Sunday, January 19, 2014

သောတာပန်နှင့် တူအောင်ကျင့်


သောတာပန်နှင့် တူအောင်ကျင့်
ဘုရားကို ယုံ
တရားကို ယုံ
သံဃာကို ယုံ
ငါးပါးသီလ လုံ
အပါယ်မကျကုန်
မှတ်ကြ ယုံသာ ယုံ။

★ ၀ါခင်းကုန်းဆရာတော်ဦးတိက္ခတရားထဲမှာ နာလိုက်ရတဲ့ ကဗျာလေးတစ်ပုဒ်၊ အဓိပ္ပါယ်ရှိလွန်းလို့ ဖော်ပြပေးလိုက်ပါတယ်။
သောတာပန်ကို ဘာသာရေး လိုက်စားသူ တော်တော်များများ စိတ်ဝင်တစား ရှိနေကြတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ အပါယ်ကင်းတဲ့ဘ၀ ဖြစ်နေလို့ပါပဲ။ ဒီတော့ သောတာပန်ဖြစ်အောင်ဆိုရင် ကျင့်မှ ရမယ်။ မကျင့်ရင် မရဘူး။

★ ဉာဏ်အရည်အသွေး ထက်မြက်တဲ့သူတွေဆိုရင်တော့ နည်းမှန်လမ်းမှန် ညွှန်ပြတတ်တဲ့ဆရာသမားကောင်းနဲ့တွေ့လိုက်ရင် တစ်ထိုင်တည်းနဲ့ ဖြစ်နိုင်တာပေါ့။ ဆရာဘယ်လောက်ကောင်းကောင်း နည်းမှန်ဖို့လဲ လိုအပ်ပါတယ်။ ယောဂီက ဉာဏ်ရည်မြင့်မားဖို့လဲ လိုအပ်ပါတယ်။ မဂ် ဖိုလ်ရေးရာတွေဟာ ဉာဏ်အလုပ်တွေဖြစ်လေတော့ ဉာဏ်ရည်နိမ့်မယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှာပေါ့။ တိဟိတ်ဉာဏ်ဆိုရင် ရနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ တကယ်လို့ ဒွိဟိတ်ဖြစ်မယ်ဆိုရင်လဲ အထုံပါရမီရသွားတာပေါ့။

★ ဒီအထုံပါရမီဆိုတာ မဂ်ဖိုလ်နိဗ္ဗာန်အတွက် အထောက်အပံ့ဖြစ်သွားတာ၊ ဥပနိဿယပစ္စည်းဖြစ်သွားတာပေါ့။ အပါယ်ဘေးကို ကြောက်ကြတာဟာ ကြောက်သင့်လို့ ကြောက်ရတာ အမှန်ပဲ။ ကြောက်လန့်ရာမှ သံဝေဂဆိုတာဖြစ်လာတာ။ သံဝေဂဆိုတာကိုက လောကဓမ်တရားတွေကို ထိပ်လန့်တာမဟုတ်လား။ အဲဒီထိတ်လန့်မှုလေးကိုက တကယ်အကျိုးရှိပါတယ်။ ဘုရားလောင်းဟာ နိမိတ်ကြီးလေးပါး မြင်ပြီး ထိတ်လန့်မှု သံဝေဂတွေ ပေါ်လာလို့ ဖြစ်လာလို့ တောထွက်ချင်စိတ်ပေါက်လာခဲ့တာလေ။ အဲဒီသံဝေဂဟာ ဘုရားဖြစ်ခြင်းရဲ့ ရှေ့ပြေး အကြောင်းတစ်ချက်ဆိုရင်လဲ မမှားဘူးပေါ့။ ဒီတော့ သံဝေဂဆိုတာလဲ လိုအပ်ပါတယ်။

★ အပါယ်ကြောက်သူတိုင်း အပါယ်ရောက်မယ့်လုပ်ငန်းတွေကို ရှောင်ကြဉ်၊ အပါယ်လွတ်မယ့်လုပ်ငန်းတွေကို လုပ်ကြမြဲသာ ဖြစ်တယ်။ ဒီအကြောက်တရား သံဝေဂလေးကြောင့် ကောင်းမွန်တဲ့လမ်းပေါ် အမြင်မှန်သမ္မာဒိဋ္ဌိ မဇ္ဈိမပဋိပဒါလမ်းပေါ် ရောက်ကြရပါတယ်။ ဒီအကြောက်တရားကနေ တရားကိုချစ်တတ်တဲ့ အချစ်တရားအဖြစ် ပြောင်းလဲ ယူကြရမှာဖြစ်ပါတယ်။ အစတော့ အပါယ်ကြောက်လို့ လုပ်တာ ဖြစ်ချင်ဖြစ်မယ်ပေါ့။ နောက်ပိုင်း တရားဓမ္မရဲ့ အေးငြိမ်းတဲ့ ချမ်းသာသုခကို ကိုယ်တွေ့ ခံစားလာရတဲ့အခါ အပါယ်ကြောက်တာထက် ကိုယ့်ရှိတဲ့တရားကို ကိုယ်မြတ်နိုးလာတာ၊ ကိုယ်ကျင့်တဲ့တရားကို ကိုယ်ချစ်လာတာ။

★ ဒီလို တရားကို ချစ်လာ မြတ်နိုးလာပြီဆိုရင် တရားချစ်ခင် သူတော်စင်ဖြစ်လာတာပါပဲ။ တရားချစ်ခင် သူတော်စင်စစ်စစ်ဖြစ်လာပြီဆိုရင် ကိုဖြစ်ချင်တဲ့ သောတာပန် မဖြစ်သည်ထားလိုက်ဦး။ သောတာပန်ပုဂ္ဂိုလ်တွေရဲ့ နေနည်း ထိုင်နည်း သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ စိတ်နေစိတ်ထားကို သိရှိသဘောပေါက်လာရင် အတုမြင် အတတ်သင်ဆိုသလို ကောင်းတဲ့အတုတွေကို ခိုးယူရပါတယ်။ ဒါကို အတုခိုးတယ်လို့ဆိုတာကိုး။ မကောင်းတဲ့အတုတွေတော့ မခိုးလိုက်နဲ့ပေါ့။ ကောင်းတဲ့အတုတွေကိုတော့ ခိုးကောင်းပါတယ်။ ဟန်ဆောင်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့။ သောတာပန်မဟုတ်ဘဲနဲ့ သောတာပန်လို့ ဟန်ဆောင်တာမျိုးကို ပြောတာပါ။ ဒါမျိုးတွေကလဲ လောကမှာ တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတယ်လ။ ဒါတွေက မလုပ်ကောင်းဘူး။

★ သောတာပန်ပုဂ္ဂိုလ်က ငါစွဲဒိဋ္ဌိကွာနေတယ်။ အတ္တမကြီးတော့ဘူး။ ငါကောင်းစားရေးအတွက် ရှေ့တန်းမတင်တော့ဘူး။ ဒါဆို ငါ့ကြောင့် သူများဒုက္ခရောက်မယ့်အလုပ် သူမလုပ်တော့ဘူး။ ငါကောင်းစားရေး ကင်းနေတဲ့စိတ်နဲ့ လောကထဲမှာ နေထိုင်လိုက်တဲ့အခါ သူ့ကြောင့် အများချမ်းသာရေးသာ ဖြစ်နေတော့တယ်။ သူ့ကြောင့် အများဒုက္ခရောက်စရာ အကြောင်းမရှိတော့ဘူးပေါ့။ ဒီလိုမြင့်မြတ်တဲ့စိတ်ထားလေးက လောကငြိမ်းချမ်းရေးကို ကိုယ်စားပြုနိုင်တဲ့ စိတ်ထားလေးပါပဲ။ အတ္တကင်းတဲ့စိတ်ကလေး၊ အများကောင်းကျိုးလိုလားတဲ့စိတ်ကလေး၊ လောကငြိမ်းချမ်းရေးစိတ်ကလေးပေါ်နေတယ်။ ဒီလိုစိတ်ဓာတ်လေးကို သာမန်ပုထုဇဉ်ကလဲ မွေးယူနိုင်ပါတယ်။

★ မြင့်မြတ်တဲ့သူတော်စဉ်တွေရဲ့ စိတ်ဓာတ်လေးကို အတုယူလိုက်တာပေါ့။ ပြီးတော့ ၀ိစိကိစ္ဆာ သံသယစိတ်ကင်းနေတဲ့အတွက် သဒ္ဓါတရားနဲ့ ဘုရားကို ယုံကြည်တတ်လာတယ်၊ တရား၊ သံဃာကို ယုံကြည်တတ်လာတယ်။ ရတနာသုံးပါးရဲ့ ဂုဏ်တွေကိုသိ သိတဲ့အတိုင်း ယုံကြည်၊ ရတနာသုံးပါးရဲ့ ကျေးဇူးတွေကိုသိ၊ သိတဲ့အတိုင်း လိုက်နာမှုနဲ့ပေးဆပ် ဒီလိုနေတတ်လာတာ။ ဂုဏ်တွေကိုလဲ ယုံကြည် ကျေးဇူးတွေကိုလဲ သိလို့ ယုံကြည်တဲ့အတိုင်းကျင့်ကြံ သိတဲ့အတိုင်း ကျင့်ကြံမှု လိုက်နာမှုတွေနဲ့သာပေးဆပ်နေတာဟာ မဟာသောတာပန်တို့ရဲ့ မြင့်မြတ်တဲ့အတုယူစရာလေးတွေပါပဲ။ ဒီလိုမြင့်မြတ်တဲ့တရားတွေကိုလဲ အတုယူနိုင်အောင် ကြိုးစားကောင်းပါတယ်။ အတုခိုးယူသင့်ပါတယ်။

★ ဒီလိုယုံကြည်မှု သဒ္ဓါအား ခိုင်မြဲအားကောင်းနေတဲ့အတွက် ဘုရားမဟုတ်သူက ငါဘုရားပါလို့ လာပြောတောင်မှ သူဟာ ယုံကြည်မှုမပေးနိုင်တော့ပါဘူး။ ဘုရားရှင်အစစ်မှတစ်ပါး အခြားသူ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို ဘုရားလို့ လက်ခံယုံကြည်မှုဆိုတာ မရှိတော့ဘူးလေ (အညသတ္ထာရုဒ္ဓေသ)။ ဒီတော့ ဘာသာယုံကြည်မှု စွဲမြဲသွားပြီပေါ့။ သူဟာ ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာ ကူးပြောင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်တော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာအစစ်အမှန်ကြီး ဖြစ်သွားပြီဟေ့လို့ ကြွေးကြော်နိုင်ပါပြီ။ ဘာသာခြားတွေက ဒို့ဘာသာဝင်ချင်ဝင် မ၀င်ရင် သတ်ပစ်မယ်ဆိုရင်တောင်မှ အသက်သာ အသေခံမယ်၊ ဘာသာတော့ မပြောင်းဘူးလို့ ရဲရဲရင့်ရင့် ရင်ဆိုင်ရဲလာတယ်။ ရဲရဲရင့်ရင့် ယုံကြည်မှုဟာ သောတာပန်ရဲ့ ယုံကြည်မှုပါပဲ။ ဒီလိုယုံကြည်ထားတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ လိုက်နာရမယ့်စံဖြစ်တဲ့ သီလငါးပါးကိုလဲ ချစ်မြတ်နိုးစွာ စောင့်စည်းနိုင်လာတယ်။ အသက်သေချင်သေပါစေ၊

★ သီလကိုတော့ အပျက်မခံတော့ဘူးဆိုပြီး သတ္တိကောင်းလာတယ်။ ငါးပါးသီလလုံအောင်စောင့်ထိန်းနေတာဟာ အပါယ်ကြောက်လို့ စောင့်နေတဲ့အဆင့်မဟုတ်တော့ဘူး။ သီလကို ချစ်မြတ်နိုးလို့ စောင့်နေတဲ့အဆင့်ရောက်လာတယ်။ သတ္တိအရင်းခံပြီး အသက်ထက်မြတ်နိုးလာတယ်။ သေတယ်ဆိုတာ သူသတ်လဲ သေရမှာပဲ မသတ်လဲ သေရမှာပဲ၊ ရှောင်လို့မရဘူး။ ခန္ဓာရကတဲက သေတတ်တဲ့တရားကြီးကို သိမ်းပိုက်ပြီး ဖြစ်နေတာ။ အသေတရားဟာ ကိုယ်ပိုင်ပစ္စည်းဖြစ်နေတာ။ ဒီတော့ သေတာဟာ သူ့အတွက် အထူးအဆန်းမဟုတ်ဘူး။ သီလကျိုးပျက်တာကသာ သူ့အတွက် အထူးအဆန်းကိစ္စဖြစ်လာတယ်။ ဒါကြောင့် သေမှာထက် သီလပျက်မှာကို အလေးထားတတ်လာတာဟာ သောတာပန်တို့ရဲ့ ခံယူချက်ပါပဲ။ ဒီလိုခံယူချက်လေးတွေကိုလဲ အတုခိုးသင့်တာပေါ့။

