မေတ္တာ ပို့ခြင်း နှင့် မေတ္တာ ဘာဝနာ ပွါးခြင်း
မေတ္တာ ဘာဝနာ။ ။
မေတ္တာ ဘာဝနာဟူသည် သမထကမ္မဋ္ဌာန်း (၄၀)တွင်ပါဝင်သော သမာဓိ ကမ္မဋ္ဌာန်း တစ်ခုဖြစ်၏။ ဤမေတ္တာ ဘာဝနာကို ပွါးများ အားထုတ်ခြင်းဖြင့် ဈာန်(၄)ဆင့်အနက် တတိယဈာန် အထိရနိုင်၏။
မေတ္တာ ဆိုသည်မှာ။ ။
မေတ္တာ ဆိုသည်မှာ သတ္တ၀ါတို့၏ အကျိုးစီးပွါးကို လိုလားသောစိတ်၊ သတ္တ၀ါတို့ကို ချမ်းသာစေလိုသော စိတ်ပင် ဖြစ်ပါသည်။ သတ္တ၀ါတို့၏ အကျိုးစီးပွါးကို လိုလားလျှက် ချစ်ခင် မြတ်နိုးသောစိတ်ဟုလည်း ဆိုနိုင်ပါ၏။ အဘိဓမ္မာ၌ မေတ္တာသည် စေတသိတ်ဖြစ်၏။ ဤ မေတ္တာ ဘာဝနာ အရာ၌မူ ထိုမေတ္တာ စေတသိတ်နှင့် ယှဉ်သောစိတ်ကို မေတ္တာဟု ဆိုရသည်။
တဏှာ ရာဂသည် မေတ္တာ မဟုတ်။ ။
တစ်စုံတစ်ယောက်အပေါ်၌ ငြိကပ်တွယ်တာလျှက် ချစ်ခင်သောစိတ် (တဏှာ ရာဂ)သည် မေတ္တာ မဟုတ်ပေ။ ငြိကပ်တွယ်တာခြင်း ကင်းလျှက် ချမ်းသာစေလိုသော သဘော သက်သက်ဖြင့် ချစ်ခင်သော စိတ်သည်သာ မေတ္တာ အစစ် ဖြစ်ပါ၏။
ငြိကပ်တွယ်တာလျှက် ချစ်သော ရာဂချစ် တဏှာချစ်သည် ပူလောင်၏။
ငြိကပ်တွယ်တာမှု ကင်းလျှက် ချစ်သော မေတ္တာချစ်သည် အေးမြ၏။
တဏှာချစ်ကြောင့် ဆင်းရဲရ။ ။
မိမိက တဏှာ ရာဂချစ်ဖြင့် ချစ်ခင်နေသူ တစ်ယောက်သည် မိမိနှင့် ခွဲခွါ၍ တစ်ရပ်တစ်နယ်သို့ သွားရောက် နေထိုင်သည့်အခါ ထိုသူ ထိုအရပ်၌ မည်မျှပင် ချမ်းချမ်းသာသာ နေရစေကာမှု ထိုသူကို မတွေ့မမြင်ရသဖြင့် မိမိမှာ စိတ်ဆင်းရဲရ၏။ ထို့ကြောင့် ငြိကပ် တွယ်တာလျှက် ချစ်သော တဏှာချစ် ရာဂချစ်သည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။
ဤငြိကပ် တွယ်တာလျှက် ချစ်သော အချစ်မျိုးသည် မိဘ နှင့် သားသမီး၊ မောင် နှင့် နှစ်မ၊ ဆွေမျိုး တစ်ဦး နှင့် တစ်ဦး၊ မိတ်ဆွေ တစ်ဦး နှင့် တစ်ဦး တို့၏ အကြား၌ပင် များစွာ ဖြစ်တတ်သေး၏။ ဇနီး ခင်ပွန်း၊ ချစ်သူတို့၏ အကြား၌ကား ပြောဖွယ် မလိုတော့ပေ။
မေတ္တာချစ်ကြောင့် ချမ်းသာရ။ ။
