Saturday, January 23, 2010

အမျိုးဘာသာ သာသနာ (၂)


အမျိုး ဘာသာ သာသနာ (၂)

လူတိုင်းသည် မိမိတို့၏ အနျိုးကို စောင့်အပ်၏။ မိမိတို့ သာသနာကို မြတ်နိုးအပ်၏။ မိမိတို့၏ သာသနာကို ထိန်းသိမ်းအပ်၏။ ဤသည်မှာ နိယာမ ဖြစ်၏။ နိယာမကို ဓမ္မကျင့်စဉ်ဖြင့် လိုက်နာကြစော လူမျိုးတို့သည် ဤကမ္ဘာ မြေပြင်၌ ရှိကြကုန်၏။ အဓမ္မကျင့်စဉ်ဖြင့် လိုက်နာကြစော လူမျိုးတို့သည် ဤကမ္ဘာ မြေပြင်၌ ရှိကြကုန်၏။

အဓမ္မကျင့်စဉ်ဖြင့် လိုက်နာကြသောအခါ မိမိတို့၏ အမျိုးမှ အမျိုး၊ မိမိတို့၏ ဘာသာမှ ဘာသာ၊ မိမိတို့၏ သာသနာမှ သာသနာ ဟူ၍ မြင်ကြ၏။ ဤသို့သော အမြင်ကို ဗုဒ္ဓဘာသာ အမြင်အရဆိုလျှင် “ဣဒမေ၀ သစ္စံ၊ မောဃ မညံ” ဟု ဆိုအပ်၏။ “ငါ့ လူမျိုးသည်သာ အမှန်တရား သစ္စာနှင့် ယှဉ်၏။ အခြားသော လူမျိုးတို့သည် အမှန်တရား သစ္စာနှင့် မယှဉ်။ အချည်းနှီး လူမျိုး” ဖြစ်၏။ “ငါ့ ဘာသာ သည်သာ အမှန်တရား သစ္စာနှင့် ယှဉ်၏။ အခြားသော ဘာသာတို့သည် အမှန်တရား သစ္စာနှင့် မယှဉ်သော အချည်းနှီး ဘာသာ” ဖြစ်၏။ “ငါ့ သာသနာ သည်သာ အမှန်တရား သစ္စာနှင့် ယှဉ်၏။ အခြားသော သာသနာ တို့သည် အမှန်တရား သစ္စာနှင့် မယှဉ်သော အချည်းနှီး သာသနာ” ဖြစ်၏။ ဤသို့ ယူပါက မိစ္ဆာ ဒိဋ္ဌိ အယူကို ယူခြင်းနှင့် အတူတူပင် ဖြစ်၏။

ကျွန်တော်တို့သည် မိမိတို့၏ လူမျိုး၊ မိမိတို့၏ ဘာသာ၊ မိမိတို့၏ သာသနာကို ဓမ္မကျင့်စဉ်ဖြင့် စောင့်ထိန်း၏။ ဓမ္မကျင့်စဉ်ဖြင့် မြတ်နိုး၏။ ဓမ္မကျင့်စဉ်ဖြင့် ပျိုးထောင်၏။ ထို့ကြောင့် အမျိုး ဘာသာ သာသနာ နှင့် ပတ်သက်လျှင် ကျွန်တော်တို့သည် ဓမ္မကျင့်စဉ်ဖြင့် လိုက်နာကြသော လူမျိုးတို့၏ စာရင်း၌ ပါဝင်ကြ၏။ အဓမ္မကျင့်စဉ်ဖြင့် လိုက်နာကြသော လူမျိုးတို့၏ စာရင်း၌ မပါဝင်။ တစ်နည်းအားဖြင့် ဆိုရလျှင် ကျွန်တော်တို့သည် ဓမ္မ၀ိဒီ အုပ်စု၌သာ ပါဝင်၏။ အဓမ္မ၀ါဒီ အုပ်စု၌ မပါဝင်။

