Showing posts with label တွေ့ဆုံခြင်း. Show all posts
Showing posts with label တွေ့ဆုံခြင်း. Show all posts

Sunday, June 26, 2011

“ဘယ်ကျောင်းနေမလဲ မောင်ရေခဲ”

“ဘယ်ကျောင်းနေမလဲ မောင်ရေခဲ”

မိမိနဲ့ သိကျွမ်းရင်းနှီးတဲ့ ဒကာ ဒကာမတွေ၊ မိမိနေခဲ့တဲ့ အရပ်က တပည့်တော်ခဲ့ဖူးတဲ့ ဒကာဒကာမ တွေထဲက တချို့တစ်လေဟာ ကမ္ဘာကြီး ကပဲ ပြားသွားလို့လား၊ သူတို့ရဲ့ နား မျက်စေ့တွေကပဲ အကြောင်းကြောင်းကြောင့် ကျယ်ကုန်ကြလို့လားတော့ မသိဘူး ရေခြား မြေခြားဆိုတဲ့ တိုင်းတစ်ပါးကို ရောက်သွားကြတာ ကမ္ဘာအနှံ့လောက်နီးပါး အတော်လေးပြန့်နေကြပြီ။


အင်း ... သူတို့လို လူတွေ ကမ္ဘာအနှံ့ ခြေဆန့်ကြလို့လဲ ကမ္ဘာကြီး ပြားသွားသလားတော့ မပြော တတ်ပါဘူး။ ဒီဖြစ်ရပ်ရဲ့ အကျိုးဆက် အနေနဲ့ သိသာလာတာ တစ်ချက်ကတော့ ကမ္ဘာပြန့် သွားကြ တဲ့ မြန်မာတို့နဲ့အတူ သူတို့ရဲ့ ဦးထိပ်ထက်မှာ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓ သာသနာ အငွေ့အသက် ကလေးတွေပါ ပါသွားကြတဲ့အတွက် မြတ်ဗုဒ္ဓ သာသနာတော်လဲ သူတို့ သွားရာ ကမ္ဘာအနှံ့ဆီ အတော်လေးပြန့်သွားခဲ့ရပါတယ်။


ဒီလိုနဲ့ပဲ ကိုးကွယ်အားထားရာအစစ်ဖြစ်တဲ့ မြတ်ဗုဒ္ဓသာသနာတော်နဲ့ အကင်းကွာမခံနိုင်ကြတဲ့ သူတို့တွေရဲ့ ပင့်လျှောက်ချက်အရ မိမိအပါအဝင်ဆရာတော် သံဃာတော်များလဲ ရေခြား မြေခြား အထိ ရောက်ဖြစ်သွားပါတယ်။


အရင်ကကြားရုံသာ ကြားဖူးတဲ့ နိုင်ငံကြီးတွေကို ကိုယ်တိုင် ရောက်ရှိထိတွေ့လေ့လာခွင့် ရခဲ့တာကို သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ တကယ်ကိုမှ မြတ်ဗုဒ္ဓရဲ့ကျေးဇူးအစစ်ပါပဲ။


လောကဓံ အပူလှိုင်းကြားမှာ ဆောက်တည်ရာ မရသူတို့အတွက် ပုန်းအောင်း မှီခိုရာ အစစ်ဖြစ် တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မအရိပ်ကြောင့်သာ အခုလို တရားဓမ္မဟောညွှန်ပြသနိုင်ကြတဲ့ ဆရာတော် သံဃာ တော်တွေကို ကမ္ဘာပြန့်ဒကာ ဒကာမတွေက ပင့်လျှောက်ခဲ့ကြတာ မဟုတ်လား။


ပင့်လျှောက်သူတွေရဲ့ အဓိကရည်ရွယ်ချက်က အလည်အပတ်ရောက်စေလိုလို့ သက်သက်မဟုတ်ဘဲ တရားဓမ္မနာယူ မေးမြန်းလိုကြတဲ့ ဆန္ဒရှိကြတဲ့အတိုင်း မိမိတို့ကလဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တော်များ ကို စွမ်းနိုင်သမျှ ဖြန့်ဝေပေးခဲ့ဖြစ်ပါတယ်။


ကမ္ဘာပြန့်မြန်မာတို့နဲ့ အနီးကပ်ထိတွေ့ရတဲ့အခါမှာ သူတို့တွေဟာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသကို မချစ်ရှာလို့ စွန့်ခွာလာကြ သူတွေမဟုတ်ဘူး၊ မဖြစ်သာလို့ ခွဲခွာ နေကြရသူတွေ ဖြစ်တယ်ဆိုတာလဲ သိရှိလာပါတယ်။


အမိမြေနဲ့ ဝေးကွာ နေကြရသူတွေရဲ့ အဓိကချို့တဲ့ချက်ကတော့ မိမိတို့ရဲ့ ကိုးကွယ်ရာ ဘာသာ တရား နဲ့ ပတ်သက်လို့ အမိမြေမှာလို အတုမြင် အတတ် သင်စရာ ကျောင်းကန်ဘုရား သွားလာ ခွင့်တို့၊ တရားဓမ္မနာယူခွင့်တို့ မကြုံကြရတဲ့ ကိစ္စပါပဲ။


ဘယ်အရာ ဘယ်ကိစ္စမဆို “ကြုံကြိုက်ဖို့”ဆိုတာကလဲ ကြုံပါများမှ ကြိုက်ရကောင်းမှန်း သိတတ်ကြ တာဆိုတော့ ရေခြားမြေခြားရောက် မှ လူလားမြောက်ကြရတဲ့ သားစဉ်မြေးဆက်တွေရဲ့ အခြေအနေ က ကိုယ်ဘာသာ တရားနဲ့ ပတ်သက်ပြီး ကြုံလဲကြုံရခဲသလို စွဲစွဲမြဲမြဲ ကြိုက်လဲ မကြိုက် တတ်ကြသေး တဲ့ကိစ္စပါပဲ။


ပြီးတော့ မိဘများ ကိုယ်တိုင်ကလဲ ကိုယ့်မြေ ကိုယ်ဒေသမှာ တုန်းက အကြုံများလို့သာ ကြိုက်ပြီ ကိုးကွယ်ဆည်းကပ်ခဲ့ကြပေ မယ့် ခြေခြေ မြစ်မြစ် လေ့လာ ဆည်းပူးခဲ့ကြတာ မဟုတ်လေတော့ အရာရာကို ခြေခြေမြစ်မြစ်လေ့လာ ဆန်းစစ် မေးမြန်းတတ် တဲ့ ခေတ် လူငယ်တွေရဲ့ စေ့ငု စပ်စုတဲ့ မေးခွန်းမျိုးနဲ့ကြုံရတဲ့အခါ ခေါင်းခဲကြရပါသတဲ့။


ဒီလိုကိစ္စများနဲ့ ပတ်သက်လို့ မေးလာ မြန်းလာတာမျိုး ကြုံရတဲ့အခါမှာတော့ သူတို့ကိစ္စကို ကိုယ့်ကိစ္စလို သဘောထားပြီး စိတ်ရှည်လက်ရှည် ပဲ ဖြေကြားပေးခဲ့ပါတယ်။