မိမိက ငြိကပ် တွယ်တာမှု မရှိဘဲ၊ ချမ်းသာစေလိုသော သဘောသက်သက်ဖြင့် မိမိနှင့် ခွဲခွါ၍ တစ်ရပ်တစ်နယ်သို့ သွားရောက် နေထိုင်သောအခါ ထိုသူမှာ ချမ်းသာသည် ဖြစ်စေ ဆင်းရဲသည် ဖြစ်စေ၊ ထိုသူကို မတွေ့မမြင်ရသဖြင့် မိမိမှာ ဆင်းရဲခြင်း မဖြစ်ပေ။ ထိုသူကို အာရုံပြု၍ ထိုသူ ချမ်းသာစေလိုသော စိတ်ထားသည် မိမိ စိတ်အစဉ်ဝယ် စိမ့်ဝင်ပျံ့နှံ့နေရကား မိမိမှာ ချမ်းသာမြဲ ချမ်းသာနေ၏။ ထို့ကြောင့် ငြိကပ် တွယ်တာခြင်း ကင်းလျှက် ချစ်ခင်သော မေတ္တာချစ်သည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏။
ထိုမျှမက မိမိမေတ္တာ ပွါးသည့်အတိုင်း ထိုသူချမ်းသာနေလျှင် ၀မ်းမြောက် ၀မ်းသာ မုဒိတာ ပွါး၍ရ၏။ မချမ်းသာဘဲ ဆင်းရဲနေလျှင်လည်း ကြင်နာ သနား ကရုဏာ ပွါးနေရုံသာ ဖြစ်၏။ စိတ်ဆင်းရဲမှုကား မိမိမှာ မဖြစ်ပေ။
မေတ္တာ ပွါးခြင်း၏ ကိုယ်တွေ့ အကျိုး။ ။
တစ်ဦးတစ်ယောက် အပေါ်၌ဖြစ်စေ၊ အများအပေါ်၌ဖြစ်စေ၊ မေတ္တာစိတ်ထားကို များများပွါးများလာလျှင် မိမိ သန္တာန်၌ မေတ္တာစိတ်ဓာတ်များ တဖွားဖွား ဖြစ်ပေါ်လာပေလိမ့်မည်။ မေတ္တာစိတ်ဓာတ်များ တဖွားဖွားဖြစ်ပေါ်လာလျှင် ပွါးသူ၏ စိတ်ဓာတ်သည် တည်ကြည်လာ၏။ ငြိမ်သက်လာ၏။ ကြည်လင်၏။ ငြိမ်းအေး၏။ ချမ်းမြေ့၏။ နှစ်သက် ၀မ်းမြောက်မှု ပီတိ ပါမောဇ္ဇတို့ စိတ်အစဉ်ဝယ် စိမ့်ဝင် ပျံ့နှံ့နေသဖြင့် မည်သည့် ချမ်းသာနှင့်မျှ မတူသော ချမ်းသာကို ခံစားရ၏။ ရုပ်သွင်သည်လည်း တည်ကြည် ငြိမ်သက် ကြည်လင် ငြိမ်းအေးလာ၏။ ထိုသူ့ကို တွေ့မြင်ရသူ မှန်သမျှ၊ ဆက်ဆံရသူ မှန်သမျှတိုင်းသည် အလိုလို စိတ်ချမ်းသာ၏။ မုန်းနေသော ရန်သူများသည်ပင် ချစ်ခင်စိတ် ၀င်လာတတ်၏။ ဤသည်မှာ မေတ္တာကို အချိန်ယူ၍ ပွါးများသူတို့ ကိုယ်တွေ့ကြုံရသော မေတ္တာ၏ အကျိုးတရားများ ဖြစ်ကြ၏။
ပိဋကတ်ကျမ်းလာ မေတ္တာ အကျိုးများ။ ။
ယောက်ျား များ၍ မိန်းမ နည်းသော အိမ်ကို သူခိုး၊ ဓါးပြတို့ ၀င်ရောက် ခိုးယူ လုယက်နိုင်ရန် လွန်စွာ ခဲယဉ်းသကဲ့သို့ မေတ္တာ တရားဖြင့် မိမိစိတ်ကို ထုံမွှမ်းထားသူကို ဘီလူး စသည်တို့က မနှောင့်ယှက် မဖျက်ဆီးနိုင်ပေ။
ထက်လှစွာသော လှံသွားကို ကိုင်၍ ကွေးခြင်း၊ လိပ်ခြင်း ပြုလုပ်လျှင် ပြုသူသည်သာလျှင် လှံသွားရှ၍ ဆင်းရဲရသကဲ့သို့ မေတ္တာပွါးသူ၏ စိတကို နှောင့်ယှက် ဖျက်ဆီးရန် ဘီလူး စသည်တို့က ကြိုးစားလာလျှင် ထိုဘီလူး စသည်တို့သည်သာ ကိုယ်စိတ် ပင်ပန်း ဆင်းရဲမှုကို ခံစားကြရ၏။ (နိဒါန၀ဂ္ဂသံယုတ်၊ ၄၅၄-၄၅၅)