ဤအစဉ်အလာသည် ကျွန်တော်တို့အား မြတ်စွာဘုရား၏ အဆုံးအမက သင်ပေးထားသဖြင့် ထိုသင်ကြားချက်အတိုင်း သမိုင်းတစ်လျှောက်လုံး ကျွန်တော်တို့ လိုက်နာခဲ့ကြသော အစဉ်အလာ ဖြစ်၏။ ဗုဒ္ဓဘာသာ မှန်လျှင် ဤအစဉ်အလာအတိုင်း လိုက်နာကြသည်ချည်း ဖြစ်၏။ ထိုသဘောကို အသောကမင်းကြီး၏ သတ္တမ ကျောက်စာ၌ ဤသို့ တွေ့ရ၏။

ဒေ၀ါနံ ပိယော ပိယဒသိ ရာဇမ သ၀တြံ ဣဆတိ သဝေ ပါသံဍာ ၀သေယုံဟိ”

သဝေ၊ အလုံးစုံကုန်သော။ ပါသံဍာ၊ အယူအမျိုးမျိုး ရှိကုန်သူတို့သည်။ ၀သေယုံ၊ နေနိုင်ကြပါစေ။ ဣတိ၊ ဤသို့။ ဒေ၀ါနံ၊ နတ်တို့သည်။ ပိယော၊ ချစ်အပါသော။ ပိယဒသိ၊ ချစ်စရာကိုသာ မြင်အောင် ကြည့်တတ်သော။ ရာဇာ၊ အသောက မင်းကြီးသည်။ သ၀တြံ၊ နေရာတိုင်း၌။ ဣဆတိ၊ အလိုရှိ၏။

ကျွန်တော်တို့သည် အမျိုး ဘာသာ သာသနာ နှင့် ပတ်သက်လျှင် ဓမ္မ၀ါဒီ အုပ်စု၌ ပါဝင်ကြသည် မှန်ပါ၏။ သို့ရာတွင် ကျွန်တော်တို့၏ ဓမ္မကား အခြားသူများ၏ ဓမ္မနှင့် မတူပါချေ။ ကျွန်တော်တို့၏ ဓမ္မကား ဗုဒ္ဓ ဓမ္မ ဖြစ်၏။ ကျွန်တော်တို့၏ ဓမ္မကား ဗုဒ္ဓ ဓမ္မ ဖြစ်သည့်အလျှောက် ကျွန်တော်တို့၏ လောက အမြင်သည်လည်း ဗုဒ္ဓ ဓမ္မ နှင့်ယှဉ်သော လောက အမြင် ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်တော်တို့၏ လောက အမြင်သည် အခြားသူများနှင့် မတူ ဟု ဆိုခြင်း ဖြစ်ပါ၏။

လူတို့သည် လောကကို ကြည့်ရာတွင် အမြင်သုံးမျိုးဖြင့် ကြည့်တတ် ကြ၏။ အမြင်(၃) မျိုးဖြင့် ကြည့်တတ်ကြခြင်းမှာလည်း မျက်စိ သုံးမျိုး ရှိသောကြာင့် ဖြစ်ပါ၏။ မျက်စိ သုံးမျိုးဖြင့် ကြည့်လျှင် အမြင်သုံးမျိုးဖြင့် လောကကို မြင်မည်မှာ သေချာ၏။

ထို မျက်စိ သုံးမျိုးတို့တွင် ပထမ မျက်စိကို “ပပဉ္စ မျက်စိ”ဟူ၍ ဆိုရ၏။ “ပပဉ္စ မျက်စိ”ဟူသည်မှာ တဏှာ မျက်စိ၊ မာန မျက်စိ၊ ဒိဋ္ဌိ မျက်စိ ဖြစ်ပါ၏။ ထို့ကြောင့် လောကို “ပပဉ္စ မျက်စိ” ဖြင့် ကြည့်သေညအခါ တဏှာ အမြင်၊ မာန အမြင်၊ ဒိဋ္ဌိ အမြင်တို့ဖြင့်သာ မြင်မည် ဖြစ်ပါ၏။ တဏှာ အမြင်၊ မာန အမြင်၊ ဒိဋ္ဌိ အမြင် ဟူသည်မှာ ပင်ရင်း ဇာစ်မြစ်ကို မမြင်ဘဲ၊ လူသား စငိစစ်ကို တွေ့ပါလျှက် ယင်း၏ ဂုဏ်ထူး ၀ိသေသ ဖြစ်သော “ဥပါဓိ” ကို မြင်သော အမြင် ဖြစ်ပါ၏။

