Tuesday, August 5, 2014

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို.


ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို.

ဗုဒ္ဓဘာသာဝင်မိသာစုအားလုံး သားယောင်္ကျားလေးတစ်ယောက်ပါလာပြီဆိုသည်နှင့် ရှင်ပြု ပေးရန် ဆိုသည့်ရည်ရွက်ချက်က အပြ ည့်အ၀ရှိနေပြီးပင်ဖြစ်သည် ။ တခြားအလှူ မလုပ်နိုင်သည် နေပါစေ ရှင်ပြုအလှူပွဲ ကြီး ကိုကားမဖြစ်မနေပြုလုပ်ကြသည် ။ ဤသည်ကား ဗုဒ္ဓဘာသာဝင်မြန်မာ အမျိုသားတို.၏ တူညီသောယဉ်ကျေးမှုကြီး တစ်ခုပင်ဖြစိပါသည်။

 တစ်မျိုသားလုံး နှင်.သက်ဆိုင်သော ယဉ်ကျေးမှု ကြီး၏ အနက်အဓိပ္ပာယ်ကို တစ်မျိုးသာလုံးပင် ကျကျနန သိထားသင့်သည်။ ၇ှင်မပြုမှီ ၀တ်ရသော ရှင်လောင်းဝတ်စုံကို မင်းမြောက်တန်ဆာဟု ခေါ်သည် ။ ကိုရင်လောင်းကို အဘယ်.ကြောင်. မင်မြောက်တန်ဆာဆင်ယင်ပေးရသနည်း။

 အလှအတွက်သက်သက်မဟုတ်ပါ ။ သာသနာ့ ဘောင်သို. ၀င်ရောက်မည်.ကိုရင်လောင်းကို လူ.ဘ၀တွင် အမြင့်မြတ်ဆုံး ဖြစ်သော မင်းအဖြစ်ကို တင်မြောက်ခြင်းဖြစ်သည် ။ ရှင်လောင်း လှည့်ခါနီးတွင် ဆိုင်ရာရိုးရာနတ်မျာကို ပြသခြင်း ကိုနတ်ပြသည်ဟု ခေါ်ကြသည် ။ ဘယ်အတွက်ကြောင့် ပြရသနည်း။ ဆိုင်ရာရိုးရာနတ်တို.က အမြင်.မြတ်ဆုံးဘဝသို. ရောက်ရှိမည်. ရှင်လောင်များအား ရှိခိုးပူဇော်စောင်.ရှောက်ကြရန်သာဖြစ်သည်။

 ထိုကဲ.သို. သေချာမသိသောအလှု၇ှင်များက ရှင်လောင်းတို.ကိုနတ်တို.အား ရှိခိုးခိုင်ခြင်ကား မှားခြင်းကြီးမားလေစွ ။ ၇ှုင်လောင်းလည်.ခြင်သည်လည်း အပိုကြွားခြင်းသက်သက်မဟုတ်၊ ရှင်လောင်းများအား တွေ.သမျှ လူတို.က ပူဇော်နိုင်ရန်အတွက် အပူဇော်ခံတိုင်းခန်းလှည်.လည် ကြွခြင်သာဖြစ်ပေသည် ။

 ရှင်လောင်လည်.ပြီဆံချရန် မဏ္ဍပ်သို. မဟုတ် ဘုန်ကြီင်္းကျောင်းသို.ပြန်လာသည်.အခါ ရှင်လာင်းလည်.လည်ရာတွင်မလိုက်ပါနှိင်ကြသောဝေယျာဝစ္စ ပြုသူတချို.က ရွှေကြိုတားကြသည် ။ အဓိပ္ပာယ်က မောင်ရှင်လောင်းတို. ခေတ္တ ခဏ ဆိုင်ငံ့ တော်မူကြပါ ။ အကျွန်ုပ်တို.မှာဝေယျာဝစ္စ များ ပြုလုပ်ဆောင်ရွက်နေရသည်.အတွက် အသင်မောင်၇ှင်လောင်းအား ရှိးခိုးပူဇော်ခွင်.မရလိုက်ပါ ၊ ယခုမှသာ ရှိခိုးပူဇော်နိုင်တော.သည် ၊ ဟု ပြောဆိုပြီးရှိခိုပူဇော်ကြရန်ပင်ဖြစ်ပေသည် ။ ထိုကဲ.သို. တားသောအခါတွင်လည်း တွေ.ကရာ ကြိုးများဖြင်.မတားရပါ ။ တကယ်.ရွှေ ကြိုးမျာကိုဖြတ်ပြီး တားကြရသည် ။ တားမြစ်ရသည်.ရည်၇ွယ်ချက်ကရှင်လောင်းတို.အား ရှိခိုး ပူဇော်ကန်တော့ရန်ပင်ဖြစ်ပေသည် ။သို.သော် ကာလကြာညောင်းလာသာအခါ ယဉ်ကျေးမှု နေရာတွင် ရိုင်းစိုင်းမှု ကအစားထိုး ၀င်ရောက်လာခဲ.သည်။

 မ`ဏ္ဍပ်ထဲ သိုမဟုတ် ဘုန်းကြီးကျောင်းဝိုင်းထဲသို. ၀င်ရောက်လာသောရှင်လောင်းမျာကို တွေ.ကရာကြိုးများဖြင်. ၀င်မရအောင်တားပြီးအလှူရှင်များထံမှငွေညစ်ကြသည်။ အလှူ လှူနေချိန် အတွင်း အကုသိုလ်မဖြစ်သော အလှူများကလည်း တောင်းအမျှ ပေးကြသည်သာ။

 ထိုအညှာ ကိုသိထားသော လူလည်တချို.က အပျော်သဘောမျိုး မဟုတ်တော.ဘဲ အလှူ ၇ှင် သဒ္ဓါ ပျက်အောင် လူ ပြန်ပေးဆွဲသလို မတန်မဆ ငွေတောင်းလာသောအခါ အချို.အလှူ ၇ှင် နှင်.ေ၇ွှဆွဲကြိုး တားသူများ စသားများသည် အဆင်.သို. ရောက်လာခဲ.သည် ။

'ကောင်းမှန်းသိ သာအိတစိုစို " ဟူသောစကားအတိုင်း အလှူ ရှင် ဘက်မှ လိုက်လျှောမှန်း သိသောအခါ ရွှေဆွဲကြိုးတားရုံနှင်.အားမရ ကြတော.ဘဲ ရှင်လောင်းဖွက်သည်.အဆင်.အထိ ရောက်လာကြပါတော.သည် ။ တောင်းသမျှ ငွေကို အလှူရှင်ကမပေးနိုင်ခဲ.လျှင် ရှင်လောင်းကို တွေ.ရဖို. မလွယ်တော.ပါ ။ ၇ှုင်လောင်းကိုမတွေ.ရလျှင် အလှူ ပွဲ ပျက်ဖို. သာ၇ှိပါတော.သည်။ အလှူ ပွဲ အပျက်မခံနိုင်သော ကြောင်. ရှင်လောင်းပြန်ပေးသမားတို.တောင်းသမျှ ငွေကို အလှူ ရှင်တို.က မဖြစ်မနေ ပေးကြရရှာသည်။

မြန်မာ.ယဉ်ကျေးမှုနယ်ပယ်တွင်အစားထိုးဝင်ရောက်လာသောရှင်လောင်းပြန်ပေးဆွဲမှု တည်းဟူ သော ရိုင်းစိုင်းမှု ကြီး ကို ရဟန်းရှင်လူအားလုံးတို.က ရေး သားမှု၊ ဟောပြော မှု ၊ပညာပေးမှု တို.ဖြင်. ကျောက်ပျက်အောင် မတိုက်ဖျက်နိုင်ခဲ.လျှင် ။

" ဆရာတော် တပည်.တော် သားနှစ်ယောက်ကိုဆရာတော်.ကျောင်းမှာ ရှင် ပြု ပေးချင်လို.ပါဘုရား"
 " ၇ှုင် ပြုတာတော.ဟုတ်ပါပြီး ၊ ဒကာသားတွေရဲ. အသက်ကိုလည်း ပြောပါဦး "

 "အငယ်ကငါးနှစ် ၊အကြီး ကခုနှစ်ပါဘုရား "..." အင်း.....အကြီးကတော. သရဏဂုံ လည်း ပီးမယ် ။ သင်္ကန်းလည်းနိုင်မယ် ၊ အငယ်ကတော.သရဏဂုံလည်းပီမှာမဟုတ်သလို သင်္ကန်လည်းနိုင်မှာ မဟုတ်ဘူး ၊ဒီတော.အကြီးကောင်ပဲ သင်္ကန် ၀တ်လို.ရမယ် ၊ အငယ်ကောင်ကတော. နောက်နှစ်နှစ်လောက်မှ စောင်.လိုက်ပါအုန်း "

 " ဟာ အဲဒီလိုခွဲရှင်ပြုလို.တော.မဖြစ်ဘူးဘုရား ။ တပည်.တော်နောက်ထပ်လှူဖို. လွယ်မှာ မဟုတ်လို.ပါ ဘုရား "

 ...ဒါဆိုရင်လည်းနှစ်နှစ်လောက်စောင့်ပြီးမှ ညီအစ်ကိုယောက် စလုံး ၇ှင်ပြုကြတာပေါ. "


ဦးညွန်.မောင် တစ်ယောက် တော်တော်စိတ်ဓါတ်ကျသွားရှာသည်။ ဒီသားနှစ်ယောက်၇ှင်ပြု နိုင်ရန် လက်လုပ်လက်စားဖြစ်သောသူအဖို. ခြစ်ခြစ်ကုတ်ကုတ်နှင့် နှစ်ချီကာ စုဆောင်ခဲ့၇သည် ။ ပန်၇န်ဆရာတစ်ယောက်တစ်နေ.ငါးရာ ရသဖြင့် အကြောင်းမသိသောအစိုးရလခစားတို.က ခေါင်းထောင်ကြည်.ကြသည်။

 အလုပ်ပြတ်သွား၍ မဆင်းရသည်.အခါ ၊ နေထိုင်မကောင်းသဖြင်. မဆင်းနိုင်သောအခါများမှာ သူတို.လခစားကဲ့သို. ခွင်.ယူ ၍မရ သည်ကိုမှု သတိထားမိကြဟန်မတူပါ ။ သားနှစ်ယောက် အထက်က သမီး(၃) ကလည်း အထက်တန်းကျောင်းသူဖြစ်၍ တစ်နှစ်တစ်နှစ် သူတို. ကျောင်လခ ကိုက နည်းသည်မဟုတ် ။


 ဇနီးသည်၏ စက်ချုပ်ခ နှင်. စိုက်ထားသော ကီလိုမာလကာ ဆယ်ပင်တို. ၏ အထောက်အပံ့ ကြောင်. သာငွေလေးငါးသောင်း ကျော်မနည်း၇အောင် စုပြီး ရှင်ပြုပေးနိုင်ခြင်းပါ။ သားနှစ်ယောက် ၇ှင်ပြုဖို. စုဆောင်းနေရသည်နှင်. အိမ်ကလေးတောင်သွပ်မမိုးနိုင်သေး ။ ဓနိမိုနှင့် စခန်း သွားနေရသည်မှာ အတော်ကြာပြီး ၊ ယခုငွေကြေး ပြည့်စုံပြန်တော. သားတွေက အသက် ငယ်လွန်းနေပြန် သည်တဲ. ။ စိတ်ထဲက အဖုအထစ်တွေကြောင့် စောဒက တက်မိပြန်သည် ။

" ဆရာတော် တစ်ခုလောက် မသိလို. မေးပါရစေဘုရား " တချို.ကျောင်းတွမှာ အသက် လေးငါးနှစ်လောက် အ၇ွယ်၇ှိတဲယကလေးတွေ ကိုရင်ဝတ်ထားတာတွေ. ရသလားလို.ပါ ဘုရား "

 " ဟူတ်တယ် ဒကာကြီး ။ အဲဒါ ဆရာနဲ. ဒကာပေါင်းပြီး ကလေးတွေကို အပါယ်ကျအောင် လုပ်ထားတာပေါ

" ဘာဖြစ်လို.ပါလဲ ဘုရား "

 " ဘာဖြစ်ရမှာလဲ ဒကာ၇ဲ. ၊ ကလေးကငယ်လွန်းတော့ သရဏ ဂုံမပီသဘူး ၊ သရဏဂုံ မပီသတော. ကိုရင်မဖြစ်ဘူးလေ ၊ ကိုရင်မဖြစ်ဘဲနဲ. ဒကာ၊ဒကာမတွေ၇ဲ. ပစ္စည်းလေးပါးတွေကိုသံ့းဆောင်မိတော့ အကြွေးယူရာ ၊ ခိုးယူစရာ ရောက်တယ် ။အဲဒီပစ္စည်းလေးပါးအကြွေးတွေကို နောင်ဘ၀ကျတော့ ခန္ဓာနဲ.ရင်းပြီး အကြွေး ဆပ်ကြရတယ် ၊ မြင်းတို. ၊နွားတို. ၊ ကျွဲ တို. သွားဖြစ်ရတာ အဲဒီ အကြွေးတွေပေါ. "

ဦးညွန်.မောင်တစ်ယောက် ယခုမှပင် ဆရာတော်ကအသက်ငယ်လွန်းသူများကို ၇ှင်ပြု မပေးခြင်း အကြောင်းကို သေချာကျနစွာ သိ၇ှာလေတော့သည် ။ မိမိသားများအတွက် တော်တော် ထိတ်လန်.သွား၇ှာမိသည်။ တော်ပါသေး၇ဲ. ဆရာကောင်း သမားကောင်းနဲ.လာတွေ.ပေလို. ၊ ဘုရားမျက်နှာမကြည့်ဘဲ ၊အများမျက်နှာ ကြည်.သည့် ဆရာတော်မျိုးဆိုရင်မိမိသားများ ကိုယ်ကျိုးနည်းရပေတော.မည်။

" ဒါ နဲ. ဘုရား သရဏဂုံ ကို ဆရာရော တပည့်ရော ပီသမှ ကိုရင်ဖြစ်တယ်ဆိုတော့၇ှင်းပါပြီးဘုရား ။ သင်္ကန်နိုင်တယ် ၊မနိုင်ဘူးဆိုတာ ကရော ဘာကိုပြောတာပါဘုရား ။ တပည်.တော်မအထင်ကတော့ ရှင်တွေ စောင်းထိန်းရတဲ.ဆယ်ပါးသီလကို စောင့်ထိန်းနိုင်ရင် သင်္ကန်းနိုင်တယ် ၊ မစောင့်ထိန်းနိုင်ရင် သင်္ကန်မနိုင်သေးဘူးလို. ဆိုလိုတယ်ထင်တာပဲဘုရား "

 " ဟုတ်ပါတယ်ဒကာကြီး "

 " ဆယ်ပါးသီလလောက်ကတော့ စောင့်ထိန်းနိုင်လိမ်.မယ် ထင်ပါတယ်ဘုရား ။ ဘာများတာ မှတ်လို."

 "ဆယ်ပါးဘယ်ကမလဲ ဒကာကြီး "

 "ဒါဆိုဘယ်လောက်များ ၇ှိပါသလဲဘုရား"


 "၁၀၉ " ပါးတောင်ရှိပါတယ်ဒကာကြီး ၊ သေခိယ သိက္ခာ-၇၅ပါး ၊ လိမ် ၁၀ ပါး --ဒဏ် ၁၀ပါး ၊ စုဒ္ဒသခန္ဒ ၀တ် ( ၁၄ ) ပါး ၊ စုစုပေါင်း ၁၀၉ ပါး ပေါ."

