Tuesday, August 19, 2014

ဆင်ခြင်တုံတရား နှင့် ယနေ့ လူငယ်များ


ဆင်ခြင်တုံတရား နှင့် ယနေ့ လူငယ်များ

ယနေ့ခေတ် လူငယ်တွေ အားလုံး လိုလို ကတော့ မိဘ ဆရာသမား၊ လူကြီးသူမ တွေရဲ့ ပြောဆို ဆုံးမမှု စကားတွေကို နာခံလိုစိတ် မရှိကြ တော့ဘူး။ လူကြီးသူမ တွေက ဘာပဲ ပြောပြော၊ ဘယ်လိုပဲ အာပေါက်  မတတ် ဆိုဆုံးမ နေပါစေ သူတို့ကတော့ စိတ်ထဲမှာ အလေးအနက် မထား၊ သူတို့စိတ်ထဲ၊ ခေါင်းထဲ ရောက်တာ ကတော့ လူကြီးသူမ တွေရဲ့ပြောဆို ဆုံးမမှု စကားတွေက မဟုတ်မမှန်တဲ့ စကားတွေပဲ ဖြစ်ပြီး သူတို့စကား တွေကမှ ဟုတ်တယ်၊ မှန်တယ်လို့ တထစ်ချ ယူဆ ထားကြတဲ့ သူတွေ ချည်းပဲ...။

မိဘ ဆရာသမား၊ လူကြီးသူမ တွေက ဆုံးမတဲ့ စကားများ ဆိုရင် ရှေးရိုးစွဲ တွေကို လိုက်နေတာ၊ ခေတ်နဲ့အညီ လျော်ကန်မှု မရှိဘူး စသဖြင့် ခေါင်းရမ်း၊ လက်ခါ ပြုကြသလို သူတို့စကား၊ သူတို့ လုပ်ရပ်တွေ ကမှ ခေတ်နဲ့အညီ ရင်ပေါင်တန်း နိုင်မှာ စသဖြင့် လူကြီးတွေရဲ့ ဆိုဆုံးမမှု တွေကို ဥပေက္ခာ ပြုကာ နာခံလိုစိတ် မရှိကြ တော့ဘူး။ အချို့သော လူငယ် တွေကလဲ ကိုယ့်ကို ဆိုဆုံးမ နေတဲ့ လူကြီးသူမ ရှေ့မှောက် မှာတော့ ဟုတ်ကဲ့ပါ၊ လိုက်နာ ပါ့မယ်၊ နားထောင် ပါ့မယ် ပဋိညာဉ် ခံခဲ့ကြ ပေမယ့် လဲ ကွယ်ရာ ရောက်ရင်တော့ ထင်ရာစိုင်း တတ်ကြတဲ့ အမူအကျင့် လေးတွေ ရှိနေတတ် ပါတယ်။ အဲဒီတော့ အကျိုးဆက် အနေနဲ့ လူကြီးသူမ တွေရဲ့ကောင်းရာ၊ကောင်းကြောင်း ဆိုဆုံးမမှု တွေကို နာခံမှု မရှိကြတဲ့ လူငယ်တွေ၊ ရှေ့မှာတော့ ဟုတ်ကဲ့ပါ ပြောပြီး နောက်ကွယ် ရာမှာ ထင်ရာစိုင်း တတ်ကြတဲ့ လူငယ်တွေ အတော် များများဟာ ပိုပြီး ဒုက္ခ အန္တရာယ် တွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရတတ် ပါတယ်။

မိဘ ဆရာသမား၊ လူကြီးသူမ တွေရဲ့ဆိုဆုံးမမှု တွေကို နာခံမှု မရှိတတ်ကြတဲ့ လူငယ်တွေကို စာရေးသူတို့ လူမှုနယ်ပယ်အသီးသီးမှာ တွေ့ဖူး၊ မြင်ဖူး ကြမှာပါ။ လူကြီးသူမ တွေရဲ့ ပြောဆို ဆုံးမမှု တွေကို နာခံ မှတ်သား လိုစိတ်၊ အကျိုးသင့် အကြောင်းသင့် ပြောလာတဲ့ စကားတွေကို နားထောင် မှတ်သား လိုစိတ် မရှိကြတဲ့ လူငယ်တွေဟာ အခြားသူတွေ ထက်စာရင် ပိုပြီး မိုက်မဲ ဆိုးသွမ်း လာကြသလို ကိုယ်ကိုယ် တိုင်လဲ ဆင်ခြင်တုံ တရား ကင်းမဲ့ လာကြတာကို တွေ့ရတတ် ပါတယ်။ အမှားအမှန်ကို ခွဲခြား သိမြင်နိုင်ဖို့ အဲဒီလို လူငယ်လေး တွေမှာ စွမ်းအား မရှိကြ တော့ဘူး။