အဲဒီလို တွေ့ကြုံ ဖြေကြား ပေးခဲ့ရတဲ့ ပြဿနာများထဲက လော့စ်အိန်ဂျလီမှာ တွေ့ရတဲ့ ပြဿနာတစ်ခု ကတော့ ရေခြား မြေခြားေ ရာက် မိဘများအတွက်သာမက ကိုယ့်မြေကိုယ့်ရေမှာ နေကြတဲ့ မိဘများပါ ကြုံတွေ့နိုင်တဲ့ ပြဿနာမျိုးဖြစ်လို့ အားလုံးသိ ရအောင် ပြန်ပြောပြချင်ပါတယ်။


အဲဒီဒကာက သူတို့မိသားစု အမိမြေနဲ့ ခွဲခွာလာခဲ့ကြတာ ဆယ့်ငါးနှစ်ကျော်သွားပြီ၊ နို့ညှာသားက ခုနှစ်နှစ်သားအရွယ်နို့စို့သမီးက ရင်ခွင်လွတ်အရွယ်မှာ အမိမြေနဲ့ ခွဲခွာခဲ့ကြရတာပါ။ အခုဆို သူတို့ရဲ့သားက တက္ကသိုလ်မှာ ပညာသင်နေပြီ၊


သမီးငယ်ကလဲ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေကြပါသတဲ့။ ငယ်စဉ်ကစပြီး မြန်မာစကားကိုတော့ မိသားစုအချင်း ချင်း ပြောဆိုတဲ့ အလေ့အထ လုပ်ပေးလို့ မြန်မာစကား ပြောတတ်ကြသလို မိရိုးဖလာ ဘုရားကို လက်အုပ်ချီ ဦးချရတာတို့၊ ရဟန်း သံဃာကို အရိုအသေ ပြုရတာ၊ လှူဒါန်းရတာတို့လောက်တော့ အလေ့အကျင့်ရှိခဲ့ပေမယ့် “ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ” စတဲ့ ခြေခြေမြစ်မြစ်ကိုတော့ မိဘများကိုယ် တိုင်ကလဲ ဘာမျှ တိတိကျကျ ရေရေရာရာ မသိခဲ့ကြလို့ သားသမီးများကို လဲ ပြောမပြနိုင်ခဲ့ တဲ့အကြောင်း နိဒါန်းရှည်ကြီးကို ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းတစ်ဝက် ညည်းချင်းတစ်ဝက်နဲ့ပြောပြနေပါတယ်။


(၂)

သူ့ရဲ့စကားကြောက ပြောရင်းပြောရင်း အကြောရှည်ပြီး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာတောင် မသိတော့သလို လုံးခြာလိုက်နေ တာကို အကဲခပ်မိတဲ့အတွက် မိမိကပဲ ကြားဖြတ်ပြီး “ကဲ-ဒကာကြီး၊ အချိန်ကလေးရတုန်း ဒကာကြီးရဲ့ ညည်းချင်းရှည်ကြီးကို လက်စ သတ်ပြီး အဓိက မေးလို တာကိုသာ လိုရင်း တိုရှင်းပြောပြပါ” လို့ ဆိုတော့မှ ဒကာကြီးက “အို .. ဆောရီးပါဘုရား၊ အဲ ကန်တော့ပါဘုရား၊ အခု တပည့်တော် ရဲ့သားနဲ့ သမီးက ကျောင်းမှာ ဘာသာချင်းမတူတဲ့ ဆရာဆရာမတွေ သူငယ်ချင်း တွေနဲ့ စပ်မိစပ်ရာ ပြောကြရင်း ကိုးကွယ်တဲ့ ဘာသာတရား ချင်း နိုင်း ယှဉ် ပြောကြတဲ့အခါမှာ တခြားဘာသာဝင်များက “သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်၊ ပြီးတော့ သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှအပြစ်တွေ လဲ ဆေးကြောဖယ်ရှားပေးမယ်၊ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်၊ ချမ်းသာ သုခတွေနဲ့ ပြည့်စုံအောင်လဲ အစစတာဝန်ယူတယ် “ ဆိုတဲ့ အာမခံချက်အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေ အောင် ပြောပြကြပါသတဲ့။



ပြီးတော့ သူတို့က “မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ ဘုရားဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ၊ အခုမရှိတော့ဘူး။ အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ဘုရားကို ကိုးကွယ် နေကြသူတွေဖြစ်မနေဘူးလား။


တို့ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံတာဝန်ယူပြီး အာမခံချက်ပေးသလို မင်းတို့ဘုရား သခင်ကကော မင်းတို့အတွက် ဘယ်လို တာဝန်ယူသလဲ၊ ဘာတွေ အာမခံချက်ပေး သလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ တပည့်တော် သားနဲ့သမီးတို့က ဘာမှ ရေရေ ရာရာ ပြန် မပြော နိုင်ခဲ့ကြဘူးတဲ့ဘုရား။ ဒါနဲ့ သူတို့စိတ်ထဲမှာလဲ ဇဝေဇဝါနဲ့ ယောင်ဝါးယိမ်းယိုင်တွေ ဖြစ်ကုန်ပုံ ရပါတယ်ဘုရား။


တစ်နေ့ကတော့ တပည့်တော်တို့ကို သားက ကွန်ပလိန်းတက်လာတယ်။ “ဗုဒ္ဓဘာသာတွေဟာ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာ လား၊ ဒါမှမဟုတ် ရှိတယ်ဆိုရင် ဗုဒ္ဓဘုရားရှင် အခုဘယ်မှာရှိ သလဲ၊ သူ့ကို ကိုးကွယ်ဆည်းကပ်သူတွေအပေါ်မှာ ဘာတွေ တာဝန် ယူသလဲ၊ ဘယ်လို အာမခံ ချက် တွေ ပေးသလဲ” ဆိုတာတွေပေါ့ဘုရား။


ပြီးတော့ သားဆက်ပြောတဲ့ စကားက တပည့်တော်တို့ မိဘတွေအတွက် အတော့်ကို တုန်လှုပ်စရာကောင်းတဲ့ စကားဘုရား “ဘာမှ ရေရာမှု မရှိတဲ့ ဘာသာတရားကို ကိုးကွယ်နေတာ ဆိုရင်တော့ သူ့အနေနဲ့ လက်မခံနိုင်ဘူး၊ ရေရာတဲ့ ဘုရားသခင်နဲ့ အာမခံချက်အပြည့် ရှိတဲ့ ဘာသာ ကိုသာ ပြောင်း ပြီး ယူတော့မယ်” တဲ့ဘုရား၊ ဒီစကားကြားရတာ တပည့်တော်ဖြင့် မိုးကြိုးပစ်သလိုကို ခံစားလိုက်ရတယ်။ ကိုယ်ကလဲ ဘာမှ ရေရေ ရာရာ ပြန်မပြောတတ်ဘူး။


ဒီအကြောင်း မိတ်ဆွေသင်္ဂဟတွေကို ပြောပြပြီး အကူအညီတောင်းတော့လဲ အားလုံးလိုလိုက ဝိုးတိုးဝါးတား တွေချည်းပဲဘုရား။ မနေ့ကမှ သူငယ် ချင်းတစ်ယောက်က “အရှင်ဘုရားနဲ့ အတော် လေး မေးမြန်း ပြောဆိုဖူးပါသတဲ့၊ ဒီကစ္စကိုလဲ အရှင်ဘုရားနဲ့ နည်းနည်းဆွေးနွေးကြည့်သင့်တယ်” ဆိုလို့ ဒီနေ့ အလုပ်ကအပြန် အရှင်ဘုရားရှိရာကို တန်းဝင်ခဲ့တာပဲဘုရား၊ တပည့်တော်တို့ အခက်အခဲ ကို ကူညီဖြေရှင်းပေးပါဦး” ဆိုတဲ့မာရသွန်မေး ခွန်းကြီးကို မေးပါတော့တယ်။