 "မနည်းပါလားဆရာတော် "

 " ဘယ်နည်းမလဲ ။ ဒကာကြီးတို.သိထားတာက၇ှာင်ကြဉ်ရမယ်. ၀ါရိတ္တသီလလောက် သိထားတာကိုး ။ ကျင်.သုံး ရမယ်ဆိုတဲ.စာရိတ္တသ သီလ ကအများကြီးပဲ ၊ဥပမာ မြို.ထဲသွားရင် သင်္ကန်ရုံရမယ် ၊ေ၇ှ.ကိုလေးတောင်ခန်.သာ ကြည်.ပြီးသွားရမယ် ၊ ဒကာ ၊ဒကာမနဲ. စကားပြောတဲ.အခါ ၊ တစ်ဖက်လူကြားနိုင်လောက်ရုံသာ ဖြစ်ရမယ် ဆိုတာမျိုးတွေပေါ့ "

 " တပည်.တော် သဘောပေါက်နားလည်ပါပြီးဘုရား။ ဒါကြောင့်နောက်နှစ်ပြည်.တော.မှပဲ၇ှင်ပြုပေးပါတော.မယ်ဘုရား "


ဦးညွန့်မောင် ရဲ့ဆန္ဒပြည့်ဝသွားပါပြီ။ နောက်ထက်နှစ်နှစ်စောင့်ပြီးသည်နှင့် ရှင်ပြုခွင့် ရလေပြီ။ နွေရာသီကျောင်းပိတ်သည်နှင့်အလှူမတိုင်မီတစ်လလောက်က ကြိုပြီး သားနှစ်ယောက်ကို ဘုန်းကြီးကျောင်းပို့ထားလိုက်သည်။ သားနှစ်ယောက်၏ နှလုံးသားတွင် ဘုရားတည် ပေးလိုက်ခြင်းပါ။


 အပြင်ဗဟိဒ္ဓမှာတည်သော်ဘုရားထက် ကလေးသူငယ်တို့၏ နှလုံးသားတွင်တည်သည့်ဘုရားက ပိုအရေးကြီးပုံကိုလည်း ဦးညွန့်မောင် ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီ။ ပြီးခဲ့သော ရက်အနည်းငယ်က ဆွမ်းကျွေးတစ်ခုတွင် ဦးညွန့်မောင်တို့ ဆရာတော်ဟော်ခဲ့သော တရာသံက ဦးညွန့်မောင် နားထဲမှ မထွက်တော့။

 ဒကာ၊ ဒကာမတို့ ပြင်ပဗဟိဒ္ဓ မှာ ဘုရားတစ်ဆူပြီးတစ်ဆူတည်သလို ဗုဒွဘာသာ ကလေးငယ်တွေ၇ဲ့နှလုံးသားမှာလည်းအဇျွတ္တဘုရားတွေ အဆက်မပြတ် တည်ပေးသင့်နေပြီ။ ဒီကနေ့ ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ဗုဒွဘာသာယဉ်ကျေးမူ့ သင်တန်းတွေဟာကလေးတွေရဲ့ အဇျွတ္တနှလုံးသားမှာဘုရားတည်ပေးနေတာပဲပေါ့။

 နောက်ပြီးနွေကျောင်းပိတ်တဲ့အချိန်တွေဆီုရင်လည်းမိမိ သားသမီးများကို နီးစပ်ရာ ဘုန်းကြီး ကျောင်းတွေမှာ အခြေခံဘာသာရေးအသိတွေ သင်ရအောင် မိဘတွေကိုတိုင် အပ်နှံပေးသင့်တယ်။ ကလေးသူငယ်တွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးတဲ့အလုပ်ကို ခုချိန်ကတည်းက ပေါက်ပါက်ရောက်ရောက် ၊ထိထိမိမိ မလုပ်ကြဘူးဆိုရင် နောင်အနှစ်တစ်ရာ လောက်ရှိတဲ့အခါ ပုဂံနဲ့တကွမြန်မာတစ်ပြည်လုံးမှာရှိတဲ့ဘုရား၊စေတိပုထီုးတွေဟာ သြော် ဒီမြန်မာပြည်ဟာ ဟိုတချိန်တုန်းက ဗုဒွဘာသာ ဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုပါလားလို့ အသိမှတ်ပြုရုံ သင်္ကေတတစ်ခု အနေနဲ့ ပဲ ကျန်ရစ်လိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့အဲဒီအချီန်မှာ မြန်မာတစ်ပြည်လုံး ဗုဒွဘာသာ တစ်ယောက်မှ ရှိမှာမဟုတ်တော့လို့ဘဲ။

အင်ဒီုနိးရှားနိင်ငံ ၊ဂျာဗာကျွန်းမှာ ကမ္ဘာအကြီးဆုံး ဗောရောဗုဒုရ်ဆိုတဲ့ကျောက်စေတီကြီးရှီတယ် အာဖဂန် ၊ နစ္စတန် နိုင်ငံ ၊ ဘာမီယန်မြို.ရဲ.အထက်ပိုင်းမှာလည်း (၅၅ )မီတာနဲ. (၃၅ ) မီတာ စီမြင့်တဲ့ မတ်တပ် ဗုဒ္ဓ ရုပ်ပွားတော်ကြီးတွေ ၊ဆင်းတုတော်ကြီးတွေ ရှိနေလို.သာ ဒီနိုင်ငံတွေဟာတစ်ချိန်က ဗုဒ္ဓဘာသာဖြစ်ခဲ.ဖူးတဲ. နိုင်ငံပါလားလို. သိကြရတာ။ အခုချိန်မှာတော့ ဗုဒ္ဓ ဘာသာ တစ်ယောက်မှ မရှိကြတော့ဘာဘူး ။ ဘာကြောင်.လဲဆိုတော့ ကလေးသူငယ်တွေရဲ. နုလုံးသားမှာ ဘုရားတည်မပေးမိခဲ.ကြတဲ့အတွက် ပဲ..။


 ဆရာတော်၏ဆွမ်းကျွေးသြ၀ါသတရားက တိုတို နှုင်.ထိရောက်လှသည် ။ ထိုတရားကို ကြားတာမိ မှ အိပ်ပျော်နေသော ဘာသာရေးအသိများ ပြန်လည်နိုးကြားလာကြ သည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကိုပေါ.ပေါ့ တန်တန်သဘောမထားတော့ပဲ သားငယ်သမီးငယ်တို.အား မရောက် ရောက်အောင် ပို.ဖြစ်ကြသလို ကျောင်ကန်ဘုရားသွားရင်လည်းသာသမီးများကို မပါပါအောင် ခေါ်လာမိကြသည်။

 ယခုလည်းဘုန်းကြီးကျောင်းပို.ပြီး၍ တစ်လအရမှာပင် ဦးညွန်.မောင်၏ အနှစ်နှစ်အလလက ကြိုးစားခဲ.ရသော ၇ှင်ပြုပွဲ ကြီး ကို မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပနိုင်တော.မည်။ ရန်ကုန်မြို.သစ်တို.၏ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းမှာပင် ရှင်ပြုအလှူပွဲကျင်းပ ဖြစ်ခဲ့သည်။ ပေ (၄၀ ) ..ပေ (၆၀ ) သာ၇ှိသော ဦး ညွန်.မောင် ၏ အိမ်ဝိုင်းလေး မှာလည်း လူနေဖြစ်ရံသာ ရှိသည် မဟုတ်ပါလား ။ ( ဒါတောင် ဦး ညွန်.မောင် တို.ကစကတည်းက ရောက်တဲ့သူ များမို. ။ နောက်ကျမှ ရောက်သူများ မှာ ပေ (၂၀ ) - ပေ (၆၀) သာရကြတော့သည်။ )

စနေနေ.အလှူ ၀င် ၊ တနင်္ဂနွေနေ.အလှူ ကြီး ၊ဒါကလည်း ၀န်ထမ်းများသာ အဓိက ထားပြီး အလှူ အတန်း ပြုကြရသည် ။ ဒါ မှသာ အများစု ဖြစ်သော ရုံးသူ ၊ရုံးသား များက လာနိုင်မည် မဟုတ်လား ၊ စနေနေ. ၇ှင်လောင်းလည်. ဆံချ ၊ ကိုရင်ဝတ် ၊ တနင်္ဂနွေနေ. ကျွေးမွေး ဧည်.ခံ ၊ နေ.လည် (၁) နာရီ တရားနာ ၊ ဆရာတော်ရေးပေးလိုက်သော အစီအစဉ် စာ၇ွက်လေးကိုဖတ်ရင်း ဇနီး ဖြစ်သူ ဒေါ် မြင့် ဘက်သို.လည်.၍ -

" မိန်မရေ ဆရာတော်က ငါတို.သားနှစ်ယောက်နဲ.ပက်သက်ပြီး ထူးထူးခြားခြား စကားနှစ်ခွန်း ပြောလိုက်တယ် ။ အဲဒါမင်းကို ငါပြန်ပြောပြ ရဦးမယ် "

 "ဆရာတော်ကဘာများပြောလိုက်လို.တုန်း "

အေး---ပထမ တစ်ခုကလူတစ်ယေက်ရဲ.အတိတ်က ဖြည့်ဆည်းခဲ့ဖူးတဲ့ပါရမီ ဘယ်လောက်ပါတယ် မပါဘူးဆိုတာ ဘုရားရှင်မှတစ်ပါး မသိနိုင်ဘူးတဲ့ ။ အဲဒါကြောင့် တို.သားနှစ်ယောက်ကိုကြို သင်ပေးတဲ့အထဲ မှာ တစပဉ္စက ကမ္မဋ္ဌါန်းကိုပါ သင်ပေးထားတယ်တဲ့ ဟ ။

 တစပဉ္စက ဆိုတာ အရေလျှင် ငါးခုမြောက်ဖြစ်သော ကမ္မဋ္ဌါန်းလို. အဓိပ္ပါယ်ရသတဲ့ ။ ဆံပင် ၊ အမွေး ၊ ခြေသည်း ၊ လက်သန်း ၊ သွား ၊ အရေ အဲဒီ ငါးခုကိုဆံချ နေတဲ.အချိန်မှာ ရှင်လောင်းရဲ. နှုတ်ကနေ ရွတ်ဆို ပွားများနေရသတဲ့ .။ ပါရမီပြည်.တဲ့ကလေးဆိုရင် ဆံ ချအပြီးမှာတင် ကိလေသာ အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်သွား ရောတဲ့ ။ အမယ်လေး ငါ.သားတွေများရဟန္တာ ဖြစ်သွားရင်ဘယ်လောက်ကောင်းမလဲ ၊။ မင်းနဲ.ငါ နဲ. လည်း ရဟ န္တာ တွေရဲ. ခမည်းတော် ၊ မယ်တော် မယ်တော်ဖြစ်ပေါ. ကွာနော် ။

" ဒါ ဆို ဒီ ကမ္မ ဋ္ဌါန်းက တော်တ်ေကျေးဇူးများတာပဲနော် "

 " ကျေးဇူးများတာတော့မပြောနဲ.ဟေ့ ။ ဘုရားလက်ထက်က (၇ )နှစ်သား နဲ.ရဟန္တာ ဖြစ်သွားတဲ့ ကိုရင်လေးဟာ အဲဒီ ကမ္မဋ္ဌါန်း ၇ွတ်ဖတ် စီးဖြန်းရင်နဲ. ခေါင်း၇ိတ်လိုက်တာ တချိုးဆိုရင် သင်ဓုန်းဓါး ခေါင်းပေါ် တင်တုန်း၇ှိသေး ။ အောက်ကရဟန္တာဖြစ်သွားရော တဲ့ ။ အဲဒါ အခုခတ်မှာ တစပဉ္စက ကမ္မဋ္ဌါန်းပွားများရင်ဆံချတဲ့ အလေ့အထ ပျောက်သလောက်ဖြစ်နေတယ်တဲ့ ။

" ဆရာတော်ပြောတာက ရှင်းတယ်ဟ ၊ ရဟန္တာဖြစ်တာ ၊မဖြစ်တာသူ. အလုပ်တဲ့ ။ တစပဉ္စက ကမ္မ ဋ္ဌါန်း သင်ပေးရမှာက ဆရာသမား ရဲ.အလုပ်တဲ့ ။ တကယ်လို. ကိုယ်ကသင်ပေးသင့်တာကို သင်မပေးတဲ့အတွက် ရှင်လောင်းဟာ ရဟန္တာဖြစ်ထိုက်တဲ့ ပါရမီ ၇ှိပါလျှက် တစပဉ္စက ကမ္မဋ္ဌါန်း အမှီ မ၇လို. ရဟန္တာ မဖြစ်တော့ဘူးဆိုရင်သင်မပေးတဲ့ ဆရာဟာ ရှင်လောင်းရဲ့ အရဟတ္တ မဂ် ၊ အ၇ဟတ္တဖိုလ် အညွန်.ကို ချိုးပစ်ရာ ရောက်သတဲ့ဟ " ။

" ဒီလိုဆို တော့လည်း ဆံချ တယ်ဆိုတယ ၊ သာမန်ကာ လျှံကာ မဟုတ်ဘဲ အရေးကြီးတာပေါ.နော်"

 " အေးပေါ့ဟ "

ဦးညွန်.မောင် ဒေါ်မြင်.၏ အမေးကို အတိုချုပ် ဖြေရင်းအကြမ်းပန်ကန်ထဲသို. ရေနွေး ငှဲ.ထည်. လိုက်သည်။ အာအတော်ခြောက်သွားပြီး မဟုတ်ပါလား။

" တော့်ရေနွေးက အသာထားပါအုန်း ၊ ဆရာတော်ပြောတဲ့နောက်တစ်ခွန်းကို ဆက်စမ်းပါဦး"

ဪ- အေး အေး ။ ဒုတိယပြောတဲ့ စကားကလည်း တို.ဗုဒ္ဓဘာသာဝင် မြို.သူ မြို.သား အားလုံး သတိထားသင့်တဲ့ အချက်ပဲကွ ။ ဆရာတော်ပြောတာက ဒကာကြီးတို. သားတွေ သာသနာ့ဘောင် မှာ ပျော်သွားရင် တစ်သက်လုံး ဘုန်းကြီး ၀တ်ပါစေ ။ ဇွတ် လူမထွက်ခိုင်းပါနဲ. တဲ့ ။

မြို.သူ မြို.သားတွေဟာ ရဟန်းသံဃာတွေကို အလှူ မင်္ဂလာရှိတဲ့ အခါလောက်ပဲ သတိရကြပြီး အသုံးချ စရာ ပစ္စည်း တစ်ခုလောက်သာ သဘောထားမယ်ဆိုရင် ပါရမီရှိတဲ့ မိမိရဲ့ သားသမီးတွေကို သာသနာ့ရေး အားမပေး ဘူးဆိုရင်ရေသောက်မြစ်ခြောက်ရင် သစ်ပင်ကြီးသေသလို တောဘက် သာသနာ မျိုးဆက်သစ် တွေ သာ အလျင် မီအောင် မထွက်တော.ဘူးဆိုရင် ဒီသာသနာကြီး ခဏ နဲ.ပျောက်မှာပဲတဲ့ ။ အဲဒါကြောင့် ဒကာကြီးရဲ့သားတွေ သာသနာ.ဘောင်မှာ တကယ် ပျော်နေပြီးဆိုရင် ဇွတ်မထွက်ခိုင်းပါနဲ.တဲ့ ။

 ဆရာတော်ပြောတာမှန်တာပေါ့ ။ ကျမတို. ဗုဒ္ဓဘာသာဝင်မြို.သူ မြို.သားတွေဟာ အသီးသာ စားချင်တာ အပင်မှမစိုက်ချင်ကြဘဲ ။ ကျမတော့ ဆုံးဖြတ်လိုက်ပြီး သားနှစ်ယောက်စလုံး သာသနာ့ဘောင်မှာ ပျော်လို.ကတော့ တစ်သက်လုံး နေပလေ့စေတော့ ။ ဘယ်တော့မှ မထွက်ခိုင်းတော့ဘူး ။ ရှင်ကရော "

