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးကာလည်း၊ လွန်စွာငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့်၊ စခန်းသင့်အောင်၊ မှန်းလင့်ရည်ရော်၊ ကောင်းစွာဟောတော် မူအပ်ပါပေ၏” တဲ့။

“အဲဒီ တရားဂုဏ်တော်အရ ဘုရားရှင်ရဲ့ တရားတော်တွေဟာ နာရုံကြားရုံနဲ့ အပူသောကတွေ စင်ကြယ်ပါတယ်။ လက်တွေ့ကျင့်ကြံ ကြိုးကုတ် အားထုတ်ရင် ချမ်းသာပါတယ်…
“ချမ်းသာတယ်ဆိုပေမယ့် အားထုတ်ပုံ အားထုတ်နည်းလွဲရင် ဆင်းရဲပင်ပန်းပါတယ်…”
“သြော်… ဒါဖြင့် တပည့်တော် တွေ့တဲ့လူတွေဟာ အလွဲနဲ့တွေ့လာသူတွေနဲ့ တူပါတယ်။ ဆက်ပြီး ရှင်းပြပါဘုရား...”

“အားထုတ်တဲ့အခါမှာ အားထုတ်ခါစ ယောဂီနှင့် အားထုတ်ကြာယောဂီနှစ်မျိုး မတူပါ။ အားထုတ်ခါစ ယောဂီဟာ ဣရိယာပုတ် မပြင်မပြောင်းဘဲ အားထုတ်လျှင်…
(၁) ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်ခြင်း၊
(၂) တည်ကြည်မှုသမာဓိ မရခြင်း၊
(၃) အားထုတ်ဆဲ ကမ္မဋ္ဌာန်းပျက်ခြင်း၊
(၄) တရားထူး မရခြင်း
ရယ်လို့သာ အပြောလေးချက် ဖြစ်တဲ့အကြောင်း ‘သီလက္ခန် အဋ္ဌကထာ’ မှာ အတိအကျ ဆိုထားပါတယ်။ အားထုတ်ခါစ ယောဂီတွေဟာ ဣရိယာပုတ် ပြင်ပြောင်းအားထုတ်ပါက…
(၁) ဒုက္ခဝေဒနာ မဖြစ်ခြင်း၊
(၂) တည်ကြည်မှု သမာဓိရခြင်း၊
(၃) အားထုတ်ဆဲ ကမ္မဋ္ဌာန်းတိုးပွားခြင်း၊
(၄) တရားထူးရခြင်း
ရယ်လို့ အကျိုးထူးလေးချက်ရပါတယ်လို့ အဲဒီ ‘သီလက္ခန် အဋ္ဌကထာ’ မှာပဲ ဆိုထားပါတယ်”

"အေး… ဝိပဿနာ အားထုတ်လို့ ပင်ပန်းဆင်းရဲတယ်ဆိုတာ အဲဒီ ပရိယတ်ကျမ်းဂန်နှင့်အညီ တရားသဖြင့် အားထုတ်မှုမပြုဘဲ မတရားအားထုတ်လို့ ဆင်းရဲတယ်မှတ်ပါ”
“မှန်ပါဘုရား”

“ဝိပဿနာဆိုတာ ပဋိပတ်ပါ။ ပဋိပတ်ကို အားထုတ်ကျင့်ကြံတဲ့အခါ ပရိယတ်နှင့်အညီ အားထုတ်ရပါတယ်။ မညီလျှင် ဆင်းရဲပါတယ်။ ညီလျှင်ချမ်းသာပါတယ်”
“ဝိပဿနာ ချမ်းသာရဲ့ ချမ်းသာပုံကို အားထုတ်ချင်အောင် ပြောပြပါဦးဘုရား”
“အေး… ပြောရရင် ဝိပဿနာချမ်းသာရဲ အောက်မှာ လူတို့ကာမ ချမ်းသာ၊ နတ်တို့ ကာမချမ်းသာ၊ ဗြဟ္မာတို့ ဈာန်ချမ်းသာရယ်လို့ ချမ်းသာ(၃)မျိုးရှိတယ်။