မိမိရှင်းပြခဲ့တာကတော့ - ဒကာကြီးရဲ့မေးခွန်းရှည်ကြီးထဲမှာ ပထမဆုံးက “ဗုဒ္ဓဘာသာဝင်တွေဟာ မရှိတဲ့ ဘုရားကိုကိုးကွယ်နေကြ တာလား” ဆိုတဲ့ အချက်ပါ။


လက်ရှိကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်းဆောင် ဆိုတဲ့ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိဘယ်ဖက ဖွားမြင်တယ်၊ ငယ်နာမည်က ဘယ်လိုခေါ်တယ်။


ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်၊ ဘယ်လိုတရားတွေကို ဘယ်အရပ်ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးဟောခဲ့တယ်’ စတဲ့ သေချာရေ ရာတဲ့ မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံရှိတာဆိုလို့ ဦးဇင်းတို့ ဒကာကြီးတို့ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူ တည်းသာ ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့ပညာရှင်တွေအားလုံးကလဲ အလေးထားသိမှတ်ထားကြတာ အားလုံးသိကြမှာပါ။


ဘုရားပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊နီပေါနိုင်ငံတွေ)မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူ ခဲ့တဲ့ ဒီမှတ်တမ်းကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံးတို့ကလည်း အလေးထား အသိမှတ် ပြုကြတယ် ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံး၊ အထောက်အထားပြနိုင်တဲ့ ဘာသာ တရား ဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။


နောက်တစ်ချက်က “ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ” ဆိုတဲ့ ကိစ္စပါ။ အမှန်ကတော့ ဒီမေးခွန်းက မေးဖို့ လိုအပ်လှတဲ့ မေးခွန်းမျိုးတော့ မဟုတ်ပါဘူး၊ ဘာကြောင့် မေးဖို့မ လိုအပ်သလဲ ဆိုတာကို နောက်မှပြောပြပါမယ်။ အခုတော့ အမေးက ရှိနေတဲ့အတွက် အဖြေကိုပဲ အရင်ပြောပြ ပါမယ်။

(၃)

ဂေါတမမြတ်စွာဘုရားရှင်ဟာ(၄၅)ဝါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလဲ မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။ သက်တော်(၈၀)အရွယ်၊ ဝါတော်(၄၅)ဝါ ပြည့်ပြီးချိန်မှာ ပရိနိဗ္ဗာန်စံသွားပါတယ်။


ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို ဘုရားရှင်မိန့်ကြားခဲ့တဲ့ စကားရှိပါတယ် “ ငါဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါဘုရား ရှင်(၄၅)ဝါပတ်လုံး ဟောကြားခဲ့ တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီတရား ပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရားထင်ရှား ရှိနေတယ်လို့ ခံယူကြပါ” ဆိုတဲ့ မှာတမ်းစကားပါ။


ဒါကြောင့် “ မြတ်စွာဘုရား အခုဘယ်မှာရှိသလဲ” ဆိုရင် ဓမ္မက္ခန္ဓာတရားတော်တွေရှိတဲ့ နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။


ဒါကိုကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ဘုရားကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး၊ ထင်ရှားရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံး ပူဇော် နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။

ထပ်ပြီးသတိပေးလိုတာကတော့ “ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရားမဟုတ်ဘူး၊ လိုက်နာကျင့်သုံး ပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ်” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။


မေးခွန်းရှင် မေးတဲ့အထဲမှာ မပါပေမယ့် ဒီနေရာမှာ သိဖို့လိုအပ်တဲ့အတွက် ဖြည့်စွက်ပြီးပြောချင်တာ တစ်ခုလဲရှိပါတယ်၊ အဲဒါကတော့ “ ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့ အတူရှိနေပါသလဲ” ဆိုတဲ့ အချက်ပါ။


မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်တင့်တယ် သပ္ပါယ်မှုကိုသာ ကြည်ညိုတတ် တဲ့ “ဝက္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါးရှိပါတယ်။ ဒီရဟန်းက ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီးကြည်ညိုကိုးကွယ်နေချင်တယ်၊ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က -


“ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း လိုက်နာကျင့်သုံးပူဇော်နေသူဟာ ငါဘုရားရှင်ကို မမြင်ရသော်လဲ ငါဘုရားရှင်နဲ့ အမြဲတွေ့နေရသူဖြစ်တယ်။


ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း မလိုက်နာ မကျင့်သုံးသူဟာ ငါဘုရားရှင်ရဲ့ မျက်နှာတော်ကို မြင်ရုံမက ငါဘုရားရှင်ရဲ့ နောက်က တကောက်ကောက်လိုက်နေသူဖြစ်သော်လဲ ငါဘုရားရှင်နှင့် တွေ့နေသူလို့ မဆိုနိုင်ဘူး” လို့ မိန့်ကြားခဲ့ပါတယ်။


ဘုရားရှင်ရဲ့ မိန့်ကြားချက်အရ မျက်စွာဘုရားရှင်နဲ့ ခရီးမိုင်တာ ဘယ်လောက်ပဲ ဝေးကွာနေနေ၊ အချိန်ကာလတွေဘယ်လောက်ပဲ ခြား နားနေနေ ဒီနေ့ မြတ်စွာဘုရားရှင်ရဲ့ ဟောညွှန်ချက်ကို လိုက်နာကျင့်သုံးပူဇော်နေသူတို့ ရှိတဲ့နေရာမှာအဲဒီပုဂ္ဂိုလ်တွေနဲ့အတူ ဗုဒ္ဓမြတ် စွာရှိနေတယ်”လို့ ဆိုရပါလိမ့်မယ်။


ဒါတွေကတော့ “အမေးရှိရင် အဖြေရှိရမယ်” ဆိုတဲ့အတိုင်းသာ ဖြေလိုက်တာပါ။ အမှန်ကတော့ “ ဘုရားရှင် အခုဘယ်မှာလဲ” ဆိုတဲ့ ပြဿနာဟာ မေးဖို့လိုအပ်တဲ့ ကိစ္စမဟုတ် ပါဘူး။ “ စစ်မှန်တဲ့ ကိုးကွယ်အားထားရာ” ဆိုတာ မြတ်ဗုဒ္ဓရဲ့အလိုတော် အရပြောရ မယ်ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်က အဓိက မဟုတ်ပါဘူး၊ ဓမ္မဓိဋ္ဌာန်ကသာ အဓိကဖြစ်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ ဒီ(အမေရိကန်)က လူတွေသဘော အပေါက်လွယ်ဆုံးဖြစ်မယ့် ဥပမာနဲ့ ပြောရမယ်ဆိုရင် ဒီနေ့ လွတ်လပ်တဲ့ အမေရိကန်ပြည်ထောင်စု ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ ကျော်လောက်ဆီက ဂျော့ဝါရှင်တန်စတဲ့ ခေါင်းဆောင်ကြီးတွေက ရယူပေးခဲ့ တာမဟုတ် လား၊ ဒီနေ့အမေရိကန်ပြည်သူတွေဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံသားတွေအဖြစ်နဲ့ ဝမ်းမြောက် ဂုဏ်ယူပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီတို့ရဲ့ အနှစ်သာရကို ခံစားနေကြရတယ် မဟုတ်လား။