မေတ္တာ ပွါးခြင်း အကျိုး (၁၁)မျိုး။ ။
၁။ချမ်းသာစွာ အိပ်ရခြင်း၊
၂။ချမ်းသာစွာ နိုးရခြင်း၊
၃။အိပ်မက်ကောင်း မြင်မက်ခြင်း၊
၎။လူအများ ချစ်ခင်ခြင်း၊
၅။နတ် ဗြဟ္မာ စသော တစ်ခြားသော သတ္တ၀ါတို့ကလည်း ချစ်ခင်ခြင်း၊
၆။နတ်တို့ စောင့်ရှောက်ခြင်း၊
၇။လက်နက်၊ အဆိပ်၊ မီး စသည်တို့ကြောင့် မသေခြင်း၊
၈။စိတ် တည်ကြည် ငြိမ်သက်ခြင်း၊
၉။မျက်နှာ ကြည်လင် ရွှင်ပျခြင်း၊
၁၀။မတွေဝေဘဲ၊ သတိရှိလျှက် သေရခြင်း၊
၁၁။သေသောအခါ ဗြဟ္မာ ဖြစ်ရခြင်း။
(အင်္ဂုတ္တရ၊ ဧကာဒသက၊ ၄၅၁)(အံ၊၃၊၅၄၂)
ဆောင်ပုဒ် ကဗျာ
အိပ်သော် ချမ်းသာ၊ နိုးခါ သုခ၊ ရွှင်ပျ အိပ်မက်၊ နှစ်သက် လူတို့၊ နတ်တို့ ချစ်ခင်၊ နတ်ပင် စောင့်နေ၊ မီး ရေ မဖျက်၊ ငြိမ်သက် တည်ကြည်၊ ရွှင်ကြည် မျက်နှာ၊ သေခါ မမှိုင်၊ ဗြဟ္မာ တိုင်သား၊ ဆယ့်တစ်ပါးကို၊ ကျမ်းဂန် ဆိုသည်၊ ဗိုလ်လူ အများ၊ မေတ္တာပွါး။
ဒါန နှင့် မေတ္တာ ဘယ်အရာက ပို အကျိုးကြီးသလဲ။
တစ်နေ့(၃)ခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာ ထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်(၃)ခါမျှ၊ မေတ္တာ ပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ ။
(နိဒါန၀ဂ်၊ သြပမ္မသံယုတ်၊၄၅၅)
ငါးရာ နှစ်ဆယ် ရှစ်သွယ် မေတ္တာ။ ။
အနောဓိသ ပုဂ္ဂိုလ် (၅)ဦး
၁။သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)
၂။သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)
၃။သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)
၎။သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)
၅။သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု
သြဓိသ ပုဂ္ဂိုလ် (၇)ဦး
၁။သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)
၂။သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)
၃။သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)