★ မဟာသောတာပန်တွေက သူတစ်ပါး ချမ်းသာတာကိုမြတ်မြတ်နိုးနိုးကျေနပ်တတ်တယ်။ လောကငြိမ်းချမ်းရေးကိုသာ ကိုယ်စားပြုနေတယ်လေ။ ဒီတော့ လောကချမ်းသာရေးဟာ သူ့ရဲ့ စိတ်ရင်းစေတနာဖြစ်နေတယ်။ ဒါကြောင့် ဘယ်သူဘယ်လောက်ချမ်းသာနေလို့ဘယ်သူဘယ်လောက် အဆင်ပြေနေလို့မှ မနာလိုတာမဖြစ်တော့ဘူး။ မနာလိုစိတ်တွေ ကင်းနေတယ်။ စာလိုပြောရရင်တော့ ဣဿာရှင်းနေတယ်ပေါ့။ သူအဆင်ပြေနေတာကို အဆင်မပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေး သူ့မှာ မရှိတော့ဘူး။

★ သူချမ်းသာနေတာ ဘာကြောင့် ညာကြောင့်ပဲ ငါပညာပြလိုက်ဦးမယ်ဆိုတာမျိုးတွေ မရှိတော့ဘူး။ သူက ခေါင်းထောင်လွန်းတယ်၊ ချိုးလိုက်ရဦးမယ်ဆိုတာတွေ သူမလုပ်တော့ဘူး။ သူတစ်ပါးကို ဂျောက်တွန်းတာ ဒေါက်ဖြုတ်တာ ဖိနှိပ်တာ ချိုးနှိမ်တာမျိုးစကားလုံးတွေ သူ့အဘိဓာန်မှာ ချန်မထားတော့ သူ့လုပ်ဆောင်ချက်တွေမှန်သမျှဟာ အများကောင်းကျိုးကိုသာ ဦးတည်နေတော့တယ်။ သူ့ကြောင့် တစ်ယောက်ယောက်ထိခိုက်သွားမယ့်အလုပ် နစ်နာဆုံးရှုံးသွားမယ့်အလုပ်မျိုး သူ့စိတ်ထဲမှာကို မရှိတော့တာ။ ဒါလို မြင့်မြတ်စိတ်ထားလေးတွေကိုလဲ အတုယူကောင်းပါတယ်၊ အတုခိုးကောင်းပါတယ်။

★ မဟာသောတာပန်တို့မှာ ကိုယ့်ရှိတာလေးကို ပွတ်သပ်သိမ်းဆည်း ဆုပ်ကိုင်ထားခြင်းမျိုးလည်း မရှိတော့ဘူး။ ဒါလေး ပေးလိုက်လို့ သူအဆင်ပြေသွားမယ်ဆိုရင် ပေးလိုက်တယ်၊ ဒါလေးလှူလိုက်လို့ သံဃာတွေ အကျိုးများသွားမယ်ဆိုရင် လှူလိုက်တယ်။ ကိုယ်ကောင်းစားရေး အဓိကထားတဲ့စိတ်တွေ ကင်းနေတော့ သူကောင်းစားရေး အလေးပေးတဲ့စိတ်က အလိုလိုပေါ်နေတယ်။ ဧည့်သည်လာလို့ အင်း ငါတော့ သူ့ကို ထမင်းတစ်နပ်တော့ ကျွေးရတော့မယ်ဆိုပြီး တွန့်တိုစိတ်မျိုးဖြစ်တာတွေ မရှိဘူး။ မစ္ဆရိယကင်းနေပြီလေ။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မြတ်တွေဟာ အလှူခံပုဂ္ဂိုလ်ကို အမြဲမျှော်လင့်နေတာ။ အမြဲကမ်းလင့်ကြိုဆိုနေတာ။ ကိုယ်စားစရာမရှိချင်နေပါစေ၊ သူများကို ပေးနိုင်ကျွေးနိုင်ရင် ကျေနပ်နေတယ်၊ လှူနိုင်တန်းနိုင်ရင် ကျေနပ်နေတယ်။ ဒီလောက်အထိ သဒ္ဓါတရား အားကောင်းလာတာဟာ မဟာသောတာပန်တို့ရဲ့ စိတ်ထားပါပဲ။ ဒီလို စိတ်ကောင်းစိတ်မြတ်လေးတွေကိုလဲ အတုခိုးသင့်တာပေါ့။

★ မဟာသောတာပန်တို့က မာနလဲ အရမ်းမကြီးတော့ဘူး။ အနိမ့်စားမာန်မာနတွေကို အကုန်တွန်းလှန်ပယ်ရှားထားပြီးဖြစ်နေလို့ပေါ့။ သူတို့မှာ မာန်ဆိုလို့ မဖြစ်စလောက်ပဲ ကျန်တော့တာ။ မရှိဘဲနဲ့ ရှိသယောင်ဆောင် မာန်တက်တာမျိုး မရှိတော့ဘူး (အယာထာဝမာန)။ သူ့မှာ တကယ်ရှိလို့ ရှိတဲ့ မာန်လောက်တော့ ရံခါဖြစ်တတ်ပါတယ်။ သို့သော် အပါယ်ရောက်လောက်တဲ့ မာန်မျိုးမဖြစ်တော့ဘူး။ ဒီအတိုင်းပဲ ဒေါသလဲ အမြစ်ပြတ်မပါယ်သတ်နိုင်သေးတော့ ဒေါသဖြစ်စရာကြုံရင် ဖြစ်တာပါပဲ။ ဒါပေမယ့် သူ့ဒေါသသူ ဖြစ်ဖြစ်ချင်းသိလိုက်တယ်။ သိလိုက်တာနဲ့ ဒေါသက ပဋိစ္စသမုပ္ပါဒ် အဆက်မခံတော့ဘူး။ အလျဉ်အမြန်ဖြတ်လိုက်နိုင်တယ်လေ။ ဒေါသကို တေးမထားဘူး၊ ငြိုးမာန်ဖွဲ့တာမျိုးတွေ မလုပ်တော့ဘူး။ ကလဲ့စားချေတာတွေ မကျင့်သုံးတော့ဘူး။ သူ့မှာ ပေါ်လာတဲ့ဒေါသကိုပဲ သတိထားတော့တယ်။ ဘယ်သူ ဘယ်ဝါကြောင့်ဆိုတာကို သူအာရုံမစိုက်တော့ဘူး။ ဒီတော့ မတတ်သာလို့ ဒေါသဖြစ်လဲ ခဏပဲ ကျေအေးသွားတယ်။ လောဘကိလေသာလာလဲ ဒီလိုပဲ အမြန်ဖြတ်ပစ်နိုင်တယ်။

★ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက သောတာပန်တွေဟာ ကိလေသာ ဖြစ်ကြောတိုတယ်တဲ့။ မပယ်နိုင်သေးတဲ့ ကိလေသာတွေ ရှိနေသေးတာပဲ။ ရှိနေတဲ့အတွက် အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတာအမှန်ပဲ။ သို့သော် ဒီကိလေသာတွေကို မျိုသိပ်လက်သင့်ခံထားတာမျိုး မရှိဘူး။ ဖြစ်လျှင် ဖြစ်ချင်းသိ၊ သိတဲ့အတိုင်း အမှန်မြင်အောင်ကြည့်လိုက်တော့ ဖြစ်တော့ဖြစ်လိုက်တာပဲ။ ပျက်သွားတဲ့နေရာမှာ လမ်းဆုံးသွားတယ်။ ဒီကိလေသာက အပါယ်မပို့နိုင်တော့ဘူးပေါ့။ သောတာပန်တွေ ကိလေသာရှိလျက် ဘာကြောင့် အပါယ်မရောက်တော့တာလဲဆိုရင် ဖြစ်ကြောတိုလို့ပါပဲ။ မသိမှု အ၀ိဇ္ဇာလဲ သောတာပန်တို့မှာ ရှိသေးတယ်နော်။

★ ဒါပေမယ့် ဒီမသိမှုအ၀ိဇ္ဇာဟာ အပါယ်ရေသောက်မြစ်မဟုတ်တော့ဘူး။ မှောက်မှောက်မှားမှား အပါယ်သွားစေတတ်တဲ့ လုပ်ရပ်တွေ မလုပ်မိတော့ဘူး။ မှားတော့မှားသေးတယ်၊ ဒါပေမယ့် အပါယ်ရောက်လောက်အောင် အမှားမျိုးကို သူမကြူးလွန်တော့ဘူး။ ဒါကြောင့် သောတာပန်တွေဟာ ကံကြီးငါးပါးဆိုတာ ဘယ်တော့မှ မလုပ်တော့ဘူးပေါ့။ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားဒုက္ခပေး၊ သံဃာတွေ မသင့်မတင့်အောင်လုပ်တာမျိုးအမှားတွေ မလုပ်မိတော့ဘူးလေ။ ဒီလိုအမှားတွေက အပါယ်ကို တိုက်ရိုက်ရောက်စေတဲ့အမှားမျိုးတွေပဲ။ မသိလို့ မှားပင်မှားဦးတော့ ဒီလိုမျိုး အပါယ်ရောက်စေတဲ့အမှားမျိုးကိုတော့ သူဟာ ဘယ်တော့မှ မမှားတော့တဲ့အတွက် အပါယ်တံခါးပိတ်သွားတာပေါ့။ ဒီလိုကောင်းမြတ်တဲ့ အကျင့်စရိုက်တွေကိုလဲ အတုခိုးသင့်ပါတယ်။

★ နိဂုံးချုပ်အနေနဲ့ ကိုယ်က မဟာသောတာပန်ဖြစ်အောင် အားမထုတ်နိုင်စေကာမူ မဟာသောတာပန်တို့ရဲ့ စိတ်နေစိတ်ထားတွေ ခံယူချက်တွေ အကျင့်စရိုက်ကောင်းတွေကို အတုခိုး အတုယူပြီး လိုက်နာစောင့်စည်းနေမယ်၊ ကျင့်ကြံနေမယ်ဆိုရင် သောတာပန်နှင့်တူအောင် ကျင့်နေတဲ့သူဖြစ်နေပြီပေါ့။ သောတာပန်ဖြစ်အောင် မလုပ်နိုင်စေဦးတော့ သောတာပန်နဲ့ တူတဲ့သူဖြစ်အောင်တော့ နေလို့ရပါတယ်။ ဒီလိုနေမယ်ဆိုရင် မဟာသောတာပန်တို့ အပါယ်မကျသလိုပဲ ကိုယ်လဲ အပါယ်ဘေးက လွတ်မြောက်မယ်ဆိုတာ ယုံကြည်စိတ်ချလို့ထားလိုက်ပါ။

★ သောတာပန်နဲ့ တူအောင် ကျင့်နေခြင်းဖြင့် သောတာပန်အစစ်မဖြစ်သေးပေမယ့် အတုတော့ဖြစ်နေပြီပေါ့။ အတုမြင်အတတ်သင်ခြင်းဖြင့် အတုလောက်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်ပင် အလွန်မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်လာမယ်၊ လောကကောင်းကျိုးပြုပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပါလိမ့်မယ်၊ ကမ္ဘာကြီးက တောင့်တနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ လောကကြီးက မျှော်လင့်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမယ်လေ။ သေသွားသည့်တိုင် အောက်မေ့တသနေရမယ့် ပုဂ္ဂိုလ်မြတ်တစ်ယောက်အဖြစ်နဲ့ လောကကို အလှဆင် ကောင်းကျိုးပြုနိုင်တဲ့ စံပြသူတော်စင်တစ်ဦးဖြစ်လာမှာပါ၊ ဘယ်လောက်အားကျစရာကောင်းလဲ။ ကြိုးစားပြီး နိုင်သရွေ့ဘက်ကနေ သောတာပန်တို့ရဲ့ အကျင့်ကောင်းတွေကို တတ်နိုင်သလောက် ဆွဲယူကျင့်သုံးကြည့်လိုက်စမ်းပါ။ အကုန်လုံးမဟုတ်စေကာမူ တစ်စိပ်တစ်ဒေသလောက်တော့ လိုက်နာနိုင်လောက်ပါတယ်။

သောတာပန်နှင့် တူအောင်ကျင့်နိုင်ကြပါစေ။

★(ဒေါက်တာအရှင်ပါရမီ)★

Saturday, January 18, 2014

ကောင်းကင်လုံး ပျံ့နှံသွားစေတဲ့ တိမ်တိုက်ကလေးများ


ကောင်းကင်လုံး ပျံ့နှံသွားစေတဲ့ တိမ်တိုက်ကလေးများ

သူတစ်ပါးဒုက္ခရောက်နေတာတွေ ကြားရတော့ အများနည်းတူ တူညီချင်တာပေါ့၊ လောကကျိုး သာသနာကျိုးတွေကိုလည်း သည်ပိုးချင်တာပေါ့၊ ဒါပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ သိတဲ့အတိုင်းပဲ အချိန်က မရဘူးတို့၊ ပစ္စည်းဝတ္ထုက မပြည့်စုံဘူးတို့၊ သူများလို လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်အောင် လုပ်နိုင်ဖို့က အလွယ်ဘူးတို့… စတဲ့ ဆင်ခြေတွေကို ကြားလိုက်ရတိုင်း အငယ်ကတည်းက ဒီနေ့အထိ အကျင့်ရနေအောင် အမေက ဆုံးမခဲ့တာလေးတွေရယ်၊ ကိုရင်ဘ၀က ရွာကျောင်းမှာ အတူတွေ့ကြုံ နေထိုင်ခဲ့ရဖူးတဲ့ ကပ္ပိယကြီး  ဦးဖိုးနုပ်ရယ်ကို သတိရမိပါတယ်။