လွတ်လပ်တဲ့ နိုင်ငံသားတွေရဲ့တာဝန်ဟာ “လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ပုဂ္ဂိုလ်တွေ အခု ဘယ်ဘုံဘယ်ဌာနမှာ ရောက်နေသလဲ ဆိုတာ သိဖို့ အရေးကြီးသလား၊ သူတို့ရယူပေးတဲ့ လွတ်လပ် ရေးကို လေးစားတန်ဖိုးထားပြီး တာဝန်ကျေအောင် လိုက်နာ ကျင့်သုံး ကြဖို့လိုသလား” ဆိုတာကို စဉ်းစားကြည့်ရင် ပုဂ္ဂလဓိဋ္ဌာန်နဲ့ဓမ္မဓိဋ္ဌာန်ဘယ်ဟာက အဓိကကျသလဲဆိုတာ သဘောပေါက် လောက် ပါတယ်။


ပြီးတော့ “ဒီနေ့ လွတ်လပ်ရေးကို လေးစားမြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်နေ သူတို့နဲ့အတူ လွတ်လပ်ရေးရဲ့ ဗိသုကာ များ အတူရှိနေပါတယ်” ဆိုရင်ကော ငြင်းဆန်စရာရှိနိုင် သေးသလားဆိုတာ မေးကြည့်ရင်သိကြမှာပါ။


ဘယ်အရာမဆို သိပ္ပံနည်းကျမှ လက်ခံနိုင်မယ်ဆိုသူတွေ အနေနဲ့လဲ “ဒီနေ့ရူပဗေဒ သိပ္ပံပညာ ရပ်တွေ ဆင့်ကဲတိုး တက်ဖွံ့ဖြိုးရေးမှာ ၊ ခေတ်သစ် ရူပဗေဒသိပ္ပံပညာရဲ့ ဘိုးအေကြီးလို့ ဆိုရမယ့် “အိုင်စတိုင်း” အခု ဘယ်မှာရောက်နေသလဲ ဆိုတာကို သိဖို့လိုသလား၊ အိုင်စတိုင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရူပဗေဒပညာရပ်များက ဒီနေ့ခေတ်သစ်သိပ္ပံပညာကို ဘယ်လို အထောက်အကူပြုနိုင်သလဲဆိုတာကို အလေးထားဖို့ လိုသလားစဉ်းစားကြည့်ပါ။


အလားတူပဲ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့ “အယ်ဒီဆင်” ဟာ ဘယ်နိုင်ငံသားလဲ၊ ဘာလူမျိုးလဲ၊ အခု ဘယ်ဘုံဘယ်ဌာန ရောက်နေ သလဲဆိုတာ သိဖို့ လိုသလား၊ သူတီထွင်ခဲ့တဲ့ လျှပ်စစ်စွမ်းအားကို အသုံးချတတ်ဖို့လိုသလား ဆိုတာလဲ စဉ်းစားကြည့်ခိုင်း ပါ။ မြန်မာပြည်သားတစ်ဦးအနေနဲ့ ရိုးသားစွာ ပြောရမယ်ဆိုရင် ဦးဇင်းဘဝသက်တမ်း ထက်ဝက်ကျော်ကျော်လောက်အထိ လျှပ်စစ်ကို ဘယ်သူက တီထွင်ခဲ့သလဲဆိုတာကို လုံးဝစိတ်မဝင်စားခဲ့ဖူးပါဘူး။


အယ်ဒီဆင်က တီထွင်ခဲ့တယ် ဆိုတာကို သိလာတဲ့အခါမှာလည်း အဲဒီပုဂ္ဂိုလ်ဟာ ဘာလူမျိုး လဲ၊ ဘယ်ဘုံဘယ်ဌာန ရောက်နေတယ် ဆိုတာ စိတ်မဝင်စားမိပါဘူး။


ဒီနေ့ လျှပ်စစ်မီးလာမလား၊ မလာဘူးလားဆိုတာကိုသာ စိတ်ဝင်စားပါတယ်။ သူတီထွင်ခဲ့တဲ လျှပ်စစ်က လက်တွေ့အသုံးကျ တယ်ဆိုတာ သိနေပြီကိုး။

အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Sunday, March 6, 2011

ဆရာကောင်းကို ရှာဖွေခြင်း



ဆရာကောင်းကို ရှာဖွေခြင်း

ကုန်ရှုံးတော့ တစ်ခေါက၊်

လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်၊

ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက် ဟူသော စကားအတိုင်း ဘာသာရေး၌ ဆရာရွှေးမှာလျှင် ပစ္စက္ခ၊ သံသရာ နှစ်ဖြာလုံး ဒုက္ခရောက်တတ်၏။ တစ်ဖန် ဆရာရွေးမှန်လျှင်လည်း မိမိကောင်းကျိုး အားလုံး ပြီးတတ်ကြောင်း ဗုဒ္ဒက ရှင်အာနန္ဒာအား မိန့်ကြားဖူး၏။ အရှင်အာနန္ဒက ဗုဒ္ဓအား မိတ်ဆွေ ကောင်းရလျှင် မိမိအကျိုး တစ်ဝက်ပြီးစီး နိုင်သည်ဟု ထင်မြင်ကြောင်းလျှောက်ထား၏။

ထိုအခါ ဗုဒ္ဓက မိတ်ဆွေကောင်းရလျှင် အကျိုး တစ်ဝက် ပြီးစီးသည် မဟုတ် အကျိုးအားလုံး ပြီးစီးနိုင်ကြောင်း သင်တို့သည် ငါကဲ့သို့သော မိတ်ဆွေကောင်းကို ရသောကြောင့် အရဟတ္တမဂ် အရဟတ္တဖိုလ်ဟူသော ကောင်းကျိုး အားလုံးပြီးစီး ကြသည်မဟုတ်လောဟူ၍ မိန့်ကြားတော် မူခဲ့ ဘူးသည်။ ဤနေရာ၌ ဆရာကောင်းနှင့် မိတ်ဆွေကောင်းကို အတူထားပြီး ဟောကြားတော် မူခြင်းဖြစ် သည်။



ဆရာကောင်းကို မမှီဝဲရမှုကြောင့် ပစ္စေကဗုဒ္ဓါဖြစ်ရန် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ပါလျှက် မုဆိုးကြိးဖြစ်နေရသော ပုဂ္ဂိုလ်တစ်ယောက် အကြောင်းကိုမောရသုတ် ပရိတ်ဇာတ် ကြောင်း၌ တွေ့ရ၏။ ထိုအချိန်က ဘုရားအလောင်းသည် ဟိမ၀န္တာတောထဲ၌ ရွှေဥဒေါင်းမင်းကြီး ဖြစ်နေ၏။



ဗာရဏသီမင်းသည် ရွှေဥဒေါင်းမင်းကို မြင်ချင်သောကြောင့် မုဆိုးကြီးတစ်ယောက်အား လစာ ရိက္ခာ အပြည့်အစုံပေး၍ ဖမ်းဆီးရန် လွှတ်လိုက်၏။ ဥဒေါင်းမင်းသည် မောရသုတ် ပရိတ်ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အမြဲရွတ်နေ သောကြောင့် မုဆိုးကြီးသည် မည်သို့မျှ ဖမ်း၍ မမိခဲ့ချေ။



