Saturday, August 23, 2014

လူမျိုး၏ အရှိန်အဝါ


လူမျိုး၏ အရှိန်အဝါ 

မြန်မာလူမျိုးတို့သည် သမိုင်းတွင် အများ လေးစားလောက်အောင် ထင်ရှားခဲ့သော လူမျိုးများ ဖြစ်သည်၊ မိမိလူမျိုး၏ သမိုင်းကြောင်း မြှင့်တင်ဖို့ရန် လူတိုင်းမှာ တာဝန်ရှိပေသည်၊ အုတ်တစ်ချပ် သဲတပွင့် ဖြစ်စေကာမူ ကြီးမား သော အဆောက်အဦးကြီးတို့အတွက် မရှိမဖြစ်သော အခြေခံ အင်အား ဖြစ်သည်။

ထိုကြောင့် “နှမ်းတစ်လုံးနှင့် ဆီမဖြစ်” ဟု မရှုမြင်သင့်၊ မိမိတစ်ဦးတည်း၏ အင်အားသည် အမျိုးဘာသာ သာသနာအတွက် အရာရောက်လိမ့်မည် မဟုတ်-ဟု လျော့မတွက် သင့်ပေ။

“အချိန်တိုင်း လုပ်ငန်းတိုင်းမှာ ငါ့အင်အားမှန်သမျှ အမျိုး ဘာသာ သာသနာ အတွက် ဖြစ်စေရမည်။ ငါ့ကြောင့် အမျိုး ဘာသာ သာသနာဂုဏ် မညိုးစေရ” ဟုအမြဲတမ်း လိုက်နာကျင့်သုံးနေရမည်။ အတိတ်က မြင့်ခဲ့သောဂုဏ်ကို စံနမူနာယူဖို့ လိုအပ်သော်လည်း အတိတ် သမိုင်းဖြင့်သာ ကျေနပ်ပြီး လက်တွေ့မပါလျှင် အများလေးစားမည် မဟုတ်၊ အများလေးစားလောက်အောင် လက်တွေ့ပြရမည်၊ လက်တွေ့ကသာ အဓိက ဖြစ်သည်။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ကြောင့် တစ်လောကလုံး၏ လေးစားကော်ရော် ပူဇော်ခံရသော ဖခင်မြတ်စွာဘုရားကို နမူနာယူပြီး ဘုရားသားတော် ရဟန်း တော်များသည် အသိပညာ အတတ်ပညာဗဟုသုတနှင့် အကျင့်စရဏ ပြည့်စုံအောင် ကြိုးစားရမည်။

အရေးကြုံက သက်လုံကောင်းစေ

“အရေးကြုံလျှင် သက်လုံကောင်းစေ” ဟူသောဆိုရိုးစကားအရ နိုင်ငံခြား ရောက် မြန်မာ့ သားကောင်း ရဟန်းတော်များသည်
၁။ “ ပိယော၊ ဂရု၊ ဘာဝနီယော” စသော အဂုင်္တ္တိုရ်သတ္တကနိပါတ် ဒုတိယ မိတ္တသုတ်လာ အင်္ဂါ (၇)ပါး၊ ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဘန်ထောက်ရှု- ဟူသော အင်္ဂါ(၆)ပါးတို့ နှင့် ပြည့်စုံသည့် ခေါင်းဆောင်ကို ဦးဆောင်စေခြင်း။

၂။ အချင်းချင်း စည်းလုံးညီညွတ်ခြင်း။

၃။ “ ဥဋ္ဌာနဝတော” စသော ဓမ္မပဒ အပ္ပမာဒဝဂ် ကုမ္ဘဃောသကသူဌေးဝတ္တု လာ အရည်ချင်းများနှင့် ပြည့်စုံစေခြင်းဟူသော သက်လုံများဖြင့် ပြည့်စုံနေသမျှ အများလေး စားလောက်သည့် အောင်မြင်မှုများ ရနိုင်မည်မှာ မလွဲပေ။

မိမိလူမျိုး ဂုဏ်ရှိန်မြင့်မားရန်နှင့် အောင်မြင်မှုများရနိုင်ရန် ဖော်ပြခဲ့သော အရည်အချင်းများဖြင့် သက်လုံကောင်းအောင် မွေးမြူကြပါ၊ လေ့ကျင့်ကြပါ ဟု ဥယျောဇနစကား ပါးအပ်ပါသတည်း။

(၂၇-၆-၂၀၀၁။ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကျောင်းသား ရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ ဒုတိယ နှစ်ပတ်လည် အထိမ်းအမှတ် စာစောင်မှ)


ဆရာတော် ဦးတိလောကာဘိဝံသ
အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်