Thursday, July 8, 2010

ရတနာဝါသကျောင်းတိုက် သတင်း



မဟာသွံသာရ ဆရာတော် ဘဒ္ဒန္တကုမာရ

ပထမကျော် ဓမ္မာစရိယ B.Sc (Maths)

အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ

ပြည်တွင်းပြည်ပ သာသနာပြု သြ၀ါဒါစရိယအဖွဲ့အကျိုးတော်ဆောင်(အတွင်းရေးမှူး) ၏

ထေရုပ္ပတ္တိ အကျဉ်း

ငယ်ဘ၀။ ။

ဆရာတော်လောင်းလျာကို ၁၃၀၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၂)ရက်၊ တနင်္လာနေ့ (25.11.1940) တွင် ဖခမည်းတော် ဦးသောင်၊ မယ်တော် ဒေါ်မြတွန့် တို့မှ ဖွါးမြင်တော်မူခဲ့ပါသည်။ မွေးချင်း (၅)ယောက်အနက် အကြီးဆုံး သားရတနာ ဖြစ်ပါသည်။ (၁၀)နှစ်သားအရွယ်ကပင် သာမဏေပြုခဲ့ပြီး၊ အသက်(၂၀)တွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်

ယခုအခါတွင် ဆရာတော်သည် သက်တော်(၇၀)နှစ်၊ ၀ါတော် (၅၀)ရှိပြီ ဖြစ်ပါသည်။

ပညာရေး။ ။

ဆရာတော်သည် ပထမလတ်တန်း၌ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမဖြင့်လည်းကောင်း၊ ပထမကြီးတန်း၌ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမ(ပထမကျော်)ဖြင့်လည်းကောင်း၊ ဓမ္မာစရိယတန်း၌ တစ်နိုင်ငံလုံးတွင် ဒုတိယအမှတ်အများဆုံး ဖြင့်လည်းကောင်း ဖြေဆိုအောင်မြင်တော်မူပြီး ပထမကျော်နှင့် ဓမ္မာစရိယ ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။ ထိုမှတဖန် လောကီပညာရေးကို ရဟန်းဝတ်နှင့်ပင် ဖြေဆို၍ သင်္ချာဘာသာအထူးပြူဖြင့် သိပ္ပံဘွဲ့ B.Sc (Math) ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာပြု။ ။

ရန်ကုန်တိုင်း သံဃနာယက ၀န်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယက ဗဟိုဝန်ဆောင်အဖြစ်လည်းကောင်း(၈)နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး၊ ယခုအခါ ကျန်းရေးကြောင့် အနားယူခဲ့ပါသည်။ ကမ္ဘာအေးရှိ နိုင်ငံတော် ပရိပတ္တိသာသနာ့တက္ကသိုလ် မော်ကွန်းထိန်း ဆရာတော်အဖြစ်(၄)နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယက၏ ပညာရေးအဖွဲ့တွင် ပထမပြန်စာမေးပွဲ အတွက် မေးခွန်းးထုတ်ခြင်း(ပု စ္ဆက)တာဝန်ကိုလည်း(၈)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယက ပြည်တွင်း ပြည်ပ သာသနာပြု သြ၀ါဒါစရိယအဖွဲ့၏ အကျိုးတော်ဆောင်(အတွင်းရေးမှူး) အဖြစ် ယခုတိုင် တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။

ဆရာတော်နှင့် မဟာသွံသာရဘုရား။ ။

တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မဟာသွံသာရဘုရားနှင့် ကျောင်းကို သာသနာသန့်ရှင်းရေးကာလတွင် နိုင်ငံတော်မှ သိမ်းယူခြဲ့ပီး၊ ဆရာတော် တက္ကသိုလ် မော်ကွန်းထိန်းရာထူးမှ အနားယူသောနှစ် (၁၉၈၉ ခုနှစ်) တွင် အဆိုပါ မဟာသွံသာရဘုရားနှင့် ကျောင်းကို ဆရာတော်ကို လှူဒါန်းကာ ကျောင်းထိုင်စေခဲ့ပါသည်။ ဆရာတော်သည် မဟာသွံသာရဘုရားကျောင်းတွင် နေထိုင်သာသနာပြုရင်း နွေရာသီကျောင်းပိတ်ရက်များတွင် ရဟန်းတော်များအတွက် (အထူးသဖြင့် ပထမကြီးတန်၊ ဓမ္မာစရိယတန်းနှင့် ဘွဲ့ရ ရဟန်းတော်များအတွက်) အင်္ဂလိပ်စာ၊ မြန်မာစာ၊ ကွန်ပျူတာသင်တန်းများကို အခမဲ့ ဖွင့်လှစ် သင်ကြား ပို့ချပေးတော်မူခဲ့ပါသည်။

ဆရာတော်သည် နိုင်ငံတော်မှ လှူဒါန်းထားသော မဟာသွံသာရ ဘုရားကျောင်းတွင် နေထိုင်သာသနာပြုနေသော်လည်း ဆရာတော်၏ ကိုယ်ပိုင်လည်းဖြစ်၊ နာယကဆရာတော် အဖြစ် ဆောင်ရွက်နေသော ကျောင်းခွဲများလည်းရှိပါသည်။ ယင်းတို့မှာ…………….

၁။ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရွာဦး ပရိယတ္တိ စာသင်တိုက်။

၂။ ရွှေပြည်သာမြို့နယ်၊ အုတ်ဖို မြသိန်းတန် ကမ္မဋ္ဌာန်း ရိပ်သာကျောင်း။

၃။ ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်း ရန်ပျိုအေး မင်းကျောင်း။

၎။ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလဲ့ မင်းကျောင်း ပရိယတ္တိစာသင်တိုက်။

၅။ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းတာဆုံ ဘုရားကျောင်းတို့ဖြစ်ပါသည်။

ဤသည်ကား မဟာသွံသာရ ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းချုပ် ဖြစ်ပါသည်။