နှစ်အတန် ကြာသောအခါ ဥဒေါင်းကိုဖမ်းခိုင်းသော ဘုရင်ရော ဖမ်းသော မုဆိုဆိုးတို့သာ သေဆုံးသွား၏။ ဥဒေါင်းမင်းကိုကာ ဖမ်းမိခြင်းမရှိချေ။ ထိုကြောင့်ပင် ဘုရင်သည် နတ်ရွာ စံခါနီးသော အခါ ဥဒေါင်းမင်းအား ဘုရင်အဆက်ဆက် တက်တိုင်း ဒုက္ခရောက်စေမည့် စာတစ်ဆောင်ကို ရေးသွား ခဲ့၏။



ထိုစာကား ရွှေဥဒေါင်းမင်း၏ အသားကို စားရသူသည် မအို၊ မနာ၊ မသေ အမြဲနေရရမည် ဟူ၏။ ထိုလုပ်ကြံစာကြောင့် နောက်မင်း အဆက်ဆက် တို့သည် မုဆိုးတို့၏ အကူအညီဖြင့် ရွှေဥ ဒေါင်းမင်းကို မရမက ဖမ်းဆီးကြ၏။ မောရသုတ် ပရိတ်တန်ခိုးကြောင့် ဖမ်း၍ မမိချေ။



တစ်ဆေက်သော မင်းလက်ထက်တွင် ဥဒေါင်းမင်းကို ဖမ်းရန် တာဝန်ချခံရသော မုဆိုးကြီး ကား အသိ ဥာဏ်ပညာနှင့် ပြည့်စုံ၏။ နှစ်အတန် ကြာသည်အထိ ဖမ်း၍ မမိသောအခါ ဥဒေါင်းမင်း တွင် မည်သည့် စွမ်းပကား ရှိနေသနည်းဟု တစေ့တစောင်း ချောင်းမြောင်း လေ့လာသောအခါ မောရ သုတ်ပရိတ် ရွတ်သည်ကို တွေ့သွား၏။



ဤပရိတ်ကို မရွတ်မှသာ ဖမ်း၍ မိနိုင်မည်ကို သိသွားသော မုဆိုးကြီးသည် လေ့ကျင့် သင် ကြားပေးထားသော ဥဒေါင်းမတစ်ကောင်ကို ဥဒေါင်းမင်းကြီး ပရိတ်ရွတ်မည့် အချိန်ကို မှန်းပြီး လွှတ် လွှတ်ပေး၏။ ဥဒေါင်းမ၏ အရှိန်ကြောင့် ဥဒေါင်းမင်းကြီးသည် မောရသုတ် ပရိတ်ကို မရွတ်တော့ချေ။ ထိုကြောင့် တစ်ရက်တွင် မုဆိုးထောင်ထားသော သစ်ကိုင်းတွင် ချေထောက်တစ်ချောင်း စွပ်မိ သွားပြီး လေထဲ၌ ဆောက်ထိုးဖြစ်လျက် နေရှာ၏။



လေထဲတွင် ဦးစောက်ပြောင်းပြန် ဖြစ်ကာ ဒုက္ခရောက်လျှက် ရှိသော ဥဒေါင်းမင်းကို ကြည့်ကာ သနားစိတ်ဝင်သွားသော မုဆိုးကြီးက သတ်ဖြတ်ခြင်း မပြုတော့ဘဲ ကျော့ကွင်းမှ ဖြုတ်ကာ လွှတ်ပေး လိုက်၏။



မုဆိုးဖြစ်လျှက် သနားတတ်ခြင်းသည် သူတော်ကောင်း စိတ်ဓာတ်ခံ ရှိသောကြောင့် ဖြစ်၏။ ထိုသို့ သူတော်ကောင်း ဓာတ်ခံရှိလျှက် မုဆိုးဖြစ်နေရခြင်းသည် အဘယ့်ကြောင့်နည်းဟု မေးစိစစ် ကြည့်သောအခါ ဆရာမိုက်ကြောင့် ဖြစ်ကြောင်း သိသွား၏။



ကုသိုလ် အကုသိုလ်ဟူသည် မရှိ။ ကုသိုလ် အကုသိုလ်၏ ကောင်းကျိုး ဆိုးကျိုးသည် မရှိဟူ၍ သူ၏ ဆရာသမားများက ဟောပြော ဆုံးမကြသောကြောင့် မုဆိုးအလုပ်ကို လုပ်မိကြောင်း မုဆိုးကြီး က ပြောကြားသည်။



ထိုအခါ အလောင်းတော် ဥဒေါင်းမင်းက ကုသိုလ်၊အကုသိုလ်သည် ရှိကြောင်း၊ ကုသိုလ်၊ အကုသိုလ်၏ ကောင်းကျိုး၊ ဆိုးကျိုးသည်လည်း ရှိကြောင်း ဟောပြမှ ကမ္မဿကတာသမ္မာဒိဋ္ဌိ အမြင်မှန်ကို ရသွား၏။



ထိုအမြင်မှန် မှ တစ်ဆင့် ၀ိပဿနာသမ္မာဒိဋ္ဌိအမြင်မှန်သို့ ကူးပြောင်းပြီး ရှုပွားလိုက်ရာ ပစ္စေက ဗုဒ္ဓါဖြစ်သွား၏။ ပစ္စေကဗုဒ္ဓါ ဖြစ်သည်နှင့် မုဆိုးအ၀တ်အစားနှင့် အသုံးအဆောင်များအစား ရဟန်း အ၀တ် အစားနှင့် အသုံးအဆောင်များကို ဆင်မြန်းပြီးသာဖြစ်ကာ ဂန္ဓမာဒနတောင်သို့ ကောင်းကင်မှ ကြွားသွားလေ၏။



ဤဇာတ်တော်၌ ပစ္စေကဗုဒ္ဓါ အလောင်းလျာဖြစ်ပါလျက် ဆရာမိုက်ကို မှီဝဲသောကြောင့် ငရဲကျလု ဆဲဆဲဘ၀သို့ ရောက်ခဲ့ရ၏။ ဥဒေါင်းမင်းနှင့်သာ မတွေ့လျှင် မုဆိုးဘ၀နှင့်သေပြီး ငရဲသို့ ကျ မည်သာဖြစ်၏။ မုဆိုးကြီးသည် ဥဒေါင်းမင်း တည်းဟူသော ဆရာကောင်းကို မှီဝဲဆည်းကပ်လိုက် ရသည့်အတွက် မဂ်ဖိုလ်ကိစ္စအားလုံး ပြီးစီးသွားခဲ့ရ၏။



(ဆရာလွဲကြောင့် ကိုယ်ကျိုးနည်းခဲ့ကြသူများ)

ဆရာလွဲကြောင့် ကိုယ်ကျိုးနည်းခဲ့ ကြရသော ကမ္ဘာအရပ်ရပ်မှ ဖြစ်ရပ်မှန် အချို့ကို သင်ခန်းစာ ယူနိုင်ရန် အကျဉ်းချုပ် ဖေါ်ပြအံ့။

1978 ခုနှစ်က ဂျင်ဂျံး အမည်ရှိ ဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် သူ၏နောက်လိုက် ကိုးရာကျော်တို့အား အဆိပ်ရည်များ သောက်ခိုင်းပြီး သက်သေစေလိုက်၏။ သူလည်း ထိုအဆိပ် ရည်ကိုပင်သောက်ပြီး သေသွား၏။