မိမိတို့ အထိုက်အလျှောက် နားလည်မှတ်သား တတ်လောက်တဲ့ အရွယ်ကစပြီး အမေ အဖေတို့က သြကာသ၊ ဣတိပိ၊ သမ္ဗုဒ္ဓေ-စတဲ့ ဘုရားရှိခိုးလေး တွေလည်း သင်ပေးတယ်၊ အဖေကတော့ ပုံပြင်တွေ ဇာတ်နိပါတ်ဆိုတာ တွေကို စိတ်ဝင်စားအောင် ပြောပြပေးပါတယ်။

တစ်ခါတော့ ရွာလယ်လမ်းမကြီးမှာ ပြေးလွှားဆော့ကားရင်း ၀ါးခြမ်း စိပ်တစ်ခုနဲ့ ခြေမခွကြား တိုးမိပြီး သွေးတွေလဲထွက် နာလဲနာတော့ ရှုံ့မဲ့ပြီး  အမေ့ဆီ ပြေးသွားခဲ့တယ်၊ ထုံးစံအတိုင်းဘဲ အမေက ချော့မော့ပြီး သွေးတွေကို  ရေနဲ့ဆေးအထဲက ငြောင့်စတွေကို ကုန်အောင်ဖယ်ရှား ပေးပြီးတော့မှ ဗီးစပ် ရွက်ဆိုတာတွေ ကြိတ်ချေ သိပ်ပေးပါတယ်။

ညကျတော့ အမေက“ငါ့သား ခုလိုငြောင့်တွေ ဘာတွေ မစူးစေချင်ရင်လေ လမ်းသွားတဲ့အခါ လမ်းပေါ်မှာ တွေ့တဲ့ ဆူးခက်တွေ၊ အချွန်အတက်တွေ၊ သံတို သံစတွေ တွေ့ရင် ဘေးလွတ်ရာကို ရောက်အောင် ဖယ်ရှားပစ်ခဲ့ရတယ်၊ အဲလိုလုပ်ရင် ငါ့သား ဘယ်တော့မှ ခလုပ်မထိ ဆူးမငြိဘူး၊ မြွေပါး ကင်းပါးဘေး တွေ၊ ချောက်ကမ်းပါး ဘေးတွေနဲ့ ဘယ်တော့မှ မတွေ့ဘူး ကြားလား၊ အဲဒါ တသက်လုံး မြဲမြဲမှတ်ထားနော်” လို့ ဆုံးမပါတယ်။

တခါတလေ ကျောင်းကပြန်လာတဲ့အခါ“ အမေ.. ဒီနေ့ သားလမ်းမှာ ဆူးလှည်းပေါ်က ကျကျန်ခဲ့တဲ့ ဆူးခက်တွေကို ခရိုး(စည်းရိုး) ထဲရောက်အောင် ဖယ်ပစ်ခဲ့တယ်တို့၊ ဒီနေ့ လမ်းမှာ တွေ့ရတဲ့ ၀ါးချွန်ပိုင်းကြီးကို ခြုံထဲရောက်အောင် လွှစ်ပစ်ခဲ့တယ်”တို့ဆိုတဲ့ စကားမျိုးများ ကြားရရင် အမေက“ အံမယ် ငါ့သားလေး က လိမ္မာလိုက်တာဟယ်၊ သာဓုတော်.. သာဓု၊ ငါ့သားလေး တစ်သက်လုံး ခလုပ်မထိ ဆူးမငြိပါစေနဲ့ ၊ လာမည့်ဘေး ဝေးပါစေတော်” ဆိုပြီး  ကျေကျေ နပ်နပ်ကြီး ဆုပေးလေ့ရှိပါတယ်။

ဘာရယ်လို့ မဟုတ်ဘူး၊ အမေ့မျက်နှာ ရွှန်းရွှန်းစားစားကြီး ပြုံးပြီး ဆုပေး လိုက်တာကိုပဲ ဧရာမ ဆုထူးလာဘ်ထူးကြီးကို ရလိုက်သလို ၀မ်းသာခဲ့မိပါတယ်။

အဲဒီကတည်းက အကျင့်ရလာတာ ခုထိလည်း တစ်ခါတလေ တောင်စွန်း ကို ပြန်တဲ့အခါ လမ်းပေါ်မှာ ကျောက်ကားကြီးတွေက ကျကျန်ရစ်တဲ့ ကျောက်တုံး ကြီးကြီးတွေ တွေ့လို့  ကားသမားက ကွေ့ပြီး မောင်းမယ်လုပ်ရင် “ခဏရပ်ပါဦးဟ” ဆိုပြီး အဲဒီကျောက်တုံးကို လမ်းဘေးရောက်အောင် ဖယ်ရှားခဲ့ ဖြစ်တယ်၊  အဲဒီလိုလုပ်မိတဲ့အခါတိုင်းလဲ“ အမေသာ မြင်လိုက်နိုင်ရင်တော့ ဟို တုန်းကလို သာဓုခေါ်ပြီး ဆုတွေများပေးနေဦးမလား” လို့လဲ အောက်မေ့ပြီး ကိုယ့် အတွေးနဲ့ကိုယ် ပြုံးလိုက်မိသေးတယ်။

မှတ်မိသေးတယ်၊ တစ်ခါက တစ်ခြားးရွာအလှူကို ဆရာတော်ကြွလို့ နောက်ပါ ကျောင်းသားအဖြစ် လိုက်သွားရတာ၊ နေ့ခင်းပိုင်းမှာ ရွာထဲက မဏ္ဍပ် ကို ဆရာတော်တွေ ကြွတဲ့အခါ ရှေ့ကမောင်းသွားတဲ့ ဆူးလှည်းပေါ်က ကျကျန် ရစ်တဲ့ ဆူးခက်တွေကို မိမိက ပြေးကောက်တဲ့ပြီး အဝေးကို ဖယ်ရှားပစ်တော့ မိမိ တို့ ဆရာတော်နဲ့ ရင်းနှီးတဲ့ ဆရာတော်ကြီးတစ်ပါးက “အံမာ..ဥယျဉ်ဘုန်းကြီး ကျောင်းသားက တယ်ဟုတ် ပါလားဟေ့၊ ဘုန်းကြီးကျောင်းသား ဆိုတာ  ဒီလို လိမ္မာမှပေါ့ကွ” လို့ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပါတယ်၊ မိမိတို့ဆရာတော်ကလဲ သဘောတွေကျပြီး ပြုံးနေပါတယ်။

ကျောင်းပြန်ရောက်တဲ့ညက ဘုရားဝတ်တက်ပြီးတဲ့အခါ ဆရာတော်က ကျောင်းသားကိုရင် အားလုံးကို ဒီအကြောင်းပြောပြီး အားလုံးအတုယူ ကြဖို့ ဆုံးမ ပါတယ်။

ပြီးတော့မှ“ အေး.. ခုလို အများသူငါသွားတဲ့ လမ်းတို့၊ ရေတွင်း ရေကန် ရေအိုးစင်တို့၊ အရိပ်သစ်ပင်တို့ဆိုတာ သတ္တ၀ါအားလုံးနဲ့ သက်ဆိုင်တာဖြစ်လို့ “မသာသံဃိက”လို့ ခေါ်တယ်။ ရဟန်းသံဃာတို့နဲ့သာ ဆိုင်တဲ့ ရိုးရိုး“သံဃိက” ထက် ကျယ်ပြန့်တယ်၊ အဲလို နေရာမျိုးတွေကို ဖျက်ဆီးရင်လည်း ရိုးရိုးသံဃိက ကို ဖျက်ဆီးတာထက်တောင် အပြစ်ကြီးတယ်၊ ဒီလို နေရာတွေကို ကောင်း အောင် ပြုရင်လည်း ရိုးရိုးသံဃိက ကုသိုလ်ထက် အကျိုးကြီးတယ်” ဆိုပြီး ဆုံးမပါတယ်။

ဆရာသမားရဲ့ အဲဒီ အဆုံးအမကြောင့်လည်း ဒီနေ့အထိ လမ်းဆုံ လမ်းခွ မှာ ရေးစင် တည်ထောင်တာတို့၊ အရိပ်ရသစ်ပင်စိုက်ပျိုးတာတို့လည်း အကျင့် ရပြီး ၀ါသနာ ပါနေခဲ့ပါတယ်။

ငယ်ငယ်တုန်းက ကျောင်းမှာ ဦးနုပ်ဆိုတဲ့ ကပ္ပိယကြီး တစ်ယောက် ရှိတယ်၊ အားလုံး ကတော့“ဘိုးလေးနုပ်” လို့ ခေါ်ကြပါတယ်၊ သူက မျက်စိမမြင် ဘူး၊ မွေးတွင်းပါတော့ မဟုတ်ဘူး၊ တော်တော်ကြီးမှ မျက်စိကို စပါးနှံ ခတ်မိရာကနေ ဆေးးမြီးတိုနဲ့ ဖြစ်ကတတ်ဆန်းကုရင်း ကွယ်သွားတာလို့ ပြော ပါတယ်။ တောထဲတောင်ထဲ မသွားနိုင်တော့ အိမ်မျာပဲ ဆေးရိုးအငှားထုပြီး ချို့ချို့တဲ့တဲ့ အသက်မွေးရတာပါ။

ဥပုသ်သီတင်းနေ့တွေမှာတော့ ကျောင်းကို ဥပုသ်စောင့် မှန်မှန် ရောက်တယ်၊ အသက်ခုနှစ်ဆယ် နီးပါးလောက်ရောက်တော့ အလုပ်လည်း မလုပ်နိုင်ဘူး၊ သားသမီး တွေကလည်း လက်လုပ် လက်စားတွေဆိုတော့ မှီခိုသူ တစ်ယောက် အပိုကျွေးထားရတာကိုပဲ ခက်ခဲနေပုံရပါတယ်၊ ဒါနဲ့ ဆရာတော်က ကျောင်းမှာ ကပ္ပိယ အဖြစ်နေဖို့ ခေါ်ထားတာပါ။ ဆရာတော်က သူ့အတွက် မီးတင်းကုတ်ခေါင်းရင်းနဲ့  တဆက်တည်း ကွပ်ပျစ်ကလေး သပ်သပ်ရပ်ရပ် လေလုံ မိုးလုံးနဲ့ လုပ်ပေးထားပြီး နေစေပါတယ်၊

ညနေရောက်ရင် ကိုရင်ကြီးတွေက ရေနွေးကျိုတဲ့ ခရားထဲမှာ ရေအပြည့် ထည့်ပေးထားပြီး မီးဖိုနားမှာ မီးပျိုးစရာ ထင်းခွဲခြမ်းလေးတွေ အသင့်လုပ် ပေးထားရတယ်၊ နံနက်စော ဆိုရင် ကပ္ပိယကြီးက သူဟာသူ မီးပျိုါ် ရေနွေးကျို ပြီး အသင့်ဖြစ်နေပြီ၊ ကိုရင်ကြီးတွေက နံနက် စောစော အိပ်ယာထရတဲ့ ဒုက္ခလွတ်သွားလို့ ကပ္ပိယကြီးကို ခင်မင်ကြည်ဖြူ ကြပါတယ်။

ဘိုးလေနုပ်ဟာ ကျောင်းမှာ ကပ္ပိယ အဖြစ်နဲ့ နေကတည်းက ရှစ်ပါးသီလ အမြဲစောင့်ပါတယ်၊ သူကို တစ်ကျောင်းလုံးကရော ရွာနီးချုပ်စပ်ကပါ လေးစား ခင်မင်ရတဲ့ နိစ္စဓုဝ ကုသိုလ်တစ်ခုလည်း အမြဲတမ်း ရှိတယ်။ မိမိတို့ကျောင်းဝန်း အတွင်းမှာက ရှေးက ဆောက်ခဲ့တဲ့ ကိုးခန်း ဆယ့်တစ်ခန်း ကျောင်းအိုကြီး တစ်ဆောင်ရှိတယ်။

မိမိတို့ ကိုရင်ဝတ်တော့ အဲဒီကျောင်းကြီးရဲ့ သက်တမ်းက ကိုးဆယ်ကျော် နေပြီး လေပြင်းပြင်း တိုက်ခတ်လိုက်ရင် ပြိုလဲမည့် အခြေအနေ ရောက်နေပြီဖြစ်လို့ ကျောင်းကြီးရဲ့ မြောက်ဘက်မှာ ကျောင်းသစ်တစ်ဆောင် ဆောက်ထားတယ်၊ အဲဒီမှာပဲ ရှေးကပူဇော်ထားတဲ့ ဆင်းတုတော်ကြီးတွေကိုပါ ရွေ့ပြောင်းပြီး  အားလုံးနေကြပါတယ်။