လူ့ချမ်းသာမှာ အချမ်းသာဆုံးဟာ ‘စကြဝတေးမင်းရဲ့ ချမ်းသာ’ ပါ။ အဲဒီ စကြဝတေးမင်းရဲ့ ချမ်းသာဟာ နတ်ချမ်းသာကိုထောက်ရင် အထီးကျန်မွဲ လူဆင်းရဲနှင့် ထူပါတယ်။ စည်းစိမ်ချမ်းသာဟူ၍ မဆိုစလောက်ပါ။
ဟုတ်ပါတယ်၊ စကြာဝတေးမင်းရဲ့ စည်းစိမ်ချမ်းသာဟာ နတ်စည်းစိမ်ချမ်းသာကို အစိတ်အပေါင်း အသိန်း, အသန်း, စိတ်၍ တစ်စိတ်စာမျှ မမီနိုင်အောင် ညံ့ဖျင်းသေးသိမ်လှပါတယ်။

အေး… အဲဒီ လူစည်းစိမ် ချမ်းသာထက် အဆပေါင်း အသိန်း, အသန်းမကသာတဲ့ နတ်စည်းစိမ်ချမ်းသာဟာဗြဟ္မာတို့ရဲ စည်းစိမ်ချမ်းသာကို နှိုင်းဆပြိုင်ထောက်ပါက ပြိတ္တာချမ်းသာကဲ့သို့ အလွန်တရာ ဆင်းရဲဒုက္ခများလှပါတယ်။

အေး… ချမ်းသာလှပါတယ်ဆို့တဲ့ နတ်သား, နတ်သမီးတွေဟာ ပြိတ္တာချမ်းသာကဲ့သို့ ဘယ်လိုဆင်းရဲလဲ မေးရင် ပြိတ္တာတွေဟာ အစားအသောက်ကို အလွန်တရာ ဆာလောင်တောင့်တရ၍ အလွန်တရာ ဆင်းရဲကြရရှာသလို ကာမာဝစရ နတ်တွေဟာလည်း တစ်ကိုယ်တည်း တစ်ယောက်တည်း အဖော်မရှိဘဲ စည်းစိမ်ချမ်းသာကို မခံစားနိုင်ဘဲ အဖော်ရှိမှသာ ခံစားနိုင်ပါတယ်။

ချမ်းသာသုခကို ပေးတတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတို့ကို ရှာမှီး တောင့်တကြရပါတယ်။ ခံစားစရာအာရုံကိုမရပါလျှင် ပြိတ္တာအတူ အလွန်ဆင်းရဲရှာကြပါတယ်။
ခံစားစရာ အာရုံရပြန်လျှင်လည်း တစ်နာရီလုံးလုံး ခံစား၍ မနေနိုင်ပါ။ တစ်ညဥ့်, တစ်ရက်, တစ်လ, တစ်နှစ်ပတ်လုံးလည်း ခံစား၍ မနေနိုင်ပါ။

ကောင်းပါတယ်ဆိုတဲ့ ချမ်းသာကို ခံစားရင်း အလွန်တရာ ဆင်းရဲသဖြင့် ရှည်ကြာလေးမြင့် ခံစားခြင်းငှာ မတတ်နိုင်ဘဲ အလွန်တရာ ဆင်းရဲကြရှာပါတယ်။ အဲဒါကြောင့် သတ်သေကြတာပါ။
“ဒီလိုဆိုရင်တပည့်တော်တို့ လူချမ်းသာလည်း ပြိတ္တာချမ်းသာနှင့် အတူတူ ဖြစ်နေတာပေါ့ဘုရား”
“သြော်... နတ်ချမ်းသာတောင် ပြိတ္တာချမ်းသာနှင့်တူပါတယ်ဆိုမှဖြင့် လူ့ချမ်းသာဆိုရင် အဘယ်မှာ ဆိုဖွယ်ရှိပါ့မလဲ၊ သူတောင်းစားချမ်းသာနှင့် တူတာပေါ့”