ယခုအချိန်၌သေလျှင် ထာဝရဘုရားသခင် အလိုကျပြီး ကောင်းကင်ဘုံနန်းသို့ ရောက်ရမည် ဟူသော သူ၏ အားပေးစကားကြောင့် ကြည်ညိုသော သဒ္ဓါသာရှိပြီး ဝေဘန်ဆန်းစစ်တတ်သည့် ပညာ မရှိသော လူကိုးရာကျော်တို့ မသေသင့်ဘဲ သေခဲ့ကြရ၏။



1993 ခုနှစ်ခန့်ကလည်း အမေရိကန်ပြည်ထောင်စု တက္ကဆတ်ပြည်နယ်မှ ဒေးဗစ်ကိုရက်ရှိ အမည်ရှိ ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် နောက်လိုက် များစွာကို ဆွဲဆောင် စည်းရုံးပြီး ဌာနချုပ် ကြီး တခု တည်ထောင်၏။ ဂိုဏ်းဝင် အမျိုးသမီးများစွာဖြင့် လွတ်လပ်စွာ ဖောက်ပြား၏. နောက်တစ်ဆင့် တက်ကာ လက်နက်များပါ စုဆောင်း ကိုင်ဆောင်ထားသဖြင့် လုံခြုံရေး တာဝန်ရှိသူများက ၀င်ရောက် စစ်ဆေးရန် ကြိုးစား၏။

ဒေးဗစ်ကိုရက်ရှ်သည် စစ်ဆေးခွ့်မပြုဘဲ စတင်တိုက်ခိုက်သဖြင့် လုံခြုံရေး တာဝန်ရှိသူ များက လည်း အတင်းဝင်သိမ်းရ၏။ ထိုအခါ ဒေးဗစ်ကိုရက်ရှ်က ဌာနချုပ်ကြီး တစခုလုံးကို မီးတင်ရှို့စေပြီး ဂိုဏ်းဝင်အားလုံး မီးလောင်ပြီး အသေခံကြရန် အမိန့်ပေး၏။ ထို့ကြောင့် ဂိုဏ်းဝင်(85) ယောက် တို့မှာ မီးလောင်ပြီး သေကြ၏။



1950 ၀န်းကျင်ခန့်က ဦးမြတ်သိန်းထွန်းအမည်ရျိ ၀ိပဿနာ တရားပြဆရာ အမည်ခံ ကာမ လူလိမ်တစ်ယောက် ပေါ်ပေါက်ခဲ့ဖူး၏။ သူသည် ထွဋ်ခေါင်ဆရာတော်ကြီး၏ မြေးဖြစ်ကြောင်း ပြောကြား ပြီး ၀ိပဿနာ နယ်ထဲ ၀င်ခဲ့၏။ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ ဟူသော တရား သံဝေဂ လင်္ကာလေးကြောင့် ထွဋ်ခေါင် ဆရာတော်ဆိုလျှင် တစ်ပြည်လုံး သိနေကြ၏။

ထိုကြောင့် ထွဋ်ခေါင်ဆရာတော်၏ အမည်ကို အလွဲသုံးစားပြုပြီး ဘာသာရေး လောကထဲ ၀င်ခဲ့ခြင်းဖြစ်၏။ သေချာ စစ်ဆေးကြည့်သောအခါ အမျိုးပင် မတော်ကြောင်း သိရ၏။ နယ်ချင်း တူသော အချက်လေးကိုယူပြီး မြေးတောပစ်လိုက်ခြင်း ဖြစ်၏။ အဆိုးတကာ့ အဆိုးဆုံးကား သူသည် ဘုရားတစ်ဆူပင်ဖြစ်ကြောင်း ဂိုဏ်းဝင်များကို လှည်းစားလိမ်ညာခြင်းပင်ဖြစ်၏။

ထိုနောက် ဂိုဏ်းဝင်အမျိုးသားများ၏ မယားများကို လပိုင်း နှစ်ပိုင်းအနေဖြင့် အလှုခံ၏။ ထိုသို့ မယားကို လှူနိုင်လျှင် သောတာပန်ဖြစ်ပြီဟု ဟောပြောသောကြောင့် သဒ္ဓါပါးပြီး ပညာပါးကြသော အမျိုးသားများက မိမိတို့၏ မယားများကို လှုဒါန်းကြ၏။ ထိုဆရာက မယားအဖြစ် ပေါင်းသင်း၏။ အမျိုး သမီးများကို တရားစစ်သည်ဟု ဆိုကာ ကာယသံသဂ္ဂများ ပြုလုပ်၏။

ထိုသူသည် ၀ိပဿနာစာအုပ် သုံး လေးအုပ် ဖတ်ကာ တရားပြသည်ဟု ခေါင်းတပ်ပြီး လိမ် စားနေခြင်းဖြစ်၏။ နှစ်အတော်ကြာသောအခါတွင်မှ သဒ္ဓါနှင်ပညာ ပြည်စုံသော ဥပါသကာ တစ်ယောက်က သံဃခုံရုံးတင်ပြီး စစ်ဆေးသော အခါတွင်မှ စာတစ်လုံးမှ မတတ်သော လူလိမ်တစ် ယောက်သာ ဖြစ်ကြောင်း သိကြရ၏။ သူရေးခဲ့သော ၀ိပဿနာ စာအုပ်တော်တော်များများ ယခုအချိန်ထိ ရှိသေး၏။ ထိုအချိန်က ဘာသာရေးစာပေကို စိစစ်ခြင်း မရှိသောကြောင့် ရေးချင်ရာရေး ထားသော စာအုပ်များသာဖြစ်၏။

3.17.2000 နေ့က ယူဂန္ဓာနိုင်ငံ တမ်ပါလာမြို့တော်၏ အနောက်တောင်ဘက် ကီလိုမီတာ (350)ခန့်အကွာ ကန်ဒွန်ဂူမြို့အနီးရှိ ရှိမန်ကက်သလစ် ဘုရားရှိခိုးကျောင်းကြီး ရုတ်တရက် ပေါက်ကွဲ မီးလောင်သွားသဖြင့် လူ(330)ကျော် သေဆုံးခဲ့ရ၏။ အစပထမတွင် မတော်တဆမှုဟု အများက ယူဆကြ၏။

တစ်ချို့ကလည်း မိမိကိုယ်မိမိ အဆုံးစီရင်ကြခြင်းဟု ထင်ကြ၏။ သို့သော် ရေအိမ်အတွင်း တွေ့ရသော ခြေပြတ်လက်ပြတ်များ၊ လည်မျိုညှစ်သတ် ခံရသော ရုပ်အလောင်းများကို တွေ့ရေသော အခါတွင်မှ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ကြောင်းသိလာရ၏။ ရဲက သေချာ စစ်ဆေးသောအခါ မီးလောင် သေဆုံးသွားကြသူအားလုံးက ဆရာအဖြစ် ကိုးကွယ်ကြသော ဂျိုးဆက်ကီဗွီတာ အမည်ရှိ ဂိုဏ်း ခေါင်း ဆောင်ကိုယ်တိုင်က လုပ်ကြံ သတ်ဖြတ်ခြင်းဖြစ်ကြောင်း အမှုမှန်ပေါ်လာ၏။