အဲဒီတော့ သူတို့နဲ့ ကိုယ်ပိုင် ဆက်နွှယ် နှီးနှောနေတဲ့ ဒုက္ခရောက် စရာ၊ သောက ရောက်စရာ တစ်စုံတစ်ခု နဲ့ ထိပ်တိုက် တွေ့ ကြုံ လာရတဲ့ အခါမှာ စိတ်တွေ ယောက်ယက်ခတ် နေတတ်ပြီး အမှားလား၊ အမှန်လား ဆိုတာကို ခေါင်း အေးအေးထား ကာ ရင်ဆိုင် ဖြေရှင်းဖို့ သူတို့မှာ သတ္တိ မရှိကြတော့ သလို ရင်ဆိုင် ဖြေရှင်းရဲ လောက်အောင် ထိလဲ သူတို့မှာ အမှား နဲ့အမှန်ကို ခွဲခြား သိမြင်နိုင်တဲ့ ဉာဏ် အမြော်အမြင် မရှိကြ တော့ဘူး။

အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်း ခြားတတ်တဲ့ အသိဉာဏ် ကင်းမဲ့ နေတာကြောင့် အမှားကို အမှန်ထင်၊ အမှားကို အမှန်လို့ ယူဆကာ ဘဝတက်လမ်း ကနေ လမ်းချော် သွားကြတဲ့ သူတွေလဲ ရှိကြသလို အမှား၊ အမှန်ကို မှန်ကန်စွာ ဆုံးဖြတ်ချက် မချနိုင် မှုတွေကြောင့် အသက်ပါ စတေးလိုက်ရတဲ့ လူငယ်တွေရဲ့ အဖြစ်အပျက် တွေကိုလဲ စာရေးသူတို့ ဝန်းကျင် အသီးသီးမှာ တွေ့ဖူး၊ မြင်ဖူး ကြမှာပါ။ ဒါတွေဟာ ဘာကြောင့် ဖြစ်ရသလဲ ဆိုရင် ကိုယ်ကိုယ်တိုင် က အမှားအမှန်၊ အကြောင်းအကျိုး ကို ဂဃနဏ သိမြင် နားလည်မှု မရှိခြင်း၊ တစ်နည်း ပြောရရင် မိဘ ဆရာသမား၊ လူကြီးသူမ တွေက အကျိုးသင့်၊ အကြောင်းသင့် ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာကို ကွဲပြား နားလည်စွာ သိမြင်တတ်ဖို့ ပြောဆို ဆုံးမ လာတဲ့အခါမှာ လူငယ်ပီပီ ကိုယ်ထင်ရာ ကိုသာ အမှန် ထင်တတ်ပြီး ဘယ်သူ့ စကားကိုမှ နာခံလိုစိတ် မရှိမှု တွေကြောင့် ဖြစ်ရတာပါ။

လူကြီးသူမ တွေရဲ့ ပြောဆို ဆုံးမမှုကို နာခံ လိုစိတ် မရှိမှု၊ အမှားနဲ့ အမှန်ကို ကွဲကွဲပြားပြား နားလည်မှု မရှိတာကြောင့် အသက်ပါ စတေး လိုက်ရတဲ့ လတ်တလော အဖြစ်အပျက် လေးကို ယနေ့ခေတ် လူငယ်တွေ သိအောင် ပြောရရင် ယခု ဇွန်လ ၁ဝ ရက်နေ့က သတင်းဂျာနယ် တစ်စောင်မှာ ပါလာတဲ့ သတင်းလေး တစ်ပုဒ်ပါပဲ။ အကြောင်း ကတော့ တက္ကသိုလ် ကျောင်းသူလေး တစ်ဦး ပိုးသတ်ဆေးရည် သောက်ပြီး ကိုယ့်ဘဝ ကိုယ် အဆုံးစီရင် သွားတဲ့ အကြောင်းလေးပါ။ အဲဒီ ကျောင်းသူလေး ပိုးသတ် ဆေးရည် သောက်ကာ ကိုယ့်ဘဝကိုယ် အဆုံးစီရင် ရလောက်အောင် ထိ သူ့မှာ ဘာတွေများ စိတ်ညစ်စရာ၊ ဒုက္ခရောက်စရာ တွေနဲ့များ တွေ့ကြုံ နေရလို့ ရင်ဆိုင် မဖြေရှင်း ရဲတဲ့ ပြဿနာ ရှိနေလို့များ လားလို့ ထင်မိလိုက် ရင်တော့ လုံးဝကို မှားသွား ပါလိမ့်မယ်။ ဆယ်တန်း အောင်လို့ တက္ကသိုလ် ဆက်တက်ဖို့ ပြောလာတဲ့ မိဘတွေရဲ့ စကားကို အဲဒီ ကျောင်းသူလေး က မိဘတွေနဲ့ မခွဲလို တာမို့ တက္ကသိုလ် မတက် လိုကြောင်း မိဘတွေနဲ့ အနည်းငယ် စကားများ ရာကနေ အဆိုပါ ကျောင်းသူလေး ပိုးသတ်ဆေး ရည် သောက်ကာ အဆုံးစီရင် သွားခဲ့ခြင်း ဖြစ်ပါတယ်။

