Tuesday, June 7, 2016
ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း
"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"
မြတ်ဗုဒ္ဓ သာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာရှိတယ်။ လက်ဝဲတော်ရံဆိုတာ တန်ခိုး အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ လက်ယာတော်ရံဆိုတာ ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါ။
တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ။ တန်ခိုးဆိုတာ အာသဝေါတရားတို့ရဲ့ ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။
ပညာဆိုတာကတော့ ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ပါ။
ပုထုဇဉ်တို့ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး။ တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေ နောက်လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင် လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊ မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာတရားတွေလည်းကွယ်တာပဲ။
ယောဂီတို့ တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲ လက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။
လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား၊ ဆင့်ထားရတယ်။
တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။ သမထ တန်ခိုးကိုသာ ပြလိုက်လို့ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။
ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံ အားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။
တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိုင်ဘူး။ ဒါ့ကြောင့်တန်ခိုး ဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊ ဖော်ထား အပ်သော အရာ၊
ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကို ကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဗုဒ္ဓမူကြို
Monday, June 6, 2016
ရတနာအစစ်ရဲ့ အရိပ်စစ်
ရတနာအစစ်ရဲ့ အရိပ်စစ်
ရဟန်းသံဃာဆိုတဲ့ ရတနာတပါးရဲ့ ကျေးဇူးဟာ ဆရာ့ကျေးဇူးနဲ့ မိတ်ဆွေကျေးဇူး နှစ်ခုပေါင်း စာလောက် ရှိနေတာပဲ ဖြစ်ပါတယ်။  ရတနာထိုက်တဲ့ သံဃာများဟာ လူပုဂ္ဂိုလ်များကို သံသရာမှ လွတ်ကြောင်းတရား ညွှန်ကြားပဲ့ပြင်ပေးတဲ့ ဆရာ အနေနဲ့ရော လောကလူ့ဘုံမှာ ကျင်လည်ရခိုက် အတောအတွင်း တရားနည်းလမ်းကျကျ အေးချမ်းစွာ ဖြတ်သန်းနိုင်အောင် ကူညီဖေးမ လမ်းပြပေးတဲ့ မိတ်ဆွေအနေနဲ့ပါ ကျေးဇူးပြုလေ့ရှိပါတယ်။
မြန်မာ့လူ့ဘောင်မှာ သံဃာတွေရဲ့ အခန်းကဏ္ဍဟာ အားကိုးကြည်ညိုရာအဖြစ် အထင်အရှား ရှိနေဆဲပါ။  အထူးသဖြင့် ဆင်းရဲမွဲတေမှုတွေနဲ့ နပန်းလုံးပြီး လောကီလောကုတ် ပညာဉာဏ် အသိတွေ အားနည်းကြရရှာတဲ့ အများစု အောက်ခြေ လူထုအတွက် သံဃာ့အရိပ်ဆိုတာ လက်တွေ့ကျတဲ့ ကာယကံမြောက်အေးရိပ်ဖြစ်သလို အတွေးလှတဲ့ မနောကံမြောက်အေး ရိပ်လည်း ဖြစ်ရပါတယ်။  
ဒါကြောင့် တချို့နေရာတွေမှာ သံဃာတွေဟာ သံသရာလွတ်ကြောင်းတရား ဟောပြောရုံတင်မက မိသားစု၊ အိမ်ထောင်ရေးပြသနာတွေမှာပါ ၀င်ပါပေးရတဲ့အထိ လူ့ဘောင်ရဲ့ အလယ်ခေါင်လိုနေရာမျိုးမှာ ရှိနေတတ်တာ ဖြစ်ပါတယ်။  တကယ်တော့ အဲဒီအနေအထား ကြောင့်ပဲ ရဟန်းသံဃာများရဲ့ လူ့ဘောင်အပေါ် ကျေးဇူးဟာ အတိုင်းအဆ မမှန်းနိုင်အောင် ကျယ်ပြန့်တယ်လို့ ဆိုရပါမယ်။
တကယ်တော့ ဗုဒ္ဓ္ဒစာပေကျမ်းဂန်ကို လေ့လာခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ အများနားလည် သိတတ်အောင် ဖြန့်ဝေ ဟောကြားခြင်းဆိုတဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိဆိုတာ သံသရာမှ လွတ်မြောက် ခြင်းတရားအား ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ ပဋိဝေဓ အလို့ငှာ အားထုတ်ရတဲ့အရာတွေသာ ဖြစ်ပါတယ်။  သာသနာကို စောင့်ရှောက်တယ်ဆိုတာ ပရိယတ္တိ၊ ပဋိပတ္တိလောက်နဲ့ မလုံလောက်ဘဲ ပဋိဝေဓဆိုက်မှ အစစ်အမှန် ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်မှာပါ။  ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအ တွက် ကို စောင့်ရှောက်တာဟာ ဗုဒ္ဒသာသနာကို စောင့်ရှောက်တာလို့ မဆိုနိုင်ပါဘူး။
ဒါပေမဲ့ ပညာရေးညံ့ဖျင်းရတဲ့ဘ၀မှာ ဓမ္မပညာရေးလည်း ချွတ်ခြုံကျခဲ့ရတာမို့ အများစုကြီးဟာ သာသနာ့အဆီအနှစ်ကို စောင့်ရှောက်ဖို့ မထက်သန်ကြဘဲ အလွယ်လမ်းဖြစ်တဲ့ ဘာသာ ကိုးကွယ်သူအရေအတွက်ကို စောင့်ရှောက်ဖို့ ထက်သန်လာခဲ့ကြပါတယ်။  ဒီနေရာမှာ ဆင်းရဲ မွဲတေမှုအတွက် အဖြေအဖြစ် ရဟန်းပြုခြင်းကို အသုံးပြုလာကြတဲ့ကိစ္စကဖြင့် အရိပ်ခိုရုံနဲ့ မရပ် တော့ဘဲ အခက်ချိုးတဲ့အထိ သက်ရောက်သွားတတ်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရှားပါးလာတာ၊ အလုပ်အကိုင်ကောင်းတွေအတွက် ပညာရေးလိုအပ်ချက် မြင့်မား လာတာ၊ လူမှုဘ၀လုံခြုံမှု လျော့နည်း လာတာတွေကြောင့်လည်း ရဟန်းအရိပ်၊ သင်္ဃန်းအရိပ်၊ သီလရှင်အရိပ်ကို လွယ်ကူတဲ့ထွက်ပေါက်အဖြစ် သုံးလာတာမျိုးတွေ ရှိလာပါတယ်။