လိမ်ညာပုံမှာ ဂျိုးဆက်ကီဗွီတာက ခရစ်နှစ် 2000 တွင် ကမ္ဘာကြီးပျက်စီးတော့မည်ဖြစ်ကြောင်း ယေရှုခရစ်နှင့် မယ်တော်မေရီတို့က သူကို လာပြောကြောင်း လိမ်ညာပြီး ဂိုဏ်းဝင်များထံမှ ဥစ္စာပစ္စည်း များကို သိမ်းပိုက် ရယူခြင်းပင် ဖြစ်၏။ ထိုစကားကို 1984 ခုနှစ် ပြောကြားခဲ့ခြင်းဖြစ်၏။ 1999 ခုနှစ် ဒီဇင်ဘာလ(31)ရက်နေ့တွင် ကမ္ဘာပျက်မည် ဟူသော ယင်း၏ ဟောကြားချက် မှားယွင်းကြောင်း ဂိုဏ်းဝင်များက သိရှိသွားသော အခါ မိမိတို့ပေးထားသော ဥစ္စာ စည်းစိမ်များကို ပြန်တောင်းရာမှစ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ပေါ်ပေါက် လာရခြင်း ဖြစ်၏။

မသင်ကာဘွယ်ရာရှိသော အဆိုပါ ဂိုဏ်းခေါင်းဆောင်များ၏ နေအိမ်ခြံဝန်းများအတွင်း တူးဖော် ရှာဖွေရာ ဘူဟွန်ဂါကျေးရွာအနီးတွင် မြှုပ်နှံထားသောအလောင်းပေါင်း 153 လောင်း၊ ရူဂါဇီဒေသရှိ ဂိုဏ်းခေါင်းဆောင် တဦး၏ခြံဝန်းမှ 155 လောင်း တို့ကို ထပ်မံတွေ့ရှိခဲ့ပါသည်။ ဂျိုးဆက် ကီဗွီတာ၏ ခြံဝန်းအတွင်းမှလည်း အလောင်းပေါင်းများစွာကို ထပ်မံတွေ့ရှိရသည်။ စုစုပေါင်း(920) ကျော် အထိ သေဆုံးခဲ့ရသည်။



အဇာတသတ်မင်းသည် ယခုဘ၀တွင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်သော ပါရမီအပြည့်ရှိ၏။

သို့ပါလျက် အရှင်ဒေ၀ဒတ် တည်းဟူသော ဆရာယုတ်ကို ဆည်းကပ်မိသည့်အတွက် ပိတုဃာတက ကံကြီးထိုက်ကာ လောဟကုမ္ဘီငရဲသို့ ကျခဲ့ရခြင်းဖြစ်သည်။



အဂုင်္တ္ထိုရ်ပါဠိတော် ကလျာဏမိတ္တသုတ်၌ ဆရာကောင်း၏ အင်္ဂါ(၇)ချက်ကို ဗုဒ္ဓက ဟောကြား တော်မူခဲ့၏။ ဖေါ်ပြလတံသောအင်္ဂါ(၇)ချက်နဲ့ညီသောသူကို ဆရာကောင်းဟု သတ်မှတ်ပြီ ဆည်းကပ် ကိုးကွယ်ရမည်။ မညီသောသူကို အဝေးမှ ရှောက်ကြဉ်ရမည်။ ထိုအင်္ဂါ (၇)ချက်ကို လွယ်ကူစွာ မှတ်မိ စေရန် မန်လည်ဆရာတော်က ယခုလို လင်္ကာစီပြခဲ့၏။



ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊

လွဲမိုက်ဆုံး၊ မေးသမျှခံ။

ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊

ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်၊

့ပြည့်လျှမ်းညီညာ၊ ဤဆရာ၊

ဖွေရှာ တပည့်ခံ။



ဆရာကောင်း ဂုဏ်အင်္ဂါခုနှစ်ဖြာ



၁။ ရိုသေထုက်သောဂုဏ်ရှိခြင်း။

၂။ ချစ်ခင်ထိုက်သောဂုဏ်ရှိခြင်း။

၃။ ချီးမွမ်းထိုက်သောဂုဏ်ရှိခြင်း။

၎။ တပည့်ဖြစ်သူ လမ်းလွဲနေလျှင် ဆုံးမခြင်း။

၅။ တပည့်မေးသမျှကို ဖြေဆိုနိုင်ခြင်း။

၆။ နက်နဲသောတရားကို ဟောကြားနိုင်ခြင်း။

၇။ အကျိုးများသောနေရာကို ညွှန်ပြနိုင်ခြင်း။ ဤကားဆရာကောင်း၏ အင်္ဂါ(၇)ချက်ပင်ဖြစ်သည်။ ထိုတွင် ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်သော ဂုဏ်ဟူသည် သင်္ဂဟတရား(၄)ပါးနှင့် ပြည့်စုံ ခြင်းကို ဆိုလို၏။



သင်္ဂဟတရား (၄)ပါးဟူသည်

၁။ ဒါန= ပေးကမ်းစွန့်ကြဲခြင်း။ ၂။ ပေယျဝဇ္ဖ = ချစ်ဖွယ်သော စကားရှိခြင်း။ ၃။ အတ္ထစရိယ = တပည့် အကျိုးရှိရာကိုကျင့်ခြင်း။ ၄။ သမာနတ္ထတာ = တန်းတူရေတူ ဆက်ဆံခြင်းတို့ဖြစ်၏။



[B]လောဘကင်းသ၊ူ လောဘနည်းသူမှာ ဒါနကို ပြုလုပ်နိုင်၏။ ထိုကြောင့် လောဘနည်းသော ဆရာဟုတ် မဟုတ် သိနိုင်ရန် ဒါနပြု မြုပုကို ကြည်ရ၏။ ချစ်ခင်ဖွယ် မေတ္တာစကားကို ဒေါသနည်းသူ ဒေါသမရှိသူသာ ပြောနိုင်၏။ ထိုကြောင့် ဒေါသ နည်းသော ဆရာ ဟုတ် မဟုတ် သိနိုင်ရန် ချစ်ဖွယ်သော စကား ရှိ မရှိကို ကြည့်ရ၏။[/B]

[B] တပည့်တို့၏ အကျိုကို ကြည့်ခြင်းဟူသည် ပရဟိတ အလုပ်ကို လုပ်ခြင်းပင်ဖြစ်၏။ မည်သည့် မျှော်လင့်ချက်မှ မထားဘဲ ပရဟိတ အလုပ်ကို လုပ်ခြင်းဟူသည် လောကအတွက် မိမိကိုယ်ကို အသုံး ချခြင်းပင်ဖြစ်၏။[/B]

[B] ဘယ်သူသေသေ ငတေမာရင် ပြီးရော ဟူသော စကားအတိုင်း မိမိကိုယ်ကျိုးတစ်ခုအတွက် သာ ပြုလုပ်သူသည် လောက မိမိအတွက် အသုံးချခြင်းဖြစ်၏။ လောကအတွက် မိမိကိုယ်ကို အသုံးချ သူသည်သာ ပညာရှိ သူတော်ကောင်း အစစ်ဖြစ်၏။ ထိုသို့ ပညာရှိ သူတော်ကောင်း ဟုတ် မဟုတ် သိနိုင်ရန် အတ္ထစရိတာ ဟူသောအချက်ကို ထည့်ထားခြင်း ဖြစ်၏။[/B]

[B] မာနကင်းသူ မာနနည်းသူသာလျှင် သူတစ်ပါးကို မိမိကဲ့သို့ တန်းတူ ရည်တူ ဆက်ဆံနိုင်၏။ ထို့ကြောင့် မိမိကိုယ်းကွယ်မည့် ဆရာသည် မာနကင်းသူ နည်းသူ ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် သမာနတ္ထတာ အင်္ဂါကို ထည့်သွင်းထားခြင်း ဖြစ်၏။[/B]