ပုဂ္ဂိုလ်နှင့် ကတ်သက်လျှင် မိမိရှေ့၌ လူကို တွေ့ပါလျှက် လူသား စင်စစ်ကို မမြင်ဘဲ၊ ယင်း၏ ဂုဏ်ထူး ၀ိသေသ ဖြစ်သော “ဥပါဓိ” ကိုသာ မြင်လေ၏။ ဤသူကား ၀န်ကြီး၊ ဤသူကား ရုံးလုလင်၊ ဤသူကား သူဋ္ဌေး၊ ဤသူကား ဆင်းရဲသား စသော အမြင်များဖြင့်သာ မြင်ကြ၏။ ဤသို့ မြင်သောအခါ မျက်နှာ ချိုသွေးလိုသော စိတ်၊ မောက်မာလိုသော စိတ်၊ တပည့်ခံလိုသော စိတ်၊ ဆရာ လုပ်လိုသော စိတ် တို့သည် ဖြစ်ပေါ်လာတတ်ကြ၏။ ဤစိတ်များမှာ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့အပေါ် အခြေခံသော စိတ်များ ဖြစ်ကြ၏။

နိုင်ငံနှင့် ပတ်သက်လျှင်လည်း ပပဉ္စ မျက်စိဖြင့် ကြည့်ပါက ကြောက်ရမည့် နိုင်ငံ၊ နိုင်ရမည့် နိုင်ငံ၊ ဆရာ တင်ရမည့် နိုင်ငံ၊ တပည့်အဖြစ် မွေးံရမည့် နိုင်ငံ၊ ရန်သူ အဖြစ် ဆန့်ကျင်ရမည့် နိုင်ငံ စသော အမြင်များဖြင့် မြင်ကြ၏။ ဘာသာ နှင့် ပတ်သက်ရာ၌ လည်းကောင်း၊ သာသနာ နှင့် ပတ်သက်ရာ၌ လည်းကောင်း ပပဉ္စ မျက်စိဖြင့် ကြည့်ပါက ထိုနည်းတူ မြင်ရမည်ပင် ဖြစ်၏။ ဤသည်မှာ အများက ကပ်ထားသော အမှတ်တံဆိပ်ကိုသာ ကြည့်တတ်သော အမြင် ဖြစ်၏။ အမှတ်တံဆိပ် ဟူသည်မှာ ထာဝရ မတည်၊ ကွာကျတတ်သော သဘော ရှိသည်ကို သူတို့ အလေးမထားကြ။ ထို့ကြောင့် ဤအမြင်မျိုးဖြင့် လောကကို မကြည့်မိအောင် မြတ်စွာဘုရားက သွန်သင် ဟောပြတော် မူခဲ့ခြင်း ဖြစ်ပါ၏။

ဒုတိယ မျက်စိကို “ဗြဟ္မစိုရ် မျက်စိ”ဟုဆိုရ၏။ “ဗြဟ္မစိုရ် မျက်စိ” ဖြင့် လောကကို ကြည့်သောအခါ ပုဂ္ဂိုလ်နှင့် ပတ်သက်လျှင် ချစ်စရာ များကိုသာ မြင်တတ်၏။ ကြင်နာစရာ များကိုသာ မြင်တတ်၏။ ၀မ်းသာစရာ များကိုသာ မြင်တတ်၏။ ခွင့်လွတ်စရာ များကိုသာ မြင်တတ်၏။ အသောက မင်းကြီးသည်လည်း လောကကို ကြည့်သောအခါ “ဗြဟ္မစိုရ် မျက်စိ” ဖြင့်သာ ကြည့်လေ့ရှိကြောင်း ထင်ရှား၏။ ထို့ကြောင့် ကမ္ဘာက အသောကမင်းကြီးကို “ပိယ ဒဿိ” ဘွဲ့ အမည် ပေးခဲ့ကြခြင်း ဖြစ်ပါ၏။ “ပိယ ဒဿိ” ဟူသည်မှာ ချစ်စရာ အချက်အလတ်များ၊ ချစ်ကွက်များကိုသာ မြင်အောင် ကြည့်တတ်သူ ဟု အဓိပ္ပါယ် ရ၏။ ချစ်စရာ အကွက်များကိုပင် မြင်အောင် ကြည့်တတ်လျှင် ကြင်နာစရာ အကွက်များ၊ ၀မ်းသာစရာ အကွက်များ၊ ခွင့်လွတ်စရာ အကွက်များကိုလည်း မြင်အောင် ကြည့်တတ်မည်မှာ သေချာ၏။