၎။သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)
၅။သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)
၆။သဗ္ဗေ မနုဿာ=(လူသား အားလုံး)
၇။သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)
မှတ်ချတ်။ ။မရည်ရွယ် မပိုင်းခြားဘဲ ပွါးများသော မေတ္တာကို အနောဓိသ မေတ္တာ ဟုခေါ်၏။
ရည်ရွယ် ပိုင်းခြား အမည်နာမ တပ်၍ ပွါးများသော မေတ္တာကို သြဓိသ မေတ္တာ ဟုခေါ်၏။
န္တု (၄)ပါး၊ မေတ္တာ (၄)ပါး။ ။
၁။အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
၂။အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
၃။အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
၎။သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(၅၂၈) ငါးရာ နှစ်ဆယ် ရှစ်သွယ် မေတ္တာ မြှောက်ပွါးပုံ။ ။
(က) ပုဂ္ဂိုလ် (၁၂)ယောက်ကို တည်၊ န္တု (၄)ပါး ဖြင့် မြှောက်၊ မူလ မေတ္တာ (၄၈)ပါး ဖြစ်၏။
(ခ) မေတ္တာ (၄၈) ကို တည်၊ အရပ်မျက်နှာ (၁၀)ပါးဖြင့် မြှောက်၊ မေတ္တာ (၄၈၀)ပါး ဖြစ်၏။
(ဂ) မေတ္တာ (၄၈၀)ကို တည်၊ အရပ်မပါသော မေတ္တာ(၄၈)ပါးနှင့် ပေါင်း၊ (၅၂၈) မေတ္တာ ဖြစ်၏။
မေတ္တာ ပို့ခြင်း နှင့် မေတ္တာ ဘာဝနာ ပွါးခြင်း။ ။
ထို မေတ္တာ စိတ်ကို မိမိသန္တာန်၌ အထိုက်အလျှောက် ဖြစ်ပွါးရုံမျှ “သတ္တ၀ါ မှန်သမျှ ကျန်းမာ ချမ်းသာကြပါစေ” ဟု မိနစ် အနည်းငယ်မျှ ဆင်ခြင် နှလုံးသွင်း ပွါးများခြင်းကို မေတ္တာ ပို့သည်ဟု ခေါ်ပါသည်။
မိမိသန္တာန်၌ သာမန် မေတ္တာစိတ် ဖြစ်ပွါးရုံမျှ မဟုတ်ဘဲ၊ မေတ္တာ စိတ်ဓာတ် အင်အားကောင်းစွာ တစ်ဖွါးဖွါး ဖြစ်ပေါ်လာကာ တစ်ကိုယ်လုံး မေတ္တာ စိတ်ဓာတ် ရစ်ပတ်လွှမ်းခြုံလျှက် စိမ့်ဝင်ပျံ့နှံ့အောင် “ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ” ဟု အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် နှလုံးသွင်း ပွါးများခြင်းကို မေတ္တာ ဘာဝနာ ပွါးများသည်ဟု ခေါ်ပါသည်။
သြဓိသ ၊ အနောဓိသ နှင့် ကြိုတင် သိထားသင့်သော အချက်များ။ ။