အထက်ပါ ဖြစ်စဉ်လေးကို ကြည့်လိုက်မယ် ဆိုရင် ပြဿနာက ဘာမှ ကြီးကြီး ကျယ်ကျယ် မဟုတ်။ မိဘနဲ့ သားသမီး ကြားမှာ ဖြစ်လေ့ ဖြစ်ထ ရှိတတ်ကြတဲ့ သာမန် စကားများမှု လေးပါ။ ဒါကို ခေါင်းအေးအေး ထားကာ ဖြေရှင်း လိုက်မယ် ဆိုရင်လဲ ပြီးသွား နိုင်မယ့် ကိစ္စတစ်ခုပါ။ တကယ်တမ်း ကျတော့ မိဘဖြစ်သူ တွေရဲ့ပြောဆို ဆုံးမမှုကလဲ ကိုယ့်သားသမီး ကို ချောက်ထဲ ကျအောင် တွန်းပို့နေတဲ့ ပြောဆို ဆုံးမမှုမျိုး မဟုတ်ဘူး။

ကိုယ့် သားသမီး အတွက် ကောင်းရာ၊ေ ကာင်းကျိုး ကိုသာ ရှေးရှုပြီး ပြောကြား နေခြင်းသာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်းသူလေး အနေနဲ့ တက္ကသိုလ် တက်ဖို့ ပြောလာတဲ့ မိဘဖြစ်သူ တွေရဲ့ စကားကို နားထောင် လိုက်တာ သူ့အတွက် အကောင်းဆုံး ပါပဲ။ သို့မဟုတ် ရင်လဲ သူမ ပြောသလို မိဘတွေနဲ့ ခွဲပြီး မနေနိုင်ဘူး ဆိုတဲ့ အကြောင်းကို မိဘတွေ နားလည် သဘောပေါက် အောင် ဖြေရှင်း ပြောပြသင့် ပါတယ်။ ဘယ်မိဘ မှလဲ ကိုယ့် သားသမီး စိတ်ညစ်စရာ ဖြစ်စေမယ့် အရာကို ဇွတ်တရွတ် လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ အခုတော့ တန်ဖိုးရှိလှတဲ့ လူ့ဘဝ တစ်ခုလုံးကို အဆုံး စီရင်ပစ် လိုက်ခြင်း ကတော့ အတော် အကျည်းတန်တဲ့ လုပ်ရပ် တစ်ခုပဲ ဖြစ်ပါတယ်။ အခုလို အဆုံးစီရင် သွားရတော့လဲ မိဘတွေနဲ့ မခွဲရတော့ ဘူးလား ဆိုတာကို အဲဒီ ကျောင်းသူ အမျိုးသမီးလေး ကြိုတင် စဉ်းစား တွေးခေါ် လိုက်ရင် အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲ နိုင်မှာပါ။

အဲဒီတော့ ယနေ့ခေတ် လူငယ်များ အနေနဲ့ အထက်ပါ ဖြစ်စဉ်လေးကို စံနမူနာ ထားကာ အမှားနဲ့အမှန်၊ အကောင်းနဲ့ အဆိုးကို ခွဲခြား သိမြင်စွာ နားလည် သဘောပေါက် တတ်ဖို့၊ ဉာဏ်နဲ့ယှဉ်တဲ့ ဆင်ခြင်တုံ တရား လက်ကိုင် ထားကာ မိမိတို့ရဲ့ ဘဝလမ်း ခရီးကို ဖြောင့်ဖြူး နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်း ရေးသား လိုက်ရ ပါတယ်။

အရှင်အဂ္ဂသာရ (မန္တလေး)
Yadanarpondaily