“ဆိုလှချည်လားဘုရား”
“မဆိုလှပါနဲ့၊ သူတောင်းစားများဟာ သူများပေးမှ ချမ်းသာရသလို လူတွေလည်း အဆင်းစတဲ့ အာရုံတွေကပေးပါမှ ချမ်းသာလို့ သူတောင်းစား ချမ်းသာလို့ ပြောတာပါ”
“နာစရာ ရှက်စရာကောင်းလိုက်တာဘုရား”
“နာရင် ရှက်ရင် ဝိပဿနာချမ်းသာကနေ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာအထိ အဆင့်ဆင့်ရအောင်ကြိုးစားပါ”
“ကြိုးစားဖို့ရာ အသာထားပါဦးဘုရား၊ ဝိပဿနာဟာ ချမ်းသာလား ဆင်းရဲလား မကွဲပြားလို့ မေးနေရပါတယ်ဘုရား”

“အေး... ဝိပဿနာဟာ ချမ်းသာပါ၊ လူ, နတ် ချမ်းသာထက် သာပါတယ်၊ နတ်ချမ်းသာထက်သာတာက ဗြဟ္မာချမ်းသာပါ။ ဗြဟ္မာချမ်းသာက အဖော်အဖက်မရှိဘဲ တစ်ယောက်ထီးတည်း အလိုရှိတိုင်း ခံစားနိုင်ပါတယ်။
အလိုရှိတဲ့ခဏ၌ ခံစားနိုင်ပါတယ်။ အလိုရှိသမျှကာလပတ်လုံးလည်း ခံစားနိုင်ပါတယ်”
“ခံစားတဲ့အခါမှာလည်း အချိန်ကြာမြင့်စွာ ခံစားပြီးမှ ထကြွရပါသော်လည်း အားရသည် စသည် မုန်းသည် မောသည်ဟူ၍လည်း မရှိနိုင်ပါ။ ညောင်းညာ ပူအိုက်သည်ဟူ၍လည်း မရှိနိုင်ပါ။ အေးအေးမြမြ အလွန်တရာကောင်းမြတ်လှတဲ့ သုခချမ်းသာကို ခံစားမွေ့လျော်ကြရပါတယ်”

“အဲဒီ ဗြဟ္မာ့ချမ်းသာထက် ဝိပဿနာချမ်းသာက အဆပေါင်း အသိန်းအသန်းမက သာလွန်ချမ်းသာလှပါတယ်”
“ဟုတ်ပါတယ်၊ အဲဒီချမ်းသာတွေ ခံစားတဲ့ အခါမှာ အပါယ်မျိုးစေ့ဖြစ်တဲ့ ‘သက္ကာယဒိဋ္ဌိ’ ပါနေတဲ့အတွက် ချမ်းသာခံစားပြီးတဲ့ ဘဝအဆုံးမှာ အပါယ်ကျစေတတ်တဲ့အတွက် တကယ့်ချမ်းသာစစ်မဟုတ်၊ ဆင်းရဲတုန်း ဆင်းရဲခဲမျှသာ ဖြစ်ပါတယ်”

“ဘဝသုံးပါး ဘုံသုံးပါးတည်းဟူသော ဒုက္ခဘေး ဆင်းရဲဘေးကြီးမှ ကျွတ်လွတ်ထွက်မြောက်လိုသော ပညာရှိ သူတော်ကောင်းတို့သည် ဘဝသုံးပါး ဘုံသုံးပါးကို ရဲရဲတောက် သံတွေ, ခဲကဲ့သို့ စက်ဆုပ်ကြောက်ရွံ့နိုင်ခြင်းငှာ ပညာတည်းဟူသော မဂ္ဂင်တရား, ဝိပဿနာတရားကို တစ်နေ့ထက်တစ်နေ့ ကြီးပွားတိုးတက်အောင် နိဗ္ဗာန်ရသည့်တိုင်အောင် အားထုတ်သင့်ပါတယ်”

“ဝိပဿနာတရားဟာ ဣရိယာပုတ်မရွေး၊ အလုပ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး ဖြစ်ပါတယ်။ ဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်”
“မှန်ပါ၊ ကြိုးစားပါ့မယ်ဘုရား”

* အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော်။*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ကြီး၏
ဗုဒ္ဓဓမ္မပြဿနာများ - ၁၁ စာအုပ်မှ ကူးယူပါသည်။