 " ၀မ်းသာလိုက်တာ မိန်မရာ ။ ငါလည်းဆရာတော်အမိန်. ရှိကတည်းက သားတွေကိုဘယ်တော့မှ လူမထွက်ခိုင်းတော့လို. ဆုံးဖြတ်ပြီး သားပါ "/

 " တလောက ဓမ္မကထိက ဆရာတော်တစ်ပါးဟောတဲ့ သာနု သာမဏေ အကြောင်း တရားကို နာရကတည်းက ကျ မက သားနှစ်ယောက်ကို လုံး ကို သာသနာ့ဘောင်မှာမြဲစေချင်နေတာ "။

" အမယ် -- ဓမ္မ ကထိက ဆရာတော်က ဘယ်လိုများဟောသွားကလဲကွ ။ လုပ်စမ်းပါအုန်း ။၊ နာထောင်ကြည့်၇အောင် "

 " အကုန်တော့မမှတ်မိတော့ဘူး "

 " အကုန်မမှတ်မိတော့ဘူးဆိုတော့ ငါက ဘာသွားနာထောင် ရတော့မလဲ "

နည်းနည်းတစ်ဝက်တစ်ပျက်တော့ မှတ်မိသေးတယ်လို. ပြောမလို.ပါ "

 " တော်သေးတာပေါ့ကွာ။ စာသင်တိုက် တစ်ခုကိုရောက်လာစ စာသင်သားရဟန်း တစ်ပါးလိုများ ဖြစ်နေသလားလို.ပါ "

အဲဒီ စာသင်သားရဟန်းက ဘယ်လိုဖြစ်တာတုန်း "

 " ဪ အဲဒီ ကျောင်းတိုက်ရဲ. စည်းမျဉ်းက ကျောင်းတိုက်မှာ နေချင်ရင် ရဟန်းဆိုရင် ပါတိမောက် နှစ်စောင်ပြန်ရတယ်တဲ့ ။ ကိုရင်ဆို၇င် သေခိယတို. လိင်ဆယ်ပါး ၊ ဒဏ်ဆယိပါးတို. အလွတ်ပြန်ရတယ်တဲ့ ။ အဲဒါနဲ. အသစ်ရောက်လာတဲ့ ရဟန်းကို ကျောင်းထိုင်ဆရာတော်က ... ကဲ မင်းဒီကျောင်းတိုက်မှာနေချင်၇င် ပါတိမောက်နှစ်စောင် ပြန်စမ်း ... လို. ခိုင်းတော့ အဲဒီ ရဟန်းက ပြောသတဲ့ ။' တပည့်တော် အကုန်မရဘူး ဘုရားတဲ့ " ။ ဒီတော့ဆရာတော်ကြီးကလည်း သက်သက်ညှာညှာနဲ.--ကဲ-ကဲ--အကုန်မရလည်း ရသလောက် ပြန်ပါကွာ လို.ပြောတော့ "

 " ရသလောက်ပြန်လိုက်ရောလား "

 'မင်းကလည်း ဆုံးအောင်နာထောင်စမ်းပါအုန်း ၊ အဲဒီကျတော့ ရဟန်းလေးက တပည့်တော် အကုန်မရဘူးဆိုတာ တစ်လုံးမှမရဘူးလို. ပြောတာပါဘုရားတဲ့ ။ မင်းလည်း အခုဓမ္မကထိက ဟောသွားသောအကုန်မမှတ်မိဘူးဆိုတာ အဲဒီရဟန်းလို တစ်လုံးမှမမှတ်ဘူးလို.များ ဖြစ်နေသလား လို.ပါကွာ "

 ' လူကိုများ အထင်သေးလိုက်တာတော် ၊ လိုရင်းအချက်လေးကိုတော့သေချာမှတ်ထားပါတယ် "

 " ကဲ- ကဲ ပြောစမ်းပါဦးကွာ "

 ' ဘုရား၇ှင်လက်ထက်တော်အခါက သာဝတ္ထိ မြို.မှာ သာ နု အမည်ရှိတဲ့ ကိုရင်တစ်ပါးရှိသတဲ့ ။ တရားဟောတာကလည်း သိပ်ကောင်းတာပဲတဲ့ ။ ရဟန်း ခံခါနီးအ၇ွယ် ရောက်လာတော့ ကာမ ဂုဏ်ဘက်စိတ်ပြောင်းပြီး လူထွက်ချင်လာရောတဲ့ ။ တနေ.တော့ လူထွက်တော့မယ်ဆိုပြီး မိဘ အိမ်ပြန်အလာမှာအိမ်လည်းရောက်ရော ဘီလူး ၀င်စီးတော့တာပဲတဲ့ '

ဟ မင်းဘီလူး ကလည်း ကိုရင်တောင် ၀င်စီးနိုင်သလားကွ "

 " ဒါကတော့သောတာပန် ဖြစ်တဲ့ အ၇ှင်အာနန္ဒာ တောင် မာရ်နတ်က စကားမပြောနိုင်အောင် လုပ်နိုင်သေးတာပဲ။ အခုကိုရင်က ပုထုဇဉ် လည်းဖြစ်ပြန် ၊ ကာမဂုဏ်အာရုံ ထဲစိတ် ရောက်နေဆဲလည်းဖြစ်ပြန်တော့ ဘီလူးက ၀င်စီးနိုင်တာပေါ့ ။ ပြီးတော့ ဘီလူးက ရိုး ရိုးဘီလူး မဟုတ်ဘူးလေ "

 " ဘာလဲရှယ်ဘီလူးလား"

 " ဟုတ်တယ် ၊ ရှင်ပြောသလို ရှယ်ဘီလူးပေါ. ၊ သူက နတ်ဘီလူးဖြစ်တဲ့ အပြင် ကိုရင်သာနု ရဲ. အတိတ် ဘ၀ တစ်ခု ကမိခင်ဖြစ်ခဲ့ဖူးတယ်တဲ့ ဘီလူးမဖြစ်နေတယ်

 ဟ မင်းဟာကရှေ.နောက်မညီညွတ်သေးဘူး။ မိခင်ဖြစ်ခဲ့ဖူးတဲ့ဘီလူမဆိုရင် ကိုယ်.သား ဖြစ်ခဲ့ဖူးတဲ.ကိုရင်ကို ဘေးမရောက်အောင်စောင်.ရှောက်ဖို.ရှိပါတယ် ။ အခုတော့ ဘယ်နှယ့် သူကိုယ်တိုင်တောင်ဝင်စီးပြီး ဒုက္ခပေးနေရတယ်ဆိုတော့ ။

 ရှင်ကလည်းစကားးကို ဆုံးအောင်နာမထောင်ဘူး ။ သူဝင်စီးတာကိုက ကိုရင်သာနု ကို သာသနာ့ဘောင်မှာမြဲစေချင်လို. ၀င်စီးတာ။ စီးပြီးတာနဲ. ဘီးလူးမက ဘာပြောတာလဲ ဆိုတော့ ဒီသာနုကိုရင်လေး သာသနာ့ဘောင်မြဲနေတဲ့အတွက် သူ.မှာ သွားလေရာ မျက်နှာပွင်.လင်းပြီး ထင်ပေါ် ကျော်စောနေတယ်တဲ့ ။ နတ်သဘင်အစည်းအဝေးသွားလည်း သာနုကိုရင် နဲ. မယ်တော်ဆိုပြီး နေရာပေးကြိုဆိုကြတယ်တဲ့ ။

" ကိုရင်သာနု သာသနာ့ဘောင်ကထွက်သွားရင် သူ.မှာလည်း စောစော ကပြောတဲ့ ဂုဏ် တွေမရနိုင်တော့သလို ကိုရင်သာနုမှာလည်း လူ.လောကမှာ ဆင်းရဲဒုက္ခရောက်ဖို.ပဲ၇ှိတယ်။ ဒါကြောင့်ကိုရင်သာနု သာသနာ့ဘောင်မှာမနေဘဲ လူဝတ်လဲမယ်ဆိုရင် ဒီထက်ဒုက္ခ ရောက်စေရမယ်လို. ခြိမ်.ခြောက်ပြီးမှ ထွက်သွားသတဲ့ ။ ကိုရင်သာနု သတိ  ပြန်လည်လာတဲ့အခါကျမှ အဖြစ်မှန်တွေကိုသိပြီး သံဝေဂ ရသွားလို. သာသနာ့ဘောင်မှာနေရင်း ဆက်ကြိုးစား လိုက်တာ ရဟန္ထာ ကြီးတောင်ဖြစ်သွားသတဲ.။

 အဲဒီမှာ ကျွန်မ စဉ်းစားမိတာက မိမိရဲ. သားတစ်ယောက် သာသနာ့ဘောင်ရောက်နေရင် အရင်ဘ၀က တော်စပ်ခဲ.ဖူးတဲ့ မိဘကတောင် ဂုဏ်ကျက်သရေတိုးတက်နေရင် အခုဘ၀က မိဘတွေတော့ ပြောစရာတောင်၇ှိတော့မယ်မထင်ဘူးလို.'

အဲဒါကြောင့် မင်းက သားတွေကိုသာသနာ့ဘောင်မှာ မြဲအောင်ထားတော့မယ်လို. ဆုံးဖြတ်လိုက်တယ်ပေါ့"

 ' ကောင်းလေစွ ၊ ကောင်းလေစွ ၊ ကောင်းလေစွ ။သာဓု ၊ သာ ဓု ၊ သာဓု "

ငါးသောင်းဆိုသော ငွေသည် ပစ္စည်း၇ှိ အလှူရှင်များအတွက် ဆိုင်းဝိုင်းကြီး တစ်ညစာသာ ရှိပါသော်လည်း ဦးညွန်.မောင်တို.လို ကာယလုပ်သား အလှူ ရှင်များအတွက်ကားသင်္ကန်း ပရိက္ခရာ ၊ အကျွေးအမွေး၊ ဒိုးပတ်ဝိုင်းကအစ အပြီးပါအောင် စီစဉ်ကြရသည်။ ဆင်လည်း ဆင့်အထွား ၊ ဆိတ်လည်း ဆိတ်အထွာပင် မဟုတ်ပါလား ။

 သား၇ှင်ပြုအလှူ ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တစ်မျိုးသားလုံး မလုပ်လျှင် မဖြစ်ဟု ခံယူထားသော ယဉ်ကျေးမှု ကြီး တစ်ခုဖြစ်ရာ သူဋ္ဌေး ၊ သူကြွယ် ကလည်းလှူသလို လက်လုပ်လက်စား ဆင်းရဲသားကလည်း လှူ သည်ပင်ဖြစ်ရာ သူဋ္ဌေးသူကြွယ်အတွက်က ပြောစရာမ၇ှိသော်လည်း ဦးညွန်.မောင် တို.လိုလက်လုပ်လက်စားဆင်းရဲသားများ၏ အလှူ ကတော့ပြောစရာ ဖြစ်လာသည်။ အခြားမဟုတ်တာ့ ။

 မရှိမဲ့ ၊ ၇ှိမဲ. မဖြစ်မနေ လှူရသောအလှူဖြစ်သောကြောင့် အကုန် အကျ နည်းနိုင်သမျှနည်းအောင် ဘုန်းကြီးကျောင်းကိုသာအစစအရာရာ အားကိုးကြရတော့သည် ။ ရွှေထီးအစ. ၊ ကွမ်းတောင် ပန်းတောင်အဆုံး၊ဘုန်းကြီးကျောင်းမှာသာ အခမဲ့ငှားရမ်းကြရသည် ။ ပစ္စည်းရှိသူများမှာတော့ဆိုင်မှ အသစ်ဝယ်သုံးပြီး အလှူ ပြီးသည်နှင့် ကျောင်းမှာတစ်ခါတည်း လှူ ပစ်ခဲ့ကြသည်။

 ချို.တဲ.သောအလှူ ရှင်များ ဘုန်းကြီးကျောင်းမှာ လှူပြီးသွား လျှင်များသောအားဖြင်. အလှူ ကို လက်ခံကျင်းပခွင်.ရသော ဘုန်းကြီးကျောင်းများ အရှုံး ပေါ်ရကြောင်းကို ဟာသနှောပြီး ဟောသွားသောဓမ္မ ကထိက ဆရာတော်တစ်ပါး၏ ထိမိသောပုံတိုပတ်စလေး တစ်ခုကိုကိုလည်း ဦးညွန်.မောင် ဘယ်တော့မှ မမေ့ ။

" ပရိတ်သတ်တွေကြားဖူးလားတော့မသိဘူး ၊။ကံများဆိုးလာပြီးဆိုရင် အလကားရတဲ့ကန်စွန်ရွက် ဈေးသွား ရောင်းတာတောင် ငွေတစ်မတ် ဆုံး တယ် ဆိုတာလေ ။ တစ်ခါတော့ ဒကာမ တစ်ယောက် ဆင်းရဲလွန်းလို. အရင်းတောင်မတတ်နိုင်တာနဲ. ပိုင်ရှင်မဲ့ ချောင်းဘေးက ကန်စွန်းရွက် တွေခူးပြီး ဈေးသွားရောင်းသတဲ့ ။ ဈေးသွားရောင်းတာဆိုတော့ ရောင်းရတာ မ ရောင်းရတာ အပထား ။ ဈေး ထဲ ၀င်သွား တာနဲ. ဈေးကောက် ကို ငွေ တစ်မတ် ပေးရတယ် ။

" အဲဒါ ဈေးကောက် ကိုငွေတစ်မတ် ပေးပြီး ကန်စွန်းရွက် စည်းတွေ ပုံ ပြီး ကာစ၇ှိသေးတယ် ၊ အကြွေသီးသန်.ထားတဲ့ ပိုက်ဆံအိတ်လေး မေ့ကျန် ခဲ့ လို.အိမ်ပြန်အယူ မှာမျက်စိလည်ပြီး ဈေး ထဲဝင်လာတဲ့ နွားတစ်အုပ်က ပုံထားတဲ. ကန်စွန်၇ွက်တွေအကုန်စားပစ်လိုက်လို. အလကားရတဲ့ ကန်စွန်းရွက် ရောင်းတာတောင်တစ်မတ်ဆုံးသွားရတော.တာပေါ့ ။

 အခုလည်း တချို.မသိတတ်တဲ့ ဒကာတွေ ကျောင်းကိုအလှူ လာလုပ်ရင် ကျောင်းထိုင်ဘုန်းကြီး ကတော့ နေရင်းထိုင်ရင်းအ၇ှုံး ပေါ် တော့တာပဲ ။ ကြည်.ပါလား လာလှူ တဲ.ဒကာတွေက နေရာ ၊ ရေ ၊ လျှပ်စစ်မီး အလကား သုံးတယ် ၊ဒါကတော့ထားတော့ ၊ ကိုယ့်ကျောင်းလာလှူလို. ကိုယ်ကလည်း တတ်နိုင်သလောက် ကူညီရတာပေါ့ ၊ ဆိုးတာက သူတို.၀ယ်တဲ့ ထင်းမလောက်ရင် ကျောင်းက ယူသုံးတယ် ၊ ဆန်ကုန်သွားရင် အရေးပေါ် ကျောင်းကယူသုံးတယ် ။ အဲဒါတွေ အလှူလည်းပြီးရော တစ်ခါတည်း မေ့ပစ်လိုက်တော့ အလကားရတဲ့ ကန်စွန်းရွက် ဈေးသွား ရောင်းတာ တစ်မတ်ရှုံးရသလို ကျောင်းထိုင်ဘုန်းကြီးတွေလည်း အလှူလက်ခံမိရာက နေရင်းထိုင်ရင်း ထင်းရော ၊ ဆန်ရော ရှုံး ရတာပေါ့ ။