ရွာကနေ ကျောင်းကို လာသူများအနေနဲ့ ကျောင်းအိုကြီးရဲ့ ခြေရင်းပိုင်း ကနေ ကျောင်းဆောင်သစ် အထိ အလျားကိုက် တစ်ရာလောက်နဲ့ အနံကိုက် နှစ်ဆယ်ကျော်လောက်ရှိတဲ့ ကွက်လပ်ကိုဖြတ်ပြီး လာကြရပါတယ်၊ တောင်ရွာ မြောက်ရွာ ကူးသန်းသွာယးလာကြသူတွေလည်း ဒီကွက်လပ်ကပဲ ဖြတ်သွား ကြရတာပါ၊ မိုးတွင်း ရောက်ပြီဆိုရင် မုန်ညင်းမြက်ပင်တွေနဲ့  ဆူးပန်း တောင်းပင် စတဲ့ ပေါင်းပင်းတွေ ပေါက်လေ့ရှိပါတယ်၊ ၀ါတွင်းဆိုရင် အဖိတ်နေ့ ညနေပိုင်းနဲ့ ဥပုသ်နေ့ နံနက်ပိုင်းတွေမှာ ကိုရင်ကျောင်းသားတွေက ဒီပေါင်းပင် တွေကို ရှင်းကြ ရလို့ ဆော့ကစားးချိန် နည်းကြတဲ့အတွက် အလွန်ညဉ်းကြပေါ့။

ဘိုးလေးနုပ် ကပ္ပိယအဖြစ် ရောက်လာပြီးကတည်းက နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ဒီပေါင်းတောကြီးကို တစ်နေ့ တစ်ပိုင်းချင်း မှန်မှန်ရှင်းလို့ ဥပုသ် နေ့ရောက်ရင် ကွက်လပ်က ရှင်းပြီးဖြစ်နေပြီ၊ ဥပုသ်ထွက်နေ့ ရောက်တော့ ပထမစရှင်းတဲ့ နေရာကနေ ပြန်စရှင်းတော့တာပဲ၊ ဥပုသ်တစ်ပတ်နဲ့ ကွက်လပ် ရှင်းပြီးတာနဲ့က ကွက်တိပဲ။

ဘိုးလေးနုပ် ပေါင်းထိုးတာနဲ့ ပတ်သက်လို့ လူတိုင်း အံ့သြရတာ တစ်ခုလည်း ရှိသေးတယ်၊ သူက တစ်နေရာထိုင်လိုက်ပြီးရင် သူ့လက်နဲ့ တကမ်း မှီရာ ပတ်လည်ကို လက်နဲ့ အသေအချာစမ်းပြီး ပေါင်းတစ်ပင်မျှ မကျန်ရအောင် ထိုးတာ၊ ပြီးရင် ပေါင်းမှိုက်ကို လက်နဲ့ အသေချာစုပြီး အပုံလေးလုပ်ထားလိုက် တယ်၊ လက်တကမ်း စာထိုးပြီးတိုင်း အဲဒီလိုပုံထားတာဆိုတော့ သူပုံထားတဲ့ ပေါင်းမှိုက်ပုံလေးတွေက အရွယ်တူ လေးတွေ အတန်းလိုက်လို ဖြစ်နေတော့ဒါ ကိုး… ဒါကိုကြည့်ပြီး လူတိုင်းက အံ့သြချီးကျူးကြတာပဲ။

ကပ္ပိယကြီးက နေ့တိုင်းလည်း ဥပုသ်ဆောက်တည်ထားတယ်ဆိုတာ သိလာကြတော့ ဖြတ်သွား ဖြတ်လာ တချို့က ညနေပိုင်းဆိုရင် ထန်းလျှက်ခဲ လေးတွေ ယူယူလာပြီး ပေးကြလို့ ညညကျ သူနားလာကြတဲ့ ကိုရင်တွေ ကိုတောင် သူက ထန်းလျှက်ခဲလေးတွေ လှုနိုင်လိုက်သေးတယ်။

ကပ္ပိယကြီး ဆုံးပါးသွားတဲ့အခါမှာလည်း မှတ်မှတ်ရရ ပြောစမှတ်တွင်ခဲ့ ပါတယ်၊ သူ့ကို သင်္ဂြိုဟ်တဲ့ အခါမှာ ရပ်နီးရပ်ဝေး သာရေးနာရေး အဆက် အသွယ်ရှိတဲ့ ကျောင်းတွေက ကျောင်းထိုင် ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် ချီးမြှင့်ကြသလို တောင်ရွာ မြောက်ရွာကလည်း အိမ်စေ့လူကုန်နီးပါး လိုက်ပါပို့ဆောင်ကြပါတယ်။

လူကြီးတွေ ပြောကြတာကတော့ သူတို့ တစ်သက်တာမှာ သူကြီးတို့ မျက်နှာကြီးတို့ဆိုတဲ့ အသုဘတွေမှာတောင် ကပ္ပိယကြီးရဲ့ အသုဘလောက် ထေရ်ြကီးဝါကြီး ဆရာတော်တွေစုံတာနဲ့ လူစည်ကားတာမျိုး တစ်ခါမှ မတွေ့ဖူး ဘူးတဲ့။

ကုသိုလ်ရေးနဲ့ ပတ်သက်လို့ ဟိုလို ဒီလို ဆင်ခြေ ဆင်လက်တွေ ပေးသံ ကြားရတိုင်း ကပ္ပိယကြီး ဘိုးလေးနုပ် ကိုလည်း အထူး သတိရမိပါတယ်။

စွမ်းနိုင်သမျှ ကျက်သရေဆောင်တတ်ကြပါစေ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း


Friday, January 17, 2014

“Sex (သို့) ဘုရားသခင့်လက်ဆောင်”တဲ့လား

(ဂျိန်းဘာသာရေးအခမ်းအနား)

“Sex (သို့) ဘုရားသခင့်လက်ဆောင်”တဲ့လား

လွန်ခဲ့သော မဟာသင်္ကြန်တော်အခါသမယဆီက သီတဂူဆရာတော်ကြီးကို ဖူးမျှော်ခွင့်ရရှိခဲ့သည်
သြ၀ါဒစကား ကိုလည်း နာယူခွင့်ရခဲ့သည်။ ပညာသင်နေကြသော ရဟန်းတော်များပေမို့ ပညာရေးဆိုင်ရာ သုတေသန ကိစ္စရပ်များကို အလေး ထားမိန့်ဆိုသွားသည်။ မဇ္ဈိမဒေသရှိ ယုံကြည်ကိုးကွယ်မှုများ အကြောင်းလေ့လာစရာ များစွာရှိသည်ကိုလည်း ထောက်ပြသွားသေးသည်။ ရှီဝလိင်ကိုးကွယ်မှု၊ ဂျိန်းဘာသာ စသည် စိတ်ဝင်စားဖွယ်အကြောင်းတရားများ။
                                     

                                ဂျိန်းဘုန်းတော်ကြီးအား ဆွမ်းကပ်လှူနေသော ဒကာမများ
                                 (ဂျိန်းဘုန်းတော်ကြီးမှာ အ၀တ်ဗလာဖြစ်နေပါ၍ ဆင်ဆာလွတ်မည့်ပုံကိုသာ တင်လိုက်ပါကြောင်း)

မဇ္ဈိမသည် အံ့သြဖွယ်ကောင်းစွာပင် လိင်ကိုးကွယ်မှု၊ ၀တ်လစ်စလစ်နေထိုင်ခြင်းနှင့် သက်ဆိုင်သော ဘာသာတရားများကို အခိုင်အမာလက်ခံထားလေသည်။ ဟိန္ဒူအယူဝါဒတွင် ရှီဝလိင်ကိုးကွယ်မှုက အမြစ် တွယ်နေသည်။ ဂျိန်းဘာသာက အ၀တ်ဗလာဖြင့် အကိုးကွယ်ခံဖြစ်နေဆဲ။ အခြားသော ကိုယ်လုံးတီး ဆာဒူးကြီး များ၏ ကောင်းချီးပေးမှုကိုလည်း စုပြုံးတိုးဝှေ့ကာ ကိုးကွယ်ခံယူနေကြပြန်သေးသည်။ သို့ဆိုလျှင် မဇ္ဈိမ ပြည်ကြီးဝယ် ပညာသင်နေသော ရဟန်းတစ်ပါးအတွက် မိမိ၏ ဘာသာတရားမှတစ်ပါး အခြားသော အညတိတ္တိယတို့၏ လိင်သဘာဝနှင့် ပတ်သက်သောအတွေးအခေါ် အယူအဆများ ကိုလည်း လေ့လာသင့်သည် မဟုတ်လား။

လွန်ခဲ့သောနှစ်က ရွှေပြည်ကြီးသို့ ပြန်လည်ဆိုက်ရောက်ချိန် မဇ္ဈိမ၏ ကိုးကွယ်ယုံကြည်မှုအကြောင်းကို တရားပွဲ တစ်ခုတွင် မိတ်ဆက်ပြောပြဖြစ်သည်။ အ၀တ်မစည်း အချည်းနှီးသော အညတိတ္တိယ ဂျိန်းဘာသာဝင်များနှင့် အစေလကတက္ကဒွန်းများ ယနေ့ခေတ်တိုင် တည်ရှိနေဆဲဆိုသည်ကို ဗွီဒီယိုမှတ်တမ်းခွေနှင့်တကွ ပြသတော့ အားလုံးအံ့သြကြသည်။ ပိဋကတ်စာမျက်နှာထဲမှာသာ ရှိတော့သည်ဟု ထင်နေကြလေသည်ပဲ။

ဘာပဲဖြစ်ဖြစ် ယမန်နေ့က အိန္ဒိယတိုင်းမ်စ်သတင်းစာမှ စကားပြောသောသစ်ပင်(Speaking Tree)ကို ဖတ်မိ တော့ မဇ္ဈိမ၏ လိင်သဘာဝအမြင်ကို တစ်စွန်းတစ်စ သိရသည်။ (၂၂-၀၄-၂၀၁၀)နေ့ကလည်း 'River Of The Life" စာတမ်းလေးကို “ဘ၀ကိုယ်တိုင်က မြစ်” ဟု ဘာသာပြန်တော့ ဘုံဘေတက္ကသိုလ်ကျောင်းတော်သား မိတ်ဆွေရဟန်းတော်တစ်ပါးက ဘာသာပြန်လေး ဆက်လုပ်ပါဦး ဟု တွန်းသည်။

သို့နှင့် ၂၄-၀၄-၂၀၁၀စနေနေ့ထုတ် သတင်းစာထဲက အိုရှိုး(Osho)၏ ''Sex, Gift From God" ဆိုသော ဟော ပြောချက်ကို ဘာသာပြန်ဆိုလိုက်ပါသည်။ အိုရှိုးဆိုသည်က နှစ်ဆယ်ရာစုတွင် ထင်ရှားလှသော ဘာသာ ရေးဂိုဏ်းဆရာကြီးတစ်ဆူဖြစ်သည်။ သူ့အကြောင်းကို ရုပ်ရှင်ရိုက်ကြဦးမည် ဟု သိရ၏။ ဘာသာပြန်ပါ အကြောင်းအရာများသည် မဇ္ဈိမကို နားလည်ရေးအစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ပါကြောင်း။ 
                               ရှီဝ၏ ယောက်ျားအင်္ဂါနှင့် ပရဗတီ၏ မိန်းမအင်္ဂါလိင်

လိင်သဘာဝမှ လွတ်မြောက်ခြင်းဟူသည် လိင်သဘာဝကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ လိင်သဘာဝကို နားလည်ခြင်းပင်ဖြစ်ပါသည်။ နားလည်ခြင်းဖြင့်သာ လိင်သဘာဝကို လွန်မြောက်နိုင်သည်။ သို့သော် လိင်သဘာဝကို ဆန့်ကျင်ရမည်ဟု မဆိုလို၊ ပျော်ရွှင်ကျေနပ်နေရမည်၊ လူတိုင်းကိုလည်း တစ်နေ့တွင် လိင်သဘာဝကို လွန်မြောက်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ကောင်းချီးမင်္ဂလာပြုနိုင်ရပေမည်။
ဘာသာတရားဟူသည် ကမ္ဘာမြေ၌ အမြစ်တွယ်ကာ နေသို့ ဦးတည်ရပေမည်။ ဘာသာတရားသည် ရွှံ့နွံ၌ အမြစ်တွယ်ကာ နေကို ဦးခိုက်သောကြာပန်းနှင့်တူသည်။ ကြာပန်းသည် နွံမှ လွတ်မြောက်ရမည်ဖြစ်သော်လည်း နွံကိုတော့ လုံးဝအပြစ်တင်ဖွယ်မလိုပေ။ နွံသည် အာဟာရဖြစ်၏။ လိင်သဘာဝခွန်အားသည် စိတ်တည်ကြည်မှု သမာဓိအတွက် အာဟာရဖြစ်သည်။ လိင်သဘာဝရွှံ့နွံမှ သမာဓိကြာပန်းက ပွင့်ရပေမည်တည့်။ လိင်သဘာဝကို မည်သည့်အခါမှ မထိန်းချုပ်မိစေနှင့်။ မဆန့်ကျင်မိစေနှင့်။ ပြတ်သားသော အမြင်၊ကြီးမြတ်သောမေတ္တာဖြင့် နက်ရှိုင်းစွာ ချဉ်းကပ်ရပေမည်။ စူးစမ်းရှာဖွေသူတစ်ယောက်နှင့်တူစွာ လိင်သဘာဝကို ချောင်ကြိုချောင် ကြားမကျန် စူးစမ်းရှာဖွေလျှင် အံသြဖွယ်ရာတွေ့ကြုံရမည်သာမက အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်ပေ သေးသည်။