“ဗြဟ္မစိုရ် မျက်စိ” ဖြင့် ကြည့်မည်ဆိုပါလျှင် အသား အရောင် အဆင်း အမှတ်တံဆိပ်ကို ကျော်လွန်၍ ကြည့်တတ်ရမည် ဖြစ်ပါ၏။ “ဗြဟ္မစိုရိ” ကို “အပ္ပ မညာ” ဟုလည်းခေါ်၏။ “အပ္ပ မညာ”၏ အနက်မှာ အကန့်အသတ် ပမာဏ မခွဲခြားဘဲ၊ သတ္တ၀ါများ အားလုံး အပေါ်၌ တစ်သားတည်း သဘောထားခြင်းပင် ဖြစ်ပါ၏။ ဘုရင့် သားမှ ချစ်သည်၊ သူတောင်းစား သားကို မချစ် ဟူ၍ မခွဲခြားဘဲ၊ ထပ်တူ ချစ်သည့် သဘောမျိုးကို ဆိုလို၏။ ကြောင်းကျိုး နိယာမ သဘောအားဖြင့် အာရုံထင် ထပ်တူဖြစ်မှ သိစိတ် ထပ်တူ ဖြစ်နိုင်၏။ ထို နိယာမအရ အားလုံး လူချည်းပင် ဖြစ်၏။ လူစာရင်း၌ အားလုံးပါဝင်၏။ အားလုံးပင် “မနုဿတ္တ ဘာဝေါ ဒုလ္လဘော” အရ ရခဲသော လူ့ဘ၀ကို ရကြသူချည်းပင် ဖြစ်၏။ အမှန်အားဖြင့် အမည် နာမ ဘွဲ့ တံဆိပ် ဟူသည်…..

“ပျော်စံရိပ်ငြိမ်၊ စည်းစိမ် မကွာ၊ မင်း ချမ်းသာကား၊ သမုဒ္ဒရာ၊ ရေ မျက်နှာထက်၊ ခဏ တတ်သည့်၊ ရေပွက် ပမာ၊ တစ်သက် လျာတည်း။”

ဟူသော အနန္တသူရိယ အမတ်ကြီး၏ အဆိုအမိန့်အတိုင်း ယနေ့ ၀န်ကြီးသည် မနက်ဖန် အရပ်သား ဖြစ်နိုင်၏။ ယနေ့ သူဋ္ဌေးသည် မနက်ဖန် ဆင်းရဲသား ဖြစ်နိုင်၏။ ဘာမျှ ခိုင်မာ တည်မြဲသော အရာဝတ္ထုများ မဟုတ်ကြ။ အမှန်အားဖြင်း “ပပဉ္စ မျက်စိ” ဟူသည် မခိုင်မြဲသော ဘွဲ့ ဂုဏ်ထူး အမှတ် တံဆိပ်ကိုသာ မြင်လို၏။ သို့မှသာ တဏှာ ၀င်နိုင်မည်။ မာန ၀င်နိုင်မည်။ ဒိဋ္ဌိ ၀င်နိုင်မည်။

ဗြဟ္မစိုရ် မျက်စိဖြင့် လူမျိုးကို ဖြစ်စေ။ ဘာသာကို ဖြစ်စေ၊ သာသနာကို ဖြစိစေ ကြည့်မည်ဆိုပါလျှင် အားလုံး လူသားတည်းဟူသော မူရင်းဇာစ်မြစ်ကို မြင်အောင် ကြည့်နိုင်မှ ဖြစ်၏။ မူရင်းဇာစ်မြစ်ကို မြင်အောင် မကြည့်ဘဲ၊ တရုတ်၊ မြန်မာ၊ ကုလား ဟု လူမျိုး အလိုက် ခွဲခြား၍ ကြည့်လျှင် ဖြစ်စေ၊ သူဋ္ဌေး၊ ဆင်းရဲသား ဟု ဥစ္စာ ဓန အလိုက် ခွဲခြား၍ ကြည့်လျှင် ဖြစ်စေ၊ ၀န်ကြီး၊ ရုံးလုလင် ဟု ရာထူး အဆင့် အလိုက် ခွဲခြား၍ ကြည့်လျှင် ဖြစ်စေ၊ ချစ်ကွက်ကို မြင်ဖို့ ခက်ခဲ၏။ ကြင်နာကွက်ကို မြင်ဖို့ ခက်ခဲ၏။ ၀မ်းသာကွက်ကို မြင်ဖို့ ခက်ခဲ၏။ ခွင့်လွတ်ကွက်ကို မြင်ဖို့ ခက်ခဲ၏။ တဏှာကွက်၊ မာနကွက်၊ ဒိဋ္ဌိကွက် များကိုသာ မြင်ဖို့ များ၏။ ထို့ကြောင့် ဗြဟ္မစိုရ် မျက်စိဖြင့်သာ လောကကို ကြည့်ရန် မြတ်စွညဘုရားက ဟောပြ ဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါ၏။

တတိယ မျက်စိ ဟူသည်မှာ လောကကို ကျေးဇူးတင်တတ်သော မျက်စိ ဖြစ်ပါ၏။ ယင်းကို “ကတညုတ မျက်စိ” ဟု ဆိုနိုင်၏။ လူကို လူအဖြစ်သာ မြင်အောင် ကြည့်နိုင်လျှင် မိမိနှင့် ထပ်တူ အားလုံး ချစ်စရာ၊ ကြင်နာစရာ၊ ၀မ်းသာစရာ၊ ခါင့်လွတ်စရာ ချည်းကိုသာ မြင်မည်ဖြစ်၏။ မိမိသည်လည်း လူပင်ဖြစ်၏။ မိမိကိုယ်ကို မိမိ ချစ်နိုင်၊ ကြင်နာနိုင်၊ ၀မ်းသာနိုင်၊ ခွင့်လွတ်နိုင်ပါလျှင် မိမိနှင့် မူရင်းဇာစ်မြစ်အားဖြင့် တစ်ခုတည်းဖြစ်သော အခြား လူများကို ဘာ့ကြောင့် မချစ်နိုင်၊ မကြင်နာနိုင်၊ ၀မ်းမသာနိုင်၊ ခွင့်မ့်လွတ်နိုင်ရမည်နည်း။ ထို့ကြောင့် ဗြဟ္မစိုရ် မျက်စိဖြင့် လောကကို ကြည့်သောအခါ အားလုံး ချစ်စရာ၊ ကြင်နာစရာ၊ ၀မ်းသာစရာ၊ ခွင့်လွတ်စရာ ချည်းကိုသာ မြင်ရသည်ဟု ဆိုလိုရင်းဖြစ်ပါ၏။

အားလုံး ချစ်စရာ၊ ကြင်နာစရာ၊ ၀မ်းသာစရာ၊ ခွင့်လွတ်စရာများထဲမှ ကျေးဇူးတင်စရာကို မြင်အောင် ကြည့်တတ်ဖို့ လိုသေး၏။ ကျေးဇူးတင်စရာကို “ကတညုတ မျက်စိ” ဖြင့် ကြည့်မှ မြင်၏။ လောက အပေါ် ကျေးဇူး တင်တတ်လျှင် ထိုကျေးဇူးကို တစ်နည်းနည်းဖြင့် ပြန်လည် ပေးဆပ်မည်သာ ဖြစ်၏။ အခြား တစ်စုံတစ်ရာ တုန့်ပြန်မှုကိုမျှ မျှော်လင့်ခြင်း မရှိဘဲ၊ ကျေးဇူးရှင် ကျေနပ်ခြင်းကိုသာ မျှော်လင့်ခြင်းသည် ကျေးဇူးဆပ်ခြင်း၏ အနက် အဓိပ္ပါယ် ဖြစ်ပါ၏။ လောကတွင် ဤနည်းဖြင့် ကျေးဇူးဆပ်ခြင်းသည်သာ အမြင့်မြတ်ဆုံးဖြစ်ကြောင်း မြတ်စွာဘုရားက ဟောတော်မူခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ျတ်ာတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါ၏။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အားလျှော်စွာ ကျွန်တော်တို့၏ အမျိုး ဘာသာ သာသနာ အတွက် ဖွံ့ဖြိုး တိုးတတ်အောင် အားထုတ်ရာ၌ ဤ “ကတညုတ” အမြင်မျိုးဖြင့်သာ အားထုတ်အပ်ပါ၏။

ကျွန်တော်တို့သည် မိမိတို့၏ လူမျိုးကို ချစ်ကြ၏။ ကမ္ဘာ ပေါ်ရှိ အခြားသော လူမျိုးများကိုလည်း ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်၍ ချစ်သည်ပင် ဖြစ်ပါ၏။ သို့ရာတွင် ကတညုတ မျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်း ပါဠိတော် ဥပနိဿယ ပစ္စည်းအရ ကျွန်တော်တို့ အပေါ်၌ ကျွန်တော်တို့ လူမျိုးက ပို၍ ကျေးဖူးကြီး၏။ ထို့ကြောင့် အခြားသော လူမျိုးများထက် ကျွန်တော်တို့ လူမျိုးများ အပေါ် ပို၍ ကျေးဇူးဆပ်ရမည် ဖြစ်ပါ၏။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်း များကလည်း “နရ ယည” ဟုဆို၏။ “နရ ယည” ဟူသည်မှာ မိမိတို့၏ လူမျိုးများကို ကြီးမြတ်စွာ ပူဇော်ခြင်း ဟု အဓိပ္ပါယ်ရ၏။

အလားတူပင် ကျွန်တော်တို့သည် မိမိတို့၏ ဘာသာကို မြတ်နိုးကြ၏။ ကမ္ဘာ ပေါ်ရှိ အခြားသော ဘာသာများကိုလည်း ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင် ဖြစ်ပါ၏။ သို့ရာတွင် ကတညုတ မျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်း ပါဠိတော် ဥပနိဿယ ပစ္စည်းအရ ကျွန်တော်တို့ အပေါ်၌ ကျွန်တော်တို့ ဘာသာက ပို၍ ကျေးဖူးကြီး၏။ ထို့ကြောင့် အခြားသော ဘာသာများထက် ကျွန်တော်တို့ ဘာသာ အပေါ် ပို၍ ကျေးဇူးဆပ်ရမည် ဖြစ်ပါ၏။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်း များကလည်း “ဗြဟ္မ ယည” ဟုဆို၏။ “ဗြဟ္မ ယည” ဟူသည်မှာ မိမိတို့၏ ဘာသာ စပေများကို ကြီးမြတ်စွာ ပူဇော်ခြင်း ဟု အဓိပ္ပါယ်ရ၏။

ထိုနည်းတူပင် ကျွန်တော်တို့သည် မိမိတို့၏ သာသနာတော်ကို မြတ်နိုးကြ၏။ ကမ္ဘာ ပေါ်ရှိ အခြားသော သာသနာများကိုလည်း ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင် ဖြစ်ပါ၏။ သို့ရာတွင် ကတညုတ မျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်း ပါဠိတော် ဥပနိဿယ ပစ္စည်းအရ ကျွန်တော်တို့ အပေါ်၌ ကျွန်တော်တို့ သာသနာတော်က ပို၍ ကျေးဖူးကြီး၏။ ထို့ကြောင့် အခြားသော သာသနာများထက် ကျွန်တော်တို့ သာသနာတော် အပေါ် ပို၍ ကျေးဇူးဆပ်ရမည် ဖြစ်ပါ၏။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်း များကလည်း “ဒေ၀ ယည” ဟုဆို၏။ “ဒေ၀ ယည” ဟူသည်မှာ မိမိတို့၏ ဘုရား နှင့် သာသနာတော်ကို ကြီးမြတ်စွာ ပူဇော်ခြင်း ဟု အဓိပ္ပါယ်ရ၏။

သို့ရာတွင် ကျွန်တော်တို့၏ ဘုရားကား အခြားသူများ၏ ဘုရားနှင့် မတူ။ ထို့ကြောင့် ကျွန်တော်တို့၏ သာသနာတော်မှာလည်း အခြာူသူများ၏ သာသနာနှင့် မတူပါချေ။ ဤသည်မှာ ကတညုတ မျက်စိဖြင့် လောကကို ကြည့်သောအခါ မြင်ရသော အမြင်များ ဖြစ်ပါ၏။ ဤအမြင်မျိုးဖြင့်သာ ကျွန်တော်တို့သည် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာတော်ကို တိုးတက်သည်ထက် တိုးတတ်အောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင်၊ ပြန့်ပွါးသည်ထက် ပြန့်ပွါးအောင် အားထုတ်အပ်ပါ၏။

အမှန်အားဖြင့် အရေအတွက်ထက် အရည်အချင်းသည် ပြဋ္ဌာန်း၏။ အရေအတွက်သည် အားသစ်ကို မဖြစ်ပေါ်စေနိုင်ဘဲ၊ အရည်အချင်းသည်သာ အားသစ်ကို ဖြစ်ပေါ်စေနိုင်ပါ၏။ ဒဿန ကျမ်းများ၌ အရေအတွက်အရ ဖွဲ့စည်းခြင်းကို “သံယောဟ သမ္ဗန္ဓ” ဟုခေါ်၏။ အရည်အချင်း အရ ဖွဲ့စည်းခြင်းကို “သမ၀ါယ သမ္ဗန္ဓ” ဟုခေါ်၏။ ထိုတွင် အရည်အချင်း အရ ဖွဲ့စည်းနိုင်ပါမှသညလျှင် ကျွန်တော်တို့၏ အမျိုး ဘာသာ သာသနာတော်သည် အမှန်တကယ် တိုးတတ်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့သည် မိမိတို့၏ အမျိုး ဘာသာ သာသနာတော်ကို အမှန်တကယ် တိုးတတ်စေလိုပါလျှင် လောကကို ကတညုတ မျက်စိဖြင့် ကြည့်ပြီး၊ အရေအတွက် အရ ဖွဲ့စည်မှို “သံယောဟ သမ္ဗန္ဓ” နည်းထက် အရည်အချင်း အရ ဖွဲ့စည်းမှု “သမ၀ါယ သမ္ဗန္ဓ” နည်းလမ်းဖြင့်သာ လပ်ဆောင်သင့်ပါ၏။ ဤနည်းမှာ ဗုဒ္ဓ အလိုကျ နည်းလမ်းလည်း ဖြစ်ပါ၏။

ကျွန်တော်တို့နှင့် (၃၁) ဘုံသည် သံယောဇဉ်ကြိုးများဖြင့် နှောင်ဖွဲ့ထားခြင်း ဖြစ်လေရာ၊ ကျွန်တော်တို့က လှုပ်သလို (၃၁)ဘုံကလည်း လိုက်၍ လှုပ်မည်သာ ဖြစ်ပါ၏။ ကျွန်တော်တို့က “ဓမ္မ” အရ လှုပ်လျှင် (၃၁) ဘုံကလည်း “ဓမ္မ” အရ လိုက်၍ လှုပ်မည်ပင် ဖြစ်ပါ၏။ ကျွန်တော်တို့က “အဓမ္မ” အရ လှုပ်လျှင် (၃၁) ဘုံကလည်း “အဓမ္မ” အရ လိုက်၍ လှုပ်မည်ပင် ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်တော်တို့၏ အမျိုး ဘာသာ သာသနာတော် တိုးတတ် ပြန့်ပွါးရေး လုပ်ငန်းများ၌ “ကတညုတ မျက်စိ” အမြင်ဖြင့် ကြည့်၍ “ဓမ္မ” အရ လှုပ်နိုင်အောင် ကြိုးပမ်း အားထုတ်သင့်ပါသည်။

ဦးရွှေအောင်

[ဓမ္မဂီရိ စာစောင်၊ ဖေဖေါ်ဝါရီလ ၁၉၉၃]