 ဒီလိုတရားလေးနာကြားထားတော့ ဦးညွန်.မောင် ကတော့်လှူ ပြီး တာနဲ. ကျောင်းဝေယျာ ၀စ္စ အတွက် ကိုယ်တတ်နိုင်သလောက် လှူ ဒါန်းခဲ့ရန် ဆုံးဖြတ်ပြီးသားပါ ။ ရှင်လောင်း လှည်.တော့လည်း လူကအတော်လေးစည်လှသည် ။ စည်ပေမပေါ. ၊ ဒိုးပတ်ဝိုင်းကလည်း ပါ ၊ လမ်းတစ်လျှောက် ပိုက်ဆံ ကြဲနေတာလည်းပါတော့ ကလေးရော ၊ လူ ကြီး ပါ ၊ လုံး ထွေး နေကြ တော့သည် ။ ကျောင်းဝိုင်းထဲဝင်ပြီးလို. ဆရာတော်ဆံချဖို. စီစဉ်နေ ချိန်မှာပင် စိတ်ဆင်းရဲ စရာ ပြသနာကစပါလေပြီး ။


 ၇ှင်လောင်းနှစ်ယောက်လုံး ၇ှာမတွေ.တော့ ၊ ဦးညွန်.မောင် လိုက်ပြီး ။အချိန်ဆွဲမနေတော့ ၊ အပျက်ပျက် နဲ.နှားခေါင်းသွေးလည်းမထွက်လိုတော့ပါ ၊ ထို.ကြောင့် ..ကဲ .မင်းတို လိုချင်တဲ့ငွေ ပြောကွာ။ အချိန်သိပ်မရှိတော့ဘူး။ နေ၀င်တော့မယ် .ဘယ်လောက်ပေးရမလဲပြောဟု လူအုပ်ဘက် လှည်.ကာ မေးလိုက်သည်။ ဦးညွန်.မောင်၏ အမေးအဆုံးမှာပင် လူအုပ်ထဲမှ အသံ တစ်သံ ထွက်လာသည် ။

 သုံးထောင်ရမှ ခေါ်ပေးမယ် ။ သုံးထောင်မရရင်တော့ ဒီနေ.၇ှင်ပြုဖို.စိတ်မကူးနဲ.တော့ "

အသံလာရာကို ဦးညွန်.မောင်ကြည်.လိုက်တော့ မောင်နီ ၊ အရက်ကလည်း အတော် သောက်ထားဟန် တူသည် ။ မျက်နှာ က နီ ရဲ နေသည် ။ ဘယ်သူ.ကိုမှလည်းအမှု ထားဟန်း မ၇ှိ ၊ အလိပ် လိုက် တက်လာသော ဒေါသကို ဦးညွန်.မောင်၏ဒေါသကိုဒေါ်မြင့် မျက်နှာမှာလည်း သွေးမ၇ှိတော့ ။ ဦးညွန်.မောင် ၏ ဒေါသကို ရိပ်စားမိသွားသော --ဓမ္မရောင်ခြည် ၀တ်အသင်း ခေါင်းဆောင် ဦးကြည်က--

"ဟေ.--မောင်နီ ၊မင်းတို.ဟာက မလွန်လွန်းဘူးလားကွာ ၊ လူပြန်ပေးဆွဲတာကျနေတာပဲ ၊ ။ လေးငါးရာလောက်ရ တော်ရောပေါ.ကွ ။ ဦးညွန်.မောင်တို.မှာလည်း ပေါများလွန်းလို. လှူတာမှမဟုတ်တဲ့ဟာကို "

ဟာ ဗျာ --ဒါ မျိုးက ကြုံ ခဲဘိတောင်းဗျ ၊ အခွင်.အရေး ရတုန်း တောင်းထားရတာ ၊ သူ တို.မပေးရင် ကျုပ်တို.ကလည်း ၇ှင်လောင်းမပေးဘူး ၊ ရှင်းရှင်းလေးပဲ "

ဒီတော့ ဒေါ်မြင်.ပါမနေနိုင် ။ ၀င်ပါ၇တော့သည် ကြာရင်အခြေအနေက သည်.ထက် ဆိုးလာနိုင်သည် မဟုတ်ပါလား ။

 ကဲပါ ..ငါ့တူရယ် ၊ကိုယ်. ရပ်ကွက်သားချင်း ဒီလောက်စိတ်ဆင်းရဲအောင်မလုပ်ကောင်းပါဘူး ။ တစ်ထောင်လောက်ရရင်တော်ရော့ပေါ့ကွယ် ။ ဟောဒီမှာရော့ ၊ အရေးပေါ်လိုရင်သုံးရအောင် အဒေါ် ဆောင်ထားတာလေးပါ ။ ပြီးတော့အဒေါ်တို.မှာလှူဖို.ကလည်းရှိသေးတယ်လေ ။ ဒါကြောင်.ပါ ၊ ကဲ..ရော့ ယူ လိုက်ပါ ။

 မရဘူးဗျာ၊ မရဘူး ။ကျုပ်တို.အဖွဲ.က အများကြီးဗျ ။ ငွေတစ်ထောင်နဲ. ဘယ်လိုမှမရဘူး။ သုံးထောင်ပေးမှ ၇ှင်လောင်းတွေကိုတွေ.ရမယ် ။ သုံးထောင်မပေးရင် ၇ှင်လောင်းတွေကို မပေးဘူး။ အခြေအနေတွေက တစ်ဖြေးဖြေး တင်းမာလာသည် ။ ဈေ.အလျှော့အတင်းက ဘယ်လိုမှ ညှိလို.မရ ၊ နေပင်ဝင်စပြူလာပြီး ဖြစ်သော ကြောင်. ကျောင်းအပေါ်ထပ်ဝရံတာမှ ဆရာတော် အသံ ထွက်ပေါ်လာသည် .

ဒကာဦးညွန်.မောင်တို. ၇ှင်လောင်းတွေဆံချမပြီးသေးဘူးလား ၊ ပြီးရင် ခေါ်ခဲ.ကြလေ ၊ မိုးတောင်ချုပ်တော.မယ် ။

 ဦးညွန်.မောင် ပျာပျာသလဲ ..လှမ်းလျှောက်ထားရပြန်သည် ၊။

"မှန်ပါ့ ။ ခဏနေရင်ပြီးတော.မှာပါဘုရား "

ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ ။ လူမိုက်နဲ. လူလိမ္မာ ၊ လူမိုက်ကိုပဲ ဦးစားပေးရတော့မယ် ၊ အဘယ့်ကြောင်.ဆိုသော် လူလိမ္မာကတောင်းပန် ၍ ၇သော်လည်း လူမိုက်ကတောင်းပန် ၍ မရသောကြောင်.ပင် ။ ထိုသို.တွေးမိသည်နှင့် ဆရာတော်ထံ ဝေယျာဝစ္စ အတွက် ကပ်လှူ ရန်ဆောင်တားသော မိမိထံမှ ငွေနှစ်မှ အရေးပေါ် ၇ှိရင်သုံးရန် အသင့်ထားသောဇနီးသည်ထံမှ တစ်ထောင်တို.ကိုယူ ၍ ၇ှင်လောင်းပြန်ပေးသမားတို. အားပေးလိုက်၇တော့သည် ။

 ငွေသုံးထောင်ကိုရသည်နှင့်မောင်နီကမပြေးရုံတစ်မယ် ထွက်ခွါသွာသည် ။ ခဏအကြာမှာပင် မောင်နီနှင့် အပေါင်းအပါသုံးယောက်တို. ၇ှင်လောင်းနှစ်ပါးကို ပွေ.ချီလာသည် ကိုခပ်လှမ်းလှမ်းမှ လှမ်းမြင်နေရသည် ၊ ဦးညွန်.မောင်စိတ်ထဲဇဝေဇ၀ါ ဖြစ်သွားသည်က ၇ှင်လောင်းနှစ်ပါးကို ပခုံးပေါ် ထမ်းမလာပဲ အဘယ့်ကြောင့် ပွေ.ချီလာသနည်း ၊ မကိုဋ္ဋ်တွေ။ စလွယ်တွေတော့ ကျိုးကြေ ကုန်တော့မှာပဲ ။

 ၇ှင်လောင်းနှစ်ပါးရဲ. ခေါင်းတွေကလည်း ဘာကြောင့် နောက်ကိုလန်ကျနေတာလဲ ၊ လက်တွေက လည်း တွဲလောင်းကြီးကိုဖြစ်လို. ၊ ဦး ညွန်.မောင်၏ သံသယကား သိပ်မကြာလိုက်ရပါ ၊ ရှင်လောင်းတွေအနားမရောက်မှီ မှာပင် သားနှစ်ယောက်၏ ကျောင်းနေဖက် သူငယ်ချင်း မောင်ဇင်မင်း ဦးညွန်.မောင်အနားသို. မျက်လုံး မျက်စံ ပြူး နှင့် အရေးတကြီး ပြေးကပ်လာကာ ---

" ဦးလေး--ဦးလေး ကျော်ဦးနဲ. သော်ဦး အသက်ရှူ ကျပ်ပြီးသေသွာပြီး"

 "ဟ..ဘာ ပြောတာလဲကွ ..."

ဦးလေးသားနှစ်ယောက်လုံး သေသွားပြီး ၊ ဟိုလူကြီးတွေက ဦးလေးရဲ.သားနှစ်ယောက်ကို ပီပါထဲ ထည့်အဖုံးပိတ်ပြီး အပေါ်ကကျောက်တုံးကြီးနဲ.ဖိထားတယ် ၊ ကျော်ဦး နဲ.သော်ဦးက မွန်းလို. အော်ကြတာကိုလည်း ဘယ်သူမှ လာပြီး ပီပါအဖုံးကို ဖွင့်မပေးကြဘူး။ ကျွန်တော့်ကိုလည်း ဦးလေးတို.ကို သွားပြောမှာစိုးလို.ဆိုပြီး အိမ်ထဲကနေ ဘယ်မှမသွားရဘူး ။ အခုမှ လွတ်ပေးလိုက်လို.လာပြောတာ ၊ဟိုမှာကျော်ဦး နဲ.သော်ဦး တို.ရဲ.အလောင်းတွေသယ်လာပြီး ။

 ဟင် "

ဦးညွန်.မောင၊် ဒေါ်မြင့် နှင်.တစ်ကွ အနားမှာ၇ှိကြတဲ. လူတွေအားလုံး ကြက်သေသေသွားကြသည်။ ဦး ညွန်.မောင်သည်းခံနိုင်သော အတိုင်းအတာကားလွန်သွားလေပြီး ၊ ငွေကိုလည်း အဆမတန် တောင်းစဉ်ကလည်းသည်းခံပြီး မရှိမဲ့၇ှိမဲ့ ပေးခဲ.ရသည်။ ယခုတစ်ဖန် သားနှစ်ယောက်ကိုလည်း သတ်လိုက်ကြပြန်ပြီး ၊ ငါ့သားနှစ်ယောက် ရှင်တောင်ဖြစ်ခွင့်မရဘဲ လူ.လောကထဲက ထွက်သွားခဲ့ရပြီး ။ ဒင်းတို.တစ်တွေကို လူ.ပြည်မှာ မထားဘူး ။

"ဒေါသောအတ္ထံ နဇာနာတိ ---- ဒေါသဟူသည် အကျိုးအကြောင်း အဆိုးအကောင်း ဘာမှမသိ "

ထိုဒေါ သကို မိမိသန္တာန် မှာ စက္ကန်.ပိုင်းလောက် လက်ခံလိုက်မိသည်နှင့် ဦးညွန်.မောင်တစ်ယောက် ဆံချ မည်.နေရာာမီးဖိုချောင်အနီးမှ ထင်းခွဲသည့် ရဲတင်း တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး မောင်နီတို.လူစုထဲသို.. အပြေးထွက် သွားမိလေတော.သည်။ ဘယ်သူမှလည်း လိုက်ဆွဲလို. မမှီလိုက်တော့ပါ ။

 နောက်ဆုံးစာရင်း ချုပ်လိုက်သောအခါ ဦးညွန်.မောင်တစ်ယောက် သားနှစ်ယောက် ဆုံးရှုံး ရသည်. အပြင် မောင်နီနှင်.တစ်ကွ အပေါင်းအပါ သုံးဦးကို သတ်မှုဖြင့် ဥပဒေ၏ အရေးယူမှုကို ခံခဲ့ရရှာပါတော့သည် ။ ဤသည်ကား ယဉ်ကျေးမှုနေရာတွင် အစားထိုး ၀င်ရောက်လာသော ရိုင်းစိုင်းမှု၏ ရလာဒ် ပင်မဟုတ်ပါလော ။ ။

 ဒေါသ ဖြစ်ခြင်းသည် သူတစ်ပါးအပြစ်ကို မိမိအပြစ်ဖြစ်အောင် လုပ်ခြင်းပင်ဖြစ်သည်..


အရှင်ဇ၀န


 မေတ္တာရှင် ( ရွှေပြည်သာ )

Monday, August 4, 2014

ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ

  
ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ 

မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တစ်ချို့ဒေသက တရားပွဲ ဦးဆောင် ဒကာ ဒကာမတွေက သူတို့ကြုံတွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်းကို လျှောက်ထားကြပါတယ်။

“အရှင်ဘုရား တပည့်တော်တို့အရပ်မှာ တစ်ချို့က တပည့်တော်တို့ တရားပွဲသွားဖိတ်တဲ့အခါ တို့က ဘယ်ဆရာတော် တရားမှ နာလို့ရတာ၊ ဘယ်ဆရာတော်တရားဆို နာလို့မရဘူး၊ ဝိပဿနာ တရားမှ နာလို့ရတယ်၊ သုတ္တန်တရားဆို ပေါ့လွန်းလို့ နာလို့ကို မရဘူးဆိုပြီး တရားနာဖို့ကို ငြင်းပယ်တတ် ကြပါတယ်ဘုရား ။

တရားဆိုတာ ဘယ်တရားမှ နာကောင်းတယ်၊ ဘယ်တရားတော့ မနာကောင်းဘူးဆိုတာ ရှိလို့လားဘုရား၊ ဘုရားတရားတွေကို စာပေနဲ့အညီ ဟောတော်မူနေတဲ့ ဆရာတော်တွေဆိုရင် ဘယ်ဆရာတော်မှ၊ ဘယ်ပုဂ္ဂိုလ်မှ ဆိုတာတွေ ရှိလို့လားဘုရား” စသဖြင့်
မေးလျှောက်တတ်ကြပါတယ် ။

သူတို့အမေးကို ဘုန်းဘုန်းက “ဟုတ်ပါ့၊ အဲဒီလို ပုဂ္ဂိုလ်စွဲနဲ့ ဒါမှဒါဆိုတဲ့ အကျင့်လွဲတွေကြောင့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘာတရားမှ မရဘဲ လောကနဲ့ပါ အန်ဝင်ဂွင်ကျ မဖြစ်ဘဲ ကိုးလို့ကန့်လန့် ဖြစ်ကုန်ကြတာပေါ့” စသဖြင့် နိဒါန်းချီပြီး တရားစကား ပြောဖြစ်ခဲ့ပါသေးတယ်။ ဒီလို အသံတွေ ကြောင့်လည်း လွဲနေတတ်တဲ့ အလွဲလေးတွေအပေါ် မီးမောင်းထိုးပြစရာ ဖြစ်လာရတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာပြည် နေရာဒေသ အတော်များများမှာ အဲဒီလို အစွဲအားကြီးတဲ့သူတွေ၊ အလွဲအားကြီးတဲ့ သူတွေကို မကြာခဏ ကြုံဖူးတတ်ပါတယ်။ တစ်ချို့ဆိုရင် တရားတော်တွေကို တော်တော်လေးလည်း နာထားကြသလို၊ တော်တော်လေးလည်း အားထုတ်ထားတဲ့သူတွေ ပါနေတာကို တွေ့ရတတ်ပါတယ်။ ခက်တာက ဒီလောက်တရားလည်းနာ တရားလည်း အားထုတ်ထားတာတောင်မှ “အစွဲမပြုတ်ဘဲ  အလွဲလုပ်နေတယ်” ဆိုတော့ သေချာတယ် ဒါဟာ တစ်ခုခုတော့ လွဲနေလို့ပဲ ဖြစ်ပါလိမ့်မယ်။