လိင်သဘာဝကို နားလည်သိရှိပြီဆိုလျှင် ဓမ္မကို သင်အလိုလိုသိမြင်လာပေမည်။ ထိုအခါတွင် သင်လွတ် မြောက်သွားမည်။ သင့်စွမ်းရည်သည်လည်း မြင့်မားလာပေမည်။ ယခုအခါတွင် လိင်သဘာဝသည် ကလေး ကစားစရာအရုပ်တစ်ရုပ်ဖြစ်၏။ သို့သော် သင်သည် ယင်းကစားစရာအရုပ်ကလေးနှင့် ဆော့ကစားနေသော အခြားသူများကို မြင်သည့်အခါ စိတ်အလိုမကျမှု ဖြစ်ပွားခြင်းမရှိတော့ပါ။ ထိုပုဂ္ဂိုလ်တို့ကို သင်နားလည်သွားကာ ကရုဏာပွားမိသည်။ ထိုပုဂ္ဂိုလ်များကို လိင်သဘာဝမှ လွန်မြောက်နိုင်ရေး အကူအညီပေးလိုစိတ်ဖြစ်ပေါ်လာ သည်။ အမှားတစ်စုံတစ်ရာ ကျူးလွန်နေခြင်းမျိုးမဟုတ်၍ ထိုပုဂ္ဂိုလ်များကို ကဲ့ရဲ့ဖွယ်တော့ မရှိ။

လိင်သဘာဝသည် အပြစ်(sin)မဟုတ်။ လိင်သဘာဝကြောင့် မည်သူ့ကိုမှ အပြစ်ပေး၍ မရ၊ ငရဲကို ပို့၍မရပေ။ ဘုရားသခင်က လိင်သဘာဝကို သင့်အား ပေးထားခြင်းဖြစ်သည်။ သင်သည် လိင်သဘာဝနှင့်အတူ မွေးဖွားလာသည်။ သင်က လိင်သဘာဝကို ဖန်တီးထားခြင်းမျိုးလည်း မဟုတ်ပေ။ နျူကလီးယားဗုံး၊ ဘက်နက်၊ ဓါးမြောင်၊ ပိုက်ဆံ သို့မဟုတ် နိုင်ငံရေး ဆိုသောအရာများသည်သာ အရုပ်ဆိုးသောလူသား၏ စိတ်မှ ပေါက်ဖွား သော အရာများဖြစ်ပေသည်။ ထိုအရာများကို တီထွင်ဖန်တီးသူတို့သာ ငရဲသွားရမည် ဧကန်ဖြစ်ပေ၏။ သို့သော် လိင်သဘာဝသည်ကား ဘုရားသခင်ပေးသောလက်ဆောင်မွန်ဖြစ်ပေ၏။ ကြီးမြတ်သောမျိုးစေ့လည်း ဖြစ်၏။ အစို့အညှောင့် ထွက်လာသည်နှင့် မြေကောင်းမြေမွန်ရှာဖွေကာ သစ်ပင်ကြီးတစ်ပင်ဖြစ်လာပေလိမ့်မည်။ သန်းပေါင်းများစွာ ပန်းမာလာတို့ ထိုသစ်ပင်တွင် ဖူးပွင့်ကြပေမည်။

လိင်သဘာဝအားဖြင့် ကလေးသူငယ်သည်သာ မွေးဖွားသည်မဟုတ်၊ သင်သည်လည်း မွေးဖွားရပေမည်။ လိင်သဘာဝသည် ဖန်ဆင်းခြင်း၏ အဓိကအရင်းအမြစ်ဖြစ်ပေ၏။ လိင်သဘာဝအားဖြင့်သာ ဘ၀သစ်မွေးဖွား လာရပေသည်။ ဘ၀ထက် တန်ဖိုးကြီးသောအရာ ဘယ်အရာရှိမည်နည်း။ ဘုရားသခင်သည် လိင်သဘာဝကို ဘ၀ယာဉ်ရထားအဖြစ်ရွေးချယ်တော်မူခဲ့၏။ ဘ၀သည် လိင်သဘာဝမှ လာ၏၊ ဘ၀သည် လိင်သဘာဝ၌ လာ၏၊ ဘ၀သည် လိင်သဘာဝအားဖြင့်သာ လာရပေသည်။ လိင်သဘာဝကို သိမြင်ကာ လွန်မြောက်ပြီးသော သူတို့သည်ကား “အခြားသောဘ၀၊ ဓမ္မနှင့်ယှဉ်သော ဘ၀ဟူသည် လိင်သဘာဝအားဖြင့်သာ လာရသည်” ဟု ဆိုကြပေ၏။ သင်သည် လိင်သဘာဝအားဖြင့် နှစ်ဘ၀မွေးဖွားရပေမည်။ ရှင်သန်ထမြောက်ရပေမည်။ ဤလိင် သဘာဝဟူသည်မှာ ဘ၀ကိုပေးနိုင်သော စွမ်းရည်ထူးပေတည်း။

လိင်သဘာဝသည် မြင့်မြတ်၏၊ ဘုရားသခင်၏ ကျောင်းတော်လည်း ဖြစ်ပေ၏။ လိင်သဘာဝသည် ဓမ္မရေးရာအလားအလာကောင်းတစ်ရပ်ဖြစ်၏။ ရှာဖွေသူတစ်ယောက်သည် လိင်သဘာဝကို မည်သို့လျှင် စိတ်မ၀င်စားရှိရမည်နည်း။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည် လိင်သဘာဝ၌ ပုဂ္ဂလိကစိတ်ဝင်မှုကား မရှိ။ လိင်သဘာဝကို လွန်မြောက်ပြီးဖြစ်၏။ သို့သော် သူသည် အကြီးအကျယ်စိတ်ပါဝင်စားမှု ရှိနေပြန်၏။ လိင်သဘာဝမှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဝင်စားမှုက အလွန်ကြီးကျယ်တတ်သည်။ ယခုအခါ တွင် သူသည် အရာရာတိုင်းအပေါ်တွင် စိတ်ဝင်စားနေတော့၏။

သင်သည် လိင်သဘာဝအပေါ် စွဲလမ်းမိသောအခါ ကဗျာ၊ ဂီတ၊ နှင့် အလှတရားတို့ကို စိတ်ဝင်စား တော့မည်မဟုတ်ဘဲ လိင်သဘာဝကိုသာ စိတ်ပါဝင်စားနေတော့မည်။ အကယ်၍ ထိုအရာများကို စိတ်ဝင်စား သည်ဆိုပြန်ပါကလည်း ထိုအရာများတွင် လိင်သဘာဝအချို့ပါဝင်နေမှုကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၉၉ ရာခိုင်နှုံးသော အနုပညာဖန်တီးမှုသည် လိင်သဘာဝကို အခြေခံရသည်ချည်းဖြစ်၏။ ၉၉ ရာနှုံးသော လူအများစုကလည်း လိင်သဘာဝမှလွဲ၍ အခြားအရာကို အလိုမရှိသောကြောင့်ဖြစ်ပါသည်။ ရုပ်ရှင်၊ ၀တ္ထုနှင့် စာအုပ်များ(ဘာသာရေးအမည်တပ်ထားသည့် စာအုပ်များပင်လျှင်) လိင်သဘာဝများနှင့် ပြည့်နေတတ်လေ သည်။

တစ်ခါတစ်ရံတွင် လိင်သဘာဝသည် အပြစ်တင်ရှုံချခံရတတ်သည်။ သို့သော် ထိုအရာကိုပဲ ဆက်ပြောမြဲ ပြောနေကြဆဲဖြစ်သည်။ တစ်ခါတစ်ရံ၌မူ လိင်သဘာဝက ညစ်ညမ်းမှုဖြစ်ရသေးသည်။

လိင်သဘာဝမှ လွတ်ကင်းသောသူသည် လိင်သဘာဝ၌ စိတ်ဝင်စားမှုမရှိတော့။ သူ၏ စိတ်ဝင်စားမှုကား ဘ၀တစ်ခုလုံးပေါ် ပြန့်နှံ့တည်နေတော့၏။

အိုရှိုး(Osho)
မူးရင်းဆိုဒ်- ဓမ္မဂင်္ဂါ  

Thursday, January 16, 2014

စကြာမင်းကြီး စိတ်ကူးပုံ



စကြာမင်းကြီး စိတ်ကူးပုံ


ရှေးလွန်လေပြီးသောအခါ ငါတို့ ၏  ဘုရားအလောင်းတော်သည် တစ်ခုသော ဘ၀၀ယ်
"တိလောက ၀ိဇယ" မည်သော စကြာမင်း ဖြစ်ခဲ့ဖူး၏။ ထိုမင်းသည် သံဃာတော်အများနှင့် တကွ
ရှေးရှေးသော ဗုဒ္ဓရှင်တော်မြတ်တို့ ကို လည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့ ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင် စိတ်ကူး၏။ စိတ်ကူးသည့်အတိုင်း  ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍  ဦးခေါင်းညွတ်လျက် နှစ်သက်ကြည်ညို  ရိုသေစွာ ရှိခိုးဦးချ၏။ ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ်အပ်သော ဝေဇယန္တာမည်သော ရတနာဗိမာန် ပြဿာဒ်တော်ကြီးကို  အထပ်ပေါင်းများစွာ ဆင့်လျက် စိတ်ကူးဖြင့် ဖန်ဆင်းလျက် ရှိ၏။

ထိုဗိမာန်ကြီးဝယ် တင့်တယ် သားနားသော အခင်းအမျိုးမျိုးကိုလည်း စိတ်ကူးဖြင့် ခင်းထား၏။
သူ့ နေရာနှင့် သူ ရေပြည့်အိုး၊ ပန်းပြည့်ရေတဂေါင်းများကိုလည်း တည်ထား၏။ ထို့ နောက် ကျယ်ပြန့် သော တံခါးကြီးများမှ နောက်ပါ သံဃာတော်များနှင့်တကွ ဘုရားရှင်များစွာ
ပစ္စေကဗုဒ္ဓါ များစွာတို့ မှာ မိမိ၏ ပင့်ဖတ်ချက်အရ ကြွတော်မူလာကြ၍ ရွှေသားအတိပြီးသော ပလ္လင်တော်များဝယ် အသီးသီး ထိုင်နေတော်မူပုံ စိတ်ကူးလေသည်။

ထို့ နောက် လူ့ ပြည် နတ်ပြည်၌ ရှိသမျှ အထည်ကောင်းတို့ ကို စုပေါင်းဆောင်ယူလျက် ထို ဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ၊ သံဃာတော်တို့ အား ၃ ထည်သော (တိစီဝရိတ်) သင်္ကန်းကို လှူဒါန်း၍
မွန်မြတ်သော ခဲဖွယ် ဘောဇဉ် ချိုချဉ် သြဇာ အဖြာဖြာတို့ ဖြင့်  သပိတ်အသီးသီးတို့ ၌ အပြည့်ထည့်၍ ဆက်ကပ်နေပုံကို စိတ်ကူးပြန်လေသည်။ အသီးသီး ဆွမ်းဘုဉ်းပေးပြီးသောအခါ
ဘုရား ပစ္စေကာ အရိယာ သံဃာတော်တို့ သည် ဗိမာန်ကြီး၌ အသီးသီးသော ရတနာတိုက်ခန်းသို့  ၀င်ကာ ခေတ္တခဏမျှ  ကိန်းအောင်းတော်မူပြီးနောက် ကိန်းအောင်းရာမှ ထ၍ တချို့ က ဈာန်ဝင်းစားနေပုံ ၊ တချို့ က ပြဿနာ မေးပုံ ဖြေပုံများကိုပါ စိတ်ကူးလေသည်။