အဲဒီလို အရိပ်ခို၊ ထွက်ပေါက်ရှာသူတွေ ရှိလာတဲ့အခါ လေ့လာကျင့်ကြံအားထုတ်မှုဆိုတဲ့ အခက်လမ်းကို ကြိုးပမ်းဖို့ မစွမ်းနိုင်တာကြောင့်ရော၊ ဒီလမ်းက သူတို့ တကယ်လိုအပ်နေတဲ့ အရိပ်နဲ့ ထွက်ပေါက်အတွက် သိပ်အသုံးမတည့်သလို ဖြစ်နေတာကြောင့်ပါ သူတို့အတွက် အလုပ်ဖြစ်မဲ့ အလွယ်လမ်းတချို့ကို ရှာဖွေကျင့်သုံးတာမျိုးတွေ ရှိလာပါတယ်။  တခြားဘာသာဝင်တွေ ဆောင်ရွက်တဲ့နည်းလမ်းတွေကို တွေ့မြင်တဲ့အခါ ကိုယ့်ဘာသာတရားနဲ့ ပတ်သက်တဲ့ ဓမ္မ ပညာရေးကလည်း မလုံလောက်ခဲ့တော့ သာသနာ့ကိုယ်ခံအားတွေ လျော့နည်းပြီး သူတို့လိုပဲ ကိုယ့် သာသနာကို စောင့်ရှောက်ကောင်းတယ်လို့ ထင်ယောင်ထင်မှားလည်း ဖြစ်လာကြပါတယ်။
 ပဋိဝေဓဆိုက်တဲ့အထိ ကျင့်ကြံပွားများ အား ထုတ်နိုင်ဖို့ ဆိုတာကို အသာထားပြီး ပရိယတ္တိနဲ့ ပဋိပတ္တိကို အားထုတ်ဖို့ဆိုတာတောင် လွယ်ကူတဲ့ကိစ္စ မဟုတ်တာကြောင့်လည်း ဒီလမ်းကို ရှောင်ကွင်း လိုက်ကြပုံလည်း ရပါတယ်။  ဒီလိုနဲ့ ပညာချို့ လူတော်တော်များများက သာသနာကို စောင့် ရှောက်ဖို့ လူအရေအတွက်ကိုသာ အာရုံကျကြကာ လူ့အရည်အသွေးကိုတော့ (မစွမ်းနိုင်မဲ့ တူတူ) မေ့ပစ်လိုက်ကြမတတ် ဖြစ်လာခဲ့တယ်လို့ ယူဆပါတယ်။
ဒါကြောင့်လည်း ရဟန်းသံဃာများရဲ့ သာသနာပြုလုပ်ငန်းစဉ်များဟာ အင်မတန် အရေးကြီးသလို အရိပ်လည်း ကြီးတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။  မလွယ်လမ်းဖြစ်တဲ့ ပရိယတ္တိနဲ့ပဋိပတ္တိကို ကိုယ်တိုင်လည်း ကျင့်ကာ သူတပါးကိုလည်း ပဋိဝေဓ ဆိုက်ပါစေဆိုတဲ့ သာသနာစောင့်စေတနာနဲ့ မျှဝေဟောပြောညွှန်ကြားဖေးမမှုကို စိုက်လိုက်မတ်တတ် ကျင့်သုံးနေကြတဲ့ ရဟန်းသံဃာတွေဟာ အဲဒီအလုပ်လောက်နဲ့ကို မအားနိုင် မနားနိုင် ဖြစ်နေကြမှာ အသေအချာပါပဲ။  
ဒီအခါမှာ အလွယ်လမ်းလိုက်တဲ့ အရိပ်ခိုတွေကတော့ ဒီလောက်အလုပ်မများတာမို့ ရပ်ထဲရွာထဲကလူထုနဲ့ အထိအတွေ့ ပိုများခွင့် ရလာကြပါတယ်။  အလွယ်လမ်းသမားမို့ အလွယ်လမ်းစကားသာ ပြောဟောလေတော့ ရပ်ထဲရွာထဲက ပညာချို့လူတွေ အတွက် နားလည်ရမခက်တာကြောင့် သူတို့စကားတွေ ပေါက်မြောက်လာကြပါတယ်။ သူတို့တရားတွေ ဖောင်းပွ လာကြ ပါတယ်။