တရားအလုပ်ဆိုတာက စစ်မှန်တဲ့ နည်းစနစ်နဲ့ စနစ်တကျ ကြိုးစားအားထုတ်မယ်ဆိုရင် မှန်ကန်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အသေအချာ ဖြစ်ပေမယ့် အဲလိုဖြစ်မလာဘဲ ဘယ်ပုဂ္ဂိုလ် ဟောမှ၊ ဘယ်လိုတရားမျိုးမှ ဆိုတာတွေ ဖြစ်လာတာဆိုရင်တော့ မဟုတ်မှလွဲရော သဒ္ဓါနဲ့ ပညာချိန်ခွင်လျာ မညီမညွတ်ဖြစ်နေတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

တစ်ခါတလေ ပုထုဇဉ်တွေမှာ ဖြစ်တတ်တာက အဲဒီ ယုံကြည်မှု သဒ္ဓါတရားကို ဆင်ခြင်သုံးသပ်မှု ၊ ပညာတရားနဲ့ မတွဲမိတဲ့အတွက် အလွဲဖြစ်ကုန်တာမျိုးတွေပဲ ဖြစ်ပါတယ်။ အစကတော့ ကြည်ညိုမှု သက်သက်ပါပဲ။

နောက်တော့ အဲဒီသဒ္ဓါတရားက ပညာအားနည်းလာပြီး သဒ္ဓါကနေ တဏှာအဖြစ်ကို ရောက်ကုန် ကာ ဘယ်ပုဂ္ဂိုလ်မှ၊ ဘယ်လိုတရားမျိုးမှ၊ ဘယ်နည်းစနစ်မှ ဆိုတာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ သဘောကလည်း စွဲမိပြီဆိုရင် အသက်အသေခံပြီး စွဲမိတတ်တာ ဆိုတော့ ရုန်းမထွက်နိုင်အောင်ကို ဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။

ပုဂ္ဂိုလ်ခင်မှ တရားမြင်တာမျိုး၊ သူဝေနေယျနဲ့သူမှ ကျွတ်တမ်းဝင်တတ်တဲ့ သဘောမျိုး ရှိတတ် ပေမယ့် ပုဂ္ဂိုလ်ကို သိပ်ခင်သွားတဲ့အခါ တရားလည်းမမြင်၊ ကျွတ်တမ်းလည်း မဝင်ဘဲ အလွဲဖြစ်ကုန်တဲ့ သဘောမျိုးပါ ရှိလာတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်မှုအပိုင်းမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့တွဲပြီး ညီမျှအောင် ကြိုးစားမှ အလွဲတွေနည်းစေကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ 

အမှန်တော့ ဘုရားဟောတရားတော်တွေ မှန်သမျှ ကောင်းစွာဟောကြားထားတဲ့ သွာက္ခတာ ဂုဏ်တော်တွေနဲ့ ပြည့်စုံနေတာတွေပဲ ဖြစ်တဲ့အတွက် ဘယ်တရားတော်ကတော့ ပေါ့တယ်၊ ဘယ်တရားတော်ကတော့ အနှစ်ရှိတယ်စတဲ့ သဘောမျိုးတွေ မရှိပါဘူး။ သေသေချာချာ သဒ္ဓါ တရားနဲ့ နားကြားမယ်ဆိုရင် တရားတိုင်းမှာ အနှစ်သာရဆိုတာ ပါပြီးသားပဲ ဖြစ်ပါတယ်။

ဒီတရားတော်တွေကို ဘုရားဟောက သွေဖယ်ပြီးမဟောဘဲ အရှိအတိုင်း ပြန်ဟောတဲ့ တရားဟော ဆရာတော်တွေဆိုရင်လည်း ဘယ်ဆရာတော်ဟောမှ၊ ဘယ်ပုဂ္ဂိုလ်ဟောမှ ဆိုတာတွေ မရှိဘဲ တရားတော်အပေါ်မှာ နားတော်လေးစိုက်ပြီး နားကြားလိုက်မယ်ဆိုရင် တစ်လုံးတစ်ပါဒ အသိ တစ်ခုခုကတော့ ရသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲ ကိုယ်စွဲထားတဲ့ ပုဂ္ဂိုလ်၊ ကိုယ်စွဲထားတဲ့ တရား၊ ကိုယ်စွဲထားနဲ့ နည်းတွေကို ရှေ့တန်းတင်ထားမယ်ဆိုရင်တော့ အဲဒီအစွဲတွေရဲ့နောက်မှာ အလွဲတွေက ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဓိကကတော့ နှလုံးသွင်းမှန်ကန်ဖို့က အဓိကပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် တရားအလုပ်ကို သဒ္ဓါတရားအပြည့်၊ စေတနာတရားဖြည့်ပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့သာ လုပ်ထားကြမယ်ဆိုရင် ပုဂ္ဂိုလ်စွဲ၊ တရားစွဲ၊ နည်းစွဲဆိုတာမျိုး ရှိကိုရှိလာနိုင်စရာ အကြောင်းမရှိပါဘူး။

တရားအလုပ်ဟာ စနစ်သာ မှန်မယ်ဆိုရင် များများလုပ်ထားလေ၊ များများ သဒ္ဓါတရားတိုးလေ ဖြစ်ပြီး ဘုရား၊ တရား၊ သံဃာနဲ့ ကံကံရဲ့ အကျိုးတရားတွေ အပေါ်မှာရှိနေတဲ့ သံသယတွေ၊ အစွဲတွေဟာလည်း ပိုပိုပြီး နည်းလာတတ်တာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ဝိနည်းတရားတွေ နာလည်း သူ့အတွက်ကတော့ သဒ္ဓါတိုးပြီး ကုသိုလ်ဖြစ်နေမှာ ဖြစ်သလို၊ သုတ္တန်တရားနဲ့ အဘိဓမ္မာ တရားတွေနာလည်း ပီတိတရားနဲ့ ကုသိုလ်တရားတွေ တိုးတိုးနေမှာပဲ ဖြစ်ပါတယ်။

ဘယ်ဆရာတော်၊ ဘယ်ပုဂ္ဂိုလ်ဆိုတာတွေ မရှိတော့ဘဲ တရားရဲ့ အနှစ်ကိုပဲ ရအောင် နာယူနေမှာပဲ ဖြစ်ပါတယ်။ တရားတော်ရဲ့ လက်တွေ့အကျိုးတွေမှာ တကယ်သာ  နာယူကျင့်ကြံထားမယ်ဆိုရင် ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့ အသံလေးတွေကို ကြားလိုက်ရတာနဲ့တင် သူ့အတွက်ကတော့ သဒ္ဓါတရားတိုးပြီး ကုသိုလ်တွေ ရနေတော့တာပဲ ဖြစ်ပါတယ်။

အဲလို မဟုတ်ဘဲ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲဘဲ၊ ပုဂ္ဂိုလ်ကိုစွဲတာတွေ၊ အကျင့်မှန်နဲ့ စနစ်မှန်ကို မသိဘဲ တစ်ယူသန်တွေ တွဲနေတာတွေ ရှိလာမယ်ဆိုရင်တော့
“ပုဂ္ဂိုလ်လည်းစွဲ၊ အကျင့်လည်း လွဲ”လာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘယ်ဆရာတော်ဟောတာ မဟုတ်ရင်၊ ဘယ်လိုတရားမျိုးမှ မဟုတ်ရင် မနာဘူး၊ ဘယ်နည်း မဟုတ်ရင်၊ ဘယ်စနစ် မဟုတ်ရင် အားမထုတ်ဘူးလို့ ဆိုလာတတ်သူတွေဟာ ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေကို မစွန့်လွတ်နိုင်ဘဲ ယုံကြည်မှုနောက်မှာ၊ စူးစမ်းဆင်ခြင်မှု ဉာဏ်တွေ မရောက်ကြလို့ပဲလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တရားတော်ရဲ့ အနှစ်သာရကို မမြင်ဘဲ ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်အပေါ်မှာ တဏှာရောက်သွားကြလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို ညီမျှစေမယ့် သတိတရား မရှိကြလို့ပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။


ဒါကြောင့် ဒီနေ့ခေတ် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ “ပုဂ္ဂိုလ်စွဲနဲ့ အကျင့် လွဲတွေ” အပေါ်မှာ ရုန်းမထွက်နိုင်ဘဲ စွဲပြီးရင်းစွဲနေကြတဲ့၊ တရားနာ၊ တရားအားထုတ်ပြီး သဒ္ဓါတရား မတိုးဘဲ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလွဲဟာလည်း သံသရာနဲ့ချီပြီး ကြောက်စရာကောင်းတဲ့ အလွဲမျိုး ဖြစ်နေတတ်တဲ့အတွက် အဲဒီလို အလွဲမျိုးမဖြစ်ရအောင် တရားနာတဲ့အခါ အနှစ်သာရကို ရအောင်နာ၊ တရားအားထုတ်တဲ့အခါ စစ်မှန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ အကျင့်ကို ရောက်အောင် အားထုတ်ပြီး ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်နဲ့ တီထွင်တဲ့ ကျင့်စဉ်တွေမှာ ဒါမှဒါဆိုတဲ့ အစွဲမျိုးမဖြစ်အောင်သာ ကိုယ့်ကိုယ်ကို သတိပြုဆင်ကာ ယုံကြည်မှု သဒ္ဓါတရားကို အကြောင်း အကျိုး ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့ ပေါင်းစပ်လို့ ကောင်းမြတ်တဲ့ ညီမျှခြင်းတွေနဲ့ ညီမျှအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

-
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Sunday, August 3, 2014

လက်ငင်း ချမ်းသာ


လက်ငင်း ချမ်းသာ

မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ်အချိန်က တနေ့သောအခါတွင် နတ်တို့သနင်း သိကြားမင်းက မြတ်စွာဘုရားထံ ရိုသေစွာကန်တော့ပြီး လျှောက်ထားမေးမြန်းပါတယ်တဲ့။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-
လူသားအပါအ၀င် သက်ရှိသတ္တ၀ါဟူသမျှတို့ဟာ ခိုက်ရန်ဒေါသ ကင်းပကာ အေးငြိမ်းချမ်းသာ နေထိုင်လိုကြ ပါတယ်ဘုရား။ လက်နက်ခဲယမ်းစတဲ့ ဘေးရန်တို့မှ ကင်းဝေးစွာနေထိုင်လိုကြ ပါတယ်။ ရန်သူဟူသမျှ ကင်းစင်ပကာ အေးအေးဆေးဆေး နေထိုင်လိုကြပါတယ်၊ စိတ်ဆင်းရဲခြင်း ကင်းရှင်းကာ စိတ်နှလုံးမှာ ကြည်ကြည်သာသာနဲ့ နေထိုင်လိုကြပါတယ်။ ခိုက်ရန်ဒေါသ စိုးစဉ်းမျှ မရှိကြဘဲ ဘေးကင်းလုံခြုံစွာ နေလိုကြ ပါတယ်။

အဲဒီလို အေးအေးဆေးဆေး ချမ်းချမ်းသာသာ နေထိုင်လိုကြပါသော်လည်း တကယ်တော့ အဲဒီလို မနေနိုင်ကြဘဲ ခိုက်ရန်ဒေါသတွေ ဖြစ်နေကြ ပါတယ်။ လက်နက်ဥစ္စာ ဒဏ်ဘေးသင့်ပြီး ဒုက္ခ ရောက်ကြရ ပါတယ်။ ရန်သူတွေ ၀ိုင်းဝိုင်းလည်နေလို့ ဆင်းရဲပင်ပန်းကြရပါတယ်။ နှလုံးမသာမယာ စိတ်ဆင်းရဲစွာ နေကြရ ပါတယ်။ အဘယ်သို့သော အကြောင်းကြောင့် အေးငြိမ်းချမ်းသာ နေလိုပါသော်လည်း အမြဲမကွာ စိတ်ဆင်းရဲ ပူပန်စွာ အလိုမကျ ဆင်းရဲဒုက္ခရောက်နေကြရပါသလဲ အရှင်ဘုရား-တဲ့။ သိကြားမင်းကမေးတော့--

အရာရာတိုင်းကို ဟုတ်တိုင်းမှန်စွာ အလုံးစုံ ထွင်းဖောက်သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်က-
နတ်တို့သနင်း သိကြားမင်း သတ္တ၀ါတွေ ဆင်းရဲဒုက္ခရောက်နေရခြင်း အကြောင်းရင်းတရားကတော့
(၁) ဣဿာ နဲ့ (၂) မစ္ဆရိယ ဆိုတဲ့ အနှောင်အဖွဲ့ကြောင့် ဖြစ်ပေတယ်-တဲ့။

ဣဿာ=မနာလိုခြင်း၊ ငြူစူခြင်း၊ သူတပါးတွေ ကြီးပွားတာ အောင်မြင်တာကို မနှစ်သက်ခြင်း၊ မကျေနပ်ခြင်း၊ ဒေါသဖြစ်ခြင်း။
မစ္ဆရိယ=မိမိမှာရှိတာကို မမျှဝေလိုခြင်း၊ မိမိပိုင်တာကို မခွဲဝေနိုင်ခြင်း၊ ကိုယ်နဲ့ဆိုင်တာကို သူတပါး ယူမှာ၊ သုံးမှာ၊ စားမှာတို့ကို မကြည်ဖြူ မနှစ်သက်ခြင်း၊ မကျေနပ်ခြင်း၊ ၀န်တိုခြင်း၊

ကြည့်ပါဦး နေပူနေတုန်း ကိုယ့်ထီးအရိပ်ကို လာခိုတဲ့ ကလေးတယောက်။ အနားမကပ်စေချင်လို့ တနေရာ သွားပြီး ရပ်တယ်။ သြော်-ထီးရိပ်ခိုတာကိုတောင် မနှစ်သက်နိုင်ဘူး၊ သူပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ မျှဝေ ပေးဖို့ဆိုတာ ဝေးလေရာ။ ဒါတွေဟာ စိတ်ထဲက စိတ်နေသဘောထားပါ။ ကိုယ့်ထက်သာရင် မနာလိုဘူး။ ကိုယ်နဲ့တန်းတူဖြစ်ရင် မကျေနပ်ဘူး။ ကိုယ့်အောက်ကလူတွေက တိုးတက်လာရင် မကြိုက်ဘူး။ ငါနဲ့ ပခုံးချင်းယှဉ်မှာစိုးလို့။

လူတွေ စိတ်ဆင်းရဲကြရခြင်းရဲ့ အကြောင်းရင်းက ဒါပါပဲ။ ဒီအချက်ကို မဟာစည် ဆရာတော် ဘုရားက ဘယ်လိုများ စာစီထားသလဲဆိုရင်-
ကာမဘုံသား၊ နတ်လူများတို့၊ ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်၊ အေးမြချမ်းသာ၊ နေလိုပါလည်း၊ ဣဿာမစ္ဆေ၊ သူရှုပ်ပွေ၍၊ ထင်ချေမကျ၊ ဆင်းရဲရတည့်-တဲ့။