ဘုရား ပစ္စေကာ အရိယာ သံဃာတော်တို့ သည် ဈာန်ဝင်းစားမှု စသော အလိုတော်ရှိရာ ကိစ္စဖြင့် မွေ့ လျော်တော်မူနေကြစဉ်  ထိုအရှင်မြတ်တို့ ၏ အထက်တွင် ရတနာထီးဖြူဆောင်းလျက်
မွှေးကြိုင်သော ပန်းမျက်နှာကြက်တွေ တဝေေ၀နှင့် ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီမြန်းသော ဇာပန်းတွေ တွဲလျားကျနေပုံ၊ ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့ ၌
ကြာမျိုးငါးပါးဖြင့် တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ၊ ပတ်ဝန်းကျင်ဝယ် တည်ရှိနေသော ပန်းဥယျာဉ်၏ ပန်းပင်များမှ ပန်းဝတ်မှုံတို့ သည် အထက်သို့  လွင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ၊ ရွှေခုံပေါ်၌ ရောင်စုံမီးတိုင်များကို စကြ၀ဠာအနှံ့ စိုက်၍ ညှိထွန်းထားပုံ၊ သစ်ပင်ဖျားနှင့် တောင်ထိပ်တိုင်း၌ အလံတလူလူ စိုက်ထူထားပုံတို့ ကိုပါစိတ်ကူးလေးသည်။

ထိုမျှလောက် ကြည်နူးဖွယ်ကောင်းသော ဗိမာန်တော်ကြီး၏  အနီးအပါး၌ သီဆိုတတ် ကပြတတ်သူတို့ လည်း မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသော စိတ်ဖြင့် ကကြ၊ သီဆိုကြ၊ တီးမှုတ်ကြပုံ၊ လူ နတ် သိကြား နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗ မကျန် သူတော်ကောင်းမှန်သမျှလည်း အသီးအသီး လက်အုပ်ချီကာ အရိယာတို့ သီတင်းသုံးရာဖြစ်သော ထိုဗိမာန်အနီးသို့ ချဉ်းကပ်လာကြပုံ၊ ထိုပရိတ်သတ်အား စကြာမင်းကြီးက မိမိပြုအပ်သော ကုသိုလ်၏ အဖို့ ကို အမျှဝေစကား ပြောကြားနေပုံ၊ ဤနေရာသို့ မရောက်လာသေးသူတို့ အား နတ်များကတဆင့် ပြောပြနေပုံတို့ ကိုပါ စိတ်ကူးလေသည်။

ထိုကဲ့သို့  အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူသော စကြာမင်းကြီးသည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထိုကောင်းမှုကြောင့် တာဝတိံသာ၌  ဖြစ်ရလေသည်။ ထိုကောင်းမှုစေတနာစုကြောင့် နတ်ပြည်မှ လူ့ ပြည်သို့ လည်းကောင်း ၊ လူ့ ပြည်မှ နတ်ပြည်သို့ လည်းကောင်း စုတေ ရွှေ့ ပြောင်း၍ ဖြစ်လေရာ၌ ပညာအရည်အချင်း ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်း သာလွန် ၊ လူချင်းလည်း သာလွန်သူသာ ဖြစ်ခဲ့ရလေသည်။

ထို့ ကြောင့် ယခုအခါ သူတော်ကောင်း စိတ်ဓါတ် ကိန်းဝပ်တည်ရှိသော အမျိုးသား အမျိုးသမီး လူကြီး သူမတို့ သည် သန့် ရှင်းသော ဘုရားအနီးမှာ ဖြစ်စေ၊ အခြားတစ်နေရာမှာ ဖြစ်စေ သက်တော်ထင်ရှား ဘုရားရှင်ကို ထင်မြင်လာအောင် စိတ်ကူးလျက် အထူးကြည်ညိုသော သဒ္ဓါတရားဖြင့် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်အောင် စီးဖြန်း ပွားများ၍ ပန်း ဆီမီး အမွှေးတိုင် စသော ပူဇော်ဖွယ်များကို ပူဇော်ကြပါကုန်။

(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ၏ ရတနာ့ဂုဏ်ရည် မှ မျှဝေပူဇော်ပါသည်)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ

Wednesday, January 15, 2014

ရေစစ် သုံးခု , အသုံးပြုတတ်ပါစေ


 ရေစစ် သုံးခု , အသုံးပြုတတ်ပါစေ 

တောင်ခြေမြို့လေး သို့ ဆွမ်းခံကြွပြီး ပြန်လာသော "ရဟန်းငယ်" တစ်ပါး က ကျောင်းတွင်သီတင်းသုံး၍ကျန်ခဲ့သော "ဆရာတော်အိုကြီး" ကို-

"တပည့်တော် ကြား ခဲ့တာလေးတစ်ခု လျှောက်စရာ ရှိပါတယ် ဘုရား"
"ငါ့တပည့် အခု မင်း ပြောမယ့် အကြောင်းအရာ တွေကို ရေစစ် (၃) ခု နဲ့ စစ်ပြီးပြီလား"
"ဘယ်လို ရေစစ် (၃)ခု လဲ ဘုရား"

"ပထမ ရေစစ် ကတော့ "အမှန်တရား" တဲ့ ၊ မင်း အခုပြောမယ့်စကားဟာ အမှန်တရား လို့ ယုံကြည်သလား"
"တပည့်တော် လည်း ဈေးထဲမှာ ကြားခဲ့တာပဲ ဘုရား၊ အမှန် လို့တော့ မပြောရဲပါဘူး"

"အေး..၊ ဒုတိယရေစစ် နဲ့ ထပ် စစ်ကြည့်ရအောင်၊
ဒုတိယ ရေစစ် ကတော့ "ကောင်းခြင်းတရား" တဲ့၊ မင်း အခုပြောမယ့်စကား က မမှန်ဘူး ပဲထား၊ နားထောင်ရမယ့်လူ
အတွက် ကောင်းရဲ့လား "
"ဒါလည်း မဆိုနိုင်ပါဘူး ဘုရား၊ ဆန့်ကျင်ဘက် တောင်ဖြစ်နိုင်ပါသေးတယ်"

"ဒါဆိုရင် တတိယ ရေစစ် နဲ့ ထပ်စစ်ကြည့်ရအောင်၊
တတိယ ရေစစ် ကတော့"လိုအပ်သလား" တဲ့၊ မမှန်ဘူး၊ မကောင်းဘူး ဆိုရင် ပြောဖို့ လိုအပ် မလား စဉ်းစား"
"ဒီလောက်လဲ ပြောဖို့ မလိုအပ်ပါဘူး ဘုရား"
"'ဒါဆို မေ့ပစ်လိုက်တော့ ငါ့တပည့်၊

ဒီ အကြောင်းကို လုံးဝထုတ်ပစ်လိုက်တော့ ၊
"မမှန်ဘူး" လို့ ထင်ရတဲ့ "မကောင်းသတင်း" တစ်ခု ကို "မလိုအပ်" ဘဲ သွားပြော မိရင် အဲဒီသတင်းဟာ ကူးစက်ပျံ့သွားပြီး
ကြားရသူအပေါင်း စိတ်ကောင်း မှာ မဟုတ်ဘူး၊ မေ့ပစ်လိုက်တော့ ငါ့တပည့်။"

ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ

ဉာဏ်လင်းမြို့

Tuesday, January 14, 2014

အိမ်တွင်းသာသနာ ပြုပေးကြပါ


"အိမ်တွင်းသာသနာ ပြုပေးကြပါ"

သာသနာဆိုတဲ့စကားလုံးကို အားလုံးတရင်းတနှီးကြားဘူးကြမယ်ထင်ပါတယ်။ သာသနာဆိုတဲ့စကားလုံးကို လူအများစုက ရဟန်းသံဃာတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ သာသနာဆိုတာ အဆုံးမကိုပြောတာပါ။ ဗုဒ္ဓသာသနာဆိုရင်ဖြင့် ဘုရားရဲ့အဆုံးမလို့ဆိုရမယ်ပေါ့။ အချို့ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာလို့ပြောတာထက် ဗုဒ္ဓသာသနာလို့ပြောတာကို ပိုပြီးနှစ်သက်တော်မူကြပါတယ်။ ဒါမှလည်း ဗုဒ္ဓသာသနာဝင်လို့ ဆိုလိုက်ရင်.. ဗုဒ္ဓရဲ့အဆုံးမကို ထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သူလို့ တခါထဲအဓိပ္ပါယ် ပေါက်သွားစေဖို့အတွက် ဆရာတော်ကြီးတွေနှစ်ချိုက်မိတယ်လို့ ကျွန်တော့်ကတော့ အဲ့ဒီ့လို ယူဆမိပါတယ်။

တကယ်တော့ ဗုဒ္ဓသာသနာဆိုတဲ့ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ခုထဲနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဆုံးမခဲ့တဲ့ အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ကိုးကွယ်နိုင်အောင် လိုက်နာကျင့်ကြံနိုင်အောင် ဟောပြဆုံးမပေးခဲ့တဲ့ အဆုံးမတွေမဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးအတွက် အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့ အမှန်တရားတစ်ခုဖြစ်တဲ့ ဓမ္မဆိုတဲ့လမ်းမှန်ပေါ်ကို သတ္တ၀ါတွေအားလုံး လျောက်လှမ်း နိုင်စေဖို့အတွက် ဗုဒ္ဓက ဟောပြဆုံးမပေးခဲ့တာပါ။

ဒ့ါကြောင့်ဗုဒ္ဓဆုံးမပေးခဲ့တဲ့အဆုံးမတွေဟာ သတ္တ၀ါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်အရင်ကရေးခဲ့တဲ့ပိုစ့်တွေထဲမှာ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်တွေနဲ့ လုံးဝခြားနား တယ်လို့ ဖော်ပြရေးသားခဲ့ဘူးပါတယ်။ ဒါဟာ အခြားဘာသာတွေကို ထိပါးစော်ကားလိုတဲ့စိတ်နဲ့ ရေးသားလိုခြင်း မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေကြတဲ့ ဗုဒ္ဓဘာသာဝင် တွေအတွက် ဗုဒ္ဓရဲ့အဆုံးမတွေကို ထဲထဲဝင်ဝင်သိစေချင်တဲ့ဆန္ဒနဲ့ နှိုင်းယှဉ်ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။ ဒီလိုဘာလို့နှိုင်းယှဉ်ပြောရလဲဆိုရင် ယခုခေတ်လူငယ်တွေအနေနဲ့ သာသနာဆိုတဲ့စကားလုံးကို အတော်လေးပဲ မျက်ကွယ်ပြုလာကြတဲ့အတွက်ပါ။

ဘုရားဆိုတာ ဘာမှန်းမသိ၊ တရားဆိုတာဘာမှန်းမသိ၊ သံဃာဆိုတာဘာမှန်းမသိနဲ့ အတော်လေးကိုရင်လေးစရာပါ။ အချို့ဆို ဗုဒ္ဓဘာသာဝင်ဆိုတဲ့အဓိပ္ပါယ်ဟာ ဘာလဲဆိုတာတောင် မသိကြတော့ပါဘူး။ အဲဒီအဓိပ္ပါယ်ကို မသိရင်ဖြင့် ဘုရားဘာလို့ကန်တော့ရလဲ.. သံဃာဘာလို့ကန်တော့ရလဲဆိုတဲ့ အသိတရားတွေကတော့ ပိုဝေးသွားပြီပေါ့။

 ကျေးဇူးတရားဆိုတာ နားမလည်ရင် တန်ဖိုးထားမှုဆိုတာလည်း လုံးဝမရှိတော့ပါဘူး။ တန်ဖိုးမထားတတ်ဘူးဆိုရင်ဖြင့် တန်ဖိုးရှိတဲ့သာသနာဟာ အနှေးနဲ့အမြန်ကွယ်ပျောက်ရပါလိမ့်မယ်။ ဒီလိုလူငယ်တွေသာသနာနဲ့ ဝေးကွာလာရခြင်းဟာ မိဘတွေရဲ့လမ်းညွှန်ပြသမှု လျော့နည်းလာမှု မှာလည်း အခြေခံတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ မိဘကလည်း မိရိုးဖလာ၊ သားသမီးကလည်း မိရိုးဖလာဆိုရင်ဖြင့် သာသနာဟာ အနှေးနဲ့အမြန်ပျောက်ကွယ်မှာပါပဲ။ မိဘတွေအနေနဲ့သားသမီးကို ဘုရားကန်တော့ခိုင်းယုံ၊ ရှင်ပြုပေးလိုက်ယုံနဲ့ တာဝန်ကျေပြီလို့အများစုက ယူဆထားကြပါတယ်။

တရားအလုပ်ကိုလေ့လာရင်ကိုပဲ သာသနာ့ဘောင်ဝင်ပြီး ရဟန်းသံဃာဖြစ်သွားမှာကိုပင် အလွန်အမင်းစိုးရိမ်နေကြတဲ့ပုံပါ။ ကိုယ့်သားကိုယ့်သမီး တရားစာအုပ်လေးဖတ်ရင်တောင် တရားဆိုတာအသက်ကြီးမှလုပ်ရတာဆိုပြီး ပေးမဖတ်တဲ့မိဘတွေ ရှိကြပါသေးတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ သာသနာနဲ့ဝေးကွာလာကြရတာဟာ ဘာမှမဆန်းပေဘူးပေါ့။ ပြီးတော့ ဘုန်းကြီးကျောင်းဆိုတာကိုလည်း တစ်နှစ်နေလို့တစ်ခါ အလှူအတန်းလေးလုပ်တုန်း၊ သာရေးနာရေးလေးလုပ်တုန်းပဲ ရောက်ဖြစ်တော့ လူငယ်တွေအနေနဲ့ ဘုန်းကြီးကျောင်းဆိုတာ ဆွမ်းချိုင့်ပို့ယုံပဲလို့ ထင်မိကြတော့တာပါပဲ။ သွားလှူ သွားကန်တော့ရင်း ကုသိုလ်ရတာလောက်သိပြီး ဘာမှမသိရင်ဖြင့် သာသနာတော်ကို ဘယ်လိုလေးလေးနက်နက် ထောက်ပံ့ကြည်ညိုတတ်ကြမှာပါလဲ။