အဲဒီအချိန်မှာ အခက်လမ်းလျှောက်နေကြတဲ့ ရဟန်းသံဃာတွေကတော့ ကိုယ်တိုင်က ပြည့်ဝမှ သူတပါးကို ဖြည့်ဆည်းနိုင် မယ်လို့ ယုံကြည်သူတွေပီပီ ကိုယ့်ပဋိဝေဓစခန်းကို နပန်း အရင်လုံး နေကြရတဲ့အတွက် ရပ်ထဲရွာထဲက ပညာချို့တွေကို ပညာမမျှနိုင်တာမျိုးတွေလည်း ရှိလာ နိုင်ပါတယ်။ ဒီလိုနဲ့ချိတ်ချိတ်ချင်း ငြိကြသလို သာသနာကို စောင့်ရှောက်ဖို့အတွက် ဘယ်လမ်း လျှောက်ရမှန်း မသဲကွဲသူတွေနဲ့ လူအရေအတွက်ကို အာရုံကျသူတွေ ချိတ်မိကြတာပဲ ဖြစ်ပါတယ်။ 
ဒီနေရာမှာ အလွယ်လမ်းမလိုက်တဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ၊ သီလရှင်များအနေနဲ့လည်း ကိုယ့်ကိုယ်ကို ဖြည့်ဆည်းရုံမက ကိုယ့်ဘေးက ရပ်ရွာသားတွေကိုပါ တပြိုင်တည်း ဖြည့်ဆည်း ပေးကြမှ ဖြစ်မယ်လို့ သဘောထားကြစေချင်ပါတယ်။  အများစုက အလွယ်လမ်း လိုက်ချင်ကြ သူတွေမို့ အခက်လမ်းသမားတွေကို ရှောင်ကွင်းကောင်း ရှောင်ကွင်းကြပါလိမ့်မယ်။  ဒါပေမဲ့ ကိုယ်ကပဲ သူတို့ကို မတွေ့တွေ့အောင် စောင့်တွေ့ပြီး သာသနာစောင့်တရားကို ဝေမျှပေးရမယ့် အနေအထားကို ရောက်နေပြီလို့ ယူဆပါတယ်။
အဲဒီအတွက် ကျေးဇူးရှင် ရတနာစစ်ဖြစ်ကြတဲ့ ရဟန်းသံဃာ၊ သီလရှင်တို့ကို လူအများရဲ့ အရိပ်လာ အခိုကို မစောင့်တော့ဘဲ အရိပ်စစ်လိုက်မိုးပေးဖို့ အားထုတ်ခြင်းဖြင့် ထပ်မံကျေးဇူးပြုပေးတော်မူကြဖို့ လျှောက်ထားတောင်းပန်လိုက်ရပါတယ်။ သာသနာသုံးရပ်ကို စောင့်ရှောက်တတ်သော ဗုဒ္ဓဘာသာ ၀င်များ တိုးပွားနိုင်ပါစေ။
မသီတာ (စမ်းချောင်း)
Saturday, June 4, 2016
ဓမ္မ တာဝန်
ဓမ္မတာဝန်
အပိုင်း (၁)
တချို့က ပြောလေ့ရှိကြတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာကလည်း မသန့်စင်ဘူးလို့ ဒီလိုပြောတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေလည်း မသန့်စင်ဘူး၊ ထေရဝါဒ မပီပြင်ဘူးလို့ တချို့သမိုင်း ဆရာတွေက ဒီလိုဆိုချင်ကြတယ်၊ ဘာကြည့်ပြောတာလဲဆိုရင် ရွှေတိဂုံဘုရားပေါ်မှာ ရှိတဲ့ နတ်ရုပ်တွေ ဓာတ်ခန်းတွေတို့ ဘိုးတော်တွေတို့ ဆိုတာတွေ ကိုကြည့်ပြီးတော့ ထေရဝါဒ မှာလည်းပဲ အယူအဆတွေရောနေတယ်လို့ ဒီလိုသတ်မှတ်ပြီးပြောဆိုတယ်။ ဒါဟာ သေသေချာချာ မစဉ်းစားကြည့်လို့ ပြောမိတာသာ ဖြစ်တယ်၊ ကိုးကွယ်တဲ့ပုဂ္ဂိုလ် တွေအနေနဲ့ ရောတာကသဘာဝပဲ၊ ဓမ္မ အနေနဲ့ အဲဒီလို ရောထွေးနေတာတော့ လုံးဝမရှိဘူး၊ ထေရဝါဒ စစ်စစ် လုံးဝသန့်  ရှင်းစင်ကြယ်တယ်၊
ထေရဝါဒကို ကိုးကွယ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ရောကောင်းရောလိမ့်မယ်၊ ဒါက ဓမ္မမှာ ရောတာ မဟုတ်ဘူး၊ ပုဂ္ဂိုလ်က ရောတာ၊ ပုဂ္ဂိုလ်ဆိုတာ tradition ကို စွန့်ခဲတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာမရောက်ခင်က နတ်ကိုးကွယ်တဲ့ ဝါဒမျိုး လက်ခံပြီးနေခဲ့တဲ့ အစဉ်အလာကနေ ဗုဒ္ဓသာသနာတော် ရောက်လာတဲ့အခါမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ရင်ထဲနှလုံးထဲ ရောက်လာလို့ အမှန်သိလာပြီး ဗုဒ္ဓသာသနာတော်ကို မြတ်မြတ်နိုးနိုးနဲ့ ကိုးကွယ်လာခဲ့ကြတယ်၊ အဲဒီကိုးကွယ်လာတဲ့ပုဂ္ဂိုလ်တွေမှာ အချို့က ရှေးရိုးစွဲအတွေးတွေ ခေါင်းထဲမှာ မပျောက်သေးသည့် အတွက်ကြောင့် မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေအပြင် တခြားဟာတွေကို မှန်တယ်ထင်ပြီး လက်ခံ နေကြတယ်၊ အယူစွဲတွေ ရှိနေတတ်တာကတော့ ဒါ လောကရဲ့သဘာဝပဲ။
သို့သော် မြန်မာနိုင်ငံရောက်လာတဲ့ပိဋ္ဋကသုံးသွယ် နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀) ဆိုတာ ဒီထဲမှာ မည်သည့်ဝါဒမှ ရောနှောနေတာ မရှိဘူး၊ ဒါတောင်မှ တချို့က ပိဋ္ဋကထဲမှာ ဟိန္ဒူဝါဒ တွေ ရောနေတယ်လို့ရေးတယ်၊ ဘယ်မှာရောတာတုန်းလို့မေးတော့ သူတို့ထောက်ပြတဲ့အရာတွေက လုံးဝ ရယ်စရာတွေသာဖြစ်တယ်။
ဆိုပါစို့ ရယ်စရာတစ်ခုက ဘာလဲဆိုတာ သူတို့ပြောမယ်ဆိုရင် ဗုဒ္ဓဝါဒထဲမှာ မိစ္ဆာဝါဒတွေ ရောနေတယ် ဆိုတာက ဒိဋ္ဌိသံယုတ်တို့၊ ဗြဟ္မဇာလသုတ်တို့၊ ဒါက ဒိဋ္ဌိအကြောင်းတွေကို ဟောပြောတဲ့ ဟာသာဖြစ်တယ်၊ အဲတာတွေပါရှိလို့ရောတယ်လိုံပြောနေတာကတော့ ရယ်စရာ သက်သက်ပဲလို့ပြောရမယ်၊ မမှန်တာကို မမှန်ဘူးလို့ တင်ပြခြင်းအားဖြင့် ဒီတရာဟာ မမှန်မကန် ဖြစ်သွားတာ မဟုတ်ဘူး၊ မှန်ကန်မှုကို အလေးထားပြီး အမှားကိုလည်း အမှားလို့မြင်တတ် ရှင်းပြတတ်တာသာ ဖြစ်တယ်။
နန္ဒကပေတဝတ္ထုဆိုတာကို ထောက်ထားပြီး (၃၁)ဘုံကို ဗုဒ္ဓလက်မခံဘူးဆိုပြီးတော့ မြန်မာနိုင်ငံမှာ ထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ရေးတယ်၊ မမှန်ကန်တဲ့သာဓကတွေ ကိုးကားတယ်၊ တစ်ကယ် ကျမ်းဂန်ကို လေလာကြည့်မယ်ဆိုရင် နန္ဒက ဆိုတဲ့ပြိတ္တာကြီးဟာ သူကိုယ်တိုင် မှားယွင်းတဲ့ အယူအဆတွေကို ယူခဲ့သည့် အတွက်ကြောင့်ဒီလို မှားယွင်းတဲ့ဝါဒ လက်ခံ ကျင့်သုံးသည့် အတွက်ကြောင့် ပြိတ္တာဘဝ ရောက်ရပါတယ်လို့ပြောတာ၊ အဲဒါစာပေထဲ မှတ်တမ်းတင်ထားတာ တွေကို ကြည့်ပြီး ဗုဒ္ဓဝါဒထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်လို့ဆိုတာက အလွန်ရယ်စရာ ကောင်းတဲ့အရာတစ်ခုသာဖြစ်တယ်။
အပိုင်း (၂ )
ရံဖန်ရံခါ တစ်ချို့ နိုင်ငံခြားသားတွေက ဆိုပါစို့ - မြင့်မိုရ်တောင် အကြောင်း ရေးထားတဲ့စာတွေကို ကြည့်ပြီးတော့ မြင့်မိုရ်တောင် ဘယ်မှာလဲ ဆိုတာမျိုးတွေ မေးလာတတ်ကြတယ်၊ မြင့်မိုရ်တောင် ဘယ်မှာလဲလို့ မေးလာရင် ဗုဒ္ဓသာသနာတော်မှာ မြင့်မိုရ်တောင်ဟာ အဓိကမဟုတ်ဘူး၊ ဒါတွေက ရှေးခေတ်က ရှိတဲ့ အနေအထားတွေ၊ မြတ်စွာဘုရားက လောကမှာ သတ်မှတ်ထားတဲ့ တောင် တစ်ခုကို ဟောကြားခြင်းသာဖြစ်တယ်။
လူ့ဘုံနဲ့ ဆက်စပ်နေပြီး အင်မတန်ကြီးမားတဲ့ ကမ္ဘာ ဂြိုလ်ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးနေရာဟာ မြင့်မိုရ်တောင်လို့ ယူဆရင် ယူဆနိုင်စရာရှိတယ်၊ သာမန်ပကတိမြင်ရတဲ့ တောင်မျိုးလို လိုက်ရှာနေလို့ကတော့ ဘယ်လိုနည်းနဲ့မှ တွေ့မှာမဟုတ်ဘူး။ ဒီပြဿနာက အရေးကြီးတာ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ သစ္စာလေးပါးတို့ မဂ္ဂင်ရှစ်ပါးတို့ ဆိုတာတွေကသာ အလွန်အရေးပါတယ့် တရားတွေဖြစ်တယ်၊ ဒါတွေနဲ့ ပက်သက်ပြီး စောဒကတတ်နိုင်တာ ဘယ်သူမှမရှိဘူး၊
လောကလူသားတွေ အကျိုးပြုဖို့အတွက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မဂ္ဂင်ရှစ်ပါး ဆိုတဲ့ အနှစ်သာရရှိတဲ့ တရားကို ဟောကြားဆုံးမထားလို့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဒီဓမ္မဟာ လောကသားတွေ အတွက် ကနေ့ လိုက်ရှာရင် ကနေ့ အကျိုးရှိတယ်၊ လောကကို အကျိုးပြုနေလို့ မှန်ကန်တဲ့ အလင်းရောင် တစ်ခုကိုမြတ်စွာဘုရားရဲ့ ဓမ္မတွေက ပေးအပ်နေခြင်းဖြစ်တယ်၊
ရတာ မရတာက မြတ်စွာဘုရား တရားနဲ့ မဆိုင်ဘူး၊ လုပ်သူပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တယ်၊ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ဓမ္မတာဝန်ကို ထမ်းဆောင်ကြတဲ့အခါမှာ မြတ်စွာဘုရားရဲ့ တရားဓမ္မကို အတိမ်းအစောင်း မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ ရဟန်းသံဃာတွေ အလေးပေးရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်၊ ဘယ်ဘာသာ ဘယ်ဝါဒမှာပဲ ကြည့်ကြည့် မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေလောက် တရားထုထည်ကြီးမားတဲ့ အရာဆိုတာမရှိဘူး၊ မြတ်စွာဘုရားဟောပြောထားတဲ့ တရားတွေဟာ ပိဋ္ဋက သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)ထိ မြန်မာနိုင်ငံမှာ အပြည့်အစုံ ပုံနှိပ်ပြီးတော့ စာအုပ်စာတမ်းအနေနဲ့ လည်းရှိတယ်၊ သင်ကြားပို့ ချနေမှု လည်းရှိတယ်၊ မြန်မာနိုင်ငံမှာ မသင်လို့ မသိတဲ့ကျမ်းမျိုး အဓိပ္ပာယ် မဖော်နိုင်တဲ့ ကျမ်းမျိုး ဆိုတာလည်းမရှိဘူး၊ ဒါ့ကြောင့်မို့ မြန်မာနိုင်ငံရဲ့ ဓမ္မတာဝန်ဟာ ကျေပွန်တယ်လို့ ဒီလို ပြောရမယ်။