သူတပါး ချမ်းသာတာ မြင်ရရင် မပျော်ရွှင်နိုင်။
သူတပါး အောင်မြင်တာ ကြားရရင် မျက်နှာပျက်။
သူတပါး ကောင်းစားတာ တွေ့ရင် မေးငေါ့။
သူတပါး ကြီးပွားပြီလည်းဆိုရော သူငယ်ငယ်က ဘယ်လိုဆင်းရဲမွဲတေခဲ့ဖူးတယ် စသဖြင့် အပုပ်ချ အထင်သေးအောင် ရှုတ်ချပြောနေတတ်တာ ဒီစိတ်ကြောင့်ပဲ။

လူတွေစိတ်ဆင်းရဲတာက ကိုယ့်အတွက် ကိုယ့်ကိစ္စကြောင့် မဟုတ်လှဘူး။ သူတပါးကို ကြည့်မြင်ပြီး မုဒိတာ၊ ကျေနပ်ဝမ်းသာတဲ့ စိတ်ထား၊ ဖြူစင်မြင့်မြတ်တဲ့ နှလုံးသား မထားနိုင်ဘဲ ငြူစူ ငြိုငြင် မဲ့ကာရွဲ့ကာ မကျေမနပ် ဖြစ်တာကြောင့်ပါပဲ။

ဟာ---အကြောင်းရင်း သိရပြီ။
မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်း ချမ်းသာကြရမည်၊ မဟာစည်ဆရာတော်ဘုရားကြီး ဆုံးမခဲ့တဲ့ တရားတော်ပါ။ ကောင်းလိုက်တာနော်။
မြတ်စွာဘုရားရဲ့ သက္ကပဥှသုတ္တံအရ အနှစ်ချုပ်လိုက်ရရင်-
မနာလိုမှုတွေ ကင်းအောင် စိတ်ကို ဖြူဖြူစင်စင် ထားပါ။ ၀န်တိုမှုတွေ ရှင်းအောင် ကိုယ့်စိတ်ကို ဖြူဖြူထားပါ။ အဲဒီ မနာလိုမှု စိတ်အညစ်အမည်း (ရောဂါဝေဒနာ) ၀န်တိုမှုဆိုတဲ့ စိတ်အပုပ် စိတ် အယုတ်သဘောတွေ မိမိရင်ထဲ၊ နှလုံးသားထဲ အ၀င်မခံနဲ့၊ မထည့်မိပါစေနဲ့။ အမှိုက်တွေ ထည့်ထားရင် အမှိုက်တောင်းပဲ ဖြစ်မှာပေါ့။ အညစ်အကြေးတွေ စုပုံထားရင် အညစ်အကြေးအပုံ၊ အမှိုက်ပုံ စိတ်သဘောထား ဖြစ်သွားမှာ။

သတ္တ၀ါတွေဟာ စိတ်ညစ်နွမ်းလို့ ကိုယ်ပါညသ်နွမ်းကြရတာ။
သံယောဇဉ်ဆိုတဲ့ စကားတလုံးကို ကြားဖူးကြတယ်မဟုတ်လား။ သံယောဇဉ်နှောင်ကြိုးတဲ့ သုံးနှုန်းတတ်ကြတယ်။ သံယောဇဉ် သံယောဇဉ်နဲ့ အထပ်ထပ်ဆိုတဲ့ တေးသီချင်းတွေလည်းရှိပါရဲ့ ။

သံယောဇန-ဆိုတဲ့ ပါဠိဝေါဟာရမှ မြန်မာစာလုံးအဖြစ် ကူးပြောင်းဆင်းသက်လာတာ ဖြစ်ပါတယ်။ ပါဠိသက်ဝေါဟာရလို့ ဆိုရပါမယ်။ အဓိပ္ပါယ် အတိအကျဆိုရရင် သံယောဇဉ်တိုတာ ဖွဲ့ချည်တတ်သော သဘော၊ နှောင်ကြိုးသဖွယ် ရစ်ပတ်နှောင်တွယ်သော သဘောဖြစ်ပါတယ်။

သံယောဇဉ်တရား ဘယ်နှစ်ပါး ရှိပါသလဲဆိုရင် သံယောဇဉ်က (၁၀)ပါးရှိပါတယ်။ နှောင်ဖွဲ့တတ်တဲ့ တရားတွေ (၁၀)ပါးထဲမှာ အဆိုးဝါးဆုံးက ဣဿာ နဲ့ မစ္ဆရိယ ဆိုတဲ့ အထက်ကတင်ပြပြီးသား တရားနှစ်ပါးပါပဲ။ မြတ်စွာဘုရားက လိုရင်းအနှစ်ကိုကောက်ပြီး ဣဿာနဲ့ မစ္ဆရိယ တရားတို့ကြောင့် လူနတ်သတ္တ၀ါ သက်ရှိအားလုံးတို့ဟာ ချမ်းသာကြသော်လည်း ဆင်းရဲနေကြ ရခြင်းဖြစ်တယ်လို့ ဟောကြားတော်မူတာပါ။

ကိုယ့်ဘ၀ကို အရည်အသွေးမြင့်အောင် မြှင့်တင်ပျိုးထောင်နိုင်တာ မိမိကိုယ်တိုင်ပါပဲ။ မနာလိုစိတ် ဆိုတာ သူ့မှာရှိရင် သူမကောင်း။ ကိုယ့်မှာရှိရင် ကိုယ်မကောင်း မနာလိုစိတ် ၀န်တိုစိတ် ၀င်ရောက် ပူးကပ်မိရင် ဘယ်သူမဆို လူ၊ နတ်၊ သတ္တ၀ါ၊ ဘယ်သူဘယ်ဝါမရွေး စိတ်တွေဟာ ညစ်နွမ်းနိမ့်ကျ သွားရစမြဲပါပဲ။ ဒီတော့ မေတ္တာတရားမှာပါတဲ့ မုဒိတာစိတ်ထား ပြန့်ပွားအောင်၊ ထုံမွှမ်းအောင် မွေးမြူထူထောင်ကြရပါမယ်။

သူတပါး ချမ်းသာတယ်ကြားရတာ ကောင်းတယ် ဒီလိုခံယူပါ။ သူတပါး တိုက်ကြီးတွေဆောက်နေပြီ၊ မြင်ရတာ ကောင်းတာပေါ့။ ၀မ်းသာစရာပဲ။ သူတပါး ကားအကောင်းစားကြီးတွေ စီးနေပြီ။ တွေ့ရတာ ကောင်းတယ်၊ မုဒိတာထား၊ စိတ်ချမ်းသာမိပါတယ်။ သူတပါးကျော်ကြားအောင်မြင်တာတွေ ရာထူး တိုးတာတွေ ဆုရတာတွေ စသဖြင့် ကြားရ၊ သိရတာတွေကို ၀မ်းမသာနိုင်ဘဲ သူတို့တွေတော့ တိုးတက်ကြီးပွားချမ်းသာသွားကြပြီ။ ငါ့မှာဖြင့် ဆင်းရဲနေတုန်းပဲ။ မကျေနပ်ပါဘူး၊ မနာလိုပါဘူး စသဖြင့် စဉ်းစားနေမိခဲ့ရင် ပြုပြင်ပါ။ ဒီအမြင်ဟာ ကောင်းကျိုးမပေးဘူးလေ။

ငါ့ရဲ့စိတ်ထားက ညစ်နွမ်းနေလို့ ငါ့ဘ၀ဟာလည်း အကျိုးပေးနဲ့ အချိုးညီစွာ နိမ့်ကျနေရတာပါလားလို့ သိရပါမယ်။ အကယ်၍သာ ငါဟာ ဣဿာ မစ္ဆရိယစိတ်ထားမ၀င်ဘဲ မုဒိတာစိတ် ထားရှိတတ်မယ် ဆိုရင် မဟာစည်ဆရာတော်ဘုရား ဆုံးမခဲ့သလိုပေါ့။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်း ချမ်းသာကြရမည်-ချမ်းသာမှာပဲ။

တကယ်ဆိုရင် မြန်မာနိုင်ငံဟာ ကိုလိုနီ သူ့ကျွန်ဘ၀ ဖိနှိပ်သွေးစုပ်ခံခဲ့ရရာမှ လွတ်လပ်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာလာခဲ့ပြီ။ မချမ်းသာသေးဘူး။
နိုင်ငံကလည်း ဆင်းရဲတုန်းပဲ။
လူအများစုကလည်း ဆင်းရဲနေကြတုန်းပဲ။


အခုခေတ် ချမ်းသာတဲ့လူဟာ အရင်ကနဲ့စာရင် အနှစ်(၂၀)ကာလအတောအတွင်း တော်တော် များများ ဦးရေ တိုးပွားလာပြီ။ ဒါကိုကြည့်ပြီး အများစုက ၀မ်းသာဂုဏ်ယူကြရပါမယ်။ အားလုံးက ၀မ်းမြောက်ကြည်ဖြူ ကျေနပ်ကြရပါမယ်။ ဒါဟာ လက်ငင်း ကိုယ်လည်းချမ်းသာတဲ့ နည်း၊ နည်းမှန်လမ်းမှန်။

ပိုက်ဆံချမ်းသာတဲ့ ကောင်တွေနဲ့တွဲပြီး ချူစားနေတာကိုးကွ။ ပြေလည်မှာပေါ့---တောက်၊ မကျေနပ်သံနဲ့။ သူများချမ်းသာ ကိုယ်မနာလို။ ဒီလေသံ၊ ဒီသဘောထား၊ ဒီစကားမျိုးနဲ့ ဒီမျက်နှာထားမျိုးတွေဟာ မိမိစိတ်နှလုံးကို ကိုယ်တိုင် မီးရှို့နေတဲ့ ဣဿာ မစ္ဆရိယတရားတွေနဲ့ ပူလောင်တဲ့သဘောပါပဲ။ ဘယ်သူမပြု မိမိမှု။ သူတပါးချမ်းသာတာကို ၀မ်းသာနိုင်တဲ့စိတ် ရှိကြပါမှ အားလုံးပဲ ချမ်းသာကြပါမယ်။

ဆင်းရဲတဲ့ မွဲတဲ့လူတွေထဲမှာ မုဒိတာစိတ်ထား ထားနိုင်တဲ့လူဟာ သိသိသာသာ ချမ်းသာတိုးတက် လာတာပါပဲ။ မွန်မြတ်တဲ့စိတ်ထားက သူ့ကို မြင့်မားစေတာပေါ့။ မုဒိတာစိတ်ထား ထွန်းကား ပြန့်ပွားကြပါစေ။ ချမ်းသာချမ်းသာ ဆင်းရဲဆင်းရဲ ဣဿာ နဲ့ မစ္ဆရိယဆိုတဲ့ စိတ်ကိုပူလောင် ညှိုးနွမ်းစေတတ်သော အဲဒီစိတ်ထားမျိုးကို သိုမှီးသူဟာ သူသူငါငါ စိတ်ဆင်းရဲရပြီး ရုပ်ဆင်းရဲ ဆင်းရဲနေကြရှာဦးမယ်။ ဒါပါပဲ။

ချစ်စွာသော စာဖတ်သူများ မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာကြပါစေ။
ချမ်းသာကြွယ်ဝ လောကကို အလှဆင်နိုင်ကြပါစေ။
ကျေးဇူးတင်ပါတယ်။

ချစ်နိုင်-(စိတ်ပညာ )

Saturday, August 2, 2014

စိတ်ဓာတ် ဆင်းရဲကြသူများ


စိတ်ဓာတ် ဆင်းရဲကြသူများ

''ဆင်းရဲတဲ့ လူတွေများ ငွေကြေးဥစ္စာ ဆင်းရဲရုံတင် မကဘူး။ စိတ်ဓာတ် ကပါ အောက်တန်းကျ ဆင်းရဲ လာကြတယ်'' ။

အထက်ပါ စကားကို ပြောလာတဲ့ သူက စာရေးသူရဲ့ ဆရာသမား တစ်ယောက်ပါပဲ။ စာရေးသူ ကိုယ်တိုင်လဲ ဆင်းရဲတဲ့ မိသားစု အသိုင်းအဝိုင်း ကနေ မွေးဖွားကြီးပြင်း လာတဲ့ သူတစ်ယောက် ဆိုတော့ ဆရာသမား ဖြစ်သူရဲ့ စကားကို ကြားလိုက် ရတဲ့အခါမှာ အတော်လေး ဘဝင်မကျမှု ဖြစ်ရ ပါတယ်။ ဒါဟာ သက်သက်မဲ့ ဆင်းရဲတဲ့သူ၊ ငွေးကြေးဥစ္စာ မပြည့်စုံ တဲ့သူတွေကို နှိမ့်ချချင်လို့ ပြောတာ နေမှာပါလို့ စိတ်ထဲမှာလဲ တွက်ဆ မိလိုက် ပါတယ်။ 

ဒါပေမဲ့လဲ ဆရာသမား ဖြစ်သူက သူ့ဘဝ သက်တမ်း တစ်လျှောက် ဖြတ်သန်း လာခဲ့ရတဲ့ ဘဝ အတွေ့အကြုံအရ ပြောနေတာ ဆိုတော့ တထစ်ချ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ဖို့ ဆိုတာလဲ မဝံ့မရဲ ဖြစ်မိပြန် ပါတယ်။ စာရေးသူရဲ့ ခေါင်းထဲမှာတော့ အဲဒီ စကားလေးကို တစ်ထောင့် တစ်နေရာ မှာတော့ မှတ်သား ထားနိုင် ခဲ့ပါတယ်။ ဆရာသမား ဖြစ်သူ ပြောခဲ့သလို ဆင်းရဲတဲ့ သူတွေဟာ ငွေကြေးဥစ္စာ ဆင်းရဲရုံတင် မကပဲ စိတ်ဓာတ် ပါ ဆင်းရဲ ကြတာလား ဆိုတာကို ဟုတ်၊ မဟုတ်၊ မှန်၊ မမှန် စိစစ်နိုင်ဖို့ရာ အတွက်လဲ အမြဲတမ်း သတိထား စောင့်ကြည့် နေခဲ့ပါတယ်။

နောက်ဆုံးတော့ စာရေးသူ ကိုယ်တိုင်လဲ ဖြတ်သန်း ခဲ့တဲ့ဘဝ တစ်လျှောက် တွေ့ကြုံ ဆုံခဲ့ရတဲ့ လူသီးသီးနဲ့ ဆက်ဆံ ပြောဆိုခဲ့ ရတဲ့ အခါမှာ ဆရာသမား ဖြစ်သူရဲ့စကားလေးကို တဖြည်းဖြည်းနဲ့ ယုံကြည်မှု ရှိလာ ခဲ့ပါတယ်။ ဒါဟာလဲ စာရေးသူ တွေ့ကြုံ ဆက်ဆံခဲ့ ရတဲ့လူ တွေကြောင့်ပါပဲ။