ရဟန်းသံဃာတွေနဲ့အနေဝေးရင်ဖြင့် ရဟန်းသံဃာတွေရဲ့တန်ဖိုးလည်း သိနားလည်နိုင်ကြမှာ မဟုတ်သလို တန်ဖိုးလည်း ထားတတ်ကြမှာ မဟုတ်ပါဘူး။ ဒါမို့လို့လည်း ဘုရားရှင်က လူပုဂ္ဂိုလ်တွေအနေဖြင့် သံဃာတော်တွေကို မနီးမဝေးအမြဲထိတွေ့ပြီး ဆည်းကပ်ပူဇော်တတ်ရမယ်လို့ ဟောပြဆုံးမပေးခဲ့တာပါ။ ရှေးယခင်အချိန်တုန်းကဆိုရင် မူလတန်းကျောင်းတောင် မတက်ရသေးဘူး ဘုန်းကြီးကျောင်းပို့ပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံသိသင့်တာတွေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးတရားတွေကို အရင်ဆုံးနားလည်တန်ဖိုးထားတတ်အောင် သူ့အရွယ်နဲ့သူ့အဆင့်တန်တဲ့ အသိဥာဏ်ရရှိစေအောင် ဘုရားသားတော်တွေက ဆုံးမပြုပြင် ပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ရှေးယခင်ကဗုဒ္ဓဘာသာဝင်တွေဟာ ဘုန်းကြီးကျောင်းထွက်တွေ အများဆုံးဖြစ်ပြီး အင်မတန်မှလည်း ယဉ်ကျေးသိမ်မွေ့ကြသလို ငါးပါးသီလဆိုတဲ့ အခြေခံ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားကိုလည်း ခါးဝတ်ပုဆိုးကဲသို့ လုံခြုံအောင် စောင့်ထိန်းလိုက်နာ လာခဲ့ကြပါတယ်။

ဒီလိုဘုရားအဆုံးမကို အနီးကပ် ဆည်းပူးလေ့လာခွင့်ရပြီး လိုက်နာကျင့်ကြံလာခဲ့ကြတဲ့အတွက်လည်း အင်မတန်မှ ယဉ်ကျေးလိမ်မာပြီး အသိဥာဏ်ပြည့်ဝတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ထွန်းကားလာခဲ့ကြတာပါပဲ။ ဒါဟာ ဗုဒ္ဓရဲ့အဆုံးမနဲ့ နီးစပ်ခွင့်ရကြလို့ပါပဲ။ ယခင်ကဆိုရင် သင်ကြားရမယ့်ဘာသာရပ်တွေထဲမှာ (၁၀)ဆောင်တွဲဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ သိသင့်တဲ့အခြေခံအချက်တွေကို ထည့်သွင်းဆုံးမပေးခဲ့တဲ့အထိကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ဗုဒ္ဓအဆုံးမနဲ့ အမြဲထိတွေ့ခွင့်ရတဲ့သူတွေများပြားခဲ့ရပြီး အင်မတန်မှနူးညံ့သိမ်မွေ့ပြီး အင်မတန်မှ အလေးထားတန်ဖိုးထားအပ်တဲ့ စံပြပုဂ္ဂိုလ်တွေ ပေါ်ထွက်လာခဲ့ကြရတာပါ။

 နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ကိစ္စရပ်တွေမှာ ဗုဒ္ဓရဲ့အဆုံးမကိုအခြေခံပြီး ကျင့်သုံးလိုက်နာခဲ့တဲ့ အတွက်လည်း အရှေ့တောင်အာရှမှာ မြန်မာဆိုရင် အားလုံးကတန်ဖိုးထား လေးစားခဲ့ကြရတာပါပဲ။ ဒါဟာဘာလို့လည်းဆိုတော့ ကိုယ်ကျင့်တရားကိုအခြေခံပြီး ယဉ်ကျေးမှုထုံးတမ်းအစဉ်လာတွေကို ဗုဒ္ဓရဲ့အဆုံးမနဲ့အညီ ကျင့်ကြံလိုက်နာခဲ့ကြတဲ့ အမျိုးကောင်းသားအမျိုးကောင်းသမီးတွေ များစွာပေါ်ထွက်လာခဲ့တဲ့အတွက်ပါပဲ။ ဒါတွေဟာ အင်မတန်မှကို ဂုဏ်ယူစရာ တန်ဖိုးထားစရာဖြစ်တဲ့အပြင် အမြတ်တနိုးတန်ဖိုးထားပြီး လိုက်နာကျင့်သုံးသင့်တဲ့ အလေ့အကျင့် ကောင်းတွေပါပဲ။

 ဒီလိုမျိုး အလေ့အကျင့်ကောင်းတွေ ပြန်လည်ဖြစ်လာဖို့အတွက်ဆိုရင် ကျွန်တော်တို့တွေအနေနဲ့လည်း ယခုအချိန်မှာ လူငယ်တွေကို ဘုရားအဆုံးမနဲ့ထိတွေ့ခွင့်ရဖို့၊ နီးစပ်အောင်လုပ်ပေးဖို့ဟာ အင်မတန်မှ လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့တော့ အဓိကအခန်းကဏ္ဏအနေနဲ့ ပါဝင်တာပါပဲ။ မိဘအနေနဲ့ ကိုယ်ကသာ မိရိုးဖလာဗုဒ္ဓဘာသာဝင် ဖြစ်ချင်ဖြစ်နေပါစေလေ.. ကိုယ့်သားသမီး ကိုယ့်မျိုးဆက်ကိုတော့ မဖြစ်စေရဘူးဆိုတဲ့ စိတ်လေးနဲ့လုပ်သွားမယ်ဆိုရင်ကို ဗုဒ္ဓရဲ့သာသနာဟာ နေလိုလလို ထွန်းတောက်လာမှာပါ။

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းပါပဲ.. နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် ယနေ့လူငယ်တွေကို သူတို့တွေငယ်ရွယ်စဉ်အခါထဲက ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ထိတွေ့ခွင့်ရအောင် စွမ်းဆောင်ပေးဖို့ လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့ ယခင်ကလို ဘုန်းကြီးကျောင်းပို့ပြီး ရဟန်းသံဃာတော်တွေနဲ့နီးစပ်အောင် မလုပ်ပေးနိုင်ဘူးဆိုရင်တောင်.. နွေရာသီအားလပ်ရက်တွေမှာ ဆရာတော်ဘုရားတွေ ဦးစီးဖွင့်လှစ်ပေးတဲ့ ဗုဒ္ဓဘာသာအခြေခံသင်တန်းကျောင်းတွေ၊ ယဉ်ကျေးလိမ်မာသင်တန်းကျောင်းတွေ၊ တစ်ပါတ်တရားစခန်း ၁၀ရက်တရားစခန်းတွေကို ၀င်ရောက်စေပြီး ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ နီးစပ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။

 ဒါက ကလေးလူငယ်တွေ အားလပ်ရပ်တွေမှာ အချိန်ကိုအကျိုးရှိစွာအသုံးချစေပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့ ထိတွေ့နိုင်အောင် မိဘတွေဘက်က စွမ်းဆောင်ပေးဖို့အတွက်ပါပဲ။ နွေရာသီကျောင်းပိတ်ရက်လို အားလပ်ရက်မျိုးမရှိခဲ့ရင်လည်း နေ့စဉ်ပုံမှန် ည(၇)နာရီထိုးလို့ ကိုရီးယားကားကို မိသားစုအားလုံး ၀ိုင်းအုံကြည့်နေမယ့်အစား တရားလေးတစ်ပုဒ်လောက်ဖွင့်ပြီး မိဘနဲ့သားသမီး အပြန်အလှန် ဆွေးနွေးဆုံးမပေးရင်ဖြင့် အဲ့ဒီ့မိသားစုလေးဟာလည်း အင်မတန်မှကို အေးချမ်းနေမှာပါ။

ညအိပ်ရာဝင်ခါနီးတိုင်းလည်း မိသားစုဝင်တွေ စုပေါင်းပြီး ဘုရားကန်တော့တာတို့၊ ဘုရားရဲ့အဆုံးမလေးတွေ ဇတ်တော်လေးတွေကို မိဘတွေအနေနဲ့ သိသလောက်မှတ်သလောက် ပြောပြဆုံးမပြီး အလေ့ကျင့်ကောင်းလေးတွေ လုပ်ပေးမယ်ဆိုရင်ဖြင့် ကိုယ့်ရဲ့သားသမီးတွေဟာ မုချမသွေ အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ဖြစ်လာမှာပါ။ အဲ့ဒီလိုအိမ်တွင်းမှာ ဘုရားအဆုံးမလေးနဲ့အညီ လုပ်ဆောင်နေမယ်ဆိုရင် မိဘနဲ့သားသမီး၊ သားသမီးနဲ့မိဘခြားမှာရှိတဲ့ ဆက်ဆံရေးတွေဟာ အင်မတန်မှကို အေးချမ်းနေမှာပါ။

 မိမိကိုယ်တိုင်လည်းအေးချမ်း၊ မိသားစုလည်းအေးချမ်း၊ ပတ်ဝန်းကျင်လည်းအေးချမ်းနဲ့ အင်မတန်မှကို ပီတိဖြစ်စရာပါပဲ။ ဒီလိုလုပ်ဆောင်ခြင်းဟာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောပြဆုံးမပေးတဲ့ အိမ်တွင်းသာသနာပြုပေးခြင်းနဲ့ ထပ်တူပါပဲ။ တစ်ဦးတစ်ယောက်ခြင်း မိသားစုတစ်စုခြင်းကနေ အဲ့ဒီ့လိုပြင်ဆင်လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးကောင်းမွန်လာနိုင်မယ်ဆိုတာဟာ မုချမသွေပါပဲ။ အဓိကကတော့ တစ်ဦးတစ်ယောက်ခြင်း၊ မိသားစုတစ်စုခြင်းကနေစဖို့ပါပဲ။

မျိုးစေ့တစ်စေ့ဟာ ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဥယျာဉ်မှူးကောင်းတစ်ယောက်ရှိရင် အင်မတန်မှကို တန်ဖိုးရှိလာတဲ့ အပင်မျိုးလေးတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဥယျာဉ်မှူးကောင်းနဲ့တူတဲ့ မိဘတွေ ဥယျဉ်မှူးကောင်းတစ်ယောက်လို ထိန်းသိမ်းစောင့်ရှောက် သွန်သင်ဆုံးမပေးနိုင်တဲ့ ဆရာသမားတွေအနေနဲ့ ကိုယ့်မျိုးစေ့လေးတွေကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ပေးဖို့ဟာ အင်မတန်မှ လုပ်ဆောင်ပေးသင့်တဲ့အရာပါ။ ဒီလိုဆုံးမပေးမယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့အဆုံးမကို အခြေခံသိရှိထားတဲ့ သားသမီးဟာ ဘယ်နေရာရောက်ရောက် ဘယ်ကိုပဲသွားသွား ပူပန်နေစရာဆိုတာလည်း မလိုတော့ပါဘူး။ မိဘဆရာသမားတွေအနေနဲ့ လမ်းမှန်တစ်ခုကို ချပြပေးလိုက်မယ်ဆိုရင် လမ်းဆိုးတွေအားလုံးကို သူ့အနေနဲ့ရှောင်တတ်သွားမှာပါ။

အဓိကကတော့ လမ်းမှန်ပေါ်လျောက်တတ်အောင် လျောက်နိုင်အောင် တွန်းပို့ပေးဖို့ပါပဲ။ ဒီလိုမျိုးတွန်းပို့လုပ်ဆောင်နိုင်ဖို့အတွက် အဓိကအနေဖြင့် မိဘတွေအနေနဲ့ အိမ်တွင်းသာသနာ ပြုနိုင်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ဟာ အဓိကပါပဲ။ ဒီလိုအိမ်တွင်းသာသနာပြုပေးခြင်းဖြင့် သာသနာတော်ကို ထဲထဲဝင်ဝင်ထောက်ပံ့ကြည်ညိုတတ်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး တွေ မုချမသွေပေါ်ပေါက်လာမှာပါ။ ဒီလိုပေါ်ပေါက်လာရင်ဖြင့် ဗုဒ္ဓရဲ့သာသနာဟာလည်း နေလိုလလို ထွန်းတောက်လာမယ်ဆိုတာ မလွဲပြန်ပါဘူး။ ဗုဒ္ဓသာသနာထွန်းတောက်ဖို့ အိမ်တွင်းသာသနာပြုခြင်းဖြင့် စွမ်းနိုင်သလောက် လုပ်ဆောင်ပေးကြပါလို့ ဆန္ဒပြုရင်း။

http://www.dhammaweb.net/notes/view.php?id=553 မှ ကူးယူဖော်ပြပါသည်။ ဗုဒ္ဓဘာသာဝင် အားလုံး အိမ်တွင်းသာသနာပြုနိုင်ကြပါစေခြင်းအကျိုးငှာ ဝေမျှလိုက်ရပါတယ်ရှင်။

ဖြူစင်သော မေတ္တာဖြင့်
အဖြူရောင်

Monday, January 13, 2014

စိတ်ထားကောင်း၍ လုပ်ရပ်မှန်စေ

 

 စိတ်ထားကောင်း၍ လုပ်ရပ်မှန်စေ

ကျွန်တော်၏ ဆောင်းပါး ခေါင်းစဉ်ကို ''စိတ်ထားကောင်း၍၊ လုပ်ရပ်မှန်စေ'' ဟု အမည်ပေး ထားသည်။ ရိုးစင်းသော ခေါင်းစဉ်အမည် ဖြစ်သော်လည်း လေးနက်မှု များစွာရှိ၏။ အကြောင်း ရှိလျှင် အကျိုးရှိမည် ဟူသော အကြောင်းနှင့် အကျိုးကို ဆက်စပ်သိမြင် နိုင်ပါ၏။

ကျွန်တော်တို့ မြန်မာမှုတွင် အသုံးတွင်ကျယ်လျက် ရှိသော စကားတစ်ခွန်းမှာ ''စိတ်ထား တတ်က မြတ်သည်'' ဟူ၍ ဖြစ်၏။ လူတစ်ယောက်၏ ဘဝတွင် စိတ်ထား သို့မဟုတ် စိတ်ဓာတ်သည် အလွန် အရေးကြီး၏။ ဤအချက်ကို ပိုမိုမှန်ကန်စေရန် ညွှန်ပြလျက် ရှိသော ဆိုရိုးစကားများမှာ ''စိတ်တစ်ခုဆောင် အိုတောင်မဆင်းရဲ'' ဟူ၍ လည်းကောင်း၊ ''စိတ်တစ်ခု ရုပ်ကိုးဆယ်'' ဟူ၍ လည်းကောင်း ဆိုစမှတ် ပြုကြ၏။

ကုသိုလ် ကောင်းမှုကို ဖြစ်စေ၊ အကုသိုလ် မကောင်းမှုကို ဖြစ်စေ မည်သည့် အမှုကိုပြုပြု မနောကံ အမှုဖြင့် စတင် ကြရပေမည်။ စိတ် (မနောကံ) ဖြင့် ရှေးဦးစွာ ကြံစည်စိတ်ကူး ပြီးမှ သာ နှုတ်ဖြင့် ပြောဆိုမှု (ဝစီကံ)၊ ကိုယ်ဖြင့် ပြုလုပ်မှု (ကာယကံ) တို့ကို ပြုလုပ်ကြရခြင်း ဖြစ်သည်။

ထို့အပြင် စိတ်သည် မကောင်းမှုတွင် မွေ့လျော်တတ်၏ (ပါပသ္မိံရမတိနော) ဟူသော သဘော အရ စိတ်သည် မကောင်းမှုဘက်သို့ ကိုင်းညွှတ်ကျက် စားတတ်၏။ ထို့ကြောင့် မကောင်းသော အာရုံများကို မိမိတို့က ဖယ်ခွာနေရန် သတိပြု သင့်ပါ၏။ ထိုအာရုံများ မိမိတို့ အနားသို့ ရောက်မလာအောင် ဂရုစိုက်သင့်၏။ မကောင်းသော အာရုံများတွင် စိတ်ကိုလှည့်လည် ကျက်စားခွင့် မပေးဘဲ ကောင်းသော အာရုံများ၌သာ စိတ်ကို မွေ့လျော်ပျော် ပိုက်အောင် မိမိတို့ စိတ်ကို မိမိတို့ နိုင်နင်းစွာ ဆောက်တည် ထားသင့်၏။

မိမိ၏ စိတ်ဓာတ် တည်တံ့ခိုင်မြဲမှုကို နှောင့်ယှက်ဖျက်ဆီး တတ်သော အာရုံများနှင့် မကြာခဏ တွေ့ရှိ တတ်သောကြောင့် အရာရာ၌ သင့်လျော်အောင် နှလုံးသွင်းမှု ''ယောနိသော မနသီ ကာရ'' ကို လက်ကိုင်ထားရန် လိုအပ်သည်။

စိတ်နှင့် ပတ်သက်၍ စိတ်ပညာရှင်များက ''ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီး သိဖို့ရာမှာ အနည်း ဆုံးတော့ ညအိပ်တဲ့ အချိန်မှာ တစ်နေ့တာ လုပ်ဆောင် ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သဘော ထားကို ပြန်ပြီး စစ်ဆေး သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် တစ်ဖက်သတ် ဆန်တဲ့ မိမိရဲ့အတ္တကို အခြေခံတဲ့ သဘောထား အမှားတွေကို ပြုပြင်နိုင်မှာ ဖြစ်ပါတယ်'' ဟူ၍ ဆိုပါသည်။

ကျွန်တော်၏ ဆောင်းပါး ခေါင်းစဉ်အရ ဤနေရာတွင် အကြောင်းနှင့် အကျိုးအပြန်အလှန် ဆက်စပ် ပတ်သက်နေမှုကို ဖော်ပြလိုပါ၏။

''သဘောတရား'' ဟူသော ဝေါဟာရကို လူအများ ကြားဖူး၏။ စကားပြော ဆိုရာတွင်လည်း ယင်းစကားလုံးကို တွင်တွင် ကျယ်ကျယ် သုံးတတ်ကြ၏။

''သဘောတရား'' ဟူသည် သဘာဝ တရားနှင့် လူတို့၏ လက်တွေ့ဘဝဖြစ် ရပ်များထဲမှ အကြောင်းနှင့် အကျိုးညီညွတ်စွာ ဆက်စပ်နေသည့် သဘောတို့ကို စနစ်တကျစုစည်း ဖော်ဆောင် ထားခြင်းဖြစ်ပေရာ မှန်ကန်စွာ ဆင်ခြင်သုံးသပ်၍ သူ့နေရာနှင့်သူ နည်းလမ်းတကျ အသုံးချတတ်ပါမူ လူမှုဘဝ ကိစ္စများတွင် ကောင်းကျိုး သက်ရောက်နိုင်မည် ဖြစ်ပါ၏။

အရာရာကို ရှုမြင်သုံးသပ်ရာ၌ အကြောင်းနှင့် အကျိုး၊ အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ် ဟူ၍ ပိုင်းခြား ဝေဖန်ကာ ဆင်ခြင်တိုင်းထွာ တတ်မှသာ သဘာဝ ကျသော အသိအမြင်ကို ရရှိနိုင်မည်
ဖြစ်သည်။

မည်သည့် အရာမဆို အပြင်ပန်း အနေအထားအရ ထိတွေ့ သိမြင်ရုံမျှဖြင့် မှန်ကန်ပြည့်ဝသော သဘောတရား အမြင်ကို ရရှိနိုင်မည် မဟုတ်ချေ။ အရာရာကို လေးလေးနက်နက် ဆင်ခြင်၍ စူးစူးရှရှ ဖောက်ထွင်းပြီး သိမြင်နိုင်မှသာ မှန်ကန် ပြည့်ဝသော သဘောတရား အမြင်၊ မှန်ကန်သော အသိကို ရရှိနိုင်စွမ်း ရှိပေသည်။

လေးနက်မှု၏ အင်္ဂါ လက္ခဏာတွင် အခြေခံမူ အပေါ်၌ ခိုင်မြဲခြင်း၊ ရည်မှန်းချက်ကို စွဲမြဲခြင်းနှင့်  အမှန်ကို လုပ်ဆောင် တတ်ခြင်းတို့ အကျုံးဝင်သည်။ ဤအချင်းအရာတို့၏ ညီညွတ်စွာ ပေါင်းစည်း အပ်သည့် သဘောသည် လေးနက်မှုကို ဖြစ်စေနိုင်ပါ၏။ လေးနက်မှုရှိ ခြင်းသည် ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော အလုပ်သုံးပါး စလုံးကို စူးရှထက်မြက် နိုင်သည်။

အကြောင်းနှင့် အကျိုး ဆက်စပ်ကာ ဆင်ခြင်ခြင်းဖြင့် မည်သည့် ဖြစ်ရပ် အခြေအနေ၊   အကြောင်းချင်း ရာတို့၏ ပကတိ သဘောကို မဆို သိမြင်နိုင်စွမ်း ရှိပြီး အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်တို့ကို ခွဲခြားကာ ဆန်းစစ်နိုင်မည် ဖြစ်၍ လက်တွေ့ လုပ်ရပ်များတွင် အဆိုးပိုင်းကို ပယ်ကာ အကောင်းပိုင်းကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ထို့အတူ ဆင်ခြင်တုံ တရားရှိမှုသည် အသိတရားကို လေးနက် မှန်ကန် စေနိုင်သည် ဖြစ်ရာ မည်သည့် ကိစ္စကို မဆို လွယ်လင့်တကူ  ပေါ့ပေါ့တန်တန် လုပ်တတ်သည့် အလေ့အကျင့်ကို ပျက်ပြယ် စေနိုင်သည်။
အမှားနှင့် အမှန်ကို ဝေဖန် စစ်ဆေး၍ နှိုင်းဆချိန်တွယ် တတ်ရုံမျှမက အမှန်တရားကို ဖော်ဆောင်နိုင်မှသာ စဉ်းစားတွေးတောသည့် အဆင့်မှ လက်တွေ့ လုပ်ဆောင်နိုင်သည့် အဆင့်အထိ လေး နက် တည်ကြည်၍ ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

မည်သည့်ဖြစ်ရပ် အခြေအနေနှင့် အကြောင်းချင်းရာတို့ကို အကဲဖြတ်ရာ၌ ဖြစ်စေ၊ မည်သည့် လုပ်ငန်း ဆောင်တာတို့ကို လက်တွေ့ အကောင်အထည် ဖော်ရာ၌ ဖြစ်စေ အရာရာကို ဆန္ဒစွဲ မပါဘဲ အဘက်ဘက်မှ စိစစ်ဝေဖန် သုံးသပ်ခြင်း၊ ရှုထောင့် အမျိုးမျိုးမှ ဆင်ခြင် သုံးသပ်ခြင်း၊ အလားအလာများကို စနစ်တကျ ခွဲခြမ်း စိတ်ဖြာ၍ လေ့လာခြင်းတို့ကို မှန်ကန်သော အသိ အမြင်ရှိမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

မှန်ကန်သော အသိအမြင် ရှိသူတစ်ဦးအဖို့ စိတ်ထားကောင်းသူ ဖြစ်လာရန်မှာ မခဲယဉ်း တော့ပေ။ တချို့သော လူတို့သည် စိတ်သဘောထား မပြည့်ဝခြင်း၊ အရာရာကို တစ်ဖက်သတ် အမြင်ဖြင့် လုပ်ကိုင်တတ်ခြင်း၊ အတ္တကို ရှေ့တန်းတင်ခြင်း၊ အမှန်တရား အပေါ် ရဲဝံ့ပြတ်သား စွာ ရပ်တည်နိုင်မှု မရှိခြင်း၊ မိမိရရှိ ထားသည့်ရာထူးနှင့် အာဏာ ဆုံးရှုံးလျော့ပါး သွားမည်ကို အစိုးရိမ် လွန်ခြင်း စသည်တို့သည်  စိတ်ထားကောင်းသူ မဖြစ်နိုင်ပေ။

ထိုကြောင့် စိတ်ထားကောင်း၍ လုပ်ရပ်မှန် လိုလျှင် မိမိအားထုတ်မှု မှန်သမျှ အလုပ်သည် ကောင်းရမည်။ မှန်ရမည်။ အကျိုးရှိရမည်။ အများလက်ခံ နိုင်ရမည်။

တစ်နည်း ဆိုရလျှင် လှပသော၊ မွန်မြတ်သော၊ မည်သူ့ကိုမျှ  အနှောင့်အယှက် မပေးသော ငြိမ်းချမ်းသော အလုပ် ဖြစ်ရပေမည်။ သို့မှသာ သင်သည် စိတ်ထားကောင်း၍ လုပ်ရပ်မှန်သူ အဖြစ် အများ၏ အသိအမှတ် ပြုခြင်းကို မလွဲမသွေ ခံရမည် ဖြစ်ပါ၏။      ။

 http://www.myawady.com.mm/library/stories/storiesforall/item/21445-2013-08-05-10-04-
စိတ်ကူးပျော်ရာ