အပိုင်း (၃)
တချို့ ပုဂ္ဂိုလ်တွေက သံဃာတွေထဲမှာ အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အပြစ်ဆိုကြတယ်၊ လောကမှာ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲနေတာဖြစ်တယ်၊ အဆိုးရှိရင် အကောင်းရှိမယ်၊ အနှစ်နဲ့ အကာဆိုတာလည်း ဒွန်တွဲနေတတ်တယ်၊ အဆိုးနဲ့အကောင်း ခွဲခြား မြင်တတ်ဖို့ လိုအပ်တယ်၊ လောကသားတွေထဲမှာ အဆိုးဆိုတာ မည်သည့်နေရာမှာမဆိုရှိတယ်၊အဆိုးရှိရင် အကောင်းလည်းရှိတယ်၊ အကောင်းနဲ့ အဆိုးထဲမှာ အဆိုးတွေများမလာဖို့ ဘဲ အရေးကြီးတယ်၊ အကောင်းတွေ ဆက်လက်ကောင်းပြီးတော့ အကောင်းတွေများလာဖို့ပဲ လိုအပ်တယ်၊ လောက သဘာဝကိုက အဆိုးနဲ့အကောင်းမှာ အကောင်းက အဆိုးကို ဆွဲဆောင်ဖို့ရာ ခက်တယ်၊ အဆိုးကသာ အကောင်းကို ဆွဲဆောင်သွားတတ်တယ်၊လောကရဲ့ သဘာဝပဲဖြစ်တယ်။
ဆိုပါစို့- သရက်သီး ၁၀-လုံးရှိတဲ့အထဲမယ် တစ်လုံးကပုပ်နေတယ်၊ ကျန်တဲ့ ကိုးလုံးက ကောင်းတယ်၊ တူတူထားလိုက်လို့ ရှိရင် အပုပ်တစ်လုံးကို အကောင်း ၉-လုံးက ကောင်းအောင် မလုပ်ပေးနိုင်ဘူး၊ အဲဒီအဆိုးတစ်လုံးရဲ့ နောက်ကိုပဲ အကောင်းကိုးလုံးက လိုက်သွားပြီး အားလုံးက အပုပ်ဖြစ်သွားတယ်။အကောင်းတွေ များနေဖို့ ဆိုတာ ဟာ ဘယ်ခေတ် ဘယ်ကာလကမှ ရှိနိုင်တာမဟုတ်ဘူး၊ အကောင်းနဲ့ အဆိုးဆိုတာ ရောနေတာဖြစ်တယ်၊ အကောင်းတွေကိုကြည့်ပြီး ကောင်းအောင် ဆောင်ရွက်သွားဖို့ သာ အလွန် အရေးကြီးတယ်။
ဒါ့ကြောင့်မို့ ဒီကနေ့ သာသနာတော်မှာ နေထိုင်ကြတဲ့ရဟန်းသံဃာတွေအနေနဲ့  ဓမ္မတာဝန် ထမ်းဆောင်ကြတဲ့ အခါမှာ အရေးကြီးတဲ့ ဓမ္မတာဝန်ဆိုတာဘာလဲ သိဖို့ လိုအပ်တယ်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကိုယ်တိုင် ဟောကြားခဲ့သည့် သုတ် ဝိနည်း အဘိဓမ္မာဆိုတဲ့ ဒေသနာတော်တွေဟာ မိမိတို့ လက်ထဲမှာရှိနေတယ်၊ ဒီတရားတွေကို အာရုံစိုက်ပြီး သင်ယူခြင်း ပို့ချခြင်း၊ လေ့လာခြင်းဆိုတာ အရေးတကြီးလုပ်ရမယ့် ကိစ္စဖြစ်တယ်၊ အဲတာကို ဓမ္မတာဝန်လို့  ပြောရတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူသော ဓမ္မတာဝန် တရားဒေသနာမှ