ယခုနှစ် တစ်ရက်သော နေဝင်ခါနီး အချိန်လေးမှာ လူလတ်ပိုင်း ဒကာ တစ်ယောက် သရေ လွယ်အိတ် တစ်လုံးကို လွယ်ကာ စာရေးသူတို့ ကျောင်းထဲကို ရောက်လာ ပါတယ်။ အဲဒီ အမျိုးသားရဲ့ ပြောပြချက် အရသူဟာ ပဲခူးမြို့နယ် ကဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက် လောက်ကပဲ မန္တလေးမြို့ကို ရောက်လာ ခဲ့တဲ့ အကြောင်း၊ ရောက်လာခြင်း အကြောင်း ကလဲ သူတို့ရွာကို မန္တလေးမြို့က နာမည်ကြီး အထည်ဆိုင် တစ်ခုက အလုပ်သမား လာရှာလို့ လိပ်စာ ပေးသွားရာ ကနေ အခုလို လိုက်လာတယ် ဆိုတဲ့ အကြောင်း၊ နောက်ဆုံး ရှင်းရှင်း ပြောရရင် အခု မန္တလေးမြို့ကို အလုပ်လုပ် ချင်လို့ တကယ် လိုက်လာတဲ့ အခါမှာတော့ သူ့ရွာမှာ လာရှာတဲ့ လူကိုလဲ ဆက်သွယ်လို့ မရသလို အစောက ပြောတဲ့ဆိုင် တွေကို လိုက်မေးပြန် တော့လဲ ဘယ်ဆိုင်ကမှ အဲဒီလို အလုပ်သမားလဲ မလိုကြောင်း၊ နောက်ပြီး ဘယ်သူ့ကို မှလဲ နယ်မြို့တွေကို ဆင်းပြီး အလုပ်သမား ရှာခိုင်းလေ့ မရှိကြောင်း ကို ကြားသိ ရပါတယ်။ ဒါကတော့ အဲဒီဒကာ ဖြစ်သူရဲ့ ပြောပြချက် အရ အားကိုး တကြီးနဲ့ အလုပ်လုပ် ချင်လို့ လိုက်လာခါမှ သူအလိမ် ခံလိုက်ရခြင်း ဆိုတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

အတိုချုပ် ပြောရရင် အခုသူဟာ မန္တလေးမြို့မှာ မသွားတတ်၊ မလာတတ် ဖြစ်နေပြီး ရွာက ပါလာတဲ့ ပိုက်ဆံလဲ ကုန်ကာ ရွာပြန်ဖို့တောင် လမ်းစရိတ် (ရထားခ) မရှိတော့လို့ ငွေကျပ်၂၅ဝဝ လောက် လာရောက် အကူအညီ တောင်းခံရခြင်း ဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီလူရဲ့ ပြောစကား တွေကို နားထောင်မိပြီး ကိုယ်လို တောသူ၊ တောင်သား တစ်ယောက် အခုလိုမျိုး ဒုက္ခရောက် နေတာ မြင်သိရတော့ စိတ်မကောင်း ဖြစ်မိတာ အမှန်ပါပဲ။ 

လူတွေကလဲ လုပ်ရက် လိုက်တာနော်လို့ စိတ်ထဲမှာ တွေးမိပြီး တစ်ထောင်တန် လေးသုံးရွက် အဲဒီလူရဲ့ လက်ထဲကို ထည့်ပေးလိုက် ပါတယ်။ ထမင်းစားမှ စားရသေးရဲ့လားမသိဘူး ဆိုတဲ့ စေတနာနဲ့ ကျောင်းမှာ ရှိတာလေးနဲ့ ထမင်းစား သွားပါဦး လားလို့ ပြောတော့ မစားတော့ဘူး ဘုရား၊ ရထားနောက်ကျ နေမှာစိုးလို့ .. တဲ့။ အဲဒါနဲ့ လမ်းမှာ ရေဆာရင် သောက်ရအောင် ရေသန့်ဘူး လေးနှစ်ဘူးကို အိတ်နဲ့ ထည့်ကာ ထည့်ပေးလိုက် အပြီးမှာတော့ အဲဒီဒကာ ကျောင်းဝင်း အပြင်ဘက်ကို ပြန်ထွက် သွားခဲ့တယ်။

''အရှင် ဘုရားတော့ အညာခံ ရပြီ ထင်တယ်နော်။ ပဲခူးထိ ပြန်ရောက် အောင် အဲဒီ နှစ်ထောင့်ငါးရာ၊ သုံးထောင် လေးနဲ့ ဘယ်လို လုပ်ပြီး လောက်င မှာလဲ။ ဒီကနေ ဘူတာကြီးကို သူဘယ်လို သွားမလဲ၊ ဆိုင်ကယ် တက္ကစီ ငှားစီးမယ် ဆိုရင်တောင် တစ်ထောင်၊ တစ်ထောင်ငါးရာ ပေးရတယ်။ အရှင်ဘုရား စဉ်းစား ကြည့်ပေါ့...''။

အတူနေ ဦးပဉ္စင်းလေး တစ်ပါးက အထက်ပါ စကားဆို လာတော့ မဟုတ်လောက် ပါဘူးကွာ အမှန်တကယ် ဒုက္ခရောက် နေလို့ အကူအညီ တောင်းတာ နေမှာပါလို့ တုံ့ပြန် ပြောလိုက်တယ်။ ပြောသာ ပြောလိုက် ရတာပါ။ အဲဒီ ဦးပဉ္စင်းလေး ထောက်ပြတဲ့ စကားတွေကို ကြားရတော့ အစောက သဒ္ဓါတရား လေးတောင် ဘယ်ရောက် သွားမှန်း မသိ၊ ရုတ်တရက် ပိုက်ဆံ လေးထောင် အတွက် နှမြောမိ သလိုတောင် ခံစား လိုက်ရ ပြန်တယ်။

'' ပျောက်သောသူ ရှာရင်တွေ့ ၊ သေသောသူ ကြာရင်မေ့ '' တဲ့။ တကယ်တော့ လိုက်မရှာဘဲ နဲ့ကို စာရေးသူတို့ ကျောင်းကနေ ပြန်သွားပြီး တစ်ပတ်လောက် ကြာတဲ့အခါ အဲဒီလူကို ဈေးချို (၂၆) လမ်းက ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာ ပြန်တွေ့ လိုက်ရခြင်း ဖြစ်ပါတယ်။ စာရေးသူတို့ ကျောင်းကို ရောက်လာတဲ့ ပုံစံအတိုင်းပဲ လွယ်အိတ် တစ်လုံးနဲ့ ပြန်တွေ့ လိုက်ရတဲ့ အဲဒီလူကို စာရေးသူ ကောင်းကောင်း မှတ်မိ နေပေမယ့် သူကတော့ မှတ်မိပုံ မပေါ်ဘဲ စာရေးသူနား ကနေ ကပ်ရှောင် သွားခဲ့တယ်။ စကားပြောဖို့ ကြိုးစားခဲ့ ပေမယ့်လဲ အထမမြောက် ခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ်..။ စာရေးသူ နားထဲမှာတော့ ''လူတွေများ ငွေကြေး ဥစ္စာ ဆင်းရဲရုံတင် မကဘဲ စိတ်ဓာတ် တွေကပါ အောက်တန်းကျ ဆင်းရဲ လာကြတယ် ... ... '' ဆိုတဲ့ ဆရာသမား ဖြစ်သူရဲ့ စကားလေးကို ကြားယောင် မိရင်း အဲဒီလို လူမျိုးတွေကို စိတ်ဓာတ် ဆင်းရဲကြသူတွေ လို့ပဲ သတ်မှတ် လိုက်ချင် ပါတော့တယ်။

အရှင်အဂ္ဂသာရ ( မန္တလေး )


Friday, August 1, 2014

မျက်လုံးနှစ်ဖက်နဲ့ လူ


မျက်လုံးနှစ်ဖက်နဲ့ လူ

လူသုံးမျိုးနှင့် အမြင်သုံးမျိုး

ဤလောကကြီးတွင် မှီတင်းနေထိုင်ကြသည့် သတ်ရှိသတ္တ၀ါတို့ကို ထိုအန္ဓသုတ်တော်ဖြင့် မြင်ကြည့်ပါက အုပ်စု သုံးမျိုးသာ ထွက်လာသည်။
“(၁) လောကမျက်လုံး၊ ဓမ္မမျက်လုံး စုံလုံးကန်းနေသော၊ အမြင်နှစ်ဖက် ချို့တဲ့နေသော (အန္ဓစက္ခု) ပုဂ္ဂိုလ် တစ်စု။
(၂) လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော၊ ၀ါ- တစ်ဖက်မြင် တစ်ဖက် မလင်းသော (ဧကစက္ခု) ပုဂ္ဂိုလ် တစ်စု။
(၃) လောကမျက်လုံးကော ဓမ္မမျက်လုံးပါ အလင်းနှစ်ဖက်ရှိသော၊ ၀ါ- နှစ်ဖက်မြင် နှစ်ဖက်လင်းရှိသော (ဒွိစက္ခု) ပုဂ္ဂိုလ် တစ်စု။”ဟု ပုဂ္ဂိုလ် သုံးမျိုးရှိသည်။
 (တယောမေ ဘိက္ခဝေ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ အံ-၁-၁၂၆) ဤသုတ်တော်သည် လူတန်းစား သုံးမျိုး၊ အဆင့်သုံးမျိုး ခွဲခြားပေးလိုက်ခြင်းဖြစ်သည်။

(၁) အန္ဓစက္ခု-စုံလုံးကန်း၊ အလင်းနှစ်ဖက်မရသော ပုဂ္ဂိုလ်

လောကကြီးပွားရေးအတွက် ဥာဏ်အမျှော်အမြင် မရှိသူ၊ သံသရာကြီးပွားရေးအတွက် ဥာဏ်ပညာ မရှိသူကို စုံလုံးကန်းနေသူ၊ အလင်းနှစ်ဖက် မရသူဟု ဆိုသည်။ ထိုသူသည် လက်ရှိဘ၀မှာလည်း ပြည့်စုံမှု မရနိုင်၊ စိတ်ချမ်းသာမှု မရနိုင်။ လောကလူသားတို့သည် ပတ်ဝန်းကျင်နှင့် နေကြရသည်၊ အသိုင်းအ၀န်းနှင့် နေကြရသည်ဖြစ်ရကား ကိုယ့်ရဲ့ စားဝတ် နေရေးအပြင် ရပ်ရေး၊ ရွာရေး၊ တိုင်းရေး ပြည်ရေး ကိစ္စတွေ၊ အနီးပတ်ဝန်းကျင်၏ သာရေး နာရေး ကိစ္စတွေ ရှိကြသည်။

ထိုကဲ့သို့ ကိစ္စများမြောင် လူတို့ဘောင်မှာကား မရှိမဖြစ် လိုအပ်နေသည်ကား ထိုကဲ့သို့သော လူ့ပတ်ဝန်း ကျင်နှင့်အဆင်ပြေအောင်၊ လိုက်လျှော ညီထွေရှိအောင် နေတတ်ဖို့ဆိုသည်မှာ လောက မျက်လုံး၊ လူမှုရေး အမြင်၊ စီးပွားရေးအမြင် အလွန်လိုအပ်လှပါသည်။ စီးပွားရေးမှာ တိုးတက်လာအောင်၊ ရရှိနေပြီးသည်ထက် ပိုရလာအောင် စွမ်းနိုင်သည့် စူးရှသည့် လောကမျက်လုံး၊ ရရှိပြီးသားတွေကို ကျ မသွားအောင် ထိန်းထားနိုင်သည့် အမျှော်အမြင်များ အတွေးအခေါ်များ လိုအပ်သည်။

ထိုကဲ့သို့ လောကမျက်လုံး မရှိသူသည် “အူမတောင့်မှ သီလစောင့်” ဆိုသကဲ့သို့ စားစရာ နေစရာ ရှားပါးနေသူများ၊ မရှိသူများမှာ နေစရာအတွက် စားစရာအတွက် တစ်ဘ၀လုံး အချိန်ပေး နေရသည့်အတွက် လောကမျက်လုံးမရှိနိုင်၊ လောကမျက်လုံး မရှိသောသူသည် ဓမ္မမျက်လုံး၊ ဓမ္မအမြင်များ ရရှိနိုင်ဖို့ အလွန်ခက်ခဲသွားသည်။ လောကမျက်လုံး မရှိသောသူသည် သံသရာအတွက် မစဉ်းစားနိုင်ဘဲ ရှိနေသည်၊ လက်ရှိဘ၀ ခက်ခဲနေသူသည် နောင်ရေးအတွက် မျှော်လင့် တောင်းတနေမည်မဟုတ်။ သို့အတွက် သံသရာကြီးပွားရေးအတွက် ဓမ္မမျက်လုံးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ အလွန်လွန်ကို ခက်ခဲသွားတော့သည်။

မြတ်ဗုဒ္ဓလက်ထက်တော်အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသည့် သူဌေးသားတစ်ယောက်သည် ငယ်စဉ်ကတည်းက ဘာပညာမှ မသင်၊ မိဘများသည်လည်း “သူတို့ပိုင်ဆိုင်ထားသည့် စည်းစိမ်များသည် သူတို့သားလေးတစ်သက် မကုန်နိုင်”ဟု ယူဆထားခြင်းကြောင့်နှင့် သားလေးကို ချစ်လွန်း၍ ပညာသင်လျှင် သား ပင်ပန်းမည်ဟုသော သားအပေါ်ထားရှိသည့် ကရုဏများကြောင့် သူတို့မျက်စိအောက်မှာ သားလေးကို ပညာသင်ခွင့်မပေးခဲ့။

မိဘများ၏ သားအပေါ် ထားရှိသည့် မဟာအမှား တစ်ခုဖြစ်သည်။ ကရုဏာ ပညာ ဟန်ချက်ညီအောင် ထားနိုင်ခြင်း မရှိသည့် မိဘများ၏ အမှားကြောင့် သားလေးတစ်ယောက် ပညာမဲ့လူတန်းစား တစ်ယောက်ဖြစ်ရသည်။ မိဘများ ကွယ်လွန်သည့်အခါ ထို ပညာမဲ့ သူဌေးသားလေးသည် တစ်ယောက်တည်း ကျန်ရစ်သည်။

မိဘများ ရှာဖွေထားသည့် ကုဋေရှစ်ဆယ်ပစ္စည်းများကို မိမိလက်ထက်မှာ တိုးပွားလာအောင် စွမ်းဆောင်နိုင်သည့် ပညာမရှိ၊ ထိုရှစ်ဆယ်သော ကုဋေမှ လျှော့ကျ မသွားအောင် ထိန်းထားနိုင်သည် လောကမျက်လုံးလည်း မရှိ၊ ပေါင်းသင်းထိုက်သူ မပေါင်းသင်းထိုက်သူများကို ခွဲခြားသိမြင်သော လူမှုရေးပညာ၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ အပြစ်မရှိ၊ လုပ်သင့် မလုပ်သင့်သည်များကိုလဲ ခွဲခြားသိမြင်းသော ဓမ္မမျက်လုံးလည်း မရှိ၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်သည်အတွက် လူလိမ်လူညာများ၊ အမူးသမား အရူးသမား၊ အပျော်ကျူး၊ အလောင်းကစားကျူးသူများနှင့်ပေါင်းမိကာ ရှိသမျှ ပစ္စည်းတွေလည်းကုန်၊ နေစရာ အိမ်ပါ မကျန်တော့သဖြင့် ထိုလူမိုက်များနှင့်ပေါင်းကား သူခိုး ဓားပြဘ၀သို့ ရောက်သွားလေတော့သည်။

အကယ်၍သာ ပထမအရွယ်၊ သို့မဟုတ် ဒုတိယ အရွယ်၊ သို့မဟုတ် တတိယအရွယ် တစ်ခုခုမှာ လောကမျက်လုံးရှိခဲ့ရင် သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ် တစ်ခုခု ဖြစ်နိုင်ခွင့် ရှိသေးသည်။ အလားတူပင် ထိုအရွယ်သုံးပါ တစ်ပါးပါးတွင် ဓမ္မမျက်လုံး အလင်းရှိခဲ့ပါက ထို တစ်ရွယ်ရွယ်တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာမဂ်အဆင့်ထိ တစ်ဆင့်ဆင့်သို့ ရောက်နိုင်မည်။ သို့သော် နှစ်ဖက်ကန်း၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ထို လောကအခွင့်ရေး ဓမ္မအခွင့်ရေးနှစ်ခုလုံး ဆုံးရှုံးကာ လက်ရှိဘ၀မှာလဲ ဆင်းရဲပေါင်းများစွာဖြင့် လူလုံးမလှ အပူလုံးကြွကာ၊ နောင်ဘ၀အသစ်မှာတော့ အပါယ်လေးပါးလားရတော့သည်။