မေတ္တာ ဘာဝနာ ပွါးများ အားထုတ်ရာတွင် တစ်ဦးတည်းကို ဖြစ်စေ၊ အစုလိုက်ကို ဖြစ်စေ ပိုင်းခြား ကန့်သတ်၍ ပွါးများလျှင် သြဓိသ မေတ္တာ ဖြစ်၏။ မည်သည့် ပုဂ္ဂိုလ်ဟု ပိုင်းခြား ကန့်သတ်မှု မရှိဘဲ ပွါးများလျှင် အနောဓိသ မေတ္တာ ဖြစ်၏။
ပုဂ္ဂိုလ် ပိုင်းခြား ကန့်သတ်၍် သြဓိသ မေတ္တာ ပွါးများလိုသူသည် ပွါးရမည့် ပုဂ္ဂိုလ်၊ မပွါးရမည့် ပုဂ္ဂိုလ်တို့ကို ကြိုတင်သိထားဖို့ လိုအပ်၏။
၁။ မိမိ မချစ်ခင်သော မုန်းသောသူကို အစဆုံး (အဦးဆုံး) မေတ္တာ မပွါးရ။ မုန်းသောသူကို အစဆုံး (အဦးဆုံး) မေတ္တာပွါးလျှင် မေတ္တာစိတ် မဖြစ်ပေါ်နိုင်ပေ။
၂။ အလွန် ချစ်ခင်သောသူကိုလည်း အစဆုံး မေတ္တာ မပွါးရ။ အလွန် ချစ်ခင်သောသူကို အာရုံပြူ၍ အစဆုံး မေတ္တာပွါးလျှင် ထိုသူ၏ အနည်းငယ်မျှသော ဆင်းရဲ ဒုက္ခကိုပင် တွေးဆင်ခြင်မိက ငိုမိမလောက် စိတ်ဆင်းရဲရသဖြင့် မေတ္တာစိတ် မဖြစ်ပေါ်နိုင်ပေ။
၃။ မချစ် မမုန်း သိကျွမ်းရုံမျှ ဖြစ်သော အလယ်အလတ် ပုဂ္ဂိုလ်ကိုလည်း အစဦးဆုံး မပွါးရ။ မချစ် မမုန်း သိကျွမ်းရုံမျှ ဖြစ်သော ပုဂ္ဂိုလ်ကို ချစ်ခင်သူအဖြစ် ထား၍ ဆင်ခြင် နှလုံးသွင်းလျှင် ပင်ပန်း၏။
၎။ ရန်သူကိုလည်း အစဆုံး မေတ္တာ မပွါးရ။ ရန်သူကို အစဆုံး မေတ္တာ ပွါးလျှင် မေတ္တာစိတ် မဖြစ်ဘဲ၊ ဒေါသစိတ်သာ ဖြစ်ပေါ်လာတတ်၏။
၅။ ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို သြဓိသ မေတ္တာ အနေဖြင့် ပိုင်းခြား ကန့်သတ်၍ မပွါးရ။ ပွါးလျှင် တဏှာ ရာဂ ဖြစ်တတ်သည်ဟု ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ဆို၏။ ဤအဆိုကို တစ်ထစ်ချုမမှတ်ယူသင့်ပေ။ မေတ္တာ ဘာဝနာ ပွါးမှု အသးမကျသေး၊ မနိုင်နင်းသေးမီ အခြေအနေကို ရည်ရွယ်၍ ဆိုသည်ဟု မှတ်ယူသင့်၏။ အဘယ့်ကြောင့်ဆိုသော် လက်တွေ့ မေတ္တာ ဘာဝနာ ပွါးများ အားထုတ်သူများသည် အသားကျ၍ နိုင်နင်းကျေပွန်စွာ ပွါးများမိသောအခါ ၀ိသဘာဂ အာရုံ (ယောက်ျား မိန်းမ အာရုံ) ကိုလည်း အခက်အခဲ မရှိဘဲ၊ မေတ္တာစိတ်ဖြစ်အောင် ပွါးများ အားထုတ်၍ ရသောကြောင့်ပင် ဖြစ်ပါ၏။
၆။ သေသူကို မေတ္တာ ပွါးလျှင် ဥပစာရ သမာဓိကိုလည်း မဖြစ်စေနိုင်၊ အပ္ပနာ သမာဓိကိုလည်း မဖြစ်စေနိုင်ပေ။ ထို့ကြောင့် သေသူကိုလည်း မေတ္တာ မပွါးအပ်သည်သာတည်း။
(၀ိသုဒ္ဓိမဂ်၊ ၁၊ ၂၈၇-၂၈၈)
မေတ္တာ ဘာဝနာ ပွါးရာ၌ ပရိကံ
(ကြိုတင် ပြုလုပ်ရမည့် အစီအစဉ်)။ ။
မေတ္တာ ဘာဝနာ နှင့် ပတ်သတ်၍ သိသင့်သိထိုက်သည်များကို လေ့လာ နားလည် ပြီးသော မေတ္တာ ဘာဝနာ အားထုတ်သူသည် မိမိ မေတ္တာ ပွါးမည့် အချိန်ပိုင်း အတွင်း၌ ကြောင့်ကြ (ပလိဗောဓ)များ ကင်းရှင်းအောင် စီမံထားပြီးနောက် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရေမိုးချိုး ဆေးကြော သန့်စင်ပြီးလျှင် တိတ်ဆိတ်သော အချိန်တွင် တိတ်ဆိတ်သော နေရာ၌ စိတ်ရော ကိုယ်ပါ လျှော့ချလျှက် သက်တောင့်သက်သာစွာ ထိုင်ရမည်။ ထို့နောက် ရတနာ(၃)ပါး၊ မိဘ၊ ဆရာတို့ကို ရှိခိုးကန်တော့ရမည်။
ပွါးများပုံ အဆင့်ဆင့်။ ။
မေတ္တာပွါးရန် အဆင်သင့် ဖြစ်သောအခါ
ပထမ-မြတ်နိုး ကြည်ညို ရိုသေ လေးစားအပ်သူ၊
ဒုတိယ-ချစ်ခင်သော မိတ်ဆွေ၊
တတိယ-မချစ် မမုန်း သိကျွမ်းရုံမျှ ဖြစ်သူ၊
စတုတ္ထ-မုန်းသူ၊
ပဉ္စမ-ရန်သူ တို့အပေါ်၌ အစဉ်အတိုင်း အဆင့်ဆင့် ပွါးများရမည်။ မေတ္တာ စိတ်ထား တစ်ဖွါးဖွါး ဖြစ်ပေါ်လာသည်အထိ အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် ပွါးများပြီးမှ နောက်ပုဂ္ဂိုလ်ကို ပြောင်းကာ အစဉ်အတိုင်း ပွါးများရသည်။
မိမိကိုယ်ကို စပွါးပါ။ ။
မေတ္တာ ပွါးမည့်သူသည် ပထမဆုံး “ငါ ဘေးရန်ကင်းရပါစေ၊ ငါ ရောဂါ ကင်းပါစေ၊ ငါ ကိုယ်စိတ်(၂)ဖြာ ဆင်းရဲခြင်းမှ ကင်းပါစေ” မိမိ ကိုယ်ကို သက်သေ အဖြစ်ထား၍ မေတ္တာ ပွါးရမည်။ ထိုသို့ ပွါးခြင်းဖြင့် “မိမိ ချမ်းသာချင်သလို သတ္တ၀ါများလည်း ချမ်းသာချင်ကြသည်။ မိမိ ရောဂါကင်းချင်သလို သတ္တ၀ါများလည်း ရောဂါကင်းချင်ကြသည်။ မိမိ ကိုယ်စိတ်(၂)ဖြာ ဆင်းရဲခြင်းမှ ကင်းချင်သလို သတ္တ၀ါများလည်း ကိုယ်စိတ်(၂)ဖြာ ဆင်းရဲခြင်းမှ ကင်းလိုကြသည်” ဟု ကိုယ်ချင်းစာကာ အခြားသော သတ္တ၀ါများ၏ အကျိုး စီးပွါးကို လိုလားသော မေတ္တာစိတ်ထား ဖြစ်ပေါ်လာနိုင်ပေသည်။ ပြီးမှ မြတ်နိုး ကြည်ညို ရိုသေ လေးစားအပ်သော မိဘ ဆရာ ဆွေမျိုး စသောသူတို့ကို အစဉ်အတိုင်း ပို့ရပါသည်။
(လက်တွေ့ မေတ္တာ ဘာဝနာ ပွါးခြင်း တွင် ဆက်လက် ဖတ်ရှုပါရန်)