ဗုဒ္ဓရှင်တော်မြတ် ပဉ္စဂ္ဂဒါယကပ ပုဏ္ဏားအိမ်ရှေ့၌ ဆွမ်းရပ်၇ာတွင် ပုဏ္ဏား က အဦးချန် ထားသော ဆွမ်းမရှိတော့သဖြင့် စားဆဲပန်းကန်မှ ဆွမ်းကျန်ကို လှုလို့ရမရ မေးမြန်းရာ ရကြောင်း မိန့်ကြား၍ အလှူခံကာ ဘုန်းပေးသုံးဆောင်ခြင်းသည် မာနကင်းသောကြောင့် သမာနတ္ထတာ အင်္ဂါကို ကျင့်သုံးခြင်းဖြစ်၏။

` တစ်ခါက ရန်ကုန်မြိ့တွင် ၀ိဇ္ဖာအမည်ခံ ဘိုးတော်တစ်ဦးက ကိုးကွယ်သူ တပည့်များ စားမည့် မုန့်ဟင်းခါးအိုးကြီးထဲသို့ အများရှေ့တွင် တံတွေးများ ထွေးထည့်ပြီး စားစေ၏။ သဒ္ဓါသာရှိပြီး ပညာ မရှိ ကြသော သူဌေး သူကြွယ်ဆိုသူများသည် ရွံရှာဖွယ် မုန့်ဟင်းခါးကို မရွံမရှာ စားသောက်ကြ၏။

ထိုသို့စားလျှင် ၀ိဇ္ဖာကဲ့သို့ သိဒ္ဓိပြီးစီး မည်ဟု ယုံကြည်နေသောကြေင့် ဖြစ်၏။ ဤ အပြုအမူ များသည် သမာနတ္ထတာ အင်္ဂါချို့ယွင်းခြင်းပင်ဖြစ်၏။ ဆရာစစ် ဆရာမှန် ဟုတ် မဟုတ် စစ်ဆေးနည်း ကို တင်ပြပြီးနောက် ထိုဆရာဆိုသူ ဟောကြားသည့် တရားသည် တရားစစ်တရားမှန် ဟုတ် မဟုတ် စစ်ဆေးနည်းကို ပြဦးအံ့။



အဂုင်္တ္ထိုရ်ပါဠိတော် နှစ်နေရာတွင် တရားစစ် တရားမှန် ဟုတ် မဟုတ် စစ်ဆေးနည်း နှစ်မျိုးကို တွေ့ရ၏။ ကာလမသုတ်တွင် မိမိနာယူသော တ၇ားသည်။



အကုသိုလ်လည်းဖြစ်မည်။ အပြစ်လည်း ရှိမည်။ ပညာရှိများလည်း ကဲ့ရဲ့မည်။

အကျိုးလည်း မဲ့မည်။ ဆင်းရဲခြင်းငှာလည်း ဖြစ်မည် ဆိုလျှင် တရားတုတရားယောင်သာ ဖြစ်၍ ပယ်ရမည်။



မိမိနာယူသောတရားသည်

ကုသိုလ်လည်း ဖြစ်မည်။ အပြစ်လည်း ကင်းမည်။ ပညာရျိတို့လည်း ချီးမွမ်းမည်။ ကောင်းကျိုးလည်း ရှိမည်။ ချမ်းသာခြင်းငှာလည်း ဖြစ်မည် ဆိုလျှင် တရားစစ် တရားမှန်ဖြစ်၍ ကျင့်သုံးဆောက်တည် ရမည်။



အင်္ဂုတ္ထိုရ်ပါဠိတော် အဋ္ဌကနိပါတ် သံခိတ္တသုတ်တွင် မည်သည့်တရားမဆို ကပ်ငြိမှု ရာဂနှင့် ယှဉ်တွဲ ဖို့သာ ဖြစ်စေမည်၊ သံယောဇဉ်တိုးပွားဖို့သာ ဖြစ်စေမည်။ ၀ဋ်ဆင်းရဲ၌ နစ်မွန်းဖို့သာ ဖြစ်စေမည်။ အလိုရမ္မက်ကြီူဖို့သာ ဖြစ်စေမည်။ မရောင့်ရဲ၊ မတင်းတိမ်ခြင်းကိုသာ ဖြစ်စေမည်၊ ကိလေသာတရား များနှင့် ပေါင်းဖော်စုဝေးဖို့ သာဖြစ်စေမည်။

တရားအလုပ် နောက်ဖုတ်ပျင်းရိဖို့သာ ဖြစ်စေမည်။ သူတစ်ပါးက လုပ်ကျွေးမွေးမြူဖို့ ခံယဉ်း ခြင်းကိုသာ ဖြစ်စေမည် ဆိုလျှင် ဤကဲ့သို့သော တရားမျိုးသည် အပါယ်လေးပါးသို့ မကျအောင် ရွတ် ဆောင်တ်သော သဘော (ဓမ္မ) မဟုတ်။ ကိလေသာအပူကို ပယ်ဖျောက်ကြောင်း(၀ိနယ) မဟုတ်။ မြတ်စွာဘုရားရှင်တို့၏ အဆုံးအမ(သတ္ထုသနန)မဟုတ်ဟု ဆုံးဖြတ်အပ်၏။ ထိုနှင့်ဆန့်ကျင်ဘက်အား ဖြင့် မည်သည့်တရားမဆို---

ကပ်ငြိမှုရာဂကင်းဖို့သာ ဖြစ်စေမည် ။ သံယောဇဉ် ကင်းဖို့သာ ဖြစ်စေမည်။ ၀ဋ်ဆင်းရဲမှ လွတ် မြောက်ဖို့သာ ဖြစ်စေမည်။ အလိုရမ္မက်နည်းဖို့သာ ဖြစ်စေမည် ။ ရောင့်ရဲတင်းတိမ်မှုကိုသာ ဖြစ်စေ မည်။ ကိလေသာတရားများနှင့် ကင်းဝေးမှုကိုသာ ဖြစ်စေမည်။ တရားအလုပ်ကြိုးစားအားထုတ်မှု ကိုသာ ဖြစ်စေမည်။ သူတစ်ပါးတို့က လုပ်ကျွေးမွေးမြူဖို့ လွယ်ကူခြင်းကိုသာ ဖြစ်စေမည် ဆိုလျှင်---



ဤကဲ့သို့သော တရားမျိုးသည် အပါယ်လေးပါး မကျအောင် ရွတ်ဆောင်တတ်သော သဘော(ဓမ္မ)ဟုတ်၏။ ကိလေသာ အပူကို ပယ်ဖျောက်ကြောင်း(၀ိနယ)ဟုတ်၏။ မြတ်စွာဘုရား ရှင်၏ အဆုံးအမ (သတ္ထုသာသန)ဟုတ်၏ဟု ဆုံးဖြတ်အပ်၏။



စာရှုသူအားလုံး ဆရာမှန်နှင့် တရားစစ်၊ တရားမှန်ကို ရှာဖွေတွေ့ရှိကြပါစေ။



မှတ်ချက်။ ကန်ဦးဇေတ၀န်စာသင်တိုက် ရွှေရတုမဂ္ဂဇင်းမှတင်ပြသည်။



မေတ္တာရှင်(ရွှေပြည်သာ)

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်




ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။

အလန်ကလီးမင့်ထ်စ်
“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။

ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။

ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။

ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။

မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။


အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ်
ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”


ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”


အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

မူရင်းစာမျက်နှာ