(၂) ဧကစက္ခုက-တစ်ဖက်လင်း၊ တစ်ဖက် မမြင်

လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော (၀ါ) တစ်ဖက်မြင် တစ်ဖက် မလင်းသော ပုဂ္ဂိုလ်ကို ဧကစက္ခုက ပုဂ္ဂိုလ်ဟု ဆိုသည်။ ထိုကဲ့သော ပုဂ္ဂိုလ်မျိုးတွေ လောကတွင် အမြောက်အများ ရှိသည်။ စီးပွားရေး အမြင်ရှိသည်၊ ငွေ ရွှေ ဘယ်လိုဝင်လာအောင်၊ ဘယ်လိုတိုးလားအောင် နည်းလမ်းပေါင်းစုံ ကျွမ်းကျင်သည်။ လောကစီးပွားရေး အတွက် လောကမျက်လုံးပဲရှိ၊ ဓမ္မမျက်လုံးကိုကား မရှိသောကြောင့် ဘယ်သူသေသေ ငတေ ချမ်းသာ ပြီးရောဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်သည်။

တစ်ဖက်အစွန်းရောက်နေသော လောကမျက်လုံးကို ထိန်းညှိပေးသည့် ဓမ္မမျက်လုံး မရှိသည်အတွက် ၀ိသမနည်းလမ်းတွေဖြင့်လည်း ရအောင် အားထုတ်သည်။ လောကကောင်းကျိုး မပြုသည့် အရောင်းအ၀ယ်၊ လောကအကျိုးမဲ့စေသည့် အရောင်းများဖြစ်သည့် လက်နက် အရောင်းဝယ်၊ လူကုန်ကူးမှု၊ မူးယဇ်ဆေးဝါး အရောင်းအ၀ယ်စတဲ့ လူသားအကျိုးမဲ့ စီပွားရေးများကို ငွေ၊ ရွှေ ရပြီးရောဆိုပြီး ရှာဖွေနိုင်သည့် လောကမျက်လုံးကားရှိသည်။ ဓမ္မမျက်လုံး အလင်းကား မရရှာသဖြင့် အလိုဣစ္ဆာကြီးသူသည် လောကကောင်းကျိုး၊ လောက မကောင်းကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သော ဥာဏ်မျက်လုံးမရှိ။

မြတ်ဗုဒ္ဓလက်ထက်တော်အခါက စုံလုံးကန်းနေသည့် လူတစ်ယောက်အကြောင်း၊ အနည်းစပ်ဆုံး၊ လူအသိများဆုံး ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ ထိုသူသည် နှစ်ပေါင်း ၅၅နှစ်တိုင်တိုင်၊ သူသေသိတိုင်အောင် သားသတ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ ထိုသူကား စုန္ဒ ဖြစ်သည်။ ၀က်သတ်၍ စီးပွားရှာသဖြင့် သူ့ကို စုန္ဒသူကရိကဟု လူအသိများသည်။ နှစ်ပေါင်း ၅၅ တိုင် ၀က်များကို တိုင်မှာချည်နှောင်၊ တူ၊ ဒုတ်၊ ဓားစသည့်လက်နက်များဖြင့် ထုရိုက်သတ်ပြီး၊ မသေမရှင်၊ အရှင်လတ်လတ် ရေနွေးပူဖြင့်လောင်း၊ အမွှေးများနှုတ်၊ အသားပြုလုပ်၍ လက်လီလက္ကားအရောင်းအ၀ယ်ဖြင့် စီးပွားတော့ ဖြစ်နေသည်။

ထိုအလုပ်သည် ဓမ္မမျက်လုံးရှိသူအတွက် အလွန်အပြစ်ကြီးသည့် အလုပ်ဖြစ်နေသည်။ ဓမ္မမျက်လုံးရှိနေသူ မည်သူမဆို ထိုအလုပ်မျိုး မလုပ်နိုင်။ သူကတော့ ၅၅ နှစ်တိုင် ထိုအစီးအပွားဖြင့် အဆင်ပြေနေခဲ့သည်။ သို့သော်လည်း သေခါနီးအချိန် ၀က်လိုအော်၊ အခုတ်အသတ်ခံ၊ ရေနွေးအပူခံ၍ ၀က်များအော်သလို (၇)ရက်တိုင် အော်ပြီး သေသွားရှာသည်။ နောင်ဘ၀လားသော် ငရဲအထိ ဆင်းရတော့သည်။

လောကမျက်းလုံး ဓမ္မမျက်လုံး (balance) ညီမျှနေဖို့လိုသည်။ လောကမျက်လုံးသာ ရှိသူသည် အစွန်းရောက်တတ်သည်၊ ထိုသို့ အစွန်းမရောက်အောင် စဉ်စားဆင်ခြင် သုံးသပ်နိုင်သည့် ဓမ္မမျက်လုံးရှိရမည်၊ ဓမ္မမျက်လုံး မရှိပါက အကောင်းအဆိုး၊ လုပ်သင့် မလုပ်သင့်၊ အပြစ်မရှိ အပြစ်ရှိသည်ကို ခွဲမခြားနိုင်၊ အစွန်းရောက်သွားတတ်သည်။ ဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းညှိပေးရသည်။ အလားတူပင် ဓမ္မမျက်လုံးသာ ရှိ၍ ဓမ္မမျက်လုံး မရှိသော ဧကစက္ခု ပုဂ္ဂိုလ်လည်း ရှိသေးသည်၊ ထိုပုဂ္ဂိုလ်မျိုးကို မြတ်ဗုဒ္ဓက ထည့်သွင်းပြီး ဟောထားခြင်းမရှိသော်လည်း၊ မှန်းဆ၊ တွေးတော၊ နှိုင်းချိန်ပြီး အနုလုံ ပဋိလုံ နားလည်ရမည်ဖြစ်သည်။

စာရေးသူတို့ အားလုံး သတ်ရှိသတ္တ၀ါများ ဖြစ်ကြသည်၊ ထို့ကြောင့် နေစရာ၊ စားစရာ၊ ၀တ်စရာ၊ ကျန်းမာရေး စသည်အားဖြင့် ဘ၀အသက်ရှင်ရေးအတွက် လိုအပ်ချက်များစွာ ရှိပါသည်။ ထိုလိုအပ်ချက်များကို ရှာနိုင်သည့် လောကမျက်လုံးက ရှိဖို့လိုသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို ဘ၀ကား အဆင်ပြေနေမှ ဓမ္မမျက်လုံးကို ရဖို့ ကြိုးစားရမည်၊ ဓမ္မမျက်လုံးသာ ရှိနေလျှင် လောကမျက်လုံး မရှိပြန်လျှင်လည်း လူမှုရေးကျင့်ဝတ်တွေ လူမှုဆက်ဆံရေးတွေ အားနဲသွားနိုင်သည်။ ထိုကြောင့် မြတ်ဗုဒ္ဓက ထိုနှစ်ခု ညီမျှနေဖို့လိုသည်အတွက်ကြောင့် ဒွိစက္ခု-နှစ်ဖက်မြင် နှစ်ဖက်လင်း ပုဂ္ဂိုလ်ကို ဆက်လက်ဟောကြားသည်။

ဒွိစက္ခုက-နှစ်ဖက်မြင် နှစ်ဖက်လင်း

လောကမျက်လုံး အလင်းလည်းရှိ၊ ဓမ္မမျက်လုံးလင်းလည်းရှိသူကို ဒွိစက္ခုကဟုခေါ်သည်၊ နှစ်ဖက်အမြင်၊ နှစ်ဖက်အလင်းရှိသူဖြစ်သည်။ လောကကြီးပွားရေး အမြင်လည်းရှိသည်၊ သံသရာ ကြီးပွားရေး အမြင်လည်းရှိသည်။ လောကီ လောကုတ် နှစ်မြာအလုပ်ကို လုပ်စွမ်းနိုင်သည့် အမြင်ရှိသူ ဖြစ်သည်။ လောကီနယ်ပယ်မှာ နေသူများပဲ ဖြစ်ဖြစ် လောကုတ္တရာနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘ၀အသက်ရှင်ရေးအတွက် ရှာရ ဖွေရမည်၊ ထိုသို့ ရှာဖွေတတ်သည့် အမြင်များ ရှိဖို့လိုသည်။

ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဌေးတို့၊ ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့လို လူ့လောက၀ယ် သို့မဟုတ် လောကီနယ်ပယ်တွင် စီးပွားရေး အမြင်ရှိသူများ ဖြစ်ကြသည်။ ထိုခေတ် ထိုကာလက သူတို့သည် တိုင်းပြည်မင်းလုပ် အုပ်ချုပ်ရေးနေသူများအတွက် အားကိုး အားထားရာလည်း ဖြစ်သည်၊ တိုင်းပြည်၊ မြို့၊ ရပ်ရွာတွေအတွက်လည်း အားကိုးရာဖြစ်သည့် သူဌေးများ ဖြစ်ကြသည်။

 ဓမ္မမျက်လုံး၊ သံသရာကြီးပွားရေး အမြင်များ ရှိသူလည်းဖြစ်ကြသည့်အားလျှော်စွာ သူတို့ ရှာဖွေစုဆောင်းထားသည့် စည်းစိမ်ဥစ္စာတို့သည် ဓမ္မိယလဒ္ဓဖြစ်သည်၊ သန့်သန့်ရှင်းရှင်းဖြင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။ ထိုစီးပွားရေးမှ ရရှိလာသည့် အကျိုးအမြတ်တို့သည် လူမှုရေးအပြင် တိုင်းရေး ပြည်ရေးအတွက်ပါ အကျိုးပြုသည်၊ ထိုစီးပွားရေးမှ ဖြစ်ထွန်းလာသော အကျိုးအမြတ်အစွန်းတို့သည် သာသနာတော်အတွက်လည်း ဖြစ်လာသည်။

သူတို့သည် လောကမျက်လုံး အမြင်ရှိသူများ ဖြစ်ကြသည့်အားလျှော်စွာ စီးပွားရေးလောကတွင် ထိပ်ထိပ်ကြဲ သူဌေးများ ဖြစ်ကြသည်။ ထိုစီးပွားရေးအမြင်ကို ဓမ္မမျက်လုံးဖြင့် ထိန်းကျောင်းထားနိုင်သဖြင့်လည်း တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာအတွက်ပါ အကျိုးများစွာ ဖြစ်သည်။ လောကမျက်လုံးရှိသူ စီးပွားရေးသမားသည် စီးပွားရှာရာမှာ လောဘရှိရမည်၊ လောဘရှိမှ စီးပွားဖြစ်မည်၊ သို့သော် ထိုလောဘသည့် ရှိသင့်ရှိထိုက်သော လောဘဖြစ်သည်။

 လောဘဟူသည် သေ၀ိတဗ္ဗလောဘ- ရှိသင့်ရှိထိုက်သောလောဘနှင့် အသေ၀ိတဗ္ဗ- မရှိသင့် မရှိထိုက်သော လောဘဟု နှစ်မျိုးရှိသည်။ လုပ်အား အားလျှော်စွာ ရသင့်ရထိုက်သည့် အကျိုးအမြတ်အတွက် လောဘသည် ရှိသင့်သော လောဘဖြစ်သည်၊ လိမ်ညာခြင်း၊ လှည့်ပတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ စသည်ဖြင့် သူတပါး ဒုက္ခဖြစ်စေသည့် စီးပွားရေးသည် အသေ၀ိတဗ္ဗလောဘ-မရှိသင့်သော လောဘဖြစ်သည်၊ ရသင့်တာ ပိုလိုချင်သည့် လောဘဖြစ်သည်၊ ထို့အပြင် လက်နက်၊ မူးယဇ်ဆေးဝါး၊ လူကုန်ကူးခြင်းစတဲ့ တပါးသူများ ဆင်းရဲစေမည့် အလုပ်တို့သည် ၀ိသမလောဘများ ဖြစ်ရကား အသေ၀ိတဗ္ဗလောဘပင် ဖြစ်သည်။

ထိုအသေ၀ိတဗ္ဗလောဘသည် မရှိသင့်ဟု မြင်နိုင်စွမ်းသည်ကား ဓမ္မမျက်လုံးဖြစ်သည်၊ ရှိသင့်သော လောဘ၊ မရှိသင့်သောလောဘဟု ခွဲခြားသိမြင်ခြင်းသည်လည်း ဓမ္မမျက်လုံးဖြစ်သည်၊ ထိုဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းကျောင်းခြင်းသည်ပင် လောကမျက်လုံး ဓမ္မမျက်လုံးတို့ ဟန်ချက်ညီနေကြခြင်းဖြစ်သည်။ အထက်ဖော်ပြပါ ကျောင်းဒကာ ကျောင်းအမကြီးများကဲ့သို့ လောကမျက်လုံး ဓမ္မမျက်လုံးဟန်ချက် ညီနေမှ လောက သံသရာနှစ်ဖြာ ချမ်းသာမည်၊ နှစ်ဖက်မြင် နှစ်ဖက်အလင်းရှိနေပါမှ ဘ၀သံသရာ ၀ဋ်မှ လွတ်မည်။

နိဂုံး

ဤသုတ်တော်လာ လူတန်းစား သုံးမျိုး အဆင့်အတန်းသုံးမျိုးတွင် စာရေးသူတို့ မည်သည့်အဆင့် တွင်ပါဝင်နေသနည်း?၊ မည်သည့် အုပ်စုတွင်ပါဝင်နေသနည်း?၊ ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်များသည် ကြေးမှုံ မှန်နှင့် တူသည်။ မှန်သည် ကြည့်ဖို့ ဖြစ်သည်၊ မျက်နှာမှာ အစွန်းအထင်း၊ မှဲ့၊ အကွက် စသည့် အဆင်မပြေသည့်အရာများကို မြင်နိုင်ရန် ကြည့်မှန် ဖြစ်သည်၊ ကြည့်ပြီး ပြင်သင့်တာ ပြင်ရသည်။

အလားတူပင် ဓမ္မကြေးမှုံသည်လည်း ကိုယ်ဘာလဲ ဆိုတာ ပြန်ကြည့်နိုင်ရန် မှန်တစ်ချပ်ဖြစ်သည်။ ထိုမှန်ကို ကြည့်ပြီး အန္ဓလား၊ ဧကစက္ခုလား၊ ဒွိစက္ခုလား၊ ကိုယ့်သန္တာန်မှာ ဘာအပြစ်အနာဆာတွေ ရှိနေသနည်း ထိုမှန်ကို ကြည့်ပြီး ပယ်သင့်တာပယ်၊ ဖယ်သင့်တာ ဖယ်၊ ဖြည့်သင့်တာ ဖြည့်ရမည် ဖြစ်သည်။ မလိုအပ်တာ ဖယ်၊ လိုအပ်နေသေးသည့် ကောင်းသည့်အရာမှန်သမျှ ဖြည့်ရမည် သာတည်။ နှစ်ဖက်လုံး ကန်းနေလျှင် ဘာမှ မဖြင်နိုင်၊ တစ်ဖက်သာ အမြင်ရှိသူကတော့ ဝေေ၀၀ါးဝါး မြင်နိုင်သေးသည်၊ နှစ်ဖက်မြင်သူကတော့ အလင်းအားပိုကောင်းသဖြင့် အရာအားလုံးကို မြင်နိုင်တော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား