Thursday, April 29, 2010

ကဆုန်လပြည့် ဗုဒ္ဓနေ့



ယနေ့ (၂၇.၄.၂၀၁၀) ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ကမ္ဘာတစ်လွှားရှိ ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဘုရားရှင်ကို သတိရ အောက်မေ့ခြင်း အထိမ်းအမှတ်ပွဲများ၊ ဆုတောင်းပူဇော်ပွဲများ ပြုလုပ်ကြပါသည်။ မြန်မာ၊
ထိုင်း၊ ကမ္ဗေ္ဗာဒီးယား၊ သီရီလင်္ကာ၊ စင်ကာပူနိုင်သံတို့တွင် ဤနေ့ကို အများပြည်သူ အနားယူ
ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ကြသည်။


အဘယ့်ကြောင့် "ကဆုန်လပြည့် ဗုဒ္ဓနေ့"ဟု ခေါ်သနည်း။?


“ဗျာ ဖွါး ပွင့်ပြန်၊ နိဗ္ဗာန်စံ၊ မှတ်ရန် ကဆုန်လ” ဟူသည်နှင့်အညီ ဤ ကဆုန်လပြည့်နေ့သည်


၁။ ဒီပင်္ကရာဘုရားရှင်က ဤသုမေဓါ ရှင်ရသေ့သည် နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်ပြီးနောက် ဂေါတမအမည်ဖြင့် ဘုရားဖြစ်တော်မူလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူသောနေ့သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ဗျာ)


၂။ လုမ္ဗိနီအမည်ရှိသော အင်ကြင်းဥယျာဉ်ဝယ် ဖခမည်းတော် သုဒ္ဓေါဒန၊ မယ်တော် မာယာဒေ၀ီတို့မှ ဖွါးမြင်တော်မူသောနေ့ သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ဖွါး)


၃။ အိန္ဒိယ မဇ္ဈိမဒေသ ဗုဒ္ဓဂယာဒေသ၌ ဗောဓိပင်နှင့် ရွှေပလ္လင်ထက်တွင် မာရ်(၅)ပါးကို အောင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ပွင့်ပြန်)


၎။ ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော်(၄၅)၀ါ၌ မလ္လာမင်းတို့၏ ကုသိနာရုံ အင်ကြင်းဥယျာဉ်ဝယ် နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံတော်မူသောနေ သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (နိဗ္ဗာန်စံ)


ထို့ကြောင့် ဤနေ့ကို အလေးအမြတ်ထားကာ ဗုဒ္ဓဘာသာဝင်တိုင်းက သတိရ အောက်မေ့ပြီး ဘုရားရှင်ကို ပူဇော်ကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ၊ စင်ကာပူနိုင်ငံတို့၌ ဤနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို ရည်မှန်း၍ ဗောဓိညောင်ပင်နှင့် ဘုရားရှင်ကို ရေသွန်းလောင်း ပူဇော်လေ့ ရှိပါသည်။ အခြားသော ထေရ၀ါဒ နိုင်ငံတို့နှင့် မဟာယာနနိုင်ငံများ ဖြစ်ကြသော တရုတ်၊ ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန်နိုင်ငံတို့တွင်မူ ဘုရားရှင် ဖွါးတော်မူရာနေ့ကို
ရည်မှန်း၍ ဘုရားအလောင်းတော်ကလေးကို ရေသွန်းလောင်း ပူဇော်လေ့ ရှိကြပါသည်။


Vesak day ဟုခေါ်ကြခြင်းမှာ ကဆုန်လကို ပါဠိဘာသာအားဖြင်း ‘၀ိသာခ မာသ’ ဟုခေါ်၏။ မာသ သည် လဟုအဓိပ္ပါယ်ရ၏။ ထို့ကြောင့် ဤနေရာ၌ ‘၀ိသာခ’ (Visakha) ကိုသာ ယူရပေမည်။ ပါဠိနာမည်ဖြင့် ခေါ်မည်ဆိုလျှင် Visakha day ဟုခေါ်ဆိုရမည် ဖြစ်ပါသည်။ သို့သော် ယခုအခါတွင်မူ Visakha day ဟု ခေါ်ဆိုခြင်းထက် ဝေသာခ Vesakဟူသော သက္ကတ အမည်ဖြင့ှ် Vesak day ဟူသော နာမည်သည်သာ ပို၍ အသုံးတွင်ကျယ်ကာ လူတိုင်းနားလည် သိရှိနေပါကြောင်း ထပ်လောင်း တင်ပြအပ်ပါသည်။



ဤကား ကမ္ဘာတစ်လွှားရှိ ဗုဒ္ဓဘာသာဝင်များ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပကြခြင်း၊ ဘုရားရှင်ကို ပူဇော်ကြခြင်း၏ အဓိပ္ပါယ် အကျဉ်းချုပ် ဖြစ်ပါသည်။



တက္ကသိုလ် မောင်ကိုရင်